ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်
ဒိဋ္ဌိအရင်ခွါရမည်
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်
ဒိဋ္ဌိအရင်ခွါရမည်
ညအလုပ်ပေး တရားတော်
(၁၆-၃-၆၁)
ဒိဋ္ဌိအရင်ဖြုတ်ရလိမ့်မယ်
ဒိဋ္ဌိအရင်ဖြုတ်ရလိမ့်မယ်၊ ဒိဋ္ဌိ ဘယ်လောက် အရေးတကြီး ဖြုတ်ရမလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သံယုတ် ပါဠိတော်မှာ ဘယ်လိုလာသလဲလို့ မေးလိုက်လို့ရှိရင်ဖြင့် တစ်ယောက်သောပုဂ္ဂိုလ်က ဟိုအနားမှာ ရပ်နေတယ်၊ တစ်ယောက်သောပုဂ္ဂိုလ်က လှံနဲ့ထိုးပြီးသကာလ ပစ်လိုက်တယ်၊ လှံနဲ့ပစ်ပြီး ထိုးလိုက်တဲ့အခါကျတော့ ဟိုပုဂ္ဂိုလ်က အမြန်ရှောင်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီ အမြန်ရှောင်တာထက် ကိုယ့်သန္တာန်ရှိတဲ့ ဒိဋ္ဌိခွါမှုကို ဒီ့ထက်ပိုပြီး အမြန်ရှောင်ရမယ် (မှန်ပါ)။
ဒကာ ဒကာမတွေ၏ဦးခေါင်းကို တစ်ယောက်သောပုဂ္ဂိုလ်က ဆေးလိပ်သောက်တယ်၊ ဆေးလိပ်သောက်တော့ မီးကလေး လွင့်လာတဲ့အခါ ကိုယ့်ခေါင်းမှာလည်း ဆီတွေနဲ့၊ မီးလောင်မှာ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
ကိုယ့်ခေါင်းဆီ လွင့်လာတဲ့အခါကျတော့ မီးပွားကလေးက ကိုယ့်ခေါင်းပေါ် ရောက်ပြီး ကိုယ့်ဆီရောက်၊ ဒကာ ဒကာမတွေက အမြန်ငြိမ်းမလား နှေးနှေးငြိမ်းမလား (အမြန်ငြိမ်းပါမယ် ဘုရား)။
အဲဒါက နှေးချင်နှေးပါဦးတဲ့၊ ဒိဋ္ဌိခွါမှု ဒီထက် အရေးတကြီးလုပ်ပါဦးလို့ ဘုရားက သံယုတ်ပါဠိတော်မှာ ဟောထားတယ် (မှန်ပါ)။
ရင်ဝလှံစူး ဦးခေါင်းမီးလောင်
ဒါဖြင့် ရင်ဝလှံစူး ဦးခေါင်းမီးလောင်။ ဒီ့ထက် အမြန် ဒိဋ္ဌိကို ရှောင်ရမယ် (မှန်ပါ)၊ ရင်ဝလှံစူး, ဦးခေါင်း မီးလောင် ဒိဋ္ဌိ ဒီ့ထက် မြန်မြန်ရှောင်ရမယ်ဆိုတာကိုလည်း ဘုရားက သေသေချာချာ ဟောပါတယ် (မှန်ပါ)။
ဒါကြောင့် ဒကာ ဒကာမတွေသည် ဪ ဒိဋ္ဌိခွါမှပဲ၊ ပထမမဂ် မရနိုင်တာက ဒကာဝတို့, ဦးခင်မောင်တို့ ဒိဋ္ဌိခံနေလို့မရတာ (မှန်ပါ)။
ပထမမဂ်မရတာက (ဒိဋ္ဌိခံနေလို့ပါ ဘုရား)၊ ဒိဋ္ဌိခံနေလို့ မရတာဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် ဒီဒိဋ္ဌိကို ခွါကြရလိမ့်မယ်ဆိုတဲ့ဥစ္စာ မနေ့က ဝတ္ထုကို ဒိဋ္ဌိခွါနည်း နိဿရည်းနဲ့တကွ ပြရလိမ့် မယ် (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ရင်ဝလှံစူး ဦးခေါင်းမီးလောင်၊ ဒိဋ္ဌိ ဒီ့ထက် အမြန်ရှောင်ဆိုတာကို ဆရာဘုန်းကြီးများကရော ဘုရားကရော အရေးတကြီးဖြစ်နေလို့ သတိပေးထားပါတယ်ဆိုတာဖြင့် ကျေကျေနပ်နပ်ပဲ မှတ်ကြပါ (မှန်ပါ)။
ဒိဋ္ဌိပယ်လိုက်တော့ အပါယ်လွတ်သွားတယ် (မှန်ပါ)၊ ဒိဋ္ဌိလည်း ပယ်ပါရော ဒကာဝတို့ ဦးခင်မောင်တို့ ဘာတုံး (အပါယ်လွတ်သွားပါတယ် ဘုရား)။
ဒိဋ္ဌိပယ်ပြီးရင် ဝိစိကိစ္ဆာ အလိုလိုပါတယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးက ရှိနေတယ် (မှန်ပါ ဘုရား)။
ဒိဋ္ဌိပယ်ပြီးလို့ရှိရင် ဝိစိကိစ္ဆာ အလိုလိုပါသွားတာပါပဲကွာ ၊ ကြောက်မနေပါနဲ့ ဆိုတော့ ဒီပါဠိတော်နဲ့ လည်း သွားကိုက်တယ်။
”သတ္တိယာဝိယ ဩမဋ္ဌော (ပ) ပရိဗ္ဗဇေ ”ဆိုတဲ့ ပါဠိတော်နဲ့ ဒါက သံယုတ်ပါဠိတော်၊ အင်္ဂုတ္တိုရ်ပါဠိတော် က ဒိဋ္ဌိနိရောဓဆိုရင် ဝိစိကိစ္ဆာ ပယ်ပြီးသားပါပဲတဲ့ (မှန်ပါ)။ ဒိဋ္ဌိပယ်ပြီးရင် (ဝိစိကိစ္ဆာပယ်ပြီးသားပါ ဘုရား)။ ဝိစိ ကိစ္ဆာ ပယ်ပြီးသား ဖြစ်ပါတယ်ကွဆိုတော့ ဒကာ ဒကာမတွေ သောတာပန်မတည်သေးရင် အပါယ်စိတ်မချရသေး (မှန်ပါ)။
သောတာပန် မတည်သေးရင် အပါယ်စိတ်မချရသေး
သောတာပန် မတည်သေးရင် (အပါယ်စိတ်မချရသေးပါ ဘုရား)၊ အပါယ်စိတ်မချရသေးဘူးဆိုတာ သဘော ကျပလား (ကျပါပြီ)။ ဒါဖြင့် သောတာပတ္တိမဂ်သည် ဒိဋ္ဌိကို ပယ်ပါတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ဒိဋ္ဌိဆိုလိုက်တော့ ဝိစိကိစ္ဆာလည်း အတွဲလိုက်ပါသွားပါတယ် (မှန်ပါ)။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တဲ့အတွက် သီလဗ္ဗတပရာမာသ ဒိဋ္ဌိဆိုတာ ဦးခင်မောင် ဒကာဝ မရှိပါဘူး (မရှိပါ ဘုရား)၊ ခွေးတို့၏အကျင့် နွားတို့၏အကျင့်ကို ကောင်းတယ်လို့ ယူတဲ့အယူတေ့ဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးတို့၏ ဒကာ ဒကာမတွေမှာ မရှိပါဘူး (မရှိပါ ဘုရား)။
”ရင်ဝလှံစူး ဦးခေါင်းမီးလောင်၊ ဒိဋ္ဌိ ဒီ့ထက် အမြန်ရှောင်”ဆိုတာ ဘယ်သူဟောတာပါလိမ့် (ဘုရားသခင် ဟောတာပါဘုရား)၊ မြတ်စွာဘုရား ဟောတာ (မှန်ပါ)။
အရေးကြီးလို့ ပြုံးရုံ ပြုံးတာလား၊ ပြောဟောတာလား (ပြောဟောတာပါ ဘုရား)၊ အရေးကြီးလို့ ပြောဟောတာ ဖြစ်နေတော့ ဦးခင်မောင်တို့က၊ အင်း ဒီဥစ္စာသာမည မဟုတ်ပါလား ၊ အပါယ်ကျစေတတ်တာ ဘယ်သူတုံး ဆိုလို့ရှိရင်ဖြင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သောတာပတ္တိမဂ်ရောက်တော့ အပါယ်ရောက်စေတတ်တဲ့ တရား ပယ်လိုက်ပါတယ်ဆိုတော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်ချလိုက်တယ် (မှန်ပါ)။
ဒီရောက်တဲ့အချိန်ဟာ သောတာပတ္တိမဂ်လည်းရပါရော ဦးခင်မောင်တို့ ဒကာဝတို့ အပါယ်ကျသေးရဲ့လား (မကျပါ)၊ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သည် ဒိဋ္ဌိ ရှောင်ရလိမ့်မယ်လို့ ဆိုထားပါတယ် (မှန်ပါ)၊ ဒိဋ္ဌိကို ဘာလုပ်ရမယ် (ရှောင်ရပါမယ် ဘုရား)။
အေး ဘယ်လောက် အရေးတကြီး ရှောင်ရမှာတုံးဆိုတော့ ရင်ဝလှံစူး ဦးခေါင်းမီးလောင်တာထက် လျင်လျင်မြန်မြန် ပိုရှောင်ရမယ် (မှန်ပါ)။
ရင်ဝလှံစူး (ဦးခေါင်းမီးလောင်တာထက် လျင်လျင်မြန်မြန် ပိုရှောင်ရပါမယ် ဘုရား)။
အေး ဒီထက် ပိုမိုပြီး အမြန်ရှောင်ရမယ်ဆိုတာဖြင့် စပြောလာကတည်းက ဪ တော်တော်အရေး ကြီးပါကလား ဆိုတာ ပေါ်လာတယ်နော် (မှန်ပါ)။
ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါး၏ ရေသောက်မြစ်
ဒိဋ္ဌိကလည်း ဘယ်နှစ်မျိုးရှိသတုံးဆိုတော့ ခြောက်ဆယ့်နှစ်ပါးရှိတယ် (မှန်ပါ)၊ ခြောက်ဆယ့်နှစ်ပါးရှိတာသည် ဒကာ ဒကာမတို့ ဖြာထွက်လာတာ မှတ်ပါ၊ ရေသောက်မြစ်ကတော့ ဦးခင်မောင်တို့ ဒကာဝတို့ သဿတနဲ့ ဥစ္ဆေဒ (မှန်ပါ)။
ဒကာ ဒကာမတို့ သဿတနဲ့ ဥစ္ဆေဒပဲနော် (မှန်ပါ)၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါး၏ ရေသောက်မြစ်သည် ဘယ်သူ ပါလိမ့်ဗျာ (သဿတနဲ့ ဥစ္ဆေဒပါဘုရား)။
အဲ သဿတနဲ့ ဥစ္ဆေဒပဲ၊ သက္ကာယဒိဋ္ဌိဆိုတာ ဒီအထဲ အတွင်းဝင်သွားတာပဲလို့ မှတ်လိုက်ပါတော့ (မှန် ပါ ဘုရား)၊ ကောင်းပြီ ဒါကလေး ထူးထူးလည်လည်ကလေး မှတ်လိုက်စမ်းပါ (မှန်ပါ)။
သဿတဒိဋ္ဌိ ကိုယ့်သန္တာန်မှာ ရှိတယ် မရှိတယ် ကိုယ့်ဟာကိုယ် အကဲခတ်နိုင်အောင် ဥစ္ဆေဒဒိဋ္ဌိ ကိုယ့် သန္တာန်မှာ ရှိတယ် မရှိတယ် ကိုယ့်ဟာကိုယ် အကဲခတ်နိုင်အောင် ရှေ့ပိုင်းက ပြောပါ့မယ် (မှန်ပါ)။
သဿတဒိဋ္ဌိရှိနေလည်း အပါယ်လေးပါး မလွတ်ပါဘူး (မှန်ပါ)၊ ဥစ္ဆေဒဒိဋ္ဌိရှိနေကော (အပါယ်လေးပါး မလွတ် ပါ ဘုရား)။
မလွတ်ဘူး (မှန်ပါ)၊ ဦးခင်မောင်ရေ သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ကိုမြရွှေတို့ သဿတဒိဋ္ဌိရှိနေမယ် ဘာတဲ့တုံး (အပါယ်လေးပါး မလွတ်ပါဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ ရှိနေမယ် (အပါယ်လေးပါး မလွတ်ပါဘုရား)၊ မလွတ်သေးဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အေး-ဒါကြောင့် “သဟာဝဿ ဒဿနသမ္ပဒါယ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ” ဆိုတဲ့အတိုင်း သောတာ ပတ္တိမဂ် အမြင်မှန်ရပါမှ ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်နိုင်တယ်၊ ပယ်နိုင်တော့မှကွာ တဲ့ ငါအကျိုးပြပါမယ်ဆိုပြီး ဘုရား က “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” (မှန်ပါ)။
သောတာပတ္တိမဂ်လည်း ရပါရော
သောတာပတ္တိမဂ်လည်း ရပါရောကွာ တဲ့၊ ဒိဋ္ဌိ ဝိစိကိစ္ဆာလည်း သွားပါရောတဲ့၊ အဲဒီတော့မှ အပါယ်လေးပါး စိတ်ချရတော့တယ်ဟေ့ လို့ ဘုရားကိုယ်တိုင် ရတနသုတ်မှာ မဟောလား (ဟောပါတယ် ဘုရား)။
သောတာပတ္တိမဂ် အမြင်မှန်ရမှသာလျှင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ဘာတုံး (သေပါတယ် ဘုရား)၊ သေမှ ဘာလွတ်ပါ လိမ့် (အပါယ်လေးပါး လွတ်ပါတယ်ဘုရား)။
အပါယ်လေးပါးမှ လွတ်တယ်ဆိုတာ ခင်ဗျားတို့ ပရိတ်ရွတ်တဲ့အထဲ ပါပြီးသားပါပဲ (မှန်ပါ)၊ ဘုန်းကြီးက ယူဆောင်ပြီးသကာလ ဟောတာမဟုတ်ပါဘူး၊ ဘုရားကိုယ်တိုင် ရတနသုတ် ဝေသာလီပြည်မှာ ဟောတဲ့အထဲမှာ ဦးဝ ပါပြီးသားမနေဘူးလား (ပါပြီးသားပါ ဘုရား)။
ဒဿနသမ္ပဒါယ-သောတာပတ္တိမဂ်အမြင်နဲ့ ပြည့်စုံသည်နဲ့၊ သဟာဝ-တကွသာလျှင်၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ-သုံးပါးသော တရား ပယ်ချလိုက်တယ်၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဦးခင်မောင် ပယ်လိုက်ပြီ (မှန်ပါ)။
ပြီးတော့မှ ဒါပယ်လိုက်တော့ ဘာကျေးဇူးရှိသတုံးလို့ မေးတဲ့အခါကျတော့မှ “စတူဟာပါယေဟိစ ဝိပ္ပ မုတ္တော” အပါယ်လေးပါးမှ လွတ်သွားသဟေ့ (မှန်ပါ)၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် မဂ်ရမှ ဒိဋ္ဌိပယ်၊ ဒိဋ္ဌိပယ်မှ အပါယ်လွတ်ပေါ့ဗျာ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ မဂ် ရမှ (ဒိဋ္ဌိပယ်ပါတယ် ဘုရား)၊ ဒိဋ္ဌိပယ်မှ (အပါယ်လွတ်ပါတယ် ဘုရား)၊ အပါယ်လွတ်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
အဲ ဒါကြောင့် ဒိဋ္ဌိကို ဒကာ ဒကာမတို့ “ရင်ဝလှံစူူး၊ ဦးခေါင်းမီးလောင်၊ ဒိဋ္ဌိ အမြန်ရှောင်ပါ” (မှန်ပါ)၊ မရှောင်သင့်ဘူးလား (ရှောင်သင့်ပါတယ် ဘုရား)။
ကဲ ဒကာသစ်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဘုန်းကြီးက ဒကာ ဒကာမတို့ တရားတစ်ပွဲလုံးမှာပဲ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဒီဃနခသုတ်ဆိုတာ ရှိတယ်နော် (မှန်ပါ)။
ဒီဃနခသုတ်
အဲဒီ ဒီဃနခသုတ်မှာ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား၊ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား ကို ဖွင့်ထားတာရှိတယ်၊ ဦးခင်မောင် သေသေချာချာမှတ်ရလိမ့်မယ် (မှန်ပါ)၊ ဒကာ ဒကာမတို့ သေသေချာချာ မှတ် ရလိမ့်မယ် (မှန်ပါ)။
ဒီဥစ္စာက သေသေချာချာမှတ်ပါ လို့ ဆရာဘုန်းကြီးက တိုက်တွန်းတာက တခြားကြောင့်မှ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပါလို့ ပြောတာ (မှန်ပါ)။
ငါဟာ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လား၊ ငါဟာ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်လားဆိုတာ စစ်ဆေးပါ (မှန်ပါ)။
ဘာဖြစ်လို့ စစ်ဆေးခိုင်းရသတုံးဆို ဒီဒိဋ္ဌိခံနေလို့ ဘုရားအဆူဆူလွဲ နိဗ္ဗာန်ပွဲကြီးနဲ့ မနွှဲခဲ့ရတာ မသေချာဘူး လား (သေချာပါတယ် ဘုရား)၊ အဲဒါ ဒိဋ္ဌိတစ်ခုခုရှိရမယ် (မှန်ပါ)။
အဲဒီတော့ ဒိဋ္ဌိ တစ်ခုခုရှိရမယ်ဆိုတာက အထူးပြောစရာလိုသေးသလား (မလိုပါ ဘုရား)။
ဘုရားတွေ ဂင်္ဂါဝါဠု သဲစုမက ပွင့်သွားပါလျက်သားနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ကျွတ်တမ်းမဝင်တာ ဘယ်သူခံနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူပါလိမ့်ဗျာ (ဒိဋ္ဌိခံနေလို့ပါ)၊ ဒိဋ္ဌိခံနေတော့ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာဆရာက အို ဒိဋ္ဌိကို ကိုယ့် ဟာကိုယ် စစ်ဆေးပြီး ကိုယ့်ဟာကိုယ် စစ်ဆေးတဲ့နည်းလည်း သူပြတယ် ဦးခင်မောင်ရ (မှန်ပါ)၊ ကဲ- သေသေချာချာ မှတ်ကြပေတော့နော် (မှန်လှပါ ဘုရား)။
ကဲ သေသေချာချာ မှတ်ကြပေတော့နော် သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ အပြစ်တော့ သေးပါတယ်၊ ကျွတ်ခဲတယ် (မှန်ပါ)၊ အပြစ်သေးတယ်၊ ကျွတ်ခဲတယ် (မှန်ပါ ဘုရား)။
သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က (အပြစ်သေးတယ်၊ ကျွတ်ခဲတယ်)၊ “အပ္ပသာဝဇ္ဇံ၊ ဒန္ဓဝိရာဂံ”လို့ ဟောထားတယ်၊ အပ္ပသာဝဇ္ဇံ-နည်းသော အပြစ်ရှိ၏။ ဒန္ဓဝိရာဂံ-နှေးသော ကျွတ်ခြင်းရှိ၏ (မှန်ပါ ဘုရား)။
အင်း သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ အပြစ်တော့ (သေးပါတယ် ဘုရား)၊ ကျွတ်ဖို့တော့ (နှေးပါတယ် ဘုရား)။
ကျွတ်ဖို့တော့ နှေးတယ်
ကျွတ်ဖို့တော့ နှေးတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အပြစ်တော့ (သေးပါတယ် ဘုရား)၊ အကျွတ် တော့ (နှေးပါတယ် ဘုရား)၊ အင်း သူက တစ်မျိုးပါကလား (မှန်ပါ ဘုရား)၊ ဒါ မှတ်ထားနော်၊ သဿတဒိဋ္ဌိ၏ စွမ်းရည်သတ္တိ နည်းနည်းပေါ်လာပြီ (မှန်ပါ ဘုရား)။
နည်းနည်းပေါ်လာပြီ ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်ကိုယ် အကဲခတ်၊ ငါဟာ သဿတဒိဋ္ဌိသမားလား ဥစ္ဆေဒ ဒိဋ္ဌိသမားလား၊ ငါ အခု နိဗ္ဗာန်မရဘူး၊ ဘုရားတွေလည်း ဂင်္ဂါဝါဠုသဲစုမက ပွင့်သွားတာ ငါမပါဘူး၊ ငါမပါရင် ဒီဒိဋ္ဌိ နှစ်ခု တစ်ခုခုခံနေပြီ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် အကဲခတ်ပါ၊ အကဲခတ်တဲ့အခါကျတော့မှ ဘုန်းကြီးက ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် အကဲခတ်လို့ ရပလား၊ ရတဲ့အခါကျတော့မှ ဟောဒီလိုဖြုတ် ဆိုတဲ့ ဖြုတ်နည်းကို သင်ပေးလိုက်တယ် (မှန်ပါ ဘုရား)။
ကိုယ့်ဟာကိုယ် အကဲခတ်ကြပါဦးနော် (မှန်ပါ)၊ အကဲမခတ်ခင် သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များမှာ အပြစ်တော့ သေးတယ်၊ နိဗ္ဗာန်နဲ့ဝေးတယ် (မှန်လှပါ)၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များမှာ အပြစ်တော့ (သေးပါတယ် ဘုရား)၊ နိဗ္ဗာန်နဲ့ (ဝေးပါတယ် ဘုရား)။
အင်း သဿတဒိဋ္ဌိ တန်ခိုးကလည်း ဦးခင်မောင် အဆိုးသားပါကလား (ဆိုးပါတယ် ဘုရား)၊ အပြစ်တော့ ဘာတဲ့ (သေးပါတယ် ဘုရား)၊ နိဗ္ဗာန်နဲ့တော့ (ဝေးပါတယ် ဘုရား)။
အင်း ဒါ ဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လည်း (သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ ဒိဋ္ဌိရေသောက်မြစ်နှစ်ခုကို ယနေ့ ရှင်းပြတယ် (မှန်ပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်အပြစ်တော့ကြီးတယ်
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ အပြစ်တော့ကြီးတယ်တဲ့၊ နိဗ္ဗာန်နဲ့နီးတယ် (မှန်ပါ ဘုရား)။
အပြစ်ကတော့ (ကြီးပါတယ် ဘုရား)၊ နိဗ္ဗာန်နဲ့တော့ (နီးပါတယ် ဘုရား)၊ ဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်လဲ (ဥစ္ဆေဒဒိဋ္ဌိ ရှိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။
အို ဒါကလေးတွေ မှတ်ထားတော့မှ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်လိုက်တဲ့အခါ ငါဟာ သဿတရှိနေ သလား၊ ငါဟာ ဥစ္ဆေဒဒိဋ္ဌိရှိနေသလားဆိုတာ နောက်တော့ ပေါ်လာလိမ့်မယ်နော် (မှန်ပါ ဘုရား)။
ဒါကလေးကို အရင်မှတ်ထားပါဦးတဲ့၊ ဦးခင်မောင်ရေ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးနည်းဟောပြီ (မှန်ပါ ဘုရား)၊ ဒကာသစ် ဘာဟောပါလိမ့် (ကိုယ့်ကိုယ်ကိုယ် စစ်ဆေးနည်း ဟောပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကိုယ်စစ်ဆေးနည်း ဟောနေပါတယ်၊ ဒကာ ဒကာမတို့ ဘုရားအဆူဆူနဲ့ လွဲခဲ့ရတာသည် သဿတ ဒိဋ္ဌိရှိလို့၊ တစ်နည်းအားဖြင့် ဥစ္ဆေဒဒိဋ္ဌိရှိလို့၊ ဒီနှစ်ခုကြောင့် အလွဲကြီးလွဲ အချော်ကြီးချော်ရတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
အဲဒီအလွဲကြီး အချော်ကြီးကိုဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒီနေ့သည်ကားလို့ဆိုရင် ကိုယ့်သန္တာန် ဘာရှိတယ် ဆိုတာ သိပြီးသား၊ ဘာရှိရင် ဘာနဲ့ဖြေဖျောက်မယ်ဆိုတာ ဦးဝ ပေါ်လာတော့မယ် (မှန်ပါ ဘုရား)၊ မပေါ်လာပေဘူး လား (ပေါ်လာပါတယ် ဘုရား)။
အေး ဒါကြောင့် ကြိုးစားပြီးမှတ်ပါ၊ ကြိုးစားပြီး နားထောင်ကြပါဆိုတာကိုလည်း တိုက်တွန်းရပြန်တယ် (မှန်ပါ ဘုရား)။
အပြစ်တော့ သေးပါတယ်၊ နိဗ္ဗာန်နဲ့ ဝေးပါတယ်
ကိုင်း ဒါဖြင့် ပြောပါတော့မယ် ဒကာ ဒကာမတို့၊ ၁ နံပါတ်ကလေးက နည်းနည်းကလေး ပြန်ပြီးကျေအောင် တစ်ခေါက်လောက်ပြောလိုက်တော့ သဿတဒိဋ္ဌိကတော့ ဘာတဲ့ (အပြစ်တော့ သေးပါတယ်၊ နိဗ္ဗာန်နဲ့ ဝေးပါတယ် ဘုရား)။
အင်း သူက တစ်မျိုးပါကလား (တစ်မျိုးပါ ဘုရား)၊ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာ အပြစ်တော့ (သေးပါတယ် ဘုရား)၊ အပြစ်တော့ တယ်မကြီးဘူးတဲ့၊ နိဗ္ဗာန်နဲ့တော့ (ဝေးပါတယ် ဘုရား)။
အင်း တယ်ခက်ပါကလား၊ သူကလည်း တစ်မျိုးပါကလား (တစ်မျိုးပါ ဘုရား)၊ ကဲ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဘာတဲ့ (အပြစ်တော့ကြီးပါတယ်၊ နိဗ္ဗာန်နဲ့ နီးပါတယ် ဘုရား)။
အပြစ်တော့ကြီး နိဗ္ဗာန်နဲ့နီး၊ သူက တော်တော်သေးရဲ့ (မှန်ပါ)၊ သူက တော်တော်သေးရဲ့ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ အကျဉ်းချုပ် မှတ်ထားပါ (မှန်ပါ ဘုရား)၊ ကဲ အကျယ်ပြောပါတော့ မယ်တဲ့၊ အကျယ်ပြောပါတော့မယ်၊ ဒကာ ဒကာမတို့ ဒီဟာ အင်မတန်အရေးကြီးပါတယ် (မှန်ပါ)။
ကိုယ့်ကိုယ်ကို အကဲခတ်
သူများ အကဲခတ်ရမှာလား ဒကာ ဒကာမတို့ ကိုယ့်ကိုယ် အကဲခတ်ရမှာလား (ကိုယ့်ကိုယ် အကဲခတ်ရမှာပါ ဘုရား)။
ဪ ကိုယ့်ကိုယ် အကဲခတ်ရင်တော့ဖြင့် မလွဲတော့ပါဘူး (မလွဲပါ ဘုရား)၊ ကိုယ့်ကိုယ် အကဲခတ်တတ် ရင် (မလွဲပါ ဘုရား)။
မလွဲတော့ပါဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် အကဲခတ်တတ်ဖို့ရာ သိပ်ခဲယဉ်းသနော် (မှန်ပါ ဘုရား)။
သူများကိုသာ အကဲခတ်တာ လွယ်တယ်ထင်ရတယ်၊ ကိုယ့်ကိုယ် အကဲခတ်တာဆိုတော့ လျှော့ခတ်လိုခတ် မြှင့်ခတ်လိုခတ်နဲ့ ဦးခင်မောင်ရေ (မှန်ပါ ဘုရား)၊ ခက်လိုက်တဲ့ဖြစ်ခြင်းမှ ကိုယ့်ကိုယ်ကျတော့ သာသာထိုးထိုးချည်း လုပ်နေကြတယ် (မှန်ပါ ဘုရား)။
သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား
ကိုင်း ဒါဖြင့် ၁ နံပါတ် သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား သဘောထားကို ပြောပါတော့မယ် (မှန်ပါ ဘုရား)၊ စိတ်နေစိတ်ထား သဘောထားကို ပြောပါတယ် (မှန်လှပါ ဘုရား)။
ဘယ်ပုဂ္ဂိုလ် ပြောမှာပါလိမ့် (သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် ပြောမှာပါဘုရား)၊ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေ စိတ်ထား သဘောသွားကို ပြောပါတော့မယ်ဆိုတော့ ကိုယ့်ကိုယ် အကဲခတ်ကြနော် (မှန်ပါ)၊ စိတ်နေစိတ်ထား သဘော သွားတော့ ပြောတော့မယ် (မှန်လှပါ ဘုရား)။
ဒကာသစ် ကိုယ့်ဟာကိုယ် အကဲခတ်ရမှာ (မှန်ပါ ဘုရား)၊ ဒီဘက်က ဒကာ ဒကာမတွေ ဘာပါလိမ့် (ကိုယ့် ကိုယ်ကိုယ် အကဲခတ်ရမှာပါ ဘုရား)။
အဲ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကတော့ကိုတဲ့ ဒကာ ဒကာမတို့ ဤလောက, တစ်ပါးသော လောကရှိတယ် လို့ သူ့စိတ်ထဲမှာ ယုံကြည်ပါတယ် (မှန်ပါ)၊ ဟိုဘဝ ဒီဘဝ ရှိတယ်ပေါ့ဗျာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးပေးဟာလည်း ရှိတယ်လို့ သူယူတာပဲတဲ့ (မှန်ပါ ဘုရား)၊ ဟိုဘက်လောက ဒီဘက်လောကလည်း ရှိတာပဲနော် (မှန်ပါ)၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးကော (ရှိပါတယ် ဘုရား)၊ နှစ်မျိုးရှိသွားပြီ (မှန်ပါ)။
ဒါ သူ့စိတ်ထဲမှာ ဪ ဒီဘက်လောက ဟိုဘက်လောကလည်း ရှိတာပဲ၊ လူ့ပြည်-နတ်ပြည်ဆိုတာ ရှိ တာပဲ၊ လူ့ပြည်လည်း ရှိတာပဲ၊ နတ်ပြည်လည်း ရှိတာပဲ၊ သူ ဒါကို ယုံကြည်ပါတယ် (မှန်ပါ)၊ သဿတဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်ကနော် (မှန်ပါ ဘုရား)။
ကုသိုလ်-အကုသိုလ်ကံ၏ အကျိုးပေးကော (ယုံကြည်ပါတယ် ဘုရား)၊ ရှိတယ်လို့ ယုံကြည်တာပဲ (မှန်ပါ)၊ သူ့ ဟာ မှန်တော့မှန်သားပဲ ဦးခင်မောင်ရေ (မှန်ပါ)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ဟိုဘဝ ဒီဘဝ ရှိတယ်လို့လည်း (ယုံကြည်ပါတယ်)၊ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကနော် (မှန်ပါ)၊ ဟိုဘဝ ဒီဘဝ ရှိတယ်လို့လည်း (ယုံကြည်ပါတယ် ဘုရား)။
ကောင်းတာလုပ် ကောင်းကျိုးပေးတယ်ဆိုတာလည်း (ယုံကြည်ပါတယ် ဘုရား)၊ “သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”ဆိုတာလည်း သူယုံတာပဲ (မှန်ပါ ဘုရား)။
သို့သော် သူတစ်မျိုးလုပ်တယ်၊ ကုသိုလ်ကို အင်မတန်ပြုတယ် (မှန်ပါ ဘုရား)၊ အင်မတန် ကုသိုလ်ပြုတယ် (မှန်ပါ)၊ ဒကာ ဒကာမတို့ ကုသိုလ် သိပ်ပြုတာပဲ (မှန်ပါ)၊ အကုသိုလ်ပြုရမှာ သိပ်ကြောက်တယ် (မှန်ပါ)။
ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမှာနော်
ဒါ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမှာနော် (မှန်လှပါ ဘုရား)၊ ဘယ်သူ့အကဲခတ်ရမှာတုံး (ကိုယ့်ကိုယ် ကိုယ် အကဲခတ်ရမှာပါ ဘုရား)၊ ကုသိုလ်လည်း အင်မတန် ပြုချင်တယ်တဲ့ အကုသိုလ်ပြုရမှာကျတော့လည်း (ကြောက် ပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အခု သုံးမျိုးရှိသွားပြီနော် (မှန်ပါ)၊ ပြီးတော့ သူက ဝဋ်ကျတော့ သာယာတယ် (မှန်ပါ)၊ လူ့ပြည်မှာ လူ ချမ်းသာရမယ်ဆိုရင် အို သဘောကျတယ် (မှန်ပါ)၊ နတ်ပြည်မှာ နတ်ချမ်းသာရမယ်ဆိုရင် (သဘောကျပါတယ်)၊ ဗြဟ္မာ့ပြည် ဗြဟ္မာချမ်းသာရမယ်ဆိုရင် (သဘောကျပါတယ် ဘုရား)။
ဒါဖြင့် ဝဋ်တော့လည်း သာယာတယ် (မှန်ပါ)၊ ဘယ်နှစ်မျိုးရှိသွားပလဲ (သုံးမျိုးရှိသွားပါပြီ)၊ လေးမျိုးရှိသွား ပြီနော် လေးမျိုးရှိသွားပြီ။
လေးမျိုးရှိသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ)၊ ပြန်ပြောပါဦးမယ် လေးမျိုးရှိတာကိုနော် (မှန်ပါ)။
သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ ဤဘက်လောက ဟိုဘက်လောကရှိတယ်လို့ ယုံကြည်တယ် (မှန်ပါ)၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးပေးရှိတယ်လို့ကော (ယုံကြည်ပါတယ် ဘုရား)။
ကုသိုလ်တော့ အင်မတန် ပြုပါတယ် အကုသိုလ်ကိုလည်း အင်မတန် ကြောက်ပါတယ် (မှန်ပါ)၊ သုံးချက် ရှိသွားပြီနော် (မှန်ပါ ဘုရား)။
ကုသိုလ်ပြုတယ်၊ အကုသိုလ် ကြောက်တယ် (မှန်ပါ)၊ ဘုံဘဝတွေကျတော့ ဝဋ်ထဲ သာယာတယ် (မှန်ပါ)၊ ဟို ဘုံရောက်မယ်၊ လူချမ်းသာရမယ်ဆိုတာ သိပ်သဘောကျတယ်၊ သိပ်သာယာတယ် (မှန်ပါ)၊ နတ်ချမ်းသာရမယ်ဆိုလည်း (သဘောကျပါတယ် ဘုရား)။
ကဲ ပုဂ္ဂိုလ်က အခုလေးချက်ပြီးသွားပြီနော် (မှန်ပါ)၊ ငါးချက်မြောက် နောက်တစ်ချက် အရေးကြီးတာ ပြောမယ် (မှန်ပါ)။
ကျွတ်ခဲတယ်တဲ့
ဒီပုဂ္ဂိုလ်က ဘယ်လိုဖြစ်လာသတုံးဆိုတော့ ဘုရားနဲ့တွေ့တွေ့ ဘုရားတပည့်သားတွေနဲ့ပဲ နိဗ္ဗာန်ရောက်ကြောင်း သစ္စာတွေဟောဟော အဲဒီအခါကျတော့ ကျွတ်ခဲတယ် (မှန်ပါ ဘုရား)၊ ကျွတ်ခဲတယ်၊ ဘဝသာယာနေတာကိုး (မှန်ပါ ဘုရား)။
ဦးခင်မောင်ရေ ဘာတဲ့ (ဘဝသာယာနေလို့ ကျွတ်ခဲပါတယ်ဘုရား)။
ကျွတ်ခဲတယ်တဲ့၊ ဘုရားနဲ့တွေ့တွေ့ ဘုရားတပည့်သားနဲ့တွေ့တွေ့ နိဗ္ဗာန်ကို မင်းယူတော့လို့ နိဗ္ဗာန်ရောက် ကြောင်း သစ္စာတရားတွေ ဟောလိုက်တဲ့အခါကျတော့ တယ်ကျွတ်ခဲတယ် (မှန်ပါ)။
အဘယ့်ကြောင့်ဆိုသော် ဘဝထဲမှာ ပုန်းအောင်းပြီး ပျော်နေလို့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား နှလုံးသွားပါပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဘယ်ပုဂ္ဂိုလ်၏ (သဿတဒိဋ္ဌိ အယူရှိသောပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား သဘောသွားပါ ဘုရား)။
စိတ်နေစိတ်ထား သဘောသွားပါပဲ၊ သဘောကျပလား (ကျပါပြီ)၊ စိတ်နေစိတ်ထားနော် (မှန်ပါ)။
၁ နံပါတ် ဦးခင်မောင်ကြီး ဘာတဲ့ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာ ဟိုဘဝ ဒီဘဝရှိတယ်လို့လည်း (ယုံကြည် ပါတယ် ဘုရား)။
ယုံကြည်တယ် (မှန်ပါ)၊ တည့်နေတာပဲ၊ ကမ္မဿကတဉာဏ် သေသေချာချာရှိတယ် (မှန်ပါ ဘုရား)။
ကောင်းတာလုပ် ကောင်းကျိုးပေးတယ် မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတဲ့ အယူကော (ရှိပါ တယ် ဘုရား)။
ကုသိုလ်ကော (ပြုပါတယ် ဘုရား)၊ အင်မတန် ပြုပါတယ်၊ အကုသိုလ်ပြုရမှာကော (ကြောက်ပါတယ် ဘုရား)၊ ကြောက်ပါတယ်။
ဝဋ်ကျတော့ (သာယာပါတယ် ဘုရား)၊ ဟော အဲဒါကလေး သွားငြိသကိုး (မှန်ပါ)၊ ဝဋ်ကျတော့ သာယာ တယ် (မှန်ပါ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
ဝဋ်ကျတော့ (သာယာပါတယ် ဘုရား)၊ ဟော အဲဒါကလေး သွားငြိသကိုး (မှန်ပါ)၊ ဝဋ်ကျတော့ သာယာ တယ် (မှန်ပါ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
ဝဋ်ကျတော့ (သာယာပါတယ် ဘုရား)၊ ဝဋ်ကျတော့ သာယာတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။
ဒီတော့ ဘုရားနဲ့ဖြစ်ဖြစ်၊ ဘုရား၏ တပည့်သားနဲ့တွေ့တွေ့ သစ္စာတွေဟောပြီး နိဗ္ဗာန်ဝင်မည့်တရားကို လုပ် ရတော့မယ်ဆိုတဲ့အခါကျတော့ ကျွတ်ခဲသတဲ့ (မှန်ပါ ဘုရား)။
သဿတဒိဋ္ဌိသမား မသေးဘူးနော် (မှန်ပါ ဘုရား)၊ သေးကြရဲ့လား (မသေးပါ ဘုရား)။
အဲဒါ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ ဒီဃနခသုတ်မှာ သေသေချာချာ အဋ္ဌကထာဆရာ ဖွင့်ထားတယ်နော် (မှန် ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား သဘောသွားကို သိပလား (သိပါပြီ ဘုရား)။
ကိုယ့်ဟာကိုယ် နဖူးပေါ်လက်တင် စဉ်းစား
ဒါဖြင့် ဒီဒကာ ဒကာမတွေသည် သဿတလား၊ ဥစ္ဆေဒလားဆိုတာ ကိုယ့်ဟာကိုယ် နဖူးပေါ်လက်တင် စဉ်းစားပြီးသကာလ သဿတရှိလည်း ဖြုတ်ရမှာပဲ (ဖြုတ်ရမှာပါ ဘုရား)၊ ဥစ္ဆေဒရှိကော (ဖြုတ်ရမှာပါ ဘုရား)။
ဦးခင်မောင်ရေ ဒီတရားက တော်တော်ခက်ပါကလား (ခက်ပါတယ် ဘုရား)။
သူများဟောရမှာလား ကိုယ့်ဟာကိုယ် အကဲခတ်ပြီး လုပ်ရမှာလား (ကိုယ့်ဟာကိုယ် အကဲခတ်ပြီး လုပ်ရမှာ ပါ ဘုရား)။
အေး ကိုယ့်ဟာကိုယ် အကဲခတ်ပြီးလုပ်ရမယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။
နေရာကျပြီ ဒကာသစ်တို့၊ ကိုယ့်ဟာကိုယ် လူများမပြောကြနဲ့နော် (မှန်ပါ)၊ ကျုပ်ဟာဘာပဲ ကိုယ့်ဟာကိုယ် တော့ သိပြီ (မှန်ပါ ဘုရား)။
ကျုပ်ဟာ ဘာပဲဆိုတာတော့ မသိပေဘူးလား (သိရပါတယ် ဘုရား)။
သိလို့ရှိရင်ဖြင့် ဪ သဿတရှိရင် ဘယ်အလုပ်လုပ်ရမယ်၊ သဿတဒိဋ္ဌိ ခံနေတယ်၊ ငါခက်သေးတယ် (မှန်ပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိခံနေကော (ခက်ပါသေးတယ် ဘုရား)၊ ဒီ ဒိဋ္ဌိတွေရှိရင် “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော” ဆိုပြီး ဒိဋ္ဌိမှ မပြုတ်တော့ အပါယ်လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
မလွတ်သေးဘူးတဲ့၊ နတ်ရွာသုဂတိတွေတော့ ရောက်ကြမှာပေါ့ဗျာ၊ ကမ္မဿကတာဉာဏ်၏ တန်ခိုးကြောင့် ရောက်ပင်ရောက်ငြားသော်လည်း ဒိဋ္ဌိလွတ်ပြီးတော့ ရောက်တာပဲ (မှန်ပါ)၊ ဒိဋ္ဌိရှိပြီးတော့ လုပ်တာလည်း ရောက်တာ ပဲ (မှန်ပါ)။
အဲဒီတော့ ဒိဋ္ဌိလွတ်ပြီးလုပ်တော့ကို သုဂတိနတ်ပြည်လည်း ရောက်သေးတယ်၊ အဲဒီကနေပြီး နိဗ္ဗာန်ကူးသေး တယ်ဆိုတော့ ဒိဋ္ဌိဖြုတ်ပြီး ကုသိုလ်ဒါနတွေ လုပ်ရတာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အေး ဒါကြောင့် ကုသိုလ်ဒါနတွေ ကြိုးလည်းကြိုးစားပါ၊ ဒိဋ္ဌိလည်း ဖြုတ်လိုက်ပါ (မှန်ပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ကုသိုလ်ဒါနတွေ (လုပ်လည်းလုပ်ပါ)၊ ဒိဋ္ဌိလည်း ဖြုတ်ပစ်ပါ (မှန်ပါ)၊ ဒိဋ္ဌိလည်း ဖြုတ်ပစ်ပါဆိုတာကို အရေး တကြီးပြောရတယ် (မှန်ပါ)။
ကိုင်း ဒါဖြင့် ဦးခင်မောင်တို့ ဒကာဝတို့ ဒကာသစ်တို့ သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား သဘောသွားဖြင့် သိပါပြီ (သိပါပြီ ဘုရား)။
စိတ်နေစိတ်ထား သဘောသွား (သိပါပြီ)၊ ဘယ်သူ့ကို အကဲခတ်ရမှာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် အကဲခတ်ရ မှာပါ ဘုရား)။
အေး ဒီကပြန်တော့ အကဲခတ်ကြည့်ကြနော် (မှန်ပါ)၊ အကဲခတ်ကြည့်တော့ ကိုယ့်ဟာကိုယ် ပြုံးချင်လည်း ပြုံးလာလိမ့်မယ် (မှန်ပါ ဘုရား)။
မဲ့ချင်ကော (မဲ့လာလိမ့်မယ်)၊ မဲ့လာလိမ့်မယ်ဆိုတော့ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် အကဲခတ်ကြဦးစို့ (မှန်ပါ)။
ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် အကဲခတ်ကြဦးစို့
ဦးခင်မောင်ရေ အကဲခတ်ကြဦးစို့နော် (မှန်ပါ)၊ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာဆရာက ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် အကဲခတ်ကြဦးစို့ (မှန်ပါ)။
၁ နံပါတ်နော် (မှန်ပါ)၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ရှိတယ်ဆိုတာလည်း (ယုံကြည်ပါတယ် ဘုရား)။
ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတာကော (ယုံကြည်ပါ တယ် ဘုရား)။
ယုံကြည်ပါတယ်တဲ့၊ ဥစ္ဆေဒသမားလည်း ယုံကြည်တာပါပဲ (မှန်ပါ)၊ သို့သော် သူ့စိတ်ထားမှာ ကုသိုလ်ကိုမပြု ဘူးတဲ့ (မှန်ပါ)၊ များသောအားဖြင့် သူ ကုသိုလ်ကို ဘယ်တော့မှ မပြုဘူး (မှန်ပါ ဘုရား)။
အကုသိုလ်ကျတော့ ဒကာ ဒကာမတို့ နင်းပြီးလုပ်တယ် (မှန်ပါ ဘုရား)၊ ကုသိုလ်ကျတော့ (မလုပ်ပါ ဘုရား)၊ အကုသိုလ်ကျတော့ (နင်းလုပ်ပါတယ် ဘုရား)။
အဲ အကုသိုလ်ကျတော့ ပြင်းပြင်းထန်ထန် အလုပ်လုပ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ သွားရ မည့် ဘုံဘဝ ဝဋ်တရားကျတော့ မသာယာဘူးတဲ့ (မှန်ပါ ဘုရား)။
ဝဋ်တရားကျတော့ (မသာယာပါ ဘုရား)၊ ခုနင်က သဿတသမားကတော့ (သာယာပါတယ် ဘုရား)၊ သူက တော့ ဝဋ်ကျတော့ (မသာယာပါ ဘုရား)။
ဘယ်သာယာမတုံး သူက ဥစ္ဆေဒဆိုတော့ ပြတ်ပြီပြတ်ပြီဆိုတော့ ဝဋ်ကို ဘယ်မှာ သူသာယာတော့မလဲ (မှန်ပါ ဘုရား)၊ ဥစ္ဆေဒဆိုတာ လုပ်ပြီး ပြီးတာပဲ၊ ဘာမှ ကျေးဇူးခံစားစရာမရှိဘူး ယူလိုက်တာကိုး (မှန်ပါ ဘုရား)။
သူက ကျွတ်လွယ်သတဲ့
အဲဒီတော့ သူက ဝဋ်ကျတော့ ဘယ့်နှယ်တုံး (မသာယာပါ ဘုရား)၊ ဘုရားနဲ့သော်လည်းကောင်း၊ ဘုရား၏ တပည့်သားနဲ့သော်လည်းကောင်း၊ သစ္စာတရားတွေ နာရလို့ရှိရင်ဖြင့် သူက ကျွတ်လွယ်သတဲ့ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘာတဲ့တုံး (ကျွတ်လွတ်ပါတယ် ဘုရား)၊ ကျွတ်လွယ်သတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ ဘုရားနဲ့ သော်လည်းကောင်း၊ ဘုရား၏ သာဝကနဲ့သော်လည်းကောင်း တွေ့တဲ့အခါမှာ တစ်ခါတည်း ဘုရားအဖြစ်သော်လည်း ကောင်း၊ သူဟာ မရရအောင် လုပ်တော့တာပဲတဲ့၊ သို့မဟုတ် ဘုရားအဖြစ် မရလည်းပဲ သာဝကအလုပ်ကို ကြိုးစား ပြီးသကာလ မြန်မြန်ကျွတ်တမ်းဝင်လာတယ် (မှန်ပါ ဘုရား)။
ဒါက ဘာသမားပါလိမ့် (ဥစ္ဆေဒသမားပါ ဘုရား)၊ ကိုင်း ဥစ္ဆေဒသမား တစ်ခေါက်ပြီးသွားပြီ၊ တစ်ခေါက် ပြန်ပြောပါဦးမယ် ဦးဝရေ (မှန်ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် အကဲခတ်ဖို့ တရားနော် (မှန်ပါ)၊ ပြီးတော့မှ ဘုန်းကြီးက နှစ်ခု စလုံး ဖြုတ်ပေးပါ့မယ်တဲ့၊ ဘာရှိရှိ ပြုတ်ရမယ် (မှန်ပါ)။
သို့သော် ကိုယ့်ကိုယ်ကိုယ် ကိုယ်အကဲခတ်ထားတော့ကို သာပြီးသကာလသိဖို့ ဒကာသစ် သေချာတယ်နော် (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥစ္ဆေဒသမားက အရင်တုန်းက ပြောခဲ့တယ် ၁ နံပါတ်မှာ အပြစ်တော့ ကြီးတယ် ကျွတ်လွယ်တယ်လို့ ပြောခဲ့ပြီးပြီ (ပြောပါတယ် ဘုရား)။
အပြစ်တော့ (ကြီးပါတယ် ဘုရား)၊ ကျွတ်တော့ (ကျွတ်လွယ်ပါတယ် ဘုရား)၊ အဲဒီစကားနဲ့ သွားမကိုက်ဘူး လား (ကိုက်ပါတယ် ဘုရား)။
ကဲ သူကတော့ကို တဲ့ အစက စကြဦးစို့ ဒကာ ဒကာမတို့ သူသည် ဤလောက ဟိုလောကရှိတယ် ဆိုတာကော (ယုံကြည်ပါတယ် ဘုရား)။
ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတာကော (ယုံကြည် ပါတယ် ဘုရား)။
ယုံကြည်ပါတယ် တဲ့၊ ကုသိုလ်ကျတော့ (မလုပ်ပါ ဘုရား)၊ အဲ ကုသိုလ်မလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဥစ္ဆေဒ သမားတွေ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကုသိုလ်ကျတော့ (နင်းလုပ်ပါတယ် ဘုရား)၊ ရဲရဲတင်းတင်းလုပ်တယ် (မှန်ပါ ဘုရား)။
အကုသိုလ်ကျတော့ (ရဲရဲတင်းတင်းလုပ်ပါတယ် ဘုရား)၊ အေး အကုသိုလ်ကျတော့ ရဲရဲတင်းတင်းလုပ်တယ် ဆိုတော့ ဒကာ ဒကာမတွေ နိုင်ငံခြားသားတွေ သိကြရောပေါ့ဗျာ (မှန်ပါ ဘုရား)။
နိုင်ငံခြားသားတွေကျတော့ ကုသိုလ်ကျတော့ မလုပ်ဘူး (မလုပ်ပါဘူး)၊ အကုသိုလ်ကျတော့ အကြီးအကျယ်ပဲ ကုမ္ပဏီကြီးတွေ ထောင်ပြီးတော့ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။
အေး အဲဒါက ဥစ္ဆေဒသမားတွေလို့ မှတ်ရမယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ အဲဒီဥစ္ဆေဒသမား က ခုနင်ကပြောခဲ့တဲ့ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်ဝဋ်ကိုတော့ မသာယာဘူး (မှန်ပါ ဘုရား)။
ဝဋ်တော့ ဘာတဲ့ (မသာယာပါ ဘုရား)၊ အဲဒီတော့ ဘုရားနဲ့တွေ့တွေ့ ဘုရားသားနဲ့ တွေ့တွေ့တဲ့ ဟောလိုက် ပြောလိုက်လို့ရှိရင် ဘုရားဆုသော်လည်းကောင်း အမြန်တောင်းပစ်လိုက်တာပဲ (မှန်ပါ ဘုရား)၊ သာဝကဆုသော်လည်း ကောင်း အမြန်လုပ်ပြီးသကာလ ကျွတ်တမ်းဝင်လွယ်တယ် (မှန်ပါ ဘုရား)။
ဘယ်ဒိဋ္ဌိရှိရှိ မဂ်တား ဖိုလ်တား
ဒါဟာ ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (ဥစ္ဆေဒသမားပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိသမားဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ကဲ ဦးခင်မောင်ရေ၊ ခင်ဗျားကိုယ်ခင်ဗျား အိမ်ကျမှ အကဲခတ်နော် (မှန်ပါ)၊ ဒီဒကာ ဒကာမတွေကော (အိမ်ကျမှ အကဲခတ်ရပါမယ် ဘုရား)၊ အိမ်ကျမှ အကဲခတ်ကြ (မှန်ပါ)၊ ဘယ်ဒိဋ္ဌိရှိရှိ မကောင်းဘူးလို့ မှတ်ပါ (မှန်ပါ)။
ဒီဒိဋ္ဌိတွေတော့ ဖြုတ်ရလိမ့်မယ် (မှန်ပါ)၊ ဘယ်ဒိဋ္ဌိရှိရှိ မဂ်တား ဖိုလ်တားကတော့ (တားပါတယ် ဘုရား)။
ဦးခင်မောင် ဘာတဲ့ (ဘယ်ဒိဋ္ဌိရှိရှိ မဂ်ဖိုလ်တားပါတယ် ဘုရား)။
ဘယ်ဒိဋ္ဌိရှိရှိ ဒကာ ဒကာမတို့ မဂ်တား ဖိုလ်တား လာလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ အေး ဒါကြောင့် ဘုရားက “ရင်ဝလှံစူး ဦးခေါင်းမီးလောင် ဒိဋ္ဌိအမြန်ရှောင်” (မှန်ပါ)။
မဟောသင့်ဘူးလား (ဟောသင့်ပါတယ်)၊ ဘာကြောင့်တုံး အပါယ်မလွတ်လို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (အပါယ်မလွတ်လို့ပါ ဘုရား)၊ ဘယ်လောက်အရေးတကြီး ရှောင်ရမတဲ့တုံး (ရင်ဝ လှံစူး, ဦးခေါင်း မီးလောင်, ဒိဋ္ဌိအမြန်ရှောင်ပါ ဘုရား)။
အဲဒါထက် အလျင်အမြန် ဒိဋ္ဌိရှောင်၊ ရင်ဝလှံစူးတာကို ကပျာကယာ တစ်ခါတည်း ဖယ်လိုက်သလို ကိုယ်ကို တိမ်းပစ်လိုက်သလို၊ ဦးခေါင်းမီးလောင်တာကို ကပျာကယာ ငြိမ်းပစ်လိုက်သလို၊ အဲဒီထက် အမြန်ဒိဋ္ဌိငြိမ်းပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရင်ဝလှံစူး ဦးခေါင်းမီးလောင် ဒိဋ္ဌိကို အမြန်ရှောင်ပါဆိုတာကော သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒါက သံယုတ်ပါဠိတော်၊ ခုနင်ကပြောတာက မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ (မှန်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အကဲခတ်တဲ့နည်း ဘယ်နှစ်နည်း
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် အကဲခတ်တဲ့နည်း ဘယ်နှစ်နည်းပေးလိုက်ပါလိမ့် (နှစ် နည်းပါ ဘုရား)။
ငါဟာ သဿတဒိဋ္ဌိသမားပဲလား အကဲခတ် (မှန်ပါ)၊ ငါဟာ ဥစ္ဆေဒသမားပဲလား အကဲခတ် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုအကဲခတ်ကြမယ် (ငါဟာ သဿတသမားပဲလား၊ ဥစ္ဆေဒသမားပဲလား အကဲခတ်)၊ ငါဟာ သဿတ လား ငါဟာ ဥစ္ဆေဒလားဆိုတာ ကိုယ့်ဟာကိုယ်ပေါ်နေတာပဲ (မှန်လှပါ)၊ ဘယ်သူ့လိုက်မေးနေဖို့ လိုသေးသတုံး (မလို ပါ ဘုရား)။
မလိုပါဘူးတဲ့၊ ဒီဒိဋ္ဌိနှစ်ခု တစ်ခုခုရှိနေလို့ရှိရင်လည်း ဒကာ ဒကာမတို့ အပါယ်လေးပါးက (မလွတ်ပါ ဘုရား)။
မလွတ်သေးဘူးတဲ့၊ နတ်ရွာသုဂတိ ရောက်သွားပေမယ့် “ဥက္ခိတ္တာ ပုညတေဇေန”ဆိုတဲ့အတိုင်း မြှင့်တင်လိုက် ပေမယ့် ပြန်ကျရင် ကျဦးမှာပဲ (မှန်ပါ ဘုရား)။
ဒိဋ္ဌိက ဆွဲတတ်တာကိုးဗျ (မှန်ပါ)၊ ဒိဋ္ဌိက ဆွဲတတ်တာဆိုတော့ အောက်ကနေ ဆွဲဆွဲချတတ်တယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)၊ အဲဒါကြောင့် “ရင်ဝလှံစူး ဦးခေါင်းမီးလောင် ဒိဋ္ဌိ ဒီ့ထက် အမြန်ရှောင်”ဆိုတဲ့ ဥစ္စာ ရင်ဝဆီလာတဲ့ လှံကြီးကို စူးမယ်ကြံလို့ရှိရင် ဖြည်းဖြည်းမှ တိမ်းချင်မှတိမ်းပါ၊ မီးလောင်တာ ဖြည်းဖြည်းမှ ငြိမ်း ချင်ငြိမ်းပါ (မှန်ပါ)၊ ဒိဋ္ဌိ ဒီ့ထက်အမြန်ရှောင်ရမယ်ဆိုတာကော သဘောပါပလား (ပါပါပြီ ဘုရား)။
အေး ဒါကြောင့် အရေးတကြီး ပြောရပါတယ်ဆိုတာ ဦးခင်မောင်ရေ မှတ်မိအောင် မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။
ဘယ်သူ့ကို အကဲခတ်ရမှာတုံး (ကိုယ့်ကိုယ်ကိုယ် အကဲခတ်ရမှာပါ ဘုရား)၊ ဘယ်အချိန် အကဲခတ်ရမှာပါ လိမ့် (အိမ်ရောက်တဲ့အချိန် အကဲခတ်ရမှာပါ ဘုရား)။
အချိန်တိုင်း အကဲခတ်ကြည့်
အချိန်တိုင်း အကဲခတ်ကြည့်တာပေါ့ဗျာ (မှန်ပါ)၊ အချိန်တိုင်း အကဲခတ်ကြည့်တော့ ငါဟာ အခုပြောခဲ့တဲ့ အချက်တွေက ဦးခင်မောင် တော်တော်သေချာပြီမဟုတ်လား (သေချာပါပြီ ဘုရား)။
ဒါဟာ ကိုယ့်ကိုယ်ကိုယ် အကဲခတ်ကြည့်လိုက်တော့ ငါဟာ သဿတသမား၊ ဒါကြောင့် ငါ သံသရာထဲမှာ ဘုရားအဆူဆူနဲ့လွဲပြီး နိဗ္ဗာန်ကြီးနဲ့ လွဲခဲ့ရတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ငါဟာ ဥစ္ဆေဒသမား၊ ဒါကြောင့် ဘုရားအဆူဆူနဲ့လွဲပြီးသကာလ နိဗ္ဗာန်ပွဲကြီးကို မနွှဲခဲ့ရတာပဲ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အကဲခတ်ပါလို့ဆိုတာ ဒကာ ဒကာမတို့ နောက်ကို ဒါခံနေလို့ရှိရင် နောက်ဘုရား တွေနဲ့လည်း လွဲဦးမှာကိုးဗျ (မှန်ပါ)၊ မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။
နောက်ဘုရားတွေနဲ့လည်း လွဲရဦးမယ်၊ နောက်နိဗ္ဗာန်နဲ့လည်း လွဲရဦးမယ်ဆိုတာတွေက အထူးတလည် ဘာမှ ပြောစရာမလိုပါဘူး (မလိုပါ ဘုရား)။
အဲဒါတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အကဲခတ်တဲ့တရားကို ယနေ့စပြီးသကာလ ဦးခင်မောင်တို့ ဒကာဝတို့ သင်ပေးနေတယ် (မှန်ပါ ဘုရား)။
ဘယ်သူ့အကဲခတ်ရမှာတုံး (ကိုယ့်ကိုယ်ကိုယ် အကဲခတ်ရမှာပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အစေလကဿပ ဟောတော့မယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အစေလကဿပ ဟောတော့မယ်ဆိုတော့ သဿတ ဥစ္ဆေဒပြုတ်လို့ အစေလကဿပသည် နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်မှာကိုး ဒကာ ဒကာမတို့နော် (မှန်ပါ ဘုရား)။
ကိုင်း အစေလကဿပ ဟောမည်ကြံတော့ မနေ့က အစီအစဉ်ကလေး မမေ့ကြနဲ့နော် (မှန်ပါ)၊ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)။
အဲ သင်္ခါရာ၊ သင်္ခါရဆိုတာ ကုသိုလ် အကုသိုလ် စေတနာကံတွေကို ဆိုသည် (မှန်ပါ ဘုရား)၊ သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၊ သေချာပလား (သေချာပါပြီ ဘုရား)။
အဝိဇ္ဇာကြောင့် ဘာဖြစ်သတုံး (သင်္ခါရဖြစ်ပါတယ် ဘုရား)၊ သင်္ခါရက ပြုပြင်လိုက်တော့ (ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားဖြစ်ပါတယ် ဘုရား)။
ခန္ဓာငါးပါး ဒုက္ခသစ္စာ
အေး ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးကို ဒကာ ဒကာမတွေက ဒုက္ခသစ္စာလို့ ဒီအဝိဇ္ဇာကဲ့သို့ မသိတဲ့အဝိဇ္ဇာ လာဦးမယ်ဆိုလို့ရှိရင်ဖြင့် တဏှာ ဥပါဒါန်ကံ လာဦးမယ်ဆိုလို့ရှိရင် ဒီတဏှာဆိုတာ အဝိဇ္ဇာနဲ့ သဟဇာတ တွဲလျက်ပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာဆိုတာ အဝိဇ္ဇာနဲ့ ဘာတုံး (တွဲလျက်ပါ ဘုရား)၊ တွဲလျက်ပဲဆိုတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ကံပေါ့ ဗျာ (မှန်ပါ)၊ အင်း ဒီခန္ဓာငါးပါးဟာ ဘာတရားတဲ့တုံး (ဒုက္ခသစ္စာတရားပါ ဘုရား)။
ဒီခန္ဓာငါးပါးက တစ်ခါ ဒကာ ဒကာမတို့ ဒီအသီးတွေသီးဦးမယ်ဆိုလို့ရှိရင်ဖြင့် ဪ သုခသစ္စာများ ပေါက်ပွားလာမှာလား၊ ဒုက္ခသစ္စာများ ပေါက်ပွားလာမှာလား (ဒုက္ခသစ္စာပေါက်ပွားလာမှာပါ ဘုရား)။
ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပြန်လာဦးမယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဦးခင်မောင် နေရာကျပလား (ကျပါပြီ ဘုရား)။
ဒီကိလေသဝဋ်ကြောင့် ဒီဟာ ဘာဖြစ်သတုံး (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား)၊ ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ် ပါတယ် ဘုရား)။
ဝိပါကဝဋ်က ဘာတွေပေါက်ပွားလာသတုံး (ကိလေသဝဋ် ပေါက်ပွားပါတယ်)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ် ပေါက် ပွားလာတယ် (မှန်ပါ ဘုရား)။
ဒါ့ကြောင့် ဒီဘက် အနာဂတ်ဘဝ ဘာတွေပေါက်ပွားလာသတုံး (ဝိပါကဝဋ် ပေါက်ပွားပါတယ် ဘုရား)။
ဝဋ်ကို နှစ်ထပ်လည်နေပြီ
ဪ ဒကာ ဒကာမတွေ ဝဋ်ကို နှစ်ထပ်လည်နေပြီ (မှန်လှပါ ဘုရား)၊ သုံးထပ်လည်ချင်ရင် ဟိုထဲက ပြန်ပေါက်ပွား၊ ပြန်ပေါက်ပွားလို့ရှိရင် ဒီအတိုင်းလာဦးမှာပဲ (မှန်ပါ ဘုရား)၊ သေချာကြပလား (သေချာပါပြီ ဘုရား)။
အဲ “တိပရိဝဋ္ဋံ”ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဝဋ်သင့်နေတာပဲ (မှန်ပါ ဘုရား)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။
ရှင်းပါပြီ ရှင်းပါပြီ၊ ကဲ ဒါဖြင့် ဒီဟာဖြုတ်ကြစို့တဲ့၊ ဒီဟာဖြုတ်ကြစို့ဆိုတော့ ဒီဟာက ဝဋ်လည်တာ ပြတာ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ရာဇဂြိုဟ်ပြည် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆွမ်းခံသွားတုန်း အစေလကဿပက သုံးကြိမ်မြောက် မမေးဘူးလား (မေးပါတယ် ဘုရား)။
မေးတဲ့အခါကျတော့ ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေ တဲ့။
အေး မေးတော့ မေးတော့ သုံးကြိမ်မြောက်ကျတော့ သူလည်း ဉာဏ်ရင့်လာပြီဆိုတာလည်း သိပြီ နော် (မှန်ပါ)၊ ဉာဏ်ရင့်ဆိုတာက အားလုံး ဒကာ ဒကာမတို့ ဗဟုသုတရှိအောင် နည်းနည်းပြောလိုက်မယ်နော် (မှန် ပါ ဘုရား)။
ဉာဏ်ရင့်တယ်ဆိုတာ
ဉာဏ်ရင့်တယ်ဆိုတာ တခြားမဟုတ်ဘူး၊ ထန်းလျက်ရည်ကျိုသလို မှတ်စမ်းပါ (မှန်ပါ)၊ ထန်းလျက်ရည်ဟာ ဒကာ ဒကာမတို့ ဆူဆူချင်း ထန်းလျက်ခပ်ပြီး သောက်မယ်ဆိုလို့ရှိရင်လည်း ဒီထန်းလျက်ရည်ဟာ ဆေးပဲဖြစ်တယ် ထားဦးတော့ ဦးခင်မောင် မနူးမနပ်ဆေးဖြစ်နေတယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ်ဆိုမလဲ (မနူးမနပ်ဆေးဖြစ်နေပါတယ် ဘုရား)၊ ဒါဖြင့် မနူးမနပ်ဆေးဆိုတော့ ရောဂါကို ထိထိရောက် ရောက်ကြီးပျောက်အောင် သူရွက်ဆောင်နိုင်ပါ့မလား (မဆောင်နိုင်ပါ ဘုရား)။
ကဲ ခပ်ကျကျကလေး ကျိုပြီးမှ ဒကာ ဒကာမတွေက စစ်ပြုပြီး သောက်ကြလို့ရှိရင်ဖြင့် ထန်းလျက်ရည်နဲ့ တည့်တဲ့ ရောဂါဝေဒနာဖြစ်ပါမူကား မြန်မြန်ကြီး မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ထန်းလျက်ရည် ဘယ်နှစ်မျိုးရှိသတုံးတဲ့၊ မရင့်သေးတဲ့ ထန်းလျက်ရည်က တစ်မျိုး၊ ရင့်ကျက်တဲ့ ထန်းလျက် ရည်က (တစ်မျိုးပါ ဘုရား)၊ ထို့အတူပဲ တဲ့၊ ဒကာ ဒကာမတို့ဉာဏ်မှာလည်း မရင့်ကျက်သေးတဲ့ဉာဏ်လည်းရှိတယ် (မှန်ပါ)၊ ရင့်ကျက်ချိန်ရောက်တဲ့ဉာဏ်လည်း ရှိတယ် (ရှိပါတယ် ဘုရား)။
အဲ လုပ်ပါများမှ ရင့်ကျက်မှာ (မှန်ပါ)၊ မလုပ်ရင်တော့ဖြင့် (မရင့်ကျက်ပါ ဘုရား)၊ အလိုလို ရင့်ကျက် လာလိမ့်မယ်လို့ ဒီလိုမထင်နဲ့ (မှန်ပါ)။
ဒီမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အစေလကဿပကို ရှင်ကြီးဂေါတမ ပုစ္ဆာမေးပါရစေဆိုတော့ ဆွမ်း ခံတုန်းကွလို့ တစ်ခါပယ်လိုက်တယ် (မှန်ပါ)၊ ဦးခင်မောင် မရင့်ကျက်သေးတာနဲ့ (မှန်ပါ ဘုရား)။
နောက်တစ်ခါ နှစ်ပြလောက်သွားမိတော့ ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေဆိုတော့ ဟ ရွာထဲ ဆွမ်းခံတုန်းရှိသေးတယ် ကဿပဆိုတော့၊ ဘယ့်နှယ်ကြောင့် နှစ်ခါ တားပါလိမ့် (ဉာဏ်မရင့်ကျက်သေးလို့ပါ ဘုရား)။
မရင့်ကျက်သေးဘူး သို့သော် ၁ နံပါတ်ထက်တော့ ၂ နံပါတ်က (ရင့်ကျက်ပါပြီ ဘုရား)၊ ကဲ သုံးခုမြောက် ကျတော့ တစ်ခါ ရှင်ကြီးဂေါတမ ပုစ္ဆာ သိပ်လည်းမများပါဘူး၊ ကျုပ်မသိလို့ပါ၊ မေးပါရစေဆိုတော့ အေး မေးတော့ ဟေ့ဆိုတော့ ဘယ့်နှယ်ကြောင့် ခွင့်ပြုသတုံး (ဉာဏ်ရင့်ကျက်လို့ပါ ဘုရား)။
ထန်းလျက်ရည်လိုပဲ ကျပြီ ကျပြီ၊ ဒီအချိန်တိုက်လို့ရှိရင် ရောဂါပျောက်တော့မှာပဲဆိုတာ ဘုရားက ချိန်မိ ပြီ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)၊ အဲဒါကြောင့် ဘုရား၌ ဣန္ဒြိယပရောပရိယတ္တဉာဏ်ဆိုတာ ရှိတယ် (မှန်ပါ)။
ဣန္ဒြိယပရောပရိယတ္တဉာဏ်ဆိုတာ
ဣန္ဒြိယပရောပရိယတ္တဉာဏ်ဆိုတာ ဒကာ ဒကာမတို့ တခြားမဟုတ်ပါဘူးတဲ့၊ သူ့ဉာဏ်ဟာ အခုအချိန်မှာ ရင့်ပြီး အခုအချိန်မှာ မရင့်သေးဘူး၊ ရင့်တဲ့အချိန်မှာ ဟောလိုက်ရလို့ရှိရင် ခရီးပေါက်တယ် (မှန်ပါ)၊ မရင့်တဲ့အချိန် မှာ တရားနာပြီး သူပြန်သွားတယ် (မှန်ပါ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ် သူ့မှာ ကိုယ်ပိုင်ရသွားလိမ့်မယ်လို့ ရှိပါ့မလား (မရှိပါ ဘုရား)၊ အဲဒါကြောင့် မရင့်ကျက် သေးလို့ရှိရင်လည်း မရသေးဘူးပေါ့ဗျာ (မှန်ပါ)၊ ရင့်ကျက်သွားပြန်တော့လည်း ဟောလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ကိစ္စပြီးသွားတယ်ဆိုတာ ထုံးတမ်းပေါ့ဗျာ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေလည်း ဖြစ်ပျက်တွေကို ငါကြိုးစားနေတာပဲ၊ ဘယ်နိဗ္ဗာန်မှလည်း မမြင် သေးဘူးဆိုရင် မရင့်ကျက်သေးလို့၊ မလျှော့နဲ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာတုံး ဘယ်လိုမှာသတုံး (မရင့်ကျက်သေးလို့ပါ ဘုရား)။
လျှော့မပစ်ကြနဲ့နော် (မှန်ပါ)၊ တပည့်တော်ခန္ဓာထဲမှာလည်း သဗ္ဗေ သင်္ခါရာ အနိစ္စာလို့ ဘုရားက ဟောတာ လည်း ပါဠိတော်ကြီးပါဘုရား၊ တပည့်တော်တို့ကတော့ ခန္ဓာကိုယ်ထဲ အနိစ္စကို မတွေ့သေးဘူးဆိုရင် အို အကြည့် မမှန်သေးလို့မှတ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လိုမှတ်ကြမယ် (အကြည့်မမှန်သေးလို့ပါ ဘုရား)။
အကြည့်မှန်တော့ တွေ့ပြီဆိုကြပါစို့
ကဲ အကြည့်မှန်တော့ တွေ့ပြီဆိုကြပါစို့၊ ယားလာရင် ယားတဲ့နေရာ ရှုလိုက်၊ စိတ်ကလေးပေါ်လာရင် မရှိဘူးဆိုတာ သိလိုက်၊ ဒါ အနိစ္စတွေ့တာပါပဲ (မှန်ပါ ဘုရား)၊ အနိစ္စတွေ့တာပဲ၊ ဘယ်စိတ်ပေါ်လာလာ မရှိမှန်းသိရင် (အနိစ္စတွေ့တာပါ ဘုရား)၊ ဘယ်ရုပ်ပေါ်လာလာ မရှိတာတွေ့ရင် (အနိစ္စတွေ့တာပါ ဘုရား)။
အရင်ဟာ မရှိတာတွေ့ရင် ပြီးတာပဲ၊ နောက်ဟာရှိတာ ရှိချင်ရှိပစေ အရင်ဖြစ်တာ မရှိတာတွေ့ရင် ပြီးတာ ပဲ (မှန်ပါ)၊ နောက်ဟာက အစားထိုးထားတာကိုး ရှိမှာပေါ့ (မှန်ပါ)၊ ဒါဟာ အခုပြောတဲ့စကားကလေးဟာ သေးသေး သိမ်သိမ်လို့ မမှတ်ပါနဲ့၊ ကြည့်တဲ့နေရာမှာ အလွန်အရေးကြီးတယ် (မှန်ပါ ဘုရား)၊ ကြည့်တဲ့နေရာမှာ ဒကာ ဒကာမတို့ အလွန်အရေးကြီးပါတယ် (မှန်ပါ)။
ကဲ ယားတယ်၊ ယားတဲ့နေရာကလေး ဉာဏ်နဲ့ကြည့်လိုက်တော့ အရင်နည်းနည်းကလေး ယားစကလေး ဟာ ရှိသေးရဲ့လား (ရှိပါတယ် ဘုရား)။
တွေ့သေးတယ် ဘုရား၊ ယားတာကလေး၊ အဲဒါ ဒကာ ဒကာမတို့ မသိလို့၊ အဲဒါက နောက်မှယားတဲ့ အယား ကြီး အယားကလေး မရှိတော့ဘူး (မှန်ပါ ဘုရား)၊ ဒီလိုဆုံးဖြတ်ချက်ချရမှာ (မှန်ပါ)၊ အယားကလေးက (ပျောက်သွား ပါပြီ ဘုရား)၊ မရှိတော့ဘူး အနိစ္စဖြစ်သွားပြီ (မှန်ပါ အနိစ္စဖြစ်သွားပါပြီ ဘုရား)။
အခု ဒကာ ဒကာမတွေ တွေ့နေရတာက (အယားကြီးပါ ဘုရား)၊ အယားကြီးတဲ့ အဲဒီအယားကြီးကိုလည်း တစ်ခါ ဆက်ပြီး ပြန်ကြည့်တဲ့အခါကျတော့ ဒီထက်ကြီးလာပြန်တော့ ဘယ့်နှယ်ဆိုကြမလဲ (အယားကြီးပျောက်သွား ပါတယ် ဘုရား)၊ အယားလတ်ကလေး အနိစ္စရောက်သွားပြီ (မှန်ပါ ဘုရား)၊ အယားကြီးက အစားထိုးပေါ်လာတယ်။ ဒီလိုဆိုတော့ အပျက်တွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
နို့ ပါးစပ်ကလည်း ခုနင်ကနဲ့ မတူဘူး၊ ကျုပ် ပိုယားလာတယ်လို့ အပြောသားဗျ သူ့ဟာ (မှန်ပါ)၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
ခုနင်ကနဲ့ ဘယ့်နှယ်နေသတုံး (မတူပါ ဘုရား)၊ မတူဘူး ကျုပ် ပိုယားလာတယ် ဆရာရဲ့၊ အစရှိသည်နဲ့ ဆရာက အနားရှိရင် မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒါ အရင်ဟာ ပျက်တာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အနိစ္စ သန္တတိကို ဖုံးတတ်တဲ့သဘောကို ဖော်ကြည့်လိုက်ပြန်တော့လည်း ပေါ်လာတာပါပဲ (မှန်ပါ ဘုရား)။
ဖော်ကြည့်လိုက်ပြန်တော့ (ပေါ်လာပါတယ် ဘုရား)၊ ပေါ်တယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)၊ ကောင်းပြီ အဲဒီလိုရှုလိုက်တဲ့အခါကျတော့ ဟာ ဆရာဘုန်းကြီးကလည်း နည်းပေးတာနဲ့ ဘုရားကလည်း နည်း ပေးတာနဲ့ တပည့်တော်တို့ဖြင့် ဘုရား၊ အယားကြီးက အယားလတ်ကလေး တွေ့ပြီဘုရား၊ အယားကလေး အနိစ္စရောက် သွားတာလည်း သိပြီဘုရား၊ အခု အယားလတ်ကလေးနဲ့ နေရတယ်၊ ဒီအယားလတ်ကလေးကလည်း နောက် အတော့် ကို ကြီးလာတယ်ဘုရား၊ မဖျောက်ရင် မဖြစ်အောင် ဖြစ်လာတယ် ဘုရား။
တစ်ယားတည်း ယားနေတာပဲလို့ ဒီလို မထင်ပါနဲ့
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ အယားလတ်ကလေးက အနိစ္စရောက်ပြန်ပြီ (မှန်ပါ ဘုရား)၊ အယားကြီး နဲ့ ခင်ဗျားတို့ နေရပြန်ပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒီတော့ တစ်ယားတည်း ယားနေတာပဲလို့ ဒီလို မထင်ပါနဲ့ (မှန်ပါ ဘုရား)။
ဘယ်လိုဆိုကြမလဲ (တစ်ယားတည်း ယားနေတာပဲလို့ မထင်ကြပါနဲ့ ဘုရား)။
တစ်နာတည်း နာနေတယ်လို့ကော (ဒီလို မထင်ရပါဘုရား)၊ ဒီလိုစိတ်ချည်း ဖြစ်ဖြစ်နေတယ်လို့ကော (ဒီလို မထင်ရပါ ဘုရား)၊ ဒီလိုလည်း မထင်ကြပါနဲ့တဲ့ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ဖြစ်တာပဲ (မှန်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
တစ်ဝေဒနာဖြစ်ပြီးမှ (တစ်ဝေဒနာဖြစ်ပါတယ် ဘုရား)။
အဲ ဒီအတိုင်းပါပဲဆိုတော့ ဦးခင်မောင် စိတ်မပျက်ပါနဲ့၊ တွေ့ရမယ် (မှန်ပါ ဘုရား)၊ မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။
ကဲ တွေ့တဲ့အခါကျလို့ရှိရင် တွေ့တာ ခပ်ကျဲကျဲဖြစ်နေသေးတယ် ဘုရားဆိုတော့ အို ထန်းလျက် ရည် မကျက်သေးလို့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ထန်းလျက်ရည် ဘာဖြစ်နေသတုံး (မကျက်သေးလို့ပါ ဘုရား)။
မကျက်သေးလို့ပေါ့ဗျာ ရောဂါပျောက်လောက်အောင် မကောင်းသေးလို့ပေါ့ (မှန်ပါ)၊ ရောဂါပျောက် လောက်တဲ့ အခြေအနေရောက်အောင် ဆေးချက်တာ အဆီဩဇာ မကိုက်သေးလို့ပေါ့ (မှန်ပါ)၊ မကျသေးလို့ပေါ့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီလိုမှတ်လိုက်တော့ ဪ တို့ ပါရမီမရှိလို့လားလို့ မမေးပါနဲ့၊ မရင့်သေးလို့ရှိရင် မရင့်တာကလေး မြင်တယ် (မှန်ပါ)၊ ရင့်လာလို့ရှိရင် (ရင့်တာမြင်ပါတယ် ဘုရား)၊ ရင့်တာကို သေသေချာချာမြင်တယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ)။
ဪ နောက်ကျတော့ ဒကာ ဒကာမတွေက လုပ်ပါများလာတဲ့အခါ တစ်ကိုယ်လုံး အပ်သွားချစရာမရှိ အောင် တစ်ပျက်တည်းပျက်နေတာ အကုန်မြင်လာလိမ့်မယ် (မှန်လှပါ ဘုရား)။
အဲဒီကျတော့ အမြင်လမ်းဆုံးပြီ
အဲဒီကျတော့ အမြင်လမ်းဆုံးပြီ (မှန်ပါ)၊ အမြင်လမ်းဆုံးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေက ဖိပြီးရှု (မှန်ပါ)၊ ဘုန်းကြီးက တိုက်တွန်းရတယ် (မှန်ပါ)။
အဲဒီလိုဖိရှုလို့ တော်တော်နေရာကျပလား၊ တပည့်တော်ဖြင့် အပ်သွားချစရာမရှိအောင်ပဲ အပျက်တွေ တွေ့ပါ ပြီဘုရား။ အဲဒါ ဆက်ရှု ဆက်ရှုဆိုတော့ ကိုယ့်ဟာကိုယ် မုန်းလာတယ် (မှန်ပါ)၊ မုန်းရင် နိဗ္ဗိန္ဒဉာဏ် တက်လာတယ်၊ ခုနင်က ယထာဘူတဉာဏ်ကိုး (မှန်ပါ)၊ ခုနင်က မြင်တုန်းက ဘာဉာဏ် (ယထာဘူတဉာဏ်ပါ ဘုရား)၊ ဆက်ရှုတော့ မုန်းလာတော့ ဘာဉာဏ်တဲ့ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။
အင်း ဒါကြီးနဲ့ မနေချင်တော့ဘူးဆိုတော့ ဖျတ်ဆို ချုပ်သွားတော့ ဘာဉာဏ်ပေါ်လာသလဲ (မဂ်ဉာဏ် ပေါ်လာပါတယ် ဘုရား)၊ အဲ ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ မဂ်ဉာဏ်ပေါ်လာတော့ ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ မဂ်ဉာဏ်လည်း လာပါရော သူချုပ်သွားတာပဲ၊ ခန္ဓာပါ ပျောက်ထွက်သွားတာပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီကျအောင် ရှုလိုက်တော့ ဪ ဉာဏ်ရင့်လာလို့ ဆုံးသွားတာပဲလို့ မှတ်လိုက်ရုံပဲရှိတယ် (မှန်ပါ)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဟာ ဒါဖြင့် တပည့်တော်တို့ ဘုန်းကြီးဆီ တရားနာတာလည်း ကြာပြီ၊ မလုပ်တတ်သေးဘူးလို့များ ခင်ဗျား တို့ရွာထဲများ အတင်းပြောချင်သေးသလား (မပြောချင်ပါ ဘုရား)၊ မပြောနဲ့ ငါဖျင်းလို့သာ မှတ်ပေတော့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အပြောတော့ ကုန်နေပြီကော (မှန်ပါ)။
အေး ဒီအတိုင်းမှတ်ကြ၊ ရှုသာ ရှုပါဆိုတာ မှတ်ထားကြ (မှန်ပါ ဘုရား)၊ ဒါနဲ့ အစေလကဿပ ဆက် ကြဦးစို့ ဦးခင်မောင်ရေ (မှန်ပါ)၊ အစေလကဿပကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးတော့ဆိုတာက ဉာဏ်ရင့်လာတဲ့အချိန်ကျမှ မေးတာကိုးဗျ (မှန်ပါ)။
ဒုက္ခမိမိပြုတာလား တဲ့
အဲဒီတော့ အရှင်ကြီးဂေါတမ၊ ပုစ္ဆာကလေးမေးပါရစေ အေး မေးတော့ဆိုတော့ ဒုက္ခမိမိပြုတာလား တဲ့ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘာတဲ့ (ဒုက္ခမိမိပြုတာလားတဲ့)။
ဒီမှာ ခင်ဗျားတို့ အမြင်သားပဲ၊ မိမိပါရဲ့လား (မပါပါ ဘုရား)၊ အဝိဇ္ဇာကြောင့် (သင်္ခါရဖြစ်ပါတယ် ဘုရား)၊ သင်္ခါရကြောင့် (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဖြစ်တယ် (မှန်ပါ)၊ ဪ သူတို့ ပြုတာကိုး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ငါပြုတာပါရဲ့လား (မပါပါ ဘုရား)၊ အဝိဇ္ဇာပြုလို့ သင်္ခါရဖြစ်တယ်၊ သင်္ခါရပြုလို့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်ရတယ်ဆိုတော့ ရှင်းနေပြီ (မှန်ပါ)၊ ကဲ ဒကာဝ ရှင်းပလား (ရှင်းပါပြီ)။
နောက်က ဒကာ ဒကာမတွေ (ရှင်းပါတယ် ဘုရား)၊ ဒါ ဒကာ ဒကာမတွေ အခုတရားနာနေတဲ့ ခန္ဓာ သူများခန္ဓာလို့များ အောက်မေ့မနေပါနဲ့ (မှန်ပါ)။
ဒါ ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ တရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ)။
ဘယ်ကလာပါလိမ့်မတုံး ဘယ်သူက ပြုလိုက်ပါလိမ့် (သင်္ခါရက ပြုလိုက်ပါတယ် ဘုရား)။
အေး သင်္ခါရက ပြုလိုက်တယ်၊ သင်္ခါရက ဘယ့်နှယ်ကြောင့် ပြုနိုင်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား)။
အဝိဇ္ဇာကြောင့် ပြုဖြစ်တာ (မှန်ပါ)၊ ဒါကြောင့် အကြောင်းအကျိုးဆက်လိုက်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒုက္ခမိမိပြုတာလား (မဟုတ်ပါ ဘုရား)၊ ခင်ဗျားတို့ စင်သွားပြီတဲ့ ဒီအထဲမှာ မိမိမပါတော့ဘူး (မပါပါ ဘုရား)၊ မိမိဆိုတဲ့ ဒိဋ္ဌိ ပါသေးရဲ့လား (မပါပါ ဘုရား)၊ မိမိပြုလို့ မိမိရတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
သင်္ခါရပြုလို့ ခန္ဓာငါးပါး ပေါ်တာ
သင်္ခါရပြုလို့ ခန္ဓာငါးပါး ပေါ်တာဆိုတော့ ဒကာ ဒကာမတို့ မိမိပြုလို့ မိမိရတာ မဟုတ်တော့ဘဲ ဘယ်ဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ်ဘုရား)၊ အဲ သဿတဒိဋ္ဌိတော့ စင်သွားပြီ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)၊ ဒါ ဒကာ ဒကာမတွေ ခန္ဓာငါးပါးပဲ။ ဒီထဲမှာ ကုသိုလ်ကံ ဒီဆုတောင်းကြောင့် ဒီခန္ဓာတော့ ပေါ်ရတာပဲ (မှန်ပါ)၊ မပေါ်ပါနဲ့ဆိုလို့ကော (မရပါ ဘုရား)။
ကမ္မဿကတဉာဏ်ကြောင့် အကျိုးတော့ ပေးတာပါပဲတဲ့၊ မပေးမရှိပါဘူး၊ ဒါ လူ့ခန္ဓာ နတ်ခန္ဓာ လူ့ချမ်းသာ နတ်ချမ်းသာဆိုတဲ့ ခန္ဓာတော့ဖြင့် ရတော့ရမှာပဲ (မှန်ပါ)၊ သို့သော် သစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဘာသစ္စာ တွေဖြစ်နေသလဲ (ဒုက္ခသစ္စာတွေပါ ဘုရား)။
ကမ္မဿကတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာငါးပါး လူ့ဘဝရခဲတယ်ဆိုတာ ရလာတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီတော့ နှစ်ဉာဏ်ခွဲမှတ်လိုက် (မှန်ပါ)၊ ကမ္မဿကတဉာဏ်နဲ့တော့ ဪ လူကောင်း နတ်ကောင်းပဲ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
သူ့နေရာနဲ့သူ အင်မတန် အဖိုးတန်တယ်
ဒါ ကမ္မဿကတဉာဏ်၏ တန်ခိုးပေါ့ဗျာ (မှန်ပါ)၊ လူ့ဘဝ ရခဲတယ်ဆိုတာ လူ့ပြည်က အပ်တစ်စင်း, ဗြဟ္မာပြည်က အပ်တစ်စင်း အသွားချင်း ထိစရာရှိသေးတယ်၊ ထောင်ပြီးထားမယ်ဆို ရခဲသေးတယ်လို့ပြောတော့ ရလာတယ်ဆိုကတည်းက ဘယ်ဉာဏ်ကြောင့် ရလာတာတုံး (ကမ္မဿကတဉာဏ်ကြောင့်ပါ ဘုရား)၊ ကမ္မဿကတဉာဏ် ကြောင့် ရလာတော့ ဒါ အညံ့စားဆိုမလားတဲ့၊ သူ့နေရာနဲ့သူ အင်မတန် အဖိုးတန်တယ် (အဖိုးတန်ပါတယ် ဘုရား)။
ခင်ဗျားတို့ ဒီဉာဏ်ရလို့ အခု ရှေ့ကို သစ္စာဟောမည့်ဉာဏ် ခင်ဗျားတို့ နာထောင်နိုင်တာ (မှန်ပါ ဘုရား)။
ဒီ ခန္ဓာငါးပါး ကမ္မဿကတဉာဏ်ကမှ ရွက်ဆောင်မပေးလို့ရှိရင်လည်း ဒီဆရာနဲ့တွေ့ဖို့ ဒီဘုရားသာသနာ နဲ့ တွေ့ဖို့ ဒီနားကလေးရဖို့ ဘယ့်နှယ်တုံး (ခဲယဉ်းပါတယ် ဘုရား)။
အဲဒီကနေပြီးမှတစ်ဆင့် တစ်ခါပြန်တက်ရဦးမှာ (မှန်ပါ)၊ ဒီနေရာတွင်ပဲ တင်းတိမ်ပြီးသကာလ နေလို့လည်း မတော်ဘူး (မှန်ပါ)။
တင်းတိမ်နေလိုက်လို့ရှိရင် ဘယ်ဒိဋ္ဌိ ဝင်လာမယ်ဆိုတာ အကဲခတ်စမ်း ဦးခင်မောင် (သဿတဒိဋ္ဌိ ဝင်လာ ပါမယ်ဘုရား)။
ဘဝသာယာတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့ (ဘဝသာယာပါတယ် ဘုရား)။
အဲ သဿတဒိဋ္ဌိသမားက ဝဋ်ထဲ သာယာတယ် (မှန်ပါ ဘုရား)၊ သူ ဒီကထွက်ပါဆို မထွက်ချင်ဘူးတဲ့ (မထွက်ချင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ ဘာဒိဋ္ဌိသမားပါလိမ့် (သဿတဒိဋ္ဌိသမားပါ ဘုရား)၊ အဲဒါ ကိုယ့်ဟာကိုယ် အကဲခတ်၊ ခင်ဗျားတို့ လျှောက်မနေနဲ့တော့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ဟာကိုယ် အကဲခတ်ဦး၊ ငါ ဘာပါလိမ့်မတုံး၊ ငါ သဿတလား၊ ငါ ဥစ္ဆေဒလား ဆိုတာ ယခုတော့ ဖြင့် ဘုန်းကြီးက ရှင်းပေးပြီ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကြီးသည် ဒီသင်္ခါရဆိုတဲ့ ကံတွေက ပြုပြင်လိုက်လို့ ပေါ်လာတာ (မှန်ပါ)၊ ရှင်း ပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီသင်္ခါရကံတွေကလည်း ဒီအဝိဇ္ဇာမရှိဘဲနဲ့ ဦးခင်မောင် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ)၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါ လုံးလုံးဆိတ်အောင်ပဲ ဟောလိုက်တာ
ဒီလိုဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ လုံးလုံးဆိတ်အောင်ပဲ ဟောလိုက်တာ (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးသလား (မပါပါ ဘုရား)။
အဝိဇ္ဇာထဲမှာလည်း အဝိဇ္ဇာပဲ၊ ငါပါသေးရဲ့လား (မပါပါ ဘုရား)၊ သင်္ခါရထဲမှာလည်း ကုသိုလ် အကုသိုလ် စေတနာပဲ၊ ငါပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါဘူး။
ဒီဝိညာဏ်ထဲမှာ ကြည့်လိုက်တော့လည်း ခန္ဓာငါးပါးပဲ၊ ငါပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒါဖြင့် အကြောင်း ကြောင့် ဖြစ်တဲ့အကျိုး (မှန်ပါ)၊ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ဒီလိုသိလိုက်တဲ့အခါကျတော့ သဿတဒိဋ္ဌိကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘာဖြစ်လို့တုံး ငါလုပ်လို့ ငါ ရတာမဟုတ်တော့ဘူး (မှန်ပါ)၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီအကြောင်းကြောင့် (ဒီအကျိုးဖြစ်တာပါ)၊ သေချာကြပလား (သေချာပါပြီ)၊ ကောင်းပြီ၊ ဥစ္ဆေဒဒိဋ္ဌိကော ရှိ သေးရဲ့လား (မရှိပါ ဘုရား)။
ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်ဆိုတော့ ဒီအကြောင်း ပြတ်တယ်လို့ ယူရမှာလား ၊ ဒီအကျိုး ရှိနေသေးတာပဲ (မယူရပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဥစ္ဆေဒဆိုတာ ဒီအကြောင်းသာလုပ်တယ်၊ ဒီအကျိုးမပေးဘူးဆိုရင် ဥစ္ဆေဒကိုး (မှန်ပါ)၊ အခုတော့ အကြောင်း အကျိုးက ဘယ့်နှယ်နေသလဲ (ဆက်နေပါတယ် ဘုရား)။
ဆက်နေတဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိကော မစင်သေးဘူးလား (စင်ပါတယ်)၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ဆက်တတ် လို့ရှိရင် ဒကာ ဒကာမတို့ သဿတလည်း မရှိပါဘူး (မှန်ပါ)။
သဿတရှိဆိုတာ ဒီဟာကို ငါစွဲမှ ဒီဟာ ငါဖြစ်မှာကိုး (မှန်ပါ)။
ပြုတဲ့ပုဂ္ဂိုလ်သည်ပင်လျှင် သူခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒီအကြောင်းကြောင့် ဒီအကျိုးခံစားရမယ်ဆိုတော့ ဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ ဒါကြောင့် ကမ္မဿကတဉာဏ်ကိုလည်း လက်မလွှတ်ပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ)၊ ကမ္မဿ ကတဉာဏ်ကိုလည်း (လက်မလွှတ်ပါနဲ့ ဘုရား)။
လက်လွှတ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ ကမ္မဿကတ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်ဆိုကတည်း က ဒီအကြောင်းကံကြောင့် ဒီအကျိုးဖြစ်တယ်ဆိုကတည်းက ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါတော့ဘူးဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ကမ္မဿကတဉာဏ်လည်း လက်မလွှတ်နဲ့ (မှန်ပါ)၊ ရတဲ့အကျိုးတရားကိုလည်း မသာယာနဲ့ (မှန် ပါ)၊ ရတဲ့အကျိုးတရား မသာယာတော့ ဝိပဿနာဉာဏ် ကူရလိမ့်မယ် (မှန်ပါ ဘုရား)။
ဝိပဿနာဉာဏ် လိုက်ရလိမ့်ဦးမယ်
ဒါကြောင့် ကမ္မဿကတဉာဏ်လည်း မစွန့်နဲ့ (မှန်ပါ)၊ သူနဲ့လည်း တင်းတိမ်ပြီးသကာလ မနေပါနဲ့ ဘယ်ဉာဏ် လိုက်ရမယ် (ဝိပဿနာဉာဏ် လိုက်ရပါမယ်)၊ ဝိပဿနာဉာဏ် လိုက်ရလိမ့်ဦးမယ် (မှန်ပါ ဘုရား)။
ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာလိုက်ရမယ် (ဝိပဿနာဉာဏ် လိုက်ရပါမယ် ဘုရား)။
နို့မဟုတ်ရင် “ဝဋ္ဋံ အဿာဒေတိ အဘိနန္ဒတိ”ဆို ဝဋ်ပဲ သာယာနေပြန်တော့လည်း ဒကာ ဒကာမတို့ ဒီဘက်က တဏှာ ဥပါဒါန် မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာရင် နောက်ခန္ဓာက ဘယ့်နှယ်နေသလဲ (ရပါ တယ် ဘုရား)။
အဲဒီတော့ နိဗ္ဗာန်နဲ့ ဝေးသွားမှာလည်း စိုးရတယ် (မှန်ပါ)၊ မစိုးရဘူးလား (စိုးရပါတယ်)၊ ဒါကြောင့် သဿတ သမားက နိဗ္ဗာန်နဲ့ ဝေးတတ်တယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီထဲပျော်နေတော့ ပျော်တဲ့တဏှာက ဒီခန္ဓာထဲက ပေါက်ပွားမလာဘူးလား (လာပါတယ်)၊ တဏှာလာတော့ ဥပါဒါန် မလာဘူးလား (လာပါတယ် ဘုရား)၊ ဥပါဒါန်လာတော့ ကံတွေကကော (လာပါတယ် ဘုရား)၊ ကံလာတော့ ခန္ဓငါးပါး ဒုက္ခသစ္စာတရားဟာကော (လာပါတယ် ဘုရား)၊ ပေါ်ရဦးမှာက မသေချာလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ကမ္မဿကတဉာဏ်က အစွမ်းကုန် ခင်ဗျားတို့ကို ဆောင်ရွက်ပေးထားပါပြီ (မှန်ပါ)၊ လုပ်လည်း လုပ်ပါ၊ သူနဲ့ချည်းလည်း မလုပ်ပါနဲ့၊ ဝဋ်သာယာသွားမှာစိုးတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝဋ်သာယာသွားမှာစိုးတဲ့အတွက် ဒီခန္ဓာငါးပါးကို ဒုက္ခသစ္စာတရားမြင်အောင်လည်း မလုပ်ရပေဘူးလား (လုပ် ရပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရှင်ကြီးဂေါတမ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးဟာ မိမိပြုတာလား၊ ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။
ဘယ်မှာတုံး မိမိပါရဲ့လား (မပါပါ ဘုရား)၊ ဒီဟာ မိမိဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဒီဘက်ကကော (မဟုတ်ပါ ဘုရား)။
ဒီထဲ မိမိဆိုတဲ့ငါ ပါကြရဲ့လား (မပါပါ ဘုရား)၊ မပါတဲ့အပြင် ဒါကအဝိဇ္ဇာ၊ ဒါက ကုသိုလ် အကုသိုလ် စေတနာဆိုတဲ့ သင်္ခါရ ငါပါကြရဲ့လား (မပါပါ ဘုရား)။
အဲဒီတော့ မိမိဆိုတဲ့ ငါဟာ ပါသေးရဲ့လား (မပါပါ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတွေကော ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခကို သူတစ်ပါးပြုတာ လား
ကဲ-တစ်ခါ သွားကြဦးစို့၊ ရှင်ကြီးဂေါတမ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးဟာ ဒုက္ခကို သူတစ်ပါးပြုတာ လားလို့ မေးလိုက်တော့ ဘုရားက ဘယ်လိုတဲ့ (မဟုတ်ပါဘူးတဲ့ ဘုရား)။
နို့ ဒကာ ဒကာမတွေကော ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)၊ ဒါဖြင့် သူတစ်ပါး ဟုတ်ကဲ့လား ဒကာ ဒကာမတို့ (မဟုတ်ပါ ဘုရား)။
သူတစ်ပါးဆိုတာ ဟိုလူတစ်ယောက်ကလုပ် အဓိပ္ပာယ်ရောက်တယ် (မှန်ပါ ဘုရား)၊ ဒီလိုမလုပ်ပါဘူး၊ ဒီသင်္ခါရ ကြောင့် (ဒီခန္ဓာငါးပါး ရပါတယ်ဘုရား)။
ဒီအဝိဇ္ဇာကြောင့် ဒီသင်္ခါရ (မှန်ပါ)၊ ဒီသင်္ခါရကြောင့် (ခန္ဓာငါးပါးရပါတယ် ဘုရား)၊ ဒါကို သေသေချာချာ ဒကာ ဒကာမတွေ အရိုးစွဲနေအောင် မှတ်ပါ (မှန်ပါ ဘုရား)။
ဒါ သူတစ်ပါးပြုတာလားဆိုတော့ သူတစ်ပါးပြုတာ မဟုတ်ဘူးဆိုကတည်းကိုက ဘယ်ဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ဉာဏ်ဟာ ကမ္မဿကတာဉာဏ်လည်း ဆိုနိုင်တာပဲ (ဆိုနိုင်ပါတယ်)၊ သဘောကျပလား (ကျပါပြီ)။
အင်း သဿတဒိဋ္ဌိကော မစင်ဘူးလား (စင်ပါတယ်)၊ ဥစ္ဆောဒဒိဋ္ဌိကော (စင်ပါတယ်)၊ အဲဒီလိုလုပ်ကြ စမ်းပါတဲ့၊ ဒါကြောင့် ဒါနပယ် သီလပယ်ဆိုတဲ့ တချို့ တရားမဟောတတ်ပြီဆိုမှဖြင့်လည်း ဦးခင်မောင် ဒါနပယ် သီလပယ်တွေက လာကုန်တယ် (မှန်ပါ ဘုရား)။
မပယ်ရဘူး ဒကာ ဒကာမတို့၊ ဘယ်ပယ်ရလိမ့်မတုံး တဲ့၊ သူလည်း ကမ္မဿကတဉာဏ်ဆိုတော့ ဒီအကြောင်း နဲ့ ဒီအကျိုးမဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
ဒီအကြောင်းနဲ့ ဒီအကျိုးဆက်တော့ ဒီအကျိုးဆက်လို့ပဲ သာသနာတွင်း ကြုံရတယ် (မှန်ပါ)၊ သာသနာတွင်း ကြုံလို့လည်း ဝိပဿနာဉာဏ်တွေ ရကြတယ် (မှန်ပါ ဘုရား)။
ဒီကနေပြီး ဒီအထက် တက်ရမှာကိုးဗျ (မှန်ပါ)၊ ရပ်နေလို့ကော တော်ပါ့မလား (မတော်ပါ ဘုရား)၊ အဲဒါကြောင့် ဒါန သီလတွေလည်းလုပ် ဝိပဿနာလည်း လက်မလွှတ်နဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား
ကဲ အဲဒါဖြင့် ဒီကိုသွားကြဦးစို့ (မှန်ပါ)၊ ၃ နံပါတ်ပုစ္ဆာ မေးလိုက်မယ်၊ ရှင်ကြီးဂေါတမ ဒုက္ခဆိုတဲ့ ခန္ဓာ ငါးပါးကို မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလားလို့ ရောပြီး မေးလိုက်တယ် (မှန်ပါ)။
သဿတနဲ့ ဥစ္ဆေဒကို ရောပြီး မေးလိုက်တယ် (မှန်ပါ)၊ အဲဒီတော့ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား)၊ အဲဘုရားကလည်း မဟုတ်ပါဘူးတဲ့ (မှန်ပါ)၊ ပေါ်ပြီနော် (ပေါ်ပါပြီ)၊ ကျေကျေနပ်နပ် သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဒါ မိမိကော ဟုတ်ကဲ့လား (မဟုတ်ပါ)၊ သူတစ်ပါးကော (မဟုတ်ပါ)၊ မဟုတ်ပါဘူးတဲ့ ဒီအကြောင်းကြောင့် ဒီအကျိုးပေးတာပါ (မှန်ပါ)။
အလိုလိုပေါ်တာလား
မိမိ သူတစ်ပါးကို မပါပါဘူး (မှန်ပါ)၊ ပါသေးရဲ့လား (မပါပါ)၊ အဲဒီတော့ သဿတ ဥစ္ဆေဒ လွတ်မနေဘူး လား (လွတ်ပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ၄ နံပါတ်ပုစ္ဆာ မေးလိုက်ဦးမယ် ဒကာ ဒကာမတို့နော် (မှန်ပါ)၊ ရှင်ကြီး ဂေါတမ ဒုက္ခဆိုတဲ့ ခန္ဓာငါးပါးတရားဟာ မိမိသူတစ်ပါးနှစ်ဦးသားက မပြုဘဲနဲ့ အလိုလိုပေါ်တာလား (မှန်ပါ)၊ ဘယ့် နှယ်တုံး (မဟုတ်ပါ ဘုရား)၊ ဒီအကြောင်းကြောင့် (ဒီအကျိုးဖြစ်ရတာပါ)၊ ဒီအကြောင်းကြောင့် (ဒီအကျိုးဖြစ်ရတာပါ ဘုရား)။
အဲဒီအကြောင်းကြောင့် ဒီအကျိုး၊ ဒီအကြောင်းကြောင့် ဒီအကျိုးဆိုကတည်းက အလိုလိုပေါ်တာ ဟုတ်သေးရဲ့ လား (မဟုတ်ပါ)၊ အဲ ခင်ဗျားတို့ မိုးပေါ်ကျ မဟုတ်ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီ ဒကာ ဒကာမတွေ မိုးပေါ်ကျတွေလား (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးတဲ့ စိဉ္စမာဏတို့ မန်းကျည်းပင်က မွေးတယ်ဆိုတာ ခင်ဗျားတို့ ကြားဖူးလိမ့်မယ် (မှန်ပါ)။
ပဒုမဒေဝီသည်ကားဆိုရင် ပဒုမ္မာကြာဖူးထဲက မွေးတယ်ဆိုတာ ခင်ဗျားတို့ ကြားဖူးလိမ့်မယ် (မှန်ပါ)၊ အဲဒါ တွေတောင်မှ သူ့အကြောင်းနဲ့ သူ့အကျိုးရှိကြတယ်၊ သံသေဒဇတွေကိုး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီ တော့ သူ့သံသေဒဇဆိုတော့ အကြောင်းမရှိဘူးလား (ရှိပါတယ်)၊ အဲ သူ့အကြောင်းကြောင့် သူ့အကျိုးဖြစ်တယ်ဆိုတာ ကို ဘယ်တော့မှ မပယ်ပါနဲ့ (မှန်ပါ)။
ရှင်းပလား (ရှင်းပါပြီ)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလိုလိုဖြစ်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊
မအောက်မေ့ပဲနဲ့ ပေါ်ပါ့မလား
တချို့ ဒကာ ဒကာမတွေက နားမလည်တော့ ပြောကြသေးတယ် ကျုပ်ဖြင့် သူ့လည်း မအောက်မေ့ပါဘူး ဒါချည်း ပေါ်နေတယ်ဆိုတော့ သူ့ကို အောက်မေ့လို့ ဒါချည်းပေါ်နေတဲ့ ဥစ္စာတဲ့ ဒါချည်းပေါ်နေတယ်လို့ ပြောချင်ပြောနေကြ သေးတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
မအောက်မေ့ပဲနဲ့ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ သူလည်း ဘယ်လိုမှ စိတ်မရှိပါဘူး၊ ဒါချည်းပဲ ပေါ်နေတယ် လို့ ပြောနေတော့ ဦးခင်မောင် မခက်ဘူးလား (ခက်ပါတယ်)၊ အာရုံကြောင့် အာရမ္မဏိက ဖြစ်တဲ့ဥစ္စာ စိတ်မရှိပါဘူး ဆိုပြီး ဖုံးလိုက်သေးတယ်ဆိုတော့ ဘာဒိဋ္ဌိဖြစ်နေသလဲ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နေတယ်၊ အကြောင်းကင်းဖြစ်နေတယ်၊ ဥစ္ဆေဒ ဒိဋ္ဌိသံ ထွက်နေတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု ဘယ်နှစ်ချက်ပြီးသွားပလဲ (လေးချက်ပါ)၊ ဒါဖြင့် ဘုရားက မဟုတ် ပါဘူးချည်း ဖြေနေတော့ အစေလကဿပက ဒကာဝ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊ အစေလကဿပက မကျေနပ်တော့ ရှင်ကြီးဂေါတမ မဟုတ်ဘူးချည်း ပြောနေတော့ ဒုက္ခမရှိဘူးလားလို့ မေးလိုက်တယ် (မှန်ပါ)။
ဒုက္ခမရှိဘူးလား
ဘယ့်နှယ်မေးလိုက်ပါလိမ့် (ဒုက္ခမရှိဘူးလားလို့ မေးတာပါ)၊ ဒုက္ခမရှိဘူးလားလို့ မေးလိုက်တယ် (မှန်ပါ)။ အဲဒီတော့ ဘုရားက ဘယ့်နှယ်ပြန်ဖြေသလဲ (ရှိတယ်လို့ ဖြေပါတယ်ဘုရား)၊ ဟောရှိလို့ပဲ၊ ခန္ဓာငါးပါးဟာ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ)၊ ကြည့်စမ်း ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အိုဘေး နာဘေး သေဘေးတွေမှ ပါကြရဲ့လား (ပါပါတယ် ဘုရား)။
ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ မကျိုး မအိုခင်တောင် နည်းနည်းလေး အထိုင်အထတောင် ခိုင်းလို့ရရဲ့လား (မရပါ)၊ အဲဒီတော့ ဒုက္ခကို အမြဲတမ်း ကျားကူနေရတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)၊ အဝတ်ကလေး ဖုံးပြီး ကျားကူရ အစားကလေး ကျွေးပြီး (ကျားကူရပါတယ် ဘုရား)၊ ကျားကူပြီး လုပ်နေရတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာအစစ်ကြီးပေါ့ (မှန်ပါ)။
ကျားမကူရင် ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ကျား ၇ ရက်မကူရင် ဖောက်ပြန်သွားလိုက်မယ်လို့ သူက ပြောသေးတယ် (မှန်ပါ)၊ ခန္ဓာကြီးက ဘယ့်နှယ်ပြောသလဲ (ဖောက်ပြန်ပါတယ်)၊ ကျား ၇ ရက် မကူဘူးဆိုရင်လေ (မှန်ပါ)၊ ဖောက်ပြန်လိုက်မယ်လို့ ပြောတော့ ခင်ဗျားတို့က ဘယ်လိုလုပ်ကြရသတုံး (ပြုစုရပါတယ်)။
မောင်မင်းကြီးတို့ မောင်မင်းကြီးတို့ ကျုပ်ရှာထားတာတွေဟာ ဒီလိုအရေးကြုံရင် ကုဖို့ သဖို့ ပူဇော်ဖို့ လုပ် ထားပါတယ်လို့ တောင်းပန်ရတယ် (မှန်ပါ)၊ မတောင်းပန်ရဘူးလား (တောင်းပန်ရပါတယ်)၊ ကိုင်း ဒါဖြင့် အခု ဒကာ ဒကာမတွေ နေကြရ ထိုင်ကြရတာတွေ လွတ်လွတ်လပ်လပ်နဲ့ နေကြရသလား တောင်းတောင်းပန်ပန်နဲ့ နေကြရသလား (တောင်းပန်နေကြရပါတယ် ဘုရား)။
ခန္ဓာကြီးဟာ ခေါင်းထဲ ပြေးမယ်ချည်းပြောတယ်
အင်း တောင်းပန်နေကြရတယ်ဆိုရင် မျက်နှာအောက်ချထားဖို့ ကောင်းတယ်၊ ဘာဖြစ်လို့ ပြုံးနေကြ တာလဲ၊ အို ဒါကတော့ မသိပြုံးပါဗျာ၊ တောင်းပန်တဲ့အချိန်ရတာပဲ၊ မတောင်းပန်တဲ့အချိန်မှာ ခန္ဓာကြီးဟာ ခေါင်းထဲ ပြေးမယ်ချည်းပြောတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကဲ ဒကာ ဒကာမတို့ လွတ်လွတ်လပ်လပ် နေရသလား ခန္ဓာ့ ကျွန်ခံနေရသလား (ခန္ဓာ့ ကျွန်ခံနေရပါ တယ်)၊ ဒါက ဒုက္ခသစ္စာ သိစေချင်လို့ ပြောတာနော် (မှန်ပါ)၊ တစ်နေ့လုံး ဘယ်သူ့ကျွန်ခံနေရပါလိမ့် (ခန္ဓာ့ကျွန်ခံနေ ရပါတယ် ဘုရား)၊ သားသမီးကျွန်ခံရတာက ဒါလောက်မများဘူး ခန္ဓာ့ကျွန်ခံရတာက (များပါတယ် ဘုရား)။
သားသမီးတွေ ကိုယ့်ရင်ခွင်ထဲရှိစဉ်က ချွေးထွက်လာရင် ချွေးသုတ်ပေးရတယ်၊ ထမင်းဆာရင် ထမင်းခွံ့ကျွေး ရတယ်၊ မုန့်ဖိုးတောင်းပေးရတယ်ဆိုတာ ကိုယ့်နားရှိမှကိုးဗျ (မှန်ပါ)၊ ဒီခန္ဓာကြီးကတော့ ခွဲလို့ကိုမရလို့ ခက်နေတာ၊ ဒီနားပဲ ရှိနေတာပဲ။
ချွေးသုတ်ပေးပါဆိုလည်း ဒီနားတွင် သုတ်လိုက်ရတာပဲ၊ ထမင်းဆာတယ်ဆိုတော့လည်း ဒီနားတွင် ကျွေးလိုက် ရတာပဲ၊ ကျင်ကြီးစွန့်ချင်တယ်ဆိုလည်း ဒီနားတွင်ဆိုတော့ လိုက်ပို့ပေးနေရတာပဲ (မှန်ပါ)၊ ဟိုကလေး ထိန်းလိုက်ရတာ နဲ့ သူ့ထိန်းရတာနဲ့ ဘယ်သူက ပိုကြီးသတုံး (ဒီခန္ဓာက ပိုကြီးပါတယ်)၊ သူက ပိုကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ)။
ခန္ဓာကြီးဟာ ဝိပါကဝဋ်
အဲဒါကြောင့် ဝိပါကဝဋ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ခန္ဓာကြီးဟာ ဘာဝဋ်ပါလိမ့် (ဝိပါကဝဋ်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့ မေးတော့ (ရှိပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့ ခန္ဓာကြီးဟာ ဘာပါလိမ့် (ဒုက္ခသစ္စာပါ)၊ အဲဒါကြောင့် ဒါ ဒုက္ခရှိတယ်လို့ မှတ်ထားပါ (မှန်ပါ)၊ ပေါ်ပြီနော် (ပေါ်ပါ ပြီ)။
ကိုင်း တစ်ခါသွားလိုက်ပါဦး ၆ နံပါတ်က ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလားလို့ မေးတော့ ဘယ့်နှယ်တဲ့ (သိပါတယ်တဲ့ ဘုရား)၊ သိတယ်လို့ ဖြေလိုက်တယ် (မှန်ပါ)၊ ဒါဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒကာ ဒကာမတွေလည်း ဒီအတိုင်းသိနေတော့ ဒီဒုက္ခသစ္စာကြီးကို ကျုပ်တို့က ဉာဏ်နဲ့သိမ်းဖို့ပဲ အရေးကြီးတော့တယ် (မှန်ပါ)၊ ဘာအရေးကြီး ပါလိမ့် (ဒုက္ခသိမ်းဖို့ အရေးကြီးပါတယ် ဘုရား)။
ဒီဒုက္ခသစ္စာကြီးနဲ့တော့ဖြင့် အိုးစားကွဲအောင် ဒကာ ဒကာမတွေ ကျုပ်တို့ အလုပ်လုပ်ရလိမ့်မယ် (မှန်ပါ)၊ မလုပ်လို့ရှိရင်တော့ဖြင့် ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်မယ် (မှန်ပါ)၊ ဘယ်သူ့ကို နှိပ်စက်မယ် (ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက် မှာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ငါမသိဘူးလားလို့ဆိုတော့ ငါသိပါတယ်တဲ့
ဒါဖြင့် ဝိပဿနာလုပ်မှ ရမှာပေါ့ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)၊ ဘာလုပ်ရမလဲ (ဝိပဿနာလုပ်ရ မှာပါ ဘုရား)၊ အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ အစေလကဿပတဲ့ မင်းသည်ကားလို့ဆိုရင် ၆ ချက်မေးတော့ ငါမသိဘူးလားလို့ဆိုတော့ ငါသိပါတယ်တဲ့ သိလို့ ငါရှင်းပြောရရင်ဖြင့်ကွာ မင်း သေသေချာချာမှတ် စမ်းပါဆိုပြီးသကာလ ဒီဒုက္ခဖြစ်တာသည် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဒုက္ခဖြစ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဝိဇ္ဇာချုပ် (သင်္ခါရချုပ်ပါတယ် ဘုရား)၊ သင်္ခါရချုပ်ရင် (ခန္ဓာငါးပါး ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့သည်ကားလို့ဆိုရင် အဝိဇ္ဇာသင်္ခါရချုပ်ဖို့လုပ်မှသာလျှင် ဒုက္ခချုပ်မယ် (မှန်ပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရမချုပ်ရင် (ဒုက္ခမချုပ်ပါ ဘုရား)၊ ဒုက္ခမချုပ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲ ဒုက္ခချုပ်ပုံ နက်ဖြန်မှ ဟောမယ်။
ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။