11308

မာတိကာသို့

ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်

ပုထုဇဉ် နှစ်မျိုးရှိပုံ

မှတ်ချက်။ ကိစ္စဉာဏ်ဆိုင်ရာ ဟောပြောချက်များပါဝင်သည်။

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်

ပုထုဇဉ် နှစ်မျိုးရှိပုံ

ညအလုပ်ပေး တရားတော်

(၁၇-၃-၆၁)

ပုထုဇဉ် နှစ်မျိုး

သာသနာတွင်း ပုထုဇဉ်, သာသနာပ ပုထုဇဉ်ရယ်လို့ နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ် (မှန်ပါ ဘုရား)၊ ပုထုဇဉ် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

သာသနာတွင်း ပုထုဇဉ်, သာသနာပ ပုထုဇဉ်ရယ်လို့ ပဏ္ဏာသ အဋ္ဌကထာကြီးများမှာ သေသေချာချာ ဖွင့်ထားတယ်နော် (မှန်ပါ ဘုရား)။

သာသနာတွင်း ပုထုဇဉ်, သာသနာပ ပုထုဇဉ်- ပုထုဇဉ်ပေမယ့်လည်း နှစ်မျိုးရှိတယ်လို့ မှတ်ထားလိုက်ကြ စမ်းပါ (မှန်ပါ ဘုရား)၊ ပုထုဇဉ် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

သာသနာတွင်း, သာသနာပ နှစ်မျိုးရှိတယ်လို့ မှတ်ထားတော့ “ပုထုဇ္ဇနော ဒုဝိဓောဟောတိ ဗာဟိရကော သာသနိကောစ” (မူလပဏ္ဏာသအဋ္ဌကထာ၊ ပ၊ နှာ-၂၀၀။) သာသနာတွင်း သာသနာပ နှစ်မျိုးရှိတယ်။

သာသနာပကျလာတော့ ဘုရားသာသနာက မရှိတော့ ဘာကျန်ရစ်တော့သတုံးဆိုတော့ ကမ္မဿကတာ သမ္မာ ဒိဋ္ဌိသာ ကျန်ရစ်တော့တယ်၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိ မကျန်ရစ်ဘူးလို့ မှတ်ပါ (မှန်ပါ ဘုရား)။

ကမ္မဿကတ သမ္မာဒိဋ္ဌိတော့ဖြင့် သာသနာပမှာ ရှိပါတယ် (မှန်ပါ ဘုရား)၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိက (မရှိပါ ဘုရား)၊ မရှိဘူး၊ သူက သာသနာတွင်းမှာသာ ရှိတယ် (မှန်ပါ ဘုရား)။

အဲဒီလိုမှတ်ပြီး ဒကာ ဒကာမတွေ ထားတော့မှ ဪ တို့သည်ကားလို့ဆိုလို့ရှိရင် သာသနာတွင်း ကမ္မဿကတ သမ္မာဒိဋ္ဌိရော သစ္စာနုလောမိက သမ္မာဒိဋ္ဌိရော တို့မှာ နှစ်မျိုးရခြင်းကြောင့် တို့ တယ်ကျေးဇူးများပါ ကလားလို့ မှတ်လိုက်ပါ (မှန်ပါ ဘုရား)။

သာသနာပသာ ဒီ ဒကာ ဒကာမတွေ ဖြစ်နေကြမယ်ဆိုရင် ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ပဲ အချိန်ကုန်သွားမှာ ပဲ (မှန်ပါ ဘုရား)။

အခုတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ လှူလိုက် တန်းလိုက် ပေးလိုက် ကမ်းလိုက်၊ ဒါကလေးရှိကြတယ် (မှန်ပါ ဘုရား)၊ ဖြစ်ပျက်ရှုတဲ့ သစ္စာနုလောမိက သမ္မာဒိဋ္ဌိကော (ရှိပါတယ် ဘုရား)။

ရှိတယ်ဆိုတော့ ဪ ဒီ ဒကာ ဒကာမတွေက ဆုတောင်း အကြီးအကျယ်ပြည့်ပြီး သကာလ လာတဲ့ အတွက် သာသနာတွင်း သမ္မာဒိဋ္ဌိ နှစ်မျိုးရတဲ့ ပုဂ္ဂိုလ်တွေလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ ဘုရား)။

ကမ္မဿကတာ သမ္မာဒိဋ္ဌိလည်း ရတာပဲ (မှန်ပါ)၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိကော (ရပါတယ် ဘုရား)။

အဲဒါက သာသနာတွင်း ပုထုဇဉ်မှသာ ရတယ်နော် (မှန်ပါ)၊ သာသနာပ ပုထုဇဉ်မှာတော့ ဒကာ ဒကာမတွေ မှတ်ထား၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိသာ ရတယ် (မှန်ပါ ဘုရား)။

ကမ္မဿကတာ သမ္မာဒိဋ္ဌိ

ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာက ဘာတုံးလို့မေးတဲ့အခါ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်။ မကောင်း တာလုပ် မကောင်းကျိုး ပေးတယ်ဆိုပြီး သကာလ ဒီလိုယုံကြည်တဲ့ဥစ္စာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ (မှန်ပါ ဘုရား)။

သို့သော် သူက ဘာကလေး ငြိနေတုံးဆိုတော့ “အတ္တဒိဋ္ဌိ ပရာမာသကတ္တာ”လို့ ဖွင့်ထားသောကြောင့် အတ္တ ဒိဋ္ဌိကလေး ငြိနေတယ် (မှန်ပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ သာသနာတွင်းမှာ ဆွမ်းတစ်ဇွန်းလှူနဲ့ သာသနာပမှာ ထမင်းရည်ချောင်းစီး လှူနဲ့ မတူဘူးဆိုတာ ဒါကွာသွားတာပဲ (မှန်ပါ ဘုရား)။

သာသနာပမှာ ထမင်းရည်ချောင်းစီးလှူတာနဲ့ သာသနာတွင်း ဆွမ်းတစ်ဇွန်းလောင်းလှူတာနဲ့ ကွာခြားတယ် (ကွာပါတယ် ဘုရား)၊ ဘယ်သူက သာသေးသတုံး (သာသနာတွင်းက သာပါတယ် ဘုရား)။

သာသနာတွင်းက သာတယ်၊ ဘာကြောင့်တုံးဆိုတော့ သူက သမ္မာဒိဋ္ဌိ နှစ်မျိုးရတယ်တဲ့၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိလည်း ရတယ် (ရပါတယ် ဘုရား)၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိကော (ရပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေဟာ အင်မတန် ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်တွေမို့ သမ္မာဒိဋ္ဌိနှစ်မျိုး ကိုယ်ပိုင် ရတယ် (မှန်ပါ ဘုရား)။

ဘယ်နှစ်မျိုး ကိုယ်ပိုင်ရပါလိမ့် (သမ္မာဒိဋ္ဌိနှစ်မျိုး ကိုယ်ပိုင်ရပါတယ် ဘုရား)၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိရော (ရပါတယ်)၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိရော (ရပါတယ် ဘုရား)။

အတ္တဒိဋ္ဌိမပြုတ်ဘူးတဲ့

အဲ သာသနာပကျတော့ ဒကာ ဒကာမတွေ ဒါကလေး ကမ္မဿကတာ သမ္မာဒိဋ္ဌိလောက်နဲ့ အချိန်ကုန်ပြီး သကာလ နေရတော့ အတ္တဒိဋ္ဌိမပြုတ်ဘူးတဲ့ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို သစ္စာနုလောမိက သမ္မာဒိဋ္ဌိကို ယနေ့ ရှင်းပြီး သကာလ တို့သစ္စာနုလောမိက သမ္မာဒိဋ္ဌိတော့ တို့ နေ့တိုင်း လှူဒါန်းပေးကမ်းနေတာကလေး ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲ သစ္စာနုလောမိက သမ္မာဒိဋ္ဌိလည်း ယနေ့ ရပြန်တယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် ဝမ်းမြောက်ကြစမ်းပါ (မှန်ပါ ဘုရား)။

ဤကဲ့သို့ ဝမ်းမြောက်သောကြောင့် ဒကာ ဒကာမတို့ သုဂတိနတ်ပြည်ကနေပြီး သကာလ နိဗ္ဗာန်ကူးနိုင် တယ်ဆိုတာလည်း သေချာပါတယ် (သေချာပါတယ် ဘုရား)၊ ဘာကြောင့်တုံးဆိုတော့ သမ္မာဒိဋ္ဌိနှစ်မျိုး ရလို့ (မှန်ပါ ဘုရား)။

ဒါကြောင့် “သာသနိကော ဒွီဟိပိ” (မူလပဏ္ဏာသအဋ္ဌကထာ၊ ပ၊ နှာ-၂၀၀။)လို့ အဋ္ဌကထာဆရာဖွင့်တယ်၊ သာသနိကော-သာသနာရှိတဲ့အခါကာလ ၌၊ ဒွိဟိပိကာရဏေဟိ-နှစ်ပါးသောအကြောင်းနဲ့ ပြည့်စုံတယ်ကွာဆိုပြီး ကမ္မဿကတာ သမ္မာဒိဋ္ဌိလည်း ရတယ်ဘုရား သစ္စာနုလောမိက သမ္မာဒိဋ္ဌိလည်း ရတယ် (မှန်ပါ ဘုရား)။

သာသနာပတော့ ဘာသာရပါလိမ့် (ကမ္မဿကတာ သမ္မာဒိဋ္ဌိသာ ရပါတယ် ဘုရား)၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိ သာ ရတယ်ဆိုတော့ အတ္တဒိဋ္ဌိ မပြုတ်ဘဲဖြစ်တယ် (မှန်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် စာကဖြင့် ဆိုထားတာပဲ၊ ဒီ ဒကာ ဒကာမတွေက ရ-မရ ယနေ့တော့ဖြင့် အလုပ်နဲ့ စစ် ဆေးရတော့မယ် ဦးခင်မောင်တို့ ဒကာဝတို့နော် (မှန်ပါ ဘုရား)။

ကမ္မဿကတာ သမ္မာဒိဋ္ဌိကတော့ ဆွမ်းလောင်ကြ ကွမ်းလောင်းကြ၊ ဒကာ ဒကာမတွေ လှူဒါန်းကြ သားရှင် ပြုကြ အမျိုးမျိုးရနေပါပြီ၊ အင်မတန် ကောင်းနေပါပြီ။

သမ္မာဒိဋ္ဌိ နှစ်မျိုးရ-ရမယ်

သို့သော် သာသနာတွင်းသားဖြစ်တဲ့အခါ သမ္မာဒိဋ္ဌိ နှစ်မျိုးရ-ရမယ်ဆိုတော့ “သစ္စာနုလောမိက သမ္မာဒိဋ္ဌိ” လည်း ရပါမှ ကိစ္စပြီးကြမှာကိုး (မှန်ပါ ဘုရား)။

အဲဒါကြောင့် “သစ္စာနုလောမိက သမ္မာဒိဋ္ဌိ”ကိုလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရသေးတဲ့ပုဂ္ဂိုလ် ရအောင်လုပ်၊ ရပြီးသားပုဂ္ဂိုလ်သည် အထက်မဂ် အထက်ဖိုလ်ကျအောင် ကူးအောင်လုပ်လိုက်ပါ (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ပြတော့မယ် တဲ့၊ သစ္စာနုလောမိက သမ္မာဒိဋ္ဌိကို ဒီ ဒကာ ဒကာမတွေ ယနေ့ပြမယ်၊ ဘာကြောင့် ဒါပြရသတုံးဆိုတော့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” လုံလောက်ပြီးသားတွေဖြစ်နေလို့ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကမ္မဿကတာ သမ္မာဒိဋ္ဌိက (လုံလောက်ပြီးသားဖြစ်နေလို့ပါ ဘုရား)၊ လုံလောက်ပြီးသား ဖြစ်နေပြီတဲ့။

အဲဒီတော့ သစ္စာနုလောမိက သမ္မာဒိဋ္ဌိ မရသေးရင် သာသနိကောဆိုတဲ့ သာသနာတွင်းသား မဖြစ်သေးဘူး (မှန်လှပါ ဘုရား)။

အဲဒါကြောင့် သာသနာတွင်းသားကလေး ဖြစ်တယ်၊ မဖြစ်တယ်ဆိုတာလည်း မနေ့က ဒိဋ္ဌိချိန်သလို ဒီနေ့လည်း အလုပ်နဲ့ ချိန်ကြည့်ပါ (မှန်ပါ ဘုရား)။

အဝိဇ္ဇာပစ္စယာသင်္ခါရာ

ကဲ- ချိန်ပုံကလေး ပြပါတော့မယ် တဲ့၊ ဒကာ ဒကာမတို့ ဒီဘက်က သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာ (မှန် ပါ)။

ဘာမသိတာပါလိမ့် (သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာပါ ဘုရား)။

အေး “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ”ဆိုတဲ့အတိုင်း သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနော် (မှန်လှပါ)။

အဝိဇ္ဇာပစ္စယာ ဘာတဲ့တုံး (သင်္ခါရာပါ ဘုရား)၊ သင်္ခါရဆိုတော့ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာ ဘိသင်္ခါရဆိုတဲ့ သင်္ခါရ စေတနာတွေဟာ သိပြီးသားပဲ ထားပါတော့ ဒါတွေဟာနော် (မှန်ပါ ဘုရား)။

အဲဒီတော့ကို သင်္ခါရပစ္စယာ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာလို့ ပေါင်းလိုက် (ခန္ဓာငါးပါးပါ ဘုရား)။

ခန္ဓာငါးပါး သေချာကြပလား (သေချာပါပြီ)၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒကာ ဒကာမ တွေက ပဋိစ္စသမုပ္ပါဒ်သုတ္တန်ကို တန်းပြငြားသော်လည်း ဖြစ်စဉ်ကတော့ ခန္ဓာငါးပါး (မှန်လှပါ)၊ တစ်ပြိုင်နက် ပေါ် လာတယ်နော် (မှန်ပါ ဘုရား)။

နာမ်ရုပ်ရယ်၊ ကာယ, ဘာဝ ဝတ္ထုဒသကကလာပ် သုံးစီးရယ် ဒကာ ဒကာမတို့ တစ်ပြိုင်နက် ဖြစ်တယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ခန္ဓာငါးပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒီခန္ဓာငါးပါးကို တစ်ပါးပါးတို့၏ အဖြစ်အပျက်ကို မြင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ် ရပြီ (မှန်လှပါ ဘုရား)။

ဒီခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် (သစ္စာနုလောမိကဉာဏ် ရပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်

ဒါဖြင့် ရ-မရ အကဲခတ်ကြစို့၊ ဒီသစ္စာနုလောမိကဉာဏ်ရမှလည်း ဦးခင်မောင်တို့ ဒကာဝတို့ အထက်ကို သံသရာပြတ်မှာကိုးဗျ (မှန်လှပါ)၊ အဝိဇ္ဇာသင်္ခါရတွေ အကုန်ချုပ်ပြီး သကာလ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ ချုပ်ပြီးရင် ဇာတိ ဇရာ မရဏတွေကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

အဲဒီတော့ မလာနိုင်အောင်ကတော့ သစ္စာနုလောမိကဉာဏ် ရဦးမှ ဖြစ်မယ် (မှန်ပါ ဘုရား)။

တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ငါတို့သည် ကမ္မဿကတာ သမ္မာဒိဋ္ဌိကတော့ဖြင့် ငါတို့ အင်မတန်ပဲ ကြိုးစားလို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်နဲ့ နောက်ဘဝက ရခဲ့ပြီ၊ ဤဘဝလည်း ရနေကြတယ်၊ အင်မတန် ဝမ်းမြောက် စရာဖြစ်နေပါပြီ၊ အထက်တက်တဲ့ သစ္စာနုလော မိကဉာဏ်ကလေးကို ဒကာ ဒကာမတွေ လိုတဲ့ပုဂ္ဂိုလ်ကို ဖြည့်ပါ (မှန်ပါ ဘုရား)၊ ဖြည့်တဲ့ပုဂ္ဂိုလ်ကလည်း လိုသေးတယ် ထင်လို့ရှိရင်လည်း တစ်ခါတည်း မဂ်ဆိုက် ဖိုလ်ဆိုက်ကျအောင် လုပ်ယူလိုက်ပါ (မှန်ပါ ဘုရား)။

ဦးခင်မောင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ကြီးတယ်ဆိုတော့ ကိုင်း ဒကာ ဒကာမတို့ ဒါ အစေလကဿပနဲ့ တွဲဟောတော့တာပဲဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ ဘုရား)။

အစေလကဿပက ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ် မရတော့ ဒါ ခန္ဓာငါးပါးဟာ ဒုက္ခ သစ္စာတရား၊ သဘောကျပလား (ကျပါပြီ)။

အဲဒီဒုက္ခကြီးကို ရှင်ကြီးဂေါတမ မိမိပြုတာလား လို့ မေးလိုက်တယ် (မှန်ပါ ဘုရား)၊ မိမိပြုတာလား လို့ မေးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ မေးတာ (မှန်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့၊ မဟုတ်ဘူးဆိုတော့ ဒကာ ဒကာမတွေက သိပြီ၊ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ခန္ဓာငါးပါးဆိုတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ် (မှန်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အကြောင်းကြောင့် အကျိုးဖြစ်တယ်

ကောင်းပြီ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ရှင်းတော့ ဝိပဿနာရှုတဲ့အခါလည်း ခန္ဓာငါးပါး ရှုတဲ့အခါကျတော့ ဪ ဒါ အကျိုးတရားကလေးတွေပဲ၊ ဒီအကျိုးတရားကလေးတွေ ဖောက်ပြန်ပျက်စီးနေတာ ပဲဆိုတာ သိရပါလိမ့်မယ်နော် (မှန်ပါ)၊ တစ်ခါ ဒုတိယမေးလိုက်ပြန်တော့လည်း ရှင်ကြီးဂေါတမ ဒုက္ခသူတစ်ပါး ပြုတာလားလို့ မေးလိုက်တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့)၊ မဟုတ်ပါဘူးလို့ ဖြေလိုက်တော့ ဒကာ ဒကာမတွေက ရှင်းနေပြီ (မှန်ပါ ဘုရား)။

အဝိဇ္ဇာကြောင့် (သင်္ခါရဖြစ်ပါတယ် ဘုရား)၊ သင်္ခါရကြောင့် (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကျအောင် ထည့်လိုက် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကောင်းပြီ၊ ဒါဖြင့် သူတစ်ပါးပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ မိမိပြုတာလည်း မဟုတ်၊ သူတစ်ပါးပြုတာလည်း မဟုတ်၊ မိမိပြုတယ်လို့ ထင်လို့ရှိရင် ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ သဿတဒိဋ္ဌိ (မှန်ပါ)၊ ဒီဟာတွေကို ငါလုပ်ပစ်လိုက် လို့ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ငါလုပ်ပစ်လိုက်တဲ့အခါကျတော့ သဿတဒိဋ္ဌိ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါကြောင့် သဿတ ဒိဋ္ဌိလည်း စင်ပြီးသား ဒီ ဒကာ ဒကာမတွေ ဖြစ်ပါတယ် (မှန်ပါ ဘုရား)။

ကိုင်း သူတစ်ပါးပြုတာလားဆိုတော့ ဒီခန္ဓာငါးပါး ဒကာ ဒကာမတွေ ယခု တရားနာနေတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား)၊ ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာ သင်္ခါရ ပြုတာပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရကြောင့် ကိုယ့်ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးဖြစ်တာပါ (မှန်ပါ ဘုရား)။

ဦးခင်မောင် ဒါဟာ မနေ့ကလည်း ရှင်းထားပြီ (ရှင်းထားပါတယ် ဘုရား)၊ မိမိ သူတစ်ပါး နှစ်ဦးသားပြုတာ လား ရှင်ကြီးဂေါတမ လို့ မေးလိုက်ပြန်တယ် (မှန်ပါ)၊ ဒီလိုမေးတော့ကော ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။

ဘယ်မှာတုံး ဒီအထဲ မိမိကောပါရဲ့လား (မပါပါ ဘုရား)၊ သူတစ်ပါးကော (မပါပါ ဘုရား)။

အဝိဇ္ဇာကြောင့် (သင်္ခါရဖြစ်ပါတယ် ဘုရား)၊ သင်္ခါရကြောင့် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားဖြစ်တယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ခန္ဓာငါးပါး (ဒုက္ခသစ္စာ တရား ဖြစ်ပါတယ် ဘုရား)၊ အဲ မိမိ သူတစ်ပါးနှစ်ဦးသားပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အလိုလိုပေါ်တာလည်း မဟုတ်ဘူး

ရှင်းပြီ၊ ဒါဖြင့် ဦးခင်မောင်တို့ ဒကာဝတို့ မေးပြန်တယ် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ အလိုလိုပေါ်တာ လားတဲ့ (မဟုတ်ပါ)၊ အလိုလိုပေါ်တာလည်း မဟုတ်ဘူး ဒကာ ဒကာမတို့ မိုးပေါ်ကျလည်း မဟုတ်ပါဘူး (မဟုတ် ပါ ဘုရား)၊ အင်း ဘယ်သူပြုပြင်လိုက်တာပါလိမ့် (အဝိဇ္ဇာသင်္ခါရက ပြုပြင်လိုက်တာပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရ ကြောင့် ဘာဖြစ်သတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အလိုလိုဖြစ်တယ်ဆိုတဲ့ အဟေတုကဒိဋ္ဌိလည်း စင်မသွားဘူးလား (စင်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပဉ္စမမြောက်ပုစ္ဆာကို ဦးခင်မောင် မေးလိုက်ပြန်တယ်နော် (မှန် ပါ)၊ ဒါကတော့ လွယ်ပါတယ် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ ရှင်ကြီးဂေါတမ မရှိဘူးလားလို့ မေးလိုက်တယ် (မှန်ပါ)၊ ဘယ့်နှယ်ဖြေကြမလဲ (ရှိပါတယ် ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ နေရတယ်

ဒါကလေးတွေက ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ နေရပါတယ် (မှန် ပါ ဘုရား)၊ အဲဒီတော့ သူ့ကို ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာ၊ ဒါက အပြောဒုက္ခသစ္စာနော် (မှန်ပါ)၊ နောက်ကျတော့ ဒကာ ဒကာမတို့ အိမ်မှာဖြစ်စေ၊ ယောဂီ ကျောင်းမှာဖြစ်စေ၊ ကြိုက်တဲ့နေရာမှာဖြစ်စေ ဆိတ်ငြိမ်တဲ့နေရာမှာ ကြိုးစားကြည့်တော့ ဪ ဖြစ်ပျက်ကလေး တွေဟာ ဒုက္ခသစ္စာကလေးတွေပါလားလို့ ကိုယ့်ဉာဏ်ထဲ ထင်ရင် သစ္စာနုလောမိကဉာဏ်ရပြီ (မှန်ပါ ဘုရား)၊ ဒါ နည်းပေးနေတာလို့ ယနေ့တော့ မှတ်ပါနော် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ဒုက္ခသစ္စာမရှိဘူးလား ရှိသလားလို့ မေးတော့ ဘယ့်နှယ်ဖြေသလဲ (ရှိပါတယ် ဘုရား)။

ဒါ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ကောင်းပြီ ရှင်းနေပြီ ရှိတယ်လို့ ဘုရားက ဖြေလိုက်တယ် (မှန် ပါ)၊ ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကို ရှင်ကြီးဂေါတမ သိပါရဲ့လားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (သိပါတယ်ကွာတဲ့)၊ သိတယ်လို့ ဖြေလိုက်တယ်၊ ဒကာ ဒကာမတို့ ဘယ်လိုဖြေလိုက်ပါလိမ့် (သိတယ် လို့ ဖြေလိုက်ပါတယ် ဘုရား)။

ဒါဟာ ခန္ဓာငါးပါး ဘာတရားပါလိမ့် (ဒုက္ခသစ္စာတရားပါ ဘုရား)၊ အဲ ဒုက္ခသစ္စာတရားဆိုတာ တစ်နေ့ကလည်း နည်းနည်းစိတ်ပြီး ပြောခဲ့တယ်၊ ဒု-ခ သစ္စာ (မှန်ပါ)၊ ဒု-က စက်ဆုပ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာက မှန်တာ (မှန်ပါ)။

ဘာတဲ့တုံး (ဒု-က စက်ဆုပ်စရာပါ ဘုရား)၊ ခ-ကကော (အသုံးမကျတာပါ ဘုရား)၊ သစ္စာက (မှန်တာပါ ဘုရား)၊ ဒု-က (စက်ဆုပ်စရာပါ ဘုရား)၊ စက်ဆုပ်စရာနော် ခ-က (အသုံးမကျတာပါ)၊ သစ္စာက (မှန်တာပါ ဘုရား)။

စက်ဆုပ်စရာ အသုံးမကျတာ အမှန်

ပေါင်းလိုက်တော့ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာတဲ့တုံး (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)၊ သေသေချာချာကြည့်လို့ ဒီအတိုင်း မြင်လို့ရှိရင် သစ္စာနုလောမိကဉာဏ် ရပြီ (မှန်ပါ)၊ သစ္စာနုလောမိကဉာဏ် ရလို့ရှိရင် မပူပါနဲ့တော့ (မှန်ပါ)၊ သစ္စာနုလောမိကဉာဏ်ရလို့ရှိရင် ရှေ့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုတာ ပေါ်လာတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ သစ္စာနဲ့လျော်တဲ့ဉာဏ် မရသေးလို့ရှိရင် သစ္စဉာဏ်, ကိစ္စဉာဏ် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

အေး ဒါကြောင့် အဲဒီလိုမေးလိုက်တဲ့အခါ ဒုက္ခမသိဘူးလားဆိုတာ သိတယ်လို့ ဘုရားက ဖြေတယ်။

သိရင်ဘုရား တပည့်တော်ကို ပြောစမ်းပါ တဲ့ (မှန်ပါ)၊ ဒုက္ခသိရင် ပြောစမ်းပါ၊ တစ်လုံးတိုးလာပြီ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ဒုက္ခသိရင် ပြောစမ်းပါ

ဒုက္ခသိရင် အရှင်ဘုရား တပည့်တော်ကို ဟောပါဘုရား ပြောပါဘုရားဆိုတော့၊ အို အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဒုက္ခသစ္စာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရ ပစ္စယာ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါတွေဟာ ခန္ဓာငါးပါးတွေ ပေါ်နေတာ ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီတဲ့၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပေါ်လာတယ်ဆိုတာ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ကိုင်း ဒီခန္ဓာငါးပါး ချုပ်ငြိမ်းသွားလို့ရှိရင် နိဗ္ဗာန်ပဲမဟုတ်လား (မှန်ပါ)၊ အင်း သူချုပ်ငြိမ်းတယ် ဆိုတဲ့ဥစ္စာ သူ့အကြောင်း ချုပ်ငြိမ်းမှ ချုပ်ငြိမ်းမှာပေါ့ (မှန်ပါ)။

ဒါဖြင့် အဝိဇ္ဇာချုပ်မှ (သင်္ခါရချုပ်ပါတယ် ဘုရား)၊ သင်္ခါရချုပ်မှ (ခန္ဓာငါးပါးချုပ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားချုပ်တယ်၊ ကောင်းပြီ၊ အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်မယ်၊ သင်္ခါရချုပ်ရင် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ချုပ်ပါတယ် ဘုရား)၊ ဒါဖြင့် ယခု တရားနာနေတာဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ)၊ ယခု တရားနာနေတာ (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပါ ဘုရား)။

နှိပ်စက်လိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမတို့၊ ထမင်းပေးလို့လည်း ပေးလို့ပြီးရဲ့လား (မပြီးပါ ဘုရား)၊ ရေသောက် ပေးတာကော (မပြီးပါ ဘုရား)၊ ကျင်ကြီးကျင်ငယ် စွန့်ပေးတာကော (မပြီးပါ ဘုရား)၊ နှိပ်နယ်ပေးနေရတာကော (မပြီးပါ ဘုရား)။

ဘယ့်နှယ်လဲ သူ့ကို ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာမဟုတ် အမြဲ မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။

ဒါကြောင့် ဒီခန္ဓာငါးပါးကို ဘာသစ္စာတရားလို့ ဆိုကြမယ် (ဒုက္ခသစ္စာတရားပါ ဘုရား)။

အမြဲနှိပ်စက်နေတယ်

ဒါဖြင့် “ဒုက္ခဿ ပီဠနဋ္ဌော” ဒုက္ခဿ-ဒုက္ခသစ္စာ၏၊ ပီဠနဋ္ဌော-ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက် တတ်တဲ့သဘောသည်လည်းကောင်း၊ အမြဲနှိပ်စက်နေတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီခန္ဓာကြီးက (အမြဲနှိပ်စက်တတ်နေပါတယ် ဘုရား)၊ အမြဲနှိပ်စက်နေတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ရေတိုက်လို့လည်း သူ့မှာ မပြီးဘူးနော် (မှန်ပါ)။

ဆေးတိုက်လို့ကော (မပြီးပါ ဘုရား)၊ အဝတ်တွေ ခြုံရုံပေးလို့ကော (မပြီးပါ ဘုရား)၊ မပြီးပါဘူး၊ ကျင်ကြီး ကျင်ငယ် စွန့်ပေးလို့ကော (မပြီးပါ ဘုရား)၊ အအိပ်အနေ ကောင်းကောင်းမွန်မွန် ထားပေးလို့ကော (မပြီးပါ ဘုရား)။

မပြီးပါဘူး၊ မွေ့ရာပေါ်မှာ အိပ်ချင်တယ်၊ ကုလားထိုင်မှာ ထိုင်ချင်တယ်ဆိုတာတွေကလည်း အမျိုးမျိုး သူ့ကို ခင်တဲ့ပုဂ္ဂိုလ်က ဝယ်ခြမ်းပြီး ပေးမနေရဘူးလား (ပေးနေရပါတယ် ဘုရား)။

ဒါဖြင့် ခင်တဲ့ပုဂ္ဂိုလ်ကို အမြဲနှိပ်စက်နေတာ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရား (မှန်ပါ ဘုရား)၊ ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တယ် (မှန်ပါ)၊ မခင်တဲ့ပုဂ္ဂိုလ်ကျပြန်တော့လည်း (မနှိပ်စက်ပါ ဘုရား)။

မနှိပ်စက်ပါဘူးတဲ့၊ ခင်ဗျားတို့ ကျုပ်တို့ကတော့ အို ကိုယ့်ကိုယ်ကိုယ်တော့ ကျုပ်က ပိုးမွေးသလို မွေးနေ တာ၊ အံမာ ဒကာ ဒကာမတွေက အသားများ ယူလိုက်ကြသေးတယ်၊ ခန္ဓာကိုယ် ဘာတဲ့ (ပိုးမွေးသလို မွေးနေတာပါ ဘုရား)၊ တယ်လည်း ခင်ကြပါကလား၊ အဲဒီလိုခင်ရင်ဖြင့် သူနှိပ်စက်လိမ့်မယ် (မှန်ပါ)။

ခင်တဲ့ပုဂ္ဂိုလ်ကို (နှိပ်စက်ပါတယ် ဘုရား)၊ အဲ ခင်ဗျားတို့ ဂုဏ်ယူနေတာက တခြား၊ နှိပ်စက်နေတာက တခြား၊ နှိပ်စက်နေတာကို ခင်ဗျားတို့က သဘောကျနေတဲ့သဘောသို့ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခန္ဓာငါးပါးက ဘာလုပ်တတ်သတုံး

ခန္ဓာငါးပါးက ဘာလုပ်တတ်သတုံး (နှိပ်စက်တတ်ပါတယ်)၊ နှိပ်စက်တတ်တယ်ဆိုတော့ ကျွေးရှင် မွေးရှင်ရယ် လို့များ ငဲ့ရဲ့လား (မငဲ့ပါ ဘုရား)။ ပြုရှင် စုရှင်ရယ်လို့ကော (မငဲ့ပါ ဘုရား)၊ ဘာလုပ်သတုံး သူက (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်နေတာပဲ အဲဒီ နှိပ်စက်တာကို ခင်ဗျားတို့က မသိသေးတဲ့ သစ္စာနုလောမိကဉာဏ် မရသေးတဲ့ ပုဂ္ဂိုလ် များက ဒကာဝတို့ ဦးခင်မောင်တို့ ကိုယ့်ကိုယ်မှ ကိုယ် မယုယလို့ရှိရင်ဖြင့် ဘယ်ဖြစ်လိမ့်မတုံးတဲ့ (မှန်ပါ)။

အံမာ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုယ် မယုယလို့ရှိရင်ဖြင့် ဘယ်ဖြစ်မတုံးတဲ့၊ ပိုးမွေးသလို မွေး ပြီး ကျုပ်က ထားခဲ့တာဆိုတော့ သူများလို နေပူဆိုလည်း ရှောင်ပါတယ်၊ အအေးဆိုလည်း ရှောင်ပါတယ်၊ အစား ဆိုတာ တည့်တာမှ ကျွေးပါတယ်၊ အနှိပ်အနယ်ဆိုတာလည်း အမြဲတမ်း လိုလိုပါပဲ၊ ဓာတ်စာ ဆေးစာဆိုတာ ဘယ် လောက်ပေးရပေးရ ဝယ်ကျွေးနေတာပဲ (မှန်လှပါ ဘုရား)။

အံမာ တယ်ခင်ပါကလား ဒကာ ဒကာမတို့ (ခင်ပါတယ် ဘုရား)၊ ဘယ်သူခင်တာပါလိမ့် (ခန္ဓာ ကိုယ် ခင်တာပါ ဘုရား)။

ဒါဖြင့် နှိပ်စက်တတ်တဲ့တရား ခင်နေတာပေါ့ (မှန်ပါ)၊ ဘယ်သူ့ ခင်နေကြသလဲ (နှိပ်စက်တတ်တဲ့တရား ခင် နေကြပါတယ် ဘုရား)။

ဪ ကိုက်တတ်တဲ့ကျားမှ ခင်ဗျားတို့က ခင်ရင်တော့ဖြင့် အကိုက်တော့ ခံရမှာ သေချာပါတယ် (မှန် ပါ)။

ကိုက်တတ်တဲ့ကျားကို ခင်လို့ရှိရင်

ကိုက်တတ်တဲ့ကျားကို ခင်လို့ရှိရင် (အကိုက်ခံရမှာ သေချာပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ ကိုက်တတ်တဲ့တရား၊ ခင်ဗျားတို့ ယုယတဲ့ပုဂ္ဂိုလ်က ခင်တဲ့ပုဂ္ဂိုလ်၊ သူကိုက်တာနဲ့ပဲ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ငိုပွဲချည်း ခံရပါလိမ့်မယ် (မှန်ပါ) မခံရပေဘူးလား (ခံရပါတယ် ဘုရား)။

ကျုပ်ပြုလျက်သားနဲ့ ဖြစ်မှ ဖြစ်ရလေခြင်း၊ စုလျက်သားနဲ့ ဖြစ်မှ ဖြစ်ရလေခြင်း၊ ခင်ဗျားတို့ ပြုတာ စုတာကို ဒုက္ခသစ္စာက သုခသစ္စာ ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)။

သူ့သဘောကို နဂိုက စဉ်းစားထားပါ၊ ခန္ဓာငါးပါးသဘောကို နဂိုက စဉ်းစားထားပါ စက်ဆုပ်စရာ အသုံး မကျတာ အမှန် (မှန်ပါ ဘုရား)။

သူက ဘာလုပ်မယ်ထင်ကြသလဲ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်လုပ်ပါတယ် ဘုရား)။ ဒီ အလုပ်ပဲ လုပ်မယ်၊ ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်မယ် (မှန်ပါ)၊ ဒါ ဘယ်သူ၏ အလုပ်ပါလိမ့် (ဒုက္ခသစ္စာ၏ အလုပ်ပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏ အလုပ်ဆိုတာ သေချာပလား (သေချာပါပြီ)၊

ညှာတာမဖက် အမြဲနှိပ်စက်၏

အဲ ဒါကြောင့် “ဒုက္ခဿ ပီဠနဋ္ဌော”။ ဒုက္ခဿ-ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏။ ပီဠနဋ္ဌော-ခင်တဲ့ ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်၏ (မှန်ပါ)။

အဲဒီတော့ နောက်တော့ ရေတိုက်ရပြန်လည်း ဪ နှိပ်စက်ပြန်ပြီ လုပ်ကြစမ်းပါ (မှန်ပါ)၊ ထမင်း ကလေး ကျွေးပြန်ရင်ကော (နှိပ်စက်ပြန်ပါပြီ ဘုရား)။

နှိပ်စက်တယ်၊ ပိုက်ဆံရှိလို့ စားရတယ်များ သွားပြီး လုပ်မနေနဲ့ဦးနော် (မှန်ပါ ဘုရား)။

နှိပ်စက်တာက ဒီဥစ္စာ (မှန်ပါ)၊ ခင်ဗျားတို့ကလည်း ဂုဏ်မယူသင့်တာကျတော့ အင်မတန် ဂုဏ်ယူတယ် (မှန်ပါ)၊ ကျုပ်တို့က ပဲများဆို စားရင် လေနာတယ်၊ အသားကလေး နည်းနည်းပါမှတဲ့၊ ဂုဏ်ကတော့ ကြံဖန် ယူသေးတယ် (မှန်ပါ)၊ ကျွန်ကနေ ဂုဏ်ယူနေတာ (မှန်ပါ ဘုရား)။

နှိပ်စက်တတ်တဲ့တရားကို ဒကာ ဒကာမတွေက အမွှမ်းတင်ပြီး သကာလ နေတော့ ခင်ရာမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခင်ရာရောက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ခင်တယ်ဆိုတော့ တဏှာ (မှန်ပါ)၊ စွဲလမ်းတယ်ဆိုတော့ (ဥပါဒါန်ပါ ဘုရား)။ သူ့အတွက် ချိုချဉ်ဝယ်ပေးမယ်ဆိုတော့ (ကမ္မဘဝပါ ဘုရား)။

အဲဒီပုဂ္ဂိုလ် သေသွားတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ အဲ ကြပ်ကြပ်ခင်ပေး ဇာတိရလိမ့်မယ် (မှန်ပါ)၊ ဘာဇာတိတုံးမေးတော့ အပါယ်ဇာတိက များသနော် (မှန်လှပါ ဘုရား)။

ဘာဇာတိတုံး မေးရင် (အပါယ်ဇာတိပါ ဘုရား)၊ ဪ ဘယ့်နှယ်ကြောင့် ဒီအပါယ်ဇာတိ ရပါလိမ့်မတုံး အို ပိုးမွေးသလို မွေးလို့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် (ပိုးမွေးသလို မွေးလို့ပါ ဘုရား)၊ ဪ ခင်ဗျားတို့ ဂုဏ်ယူတာနဲ့ ခက်ကပြီ။ တယ် မြို့သုံးများ ကြောက်စရာကောင်းပါကလား (မှန်ပါ)။

ဦးခင်မောင် ခင်ဗျားကော သုံးမိသလား (သုံးမိပါတယ် ဘုရား)။ ဟ အာ ဖြစ်မှဖြစ်ရလေဗျာ၊ အရွယ်ကလည်း ကြီးလှပြီ။

မသုံးပါနဲ့တော့ ဒကာ ဒကာမတို့ နှိပ်စက်တတ်တဲ့တရားကို မင်းနှိပ်စက်ပြန်ပြီဆိုတာသာ ဒကာ ဒကာမ တွေက နှလုံးသွင်းပါ (မှန်ပါ)။

သူက ရေတောင်းပြန်ရင် ဘယ့်နှယ်ဆိုမလဲ (နှိပ်စက်ပြန်ပါပြီလို့ ဆိုပါတယ် ဘုရား)၊ ဆေးလိပ်တောင်းပြန်ရင် ကော (နှိပ်စက်ပြန်ပါပြီ ဘုရား)။

နှိပ်စက်ပြန်ပြီ၊ သူက နှိပ်စက်လို့ ဒကာ ဒကာမတွေ ဆေးလိပ်မရှိရင် ပြေးဝယ်ရတယ် (မှန်ပါ)၊ မဝယ် ရဘူးလား (ဝယ်ရပါတယ် ဘုရား)။

ရေအိုးကို ယခုအခါ နွေခါမို့ ရေအိုးဟောင်းမသောက်ချင်ပါဘူး၊ ရေအိုးသစ်မှ စိမ့်တဲ့အိုးမှ သောက်ချင်ပါတယ် ဆိုရင် ကပျာကယာ ပြေးရတယ် (မှန်ပါ ဘုရား)။

ဘယ်သူက နှိပ်စက်တာပါလိမ့် (ခန္ဓာက နှိပ်စက်တာပါ)၊ အဲဒီတော့ သူ့ကိုသာ ခင်ဗျားတို့က ပိုးမွေးသလို မွေးရင် ပြေးမည့်သာပြင် (မှန်ပါ ဘုရား)။

ပိုးမွေးသလို မွေးရင် ပြေးမည့်သာပြင်

ဘာပြင်ရမလဲ (ပိုးမွေးသလို မွေးရင် ပြေးမည့်သာပြင်)၊ ပြေးမည့်သာ ပြင်တော့ ဆိုတာကော သဘောကျ ပလား (ကျပါပြီ ဘုရား)။

ပြေးချင်လို့ ပြေးရတာလား၊ နှိပ်စက်လို့ ပြေးရတာလား (နှိပ်စက်လို့ ပြေးရတာပါ ဘုရား)၊ အဲဒါကြောင့် “ဒုက္ခဿ ပီဠနဋ္ဌော”ဆိုတဲ့ ဒကာ ဒကာမတို့ သစ္စဉာဏ် ကိစ္စဉာဏ်ကို ယနေ့ ရှင်းပေးနေတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သူက ကျင်ကြီးစွန့်ဖို့ ခိုင်းပြန်ပြီ၊ သွားရပြန်ပြီ။ ဒါနှိပ်စက်တာပဲ (မှန်ပါ)၊ ကျင် ငယ်စွန့်ချင်တယ်ဆိုလို့ သူက သွားချင်ပြန်တယ်ဆိုလို့ လိုက်ပို့ရတာကော (နှိပ်စက်တာပါ ဘုရား)။

လိုက်ပို့ရတာက ဒကာ ဒကာမတို့ ခင်တဲ့ပုဂ္ဂိုလ်က လိုက်ပို့ရတာလား မခင်တဲ့ပုဂ္ဂိုလ်က လိုက်ပို့ရတာလား (ခင်တဲ့ပုဂ္ဂိုလ်က လိုက်ပို့ရတာပါ ဘုရား)။

အိုး ဒါက ကျန်းမာရေး၊ မပို့မဖြစ်ဘူး (မှန်ပါ)၊ ဘာဖြစ်လို့ပါလိမ့် (ခင်လို့ပါ ဘုရား)၊ နဂိုကတောင်မှ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ခင်လွန်းလို့ ဆုတောင်းတာ (မှန်ပါ ဘုရား)။

ဘယ်လို ဆုတောင်းထားသတုံး (ခလုတ်မထိ ဆူးမငြိရပါစေနဲ့လို့ ဆုတောင်းထားပါတယ် ဘုရား)၊ ဘယ်သူ့ကို ဆုတောင်းထားသတုံး (ခန္ဓာငါးပါးကို ဆုတောင်းပါတယ် ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ သူ့နာမည်ရင်းကို ကြည့်ကြည့်ကြပါဦး၊ ခင်ဗျားတို့က ခလုတ်မထိ ဆူးမငြိ ပါစေနဲ့လို့ ခင်ဗျားတို့က သူ့ကို မေတ္တာများပို့ပြီး နေလိုက်တော့ သူ့နာမည်ရင်း မေးကြပါဦး (ဒုက္ခဿ ပီဠနဋ္ဌောပါ ဘုရား)။

စက်ဆုပ်စရာ (အသုံးမကျတာ အမှန်ပါ ဘုရား)၊ ကဲ သူ့နာမည်ရင်းနဲ့ ခင်ဗျားတို့ ပြုစုနေတာနဲ့ ကိုက်ကဲ့ လား (မကိုက်ပါ ဘုရား)၊ သူ့နာမည်ရင်းက ဘာတဲ့ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)။

စက်ဆုပ်စရာ အသုံးမကျတာ အမှန်

စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတာက သူ့နာမည်ရင်းပါ (မှန်ပါ ဘုရား)။

အဲဒါကြီး ဦးခင်မောင်ကြီးတို့က အင်း ပိုးမွေးသလိုမွေးရတယ် ဘုရားဆိုတော့ စက်ဆုပ်စရာ အသုံးမကျ တာကြီးက ပြီးတော့ အမှန်ဆိုတာက ပါလိုက်သေးတယ် (မှန်လှပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)။

စက်ဆုပ်စရာ (အသုံးမကျတာ အမှန်ပါ ဘုရား)၊ အမှန်လို့ မပါဘူးလား (ပါပါတယ် ဘုရား)။

ခင်ဗျားတို့က ရေခဲသေတ္တာထဲက ရေတိုက်တိုက်၊ အိုးသစ်ထဲက ရေတိုက်တိုက် သူကတော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲလုပ်မှာပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူက ဘာလုပ်မယ် (စက်ဆုပ်စရာ အသုံးမကျတာ အမှန်လုပ်ပါမယ် ဘုရား)။

အေး ဒါဖြင့် ကုဋီတွေ အမျိုးမျိုး အဖုံဖုံ ကောင်းသထက် ကောင်းအောင်လုပ်လည်း သူကတော့ ဘာဖြစ် မယ်ထင်သတုံး (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)။

စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲ၊ သူကတော့ လုပ်မှာပဲ (မှန်ပါ ဘုရား)။

ကျွေးရှင် မွေးရှင် ပြုရှင် စုရှင်ရယ်လို့များ ခန္ဓာငါးပါးက ငဲ့တတ်သလား (မငဲ့တတ်ပါ ဘုရား)၊ နာမည်မေး ကြည့်ပါ (မှန်ပါ)၊ နာမည်မေးကြည့်ပါ၊ ဘာတဲ့တုံး (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)။

ကဲ ခင်ဗျားတို့ကို ငဲ့လုံးပါတဲ့နာမည်လား (မဟုတ်ပါ ဘုရား)၊ နှိပ်စက်မည်ဆိုတဲ့ နာမည်သာပါတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ့ကြောင့် “ဒုက္ခဿ ပီဠနဋ္ဌော ညှာတာမဘက် အမြဲ နှိပ်စက်မယ် (မှန်ပါ)။ အဲ နှိပ်စက်တဲ့ပုဂ္ဂိုလ် ခင်တော့ ဘာဆိုကြမယ် တဏှာ (မှန်ပါ)၊ နှိပ်စက်တဲ့ပုဂ္ဂိုလ် စွဲလမ်းရင် (ဥပါဒါန်ပါ ဘုရား)။

ဥပါဒါန်နဲ့ စွဲလမ်းပြန်ရင် (ကမ္မဘဝပါ)၊ ကာယကံ ဝစီကံနဲ့ သူ့ကို ဝယ်ကျွေးပြုကျွေးပေါ့ဗျာ (မှန်ပါ ဘုရား)။

ဇာတိဆိုတော့ ဘာဇာတိလာမယ် ထင်သတုံး

ကမ္မဘဝပစ္စယာ သေသည်၏အခြားမဲ့၌ (ဇာတိပါ ဘုရား)၊ ဇာတိဆိုတော့ ဘာဇာတိလာမယ် ထင်သတုံး (အပါယ်ဇာတိပါ ဘုရား)။

ရော မပြုကောင်းတဲ့လူကို ခင်မိ စွဲလမ်းမိတဲ့အတွက် ငါဖြင့် အပါယ်လေးပါး ရောက်ပါပေါ့လားဆိုတော့ သစ္စာနုလောမိကဉာဏ်မရတဲ့ပုဂ္ဂိုလ် ရောက်သွားတယ် (မှန်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူရောက်သွားတာပါလိမ့် (သစ္စာနုလောမိကဉာဏ် မရတဲ့ပုဂ္ဂိုလ် ရောက်သွားပါတယ် ဘုရား)။

ဒါကြောင့် ယနေ့ညမှာဖြင့် အားလုံး ဒကာ ဒကာမတို့ ဒကာသစ်တို့၊ မောင်မြတို့၊ သစ္စာနုလောမိကဉာဏ် ကို အရေးတကြီး ဟောရမယ် (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဒီနေရာမှာ သိပ်မျက်စိလည်တယ် (မှန်ပါ ဘုရား)။

ဦးခင်မောင် ဘယ်လိုပါလိမ့် (သိပ်မျက်စိလည်ပါတယ် ဘုရား)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကို ခင်ဗျားတို့က မမြင်ဘူး (မှန်ပါ ဘုရား)။

မမြင်တော့ မမြင်လို့ခင်ဆိုတော့ မမြင်တာက အဝိဇ္ဇာ၊ ခင်တာက တဏှာ (မှန်လှပါ ဘုရား)။

စက်ဆုပ်စရာ အသုံးမကျတာ မမြင်တာက (အဝိဇ္ဇာပါ ဘုရား)၊ မမြင်လို့ ခင်တာက (တဏှာပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား)၊ သူ့အတွက် အားထုတ်နေရတာက (ကမ္မဘဝပါ ဘုရား)၊ ကဲ သေလိုက်ဗျာ၊ သေလိုက် တော့ ဘာဖြစ်သလဲ (အပါယ်ဇာတိပါ ဘုရား)။

ဘယ့်နှယ်ကြောင့် အပါယ်ကျသွားပါလိမ့်

အပါယ်ဇာတိဖြစ်တာ ဘယ့်နှယ်ကြောင့် အပါယ်ကျသွားပါလိမ့်မတုံး၊ ကဲ စက်ဆုပ်စရာ အသုံးမကျတာ မမြင်လို့ (မှန်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မမြင်လို့ခင်၊ ခင်လို့စွဲလမ်း၊ စွဲလမ်းလို့ အားထုတ်၊ အားထုတ်လို့ အပါယ်ကျ (မှန်ပါ)၊ သဘောကျပလား (မှန် ပါ)၊ မဂ်က တစ်ကြိမ်မှ မပါဘဲကိုးဗျ၊ ပါသေးရဲ့လား (မပါပါ ဘုရား)။

ဦးခင်မောင် ဒါဖြင့် ဒီအပြနဲ့ပဲ ခင်ဗျားတို့ ဪ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ ဒုက္ခ သစ္စာကြီးကို တို့ကမမြင် (မှန်ပါ)။ မမြင်တာက အဝိဇ္ဇာ၊ ခင်တာက (တဏှာပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား)၊ အားထုတ်တာက (ကမ္မဘဝပါ ဘုရား)။

အေး ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ဟိုဘက်မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါကြောင့် အဝိဇ္ဇာကြောင့် တဏှာဖြစ်၊ တဏှာကြောင့် ဥပါဒါန်ဖြစ်၊ ဥပါဒါန်ကြောင့် (ကမ္မဘဝဖြစ်ပါတယ် ဘုရား)၊ ကံဖြစ်လို့ ဇာတိ ဇရာ မရဏ မရပေဘူးလား (ရပါတယ် ဘုရား)။

အို-ဘယ့်နှယ်ကြောင့် ဒီ ဒကာ ဒကာမတွေ အရကြီး ရသွားပါလိမ့်မတုံးဆိုတော့ ဟောဒီ ”ဒုက္ခဿ ပီဠနဋ္ဌော” မမြင်ဘူး (မှန်ပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒုက္ခသစ္စာ၏ အဖန်ဖန် နှိပ်စက်တောကို ဒကာ ဒကာမတို့ (မမြင်ပါ ဘုရား)၊ ဒါဖြင့် သစ္စာနုလောမိကဉာဏ် မရသေးဘူး (မရသေးပါ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သာသနာတွင်းသားမှာ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရမှာတုံး (နှစ်မျိုးရမှာပါ ဘုရား)။

ကမ္မဿကတာသမ္မာဒိဋ္ဌိ (မှန်ပါ)၊ သစ္စာနုလောမိက (သမ္မာဒိဋ္ဌိပါ ဘုရား)၊ ကဲ ဒါလိုနေတယ်ဆိုတာ မပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ခင်ဗျားတို့ ယနေ့ သစ္စာနုလောမိက သမ္မာဒိဋ္ဌိတော့ ရအောင် လုပ်ကြပါဆိုတာ လုပ်နည်းနဲ့ တကွ ပြောနေပါပြီ (မှန်ပါ ဘုရား)၊ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အေး ကြပ်ကြပ်ဂရုစိုက်ပြီး မှတ်ကြစမ်းပါ၊ ငါဟာ သာသနာတွင်း လူဖြစ်တယ်ဆိုပြီး သကာလ လူလေး ဖြစ်ပြီး သကာလ သာသနာတွင်းမှာ ဘယ်နှစ်ဉာဏ်နဲ့ နေရမှာတုံး၊ မသိရင်လည်း ဦးခင်မောင် ခက်တယ် (မှန်ပါ)၊ ဒကာဝ မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ ဒကာသစ်တို့ကော (ခက်ပါတယ် ဘုရား)၊ သာသနာတွင်း ဘယ်နှစ်ဉာဏ် နဲ့ နေရမှာတုံး (နှစ်ဉာဏ်ပါ ဘုရား)၊ ဘယ်ဉာဏ်၊ ဘယ်ဉာဏ်တုံး (ကမ္မဿကတာဉာဏ်နဲ့ သစ္စာနုလောမိကဉာဏ်ပါ ဘုရား)။

အေး ကမ္မဿကတာဉာဏ် သစ္စာနုလောမိကဉာဏ် ဒီ နှစ်ဉာဏ်နဲ့နေမှ သာသနာတွင်းသား ဖြစ်မှာ ကိုး (မှန်ပါ)။

သစ္စာနဲ့သိတဲ့ဉာဏ်ပါရဲ့လား

ခုတော့ သာသနာတွင်းမှာ မွေးလာတယ် ဆိုပြီး သကာလ ခင်ဗျားတို့ အနောက်နိုင်ငံသားတွေလို ဖြစ်နေ ပြီ (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ သစ္စာနဲ့သိတဲ့ဉာဏ်ပါရဲ့လား (မပါပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ကိန်းရာပုဂ္ဂိုလ်ကို ဘာလုပ်တတ်သတုံး (နှိပ်စက်တတ်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ထမင်းကျွေးရတာလည်း ဘယ်သူက နှိပ်စက်လို့ (ခန္ဓာက နှိပ်စက်လို့ပါ ဘုရား)။ ဆေးလိပ်ပေးနေရတာကော (ခန္ဓာက နှိပ်စက်လို့ပါ ဘုရား)။ အဝတ်လဲပေးနေရတာကော (ခန္ဓာက နှိပ်စက်လို့ပါ ဘုရား)၊ ဪ အမြဲနှိပ်စက်နေပြီး အမြဲနှိပ်စက်နေပြီဆိုတဲ့ဥစ္စာ သူက ဒကာ ဒကာမတို့ နာရီကြားလပ်ကဲ့လား (မလပ်ပါ ဘုရား)။

အိပ်ရာထဲ အိပ်နေတာတောင် ဟိုဘက်လှိမ့်ပေးလိုက်ရ၊ ဒီဘက် လှိမ့်ပေးလိုက်ရ (မှန်ပါ)၊ ဦးခင်မောင်ရေ ဘာဖြစ်တာတုံး (နှိပ်စက်တာပါ ဘုရား)၊ အဲဒါကို နှိပ်စက်ပြန်ပြီ နှိပ်စက်ပြန်ပြီ နှိပ်စက်ပြန်ပြီလို့ သိနေရမယ် (မှန် ပါ)။

ဒါကို ဘာဉာဏ်ခေါ်ကြမယ် (သစ္စာနုလောမိကဉာဏ်ပါ ဘုရား)၊ သစ္စာနုလောမိကဉာဏ်၊ ဒါမှ သာသနာတွင်း သားဖြစ်ပြီး သကာလ ဒီဘက်ကို ဒီလိုသိနေတော့ ခုနင်က ပြောခဲ့တဲ့ မသိအဝိဇ္ဇာ၊ ခင်တဏှာတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒကာ ဒကာမတေါ ဒီမှာကြည့်ပါ၊ နောက်က မဂ္ဂင်ငါးပါး လိုက်ပေးလိုက်၊ မဂ္ဂင်ငါးပါး လိုက်ပေးလိုက်တဲ့အခါ နှိပ်စက်ပြန်ပြီ ဟုတ်လား (မှန်ပါ)၊ ဝေဒနာက ဒကာ ဒကာမတို့ ချိုတာကလေးမှ စားချင်တယ်ဆိုတော့ ဝေဒနာ ကလေးက မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)၊ ချဉ်တာကလေးမှ စားချင်တယ်ဆိုတာကော (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်တာပဲတဲ့၊ ဆေးပြင်းလိပ်ကလေးမှ သောက်ချင်တယ်ဆိုတာကော (နှိပ်စက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာလည်း နှိပ်စက်နေတာ အထင်အရှား (မှန်ပါ ဘုရား)။

ဝေဒနာက နှိပ်စက်လို့မှ မပြီးသေးဘူး၊ ဟိုကိုယ်ဘက်ကနေပြီး သကာလ မင်းဆေးလိပ်သောက်ရတာ ငါညောင်း လှပြီဆိုပြီး ဝေဒနာက နှိပ်စက်ပြီး ရုပ်က နှိပ်စက်ပြန်တယ် (မှန်ပါ)၊ အဲ ရုပ်နှိပ်စက်ပြန်တော့လည်း ဒကာ ဒကာမတွေက ပြောင်းပေးပါ့မယ် ရွှေ့ပေးပါ့မယ်ဆိုပြီး ဟိုနေရာ ဒီနေရာ ရွှေ့ပေးရတယ် ရုပ်ကို (မှန်ပါ ဘုရား)၊ မပေးရဘူးလား (ပေးရပါတယ် ဘုရား)၊

သားဆိုးက ငါးယောက်၊ ထိန်းတဲ့လူကတစ်ယောက်

ဒါဖြင့် ဒကာ ဒကာမတို့ သားဆိုးက ငါးယောက်၊ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ (မှန်ပါ)။ ထိန်းတဲ့လူက တစ်ယောက်တည်း (မှန်ပါ)။ ကဲ တည့်အောင် ထိန်းကြစမ်းပါဗျာ (မှန်ပါ)၊ ဘယ့်နှယ်လုပ်ကြမယ် ပေါ်ကြပလား (ပေါ်ပါပြီ)။

ထိန်းတဲ့သူက (တစ်ယောက်တည်းပါ)၊ သားဆိုး သမီးဆိုးက (ငါးယောက်ပါ ဘုရား)၊ ဪ ခင်ဗျားတို့မို့ တည့်အောင်ပေါင်းနိုင်တာနော် (မှန်ပါ)။

ခန္တီဝါဒီဆုများ တောင်းထားသလား မပြောတတ်ဘူး၊ ဒါကြောင့် ဒီခန္ဓာငါးပါးနဲ့ ခင်ဗျားတို့ တည့်နေတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သားဆိုးက ဘယ်နှစ်ယောက် (ငါးယောက်ပါ ဘုရား)၊ ထိန်းတဲ့သူက (တစ်ယောက်တည်းပါ ဘုရား)၊ အကြိုက် က တူပါသလားလို့မေးတော့ ဝေဒနာက ခံစားချင်တယ်ဘာညာက မှတ်ချင်တယ် (မှန်ပါ)၊ စေတနာက တိုက်တွန်းချင် တယ်၊ ဝိညာဏ်က သိချင်တယ်၊ ရုပ်က ဖောက်ပြန်ချင်တယ် (မှန်ပါ)။

ကိုင်း ဒကာ ဒကာမတို့ သားဆိုးငါးယောက်က အကြိုက်တူရဲ့လား (မတူပါ ဘုရား)။

ဒါ နေ့တိုင်းတည့်အောင် ပေါင်းနိုင်တာ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ နှိပ်စက်တာမသိလို့ ပေါင်း နိုင်တာ (မှန်ပါ)။

နေ့တိုင်းတည့်အောင် ပေါင်းနေတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (နှိပ်စက်တာမသိလို့ပါ ဘုရား)။

ဪ ဒီကတည်းက သစ္စာနုလောမိကဉာဏ် မပါသေးဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ မပေါ်သေးဘူး လား (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ဆရာဘုန်းကြီးက ဒီ ဒကာ ဒကာမတွေအား သာသနာတွင်းသားဆိုလို့ရှိရင် နှစ်ဉာဏ်ရရမယ် လို့ ဆိုထားတာကိုး (မှန်ပါ ဘုရား)၊ အခု တစ်ဉာဏ်က ဗလာဖြစ်နေတယ် (မှန်ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ်က ဘာဖြစ်နေသလဲ (ဗလာဖြစ်နေပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သားဆိုးငါးယောက်ကို ခင်ဗျားတို့ ဝေဒနာက အကြိုက်တစ်မျိုးနော် (မှန် ပါ)။ ဝေဒနာက ခံစားချင်တယ်၊ သညာကတော့ (မှတ်ချင်ပါတယ် ဘုရား)၊ စေတနာက စေ့ဆော်ချင်ပါတယ်၊ စိတ်က တော့ သိချင်တယ်၊ ဘာကလေးဖြစ်ဖြစ် သူက သိချင်တယ် (မှန်ပါ ဘုရား)၊ ရုပ်ကလည်း ဘာကလေးဖြစ်ဖြစ် သူက ဖောက်ပြန်ချင်တာပဲ (မှန်ပါ ဘုရား)၊

အကြိုက်မတူတဲ့ ငါးယောက်

ဒါဖြင့် အကြိုက်တူကြရဲ့လား (မတူပါ ဘုရား)၊ အကြိုက်မတူတဲ့ ငါးယောက်ကို ခင်တဲ့ပုဂ္ဂိုလ်က တစ်ယောက်တည်း (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါး ရထားတယ်၊ ဦးခင်မောင်က တစ်ယောက်တည်းပေါ့ဗျာ (မှန်ပါ)။

အဲဒီ တစ်ယောက်တည်းက အလိုမတူတဲ့ ငါးယောက်ကို ခင်ဗျားတို့ အလိုလိုက်ပြီး သကာလ နေတော့ ဒီ ဒကာ ဒကာမတွေမှာ အိပ်ချိန်လည်း မရှိဘူး၊ စားချိန်လည်း မရှိဘူး (မှန်ပါ ဘုရား)၊ ရှိပါ့မလား (မရှိပါ ဘုရား)။

စိတ်က ဥပမာမယ် လိုချင်တယ်၊ ဟုတ်လား (မှန်လှပါ)၊ စိတ်က လိုချင်တယ်၊ ရုပ်က လှဲပြီး အိပ်ချင်လှပြီ (မှန်ပါ)၊ ရုပ်ကတော့ သူက ခပ်အေးအေးနေရမှ (မှန်လှပါ ဘုရား)။

စိတ်ကတော့လည်း လိုချင်ရချင်တဲ့စိတ်က များတယ် (မှန်ပါ)၊ ဝေဒနာကလည်း ဒကာ ဒကာမတို့ အချိုမှ ကြိုက်တယ်၊ အချဉ်မှ ကြိုက်တယ်လို့ သူက ခံစားချင်တယ် (မှန်ပါ ဘုရား)။

သညာကလည်း ဒကာ ဒကာမတို့ သညာမှမရှိရင် ခက်တယ်ဆိုပြီး သကာလ သညာစခန်း သူက ကြိုးစားတယ် (မှန်ပါ ဘုရား)။

စေတနာကလည်း သူက ဆရာလုပ်ချင်တယ်၊ တို့ချင်တယ်၊ တိုက်တွန်းချင်တယ်၊ နှိုးဆော်ချင်တယ် ဆိုတော့ ဒကာ ဒကာမတို့ ငါးခုဟာ သတ္တိချင်းတူကြရဲ့လား (မတူပါ ဘုရား)၊ မတူတာကို ဒီခန္ဓာငါးပါးရတဲ့ ဒကာ ဒကာမ တစ်ယောက်တည်းက ဒကာဖြင့် ဒကာ၊ ဒကာမဖြင့် ဒကာမ တစ်ယောက်တည်းက တကယ့်အကြိုက်မတူတဲ့ ငါးယောက် ကို အလိုလိုက်နေရတယ် (မှန်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အိပ်ချိန်ကျတော့ကော အိပ်နိုင်ကြရဲ့လား (မအိပ်နိုင်ပါ ဘုရား)။

မအိပ်နိုင်ဘူးတဲ့၊ လောဘကိစ္စက မပြီးသေးဘူး၊ စိတ်ကိစ္စ မပြီးသေးလို့ မအိပ်နဲ့ဦး (မှန်ပါ)၊ ရုပ်က အိပ်ချင် လှပြီ (မှန်ပါ)၊ စိတ်ကတော့ (မအိပ်နဲ့ဦး)၊ မအိပ်နဲ့ဦးဆိုတော့ စိတ်အလိုလိုက်တယ် (မှန်ပါ ဘုရား)။

စိတ်အလိုလိုက်တော့

အဲဒီတော့ စိတ်အလိုလိုက်တော့ ရုပ်က ငါ့တော့ အိပ်ခွင့်မပေးဘူးဆိုပြီး သကာလ သူက အိပ်ရေးပျက်ပြီး ဖျားပြလိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အလိုလိုက်တာ ဒကာ ဒကာမတို့ အကြိုက်ချင်းမှ မတူဘဲ သူလုပ်ချင်သလို လုပ်မှာပဲ (မှန်ပါ ဘုရား)၊ အဲဒီ တော့ အရွဲ့မတိုက်ပေဘူးလား (တိုက်ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့မို့ တည့်အောင် ပေါင်းနိုင်တာနော်၊ တော်တော် လူတွေ မဟုတ်ဘူး (မှန်ပါ ဘုရား)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

သာမညလူတွေလား တကယ်သည်းခံကောင်းတဲ့လူတွေလား (သည်းခံကောင်းတဲ့ လူတွေပါ ဘုရား)၊ သိပြီး သည်းခံတာလား မသိဘဲနဲ့ သည်းခံနေတာလား (မသိပဲနဲ့ သည်းခံနေတာပါ ဘုရား)။

ဪ အရူးတွေနဲ့ အအတွေဖြစ်နေတာကိုး (မှန်ပါ ဘုရား)၊ ဘာဉာဏ်မရလို့ပါလိမ့် အကဲခတ်စမ်း (သစ္စာနုလောမိကဉာဏ် မရလို့ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ် မရဘူး၊ ဒါတွေဟာ နှိပ်စက်တတ်တဲ့ သစ္စာတွေလို့ သိကြရဲ့လား (မသိပါ ဘုရား)။

အဲဒီ့မျာ ခင်ဗျားတို့သည် အရူး၊ အအဖြစ်နေတော့ ဒီမဂ္ဂင်က ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)၊ မပေါ်နိုင်တော့ဘူး။

ဝိပဿနာမဂ် မပေါ်ရင်

ဒါဖြင့် မဂ်မပေါ်တော့ ဒကာတွေပဲ စဉ်းစားတော့၊ ဝိပဿနာမဂ် မပေါ်ရင် ဒီဘက်လောကုတ္တရာမဂ်ကတော့ (မပေါ်ပါ ဘုရား)။

မပေါ်လို့ရှိရင် နိဗ္ဗာန်ကို ရပါဦးမလား (မရပါ)၊ မြင်တတ်တဲ့ဉာဏ် လာသေးရဲ့လား (မလာပါ ဘုရား)။

ဪ တို့ နိဗ္ဗာန်မရတာ ဘာဖြစ်လို့ပါလိမ့်မတုံးဆိုတော့ သစ္စာနုလောမိကဉာဏ်ကို မရလို့ (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘာမရတာတုံး (သစ္စာနုလောမိကဉာဏ် မရတာပါ ဘုရား)။

သစ္စာနုလောမိကဉာဏ် မရလိုက်တာ ကိုယ်ကျိုးနည်းသွားတယ် (မှန်ပါ ဘုရား)၊ မနည်းကြဘူးလား (နည်းပါ တယ် ဘုရား)။

အဲဒါ စဉ်းစားပါ၊ အဲဒါ စဉ်းစားပါ၊ ဒါကြောင့် ယနေ့ အရေးကြီးတဲ့အချက်ကို ဦးခင်မောင်တို့ ဒကာဝတို့ ပြောပြီနော် (မှန်ပါ)၊ ဘာပြောနေပါလိမ့် (အရေးကြီးတဲ့အချက် ပြောနေပါတယ် ဘုရား)။

အရေးကြီးတဲ့အချက် ပြောနေပြီဆိုတာ အောက်မေ့ပါ (မှန်ပါ)။ သစ္စာနုလောမိကဉာဏ် မရရအောင် ပြော တော့မှာပဲ (မှန်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ် မရရအောင်ဆိုတော့ ဒီခန္ဓာငါးပါးသည် ဒကာ ဒကာမ တို့ ရုပ်က ၂၈ ပါး (မှန်ပါ ဘုရား)။

ရုပ်က ဘယ်လောက်ပါလိမ့် (၂၈ ပါးပါ ဘုရား)၊ သူတို့ချင်းကလည်း တူကြရဲ့လား အကြိုက် (မတူပါ ဘုရား)၊ စိတ်က ၈၉ (မှန်ပါ)။ ဘယ်လောက်ရှိသွားပြီလဲ၊ ၂၈ နဲ့ ၈၉ နဲ့ ပေါင်းကြပါဦး (၁၁၇ ပါ ဘုရား)။

ကောင်းပြီတဲ့ ဒီရုပ်တွေ စိတ်တွေက ဒကာ ဒကာမတွေက စေတသိက် (၅၂ နဲ့ ပြန်ပေါင်းပါဦး၊ ၂၈ ရယ် ၈၉ ရယ် ၅၂ ရယ် (၁၆၉ ပါ ဘုရား)။

၁၆၉ (မှန်ပါ)၊ အဲဒီ ၁၆၉ တည်းဟူသော သားဆိုးကို ဟောဒီ အမေတစ်ယောက်တည်းက ကျောင်းရတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သားဆိုးက ဘယ်လောက်တဲ့ (၁၆၉ ပါ ဘုရား)၊ သေသေချာချာ ပေါင်းကြနော် (မှန်ပါ)၊ ရုပ်က ၂၈၊ စိတ်က ၈၉၊ စေတသိက်က ၅၂ (မှန်ပါ)၊ ဒါပေါင်းလိုက်တော့ ခန္ဓာငါးပါးသွားဖြစ်တယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သားဆိုး ၁၆၉ လို့ မှတ်လိုက်

ဘယ်လောက်ရသတုံး (၁၆၉ ပါ ဘုရား)၊ ၁၆၉ (မှန်ပါ)၊ အဲဒါ သားဆိုး ၁၆၉ လို့ မှတ်လိုက် (မှန်ပါ)၊ ထိန်း တဲ့လူက သူ့ခင်တဲ့လူက တစ်ယောက်တည်းက ထိန်းရပါတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သားဆိုးက ဘယ်လောက်တဲ့ (၁၆၉ ပါ)၊ ခင်တဲ့သူက (တစ်ယောက်တည်းပါ ဘုရား)၊ အဲ အခု ကိုယ့်ကိုယ်ကိုယ် ခင်နေတဲ့လူက တစ်ယောက်တည်း (မှန်ပါ ဘုရား)၊ ကိုယ့်ကိုယ်ဆိုတာက သားဆိုးပေါင်း ၁၆၉ (မှန်ပါ ဘုရား)။

၁၆၉ ယောက်ဆိုတော့ ဦးခင်မောင်တို့ ဒကာဝတို့ စဉ်းစား၊ အကြိုက်မတူကြဘူး (မတူပါ ဘုရား)၊ ပင်ကို နာမည်က တူရဲ့လား (မတူပါ ဘုရား)၊ အကြိုက်ကရော (မတူပါ ဘုရား)။

ဪ တစ်ယောက်က ရေချိုးချင်တယ်၊ တစ်ယောက်က ကျင်ကြီးစွန့်ချင်တယ်၊ တစ်ယောက်က ထမင်း ဆာတယ်၊ တစ်ယောက်က ကျင်ငယ်စွန့်ချင်တယ်၊ တစ်ယောက်က ကစားချင်တယ် (မှန်ပါ)၊ ဘယ့်နှယ်လုပ်ကြမတဲ့ (မတူပါ ဘုရား)။

ထိန်းတဲ့လူက ဘယ်နှစ်ယောက်တုံး (တစ်ယောက်တည်းပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ထိန်းတဲ့လူ တစ်ယောက်တည်း ကျင်ကြီးစွန့်ချင်တဲ့သူကလည်း ပါလိုက်သေးတယ်၊ ထမင်းဆာတဲ့လူကလည်း ပါတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကစားချင်တဲ့လူက (ပါပါတယ်)၊ ရေချိုးချင်တဲ့လူက (ပါပါတယ် ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ဘယ့် နှယ်လုပ်ကြမတုံး၊ အမေက တစ်ယောက်တည်းနော် (မှန်ပါ ဘုရား)။

ဦးခင်မောင်အမေက ဘယ်နှစ်ယောက်တုံး (တစ်ယောက်တည်းပါ ဘုရား)၊ အမေဆိုတာက ခန္ဓာငါးပါးခင်တဲ့ လူတစ်ယောက်တည်း (မှန်ပါ)၊ ကိုယ့်ခန္ဓာကိုယ်ခင်တဲ့လူဟာ အမေပါပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ၁၆၉ က သားဆိုးသမီးဆိုး၊ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

လောကီခန္ဓာအဆိုးကို အပြစ်ရှာရှုရတာ

၁၆၉ က ခန္ဓာဆိုတော့ သားသမီးပေါ့၊ လောကုတ္တရာအကောင်းကို လိုချင်လို့ လောကီခန္ဓာအဆိုးကို အပြစ် ရှာ ရှုရတာဆိုတော့ မဂ်ဖိုလ်က သားကောင်း သမီးကောင်း၊ လောကီခန္ဓာက သားဆိုး သမီးဆိုးတွေ၊ အဲဒါကို ခင်ဗျား တို့ ဘုံဘဝတိုင်း ထိန်းကျောင်းနေရတယ် (မှန်ပါ)၊ ဘဝတိုင်း ထိန်းကျောင်းနေရတယ်။ သို့သော် နှိပ်စက်မှန်းမသိပါ ဘူး (မှန်ပါ)။

အဲဒီတော့ သားဆိုး သမီးဆိုးတွေကလည်း သူငယ်နာဝမ်းပျက်ချည်း မှတ်လိုက်စမ်းပါဗျာ။ ဒါမှ ခင်ဗျားတို့ သေချာမယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူငယ်နာဝမ်းပျက်ဆိုကတည်းက ဒီအမေဟာ ဒီသားဆိုးသမီးဆိုး ၁၆၉ ယောက် သူငယ်နာဝမ်းပျက်ချည်း ဖြစ်နေရင် ဒီအမေဟာ ဆေးလိပ်မှ ထိုင်သောက်ချိန်မရှိဘူး (မှန်လှပါ ဘုရား)။

ရှိပါ့မလား (မရှိပါ ဘုရား)၊ ဘာဖြစ်လို့တုံး (သူငယ်နာ ဝမ်းပျက်ချည်း ဖြစ်နေလို့ပါ)၊ သူငယ်နာ ဝမ်းပျက်က ဘယ်နှစ်ယောက်တုံးဗျ (၁၆၉ ယောက်ပါ ဘုရား)။

အံမာလေး ခင်ဗျားတို့မို့ တည့်အောင်ပေါင်းနိုင်တာနော် တော်တော့်ကျွန် မဟုတ်ဘူး (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တော်တော်ကျွန်လား အကြီးအကျယ်ကျွန်လား (အကြီးအကျယ်ကျွန်ပါ ဘုရား)၊ သေသေချာချာ ဒါနှိပ်စက် တာပြတာ (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘာပြနေတာလဲ (နှိပ်စက်တာပြနေတာပါ ဘုရား)။

ကိစ္စဉာဏ်ကျအောင် ပြနေတာ

ဒါ သစ္စာနုလောမိကဉာဏ်ပြနေတာ (မှန်ပါ)၊ သစ္စာနုလောမိကဉာဏ်ကနေပြီး ကိစ္စဉာဏ်ကျအောင် ပြနေတာ (မှန်ပါ)၊။

ကိုင်း ဒကာ ဒကာမတို့ သားဆိုးက ဘယ်လောက်တဲ့တုံး (၁၆၉ ပါ ဘုရား)၊ ထိန်းကျောင်းတဲ့လူက (တစ်ယောက်တည်းပါ ဘုရား)။

သားဆိုးကလည်း လူမမာချည်းပဲနော် (မှန်ပါ)၊ လူမမာချည်းပဲ ဒကာဝရ (မှန်ပါ)၊ သူငယ်နာဝမ်းပျက်ချည်း ပဲ မှတ်စမ်းပါ (မှန်ပါ)၊ သူငယ်နာ ဝမ်းပျက်ချည်းဆိုတော့ ဟိုလူကလည်း ဝမ်းသွား၊ ဒီလူကလည်း ဝမ်းသွား၊ ဆေးလှည့် တိုက်ရတာနဲ့ အနှီးလျှော်နေရတာနဲ့ ဘယ့်နှယ်နေသတုံး (မအားပါ ဘုရား)။

အားကြသေးရဲ့လား (မအားပါ ဘုရား)၊ ဆေးလှည့်တိုက်ရတာကော (မအားပါ ဘုရား)။

၁၆၉ တောင် တိုက်ရတာ (မှန်ပါ)၊ အနှီးလျှော်ရတာကော ဘယ်လောက်လျှော်ရပါ့မယ် (၁၆၉ လျှော်ရပါမယ် ဘုရား)။

ခြောက်မှခြောက်ပါတော့မလား (မခြောက်ပါ ဘုရား)၊ မခြောက်တော့ဘူး သေချာပြီ သေချာပြီ ဒကာ ဒကာမ တို့ (မှန်ပါ)၊ အတော်ဆိုးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်အလုပ်ဟာ သေသည့်တိုင်အောင် လုပ်တာ မပြီးကြဘူး (မှန်ပါ)၊ ပြီးကြ ရဲ့လား (မပြီးပါ ဘုရား)။

သားဆိုးပေါင်း ဘယ်လောက်တုံး (၁၆၉ ပါ ဘုရား)၊ ကိုင်း ခင်တဲ့လူ တစ်ယောက်တည်း (မှန်ပါ)၊ သေ သည့်တိုင်အောင် တစ်ခါတည်း သူ့ကို ပြုလိုက်ကြတာ စုလိုက်ကြတာ၊ ဆေးအမျိုးမျိုးနဲ့ ခြင်ထောင်အမျိုးမျိုး၊ အဝတ် အမျိုးမျိုး၊ အိပ်ရာခင်းလွှာ အမျိုးမျိုး၊ ခုတင်အနိမ့်အမြင့်အမျိုးမျိုး၊ ကုလားထိုင်တွေ စပလိန်ပါတာတစ်မျိုး မပါတာ တစ်မျိုး အမျိုးမျိုးပေါ့ဗျာ (မှန်ပါ ဘုရား)။

အဲဒါတွေနဲ့ ပြုစုလိုက်တာ ပြီးပြီး သေသွားသလား မပြီးဘဲနဲ့ သေသွားသလား (မပြီးဘဲနဲ့ သေသွားပါ တယ်)၊ သားဆိုး ဘယ်လောက်တုံး (၁၆၉ ပါ)၊ ၁၆၉ ထဲမှာ လောကီရုပ်နာမ်ခန္ဓာတွေ နှိပ်စက်လိုက်တာ အမေတစ် ယောက် ကျွမ်းထိုးမှောက်ခုံနဲ့ ဆင်းရဲလိုက်တာ။ အကုသိုလ် သားဆိုး သမီးဆိုးနဲ့ တွေ့တော့ အမေတစ်ယောက် ကျွမ်း ထိုးမှောက်ခုံနဲ့ အပါယ်အထိ ရောက်သွားရတော့တယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်တဲ့ပုဂ္ဂိုလ်က ဒီကြည့်လေ၊ အမေခင်တော့ ခင်ရှာတယ် သူ့သားကလေးတွေကို စွဲလမ်းရှာတယ်၊ မလာပေ ဘူးလား (လာပါတယ်)၊ မသိလို့ ခင်ပါတယ် (မှန်ပါ ဘုရား)၊ အားထုတ်ပါတယ် (မှန်ပါ ဘုရား)။

မသိလို့ အပါယ်ရောက်သွားတယ်

အဲဒီတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဟော ဇာတိသစ္စာ မသိလို့ အပါယ်ရောက်သွားတယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာမသိလို့ ဘာတဲ့ (အပါယ်ရောက်သွားပါတယ် ဘုရား)၊ ကဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခင်တဲ့လူက ဘယ်နှစ်ယောက်ပါလိမ့် (တစ်ယောက်ပါ)၊ နှိပ်စက်တဲ့လူက (၁၆၉ ယောက်ပါ ဘုရား)၊ အဲဒိလောက် မြင်မှနော် (မှန်ပါ ဘုရား)၊ ဒီလောက် မြင်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဪ တယ်နှိပ်စက်ပါကလား၊ ဪ တယ်နှိပ်စက်ပါကလား ဒါကြောင့် စက်ဆုပ်စရာ အသုံးမကျ တာ အမှန်ဆိုတာ ပေါ်လာတယ် (မှန်ပါ)။

ဒါကြောင့် ဘာတဲ့ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)၊ ခန္ဓာငါးပါးကလေ (မှန်ပါ)၊ အကြိုက်က တူကြရဲ့လား (မတူပါ ဘုရား)။

တစ်ယောက်က ရေချိုးချင်တယ်လို့ ပြောထားပြီး တစ်ယောက်က ကျင်ကြီးစွန့်ချင်တယ်၊ တစ်ယောက်က ကစားချင်တယ် (မှန်ပါ)။

ကဲ ဘယ့်နှယ်လုပ်ပြီး ဒီငါးယောက်ကို ပွေ့ပြီး သကာလ အလိုကြိုက်အောင် လိုက်နိုင်ပါ့မလား (မလိုက် နိုင်ပါ)၊ အဲဒါ ဘဝတိုင်း ဒီလိုနေခဲ့ရတယ်၊ ခန္ဓာ့ဒုက္ခ ခံပြီး နေခဲ့ရပါတယ် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ခန္ဓာ့ဒုက္ခခံပြီး ဘဝတိုင်း ဒီလိုနေခဲ့ရပါတယ်)၊ ခံတော့ ခန္ဓာ့ဒုက္ခခံတာကလည်း မသိလို့ လား သိလို့လား (မသိလို့ပါ ဘုရား)။

ဒါဖြင့် မသိလို့ခင် (မှန်ပါ)၊ မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ ခင်တာက (တဏှာပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား)၊ သူ့အလိုချည်း အားထုတ်ပေးနေရတာက (ကမ္မဘဝပါ ဘုရား)။

ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဟာ ဒီအမေ ဘယ်ရောက်သွားပါလိမ့် (အပါယ်ရောက်သွားပါတယ် ဘုရား)။

သစ္စာနုလောမိက ဉာဏ်မသိလို့

အပါယ်ရောက်တယ်၊ ဘာမသိလို့ ရောက်ပါလိမ့် (သစ္စာနုလောမိက ဉာဏ်မသိလို့ပါ)၊ နှိပ်စက်တတ်တဲ့ သစ္စာ မသိဘူး (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတဲ့ (နှိပ်စက်တတ်တဲ့သစ္စာ မသိပါ ဘုရား)၊ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

တော်တော်နေရာကျပြီ ဦးခင်မောင် (မှန်ပါ)၊ တော်တော်နေရာကျပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

သားဆိုး ၁၆၉ က တစ်ခါတည်း ခင်တဲ့အမေမိဘကို နှိပ်စက်ပြီး သကာလ နေလိုက်တာ ဒကာ ဒကာမတို့ အိပ်ကောင်းကောင်း မအိပ်ရ၊ စားကောင်းကောင်းကော (မစားရပါ)၊ အဝတ်ကောင်းကောင်းကော (မဝတ်ရပါ ဘုရား)။

မဝတ်ရဘူးတဲ့၊ တစ်ခါတလေများ တစ်ဘက်စောင်းနဲ့ ဟိုဘက်က အနာကရှိနေတာနဲ့ ဒီဘက်ကိုများ စောင်း အိပ်ရတဲ့အခါ များပါသေးတယ် (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ပါသေးတယ်တဲ့ အင်း ဒီဘက်က ကျင်တာနဲ့ ဟိုဘက်ရွှေ့ပေးနေရတာကော (ပါပါတယ် ဘုရား)၊ ဘယ်သူ က နှိပ်စက်နေတာတုံး (ခန္ဓာငါးပါးက နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် သူဟာ နှိပ်စက်တတ်တဲ့ သဘောမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)၊ အဲဒါ မြင်အောင် ကြည့်ရလိမ့်မယ် (မှန်ပါ ဘုရား)။

ဒါ မြင်အောင် ကြည့်လိုက်တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ နှိပ်စက်တတ်တာဖြင့် နှိပ်စက်တတ်တာ သိတာက သစ္စဉာဏ် (မှန်ပါ ဘုရား)။

ကိစ္စဉာဏ်

နှိပ်စက်ခြင်းခံနေရတယ် အမျိုးမျိုးနှိပ်စက်နေပြန်ပြီ၊ သူ့မှာ နှိပ်စက်တတ်တဲ့ကိစ္စမှတစ်ပါး ဘာမှမရှိဘူး ဆိုတာ က ကိစ္စဉာဏ် (မှန်ပါ ဘုရား)။

အဲဒီ ကိစ္စဉာဏ်သိလာတော့ ကိုင်း မင်းနဲ့ဖြင့် အတူမနေချင်ပါဘူးဆိုပြီး သကာလ ကိစ္စဉာဏ် ရင့်လာရင် အတူတူမနေချင်တဲ့ဉာဏ် ဖြစ်လာတယ် (မှန်ပါ ဘုရား)။

ဉာဏ်ဖြစ်လာတဲ့အခါကျတော့ ဖျတ်ဆို ခန္ဓာငါးပါးချုပ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးချုပ်သွားတဲ့အခါကျတော့ ဘာတွေများ ချုပ်သွားသတုံး၊ သားဆိုး သမီးဆိုးဘဝများစွာက နှိပ်စက်လာတဲ့ ၁၆၉ အလိုမတူတဲ့ ကျွန်အခိုင်း-ခိုင်းလာတဲ့ နှိပ်စက်တတ်တဲ့တရားကြီး ချုပ်သွားတယ် (မှန်ပါ ဘုရား)။

ဘာချုပ်သွားတာပါလိမ့် (နှိပ်စက်တတ်တဲ့တရားကြီး ချုပ်သွားပါတယ် ဘုရား)၊ နှိပ်စက်တတ်တဲ့တရားကြီး ချုပ်သွားတယ်၊ နို့မဟုတ်ရင်ရောက်ရာမှာ နှိပ်စက်ဦးမယ် (မှန်ပါ ဘုရား)။

ဘယ်လိုပါလိမ့် ဒကာ ဒကာမတို့ (ရောက်ရာမှာ နှိပ်စက်ပါဦးမယ် ဘုရား)၊ ရောက်ရာမှာ နှိပ်စက်ဦးမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီဟာတွေကို မမြင်သရွေ့ကာလပတ်လုံး ဒကာ ဒကာမတို့ ဘယ်မှသာလျှင် ဒီခန္ဓာကြီးကို မလိုချင်တဲ့ ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ဉာဏ်လာနိုင်ပါ့မလဲ (မလာနိုင်ပါ ဘုရား)။

ဦးခင်မောင် တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အနှိပ်စက်ခံနေတာက တစ်ယောက်တည်း

ကိုင်း ဒါဖြင့် နှိပ်စက်တတ်တဲ့တရားက ဘယ်နှစ်ယောက်ပါလိမ့် (၁၆၉ ပါ ဘုရား)၊ အနှိပ်စက်ခံနေတာ က (တစ်ယောက်တည်းပါ ဘုရား)။

ဘယ်သူပါလိမ့်မေးတော့ ခင်တဲ့ပုဂ္ဂိုလ် (မှန်ပါ၊ ခင်တဲ့ပုဂ္ဂိုလ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်သူ ပါလိမ့်ဗျာ (ခင်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ခင်တဲ့ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် သူခင်ပါလိမ့်မတုံး မေးတော့ မသိလို့ (မှန်ပါ)၊ နှိပ်စက်တတ်တဲ့တရားလို့ မသိတာ (မှန်ပါ ဘုရား)။

မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ မသိလို့ ခင်တာက (တဏှာပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား)၊ အားထုတ်ပြီး ဝတ်ပြုနေတာက (ကမ္မဘဝ) ကံ။

ကဲ ဝတ်ပြုရင်း သေတော့ ဘယ်ရောက်သွားသတုံး (အပါယ်ဇာတိပါ ဘုရား)၊ ဒါ ဘာမသိလို့ ရောက်သွား ပါလိမ့် (နှိပ်စက်တတ်တဲ့တရား မသိလို့ပါ ဘုရား)။

ဪ စာဆိုမဟုတ်ပါဘူးဗျ (မှန်ပါ)၊ အပြနဲ့ သေသေချာချာ တစ်ခါတည်း ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဖြစ်စဉ်နဲ့ ကိုက်ပြပါတယ် (မှန်ပါ ဘုရား)။

သစ္စာမသိလို့ သံသရာလည်ရတယ်ဆိုတာ အခု သေသေချာချာပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဘာမသိလို့ပါလိမ့်ဗျာ (သစ္စာမသိလို့ပါ ဘုရား)၊ နှိပ်စက်တတ်တဲ့ သစ္စာ ၁၆၉ ကို ဒကာ ဒကာမတွေက မသိ တော့ မသိတာက အဝိဇ္ဇာ၊ မသိလို့ ခင်တာက (တဏှာပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ)၊ မသိလို့ မအားအောင် အားထုတ်နေတာက (ကမ္မဘဝပါ ဘုရား)၊ လုပ်ကျွေးနေတာပေါ့ဗျာ (မှန်ပါ ဘုရား)။

ကဲ လုပ်ကျွေးရင်းမတ္တနဲ့ပဲ ကိစ္စတွေ ပြီးပြီ စာရင်းချုပ် အင်းချုပ်ပြီး သေရတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အားထုတ်ရင်းမတ္တနဲ့ ဘာဖြစ်သွားသတုံး (သေသွားပါတယ်)၊ သေတော့ ဘယ်ရောက်သွားသတုံး (အပါယ် ရောက်သွားပါတယ် ဘုရား)။

အပါယ်ရောက်သွားတယ်ဆိုတော့ ဘယ့်နှယ်ကြောင့် ရောက်ပါလိမ့် ဒကာဝရေ (နှိပ်စက်တဲ့သစ္စာ မသိလို့ပါ ဘုရား)။

သစ္စာမသိတာ (မှန်ပါ)၊ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ ဘာမသိတာပါလိမ့် (သစ္စာမသိတာ ပါ ဘုရား)။

မသိရင် မဖြစ်တော့ဘူး

ဒါဖြင့် ဦးခင်မောင်တို့ ဒကာသစ်တို့အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတို့ မသိရင် မဖြစ်တော့ဘူး (မှန်ပါ ဘုရား)။

မသိရင် ခွါချင် စွန့်ချင်တဲ့သဘော လာပါ့မလား (မလာပါ ဘုရား)၊ မလာသရွေ့ကာလပတ်လုံးလည်း ကျုပ် တို့သည် ဒီချည်းသွားနေမှာပဲ (မှန်ပါ)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒါကြောင့် “စတ္ထာရော အပါယာ သကဂေဟသဒိသာ”တဲ့ (မှန်ပါ)၊ စတ္တာရော-လေးပါးကုန်သော၊ အပါယာ- အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ-သစ္စာမသိသော ပုဂ္ဂိုလ်၏ အိမ်ကြီးကွတဲ့၊ ဓမ္မပဒအဋ္ဌကထာက (မှန်ပါ ဘုရား)။

အပါယ်လေးဘုံဟာ သစ္စာမသိသောပုဂ္ဂိုလ်၏ ဘာတဲ့ (အိမ်ကြီးပါ ဘုရား)၊ ကိုင်း သွားပြီ ခင်ဗျားတို့၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အပါယ်လေးပါးအိမ်

ကဲ ဒါဖြင့် ခင်ဗျားတို့ ဒီသစ္စာသိအောင် မလုပ်တော့ပါဘူး၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီးသိအောင် မလုပ် တော့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ အိမ်သာပြန်ကြပေတော့ (မှန်ပါ ဘုရား)။

ဘယ်အိမ်ပါလိမ့် (အပါယ်လေးပါးအိမ်ပါ ဘုရား)၊ ကဲ ဦးခင်မောင် အိမ်ပြန်မလှဘူးနော် (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတွေ အိမ်ပြန် ဘယ့်နှယ်တုံး (မလှပါ ဘုရား)။

အခုနေတုန်းတော့ သပ်သပ်ရပ်ရပ်နဲ့ ခင်ဗျားတို့၊ ကိုယ့်အဝတ်အစားနဲ့ ကိုယ့်ရွှေနဲ့ ကိုယ့်အိမ်နဲ့ ကိုယ့်တိုက်နဲ့ ကိုယ့်ကားနဲ့ ဘုန်းကြီးများ ဝမ်းသာပါတယ်၊ စုတိမနေလို့ အိမ်ပြန်သွားတော့ အတော်ဆိုးသွားတယ် (မှန်ပါ ဘုရား)၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒီတော့ ဒီအိမ်လည်း မပြန်တော့ပါဘူး၊ ဒီဉာဏ်ရအောင် လုပ်ပါတော့မယ် (မှန်ပါ ဘုရား)။

ဒီအိမ်ကို (မပြန်တော့ပါ ဘုရား)၊ ဒီဉာဏ်ကို (ရအောင်လုပ်ပါတော့မယ် ဘုရား)။

အဓိဋ္ဌာန်ပြုဦး၊ အဓိဋ္ဌာန်ပြုကြဦး၊ ခင်ဗျားတို့ ဒီအတိုင်းမရဘူး၊ ပေါ့တော့တော့နဲ့ ပြုံးတုံ့တုံ့ လုပ်မနေနဲ့ဦး၊ သေသေချာချာလုပ်ရမှာ (မှန်ပါ ဘုရား)၊ နို့မဟုတ်လို့ရှိရင် ဒီအိမ်ပြန်ရရင်တော့ သွားပြီ (သွားပါပြီ ဘုရား)၊ ဒီအိမ် ပြန်ရရင် ကျောက်ခဲရေကျမှတ်ပါ (မှန်ပါ ဘုရား)။

ကျောက်ခဲရေကျတော့ ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ ဘာဖြစ်လို့ မပေါ်ပါလိမ့် (လေးလို့ပါ ဘုရား)၊ လေးလို့ မပေါ်ဘူး၊ ခင်ဗျားတို့လည်း အကုသိုလ်လေးလို့ ဟော အဝိဇ္ဇာက လေး၊ တဏှာက (လေးပါတယ် ဘုရား)၊ ဥပါဒါန်က (လေးပါတယ် ဘုရား)၊ ကံကကော (လေးပါတယ် ဘုရား)။

လေးလို့ မြုပ်သွားတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဦးဝ ဘာဖြစ်လို့ မြုပ်သွားပါလိမ့် (လေးလို့ မြုပ် သွားပါတယ် ဘုရား)

လေးလို့ မြုပ်သွားတော့ ဘယ်သူက ဆယ်ပေးမတုံး ခင်ဗျားတို့ (ဘယ်သူမှ မဆယ်နိုင်ပါ ဘုရား)။

ဘယ်သူမှ မဆယ်နိုင်ဘူး၊ ဘုရားက ငရဲများသွားပြီး တရားဟောတဲ့ဘုရားများ တွေ့ဖူးရဲ့လား (မတွေ့ဖူးပါ ဘုရား)။

မတွေ့ဖူးဘူးဗျ၊ နည်းနည်းကလေး ဘုရားပွင့်တုန်းက ငရဲမီးကလေး ခေတ္တငြိမ်းလိုက်တယ်၊ ဒါပဲရှိတယ် (မှန် ပါ)၊ တရားတော့ သွားမဟောဘူး (မှန်ပါ)။

ရှင်မောဂ္ဂလ္လာန်ကြီး သွားလည်တဲ့အခါ “ငရဲမီးငြိမ်းတာပဲ၊ ဟောလို့တော့ ဘယ်ရမလဲ (မရပါ ဘုရား)၊ ဒကာ ဒကာမတို့ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘာမသိလို့ အပါယ်လေးပါး ရောက်ကြပါလိမ့် (နှိပ်စက်တဲ့သစ္စာ မသိလို့ပါ ဘုရား)၊ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာကို (မသိလို့ပါ ဘုရား)။

နှိပ်စက်လျက်နဲ့ မသိတာ

ဒါဖြင့် မနှိပ်စက်ပဲ နေလို့လား ၊ နှိပ်စက်လျက်နဲ့ မသိတာလား (နှိပ်စက်လျက်နဲ့ မသိတာပါ ဘုရား)။

အိမ်ထောင်ပြု မှားသလိုဖြစ်နေပြီ၊ အိမ်ထောင်ပြုမှားတော့ ယောကျာ်းကလည်း ဆိုးလိုက်တာ၊ သောက်လိုက် တာ၊ တေလိုက်တာလွန်းလို့၊ ဆန်ဖိုး ဆီဖိုးကလည်း ရအောင်မရှာဘူး၊ အိမ်ပြန် မိန်းမရိုက်၊ ဒီမိန်းမက မခွါနိုင်ဘူး ဆိုတာ အပေါင်းအဖော်လွဲပြီး (မှန်ပါ)၊ မလွဲသေးဘူးလား လွဲပလား (လွဲပါတယ် ဘုရား)။

ဘာဖြစ်လို့ လွဲသတုံး နှိပ်စက်တာ သူမသိသေးဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဘာမသိတာ ပါလိမ့် (နှိပ်စက်တာ သူမသိသေးပါ ဘုရား)။

နှိပ်စက်တာ သူမသိသေးတော့ဖြင့် ဘယ်တော့ဝဋ်ကျွတ်ပါမတုံး ဘယ်တော့မှ ဝဋ်မကျွတ်ဘူး၊ စိတ်သာချ (မှန်ပါ)၊ ကျွတ်ပါ့မလား (မကျွတ်ပါ ဘုရား)။

ကိုယ်ကလည်း ရှာကျွေးရသေးတယ်၊ ပြန်လာလည်း အရိုက်အနှက်ခံရသေးတယ်၊ သူ့လုပ်စာလည်း ဘာမှမရှိ ဘူး၊ ဒါကိုပင် မခွဲနိုင်မခွါရက် ဖြစ်နေလို့ရှိရင်ဖြင့် နှိပ်စက်တာ သိလို့လား မသိလို့လား (မသိလို့ပါ ဘုရား)။

ကဲ ခင်ဗျားတို့လည်း အဲဒီလိုဖြစ်နေတယ် (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကိုယ်ကြီးက ဒီအတိုင်းဖြစ်နေတယ် (မှန်ပါ)၊ နှိပ်စက်လိုက်တာကလည်း သူ့ထက် နှိပ်စက်တဲ့လူများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘယ်နှစ်ယောက်ပါလိမ့် (၁၆၉ ယောက်ပါ)၊ အလိုကော တူကြရဲ့လား (မတူပါ ဘုရား)၊ အကြိုက်ကော တူ ကြရဲ့လား (မတူပါ ဘုရား)။

မတူတဲ့ပုဂ္ဂိုလ်တွေကို အကုန်လုပ်ကျွေးနေတယ်

မတူတဲ့ပုဂ္ဂိုလ်တွေကို အကုန်လုပ်ကျွေးနေတယ် (မှန်ပါ ဘုရား)၊ မတူတဲ့ပုဂ္ဂိုလ်ကို ခင်ဗျားတို့ အကုန်လုပ်ကျွေး နေတယ် (မှန်ပါ)။

ဝီရိယက စောစောထချင်တယ် ထိနမိဒ္ဓက လင်းအောင်အိပ်ချင်တယ် ဟောဂွကျကုန်ပြီ (မှန်ပါ ဘုရား)။

အဲဒါ ဘယ့်နှယ်လုပ် ပေါင်းကြမတုံး၊ ခင်ဗျားတို့ စဉ်းစားပါဦး၊ ကိုယ့်ဟာကိုယ်ပဲ တည့်အောင် ဘယ့်နှယ်လုပ် ကြမတုံး၊ ကိုယ့်သန္တာန်ကလေးနဲ့ နှစ်ယောက်ရှိနေတာကိုး (မှန်ပါ ဘုရား)။

ထိနမိဒ္ဓက ဘာတဲ့ (လင်းအောင် အိပ်ချင်ပါတယ် ဘုရား)၊ ဝီရိယက (စောစောထချင်ပါတယ် ဘုရား)။

ကိုင်း တည့်အောင်လည်း ပေါင်းကြစမ်းဗျာ၊ ဘယ့်နှယ်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ)၊ ဖြစ်စရာ မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။

အဲဒီလိုဖြစ်နေတယ်၊ ဒါဟာ သူ့သတ္တိနဲ့သူ နှိပ်စက်နေကြတာ (မှန်ပါ)၊ ဦးခင်မောင် ဘာတဲ့ (သူ့သတ္တိနဲ့ သူ နှိပ်စက်နေတာပါ ဘုရား)။

မနှိပ်စက်ဘူးလား နှိပ်စက်သလား (နှိပ်စက်ပါတယ်)၊ ပြီးတော့ ဒီအထဲကနေပြီး သကာလ ကျင်ကြီးကျင် ငယ် စွန့်ဖို့ရာကိုလည်း ညထရသေးတယ်ဆိုတော့ ထိနမိဒ္ဓက အိပ်ချင်တယ် ကျင်ကြီးကျင်ငယ်ကလည်း ငါ့လိုက်ပို့ဦး၊ လုပ်ပြန်ပြီ (မှန်ပါ)၊ မြင်ကြရဲ့မဟုတ်လား (မှန်ပါ)။

ကဲ ဘယ်သူ့အလို လိုက်ကြမယ် ခင်ဗျားတို့၊ ပြန်တော့ ထိနမိဒ္ဓ အလိုလိုက်ပါမယ်၊ အခု သွားပါရစေဦး၊ တောင်းပန်ထွက်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု ကျင်ကြီးကျင်ငယ်စွန့်ဖို့ ဝေဒနာက ဝေဒနာအလို လိုက်ပါရစေဦး (မှန်ပါ)၊ ပြန်တဲ့အခါကျတော့ ထိနမိဒ္ဓ အလိုလိုက်ပါ့မယ် (မှန်ပါ)။

အံမာလေး ကြောက်စရာကြီးပါကလား တစ်ခါတည်း (မှန်ပါ ဘုရား)။

အားကို အားသေးရဲ့လား (မအားပါ ဘုရား)၊ အဲဒါ ဘယ်သူက နှိပ်စက်နေတာတုံး (ခန္ဓာက နှိပ်စက်နေတာပါ ဘုရား)။

ကျွန့်အောက်သပေါက်တောင် မကဘူး

ခန္ဓာက နှိပ်စက်နေတာ၊ ၁၆၉ က နှိပ်စက်နေတာ (မှန်ပါ)၊ အဲဒါ ခင်ဗျားတို့က မပျင်းမရိဘဲနဲ့ လုပ်နိုင်ပါပေ တယ်၊ ကိုင်နိုင်ပါပေတယ်ဆိုတော့ ဦးခင်မောင်ရေ ကျွန့်အောက်သပေါက်တောင် မကဘူး ထင်တယ် (မှန်ပါ)။

က-သေးရဲ့လား (မက-ပါ ဘုရား)၊ ကျွန့်အောက်သပေါက်တောင် မကအောင် ခင်ဗျားတို့ကို နှိပ်စက်နေတာ တောင်မှ အဝိဇ္ဇာက ဘာတဲ့ (မသိပါ ဘုရား)၊ တဏှာက (လိုချင်တယ်)၊ ခင်သေးတယ် နှိပ်စက်တဲ့သူကို ခင်နေတာ (မှန်ပါ)။

မူးရာက ပြန်လာရိုက်၊ ရိုက်တဲ့လူ ခင်ထဲက ကျနေတာ (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ပွန်းသည်က မူးလည်းလာသေးတယ်၊ အပြန်ကျလို့ရှိရင် ခင်ပွန်းမကို ရိုက်၊ ဟုတ်လား (မှန်ပါ)၊ သူကလည်း ငွေပါလာသလား (မပါပါ ဘုရား)။

မပါလာပေမယ့်လည်း ပြတ်နိုင်ရဲ့လား (မပြတ်နိုင်ပါ)၊ ဘာဖြစ်နေတာတုံး (ခင်နေတာပါ ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

နှိပ်စက်လိုက်တဲ့ဥစ္စာကို နှိပ်စက်မှန်းမသိတာက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

အဲ ခုနင်က ပုဂ္ဂိုလ်လိုပဲတဲ့၊ အဝိဇ္ဇာက ဖုံးလွှမ်းနေတော့ မျက်နှာမပြောင်းချင်ဘူးက လာတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကလာတာတုံး၊ မျက်နှာမပြောင်းချင်ဘူးက လာတာ၊ ဒါ အဝိဇ္ဇာ (မှန်ပါ)၊ အဝိဇ္ဇာက ဒီခန္ဓာ့မျက်နှာမှ တစ်ပါး မပြောင်းချင်ဘူး၊ သူနဲ့နေရမှာပဲ (မှန်ပါ)၊ ဒီလိုဖြစ်လာတယ်၊ သဘောပါပလား (ပါပါတယ် ဘုရား)။

မျက်နှာမပြောင်းချင်တော့ မချစ်သော်လည်း အောင့်ခါနမ်းဆိုတဲ့ ခင်ရတော့တာပေါ့ (မှန်ပါ)၊ မလာပေဘူး လား (လာပါတယ် ဘုရား)။

ဒါဖြင့် ခင်ပါများတော့ ဘာဖြစ်လာသလဲ (စွဲလမ်းပါတယ် ဘုရား)၊ စွဲလမ်းလာတယ်၊ သူနဲ့ အနေကြာပကော (မှန်ပါ ဘုရား)။

ခန္ဓာနဲ့ အနေကြာပြီ၊ အနေကြာတော့ မစွဲလမ်းဘူးလား (စွဲလမ်းပါတယ်)၊ စွဲလမ်းတဲ့အခါကျတော့ သူ့အတွက် ဖြင့် ကဲ ရိုက်ချင်ရိုက် နှက်ချင်နှက် နှိပ်စက်ချင်နှိပ်စက် အားထုတ်ရမှာပဲ ကျွေးရမှာပဲ မွေးရမှာပဲ မလာဘူးလား (လာပါတယ် ဘုရား)။

နေခြင်းဆိုးနေ ၊သေတော့ သေခြင်းဆိုး

ကဲ ကျွေးရင်း မွေးရင်းနဲ့ပဲ သေခြင်းဆိုးသေလိုက်တော့ (မှန်ပါ)၊ ဘယ်ရောက်သွားသတုံး (အပါယ်ရောက် သွားပါတယ်)၊ ဟော နေခြင်းဆိုး အပါယ်ရောက်သွားတယ် (မှန်ပါ)၊ သေတော့ သေခြင်းဆိုး (မှန်ပါ)။

ဒီဟာတွေ ပြုရတာ ကျေနပ်ပြီး သေသွားတာလား မကျေနပ်ဘဲနဲ့ သေသွားတာလား (မကျေနပ်ဘဲနဲ့ သေသွားတာပါ ဘုရား)။

ဪ သွားပြီ သွားပြီ၊ စိတ်သာချတော့၊ ပရိတ်မရွတ်နဲ့တော့၊ ဆွမ်းလည်း မသွတ်နဲ့တော့၊ ဒီပုဂ္ဂိုလ် အတွက်တော့ ခက်ပြီ (မှန်ပါ ဘုရား)။

ဦးခင်မောင်ရေ သစ္စာကိုသိပြီး မသေသွားဘူး (မှန်ပါ)၊ ကဲ ဒါကြောင့် သစ္စာနုလောမိကဉာဏ် ဒကာ ဒကာမတို့ သာသနာတွင်း ဉာဏ်ရပလားလို့ မေးတော့ ယနေ့မှ စပြီးပေးပါတယ် (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ယနေ့ ဘာပါလိမ့်ဗျာ (သစ္စာနုလောမိကဉာဏ် စပေးပါတယ် ဘုရား)။

ဆိုးပုံပြောတုန်း ရှိသေးတယ်

သစ္စာနုလောမိကဉာဏ် စပြီးပေးတာ၊ ဝိပဿနာ မရှုရသေးဘူး (မှန်လှပါ)၊ ဆိုးပုံပြောတုန်း ရှိသေးတယ်။

ဒကာ ဒကာမတို့ ဘာပြောနေတာတုံး (ဆိုးပုံပြောတုန်းရှိပါသေးတယ် ဘုရား)၊ ခင်ဗျားတို့ကလည်း ဆိုးပုံကို ရှာမတွေ့ဘူး (မှန်ပါ)။

အံမာလေး မရစဖူး အရထူးတာပဲ၊ ခလုပ်မထိ ဆူးမငြိဖို့ သူ့အတွက် သိပ်အရေးကြီးတယ် (မှန်ပါ ဘုရား)၊ တိုက်လည်း ကောင်းကောင်းတည်ပေးပါ့မယ်၊ ကားလည်း ကောင်းတာကလေး ဝယ်ပေးပါ့မယ်၊ မြူတွေ၊ မှုန်တွေ မဝင်ရအောင်လည်း အိမ်ကို ကာပေးပါ့မယ်၊ အံမလေး သူ့ကို ယုယလိုက်တဲ့ဖြစ်ခြင်းက မပြောပါနဲ့တော့ (မှန်ပါ)။

ဘာဖြစ်လို့လဲ၊ နှိပ်စက်လွန်းလို့ သဘောကျပလား (ကျပါပြီ)။

ဘာဖြစ်လို့ ယုယသလဲ (နှိပ်စက်လွန်းလို့ ယုယပါတယ် ဘုရား)

နို့ သူက နှိပ်စက်တာများ ရပ်သေးရဲ့လား (မရပ်ပါ ဘုရား)။

နို့ ခင်ဗျားတို့က ဘာဖြစ်လို့ မပြေးတာတုံး (နှိပ်စက်မှန်းမသိလို့ပါ ဘုရား)။

နှိပ်စက်တာ မသိတာ၊ မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

မသိတော့ ဘာဖြစ်ကြသလဲ (ခင်ပါတယ် ဘုရား)၊ ခင်တယ် တဏှာဖြစ်တယ်၊ ခင်ပြီး ဘာလုပ်ကြသလဲ (စွဲလမ်းမိပါတယ် ဘုရား)၊ စွဲလမ်းပြီး ဘာလုပ်ကြသလဲ (အားထုတ်ကြပါတယ်)၊ အားထုတ်တယ် ဒါမျိုး နောက်ရရပါ လို၏၊ အားထုတ်သေးတယ် (မှန်ပါ)။

အံမာလေး သွားပြီ၊ ဒါမျိုး နောက်ရတဲ့အခါကျတော့ ဟိုမှာ အပါယ်ခန္ဓာကြီး ပြန်ရတယ် (မှန်ပါ)။

ဒီ့ထက် နှိပ်စက်တဲ့ခန္ဓာကြီး ဘယ့်နှယ်တုံး (ရပါတယ်)၊ မီးဟုန်းဟုန်းတောက်တဲ့ ခန္ဓာကြီး ပြန်ရတယ် (မှန်ပါ ဘုရား)၊ ကဲ ဒါ ဘာမသိလို့လဲ (သစ္စာမသိလို့ပါ)၊ သစ္စာမသိလို့ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်မှ မရသေးရင်

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ်မှ မရသေးလို့ရှိရင်လည်း ဒီဘက်လွတ်ပါ့မလား (မလွတ်ပါ ဘုရား)၊ မလွတ်သေးတော့ ဒီနေ့ မှတ်စရာက သားဆိုး ဘယ်လောက်တဲ့ (၁၆၉ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ နှိပ်စက်တာကို မြင်မှသာလျှင် ဟောဒီမဂ္ဂင်က လာမယ် (မှန်ပါ ဘုရား)၊ နှိပ်စက်တာ မမြင်သေး (မလာသေးပါ ဘုရား)။

မဂ္ဂင်မလာသေးသရွေ့ကာလပတ်လုံး ခုနင်ကဟာတွေ ပြန်လာမယ် (မှန်ပါ ဘုရား)၊ မလာပေဘူးလား (လာ ပါတယ် ဘုရား)၊ အဲဒီတော့ အဲဒီတော့ မဂ္ဂင်လာမှုကို နက်ဖြန်မှ ဟောကြစို့။

ကဲ ယနေ့ ဒီတွင် တော်ကြဦး စို့။

သာဓု သာဓု သာဓု။