11302

မာတိကာသို့

ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန် (အတ္တပြုတ်အောင် ရှုနည်း)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့- ဦးချစ်ဆွေဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဘဝထူးကြီးကို အလွဲသုံးစား မလုပ်ရန်

(အတ္တပြုတ်အောင် ရှုနည်း)ဝိပဿနာညအလုပ်ပေးတရားတော်

(၁၀-၃-၆၁)

ရတဲ့ဘဝကလေး

မိမိတို့ လူ့ဘဝကလေး ရောက်ပြီးလာတာ သိပြီး သကာလ မိမိတို့ရတဲ့ဘဝကလေး အလွဲသုံးစားမဖြစ်ရအောင် အထူးဂရုစိုက်ပါဆိုတာကလေး ရှေ့ပိုင်း နည်းနည်းပြောချင်တယ် (မှန်ပါ)။

မိမိတို့ဘဝကလေးဟာ အင်မတန် ရခဲပါတယ်ဆိုတဲ့ ဒုလ္လဘထဲမှာလည်း အပါအဝင်ဖြစ်ပြီး ရထားတာ၊ ရထား တာကလေးကိုလည်း အလွဲသုံးစားနဲ့ သုံးပြီး သကာလ မဖြုန်းလိုက်ဘဲနဲ့ အဖိုးတန်တဲ့အလုပ်နဲ့ သုံးပြီး သကာလ အချိန် ကုန်စေချင်တယ်ဆိုတာကိုလည်း ဒကာ ဒကာမတွေ တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား)။

ရတဲ့ဘဝကလေးဟာလည်း အင်မတန်ပဲ မရခဲဘူးလား (ရခဲပါတယ် ဘုရား)။

ရခဲတဲ့ဘဝထဲမှာ ဒကာ ဒကာမတွေက ဘဝတဏှာခိုင်းတာနဲ့ပဲ အချိန်တွေ အလကားဖြုန်းပြီး သကာလ အိုခြင်း ဆိုး တိုးနေတဲ့ဥစ္စာ၊ ဪ တို့သည်ကားလို့ဆိုရင် မရစဖူး အရထူးတာကြီး အလွဲသုံးစားသုံးနေပါပေါ့ကလား ဆိုတာကလေးကိုလည်း သိစေချင်ပါတယ် (မှန်ပါ ဘုရား)။

မရစဖူး အရထူးတဲ့ဘဝကြီးကို အလွဲသုံးစားဖြင့် မသုံးလိုက်ပါနဲ့ဆိုတာ တရားတစ်ပွဲလုံး မှာပါတယ် (မှန်ပါ ဘုရား)။

အင်မတန် ရခဲတဲ့ဘဝကြီးဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)၊ အလွဲသုံးစား တို့လုပ်နေတယ် ဆိုတာကော (သေချာပါပြီ ဘုရား)။

အလွဲသုံးစား တို့လုပ်နေတယ်ဆိုတာလည်း ဒကာ ဒကာမတွေ လူ့ပြည်လာပြီး သကာလ အိမ်ထောင်ခြင်း၊ သားမွေးခြင်း၊ သားသမီးတွေ လုပ်ကျွေးခြင်း ဒါ လုပ်မလို့လာတာမဟုတ်ပါဘူးတဲ့။ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ အပါယ် လေးပါးက တက်ပြီး သကာလ လာခဲ့ကြရတာ။ ဒီကျမှ ယောင်ချာချာ ဘဝတဏှာက လှည့်စားလိုက်၊ ပတ်ဝန်းကျင်က လှည့်စားလိုက်တာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ မရစဖူး အရထူးတဲ့ဘဝကြီး အလွဲသုံးစားနဲ့ အချိန်တွေ ဖြုန်းလိုက်တဲ့အတွက် အနာကြီး နာနေတယ်ဆိုတာဖြင့် သိအောင်ပဲ လုပ်ကြပါ (မှန်ပါ ဘုရား)။

ဒကာဝ ဆိုးလွန်းလို့ ပြောပါတယ် (မှန်ပါ ဘုရား)။ အိမ်ရောက်သွားတယ်ဆိုရင် သားက လှည့်လိုက်၊ သမီးက လှည့်လိုက်၊ ပစ္စည်းက လှည့်လိုက်ဆိုပြီး ခန္ဓာကိုယ်ကြီး အချိန်ကုန်ပြီး သကာလ အိုခြင်းဆိုးတွေ တိုးပြီး သကာလ နာခြင်းဆိုးဘက် ပြေးသွားတဲ့ဥစ္စာ သေခြင်းဆိုးနဲ့ နီးကပ်သွားတာကိုလည်း ဒကာ ဒကာမတို့က မသိလိုက်တော့ ရလာတဲ့ဘဝကြီး အလွဲသုံးစားနဲ့ ဖြုန်းလိုက်တာ သေချာတယ်ဆိုတဲ့ ဥစ္စာ ဘာမှပြောစရာမလိုတော့ဘူး (မလိုပါ ဘုရား)။

ဒါကြောင့် ဒီကနေ့ စပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလွဲသုံးစားဇာတ်ကိုဖြင့် အသိမ်းကြီး သိမ်း၍ အငြိမ်းကြီး ငြိမ်းတဲ့နိဗ္ဗာန် မရောက်ရောက်အောင် ကြိုးစားပါတော့မည်ဆိုတဲ့ စိတ်ကိုဖြင့် သန်သန်ထွားထွား ကြီး မွေးရတော့မယ် (မှန်ပါ ဘုရား)။

သံသရာဇာတ်ရှည်တယ်ဆိုတာ

ဒကာ ဒကာမတွေ သံသရာဇာတ်ရှည်တယ်ဆိုတာဖြင့် အနမတဂ္ဂ သံယုတ်မှာ “အနမတဂ္ဂေါဟံ ဘိက္ခဝေ သံသောရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနနံ သန္ဓောဝတံ သသရတံ” လို့ သေသေချာချာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောထားသောကြောင့် အဝိဇ္ဇာ တဏှာလှည့်တာနဲ့ ဒကာ ဒကာမတွေ အခု ယောင်ချာချာဖြစ်နေကြတယ်ဆိုတာလည်း မှတ်ထားလိုက်စမ်းပါဦး (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် မှန်းခြေပေါက်မရှိသေးတော့ မှန်းခြေပေါက် အလုပ်ကလေး တွေ လုပ်ထားစေချင်တယ်နော် (မှန်ပါ ဘုရား)။

အခုအချိန်မှာ ဆရာဘုန်းကြီးပြောတဲ့စကားလည်း နားမထောင်၊ ဘုရားဟောတဲ့ တရားကိုလည်း ဂရုမစိုက် ကြဘူးဆိုရင် ခင်ဗျားတို့ မှန်းခြေပေါက်မရှိသေးလို့ မှန်းခြေပေါက်သေချာတဲ့အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ထား ပါလို့ တိုက်တွန်းရတယ်နော် (မှန်ပါ ဘုရား)။

မှန်းခြေပေါက်မရှိဘဲနဲ့ သွားလာနေရခြင်းဟာ အင်မတန် အရုပ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

မှန်းခြေ ပေါက်မရှိပုံ ဥပမာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေကွာ မှန်းခြေ ပေါက်မရှိပုံ ဥပမာကလေးနဲ့ ပြောပါဆိုလို့ ဥပမာကလေး ပြောရတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ သစ်ပင်ကလေးတစ်ပင် ခုတ်လိုက်၊ တစ်တောင့်ထွာလောက် တုတ်ကလေး အရင်းဖြတ်လိုက်၊ အဖျားဖြတ်လိုက်ပေါ့။ တုတ်ကလေး သေးသေးတစ်ချောင်းတော့ မရလား (ရပါတယ် ဘုရား)။

အဲဒါကလေး တစ်ခါ ဒကာဝကဖြစ်စေ၊ ဦးခင်မောင်ကဖြစ်စေ ကောင်းကင် မြှောက်လိုက်တာပေါ့ဗျာ နော် (မှန်ပါ ဘုရား)။

ကောင်းကင်မြှောက်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ တစ်ခါတလေလည်း အရင်းက ကျတယ်နော်။ တစ်ခါတလေလည်း အဖျားကကော (ကျပါတယ်)။ တစ်ခါတလေ အလယ်ကကော (ကျပါတယ် ဘုရား)။

ဪ ဘယ်နှယ့်ကြောင့် ဒီတုတ်ကလေးသည်ကားဆိုလို့ရှိရင်ဖြင့် ကျချင်သလို ကျနေပါလိမ့်မလဲ ဆို တော့ ဪ မှန်းခြေပေါက်မရှိသေးလို့ (မှန်ပါ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမယ် (မှန်းခြေပေါက်မရှိသေးလို့ပါ ဘုရား)

မှန်းခြေပေါက်မရှိသေးဘူး။ အဲဒါကြောင့် အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း မှန်းခြေပေါက်မရှိသေး ဘူးဆိုတာ ဒီတုတ်ကလေးလို ဖြစ်နေတယ် (မှန်ပါ)။

ဒီတုတ်ကလေးသည် တစ်ခါတလေ အရင်းကကျ၊ နွားချေးပုံပေါ်ကျ၊ လူကျင်ကြီးပုံပေါ်ကော မကျနိုင်ဘူး လား (ကျနိုင်ပါတယ် ဘုရား)။

ဪ ဒီတစ်ခါကျတော့လည်း ပိုးလောက်တွေ ဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ (မှန်ပါ)။ နွားချေးပုံ ပေါ်ကျပြန်တော့လည်း နွားချေးပိုးဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ကျုပ်တို့ အခုနေရတဲ့ အခြေအနေဟာ ဒကာ ဒကာမတို့ ကောင်းကင်မြှောက်လိုက်တဲ့ တုတ် လိုပဲ ကျချင်သလို ကျနေတဲ့ အခြေအနေဆိုက်နေသေးတော့ မှန်းခြေပေါက်မရှိသေးတာကို မှန်းခြေပေါက် ဆရာ ဘုန်းကြီးကရော ဘုရားကရော ဟောနေတဲ့အတွက် မှန်းခြေပေါက်ဖြင့် တို့ရှိအောင် လုပ်မဟဆိုတဲ့စိတ် ယနေ့မွေးပါ (မှန်ပါ ဘုရား)။

ဘာမွေးရမယ် (မှန်းခြေပေါက်စိတ် မွေးရပါမယ် ဘုရား)၊ မှန်းခြေပေါက် ဒကာ ဒကာမတို့ ငါဖြင့် ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် ဘယ်မှမသွားဘူးဟေ့။ သုဂတိကနေ နိဗ္ဗာန်ကူးမဟေ့။ ဒီလိုတစ်ချက် (မှန်ပါ)။

ဟာ ဒီဘဝပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကူးမဟေ့ဆိုတဲ့ မှန်းခြေပေါက်နှစ်ခုအနက် တစ်ခုခုတော့ ရှိရမယ် (မှန်ပါ ဘုရား)။

ဒီတစ်ခုခုမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှန်းခြေပေါက်အလုပ်ကို လုပ်မထားတော့ပါဘူးဆိုရင် ကောင်းကင် မြှောက်လိုက်တဲ့ တုတ်ကလေးလိုပဲ ဒကာ ဒကာမတို့ အရင်းကလည်း ကျချင် ကျမယ် (မှန်ပါ)၊ အဖျားကရော (ကျ ပါမယ် ဘုရား)၊ အလယ်ကရော (ကျပါမယ် ဘုရား)။

ကျချင်သလို ကျတယ်

အဲဒါတွေက ကျုပ်တို့မှာ ယခုအချိန်မှာ ကန့်သတ်ချက်မရှိသေးဘဲ ဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမ တို့ အလွန်မှ ကြောက်စရာကောင်းတယ်နော် (မှန်ပါ)၊ အင်မတန်ကြောက်စရာကောင်းတယ် (မှန်ပါ)။

ဒီ့ပြင်ဟာ မကြည့်ပါနဲ့ ဒကာ ဒကာမတို့ ဥပရီမိဖုရားဟု မိဖုရားကြီးအဖြစ်နဲ့ အရင်းကနေ ကျ နေတယ်။ တော်ကြာ တိရစ္ဆာန်အဖြစ်နဲ့ အဖျားကနေ ကျတယ် (မှန်ပါ)။ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါတွေ ထောက်ပြီး သကာလ ကြည့်လိုက်တဲ့အခါ တိရစ္ဆာန်ဘုံ ကျသွားတာတွေ ကြည့်လိုက်တဲ့အခါ ဥပရီ မိဖုရားတို့မှာ အတော်ဆိုးဝါးတယ် (မှန်ပါ ဘုရား)၊ မလ္လိကာတို့မှာ မိဖုရားကြီး၊ တော်တော်ကြာကျတော့ အဝီစိခုနစ် ရက် ကျရတယ်ဆိုတော့ ဒကာဝရေ မှန်းခြေပေါက်မရှိလို့ပေါ့ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ကျချင်သလို ကျတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေကလည်း ကိုယ့်ဟာကိုယ် မြဲအောင် လုပ်ဖို့ရာ၊ မှန်းခြေပေါက်ကိုက်ဖို့ရာ အလုပ်ကလေးကို ဆရာဘုန်းကြီးကလည်း နေ့တိုင်းပြော။ ဒကာ ဒကာမတွေကလည်းပဲ မှန်းခြေပေါက် ကိုယ်ပိုင် ရအောင် လုပ်ထားတော့မယ်ဆိုတဲ့စိတ်ကို မွေးရလိမ့်မယ် (မှန်လှပါ ဘုရား) မမွေးရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခုလို အဝိဇ္ဇာတဏှာဖုံးလွှမ်းပြီး သကာလ အိမ် ကျလာတဲ့အခါ တဏှာကနေ လှည့်လိုက်တဲ့အခါကျတော့ သားကိစ္စတစ်မျိုး၊ သမီးကိစ္စတစ်မျိုး၊ အဆွေခင်ပွန်းကိစ္စ တစ်မျိုးဆိုတော့ မှန်းခြေပေါက်အလုပ်ကို မလုပ်လိုက်ရဘူး (မှန်ပါ ဘုရား)။

မှန်းခြေပေါက်အလုပ်ကို မလုပ်လိုက်ရတဲ့အခါကျတော့ ကောင်းကင်မြှောက်လိုက်တဲ့ တုတ်လို ဒကာ ဒကာမ တို့ ကျချင်သလို ကျသွားလိမ့်မယ် (မှန်ပါ)။

ဘုရားကျောင်းပေါ်နေတဲ့ ဦးတိဿကြီး ဒကာ ဒကာမတို့ မှန်းခြေပေါက်မရှိသေးတဲ့အတွက် ခဏကလေး နေတော့ စုတေမနေ ညကျတော့ လေနာပြီး သေလိုက်တယ်။ သေပြီး သကာလ သန်းကြီးသွားဖြစ်တယ်ဆိုတာလည်း ဓမ္မပဒမှာ အထင်အရှားလာတယ် (မှန်ပါ ဘုရား)

မှန်းခြေပေါက်ရှိရဲ့လား (မရှိပါ ဘုရား)၊ ခုနင်က ဥပရီမိဖုရားကြီးသေသည်၏ အခြားမဲ့၌ နောက်ချေးပိုးထိုး ဖြစ်တယ်ဆိုတာကော (မှန်းခြေပေါက် မရှိလို့ပါ) မှန်းခြေပေါက်မရှိဘူး။

မလ္လိကာမိဖုရားကြီး သေသည်၏ အခြားမဲ့၌ အဝီစိ ၇ ရက် ကျသွားတယ်ဆိုတာကော (မှန်းခြေပေါက်မရှိ လို့ပါ ဘုရား) ဪ ဒါ ဘယ့်နှယ့်ကြောင့် မှန်းခြေပေါက်မရှိပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမ တို့ ဝိပဿနာအလုပ်ကို ကိုယ်တိုင်လုပ်ပြီး သကာလ ခရီးပေါက်တဲ့ မဂ်ဆိုက်အောင် မရောက်တဲ့အတွက် မှန်းခြေပေါက် မရှိဘဲဖြစ်ပြီး ကောင်းကင်မြှောက်တဲ့တုတ်လို အဖြစ်ကြီးဖြစ် အကြုံကြီး ကြုံရတယ်။ မနာဘူးလားဗျာ (နာပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်းလိုလိုပဲ မသိတာတွေ ဖော်ပြောပြီး သကာလ သိပြန်တော့ လည်း တိုက်တွန်းရပြန်တယ် (မှန်ပါ)။

တရားဟောတယ်ဆိုတာလည်း ရှေ့ပိုင်းက မသိတာ ဖော်ပြောတယ်နော် (မှန်ပါ)။ သိပြန်တော့လည်း မလုပ် ဘဲနေမှာစိုးလို့ တိုက်တွန်းရပြန်တယ် (မှန်လှပါ ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတွေပေါ့လို့ ဆ,လို့ဖြင့် တော်ပါ့မလား (မတော်ပါ ဘုရား)။ မှန်းခြေပေါက်အရေးဟာ သူများအရေးလား၊ ကိုယ့်အရေးလားဆိုတာ အကဲခတ်စမ်းပါ (ကိုယ့် အရေးပါ ဘုရား)။

ကိုယ့်အရေးထက် ကြီးတာများ ရှိသေးရဲ့လား

ကိုယ့်အရေးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကိုယ့်အရေးထက် ကြီးတာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ဘယ်အရပ် မီးလောင်တယ်ဆိုလို့ရှိရင် ပစ္စည်းရချင် ရ၊ မရချင် နေ ကိုယ် အရင်ထုတ်တာပဲ (မှန်ပါ)။ ကိုယ့်ကိုယ်ကိုယ် မီးလွတ်ရာ ပြန်ဆွဲမထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မီးလောင်တဲ့အခါကျတော့ ပစ္စည်းနဲ့ ခန္ဓာ ဘယ်သူ့အရင်ဆွဲထုတ်ကြသတုံး (ခန္ဓာ အရင် ဆွဲထုတ်ပါတယ် ဘုရား)။

ဪ ကိုယ့်အရေး ကိုယ်သိတော့ ခန္ဓာအရင်ဆွဲထုတ်တယ်။ ပစ္စည်းကို ကမ္မဿကာထားရတယ်နော် (မှန်ပါ)။

ဒီမှာလည်း ဒကာ ဒကာမတို့ ဒီ့ပြင်ဟာတွေ ကာမ္မဿကာထားပြီး သကာလ ကိုယ်လားရာဂတိ တစ်ခါတည်း သေချာဖို့ အလုပ်၊ မဂ်ဆိုက် ဖိုလ်ဆိုက်အလုပ်ကို ဒကာ ဒကာမတို့ သေချာအောင် လုပ်ထားစမ်းပါလို့ ကိုယ့်အရေး ကိုယ်ဆွဲထုတ်စမ်းပါဆိုတာ ပြောပါတယ် (မှန်ပါ ဘုရား) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဘာကို အခုပေးပါလိမ့် ဆရာဘုန်းကြီးက (ကိုယ့်အရေး ကိုယ်ဆွဲထုတ်ဖို့ ပေးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဆင်ခြင်လဲလိုက်တာက ဒကာ ဒကာမတို့ သားကလေးငယ်သေးလို့တဲ့။ အင်း ကိုယ့်အရေး ပြောပြန်သလား သူများအရေး ပြောပြန်သလား (သူများအရေး ပြောတာပါ ဘုရား)။

ခင်ဗျားတို့ပြောသရွေ့ဟာက ကိုယ့်အရေးကို ပါရဲ့လား (မပါပါ ဘုရား)။

အိမ်ကလေးဆောက်ချင်သေးလို့ ဆိုတာကော ကိုယ့်အရေး ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)

ခုနက ကောင်းကင်မြှောက်လိုက်တဲ့ တုတ်ကလေးလိုပဲ အကျမြဲဖို့အလုပ် ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)

အဲဒီတော့ ခင်ဗျားတို့ပြောဆိုနေတဲ့ စကားတွေဟာ ကိုယ့်အရေးကို တစ်လုံးမှ မပါတဲ့အတွက် ဪ ဒီ ဒကာ ဒကာမတွေ ကိုယ့်အရေးကြီးကြောင်း မသိပါကလား။ ကိုယ်ကဖြင့် ကောင်းကင်မြှောက်တဲ့တုတ်လို ကျချင် သလို ကျနေသေးတာ၊ မှန်းခြေပေါက်မရှိသေးတာ ဦးခင်မောင် မှန်းခြေပေါက် ကိုက်အောင် လုပ်ရလိမ့်မယ် (မှန်ပါ)။

ဒကာသစ်တို့ မောင်မြတို့ လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)။

သူများအရေးထက် ဘယ်အရေးကြီးရမှာတုံး (ကိုယ့်အရေး ကြီးရမှာပါ ဘုရား)။

ဒါ လင်မယား ရန်တိုက်၊ သားနဲ့ သမီးနဲ့ အမေနဲ့ ရန်တိုက်တာမဟုတ်ပါဘူး။ ဒကာ ဒကာမတို့ မီး လောင်တဲ့အခါနဲ့ ပုံစံပြတာပါ (မှန်လှပါ ဘုရား)။

မီးလောင်တော့ ဒကာ ဒကာမတွေ ကလေးက အိပ်နေတယ်။ မီးက ဒီအနားရောက်လာတဲ့အခါ ဘယ်သူ့ အရင် ပြန်ထုတ်သတုံး (ကိုယ့်ကိုယ်ကိုယ် အရင်ပြန်ထုတ်ပါတယ် ဘုရား)။

နောက်တစ်ခါ မေ့နေလို့ မီးမလာသေးရင် သားကလေး ပြန်ထုတ်မှာပေါ့ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကိုယ့်အရေးဟာဖြင့် ယခု ဒကာမတွေဖြစ်နေတာဖြင့် ကောင်းကင်မြှောက်တဲ့ တုတ်လိုပဲ ရှိနေသေးတယ်နော် (မှန်လှပါ ဘုရား)။

ဘာဖြစ်နေသလဲ (ကောင်းကင်မြှောက်တဲ့ တုတ်လိုပါပဲ ဘုရား)။

တစ်ခါတလေ အရင်းကကျဗျာ (မှန်ပါ)၊ တစ်ခါတလေကော (အဖျားက ကျပါတယ်)၊ တစ်ခါတလေ အလယ် က ကျပါတယ် (မှန်ပါတယ်)။

ဘယ့်နှယ့်ကြောင့် ဒီတုတ် မမြဲပါလိမ့်မတုံး မေးတဲ့အခါကျတော့ မှန်းခြေပေါက်မရှိသေးလို့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ) ဘာမရှိသေးလို့ပါလိမ့် (မှန်းခြေပေါက် မရှိသေးလို့ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မှန်းခြေပေါက်ရှိအောင်ဖြင့် ကျုပ်တို့ဝိပဿနာဉာဏ်ကို ကြိုးစား၊ ဝိပဿနာ ဉာဏ်ရင့်သန်ရင် မဂ်ဉာဏ်ဖြစ်လိမ့်မယ်ဆိုတာလည်း မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုယ့်အရေး ကိုယ်သေချာအောင် လုပ်ပါ

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အရေး ကိုယ်သေချာအောင် လုပ်ပါဆိုတာကိုဖြင့် ပြောရလိမ့်မယ် (မှန်ပါ)။

ဒါ အင်မတန် သဒ္ဓါတရားရှိတဲ့ ဆရာသမားလည်းဖြစ်၊ အကျိုးစီးပွားအလိုရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်နေလို့ မောင်မြရေ သူများအရေးထက် ကိုယ့်အရေးကြီးစမ်းပါဆိုတာ တိုက်တွန်းရတယ် (မှန်လှပါ ဘုရား)။

သူများအရေးထက် (ကိုယ့်အရေးကြီးပါတယ် ဘုရား)။

ကိုယ့်အရေးကြီးကြစမ်းပါဆိုတာ ဒကာ ဒကာမတို့ အခုမှ ဆုံကြကြုံကြတာတွေအတွက် လောကွတ်တွေ များ မနေစမ်းပါနဲ့ (မှန်ပါ ဘုရား)။ သားတွေ သမီးတွေဆိုတာ ဒကာ ဒကာမတို့ အခုမှ ဆုံကြတာမဟုတ်လား (မှန်ပါ ဘုရား)။ ဒါ လောကွတ်များနေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

အေး ဒါတွေ လောကွတ်များပြီး သကာလ နေလို့ သူတို့က ဒကာ ဒကာမတို့ အိုမှုတားနိုင်ကြရဲ့လား (မတားနိုင်ပါ ဘုရား)၊ သားတွေ သမီးတွေ ခင်ပွန်းတွေကလေ (မတားနိုင်ပါ ဘုရား) နာမှုကို တားနိုင်ကြရဲ့လား (မတား နိုင်ကြပါ ဘုရား)၊ သေမှုကို တားနိုင်ကြရဲ့လား (မတားနိုင်ကြပါ ဘုရား)။

ပြီးတော့ကော လားရာဂတိကို သူတို့က မြဲအောင် လုပ်ပေးနိုင်ကြရဲ့လား (မလုပ်ပေးနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အပေါ်ယံနှင့် ခင်ဗျားတို့က အပေါ်ယံလေချိုသွေးတာနဲ့ ခင်ဗျားတို့ က အရေးတကြီး ထင်ပြီး သကာလ ကိုယ့်အရေးတွေ ဖြုတ်နေကြတာ တယ်နစ်နာပါကလား (နစ်နာပါတယ် ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ အကုန်ဖြုတ်ပစ်ပါလို့ ကိုယ့်အရေး ကိုယ်ဂရုစိုက်စမ်းပါ လို့ဆိုတာကို ဖြင့် လေးစားစွာနဲ့ တိုက်တွန်းပါတယ် (မှန်ပါ ဘုရား)။ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ကောင်းကင်မြှောက်တဲ့တုတ်

အခု ကိုယ့်အခြေအနေက ဘယ်ဆိုက်နေသတုံးမေးတော့ ကောင်းကင်မြှောက်တဲ့တုတ်အခြေအနေ ဆိုက်နေ တယ် (မှန်လှပါ ဘုရား)။

ဘယ်ဆိုက်နေသတုံး (ကောင်းကင်မြှောက်တဲ့တုတ် အခြေဆိုက်နေပါတယ် ဘုရား)။

တစ်ခါတလေ အထက်မြှောက်လိုက်တာ အထက်မှာ တည်တံ့တယ်ဆိုတာလည်း ခဏပါပဲ (မှန်ပါ)။ အောက် မှာ နွားချေးပုံပေါ် ရောက်လိုရောက်၊ လူကျင်ကြီးပုံပေါ်ရောက်လိုရောက် (မှန်ပါ)။ တစ်ခါတည်း အင်းထဲ ချိုင့်ထဲ လည်း ရောက်ချင်ရောက်။ ရေထဲလည်း ကျချင် ကျ၊ မြဲပါ့မလား (မမြဲပါ ဘုရား)၊ ရေထဲကျတယ်ဆိုတာ ငါးဖြစ်ရတာ ကို ပြောတာ (မှန်ပါ)။

ကျင်ကြီးပုံပေါ် ကျတယ်ဆိုတာ ပိုးလောက်ဖြစ်ရတာကို ပြောတာ (မှန်ပါ)။ နွားချေးပုံပေါ် ကျတယ်ဆိုတာ နွားချေးပိုးထိုးဖြစ်ရတာကို ပြောလိုက်တာ (မှန်ပါ)။ အဲဒါကြောင့် ဒကာ ဒကာမတို့ မသေချာသေးတာကို သေချာ အောင်လုပ်ပါ (မှန်ပါ)။ ဘယ်လိုတိုက်တွန်းပါလိမ့် (မသေချာသေးတာကို သေချာအောင် လုပ်ရမှာပါ ဘုရား)။

အဲဒါ ခင်ဗျားတို့အလိုကတော့ မသိဘူးပေါ့ဗျာ။ အခု အနမတဂ္ဂ သံယုတ်ကျတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ တဏှာမချုပ်သရွေ့ကာလပတ်လုံး ခင်ဗျားတို့ကောင်းကင်မြှောက်တဲ့ တုတ်အဖြစ်မှ မလွတ်သေးပါဘူးဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။ ဦးခင်မောင် ခင်ဗျားတို့ ဘယ်အခြေအနေဆိုက်နေပါလိမ့်ဗျာ (ကောင်းကင် မြှောက်တဲ့တုတ်အခြေအနေဆိုက်နေပါတယ် ဘုရား)။

ယနေ့ သူဌေး မနက်ဖန် ခွေး

နောက်က ဒကာ ဒကာမတွေ ဘယ်အခြေအနေဆိုက်နေကြတုံး (ကောင်းကင်မြှောက်တဲ့တုတ်အခြေအနေ ဆိုက်နေပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ)။ ယနေ့ သူဌေးကြီးဗျာ မနက်ဖန် ခွေးဖြစ်နိုင်တယ် (မှန်ပါ)။ ယနေ့ ဘာတုံး (သူဌေးကြီးပါ)။ စုတေသွားတော့ နက်ဖြန် ဘာတုံး (ခွေးကြီးပါ ဘုရား)။ ဪ ကောင်းကင် မြှောက်တဲ့တုတ်လိုပဲ ယနေ့အရင်းက ကျပြီး နက်ဖြန် အဖျားက ကျပြီ ဦးခင်မောင်ရေ (မှန်ပါ)။

တောဒေယျပုဏ္ဏားကြီးဆိုတာ ယနေ့ သူဌေးကြီးမဟုတ်လား ဒကာ ဒကာမတို့ (မှန်ပါ)၊ နက်ဖြန် ဘာတုံး (ခွေးဖြစ်သွားပါတယ်)။ ဪ ဒါဖြင့် မမြဲလိုက်တာ၊ ဆိုးဝါးလိုက်တာဟင် (မှန်ပါ)။ အဲဒါကြောင့် ဒကာ ဒကာမ တို့ ယနေ့ သူဌေး နက်ဖန် ခွေးကိစ္စတွေကလည်း ရှိ၊ ယနေ့ မိဖုရား နက်ဖြန် နောက်ချေးပိုးထိုးဆိုတာကကော (ရှိပါတယ်)။ ယနေ့ ရဟန်း နက်ဖြန် သန်းဆိုတဲ့ဥစ္စာကကော (ရှိပါတယ် ဘုရား) ဪ တယ်ခက်ပါကလား ဒကာ ဒကာမတို့ အဝိဇ္ဇာ တဏှာမချုပ်ပြီဆိုမှဖြင့် ဖြစ်ချင်သလို ဖြစ်ပြီး ကောင်းကင်မြှောက်တဲ့ တုတ်လို ကျချင်သလို ကျနေတဲ့ အရေးဟာဖြင့် တို့ စိတ်မအေးရသေးပါလားဆိုတာ ယနေ့တွေးပါ (မှန်ပါ)။ စိတ်အေးရပြီလား (မအေးရ သေးပါ ဘုရား)။

ယနေ့ ဒကာ ဒကာမတွေ သောင်းကိုးထောင်ရတယ်၊ အင်း နက်ဖြန် သောင်းကိုးထောင်စွဲပြီး သေလို့ ကြွက်ပြိတ္တာတွေ၊ မြွေပြိတ္တာတွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ ယနေ့သည်ကားလို့ဆိုရင်ဖြင့် သောင်းကိုးထောင် ရတဲ့ သူဌေးပဲ။ နက်ဖြန် မြွေပြိတ္တာဖြစ်ရတယ်ဆိုတော့ ဒကာသစ် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ယနေ့ သူဌေး နက်ဖြန် ခွေးမကြီးဖြစ်ရတဲ့ သတပတ္တဇာတ်မှာလည်း သေချာမလာဘူးလား (လာပါတယ် ဘုရား)။

စင်စစ် သူ- သူဌေးပါပဲ တဲ့။ သားစွဲပြီး သေသွားတဲ့အခါကျတော့ နက်ဖြန် ခွေးကြီး ဖြစ်ရတာတွေကော မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒါဖြင့် ဒီအဖြစ်ဟာ ဒကာ ဒကာမတို့ မှန်းခြေပေါက်မရှိတဲ့အဖြစ် (မှန်ပါ)။

ဦးခင်မောင် ဘယ်လိုဆုံးဖြတ်ချက်ချမယ် (မှန်းခြေပေါက် မရှိတဲ့အဖြစ်ပါ ဘုရား)။

အေး လူတွေလည်း အများကြီးပါပဲ ဒကာ ဒကာမတို့ အားလုံးအပေါ်မှာ စေတနာထားပြီး ပြော နေတော့ ဪ ငါတို့အဖြစ်ဟာ အဖြစ်ဆိုးရှိပါသေးလား၊ မှန်းခြေပေါက် ဘယ်ဟာမှ မကိုက်သေးပါလား (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုပေါ်ကြသလဲ (မှန်းခြေပေါက် ဘယ်ဟာမှ မကိုက်သေးပါ ဘုရား)။

မှန်းခြေပေါက် မကိုက်သေးဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မှန်းခြေပေါက်အလုပ်ကိုဖြင့် လုပ်ဖို့ မသင့်ကြဘူးလား (သင့်ပါတယ် ဘုရား)။

မှန်းခြေပေါက်အလုပ်

ကိုင်း ဒကာ ဒကာမတို့ မှန်းခြေပေါက်အလုပ်ကို ပြောပါတော့မယ်တဲ့။ မှန်းခြေပေါက်အလုပ်ကို ကိုက် အောင် ပြောပါတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ မှန်းခြေပေါက်အလုပ်ကို ပြောရတော့မယ်ဆိုလို့ရှိရင်ဖြင့် ရှေ့ပိုင်း မှာ သုသိမ မပြောခင် ၁၊ ၂၊ သုညသာ မှတ်ပေတော့နော် (မှန်ပါ ဘုရား)။

၁-ရယ်၊ ၂-ရယ်၊ သုညရယ် ဦးခင်မောင် ဘယ်နှမျိုးတုံး (သုံးမျိုးပါ ဘုရား)။

၁-ရယ် (၂-ရယ်၊ သုညရယ်ပါ ဘုရား)၊ ၁-ရယ်၊ ၂-ရယ်၊ သုညရယ်နော် (မှန်ပါ)။

ဒကာ ဒကာမတို့ အခုပြထားတဲ့ သုံးခုသည် ဘာပါလိမ့် (၁-၂-သုညပါ ဘုရား)၊ ၁-ရယ်၊ ၂-ရယ်၊ သုညရယ် (မှန်ပါ)။

ဒါလောက်ဆိုရင်ဖြင့် ဒါ ရှေ့ပိုင်းမှာ တိုတိုနဲ့ မိအောင်ပြောတဲ့ ကတိမြဲမှုကို သေသေချာချာပြောပါပြီ (မှန်ပါ ဘုရား)။

၁-ဆိုတာ ငါလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ၂-ဆိုတာ ငါ့ဥစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ သုညဆိုတာ ငါ့ဥစ္စာမဟုတ်လို့၊ ဒီဉာဏ်ရလို့ရှိရင် ငါ ငါ့ဥစ္စာမဟုတ်လို့ရှိရင် သုညဆိုက်တယ် (မှန်ပါ)။

၁-က ငါ၊ ၂-က (ငါ့ဥစ္စာပါ ဘုရား)၊ ၃-က (ငါ-ငါ့ဥစ္စာမဟုတ်ပါ ဘုရား)၊ သုည၊ သဘောကျပလား (မှန်ပါ)။

၁-က (ငါပါ ဘုရား)၊ ၂-က (ငါ့ဥစ္စာပါ ဘုရား)၊ ၃-က (သုညပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

သေသေချာချာဟောနေပါတယ် ဒကာ ဒကာမတို့။ ဒါ ခင်ဗျားတို့ ကတိမြဲဖို့ရာ အလုပ်သေသေချာချာ ရှင်းပြ နေပါတယ်။ ၁-က ဘာပါလိမ့် (ငါပါ ဘုရား)၊ ၂-က ဘာပါလိမ့် (ငါ့ဥစ္စာပါ ဘုရား)၊ ၃-က (သုညပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့မှာရှိတဲ့တရားဟာ များများကျင့်စရာ မရှိပါဘူး။ ၁-ဖြုတ်၊ ၂-ဖြုတ်ပြီး သကာလ ၃-ကိုယ်ပိုင်ရဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား)။

၁-ကိုလည်း ဖြုတ်ရလိမ့်မယ် (မှန်ပါ)၊ ၂-ကိုကော (ဖြုတ်ရပါမယ်)၊ ၃-ဘာလုပ်ရမလဲ (ကိုယ်ပိုင်ရအောင် လုပ်ရပါမယ် ဘုရား)။

၃-ကိုယ်ပိုင်ရအောင် လုပ်ရလိမ့်မယ်။ ကြပ်ကြပ်စဉ်းစားပါ ဦးခင်မောင် (မှန်ပါ ဘုရား)။

ဒါ တိုတိုနဲ့ ခင်ဗျားတို့ ကောင်းကင်မြှောက်တဲ့ထုတ်ဘဝမှ လွတ်အောင် ဒီသုညဖြစ်လို့ရှိရင် ဘာမှမပူနဲ့တော့ (မှန်ပါ ဘုရား)၊ ဒီသုညဖြစ်ရင် မပူပါနဲ့တော့။

၁-က ဘာပါလိမ့် ဒကာ ဒကာမတို့ (ငါပါ ဘုရား)၊ ငါနော် (မှန်ပါ)၊ ၂-က ဘာပါလိမ့် (ငါ့ဥစ္စာပါ ဘုရား)၊ ၃-က ဘာပါလိမ့် (သုညပါ ဘုရား)၊ သုည တဲ့။

ဒီသုံးလုံးတည်း ရှေ့ပိုင်းမှာ ဟောတာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မမေ့ကြပါနဲ့နော် (မှန်ပါ)။ မမေ့ကြပါနဲ့လို့ သေသေချာချာ ပြောရပါတယ်။

သုညဖြစ်အောင် လုပ်လိုက်

ရှေးက ဘုရားသခင်ကိုယ်တော်မြတ်ကြီးလက်ထက်က အင်္ဂုတ္တိုရ်ပါဠိတော်ကြီးများမှာ လာတာက မောဃရာဇ ရဟန်းက အရှင်ဘုရား ကတိမြဲချင်ပါတယ်။ ရောက်ရာဌာနလည်း မြဲချင်ပါတယ် ဆိုတော့ကွာ မင်း ၁-လည်း မဖြစ်စေနဲ့၊ ၂-လည်း မဖြစ်စေနဲ့၊ သုညဖြစ်အောင် လုပ်လိုက်ကွာ မြဲတာပါပဲ (မှန်ပါ)။

ဘာတဲ့တုန်း ဒကာ ဒကာမတို့ (သုညဖြစ်အောင် လုပ်လိုက် မြဲတာပါပဲ) ဘာဖြစ်အောင် လုပ်ရမတဲ့ (သုည ဖြစ်အောင် လုပ်ရပါမယ် ဘုရား)။

သုညဖြစ်အောင် လုပ်ရမယ်။ ဒကာ ဒကာမတို့ တစ်ပွဲလုံး မှတ်ကြစမ်းပါ။ ဒီအရေးဟာ အတော်ကြီး ပါတယ်ဆိုတဲ့ဥစ္စာကိုဖြင့် ခင်ဗျားတို့မှာ ကောင်းကင်မြှောက်တဲ့တုတ်ဘဝမှ လွတ်တဲ့အရေးဟာဖြင့် ဒကာ ဒကာမတို့ ၁-မဖြစ်ဖို့၊ ၂-မဖြစ်ဖို့၊ သုညဖြစ်ဖို့ အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

ဘာဖြစ်ဖို့ အရေးကြီးပါလိမ့် (သုညဖြစ်ဖို့ အရေးကြီးပါတယ် ဘုရား)။

၁-လည်း မဖြစ်စေနဲ့နော် (မှန်ပါ)၊ ၂-ကော (မဖြစ်စေနဲ့)၊ ဘာဖြစ်ရမလဲ (သုညဖြစ်ရပါမယ်)။ သုညဖြစ်ဖို့ အလွန့်အလွန် အရေးကြီးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

အေး ဒါကြောင့် ဒါလောက်ဆိုလို့ရှိရင်ဖြင့် တရားကလည်း တိုပြန်၊ ဂဏန်းနဲ့လည်း ပြပြန်ဆိုတော့ ဦးခင်မောင် မမှတ်မိစရာမရှိပါဘူး (မရှိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနေပြီး သကာလ မနေ့ကပြောခဲ့တဲ့ မဂ္ဂင်ငါးပါးနဲ့ ခန္ဓာကိုယ်ထဲမှာ ဒါကလေးတွေက ဝေဒနာဆိုကြပါစို့ စိတ်ဖြင့်လည်း စိတ်ဆိုကြပါစို့နော် (မှန်ပါ)၊ ငါ့စိတ်မဖြစ်စေနဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ့စိတ် (မဖြစ်စေရပါ ဘုရား)၊ အဲဒီဥစ္စာ ဒကာ ဒကာမတို့ ၁-နံပါတ်က ငါမဖြစ်စေနဲ့ဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။

၁-နံပါတ်က ဘာတုံး (ငါမဖြစ်စေနဲ့ပါ ဘုရား)။

၂-နံပါတ်က ဒီဥစ္စာကိုတဲ့ ငါ့စိတ်မစမ်းနဲ့ဆိုပြီး ငါပိုင်တဲ့ သဘောမျိုးနဲ့လည်း ပြောတတ်ပါတယ် (မှန်ပါ ဘုရား)။ ထင်ကော မထင်တတ်ဘူးလား (ထင်တတ်ပါတယ် ဘုရား)။

ဒါဖြင့် ၁-က စိတ်ကို ငါထင်တယ်။ ၂-က စိတ်ကို ငါ့ဥစ္စာထင်တယ် (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ငါထင်တယ်ဆိုတော့ ဒိဋ္ဌိသွားဖြစ်နေတယ်

၁-က စိတ်ကို ဘာထင်ပါလိမ့် (ငါထင်ပါတယ် ဘုရား)၊ ငါထင်တယ်ဆိုတော့ ဒိဋ္ဌိသွားဖြစ်နေတယ် (မှန်ပါ)၊ အတ္တဒိဋ္ဌိသွားဖြစ်နေတယ် (မှန်ပါ)။

ငါ့ဥစ္စာထင်တော့ အတ္တနိယဆိုတာ ဦးခင်မောင် သွားဖြစ်တယ် (မှန်ပါ ဘုရား)။ ဒကာဝ ဘာသွားဖြစ် သတုံး (အတ္တနိယသွားဖြစ်ပါတယ် ဘုရား)၊ အတ္တနိယဆိုတာ ငါ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ဟော စိတ်ကလေးတစ်လုံးတည်းကို ငါထင်ရင် အတ္တ၊ ငါ့ဥစ္စာထင်ရင် (အတ္တနိယပါ ဘုရား)။

အတ္တနိယတွေ ဖြစ်ပြီး သကာလ နေတော့ အတ္တ အတ္တနိယပြုတ်လို့ရှိရင် ဒကာ ဒကာမတို့ သောတာပန်တည် တော့ ကတိမြဲတယ် (မှန်ပါ ဘုရား)။

ဦးခင်မောင် သောတာပန်တည်ဆော့ (ကတိမြဲပါတယ် ဘုရား)၊ ကတိမမြဲဘူးလား (မြဲပါတယ် ဘုရား)။

ဪ ဒါဖြင့် ငါ ငါ့ဥစ္စာမဟုတ်ဘူး ဒီဥစ္စာ၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့အခြေအနေရောက်အောင် ဒကာ ဒကာမတို့ ရှုရလိမ့်မယ် (မှန်ပါ ဘုရား)။

”ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့အခြေအနေရောက်အောင် (ရှုရမှာပါ ဘုရား)၊ ရှုှုရတဲ့အခါကျတော့ ဒါ ငါလည်း မဟုတ်ဘူး။ စိတ်ကလေးတစ်ခုကိုပေါ့လေ၊ ငါလည်း မဟုတ်ဘူး။ ငါ့ဥစ္စာလည်း မဟုတ်ဘူး။ ဟုတ်လား (မှန်ပါ)၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သုညဟေ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သုည

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ ဘာတုံး (သုညပါ ဘုရား)၊ အဲ သုညဖြစ်အောင် ဒကာ ဒကာမတို့ သုညဖြစ် အောင် ဦးခင်မောင် လုပ်ရလိမ့်မယ် (မှန်ပါ)။

ဒါ ဝေဒနာရှုလည်း ဒီအတိုင်းပဲ။ စိတ်ရှုှုကော (ဒီအတိုင်းပါ ဘုရား)။ ရုပ်ရှုကော (ဒီအတိုင်းပါ ဘုရား)၊ ဒါဖြင့် ငါလည်း မဖြစ်စေနဲ့၊ ငါ့ဥစ္စာကော (မဖြစ်စေနဲ့) ဘာဖြစ်အောင် လုပ်ရမလဲ (သုညဖြစ်အောင် လုပ်ရပါမယ် ဘုရား)။

သုညဖြစ်အောင် ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သဘောဖြစ်အောင် လုပ်ပါ (မှန်ပါ)။ ဒါ အင်မတန်မိတဲ့တရား လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

အင်မတန် မိတဲ့တရားဆိုတော့ အဲဒီမှာ မောဃရာဇရဟန်းကို ဟောလိုက်တာ ဘုရားသခင်ကိုယ်တော်မြတ် ကြီးကို အရှင်ဘုရား တပည့်တော် ကောင်းကင်မြှောက်တဲ့တုတ်ဘဝမှလည်း လွတ်ချင်ပါတယ်။ သေမင်းမမြင် ရာဌာနကိုလည်း တပည့်တော် သွားချင်ပါတယ်ဘုရား တဲ့။

ဟာ ဒါဖြင့် မင်း ဒီလိုလုပ်ပါလားကွ “သုညတော လောကံ အဝေက္ခသု” ဆိုတာ သူ့ကိုဟောတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သုညတော လောကံ အဝေက္ခဿု၊

မောဃရာဇ သဒါ သတော၊

အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊

ဧဝံ မစ္စုတရော သိယာ၊

ဧဝံ လောကံ အဝေက္ခန္တံ၊

မစ္စုရာဇာ န ပဿတိ။ (သုတ္တနိပါတပါဠိတော်၊ နှာ-၄၄၈။)

သေမင်းတောင် မမြင်ပါဘူး

သေမင်းတောင် မမြင်ပါဘူးကွတဲ့။ မင်းသွားမည့်နေရာဌာန နောက်ချေးပုံတို့ လူကျင်ကြီးပုံတို့ ခုနကပြော ခဲ့တဲ့ ခွေးဘဝတို့ဆိုတာ အသာထားပါတဲ့။ အဲဒါ သေစရာရှိပါသေးတယ်တဲ့ (မှန်ပါ)။ အခုဟာက သူ့ကို မမြင်တဲ့ဆီ ရောက်ပြီဆိုတော့ နိဗ္ဗာန်ရောက်တယ်ပြောတာ (မှန်ပါ ဘုရား)။ ဒီထက့်မြဲစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ တစ်ခုတစ်ခု ရှုလိုက်တဲ့အခါကျတော့ ဒီနားမှာ စားချင်တဲ့စိတ်ကလေး၊ ဝတ် ချင်တဲ့စိတ်ကလေး ဝမ်းထဲမှာ ပေါ်လာကြတယ် ဆိုကြပါစို့ (မှန်ပါ)။ ဆင်ခြင်တဲ့စိတ်ကလေး ပေါ်လာတယ်ဆိုကြပါစို့ (မှန်ပါ ဘုရား)။

အဲဒါကလေးက ကြည့်လိုက်တဲ့အခါကျတော့ ငါလားဆိုတော့ မဟုတ်ပါဘူး။ စိတ်ပါပဲ (မှန်ပါ)၊ ငါ့ဥစ္စာလား ဆိုတော့ ငါ့ဥစ္စာလည်း မဟုတ်ပါဘူး။ ဒီဟာ စိတ်သဘောပါပဲ (မှန်ပါ)။ ဟုတ်လား (မှန်ပါ)။

အဲဒီတော့ ငါလားလို့မေးတော့ ဘယ့်နှယ့်တုံး (မဟုတ်ပါ)။ စိတ်ပဲ (မှန်ပါ)။ ဦးခင်မောင် ငါလားမေးတော့ ဘာပါလိမ့် (စိတ်ပါ ဘုရား)၊ ငါ့ဥစ္စာလားလို့ မေးပြန်တော့ (စိတ်ပါ ဘုရား)။

ငါ့ဥစ္စာလည်း မဟုတ်ပါဘူး။ စိတ်ဆိုတာက အာရုံဒွါရက လုပ်ထားတာ (မှန်ပါ)။ ငါက လုပ်ထားတာ ဟုတ်ကဲ့ လား (မဟုတ်ပါ)။ အာရုံဒွါရကြောင့် စိတ်ပေါ်တာ (မှန်ပါ)။

ဒါဖြင့် ငါလည်း မဟုတ်၊ ငါ့ဥစ္စာကော (မဟုတ်ပါ)၊ နောက်ရှုရင်း မတ္တနဲ့ ဒီဟာကလေးဟာက ဒကာ ဒကာမ တို့ ငါ ငါ့ဥစ္စာမဟုတ်ကြောင်းကို သူက ဆတ်ခနဲ ပျောက်မပြဘူးလား (ပျောက်ပြပါတယ် ဘုရား)။

ပျောက်ပြလိုက်တဲ့အခါကျတော့ ဪ ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်ပါလား။ သက်သက် သုညတ သဘောပါလား။ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သဘောပါလားလို့ မြင်အောင်ကြည့်လိုက် (မှန်ပါ)။ ဒီစိတ်ကလေး မြင်အောင် ကြည့်ပါ (မှန်ပါ)။

မရှိတာကို မြင်အောင်ကြည့်

ဒီစိတ်ကလေး ချုပ်ပျောက်သွားတာ မရှိတာကို မြင်အောင်ကြည့်လိုက်စမ်းပါ (မှန်ပါ)။ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် စိတ်ကလေး တစ်ခုပေါ်လာလို့ရှိရင်ဖြင့် ငါလား ဒကာ ဒကာမတို့ (မဟုတ်ပါ ဘုရား)။ ငါလည်း မဟုတ်ဘူး။ စိတ်ပဲ (စိတ်ပါ ဘုရား)။

ငါ့ဥစ္စာလားလို့ မေးပြန်တော့ စိတ်ဆိုတာ ထမင်းဟင်းစားချင်ရာ ထမင်းကြောင့် ပေါ်တာ။ ဟင်းစားချင်ရင် (ဟင်းကြောင့် ပေါ်တာပါ ဘုရား)။

အင်း သူများလုပ်ထားတဲ့စိတ်ဆိုတော့ ငါ့ဥစ္စာလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။ အာရုံဒွါရက လုပ်ထားတာ။ စာသမားများအတွက်တော့နော် (မှန်ပါ)။

အဲဒီတော့ ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား (မဟုတ်ပါ)။ ကြည့်ရင်း မတ္တနဲ့ ဒီစိတ်ကလေး ဘာဖြစ်သွားသလဲ (ပျောက်သွားပါတယ်) ချုပ်ပျောက်သွားတယ် (မှန်ပါ)။

အဲဒီတော့ ချုပ်ပျောက်သွားတော့ ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်ဘူး။ သက်သက် ငါ ငါ့ဥစ္စာမဟုတ် တဲ့တရားလို့ မသေချာဘူးလား (သေချာပါတယ် ဘုရား)

သေချာတဲ့အခါကျတော့ ၁-ဆိုတဲ့ ငါလည်း ဟုတ်သေးရဲ့လား (မဟုတ်ပါ)။ ၂-ဆိုတဲ့ ငါ့ဥစ္စာကော (မဟုတ် ပါ ဘုရား)။ ကဲ ဒါဖြင့် ငါ ငါ့ဥစ္စာမဟုတ်တော့ ဘာဖြစ်သွားသလဲ (သုညပါ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ ရှုရှုပေး

သုညဖြစ်သွားတယ်၊ သုညတဖြစ်သွားတယ်လို့ အဲဒီကျအောင် ဒကာ ဒကာမတွေက ရှုလို့ရှိရင် မဂ္ဂင်ငါးပါးနဲ့ ရှုရှုပေး (မှန်ပါ ဘုရား)။

စိတ်ကလေးတစ်ခု ပေါ်လာလို့ရှိရင် ငါလား ဒကာ ဒကာမတို့ (မဟုတ်ပါ ဘုရား)။ မဟုတ်ရင် ဘာတုံး (သုည ပါ)၊ စိတ်ပဲ (မှန်ပါ)။

ဒါကလေးလည်း အဖြေထွက်ကြပါ ဒကာ ဒကာမတို့၊ ဘယ်စိတ်ပေါ်လာလာ ဒကာ ဒကာမတို့ အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ်။ ဒါကလေးဟာ ငါလား (မဟုတ်ပါ ဘုရား)။ စိတ်ပဲနော် (မှန်ပါ)။

ထိနမိဒ္ဓစိတ်ပဲ။ ထိနမိဒ္ဓစေတသိက်တို့ ဒါပဲရှိတာပဲ။ ဒေါသစိတ်တို့ ဒါပဲရှိတာပဲ (မှန်ပါ)။

ငါ့ဥစ္စလားလို့ မေးတော့ ထိနမိဒ္ဓဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ တွေဝေပြီး သကာလ လာတာ။ ထမင်းအဆိမ့် အအိမ့်တွေ စားချင်ခြင်းတည်းဟူသော အာရုံတွေကြောင့် ပျက်တဲ့သဘောဖြစ်ပြီး သကာလ လာတာ (မှန်ပါ)။

အိပ်ရာတွေ မြင်လို့ အိပ်ချင်တဲ့စိတ်၊ အစားတွေများလို့ အိပ်ချင်တဲ့စိတ်ဆိုပြီး သကာလ ဒီအကြောင်း တွေကြောင့် ဖြစ်တဲ့တရားဆိုခြင်းကြောင့် ငါ့ဥစ္စာလား (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာမဟုတ်ဘူး။ ကြည့်နေနော် ဒကာ ဒကာမတို့ (မှန်ပါ)။ ကြည့်နေရင်း မတ္တနဲ့ ထိနမိဒ္ဓကလေး ဘာဖြစ်သွားသလဲ (ပျောက်သွားပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားက “သံခိတ္တံဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနတိ” ကွ (မှန်ပါ)။ “သမုဒယဓမ္မာနုပဿီဝါ ဝယဓမ္မာနုပဿီဝါ” တဲ့ (မှန်ပါ)။

အိပ်ချင်တဲ့စိတ်ကလေးဟာ ဒကာ ဒကာမတို့ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။ မရှိတော့ ငါကော ဟုတ် သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာကော (မဟုတ်ပါ)၊ ဘာဖြစ်သွားသလဲ (ဆိတ်သုဉ်းသွားပါတယ်)။ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သုညတ ဖြစ်သွားတယ် (မှန်ပါ)။

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားတာ ဘာခေါ်ကြမယ် (သုညတဖြစ်သွားပါတယ်)။ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွား တဲ့ သုညတ (ဝါ) သုည (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဦးဘအုန်းတို့ သုညဖြစ်ဖို့ တယ်အရေးကြီးပါတယ် ဟုတ်လား (ကြီးပါတယ် ဘုရား)။ မကြီးဘူးလား ဒကာသစ် (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဘာကလေးပေါ်ပေါ်၊ ဒီ ၃ ကျအောင် ဒကာ ဒကာမတို့အရောက်သွားစမ်းပါ (မှန်ပါ ဘုရား)။ ကဲ စိတ်ကလေးဟာ ပျံ့လွင့်နေတယ်၊ ပျံ့လွင်နေတာ ငါပျံ့လွင့်နေတယ်ဆိုတာကော ဟုတ်ပါရဲ့လား (မဟုတ် ပါ ဘုရား)။

သူ့အာရုံကြောင့် ပေါ်လာတဲ့တရားဖြစ်သောကြောင့် ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။ တော် တော်ကြာကြည့်လိုက်တဲ့အခါကာလ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား) ချုပ်ပျောက်သွားတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ငါဟုတ်တဲ့လား (မဟုတ်ပါ)၊ ငါ့ဥစ္စာဟုတ်ကဲ့လား (မဟုတ်ပါ)။ ဘာဖြစ်သွားပါလိမ့် (ချုပ်ပျောက်သွား ပါတယ် ဘုရား)။

ငါ ငါ့ဥစ္စာအဖြစ်မှ ဆိတ်သုဉ်းသွားတယ်

သုညတ ဖြစ်သွားတယ်။ ငါ ငါ့ဥစ္စာအဖြစ်မှ ဆိတ်သုဉ်းသွားတယ် (မှန်ပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလို ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေ ပျက်သွားရင် ဪ ငါ ငါ့ဥစ္စာမဟုတ်ပါလား။ သုည ပဲ။ ငါ ငါ့ဥစ္စာမဟုတ်၊ သုညပဲလို့ ဒီလိုသာ ရှုနေ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ငါလည်း ပြုတ်ပြီးသား ဖြစ်သွားတယ်။ ငါ့ဥစ္စာကော (ပြုတ်ပြီးသားပါ ဘုရား)။ အင်း ပေါ်လာတာကလေးဟာ သုညပဲ သုညတ ပဲလို့သာ ရှုနေ (မှန်ပါ)။

ပေါ်လာတဲ့စိတ်ကလေးကို ဘယ်လိုရှုရမယ် (သုညတ သုညတ လို့ ရှုရပါမယ်) သုညတ သုညတ၊ ဪ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတာပဲ။ အဓိပ္ပာယ်ရှင်းချင်ရင်ပေါ့ဗျာ (မှန်ပါ ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ သူက သုညတ၊ ဒီကရှုနေတာကလေးက (မဂ္ဂပါ ဘုရား)။ မဂ္ဂ- သူက ဘာပါလိမ့် (သုညတပါ ဘုရား) ရှုနေတာလေးက (မဂ္ဂပါ ဘုရား)။

အဲ သုညမြင်တာ ဘယ်သူပါလိမ့်မတုံးမေးရင် ဘယ့်နှယ်ပြောကြပါ့မလဲ (မဂ္ဂပါ ဘုရား)၊ ဪ မဂ်ကမှ သုညမြင်တာ (မှန်ပါ)။

မဂ်ကမှ (သုညမြင်တာပါ ဘုရား)။ အဲဒါကြောင့် ဘာပေါ်လာလာ၊ ဘယ်စိတ်ပေါ်လာလာ၊ ဘယ်ဝေဒနာပေါ် လာလာ ဒကာ ဒကာမတို့ ငါလည်းမဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ် သုညတသာ ဟုတ်နေတာပဲ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါလည်း (မဟုတ်ပါ)၊ ငါ့ဥစ္စာလည်း (မဟုတ်ပါ ဘုရား)။ ဘာသာဟုတ်ပါလိမ့် (သုညတသာ ဟုတ်ပါတယ် ဘုရား)။

သုညတသာ ဟုတ်တယ်လို့ တစ်ခါတည်း ဉာဏ်နဲ့ တည့်တည့် တည့်တည့်ပြီး ရှုလိုက်တော့ အာရုံက သုညတ၊ ရှုတာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဆိုတော့ ဒကာ ဒကာမတို့ တစ်ခါတည်း ငါ ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိတွေ နောက်က အကုန်ပြုတ်တယ် (မှန်လှပါ)။ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သုညတကလေး ရှေ့ကထား၊ ဒကာ ဒကာမတွေက မဂ္ဂနဲ့ရှု (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။ အဲဒီတော့ ဒါကလေး သုညတဖြစ်သွားပြီ။ ဘယ်စိတ်ကလေးဖြစ်ဖြစ် သုညတဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့သိတဲ့အတိုင်း ရှေ့က သုညတ၊ နောက်က (မဂ္ဂပါ ဘုရား)။ သေတာက အတ္တ၊ အတ္တနိယ (မှန်လှပါ)။ မှတ်မိပလား (မှတ်မိပါပြီ)။

သေတာက (အတ္တ အတ္တနိယပါ)၊ အတ္တက ငါ၊ အတ္တနိယက ငါ့ဥစ္စာ (မှန်ပါ)။ ဒိဋ္ဌိတဏှာသေတယ် (မှန်ပါ)။ ရှုတတ်ပလား (ရှုှုတတ်ပါပြီ)။ ဒါ တိုတိုနဲ့ ပြတာနော် (မှန်လှပါ ဘုရား)။

တိုတိုနဲ့ပြတာ ဒကာ ဒကာမတွေက သေးသေးအဓိပ္ပာယ်လို့ မမှတ်လိုက်ပါနဲ့။ မောဃရာဇရဟန်းကို ဘုရား က ဟောတော်မူတာ (မှန်ပါ ဘုရား)။

သေတာက အတ္တ အတ္တနိယ

ကိုင်း ဒကာ ဒကာမတို့ မြင်တိုင်းမြင်တိုင်း ဘာဖြစ်အောင် ရှုရမတုံး (သုညတဖြစ်အောင် ရှုရပါမယ် ဘုရား)။

ဒါဖြင့် ရှေ့က သုညတ၊ နောက်က (မဂ္ဂပါ ဘုရား)၊ သေတာက (အတ္တ အတ္တနိယပါ ဘုရား)။

အတ္တနဲ့ အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိပြုတ်တယ် (မှန်ပါ) ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့် (အတ္တနဲ့ အတ္တနိယ ပြုတ်ပါတယ် ဘုရား)။

အတ္တဆိုတာ ငါနော် (မှန်ပါ)။ အတ္တနိယဆိုတာ (ငါ့ဥစ္စာပါ ဘုရား)။ ငါ့ဥစ္စာပြုတ်သွားတယ်ဆိုတော့ အတ္တက ငါ၊ ငါ့ဥစ္စာဆိုတာက တဏှာ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။ အင်း ဒိဋ္ဌိတဏှာ ပြုတ်သွားတယ်။

ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့် (ဒိဋ္ဌိတဏှာပြုတ်ပါတယ် ဘုရား)။ ဪ ခင်ဗျားတို့က ဘယ်လိုများ မြင်လိုက်လို့ ပြုတ်တာပါလိမ့် (သုညတမြင်လိုက်လို့ ပြုတ်တာပါ ဘုရား)။ ဦးခင်မောင် အတော်မိပြီ (မှန်ပါ) ဦးဝ အတော်မိတဲ့တရားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အင်မတန် ဂရုစိုက်ပြီး ဦးဇံရင်တို့ သတိပေးနေတယ်နော် (မှန်ပါ ဘုရား)။ သတိပေးနေတယ် ဒကာ ဒကာမ တို့ ဒီနှစ်လုံးသည် ခင်ဗျားတို့ ကောင်းကင်မြှောက်တဲ့တုတ်ဘဝမှ လွတ်မယ် (မှန်ပါ ဘုရား)။

ဒီ အတ္တ အတ္တနိယပြုတ်ပါတယ်ဆိုကတည်းက ဒိဋ္ဌိပြုတ်သွားပကောဗျ (မှန်ပါ ဘုရား)။ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာအလိုလိုပါသွားတယ် (မှန်လှပါ)။

ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာအလိုလို ပါသွားပါတယ် ဘုရား)။ အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ရင် သောတာပန်အစစ် (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီ သောတာပန်အစစ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ စုတေမနေ သေလွန်တဲ့အခါကျလို့ရှိရင် သောတာ ပန်အဖြစ်နဲ့ သေသွားတဲ့အခါ သုဂတိမှတစ်ပါး ဘယ်သွားသေးသတုံး (ဘယ်မှ မသွားပါ ဘုရား)။

ကောင်းကင်မြှောက်တဲ့တုတ်လို ကျချင်သလို ကျတာလား မှန်းခြေပေါက်ရှိသလား (မှန်းခြေပေါက် ရှိပါတယ် ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတို့ ဒီသုညကလေးဖြစ်အောင် ဟာ ခင်ဗျားတို့ ဝန်မလေးကြပါနဲ့ (မှန်ပါ ဘုရား)။

သုညကလေးဖြစ်အောင် (ဝန်မလေးကြပါနဲ့ ဘုရား)၊ ဝန်မလေးကြပါနဲ့ဆိုတာ သေသေချာချာ ပြောပါတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလည်း ကောင်းကင်မြှောက်တဲ့ တုတ်လို မမြဲသေးဘူး (မှန်ပါ)။ ခင်ဗျားတို့ သားသမီးတွေကလည်း (မမြဲပါ ဘုရား)။

မမြဲသေးတော့ ဒီ သုညတဆိုက်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြင့် (မြဲပါတယ် ဘုရား)။ မြဲပြီ၊ သုညတဆိုက်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြင့် (မြဲပါပြီ ဘုရား)။

မြဲပြီဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါဖြင့် ဒီ သုညတသည် ငါတို့ကို ကယ်မည့်သူ သုညတ (မှန် လှပါ ဘုရား)။ ဘယ်လို ဆိုကြမယ် (သုညတသည် ငါတို့ကို ကယ်ယူမည့် သုညတပါ ဘုရား)။

ငါတို့ကို ကောင်းကင်မြှောက်တဲ့တုတ်ဘဝမှ လွတ်အောင် လုပ်တဲ့သုညတ (မှန်ပါ)။ ဆိုနိုင်ကြမလား (ဆိုနိုင် ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ခဲယဉ်းသလားလို့ တစ်ခုမေးပြန်ဦးမယ် (မခဲယဉ်းပါ) မခဲယဉ်း ဘူးနော် (မှန်ပါ)။ ဒါဖြင့် ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူး၊ ပျက်သွားတဲ့ ဓမ္မကလေးဟာ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ဓမ္မပဲ လို့ဆိုတာ ဝန်လေးသလား (မလေးပါ ဘုရား)။

ခန္ဓာထဲစိုက်ကြည့်ပါ

ဘယ်ဟာပေါ်လာလာ ငါ ငါ့ဥစ္စာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ခန္ဓာထဲစိုက်ကြည့်ပါ ဒကာ ဒကာမတို့ ဝေဒနာကလေး ပေါ်လာလည်း ကြည့်စမ်း ငါလား (မဟုတ်ပါ ဘုရား)။

ငါမဟုတ်ပါဘူး ဝေဒနာပါ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။ ငါ့ဥစ္စာလားဆိုလို့၊ အို ငါ့ဥစ္စာဟုတ်ပါ ဘူး၊ ဖဿ ပစ္စယာ ဝေဒနာပါ (မှန်ပါ)၊ ဖဿက လုပ်ထားတာပါ (မှန်လှပါ)၊ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါကလေးဟာ ကြည့်ရင်း မတ္တနဲ့ တစ်ခါ ဆိတ်သုဉ်းသွားပြန်တော့ ငါ ငါ့ဥစ္စာအဖြစ်မှ မရှိပါကလားဆိုတာ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ငါ ငါ့ဥစ္စာ မရှိတာသည်ကားလို့ဆိုရင်ဖြင့် သုညတ (မှန်ပါ)၊ မြင်တာက (မဂ္ဂပါ)၊ သေတာက အတ္တ (အတ္တနိယပါ ဘုရား)။

အတ္တ အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိပြုတ်ထွက်သွားတော့ ဒီတရားထက်ပိုင်တာ ဒကာ ဒကာမတွေရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒီလောက်တောင် ခဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဪ ဘာပဲပေါ်ပေါ် သုညဖြစ်အောင်လုပ်ဖို့ရာ တို့အရေး ပါကလား (မှန်လှပါ)။

သုညဖြစ်အောင် တို့က ရှုနိုင်လို့ရှိရင်ဖြင့် မရှိတာ တွေ့မယ်၊ မရှိတာ သိရင်ဖြင့် သုညဖြစ်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မရှိတာသိရင် (သုညဖြစ်ပါတယ်)၊ မရှိတာ ၁-လို့လည်း ရေးလို့ဖြစ်ကဲ့လား ဦးခင်မောင် (မဖြစ်ပါ ဘုရား) ၂-ကော ရေးလို့ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး မရှိတာ (သုညရေးရပါမယ် ဘုရား)။

ဒါကြောင့် သုညလို့ ဆရာဘုန်းကြီးက ပြောနေတယ်။ စာလိုတော့ သုညတ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ ၁-ဆိုတဲ့ ငါကော ရေးလို့ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)။ ၂- ဆိုတဲ့ ငါ့ဥစ္စာကော (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး (သုည ရေးရပါမယ် ဘုရား)၊ ဟောဒီဉာဏ်နဲ့ သုညသာရေး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူက သုည (ဝါ) သုညတ၊ သူက ဘာတုံး (မဂ္ဂပါ ဘုရား) အင်း သေတာက ဘာပါလိမ့် (အတ္တ နဲ့ အတ္တနိယပါ ဘုရား)။

အတ္တ အတ္တနိယဆိုတော့ ၁ နဲ့ ၂ ပြုတ်သွားတယ် (မှန်ပါ ဘုရား)။ ဒကာ ဒကာမတွေ ဘာပြုတ်သွားသလဲ (၁ နဲ့ ၂ ပြုတ်သွားပါတယ် ဘုရား)။ ၁ နဲ့ ၂ နဲ့ ပြုတ်ပြီး ဉာဏ်ထဲမှာ သုညကျန်ရစ်တယ် (မှန်ပါ ဘုရား)။ ဉာဏ်ထဲမှာ ဘာကျန်ရစ်ပါလိမ့် (သုည ကျန်ရစ်ပါတယ် ဘုရား)။

နားလည်ကြရဲ့လား နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား) ဘုန်းကြီးကဖြင့် စိတ်ရောကိုယ်ပါ ဒကာ ဒကာမတို့ ကောင်းကင်မြှောက်တဲ့ဘဝမှ တစ်ခါတည်း လွတ်ပြီး သကာလ ကဲ ဒီဘဝက သောတာပန်တည်၊ တည်ပြီး သကာလ နတ်ရွာသုဂတိပဲ ခင်ဗျားတို့ ဘယ်မှမသွားဘူး၊ အထက်သာ တက်တယ် (မှန်ပါ ဘုရား)။

နတ်ပြည်က တစ်ခါ သောတာပန်တည်ပြီး သကာလ အထက် အထက် မဂ်သာတက်သွားတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။ အဲဒီတော့ ငါတို့ဟာဖြင့် စုန်သမား မျောသမားမဟုတ်တော့ဘူး(မှန်ပါ) အမြုပ်သမား အမျောသမား (မဟုတ်တော့ပါ ဘုရား) အင်း အဆန်သမား သက်သက် (မှန်ပါ ဘုရား)။

အဆန်သမား သက်သက်

ဦးခင်မောင် ဘာတဲ့တုန်း (အဆန်သမား သက်သက်ပါ ဘုရား) ဒကာ ဒကာမတွေ ယခုတော့ဖြင့် မြုပ်ချီ တစ်လှည့် မျောချီတစ်လှည့် ဆိုတော့ ကောင်းကင်မြှောက်တဲ့တုတ်လို ဖြစ်နေတယ် (မှန်လှပါ ဘုရား) သေချာကြရဲ့လား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ကောင်းကင်မြှောက်တဲ့တုတ်လို ကချင်သလို ကျတဲ့ဘဝမှ လွတ်ချင်လို့ရှိရင် သုညဖြစ်အောင် ရှုပါ (မှန်ပါ ဘုရား)။

မိပြီ ဒကာ ဒကာမတို့ တရားတော့ဖြင့် (မှန်ပါ) တရားကဖြင့် ခင်ဗျားတို့ကို အကုန်ကာကွယ်တော့မှာပဲ (မှန် ပါ) သဘောကျပလား (ကျပါပြီ) တရားကဖြင့် ခင်ဗျားတို့ကို အကုန်ကယ်တင်မှာပဲ (မှန်ပါ)။

ဦးခင်မောင် ဘာတဲ့တုန်း (တရားကဖြင့် အကုန်ကာကွယ်ပါမယ် ဘုရား) တရားက ကယ်တင်ချင်ပါတယ်။ ကယ်တင်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါတယ်။ “ဓာရတီတိ ဓမ္မောကိုး” (မှန်ပါ)။

ဓာရေတိ၊ ဆောင်တတ်၏။ ဣတသ္မာ၊ ထို့ကြောင့်၊ ဓမ္မော၊ ဓမ္မမည်၏ ဆိုတော့ တရားကတော့ ကယ်တင် နိုင်တဲ့ သတ္တိရှိတယ်။ ခင်ဗျားတို့က ဒီတရားကို ဝမ်းထဲရောက်အောင် မသွင်းလို့ရှိရင်ဖြင့် သူက ပြင်ဘက်ကတော့ မကယ်နိုင်ဘူး (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ပြင်ဘက်ကတော့ (မကယ်တင်နိုင်ပါ ဘုရား) အတွင်းရောက်ရင်တော့ (ကယ်တင်နိုင်ပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့က သူ့ကိုပဲ အတွင်းရောက်အောင် ကြိုးစားပါ ဆိုတာ ဒကာ ဒကာမတို့ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ တရားမှာ ဘာမြင်မြင်၊ ရုပ်မြင်လည်း သုညတဖြစ်အောင်ရှု၊ နာမ်မြင်ကော (သုညတ ဖြစ်အောင်ရှုရပါမယ်) သူက သုညတဆိုတော့ မြင်တာက (မဂ္ဂပါ ဘုရား) သေတာက (အတ္တနဲ့ အတ္တနိယပါ ဘုရား)။

အတ္တက ဒိဋ္ဌိ၊ အတ္တနိယက တဏှာ

အတ္တ အတ္တနိယ၊ အတ္တက ဒိဋ္ဌိ၊ အတ္တနိယက တဏှာ (မှန်ပါ)၊ သူတို့ပါသွားတယ်ဆိုကတည်းက အဝိဇ္ဇာက လည်း ရောချုပ်ပြီ (မှန်ပါ)၊ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား) အဲဒါတွေ သေသေချာချာ ဆရာဘုန်ကြီးက ရှင်းလင်းပြီး သကာလ ပြနေတော့ ဪ တို့သည် ကောင်းကင်မြှောက်တဲ့တုတ်လို အရင်းကကျ အဖျားကကျ၊ အလယ်ကကျ၊ တို့မှာ အခု ဒီတိုင်းသာနေလို့ရှိရင် အကျမမြဲသေးပါကလား (မှန်ပါ ဘုရား) သဘောကျပလား (ကျပါ ပြီ)။

ငရဲလည်း ကျနိုင်တယ်ဆိုတာပဲ၊ နတ်ရွာသုဂတိကော (ရောက်ပါတယ် ဘုရား)၊ အင်း တိရစ္ဆာန်ဘုံကော (သွားနိုင်ပါတယ် ဘုရား)။

သွားနိုင်တယ်ဆိုတော့ ကိုယ့်မှန်းခြေပါသေးလား (မပါပါ ဘုရား) ဟောဒါကတော့ ကိုယ့်မှန်းခြေ အထက် သာဆန်တယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဒါ ကိုယ့်မှန်းခြေပဲ၊ အထက်သာဆန်တော့တန်၊ အောက်မစုန်တော့ပါဘူး (မှန်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုရှုရင် အထက်ဆန်သလဲ (သုညဖြစ်အောင်ရှုရင် အထက်ဆန်ပါတယ် ဘုရား)။

သုညဖြစ်အောင်ရှုစမ်းပါ (မှန်ပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘယ်လိုဖြစ်အောင်ရှုရပါမယ်။ (သုညဖြစ် အောင်ရှုရပါမယ် ဘုရား)

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မောဃရာဇ-မောဃရာဇရဟန်း၊ လောကံ-မင်းသန္တာန်၌ရှိ တဲ့ ဝေဒနာ, သညာစိတ် အစရှိသည်ကို။ သုညတော-သုညတဆိုက်အောင်။ အဝေက္ခဿု၊ စေ့စေ့ငုငု ရှုပေးကွ(မှန်ပါ)။

ဒါကလေးသုညတဆိုက်အောင်သာ ရှုပေး (မှန်ပါ) ရုပ်ကိုလည်း သုညတဆိုက်အောင် (ရှုပေးရပါမယ်) ဝေဒနာပေါ်လာရင် (သုညတဆိုက်အောင်ရှုပေးရပါမယ် ဘုရား)။

သုညတဆိုက်အောင်ရှုပါ

သုညတဆိုက်အောင်ရှုပါ၊ စိတ်ပေါ်လာရင် (သုညတဆိုက်အောင်ရပါမယ်) သူ မဆိုက်စရာကော ဦးဘအုန်း ရှိသေးရဲ့လား (မရှိပါ ဘုရား) စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ ဒေါသစိတ်ကလေး ပေါ်လာတယ် ဒကာ ဒကာမတို့ ဒါဟာ ငါလားလို့ မေးတော့ ဒေါသစိတ် (မှန်ပါ ဘုရား) ငါ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာလားလို့မေးတော့ ဒီဒေါသနဲ့ သမီးနဲ့မတည့်လို့ဖြစ်တဲ့ ဒေါသ၊ သမီးအာရုံကြောင့်ဖြစ်တာ (မှန်ပါ)၊ ကိုယ်လုပ်ထားတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဟိုအာရုံက လုပ်ထားတာဆိုတော့ မသေချာဘူးလား (သေချာ ပါတယ် ဘုရား) အဲဒီတော့ ငါ့ဥစ္စာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ကြည့်ရင်းမတ္တနဲ့ ဒါကလေး ချုပ်သွားတော့ ဒကာ ဒကာမတို့ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့တရား (မှန်ပါ) ဖြစ်နိုင် မဖြစ်နိုင် (ဖြစ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီတရား ဘာတရားခေါ်ကြမယ် (သုညတတရားပါ ဘုရား) အဲ သုညတ တရားကို ဒကာ ဒကာမတွေ က သုညတဆိုက်တိုင်း ဆိုက်တိုင်း ဒီက နောက်ကနေ မဂ်လိုက်ပေးစမ်းပါ (မှန်ပါ ဘုရား) သုညတ မဂ္ဂ၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ရှေ့က ဘာပါလိမ့် (သုညတပါ ဘုရား) နောက်က (မဂ္ဂပါ ဘုရား) ဪ သုညတနောက်က မဂ္ဂလိုက် လိုက်တဲ့အခါကျတော့ အတ္တနဲ့ အတ္တနိယဟာ ဘာဖြစ်သွားသလဲ (သေသွားပါတယ် ဘုရား)။

ဪ ဒီမဂ်ဖြတ်ပစ်လိုက်တယ် (မှန်ပါ) သူတို့ရှိမှသာလျှင် ဒကာ ဒကာမတို့ ဂတိမမြဲမှာကိုး (မှန်ပါ) အတ္တ အတ္တနိယရှိရင်ကော (ဂတိမမြဲပါ ဘုရား)။

အတ္တက ငါနော် (မှန်ပါ) အတ္တနိယက (ငါ့ဥစ္စာပါ) အတ္တက ဒိဋ္ဌိ၊ အတ္တနိယက လောဘ (မှန်ပါ) သေချာပြီ လား (သေချာပါပြီ)။

အဲဒီဒိဋ္ဌိနဲ့ လောဘမပြုတ်ဘူးလား(ပြုတ်ပါတယ်) ပြုတ်ကတည်းကိုက ဦးခင်မောင်ရေ မောဃရာဇ-မောဃ ရာဇရဟန်း၊ သဒါ-အခါခပ်သိမ်း။ သတော၊ သတိရှိသည်ဖြစ်၍၊ လောကံ-ရုပ်နာမ်လောကကို၊ သုညတော-သုညတ ဆိုက်အောင်။ အဝေက္ခဿု-ရှုလိုက်စမ်းပါကွ။ ဧဝံ-ဤသို့၊ လောကံ-လောကကြီးကို။ အဝေက္ခန္တံ၊ စေ့စေ့ငုငုကြည့်ရှု သောပုဂ္ဂိုလ်ကို။ မစ္စု ရာဇာ၊ သေမင်းသည်။ နပဿတိ၊ မမြင်တော့ဘူး။

နိဗ္ဗာန်သွားမည့်ပုဂ္ဂိုလ် သေမင်း မမြင်

နိဗ္ဗာန်သွားမည့်ပုဂ္ဂိုလ်ကို သေမင်းက မြင်သေးရဲ့လား (မမြင်ပါ ဘုရား) နိဗ္ဗာန်သွားမည့်ပုဂ္ဂိုလ် (သေမင်း မမြင်ပါ ဘုရား)။

သေမင်းက မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဪ-ဒါဖြင့် တို့အလုပ်သည် သိပ်ပြီး ပင်ပန်းတဲ့အလုပ်လား၊ ပေါ်လာတဲ့ ဓမ္မကို ငါ ငါ့ဥစ္စာမဟုတ်ကြောင်းသိဖို့အလုပ်ပဲ (မှန်ပါ ဘုရား) ပေါ်လာတဲ့ ဓမ္မတွေ ဘယ့်နှယ်ဆိုကြမယ် (ငါ ငါ့ဥစ္စာမဟုတ်ကြောင်း သိဖို့အလုပ်ပါ ဘုရား) ငါ ငါ့ဥစ္စာမဟုတ်ကြောင်းသိဖို့အလုပ်ပဲ။

ဒါဖြင့် ဒီတရားသည် ဒကာ ဒကာမတို့ သုတိမလဲ ပြောရမှာဖြစ်လို့ ဒီအတိုကောက်ကလေးတွေလည်း ခင်ဗျား တို့အိမ်မှာ ရှုဖြစ်ပါစေလို့ အမျိုးမျိုးကို တန်ဆာဆင်ပြောနေရတယ် (မှန်လှပါ ဘုရား) ဒါက ရှုတတ်ဖို့ပြောနေတာ (မှန်ပါ) ရှင်းပါပြီနော် (မှန်ပါ)။

ကိုင်း ဒါဖြင့် ဘယ်တရားပေါ်လာလာ သုညတဆိုက်အောင်ရှု (မှန်လှပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဘယ်တရား ပေါ်လာလာ (သုညတဆိုက်အောင်ရှုရပါမယ်) ဟုတ်ကောမဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား) ငါလား ဒီတရား ကလေးက (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာလား (မဟုတ်ပါ ဘုရား) ဒါဖြင့် ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့တရား ဘာခေါ်ကြမယ် (သုညတ တရားပါ ဘုရား)။

အဲဒီက သုညတဆိုက်တော့ကို ဒီ ရှုတာက (မဂ္ဂပါ ဘုရား) သေတာက (အတ္တ အတ္တနိယပါ ဘုရား) ဪ အတ္တ အတ္တနိယဆိုတော့ တဏှာ ဥပါဒါန်ကံ- တွေ ဦးခင်မောင်တို့ ဦးဝတို့ အကုန်ချုပ်ကုန်ပြီ။ (မှန်လှပါ) ဇာတိ ဇရာ မရဏတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဪ- ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိ ဇရာ မရဏတွေ ချုပ်ရာသိမ်းရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ ဒကာ ဒကာမတို့ သောတာပတ္တိမဂ်ရတယ်ဆိုလည်း အထက်သို့ ဆန်၊ လေးမဂ်စလုံး ရသွားမယ်ဆိုလို့ရှိရင်လည်း လားရာ ဂတိကိုပဲ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

လားရာဂတိ မရှိဘူးဆိုတဲ့ ဥစ္စာ သေချာပြီလား။ (သေချာပါပြီ)၊ အဲ ဒီ့ပြင်ဟာတွေမှာ လားရာဂတိတွေ က ရှိရှိနေတယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။

လားရာဂတိဆိုတဲ့ဥစ္စာ

လားရာဂတိဆိုတဲ့ဥစ္စာ သွားရာဌာနကို ဆိုပါတယ် (မှန်ပါ ဘုရား) “ဂတိ မိဂါနံ ပဝနံ”ကိုးဗျ၊ စာက လာတာ က (မှန်ပါ) မိဂါနံ၊ သား သမင်တို့၏။ ဂတိ လားရာကား။ ပဝနံ၊ တောတည်း (မှန်ပါ)။

သားသမင်တွေက ခင်ဗျားတို့ စဉ်းစားကြည့်၊ ခင်ဗျားတို့က ခြောက်လိုက် လှန့်လိုက်လို့ရှိရင် ဘယ်မှ မပြေး ဘူး၊ တောထဲပဲ ပြေးတယ် (မှန်ပါ)။

သားသမင်တွေဟာ ခင်ဗျားတို့ ခြောက်လိုက် လှန့်လိုက်ရင် ဘယ်ပြေးပါလိမ့် (တောထဲပြေးပါတယ်ဘု ရား)၊ အဲဒါကြောင့် “ဂတိ မိဂါနံ ပဝနံ” မိဂါနံ သားသမင်တို့၏ ဂတိ၊ လားရာကား။ ပဝနံ တောတည်း။ တောထဲသာ ပြေးလေ့ရှိတယ် (မှန်ပါ့)။

”အာကာသော ပက္ခီနံ ဂတိ” တဲ့၊ ငှက်များကတော့ မောင်းလိုက်လို့ရှိရင် ကောင်းကင်ပျံ ပြေးတာပဲ (မှန်ပါ) ငှက်တို့၏ လားရာကတော့ ဘာပါလိမ့် (ကောင်းကင်ပါ ဘုရား) ဂတိ မိဂါနံ ပဝနံ ဆိုတဲ့အတိုင်း ဒကာ ဒကာမ တို့ သားသမင်ကတော့ တောထဲပြေးတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

သားသမင်ကတော့ ဘယ်ပြေးသလဲ (တောထဲပြေးပါတယ် ဘုရား) အင်း သူတို့၏ အားကိုရာ ဒါပဲထင် တာပဲ (မှန်ပါ ဘုရား)။

”အာကာသော ပက္ခီနံ ဂတိ၊ ဝိဘဝေါ ဂတိ ဓမ္မာနံ” ခင်ဗျားတို့ ဟောဒီတရားကလေးဟာ စိတ်တရား၊ ဝေဒနာ တရားကလေးဟာတော့ဖြင့် ပျောက်ပျက်တာ သူတို့ ဂတိလို့ မှတ်ပါ (မှန်ပါ) အဲဒီ ဂတိကိုမြင်ဖို့ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။

”ဝိဘဝေါ ဂတိ ဓမ္မာနံ” ဓမ္မာနံ-ရုပ်နာမ် ဓမ္မတို့၏။ ဝိဘဝေါ၊ ကင်းရာသည်။ တိ-ဂတိပဲ (မှန်ပါ) သူတို့၏ လားရာပဲဆိုတော့ ဒကာ ဒကာမတို့ မြင်ဖို့ရာက ဒါကလေး သိပ်အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

သုညဖြစ်သွားတဲ့ အမြင်ကလေးဆိုတော့ သူ ဘယ်ပြေးသွားတယ်လို့ သိသေးရဲ့လား ဒကာ ဒကာမတို့ (မသိပါ ဘုရား) ပျောက်သွားတာပဲ (မှန်ပါ)၊ ပျောက်သွားတော့ သုညတ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် “ဝိဘဝေါ ဂတိ ဓမ္မာနံ”၊ ဓမ္မာနံ တရားတို့၏ ဝိဘဝေါ ကင်းခြင်းသည်။ ဂတိ၊ ဂတိပဲတဲ့။ ချုပ် ပျောက်သွားတာ သူ့ဂတိပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဦးခင်မောင် မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား) ကဲ ဒါဖြင့် ဂတိ ဘယ်နှစ်မျိုးပြီးသွားပြီလဲ (သုံးမျိုး ပြီးပါတယ် ဘုရား) သားသမင်တို့၏ ဂတိကတော့ (တောပါ ဘုရား) ငှက်တို့၏ သွားရာက (ကောင်းကင်ပါ ဘုရား) ရုပ်နာမ်ဓမ္မတို့၏ လားရာကတော့ ဘာတုန်းဆိုတော့ မရှိတာပဲ (မှန်ပါ) ပျောက်ပျက်ခြင်းပဲ (မှန်ပါ)။

အဲဒါ မြင်လို့ရှိရင် သုညတဆိုက်တာပဲ (မှန်ပါ ဘုရား) ရုပ်နာမ်ဓမ္မတို့၏ လားရာဂတိပဲ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် မဂ်ဆိုက်သော ပုဂ္ဂိုလ်တို့၏ ဂတိက လိုသေးတယ်။ မလိုဘူးလား (လိုပါတယ် ဘုရား)။

ရုပ်နာမ်ဓမ္မကတော့ သိပြီနော် ဦးခင်မောင်(မှန်ပါ) ဘာတုံး၊ ပျောက်ပျက်တာပဲ(မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

ရဟန္တာပုဂ္ဂိုလ်၏လားရာ

အဲဒီတော့ ခင်ဗျားတို့ရှုတာ ဘာမြင်ဖို့ အရေးကြီးသတုံး (ရုပ်နာမ် ဓမ္မတို့၏ ဖြစ်ပျက်မြင်ဖို့ အရေးကြီးပါတယ်) “နိဗ္ဗာနံ အရဟတော ဂတိ” (မှန်ပါ) နိဗ္ဗာနံ၊ နိဗ္ဗာန်သည်၊ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်၏၊ ဂတိ၊ လားရာတည်း (မှန်ပါ)

ဪ ရဟန္တာပုဂ္ဂိုလ်များသေတော့ ဘယ်သွားပါလိမ့်ဆိုတော့ နိဗ္ဗာန် တဲ့ (မှန်ပါ) အဲဒီတော့ မှန်းခြေ ပေါက်မရှိဘူးလား (ရှိပါတယ် ဘုရား) ဦးခင်မောင် ဘာတဲ့ (မှန်းခြေပေါက်ရှိပါတယ် ဘုရား)။

အဲ ခင်ဗျားတို့မဂ်ဆိုက် ဖိုလ်ဆိုက်လုပ်တဲ့ပုဂ္ဂိုလ်ကတော့ မှန်းခြေပေါက်ရှိတယ် (မှန်ပါ) ကောင်းကင် မြှောက်တဲ့တုတ်လို ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အင်မတန် အဖိုးတန်သေးဘူးလား (တန်ပါတယ် ဘုရား)

ဒါဖြင့် ဒကာ၊ ဒကာမတို့ တဲ့ ဂတိ ဒီနေ့ လေးမျိုးရှင်းပြလိုက်ရတာ ဘုန်းကြီးက အင်မတန် ကျေနပ် ပါတယ် (မှန်ပါ ဘုရား)။

ဦးခင်မောင်ရေ သမင်တို့၏လားရာက (တောပါ ဘုရား) ဪ လွတ်ကဲ့လားဗျာ သေဘေး (မလွတ်ပါ ဘုရား) အဲ လားသာလားရတယ်၊ မလွတ်ပါဘူးတဲ့နော် (မှန်ပါ)။

ငှက်တို့၏ဂတိကတော့ ဘာတဲ့ (ကောင်းကင်ပါ ဘုရား) အင်း အသေလွတ်ပါရဲ့လား (မလွတ်ပါ ဘုရား) အဲဒါတွေက အလကားပါ (မှန်ပါ)

ခင်ဗျားတို့ရှုနေတဲ့ဓမ္မဂတိကတော့ ဘာတုန်း (ပျောက်ပျက်သွားတာပါ ဘုရား)။

အဲ ခင်ဗျားတို့ရှုတဲ့ဥစ္စာ တပည့်တော်တို့ ဘယ်အမြင်မှန်ရမှ နေရာကျမလဲလို့ မေးတော့ သူ့ဂတိကို ရှုရင် ပြီးတာပဲ (မှန်ပါ) သူ့ဂတိဆိုတာက ပျောက်ပျက်သွားတာ၊ ရှင်းပြီလား (ရှင်းပါပြီ)။

ပျောက်ပျက်သွားတာသည် ရုပ်နာမ်ဓမ္မတို့၏ ဂတိ(ဝါ)နာမ်ရုပ်ဓမ္မတို့ဒ လားရာ (မှန်လှပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)

ဒါဖြင့် ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ကို ဖြစ်ပြီး ပျက်သွားတာကလေး သိတဲ့ပုဂ္ဂိုလ်သည်သုညတလဲ ဆိုက်ပါတယ်။ သူ့ဂတိကိုလည်း မြင်လိုက်ပါတယ် (မှန်ပါ)။

ရုပ်နာမ်ဓမ္မတို့၏ ဂတိကို (မြင်လိုက်ပါတယ် ဘုရား) အဲဒီ အမြင်ဆိုရင် ဒါ အမြင်မှန်ပြီတဲ့(မှန်လှပါ ဘုရား) ကဲ တစ်ခါသွားလိုက်ပါဦး၊ “နိဗ္ဗာနံ အရဟတော ဂတိ” နိဗ္ဗာနံ-နိဗ္ဗာန်သည်၊ အရဟတော ရဟန္တာပုဂ္ဂိုလ်၏။ ဂတိ လားရာပဲဆိုတော့ ခင်ဗျားတို့ ဒီမဂ်တွေ ဆိုက်ဆိုက်နေတဲ့ ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်မှတစ်ပါး သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် တစ်နေရာတည်းပေါ့ဗျာ (မှန်လှပါ ဘုရား)

ဒါဖြင့် ကောင်းကင်မြှောက်တဲ့ တုတ်ဘဝမှ လွတ် မလွတ်(လွတ်ပါတယ် ဘုရား) သေချာပလား (သေချာပါ ပြီ)

ဪ ဒါဖြင့် ဒီအလုပ်သည် ဒကာ ဒကာမတို့ လုပ်ရမှာလား မလုပ်ရတော့ဘူးလား။ (မလုပ်ရပါ ဘုရား) ကောင်းကင်မြှောက်တဲ့ တုတ်ဘဝမှ လွတ်ချင်ရင် ဘာတုံး (လုပ်ရပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ လုပ်ရမှာက ဒီလိုပါ ဒကာ ဒကာမတို့၊ ဘာလုပ်ရမှာတုံးဆိုတော့ “ဝိဘဝေါ ဂတိ” ဆိုတဲ့ ခန္ဓာတို့၏ ဖြစ်ပြီး ပျောက်ပျက်သွားတာ ကလေးကို ဒါကို ခင်ဗျားတို့က မြင်ဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား)။

ဒါမြင်လို့ရှိရင်ဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်လိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သေချာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မှတစ်ပါး လားရာဂတိ ကျုပ်တို့ရှိသေးရဲ့လား (မရှိပါ) ဟိုကျ ဒီကျ ဒီသဘောမျိုးရှိသေးရဲ့လား (မရှိပါ ဘုရား)။

သုညဖြစ်ဖို့ တယ်အရေးကြီးပါကလား

ဪ ဒါဖြင့် ဦးခင်မောင်ရေ သုညဖြစ်ဖို့ တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘာဖြစ်ဖို့ (သုညဖြစ်ဖို့ပါ ဘုရား)။

သုညဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ဒကာ ဒကာမတို့ ငါလို့လည်း ရေးမဖြစ်တာ၊ ငါ့ဥစ္စာလို့လည်း (ရေးမဖြစ်တာပါ)၊ ရေးမဖြစ်တော့ ဒီဥစ္စာသည် ငါ,ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သဘောမြင်အောင်ကြည့်ပါ (မှန်ပါ)။

ဒါဖြင့် ပျက်သွားတယ် ၊ ပျက်သွားတယ်ဆိုရင် ဘယ်လိုမြင်အောင် ကြည့်ရမယ် (သုညတဖြစ်အောင် ကြည့်ရပါမယ် ဘုရား)။

ငါ,ငါ့ဥစ္စာ မဟုတ်လို့ ပျက်သွားတယ်၊ ငါ,ငါ့ဥစ္စာမဟုတ်လို့ ပျက်သွားတယ်လို့ ဒီအတိုင်းရှုနေရုံပဲ (မှန်လှပါ ဘုရား)

ပါးစပ်ကလည်း မမြည်ပါနဲ့ မအော်ပါနဲ့ ဪ ငါ၊ ငါ့ဥစ္စာမဟုတ်ကြောင်း သေချာလိုက်တာ၊ သေချာလိုက်တာလို့သာ စိတ်ထဲကနေ ရှုနေ (မှန်ပါ)။

ရှူတဲ့စိတ်ကလေးလည်း သေချာလိုက်တာ၊ ရှိုက်တဲ့စိတ်ကလေးလည်း မပျက်ပါစေနဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)။

မြင်တဲ့စိတ်ကလေး မပျက်ပါစေနဲ့ (မရပါ)၊ ကြားတဲ့စိတ်ကလေး မပျက်ပါစေနဲ့ (မရပါ) နံတဲ့စိတ်ကလေး မပျက်ပါစေနဲ့ (မရပါ ဘုရား)။

ယားတဲ့စိတ်ကလေး မပျောက်ပါစေနဲ့ (မရပါ)၊ ခံသာတဲ့စိတ်ကလေး မပျောက်ပါစေနဲ့ (မရပါ)၊ ဝမ်းသာတာက လေးမပျောက်ပါစေနဲ့ (မရပါ ဘုရား)။

မရဘူး၊ တစ်ခါတည်း ငါလည်းမဟုတ်ဘူး၊ ငါ့ဥစ္စာလည်းမဟုတ်ဘူး၊ တော်တော်ကြာကျလို့ရှိရင် “ဝိဘဝေါ ဂတိ” ဆိုတဲ့အတိုင်း ပျောက်ပျက်သွားတာပဲ (မှန်ပါ)။

အဲဒီ ပျောက်ပျက်သွားတာသည် သုညတ၊ မြင်တာက (မဂ္ဂပါ ဘုရား) သေတာက (အတ္တ-အတ္တနိယပါ ဘုရား)

အတ္တ-အတ္တနိယသေတယ်ဆိုတော့ အတ္တက ငါ(မှန်ပါ) အတ္တနိယက (ငါ့ဥစ္စာပါ ဘုရား) ဒီလိုဆိုတော့ ဒိဋ္ဌိ တဏှာမသေဘူးလား (သေပါတယ် ဘုရား)။

တဏှာသေရင် ဥပါဒါန်ကံ လာသေးရဲ့လား (မလာပါ) မလာရင် နောင်ဘဝ ဇာတိ,ဇရာ,မရဏ ဘယ့်နှယ် နေသလဲ (မလာပါ ဘုရား)။

အေး ပဋိစ္စသမုပ္ပါဒ်ကြီး ကောင်းကောင်းကြီး ပြတ်မသွားဘူးလား (ပြတ်သွားပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒီ ဒကာ ဒကာမတို့ ဒီနေ့ ရှုနည်းကို သေသေချာချာ ပြောနေတယ် (မှန်ပါ) ဘယ်ဟာကို ရှုရှု၊ သုညတ ဆိုက်ရင် ပြီးတာပဲ (မှန်ပါ ဘုရား)။

ဘယ်ဟာ ရှုရှု (သုညတဆိုက်ရင် ပြီးပါတယ် ဘုရား) သုညတ ဆိုက်ရင် ပြီးတာပဲ။ ငါ၊ ငါ့ဥစ္စာမဟုတ်ကြောင်း သိရင် ပြီးတာပဲ (မှန်ပါ)။

ဘယ်ဟာရှုရှု (ငါ ငါ့ဥစ္စာမဟတ်ကြောင်း သိရင်ပြီးတာပဲ။ ငါ ငါ့ဥစ္စာမဟုတ်လို့ ပျက်သွားတာပဲ ပျောက်သွား တာပဲလို့ သိလို့ရှိရင် “ဝိဘဝေါ ဂတိ” ဆိုတာ မှန်ပြီ (မှန်ပါ) မမှန်သေးဘူးလား (မှန်ပါပြီ ဘုရား) သဘောပါကြလား။ (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာ ရုပ်ပေါ်လာရင်လည်း ဒီအတိုင်း ရှုပါ၊ ဝေဒနာ ပေါ်လာရင်လည်း (ဒီအတိုင်းရှုပါ ဘုရား)။

အဲ ဒါဖြင့် ၁-လည်းမဖြစ်စေနဲ့၊ ၁- ဆိုတာ ဘာပါလိမ့် (ငါပါ ဘုရား) ၂-လည်း မဖြစ်စေနဲ့၊ ၂-ဆိုတာ ဘာပါလိမ့် (ငါ့ဥစ္စာပါ ဘုရား)။

အင်း သုညဖြစ်ပါစေဆိုတော့ ဘယ်လိုပါလိမ့် (ငါ့ ငါ့ဥစ္စာမဟုတ်ပါ) ငါ ငါ့ဥစ္စာမဟုတ်ကြောင်း ကောင်း ကောင်းသိပါစေဆိုတာ သေသေချာချာပြောပါတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီအထဲမှာ ဒီလောက်ပြောနေလျက်မတ္တနဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ မရှုတတ်တဲ့ ပုဂ္ဂိုလ် ပါစရာများ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

သေသေချာချာလုပ်ကြပါ

သေသေချာချာလုပ်ကြပါနော် (မှန်ပါ) သေသေချာချာ လုပ်ကြပါဆိုတာ ဘယ့်နှယ်ကြောင့်တုန်းလို့ မေးတဲ့ အခါကျတော့ ခုနင်က တရားချီးကတည်းက ဦးခင်မောင် ပါခဲ့တယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ယနေ့ မိဖုရားကြီး၊ နက်ဖြန် နောက်ချေးပိုးဆိုတော့ မြဲရဲ့လား (မမြဲပါ) ကျချင်သလို ကျသွား တာ (မှန်ပါုရား)။

ဒီဟာ ဒီသုညတ မဆိုက်လိုက်တဲ့အတွက် ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကြောက်စရာကောင်း ပါတယ် ဘုရား)

ယနေ့ မိဖုရားကြီး၊ နက်ဖြန် ငရဲသားကြီးဆိုတော့ကော ဒကာ ဒကာမတို့ မြဲရဲ့လား (မမြဲပါ ဘုရား) ကောင်း ကင် မြှောက်လိုက်တဲ့တုတ်လိုပဲ ဟိုဘက် အပါယ်ထဲ ထိုးကျသွားတယ် (မှန်ပါ) မကျဘူးလားဗျာ (ကျပါတယ် ဘုရား)

ယနေ့ ရဟန်းကြီး၊ နက်ဖြန်သန်းကြီးဆိုတော့ကော ဒကာ ဒကာမတို့ မြဲရဲ့လား (မမြဲပါ) ဦးတိဿကြီး ကျတော့လေ (မှန်လှပါ ဘုရား)။

ဦးတိဿကြီးကျတော့ ဒကာ ဒကာမတို့ ယနေ့ ရဟန်း၊ ဇေတဝန်ကျောင်းတော်မှာ ရဟန်း၊ နက်ဖြန်ကျတော့ သူ့သင်္ကန်းခေါက်ပေါ်မှာ သန်းကြီးဖြစ်နေတယ် (မှန်ပါ) ကောင်းသေးရဲ့လား (မကောင်းပါ) အင်မတန် မဆိုးရွားဘူး လား (ဆိုးရွားပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်တို့မှာ ကောင်းကင်မြှောက်တဲ့ တုတ်လိုပဲ ဒကာ ဒကာမတို့ ဥပမာမယ် ဒါကလေးဟာ စားချင်တဲ့ စိတ်ကလေး ဥပမာထားလိုက်စမ်းပါ ဦးခင်မောင်ရဲ့ (မှန်လှပါ ဘုရား)။

စားချင်တဲ့စိတ်ဟာ ငါလားလို့ မေးတော့ ဘယ် ငါဟုတ်ရမှာတုန်း စိတ်ပဲ (မှန်ပါ)၊ ငါဟုတ်ကဲ့လား (မဟုတ် ပါ) ဘာပါလိမ့် (စိတ်ပါ ဘုရား)

ဒီစားချင်တဲ့စိတ်ကလေးဟာ ဒကာ ဒကာမတို့ ငါ့ဥစ္စာကော ဟုတ်ရဲ့လား (မဟုတ်ပါ) ဘယ်မှာ ငါ့ဥစ္စာ ဟုတ်ရမလဲ။ ထမင်းမြင်လို့ စားချင်တဲ့ စိတ်ပေါ်လာတာ (မှန်ပါ) ထမင်းက လုပ်ထားတာ (မှန်ပါ)။

ဘယ်သူက လုပ်ထားတာတုန်း (ထမင်းကလုပ်ထားတာပါ) ထမင်းကလုပ်ထားတော့ ငါ့ဥစ္စာကော ဟုတ်ရဲ့ လား(မဟုတ်ပါ ဘုရား) ထမင်းတည်းဟူသော အာရုံဒွါရက လုပ်ထားတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)

ဒါဖြင့် ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား (မဟုတ်ပါ) ဒါဖြင့် ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ်ဆိုတော့ ရှု ရင်းမတ္တနဲ့ ပျောက်သွြးပြန်တော့ သူ့ကို ဘယ့်နှယ်ဆိုကြမလဲ (သုညတပါ ဘုရား) သုညတ ဖြစ်သွားပြီဆိုတာ မသေချာ ဘူးလား (သေချာပါတယ်) အဲဒါသည် အနတ္တကောင်းကောင်း ပိုင်အောင်ရှုတဲ့နည်းကို ပြောနေတာ (မှန်ပါ)။

အနတ္တရှုတဲ့နည်း

ဘာပြောတာပါလိမ့် (အနတ္တရှုတဲ့နည်းကို ပြောတာပါ ဘုရား) အနတ္တကောင်းကောင်းပိုင်အောင် ရှုတဲ့နည်း သေသေချာချာဟောနေတာပါ ဒီနေ့ (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုညကလေးဟာ ခင်ဗျားတို့ကို ကယ်တင်မည့် သုညပါကလား (မှန်ပါ) ဒီသုညတ ဟာ ဘာတဲ့ (တပည့်တော်တို့ကို ကယ်တင်မည့် သုညတပါ ဘုရား)။

ဒါဖြင့် ဒီသုညတမှ တစ်ပါး ဒီ့ပြင်ဟာ ရှုနေလို့ရှိရင် ငါ ငါ့ဥစ္စာလာတော့မယ် (မှန်ပါ) ငါလာလို့ရှိရင် လည်း ငါ့ဥစ္စာနောက်က လိုက်မယ် (မှန်ပါ) လိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိတဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ မလာပေ ဘူးလား (လာပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်က ဖြတ်လို့ရသေးရဲ့လား (မရပါ ဘုရား)

အဲဒါကြောင့် ဒကာ ဒကာမတွေ နဂိုကမှ ခင်ဗျားတို့က ငါ့သားနဲ့ ငါ့သမီးနဲ့ ငါ့ပစ္စည်းနဲ့ ရှုပ်ရတဲ့အထဲမှာ ငါ့စိတ်တွေ ငါ့ကိုယ်တွေနဲ့ ရှုပ်ရဦးမယ်ဆိုလို့ရှိရင်ဖြင့် ကောင်းကင်မြှောက်လိုက်တဲ့တုတ်လိုပဲ ကျင်ကြီးပုံပေါ် ကျလို့ ကျ၊ နွားချေးပုံပေါ် ကျလိုကျ၊ ရေထဲကျလိုကျ ငါးဖြစ်လိုက်ပေါ့ဗျာ (မှန်ပါ) ကောင်းနိုင်စရာ ရှိကြသေးရဲ့လား (မရှိ ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)

ဒါဖြင့် ၁-လည်းမဖြစ်စေနဲ့ (မှန်ပါ) ဘာပါလိမ့် (၁-လည်းမဖြစ်စေနဲ့) အဓိပ္ပါယ်က ငါမဖြစ်စေနဲ့ (မှန်ပါ) ၂- လည်းမဖြစ်စေနဲ့ (ငါ့ဥစ္စာမဖြစ်စေနဲ့)။

ငါ့ဥစ္စာလည်း မဖြစ်စေနဲ့၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးဗျ၊ သူများလုပ်ထားတဲ့စိတ်တွေ (မှန်ပါ) ရုပ်ဟာလည်း သူများလုပ်ထားတာပဲ (မှန်ပါ) စိတ်ဟာကော (သူများလုပ်ထားတာပါပဲ) ဝေဒနာကော (သူများလုပ်ထားတာပါ ဘုရား)

ဖဿပစ္စယော ဝေဒနာလို့ ခင်ဗျားတို့ ရွတ်နေတယ်၊ ဖဿက လုပ်ထားတာ (မှန်ပါ) ခင်ဗျားတို့ လုပ်ထားတာ ပါပါရဲ့လား (မပါပါ) သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကလေးတစ်ခု ဥပမာ ထားလိုက်ပါတော့ ငါလား (မဟုတ်ပါ ဘုရား) မဟုတ် တာဘာပါလိမ့် ဝေဒနာပေါ့ (မှန်ပါ)။

ငါ့ ဥစ္စာလားဆိုတော့ (မဟုတ်ပါ) ငါ့ဥစ္စာဖြင့် ငါလုပ်ထားတာ ဖြစ်ရမှာပေါ့ (မှန်ပါ)။

ငါလုပ်ထားတာ ဟုတ်ပါရဲ့လား မေးတဲ့အခါကျတော့ ဖဿ ပစ္စယာ ဝေဒနာလို့ ပဋိစ္စသမုပ္ပါဒ်က ဟော ထားတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖဿကလုပ်ထားတာနော် (မှန်ပါ) ငါလုပ်ထားတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ) ငါလုပ်ထားတာဖြင့် ငါ့ ဥစ္စာဆိုချင်ဆိုပေါ့ဗျာ (မှန်ပါ ဘုရား)။

အခုတော့ ဒီလိုဆိုစရာ ပါပါရဲ့လား (မပါပါ ဘုရား) မပါတော့ ငါ့ဥစ္စာကော (မဟုတ်ရပါ ဘုရား) အင်း တော်တော်ကြာ ပျောက်သွားပြီ ဒကာ ဒကာမတို့ ဒီဝေဒနာလေး ဘာဖြစ်သွားသတုန်း (သုညတဖြစ်သွားတယ် ဘုရား)

သုညတဖြစ်သွားပြီ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားပြီ (မှန်ပါ) ဘယ့်နှယ်ဆိုကြမလဲ (ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်း သွားပါပြီ) အဲဒီတော့ ငါ ငါ့ဥစ္စမှ ဆိတ်သုဉ်းသွားတာက သုညတ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) မြင်တာက (မဂ္ဂ ပါ ဘုရား) သေတာက (အတ္တ အတ္တနိယပါ ဘုရား)။

ဟော အတ္တ အတ္တနိယ၊ ငါရော သေတယ်၊ ငါ့ဥစ္စာရော (သေပါတယ် ဘုရား) ဪ တယ် အဖိုး တန်ပါကလား ဒကာ ဒကာမတို့ (တန်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် သေသေချာချာ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)

ကိုင်း ဒီအတိုင်း သုညတွေ သုညတွေ သုညတတွေ သုညတတွေ ဒကာ ဒကာမတွေက ရှုလိုက်ပြီဆိုပါ စို့ဗျာ (မှန်ပါ) ကြာတော့ ဒီသုည ဒီသုည သုညတ သုညတတွေချည်း ဦးခင်မောင်မြင်နေပြီ ဆိုကြပါစို့ဗျာ (မှန်ပါ) မြင်ရင်းမတ္တနဲ့ ဒကာ ဒကာမတွေက အင်း ဒီသုညတတွေဟာလည်း နောက်ကို အစားမထိုးလာတော့ဘူး၊ သုညတ နဲ့ ပတ်သက်တာ အစားမထိုးတော့ဘူးဆိုတော့ သုညနဲ့ ပတ်သက်တာ အစားမထိုးတော့ဘူးဆိုတော့ ဒကာ ဒကာမ တို့ သဘောပါလား (ပါပါပြီ) သုညတ နိဗ္ဗာန်ဘက် ကူးပြီ (မှန်ပါ) ပထမတော့ သုညတ (မှန်ပါ) နောက်ကျတော့ သုညတ နိဗ္ဗာန် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

သုညတနိဗ္ဗာန်ဘက် သူ့ဟာသူ ကူးတယ်

ပထမတော့ဘာတုန်း (သုညတပါ) နောက်ကျတော့ ဒီသုညတကိုပဲ ရှာမတွေ့တော့ဘူး ဆိုတော့ ဒီနေရာမှာ သုညတဖြစ်တဲ့တရားတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ သုညတနိဗ္ဗာန်ဘက် သူ့ဟာသူ ကူးတယ်။ ဒီကမဂ္ဂင်ရှစ်ပါး သွားဖြစ် တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဪ သုညတကလည်း သုညတ တစ်မျိုးဖြစ်ပျက်ဆိုတဲ့ သုညတက တစ်မျိုး (မှန်ပါ) ဖြစ်ပျက်မရှိတဲ့ သုညတနိဗ္ဗာန်က (တစ်မျိုးပါ ဘုရား)။

ဪ ဒါဖြင့် သုညတကနေပြီး သုညတ နိဗ္ဗာန်ဘက် ကူးသွားတာလည်း အနီးကလေးပါကလား (နီး ပါတယ် ဘုရား) ဒါဖြင့် သုညတ မြင်အောင် ရှုဖန်များရင် ဘယ်သွားမယ် (သုညတ နိဗ္ဗာန်ဘက် သွားပါမယ် ဘုရား)။

သုညတ နိဗ္ဗာန်ဘက် ကူးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားထက် တိုတာကော ရှိသေးသလား (မရှိပါ ဘုရား) ဪ ဒါဖြင့် ဦးခင်မောင်ရေ ဒီလိုလုပ်ကြပါစို့ရဲ့နော် ငါလည်း ပြုတ်အောင်လုပ်၊ ငါ့ဥစ္စာကော (ပြုတ်အောင်လုပ်ရပါမယ်) သုညတ ကျန်အောင်လုပ်၊ ရှင်းပလား (ရှင်းပါ ပြီ)။

သုညတ ကျန်အောင်လုပ်လိုက်တဲ့အခါကျတော့ ရှု ရှု ရှု ဒါ သုညတပဲ။ ဒါ သုညတပဲ။ ဒါ ငါ ငါ့ဥစ္စာမဟုတ်တဲ့တရားပဲလို့ ရှု,ရှု,ရှု၊ ရှုရင်းမတ္တနဲ့ပဲ ဒီသုညတတွေက မလာတော့ဘူး (မှန်ပါ) ရုပ်နာမ် သုညတတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ ဒီနေရာမှာ ရုပ်နာမ်နဲ့ ပတ်သက်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် ရုပ်နာမ်နဲ့ မပတ်သက်တဲ့ နိဗ္ဗာန်ဟာ ဒီနေရာမှာ အစားထိုးသွားပေါ့ (မှန်ပါ) ရုပ် နာမ်နဲ့ မပတ်သက်တဲ့ နိဗ္ဗာန်သည် (အစားထိုး ပါတယ် ဘုရား)။

ဒါဖြင့် သုညတနိဗ္ဗာန်ဆိုတော့ ဒါ သုညတမြင်တဲ့မဂ်ဉာဏ်သွားဖြစ်တယ် (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် သုညတကနေပြီး သုညတနိဗ္ဗာန်ကူးပါတယ် (မှန်ပါ) အင်မတန်နီးကပ်ပါတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်လာပါတယ် ဘုရား)။

ရှင်းပြီနော် (ရှင်းပါပြီ) သုသိမ သိမ်းဖို့ပဲ ဒကာ ဒကာမတို့ ဒီအလုပ်ရှည်သွားတာနဲ့ မသိမ်းနိုင်ဘူး။

ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။