အနုဗောဓဉာဏ်နှင့် ပဋိဝေဓဉာဏ်
မှတ်ချက်။ ။အလွန်ကောင်းမွန်သောအလုပ်ပေးတရားဖြစ်သည်။ သေချာလေ့လာပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၊
မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ်
ညအလုပ်ပေးတရားတော်
(၂၁-၆-၆၂)
သစ္စာကို အများဆုံး သိစေချင်တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သစ္စာကို သိစေချင်တဲ့ စိတ်ဟာ အင်မတန် အများဆုံး ပြင်းထန်တဲ့ စိတ်လို့ ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။
သစ္စာကို အများဆုံး သိစေချင်တယ်၊ ဘာ့ကြောင့်တုံးဆိုလို့ ရှိရင်ဖြင့် ဒါနလုပ်တာလဲ နောက်ဆုံးပိတ် ကျတော့ သစ္စာသိမှ နိဗ္ဗာန်ဝင်ရမှာ (မှန်ပါ့) သီလ ဆောက်တည် နေကြတာကော (သစ္စာသိမှ နိဗ္ဗာန် ရမှာပါဘုရား) သစ္စာသိမှ နိဗ္ဗာန်ဝင်ရမှာပဲ၊ သမထတွေ အားထုတ်နေ ကြတာကော (သစ္စာသိမှ ဝင်ရမှာပါ ဘုရား)။
အဲဒီတော့ သစ္စာကလဲ တဲ့၊ ကိုပေါ်တို့ ကိုဝတို့က မှတ်ပါ၊ ဘုရားပွင့်မှ ပေါ်တယ် (မှန်ပါ့) ဒီပြင်တရားနဲ့ မတူဘူးနော် (မှန်ပါ့)။
သစ္စာတရားသည် (ဘုရားပွင့်မှပေါ်ပါတယ် ဘုရား) ဘုရားပွင့်မှ ပေါ်တယ်ဆိုတော့ ဒီအချိန်ကလေးကို မောင်နိုင်တို့ လူစု၊ ကိုစောမောင်တို့ လူစုက မလွဲပါစေနဲ့ (မှန်ပါ့) လွဲလို့ရှိရင်ကွာ တဲ့၊ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး မင်းတို့ကို ငါအမြင်ကျယ်ကျယ်နဲ့ ပြောပါ့မယ် တဲ့၊ မင်းတို့ ဝါဂွမ်းဖြစ်သွားမယ်တဲ့ (မှန်ပါ့)။
ဥပမာ ခရစ်ယန်က ဟောလိုက်ပြန်လို့ရှိရင် ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ဟောလိုက်လို့ ရှိရင်လဲ သြော် သူက ကိုယ့်ထက် ပစ္စည်းလဲရှိတယ်၊ ဂုဏ်လဲရှိတယ်၊ အသက်လဲ ကြီးတယ် ဆိုရင်ဖြင့် ဦးဘရှင်း ယုံမှာပဲ (မှန်ပါ့) ကိုယ်က ကလေးဖြစ်ပြန်တာကိုး (မှန်ပါ့) အဲဒီလို ဖြစ်သွားတယ်နော် (မှန်ပါ့)။
ဟာ မဟာမေဒင်ကပဲ သူတို့ အလ္လာကပဲ ဖန်ဆင်းတယ်၊ ပြုတယ် ဆိုလို့ ရှိရင်လဲ သူလဲ ဂုဏ်ရှိ၊ သိရ်ရှိ၊ အာဏာရှိဆို ကိုစောမောင် ကိုယ်ကလဲ ဘာမှ မသိတော့ ဪ ဟုတ်တယ် ထင်ပါရဲ့ သွားဦးမှာပဲ (မှန်ပါ့)။
သစ္စာမသိရင် ဝါဂွမ်းဖြစ်မယ်
အဲဒီတော့ ဒကာ၊ ဒကာမတွေ မှတ်စမ်းပါ၊ သစ္စာမသိရင် ဝါဂွမ်းဖြစ်မယ် (မှန်ပါ့)။
သစ္စာမသိရင် (ဝါဂွမ်းဖြစ်ပါမယ် ဘုရား) ဝါဂွမ်းဖြစ်မယ် ဆိုတာက တောင်လေ လာ မြောက်၊ မြောက်လေ လာ တောင် ကိုဝ (မှန်ပါ့)။ ဒါ ဘယ့်နှယ်ကြောင့် ဖြစ်ရပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။
သစ္စာမသိတဲ့အဖြစ်ဟာ အဆိုးဆုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သူများပါးစပ် လမ်းဆုံး လိမ့်မယ်ဆိုတာ ဒီက လာတာ (မှန်ပါ့)။
သူများ ပါးစပ်လမ်းဆုံးလိမ့်မယ် ဆိုတာ (ဒီကလာတာပါ ဘုရား)။
ကဲ ဒါဖြင့် ကိုစောမောင်တို့ ကိုယ်တိုင်၊ ဦးဘရှင်းတို့ ကိုယ်တိုင်၊ ကိုဝတို့ ကိုယ်တိုင် ကိုပေါ်တို့ ကိုယ်တိုင် စဉ်းစားကြည့်တာပေါ့၊ ဟို နောက်တုန်းက သိထားတဲ့ အသိကလေးဟာ ကကွာ နောက်ဒီဘဝထက် ပိုပြီးသကာလ မဆင်းရဲလို့ အပါယ်ငရဲလွတ်ပြီး သကာလ သုဂတိမှာ ကျင်လည် ရရင်ဖြင့် တော်ရောပေါ့ကွာ ဒါလောက် ဆိုရင်ပဲ တယ်ပြီးတော့ မသေးလှပါဘူးလို့ ကိုယ့် အသိကလေးက ဒါလောက်တွင် ရှိနေတော့ ဒါလောက်တွင်လား အောက်မေ့ချင် အောက်မေ့နေမှာ (မှန်ပါ့)။
ပြီးတော့ တစ်ခါ နိဗ္ဗာန်ဆိုတာကလဲ ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ် ကြိုးစားမှရနိုင် တယ် ဆိုတော့၊ ဒါလဲ တော်တော် ဝေးသေးတာပဲကွာ အဲဒီတော့ နိဗ္ဗာန် မရခင် စပ်ကြားကလေး အပါယ် ငရဲလွတ် တော်ရောပေါ့။
ဒါလောက်ပဲ ကြားဖူးနေကြလို့ ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ဒါလောက်နဲ့ပဲ ယုံတော့မှာပဲ (မှန်ပါ့) မယုံပေဘူးလား (ယုံပါတယ် ဘုရား)။
ကိုယ်က ဘာမှ အသိဉာဏ်မပါဘူး
ဒါ ဘယ့်နှယ်ကြောင့် ဒီအယုံ သွားယုံပါလိမ့်မတုံးလို့မေးလို့ ရှိရင် ကိုယ်က ဘာမှ အသိဉာဏ်မပါဘူး (မှန်ပါ့)။
ကိုယ်က ဘာမှ အသိဉာဏ်မပါတော့ ကိုစောမောင် အဲဒီလူ ပါးစပ်၊ အဲဒီ ဆရာတော် ပါးစပ်၊ အဲဒီ ဘုန်းကြီးပါးစပ်မှာ လမ်းဆုံးသွားမယ် (မှန်ပါ့)။
လမ်းဆုံးသွားတော့ နိဗ္ဗာန်က အဝေးကြီး၊ နိဗ္ဗာန် မရမီစပ်ကြား ဆင်းရဲမှာ စိုးရိမ်ရတယ် (မှန်ပါ့) အဲဒီတော့ လူ့ပြည်၊ နတ်ပြည်ပဲ အကြိမ်ကြိမ် ခံစားရရင် တော်ရောပေါ့ကွာလို့ ဟောတဲ့ ဆရာများ တွေ့လို့ရှိရင်လဲ ခင်ဗျားတို့ တော်ရောပေါ့ပဲ (မှန်ပါ့) မောင်နိုင်တို့ ဒီတွင် ဇာတ်သိမ်းမှာပဲ (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။
ဒါဖြင့် ကိုစောမောင် ဆုံးဖြတ်ချက်ချ၊ ဦးဘရှင်းက ဆုံးဖြတ်ချက်ချ၊ ဘာမသိလို့ ဒီလောက်တောင် ဒီနိဗ္ဗာန် မရမီစပ်ကြားကြီး ကြိုက်နေပါလိမ့်မတုံး (သစ္စာမသိလို့ပါ ဘုရား)။
တစ်ခါ ဒီလို သစ္စာဟောမည့်လူ၊ ပြောမည့်လူကလဲ မရှိ၊ သာသနာတွင်း တရားကလဲ မရှိဘူး ဆိုလို့ရှိရင် ကိုဝ- တောတွေ၊ တောင်တွေမှာ ခင်ဗျားတို့ လျှောက်ကြည့်ပေတော့ (မှန်ပါ့) လျှောက်ကြည့်ပေတော့ ဒီအတိုင်း သွားလိမ့်မယ်ဆိုတာ ဘယ့်နှယ် ထင်ကြသလဲ (သေချာပါတယ် ဘုရား)။
တစ်နေ့က မိုးမိတ်က ကိုယ်တော်တစ်ပါး ကြွလာတယ်၊ မောင်ကိုတို့ ဆီမှာ သူလိုက်သွား တယ် တဲ့၊ အလှူတစ်ခု ဘုန်းကြီးက မင်းဟာ သားက ဘယ်နှစ်ယောက် ရှင်ပြုတယ်။ သမီးက ဘယ်လောက် နားထွင်းတယ်၊ မင်း- လှူထည်က ဘယ်လောက် အဖိုးတန်တယ်။ ရော့ ဒါနိဗ္ဗာန် လက်မှတ်ပဲ ဆိုပြီး ဘုန်းကြီးက ရေးပေးလိုက်တယ်၊
ဒီကုသိုလ်တွေ – နိဗ္ဗာန်လက်မှတ်ပဲ ဆိုပြီး သကာလ (မှန်ပါ့) အို ဟိုက ရတဲ့ ပုဂ္ဂိုလ်တွေ ကလဲ ကိုဝ ဝမ်းသာ လိုက်တာတဲ့ (မှန်ပါ့) ပေးတဲ့ ပုဂ္ဂိုလ်ကလဲ သစ္စာသိပါရဲ့လားမေးတော့ (မသိပါဘုရား)။
ဒီဟာနဲ့ သေသေချာချာ ရောက်တော့မယ် လို့တော့ ဟိုကယူတော့ ယူထား (မှန်ပါ့) ယူပေမယ့်လဲ သစ္စာ မသိဘဲနဲ့ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
ကဲ နိဗ္ဗာန်လက်မှတ်နဲ့ ဝမ်းသာနေမယ်လို့ ဆိုရင် ဒကာကြီးလှိုင် သွားပြီ (သွားပါပြီ ဘုရား)။ သို့သော် သူတို့ ရိုးရာ သူတို့ ထုံးစံတော့ ဒါမှ မရလို့ ရှိရင် အလှူပွဲမှာ အမေမိဘ အလှူရှင်တွေမှာ မကျေနပ်ဘူးတဲ့ (မှန်ပါ့)။
သူ့ဟာ နိဗ္ဗာန် လက်မှတ်အစစ်ကော ဟုတ်ပါရဲ့ လားမေးတော့ (မဟုတ်ပါ ဘုရား) သုဂတိ လက်မှတ်လောက် ရှိတယ် (မှန်ပါ့)။
ဒါတောင်မှ သူက ပေးနိုင်ရဲ့လား၊ သေကာနီး အခါကာလမှာ ဒါတွေက မမြဲတဲ့ ကုသိုလ်တွေ ဖြစ်နေတော့ မောင်နိုင်ရေ အာသန္နကံတွေ လာလိုက်ရင် ဘယ့်နှယ် လုပ်မလဲ (မရနိုင်ပါ ဘုရား) ဒီလက်မှတ်နဲ့ ပြီးပါ့မလား (မပြီးပါ ဘုရား)။
သို့သော်လဲ သစ္စာမသိတဲ့ နယ်ကျတော့ ကိုဝ- ဒါနဲ့ဆုံးရမှာပဲ (မှန်ပါ့) မဆုံးရဘူးလား (ဆုံးရပါတယ် ဘုရား)။
သစ္စာမသိရင်နိဗ္ဗာန် ဘယ်တော့မှမရ
အဲဒါကြောင့် အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဒကာရင်း ဆရာရင်းတွေ ဖြစ်နေတော့ သစ္စာ မသိရင် နိဗ္ဗာန် ဘယ်တော့မှ မရလို့ မှတ် (မှန်ပါ့)။
သစ္စာမသိရင် (နိဗ္ဗာန်ဘယ်တော့မှ မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သစ္စာမသိရင် (နိဗ္ဗာန်ဘယ်တော့မှ မရပါ ဘုရား) မသိရင် ဝါဂွမ်းဖြစ်မယ် (မှန်ပါ့)။
ခုနင်က နိဗ္ဗာန်လက်မှတ်ပေးတဲ့ လူတွေနဲ့ တွေ့ရင်လဲ ဟုတ်ထင်ပါရဲ့ (မှန်ပါ့) တစ်ပါးသော ဘာသာနဲ့ တွေ့ရင်ကော ဟုတ်ထင်ပါရဲ့၊ ဟုတ်ထင်တော့ သူဟာ ဝါဂွမ်း ဟိုပါးစပ်က ပြောလိုက်လဲ လွင့်သွားတာပဲ၊ ဒီပါးစပ်က ပြောလိုက်လဲ (လွင့်သွားပါ ဘုရား)။
အဲဒီတော့ သစ္စာသိမှ ကျောက်တိုင်ဖြစ်မယ်ဟေ့ (မှန်ပါ့) ဘုရားက သစ္စာသိမှ ကျောက်တိုင် ဖြစ်မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာသိတော့ ကျောက်တိုင် ဖြစ်လာတယ်တဲ့၊ အခု ဒီ ဒကာ ဒကာမတွေကျတော့ ဥပမာ တရားနာ ကြည့်လိုက်တယ်၊ ဘယ်က ကိုယ်တော်ကြွလာတာ ဘယ်ကလို့ ဆိုပြီး သကာလ တရား ဟောတာ၊ နာတာ ဆိုပြီး နာကြတဲ့ အခါကျတော့ ကိုယ်က သစ္စာကလေး သိထားတော့ သစ္စာသိမှ နိဗ္ဗာန်ဝင်မယ်၊ ဒုက္ခ မမုန်းဘဲနဲ့ နိရောဓ မရောက်နိုင်ဘူး (မှန်ပါ့)။
ဒုက္ခလိုချင်နေရင် နိရောဓမရနိုင်
ဒုက္ခလိုချင်နေရင် (နိရောဓ မရနိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခလိုချင်နေတဲ့ ပုဂ္ဂိုလ်ဟာ (နိရောဓ မရနိုင်ပါ ဘုရား) မရောက်နိုင်ဘူးတဲ့၊ ဒုက္ခသစ္စာမှ သူမသိလို့ လိုချင်နေတဲ့ ပုဂ္ဂိုလ်ဟာ နိရောဓ ဘယ့်နှယ်လုပ် ရောက်မလဲ (မရောက်နိုင်ပါ ဘုရား)။
သို့သော်လဲ တဲ့၊ ကိုယ်က သစ္စာသိထားတဲ့ ဉာဏ်ချိန်ခွင်ကလေး မပါလို့ရှိရင်ဖြင့်တဲ့၊ ဟုတ် ထင်ပါရဲ့ လာမယ် (မှန်ပါ့) သစ္စာသိပြီးသား လူကတော့ လိုသေးတယ်လို့ (မှန်ပါ့) – ဒီတရားဟာ ဘာတုံး (လိုသေးတယ်) လိုသေးတယ်လို့ မချိန်နိုင်ဘူးလား (ချိန်နိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ သစ္စာဟာ အဓိက အရေးကြီးဆုံးအချက်ပဲ (မှန်ပါ့)။
ကိုစောမောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဟို ဒါနတွေ ပြုတုန်းကပဲ သဗ္ဗညုတ ဉာဏ် နိဗ္ဗာန်ကို မြင်ရပါသလား၊ သီလတွေ လုပ်နေတုန်းက နိဗ္ဗာန်မြင်ရပါသလား ဟုတ်လား၊ သမထတွေ အကြီးအကျယ် လုပ်နေတုန်းက နိဗ္ဗာန်ကိုမြင်ရပါသလား၊ ဒုက္ကရစရိယာ ကျင့်နေ တုန်းက မြင်ရပါသလား၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သစ္စာကို သိမှပဲ နိဗ္ဗာန် မြင်ရသလား ဆိုတာ အဲဒီကနေ ချိန်ကြည့် (မှန်ပါ့)။
ကိုဝ- ဘယ့်နှယ်ရသလဲ (ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သစ္စာမြင်ရပါတယ်) သစ္စာဟာ အဒီကျမှ မြင်တယ် (မှန်ပါ့) အဲဒီကျမှ ငါသည် အကြင်အခါ၌ ဒုက္ခသစ္စာ မသိသေး၊ ထိုအခါ ဘုရားဟူ၍ ငါဝန်မခံသေး (မှန်ပါ့) ကဲ ကိုစောမောင် လုံလောက်ပလား (လုံလောက်ပါပြီ)။
ဓမ္မစကြာမှာ လာတယ်
ဒါ ဓမ္မစကြာမှာ လာတယ်နော် (မှန်ပါ့) ဒကာကြီးလှိုင် လုံလောက်ပလား။ (လုံလောက် ပါပြီ)။
ငါသည် အကြင်အခါ၌ ဒုက္ခသစ္စာ မသိသေး၊ သမုဒယသစ္စာကို မပယ်နိုင်သေး နိဗ္ဗာန် နိရောဓ သစ္စာကို မျက်မှောက် မပြုနိုင်သေး၊ မဂ္ဂသစ္စာ မပွားရသေး၊ ထိုအခါ၌ ငါသည် ဘုရားဟူ၍ ငါ့ကိုယ်ငါ မကြေညာသေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ငါသည် အကြင်အခါ၌ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိပြီး၊ ထိုအခါ၌ ငါ- သုံးဆယ့်တစ်ဘုံကို ဘုရားဖြစ်ပြီလို့ ငါကြေညာ လိုက်တယ် ဆိုတော့ ဒီတစ်လုံးနဲ့ပဲ ခင်ဗျားတို့ သေချာပြီ (သေချာပါပြီ ဘုရား)။
ဒကာကြီးလှိုင် သေချာပလား (သေချာပါပြီ ဘုရား) ပေါ်ကြပြီနော် နောက်က ဒကာ ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘာသိမှ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရောက်မလဲ (သစ္စာသိမှ နိဗ္ဗာန်ရောက်ပါမယ် ဘုရား)။
အဲဒုက္ခမချုပ်သေးတဲ့ပုဂ္ဂိုလ် မှန်ခဲ့လို့ရှိရင်ဖြင့် ကိုစောမောင် သစ္စာကို ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ (မှန်ပါ့) အဲဒီတော့ ဘုန်းကြီးက ရှင်းပေးလိုက်တယ်၊ ဒီအလုပ် လုပ်ပြီးတော့ ဘုရားတပည့်တော်တို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို အာရုံ မပြုနိုင်သေးဘူး ဘုရား ၊ ဘာဖြစ်နေတယ် မပြောတတ်ဘူး၊ ဒီဖြစ်ပျက်ဟာလဲ ဒုက္ခသစ္စာလို့ ဆရာသမား ပြောထားလို့ ဒုက္ခသစ္စာလို့လဲ ရှုသားပဲ၊ ဉာဏ်ထဲကလဲ ဒုက္ခသစ္စာလို့ တပည့်တော်တို့ ထင်ပါတယ် ဘုရားလို့ ဆိုငြားသော်လဲ တဲ့ အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ် ဆိုတာ နှစ်ဉာဏ်ရှိတယ်ကွာတဲ့၊ သစ္စာသိတဲ့ဉာဏ် က (မှန်ပါ့) သေသေချာချာ မှတ်ပါ၊ ဒါအရေးကြီးလာပြီး (မှန်ပါ့)။ a
သစ္စာသိနည်း နှစ်မျိုး
အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်လို့ သစ္စာသိနည်းကလဲ နှစ်မျိုးရှိသေးတယ်ကွာ တဲ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ) မင်းတို့ ဒီဖြစ်ပျက် လက္ခဏာရေး သုံးပါးကို ဒါကလေးဟာ ဒုက္ခသစ္စာပဲ ဆိုတာက ဆရာသမားကလဲ ဟောထားတယ်၊
အနုဗောဓဉာဏ်
ကိုယ့်ဉာဏ်ကလေးနဲ့ ရှုလိုက်တဲ့ အခါကျတော့ ဪ ဒါကလေးတွေ ဆရာသမားက ဘာများ ရှုခိုင်းနေတယ် အောက်မေ့နေပါလိမ့်၊ ဒုက္ခသစ္စာ ရှုခိုင်းနေတာကိုး ဆိုတော့ ဆရာသမားဆီက ဉာဏ်ယူပြီး သူရှုတယ် (မှန်ပါ့) အဲဒါသည် အနုဗောဓဉာဏ် ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
ဆရာသမား နည်းပေးတဲ့အတိုင်း ဒါကလေးတွေဟာ ဒုက္ခသစ္စာ ကလေးတွေ၊ ဖြစ်ပျက် ကလေးဟာ ဒုက္ခသစ္စာ ကလေးတွေပဲလို့ ရှုနေတဲ့ ဉာဏ်ကို ကိုစောမောင်က ဘာဉာဏ် လို့ ခေါ်မလဲ (အနုဗောဓဉာဏ်ပါ ဘုရား)။
အနုက အစဉ်နော်(မှန်ပါ့) ဗောဓ-က သိတာ၊ ဗုဓ-ဉာဏေ ဆိုတဲ့ အတိုင်း ဆရာ့ဆီက အစဉ် လျှောက်ပြီး သိနေ သေးတာတဲ့၊ ကိုယ်ပိုင် ဉာဏ်စစ် မဟုတ်သေးဘူးတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သေသေချာချာ ဝေဖန် ပေးနေတယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီအချက်ဟာ သေးတယ်လို့များ ကိုစောမောင် နည်းနည်းမှ မအောက် မေ့လိုက်ပါနဲ့ (မအောက်မေ့ပါ ဘုရား) ဒကာကြီးလှိုင် မအောက်မေ့နဲ့နော် (မအောက်မေ့ပါ ဘုရား)။
သစ္စာသိနည်း နှစ်မျိုး ရှိတယ်ဆိုတာ မောင်နိုင် သဘောကျပလား (ကျပါပြီ) ဆရာ့ဆီက အစဉ် လျှောက်ပြီး သိတဲ့ဉာဏ်က ဘာဉာဏ်တဲ့တုံး (အနုဗောဓ ဉာဏ်ပါဘုရား)။
ဉာဏ်အသစ် ထွက်လာတာ မဟုတ်သေးဘူး
အဲဒီအနုဗောဓဉာဏ်ကို ရှေးဦးစွာ ဒကာ ဒကာမတွေက ရနေတော့ ငါသစ္စာလဲ သိနေပြီ၊ ကိုယ်ခန္ဓာကြီးဟာ ဟိုနေရာမှာလဲ ဖြစ်ပျက်၊ ဒီနေရာမှာလဲ ဖြစ်ပျက်နဲ့ အင်း- ဒါတွေသည်ကား လို့ဆိုရင် ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာ သိပါလျက်သားနဲ့ ဒုက္ခလဲ မချုပ်ဘူး၊ နိဗ္ဗာန်ကလဲ မပေါ်လာ၊ ငါ- ဘာဖြစ်ပါလိမ့် မတုံးလို့ စိတ်မပျက်ပါနဲ့ (မှန်ပါ့) ဆရာ့ဆီက နည်းရပြီး သူ့ဉာဏ်က ဆရာ့ဉာဏ် မှီပြီးတော့ကို သိတဲ့ ဉာဏ်ပဲ ရှိပါသေးတယ် (မှန်ပါ့) ကိုယ်ပိုင် တစ်ခါတည်း သူ့ ဉာဏ်အသစ် ထွက်လာတာ မဟုတ်သေးဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
ဒီအချက်ကလေးဟာ ဒကာ ဒကာမတို့ အထူးဂရုစိုက်ပြီး ပြောနေတယ်လို့ ဆိုလို့ရှိရင် လဲ ကိုစောမောင်က လေးစားစွာနဲ့ မှတ်ရမယ်(မှန်ပါ့) လေးစားစွာနဲ့ နောက်က ဒကာ ဒကာမတွေ မှတ်ရ မယ်နော် (မှန်ပါ့)။
ကဲ ဆရာက ဟောဒါ ဖြစ်ပျက်ဟာ ဘာသစ္စာတဲ့တုံး(ဒုက္ခသစ္စာပါဘုရား)။
အင်း ဟိုရွှေ့လိုက်တော့လဲ ဒါ ဒုက္ခသစ္စာ ကလေးတွေ၊ ဒုက္ခသစ္စာ ကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ အင်း ဒါဒုက္ခသစ္စာ ကလေးတွေပဲလို့ ဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် တဲ့၊ သူ့ဉာဏ်က ဆရာ့ဆီက နည်းမှီးရတဲ့ ဉာဏ်ပဲ ရှိသေးတယ်၊ ဆရာ့ဆီက ကူးစက်သွားတဲ့ ဉာဏ် (မှန်ပါ့)။
အဲဒီတော့ ဘာလာဖြစ်နေသတုံး ဆိုတော့ ကိုစောမောင်က စဉ်းစားလိုက်တဲ့အခါ ကိုဝတို့ က စဉ်းစားလိုက်တော့မှ ဪ ဝိပဿနာဉာဏ် ဖြစ်နေတယ်(မှန်ပါ့) ပဋိဝေဓ သူ့ဟာသူ ထိုးထွင်း သိလာတဲ့ ဉာဏ်မှာ မဝင်သေးလို့ ဒုက္ခ မချုပ်သေးတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါကလေးပြောပြီး ဒီနှစ်လုံးတည်းပြောရမှာကို ဘုန်းကြီးဖြင့် ဒကာ ဒကာမတွေ အတွက် အတော်ကလေး အားစိုက်ပြောတယ် (မှန်ပါ့)။
ဘာ့ကြောင့် အတော်ကလေး အားစိုက် ပြောပါလိမ့်မတုံး ဆိုတော့ သူတစ်ပါး ဆီကရတဲ့ ဉာဏ်အစဉ် လျှောက်တာက အနုဗောဓဉာဏ် (အနုဗောဓ ဉာဏ်ပါ ဘုရား)။
ကိုယ်ပိုင် ဉာဏ်ကလေးက ထွက်လာတယ်
ဒါတွေ ပွားများပါ များလာလို့ တော်တော်ကလေး ပွားများပါ များလာပြီးတော့မှ ကိုယ်ပိုင် ဉာဏ်ကလေးက ထွက်လာတယ်(မှန်ပါ့)။
ကိုယ်ပိုင်ဉာဏ် ကလေးက ထွက်လာတော့မှ ဟာ ဒီဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် ဆရာ ပြောတာနဲ့ ကိုယ့်ဉာဏ်ထဲမှာ တကယ် ဝင်တာနဲ့ ကိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ပဋိဝေဓ ဉာဏ်ဖြစ်တယ် (မှန်ပါ့) ဒါက ထိုးထွင်းသိဉာဏ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် အနုဗောဓဉာဏ်က ဆရာ့ဉာဏ် အစဉ်လျှောက်ပြီး သိတဲ့ဉာဏ် (မှန်ပါ့) သဘော ကျပလား(ကျပါပြီဘုရား)။
အသစ်ပေါ်လာတယ်
ပဋိဝေဓဉာဏ်က အားထုတ်တဲ့ပုဂ္ဂိုလ်မှာ အခုမှ အသစ်ပေါ်လာတယ်(မှန်ပါ့) ဟိုဉာဏ်က ကျေးဇူးပြုတယ်။
အနုဗောဓဉာဏ်က ပဋိဝေဓဆိုတဲ့ ထိုးထွင်းသိဉာဏ်ကို သွားပြီး ကျေးဇူးပြုတယ် (မှန်ပါ့) အဲဒီ ကျေးဇူးပြုတဲ့ အချိန်ကျတော့ ကိုပေါ်တို့ ကိုဝတို့ တစ်ထစ်ချမှတ်တော့ ငါသောတာပန်တည်ပြီလို့ (မှန်ပါ့)။
ဒါဖြင့် ကိုစောမောင် အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ် ထူးသလား (ထူးပါတယ် ဘုရား)။
အနုဗောဓဉာဏ် ဆိုတာ ဆရာ့ဆီက နည်းရပြီး သကာလ ဖြစ်ပျက်ကလေးတွေ၊ ဒုက္ခ သစ္စာ ကလေးတွေလို့ ဝိပဿနာရှုတိုင်း ရှုတိုင်းမြင်နေတာက ဆရာ့ဆီက နည်းရပြီး သကာလ သူ့ဉာဏ်လေးနဲ့ တွဲသွားတာ ရှိသေးတယ်(မှန်ပါ့) အထူးပေါ်တဲ့ဉာဏ် ဟုတ်ပလား (မဟုတ်ပါဘုရား) ဆရာ အကူအညီ ကင်းပလား (မကင်းသေးပါဘုရား)။
အဲဒီ မကင်းသေးခင်တော့ ဝိပဿနာဉာဏ်(မှန်ပါ့) ဝိပဿနာဆိုတဲ့ အနုဗောဓဉာဏ် (မှန်ပါ့) ကိုဝ-ရှင်းပြီနော်(ရှင်းပါပြီဘုရား)။
ဒါအလုပ်-လုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဒကာ ဒကာမတို့ အလွန် အရေးကြီးနေလို့ ဒီနှစ်လုံးကို ကျကျနန ပြောနေပါတယ်(မှန်ပါ့)။
နောက်ကျတော့ ရှုပါများလာပြီး လာတော့ ကိုယ်ကိုယ်တိုင် ဉာဏ်သစ်လောင်းပြီး သကာလ ကိုဝရေ- သြော် အဟုတ်ကို ဒုက္ခသစ္စာ ပါကလားလို့ ကိုယ်-ကိုယ်တိုင် ဉာဏ်နဲ့ ကိုယ် ဆုံးဖြတ်ချက် ချလိုက်တဲ့ အခါကျတော့မှ ပဋိဝေဓဉာဏ် သွားဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ပဋိဝေဓဉာဏ်ဆိုတာ
ပဋိဝေဓဉာဏ်ဆိုတာ ဆရာ့ဆီကဟာ နည်းမယူတော့ဘူးတဲ့၊ သူ့ဟာသူ တစ်ဖန် ထိုးထွင်း သိတာကို ခေါ်တယ် (မှန်ပါ့) သူ့ဟာသူ တစ်ဖန် ထိုးထွင်း သိတယ်(မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒီဉာဏ်က ဘာတဲ့ (ပဋိဝေဓ ဉာဏ်ပါဘုရား) ဆရာ့ဆီက နည်းမှီပြီး မြင်နေတဲ့ဉာဏ် က ဘာတဲ့ (အနုဗောဓ ဉာဏ်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဪ ဒါဖြင့် တပည့်တော်တို့ ဘယ်ဉာဏ်ရောက်မှ တပည့်တော် တို့သည်ကားလို့ ဆိုရင် သောတာပန် တည်မှာပါလိမ့်မလဲလို့ ကိုဝ-မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (ပဋိဝေဓဉာဏ် ရောက်မှ သောတာပန် တည်မှာပါဘုရား) ပေါ်ပလား(ပေါ်ပါပြီဘုရား)။
အဲဒီတော့ ခင်ဗျားတို့အားလုံး ရွတ်နေတဲ့ ဤကား ဒုက္ခသစ္စာ၊ ဤကား သမုဒယ သစ္စာ၊ ဤကား နိရောဓသစ္စာ၊ ဤကား မဂ္ဂသစ္စာ ဆိုပြီး အဘိဓမ္မာ တတ်ရုံနဲ့တော့ ကိုစောမောင် ဝေးပါ သေးတယ် (မှန်ပါ့)။
ဘယ့်နှယ် နေသတုံး (ဝေးပါသေးတယ် ဘုရား) အနုဗောဓဉာဏ်လဲ မပါဘူး (မှန်ပါ့) ပဋိဝေဓဉာဏ် ဆိုတာ (မပါ-ပါ ဘုရား) မပါတော့ ဒကာကြီးလှိုင် ဒါဓမ္မဿဝန ကုသိုလ်ပဲ ဖြစ်တယ်တဲ့၊ နိဗ္ဗာန် မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘာတဲ့တုံး (ဓမ္မဿဝနကုသိုလ်ပဲ ဖြစ်ပါတယ် ဘုရား) နိဗ္ဗာန်တော့ (မရပါ ဘုရား)။
ဘာကြောင့်တုံး မေးတော့ ပုညကိရိယာဆယ်ပါးထဲ အတွင်းဝင်တယ် (မှန်ပါ့) ပေါ်ပလား၊ ဒကာကြီးလှိုင် (ပေါ်ပါပြီ ဘုရား)။
ပုညကိရိယာ ဆယ်ပါးထဲမှာ (အတွင်းဝင်ပါတယ် ဘုရား)။
ဒါ လူတို့၏ ကုသလကမ္မပထ တရား ဆယ်ပါး ရှိသေးတယ်ကွတဲ့၊ ဥတ္တရိ မနုဿ ဓမ္မ မဖြစ်ဘူးတဲ့ (မှန်ပါ့) လူတို့ထက်မြတ်တဲ့ တရားကို သူမတက်နိုင် သေးဘူးတဲ့ (မှန်ပါ) သဘော ကျပလား (ကျပါပြီ) လူသီလလောက် ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ကိုစောမောင် ရှင်းပြတော့ တော်တော့ကိုပဲ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်နိုင်ကြပြီ (မှတ်နိုင်ပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဉာဏ်ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) ပြောပြစမ်း ပါဦး (အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်ပါ ဘုရား)။
အနုဗောဓဉာဏ် ဆိုတာက ဘာတဲ့ (ဝိပဿနာဉာဏ်ကို ခေါ်ပါတယ်) ဆရာ့ဆီက နည်းရပြီး ရှုတဲ့ဉာဏ် (မှန်ပါ့)။ အဲ့ဒါ ဘာဉာဏ်ခေါ်ကြမယ် (အနုဗောဓဉာဏ်ပါ ဘုရား)။
ရှုရင်းမတ္တနဲ့ သြော် ဆရာပြောတာနဲ့ ကိုယ်က အခု သေသေချာချာ ရှုလိုက်လို့ ထိုးထွင်းပြီး သကာလ အသစ်ဖြစ်လာတဲ့ ထိုးထွင်းဉာဏ်ကတော့ ဘာဉာဏ်တဲ့ (ပဋိဝေဓဉာဏ် ပါ ဘုရား)။
ပဋိဝေဓဉာဏ်၊ အဲဒီဉာဏ်ရောက်ရင် မရမရှိဘူး၊ အဲဒီ ဉာဏ်ရောက်ရင် ကိစ္စပြီးတာပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
ဒီဥစ္စာကို လေးလေးစားစား ပြောနေခြင်းသည် ကို အရေးကြီးလို့လား မကြီးလို့လား (ကြီးလို့ ပါ ဘုရား) သဘောပါကြလား (ပါ-ပါပြီ)။
ဒါဖြင့် ဆရာက ဒါ ဖြစ်ပျက်ကလေးတွေ ဘာသစ္စာတုံး ကိုစောမောင် (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ခင်ဗျားကလဲ ရှုလိုက်တော့ သြော် ဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာပဲလို့ ခင်ဗျားမှာ ရှုဆဲပဲ လုပ်နေတယ် ဆိုပါတော့၊ ဆိုပေမယ့်လဲ ကိုယ်ကိုယ်တိုင် အခု အသစ် ပေါ်လာ တာလားတဲ့ ဆရာ့ဆီက နည်းယူပြီး လာတာလား (ဆရာ့ဆီက နည်းယူပြီးလာတာ၊ ဘုရား)။
နည်းယူပြီးလာတော့ ဒီဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (အနုဗောဓဉာဏ်ပါ ဘုရား) အဲ အနုဗောဓဉာဏ်နဲ့ သိတဲ့ဒုက္ခသစ္စာ (မှန်ပါ့)။
အနုဗောဓဉာဏ်နဲ့ သိတဲ့ ဒုက္ခသစ္စာ
ဘယ်လိုမှတ်ကြမယ် (အနုဗောဓဉာဏ်နဲ့ သိတဲ့ ဒုက္ခသစ္စာပါ ဘုရား) သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ သုံးလေးခေါက် ပြောနေပါတယ် (မှန်ပါ့) အနုဗောဓဉာဏ်နဲ့ သိတဲ့ ဒုက္ခသစ္စာ (မှန်ပါ့)။
နောက် ဒီ ဒုက္ခသစ္စာကို ကိုပေါ်တို့ ကိုဝတို့က ကိုင်း ဆရာ့ဆီကတော့ နည်းရပြီ၊ နည်းရတဲ့ အတိုင်းလဲ ကိုယ်မြင်နေပြီ၊ ဝိပဿနာ သဘောနဲ့ ဆိုကြပါစို့ (မှန်ပါ့)။
ဝိပဿနာသဘောနဲ့ ဝိပဿနာဉာဏ်နဲ့တော့ ကိုစောမောင် မြင်ပြီဆိုကြပါစို့ (မှန်ပါ့) သို့သော် ကိုယ့်ဟာကိုယ် ထိုးထွင်းပလား (မထိုးထွင်းသေးပါ ဘုရား)။
ဒါဖြင့်ပွားယူ (မှန်ပါ့) ပွားရင်းမတ္တနဲ့ ဟိုက ခန္ဓာက သက်သေခံတာနဲ့ ကိုယ့်ဉာဏ် ကလဲ အသစ် လောင်းပြီး ဆုံးဖြတ်ချက် ချတာနဲ့ ကိုက်သွားတဲ့ အခါကျတော့ ဘယ့်နှယ်ဆိုကြမလဲ (ပဋိဝေဓဉာဏ်ပါ ဘုရား)။
အဲဒီ ဉာဏ်ရောက်ရင် ဦးဘရှင်း မရ-မရှိဘူး (မှန်ပါ့)။
ဒါကြောင့် အနုဗောဓဉာဏ် မပါဘဲနဲ့လဲ ပဋိဝေဓဉာဏ် မဖြစ်ဘူး (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
အနုဗောဓဉာဏ် မပါဘဲနဲ့လဲ (ပဋိဝေဓဉာဏ် မဖြစ်ပါ ဘုရား) အဲ ပဋိဝေဓဉာဏ် မရောက် ဘဲနဲ့လဲ နိဗ္ဗာန် မမြင်ဘူး (မှန်ပါ့) ဒုက္ခကို သေသေချာချာ အကုန်သိပြီလို့ ဆိုလို့မရ ဘူး (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ စကားနှစ်လုံးတည်းပါ၊ မများပါဘူး (မှန်ပါ့) များကြ သလား (မများပါ ဘုရား)။
ဘာဉာဏ် ဘာဉာဏ်တဲ့တုံး (အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ်ပါ ဘုရား)။
အနုဗောဓဉာဏ်ဆိုတာ ဆရာနည်းပေးတဲ့ အတိုင်း ကိုယ်ရှုနေတဲ့ ဉာဏ်ကို သစ္စာတော့ သိတော့ သိပါတယ်၊ ဒါ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲလို့ တော့ သိပါတယ် (မှန်ပါ့)။ ဒ
ဒါကို ဦးဘရှင်းက ဘယ့်နှယ်ဆိုပါ့မယ် (အနုဗောဓဉာဏ်ပါ ဘုရား)။
စာကြည့်သလို ပေါ့
ကဲ ဒါဖြင့် အနုဗောဓဉာဏ်နဲ့ ဒကာ ဒကာမတွေက ပွားပြီးနေတော့ စာကြည့်သလို ပေါ့ ကိုစောမောင် (မှန်ပါ့) စာကြည့် စာဖတ်သွားတော့ အရှင်းသားပဲဆိုပြီး ရှင်းတာပဲရှိတယ် (မှန်ပါ့)။
နောက်တစ်ခါ နဖူးပေါ်လက်တင် စဉ်းစားလိုက်တော့မှ အို စာကဟာတွေဟာ ကိုယ့်ခန္ဓာနဲ့ အကိုက်သားပဲ (မှန်ပါ့) အဲဒီ စာကြည့် စာဖတ်သွားတော့ အရှင်းသားပဲဆိုပြီး ရှင်းတာပဲရှိတယ် (မှန်ပါ့)။
နောက်တစ်ခါ နဖူးပေါ်လက်တင် စဉ်းစားလိုက်တော့မှ အို-စာကဟာတွေဟာ ကိုယ့်ခန္ဓာနဲ့ အကိုက်သားပဲ (မှန်ပါ့) အဲဒီ အကိုက်သား ရောက်မှ (မှန်ပါ့) စာကြည့်ရုံနဲ့ မပြီးသေးဘူး (မှန်ပါ့) ကိုယ့်ခန္ဓာနဲ့ ပြန်ပြီး နဖူးပေါ်လက်တင် စဉ်းစားလိုက်တဲ့ အခါကျတော့ ခန္ဓာနဲ့ စာနဲ့ဟာ ကိုက်လိုက်တာ ဆိုတဲ့ အခါကျတော့ ကိုယ့်ဉာဏ်က အဲဒီမှာ တွေးလုံးနဲ့ ထိုးထွင်းလာတယ် (မှန်ပါ့)။
အဲဒါကျတော့ ပဋိဝေဓဉာဏ် (မှန်ပါ့) စာကြည့်နေတုန်းကတော့ (အနုဗောဓဉာဏ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ စိတ်မပျက်နဲ့၊ ရှင်းကြပလား (ရှင်းပါပြီ)။
သြော် ဒို့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ဆရာသမားကလဲ ဟောထားတယ်၊ ဒို့ ရှုတော့လဲ ဖြစ်ပျက်ကိုပဲ အတွေ့သား၊ ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာကြီးဟာ မချုပ်သေး ပါလိမ့်မတုံး၊ ချုပ်လို့ ရှိရင်လဲ နိရောဓသစ္စာဟာ ဒုက္ခအဆုံးမှာ ပေါ်ရမယ်လို့ ဘုရား ဟောထားတယ်၊ ဆရာ သမားကလဲ တတွတ်တွတ်ပြော၊ ဘယ့်နှယ်ကြောင့် ဒီဥစ္စာ မဆုံးသေးပါ လိမ့်မလဲလို့ဆိုတော့ ကိုယ်ပိုင် ထိုးထွင်းဉာဏ် မဝင်သေးလို့သာ မှတ်လိုက် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ။)
ကိုယ်ပိုင် ထိုးထွင်းဉာဏ်
ဘယ်လိုမှတ်ကြမယ် (ကိုယ်ပိုင် ထိုးထွင်းဉာဏ် မဝင်သေးလို့ပါ ဘုရား)။
ဒါဖြင့် ဝင်လို့ ရှိရင်တော့ ကိုယ်ပိုင်ထိုးထွင်းဉာဏ်လဲ ဖျတ်ခနဲ ဝင်လိုက်ပါရော၊ ဒုက္ခ သစ္စာလို့ အမှန်လဲ သိလိုက်ပါရော မောင်နိုင် ချုပ်သွားတာပဲ (မှန်ပါ့) ချုပ်သွားပြီး ဘာပေါ်လာသလဲ (နိရောဓ ပေါ်လာပါတယ် ဘုရား)။
အဲဒါကတော့ ပဋိဝေဓဉာဏ်ကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာသိတဲ့ဉာဏ် ဘယ်နှစ်ဉာဏ်ရှိပါလိမ့် (နှစ်ဉာဏ်ရှိပါတယ် ဘုရား) တစ်ဉာဏ် က ဘာပါလိမ့် (အနုဗောဓဉာဏ်ပါ ဘုရား) တစ်ဉာဏ်က (ပဋိဝေဓဉာဏ်ပါ ဘုရား)။
အဲဒါကို ဒကာ ဒကာမတွေ ဒီနေ့ လေးလေးစားစားနဲ့ ဆရာဘုန်းကြီးက ပြောနေပါတယ်၊ ကိုယ်တို့ ကိုဝတို့နော် (မှန်ပါ့)။
စိတ်ပျက်သွားမှာကို အင်မတန်စိုးပါတယ်၊ အနုဗောဓ ဉာဏ်မပါဘဲနဲ့လဲ ပဋိဝေဓဉာဏ်က မဖြစ်နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ။)
အနုဗောဓဉာဏ် မပါဘဲနဲ့လဲ (ပဋိဝေဓဉာဏ် မဖြစ်နိုင်ပါ ဘုရား)။
ဒါဟာ ဒကာ ဒကာမတွေကို ပြောပါတယ်၊ ထပ်ပြောတယ်လို့လဲ မယူပါနဲ့၊ နားကြီးမှ ဒီဥစ္စာ နှစ်ဉာဏ် ခွဲနိုင်တယ် (မှန်ပါ့) နားမကြီးလို့ ရှိရင် (မခွဲနိုင်ပါ ဘုရား)။
ကဲ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
အနုဗောဓဉာဏ်က ဆရာ့ဆီက နည်းရပြီး ပဋိဝေဓဉာဏ် ရောက်လို့ ရှိရင် ဒီဖြစ်ပျက်ပဲ။ ဖြစ်ပျက်ကတော့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ကျုပ်တို့ ဖြစ်ပျက် ကြားဖူးတာ ကြာပါပြီဗျာ၊ ဒါ အနုဗောဓဉာဏ် (မှန်ပါ့) နောက်တော့ ကိုယ်တိုင် ကြည့်လိုက်တဲ့ အခါကျတော့ သြော် တစ်ထပ်တည်း ဖြစ်သွားတယ် ဆိုတာနဲ့ ကိုစောမောင် တစ်ခြားစီ (မှန်ပါ့) မခြားဘူးလား (ခြားပါတယ် ဘုရား) ဒကာ ဒကာမတို့ မခြားဘူးလား (ခြားပါတယ် ဘုရား)။
အဲဒီတော့ အရင်ဟာက ဘာဉာဏ်တုံး (အနုဗောဓဉာဏ်ပါ ဘုရား) နောက်ခန္ဓာနဲ့ ကိုက်ကြည့် လိုက်တဲ့အခါ ဟုတ်သားပဲ ဆိုတာက (ပဋိဝေဓဉာဏ်ပါ ဘုရား) ပဋိဝေဓ ဉာဏ်နော် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကျောက်တစ်လုံး ကြည့်တယ်
အဲ ကျောက်တစ်လုံး ကြည့်တယ် ဆိုပါစို့ဗျာ၊ အများပဲကြည့်ပြီး သကာလ နေကြတယ်၊ ဘယ်သူမှ ဒီအပြစ်ကလေးကို မမြင်ဘူး ဆိုကြပါစို့ (မှန်ပါ့) ဈေးကျတော့လဲ တူနေကြ တာပဲ။
နောက် ကိုယ့်ထက် မျက်လုံးကျယ်တဲ့ လူက ကိုဝ လာကြည့်တယ် ဆိုကြပါစို့ (မှန်ပါ့ ဘုရား) ဟာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဈေးနဲ့ ခင်ဗျားတို့ဟာက အကိုက်သားပဲ။ သို့သော် ဒီအပြစ်ကလေး ပါတယ် ဆိုတော့ သူက မျက်လုံးစူး မသွားဘူးလား (မှန်ပါ့)။
စူးသွားတဲ့ အခါကျတော့ ဪ ဒါသည် ဒို့မျက်လုံးထက် သူ့မျက်လုံးက သာတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) နဂိုက သူလဲကြည့်တာပဲ၊ ကိုယ်လဲ ကြည့်တာပဲ (မှန်ပါ့) ကြည့်တာချင်း တူကြရဲ့လား (တူပါတယ် ဘုရား) ကိုစောမောင် တူရဲ့ လား (အတူတူပါ ဘုရား)။
နဂိုကြည့်တာချင်း တူတယ်၊ သို့သော် အပြစ်သိတာချင်း ကျတော့ (မတူပါဘူး) ဒါဖြင့် သူက ထိုးထွင်းတယ် (ထိုးထွင်းပါတယ် ဘုရား) အရင်လူတွေက (မထိုးထွင်း ဘုရား)။
အင်း အရင်လူက မိဘရိုးရာ အတိုင်း ကြည့်တယ် (မှန်ပါ့) နောက်လူက (ထိုးထွင်း သိပါတယ် ဘုရား)။
အဲ ထိုးထွင်းသိ ရောက်လို့ ရှိရင် ပဋိဝေဓဉာဏ်မှတ် (မှန်ပါ့) ဒီကျောက်ပဲ (မှန်ပါ့) ကျောက်ကတော့ (ဒီကျောက်ပါပဲ ဘုရား)။ ဒီမှာလဲ ဖြစ်ပျက်ကတော့ အရင်တုန်းက ဝိပဿနာ ဉာဏ်တုန်း ကလဲ ဒီဖြစ်ပျက်ပဲ (မှန်ပါ့) အနုဗောဓဉာဏ် တုန်းကလဲ ဒီဖြစ်ပျက် (မှန်ပါ့) သဘော ပါပလား (ပါပါပြီ) နောက် ပဋိဝေဓဉာဏ် ကျတော့ကော (ဒီဖြစ်ပျက်ပါ ဘုရား)။
သို့သော်လဲတဲ့ ပိုင်ပိုင်နိုင်နိုင် အသိနဲ့ အစဉ်လျှောက်အသိ ကွာတယ် (ကွာပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။
ပိုင်ပိုင်နိုင်နိုင် အသိနဲ့ အစဉ်လျှောက်သိ
ဘယ်လိုမှတ်ကြမယ် (ပိုင်ပိုင်နိုင်နိုင် အသိနဲ့ အစဉ်လျှောက်သိ ကွာပါတယ် ဘုရား) ၊ အို ဒီတစ်လုံးဟာ ခင်ဗျားတို့ သေပျော်တယ် မှတ်စမ်းပါး (မှန်ပါ)။
ဒီတစ်လုံးဟာ သေပျော်ပါတယ် မှတ်စမ်းပါ မောင်နိုင် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဒီတစ်လုံး ဘယ့်နှယ်မှတ်ကြမယ် (သေပျော်ပါပြီ ဘုရား)။
သေပျော်တယ် ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ တရားကို အဖိုးတန်သထက် တန်အောင် ပြောနေ တာလား ဟုတ်လား၊ တကယ့်ကို ဒီဥစ္စာတန်လို့ တန်တယ်လို့ ပြောနေရတာ လား ဆိုတာ (တကယ် အဖိုးတန်လို့တန်တယ် ပြောနေရတာပါ ဘုရား) ဒကာကြီးလှိုင် ကျေနပ်ပလား (ကျေနပ် ပါပြီ)။
အဲဒီလို ခွဲပေးမည့်ဆရာ မရှိလို့ရှိရင် ကျုပ် ဝိပဿနာ လုပ်နေတာ ကြာပါပြီ၊ ပါရမီက မရှိလို့လား အဖျက်တွေက များလွန်းလို့လား ကိစ္စတွေကပဲ ပလိဗောဓတွေက များလွန်းလို့ လား ဆိုပြီး ဟိုဘက်တိမ်း ဒီဘက်တိမ်း သွားနေတယ် (မှန်ပါ့) ဟိုဘက်တိမ်း ဒီဘက်တိမ်း သွားနေတဲ့ အသွားဟာ ကိုဝ မှန်ပါရဲ့ လား (မမှန်ပါ ဘုရား)
ဘယ်ဉာဏ်က ဘယ်ဉာဏ် မရောက်သေးလို့ပါလိမ့် (အနုဗောဓဉာဏ်က ပဋိဝေဓဉာဏ် မရောက်သေးလို့ ပါ ဘုရား)။
အဲဒါဟာ ဒီဘက်က အားထုတ်တဲ့ ဒကာ ဒကာမတွေ အလုံးစုံ အကုန်စဉ်းစားပါ (မှန်ပါ့) ကျောက်တစ်လုံးပဲ၊ ဒီကျောက်တစ်လုံးပဲ အကုန်ကြည့်တယ်လို့ အောက်မေ့ (မှန်ပါ့)။
ကြည့်စရာ ကတော့ ဖြစ်ပျက်ပဲ (မှန်ပါ့) သို့သော် ဖြစ်ပျက်ကို သူက ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိတာနဲ့ ဒုက္ခသာမည သိတာနဲ့ ကွာသွားတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ပိုင်ပိုင်နိုင်နိုင် သိတာနဲ့ သာမညသိတာ (ကွာသွားပါတယ် ဘုရား)။
အဲ သာမညသိတာက ဝိပဿနာဉာဏ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ပိုင်ပိုင် နိုင်နိုင် သိတာက (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ် မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အလုပ်ဟာ လက်လျှော့ရမည့် အလုပ်လား၊ သိစရာ ကျန်သေးလို့ မရနိုင်တာလား (သိစရာ ကျန်သေးလို့ မရနိုင်တာပါ ဘုရား)။
အဲဒီတော့ သိစရာ ကျန်သေးလို့ မရသေးတော့ကို ကိုဝ- ဒီအလုပ် လက်လွှတ်ပစ်လို့ တော်ပါမလား (မတော်ပါ ဘုရား)။
သိစရာ ကျန်သေးလို့ ကိုယ်တိုင်အခု ဆရာဘုန်းကြီးက ဆုံးဖြတ်ချက် ချပေးလိုက် တဲ့ အခါကျတော့ ခင်ဗျားတို့က အင်း သိစရာ ကျန်သေးလို့ ပွားဦးမှပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (သိစရာကျန်သေးလို့ပွားဦးမှပါ ဘုရား) ပွားဦးမှပဲဆိုတာ ဒကာ ဒကာမတွေ ပျင်းနေလို့ တော်ပါ့မလား (မတော်ပါ ဘုရား) နို့မဟုတ်လို့ရှိရင် ဒီနေရာမှာ ပျင်းလိုက်မယ် ဆိုလို့ရှိရင် ဘဝပဋိသန္ဓေ နေရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီနေရာမှာ ဆရာပေးတဲ့ အနုဗောဓဉာဏ်နဲ့ပဲ ကဲ ကိုယ့်ပါရမီက ဒီလောက်ထင်ပါရဲ့၊ ကိုဝ-ဒီလိုလူလဲ ရှိသေးတယ်နော် (မှန်ပါ့)။
ဆရာပေးတာလဲ ဆရာလဲ ညံ့တဲ့ဆရာ မဟုတ်ပါဘူး၊ ကိုယ်လဲ ရှုတာ လုံ့လဝီရိယ တယ်မညံ့ဘူး အစရှိသည်နဲ့ ကိုစောမောင် လာကုန်ပြီ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဆုတ်နစ်တဲ့ ဝီရိယ လာတတ်တယ်
သို့သော်လဲ ကိုယ့်မှာ ဒီဖြစ်ပျက်နဲ့ပဲ သေပုံရထင်ပါရဲ့၊ အင်း ဒီလိုရင်လဲ မောင်နိုင် ဆုတ်နစ်တဲ့ သဘော၊ ဆုတ်နစ်တဲ့ ဝီရိယ လာတတ်တယ် (မှန်ပါ့)။
အဲ ဦးဘရှင်းတို့ ကိုဝတို့ ကိုပေါ်တို့ ကိုစောမောင်တို့ လာစရာ မလိုဘူးနော် (မှန်ပါ့)။
ဒီကျောက်တစ်လုံး ကြည့်ငြားသော်လဲ အပြစ်သိတဲ့ ပုဂ္ဂိုလ်နဲ့ မသိတဲ့ ပုဂ္ဂိုလ်ဟာ ကွာပြီးတော့ သိ-မသိ (ကွာပါတယ် ဘုရား)။
အပြစ်သိတဲ့ပုဂ္ဂိုလ်သည် သူ-သိလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သူအရှုံး မရှိဘူး (မှန်ပါ့) အပြစ်မသိတဲ့ ပုဂ္ဂိုလ်သည် ခပ်ဝါးဝါးနဲ့ ကြည့်လိုက်တယ် ဆိုလို့ ရှိရင် အင်း ကိုယ့်အထင်က ဘယ်လောက်တင် လိမ့်မယ် ဆိုပြီး ကိုက်ထားတယ်၊ ဘယ်လောက် ဈေးရယ်လို့ ကိုယ်- ဆုံးဖြတ်ချက် ချပြီး သကာလ ဝယ်ငြားသော်လဲ ကိုစောမောင် နာလိမ့်မယ် (မှန်ပါ့) မနာပေဘူးလား (နာပါတယ် ဘုရား)။
ဘာဖြစ်လို့တုံး ပိုင်ပိုင်နိုင်နိုင် သိတာနဲ့ ပိုင်ပိုင်နိုင်နိုင် မသိတာ ကွာတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ) ဘယ်လို ကွာကြသလဲ (ပိုင်ပိုင်နိုင်နိုင် သိတာနဲ့ မသိတာ ကွာပါတယ် ဘုရား) အင်း ဒါ ကွာသွားတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အနုဗောဓဉာဏ်က ပိုင်ပိုင်နိုင်နိုင် မသိသေး (မှန်ပါ့) ပဋိဝေဓဉာဏ်ကမှ (ပိုင်ပိုင်နိုင်နိုင် သိပါတယ် ဘုရား)။
ပိုင်ပိုင်နိုင်နိုင် သိတာ
အဲ ပိုင်ပိုင်နိုင်နိုင် သိတာကို သစ္စာကို ပိုင်းပိုင်းခြားခြား သိတယ်လို့ စာကရေးတယ် (မှန်ပါ့)။
ခင်ဗျားတို့ သဘောနဲ့တော့ ဘယ်လိုမှတ်ကြမယ် (ပိုင်ပိုင်နိုင်နိုင် သိတာပါ ဘုရား)။ ပိုင်ပိုင်နိုင်နိုင် သိတာလို့ ဆိုတာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်တာလဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲလို့ သူများ အပြောမကူဘဲနဲ့ ကိုယ့်ထိုးထွင်း ဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ရှိရင် ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အလုပ် လက်လျှော့စရာလား၊ သိစရာ ကျန်သေးလို့ ကိစ္စမပြီး သေးတာလား (သိစရာ ကျန်သေးလို့ ကိစ္စ မပြီးသေးတာပါ ဘုရား)။
ဒါဖြင့် ကိုစောမောင် ဒီစကားကလေး နှစ်လုံးနဲ့ ဘုန်းကြီးက နာရီဝက်သာသာ ပြောတာပဲ လို့ ကိုစောမောင်က အပြစ် တင်ချင်သလား တဲ့၊ ဒီလို မဝေဖန်တတ်တဲ့ နောက်ဆုတ်တဲ့ လူဘယ်လောက် များမယ် ထင်သတုံး (များပါတယ် ဘုရား) မများပေဘူးလား (များပါတယ် ဘုရား။)
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးကိုပြောပါသည်၊ ဘာမှအားမငယ်ပါနဲ့၊ ကိုယ့်ဉာဏ် ထိုးထွင်းသိကို ဒီကနေ ပွားသာပွား မောင်နိုင် (မှန်ပါ့)။
ပွားလို့ ကိုယ့်ဉာဏ်သည် တစ်ခါတည်း ရှင်းလင်းသွားတဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ်ပိုင် ဉာဏ် ထိုးထွင်းတာ ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။
ကိုယ်ပိုင် ထိုးထွင်းတဲ့ဉာဏ် ဝင်လာလို့ရှိရင် ဒါပိုင်ပိုင်နိုင်နိုင် သိတဲ့ဉာဏ် ကိုဝ လာရမှာလား၊ မလာရဘူးလား (လာရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီလိုလဲ မှတ်ပါတဲ့၊ ကိုစောမောင် ဒါက တစ်နည်း ပြောတာ (မှန်ပါ့) နောက်တစ်နည်း ပြောပါဦးမယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)။
ကိလေသာ ဝေးမှု မဝေးမှု
နောက်တစ်နည်း ပြောပါဦးမယ်တဲ့၊ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် မသိဘဲနဲ့တော့ နိဗ္ဗာန်တော့ မရနိုင်တဲ့ ဥစ္စာ ဘာ့ကြောင့်တုံး ဆိုတော့ ဒီလိုလုပ်ပါတဲ့ ကိုဝရဲ့၊ ကိလေသာ ဝေးမှု မဝေးမှုက လာသေးသကွာတဲ့ (မှန်ပါ့) ဘုရားက ဟောပြန်တယ်၊ ဝိပဿနာဉာဏ်က ကိလေသာနဲ့ဟာ ကိလေသာ ဝိုင်းနေတယ်ကွ တဲ့ (မှန်ပါ့)။
ဝိပဿနာဉာဏ်က ကိလေသာကို သိပ်အဝေးကြီး မနှင်နိုင်ဘူးတဲ့ (မှန်ပါ့) ပိုင်ပိုင်နိုင်နိုင် သိတဲ့ဉာဏ်ကမှ သူနဲ့ဆိုင်တဲ့ ကိလေသာကို ဘယ်တော့မှ မလာနိုင်အောင် နှင်နိုင်တယ် (မှန်ပါ့) ဒါလဲ ကွာသေးတယ်ကွ-တဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာဉာဏ်က ကိလေသာ မဝေး (မဝေးပါ ဘုရား) ခုနင်က ပိုင်ပိုင်နိုင်နိုင် သိတဲ့ဉာဏ်က (ကိလေသာ ဝေးပါတယ် ဘုရား)။
ဝေးရုံတင်မကဘူး ကိုစောမောင်၊ ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဆိုတာ လုံးလုံးပြုတ် တယ် (မှန်ပါ့) သူက လုံးဝကို မလာအောင် သူက လုပ်နိုင်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဝိပဿနာဉာဏ်က ဘာတတ်နိုင်သတုံး ကိလေသာကို (ဝေးအောင် တတ်နိုင် ပါတယ် ဘုရား) ပျောက်အောင်တော့ (မတတ်နိုင်ပါ ဘုရား) ပိုင်ပိုင်နိုင်နိုင် သိတဲ့ဉာဏ် ကတော့ (ပျောက်အောင် တတ်နိုင်ပါတယ် ဘုရား) သူနဲ့ဆိုင်တဲ့ ကိလေသာ ပျောက်အောင် တတ်နိုင်တယ် (မှန်ပါ့)။
ကဲ မောင်နိုင် မကွာလား (ကွာပါတယ် ဘုရား)။
ဒီနည်းကို ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါခုနင်ကဟာ ထောက်ခံချက်ပေးလိုက်တာပဲ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ နားလည်မှုကို ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိလေသာ ဝေး-မဝေး၊ ဝေးတာနဲ့ ပျောက်တာ ကွာသေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာ အကွက်ပါရဲ့လား (မပါ-ပါ ဘုရား) ဝိပဿနာ ဉာဏ်က ကိလေသာ ဝေးအောင် လုပ်တယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
အနုဗောဓ ဉာဏ်က ကိလေသာကို (ဝေးအောင် လုပ်ပါတယ် ဘုရား) ပဋိဝေဓဉာဏ်က (ကိလေသာ ပျောက်အောင်လုပ်ပါတယ် ဘုရား)။
ပျောက်အောင် လုပ်တာနဲ့ ဝေးအောင် လုပ်တာ
ကဲ ဒါဖြင့် ပျောက်အောင် လုပ်တာနဲ့ ဝေးအောင် လုပ်တာ ဒီဆရာကို ဒကာ ဒကာမတွေက စဉ်းစား ကြည့်တာပေါ့၊ အနာကို သက်သာအောင် လုပ်တဲ့ ဆရာလဲ ရှိတယ် (မှန်ပါ့) ပျောက်အောင် လုပ်တဲ့ ဆရာကော (ရှိပါတယ် ဘုရား)။
ဘယ်ဆရာ ခင်ဗျားတို့ ကြိုက်သလဲ (ပျောက်အောင်လုပ်တဲ့ ဆရာကြိုက်ပါတယ် ဘုရား)။
အဲ ဝေးအောင်လုပ်တဲ့ ဆရာ၊ သက်သာအောင်လုပ်တဲ့ ဆရာက တစ်နေ့နေ့ အညှော် ခံလိုက်ရရင် ပြန်ထလာမယ် ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါကြောင့် အညှောလွတ်ဆိုလို့ ရှိရင်ဖြင့် ကိုစောမောင် ပဋိဝေဓဉာဏ် ရအောင်လုပ် (မှန်ပါ့) ဘယ်အညှော် တိုက်တိုက် ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြန်မလာဘူး (မလာပါ ဘုရား) လာသေးရဲ့ လား (မလာပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
အင်မတန် အဖိုးတန်တဲ့ စကားနှစ်ခု ဆိုတဲ့ဥစ္စာ ခုနင်က အနုဗောဓဉာဏ်နဲ့ ပဋိဝေဓ ဉာဏ်ကို နောက် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ထူးခြားပုံကို ကိုဝ-ရှင်းပြတယ် (မှန်ပါ့) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကိလေသာကို ဝိပဿနာဉာဏ်က ဝေးအောင်သာ တတ်နိုင်သည် (မှန်ပါ့) ဦးဘရှင်း ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေကော (ကျေနပ်ပါတယ် ဘုရား)။
အများပြောလို့ ကျေနပ်လိုက်ရတာလား၊ ကိုယ့်သဘောထဲမှာကျလို့ ကျေနပ်ရတာလား (ကိုယ့်သဘောထဲမှာ ကျလို့ကျေနပ်တာပါ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ သာမညဆိုလို့ ရှိရင် ဘုန်းကြီးသည် တဲ့၊ ဒီလောက် နာရီတွေ၊ အချိန်တွေ ဆွဲပြီး သကာလ ကိုဝ-မပြောပါဘူး (မှန်ပါ့) အခုတော့ ဒီဥစ္စာ ပြောသင့်- မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။
နို့မဟုတ်လို့ ကိလေသာ ဝေးနေသေးလို့ ရှိရင်ဖြင့်တဲ့၊ ဝိပဿနာ ဉာဏ်ပဲ ရှိသေးလို့ နိဗ္ဗာန် မမြင်သေးဘူး (မှန်ပါ့) သူနဲ့ဆိုင်တဲ့ ကိလေသာ ကုန်သွားတော့ ဒိဋ္ဌိချုပ်တဲ့ နိဗ္ဗာန် (မြင်ပါတယ် ဘုရား) ဝိစိကိစ္ဆာ ချုပ်တဲ့ နိဗ္ဗာန် (မြင်ပါတယ် ဘုရား) သီလဗ္ဗတပရာမာသ ချုပ်တဲ့နိဗ္ဗာန် (မြင်ပါတယ် ဘုရား) ဒါအပါယ်လေးပါး တံခါးပိတ်တဲ့နိဗ္ဗာန် (မြင်ပါတယ် ဘုရား) ဒါ ပိုင်ပိုင်နိုင်နိုင် သိလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားမှာ နာရီဝက်ကျော်သွားပါပြီတဲ့ ဘယ်နှစ်လုံး သိရသတုံး မေးရင် ဘယ့်နှယ်ပြောကြမလဲ (နှစ်လုံးသိရပါတယ် ဘုရား)။
ပဋိဝေဓဉာဏ်က မဂ်ဉာဏ်
နှစ်လုံးပဲ သိရသေးတယ်၊ အနုဗောဓဉာဏ် တစ်လုံး၊ ပြီးတော့ကော (ပဋိဝေဓဉာဏ် တစ်လုံးပါ ဘုရား)။
နောက်ဥပမာက ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် (မှန်ပါ့) အနုဗောဓဉာဏ်က ဝိပဿနာဉာဏ် (မှန်ပါ့) ပဋိဝေဓဉာဏ်က (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ် ဆိုတော့ ကိုဝ ဒါရှင်းသွားပြီ၊ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ခင်ဗျားတို့ တောမှာ တစ်ချို့ မိုးခေါင် ရေရှားဆိုတာ လဲ ကြားဖူး ကြပါလိမ့်မယ် (ကြားဖူးပါတယ် ဘုရား) ကန်ရေသောက်နော် (မှန်ပါ့)။
ကန်ရေကို သွားကြည့်မယ် ဆိုလို့ရှိရင် ကိုဝတို့၊ ကျုပ်တို့ မိုးကုတ်သားတွေ မြစ်နားနေတဲ့ လူတွေက မသောက်နိုင်ဘူး၊ ရေမှော် ရှုပ်နေလို့ (မှန်ပါ့) နွားလဲ ဒီထဲသောက်၊ လူကလဲ ဒီထဲ ခပ်ကိုးဗျ၊ ပြီးတော့လဲ တစ်နှစ်လုံး လှောင်ထား ရတယ် ဆိုတော့ ထွက်ပေါက်ကလဲ မရှိ၊ နေက ပူလိုက်တာလဲ လွန်လို့ ဆိုတော့ ရေမှော်တွေဟာ မောင်နိုင်နှယ် တစ်ခါတည်း အကုန် ပိတ်နေတယ် (မှန်ပါ့)။
ဒါထက် ဟင်းရန်တွေ အမျိုးမျိုး အဖုံဖုံ ကြာတွေ ကိုစောမောင် ရှုပ်နေတာပဲ (မှန်ပါ့- ရှုပ်ပါတယ် ဘုရား) အဲဒီတော့ မှိုနတိုတွေ ပေါက်နေလိုက်တာ၊ ရေပေါ်မှာ ပေါက်တဲ့ ဗေဒါပင်တွေ ပေါက်နေလိုက်တာ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
ရေကြည် လိုချင်တဲ့ ပုဂ္ဂိုလ်
အဲဒီတော့ ရေကြည် လိုချင်တဲ့ ပုဂ္ဂိုလ်က သူ-ဘယ်လိုလုပ်ရမတုံး ဆိုတော့ ရေအိုးနဲ့ခပ်တဲ့ ပုဂ္ဂိုလ်ကဖြင့် အိုးဖင်နဲ့ လှည့်ရတယ် (မှန်ပါ့) မလှည့်ရဘူးလား (လှည့်ရပါတယ် ဘုရား)။
ဘာဖြစ်လို့ လှည့်သတုံးလို့ မေးလို့ရှိရင်ဖြင့် ရေကြည်လိုချင်လို့ လှည့်တယ် ဆိုတဲ့ အဓိပ္ပါယ် က သက်ရောက်တယ် (မှန်ပါ့) ဒါပဲ ဒီပြင် သူ့ဆန္ဒဘာမှမရှိဘူး (မှန်ပါ့)။
ရေကြည် လိုချင်တာပဲ၊ သို့သော် များများလှည့်ရင် ဝေးတယ် (မှန်ပါ့) နည်းနည်းလှည့်ရင် (နီးပါတယ် ဘုရား)။
နည်းနည်းလှည့်လို့ ရှိရင် ခပ်ပြီးသည်နဲ့ တစ်ပြိုင်နက်တည်း သူတို့ကပြန်လာတာပဲ (မှန်ပါ့) ရေက နိမ့်သွားပြီကော ရေကနိမ့်သွားလို့ရှိရင် ပြန်မလာဘူးလား (ပြန်လာပါ တယ် ဘုရား)။
အဲ ခုနင်က ရေမှော်နဲ့ ကိလေသာနဲ့ တူတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) နည်းနည်း ဝိပဿနာ ဉာဏ်လောက်တော့ သူကပြန်ဝင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ တာရှည်လှည့်စမ်း ကိုစောမောင် အိုးဖင်နဲ့ (ဝေးပါတယ် ဘုရား) ဝေးသွားမှ ခပ်လိုက်တော့ ရေကြည်ရတယ် (ရပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အေး ဒါကြောင့် နိဗ္ဗာန် ဆိုတာက ဘယ်သူနဲ့မှ မရောချင်ဘူး (မှန်ပါ့) နိဗ္ဗာန် ဆိုတာက ဒုက္ခသစ္စာနဲ့လဲ မရောချင်ဘူး၊ ကိလေသာနဲ့ (မရောပါ ဘုရား)။
မရောချင်တော့ သူက ကြည်ကြည်လင်လင်မှ ဖြစ်နိုင်တယ်၊ ဖြစ်လို့ ခင်ဗျားတို့ ကိလေသာ ဝေးမှရမယ် (မှန်ပါ့)။
ဝေးအောင်လုပ်နိုင်မှ (ရပါမယ် ဘုရား) ကိလေသာ မဝေးသေးရင် (မရပါ ဘုရား) ကိလေသာ မဝေးသေးရင် ဝိပဿနာဉာဏ် နည်းလို့မှတ် (မှန်ပါ) ကိလေသာ ဝေးသွားတော့မှ ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင် မဂ်ဉာဏ်လို့မှတ် (မှန်ပါ့) မဂ်ဉာဏ် ပေါ်တာ ကိလေသာ ဝေးမှပေါ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရေခပ်တဲ့ ဥပမာနဲ့လဲ ရှင်းမယ် ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား) ဘယ်နှစ်မျိုး ရှိသွားပြီလဲ ကိုစောမောင် သုံးမျိုးရှိသွားပြီနော် (မှန်ပါ့)။
အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ် ထူးပုံ (မှန်ပါ့) ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ထူးပုံ၊ ရေခပ်တဲ့အခါ ရေကြည်ရပုံနှင့် အရောရပုံ၊ ထူးပုံ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်နှစ်မျိုး ပါသွားပလဲ (သုံးမျိုးပါ ဘုရား)။
သုံးမျိုးပါသွားပြီ ဆိုတော့ ဒကာ ဒကာမတွေက ဪ တို့ဆရာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် သံသယ မရှိလောက်အောင် ပြောတာပဲ (မှန်ပါ့)တို့ လိုတာကိုလဲ လိုတာလို့ သိအောင် ဟောနေတာပဲ (မှန်ပါ့) မောင်နိုင် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) လိုတာကို (သိအောင် ဟောပါတယ် ဘုရား)။
အလကားနေရင်း နို့မဟုတ်ရင် ဒကာ၊ ဒကာမတွေက ပါရမီက ဒီလောက်ထင်ပါရဲ့ ၊ ဟော ကိုဝ လာချင်လာမယ် (မှန်ပါ့) ကိုပေါ် မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။
ကိုယ်-ကိုယ်တိုင် စဉ်းစားကြည့်ပါ၊ ပျင်းတာကလဲ ရောလာတော့ ပါရမီဘက်လဲ လှည့်ချင် လှည့်ချတတ်တာ (မှန်ပါ့) ဟိုဖြင့် အနုဗောဓဉာဏ်ရှိသေးတဲ့ဥစ္စာ သူ့မှာ ပါရမီချတုန်း ရှိသေးတယ် (မှန်ပါ့) အနုဗောဓဉာဏ် ရင့်တော့ ဘာဉာဏ်ဖြစ်ရမှာတုံး (ပဋိဝေဓဉာဏ် ဖြစ်ရမှာပါ ဘုရား) ပဋိဝေဓဉာဏ် ဖြစ်ရမယ်ဆိုတာ ဒကာ ဒကာမတွေ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ အဲဒီ သေချာတဲ့နည်းကို ဒကာ ဒကာမတွေက သြော် ဉာဏ်လိုသေးလို့ ဉာဏ်လိုသေးလို့ သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်လိုသေးလို့
ဉာဏ်လိုသေးလို့ ဉာဏ်လိုသေးလို့ ဆိုတဲ့ အဓိပ္ပါယ်ကာ ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် အခုတော့ ဝေဖန်တတ်ပါပြီ (မှန်ပါ့ ဝေဖန်တတ်ပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူ- အားထုတ်တယ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အားထုတ်တယ်၊ အားထုတ်တော့ သူမရဘူး၊ မရတော့ သူ ဉာဏ်ထဲမှာ ထိုးထွင်းတာ တစ်ခု လာတယ် မောင်နိုင် အားထုတ်ရင်း မတ္တနဲ့ (မှန်ပါ့)။
အားထုတ်ရင်းမတ္တနဲ့ ဘယ်လိုပေါ်လာသတုံး ဆိုတော့ ကိုပေါ်တို့ ကိုဝတို့ မှတ်စမ်း သဖန်းသားကြီး တစ်တုံး ရေထဲက ဆယ်ပြီး မီးရှို့နေတာကိုး (မှန်ပါ့) အစိုလဲဖြစ်ပြန် မီးလဲရှို့ပြန် ဆိုတော့ ဘယ့်နှယ်တုံး၊ တောက်ပါ့မလား (မတောက်ပါ ဘုရား)။
အင်း ငါလုပ်နေတဲ့ အလုပ်ဟာ ပထမ ဒီလိုလုပ်နေတာပါလားလို့ သူ့ ဟာသူ မြင်တယ် (မှန်ပါ့) သဖန်းသား အစေးတွေနဲ့ဟာကြီးကို ရေထဲက ဆယ်ပြီး မီးရှို့တော့ဖြင့် ဘယ်နည်းနှင့်မှ တောက်မှာ မဟုတ်ပါဘူးလို့ သူမြင်တော်မူတယ် (မှန်ပါ့)။
ဒါနဲ့ နောက်တစ်ခါ ဥပမာ သူ့စိတ်ထဲ မတွေးဘဲနဲ့ ပေါ်လာတယ် ဒီဥပမာနှစ်ခုဟာ (မှန်ပါ့)။
အင်း သဖန်းသား အခြောက်ကြီးကို ရေလဲခြောက်နေတယ်၊ အဲဒါကို မီးပွတ် ကျည်ကောင်း ကောင်းနဲ့ ရှို့လိုက်လို့ ရှိရင်လဲ ကိုစောမောင် မတောက်ပေဘူးလား (တောက်ပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ)။
ဒါဖြင့် ဟိုအစိုတုန်းကတော့ ဘယ်လိုမီးရှို့ရှို့ (မရပါ ဘုရား) ခြောက်တဲ့ဥစ္စာကတော့ (တောက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်မီးရှို့ ယူရတယ်
ဒီမှာလဲတဲ့ ဒကာ ဒကာမတို့ ဝိပဿနာနဲ့ ကိလေသာ ခြောက်ပြီးတော့မှ မဂ်မီးရှို့ ယူရတယ် (မှန်ပါ့) သဘောပါလား (ပါ- ပါပြီ ဘုရား)။
ဝိပဿနာမီးနဲ့ (ခြောက်အောင်ရှို့ရပါမယ်) ခြောက်အောင် ရှို့ရမယ်၊ ခြောက်မှ မဂ်မီးနဲ့ရှို့တော့မှ ဒိဋ္ဌိ ဝိစိကိစ္ဆာ အတုံးတွေ အကုန် ပြောင်ထွက်သွားတယ် (မှန်ပါ့)။
အဲဒါ ဘယ်သူမှ မပြောဘဲနဲ့၊ ငါ-အားထုတ်ရင်းပေါ်လာတဲ့ ဥပမာဟေ့ ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက ဟောလို့တုံး (ဘုရားက ဟောပါတယ် ဘုရား) ဘုရားက သူ့ဟာသူ ပေါ်လာတဲ့တရား (မှန်ပါ့) အဲဒီတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရသေးဘူး (မှန်ပါ့) မရသေးခင် ဒီဥပမာနှစ်ခု ငါ့မှာ ပေါ်လာတယ်ကွ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေက ဝိပဿနာ ဉာဏ်ကလေး အားထုတ်ပြီး သကာလ နေတော့ ဘယ့်နှယ်ကြောင့် မရသေးပါလိမ့်မတုံး၊ အို စိုနေတာချည်း မီးရှို့နေသေးလို့၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
အင်း ဝိပဿနာဉာဏ်နဲ့ ရှုဖန်များလာတော့ ကိလေသာက အစေးခြောက်မယ် (ခြောက်ပါတယ် ဘုရား) ခြောက်တဲ့ အခါကျတော့ မဂ်မီးနဲ့ရှို့လိုက်တော့ (ပြောင်ပါ ဘုရား) အဲဒီ ဒိဋ္ဌိဝိစိကိစ္ဆာ ဆိုတဲ့ ကိလေသာတွေ ကျန်သေးရဲ့လား (မကျန်ပါ ဘုရား) အဲ ခြောက်မှ မီးရှို့ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အစိုမီးရှို့ရင် (မရပါ ဘုရား)။
ဒီဥပမာနှစ်ခုကွာ တဲ့ ငါ-သဗ္ဗညုတဉာဏ်လဲ မရသေးပါဘူး တဲ့၊ ဒီအချိန်မှာ ဒီဥပမာနှစ်ခု ပေါ်လာတယ်တဲ့ (မှန်ပါ ဘုရား)။
ဟာ ဒါဖြင့် ဟုတ်ပြီ ဆိုပြီးသကာလ ခြောက်အောင် လုပ်ပြီး မီးရှို့မှပဲလို့ သူ့ – စိတ်ထဲ ပေါ်တော့မှ ဘုရား ဖြစ်လာတာကွတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်နှစ်မျိုးရှိသွားပလဲ (လေးမျိုးရှိပါပြီ) ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်သာ ပြောနေတာ (မှန်ပါ့)။
ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်တွင် ကိုစောမောင် လေးမျိုးရှိသွားပြီး (မှန်ပါ့) ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)။
တို့ မရသေးတာ ဘာပါလိမ့်မတုံး
ဪ ဒါဖြင့် ဒို့ မရသေးတာ ဘာပါလိမ့်မတုံးဆိုတော့ အစိုမီးရှို့ နေသေးလို့ဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း နောက်ကျလာတော့ ရသွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ်ပြောမလဲ (ခြောက်သွား ပါတယ် ဘုရား) အခြောက် မီးရှို့နေလို့ ပြောင်သွားတာပဲလို့ မှတ်လိုက်လဲ ပြီးသွား တာပါပဲတဲ့ (မှန်ပါ့) ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူ့ကျင့်စဉ်မှာဖြင့် ဒီဥပမာ နှစ်ခုဟာ ကိုဝ ပါတာချည်းပဲ ဘယ်စာမဆို၊ သူ့ကျင့်စဉ်ကို ဟောတော့မယ်ဆို ဒီဥပမာနှစ်ခုကွာ ငါ့မှာဘုရား မဖြစ်ခင်က ပေါ်တာချည်းပြောတာပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အားလျှော့စရာလား၊ မခြောက်သေးလို့လား (မခြောက်သေးလို့ပါ ဘုရား)။
ဒကာကြီးလှိုင်တို့ တစ်ခါတစ်ခါများ တပည့်တော်က ပဒပရမပုဂ္ဂိုလ် ထင်ပါရဲ့၊ ဒီလိုတောင် နောက်ဆုတ်သွားတယ် (မှန်ပါ့)။
ပဒပရမပုဂ္ဂိုလ်ဆိုတာ ဒီဘဝ ဝါသနာပါရုံကိုးဗျ အားထုတ်ပေမယ့်(မှန်ပါ့) အဲဒီအထဲများ ရောက်နေထင်ပါရဲ့ ၊ ဒီလိုတွက်ကြတယ် (မှန်ပါ့)။
မဟုတ်ပါဘူး တဲ့၊ သစ္စာနားထောင်နိုင်တဲ့ နားရှိလို့ ရှိရင် တိဟိတ် ပါတဲ့ (မှန်ပါ့)။
သစ္စာကို သေသေချာချာ ဟောတဲ့အတိုင်း သဘောကျပြီး သြော် သူ မသိသေးလို့ နိဗ္ဗာန် မရသေးတာပါကလား လို့ ကိုယ့်ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချလို့ရှိရင် ဒါ တိဟိတ်တွေပါပဲ တဲ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ တိဟိတ်ဆိုရင် ဒီဘဝ ရ-ရမှာကိုးဗျ ကိုစောမောင် (မှန်ပါ့ရမှာပါ ဘုရား)။
အဲ ခုနင်က တိဟိတ်ပေမယ့်လဲ ကိလေသာ ထူပြောတော့ အစိုမီးရှို့နေသေးရင် မရသေးဘူး (မှန်ပါ့) နောက် ခြောက်သွားတော့ (ရပါတယ် ဘုရား)။
အဲဒီတော့ ရှေးဦးစွာ ခုနင်က ဝိပဿနာ လုပ်စတော့ အစိုမီးရှို့တာပဲ ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နောက်ကျတော့ အခြောက်မီးရှို့ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြီးလှိုင်ရေ အသက်ကြီးပေမယ့် မလျှော့နဲ့ (မှန်ပါ့) လျှော့လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
မာလုကျပုတ္တလိုပေါ့
မတော်ပါဘူးတဲ့၊ မာလုကျပုတ္တလိုပေါ့။ မင်း – အသက်ကြီးမှ ငါ့ဆီလာပြီး တရားလဲ တိုတို တောင်းသေးတယ်၊ အသက်ကလဲကြီးပြီ ငယ်ငယ်တုန်းက မင်းဘာလုပ်နေသတုံး (မှန်ပါ့)။
ဘုရားကမေးတာကိုး၊ ငယ်ငယ်တုန်းက အရှင်ဘုရား သိတဲ့အတိုင်း သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေရတာပေါ့၊ သို့သော်လဲ တပည့်တော် အသက်ကြီးပေမယ့် လုပ်နိုင်ပါသေး တယ်၊ ပေးသာပေးပါ အရှင်ဘုရားက တဲ့။
ဒီလိုလုပ်ရမှာ ဒကာကြီးလှိုင်ရ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ပေးလိုက်တာပေါ့၊ ဘုရားက ပေးလိုက်လဲ ရတာပဲ၊ အသက်ကြီးလှပြီ (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား)။
အသက်ကလဲ ကြီးသေးတယ်၊ တရားတိုတို ပေးပါဆိုတော့ မင့်ဥစ္စာ နောက်လူတွေ ကို ဘယ်လိုများ ငါက ဆုံးမရမှာတုံးတောင် ဘုရားက မေးသေးတယ် (မှန်ပါ့)။
ဟာ တပည့်တော် အသက်ကြီးပေမယ့်လဲ တိုတိုကို အရှင်ဘုရားက မိအောင် ပေးလို့ ရှိရင် လုပ်နိုင်တဲ့အား ရှိပါသေးတယ်ဆိုပြီး သူတာဝန်ခံပြီး ယူတော့ ဒကာကြီးလှိုင် သူရဟန္တာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီလို မာလုကျပုတ္တ မူတည်ပြီး ဒကာကြီးလှိုင် – လုပ်သာလုပ်၊ ရှုပ်မနေနဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) လုပ်မိအောင်လုပ်၊ လုပ်တာ ကိုယ့်တာဝန် (မှန်ပါ့)။
ခြေဆုံးခေါင်းဆုံးရှာ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ပေါ်မှာ လျှောက်ရှာကြစို့ ဆိုတော့ သစ္စာ ရှာကြစို့နော် (မှန်ပါ့) သစ္စာ တစ်ခြားကို မရှာပါနဲ့ တဲ့၊ မင်းတို့ တစ်လံမျှလောက်သော ခန္ဓာကိုယ် အမြီးပြန်- ခေါင်းပြန် ရှာပါတဲ့ (မှန်ပါ့) ခြေဆုံး ခေါင်းဆုံးပေါ့လေ (မှန်ပါ့) တိရစ္ဆာန်ကျတော့ အမြီးပြန် ခေါင်းပြန် ဆိုရမယ်၊ လူကျတော့ ခြေဆုံးခေါင်းဆုံးရှာ (မှန်ပါ့)။
ဒကာ ဒကာမတို့ သစ္စာ ဘယ်နေရာရှာကြမယ် (ခြေဆုံးခေါင်းဆုံး ရှာရပါမယ် ဘုရား) အဲ ခြေကနေပြီး ဉာဏ်နဲ့လျှောက်၊ ခေါင်းကနေပြီး ဉာဏ်နဲ့လျှောက်၊ မနောနဲ့ပေါ့လေ (မှန်ပါ့) လျှောက် လိုက်တော့ မောင်နိုင်ရေ မူပြောင်းတွေ မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။
ဦးဘရှင်း ဘာတွေ တွေ့သလဲ (မူပြောင်းတွေတွေ့ရပါတယ် ဘုရား)။
ပင်ကိုယ်မူမှ သီးခြားတွေ မတွေ့ရဘူးလား (တွေ့ ရပါတယ် ဘုရား) အင်း ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟုတ်လား (မှန်ပါ) ဒီက ဖျတ်ဖျတ်၊ ဆပ်ဆပ် ဟိုက ဆပ်ဆပ်နဲ့ မဟုတ်ဘူးလား (မှန်ပါ့) ဟိုကနေ အသစ်တွေ တစ်မျိုးပေါ်လာလိုက်၊ ထိုင်စက မရှိတာတွေ ပေါ်-ပေါ်လာတယ် ကိုဝရေ (မှန်ပါ့ ဘုရား)။
ဘာတွေတုံးလို့ ဆိုတော့မှ သြော် ဆရာသမားကလဲ အနုဗောဓဉာဏ်နဲ့ နည်းပေးထားတော့ ဒါတွေဟာ ဖောက်ပြန် ပျက်စီး တာတွေကွ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒါတွေဟာ (ဖောက်ပြန် ပျက်စီးတာခတွေပါ ဘုရား)။
ဖောက်ပြန် ပျက်စီးတာတွေ ဆိုတော့ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဝိပရိဏာမလက္ခဏံ ဖောက်ပြန် ပျက်စီးတာသည်၊ ဒုက္ခသစ္စံ- ဒုက္ခသစ္စာ မည်သည်၊ ဟောတိ – ဖြစ်၏။
အဲဒီလို ဒကာ ဒကာမတွေက ခြေဆုံး ခေါင်းဆုံး ဉာဏ်ကလေးနဲ့ ပြေးကြည့်လိုက်ပါ (မှန်ပါ့) ပြေးကြည့်လိုက်တဲ့ အခါကျတော့ ဝေဒနာကလေး၏ (ဖောက်ပြန်မှု)၊ စိတ်တို့၏ (ဖောက်ပြန်မှု)၊ ရုပ်တို့၏ (ဖောက်ပြန်မှု) တွေ့တယ်၊
တွေ့တဲ့အခါ ကျတော့မှ ဆရာ ဘုန်းကြီးက ဟေ့ တွေ့ ပလား တွေ့ပြီ၊ တွေ့ရင် တစ်ခုတည်း မဲပြီးလိုက် (မှန်ပါ့) စိတ်ချည်း မဲလိုက်၊ ဝေဒနာ ကြိုက်တဲ့ ပုဂ္ဂိုလ်ဖြင့် (ဝေဒနာ မဲလိုက် ရပါမယ် ဘုရား) ဝေဒနာ ချည်းမဲလိုက် (မှန်ပါ့) ဟာ ပူတာ အေးတာနဲ့ တုန်တာ လှုပ်တာတွေချည်း တွေ့နေတယ်။ အို ရုပ်ချည်းမဲလိုက် (မှန်ပါ့)။
ကျုပ်တို့ ဒုက္ခသစ္စာပဲလို့ ပြောတာပဲ
သူတို့က ဘာပြောသတုံးဆိုတော့ ကျုပ်တို့ ဒုက္ခသစ္စာပဲလို့ ပြောတာပဲ (မှန်ပါ့) ပြောပေမယ့် ကိုယ်က ဆုံးဖြတ်ချက် မကျသေးရင် မရသေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြောပေမယ့်လဲ (ဆုံးဖြတ်ချက် မကျသေးရင် မရသေးပါ ဘုရား) ကိုယ့်မှာ ဉာဏ်ထူး မလာသေးရင် (မရသေးပါ ဘုရား)။
အဲ ဒကာ ဒကာမတို့ရဲ့ ခန္ဓာကတော့ဖြင့် ဒုက္ခသစ္စာပေါ် ဒုက္ခသစ္စာ အမြဲ ပြောတာပဲ (မှန်ပါ့) ကိုယ်က ဉာဏ်ထူး မလာသေးလို့ (မှန်ပါ့) ကိုယ်က ဉာဏ်ထူးလာတဲ့ အချိန်ကျတော့ ကိစ္စပြီးပေါ့လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုစရာ လိုသေးသလား (မလိုပါ ဘုရား) ဉာဏ်ထူး မလာသေးတာ တစ်ခုပဲ မဟုတ်ဘူးလား (မှန်ပါ့) ဆရာဉာဏ်နဲ့ နည်းမှီပြီး လာ တဲ့ ဉာဏ်နဲ့သာ လုပ်နေရသေးလို့ (မှန်ပါ့) ဉာဏ်ထူးလာရင် ပြီးသွားတာပဲ (မှန်ပါ့)။
ဒါက ဘာဉာဏ်လဲ၊ ပဋိဝေဓဉာဏ် (မှန်ပါ့) မောင်နိုင် ဘာတဲ့ (ပဋိဝေဓဉာဏ် ပါ ဘုရား) အဲ-ဆရာ ပေးထားတဲ့ အတိုင်း ရှုမှတ်ပြီး သကာလ နေတာက (အနုဗောဓဉာဏ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို ရှင်း – ရှင်း – ရှင်းပြီး သကာလ သွားတော့ နေရာကျပါပြီတဲ့၊ ကဲ သစ္စာတော့ ခြေဆုံး၊ ခေါင်းဆုံး ရှာပါ (မှန်ပါ့) ခြေဆုံး ခေါင်းဆုံး ရှာတော့ ဦးဘရှင်း ဘာတွေတွေ့မလဲ (ဖြစ်ပျက် တွေပါ ဘုရား) ဖောက်ပြန် ပျက်စီးတာတွေ (တွေ့ပါတယ် ဘုရား) နဂိုမူ ပျောက်တာတွေ တွေ့ပါတယ် ဘုရား) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
အင်း ဒါတွေ ကိုဝက ဘာသစ္စာဆိုမတုံး (ဒုက္ခသစ္စာပါ ဘုရား)။
စဉ်းစားကြည့်ပါ၊ တုံးပေါ်ပေါက် တုံးမှိုပဲ ဖြစ်ရမယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဝါးပေါ်ပေါက်ရင် (ဝါးမှိုပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
တုံးပေါ်ပေါက် တုံးမှို
အဲဒါ ခန္ဓာကြီးက “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ ဟောထားတော့ ဒီအပေါ် ပေါက်သရွေ့ ဘာဆိုကြမလဲ (ဒုက္ခပါ ဘုရား) ဒီအပေါ် ပေါက်သရွေ့ ဒုက္ခ (မှန်ပါ့) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) တုံးပေါ်ပေါက်တော့ (တုံးမှိုပါ ဘုရား) တုံးမှိုပဲ ခေါ်ရမှာပဲ တဲ့၊ ဒုက္ခပေါ် ပေါက်လာတော့ (ဒုက္ခပါ ဘုရား) ဒုက္ခပဲ ရှိမှာပဲ တဲ့ (မှန်ပါ့)။
ဒီခန္ဓာကြီးကဖြင့် တုံးပေါ်မှာ ပေါက်လို့ တုံးမှို ဆိုသလိုပဲ ခန္ဓာထဲက ပေါ်လာတာ ဟူသရွေ့ ဒုက္ခညွန့် ဒုက္ခအခက်တွေ ထွက်တာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ခန္ဓာကြီးက ဒုက္ခသစ္စာကိုး (မှန်ပါ့)။
အင်း အခုမှ ဒီခန္ဓာထဲက ထူးထူးခြားခြားတွေ တွေ့တာ ဘာတွေ ပါလိမ့်မတုံးလို့ ဆိုမနေနဲ့တော့ တုံးပေါ် ပေါက်တာ တုံးမှိုသာ မှတ်လိုက် (မှန်ပါ့) ခန္ဓာပေါ်ရောက်တော့ ဒုက္ခသစ္စာ ပေါက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အင်း သူ့အပေါ်က နေပြီး ထူးထူးခြားခြား ကလေးတွေ ပေါ်လာတာ ကတော့ (ဒုက္ခအညွန့် ပေါက်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာက ဒုက္ခပဲပြမယ် (မှန်ပါ့) ဒုက္ခသစ္စာ ခန္ဓာက (ဒုက္ခပဲ ပြပါမယ် ဘုရား) ဒီလိုဆိုတော့ သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီး အရေးကြီးတာက ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါ။ ခန္ဓာ ဒုက္ခသစ္စာလို့ မူလက မှတ်ထား၊ မမှတ်မှာ သိပ်စိုးတယ် (မှန်ပါ့)။
မူလက သေသေချာချာ မှတ်ထားတဲ့အတိုင်း ဓမ္မစကြာ လာတဲ့အတိုင်း အနတ္တလက္ခဏ သုတ် လာတဲ့အတိုင်း နဂိုက ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ ဆိုတာ သံသယ မရှိအောင် မှတ်ထား (မှန်ပါ့) မှတ်ထားပြီးသည့် နောက်တော့ ဒီခန္ဓာပေါ်က ဘာပဲလာလာ ခင်ဗျားတို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခပဲလာရမှာပါ ဘုရား) ဒုက္ခသစ္စာပဲ လာရမယ် (မှန်ပါ့)။
ခန္ဓာပေါ်ပေါ်သရွေ့က ဒုက္ခပဲ
အဲဒီတော့ အခု ဆရာပြောထားတယ်၊ ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာပေါ်ပေါ်သရွေ့က (ဒုက္ခပဲ ပေါ်ပါတယ် ဘုရား) ဒုက္ခသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကိုပင် အခု ဆရာပြောတဲ့အတိုင်း ဒကာ ဒကာမတွေက ခြေဆုံး ခေါင်းဆုံး လျှောက်ပြီး သကာလ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဆရာပြောတဲ့ အတိုင်းတော့ ရှင်းပြီ (မှန်ပါ့) ကိုယ့်ဉာဏ်စွမ်းကလေး ကျန်သေးတယ် (မှန်ပါ့)။
ဒကာကြီးလှိုင် ဒါကလေးမှတ်စမ်းပါ (မှန်ပါ့) ကိုဝ ဒါကလေးမှတ်ဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဆရာပြောတဲ့ အတိုင်းတော့ ဟုတ်ပြီ၊ ကိုယ့်ဉာဏ်စွမ်းကလေးက (လိုပါသေးတယ် ဘုရား)။
အဲဒီ ဉာဏ်စွမ်းကလေးကို တစ်ခါတည်း ခင်ဗျားတို့က ကိုယ့်ဉာဏ်နဲ့ကိုယ် တစ်ထစ်ချ ဆုံးဖြတ်ချက် ချလိုက်လို့ရှိရင်ဖြင့် ဘာမှ ခင်ဗျားတို့ နိဗ္ဗာန်ဟာ မဝေးပါဘူး (မှန်ပါ့) ဝေးသေး သလား (မဝေးပါ ဘုရား) ဘာမှ မဝေးဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါကြောင့် တဲ့ အင်မတန် စနစ်ကျကျနဲ့ အင်မတန် ဥပမာ အမျိုးမျိုးနဲ့ အနုဗောဓ – ဉာဏ်နဲ့ ပဋိဝေဓဉာဏ် နှစ်လုံးတည်းကို တန်ဆာဆင်ပြီး ဟောနေတယ် (မှန်ပါ့) ဒီပြင် ဘာပါသေးသတုံး (ဘာမှ မပါ-ပါ ဘုရား)။
ကဲ ဒါဖြင့် အနုဗောဓဉာဏ် ရှာချင်တော့လဲ ဘယ်ပေါ်မှာ ရှာရမလဲ (ခန္ဓာပေါ်မှာ ရှာရပါမယ် ဘုရား)။
ပဋိဝေဓဉာဏ်ဆိုတဲ့ ထိုးထွင်းသိဉာဏ် လာတော့လဲ ဘယ်ပေါ်မှာပဲ ထိုးထွင်းသိမှာ (ခန္ဓာပေါ်မှာပဲ ထိုးထွင်း သိသွားပါတယ် ဘုရား)။
ဒါဖြင့် ဒီကျောက်တစ်လုံးတည်းပဲ အပြစ် သိတာနဲ့ မသိတာ ကွာသွားတယ် (မှန်) မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အနုဗောဓဉာဏ်လဲ ဘယ်ပေါ်မှာ သိရမယ် (ခန္ဓာပေါ်မှာ သိရပါမယ် ဘုရား) အင်း ပဋိဝေဓဉာဏ် လာတော့ကော (ခန္ဓာပေါ်မှာ ရပါမယ် ဘုရား)။
ဒီဝေဒနာနဲ့ ဒီခန္ဓာပဲရှိမှာ (မှန်ပါ့) အနုဗောဓဉ ာဏ်တုန်းကလဲ ဝေဒနာပဲ သိတာပဲ (မှန်ပါ) ဝေဒနာဖြစ်ပျက်ပဲ သိတာပဲ (မှန်ပါ့) စိတ်ဖြစ်ပျက်ပဲ သိတာပဲ (မှန်ပါ့)။
အဲ ပဋိဝေဓဉာဏ် ကျတော့လဲ (ဒီခန္ဓာပဲ သိပါတယ် ဘုရား) ဒီခန္ဓာပဲ ဒါတွေသိပြီး သကာလ သြော် ဒါတွေဟာ နဂိုတုန်းကတော့ ဝေဒနာလိုလို၊ စိတ်လိုလို၊ ရုပ်လိုလိုနဲ့ အပြီးသတ်တော့ ဘာမှ ဆုံးဖြတ်ချက် ချစရာ မလိုဘူး၊ ဆင်းရဲတာ အမှန်တွေပဲ (မှန်ပါ့) အဲဒါ ပဋိဝေဓဉာဏ် ဖြစ်လာတယ် (မှန်ပါ့)။
ဆင်းရဲတာ အမှန်ချည်းပဲ၊ ဝေဒနာလဲ မဟုတ်တော့ဘူး၊ ရုပ်လဲ မဟုတ်တော့ဘူး၊ ဒါကလေး မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
နဂိုတုန်းကတော့ အနုဗောဓဉာဏ်ပဲ သိတုန်းကတော့၊ အို ဝေဒနာကလေးတွေ ပျက်နေ လိုက်တာ၊ ဒီလို လာတတ်တယ် (မှန်ပါ့) စိတ်ကလေးတွေ (ပျက်နေလိုက်တာ) ရုပ်ကလေးတွေ (ပျက်နေလိုက်တာ) စေတသိက် ကလေးတွေ (ပျက်နေပါတယ် ဘုရား)။
ပျက်နေတယ်လို့ လာတာကတော့ ဒါအနုဗောဓဉာဏ်နဲ့ ခန္ဓာသိပြီး ဟောနေလို့ ခန္ဓာ ဖြစ်ပျက်တွေ လာနေတာ (မှန်ပါ့ ဘုရား)။
ဆင်းရဲတာ အမှန်ချည်းပဲ
နောက်ကျတော့ ပဋိဝေဓဉာဏ် လာတော့မယ် ဆိုတော့ ခန္ဓာရယ်လို့ မဟုတ်တော့ဘူး (မှန်ပါ့) အကုန်လုံး ဆုံးဖြတ်ချက် ချပစ်လိုက်တယ် မောင်နိုင်ရေ-နော် (မှန်ပါ့)
သြော် ဒါရုပ်လဲ မဟုတ်ဘူး၊ ဝေဒနာလဲ မဟုတ်ဘူး၊ ခန္ဓာလဲ မဟုတ်ဘူး၊ ဆင်းရဲတာ အမှန်ချည်းပဲ၊ သဘော ပါပလား (ပါ-ပါပြီ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဆင်းရဲတာ အမှန်ပါ ဘုရား)။
ရုပ်လဲ မဟုတ်ဘူး၊ ဝေဒနာလဲမဟုတ်ဘူး၊ ဘာမှမဟုတ်တော့ဘူး၊ ဆင်းရဲတာ အမှန် တစ်ခုပဲလို့ ကိုယ့်ဉာဏ်ထဲမှာ ရုပ်၊ ဝေဒနာ ပျောက်ပြီး ဆင်းရဲတာ အမှန်တစ်ခု ရောက် လို့ရှိရင် ပဋိဝေဓဉာဏ် (မှန်ပါ့)။
နောက်ဆုံးပိတ် နိဂုံးချုပ်ပေးလိုက်တာ (မှန်ပါ့)။
ဆင်းရဲတာ အမှန်တွေ့တယ်လို့ ကိုယ့်ဉာဏ်က ဆုံးဖြတ်ချက် ချလိုက်လို့ ရှိရင် ကိုဝပြီးပြီး (မှန်ပါ့)။
အဲဒါကြောင့် သာသနာပမှာ ဘုရားလဲ မပွင့်ဘူး၊ အရိယာလဲ မဖြစ်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မောင်နိုင် ဘာပျောက်နေသလဲ (သစ္စာပျောက်နေပါတယ် ဘုရား) သစ္စာပျောက် နေတယ် (မှန်ပါ့)။
သြော် ဒို့ အနုဗောဓဉာဏ်က ပဋိဝေဓဉာဏ် တက်ဖို့ ကလေးဟာက ဒို့၏လုံ့လ ပယောဂ ပေါ်မှာ မှီနေပါကလား ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) အားထုတ်မှုသာ လိုတယ်။ သဘော ပါကြပလား (ပါ- ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။