11108

မာတိကာသို့

စိတ္တာနုပဿနာရှုပုံ

အသံဖိုင်ခေါင်းစဉ်= စိတ်(၁၄)မျိုး စိတ္တာနုပဿနာရှုပွားနည်း တရားတော်

စာအုပ်ထဲမှခေါင်းစဉ်= စိတ္တာနုပဿနာရှုပုံ ညအလုပ်ပေးတရားတော်

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်မြို့၊ မင်္ဂလာတိုက်

ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော

(စိတ္တာနုပဿနာရှုပုံ)ညအလုပ်ပေးတရားတော်

(၁၇-၆-၆၂)

ဒကာ ဒကာမတွေ ဒီနေ့ အလုပ်တရားကို ရှေ့ပိုင်းက ပေးရမယ်၊ ပြီးတော့မှ အလုပ်တရားပေးပုံကို ရှင်သာရိပုတ္တရာ ဆိုတဲ့ ရဟန္တာကြီး ရှင်ကောဋ္ဌိက ဆိုတဲ့ ရဟန္တာကြီးနှစ်ပါးက ဒီလိုလုပ်လို့ရှိရင်ကွာ တဲ့ မအို, မသေ, အမြဲနေတဲ့ နိဗ္ဗာန်ရောက်ပါတယ်ဆိုတာ သူတို့က ရဟန္တာနှစ်ပါး အမေးအဖြေ လုပ်ပြီးသကာလ မောင်နိုင် ထောက်ခံချက်ပေးမယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်တရားဟောရောက်ပြီးသား ကိုယ်တော်နှစ်ပါးက ထောက်ခံချက် ပေးပြီးသကာလ ဒီလိုလုပ်ရင်ရပါတယ်ကွဆိုတာ ကိုစောမောင် သေသေချာချာပြောတယ် (မှန်ပါ့)။

နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ဆိုတော့ မောင်နိုင် တို့သိပြီးသား ကိုယ်တော်တိုင်ပြောတာကို ခေါ်တယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတွေ သန္တာန်မှာ စိတ်ဆိုတာရှိပါတယ်။

အပြင်ဧည့်သည် ငါးယောက်

စိတ်ဆိုတာသည် ဒကာ ဒကာမတွေမှာ တခါတလေလဲ မြင်စိတ်ပေါ်တယ်လို့ ကိုစောမောင် မရှိဘူလား (ရှိပါတယ် ဘုရား) အင်း ဒီမြင်စိတ်လဲ ဂရုစိုက်ရလိမ့်မယ်-နော် (မှန်ပါ့)

တခါတလေလဲ ကြားစိတ်ပေါ်တယ်ဆိုတာလဲရှိတယ်၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား) တခါတလေကျ တော့ မွှေးတာ နံတာကလေး သိတဲ့စိတ်ကလေး၊ နှာခေါင်းအစုံပေါ်တဲ့ စိတ်ကလေး (ရှိပါတယ် ဘုရား)။

ဒါလဲ တရားလို့မှတ်ကြနော် ၊ ပေါ်တာကို သိမှပျက်တာ သိမှာကိုး (မှန်ပါ့)။

လျှာအလယ်မှာလဲ ချိုတယ်, ချဉ်တယ်, ဖန်တယ်, ငန်တယ်ဆိုတဲ့ စားတဲ့စိတ်ကလေးဟာ လျှာအလယ်မှာ ပေါ်တယ်၊ ဒါကစားစိတ်ကလေးပေါ့ဗျာ (မှန်ပါ့)။

ကိုယ်ကျတော့ကိုတဲ့ ဆံဖျား, ခြေသီးဖျား, အရေချောက်ချန်ပြီး ကျန်တဲ့နေရာမှာတဲ့ တခါတလေ နာကျင်ကိုက်ခဲ တဲ့ စိတ်ကလေးလဲ – ယားနာတဲ့ စိတ်ကလေးလဲ့ ပေါ်တတ်တယ် (မှန်ပါ့ ဘုရား)။

တခါတလေကျတော့ ချမ်းသာတဲ့ စိတ်ကလေးတွေ လေပြေလေညှင်းတိုက်လို့, မီးလှုံလို့ ချမ်းသာတဲ့စိတ်ကလေး တွေလဲ ကိုယ်ပေါ်မှာ ပေါ်တတ်တယ် (မှန်ပါ့)။

ကိုယ်တွေပါ်မှာတော့ ချမ်းသာတဲ့စိတ် ဆင်းရဲတဲ့စိတ် နှစ်မျိုးပေါ်တယ် (မှန်ပါ့ ဘုရား) ငါးမျိုးရှိသွားပြီ နော် (မှန်ပါ့ ဘုရား)။

ချမ်းသာ ဆင်းရဲတာ ချမ်းသာလဲ ရှုပေါ့လေ ဆင်းရဲလဲ ရှုပေါ့၊ အလုပ်သမားတွေ ဒကာ ဒကာမတွေ သေသေချာချာမှတ်ရလိမ့်မယ်။

အခုပြောပြီးတာ မြင်စိတ်ရယ်, ကြားစိတ်ရယ်, နံစိတ်ရယ်, စားစိတ်ရယ်,ယားယံကောင်းစိတ်ရယ်, ယားယံ ကောင်းစိတ်ဆိုတာက ကိုစောမောင် ကိုယ်ပေါ်မှာပေါ်တယ် (မှန်ပါ့)။

ဒါပြင်ကိုယ်ပေါ်မှာပေါ်သောကြောင့် ကိုဝတို့က-မှတ်၊ ကိုယ်ပေါ်တို့ကမှ အပြင်ဧည့်သည်ငါးယောက် (မှန်ပါ့)။

အပြင်ဧည့်သည် ငါးယောက်လို့ ဆရာဘုန်းကြီးက ဆိုင်းဆွဲပေးလိုက်တယ်ဆိုတော့ ဒါဟာပေါ်ချင်တဲ့အချိန် မှာ ပေါ်တာဖြစ်သောကြောင့် ကိုစောမောင်က ဟုတ်တယ်ဟေ့လို့ ဆုံးဖြတ်ချက်ချ- အမြဲပေါ်တာ မဟုတ်ဘူး (မှန်ပါ့)။

ဒါက အရှုခံတရားတွေ သိအောင်လို့ ပြောပေးနေပါတယ်။

အတွင်း ဧည့်သည်ခြောက်ယောက်

တခါဒါက ဝမ်းထဲပေါ်တဲ့ ဧည့်သည်ပြောကြဦးစို့၊ ဝမ်းထဲပေါ်တဲ့ ဧည့်သည်ကတော့ တခါတလေကျတော့လဲ လိုချင်တဲ့ လောဘစိတ်ကလေးပေါ်တယ်၊ ဒါလဲ တခါတလေကျမှ ပေါ်တာ (မှန်ပါ့)။

ကိုစောမောင် တခု ရရောပေါ့နော် (မှန်ပါ့ ရပါပြီ)။

ဝမ်းထဲမှာ တခါတလေကျတော့လဲ အလိုမကျတဲ့ ဒေါသစိတ်ကလေးများလဲ ပေါ်ချင်ပေါ်နေတာ (မှန်ပါ့) တခါတလေကျတော့လဲ သံသယရှိတယ် စိတ်ပျံ့လွင့်တယ်ဆိုတဲ့ မောဟကော (ပေါ်ပါတယ် ဘုရား)။

ဝမ်းထဲမှာ အကုသိုလ်ဘက်က သုံးခုပေါ့ဗျာ (မှန်ပါ့)။

ကုသိုလ်ဘက်ကတော့ တခါတလေကျတော့ ပေးချင်,ကမ်းချင်တဲ့ အလောဘစိတ်ကလေးလဲ ပေါ်တယ်၊ ပေးချင်, ကမ်းချင်တဲ့စိတ်ဟာ အလောဘစိတ်လို့ မှတ်လိုက် (မှန်ပါ့) တခါတလေကျတော့ မေတ္တာရှိတဲ့စိတ်ကလေး ကောမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါက အဒေါသစိတ်လို့ မှတ်လိုက်ပါ။ အဒေါသစိတ်ဆိုတာ သူများမပြစ်မှား တဲ့စိတ်ပေါ့လေ-နော် (မှန်ပါ့) ကရုဏာထားတဲ့စိတ်ယ မေတ္တာထားတဲ့စိတ်ဟာ အဒေါသစိတ်ဘဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အမောဟစိတ်ဆိုတာ တခါတလေကျတော့ ကျောက်ကလေးတွေ, ဘာလေးတွေလဲ ခင်ဗျားတို့အကြံအစည်နဲ့ ကြံစည်တဲ့အခါကျလို့ရှိရင် အဲဒါ မောင်နိုင် အမောဟစိတ်လို့ခေါ်တယ် (မှန်ပါ့)။

ဝိပဿနာကြံတာတော့ မဟုတ်ဘူးပေါ့ဗျာ (မှန်ပါ့) ကိုယ့်လုပ်ခင်းယကိုင်ခင်းကို ကြံတာ ဦးဘရှင်းတို့ မရှိဘူလား (ရှိပါတယ် ဘုရား) အဲဒါ အမောဟစိတ်လို့ မှတ်ထားလိုက်နော် (မှန်ပါ့)။

အဲဒီတော့ ဝမ်းထဲမှာ ခြောက်မျိုးပေါ့ဗျာ၊ ဒါလဲအတွင်း ဧည့်သည်ခြောက်ယောက်လို့မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အပြင်ကလဲ ခြောက်ဆိုလဲ ဟုတ်တာပဲ၊ ငါးဆိုလဲဟုတ်တာပဲ

အပြင်ကလဲ ခြောက်ဆိုလဲ ဟုတ်တာပဲ၊ ငါးဆိုလဲဟုတ်တာပဲနော် (မှန်ပါ့) ကိုယ်ပေါ်မှာ သုခယ ဒုက္ခနဲ့ ဆိုတော့ အပြင်ကခြောက်ထားလိုက်ပါဦးတော့ (မှန်ပါ့) အတွင်းကခြောက်ဆိုတော့ ဧည့်သည်ဆယ့်နှစ်ယောက် မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့က ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဪ ကြုံတဲ့အခါ ရှုဖို့ဘဲ ဒီဆယ့်နှစ်ခုကတော့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဆယ့်နှစ်ခုကတော့ (ကြုံတဲ့အခါ ရှုဖို့ပါ ဘုရား)။

သက်စောင့်ရှိသေးတယ်

ဒါဖြင့် မကြုံတဲ့အခါကျတော့ ဘယ့်နှယ်နေမလဲ ဘုရား လို့ဆိုတော့ အို သက်စောင့်ရှိသေးတယ်ဟေ့ လို့ ပြောရမယ် (မှန်ပါ့)။

သက်စောင့်က ဘာပါလိမ့်မတုန်းဆိုတော့ နောက်က ဒကာ ဒကာမတွေ သက်စောင့်က လေကိုထုတ်တဲ့ စိတ်ကလေး၊ အဲဒါမသေအောင် စောင့်တာဘဲ၊ သတ္တဝါကို သုသာန်သို့မပို့ရအောင် စောင့်နေတဲ့ စိတ် ၊ ကိုယ်ပေါ် ရပ်မိပြီလား (ရိပ်မိပါပြီ) တခါတလေပြန်ရှိုက်တဲ့ စိတ်၊ ဒီစိတ်ကလေး နှစ်ခုကတော့ ခုနက ဧည့်သည် ဆယ့်နှစ် ယောက်မရှိလို့ရှိရင် သူတို့နှစ်ခုကအသက်စောင့်နေတယ် (မှန်ပါ့)။

ဒါဖြင့် အားလုံးဆယ့်လေးယောက်ကျသွားတယ်၊ ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် အရှုခံတရားဆယ့်လေးခု၊ မှတ်မိကြပြီလား (မှတ်မိကြပါပြီ ဘုရား)။

အရှုခံတရား (ဆယ့်လေးခုပါ ဘုရား)။

အရှုခံတရားဆယ့်လေးခု

ဒါ သေသေချာချာမှတ်ပါနော် ။ အရှုခံတရားက အပြင်ဧည့်သည်ခြောက်၊ အတွင်းဧည့်သည်က (ခြောက်ပါ ဘုရား)။ အိမ်သည်က (နှစ်ယောက်ပါ ဘုရား)။

ကောင်းပြီ ဒါတွေက စိတ်တရားချည်းပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီစိတ်တွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အပြင်ဧည့်သည်လာလို့ရှိရှင်လဲ ဒါစိတ်လို့ဘဲ ရှေးဦးစွာမှတ်လိုက်တဲ့အတွက် စိတ်ဆိုတာ နာမ်ဓမ္မလို့ မှတ်တော့ ဪ နာမ်ပဲဆိုတာ သေချာတယ် (မှန်ပါ့)။

စိတ်ဟာရုပ်ပေါ်မှာ ပေါ်ရတယ်

စိတ်ဟူသ၍ဟာလဲ ရုပ်ပေါ်မှာ ပေါ်ရသည်ဖြစ်သောကြောင့် ဪ စိတ်ဟာဘယ်သူ့အပေါ် ပေါ်ပါလိမ့် မတုန်းဆိုတော့ ရုပ်ပေါ်မှာ ပေါ်ရတယ် (မှန်ပါ့)။

ဒါဖြင့်စိတ်ကလဲ နာမ်၊ အောက်က သူ့အခံက ရုပ်ပေါ့ဗျာ (မှန်ပါ့) နာမ်ရုပ်ကလဲ ကိုစောမောင် ရှင်းတယ် (ရှင်းပါတယ် ဘုရား)။

မျက်လုံးစိတ် ဆိုလို့ရှိရင် ကိုစောမောင် မျက်လုံးရုပ်ပေါ်မှာ ပေါ်မှာပဲ (မှန်ပါ့) အဲဒီတော့ နာမ်ရုပ်ပေါ့ဗျာ ။

နားစိတ် ဆိုလို့ရှိရှင်လဲ နားရုပ်ပေါ်မှာ နားကြားတဲ့စိတ်ပေါ်မှာပဲ (မှန်ပါ့) ဒီတော့ ကိုဝ နာမ်ရုပ်ခွဲစရာ လိုသေးသလား (မလိုပါ ဘုရား)။

သူ့နေရာနဲ့သူ တွဲလျက် တွဲလျက် ပေါ်နေတယ်ဆိုတာ သိပြီးသားပဲ (သိပြီးသားပါ ဘုရား) ကိုစောမောင် ရှင်းသွားတယ် (မှန်ပါ့ ရှင်းပါတယ် ဘုရား) ဒကာကြီးလှိုင် သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။

အဲဒီတော့ အခုဆယ့်နှစ်ခုဟာ ခုနက အတွင်းဧည့်သည်ခြောက်ယောက်ကလဲ ဟဒယဝတ္ထုပေါ်မှာချည့် အလှည့်ကျနဲ့ ပေါ်နေကြတာပဲ (မှန်ပါ့) ဒီတော့ရုပ်ပေါ်မှာ ပေါ်တာဘဲဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ကောင်းပြီး ရှူစိတ်နဲ့ ရှိုက်စိတ်ကကောလို့ မေးတော့လဲ သူလဲ ဟဒသဝတ္ထုပေါ်မှာ ပေါ်ကြတယ်ဆိုတော့ ဪ ရုပ်ပေါ်မှာ နာမ်ပေါ်တယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

ဘာပေါ်ပေါ် နာမ်ရုပ်ပေါ်တာပဲ

ဒါဖြင့် ဒကာ ဒကာမတွေ သန္တန်မှာ ဘာသာလျှင် ရှိသတုန်းလို့မေးတဲ့အခါ ဘာပေါ်ပေါ် ရုပ်နာမ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ (မှန်ပါ့) ဦးဘကလေး ရှင်းပြီ (ရှင်းပါပြီ)။

ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် (နာမ်ရုပ်ပေါ်တာပါပဲ ဘုရား) နာမ်ရုပ်ပဲရှိမယ်။

ဘာပေါ်ပေါ် ဘယ့်နှယ်ဆိုမလဲ (နာမ်ရုပ်ပဲရှိပါ့မယ် ဘုရား)။

ဒါဖြင့် မြင်တာလဲ နာမ်ရုပ်ကမြင်တာ၊ ကြားတာကော (နာမ်ရုပ်ကကြားတာပါ ဘုရား)။

ကိုဝ ဒါဖြင့် နာမ်ရုပ်အထူးခွဲစရာလိုသေးသလား (မလိုပါ ဘုရား)။

ရှင်းသွားပြီတဲ့၊ ဒါစိတ္တာနုပဿနာ ဟောမလို့ ရှေးဦးစွာနာမ်ရုပ်ကို ကိုစောမောင် ဝေဖန်လိုက်တာ (မှန်ပါ့)။

ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်ရပြီ (မှန်ပါ့) နာမ်ရုပ်ပိုင်းခြားသိတဲ့ဉာဏ် မရသေးဘူးလား (ရပါပြီ) ရပြီလို့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့။

ဒါက ဒကာ ဒကာမတွေ နောက်တော့ အလုပ်တွေချည်းပြောမှာ ဖြစ်နေတော့် ဒါဟာ ဪ ရှုစရာတွေ ဟာ ဒီဆယ့်လေးခုထက် ပိုမရှိပါကလားဆိုတာ မှတ်ရုံပေါ့ (မှန်ပါ့) ဒါသေသေချာချာ မှတ်ထားကြပါ။

အရင်တုန်းက ဆယ့်နှစ်ခုပြောတယ်၊ အခုဆယ့်လေးခု၊ အတူတူပဲလို့သာမှတ်လိုက်တော့ (မှန်ပါ့) အတူတူပဲ သုခ-ဒုက္ခခွဲလိုက်တာပဲ မောင်နိုင် (မှန်ပါ့ ဘုရား)။

အကြောင်းအကျိုးခွဲရဦးမယ်

ကိုင်း ဒါဖြင့် နာမ်ရုပ်ခွဲပြီးတော့ အကြောင်းအကျိုးခွဲရဦးမယ်လို့မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။

အကြောင်းအကျိုးခွဲတော့ ဒီမှာသိသာနေတာပဲ၊ မျက်လုံးစိတ်ကလေးဟာ အဆင်းနဲ့ မျက်လုံးရုပ်နဲ့ မပေါင်းမိပဲ မြင်စိတ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ အာရုံရယ် ဒွါရဆိုတဲ့ အကြည်ရုပ်ကလေးရယ် နှစ်ခုတိုက်ဆိုင် မိလို့ ပေါ်လာတာ (မှန်ပါ့) နားကျတော့ကော (နှစ်ခုတိုက်ဆိုင်လို့ကြားစိတ်ပေါ်တာပါ ဘုရား) အသံက ကြားရုပ်နဲ့တိုက်မိလို့ (မှန်ပါ့ ဘုရား)။

ဒီအတိုင်းသွားလိုက်တော့ ကိုစောမောင် ဒါ-ဪ စိတ်ဖြစ်ခြင်းအကြောင်းလဲ ဒို့သိပြီ၊ သိကြား, ဗြဟ္မာ, ဘုရားလာပြီးထည့်တဲ့စိတ်မဟုတ်ဘူး (မှန်ပါ့) နှစ်ခုတိုက်လို့ ပေါ်တဲ့စိတ်တွေပဲဆိုတော့ ဒါက ဝိစိကိစ္ဆာ သတ်လိုက်တာ၊ ခုနက နာမ်ရုပ်ခွဲလိုက်တာက ဒိဋ္ဌိသတ်လိုက်တာ (မှန်ပါ့ ဘုရား)။

နာမ်နဲ့ရုပ်သာရှိတယ်ဆိုတော့ ဒိဋ္ဌိမသေသေးဘူးလား (သေပါတယ် ဘုရား) အလိုလိုပေါ်တာလား၊ အကြောင်းနှစ်ခု တိုက်ဆိုင်လို့ပေါ်တာလား (အကြောင်းနှစ်ခုတိုက်ဆိုင်လို့ ပေါ်တာပါ ဘုရား)။

သိဉာဏ် နှစ်ဉာဏ်ရသွားပြီ

ဒါကျတော့ သူ့အလိုလိုပေါ်တာလား၊ ဘယ့်နှယ်ကြောင့်ပေါ်ပါလိမ့်မတုန်းဆိုတဲ့ သံသယလာသေးရဲ့လား (မလာပါ)။

ဒါဖြင့် ဝိစိကိစ္ဆာက သေသောကြောင့် ဒါသည် ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ နှစ်ဉာဏ်ရသွားပြီ (မှန်ပါ့) သိဉာဏ် နှစ်ဉာဏ်ရသွားပြီ (မှန်ပါ့ ဘုရား)။

ကိုစောမောင် (သိဉာဏ် နှစ်ဉာဏ်ရပါပြီ ဘုရား) ပွားဉာဏ်မပါသေးဘူး (မပါသေးပါ ဘုရား) ဒါသိဖို့ဟောနေတယ့်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်-လုပ်မည့် ပုဂ္ဂိုလ်တွေက သေသေချာချာမှတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်,ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ နှစ်ဉာဏ် မောင်နိုင် ရသွားပြီ (မှန်ပါ့ ဘုရား)။

နှစ်ဉာဏ်ရပြီးသကာလ သွားတဲ့အခါကျတော့ နောက်ကျတော့ ဖြစ်ပျက်ရှုတဲ့ သမ္မသန ဥဒယဗ္ဗယလို့ ဆရာ ဘုန်းကြီးကသင်ဖို့လိုတယ်နော် (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုနည်း

အဲဒီတော့ ဒီလိုလုပ်ကြစို့ရဲ့။ ဒကာ ဒကာမတွေ ဝိပဿနာရှုဆိုတာ အရှင်ဘုရား တဲ့၊ အရှင်ဘုရားများက တော့ ဝိပဿနာရှုပြီး နိဗ္ဗာန်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ မိလိန္ဒမင်းကြီးက မေးတယ်၊ ဝိပဿနာရှုနည်းကလေး တပည့်တော် အမိန့်ရှိစမ်းပါ၊ တပည့်တော်လဲ နိဗ္ဗာန်ရောက်ကြောင်း လုပ်ချင်တဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပါအဝင် ပါပဲ။

မေးလိုက်တဲ့အခါကျတော့ ဒကာကြီး တောထဲမှာ သစ်တွေ ကျားတွေ မရှိဘူလားတဲ့ (ရှိပါတယ် ဘုရား)။ အဲ သစ်တွေ ကျားတွေဟာ သူတို့စားချင်တဲ့ သမင်, ဒရယ်, ဂျီငယ်, စိုင်း, ဆတ်, ယုန် အစရှိသည်တို့ကို အပြေးလိုက်ဖမ်းသလား၊ ချောင်းပြီးဖမ်းသလားမေးတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက ဘယ့်နှယ်ထင်ကြသလဲ (ချောင်းပြီးဖမ်းပါတယ် ဘုရား)။

ချောင်းပြီးဖမ်းရတယ်၊ အပြေးလိုက်ဖမ်းရင် သူ့ထက်အပြေးသန်တဲ့ ပုဂ္ဂိုလ်ကို ကိုဝ မိပါ့မလား (မမိပါ ဘုရား)။

ဒါဖြင့် ချောင်းဖမ်းပါဆိုတော့၊ ထို့အတူပဲ ဒကာ ဒကာမတွေက သမာဓိကောင်းကောင်းနဲ့ ချောင်းနေပါ၊ ချောင်းနေတဲ့အခါ မြင်စိတ်ပေါ်ရင် မြင်စိတ်ဖြစ်ပျက်ရှုပေး (မှန်ပါ့) ဉာဏ်နဲ့နော် (မှန်ပါ့ ဘုရား)

ချောင်းနေပါ သမာဓိကောင်းကောင်းနဲ့ စောင့်နေပါ ကိုစောမောင် (မှန်ပါ့) ကြားစိတ်ပေါ်ရင် (ကြားစိတ်ဖြစ်ပျက်ရှု) ကြားစိတ်ဖြစ်ပျက်ရှုလိုက်၊ နာမ်စိတ်ပေါ်ရင် (နာမ်စိတ်ဖြစ်ပျက်ရှု)။

အေး တောထဲက ကျားတို့, သစ်တို့ဟာ ကိုပေါ်တို့ ကိုဝတို့ ချောင်းဖမ်းဖမ်းပြီး သူတို့က အကောင်းကြီးတွေ ဖြစ်လို့ သူတို့ထက်မြန်တဲ့ အကောင်တွေကို စားရ သောက်ရအောင်ချောင်းပြီးမှ ဖမ်းရသလို ခင်ဗျားတို့လဲ ဆိတ်ငြိမ်တဲ့ နေရာမှာ သမာဓိကလေးတည်ပြီး ချောင်းဖမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် ဒီအတိုင်းရှုလို့မရဘူးနော် (မှန်ပါ့) ချောင်းဖမ်းရမယ်ဆိုတဲ့ အဓိပ္ပါယ်ကော ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမာဓိကောင်းကောင်းနဲ့ သမာဓိတည်းဟူသော ခြုံထဲမှာ အောင်းပြီးသကာလ ဉာဏ်တည်းဟူသော ကျားက ဖြစ်ပျက်တည်းဟူသော သားကောင်ကိုဖမ်းရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အလုပ်ကို ရှင်းရှင်းပေးနေတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

သမာဓိတည်းဟူသော ခြုံထဲမှာ

အလုပ်ရှင်းရှင်းပေးနေတယ်ဆိုတာ ကိုစောမောင် မှတ်မိပြီလား (မှတ်မိပါပြီ) သမာဓိတည်းဟူသော ခြုံထဲမှာ အောင်းရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အေး သမာဓိတည်းဟူသော ခြုံထဲမှာအောင်းပြီးသကာလ ကျားနဲ့တူတဲ့ဉာဏ်သည် သားကောင်နဲ့တူတဲ့ ဝိဉာဏ်စိတ်တွေ စိတ်တွေကို ဖမ်းရမယ် (မှန်ပါ့) မမိပေဘူးလား (မိပါတယ် ဘုရား)။

အဲဒီတော့ သမာဓိခြုံထဲမှာမှ မအောင်းလို့ရှိရင်ဖြင့် ဉာဏ်တည်းဟူသော ကျားဟာ အပြေးလိုက်ဖမ်းလို့ရှိရင် လွတ်သွားမှာပဲဆိုတာ ကိုဝတို့-ကိုပေါ်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့) မိနိုင်ပါ့မလား (မမိနိုင်ပါ ဘုရား)။

ဒါဖြင့် သမာဓိတည်းဟူသော ခြုံထဲမှာဉာဏ်တည်းဟူသော ကျားက အမြဲတမ်းစောင့်ပြီးသကာလနေတော့မှ မြင်စိတ်ပေါ်လဲ မြင်စိတ်စားလိုက် ကိုစောမောင် (မှန်ပါ့) ဖြစ်ပျက် ရှုလိုက်ပြောတာ (မှန်ပါ့) ကြားစိတ်ပေါ်ရင် (ကြားစိတ်ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကြားစိတ် စားလိုက်ပါဆိုတော့ ဉာဏ်နဲ့ သားကောင်နဲ့ဟာ မိလျက်ချည့်နေတယ် (မှန်ပါ့) ထို့အတူပဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်လျက်ချည့်နေတယ် (မှန်ပါ့) မကိုက်ပေဘူးလား (ကိုက်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ သဘောကျလား (ကျပါတယ် ဘုရား) လုပ်နည်းရကြပြီလား၊ လုပ်နည်းဟာ ဒီအတိုင်းပဲမှတန်ရမယ် (မှန်ပါ့) ချောင်းဖမ်းမှ နေရာကျမယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ)။

သမာဓိခြုံထဲမှာ ဉာဏ်အောင်းပြီး ဖမ်းပါ

အေး ဒါကို ဘုန်းကြီးက စကားတတ်လို့ ပြောဆိုတဲ့အသွားရယ်လို့လဲ ဒကာ ဒကာမတွေက မမှတ်ပဲနဲ့ ရှင်နာဂသိန်ဆိုတဲ့ ရဟန္တာ ပုဂ္ဂိုလ်ကြီးတို့ မလိန္ဒ မင်းကြီးကမေးလို့ ”ယထာပိဒီပိကောနာမ နိလီယိတွာ ဂဏှေ” လို့ ပါဠိတော်မှာ သေသေချာချာဟောထားတဲ့အတွက် ပုန်းအောင်းပြီးမှ ရှုရမယ်ကွာ တောထဲကကျားဟာ သားကောင်ကို ဒီအတိုင်း မဖမ်းနိုင်ဘူး၊ ချောင်းပြီးမှ ဖမ်းနိုင်တယ်ကွ တစ်နေရာ ပုန်းအောင်းပြီး ချောင်းဖမ်း ရတယ်ဆိုတဲ့ဥစ္စာ ဝိပဿနာရှုရင် ဒီလိုပဲ သမာဓိခြုံထဲမှာ ဉာဏ်အောင်းပြီးသကာလ ကိုဝရေ သားကောင်နဲ့တူတဲ့ ခုနင်က ဆယ့်လေးခုကို ဖမ်းပါ၊ ရှင်းပြီလား (ရှင်းပါပြီ)။

ခုနက ဆယ့်လေးခုကို ဖမ်းလိုက်ပါ။ နောက်က ဒကာ ဒကာမတွေ နားလည်ကြပြီလား (နားလည်ပါပြီ)။

သမာဓိက ဘာနဲ့တူသတုန်း (ခြုံနဲ့တူပါတယ် ဘုရား) ဉာဏ်ကဘာနဲ့ တူသတုန်း (ကျားနဲ့တူပါတယ် ဘုရား) ခုနင်က ဆယ့်လေးခုက ဘာနဲ့တူသတုန်း (သားကောင်နဲ့တူပါတယ် ဘုရား)။

အဲဒီ သားကောင်တွေဟာ ချောင်းဖမ်းရင်မိတယ် (မှန်ပါ့) ဦးဘရှင်း နေရာကျပြီလား (ကျပါပြီ)။

အပျက်ကလေးတွေချည်းမိပါလိမ့်မယ်

နေရာကျပြီတဲ့၊ ချောင်းဖမ်းလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ တခါတည်း အသေကလေးတွေချည်း မိတယ် (မှန်ပါ့) အပျက်ကလေးတွေချည်းမိပါလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

အပျက်ကလေးတွေချည်းမိတဲ့အခါကျတော့ဖြင့် အပျက်နဲ့ မဂ်နဲ့ကိုက်တယ်လို့ ဆိုရတော့မယ် ကိုစောမောင် (မှန်ပါ့) မဆိုပါနဲ့ဆိုလို့ ရသေးသလား (မရပါ ဘုရား)။

အဲဒါ အလုပ်မလုပ်တတ်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက်သော်လည်းကောင်း၊ အလုပ်လုပ်ပြီးသား ပုဂ္ဂိုလ်တွေ အတွက်သော်လည်းကောင်း ဒီနေ့သေသေချာချာပြောတယ်လို့မှတ်ပါ (မှန်ပါ့)။

သေသေချာချာပြောတယ်လို့မှတ်ပါ ဝိပဿနာရှုနည်း နိဿယည်းကို ရှင်နာဂသိန်းက မိလိန္ဒ မင်းကြီး သင်တာပါပဲ (မှန်ပါ့) “ယထာပိ ဒီပိကောနာမ” ဆိုတဲ့အတိုင်း ဒီပိကောဆိုတာ သစ်ကို ဆိုတာပါပဲနော် နိလီယိတတွာဆိုတာ ပုန်းအောင်းရမယ်ကွ ဒီအတိုင်းဆိုတာပဲနော် (မှန်ပါ့)။

ထို့အတူပဲတဲ့ ယောဂါဝစရပုဂ္ဂိုလ်လဲ သမာဓိခြုံထဲမှာ ဉာဏ်အောင်းပြီးသကာလ သားကောင်ဆယ့်လေးကောင် ပေါ်ရာဖမ်းပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

သို့သော်ခင်ဗျားတို့ ဆယ့်လေးခုစလုံး ပြိုင်တူဘယ်တော့မှ မပေါ်ဘူး (မှန်ပါ့) တစ်ခုသာ ပေါ်မယ် ဆိုတော့ မမိစရာရှိသေးရဲ့လား (မရရှိပါ ဘုရား)။

ကိုင်း ကိုစောမောင် ဖမ်းတတ်ပြီလား (ဖမ်းတတ်ပါပြီ)။

စိတ္တနုပဿနာ

ဒါ ဘာအနုပဿနာလဲလို့ အခုသင်နေတာ စိတ်ကိုအဖမ်းခိုင်းတဲ့အတွက် စိတ္တာနုပဿနာ (မှန်ပါ့) စိတ္တ-ကစိတ်အနုပဿနာက နောက်ကနေ ချောင်းဖမ်းတာကို ဆိုတာ (မှန်ပါ့) စိတ္တက (စိတ်ပါ ဘုရား) အနုပဿနာက (ချောင်းဖမ်းတာပါ) ချောင်းဖမ်းတာကိုဆိုတာ၊ ပေါင်းလိုက်တော့ စိတ္တနုပဿနာ ရှင်းပြီလား (ရှင်းပါပြီ)။

စိတ္တက ခုနက ဆယ့်လေးခုပေါ်ရာကို စိတ်ဆိုတာ၊ သဘောကျပြီလား (ကျပါပြီ) အနုပဿနာဆိုတာက ဘာတုန်း (ချောင်းဖမ်းတာပါ ဘုရား)။

ချောင်းဖမ်းတာတဲ့၊ သမာဓိပညာနဲ့ ချောင်းဖမ်းတာကို အနုပဿနာလို့ ခေါ်ပါတယ်၊ ပေါင်းလိုက်တော့ ဘယ့်နှယ်ဆိုကြမလဲ (စိတ္တာနုပဿနာပါ ဘုရား)။

ဒါဖြင့် မ,နဲ့ အိ,နဲ့ပေါင်းလိုက်တော့ မအိ ဆိုသလိုပေါ့၊ ခလေးတုန်းက စာပေါင်းသလိုနော် (မှန်ပါ့) စိတ္တနဲ့ အနုပဿနာနဲ့တွဲပေး။

မောင်နိုင် တွဲတတ်ပြီလား (တွဲတတ်ပါပြီ) စိတ္တက ဘာပါလိမ့် (စိတ်ကိုခေါ်ပါတယ်) ဆယ့်လေးမျိုး၊ ခုနက ဆရာဘုန်းကြီးပြထားတဲ့စိတ် ဆယ့်လေးမျိုးကို စိတ်လို့ခေါ်လိုက်ပါ (မှန်ပါ့) အနုပဿနာက ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ သူ့ကိုအဖန်ဖန်တလဲလဲ ရှုဖို့ပါပဲ (မှန်ပါ့) သမာဓိနဲ့ ပညာဆိုပါတယ်၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီနေ့ပိုမိုရှင်းပါရဲ့လားလို့မေးရင် ဘယ့်နှစ်ဖြေကြမလဲ (ရှင်းပါတယ် ဘုရား)။

ရှင်းပြီတဲ့၊ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မရှိပါဘူးတဲ့ အခြေအနေရောက်အောင် သင်ပေးနေတယ်ဆိုတာကိုလဲ နောက်က ဒကာဒကာမတွေ ကံထူးလို့ ကြုံကြရတယ်ဆိုတာကိုလဲ ကိုစောမောင် ပြောဖို့မလိုပါဘူး (မလိုပါ ဘုရား)။

သမ္မသန ဥဒယဗ္ဗယရောက်လာပြီ

ဒါဖြင့် ဪ ဆရာဘုန်းကြီးက ဒိဋ္ဌိကခွါပြီးပြီ၊ ဝိစိကိစ္ဆလဲသတ်ပြီးပြီ၊ အခု အနုပဿနာရောက်လာပြီး၊ သမ္မသန ဥဒယဗ္ဗယရောက်လာပြီ ကိုစောမောင် (မှန်ပါ့)။

အဲဒီကဲ့သို့ ရောက်လာတော့ ဒီဉာဏ်နဲ့ ဒကာဒကာမတွေက ဒီသမာဓိတည်းဟူသော ခြုံထဲမှ ဉာဏ်တည်းဟူသော သစ်တို့ ကျားတို့ကို ထားပြီးသကာလ သားကောင် ဆယ့်လေးကောင်ကို တကောင်စီ ပေါ်နေတာ တော့ ခင်ဗျားတို့ မလွတ်အောင်ဖမ်းယူပါ (မှန်ပါ့ ဘုရား)။

ဖမ်းလိုက်တဲ့အခါကျတော့ အဖမ်းခံရတာကစိတ်၊ ဖမ်းတာကအနုပဿနာ၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဖမ်းခံရတာက (စိတ်ပါ ဘုရား)ဖမ်းတာက (အနုပဿနာ)ပါဘုရား။

အနုပဿနာဆိုတာ အဖန်တလဲလဲ ရှုတာကိုဆိုပါတယ်၊ ဒါ့ကြောင့် စိတ္တာနုပဿနာ၊ ဒကာကြီးလှိုင် ရှင်းပြီလား (ရှင်းပါပြီ)။

စိတ္တာနုပဿနာဆိုတာ သဘောကျပြီလား (ကျပါပြီ) ဪ စာသံပါနေသေးသလား ဒို့ဉာဏ်ထဲ ရှင်းသွားပြီလား (ရှင်းသွားပါပြီ)။

ရှင်းသွားပြီနော် စာသံပါနေပြန်လဲ ကိုဝတို့ကကျုပ်တို့က မာဓဘာသာသာကို နားမလည်တဲ့အတွက် ဒါဘုန်းကြီးတွေအလုပ်ဆိုပြီး ထင်နေကြတယ်၊ မဟုတ်ပါဘူးတဲ့ စိတ်ကို အဖန်တလဲလဲရှုတာပါ (မှန်ပါ့) သဘောကျပြီလား ကျပါပြီ)။

စိတ်ကို (အဖန်တလဲလဲရှုတာပါ ဘုရား) အဲဒါ ပါဠိလိုသုံးတော့ ဘယ်လိုဖြစ်သွားသတုန်း (စိတ္တာနုပဿနာပါ) မြန်မာလိုပြန်လိုက်တော့ (စိတ်ကိုအဖန် တလဲလဲရှုတာပါ ဘုရား)။

စိတ်ကိုအဖန်တလဲလဲရှုတာ ဦးဘရှင်း ဒါငြင်းနေလို့မလိုတော့ဘူး (မှန်ပါ့)။

သောတာပတ္တိမဂ်လိုချင်ရင် ဒိဋ္ဌိသတ်မှရမယ်

ကဲ ဒါဖြင့် ဒီလောက်ရှင်းလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့်အရှင်ဘုရား၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက စိတ္တာနုပဿနာ ဟောပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှကွာ တဲ့၊ သောတာပတ္တိမဂ်ဆိုတာ ဒိဋ္ဌိသတ်တာဟေ့ (မှန်ပါ့) သောတာပတ္တိမဂ်လိုချင်ရင် ဒိဋ္ဌိသတ်မှရမယ် ။

အထက်မဂ်လိုချင်ရင် တဏှာသတ်မှရမယ်၊ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။

အောက်ဆုံးမဂ်ကိုလိုချင်ရင် (ဒိဋ္ဌိသတ်မှရပါတယ် ဘုရား) အထက်မဂ်တွေ လိုချင်ရင် (တဏှာသတ်မှ ရပါတယ် ဘုရား)။

တဏှာသတ်ရမယ်ဆိုတော့ ဒီမှာ ဆရာတွေက မှားသွားကြမယ်ဆိုလို့ရှိရင်ဖြင့် တဏှာသတ် ဟောထားလို့ ရှိရင်ဖြင့် ကိုစောမောင် အရင်သတ်ရမှာ မသတ်ပဲနဲ့ နောက်သတ်ရမှာ အရင်သတ်နေလို့ရှိရင် မောနေမှာပဲ (မှန်ပါ့) မောနေလို့ရှိရင် လိုရာခရီး အပြီးအပိုင်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဒါ့ကြောင့် အားလုံး အဋ္ဌကထာ, ဋီကာတွေက ဒီဟာအရင်လုပ်ပါကွာ၊ စိတ်မှာဒိဋ္ဌိအများဆုံးပဲကွ၊ ဒါ့ကြောင့် ဒိဋ္ဌိသတ်မှ သောတာပန်တည်တယ်၊ သောတာပတ္တိမဂ် မရပဲနဲ့လဲ အထက်မဂ်ရချင်လို့ ကိုဝ (မရပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသတ်တဲ့ အလုပ်ကိုရှေ့ထားပါ (မှန်ပါ့) ဦးဘကလေး ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

စိတ္တာနုပဿနာကိုဘာကြောင့် ဆရာဘုန်းကြီး လမ်းခင်းပြီး အကျယ်တဝင့် ပြောဆိုနေပါလိမ့်မလဲလို့ဆိုတော့ ဘာသတ်တာတုန်း (ဒိဋ္ဌိသတ်တာပါ ဘုရား)။

ဒါဖြင့် သောတာပတ္တိမဂ်ဟာ ဘယ်ပယ်တာတုန်း (ဒိဋ္ဌိပယ်တာပါ ဘုရား) ဒိဋ္ဌိပယ်တာဘဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မဂ်လိုချင်ရင် ဒီမဂ်မရဘဲနဲ့ အထက်မဂ် ခုန်တက်လို့ (မရပါ ဘုရား)။

ဒါဖြင့် ဒကာကြီးလှိုင် ဒါလုပ်ရတော့်မယ်နော် (လုပ်ရပါမယ် ဘုရား) မလုပ်ရပေဘူးလား (လုပ်ရပါတယ် ဘုရား)။

နေရာကျကြပါတော့တဲ့၊ ဒီလောက်ပင်ပန်းခံပြောနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျေကျေနပ်နပ်ကြီး သဘောကျဖို့ ကောင်းပါပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီလိုလုပ်နည်းမေးလိုက်တော့ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံးမို့ ဉာဏ်လေးလေးနဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကို စိတ္တာနုပဿနာပေး၊ သူနဲ့ လျော်သကွဲ တဲ့(မှန်ပါ့)။

ကိုဝ ဉာဏ်ကလဲ လေးမယ်၊ ဒိဋ္ဌိကလဲ များမယ်ဆိုလို့ရှိရင် ဘာပေးရမလဲ (စိတ္တာနုပဿနာ ပေးရပါမယ် ဘုရား)။

ဒါဟာ ကိုစောမောင် အနာနဲ့ဆေးသင့်အောင် ပေးတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အနာနဲ့ဆေး သင့်အောင် မပေးလို့ရှိရင်လဲ လိုရင်ပြီးပါ့မလား (မပြီးပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အခုအနာနဲ့ဆေးကော သင့်ပြီလား (သင့်ပါပြီ ဘုရား)။

ကိုယ်က သောတာပတ္တိမဂ်ကို ရလိုတဲ့ ပုဂ္ဂိုလ် ၊ သူ့ကိုရမှလဲ အထက်တက်နိုင်တော့ သောတာပတ္တိမဂ်ဆိုတာ ဒိဋ္ဌိရောဓောနိဗ္ဗာနံ ကိုး၊ ဒိဋ္ဌိသတ်မှာ နိဗ္ဗာန်ရတာ၊ ပဌမ နိဗ္ဗာန်လိုချင်ရင် ဒိဋ္ဌိသတ်ရတယ် (မှန်ပါ့)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ ဒီ စိတ်ဆယ့်လေးခုကို ရှုပေးပါဆိုတော့ ဪ ဒိဋ္ဌိပြုတ် လွယ်လိမ့်မယ်ဆိုတာ ကိုပေါ် ကိုဝတို့ စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နို့ စာမှာတော့ဘုရား သရာဂစိတ်, ဝိရာဂစိတ်ဆိုတဲ့၊ အို စာသံပါနေတယ်။ မင်းသိတဲ့စိတ် မင်းရှု၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါ မင်းတို့ စာထဲပါတဲ့ စိတ်တွေ အကုန်ဘဲ ဆရာဘုန်းကြီး သင်ထားတဲ့ဥစ္စာ အတူတူပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

စာထဲမှာ နာမည်ပေးထားတာနဲ့ အခု ဆရာဘုန်းကြီး ပေးတာနဲ့ဟာ အတူတူပဲလို့မှတ် (မှတ်ပါ့)။

သို့သော်-စာမှာ ပိုနေတာတွေက ကိုဝရှိသေးတယ် (မှန်ပါ့) စာမှာက အရိယာဖြစ်ပြီးမှ ရှုရမည့်စိတ်တွေ ပါနေတယ် (မှန်ပါ့)။

အဲဒါတွေပါ မသိတဲ့ ပုဂ္ဂိုလ်က ဟောဒီစိတ်တွေ ဒီစိတ်တွေနည်းတာတွေ မဟုတ်ဘူး ဘုရားဟောထားတာ၊ အဲဒီစိတ်တွေပါရှုရမယ်ဆိုတော့ ကျုပ်တို့က အရိယာမှ မဟုတ်သေးဘဲ၊ အရိယာရတဲ့စိတ်ကို ကျုပ်တို့ရှုလို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

မဖြစ်နိုင်တော့ ပုထုဇဉ်သန္တာန်ပေါ်တဲ့ စိတ်ဟာဖြင့် ဒီဆယ့်လေးမျိုးပဲရှိတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ပုထုဇဉ်အဖြစ်က လွန်မြောက်မှ သောတာပန်အဖြစ် ရောက်ရမှာကိုး (မှန်ပါ့)။

အဲဒီတော့ ဟိုမှာ ဘုရားက ဟောထားတာကတော့ ပုထုဇဉ်အတွက်ရော, အရိယာအတွက်ရော ဟောထားတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်ပါဠိတော်ကြီး ဟောထားတာက ပုထုဇဉ်အတွက်သာ ဟောထားတာလား ပုထုဇဉ်ရော အရိယာရော ဟောထားတာလား (ပုထုဇဉ်ရော အရိယာရော ဟောတာပါ ဘုရား)။

သူကတော့ ဟောရလိမ့်မယ်၊ ပရိနိဗ္ဗာန်စံမည့် ကိုယ်တော်ကြီးကိုး (မှန်ပါ့) မဟုတ်ဘူးလား ၊ ကျုပ်တို့က အရိယာစိတ်တွေကို ကျုပ်တို့က ရှုချင်လို့ရှိရင် မရှိတာ ရှုသလိုဖြစ်နေမယ်-(မှန်ပါ့)။

ဒီဆယ့်လေးမျိုးကိုနိုင်သွားရင် ပြီးတာပဲ

ဒါကြောင့် ကျုပ်တို့ သန္တာန်ပေါ်တဲ့စိတ်ကဖြင့် ဒီဆယ့်လေးမျိုးပဲ (မှန်ပါ့) ဒီဆယ့်လေးမျိုးကိုနိုင်သွားရင် ပြီးတာပဲ အရိယာတက်မှာပဲ၊ ရှင်းပြီမဟုတ်လား (ရှင်းပါပြီ ဘုရား)။

စာထဲပါတာ အကုန်ရှုရမှာလား (မဟုတ်ပါ ဘုရား) မရှုနဲ့တဲ့ ‘သဥတ္တရံဝါစိတ္တံ သဥတ္တရံစိတ္တန္တိ ပဇာနာတိ၊ အနုတ္တရံဝါစိတ္တံ အနုတ္တရံစိတ္တန္တိ ပဇာနာတိ” လောကုတ္တရာစိတ်လဲ ရှုလို့ ဘုရားကဟောတယ် (မှန်ပါ့)။

ကျုပ်တို့က လောကုတ္တရာစိတ် ဘယ်မှာရောက်မှမရောက်သေးပဲ (မှန်ပါ့) မရောက်သေးတော့ ဘုန်းကြီးက ဒီကလေးတွေကို ဒီထမင်းလုပ်ကလေးနဲ့ မျှတယ်ဆိုပြီးတော့ ဒီထမင်းလုပ်ကျွေးတာ (မှန်ပါ့)။

ဒကာဒကာမတွေက ကလေးပဲထားပါတော့ လောကုတ္တရာနဲ့ ကြည့်လိုက်တော့ (မှန်ပါ့) သူ့ထမင်းလုပ်နဲ့ သူ့ကျွေးမှသာလျှင် သူ ကျန်းမာရေး ဖြစ်မယ်၊ ထမင်းလုပ်ကြီးရင် သူဆင်းရဲရေးသွားဖြစ်မယ် (မှန်ပါ့) မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် စာတွေကိုလဲ ကိုယ်က ဝေဖန်ယူတတ်မှ ဒါကပုထုဇဉ်ဟောတာ၊ ဒါက အရိယာဟောတာ၊ ကိုစောမောင် ဒီလိုမဝေဖန်ပဲနဲ့ ပြော ဒါတွေဟာ ဘုရားဟောချည့်ပဲကွ လုပ်ပါလားကွ ဆိုတော့ ဪ ခက်ပါဘိတော့တယ်၊ ကိုယ့်မရှိတာ ရှုရမလိုဖြစ်နေပြီ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား)။

အင်မတန်အရေးကြီးလို့ စေ့စေ့စုစု ပြောနေတယ်ဆိုတာကော ကိုဝတို့, ကိုပေါ်တို့ ရိပ်မိကြပြီ လား (ရိပ်မိကြပါပြီ ဘုရား)။

ကဲ အခု ကိုယ်နဲ့ ထိုက်တန်တဲ့ စိတ်ရှိတယ်ဆိုတာလဲ ပေါ်ပြီလား (ပေါ်ပါပြီ) ကိုယ်နဲ့ ထိုက်တန်တဲ့ စိတ်က ကိုစောမောင် ကိုယ့်သန္တာန် ဘယ်နှစ်မျိုးပေါ်သလဲ (ဆယ့်လေးမျိုးပေါ်ပါတယ် ဘုရား) အဲ ခုနက ဆယ့်လေးမျိုးပေါ့လေ-(မှန်ပါ့)ပြောခဲ့ပြီးပါပြီ၊ ဒါတော့ မောင်နိုင်သိပြီပေါ့ (မှန်ပါ့)။

ကဲ နောက်က ဒကာ ဒကာမတွေလဲ သိပြီဆိုကြပါစို့ (မှန်ပါ့) မှတ်ထားပေါ့၊ ရေးယူကြပေါ့၊ မသိတဲ့ ပုဂ္ဂိုလ်လဲနေ့လယ်လာရေးရင် ရပါတယ် (မှန်ပါ့)

ကိုင်း သိတဲ့ပုဂ္ဂိုလ်ကလဲ ကူးယူရပါတယ်ဆိုတာ ရှင်းတော့ ဝိပဿနာဆိုတာ စောင့်ဖမ်းရမယ်ဆိုတာကလေး ကိုလဲ တလုံးထဲမှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)။

ဟ ဘယ်သူက သင်တာတုန်းမေးတော့ ရှင်နာဂသိန်ရဟန္တာကသင်တာ (မှန်ပါ့)တကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

စောင့်ပြီးပေါ်ရာကိုရှုရင်

ကိုယ်ကလိုက်ပြီး ရှာမနေနဲ့ (မှန်ပါ့) ရှာပြီးရှုရင် ပညတ်ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ရှာပြီးရှုရင် (ပညတ်ဖြစ်ပါတယ် ဘုရား) စောင့်ပြီးပေါ်ရာကိုရှုရင် (ပရမတ်ဖြစ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် တပည့်တော်တို့ဘုရား ရှုစရားလဲဆယ့်လေးမျိုးတွေ့ပြီ၊ ရှုတာလဲ သမာဓိပညာနဲ့ ရှုရမယ်လို့ အရှင်ပညားကပြောတော့ တပည့်တော်တို့ သမာဓိတည်းဟူသော ခြုံထဲမှာ ပညာတည်းဟူသော ကျား အောင်းပြီးသကာလ ဖမ်းပါလို့ အရှင်ဘုရားသင်ထားလို့ တပည့်တော်တို့ဖြင့် မရှင်းမရှိပါဘူးဆိုတာကို ဒီနေ့ တာဝန်ခံြ ကရတော့မယ် (မှန်ပါ့တာဝန်ခံကြရပါမယ် ဘုရား) မရှင်းကြသေးဘူးလား (ရှင်းပါပြီ)။

ရှင်းသွားပြီတဲ့၊ နောက်ကလေးမလေးတွေ သေသေချာချာမှတ်ပါ၊ ဘာကြောင့်တုန်းဆိုတော့ ဒီ ဒိဋ္ဌိမပြုတ်သရွေ့ ကာလပတ်လုံး ကိုပေါ်တို့၊ ကိုဝတို့မှတ်လိုက်၊ ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက အပါယ်ပို့လိမ့် ဦးမယ် (မှန်ပါ့ ဘုရား)။

ဘာကြီးလှူလှူ ဘာကြီးတန်းတန်း သုဂတိရောက်၊ ရောက်ရာမှာ၊ ကဲဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက မင်းကုသိုလ် အရှိန်ရှိသေးရင် နေသေးတာပေါ့ကွ၊ ငါဆွဲချချိန်မရသေးဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ စောင့်တာပဲ ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက (စောင့်ပါတယ် ဘုရား)။

စင်စစ် ဒိဋ္ဌိပါသွားလို့ရှိရင် ကိုစောမောင် ဒိဋ္ဌိက ဆွဲချလိုက်တာပဲဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက (မှန်ပါ့) မချဘူးလား ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက (ချပါတယ် ဘုရား)။

အဲဒီတော့ ဒိဋ္ဌိက ခဏခဏ ဒကာ ဒကာမတွေလဲ ပြောထားပြီ၊ ငရဲမျိုးစေ့ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက (မှန်ပါ့) ငရဲမျိုးစေ့ပါသွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲလွတ်ချင်ပါတယ်ဆိုပေမယ့်လဲ တစ်နေ့နေ့ကျဦးမှာပဲ ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက (မှန်ပါ့)။

ကုသိုလ်တွေ ကျောင်းကြီး ကန်ကြီးတွေ ဘုရားကြီးတွေ အမျိုးမျိုးအဖုံဖုံလုပ်ငြားသော်လည်း ဒိဋ္ဌိမပြုတ်သေးရင် ပရမ်းပတာ ဘေးဆိုတဲ့ ဘေးကြီးဟာ ဒကာဒကာမတို့ မလွတ်သေး မှတ်လိုက်တာပေါ့ (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိမပြုတ်သေးရင်ဖြင့် ဘာနဲ့မှတင်းတိမ်မနေသေးနဲ့ ကိုစောမောင်၊ ဟုတ်လား (မှန်ပါ့ ဘုရား)။

ငါတော့ လူ့ဘဝမှာဟေ့ သားကလဲများများ သမီးတွေကလဲများများနဲ့ ကိစ္စတွေ လှူရတန်းရ ပေးရကမ်းရတာ တွေများပါပြီ၊ စေတနာသုံးတန်ကလဲပြတ်တာများခဲ့ပါတယ်၊ အို စေတာက စေတာတခြား၊ ဒိဋ္ဌိက ဒိဋ္ဌိတခြား၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာကြီးလှိုင် စေတနာက (တခြားပါ ဘုရား) ဒိဋ္ဌိက (တခြားပါ ဘုရား) ဒိဋ္ဌိကတခြားတဲ့၊ စေတနာနဲ့ ဒိဋ္ဌိဆိုတာလဲ တခြားစီဥစ္စာဘဲ၊ စေတနာလဲ သူ့ဆိုင်ရာ သူအကျိုးပေးမှာဘဲ၊ ဒိဋ္ဌိကလဲ ငါလုပ်ချင်တာလုပ်မှာပဲ (မှန်ပါ့ ဘုရား)။

ကိုစောမောင် မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခုနက ရဟန္တာကြီးနှစ်ပါးကို သူတို့အလုပ်ပေးတာကိုရှင်းကြစို့ရဲ့နော် (မှန်ပါ့ ဘုရား)။

ရဟန္တာကြီးနှစ်ပါး

ရဟန္တာကြီးနှစ်ပါးဟာ ဒီစိတ္တာနုပဿနာကို သူတို့ပြောကတယ် (မှန်ပါ့) ပြောကြတော့ ကိုဝတို့ ကိုပေါ်တို့က စဉ်းစားတာပေါ့၊ ရဟန္တာတွေက ရဟန္တာဖြစ်ပြီ၊ သူတို့ ဒီအလုပ်ကတက်ခဲ့ပြီးသား။ ဘာဖြစ်လို့ စိတ္တာနုပဿနာတွေကို ပြန်ပြီးသကာလ တစ်ပါးကမေး တစ်ပါးက အဖြေထုတ်ရပါလိမ့်မတုံး မေးတော့ ဪ နောင်လာနောက်သားများ ရဟန္တာကြီးနှစ်ပါး မေးမြန်းသွားတဲ့ ဥစ္စာအမေးအဖြေကလဲ သံသယမရှိတဲ့ ပုဂ္ဂိုလ်-ဒိဋ္ဌိပြုတ်ပြီးသား ပုဂ္ဂိုလ်-တဏှာပြုတ် ပြီးသား ပုဂ္ဂိုလ်တွေက အမေးခံကလဲ ထို့အတူ-အမေးသမားကလဲ ထို့အတူဖြစ်သောကြောင့် သူတို့က ပြောတာ အမှန်ချည်းပဲဆိုပြီး နောင်လာနောက်သားတွေ အတည်ပြုရပါစေလို့ဟောတာ (မှန်ပါ့) ဒီတော့ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။

နောင်လာနောက်သားတွေ အတည်ပြုရပါစေတော့ ဒို့နှစ်ပါးပြောတာကိုဆိုတော့ သိပြီးသားပုဂ္ဂိုလ်ကပြောတာ လား၊ စ, လုပ်မည့်ပုဂ္ဂိုလ်ကပြောတာလား (သိပြီးသားပုဂ္ဂိုလ်က ပြောတာပါ ဘုရား)။

ဒို့ဒီလမ်းကတက်ခဲ့လို့ ဖုန်ပြီးသကာလနေလို့ မင်းတို့ဒီလမ်းလိုက်ရစ်ပါဆိုတာ ပြောတဲ့စကား (မှန်ပါ) ဒကာကြီးလှိုင် သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒို့ ဒီလမ်းကတက်ခဲ့ပါတယ်ကွာ၊ မင်းတို့လဲ ဒီလမ်းကလိုက်ရစ်ကြပါ၊ သံသယမရှိဘဲနဲ့ လိုက်ရစ်ကြကွ ဆို ပြီး သကာလ သေသေချာချာကတိခံချင်လို့- ကိုစောမောင် အကိုးအကားလုံလောက်အောင်လို့ ရဲရဲတင်းတင်းနဲ့ဒီလမ်း လိုက်ပါစေလို့ သူတို့နှစ်ပါးအမေး-အဖြေ လုပ်တာ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ကိုဝ ဒီ့ထက်ခိုင်လုံတာဖြင့်မရှိတော့ဘူး (မရှိပါ ဘုရား)။

ဒီထဲမှာ သူတို့နှစ်ပါး အမေးအဖြေကို ဘုရားကလက်မှတ်ထိုးလိုက်သေးတယ်၊ မင်းတို့အမေးအဖြေဟာကွာ ငါဟောလဲ ဒီအတိုင်းဟောမှာပါပဲလို့ လက်မှတ်ထိုးသေးတယ် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ သုံးပါးလက်မှတ်ထိုးတားတယ်ဆိုတော့ အတည်ဖြစ်ကရောပေါ့၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် လုပ်ထိုက် မလုပ်ထိုက်ဆိုတာသေချာပြီလား (သေချာပါပြီ) သံသယနဲ့လား ရဲရဲတင်းတင်း လား (ရဲရဲတင်းတင်းပါ ဘုရား)။

ရဲရဲတင်းတင်းလုပ်ပါဆိုတာ ဒကာ ဒကာမတွေကိုဘုန်းကြီးကလေးစားစွာနဲ့ဘဲ မေတ္တာရှေ့ထားပြောနေပါတယ် (မှန်ပါ့) ကိုစော​မောင် မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဘုရားလက်မှတ်ထိုးတာကော သေချာ ပြီလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်ကွာ တဲ့၊ ပထမရှေးဦးစွာ နိဂုံးချုပ်ကလေး ဘယ်လိုပြောလိုက်သတုန်းဆိုတောပြီးတော့ အလယ်သားကို ဒကာ ဒကာမတွေကိုဖွင့်ပြီးပြပါမယ်။

အကြင်တရားဟော ပုဂ္ဂိုလ်ဟာကွာ တဲ့၊ စိတ်စဉ်ကြီးဖြစ်ပျက်မြင်အောင် ငြီးငွေ့အောင် မလိုချင်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်ဖြင် သူ့ကို ဓမ္မကထိကလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

စိတ်ပေါ်မှာတဲ့ မုန်းအောင် ရွံအောင်မလိုချင်အောင်ဟောနိုင်တဲ့ ပုဂ္ဂိုလ်ကို မင်းတို့ရှာလဲရှာ၊ ရှာလို့တွေ့ ခဲ့လို့ရှိရင် ဒီပုဂ္ဂိုလ်ကို ဓမ္မကထိက အကောင်းဆုံးလို့မှတ်လိုက် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်

နောက်ကျတော့ကွာ တဲ့မင်းတို့ကို ဟောလို့ ဒီပုဂ္ဂိုလ်ဟာ အကောင်းဆုံးပုဂ္ဂိုလ်ဟောတာကို မင်းတို့နာရလို့ရှိ ရင်ဖြင့် ဪ ဒို့အကောင်းဆုံးပုဂ္ဂိုလ်တွေပြီဆိုပြီး မင်းတို့ ဒီတွင်မရပ်နဲ့ ဒီစိတ်ပေါ်မှာ နိဗ္ဗိန္ဒဖြစ်အောင် ငြီးငွေ့အောင် မလိုချင်အောင် ကျင့်နိုင်လို့ရှိရင်ဖြင့် မင်းတို့ဟာ ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်ပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

နှစ်ချက်တောင်ရှိသွားပြီနော် (မှန်ပါ့) ခုနက စိတ်ကိုမလိုချင်အောင် ငြီးငွေ့အောင်ဟောနိုင်ရင် ဓမ္မကထိက ကောင်း (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) စိတ်ကိုမလိုချင်အောင် ငြီးငွေ့အောင် ဒကာ ဒကာမတွေက ကျင့်နိုင်လို့ရှိရင်လဲ ဓမ္မာနု ဓမ္မပဋိပတ္တိ ပုဂ္ဂိုလ်ဖြစ်သွားပြီ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) နှစ်ချက်ရှိ သွားပြီနော် (မှန်ပါ့ ဘုရား)။

ဒီစိတ်ကိုဘဲကွာ တဲ့၊ တစ်ခါတည်းငြီးငွေ့အောင် မလိုချင်အောင် ဥပါဒါန်စိတ်နဲ့ဖြင့် ဘယ်တော့မှ ငါသည် ကားလို့ဆိုလို့ရှိရင်ဖြင့် စွဲလမ်းမှု ဥပါဒါန်ချုပ်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ရှိရင် ယခုဘဝနိဗ္ဗယန်ရမည့် ပုဂ္ဂိုလ်လို့ ဒို့နှစ်ယောက်က ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။

ဘယ်လောက်ပိုင်သလဲ (ပိုင်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အင်မတန်ကိုယ်တော်ကြီးနှစ်ပါး ကရုဏာရှေ့ထားပြီးသကာလ မင်းတို့ရဲရဲတင်းတင်း လုပ်စမ်း ပါကွ၊ ဒီလိုဟောနိုင်တဲ့ပုဂ္ဂိုလ်လဲ ရှာကွ၊ ဒီလိုလဲ ကျင့်မိအောင် ကျင့်ကွ၊ ဒီလိုကျင့်လို့ ဒီလိုစိတ်အပေါ်မှာ မစွဲလမ်းလို့ ငြီးငွေ့ပြီး မစွဲလမ်းတော့ပါဘူး ဆိုလို့ရှိယင် ဒီဘဝ ဒီခဏမှာ နိဗ္ဗာန်ရမယ်လို့ ဒို့နှစ်ယောက်ဝန်ခံတယ် (မှန်ပါ့) ဒီလိုဆိုတော့ ဒကာကြီးလှိုင် ဒီ့ထက်ရဲရဲတင်းတင်းတော့ မရှိဘူး (မှန်ပါ့ ဘုရား)။

မကုန်သေးဘူးလား ဒကာ ဒကာမတို့ (ကုန်ပါတယ်) စကားကုန်သွားပြီ။

အဲဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီးကစကားဖြည့်စွက်ရမယ် ကိုဝတို့ ခင်ဗျားတို့ကဂျီးများပြီးသကာလ မနေနဲ့တော့ သုံးပါးလက်မှတ်ထိုးပြီး စိတ်ပေါ်မှာ တာဝန်ခံပြီးသကာလ ဓမ္မကထိကကို ဒီလိုဓမ္မကထိရှာ၊ ဒီလိုကျင့်ပြီး ဒီလိုကျင့်ယင် ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ် ယောဂီပုဂ္ဂိုလ်မှာဖြစ်ပြီ၊ ဒီလိုစိတ်ကို ဆုံးအောင်လိုက်ပြီး စိတ်ပေါ်၌ စိတ်ဆုံးသွားတယ် ဆိုတော့ ကိုစောမောင် စွဲလမ်းတဲ့ ဥပါဒါန်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီဥပါဒါန်မရှိအောင် စိတ်ဆုံးတဲ့ဆီရောက်အောင် ဥပါဒါန်ပြုတ်အောင် ကျင့်ကြလို့ရှိရင်လဲတဲ့ ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်လို့ ဒို့သုံးပါးသဘောတူ နောင်လာနောင်သားများအတွက် ရဲရဲတင်းတင်းလုပ်လေအောင်ဒို့တော့ဖြင့် အားလုံးပရိနိဗ္ဗာန် စံရမှာတွေချည်းဖြစ်နေတယ်၊ နောင်လာနောင်သားတွေအတွက် ထားခဲ့တဲ့ပါဠိတော် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ကိုဝအတော်လေးစားထိုက်တယ် (လေးစားပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေလေးစား ထိုက်တဲ့စကား-လေးစားထိုက်တဲ့တရားဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့်ဘုန်းကြီးအတွက်က ဘာလိုနေသေးသတုန်းဆိုတော့ စိတ်ပေါ်မှာ ငြီးငွေ့အောင် ပြောပြီးသကာလစိတ်ဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုနှိပ်စက်နေတယ်လို့ဆိုတာ ဘုန်းကြီးကစိတ်ပေါ်မှာ ငြီးငွေ့အောင်ပြောရဦးမယ် (မှန်ပါ့ ဘုရား)။

စိတ်ဆောင်နေတာ

ဘာဖြစ်လို့တန်းဆိုတော့ “ စိတ္တေန နီယျေတေ လောကော၊ စိတ္တဿ ပရိကဿတိ၊ “ လောကော-လောကကို၊ စိတ္တေန=စိတ်က၊ နီယျေတ=ဆောင်ယူ၏။ စိတ်ဆောင်နေတာ၊ ဟိုဘုံရောက် ဒီဘုံရောက်သွားဆိုတာ ဘာတွေပါလိမ့် (စိတ်ဆောင်တာပါ ဘုရား)။

ဒါဖြင့်အသေနဲ့ချည်းသွားပြီး တန်းနေတာဘယ်သူပါလိမ့် (စိတ်ပါ ဘုရား)။

” စိတ္တဿ ပရိကဿတိ” သူဘဲတဲ့ ဟိုဆောင်ဒီဆောင်နဲ့ ကြံစည်ပြီးသကာလ သူလုပ်နေတာ၊ သူ့ကို မနိုင်ကြတာနဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဟိုဘုံရောက် ဒီဘုံရောက်-ရောက်နေတာ (မှန်ပါ့ ဘုရား)။

နတ်ပြည်ရောက်သွားတယ်ဆိုတာလဲ ဒီစိတ်ကပို့လိုက်တာ (မှန်ပါ့) ငရဲရောက်သွားတယ်ဆိုတာကော (ဒီစိတ်ကပို့တာပါ ဘုရား) အကုသိုလ်စိတ်က ပို့ချလိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကုသိုလ်စိတ်ကနေ တစ်ခါ တစ်ခါ ဒကာ ဒကာမတွေ ဆောင်သွားပြန်လို့ သုဂတိရောက်တယ် (မှန်ပါ့) အကုသိုလ်စိတ်ကနေပြီး တခါတလေတိရစ္ဆာန်ခင်တော့ တိရစ္ဆာန်ဖြစ်သွားတာတွေလဲ ကိုစောမောင် ဘယ်သူကဆောင် သွားတာတုန်း (စိတ်ကဆောင်သွားတာပါ ဘုရား)။

သဏ္ဍာန်အမျိုးမျိုး အရှက်တကွဲအကျိုးနည်းလုပ်နေတဲ့ စိတ်ဘဲ

ဒါဖြင့် ဒီစိတ်ဟာဒို့ကို သဏ္ဍာန်အမျိုးမျိုး အရှက်တကွဲအကျိုးနည်းလုပ်နေတဲ့ စိတ်ဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီစိတ်ပေါင်းထိုက် မပေါင်းထိုက် (မပေါင်းထိုက်ပါ ဘုရား)။

ဒါ စိတ်ကိုငြီးငွေ့အောင် ပြောနေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီစိတ်သည်ကားလို့ ဆိုလို့ရှိရင် ဘုန်းကြီးကငြီးငွေ့အောင်ပြောတော့ ဪ ဒီစိတ်သည်ကား လို့ဆိုရင် ဒို့အပေါ်မှာ ကိုယ့်စိတ်ကိုယ်မနိုင်တာ ဆိုလိုတယ် (မှန်ပါ့)မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကြည့်ပါ ဒကာ ဒကာမတို့စိတ်ဟာ ဘယ်လောက်ထိအောင် ကြောက်စရာ ကောင်းသတုန်းဆိုတော့ ဒီကြက် ကောင်ကလေးတွေ ကြက်မကြီးက ဥကလေးတွေ ဥလိုက်တယ်ဆိုတော့ ဒီဥကလေးတွေထဲမှာ ပဋိသန္ဓေစိတ်ကတော့ အရင်ရောက်တာဘဲ (မှန်ပါ့) ပဋိသန္ဓေစိတ်ရောက်လို့ရှိရင် ဒီကြက်ဥထဲမှာဘဲ ဒီ့ပြင်အကောင် ပေါက်ပါတော့လား လို့ ကိုဝ မေးဖို့မကောင်းဘူးလား (ကောင်းပါတယ်) စိတ်အတူတူကိုးဗျ (မှန်ပါ့ ဘုရား)။

မဟုတ်ဘူးတဲ့ ၊ဒီစိတ်က သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကြက် ဘဝကိုသာယာတဲ့ အကောင်ကလေးတွေ သူ့ဟာသူထွက်လာတယ် (မှန်ပါ့) စိတ်ကလုပ်လိုက်တာ၊ သူ့ဟာသူ ဒီစိတ်ကလုပ်လိုက်တာ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီစိတ်သည် အမျိုးမျိုး ဖန်ဆင်းတတ်တယ် (မှန်ပါ့)သဘောကျပြီလား (ကျပါပြီ ဘုရား)။

နွားဝမ်းထဲပဋိသန္ဓေက ပစ်ချလိုက်ပြန်တော့ လူကလေးမွေးပါဆိုတာ့ စိတ်ဆိုတာအမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်ဘူးတဲ့ ၊ နွားဝမ်းထဲရောက်လို့ရှိရင် သူ့စိတ်ကလေးသည်ကားလို့ဆိုရင် ရောက်ရာမှာ သူချိုကလေးနဲ့၊ နားရွက် ကားကလေးနဲ့၊ ခြေလေးချောင်းကလေးနဲ့၊ အမြီးရှည်ကလေးနဲ့ဖြစ်ချင်တဲ့စိတ် အဲဒီသွားပေါ်တယ် (မှန်ပါ့ ဘုရား)။

အဲ့ဒါနဲ့ တစ်နေ့တခြား အဲဒါကလေးတွေ တိုးတက်လာတယ် (မှန်ပါ့) ပဋိသန္ဓေချင်းကအတူတူပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

အဲဒါတွေ ဘယ်သူလုပ်ပါလိမ့် (စိတ်ကလုပ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ကံချည်းထင်နေတယ်တဲ့၊ မထင်နဲ့တဲ့၊ ဟိုထဲကျတော့ စိတ်ကပြန်လုပ်ချလိုက်တယ် (မှန်ပါ့) ကံကတော့ ပဋိသန္ဓေရယ်လို့ ပစ်ချလိုက်တာဘဲ (မှန်ပါ့) ဟိုထဲမှာ အမေနဲ့တူအောင် အကောင်ဖြစ်လာတာ ကတော့ စိတ်ကလုပ်တာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့်ကျုပ်ကို ချိုကားကြီးနဲ့ ဖြစ်လာအောင်လဲ အရှက်ခွဲခဲ့တာစိတ် (မှန်ပါ့) အတောင်နဲ့ပျံအောင်လုပ်တာလဲ (စိတ်ပါဘဲ ဘုရား) ခြေလေးချောင်းနဲ့ ခြေများများနဲ့ ဖြစ်အောင် လုပ်ခဲ့တာလဲ . (စိတ်ပါဘဲ ဘုရား)။

ဪ ဒါဖြင့် ဒီစိတ်သာ ဒို့သည်ကားလို့ ဆိုယင်ငြီးငွေ့အောင်မလိုချင်အောင်မှ ဒို့သန္တာန်မယ် ဟောတဲ့ ဘုန်းကြီးမတွေ့ဘူးဆိုလို့ရှိရင်ဖြင့် ဒို့ကိုအကောင် အမျိုးမျိုးဖန်ဆင်းနေတာ စိတ်ပဲ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ခင်ဗျားတို့က နွားဝမ်းထဲပစ်ချလိုက်တာကိုက ကံကဒါကြောင့်နွားကလေးဖြစ်လာတယ်၊ ဘယ်ဟုတ်မလဲ နွားဝမ်း ထဲ ကံကပစ်ချလိုက်တော့ ပဋိသန္ဓေစိတ်တစ်ခုတည်း ပစ်ချလိုက်တယ် (မှန်ပါ့) ကျုပ်တို့ရှိတဲ့ ပဋိသန္ဓေစိတ်နဲ့ အတူတူပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် နွားနဲ့တူလာသတုံးဆိုတော့ ဟိုထဲကျတော့မှ ဒီစိတ်ကလေးသည်ကားလို့ ဆို့လို့ရှိရင် နွားဖြစ်ချင် တဲ့သဘောကလေးက အဲဒီထဲကျမှ ပေါ်လာတယ် (မှန်ပါ့) ပေါ်လာတော့ချိုကလေးဟာ သူ့ဟာသူပေါက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နားကလေးက သူ့ဟာသူပေါက်၊ အမြီးကလေးက သူ့ဟာသူလာဆိုတော့ ဟိုထဲရောက်မှ စီမံတာဘယ်သူတုံး (စိတ်ပါ ဘုရား) ဒီပဋိသန္ဓေထဲပစ်ချလိုက်တာကတော့ (ကံပါ ဘုရား) အဲ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားသာ ကြည့်ပါတော့တဲ့- အဲ့ သူပစ်ချလိုက်တာက ကံကတော့ဖြင့် ပဋိသန္ဓေစိတ်ကလေးပါပဲ ကိုစောမောင် ပစ်ချလိုက်တယ် (မှန်ပါ့) သဘောကျပလား (သဘောကျပါပြီ) ဒါကလေး ဘဲ ကံကတည်ထောင်ပေးလိုက်တယ်၊ ဟိုထဲရောက်မှ အမေနဲ့တူအောင် အမျိုးမျိုးတူအောင်က ဘယ်သူလုပ်သလဲ (စိတ်ကလုပ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်းလုပ်ခဲ့တာ ဘယ်သူတုန်း (စိတ်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

တစ်ခါ ငရဲမှ ဒယ်အိုးကြီးတွေ ကြီးကြီးကျယ်ကျယ်ဟုတ်လား ၊ ဒယ်အိုးကြီးတွေကြီးကြီးကျယ်ကျယ် ကြီးတဲ့ လူလဲအတူတူပေါ့ကွ ၊ ဟ ဘယ်သူလုပ်တာတုန်း ဆိုတော့ ဒီကစိတ်ကနေပြီးသကာလ ဟိုမှာကမကောင်းတာ အကြီးအကျယ်စိတ်ကူးလိုက်တော့ ဟိုမှာ မကောင်းတာ အကြီးအကျယ်သွားပြီးပေါ်နေတယ် (မှန်ပါ့) ဒါဘယ်သူ ဆိုကြမလဲ (စိတ်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

စိတ်ကဖန်ဆင်းပါတယ်

အဲဒီတော့ တကာ တကာမတွေ ဒါကံထင်နေတယ်၊ ကံမကောင်းလို့ ငရဲကျတယ်၊ ငရဲကျလို့ရှိရင် ငရဲတစ်မျိုး တည်းနေပါလား၊ ငရဲကြီး တစ်ရာ့နှစ်ဆယ်ဖြစ်အောင် ဘယ်သူကဖန်ဆင်းသတုန်း (စိတ်ကဖန်ဆင်းပါတယ် ဘုရား) ရိပ်မပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကံနဲ့စိတ် ဘယ်ဟာ သာပြီး ကြောက်စရာကောင်းသတုန်း (စိတ်ကြောက်စရာကောင်းပါတယ် ဘုရား)။

စိတ်ကြောက်စရာကောင်းတယ်ဆိုတော့ စဉ်းစားကြည့်၊ ကျုပ် ကံမနိုင်ဘူးဆိုကြသလား ကျုပ်စိတ် ကျုပ် မနိုင်ဘူးဆိုကြသလား (စိတ်မနိုင်ဘူး ဆိုကြပါတယ် ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ စိတ်ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် စိတ်သည် ရှင်းရှင်းရှင်းလင်းလင်း ဘုရားက ဥပမာပေးတော့ကွာ တဲ့၊ ပန်းချီရုပ်ဟာ ပန်းချီသမား၏ စိတ်အတိုင်း ပေါ်လာတာ (မှန်ပါ့) သူကဒီနေရာက အပြောက်ထည့်၊ ဒီနေရာက ပုဆိုးပုံကလေးထည့်၊ ဒီနေရာကျ အပြောက်ထည့်၊ ဒီနေရာက မျက်နှာပုံကလေးထည့်၊ ဒီနေရာလက်မောင်းပုံကလေး ကျောပုံကလေးထည့်ဆိုတော့ ကိုဝ ဒီဥစ္စာပန်းချီသမားက ဆေးကလေးတစ်ခုကိုင်တာနဲ့ စိတ်ကလျှောက်ပြီး အလုပ်လုပ်ပစ်တယ် (မှန်ပါ့) ဒါဘယ်သူလုပ် လိုက်တာတုန်း (စိတ်ကပါ ဘုရား)။

ဒါဖြင့် “ စိတ္တေန နီယျေတလောက” စိတ်ကဖန်ဆင်းတာဆိုတာ ပေါ်နေပြီ (မှန်ပါ့)။

တစ်ချို့ ပျဉ်ပြားကြီးလိုပဲ ကိုစောမောင် သူအရုပ်ဖြစ်လာတယ် (မှန်ပါ့) ဘယ်သူလုပ်လိုက်တာတုန်း (စိတ်က လုပ်လိုက်တာပါ ဘုရား)။

ဒါဖြင့် စိတ်ဟာမဆန်းကျယ်ဘူးလား (ဆန်းကျယ်ပါတယ် ဘုရား)။

ဒါကြောင့် “ ဝိစိတ္တကရဏာ စိတ္တ” ဘုရားက ဆန်းကျယ်အောင်လုပ်လိုက်တတ်သောကြောင့် စိတ်ကွ ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ စိတ်ဟာကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်းလုပ်နေတယ်ဆိုတဲ့ ဥစ္စာ ကိုဝ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကိုစောမောင် စိတ်များ လုပ်လိုက်ပြီဆိုမှဖြင့် ဟိုကြည့် သစ်ပင်ကြီးဟာ ငုတ်တိုကြီး ခါတိုင်းလဲ ရှိတာပဲ၊ စိတ်ကလုပ်လိုက်တဲ့အခါကျမှ သရဲကြီးဖြစ်ပြီးမှ တခါတလေ တက်ပြီးသေတာများရှိသေးတယ် (မှန်ပါ့) ဘယ်သူ သတ်လိုက်တာလဲ (စိတ်ပါ ဘုရား) ကိုယ့်စိတ်ကကို လုပ်ပြီးသတ်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

တခါ ကိုယ့်စိတ်ကိုယ်မနိုင်တာနဲ့ ကြိုးဆွဲချသေတာ (မှန်ပါ့) ကံက ကြိုးဆွဲချတာလား (စိတ်ကကြိုး ဆွဲချတာပါ ဘုရား)။

အဲဒါ အဖန်ငါးရာ ငါးကမ္ဘာလို့ဆိုတာ ဘယ်သူကပြောတာတုန်း ခင်ဗျားတို့ကို (စိတ်ကပါ ဘုရား)။

အလကား ဘယ်သူ့မှမယုံနဲ့၊ သူ့ ဒီစိတ်ဟာ ဒီဘဝမှာ ဒီစိတ်ရှိခဲ့တယ်၊ သူ့စိတ် သူမနိုင်လို့ သူသေလိုက် တယ် (မှန်ပါ့)၊ ဒီဥစ္စာအဖန်ငါးရာ ငါးကမ္ဘာလို့မသွားနိုင်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ) နောက်ဘဝ ဆရာကောင်း သမားကောင်းနဲ့တွေ့ရင် ရဟန္တာဖြစ်နိုင်တယ် (မှန်ပါ့)။

မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)ဘယ်မှာ အဖန်ငါးရာငါးကမ္ဘာဟုတ်ရမှာလဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

အဲဒါဟို ကြိုးဆွဲချသေတဲ့ ပုဂ္ဂိုလ်လို ကိုယ့်သားသမီးမိုက်မှာစိုးတာနဲ့ တယောက်ကစပြီးပြောတာနဲ့ ဒါကြီးဟာ ပေါရဏဖြစ်ပြီး ကြီးသွားတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကိုယ့်သားသမီးလဲ ဒီလိုစိတ်ကူးတွေ ကိုယ့်သမီးကလဲ အင်း စိတ်ပျက်နေတဲ့အခါ သူအလိုရှိရာနဲ့ မပြည့်စုံ တဲ့အခါ ကြံမှာစိုးလို့ “ ဒါမျိုးဟာ မလုပ်ကောင်းဘူး “ ဆိုပြီး အသွားကနေပြီး သိပ်ကြီးကျယ်လာတဲ့အဓိပ္ပါယ်ဆိုတာ ကောပေါ်ပြီလား (ပေါ်ပါပြီ) ရှင်းပြီလား (ရှင်းပါပြီး ဘုရား)။

ဘယ်မှအဖန်ငါးရာ ငါးကမ္ဘာလို့ စာကိုမလာဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

စိတ်ဟာဖြင့် ကျုပ်တို့ကို နှိပ်စက်နေတာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့စိတ်ဟာဖြင့် ကျုပ်တို့ကို နှိပ်စက်နေတာမပေါ်ဘူးလား (ပေါ်ပါပြီ)။

ကိုင်း စိတ်ဘယ်လောက်နှိပ်စက်တယ် မနှိပ်စက်တယ်ဆိုတော့ မယုံယင်စဉ်းစားကြည့်ပါ၊ အပ်ကလေးနဲ့ ထိုးမိတာကို မြွေပွေးကိုက်တယ်ဆိုပြီး ချက်ခြင်းတက်တယ် (မှန်ပါ့) ဒါ ဘယ့်နှယ်ကြောင့်ဆိုမလဲ (စိတ်ကြောင့်ပါ ဘုရား)ရိပ်မိပြီလား (ရိပ်မိပါပြီ) အပ်ကလေးချစ်မိတာ မင်းမြွေပွေးကိုက်တယ်လို့သာပြောကြည့်၊ ဟိုပုဂ္ဂိုလ်ဟာအတော် ကုယူရမယ် (မှန်ပါ့) မကုရပေဘူးလား (ကုရပါတယ် ဘုရား)။

အဲဒီတော့ အပ်နာလား စိတ်နာလား မေးကြည့် (စိတ်နာပါ ဘုရား) ဒါဖြင့် စိတ်ကြောက်စရာကောင်း တယ် (မှန်ပါ့) ကိုဝ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါ့ကြောင့်တဲ့ ဒက ဒကာမတို့စိတ်ကို ငြီးငွေ့အောင်ဟောနိုင်လို့ရှိရင် ဓမ္မကထိကကောင်းဆိုတဲ့အတိုင်း သားကောင်ကလေးတွေဖြစ်တာလဲ စိတ်ပဲ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ) ကိုယ့်စိတ်ကိုယ်မနိုင်လို့ သေခြင်းဆိုးသေတာတွေကော (စိတ်ပါ ဘုရား)။

စိတ်ပဲဆိုသဖြင့် ဪ သူသတ်သမားလဲစိတ်ပဲ၊ ဆန်းကြယ်အောင်လုပ်တာလဲ စိတ်ပဲ၊ ကိုစောမောင် ပန်းချီရုပ်ကြည့်လိုက်သဖြင့်် မသိဘူးလား (သိပါတယ် ဘုရား)။

ဒါဖြင့် ဒီစိတ်သည်ကျုပ်တို့ကို သုံးဆယ့်တစ်ဘုံမှာ သဏ္ဌာန်အမျိုးမျိုး၊ ခြေအမျိုးမျိုး၊ နားရွက်အမျိုးမျိုး ချိုကား ချိုထောင်အမျိုးမျိုးလုပ်တာ ဘယ်သူတုံး (စိတ်ပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ကို အရှက်ခွဲပြီးသေခြင်းဆိုး အသေခိုင်းတာ ဘယ်သူတုန်း (စိတ်ပါ ဘုရား)။

စိတ်ကိုငြီးငွေ့ပါတော့

ဒါဖြင့် သူ့ကိုပေါင်းသင်းလို့တော်-မတော် (မတော်ပါ ဘုရား) စိတ်ကိုငြီးငွေ့ပါတော့ဆိုတာ အထူးပြောစရာ လိုသေးသလား (မလိုပါ ဘုရား)။

မလိုတော့ပါဘူး၊ အဲဒီတော့ကိုတဲ့ ဒါ ဓမ္မကထိကကောင်းလို့ဆိုကြပါစို့ (မှန်ပါ့) စိတ်ပေါ်မှာလဲ ခင်ဗျား တို့ပေါင်းသင်းချင်တဲ့သဘော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် စိတ်ကိုငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဓမ္မကထိကကောင်း (မှန်ပါ့)။

စိတ်ကိုငြီးငွေ့အောင် ကျင့်နိုင်လို့ရှိရင် ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်ပါတယ် ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ငြီးငွေ့အောင် ကိုစောမောင် ရှုကြစို့ (မှန်ပါ့) ရှုကြစို့ဆိုတော့ ရှုစရာဆယ့်လေးခုကိုဆရာ ဘုန်းကြီးကချောင်းပြီးဖမ်းပါ၊ သမာဓိတည်းဟူသော ခြုံထဲမှာဉာဏ်တည်းဟူသော ကျားအောင်းပြီးသကာလ ပေါ်ရာလိုက် ပြီး ရှုစမ်းပါ ဘာမှမရှိလို့ရှိရင် ထွက်လေ အားထုတ်တဲ့စိတ်၊ ဝင်လေအားထုတ်တဲ့စိတ်ရှုပေးပါ၊ မသင်ဘူးလား (သင်ပါတယ် ဘုရား)။

ထိုကဲ့သို့ သင်လိုက်တဲ့အခါကျလို့ရှိရင် ရှုစရာမရှိဘူးလို့ ကိုဝတို့ ကိုစောမောင်တို့က ဆင်ခြေလဲစရာလိုသေး သလား (မလိုပါ ဘုရား) ရှုစရာမရှိရင် ခင်ဗျားတို့သေရုံပဲရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ရှုစရာမရှိရင် (သေရုံပဲရှိပါတယ် ဘုရား) ဒီစိတ်နဲ့အသက်ရှင်နေတာကိုး ဒီစိတ်မရှိတော့ဘူးဆိုရင် ဘယ့်နှယ်တုန်း (သေပါတယ် ဘုရား)။

ဒီဆယ့်လေးမျိုးထဲက တစ်စိတ်မှမရှိတော့ဘူးဘုရား၊ ရှုစရာမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် သေရုံပဲရှိတယ် (မှန်ပါ့)။

အဲဒါကြောင့် တပည့်တော် ရှုစရာမရှိတော့ဘူး ဆိုတဲ့စကားကို စောမောင်ကိုယ့်ဟာကိုယ် အရူးဖြစ်အောင်တော့ မလုပ်နဲ့ (မှန်ပါ့) ဒကာကြီးလှိုင် မလုပ်နဲ့နော် (မှန်ပါ့)။

ကဲ အခုပေါ်ကြပြီလား (ပေါ်ပါပြီ) အမြဲတမ်း ရှုနေရမှာက လေကိုထုတ်တဲ့စိတ် လေကိုပြန်ရှိုက် တဲ့စိတ်ကို အမြဲတမ်းရှုပါ (မှန်ပါ)။

အိမ်သည်စိတ်နှစ်ခုကို အမြဲတမ်းရှုပြီးသကာလ ကိုစောမောင် ဧည့်သည်လဲပေါ်မှလိုက် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

အိမ်သည်လဲ အလှည့်နဲ့ပေါ်တာပဲ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

တခါတလေများ စိုက်ပြီးကြည့်နေတဲ့အခါအသက်မရှုပဲနဲ့ကြည့်တဲ့အခါ ပါသေးတယ် (မှန်ပါ့)။

ကျောက်တစ်လုံးကို သေသေချာချာ ဒီဥစ္စာအဖိုးကလဲများမယ်၊ ကြံကျောက်ကလဲဖြစ်နေမယ်ဆိုရင် ကိုဝ အသက်ရှူသေးရဲ့လား (မရှူပါ ဘုရား) မရှူဘူး မရှူဘူး မရှူဘူး..။

ကြံကျောက်လဲဖြစ်မယ်၊ အဘိုးကလဲ ကြီးနေတယ်၊ ပေးရမည့်အဖိုးကလဲ ကျောက်ကအချိန်ကလေးကလဲကြီး အရေကလဲအပြကကောင်း၊ ပြီးတော့ ကြံစရာတွေကလဲ ပါနေမယ်ဆိုတော့ ဦးဘရှင်း အသက်ရှူသေးရဲ့လား (မရှူပါ ဘုရား)။

မရှူတော့ဘူးဆိုတော့ သူ့ကိုရှူလို့မဖြစ်တော့ဘူး၊ ဒီအခါကြည့်စိတ်ကိုရှုမှဖြစ်မယ် (မှန်ပါ့) သဘောကျပြီ လား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် သူလဲ အမြဲတမ်းသာဆိုတယ် မမြဲပါဘူး ကိုစောမောင်ရ၊ မြဲရဲ့လား (မမြဲပါ ဘုရား) မမြဲဘူး ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

သို့သော် သူများထက်မြဲလို့ အိမ်သည်ရယ် လို့ ဆုံးဖြတ်ချက်ချလိုက်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာမှရှုစရာမရှိရင် အိမ်သည်နှစ်ခုရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အပြင်ဧည့်သည်လာရင် (အပြင်ဧည့်သည်ရှုရပါမယ်)။ အတွင်းဧည့်သည်လာရင် (အတွင်းဧည့်သည် ရှုရပါမယ်)။

ရှုလိုက်တဲ့အခါကျတော့ကိုတဲ့စိတ်ဟာ နှစ်ခုနဲ့အသက်ရှင်သလား၊ တစ်ခုနဲ့အသက်ရှင်သလား (တစ်ခု နဲ့ရှင်ပါတယ် ဘုရား)။

ဒါဖြင့်တစ်ခုစိတ်ပျက်သွားတာကို နောက်အသစ်ပေါ်တဲ့ ဉာဏ်စိတ်နဲ့ကိုဝယ ရှုပေး (မှန်ပါ့) ဒီတော့အသေကို အရှင်နဲ့ရှု၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

အသေကို (အရှင်နဲ့ရှုရပါမယ် ဘုရား) အသေကို အရှင်နဲ့ရှုလိုက်တယ်ဆိုတော့ ဟင် ဘယ်သူ့အသေ ပါလိမ့်မတုန်းလို့မေးတော့ ကိုစောမောင် ဘယ့်နှယ်ပြောမလဲ ကိုယ့်အသေ (မှန်ပါ့) နှုတ်လေးမနေနဲ့တော့ (မှန်ပါ့)။

အသေကိုအရှင်နဲ့ ပြန်ရှု

ဒကာ ဒကာမတို့ ဘယ်သူ့အသေတုန်း (ကိုယ့်အသေပါ ဘုရား)။

ဒီစိတ်နဲ့ အသက်ရှင်နေတာကိုး ၊ ဒီစိတ် သေသွားတယ်ဆိုတော့ ကိုယ့်အသေမဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။

ကိုယ့်အသေကို ကိုယ်က ကံမကုန်သေးလို့ ရှင်တဲ့စိတ်နဲ့ပြန်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့်အသေကို အရှင်နဲ့ရှု (မှန်ပါ့)သဘောပါပလား (ပါ-ပါပြီ် ဘုရား)။

ဘယ်လိုရှုကြမယ် (အသေကိုအရှင်နဲ့ ပြန်ရှုရပါမယ် ဘုရား)။

ဒါဖြင့် အသေကို အရှင်နဲ့ရှုလို့ ဆရာဘုန်းကြီးက ပြောလိုက်တော့ ဧကစိတ္တ သမာယုတ္တာ၊ သဘောကျပလား (ကျပါပြီ) ဒါပါဠိ၊ Ä အသက်ရှိတဲ့ ပုဂ္ဂိုလ်တို့သည် တစ်ခုတည်းနဲ့အသက်ရှင်နေ၏ (မှန်ပါ့) ဒီစိတ်ချုပ်သွားရင် ဒီလူတစ်ယောက်သေတာဘဲ ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်စိတ်မလာရင် ဘယ့်နှယ်တုန်း (သေတာပါဘဲ ဘုရား) သုသာန်ပို့ရုံပဲ ။

“ဧကစိတ္တ သမာယုတ္ထာ၊ လဟုသော ဝတ္တတေ ခဏော”၊ (မဟာနိဒ္ဒေသပါဠိ (၃၂)။)

ဒါဖြင့် ခင်ဗျားတို့ကို သုသာန်မပို့ရသေးတာဟာ အရင်စိတ်တွေကတော့ အရင်ကိုစောမောင် ပေါင်း ဘယ်လောက်သေပြီလဲ (မရေတွက်နိုင်ပါ ဘုရား)။

အခု ဘယ့်နှယ့်ကြောင့် ကိုစောမောင် သုသာန်မပို့ရသေးပါလိမ့်မတုန်း မေးရင် ဘယ့်နှယ့်ပြောမလဲ (နောက်စိတ်နဲ့အသက်ရှင်နေလို့ပါ ဘုရား)နောက်စိတ်နဲ့၊ နောက်ကိုစောမောင်၊ နောက်စိတ် ကိုစောမောင်ဒါကအသက် ရှင်နေလို့ (မှန်ပါ့)။

ဒါဖြင့် အသေကို ဘာနဲ့ကြည့်မလဲ (အရှင်နဲ့ ကြည့်ရပါမယ် ဘုရား)။

အသေကို အရှင်နဲ့ရှုဆိုတာ ဝိပဿနာစခန်းလို့ မှတ်လိုက် (မှန်ပါ့)။

အသေကို အရှင်နဲ့ရှုဆိုတာ (ဝိပဿနာစခန်းပါ ဘုရား)။

ဝိပဿနာစခန်းလို့မှတ်လိုက်ပါ တဲ့။ ဝိပဿနာဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ခင်ဗျားတို့ကရှုတာကို ဝိပဿနာလို့မှတ်တေတယ်၊ အခုသေသေချာချာ ခရေစေ့တွင်းကျ စစ်လိုက်တော့မှ ကိုယ့်အသေကို အရှင်ကနေကြည့် တာ၊ သဘောကျပြီလား (ကျပါပြီ)။

ကိုယ့်အသေကို (အရှင်ကနေ ကြည့်တာပါ ဘုရား) အရှင်ကနေကြည့်တာဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ပေါ်တော့ကိုကြည့်ဖန်များလာတော့ ဆရာဘုန်းကြီးကလဲ နည်းပေးထားတယ်၊ ကိုယ့်အသေကိုယ်ကြည့်တာဟေ့ ဆိုတော့ ကိုစောမောင် သေတာတွေကမများပေဘူးလား (များပါတယ် ဘုရား) များလာတော့ မုန်းမလား ၊ မမုန်းဘူးလား (မုန်းပါတယ် ဘုရား)။

ဒါအခုတော့ မကြည့်တော့မမုန်းသေးဘူး (မှန်ပါ့) ကြည့်ဖန်များလာတော့ အသုဘတွေက အတွေ့ကများ လာတယ် ၊ များလာတော့ ဘယ့်နှယ်ဆိုမလဲ (မုန်းပါတယ် ဘုရား)။

မုန်းလာတော့ကို တဲ့၊ မုန်းအောင်ကြည့်လို့ရှိရင် ဟုတ်လား မုန်းတဲ့ပုဂ္ဂိုလ်ဟာ နောက်ဒီအသေမျိုး၊ ဒီလိုဆုတောင်းလို့ရှိရင် ဒီစိတ်တွေ ဒီလိုသေနေဦးမှာဆိုတော့ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကို လိုချင်သေးရဲ့လား (မလိုချင်ပါဘူး ဘုရား)။

မုန်းအောင်ကျင့်နိုင်တဲ့ပုဂ္ဂိုလ်

အဲ မလိုချင်အောင် ကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဟာတဲ့၊ မုန်းအောင်ကျင့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဓမ္မာနုဓမ္မပ္ပဋိပတ္တိပုဂ္ဂိုလ် ဖြစ်ပြီ (မှန်ပါ့)။

ဣမာယ ဓမ္မာနုဏဓမ္မပ္ပဋိပတ္တိယာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

စိတ်ကိုမလိုချင်အောင် မုန်းအာင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာဘာတုန်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိပုဂ္ဂိုလ်ပါ ဘုရား)။

ခင်ဗျားတို့က “ဣမာယ ဓမ္မာနုဏဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ ” သွားပြီးလုပ်နေတယ်၊ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ဣမာယ ဓမ္မာနုဏဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ ၊ တပည့်တော်လောကုတ္တရာတရားနဲ့လျော်တဲ့ အကျင့်နဲ့ ရှိခိုးပါ၏။ ကျင့်လဲမကျင့်ပဲနဲ့ အလကားရှိခိုးနေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မကျင့်ဘဲနဲ့ အလကားရှိခိုးနေတယ်

ကျင့်တာက ရှုမှကျင့်တာကိုး (မှန်ပါ့) မကျင့်ဘဲနဲ့ အလကားရှိခိုးနေတယ် (မှန်ပါ့ ဘုရား) သဘောပါ ပြီလား (ပါပါပြီ ဘုရား)။

ဘယ်သူကများ သင်ထားသတုန်း ခင်ဗျားတို့ ၊ မယ်သီလကျောင်းထွက်တွေများဖြစ်နေသလား မပြော တတ်ပါဘူး ၊ ရိပ်မိပြီလား (မှန်ပါ့)။

မဟုတ်ပါဘူး တဲ့။ ခင်ဗျားတို့က အခု ဣမာယ ဓမ္မာနုဏဓမ္မပ္ပဋိပတ္တိယာဆိုတာ ပဋိပတ္တိကလဲပါသေး တာ (မှန်ပါ့) ဟောဒီက အပျက်နဲ့ ဟောဒီက မဂ်ကိုက်အောင် ကျင့်ပါဆိုတာ ဓမ္မာနုဏဓမ္မပ္ပဋိပတ္တိ ၊ ရှင်းပြီ လား (ရှင်းပါပြီ)။

အပျက်က ဓမ္မ မောင်နိုင် (မှန်ပါ့) ဟိုက ပဋိပတ္တိ၊ အပျက်ကိုကျင့်တဲ အကျင့်၊ အဲဒီအကျင့်နဲ့ရှိခိုးပါဆိုတာ (မှန်ပါ့)။

ရှုတော့ မရှုဘူး၊ အလကားနေရင်း သွားပြီးတော့ ကိုစောမောင်ကြီးက လက်ဆယ်ချောင်းနဲ့ ဣမာယ ဓမ္မာနုဏ ဓမ္မပ္ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိပါ ဘုရား ဓမ္မံပူဇေမိဘုရား ၊ ဦးဘရှင်ကြီးကော လုပ်ဘူးရဲ့လား (လုပ်ဖူးပါတယ် ဘုရား) ဟာ သွားပြီပေါ့ ခင်ဗျားတို့။

ဘာမှကို မသိဘဲနဲ့ လုပ်နေတာ (မှန်ပါ့) ကျင့်ပြီးလုပ်တာလား ကိုယ့်စိတ်ကိုယ် အပျက်မြင်ပြီးလုပ်တာ လား (ကျင့်ပြီးလုပ်တာပါ ဘုရား)။

ဘယ်ဟုတ်လိမ့်မတုန်းဗျ ဘုရားရှိခိုး အဆုံးပါတာနဲ့ ကိုစောမောင်တို့ လုပ်နေကြတာ။

အပျက်မမြင်ပါဘူး၊ စိတ်ပျက်တာကို ဟင် (မှန်ပါ့)။

ခင်ဗျားတို့ ပျက်တဲ့စိတ်ပျက်က ကျောက်ကလေးရှုံးမှ ပျက်လိုက်ကွာ ၊ ဒီအပျက်သာ ရှိပါတယ် ၊ ဒီ့အပြင် အပျက်ခင်ဗျားတို့မရှိပါဘူး (မရှိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတွေ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

တရားကအဆုံးဟောဖို့ပဲ၊ နာရီကလဲစေ့ပြီ ၊ နက်ဖြန်မှဆက်ကြဦးစို့ ။

သာဓု သာဓု သာဓု။