ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်
လောင်စာသိမ်း၍ မီးငြိမ်းရန်
သဿတ ဥစ္ဆေဒဖြုတ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူအပ်သော
ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်
လောင်စာသိမ်း၍ မီးငြိမ်းရန်
သဿတ ဥစ္ဆေဒဖြုတ်နည်း
ညအလုပ်ပေးတရားတော်
(၁၄-၃-၆၁)
ဆရာရှာကြတယ်၊ ဆေးရှာကြတယ်
ဒကာ ဒကာမတွေ ရောဂါဝေဒနာ ရောက်တဲ့အခါများကျတော့ ဆရာရှာကြတယ်၊ ဆေးရှာကြတယ်ဆိုတာ ထုံးတမ်းဓမ္မတာပါပဲ (မှန်ပါ)။
ရောဂါရောက်တဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဆရာရှာကြတယ်၊ ဆေးရှာကြတယ်ဆိုတာ ထုံးတမ်း ဓမ္မတာပါပဲ (မှန်ပါ)။
ဒီမှာလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အိုဘေး နာဘေး သေဘေးဆိုတဲ့ရောဂါတွေက ရှိကြတယ် နော် (မှန်ပါ ဘုရား)။
အိုဘေး နာဘေး သေဘေးဆိုတဲ့ ရောဂါတွေက ရှိကြတယ် (မှန်ပါ) ဘယ်မှာရှိပါသတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာရှိလို့ ရှိတယ်လို့ ဖြေရုံပါပဲ (မှန်ပါ)။
ခန္ဓာရှိတော့ အိုဘေး နာဘေး သေဘေးလွတ်ပါ့မလား (မလွတ်ပါ ဘုရား) ဒီရောဂါတွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ပြေး ပြေးရာလိုက်တဲ့ ရောဂါကိုး (မှန်ပါ)။
အဲဒါကြောင့် ရောဂါရှိတဲ့ပုဂ္ဂိုလ် ဆေးမရှာဘဲနဲ့နေခဲ့သော်၊ ဆရာ မရှာဘဲနဲ့ နေခဲ့သော် ရောဂါရှင်သည် အရူးသော်လည်းကောင်း ဖြစ်ရမယ်၊ အ,အသော်လည်းကောင်း ဖြစ်ရမယ်ဆိုတာ ဦးခင်မောင်တို့ ဆိုထိုက်တယ် (မှန်ပါ)။
ရောဂါရှင်သည် အရူးသော်လည်းကောင်း၊ အ,အသော်လည်းကောင်း ဖြစ်ရမယ်ဆိုတဲ့ဥစ္စာ ဘာမှ သံသယ ရှိဖို့ မလိုပါဘူး (မလိုပါ ဘုရား)
အဲဒီတော့ ယနေ့ ဒကာ ဒကာမတွေမှာ ခဏခဏတေဇောလောင်လို့ အိုတဲ့ရောဂါများ ရှိကြပါရဲ့လားလို့ စမ်းသပ်ကြည့်တော့လဲ ခန္ဓာထဲ ခပ်နွေးနွေးရှိနေတော့ ဪ လောင်လျက်ပါလားဆိုတာ ပေါ်လာတယ်နော် (ပေါ်လာပါတယ် ဘုရား)။
နောက်တစ်ခါ ဒီ့ထက်ပိုလောင်တဲ့အခါကျတော့ ခေါင်းကိုက်တယ်၊ လည်နာတယ်၊ ရင်နာတယ်၊ အပူချိန် များတယ် ဆိုပြီး သကာလ ဒကာ ဒကာမတို့ တေဇောမီး၏ စွမ်းရည်သတ္တိသည် ပိုပြီး သကာလ ဒကာ ဒကာမတို့ တေဇောမီး၏စွမ်းရည် သတ္တိသည် ပိုပြီး သကာလ ရောဂါတွေဖြစ်အောင် မလုပ်လား (လုပ်ပါတယ် ဘုရား)။
တိုကဲ့သို့ လုပ်တာ ထောက်ပြန်တော့လည်း ဪ ရောဂါရှိတာပဲဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒီကဲ့သို့ တော်တော်ကြာကျတော့ ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဒီအတိုင်းမနေဘဲနဲ့ သေရာဌာနသို့ သွားတဲ့ အလုပ်ကြီး မလျှော့တမ်း သွားပြန်တော့လဲ ဪ ဘယ်သူမှ လာသတ်လို့ သေတာမဟုတ်ဘူး၊ ခန္ဓာထဲ ရောဂါရှိလို့ သူ့ ရောဂါနဲ့ သူ သေတာပဲဆိုတဲ့ဥစ္စာ လောကီဥပမာ ပြောကြပါစို့ဆိုတော့ ဝက်ဟာ အသားတိုးလေလေ သူ့အသားတိုးလို့ သူသေလွယ်လေလေ ဖြစ်ရတာပါပဲ(မှန်ပါ)။
ဝက်များ သူ့အသား အပြည့်အစုံတိုးလိုက်ရင် ဒီဝက်ဟာ သေသွားတော့တာပါပဲ (မှန်ပါ)။
ဝက် ဘယ်သူသတ်လို့ သေပါလိမ့် သူ့အသားသတ်လို့ သေတယ်(မှန်ပါ) ဒကာဝ ဘယ့်နှယ်ဆိုပါ့မလဲ (သူအသားသတ်လို့ သေပါတယ် ဘုရား)။
ဪ ဘယ်သူမှ လှံနဲ့မထိုး၊ ဘယ်သူမှ အဆိပ်မကျွေး၊ ဒီအတိုင်း သေရတဲ့ဝက်တွေလည်း ရှိကြတယ်နော် (မှန်ပါ)။
အဲဒီရှိတဲ့ ဝက်တွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သူယူလာတဲ့အသားက သူ့ကို သတ်တာပဲ(မှန်ပါ) သူ့ထဲပါတဲ့ အသားက (သူ့သတ်တာပါ ဘုရား)
ဒီမှာလည်း ဒကာ ဒကာမတို့ ကိုယ့်ထဲပါတဲ့ တေဇောက ကိုယ့် သတ်လိမ့်မယ်နော်(မှန်ပါ) သူများက သတ်မှာလား ကိုယ့်ထဲကပါတဲ့ တေဇောက ကိုယ့်သတ်မှာလား (ကိုယ့်ထဲပါတဲ့ တေဇောက ကိုယ့်သတ်မှာပါ ဘုရား)။
အဲဒီလို ရောဂါတွေက ဒကာ ဒကာမတို့ အိုတတ်တဲ့ရောဂါကလည်း မပြတ်မစဲ၊ နာတတ်တဲ့ရောဂါကလည်း ခဏခဏကြုံ၊ သေတတ်တဲ့ရောဂါကလည်း မလွတ်တမ်းတွေ့ရမယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့ရှင်းပြီးသား လင်းပြီး သားဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသေဆေး, မနာဆေး, မအိုဆေးတော့ဖြင့် ဦးခင်မောင် ရှာဖို့သင့်ပြီ (သင့်ပါပြီ ဘုရား)။
မအိုဆေး, မနာဆေး, မသေဆေး
မအိုဆေး, မနာဆေး, မသေဆေး ဒကာ ဒကာမတို့ ဘာလုပ်ဖို့ သင့်ပါလိမ့် (ရှာဖို့သင့်ပါတယ်) ဒီတော့ ဒါ မရှာဘဲနဲ့ ဒကာ ဒကာမတွေက အိုတာဖြည့်တဲ့ဆေး၊ နာတာဖြည့်တဲ့ဆေး၊ သေတာဖြည့်ဆေးတွေ ရှာနေကြတယ်လို့ ဘုန်းကြီးက စွဲချက်တင်လိုက်တယ်နော် (မှန်ပါ)။
အိုတာဖြည့်တဲ့ဆေးဆိုတော့ ဘာပါလိမ့်တုံး ဆိုတော့ လောဘစိတ်တွယ်သွားလို့ရှိရင် လောဘတဏှာ ဥပါဒါန် ကံက ဇာတိ ခန္ဓာ လုပ်ပြန်တော့ အိုတဲ့ဆေး ပြန်မရပေဘူးလား(ရပါတယ် ဘုရား) ဒေါသတွေ အားကြီးပြီး နေပြန်တော့ ဒကာ ဒကာမတို့ အိုဆေး, နာဆေး ရှာနေပြန်တယ် (မှန်ပါ) မောဟတွေ အားကြီးနေပြန်တော့လည်း ဘာတွေ ရှာနေကြသလဲ (အိုဆေး, နာဆေးပဲ ရှာပါတယ် ဘုရား)။
အိုဆေး, နာဆေး, သေဆေးပဲ ရှာနေပြန်တော့ ဪ ဒီ ဒကာ ဒကာမတွေ ခက်လိုက်ပါဘိတော့တယ်၊ အိုတတ်, နာတတ်, သေတတ်တဲ့ ရောဂါ မပျောက်ဘဲနဲ့ အိုဆေး, နာဆေး, သေဆေး ထပ်ရှာနေတယ်ဆိုတော့ ဦးခင်မောင်ရေ လွန်လွန်းသွားပြီ (လွန်လွန်းသွားပြီ ဘုရား) အမိုက်လွန်သွားပြီ၊ အထူလွန်သွားပြီလို့ ဘုန်းကြီးများက စွဲချက်တင်လိုက်ပါတယ် (မှန်ပါ ဘုရား) မတင်ထိုက်ဘူးလား (တင်ထိုက်ပါတယ်ဘုရား ဒကာ ဒကာမတို့ ယခု ခန္ဓာကြီး ထဲမှာ အိုအောင်လုပ်နေတဲ့တရား စင်သွားပလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မစင်ပါ ဘုရား) နာအောင် လုပ်နေတဲ့ တရား စင်သွားပလားလို့မေးရင် (မစင်သေးပါ ဘုရား) သေအောင်လုပ်မည့်တရား စင်ပါပလား လို့မေးရင် (မစင်သေး ပါ ဘုရား)။
မစင်သေးခင်က ဒကာ ဒကာမတို့ အိုအောင် နာအောင် သေအောင် လုပ်တတ်တဲ့ဆေးတွေ ထပ်ရှာပြီး သကာလ စားနေကြမယ်ဆိုလို့ရှိရင်ဖြင့် ခက်ရချည်သေးရဲ့ (မှန်ပါ)။
အခု ဝေဒနာလည်း မပျောက်၊ နောက်ဝေဒနာလည်းရောက်၊ ဒီလို မကျပေဘူးလား (ကျပါတယ် ဘုရား) အခု ဝေဒနာလည်း (မပျောက်ပါ ဘုရား) နောက်ဝေဒနာကော (ရောက်ပါတယ် ဘုရား) ထပ်ရောက်ရမယ်ဆိုတာ မသချာဘူးလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ မသိတော့လည်း ဖော်ပြောရတယ်ဆိုတာ ဦးခင်မောင် ပြောမှလဲသိတယ်နော် (မှန်လှပါ ဘုရား)။
ရောဂါရောက်ဆေးပဲ ရှာနေကြတယ်
ခန္ဓာကိုယ်ကြီးထဲ အိုမှု နာမှု သေမှုဆိုတဲ့ တေဇောဓာတ်တွေက ဒကာ ဒကာမတွေလောင်လျက် ညှဉ်းဆဲလျက် သတ်မလို့ ရွယ်လျက်ဆိုတာကလဲ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ဒီထဲကနေပြီး ဒကာ ဒကာတွေမှာ သားရေး သမီးရေး စီးပွားရေးကြောင့် လောဘ ဒေါသ မောဟတွေက ဘာထပ်ပြန်သတုံးလို့ မေးရင် ဒကာဝ ဘယ့်နှယ် ဖြေပါ့မလဲ (အိုဘေး နာဘေ သေဘေး ထပ်ရှာပါတယ် ဘုရား) အိုတတ် နာတတ် သေတတ်တဲ့တရားတွေ ထပ်ရှာပြန်တယ် (မှန်ပါ) ဒါဖြင့် ဦးခင်မောင်က စဉ်းစား ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးက စဉ်းစားကြ၊ ရောဂါပျောက်ဆေး မရှာဘဲနဲ့ ရောဂါရောက်ဆေးပဲ ရှာနေကြတယ် (မှန်လှပါ ဘုရား)။
ဘယ်လိုဆိုကြမယ် (ရောဂါပျောက်ဆေး မရှာဘဲနဲ့ ရောဂါရောက်ဆေးပဲ ရှာနေကြပါတယ် ဘုရား) အင်း ဒီပုဂ္ဂိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရောဂါပျောက်ဆေးးတော့ဖြင့် မရှာဘူး။ ရှိတဲ့ရောဂါ မသိလို့ (မှန်ပါ ဘုရား) ရောဂါရောက်တဲ့ဆေးတော့လည်း မသိလို့ဘဲ တစ်ခါ ရောဂါရောက်ဆေးတွေ ထပ်ရှာနေပြန်တယ်ဆိုတော့ ဒကာ သစ်တို့ ကျုပ်တို့ အဖြစ်ဟာ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမလဲ (တပည့်တော်တို့ အဖြစ်ဟာ အင်မတန် ဆိုးပါတယ် ဘုရား) အဖြစ် အင်မတန်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အေး ဒါကြောင့် ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ ရောဂါပျောက်ဆေး အမှန်တော့ ပေးတော့မှာပဲဆိုတာ ဒီဆေး ဖိသောက်ရလိမ့်မယ် (မှန်ပါ ဘုရား)။
ကိုင်း ဒီဆေး ဖိမသောက်လို့ရှိရင် တပည့်တော်တို့ ဘာများဖြစ်မှာတုံး လို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ယခုရထားတဲ့ ဘဝကလေးဟာ ဆုံးရှုံးတော့မနော် (မှန်ပါ ဘုရား) ယခုရထားတဲ့ ဘဝကလေးဟာ (ဆုံးရှုံးရပါတော့မယ် ဘုရား) ဆုံးရှုံးမယ်ဆိုတာက ဒီဒိဋ္ဌိ မပြုတ်လို့ရှိရင် ဂတိက မမြဲသေးဘူး (မှန်ပါ)။
ဒိဋ္ဌိမပြုတ်ရင် ဂတိမမြဲ
ဒိဋ္ဌိမပြုတ်ရင် (ဂတိမမြဲသေးပါ ဘုရား) သွားရာဂတိက (မမြဲသေးပါ ဘုရား) မမြဲပဲ ဖြစ်နေတော့ ဒီ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင်လည်း ဒိဋ္ဌိက မပြုတ်ဘူး (မှန်ပါ ဘုရား) အနိစ္စ ဒုက္ခမမြင်ပြန်လို့ရှိရင်လည်း ဒိဋ္ဌိမပြုတ် ဘူး (မှန်ပါ ဘုရား) ဤကဲ့သို့ မပြုတ်ပြီဆိုမှဖြင့် ယခုရလာတဲ့ ဘဝကလေးဟာ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန် တဲ့ဘဝကလေးဟာ ဆုံးရှုံးသွားရင် ဒီနေရာ ပြန်မရောက်တော့ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။
ဒါကြောင့် သစ္စသံယုတ်ပါဠိတော်ကြီးများမှာ လာလိုက်တာက ဒကာ ဒကာမတို့ နွားတွေရဲ့ ပခုံးပေါ်မှာ တင်တဲ့ ထမ်းပိုးဆိုတာ မြင်ဖူးကြပါလိမ့်မယ် (မှန်ပါ) အဲဒီ ထမ်းပိုးဟာ အပေါက်လေးပေါက် ရှိပါတယ်၊ ထမ်းပိုးကြီး လျှိုတဲ့အပေါက်ကလေးတွေက လေးပေါက်ရှိတဲ့အနက်က ထမ်းပိုးက မပြီးသေးတော့ တစ်ပေါက်တည်းဖောက်ရသေး တယ် ထားပါတော့နော် (မှန်ပါ ဘုရား)။
တစ်ပေါက်တည်း ဖောက်တဲ့ထမ်းပိုး
အဲဒီ တစ်ပေါက်တည်း ဖောက်တဲ့ထမ်းပိုးကို ဒကာ ဒကာမတို့ ဧရာဝတီကနေပြီး သကာလ မျှောလိုက်တာ ပေါ့ဗျာ၊ ဘယ်သူမှမဆယ်ရင် ပင်လယ်ရောက်တော့မယ် (မှန်ပါ ဘုရား)။ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ပင်လယ်ထဲရောက်တဲ့အခါကျလို့ရှိရင်လည်း တောင်လေတိုက် မြောက်ဘက်ဝင်ရမှာ ဧကန်ပဲနော် (မှန်ပါ ဘုရား) မြောက်လေတိုက်ရင် တောင်သွားရမှာ (ဧကန်ပါ ဘုရား)။
အင်း ဝဲထဲမှာ ကြုံလို့ရှိရင် လှည့်ပြီး မြုပ်ပြီး ဘေးမှာထွက်ပြီး ပေါ်ရမှာကလည်း သူ့ဝတ္တရားပေါ့ဗျာ (မှန်ပါ) အဲဒီတော့ သူ့မှာ နေရာ အမြဲရှိပါရဲ့လား (မရှိပါ ဘုရား) အင်း ဒကာ ဒကာမတို့ နေရာ အမြဲမရှိဘူး၊ သူ့မှာ တစ်ပေါက်တည်းပါတယ်နော် (မှန်ပါ) အဲဒီ သံယုတ်ပါဠိတော်ကြီးက အနှစ်တစ်ရာမှ တစ်ခါ တစ်ခါ ပေါ်လာတဲ့ လိပ်ကန်းကြီးရှိတယ်ကွာတဲ့ (မှန်ပါ) အနှစ်တစ်ရာမှ ဘာတဲ့ (တစ်ခါတစ်ခါ ပေါ်ပါတယ် ဘုရား)။
လိပ်ကန်ကြီး
အနှစ်တစ်ရာမှ တစ်ခါ တစ်ခါ ပေါ်တဲ့လိပ်ကန်ကြီး ရှိသကွတဲ့၊ ပင်လယ်ထဲမှာ ပင်လယ်ထဲမှာနော် (မှန်ပါ) ဒီထမ်းပိုးတုံးကြီးကလည်း ဟိုရောက် ဒီရောက်၊ လိပ်ကန်ကြီးကလည်း ဟိုရောက် ဒီရောက်၊ လိပ်ကန်ကြီးခေါင်းဟာ ထမ်းပိုးပေါက်ကလေးထဲမှာ ခဏကလေး အသက်ရှူဖို့ နားဖို့ လျှိုမိဖို့ရာ အရေးဟာ ဒကာ ဒကာမတို့ ဉာဏ်နဲ့ စဉ်း စားကြည့်၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
သူကလည်း အနှစ်တစ်ရာမှ တစ်ခါ ပေါ်တယ် (မှန်ပါ) ထမ်းပိုးကလည်း သွားချင်ရာသွားနေတယ် (မှန်ပါ) ဘယ့်နှယ်လုပ်ပြီး သကာလ ထမ်းပိုးပေါက်ထဲမှာ ဒကာ ဒကာမတို့ လိပ်ကန်းခေါင်းလျှိုမိဖို့ အရေးဟာ ဪ မဖြစ်နိုင်ပါ ဘုရားလို့ ပြောရုံပါပဲ (မှန်ပါ) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူး။ ဒါက အချိန်ကာလတစ်ခုကြာမြင့်ရင် ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။
အဲ ဒကာ ဒကာမတို့ ယခုရထားတဲ့လူ့ဘဝဟာ အဲဒီလိပ်ကန်ခေါင်း ထမ်းပိုးလျှိုတာထက် ပိုခဲယဉ်းသေး တယ်။ ဒကာ ဒကာမတို့ ယခုရထားတဲ့ ခန္ဓာငါးပါးဟာ ယခုလို တရားဓမ္မကြားရတဲ့ ခန္ဓာငါးပါးဟာ ဒီ့ထက် ရခဲသေး တယ် (မှန်ပါ ဘုရား) ဟိုလိပ်ကန်ခေါင်းက ထမ်းပိုးပေါက် လျှိုမိမယ်ဆို လျှိုမိနိုင်သေးတယ်။ ဒီလူ့ဘဝ ရဖို့ အတော် ခဲယဉ်းတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒကာ ဒကာမတို့ ရထားတဲ့လူ့ဘဝကလေးဟာ သေးသေး သိမ်သိမ်လား၊ အလွန်ကြီးကျယ် မွန်မြတ်တဲ့ဘဝ ရထားသလားဆိုတာ အကဲခတ်စမ်းပါ (အလွန်ကြီးကျယ်တဲ့ဘဝ ရထားပါတယ် ဘုရား)။
လူ့ဘဝကြီး ရထားတဲ့ဥစ္စာ
အလွန်ကြီးကျယ် မွန်မြတ်တဲ့ လူ့ဘဝကြီး ရထားတဲ့ဥစ္စာကို ဒကာ ဒကာမတို့က အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာကိုယ်ကြီးရပြီး အိုစာ နာစာ သေစာတွေပဲ နောက်တစ်ခါ အိုရာ နာရာ သေရာ ဖြစ်ကြောင်းတွေပဲ လျှောက်ရှာ နေဦးမယ် ဆိုခဲ့သည်ရှိသော် ဒီဘဝဂတိ တိမ်းလို့ရှိရင်ဖြင့် လူ့ဘဝ မရတော့ဘူး (မှန်လှပါ ဘုရား)။
မရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငရဲသွားကြပေတော့ (မှန်ပါ ဘုရား) ငရဲက နှစ်စေ့လို့ ပြန်တက်ကြလို့ရှိရင် လည်း လူ့ပြည် ပြန်မတက်ဘဲ တိရစ္ဆာန်ဘုံ တက်ကြပေတော့ (မှန်ပါ ဘုရား)။
တိရစ္ဆာန်ဘုံ တက်ပြီး သကာလ တိရစ္ဆာန်ဆိုတော့လည်း ဒကာ ဒကာမတွေ သိတဲ့အတိုင်း နိုင်ရာစားတွေ မဖြစ်ကြပေဘူးလား (ဖြစ်ကြပါတယ် ဘုရား) ကိုယ်က နိုင်ရင် ကိုယ်က စားတာပဲ၊ သူကနိုင်ရင် (သူက စားတာပါ ဘုရား) အဲဒီလို နိုင်ရာစားဘဝနဲ့ဆိုတော့ ပါဏတိပါတကံတွေကလည်း မများလား (များပါတယ် ဘုရား)။
ပြန်ပြီး သကာလ ဒကာ ဒကာမတို့ နိုင်ရာစား အကုသိုလ်ကံကနေ တွန်းချလိုက်ပြန်တော့ ဦးခင်မောင် ငရဲပြန် ရောက်တယ် (မှန်ပါ) ဒါဖြင့် ငရဲက ပြန်တက် တိရစ္ဆာန်၊ တိရစ္ဆာန်နိုင်ရာစား ဘဝကနေပြီး သကာလ ဘဝဆုံးသွားပြန် တော့လည်း ငရဲပြန်ကျဆိုတော့ ဒကာ ဒကာမတို့ ပြန်တက်ခွင့် ဘယ့်နှယ်နေကြသလဲ (မရနိုင်ပါ ဘုရား)။
မရနိုင်တော့ဘူး (မှန်ပါ) မရနိုင်တော့ဘူးဆိုတာ သေချာပလား (သေချာပါပြီ) အဲဒါ သစ္စသံယုတ်ပါဠိတော်မှာ လာတဲ့အတွက် ဒကာ ဒကာမတို့ အခု ရထားတဲ့ဘဝကလေးက လျှော့မကျဖို့ အလွန်အရေးကြီးနေတယ် (မှန်ပါ ဘုရား) ရထားတဲ့ ဘဝကလေးက (လျှောမကျဖို့ အလွန် အရေးကြီးနေပါတယ် ဘုရား) လျှောမကျဖို့ အင်မတန် အရေးကြီးနေပါပြီ ဆိုတာ ဉာဏ်ရောက်ကြပါပြီလား (ရောက်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အိုဘေး နာဘေး သေဘေးကလည်း နှိပ်စက်လို့။ အိုဘေး နာဘေး သေဘေးရှာတဲ့ အလုပ်တွေ ထပ်ရှာနေကြလို့ ဂတိတိမ်းသွားရင် ပြန်တက်ဖို့ မရှိဘူး (မှန်ပါ) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ သစ္စာသိအောင် လုပ်ကြပေတော့တဲ့။ ဒါမှပဲ ဒကာ ဒကာမတို့ လူ့ဘဝကနေပြီး သကာလ သောတာပန် သကဒါဂါမ် အနာဂါမ်ရဟန္တာဖြစ်ပြီး သကာလ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးမှာ အေးချမ်းသာယာစွာ နေကြပါ တော့ (မှန်ပါ) ဒီဘဝက အလျှောမခံနဲ့တော့နော် (မှန်ပါ ဘုရား)။
ဒီဘဝက (အလျှောမခံကြပါနဲ့) အလျှောမခံကြပါနဲ့။ အရွေ့မခံကြပါနဲ့ ဆိုတာကိုဖြင့် အစ္စသံယုတ်ပါဠိတော် မှာ ကိုယ်တော်တိုင် ဟောထားသည် ဖြစ်လေသောကြောင့် တစ်လုံးမှလည်း မလွဲတဲ့စကား ဖြစ်နေတယ်ဆိုတာ ဦးဝ မှတ်မိပလား (မှတ်မိပါပြီ ဘုရား) ဒါဖြင့် ဒီအရင်းကို အရှုံးခံကြတော့မလား ဒကာ ဒကာမတို့ (မခံပါ ဘုရား)။
ငရဲနဲ့ တိရစ္ဆာန်လှည့်ရုံပဲ
အားလုံး တစ်ပွဲလုံးနော် အမိ အဖ ဆွေမျိုး ဉာတကာ မတော်ဖူးသူမရှိလို့ တကယ်တမ်း ပြောနေတယ် ဆိုတာ ယုံကြည်ကြပါ (မှန်ပါ ဘုရား) ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီတစ်ခါ တိမ်းသွားလို့ ကယ် မည့် ယူမည့်မဂ်တွေ မလာတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် မမျှော်လင့်ကြနဲ့တော့၊ ငရဲနဲ့ တိရစ္ဆာန်လှည့်ရုံပဲ (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဘာနဲ့ ဘာ လှည့်နေမှာတုံး (ငရဲနဲ့ တိရစ္ဆာန် လှည့်နေမှာပါ ဘုရား) ငရဲ နဲ့ တိရစ္ဆာန်လှည့်ပြီး သကာလ နေရုံပဲ ဆိုတာဖြင့် ဦးခင်မောင် သေချာပလား (သေချာပါတယ် ဘုရား) ဒါကြောင့် ခင်ဗျားတို့က နောက်ဘဝ ဖြစ်ကြောင်းတွေ လျှောက်ပြီး သကာလ ဒကာ ဒကာမတွေက တဏှာ ဥပါဒါန်ကံတွေ လျှောက်ပြီး သကာလ မဟုတ်တာတွေ လျှောက် ပြီး သကာလ လုပ်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နောက်ဘဝသည်ကားလို့ဆိုရင် ဆက်မလာပေဘူးလား (လာပါတယ် ဘုရား) ထိုကဲ့သို့ ဆက်လာတော့ ဘယ်ဘဝက လာမယ်လို့ သိကြရဲ့လား (မသိပါ ဘုရား)။
မသိကြတော့ “ပါပသ္မိံ ရမတိ မနော” လို့ ဓမ္မပဒက ဆိုထားသောကြောင့် စိတ်ကလည်း မကောင်းတဲ့ဘက် မွေ့လျော်တော့ တဏှာ ဥပါဒါန် ကံတွေကလည်း မကောင်းတဲ့ကံတွေချည်း ဖြစ်နေတော့ ဦးခင်မောင် အပါယ်လေးပါးပဲ ရောက်ကြမယ် (မှန်ပါ ဘုရား) အပါယ်လေးပါးရောက်ရင် ပြန်တက်တော့ တိရစ္ဆာန်ဘုံပဲ (မှန်ပါ)။
တိရစ္ဆာန်ဘုံရောက်တော့ ဘာဖြစ်သတဲ့တုံး (အပါယ်လေးပါး ပြန်ရောက်ပါတယ် ဘုရား) နိုင်ရာစားတဲ့အတွက် နိုင်ရာစား အကုသိုလ်ကံက ဘယ်ချလိုက်ပြန်သလဲ (အပါယ်လေးပါး ချလိုက်ပါတယ် ဘုရား) အပါယ်က နှစ်စေ့လို့ တက်ပြန်တော့ ဘယ်ရောက်ပြန်သတုံး (တိရစ္ဆာန်ဘုံ ရောက်ပါတယ် ဘုရား) တိရစ္ဆာန်ဘုံကျတော့ ဘာအလုပ်လုပ်ကြ ပါလိမ့် (နိုင်ရာစား အလုပ်လုပ်ပါတယ် ဘုရား) နိုင်ရာစား အလုပ်လုပ်ပြန်တော့ အောက်ပြန်ကျတယ် (မှန်ပါ ဘုရား)။
ဘယ့်နှယ် ဖြစ်နေသတုံး
ဒါဖြင့် ဘယ့်နှယ် ဖြစ်နေသတုံးဆိုတဲ့ မေးခွန်းသည် ဒကာ ဒကာမတို့ အလွန်အရေးကြီးနေပါပေါ့ကလားဆိုတာ ပေါ်လာပါတယ် (မှန်ပါ)။
ဘယ့်နှယ်ဖြစ်နေသတုံးဆိုတဲ့ မေးခွန်းမေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အင်မတန်မှ ချောမွေ့တဲ့ ဥပမာ ဟင်းချက်တဲ့ ဒယ်အိုး၊ ဒံပေါက်ထမင်းတွေ ဘာတွေချက်တဲ့ ဂလိုင်းသုတ်ထားတဲ့ အိုးတွေထဲမှာ အိမ်မြှောင်တို့ ဘာတို့ ကျသွားမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နှုတ်ခမ်းဝ ရောက်လိုက် ပြန်ကျလိုက်ပဲ (မှန်ပါ) နှုတ်ခမ်းဝရောက်လိုက် (ပြန်ကျလိုက်ပါ) အောက်က ပြန်တက်လို့ နှုတ်ခမ်းဝရောက်လိုက် (ပြန်ကျလိုက်ပါ ဘုရား)။
အဲ ဒကာ ဒကာမတွေလည်း အခု ဟောလတ္တံ့ ပြောလတ္တံ့ဖြစ်တဲ့ သစ္စာသိတဲ့ မဂ်မလာသရွေ့ကာလပတ် လုံး ဒကာ ဒကာမတို့ တိရစ္ဆာန်ဘုံ ရောက်လိုက် ပြန်ကျလိုက်၊ ဒီက ဂတိတိမ်းသွားရင်နော် (မှန်ပါ)။
အခု ဒါဖြင့် သစ္စာသိဖို့ အရေးဟာ အလွန်ကြီးမလာဘူးလား (လာပါတယ် ဘုရား)။
အေး ဒါကြောင့် ဒါသိပြီးလို့ရှိရင်ဖြင့် မဂ်ဉာဏ်နဲ့ အတိအလင်း သိပြီးလို့ရှိရင်ဖြင့် ဘာမှ မပူကြနဲ့တော့ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သေသေချာချာ မှတ်ကြပေတော့၊ သစ္စာသိတရားကို အစေလကဿပဝတ္ထုနဲ့ သေသေချာချာ ကပ်ပြီး သကာလ ဒကာ ဒကာမတွေ ရှင်းသထက်ရှင်း လင်းသထက် လင်းအောင် ပြောပါတော့မယ်နော် (မှန်ပါ)။
မမေ့ကြနဲ့ ဒကာ ဒကာမတွေ၊ အဝိဇ္ဇာ သင်္ခါရကြောင့် ဒါက အဝိဇ္ဇာ၊ ပြုပြင်တာက သင်္ခါရ (မှန်ပါ) ဦးခင်မောင် ရေ မသိတာက (အဝိဇ္ဇာပါ ဘုရား) ပြုပြင်တာက (သင်္ခါရပါ ဘုရား)။
သစ္စာလေးပါး မသိတာက အဝိဇ္ဇာ
ဪ နောက်ဘဝ ကျုပ်တို့သည် သစ္စာလေးပါး မသိတာက အဝိဇ္ဇာ (မှန်ပါ) သစ္စာလေးပါး မသိလို့ ပြုချင်သလို ပြုတာက ဘာပါလိမ့် (သင်္ခါရပါ ဘုရား)။
ဪ ဒါကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ ဆိုလိုက်တယ်၊ မသိခြင်းကြောင့် မသိသလို ပြုလုပ်တယ်၊ ပြုလုပ်ခြင်းကြောင့် ဒီဘက်က ဒကာ ဒကာမတွေ ဒီနေ့ ပဋိစ္စသမုပ္ပါဒ်က ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ)။
ဒီခန္ဓာငါးပါးက ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ပဋိစ္စသမုပ္ပါဒ် မရှည်တော့ပါဘူး။ ခန္ဓာငါးပါး ပေါ်လာ တယ် (မှန်ပါ)။
မသိတာက (အဝိဇ္ဇာပါ ဘုရား) ပြုပြင်တာက (သင်္ခါရပါ ဘုရား) ပြုပြင်လို့ ပေါ်လာတာက (ခန္ဓာငါးပါးပါ ဘုရား)။
ဪ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဦးခင်မောင် ဘာသစ္စာတဲ့ဗျာ (ဒုက္ခ သစ္စာပါ ဘုရား) ဪ ဒကာ ဒကာမတို့ အလိုလိုပေါ်လာတာလားလို့ ကြည့်လိုက်တဲ့အခါကျတော့ မသိတဲ့ အဝိဇ္ဇာ၊ ပြုပြင်တဲ့ သင်္ခါရကြောင့် မသိလို့ ပြုပြင်ရတဲ့ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ဘွားခနဲ ပေါ် လာတော့ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
အင်း ဒုက္ခသစ္စာ ပေါ်လာတယ်၊ ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
မသိတာက (အဝိဇ္ဇာပါ ဘုရား) မသိလို့ ပြုပြင်လိုက်ပြန်တော့ (သင်္ခါရပါ ဘုရား)။
သင်္ခါရကြောင့် ယခု ဒကာ ဒကာမတွေ ဘာဖြစ်နေရသတုံး (ခန္ဓာ ငါးပါးရနေပါတယ် ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဖြစ်နေကြတယ် (မှန်ပါ)။
ဒါကြောင့် ဒီအထဲမှာ ခုနင်က ပြောခဲ့တဲ့ ဦးခင်မောင်တို့ ဒကာဝတို့ ကြည့်၊ ဇာတိ ဇရာ မရဏပါနေတယ် (မှန်ပါ) သေမင်းတွေကော (ပါပါတယ် ဘုရား)။
သေမင်းတွေ ဇာတိ ဇရာ မရဏတွေ ပါနေခြင်းကြောင့် သူ့ကို ဒုက္ခသစ္စာဆိုလိုက်ရပါတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာက လွန်ခဲ့တဲ့ ၁-နံပါတ် အတိတ်ဘဝ၊ ဒါက ဘာပါလိမ့် (ပစ္စုပ္ပန် ဘဝပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ အတိတ်က သစ္စာလေးပါးမသိလို့ ပြုချင်သလို ပြုကြတဲ့အတွက် ယခုဖြင့် ကြုံ ချင်သလို ကြုံရတဲ့ အိုဘေး နာဘေး သေဘေး အပြည့်နဲ့ ဒုက္ခသစ္စာကြီး ရထားတယ် (ရထားပါတယ် ဘုရား)။
အိုဘေး နာဘေး သေဘေးအပြည့်နဲ့ ဒုက္ခသစ္စာကြီး
အိုဘေး နာဘေး သေဘေးအပြည့်နဲ့ ဘာတုံး (ဒုက္ခသစ္စာကြီး ရထားပါတယ်) ဒုက္ခသစ္စာကြီး ရတယ်၊ ဦးခင်မောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီခန္ဓာငါးပါးကြီးဟာ အိုဘေး နာဘေး သေဘေး အပြည့်အစုံ ၉၆-ပါးသော ရောဂါအပြည့်အစုံ နဲ့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ ဒုက္ခသစ္စာတရားကြီး ကိုယ်ပိုင်လှလှကြီးရပြီး ဒါကြီးနဲ့ အခု နေကြရတယ် (မှန်ပါ)။
နေကြရတော့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာနဲ့ နေကြရတော့ ဒကာဝရေ အဝတ်မဖုံးပဲလည်း မရဘူး (မရပါ ဘုရား) အဝတ်မဖုံးရင် မဖုံးသလောက် ဖောက်ပြန်မယ်သူ (မှန်ပါ ဘုရား)။
ဖုံးလွန်းရင်လည်း ဖုံးလွန်းလို့ (ဖောက်ပြန်နိုင်ပါတယ်) ထမင်းမကျွေးရင် မကျွေးလို့ (ဖောက်ပြန်ပါတယ် ဘုရား) တစ်ခါ ကျွေးပြန်လည်း မတည့်လို့ (ဖောက်ပြန်ပါတယ် ဘုရား) ဘာသစ္စာကြီးပါလိမ့် (ဒုက္ခသစ္စာကြီးပါ ဘုရား)။
ဒါဖြင့် ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ (မှန်ပါ) ဪ အဝတ်မဖုံးလည်း ဖောက်ပြန်တာပဲ (မှန်ပါ) ဖုံးပြန်တော့ လည်း (ဖောက်ပြန်တာပါပဲ) မကျွေးပြန်တော့လည်း (ဖောက်ပြန်တာပါပဲ) ကျွေးပြန်တော့လည်း (ဖောက်ပြန်တာပါပဲ ဘုရား)။
ရေမချိုးဘဲ နေပြန်တော့လည်း (ဖောက်ပြန်တာပဲ) ချိုးပြန်တော့လည်း (ဖောက်ပြန်တာပဲ) ဒါဖြင့် “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” (မှန်ပါ)။
ဒီခန္ဓာကြီးဟာဖြင့် ဘာကြီး ရထားပါလိမ့် (ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံပါ ဘုရား)။
ဒုက္ခသစ္စာကြီး ရထားတော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီဒုက္ခသစ္စာကြီးနဲ့ ကျုပ်တို့သည် အတူ တကွ နေရပါလိမ့်မလဲလို့ မေးတော့ နောက်ဘဝက မသိလို့၊ မသိတော့ ပြုချင်တာ ပြုခဲ့ကြတယ် (မှန်ပါ)။
ပြုချင်တာ ပြုခဲ့ကြတာ ယခု “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီး ကျုပ်တို့ ကိုယ်ပိုင်ရနေတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာကြီးနဲ့ ကိုယ်ပိုင်ရပါလိမ့်
ဘာကြီးနဲ့ ကိုယ်ပိုင်ရပါလိမ့် (ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ ကိုယ်ပိုင်ရပါတယ် ဘုရား)။
ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ ဒကာ ဒကာမတွေ ကိုယ်ပိုင် ကိုယ်ဆိုင်အဖြစ်နဲ့ပဲ ခွဲလို့မရ ခွါလို့မရ ဖြေလို့မရ ဖြုတ်လို့ မရဆိုတာကြီးနဲ့ ကျုပ်တို့ဖြင့် ဝိပါကဝဋ် သင့်နေပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာဝဋ်သင့်နေသလဲ (ဝိပါကဝဋ် သင့်နေပါတယ်) ဝိပါကဆိုတာ အကျိုးပေး၊ ဝဋ္ဋသဒ္ဒါက လုံးတာ၊ အကျိုးပေး လုံးလည်ခတ်နေပြီ (မှန်ပါ)။
အကျိုးပေး ဘယ့်နှယ်တုံး (လုံးလည်ခတ်နေပါတယ်) ဒုက္ခတွေနဲ့ လုံးလည်ခတ်နေပါပြီ (မှန်ပါ) ဒကာသစ် ဘာတဲ့ဗျာ (ဒုက္ခတွေနဲ့ လုံးလည်ခတ်နေပါပြီ ဘုရား)။
ဒုက္ခတွေနဲ့ လုံးလည်ခတ်နေတော့ ဝိပါကကအကျိုး၊ ဝဋ္ဋသဒ္ဒါက အလုံး၊ အကျိုးပေး လုံးလည်ခတ်ပြီး ဒုက္ခတွေ လုံးလည်ခတ်နေပါပေါ့ကလား ဒကာ ဒကာမတို့ (မှန်ပါ)။
ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးမှာ ကြည့်လိုက်တဲ့ အခါကျတော့ ဟောဒီ အဝိဇ္ဇာက ကိလေသဝဋ် (မှန်ပါ)။
ဟောဒီ ကံနှစ်ခုက ကမ္မဝဋ်၊ ဟောဒါကြီးက ဝိပါကဝဋ် (မှန်ပါ ဘုရား) ပေါ်လာပြီ ဒကာ ဒကာမတို့။
ပေါ်လာပြီ၊ အဝိဇ္ဇာက ဘာတဲ့ဗျာ (ကိလေသဝဋ်ပါ) သင်္ခါရက ဘာတဲ့ (ကမ္မဝဋ်ပါ) ကမ္မဝဋ်နော် (မှန်ပါ) ခန္ဓာငါးပါးက (ဝိပါကဝဋ်ပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ ဝဋ်ကောင်တွေပါကလား (မှန်ပါ) ဒီ ဒကာ ဒကာမတွေက ဒကာ ဒကာမတွေ လား ဝဋ်တွေလား (ဝဋ်တွေပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဝဋ္ဋဒုက္ခသစ္စာ (မှန်ပါ)။
ဦးဝရေ အရတော်သလား အရဆိုးသလား (အရဆိုးပါတယ်) အရဆိုးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဇာတ်သိမ်းမှ တော်မလား, ဒါမျိုး ထပ်ပြီးရမှ တော်မလားဆိုတာ အကဲခတ်စမ်း (ဇာတ်သိမ်းမှ တော်ပါမယ် ဘုရား) ဇာတ်သိမ်းမှ တော်မနော် (မှန်ပါ)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို ဆုံးမပါလိမ့် (ဇာတ်သိမ်းမှ တော်ပါမယ် ဘုရား) ဇာတ်သိမ်းမှ တော်မယ်ဆိုတာဖြင့် ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ ဇာတ်သိမ်းမှ တော်မယ်ဆိုငြားသော်လည်း ဒကာ ဒကာမတွေက ဒီခန္ဓာကြီးကို ကျွေးချင်တဲ့ ခန္ဓာကြီးခင်တဲ့ တဏှာက လာပြန်တယ် (မှန်ပါ ဘုရား)။
ကိုယ့်ခန္ဓာကြီး စားချင်တယ်၊ ဝတ်ချင်တယ်၊ လှချင်တယ်၊ ပချင်တယ်ဆိုတဲ့ တဏှာက မလာဘူးလား (လာပါ တယ် ဘုရား)။
ဝိပါကဝဋ်ထဲက ကိလေသဝဋ် ထပ်ပေါက်ပွား
ဟာ ဝိပါကဝဋ်ထဲက ကိလေသဝဋ် ထပ်ပေါက်ပွားတယ် (မှန်ပါ ဘုရား) ဝိပါကဝဋ်ထဲက (ကိလေသဝဋ် ထပ်ပေါက်ပွားပါတယ် ဘုရား)။
ဪ ဒါကြောင့် ခင်ဗျားတို့ အလုပ်အမျိုးမျိုး လုပ်ကြတာ ဘာလုပ်ကြတာပါလိမ့်မတုံး ရောင်းကြတာ၊ ဝယ်ကြတာ၊ လခစားလုပ်ကြတာတွေ ဘာလိုချင်လို့တုံးဆိုတော့ ခန္ဓာကြီး ခင်လွန်းလို့ ကျွေးချင် မွေးချင်လို့ ငွေရှာတဲ့ တဏှာက ပေါ်ပေါက်တာ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးထဲက အခု ဘာတွေများ သီးပွင့်ပေါ်ပေါက်လာပါလိမ့်မလဲ အကဲခတ်စမ်း (ကိလေသဝဋ်တွေ ပေါ်ပေါက်လာပါတယ် ဘုရား)။
ခက်လိုက်တာ၊ နဂိုကိုက ကိလေသဝဋ်ကြောင့် ဒီဝဋ်မှ မကျွတ်သေးခင် ဒီဝဋ်မြစ်တစ်ခု ပေါက်ပြန်ပြီဆိုတော့ ကိုယ်ကျိုးဖြင့် လှလှကြီးနည်းပြီ (မှန်ပါ ဘုရား) မနည်းသေးဘူးလား (နည်းပါပြီ ဘုရား)။
ဉာဏ်နားနဲ့ ထောင်ကြ၊ ဉာဏ်နားနဲ့ ထောင်ကြ ဒကာ ဒကာမတို့ (မှန်ပါ) ဉာဏ်နားနဲ့ ထောင်ကြ၊ ကိုယ့်အဖြစ် ကဖြင့် မသိ-မသိသလို ဆိုးရွားနေတယ်ဆိုတာကြောင့် ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။
မသိ-မသိသလို ဘာဖြစ်နေသလဲ (ဆိုးရွားနေပါတယ် ဘုရား) ဆိုးရွားပြီးတော့ နေတယ်၊ ကြည့်စမ်း ဝိပါကဝဋ်ထဲက ဘာတွေများ ပေါက်ပွားပြီးတော့ နေပါလိမ့် (ကိလေသဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား)။
အင်း-ခန္ဓာကြီးခင်တဲ့ တဏှာကြောင့် ခန္ဓာကြီး စွဲလမ်းတဲ့ ဥပါဒါန်ဆိုတော့ ဦးခင်မောင်တို့ ဒကာဝတို့ ကိလေသ ဝဋ် နှစ်ခုကို ရောက်လာပြီ (ရောက်လာပါတယ် ဘုရား)။
အဲဒီတော့ ကာယကံ ဝစီကံနဲ့ ရောင်းဟဲ့၊ ဝယ်ဟဲ့ဆိုတဲ့ ကာယကံ ဝစီကံတွေ လာရမှာလား မလာရဘူးလား (လာရမှာပါ ဘုရား)။
ရော ခက်နေပြီ ခက်နေပြီ ဒကာ ဒကာမတို့၊ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်လုပ်ပြန်ပြီ (မှန်ပါ ဘုရား) ဟ ဘယ်အထဲက ပေါက်ဖွားလာတာပါလိမ့်မတုံး (ကိလေသဝဋ်ထဲက ပေါက်ပွားလာတာပါ ဘုရား) လုံးလည်ခတ် နေပြီ (မှန်ပါ)။
လုံးလည်ခတ်နေပြီ
ဘယ့်နှယ်ဖြစ်နေကြသတုံး (လုံးလည်ခတ်နေပါတယ် ဘုရား) လုံးလည်ခတ်နေပြီဆိုတာ ဒါ ဘုန်းကြီးက ဖော် မပြောလို့ ဒကာ ဒကာမတို့ ဆိုလို့ရှိရင် အို ကျုပ်လုပ်နေတာ အကောင်းလို့ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။
သူများလည်း ရောင်းဝယ်ဖောက်ကား စားသောက်နေကြတာပဲ၊ သူများလည်း ပြောဆိုနေကြတဲ့ ဝစီကံ၊ သွား လာနေကြတဲ့ ကာယကံနဲ့ပဲ၊ သူတို့လည်း လိုချင်ရချင်လို့ သွားတာပဲ။ ကျုပ်တို့လည်း လိုချင်ရချင်လို့ သွားတာပဲ၊ ဘယ်သူ့အတွက်တုံး၊ အို ကိုယ်တို့ ကျုပ်တို့စားဖို့ (မှန်ပါ) ဟောဒါ ကျုပ်သမီးတွေ စားဖို့၊ ကျုပ်သားတွေ လူလား မြောက်ဖို့ (မှန်ပါ ဘုရား)။
ဒီခန္ဓာကြီးကြောင့်ပဲ ကိလေသဝဋ် မလာဘူးလား (လာပါတယ် ဘုရား) ကိလေသဝဋ်ကြောင့် ကာယကံဝစီကံ နဲ့ မနက်မိုးလင်း သွားကြ လာကြ ဆိုင်ရာ ဆိုင်ရာကို မရှိဘူးလား (ရှိပါတယ် ဘုရား)။
ပြောကြတဲ့ ဝစီကံကော (လာပါတယ် ဘုရား) ကာယကံနဲ့ လှုပ်လှုပ်ရှားရှား ကားရှိ ကားနဲ့သွားလို့၊ ခြေလျင် ဖြင့် ခြေလျင်သွားလို့ (မှန်ပါ) ဒါတွေက ကံမြောက်တာတွေ မဟုတ်သေးဘူးလား (ဟုတ်ပါတယ် ဘုရား)။
ကဲ စုတေမနေ သေလွန်တော့ ဒကာ ဒကာမတို့ စဉ်းစားကြဦးတော့ ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာငါးပါး လာပြန် ပြီ (မှန်ပါ လာပြန်ပါတယ် ဘုရား)။
ဘာလာပြန်သတုံး (ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာငါးပါးလာပါတယ် ဘုရား) ကဲ ခက်ပြီ ဒကာ ဒကာမတို့ ဟောဒီမှာ အတိတ်ဘဝက ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ပစ္စုပ္ပန်ဘဝမှာ ဝိပါကဝဋ်ကြီးပေါ်နေတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပါကဝဋ်က ဘာတွေ ပေါက်ပွားပြန်သတုံး စဉ်းစားစမ်း (ကိလေသဝဋ်နဲ့ ကမ္မဝဋ် ပေါက်ပွားပါတယ် ဘုရား) ကိလေသဝဋ်နဲ့ ကမ္မဝဋ်လာပေါက်ပွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိလေသဝဋ်နဲ့ (ကမ္မဝဋ်လာပြီး ပေါက်ပွားပါတယ် ဘုရား) ကဲ စုတေမနေ သေလွန်တော့ တစ်ခုသော ဘဝမှာ ခန္ဓာငါးပါးရဦးမယ် (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါက ဘာလုပ်ကြမယ်ထင်သလဲ (ဝိပါကဝဋ်ပါ ဘုရား) ဒီ ဝိပါကဝဋ်ကလည်း အငြိမ်နေမည့် ဝိပါကဝဋ် လားလို့ မေးပါဦး (မနေပါ ဘုရား)။
လာလိမ့်ဦးမယ်၊ သူ့ခန္ဓာသူခင်တဲ့တဏှာ ဥပါဒါန်ကံတွေက မလာပေဘူးလား (လာပါတယ် ဘုရား) လာရင် ဟိုဘက်မှာ ဘာဝဋ်လာဦးမယ်ထင်သတုံး (ကမ္မဝဋ် လာပါမယ် ဘုရား) ကမ္မဝဋ်ပြီးတော့ ဝိပါကဝဋ်တွေ မဆက်ပေ ဘူးလား (ဆက်ပါတယ် ဘုရား)။
ဂျာအေး သူ့အမေရိုက်ပါလို့ ဖြစ်ကုန်ပြီ
ကိုင်း ဂျာအေး သူ့အမေရိုက်ပါလို့ ဖြစ်ကုန်ပြီ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ ဆုံးကို မဆုံးတော့ဘူး (မှန်ပါ) ဆုံးပါ့မလား (မဆုံးပါ ဘုရား)။
ဪ ဒါဖြင့် ဝဋ်သုံးပါးလည်ပုံဖြင့် ဒကာ ဒကာမတို့ ယနေ့ ရှင်းပါပြီ (မှန်လှပါ ဘုရား) ဟောဒီ ကိလေသဝဋ်၊ ကမ္မဝဋ်ကြောင့် ဘာဖြစ်သတုံး (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)။
ဝိပါကဝဋ်ထဲက ဘာဝဋ်တွေ ပေါက်ပွားလာမယ် (ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားလာပါမယ် ဘုရား) ကိလေသဝဋ် ကမ္မဝဋ် ပေါက်ပွားလာသောကြောင့် အနာဂတ် ဘာတွေ ရပြန်သတုံး (ဝိပါကဝဋ်တွေ ရပါတယ် ဘုရား)။
အနာဂတ် ဝိပါကဝဋ်ထဲက ဘာတွေ ပေါက်ပွားမယ် ထင်သတုံး (ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားပါမယ် ဘုရား) ကိလေသဝဋ် ပေါက်ပွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဝိပါကဝဋ်ဟာတော့ ခန္ဓာပြန်လှည့်မှာပဲ (လှည့်ပါ တယ် ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
အဲဒီတော့ ခန္ဓာပတ်နေတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့မှာ သေသေချာချာ စဉ်းစားတော့ ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်တယ် (မှန်ပါ) ဝိပါကဝဋ်ထဲက ဘာတွေ ပေါက်ပွားသတုံး (ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား) အနာဂတ်ဘဝ ဘာတွေ ပေါ်လာပါလိမ့် (ဝိပါကဝဋ် ပေါ်ပါတယ်) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီအထဲကလည်း ထပ်ပေါ်ဦးမယ်ဆိုရင်ဖြင့် ဦးခင်မောင်ရေ၊ ကဲ ရှင်းကြစို့၊ သမုဒယသစ္စာ ကြောင့် ဒုက္ခသစ္စာ ဖြစ်တယ် (မှန်ပါ ဘုရား)။
ဒုက္ခသစ္စာထဲက သမုဒယသစ္စာ အညွန့်အညှောက်တွေ ထွက်
ဒုက္ခသစ္စာထဲက သမုဒယသစ္စာ အညွန့်အညှောက်တွေ ထွက်သောကြောင့် အနာဂတ် ဘာလာပြန်သတုံး (ဒုက္ခသစ္စာပဲလာပါတယ် ဘုရား)။
ဒါပဲ လှည့်တယ် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယ-ဒုက္ခ၊ သမုဒယ-ဒုက္ခ၊ တစ်သံသရာလုံး (မှန်ပါ) ပေါ်ပြီ ပေါ်ပြီ ဒကာ ဒကာမတို့။
တစ်သံသရာလုံး ကျုပ်တို့သည် ဝဋ်နဲ့ပြောလည်း ရှင်းပါတယ်၊ သမုဒယနဲ့ ဒုက္ခပြောလည်း ရှင်းပါတယ်ဆိုတာ ဖြင့် ကောင်းကောင်း ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဪ တော်တော် အရေးကြီးပါကလား ဒကာ ဒကာမတို့ (ကြီးပါတယ် ဘုရား) ဒါဖြင့် စဉ်းစားကြစို့ ဒကာ ဒကာမတို့ ကျုပ်တို့သည် မဂ်ဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာ၊ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာများ အသံကလည်း မကြားဖူးဘူး၊ ခန္ဓာထဲလည်း မတွေ့ဖူးပါဘူး (မှန်ပါ ဘုရား) တစ်သံသရာလုံး နေခဲ့ကြရတယ် (မှန်ပါ) တွေ့ကြပလား (မတွေ့ပါ ဘုရား) မဂ္ဂသစ္စာ ဒီအထဲပါရဲ့လား (မပါပါ ဘုရား) နိရောဓသစ္စာ ကော ကြုံခဲ့ကြရဲ့လား (မကြုံခဲ့ပါ ဘုရား) ဘာနဲ့လှည့်နေကြသလဲ (သမုဒယနဲ့ ဒုက္ခ လှည့်နေပါတယ် ဘုရား)။
သမုဒယသစ္စာ၊ ဒုက္ခသစ္စာ (မှန်ပါ) ဒီဒုက္ခသစ္စာက ဘာတွေပွားဦးမယ် (သမုဒယသစ္စာ ပွားဦးမှာပါ ဘုရား) နောက်လာမှာက (ဒုက္ခသစ္စာပါ ဘုရား) ဪ ငါတို့ နောက်တုန်းက တပည့်တော်များ အရှင်ဘုရား အရှင် ဘုရား ဉာဏ်ကျယ်ပါတယ် မသိလို့ လျှောက်ပါရစေ၊ နောက်က တပည့်တော်တို့ ဘာများ ဖြစ်ခဲ့သတုံး ဆိုလို့ရှိရင် ဪ ဒါပဲ ဖြစ်ခဲ့တယ် (မှန်ပါ)။
သမုဒယကမီး၊ ခန္ဓာက လောင်စာ
ဘာဖြစ်ခဲ့သတုံး (သမုဒယနဲ့ ဒုက္ခ ဖြစ်ခဲ့ကြပါတယ်) သမုဒယ ဒုက္ခ၊ နောက်တစ်ခါ လာပြန်တော့ကော (သမုဒယဒုက္ခပါပဲ ဘုရား) နောက်တစ်ခါ လာပြန်တော့ကော (သမုဒယ ဒုက္ခပါပဲ ဘုရား) ရော ဒါဖြင့် မီးနဲ့ လောင်စာ (မှန်ပါ) သမုဒယကမီး၊ ခန္ဓာက (လောင်စာပါ ဘုရား) မီးနဲ့ လောင်စာချည်း ဖြစ်ခဲ့တယ် (မှန်ပါ) ရှင်းကြ ပလား (ရှင်းပါပြီ) ဘာတွေချည်း ဖြစ်ခဲ့ကြပါလိမ့် (မီးနဲ့ လောင်စာချည်း ဖြစ်ပါတယ် ဘုရား)။
မောင်မြလည်း တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) ဒကာသစ် ဘယ့်နှယ်နေသလဲ (ဆိုးပါတယ် ဘုရား) ဘာချည်းဖြစ်ခဲ့ကြသလဲ (မီးနဲ့ လောင်စာချည်း ဖြစ်ခဲ့ကြပါတယ် ဘုရား)။
မီးနဲ့ လောင်စာချည်း ဖြစ်နေတယ် (မှန်ပါ) ဒကာ ဒကာမတို့ နောက်ဘဝက တပည့်တော်တို့ဘုရား လူကောင်း၊ နတ်ကောင်း၊ ဗြဟ္မာကောင်း ဖြစ်ခဲ့ကြရဲ့လားဆိုတော့ အပြောတော့ဖြင့် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ အစစ်ကတော့ဖြင့် ဒကာ ဒကာမတို့ မီးနဲ့ လောင်စာပဲ ဖြစ်ခဲ့ကြတယ် (မှန်ပါ)။
ဘယ်လိုဆိုကြမယ် (မီးနဲ့ လောင်စာပဲ ဖြစ်ခဲ့ပါတယ် ဘုရား) မီးနဲ့ လောင်စာဖြစ်တယ်ဆိုတာ ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ နောက်ဘဝက ခင်ဗျားတို့ သန္တာန်ဖြင့် မဂ်ဉာဏ်ဆိုတဲ့ တရားလည်း မပေါ်ပေါက်ခဲ့ပါဘူး (မှန်ပါ) နိဗ္ဗာန်ဆိုတဲ့ တရားလည်း မျှော်မှန်းဖို့ရာ အကွက်မမြင်ခဲ့ပါဘူး (မှန်ပါ ဘုရား) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
သစ္စာလေးပါးရှိတဲ့အနက်က ၂-ပါး ကွယ်နေခဲ့ပါကလား
ဪ ခင်ဗျားတို့ သစ္စာလေးပါးရှိတဲ့အနက်က ၂-ပါး ကွယ်နေခဲ့ပါကလား (မှန်ပါ ဘုရား) ဘယ်သစ္စာ ဘယ်သစ္စာကွယ်ပါလိမ့် (မဂ္ဂနဲ့ နိရောဓ ကွယ်ပါတယ် ဘုရား) အင်း ဘယ်သူနဲ့ ကိုယ်ပိုင်နေရပါလိမ့် (ဒုက္ခနဲ့ သမုဒယနဲ့ နေရပါတယ် ဘုရား) သမုဒယသစ္စာကမီး၊ ဒုက္ခသစ္စာက လောင်စာ (မှန်ပါ)။
ဪ ဒကာ ဒကာမတို့ လောင်စာနဲ့မီးသာလျှင် အပြီးတိုင် နေခဲ့ရတယ်ဆိုတာဖြင့် သေသေချာချာသာ ကြည့်ပေတော့ ဦးခင်မောင်ရာ ဒီဥစ္စာ လိမ်ပြောတာ မဟုတ်ဘူး၊ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချပေတော့ (မှန်ပါ)။
အမြင်အားဖြင့်တော့ ဟုတ်တယ် ဖြစ်စဉ်အားဖြင့်ကော (ဟုတ်ပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ် (ရှာရပါမယ် ဘုရား) ဘာရှာရမလဲ (လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရပါမယ် ဘုရား)။
ဘဝများစွာက လောင်စာနဲ့မီး တွဲလျက်ကြီးသာ နေခဲ့ရတယ် (မှန်ပါ ဘုရား)။ ဘဝများစွာက (လောင်စာနဲ့ မီးတွဲလျက်ကြီးသာနေခဲ့ရပါတယ် ဘုရား) အခုအချိန်ကလေးမှာ ဘာရှာဖို့ သင့်ပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းရာ ရှာဖို့ သင့်ပါတယ် ဘုရား) လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ) သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်စမ်းပါ၊ အင်မတန် အရေးကြီးလို့ ပြောနေတယ် (မှန်လှပါ) တစ်သက်နဲ့ တစ်ကိုယ် ကြားရ တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ သိပ်မလွယ်ဘူးနော် (မှန်ပါ ဘုရား) လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မလွယ်ဘူး မလွယ်ဘူး၊ တစ်သံသရာလုံး နေခဲ့တာက ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခနဲ့ နေခဲ့ရတယ် (မှန်ပါ ဘုရား) တစ်ဘဝ ပြောင်းပြန်တော့လည်း ဘာနဲ့ ပြောင်းသလဲ (သမုဒယနဲ့ ဒုက္ခနဲ့ ပြောင်းပါတယ် ဘုရား)။
သမုဒယက စီမံလိုက်၊ ဒုက္ခခန္ဓာက ဖြစ်လိုက်
သမုဒယက စီမံလိုက်၊ ဒုက္ခခန္ဓာက ဖြစ်လိုက် (မှန်ပါ) ရောက်ရာဘဝ သမုဒယခန္ဓာက ဒုက္ခအသီးအပွင့်တွေ သီးပွင့်ပြီး ဒုက္ခခန္ဓာတည်းဟူသော အပင်ကြီးပေါက်လိုက်၊ ဒီလိုချည်းပဲ ဖြစ်ခဲ့တယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ ငြင်း စရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါကြောင့် ဦးခင်မောင် မဂ္ဂနဲ့ နိရောဓကိုဖြင့် မျှော်မှန်းဖို့ရာ အခွင့်အရေးကို မကြုံခဲ့ပါကလား (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုမြရွှေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) နောက်ဘဝတွေက ကျုပ်တို့ ဘာတွေနဲ့ များနေခဲ့ကြရပါလိမ့် (သမုဒယ နဲ့ ဒုက္ခနဲ့ နေခဲ့ရပါတယ် ဘုရား) သမုဒယဆိုတာက မီးဗျာ (မှန်ပါ) ခန္ဓာက (လောင်စာပါ ဘုရား) အင်း မီးနဲ့ လောင်စာနဲ့ မီးနဲ့လောင်စာနဲ့ ချည်းပဲ ကျုပ်တို့ တစ်ခါတည်း ဇာတ်သိမ်းခဲ့ရတယ် (မှန်ပါ) မီးနဲ့ လောင်စာနဲ့တွဲ၊ နောက်ဆုံးပိတ် ပြောင်ပြီး သကာလ သေလိုက်၊ နောက်တစ်ခါ မီးနဲ့ လောင်စာနဲ့တွဲ၊ ဖြစ်ပြန်ပြီ (မှန်ပါ ဘုရား) မလာ ဘူးလား (လာပါတယ် ဘုရား)။
သေခြင်းကောင်းများပါခဲ့ကြရဲ့လား
ဒီလိုချည်းနဲ့ သေခဲ့ရတာဖြင့် သေခြင်းကောင်းများပါခဲ့ကြရဲ့လား (မပါပါ ဘုရား)။
အင်း ဘာနဲ့များ သေခဲ့ရသလဲ (သေခြင်းဆိုး သေခဲ့ရပါတယ် ဘုရား) နေတော့ကောဗျာ (နေခြင်းဆိုး နေခဲ့ရပါတယ် ဘုရား)။
နေတော့ နေခြင်းဆိုး၊ သေတော့ သေခြင်းဆိုး (မှန်ပါ ဘုရား) နေတော့ကော (နေခြင်းဆိုးပါ ဘုရား)။
ဒီမှာ နို့ ကိလေသာပဲ ပေါက်ပွားနေတာကိုး (မှန်ပါ) ခန္ဓာထဲမှာ ကိလေသာ ပေါက်ပွားနေတော့ ဒီခန္ဓာထဲ လောင်နေတာပဲ (မှန်ပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ သေခြင်းဆိုး ဆိုတာလည်း မနာကြပါနဲ့ (မှန်ပါ ဘုရား) သေတော့လည်း ကိလေသာမီးလောင်ပြီး သကာလ သားစိတ်မချ၊ သမီးစိတ်မချဘဲနဲ့ ပစ္စည်းလိုသလောက် မပြည့်ဘဲနဲ့ ဖြစ်မှ ဖြစ်ရလေ ခြင်းဆိုပြီး ဒီမီးလောင် သေသွားတာပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သေတော့လည်း ဒီမီးလောင်သေတာပဲ (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ တပည့်တော် တပည့်တော်မတို့သည် ဘုရား ဘဝများစွာ သံသရာက ဘယ်လိုနေလို့ ဘယ်လိုထိုင်ခဲ့ရပါလိမ့်မလဲဆိုတာ မမေးပါနဲ့တော့ ဒကာ ဒကာမတွေ ပြတာနဲ့ ရှင်းပြီ (မှန်ပါ ဘုရား)။
ဘယ်လိုများ နေခဲ့ကြရပါလိမ့် (နေခြင်းဆိုးနဲ့ သေခြင်းဆိုးနဲ့ နေခဲ့ရပါတယ် ဘုရား) နေခြင်းဆိုး သေခြင်းဆိုး နဲ့ နေခဲ့ရတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နေတော့လည်း လောင်စာနဲ့ မီး တွဲလျက်ပဲ (မှန်ပါ)၊ သေတော့လည်း မီးလောင်လို့ သေလိုက်ရတယ် (မှန်ပါ ဘုရား)။
သားစိတ်ချလို့သေတဲ့ အဖေ အမေရှားလိမ့်မယ် (ရှားပါတယ် ဘုရား) သမီးစိတ်ချလို့သေတဲ့ အမေ အဖေကော (ရှားပါတယ် ဘုရား) ပစ္စည်းရှာလို့ အားရကာ အမွေပေးခဲ့ရတာ အားရလို့ သေသွားတဲ့အမေ အဖေကော (ရှားပါတယ် ဘုရား)။
ဒါဖြင့် စိုးရိမ်မှု ကြောင့်ကြမှု ဗျာပါရမှု ခင်မှုတန်းလန်း, မင်မှုတန်းလန်း, စာရင်းမချုပ် အင်းမချုပ်နဲ့ မီးလောင် သေတယ် (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်မှုတန်းလန်း မင်မှုတန်းလန်းနဲ့ စာရင်းမချုပ် အင်းမချုပ်နဲ့ ဘာဖြစ်သွားသတုံး (မီးလောင်သေသွားရပါ တယ် ဘုရား) အင်း ဒကာ ဒကာမတို့ ကြောက်စရာ ကောင်းလွန်းလို့ ဒီဥစ္စာ သစ္စသံယုတ်မှာလာတာ ပြောနေပါ တယ်နော် (မှန်ပါ ဘုရား)။
ကိုယ့်အကြောင်း ကိုယ်သိကြပလား
ကိုင်း ကိုယ့်အကြောင်း ကိုယ်သိကြပလား (သိကြပါပြီ ဘုရား) ဒါဖြင့် သစ္စာနှစ်ပါးနဲ့ လည်နေခဲ့ရတယ် (မှန်ပါ) သစ္စာ နှစ်ပါးက စုန်းစုန်းမြုပ်နေတယ် (မှန်လှပါ ဘုရား)။
ကျုပ်တို့ ဉာဏ်ထဲမှာလည်း မပေါ်လာ၊ တွေ့လည်း မတွေ့ရ (မှန်ပါ ဘုရား) ဒါဖြင့် ဆင်းရဲသစ္စာ နှစ်ပါးနဲ့သာ အချိန်ကုန်ခဲ့ရ၍ ချမ်းသာသစ္စာ နှစ်ပါးကို မျှော်မှန်းနိုင်တဲ့ဘဝ မရခဲ့ဘူး (မရခဲ့ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဘဝ ခင်ဗျားတို့ အခု အားလုံးပဲ သံဃာတော်တွေ ဆရာတော်တွေ ပြောဆိုညွှန်ပြ ဟောကြားဆုံးမ နေတဲ့ ကိုယ့်ကိုယ်ကိုယ် ကယ်မည့်ယူမည့်သစ္စာ နှစ်ပါးကို အရမယူလိုက်ရလို့ရှိရင်ဖြင့် ခုနက ဂလိုင်သုတ်ထားတဲ့ ကြေးအိုးဖင်ချွန်းထဲမှာ ကျသွားတဲ့ အိမ်မြှောင်တော့ ဖြစ်တော့မယ် (မှန်ပါ ဘုရား)။
တက်လိုက် အထက်ရောက်ခါနီး လျောကျလိုက် (မှန်ပါ) ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဘယ်တော့ အလင်းကိုရောက်ခဲ့တယ် ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီမှာ ခင်ဗျားတို့ သမုဒယသစ္စာကလည်း အမဲသစ္စာ၊ ဒုက္ခသစ္စာကလည်း ဆင်းရဲသစ္စာ (မှန်ပါ)။
အမဲနဲ့ ဆင်းရဲ ဦးခင်မောင်ရေ ဘာတဲ့တုံး (အမဲနဲ့ ဆင်းရဲပါ ဘုရား) နောက်တစ်ခါ လာပြန်တော့ကော (အမဲနဲ့ ဆင်းရဲပါပဲ ဘုရား) အမဲနဲ့ ဆင်းရဲပဲ။
နောက်တစ်ခါ လာပြန်တော့ကော (အမဲနဲ့ ဆင်းရဲပါပဲ)။
ဪ ဒကာ ဒကာမတို့ မှောင်မည်းနေရတဲ့အထဲမှာ ဆင်းရဲပွဲ နွှဲနေရတာကိုး (မှန်ပါ ဘုရား)။
မှောင်မည်းနေတဲ့အထဲမှာ (ဆင်းရဲပွဲနွဲနေရပါတယ် ဘုရား) ဘယ်တော့မှ မဂ်ရောင်ခြည် မသမ်းပါကလား (မှန်ပါ)။
ဘယ်တော့မှ မဂ်ရောင်ခြည် မသမ်းဘူး
ဘယ်တော့မှ မဂ်ရောင်ခြည် မသမ်းဘူး၊ ဘယ်တော့မှ နိဗ္ဗာန်ဆိုတဲ့ နေကြီးကလည်း မထွက်လာပါကလား ဒကာဝ-ရ (မှန်လှပါ ဘုရား) အင်မတန် ခက်နေပါပေါ့ကလား (ခက်ပါတယ် ဘုရား)။
အဲဒါ ဘယ်သူ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ဒီအထဲမှာ အရေးအကြီးဆုံး ပြောကြပါစို့ ဆိုတော့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိနှစ်ပါးကို မပယ်နိုင်တဲ့အတွက် ဦးခင်မောင် အဖြစ်ဆိုးကြီးနဲ့ ကြုံကြဆုံကြရတယ်ဆိုတာ သေသေချာချာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။
သဿတဒိဋ္ဌိကလည်း ဪ ငါ့သားသမီးကလေးတွေ လူလားမြောက်ချင်လိုက်တာ၊ ဒါသဿတဒိဋ္ဌိဗျ (မှန်ပါ ဘုရား)။
ငါရှိတုန်း ဘာတုံး (ငါ့သားသမီးကလေးတွေ လူလားမြောက်ချင်လိုက်တာ) ဒါမှ ငါအသေကောင်းမှာ (မှန်ပါ) ငါအသေကောင်းပြီး သကာလ ငါပဲ သုဂတိရောက်မှာဆိုတော့ ဘာဒိဋ္ဌိတွေ ဖြစ်နေသလဲ (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။
ဪ သဿတဒိဋ္ဌိတွေ ဖြစ်ပြီး သကာလ နေကြတော့ အင်း ဟင် ဒကာ ဒကာမတို့ အခု သားတွေ သမီးတွေ လုပ်ကိုင် ကျွေးနိုင်တာ ကိုယ့်အသေတွေးကြပလားတဲ့။ ဘယ်တော့ ငါသေလိမ့်မယ်၊ ငါ သူတော်ကောင်းတရား မြန်မြန်အားထုတ်မှပဲလို့ ဆိုပြီး သကာလ ကျွေးကြ မွေးကြတာလား သူတို့ လူလားမြောက်ဖို့ စောင့်ပြီး သကာလ လုပ် ကျွေးနေတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (လူလားမြောက်ဖို့ စောင့်ပြီး လုပ်ကျွေးနေကြတာပါ ဘုရား) ဒါ သဿတဒိဋ္ဌိပဲတဲ့ (မှန်ပါ)။
သူတို့ လူလားမြောက်ရင် ငါဘာဖြစ်ဖြစ်ဆိုတဲ့ အဓိပ္ပာယ်ကော မပါဘူးလား (ပါပါတယ် ဘုရား)။
မိုက်ချက်က သိပ်သန်တယ်
တယ်လည်း မိုက်ချက်က သန်ပါကလား (သန်ပါတယ် ဘုရား) မိုက်ချက်က သိပ်သန်တယ်၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အခုအချိန်မှာပဲ နာရီလည်း နီးလာလို့ သဿတ ဥစ္ဆေဒ အစေလကဿပဖြတ်ပြီး သကာလ နိဗ္ဗာန်ဝင် တဲ့ အလုပ် လုပ်ကြစို့ (မှန်ပါ ဘုရား)။
နိဗ္ဗာန်ဝင်တဲ့အလုပ် လုပ်မှသာလျှင် မဂ္ဂနဲ့နိရောဓပေါ်မှာကိုး (မှန်ပါ ဘုရား) နို့မဟုတ်ရင်ဖြင့် လောင်စာနဲ့ မီးချည်း လှည့်နေမှာပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ်ပြကြစို့ (မှန်ပါ ဘုရား) ဘာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့ အလုပ် လုပ်ပြကြစို့ပါ ဘုရား)။
ခင်ဗျားတို့နောက်က နေခဲ့ရတာ လောင်စာနဲ့မီး တွဲလျက်ကြီးသာ အချိန်ကုန်ခဲ့တယ် (မှန်ပါ ဘုရား)။
နောက်ဘဝများစွာက တပည့်တော်တို့ ဘာများဖြစ်ခဲ့ပါလိမ့် (လောင်စာနဲ့ မီးတွဲလျက်ကြီး ဖြစ်ခဲ့ပါတယ် ဘုရား)။
အခု ဘုန်းကြီးဟောမည့်တရားကို ဒကာ ဒကာမတွေ အလုပ်လုပ်လို့ရှိရင်ဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတော့ မယ် (မှန်ပါ ဘုရား)။
ဘယ်လိုဆိုကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတော့ပါမယ် ဘုရား) လောင်စာသိမ်း၍ မီးငြိမ်းတော့မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ကြပါ (မှန်ပါ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာ စကြစို့
ကိုင်း ဒါဖြင့် စကြစို့၊ လောင်စာသိမ်း၍ မီးငြိမ်းတာ စကြစို့ဆိုတော့ ဒါအဖြစ်ဆိုးသိမှ အဖြစ်ကောင်းကို ဦးခင်မောင် ရှာမယ်နော် (မှန်ပါ)။
အဖြစ်ဆိုးမှ မသိတဲ့ပုဂ္ဂိုလ်ဟာ အဖြစ်ကောင်းကို မရှာနိုင်ဘူး။ ကဲ ဒါဖြင့် ဝတ္ထုကလေး နည်းနည်း စကြစို့ ဒကာ ဒကာမတို့၊ မနေ့ကလည်း စတော့ စတယ်၊ စတာနဲ့ သိမ်းလိုက်ရတယ် ဒီနေ့တော့ တော်တော်ခရီး ပေါက်ပါလိမ့်မယ် (မှန်ပါ)။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံဝင်ပါတယ် ဦးဝရနော် (မှန်ပါ) ဆွမ်းခံ ဝင်ပြီး သကာလ မြို့ထဲ ရွာထဲမှာ ရောက်သွားပါတယ်။
အစေလကဿပဆိုတာ အစေလ ဆိုတာက နိစ္စေလဆိုတဲ့ အတိုင်းပါပဲ ဒကာ ဒကာမတို့ အဝတ်မပါဘူး (မှန်ပါ) လူနာမည်ကတော့ ကဿပတဲ့၊ အဝတ်မပါတဲ့ ကဿပပေါ့ဗျာ (မှန်ပါ)။
သူကလည်း တိတ္ထိတို့ဘာဝ တိတ္ထိတို့ လမ်းစဉ်အတိုင်း သူကလည်း ဆွမ်းခံထွက်တာပဲ (မှန်ပါ) အဝတ်မပါဘူး။
ဦးခင်မောင် အဝတ်ပါရဲ့လား (မပါပါ ဘုရား) သို့သော်လည်း သူတို့ကို ကြည်ညိုတဲ့ပုဂ္ဂိုလ်လည်း ရှိတာပဲ။ ဘာပြုလို့တုံး ခြိုးခြံလွန်းလို့ ကြည်ညိုတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ကြည်ညိုပါလိမ့် (ခြိုးခြံလွန်းလို့ ကြည်ညိုပါတယ် ဘုရား)။
ဪ အဝတ်မပါအောင် ခြိုးခြံတာကိုပဲ ဒကာ ဒကာမတွေ ဝမ်းထဲမှာ ဒိဋ္ဌိရှိနေတော့ ဟီရိဩတ္တပ္ပ ကင်းတာကို ခြိုးခြံတဲ့အထဲ သွားလိုက်တယ် (မှန်ပါ) ဘယ်လောက်များ ဆိုးသွားတယ်ဆိုတာ (ဆိုးပါတယ် ဘုရား) ဘုရားမပွင့်ခင်တုန်းကလေ (မှန်ပါ)။
ဟီရိဩတ္တပ္ပကင်းတာ ဘယ်အထဲ သွင်းလိုက်သလဲ (ခြိုးခြံတဲ့အထဲ သွင်းလိုက်ပါတယ် ဘုရား)။
အေး ဒီဥစ္စာ ကိုယ့်အယူနဲ့ကိုယ် မှားနေတဲ့ဥစ္စာတွေဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ပုစ္ဆာကလေးတစ်ခု မေးပါရစေ
ကိုင်း ဒါဖြင့် အစေလကဿပကလည်း အဝတ်မပါဘဲနဲ့ ဆွမ်းခံလာတဲ့အခါ ဘုရားနဲ့ သွားတွေ့တယ် (မှန်ပါ) ဘုရားနဲ့ သွားတွေ့တဲ့အခါ အရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေတဲ့။
ဟ ကဿပ ရွာထဲမှာကွ၊ ငါလည်း သင်္ကန်းရုံကြီးနဲ့ ဆွမ်းခံရင်းကွ၊ အဲဒီတော့ ဘယ်တော်ပါ့မလဲ၊ ဒီအချိန် မမေးနဲ့ဦးကွ၊ တစ်ခါ ပယ်ချလိုက်တယ်နော် (မှန်ပါ)။
နောက် တစ်ပြ နှစ်ပြလောက် ဆွမ်းခံကြွမိပြန်တော့ အစေလကဿပက နောက်က လိုက်ပြီး သကာလ ဒကာဝ တို့ ဦးခင်မောင်တို့ အရှင်ကြီး ဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေ (မှန်ပါ)။
ဟ ဆွမ်းခံတုန်းကွ အစေလကဿပရ၊ မေးလို့မတော်သေးဘူး (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်နှစ်ခါ ရှိပြီလဲ (နှစ်ခါရှိပါပြီ ဘုရား)။
နောက်ကျတော့ နောက် နှစ်ပြ သုံးပြလောက် သွားပြန်တော့လည်း သူကလည်း နောက်က လိုက်လာပြန်တယ် ဦးခင်မောင်ရေ (မှန်ပါ ဘုရား)။
အရှင်ကြီးဂေါတမ များလည်း မများပါဘူး။ မသိလည်း မသိလို့ပါ။ ဒီပုစ္ဆာကလေး မေးပါရစေ ဆိုပြီး သကာလ တောင်းပန်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကဲ မေးတာပေါ့ကွာ တဲ့ (မှန်ပါ)။
သုံးခါမြောက်ကျတော့ မေးတာပေါ့ကွာ ဆိုတဲ့ အမိန့်ကလေး ရတယ်ဆိုကြပါစို့ (မှန်ပါ)။
ဘယ့်နှယ်ကြောင့် ဒီလောက်တောင် ဘုရားသခင်ကိုယ်တော်မြတ်ကြီး နှစ်ခါ ပယ်ရပါလိမ့်မတုံးဆိုတော့ တိတ္ထိ တွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီး မေးရတာလွယ်တယ် ပြုတယ်ဆိုပြီး အဖြေပေးလိုက်တဲ့အခါ ဦးခင်မောင် ပေါ့ပေါ့ဆဆယူသွားမှာလည်း စိုးရိမ်တယ် (မှန်ပါ)။ ဒါကြောင့်လည်း ဆိုင်းငံ့တာ တစ်မျိုး (မှန်ပါ) တစ်နည်းအားဖြင့် လည်း သူ့မှာ ဉာဏ်မရင့် သေးတာနဲ့ အဖြေကို နားမလည်မှာစိုးတာနဲ့ ဆိုင်းငံ့တာက တစ်မျိုး (မှန်ပါ)။
ဆိုင်းငံ့နည်း နှစ်မျိုးနော် (မှန်ပါ) ပေါ့ပေါ့နဲ့ ဖြေလိုက်လို့ရှိရင် အဖြေအဖိုးမတန်မှာ စိုးလို့ တားမြစ်ပြီး နေရ ခြင်း တစ်မျိုး (မှန်ပါ ဘုရား)။
တစ်နည်း အစေလကဿပမှာ ဉာဏ်မရင့်သေးလို့ ဉာဏ်ရင့်အောင် ဆိုင်းငံ့ပြီး သကာလ တားမြစ်ခြင်းကလည်း တစ်မျိုးနဲ့ တားမြစ်ထားပါတယ် (မှန်ပါ)။
သုံးခါမြောက်ကျတော့ ဦးဝ ဘာတဲ့တုံး မေးကွာတဲ့ (မှန်ပါ) မေးကွာလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
မေးကွာလို့ ပြောတော့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူက မေးလိုက်ပါတယ်၊ ဘယ်လိုမေးလိုက်သလဲလို့ မေးတော့ ဒီမှာ ပြထားတယ်၊ ဒါကြီးဟာ ဘာသစ္စာပါလိမ့် ဒကာ ဒကာမတို့ ခုနင်က နားလည်တာ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာဆိုတော့ အခု ဒကာ ဒကာမတွေကို အခု ဘုန်းကြီးက ဉာဏ်က ရှေ့ပိုင်းက ရှင်းထားတဲ့အတွက် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဒုက္ခသစ္စာ” (မှန်ပါ) မပြသေးဘူးလား (ပြပါတယ် ဘုရား)။
ဒါပါပဲတဲ့၊ အဲဒီတော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာနော် (မှန်ပါ) ဝိပါကဝဋ်ကော ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား) ကိလေသဝဋ်, ကမ္မဝဋ်၊ ဝိပါကဝဋ် ခုနင်က ရှင်းထားပြီနော် (မှန်ပါ)။
အဲဒါ စောစောက ဟောတာဟာ ဒီအစေလကဿပဟောတဲ့အခါမှာ အဆင်သင့် နားလည်သွားအောင်လို့ ဒကာဝ ရှေ့က လမ်းခင်းတာ (မှန်ပါ ဘုရား)။
သေသေချာချာ နားထောင်ကြ ဒကာ ဒကာမတွေ ဒီဥစ္စာ နားကြီးကြီးနဲ့ ထောင်ပြီး ဪ တို့ ကျွတ်တမ်း ဝင်ရမှာ ဒါပါကလားဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
(၁)ဒုက္ခကို မိမိပြုတာလား
ကဲ ဒါဖြင့် သွားကြစို့၊ အစေလကဿပ မေးတော့ကွ ဆိုတော့ မေးလိုက်တယ်၊ အရှင်ကြီးဂေါတမ တဲ့ ဒုက္ခကို မိမိပြုတာလားတဲ့ (မှန်ပါ)။
မေးပြီနော် (မှန်ပါ) ဘာတဲ့တုံး (ဒုက္ခမိမိပြုတာလားတဲ့) ဒုက္ခ မိမိပြုတာလားဆိုတော့ ဘုရားက ပယ်လိုက် တယ်။ ဒုက္ခမိမိပြုတာ မဟုတ်ပါဘူးကွာ တဲ့ (မှန်ပါ)။
ဒီလိုဆိုတော့ ဒကာ ဒကာမတွေက ရှင်းနေတယ် (မှန်ပါ) ကြည့်စမ်း ကိလေသဝဋ် ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)။
ကြည့်စမ်း ၊ ကမ္မဝဋ်ပြုတာ ကိလေသဝဋ်ပြုတာ (မှန်ပါ) သေချာပလား (သေချာပါပြီ) ဘယ်ဝဋ်ပြုတာပါ လိမ့် (ကိလေသာဝဋ်နဲ့ ကမ္မဝဋ်ပြုတာပါ ဘုရား)။
ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကပြုလို့ ဒီမှာဘာတုံး၊ ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာ (မှန်ပါ)။
ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီဟာ မိမိလားဆိုတော့ အဝိဇ္ဇာ (မှန်ပါ) ဒီဟာ မိမိလားဆိုတော့ သင်္ခါရ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဒီဟာ မိမိလားဆိုတော့ (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ) ရှင်းနေပြီ ရှင်းနေ ပြီ၊ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ကိုပဲ မေးပါတယ်၊ ဒကာ ဒကာမတို့ ခန္ဓာက ဒါပဲ၊ အခုတရားနာနေတဲ့ ခန္ဓာနော် (မှန်ပါ ဘုရား) ခန္ဓာငါးပါးနဲ့ တရားနာနေကြတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို အစေလကဿပက မေးလိုက်တယ်၊ အရှင်ကြီးဂေါတမ ဒုက္ခ မိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့) ဘုရားက မဟုတ်ဘူးလို့ ဖြေ တယ် (မှန်ပါ)။
ခင်ဗျားတို့ကော ခင်ဗျားတို့ဒုက္ခ ခင်ဗျားတို့ပြုလို့ရတာလား (မဟုတ်ပါ ဘုရား) ဘယ်သူပြုတာပါလိမ့် (ကိလေသ ဝဋ်နဲ့ ကမ္မဝဋ်ပါ ဘုရား)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ်နဲ့ ရောပြုလိုက်တယ် (မှန်ပါ) သဘောပါကြလား (ပါပါတယ် ဘုရား)။
ဒုက္ခမိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါ တယ် ဘုရား) ဟော သူ့အကြောင်းကြောင့် သူ့အကျိုးဖြစ်တယ် (မှန်ပါ) သေချာကြပလား (သေချာပါပြီ)။
ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပြုတာ
ကောင်းပြီ ဒါဖြင့် ပထမပုစ္ဆာမှာ အစေလကဿပကသာ မသိတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှင်း သွားပြီ (မှန်ပါ)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) ဒုက္ခ မိမိပြုတာလား (မဟုတ်ပါ ဘုရား) ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပြုတာ (မှန်ပါ) သေချာပြီနော် (သေချာပါပြီ)။
ဒကာဝရေ သေသေချာချာ မှတ်ပါ ၊ သေသေချာချာ မှတ်ပါ ဒီတရားကို ဦးခင်မောင် တွင်တွင် ဟောလို့ မဖြစ်ဘူးနော် (မှန်ပါ)။
ခင်ဗျားတို့ နားလည်မှုအတွက် အရေးတကြီး ဆင်ပြီး ပြောရပါတယ် (မှန်ပါ ဘုရား) ကိုင်း နားထောင် ကောင်းအောင် ဟောတဲ့တရား မဟုတ်ဘူး၊ ကိုယ့်ဖြစ်စဉ်ကိုယ်သိအောင် ဟောတဲ့တရား (မှန်ပါ ဘုရား) ကိုယ့်ဖြစ်စဉ် ကို ကိုယ်ဇာတ်သိမ်းချင်တဲ့ ဉာဏ်ကို ရအောင် ဟောတဲ့တရားလို့ မှတ်ကြပါနော် (မှန်ပါ)။
ကိုင်း ဒါဖြင့် အစေလကဿပ ဆွမ်းခံရင်း မေးပါတယ် ဒကာ ဒကာမတို့ ဒုက္ခမိမိပြုတာလား လို့ ဘုရားကိုမေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါဘူးတဲ့)။
ကိုင်း ယုံကြပလား (ယုံပါပြီ ဘုရား) ဒါ ဒုက္ခသစ္စာမဟုတ်လား (မှန်ပါ) မိမိပြုတာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
အိုး ဒကာ ဒကာမတို့ ကိုယ်ပြုလို့ကိုယ်ရတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဒီလိုဆိုတော့ ဒုက္ခ မိမိပြုတာလားဆိုတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က ပြုတာဆိုရင်လည်း ဟုတ်တာပဲ (မှန်ပါ) ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဖြစ်တယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ အကြောင်းကြောင့်ဖြစ်တဲ့အကျိုး ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။
အဲဒီလိုဆိုတော့ မိမိပါသေးရဲ့လား (မပါပါ ဘုရား) ဒီမှာ သဿတ စင်သွားနိုင်တယ် (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး ရထားတာ ကိုယ်လုပ်လို့ ကိုယ်ရထားတာလား (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကြောင့် ရထားတာပါ ဘုရား)။
ကိလေသဝဋ်နဲ့ ကမ္မဝဋ်တို့က ပြုပြင်လိုက်တဲ့အတွက် ဝိပါကဝဋ် ခန္ဓာကြီးမရလား (ရပါတယ် ဘုရား) မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ကိုမြရွှေ ကျေနပ်တဲ့လား (ကျေနပ်ပါတယ် ဘုရား) ဒီဘက်က ဒကာတွေ ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ၁-နံပါတ်ပုစ္ဆာ ခင်ဗျားတို့ ဉာဏ်ထဲမှာဖြင့် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
(၂)ဒုက္ခ သူတစ်ပါးပြုတာလား
ကောင်းပြီ ၂-နံပါတ် ပုစ္ဆာမေးလိုက်ဦး၊ ဘုရားကိုပဲ အစေလကဿပက မေးလိုက်တယ် (မှန်ပါ) အရှင်ကြီး ဂေါတမ ဒုက္ခ သူတစ်ပါးပြုတာလားလို့ မေးလိုက်တယ်၊ ဘုရားက မဟုတ်ဘူးကွာတဲ့ (မှန်ပါ ဘုရား)။
ဒီဒုက္ခ သူတစ်ပါး ပြုတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာဆိုရင် ဟိုသူတစ်ယောက် ပေးလို့ရသလို ဖြစ်နေမှာပေါ့ (မှန်လှပါ ဘုရား) အခုတော့ ဒီလိုဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဘယ်သူက ပြုတာပါလိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ်က ပြုတာပါ) ကိလေသဝဋ်နဲ့ ကမ္မဝဋ်က ပြုလိုက်တာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ရှင်းလိုက်တာ – ရှင်းလိုက်တာ ဦးခင်မောင်ရေ (မှန်ပါ ဘုရား) ဒုက္ခ သူတစ်ပါးပြုတာလည်း မဟုတ်ဘူး (မှန်ပါ) သူတစ်ပါးပြုရင် သူတစ်ပါးခံဆိုတဲ့ အဓိပ္ပာယ်မျိုး ယူသွားလို့ ရှိရင်လည်း ပြုတဲ့လူက သူတစ်ပါး ခံရတဲ့လူကော (သူတစ်ပါးပါ ဘုရား)။
သူတစ်ပါးဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ် ဘုရား) အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေ တော့ဖြင့် ခုနင်က သဿတဒိဋ္ဌိ စင်ခဲ့တယ်၊ ယခု ဥစ္ဆေဒဒိဋ္ဌိ စင်သွားပြီ (မှန်ပါ ဘုရား)။
ပြန်မေးလိုက်ဦးမယ် သဿတကို၊ ဒုက္ခမိမိပြုတာလား (မဟုတ်ပါ ဘုရား) ဘယ်သူပြုတာပါလိမ့် (ကိလေသဝဋ် နဲ့ ကမ္မဝဋ် ပြုတာပါ ဘုရား) အဲဒီကတည်းကိုက ဒီအထဲ မိမိပါသေးရဲ့လား (မပါပါ ဘုရား) မိမိပြုတာ မဟုတ်သော ကြောင့် ဒီဥစ္စာကော မိမိဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်ပါ)။
အခု တရားနာနေကြတာ ဘယ်သူတွေပါလိမ့် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေပါ ဘုရား) ကဲ မိမိပြုလို့ မိမိရထားတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ငါပြုလို့ ငါရတာဆိုရင် သဿတဒိဋ္ဌိဖြစ်မယ် (မှန်ပါ) အခုဒီအထဲမှာ ငါပါရဲ့လား (မပါပါ ဘုရား) အကျိုးထဲမှာရော (မပါပါ ဘုရား) အကြောင်းထဲမှာရော (မပါပါ ဘုရား)။
သဿတဒိဋ္ဌိစင်ပြီ
ဒါဖြင့် သဿတဒိဋ္ဌိစင်ပြီ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ သဿတဒိဋ္ဌိစင်ပြီ သေချာပြီ ခင်ဗျားတို့ မကြာတော့ဘူးတဲ့ အလုပ် စခန်းဝင်လို့ရှိရင် နိဗ္ဗာန်ကို ဒိဋ္ဌိစင်ပြီးမှလုပ်ရင် ဦးခင်မောင် သေသေချာချာ ရမယ် (မှန်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ဒိဋ္ဌိစင်အောင် လုပ်ပေးနေတယ် (မှန်ပါ) ကိုင်း ဒါဖြင့် အရှင်ကြီးဂေါတမ တဲ့၊ ဒုတိယ ပုစ္ဆာက ဒုက္ခကို သူတစ်ပါးပြုတာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ် ဖြေသလဲ (မဟုတ်ပါဘူးတဲ့)။
ကဲ ဒကာ ဒကာမတွေ မဟုတ်တာကော သေချာပလား (သေချာပါပြီ) ဘယ်သူတစ်ပါး ဟုတ်ရမလဲ၊ ကိလေသ ဝဋ်ကြောင့် ကမ္မဝဋ်က ပြုပြင်လိုက်တော့ ဘာဖြစ်တာလဲ (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား) ဝိပါကဝဋ် ဒုက္ခသစ္စာကြီး ပေါ်လာတယ် (မှန်ပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား) ဝိပါကဝဋ် ဒုက္ခသစ္စာကြီး လှလှကြီးပေါ်လာတာ ခင်ဗျားတို့ ခန္ဓာပဲ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဥစ္ဆေဒ ဒိဋ္ဌိဖြစ်တယ်
ဒါဖြင့် နောက်ပုစ္ဆာကို သူတစ်ပါး ပြုတာပဲလို့ ထင်လိုက်လို့ရှိရင် တချို့ဘာသာမှာ ဗြဟ္မာကြီးက ဖန်ဆင်း တယ်၊ ထာဝရက ဖန်ဆင်းတယ်၊ ဒီလိုယူပစ်လိုက်တယ် (မှန်ပါ) သူတစ်ပါးပြုတာ ယူလိုက်တယ် (မှန်ပါ)။
ဒီခန္ဓာဟာလေ (မှန်ပါ) ခန္ဓာဒုက္ခသစ္စာကြီး သူတစ်ပါးပြုတယ်လို့ ယူလိုက်တော့ ဒကာ ဒကာမတို့ ပြုသူက တခြားရသူက တခြားဆိုတော့ အကြောင်းအကျိုး ဆက်သေးရဲ့လား (မဆက်ပါ ဘုရား) ဥစ္ဆေဒ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ) အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ ဒီ ဥစ္ဆေဒဒိဋ္ဌိကော ရှိပါရဲ့လား (မရှိပါ ဘုရား) သေချာပလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိဘယ်နှစ်ခုစင်ပြီလဲ (နှစ်ခုစင်ပါပြီ ဘုရား) ဒုက္ခ မိမိပြုတာလားဆိုတုန်းက ဘာစင် ခဲ့သတုံး (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား) ဒုက္ခ သူတစ်ပါး ပြုတာလားလို့ သိတော့ (ဥစ္ဆေဒိဋ္ဌိ စင်ပါတယ် ဘုရား) သူတစ်ပါး ပြုတာမဟုတ်ပါဘူး၊ ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တာပါလို့ သိလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ မစင်ဘူးလား (စင်ပါတယ် ဘုရား)။
(၃)ဒုက္ခဟာ မိမိ သူတစ်ပါး နှစ်ဦးသားရော ပြုတာလား
၃-နံပါတ်ပုစ္ဆာ မေးပြန်တယ်၊ အစေလကဿပ မကျေနပ်ဘူး၊ အရှင်ကြီးဂေါတမ တဲ့ ဒါဖြင့် ဒုက္ခဟာ မိမိ သူတစ်ပါး နှစ်ဦးသားရော ပြုတာလားလို့ မေးပြန်တယ် (မှန်ပါ) ဦးခင်မောင်ရေ ဘယ်လိုများ မေးလိုက်ပြန် ပါလိမ့် (ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသားရော ပြုတာလားလို့ မေးတယ် ဘုရား) မိမိသူတစ်ပါး နှစ်ဦးသားရောပြု တာလားလို့ မေးတော့ သဿတနဲ့ ဥစ္ဆေဒရော မေးလိုက်တယ် (မှန်ပါ ဘုရား)။
ဒီလိုဆိုတော့လည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟုတ်ပါဘူးကွလို့ပဲ ဖြေလိုက်တယ် (မှန်ပါ ဘုရား) ဒကာ ဒကာမတွေ ယုံပြီလား (ယုံပါတယ် ဘုရား) မိမိ ဒီအထဲ ပါရဲ့လား (မပါပါ ဘုရား) သူတစ်ပါးကော ပါရဲ့လား (မပါပါ ဘုရား) ဒါ မိမိလည်း မဟုတ်ပါဘူး၊ သူတစ်ပါးလည်း မဟုတ်ပါဘူး၊ ကိလေသဝဋ် ကမ္မဝဋ်တွေပါ (မှန်ပါ)၊ ဒီ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ခန္ဓာကြီးဖြစ်တော့ မိမိလည်း မဟုတ်ပါဘူး၊ သူတစ်ပါးလည်း မဟုတ်ပါဘူး၊ အကြောင်းကြောင့် ဖြစ်တဲ့အကျိုးပဲ (မှန်ပါ)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးပါ ဘုရား) အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး ပဲဆိုတာ သေချာပလား (သေချာပါပြီ) ကိုင်း ဒီလိုဆိုတော့ သဿတဥစ္ဆေဒ မစင်သေးဘူးလား (စင်ပါတယ် ဘုရား) အကြောင်းအကျိုးတော့ ဦးခင်မောင် မလွဲစေနဲ့နော် (မှန်ပါ) အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးချည်းပဲ (မှန်ပါ)။
ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဘာဖြစ်ပါလိမ့် (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ကောင်းပြီ၊ ဒါဖြင့် ပုစ္ဆာ သုံးခုစလုံးမှာ ဒကာ ဒကာမတို့ သဿတဥစ္ဆေဒ ဉာဏ်ထဲမှာ စင်ပလား (စင်ပါပြီ ဘုရား)၊ ကိုယ့်ဉာဏ်ထဲမှာ ကိုယ့်ဉာဏ်ထဲမှာ (စင်ပါတယ် ဘုရား)။
ဒီခန္ဓာကြီးဟာ တရားနာတဲ့ခန္ဓာကြီး (မှန်ပါ) အင်း တရားနာတဲ့ ခန္ဓာကြီး မိမိပြုတာလား (မဟုတ်ပါ ဘုရား) သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား) အင်း ဒီအကြောင်းကြောင့် ဒီအကြောင်းနှစ်ခုကြောင့် ဒီအကျိုး ပေါ့ဗျာ (မှန်ပါ) သေချာကြပလား (သေချာပါပြီ) မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလား (မဟုတ်ပါ ဘုရား) ဒီအကြောင်း နှစ်ခုကြောင့် ဒီအကျိုးပဲ (မှန်ပါ) သေချာပလား (သေချာပါပြီ)။
(၄)ဒုက္ခဆိုတဲ့ ခန္ဓာကြီး သည် အလိုလိုပေါ်လာတာလား
ဒါနဲ့ ဦးခင်မောင်၊ ဦးဝ လေးခုမြောက် မေးပြန်တယ် (မှန်ပါ) အရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခဆိုတဲ့ ခန္ဓာကြီး သည် အလိုလိုပေါ်လာတာလားတဲ့ (မှန်ပါ) ဒါပဲ မေးစရာရှိတော့တာပဲ၊ ဒုက္ခဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ အလိုလို ပေါ် တာလားဆိုတော့ ဘုရားက မဟုတ်ပါဘူးကွာတဲ့ (မှန်ပါ) ဒကာ ဒကာမတို့ မဟုတ်ဘူးလို့ဖြေတာ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ ကိုးဗျ (မှန်ပါ) ကဲ ဒါဖြင့် ဒကာ ဒကာမတွေကော အလိုလိုပေါ်တာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
စဉ်းစားကြည့် ကိလေသဝဋ်ကြောင့် (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)။
ကဲ ဘယ်မှာ အလိုလို ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) သေသေချာချာ ရှင်းကြပါ၊ သေသေချာချာ ရှင်းကြပါ၊ ဒီနေ့ တရားမှာ သိပ်အရေးကြီးတယ် (မှန်ပါ ဘုရား)။
စူဠသောတာပန်ဖြစ်ပြီး
ဒကာ ဒကာမတို့ ဒီနှစ်မျိုး စင်သွားပြီ (မှန်ပါ) အဲဒီ နှစ်မျိုးစင်မှ ဝိပဿနာကို ဘုန်းကြီးက ထိုးပြလိုက်လို့ ရှုတယ် မှတ်တတ်ပြီ ဆိုလို့ရှိရင်ဖြင့် မကြာတော့ပါဘူးတဲ့၊ ကိုယ်လိုချင်တဲ့ ကိုယ့်ပါရမီ ကိုယ့်ဉာဏ် အလိုက် ဒီဘဝမှာ စူဠသောတာပန်ဖြစ်ပြီး နောက်ဘဝ မဟာသောတာပန် ဖြစ်နိုင်တယ် (မှန်ပါ ဘုရား)။
ကိုယ့်ဉာဏ်က ထက်လာလို့ရှိရင်လည်း ဒီဘဝ ဖြစ်နိုင်တယ် (မှန်ပါ) ဘယ်အခါမှ အရိယာ မဆိတ်သုဉ်းဘူး ဆိုတာ သုဘဒ္ဒရဟန်းကြီး မေးလို့ ဘုရားက ဖြေထားခဲ့တာ ရှိတယ်နော် (မှန်ပါ ဘုရား)။
”ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ” ဆိုပြီး သကာလ သုတ်မဟာဝါ ပါဠိတော် (နှာ-၁၂၅) မှာ သေသေချာချာ လာပါတယ်။
ဘယ်အခါမှ သောတာပန် သကဒါဂါမ် အနာဂါမ်ရဟန္တာ မဆိတ်သုဉ်းပါဘူးကွ၊ သမ္မာပဋိပန္နဆိုတဲ့ ခုနင်က မဂ်အကျင့်ပဲ ကျင့်ပါ (မှန်ပါ)။
ဦးခင်မောင်ရေ (မှန်ပါ) မဂ်ရကြောင်း အကျင့်သာ ကျင့်မယ်ဆိုရင် ဘယ်အခါမဆို သောတာပန် သကဒါဂါမ် အနာဂါမ်ဆိတ်ရဲ့လား (မဆိတ်ပါ ဘုရား)။
ကဲ ဒါဖြင့် အဲဒါ အသာထားလိုက်ပါဦး၊ သူ့ပုစ္ဆာကလေး မေးရတဲ့ဥစ္စာ ဖြေကြဦးစို့။
အခု လေးခုမြောက်ပြီးသွားပြီနော် (မှန်ပါ) ဘုရားကလည်း မဟုတ်ဘူးချည်းဖြေတယ်နော် (မှန်ပါ)။
(၅)ဒုက္ခမရှိဘူးလား
ကဲ ငါးခုမြောက် မေးလိုက်တယ် အရှင်ကြီးဂေါတမတဲ့၊ ဒါဖြင့် ဒုက္ခမရှိဘူးလားလို့ မေးလိုက်တယ် (မှန်ပါ ဘုရား)။
ကဲ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား) ဒီခန္ဓာငါးပါ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ကိုယ့်မှာ ကိုယ်ပိုင်ရှိနေတယ် (မှန်ပါ) ကိုယ့်မှာ ကိုယ်ကိုယ်ပိုင်ရှိနေတဲ့ ဒုက္ခသစ္စာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အစေလကဿပက ငါးခုမြောက်မေးလိုက်တာက ဒုက္ခမရှိဘူးလားလို့ ဘုရားကို မေးတော့ ဘုရားက ရှိပါတယ် ကွာတဲ့ (မှန်ပါ)။
ရှိကော ရှိတာ သေချာကြပလား (သေချာပါပြီ ဘုရား) ဘုရားက ဘာမြင်တာရှိတယ်လို့ ပြောတာပါလိမ့် (ခန္ဓာငါးပါး မြင်လို့ပါ ဘုရား)။
အဲ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရား၊ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ဆိုတဲ့အတိုင်း ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။
(၆)ဒုက္ခ မသိဘူးလား
ခြောက်ခုမြောက်ကို တစ်ခါမေးပြန်တယ်၊ အရှင်ကြီးဂေါတမတဲ့ ဒုက္ခမရှိဘူးလားဆိုတော့ ရှိတယ်လို့ ပြောတယ်။ ရှင်ကြီးဂေါတမ ဒုက္ခ မသိဘူးလားလို့ သူက ဆက်မေးပြန်တယ် (မှန်ပါ)။
ဒုက္ခမသိဘူးလားလို့ မေးတဲ့အခါကျတော့ ဒုက္ခ ငါသိပါတယ်ကွ ဆိုတော့ ဘာကို လက်ညှိုးထိုးပြသလဲ (ခန္ဓာငါးပါး ပြပါတယ် ဘုရား) ခန္ဓာငါးပါးပဲ ပြတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ ဘုရား) ပုစ္ဆာ ဘယ်နှစ်ချက်ပါလိမ့် (ခြောက်ချက်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာခြောက်ချက် မေးတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ဒိဋ္ဌိ ဘယ်နှစ်မျိုး စင် သတုံး (နှစ်မျိုး စင်ပါတယ် ဘုရား)။
ဘယ်ဟာပါလိမ့်ဗျာ (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိစင်ပြီ (မှန်ပါ)၊ ဒါဖြင့် ဒိဋ္ဌိစင်ပြီးမှ ဝိပဿနာ ကြိုးစားရင် ခရီးမပေါက်ဘဲ ရှိပါ့မလား (ပေါက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိစင်ပုံကော ကျေနပ်ပလား (ကျေနပ်ပါပြီ) နက်ဖြန် ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတို့ အစေလကဿပ အရှုခိုင်းတော့မယ် (မှန်ပါ) အရှုခိုင်းလို့ရှိရင် သူကိုယ်တိုင်လည်း မကြာခင် ရဟန္တာဖြစ်ပါလိမ့်မယ်ဆိုတာလည်း ဒီဝတ္ထု မှာ သေသေချာချာ လာတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။