ငကျိုး-ငကန်းနဲ့ ခရီးသွားပုံ
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ဘဲ
ငကျိုး-ငကန်းနဲ့ ခရီးသွားပုံ
ညအလုပ်ပေး တရားတော်
(၁၈-၃-၆၁)
ဝိပဿနာမဂ်အမြင်
ကမ္မဿ-ကံကို၊ ကာရကော-ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါသည်၊ နတ္ထိ-မရှိဘူး၊ ဝိပါကဿ-အကျိုးတရားကို၊ ဝေဒကော-ခံစားတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါသည်၊ နတ္ထိ-မရှိဘူး၊ သုဒ္ဓဓမ္မာဝ-သက်သက်သော ရုပ်နာမ်ဓမ္မ အကြောင်း အကျိုးတို့သည်သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကြကုန်၏၊ ဧဝမေတံသမ္မဒဿနံ-ဤသို့မြင်ခဲ့လို့ရှိရင် ရုပ်နာမ်တွေ အကြောင်း အကျိုး ဆက်နေတာ မြင်ခဲ့လို့ရှိရင် မဂ်အမြင် သေသေချာချာ မှန်ပါတယ်၊ ဝိပဿနာမဂ်အမြင်ဆိုတာ ကိုက်ပါတယ် လို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာကြီးများ ရေးထားတယ် (မှန်ပါ)။
ဒါကြောင့် ဒကာ ဒကာမတွေ ပုဂ္ဂိုလ်သတ္တဝါကင်းရင် ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ)။
ပုဂ္ဂိုလ်သတ္တဝါကင်းရင် (ဒိဋ္ဌိပြုတ်ပါတယ်)၊ ဒိဋ္ဌိဖြင့် ပြုတ်အောင်ပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစား ကြပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ)။
ဒိဋ္ဌိမပြုတ်လို့ဆိုရင်ဖြင့် “ဒိဋ္ဌိဗန္ဓနဗဒ္ဓါ တေ၊ တဏှာသောတေန ဝုယှရေ”ဆိုတဲ့အတိုင်း ဒိဋ္ဌိက ကြိုးချည်ထား ပြီး တဏှာက ရေထဲ မျှောလိုက်တဲ့အခါကျတော့ တဏှာရေထဲမှာ ကြိုးတုပ်ပြီးသား မျှောရင် တက်လမ်း မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။
အဲဒါကြောင့် ဒိဋ္ဌိပြုတ်ရမယ်ဆိုတဲ့ဥစ္စာ ခုနင်က ပြောတဲ့ပါဠိတွေကို ဂရုစိုက်ရလိမ့်မယ် (မှန်ပါ ဘုရား)။
သို့သော် ပါဠိကို ပါဠိတခြားထားပါ၊ ဒကာ ဒကာမတွေအမြင်နဲ့ ဂရုစိုက်ကြဆိုတော့ သစ္စာလေးပါး မသိတာ ဘာခေါ်မယ် (အဝိဇ္ဇာပါ ဘုရား)။
မျက်စိကန်း လမ်းသွားနေတာ
အဝိဇ္ဇာ အဝိဇ္ဇာနော် (မှန်ပါ)၊ အဝိဇ္ဇာဆိုတဲ့ဥစ္စာ ဘာနဲ့တူသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ မျက်စိကန်း လမ်းသွားနေတာနဲ့ တူတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (မျက်စိကန်းလမ်းသွားနေတာပါ ဘုရား)။
မျက်စိကန်း လမ်းသွားနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်စမ်းပါ၊ အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် ဟာ မျက်စိကန်း လမ်းသွားနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ဆိုသဖြင့် တောင်မှန်းလည်း မသိဘူး မြောက်မှန်းလည်း မသိ ဘူး၊ ချောက်မှန်းလည်း မသိဘူး၊ ကျင်းမှန်းလည်း မသိဘူး၊ သွားမိသွားရာသွား၊ ရောက်မိရောက်ရာရောက်၊ ကျမိကျရာ ကျဆိုတာ မျက်စိကန်း လမ်းသွားပေါ့ဗျာ (မှန်ပါ ဘုရား)။
ဒီမှာလည်း အဝိဇ္ဇာရှိနေမယ်ဆိုရင် ဒုက္ခသစ္စာမှန်းလည်း မသိဘူး သမုဒယသစ္စာမှန်းလည်း မသိဘူး၊ နိရောဓ သစ္စာမှန်းလည်း မသိ၊ မဂ္ဂသစ္စာမှန်းလည်း မသိ၊ မသိသလို သွားနေတော့ မျက်ကန်းနဲ့တူတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ ကောင်းပြီ အဝိဇ္ဇာတည်းဟူသော မျက်ကန်းကို မူတည်လိုက်ပြီဆိုရင် ဒါဖြင့် သွားမိသွားရာသွားတဲ့ ပုညာဘိသင်္ခါရဆိုတဲ့ ဘုံဘဝ တပ်နှစ်သက်တတ်တဲ့ ဘုံဘဝရောက်စေတတ်တဲ့ ကုသိုလ်တွေကို လုပ်ပြန်တယ် (လုပ်ပါ တယ် ဘုရား)။
ကုသိုလ်ဆိုတာ ဘုံဘဝမှ တစ်ပါးကိုလည်း ရောက်အောင်ပို့နိုင်တာ အမှန်ပါပဲ (မှန်ပါ)၊ ပဋ္ဌာန်းပါဠိတော်ကြီး များ နိဗ္ဗာန်ရောက်အောင် ပို့နိုင်တယ်ဆိုတာ အရှိသားပဲ (မှန်ပါ)။
သို့သော် မျက်စိကန်းဖြစ်နေတဲ့အတွက် ဒကာ ဒကာမတို့ ဘုံဘဝတွေ တောင့်တလုပ်တဲ့ ကုသိုလ်မျိုးတွေလည်း လုပ်တတ်ကြပါတယ် (မှန်ပါ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ဖြင့် ဘယ်ကုသိုလ်ပဲလုပ်လုပ်၊ ဘုံဘဝကတော့ မတတ် သာလို့ ရရင်ရပစေ၊ “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတာတော့ လက်မလွတ်ကြနဲပ (မှန်ပါ ဘုရား)။
ဘာကြောင့်တုံးဆိုရင်ဖြင့် အဝိဇ္ဇာဦးစီးမှာစိုးလို့ဆိုတဲ့ဥစ္စာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရကြောင့်
ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာပစ္စယာ ဘာတဲ့ (သင်္ခါရာပါ ဘုရား)။
သင်္ခါရဆိုတာ ပုညာဘိသင်္ခါရ ဘုံဘဝကို အကျိုးပေးတတ်တဲ့ ပုညာဘိသင်္ခါရကုသိုလ်၊ ဘုံဘဝကို အကျိုးမပေး တဲ့ ဝိဝဋ္ဋကုသိုလ်လည်း အရှိသားနဲ့ အဝိဇ္ဇာက အုပ်ချုပ်လို့ ဒီကုသိုလ်သည် အကျိုးနည်းရတယ်ဆိုတာကော သဘော ကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ အဝိဇ္ဇာသင်္ခါရကြောင့် ဒကာ ဒကာမတို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ဖြစ်-မဖြစ် (ဖြစ်ပါတယ် ဘုရား)။
ဪ ဘယ်သူ့သတ္တိပါလိမ့် (အဝိဇ္ဇာသတ္တိပါ)၊ အဝိဇ္ဇာ သင်္ခါရ၏ စွမ်းရည်သတ္တိကြောင့် အခု တရားနာ နေကြတာသည် ခန္ဓာငါးပါး ရုပ်နာမ်တရားဖြစ်နေတယ် (မှန်ပါ ဘုရား)။
ဒကာဝ ဘာဖြစ်နေသလဲ (ခန္ဓာငါးပါး ရုပ်နာမ်တရားဖြစ်နေပါတယ် ဘုရား)။
ခန္ဓာငါးပါး ရုပ်နာမ်တရားဖြစ်ပြီးသကာလ နေကြတော့တယ်ဆိုတာဖြင့် မှန်လို့ပေါ့ဗျာ (မှန်ပါ ဘုရား)။
ခန္ဓာငါးပါးကိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီခန္ဓာငါးပါး ပေါ်လာလို့ရှိရင်ဖြင့် အဝိဇ္ဇာ သင်္ခါရ လက်ချက်မကင်းဘူးလို့ဆိုတာကော ပေါ်လာတာမြင်သဖြင့် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါင်းလိုက်တော့ ခန္ဓာငါးပါးဖြစ်သွားတယ် (မှန်ပါ)။
အဲဒီတော့ အဘိဓမ္မာဖြစ်စဉ်နဲ့ ပြောလိုက်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်က သုတ္တန်နည်းမို့ တန်းပြပါတယ်၊ ဖြစ်စဉ်က ခန္ဓာငါးပါး ပေါင်းဖြစ်ပါတယ် (မှန်ပါ)၊ ပဉ္စဝေါကာရဘုံကိုး ကျုပ်တို့ဘုံက (မှန်ပါ)။
ပဉ္စဝေါကာရဘုံဆိုတာ ခန္ဓာငါးပါးရှိလို့ ပဉ္စဝေါကာရဘုံလို့ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ခန္ဓာငါးပါးဟာ တစ်ပေါင်းတည်းဖြစ်ပါတယ်၊ ကာယဘာဝ ဝတ္ထုဒသက ကလာပ်ပြီးတော့မှ ပဋိသန္ဓေစိတ် ပဋိသန္ဓေ နာမက္ခန္ဓာဆိုတော့ ခန္ဓာငါးပါး မပြည့်ဘူးလား (ပြည့်ပါတယ် ဘုရား)။
ဒီခန္ဓာငါးပါးဟာ မိမိပြုတာလား
အဲဒီကဲ့သို့ ပြည့်တော့ကိုတဲ့ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဟာ မိမိပြုတာလား မေးရင် ဘယ့်နှယ်ဖြေကြမယ် (မဟုတ်ပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရပြုလိုက်တယ် (မှန်ပါ)။
သူတစ်ပါးပြုတာလားလို့ ဆိုလိုက်ပြန်ရင်ကော (မဟုတ်ပါ ဘုရား)၊ ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာသင်္ခါရ ပြုတာပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရကြောင့် ပေါ်လာတာရှိတာပဲ (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ဒီနှစ်ခွန်းကိုပဲ ဒကာ ဒကာမတွေ ဒီနေ့ ဝိပဿနာဉာဏ်သွင်းရအောင် အစောကြီး ဒိဋ္ဌိခွါနေတယ်ဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ)။
ဒိဋ္ဌိခွါရင် ဝိစိကိစ္ဆာ အလိုလိုပါတယ်လို့ မှတ်လိုက်ပါဦး (မှန်ပါ)၊ ဒိဋ္ဌိခွါရင် (ဝိစိကိစ္ဆာ အလိုလို ပါပါတယ် ဘုရား)။
ဝိစိကိစ္ဆာ အလိုလိုပါတယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးများမှာ သေသေချာချာ အမေးအမြန်းတွေနဲ့တကွ ပါဠိ တော်မှာ ရှိပါတယ်။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပြန်မေးပါဦးမယ် ၊ အစေလ ကဿပ မေးတဲ့အတိုင်းပဲ၊ သံယုတ် ပါဠိတော်မှာလာတဲ့အတိုင်း။
ဒါ ဒုက္ခသစ္စာနော် (မှန်ပါ ဘုရား)၊ ဒီဒုက္ခ မိမိပြုတာလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူး အဝိဇ္ဇာ သင်္ခါရကြောင့် ပေါ်တာပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့ကြောင့် ပေါ်ပါလိမ့်မယ် (အဝိဇ္ဇာသင်္ခါရကြောင့် ပေါ်ပါတယ်)၊ အဝိဇ္ဇာသင်္ခါရကြောင့် ပေါ်တယ်ဆိုတာ သေချာပါတယ် (မှန်ပါ)။
အဲဒီလိုဆိုလိုက်တော့ ဪ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ မသိလိုက်ဘူးလား (သိလိုက်ပါ တယ် ဘုရား)။
သဿတဒိဋ္ဌိ စင်သွားပြီ
သိလိုက်တဲ့အတွက် ငါလုပ်လို့ ငါဖြစ်တာဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ ဘာဒိဋ္ဌိစင်သွားပါလိမ့် (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
သဿတဒိဋ္ဌိ စင်သွားပြီနော် ဒကာ ဒကာမတို့ (မှန်ပါ)၊ ဒိဋ္ဌိစင်ရင် ပထမမဂ်ဖြင့် မြင်အပ်သော နိဗ္ဗာန် ရမှာကိုး (မှန်ပါ)၊ ဒိဋ္ဌိစင်ရင် (ပထမမဂ်ဖြင့် မြင်အပ်သော နိဗ္ဗာန်ရမှာပါ ဘုရား)။
အားမလျှော့ကြပါနဲ့၊ ဒိဋ္ဌိစင်အောင် နောက်အားထုတ်နည်းနဲ့ အားထုတ်လိုက်တဲ့အခါကျတော့ သုတမယဉာဏ် နဲ့စင်ပြီး ဘာဝနာမယဉာဏ်နဲ့ စင်လိုက်လို့ရှိရင်ဖြင့် ပဟာတဗ္ဗကိစ္စတွေ လာပါလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ထား ကြပါ (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အစေလကဿပ မေးတဲ့အတိုင်း ဒုတိယမေးခွန်းက ဒုက္ခ သူတစ်ပါးပြုတာလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား)။
အင်း ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာ သင်္ခါရပြုတာပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရအကြောင်းကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ပေါ်လာတော့ ဪ ဒုက္ခ သူတစ်ပါးပြုတာ မဟုတ်ဘူး၊ သူတစ်ပါးပြုတယ်ဆိုရင် သူတစ်ပါး ပြုလို့ သူတစ်ပါးခံရတဲ့ဒုက္ခ ဖြစ်လိမ့်မယ် (မှန်ပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ်
ဒါတွေက သူတစ်ပါး၊ ရတာကကော (သူတစ်ပါးပါ)၊ အဲဒီတော့ ပြုတဲ့လူက တခြား၊ ခံရတဲ့လူက (တခြားပါ ဘုရား)။
ဤကဲ့သို့ ယူရင် ဘာဒိဋ္ဌိပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် (မှန်ပါ)။
ကဲ ဒကာ ဒကာမတို့ ဒုက္ခ သူတစ်ပါးပြုတာလားဆိုတော့ ဉာဏ်ထဲမှာ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ သူတစ်ပါးပြုတာ ဟုတ်ကဲ့လား (မဟုတ်ပါ)၊ ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ပေါ်လာတယ် (မှန်ပါ)၊ နာတဲ့ကျင်တဲ့ဒုက္ခကို မယူ လိုက်ပါနဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခန္ဓာငါးပါးကြီးကို ခဏခဏ ဖြစ်ပျက် ပီဠနဋ္ဌသဘော သတ္တိရှိတဲ့ ဒုက္ခ သစ္စာကြီးကို ယူလိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အခု တရားနာနေကြတာ ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)။
ရုပ်နာမ်နဲ့ နာနေကြတာ ဒုက္ခသစ္စာတွေ (မှန်ပါ ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တတိယပုစ္ဆာက အစေလကဿပ မေးလိုက်တယ်၊ နိဒါနဝဂ္ဂ သံယုတ်ပါဠိ တော်မှာ ဒုက္ခကို မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား ရှင်ကြီးဂေါတမလို့ မေးလိုက်တယ်၊ ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား)။
မိမိလည်း ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ သူတစ်ပါးကော (မဟုတ်ပါ ဘုရား)။
အဲ မိမိ သူတစ်ပါး နှစ်ဦးသား လွတ်သွားတဲ့အတွက် သဿတ ဥစ္ဆေဒ နှစ်ခုစလုံး ရောမေးတာကို ဒီ ဒကာ ဒကာမတွေ သဿတဥစ္ဆေဒ လွတ်ပါပြီ (မှန်ပါ)။
အလိုလို ပေါ်တာလား
ဒါဖြင့် ဒီဒုက္ခဆိုတဲ့ ခန္ဓာငါးပါးကြီးဟာ ဦးခင်မောင်တို့ အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။
ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာသင်္ခါရပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရကြောင့် ပေါ်ပြန်တယ် (မှန်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ အလိုလိုပေါ်တဲ့ အဟေတုကဒိဋ္ဌိလည်း လွတ်သွားပြီ (လွတ်သွားပါပြီ ဘုရား)၊ ဒကာဝ လွတ်ကုန်ပြီဗျ ဒိဋ္ဌိတွေ (မှန်ပါ)။
ဒါနဲ့ အစေလကဿပက မကျေနပ်ပါဘူး၊ မကျေနပ်တော့ သူ ဘယ်လိုမေးပြန်သတုံးဆိုတော့ ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့ မေးလိုက်တယ် (မှန်ပါ)။
ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေကြမလဲ (ရှိပါတယ် ဘုရား)၊ အဲ ဘုရားကလည်း ရှိတယ်လို့ ဖြေတယ်၊ ရှိတော့ ဘယ်သူပါလိမ့်မတုံး မေးတော့ တရားနာနေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရား (မှန်ပါ ဘုရား)၊ ဒါတွေဟာ ဘာ သစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါ ဘုရား)။
အဲ ဒုက္ခမရှိဘူးလား မေးတော့ ဘယ့်နှယ်တုံး (ရှိပါတယ် ဘုရား)၊ သဘောကျသွားပြီ ပုစ္ဆာငါးခုလည်း ကျေနပ်သွားပြီ။
ဒါနဲ့ အစေလကဿပကလည်း သူဒိဋ္ဌိဖြစ်နေတော့ ဒကာသစ်တို့ မကျေနပ်တာနဲ့ သူ ဆဋ္ဌမမြောက်ပုစ္ဆာကို မေးပြန်တယ် (မှန်ပါ ဘုရား)။
ရှင်ကြီးဂေါတမ ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလားလို့ မေးလိုက်တဲ့အခါ ဘယ့်နှယ်ဖြေလိုက်သလဲ (သိပါ တယ် ဘုရား)၊ အဲ ဒီ ဒကာ ဒကာမတွေ ဖြေစမ်းပါ့ ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။
ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ၊ အခု တရားနာနေတာတွေဟာ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ တရားနာနေကြတာ ယောကျ်ားတွေလား မိန်းမတွေလားလို့ မေးလိုက်ရင် ဘယ့်နှယ်ပြောပါ့မယ် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေပါ ဘုရား)။
ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အဲ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာသိတဲ့ အဓိပ္ပာယ်ရောက်ပါပြီ (မှန်ပါ ဘုရား)။
သို့သော်လည်း သညာနဲ့သိတာပဲ ရှိသေးတယ်၊ ပညာနဲ့သိအောင် ကယ်တင်ပို့ဆောင်ပြီးသကာလ ဟောပြော ရမည့်ကိစ္စတွေ ရှိပါသေးတယ် (မှန်ပါ ဘုရား)။
သစ္စဉာဏ်ပဲ ရှိသေးတယ်
ကိုင်း ဒါဖြင့် ဒုက္ခသစ္စာဆိုတာလည်း ဒကာ ဒကာမတို့ ဒုက္ခသစ္စာလို့ သိတာက သစ္စဉာဏ်ပဲ ရှိသေးတယ်၊ ကိစ္စဉာဏ်တက်ပေးလိုက်မယ် (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘာဉာဏ်တက်ပေးမယ် (ကိစ္စဉာဏ် တက်ပေးပါမယ် ဘုရား)၊ ကိစ္စဉာဏ် တက်ပေးလိုက်မယ် ဆိုတော့ နှိပ်စက်တာမြင်မှ ကိစ္စဉာဏ် (မှန်ပါ ဘုရား)။
နှိပ်စက်တာမြင်မှ (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိုင်း နှိပ်စက်တာမြင်မှ ကိစ္စဉာဏ်ဆိုတော့ နှိပ်စက်တာမြင် အောင် ဘုန်းကြီး ရှင်းပြပါဦးမယ် ဒကာ ဒကာမတို့၊ ခန္ဓာငါးပါး အကျဉ်းချုံးလိုက်တဲ့အခါကျတော့ ရုပ်က တစ်ခု၊ နာမ်က လေးခုဆိုတော့ ရုပ်နာမ်ပဲရှိတယ် (မှန်ပါ ဘုရား)။
ဘာနဲ့ ဘာရှိပါလိမ့် (ရုပ်နဲ့နာမ်ပဲရှိပါတယ် ဘုရား)၊ ရုပ်နာမ်ပဲ ရှိတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သူတို့က နှိပ်စက်တတ်သတဲ့ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ရုပ်ကလည်း (နှိပ်စက်တတ်ပါတယ် ဘုရား)၊ နာမ်ကလည်း (နှိပ်စက်တတ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဒုက္ခဿ ပီဠနဋ္ဌော (မှန်ပါ ဘုရား)၊ ဦးခင်မောင်ရေ ဒုက္ခဿ ဘာတဲ့ (ပီဠနဋ္ဌောပါ ဘုရား)။
ဒုက္ခဿ-ဒုက္ခ၏။ ပီဠနဋ္ဌော-ခင်တဲ့ပုဂ္ဂိုလ်ကို ဘာလုပ်တတ်ပါလိမ့်မလဲ မေးတဲ့အခါကျတော့ ညှာတာမဘက် အမြဲနှိပ်စက်တယ် (မှန်ပါ ဘုရား)။
မခင်တဲ့ပုဂ္ဂိုလ်ကို မနှိပ်စက်ဘူး (မှန်ပါ)၊ ခင်တဲ့ပုဂ္ဂိုလ်ကို (နှိပ်စက်ပါတယ်)၊ ဒကာ ဒကာမတို့ ဆုတောင်း ရထားတဲ့ ပုဂ္ဂိုလ်ကတော့ ခင်ပေမှာပဲ (မှန်ပါ ဘုရား)၊ ဆုတောင်းရထားတဲ့ ပုဂ္ဂိုလ်ကတော့ (ခင်ပေမှာပဲ ဘုရား)။
ခင်ပေမှာပဲ၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကကော (ခင်ပေမှာပဲ)၊ ခင်ပေမှာပဲဆိုတာ သေချာတယ် ဒကာဝရေ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နှိပ်စက်ပုံကလေး ပြောရလို့ရှိရင်ဖြင့် နှိပ်စက်ပုံကို ဉာဏ် ထဲမှာလည်း ထင်လာမယ်ဆိုရင်ဖြင့် ဒီ ဒကာ ဒကာမတွေ ဒီဒုက္ခသစ္စာကြီးနဲ့ အိုးစားကွဲချင်လိမ့်မယ်ဆိုတာ အတော် သေချာသွားမယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဂရုစိုက်ပြီးတော့ မှတ်လိုက်စမ်းပါလို့ဆိုတာ သတိပေးရပါတယ် (မှန်ပါ ဘုရား)။
ငကန်းနဲ့တူတယ်
ရုပ်တရားက ဒကာ ဒကာမတို့ ဘာနဲ့တူပါသတုံးဆိုတော့ မွေးကတည်းက ခြေလက်တော့ သန်စွမ်းပါရဲ့ မျက်လုံး နားကန်းနေတဲ့ ပုဂ္ဂိုလ်နဲ့တူတယ် (မှန်ပါ ဘုရား)။
ငကန်းနဲ့တူတယ် ဆိုကြပါစို့ဗျာ (မှန်ပါ ဘုရား)၊ ကိုယ်လက်တော့ သန်စွမ်းပါရဲ့ မျက်စိနားတို့က အကန်းဖြစ် နေတယ် (မှန်ပါ ဘုရား)။
ရုပ်တရားက ဘာနဲ့တူပါလိမ့် (ငကန်းနဲ့တူပါတယ် ဘုရား)၊ မျက်စိနားက အကန်းဖြစ်နေတယ်ဆိုတာ ဒကာ ဒကာမတို့က မှတ်လိုက်တာပေါ့ (မှန်ပါ ဘုရား)။
ခြေလက်ကတော့ သန်စွမ်းပါရဲ့ (မှန်ပါ)၊ မျက်စိ နားက အကန်းဖြစ်နေတယ် (မှန်ပါ ဘုရား)။
ဪ ဒကာ ဒကာမတွေမှာ ရုပ်တရားများ ရှိကြရဲ့လား (ရှိပါတယ် ဘုရား)။
ကိုင်တွယ်လို့ ရတာတွေဟာ ရုပ်တွေပေါ့ဗျာ (မှန်ပါ)၊ ချိန်တွယ်လို့ရတာတွေကကော (ရုပ်တွေပါ ဘုရား)။
အဲ ကိုင်တွယ်လို့ရ၊ ချိန်တွယ်လို့ရတာတွေဟာ ရုပ်တွေပဲ၊ နာမ်ကတော့ ချိန်တွယ်လို့ မရဘူး (မှန်ပါ)၊ အဲ ဒီလို ချိန်တွယ်လို့မရတဲ့အတွက် နာမ်တရားက အကျိုးနဲ့တူတယ် (မှန်ပါ ဘုရား)။
နာမ်တရားက အကျိုးနဲ့တူတယ်
အဲဒါကြောင့် ဒကာ ဒကာမတို့သန္တာန်မှာ ဘယ်နှစ်ယောက်ရှိသတုံးလို့ မေးတဲ့အခါကျတော့မှ တပည့်တော် တို့သန္တာန်မှာ အကန်းနဲ့ အကျိုးပဲရှိပါတယ် ဘုရား (မှန်ပါ)။
အကန်းနဲ့ အကျိုးပဲရှိတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ)၊ ဘာများရှိပါလိမ့် (အကန်းနဲ့အကျိုးပဲ ရှိပါ တယ်ဘုရား)။
အကန်းနဲ့အကျိုးပဲ ရှိတယ်ဆိုတော့ အကန်းကလည်း အားလုံး ဦးခင်မောင်တို့ စဉ်းစားကြည့်ပါ၊ မနေ့ကနဲ့ မတူဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။
အကန်းက ဘာနဲ့တူသတုံးဆိုတော့ အကန်းက ဒကာ ဒကာမတို့ အကန်းက ကန်းလည်းကန်းသေးတယ်၊ ဝမ်းတွင်းရူးရောဂါက ပါသေးတယ် (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
အကန်းက ဘာတဲ့ (ဝမ်းတွင်းရူး ပါသေးပါတယ်ဘုရား)၊ ကန်းလည်းကန်းသေတယ်နော် (မှန်ပါ)၊ ဝမ်းတွင်း ရူး (ရူးပါသေးတယ် ဘုရား)၊ အကန်းရူးပေါ့ဗျာ (မှန်ပါ ဘုရား)။
ကိုမြရွှေတို့ ဦးဇံရင်တို့ ရုပ်တရားက ဘာတဲ့ဗျာ (အကန်းရူးပါ ဘုရား)။
အဲ ကန်းကလည်း ကန်းသေတယ်၊ ပြီးတော့ (ဝမ်းတွင်းလည်း ရူးပါသေးတယ် ဘုရား)၊ ဝမ်းတွင်းလည်း အရူးပါလာသေးတယ်ဆိုတော့ ဪ ခက်ပြီ (မှန်ပါ ဘုရား)။
ငကန်းကတော့ ဘာတွေများ ပါလာပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
အေး အကန်းကတော့ ဒကာ ဒကာမတို့ သူကတော့ သူငယ်နာ ဝမ်းပျက်ပါတယ် (မှန်ပါ ဘုရား)၊ ဘယ်အခါမှ သူ့မှာ ရောဂါမကင်းဘူး (မှန်ပါ မကင်းပါဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရုပ်တရားမှာတော့ ဒကာ ဒကာမတို့ ငကန်းကတော့ဖြင့် ဒကာ ဒကာမတို့ ဘယ်အခါကာလမှ သူ့မှာ ရောဂါကင်းရှင်းနေတယ်လို့ မရှိပါဘူးဗျာ (မရှိပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ရုပ်တရားကြီးမှာ ဘယ်အခါမှ ရောဂါမကင်းဘူး (မှန်ပါ ဘုရား)။
နာမ်တရားကလည်း အလိုဆန္ဒ ဘယ်တော့မှ မပြည့်ဘူး၊ တစ်ခုပြီးတစ်ခုသာ ဖောက်ပြန်နေသောကြောင့် သူသည် ဒကာ ဒကာမတို့ နာမ်ဓမ္မက ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကျိုးတော့ကျိုးပါရဲ့၊ မျက်လုံး နားလည်း ကောင်းပါရဲ့၊ အရူးဖြစ်နေတယ် (မှန်ပါ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
ခင်ဗျားတို့မှာလည်း နာမ်ရုပ်ပဲရှိတယ်
ဪ ဒါဖြင့် ရှိတာက ခင်ဗျားတို့မှာလည်း နာမ်ရုပ်ပဲရှိတယ် (မှန်လှပါ ဘုရား)၊ ရုပ်တရားက ဒကာ ဒကာမတို့ အကန်းဖြစ်ပြီးသကာလနေတော့ သွားနိုင်လာနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား)။
အကန်းဖြစ်ပြီးသကာလနေတော့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သွားတော့သွားနိုင်ပါရဲ့၊ ဖြောင့်ဖြောင့်သွားနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား)၊ အင်း သူကလည်း တစ်မျိုးပဲ (မှန်ပါ)။
ဒီတော့ သူကလည်း ဒီတရားက ဘာဖြစ်လာပြန်သတုံးဆိုလို့ရှိရင် မွေးကတည်းက သူငယ်နာ ဝမ်းပျက်ပါလာ တယ်ဆိုတော့ သူ့အတွက်ကလည်း အခက်သားပဲ (မှန်ပါ)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
နာမ်တရားဘက်ကနေ ကြည့်လိုက်ပြန်တော့လည်း မျက်စိ နားတော့ အလင်းရပါရဲ့၊ အင်္ဂါကြီးငယ်က ချို့တဲ့ နေတယ် (မှန်ပါ)၊ ဒီထဲက အရူးက ပါလာသေးတယ်ဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (မကောင်းပါ ဘုရား)။
အရူးက ပါလာသေးတယ်၊ “စိတ္တေန နီယတေ လောကော”ကိုး (မှန်ပါ)၊ သူက စိတ်ဆိုတာသည် အမျိုးမျိုး ဖောက်ပြန်နေတယ်ဆိုတော့ ဒကာ ဒကာမတို့ အရူးမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အေး ဒါကြောင့် “ဝိစိတ္တကရဏံ စိတ္တံ”လို့ ဘုရားက ဟောထားတာ ရှိသေးတော့ အရူးထဲ သွင်းရပါတယ် သူ့ကို (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေမှာ အကန်းရယ် အကျိုးရယ် ဒီနှစ်ခုပေါင်းပြီးသကာလ နေကြတာကိုး (မှန်ပါ)။
ဘာရှိနေသတုံး (အကန်းရယ် အကျိုးရယ် ရှိနေပါတယ်ဘုရား)။
အကန်းက သူငယ်နာဝမ်းပျက်
အကန်းနဲ့ အကျိုးပဲရှိတယ်၊ အကန်းက ဒကာ ဒကာမတို့ သူငယ်နာဝမ်းပျက် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အေး အကန်းက သူငယ်နာဝမ်းပျက်တဲ့၊ မကန်းတဲ့ပုဂ္ဂိုလ်က အကျိုးသမားက ဘာဖြစ်နေသတုံး ဝမ်းတွင်း ရူး (ဝမ်းတွင်းရူးပါ ဘုရား)။
ဦးခင်မောင် တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒါဖြင့် နာမ်တရားအလိုလည်း ဒကာ ဒကာမတွေ အကုန်လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)၊ ဘယ့်နှယ် ဝမ်းတွင်းရူးဖြစ်နေတာ အလိုလိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)။
ဒါက ခင်တဲ့ ဒကာ ဒကာမ (မှန်ပါ)၊ ခန္ဓာခင်တဲ့ ဒကာ ဒကာမက ဒီဘက်က ကပ်ထားတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ခန္ဓာခင်တာက ယခု ဒကာ ဒကာမတွေ (မှန်ပါ)၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတာ ခန္ဓာကို ခင်ဗျားတို့က အများကြီး အမွှမ်းတင်ထားကြတာ (မှန်ပါ)၊ မထားကြဘူးလား (ထားပါတယ် ဘုရား)။
ထားတော့ ဒီဘက်က တရားကလည်း ဒကာ ဒကာမတို့ ငကန်းကလည်း သူငယ်နာဝမ်းပျက်လာတာနဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ငကျိုးက ကြည့်လိုက်ပြန်တဲ့အခါကျလို့ရှိရင်ဖြင့် အကျိုးလည်းဖြစ်နေပြန်၊ စိတ်ကလည်း ဖောက်နေပြန် (မှန် ပါ)။
ဘယ့်နှယ်တုံး ဒကာ ဒကာမတို့၊ ဒီနှစ်ယောက်ကို ခင်ဗျားတို့က ထိန်းနေရတယ် (မှန်ပါ)။
ခင်တဲ့ပုဂ္ဂိုလ်က ဒီနှစ်ယောက် ဘာလုပ်နေသလဲ (ထိန်းနေရပါတယ် ဘုရား)၊ ဪ ဒါဖြင့် သူငယ်နာ ဝမ်းပျက်ရဲ့ ကျင်ကြီးကျုံးရတာလည်း အားပါ့မလား (မအားပါ ဘုရား)၊ သူက နှိပ်စက် မနှိပ်စက် (နှိပ်စက်ပါတယ် ဘုရား)။
ဒါဖြင့် ကျင်ငယ်စွန့်ချင်လို့ရှိရင်လည်း နှိပ်စက်ပြန်ပြီကွ၊ ငကန်းက နှိပ်စက်ပြန်ပြီကွ (မှန်ပါ)၊ ကျင်ကြီး စွန့်ချင်ပြန်ရင်ကော (နှိပ်စက်ပြန်ပြီ)၊ နှိပ်စက်ပြန်ပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီတဲ့ သူကဖြင့် ဟိုဘက်ပြောင်းပေးပါဦးဆိုတာကော (နှိပ်စက်တာပါ ဘုရား)၊ ဒီဘက်ပြောင်း ပေးပါဦးဆိုတာကော (နှိပ်စက်တာပါ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်
အေး တိုတိုပြောတော့ ရုပ်ကချည်း နှိပ်စက်နေတာ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ သူက နှိပ်စက်တယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ တစ်နေ့ ဘယ်နှစ်ကြိမ်နှိပ်စက်ပါလိမ့် (မရေ တွက်နိုင်ပါ ဘုရား)။
ဒါဖြင့် သူသည် ဒုက္ခသစ္စာ (မှန်ပါ)၊ ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာ မဖက် အမြဲနှိပ်စက်တယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ခင်တဲ့ပုဂ္ဂိုလ်ကို (ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)။
အဲ ဒီလိုမှ မသိသေးလို့ရှိရင် ဒီခန္ဓာကြီး ခင်ဗျားတို့ ဆုတောင်းယူနေဦးမှာပဲ (မှန်ပါ)၊ မယူပေဘူးလား (ယူပါတယ် ဘုရား)။
ဒီခန္ဓာကြီး ဆုတောင်းယူတော့ ငကန်းနဲ့ ငကျိုးချည်း ဦးခင်မောင် ရမယ် (မှန်ပါ)။
ဦးဇံရင် ဘာရမယ်ထင်သတုံး (ငကန်းနဲ့ ငကျိုးချည်း ရပါမယ် ဘုရား)။
ငကန်းကလည်း ဒကာ ဒကာမတို့ သိတဲ့အတိုင်း သူငယ်နာ ဝမ်းပျက်နဲ့ အမြဲနှိပ်စက်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ငကျိုးကလည်း ဝမ်းတွင်းရူးဖြစ်နေတော့ ဒီဟာပေးလို့လည်း တင်းမတိမ်၊ ဟိုဟာပေးလို့လည်း တင်းမတိမ် ဘူး (မှန်ပါ)၊ သူကလည်း နှိပ်စက်လိုက်တာ လွန်လို့မနေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာရအောင် ဆုတောင်းတဲ့ပုဂ္ဂိုလ်များမှာ ဘာရမတုံးလို့ မေးလို့ရှိရင် ငကန်းနဲ့ ငကျိုးပဲ ရမဟေ့ (မှန်ပါ)။
ခန္ဓာရအောင် ဆုတောင်းတဲ့ပုဂ္ဂိုလ် ဘာရကြမယ် (ငကန်းနဲ့ ငကျိုးပဲ ရပါမယ်ဘုရား)။
ဪ ခင်ဗျားတို့ကလည်း ဒီလောက်ထိအောင် မသိတော့ နတ်ဖြစ်ရင် ကောင်းနိုးနိုး (မှန်ပါ)၊ ဗြဟ္မာ ဖြစ်ရင် (ကောင်းနိုးနိုးပါ ဘုရား)၊ ရမှာက ဘာတုံး ငကန်းနဲ့ငကျိုး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်ခန္ဓာရချင်ကြသလဲ (ဘယ်ခန္ဓာမှ မရချင်ပါ ဘုရား)။
ဟုတ်ကဲ့လား၊ ခင်ဗျားတို့က အခုတရားပွဲထဲတော့ အင်မတန် ဟုတ်နေတာ၊ ချက်ချင်းကိုပဲ နိဗ္ဗာန်ပေါက်တော့ မှာ သေချာနေပြီ၊ ဒီနေ့ တစ်ပွဲလုံး သေချာနေတာဗျ။
အဲဒါ ဒကာ ဒကာမတို့ အလုပ်ခွင်နဲ့ ဒီအတိုင်းသွားရအောင် ဘုန်းကြီးတို့အားလုံး ကြိုးစားကြဦးစို့နော် (မှန်ပါ ဘုရား)။
ငကျိုးက ဝမ်းတွင်းရူး
လုပ်ခွင် နည်းနည်းသွား၊ အခုတော့ဖြင့်၊ ဪ နားလည်ပါပြီ ဘုရား၊ ရုပ်က ငကန်းနဲ့တူတယ်၊ နာမ်က ငကျိုးနဲ့တူတယ်၊ ငကျိုးက ဝမ်းတွင်းရူး၊ ငကန်းကလည်း သူငယ်နာဝမ်းပျက် (မှန်ပါ)၊ ဘယ်တုန်းက ထိန်းလို့ ကျောင်း လို့ ကိစ္စပြီးနိုင်ပါမလား (မပြီးနိုင်ပါ ဘုရား)။
ထိန်းကျောင်းတဲ့ကိစ္စ ဒကာ ဒကာမတွေ ဘယ်တော့ပြီးလိမ့်မယ် ထင်သတုံး (ဘယ်တော့မှ မပြီးပါဘုရား)။
မပြီးလို့ရှိရင် ခင်တဲ့ပုဂ္ဂိုလ်ကို သူ ဘာလုပ်မလဲ (နှိပ်စက်ပါတယ် ဘုရား)၊ ညှာတာမဖက် အမြဲနှိပ်စက်မယ် (မှန်ပါ ဘုရား)။
ဒကာဝ ဘာလုပ်မယ်ထင်သလဲ (ညှာတာမဖက် အမြဲ နှိပ်စက်ပါမယ် ဘုရား)။
ဦးဇံရင်တို့ ပေါ်ပလား (ပေါ်ပါပြီ)၊ သေသေချာချာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အခု နွေကလေး နည်းနည်းပေါက်ခါရှိသေးတယ်၊ ရုပ်ဓမ္မကြီးက နှိပ်စက်လိုက် တဲ့ဖြစ်ခြင်း ဒကာ ဒကာမတွေ ရေချိုးပေးဦး (မှန်ပါ)၊ အမွှေးအကြိုင်ကလေး လိမ်းပေးဦး၊ အေးတတ်တာကလေးနဲ့ ဖျန်းပြုပေးဦး မလာဘူးလား (လာပါတယ် ဘုရား)၊ အေးတတ်တဲ့ အထည်အဝတ်ကလေး ခင်းပေးဦး (မှန်ပါ)။
ဒါ ငကန်းက နှိပ်စက်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီကလည်း ဒကာ ဒကာမတို့ သိတဲ့အတိုင်း တဲ့ ဝမ်းတွင်းရူးကလည်း ဒီဟာမကြိုက်ဘူး၊ ဟိုဟာမှ ကြိုက် တယ်နဲ့ ဒကာ ဒကာမတွေ အားရသေးရဲ့လား (မအားရပါ ဘုရား)။
ဝေဒနာက္ခန္ဓာကလည်း ရေအေးမှ သောက်ချင်တယ်၊ ရေပူဆိုရင် ကျုပ်မကြိုက်ဘူး၊ မလာဘူးလား (လာပါတယ် ဘုရား)။
သူကလည်း ဘယ်သူ့ကို နှိပ်စက်သလဲ (ခင်တဲ့ပုဂ္ဂိုလ် နှိပ်စက်ပါတယ် ဘုရား)။
ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တယ်၊ ခန္ဓာ ရ-ထားတဲ့ပုဂ္ဂိုလ်ကို (နှိပ်စက်ပါတယ် ဘုရား)၊ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒီဥစ္စာ ဉာဏ်ရောက်မှ အဖိုးတန်မယ် နော် (မှန်ပါ)။
ဒီဟာ ဉာဏ်မရောက်သေးလို့ရှိရင် ကိစ္စဉာဏ်မရသေးပါဘူး (မှန်ပါ)၊ ကိစ္စဉာဏ်မရသေး မဂ်ဉာဏ်နဲ့ဝေး (မှန်ပါ)။
ကိစ္စဉာဏ် မရသေးရင် (မဂ်ဉာဏ်နဲ့ ဝေးပါတယ် ဘုရား)။
ဒါဖြင့် နှိပ်စက်တာမြင်အောင် ကျုပ်တို့ ကြည့်ရလိမ့်ဦးမယ် (မှန်ပါ)၊ မကြည့်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)၊ မကြည့်ရင် သူ့ကို ခင်ကြလိမ့်မယ် (မှန်ပါ)။
မကြည့်ရင် (သူ့ကို ခင်ကြပါလိမ့်မယ် ဘုရား)။
ကြည့်လို့ နှိပ်စက်တာ မြင်တဲ့အခါကျတော့ဖြင့် ကိုင်း ဒီဘဝတွင် မင်းနှိပ်စက်တော့ကွာ၊ မင်းများတော့ ဘယ်အခါကာလမှ နှိပ်စက်တတ်တဲ့ ကိစ္စဉာဏ်နဲ့ မင်းကို နှိပ်စက်တတ်တဲ့သဘော သိပါပြီဆိုပြီးသကာလ ဖြစ်ပျက် အဆုံးကို မြင်ရတဲ့ဉာဏ် နောက်က အစားထိုးလာလိမ့်မယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ဉာဏ်သည်ကားလို့ဆိုရင် မဂ်ဉာဏ်ပဲ (မှန်ပါ)။
အခု အကြည့်ခိုင်းနေတာကတော့ သစ္စာနုလောမိကဉာဏ်နဲ့ ကိစ္စဉာဏ်နဲ့ အကြည့်ခိုင်းနေတယ်ဆိုတာ မှတ် လိုက်ပါ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ငကျိုး၏အလိုကော လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)။
အင်း ဝေဒနာကြိုက်တာက တစ်မျိုးဗျာ (မှန်ပါ)၊ သညာကြိုက်တာက (တစ်မျိုးပါ ဘုရား)၊ သင်္ခါရဆိုတဲ့ တရားက ကြိုက်တာက (တစ်မျိုးပါ ဘုရား)၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကြိုက်တဲ့ တရားက ကြိုက်တာ (တစ်မျိုးပါ ဘုရား)။
အမွှာပူးမွေးမိတဲ့အမေနဲ့ တူနေပြီ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သားနှစ်ယောက် အမွှာပူးမွေးမိတဲ့အမေနဲ့ တူနေပြီ (မှန်လှပါ)၊ သား နှစ်ယောက် အမွှာမွေးမိတဲ့အမေနဲ့ တူနေပါပြီ (တူပါတယ် ဘုရား)။
စဉ်းစားကြည့်ပါ၊ သားနှစ်ယောက် ဘာတုံး (အမွှာမွေးမိတဲ့ အမေနဲ့ တူနေပါတယ် ဘုရား)။
မွေးလာတော့ ရုပ်တရားလည်း မွေးမိတယ်၊ နာမ်တရားလည်း မွေးမိတာကိုးဗျ (မှန်ပါ)၊ ဒါကြောင့် အမွှာမွေး မွေးလာတယ်လို့ ဘုန်းကြီးစကား ထည့်လိုက်ပါတယ် (မှန်ပါ)။
ရုပ်နာမ်အတူတူ ပေါ်လာတာကိုး ခန္ဓာထဲမှာ (မှန်ပါ)။
ဦးခင်မောင် ရုပ်နဲ့နာမ် အတူတူ သဟဇာတအဖြစ်နဲ့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့ အမွှာမွေး မွေးထားတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ တစ်ယောက်က ဘာတုံးဆို တော့ သူငယ်နာ ဝမ်းပျက်၊ တစ်ယောက်က ဝမ်းတွင်းရူး (မှန်ပါ)။
အံမလေး မွေးထားလိုက်တဲ့ သားနှစ်ယောက်ကလည်း ဒကာ ဒကာမတို့ (မှန်ပါ)၊ မွေးထားတဲ့ သားနှစ် ယောက် တွေ့ကြပလား (တွေ့ပါပြီ)။
တစ်ယောက်က ဘာတဲ့ (သူငယ်နာဝမ်းပျက်ပါ)၊ သူငယ်နာဝမ်းပျက်၊ သူငယ်နာဝမ်းပျက်ဆိုတာ ဘယ်အခါ ကာလမှ ကုဋီနဲ့ ပြတ်ရတယ်မရှိပါဘူး (မှန်ပါ)၊ ပြတ်ရသေးရဲ့လား (မပြတ်ရပါ ဘုရား)။
အဲ သူကလည်း ဘယ်အခါကာလမှ ကျင်ကြီးကိစ္စ၊ ကျင်ငယ်ကိစ္စနဲ့ သူငယ်နာဝမ်းပျက်ကလည်း ဒကာ ဒကာမတွေ နှိပ်စက်လိုက်တဲ့ဖြစ်ခြင်း၊ အားတယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒါက ဒကာ ဒကာမတို့ သိတဲ့အတိုင်း ငကန်းက နှိပ်စက်တာ၊ ငကျိုးက ဝမ်းတွင်းရူးဆိုတော့ ဒကာ ဒကာမ တို့ အချိုပေးလည်း မတည့်ဘူး၊ အချဉ်ပေးလည်း (မတည့်ပါ ဘုရား)။
ခက်လိုက်တဲ့ဖြစ်ခြင်း
သူက ပြီးတော့လည်း မတည့်သာ မတည့်တယ်၊ အတင်းတောင်းချင်လည်း တောင်းနေတယ်ဆိုတော့ ဒကာ ဒကာမတို့ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ပေးတာလည်း မယူ၊ ကြိုက်တာပေးတော့လည်း သူက မစားချင်၊ ဝမ်းတွင်းရူးကိုးဗျ (မှန်လှပါ)။
ခင်ဗျားတို့ကလည်း ဒီနှစ်ယောက်ကို မွေးမိတဲ့အတွက် တဲ့၊ မွေးမိတဲ့အတွက်ဆို ခင်မိတဲ့အတွက် (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မွေးမိတဲ့အတွက်ဆိုတာ ဘာပါလိမ့် (ခင်မိတဲ့အတွက်ပါ ဘုရား)။
ခင်မိတဲ့အတွက်၊ ခင်မိတော့ကို ဘယ်သူ့ကို နှိပ်စက်ပါသတုံးလို့ မေးတဲ့အခါကျတော့ သူ့အမေသူ နှိပ်စက်တယ် (မှန်ပါ)။
ဦးခင်မောင် (သူ့အမေ သူနှိပ်စက်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (သူ့အမေ သူနှိပ်စက်ပါတယ် ဘုရား)။
ခင်တဲ့ သူ့အမေ နှိပ်စက်တယ် (မှန်ပါ)၊ သူငယ်နာ ဝမ်းပျက်ကလည်း ခဏခဏ ကုဋီပို့ပါဦး ခိုင်းနေတာပဲ (မှန်ပါ)၊ ဝမ်းတွင်းရူးကလည်း မတော်တာ တော်တာရယ်လို့ မသိဘူး၊ အမြဲစားချင်ပြီး တောင့်တနေတာပဲ (မှန်ပါ)။
ဒီအမေဟာ ဒီနှစ်ယောက်ကို ထိန်းလို့ရှိရင် နိုင်ပါ့မလား (မနိုင်ပါ ဘုရား)။
ကိစ္စဉာဏ်လို့ ခေါ်တယ်
ဒီလိုသိရမယ် တဲ့၊ နှိပ်စက်တာကို ဒီလိုသိရမယ်၊ ဒါ ကိစ္စဉာဏ်လို့ ခေါ်ပါတယ် (မှန်ပါ)။
ဘာဉာဏ်လို့ ခေါ်ပါလိမ့် (ကိစ္စဉာဏ်လို့ ခေါ်ပါတယ်ဘုရား)၊ ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက် တယ် (မှန်ပါ)။
ခင်တဲ့ ပုဂ္ဂိုလ်ကို (ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)၊ ညှာတာမဖက် အမြဲနှိပ်စက်သောကြောင့် ငကန်းကိုလည်း ဘာသစ္စာဖွဲ့ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပါပြီဗျာ၊ ဒကာ ဒကာမတို့၊ ငကျိုးကော (ဒုက္ခသစ္စာပါ ဘုရား)။
အဲ နာမ်တရားက ငကျိုးနဲ့တူပါတယ်၊ သူ့ချည်းသက်သက်တော့ ဒကာ ဒကာမတို့ ဟိုနား ဒီနားကို မရွှေ့နိုင်ဘူး၊ နာမ်သက်သက်က (မှန်ပါ)၊ ရုပ်ကြီးက တစ်လှမ်းလှမ်းသွားမှ သူက သွားနိုင်တာ (မှန်ပါ)။
သူက သွားချင်တာသာ ရှိတာ၊ မသွားနိုင်ဘူး (မှန်ပါ)၊ ဟိုက သွားနိုင်တယ်၊ မျက်လုံးမမြင်ဘူး (မှန်ပါ)။
ခက်လိုက်တဲ့ဖြစ်ခြင်းမှ ဒကာ ဒကာမတို့၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ခင်တဲ့ပုဂ္ဂိုလ်ကလည်း ဒကာ ဒကာမတွေက ဆုတောင်းယူထားတာကိုး (မှန်ပါ)။
ဘယ်လိုရထားတာပါလိမ့် (ဆုတောင်းယူထားတာပါ ဘုရား)။
ဪ ဒါဖြင့် ငကန်းတည်းဟူသော သူငယ်နာဝမ်းပျက်ကိုလည်း မွေးဖွားရပါလို၏ (မှန်ပါ)၊ ငကျိုးတည်း ဟူသော ဝမ်းတွင်းရူးကိုကော (မွေးဖွားရပါလို၏)၊ အားပါ့မလား (မအားပါ ဘုရား)။
မအားတဲ့ဆု ဘယ်သူတောင်းတာတုံး (မိမိတောင်းတာပါ ဘုရား)။
နှိပ်စက်တဲ့သစ္စာ မသိလို့ တောင်းတယ်
မိမိတောင်းတာ၊ ဘာမသိလို့ တောင်းတာတုံး (နှိပ်စက်တာ မသိလို့ပါ)၊ နှိပ်စက်တဲ့သစ္စာ မသိလို့ တောင်းလိုက် တယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်လိုကြောင့် တောင်းလိုက်ပါလိမ့် (နှိပ်စက်တတ်တဲ့သစ္စာ မသိလို့ပါဘုရား)။
ဒါဖြင့် ဦးခင်မောင်ရေ ဟိုဘဝ လိုချင် ဒီဘဝ လိုချင်တာ သစ္စာမသိလို့ပဲဆိုတော့ ပေါ်ပါပြီဗျာ (ပေါ်ပါ ပြီ)။
ဒီလိုနှိပ်စက်တာ မသိဘူး (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘာကြောင့်ပါလိမ့်ဗျာ (နှိပ်စက်တာမသိလို့ပါ ဘုရား)၊ နှိပ်စက်တတ်တာ မသိလို့ (မှန်ပါ ဘုရား)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခဏခဏ ပြောရှာတယ်၊ ငါလည်း သစ္စာမသိတုန်းက ဒီနှစ်ယောက်နဲ့ပဲ အနှိပ်စက်ခံခဲ့ရတာပဲ (မှန်ပါ)။
ဒီနှစ်ယောက်ရဲ့ အနှိပ်စက်ခံမှုနဲ့ အချိန်ကုန်ခဲ့ရပါတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတွေ အခု နေ့မအား ညမအား ဘာဖြစ်နေကြတာတုံး (ဒီနှစ်ယောက် အနှိပ်စက် ခံနေရတာပါ ဘုရား)။
ငကျိုးကကော (နှိပ်စက်ပါတယ် ဘုရား)၊ ငကန်းကကော (နှိပ်စက်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေ ဒါနှိပ်စက်တာ သူတို့က နှိပ်စက်ချင်လို့ နှိပ်စက်တာလား ၊ ခင်ဗျားတို့က အနှိပ်စက်ခံရပါလို၏ဆိုလို့ ဆုတောင်းထားလို့ အနှိပ်စက်ခံရတာလား အကဲခတ်လိုက်စမ်း (ဆုတောင်းထားလို့ အနှိပ် စက်ခံရတာပါ ဘုရား)။
ဦးခင်မောင် ကံမကောင်း အကြောင်းမသင့်လို့ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ သစ္စာမသိလို့ အနှိပ်စက် ခံနေရတာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သစ္စာမသိလို့ အနှိပ်စက်ခံနေရ
ဘာကြောင့် အနှိပ်စက်ခံနေရပါလိမ့် (သစ္စာမသိလို့ အနှိပ်စက်ခံနေရပါတယ် ဘုရား)။
သစ္စာမသိလို့ အနှိပ်စက်ခံနေရတာနော် (မှန်ပါ)၊ အခုလည်း မသိသေးဘူးဆိုရင်ဖြင့် နှိပ်စက်တတ်တဲ့ ငကျိုးနဲ့ ငကန်းနဲ့ပဲ ခင်ဗျားတို့ အတူနေရပါလို၏ဆိုတာ လာဦးမှာပဲ (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
တယ်လည်း ဆိုးရွားပါကလား ဒကာ ဒကာမတို့ (ဆိုးရွားပါတယ် ဘုရား)၊ ဘာမသိတာပါလိမ့် (သစ္စာ မသိတာပါ ဘုရား)။
အဲ ဒုက္ခသစ္စာဆိုတာ ဘယ်လိုမျိုး ဒုက္ခသစ္စာပါလိမ့် ဒကာ ဒကာမတို့ (နှိပ်စက်တတ်တဲ့တရားပါ ဘုရား)၊ ညှာတာမဖက် အမြဲနှိပ်စက်တာကို ဘာဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။
ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တတ်တာ ဘာခေါ်ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးမှာ သေသေချာချာဟောတယ်၊ “ဒုက္ခဿ ပီဠနဋ္ဌော” ဒုက္ခဿ=ငကျိုးဆိုတဲ့ ဒုက္ခ၏လည်းကောင်း၊ ငကန်းဆိုတဲ့ ဒုက္ခ၏လည်းကောင်း၊ ပီဠနဋ္ဌော=ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်နေ တယ် (မှန်ပါ)။
ကြာတော့ ကုသိုလ်ကောင်းမှုတောင် လုပ်ချိန်မရှိဘူး (မှန်ပါ)၊ သူငယ်နာဝမ်းပျက် ကုဋီလိုက်ပို့ရတာ လည်း မအားဘူး (မှန်ပါ ဘုရား)။
ဝမ်းတွင်းရူးက ဟိုဟာတောင်း ဒီဟာတောင်းခိုင်းနေလို့လည်း မအားဘူး (မှန်ပါ)။
အမေမှာဖြင့် ကိုယ်ကျိုးနည်းပြီ
ဒီအမေလို အမွှာပူးမွေးရတဲ့ အမေမှာဖြင့် ကိုယ်ကျိုးနည်းပြီ (မှန်ပါ)၊ မနည်းကြသေးဘူးလား (နည်းပါတယ်)၊ ဒကာ ဒကာမတို့ ယခု ခန္ဓာကြီးထဲမှာ အမွှာပူးမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ရုပ်နဲ့နာမ်နဲ့ ရှိကြရဲ့လား (ရှိပါတယ် ဘုရား)၊ ရုပ်ကလည်း သူငယ်နာ ဝမ်းပျက်ဗျာ (မှန်ပါ ဘုရား)။
ခင်တဲ့ပုဂ္ဂိုလ်ကို ဘာလုပ်ပါလိမ့် (ညှာတာမဖက် နှိပ်စက်ပါတယ်ဘုရား)။
နာမ်ကလည်း ဝမ်းတွင်းရူးဗျ (မှန်ပါ)၊ ဘာလုပ်ပြန်ပါလိမ့် (ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)။
ဒါ နှိပ်စက်တယ်လို့ ခင်ဗျားတို့က မသိဘူး၊ ခက်လိုက်တဲ့ဖြစ်ခြင်းက၊ ကိုယ့်ဝန်ပြုလို့ အားမရသေးတဲ့အထဲမှာ ခင်ပွန်းကလေးများ တည်ထောင် ခင်ပွန်းမကလေးများ တည်ထောင်ပြီးသကာလ နှိပ်စက်တဲ့လူများ ရှာလိုက်သေး တယ် (မှန်ပါ ဘုရား)။
ဒီထဲကများ လောကွတ်ချော်နေတာ ကျုပ်လည်း အံ့ပါရဲ့ဗျာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာလုပ်ကြတာတုံး ခင်ဗျားတို့ (လောကွတ်ချော်နေတာပါ ဘုရား)။
နဂိုကမှ မအားရတဲ့အထဲမှာ ဒီရုပ်နာမ်ပဲ ပြုလို့ စုလို့ မအားရတဲ့အထဲမှာ ရုပ်နာမ်ပွားတွေကို လိုချင်သေးတာ က ဦးခင်မောင်ကြီး ဘာဖြစ်တာတုံး (ရူးတာပါ ဘုရား)။
ရူးတာ- အံမလေး ဖြစ်မှဖြစ်ရပလေတယ် ဒကာ ဒကာမတို့ သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါ တယ် ဘုရား)။
အဲဒါ မူလက သစ္စာမသိလို့၊ နောက် ညှာတာမဖက် အမြဲနှိပ်စက်တဲ့ သစ္စာတွေကို မသိပဲ ဖြစ်ပြီးသကာလ မသိပေါ်မှာ မသိထပ်လာတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မသိပေါ်မှာ မသိ ထပ်လာတယ်
ဘယ်လိုများ ပေါ်ပါလိမ့် (မသိပေါ်မှာ မသိ ထပ်လာပါတယ် ဘုရား)။
မသိပေါ်မှာ မသိထပ်ပြီး ဆင့်ပြန်တယ်ဆိုတော့လည်း ဒကာ ဒကာမတို့ ခင်တဲ့ အမေမိဘလုပ်တဲ့ မွေးဖွား မိတဲ့ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ကောင်းကောင်းအိပ်ဖို့ အချိန်ကောရရဲ့လား (မရပါ ဘုရား)။
ကောင်းကောင်းစားဖို့ အချိန်ကော (မရပါ ဘုရား)၊ သူငယ်နာ ဝမ်းပျက်ကလည်း အားသေးရဲ့လား (မအားပါ ဘုရား)။
ကုဋီပို့ရတာနဲ့ မအားဘူး၊ သူ့အနှီးလျှော်နေရတာနဲ့ (မအားပါ ဘုရား)။
ဝမ်းတွင်းရူးကလည်း တောင်းလိုက်တဲ့ဖြစ်ခြင်း စုံနေတာပဲ၊ စိန်တောင်း, မြတောင်း, ရွှေတောင်း, အိမ်တောင်း, တိုက်တောင်းနဲ့ တောင်းလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ)။
ဝမ်းတွင်းရူးကလည်း တောင်းလိုက်တဲ့ဖြစ်ခြင်း၊ ဒီမအေဖြင့်လည်း သေလုပြီ (မှန်ပါ)၊ ခင်တဲ့ပုဂ္ဂိုလ်က လဲသေလု ပြီ၊ သူက အတောင်းလျှော့ရဲ့လား (မလျှော့ပါ ဘုရား)။
နို့ ပေးတာကော ဒီလောက်နဲ့ တော်ပြီ တင်းတိမ်ပြီလို့ လာရဲ့လား (မလာပါ ဘုရား)။
ဪ မလာဘူး၊ တဏှာကလည်း ဒကာ ဒကာမတို့ ဆားငံရည်နဲ့ တူတယ်ဆိုကတည်းက လိုသာလိုနေ တာပဲ၊ လိုသာလိုနေတာပဲ ပြီးတယ်လို့ ရှိကြရဲ့လား (မရှိပါ ဘုရား)။
ငကန်းဝတ်ပြုလို့ကော အားရဲ့လား
ဒါဖြင့် ဒကာ ဒကာမတို့ ငကန်းဝတ်ပြုလို့ကော အားရဲ့လား (မအားပါ ဘုရား)၊ ငကျိုးဝတ်ပြုလို့ကော (မအားပါ ဘုရား)။
ဒီအထဲကနေပြီးသကာလ ငကန်း-ငကျိုးအပွားကလေးတွေ ရှာချင်သေးတယ်ဆိုတော့ သာမည ရူးလို့မဟုတ် (မှန်ပါ ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် (သာမညရူးလို့ မဟုတ်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဦးခင်မောင် သူများပြောလား ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။
ရှင်းပါပြီ၊ ဒါဖြင့် ကိုယ်တွေ့ဆိုရင် ရှင်းပြီ (မှန်ပါ)၊ ကိုယ့်ရုပ်နာမ်မှ ကိုယ်မနိုင်လို့ မသိမ်းဆည်းနိုင်လို့ မဖျား ပါနဲ့ဆိုလို့မရ၊ မနာပါနဲ့ ဆိုလို့မရ၊ မပိန်ပါနဲ့ ဆိုလို့မရ၊ မဝပါနဲ့ ဆိုလို့ (မရပါ ဘုရား)၊ အင်မတန် နှိပ်စက်မနေဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
အဲဒီ နှိပ်စက်နေတဲ့အထဲကနေပြီးသကာလ ဒီနှစ်ယောက်တွင် ပြုရလို့ မတော်သေးပါဘူးလေ၊ အခုဟာက ကျွန်လောက်ရှိသေးတယ်၊ သပေါက်ဆုတောင်းလိုက်ပါဦးမယ်ဆိုပြီး အိမ်ထောင်ပြုလိုက်တာပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်လိုက်တာပါလိမ့် (သပေါက်ဆုတောင်းလိုက်တာပါ)၊ သပေါက်ဆုတောင်းလိုက်တာ၊ အဲဒါကို ခင်ဗျားတို့ က မင်္ဂလာလို့များ သုံးလိုက်သေးတယ်၊ ဂွကျလိုက်တာမှ။
ခင်ဗျားတို့က ဘယ့်နှယ်သုံးသလဲ (မင်္ဂလာလို့ သုံးပါတယ်ဘုရား)၊ အင်း သပြေပန်းပန် သပြေပန်းကလေး ထိုး၊ ညှိုးတာတော့ သူတို့ိသိတာမဟုတ်ဘူး (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မင်္ဂလာဆိုပြီး သပြေပန်းထိုးလိုက်တော့ ထိုးသည်နှင့်တစ်ပြိုင်နက်တည်း တော်တော်ကြာကျတော့ ကိုမြရွှေ မညှိုးဘူးလား (ညှိုးပါတယ် ဘုရား)။
ညှိုးတတ်တယ်လို့ ပြောတာ မဟုတ်ဘူးလား (မှန်ပါ)၊ ညှိုးတတ်တယ်ပြောပေမယ့် မဟုတ်ဘူး သပြေပန်းဆိုရင် မင်္ဂလာချည်း မှတ်နေတာပဲ (မှန်ပါ)၊ ညှိုးလည်း မင်္ဂလာလန်းလည်း (မင်္ဂလာပါ ဘုရား)။
တော်တော်ခက်နေပါလား၊ ဟိုမှာ အသုဘဖြစ်နေပြီ၊ ညှိုးတယ်ဆို ခြောက်တော့မယ်၊ ခြောက်တယ်ဆိုရင် ပစ်ရတော့မယ်ဆိုတဲ့ အသုဘတောင် မင်္ဂလာဖြစ်နေသေးတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ငကျိုးနဲ့ငကန်းနဲ့ ကွဲမှပဲ ချမ်းသာတော့မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ငကျိုးနဲ့ငကန်းနဲ့ ကွဲမှပဲ ခင်ဗျားတို့ ချမ်းသာတော့မယ် (မှန်ပါ)၊ မကွဲ သေးရင်ဖြင့် (မချမ်းသာပါ)၊ ချမ်းသာစရာအကွက် မြင်ရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင့် ဒုက္ခဿ ပီဠနဋ္ဌော၊ ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
အို အရွယ်ကြီးမှများ၊ အရွယ်ကြီးလို့ ကိုယ်ကလည်း မသွားနိုင် မလာနိုင်တဲ့အချိန်ကျမှ ခုနင်က ငကျိုး ကနေပြီး မြေးဆီ သွားချင်ရတာနဲ့ မြစ်ဆီ သွားချင်ရတာနဲ့ (မှန်ပါ)၊ ငကျိုးကလေ (မှန်ပါ ဘုရား)။
သွားသာသွားချင်တယ် ဟို ဒကာ ဒကာမတို့ သိတဲ့အတိုင်း ခုနင်က ငကန်းက ပို့နိုင်သေးရဲ့လား (မပို့ နိုင်ပါ ဘုရား)။
မပို့နိုင်လို့ သူ့ဟာသူ ထိုင်မှိုင်ပြီး စိတ်များ ပျက်နေလိုက်သေးတယ် (မှန်ပါ)၊ ဒီလိုများ ဖြစ်လိမ့်မယ်မထင်ဘူး လို့ ပြောလိုက်သေးတယ် (မှန်ပါ ဘုရား)။
အံမာလေး ဒကာ ဒကာမတွေ ခက်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ ဘုရား)။
သူတို့က ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်ဆိုတာ ခင်ဗျားတို့က ကြားကိုမကြားဖူးလို့ ခက်နေတာ (မှန် လှပါ ဘုရား)။
ရုပ်ကလည်း ဘာလုပ်တတ်သလဲ (ညှာတာမဖက် အမြဲနှိပ်စက်တတ်ပါတယ် ဘုရား)၊ ဒီနာမ်-ငကျိုးကကော (ညှာတာမဖက် အမြဲနှိပ်စက်တတ်ပါတယ်)၊ ဒီဘက်က ငကန်းကကော (ညှာတာမဖက် အမြဲနှိပ်စက်တတ်ပါတယ်)၊ ပေါ်ပြီး ယနေ့တော့နော် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီနှစ်ခု ခင်ဗျားတို့ နောင်များ ကံမကောင်း အကြောင်းမသင့်လို့ ရချင်သေးသလား (မရချင်ပါ ဘုရား)။
ဟာ ဦးခင်မောင် တော်တော်တော့ နေရာကျတယ်နော် (မှန်ပါ)၊ ဦးခင်မောင်ကော နောက်ထပ် ရချင် သေးသလား (မရချင်ပါ ဘုရား)။
မရချင်တော့ဘူးတဲ့၊ အကြောင်းသိပြီတဲ့ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘာလုပ်တတ်သတုံး သူတို့က (အကြောင်း သိပါပြီ ဘုရား)။
ဘယ်လိုများ အကြောင်းသိပါလိမ့် (ညှာတာမဖက် အမြဲနှိပ်စက်နေပါတယ်)၊ ညှာတာမဖက် အမြဲနှိပ်စက်တတ် တယ်ဆိုတဲ့အကြောင်း သိပါပြီ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ညှာတာမဖက် (အမြဲနှိပ်စက်တတ်တဲ့အကြောင်း သိပါပြီဘုရား)။
မညှာတာမှ ရုပ်ကလည်း (အမြဲနှိပ်စက်ပါတယ်)၊ အဲ သူက ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ငကန်း (မှန်ပါ)၊ သူက နာမ်ကတော့ ငကျိုးနော် (မှန်ပါဝ၊ သူကလည်း ဘာလုပ်နေသတုံး (ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီကပြန်ရင် ဒီနေရာမှာ အခု တရားနာရင်းမတ္တနဲ့ပဲ တရားနာတယ်ဆိုတဲ့ဥစ္စာ သစ္စာတရား ကို နာနေတဲ့အတွက် ဪ ငါတို့သည် သူတို့ ဝဋ်ကျွတ်အောင်လို့ နာနေတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဝိပါကဝဋ်ကျွတ်သွားရင် နိဗ္ဗာန်ပဲ
သူတို့ ဝဋ်ကျွတ်အောင်လို့ နာနေကြတာ၊ သူတို့ ဝဋ်ကျွတ်တော့ ဒါ ဝိပါကဝဋ်ကျွတ်သွားရင် နိဗ္ဗာန်ပဲကိုး (မှန်ပါဘုရား)။
ဝိပါကဝဋ်ကျွတ်သွားတယ်ဆိုရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်ပဲဆိုတာ သိပြီ၊ ဝိပါကဝဋ်ကျွတ်ချင်လို့ ကျွတ်ရတာမဟုတ်၊ သူ့မခင်လို့ ကျွတ်ရတာ (မှန်ပါ ဘုရား)။
မခင်လို့ကျွတ်တော့ ကိလေသဝဋ်ကကော (ကျွတ်ပါတယ် ဘုရား)။
မခင်ရင် ကိလေသဝဋ်ကျွတ်ပါတယ် (မှန်ပါ)၊ ကိလေသဝဋ်ကျွတ်လို့ရှိရင်ဖြင့် ကမ္မဝဋ်တွေ လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ)၊ ကဲ မလုပ်နိုင်တော့ ဝိပါကဝဋ်ကြီးကော သူ့ချည်း ကျန်နေရစ်ဦးမှာလား (မကျန်ရစ်ပါ ဘုရား)၊ ဝဋ်သုံးပါးကျွတ်မယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီငကျိုးနဲ့ ငကန်းဆိုတဲ့ ရုပ်နာမ်ဓမ္မက ဒကာ ဒကာမတွေ အား ညှာတာမဖက် အမြဲနှိပ်စက်နေတဲ့အတွက် ဒကာ ဒကာမတို့၏ ထွက်ရပ်လမ်း အလုပ်ကိုလည်း လုပ်ခွင့်မပေးဘူး (မှန်ပါ ဘုရား)။
ကိုမြရွှေ လုပ်ခွင့်ပေးရဲ့လား (မပေးပါ ဘုရား)၊ ငါစားချင်တယ်ဆိုရင်ဖြင့် သူ့ကိုစားဖို့ ရှာပေးရပြီ၊ ငါ ညောင်းတယ်ဆိုရင်ဖြင့် အနှိပ်သည် ခေါ်ပေးရပြီ (မှန်ပါ ဘုရား)။
ခေါ်ပေးရကတည်းက ကိုယ့်ထွက်ရပ်လမ်းအလုပ် ဘယ့်နှယ်တုံး (လုပ်ခွင့်ပေးပါ ဘုရား)၊ ထွက်ရပ်လမ်း အလုပ်ကို လုပ်ခွင့်ကိုမပေးဘူး (မှန်ပါ ဘုရား)။
ထွက်ရပ်လမ်းအလုပ်ကို လုပ်ခွင့်မပေး
ငကျိုးနဲ့ငကန်းက ဘာလုပ်နေပါလိမ့် (ထွက်ရပ်လမ်းအလုပ်ကို လုပ်ခွင့်မပေးပါ)၊ ညှာတာမဖက် အမြဲနှိပ်စက် နေသနော် (မှန်ပါ ဘုရား)။
ဘုရားကိုတောင် မညှာပါဘူးဗျ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘုရားကို ညှာသေးသလား (မညှာပါ ဘုရား)။
ကိုယ်တော်ကြီး ဝမ်းတော်လာပြီးသကာလ ကိုယ်တော်တော့ ဒုက္ခဖြစ်အောင် လုပ်လိုက်ရမယ်ဆိုပြီး ညှာတာ မဖက် နှိပ်စက်သေးတယ် (မှန်ပါ)၊ နောက်ဆုံးပိတ် နှိပ်စက်ခြင်း (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘာတဲ့တုံး (နောက်ဆုံးပိတ် နှိပ်စက်ခြင်းပါဘုရား)၊ ပီဠနဋ္ဌော ဘယ်သူလွတ်မှာတုံးဗျ (မှန်ပါ ဘုရား)။
သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတော့ ဘယ်သူ လွတ်စရာရှိသေးသတုံး (ဘယ်သူမှ မလွတ်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒါက သွားရင်း လာရင်း ဝိပဿနာလုပ်ရမှာနော် (မှန်ပါ ဘုရား)။
ကဲ ကျင်ကြီးစွန့်သွားပြန်ပြီ၊ ဪ ဒကာ ဒကာမတို့ ငကန်းက နှိပ်စက်ပြန်ပြီ (မှန်ပါ)၊ စားချင် သောက် ချင်ပြန်ပြီဆိုလို့ရှိရင်လည်း ငကျိုးက (နှိပ်စက်ပြန်ပြီ)၊ ဒီဟာပေးလည်း မတည့်ဘူး၊ ဟိုဟာပေးလည်း မတည့်ဘူးဆိုတော့ ဝမ်းတွင်းရူးက နှိပ်စက်ပြန်ပြီ (မှန်ပါ)၊ ဝမ်းတွင်းရူးဆိုတာ နာမ်ဓမ္မနော် (မှန်ပါ ဘုရား)။
ဝမ်းတွင်းရူးဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (နာမ်ဓမ္မပါ ဘုရား)။
အင်း ဟိုဟာပေးလည်း သူက ရင်ကျပ်တယ်၊ ဒီဟာပေးတဲ့အခါကျတော့ ချောင်းဆိုးတယ် (မှန်ပါ)၊ ဒီဟာပေးလိုက်တဲ့အခါကျတော့ ကိုယ်လက်ကိုက်ခဲတယ် (မှန်ပါ ဘုရား)။
ဝမ်းတွင်းရူးဆိုတာ နာမ်ဓမ္မ
ဘယ်သူက နှိပ်စက်ပြန်ပါလိမ့် (ဝမ်းတွင်းရူးက နှိပ်စက်ပါတယ် ဘုရား)။
ဝမ်းတွင်းရူးဆိုတာ နာမ်ဓမ္မ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဝမ်းတွင်းရူးဆိုတာ ဘာပါလိမ့် (နာမ်ဓမ္မပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်သူနဲ့ အတူတူနေရသတုံး (ငကျိုး ငကန်းနဲ့ နေရပါတယ် ဘုရား)။
အဲ ငကျိုးနဲ့လည်း နေရတယ်၊ ငကန်းနဲ့လည်း နေရတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ငကန်းက သူငယ်နာ ဝမ်းပျက်ဗျာ၊ အနှီးလျှော်လို့ မအားအောင်ခိုင်းတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ငကျိုးက ဟိုဟာပေးလည်း မတည့်၊ ဒီဟာပေးလည်း မတည့် ဒကာ ဒကာမတို့ အမေမိဘ ခင်တဲ့ပုဂ္ဂိုလ်ကို တစ်ခါတည်း ဒေါင်ချာစိုင်းအောင် ခိုင်းလေ့ရှိတယ် (မှန်ပါ)။
ဦးခင်မောင် နာမ်က ခိုင်းလည်း နှိပ်စက်တာပဲ (မှန်ပါ)၊ ရုပ်က ခိုင်းကော (နှိပ်စက်ပါတယ် ဘုရား)၊ ခေါင်း ဖြီးပေးစမ်းပါဦးနဲ့ ဘယ်သူက ခိုင်းပြန်သတုံး (ရုပ်က ခိုင်းပါတယ်)၊ ရုပ်က ခိုင်းပြီဆိုတာ သေချာပလား (သေချာပါ ပြီ)။
ခေါင်းရှုပ်နေတယ်၊ သန်းတွေ ယားလှတယ်၊ ခေါင်းဖြီးဖြီးပေးပါဦးဆိုတော့ ရုပ်က မနှိပ်စက်ဘူးလား (နှိပ်စက် ပါတယ်)၊ အဲဒီတော့ ခင်တဲ့ပုဂ္ဂိုလ်က ဘာလုပ်ရသလဲ (လုပ်ပေးရပါတယ် ဘုရား)၊ ဖြီးပေးရတယ် သန်းရှာပေးရတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။
ဒါလောက်နဲ့ မတင်းတိမ်သေးဘူးကွ၊ လူထဲဝင်တဲ့အခါကျတော့ ဆီကလေး ဘာကလေး အစရှိသည် လိုသေး တယ်၊ ဘယ်ဆလင် အစရှိသည် လိုသေးတယ်လို့ မလာဘူးလား (လာပါတယ် ဘုရား)။
ဘယ်သူက နှိပ်စက်ပြန်သတုံး (ရုပ်က နှိပ်စက်ပါတယ်)၊ ရုပ်က နှိပ်စက်တာ မနည်းဘူးနော် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)။
တစ်ခါ ရုပ်က နှိပ်စက်လို့ ပြီးပြန်တဲ့အခါကျတော့ နာမ်က ထမင်းဆာလာပြန်ပြီ၊ လာပြန်ပြီ (မှန်ပါ)၊ သွားစရာ ကိစ္စရှိတာ သွားပါလားလို့ ဝီရိယတွေကလည်း မတွန်းဘူးလား (တွန်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဘယ်ဘက်လိုက်မလဲ၊ သူငယ်နာ ဝမ်းပျက်ဘက် လိုက်မလား၊ ခုနင်က ဝမ်းတွင်းရူး နောက်လိုက်မလား ပြောကြစမ်းပါဦး (ဘယ်ဘက်ကိုမှ မလိုက်ပါဘုရား)၊ သူငယ်နာ ဝမ်းပျက်ကလည်း သူ ဝမ်းလျှော ချင်တယ် (မှန်ပါ)၊ ဒကာ ဒကာမတို့ သူ ဝမ်းလျှောချင်တယ်ဆိုတော့ ခင်ဗျားတို့က ခြေကလေးဆင်းပြီး တည်ပေးရ ဦးမည့် အဓိပ္ပာယ်ရောက်နေပြန်ပြီ (မှန်ပါ)၊ မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။
အဲဒီ လေဝမ်းပျက်နေတုန်းရှိသေး၊ သူက ဒကာ ဒကာမတို့ ငကျိုးက ထမင်းဆာလှချည်ရဲ့၊ ဟို စွန့်ချင်တဲ့လူက စွန့်နေတုန်းရှိသေး သူက အပေါ်က ဆာနေပြန်ပြီဆိုတော့ ခက်နေတယ်၊ နေရာကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)။
အဲဒါတွေနဲ့ ဘဝများစွာ ဘယ်လောက်နေခဲ့ရသတုံး (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် သူတို့မှာ ညှာတာမဖက် အမြဲနှိပ်စက်တဲ့ကိစ္စ ရှိ မရှိ (ရှိပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ ကုဋီသွားတိုင်း ထမင်းဆာတိုင်း၊ အလုပ်ကိစ္စတွေ ပေါ်တိုင်းပေါ်တိုင်း ငကျိုးက နှိပ်စက်တာ လား၊ ငကန်းက နှိပ်စက်တာလား ၊ နေ့တိုင်းတွေးပါ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်လိုတွေးမတုံး (ငကျိုးက နှိပ်စက်တာလား၊ ငကန်းက နှိပ်စက်တာလား၊ နေ့တိုင်းတွေး ပါ ဘုရား)၊ ငကျိုးက နှိပ်စက်တာလား၊ ငကန်းက နှိပ်စက်တာလား ငါ့မှာဖြင့် ရောက်ခါရှိသေးတယ်၊ ပြန်သွား ဦး ခိုင်းချင်ခိုင်းနေတာ (မှန်ပါ)၊ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။
ရောက်သွားတယ်ဆိုလို့ရှိရင် အိမ်များရောက်သွားလို့ အမောမှ မဖြေရသေးဘူး ကိစ္စတစ်ခုက ပေါ်လို့ ငကန်း က ခိုင်းလိုက်ပြန်တော့ ဒကာ ဒကာမတို့ အားခွင့်ရသေးရဲ့လား (မရပါ ဘုရား)။
ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ငကျိုးက ခိုင်းလိုက်တာများ အိပ်နေတာတောင် သူက ခိုင်းသေးတယ် (မှန်ပါ)၊ အိပ်နေတဲ့ ဘဝင်စိတ်ဟာလည်း ဒီ့ပြင် ကံ ကမ္မနိမိတ် ဂတိနိမိတ်သုံးပါး အာရုံပြုနေရသေးတယ် (မှန်ပါ)။
အိပ်ချိန်တောင် မရအောင် ခိုင်းတာ
အိပ်ချိန်တောင် မရအောင် ခိုင်းတာက မောင်မြတို့ မှတ်လိုက်စမ်း ဟေ့ ငကျိုးက ခိုင်းတာ (မှန်လှပါ)။
အိပ်ချိန်တောင် မရအောင် ခိုင်းတာက (ငကျိုးက ခိုင်းတာပါဘုရား)၊ အဲ- နာမ်ကခိုင်းတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ရုပ်က အိပ်ချင်တယ်ဆိုလို့ရှိရင်ဖြင့် အို အိပ်နေလို့ မဖြစ်သေးဘူး၊ စားဖို့ရှာဦးဆိုတော့ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။
နင့်ပစ္စည်းတွေ ပျောက်မယ်၊ အခုအခါ သူခိုးဓားပြက ထူပါဘိနဲ့၊ စိတ်ချလက်ချ မအိပ်နဲ့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဟို သူငယ်နာ ဝမ်းပျက်က အိပ်ချင်တယ်၊ သူက မအိပ်နဲ့ဦးတဲ့ (မှန်ပါ)၊ ဘယ့်နှယ်ဖြစ်နေကြသတုံး ရုပ်က အိပ်ရမှ အသားတိုးတာကိုးဗျ (မှန်ပါ ဘုရား)၊ ရုပ်က အိပ်ရမှ အသားတိုးတယ်၊ နာမ်က အိပ်နေလို့ရှိရင် မင့် ပစ္စည်း ကုန်လိမ့်မယ်တဲ့ (မှန်ပါ)၊ ကဲ ဘယ့်နှယ်လုပ်ပြီး ဒါတည့်အောင် ခင်ဗျားတို့ သာမညသတ္တိမဟုတ်ဘူးနော် (မှန်ပါ)၊ တော်တော်စွမ်းရည်သတ္တိရှိလို့ ဘုရားအဆူဆူ ရှောင်နိုင်တဲ့သတ္တိကြောင့် ဒါ သူ့အလို လိုက်နိုင်တာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အံမလေး ဆိုးလှချည်လား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)၊ ဒါဖြင့် အခု ဘယ်သူနဲ့ အတူနေရ သတုံး (ငကန်းနဲ့ ငကျိုးနဲ့ နေရပါတယ်ဘုရား)။
ငကန်းနဲ့ ငကျိုးနဲ့ အတူနေကြရတယ် (မှန်ပါ)၊ ဝတ်တစ်နေ့ ဘယ်နှစ်ခါပြုကြရသတဲ့ (မရေတွက်နိုင်ပါ ဘုရား)။
ငကျိုးဝတ်က ဘယ်လောက်လဲ (မရေတွက်နိုင်ပါ ဘုရား)၊ ငကန်းဝတ်က ဘယ်လောက်လဲ (မရေတွက်နိုင်ပါ ဘုရား)၊ လဲသေချင်တဲ့စိတ်များ လာရဲ့လား ခင်ဗျားတို့ (လာပါတယ် ဘုရား)။
ဟာ မလာသေးဘူး၊ မလာသေးဘူး၊ ဒါ မလာသေးရင် သစ္စဉာဏ် ကိစ္စဉာဏ် မရသေးဘူး (မှန်ပါ)၊ မလာသေးရင် ဘာတုံး (သစ္စဉာဏ် ကိစ္စဉာဏ် မရသေးပါ ဘုရား)။
မလာသေးလို့ရှိရင် သူတို့ချည်းနဲ့ဖြင့် နေ-မနေချင်တော့ပါဘူး၊ နှိပ်စက်လိုက်တာ လွန်လို့၊ ရုပ်ဘက်ကလည်း ဆေးအမျိုးမျိုး ဝါးအမျိုးမျိုးနဲ့၊ နာမ်ဘက်ကလည်း ခိုင်းလိုက်တာစုံလို့ ၊ တော်ပြီ မင်းတို့ ရုပ်နာမ်တွေဟာ အကျိုးနဲ့ အကန်းမှန်းလည်း သိပြီကွ၊ နှိပ်စက်တတ်တာလည်း သိပြီကွ လို့ မလာကို မလာသေးဘူး (မှန်ပါ ဘုရား)။
ကိစ္စဉာဏ်ရပြီ
အဲဒီလိုလာလို့ရှိရင် ကိစ္စဉာဏ်ရပြီ ခင်ဗျားတို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်ဉာဏ်ရသလဲ (ကိစ္စဉာဏ်ရပါတယ် ဘုရား)၊ ကိစ္စဉာဏ်ရပြီ (မှန်ပါ ဘုရား)။
အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူ့အလို ငကျိုးအလို လိုက်လိုက်၊ ဟုတ်လား (မှန်ပါ)၊ ငကန်းအလို လိုက်လိုက်၊ ပြုနိုင်ပါရစေ၊ စုနိုင်ပါရစေ၊ အံမလေး ကျွန်ဆုကို တောင်းတယ် (မှန်ပါ)။
ဘာဆုတောင်းလိုက်ပါလိမ့် (ကျွန်ဆုတောင်းပါတယ်)၊ ဘယ်လိုများ တောင်းကြပါလိမ့် (ပြုပါရစေ စုပါရစေ ပါ)၊ ကိုယ့်အရိုးကိုယ် ချီနိုင်ပါရစေ (မှန်ပါ)။
အံမာလေး ခွေးဆုများ တောင်းလိုက်သေး၊ သဘောကျပလား (ကျပါပြီ)၊ အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။
ပြုနိုင်ပါရစေ စုနိုင်ပါရစေတဲ့၊ သူများဆီသာ လက်ကလေးခံပြီး တောင်းမစားပါရစေနဲ့ (မှန်ပါ)၊ ကိုယ့်အရိုး ကိုယ်ချီနိုင်ပါရစေ (မှန်ပါ)။
ဘယ်သားသမီးမှလည်း ကျုပ်တို့ဖြင့် အားမကိုးပါဘူး၊ ကိုယ့်ဟာ ကိုယ်သာလျှင် ရွက်ဆောင်နိုင်ပါရစေလို့ ဆုတောင်းနေတာပါပဲဆိုတော့ ဘာဆုတောင်းတာလဲ (ခွေးဆုတောင်းတာပါ ဘုရား)။
ကျွန်ဆုတောင်းတယ်ဆိုကြပါစို့ဗျာ၊ ယဉ်ယဉ်ယဉ်ယဉ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာဆုတောင်းတာလဲ (ကျွန်ဆုတောင်းတာပါ)၊ ဘဝတိုင်းလား အခုပဲ တောင်းတာပဲလား (ဘဝတိုင်းပါ ဘုရား)။
ရော မတောင်းကောင်းတဲ့ ဆုကြီး တစ်ခါတည်း ဆုတောင်းပြည့်ဘုရားများ ရှာကြဦးမှာလား မပြောတတ် ပါဘူး (မှန်ပါ ဘုရား)။
မတောင်းကောင်းတဲ့ဆုဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိစ္စဉာဏ်မရလို့ ဒီဆုတောင်းတာပါ (မှန်ပါ)။
ဒါကြောင့် သစ္စာမသိရင် သံသရာရှည်တယ်ဆိုတာ ဆုတောင်း တဏှာလာမယ် (မှန်ပါ ဘုရား)၊ မလာပေဘူး လား (လာပါတယ် ဘုရား)။
တဏှာလာရင် ဥပါဒါန်က (လာပါတယ် ဘုရား)၊ ဥပါဒါန်လာရင် ကံက (လာပါတယ် ဘုရား)၊ ကံလာရင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက (လာပါတယ် ဘုရား)။
လာရဦးမယ်ဆိုတော့ ငကန်းနဲ့ ငကျိုး ပြန်ပေါ်တယ် ၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကဲ ဦးခင်မောင်ရေ သေချာပလားဗျ (သေချာပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကိစ္စဉာဏ်ကို ကျုပ်တို့ မရ အရ ဆရာဘုန်းကြီးကလည်း ပြောရလိမ့်မယ် (မှန်ပါ)။
ဒကာ ဒကာမတွေကလည်း မရ အရ ကြိုးစားမှသာလျှင် ဒီခန္ဓာ ငကျိုးနဲ့ ငကန်းတည်းဟူသော ကျွန်သဘောက် ဘဝမှ ကျုပ်တို့ လွတ်တော့မယ် (မှန်ပါ)။
နို့မဟုတ်ရင် လွတ်ရာကို မြင်သေးရဲ့လား (မမြင်ပါ)၊ အဲဒီတော့ သစ္စာတရားကိုမှ ဒကာ ဒကာမတွေ ကိုယ်ကိုယ် တိုင် ဂရုမစိုက်ကြဘူးဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာဝဋ် ဘယ်တော့ကျွတ်မှာတုံး (မကျွတ်ပါ ဘုရား)၊ ကျွတ်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။
ခန္ဓာဝဋ်မှ မကျွတ်လို့ရှိရင်ဖြင့် ခန္ဓာဆုတောင်းတဲ့ ကိလေသာဝဋ်ကလည်း အားပေးနေမှာပဲ (မှန်ပါ)၊ ကမ္မဝဋ် ကလည်း ပြုနေမှာပဲ (မှန်ပါ)၊ ဒီအတိုင်းမနေပေဘူးလား (နေပါတယ် ဘုရား)။
အရှင်သာရိပုတ္တရာကြီးက ပြောတယ်
အဲဒီတော့ အရှင်သာရိပုတ္တရာကြီးက ပြောတယ်တဲ့၊ ငါသည်ကားလို့ဆိုလို့ရှိရင်ကွာ တဲ့ မြင်းမိုရ်တောင်ကြီး ထမ်းရတာထက် ခန္ဓာဝန် ထမ်းရတာ လေးသေးတယ်တဲ့ (မှန်ပါ)။
မြင်းမိုရ်တောင် ထမ်းရတာထက် ခန္ဓာဝန် ထမ်းရတာ လေးသေးတယ် (မှန်ပါ)၊ မြင်းမိုရ်တောင်က ဒကာ ဒကာမတို့ နေ ၃ စင်း, ၄ စင်း ၅ စင်းလောက် ထွက်ရင် မြင်းမိုရ်တောင်ကြီးက ဒကာ ဒကာမတို့ အကုန်ပြာကျသွား တယ် (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကျုပ်တို့က မြင်းမိုရ်တောင်ကြီး ပြာကျပေမယ့် ဗြဟ္မာပြည်သွားပြီး ခန္ဓာဝန်ထမ်းနေရတယ် (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဗြဟ္မာပြည်သွားပြီး ဘာလုပ်ရပါလိမ့် (ခန္ဓာဝန် ထမ်းရပါတယ် ဘုရား)။
ဒါဖြင့် ဒီပြင်အချိန်မှာလည်း အမြဲထမ်းနေရတယ် (မှန်ပါ ဘုရား)၊ ကမ္ဘာပျက်တဲ့အချိန်မှာကော (ထမ်းနေရ ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာဝန်နဲ့ မြင်းမိုရ်တောင်နဲ့ ဘယ်သူကလေးသတုံး (ခန္ဓာဝန်က လေးပါတယ် ဘုရား)၊ ဒါကြောင့်
ဍယှမာနော တီဟဂ္ဂီဟိ၊
ဘဝေသု သံသရိံ အဟံ၊
ဘရိတော ဘဝဘာရေန၊
ဂိရိံ ဥစ္စာရိတော ယထာ။ (အပဒါန်ပါဠိ၊ ၁၊ နှာ-၃၂။)
လို့ ရှင်သာရိပုတ္တရာ ညည်းတယ် (မှန်ပါ)။
အာဝုသော-ငါ့ရှင်၊ ဘဝဘာရေန-ဘဝဟူသော ဝန်ထုပ်ကြီးဖြင့်၊ ဘရိတော-ထမ်းရွက်အပ်ပြီတဲ့ (မှန်ပါ)၊ ခန္ဓာ ဝန်ထုပ်ကြီးချည်း ထမ်းနေရတာပဲ တဲ့။
ခန္ဓာဝန်ထုပ်ချည်း ထမ်းနေရလို့ ဘယ်ဘဝမှ အေးချမ်းသာယာ သက်သာစွာ နေခဲ့ရတယ်လို့ မရှိဘူးတဲ့ (မှန်ပါ)၊ ဂိရိံ ဥစ္စာရိတော ယထာ-မြင်းမိုရ်တောင်ကြီး ထမ်းရတာကမှ တော်သေးတယ်ကွာ တဲ့၊ သူ့ထမ်းရတာက ဘယ်တော့မှ မပြတ်ဘူးတဲ့ (မှန်ပါ ဘုရား)။
ခင်ဗျားတို့ ဒီဘဝက ကိစ္စဉာဏ်မရဘဲနဲ့ ကိစ္စဉာဏ်လည်း မရ၊ ကိစ္စဉာဏ်ရပြီးရင် ကတဉာဏ်ဆိုတာ အလိုလို ပေါ်လာလိမ့်မယ်နော် (မှန်ပါ ဘုရား)၊ အဲဒါ မရလို့ရှိရင်ဖြင့် ခင်ဗျားတို့ဘဝမှာ အဝတ်ဝတ်ပြီးသကာလ အဝတ်ကလေး တွေ ခြုံရုံပြီးသကာလ ထမ်းရတဲ့ဘဝ (မှန်ပါ)။
နောက်ဘဝ တောဒေယျတို့လို ခွေးဖြစ်တဲ့အခါကျတော့ ဘယ်သူက အဝတ်ဆင်ဦးမှာလဲ (ဘယ်သူကမှ မဆင် ပါ ဘုရား)။
အဝတ်မဝတ်ဘဲနဲ့ ထမ်းရတဲ့ဘဝ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဝတ်ဝတ် ထမ်းရတဲ့ဘဝဟာလည်း အသုဘမို့ မတင့်တယ်လို့ အုပ်ထားတာ (မှန်ပါ)။
အသုဘမို့ ဘာတုံး (မတင့်တယ်လို့ အုပ်ထားတာပါ)၊ ခင်ဗျားတို့ကတော့ မသိပါဘူး၊ ငါ့ရှိလို့ ငါဝတ်တာ၊ ငါ့ အကျိုးပေးနဲ့ ငါဝတ်တာလို့ ထင်နေတာပဲ၊ အသုဘမို့ ဝတ်တယ်လို့ ဘယ်သူမှ မပြောပါဘူး (မှန်ပါ)၊ ပြောသေးရဲ့လား (မပြောပါ ဘုရား)။
စိန်တွေ ဝတ်လိုက်၊ ရွှေတွေ ဝတ်လိုက် ပဝါကလေးတွေခြုံ နိုင်လွန်တွေ အမျိုးမျိုးအဖုံဖုံ လုပ်ကြ၊ ဟ ဘာဖြစ်လို့လဲ၊ အို ကိုယ့်အကျိုးပေးကလေးက အကြောင်းညီညွတ်လို့ ဝတ်နိုင်တာပေါ့တဲ့ (မှန်ပါ ဘုရား)။
အသုဘမို့ ဖုံးနေတယ်
အသုဘမို့ ဖုံးနေတယ်လို့ ဘယ်သူများ ပြောသလဲ (ဘယ်သူမှ မပြောပါ ဘုရား)၊ ဒီကတည်းက ဒုက္ခသစ္စာ ဝေးသွားတယ် (မှန်ပါ ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အသုဘမှန်း မသိတော့ ဒုက္ခသစ္စာက လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲဒီမှာ ခင်ဗျားတို့ကလည်း သစ္စ ဉာဏ်ကလည်း သိပ်ဝေးပါတယ် (မှန်ပါ)။
အဲဒီတော့ ဒီဘဝမှာ အဝတ် ဝတ်ထမ်းရတာလည်း အသုဘမို့ ထမ်းရတာပဲ (မှန်ပါ)၊ အသုဘဒုက္ခသစ္စာမို့ (ထမ်းရပါတယ် ဘုရား)။
နောက်ဘဝ စုတေမနေ သေလွန်တော့ အဝတ်-မဝတ်ဘဲနဲ့ ထမ်းရတဲ့ ခွေးဘဝ ဝက်ဘဝ ရောက်သွားမယ် ဆိုရင်ကော ရှက်စရာကြီး မနေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ ဘာမသိလို့ ဝန်ထုပ်ပြောင်းထမ်း နေရပါလိမ့်မလဲဆိုတာ အကဲခတ်စမ်းပါ (နှိပ်စက်တတ်တဲ့ သစ္စာ မသိလို့ပါ ဘုရား)။
နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာမသိဘူး (မှန်ပါ)၊ သာမညသစ္စာ သိရုံနဲ့လည်း မရသေးဘူး (မှန်ပါ ဘုရား)။
နှိပ်စက်တတ်တဲ့ (ဒုက္ခသစ္စာသိမှ ရမှာပါ)၊ ဒီလိုသိလာမှ ဦးခင်မောင် အဖိုးတန်မှာ (မှန်ပါ ဘုရား)။
ဒါကြောင့် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်နဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ ကျွတ်တမ်းဝင်ရတယ်၊ သောတာပန် တည် သွားကြတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။
သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်နဲ့ ကိစ္စပြီးသွားကြတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒီဒကာ ဒကာမတွေ တို့ ဒီဉာဏ်မရရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘယ်အချိန် နှိပ်စက်ပါလိမ့်မလဲဆိုတော့ ဟိုဘက်ပြောင်းလဲ နှိပ်စက်ပြန်ပြီ ဒီဘက်ပြောင်း ကော (နှိပ်စက်ပြန်ပြီ)၊ ဒါ အမြဲတမ်းနော် (မှန်ပါ ဘုရား)။
ရုပ်က နှိပ်စက်ပြန်ပြီ၊ နာမ်က နှိပ်စက်ပြန်ပြီဆိုတာ ဒကာ ဒကာမတွေ အမြဲတမ်း သိနေရမယ် (မှန်ပါ ဘုရား)။
ဒါဖြင့် နှိပ်စက်တာက ဒုက္ခသစ္စာ၊ နှိပ်စက်မှန်းသိတာက ကိစ္စဉာဏ် သွားဖြစ်တယ် (မှန်ပါ ဘုရား)။
နှိပ်စက်တာက (ဒုက္ခသစ္စာပါ)၊ နှိပ်စက်မှန်း သိလာရင် (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ်လာဖြစ်တယ် (မှန် ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာလာဖြစ်ပါလိမ့် (ကိစ္စဉာဏ် လာဖြစ်ပါတယ်)။
အဲဒါက နေရာတိုင်းမှာ သိရမည့်အဓိပ္ပာယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ သွားရင်း လာရင်း နေရင်း ကုဋီသွားတာကစပြီး နှိပ်စက်ပြန်ပြီ (မှန်ပါ)၊ ကျင်ငယ်စွန့်ရပြန် ပြီဆိုရင်ကော (နှိပ်စက်ပြန်ပြီ)၊ ထမင်းခွံ့ရပြန်ဆိုရင်ကော (နှိပ်စက်ပြန်ပြီ ဘုရား)၊ ခေါင်းဖြီးရပြန်ပြီဆိုရင်ကော (နှိပ်စက်ပြန်ပြီ)၊ အသွားခိုင်းပြီဆိုရင်ကော (နှိပ်စက်ပြန်ပြီ)၊ အချိုကလေးယူခဲ့ပါဦးလို့ ခိုင်းရင်ကော (နှိပ်စက်ပြန်ပြီ ဘုရား)။
အကုန်နှိပ်စက်တာပဲ (မှန်ပါ)၊ ဘုရားလည်း နှိပ်စက်တာပဲ (မှန်ပါ ဘုရား)။
ဘုရားလည်း ကိုယ်တော်ကြီး မနက်ရုပ်နာမ်က ဆွမ်းခံထွက်ဦးလေ သူ့ကျွေးဖို့ (မှန်ပါ)၊ ကဲ ဒကာ ဒကာမတို့ ဘုရားလည်း နှိပ်စက်တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘာပြုလို့တုံးဆိုတော့ သဥပါဒိသေသနိဗ္ဗာန်ပဲ ရသေးတာ၊ အနုပါဒိသေသနိဗ္ဗာန် မရသေးတော့ ခန္ဓာက ရှိ နေသေးတယ် (မှန်ပါ ဘုရား)။
ခန္ဓာက ရှိနေတော့ ပီဠနဋ္ဌောက မထွက်သေးဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုရားတောင် နှိပ်စက်နိုင်တဲ့ ရုပ်နာမ်ဟာ ခင်ဗျားတို့ ကျုပ်တို့လို ပါမွှားတွေကျတော့ အင်မတန် နှိပ်စက်မှာပေါ့ (မှန်ပါ)၊ မနှိပ်စက်ပေဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
နှိပ်စက်ပြန်ပြီဆိုတာ အမြဲတမ်း တွေး
ဒါဖြင့် ဒကာ ဒကာမတို့ နေရာတိုင်း ဘာလုပ်ရလုပ်ရ၊ လောကီအလုပ်တွေ လုပ်ရတိုင်း လုပ်ရတိုင်း ဘယ်လို တွေးကြရမယ် (နှိပ်စက်ပြန်ပြီလို့ တွေးရပါမယ် ဘုရား)။
နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီဆိုတာ အမြဲတမ်း တွေးရမယ် (မှန်ပါ ဘုရား)။
ကိုင်း ထိုင်ပြီးသကာလ ကြည့်ကြဦးစို့ (မှန်ပါ)၊ အခုဟာက သွားရင်းလာရင်း နှိပ်စက်တာကို ဦးခင်မောင် သတိပေးလိုက်တယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီကနေပြီးသကာလ ဝိပဿနာဉာဏ် ငါးခုနဲ့ ဒီခန္ဓာကြီးကို ရုပ်တရားတွေ ပျက်နေတာလည်း ကြည့်၊ နာမ်တရားတွေ ပျက်နေတာကော (ကြည့်ရမှာပါ ဘုရား)။
ကြည့်လိုက်ပြန်တော့လည်း အင်း ဒါကလည်း ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ၊ ဖောက်ပြန်နေပြီ၊ ဖောက်ပြန်နေပြီ၊ ဖောက်ပြန်နေပြီ (မှန်ပါ ဘုရား)။
ဖြစ်ပျက်နေတာကလေးတွေဟာ ဘာပါလိမ့် (ဖောက်ပြန်နေတာပါ ဘုရား)။
အဲ ဖြစ်ပျက်ကလေးတွေ ကြည့်ပေး၊ ဝေဒနာဖြင့် ဝေဒနာချည်းကြည့် (မှန်ပါ)၊ စိတ်ဖြင့်ကော (စိတ်ကြည့် ရပါမယ် ဘုရား)။
စိတ်ကြည့်တဲ့အခါကျတော့ ဪ သူတို့ချင်း နှိပ်စက်နေတာ၊ နှိပ်စက်နေတာ၊ နှိပ်စက်နေတာ၊ ရုပ်-ရုပ်ချင်း နှိပ်စက်၊ နာမ်နာမ်ချင်း နှိပ်စက်နဲ့ ဒကာ ဒကာမတွေ အားသေးရဲ့လား (မအားပါ ဘုရား)။
ရုပ်-ရုပ်ချင်းကော (နှိပ်စက်ပါတယ် ဘုရား)၊ နာမ်နာမ်ချင်းကော (နှိပ်စက်ပါတယ် ဘုရား)။
ဒီကနေ ဉာဏ်နဲ့ သူတစ်ပါးလုပ်ပြီးသကာလ ဘေးကနေ ကြည့်တဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ဪ ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ၊ ဖောက်ပြန် ပျက်စီးနေလိုက်တာ၊ ဖောက်ပြန် ပျက်စီးနေလိုက်တာလို့ ခန္ဓာထဲမှာ ယားလည်း ယားတဲ့နေရာ ကြည့်လိုက် (မှန်ပါ)၊ စိတ်ကလေးပေါ်ရင်ကော (ပေါ်တဲ့နေရာ ကြည့်ရပါမယ်ဘုရား)။
ဖောက်ပြန် ပျက်စီးသွားတာချည်းပဲ
ထိနမိဒ္ဓပေါ်ရင်ကော (ထိနမိဒ္ဓကြည့်ရပါမယ်)၊ လောဘစိတ်ပေါ်ရင်ကော (လောဘစိတ် ကြည့်ရပါမယ်)၊ အဲ ပေါ်ပြီး ဖောက်ပြန်ပျက်စီးသွားတာပဲ။
ဒေါသစိတ် ပေါ်ရင်ကော (ဖောက်ပြန်ပျက်စီးသွားတာပဲ)၊ ပေါ်ပြီး ဖောက်ပြန်ပျက်စီးသွားတာပဲ။
ဣဿာမစ္ဆရိယ ပေါ်ရင်ကော (ပေါ်ပြီး ဖောက်ပြန်ပျက်စီးသွားတာပဲ ဘုရား)၊ ဥဒ္ဓစ္စ ပေါ်လာရင်ကော (ဖောက်ပြန် ပျက်စီးသွားတာပဲ ဘုရား)။
ဖောက်ပြန် ပျက်စီးသွားတာချည်းပဲ၊ ဖောက်ပြန်ပျက်စီးပြီ ဖောက်ပြန်ပျက်စီးပြီလို့ ဒီကနေပြီး မြင်တိုင်း မြင် တိုင်း ကြည့်ပါ (မှန်ပါ ဘုရား)။
ဒါဖြင့် ဖောက်ပြန် ပျက်စီးပြီး နှိပ်စက်နေတယ်၊ ဖောက်ပြန်ပျက်စီးပြီး နှိပ်စက်နေတယ်လို့ သိရော၊ ဒါဖြင့် ဒကာ ဒကာမတွေ ဒီသံပေါက်ကလေးတစ်ခုကို ရအောင်လုပ်ထားလိုက်။
”ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်”။
အဲ ဖြစ်ပျက် မြင်လို့ရှိရင် ဒါ ဒုက္ခသစ္စာ မြင်ပြီ တဲ့၊ နှိပ်စက်နေတာ မြင်လာပြီတဲ့ ဒကာ ဒကာမတို့ နော် (မှန်ပါ ဘုရား)။
”သင်္ခါရတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်”။
အဲဒီတော့ သစ္စာအမြင်နဲ့ ဒကာ ဒကာမတို့ သမုဒယအမြင်နဲ့ ခြားနားပုံ ပြလိုက်တယ် (မှန်ပါ ဘုရား)။
သစ္စာအမြင်ကတော့ “ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်”ဆိုတော့ ဖြစ်ပျက်မြင်လို့ရှိရင်ဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ (မှန်လှပါ ဘုရား)။
ဖြစ်ပျက်မှုကိုပင် ဒကာ ဒကာမတွေက ဪ ငါလို့မထင်ဘူးလား၊ ခင်ဗျားတို့မှာ အဲသလို ငါထင်တာ တစ်ခါတစ်ခါ မလာဘူးလား (လာပါတယ် ဘုရား)။
ငါ ဘာဖြစ်ပါလိမ့်မတုံး၊ ဒီနေ့ လေးကန်လိုက်တာ၊ ခေါင်းကလည်း ထိုးသလိုလို ငါ ဘာဖြစ်ပါလိမ့်မတုံးဆိုလို့ ရှိရင်ဖြင့် သင်္ခါရကို ငါထင်ပြန်ပြီတဲ့ (မှန်ပါ)၊ အဲဒီတော့ သမုဒယသစ္စာ သွားဖြစ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သင်္ခါရတွင်၊ ငါကောင်ထင် (ခင်မင်သမုဒယပါ ဘုရား)။
အဲဒီတော့ သင်္ခါရကို ငါထင်နေလို့ရှိရင်လည်း ဒါ သမုဒယသစ္စာ သွားဖြစ်ပါတယ် (မှန်ပါ ဘုရား)။
သမုဒယသစ္စာဆိုတာသည်ကားလို့ဆိုရင် လောဘ၊ လောဘဆိုတာ ဒိဋ္ဌိနဲ့ သဟဇာတ (မှန်ပါ)၊ ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်နေရင် သဟဇာတဖြစ်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ)
အဲ “သင်္ခါရတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယ” မှတ်တဲ့၊ ဒီကျတော့ သမုဒယသစ္စာ လာဖြစ်တယ် (မှန်ပါ ဘုရား)။
ဖြစ်ပျက်သမျှ သင်္ခါရကို (ဒုက္ခသစ္စာမှတ်)၊ အဲ ဖြစ်ပျက်တဲ့ သင်္ခါရကို ဒုက္ခသစ္စာလို့ သိနေလို့ရှိရင်ဖြင့် ဒါ မဂ္ဂသစ္စာ သွားဖြစ်ပါတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်သမျှ သင်္ခါရ (ဒုက္ခသစ္စာမှတ်)၊ သင်္ခါရတွင် ငါကောင်ထင် (ခင်မင်သမုဒယမှတ်)။
ဖြစ်ပျက်နေတာပါကလား၊ သူက ဘာဖြစ်နေနေ ခန္ဓာကိုယ်က ဘာဖြစ်နေနေ ဪ ဒါ ဒုက္ခသစ္စာတွေ ပဲ၊ နှိပ်စက်နေတာတွေပဲဆိုရင်ဖြင့် ဒါ ကိစ္စဉာဏ် သွားဖြစ်တယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
၂-ချက် ဟောစရာရှိသေးတယ်၊ နိရောဓနဲ့ မဂ္ဂဟောစရာ ရှိသေးတယ်၊ ဒကာ ဒကာမတို့ နာရီစေ့သွားပြီ။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။