ကိုယ့်အကြောင်း ကိုယ်သိရမည်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ကိံသုကောပမသုတ်-၂
ကိုယ့်အကြောင်း ကိုယ်သိရမည်
ညအလုပ်ပေးတရားတော်
(၂၁-၃-၆၁)
ကိုယ့်အရေး ကိုယ်မှတ်ကြပါ
ကိုယ့်အရေး ကိုယ်မှတ်ကြပါလို့ မြတ်စွာဘုရားကလည်း တိုက်တွန်း ဆရာသမားတွေကလည်း တိုက်တွန်းတာ ကိုယ့်အရေးလို့ မှတ်ကြပါနော် (မှန်ပါ ဘုရား)။
ဘယ်သူ့အရေးပါလိမ့် (ကိုယ့်အရေးပါ ဘုရား) ကိုယ့်အရေး ကိုယ်မှတ်ကြပါဆိုတာလည်း သတိပေးပါတယ် (မှန်ပါ ဘုရား)။
အရေးလည်း တစ်ခါ စဉ်းစားရပြန်တော့ အင်း ဒီအရေးက မလွှဲသာတဲ့အရေးလား၊ လွှဲသာတဲ့အရေးလား ဆိုတာလည်း တစ်ခါ ဝေဖန်ပါဦး (မှန်ပါ)၊ ဝေဖန်တဲ့ အခါကျလို့ရှိရင်ဖြင့် အို, နာ, သေဘေးဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း မလွတ်တမ်း တွေ့ရမည့်အရေး ဖြစ်နေတော့ ဒါတွေ ရှောင်တဲ့ နိဗ္ဗာန်ရှာတဲ့ အလုပ်၊ အို, နာ, သေ ဒုက္ခဘေးမှ ကင်းဝေးတဲ့ နိဗ္ဗာန်ရောက်ဖို့ ရဖို့အလုပ်ကို ရှာကြတော့ ဪ ဒါ ကိုယ့်အရေးပေမယ့်လည်း ဒီ့ပြင် အရေးထက် မရှောင်သာတဲ့အရေးမို့ အကြီးဆုံးထားရမယ်လို့လဲ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ကိုယ့်အရေးထဲမှလည်း ဒီအရေးကို ဘယ်အရေးမှတ်ကြမယ် (မရှောင်သာတဲ့အရေးပါ) မရှောင်သာတဲ့ အကြီး ဆုံးအရေးလို့ မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။
ဘယ်အရေးပါလိမ့် (မရှောင်သာတဲ့ အကြီးဆုံးအရေးပါ ဘုရား)။
မရှောင်သာတဲ့ အကြီးဆုံးအရေးလို့ ဒကာ ဒကာမတွေ မှတ်ကြစမ်းပါနော် (မှန်ပါ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ရှင်သာရိပုတ္တရာက မေးလို့ ဘုရားက ဖြေထားတာ ဥပရိပဏ္ဏာသ ပါဠိတော် ဆန္နောဝါဒသုတ်မှာ လာထားတာကရှိတော့ “ယော ခေါ သာရိပုတ္တ ဣမံ ကာယံ နိက္ခိပတိ အညဉ္စ ကာယံ ဥပါဒိယတိ တမဟံ သဥပဝဇ္ဇောတိ ဝဒါမိ”လို့ ဟောလိုက်ပြန်တယ် (မှန်ပါ ဘုရား)။
ဒါက ဘာပါလိမ့်မလဲလို့ ဆိုတော့ သာရိပုတ္တရာ ငါအပြစ်သင့်ပုံကို ပြောပြချင်တယ်၊ မင်းက မသိ သိအောင် နားထောင်စမ်းပါဆိုပြီး ပြောတဲ့နေရာမှာ-
”ယော ခေါ သာရိပုတ္တ ဣမံ ကာယံ နိက္ခိပတိ” ယခု ရထားတဲ့ ခန္ဓာကြီးကတော့ကွာ တဲ့ ပစ်ကြရမှာပဲ။
ဒကာ ဒကာမတို့ ယခု ရထားတဲ့ခန္ခာကြီးက ဘာဖြစ်ရမလဲ (ပစ်ကြရပါမယ် ဘုရား)။
ပစ်ရမှာပဲတဲ့။ ဒီခန္ဓာကြီးတော့ဖြင့် ဒကာ ဒကာမတွေ ဘယ်သူမှ သိမ်းဆည်းထားလဲ မရဘူး၊ သိမ်းဆည်းထား လို့လဲ သူက နေမယ်လည်း မဟုတ်ပါဘူး (မှန်ပါ)၊ မအိုပါနဲ့ဦး တားလို့ကော ရပါ့မလား (မရပါ)၊ မနာပါနဲ့ဦး တားလို့ကော (မရပါ)၊ မသေပါနဲ့ဦး တားလို့ကော (မရပါ ဘုရား)။
မရတော့ သူသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ပစ်ရမှာပဲ (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာကြီး ရထားတဲ့ ပုဂ္ဂိုလ်များဟာ အမွှန်းတင်ဖို့လား နောက်ဆုံးပိတ် ပစ်လိုက်ဖို့လားလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ တရားတစ်ပွဲလုံး ဘယ့်နှယ့် ဖြေပါ့မလဲ (ပစ်လိုက်ဖို့ပါ ဘုရား)။
ဒကာဝတို့၊ မောင်ကိုတို့ ပစ်ဖို့ပါပဲ (မှန်ပါ) ဦးခင်မောင်ရေ ပစ်ဖို့ရထားတာ (မှန်ပါ ဘုရား)။
ပစ်ဖို့ ရတာတော့ဖြင့် ထုံးစံပါပဲ တဲ့၊ လူတိုင်းမှာပဲ ပစ်ဖို့ ရထားကြတာပဲ၊ ဆရာတော် သမားတော်တွေကော အလုံးစုံပညာရှိ ပညာမဲ့တွေကော တရားနာတဲ့ ဒကာ ဒကာမတွေကော အကုန်ပစ်ဖို့ ရကြတာပဲ (မှန်ပါ ဘုရား)။
သို့သော်လည်း တဲ့ “ယောခေါ သာရိပုတ္တ ဣမဉ္စ ကာယံ နိက္ခိပတိ အညဉ္စ ကာယံ ဥပါဒိယတိ” (ဥပရိပဏ္ဏာသပါဠိ၊ ၃၁၁) အညဉ္စ ကာယံ – တစ်ပါးသော ခန္ဓာကို စွဲလမ်းပြီး ရနေမယ်ဆိုပြန်လို့ရှိရင် တမဟံ သဥပဝဇ္ဇောတိဝဒါမိ၊ ဒီ နောက်ခန္ဓာရပြန်လို့ ရှိရင် အပြစ်ကြီးသင့်တယ်လို့ ငါ ဘုရားဟောတယ်ကွာ (မှန်ပါ ဘုရား)။
အပြစ်ကြီးသင့်ပါတယ်
ဒီ ခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင်လဲ ဘာတဲ့ ဒကာ ဒကာမတို့ (အပြစ်ကြီးသင့်ပါတယ် ဘုရား)။
စဉ်းစားပါ၊ စဉ်းစားပါ ဒကာ ဒကာမတို့ ဒီခန္ဓာ စွန့်ပြီး နောက်ခန္ဓာ ရလို့ရှိရင် ဘာတဲ့တုံး (အပြစ်ကြီး သင့်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး အရေးတကြီး ပြောတဲ့စကား ဖြစ်နေလား၊ ရှင်သာရိပုတ္တရာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာရိပုတ္တရာ ဤခန္ဓာစွန့်ပြီး တစ်ပါးသော ခန္ဓာကို စွဲလမ်းလို့ ရခဲ့လို့ရှိရင်ဖြင့် အပြစ်ကြီး သင့်တာပဲ။ “သဥပဝဇ္ဇောတိ ဝဒါမိ”လို့ ဟောသောကြောင့် အပြစ်နဲ့တကွ ဖြစ်တယ်လို့ ငါဘုရား ဟောပါတယ် ကွာ လို့ ဆိုသောကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာ စွန့်ပြီး နောက်ခန္ဓာရတဲ့ပုဂ္ဂိုလ်ဟာ အပြစ်သင့်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီခန္ဓာရပြီး (နောက်ခန္ဓာ ရတဲ့ပုဂ္ဂိုလ်ဟာ အပြစ်သင့်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
အခု ခန္ဓာငါးပါးကြီးနဲ့ တရားနာနေကြတယ်၊ ဒကာ ဒကာမတို့ နောက် ဒီလို ခန္ဓာငါးပါးနဲ့ ဒီခန္ဓာကြီး စွန့်ပစ်ပြီး နောက်ခန္ဓာငါးပါး ရတယ်ဆိုရင် ဘုရားက ဘာတဲ့ (အပြစ်ကြီးသင့်ပါတယ် ဘုရား)။
အပြစ်ကြီးသင့်တယ်လို့ ဟောလိုက်တယ်နော် (မှန်ပါ) အဲဒီတော့ ဘုန်းကြီးများကရော အားလုံးပညာရှိ သူတော် ကောင်းတွေကရော ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း အပြစ်ကြီးသင့်ပါတယ်လို့ “သဥပဝဇ္ဇောတိ ဝဒါမိ”လို့ ဟောတော်မူသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အို နောက်ခန္ဓာများ ရရင် အပြစ်ကြီး သင့်ပါကလား (မှန်ပါ ဘုရား)
သဥပဝဇ္ဇောတိ- အပြစ်နဲ့တကွ ဖြစ်တယ်လို့၊ အဟံ – ငါဘုရားသည်၊ ဝဒါမိ – ဟောတော်မူ၏လို့ ဆိုသောကြောင့် ဒကာ ဒကာမတို့ နောက်ခန္ဓာရတာ ဘာဖြစ်ပါလိမ့် (အပြစ်ကြီးသင့်တာပါ ဘုရား) အပြစ်သင့်တာပါနော် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဘုရား ဤမျှလောက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနားကြီး ဤခန္ဓာစွန့်ပြီး သကာလ နောက်ခန္ဓာရတာ အပြစ်တင်သင့်တာပဲကွလို့ ဟောတော်မူသလဲလို့ ဒကာဝတို့ မောင်ကိုကို ဦးခင်မောင်တို့က အမေးထုတ်လို့ရှိရင်ဖြင့် နောက်ခန္ဓာ စရလာတော့ “ဇာတိပိ ဒုက္ခာ”ဆိုတော့ ဘယ့်နှယ် ဆိုကြမလဲ (နောက် ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
ဒုက္ခသစ္စာကြီး ပြန်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ပစ်လိုက်ရတာလဲ ဒီခန္ဓာကြီးကလည်း မရဏမ္ပိ ဒုက္ခံ ဆိုတော့ မရဏကြီးကိုလည်း ကျုပ်တို့ ပခုံးပေါ်ကနေ ချလိုက်ပါရော၊ ဇာတိပိ ဒုက္ခာ ဆိုတာကြီးလည်း ပခုံးပေါ် ပြန်ရောက်သလိုပဲ (မှန်ပါ ဘုရား)။
ဒီအဓိပ္ပာယ် မသက်ရောက်ဘူးလား (သက်ရောက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် အပြစ်သင့်တယ်ဆိုတာ ဒကာ ဒကာမတွေ ယုံကြပလား (ယုံပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း တိုက်ရိုက်ဟောပြန်တော့ ဪ ဒီခန္ဓာရပြီး သကာလ နောက်ခန္ဓာ တစ်ပါးသော ခန္ဓာကို စွဲလန်းပြီးရခဲ့လို့ရှိရင်ဖြင့် အပြစ်နဲ့တကွ သင့်တာ ပဲလို့ ငါဘုရားဟောတော်မူတယ်လို့ ရှင်သာရိပုတ္တရာအား သေသေချာချာ ဟောတော်မူသောကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာရပြီး နောက်ခန္ဓာမရတာ အကောင်းဆုံးပဲတိုတဲ့ အဓိပ္ပာယ် ထွက်လာတယ် (မှန်ပါ ဘုရား)။
နောက်ခန္ဓာ မရတာ အကောင်းဆုံး
ဦးခင်မောင် ဘာထွက်လာသတုံး (ဒီခန္ဓာရပြီး နောက်ခန္ဓာ မရတာ အကောင်းဆုံးပဲဆိုတဲ့ အဓိပ္ပာယ် ထွက်လာ ပါတယ် ဘုရား)။
ဒီခန္ဓာရပြီး နောက်ခန္ဓာမရရင် အကောင်းဆုံးပဲဆိုတဲ့ အဓိပ္ပာယ်က ရှင်းလင်းပြီးသကာလ သွားတော့တယ် ဆိုတာ ဆန္နာဝါဒသုတ် ဥပရိပဏ္ဏာသပါဠိတော် နောက်ဆုံးပိတ်နားမှာ သေသေချာချာ ဟောထားပါတယ် (မှန်ပါ ဘုရား)။
ရှင်သာရိပုတ္တရာက မေးလို့ ရှင်သာရိပုတ္တရာအား ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ယော ခေါ သာရိပုတ္တ ဣမဉ္စကာယံ နိက္ခိပတိ၊ အညဉ္စ ကာယံ ဥပါဒိယတိ၊ တမဟံ သဥပဝဇ္ဇောတိ ဝဒါမိ”လို့ သေသေချာချာ ဟောပြီး သကာလထားသောကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်သင့်တာ (မှန်ပါ ဘုရား) ဘယ်လိုမှတ်ကြမယ် (ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်သင့်တာပါ ဘုရား)။
ဒါကြောင့် တဲ့ ခင်ဗျားတို့ တရားကိုလည်း ကြိုးစားကြပါဆိုတာတိုက်တွန်းပါတယ်နော် (မှန်ပါ ဘုရား) တရားကြိုးစားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ပါရမီ ကိုယ့်ဉာဏ်အလိုက် ဒီဘဝ မရလည်း နောက်ဘဝရမှာပဲ၊ ဒီဘဝတွင်လည်း ရမယ်လို့ဆိုတဲ့ ဥစ္စာလည်း ရှိနိုင်သေးတာပဲ (မှန်ပါ)။
အဲဒီတော့ နောက်ခန္ဓာ မရတာဟာ အပြစ်လွတ်တာပဲဆိုတာ မှတ်ထားတော့မှ ဒကာဒကာမတို့ နောက်ခန္ဓာရမှု ဘုရားက အပြစ်သင့်တယ်လို့ဆိုသဖြင့် ခင်ဗျားတို့ ဘဝကူးကောင်းရုံမျှ စိတ်ထဲမှာ ဒီလောက်နဲ့ ထားပြီး မကျင့်ဘဲနဲ့ ဘဝကို ကျွတ်အောင် လွတ်အောင်ဟေ့ ဆိုပြီးသကာလ စိတ္တုပ္ပါဒ်ကို ပြင်းပြင်းထန်ထန်နဲ့ ထားပြီးတော့ ကျင့်ကြပါဆိုတဲ့ အကြောင်း ဘုရား တိုက်တွန်းတာပဲ (မှန်ပါ ဘုရား)။
ဒီလိုတရားတွေနာ, ဒီလိုတရားတွေအားထုတ် နောက်ဘဝ ဘဝကူးကောင်အောင်ဆိုတဲ့ ဥစ္စာသည် ဒကာဒကာမ တို့အကြိုက် အစစ်မကျသေးဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားအကြိုက် အစစ်ကျပြီလား
ဘဝကူးကောင်းဆိုတာ ဘုရားအကြိုက် အစစ်ကျပြီလား (မကျသေးပါ ဘုရား)၊ မတတ်သာလို့ ကူးချင်ကူးပေစေ တော့ဗျာ၊ ကိုယ်က သဒ္ဓါ ပညာ ဝီရိယတွေ ညံ့လို့ ကူးချင်ကူးပေစေ ကိုယ့်စိတ်ထားက ဒီကျအောင် မထားပါနဲ့၊ ဒီခန္ဓာစွန့်ပြီး နောက်န္ဓာမရတဲ့ အလုပ်ကိုဖြင့် ကြိုးစားပါတော့မယ်ဆိုတာ အကောင်းဆုံးပဲ (မှန်ပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာမရတဲ့ အလုပ်ဟာ အကောင်ဆုံးပါ ဘုရား) အဲ ဒီခန္ဓာစွန့်ပြီး သကာလ နောက်ခန္ဓာမရတဲ့ အခြေအနေရောက်အောင် ငါတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ကြိုးစားမှာပဲ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နှစ်ခွန်းသောစကား မပြောဘဲနဲ့ တစ်ခွန်းသောစကားနဲ့ အမှန်ကိုသုံးပြီး သကာလနေတဲ့ ကိုယ်တော် မြတ်ကြီးဖြစ်ပြီး သကာလနေသောကြောင့် ဒီခန္ဓာစွန့်ပြီး နေက်ခန္ဓာရတာ အပြစ်သင့်တာပဲ၊ အပြစ်နဲ့တကွဖြစ်တာလို့ ဟောတော်မူသောကြောင့် ကျုပ်တို့ ဝီရိယက နောက်ဘဝ ဘဝကူးကောင်းအောင်ဟဲ့ ဆိုတာ ကလေးကို ထားခဲ့လို့ ရှိရင်ဖြင့် ကျုပ်တို့ ဝီရိယဆန္ဒပြတ်ပြီးသကာလ ကျုပ်တို့လည်း အပြစ်သင့်ရာ ရောက်မယ်ဆိုတဲ့အကြောင်း ဦးခင်မောင် ရှင်းသွားပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဒါဖြင့် ဘဝကူးကောင်းရုံပဲလား၊ ဘဝမလာအောင် ကြိုးစားကြမလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဘဝမလာအောင် ကြိုးစားကြပါမယ် ဘုရား)။
စိတ်ထားကတော့ ဒီလောက်ထိအောင် ထားရမယ် (မှန်ပါ) ကြိုးလည်း ကြိုးစားရမယ် (မှန်ပါ) စိတ်ထားကလည်း ဒီလောက်ထိအောင် ပြင်းပြင်းထန်ထန်ထားပါ။ ဘုရားအကြိုက်လည်း ဖြစ်သွားအောင် ကြိုးလည်း ကြိုးစားပါဆိုတဲ့ ဥစ္စာကိုဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ တိုက်တွန်းတဲ့ ကိုယ်တော်မြတ်ကြီး အမှန်ကိုပြောတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်နေသောကြောင့် ပါဠိတော်လည်းဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ သူကိုယ်တိုင် ဟောတာဖြစ်နေသောကြောင့် ဘုန်းကြီးတို့က မလေးမစား မှတ်ဖို့တော့ မလိုတော့ဘူး (မလိုပါ ဘုရား)။
လေးလေးစားစားနဲ့ ဦးဇံရင်တို့ ပိုင်ပိုင်နိုင်နိုင် သူကပြောတာသာ အမှန်ထားရမှာကိုးဗျ၊ ကိုယ့်ဉာဏ်ကတော့ အဝိဇ္ဇာတွေကဖုံး တဏှာတွေက ငြိနေတော့ ကိုယ့်ဉာဏ်ကတော့ ဒကာဝတို့ မောင်ကိုတို့ အမှန်မဆိုက်သေးဘူးနော် (မှန်ပါ ဘုရား) သူပြောတာကို အားတက်ပြီး လိုက်မှသာလျှင် ကျုပ်တို့သည် အင်မတန်ကောင်းတဲ့ ဝီရိယဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်ပါလိမ့်မယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဘဝ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင် ဘာတဲ့ (အပြစ်သင့်တာပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒါ ရှင်သာရိပုတ္တရာကမေးလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆန္နောဝါဒ သုတ်မှာ သေသေချာချာ ဖြေတော်မူတယ် (မှန်ပါ)။
ဥပရိပဏ္ဏာသပါဠိတော် ဆန္နောဝါဒသုတ်မှာ သေသေချာချာ ဖြေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်ထဲကဖြင့် မလျှော့ပါနဲ့၊ ဘဝကို မတွေ့ချင်ဘူးကွာ နောက်ဘဝဆိုလို့ရှိရင် ဒကာ ဒကာမတို့သိတဲ့အတိုင်း ဦးခင် မောင်ရေ ဒီဘဝက စုတေမနေ သေလွန်လို့ ဘဝတစ်ခု လာမယ်ဆိုရင် ဇာတိလာလိမ့်မယ် (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား) ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာ အပင်မျိုးစေ့ ချမိပြီဆိုမှဖြင့်
ကဲ ဒီဒုက္ခသစ္စာ အပင်မျိုးစေ့ ချမိပြီဆိုမှဖြင့် ဇရာဆိုတဲ့အပင်တွေ, ဗျာဓိဆိုတဲ့အပင်တွေ, မရဏဆိုတဲ့ အပင်တွေဟာ ဒကာ ဒကာမတို့ အညွန့်တွေ, အခက်တွေ ဝေမလာပေဘူးလား (လာပါတယ် ဘုရား) ဝေလာတာ ဟူသရွေ့လည်း ဘာသစ္စာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာလို့ ဆိုကြရမှာ ဖြစ်နေတော့ ဪ ဘုရားသခ်ကိုယ်တော်မြတ်ကြီးက ဤကဲ့သို့ သစ္စာတွေ မြင်သိတော်မူတာနဲ့ ဟောတော်မူတာပါကလား ဆိုတာ လေးစားစွာနဲ့ မှတ်လိုက်ပါ (မှန်ပါ ဘုရား)။
နောက် ဒကာ ဒကာမတို့ “ဇာတိပိ ဒုက္ခာ”လဲ မလာပါနဲ့ဆိုလို့ မရတော့ဘူး၊ နောက် ခန္ဓာရတယ်ဆိုရင် ဇာတိပဲ (မှန်ပါ ဘုရား) နောက်ခန္ဓာ ရတယ်ဆိုရင် ဇရာကော (ရပါတယ် ဘုရား) နောက်ခန္ဓာရတယ်ဆိုရင် ဗျာဓိကော (ရပါတယ် ဘုရား) နောက်ခန္ဓာရတယ်ဆိုရင် မရဏကော (ရပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒုက္ခတွေ ဆက်ရမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးအမြင်ကျယ်ကျယ်နဲ့ မြင်တော်မူသော ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဘုရားရဲ့ တပည့်သားတွေဖြစ်တဲ့အတွက် ဘုရားစိုးရိမ်တော်မူတာလဲ ပေါ်လာတယ် (မှန်ပါ ဘုရား)။
ဒီခန္ဓာရပြီး နောက်ခန္ဓာရမယ်ဆို အပြစ်သင့်တာပဲကွ ဆိုတာ ဒီအပြစ်တော့ မသင့်ပေစေနဲ့ ဆိုတဲ့ အဓိပ္ပာယ် မရင်းသေးဘူးလား (ရှင်းပါတယ် ဘုရား) အဲဒီတော့ဘုန်းကြီးကပဲ ဒါက ဥပရိပဏ္ဏာသ ပါဠိတော်လာတာကလေး အစိတ်အပိုင်းကို ဟောလိုက်ပါတယ် (မှန်ပါ)။
အဲဒီတော့ ဒီထဲမှာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဟောထားတဲ့ ဆက္ကနိပါတ်အင်္ဂုတ္တိုရ်နဲ့ ဒကာ ဒကာမ သေနည်းကလေးကို ရှေးဦးစွာ သင်ပေးပါဦးမယ် (မှန်ပါ ဘုရား) အရှင်ဘုရား ဘယ်လိုသေမှ ကောင်းမှာပါလိမ့်မလဲ လို့ ဆိုတော့ ဒကာ ဒကာမတွေ အင်မတန် သေရမည့်လမ်းလည်း ဖြစ်နေတော့ မလွှဲမရှောင်သာတာကိုလဲ ဒကာဝတို့ မောင်ကိုတို့ သိပြီးသားနော် (သိပြီးသားပါ ဘုရား) အဲဒီတော့ ဘယ်လိုသေရမတုံးဆိုတော့ ညီတော် အာနန္ဒာကို ဘုရားဟောထားတာက ရှိသေးတယ်နော် (မှန်ပါ ဘုရား)။ အဲဒါကလေး သေသေချာချာ မှတ်ရမယ် ဒကာ ဒကာမတို့ ခုနင်က အပြစ်သင့်တာလဲ သိပြီနော် (သိပါပြီ ဘုရား) အဲဒီအပြစ်ကို ရှောင်တဲ့နည်းကလေး ဦးခင်မောင် ပေးချင်တယ် (မှန်ပါ)။
ဒီအပြစ်ကို ရှောင်တဲ့နည်းကလေး ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ ဪ ဒါက အပြစ်သင့်တာက နောက်ခန္ဓာရတာ အပြစ်သင့်တာက နောက်ခန္ဓာရတာ အပြစ်သင့်တာပဲ၊ ဒီအပြစ် ရှောင်ချင်လို့ရှိရင်ဖြင့် ဘယ်လို လုပ်လို့ ဘယ်လိုကိုင်ပြီး ရှောင်ရမှာပါလိမ့်မလဲဆိုတဲ့ ဒကာ ဒကာမတို့ အမေးကို ဘုန်းကြီးများက အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဟောပြီးထားတာ ဖြစ်နေသောကြောင့် ဒီအဖြေကလေးနဲ့ ခင်ဗျားတို့သည် အသုံးချလိုက် စမ်း(မှန်ပါ)။
ဒီအဖြေကလေးက ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ယခုလည်း ခန္ဓာကိုယ်ကြီးကို လက္ခဏာရေးသုံးပါးဆိုတဲ့ အနိစ္စဖြစ်ပျက်တွေ ကြိုးစားကြပေါ့ဗျာ (မှန်ပါ ဘုရား)၊
ကြိုစားကြပြီးသကာလ တပည့်တော်တို့ အခု ရှင်တုန်းဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တော့ မရတော့ဘူး၊ ဝိပဿနာဉာဏ်လောက်ပဲရတယ်လို့ ဦးခင်မောင်တို့ထားပါဦးတော့ (မှန်ပါ)။
ဝိပဿနာဉာဏ်လောက်ရတယ်
ဝိပဿနာဉာဏ်လောက်ရတယ်လို့ ထားလိုက်ပါဦးတော့ ဒကာ ဒကာမတွေနော် (မှန်ပါ)။
ကွာတဲ့ ဝိပဿနာဉာဏ်လောက်ရတဲ့အခါ သေခါနီးကျလာတဲ့ အခါကျလို့ရှိရင်ကွာတဲ့ ဒီဥစ္စာ သေနည်း အကောင်းဆုံး ငါပြောရလို့ ရှိရင်ဖြင့် သေခါနီးမှာ ငါဘုရား တရားနာပြီး သကာလ ဝိပဿနာဉာဏ်တွေကလည်း အားထုတ်ထားလို့ ငါဘုရား တရားကိုလည်း နာရလို့ သေသွားလည်း သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်ကွတဲ့၊ သေခါနီးမှာ သေခါနီးမှာနော် (မှန်ပါ)။
တရားထူး တရားမြတ်တွေ နာရလို့နော် (မှန်ပါ) အခုကတည်းက လုပ်ထားမှနော် (မှန်ပါ ဘုရား)။
ဒီလိုမှ မနာလို့ရှိရင် ငါဘုရား၏ တပည့်သား အခု သံဃာတွေပေါ့ဗျာ၊ အဲဒီဆရာတော်တွေ၊ သမားတော်တွေ၊ သံဃာတော်တွေ ဟောတဲ့တရားကို နာပြီး သေလို့ရှိရင်လည်း သေခါနီးမှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်ကွ (မှန်ပါ) နဂိုတုန်းက ပုထုဇဉ်ကိုးဗျ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဟာ ဒီလိုမှ ဘုရားကလည်း ပရိနိဗ္ဗာန်စံပြီး သံဃာတွေကလည်း ဝေးနေတယ်၊ ကိုယ်က အသေက စောမှာ စိုးရတယ်ဆိုလို့ရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးသကာလ ဒကာ ဒကာမတို့ ရှင်တုန်းက ဆင်ခြင်တဲ့ အတိုင်း ဆင်ခြင်ပြီးသကာလ သေလိုက်စမ်းပါ (မှန်ပါ)။
ဪ ခန္ဓာကြီးဟာ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတွေပါကလား၊ ဖြစ်ပြီးပျက်နေတဲ့ ဒုက္ခတွေပါကလား၊ ဖြစ်ပြီးပျက်နေတဲ့ အနတ္တတွေပါကလားဆိုပြီး သကာလ ကိုယ့်ခန္ဓာကိုယ် ဆင်ခြင်ပြီး သေလို့ရှိရင်လည်း ဒကာ ဒကာမတို့ သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ် (မှန်ပါ ဘုရား)။
ကဲ ဒီလိုသေနည်းက မကောင်းလားဗျာ (ကောင်ပါတယ် ဘုရား)။
ဒါဖြင့် သံဃာတွေ ပင့်ရလဲ သံဃာတွေဆီက တရား ဓမ္မတွေ နာလို့ သေပေါ့ဗျ၊ ဘုရားကတော့ မရှိတော့ဘူး၊ နောက်ဆုံးပိတ်မှာ ဘုရားကဟောခဲ့တာ ငါဘုရားလည်းမရှိ၊ ငါဘုရား၏ တပည့်သားတွေလည်း မင်းတို့က ရှာမတွေ့ တော့ဘူး ဆိုလို့ရှိရင်ဖြင့် မင်းတို့ကိုယ်ကို မင်းတို့ ဆင်ခြင်ပြီး သေလိုက်စမ်းပါ(မှန်ပါ) ဖြစ်ပျက်တွေ ဆင်ခြင်ပြီး သေလိုက်စမ်းပါနော် (မှန်ပါ ဘုရား)။
ဝိပဿနာရှု သေလိုက်စမ်းပါ
ဤကဲ့သို့ ဒကာ ဒကာမတွေ ကိုယ်ခန္ဓာကို ဝိပဿနာရှု သေလိုက်စမ်းပါလို့ ဟောလိုက်တာပါပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုရွှေမြတို့ သဘောပါပလား (ပါပါပြီ ဘုရား) ဒီကဲ့သို့ သေလိုက်တော့ သေခါနီးမှာ ဘာဖြစ်နိုင်သလဲ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါတယ် ဘုရား)။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် ဖြစ်နိုင်တယ်ဆိုကတည်းကပဲ ဪ တစ်ပါးသော ခန္ဓာတော့ ရတော့ ရသေးတာပဲ၊ ရပင်ရငြားသော်လည်း အရုပ်ဆိုးခန္ဓာ၊ အကျည်းတန် ခန္ဓာတွေတော့ ဒကာဝတို့ မောင်ကိုတို့ မရတော့ဘူး (မရပါ ဘုရား) အနာဂါမ် တည်သွားပေါ့ကိုး (မှန်ပါ ဘုရား)။
ဟာ ဒီလို ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောပါမယ်ကွ ဆိုပြီး ဖဂ္ဂုနသုတ်မှာ ဒကာ ဒကာမတို့ အကယ်၍ အနာဂါမ်တည်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်က သေသွားမယ်ဆိုရင် သေခါနီးမှ ကိုယ့်ဟာကိုယ် ဆင်ခြင်သေလို့ရှိရင်လည်း နောက်ခန္ဓာ မရတော့ဘူးတဲ့ (မှန်ပါ) တစ်ခါတည်း သေခါနီး ရဟန္တာ ဖြစ်တယ် (မှန်ပါ)။
ဒီလိုဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ နောက် ခန္ဓာရတာက အပြစ်သင့်တယ်လို့ ၁-နံပါတ် ဟောခဲ့တယ် (မှန်ပါ) နှစ်လုံးရှိပြီနော် (မှန်ပါ)။
တရားတော့ မများသေးပါဘူး ဒကာ ဒကာမတို့ နာရီတော့ နာရီဝက်နီးပြီ (မှန်ပါ) တရားက မများသေးပါဘူး (မှန်ပါ)။
၁-နံပါတ်က ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာ အပြစ်သင့်တာပဲလို့ ဘုရားမဟောဘူးဘား (ဟောပါတယ် ဘုရား)။ ဒါဖြင့် ဒီ နောက်ခန္ဓာမရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဥစ္စာကို ဟို ပဏ္ဏာသက ဟောထားပြီး ယခုတစ်ခါ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ကယူပြီး ဒကာ ဒကာမတို့ ဘုရားက ဒီလိုဟောပြန်တယ်လို့ ဘုန်းကြီးက သင်ပြန်တယ် (မှန်ပါ)။
ဘုရား တရား နာရသည်ဖြစ်စေ၊ ဘုရား၏တပည့်သား တရားနာရသည်ဖြစ်စေ ဒီနှစ်ခုမှ ရှာမတွေ့လို့ရှိရင် ကိုယ့်ခန္ဓာ ကိုယ်ဆင်ခြင်ပြီး သေလိုက်လို့ရှိရင်လည်း ဖြစ်ပျက်ကို ဆင်ခြင်ပြီး သေလိုက်လို့ရှိရင်လည်း ပုထုဇဉ်ဖြစ်စေ ကာမူ သေခါနီးကျမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်လို့ ဟောထားတယ်နော် (မှန်ပါ)။
အရမ်းမသေကြပါနဲ့၊ ဆင်ခြင်သေပါ
ဒီလိုဆိုထားတော့ ကျုပ်တို့ အရမ်းမသေကြပါနဲ့၊ ဆင်ခြင်သေပါ (မှန်ပါ)။
ဘယ်လိုမှာပါလိမ့် (အရမ်းမသေကြပါနဲ့၊ ဆင်ခြင်သေပါ) ဘယ်သူ့ဆင်ခြင်ကြမယ် (ကိုယ့်ကိုယ်ကို ဆင်ခြင်ရပါ မယ် ဘုရား)။
အဲ ကိုယ့်ကိုယ်ကို ပြန်ပြီးသကာလ ဥပမာမယ် ဘုန်းကြီးပဲ ရှင်းရှင်းလင်းလင်း ပြောပြပါ့မယ်၊ ဒကာ ဒကာမတို့ သိတဲ့အတိုင်း သေတဲ့အခါကျလို့ရှိရင် ဝေဒနာတော့ ဒကာဝတို့ မောင်ကိုတို့ တစ်ခုခုတော့ ရောက်လိမ့် မယ်နော် (ရောက်ပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာတစ်ခုခုတော့ မလာပေဘူးဘား (လာပါတယ် ဘုရား)။
အဲဒီ ဝေဒနာက္ခန္ဓာ လာလို့ရှိရင် ဝေဒနာက္ခန္ဓာကလေးကို ဘုန်းကြီးက သင်ထားတယ် ဒကာ ဒကာမတို့၊ ဝေဒနာပစ္စယာ တဏှာလာတာလည်းရှိတယ်၊ ဝေဒနာပစ္စယာ ဒေါသောလည်း ရှိတယ်။ ဝေဒနာပစ္စယာ ဒေါသောလည်း ရှိတယ်၊ ဝေဒနာပစ္စယာ မောဟောလည်း ရှိတယ်၊ ဝေဒနာကြောင့် တဏှာလာတာလည်း ရှိတယ်နော် (မှန်ပါ)။ ဝေဒနာကြောင့် ဒေါသလာတာကော (ရှိပါတယ် ဘုရား)၊ ဝေဒနာကြောင့် မောဟလာတာကော (ရှိပါတယ် ဘုရား)။
အဲဒီလိုရှိတော့ သေခါနီး တစ်ခုခု ဝေဒနာလာလို့ရှိရင် ဝေဒနာကလေးကို ဒကာ ဒကာမတွေက ကျော်လွန်ပြီး သကာလ ဖြစ်ပျက်မြင်အောင်သာ ရှုလိုက်ပါတော့ (မှန်ပါ)။ ဝေဒနာ မဟုတ်ပါဘူး၊ ဒါ အနိစ္စကလေးတွေပါကလား၊ ဒါ အနိစ္စကလေးတွေ ပါကလားလို့ ဒကာ ဒကာမတွေက ရှုပေးပါ (မှန်ပါ ဘုရား)။
ရှုလိုက်တဲ့အခါကျတော့ ဝေဒနာနဲ့ သမ္ပယုတ္တဓမ္မ သဟဇာတ ဖြစ်တဲ့ သညာသင်္ခါရ ဝိညာဏ်တွေလည်း ချုပ်ပါလိမ့်မယ် (မှန်ပါ ဘုရား) မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။
အဲ ချုပ်သွားတဲ့အခါကျတော့ တစ်ခါ တစ်ခါ စဉ်းစားလိုက်ဦး ဒီနဠကလာပီသုတ်မှာ ဟောတာကို သံယုတ်ပါဠိတော် တစ်ခါထည့်လိုက်ဦး၊ နဠကလာပီသုတ်မှာတော့ ဒကာ ဒကာမတို့ ဝေဒနာ သညာ သင်္ခါရတွေချုပ်လို့ ရှိရင်ဖြင့် ဒီအထဲ ဝိညာဏ်က ပါနေတော့ “ဝိညာဏနိရောဓော နာမရူပနိရောဓော”လို့ ဆိုသောကြောင့် ရုပ်တွေလည်း ချုပ်သွားတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ချုပ်ဆုံး နိဗ္ဗာန်မှတ်
ထိုကဲ့သို့ ချုပ်ပြီးသကာလ ရုပ်နာမ်တွေ ချုပ်သည်တိုင်အောင် ဒကာ ဒကာမတွေက ရှုပေးလိုက်မယ်ဆိုလို့ ရှိရင်လည်း ချက်ချင်း
“ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်” (မှန်ပါ ဘုရား)။
ဒီလို တစ်ခါတည်း ရှုပြီးသကာလ ကိုယ်ခန္ဓာကြီးကို မရှိတော့ဘူး၊ ရုပ်နာမ်တွေ ချုပ်သုဉ်းသွားပါပြီဆိုလို့ အဲဒီ အခြေအနေရောက်အောင် ရှုလိုက်လို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတို့ တစ်ခါရှုလည်း ဆုံး၊ နှစ်ခါ ရှုလည်း ဆုံး၊ ဆုံးခါရှုလည်းဆုံး၊ ကျင့်သားတွေရ၊ သေခါနီးကျတော့လည်း ဒီအဆုံးကို လိုချင်တဲ့ပုဂ္ဂိုလ်တွေလည်း များကြပါလိမ့်မယ် (မှန်ပါ) ဘယ့်နှယ်ကြောင့်များမလဲလို့ မေးစရာရှိတော့ ဒကာ ဒကာမတို့ သေဆိုတာလည်း စဉ်းစားကြည့်ပါတဲ့ နောက်ဆုံးပိတ် အလုပ်ပါ (မှန်ပါ ဘုရား)။
သေဆိုတာ ဘာပါလိမ့် (နောက်ဆုံးပိတ် အလုပ်ပါ ဘုရား) နောက်ဆုံးပိတ်အလုပ်တွေ ဖြစ်ပြီးသကာလ နေတော့ ဒီတောင်မှ တက်တော့မှ မဟုတ်ဘူး၊ ငါဖြင့် ကောင်းရာကို ရောက်ဖို့ကြိုးစားမှပဲ ဆိုတော့ ဒီအချိန်မှာ ဒကာ ဒကာမတို့ မတွေမဝေ သေတဲ့ပုဂ္ဂိုလ်များ ကျလာတော့ အားရှိသလောက် ကြိုးစားမယ်ဆိုတာလည်း ငြင်းဖို့လိုကြ သေးသလား (မလိုပါ ဘုရား)။
ဘာဖြစ်လို့လဲ၊ ကိစ္စမှာ ဒီ့ထက်ကြီးတဲ့ကိစ္စက ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီအချိန်မှာ အရေးအကြီးဆုံးကိစ္စ ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါ ယခုက ကျင့်သားရထားတဲ့ပုဂ္ဂိုလ်များ အတွက်မှာဖြင့် ဒကာ ဒကာမတို့ အခုပဲ မဂ်ဉာဏ်စစ်၊ ဖိုလ်ဉာဏ် စစ် မရဘူး၊ ဝိပဿနာဉာဏ်လောက်နဲ့ပဲ အချိန်ကုန်စေကာမူ မစိုးရိမ်ပါနဲ့၊ သေခါနီး ကိုယ် အားကုန်လုပ်မည့်အချိန်က ရှိသေးတယ် (မှန်ပါ)။
ဦးခင်မောင် လုပ်မလား၊ မလုပ်ဘူးလားဗျာ (လုပ်ပါမယ် ဘုရား) အားကိုးဖို့ရာက အဲဒီအချိန်ကျတော့ မကုန် သေးဘူးလားဗျာ (ကုန်ပါပြီ ဘုရား)။
ဒီဝေဒနာ ဒီတောင်ကဖြင့် မတက်တော့ဘူး၊ ဧကန်မုချ သေရမှာပဲ၊ ဘုရားကလည်း ဟောထားတယ်။ ဒီခန္ဓာ စွန့်ပြီး ဟိုခန္ဓာရတာ အပြစ်ကြီး သင့်တယ်ကွ၊ အပြစ်သင့်တယ်ကွလို့ ဟောထားတဲ့တရားကလည်း နာထားရတယ် (မှန်ပါ ဘုရား)။
ပြီးတော့ သေခါနီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သေလို့ရှိရင်လည်း သေခါနီးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်ကွ၊ ဟောထားပြန်တော့ နှစ်ချက်မိထားတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အင်မတန် အရေးကြီးတဲ့ စကားနှစ်လုံးဆိုတာကော သေချာကြပလား (သေချာပါပြီ ဘုရား) ကဲ ဒီနှစ်လုံး ကလေးဟာ ဒကာ ဒကာမတို့ အခု နာရီဝက်ရှိသွားပြီတဲ့၊ အင်မတန် အဖိုးတန်လွန်းလို့ ဒီနှစ်လုံးဟာဖြင့် အားလုံးနဲ့ ဆက်ဆံပြီး အရေးကြီးတဲ့စကားနှစ်လုံး (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (အားလုံးနဲ့ ဆက်ဆံပြီး အရေးကြီးတဲ့ စကားနှစ်လုံးပါ) အားလုံးနဲ့ဆက်ဆံပြီး အရေးကြီးတဲ့ စကားနှစ်လုံးပါ) အားလုံးနဲ့ ဆက်ဆံတဲ့စကား နှစ်လုံးဖြစ်သောကြောင့် ဒီဘုန်းကြီးကလည်း ဟောနေတဲ့ဘုန်းကြီးကလည်း ပေါ့လို့မတော်ဘူး (မှန်ပါ) နာနေတဲ့ ဒကာ ဒကာမတွေကကော (ပေါ့လို့မတော်ပါ ဘုရား)။
ဖဂ္ဂုနအကြောင်းပြပြီး ဟောထား တာ
ဘယ်သူပေါ့လို့မှ မတော်ဘူး (မှန်ပါ) ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ ဘုရားက အပြစ်သင့်တာလို့ ဟောပြန် တယ်တဲ့ (မှန်ပါ ဘုရား)။
အပြစ်သင့်တာကလေး ငါ ဘယ်လို လုပ်ရမတုံးဆိုတာ သိထားပြန်တော့လည်း သေခါနီး ဘုရား တရားကို နာရသည်ဖြစ်စေ၊ ဘုရား၏တပည့်သားတရားကို နာရသည်ဖြစ်စေ အင်္ဂုတ္တိုရ်က (မှန်ပါ) သို့မဟုတ် ဘယ်သူမှ မတွေ့လို့ ဘုရားလည်းမတွေ့ ဘုရား၏တပည့်သားလည်း မတွေ့လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သေလိုက်လို့ ရှိရင် သေခါနီးမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်သေးတယ်ကွဆိုတာ ဖဂ္ဂုနအကြောင်းပြပြီး ဟောထား တာရှိတယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အခု တရား နာရီဝက်ရှိလာပြီ ဒကာ ဒကာမတို့ ဘယ်နှစ်လုံး မှတ်မိပြီတုံး (နှစ်လုံး မှတ်မိပါပြီ) နှစ်လုံးတည်း၊ သိပ်မများဘူး (မများပါ ဘုရား)။
နှစ်လုံးတည်းရယ်လို့ဆိုတာ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကိုရွှေမြ ဘယ်နှစ်လုံးပါလိမ့် (နှစ်လုံးပါ ဘုရား) ဦးဇံရင် နှစ်လုံးရှိသေးတယ် (မှန်ပါ) စကားတွေသာများနေတာပဲ (မှန်ပါ)။
ဒကာ ဒကာမတွေ ဒီအရေးကြီးတဲ့ နှစ်လုံးကိုဖြင့် စကားတွေ ဘယ်လောက်များများ ဒီနှစ်လုံးကို တန်ဆာ ဆင်ထားတဲ့စကားတွေ များနေတာ၊ ဒကာ ဒကာမတွေ မှတ်စရာက နှစ်လုံးပဲ (မှန်ပါ)။
ဘာပါလိမ့် (နှစ်လုံးပါ ဘုရား) နှစ်လုံးမှာ ပထမစကားလုံးက ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာက ဒီခန္ဓာစွန့်ပြီး တစ်ပါးသော ခန္ဓာရရင် ဘာတဲ့ (အပြစ်သင့်တာပါ) ဒါက တစ်လုံး(မှန်ပါ)။
ဪ တစ်ပါးသော ခန္ဓာဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး မရစေချင်ဘူး၊ ဘာ့ကြောင့်တုံး ဒုက္ခသစ္စာ တွေမို့ (မှန်ပါ ဘုရား) ဒီတော့ ရှင်းမနေဘူးလား (ရှင်းပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။
နောက်ခန္ဓာမရတဲ့နည်း ရှင်းပါဦး
ကိုင်း ဒါဖြင့် တပည့်တော်တို့ဘုရား နောက်ခန္ဓာမရတဲ့နည်း ရှင်းပါဦး လင်းပါဦး ဆိုတော့မှ ဘုန်းကြီးက ယခုလိုရှင်စဉ်အခါတုန်းက သေခါနီးမရောက်ခင် ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကူးအောင် လုပ်နိုင်ရင်လည်း ကိစ္စမရှဘူး (မှန်ပါ)။
ဟာ တပည့်တော်တို့က သားရေး, သမီးရေး, စီးပွားရေးကြောင့် အင်မတန် မေ့လျော့ပေါ့ဆတဲ့ လူတွေဖြစ်ပြီး သကာလ နေပါတယ်ဘုရားလို့ ဆိုတာတောင်မှ ခင်ဗျားတို့ နေ့တိုင်းတော့ ရှုပေးပါ (မှန်ပါ)၊ အားလပ်တဲ့ အချိန်တိုင်း ပေါ့ဗျာ (မှန်ပါ ဘုရား)။
ရှုပြီးသကာလမှ ဒကာဒကာမတွေ ကိုင်း ဒါဖြင့် သေရတော့မယ်၊ ဒီတောင်ကတော့ မတက်တော့ဘူး၊ ဆရာတွေလည်း အကုန်လွှတ်ကုန်ပြီ၊ ကိုယ့်စိတ်ကလည်း ကိုယ်မထင်တော့ဘူး၊ ကိုယ့်ခန္ဓာအတွက်ပေါ့ (မှန်ပါ) အဲဒီအချိန် ဘယ်နှယ်လုပ်ကြမတုံး (လက္ခဏာရေးသုံးပါး ဆင်ခြင်ရပါမယ် ဘုရား)။
ဘယ်သူဆင်ခြင်မလဲ (ကိုယ့်ခန္ဓာကိုယ် ဆင်ခြင်ရပါမယ်) ကိုယ့်ကိုယ်ကိုယ် လက္ခဏာရေးသုံးပါး ဆင်ခြင်ပေါ့ဗျာ (မှန်ပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးသကာလ သေလိုက်လို့ရှိရင်ဖြင့် ဒီက ပဝတ္တိအခါက အာစိဏ္ဏကံနဲ့ သေခါနီး အာသန္နကံက လုပ်လိုက်ပြန်တော့ အာစိဏ္ဏကံက ယခုလို လေ့ကျက်ထားတာတွေပေါ့ဗျာ (မှန်ပါ ဘုရား)။
အချိန်ရတိုင်း ရတိုင်း ဝိပဿနာဉာဏ်ကလေးတွေနဲ့ ကြိုးစားပြီးတော့ ထားလိုက်တဲ့ ဉာဏ်ကလေးကလည်း အာစိဏ္ဏကံဖြစ်ပြီးသကာလ နေတော့ သူကလည်း ကျေးဇူးပြုတယ် (မှန်ပါ ဘုရား)။
သေခါနီးကျတော့ ဒကာ ဒကာမတွေက ငါတော့ ဒီတောင်က မတက်ဘူး။ ဒီဆရာတွေလည်း လက်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း မထင်တော့ဘူးဆိုလို့ရှိရင် ငါတော့ဖြင့် အစွမ်းကုန် ကြိုးစားလိုက်မှပဲဆိုတဲ့ စိတ်ဟာ မပေါ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
အဲဒီအချိန်ကျလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လိုက် (မှန်ပါ) ဆင်ခြင် လိုက်တဲ့ အခါကျတော့ ဝေဒနာတွေ့ရင် ဝေဒနာဖြစ်ပျက်ရှုချ (မှန်ပါ) စိတ်ကလေးတွေ ပေါ်နေရင်ကော (စိတ်ကလေး တွေ ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ.. တစ်ခုခုသာ ဖြစ်ပျက်ရှုပြီးသကာလ ဒကာ ဒကာမတွေက သွားလိုက်မယ် ဆိုလို့ရှိရင်ဖြင့်တဲ့၊ ရှင်စဉ်တုန်း ကလည်း မပြတ်လေ့ကျက်ထားတာ မပါဘူးလားဗျာ (ပါပါတယ်)၊ သေခါနီးတော့ အစွမ်းကုန် ကြိုးစားတဲ့ ကိစ္စကြီးကကော ဒကာ ဒကာမတို့မှာ မကြိုးစားပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ)။ ခိုကိုးရာက အားလုံးမဲ့ပြီဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
သေခါနီးကျမှ ဖြစ်နိုင်ပါသေးတယ်
အဲဒီအချိန်မှာ နင်းကန်ပြီး သကာလ လုံ့လ ဝီရိယ ရှိသလောက် ကြိုးစားလိုက်လို့ ရှိရင်ဖြင့် ပဝတ္တိရှင်တုန်းက ပုထုဇဉ် ဖြစ်စေကာမူ သေခါနီးကျမှ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်နိုင်ပါသေးတယ်ကွ ဆိုတဲ့ဥစ္စာ ဘုရားက သေသေချာချာ ဟောခဲ့တယ် (မှန်ပါ ဘုရား)။
အဲဒီတော့ သေခါနီး ဆင်ခြင်သေမှုက ၂ နံပါတ် (မှန်ပါ) နှစ်လုံး ပြည့်သွားပြီ (ပြည့်သွားပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့၊ မောင်ကိုတို့ ဘယ်နှစ်လုံးတုံး ဟေ့ ဘုန်းကြီးဟောနေတာ (နှစ်လုံးပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ များသလားဗျာ (မများပါ ဘုရား)။
မများသေးပါဘူးတဲ့၊ ဒါကလေးဖြင့် ဪ ဒါသည်ကားလို့ ဆိုရင် တို့နေစာ၊ သေစာပဲ ဆိုတဲ့ အဓိပ္ပာယ် မှတ်ရမယ် (မှန်ပါ ဘုရား)။
အိုစာ၊ မင်းစာဆိုသလိုပေါ့ဗျာ (မှန်ပါ) ဒီမှာတော့ နေစာ၊ သေစာပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ ဘုရား)။
နေတဲ့အခါလည်း ဝိပဿနာဉာဏ်ကလေး မလွှတ်နဲ့ (မှန်ပါ) သေတဲ့အခါကော (မလွှတ်ရပါ) သေတဲ့အခါကော မလွှတ်ကြနဲ့ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါက အင်မတန် အဖိုးတန်တဲ့ အဓိပ္ပာယ်ဆိုတာကော ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ မှတ်မိအောင်လို့ ဟောတဲ့တရား ဖြစ်နေတယ်တဲ့၊ ခင်ဗျားတို့ လုပ်တတ် ကိုင်တတ် မှတ်မိအောင်လို့ ဟောတဲ့တရား ဖြစ်ပြီးသကာလနေတော့ တရား ဘယ်နှစ်လုံးပြီးသွားပလဲ (နှစ်လုံးပြီးသွား ပါပြီ ဘုရား)။
ဒီဘဝက ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာ ဘာတဲ့ (အပြစ်သင့်တာပါ ဘုရား) အပြစ်သင့်တာ။
ဘာအပြစ်တွေပါလိမ့်ဗျာ (ဒုက္ခတွေပါ) ဒုက္ခသစ္စာတွေ ပြန်ရတယ် (မှန်ပါ) ဘာပြစ်သင့်ပါလိမ့် (ဒုက္ခ သစ္စာတွေ ပြန်ရပါတယ် ဘုရား)။
ဒုက္ခသစ္စာတွေ ပြန်ရတယ်ဆိုတော့ သေရတာလည်း ဒုက္ခ၊ ဟိုဘက်ရောက်ရတာလည်း (ဒုက္ခပါပဲ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဆန်အိတ်က ကျောပေါ်တစ်လုံး ပိုးထားတယ်၊ နောက်တစ်လုံး ပိုးရရင် ပိုလေး တော့မယ် (မှန်ပါ ဘုရား)။
ဒီ ဒုက္ခစွန့်ပြီး ဟိုမှာ သုခရတယ်ဆိုရင်လည်း တော်သေးရဲ့ပေါ့ဗျာ (မှန်ပါ) အခုတော့ ဒီလိုက မရဘဲနဲ့ ဒီခန္ဓာဝန်ဒုက္ခသစ္စာကြီးချပြီး ဟို ခန္ဓာ ဒုက္ခသစ္စာ ပြန်ထမ်းရပါတယ်ဆိုတော့ ဘယ်မှာသာလျှင် ကောင်းနိုင်စရာရှိမလဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်နှစ်လုံး ပြီးကြပလဲ (နှစ်လုံး ပြီးပါပြီ) ရှေ့ပိုင်းမှာ ဒီနှစ်လုံး ပြီးပါပြီတဲ့ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့တဲ့၊ အလုပ်စဉ်နဲ့တကွ မနေ့ကပြောခဲ့တဲ့ ကိံသုကောပမသုတ်ကို ဦးခင်မောင် စကြဦးစို့ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတွေ ယခု ရှေ့ကပြထားတာ ရဟန္တာကြီးလေးပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ရဟန္တာကြီးလေးပါး
ရှေ့ကပြထားတာ ဘာပါလိမ့် (ရဟန္တာကြီးလေးပါးပါ) ရဟန္တာကြီးလေးပါးကို ပုထုဇဉ်ရဟန်းကလည်း သူများမြင်တဲ့ နိဗ္ဗာန်ကြီး သူမြင်ချင်တယ်ဆိုတော့ ရဟန္တာတွေဖြစ်ကြရင် နိဗ္ဗာန်မြင်တာပဲဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး (မှန်ပါ ဘုရား)။
အဲဒီ နိဗ္ဗာန်မြင်တဲ့အမြင်ကို ပုထုဇဉ် ရဟန်းတစ်ပါးကလည်း သူလည်း နိဗ္ဗာန်လိုချင်တော့ ဒီ ၁-နံပါတ် ပထမရဟန္တာပုဂ္ဂိုလ်ကြီးကို သွားလျှောက်တယ် (မှန်ပါ ဘုရား)။
အရှင်ဘုရားတဲ့ တပည့်တော်လည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နောက် ပဋိသန္ဓေမရတဲ့ နိဗ္ဗာန်ကို တပည့်တော် မြင်ချင်ပါတယ်၊ အဇာတဿဆိုတဲ့ ပဋိသန္ဓေနေခြင်း မရှိတဲ့နိဗ္ဗာန်၊ အဇရံဆိုတဲ့ အိုခြင်းမရှိတဲ့ နိဗ္ဗာန်၊ အဗျာဓိံဆိုတဲ့ နာခြင်းမရှိတဲ့ နိဗ္ဗာန်၊ အမတံဆိုတဲ့ သေခြင်းကင်းတဲ့နိဗ္ဗာန်၊ အဲဒီနိဗ္ဗာန် တပည့်တော် မြင်ချင်ပါတယ်ဘုရား၊ အဲဒါကို အရှင်ဘုရားတို့က တပည့်တော်ကို သင်ပေးပါ ပြပေးပါလို့ သွားပြီး တောင်းပန်တယ် (မှန်ပါ ဘုရား)။
ပုထုဇဉ်ရဟန်း သွားတောင်းပန်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ) ဘယ်သူက သွားတောင်းပန်တာ တုံး (ပုထုဇဉ်ရဟန်းက တောင်းပန်တာပါ ဘုရား)။
ဘယ်သူ့ဆီ သွားတောင်းပန်တာပါလိမ့် (ရဟန္တာကြီးဆီပါ ဘုရား) အေး ၁-နံပါတ် ရဟန္တာကြီးဆီ တောင်းပန် တယ်ဆိုတာ သေသေချာချာ မှတ်ထားလိုက်တာပေါ့နော်(မှန်ပါ ဘုရား)။ အရှင်ဘုရားတဲ့ တပည့်တော်လည်း နိဗ္ဗာန် မြင်ချင်ပါတယ် အမြင်မှန်ရချင်ပါတယ်။
တပည့်တော်ကို နည်းပေးတော်မူပါ
ဝိပဿနာဉာဏ် မြင်လို့ရှိရင်လည်း အမြင်မှန်ပဲနော် (မှန်ပါ) အနိစ္စကလေးတွေ မြင်ရင်လည်း အမြင်မှန်၊ နိဗ္ဗာန်ကို မြင်ရင်ကော (အမြင်မှန်ပါ ဘုရား) အဲဒီတော့ တပည့်တော်သည် အမြင်မှန်ရချင်ပါတယ်ဘုရား၊ ဒီအမြင် မှန်ကို အရှင်ဘုရားကတော့ ရောက်ပြီးသား ရပြီးသားတွေ့ပြီးသား ကြုံပြီးသားဆုံပြီးသားဆိုတော့ တပည့်တော်ကို နည်းပေးတော်မူပါဘုရားလို့ ဦးခင်မောင် ပုထုဇဉ်ရဟန်းက သွားလျှောက်တယ်နော် (မှန်ပါ)။
အဲဒီတော့ ပါဠိလိုတော့ “ကိတ္တာဝတော နုခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုတိသုဒ္ဓံ ဟောတိ”တဲ့ အရှင်ဘုရားတို့ အမြင်စင်ကြယ်တယ်၊ အမြင်စင်ကြယ်တယ် ဆိုတဲ့ဥစ္စာ တပည့်တော်ကို ပြောပါဆိုတော့ “ယတော ခေါ အာဝုသော ဘိက္ခု ဆန္နံ ဖဿာယနာနံ”ဒီလို ဟောလိုက်ပြန်တယ် (မှန်ပါ)။
ဘာတုံးဆိုတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ အာယတနခြောက်ပါးတို့ကို “ဆန္နံ ဖဿာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ပဇာနာတိ၊ ဧတ္ထာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဒီအမြင်ဟာ အမြင်မှန်ပဲကွတဲ့ ဆိုတော့ ဝိပဿနာ အမြင်မှန်ကို လှမ်းပြတယ် (မှန်ပါ)။
ဝိပဿနာအမြင်မှန်
နိဗ္ဗာန်ကို မပြသေးဘူး ဒကာ ဒကာမတို့(မှန်ပါ) ဘာပြပ်လိမ်. (ဝိပဿနာအမြင်မှန်ကို လှမ်းပြပါတယ် ဘုရား) ကွာတဲ့ မင်း ဟော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဆိုတဲ့ မျက်လုံးရုပ် နားရုပ် (မှန်ပါ) မျကလုံးရုပ်ဆိုတာ ဒီ သူငယ်အိမ်လေးထဲရှိတဲ့ စက္ခုပသာဒရုပ်ကို ဆိုပါတယ် (မှန်ပါ ဘုရား)။
သောတပသာဒဆိုတာ နားထဲမှာရှိတဲ့ ကြားရုပ်ကလေးပေါ့ဗျာ (မှန်ပါ)နှာခေါင်းထဲမှာရှိတဲ့ နံတတ် မွှေးတတ်တဲ့ ရုပ်ကလေးကကော မရှိဘူးလား (ရှိပါတယ် ဘုရား) လူသေကျတော့ ဒီရုပ်ကလေးဟာ ကမ္မဇရုပ်ဖြစ်လို့ ပျက်သွားပါတယ်၊ မရှိဘူးနော် (မှန်ပါ)။
လျှာထဲမှာ လျှာအလယ်မှာရှိတဲ့ ဇိဝှာပသာဒရုပ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား) ချိုတယ် ချဉ်တယ် ဖန်တယ် ငန်တယ်ဆိုတာ သူကလေးက ကျေးဇူးပြုမှ သူက ကျေးဇူးမပြုရင် သိကို မသိနိုင်ဘူးဆိုတာ မှတ်ထားလိုက် စမ်းပါ (မှန်ပါ ဘုရား)။
ကာယပသာဒဆိုတာ လူသေကျတော့ အပ်နဲ့ထိုးထိုး၊ ကြိုးနဲ့ချည်ချည် ဒကာ ဒကာမတို့ အော်ခြင်း ဟစ်ခြင်း ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါ ကံကြောင့်ဖြစ်တဲ့ ကာယပသာဒရုပ်တွေ မရှိတော့ပါဘူး (မှန်ပါ ဘုရား)။ အဲဒါ ကိုယ်ပေါ်မှာရှိတဲ့ ကာယပသာဒရုပ်၊ အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဆိုတော့ ငါးခု မရှိဘူးလား (မှန်ပါ ဘုရား)။ နောက်ပြီးတော့ စိတ်ဆိုတဲ့ မနကိုလည်း လိုက်ပါဦးဆိုတော့ ခြောက်ခုမပြည့်လား (ပြည့်ပါတယ် ဘုရား)။
ခြောက်ခုကို မင်းဖြစ်ပျက်ရှု
အဲဒီ ခြောက်ခုကို ငါသည် ဖြစ်ပျက်မြင်ပါတယ်ကွာတဲ့ (မှန်ပါ) အဲဒီခြောက်ခုကို မင်းဖြစ်ပျက်ရှုစမ်းပါ၊ အဲဒီခြောက်ခု ဖြစ်ပျက်ရှုခဲ့လို့ ရှိရင်ဖြင့် “ဧတ္တာဝတာ (ပ)သုဝိသုဒ္ဓံဟောတိ” အဲဒီ ဖြစ်ပျက်မြင်လို့ရှိရင် မင်း အမြင် မှန်ရပြီဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒါဖြင့် မြင်ရုပ်ကလေးကိုလည်း ဘာလုပ်ကြမယ် ခင်ဗျားတို့ (ဖြစ်ပျက်ရှုရမယ် ဘုရား အဲ မြင်တယ်ဆိုတော့ မြင်စိတ်ကလေးက မြင်တာပဲ၊ သို့သော် မြင်ရုပ်ကလေးမပါဘဲနံ့ မြင်နိုင်ပါ့မလား (မမြင် နိုင်ပါ ဘုရား)။
အဲဒီတော့ ရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်က မြင်ရုပ်ကလေး ဖြစ်ပျက်ရှုတာပေါ့(မှန်ပါ) စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က မြင်စိတ် ဖြစ်ပျက်ရှုတာပေါ့ (မှန်ပါ ဘုရား)။ ဟာ ဝေဒနာ ရှုချင်ပါတယ် ဆိုတော့ မြင်တာကလေးဟာ “ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ” ဆိုသောကြောင့် ဒီထဲမှာ မြင်တာကလေးဟာ ဝေဒနာကလေးက မြင်တာပဲဆိုပြီး ဝေဒနာ ဖြစ်ပျက် ရှုလိုက်တာပေါ့ (မှန်ပါ ဘုရား)။
ကြိုက်ရာရှုပါနော် (မှန်ပါ) ကြိုက်ရာရှုပါတဲ့ ဒီဥစ္စာ၊ ဒကာ ဒကာမတို့ ကြိုက်ရာရှု၊ မြင်တယ်ဆိုရင် မြင်စိတ် ကလေး ရှုချင်ရှု၊ မြင်ချင်ရှုချင်ရှု၊ ဝေဒနာရှုချင်ရှု၊ ဟာ မြင်ပြီးမှတ်တဲ့ သညာကလေး ရှုချင်တယ်ဆို ရှုသာရှု (မှန်ပါ) သို့သော်လည်း တစ်ခုပျက်ရင် အကုန်ပျက်ကြမှာပဲ (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ) အဲဒီတော့ မြင်တယ် ဆိုရင်ဖြင့် ဒကာ ဒကာမ သန္တာန်လွတ်လွတ် ပြောပါရစေဆိုတော့ မြင်တာဟာ လူသေမှာတော့ မြင်စိတ်ကလေးမရှိတော့ မြင်ကြရဲ့လား (မမြင်ပါ ဘုရား)။
အဲဒီတော့ ကျုပ်တို့ ဒကာ ဒကာမတွေကျတော့ ဟိုဟာကလေး ကြည့်လိုက်လည်း ဟိုက ပန်ကာ၊ ဟိုဘက်က မီးချောင်းတွေဆိုတော့ မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား)။ အဲဒီ မြင်စိတ်ကလေးဟာ မြင်ပြီး ပျက်တာပဲ ဒကာ ဒကာတို့ (မှန်ပါ) အဲဒီတော့ မြင်စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်ဆိုတော့ ဪ ဒါစက္ခာယတန ရှုတာပဲ (မှန်ပါ ဘုရား)။
ဆန္နံ ဖဿယတနာနံကိုးဗျ (မှန်ပါ) သမုဒယဉ္စ အတ္ထင်္ဂမဉ္စဆိုတဲ့အတိုင်း ဖြစ်တာကိုလည်း ရှုလိုက်တယ်၊ ပျက်တာကိုလည်း ရှုလိုက်တယ်၊ ဖြစ်လို့ ပျက်တာပဲ ဆိုတာကလေး ကျုပ်တို့က ရှုရှုပေးတော့ မြင်တယ်ဆိုရင် မြင်ပြီး ပျက်တာပဲ၊ ကြားတယ်ဆိုရင်လည်း (ကြားပြီး ပျက်တာပဲ) နံတယ်ဆိုရင်ကော (နံပြီးပျက်တာပဲ) အဲ နံစိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ ဘုရား)
အင်း စားတယ်ဆိုရင်ကော (ဖြစ်ပြီး ပျက်တာပါပဲ) စားစိတ် ကလေးဟာလေ (မှန်ပါ) ဒီလျှာပေါ်မှာဖြစ် (လျှာပေါ်မှာ ပျက်ပါတယ် ဘုရား) ပျက်တယ်၊ ဒီကိုယ်တော်ကြီး ပထမရဟန္တာကြီး ဟောနေလို့ ဦးခင်မောင် ဘုန်းကြီးက တစ်ဆင့် ဖြေရှင်းပေးနေပါတယ် (မှန်ပါ ဘုရား)။
ပထမရဟန္တာကြီး
ပထမရဟန္တာကြီးက ဟောလို့ ကိုမြရွှေ ဖြေရှင်းပေးနေတာနော် (မှန်ပါ) ဘုန်းကြီးက သင်နေတယ်လို့ အောက်မေ့မနေပါနဲ့၊ ပထမ ရဟန္တာကြီးက ဟောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား) ပထမ ရဟန္တာကြီးက ပုထုဇဉ်ရဟန်းကို ဒီလိုရှုကွလို့ ဟောနေတယ်၊ သမုဒယနဲ့ အတ္ထင်္ဂမရပါလို့ ပြောသောကြောင့် ဖြစ်ပျက်ရှုပါလို့ ပထမ ရဟန္တာကြီးက သင်နေတယ်ဆိုတဲ့ အဓိပ္ပာယ် မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် မြင်တယ်ဆိုရင် မြင်စိတ် ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အေး မြင်စိတ်ရှုရှု၊ မြင်ရင်ရှုရှု၊ ကြိုက်ရာ ရှုနော် (မှန်ပါ ဘုရား)။ ကဲ တစ်ခါသွားလိုက်ပါဦး၊ နားထဲမှာ ဒကာ ဒကာမတွေက ကြားတယ် ဆိုရင် ကြားစိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲဒါ စိတ္တာနုပဿနာ ဖြစ်သွားတာပဲ (မှန်ပါ ဘုရား)။ နံတယ် ဆိုတော့ နှာခေါင်းအဆုံမှာရှိတဲ့ ဃာနပသာဒရုပ်ကလေးနဲ့ အတူတကွဖြစ်တဲ့ ဃာနဝိညာဏ်ကလေးက မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ အဲ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ဟာ နံစိတ် ဖြစ်ပျက်ရှုလိုက်တာပေါ့ (မှန်ပါ ဘုရား)။
စားတဲ့ပုဂ္ဂိုလ်ဟာ စားစိတ်ကလေးကို (ဖြစ်ပျက်ရှုပါမယ် ဘုရား)။
ခန္ဓာကိုယ်မှ ယားတယ် ယံတယ် ကောင်းတယ် ဆိုတဲ့ စိတ်ကလေးတွေကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)
အဲဒါ သေခါနီးလည်း ဒီလို ရှုကြရမှာပဲ (မှန်ပါ) ရှုပြီးသေလို့ ရှိရင်လည်း သေခါနီးမှ ဘာဖြစ်နိုင်သေးသလဲ (သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ် ဘုရား) အဲဒီတော့ ပုထုဇဉ်ဖြစ်ခဲ့ရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါသေးတယ်ဆိုတာ မှတ်ပြီး တစ်ခါတည်း တွဲယူလိုက်ပါတဲ့ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဒီ ပထမရဟန္တာကြီး ဟောလိုက်တာသည် ရုပ်က ငါးခု၊ စိတ်က တစ်ခု ဟောလိုက်တယ် (မှန်ပါ)။
ဒါကြောင့် ဘုန်းကြီးက ဒီနေရာမှာတော့ ဒကာ ဒကာမတွေ စိတ်ကိုအဓိကထားပြီး ဟောလိုက်ပါတယ် (မှန်ပါ)။
မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် တွေးစိတ် ကြံစိတ်တွေရော အကုန်ရှုပေါ့ဗျာ (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ပုထုဇဉ်သန္တာန်ပေါ်တဲ့စိတ်
ဒါဖြင့် ဒကာ ဒကာမတို့ ပုထုဇဉ်သန္တာန်ပေါ်တဲ့စိတ် ပုထုဇဉ် ရှုပေတော့ဆိုတော့ စိတ်ရှာစရာ လိုသေးသလား (မလိုပါ ဘုရား)။
ပုထုဇဉ်သန္တာန်မှာ ဘာစိတ်တွေများ ပေါ်တတ်သတုံး (ပုထုဇဉ်စိတ် ပေါ်ပါတယ် ဘုရား) ပုထုဇဉ်သန္တာန် ဒကာ ဒကာမတို့ အရိယာစိတ် ဘယ်ပေါ်မတုံး (မပေါ်ပါ ဘုရား) အင်း ဘာပေါ်ကြမယ်ထင်သတုံး (ပုထုဇဉ်စိတ် ပေါ်ပါတယ် ဘုရား)
ပုထုဇဉ်စိတ်ပေါ်တယ်ဆိုတော့ ပေါ်တဲ့စိတ်ကို ရှုရုံပဲရှိတယ် (မှန်ပါ ဘုရား) ၁-စိတ်ကို ၂-ဉာဏ်က ရှုရုံပဲ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ဦးဇံရင်တို့ ဘာရှုကြမယ် (၁-စိတ်ကို ၂-ဉာဏ်က ရှုရပါမယ် ဘုရား) အဲ ၁-နာမ်ကို ၂-ဉာဏ်နဲ့ရှု (မှန်ပါ) ၁-နာမ်ဆိုတာ စိတ်ဟာ နာမ်ပဲ (မှန်ပါ) အဲဒါ ၁-နာမ်ကို ၂-ဉာဏ်နဲ့ ရှုလိုက်လို့ ရှိရင်ဖြင့် ဖြစ်ပျက်တွေ့မှာပဲ (မှန်ပါ)။
အဲဒီလို ဟောလိုက်တော့ ဪ ပုထုဇဉ်ရဟန်းကို ဦးခင်မောင်ရေ ရှုနည်းပါ သင်လိုက်ပါတယ်နော် (မှန်ပါ ဘုရား)။
သင်လိုက်ပေမယ့်လည်း သူ့စိတ်ထဲက မကျေနပ်ဘူး (မှန်ပါ) ဪ ဒီကိုယ်တော်က ရုပ်လည်း ငါးမျိုးတည်း ဟောတယ် နာမ်ကတော့ တစ်မျိုးဟောတယ်ဆိုတော့ ရုပ်နာမ်မစုံဘူး (မှန်ပါ) ခန္ဓာငါးပါး မစုံဘူးလို့ပြောတာပေါ့ဗျာ (မှန်ပါ ဘုရား)။ ဒါနဲ့ သူစိတ်ထဲ ကျေနပ်ပါရဲ့လား (မကျေနပ်ပါဘူး) သို့သော် မကျေနပ်ပေမယ့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေက ကျေနပ်လိုက်ပါတော့ ဒါနဲ့လည်း နိဗ္ဗာန်ရောက်တယ် (မှန်ပါ ဘုရား)။
ဘာပြုလို့တုန်း သူက ဒါတွေရှုပြီး နိဗ္ဗာန်ရောက်တယ် (မှန်ပါ အဲ သူရောက်တာက သေချာနေတော့ ဟိုရဟန်း က လေးပါးစေ့အောင် သူသွားလိမ့်မယ်၊ သွားချင် သွားပေစေတော့ သွားတဲ့နည်းလည်း ဘုန်းကြီးဟောရမှာပဲ။ သို့သော် ဒကာ ဒကာမတွေက ဪ ပထမရဟန္တာကြီး ဟောတာလည်း အမှန်ပဲလို့ ဆုံးဖြတ်ချက်ချပြီးရှုပါ (မှန်ပါ ဘုရား)။ ရှင်ပလား (ရှင်းပါပြီ ဘုရား)။
စိတ္တာနုပဿနာရှုရုံပဲ
ပထမရဟန္တာကြီး ဟောတာလည်း (အမှန်ပါပဲ) အမှန်ပဲလို့ဆိုပြီး ကျုပ်တို့တော့ဖြင့် စိတ္တာနုပဿနာရှုရုံပဲ (မှန်ပါ ဘုရား)။ သဘောပါကြပလား (ပါပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးက နေ့တိုင်းပဲ ဒကာ ဒကာမတွေ ဝိပဿနာရှုမှုကို သင်နေတယ်။ သင်နေတယ် ဆိုတာလည်း အားလုံးလည်း သိကြပါပြီ (မှန်ပါ) သိတော့ ဒကာ ဒကာမတို့ ဘာဖြစ်လို့ ဒီလောက် သင်ရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဥပမာမယ် စိတ်ခြောက်မျိုး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တွေပါ ရှုလိုက်တယ်၊ မနောစိတ်ပါ ခြောက်ပါးသော စိတ်တွေ ရှုလိုက်တယ်ဆိုတော့ မဂ္ဂင်ငါးပါးက မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တယ်ဆိုတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သေချာတော့ကိုတဲ့ ဖြစ်ပျက်၊ မဂ္ဂင်ငါးပါးကမဂ်၊ ပြောနေကျ အတိုင်းဆိုတော့ ဒါ မလာပေဘူးလား (လာပါတယ် ဘုရား) ကဲ သူ့ကို ငါထင်တဲ့ တဏှာဥပါဒါန် ကံတွေလာသေးရဲ့လား (မလာပါ ဘုရား)။
ဟာ ဒါဖြင့် ဒီလိုသေသွားရင် ဘဝကူး ရှိသေးရဲ့လား (မရှိပါ ဘုရား) ဪ ဤခန္ဓာစွန့်ပြီး နောက်ခန္ဓာ ရရင် ဘာတဲ့ ဘုရားက (အပြစ်သင့်တာပါဘုရား ရှုလိုက်တဲ့ပုဂ္ဂိုလ် နောက်ခန္ဓာ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ဪ..ဒါကြောင့် ဟိုစကားတွေနဲ့ စပ်စပ်ပြီး အလုပ်စဉ် ပြနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဟာ နည်းတဲ့တရား မဟုတ်ပါဘူး ဆိုတာ မှတ်ပါတဲ့။ ဒါက သံယုတ်က လာတာ၊ ခုနင်ကဥစ္စာက ပဏ္ဏာသက လာတာ(မှန်ပါ) ဟိုအလယ်မှာ ရှုပေးပါ၊ ကိုယ့်ဟာကိုယ် ရှုပေးလိုက်ပါဆိုတာ အင်္ဂုတ္တိုရ်က လာတာ (မှန်ပါ) အဲဒီတော့ အားလုံး ညှိပြီး ဒကာ ဒကာမတွေအား ကျေးဇူးများသထက်များအောင် သေတတ်အောင်နေတတ်အောင် အကုန်သင်နေ တာပဲ (မှန်ပါ ဘုရား)။
သေတတ်အောင်နေတတ်အောင်
နေတတ်အောင်ကော (သင်ပါတယ် ဘုရား) နေတော့ ရှုနေကြလို့ ပြောလိုက်တယ် (မှန်ပါ ဘုရား)။ သေတော့ ကော ရှုသေလို့ (မှန်ပါ ဘုရား) ပြောတော့ နေတတ်သေတတ် မရှိသေးဘူးလား (ရှိပါတယ် ဘုရား)။
ဒီ့ထက်သင်တာတော့ဖြင့် ကုန်ပြီ (မှန်ပါ ဘုရား)။ ခင်ဗျားတို့ သန္တာန်မှာလည်း အနေနဲ့ အသေပဲရှိတာပဲ (မှန်ပါ) ဒီပြင် ဘာများ ရှိသေးသတုံး (မရှိပါဘူး ဘုရား) အေး ဘာမှ မရှဘူး အနေနဲ့ အသေပဲရှိတယ်ဆိုတာ သေချာတော့ ကဲ ဒါဖြင့် ဒီလို ရှုပြီးသကာလ နောက်ကျတော့ ရှုဖန်များလာတော့ မဂ္ဂင်ရှစ်ပါး ဖြစ်သွားတဲ့အခါကျတော့ ဒိဋ္ဌိတို့, ဒိဋ္ဌုပ်ဒါန် ဒိဋ္ဌိအုပ်ချုပ်နေတဲ့ ကံတို့ လာသေးရဲ့လား (မလာပါ ဘုရား) ဒီပုဂ္ဂိုလ်သည် အကယ်၍ မဂ်လေးတန်များ ဆိုက်သွားမယ်ဆိုရင် နောက်ခန္ဓာ လာပါဦးမလား (မလာပါ ဘုရား)။
နောက်ခန္ဓာမလာတာ ဘုရားက အပြစ်အကြီးဆုံးလွတ်တာတဲ့ (မှန်ပါ ဘုရား)။ ဘာတဲ့တုံး (အပြစ်ကြီးဆုံး လွတ်တာပါ ဘုရား) အပြစ်ကြီးဆုံးလွတ်တာ၊ နောက်ခန္ဓာရတာ ဘာတဲ့(အပြစ်သင့်တာပါ ဘုရား) အပြစ်သင့်တာ (မှန်ပါ)။
နောက်ခန္ဓာမလာတာက ဘာတဲ့ (အပြစ်ကြီးဆုံး လွတ်တာပါ ဘုရား)။ အပြစ်အကြီးဆုံး လွတ်တာဆိုတော့ ဒီလိုလုပ်မှ လွတ်တယ်ဆိုတာက ပုံစံက သေချာနေပြီ (မှန်ပါ့) မသေချာသေးဘူးလား သေချာပါတယ် ဘုရား)။
အဲဒါကြောင့် တပည့်တော်တို့ မလုပ်တတ်သေးဘူး ဆိုတော့ ခင်ဗျားတို့ ကိုယ့်အသေကိုယ်လည်း မသေတတ် သေးပါဘူး ပြောတာနဲ့ အတူတူပဲ(မှန်ပါ ဘုရား)။ အနေတတ်သေးဘူး ပြောတာနဲ့ကော (အတူတူပါပဲ ဘုရား) အဲဒါကြောင့် အခု လုပ်တတ်အောင်လို့ပဲ ဒီဥစ္စာကို တရားကို တစ်ပုဒ်ဆိုလို့ရှိရင် ၃-၄ ရက်၊ အလုပ်က ရှေ့သွင်းနေတာ ဦးခင်မောင် မများဘူးလားဗျ (များပါတယ် ဘုရား)။
လိုရင်းကတော့ ဒါပဲမဟုတ်လား (ဒါပါပဲ) ဒါပါပဲ၊ ဟိုဟာက သက်သေသာဓက လုံလောက်အောင် ပြတာပါ (မှန်ပါ)။
ကိုယ်ရဖို့ နိဗ္ဗာန်ဟာ ကိုယ်ဆိုင်လိမ့်မယ်
သူများ ရသွားတဲ့ နိဗ္ဗာန်ဟာ သူများသာ ဆိုင်ပါတယ်၊ ကျုပ်တို့နဲ့ မဆိုင်ပါဘူး (မှန်ပါ) ကိုယ်ရဖို့ နိဗ္ဗာန်ဟာ ကိုယ်ဆိုင်လိမ့်မယ် (မှန်ပါ)။
အဲဒါကြောင့် သူများရသွားတာ ဒီလမ်းနဲ့ ရတယ်ဆိုပြီး လမ်းကိုသာ ကျုပ်တို့က လိုက်ဖို့အရေးကြီးပါတယ် (မှန်ပါ ဘုရား)။ သူများရသွားလို့ ငါရလိမ့်မယ်လို့ ဒီလိုယူလို့ မဖြစ်ပါဘူး (မဖြစ်ပါ ဘုရား)။
ကိုယ်လုပ်မှ ကိုယ်ရမှာဆိုတာက အမှန်ထားရပါလိမ့်မယ် (မှန်ပါ ဘုရား)။ သဘောပါကြပလား (ပါပါတယ် ဘုရား)
ကောင်းပြီ အခု လုပ်လိုက်ခြင်းကြောင့် နောက်ခန္ဓာ မရဘူးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် အပြစ်လွတ်တာပဲ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ရဟန္တာလေးပါး ပြန်လှည့်ရဦးမယ်၊ ခင်ဗျားတို့ဥစ္စာ ဟိုဟာ ထည့်ရ ဒီဟာထည့်ရနဲ့ အားကို မအားဘူး (မှန်ပါ ဘုရား)။
အားကို မအားဘူး တစ်ခါတည်း သင်ရတာက ဒီဟာ လုပ်ပြန်လို့ရှိရင်လည်း ခုနင်က အရင်ပြောခဲ့တာနဲ့ ပြန်ကိုက်အောင်လည်း ပြန်စေ့စပ်ရသေးတယ် ဦးခင်မောင်ရေ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒီပုထုဇဉ်ရဟန်းက “ဆန္နံ ဖသာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စယထာဘူတံ ပဇာနာတိ၊ ဧတ္တာဝတောခေါ အာုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဒီလို ရဟန္တာကြီးက ရှင်းရှင်းပြောလိုက်ငြား သော်လည်း ပုထုဇဉ် ရဟန်းက ဪ ခန္ဓာငါးပါးလည်း မစုံပါဘူး၊ ဒီကိုယ်တော်ကြီး ဟောတာက ခြွင်းချက်နဲ့ ဟောနေတယ်လို့ သူ မယူဘူးလား (ယူပါတယ် ဘုရား)။
ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား) ခန္ဓာငါးပါးက စုံမှမစုံဘဲကိုးဗျ (မှန်ပါ ဘုရား)။
သူကသာ မစုံတာ ဖြစ်စဉ်က စုံတယ် (မှန်ပါ) သူက မစုံဘူး၊ သူက သရုပ်သမား ဖြစ်နေတယ်ထင်ပါရဲ့(မှန်ပါ) အဲဒီလို ဖြစ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုတိယရဟန္တာဆီ သွားပါတယ်
ဒါနဲ့ သူ့ဟာသူ မကျေနပ်တာနဲ့ ဦးခင်မောင်ရေ ဘယ်သွားပြန်ပါလိမ့်မတုံး (နောက် ဒုတိယရဟန္တာဆီ သွားပါတယ်) ဒုတိယရဟန္တာဆီ ရောက်သွားပါတယ် (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီကိုယ်တော် ဘယ်ရောက်သွားသတုံး (ဒုတိယရဟန္တာဆီ ရောက်သွားပါတယ် ဘုရား)။
ဒုတိယရဟန္တာကြီး ရောက်သွားပါပြီတဲ့၊ ဒုတိယရဟန္တာကြီးဆီ ရောက်သွားပြန်တော့ အရှင်ဘုရား တပည့်တော် လည်း အမြင်မှန် အင်မတန် ရချင်ပါတယ်။
ဘာရချင်သတဲ့လဲ (အမြင်မှန် အင်မတန် ရချင်ပါသတဲ့ ဘုရား) အမြင်မှန် အင်မတန် ရချင်ပါတယ်လို့ သွားလျှောက်တယ် (မှန်ပါတယ်)။
အဲဒီ အမြင်မှန်ကလေး တစ်ခု အရှင်ဘုရားများတော့ မြင်ပြီးသား ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်၊ တပည့်တော် အမြင်မှန်ကလေး မရသေးလို့ အမြင်မှန်ကလေး အမိန့်ရှိတော်မူပါဘုရားလို့ သူက လျှောက်လိုက်တယ်နော် (မှန်ပါ ဘုရား)။
ခန္ဓာငါပါး ဖြစ်ပျက်မြင်လို့ရှိရင်
ထိုကဲသို့ လျှောက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ နားထောင် “ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ သမုဒယ အတ္ထင်္ဂမဉ္စ” ခန္ဓာငါပါး ဖြစ်ပျက်မြင်လို့ရှိရင် အမြင်မှန်ပါပဲတဲ့ (မှန်ပါ) ခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် (အမြင်မှန်ပါ ဘုရား)။
အင်း ဒီကိုယ်တော်ကတော့ ငါးပါးစုံတယ်တဲ့ သူက ငါးပါးစုံတာသာ မှတ်နေတာကိုး၊ ဖြစ်ပျက်ကို မပါဘူး၊ သူ့ဟာသူ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ငါးပါးစုံတာလဲ နောက်ဆုံးပိတ် တစ်နေ့မှာ ဦးခင်မောင်တို့, ဒကာဝတို့, မောင်ကိုတို့ပဲ စဉ်းစား “သမုဒယဉ္စ အတ္ထင်္ဂမဉ္စ”ဆိုတော့ ဖြစ်ပျက်မပါဘူးလား (ပါပါတယ် ဘုရား)။
သူက အဲဒါ လိုက်တာလား၊ အရင်ကိုယ်တော်က ခြောက်၊ ဒီကိုယ်တော်က ငါး၊ ခန္ဓာငါးပါးစုံတယ်၊ အရင် ကိုယ်တော်က ခန္ဓာငါးပါး မစုံဘူး၊ သူက ဒါလိုက်နေတာ (မှန်ပါ ဒါလိုက်နေတာပါ ဘုရား)။
ဖြစ်ပျက်ဆိုတာက ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလည်း တယ်ရှိတာ မဟုတ်ဘူး၊ တကယ်ကြည့်လိုက်တဲ့အခါ ဖြစ်ပျက်ပဲတွေ့တယ် (မှန်ပါ) ဝိပဿနာဉာဏ်နဲ့ပဲ ခရီးပေါက်ပေါက် ကြည့်လိုက်ရင် အနိစ္စတွေပဲတွေ့မယ် (မှန်ပါ ဘုရား)။
ဖဿယတနခြောက်ပါးကို ဝိပဿနာနဲ့ ကြည့်လိုက်ပြန်လည်း ဘာတွေ့မယ်ထင်သလဲ (အနိစ္စတွေ့ပါတယ် ဘုရား)။
အနိစ္စတွေ့ဖို့ အရေးကြီးပါတယ် (မှန်ပါ) ဒါတွေလဲ ဒကာ ဒကာမတွေ အကျယ်တဝင့် အနိစ္စနဲ့ဆုံးပုံတွေလည်း ရှင်းပြပါဦးမယ် တဲ့။ စကားဆိုတာ တစ်လုံးတည်းနဲ့ မပြီးတော့ သူ့ဟာကိုလည်း စေ့အောင် ပြောနေရတယ်၊ ခင်ဗျားတို့ လုပ်တတ်ကိုင်တတ်အောင်။
ကိုင်း ဒါဖြင့် ဒီကိုယ်တော်ကတော့ ခန္ဓာငါးပါး ဖြစ်ပျက်တရားကို မြင်ရင် ဘာတဲ့တုံး (အမြင်မှန်ပါ) အမြင်မှန်ပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာငါးပါး ဖြစ်ပျက်တရားကို မြင်လို့ရှိရင် (အမြင်မှန်ပါ ဘုရား)။
ဪ ဒီကိုယ်တော်ကတော့ ခန္ဓာငါးပါးစုံတယ်၊ ဟို ကိုယ်တော်ကတော့ ငါးပါးမစုံဘူးလို့ သူ့စိတ်ထဲမှာ ဦးခင်မောင် သံသယ လာနေတယ် (မှန်ပါ ဘုရား)။
လာစရာလား ကိုရွှေမြတို့၊ မလာစရာလား (မလာစရာပါ ဘုရား) မလာစရာပဲတဲ့၊ သို့သော် သူက လာတာ တော့လည်း မတတ်နိုင်ဘူး (မှန်ပါ ဘုရား)။
လာစရာလား ကိုမြရွှေတို့၊ မလာစရာ (မလာစရာပါ ဘုရား) မလာစရာပဲတဲ့၊ သို့သော် သူက လာတာတော့လည်း မတတ်နိုင်ဘူး (မှန်ပါဘူး) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီထဲက ခန္ဓာငါးပါး ဖြစ်ပျက်တရားကို မြင်လို့ရှိရင် ဒကာ ဒကာမတို့ အမြင်မှန်ပဲ၊ ဒီကနေပြီး နိဗ္ဗာန်မြင်တော့တာပဲ ဆက်ပြီးတော့နော် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ကျုပ်တို့က ဝေဒနာ ဒီထဲမပါဘူးလား (ပါပါတယ် ဘုရား) ဝေဒနာ အစ အဆုံးလိုက်လို့ ဝေဒနာဖြစ်ပျက်တွေ မြင်ရင်လည်း ကျုပ်တို့ ဘယ့်နှယ်ဆိုကြပါမယ် (အမြင်မှန် ရပါတယ် ဘုရား)။
ဒီထဲမှာ ခန္ဓာငါးပါးထဲက စိတ်တစ်လုံးကိုပဲ ဒကာ ဒကာမတွေက ရှုလိုက်ပြန်တော့ အမြင်မှန် ရပြန်ရင်ကော (အမြင်မှန်ပါ ဘုရား) အမြင်မှန်ပါပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဒီဒုတိယရဟန္တာဟောတာကော ဒကာ ဒကာမတို့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ဖြစ်ပျက်မြင်လို့ရှိရင်
မှန်တာပဲတဲ့၊ ဖြစ်ပျက်မြင်လို့ရှိရင် ကိစ္စပြီးတာပဲကွ ဆိုတော့ သူ့စိတ်ထဲကသာ (ခြောက်နဲ့ငါး ရှုပ်နေတယ် ဘုရား)။
ဦးခင်မောင် ဘာရှုပ်နေပါလိမ့် (ခြောက်နဲ့ ငါး ရှုပ်နေပါတယ် ဘုရား)
အဲဒါကြောင့် အိမ်ကျတော့ ခြောက်နဲ့ငါး ရှုပ်မနေကြပါနဲ့ (မှန်ပါ) ခြောက်နဲ့ငါးရှုပ်မနေနဲ့၊ စိတ်ကြိုက်ရင် စိတ်တစ်လုံးတည်း ပေရှု (မှန်ပါ) ဝေဒနာကြိုက်ရင် (ဝေဒနာပေရှုရပါမယ် ဘုရား)။
ပေရှုရမယ် “ဝေဒနာနံ ခယာ ဘိက္ခု နိစ္ဆာတော ပရိနိဗ္ဗုတော” ဝေဒနာကုန်အောင်လိုက်ရင် နိဗ္ဗာန်ရောက် တာပဲလို့ ဘုရားကလည်း ပါဠိတော်တွေနဲ့ ညွှန်ပြထားတာတွေနဲ့ အကုန်ရှိနေတယ် (မှန်ပါတယ်)။
ဒကာ ဒကာမတို့ ဝိညာဏ်တစ်ခုတည်းနဲ့လည်း သူရှုလို့ စိတ္တာနုပဿနာတွေနဲ့ နိဗ္ဗာန်ဝင်သွားတာတွေလည်း ရှိနေတာပဲ (မှန်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား)
အေး ဒါကြောင့် ကျုပ်တို့မှာတော့ “ဧကော ဓမ္မော ကိုင်ထားလိုက်တာပေါ့ဗျာ (မှန်ပါ) ဖြစ်ပျက်ကိုင်ထား လိုက်တာပေါ့ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒုတိယရဟန္တာ ဟောတာကော မှားသလား မှန်သလား (မှန်ပါတယ် ဘုရား)
ဒါဖြင့် ဒုတိယရဟန္တာ ဟောတဲ့အထဲ ကျုပ်တို့ ခုနင်က အထဲမှာလဲ စိတ်ပါတယ်၊ အခုအထဲမှာလည်း စိတ်ပါတယ်၊ အခုအထဲမှာလည်း စိတ်ပါတယ်ဆိုတော့ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ် စိတ်သာရှု၊ ရောက်မှာပဲ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ဦးခင်မောင် ပုထုဇဉ်ရဟန်းက အရင်ပုဂ္ဂိုလ်က ခြောက်၊ နောက်ပုဂ္ဂိုလ်က ငါး၊ အရင်ပုဂ္ဂိုလ်က ခြွင်းချက်နဲ့ ဟောတယ် (မှန်ပါ ဘုရား)။ သူတော့ဖြင့် အမြင်မှန်ရတဲ့ ကိုယ်တော်ချင်း တူငြားသော်လည်း ဟောပုံချင်းက ခြားနား နေတယ်ဆိုပြီး သူ့စိတ်ထဲမှာ ဒကာဝ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
မကျေနပ်တော့ ဘယ်သွားဦးမယ်ထင်သတုံး (တတိယရဟန္တာဆီ သွားပါတယ် ဘုရား)။
တတိယရဟန္တာဆီ သွားပြန်တယ် ဦးခင်မောင်ရေ(မှန်လှပါ ဘုရား) ဘုရားကတော့ဖြင့် ဒီနေရာမှာ သူတို့ ပျောက်တဲ့ ဆေးဟာ ဒီဆေးပဲ၊ သူတို့ ကိလေသာရောဂါပျောက်တဲ့ဆေးဟာ သူတို့ ဒီဆေးသောက်လို့ ပျောက်ကြတာပဲ ဆိုတာ ဘုရားက နောက် အဖြေထွက်ဦးမယ် ဦးခင်မောင် (မှန်လှပါ ဘုရား)
အရင်ပုဂ္ဂိုလ်က ခြောက်ပါးဆေးနဲ့ ပျောက်သွားတယ်(မှန်ပါ) နောက်ပုဂ္ဂိုလ်က (ငါးပါးဆေးနဲ့ ပျောက်ပါတယ် ဘုရား) ကိလေသာ ရောဂါတွေ အကုန်ပျောက်တယ် (မှန်လှပါ) ပျောက်တဲ့ဆေးချည်းပဲ (မှန်ပါ)။
မဟာဘုတ်လေးပါးဆိုတာ
ကဲ တတိယပုဂ္ဂိုလ်ထံ ဒကာ ဒကာမတို့ သူ သွားပြီ အရှင်ဘုရား တပည့်တော် အမြင်မှန်ကလေး သိပါရစေ ဘုရား။ အမြင်မှန်ကလေးဖြင့် တပည့်တော် ရချင်ပါတယ်ဆိုတော့ “စတုန္နံ မဟာဘူတာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဒီလို ဟောလိုက်ပြန်တော့ မဟာဘုတ်လေးပါးနဲ့ မဟာဘုတ်လေးပါးဆိုတာ ပထဝီ အာပေါ တေဇော ဝါယောပေါ့ဗျာ (မှန်လှပါ ဘုရား)။
မြေ ရေ လေ မီး ပေါ့ဗျာ၊ ခန္ဓာကိုယ်ထဲမှာ မြေ၊ ရေ လေ မီး ရှိတယ်ကွ။ အဲဒါတို့၏ ဖြစ်တာနဲ့ ပျက်တာကိုမြင်တာ အမြင်မှန်ပါပဲ ငါ့ရှင်လို့ တတိယရဟန္တာက ဖြေလိုက်တယ် (မှန်ပါ ဘုရား)။
ပုထုဇဉ်ရဟန်းက ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား)ဪ အရင်ပုဂ္ဂိုလ်က ခြွင်းချက်နဲ့ ဟောတဲ့အထဲ ဒီပုဂ္ဂိုလ်က ခြွင်းချက်နဲ့တောင် ဟောနေပြန်တော့ အတော်ခက်နေပြီ ဆိုပြီး ဒကာ ဒကာမတို့ ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား)။
တယ်လည်း ခက်ပါကလား၊ ဦးခင်မောင် ဘာခက်နေသတုံး (ပုထုဇဉ် ရဟန်းခက်ပါတယ် ဘုရား) ပုထုဇဉ် ရဟန်း ခက်နေတယ်၊ တစ်နည်းအားဖြင့်လည်း ခြွင်းချက်နဲ့ ဟောတယ်၊ ခြွင်းချက်ကို ဟောတယ်နဲ့ သူက ဝေဖန်နေတာကိုး (မှန်ပါ ဘုရား)
အဲဒါကြောင့် ဒကာ ဒကာမတွေ ဝေဖန်သံများလို့ရှိရင်လည်း မရနိုင်ဘူးနော် (မှန်လှပါ ဘုရား) ပါဠိတော်က လာတာတွေကို ဆရာသမားက ပြောလို့ ဒကာဒကာမတွေ ဒါတွေ တစ်ခုခုမှတ်ပြီး ရှုနေလို့ရှိရင် ဒါ အမြန်တက်သွားမှာပဲ (မှန်ပါ ဘုရား)
နို့မဟုတ်လို့ရှိရင် ဝေဖန်ပြီးသကာလ နေကြတော့မယ်၊ မဝေဖန်နဲ့လို့တော့ မဆိုပါဘူး၊ တည့်ပြီးသားကို အထူးဝေဖန်မနေနဲ့တော့ (မှန်ပါ ဘုရား) မတည့်သေးရင်တော့ ဘာလုပ်ရမလဲ (ဝေဖန်ရပါမယ် ဘုရား)
ဝေဖန်ရမယ်တဲ့ ပါဠိတော်နဲ့လဲ မကိုက်သေးဘူးဆိုရင် ဝေဖန်တာပေါ့ဗျာ (မှန်ပါ)။
အခုတော့ဖြင့် ဒီပါဠိတော်ထဲမှာပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဪ ပုထုဇဉ်ရဟန်းက ဆေးရွေး နေတာ ဒီကိုယ်တော်တွေကဖြင့် ကိလေသာရောဂါပျောက်တဲ့ဆေးချည်း ဟောနေတယ်လို့ ဘုရားက အဖြေထုတ်ထား တယ် (မှန်ပါ) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ဗျာများနေဖို့ လိုသေးသလား
အဲဒီတော့ ဒကာဒကာမတွေ ဘုရားဟောထားတဲ့အတိုင်း ဘုန်းကြီးကလည်း ဟောပါတယ်၊ စိတ်တစ်လုံးပိုင်ပိုင်ရှု၊ ဝေဒနာတစ်လုံး ပိုင်ပိုင်ရှု (မှန်ပါ)၊ မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား) ဦးခင်မောင် ဗျာများနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။
သို့သော် ဒီဟာရှေးက ဗျာများပုံတွေတော့ဖြင့် ကုန်အောင်တော့ ထုတ်ပြီးသကာလ ဦးခင်မောင်တို့ ဒကာဝတို့ ပြောကြရမှာပဲဆိုတာကော သဘောကျကြပလား (ကျပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာဝရေ ဒီကိုယ်တော်က သာပြီးခြွင်းချက်နဲ့ ဟောတယ်၊ မကျေနပ်သေးဘူးဆိုပြီး သကာလ ဒကာဒကာမတို့ ရဟန္တာဆီ မသွားဘူးလား (သွားပါတယ် ဘုရား)။
စတုတ္ထရဟန္တာကို သွားလျှောက်တယ်၊ အရှင်ဘုရား၊ တပည့်တော်ကို အမြင်မှန်ကလေးတစ်ခုတော့ဖြင့်် အမိန့် ရှိတော်မူပါဘုရားလို့ သူက သွားလျှောက်တယ် (မှန်ပါ)။
ထိုကဲ့သို့ သွားလျှောက်တော့ စတုတ္ထရဟန္တာက “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ” ဖြစ်တတ်တဲ့ တရားဟာ ပျက်တာချည်းပဲ၊ အဲဒါရှုရင် မမြင်မှန်ပဲကွလို့ ဟောလိုက်တယ် (မှန်ပါ) အဲဒါဖြင့် ဘယ်မှာ လမ်းဆုံးသွားပါ သလဲ (ဖြစ်ပျက်မှာ လမ်းဆုံးသွားပါတယ် ဘုရား)။
ဖြစ်ပျက်မှာ လမ်းဆုံးသွားတယ်၊ ဂွကျပြီဟေ့ ဒီကိုယ်တော်က ငါးလည်းမထည့်ဘူး၊ ခြောက်လည်းမထည့်ဘူး၊ လေးလည်း မထည့်ဘူး ဦးခင်မောင်ရေ (မန်လှပါ ဘုရား)။
မောင်ကို ထည့်သေးသလားဟေ့ (မထည့်ပါ ဘုရား)၊ ငါးကော ထည့်သေးသလား (မထည့်ပါဘူး ဘုရား) ခြောက်ကော (မထည့်ပါ ဘုရား) လေးကော (မထည့်ပါ ဘုရား) ကွာ ဖြစ်ပျက်ပဲ ရှိပါတယ်လို့ ပြောလိုက်တယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေလည်း သေသေချာချာသာ ရှင်းကြပါတော့၊ ခန္ဓာကြည့်လိုက်တဲ့အခါ ဝေဒနာကြည့်လည်း ဖြစ်ပျက်တွေ့ဖို့သာ အရေးကြီးပါတယ် (မှန်ပါ ဘုရား) စစိတ်ကြည့်လည်း (ဖြစ်ပျက်တွေ့ဖို့ အရေးကြီးပါတယ် ဘုရား) ရုပ်ကြည့်ပြန်တော့လည်း (ဖြစ်ပျက်တွေ့ဖို့ အရေးကြီးပါတယ် ဘုရား)။
ဪ သူက “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ၊ ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဖြစ်ပျက်မြင်ရင် အမြင်မှန်ကွတဲ့ (မှန်ပါ ဘုရား)။
ဘာ တဲ့၊ ဒကာ ဒကာတို့ (ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါ ဘုရား)။
ဖြစ်ပျက်မြင်ရင် အမြင်မှန်ကွာ လို့ ဟောလိုက်တော့ ဒကာ ဒကာမတို့သန္တာန်မှာ ဘာရယ်လို့ အောက်မေ့ မနေနဲ့တော့၊ ဝေဒနာရှုလည်း ဖြစ်ပျက်တွေ့ဖို့ပဲ (မှန်ပါ ဘုရား) စိတ်ရှုကော (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား) သညာသင်္ခါရတွေ ရှုကော (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား) ရုပ်တွေရှုပြန်တော့ကော (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)။
ဖြစ်ပျက်တွေ့လို့ရှိရင်
ဖြစ်ပျက်တွေ့ဖို့ပဲ တဲ့၊ ဖြစ်ပျက်တွေ့လို့ရှိရင် ဘယ့်နှယ်ဆိုကြပါမယ် (အမြင်မှန်ရပါပြီ ဘုရား)။
အဲဒါဖြင့် ဒကာဒကာမတို့ ဖြစ်ပျက်တစ်လုံးကို တွေ့ဖို့ရာဟာ ကျုပ်တို့ အရေးအကြီးဆုံး အချက်ပါပဲဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အင်း ဘာတွေ့ဖို့ပါလိမ့်ဗျာ (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား) ကိုင်း ဒါဖြင့် ဒီစိတ်ကလေးက ဒကာ ဒကာမတွေ သန္တာန်ပေါ်လာတဲ့ စားချင်တဲ့ စိတ်ကလေးထားပါတော့နော် (မှန်ပါ ဘုရား) စားချင်တဲ့စိတ်ကလေးက ဒီက ရှိ မရှိ တွေးစမ်း (မရှိတော့ပါ ဘုရား)။
စားချင်စိတ်ကလေးဟာ တွေးစိတ်လာရင် သူရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဘယ်ရှိလိမ့်မတုံး ဒကာ ဒကာမတို့၊ ပထမ စားချင်တဲ့စိတ်နဲ့ လူတစ်ယောက် အသက်ရှင်တယ်(မှန်ပါ)၊ နောက် တွေးစိတ်နဲ့ အသက်ရှင်နေတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီစိတ်နဲ့ အသက်ရှင်တဲ့ ပုဂ္ဂိုလ်သေပြီးမှ ဒီစိတ်နဲ့ အသက်ရှင်ရ မှာပေါ့ (မှန်ပါ ဘုရား)။
”ဧကစိတ္တသမာယုတ္တာ”ကိုးဗျ၊ တစ်ခုသောစိတ်နဲ့ အသက်ရှင်ရမယ်ဆိုတဲ့ဥစ္စာ နတ်လည်းအတူတူ ဗြဟ္မာလည်း အတူတူ တစ်ခုသောစိတ်နဲ့ အသက်ရှင်မယ်ဆိုတော့ ဒီစိတ်ချုပ်ပြီးမှ ဒီစိတ်နဲ့ ကျုပ်တို့ ပြန်ရှုရမယ် (မှန်ပါ ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။
စားချင်တဲ့စိတ်ကလေး ချုပ်သွားပြီးတော့မှ စားချင်တဲ့ စိတ်ကလေးဟာ ရှိမရှိ တွေးလိုက်စမ်း (မရှိပါ ဘုရား)။
ကိုင်း မရှိတာ ဘယ့်နှယ်ခေါ်ကြမယ် (အနိစ္စပါ ဘုရား) မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား) နဩာ် ဒီလို လာလိုက်တဲ့အခါကျလို့ရှိရင် စားချက်တဲ့စိတ်ကလေးဟာ တဏှာကိုးဗျ (မှန်ပါ) ဒီဘက်က ဥပါဒါန်လိုက် သေးရဲ့လား (မလိုက်ပါ ဘုရား) ကံကောလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား) နောက်ဘဝ ဇာတိ ဇရာ မရဏကော (မလိုက်ပါ ဘုရား)။
မလိုက်တော့ ဪ ဒါဖြင့် နောက်ဘဝကို မရှိဘူး (မှန်ပါ ဘုရား) ဒါဖြင့် အသေကောင်းပဲဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီ အသေကောင်း ဖြစ်ရပါတုံးဆို ရှုတုန်းက အနေကောင်းလို့ (မှန်ပါ ဘုရား) ၁-ကို ၂-နဲ့ ရှုတုန်းက အနေကောင်းလို့ (မှန်ပါ) ဒီဘကမှာ ဇာတိ ဇရာ မရဏ မလာတာ အသေကောင်းလို့ (မှန်ပါ ဘုရား)။
ရှုနေမှ အသေကောင်းဖြစ်မယ်
ဒါဖြင့် အနေကောင်းက ရှုနေမယ် (မှန်ပါ)၊ ရှုနေမှ အသေကောင်းဖြစ်မယ် (မှန်ပါ)။
အနေကောင်းက ဘာပါလိမ့် (ရှုနေရမှာပါ ဘုရား) အဲ ရှုနေမှ အနေကောင်းဖြစ်တော့ကိုတဲ့ သေတဲ့အခါ ကျတော့ ခန္ဓာမလာအောင် မဂ်စိတ်ဆိုက်အောင်သာ လုပ်ကြမယ်ဆိုရင် အနေကောင်း ဖြစ်မဖြစ် (ဖြစ်ပါတယ် ဘုရား)။
အဲ နိစ္စနိဗ္ဗာန်ကိုးဗျ (မှန်ပါ) ဓုဝနိဗ္ဗာန်၊ နိစ္စနိဗ္ဗာန်ဆိုတာ မြဲတဲ့ နိဗ္ဗာန် ဖြစ်ရမယ် (မှန်ပါ)။
ဓုဝနိဗ္ဗာန် ခိုင်မြဲတယ်၊ သုခနိဗ္ဗာန် ချမ်းသာတယ် (မှန်ပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာမလာတော့ သူလာသကိုးဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ခန္ဓာမလာတော့ ချမ်းသာလာတယ် (မှန်ပါ ဘုရား)
ဒကာ ဒကာမတို့ ဘာလာပါလိမ့် (ချမ်းသာလာပါတယ် ဘုရား) ချမ်းသာလာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒီနေ့ နောက်ဆုံးပိတ် ရဟန္တာဟောလိုက်တဲ့ စကားဟာ ဒကာ ဒကာမတို့ တယ်ပြီး မိတယ်နော် (မိပါတယ် ဘုရား)။
သူက နောက်ဆုံးပိတ် ဘယ့်နှယ်ဟောလိုက်သတုံး၊ ဒကာ ဒကာမတို့ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
အရှင်ဘုရား အမြင်မှန် ပြောစမ်းပါဆိုတော့ အို ဖြစ်ပျက်ရှိတယ်ကွလို့ ဟောလိုက်တယ်(မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်မြင်ရင် အမြင်မှန်
အရှင်ဘုရား အမြင်မှန်ပြောစမ်းပါဆိုတော့ (ဖြစ်ပျက်ရှိပါတယ် ဘုရား)။
မင်းတို့ခန္ဓာကိုယ်ကြည့်ပါကွ ဖြစ်ပျက်ရှိတာပဲ။ အဲဒီ ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါပဲလို့ဆိုတော့ အနိစ္စမြင်ရင် အမြင်မှန်ပဲလို့ ပြောလိုက်တယ်(မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ တရားကလည်း နာရီက စေ့နေတော့ ဒီအမြင်မှန်ဆိုတာ ဖြစ်ပျက်ပဲလို့ပဲ စတုတ္ထရဟန္တာပြောတာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ နေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။