11206

မာတိကာသို့

ပုဂ္ဂိုလ်လေးမျိုးဖြင့် ဝေဖန်ပြောကြားခြင်း

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်မြို့ မင်္ဂလာတိုက်

ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော

(ပုဂ္ဂိုလ်လေးမျိုးဖြင့် ဝေဖန်ပြောကြားခြင်း)ညအလုပ်ပေး တရားတော်

(၂၇-၆-၆၁)

ပါးတာလား ထူတာလား

ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ပါးဖို့ အရေးကြီးတယ်ဆိုတာ မှတ်ရမယ်နော် (မှန်ပါ့)။

ကိုယ့်ကိုယ်အတွက် ကိုယ်ပါးဖို့ အရေးကြီးတယ် လို့ ကိုပေါ် ဘယ်သူ့အတွက် ပါးဖို့လဲ (ကိုယ့် ကိုယ်အတွက် ပါးဖို့ပါဘုရား)။

ကိုယ့်ကိုယ်အတွက် ပါးဖို့ အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ ၊ ဒကာကြီးလှိုင် (မှတ် ထားပါတယ် ဘုရား)။

သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေ ကျွေးဖို့ လူပုံအလယ်မှာ လည်လည်ပတ်ပတ်နဲ့ ရောင်းဝယ်ဖောက်ကား ပြီး သကာလ ပါးတာက သူများအတွက် ပါးတာနော် (မှန်ပါ့)၊ ကိုယ့်ကိုယ်အတွက် ပါးဖို့က ပိုမိုအရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုယ့်ကိုယ်အတွက် ပါးဖို့ကမှ၊ ကိုယ့်ကိလေသာပါးအောင်ဆိုတဲ့ အရေးကမှ ကိုယ့်ထွက်ရပ်လမ်း ချမ်းသာအရေး ကိုဗျ (မှန်ပါ့)။

လူပုံအလယ်မှာ သားတွေ, သမီးတွေ ကျွေးဖို့ မွေးဖို့ အရောင်းအဝယ် လည်လည်ပတ်ပတ်နဲ့ ပါးနပ်ပြီး သကာလ နေတဲ့သဘောက ဒါအပါးစစ်လားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ထူတာပါပဲလို့ ဒကာကြီးလှိုင် အပြစ် တင်လိုက် (မှန်ပါ့ ဘုရား)။

ပါးတာလား ထူတာလား (ထူတာပါ ဘုရား)။

သို့သော်လည်း ခင်ဗျားတို့ လောကမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ပါးနပ်လို့ တော်ပါပေတယ်၊ ဒီသား, ဒီသမီးတွေ ဝအောင်, လှအောင် ကျွေးနိုင်, မွေးနိုင်ပါပေတယ်လို့ ကိုပေါ်တို့က မြှောက်ချင်လည်း မြှောက်တာ (မှန် ပါ့)။

အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပါးဖို့ အရေးကြီးပါတယ်၊ သားတွေ သမီးတွေ, ဆွေတွေ, မျိုးတွေအတွက် ပါးဖို့ နပ်ဖို့ကို ဒါလောက် အရေးမကြီးပါဘူး (မှန်ပါ့)၊ ဒီဟာတွေက ထူတဲ့သဘောပဲ သက်ရောက်ပါတယ်လို့ ဒကာကြီး လှိုင် ပြောလိုက်ပါတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်အတွက် ကိလေသာပါးဖို့က (အရေးကြီးပါတယ် ဘုရား)၊ အရေးကြီးတယ်လို့ဆိုတာ မှတ်ပါနော် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒါ ဘုန်းကြီးက ဟောတယ်လို့ ဒကာ ဒကာမတွေက မယူပါနဲ့နော် (မှန်ပါ့)၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ အရှင်သာရိပုတ္တရာကြီး သီတင်းသုံးပြီးနေတော့ ရဟန်းတွေကလည်း အရှင်သာရိပုတ္တရာ ၏ တရားနာချင်ကြတယ်၊ အရှင်မောဂ္ဂလ္လာန်ကြီးကလည်း နာချင်တယ်။

ဒီကဲ့သို့ နာချင်ကြတာနဲ့ အရှင်သာရိပုတ္တရာကြီးက ကိုပေါ် တရားဟောတယ်နော် (မှန်ပါ့)၊ ကွာ တဲ့ လောကကြီးထဲမှာ လူလေးယောက်ရှိတယ်ဟေ့ လို့ စ,လိုက်တယ်နော် (မှန်ပါ့ ဘုရား)။

လူလေးယောက်ရှိတယ်

လောကကြီးထဲမှာ လူလေးယောက်ရှိတယ်လို့ ကိုမြင့် စ,လိုက်တယ် (မှန်ပါ့)၊ လေးယောက် ဘယ်သူ, ဘယ်သူ တုံးလို့ မေးတဲ့အခါကျတော့ ကိလေသာရှိလျက်သားနဲ့ ကိလေသာအညစ်အကြေး ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဟေ့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး ဒကာ ဒကာမတို့ (ကိလေသာ အညစ်အကြေး ရှိလျက်သားနဲ့ ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ ဘုရား)။

ဒကာကြီးလှိုင် မှတ်ထားနော် (မှန်ပါ့)၊ အရှင်သာရိပုတ္တရာကြီးက ဟောနေတယ်၊ ဒကာ ဒကာမတို့ အရှင် သာရိပုတ္တရာ ဟောနေတာ နားထောင်ပါ (မှန်ပါ့)၊ ကိလေသာ အညစ်အကြေး ရှိလျက်သားနဲ့ ရှိတယ်လို့ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကွ တဲ့ (မှန်ပါ့)။

ဦးဘကလေး မှတ်မိပြီ (မှတ်မိပါပြီ ဘုရား)၊ ဒါက ၁ နံပါတ် ပုဂ္ဂိုလ် ။

၂ နံပါတ်ပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေး ရှိလည်း ရှိပါတယ်၊ ရှိတယ်လို့လည်း သူက သိတယ်၊ ခုနက ပုဂ္ဂိုလ်နဲ့ သိမှု, မသိမှု ကွာသွားတယ် (ကွာသွားပါတယ် ဘုရား)။

ဒုတိယပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေးရှိတာကို ရှိတယ်လို့ သူသိပါတယ် (သိပါတယ် ဘုရား)၊ သူသိတယ် ဒုတိယပုဂ္ဂိုလ်က (မှန်ပါ့)၊ ဘယ်နှစ်ယောက်ရှိသွားပြီလဲ (နှစ်ယောက်ပါ ဘုရား)။

မှတ်မိပြီနော် (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ပထမပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေးရှိတာကို ရှိတယ်လို့ မသိတဲ့ပုဂ္ဂိုလ်တစ်ယောက် (မှန်ပါ့ ဘုရား)၊ နောက်ပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေးတွေ ရှိနေတာကို ရှိတယ်လို့ သူ့ဟာသူ သိတဲ့ပုဂ္ဂိုလ်က တစ်ယောက် (မှန်ပါ့)၊ ဒကာကြီးလှိုင် ဘယ်နှစ်ယောက်ရှိသွားပတုံး (နှစ်ယောက် ပါ ဘုရား)၊ လေးယောက်စေ့အောင် ပြောရမယ်။

နောက် တတိယပုဂ္ဂိုလ်ကတော့ ကိလေသာ မြူမှေးအညစ်အကြေး သူ့မှာမရှိဘူးတဲ့နော် (မှန်ပါ့)၊ မရှိပါဘူး၊ အဲဒီတော့ မရှိတာကို သူကလည်း မရှိဘူးလို့ မသိပဲဖြစ်နေတယ် (မှန်ပါ့)၊ ဒါက ဘယ်ပုဂ္ဂိုလ်ပါလိမ့် (တတိယပုဂ္ဂိုလ် ပါ ဘုရား)။

ကိလေသာ အညစ်အကြေး မရှိတဲ့ပုဂ္ဂိုလ်က သူ့ဟာသူ မရှိဘူးလို့ ဟုတ်တိုင်းမှန်စွာ မသိဘဲ ဖြစ်နေတယ် (မှန်ပါ့)။

ဦးဘကလေး ဒီပုဂ္ဂိုလ်ဟာ ဘာပါလိမ့် (တတိယပုဂ္ဂိုလ်ပါ ဘုရား)၊ တတိယပုဂ္ဂိုလ်နော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ၊ စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာ အညစ်အကြေးမရှိတာကို မရှိ ဘူးလို့ သိတယ် (မှန်ပါ့)။

ဘယ်နှစ်ယောက်ရှိသွားပလဲ (လေးယောက်ရှိသွားပါပြီ)၊ လေးယောက်ရှိသွားပြီ ဒကာ ဒကာမတို့။

လေးယောက်ရှိသွားပါပြီ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ပထမပုဂ္ဂိုလ် ပြန်ပြောပါဦးမယ် ဒကာကြီးလှိုင် (မှန်ပါ့)။

(၁) ပထမပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေးရှိတာကို ရှိတယ်လို့ မသိဘူး သူက (မှန်ပါ့)။

(၂) ဒုတိယပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေးရှိတာကို ရှိတယ်လို့ သူသိတယ် (မှန်ပါ့)။

(၃) တတိယပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေး သူ့မှာမရှိတာကိုတဲ့ မရှိဘူးလို့ သူ မသိပဲ ဖြစ်နေတယ် (မှန်ပါ့)။

(၄) စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာ မြူမှေးမရှိတာကို မရှိဘူးလို့ သိတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)၊ ဘယ်နှစ်ယောက်ပါလိမ့် (လေးယောက်ပါ ဘုရား)။

အဲဒါ အရှင်သာရိပုတ္တရာကြီးက ဟောတော့ အရှင်မောဂ္ဂလ္လာန်က မေးတယ်၊ အရှင်ဘုရား အရှင်ဘုရားက ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်၊ ပထမပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ် ဒုတိယပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်, တတိယ ပုဂ္ဂိုလ်, စတုတ္ထပုဂ္ဂိုလ်တို့က ဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတာကို တပည့်တော်များ ရှင်းလင်းပြောပြပါဦးလို့ အရှင်မောဂ္ဂလ္လာန် ကြီးက တောင်းပန်တယ်နော် (မှန်ပါ့)။

အရှင်သာရိပုတ္တရာကြီးက ဟောလို့ အရှင်မောဂ္ဂလ္လာန်က တောင်းပန်တယ်၊ မင်းတို့ သေသေချာချာ နားထောင် ငါသေသေချာချာ ရှင်းပြမယ်၊ လောကကြီးထဲမှာ ဒီပုဂ္ဂိုလ်လေးယောက် ရှိတယ်ကွ တဲ့ (မှန်ပါ့)။

လောကကြီးထဲ ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိသလဲ (လေးယောက်ရှိပါတယ် ဘုရား)။

ယုတ်တဲ့ပုဂ္ဂိုလ် မြတ်တဲ့ပုဂ္ဂိုလ်

ပထမပုဂ္ဂိုလ်ဟာကွာ တဲ့ ကိလေသာ အညစ်အကြေးတွေ ရှိလျက်နဲ့ သူသည် ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ ယုတ်တဲ့ပုဂ္ဂိုလ်ဟေ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာမြူမှေး အညစ်အကြေးတွေ ရှိပါလျက်သားနဲ့ ရှိမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ (ဟုတ်ကဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဒုတိယပုဂ္ဂိုလ်ကတော့ကွာ တဲ့ ကိလေသာမြူမှေး အညစ်အကြေးတွေရှိတာကို ရှိတယ်လို့ သိသောကြောင့် သူက မြတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

အရှင်မောဂ္ဂလ္လာန်ကြီးက တောင်းပန်လို့ ဟောရပြန်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

တတိယပုဂ္ဂိုလ်ကတော့ ကိလေသာ ပါးရှားလို့ မရှိတဲ့ ပုဂ္ဂိုလ်၊ ကိလေသာ ပါးပါးရှားရှားနေတဲ့ ပုဂ္ဂိုလ် ဟာ ပါးပါးရှားရှား နေတယ်လို့ သူက မသိပဲ ဖြစ်နေတယ် (မှန်ပါ့)၊ အဲဒါကြောင့် သူကလည်း ယုတ်တဲ့ပုဂ္ဂိုလ် (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့မှာ ကိလေသာတော့ နည်းတော့နည်းပါတယ် (မှန်ပါ့)၊ မရှိလောက်အောင် မဂ်နဲ့ ပယ်လောက်အောင်တော့ မဟုတ်ဘူးပေါ့ဗျာ၊ ငုပ်နေတဲ့ ကိလေသာပဲတဲ့၊ သူ့မှာ မရှိပါဘူး၊ အနည်းငယ်လောက်သာ ရှိတာကို သူဟာ ရှိတယ်လို့ မသိပဲ ဖြစ်နေတယ် (မှန်ပါ့)၊ သူလည်း ယုတ်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့)၊ သူက တတိယမြောက်ပုဂ္ဂိုလ်၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာ မရှိတာကို မရှိဘူးလို့ သိသောကြောင့် သူက မြတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

လေးယောက်ကို ချုံးလိုက်ပြန်တော့လည်း ယုတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်၊ မြတ်တဲ့ပုဂ္ဂိုလ်က (နှစ်ယောက်ပါ ဘုရား)။

ဒါ ဒကာ ဒကာမတွေ ကိုယ် ဘယ်ထဲပါတယ်ဆိုတာ သိကြရတော့မယ် (မှန်ပါ့)၊ ဒကာကြီးလှိုင် ကိုယ် ဘယ်ထဲပါတယ်ဆိုတာ ဝေဖန်ရတော့မယ် ကျုပ်တို့ နော် (မှန်ပါ့)၊ ဝေဖန်ရမယ် ။

ကိုမြင့် ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ပါလိမ့် (လေးယောက်ပါ ဘုရား)၊ မြတ်တဲ့ပုဂ္ဂိုလ် (နှစ်ယောက်ပါ ဘုရား)၊ ယုတ်တဲ့ပုဂ္ဂိုလ်က (နှစ်ယောက်ပါ ဘုရား)၊ နှစ်ယောက်တဲ့ ။

ဒကာ ဒကာမတွေ သေသေချာချာ မှတ်ကြပါတဲ့ ဒါ ပြင်ဖို့, ဆင်ဖို့ ဟောတာပါပဲလို့ ဦးဘကလေး မှတ် ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အနေ, ကိုယ့်အထိုင်တွေ ပြင်ဖို့, ဆင်ဖို့ ဟောတာပဲဆိုတာ အရှင်သာရိပုတ္တရာကြီး ဟောလို့ အရှင် မောဂ္ဂလ္လာန်က တောင်းပန်လို့ တစ်ခါနှစ်မျိုး ခွဲရပြန်တယ်ဆိုတာကော ကိုပေါ်က ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အေး ဒီအတိုင်း မှတ်ထားပေါ့နော် ၊ ကဲ ရှင်းပြမယ် ရှင်းပြမယ် ဒကာ ဒကာမတို့ ပထမဆုံးပုဂ္ဂိုလ်က အယုတ်ပုဂ္ဂိုလ် (မှန်ပါ့)၊ တတိယပုဂ္ဂိုလ်ဟာကော (အယုတ်ပုဂ္ဂိုလ်ပါ ဘုရား)၊ အဲ ဒုတိယနဲ့ စတုတ္ထသာလျှင် အမြတ်ပုဂ္ဂိုလ် (မှန်ပါ့)၊ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

သေသေချာချာ မှတ်ကြ ဒကာ ဒကာမတို့၊ သေသေချာချာ မှတ်ပါ၊ နာကြီးကြီးနဲ့ ထောင်ပါဆိုတာကိုလည်း ဒကာကြီးလှိုင် ပြောရတယ် (မှန်ပါ့)။

ပထမဆုံးပုဂ္ဂိုလ်က အယုတ်ပုဂ္ဂိုလ်

ဘာကြောင့်တုံးဆိုတော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း အသားတွေ, အသွေးတွေ, အရိုးတွေ လှူပြီးမှ လက်ယာ ရံ အရှင်သာရိပုတ္တရာ ဖြစ်လာတယ်၊ ဒီဉာဏ်ရဖို့ ကိုပေါ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းမှ ဒီဉာဏ်တွေ ရတယ် (မှန်ပါ့)။

ဦးဘကလေး လွယ်လွယ်တရားလို့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

ဟောနိုင်တဲ့ပုဂ္ဂိုလ်ကလည်း တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့ အသား, အသွေးတွေ လှူ၊ အမျိုးမျိုး, အဖုံဖုံ အကျင့်မျိုးစုံတွေကို ကျင့်၊ ဒီကျတော့မှ ဒီဉာဏ်ရလို့ ဟောနိုင်တယ်ဆိုတာ မှတ်ရ မယ်နော် (မှန်ပါ့)။

မေးတဲ့ အရှင်မောဂ္ဂလ္လာန်ကြီးကလည်း တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း သူကျင့်လို့သာလျှင် ဒီအဓိပ္ပာယ်တွေကို မေးလည်း မေးရဲတယ်၊ နားထောင်တဲ့အခါမှာလည်း နားလည်တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

ဒကာကြီးလှိုင် လွယ်ကူရဲ့လားဗျာ (မလွယ်ကူပါ ဘုရား)၊ မလွယ်ကူဘူးဆိုတာ မှတ်လိုက်တာပေါ့ (မှန် ပါ့)။

ကိုင်း ဒါဖြင့် ပထမပုဂ္ဂိုလ် ရှင်းပြပါမယ်နော် (မှန်ပါ့)၊ ပထမပုဂ္ဂိုလ်ဟာ အယုတ်ပုဂ္ဂိုလ်နော် (မှန်ပါ့)၊ တတိယပုဂ္ဂိုလ်ကော (အယုတ်ပုဂ္ဂိုလ်ပါ ဘုရား)၊ ဒုတိယ၊ စတုတ္ထက (အမြတ်ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါကလေး မှတ်ထားလိုက်တော့ စောစောစီးစီး ကလေးက ဒကာ ဒကာမတွေက အကျဉ်းချုံးမှတ်ထားတော့ ဘုန်းကြီးက တစ်ခါအကျယ်ချဲ့ပြီး ပြောမယ်ဆိုတော့ ဦးဘကလေး ရှင်းသွားတာပေါ့ (မှန်ပါ့ ဘုရား)။

ပထမပုဂ္ဂိုလ်က ဒကာ ဒကာမတို့နော် ကိလေသာအညစ်အကြေး ရှိနေပါလျက်သားနဲ့ ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

အညစ်အကြေးရှိတာကို ရှိမှန်းမသိ

ရှိတာကို (ရှိမှန်းမသိပါ ဘုရား)၊ ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ဆိုတော့ အင်း အညစ်အကြေးရှိတာကို ရှိမှန်းမသိ တဲ့ ပုဂ္ဂိုလ်ဟာ ဆေးချင်, ကြောချင်တဲ့စိတ် လာပါ့မလား (မလာပါ ဘုရား)။

ဆေးချင်, ကြောချင်စိတ် မလာတဲ့အပြင်မှာ သူလုပ်နေတဲ့ အလုပ်တွေကလည်း ရှိမှန်းမသိတော့ကို အညစ် အကြေးတွေပဲ ထပ်ပြီး မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)၊ လောဘ, ဒေါသ, မောဟ အလုပ်တွေပဲ မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား)၊ လောဘ, ဒေါသ, မောဟ အလုပ်တွေပဲ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒကာကြီးလှိုင် နဂိုကလည်း အညစ်အကြေးက ရှိပြန်၊ ရှိမှန်းကလည်း မသိပြန်ဆိုတော့ နောက်ထပ် ထပ်လုပ်နေတဲ့ ကိုယ့်အရောင်းအဝယ် အပြောအဆိုတွေက ဘာတွေပါလိမ့် (အညစ်အကြေးတွေပါ ဘုရား)။

ဒါဖြင့် အညစ်အကြေးရှိတဲ့ ပုဂ္ဂိုလ် အညစ်အကြေးရှိမှန်း မသိတော့ အညစ်အကြေးတွေပဲ ထပ်တင်အောင် ကြိုးစားနေတယ် (မှန်ပါ့)၊ သဘောပါသလား (ပါပါပြီ ဘုရား)။

အညစ်အကြေးကို နဂိုကလည်းရှိ (မှန်ပါ့)၊ ရှိမှန်းက မသိတော့ အညစ်အကြေးတွေပဲ ထပ်ပြီး သကာလ သူ ရောင်းလိုက်, ဝယ်လိုက်, ပြောလိုက်၊ ရောင်းမှား, ဆိုမှား, ပြောမှားတွေ ကိုပေါ် မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် နဂိုကလည်း အညစ်အကြေးက ရှိလျက်နော် (မှန်ပါ့)၊ နောက်တစ်ခါ အညစ်အကြေးပဲ ထပ်တင်အောင် လုပ်ပြန်တယ်ဆိုတဲ့သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် သူ့ကို ယုတ်တဲ့ပုဂ္ဂိုလ် ဆိုမလား မြတ်တဲ့ပုဂ္ဂိုလ် ဆိုမလား (ယုတ်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ဒကာ ဒကာမတို့ တစ်ယောက်အတွက် ပေါ်လာပြီ (မှန်ပါ့ ဘုရား)၊ ဦးဘကလေး တစ်ယောက်အတွက် ဘယ့်နှယ်တုံး (ပေါ်လာပါပြီ ဘုရား)။

ကွာ တဲ့ မင်းတို့နားလည်အောင် ငါ လောကီဥပမာနဲ့ ပြောပါမယ်၊ ဒကာကြီးလှိုင် လောကီဥပမာနဲ့ ငါပြောမယ်ကွ တဲ့။

ကြေးဖလားတစ်ခု ဝယ်လာခဲ့တယ်

လူတစ်ယောက်သည် ဈေးထဲက ရေသောက်ဖို့ ကြေးဖလားတစ်ခု ဝယ်လာခဲ့တယ်ကွာတဲ့၊ ကြေးပန်းထိမ်ဖို ကြေးခွက်ဆိုင်ကနေပြီး ကြေးဖလားတွေ ဝယ်လာတော့ ဟိုမှာ တိုက်ချွတ်ထားတာမှ မဟုတ်တော့ အညစ်အကြေး, ကြေးညှိတွေ, ဘာတွေနဲ့ ဝယ်ခဲ့ကြရတာပေါ့ဗျာ (မှန်ပါ့)။

အိမ်ကျတော့လည်း ဆေးလား, ပွတ်လား, ချွတ်လားကလည်း သုံးဆောင်ခြင်း အလုပ်ကလည်း ဟာ ချက်ချင်း ပဲ သုံးဆောင်မယ်, ရေခပ်သောက်မယ်, ဘာလုပ်မယ်လို့ မလုပ်သေးဘူး၊ ဒီလိုသောက်ဖြစ်မယ်ဆိုရင်လည်း သူ့ဟာသူ ပွတ်ဦးမှာပေါ့ဗျာနော် (မှန်ပါ့)။

အခုတော့ ဒီလိုလည်း မပွတ်ဘူး၊ အိမ်ကျတဲ့အခါတော့လည်း ခုနက မြေတွေပေါ်မှာ ဖုန်တွေကြားထဲမှာ ထိုး ချင်တဲ့နေရာ, အညစ်အကြေးပေါတဲ့နေရာ ထိုးထားလိုက်တယ်။

ဒကာကြီးလှိုင် ဘယ်ထိုးထားလိုက်ပါလိမ့် (အညစ်အကြေးပေါတဲ့နေရာ ထိုးထားလိုက်ပါတယ် ဘုရား)။

ဒါဖြင့် ကိုပေါ် ညစ်သထက် ဘယ့်နှယ်တုံး (ညစ်ပါတယ် ဘုရား)၊ အဲဒီကြေးဖလားလို ဖြစ်သွားတယ် ကွာတဲ့ (မှန်ပါ့ ဘုရား)။

ဈေးက ဝယ်တုန်းကလည်း မစင်ကြယ်ခဲ့ဘူး (မှန်ပါ့)၊ ဒီကျလည်း သုံးဆောင်မှုကလည်း လုပ်သေးရဲ့လား (မလုပ်ပါ ဘုရား)။

မလုပ်တော့ အညစ်အကြေးရှိတဲ့ နေရာမှာပဲ တော်ရာ ချောင်ထိုးထားလိုက်တော့ အညစ်အကြေးက ချေးက တက်ချင်ချင်ကိုးဗျ (မှန်ပါ့)၊ သူထိုးတဲ့ ချောင်ကလည်း အညစ်အကြေးတွေကလည်း ပေါပါဘိနဲ့ ဆိုတော့ သုံးလို့, စွဲလို့ကို ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

မိုက်သထက်သာ မိုက်သွားတယ်

အဲဒီလိုပဲကွာ တဲ့ အညစ်အကြေးရှိတဲ့ ပုဂ္ဂိုလ်ဟာ အညစ်အကြေးရှိမှန်း မသိပြီဆိုမှဖြင့် အညစ်အကြေး စင်ကြယ်အောင် အားထုတ်မဟဲ့ ဆိုတဲ့ ဝိပဿနာအလုပ်တွေ လုပ်ကိုမလုပ်တော့ဘူးဟေ့တဲ့ (မှန်ပါ့)၊ မိုက်သထက် သာ မိုက်သွားတော့တာပဲ (မှန်ပါ့)။

ဒကာကြီးလှိုင် ဘယ့်နှယ်တုံး (မိုက်သထက်သာ မိုက်သွားပါတယ် ဘုရား)။

နဂိုကလည်း ပုထုဇဉ် အညစ်အကြေးတွေနဲ့၊ ကိလေသာ အညစ်အကြေးတွေနဲ့ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဲဒီ့အညစ်အကြေးတွေနဲ့ ဥစ္စာကို ခုနက ကြေးဖလားဝယ်လာပြီး သကာလ မသုံးဆောင်ပဲနဲ့ ချေးညှော်ပေါတဲ့ ဆီ ဖုန်ထဲ, ဘာထဲပဲ ထားလိုက်တော့ သာပြီးတော့ ဘယ့်နှယ်ဖြစ်သွားသလဲ (အညစ်အကြေး တက်ပါတယ်ဘုရား)၊ သာပြီး အညစ်အကြေးတက်လာတော့တယ်ဆိုတာ ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ သုံးဖြစ်သေးရဲ့လား (မဖြစ် ပါဘုရား)။

ဝယ်တုန်းကလည်း အညစ်အကြေးပါခဲ့တယ် (မှန်ပါ့)၊ နောက်ကျတော့ သုံးဆောင်ခြင်းကိုလည်း မလုပ်တော့ ပွတ်ခြင်းတိုက်ခြင်းကလည်း မလုပ်ဖြစ်တော့ဘူး (မှန်ပါ့)၊ အင်း ချောင်ထဲမှာပဲ ထိုးထားလိုက်တော့ ကြေးညှိတွေ ပိုမတက်ဘူးလား (တက်ပါတယ် ဘုရား)၊ မြူတွေကော (တက်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် တက်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးတဲ့အခါ အညစ်အကြေးရှိတာကို အညစ်အကြေးရှိတယ်လို့ မသိလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြီးလှိုင် မေးရတော့ ပုထုဇဉ်က ကိလေသာပေါများလို့ အညစ်အကြေးရှိတယ်နော် (မှန်ပါ့)၊ မွေးကတည်းက ဒကာကြီးလှိုင် ကိလေသာ အညစ်အကြေး ပါမလာဘူးလား (ပါလာပါတယ် ဘုရား)။

အဲဒါမသိတော့ တရားတည်းဟူသော ဝိပဿနာဉာဏ်တွေနဲ့ ဆေးကြောမပစ်လိုက်တော့ဘူး၊ ရောင်းမှု, ဝယ်မှု, သားရေး သမီးရေး, စီးပွားရေးနဲ့ပဲ အချိန်ကုန်တော့ နဂိုက အညစ်အကြေးပေါ်မှာ အညစ်အကြေး ထပ်လာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဈေးထဲက ဝယ်တုန်းကလည်း ကြေးဖလားက စင်စင်ကြယ်ကြယ် မဟုတ်ခဲ့ (မှန်ပါ့)၊ အိမ်ကျတော့လည်း ပွတ်တိုက်ပြီး သုံးဆောင်တာ မဟုတ်တော့ တစ်နေရာ ချောင်ထိုးထားလိုက်ပြန်တော့ ပိုပြီး သကာလ ချေးတွေ, ထုတွေ တက်မလာဘူးလား (တက်လာပါတယ် ဘုရား)။

သေသည်၏ အခြားမဲ့၌ အပါယ်သွားတယ်

ဒါဖြင့် အညစ်အကြေးရှိတာ အညစ်အကြေးရှိမှန်း မသိတဲ့ပုဂ္ဂိုလ်ဟာ အညစ်အကြေး စင်ကြယ်အောင် လုပ် ပါမယ်ဆိုပြီး သကာလ ကာယကံ, ဝစီကံ, မနောကံ အလုပ်တွေ လုပ်သေးရဲ့လား (မလုပ်ပါ ဘုရား)၊ မလုပ်တော့ သူ သည် သေသည်၏ အခြားမဲ့၌ အပါယ်သွားတယ်ကွာ တဲ့ (မှန်ပါ့)။

တယ် သဘောပါတဲ့ ကိုယ်တော်ကြီးပါကလား (မှန်ပါ့)၊ ဒကာကြီးလှိုင် သဘောပါသလား (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ (ပါပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ကို အခု ဘုန်းကြီးက တရားအားထုတ်ကြ တရားအားထုတ်ကြလို့ ပြောတာက ကိုပေါ် နဂို ကလည်း ကိလေသာအညစ်အကြေးတွေနဲ့ လာခဲ့တယ် (မှန်ပါ့)၊ ပစ်မထားပါနဲ့ဆိုတော့ ကိလေသာအညစ်အကြေးတွေ ဟာ ပါးပါး ပါးပါး ပါးပါးမသွားဘူးလား (သွားပါတယ် ဘုရား)။

အဲဒါ အရောင်ထွက်ပြီး သကာလ လာတဲ့ ကြေးဖလားလို ဖြစ်လာအောင်လို့ ဉာဏ်ရောင်တွေ, ဘာတွေထွက် ပြီး ကလာလလာအောင်လို့ အညစ်အကြေးရှိတာကိုဖြင့် ဒကာ ဒကာမတို့ ချောင်ထိုးပြီး သကာလ သားရေး, သမီးရေး, စီးပွားရေးနဲ့ အချိန်မကုန်လိုက်ပါနဲ့၊ ကုန်လိုက်လို့ရှိရင်ဖြင့် အားထုတ်ချင်တဲ့စိတ်ဟာလည်း ရှိမှန်းမသိတော့ လာသေး ရဲ့လား (မလာပါ)၊ ဒီ့ထက် ပိုမိုအားထုတ်ချင်တဲ့စိတ် လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတဲ့အပြင် သူ့မှာ ဘာတွေဖြစ်နေသတုံးဆိုတော့ မသိတဲ့အတွက် မသိတဲ့အလုပ်တွေပဲ ဦးဘကလေး ပိုမို လုပ်တယ် (မှန်ပါ့)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒီတော့ နဂိုက အညစ်အကြေးပေါ်မှာ အညစ်အကြေးဆင့်တဲ့ အဓိပ္ပာယ် ရောက်-မရောက် (ရောက်ပါ တယ် ဘုရား)။

ဟာ မောင်ခင်တို့ တော်-တော်သေးတယ်၊ မင်းတို့ လုပ်ဖြစ်လို့ (မှန်ပါ့)၊ တော်-တော်သေး ဒကာ ဒကာမ တို့ လုပ်ဖြစ်ကြလို့ (မှန်ပါ့)၊ မလုပ်ဖြစ်တဲ့ ပုဂ္ဂိုလ်များ ၁ နံပါတ်ပုဂ္ဂိုလ် ဖြစ်သွားတယ် (မှန်ပါ့)။

အညစ်အကြေးတွေ ပိုမိုပြီး တက်ပြီး သကာလ သေသည်၏ အခြားမဲ့၌ အပါယ်သာ သွားတာပဲကွ (မှန်ပါ့)၊ ကိုမြင့် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အညစ်အကြေးရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်တွေ

ဒါဖြင့် လောကကြီးထဲမှာ ဒကာ ဒကာမတွေက အတွေ့အကြုံများတော့ အပေါင်းအသင်း ဆက်ဆံတွေ များ ကြတော့ အညစ်အကြေးရှိလျက်နဲ့ အညစ်အကြေးရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်တွေ သိပ်များပါကလား (များပါတယ် ဘုရား)။

အညစ်အကြေးရှိလျက်နဲ့ (အညစ်အကြေးရှိမှန်း မသိတဲ့ပုဂ္ဂိုလ်တွေ သိပ်များပါတယ် ဘုရား)၊ သိပ်များတယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဈေးထဲက ဝယ်တုန်းကလည်း ကြေးဖလားက ဘယ့်နှယ်တုံး (ကြေးညှိတွေ ပါပါတယ်ဘုရား)။

အိမ်ကျတော့လည်း သုံးဆောင်မှုအလုပ် မလုပ်တော့လို့ ရေတို့, ဘာတို့ ခပ်မှု, သောက်မှု မလုပ်ပဲနဲ့ ချောင် ထိုးထားလိုက်ပြန်တော့ ဈေးထဲက ဝယ်တာထက် ပိုမိုပြီး အညစ်အကြေးတွေ ထူလာပြန်တယ် (ထူပါတယ် ဘုရား)။

ဒကာကြီးလှိုင် ဘယ့်နှယ်နေသတုံး (အညစ်အကြေး ပိုလာပါတယ် ဘုရား)။

အင်း ဒကာကြီးလှိုင်တို့ စောင်းပြောနေတယ်လို့ မဆိုပါနဲ့ (မှန်ပါ့)၊ မဆိုပါနဲ့တဲ့ အညစ်အကြေးရှိတဲ့ပုဂ္ဂိုလ် အညစ်အကြေးပဲ ဆေးကြောရမည့် အလုပ်ကိုပဲ၊ ဒီအတိုင်းပဲ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒါနလည်း ထိုက်တန် သလောက် လုပ်ရပြီ၊ သီလလည်း ထိုက်တန်သလောက် လုပ်ရပြီ၊ ဘာလိုသေးသလဲ ဆိုတဲ့ဥစ္စာ ကိလေသာအညစ် အကြေး သူဆေးမယ်လို့ ပြောတာက ဝိပဿနာ မဂ်ဉာဏ်တို့ကမှသာလျှင် ဆေးနိုင်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ အရင်တုန်းက ဒီဆရာသမားနဲ့ မတွေ့ခင် ရိုးရာနေတုန်းက အညစ် အကြေးရှိလျက်နဲ့ အညစ်အကြေးရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ထဲ ခင်ဗျားတို့ ပါသွားတယ် (ပါသွားပါတယ် ဘုရား)။

ဘယ်ထဲပါသွားပါလိမ့် (အညစ်အကြေးရှိလျက်နဲ့ မသိတဲ့ပုဂ္ဂိုလ်ထဲ ပါသွားပါတယ် ဘုရား)။

အညစ်အကြေးရှိလျက်နဲ့ ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ထဲ ပါသွားတယ် (မှန်ပါ့)၊ အဲဒီပုဂ္ဂိုလ်ဟာတဲ့ ရှင်သာရိပုတ္တရာ က အညစ်အကြေး စင်ကြယ်အောင် လုပ်မယ်ဆိုတဲ့ လုံ့လဝီရိယဆန္ဒ ဘယ်တော့မှ မလာဘူးကွ တဲ့ (မှန်ပါ့)၊ လာ သေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ကိုတဲ့ အညစ်အကြေးပဲ ထပ်ပြီး တင်အောင်လုပ်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အညစ်အကြေးပဲ ထပ်တင်အောင် လုပ်လိုက်တဲ့အတွက်တဲ့ သေသည်၏ အခြားမဲ့၌ အညစ်အကြေးတွေကြောင့် ပဲ မကောင်းသောစိတ်နဲ့ပဲ ဒကာကြီးလှိုင် သေသွားရတယ် (မှန်ပါ့)။

ဒါ့ကြောင့် ငါ ၁ နံပါတ် ပုဂ္ဂိုလ်ကို ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းလိုက်တယ်ကွာ တဲ့ (မှန်ပါ့)၊ တယ်ဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးပါကလား (မှန်ပါ့)၊ ဥပမာကော မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒုတိယ ပုဂ္ဂိုလ်

အရှင်သာရိပုတ္တရာ ဟောနေတာ ဒကာ ဒကာမတို့ ၊ အဲဒါ ဒီကိုယ့်အတွက်က လာတော့မယ် ဒုတိယ ပုဂ္ဂိုလ်နော် (မှန်ပါ့ ဘုရား)။

ဒုတိယပုဂ္ဂိုလ်က ဒကာ ဒကာမတွေ ဘာတဲ့ ခုနက ဘုန်းကြီးသင်ထားတာ (အညစ်အကြေးလည်း ရှိတယ်၊ ရှိမှန်းလည်း သိပါတယ်ဘုရား)။

အညစ်အကြေးတော့ ရှိတယ်၊ ရှိမှန်းသိတယ် (မှန်ပါ့ ဘုရား)။

အညစ်အကြေးတော့ ရှိတယ်တဲ့၊ ရှိမှန်းသိတယ်၊ ငါ့မှာ ပုထုဇဉ်ဖြစ်နေတော့ ကိလေသာတွေကလည်း မဂ်နဲ့ မပယ်ရသေးတော့ ရှိနေသေးတယ်။ အညစ်အကြေးရှိတယ်။ အဲဒီတော့ ဒီအညစ်အကြေးကို ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်က တော့ ဆေးမှပဲဟေ့ ကြောမှပဲဟေ့ ၊ လုံ့လဝီရိယ လျှော့လို့ မတော်ဘူးဟေ့လို့ မလာပေဘူးလား (လာပါ တယ် ဘုရား)။

အဲဒီလို ပုဂ္ဂိုလ်ကတော့ကို တဲ့ လုံ့လဝီရိယတွေ မလျှော့ပဲနဲ့ ဆေးကြောပြီး သကာလ လုပ်နေတဲ့အတွက် သေသည်၏ အခြားမဲ့၌ သူက နိဗ္ဗာန်တို့, သုဂတိတို့ သွားတယ်ကွ တဲ့ (မှန်ပါ့)၊ ရှိတာကို ရှိမှန်းသိတော့ ဆေးကြော သကိုးကွ တဲ့ (မှန်ပါ့ ဘုရား)။

ဒုတိယပုဂ္ဂိုလ်ကို ဒါကြောင့် ငါကမြတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းလိုက်တယ်တဲ့ (မှန်ပါ့)၊ ဘယ်ထဲ သွင်းလိုက်သလဲ (မြတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ အခု ဒီတရားကို နာရတော့မှ ဪ တို့သည်ကား အညစ်အကြေးကတော့ ပင်ကိုကရှိလျက်ပဲတဲ့၊ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ်)။

ကိုမြင် အညစ်အကြေးကတော့ (ပင်ကိုရှိပါ ဘုရား)။

အဲဒါကို ဝိပဿနာအလုပ်တွေ လုပ်တဲ့အခါကျတော့ ဒကာ ဒကာမတွေက ဘာလုပ်ကြတာပါလိမ့် (ဆေးကြော တာပါ ဘုရား)၊ ဆေးကြောတယ် (မှန်ပါ့)။

ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်

ဆေးကြောတော့ စင်သေးတာပေါ့ဗျာ (မှန်ပါ့)၊ ဒီပုဂ္ဂိုလ်ကျတော့ အဋ္ဌကထာဆရာက ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ် ဟေ့ (မှန်ပါ့)။

ဒီကျအောင် လာလိုက်တယ် ဦးဘကလေး တယ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ ကျွတ်ထိုက် တဲ့ ပုဂ္ဂိုလ်, ဘဗ္ဗပုဂ္ဂိုလ်ဟေ့လို့ ဒကာကြီးလှိုင် ဟောလိုက်တယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာကြီးလှိုင် အားလျှော့စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အညစ်အကြေးတော့ ဒကာကြီးလှိုင် ရှိတယ်၊ ရှိပေမယ့် အခု ဆေးကြောတဲ့အလုပ်ဟာ တစ်နေ့ကို အများ ကြီးလုပ်တယ် (မှန်ပါ့)၊ လုပ်တဲ့အတွက် အရှင်သာရိပုတ္တရာက ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကွ တဲ့ (မှန်ပါ့)၊ ဆေးဖော်ရ တယ် (မှန်ပါ့)။

လောကီဥပမာ ငါပြောမယ်ကွ တဲ့၊ ဈေးထဲသွားပြီး သကာလ ဈေးထဲဖြစ်စေ, ပန်းထိမ်ဖိုဖြစ်စေ သွား ပြီး ကြေးဖလားကြီးတစ်ခု ဝယ်လာခဲ့တယ်တဲ့၊ ဘယ် ဟိုက တိုက်ချွတ်ပေးတာ ဟုတ်မလဲ ဖိုထုတ်ပေါ့ ဟင် (မှန်ပါ့)။

အဲဒါ အိမ်ကျတဲ့အခါကျတော့ သုံးဆောင်တယ်ကွာ တဲ့၊ သုံးဆောင်ပြီး သကာလ သူ စားသောက်ပြီးသ ကာလ ပွတ်တိုက်ပြီး သုံးဆောင်ပါတယ် တဲ့၊ သုံးဆောင်ပြီး လုံခြုံတဲ့နေရာ, အခိုးမသန်းနိုင်တဲ့နေရာ ထားလိုက် တယ်ကွာ တဲ့၊ ဒီတော့ ဒီကြေးဖလားဟာ ကောင်းသထက် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ထို့အတူပဲတဲ့၊ အခု တရားအားထုတ်တဲ့ ဒကာ ဒကာမတွေကျတော့ ပင်ကိုကတော့ အညစ်အကြေး ပါခဲ့ကြ တယ် ပုထုဇဉ်ဆိုတာ (မှန်ပါ့)။

ဝိပဿနာဉာဏ်, မဂ်ဉာဏ်တွေနဲ့ ဆေးပစ်

အခုတစ်ခါ ဝိပဿနာဉာဏ်, မဂ်ဉာဏ်တွေနဲ့ ဆေးပစ်လိုက်တဲ့အခါကျတော့ ဒကာကြီးလှိုင် စင်ကြယ် မသွားဘူးလား (စင်ကြယ်ပါတယ် ဘုရား)။

အဲဒီလို စင်ကြယ်တဲ့ ဖလားကျလာတော့ အို နိဗ္ဗာန်ဆိုတဲ့ နေရာဌာနကလည်း ကောင်းတဲ့ပစ္စည်းမို့ လက်ခံတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ငါတို့သည်ကားလို့ ဆိုလို့ရှိရင် မြတ်တဲ့ ဒုတိယပုဂ္ဂိုလ်ထဲ ပါသေးလို့ တော်သေးတယ်ဆိုတော့ ကိုပေါ် တယ် ဝမ်းသာစရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီနေ့ တရားမှာ ကိုယ့်အတွက် အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်၊ အလုပ်ကို ထ,မြောက်အောင် လုပ်နေတဲ့ပုဂ္ဂိုလ်၊ မမြောက်သေးပေမယ့် ဆေးကြောနေတယ်၊ ဝိပဿနာဉာဏ် ဖြစ်ပျက်မြင်နေတာလည်း ဆေးကြော ပြီး ပြောင်အောင်လုပ်နေတာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ ဒီပုဂ္ဂိုလ်တွေကို အရှင်သာရိပုတ္တရာက ဘယ်အထဲထည့်လိုက်ပါလိမ့် (မြတ်တဲ့ပုဂ္ဂိုလ်ထဲ ထည့်ပါ တယ် ဘုရား)။

တကယ်အဖိုးတန်ပါကလား (မှန်ပါ့)၊ အဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတွေ ကြားကြတယ်မဟုတ်လား (မှန်ပါ့)၊ အင်းတို့ သာမညပုဂ္ဂိုလ် မဟုတ်ဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အညစ်အကြေးရှိတာ ရှိမှန်းသိတာနဲ့ ဘာလုပ်ကြသလဲ (ဆေးကြောရပါမယ် ဘုရား)။

ဝိပဿနာမလုပ်ပဲနေရင်

အင်း ဝိပဿနာဉာဏ်, မဂ်ဉာဏ်တွေနဲ့ ဆေးကြောလိုက်တဲ့အခါကျတော့ ဝိပဿနာဉာဏ်လာလည်း ပဋိစ္စသမုပ္ပါဒ် အညစ်အကြေးတွေ ပျောက်တာပဲ (မှန်ပါ့)၊ ဝိပဿနာမလုပ်ပဲနေရင် ကာမဝိတက်ဆိုတဲ့ ပစ္စည်း ရလိုမှုတွေ၊ ဗျာပါဒဝိတက်ဆိုတဲ့ စိတ်တိုမှုတွေ စိတ်သဘောမကျမှုတွေ၊ ဝိဟိံသဝိတက်ဆိုတဲ့ ဘယ်သူ့ချိုးလိုက်မယ်, ဘယ်သူ့ကို ဖဲ့လိုက်မယ်, ဘယ်သူ့ကို ငွေနဲ့ဖိလိုက်မယ် ဟုတ်လား အစရှိသည်နဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။

အခု ဒါတွေရှိသေးရဲ့လား (မရှိပါ)၊ မရှိတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အညစ်အကြေးရှိတာ အညစ်အကြေးရှိမှန်း သိသောကြောင့် ဆေးကြောတဲ့ပုဂ္ဂိုလ်တွေနဲ့ တူပါတယ် (မှန်ပါ့)၊ ဒီပုဂ္ဂိုလ်ကတော့ ဘဗ္ဗပုဂ္ဂိုလ်၊ ဘဗ္ဗပုဂ္ဂိုလ်ဆိုတာ ကျွတ်ရမည့်ပုဂ္ဂိုလ်ကွ တဲ့ (မှန်ပါ့)၊ ဆေးကြောသကိုးဗျ (မှန်ပါ့)၊ ဒကာကြီးလှိုင် အားမလျှော့နဲ့ (မှန်ပါ့)။

ဒကာကြီးလှိုင် အခု ဘယ်ထဲရောက်နေသလဲ (ဆေးကြောတဲ့အထဲ ရောက်နေပါတယ်ဘုရား)၊ ဒုတိယ ပုဂ္ဂိုလ်ထဲ ရောက်နေတယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေက ကိုယ့်ဟာကိုယ် အားရှိကြရဲ့လား (ရှိပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေတဲ့ ရှိတာ ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်ဟာ မြတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းလိုက်တယ် ဆိုတော့ကို ဦးမူကြီး တော်တော်ဉာဏ်ကြီးတာပဲဆိုတာ ပေါ်လာတယ်၊ အရှင်သာရိပုတ္တရာဟာလေ (မှန်ပါ့ ဘုရား)။

ဦးဘကလေး ဘယ်နှစ်ယောက်ကျန်သေးသတုံး (နှစ်ယောက်ကျန်ပါတယ် ဘုရား)၊ နှစ်ယောက်ကျန်သေး တယ်။

တတိယမြောက် ပုဂ္ဂိုလ်

ဒီနှစ်ယောက်အနက် တတိယမြောက် ပုဂ္ဂိုလ်ကတော့ ဘာတုံးလို့ မေးတော့ သူ့မှာ ကိလေသာကတော့ ပင်ကို မွေးကတည်းက တော်တော်ပါးရှားတဲ့ ပုဂ္ဂိုလ်ပဲတဲ့ ၊ မဂ်နဲ့တော့ မပယ်ရသေးဘူးပေါ့ဗျာ (မှန်ပါ့)၊ ကိလေသာ နည်းပါးတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

သို့သော် သူ့စိတ်ထဲ ငါ့မှာ နည်းပါးတယ်လို့ သူမသိဘူး (မှန်ပါ့)၊ မသိတော့ သူက အာရုံတောထဲ လျှောက် သွားလိုက်တယ်၊ ခင်စရာ, မင်စရာ သုတနိမိတ်တွေပေါ့ဗျာ စာလိုသုံးတော့ ဒကာကြီးလှိုင် (မှန်ပါ့)။

သုဘ တင့်တယ်တဲ့အထဲမှာ ကျောက်တွေပေါတဲ့အထဲ သဘင်သည်ပေါတဲ့အထဲ, ဘိုင်စကုတ်ဓာတ်ရှင်ပေါတဲ့ အထဲကို သူလျှောက်သွားတော့ ခုနက နဂိုကမှ နည်းနည်းပါးပါးရှိတဲ့ဥစ္စာ မဟုတ်တဲ့နေရာ သွားမိတော့ ကိလေသာ တွေက ထ,ကြွသောင်းကျန်းလာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နဂိုကတော့ သူကိလေသာအညစ်အကြေး ပါးရှားတယ်နော် (မှန်ပါ့)၊ ပါးရှားမှန်း သူက မသိတော့ကို မတော် တဲ့ နေရာ သွားလိုက်တယ်၊ သဘောကျပလား (မှန်ပါ့)၊ သူ ကိလေသာ ထ,ကြွမည့်နေရာ (မှန်ပါ့)၊ အပေါင်းအသင်း မှားမည့်နေရာ အပြောအဆို မှားမည့်နေရာ, ပျော်စရာ, ပါးစရာ များမည့်နေရာ သွားမိတယ် (မှန်ပါ့)။

သွားမိတော့ သူက ဪ ငါ့မှာ ကိလေသာ ထ,တယ်လို့လည်း မသိတော့ကို ဒကာ ဒကာမတွေ ဆေးမိ, ကြောမိသေးရဲ့လား (မဆေးမိ, မကြောမိပါ)၊ အင်း သူ့ကို ဘယ်ပုဂ္ဂိုလ်ထဲ သွင်းကြမတုံး (ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းရပါမယ်)၊ ယုတ်တဲ့ပုဂ္ဂိုလ်ထဲပဲ သွင်းလိုက်ပါ (မှန်ပါ့)။

ဒကာကြီးလှိုင် ဘယ်ပုဂ္ဂိုလ်တဲ့ (ယုတ်မာတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ငါ့ဥပမာ ပြပါဦးမယ်ကွာ ဆိုပြီး အရှင်သာရိပုတ္တရာက ဒကာ ဒကာမတို့ ဥပမာ ပြတယ်နော် (မှန်ပါ့)၊ ဥပမာ ဘယ်လိုပြလိုက်ပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့်ကွာ တဲ့ ကြေးဖလားတစ်ခု ဈေးထဲက ပြောင်ပြောင် စင်စင်ဟာပဲ ဝယ်လာခဲ့ပါတယ် တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်ကျတော့ ချောင်ထဲ ထိုးထားတယ်

ဒီကျတော့ သူလည်း မသုံးဆောင်ဘူးတဲ့၊ ရေသောက်ခွက်လည်း မလုပ်, ဘာလဲမလုပ် အိမ်ကျတော့ ချောင်ထဲ ထိုးထားတယ်၊ အညစ်အကြေးရှိတဲ့ ချောင်တွေထဲ ထိုးထားလိုက်တော့ ဦးဘကလေး ဘယ့်နှယ်နေသတုံး (အညစ်အကြေး ဘက် ပါတယ် ဘုရား)။

ပိုပြီး အညစ်အကြေးတွေ မလာဘူးလား (လာပါတယ်)၊ နဂိုကတော့ အပြောင် (မှန်ပါ့)၊ နေရာများတာနဲ့, အထားမှားတာနဲ့, ပွတ်တိုက်မှု မလုပ်ပဲနဲ့ အထားမှားတာနဲ့ အညစ်အကြေး ပိုတက်လာတယ် (မှန်ပါ့ ဘုရား)။

နဂိုက ဈေးထဲက ဝယ်တုန်းကတော့ ခပ်ပြောင်ပြောင်ကလေး၊ ဒီကျတော့ သုံးစွဲ သုံးဆောင်မှုကလည်း မလုပ် တော့ ကိုမြင့်ရေ အညစ်အကြေးထဲ သူက ဟိုချောင်, ဒီချောင် သွားထိုးထားလိုက်တယ် (မှန်ပါ့)၊ ထိုးထားလိုက် တဲ့အတွက် အညစ်အကြေးတွေ ဘာဖြစ်လာသတုံး (ပိုတက်လာပါတယ် ဘုရား)။

အဲဒီပုဂ္ဂိုလ်ကတော့လည်းကွာ တဲ့ နဂိုကတော့ ကိလေသာက ပါးရှားပါရဲ့ (မှန်ပါ့)၊ သို့သော် သူသည်ကား လို့ဆိုလို့ရှိရင် ပါးရှားမှန်း မသိတော့ကို တဲ့ ခုနက ပျော်စရာ, ပါးစရာ, မူးစရာ, ယစ်စရာရှိတဲ့အထဲ သူက သွား ပစ်, လာပစ်တာ များတယ် (မှန်ပါ့)။

အဲဒီတော့ သူ့မှာ ကိလေသာတွေ ပါးရှားနေတာ ကိလေသာတွေ ထ,ကြွလာပြီလို့လည်း မသိတော့ကိုတဲ့ ကြေးဖလား အပြောင်ဝယ်ပြီး ချောင်ထိုးလိုက်တဲ့အခါ အညစ်အကြေး ပိုသလို သူ့မှာလည်း ပိုလာတာ မသိသောကြောင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်တွေကော လုပ်ဖြစ်သေးရဲ့လး (မလုပ်ဖြစ်ပါ)၊ ဆေးကြောတဲ့ အလုပ်တွေလေ (မလုပ်ဖြစ်ပါ ဘုရား)။

မလုပ်ဖြစ်တော့ ဒီပုဂ္ဂိုလ် မြတ်တဲ့ပုဂ္ဂိုလ်လား ယုတ်တဲ့ပုဂ္ဂိုလ်လား (ယုတ်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

အဲ ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းလိုက်ပဟေ့ (မှန်ပါ့)။

ဒကာကြီးလှိုင် ပါရမီ ပါပြီးသား ပုဂ္ဂိုလ်တောင်မှ ဒီကျတော့ မကောင်းတဲ့နေရာသွား, မကောင်းတဲ့သူနဲ့ ပေါင်းပြီး မကောင်းတဲ့အလုပ်တွေ လုပ်မိပြီဆိုမှဖြင့် တဲ့ ကိုပေါ်ရေ အညစ်အကြေး ပြန်တင်တယ် (မှန်ပါ့)။

မရှိမှန်းမသိတဲ့ပုဂ္ဂိုလ်

နို့သော် သူ့မှာက အညစ်အကြေးမရှိပါပဲလျက်နဲ့ မရှိမှန်းမသိတဲ့ပုဂ္ဂိုလ် ဖြစ်နေတယ် (မှန်ပါ့)။

မရှိမှန်း မသိတော့ ခုနက ကြေးဖလား ဝယ်လာပြီး သကာလ ခပ်ပြောင်ပြောင်ကလေး ဝယ်လာပြီး သကာလ တော်တော်ကြာ သူက ချောင်ထိုးထားလိုက်တဲ့အခါကျတော့ ဝယ်သထက် ဆိုးသွားတာပေါ့ (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမလဲ (ဝယ်သထက် ဆိုးသွားပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေ ကိုယ့်လူ့ဘဝရတာ ကိုယ့်ဖြင့် ဒီဘဝမှာ ကိလေသာ ပါးရှားတယ် တော်သေးရဲ့ တော်သေးရဲ့ဆိုပြီး နေငြားသော်လည်း ဝိပဿနာအလုပ် မလုပ်ပဲနဲ့ ပေါင်းချင်တာနဲ့ ပေါင်း, သင်းချင်တာနဲ့ သင်း, စားချင်သလို စား, သွားချင်သလိုသွားဆိုတော့ အညစ်အကြေးတွေ ဘယ့်နှယ်နေသတုံး (ပိုတက်လာပါတယ် ဘုရား)။

ပိုတက်လာတော့ ဒီပုဂ္ဂိုလ်ကို ဒကာ ဒကာမတွေက ဘယ်ထဲသွင်းကြမယ် (ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းကြပါမယ်)၊ အယုတ်ထဲ သွင်းရမယ် (မှန်ပါ့)။

၁ နံပါတ်နဲ့ ၃ နံပါတ် အတူတူ

ဒါ့ကြောင့် သူသည် ၁ နံပါတ်နဲ့ ၃ နံပါတ်နဲ့ အတူတူပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာတဲ့ (၁ နံပါတ်နဲ့ ၃ နံပါတ် အတူတူပါပဲ)၊ ၁ နံပါတ်နဲ့ ၃ နံပါတ် အတူတူပဲကွ တဲ့ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ အဲဒီတော့ ခင်ဗျားတို့ကို သတိပေးပါတယ်၊ ခင်ဗျားတို့က အညစ်အကြေးတွေ ရှိတာကိုလည်း ဆေးကြောတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်နော် (မှန်ပါ့)၊ အညစ်အကြေးဟာ အခု ပါးပါပြီ၊ မပါးသေးဘူးလား (ပါးပါပြီ ဘုရား)။

အညစ်အကြေး အရင်နဲ့စာရင် အခု အများကြီးပါးသွားပြီ (ပါးပါပြီ)၊ ပါးလာတဲ့ဥစ္စာကို ခုနက အပေါင်းအသင်း မှား, အနေအထိုင်မှားနဲ့ အပြောအဆိုမှားနဲ့ဆိုရင်ဖြင့် ချောင်ထိုးထဲ ပြန်ရောက်လို့ရှိရင်လည်း တစ်ခါပြန်မိုက်သွားဦး မှာလည်း စိုးရသေးတယ် (မှန်ပါ့)၊ ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အေး တတိယပုဂ္ဂိုလ် မဖြစ်ပါစေနဲ့ဆိုတာကိုလည်း သတိပေးရပြန်တယ် (မှန်ပါ့)၊ ဦးမူ ပေးထိုက် မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခပ်ပြောင်ပြောင်ကလေး ဆေးထားတာ ဒီကျတော့ နေ့စဉ် ထာဝရ ပွတ်ခြင်း, သပ်ခြင်း အလုပ်ကို မလုပ်ပဲ နဲ့ ချောင်ထဲထိုးထားလိုက်ပြန်တော့ အညစ်အကြေးက ဘယ့်နှယ်နေသလဲ (ပိုတက်ပါတယ် ဘုရား)။

ပြန်တက်လာပြန်တော့ သူက ဘယ်ပုဂ္ဂိုလ်လဲလို့ မေးတဲ့အခါကျတော့မှ အညစ်အကြေးမရှိတာကို မရှိမှန်း မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ ဒါကြောင့် ပြန်တက်လာတယ်၊ ဒကာကြီးလှိုင် သဘောပါပလား (ပါပါပြီ ဘုရား)။

အေး ဒီထဲလည်း မရောက်စေနဲ့ဆိုတာကိုလည်း သတိမပေးရဘူးလား (ပေးရပါတယ်)၊ နားကောလည်ကြ ရဲ့လား (လည်ပါတယ် ဘုရား)၊ ဘယ်နှစ်ယောက်ရှိသွားပလဲ (သုံးယောက်ရှိသွားပါပြီ ဘုရား)၊ သုံးယောက်ရှိသွားပြီ ဆိုတာ ပေါ်ကြရဲ့လား (ပေါ်ပါပြီ ဘုရား)။

စတုတ္ထပုဂ္ဂိုလ်

စတုတ္ထပုဂ္ဂိုလ်ကတော့ ဒကာကြီးလှိုင် အညစ်အကြေး သူကိလေသာ ပါးရှားလို့ အညစ်အကြေးနည်းတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)၊ အညစ်အကြေးမရှိတဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့)။

အဲဒီတော့ သူက မရှိတာကို မရှိမှန်းသိတဲ့အတွက်တဲ့ သူက အာရုံတောထဲ ခုနက ကောင်းတဲ့အာရုံတွေ တင့်တယ်တဲ့အာရုံထဲ သွားငြားသော်လည်း သူက လောဘမဖြစ်အောင်တဲ့ ၊ ဒေါသမဖြစ်အောင်တဲ့ ၊ မောဟ မဖြစ်အောင်တဲ့ ၊ ဣဿာမဖြစ်အောင်တဲ့ ၊ မာနမဖြစ်အောင်တဲ့ ဆိုပြီး သူက အမြဲရှောင်နေတာပဲ (မှန် ပါ့ဝ။

နဂိုကလည်း သူက ကိလေသာ ပါးရှားတဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ အာရုံတွေထဲတော့ လူရယ်လို့ ဖြစ်လာတော့ မသွား မလာလို့လည်း မဖြစ်ပဲကိုး (မှန်ပါ့)၊ သို့သော်လည်း တွေ့တဲ့အခါမှာ ဒီအာရုံတွေကို သူက တွန်းလှန်နိုင်တဲ့ အခြေအနေ ရှိတယ် (မှန်ပါ့ ဘုရား)။

ဒီအာရုံတွေ တွေ့တဲ့အခါ သုဘနိမိတ်တွေ တွေ့တဲ့အခါကျလို့ရှိရင်လည်း ဒါတွေလည်း အနိစ္စပဲ ကိုယ့်စိတ် လည်း အနိစ္စပဲ အစရှိသည်နဲ့ ဝိပဿနာဉာဏ် မကင်းပဲနဲ့ သွားလေ့ရှိတယ် (မှန်ပါ့ ဘုရား)။

သူကတော့ ယခုဘဝလည်း နိဗ္ဗာန်ရနိုင်တယ်ကွ တဲ့ (မှန်ပါ့)၊ သေသည်၏ အခြားမဲ့၌လည်း သုဂတိကနေ နိဗ္ဗာန်ကူးနိုင်တယ်ကွာလို့ အညစ်အကြေးမရှိတာကို မရှိမှန်း နည်းပါးတာကို နည်းပါးမှန်း သိပြီး သကာလ အညစ် အကြေးတောထဲ သွားတဲ့အခါလည်း သူက ဆင်ဆင်ခြင်ခြင်နဲ့ သွားလေ့ရှိတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒကာ ဒကာမတို့ ဘယ်နှစ်ယောက် ရှိသွားပလဲ (လေးယောက်ရှိသွားပါပြီ ဘုရား)။

လေးယောက်ရှိသွားပါပြီ

ကဲ ခင်ဗျားတို့အလှည့် ပေးရဦးမယ်နော် ကိုမြင့်တို့ အားလုံးပေါ့ဗျာ (မှန်ပါ့)၊ ၁ နံပါတ်ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ပါလိမ့် (အညစ်အကြေးတင်တဲ့ပုဂ္ဂိုလ်)၊ ဟင် (ယုတ်တဲ့ပုဂ္ဂိုလ်ပါ)၊ ယုတ်တဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ ၃ နံပါတ် ပုဂ္ဂိုလ်က (ယုတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဘုရား)။

ဒကာ ဒကာမတို့ ၂ နဲ့ ၄ ကတော့ (မြတ်တဲ့ပုဂ္ဂိုလ်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါက အကျဉ်းချုံးပြောတာပါ အရှင်မောဂ္ဂလ္လာန်က မေးလို့နော် (မှန်ပါ့)၊ အကျယ်ပြောကြပါဦးစို့ ဆိုတော့ မှတ်မိမှ ကောင်းတယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)။

၁ နံပါတ်ပုဂ္ဂိုလ်က အကျယ်က အညစ်အကြေးရှိလျက်နဲ့ (အညစ်အကြေးရှိမှန်း မသိတဲ့ပုဂ္ဂိုလ်ပါ)၊ ရှိမှန်းမသိ တဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

ဘယ်ကြေးဖလားနဲ့ တူပါလိမ့် ၊ ဈေးထဲက ဝယ်တုန်းကလည်း အညစ်အကြေးနဲ့၊ ဒီကျ ချောင်ထိုးထားလို့ (အညစ်အကြေး ထပ်တင်ပါတယ် ဘုရား)။

ဒါဖြင့် သူ့ကိုယုတ်တဲ့ ပုဂ္ဂိုလ်ထဲသွင်းလိုက် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်ထဲသွင်းကြမယ် (ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းရပါမယ်)၊ ယုတ်တဲ့ပုဂ္ဂိုလ်ထဲ သွင်းရမယ်ဆိုတာဖြင့် ဘာမှ သံသယမရှိပါနဲ့ (မှန်ပါ့)၊ ဦးဘကလေး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒုတိယပုဂ္ဂိုလ်က ဘာတဲ့၊ ဒကာ ဒကာမတို့ (အညစ်အကြေးရှိတာကို ရှိမှန်းသိပါတယ်)၊ ရှိမှန်းသိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

အညစ်အကြေးရှိလျက်နဲ့ (ရှိမှန်းသိတဲ့ပုဂ္ဂိုလ်)၊ အဲဒီပုဂ္ဂိုလ်ကတော့ ကိုတဲ့ ဒီအညစ်အကြေးတွေကို ပြောင်အောင် ဆေးမှပဲ နေ့တိုင်းကြိုးစားမှာပဲ အစရှိသည်နဲ့ သူ ပိုမိုပြီး သကာလ သူတော်ကောင်း ဝိပဿနာအလုပ်တွေ မလုပ်ပေ ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒီလုပ်တဲ့ပုဂ္ဂိုလ်ကတော့ ၊ အင်း ရှိတာတွေဟာ ပြောင်ပြီး သကာလ အသုံးချလို့ဖြစ်သလို နော်၊ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ထဲ ပါဝင်သွားတယ်ကွာ တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ထဲ ပါဝင်သွားပါတယ် ဘုရား)၊ ဘာဖြစ်လို့ပါလိမ့် သူက၊ အညစ်အကြေးရှိတာကို ရှိမှန်းသိတာနဲ့ သူက ပိုမိုအားထုတ်တယ် (မှန်ပ့ါ ဘုရား)။

အညစ်အကြေးရှိတာကို ရှိမှန်းသိလို့

ပိုမိုပြီး အားထုတ်တယ်၊ ဥပမာ လက်မောင်းမှာ ချေးပေ(ဂျီးပေ)နေတယ်၊ ဒီ့ပြင်နေရာ ဒါလောက်မပေဘူးဆိုရင် ဒကာ ဒကာမတို့ ဆပ်ပြာနဲ့ပွတ်ပွတ်၊ ကိုယ့်လက်နဲ့ကိုယ် ပွတ်ပွတ်၊ ဒီ့ပြင်နေရာထက် အဲဒီ့နေရာကို ထပ်ပြန်တလဲလဲ မပွတ်ပေဘူးလား (ပွတ်ပါတယ် ဘုရား)၊ ဒီနေရာ ချေးများတဲ့နေရာကိုး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီနေရာချည်း ထပ်ပွတ်ပါလိမ့်မလဲ မေးရင်တော့ အညစ်အကြေးရှိတာ ရှိမှန်းသိလို့ (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အညစ်အကြေးရှိတာကို (ရှိမှန်းသိလို့ပါ ဘုရား)၊ ရှိမှန်းသိလို့ ဒကာကြီးလှိုင်ရဲ့ ပိုပွတ်တယ် (မှန်ပါ့)၊ သဘော ပါကြလား (ပါပါတယ် ဘုရား)။

အဲ အခု တရားအားထုတ်နေကြတဲ့ ဒကာ ဒကာမတွေကတော့ဖြင့်တဲ့ အညစ်အကြေးရှိမှန်းကိုလည်း သိတယ် (မှန်ပါ့)၊ အညစ်အကြေး ပင်ကိုကလည်းရှိတယ်၊ ရှိမှန်းကလည်း သိတဲ့အတွက် ကြိုးစားပြီး ပွတ်ကြပါ၊ ကျွတ် ထိုက်တဲ့ပုဂ္ဂိုလ် သေသေချာချာဖြစ်ပါတယ် (မှန်ပါ့)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ဒီမှာ အရှင် သာရိပုတ္တရာက ဆုံးဖြတ်ချက်ချပါတယ် (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် တယ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ တတိယပုဂ္ဂိုလ်ပြော ကြစမ်းပါဦး အညစ်အကြေးနည်းပါတယ်၊ မရှိဘူးဆိုပါတော့ဗျာ။ အညစ်အကြေးတော့ သူ့မှာမရှိဘူး (မရှိပါဘူး မရှိ မှန်းလည်း မသိပါ ဘုရား)။

မရှိမှန်း သူကမသိ

မရှိမှန်း သူကမသိပဲ ဖြစ်နေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မရှိမှန်းမသိပဲ ဖြစ်နေတော့ သူက သွားချင်ရာသွား၊ စားချင်ရာစား နေချင်ရာ မနေပေဘူးလား (နေပါတယ် ဘုရား)။

နေတဲ့အခါကျတော့ အညစ်အကြေးတွေ ဘယ့်နှယ်နေသလဲ (ပိုတက်လာပါတယ် ဘုရား)။

ပိုမိုတက်လာတဲ့အခါကျတော့ ဘယ်ကြေးဖလားနဲ့ တူနေသတုံး၊ ဈေးထဲက ဝယ်လာတုန်းက ဘယ့်နှယ်တုံး (ပြောင်ပါတယ် ဘုရား)၊ ပြောင်တယ်၊ အိမ်ကျမှ ချောင်ထိုးတာနဲ့ ချေးတွေပိုတက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အိမ်ပြန်တဲ့အခါမှာ ချေးတက်တယ်ဆိုတာ ဒါပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

အိမ်ပြန်တဲ့အခါကျတော့ (ချေးတက်ပါတယ် ဘုရား)၊ ဒီမှာ ပြောင်ပြီးနေငြားသော်လည်း ဘာတုံး (အိမ်ကျ တော့ ချေးတက်ပါတယ် ဘုရား)။

အညစ်အကြေးတော့ ဒီမှာမရှိမှန်းသိသားပဲ၊ ဒီနေ့တော့ ကုသိုလ်တွေ အများကြီးရပြီ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရဖို့ ကုသိုလ်တွေက အများကြီးရသွားပြီဆိုပြီး သကာလ နေကြတာပဲ (မှန်ပါ့)။

သို့သော်လည်း အိမ်ကျတဲ့အခါကျတော့ ကြေးဖလားကို အဖြူကြီးကို အိမ်ကျတော့ မဆေးပဲနဲ့ ချောင်ထိုးလိုက် တော့ ဘာဖြစ်လာသတုံး (အညစ်အကြေး ပိုတက်လာပါတယ် ဘုရား)၊ ချေးပိုတက်လာပြန်တယ်ဆိုတော့ ကောင်းသေး ရဲ့လား (မကောင်းပါ ဘုရား)။

အဲဒါလည်း ကိုယ့်ကြေးဖလားကလေးလည်း ကိုယ်ကြပ်ကြပ်သတိထားကြပါလို့ (မှန်ပါ့)၊ ဒကာကြီးလှိုင် ကိုယ့် ကြေးဖလားကို (ကိုယ်သတိထားရပါမယ် ဘုရား)။

နဂိုက ကြေးဖလားက တော်တော်ဖြူနေတယ် (မှန်ပါ့)၊ တော်တော်ပြောင်နေတာ (မှန်ပါ့)၊ အိမ်ကျမှ ချောင် ထိုးလိုက်တဲ့အခါကျတော့ ဘယ်နှယ်နေသလဲ (အညစ်အကြေး ပိုတက်ပါတယ် ဘုရား)။

ပိုတက်လာတယ်၊ မတက်လာဘူးလား (တက်လာပါတယ် ဘုရား)။

ဒါအညစ်အကြေးမရှိတာကို မရှိမှန်းမသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ ချောင်ထိုးတာကိုး (မှန်ပါ့)၊ ဒီလိုမဖြစ်တတ်ဘူး လား (ဖြစ်တတ်ပါတယ် ဘုရား)။

အဲဒါကြောင့် အိမ်ကျလည်း တိုက်မြဲ-တိုက်ပေါ့နော် (မှန်ပါ့)၊ ဒကာကြီးလှိုင် တိုက်မြဲ တိုက်ရမယ်၊ ဝိပဿနာ လုပ်မြဲ-လုပ်ရမယ် ပြောတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ စတုတ္ထပုဂ္ဂိုလ် ပြောစမ်းပါဦး ဘာတဲ့တုံး (အညစ်အကြေးမရှိဘူး၊ မရှိမှန်းလည်း သိပါတယ်)။

မရှိတာ မရှိမှန်းသိတဲ့ပုဂ္ဂိုလ်

အဲ အညစ်အကြေးမရှိတာ မရှိမှန်းသိတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ဒကာ ဒကာမတွေ ဈေးထဲက ကြေးဖလား က ဝယ်တုန်းက ဘာတုံး ၊ အဖြူပဲ၊ ဒီကျတော့လည်း ပြောင်အောင်လုပ်ပြီး သကာလ သူ သုံးစွဲတော့ကိုတဲ့ သူချေးထု တွေ တက်သေးရဲ့လား (မတက်ပါ ဘုရား)။

အဲဒါ ဘယ်ပုဂ္ဂိုလ်ပါလိမ့်ဗျာ (စတုတ္ထပုဂ္ဂိုလ်ပါ ဘုရား)၊ အယုတ်ထဲကလား ၊ အမြတ်ထဲကလား (အမြတ် ထဲကပါ ဘုရား)။

အဲဒါကလည်း ဒီဘဝ ကျွတ်တမ်းဝင်မည့်ပုဂ္ဂိုလ်ပါ (မှန်ပါ့)၊ နောက်ဘဝကလည်း ကိလေသာ ပါးခဲ့တယ်နော် (မှန်ပါ့)၊ ဒီဘဝကျပြန်တော့လည်း ပွတ်တိုက်တဲ့ ဝိပဿနာ အလုပ်ကြီးကလည်း များပြန်ဆိုတော့ ဘာမှ ဒကာကြီးလှိုင် တို့က ဒီ့ပြင်တွေးမနေနဲ့ ဒီပုဂ္ဂိုလ်လေးယောက် ဒါ မူလပဏ္ဏာသ ပါဠိတော်မှာ ဟောပြန်လို့ ဒီနေ့ဟောပြန် တယ်ဆိုတာကိုလည်း ဒကာ ဒကာမတွေ သေသေချာချာ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

ဘယ်အထဲနေမယ်လို့ စိတ်ကူးကြသတုံး

ဒါဖြင့် ဆုံးဖြတ်ချက်ချထားရမှာက မြတ်တဲ့ပုဂ္ဂိုလ်က ဘယ်သူ ဘယ်သူပါလိမ့် (၂ နံပါတ်နဲ့ ၄ နံပါတ်ပါ ဘုရား)၊ ဒုတိယနဲ့ စတုတ္ထ (မှန်ပါ့ ဘုရား)။

ယုတ်တဲ့ပုဂ္ဂိုလ်က (၁ နံပါတ်နဲ့ ၃ နံပါတ်ပါ ဘုရား)၊ ပထမနဲ့ တတိယဆိုတော့ ဒကာကြီးလှိုင် မှတ်မိပလား (မှတ်မိပါပြီ)၊ နောက်က ဒကာ ဒကာမတွေကော (မှတ်မိပါပြီ)။

မှတ်မိတော့ ဘယ်အထဲနေမယ်လို့ စိတ်ကူးကြသတုံး (ဒုတိယနဲ့ စတုတ္ထပါ ဘုရား)။

ဒုတိယနဲ့ စတုတ္ထနေမယ်လို့ စိတ်ကူးတယ်နော် (မှန်ပါ့)၊ တော်တော်ကြာ လမ်းမှားပြီး သကာလ ပထမနဲ့တတိယ ထဲ မပြေးလိုက်နဲ့ဆိုတာကိုလည်း ပြောရသေးတယ် (မှန်ပါ့)၊ မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။