သစ္စဉာဏ် အကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
(၂၉-၆-၆၁)
သစ္စာတရားဆိုတာ အရေးအကြီးဆုံး
တရားထဲမှာ ဦးဘရှင်းတို့ အရေးအကြီးဆုံးအချက် သိပြီနော် (မှန်ပါ့)၊ ဘယ်တရားပါလိမ့် (သစ္စာတရားပါ ဘုရား)၊ သစ္စာတရားဆိုတာ မောင်နိုင် အရေးအကြီးဆုံးတရား (မှန်ပါ့)၊ သူမပါပဲနဲ့ ဘုရားလည်း မဖြစ်နိုင်ဘူးနော် (မှန်ပါ့)၊ သောတာပန် သကဒါဂါမ်ကော (မဖြစ်နိုင်ပါ ဘုရား)၊ အနာဂါမ် ရဟန္တာကော (မဖြစ်နိုင်ပါ ဘုရား)။
ကဲ ဒါဖြင့် ယနေ့တော့ ထူးထူးခြားခြား သိရအောင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ သူသောတာပန် တည်မည့်ပုဂ္ဂိုလ်ကို ဘယ်လိုစပြီး ဟောလေ့ရှိသတုံးဆိုလို့ရှိရင်ဖြင့် ရှေးဦးစွာ ယဉ်ကျေးသွားအောင် မောင်နိုင် ဒါနကထာတွေ ဟောလိုက်တယ် (မှန်ပါ့)။
ဒါနကထာတွေ ဟောလိုက်တော့ ဒါနဆိုတာဟေ့ လူချမ်းသာ နတ်ချမ်းသာ ပေးစေနိုင်တယ်ကွ၊ လူ့ပြည် နတ်ပြည် အစရှိသည်တို့ကိုကွ အခုချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေ နတ်တွေ လူတွေကြည့်ကွ၊ ဒါနကောင်းကြောင်းချည်း ပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပါလိကို ဟောပါတယ်နော် (မှန်ပါ့)။
နောက်တစ်ခါ အို ဒါနချည်း မတော်သေးဘူးကွ အသက်ရှည်ခြင်း အကြောင်းမှာလည်း သီလကလည်း ရှိသေးတယ်ကွ ဆိုပြီး သီလအမွှမ်းတင်ပြီးသကာလ မောင်နိုင် သီလကထာ ဟောပြန်တယ် (မှန်ပါ့ ဘုရား)။
ဘယ်နှစ်ချက် ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ ဘုရား)၊ နှစ်ချက်ရှိသွားပြီနော် ။
အဲဒီ ဒါနတန်ခိုး သီလတန်ခိုးကြောင့်ဟေ့ နတ်ပြည်မှာ ဘုံတွေ ပေါက်ပြီးသကာလ ပဒေသာပင်တွေ ဆွတ်စားပြီးသကာလ ပျော်ချင်သလိုပျော် ပါးချင်သလိုပါးရတယ်ကွ ဆိုပြီးတော့ နတ်ပြည်ကောင်းကြောင်း ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
နတ်ပြည် ကောင်းကြောင်းပဲ ဟောလိုက်တယ် ပြီးတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘယ်လို ဖြစ်လာသတုံးဆိုတော့မှ ဪ ဒါတွေသည်ကားလို့ဆိုရင်ကွာတဲ့ အယုတ်တရားတွေပဲကွ အညစ်အကြေး တရားတွေပဲကွဆိုပြီးသကာလ စွန့်ပစ်အောင် ဟောတယ် (မှန်ပါ့)။
ဘာကြောင့်တုံးဆိုတော့ နတ်ပြည်ကောင်းကြောင်း ဟောလိုက်တဲ့အခါကျတော့ လောဘတွေ ဒေါသတွေ မောဟ တွေ ကြွပြီးသကာလ လာတော့ အညစ်အကြေးတွေ ထူမလာဘူးလား (ထူလာပါတယ် ဘုရား)။
အဲဒီအချိန်ကျတော့မှ သူ ဘာဟောသတုံးဆိုတော့ ဒါ သူဟောစဉ်လို့ မှတ်ကြစမ်းပါ ဦးဘရှင်းတို့က (မှန်ပါ့)၊ ဒါနဟောပြီး သီလဟောတယ်၊ သီလဟောပြီး နတ်ပြည် ကောင်းကြောင်း သဂ္ဂကထာ ဟောလိုက်တယ် (မှန် ပါ့)။
နေက္ခမကထာ
နတ်ပြည်ကောင်းကြောင်း ဟောပြီးတော့မှ ဒီဟာတွေဟာ အပြစ်ချည်းပဲလို့ ဟောတယ်၊ ဒီဟာတွေမှ ထွက် ဖို့ကို နေက္ခမကထာ ဆိုပြီးသကာလ တစ်ခါဟောရပြန်တယ် (မှန်ပါ့)။
မောင်နိုင်-ဒါ ဘုရားဟောစဉ်နော် (မှန်ပါ့)၊ ဘုရားဟောစဉ်လို့ ဒကာ ဒကာမတွေ သေသေချာချာမှတ် ပါ။
အဲဒီလိုဟောပြီးသကာလ နတ်ပြည်ကောင်းကြောင်းတွေ ဟောပြီးမှ ကာမဂုဏ်အပြစ်တွေ နတ်ပြည်မှာ ခံစား ရတဲ့၊ လူ့ပြည်မှာ ခံစားရတဲ့ ကာမဂုဏ်အပြစ်တွေကို တစ်ခါဟောရပြန်တယ် ။
ကိုပေါ် ဘယ့်နှယ်ကြောင့် ကောင်းတာဟောပြီး ဒါတွေအပြစ်သင့်ပါတယ်လို့ ဆက်ဟောပြန်တော့ ခုန တုန်းက တဲ့ တဏှာ မာန ဒိဋ္ဌိတွေ မောင်နိုင် လွှမ်းမိုးလာတယ် (မှန်ပါ့)။
ဒါနကထာ ဟောလိုက် သီလကထာ ဟောလိုက် နတ်ပြည်ရောက်ကြောင်း ဟောလိုက်တဲ့အခါကျတော့ကို ဒကာ ဒကာမတွေ သိတဲ့အတိုင်း တယ်လုပ်ဖို့ ကောင်းပါကလား၊ တယ်နေရာကျပါကလား၊ ဒီဟာ ကြိုးစားကြမှာပါပဲ တို့ရအောင်၊ ဒါမှ တို့ခံစားရမှာပဲဆိုတော့ တဏှာတွေ မာနတွေ ဒိဋ္ဌိတွေ ကြွမလာဘူးလား (ကြွလာပါတယ် ဘုရား)။
အဲဒီကြွလာတဲ့အချိန်ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ကာမာနံ အာဒီနဝ ကထာ”ဆိုပြီးသကာလ ကာမဂုဏ်တို့၏ အပြစ်ကို ဟောလိုက်တယ် (မှန်ပါ့)။
စိမ်ခံစားတယ်ဆိုတာ
မင်းတို့နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတယ်၊ လူ့ပြည်မှာ လူ့စည်းစိမ်ခံစားတယ်ဆိုတာကွာ တဲ့ ခွေး တစ် ကောင်ရှိပါတယ်၊ နွားသတ်နေတဲ့ ယောကျ်ား ဆရာတပည့်ရှိတယ်၊ အဲဒီနားကို ခွေးတစ်ကောင်က သွားတယ်ကွာတဲ့၊ သွားတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ဒီခွေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် စားရမလားလို့ အနားသွားစောင့်တဲ့အခါမှာ နွားသတ်ယောကျ်ားနဲ့ တပည့်သားမြေးက အသားတွေ အကုန်ခြစ်ပြီး အရိုးတွေ အကုန်ပစ်လိုက်တဲ့အခါကျလို့ရှိရင် ဖြင့်တဲ့၊ ဒီခွေးဆီ ပစ်လိုက်တာပါပဲ ဒီအရိုးကို။
ခွေးက လျက်တယ်ကွာ တဲ့၊ ထိုကဲ့သို့ လျက်တဲ့အခါကျလို့ရှိရင် ဝပါ့မလားလို့ မေးရင် မောင်နိုင် ဘယ့်နှယဖြေပါ့မလဲ (မဝပါ ဘုရား)။
အဲ ကာမဂုဏ်ဆိုတာကွာတဲ့ မောတာပဲ အဖတ်တင်တာပါပဲတဲ့၊ ဝတာမျိုး မဟုတ်ပါဘူး (မှန်ပါ့)။
သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပျော်တယ် ရွှင်တယ်ဆိုတာမျိုးဟာ ခဏကလေး ခွေးအမဲရိုးကို ပစ်လိုက်တာ ကလေးလျှာနဲ့ လျက်ပြီးသကာလ ဝတာမဟုတ်ပဲနဲ့ နေရတာ (မှန်ပါ့)။
မောင်နိုင် ဘယ်လိုနေရသလဲ (ဝတာမဟုတ်ဘဲနဲ့ နေရပါတယ် ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ စည်းစိမ်ခံစားပြီးသကာလ နေကြတယ်၊ သားခင်, သမီးခင်, ဆွေခင်, မျိုးခင်, ခင်ပွန်းမ, ခင်, ခင်ပွန်းသည်ခင်နဲ့ ဒါတွေဟာ ဝ,တယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။
မရှိဘူးတဲ့၊ ခုနက ပင်ပန်းရုံမျှပဲ၊ ဝ,တယ်လို့ မရှိဘူး (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ)။
ပင်ပန်းရုံမျှပဲ (ဝ,တယ်လို့ မရှိပါဘုရား)၊ ကိုဝ ကိုယ်ကိုယ်တိုင် တည်ထောင်ပြီးသကာလ လာခဲ့တာ အခုအချိန်ကျတော့ ဪ ပင်ပန်းတာ အဖတ်တင်တာပဲဟေ့ သူ့ကို ခင်ရမင်ရတာ တော်ပြီတန်ပြီလို့ ဝ,တယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။
ခုနက သွေးရဲရဲ သံရဲရဲနဲ့ အရိုးကို လျက်ရသလိုပါပဲ ၊ မဝ,ပဲနဲ့ပဲ ပြီးလိုက်ရတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ မဝ,ပဲနဲ့သာလျှင် သုသာန်သို့ သွားလိုက်ရတာပဲ (မှန်ပါ့)။
ဒါ့ကြောင့်ကွာ တဲ့ မင်းတို့နတ်ပြည်ဆိုတာ မကောင်းပါဘူး၊ ခွေးအမဲရိုးကို လျက်သလိုပါပဲတဲ့၊ ဘာမှ အသုံးမကျပါဘူးတဲ့၊ အပြစ်တွေပြတယ် (မှန်ပါ့)။
အပြစ်တွေ ပြလိုက်တယ်ဆိုတော့ ကိုပေါ်တို့က ရိပ်မိပြီ၊ ဪ ဒါတွေဟာ ဟောမယ့် ဟောနေတာပါ ကလား၊ နောက်ဆုံးဘိတ်တော့ ဖျက်ချရတာပါကလား (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုသဘောရောက်သလဲ (ဖျက်ချလိုက်တာပါ ဘုရား)။
ဖျက်ချလိုက်တာနော်၊ ဖျက်ချလိုက်တော့ ခုနက ဘုရားရှေ့မှာ တရားနာတဲ့ပုဂ္ဂိုလ်တွေက ဪ ဒါဖြင့် ဘာမှ အသုံးမကျပါကလားဆိုတော့ ခုနက သာယာတာတွေဟာ ဉာဏ်ထဲမှာ စင်မသွားဘူးလား (စင်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီကာမဂုဏ်ငါးပါးမှ ထွက်မှတော်မယ်ဆိုတဲ့ စိတ်ကလေးကော ပေါ်မလာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်လာတယ်။
ကိလေသာတွေဟာ ဖြူစင် သွားတယ်
အဲဒီပေါ်လာတဲ့အချိန်ကျတော့ ကိုပေါ်တို့ ကိုဝတို့က စဉ်းစား ကိုယ့်ဝမ်းထဲမှာပဲ ကိလေသာတွေဟာ ဖြူစင် သွားတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီအချိန်ကျလာတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဟောတယ် (မှန်ပါ့)၊ ဒါတွေခံနေရင် ဒီဟာဟောလို့မရဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝမ်းထဲမှာ ကိလေသာဖြူစင်ချိန်မှာ ကိုဝ ဘာဟောရမတုံး (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဟောရပါတယ် ဘုရား)၊ တိုတိုပြောတော့ ဒီအချိန်မှ သစ္စာဟောရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
သစ္စာ စ,လျှင်စခြင်း ဒကာ ဒကာမတွေ လူတိုင်းမှာ သွားမဟောနဲ့ကွတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နို့ ဘုန်းကြီးများတော့ ဘာဖြစ်လို့ သစ္စာက စဟောသတုံးဆိုတော့ ဒီမှာ ယဉ်ကျေးပြီးသား ပုဂ္ဂိုလ်တွေဖြစ်လို့ ကိုဝ ဟောပါတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီတော့ ဟိုဟာတွေ သူကောင်းတယ်ဆိုလို့ရှိရင် အပြစ်ပြစရာကြားထဲမှာ အပြစ်ထိုးပြစရာ ဦးဘရှင်း လို သေးတယ် (မှန်ပါ့)။
ဒါနကြောင့် အကျိုးပေးတာတွေ ကောင်းတယ် လို့ဆိုပြီး အကောင်းစစ်လို့ဆိုပြီး ဘုရားဟောရဲ့လား (မဟော ပါ ဘုရား)၊ မဟောဘူးတဲ့၊ မြက်မီးရှူးကလေး မီးရှို့ပြီးသကာလ လေလာတဲ့ဘက် လှည့်သလိုပါပဲကွာ၊ လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်လက် လောင်တာပါပဲ၊ ကာမဂုဏ်ငါးပါးဆိုတာလည်း လွှတ်ရင်လွှတ်၊ မလွှတ်ရင် ကိုယ့်လောင်တာ ပါပဲ ဆိုတော့ ဒကာ ဒကာမတွေကိုယ်တိုင် သားပူ, သမီးပူ, ဆွေပူ, မျိုးပူ ကိုယ့်မလောင်ကြဘူးလား (လောင်ပါ တယ် ဘုရား)။
ဒါ လွှတ်လို့လား မလွှတ်လို့လောင်တာလား (မလွှတ်လို့လောင်တာပါ)၊ မလွှတ်လို့ လောင်တာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ဒါ ကာမဂုဏ်၏ အပြစ်တွေဆိုတာ ဘုရားကပြောလိုက်တယ် (မှန်ပါ့)။
ကာမဂုဏ်၏ အပြစ်
ဒီ့ပြင် တစ်ခါပြောပြန်တယ်၊ ဒီ ကာမဂုဏ်၏ အပြစ်ကို (မှန်ပါ့)၊ လူတစ်ယောက်ဟာကွာတဲ့ တောထဲ သရက်ပင်ကြီးတစ်ပင်ရှိတယ်၊ သရက်ပင်တစ်ပင်ရှိတော့ သရက်ပင်ကို ကြည့်လိုက်တယ်တဲ့၊ ဪ- အသီးတွေကလည်း အပေါ်မှာ ပြည့်လို့ပဲဆိုပြီးသကာလ ဒီပုဂ္ဂိုလ်က စားချင်တာနဲ့ပဲ ငါသည် ဒီအပင်ပေါ်တက်ပြီးသကာလ သရက်သီး ဆွတ်မယ်၊ ငါ့ခါးပိုက်နဲ့လည်း ပြည့်အောင်ထည့်မယ်၊ စားလည်းစားမယ်ဆိုပြီး တက်သွားတယ် (မှန်ပါ့)၊ တက်သွားပြီး ခါးပိုက်ထဲလည်းထည့် စားလည်းစား ဒီလိုနေတာပဲ၊ နောက်တစ်ယောက် လာပြန်တယ် မောင်နိုင်ရ (မှန်ပါ့ ဘုရား)။
နောက်တစ်ယောက်က လာပြီးသကာလ ငါတော့ဖြင့် တဲ့ ဒီသရက်ပင်အပေါ်မှာ အသီးတွေလည်း မြင် တယ်၊ စားလည်း စားချင်တယ်၊ တက်လည်း မတက်နိုင်ဘူး၊ ဒီအပင် လဲှမှပဲ၊ သူက ဓားပါလာတယ် (မှန်ပါ့)။
ဒီအပင်လှဲမှပဲဆိုပြီး လှဲလိုက်တော့ ဟိုပုဂ္ဂိုလ် အရင်တက်နေတဲ့ပုဂ္ဂိုလ်ဟာ မောင်နိုင်ရေ ဘာဖြစ်သွား မယ်ထင်သတုံး ဆင်းရင် ဆင်း၊ မဆင်းရင် ခြေကျိုးလက်ကျိုးဖြစ်ရမယ် (မှန်ပါ့ ဘုရား)၊ မသေသော်လည်း မလှ တပ (ဖြစ်ရပါမယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒီမှာလည်း ခင်ဗျားတို့ သားသမီး မြေးမြစ်နဲ့နေကြတဲ့ ဒကာ ဒကာမတွေတဲ့ ဒီပေါ်က ဆင်းရင်ဆင်းပါ (မှန် ပါ့)၊ မဆင်းရင် မရဏမင်းက အရင်းက လှဲပါလိမ့်မယ် (မှန်ပါ့)၊ လှဲလို့ရှိရင်ဖြင့် အိုခြင်းဆိုး သေခြင်းဆိုးနဲ့ အပါယ်သွားရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီသားသမီး ဆွေမျိုးညာတကာဟာ အသီး သီးတဲ့သရက်ပင်နဲ့ တူတယ်နော် (မှန်ပါ့)။
ပထမပုဂ္ဂိုလ်က ဆွတ်တာပဲ၊ ဒုတိယပုဂ္ဂိုလ်က အပင်လှဲတယ်ဆိုတော့ ဦးဘရှင်း ခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)။
အဲဒါကြောင့် အဲဒီကာမဂုဏ်တွေဟာ ဒီလို သရက်ပင်ပေါ်တက်တဲ့ ပုဂ္ဂိုလ်လိုပဲ ဆင်းရင်ဆင်း မဆင်းရင် ဒုက္ခရောက်ကုန်မယ်ကွဆိုပြီးတော့ ကာမဂုဏ်ငါးပါးအပြစ်တွေ အကုန်ပြတယ် (မှန်ပါ့ ဘုရား)။
မောင်နိုင် ရိပ်မိပလား၊ ကောင်းလို့ဟောတာလား ဆိုးလို့ ဟောတာလား (ဆိုးလို့ဟောတာပါ ဘုရား)။
ကာမဂုဏ်အပြစ်ဟာ အတော်ကြီးပါကလား
အဲဒီလိုဆိုးတာ ဟောလိုက်တဲ့အခါကျတော့မှ ကိုပေါ်တို့ ကိုဝတို့က ခုနကတရားနာနေတဲ့ ပုဂ္ဂိုလ်တွေက ဪ ကာမဂုဏ်အပြစ်ဟာ အတော်ကြီးပါကလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ သူ့စိတ်ထဲ ရာဂ, ဒေါသ, မောဟ ကိလေသာတွေ မပါးဘူးလား ပါးသလား (ပါးပါတယ် ဘုရား)၊ အဲဒီပါးတဲ့အချိန်ကျမှ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဟောရပါတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။
ဘယ်အချိန် ဟောရပါလိမ့် (ကိလေသာ ပါးတဲ့အချိန် ဟောရပါတယ်)၊ ကိလေသာ ဝမ်းထဲ ဖြူစင်နေတဲ့အချိန် (မှန်ပါ့)။
ဒါ ကိုဝ မှတ်လိုက်စမ်း၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဟောစဉ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ပထမ ဒါနမဟောဘူးလား (ဟောပါတယ်)၊ နောက်ဘာဟောသတုံး (သီလဟောပါတယ်)၊ အင်း သီလ ပြီးတော့ နတ်ပြည်ဟောတယ် (ဟောပါတယ် ဘုရား)၊ ဒါတွေကြောင့် နတ်ပြည်ရောက်တယ်ကွ။
ပြီးတော့မှ တစ်ခါ ဒီနတ်ပြည်၏ အပြစ်တွေကို ဘာပြောပြန်သတုံး (အပြစ်ပြပါတယ် ဘုရား)။
အေး ဒါတွေပြလိုက်တော့ ခုနက ခွေးအမဲရိုးလျက်ရသလို၊ အင်း ခုနက မီးရှူးတိုင် ကိုင်သွားတဲ့ပုဂ္ဂိုလ် လွှတ်ရင်လွှတ်၊ မလွှတ် ကိုယ့်လောင်သလို၊ သရက်ပင်ပေါ်တက်နေတဲ့ပုဂ္ဂိုလ်ဟာ အောက်ပုဂ္ဂိုလ်က လှဲလိုက်လို့ရှိရင် ဆင်းရင်ဆင်း မဆင်းရင် သေမည့်ပုံ၊ အမျိုးမျိုး ဒုက္ခတွေ တွေ့ရမည့်ပုံတွေ ဟောလိုက်တော့ ဪ တို့သားသမီး မြေးမြစ်တည်းဟူသော အာရုံတွေပေါ်မှာ တက်ပြီးသကာလ နေတဲ့ တို့ ပုထုဇဉ်မိုက်တွေဟာ မဆင်းရင်တော့ ဒုက္ခရောက်မှာပဲဆိုတာ အပါယ်လေးပါး ရောက်မယ်ပြောတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေ အကုန်ဟောပြီးတော့ ကဲ ကိုပေါ် စိတ်ထဲ ဘယ့်နှယ်ဖြစ်သွားမယ်ထင်သတုံး နာတဲ့ပုဂ္ဂိုလ် မှာ (ဖြူစင်သွားပါတယ် ဘုရား)၊ ဖြူစင်သွားတယ်။
ကိလေသာ ဖြူစင်သွားတဲ့အချိန်ကျတော့မှ သစ္စကထာ ဟောရတယ် (မှန်ပါ့)။
သစ္စာ အရမ်းဟောလို့မရဘူး
သစ္စာ အရမ်းဟောလို့မရဘူး (မှန်ပါ့)၊ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဥပမာပြမယ်၊ အဝတ်တစ်ခု ကို ဖြူစင်နေအောင် ဖွတ်လိုက်ပါတဲ့ (မှန်ပါ့)၊ နောက်မှ ဒီပန်းဆိုးဆရာဖြစ်စေ၊ ပင်မင်းဖြစ်စေ ဦးဘရှင်း အပ် လိုက် (မှန်ပါ့)။
အပ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီ အဝတ်မှာ ကိုယ်လိုချင်တဲ့ ပန်းချက်ပန်းလက် ဆေးရောင်တွေ မစွဲ ပေဘူးလား (စွဲပါတယ်)၊ ဘာဖြစ်လို့ စွဲသတုံး မေးတဲ့အခါ (ဖြူစင်နေလို့ပါ ဘုရား)။
အဲဒီမှာလည်း ဒကာ ဒကာမတွေ ခင်ဗျားတို့ အခု တရားနာတဲ့အခါမှာ ဘုန်းကြီးသစ္စာဟောတာ ခင်ဗျားတို့ တရားသက်သက်ပဲ၊ တို့ဖြင့် နည်းယူပါတော့မယ်၊ လုပ်ပါတော့မယ်ဆိုတော့ ဖြူစင်တဲ့စိတ်နဲ့လာတာနဲ့ သစ္စာဟောရ တယ် (မှန်ပါ့)၊ သစ္စာဟာ အညစ်အကြေးခံနေတဲ့ပုဂ္ဂိုလ်ကို ဟောကိုဟောလို့ မရဘူး (မှန်ပါ့)၊ အင်မတန် အရေးကြီး တဲ့ တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် သစ္စာ ဘယ်အချိန်ဟောရမှာပါလိမ့် (ဖြူစင်တဲ့အချိန် ဟောရမှာပါ ဘုရား)။
ဖြူစင်တဲ့အချိန်မှာ သစ္စာတည်းဟူသော ဆေးဆိုးလိုက်လို့ရှိရင် ဝမ်းထဲက ကိလေသာ အညစ်အကြေး ဖြူစင် နေတဲ့အချိန်မှာ သစ္စာတည်းဟူသော ဆေးကို ဆိုးလိုက်မယ်ဆိုရင် စွဲသွားတယ် (မှန်ပါ့)။
အဲဒီစွဲသွားလို့ မောင်နိုင် တစ်ခါတည်း သောတာပန်တည်တယ်ဆိုတာ ဒါကြောင့်တည်တာ (မှန်ပါ့)။
ဝမ်းထဲမှာ မဂ်ဉာဏ်တည်တာ
သောတာပန်တည်တာက ကိုပေါ် ပြင်ဘက်မှာ တည်တာလား ဝမ်းထဲမှာ မဂ်ဉာဏ်တည်တာလား (ဝမ်းထဲမှာ မဂ်ဉာဏ်တည်တာပါ ဘုရား)။
ကိလေသာ အညစ်အကြေးခံနေရင် ဒီ မဂ်ဉာဏ်က အဲဒီနေရာမှာသွားပြီး ကိန်းအောင်းနေလို့ မရဘူး (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီး ဒကာ ဒကာမတွေကို သတိပေးရပါတယ်၊ တရားနာတဲ့အခါကျလို့ရှိရင် သားရေး, သမီး ရေး, စီးပွားရေး မိတ်ဆွေသင်္ဂဟနဲ့တွေ့ရင် ပျော်ရေး ရွှင်ရေးတွေ ကိုဝ ဒါတွေ စိတ်ထဲမှာ မထားနဲ့ (မှန်ပါ့)။
မထားပါနဲ့၊ ဒါ စိတ်ထဲမှာ ဖြူဖြူစင်စင်ထား၊ အဲဒီဖြူဖြူစင်စင်ထားတဲ့အချိန်မှာ ဒီက သစ္စဉာဏ်တွေ ဟောလိုက်၊ ကိစ္စဉာဏ်တွေ ဟောလိုက်၊ ကတဉာဏ်တွေ ဟောလိုက်တဲ့အချိန်မှာ ဖြူစင်နေတာကို ဆေးဆိုးလိုက်တာနဲ့ တူတယ် (မှန်ပါ့)၊ သေသေချာချာ စွဲသွားတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် အခု တရားနာတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီး သစ္စာဟောတော့မယ်တဲ့၊ ခင်ဗျားတို့က စိတ်ထဲမှာ ဖြူဖြူစင်စင် ယားတာတောင်- မဖျောက်နဲ့တော့ တစ်ပါးစိတ်တွေ ဝင်လာမှာစိုးလို့ (မှန်ပါ့)၊ ဒီလိုနာလို့ ရှိရင်ဖြင့်တဲ့၊ ဒီ တရားပွဲထဲတွင် ကိုဝ သောတာပန်တည်နိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာက ဉာဏ်ထဲ ဝင်အောင်းလိုက်တာ
ဒီထဲမှာ ကိလေသာမရှိတုန်းကို သစ္စာက ဉာဏ်ထဲ ဝင်အောင်းလိုက်တာကိုး (မှန်ပါ့)။
အရင်တော့ သစ္စာက ဝမ်းထဲကလာပြီး ကိလေသာက ခံနေလို့ရှိရင် လောဘ ဒေါသ မောဟ ပျော်မှုရွှင်မှုတွေ က ဝမ်းထဲကနေလို့ရှိရင် အညစ်အကြေးတွေက ဟဒယဝတ္ထုပေါ် မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီအချိန်မှာ သစ္စာ သွားမဟောနဲ့ဟေ့ တဲ့၊ ဘာဖြစ်လို့တုံးဆိုလို့ရှိရင် အဝတ်က နိဂိုက ဆီတွေ ရေနံတွေ ပေနေတဲ့ အဝတ်ကြီးကို မင်းကသွားပြီး ဆေးဆိုးလိုက်လို့ရှိရင် ဘုရားက မစွဲပေဘူးတဲ့ (မှန်ပါ့)။
အဝတ်ကိုက အညစ်အကြေးပါနေတယ် ၊ အဲဒီတော့ စွဲပါ့မလား (မစွဲပါ ဘုရား)၊ ဖြူစင်နေရင်တော့ ဒကာ ဒကာမတွေ (စွဲပါတယ်)၊ စွဲမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးများလည်း ပင်ပန်းကျိုးနပ်အောင် ခင်ဗျားတို့လည်း အကျိုးရှိအောင်ဆိုပြီးသကာလ တရား နာတဲ့အချိန်မှာ ဘယ်အာရုံတွေမှ မဝင်ပဲနဲ့ ဪ သစ္စာဟောတော့မှာပဲ၊ သစ္စာခန္ဓာကိုယ်ထဲမှာ သစ္စဉာဏ် ခန္ဓာကိုယ်ထဲမှာ ကိစ္စဉာဏ် ခန္ဓာကိုယ်ထဲမှာ ကတဉာဏ် ခန္ဓာကိုယ်ထဲ ရောက်လို့ရှိရင် ကိုဝ သောတာပန် တည်တာပဲ (မှန်ပါ့)၊ သိပ်ဝေးသလား (မဝေးပါ ဘုရား)။
အဲဒီတော့ မဝေးတာက ဘာတုံး လို့ မေးတော့မှ ယနေ့ ရှင်းရှင်းလင်းလင်း ဒကာ ဒကာမတွေ ပြောရမှာ က ဝမ်းထဲမှာ ဖြူစင်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့)။
ဝမ်းထဲမှာ တရားနာရင်းမတ္ထနဲ့ ဖြူစင်နေဖို့ (အရေးကြီးပါတယ် ဘုရား)။
ဖြူစင်နေတော့ ဆိုးတဲ့ဆေးဟာ စွဲသွားတယ်
အဲဒီဖြူစင်နေတဲ့အချိန်ကျမှ ဒီက သစ္စဉာဏ်ကို ပေးလိုက်တော့ ဒကာ ဒကာမတွေ ဟဒယဝတ္ထုပေါ်မှာ သစ္စဉာဏ်ကလေး သွားကိန်းတယ် (မှန်ပါ့)။
ကိစ္စဉာဏ်ကလေး ပေးလိုက်တော့ကော (ကိန်းပါတယ် ဘုရား)။
ကိစ္စဉာဏ်ကလေး ပေးလိုက်တော့ ကိစ္စဉာဏ်ကလေးက သွားကိန်းတယ် (မှန်ပါ့)။
ဘာဖြစ်လို့တုံး (ဖြူစင်နေလို့ပါ)၊ ဖြူစင်နေတော့ ဆိုးတဲ့ဆေးဟာ စွဲသွားတယ် (မှန်ပါ့)။
ဖြူစင်နေတော့ (ဆိုးတဲ့ဆေးဟာ စွဲသွားပါတယ် ဘုရား)။
အဲ သစ္စာတည်းဟူသော ဆိုးဆေးကို ခင်ဗျားတို့ ဟဒယဝတ္ထုပေါ်မှာ ကိုဝ ကိုပေါ် ဆိုးတော့မှာ ကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က အညစ်အကြေး ခံနေရင် စွဲပါ့မလား (မစွဲပါ ဘုရား)။
အဲဒါကြောင့် ဪ ဘုရားလက်ထက်က အရှင်ဥပါလိတို့ အရှင်ကောဏ္ဍညတို့ ဘယ်လိုကြောင့် တည် ပါလိမ့်မတုံး ဆိုတော့ ခုနက ဘုရားကြည်ညိုအောင် ဒါနတရားတွေဟော၊ သီလတရားတွေဟော၊ နတ်ပြည်ရောက် ကြောင်းတွေဟော၊ ပြီးတော့မှ ဒီ ကိလေသာငါးပါး အာရုံကာမဂုဏ်တွေဟာကွာ အသီးသီးတဲ့ သရက်ပင်ပျက်စီး ရသလို၊ မီးရှူးမလွှတ်တဲ့ ပုဂ္ဂိုလ် ခြေလက်အင်္ဂါတွေ လောင်ရသလို၊ ခွေးအမဲရိုး ကိုက်သလိုကွ မဝပဲနဲ့ သေခြင်း ဆိုး သေရသလို မင်းတို့အလုပ်ဟာ နေရာမကျပါဘူးဆိုတော့ ဪ ကိလေသာအလုပ်ဟာ အလကားပါလားဆိုတော့ ဝမ်းထဲ ကိလေသာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီ ကိလေသာမှ ထွက်ချင်တဲ့ စိတ်ကလေးကော ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ အဲဒီထွက်ချင်တဲ့ စိတ်ကလေးပေါ်လာတော့ ဟဒယဝတ္ထုပေါ်မှာ ဖြူနေတယ် (မှန်ပါ့ ဘုရား)။
ဒါ ဒကာ ဒကာမတွေ ဝမ်းထဲမှာနော် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ဖြူစင် ပြီးသကာလ အညစ်အကြေးမရှိပဲနဲ့ ဘဝင်စိတ်တွေသာ ရှိနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘဝင်စိတ်ကတော့ ဖြူဖြူစင်စင်ဟေ့ တဲ့ (မှန်ပါ့)။
အဲဒီ ဘဝင်စိတ်နဲ့ ဖြူဖြူစင်စင်နေတုန်းမှာ ဒီက သစ္စဉာဏ် သွားဟောလိုက်လည်း ဟဒယဝတ္ထုပေါ် ရောက် သွားတာပဲ (မှန်ပါ့)၊ ကိစ္စဉာဏ် ဟောလိုက်လည်း (ဟဒယဝတ္ထုပေါ် ရောက်သွားပါတယ် ဘုရား)၊ ကတဉာဏ် ဟော လိုက်ရင်ကော (ဟဒယဝတ္ထုပေါ် ရောက်သွားပါတယ် ဘုရား)။
ဟဒယဝတ္ထုပေါ် ရောက်သွားတော့ ဟဒယဝတ္ထုပေါ်မှာ ကတဉာဏ်တည်းဟူသော မဂ်က သွားနေတော့ အင်း ဒီအချိန်မှာ သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တရားနာနည်း နိဿရည်း
ဒါဖြင့် သောတာပန်တည်ဖို့ဟာ တရားနာနည်း နိဿရည်းကို ဆရာသမားက သေသေချာချာ ပြောပြီးလာ တော့ ဟောမှာလည်း သစ္စ, ကိစ္စ, ကတ, သုံးဉာဏ်ကို ဟောတော့မယ် ဆိုတော့ ဒီလိုနာနည်းနဲ့ ဒီလိုဟောနည်းနဲ့ ဒီလိုခန္ဓာကိုယ်ထဲမှာ သစ္စာတွေ စွဲသွားမယ်ဆိုလို့ရှိရင်ဖြင့် သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်, ဝမ်းထဲမှာ စွဲသွားတယ် ဆိုလို့ရှိရင်ဖြင့်တဲ့ သောတာပန်တည်ဖို့ရာ ဝေးသလား (မဝေးပါ ဘုရား)။
ဒါကြောင့် သေသေချာချာ နားလည်တဲ့ ဆရာသမားနဲ့ တွေ့လာတော့ ကိုဝရေ တရားနာနည်းကိုက လိုနေတယ် (မှန်ပါ့)၊ မလိုဘူးလား (လိုပါတယ် ဘုရား)။
တရားနာနည်းက နဂိုက ကိုယ့်ဝမ်းထဲမှာ ကိလေသာ မရှိနှင့်ဖို့ကို အရေးကြီးတယ် (မှန်ပါ့)။
အညစ်အကြေးဘာတုံး (မရှိနှင့်ဖို့ အရေးကြီးပါတယ် ဘုရား)၊ မရှိနှင့်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်စမ်း ပါ (မှန်ပါ့)။
အဲဒီ မရှိနှင့်တဲ့အချိန်ကျမှ ဒီ သစ္စာတွေကို ခင်ဗျားတို့ နားထဲကနေပြီး ဟဒယဝတ္ထုထဲ ရောက်အောင် သွင်းလိုက်တဲ့အခါကျတော့ ဖြူတာကို တစ်ခါတည်း ဒကာ ဒကာမတွေ ဆေးဆိုးတဲ့အခါ လိုချင်တဲ့အရောင်, လိုချင် တဲ့ပန်းခက်, လိုချင်တဲ့ ပန်းရွက်ဆိုသလိုပဲ ဦးဘရှင်း သွားမစွဲပေဘူးလား (စွဲပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနာနည်းကိုပဲ အခု သင်ပြန်တယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ)။
ကိုင်း ဒကာ ဒကာမတွေ အခုအခါမှာ ကျောင်းထဲလည်း ရောက်နေကြတာကြောင့် ခင်ဗျားတို့နှစ်သက်တဲ့ အာရုံဟူသရွေ့လည်း ဒီကျောင်းထဲမှာလည်း ဘာမှမရှိဘူး (မှန်ပါ့)၊ အိမ်ကလည်း စွန့်ပစ်ပြီးသကာလ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ (မှန်ပါ့)၊ နတ်ရွာ သုဂတိကိုလည်း ခုနက ပြောလိုက်တဲ့ အလကားဟာတွေဟေ့ ခွေးအမဲရိုးကိုက်တဲ့ အသွားမျိုးတွေ၊ သရက်ပင်အသီးသီးမိလို့ ပင်လုံးပါ အလှဲခံရတဲ့ ကိစ္စတွေကွ မြက်မီးရှူးကြီး ကိုင်ပြီးသကာလ လေရှိရာဘက်သွားတဲ့အခါ လွှတ်ရင်လွှတ်၊ မလွှတ်ရင် လက်လောင်တာပဲ၊ ခန္ဓာကိုယ်ပါ လောင်တာပဲ၊ မင်းတို့ ငါးပါး အာရုံ ကာမဂုဏ်တွေဟာ အလကားဟာတွေကွ လို့ဆိုတော့ ဪ ဟုတ်သားပဲဆိုတာ မလာဘူးလား (လာပါ တယ် ဘုရား)။
လာတဲ့အခါကျတော့ ဪ ဟုတ်သားပဲ လို့ လာလိုက်တော့ ဟဒယဝတ္ထုပေါ် ဘာဖြစ်သွားတယ် ထင်ကြသတုံး (ဖြူစင်သွားပါတယ် ဘုရား)၊ ဖြူစင်သွားတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဟဒယဝတ္ထုပေါ်မှာ ဖြူစင်သွားတယ်
ဟဒယဝတ္ထုပေါ်မှာ (ဖြူစင်သွားပါတယ် ဘုရား)။
အဲဒီဖြူစင်တဲ့အချိန်ကျမှ သစ္စဉာဏ်, ကိစ္စဉာဏ်နဲ့ ကတဉာဏ်ကို ကိုဝ ကိုပေါ် ပေးရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒီလိုပေးလိုက်တော့ ခုနက ဥပါလိတို့လည်း ဒီတရားနာရင်းပဲ သောတာပန်တည်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အရှင်ကောဏ္ဍညတို့လည်း တရားနာရင်း တည်တာပဲဆိုတာ ဪ မြန်လိုက်တာနော် သူ တို့ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး ပါရမီရှင်တွေမို့ ထင်ပါရဲ့လို့ ခင်ဗျားတို့က ဝေးသောအကြောင်းတွေ သွားတွေး တယ်နော် (မှန်ပါ့)။
ဝေးသောအကြောင်း မတွေးကြဘူးလား (တွေးပါတယ် ဘုရား)၊ ဘဝများစွာက သူတို့က အတော်ပါရမီဖြည့်ခဲ့ မှကိုး ဆိုတော့ ဘယ်လောက်ဖြည့်ဖြည့် ဝမ်းထဲမှာ အညစ်အကြေးခံနေရင် သစ္စာ စွဲကိုမစွဲဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လောက်ဖြည့်ခဲ့ဖြည့်ခဲ့ ဝမ်းထဲမှာ အညစ်အကြေး ခံနေရင် (သစ္စာမစွဲပါ ဘုရား)၊ သစ္စာမစွဲဘူးတဲ့ (မှန် ပါ့)၊ မစွဲလို့ရှိရင် ဒီပါရမီတွေဟာ ဘာဖြစ်ရမတုံးမေးတော့ အဟောသိကံဖြစ်ရမယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါ ပြီ)။
ဒါဖြင့် ကျုပ်တို့ဝမ်းထဲမှာ ဒကာ ဒကာမတွေ ဝမ်းထဲမှာ သစ္စာမဟောခင် ဘာဖြစ်နေနှင့်ဖို့ အရေးကြီးပါလိမ့် မလဲလို့ ဆရာဘုန်းကြီးက မေးတယ် (ကိလေသာ ဖြူစင်နေဖို့ အရေးကြီးပါတယ် ဘုရား)။
ပေါ်ပြီ ဒကာ ဒကာမတို့ ဪ ကိလေသာဖြူစင်နေဖို့ ဘယ်အာရုံမှ မလိုချင်ဖို့ ဘယ်နတ်ပြည်ကိုလည်း မလိုချင်ဖို့။
ဒါဖြင့် နတ်ပြည်လိုချင်လို့ တရားနာတဲ့ပုဂ္ဂိုလ်မှာဖြင့် ကိုဝ မဂ်ဖိုလ်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
သူ့မှာ လိုချင်တဲ့ ကိလေသာအညစ်အကြေးက ဟဒယဝတ္ထုပေါ် ရောက်နေတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးက ဘယ်လိုပဲ ငါသိမ်းတော့မယ်ဟေ့ ဤကား အဘိဓမ္မာဒေသနာတော်မြတ်သည်ကား ဆိုပြီး ဒုက္ခသစ္စာ သမုဒယသစ္စာလို့ ဟောလိုက်ငြားသော်လည်း သူက နတ်ပြည်ကြိုက်နေတော့ ကြိုက်တဲ့သစ္စာကလည်း သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်က မပါဘူး (မှန်ပါ့)၊ မပါတော့ ဒီတရားတွေနဲ့ဖြင့် ကိစ္စပြီးနိုင်ပါ့မလား (မပြီးနိုင်ပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။
အရမ်းဟောနေရင်တဲ့ ပင်ပန်းရုံပဲ
ဪ ဒါဖြင့် တရားမဟောခင် တရားနာတဲ့ပုဂ္ဂိုလ်တွေ သင်မှုကိုလည်း မရှိရင် ကိုဝ မတော်ဘူး ဗျ (မှန်ပါ့)၊ ဟောမည့်ပုဂ္ဂိုလ်ကလည်း အရမ်းဟောနေရင်တဲ့ ပင်ပန်းရုံပဲရှိမယ် (မှန်ပါ့)၊ သဘောကျကြပလား (ကျပါ ပြီ)။
ဒါဖြင့် တရားနာတဲ့ပုဂ္ဂိုလ်က ဝမ်းထဲမှာ ကိလေသာဖြူစင်နှင့်ဖို့ရာ ၁ နံပါတ် (မှန်ပါ့)၊ ဒီတရားဟောတဲ့ပုဂ္ဂိုလ် က ဟောပြီးသကာလထားတော့ ဖြူစင်အောင် အရင်လုပ်ထားရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဖြူစင်အောင် အရင်လုပ်ထားပြီးသကာလမှ အဲဒီဖြူစင်တဲ့အချိန်ကို တရားဟောတဲ့ ဘုန်းကြီးကလည်း ဒီ့ပြင် တရားမဟောရဘူး (မှန်ပါ့)၊ သစ္စာပဲ ဟောရမယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဘယ်မှာပဲ နာကြနာကြ ပြောကြပေါ့ဗျာ ခင်ဗျားတို့ဝမ်းထဲကတော့ဖြင့် ဖြူဖြူစင်စင် ထားပါ (မှန် ပါ့)၊ သဘောပါကြလား (ပါပါပြီ ဘုရား)။
အဲဒီတော့ တို့တရားနာတာ ကြာလှပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့ ဆင်ခြေကိုလည်း မောင်နိုင် မသုံးပါနဲ့ တော့ (မှန်ပါ့ ဘုရား)။
နဂိုက နာလာခဲ့ကြတာက ဘယ်လိုနာလာခဲ့ကြသတုံး မေးလို့ရှိရင် ကိုဝ အဖြေထွက်သွားပြီ ဟုတ် လား (မှန်ပါ့)၊ ကွာ လူ့ပြည်ဆင်းရဲမယ်ကွာ နတ်ပြည်ရောက်ကြောင်း ကလေးသွားပြီးသကာလ ဘယ်လိုနည်း ယူဦးမှပဲ ဆိုလို့ရှိရင် တဏှာနဲ့ သွားနာနေတာ (မှန်ပါ့)။
ဒီလိုဆိုတော့ ဘေးကနေပြီးသကာလ တချို့ကလည်း သစ္စာကို မပါတော့ ကိုပေါ် ဘယ့်နှယ်တုံးဗျာ နဂို က အညစ်အကြေးရှိတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်ဟာ အညစ်အကြေးနဲ့ပဲ ပြန်ပြီးသကာလ ဖိလိုက်သလိုဆိုတော့ ဖွပ်သထက် ညစ်သလို ဖြစ်သွားတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ကြောက်စရာမကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။
ခန္ဓာဒုက္ခကြီး သိမ်းချင်လို့ နာတယ်
ဒါဖြင့် တရားနာနည်း နိဿရည်းကိုလည်း ယနေ့သင်တာ နားလည်ပလား (နားလည်ပါပြီ)၊ ဘာမှ ဒကာ ဒကာမတွေက မလိုချင်နဲ့၊ ယခု ခန္ဓာဒုက္ခကြီး သိမ်းချင်လို့ နာတယ်ဆိုတဲ့ ဉာဏ်ကလေးနဲ့သာနာ (မှန်ပါ့)။
ဒီလိုဆိုတော့ ခန္ဓာကြီး သိမ်းချင်တဲ့ ဉာဏ်နဲ့ နာနေတော့ ကိုပေါ်တို့ ကိုဝတို့က ခန္ဓာသိမ်းချင်တာသာ ရှိတော့ တယ် ဘုရာ့ ဒီ့ပြင် ဘာမှ တပည့်တော်တို့ အရေးတကြီး အလုပ်မရှိဘူး ဆိုတော့ ခန္ဓာသိမ်းချင်တဲ့ဉာဏ်ဆိုတော့ ခန္ဓာ ခင်တွယ်တဲ့စိတ် ပါသေးလား (မပါပါ ဘုရား)၊ နောက်ခန္ဓာ ရချင်တဲ့စိတ် (မပါပါ ဘုရား)၊ ဟာ ဒါဖြင့် ဖြူစင်နေပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြစ်သွားသတုံး (ဖြူနေပါပြီ ဘုရား)၊ ဖြူနေပြီဆိုတာ သေချာပလား (သေချာပါ ပြီ)၊ ဒါဖြင့် ဖြူရင် ဆေးဆိုးရင် စွဲမစွဲ (စွဲပါတယ် ဘုရား)။
စွဲရင် ဖြူတဲ့အချိန်မှာတဲ့ သစ္စာတည်းဟူသော ဆေးကို ဆိုးရပါလိမ့်မယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ရှေးက တရားနာရင်း ဥပါလိတို့ သောတာပန်တည်ပုံ ဒီ့ပြင် ဒကာ ဒကာမတွေ သောတာပန်တည်ပုံတွေ ထောက်လိုက်တော့ သူတို့တော့ မြန်လိုက်တာ ပါရမီရှင်တွေမို့ ထင်ပါရဲ့လို့ ဒီအသုံးကိုဖြုတ်ပါ (မှန်ပါ့)။
ပါရမီရှင်တွေမို့ မဟုတ်ပါဘူး၊ နာတုန်းက ဖြူစင်နေလို့ပါ (မှန်ပါ့)၊ အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သစ္စာကို နားပေါက်ကနေပြီးသကာလ ဟဒယဝတ္ထုပေါ် အရောက်သွင်းလိုက်တဲ့အခါကျတော့ ဟိုမှာ ဟဒယဝတ္ထု ထဲမှာ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြတ်တဲ့ မဂ်ဉာဏ်ကလေးသွားတည်တယ် (မှန်ပါ့)၊ သူ နောက်ကျတော့ ဖိုလ်ဉာဏ်သွားတည်တယ် (မှန်ပါ့)။
မဂ်ဉာဏ်ချုပ်သွားတော့ ဖိုလ်ဉာဏ် သွားတည်တယ်၊ ဖိုလ်ဉာဏ်ချုပ်သွားတော့မှ နိဗ္ဗာန်မြင်တဲ့ ပစ္စဝေက္ခဏာ ဉာဏ်တွေ သွားတည်တော့ ဒါ သောတာပန်ဖြစ်ပြီလို့ ကိုပေါ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပါရမီလိုရင်းလား တရားနာရင်း ဖြူစင်နေဖို့ လိုရင်းလား (တရားနာရင်း ဖြူစင်နေဖို့ လိုရင်းပါဘုရား)။
ဒကာကြီးလှိုင်ရေ ဒါတွေက ဆရာရင်း သမားရင်းမို့ အသေအချာပြောနေတာနော် (မှန်ပါ့)။
မင်းတို့ တရားနာနည်းကို မသင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုဝ ခက်ပြီဗျာ (မှန်ပါ့)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ဘယ်လိုတရားနာနေသတုံး
အဲဒါကြောင့် သစ္စဉာဏ် ကိစ္စဉာဏ်ကို မဟောမီ ခင်ဗျားတို့က ဘယ်လိုတရားနာနေသတုံး လို့ နဂိုက နာတာကို ဘုန်းကြီးရှင်းပြမယ်၊ အရှင်သာရိပုတ္တရာ ဟောတယ်၊ သူတို့နာနေပုံက မဟန်ဘူးကွ၊ ဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတာ (မှန်ပါ့ ဘုရား)။
မောင်နိုင် တရားနာနေငြားသော်လည်း သူတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတာက သူတို့မှာ အညစ်အကြေးရှိလျက် နဲ့ အညစ်အကြေးရှိမှန်း မသိဘူးကွ (မှန်ပါ့)၊ အဲဒီတော့ သူတို့ဆေးကြောချင်တဲ့စိတ် လာပါ့မလား (မလာပါ ဘုရား)။
ဥပမာ ကိုပေါ်မှာ လမ်းက နွားကျင်ကြီး နင်းလာတယ်ဆိုပါတော့ နင်းမှန်းလည်း မသိဘူး ညကြီးလည်း ဖြစ်နေတော့ ဟုတ်လား (မှန်ပါ့)၊ ဆေးချင်တဲ့စိတ် ဪ ငါဒီချောင်းထဲ ဝင်ဆေးဦးမှဆိုတဲ့ စိတ်ကလေး ပေါ်ပါ့ မလား (မပေါ်ပါ ဘုရား)၊ ဘာဖြစ်လို့ပါလိမ့် (မသိလို့ပါ ဘုရား)၊ ဘယ်လိုမသိတာပါလိမ့် (အညစ်အကြေးရှိမှန်း မသိ ပါဘုရား)။
အညစ်အကြေးရှိတာကို အညစ်အကြေးရှိမှန်းမသိတဲ့အတွက် သူဆေးကြောချင်စိတ် မလာဘူး (မှန်ပါ့)။
မလာတော့ သူသည်ကားလို့ဆိုလို့ရှိရင် လူမိုက် (မှန်ပါ့)၊ ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် အညစ်အကြေးရှိတာကို ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်နိုင် ဘာဖြစ်လာသတုံး (ဆေးသွားပါတယ် ဘုရား)၊ ဆေးတယ် (မှန်ပါ့)။
အဲဒီ ဆေးတဲ့ပုဂ္ဂိုလ်ကျတော့ လူလိမ်မာကွာ (မှန်ပါ့)၊ ဒါ အရှင်သာရိပုတ္တရာက ဟောခဲ့တယ် မူလပဏ္ဏာသ မှာနော် (မှန်ပါ့)။
အဲဒီတော့ ဒီမှာ ဘုန်းကြီးတို့က အခုတရားမဟောမီ ရှေးအဖို့ကာလမှာ ခင်ဗျားတို့ကို ကာမဂုဏ်၏အပြစ်တွေ ငါးပါးအာရုံ ကာမဂုဏ်ဆိုတဲ့ သားရေး, သမီးရေး, စီးပွားရေးအပြစ်တွေကို ဒါတွေ ဆင်းရင်ဆင်း မဆင်းရင် သရက်ပင်ပေါ်ကနေပြီး အောက်လူခုတ်တာနဲ့ ခင်ဗျား ပင်လုံးကြီးပိပြီးသကာလ ကျွမ်းထိုးမှောက်ခုန် အောက်ကျလိမ့် မယ် ဆိုတော့ ဪ ငါတို့ သားသမီးအာရုံတွေဟာ အလကားဟာတွေပါကလား၊ နောက်ဆုံး မရဏမင်းက လှဲလိုက်တဲ့အခါ ဗိုင်းဗိုင်းလဲတာပါကလား ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာမှ အသုံးမကျဘူးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။
လွှတ်ရင်လွှတ်၊ မလွှတ်ရင် လက်လောင်မယ်ဆိုတဲ့သဘောလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါကြောင့် ဒီလိုအချိန်ကြီးမှာ အိမ်မှာမလွှတ်တာ ဘုန်းကြီးတို့က ဆိုတာမဟုတ်ဘူး (မှန်ပါ့)၊ ဒီတရားနာတဲ့ အချိန် လွှတ်လိုက်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
တရားနာတဲ့အချိန် လွှတ်လိုက်တော့ ကိုဝတို့ ကိုပေါ်တို့က စဉ်းစားတာပေါ့၊ ဝမ်းထဲ ဘာဖြစ်သလဲ (စင် ကြယ်ပါတယ် ဘုရား)။
အဲဒီ့ဖြူစင်တဲ့အချိန်မှာ ဘုရားက သူတစ်ပါးစိတ်ကိုလည်း သိတော့ ဦးဘရှင်းရေ ကဲ ဒီအချိန်ဖြင့် ဖြူလည်းဖြူစင်ပြီကွ ၊ သူ့စိတ်လည်း နူးညံ့သွားပြီကွ နှစ်ချက် (မှန်ပါ့)၊ သူ့စိတ်ထဲ ကြမ်းတာတွေ ရှိသေးရဲ့ လား (မရှိပါဘုရား)၊ အဲ ဖြူစင်တဲ့အချိန် နူးညံ့သွားတဲ့အချိန်မှ သစ္စာ ကောက်ဟောတယ် (မှန်ပါ့)၊ ဟောသည်နဲ့ တစ်ပြိုင်နက်တည်း ဟဒယဝတ္ထုပေါ်မှာ ဒီမဂ်ဉာဏ်တွေ သူစွဲတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်ဉာဏ်တွေ သွားစွဲတော့ကို ဒကာ ဒကာမတွေက ဒီမဂ်ဉာဏ်ကိန်းလို့ မဂ်ပုဂ္ဂိုလ်၊ သဘောကျပလား (ကျပါပြီ)၊ ဖိုလ်ဉာဏ်ကိန်းလို့ (ဖိုလ်ပုဂ္ဂိုလ်ပါ ဘုရား) ဆိုတော့ ပုဂ္ဂိုလ်က ချိုပေါက်လာတာ မဟုတ်ပါဘူး၊ ဒီဉာဏ်ကလေး သွားစွဲတာ ဟဒယဝတ္ထုပေါ်မှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် တော်တော်အရေးကြီးတဲ့ အချက်ကိုပဲ ဆရာသမား ဆုံးမသွန်သင် ပြောဟောနေတယ်ဆိုတာ ဖြင့် ပေါ်လောက်ပါပြီ (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ)။
ဖြစ်ပျက်မြင်နေကတည်းက
အေး ဒါကြောင့် အားထုတ်တဲ့အခါကျတော့ ဘုန်းကြီးတို့က အထူးပြောဖို့ မလိုပါဘူး၊ ဖြူစင်ဖို့ကို ဟော တာ (မှန်ပါ့)၊ အားထုတ်တဲ့အခါကျတော့ မောင်နိုင်တို့ အားထုတ်နေတယ်၊ ဖြစ်ပျက်မြင်နေကတည်းက ဝမ်းထဲမှာ ဝိပဿနာမဂ်မှတစ်ပါး ဒီ့ပြင်မဂ်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီ မဂ်ရသွားလို့ရှိရင် လောကုတ္တရာမဂ် လာရုံပဲ (မှန်ပါ့)။
အဲဒီကျတော့ နဂိုက ဖြူစင်နေတာဆိုတော့ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
အခုလို တရားနာတဲ့အချိန်ကျတော့ တရားဟောဘုန်းကြီးကလည်း အသံကောင်းကောင်းနဲ့ ဝတ္ထုသက်သေ သာဓကတွေကလည်း လွမ်းလောက်အောင်, ဆွေးလောက်အောင်နဲ့ဆိုတော့ ခုနက အညစ်အကြေးရှိတဲ့အထဲမှာ အညစ် အကြေးပဲ ပြန်ပြီးသကာလ တက်သလို မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီတော့ အရှင်သာရိပုတ္တရာကြီးက ပြောလိုက်တယ်၊ အညစ်အကြေးရှိတာ အညစ်အကြေးရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ ဆိုးပါသကွာ ငါ ဥပမာပြောမယ်ဟေ့ ဈေးထဲက ရေသောက်ဖို့ ကြေးဖလားတစ်ခု ဝယ်လာ တယ်၊ ဝယ်လာပြီးသကာလ သူ အိမ်မှာပဲ တိုက်ခြင်း, ပွတ်ခြင်းလည်း မရှိပဲနဲ့ အိမ်ကျတော့ ချောင်ထဲထိုးထားလိုက် တယ် (မှန်ပါ့)။
နဂိုကလည်း မဆေးမကြောရသေးတာ၊ ချောင်ထဲထိုးထားလိုက်တော့ မောင်နိုင် ချေးတွေ ပိုတက်မလား မတက်ဘူးလား (ပိုတက်ပါတယ် ဘုရား)။
နဂိုက သူယူလာတုန်းကလည်း ချေးပါတာ သူ ကောင်းကောင်းမသိဘူး (မှန်ပါ့)။
ဒီကျတော့လည်း ဆေးကြောမှုအလုပ်မလုပ်တဲ့အပြင်မှာ သူသည် ချောင်ထဲထိုးထား ဖုန်တွေ, မြူတွေ ပေါတဲ့ အထဲ ထိုးထားလိုက်တော့ ကိုဝ ဘယ့်နှယ်နေသတုံး (ပိုတက်ပါတယ် ဘုရား)၊ ပိုပြီးသကာလ အညစ်အကြေး မများပေဘူးလား (များပါတယ် ဘုရား)။
အဲ တရားနာပေမယ့်လည်း နဂိုက သူက ကိလေသာ အညစ်အကြေးက ပုထုဇဉ်က ရှိလျက်ကြီး (မှန်ပါ့)၊ ဒီအထဲ အညစ်အကြေးရှိတဲ့တရားကို သူ့သာယာအောင် ထားလိုက်မယ်ဆိုလို့ရှိရင် ခုနက ဈေးထဲက ဝယ်တုန်းကလည်း မသန့်ရှင်းတဲ့ အထဲမှာ တစ်ခါတည်း ဒကာ ဒကာမတွေကတဲ့ အညစ်အကြေးရှိတဲ့ဆီကို ပြန်ပြီးသကာလ ထည့်လိုက် သလို မကျဘူးလား (ကျပါတယ် ဘုရား)။
ဘယ်တော့မှ နိဗ္ဗာန်မရဘူး ဒီတရားမျိုးက မရနိုင်ဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ခင်ဗျားတို့ အလွန်အရေးကြီးတယ် ဆိုတဲ့ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ပြောခဲ့ပါတယ်။ ဒီနေ့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ကို ဖြူစင်တဲ့အချိန်မှာ ဟောလို့ရှိရင်ဖြင့် ကိစ္စပြီးပါတယ်ဆိုတဲ့ဥစ္စာ မှတ်ကြစမ်းပါ (မှန်လှပါ)၊ မနေ့ကပြောတဲ့အတိုင်းနော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စဉာဏ် ပြောတော့ကို ဒီခန္ဓာကိုယ်ကြီးသည် ဒကာ ဒကာမတို့ ပူလိုက်, အေးလိုက်နော် တစ်ခါတလေကျတော့ ချမ်းသာလိုက်၊ တစ်ခါတလေကျတော့ စိတ်ဆင်းရဲလိုက်၊ မလာဘူူးလား (လာပါတယ် ဘုရား)။
ဟ ဒါတွေ ဘာဖြစ်နေတာတုံး မေးတဲ့အခါကျတော့ အို ဘာမှဖြစ်တာမဟုတ်ပါဘူး ဘုရာ့၊ ဒီခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပြောနေတာ ဘုရား (မှန်ပါ့)။
ပူတာ, အေးတာတွေ ဘာတွေပြောနေတာတုံး (ဒုက္ခသစ္စာ ပြောနေတာပါ)၊ ဒုက္ခသစ္စာမို့ ဘာတွေ သူဖော်ပြ နေသလဲ (ဒုက္ခကို ဖော်ပြောနေပါတယ် ဘုရား)။
ဒုက္ခတရားမို့ ဒုက္ခသစ္စာပဲလို့ ဖော်ပြနေတယ် (မှန်ပါ့)၊ ဒီလိုသိထားရမယ် ။
ဒီ ခန္ဓာကြီးပြောင်းလာတာ ရွှေ့လာတာ၊ ဒကာ ဒကာမတွေ ဟောဒီလိုပြင်ရတာ, ဆင်ရတာ အင်း အောက်က ပူလို့ နည်းနည်းကျဉ်းကျဉ်း ကြွရတာ မ,ရတာ ဟုတ်လား၊ လူချင်းပဲ နည်းနည်းတိမ်းရတာ၊ ဟာ ဘာဖြစ်ကြတာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ဒုက္ခသဘော ပြောတာပါဘုရား)၊ ဒုက္ခသစ္စာမို့ ဒုက္ခသဘော ပြောတာ (မှန်ပါ့)။
ကိုဝ ဘာပြောသတုံး (ဒုက္ခသစ္စာမို့ ဒုက္ခသဘောပြောတာပါ ဘုရား)၊ ဘယ်သူက ပြောနေတာတုံးဗျ (ခန္ဓာက ပြောနေတာပါ ဘုရား)။
အို ဘုန်းကြီးကပြောတာ အတည်မပြုပါနဲ့၊ ဒကာ ဒကာမတို့ ဘယ်သူကပြောတာ အတည်ပြုမလဲ (ခန္ဓာ ပြောတာပါ ဘုရား)။
ခန္ဓာက ပင်ကိုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာမို့ သူက ဘာတွေများပြောနေပါလိမ့် (ဒုက္ခတွေ ပြောပါတယ်)၊ ဒုက္ခပဲ သူပြောရမယ်၊ သုခမပြောဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒီတော့ ဒီထဲမှာ တရားနာကြတယ်။ နည်းနည်းလူကျပ်တော့ အိုက်တော့ရွှေ့ချင်တယ်။ ဪ ဒုက္ခသစ္စာ မို့ ဒုက္ခကပြောနေတယ် (မှန်ပါ့)။
ကိုမြင့် ဒုက္ခသစ္စာမို့ ဒုက္ခပြောပြန်ပြီလို့သာ သိနေရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒုက္ခသစ္စာမို့ (ဒုက္ခပြောပြန်ပါပြီ)၊ ဒုက္ခအကြောင်း ပြောပြန်ပြီ (မှန်ပါ့)၊ ဒုက္ခသဘော သူပြောတာပဲ။ ကျုပ်တို့ က ဉာဏ်က ဒီကသာလိုက်နေ (မှန်ပါ့)၊ အဲဒါ သစ္စဉာဏ်ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒုက္ခသစ္စာ သဘောမှတစ်ပါးလည်း သူ့မှာ ပြောစရာ ဘာရှိသေးသတုံး (မရှိပါ ဘုရား)။
မရှိတော့ ဒကာ ဒကာမတွေ ခန္ဓာက ဘာပြောလေ့ရှိသတုံး (ဒုက္ခပြောလေ့ရှိပါတယ် ဘုရား)။
ခန္ဓာကပြောတာကို သိတဲ့ဉာဏ်
ဒုက္ခပြောတာကို ကျုပ်တို့က ဒုက္ခလို့ သိနေလို့ရှိရင် ဒါ ဒုက္ခက ဒုက္ခသစ္စာ (မှန်ပါ့)၊ သိတာက ဉာဏ်၊ ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ဉာဏ်ဆိုတော့ သစ္စဉာဏ် သွားဖြစ်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာကပြောတာကို သိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (သစ္စာဉာဏ်ပါ ဘုရား)။
ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးက ရွှေ့ချင်တယ်၊ ပြောင်းချင်တယ်၊ စောင်း ချင်တယ်၊ တည့်ချင်တယ်၊ ယပ်ခတ်ချင်တယ်။ အင်္ကျီကလေးထူလို့ ခွါချပ်တယ်၊ မိုးမိလာလို့ စိုတဲ့အဝတ်ကလေးကိုပဲ အင်း သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် မတော်ဘူး။ သူ့ကိုလည်းပြီးသကာလ ဒီ့ပြင်ဟာကလေးနဲ့ ခုပြီး ထိုင်ချင်တယ်။ ဟ ဘာပြောပြန်သတုံး ဒီခန္ဓာကြီးက (ဒုက္ခသစ္စာကို ပြောပါတယ် ဘုရား)။
အဲဒါကလေး ဉာဏ်က သိလိုက်တော့ ဒီဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)။
သစ္စာသိတဲ့ဉာဏ် (မှန်ပါ့)၊ ဒါ ခန္ဓာက မပြောပါနဲ့လို့ ကိုဝ ခင်ဗျားတို့ တောင်းပန်လို့ ရရဲ့လား (မရပါ ဘုရား)။
ဘယ်သူ တောင်းပန်လို့မှ မရဘူး (မှန်ပါ့)၊ ငါအမှန်လုပ်မယ်တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ သူက ဘာတဲ့တုံး (သစ္စာပါ ဘုရား)။
သစ္စာတဲ့၊ မင်း သမုတိသစ္စာ မဟုတ်ဘူးကွ၊ သမုတိသစ္စာလို ငါက ဖောက်ပြန်တာမဟုတ်ဘူးတဲ့ (မှန်ပါ့)။
သမုတိသစ္စာဆိုတော့ ကြေးပြားက ထုံးဗူးဖြစ်ချင်ဖြစ်တယ် (မှန်ပါ့)၊ မဖောက်ပြန်ဘူးလား (ဖောက်ပြန်ပါတယ် ဘုရား)။
ကြေးပြားက (ထုံးဗူးဖြစ်ပါတယ် ဘုရား)၊ ထုံးဗူးဖြစ်ချင်ဖြစ်တယ်။ ကွမ်းအစ်ကော (ဖြစ်ပါတယ် ဘုရား)။
အဲဒီလို ငါဖောက်ပြန်တဲ့တရား မဟုတ်ဘူးကွတဲ့၊ ပရမတ္ထသစ္စာက (မှန်ပါ့)၊ ငါက ထွက်လာတာဟူသရွေ့ ငါ ပြောမှာဟူသရွေ့ကိုဖြင့် ဒုက္ခအမှန်ချည်း ပြောမှာပဲ (မှန်ပါ့)။
ဒီတော့ ရွှေ့ချင်တာလည်း ဒုက္ခအမှန်ပြောတာ (မှန်ပါ့)။
ဒကာ ဒကာမတွေ ရွှေ့ချင်တာကော (ဒုက္ခအမှန် ပြောတာပါဘုရား)၊ ဒုက္ခအမှန်ပဲပြောတယ်ဆိုတာ သေချာ ပလား (သေချာပါပြီ)၊ ပြန်တည့်ချင်တာကော (ဒုက္ခပါ ဘုရား)၊ ဒုက္ခရောက်လို့ ထည့်ချင်တာ (မှန်ပါ့)။
နည်းနည်းကလေး ကွေးချင် ဆန့်ထင်တာကော (ဒုက္ခရောက်လို့ပါ ဘုရား)။
အဲဒါ သူက ပြောပြန်ပြီ၊ သူက ပြောပြန်ပြီလို့ သိနေတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား)။
ဪ ခန္ဓာက ဒုက္ခသစ္စာမို့ သူက ဒုက္ခသစ္စာပဲနော် (မှန်ပါ့)၊ ကျုပ်တို့က သိနေတာကလေးက ဘာတုံး (ဉာဏ်ပါ ဘုရား)၊ ဉာဏ်ကလေးပေါ့ဗျာ (မှန်ပါ့)။
ပေါင်းလိုက်တဲ့အခါကျတော့ ဒုက္ခနဲ့ဉာဏ်နဲ့ တွဲလိုက်တော့ ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့ တွဲလိုက်တော့ သစ္စဉာဏ် သွားဖြစ်တယ် (မှန်ပါ့)။
သစ္စဉာဏ်ကလေး သွားဖြစ်တော့ ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ နဂိုကလည်း ကိလေသာကမရှိပဲနဲ့ တရားနာနေကြတော့ ဉာဏ်ကလေးဟာ ဟဒယဝတ္ထုပေါ် ရောက်လာတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သစ္စဉာဏ် အနုစား ရောက်လာတယ်
သစ္စဉာဏ် အနုစား ရောက်လာတယ်၊ မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။
သစ္စဉာဏ်အနုစား ရောက်ပြီဆိုကတည်းက ကိုဝတို့ ကိုပေါ်တို့က စဉ်းစားလိုက်တာပေါ့၊ “တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် လာသေးသလား (မလာပါ ဘုရား)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဉာဏ်ကလေး ဝင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ကိလေသာတွေက ပြတ်ကုန်ပြီ (မှန်ပါ့ ဘုရား)။
သို့သော် ဒီဉာဏ်က နုတဲ့ဉာဏ်ဖြစ်နေတော့ အခု သူရှိတုန်းသာ မလာအောင်တားနိုင်တယ် (မှန်ပါ့)၊ သူက အမြစ်ပြတ်အောင် ကိုဝ မတားနိုင်ဘူး (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ဉာဏ်နုတယ်၊ သစ္စဉာဏ်ဖြစ်နေတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။
ဘာဉာဏ်ဖြစ်နေသတုံး (သစ္စဉာဏ် ဖြစ်နေပါတယ်ဘုရား)၊ သစ္စဉာဏ် ဖြစ်နေတယ်လို့ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
သစ္စဉာဏ်ဖြစ်နေတော့ သူသည် ခဏပဲ ဒီပဋိစ္စသမုပ္ပါဒ်ပြတ်အောင် လုပ်နိုင်တယ် (မှန်ပါ့)၊ တစ်ခါတည်း မင်းတို့နောက် ဘယ်တော့မှ မလာနဲ့တော့ဆိုတဲ့သဘောကို သူမတတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိုပေါ်တို့ ကိုဝတို့ ဒီ့ထက်ကြီးတဲ့ဉာဏ် လွတ်ရလိမ့်မယ် (မှန်ပါ့)၊ ဒီ ဟဒယဝတ္ထုပေါ်ကို (မှန်ပါ့)၊ ဒီ ဉာဏ်လောက်နဲ့ မရဘူး (မှန်ပါ့)။
ဘာဖြစ်လို့တုံး ဒီဉာဏ်ဟာ နိုင်တော့နိုင်ရဲ့ ခဏယာယီနိုင်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ)၊ ဒီ့ထက်ကြီးတဲ့ဉာဏ် မလွှတ်ရဘူးလား (လွှတ်ရပါမယ် ဘုရား)။
ဒီ့ထက် ထက်တဲ့ဉာဏ်ဓားကို လွှတ်လိုက်ရလို့ရှိရင်ဖြင့် တဲ့ ကျုပ်တို့နေရာကျမယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာကိုယ်ကြီးက ပြောင်းပြန်တယ်၊ ရွှေ့ပြန်တယ် ဟုတ်လား၊ ပူပြန်တယ် အိုက်ပြန်တယ် ဆိုတာ ခန္ဓာသဘော သစ္စသဘော သူပြောတာ (မှန်ပါ့)။
ကျုပ်ဟာ ဒုက္ခပါပဲ၊ ခင်ဗျားတို့လည်း မလိမ်ပါဘူး- သစ္စာပါ၊ ခန္ဓာက မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ခန္ဓာက လိမ်တယ်လို့ရှိသေးလား (မရှိပါ ဘုရား)။
မရှိပါဘူးတဲ့၊ ခန္ဓာက ပြောင်းချင်တယ် ဆိုကတည်းက ဒုက္ခသဘော သူမပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဒုက္ခရောက်လို့ပါ ဟုတ်လား (မှန်ပါ့)၊ အဟုတ် ရောက်တာလား လို့ မေးနေဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ သူကိုယ်တိုင်က သစ္စာပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒုက္ခရောက်တဲ့အချိန်မှာ ဘယ်သဘောနဲ့ ပြောင်းချင်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် တဲ့ အမှန် သဘော ပြောင်းချင်တာပါ၊ ပြတ်တယ် ပြတ်တယ် ပြောင်းချင်တဲ့သဘော မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
ပြတ်တယ် ပြတ်တယ် ပြောင်းချင်တာလား- အမှန်ပြောင်းချင်တာလား (အမှန်ပြောင်းချင်တာပါ ဘုရား)။
ဒါဖြင့် ဒုက္ခအမှန်မို့ ပြောင်းချင်တာ (မှန်ပါ့)၊ ဟာ လူကြားကောင်းအောင် လူကြည့်ကောင်းအောင် ပြောင်းလိုက်ဦးမယ်ဆိုတဲ့ အပြောင်းလား (မဟုတ်ပါ ဘုရား)၊ ဒုက္ခအမှန်မို့ (ပြောင်းတာပါ ဘုရား)။
ဒုက္ခအမှန်မို့ ပြောင်းတယ်ဆိုတော့ ဒုက္ခက-ဒုက္ခ၊ အမှန်က သစ္စာ (မှန်ပါ့)၊ ကိုဝ ရိပ်မိပလား (ရိပ်မိပါ ပြီ)။
ဒါဖြင့် ခင်ဗျားတို့ ပြောင်းတိုင်း ပြောင်းတိုင်း ငါ ဒုက္ခအမှန်ပဲလို့ သိပေး (မှန်ပါ့)၊ ခန္ဓာက-ဒုက္ခ အမှန်၊ သိတာက ဉာဏ်၊ သဘောကျပလား (ကျပါပြီ)။
ခန္ဓာက (ဒုက္ခအမှန်ပါ)၊ သိတာက (ဉာဏ်)၊ ဒါဖြင့် သူသည် အမှန်ကိုသိတဲ့ဉာဏ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာတဲ့ (အမှန်သိတဲ့ဉာဏ်ပါ ဘုရား)၊ အမှန်ကိုသိတဲ့ဉာဏ်ဆိုတာ ကောင်းကောင်းရှင်းသွားတော့ အင်း ဒါအမှန်ဆိုတာ သစ္စာပဲဟေ့၊ သဘောပါပလား (ပါပါပြီ)။
သစ္စဉာဏ်
ဒါဖြင့် အမှန်ကိုသိတဲ့ဉာဏ်က လာတော့ အမှန်က သစ္စာ၊ ဉာဏ်ကသိတာဆိုတော့ သစ္စဉာဏ် (မှန်ပါ့ ပေါ်ပါ ပြီ)။
ဘယ်လိုပေါ်ကြပါလိမ့် (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စဉာဏ် ပေါ်သွားတယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)၊ မနေ့ကထက် အကျယ်ချဲ့ပြီးသကာလ ကိုပေါ် ကိုဝ ပြောနေတယ် (မှန်ပါ့)။
ဒါဖြင့် ပြောင်းတိုင်း ပြောင်းတိုင်း သူက ဒုက္ခအမှန် လို့ ခင်ဗျားတို့သည်ကား လို့ဆိုလို့ရှိရင် သူ့ ခင်တဲ့ပုဂ္ဂိုလ်ဟာ ပြောင်းပေးချင်တာ မလာဘူးလား (လာပါတယ် ဘုရား)။
အင်း ပြောင်းပေးချင်တာကလေးကလည်း ဘယ့်နှယ်ကြောင့် ပြောင်းပေးချင်တာတုံးလို့ သူမေးလို့ရှိရင် ဖြင့် ခင်လို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
မင်းဟာ ခင်တာ အမှန်ပဲလား ဆိုတော့ ပြောင်းချင်တဲ့သဘောကလေးကို ဒကာ ဒကာမတို့က ကိုယ့်ကိုယ် ကိုယ်ခင်တော့ ပြောင်းချင်တဲ့ သဘောကလည်း ဝမ်းထဲ မလာဘူးလား (လာပါတယ် ဘုရား)။
ပြောင်းချင်တဲ့သဘောကလေးက ဝမ်းထဲကလာတဲ့အခါကျလို့ရှိရင်ဖြင့် ခင်တာက သမုဒယ ဟုတ်လား (မှန်ပါ့)၊ အမှန်ပြောင်းချင်တာလား ဟုတ်လား ၊ ပြတ်တယ် ပြတ်တယ် ပြောင်းချင်တာလား (အမှန် ပြောင်းချင်တာပါ ဘုရား)။
ဒါဖြင့် ပြောင်းချင်တဲ့ သဘောကလေးက သမုဒယအမှန်၊ သဘောကျပလား (ကျပါပြီ)၊ ခန္ဓာက ဒကာ ဒကာမတို့ ဒုက္ခအမှန် (မှန်ပါ့)။
ပြောင်းချင်တဲ့သဘောက (သမုဒယ အမှန်ပါ)၊ ခင်လို့ပြောင်းတာ (မှန်ပါ့)။
ဒီလိုထားလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းချည့်ရဲ့ဆိုတော့ ခင်ဗျားတို့ မခင်ပဲနဲ့ ပြောင်းတာလား ခင်လို့ ပြောင်းတာလား (ခင်လို့ ပြောင်းတာပါ ဘုရား)၊ ဒါဖြင့် ခင်တာလည်း အမှန်ပဲ မဟုတ်လား (မှန်ပါ့)။
အဲဒီတော့ ခင်တာ အမှန်လာလို့ရှိရင် နောက်ဉာဏ်ကနေပြီး ဒါခင်တာအမှန်ပဲလို့ သိပေး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။
အဲဒါက သမုဒယသစ္စာကို သိတဲ့ သစ္စဉာဏ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ခင်တာ အမှန်ကိုလည်း သိရမယ် (မှန်ပါ့)၊ ဆင်းရဲတာအမှန်ကိုလည်း (သိရပါမယ်)၊ ဒါ နှစ်ချက် သိပြီ နော် (မှန်ပါ့ ဘုရား)။
ခင်တာအမှန်ကိုလည်း (သိရပါမယ်)၊ ဆင်းရဲတာ အမှန်ကိုလည်း (သိရပါမယ် ဘုရား)။
သေသေချာချာ ရှင်းကြပါ၊ သေသေချာချာ ရှင်းကြပါ၊ ဒီဥစ္စာ သာမည ပြောနေတဲ့တရားလို့ ဒကာကြီးလှိုင် မယူနဲ့နော် (မှန်ပါ့)။
ခန္ဓာထဲမှာ ဒီဉာဏ်ကလေး ပြန်ပြန်ကိန်းအောင် လုပ်နေတယ် (မှန်ပါ့)၊ ဆင်းရဲတာ အမှန်လို့ သိပြန်တော့ လည်း ဉာဏ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ပြောင်းချင်တာ အမှန်ဆိုပြန်ရင်ကော (ဉာဏ်ရောက်ပါတယ် ဘုရား)။
ဉာဏ်ရောက်သွားတော့ ဪ သူသည် ဒုက္ခသစ္စာကိုလည်း အမှန်သိတယ် (မှန်ပါ့)၊ သမုဒယသစ္စာကို လည်း (အမှန်သိပါတယ် ဘုရား)။
အမှန်သိသွားတော့ ဝမ်းထဲမှာ အမှန် ဘယ်နှစ်ချက်ရောက်သွားသတုံး (နှစ်ချက်ရောက်သွားပါတယ် ဘုရား)၊ နှစ်ချက်ရောက်သွားပြီဆိုတော့ ဪ သစ္စဉာဏ် နှစ်ချက်ရောက်ပြီ (မှန်ပါ့ ဘုရား)။
ကိုဝ ဘယ်နှစ်ချက် ရောက်သွားပလဲ (နှစ်ချက်ရောက်သွားပါပြီ ဘုရား)။
ဒုက္ခသိတဲ့ သစ္စဉာဏ် အမှန်တစ်ချက် (မှန်ပါ့)၊ သမုဒယသိတဲ့ (သစ္စဉာဏ် အမှန်တစ်ချက်)၊ သစ္စဉာဏ် အမှန်နှစ်ချက် မရသေးဘူးလား (ရပါတယ် ဘုရား)။
ဪ ဒီလိုသိရမှာပါကလား ၊ စာသိနဲ့တော့ ဝေးပါသေးရဲ့ (မှန်ပါ့)။
စာသိနဲ့တော့ ဝေးပါသေးရဲ့ ခန္ဓာက ပေါ်တဲ့အချိန် သိရမယ် (မှန်ပါ့)၊ မောင်နိုင် ဘယ်အချိန်တုံး (ခန္ဓာက ပေါ်တဲ့အချိန် သိရပါမယ်ဘုရား)။
ခန္ဓာက ပေါ်တဲ့အချိန် သိရမယ်ဆိုတာဖြင့် ယနေ့ ရှင်းရှင်းလင်းလင်းမှတ်ပါ (မှန်ပါ့)။
သိလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ နဂိုကလည်း ခန္ဓာထဲက ဖြူစင်နေတော့ ခန္ဓာထဲမှာ ဖြူစင်နေ တဲ့အချိန်မှာ ဒီအမှန်တရားကလေးဟာ သိတဲ့ဉာဏ်မှန် ကလေးသည်ကားလို့ဆိုရင် ဟဒယဝတ္ထုပေါ်မှာ ဘယ်အချိန် မဆို သွားစွဲတာပဲ (မှန်ပါ့)၊ မစွဲဘူးလား (စွဲပါတယ် ဘုရား)။
မဂ်ပေါ်တာပါကလား
အဲဒီသွားစွဲတဲ့ ဉာဏ်ကလေးဟာကတော့ ဪ ဒီဉာဏ်ကလေးဟာ နောက်ကနေပြီး တွေးလိုက်တဲ့အခါ ကျတော့ ဪ ဒါ ဘာပါလိမ့်မတုံးဆိုလို့ရှိရင် မဂ်ပေါ်တာပါကလား (မှန်ပါ့)။
ဒါကလေးဟာ ဘာပါလိမ့် (မဂ်ပေါ်တာပါ)၊ မဂ်ပေါ်လာတာ (မှန်ပါ့)။
ဦးဘကလေး ဘာပေါ်လာတာတုံး (မဂ်ပေါ်လာတာပါ)၊ မဂ်ပေါ်လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရှေးက ဒီလို မဂ်မှမပေါ်ပဲကိုး (မှန်ပါ့)၊ အခုတော့ မဂ်ပေါ်လာတာ (မှန်ပါ့)။
ဆင်းရဲတာ အမှန်သိ၍ ဉာဏ်ကလေးကလည်း ဟဒယဝတ္ထုပေါ် ရောက်ပြီ (မှန်ပါ့)၊ မဂ်ပေါ်လာတာ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ပြောင်းချင်တာ အမှန်ကိုသိတဲ့ ဉာဏ်ကလေးကလည်း (မဂ်ပေါ်တာပါ)၊ ဟဒယဝတ္ထုပေါ် ရောက်တယ်၊ အဲဒီ ရောက်တဲ့ အမှန်ကလေးကတော့ ဘာသစ္စာတုံး မဂ္ဂသစ္စာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီအမှန်ကလေးရောက်တာကိုလည်း နောက်ဉာဏ်နဲ့ သိပေးရမယ် (မှန်ပါ့)။
ဒါ ဘုန်းကြီးက စကားတတ်, ပညာတတ်လို့ တန်ဆာဆင်ပြောတာ မဟုတ်ဘူး။ နောက် ပါဠိကိုးပြလိမ့်မယ်၊ ပါဠိထွက်လာလိမ့်မယ် ဒီဥစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အခု သစ္စာ ဘယ်နှစ်ချက်သိသွားပလဲ (သုံးချက်သိသွားပါပြီ ဘုရား)၊ ဆင်းရဲတာ အမှန်ကိုလည်း သိရမယ် (မှန်ပါ့)၊ ခင်တာ အမှန်ကို (သိရပါမယ် ဘုရား)။
ဒါဖြင့် ဆင်းရဲတာ အမှန်ဆိုတဲ့ဥစ္စာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ခင်တာ အမှန်က (သမုဒယသစ္စာပါ)၊ ဒါ နှစ်ခုကိုသိတာက (မဂ္ဂသစ္စာပါ)။
ခင်ဗျားတို့သန္တာန် မဂ်မရောက်ပါနဲ့ဆိုလို့ ကိုဝ ရကိုမရဘူး (မရပါဘုရား)။
ဒါကြောင့် ဒီတရားမျိုးကို နာရမှ ဪ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်ဆိုတာက ဟဒယဝတ္ထုပေါ် ဖြူပြီးသားအပေါ်မှာ ဉာဏ်ချည်း သွားကိန်းတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကယ်မည့်, ယူမည့်သဘော ဘယ်သူပါလိမ့်မတုံးဆိုတာ မဂ္ဂင်ပဲ (မှန်ပါ့)၊ မဂ်ဉာဏ်ပဲ ဒကာ ဒကာမတို့ တခြားသော တရား ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
နဂိုတုန်းက အပါယ်ရောက်အောင် လုပ်နေတာတွေ ဟဒယဝတ္ထုပေါ် အမည်းက အညစ်အကြေးက ရောက် အောင် လုပ်နေတာ (မှန်ပါ့)၊ အခု နိဗ္ဗာန်ရောက်အောင် ပို့မှာတော့ အဖြူကပို့မှာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူက ပို့မယ်ထင်သတုံး (အဖြူက ပို့ပါမယ်)၊ အဖြူက ပို့မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဪ နဂိုတုန်းက အမည်းကလေးတွေ တို့အိမ်ကလာတုန်းက သားတွေ ခွဲလာခဲ့ရ၊ သမီး တွေ ခွဲလာခဲ့ရ၊ ဆေးလိပ်ကလေး သောက်ချင်တဲ့စိတ်နဲ့ လမ်းမှာ ညောင်းတာကလေးတွေကိုအင်း တရားမို့သာ လာရ တယ်ဟေ့၊ မလွယ်ဘူး မိုးရေထဲမှာဆိုတဲ့ စိတ်ပျက်လုံးကလေးတွေဆိုတဲ့ သမုဒယကလေးတွေ အခုအချိန်မှာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ခုနက ဉာဏ်ရောက်နေတဲ့အချိန်မှာ (မရှိပါ ဘုရား)။
အဲဒီ သမုဒယ ချုပ်တာကလေးကလည်း ဪ အခုအချိန်မှာ သမုဒယ ချုပ်နေတာပါကလားဆိုပြီးသ ကာလ မဖြစ်ပဲနဲ့ ချုပ်နေတဲ့သဘောက နိရောဓသစ္စာ (မှန်ပါ့)။
မဖြစ်ပဲနဲ့ ချုပ်နေတဲ့သဘောက (နိရောဓသစ္စာပါ ဘုရား)။
သစ္စာလေးပါး ပြည့်သွားပြီ
အဲဒီလိုသိတာ မှတ်လိုက်ကြစမ်းပါ ဒကာ ဒကာမတို့တဲ့ ဒီအချိန်မှာ သစ္စာလေးပါးသိတဲ့ သစ္စဉာဏ်ရပါ တယ် (မှန်ပါ့ ဘုရား)။
သစ္စာလေးပါး ပြည့်သွားပြီ (မှန်ပါ့)၊ မပြည့်သေးဘူးလား (ပြည့်ပါပြီ ဘုရား)။
သစ္စာလေးပါးသိတာ ဘာတဲ့ (သစ္စဉာဏ် ရပါပြီဘုရား)။
ဒါဖြင့် ဆင်းရဲတာအမှန်ကို သိတာက ဆင်းရဲတာအမှန်က ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ခင်တာ အမှန်ကို သိတာက ခင်တာ အမှန်က (သမုဒယသစ္စာ)၊ သိတာက (မဂ္ဂသစ္စာပါ)၊ သဘောကျ ပြီနော် (ကျပါပြီ ဘုရား)။
ရှေးက ခင်တာတွေဟာ ရှိတယ်၊ အခု အချိန်တော့ဖြင့် ခင်လုံးတွေ မရှိဘူး တို့သိသွားတဲ့ ဥစ္စာကလည်း ခင်လုံးတွေ အခုအချိန်မှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ ခင်လုံးချုပ်သွားတာက ဘာသစ္စာတုံး (နိရောဓ သစ္စာပါ ဘုရား)။
အဲဒါသိလိုက်တာက (မဂ္ဂသစ္စာပါ ဘုရား)။
တစ်ခါတည်း ဒကာ ဒကာမတွေမှာတဲ့ သစ္စာလေးပါးကို တစ်ပြိုင်နက် ဉာဏ်က သိသွားတယ် (မှန်ပါ့)၊ ဉာဏ်ကသိသွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သို့သော်လည်းတဲ့ ဒီဟာ သစ္စဉာဏ်ဖြစ်နေတော့ ဉာဏ်ဓားတုံးသေးတယ်လို့ မောင်နိုင်က မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘာတဲ့တုံး (ဉာဏ်ဓားတုံးပါသေးတယ် ဘုရား)။
ဉာဏ်ဓား တုံးသေးတော့ ဒကာ ဒကာမတို့ အဆုံးကျအောင် သူမနိုင်သေးဘူး (မှန်ပါ့)။
ဒါကြောင့် ပဋိသမ္ဘိဒါမဂ်က “ဧတ္ထ ဣဒံ ဒုက္ခံ ဣဒံ ဒုက္ခသမုဒယံ ဣဒံ ဒုက္ခနိရောဓံ ဣဒံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါတိ ယထာဘူတံ ဉာဏံ သစ္စဉာဏံ နာမ”၊ ယထာဘူတံ=ဟုတ်ကိုင်းမှန်စွာ ခန္ဓာထဲမှာ ဆင်းရဲတာ အမှန်ကို လည်း ခန္ဓာထဲကပဲ သိရမယ် (မှန်ပါ့)၊ စာသိ,သိနေလို့တော့ မရဘူးကွ (မှန်ပါ့)၊ ယထာဘူတ ပါနေတာကိုး (မှန်ပါ့)။
”ဣဒံ ဒုက္ခနိရောဓံ ဣဒံ ဒုက္ခနိရောမ ဂါမိနိ ပဋိပဒါတိ အရိယသစ္စံ ယထာဘူတဉာဏံ သစ္စဉာဏံ နာမ” ယထာဘူတ ထည့်ဦးကွတဲ့၊ ဒီအကိုးအကားကို စာထဲ ရေးထားတာလောက် မယူနဲ့တဲ့၊ မင်းတို့သန္တာန် ပေါ်တုန်းကို သိဖို့ အရေးကြီးတယ် (မှန်ပါ့)။
အခုဟာ ပြောနေတာက ပေါ်တုန်းပြောနေတာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ပြောင်းတယ်ဆိုလို့ရှိရင်ဖြင့် ဆင်းရဲတာ အမှန်ပဲ (မှန်ပါ့)၊ မသိဘူးလား (သိပါတယ်)၊ အဲဒီပေါ်တုန်း သိတယ် (မှန်ပါ့)၊ ဒါ ဟုတ်တိုင်းမှန်စွာ သိတာ (မှန်ပါ့ ဘုရား)။
စာမှာသိတာက မှတ်ထားတာ သိတာ (မှန်ပါ့)၊ မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဟုတ်တိုင်းမှန်စွာ ဆင်းရဲတုန်းကို သိလိုက်တယ်
ဒါက ဘာဉာဏ်တုံးလို့ မေးတော့ ယထာဘူတ ဟုတ်တိုင်းမှန်စွာ ဆင်းရဲတုန်းကို သိလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်အချိန် သိလိုက်တာတုံး (ဆင်းရဲတုန်းကို သိလိုက်ပါတယ်)၊ ဆင်းရဲတုန်းကို သိရမယ်၊ သဘောပါကြလား (ပါပါပြီ ဘုရား)။
တစ်ခါပြောချင်တဲ့ သဘောကလေးကလည်းတဲ့ ဒကာ ဒကာမတို့ တဏှာသမုဒယကလေး မဟုတ် ဘူးလားဗျာ (မှန်ပါ့)၊ ဟ ဘယ့်နှယ်ကြောင့်တုံးလို့ဆိုတော့ ဪ ခင်လွန်းလို့ပေါ့ ဘုရား (မှန်ပါ့)။
အဲဒီ ခင်တာ အမှန်ကလေးကိုလည်း ခင်ဗျားတို့က ဘာလုပ်ရမလဲ (သိရပါမယ် ဘုရား)။
ဒါဖြင့် ခင်တာ အမှန်က ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ)၊ နေရာကျပြီ (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတွေတဲ့ ခင်တာ အမှန်ကလေးလည်း သိသွားပြီတဲ့ အခု သိတဲ့အချိန်မှာ ခင်တတ်တဲ့သဘောကလေးဟာက မဂ်ဉာဏ်လာတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတော့ ခင်တဲ့သဘောကလေး ချုပ်သွားတာကိုလည်း သိရဦးမယ် (မှန်ပါ့)၊ အဲဒီချုပ်သွားတာကလေးက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)၊ အဲ ချုပ်မှန်းသိတာကလေးက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် သစ္စာလေးပါးကို ခင်ဗျားတို့ သစ္စဉာဏ်နဲ့ သိပါပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သစ္စာလေးပါး မသိသေးဘူးလား (သိပါပြီ ဘုရား)၊ ဒါ ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား)။
အဲဒီတော့ စာဖတ်တာနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ် အတွေ့နဲ့ ကိုပေါ် ကိုဝ အတော်ခြားနားတယ် (ခြားနား ပါတယ် ဘုရား)။
စာဖတ်တာက ဟဒယဝတ္ထုပေါ် ဖတ်တာမှမဟုတ်ဘဲ (မှန်ပါ့)၊ ဟဒယဝတ္ထုပေါ် ကိလေသာ အညစ်အကြေးနဲ့ ငါသူများ မော်ရအောင်, ကြွားရအောင်, လူပုံအလယ်မှာ ပြောရအောင်ဆိုပြီး ဟန်နဲ့ ဖတ်ချင် ဖတ်နေတာ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။
ကြွားလုံး, ဝါလုံးကို အလိုရှိလို့ ဖတ်ချင်ဖတ်နေတော့ အညစ်အကြေးနဲ့ ဖတ်နေတာ (မှန်ပါ့)။
ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ ဒီလိုတော့ မဖြစ်နိုင်ဘူးတဲ့ ၊ ဒါတော့ဖြင့် အညစ်အကြေး ဖြူတုန်း ကို သစ္စာသွင်းရမယ်ဆိုတာကိုး (မှန်ပါ့)၊ သူ့ဟာက အညစ်အကြေးနဲ့ သစ္စာရှာနေတာ (မှန်ပါ့)။
အဲဒီတော့ သစ္စာအစစ် တွေ့ပါ့မလား (မတွေ့ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တော်တော်ကြာ ထပ်တောင်ငြင်းသေးတယ် ငါပြောတာ မဟုတ်ရမလား ဆိုတော့ အညစ်အကြေးထူရတဲ့ အထဲ ထပ်ပြီးငြင်းပြန်တော့ ကိုဝ ဒီ့ထက်ဆိုးသွားတယ် (မှန်ပါ့ ဘုရား)။
ကြေးဖလား ဈေးကဝယ်လာပြီးသကာလ ဖုန်တွေထဲ ထိုးထားတော့ ညစ်သထက် ညစ်တာပေါ့ (မှန်ပါ့)၊ ဒီလို မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒီနေ့ ဘယ်ဉာဏ်ရပါလိမ့်
ဒါဖြင့် ဒီနေ့ ဘယ်ဉာဏ်ရပါလိမ့် (သစ္စဉာဏ် ရပါတယ်ဘုရား)၊ အဲ သစ္စဉာဏ်ဟာ အခုပြောင်းတိုင်း ပြောင်းတိုင်း ခင်ဗျားတို့ လေးဉာဏ် လေးဉာဏ် ရ,ရမယ် (မှန်ပါ့)။
ဣရိယာပုတ် ပြောင်းတိုင်း ပြောင်းတိုင်း (လေးဉာဏ် ရ,ရပါမယ် ဘုရား)။
အထည်ကြီးက ဒုက္ခသစ္စာ (မှန်ပါ့)၊ ပြောင်းချင်တဲ့သဘောက (သမုဒယသစ္စာပါ ဘုရား)၊ ပြောင်းမှန်းသိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ပြောင်းမှန်းသိလို့ သမုဒယချုပ်သွားတာက (နိရောဓသစ္စာပါ)။
ဒီလို ဒီလို သိပေးလို့ရှိရင်ဖြင့် ဒီအသိလေးချက်ဟာ ခန္ဓာကိုယ်ထဲမှာ တစ်ခါတည်း ဖြူနေတုန်းကို သွား ပြီး ဆေးစွဲတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဆေးစွဲတော့ ဒကာ ဒကာမတို့ သစ္စဉာဏ်က ဆေးစွဲပြီ (မှန်ပါ့)။
မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်ဉာဏ်က ဆေးစွဲပါလိမ့် (သစ္စဉာဏ်က ဆေးစွဲပါတယ် ဘုရား)။
အဲ သစ္စဉာဏ်က ဆေးစွဲပြီနော် ဘာကြောင့်တုံးဆိုတော့ စိတ်တွေဟာ ဘဝင်စိတ်ပဲ နဂိုက အခံရှိနေ တယ်၊ ဘဝင်စိတ်ပေါ်မှာ မဂ္ဂသစ္စာပဲ သွားပြီး ဆေးစွဲတယ် (မှန်ပါ့)။
ဘဝင်စိတ်ဆိုတာ ပင်ကိုက ဖြူစင်နေပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ အိပ်တဲ့စိတ်ပါ၊ အိပ်တဲ့စိတ်ဟာ ကိုဝ မဖြူစင်ဘူးလား (ဖြူစင်ပါတယ် ဘုရား)။
အိပ်ပျော်နေတဲ့ ဘဝင်စိတ်ဟာ ဒကာ ဒကာမတို့ သူဟာ ရှူမှု ရှိုက်မှုအလုပ်ပဲ လုပ်တယ် (မှန်ပါ့)၊ ထမင်းစား ချင်တဲ့သဘော လာသေးလား (မလာပါ ဘုရား)၊ သူတစ်ပါး ငဲ့ချင်စောင်းချင်တဲ့သဘော (မလာပါ ဘုရား)။
ဒါဖြင့် အဲဒီရှူတဲ့ ရှိုက်တဲ့စိတ်ဟာ အိပ်တဲ့ ဘဝင်စိတ်က လုပ်နေတော့ ကိုဝ ဖြူ မဖြူ (ဖြူပါတယ် ဘုရား)၊ လောဘ, ဒေါသ, မောဟ အညစ်အကြေး လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲဒီဖြူတဲ့အချိန်မှာ ဆေးဆိုးပါ (မှန်ပါ့)၊ ဖြူတဲ့အချိန်မှာ သစ္စဉာဏ်သွင်းပေး (မှန်ပါ့)။
ဒါဖြင့် ဖြူနေတုန်းကို ဉာဏ်နဲ့ဆေးဆိုး (မှန်ပါ့)။
မောင်နိုင် ဘယ်အချိန်မှာတုံး (ဖြူတဲ့အချိန်မှာ ဆေးဆိုးရပါမယ်ဘုရား)၊ ဖြူတဲ့အချိန်မှာ ဉာဏ်နဲ့ ဆေးဆိုး ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲ တစ်ခေါက် ပြန်ပြောပါဦးမယ်တဲ့ ၊ ခင်ဗျားတို့လည်း ထမင်းဆာလာတယ် ဆိုကြပါစို့ (မှန်ပါ့)။
ထမင်းဆာလာတော့ ထမင်းဆာလာတာ သုခလား ဒုက္ခလားလို့ ကိုပေါ် မေးနေဖို့ မလိုပါဘူး (မလိုပါ ဘုရား)။
ဆာလောင်မွတ်သိပ်တဲ့ ဒုက္ခပဲ (မှန်ပါ့)၊ ဪ ဒါကလေးဟာ ခန္ဓာကိုယ်ထဲက ဘာသစ္စာပြသတုံး (ဒုက္ခ သစ္စာ ပြပါတယ်ဘုရား)။
အဲ ဆာပြန်လို့ရှိရင် ဪ ဒုက္ခသစ္စာပြပြန်ပြီဆို တဲ့ ဉာဏ်ကလေးနောက်ကလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဆာတဲ့ရုပ်ကလေးဟာက တစ်ခါတည်း ညှိုးနွမ်းမလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒီ့ညှိုးနွမ်းတဲ့ ရုပ်ကလေး သည်ကားလို့ဆိုရင် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာပဲဆိုပြီးသကာလ သူက ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက ဒီအချိန်မှာ ဆာပြီးသည်နဲ့တစ်ပြိုင်နက်တည်း ကျွေးဦးမှဆိုတဲ့ သမုဒယသစ္စာ လာလည်း မြန်မြန်သိအောင်လုပ်ပေး (မှန်ပါ့)။
ကျွေးဦးမှ ထင်ပါရဲ့ဆိုတော့ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။
ဒါဖြင့် ငါ့မှာ သမုဒယသစ္စာ လာပြန်ပြီလို့ မဂ်က သိပေး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သစ္စာ ဘယ်နှစ်ပါး ပိုင်သွားသလဲ (နှစ်ပါးပိုင်သွားပါပြီ ဘုရား)။
သိနေတဲ့ အခိုက်အတန့်မှာပဲတဲ့၊ သိနေတဲ့ အချိန်ကလေးဟာ ဆာလောင်မွတ်သိပ်တဲ့ စိတ်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဟာဒါကလေးဟာ ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာကိုလည်း သိပေးပါနော် ဪ ဆာလောင်မွတ်သိပ်တဲ့ စိတ်ချုပ်သွားပြီလို့ သိပေး (မှန်ပါ့)။
အဲဒီလိုသိပေးတာက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ၊ ချုပ်သွားတာက နိရောဓသစ္စာ၊ သိတာ က မဂ္ဂသစ္စာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဟာ ခင်ဗျားတို့ ဣရိယာပုတ် တစ်ခုတစ်ခုပေါ်တိုင်း၊ ပေါ်တိုင်းပေါ့ဗျာ (မှန်ပါ့)၊ သိနေမယ်ဆိုလို့ရှိရင် သစ္စာလေးချက်ကို ပေါ်တိုင်းပေါ်တိုင်း သိတယ် (မှန်ပါ့)။
ပေါ်တိုင်းပေါ်တိုင်းသိတော့ ဒါ သစ္စာကို သိနေသောကြောင့် ဘာဉာဏ်ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စာကို သိနေသောကြောင့် (သစ္စဉာဏ်ပါ ဘုရား)။
ကိစ္စဉာဏ်ကို မတက်နိုင်ဘူး ဒကာ ဒကာမတို့ သစ္စာ သေချာအောင် ပြောနေရတာနဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သစ္စာက ပေါ်တိုင်းပေါ်တိုင်း သိမှသာလျှင် သစ္စဉာဏ်ဖြစ်မှာကိုးဗျ (မှန်ပါ့)၊ စာထဲရှိတာကို သိနေလို့ သစ္စဉာဏ်က (မဖြစ်ပါ ဘုရား)။
စာထဲမှာ ဒုက္ခသစ္စာ ရှိသလား
ဒါဖြင့် စာထဲမှာ ဒုက္ခသစ္စာ ရှိသလား (မရှိပါ ဘုရား)၊ စာထဲမှာ သမုဒယသစ္စာ ရှိသလား (မရှိပါ ဘုရား)၊ စာထဲမှာ နိရောဓသစ္စာ ရှိသလား (မရှိပါ ဘုရား)၊ စာထဲမှာ မဂ္ဂသစ္စာ ရှိသလား (မရှိပါ ဘုရား)။
မရှိပါဘူး၊ ရှိတာ ဘာတွေတုံး ဆိုတော့ မှတ်တမ်းတွေပဲ ရှိလိမ့်မယ်၊ သစ္စာအမှန်တွေတော့ မရှိဘူး (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ဒုက္ခသစ္စာ အမူအရာ ပြောင်းတိုင်းပြောင်းတိုင်း ခင်ဗျားတို့ သိပေးနေလို့ ရှိရင်ဖြင့် ဒါ သစ္စဉာဏ် ဧကန်ရတာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဉာဏ်ကတော့ဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာ ပေါ်တိုင်း သိပြန်လည်း မဂ္ဂသစ္စာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာ ပေါ်တိုင်း သိပြန်ကော (မဂ္ဂသစ္စာပါ ဘုရား)၊ အဲ သစ္စာလေးပါး မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား)။
ချုပ်တိုင်းသိတာက- ချုပ်တာက နိရောဓသစ္စာ သိတာက မဂ္ဂသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီလိုသိတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စဉာဏ်ပဲ ရှိသေးတယ် (မှန်ပါ့)၊ ကိစ္စဉာဏ် အလုပ်ကို မလုပ်ရသေးဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။