နားက တရားနာ, ဉာဏ်က ခန္ဓာလှည့်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
နားက တရားနာ, ဉာဏ်က ခန္ဓာလှည့်
ညအလုပ်ပေးတရားတော်
(၁၅-၃-၆၁)
ဉာဏ်က ခန္ဓာလှည့်ပြီး တရားကို နာပါ
ဉာဏ်က ခန္ဓာလှည့်ပြီး ဘုန်းကြီးပြောတဲ့တရားကို နာပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ) ဉာဏ်က ဘယ် လှည့်ကြမယ် (ခန္ဓာလှည့်ရပါမယ် ဘုရား)။
ဉာဏ်က ခန္ဓာလှည့်လိုက်တဲ့အခါကျတော့ ခုလို ပူတဲ့ အိုက်တဲ့ ရာသီကျတော့ အိုက်တဲ့ ဒုက္ခဝေဒနာတွေ ကျောမှာလည်း ပေါ်တတ်တယ်။ ရင်မှာလည်း ပေါ်တတ်တယ်၊ ပခုံးမှာလည်း ပေါ်တတ်တယ်၊ ခေါင်းမှာလည်း ပေါ်တတ် တယ်။
ပေါ်တာတွေသည်ကားလို့ ဆိုလို့ရှိရင် ပုဂ္ဂိုလ်သတ္တဝါတွေ မဟုတ်ဘူး၊ ဝေဒနာတွေပဲ၊ ဒီဝေဒနာသည်ကားလို့ ဆိုရင် ဘယ်များ လမ်းဆုံးမှာပါလိမ့်မလဲလို့ ကြည့်လိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်ဒုက္ခသစ္စာမှာ လမ်းဆုံးလိမ့်မယ်နော် (မှန်ပါ)။
သစ္စာတွေ့ပါလိမ့်မယ်
အဲဒီဖြစ်ပျက်ဒုက္ခသစ္စာ လမ်းဆုံးတာကို ဒကာ ဒကာမတွေက ဘုန်းကြီးပြောတာကို နားကနာပြီး ဉာဏ်က အဲဒီခန္ဓာကိုယ်တစ်ကိုယ်လုံးလျှောက်ပြီး ပေါ်ရာကို လှည့်နေလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့သည် သစ္စာတွေ့ပါလိမ့်မယ် နော် (မှန်ပါ) ဘာသစ္စာတွေ့ပါမယ် (ဒုက္ခသစ္စာတွေ့ပါမယ် ဘုရား)။
ဒုက္ခသစ္စာ ဧကန်တွေ့ တကယ်တွေ့ တွေ့ပါလိမ့်မယ်ဆိုတော့မှ ဪ ဒို့ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ဘာတွေများ စုပုံနေပါလိမ့်မယ်၊ ယောကျ်ားတွေ၊ မိန်းမတွေ စုပုံနေသလား၊ ဒုက္ခသစ္စာတွေပဲ အဖန်ဖန်အထပ်ထပ် ပြနေသလားဆိုတဲ့ ဥစ္စာ ဉာဏ်ထဲ ပေါ်လာပါလိမ့်မယ် (မှန်ပါ ဘုရား)။
ဉာဏ်ထဲ ပေါ်လာလို့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ခန္ဓာက ဘာတွေသာ ပြောနေပါလိမ့် (ဒုက္ခသစ္စာတွေ သာ ပြောနေပါတယ် ဘုရား)။
ဒု, ရယ် ခ, ရယ် သစ္စာရယ်
ဒုက္ခသစ္စာတွေချည်း ပြောနေတာ၊ ဟာ ဒုက္ခသစ္စာပဲ၊ ဒါ ဒုက္ခသစ္စာပဲ ဒုက္ခဆိုတာ ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဟုတ်ပလား (မှန်ပါ) ဆင်းရဲတာအမှန် ဒုက္ခသစ္စာ ဆင်းရဲတာ အမှန်သည် ဒုက္ခသစ္စာပဲဆိုတာ တစ်ခါ သူ့ထက် ဝေဖန်ပြီး ပြောမယ်ဆိုရင် ဒု, ရယ် ခ, ရယ် သစ္စာရယ်၊ ဒု-က စက်ဆုပ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာ က မှန်တာ (မှန်ပါ ဘုရား)။
ဒု-က ဘာပါလိမ့် (စက်ဆုပ်စရာပါ ဘုရား) ခ-က (အသုံးမကျတာပါ ဘုရား) သစ္စာက (မှန်တာပါ ဘုရား)။
ဒု-က ဘာပါလိမ့် (စက်ဆုပ်စရာပါ ဘုရား) စက်ဆုပ်စရာနော် (မှန်ပါ) ခ-က ဘာပါလိမ့် (အသုံးမကျတာပါ ဘုရား) အသုံးမကျတာ၊ သစ္စာက (မှန်တာပါ ဘုရား)။
အဲဒီတော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်လို့ ခန္ဓာကိုယ်က ပြောပါလိမ့်မယ် (မှန်ပါ) ဒါကြောင့် နားက တရားနာပြီး ဦးခင်မောင်တို့ လူစု ဒကာဝတို့ လူစုက ဉာဏ်ခန္ဓာကိုယ်လှည့်လိုက်တဲ့အခါ စက်ဆုပ်စရာအသုံး မကျတာတွေ အမှန်တွေ့ပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ဘာတွေ့ကြမယ် (စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်တွေ့ပါမယ် ဘုရား)။
အဲဒါ ဒုက္ခသစ္စာဆိုတာ ဒါပါပဲတဲ့၊ ဒု- က စက်ဆုပ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာက မှန်တာ၊ စက်ဆုပ်စရာ အသုံးမကျတာသာလျှင် တစ်ကိုယ်လုံးမှာ ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိနေဖို့ အရေး ကြီးပါတယ် (မှန်ပါ ဘုရား)။
ဉာဏ်ခန္ဓာကိုယ်လှည့်လိုက်တော့ ဒါတွေ ပေါ်မလာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဟိုက အိုက်၊ ဒီက အိုက်၊ ဟိုက နာ၊ ဟိုကနေ ဖိကြ၊ ဒီကနေပြီး ပြုကြနဲ့ အပူတွေက ဟပ်၊ အမျိုးမျိုး အဖုံဖုံ တွေ ဒုက္ခတွေက ဝိုင်းပြီးသကာလလာတော့ “ကာယဉ္စ ဖောဋ္ဌဗ္ဗေစ ပဋိစ္စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” ဆိုတဲ့ ဒုက္ခဝိညာဏ် တွေ ဒါတွေ ပေါ်ပြီး သကာလနေတော့ ဒါတွေဟာ ဘာတွေပါလိမ့်မတုံးလို့ တွေးမနေနဲ့တော့ စက်ဆုပ်စရာ၊ အသုံး မကျတာ အမှန်တွေပါကလားလို့ ဆုံးဖြတ်ချက် ချလိုက် (မှန်လှပါ ဘုရား)။
စက်ဆုပ်စရာ အသုံးမကျတာတွေ အမှန်
ဘယ်လိုချကြမယ် (စက်ဆုပ်စရာ အသုံးမကျတာတွေ အမှန်ပါဘုရား)။
စက်ဆုပ်စရာ အသုံးမကျတာ အမှန်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ ဒါ ဘာပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမ တွေ ဉာဏ်က သစ္စာ သိတာ (မှန်ပါ ဘုရား)။ ဒကာ ဒကာမတွေ ဉာဏ်က (သစ္စာသိတာပါ ဘုရား)။
အဲဒီတော့ကို ဒကာ ဒကာမတွေက ဒီအထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုး ပါကြလိမ့်မယ်၊ ဘုရားဆုပန်တဲ့ပုဂ္ဂိုလ်လည်း ပါကြမယ်။ လက်ဝဲရံ လက်ယာရံဆိုတဲ့ မဟာသာဝကဆုကြီးတွေ ပန်တာလည်း ပါကြလိမ့်မယ် (မှန်ပါ ဘုရား)။
နှစ်မျိုးတည်းပဲ ဟောထားတယ်
ဟာ ဒါတွေဟာ ကြာလှတယ် ဘုရား ၊ ဘုရားဆို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ် ကြာလှပါတယ် ဘုရား၊ လက်ဝဲရံ လက်ယာရံဆို တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာလှတယ်ဘုရား တပည့်တော် တို့ဖြင့် အခုရရင် အခုပဲ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကြီး ရချင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပေဋကောပဒေသပါဠိ တော်က နှစ်မျိုးတည်းပဲ ဟောထားတယ် (မှန်လှပါ ဘုရား)။
ဦးခင်မောင် နှစ်မျိုးတည်းနော် (မှန်လှပါ) ဒကာဝရေ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။
နှစ်မျိုး နားထောင်လိုက်ပါတဲ့ “ဒုဝေ ဟေတူ ဒုဝေ ပစ္စယာသာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ”(ပေဋကောပဒေသပါဠိတော်၊ နှာ-၁၆၇။) မဂ်ဉာဏ်ရဖို့ ရာ သမ္မာဒိဋ္ဌိဆိုတာ မဂ်ဉာဏ်ပါပဲ (မှန်ပါ ဘုရား)။
သစ္စာတရားကို နာဖြစ်အောင်နာရမယ်
ဘာတုံးလို့မေးတော့ “ပရတောစ ဃောသော သစ္စာနုသန္ဓိ” သစ္စာတရားကို နာဖြစ်အောင်နာရမယ် (မှန်ပါ ဘုရား)။
ဘာနာရမယ် (သစ္စာတရားကို နာဖြစ်အောင် နာရပါမယ်ဘုရား) အဲဒီ ၁-နံပါတ်က ဒါပဲတဲ့၊ သာဝကမှာ အခု နိဗ္ဗာန်ရမယ်ဆို အခုယူပါမယ်ဆိုတဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဦးခင်မောင်တို့ ဒကာဝတို့ရေ သစ္စာတရားနာမှု ၁-နံပါတ် (မှန်ပါ ဘုရား)။
”ပရတောစ ဃောသော သစ္စာနုသန္ဓိ, အဇ္ဈတ္တဉ္စ ယောနိသော မနသိကာရော”။
အဇ္ဈတ္တဖြစ်တဲ့ နေရာမှာလည်း ယောနိသော မနသိကာရနဲ့ နှလုံးသွင်းရမယ်နော် (မှန်လှပါ ဘုရား) ယောနိ သော မနသိကာရဆိုတာက ခုနင်က ပြောခဲ့တာပဲ၊ အိုက်တာ-ပူတာကလေးတွေ ခန္ဓာကိုယ်ထဲမှာ ဟိုနေရာအိုက်လိုက် ဒီနေရာအိုက်လိုက်နဲ့ ဟာ ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)။
စက်ဆုပ်စရာ အသုံးမကျတာ ဒုက္ခသစ္စာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါကလေး ဉာဏ်ကလေးက ကြည့်ပေးပါတဲ့၊ ဘုန်းကြီးကလည်း ဒကာ ဒကာမတွေ ပေဋကောပဒေသ လာတဲ့အတိုင်း “ပရတော ဃောသော” ဆိုတဲ့ ဘုန်းကြီးဟောတဲ့အသံကို ဒကာ ဒကာမတွေက သစ္စာနဲ့ စပ်တာတွေကို နာရမည်နော် (မှန်ပါ ဘုရား)။
ပြီးတော့ ကိုယ်က နှလုံးသွင်းတဲ့အခါကျတော့ ဒီသစ္စာပြန်တွေ့ရမယ် (မှန်ပါ ဘုရား)။
ဘုန်းကြီးဟောတဲ့အခါကျလို့ရှိရင်လည်း သစ္စာတရားပဲ ဘုန်းကြီးက တွေ့အောင် ပြောလိမ့်မယ် (မှန်ပါ ဘုရား)။
ဘုန်းကြီးဟောတာကလည်း ဘာပြောမယ် (သစ္စာတရားပဲ ပြောပါမယ်ဘုရား) ဒကာ ဒကာမတွေက နှလုံး သွင်းလိုက်တော့လည်း ဘာတွေ့ရမယ် (သစ္စာတရားပဲ တွေ့ရပါမယ်ဘုရား)။
သာဝကပါရမီဉာဏ်ပြီးတာပဲ
ဒီလိုဆိုရင် သာဝကပါရမီဉာဏ်ပြီးတာပဲတဲ့ (မှန်ပါ) ဒီဘဝ နိဗ္ဗာန်မရရင် နောက်ဘဝနိဗ္ဗာန် သေသေချာချာ ရတာပဲ၊ သာဝကပါရမီမှာ ဒီနှစ်ခုအရေးကြီးတယ်လို့ ပေဋကောပဒေသ ပါဠိတော်မှာ လာပါတယ် (မှန်ပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနှစ်ချက်ကိုဖြင့် ပရတောစ ဃောသော သစ္စာနုသန္ဓိ၊ သူတစ်ပါးတရားကိုလည်း နာတဲ့အခါ သစ္စာနဲ့ စပ်တဲ့တရားကို နာရမယ် (မှန်ပါ ဘုရား)။
အဇ္ဈတ္တဉ္စ ယောနိသော မနသိကာရောဆိုတဲ့အတိုင်း ကိုယ့်သန္တာန် နှလုံးသွင်းလိုက်တဲ့အခါကျလို့ရှိရင် နှလုံး သွင်းမှန်ပြီးသကာလ စက်ဆုပ်စရာ အသုံးမကျတာ အမှန်တွေ့လို့ရှိရင်ဖြင့် နာတဲ့တရားနဲ့ တွေ့တဲ့ဉာဏ်နဲ့ နှစ်ခုဆိုက် ပြီး ကိုက်သွားလို့ရှိရင်ဖြင့် သာဝကပါရမီဉာဏ်ပြည့်ပြီ (ဝါ) သောတာပန်၊ သကဒါဂါမ် အနာဂါမ် ရိုးရိုးတွေ ဖြစ်နိုင်ပြီ (မှန်လှပါ ဘုရား)။
ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား) သစ္စာနဲ့ စပ်တဲ့တရားနာမှု ၁-နံပါတ် (မှန်ပါ) နှလုံးသွင်းတဲ့အခါ သစ္စာတွေ့မှု ၂-နံပါတ် (မှန်ပါ ဘုရား)။
သစ္စာတရားနာမှုက (၁-နံပါတ်ပါ ဘုရား) နှလုံးသွင်းတဲ့အခါ သစ္စာတွေ့မှုက (၂-နံပါတ်ပါ ဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးက ဟောပါပြီတဲ့ ဒကာ ဒကာမတို့၊ ဒီဥစ္စာ ဘယ်ရောက်ရောက် ဘယ်နေရာမှာနေနေ ဒီဥစ္စာ ဒီပါဠိ တော်အတိုင်း နှလုံးသွင်းရမှာ (မှန်ပါ)။
ဒကာ ဒကာမတွေ အခု လူတွေကလည်း ကျပ်ပါဘိသနဲ့၊ နေကြထိုင်ကြတာ ကျဉ်းမြောင်း အမျိုးမျိုးအဖုံဖုံ ဖြစ်နေတော့ မလှည့်တာ မပတ်သာနဲ့ ဖြစ်နေတော့ ဟိုနေရာက ညောင်း, ဒီနေရာက ကိုက်မလာဘူးလား (လာပါ တယ် ဘုရား)။
ကိုက်တာ ခဲတာတွေလည်း ဒုက္ခသစ္စာ
အဲဒါက ဒကာ ဒကာမတွေ ဘုန်းကြီးက ပြောလိုက်ပါတယ်။
“ယံ ခေါ ဘိက္ခဝေ ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္မဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ” (မဟာသတိပဋ္ဌာနသုတ်၊ မူလပဏ္ဏာသပါဠိတော်၊ နှာ-၈၃။)
လို့ ဟောထားတော့ ကာယိက ဒုက္ခဟာ ကိုယ်ထဲမှာ ကျင်တယ်, နာတယ်, ကိုက်တယ်, ခဲတယ်ဆိုတာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒါ ဘုန်းကြီးဟောလိုက်တယ်နော် (မှန်ပါ) ဘုန်းကြီးက ဟောလိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဘုန်းကြီးကဖြင့် ကိုယ်ထဲမှာ နာတာ, ကျင်တာတွေ ဒုက္ခသစ္စာတဲ့၊ ကိုက်တာ ခဲတာတွေလည်း ဒုက္ခသစ္စာတဲ့၊ အဲဒါ ကိုယ်ပိုင်ဉာဏ်နဲ့ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာကလေးတွေ မတွေ့ပေဘူးလား (တွေ့ပါ တယ် ဘုရား)။
ဒါဖြင့် ဟောတဲ့တရားနဲ့ ဒကာ ဒကာမတွေ နှလုံးသွင်းတာနဲ့ တစ်ထပ်တည်း ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ တစ်ထပ်တည်း ဖြစ်အောင်ချည်း ဒကာ ဒကာမတွေ ကြိုးစားလုပ်လို့ရှိရင်ဖြင့်တဲ့ သူတစ်ပါးဟောတာ ကလည်း သစ္စာနဲ့ စပ်တဲ့ တရားဟောပြန်၊ မိမိဉာဏ်နဲ့ နှလုံးသွင်းလိုက်ပြန်တော့လည်း သစ္စာနဲ့ ဉာဏ်နဲ့ တည့်နေမယ် ဆိုရင် သာဝကပါရမီဉာဏ် ပြည့်ပါလိမ့်မယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒီနှစ်ခု ကိုက်ဖို့ အရေးဟာ တယ်ကြီးပါကလား
ဪ ဒါဖြင့် ဒီနှစ်ခု ကိုက်ဖို့ အရေးဟာ တယ်ကြီးပါကလားဆိုတာ ပေါ်လာကြပါပြီ (ပေါ်လာပါပြီ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဘယ်လိုတရားမျိုးကို နာရမယ်ဆိုတာလည်း သိပလား (သိပါပြီ) သစ္စာနဲ့ စပ်တဲ့တရား နာရမယ် (မှန်ပါ)။
ကိုယ့်ခန္ဓာကိုယ် ပြန်နှလုံးသွင်းလိုက်တော့လည်း ဘာတွေ့ရမယ် (သစ္စာတွေ့ရပါမယ် ဘုရား)။
သစ္စာပဲ ပြန်တွေ့လို့ ဪ သစ္စာတရားနာရလို့ သစ္စာတရားကို ပြန်နှလုံးသွင်းလို့ တွေ့ခဲ့လို့ရှိရင် သာဝက ပါရမီဉာဏ်ဖြင့် ပြီးတော့တာပဲလို့ ပေဋကောပဒေသက ဟောထားလို့ ပြောထားလို့ ဒကာ ဒကာမတွေ သိပ်ပြီးတော့ ဝန်လေးမနေနဲ့၊ နှလုံးသွင်းမှန်ပါစေ (မှန်ပါ ဘုရား)။
”သစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ” လို့ အဋ္ဌကထာဆရာတွေလည်း ဆိုထားသောကြောင့် ဘယ်တရားဟောဟော ကိုယ်က မယူတတ်လို့၊ သစ္စာချည်းပဲလို့လည်း မှတ်လိုက်ပါဦး (မှန်ပါ ဘုရား) ရုပ်နာမ်တွေဟာ ဟောလို့ရှိရင် သစ္စာချည်း ပါပဲ။
ရုပ်နာမ်တွေသာ ဟောလို့ရှိရင်ဖြင့် (သစ္စာချည်းပါ ဘုရား) သစ္စာချည်းပဲဆိုတာ မသေချာဘူးလား (သေချာပါ တယ်ဘုရား)။
ဖြစ်လိုက် ပျက်လိုက် ကလေးတွေ တွေ့လို့ရှိရင်
အဲဒါ ကိုယ်က နှလုံးသွင်းတဲ့အခါကျတော့ ဒါကလေးဟာ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ကလေးတွေ တွေ့လို့ရှိရင်လည်း ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံဆိုတာ သွားပြီး တွေ့ပြန်တော့ နာတဲ့တရားနဲ့ နှလုံးသွင်းအတွေ့နဲ့ ဦးခင်မောင်တို့ ဒကာဝတို့ တိုက်မိပြီဆိုရင် သာဝကပါရမီဉာဏ် မကြာခင် ပြည့်တော့တယ် (မှန် ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီအလုပ်ဟာ သိပ်ဝန်လေးတဲ့ အလုပ်လားလို့ မေးတဲ့အခါကျတော့ မလုပ်ဖြစ်ရင် လည်း ဝန်လေးကြတယ် (မှန်ပါ) လုပ်ဖြစ်လို့ရှိပြန်တော့လည်း ဒီအတိုင်း နှလုံးသွင်းလိုက်ရင် ကိစ္စပြီးတာပါပဲ (မှန်ပါ) ဒါ ကြိုးစားပြီးသား နှလုံးသွင်း၊ ကြာတော့ သစ္စဉာဏ်ရပြီး တော်တော်ကြာ ကိစ္စဉာဏ်တက်သွားတာပဲ (မှန်ပါ) ကိစ္စဉာဏ်တက်ပြီးလို့ရှိရင်လည်း ကိစ္စဉာဏ်လည်းဆုံး ကတဉာဏ်ဆိုတာ လာတော့တာပဲဆိုတာ မှတ်ရမယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာဖြင့် မသေတန်နေရမယ်၊ လုပ်ရလိမ့်မယ် ဆိုတဲ့အလုပ် ထဲကပဲ (မှန်ပါ ဘုရား) သစ္စာတရားနာမှု ၁-နံပါတ်၊ ပြန်နှလုံးသွင်းတဲ့အခါ ဘာတွေ့ရမယ် (၂-နံပါတ် တွေ့ရပါမယ် ဘုရား) အဲ သစ္စာတရားနာမှုနဲ့ သစ္စာတရား နှလုံးသွင်းမှု နှစ်ခု ပြည့်စုံလို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ သာဝကပါရမီဉာဏ် သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်ဖို့အရေးဟာဖြင့် ဆုကြီးပန် မဟုတ်ခဲ့သည်ရှိသော် ရပါတယ် (မှန်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် လေးလေးစားစားနဲ့ ဒကာ ဒကာမတွေ အထမြောက်အောင် တပည့်တော်တို့ လုပ်ပါ တော့မယ်လို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဪ ကိုယ့်အရေးဟာဖြင့် အေးဆေးရတဲ့ အလုပ်ပါလားဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား) ဒီအလုပ်သာလုပ်၊ ကိုယ့်အရေးကိစ္စ ကိုယ်ပြီးဆုံးတာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။
-သစ္စာတရားနာမှုနဲ့ သစ္စာ နှလုံးသွင်းမှု ကိုက်အောင် လုပ်ပါ
ဒါဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်ပါတယ်၊ ကိုယ့်ကိစ္စ ကိုယ်ပြီးချင်ပါတယ်ဆိုရင်ဖြင့် သစ္စာတရားနာမှုနဲ့ သစ္စာ နှလုံးသွင်းမှု ကိုက်အောင် လုပ်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ)။
၁-နံပါတ်က ဘာပါလိမ့် (သစ္စာတရားနာမှုပါ ဘုရား) ၂-နံပါတ်က ဘာပါလိမ့် (သစ္စာတရား နှလုံးသွင်းမှုပါ ဘုရား) နှလုံးသွင်းမှု၊ ဒီနှစ်ခု ကိုက်လို့ရှိရင် သာဝကပါရမီဉာဏ်ပြည့်ရော (မှန်ပါ ဘုရား)။
ဒါကြောင့် ဒုဝေ ဟေတူ ဒုဝေ ပစ္စယာလို့ဆိုပြီးတော့ နှစ်ပါးသော အကြောင်း နှစ်ပါးသော အထောက်အပံ့ နှစ်ပါးသောအကြောင်းသာ လိုပါတယ်ကွာဆိုပြီးသကာလ ပေဋကောပဒေသမှာ သေသေချာချာ လာထားလို့ ဒကာ ဒကာမတို့ ဘာတရားနာမယ် (သစ္စာလေးပါးတရား နာရပါမယ်ဘုရား) ကောင်းပြီ ဆရာတော်တွေ သမား တော်တွေ ဟောတာ သစ္စာလွတ်အောင် ဘယ်သူမှ မဟောဘူး (မှန်ပါ) ရုပ်တွေ နာမ်တွေ အပေါ်ဟောနေတော့ ရုပ်နာမ်ဟူသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ သစ္စာတရားဟာ ဒါ သစ္စာပဲဆိုတာသာ မှတ်လိုက်ပေတော့ (မှန်ပါ ဘုရား) နာတုန်းက သစ္စာမှတ်ပြီး ဉာဏ်နဲ့ ခန္ဓာလှည့်လိုက်တော့လည်း ဘာတွေ့ရမယ် (ဒုက္ခသစ္စာတွေ့ရပါမယ် ဘုရား) အဲ ဒုက္ခသစ္စာပဲ တွေ့ရမယ် ဆိုတော့ အတွေ့ခံတာ ဒုက္ခသစ္စာ၊ တွေ့ဉာဏ်က မဂ္ဂသစ္စာ သွားဖြစ်မှာပဲ (မှန်ပါ) အဲဒီတော့ သာဝကပါရမီဟာ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ဖို့ရာ ဒကာ ဒကာမတို့ အလွယ်ကလေး မနေဘူးလား (နေပါတယ် ဘုရား)။
ဆုကြီးပန် မဟုတ်ခဲ့လို့
ဒါကြောင့် ဆုကြီးပန် မဟုတ်ခဲ့လို့ နိဗ္ဗာန် ရချင်လို့ရှိရင် ဆုကြီးပန်မှ မဟုတ်ဘဲနဲ့ ကြုံရာစီး နိဗ္ဗာန်ရချင်လို့ ရှိရင် အကြောင်းဘယ်နှစ်ကြောင်း ရှိပါလိမ့် (နှစ်ကြောင်းပါ ဘုရား) ဘာတရားနာမယ် (သစ္စာတရားနာရပါမယ်) နှလုံးသွင်းတော့ကော (သစ္စာတရားနှလုံးသွင်းရပါ့မယ် ဘုရား)။
သစ္စာပဲ တွေ့အောင် နှလုံးသွင်းရမယ် (မှန်ပါ ဘုရား) မတွေ့လည်း မရှိပါဘူး၊ ကိုယ့်ခန္ဓာကြီးက ဒုက္ခသစ္စာပဲ၊ ဒီအထဲက ဖောက်ပြန်တာသာ တွေ့လို့ရှိရင်ဖြင့် အစစ်ဆိုတာ ပေါ်လာတော့တာပဲဆိုတာ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့သည် နေ့ထူးနေ့မြတ်ကြီးလည်း ဖြစ်ပါတယ်။ ကိုယ်အလိုရှိတဲ့ဆီကို အလွယ်တကူနဲ့ ရောက်ချင်လို့ရှိရင်လည်း ဒုဝေ ဟေတူ ဒုဝေ ပစ္စယာ ဆိုတဲ့အတိုင်း နှစ်ကိစ္စနဲ့ ဦးခင်မောင် လိုရာပြီးတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ) ရှင်းကြပါပြီ (ရှင်းပါပြီ)။
မဟာနာမ်မင်းကြီး အထောက်အထား
ကောင်းပြီ ဒါဖြင့် ဒီနှစ်ကိစ္စနဲ့ပြီးသွားတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်လို ဘုရားဆုံးမပါလိမ့်မလဲဆို တော့ မဟာနာမ်မင်းကြီး ထောက်ကြစို့ရဲ့ (မှန်ပါ) မဟာနာမ်မင်းကြီး အထောက်အထား အကိုးအကားပြမယ်နော် (မှန်ပါ)။
သက္ကတိုင်း ကပိလဝတ်ပြည်မှာတဲ့ မဟာနာမ်ဆိုတာရှိပါတယ်၊ သုဒ္ဓေါဒနတို့ အမျိုးအဆက်တွေပေါ့ဗျာ (မှန်ပါ)။
အဲဒီ မဟာနာမ်မင်းကြီးက ဦးခင်မောင်ရေ သောတာပန်တည်ပြီးသား ဖြစ်နေတယ် နော် (မှန်ပါ) ဒကာဝ သောတာပန်တည်ပြီးသားနော် (မှန်ပါ)။
(မှတ်ချက်။ ဋီကာ၌ မဟာနာမ်မင်းကြီးအား သကဒါဂါမ်ဟုဆို၏)
သူက ညကျတဲ့အခါကျတော့ ကျောင်းသွားအိပ်၊ နေ့လယ်လည်း အားတဲ့အခါ ကျောင်းသွားနေတယ်၊ နေတဲ့အခါ ကျလို့ရှိရင်ဖြင့် သူ့ကိုယ်သူ သောတာပန် တည်မှန်းကို ကောင်းကောင်းမသိသေးတော့ မဟာနာမ်မင်းကြီးက အရှင် ဘုရား တပည့်တော် လျှောက်ပါရစေဘုရား တဲ့ အဲဒါ မဟာဝဂ္ဂသံယုတ်မှာ လာတယ် (မှန်ပါ ဘုရား)။
အရှင်ဘုရား တပည့်တော် ကပိလဝတ်ပြည်ထဲ အရှင်ဘုရား ကျောင်းတော်က ပြန်တဲ့အခါကျတော့ ကပိလဝတ် ပြည်ကလည်း အင်မတန် စည်ကားတဲ့ ပြည်ဖြစ်နေတော့ ဆင်တွေ၊ မြင်းတွေ၊ စစ်သည်တွေ ရှောင်ရတိမ်းရ၊ ဒီအချိန် မှာ တပည့်တော် ဘုရား တရား သံဃာရယ် ဝိပဿနာ ရှုတဲ့အလုပ်တွေ လွတ်သွားတယ်ဘုရား အဲဒီအချိန်များ ဆင်နင်း မြင်းနင်းလို့ ရထားကြိတ်လို့များ သေမယ်ဆိုရင် တပည့်တော်မှာ မကောင်းသော သေခြင်းတော့ ဖြစ်တော့ မှာပဲလို့ ၊ တပည့်တော်စိတ်ထဲမှာ မကောင်းသော သေခြင်းဟာ ဖြစ်မှာလား ဆိုတာ ကလေးဟာ လာတယ်ဘုရား ဆိုတော့ သူက ခုနင်က သစ္စာတရားလည်း နာပြီးသား၊ သစ္စာအားထုတ်လို့ သစ္စ-ကိစ္စ-ကတဉာဏ်တွေက ရပြီးသားဆို တော့ သောတာပန် တည်ပြီးသားပေါ့ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
အဲဒီတွင် သူသည်ကားလို့ ဆိုလို့ရှိရင် တပည့်တော်သည်တဲ့ ဒီအချိန်မှာ ဆင်တွေ၊ မြင်းတွေနဲ့ စစ်သည်တွေကြား ထဲမှာလည်း ကွဲပြီး သကာလ သူတို့နင်းလို့ ချဉ်းလို့ အရှောင်အတိမ်း မှားလို့ တပည့်တော်များ သေသွားရင် မကောင်း သော သေခြင်း သေမှာလားဘုရားတဲ့၊ ဘုရား သွားလျှောက်တယ် ဦးခင်မောင်တို့ ဒကာဝတို့နော် (မှန်ပါ)။
အထက်ဆန်လိမ့်မယ်
ဘုရားသွားလျှောက်တဲ့အခါကျတော့ ဘုရားက သိပြီးသားပဲ၊ သူ သစ္စာတရားတွေလည်း နာထားလို့ သစ္စာအဆုံး လည်း ရောက်နေပေါ့ဆိုတာ ဘုရားက သိပြီးသားဖြစ်နေတော့ မဟာနာမ်မင်းကြီး သင့်မှာ-တဲ့၊ ခန္ဓာကိုယ်ကြီးဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီးကသာ သေသွားရင် ကျီး, လင်းတ, စွန်တို့အစာ ဖြစ်မှာပါပဲတဲ့ သင်၏ သဒ္ဓါသီလ သုတ စာဂ ပညာတို့ကတော့ အထက်ဆန်လိမ့်မယ် (မှန်ပါ ဘုရား) သဘာကျပလား (ကျပါပြီ)။
ခန္ဓာကိုယ်ကြီးကတော့ ကျီး လင်းတအစာဖြစ်လိမ့်မယ်နော် (မှန်ပါ) သဒ္ဓါ သီလ သုတ စာဂ ပညာ သောတာပန် ပြည့်စုံပြီးသားတွေကတော့ဖြင့် ဒကာ ဒကာမတို့ သူက အထက်ဆန်လိမ့်မယ်လို့ ပြောတော့ သုဂတိနဲ့ နိဗ္ဗာန်ပဲ သွား လိမ့်မယ်လို့ ပြောလိုက်တာ (မှန်ပါ)။
မေ့သေချင် သေပါတဲ့ ဒကာ ဒကာမတို့ ဆင်နင်း မြင်းနင်းလို့ မေ့သေချင်သေ၊ ခုနင်က နှစ်ချက်သာ ပြည့်စုံ အောင် လုပ်ထား (မှန်ပါ) အရေးမကြီးဘူးဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါကြောင့် ကိုယ့်အရေး ကိုယ်သိပြီးသကာလ ငါဘယ်လို သေရမယ်ဆိုတာတော့ မည်သူမျှ မသိကြဘူးနော် (မှန်ပါ ဘုရား)။
နောက်ဆုံးပိတ် ရဟန္တာဖြစ်ပြီးလည်း ပက္ကုသာတိတို့တောင်မှ နွားဝှေ့ပြီး သေရသေးတယ်၊ ဒါရုစီရိယတို့လည်း နွားဝှေ့သေရသေးတယ် ဆိုတာ ရဟန္တာဖြစ်ပြီးသားတွေတောင်မှ သေခြင်းကတော့ ဆိုးချင်ဆိုး ပစ်လိုက်တာ (မှန်ပါ) မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒီတော့ သေခြင်းကသာ ဆိုးငြားသော်လည်း ခန္ဓာအသားအသွေး အရိုးတွေကသာ မဟာနာမ်မင်းကြီး ကျီးတို့, စွန်တို့, သားရဲတို့, တောခွေးတို့ ဒါတွေရဲ့ အစာဖြစ်ပါလိမ့်မယ်၊ သင်ရဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတွေကတော့ အထက်သို့သာ ဆန်တက်ပါလိမ့်မယ်ဆိုတာ အပါယ်မကျဘူး ဟောလိုက်တာ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
သူ ဘယ်နှစ်ခု လုပ်ထားပါလိမ့် (သစ္စာနာမှု နှလုံးသွင်းမှု လုပ်ထားပါတယ်ဘုရား) သစ္စာတရားနာမှု ၁-နံပါတ်၊ နှလုံးသွင်းလိုက်တဲ့အခါမှာလဲ (သစ္စာတရားတွေ့ပါတယ် ဘုရား)။
သစ္စာတရားတွေ့သွားတယ်၊ သစ္စာတရား သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ကျအောင် တွေ့ပြီးသကာလ သွားတော့ သူ့မှာ ကိစ္စပြီးတာပေါ့လေ (မှန်ပါ)။
တစ်နည်း ငါ ဥပမာ ပြောဦးမယ်၊ မဟာနာမ်မင်းကြီး မင်းက စိုးရိမ်နေတယ်၊ မစိုးရိမ်ပါနဲ့ကွာ ဆိုပြီး ဥပမာ ပြလိုက်တယ်နော် (မှန်ပါ)။
ဒကာ ဒကာမတို့ ဟိုဘက်က ကျုံးထဲမှာ ဖြစ်စေ၊ ဧရာဝတီထဲမှာ ဖြစ်စေ ထောပတ်ပုံး ဆီပုံးတွေ ကွဲမယ် အက်မယ် ကျမယ် ပေါက်မယ်ဆိုလို့ရှိရင်ဖြင့် ထောပတ်အိုးတွေ၊ ဆီအိုးတွေဆိုတာ အကြောင်းမညီညွတ်လို့ ကွဲကြ ပြု ကြတဲ့အခါကျတော့ အိုးခြမ်းပဲ့တို့၊ သံပုံးတို့ကတော့ ရေထဲ နစ်မှာပေါ့ဗျာ (မှန်ပါ ဘုရား) ထောပတ်ကတော့ ပြန်တက် လာတယ် (မှန်ပါ)။
ထောပတ်ကတော့ ဘယ်လိုပါလိမ့် (ပြန်တက်လာပါတယ် ဘုရား)။
အဲဒီအတိုင်းပါပဲ တဲ့ မဟာနာမ်မင်းကြီးရ၊ သစ္စာတရားနာပြီး သကာလ သစ္စာတရားတွေ ကြိုးစားလို့ သစ္စ, ကိစ္စ, ကတဉာဏ်တွေ ရောက်ပြီးပြီဆိုမှဖြင့် ထောပတ်အိုး, ဆီအိုး, မြစ်ထဲမှာ ကွဲငြားသော်လည်း အိုးခြမ်းကွဲတွေ သာ အောက်မြုပ်သွားတယ်၊ ထောပတ်နဲ့ ဆီနဲ့ တူတဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတို့က အထက်သာ ဆန်တက်တယ်။ အပါယ် လေးပါး မရောက်ဘူးကွာ တဲ့ (မှန်ပါ)။
စိတ်ချစရာကို လုပ်ထားဖို့ ကောင်းတယ်
ဒီလိုဆိုတော့ တယ်စိတ်ချစရာ ကောင်းပါကလား (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုလုပ်ဖို့ ကောင်း ပါလိမ့် (စိတ်ချစရာ လုပ်ဖို့ ကောင်းပါတယ် ဘုရား) စိတ်ချစရာကို လုပ်ထားဖို့ ကောင်းတယ် (မှန်ပါ)။
အားလုံး ပြင်ဘက်ကလူတွေရော ဒကာ ဒကာမတွေရော အတွင်းက ဒကာ ဒကာမတွေရော စိတ်ချရအောင် လုပ်ထားစမ်းပါ (မှန်ပါ ဘုရား)။
ထောပတ်အိုး, ဆီအိုးကွဲတော့ အိုးခြမ်းပဲ့က ဘယ်သွားသတုံး (မြုပ်သွားပါတယ်) အဲ- အသား, အသွေးတွေ ကတော့ဖြင့် မြေထဲမြုပ်ချင် မြုပ်ကြလိမ့်မယ်နော် (မှန်ပါ)။
မြေထဲ မြုပ်ချင် မြုပ်ကြပါလိမ့်မယ်တဲ့ ဒကာ ဒကာမတို့ ကျီး, လင်းတ အစာရင်လည်း ဖြစ်ချင် ဖြစ်ပါလိမ့် မယ်တဲ့ (မှန်ပါ)။
ကိုယ့်သဒ္ဓါ သီလ သုတ စာဂ ပညာတွေကတော့ အထက်သာ ဆန်တက်တော့တယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စိတ်ချရတဲ့အလုပ်ကို လုပ်ထားဖို့ သင့်ပြီလို့ ဘုန်းကြီးများက တိုက်တွန်း ပါတယ် (မှန်ပါ)။
ဘယ်လိုများ တိုက်တွန်းပါလိမ့် (စိတ်ချရတဲ့ အလုပ်ကို လုပ်သင့်ပြီလိုပါဘုရား) စိတ်ချရတဲ့အလုပ်ကိုဖြင့် လုပ်ထားကြပါဆိုတာ ဦးခင်မောင်တို့၊ ဒကာဝတို့ သတိပေးရပါတယ် (မှန်ပါ ဘုရား)။
စိတ်ချရတဲ့အလုပ်ကလည်း သိပ်များများလားလို့ မေးတော့ သစ္စာတရားနာမှု (မှန်ပါ) နှလုံးသွင်းတဲ့အခါ သစ္စဉာဏ်နဲ့ ကိစ္စဉာဏ်တွေ ဆက်ပြီး ပေါ်လာဖို့ (မှန်ပါ ဘုရား)။
သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်
သစ္စဉာဏ်ဆိုတာက တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဒီ ခန္ဓာကြီးဟာ ဖြစ်ပျက်နေတာ ဒုက္ခသစ္စာပဲ (မှန်ပါ) ဒါ သစ္စဉာဏ်။
ကိစ္စဉာဏ်ကတော့ ဘာပါလိမ့်မတုံးဆိုတော့ ဪ ဒီဖြစ်ပျက်နေတာ နှိပ်စက်တဲ့တရားက နှိပ်စက်လို့ ဖြစ်ပျက်နေတာပါကလား၊ ဇာတိ ဇရာ မရဏ တရားက နှိပ်စက်လို့ ဖြစ်ပျက်နေတာပါကလားဆိုတဲ့ သူ့ကိစ္စသိပြန်တော့ လည်း ကိစ္စဉာဏ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကတဉာဏ်ဆိုတာကတော့ ဪ ဒီဉာဏ်ကိစ္စတွေ တို့ပြီးပြီလို့ သိတဲ့ဉာဏ်ဟာ “ပရိညေယျန္တိ မေ” ဆိုတဲ့အတိုင်းတဲ့ ပိုင်းခြားသိပြီးတဲ့နောက် “ပရိညာတန္တိ မေ” ဪ ဒါသိပြီးပြီဆိုရင် ပြီးတာပါပဲတဲ့၊ သောတာပန် ကိစ္စက နော် (မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတို့ ကြိုးစားကြစမ်းပါဆိုတာ တိုက်တွန်းလိုက်တယ် (မှန်ပါ) ဘယ်လို တိုက်တွန်းပါလိမ့် (ကြိုးစားကြစမ်းပါ ဘုရား)။
သစ္စာတရား နာကြစမ်းပါဆိုတာ ဘယ်တရားဟောဟော သစ္စာချည်းမှတ်လိုက် (မှန်ပါ)။
ရုပ်နာမ်သာ ဟောလို့ရှိရင် ဘာတရားဆိုကြမယ် (သစ္စာတရားပါ ဘုရား) အဲ ဒုက္ခသစ္စာဟောနေတာပဲ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဆရာတော်၊ သမားတော်တွေကတော့ ဒုက္ခသစ္စာ ဟောသွားပြီ၊ ကိုယ်က ဉာဏ်ထဲမှာ နှလုံးသွင်းလိုက်တော့ ဒီခန္ဓာထဲမှာ ဒကာ ဒကာမတို့ မတွေ့သေးလို့ရှိရင်လည်း မတွေ့တွေ့အောင် သစ္စာရှာပါ (မှန်ပါ ဘုရား)။
သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ သတိပေးရတယ်၊ ဒကာ ဒကာမတို့ ယားတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝမ်းသာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝမ်းနည်းတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဝမ်းသာတာလည်း သောမနဿ သောမနဿလည်း ဖြစ်ပြီး ပျက်တော့ ဒုက္ခသစ္စာပဲ (မှန်ပါ)။
ဒါကြောင့် “သံခိတ္တေန ပဉ္စူပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ ဟောလိုက်တဲ့အခါကျလို့ရှိရင် ဪ ဒုက္ခသစ္စာ ဆိုတာ တခြားလားအောက်မေ့တယ် ခန္ဓာနာမ်ရုပ်ဆိုတာပါကလား (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာဆိုတာ ဘာဆိုတာပါလိမ့် (ခန္ဓာနာမ်ရုပ်ဆိုတာပါ ဘုရား) အဲဒီ ခန္ဓာနာမ်ရုပ်က ဒုက္ခသစ္စာလို့ သိရမယ်နော် (မှန်ပါ)။
နောက်ကျတော့ ဒီခန္ဓာနာမ်ရုပ်ထဲမှာမှ ဖောက်ပြန်တာကလေးတွေဟာ အင်း ဘယ့်နှယ်ကြောင့် ဖောက် ပြန်ပါလိမ့်မတုံးလို့ လိုက်ပေးရမယ်နော် (မှန်ပါ)။
ဪ နှိပ်စက်တဲ့တရားက နှိပ်စက်လိုက်လို့ ဖောက်ပြန်ပျက်စီးရရှာတာကိုးလို့ သိလို့ရှိရင်ဖြင့် “ဒုက္ခဿ ပီဠနဋ္ဌော သင်္ခတဋ္ဌော သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော” ဆိုတာတွေ အကုန်ပေါ်လာတာပဲ (မှန်ပါ)။
ဒုက္ခဿ-ဒုက္ခကို၊ ပီဋ္ဌနဋ္ဌော-သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတာလည်း ၊ ဪ ဒီခန္ဓာကြီး မှာ အပူက နှိပ်စက်လိုက်၊ အအေးက နှိပ်စက်လိုက်၊ အစာက နှိပ်စက်လိုက်၊ ရုပ်ရုပ်ချင်း ဖောက်ပြန်ပြီး ဇာတိ ဇရာ မရဏက နှိပ်စက်လိုက်၊ အနှိပ်စက်ခံပြီး မပျက်စီးရဘူးလား (ပျက်စီးရပါတယ် ဘုရား)။
အဲဒီ အနှိပ်စက်ခံပြီး ပျက်စီးရတယ်လို့သိတာက ကိစ္စဉာဏ် (မှန်ပါ) ပေါ်လာတဲ့ တရားလည်း ဒုက္ခသစ္စာပဲလို့ သိတာက (သစ္စဉာဏ်ပါ ဘုရား) သစ္စဉာဏ်။
ပေါ်လာတဲ့တရားကလေးက ဒုက္ခသစ္စာပဲ၊ ဖြစ်ပြီးပျက်နေတာ ကလေးဟာ ဒုက္ခသစ္စာပဲလို့ သိရင် ဘာဉာဏ်တုံး (သစ္စဉာဏ်ပါ ဘုရား)။
ဪ အနှိပ်စက်ခံပြီး ပျက်စီးရတယ်လို့ သိလိုက်ရင် (ကိစ္စဉာဏ်ပါ ဘုရား)။
အဲဒီ ဉာဏ်တွေကို များများပွားပြီးသကာလ လုပ်လိုက်လို့ရှိရင် ပြီးပြီဆိုတဲ့ ကတဉာဏ်လာပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ကြိုးစားဖြစ်အောင် ကြိုးစားပါလို့ သတိပေးလိုက်တယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒီလောက် တိုက်တွန်းနေပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲ မေးဖို့လိုတော့ကိုတဲ့ ဒီလိုမှတ်လိုက်တာပေါ့၊ ဒီခန္ဓာကိုယ်ကလေးက ဘုန်းကြီးကလည်း ဘုန်းကြီးခန္ဓာ ကိုယ်က အသေဆီသွားနေလို့ စိတ်မချရဘူး (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကကော (စိတ်မချရပါ) သေရာ ဒိုင်းဒိုင်းပြေးသွားနေလို့ စိတ်ချရရဲ့လား (မချရပါ ဘုရား) အဲ ဒါကြောင့် ဒီဉာဏ်တွေကို သစ္စဉာဏ်, ကိစ္စဉာဏ်တွေကို ဦးခင်မောင် မြန်မြန်ရအောင် လုပ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)။
ဒီဉာဏ်တွေ ဘယ်လိုရအောင် လုပ်ရမှာတုံးဆိုတော့ အို ဖြစ်ပျက်ရှုတာနဲ့ပဲ ဒါပေါ်လာတာပဲ (မှန်ပါ ဘုရား)။
ဖြစ်တာ ပျက်တာ မြင်လို့ရှိရင် သစ္စဉာဏ်
ဖြစ်ပျက်ရှုတော့ကို ဖြစ်တာ ပျက်တာ မြင်လို့ရှိရင် သစ္စဉာဏ်ရတာပဲ၊ ဖြစ်တာ ပျက်တာကလေး တခြားတစ်ပါး ကိစ္စကြောင့် ပျက်တာ မဟုတ်ဘူး (မှန်ပါ) ဪ ဖြစ်အောင် ပျက်အောင် လုပ်နေတဲ့တရားက နှိပ်စက်လို့ ပျက်စီးသွားတာပဲလို့ဆိုပြီး အကြောင်းအကျိုးနဲ့တကွ သိမ်းဆည်းသွားတော့ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ အစရှိသည်ပေါ့ဗျာ (မှန်လှပါ ဘုရား)။
အဲဒီလို သိသွားပြန်တော့လည်း ကိစ္စဉာဏ်တွေက မရဘူးလားဗျာ (ရပါတယ် ဘုရား) အဲ အဲဒီကဲ့သို့ရသော ကြောင့် ပဉ္စဝဂ္ဂီတွေ ဒကာ ဒကာမတို့ ချက်ချင်းပဲ ကိစ္စပြီးသွားကြတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီတော့ အဲဒီလို ကိစ္စသိထားတော့မှ ဪ ငါတို့ သေလို့ရှိရင်ဟေ့ ထောပတ်အိုး ဆီအိုးကွဲ သလိုပဲ မှတ်လိုက်တာပေါ့ (မှန်ပါ ဘုရား)။
ထောပတ်အိုးကွဲတော့ အိုးခြမ်းကွဲသာမြုပ်တယ် (မှန်ပါ) ထောပတ်ဆီတွေက (ပေါ်ပါတယ် ဘုရား)။
အဲ ခင်ဗျားတို့ လုပ်ထားတဲ့ ခုနင်က ဉာဏ်တွေက သဒ္ဓါ သီလ သုတ စာဂ ပညာနဲ့ သဟဇာတဖြစ်တဲ့ ဉာဏ်တွေက အလုံးစုံအကုန် သုဂတိသာပို့တော့တယ် (မှန်ပါ ဘုရား)။
သောတာပန်ဖြစ်ဦးတော့ ခုနစ်ဘဝ သောတာပန်လည်း ရှိတယ်။ တစ်ဘဝ သောတာပန်လည်း ရှိတယ်၊ ကောလံကောလ သောတာပန်လည်း ရှိတယ်ဆိုတာ သိနေတော့ ကိစ္စမရှိတော့ဘူး၊ စိတ်ချရပြီဆိုတာ မှတ်လိုက်ပါတော့ (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ထောပတ်အိုး, ဆီအိုးကွဲတဲ့အခါ အပေါ်တက်တာသည် ဒကာ ဒကာမတို့ ထုံးစံပဲ (မှန်ပါ) အိုးခြမ်းပဲ့ တွေက မြုပ်တာလည်း ထုံးစံပဲ (မှန်ပါ) အလေးဓာတ်ပါလို့ မြုပ်တာ (မှန်ပါ ဘုရား)။
သူကတော့ဖြင့် မမြုပ်ကောင်းတဲ့တရားမို့ ထောပတ်တို့ ဆီတို့က ဦးခင်မောင် ဘယ့်နှယ်တုံး (မမြုပ်ပါ ဘုရား) သူက အထက်သာတက်တယ် ဘယ်လိုပဲ အိုးပါမြုပ်သွားဦး နောက်ဆုံးပိတ် သူက အပေါ်တက်တာပဲ (မှန်ပါ) မတက် ဘူးလား (တက်ပါတယ် ဘုရား)။
အင်း ဘယ့်နှယ်ကြောင့် တက်ပါလိမ့်မတုံး ခင်ဗျားတို့ လုပ်ထားတဲ့ဉာဏ်တွေကတော့ဖြင့် အထက်သို့ သာ ဆန်တော့တယ်၊ ဒကာ ဒကာမတို့ ခန္ဓာက အောက်မြုပ်ငြားသော်လည်း ခန္ဓာက ကျီး, လင်းတတို့၏အစာ၊ မြေ တို့၏ ဩဇာ ဖြစ်သွားငြားသော်လည်း ဒကာ ဒကာမတို့၏ သဒ္ဓါ သီလ သုတ စာဂ ပညာတွေက အထက်သာ ဆန် တော့တယ်ဆိုတော့ ဪ ဒို့အတွက် စိတ်အေးရပါကလား (မှန်လှပါ ဘုရား) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒို့အတွက် ဘာပါလိမ့် (စိတ်အေးရပါတယ် ဘုရား) စိတ်အေးရအောင် တစ်ခါတည်း ဒကာ ဒကာမတွေက ကျေကျေနပ်နပ်ဖြစ်အောင် လုပ်ထားလိုက်ပါ (မှန်ပါ ဘုရား)။
ဒါက ဒီဘဝရထိုက်တဲ့ပုဂ္ဂိုလ်အတွက် ပြောလိုက်ပါတယ် (မှန်ပါ ဘုရား) ဒီဘဝ မရထိုက်တဲ့ပုဂ္ဂိုလ်ကလည်း ဒီသစ္စာတရားနာပြီး ဒီသစ္စာပဲ နှလုံးသွင်းရမှာပဲ (မှန်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ တရားနာရီဝက်ရှိသွားပြီ၊ မနေ့က တရားပြန်ဆက်ကြစို့။ ဒီဥစ္စာက ဒကာ ဒကာမတွေ ရှေ့ပိုင်းက အလုပ်ပေးပြီး တရားဟောတယ်လို့ မှတ်တာပေါ့ (မှန်ပါ ဘုရား)။
သစ္စာလေးပါး မသိတာ အဝိဇ္ဇာ
ကြည့်လည်း ကြည့်ကြ၊ မှတ်လည်း မှတ်ကြပါ ဒကာ ဒကာမတို့၊ ဒီဘက်က သစ္စာလေးပါး မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
ဪ ဖြစ်ပျက်နေတာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အင်း ကျုပ်တို့၊ ခင်ဗျားတို့ နဂိုက မသိခဲ့ဘူးနော် မသိတာ သူ အုပ်ချုပ်နေတယ် (မှန်ပါ ဘုရား)။
ဘယ်သူ အုပ်ချုပ်နေပါလိမ့် (အဝိဇ္ဇာ အုပ်ချုပ်နေပါတယ် ဘုရား) အေး သူသည် ဖြစ်ပျက်နေတာ ဒုက္ခသစ္စာဆိုတာ သူ မသိခဲ့ဘူးနော် (မှန်ပါ) ဖြစ်ပျက်တွေ ချုပ်ရင် နိရောဓသစ္စာလို့လည်း သူ မသိဘူး (မသိပါဘုရား)။
ဒါ ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကောင်းပြီ ခဏ ခဏ ဖြစ်ပျက်နေတာ သမုဒယတည်းဟူသော အကြောင်းကြောင့် ဒုက္ခသစ္စာ ဖြစ်ပျက် ကြီး ရတာပဲတဲ့၊ သမုဒယအကြောင်း မသိတာလည်း အဝိဇ္ဇာပဲ (မှန်ပါ ဘုရား)။
ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို မကျင့်တတ်တာလည်း ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား) ဪ ဒါဖြင့် ဒီအဝိဇ္ဇာသာ ကျုပ်တို့က လက်ခံထားကြမယ်ဆိုရင်ဖြင့် ကိုယ်ကျိုးလှလှကြီးနည်းပြီ (မှန်ပါ) မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အဝိဇ္ဇာရှိခြင်းကြောင့် ကျုပ်တို့ နောက်ဘဝက အဝိဇ္ဇာတွေ ရှိခဲ့တဲ့အတွက် သင်္ခါရဆိုတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေ ဘုံဘဝ လည်တတ်တာတွေ ဘဝဖြစ်ကြောင်းတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဘဝဖြစ်ကြောင်း ဒီနှစ်ခုကို လုပ်ဖြစ်လိမ့်မတုံးမေးတော့မှ အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ) အဝိဇ္ဇာမချုပ်လို့ သင်္ခါရဖြစ်ရပါတယ် (မှန်လှပါ ဘုရား)။
အဝိဇ္ဇာမချုပ်လို့ (သင်္ခါရဖြစ်ရပါတယ် ဘုရား) သင်္ခါရဖြစ်ရပါတယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ဒီသင်္ခါရတွေက ဪ ဒါ နောက်ဘဝက သူတို့နှစ်ခု ဒို့ကို ခြယ်လှယ်တာကိုးလို့ိဆိုတာ မပေါ်လာသေးဘူး လား (ပေါ်လာပါတယ် ဘုရား)။
နောက်ဘဝက သူတို့နှစ်ခု ခြယ်လှယ်တဲ့အတွက် ဒကာ ဒကာမတို့ ယခု ဘာများရနေကြတုံး စဉ်းစားကြပါ (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရနေပါတယ်ဘုရား)။
ခန္ဓာငါးပါး ဒုက္ခသစ္စာတရားရပါတယ် (မှန်ပါ ဘုရား) ဘာရကြတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရပါတယ် ဘုရား)။
ဪ ဒီခန္ဓာငါးပါးကြီး ရထားတာ ခင်ဗျားတို့ ကံကောင်း အကြောင်းသင့်လို့ရတာလား၊ အဝိဇ္ဇာသင်္ခါ ရတည်းဟူသော အကြောင်း နှစ်ပါးပြုပြင်လိုက်တာလား ဆိုတာသာ အကဲခတ်ပါတော့ (အဝိဇ္ဇာ သင်္ခါရတည်းဟူသော အကြောင်းနှစ်ပါး ပြုပြင်လိုက်တာပါ ဘုရား)။
ဦးခင်မောင် သေချာပြီနော် (သေချာပါပြီ) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ခန္ဓာငါးပါး ရုပ်နာမ်တရား ပေါင်းတော့ ဒါပဲ (မှန်ပါ ဘုရား)။
သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာပေါင်းလိုက်တော့လည်း ခန္ဓာငါးပါးပဲ ပြန်ရတယ် (မှန်ပါ ဘုရား) မရကြဘူးလား (ရပါတယ် ဘုရား)။
အဲဒါကို ဒကာ ဒကာမတွေ ဒါဟာ မနေ့က ပြောခဲ့တယ်၊ ဒါက ကိလေသဝဋ်၊ ဒီဘက်က ဘာတဲ့ (ကမ္မဝဋ်ပါ ဘုရား) ခန္ဓာငါးပါးက (ဝိပါကဝဋ်ပါ ဘုရား)။
ပြန်ပြောလိုက်ပါဦး ဒီဘက်က ဘာပါလိမ့် (ကိလေသဝဋ်ပါ ဘုရား) ဒီဘက်က (ကမ္မဝဋ်ပါ ဘုရား) ဒီဘက်က (ဝိပါကဝဋ်ပါ ဘုရား)။
အင်း အဝိဇ္ဇာက ကိလေသဝဋ်၊ သဘောကျပြီ (မှန်ပါ) သင်္ခါရက (ကမ္မဝဋ်ပါ ဘုရား)။
သင်္ခါရတည်းဟူသော ကမ္မဝဋ်ကြောင့် အားလုံး ဒကာ ဒကာမတွေ အခု တရားနာနေတဲ့ ခန္ဓာငါးပါးကြီးရတယ် (မှန်ပါ ဘုရား) ဒါကြီးဟာ ဘာပါလိမ့် (ဝိပါကဝဋ်ပါ ဘုရား)။
ဪ ဝဋ်မကျွတ်သေးဘူးနော် (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ ဝဋ်ကျွတ်ကြပလား (မကျွတ်သေးပါ ဘုရား) မကျွတ်သေးဘူး။
ဒကာ ဒကာမတွေက ဒီလင်၊ ဒီသားနဲ့ ဘယ်တော့ ဝဋ်ကျွတ်ပါ့မတုံး၊ ဒီလိုသာ ညည်းကြတယ် (မှန်ပါ ဘုရား)။
ဒီလင်, ဒီသားနဲ့ သူတို့ဝဋ်တွေနဲ့ပဲ ကျုပ်သေရချည်ရဲ့၊ ဘယ်တော့များ ဝဋ်ကျွတ်ပါ့မတုံးတဲ့၊ တစ်ခါတလေ စိတ်ပျက်တဲ့အခါ မညည်းကြဘူးလား (ညည်းကြပါတယ် ဘုရား)။
ဒီခန္ဓာကြီး ဝဋ် ဘယ်တော့ကျွတ်ပါ့မတုံးလို့ ဘယ်တော့မှ မညည်းညူ (မှန်ပါ) မညည်းဘူး-မညည်းဘူး (မှန်ပါ ဘုရား)။
ကိုယ်လွတ်လွတ်ကျွတ်ကျွတ် နေချင်ပါတယ်ဆိုပြီးသကာလ ဒီကိုယ်ကြီးနဲ့ လွတ်လွတ်ကျွတ်ကျွတ် နေချင်ပါတယ် လို့ ပြောနေတာ (မှန်ပါ ဘုရား)။
ဒီကိုယ်ကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဘယ်လွတ်တာမှ မဟုတ်ဘဲ (မှန်ပါ ဘုရား) လွတ်ကြရဲ့ လား ဒကာ ဒကာမတို့ (မလွတ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ရှေ့ညည်းကြပါဦး တဲ့၊ အညည်းကလေးလည်း ပြင်ပါဦး (မှန်ပါ)။
အင်း ဒီလင်, ဒီသား, ဒီအမေ, ဒီအဖေ, ဒီအမေဆိုး, ဒီအဖေဆိုး, ဒီခင်ပွန်းဆိုးတွေနဲ့ ဘယ်တော့လွတ် ပါ့မတုံးလို့ ဘယ်တော့မှ မညည်းနဲ့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာကြီး ဝဋ်ဘယ်တော့ ကျွတ်ပါ့မတုံး
ဒီခန္ဓာကြီး ဝဋ်ဘယ်တော့ ကျွတ်ပါ့မတုံးဆို ဟိုဟာ ကျွတ်ထွက်သွားတာပဲ (မှန်ပါ)။
ဒီခန္ဓာမရှိရင် (ကျွတ်ပါတယ် ဘုရား) ဟိုဘက်က ခင်ဗျားတို့ ညည်းလုံးတွေ အကုန် မကျွတ်ဘူးလား (ကျွတ်ပါ တယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အညှီရှိလို့ ယင်အုံတာကို အညှီမှ ခင်ဗျားတို့က သုတ်သင်မပစ်နိုင်လို့ရှိရင် ယင်အုံမှာပဲ (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်ဆိုကြပါမယ် (အညှီရှိရင် ယင်အုံမှာပါပဲ ဘုရား)။
ခင်ဗျားတို့ ခန္ဓာကိုယ်တည်းဟူသော အညှီရှိလို့ ဟောဒီမှာ သားပူ, သမီးပူ, ဆွေပူ, မျိုးပူ, မင်းပူတွေက ဝိုင်း လာတယ် (မှန်ပါ ဘုရား)။
အညှီရှိတာနဲ့ ဘာတုံး (ယင်တွေ ဝိုင်းလာပါတယ် ဘုရား)။
အဲဒီတော့ အညှီတော့ မဖယ်ချင်ဘူး၊ ဘယ်တော့ လွတ်ပါ့မတုံး၊ ဘယ်တော့မှ မလွတ်ဘူးလို့မှတ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်တော့ လွတ်ပါ့မတုံး (ဘယ်တော့မှ မလွတ်ပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အညှီရှိလို့ ယင်အုံတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ခန္ဓာရှိလို့ ဒုက္ခတွေ ဝိုင်းအုံတာ (မှန်ပါ ဘုရား) ခန္ဓာရှိလို့ (ဒုက္ခတွေ ဝိုင်းအုံတာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီလင်ဆိုးလို့၊ ဒီသားဆိုးလို့၊ ဒီသမီးဆိုးလို့၊ ဒီဆွေမျိုးဆိုးလို့၊ ဒီမိထွေးက နေရာ မကျလို့တဲ့ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူက နေရာမကျတာလဲ (ခန္ဓာက နေရာမကျတာပါ ဘုရား)။
ကဲ နောက်ကျတော့ သူများကို စွဲချက်တင်လို့ရှိရင် သစ္စာမမြင်ဘူး (မှန်ပါ ဘုရား) ဒေါမနဿ ဖြစ်ပါတယ် (မှန်ပါ ဘုရား)။
ကိုယ့်ကိုယ်ကို စွဲချက်တင်မှသာ အမှန်ရောက်တော့ သစ္စာမြင်တယ် (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သူများစွဲချက်တင်မလား ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်မလား (ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ရမှာပါ ဘုရား) မင်းတို့ကြောင့်ကွာလို့ မလုပ်ကြပါနဲ့ (မှန်ပါ ဘုရား) သူတို့ကြောင့် ကွာလို့ မလုပ်ကြပါနဲ့၊ အိမ်နီးချင်းကြောင့် ကွာလို့ ကော (မလုပ်ကြပါနဲ့ ဘုရား) မလုပ်နဲ့။
ဒီနားမှာက လူမျိုးက စုံလွန်းလို့ကော (မလုပ်ပါနဲ့) မဆိုပါနဲ့တဲ့၊ ဒီခန္ဓာကြီးက ဒကာ ဒကာမတို့ သူရှိနေလို့ရှိ ရင် အညှီရှိလို့ ယင်အုံ ဆိုတဲ့အတိုင်း ဒုက္ခမျိုးစုံ အကုန်လက်ခံတယ် (မှန်ပါ ဘုရား) ဒီခန္ဓာကြီးက ဘာတဲ့ (ဒုက္ခ မျိုးစုံ အကုန်လက်ခံပါတယ် ဘုရား)။
ဒါဖြင့် ဘယ် ဒကာမ ဒုက္ခရောက်နေတယ်ဆိုတော့
ဦးခင်မောင်က ဪ သူ့သား, လင်, ခင်ပွန်းက ဆိုးရှာလွန်းလို့ ဆိုမလားတဲ့၊ သူ့ခန္ဓာကြီးက ဒုက္ခသစ္စာကြီး မို့ ဒုက္ခယင်တွေ အုံတာပဲလို့ ဦးခင်မောင်က ဆိုမလား (ဒုက္ခယင်တွေ အုံတာပါ ဘုရား)။
ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာလာတာပေါ့ဗျ (မှန်ပါ) အမှိုက်ရှိရာ ခွေးချေးလာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမှိုက်ရှိလို့ ခွေးချေးလာတာ
အမှိုက်ရှိရာ (ခွေးချေးလာတာပါ ဘုရား) ခင်ဗျားတို့ ခန္ဓာကိုယ် အမှိုက်ကြီးရှိနေတယ်၊ ခုနင်က သားပူ သမီးပူ, ဆွေပူ, မျိုးပူ, မင်းပူဆိုတဲ့ ခွေးချေးတွေ စုလာတာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အမှိုက်ရှိလို့ ခွေးချေးလာတာကို အမှိုက်ကို အပြစ်တင်မလား ခွေးချေးကော်ပစ်မလား (အမှိုက် ကို အပြစ်တင်ပါ့မယ် ဘုရား) အမှိုက်ကော်ပစ်မှ ခွေးချေးမလာမှာနော် (မှန်ပါ)။
ကိုင်း ဒကာ ဒကာမတွေ ဒီအတိုင်းသာ စဉ်းစားကြည့်ပါတော့၊ ကိုယ်က အမှိုက်ရှိလို့ ခွေးချေးလာတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
အမှိုက်ရှိတော့ (ခွေးချေးလာပါတယ် ဘုရား) အမှိုက်ပုံမထားတဲ့ ပြောင်ပြောင်ကြီးမှာ ယိုတဲ့ခွေးက အတော် ရှားပါတယ် (မှန်ပါ)။
အမှိုက်ပုံသွားပြီး ယက်ပြီးသကာလ ကျင်ကြီးစွန့်တာများပါတယ် (မှန်ပါ)။
ဒါဖြင့် အမှိုက်ရှိရာမှာ ဘာလာတတ်သလဲ (ခွေးချေးလာတတ်ပါတယ် ဘုရား)။
အဲ ခင်ဗျားတို့မှာ သားပူ, သမီးပူ, ဆွေပူ, မျိုးပူ, မင်းပူ, စိုးပူ ရောဂါပူ, သောကပူတွေ လာတာဟာ ခင်ဗျားတို့ ခန္ဓာကိုယ် အမှိုက်ကြီးရှိနေလို့ (မှန်ပါ ဘုရား) ဒီ့ပြင် အပူတွေလာတာပါ၊ ဘယ်လင် ဘယ်သား ဘယ်ဆွေမျိုး ဆိုးလို့ ဆိုတဲ့ဥစ္စာ အပိုပြောတာပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒါဖြင့် အမှိုက်ရှိလို့ ဘာတုံး (ခွေးချေးလာတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမှိုက်ရှိသူ ခွေးချေးလာတော့ကို အမှိုက်၏အပြစ်လား ခွေးချေး၏အပြစ်လား (အမှိုက်၏ အပြစ်ပါဘုရား) ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ် အပြစ်ပါ (မှန်ပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူ့အပြစ်ပါလိမ့် (ခန္ဓာကိုယ် အပြစ်ပါဘုရား) နေပူလိုက်တာ နေပူလို့ ကျောက်ပေါက်ပါတယ်ဆို၊ အို ခန္ဓာကိုယ်ကြီးကရှိတော့ သူ့အထဲက ပေါက်လာမှာပဲ (မှန်ပါ) နေပူတာနဲ့ ရေငတ်လာတယ်ဆိုရင်ဖြင့် နေက ရေငတ် တာလား ခန္ဓာကိုယ်ကြီးထဲက ဖောက်လာတာလား (ခန္ဓာကိုယ်ကြီးက ဖောက်လာတာပါ ဘုရား)။
ခန္ဓာကိုယ်ကြီးထဲက ဖောက်လာတာတွေ သေသေချာချာသိတော့ တော်တော်ကြာကျလို့ရှိရင် အဝတ်တွေ ခဏခဏ လဲလှယ်ရ ချွေးတွေက ထွက်လွန်းလို့ (မှန်ပါ ဘုရား) ဟာ အဝတ်တွေကိုက မခိုင်တဲ့ အဝတ်တွေမို့ လား သူက ချွေးထွက်လွန်းလို့ ချွေးစားကုန်တာလား (သူက ချွေးထွက်လွန်းလို့ ချွေးစားကုန်တာပါဘုရား)။
ဒါ ခင်ဗျားတို့က အဝတ်သယ်သွားပြီး ဒီအဝတ်ဆိုင်ကတော့ မကောင်းတာတွေ အရိအဆွေးတွေ ရောင်း တာပဲလို့ (မှန်ပါ)။
ဒီလိုမဟုတ်ပါဘူး၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ မဟုတ်တာတွေရှိနေလို့ မဟုတ်တာဖြစ်တာပါ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အညှီရှိလို့ ယင်အုံ
ဒုက္ခသစ္စာဆိုတော့ ဒကာ ဒကာမတို့ အညှီရှိလို့ ယင်အုံဆိုတဲ့အတိုင်း သူ့ဆီ ဘာတွေလာမယ်ထင်ကြသတုံး (ဒုက္ခတွေပဲ လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခတွေ လာတာ ကံမကောင်း အကြောင်းမသင့်လို့လား ဒကာ ဒကာမတို့ အညှီရှိလို့ ယင်အုံတာလား (အညှီရှိလို့ ယင်အုံတာပါ ဘုရား) အဲဒါ ခင်ဗျားတို့က ရင်များထုလိုက်သေးတယ်၊ ကျုပ် ကံဆိုးလိုက်တာ၊ ဒီဘဝ သိပ်ဆိုးတာပဲ၊ အင်း လင်ဆိုး သားဆိုးနဲ့ချည်း တွေ့ရတယ် ။ ကျုပ်ဖြင့် သေများ သေပစ်ချင်တယ်တဲ့ (မှန်ပါ) သေပစ်လည်း တွေ့ဦးမှာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သေပစ်လည်း (တွေ့ဦးမှာပါပဲ ဘုရား) ဘာဖြစ်လို့လဲ ဒီခန္ဓာရှိနေတာကိုး (မှန်ပါ) ဒီခန္ဓာရှိရင် ဘယ့်နှယ် ဆိုကြမလဲ (ဒုက္ခတွေ့ပါမယ် ဘုရား)။
သူက ဘာတွေမှ လက်ခံသတုံး (ဒုက္ခတွေမှ လက်ခံပါတယ် ဘုရား) ဒုက္ခဟူသရွေ့ အကုန်လက်ခံတာက ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာတွေ ဒကာမတွေ အားလုံးပဲ စဉ်းစားကြပါ။ သားမယားဆိုးလွန်းလို့ ၊ တပည့်တော်ပစ္စည်း ဟာ တပည့်တော် အရှာကောင်းပါတယ်၊ မစုမိဘူးဘုရား ကြီးတော့ ဒုက္ခရောက်နေတယ်။
မဟုတ်ဘူး၊ ငယ်ငယ်တုန်းက ရောက်ခဲ့တာပါ၊ ဦးခင်မောင် ကြီးမှ ရောက်တာလား ၊ ငယ်ငယ်တုန်းက ရောက်တာလား (ငယ်ငယ်တုန်းက ရောက်တာပါ ဘုရား)။
အမယ်လေး ကြီးမှ ဒုက္ခရောက်တယ်ပြောနေတယ်၊ ငယ်ငယ်တုန်းက ဒုက္ခရောက်တာ ပြန်မကြည့်လို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မွေးလာကတည်းက ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါ) ဟာ ဒါဖြင့် ငယ်ငယ်တုန်းက ရောက်တာပါ ဦးခင်မောင်ရေ (မှန်ပါ)။
ကြီးမှ တပည့်တော်တို့ မလုပ်နိုင် မကိုင်နိုင်မှ သားတွေ၊ သမီးတွေက အသုံးအဖြုန်းများလွန်းလို့ ဒုက္ခရောက် နေတယ်ဆိုတာ အပေါ်ယံပြောတာ (မှန်ပါ)။
ဒုက္ခသစ္စာနဲ့ အတူနေရတယ်
အပေါ်ယံ ပြောတာပါ၊ စင်စစ်တော့ဖြင့် ဒကာ ဒကာမတို့ ငယ်ငယ်ကတည်းကလည်း ဘာသစ္စာနဲ့ အတူနေရ သလဲ (ဒုက္ခသစ္စာနဲ့ အတူနေရပါတယ် ဘုရား)။
လူပျိုကလေး ဖြစ်တုန်းကကော (ဒုက္ခသစ္စာနဲ့ပါပဲ) အပျိုကလေး ဖြစ်တုန်းကကော (ဒုက္ခသစ္စာနဲ့ပါပဲ ဘုရား)။
ဒုက္ခသစ္စာနဲ့ နေရတာကြီးမှ ကံမကောင်းဘူးလို့ မဆိုကြပါနဲ့ (မှန်ပါ ဘုရား)။
ငယ်ငယ်ကတည်းက ဟောဒီကြည့် ကံက ကောင်းကို မကောင်းဘူး (မှန်ပါ ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာ ပါ ဘုရား)။
အဝိဇ္ဇာအုပ်ချုပ်တဲ့ကံကြီးပဲ၊ ငယ်ငယ်တုန်းက ကောင်းနိုင်ပါ့မလား (မကောင်းနိုင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သစ္စာတရား ဟောနေတာလို့ မှတ်ကြစမ်းပါ (မှန်ပါ) ဘာဟောနေတာတုံး (သစ္စာတရားဟောနေတာပါ ဘုရား)။
သစ္စာလေးပါး မသိတာက (အဝိဇ္ဇာပါ ဘုရား) မသိသလို ပြုပြင်ကြတာက (သင်္ခါရပါ ဘုရား)။
ဟောဒီ သင်္ခါရက ပြုပြင်လိုက်တော့ ဘာတွေ ပေါ်လာသတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပေါ်လာပါတယ်) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီ ဒုက္ခသစ္စာ ခန္ဓာပင်ကြီးက ဒကာ ဒကာမတို့ ဒီနှစ်သီးဖြင့် မသီးပါစေနဲ့ (မှန်ပါ ဘုရား)။
ဒါ အပင်တော့ပေါက်ပြီ (မှန်ပါ) ဒီနှစ်ခုက ရေသောက်မြစ်တွေကိုးဗျ (မှန်ပါ) ဒီခန္ဓာပင်ကြီး မပေါက်သေးဘူး လား (ပေါက်ပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရ ပြန်သီးမှာ စိုးရိမ်တယ်
ဒီ အဝိဇ္ဇာသင်္ခါရ ပြန်သီးမှာတော့ ဘုန်းကြီးက စိုးရိမ်တယ် (မှန်ပါ ဘုရား) မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့် ပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ဒီ အပင်မျိုးပြန်ပေါက်မယ် (မှန်ပါ ဘုရား) မပေါက်ပေဘူးလား (ပေါက်ပါတယ် ဘုရား)။
ဒီအပင်မျိုး ပြန်ပေါက်ရင် ဘာသစ္စပင်ပေါက်မယ် (ဒုက္ခသစ္စာပင် ပေါက်ပါမယ် ဘုရား) ဪ ခင်ဗျားတို့ က ရေသောက်မြစ်ဖြတ်နည်း နိဿရည်းမှ မရဘဲကိုး (မှန်ပါ)။ ဘယ်လိုဆိုကြပါ့မယ် (ရေသောက်မြစ်ဖြတ်နည်း နိဿရည်မရပါ ဘုရား) ကိုင်း ဒီနေရာ မဂ်ဝင်မှရမယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ရေသောက်မြစ်ဖြတ်နည်း နိဿရည်းကိုဖြင့် ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်းပဲ ပေးရတော့မယ် (မှန်ပါ) ဒကာဝ မပေးရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
မပေးရင် ဒီအသီးတွေ ပြန်သီးမယ် (မှန်ပါ) ဒီအမြစ်နှစ်ခုကြောင့် ဒီအပင်ပေါက်တယ်၊ ဒီအပင်က ဘာအသီး သီးမှာတုံး၊ အမြုံပဲလားလို့ မေးတော့ မဟုတ်ဘူး (မှန်ပါ)။
သူ့အထဲက ဒီခန္ဓာခင်ရင် တဏှာလာမယ် (မှန်ပါ) တဏှာလာရင် (ဥပါဒါန်လာပါမယ်) ဥပါဒါန်လာရင် (ကံလာပါမယ်) ဟော ဒါတွေ ပြန်သီးမယ် (မှန်ပါ)။
ဒီခန္ဓာကြီးက ပြန်သီးမယ်၊ ပြန်သီးတော့ ဒကာ ဒကာမတို့ ဒီကံကနေပြီးသကာလ ဒီဟာတွေက ဒီအသီးတွေ ကနေ ပြန်ပေါက်တဲ့ အခါကျတော့ ခန္ဓာငါးပါးပဲ ပြန်ပေါက်ဦးမယ် (မှန်ပါ) မပေါက်ပေဘူးလား (ပေါက်ပါတယ်) ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒကာ ဒကာမတို့လည်း ခက်လိုက်တဲ့ဖြစ်ခြင်း၊ အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရကြောင့် ဒီခန္ဓာပင်ကြီး ပေါက်ပြီး ဒုက္ခသစ္စာ ခန္ဓာပင်ကြီးပေါက်တာလည်း ဒီအသီးတွေ အခုရောင်းကြ, ဝယ်ကြ, သားနဲ့, သမီးနဲ့, ခင်ကြ, မင်ကြဆိုတော့ ဒီအသီးတွေ ပြန်သီးနေတယ် (မှန်ပါ)။
ဒီအသီးတွေက မြေပေါ် ပြန်ကျတော့လည်း ဒကာ ဒကာမတို့ ဒီအပင်ကြီး ဘယ့်နှယ်နေပါ့မလဲ (နောက်ဘဝ ပြန်ပေါက်ဦးမယ် ဘုရား)။
နောက်ဘဝ ပြန်ပေါက်ဦးမယ် (မှန်ပါ) ဒါဖြင့် ဒီဒုက္ခ ဘယ်တော့ အေးပါမတုံးလို့ ညည်းနေရုံနဲ့ မပြီး ဘူး (မှန်ပါ ဘုရား)။
ဒီသား, လင်, ခင်ပွန်းနဲ့ဖြင့် သေမှပဲ ဝဋ်ကျွတ်မှာ ထင်ပါရဲ့တဲ့ (မှန်ပါ) အမယ်လေး မကျွတ်ဘူး၊ မကျွတ်ဘူး စိတ်ချ (မှန်ပါ) မကျွတ်ဘူးနော် (မှန်ပါ)။
သား, လင်, ခင်ပွန်း ကိစ္စတွေ များလွန်းလို့ ကျုပ်ဖြင့် သေများသေချင်ပါပေါ့၊ သေမှပဲ ဝဋ်ကျွတ်မယ် ထင်ကြ တယ် မကျွတ်ဘူး (မှန်ပါ)။
ဒကာ ဒကာမတို့ သေမှ ဝဋ်ကျွတ်မှာလား၊ မကျွတ်ဘူးလား (မကျွတ်ပါ ဘုရား) မကျွတ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုယ့်ခန္ဓာပင်က ဘာတွေ သီးပွင့်နေပါလိမ့် (ဒုက္ခပင်တွေ သီးပွင့်နေပါတယ် ဘုရား) ကြည့်လေ တဏှာ ဥပါဒါန်ကံတွေ သီးနေတယ် (မှန်ပါ)။
ဒီခန္ဓာခင်တော့ ခန္ဓာခင်တာက တဏှာ၊ ခန္ဓာစွဲလမ်းတာက (ဥပါဒါန်) ဒီခန္ဓာအတွက် ကြိုးစားနေတာက (ကံပါ ဘုရား)၊ ကံ၊ ကာယကံ၊ ဝစီကံတွေ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒါတွေ ကြိုးစားနေပြန်တော့ စုတေမနေ သေလွန်တဲ့ အခါကျတော့ ဒီဟာတွေက မြေပေါ်ကျ ပြန်တော့ ပေါက်မြဲ ပေါက်ပြန်ပြီ ဦးခင်မောင်တို့၊ ဒကာဝတို့ (မှန်ပါ ဘုရား)။
ကံမကောင်း အကြောင်းမသင့်ဘဲ လုပ်ပြန်တယ်
ဘာတွေများ ပေါက်ပါလိမ့် (ခန္ဓာပင်တွေ ပေါက်ပါတယ် ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ငါတို့သည်ကားလို့ဆိုရင် နောက်ဘဝကလည်း ကံမကောင်း အကြောင်းမသင့်လို့ ခန္ဓာငါးပါးကြီး ရတယ် (မှန်ပါ) ဒီဘဝမှာလည်း ကံမကောင်း အကြောင်းမသင့်ဘဲ လုပ်ပြန်တယ် (မှန်ပါ)။
ဘယ့်နှယ်ဆိုကြမယ် (ကံမကောင်း အကြောင်းမသင့်ဘဲ လုပ်ရပါတယ်ဘုရား) နောက်ဘဝကကော ကံကောင်း ရဲ့လား (မကောင်းပါ ဘုရား) အကြောင်းကကော သင့်ရဲ့လား (မသင့်ပါ ဘုရား)။
ဒီဘဝကျတော့လည်း ဘာတွေများ လုပ်နေပါလိမ့် (ကံမကောင်း အကြောင်းမသင့်တာပဲ လုပ်ပါတယ်ဘုရား)။
ကံမကောင်း အကြောင်းမသင့်တာ လုပ်လို့ရှိရင် ဒီ ဒကာ ဒကာမတွေ ဒီခန္ဓာဝဋ်မှ ကျွတ်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။
အိုဘေး နာဘေး သေဘေးထမ်းပြီးသကာလ ဒကာ ဒကာမတွေ မင်္ဂလာမရှိတဲ့ ခန္ဓာကြီးရဦးမှာပဲ (မှန်ပါ) မရပေဘူးလား (ရပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိခွါကြစို့ (မှန်ပါ) ဒိဋ္ဌိခွါကြစို့ အလုပ်လုပ်အောင် (မှန်ပါ) အစေလကဿပကို ဦးခင်မောင် ပြန်ကောက်ရလိမ့်မယ် (မှန်ပါ)။
အစေလကဿပက ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ဆွမ်းခံလာရင်းမတ္တနဲ့ နှစ်ခါလောက်မေးတော့ ဘုရား က မဖြေဘဲထားပြီး သုံးခါမေးတော့ ဒကာဝ ဖြေတယ်မဟုတ်လား (ဖြေပါတယ် ဘုရား)။
ဟောဒါ ဒုက္ခသစ္စာ မှတ်ထားပါ၊ ဒါ ဒကာ ဒကာမတွေ နားလည်လောက်ပြီ (မှန်ပါ) ဒါ ဒုက္ခသစ္စာဆိုတာ သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။
ဒုက္ခသစ္စာဆိုတော့ ကိန်းရာပုဂ္ဂိုလ်နှိပ်စက်တာနော် (မှန်လှပါ ဘုရား) သူတစ်ပါးနှိပ်စက်တာလား ကိန်းတဲ့ ပုဂ္ဂိုလ်နှိပ်စက်တာလား (ကိန်းတဲ့ပုဂ္ဂိုလ် နှိပ်စက်တာပါ ဘုရား)။ ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တယ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီ့ပြင်ဟာ မပြောပါနဲ့တဲ့၊ ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တယ်ဆိုတဲ့ဥစ္စာ တခြားမဟုတ်ပါဘူး၊ အဿတိုရ် မြင်းဆိုတဲ့ ဥစ္စာ ဦးခင်မောင် ကြားဖူးပါလိမ့်မယ် ရှေးက (မှန်ပါ ဘုရား)။
မြွေပွေးမကြီး ဘယ်သူသတ်ပါ လိမ့်
သူ ပဋိသန္ဓေနေလို့ရှိရင်ဖြင့် သူများ မွေးဖွားတဲ့ဆီက မဖွားဘူး၊ ရင်ခွဲထွက်တယ် (မှန်ပါ ဘုရား) သူတို့ထုံးစံ က (မှန်ပါ ဘုရား)။
တချို့ မြွေပွေးတွေ ဘာတွေလဲ ထို့အတူပဲ ဒကာ ဒကာမတို့၊ သူများ မွေးဖွားသည့်နေရာက သူ မသွားဘူး (မှန်ပါ)။
ဗိုက်ခွဲထွက်ကြတယ်၊ ဖောက်ထွက်ကြတယ်၊ အမေသေတာချည်းပဲ (မှန်ပါ) ဒါဖြင့် မြွေပွေးမကြီး ဘယ်သူသတ်ပါ လိမ့်မတုံး မေးတော့ သူမွေးထားတဲ့ မြွေပွေးကလေးတွေက သတ်တာ (မှန်ပါ) သူ့ဝမ်းထဲမှာရှိတဲ့ မြွေပွေးလေးတွေက (သတ်တာပါ ဘုရား)။
အဿတိုရ်မြင်းမကြီးကို ဘယ်သူသတ်ပါလိမ့် သူ့ပဋိသန္ဓေက သူ့သတ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ) ဘယ်သူက သတ်သတုံး (သူ့ပဋိသန္ဓေက သတ်တာပါ ဘုရား) ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ)။
ကောင်းပြီ ထိုနည်းအတူပဲ ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ တိုက်အဆင့်ဆင့်နဲ့ထား၊ ပန်ကာအမျိုးမျိုးနဲ့ထား၊ ရေခဲသေတ္တာအမျိုးမျိုးနဲ့ထား ကားလေး ငါးသောင်းတန်စီးပြီးထား၊ သူပါလာတဲ့ အိုခြင်းဆိုး သေခြင်းဆိုးနဲ့ပဲ သေတာပဲ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)၊ သူယူလာတဲ့ အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးနဲ့ပဲ (သေရပါတယ် ဘုရား) ဒါဖြင့် ခုနင်က ပြောခဲ့တဲ့ ဒကာ ဒကာမတို့ အဿတိုရ်မြင်းကို မကျဘူးလား (ကျပါတယ် ဘုရား) သူ့ပဋိသန္ဓေက သူ့ကို သတ်မယ် (မှန်ပါ ဘုရား)။
ဒီမှာလည်း သူယူလာတဲ့ အိုခြင်းဆိုး၊ နာခြင်းဆိုးက ဒီခန္ဓာပဲ သတ်တယ် (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ခင်ဗျားတို့ မှန်သေတ္တာထဲမှာ အသက်ရှူပြီး သကာလ လေမထိ နေမထိ နေကြည့်၊ သူ ဒီအထဲတွင် သေစေ့မယ် (မှန်ပါ ဘုရား)။
ဘယ်သူက ယူလာပါလိမ့် (သူ ယူလာပါတယ် ဘုရား) ခန္ဓာက ယူလာတယ် (မှန်ပါ) ခန္ဓာက ယူလာတာ၊ အားလုံးသဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာသည်ကားလို့ဆိုရင် သေမင်းပါကလား
ဘယ်သူက ယူတာပါလိမ့် (ခန္ဓာက ယူလာတာပါ ဘုရား) ဪ ဒါဖြင့် ခန္ဓာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သေမင်းပါကလား ဆိုတာ တစ်နေ့က ရာဓ ဟောသလိုပေါ့ဗျာ “ရူပံ မာရော ဝေဒနာ မာရော” ဆိုတဲ့အတိုင်း သေမင်းချည်းပဲ၊ သေမင်းတွေစုနေတော့ ဒကာ ဒကာမတွေက အမျိုးမျိုးအဖုံဖုံ သူ့အလို သူ့အကြိုက်ချည်း ပြုကြငြား သော်လည်း သူက ရရဲ့လား (မရပါ ဘုရား)။
ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တယ် (မှန်ပါ) ပြုတဲ့ပုဂ္ဂိုလ် နှိပ်စက်တယ် (မှန်ပါ) ဘယ်သူနှိပ်စက်ပါလိမ့် (ကိန်းရာ ပုဂ္ဂိုလ် နှိပ်စက်ပါတယ်) ပြုတဲ့ပုဂ္ဂိုလ်ကိုပဲ နှိပ်စက်တယ်နော် (မှန်ပါ ဘုရား)။
စဉ်းစားကြည့်ပါ၊ ပန်ကာအောက် ကြာကြာနေကြည့်ပါ ကိုယ့်ခန္ဓာကိုနော် (မှန်ပါ)။
အအေးပတ်တဲ့ဝေဒနာကြီးနဲ့ သူက ငါခေါင်းထဲပြေးတော့မယ်လို့ ပြောလိုက်သေးတယ် (မှန်ပါ ဘုရား) မပြော ဘူးလား ပြောသလား (ပြောပါတယ် ဘုရား)။
ဘယ်လို ပြောသတုံး (အအေးပတ်တဲ့ ဝေဒနာကြီးနဲ့) အအေးပတ်တဲ့ ဝေဒနာကြီးနဲ့ သူ ဘယ်ပြေးမယ် ပြော သတုံး (ခေါင်းထဲ ပြေးမယ် ပြောပါတယ်ဘုရား)။
မောင်မင်းကြီး မလုပ်နဲ့ဆိုပြီး သူ့ကို အက်စ်ပရိုတို့၊ ဘာတို့ တိုက်ယူရတယ် (မှန်ပါ ဘုရား) မလုပ်ပါနဲ့၊ ကျုပ် တောင်းပန်ပါဦးမယ်၊ ကျုပ်လွန်သွားလို့ မနည်းချော့နေရပါကလား (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်နေရသလဲ (မနည်းချော့နေရပါတယ် ဘုရား) ပထမတုန်းက ပန်ကာနဲ့ ချော့တော့ ဒကာ ဒကာမတွေ သူကြိုက်တယ် မဟုတ်လား (မကြိုက်ပါ ဘုရား) အစ ကြိုက်သလိုလိုနဲ့ နောက်ကျတော့ သူ မကြိုက်ဘူး (မှန်ပါ ဘုရား)။
အစက ဘာတုံး (ကြိုက်သလိုလိုနဲ့) နောက်ကျလာတော့ (မကြိုက်ပါ ဘုရား) မကြိုက်တော့ ကဲ ငါသည်ကား လို့ဆိုရင် ခေါင်းထဲ ပြေးတော့မယ်လို့ သူက ပြောတယ် (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား)။
အမယ်လေး ခေါင်းထဲ ပြေးတော့မယ်ဆိုတော့ ခင်ဗျားတို့က ဘယ့်နှယ်လုပ်ရသလဲ ပျာပျာသလဲ လုပ်ရတယ် (မှန်ပါ) ဘယ်လာက်ကုန်ကုန် ခင်ဗျားတို့ ကျုပ် ငွေရှာထားတာပါ။
ဘယ်လောက်တန်တဲ့ ၃၇-ကျပ် ခြေကြွခပေးရပေးရ ခေါ်ပြီး ပူဇော်ပါမယ် (မှန်ပါ ဘုရား) မခေါ်ကြဘူးလား (ခေါ်ပါတယ် ဘုရား)။
ခေါ်ရပြီ ဆရာဝန်နဲ့သူ့ကို အမျိုးမျိုးအဖုံဖုံ တောင်းပန်တော့မှ တစ်ခါတလေလည်း ရတယ် (မှန်ပါ) တစ်ခါ တလေတော့လည်း ဆရာဝန်သော၊ ဘာသော နားမလည်ဘူး၊ ခေါင်းထဲ ပြေးလိုက်တာပဲ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဘယ်သူက နှိပ်စက်တာတုံးဆိုတာ သဘောပါကြပလား (ပါပါပြီ) သူယူလာတဲ့ ဝေဒနာက သူ့နှိပ်စက် တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သူ့ကို ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာဆိုတာ သေချာပြီနော် (သေချာပါပြီ ဘုရား)။
ဝိပါကဒုက္ခဟာ မိမိပြုတာလား
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကဿပတဲ့ သုံးခါမြောက်တော့ မင်းမေးပါကွာ၊ မေးတာ ဖြေပါ့မယ်ဆိုပြီး ဖြေလိုက်တော့ အရှင်ဘုရားတဲ့ ဟောဒီ ဝိပါကဒုက္ခဟာ မိမိပြုတာလားတဲ့ မေးလိုက်ပါတယ် (မှန်ပါ ဘုရား)။
ဒကာ ဒကာမတွေ မနေ့ကဟာပါပဲ (မှန်ပါ) ဒီဝိပါကဒုက္ခကြီးဟာ ဘာတဲ့ (မိမိပြုတာလားတဲ့) မိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါဘူးတဲ့) မဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်ပါ ဘုရား)။
ဒကာဝ ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးလို့ ဖြေပါတယ် ဘုရား) ခင်ဗျားတို့ကော ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။
အင်း ဒီခန္ဓာငါးပါး ဘယ်သူပြုတာပါလိမ့် (ကမ္မဝဋ်က ပြုတာပါ ဘုရား) ကမ္မဝဋ်က ပြုလိုက်တယ် (မှန်ပါ) ကမ္မဝဋ်ကို ဘယ်သူက ပြုလိုက်သတုံး (ကိလေသဝဋ်က ပြုပါတယ် ဘုရား)။
ဪ ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်လာတယ် (မှန်ပါ) ဒါဟာ မိမိပါသေးလား (မပါပါ ဘုရား)။
ဪ မိမိမပါဘူးဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ မိမိနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ ငါလုပ်ထားတာ မဟုတ်ဘူးဆိုတဲ့ သဿတဒိဋ္ဌိ ဒကာ ဒကာမတို့ စင်သွားပြီ (စင်ပါပြီ ဘုရား) အဝိဇ္ဇာ သင်္ခါရက လုပ်ထားတာ (မှန်ပါ ဘုရား)။
ဘယ်သူလုပ်ထားပါလိမ့် (အဝိဇ္ဇာ သင်္ခါရ လုပ်ထားပါတယ် ဘုရား) အဝိဇ္ဇာသင်္ခါရ လုပ်ထားတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
သေချာတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ်ပြုလို့ ကိုယ်ရတာ ဆိုကြမလား အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာဖြစ်တာလို့ ဆိုကြမလား (အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာဖြစ်တာပါ ဘုရား)။
အို-ကိုယ်က နောက်ဘဝက မကောင်းခဲ့လို့ဆိုပြီး ဒကာ ဒကာမတွေက လေချိုများ သွေးလိုက်သေးတယ် (မှန်ပါ)။
ကိုယ်က နောက်က မကောင်းခဲ့လို့ ကိုယ့်အဖြစ်ဆိုးကြီး ကြုံရတယ် (မှန်ပါ) အမယ်လေး ဒါတွေလည်း ကိုယ်တဲ့ ဦးခင်မောင် (မှန်လှပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရလည်း သူတို့က ဘာဆိုလိုက်ပြန်သလဲ (ကိုယ်ပါတဲ့ ဘုရား) အင်း ကိုယ်က မကောင်းခဲ့လို့ ကိုယ့်မှာ ဒီဘဝ မကောင်းဖြစ်နေရတယ်တဲ့ (မှန်ပါ ဘုရား)။
ဖြစ်မှဖြစ်ရပလေဗျာ၊ ဒါတွေ နားမလည်တော့ ဒီကိုယ်ကပြုပြီး သကာလ ဒီကိုယ်ပြုလို့ ဒီကိုယ်ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ ဘုရား)။
ဒါတွေလည်း ဒီကိုယ်မကျဘူးလား (ကျပါတယ်) အဲ ဒကာ ဒကာမတို့ စင်စစ်တော့ အဝိဇ္ဇာသင်္ခါရ ခန္ဓာငါးပါး (မှန်ပါ) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် ကိုယ်က နောက်က မကောင်းခဲ့တော့ ကိုယ့်မှာလည်း မကောင်းတာပဲ တွေ့နေရတယ်၊ ကျုပ်ဖြင့် ရောဂါဝေဒနာများတယ် သေများသေချင်တော့တယ်-တဲ့ (မှန်ပါ)။
ကိုယ်ပြုလို့ ကိုယ်ခံရတာ ဟုတ်သေးရဲ့လား
သေချင်လည်း သေသာသေတော့ ဒကာ ဒကာမတို့ ပြောတာကတော့ အလွဲပဲ (မှန်ပါ) ထင်တာကကော (အလွဲပါပဲ ဘုရား) ဒါတွေဟာ ကိုယ်ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ကိုယ်ပြုလို့ ကိုယ်ခံရတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဒီအကြောင်းနှစ်ခုကြောင့် ဒီအကျိုးတစ်ခု (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား) ဒီလို သိသွားတဲ့ အခါ သဿတဒိဋ္ဌိ စင်သွားပါပြီ (မှန်ပါ) ရှင်းပြီ ရှင်းပြီ ဒကာ ဒကာမတို့။ ဒါ သဿတဒိဋ္ဌိ ရှင်းပေးလိုက်ပြီ (မှန်ပါ) ကိုယ်ပြုလို့ ကိုယ်ခံရတာလား၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာလား (ဒီအကြောင်းကြောင့် ဒီအကျိုး ဖြစ်တာပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရား ဖြစ်ပါတယ် (မှန်ပါ)။
အဝိဇ္ဇာသင်္ခါရကြောင့် (ခန္ဓာငါးပါး ရုပ်နာမ်တရား ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဒါ- ကိုယ်ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဒါကော ကိုယ်ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက ထင်နေတာက သဿတဒိဋ္ဌိသမားက ကိုယ်ပြုလို့ ကိုယ်ခံရတာ (မှန်ပါ) ဒီလို လာနေကြတယ် (မှန်ပါ ဘုရား)။
ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဒါကော ကိုယ်ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
ဒီဘက်ကရော ကိုယ်ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူး တဲ့၊ ဒီဘက်ကလည်း အတ္တ (မှန်ပါ) ဒီဟာကို အတ္တထင်နေတယ် ဦးခင်မောင်တို့ကနော် (မှန်ပါ ဘုရား)။ နောက်ဘဝက ငါပြုခဲ့တာ (မှန်ပါ) ငါဆိုတော့ အတ္တမကျဘူးလား (ကျပါတယ် ဘုရား)။
နောက်ဘဝက ငါပြုလို့ ယခု ငါ့မှာ မကောင်းဘဲ ဖြစ်နေတယ် (မှန်ပါ)။
ငါ့မှာ အနာတွေများတယ်၊ ငါ့မှာ အိုလွယ်တယ်၊ ငါ့မှာ စီးပွားရေး ချို့တဲ့တယ်ဆိုတော့ ကိုယ်ပြုလို့ ကိုယ်ခံရတာ (မှန်ပါ)။
ဒါ့ကြောင့် ရှင်ကြီးဂေါတမ ဒုက္ခ မိမိပြုတာလားဆိုတော့ သဿတ သူမေးလိုက်တယ် (မှန်ပါ)။
ဘုရားက ဘယ့်နှယ် ဖြေလိုက်သလဲ (မဟုတ်ဘူးတဲ့ ဘုရား)။
သဿတဒိဋ္ဌိ စင်သွားပြီ
အဲ သဿတဒိဋ္ဌိ စင်သွားပြီ (မှန်ပါ) ဒကာ ဒကာမတွေကော အခုခန္ဓာ ဒုက္ခကြီးဟာ မိမိပြုတာလား (မဟုတ်ပါ ဘုရား)။
ဘယ်သူပြုတာပါလိမ့်ဗျာ (အဝိဇ္ဇာ သင်္ခါရပါဘုရား) အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားပေါ် ခြင်း ဖြစ်ပါတယ် (မှန်ပါ)။
ကိုယ်ပြုလို့ ကိုယ်ရတာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)။
အဲဒါတွေ အကုန်ဖျောက်ပါတဲ့၊ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီကိုယ်ကပြုတော့ ဒီကိုယ်က ခံရတယ်ဆိုတော့ ဒီကိုယ်နဲ့ ဒီကိုယ် တစ်ဆက်တည်း မကျဘူးလား (ကျပါတယ် ဘုရား) ဘာဒိဋ္ဌိဆိုကြမယ် (သဿတဒိဋ္ဌိပါ ဘုရား) စင်ပလား ဘုန်းကြီးတို့ ဒကာ ဒကာမတွေ (မှန်ပါ ဘုရား)။
ဒီ ခန္ဓာငါးပါးကြီး တရားနာနေတဲ့ ခန္ဓာငါးပါးကြီး ဒကာ ဒကာမတို့ မိမိပြုတာလား (မဟုတ်ပါ ဘုရား) အင်း ဟင် ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား)။
အဲဒီလိုသိသွားတော့ ပဋိစ္စသမုပ္ပါဒ် ကောင်းကောင်းနားလည်တဲ့အတွက် သဿတဒိဋ္ဌိစင်ပြီ (မှန်ပါ ဘုရား) တော်တော် မဖိုးတန်သွားပြီနော် (မှန်ပါ)။
သူတစ်ပါး ပြုတာလားဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ မေးပြန်တယ်
ကိုင်း ဒုတိယအချက် ပြန်ပြန်မေးတယ် ဒကာ ဒကာမတို့ ရှင်ကြီးဂေါတမ ဒုက္ခ မိမိပြုတာ မဟုတ်လို့ ရှိရင် သူတစ်ပါး ပြုတာလားဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ မေးပြန်တယ် (မှန်ပါ) သူတစ်ပါးပြုတာလားဆိုတော့ ဘာမေးလိုက် သလဲ (ဥစ္ဆေဒဒိဋ္ဌိ မေးလိုက်ပါတယ်ဘုရား)။
ပြုတဲ့လူက သူတစ်ဦး၊ ခံရတဲ့လူက သူတစ်ဦးဆိုတော့ လုပ်တဲ့သူက တခြားခံရတဲ့လူက (တခြားပါ ဘုရား) ဘာဒိဋ္ဌိဖြစ်နေသလဲ (ဥစ္ဆေဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား) ဘယ်ဟုတ်ရမတုံး ဒကာ ဒကာမတွေရ၊ ကြည့်ပါလား ပြုတာလည်း ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာပဲ ရှိတယ် (မှန်ပါ) ပြတ်ကော ပြတ်ကဲ့လား (မပြတ်ပါ ဘုရား) ဒီအကြောင်း နှစ်ခုသာလုပ်၊ ဒီအကျိုး လာရမလား မလာရဘူးလား (လာရပါမယ်) ကဲ ဒါဖြင့် ပြတ်သေးရဲ့ လား (မပြတ်ပါ ဘုရား)။
အဲဒါကြောင့် သူက မေးတာက ပြုတဲ့လူက တခြား၊ ခံရတဲ့လူက (တခြားပါ ဘုရား)။
ဘာဒိဋ္ဌိနဲ့ သူမေးထားသတုံး (ဥစ္ဆေဒဒိဋ္ဌိနဲ့ မေးထားပါတယ် ဘုရား)။
သူ မေးတာကလေး ဘုန်းကြီးက ရှင်းပြလိုက်ပါဦးမယ်၊ ရှင်ကြီးဂေါတမ ဒီဒုက္ခဟာ သူတစ်ပါး ပြုတာ လား မေးတာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခဟာ (သူတစ်ပါးပြုတာလား) ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူး တဲ့၊ ဒီအကြောင်းကြောင့် ဘာတုံး (ဒီအကျိုးဖြစ်တာပါ ဘုရား) အဲ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ရုပ်နာမ် တရား ဖြစ်ပါတယ်လို့ ဆိုတော့ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)၊ သဘောပါလား (ပါပါပြီ)။
ဒီလိုသိသွားတော့ ဘယ်ဒိဋ္ဌိစင်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) ကိုင်း သဿတဥစ္ဆေဒ စင်သွား ပြီ (မှန်ပါ) စင်ပြီးလို့ရှိရင်ဖြင့်တဲ့ ဒီဟာ ဝိပဿနာရှုလိုက်လို့ရှိရင် ဒကာ ဒကာမတို့ မဂ်ဉာဏ်နီးသွားတာပဲ (မှန်ပါ) မစင်ဘဲနဲ့ ရှုနေရင် ရကိုမရဘူး (မှန်ပါ)။
ဘယ်လိုပဲရှုရှု၊ မစင်ဘဲနဲ့ ရှုလို့ရှိရင် သဿတဥစ္ဆေဒ မကွာဘဲနဲ့သာ ရှုနေရင်ဖြင့် ဒကာ ဒကာမတို့ တစ်နေ့က ပြောပြီးတဲ့ ဆန္နထေရ်ဟာ ရရဲ့လား (မရပါ ဘုရား) မရတာ သေချာမသွားဘူးလား (သေချာပါတယ် ဘုရား) အဲဒါ ကြောင့် အင်မတန် အရေးကြီးနေပြီဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သဿတ ဥစ္ဆေဒ ဒီ ဒကာ ဒကာမတွေ ကွာ-မကွာကို သုံးရက်ရှိပါပြီ၊ ဒါ လမ်းခင်းထားတာ (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘယ်နှစ်ရက် ရှိသွားသတုံး (သုံးရက်ရှိသွားပါပြီ ဘုရား) ဦးဝရေ ခင်းရလိမ့်မယ်၊ လျှာရှည် တာ မဟုတ်ဘူးနော် (မှန်ပါ ဘုရား)။
ဒါ မခင်းလို့ရှိရင် ခင်ဗျားတို့ သဿတနဲ့ ကိုယ်ပြုလို့ ကိုယ်ခံ (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား) သူ တစ်ပါးပြုလို့ ကိုယ်ခံ (မှန်ပါ ဘုရား)။
ဒါတွေလည်း သူတစ်ပါးဖြစ်ဦးမှာပဲ (မှန်ပါ) အကြောင်းအကျိုးကို မဆက်မိတော့ဘူး (မှန်ပါ) ဆက်မိသေးရဲ့ လား (မဆက်မိပါ ဘုရား)။
ဖြစ်တာက အကြောင်းအကျိုးကြောင့်
အဲ ဖြစ်တာက အကြောင်းအကျိုးကြောင့်ဆိုတော့ သူက မဆက်မိတဲ့အတွက် သူ့မှာ ကောင်းကောင်းကြီး ဒိဋ္ဌိတွေချည်း ဆက်မနေဘူးလား (ဆက်နေပါတယ် ဘုရား)။
ကိုင်း ၁-နံပါတ်ကလေး ပြန်မေးပါရစေတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ ဘုရား)။
အစေလကဿပက ဘုရားသခင် ဆွမ်းခံရင်း မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ရှင်ကြီးဂေါတမ ပုစ္ဆာကလေးဟာ မဖြစ်လောက်ပါဘူး၊ မသိလို့ မေးပါရစေ၊ ဒုက္ခဟာ မိမိပြုတာလားတဲ့ (မဟုတ်ပါ ဘုရား) သဘောကျပလား (မှန်ပါ ဘုရား)။
မဟုတ်ဘူးနော် (မှန်ပါ) ကဲ မဟုတ်ရင် ပြောစမ်းပါ ဘယ်သူပြုတာတုံး (အဝိဇ္ဇာသင်္ခါရ ပြုတာပါဘုရား)။
ဟော ဒကာ ဒကာမတွေက ရှင်းနေပြီ (မှန်ပါ) အဝိဇ္ဇာသင်္ခါရ မရှိဘဲနဲ့ ခန္ဓာငါးပါး ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရားကိုး (မှန်ပါ) အဲဒီတော့ ဒုက္ခ မိမိပြုတာလားလို့မေးရင် ဘယ့်နှယ်ဖြေကြမယ် (မဟုတ်ပါ ဘုရား) ဘာဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
ကဲ ဘယ်လောက်အဖိုးတန်သွားပလဲ (မှန်ပါ) ဒကာဝရေ သိပ်အဖိုးတန်ပြီနော် (တန်ပါပြီ ဘုရား) သိပ် အဖိုးတန်ပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးဟာ ကိုယ်ပြုလို့ ကိုယ်ခံရတာလား
အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ကိုယ်ပြုလို့ ကိုယ်ခံရတာလား (မဟုတ်ပါ ဘုရား) ဒါတွေ ကိုယ်ဖြစ်သွားလိမ့်နော် (မှန်ပါ) အဝိဇ္ဇာသင်္ခါရဟာ အဝိဇ္ဇာသင်္ခါရပဲ ကိုယ်မဖြစ်စေနဲ့ (မှန်ပါ ဘုရား) ဒါ အင်မတန်အရေးကြီးပါတယ်၊ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒုက္ခဟာ မိမိပြုတာလား ရှင်ကြီးဂေါတမလို့ မေးလိုက်ပါတယ် (မှန်ပါ ဘုရား) ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့ ဘုရား)။
ဘုရားက မဟုတ်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ) ဘုရားက မဟုတ်ဘူးဖြေတာကို တရားတစ်ပွဲလုံးက သဘော ကျကြပါရဲ့လား (ကျပါတယ် ဘုရား)။
ဘယ်သူပြုတာပါလိမ့် ဒါဖြင့် (အဝိဇ္ဇာသင်္ခါရကပါ ဘုရား) ဪ အဝိဇ္ဇာသင်္ခါရအကြောင်းတရားကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာအကျိုး တရားပေါ်တာပဲ (မှန်ပါ ဘုရား)။
မိမိပြုလို့ မိမိခံရတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တချို့ ဒကာ ဒကာမတွေမှာ ဒီဥစ္စာက သဿတဒိဋ္ဌိက အင်မတန်များတယ် ဦးခင်မောင် (မှန်ပါ ဘုရား) အို နင်ပြု နင်ခံရမှာပေါ့ (မှန်လှပါ) နင်လုပ် နင်ခံရမှာပေါ့ဆို နင်ချည်းပဲ ရှုပ်နေတာပဲ (မှန်ပါ ဘုရား)။
ဒီဘဝက နင်သည် ဟိုဘဝသွားတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဘုန်းကြီး ၃-၄ ရက်တိုင်တိုင် ရှင်းလာတာနဲ့ သဿတဒိဋ္ဌိဖြင့် ပြုတ်ပြီ (မှန်လှပါ) ဥစ္ဆေဒဒိဋ္ဌိပြုတ် မပြုတ် အကဲခတ်ဦးနော် (မှန်ပါ ဘုရား)။
ရှင်ကြီးဂေါတမတဲ့ ဒုက္ခဟာ သူတစ်ပါး ပြုတာလားလို့ မေးလိုက်တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ် ပါဘူးတဲ့ ဘုရား)။
ကဲ ဒကာ ဒကာမတွေက မဟုတ်ဘူးလို့ ဘုရားက ဖြေတာ ကျုပ်တို့ကလည်း မဟုတ်တာကို သဘောကျ ရတယ် (မှန်ပါ ဘုရား)။
ကဲ ဒုက္ခကို ဘယ်သူပြုတာတုံး ဒါဖြင့် (အဝိဇ္ဇာသင်္ခါရပြုတာပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရအကြောင်းကြောင့် ဖြစ်တာပဲရှိတယ်နော် (မှန်ပါ) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ သူတစ်ပါးပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
သူဆိုတာသည်ကားလို့ဆိုရင် ယောကျ်ား သူ၊ မိန်းမ သူ ဖြစ်မယ် (မှန်ပါ) ဒီပရမတ်တွေ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။
အဲဒီကျအောင် ရှင်းသွားပါတယ်ဆိုတော့ ဪ ဒကာ ဒကာမတို့ ဒိဋ္ဌိ ဘယ်နှစ်မျိုး ခွါပြီးပလဲ (နှစ်မျိုး ခွါပြီးပါပြီ ဘုရား)။
ဒိဋ္ဌိနှစ်မျိုး ကွာသွားပြီ
ဪ နေရာကျပြီ ဒိဋ္ဌိနှစ်မျိုး ကွာသွားပြီ တရားပွဲမှာ (မှန်ပါ ဘုရား) ၁-နံပါတ်က သဿတဒိဋ္ဌိ ကွာတယ် (မှန်ပါ) ၂-နံပါတ်မှာ (ဥစ္ဆေဒဒိဋ္ဌိ ကွာပါတယ် ဘုရား)။
အဲ ကျန်တဲ့ခြောက်ဆယ်သော ဒိဋ္ဌိဟာ သူတို့ရှိမှ ပေါ်တာ (မှန်ပါ) သူတို့နှစ်ခုမရှိရင် ပေါ်ကိုမပေါ်ဘူး ဆိုတာ တစ်ထစ်ချ မှတ်ပါတော့ (မှန်ပါ ဘုရား)။
သေချာကြပလား (သေချာပါပြီ ဘုရား) ကိုင်း တတိယပုစ္ဆာကလေး ဒကာ ဒကာမတွေ မေးကြပါဦး (တတိယပုစ္ဆာပါ ဘုရား)။
အဲ တတိယပုစ္ဆာနော် (မှန်ပါ) တတိယပုစ္ဆာက ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ဒုက္ခဟာ မိမိ သူတစ်ပါးနှစ်ဦး သား ပြုတာလားတဲ့ (မှန်ပါ) ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား)။
ကဲ မဟုတ်ပါဘူးဆိုတာတော့ ကျေနပ်ပြီ၊ ဘုရားကလည်း မဟုတ်ဘူးလို့ ဖြေလိုက်တယ်၊ ဒကာ ဒကာမ တွေကလည်း မဟုတ်တဲ့အကြောင်း၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဟာ မိမိကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) သူတစ်ပါးကော (မဟုတ်ပါ ဘုရား)။
မဟုတ်ပါဘူး၊ မိမိ သူတစ်ပါး နှစ်ဦးသားပြုတာ မဟုတ်ပါဘူးတဲ့၊ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာပဲ ရှိတယ် (မှန်လှပါ) ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှ မရှိပါဘုရား)။
ကဲ ဒါဖြင့် ၃-နံပါတ်ပုစ္ဆာလည်း ဦးခင်မောင် ပြေပြီနော် (မှန်ပါ ဘုရား) ၄-နံပါတ်ကို ဒကာ ဒကာမတွေ မေးပါဦးမယ် (မှန်ပါ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို အစေလကဿပက မေးပြန်တော့ ရှင်ကြီးဂေါတမ ဒါဖြင့် ဒီဒုက္ခဟာ အလိုလို ဖြစ်တာလားတဲ့ (မှန်လှပါ ဘုရား)။
အဲ ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာသင်္ခါရ ကြောင့်ပါ ဘုရား)။
အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်တာ ဆိုတော့ အလိုလို ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
အဲ အဟေတုကဒိဋ္ဌိလည်း မဖြစ်တော့ပါဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒိဋ္ဌိစင်ပြီးမှ ဝိပဿနာလုပ်ရင် ရတော့မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိတွေစင်ပြီ (မှန်ပါ) ဒိဋ္ဌိစင်ပြီးမှ ဝိပဿနာလုပ်ရင် ရတော့မယ် (မှန်ပါ) ကဲ ဒါဖြင့် အစေလကဿပ မေးတာက ခြောက်ချက်တောင် မေးတဲ့အတွက် ဒါကလေးတော့ဖြင့် ဦးခင်မောင်ရေ အလုပ် မပြီးရင် ထားပါဦး၊ အမေးနဲ့ အဖြေတော့ ပြေအောင် လုပ်ကြဦးစို့ (မှန်ပါ ဘုရား)။
ပဉ္စမပုစ္ဆာ ဘယ်လိုမေးလိုက်သတုံး ဆိုတော့ ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် မရှိဘူးလား တဲ့ (မှန်ပါ)။
ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား) ဒါ ဒုက္ခသစ္စာပဲနော် (မှန်ပါ ဘုရား) ဒုက္ခရှိတယ် နော် (မှန်ပါ)။
သူက မရှိဘူးလားလို့မေးတယ် (မှန်ပါ) ဒကာ ဒကာမတွေက (ရှိပါတယ် ဘုရား) အဲ ဘုရား ဖြေ သလိုပဲ သဗ္ဗညုတဉာဏ် မှီးပြီးသကာလ ခင်ဗျားတို့လည်း ရပါပြီတဲ့ ဒုက္ခဟာ ရှိတာပဲ (မှန်ပါ)။
ခန္ဓာရှိရင် (ဒုက္ခရှိပါတယ် ဘုရား) ခန္ဓာရှိရင် ဒုက္ခရှိတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ကိုင်း ဒါဖြင့် သွားပါဦး၊ ၅-နံပါတ် ပုစ္ဆာလည်း ဒကာဝ ပြေပြီနော် (မှန်ပါ ဘုရား)။
၆-နံပါတ် သူမေးလိုက်ပြန်တယ်၊ ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလားလို့ မေးလိုက် တယ် (မှန်ပါ)။
ဘုရားက ငါသိပါတယ်ကွာ တဲ့၊ ဒုက္ခကို ငါသိပါတယ်တဲ့၊ ဒကာ ဒကာမတွေကော သိပလား (သိပါတယ် ဘုရား) ဒါတွေ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဒုက္ခသစ္စာလို့လည်း သိတော့ ဪ ဒါဖြင့် သစ္စာတရား ခင်ဗျားတို့ နာရပြီ (မှန်ပါ) ဒါဒုက္ခသစ္စာ ပဲ၊ ခန္ဓာဟူသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် သစ္စာတရား မနာရသေးဘူးလား (နာရပါပြီ ဘုရား) နှလုံးသွင်းလိုက်တဲ့အခါ ဒါတွေကို ဒုက္ခသစ္စာ အစစ်ရယ်လို့ ဉာဏ်ထဲက ဆုံးဖြတ်ချက်ချရင် ကိစ္စပြီးတော့မယ် (မှန်လှပါ ဘုရား)။
မပြီးပေဘူးလား (ပြီးပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)။