11304

မာတိကာသို့

ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ဘဲ နိဗ္ဗာန်ဝင်ရန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ဘဲ နိဗ္ဗာန်ဝင်ရန်

ညအလုပ်ပေးတရားတော်

(၁၃-၃-၆၁)

နားက တရားနာ ဉာဏ်က ခန္ဓာလှည့်

အားလုံး ဒကာ ဒကာမတွေ နားက တရားနာပြီး သကာလ ဉာဏ်က ခန္ဓာကိုယ် လှည့်ပါဆိုတာကို ဘယ်အခါ ကာလမှ တရားနာရင်း မမေ့ကြပါနဲ့ဆိုတာကို ထပ်ပြန်ပြီး သတိပေးပါတယ် (မှန်ပါ့)။

ဉာဏ်က ဘာလုပ်ရမလဲ (ခန္ဓာကိုယ် လှည့်ရပါမယ်) နားက တရားနာရမယ် (မှန်ပါ့) ဉာဏ်က ဘယ်လှည့်ရမလဲ (ခန္ဓာကိုယ်လှည့် ရပါမယ်ဘုရား)။

နားကတော့ (တရားနာရပါမယ် ဘုရား) ဉာဏ်ကတော့ (ခန္ဓာကိုယ် လှည့်ရပါမယ် ဘုရား)။

ခန္ဓာကိုယ်လှည့်ရမယ်ဆိုတဲ့ဥစ္စာ မှတ်ထားတော့ တစ်နေ့က တစ်ခါ ပြောခဲ့တယ် (မှန်ပါ့) နားက တရားနာ ဉာဏ်က ခန္ဓာကိုယ်လှည့်ပြီး သကာလ ခန္ဓာကိုယ်ထဲ ဖြစ်စဉ်တွေ ဆရာဘုန်းကြီးက ပြော၊ ဒကာ ဒကာမတွေက ဉာဏ်နဲ့ လှည့်၊ ဒီလိုလှည့်လို့ရှိရင် တရားပွဲအဆုံးမှာ သောတာပန်တည်တဲ့ဝတ္ထုတွေ အင်မတန်မှ များများစားစား လာပါတယ်။

ဒါကြောင့် ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင် နားက တရားနာ၊ ဉာဏ်က ခန္ဓာကိုယ်လှည့်ပါဆိုတဲ့ ဥစ္စာကို ရှေးဦးစွာ သတိပေးလိုက်ပါတယ်တဲ့။ ဒီဥစ္စာ မမေ့ကြပါနဲ့ တရားနာနည်း နိဿရည်းလို့ မှတ်ထားကြပါ (မှန်ပါ့)။

ကောင်းပြီ ဒီနေ့ဟောရမည့်တရားက ဒိဋ္ဌိခွါပြီး သကာလ နိဗ္ဗာန်ဝင်မည့်တရားကို ဒကာ ဒကာမတို့ လေးစားစွာ နဲ့ပဲ မှတ်ရလိမ့်မယ်။ ဝတ္ထုပြောင်းသွားပြီလို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ့ကို ပြောင်းမည့်ကြံတဲ့အခါကျတော့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီး

ဘာနားလည်ဖို့ အရေးကြီးသလဲ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးပါတယ် ဘုရား) ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ကိုး ဒကာဝ ရ (မှန်ပါ့)။

အဲဒီတော့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်မှသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ပုဂ္ဂိုလ် သတ္တဝါ ပျောက် တော့မပေါ့ (မှန်ပါ့)။

ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရင် ဘာပျောက်ပါလိမ့် (ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပါတယ် ဘုရား) ပုဂ္ဂိုလ် သတ္တဝါ ပျောက်လို့ရှိရင် ဒိဋ္ဌိစင်ပါတယ်လို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်အစဉ် လျှောက်နေတဲ့ ခန္ဓာကိုယ် ကြီးပါပဲဆိုတော့ အဖြေထွက်ရလိမ့်မယ် (မှန်ပါ့)။

ဒီခန္ဓာကိုယ်ကြီးဟာ ဘာခန္ဓာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် အစဉ်လျှောက်နေတဲ့ ခန္ဓာကိုယ်ကြီးပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် အစဉ်လျှောက်နေတဲ့ ခန္ဓာကိုယ်ကြီးလို့ မှတ်ရမယ်နော် (မှန်ပါ့)။

အဲဒီတော့ စဉ်းစားကြည့်ကြတာပေါ့၊ အစေလကဿပကို ယနေ့ ဟောပါလိမ့်မယ်။ အစေလကဿပ မဟောခင် ဒကာ ဒကာမတွေ နားလည်မှုရှိနေအောင် ဒီခန္ဓာကြီးဟာ ဘယ်လိုများ အစဉ်လျှောက်ပြီး သကာလ နေပါလိမ့်မလဲဆို တဲ့ ဥစ္စာကို ဒကာဝတို့ ဦးခင်မောင်တို့ သိဖို့ အရေးကြီးပါတယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီပဋိစ္စသမုပ္ပါဒ် နားလည်မှသာလျှင် ဪ ဖဿပစ္စယာ ဝေဒနာဖြစ်တယ် အစရှိသည်နှင့် ခန္ဓာကိုယ်ထဲမှာ ဘယ်သူဖြစ်လာတယ်၊ ဘယ်သူ ဖြစ်လာတယ်ဆိုတာ သိသွားတော့မှ ပုဂ္ဂိုလ်သတ္တဝါ အလိုလိုပျောက်သွား လိမ့်မယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် စကြပါစို့တဲ့ – ပဋိစ္စသမုပ္ပါဒ်ကြီးကို ဒကာ ဒကာမတို့ နားမလည်လို့ရှိရင် အဝိုင်းပြေး ပြေးရ လိမ့်မယ်။ နားလည်လို့ရှိရင် အဝိုင်းပြေးမှ လွတ်ကင်းသွားလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ဖို့ပါပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ရထားတဲ့ဥစ္စာပဲ ပြန်ပြီး သကာလ ပြလိုက်တဲ့ အခါကျလို့ရှိရင် ရှင်းသွားပါလိမ့်မယ်တဲ့။

သစ္စာလေးပါး မသိတာအဝိဇ္ဇာ

ဒကာ ဒကာမတို့ သစ္စာလေးပါး မသိတာဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ဪ ဟုတ်ပြီ ဟုတ်ပြီ၊ ဒုက္ခသစ္စာလည်း သူမသိ၊ သမုဒယသစ္စာလည်း သူမသိဘူး၊ နိရောဓသစ္စာလည်း သူမသိ၊ မဂ္ဂသစ္စာလည်း သူမသိဘူး၊ သစ္စာလေးပါး မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။

အေး ဒါကြောင့် မူလပဏ္ဏာသပါဠိ၊ သမ္မာဒိဋ္ဌိသုတ်မှာ ဒုက္ခေ အညာဏံဆိုတော့ ဒုက္ခမသိဘူးကွ အဝိဇ္ဇာပဲ (မှန်ပါ့)။

ဒုက္ခသမုဒယေ အညာဏံကွ ၊ ဒုက္ခသစ္စာ ဖြစ်ကြောင်းကိုလည်း သမုဒယသစ္စာလည်း သူမသိဘူးကွ၊ ဒုက္ခ နိရောဓေ အညာဏံလို့ ဟောထားတော့ နိဗ္ဗာန်လည်း သူမသိဘူးကွ ၊ အဝိဇ္ဇာကလေ (မှန်ပါ့)။

”ဒုက္ခနိရောဂေါမိနိယာ ပဋိပဒါယ အညာဏံ’ ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကိုလည်း မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာ သေသေချာချာမှတ်ထားကြပါ၊ အဝိဇ္ဇာ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) မိမိခန္ဓာကိုယ် ဒုက္ခ သစ္စာရယ်လို့ မသိတာလည်း ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

မိမိခန္ဓာကိုယ်ထဲမှာ လိုချင်မှု ရချင်မှုကလေးဟာလည်း အကောင်းထင်ပြီး သကာလ နေကြတယ်၊ စင်စစ် တော့ဖြင့် သမုဒယသစ္စာ၊ ဒါကလေး မသိတာလည်း ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာလို့ပဲ မှတ်ရမှာပဲ (မှန်ပါ့)။

ဪ ဒီသမုဒယသစ္စာ မချုပ်သရွေ့ နိဗ္ဗာန်ဖြင့် ဘယ်နည်းနှင့်မှ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို မရောက်နိုင် မမြင်နိုင် မတွေ့နိုင် မကြုံနိုင်ဆိုတဲ့ဥစ္စာ မသိတာလည်း ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ဒုက္ခသစ္စာ၏ ချုပ်ရာ ချုပ်ကြောင်း၊ သမုဒယသစ္စာ၏ ပယ်ရာ ပယ်ကြောင်း ဒီအကျင့်ကောင်းတွေ မသိတာလည်း ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာဆိုတာသည် မသိလေးချက်ဆိုတဲ့ဥစ္စာ ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ ဘုရား) သစ္စာလေးပါး မသိတဲ့ တရားဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

အဲ ဒကာ ဒကာမတို့ ဒီ အဝိဇ္ဇာကြောင့်-တဲ့ ဒကာ ဒကမတွေ စဉ်းစားကြည့်ပါ သင်္ခါရအလုပ်တွေ အကုသိုလ် ဖြစ်ကြောင်းတွေ လုပ်မိကြတယ်၊ ကုသိုလ်ဖြစ်ကြောင်းဆိုပေမယ့်လည်း ဘုံဘဝမပြတ်တဲ့ ကုသိုလ်တွေလည်း လုပ်မိတတ် တယ်ဆိုတာကိုလည်း ဦးခင်မောင် ဘယ်သူ့သတ္တိပါလိမ့်ဗျာ (အဝိဇ္ဇာသတ္တိပါ ဘုရား)။

ပြုပြင်တတ်တဲ့ သင်္ခါရ

အဒါကြောင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတာ ပြုပြင်တတ်တဲ့ အကြောင်းတရားတွေ ပေါ်လာပါတယ်လို့ ဆိုတာ ပါပဲ၊ ဒီ-အဝိဇ္ဇာ သင်္ခါရရှိနေပြီဆိုမှဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ သင်္ခါရက ပြုပြင်တတ်တဲ့ သင်္ခါရ ဖြစ်ပြီး သကာလ နေ တော့ ဝိညာဏံဆိုတဲ့ ပဋိသန္ဓေနေမှုကြီးဟာ ဇာတိဒုက္ခကြီးဟာ မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ် သင်္ခါရကြောင့် ဒို့ပဋိ သန္ဓေနေရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒီ-ဝိညာဏ်သာ ရှိလို့ရှိရင် နာမ်ရုပ်သည် ဖြစ်ဖော်ဖြစ်ဖက် အဖြစ်နဲ့ ပေါ်မလာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် နာမ်ရုပ်က ဖြစ်ဖော် ဖြစ်ဖက်အဖြစ်နဲ့ ပေါ်လာတယ်ဆိုတာ သေချာသွားပါပြီ (မှန်ပါ့)။

နာမ်ရုပ်ရှိနေလို့ရှိရင် စက္ခု သောတ ဃာန ဇိဝှါ ကာယ မနဆိုတဲ့ အာယတန ခြောက်ပါး မလာပေဘူးလား (လာပါတယ် ဘုရား)။

ကောင်းပြီ၊ အဲဒီ သဠာယတနတွေကို အကုန်ပေါင်းလိုက် ဒကာ ဒကာမတို့၊ ဝိညာဏ်နာမ်ရုပ် သဠာယတနတွေ တစ်ပေါင်းတည်း ဖြစ်နေတယ်လို့ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့)။

သဠာယတန ပစ္စယာ (ဖဿောပါ ဘုရား)။

ဖဿဟာလည်း ဒကာဝတို့၊ ဦးခင်မောင်တို့ အတူတကွ ဖြစ်တာပါပဲနော် (မှန်ပါ့) ဖဿပစ္စယာ ဝေဒနာဆိုတော့ ကော တစ်ပေါင်းတည်းပဲ ဖြစ်တယ်လို့ ယူလိုက်တာပေါ့ (မှန်လှပါ) ပဋိသန္ဓေကတည်းက ပါကြတာတွေပဲလို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့)။

လမ်းညွှန်ကောင်းနဲ့ မတွေ့ပြီဆိုမှဖြင့်

ဒီဝေဒနာ ရှိလာပြီဆိုမှဖြင့် သစ္စာလေးပါး မသိတဲ့အဝိဇ္ဇာက မူတည်လိုက်ပြီဆိုမှဖြင့် ဆရာကောင်း၊ သမားကောင်း၊ လမ်းညွှန်ကောင်းနဲ့ မတွေ့ပြီဆိုမှဖြင့် တဏှာဆိုတာ ပေါ်လာတယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။ တဏှာလာရင် ဥပါဒါန်ကကော (လာပါတယ် ဘုရား) ဥပါဒါန်လာလို့ရှိရင် ကာယကံ ဝစီကံဆိုတာကကော (လာပါတယ် ဘုရား)။

ကံသာလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနာဂတ်ဘဝ ဇာတိ ပဋိသန္ဓေဆိုတာ မလာရပေဘူးလား (လာပါတယ် ဘုရား) ဇာတိလာလို့ရှိရင် ဇရာ မရဏက လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

မလွတ်တော့ ဇရာ မရဏနဲ့ တွေ့တဲ့ပုဂ္ဂိုလ်မှာတဲ့ အိုခြင်း၊ သေခြင်းနဲ့ တွေ့တဲ့အခါ ငါ့မှာ အိုရလေခြင်း၊ ငါ့မှာ သေခါနီးဖြစ်ရလေခြင်း၊ ငါသေရတော့မှာပဲဆိုပြီး သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဒီဘက်ကလာတော့ မသိတဲ့ပုဂ္ဂိုလ်မို့ လာတာဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ ဒီအထဲမှာ မသိတဲ့တရားက ငါ့ ဖြစ်မှ ဖြစ်ရလေခြင်းဆိုတော့ အဝိဇ္ဇာတွေ၊ တဏှာတွေ၊ ဥပါဒါန် တွေ ပြန်ပြီး သကာလ အာသဝတရားတွေ ဒီအထဲ မဝင်လာပေဘူးလား (ဝင်လာပါတယ် ဘုရား)။

အဲဒီတော့ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဆိုပြီး ဒီပြန်ပတ်တယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားလိုက်တာပေါ့၊ ဒို့ဟာသည် ကားလို့ဆိုရင် ဒီ- ဇရာ မရဏတွေကစပြီး ဒီဘက်လှည့်လိုက်တဲ့အခါကျတော့ ဒါတွေဟာ ဝိုင်းလိုက်တဲ့အခါကျတော့ ဓမ္မအစဉ်အားဖြင့်တော့ ဝိုင်းပြီးမနေပေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် အာသဝသမုဒယာ (အဝိဇ္ဇာသမုဒယောပါ ဘုရား) အဝိဇ္ဇာသမုဒယော၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ထွက်ပေါက်မြင်သေးသလား

ဒီလိုလှည့်ပြီးသွားနေတော့ ဒကာ ဒကာမတို့ ထွက်ပေါက်မြင်သေးသလား (မမြင်ပါ ဘုရား) ထွက်ပေါက်မမြင် တော့ဘူး၊ ဪ ဒို့ နောက်တုန်းက သံသရာထဲ ဒို့ဘယ်လို အဖြစ်တွေကြုံ ဘယ်လိုအဖြစ် တွေဆုံပြီး သကာလ ဘယ်လိုများ နေခဲ့ရပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဒကာ ဒကာမတို့ အဝိဇ္ဇာက စ,လိုက်တာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဆိုပြီး သကာလ အဝိဇ္ဇာပြန်ပြန်လှည့်တယ် (မှန်ပါ့ ဘုရား) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အဝိဇ္ဇာ ပြန်လှည့်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့သည် အခုဝိုင်းပြတဲ့အတိုင်း ဘဝများစွာ သံသရာက ဒီအဝိုင်းချည်းပဲ လျှောက်ပြီး ပြေးမှာပဲ (မှန်ပါ့)။

ဒါလည်း အဝိဇ္ဇာဆိုတာလည်း မိမိပဲ၊ သင်္ခါရဆိုတာလည်း (မိမိပါပဲ ဘုရား) ဝိညာဏ်ဆိုတာကော (မိမိပါပဲ ဘုရား)။

အကုန် ဒီဘက်ကဟာတွေ မိမိချည်းပဲ၊ မိမိလှည့်ဝိုင်းနေတာပဲ ဆိုတာကော သဘောကျပလား (ကျပါပြီ) အဲဒါ ဆရာကောင်း၊ သမားကောင်း မတွေ့၊ ဘုရားသာသနာနဲ့ မကြုံ၊ ဆုံးမသွန်သင်မည့်ပုဂ္ဂိုလ်က မရှိပြီဆိုမှဖြင့် ဒကာ ဒကာမ တို့ ကရွတ်ကင်းလျှောက် ဖြစ်နေပါတယ် (မှန်ပါ့ ဘုရား) ကရွတ်ကင်း လျှောက်တယ်ဆိုတာ ဒီပေါ်မှာ လှည့်ပြီး လျှောက် ပြေးတာပဲ၊ ထွက်ပေါက် ပါပါရဲ့လား (မပါပါ ဘုရား) ထွက်ပေါက် မပါဘူးဆိုတာ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဘုရားပွင့်လာတဲ့အခါကျတော့ ဘာဖြစ်သတုံးလို့ မေးဖို့လိုလာတယ် (မှန်ပါ့ ဘုရား) ဘုရားပွင့်လာတဲ့အခါကျတော့ ဒီအဝိုင်းပြေးဟာ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဇာတ်သိမ်းသွားတယ် (မှန်ပါ့) ဦးခင်မောင် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ (ဇာတ်သိမ်းသွားပါတယ် ဘုရား) အဝိုင်းပြေး ဘာဖြစ်သွားပါလိမ့် (ဇာတ်သိမ်းသွား ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမပွင့်သေးတဲ့အခါ ကျုပ်တို့သည် ဘယ်လိုများ နေရပါလိမ့်မတုံး ဆိုတော့ ဘဝသုံးပါး လည်နေတာပဲ (မှန်ပါ့)။

ဘဝသုံးပါး ရှင်းပြလိုက်မယ်

ဘဝသုံးပါး ရှင်းပြလိုက်မယ်၊ အဝိဇ္ဇာ သင်္ခါရက အတိတ်ဘဝ (မှန်ပါ့)။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန်ကံတွေက ဒကာ ဒကာမတွေ ပစ္စုပ္ပန်ဘဝ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အင်း ဇာတိတို့၊ ဇရာတို့၊ မရဏတို့ သောက ပရိဒေဝတို့ကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ပြန်လှည့်တော့ ကိုတဲ့ အတိတ်ဘဝ ပြန်မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) ဒါဖြင့် အတိတ်ဘဝ ဒီဘက်က ဘာပါလိမ့် (ပစ္စုပ္ပန်ဘဝပါ ဘုရား) ဒီဘက်က ဘာပါလိမ့် (အနာဂတ်ဘဝပါ ဘုရား)။

အနာဂတ်ပြီးတော့ တစ်ခါ ဘယ်ပြန်ပတ်ပါလိမ့် (အတိတ်ဘဝ ပြန်ပတ်ပါတယ် ဘုရား) အတိတ်ဘဝရယ်လို့ တော့ မဟုတ်ဘူး၊ အဝိဇ္ဇာ ပြန်ဆက်လိုက်တယ် (မှန်ပါ့)။

ပြန်ဆက်လိုက်တော့ ကျုပ်တို့မှာ ဘဝသုံးပါး တစ်စပ်တည်းဖြစ်ပြီး တစ်ဆက်တည်း နေတော့တယ်ဆိုတာ သဘော ကျပလား (ကျပါပြီ)။

ဘဝသုံးပါး ဘာဖြစ်နေပါလိမ့် (တစ်ဆက်တည်း ဖြစ်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာ သင်္ခါရက အတိတ်ဘဝ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံတွေက ဘာတုံး (ပစ္စုပ္ပန်ဘဝပါ ဘုရား) အနာဂတ် ဇာတိ ဇရာ မရဏတွေက (အနာဂတ်ဘဝပါ ဘုရား)။

အနာဂတ်ဘဝ၊ အဲဒီ ဇာတိမရဏတွေကြောင့် သောက ပရိဒေဝတွေ ဖြစ်ပြီး မသိမှု အာသဝတွေက လာသော ကြောင့် အာသဝသမုဒယာ အဝိဇ္ဇာသမုဒယောဆိုပြီး ဒီပြန်ပတ်တယ် (မှန်ပါ့) မပတ်ဘူးလား (ပတ်ပါတယ် ဘုရား)။

ပတ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ စဉ်းစားတာပေါ့၊ ဪ ဒါက ပစ္စုပ္ပန်ဘဝ၊ ဒီဟာက အတိတ် ဘဝ မြင်တဲ့အတိုင်းပေါ့လေ (မှန်ပါ့) ဒီဟာက အနာဂတ်ဘဝ။

ဦးခင်မောင် ဘဝ ဘယ်လောက် ဆက်နေပါလိမ့် (သုံးဘဝ ဆက်နေပါတယ် ဘုရား)။

သုံးဘဝ ဆက်နေတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီသုံးဘဝပေါင်း ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား) သုံးဘဝမှာလဲတဲ့ အဝိဇ္ဇာသင်္ခါရပြီးလည်း အသေကလေးတစ်ချက် ညှပ်လိုက်ဦး၊ သဘောကျပလား (ကျပါပြီ)။

အဝိဇ္ဇာသင်္ခါရပြီးတဲ့ အခါကျလို့ရှိရင် ဒီအဝိဇ္ဇာသင်္ခါရသေပြီးမှသာလျှင် ဒီဘက်က ဝိညာဏ်တွေ ဖြစ်ရတာကိုးဗျ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသင်္ခါရကြားမှာလည်း ဘာထည့်ရဦးမလဲ (အသေ ထည့်ရပါမယ် ဘုရား) အသေထည့်ခြားရမယ်။ ကံနဲ့ ဇာတိကြားမှာကော (အသေထည့်ရပါ့မယ် ဘုရား) အသေထည့်ရမယ်တဲ့။

သောကပရိဒေဝ ဒုက္ခဒေါမနဿတို့၏ ကြားထဲမှာကော (အသေ ထည့်ရပါမယ် ဘုရား)။

ဒါဖြင့် သုံးဘဝမှာ ဘယ်နှစ်ခါ သေရသတုံးမေးရင် ဘယ့်နှယ် ဖြေကြမလဲ (သုံးခါ သေရပါတယ် ဘုရား) သုံးခါသေပြီး သကာလ ကျွတ်ကရော လွတ်ကရောလားဆိုတော့ အရင်လမ်းပဲ ထပ်သွားရတယ် (မှန်ပါ့)။

သုံးခါသေပြီး သကာလ ဒကာ ဒကာမတို့ ဘယ်ကိုသွားရပါလိမ့် (အရင်လမ်း ထပ်သွားရပါတယ် ဘုရား) အရင် လမ်းပဲ ဆက်လက်ပြီးသွားရတယ်ဆိုတာ သဘောပါလား (ပါပါတယ် ဘုရား)။

ယောကျ်ား၊ မိန်းမ ပုဂ္ဂိုလ်သတ္တဝါ မပါ

ဒီအထဲမှာ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ အစေလကဿပ ဟောတဲ့အခါကလို့ရှိရင် နားရှင်းအောင်လို့ အဝိဇ္ဇာသင်္ခါရထဲမှာလည်း ယောကျ်ား၊ မိန်းမပါရဲ့လား (မပါပါ ဘုရား) ဒီဘက်က ဝိညာဏ် နာမ်ရုပ် သဠာယတနဖဿ ဝေဒနာ တဏှာ ဥပါဒါန်ကံထဲမှာကော (မပါပါ ဘုရား) ဇာတိ ဇရာ မရဏ သောက ပရိဒေဝထဲမှာကော (မပါပါ ဘုရား)။

မပါပါဘူးဆိုတာ သိတော့ ဪ သုံးဘဝစလုံးမှာ ဒကာဝတို့၊ ဦးခင်မောင်တို့ စဉ်းစားတာပေါ့။ ကိုမြရွှေ တို့ စဉ်းစားကြည့်တာပေါ့တဲ့၊ ဘာမှ မပါပါဘူး (မှန်ပါ့)။

ယောကျ်ား၊ မိန်းမ ပုဂ္ဂိုလ်သတ္တဝါ (မပါပါ ဘုရား) မပါဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘာတွေ ဖြစ်နေကြပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာသင်္ခါရအကြောင်းနဲ့ ဝိညာဏ်နာမ်ရုပ် အကျိုးတွေ ဆက်နေတယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

အေး ကံတွေနဲ့ ဇာတိ ဇရာ မရဏကော (ဆက်ပါတယ် ဘုရား) ဒါဖြင့် အကြောင်းနဲ့ အကျိုးတွေ ဆက်နေ တယ်၊ အာသဝနဲ့ အဝိဇ္ဇာနဲ့ကော ပြန်မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဆက်လိုက်တော့ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်းပါပဲတဲ့ သုံးဘဝ ဆက်တဲ့အထဲမှာ ယောကျ်ား၊ မိန်းမ ပုဂ္ဂိုလ် သတ္တဝါပါပါရဲ့လား (မပါပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ယောကျ်ား၊ မိန်းမ ပုဂ္ဂိုလ် သတ္တဝါတွေ ပါကြရဲ့လား (မပါပါ) အဲဒါ ဉာဏ်ထဲမှာ အခုက ရှင်းထားပါတဲ့၊ ရှင်းထား တော့မှ သောတာပန်တည်တဲ့ သကဒါဂါမ် အနာဂါမ် ရဟန္တာတည်တဲ့ဥစ္စာ ဒီဟာတွေ ရှင်းပေးပြီးနောက်မှ ဒကာ ဒကာမ တို့ ဒုက္ခသစ္စာ ပေါ်လာလိမ့်မယ်နော် (မှန်ပါ့)။

အကြောင်းသမုဒယ၊ အကျိုးဒုက္ခ

အဲဒီတော့ ဒီအဝိဇ္ဇာ သင်္ခါရက အဝိဇ္ဇာကအကြောင်း သမုဒယ၊ သင်္ခါရက အကျိုး ဒုက္ခ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာက အကြောင်းသမုဒယ၊ သင်္ခါရက (အကျိုးဒုက္ခပါ ဘုရား) အကျိုးဒုက္ခ။

သင်္ခါရက တစ်ခါအကြောင်း သမုဒယဖြစ်ပြန်တော့ ဒကာ ဒကာမတို့ ဝိညာဏ်က အကျိုးဒုက္ခမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် တစ်ခုတစ်ခုမှာ အကြောင်း သမုဒယဖြစ်လိုက်၊ အကျိုးဒုက္ခဖြစ်လိုက်၊ ဒီလိုချည်း မနေဘူးလား (နေပါ တယ် ဘုရား)။

တစ်ခု တစ်ခုမှာ အကြောင်းသမုဒယနဲ့ အကျိုးဒုက္ခ နှစ်မျိုးနေပါတယ်၊ အကြောင်းသမုဒယ တစ်ခါဖြစ်လိုက် အကျိုးဒုက္ခ တစ်ခါဖြစ်လိုက်ဆိုတော့ ဪ ဒုက္ခဖြစ်ပြီး သကာလ ဒုက္ခပျက်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်) ပုဂ္ဂိုလ်သတ္တဝါတွေ ပါသေးရဲ့လား (မပါပါ ဘုရား)။

ပရမတ္ထဒေသနာတော်မှာ ပုဂ္ဂိုလ်သတ္တဝါ မရှိ

အဲ ပရမတ္ထဒေသနာတော်မှာ ပုဂ္ဂိုလ်သတ္တဝါ မရှိပါဘူးတဲ့၊ သမုတိဒေသနာတော်မှာတော့ ရှိပါတယ် တဲ့၊ သို့သော်လည်း ဒိဋ္ဌိဖြုတ်ခန်းကျလာတဲ့အခါကျတော့ ပရမတ္ထ အစစ်ကို ပြောရမည်ဖြစ်လေသောကြောင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး၊ အတိတ် ပဋိစ္စသမုပ္ပါဒ်၊ ဒီက ဘာပါလိမ့် (ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်) ဒီဘက်က ဘာပါလိမ့် (အနာဂတ် ပဋိစ္စသမုပ္ပါဒ် ပါ ဘုရား)။

အနာဂတ်ကနေ ပြန်ဆက်ပြန်တော့လည်း ဒီဘက်က အတိတ်ပဲ ပြန်မရောက်ဘူးလား (ရောက်ပါတယ်) အေး- အတိတ်ကနေပြီး ပစ္စုပ္ပန် (မှန်ပါ့) ပစ္စုပ္ပန်ကနေပြီး (အနာဂတ်ပါ ဘုရား) အနာဂတ်ကနေပြီး (အတိတ်ပါ ဘုရား) အတိတ်ပြန်လှည့်တယ်။

အဲဒီကဲ့သို့ လှည့်လိုက်တော့ ဒီအထဲ ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ယောကျ်ား၊ မိန်းမများ ပါသေးရဲ့လား (မပါပါ ဘုရား)။

မပါပါဘူးတဲ့ ၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာ သဘောကျကြပေတော့ (ကျပါတယ်) “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဟေ့ ၊ ဒုက္ခအစုကြီးတွေဟေ့တဲ့ (မှန်ပါ့ ဘုရား)။

ဘာတွေပါလိမ့် ဒါတွေဟာ (ဒုက္ခအစုကြီးတွေပါ ဘုရား) တကယ်လို့ ဒါတွေများ ချုပ်သွားတဲ့အခါကျတော့ “ဒုက္ခနိရောဓော ဟောတိ” ဟေ့ ဆိုရင်ကော (မလွဲပါ ဘုရား)။

ကဲ ဒါတွေ ဆက်ဖြစ်နေရင် ဘာတုံး (ဒုက္ခသမုဒယော) ဒုက္ခသမုဒယော ဟောတိ ဦးခင်မောင်ရေ (မှန်ပါ့) ဒါတွေ ဆက်ဖြစ်နေရင် (ဒုက္ခသမုဒယော ဟောတိပါ ဘုရား)။

ဒါတွေများ ချုပ်သွားတော့ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခနိရောဓော ဟောတိပါ ဘုရား) ဒုက္ခနိရောဓော ဟောတိ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါတွေ ဆက်ဖြစ်ရင် (ဒုက္ခသမုဒယော ဟောတိပါ ဘုရား)။ ဒါတွေ ချုပ်သွားရင် (ဒုက္ခနိရောဓော ဟောတိပါ ဘုရား)။

ဪ ဒါဖြင့် မိမိခန္ဓာတွေဟာ ဖြစ်နေရင် ဒုက္ခသစ္စာဖြစ်တာပဲ (မှန်ပါ့) မိမိခန္ဓာ ချုပ်သွားကြမယ်ဆိုရင် (ဒုက္ခချုပ်သွားတာပါပဲ ဘုရား)။

မိမိခန္ဓာတွေ ဖြစ်နေရင် (ဒုက္ခဖြစ်နေပါတယ် ဘုရား) ဒါနဲ့ အဝိဇ္ဇာ မောဟဆိုတာ သင်္ခါရက္ခန္ဓာ၊ မိမိခန္ဓာပဲ (မှန်ပါ့) သင်္ခါရဆိုတာ စေတနာလည်း သင်္ခါရက္ခန္ဓာ မိမိပဲ။ ဝိညာဏဆိုတာ ဝိညာဏက္ခန္ဓာ မိမိပဲ ဆိုကြပါစို့ (မှန်ပါ့) ဒါတွေဟာ ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)။

ဒါတွေများ မရှိတော့ ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခချုပ်တာပါ) ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဒါတွေ ဆက်ဖြစ်နေရင် ဒုက္ခဖြစ်တာပဲ (မှန်ပါ့) ဒါတွေ မလာတော့ပါဘူးဆိုရင် ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခချုပ်တာပါ ဘုရား)။

ဒုက္ခချုပ်တာပဲဆိုတာ သေသေချာချာ ရှင်းပလား (ရှင်းပါပြီ)။

တရားနာနေကြတာဘာနဲ့ နာကြသတုံး

ဒါဖြင့် အခု တရားနာနေကြတာ နည်းတဲ့လူ တွေ မဟုတ်ပါဘူး၊ အားလုံး ဒကာ ဒကာမတွေ အခုလာပြီး တရားနာကြတော့ တရားနာကြတာသည် ဘာနဲ့ နာကြသတုံး ဆိုတော့ ဝိညာဏ်နဲ့လည်း နာကြတယ်။ နာမ်ရုပ်နဲ့ကော (နာကြပါတယ် ဘုရား)။

အင်း သဠာယတနနဲ့ကော (နာပါတယ် ဘုရား) ဖဿနဲ့ကော (နာပါတယ် ဘုရား) ဝေဒနာနဲ့ကော (နာပါ တယ်) အဲ နာကြတော့ အဲဒီ နာတာတွေဟာ ဒကာ ဒကာမတွေ ဘာသစ္စာတွေလည်း (ဒုက္ခသစ္စာတွေပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဤကဲ့သို့ ဪ ဒို့ တရားနာနေတာ သည်ကားလို့ ဆိုလို့ရှိရင် ဝိညာဏ်က သိနေတာလည်း ဒုက္ခသစ္စာက သိနေတာပဲ။ နာမ်ရုပ်ကလည်း ထိုင်လိုက်၊ ထလိုက် လက်အုပ်ချီလိုက်နဲ့ ဒီလိုနေတာလည်း နာမ်ရုပ်မို့ ဒုက္ခသစ္စာပဲ။

သဠာယတန စက္ခု သောတ ဃာန ဇိဝှါ ကာယ မနတွေကလည်း ကြားတဲ့သဘောတွေ ဖြစ်လာတာလည်း ဒကာဝတို့၊ ဦးခင်မောင်တို့ ဘာတွေပါလိမ့် (ဒုကသစ္စာပါ ဘုရား)။

အင်း ဒီတရားကို ဘုန်းကြီးက ဟောလိုက်တော့ နားထဲမှာ တွေ့တွေ့သွားတဲ့ ဖဿကလေးဟာကော (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒီတရားနာရတာ သဘောကျလိုက်တာဆိုတဲ့ ဝေဒနာကလေးဟာကော (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာချည်းပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု တရားနာနေကြတာ ဘယ်သူတွေ ပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ပြောမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ဒီတရားတွေက ခန္ဓာကိုယ်ထဲမှာ ချုပ်ချုပ်သွားတဲ့အခါလည်း ရှိသေးတယ် (မှန်ပါ့) အဲဒါကလေးတွေကလည်း ဘာချုပ်သွားတာတုံး (ဒုက္ခသစ္စာချုပ်တာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ နာပြန် ဒုက္ခဖြစ်ပြန်တယ် (မှန်ပါ့) နာလို့ တစ်ခါ ဒကာ ဒကာမတွေ ဒီတရားတွေ ချုပ်သွားပြန်တော့လည်း ဘာချုပ်သွားသလဲ (ဒုက္ခချုပ်သွားပါတယ် ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေတဲ့ အခိုက်

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒကာ ဒကာမလို့သာ ပြောဆိုနေရတယ်။ ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေတဲ့ အခိုက်အတန့်တွေပါကလား (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒုက္ခဖြစ်၍ (ဒုက္ခချုပ်တာတွေပါ ဘုရား) ဒုက္ခဖြစ်၍ ဒုက္ခချုပ် နေကြတာပဲ။ ယောကျ်ားတွေ၊ မိန်းမတွေ တရားနာ နေတာ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) ဘာတွေပါလိမ့်မလဲ (ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေတာတွေပါ ဘုရား)။

ဒီလိုသိသွားတော့ “ဒုက္ခေ ဉာဏံ” (မှန်ပါ့) လာပြီ ဒကာ ဒကာမတို့ အခု တရားနာနေတာ နာတဲ့စိတ်ရော အလုံးစုံ အကုန်တွေ့တာရော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခဖြစ်တာပဲနော် (မှန်ပါ့) ဒါကလေးတွေဟာ နာရင်း မတ္တနဲ့ ဦးခင်မောင်တို့၊ ဒကာဝတို့ ချုပ်ပျက် ချုပ်ပျက်ပြီး သွားပြန်တယ်ဆိုတော့ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဟာ ဒကာ ဒကာမတွလား ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေကြတာတွေလားလို့ မေးရင် (ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေကြတာတွေပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုစဉ်းစားကြစို့၊ သစ္စာလေးပါး ဒုက္ခသစ္စာ မသိတာသည် “ဒုက္ခေ အညာဏံ” ဆိုတာ အဝိဇ္ဇာမဟုတ်လား (မှန်ပါ့)။

ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပဲ ရှိတယ်

ဒုက္ခမသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ) အခုတော့ တရားနာတဲ့ ဒကာ ဒကာမတွေမှာ တဲ့ နာတဲ့ စိတ်ကလေး လည်း ဒုက္ခသစ္စာ၊ ချုပ်သွားပြန်တယ် (ဒုက္ခသစ္စာပါ) ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပဲ ရှိတယ် (မှန်ပါ့)။

ဘာတွေ ရှိပါလိမ့် (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိပါတယ်) ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေနဲ့ တရားနာနေကြတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခနဲ့ပဲ တရားနာနေကြတယ်ဆိုတာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ပဲ ကျေနပ်လိုက်ပါ (မှန်ပါ့)။

အဲဒီတော့ အင်း “ဒုက္ခေ အညာဏံ” ဒုက္ခသစ္စာမသိပါဘူးလို့ ဆိုတဲ့ဥစ္စာက ဘယ်လိုကြောင့် မသိတာတုံး ဆိုတော့ ငါတရားနာနေတယ၊ ငါတွေ့တယ်၊ ငါသဘောကျတယ်၊ ငါ ဒီဆရာတော် ကြည်ညိုတယ်ဆိုတဲ့ ဥစ္စာတွေက ငါတွေ ပါသေးသလား (မပါပါ ဘုရား)။

ကြည်ညိုတယ်ဆိုတာလည်း ဒုက္ခသစ္စာပေါ်တာပဲ (မှန်ပါ့) ကြည်ညိုတာကလေး ချုပ်သွားတာကော (ဒုက္ခသစ္စာ ချုပ်တာပါပဲ ဘုရား)။

ဒါဖြင့် စကတည်းက ဒကာ ဒကာမတို့ “ဒုက္ခေ အညာဏံ” ဆိုတာ အဝိဇ္ဇာ (မှန်ပါ့) ကိုယ့်သန္တာန်မှာ ဒုက္ခဖြစ် တာကို သိလို့ရှိရင် “ဒုက္ခေ ဉာဏံ” (မှန်ပါ့) ဒုက္ခသိတဲ့ ဉာဏ်ဖြစ်လာတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒုက္ခသိတဲ့ဉာဏ် ဖြစ်လာတယ်

ဘာဖြစ်လာပါလိမ့် (ဒုက္ခသိတဲ့ဉာဏ် ဖြစ်လာပါတယ်) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘာကလေးပေါ်ပေါ် ခန္ဓာကိုယ်ထဲမှာဖြင့် စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။ တဏှာကလေး ပေါ်တယ်ဆိုဦးတော့ ပေါ်တာ ဒုက္ခပဲ။ ပျက်တာကော (ဒုက္ခပါပဲ ဘုရား)။

အင်း စားပြီး သကာလ အိုးတိုးအင့်တင့်နေပြန်တော့ ဒုက္ခဝေဒနာကလေး ပေါ်ပြန်တယ် ဒကာ ဒကာမတို့ နော် (မှန်ပါ့)။

ဒါကလေးကလည်း ဘာပေါ်တာပါလိမ့် (ဒုက္ခပေါ်တာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သန္တာန်၌ ဘယ်တရားပေါ်လာလာ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်တရားပေါ်လာလာ (ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါပဲ ဘုရား) ဒါဖြင့် ဘဝဆက်ပြီး သကာလ ပဋိသန္ဓေ ဇာတိ လာပြန်တော့လည်း ဘာဖြစ်တာတုံး (ဒုက္ခဖြစ်တာပါ ဘုရား)။

ဒုက္ခဖြစ်တာပဲ၊ ဇာတိချုပ်ရင် ဒုက္ခချုပ်ပြန်တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သောက ပရိဒေဝတွေ ပေါ်ပြန်တော့လည်း (ဒုက္ခဖြစ်တာပါပဲ) ဒါတွေ ချုပ်သွားပြန်တော့ (ဒုက္ခချုပ်တာပါပဲ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လှည့်ပြီး သကာလ အတိတ်နဲ့ ပစ္စုပ္ပန် အနာဂတ်တွေကြည့်ပြီး သကာလ ဝိုင်းပြတော့ တစ်ဝိုင်းစလုံး ဒကာ ဒကာမတို့ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တဲ့ ဓမ္မသာ ရှိတော့တယ် (မှန်ပါ့) တခြား ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ဒီလိုသိသွားတော့ “ဒုက္ခေ ဉာဏံ” (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (”ဒုက္ခေ ဉာဏံ” ပါ ဘုရား)။

နှလုံးသွင်းတဲ့အချိန် ချုပ်သွားတယ်

ဒုက္ခေ – မိမိသန္တာန် ဖြစ်ပေါ်လာတဲ့တရား၌၊ ဉာဏံ – သိတဲ့ဉာဏ်သည်၊ ဟောတိ – ဖြစ်၏ဆိုတော့ အဝိဇ္ဇာသည် ခဏချုပ်မသွားဘူးလား (ချုပ်ပါတယ် ဘုရား) နှလုံးသွင်းတဲ့အချိန် ချုပ်သွားတယ် (မှန်ပါ့)။

ဦးခင်မောင် ဘယ်အချိန် ချုပ်သွားပါလိမ့် (နှလုံးသွင်းတဲ့အချိန် ချုပ်ပါတယ် ဘုရား) နှလုံးသွင်းတဲ့အချိန် ချုပ် သွားတော့ ဪ “ဒုက္ခေ ဉာဏံ” ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာ၊ ဖြစ်တာလည်း ဒုက္ခသစ္စာ၊ ပျက်တာလည်း ဒုက္ခသစ္စာလို့ သိပြန်တော့ ဒကာ ဒကာမတို့ ဘယ်ဉာဏ် ရပါလိမ့် (ဒုက္ခေ ဉာဏံရပါတယ်) “ဒုက္ခေ ဉာဏံ” ရတယ်နော် (မှန်ပါ့) ဒီဥစ္စာတွေ တစ်ခုသော အကြောင်းချုပ်လို့ရှိရင် ဖြင့် ဒကာ ဒကာမတွေ ဥပမာ အဝိဇ္ဇာ ချုပ်သွားရင် သင်္ခါရကော (ချုပ်ပါတယ် ဘုရား)။

ဟာ – ဒါဖြင့် “ဒုက္ခသမုဒယေ ဉာဏံ” ဆိုတဲ့ ဉာဏ်ကလေးဟာလည်း အခု နာရင်းမတ္တနဲ့ ရသွားပါတယ် (မှန်ပါ့ ဘုရား) “ဒုက္ခ သမုဒယေ ဉာဏံ” ဆိုတော့ အဝိဇ္ဇာကလည်း ဒုက္ခဖြစ်ကြောင်းကိုး (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ကျေနပ်တဲ့လား (ကျေနပ်ပါတယ်) ဒုက္ခသမုဒယေ ဉာဏံလည်း ရတယ် (မှန်ပါ့) ဪ ဒီဟာ တွေဟာ အကုန်ဒုက္ခသစ္စာချည်းပဲ၊ ဒုက္ခသမုဒယရယ်၊ ဒုက္ခသစ္စာရယ် ဖြစ်ကြောင်းရယ် – ဖြစ်ကျိုးရယ် မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား)။

ဒါတွေ နှစ်ခုစလုံးများ ချုပ်သွားမယ်ဆိုရင် ဒုက္ခနိရောဓေ ဉာဏံ (မှန်ပါ့)။

နှစ်ခုစလုံး ချုပ်သွားရင် (ဒုက္ခနိရောဓေ ဉာဏံပါ ဘုရား) အကြောင်းလည်း ချုပ်သွားမယ်၊ အကျိုးလည်း ချုပ် သွားမယ်ဆိုရင် ဘယ့်နှယ် ဆိုကြမယ် (ဒုက္ခနိရောဓေ ဉာဏံပါ ဘုရား)။

ဉာဏ်သည် မဂ္ဂသစ္စာ

ဟာ ဒါဖြင့် ဒီဉာဏ်သည် မဂ္ဂသစ္စာသွားဖြစ်ပြီ၊ ဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်း သိတဲ့ဉာဏ်ကို ဘာသစ္စာ ဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာဆိုရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်းကို မြင်တဲ့ဉာဏ် ဖြစ်ရာဖြစ်ကြောင်း၊ ချုပ်ရာ ချုပ်ကြောင်း မြင်တဲ့ဉာဏ် ဘာဉာဏ် ခေါ်ကြမယ် (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ် မဂ္ဂသစ္စာလို့ လောကီမဂ္ဂသစ္စာ မရသေးဘူးလား (ရပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဪ မိမိခန္ဓာကိုယ်ကြီးကို တစ်ဘဝတည်းမှာပဲ ဘာသစ္စာတွေ ဖြစ်၍ ဘာသစ္စာတွေ ချုပ်နေသလဲ (ဒုက္ခသစ္စာတွေ ဖြစ်၍ ဒုက္ခသစ္စာတွေ ချုပ်ပါတယ် ဘုရား) ဒါပဲ။

နောက်ဘဝတုန်းကတော့ ဘာတွေများ ဒို့ဖြစ်ပါလိမ့်မလဲဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခသစ္စာတွေ ဖြစ်ခဲ့ပါ တယ် ဘုရား) ဒုက္ခဖြစ်၍ ဒုက္ခဖြစ်ခဲ့တယ်ပဲ ပြောကြပါစို့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။ ရှေ့လည်း မဂ် ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မရသေးရင် ဒို့ ဘာဖြစ်ဦးမှာတုံးလို့ အကဲခတ်ကြည့်စမ်း (ဒုက္ခသစ္စာဖြစ်ဦးမှာပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီလိုပဲ နေကြတော့မလား၊ အတိတ်ကလည်း ဒုက္ခဖြစ်၍ ဒုက္ခချုပ်ခဲ့ပြီ ဦးခင်မောင်ရေ (မှန်ပါ့) ကောင်းကောင်းနေခဲ့တယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။

ပစ္စုပ္ပန်ဘဝမှာလည်း အခု တော်တော် အသက်ကြီးလာကြတာ ငယ်ငယ်ကစပြီး သကာလ ဒီအသက်ကြီးသည် တိုင်အောင်လည်း ဘာတွေနဲ့ အတူနေခဲ့ရသလဲ (ဒုက္ခသစ္စာတွေနဲ့ အတူနေခဲ့ရပါတယ် ဘုရား)။

ရှေ့မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးလို့ ခန္ဓာပြန်ပေါ်မယ်ဆိုရင် အနာဂတ်ခန္ဓာတွေလည်း ပေါ်မယ်ဆိုရင် ဘာတွေ များ ဖြစ်ဦးမှာလိမ့် (ဒုက္ခ သစ္စာတွေ ဖြစ်ဦးမှာပါ ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်ကလည်း ဒုက္ခ ဖြစ်၍ ဒုက္ခချုပ်ခဲ့တယ်။ ပစ္စုပ္ပန်မှာလည်း ဒုက္ခဖြစ်၍ ဒုက္ခချုပ်တယ်။ အနာဂတ်မှာလည်း ဒုက္ခဖြစ်၍ ဒုက္ခချုပ်မှာတွေပဲ ပေါ်တာပဲဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲ ရှိတော့တယ်

ဒါဖြင့် လောကကြီးထဲမှာဖြင့် ဒကာ ဒကာမတို့ ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား) ဦးခင်မောင် ဘာရှိသလဲ (ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲ ရှိပါတယ်ဘုရား) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးရှိတယ်ဆို တော့ အဝိဇ္ဇာက ဒုက္ခဖြစ်ကြောင်း၊ သင်္ခါရက ဒုက္ခဖြစ်ကျိုး (မှန်ပါ့) တစ်ခါ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပြန်တော့သင်္ခါရ က ဒုက္ခဖြစ်ကြောင်း၊ ဝိညာဏ်က (ဒုက္ခဖြစ်ကျိုးပါ ဘုရား)။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပြန်တော့ ဒကာ ဒကာမတို့ သန္တာန် အခု တရားနာနေတဲ့ နာမ်ရုပ်၊ ဝိညာဏ်က ဒုက္ခဖြစ်ကြောင်း၊ နာမ်ရုပ်က (ဒုက္ခဖြစ်ကျိုးပါ ဘုရား) နာမ်ရုပ်ကြောင့် သဠာယတနတွေ ဖြစ်ပြန်တော့လည်း နာမ်ရုပ်က ဘာပါလိမ့် (ဒုက္ခဖြစ်ကြောင်းပါ ဘုရား) သဠာယတနက (ဒုက္ခဖြစ်ကျိုးပါ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ဟာ အကောင်းကိုမပါတော့ဘူး (မပါပါ ဘုရား) ဘာတွေများ လှည့်နေကြပါလိမ့် (ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုး လှည့်နေပါတယ် ဘုရား)။

ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးချည်းလှည့်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်သည် နောက်ဘဝကလည်း ဘာသစ္စာဖြစ်ခဲ့ကြတယ် (ဒုက္ခသစ္စာ ဖြစ်ခဲ့ပါတယ် ဘုရား) ယခုဘဝ လည်း ဘာနဲ့ နေကြတယ် (ဒုက္ခသစ္စာနဲ့ နေကြပါတယ် ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်မရလို့ နိဗ္ဗာန်မရလို့ အနာဂတ်ဘဝပေါ်လာရင်ကော (ဒုက္ခသစ္စာပဲ ဖြစ်မှာပါ ဘုရား) ဒုက္ခ ဖြစ်၍ ဒုက္ခချုပ်တာပဲ လာလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီဒုက္ခစက်ရဟတ်ကြီးဟာဖြင့် ဦးခင်မောင်လည်နေပြီ (လည်ပါတယ် ဘုရား) အတိတ်ပြီးတော့ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ပြီးတော့ (အနာဂတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အနာဂတ်ကနေပြီး သကာလ ဒကာ ဒကာမတို့ သွားလိုက်ပြန်တော့ ပစ္စုပ္ပန်ပဲ လုပ်ကြပါစို့ဗျာ၊ အနာဂတ်က ကျေးဇူးပြုလိုက်တော့ ပစ္စုပ္ပန်တစ်ခု ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပစ္စုပ္ပန်ကနေပြီး သကာလ သွားပြန်တော့ ဒါတွေက ဘာဖြစ်ပြန်သလဲ အနာဂတ် ဖြစ်သွားတယ် (မှန်ပါ့) အနာဂတ် ကနေ တစ်ဖန် ပစ္စုပ္ပန်ဘက် မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) အဲ ပစ္စုပ္ပန်ကြောင့် တစ်ခါ အနာဂတ် ပြန်မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အနာဂတ်ကြောင့် တစ်ခါပစ္စုပ္ပန် ပြန်မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) ပစ္စုပ္ပန်ကြောင့် တစ်ခါ အနာဂတ် (လှည့်ပါတယ် ဘုရား) အနာဂတ်ကြောင့် (ပစ္စုပ္ပန်လှည့်ပါတယ် ဘုရား)။

ဘာတွေများလှည့်ပြီး ဘာတွေများ ဖြစ်နေတာပါလိမ့်

ဒီလိုပဲ လှည့်နေတော့တယ်၊ ဘာတွေများလှည့်ပြီး ဘာတွေများ ဖြစ်နေတာပါလိမ့် (ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါ ဘုရား) ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာတွေသာ ဧကန်လှည့် တကယ်လှည့်နေတော့တယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါတွေ ပါသေးလား (မပါပါ ဘုရား)။

မပါဘူးတဲ့၊ သုံးဘဝလှည့်ပြလိုက်ပါတယ်၊ သုံးဘဝလှည့်ပြလိုက်တဲ့အတွက် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာတွေပဲ၊ ဒုက္ခ ဖြစ်ကြောင်း ဒုက္ခဖြစ်ကျိုး ဒါပဲရှိတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခစဉ်းစားကြည့်ကြပါစို့တဲ့။ ဒုက္ခဟာ မိမိလုပ်တာရယ်လို့ ပါပါရဲ့လား (မပါပါ ဘုရား)။

ဒီအကြောင်းတရားက အကျိုးတရား ဖြစ်စေတာပဲ (မှန်ပါ့) ဒီအကြောင်းတရားက (အကျိုးတရား ဖြစ်စေပါတယ် ဘုရား) အကျိုးတရား။

ဒီအကြောင်းတရားက (ဒီအကျိုးတရား ဖြစ်စေပါတယ် ဘုရား) ရှေ့အကျိုးတရား ဖြစ်စေတာပဲ (မှန်ပါ့) ဒါဖြင့် ဒုက္ခ မိမိလုပ်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်ကြတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒုက္ခ သူတစ်ပါးလုပ်တာလားလို့ ဆိုလို့ရှိရင်လည်း ဒါတွေ မေးကြည့်ရင် သူတစ်ပါးပါရဲ့လား (မပါပါ ဘုရား) ဟော ဒုက္ခ မိမိလုပ်တာ မဟုတ်တဲ့အတွက် မိမိဆိုတဲ့ သက္ကာလ စင်သွားပြီ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိခွါနေပြီ

ဒါ သက္ကာယဒိဋ္ဌိခွါနေပြီ ဒကာ ဒကာမတို့၊ ဒီတရားအရေးကြီးပြီ (မှန်ပါ့ ဘုရား) သက္ကာယဒိဋ္ဌိကွာရင် ပထမစူဠ သောတာပန်ဖြစ်မယ်။ တကယ်ခွါနိုင်ရင် မဟာသောတာပန် ဖြစ်မယ်ဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အစောကြီးကနေပြီး ပဋိစ္စသမုပ္ပါဒ် သုံးဘဝလှည့်ပြီး ပြလိုက် ခြင်းကို ဘာခွါနေတာတုံးဆိုတာ တရားတစ်ပွဲလုံး ရိပ်မိပလား (ရိပ်မိပါပြီ) ဒိဋ္ဌိခွါနေတာ (မှန်လှပါ ဘုရား) ဝိစိကိစ္ဆာ သတ်နေတာ (မှန်လှပါ့ ဘုရား)။

ဒိဋ္ဌိခွါ၍ (ဝိစိကိစ္ဆာ သတ်နေတာပါ ဘုရား) ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာသတ်နေတာ (မှန်ပါ့) ဒီနေ့ ဘာလုပ်တဲ့နေ့ပါလိမ့် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သတ်နေတာပါ ဘုရား)။

ဟောဒီ နာရင်းနဲ့သာ သေသွားပါက ဒကာ ဒကာမတို့ ဒီဇောနဲ့ ဒီစိတ်နဲ့သာ သေသွား စူဠာသောတာပန်သေ သေမယ် (မှန်ပါ့) ရှုပြီးမှ ဒီဥစ္စာတွေ ဒီဒုက္ခတွေများ ချုပ်အောင်ရှုနိုင်ကြမယ်ဆိုရင် မဟာသောတာပန် ဧကန် ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ တရားနာတာလည်း ကျေးဇူးများတာပဲ (မှန်ပါ့) ကျင့်တာလည်း (ကျေးဇူးများပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါ အတိတ်ဘဝ၊ ဒါက ပစ္စုပ္ပန်ဘဝ၊ ဒီဘက်က ဘာပါလိမ့် (အနာဂတ်ဘဝပါ ဘုရား)။

အတိတ်ကြောင့် ဘာဖြစ်သတုံး (ပစ္စုပ္ပန် ဖြစ်ပါတယ်) ပစ္စုပ္ပန်ကြောင့် ( အနာဂတ် ဖြစ်ပါတယ်) တစ်ခါလှည့် လိုက်ဦး အနာဂတ်ကြောင့် ပစ္စုပ္ပန်ဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်ကြောင့် ဘာလာဖြစ်သတုံး (အနာဂတ် ဖြစ်ပါတယ်) အနာဂတ် ရုပ်နာမ်တွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အနာဂတ်ကြောင့် ဘာလာဖြစ်ပြန်သတုံး (ပစ္စုပ္ပန် လာဖြစ်ပါတယ်) ပစ္စုပ္ပန်ကြောင့် ဒီဘက် ဘာလာဖြစ်သတုံး (အနာဂတ် လာဖြစ်ပါတယ် ဘုရား)။

ဒီလိုပဲ လှည့်နေတာပဲ (မှန်ပါ့ ဘုရား) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ နောက်ဘဝက ဘာများဖြစ်ခဲ့ပါ လိမ့် အို တပည့်တော်တို့ ဘာမှ မဖြစ်ဘူး၊ ဒုက္ခစက်လည်ခဲ့တာပဲ (မှန်လှပါ ဘုရား)။

ဒုက္ခစက်လည်ခဲ့ပါတယ်

ရှေ့ကလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေး၊ တပည့်တော်တို့ ဘာဖြစ်ဦးမှာပါလိမ့် (ဒုက္ခစက်ပဲ လည်မှာပါပဲ ဘုရား) ကိုင်း- ဒကာ ဒကာမတို့ ဒါ အခု အရေးတကြီး ပြောပြီး သကာလ အစေလကဿပဟောမယ်လို့ ရှေ့ပိုင်းက ဦးခင်မောင် ဒါ တန်ဆာဆင်လိုက်တာပါပဲ (မှန်ပါ့ ဘုရား) ဒါ နားလည်ကြမလား (နားလည်ပါပြီ ဘုရား)။

အတိတ်ဘဝက ဘာများ ဖြစ်ခဲ့ကြသတုံး (ဒုက္ခစက်လည်ခဲ့ပါတယ် ဘုရား)။

အင်း ပစ္စုပ္ပန်ဘဝ ဘာနဲ့များ အတူနေကြပါလိမ့် (ဒုက္ခသစ္စာနဲ့ အတူနေပါတယ် ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား) နိဗ္ဗာန်မရသေးလို့ အနာဂတ်ဘဝမှာ ဘာများ ဖြစ်ကြမှာပါလိမ့် (ဒုက္ခသစ္စာပဲ ဖြစ်မှာပါပဲ ဘုရား)။

ဒီ ကြည့်ပါလား ဒကာ ဒကာမတို့ ဇာတိ ဒုက္ခသစ္စာ၊ ဇရာ မရဏ ဒုက္ခသစ္စာ၊ သောက ပရိဒေဝတွေဟာ လည်း ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာကလည်း သူလည်း ဒကာ ဒကာမတို့ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဆိုတော့ အာသဝက သမုဒယသစ္စာ၊ အဝိဇ္ဇာက ဒုက္ခသစ္စာ (မှန်လှပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အာသဝက ဘာပါလိမ့် (သမုဒယသစ္စာပါ ဘုရား) အာသဝသမုဒယာ အဝိဇ္ဇာသမုဒယောဆိုတော့ အဝိဇ္ဇာက ဘာသစ္စာဖြစ်သွားသလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ သင်္ခါရာကျတော့ အဝိဇ္ဇာက သမုဒယသစ္စာဖြစ်တယ် (မှန်ပါ့) သင်္ခါရက ဘာသစ္စာ ဖြစ်သလဲ (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာ၊ သင်္ခါရကြောင့် တစ်ခါ ဒီဘက်ပစ္စုပ္ပန်ဘဝ ဝိညာဏ်ဖြစ်ပြန်တယ်ဆိုတော့ သင်္ခါရက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ဝိညာဏ်က (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချည်း လှည့်နေတာပဲ၊ မဂ္ဂနဲ့ နိရောဓဆိုတဲ့ အကောင်းသစ္စာနှစ်ခု ဝင်ကိုမလာဘူး (မလာပါ ဘုရား)။

သမုဒယနဲ့ ဒုက္ခက (လှည့်နေပါတယ် ဘုရား) နိရောဓနဲ့ မဂ္ဂက (မလာပါ ဘုရား) အဲ နိရောဓနဲ့ မဂ္ဂပါအောင် ယနေ့တော့ဖြင့် ရှင်းပေးရတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

အမြတ်သစ္စာ ကြားထိုးလို့ကို မပါပါဘူး

အယုတ်သစ္စာ နှစ်ပါးသာ ဦးခင်မောင် လှည့်နေတယ် (မှန်ပါ့) အမြတ်သစ္စာ ကြားထိုးလို့ကို မပါပါဘူး (မပါပါ ဘုရား) အမြတ်သစ္စာက (ကြားထိုးလို့ မပါ-ပါ ဘုရား)။

ကိုင်း ဒါတွေကတော့ သူ ပဋိစ္စသမုပ္ပါဒ် စာဆိုအတိုင်း ဖြစ်စဉ်အတိုင်း ပြရတဲ့အတွက် အလုံးများနေတယ် နော် (မှန်ပါ့)။

သုံးလုံးစီပဲ လှည့်ကြပါစို့ ဒကာ ဒကာမတို့၊ စားပွဲကလည်း သေးတယ်၊ ဒီလောက်ဆိုရင်လည်း ရှင်းလောက်ပါပြီ၊ အရင်ပင်ရင်းပြခဲ့ပြီးပါပြီ (မှန်ပါ့) မပြသေးဘူးလား (ပြခဲ့ပါပြီ) ပြပြီးတဲ့အခါကျတော့ သုံးလုံးစီပဲ သုံးပွင့်ဆိုင်နဲ့ လှည့်ပါစို့ ဒကာ ဒကာမတို့။

အတိတ် ပစ္စုပ္ပန် အနာဂတ်၊ ဒါလည်း အဝိဇ္ဇာသင်္ခါရ ဒီဘက် ဝိညာဏ် နာမ်ရုပ် စသည်၊ ဒီဘက်က ဇာတိဇရာ မရဏ စသည်၊ အာသဝပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အတိတ်ကလည်း ဘာသစ္စာနှစ်ခုတုံး (ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာပါဘုရား) ဒုက္ခသစ္စာနဲ့ သမုဒယ (မှန်ပါ)။ ရှင်းပါပြီ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တာကိုး (မှန်ပါ့) အဝိဇ္ဇာက သမုဒယသစ္စာ၊ ဒါက ပဋိသမ္ဘိဒါမဂ်မှာ လာတာနော် (မှန်ပါ့ ဘုရား)။ သင်္ခါရက (ဒုက္ခသစ္စာပါ ဘုရား)။

ဒီဘက်က ဝိညာဏ် နာမ်ရုပ်တွေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်တာ၊ သင်္ခါရက (သမုဒယသစ္စာပါ ဘုရား)။

ဒီဘက်ကလည်း သူ့ဟာသူ သွားလိုက်လို့ရှိရင် ဒုက္ခသမုဒယ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) ဒီဘက်ကနေ ပြီး ပစ္စုပ္ပန်ဘဝကနေပြီး ကံထိအောင် ကုန်ခဲ့တော့ ဒီဘက် ကံက ဘာသစ္စာ (သမုဒယသစ္စာပါ) ဇာတိ ဇရာ မရဏတွေ က (ဒုက္ခသစ္စာပါ ဘုရား)။

ဒီထဲ ဇာတိ ဇရာ မရဏတွေ့တဲ့ပုဂ္ဂိုလ်မှာ သောကပရိဒေဝတွေက မလာဘူးလား (လာပါတယ် ဘုရား) လာတော့ သောကဆိုတာ မသိလို့ စိုးရိမ်တာ (မှန်ပါ့) ကိုယ့်ကိုယ် နှမြောလို့ စိုးရိမ်တာ (မှန်ပါ့) ကာမာသဝ ဘဝါသဝတွေ မလာ ဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယောဆိုတော့ အတိတ်ပြန်ပြီး မပတ်မိဘူးလား (ပတ်မိပါတယ် ဘုရား) ပတ်မိတဲ့အခါကျတော့ ဒီဘက်က အာသဝက သမုဒယသစ္စာ ဒီဘက်က အဝိဇ္ဇာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာမှာ စ, ပြောတုန်းက သမုဒယသစ္စာ၊ နောက် ဒီဘက်က အနာဂတ်ကနေပြီး ပစ္စုပ္ပန်အဖြစ်နဲ့ ပြန် ပတ်လိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

တစ်ခု တစ်ခုမှာ ဒုက္ခ, သမုဒယ နှစ်ချက်ရတယ်

အဲဒီတော့ တစ်ခု တစ်ခုမှာ ဒုက္ခ, သမုဒယ နှစ်ချက်ရတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

တစ်ခု တစ်ခုမှာ (ဒုက္ခ, သမုဒယ နှစ်ချက်ရပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်ဘဝက ဘာဖြစ် ခဲ့သတုံး (ဒုက္ခ, သမုဒယဖြစ်ခဲ့ပါတယ် ဘုရား) ဒုက္ခသမုဒယ ဖြစ်ခဲ့ပါတယ် ဆိုရုံပဲ။

ပစ္စုပ္ပန်မှာလည်း ဘာနဲ့နေကြရပါလိမ့် (ဒုက္ခ, သမုဒယနဲ့ပဲ နေရပါတယ် ဘုရား) ဒုက္ခသမုဒယနဲ့ပဲ၊ အနာဂတ် ဘဝ၌ နိဗ္ဗာန်မရသေးရင် ဘာဖြစ်ကြမှာတုံး (ဒုက္ခသမုဒယပဲ ဖြစ်မှာပါ ဘုရား)။

ဒါဖြင့် ဒုက္ခ, သမုဒယနဲ့ နေတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှိတယ် (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက်ချမယ် (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ ဘုရား)။

ဒါဖြင့် သုံးဘဝစလုံးမှာ အကောင်း ဒီထဲမှာ နည်းနည်းမှ ပါပါရဲ့လား (မပါပါ ဘုရား) ဘာတွေ တွေ့ကြပါလိမ့် (ဒုက္ခနဲ့ သမုဒယပဲ တွေ့ပါတယ် ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှိတယ် (မှန်ပါ့) ဒကာ ဒကာမတွေ အတိတ်ဘဝက ဘာတွေ ဘာတွေ တွေ့ရသတုံး (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ တွေ့ရပါတယ် ဘုရား)။

ပစ္စုပ္ပန်ဘဝ ယခုရောက်ဆဲဘဝမှာကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ရှိပါတယ် ဘုရား) ဖြစ်လိုက် ပျက်လိုက် ကိုးဗျ (မှန်ပါ့) ဒုက္ခဖြစ်၍ (ဒုက္ခပျက်ပါ ဘုရား)။

ခပ်ပေပေလုပ်နေမယ်ဆိုရင်

အနာဂတ်ဘဝ နိဗ္ဗာန်ရအောင် ခင်ဗျားတို့ကလည်း မလုပ် ဆရာ သမားကောင်းတွေနဲ့လည်း မတွေ့ကြဘူး။ ခင်ဗျားတို့က ခပ်ပေပေလုပ်နေမယ်ဆိုရင် အနာဂတ် ငါ-ဘာဖြစ်ဦးမှာတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခဖြစ်၍ ဒုက္ခချုပ်မှာပါ ဘုရား) ဒါပဲ နတ်ဖြစ်တယ်၊ ဗြဟ္မာဖြစ်တယ်က မသေချာဘူး၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်မှာက (သေချာပါတယ် ဘုရား)။

အဲဒီတော့ မသေချာတာက ပရမတ္ထဒေသနာတော်က လိုက်ပါ၊ ရှင်းပြီနော် (ရှင်းပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခစက်သုံးခုလည်ပြီး အတိတ်ကလည်း ဒုက္ခ၊ ပစ္စုပ္ပန်မှာလည်း (ဒုက္ခပါ) အနာဂတ်မှာလည်း (ဒုက္ခပါ) အနာဂတ်ကဆက်ပြီး ပစ္စုပ္ပန်အကျိုးပြုလိုက်ပြန်တော့ (ဒုက္ခပါ ဘုရား)။

ဦးခင်မောင် သံသရာထဲမှာ ကျုပ်တို့ ဘယ်လိုများနေခဲ့ရသတုံး ဆိုတာဖြင့် ယနေ့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘယ်လိုများနေခဲ့ကြရသတုံး (ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါ ဘုရား) ခန္ဓာရနေတဲ့ပုဂ္ဂိုလ် ဒီအတိုင်းပဲ (မှန်ပါ့ ဘုရား) ရှင်း ပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြပါစို့ အတိတ် ဒုက္ခသစ္စာကြီးဆိုတော့ ဘုန်းကြီးတို့က မဂ်ဉာဏ်နဲ့ လှမ်းဖြတ်လို့ မရတော့ဘူး (မရတော့ပါ ဘုရား) သဘောကျပလား (မှန်ပါ့) ပစ္စုပ္ပန်ဒုက္ခသစ္စာကို မြင်ကြလို့ရှိရင်ဖြင့် အနာဂတ် ဒုက္ခသစ္စာကို ဒကာ ဒကာမတို့ ပြတ်အောင်လုပ်နိုင်တယ် (မှန်ပါ့) မလုပ်နိုင်ဘူးလား (လုပ်နိုင်ပါတယ် ဘုရား)။

ကြားမှာ မဂ်သွင်းကြစို့

အဲဒီတော့ ပစ္စုပ္ပန်ဒုက္ခဖြစ်၍ ဒုက္ခပျက်တာကို ဒီကနေ ကြားမှာ မဂ်သွင်းကြစို့ (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား) ဒီကနေကြားမှာ မဂ္ဂင်ငါးပါး သွင်းနိုင်အောင် သွင်း၊ ရှစ်ပါးသွင်းနိုင်အောင် သွင်းလို့ရှိရင်ဖြင့် အနာဂတ် ဒုက္ခသည် ဘာဖြစ်သွားမလဲ (ချုပ်သွားပါမယ် ဘုရား) ဪ ဒါဖြင့် အတိတ်လွန်တာလည်း မတတ်နိုင်တော့ဘူး (မှန်ပါ့) ပစ္စုပ္ပန် အမှန်သိဖို့ အရေးကြီးတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာအရေးကြီးပါလိမ့် (ပစ္စုပ္ပန်အမှန် သိဖို့ အရေးကြီးပါတယ် ဘုရား) ကိုင်း ခင်ဗျားတို့ မသေသေးတော့ အခု ပစ္စုပ္ပန် မသေကြသေးတော့ ဘယ့်နှယ်ဆိုကြမလဲ (ပစ္စုပ္ပန်ပါ ဘုရား) အဲဒါ အမှန်သိဖို့ဆိုတော့ ဒီခန္ဓာငါးပါး၊ ပစ္စုပ္ပန်ခန္ဓာ ငါးပါးဟာ ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာပဲ (မှန်ပါ့)။

ဒါကို အခု ဆရာသမားနဲ့ ဘုရားသာသနာကလည်း မကုန်ခင်, ဆရာတွေ သမားတွေကလည်း စုံတုန်း၊ ဒီအချိန် မှာ ခင်ဗျားတို့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာကို မြင်အောင်ကြည့် (မှန်ပါ့) ကြည့်လို့ရှိရင် အနာဂတ်ဒုက္ခ (မလာတော့ပါ ဘုရား) သူမှ မလာလို့ရှိရင် ပတ်နိုင်သေရဲ့လား (မပတ်နိုင်ပါ ဘုရား) မပတ်နိုင်တော့ ဒကာ ဒကာမတို့ ဒုက္ခစက်ပြတ် တာ နိဗ္ဗာန် (မှန်ပါ့) ဒုက္ခစက် (ပြတ်တာဟာ နိဗ္ဗာန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာ၊ နောက်က ဒကာ ဒကာမတို့ မဂ်လိုက်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား) အနာဂတ်ဒုက္ခသစ္စာ ဘာဖြစ်မလဲ (ပြတ်ပါတယ် ဘုရား) ပြတ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီနေရာမှာ ကျုပ်တို့ အလုပ်စခန်းသွင်းဖို့ ဒီနေရာ သွင်းရမည့်အချိန်ပဲ ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ပစ္စုပ္ပန်ခန္ဓာရှုတိုင်း ရှုတိုင်း နောက်ကနေပြီး သကာလ အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်အောင် ဦးခင်မောင်တို့၊ ဒကာတို့ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒါဖြင့် အနာဂတ်ခန္ဓာ ပြတ်ချင်လို့ရှိရင် ပစ္စုပ္ပန်ခန္ဓာ နောက်က မဂ်လိုက်ရမယ် (မှန်ပါ့ ဘုရား) ပစ္စုပ္ပန်ခန္ဓာ နောက်က (မဂ်လိုက်ရပါမယ် ဘုရား)။

အဲ အခု တရားနာနေတာ လူပေါင်းမနည်းပါဘူး၊ ဒါလိုက်ရတော့မယ် (မှန်ပါ့) ဒါ လိုရင်းပဲလို့ဆိုတာ သေသေချာချာမှတ်ပေတော့ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ အနာဂတ်ဒုက္ခတွေ ပြန်ရမယ် (မှန်ပါ ဘုရား) မရပေဘူးလား (ရမှာပါ ဘုရား) အနာဂတ်ဒုက္ခရလို့ရှိရင် အနာဂတ်ကနေပြီး ပစ္စုပ္ပန်ကျေးဇူးပြုလိုက်တယ် (မှန်ပါ့) မပြုပေဘူးလား (ပြုပါတယ် ဘုရား) ပြုရင် ဝိုင်းသွားလိမ့်ဦးမယ်၊ ဝိုင်းသွားတော့ ဒကာ ဒကာမတို့ ဒုက္ခထဲကလာ၊ ဒုက္ခထဲသွား ဒုက္ခထဲနေ၊ ဒုက္ခထဲသေ (မှန်ပါ့) သုခကြားမညှပ်ပါဘူး (မညှပ်ပါ ဘုရား) ညှပ်သေးရဲ့လား (မညှပ်ပါ ဘုရား) သုခကို ကြားမညှပ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည် အခုတရားနာနေတဲ့ ဒကာ ဒကာမတွေဟာ ပစ္စုပ္ပန်ခန္ဓာ နဲ့ နာနေတာ (မှန်ပါ့) ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ခန္ဓာနဲ့ နာနေကြတာ (မှန်ပါ့ ဘုရား) တရားနာနေကြတာ ဘယ်သူတွေပါ လိမ့် (ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ခန္ဓာနဲ့ နာနေကြတာပါ ဘုရား) ပစ္စုပ္ပန်ခန္ဓာ ပစ္စုပ္ပန် ပဋိသမုပ္ပါဒ်နဲ့ နာနေတာ (မှန်ပါ့) ရှင်း ကြပလား (ရှင်းပါပြီ)။

အဲဒီ နာတဲ့ခန္ဓာကို ဘုန်းကြီးပေးတဲ့နည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဖြတ်ပေးတဲ့မဂ္ဂင်နဲ့ “ဒုက္ခေ ဉာဏံ” လုပ်ရလိမ့်မယ် (မှန်ပါ့) “ဒုက္ခ သမုဒယေ ဉာဏံ” လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) “ဒုက္ခနိရောဓေ (ဉာဏံလုပ်ရပါမယ်) ဒုက္ခနိရောဂေါမိနီနိယာ ပဋိပဒါယဉာဏံ” လုပ်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီဉာဏ်ဟာ ဒကာ ဒကာမတို့ ဒုက္ခသိတဲ့ဉာဏ်လည်း သူ ဒီမဂ္ဂင်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒုက္ခချုပ်အောင် လုပ်နိုင်တဲ့ သမုဒယသတ်တဲ့ဉာဏ်ကော (မဂ်ဉာဏ်ပါ ဘုရား) ဒီဉာဏ်ပဲ ဒီဉာဏ်ပဲ၊ ပစ္စုပ္ပန်နောက်က လိုက်တဲ့ဉာဏ်ပဲ (မှန်ပါ့ ဘုရား) ဒုက္ခတွေ၏ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို ကျင့်နိုင်တဲ့ ဉာဏ်ကော (ဒီဉာဏ်ပါ ဘုရား) ဒီဉာဏ်ပဲ၊ ပစ္စုပ္ပန်ခန္ဓာနောက်က ဉာဏ်ပဲ၊ သေချာကြပလား (သေချာပါပြီ)။

ဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်းအကျင့်ဆိုတာ

ကဲ ဒါဖြင့် ဒုက္ခတို့၏ ချုပ်ရာ ချုပ်ကြောင်းအကျင့်ဆိုတာလည်း ဒီ ပစ္စုပ္ပန်ခန္ဓာနောက်ကလိုက်တဲ့ မဂ္ဂင်ရှစ်ပါး, ခင်ဗျားတို့ ပွားများနေတဲ့ အကျင့်ပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဪ ဒါဖြင့် ဒါမပါရင် အနာဂတ်ဘဝ မပြတ်ဘူး (မှန်ပါ့ ဘုရား) သေချာကြပလား (သေချာပါပြီ) ပစ္စုပ္ပန်ခန္ဓာနောက်က ဘာလိုက်ရမယ် (မဂ်လိုက်ရပါမယ် ဘုရား)။

မဂ္ဂင်လိုက်ရမယ်၊ မဂ္ဂင်လိုက်ရင် အနာဂတ်ခန္ဓာ ဘာဖြစ်မလဲ (ချုပ်သွားပါတယ် ဘုရား)။

အနာဂတ်ခန္ဓာချုပ်လို့ရှိရင် အနာဂတ်က နေပြီး သကာလ ဒကာ ဒကာမတို့ ပစ္စုပ္ပန်အသစ်တစ်ခု ပေါ်စရာ လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား) ဒီက သူမှ မရှိဘဲနဲ့ ဒီ ပြန်ပတ်နိုင်သေးရဲ့လား (မပတ်နိုင်ပါ ဘုရား)။

မပတ်နိုင်တဲ့အတွက် ဒါပြီးလို့ရှိရင်ဖြင့် ဒီခန္ဓာချုပ်ပြီးလို့ရှိရင်ဖြင့် ဒီမဂ်ရလို့ နိဗ္ဗာန်သွားရုံပဲ ရှိတော့မယ် (မှန်ပါ့) ဒီ့ပြင် လမ်းရှည်စရာ လိုသေးသလား (မလိုပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် တရားတစ်ပွဲလုံး သေသေချာချာ မှတ်ကြစမ်းပါလို့ ဝတ္ထုမထုတ်ခင် ရှင်းအောင်ပြောနေတယ် (မှန်ပါ့) ဘယ်ခန္ဓာနောက်က ဘယ်ဉာဏ်လိုက်ရမလဲ (ပစ္စုပ္ပန်ခန္ဓာနောက်က မဂ်ဉာဏ်လိုက်ရပါမယ် ဘုရား) ပစ္စုပ္ပန်ခန္ဓာနောက် က ဝိပဿနာဉာဏ် မဂ်ဉာဏ်လိုက်ရမယ် (မှန်ပါ့)။

ပစ္စုပ္ပန်ခန္ဓာနောက်က (ဝိပဿနာဉာဏ် မဂ်ဉာဏ် လိုက်ရပါမယ် ဘုရား) ကဲ ဒကာ ဒကာမတို့ ယခု ပစ္စုပ္ပန်ခန္ဓာ ခင်ဗျားတို့ ရှိသေးရဲ့ မဟုတ်လား (ရှိပါတယ် ဘုရား)။

အဲ ဒါကလေးသာလိုက်တော့ ဒါကလေးသာလိုက်လို့ရှိရင် ခင်ဗျားတို့ လမ်းဆုံးရတော့မယ်၊ သိပ်ဝေးသလား (မဝေးပါ ဘုရား)။

အဲဒါကြောင့် မလိုက်တတ်လို့ရှိရင်လည်း အနာဂါတ်ခန္ဓာလာလိမ့်မယ်နော် (မှန်ပါ့) လိုက်တတ်လို့ရှိရင်လည်း အနာဂတ်ခန္ဓာပြတ်သောကြောင့် ပစ္စုပ္ပန်ခန္ဓာ နောက်ထပ် အသစ်ပေါ်ဦးမလား (မပေါ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒို့ အခု တရားနာနေတာ ဘယ်ခန္ဓာတွေပါလိမ့်မလဲ (ပစ္စုပ္ပန်ခန္ဓာတွေပါ ဘုရား) ပစ္စုပ္ပန်ခန္ဓာ ဆိုချင်ဆို ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ဆိုချင်ဆို အတူတူပဲ ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ် လိုက်ပေး

ဒီနောက် ဘာလုပ်ရမတုံး (ဝိပဿနာဉာဏ် လိုက်ရပါမယ်) ဝိပဿနာဉာဏ် လိုက်ပေး၊ ရင့်လာရင် မဂ်ဉာဏ်လိုက် မှာပဲ (မှန်ပါ့)။

ဪ ဒါသည် ဘာလုပ်တာပါလိမ့် ဒုက္ခသတ်တာနော် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာလုပ်တာပါလိမ့် (ဒုက္ခသတ်တာပါ ဘုရား)။

အဲဒီတော့ ဒီအလုပ် လုပ်ပါတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဆရာဘုန်းကြီးကလည်း ဟော၊ ဒီ့ပြင် ဆရာတော် သမားတော်တွေကလည်း အကုန်ဟောကြပြောကြတယ်၊ ဘယ့်နှယ်ကြောင့် ဒီလောက် ဟောကြ ပြောကြ လုပ်နေပါလိမ့် မတုံး ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခဆက်မှာစိုးလို့ ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ဒုက္ခခန္ဓာကြီး အနာဂတ်နဲ့ ဆက်သွားမှာစိုးလို့ မဆက်ပါစေနဲ့ဆိုပြီး ပစ္စုပ္ပန်ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နောက်က ဝိပဿနာမဂ်၊ လောကုတ္တရာမဂ် လိုက်ပါ၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အဲဒီတော့ ဒီတရား ဆရာဘုန်းကြီးက ဟောတဲ့ကုသိုလ်လည်း ရပါတယ်။ ဒကာ ဒကာမတွေက ဟောတဲ့ကုသိုလ် တွင် မကဘူး၊ ကိုယ်လုပ်လို့ရှိရင် ကိုယ့်ဒုက္ခ ကိုယ်သိမ်းပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီအလုပ်ဟာ ပျင်းရမည့်အလုပ်လား ဒကာ ဒကာမတို့ မလုပ်ဘဲ နေရမည့်အလုပ်လား ဒုက္ခရှိတဲ့ပုဂ္ဂိုလ်မှာ (လုပ်ရမည့် တရားပါ ဘုရား)။

ဒုက္ခက ဒီအထဲ တရားနာနေတာတွေက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ) ဟ ဒုက္ခရှိနေတဲ့ပုဂ္ဂိုလ်က ဒုက္ခမသိမ်း ချင်ပါဘူးဆိုလို့ရှိရင် ဒီ့ထက်ရူး ဒီ့ထက် အ-တာမရှိဘူး ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါ နာအောင်ပြောတာလား ခင်ဗျားတို့ မသိလို့ တော်အောင် နေတာလားဆိုတာ ဖော်ပြလိုက်တယ် (မှန်ပါ့) ဦးခင်မောင် ဖော်ပြောလိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ဖော်ပြောတော့ မပေါ်ဘူးလား (ပေါ်လာပါတယ်) ဒီခန္ဓာကြီးဟာ ပစ္စုပ္ပန်ခန္ဓာကြီးဟာ ခုနင်က လှည့်ပတ် ပြီး ပြခဲ့တာ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ) ဒုက္ခဖြစ်၍ ဒုက္ခဖြစ်တာ်ပဲ ရှိတယ် (မှန်ပါ့)။

သူကနေပြီးများ ဆက်များ ကျေးဇူးပြုလိုက်ဦးမယ်ဆိုလို့ရှိရင် ဘာတွေလာဦးမလဲ (ဒုက္ခနဲ့ သမုဒယတွေ လာပါမယ် ဘုရား)။

ဪ ဒကာ ဒကာမတွေ ဒါဖြင့် လက်ရှိဒုက္ခကြီးကိုမှ မသိမ်းတတ်လို့ ရှိရင်ဖြင့် လက်မဲ့ဒုက္ခနဲ့ တစ်ခါဆက် ပြီးတွေ့ရချေသေးရဲ့ (မှန်ပါ့)။

လက်ရှိဒုက္ခ မသိမ်းနိုင်ရင်

လက်ရှိဒုက္ခ မသိမ်းနိုင်ရင် (လက်မဲ့ဒုက္ခ တစ်ခါ ဆက်ပြီးတွေ့ရပါမယ် ဘုရား) လက်မဲ့ဆိုတာ အနာဂတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လက်ရှိဒုက္ခမသိမ်းနိုင်လို့ရှိရင်ဖြင့် (လက်မဲ့ဒုက္ခဆက်ပြီး တွေ့ရပါမယ် ဘုရား) သိမ်းနိုင်လို့ရှိရင် လက်မဲ့ဒုက္ခဟာ (ပြတ်ပါတယ် ဘုရား)။

အနာဂတ်ဒုက္ခ ဘယ့်နှယ်နေကြသလဲ (မလာပါ) ရှင်းပြီနော် (ရှင်းပါပြီ) ဒါဖြင့် ဒုက္ခဘယ်သူလုပ်တာတုံးဆိုလို့ ရှိရင် ပစ္စုပ္ပန်ဒုက္ခက အနာဂတ်ဒုက္ခလုပ်တယ် (မှန်ပါ့) အနာဂတ်ဒုက္ခက ပစ္စုပ္ပန်ဒုက္ခ ပြန်လုပ်တယ် (မှန်ပါ့) မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်ဒုက္ခက ဒကာ ဒကာမတို့ အနာဂတ်ပြန်လုပ်တယ် မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခ ဒုက္ခချင်း ဆက်လုပ်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဘဝ သုံးဘဝဆက်ပြတာ ဘာတွေများဆက်နေကြသလဲ (ဒုက္ခတွေ ဆက်နေတာပါ) ကဲ မဂ်ဝင်ကြ မဂ်ဝင်ကြ၊ ပစ္စုပ္ပန်ဒုက္ခ နောက်ကနေပြီး ဘာဝင်ရမလဲ (မဂ်ဝင်ရပါတယ် ဘုရား)။

မဂ်ဝင်လိုက်တော့ အတိတ်ဒုက္ခကတော့ လွန်ပြီးသားမို့ မတတ်နိုင်ဘူး၊ ပစ္စုပ္ပန်ဒုက္ခကို အပြစ်မြင်မှန်း (မှန်ပါ့)။

ဒုက္ခသစ္စာမှန်း အမှန်သိလို့ရှိရင်ဖြင့် ဦးခင်မောင်ရေ၊ ဦးဝရေ အနာဂတ်ဒုက္ခ ဖြစ်ကြောင်းရော အနာဂတ် ဒုက္ခ သစ္စာတွေကော လာဦးမလား (မလာပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီအလုပ် လုပ်ကြပလားလို့ မေးလိုက်ပါတယ် (လုပ်ပါတယ်) လုပ်ပါ တယ်နော် (မှန်ပါ့)။

အားလုံး တရားတစ်ပွဲလုံးလုပ်ကြပါ (မှန်ပါ့) ကိုယ့်အိမ်မှာ ကိုယ်လုပ်ပါနော် (မှန်ပါ့) အေး ဒီ့ပြင် ရိပ်သာတွေ ဘာတွေမှာလဲ သွားပြီး လုပ်ကြပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် တိုက်တွန်းရပါလိမ့်မလဲလို့ မေးတော့ ဪ ကိုယ့်ဒုက္ခရှိတာ ကိုယ်သိပြီး ကိုယ့်ဟာကိုယ် သိမ်းတဲ့အလုပ်ကို လုပ်တော့မှ လူပါးလာဖြစ်တယ် (မှန်ပါ့)။

ဦးခင်မောင် ဘာလာဖြစ်တာတုံး (လူပါးလာဖြစ်ပါတယ် ဘုရား) နို့မဟုတ်လို့ရှိရင် ဒီအလုပ်မှ မလုပ်သေးဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ လူပါးထဲသွင်းလို့ကို (မရပါ ဘုရား)။

ဘာကြောင့်တုံး၊ ဒုက္ခရှိမှန်းလဲ မသိ၊ ဒုက္ခသိမ်းတတ်တဲ့ ဉာဏ်လဲမလာ (မှန်ပါ့) တယ်လဲ နစ်နာပါကလား (မှန်ပါ့) ဒုက္ခရှိမှန်းကော (မသိပါ ဘုရား) ဒုက္ခသိမ်းတတ်တဲ့ ဉာဏ်ကော (မလာပါ ဘုရား)။

အနာပေါက်တာမသိရင် အရူး

ဪ ဖြစ်မှ ဖြစ်ရလေ၊ အနာပေါက်တာလည်း မသိ (မှန်ပါ့)၊ ဒကာ ဒကာမတွေ အနာပေါက်တာမသိရင် အရူး (မှန်ပါ့)။

အနာမပျောက်ချင်ဘူးဆိုရင်ကောဟင် (အရူးပါ) ဒါဖြင့် ပေါက်တာမှ မသိတဲ့ ပုဂ္ဂိုလ်ဟာ ပျောက်ချင်တဲ့စိတ် လာပါ့မလား (မလာပါ ဘုရား)။

ဒီနေ့တော့ဖြင့် ပေါက်တာလည်း သိပါပြီ၊ ပျောက်ချင်တဲ့ဉာဏ်ဟာလည်း ဒီလိုရှုရင်ပျောက်ပါတယ်ဆိုတာ ဉာဏ် ဆေးလည်း ပေးထားပါပြီ (မှန်ပါ့)။

အနာပေါက်တာက ခန္ဓာငါးပါး (မှန်ပါ့) နောက်အနာပေါက်ဆေးက ဝိပဿနာရှုတဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီအလုပ်ဟာ အနာရှိတဲ့ပုဂ္ဂိုလ်မှာ ကုရမည့်ဆေးကိုဖြင့် နှေးနှေးကုမှ တော်မလား၊ မြန်မြန်ကုမှ တော်မလား (မြန်မြန်ကုမှ တော်ပါမယ် ဘုရား)။

ဒါ အပြောနဲ့ မပြီးဘူးနော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်လိုမှာပါလိမ့် (အပြောနဲ့ မပြီးပါ ဘုရား) အပြောနဲ့ မပြီးဘူးတဲ့၊ အနာရှိမှန်း သိလို့ရှိရင် အနာကုတဲ့ဆေးကို ကျုပ်တို့သည် ကပျာကယာရှာ၊ ကပျာကယာကုလို့ရှိရင် ကပျာကယာ ချမ်းသာတာပဲဆိုတာ ပြောဖို့ မလိုပါဘူး (မှန်ပါ့) လိုသေးရဲ့လား (မလိုပါ ဘုရား)။

ရောဂတော

အဲဒါကြောင့် ပစ္စုပ္ပန်ခန္ဓာကြီးဟာ အနာကြီး၊ ဒါကြောင့် ဘုရားက “ရောဂတော” တဲ့ မဟောဘူးလား (ဟောပါ တယ် ဘုရား) ရောဂတော-အနာတွေကွ ဒီဥစ္စာ။

ဒကာ ဒကာမတွေ ဘာတွေတဲ့ ခန္ဓာ ငါးပါးကြီးဟာ (အနာတွေပါ ဘုရား)။

အနာတွေမဟုတ်လား၊ ဒီအနာတွေ ကူးစက်ပြီး သကာလ သွားမယ်ဆိုလို့ရှိရင် ဟိုဘက်မှာ အနာခန္ဓာသည် တစ်ခုပေါ်ဦးမယ် (ပေါ်ပါမယ် ဘုရား) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်အနာမကုလိုက်လို့ရှိရင် အနာကကူးစက်ပြီး သကာလ တဏှာ ဥပါဒါန်တွေကနေပြီး ရောဂတောဆိုတဲ့ ဂဏ္ဍတောဆိုတဲ့ အနာခန္ဓာကြီး လာ-မလာ (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခု အနာပျောက်အောင်ကုနိုင်လို့ရှိရင်လည်း ကူးစက်တတ်တဲ့အနာ၊ နောက် အနာ ပေါက်စရာ လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဒါဖြင့် ယခု အနာသည် ဘယ်သူပါလိမ့်မတုံးဆိုတော့ တရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့)။

ယခုအနာသည် ဘယ်သူပါလိမ့် (တရားနာနေတဲ့ခန္ဓာ ငါးပါးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အို, နာရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အိပ်ရာဖျာကပ် အနာကော (ရှိပါတယ် ဘုရား) သေနာကော (ရှိပါတယ် ဘုရား)။

ဒါ ခင်ဗျားတို့သည်ကားလို့ဆိုရင် နောက်ကို အို, နာတွေ့ချင်သေးတယ်၊ နာ နာ တွေ့ချင်သေးတယ်၊ သေနာ တွေ့ချင်သေးတယ်ဆိုရင် ဒီဆေးရှာတဲ့အလုပ် မလုပ်နဲ့ (မှန်ပါ့) ဒီမဂ္ဂင်အလုပ် လုပ်လို့ရှိရင်ဖြင့် အနာသုံးမျိုး အကုန်ပျောက်မှာပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် အနာပျောက်ဆေးသည် ဒကာ ဒကာမတို့ ပစ္စုပ္ပန် အနာပျောက်အောင် ကုနိုင်တဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အနာဂတ် အနာပေါက်စရာ လိုသေးသလား (မလိုပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒါအသာထားလိုက်ပါတဲ့၊ သုံးဘဝဆက်တာသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အနာချင်းဆက်တာပဲ (မှန်ပါ့) ပစ္စုပ္ပန်အနာကြောင့် အနာဂတ်အနာခန္ဓာလာတယ် (မှန်ပါ့) အနာဂတ် အနာ ခန္ဓာကြောင့် (ပစ္စုပ္ပန်ခန္ဓာ လာပါတယ်) နောက် ပစ္စုပ္ပန်ခန္ဓာ မလာဘူးလား (လာပါတယ် ဘုရား)။

ပစ္စုပ္ပန်ခန္ဓာကြောင့် နောက်တစ်ခါ ဘာလာဖြစ်မယ် (အနာဂတ် ခန္ဓာ လာဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ မဂ်နဲ့ မကုတဲ့ပုဂ္ဂိုလ်မှာ အနာချည်းလှည့်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

မဂ်နဲ့ မသိတဲ့ပုဂ္ဂိုလ်မှာ (အနာချည်းလှည့်ရပါမယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

မဂ်နဲ့ မသိတဲ့ပုဂ္ဂိုလ်မှာ (အနာချည်း လှည့်ရပါမယ် ဘုရား)။

ဪ ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း “ရောဂတော ဂဏ္ဍတော သလ္လတော” နဲ့ ဦးခင်မောင် ဟောလိုက်တာ (မှန်ပါ့ ဘုရား)။

အရိယာမျက်လုံး တပ်မကြည့်ရင်

သို့သော် အရိယာမျက်လုံး တပ်မကြည့်ရင်တော့ မမြင်ပါဘူး (မှန်ပါ့ ဘုရား)။

ဘာတုံး (အရိယာမျက်လုံး တပ်မကြည့်ရင် မမြင်ပါဘုရား)။

ဒါဖြင့် အရိယာမျက်လုံးဆိုတာသည် ဒကာ ဒကာမတို့ ပြောပေးတဲ့၊ ဆိုပေးတဲ့၊ ဟောပေးတဲ့ ပုဂ္ဂိုလ်က တပ်ပေးတဲ့မျက်လုံးနဲ့ ကြည့်လိုက်လို့ရှိရင် ဒါဖြစ်သွားတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အရိယာဆိုတာ ဒကာ ဒကာမတို့ တကယ်အရိယာဖြစ်မှ မြင်တာ မဟုတ်ဘူး၊ အရိယာဖြစ်ဖို့ရာအကြောင်း မျက်လုံးက ရှိသေးတယ် (မှန်ပါ့)။

အဲဒါကတော့ ဆရာသမားဆီ နည်းယူပြီး သကာလ ကြည့်လိုက်လို့ရှိရင် မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

ဒါကြောင့် တစ်နေ့က သူတော်ဆည်းကပ် မြတ်တရားနာဆိုတာ ဒါပဲ (မှန်ပါ့) မျက်လုံးတပ်ပေးတာ (မှန်ပါ့)။

သူတော်ဆည်းကပ် မြတ်တရားနာ။

လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို။

ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်။

မှန်ပင်မဂ်ရကြောင်း။

ဆိုတာ ဒီမဂ်ရကြောင်းပြောတာ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဒကာ ဒကာမတို့ အနာ အပြည့်အစုံရှိတယ် (မှန်ပါ့ ဘုရား)။

ပစ္စုပ္ပန်နာ မကုရင် ဘာနာပေါ်မယ် (အနာဂတ်အနာပေါ်ပါမယ် ဘုရား)။

အနာဂတ်ခန္ဓာကျတော့ အနာဂတ်အနာတွေ ပြန်ပြီးဖြစ်မယ် (မှန်ပါ့) ဒကာ ဒကာမတွေက မကုဘဲ နေလိုက် ပြန်ရင်လည်း မဂ်အလုပ် မလုပ်ပြန်လို့ရှိရင်လည်း ပြန်ပြီး ဒီအနာနဲ့ပဲ နေရမှာပဲ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ရောက်ရာ အနာနဲ့ပဲ နေရမှာပဲ (မှန်ပါ့)၊ မနေရပေဘူးလား (နေရပါတယ် ဘုရား)။

ခွေးဝဲစားလေး

ဒါဖြင့် ဒကာ ဒကာမတို့ မွေးထဲက ခွေးဝဲစားလေးဟာ သေတော့လည်း ဒီဝဲစားဘဝနဲ့ သေရတော့ ဒီခွေးလောက် ကံဆိုးတာတော့ (မရှိပါ ဘုရား) မွေးထဲ ကလည်း ဘာတုံး ဝဲစားတာ (မှန်ပါ့)။ ဒီခွေး သဘာဝအတိုင်း ကြီးလာတော့လည်း (ဝဲစားပါတယ်) သေတော့ ဘာနဲ့ သေတုံး (ဝဲစားဘဝနဲ့ သေပါတယ်)၊ ဝဲနာနဲ့ပဲ သေလိုက်တယ် (မှန်ပါ့) နောက်ဘဝ ဘာဖြစ်ပြန်တုံးမေးတော့ (ဝဲနာခွေး လေး ဖြစ်ပါတယ် ဘုရား) ဝဲနာခွေးလေးပြန်ဖြစ်ပြန်တော့ အနာဂတ်အနာတွေ ပြန်ပြီးဖြစ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီလိုများ ဖြစ်ချင်ကြသေးသလား (မဖြစ်ချင်ပါ ဘုရား)။

မဖြစ်ချင်လို့ရှိရင် ဝဲနာဆေးကုပါ (မှန်ပါ့) နာအောင် ပြောတာလား၊ ဝဲနာထက် ဆိုးသေးသလား (ဝဲနာထက် ဆိုးပါတယ် ဘုရား)။

ဝဲနာက ရေနာနာချိုးပြီး ခင်ဗျားတို့ ဆေးရွက်ကြီးတို့ အုတ်နီမှုန့်တို့နဲ့ဆိုရင် ပျောက်တယ် (မှန်ပါ့) ဒါက ပျောက် ကို မပျောက်ဘူး (မှန်ပါ့ ဘုရား)။

ဒီဝဲနာက ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) မဂ်ဆေးနဲ့ကုမှ ဘာတုံး (ပျောက်ပါတယ် ဘုရား) သေချာကြ ပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်ကော အနာတွေ အပြည့်ရှိတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ပြောစရာ ဘုန်းကြီးမလိုတော့ပါဘူးတဲ့ ဒကာ ဒကာမတို့ အိပ်ချင်တာလည်း အနာပဲ (မှန်ပါ့) ကျင်ကြီး ကျင်ငယ် စွန့်ချင်တာကော (အနာပါ ဘုရား) ထမင်းဆာတာလည်း (အနာပါ ဘုရား) ဟိုဘက် ဒီဘက် စောင်းချင်တာကော (အနာပါ ဘုရား) ငွေလိုချင်တာကော (အနာပါပဲ ဘုရား) ငွေပျောက်သွားလို့ ဒေါမနဿဖြစ်တာကော (အနာပါပဲ ဘုရား)။

အနာကင်းတဲ့အချိန်

ခင်ဗျားတို့ဟာ အနာကင်းတဲ့အချိန် ဘယ်အချိန်တုံး (မရှိပါ ဘုရား) ဘယ်အချိန်မှ မရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

သားကလေး သွားလို့ လွမ်းရတာကော (အနာပါ ဘုရား) ပြန်လာလို့ ဝမ်းသာတာကော (အနာပါ ဘုရား) အမယ်လေး ဒကာ ဒကာမတို့ အနာကိုကပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။

အဲဒီတော့ ခွေးဝဲစားကမှ အိပ်ပျော်တုန်း လွတ်သေးတယ် (မှန်ပါ့) အယားဖျောက်တာ လွတ်သေးတယ် (မှန်ပါ့) ခင်ဗျားတို့က အိပ်မက်မက်လိုက်သေးတယ် (မှန်ပါ့) အတော်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခွေးဝဲစားက အိပ်ပျော်တုန်း ဘာတုံး၊ အယားဖျောက်သေးရဲ့လား (မဖျောက်ပါ ဘုရား) ဘာဖြစ်လို့တုံး (အိပ်ပျော် လို့ပါ) အိပ်ပျော်နေတော့ အယားမဖျောက်ဘူးဆိုတော့ အနာကင်းတဲ့ အချိန်ပါတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က အိပ်မက်တောင် မက်လိုက်ပါသေးတယ်ဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (အနာကင်းတဲ့အချိန် မပါပါ ဘုရား)။

နေ့လယ်ဆိုရင်တော့ မပြောပါနဲ့ အနာနဲ့ နေရတာ (မှန်ပါ့ ဘုရား) ည, ကြိုကြားကလေး အနာပျောက်မယ်ကြံ တာတောင်မှ အိပ်မက်က လာမက်လိုက်သေးတော့ အတော်ခက်နေတယ် (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ရောဂါအပြည့်အစုံ ရှိပါတယ်ဆိုတာ သေချာ ပလား (သေချာပါပြီ) ဘာနဲ့ကုကြမယ် (မဂ်နဲ့ ကုကြပါမယ် ဘုရား)။

အဲ ရှေးဦးစွာ ဝိပဿနာမဂ်ဆေးနဲ့ကု (မှန်ပါ့) နောက်ကျတော့ ရင့်ကျက်လာတော့ လောကုတ္တရာမဂ်ဆေးနဲ့ ကျတော့ ပျောက် (မှန်ပါ့) ဦးခင်မောင်ရေ ဒီဆေး နှစ်ခွက်ပဲ ရှိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါအသာထားပါဦးတဲ့၊ ဒကာ ဒကာမတွေမှာ ဒီအတိုင်း သံသရာကြီးထဲမှာ ဘာတွေများ ဆက်စပ်ပြီး သကာလ နေပါလိမ့်မတုံးဆိုတော့ အတိတ်ဒုက္ခသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာရတယ်၊ ပစ္စုပ္ပန် ဒုက္ခသစ္စာကြောင့် (အနာ ဂတ်ဒုက္ခသစ္စာရပါတယ် ဘုရား)။

အနာဂတ်ဒုက္ခသစ္စာကြောင့် (ပစ္စုပ္ပန်ဒုက္ခသစ္စာရပါတယ် ဘုရား) ပစ္စုပ္ပန်ကြောင့် အနာဂတ် ဒုက္ခသစ္စာ (ရပါတယ် ဘုရား)။

အနာဂတ်ကြောင့် (ပစ္စုပ္ပန်ရပါတယ်) ပစ္စုပ္ပန်ကြောင့် (အနာဂတ် ရပါတယ်ဘုရား) ကိုင်း- နောက်က တပည့်တော် တို့ ဘာများဖြစ်ခဲ့ပါလိမ့်မလဲ ဆိုတာလဲ ဘာမှ မဖြစ်ခဲ့ဘူး ဒကာ ဒကာမတို့ ဒုက္ခလှည့်ပြီး ခံစားနေရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်က ဘာများ ဖြစ်ခဲ့ပါလိမ့် (ဒုက္ခလှည့်စားပြီး ခံစားနေခဲ့ရပါတယ် ဘုရား) သူများပြောတဲ့ ပုဂ္ဂိုလ်သတ္တဝါ တွေက သမုတိသစ္စာနော် (မှန်ပါ့) ကိုယ်တွေ့ကတော့ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

သူများပြောတာက နတ်ဗြဟ္မာဆိုတာက သမုတိသစ္စာပြောတာ (မှန်ပါ့) ကိုယ်တွေ့ခံစားရတာကတော့ ဘာတွေ တုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာတွေဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အတိတ်ဒုက္ခကြောင့် ပစ္စုပ္ပန်ဘာဖြစ်သတုံး (ဒုက္ခဖြစ်ပါတယ် ဘုရား) ပစ္စုပ္ပန်ဒုက္ခကြောင့် (အနာဂတ်ဒုက္ခ ဖြစ်ပါတယ် ဘုရား) အနာဂတ်ဒုက္ခကြောင့် (ပစ္စုပ္ပန်ဒုက္ခ ဖြစ်ပါတယ် ဘုရား) ဒါ ပစ္စုပ္ပန်ပြန် ဖြစ်လာတယ်၊ သဘောကျ ပလား (ကျပါပြီ) ဒီလိုချည်း လှည့်နေတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဝတ္ထု ထုတ်ပါတော့မယ် ဒကာ ဒကာမတို့နော်။

ဒုက္ခသုံးချက် မှတ်ထား

ဝတ္ထုထုတ်ရတော့မယ်ဆိုတာ ဒကာ ဒကာမတွေ ဒီအခု ဒုက္ခသုံးချက် မှတ်ထားလိုက်တာပေါ့နော် (မှန်ပါ့) ဒုက္ခသုံးချက်မှတ်ထားလိုက်တော့ ဒကာ ဒကာမတို့ အဝိဇ္ဇာလည်း ဒုက္ခပဲ၊ သင်္ခါရကော (ဒုက္ခပါပဲ) ဝိညာဏ်နာမ်ရုပ်တွေ ကော (ဒုက္ခပါပဲ) ဒီဘက်က ဇာတိ ဇရာ မရဏတွေကော (ဒုက္ခပါပဲ) ဒုက္ခချည်းပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒုက္ခချည်းပဲဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရာဇဂြိုဟ်ပြည်မှာ ဒကာ ဒကာမတို့ ဆွမ်းခံကြွလာတယ်၊ အစေလကဿပဆိုတာ အဝတ်မဝတ်တဲ့ တိတ္ထိ ဦးခင်မောင် (မှန်ပါ့ ဘုရား)။

အဲဒီမှာ သွားပြီးတွေ့ကြပါတယ် ဒကာ ဒကာမတို့နော် တွေ့ကြတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း ဆွမ်းခံ၊ သူကလည်း ဆွမ်းခံလာတာနဲ့ တွေ့တဲ့အခါကျတော့၊ ရှင်ကြီးဂေါတမ – ပုစ္ဆာကလေး တစ်ခု မများပါဘူး၊ မေးပါရစေ၊ သံယုတ်ပါဠိတော်မှာနော် (မှန်ပါ့ ဘုရား)။

ဟ- ကဿပရ ဆွမ်းခံတုန်းကွာ မမေးပါနဲ့ဦး။

တော်တော်ကလေး တစ်ပြ-နှစ်ပြ သွားမိပြန်တော့လည်း ရှင်ကြီး ဂေါတမ ပုစ္ဆာကလေး မများပါဘူး၊ မေးပါရစေ ဦးဟု- ဆွမ်းခံတုန်းရှိသေးတယ်ကွ၊ မမေးပါနဲ့ဦးကွာ။

နောက် တတိယတစ်ပြလောက် သွားမိပြန်တော့ ဦးဝ- ဘုရားကို မေးပြန်တယ်။ ရှင်ကြီးဂေါတမ ပုစ္ဆာကလေးဟာ မများပါဘူး၊ ကျုပ်တို့ မသိလို့ မေးပါရစေ၊ ဘယ်နှစ်ခါရှိသွားမလဲ (သုံးခါ ရှိသွားပါပြီ ဘုရား)။

သုံးခါရှိတဲ့အခါကျတော့ မေးဟေ့ လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဉာဏ်ကလေး ရင့်လာတဲ့အချိန် မှာ စောင့်ပြီးတော့ မေးဟေ့လို့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒုက္ခကို မိမိပြုတာလား

မေးဟေ့လို့ ပြောလိုက်တဲ့အခါ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြုတာလားဆိုပြီးတော့ ၁-နံပါတ် ကောက်မေးလိုက် တယ် (မှန်ပါ့)။

ကဲ ဒကာ ဒကာမတွေ ဒီဒုက္ခဟာ မိမိပြုတာလား (မဟုတ်ပါ) ဒီဒုက္ခကကော (မဟုတ်ပါ) ဒီဒုက္ခကကော (မဟုတ်ပါ) မိမိကို မပါဘူး၊ အကြောင်းကြောင့် အကျိုး ဖြစ်တာတွေ (မှန်ပါ့)။

ဒီအကြောင်းကြောင့် ဒီအကျိုး၊ ဒီအကြောင်းကြောင့် ဒီအကျိုး (မှန်ပါ့) ဒါ ဒုက္ခတွေ မဟုတ်လား (မှန်ပါ့) ဒုက္ခ မိမိပြုတာလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား)။

အဲဒီတွင်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟုတ်ပါဘူးကွ-တဲ့၊ ၁-နံပါတ် ဖြေတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသူတစ်ပါး ပြုတာလား

နောက်တစ်ခါ ဆက်မေးပြန်တယ်၊ ဦးခင်မောင်တို့၊ ဦးဝတို့နော် (မှန်ပါ့) ဒုက္ခသူတစ်ပါး ပြုတာလားလို့ လွှဲမေး လိုက်တယ်၊ အစေလကဿပက (မှန်ပါ့)။

ဒကာ ဒကာမတွေ သိပြီးသားဖြစ်တော့ ဒီအထဲ သူတစ်ပါးကော ပါရဲ့လား (မပါပါ ဘုရား)။

ဒီအကြောင်းကြောင့် ဒီအကျိုး၊ ဒီအကြောင်းကြောင့် ဒီအကျိုးပဲရှိတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တာ ပေါ့ဗျာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပုစ္ဆာ ဘယ်နှစ်ခုရှိသွားပလဲ (နှစ်ခုရှိသွားပါပြီ) ဒါဖြင့် မေးပြန်တယ်၊ ဒုက္ခကို မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလား လို့ မေးလိုက်တော့ ဒီလိုလည်း မဟုတ်ဘူးကွလို့ ဘုရားက ဖြေလိုက်တယ်၊ ဟုတ်ကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါနဲ့ မကျေနပ်တာနဲ့ ဒါဖြင့် ဒုက္ခအလိုလို ဖြစ်တာလားလို့ မေးလိုက်တယ် (မှန်ပါ့) ဒီလိုလည်း မဟုတ်ဘူးကွ- လို့ ဆိုတော့ လေးချက်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

နောက်တစ်ခါ ဆက်မေးပြန်တယ်၊ ခြောက်ပုစ္ဆာမေးတယ်။ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့၊ အို- ဒုက္ခဟာ ဒါတွေ ဒုက္ခချည်းပဲလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါနဲ့ ရှင်ကြီးဂေါတမဒုက္ခမသိဘူးလားလို့ မေးတော့ ဒုက္ခ ငါသိပါတယ်လေဆိုတော့ အလုပ်စခန်းဆီ ပြလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နာရီက စေ့သွားပြီ နက်ဖြန်မှ ဒီအဖြေတွေ အကျယ်တဝင့် ဖြေမယ်။

ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။