11102

မာတိကာသို့

သစ္စာဆိုတာ ခန္ဓာမှာရှိပုံ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားဆုံးမတော်မူသော

သစ္စာဆိုတာ ခန္ဓာမှာရှိပုံ

ညအလုပ်ပေးတရားတော်

(၁၅-၆-၆၂)

သစ္စာသိအောင် လုပ်ပါ

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်ကွာ တဲ့

မင်းတို့ သစ္စာသိအောင် လုပ်ပါဆိုတာ မောင်နိုင်တို့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အထူးတလည် မှာတယ်နော် (မှန်ပါ့) သစ္စာသိအောင် လုပ်ပါတဲ့။

သစ္စာသိအောင် လုပ်ပါလို့ဆိုတော့ သစ္စာသည် ဘယ်မှာရှိသတုန်းဆိုတာ ကိုစောမောင်တို့ ဦးဘရှင်းတို့က မေးဖို့လိုတယ် (မှန်ပါ့)။

သစ္စာဟာ ဘယ်မှာမှ ရှာပြီးသကာလ မနေပါနဲ့၊ ဒီခန္ဓာဟာသစ္စာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့) ဒီခန္ဓာကြီး ဟာ ဒုက္ခသစ္စာပဲလို့သာ မှတ်လိုက် (မှန်ပါ့)။

ဒီခန္ဓာကြီးဟာ ဘာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ၊ အဲ့ဒီတော့ ဒီအတိုင်း ကြည့်တော့ အတုံးအခဲကြီး ဖြစ်ပြီးသကာလ နေတော့ မသိသေးဘူးပေါ့ဗျာ (မှန်ပါ့) မသိသေးဘူး။

ဉာဏ်မျက်လုံးတပ်ပြီး ကြည့်ပါ

ဘုန်ကြီးက ဉာဏ်မျက်လုံး တပ်ပြီးသကာလ, သမာဓိကလေးတည်ထောင်ပြီးသကာလ ဉာဏ်မျက်လုံးတပ်ပြီး ကြည့်ပါဆိုတော့မှ ခန္ဓာကိုယ်က ရွရွနဲ့ အသစ်, အဟောင်း ပြောင်းနေတာတွေ မောင်နိုင် မြင်လာတယ် (မှန်ပါ့)။

အသစ်, အဟောင်းပြောင်းတာတွေ မြင်လာတဲ့အခါကျတော့မှ အဲဒါမှ ဒုက္ခသစ္စာ ကိုစောမောင် (မှန်ပါ့)။

အသစ်, အဟောင်းပြောင်းတာ မြင်တာမှ (ဒုက္ခသစ္စာပါ ဘုရား)။

ဘာဖြစ်လို့ အသစ်, အဟောင်းပြောင်းတာမြင်မှ ဒုက္ခသစ္စာဆိုတာ ထင်ရှားသလဲလို့မေးတော့ ကိုယ်ကြည့် နေတာက ဉာဏ်နဲ့ ကြည့်နေတာ၊ ဝိဇ္ဇာမျက်လုံးတပ်ပြီး ကြည့်နေတယ်၊ သမာဓိကောင်းတာနဲ့ မောင်နိုင်က ဝိဇ္ဇာမျက်လုံး တပ်ကြည့်တယ် (မှန်ပါ့)။

ဝိဇ္ဇာမျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်က နဂိုကတော့ သွားလား – လာလား – စားလား – သောက်လား – ပြောလား – ဆိုလား ဆိုတော့ ခန္ဓာကိုယ်က ပြနေပေမဲ့ ဦးဘရှင်း မမြင်သေးဘူး (မှန်ပါ့) မမြင်သေးဘူး ဒကာကြီးလှိုင်ရ (မှန်ပါ့)။

သမာဓိကလေး ထူထောင်ပြီး ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ သူ့ပင်ကိုယ်သဘောတွေ ပေါ်လာတယ်၊ သူ့ပင်ကိုယ်သဘောတွေနော် (မှန်ပါ့)။

အဲဒီ သူ့ပင်ကိုယ်သဘောတွေ ပေါ်လာတော့မှ ခန္ဓာကိုယ်က ဟိုနေရာက လှုပ်၊ ဒီနေရာက ယား၊ ဒီနေရာက နာ၊ ဒီနေရာက စိတ်တွေအမျိုးမျိုးပေါ်၊ ဝေဒနာတွေ အမျိုးမျိုးပေါ်၊ ပူလိုက် အေးလိုက်တွေက လာလိုက်၊ ညောင်းလိုက်, ညာလိုက်တွေက လာလိုက်ဆိုတော့ အင်း ဒီဥစ္စာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ပင်ကိုယ်သဘော ပေါ်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) နဂိုရှိ ပေါ်လာတာ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘာပေါ်လာတာတုန်း (နဂိုရှိ ပေါ်လာတာပါ ဘုရား)။

နဂိုရှိ ပေါ်လာတာ

နဂိုရှိ ပေါ်လာတာ ကြည့်လိုက်တော့ ဪ နဂိုကလဲ ရှိနေသားဘဲ၊ အရင်တုန်းက ဒို့မမြင်ပါဘူး၊ တကိုယ်လုံးဟာ အခု ဟိုနေရာ, ဒီနေရာမှာ ကောင်းတဲ့နေရာကို ရှာမတွေ့ဘူး၊ ယားတာရယ်, နာတာရယ်, အောင့်တာရယ်, ကျင်တာရယ်, ကိုက်တာရယ်, ခဲတာရယ်, ပူတာရယ်, အေးတာရယ် ဒါတွေကသာ များနေတာ (မှန်ပါ့)။

ဒါတွေကသာ များပြီးသကာလနေတော့ ဒါတွေဟာက ထိုင် စ,က သဘောစွန့်တာတွေပါလား (မှန်ပါ့)။

ဒါတွေ ဘယ်လိုမှတ်ကြရမယ် (ထိုင်စ,က သဘောစွန့်တာပါ ဘုရား)။

ထိုင်စ,က သဘောစွန့်ပြီးသကာလ ဒါအသစ်သဘောပြောတာပဲ (မှန်ပါ့)။

ဒါဖြင့် ကိုစောမောင် အဟောင်းသဘော ပျောက်လို့ အသစ်သဘောပြောတာ (မှန်ပါ့)။

ဒီလို ဉာဏ်ကလေးနဲ့တည့်ပြီး ဒကာဒကာမတွေက ခန္ဓာကိုယ် ကြည့်လိုက်တဲ့အခါကျတော့ ဒီအတိုင်း စိုက်ပြီးသကာလ သမာဓိကောင်းကောင်းကလေးနဲ့သာ ကြည့်နေတဲ့အခါကျတော့ ကျုပ်ဟာ ဒုက္ခသစ္စာပဲလို့ဆိုတာ ခန္ဓာက ပြောပါတယ် (မှန်ပါ့)။

ဦးဘရှင်း ဘယ်သူက ပြောသလဲ (ခန္ဓာက ပြောပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (ခန္ဓာက ပြောပါတယ် ဘုရား)။

ခန္ဓာက ပြောတယ်နော် ၊ အဲဒီ ခန္ဓာက ပြောတဲ့အခါကျတော့မှ ဪ ဒီခန္ဓာကြီးဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ ဟောရှာသားပဲ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” မင်းတို့ ခန္ဓာငါးပါး ကြီးဟာကွာ ဒုက္ခသစ္စာပါဆိုတဲ့ဥစ္စာ ပြောလျက်သားနဲ့ ကျုပ်တို့က သမာဓိကလေး မတည်ထောင်၊ ပညာကလေးနဲ့က မကြည့်လိုက်တဲ့အခါကျတော့ မြင်ကို မမြင်ဘူး ကိုစောမောင်တို့ ဦးဘရှင်းတို့နော် (မှန်ပါ့) မြင်ကို မမြင်ဘူး။

သမာဓိကလေး ထူထောင်ပြီး ဉာဏ်မျက်လုံးကလေးနဲ့ ဘာဖြစ်မတုန်းကွာ ငါ စောင့်ကြည့်လိုက်စမ်းမယ် ဆိုပြီး မောင်နိုင်က ကြည့်လိုက်တာပေါ့ (မှန်ပါ့) ကြည့်လိုက်တဲ့အခါကျတော့ သူ့ပင်ကိုယ်သဘောတွေက ယားတာတွေ, နာတာတွေ, အောင့်တာတွေ, နာတာတွေ, ကိုက်တာတွေ, ခဲတာတွေ ဖျတ်ဖျတ်နဲ့ ဆတ်ဆတ်နဲ့ လာတာတွေ, စိတ်တွေ အမျိုးမျိုးလာတာတွေကို စောမောင် တွေ့လာတယ် (တွေ့ပါတယ် ဘုရား)။

တွေ့လာတော့ ထိုင်စ, သဘောလား ၊ သူကြည့်မှ အသစ်မြင်တဲ့သဘောလား (ကြည့်မှ အသစ်မြင်တဲ့ သဘောပါ ဘုရား)။

ထိုင်စ,က ကျုပ်တို့ ဒါတွေမှ မပါလာပဲ (မှန်ပါ့) အခုဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ ကိုယ်ပေါ် ဒါတွေ ပေါ်လာတယ် (မှန်ပါ့)။

ပေါ်လာတော့ ခန္ဓာက ကျုပ်ကို အမြဲမထင်နဲ့ ခင်ဗျားတို့ခန္ဓာကိုယ်က ပြောနေတယ် (မှန်ပါ့)။

ကျုပ်ကို အမြဲမထင်နဲ့လို့ ခန္ဓာက သူပါးစပ်ရှိရင် ပြောမှာပဲ (မှန်ပါ့)။

ကျုပ်ကို အမြဲမထင်နဲ့လို့ ပြောတဲ့သဘောတွေဟာ ဒီဥစ္စာ ကျုပ်ဟာ ခဏခဏ သေတဲ့ ဒုက္ခ၊ ခဏခဏမွေးတဲ့ ဒုက္ခ ကျုပ်မှာ ဒီဒုက္ခနှစ်ခုနဲ့ ရှိပါတယ်လို့ဆိုတာ ဦးဘရှင်း ဘယ်သူက ပြောသတုန်း (ခန္ဓာက ပြောပါတယ် ဘုရား)။

အလုပ်က စ,သင်နေတယ်

ဒကာကြီးလှိုင် ကြပ်ကြပ်နားထောင်ပါ၊ အလုပ်က စ,သင်နေတယ် (မှန်ပါ့) အလုပ်က စ,သင်နေတယ်ဆိုတော့ အရေးကြီးတယ်လို့ မှတ်ကြပါ နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာထဲက သူပင်ကိုယ်သဘောတွေပြောလာတော့ အင်း ဒီဥစ္စာ ဘာပါလိမ့်မတုန်း မေးတဲ့အခါ ကျတော့ “စက္ခုံ ဥဒပါဒိ” စက္ခုံ = ဉာဏ်မျက်စိသည်၊ ဥဒပါဒိ = ပေါ်လာ၏ ။

ဒီအခါကျတော့ ဘာမျက်စိ ပေါ်လာသတုန်း (ဉာဏ်မျက်စိပေါ်လာပါတယ် ဘုရား)။

အရင်တုန်းက ကျုပ်တို့ ဒါတွေ တွေ့ကို မတွေ့ဘူး ကိုစောမောင်ရ (မှန်ပါ့) လွန်ကဲမှပဲ တွေ့တော့တယ် (မှန်ပါ့)။

လွန်ကဲတာလဲ တနေရာထဲသာ တွေ့တော့တယ်၊ ဟိုနေရာ, ဒီနေရာ အစုံမတွေ့ဘူး၊ တွေ့ရဲ့လား (မတွေ့ပါ ဘုရား)။

အဲဒါတွေ ထောက်ကြည့်လိုက်တဲ့အခါကျတော့မှ လွန်ကဲတာတွေတော့ ဪ ပင်ကိုယ်သဘော စွန့်တာတွေဟာ တကိုယ်လုံးပါလားဆိုတာ ပေါ်မလာဘူးလား – (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ပင်ကိုယ်သဘောစွန့်တာက တကိုယ်လုံးဆိုတော့ ပင်ကိုယ်သဘော အရင်မူလ ဘူတက သေတယ်၊ နောက်ဟာက သေမလို့ ပေါ်လာတာ (မှန်ပါ့)။

ကိုစောင်မောင် ပင်ကိုယ်သဘောက သေကုန်ပြီ (သေပါတယ် ဘုရား) အခု ပေါ်လာတာတွေကလဲ (သေမလို့ ပေါ်လာတာပါ ဘုရား)။

သေမလို့ ပေါ်လာတာတွေကို ဉာဏ်နဲ့ကြည့်လိုက်တော့ ဉာဏ်က စောင့်ပြီးသကာလ သမာဓိ ကောင်းကောင်းကလေးနဲ့ ကြည့်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာက ပြောလာတယ် (မှန်ပါ့)

ဘယ်လိုမှတ်ကြမယ် (ခန္ဓာကပြောလာပါတယ်)

ဪ အလုပ်တရားဆိုတာ ဘယ်သူပြောတာ အမှန်ယူရမှာပါလိမ့်မလဲလို့ ကိုယ်ပေါ် ဘယ့်နှယ်ဖြေကြ မလဲ (ခန္ဓာကပြောတာ အမှန်ယူရပါမယ် ဘုရား)။

အဲဒါကြောင့် အခုတရားနာတဲ့ အထဲမှလဲ လုပ်တတ်တဲ့ ပုဂ္ဂိုလ်လဲပါတယ်၊ မလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေလဲ ပါချင်လဲ ပါကြမယ်ပေါ့ဗျာ (မှန်ပါ့)။

သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်

အဲဒီတော့ သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်နေလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာက အကုန်ပြောမှာပဲ (မှန်ပါ့)။

ပြောခဲ့လို့ရှိရင် သူက ကျုပ်ဟာလူချမ်းသာ ပြောမယ်လား၊ ဆင်းရဲပြောမလား၊ ချမ်းသာပြောမလားဆိုတာ မောင်နိုင် အကဲခတ်ကြည့်တာပေါ့ (ဆင်းရဲပြောမှာပါ ဘုရား)

ဒါဖြင့် ဆင်းရဲသည် ဒုက္ခသစ္စာပဲ (မှန်ပါ့) ဆင်းရဲသည် (ဒုက္ခသစ္စာပါ ဘုရား) ပျောက်သွားတာလဲ ဒုက္ခသစ္စာ၊ ပေါ်လာတာကလေးလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ပေါ်လာတာလဲ ကိုစောမောင်တို့ ဦးဘရှင်းတို့ ပျောက်ဦးမှာကိုးဗျ (မှန်ပါ့)။

အဲ့ဒီတော့ ခန္ဓာကိုယ်ထဲမှာ ဒီပေါ်ပျောက်မှ တပါးလဲမရှိဘူး (မှန်ပါ့)။

ပျောက်တာရယ်၊ ပေါ်တာရယ်၊ ပျောက်တာရယ် – ဒကာ ဒကာမတို့ ဒီ့ပြင်ဘာရှိသေးသတုန်း (မရှိပါ ဘုရား)။

ဘာမှမရှိတော့သူများပြောတဲ့ ဒုက္ခသစ္စာလား – ကိုယ်တိုင်တွေ့ရတာလား (ကိုယ်တိုင် တွေ့ရတာ ပါ ဘုရား)။

ဪ ကိုယ်တိုင်တွေ့ရတယ်၊ အဲဒီကျလာတဲ့အခါ ကျတော့မှ စက္ခုံဥဒပါဒိ၊ စက္ခုံ – ဉာဏ်မျက်လုံးသည်၊ ဥဒပါဒိ – ဒကာ ဒကာမတို့ သန္တာန်၌ ပေါ်လာ၏။

ကိုစောမောင် ဘယ်သူ့သန္တာန်ပေါ်လာသတုန်း (ရှုတဲ့ပုဂ္ဂိုလ်သန္တာန်မှာ ပေါ်ပါတယ် ဘုရား) ဒီ အားထုတ်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာပေါ်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘယ်သူ့ သန္တာန်ပေါ်ပါလမ့် (အားထုတ်နေတဲ့ ပုဂ္ဂိုလ်သန္တာန်ပေါ်ပါတယ် ဘုရား)။

ဉာဏ်မျက်လုံးမှာ ပေါ်လာတာ

အဲဒီလို အားထုတ်နေတဲ့ ပုဂ္ဂိုလ်သန္တာန်ပေါ်လာတော့ အင်း သူပကတိမျက်လုံးမှာ ပေါ်လာတာလား၊ ဉာဏ်မျက်လုံးမှာ ပေါ်လာတာလား (ဉာဏ်မျက်လုံးမှာ ပေါ်လာတာပါ ဘုရား)။

ဒါဖြင့် ဉာဏံ ဥဒပါဒိ – လာပြီ ကိုစောမောင် ခင်ဗျားတို့ ဓမ္မစကြာလေ (မှန်ပါ့)။

ဘာတဲ့တုန်း (ဉာဏံ ဥဒပါဒိ ပါ ဘုရား) ဉာဏံ – ဉာဏ်သည် ဥဒပါဒိ – မြင်တဲ့ဉာဏ်ပေါ်လာ၏၊ ဒုက္ခသစ္စာမြင်တဲ့ ဉာဏ်ပေါ်လာတယ် (မှန်ပါ့)။

ဘာပေါ်လာသတုန်း (ဒုက္ခသစ္စာမြင်တဲ့ဉာဏ် ပေါ်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာမြင်တဲ့ဉာဏ် ပေါ်လာတယ်၊ အားလုံး ဒကာ ဒကာမတွေ ဒီအတိုင်းစောင့်ကြည့်၊ သမာဓိ ကောင်းကောင်းနဲ့ စောင့်ကြည့်ရင် ဘယ်ဉာဏ်ပေါ်လာသတုန်း (ဒုက္ခသစ္စာမြင်တဲ့ဉာဏ်ပေါ်လာပါတယ် ဘုရား)။

ကိုယ်ပေါ် ဘာမှမပေါ်ဘူး၊ ဒါပဲပေါ်လာတယ် (မှန်ပါ့) ဉာဏ်နဲ့ ဒါနဲ့သာ တည့်နေတာကိုး ကိုစောမောင်ရဲ့ (မှန်ပါ့)။

ဉာဏ်နဲ့ ခန္ဓာနဲ့ တည့်ထားလိုက်တဲ့အခါကျတော့ ခန္ဓာကပြောတာတွေ ဉာဏ်ထဲမှာ ပေါ်လာပါတယ် (မှန်ပါ့) ခန္ဓာက အပြောသမား၊ ဉာဏ်က အကြည့်သမား။

ခန္ဓာက အပြောသမား၊ ဉာဏ်က အကြည့်သမား

ဒကာကြီးလှိုင် ခန္ဓာက (အပြောသမားပါ ဘုရား) ဉာဏ်က (အကြည့်သမားပါ ဘုရား)။

အဲ ဉာဏ်က အကြည့်သမားဆိုတော့ ခုနတုန်းကတော့ – စက္ခုံဥဒပါဒိ – ဉာဏ်မျက်စိပေါ်လာတယ် (မှန်ပါ့)။

ဘုရားက မထင်ရှားမှာစိုးတာနဲ့ကွာတဲ့၊ စက္ခုံဆိုရင် မင်းတို့က ပကတိမျက်လုံးကြီး – ရိုးရာမျက်လုံးလဲ ယူမှာစိုးတယ်ဆိုပြီး ဉာဏံ ဥဒပါဒိ ဉာဏ်ပေါ်လာတာကွတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

မောင်နိုင် ဘာပေါ်လာသတုန်း (ဉာဏ်ပေါ်လာပါတယ် ဘုရား)။

ဪ ဉာဏ်မျက်လုံး ပေါ်လာတယ်၊ ဖအေ, မိဘပေးတဲ့ မျက်လုံးလား၊ ဆရာသမားပေးတဲ့ မျက်လုံးလား အကဲခတ်စမ်း (ဆရာသမားပေးတဲ့မျက်လုံးပါ ဘုရား)။

ဆရာသမားပေးတဲ့ မျက်လုံးဆိုတော့ ဒါ့ကြောင့် ကလျာဏမိတ္တ ဆရာကောင်း သမားကောင်း ရှာဟဲ့ရှာဟဲ့လို့ အကြိမ်ပေါင်းများစွာပြောခဲ့တာ မောင်နိုင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ဒီဉာဏ်မျက်လုံးပေးတဲ့ ဆရာကိုရှာ (မှန်ပါ့) ကိုစောမောင် ပေါ်ပြီ (ပေါ်ပါပြီ)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဉာဏ်မျက်စိလဲပေါ် စက္ခုံဥဒပါဒိ ဆိုတာ ဉာဏ်မျက်စိကို ဆိုတယ်လို့ မှတ်လိုက်ပါ၊ မသိမှာစိုးတာနဲ့ ဘုရားက ဉာဏံ ဥဒပါဒိ၊ သဘောကျပြီလား (ကျပါပြီ) ဉာဏံ – ကိုယ့်ခန္ဓာ၌ ဒုက္ခသစ္စာကိုမြင်တဲ့ဉာဏ်သည်၊ ဥဒပါဒိ – ပေါ်လာ၏ကွ တဲ့၊ ခင်ဗျားတို့ သန္တာန်မှာ ဒုက္ခမြင်တဲ့ဉာဏ်ပေါ်ပြီတဲ့ (မှန်ပါ့)။

တခါ ဘယ်လို ဟောပြန်သတုန်းဆိုတော့ “အာလောကော ဥဒပါဒိ” အရင်တုန်းကတော့ မမြင်ဘူးဘုရား၊ အရင်တုန်းက မမြင်တာ မှောင်နေလို့ဟေ့ တဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အရင်တုန်းက မမြင်တာက (မှောင်နေလို့ပါ ဘုရား)။

အဲ အခုတော့ဖြင့်ကွာတဲ့ အာလောကော ဥဒပါဒိ၊ အာလောကော – အလင်းရောင်သည်၊ ဥဒပါဒိ – သူတို့သန္တာန်ပေါ်လာပြီဟေ့ တဲ့၊ ရှေ့က မှောင်မရှိတော့ဘူးတဲ့ (မှန်ပါ့) အရင်တော့ အဝိဇ္ဇာမှောင် ရှိနေသေး တယ် (မှန်ပါ့) အခုတော့ မောင်နိုင် မြင်လာတော့ အဝိဇ္ဇာမှောင် ဘယ့်နှယ်နေသလဲ (မရှိတော့ပါ ဘုရား)။

ဒါသိအောင်လို့ ဘုရားက “အာလောကော ဥဒပါဒိ” တဲ့ အာလောကော – သူတို့ခန္ဓာကြီးမြင်ဖို့ အလင်းသည် ကားလို့ ဆိုလို့ရှိရင်၊ ဥဒပါဒိ – ပေါ်လာ၏၊ ခန္ဓာမြင်ဖို့ အလင်းထပ်ပေါ်လာတယ် (မှန်ပါ့)။

ကြည့်စမ်း တစ်သက်လုံး မမြင်ခဲ့တဲ့ ခန္ဓာအလင်းဓာတ်ဟာ အခု ဒကာ ဒကာမတွေ မြင်ရတယ်ဆိုတော့ ဒါဟာ မောင်နိုင် ရှင်းသွားပြီပေါ့ (ရှင်းပါပြီ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီ့ အာလောကဆိုတာ ဘာတုန်းလို့ မေးတဲ့အခါကျတော့မှ ဝိဇ္ဇာဟေ့ဆိုတော့၊ ဪ ငါတို့သည် ဒီလို မြင်နေရင် အဝိဇ္ဇာချုပ်နေတာပါလား (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ဒီလိုမြင်တော့ ဘာတဲ့ (အဝိဇ္ဇာချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မောင်နိုင်က စ,လိုက်စမ်း၊ ဘယ်ကနေ စ,ပါလိမ့် (အဝိဇ္ဇာကပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား) ဪ သူက စ,တယ် (မှန်ပါ့) ဦးဘရှင်း သူက မစဘူးလား (စ,ပါတယ် ဘုရား)။

သူက စ,တယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီးမှာ ပေါ်လာတော့ ဒီက ကိုယ့်ခန္ဓာ ကိုယ့်သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်ဒုက္ခသစ္စာကလေးတွေ မြင်လာတယ် (မှန်ပ့ါ)။

ဝိဇ္ဇာ ဥဒပါဒိ

ဖြစ်ပျက် ဒုက္ခသစ္စာကလေး မြင်လာတော့ ဝိဇ္ဇာလား – အဝိဇ္ဇာလားလို့ဆိုတော့ အဝိဇ္ဇာရှိတုန်းက ကျုပ်တို့ မမြင်ခဲ့ပါဘူး (မှန်ပါ့) အခုတော့ဖြင့် စောင့်ကြည့်တဲ့ ပညာကလေးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ အင်း ပင်ကိုယ် သဘောတွေစွန့်စွန့်-စွန့်စွန့်ပြီး အဟောင်းပျက်ပြီး အသစ်အစားထိုးတာတွေ ကိုစောမောင် မြင်ရမယ် (မြင်ရပါတယ် ဘုရား)။

မြင်ရတဲ့ အခါကျတော့ အင်း ဒါအလင်းရလို့လဲမြင်တာဘဲ (မှန်ပါ့) ဝိဇ္ဇာ ဥဒပါဒိဆိုတဲ့ အတိုင်း အဝိဇ္ဇာချုပ်လို့လဲ မြင်တာ (မှန်ပါ့)။

ဒကာကြီးလှိုင် ဘာတဲ့ဗျာ (အဝိဇ္ဇာချုပ်လို့လဲ မြင်ပါတယ် ဘုရား)။

ကြပ်ကြပ် မှတ်ကြစမ်းပါ – ဒီဥစ္စာ၊ ဘုရားက ရှေးဦးစွာ ကျွတ်တမ်းဝင်အောင် ဟောတဲ့တရား၊ ဘုရားကလဲ ဒီဝိဇ္ဇာ ဥဒပါဒိကြောင့် ဘုရားဖြစ်လာတာ (မှန်ပါ့) ။

သူများကို ဟောရလို့ ရှိရင်လဲ ဝိဇ္ဇာ ဥဒပါဒိ ဖြစ်အောင်ဟောနိုင်လို့ရှိရင် သောတာပန်ကစပြီး မောင်နိုင် တည်တာပဲ- (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတွေ လေးလေးစားစားပြောပေးနေတယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဝိဇ္ဇာဆိုတာက အဝိဇ္ဇာ၏ ဆန့်ကျင်ဘက် (မှန်ပါ့)။

ဝိဇ္ဇာဆိုတာ (အဝိဇ္ဇာ၏ ဆန့်ကျင်ဘက်ပါ ဘုရား) အဝိဇ္ဇာ၏ ဆန့်ကျင်ဘက် ဖြစ်ပြီးသကာလနေသော ကြောင့် ဪ ငါတို့သန္တာန်၌ ဒီအချိန်မှာ အဝိဇ္ဇာချုပ်နေပါသလား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာထဲမှာ မနေ့က ပြောတဲ့ ပဋိစ္စသမုပ္ပါဒ် ဦးဘရှင်း တန်းနိုင်သေးရဲ့လား (မတန်းနိုင်ပါ ဘုရား)။

သူကစ,ပြီး တန်းမှာကိုး မောင်နိုင်ရဲ့ (မှန်ပါ့) သူကစ,ပြီး တန်းမည့်ဥစ္စာ ဒကာဒကာမတွေ တန်းနိုင်သေးရဲ့လား (မတန်းနိုင်ပါ ဘုရား) ။

မတန်းနိုင်တာ ထောက်လိုက်တဲ့အခါကျလို့ရှိရင် ဒို့သည်သံသရာအစက ပြတ်ပြီဟ (မှန်ပါ့)။

ဦးဘကလေး ဘယ့်နှယ်တုန်း (သံသရာ အစကပြတ်ပါတယ် ဘုရား)။

ဒီအစမှ မပြတ်လို့ရှိရင် အလည်လာဦးမယ် (လာပါဦးမယ် ဘုရား) အခုတော့ လာစရာ လိုသေးသလား (မလိုပါ ဘုရား) အဆုံးကနေ ပြန်ပတ်ဖို့ကော (မလိုပါ ဘုရား)။

သံသရာဆိုတာ ဘာပါလိမ့်

မလိုတော့ဘူးဆိုတော့ ဪ သံသရာဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အဝိဇ္ဇာပြီးရင် သင်္ခါရလာတာသံသရာ (မှန်ပါ့) သင်္ခါရပြီးရင် ဝိဉာဏ်လာတာ (သံသရာပါ ဘုရား) ဝိဉာဏ်ပြီးရင် နာမ်ရုပ်လာတာ (သံသရာပါ) နာမ်ရုပ်ပြီး သဌာယတနာဆိုတာတွေလာရင် (သံသရာပါ) နောက်ဆုံးပိတ် သွားလိုက်တော့ ဇာတိ ဇရာ မရဏလာတာကော (သံသရာပါ ဘုရား) သူ့နောက်က သောကပရိဒေဝ လိုက်လာရင် (သံသရာပါ ဘုရား)။

အဲ သောကပရိဒေဝ တွေကလဲ မသိတဲ့ ပုဂ္ဂိုလ်မှာဖြစ်သောကြောင့် အဝိဇ္ဇာပါနေတော့ အာသဝပါနေ တယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ။

”အာသဝ သမုဒယာ အဝိဇ္ဇာသမုဒယော” ဆိုတော့ ခင်ဗျားတို့ စ,တဲ့ဆီ ပြန်ပတ်ပြန်တယ် (ပတ်ပါတယ် ဘုရား) မပတ်ဘူးလား (ပတ်ပါတယ် ဘုရား) အဲဒါဘာခေါ်ကြမလဲ (သံသရာပါ ဘုရား)။

ဪ အဲဒီ. သံသရာပြတ်သွားလို့ရှိရင် ခင်ဗျားတို့ လူကောင်, နတ်ကောင်, ဗြဟ္မာကောင် ဒီ ဓမ္မတွေက လုပ်တာဖြစ်နေတော့ ဟို-ဟာ သံသရာအစစ်မဟုတ်ဘူး (မှန်ပါ့) ဒီတရားတွေကမှ သံသရာအစစ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒကာဒကာမတွေ သံသရာအစစ် သိပြီလား (သိပါပြီ)။

ကဲ ခန္ဓာကိုယ်ထဲမှာ အဝိဇ္ဇာကစ,ပြီး သင်္ခါရပေါ်တာ၊ သင်္ခါရပေါ်ပြီး ဝိဉာဏ်ပေါ်တာ နာမ်ရုပ်တွေပေါ်တာ သဋ္ဌာယတနာတွေပေါ်တာ ဟုတ်လား (မှန်ပါ့) ဟို အာရုံ ဒီအာရုံတွေ့တဲ့ ဖဿတွေပေါ်တာ ဝေဒနာတွေပေါ်တာ ဘာပါလိမ့် (သံသရာပါ ဘုရား) သံသရာဘဲ။

နောက်ဝေဒနာ၊ နောက်ကနေ တဏှာလိုက်လာတာ (သံသရာပါ ဘုရား) ။

ကဲ ကိုစောမောင် ခုနကလိုဘဲ၊ ဝိုင်းမသွားဘူးလား (သွားပါတယ် ဘုရား) ။

အဲဒီတော ဟိုမှာဝိုင်းရမှာလား၊ ဒီကဝိုင်းလို့ ဝိုင်းတာလား (ဒီကဝိုင်းတာပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့က ဪ သံသရာကြီးက ရှည်လိုကတာ၊ နောက်ကလဲ မနည်းနေခဲ့ရပြီ၊ ရှေ့လဲ ဘယ်ဆုံးမှန်းမသိသေးဘူးလို့ ပြောချင်ပြောနေမယ် (မှန်ပါ့)။

မဟုတ်ဘူး၊ ဘုန်းကြီးပြောတဲ့တရားကို ဘုရားဟောတော်မူတဲ့တရားကို လေးစားစွာနဲ့ နားထောင်လို့ရှိရင်ဖြင့် ခုနက ခန္ဓာကိုသမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်လိုက်တဲ့အခါကျတော့ ဝိဇ္ဇာဥဒပါဒိဆိုတော့ အဝိဇ္ဇာ ချုပ်သွားတယ်၊ အဝိဇ္ဇာချုပ်တော့ မောင်နိုင်သင်္ခါရရော (ချုပ်ပါတယ် ဘုရား) ဝိဉာဏ်တွေက (ချုပ်သွားပါတယ် ဘုရား) နာမ်ရုပ် သဠာယတနက (ချုပ်သွားပါတယ် ဘုရား) ဟိုဘက်သွားကြစို့၊ ဇာတိ ဇရာ မရဏ သောက ပရိဒေဝတွေ (ချုပ်သွားပါတယ် ဘုရား)။

ဪ ဒါဖြင့် ကိုစောမောင် သံသရာသည် ကားလို့ဆိုလို့ရှိရင် ကျုပ်တို့အစက ဖြတ်တတ်တဲ့ ဉာဏ်ရတဲ့နေ့ပဲ (မှန်ပါ့) ဒကာကြီးလှိုင် ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။

သံသရာဘယ်ကနေ (အစဖြတ်ပါတယ် ဘုရား) အစကနေ စ,ပြီး ဖြတ်နေပါကလားဆိုတာ ခင်ဗျားတို့ အလုပ်ခွင်ဝင်မှ သံသရာပြတ်တယ် (မှန်ပါ့) အလုပ်ခွင်မဝင်လို့ရှိရင် (သံသရာမပြတ်ပါ ဘုရား)။

ဦးဘအုန်းတို့ မောင်အောင်သိန်းတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

သံသရာဖြတ်ဆိုတာ ဘာပါလိမ့်

ဪ ဒါဖြင့် သံသရာဖြတ်၊ သံသရာဖြတ်ဆိုတာ ဘာပါလိမ့်မတုန်းအောက်မေ့နေတာက အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင်လုပ်နိုင်မှ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

အဝိဇ္ဇာကို (ဝိဇ္ဇာဖြစ်အောင်လုပ်နိုင်မှပါ ဘုရား) ဒါသံသရာပြတ်တာပဲ (မှန်ပါ့)။

တပည့်တော်တို့ဘုရား ၊ သံသရာကြီးကရှည်လိုက်တာ ဖြတ်ပေးစမ်းပါဦးဆိုတော့ ဒကာ ဒကာမတွေက အင်း သာမညဆရာသမားဆိုရင်ဖြင့် မင်း-ကြပ်ကြပ်လှူပေါ့ကွာ၊ ကြပ်ကြပ်တန်းပေါ့ကွာ ၊ မင်းသည်ကားလို့ ဆိုလို့ရှိရင် ဥပုသ်စောင့်ပေါ့ကွာဆိုတာနဲ့တော့ ကိုစောမော် တခြားစီဖြစ်နေတယ် (မှန်ပါ့)။

ဦးဘရှင်း သေသေချာချာစဉ်းစားစမ်း (တခြားစီဖြစ်နေပါတယ် ဘုရား)။

တခြားစီဖြစ်နေတယ်၊ အဝိဇ္ဇာက စ,တော့ ဝိဇ္ဇာဖြစ်မှ မောင်နိုင် သံသရာအစကပြတ်တော့မပေါ့၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဝိဇ္ဇာက ဘယ့်နှယ့်တုန်း (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာဖြစ်သွားတော့ကို အဝိဇ္ဇာနိရောဓဆိုတာ ဝိဇ္ဇာ ဖြစ်တာကိုဆိုတာ (မှန်ပါ့)။

အဝိဇ္ဇာနိရောဓဆိုတာ (ဝိဇ္ဇာဖြစ်တာကို ဆိုပါတယ် ဘုရား) ဝိဇ္ဇာဖြစ်တာကိုဆိုတာလို့ ဒကာ ဒကာမတွေက သိတော့မှ ဪ သံသရာပြတ်ချင်လို့ရှိရင်ဖြင့် သမာဓိကောင်းကောင်းနဲ့စောင့်ကြည့် ပြတ်မှာဘဲကိုး (မှန်ပါ့)။

မသိတာက (အဝိဇ္ဇာပါ ဘုရား) ဒုက္ခသစ္စာကလေးတွေမြင်ပါလျက်နဲ့ ဒုက္ခသသစ္စာမှန်းမသိတာက (အဝိဇ္ဇာ ပါ ဘုရား)။

မြင်လိုက်သည်နဲ့ တစ်ပြိုက်နက်တည်း ဒုက္ခသစ္စာလို့မသိတော့ သားပဲ မယားပဲဆိုတော့ သားဖြင့်လဲ-နင်ဘယ် သွားမလို့တုန်း၊ နင်ဘာလုပ်နေတာတုန်း၊ ကိုစောမောင် ဝစီကံ မလာဘူးလား (လာပါတယ် ဘုရား)။

ဟင် ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ကဲ ဝစီသင်္ခါရမလာဘူးလား (လာပါတယ် ဘုရား)။

ငယ်ငယ်ကလေးဖြင့်လဲ ပွေ့လိုက်-ချီလိုက်-ချော့လိုက်-မော့လိုက် မလာဘူးလား (လာပါတယ် ဘုရား) ဒါလဲ ဘာဆိုကြမယ် (ကာယသင်္ခါရပါ ဘုရား)။

ကာယသင်္ခါရဆိုတာ ဘယ်ကစ,လို့ပါလိမ့် (အဝိဇ္ဇာက စ,ပါတယ် ဘုရား)။

ဒါဖြင့် “အဝိဇ္ဇာပစ္စယာ ကာယသင်္ခါရာ” (မှန်ပါ့) အဝိဇ္ဇာပစ္စယာ ဝစီသင်္ခါရာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အဲဒါကြတော့ “စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊ အာလောကောဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ” ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

မဖြစ်သေးတော့ကိုတဲ့ သစ္စာမမြင်တော့မဖြစ်ဘူး (မှန်ပါ့) ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

သစ္စာမမြင်တော့ သံသရာရှည်တယ်

သစ္စာမမြင်တော့ သံသရာရှည်တယ်ဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယယာ ဝိညာဏံ” ခုနက သံသရာတစ်တန်းကြီးဟာကို ကိုစောမောင် (ဆက်ပါတယ် ဘုရား) မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဟိုဘဝ ဒီဘဝဆိုတာလား ဒီ-စိတ်စဉ်တန်းပြီး ရှည်တာဆိုတာလား (စိတ်စဉ်တန်းပြီး ရှည်တာဆိုတာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဪ ခင်ဗျားတို့က သိထားတဲ့ သံသရာနဲ့ အခုဘုန်းကြီးသေသေချာချာ ရှင်းလင်းပြတဲ့သံသရာနဲ့ ကိုစောမောင် တယ်ခြားနားပါလား (ခြားနားပါတယ် ဘုရား)။

နောက်က ဒကာဒကာမတွေခြားနားတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

မောင်နိုင်ရေ မသေနဲ့ဦးကွ (မှန်ပါ့) ဒီဥစ္စာတွေ ကြားရသိရတော့မှ ဪ ဒို့သံသရာဆိုတာ တခြားလားအောက်မေ့နေတယ်၊ ဒို့ အိမ်မှာနေတဲ့အခါကျတော့ အဝိဇ္ဇာဖြစ်တယ်၊ အဝိဇ္ဇာဖြစ်တော့ ပြောလိုက် ဆိုလိုက်မိတာ သင်္ခါရ၊ ဒီ-သင်္ခါရကနောက် အကျိုးပေးတဲ့အခါကတော့ စုတိမနေ သေလွန်တော့ ပဋိသန္ဓေ ဝိညာဏ် လာမယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား) ဝိညာဏ်လာရင် နာမ်ရုပ်ကကော (လာပါတယ် ဘုရား)။

ဒါကအတိတ်နဲ့ ပတ်သက်ပြီးသကာလလဲ ဆိုနိုင်တယ်၊ ပစ္စုပ္ပန်နဲ့ပတ်သက်လဲ ဆိုနိုင်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့မှာ သံသရာပြတ်ချင်ပါတယ်ဘုရား၊ သံသရာဆိုတာ (ဒုက္ခန္ဓဿပါ ဘုရား) ဒုက္ဓအစုကြီးပါ (မှန်ပါ့)။

သံသရာဆိုတာ ဒုက္ခအစုကြီး

ကိုစောမောင် သံသရာဆိုတာ (ဒုက္ခအစုကြီးပါ ဘုရား) ဒုက္ခအစုကြီးကိုးဗျ၊ ဒုက္ခအစုကြီးဆိုတော ဒကာ ဒကာမတွေက သံသရာဆိုတာ ဒုက္ခအစုကြီးဆိုတာသိပြီးသားဖြစ်နေတော့ ဒီသံသရာအစမှ ကျုပ်တို့ကမဖြတ်နိုင်တော့ ပါဘူးဆိုလို့ရှိရင် ဒုက္ခအစုဟာကိုယ်ပိုင်ပစ္စည်း (မှန်ပါ့)။

သံသရာအစ,မဖြတ်ရင် (ဒုက္ခအစုဟာ ကိုယ်ပိုင်ပစ္စည်းပါ ဘုရား) ကိုယ်ပိုင်ပစ္စည်းဆိုတာငြင်းဖို့ လိုကြ သေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒီတရားမျိုးကိုနာလဲနာစေချင်တယ်-ခင်ဗျားတို့ကို၊ ပြီးတော့မှ ခန္ဓာဖြစ်စဉ်ကိုလဲ ခန္ဓာဖြစ်စဉ် ဆိုတာနဲ့ သံသရာဖြစ်စဉ်ဆိုတာနဲ့ မောင်နိုင်အတူတူဘဲ (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာဖြစ်စဉ်ဆိုတာနဲ့ သံသရာဖြစ်စဉ်ဆိုတာ ကိုယ်ပေါ်ထူးသေးသလား (မထူးပါ ဘုရား) မထူးတော့ဘူး ဆိုတာရော ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီနေ့နာရတဲ့ပုဂ္ဂိုလ်ဖြင့် ဪ သံသရာဆိုတာဟာ အရှည်ကြီးရှိသေးတယ်လို့ ဆိုမလားတဲ့၊ ကိုယ့်သန္တာန်မှာ သံသရာတွေ တစ်ခုပြီးတစ်ခုဖြစ်တာကိုဆိုကြမလား (တစ်ခုပြီးတစ်ခုဖြစ်တာကို ဆိုပါမယ် ဘုရား)။

ဒီကတစ်ခုပြီးတစ်ခုဖြစ်တာချုပ်သွားရင် ဟိုဘက် ဘာဆက်စရာရှိသေးသလဲ (မရှိပါ ဘုရား) ဒါဖြင့်ဟို ဟာကို သံသရာဆိုမလား ဒါကိုဆိုမလား (ဒါကိုဆိုပါမယ် ဘုရား)။

ဒီကလာတာ ဦးဘရှင်းရ (မှန်ပါ့) ဒကာ ဒကာမတွေ ဒီဥစ္စာမကြားဘူးသေးလို့ ရှင်းပြောနေပါတယ်၊ နို့မဟုတ်ရင် ကိုစောမောင်တို့နောက်ကလဲ သံသရာကရှည်ခဲ့လှပြီ၊ ရှေ့လဲဘယ်လောက်ထိအောင် သွားဦးမယ်မသိသေး ဘူးဆိုတော့ အလယ်ချန်ထားပြီး (မှန်ပါ့) ဖြစ်တာက အလယ်မှာဖြစ်နေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။

ဖြစ်တာကဘယ်မှာတုန်း (အလယ်မှာပါ ဘုရား) အလယ်မှာဖြစ်နေတဲ့ သံသရာ၊ ဒီသံသရာကနေပြီးတော့မှ အနာဂတ်ကိုဆက်မှာကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်သံသရာမှ ကိုယ်မသိဆိုတော့ ဘုရားက ဝိဇ္ဇာဥဒပါဒိလို့ ဟောနိုင်ပါ့မလား (မဟောနိုင်ပါ ဘုရား) ဉာဏံဥဒပါဒိရော (မဟောနိုင်ပါ ဘုရား) အာလောကော ဥဒပါဒိရော (မဟောနိုင်ပါ ဘုရား) ဝိဇ္ဇာဥဒ ပါဒိ (မဟောနိုင်ပါ ဘုရား)။

ဟောကို မဟောနိုင်ဘူးဆိုတော့ ခင်ဗျားတို့မှာ သစ္စာကွယ်နေပြီ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အလုပ်မထိုင်တဲ့ ပုဂ္ဂိုလ်

ဘာကွယ်နေသတုန်း (သစ္စာကွယ်နေပါတယ် ဘုရား) သစ္စာကွယ်နေတယ်ဆိုတော့ အလုပ်မထိုင်တဲ့ ပုဂ္ဂိုလ်အတွက်မှာ ကွယ်လျက်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အလုပ်မထိုင်တဲ့ ပုဂ္ဂိုလ်မှာ (ကွယ်လျက်ပါ ဘုရား) ကွယ်လျက်ပဲဆိုတာသေချာကြပြီလား (သေချာ ပါပြီ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်ကလေးထိုင်ကြည့်တော့မှ ဝိဇ္ဇာကလေး ပေါ်ပေါ် လာတယ် (မှန်ပါ့) အဲဒီကျမှ ဦးဘကလေး သံသရာအစက ပြတ်ပြတ်သွားတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သံသရာပြတ်ချင်ရင် သမာဓိကောင်းကောင်းနဲ့ ထိုင်ကြည့် ခန္ဓာကိုယ် (မှန်ပါ့) ထိုင်ကြည်တော့ ခန္ဓာက ဘာသစ္စာတွေပြောသလဲ (ဒုက္ခသစ္စာတွေပြောပါတယ် ဘုရား)။

ဒုက္ခသသစ္စာတွေပြောတော့ ဪ ဒုက္ခသစ္စာတွေပဲလို့သိတာက ဝိဇ္ဇာလား အဝိဇ္ဇလား (ဝိဇ္ဇာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာချုပ်လို့ ဝိဇ္ဇာပေါ်တာ (မှန်ပါ့)။

ဒါဖြင့် အဝိဇ္ဇာချုပ်ပေါ့ ကိုစောမောင်ရယ် သင်္ခါရက ငါမချုပ်ချင်ဘူးဆိုလို့ (မရပါ ဘုရား) အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်တယ်၊ အဝိဇ္ဇာနိရောဓ သင်္ခါရနိရောဓောကိုး (မှန်ပါ့) သင်္ခါရနိရောဓော ဝိညာဏနိရောဓော နာမရူပ နိရောဓော သွားကြပေတော့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့်လဲ နည်းပေးကောင်းပြန်တော့လဲ သံသရာအစကပြတ်ပါသလား (မှန်ပါ့) မောင်နိုင် ပေါ်ပြီကွ (ပေါ်ပါပြီ ဘုရား)။

သံသရာ အစကပြတ်

ဒကာ ဒကာမတွေ ခန္ဓာကိုယ် သမာဓိကောင်းကောင်းနဲ့စောင့်ကြည့်လိုက်တော့ ဝိဇ္ဇာမဖြစ်လား (ဖြစ် ပါတယ် ဘုရား) အဲ ဝိဇ္ဇာဖြစ်ပါတယ်ဆိုကတည်းက သံသရာဘယ်ကပြတ် (အစကပြတ်ပါတယ် ဘုရား)။

ဪ နောက်တုန်းက ကိုစောမောင် ဖြစ်စေယ ဦးဘရှင်း တို့ဖြစ်စေ, ကိုယ်ပေါ်တို့ဖြစ်စေ ဒီလိုကလျာဏမိတ္တ နဲ့တွေ့မယ်ဆိုရင်ဖြင့် ဒီခန္ဓာကြီး ရှေ့-အိုဘေး, နာဘေး, သေဘေးနဲ့တွေ့ရမည့်ခန္ဓာကိုယ်ကြီးဟာ ဖြစ်ကိုမဖြစ်တော့ဘူး (မှန်ပါ့) ဖြစ်စရာရှိသေးရဲ့လား(မရှိတော့ပါ ဘုရား)။

ဘာဖြစ်လို့တုန်း (အစကပြတ်လို့ပါ ဘုရား) သံသရာအစကပြတ်နေလို့ (မှန်ပါ့)။

အခုတော့သံသရာက ကျွံလာကြတယ် (မှန်ပါ့) ကိုယ့်သံသရာ ကိုယ်လုပ်ပြီးသကာလ ကိုယ့်ဟာကိုယ်ဆက် ထားတော့ ဖြေလို့မရ ဖြုတ်လို့မရဖြစ်နေကြတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့်ဒီနေ့တရားအထူးထူးနားလည်ရတော့ သံသရာသည် ဘယ်ဟာပါလိမ့်မတုန်းလိုပ မေးတဲ့အခါ ကျတော့ အကြည့်မှားကစယ အကြားမှားက စ,သည် (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

အကြည့်မှားကစပါတယ်

သံသရာဘယ်ကစသလဲ (အကြည့်မှားကစပါတယ် ဘုရား) အဲ ဟုတ်ပြီ၊ နေရာကျပြီ ကျပြီ၊ သားကလေးရယ်လို့ကြည့်လိုက်လို့ရှိရင် အဝိဇ္ဇာကစပြီ (စပါပြီ ဘုရား) အသံကလေးကြားပြန်တော့လဲ ဒါ ငါ့ သားကလေးအသံပါလားဆိုရင် (နားကစပါတယ် ဘုရား) အင်း နားပေါက်ကနေသံသရာစပြီ။

ဦးဘရှင်း ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ပါဘူး၊ အနံ့ကလေးဆိုလို့ရှိရင် ဒီဥစ္စာဟေ ဟင်းပဲလို့ဆိုလို့ရှိရင်ဖြင့် အနံ့ရုပ်လဲမသိဘူး၊ အနံ့ ဒုက္ခသစ္စာလဲမသိတော့ နှာခေါင်းက အဝိဇ္ဇာ စပြီ (စပါပြီ ဘုရား)။

ဒါဖြင့် ဒွါရခြောက်ပေါက်မှာ ဒကာဒကာမတွေမှာ အဝိဇ္ဇာခြောက်မျိုးဟာ ပေါ်ရာကစနေတာပဲ (မှန်ပါ့) တွေ့ရာကစနေတာပဲ (မှန်ပါ့)။

ဒါဖြင့်ခင်ဗျားတို့ဟာ ဘယ်သံသရာ စခန်းသတ်မတုန်းဗျ (မသတ်နိုင်တော့ပါ ဘုရား) ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးစာစားနဲ့မှတ်ပြီးသကာလ ကိုင်း ဘာဘဲလုပ်လုပ် သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ နေရလို့ ရှိရင် အဝိဇ္ဇာကစနေတယ်ဆိုတာ ဒွါရခြောက်ပေါက်ကဖြင့် သိပြီဟေ့ယနေ့ (မှန်ပါ့) အဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင် ငါသည် အလုပ်ကလေးထိုင်လိုက်ဦးမယ်ဆိုတာ ပြောင်းပေးဖို့ အချိန်ရောက်ပြီလား မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ရောက်ပြီနော် (မှန်ပါ့) အဲဒါကိုယ့်ဇာတိဇရမရဏ ရှေ့မှ တစ်ပုံကြီးရှိတာကို ဒီကဝိဇ္ဇာ ဥဒပါဒိနဲ့ ဖြတ်လိုက်လို့ရှိရင် ကိုစောမောင်ရေ ငယ်ငယ်တုန်းက မှားထားတာတွေရော ဘဝများစွာ သံသရာက အဝိဇ္ဇာ တွေရော ဒီအခါ အဝိဇ္ဇာက-နေပြီး အသုံးချလိုက်မယ်ဆိုရင် ပြတ်ထွက်သွားမယ်-(မှန်ပါ့)။

အဟောင်းကြွေးလဲကြေ (ကြေပါတယ် ဘုရား) အသစ်ကြွေးတွေလဲကြေပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သံသရာ ရှင်းကြပြီလား (ရှင်းပါပြီ)။

မျက်လုံးပေါက်ကလဲ သံသရာတန်း (တန်းပါတယ် ဘုရား) နားပေါက်က (တန်းပါတယ် ဘုရား) နှာခေါင်းပေါက်က (တန်းပါတယ် ဘုရား) လျှာပေါက်က (တန်းပါတယ် ဘုရား) ကိုယ်ပေါက် (တန်းပါတယ် ဘုရား) မနောပေါက်က (တန်းပါတယ် ဘုရား)။

သံသရာသည် ဘယ်နှစ်ပေါက်ကတန်းပါလိမ့်

ဒါဖြင့်သံသရာသည် ဘယ်နှစ်ပေါက်ကတန်းပါလိမ့် (ခြောက်ပေါက်ကတန်းပါတယ် ဘုရား)။

ဒါ ခင်ဗျားတို့ နေ့တိုင်းလှည့်နေတာပဲ။ အရောင်းနဲ့အဝယ်နဲ့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့နေကြတဲ့ ပုဂ္ဂိုလ်မှာ ဒီသံသရာ ဒီခြောက်ပေါက်က-နေ လှည့်နေတာပဲ (မှန်ပါ့) ဘယ်တော့မှသံသရာ အစပြတ်ဆိုတဲ့ဟာ မလာပါဘူး (မလာပါ ဘုရား)။

အဲဒီတော့ ယခုဆရာကောင်း, သမားကောင်းနဲ့နည်းနာ နိဿယပေးကောင်းနဲ့ သာသနာတွင်းကြုံလို့ မောင်နိုင် ဒါကလေးတော့ဖြင့် ဖြတ်မှာပဲ (မှန်ပါ့) ဖြတ်မှပဲဆိုတော့ တစ်ယောက်တည်းသမာဓိတည်ပြီး တစ်ယောက်တည်း ကိုယ့်ခန္ဓာစိုက်မှ ပြတ်မှာနော် (မှန်ပါ့)။

အများထဲသာ နေလို့ရှိရင်ဖြင့် အများစိတ်နဲ့ပဲ ကိုစောမောင် ပြုံးလိုက်ယ ရွှင်လိုက်နဲ့လဲ ဘယ်လိုခန္ဓာက ပြောပြော မသိတာနဲ့ အဝိဇ္ဇာနဲ့သွားနေတာပဲ (မှန်ပါ့)။

ခန္ဓာကမပြောလို့လား ပြောလျက်နဲ့မသိတာလား (ပြောလျက်နဲ့မသိတာပါ ဘုရား) ပြောလျက်နဲ့ မသိတာဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အဲဒါကြောင့်ကွာ-တဲ့ မင်းတို့အတွက်ဟာ ငါကြီးကြီးကျယ်ကျယ်စကားပြောတယ်လို့မဆိုပါနဲ့တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စသံယုတ်များ-မှာရှာတယ်၊ ဘယ်လိုမှာသတုန်းဆိုတော့ မင်းကိုဒုက္ခသစ္စာသိပြီး ဝိဇ္ဇာဥဒပါဒိ ဖြစ်အောင် ငါလုပ်ပေးမယ်၊ သို့သော်လဲ အသက်တစ်ရာအတွင်းမှာ မင်းကိုမနက်လှံအချက်သုံးရာထိုးမယ်၊ နေ့လယ် လှံအချက်သုံးရာနဲ့နှိပ်စက်မယ်၊ ညနေလှံအချက်သုံးရာနဲ့ နှိပ်စက်မယ်၊ အသက်တစ်ရာသေကာနီးကျမှ ဟောဒီဒုက္ခသစ္စာ ဒီလိုကြည့်ရတယ်ကွလို့ ပြောလို့ရှိရင် ခံသာခံကွာ တဲ့ (မှန်ပါ့)။

ကိုစောမောင် စကားမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အို ငါဘုရားပြောတဲ့စကား မင်းတို့ကကြီးတယ်ထင်လိမ့်မယ် တဲ့၊ ဒါမကြီးဘူးကွ တဲ့၊ မင်းတို့အခု အသက်တစ်ရာအတွင်းမှာ လှံအချက်ပေါင်း လေး-ငါးဆယ်သိန်းလောက်ပဲထားပါတော့ (မှန်ပါ့) နောက်ကိုမင်းတို့ ဝက်ဖြစ်လို့သူများလှံထိုးခံပြီး သေရမယ်၊ နွားဖြစ်လို့လည်လှီးခံရမယ်၊ သူများပါးစပ်ထဲမှာ တစ်ခါကြွက်ဖြစ်လို့ မြွေပါးစပ် ထဲမှာ ဆုံးရမှာတွေ၊ ဖားပါးစပ်ထဲဆုံးရမှာတွေ ဒါတွေနဲ့ကြည့်လိုက်မယ်ဆိုရင် ဒါဘာပြောလောက်သတုန်းတဲ့ (မှန်ပါ့)။

လှံအချက်တစ်နေ့ကိုးရာဆိုတာ နည်းသေးတယ်

ဝိဇ္ဇာမဖြစ်လို့ သံသရာမပြတ်လို့ ရှေ့မှာဖြစ်ရမှာတွေနဲ့စာရင် ဒီလှံအချက်တစ်နေ့ကိုးရာ, တစ်နေ့ကိုးရာဆိုတာ နည်းသေးတယ်တဲ့ (မှန်ပါ့) သစ္စာမသိတာ ဒီ့ထက်ကြောက်ရမယ် (မှန်ပါ့) ဘယ်တော့မှ ဝိဇ္ဇာမှမဖြစ်တော့ပဲ၊ တစ်စတည်းသာ-စ,နေတာဘဲဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။

ဒကာ ဒကာမတွေကောင်းကောင်းရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

အင်မတန်မှ ဂရုစိုက်ပြီးသကာလ တကယ်အမှန်တရားကို အမှန်သဘောတွေကို တကယ်ပြောနေတယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကိုပေါ် အခုဟာ ဘုရားပေးတဲ့ ဥပမာဟာ ကဲ ခင်ဗျားတို့အလိုဖြင့် ကြီးကျယ်လွန်းတယ်ဆိုမှပေါ့ (မှန်ပါ့)။

ခင်ဗျားတို့ ဒွါရခြောက်ပေါက်က စယနေတာနဲ့ စာလိုက်တော့ ကိုစောမောင် သံသရာပေါင်းက ဘယ့်နှယ့်နေ သလဲ (မရေတွက်နိုင်ပါ ဘုရား)။

အဲဒီတော့ ဟို လှံ အချက်သုံးရာက သုံးသိန်းလောက် ရေတွက်မယ်ဆိုရင် သူ ပြည့်ချင် ပြည့်သွားမယ် တသက်အတွင်းမှာ – (မှန်ပါ့) အသက်တရားအတွင်းမှာ ဟုတ်လား (မှန်ပါ့)။

ခင်ဗျားတို့ သေစရာက သုံးသိန်းကျော်လား၊ ဘယ်လောက်ဆိုမတုန်း (မရေတွက်နိုင်ပါ ဘုရား)။

အဲဒါ မရေတွက်နိုင်တဲ့ ဒုက္ခကြောက်လို့ရှိရင် လှံအထိုးခံလိုက်ပြီးမှ သစ္စာပြောမယ်ဆို ခံသာခံ၊ ပြောဖော်ရရင် တော်ပြီဆိုတာ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ပြောလိုက်တဲ့ စကားဟာ သေးသေးသိမ်သိမ်ကလေး မမှတ်ပါနဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

သေးသေးသိမ်သိမ် မှတ်ရမှာလား (မမှတ်နိုင်ပါ ဘုရား)။

ဝိဇ္ဇာဥဒပါဒိဆိုကတည်းက ကိုယ့်သံသရာ ကိုယ်ဖြတ်ပစ်လိုက်ပြီ (မှန်ပါ့)။

ကိုယ့်သံသရာ ကိုယ်ဖြတ်ပါတယ်

ဦးဘရှင်း ဘယ်သူ့ဖြတ်သလဲ (ကိုယ့်သံသရာ ကိုယ်ဖြတ်ပါတယ် ဘုရား)

အဲဒီတော့ ကိုယ့်သံသရာ ကိုယ်ဖြတ်တဲ့ အလုပ်ဖြစ်လေသောကြောင့် အင်း သား, မယားများကလဲ ကိုယ့်ဟာကိုယ်ဖြတ် (မှန်ပါ့) ကိုစောမောင်ကကော (ကိုယ့်ဟာကိုယ်ဖြတ်ရပါမယ် ဘုရား) သား, သမီးတွေ ကကော .(ကိုယ့်ဟာကိုယ်ဖြတ်ရပါမယ် ဘုရား)။

အမျှဟေ့ ဆိုလို့ (မရပါ ဘုရား) မရဘူး၊ ဒါအမျှပေးလို့ရတဲ့ ကုသိုလ်မျိုး မဟုတ်ပါဘူး (မှန်ပါ့) ရိပ်မိကြပြီလား – (ရိပ်မိပါပြီ)။

အမျှပေးလို့ရတဲ့ (ကုသိုလ်မျိုးမဟုတ်ပါ ဘုရား) မဟုတ်ဘူးတဲ့၊ ဉာဏ်နဲ့ဖြတ်တာကိုး မောင်နိုင်ရ (မှန်ပါ့)။

ဉာဏ်နဲ့ ဖြတ်တာ ဖြတ်နေတော့ သူ့ဉာဏ်နဲ့သူ တည့်တည့်ချိန်ထား၊ သူသာပြတ်တယ် ဟို သားသမီးက မပြတ်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

သားသမီးက မပြတ်ဘူး၊ ခင်ပွန်းမ,ကကော (မပြတ်ပါ ဘုရား) ဆွေမျိုးဉာဒကာကကော (မပြတ်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို ခုနင်က ဘုရား ဒါလောက်ပြောထားလို့ရှိရင်ဖြင့် အမြင်ကျယ်ကျယ်ကြီးနဲ့ ပြောထားတာ၊ တနေ့ လှံအချက်သုံးရာ တသက်လုံးခံ၊ နောက်ဆုံးပိတ် သေကာနီးကျမှ ဟော ဒါ ဒုက္ခသစ္စာ၊ ဟောဒါ မဂ္ဂသစ္စာ၊ မင်း မြင်နေတာက ဒုက္ခသစ္စာပဲလို့ ပြောမည့်လူရှိလို့ရှိရင် ခံသာ ခံလိုက်ကွာ တဲ့။ တခါတည်း သံသရာ အစ,က ပြတ်သွားတယ် (မှန်ပါ့)။

နောက်ထပ်သေစရာဆို မောင်နိုင် (မရှိတော့ပါ ဘုရား) ငရဲကျစရာ (မရှိတော့ပါ ဘုရား) မျက်ရည်တွေ သမုဒ္ဒရာလောက်တွေ အကုန်ပျောက်သွားတယ် (မှန်ပါ့) နောက် မျက်ရည်တွေ သမုဒ္ဒရာလောက် ငိုကြရဦးမှာ (မှန်ပါ့) သမုဒ္ဒရာလေးစင်းလောက် ငိုကြရဦးမှာ (မှန်ပ့ါ)။

အဲဒါတွေ ရပ်စဲသွားတယ်ဆိုတော့ လှံအချက် သုံးသိန်းလောက်တော့ မောင်နိုင် ဘုရားက အရေးမကြီးနဲ့ကွ တဲ့ (မှန်ပါ့)။

ဒီလိုဝိဇ္ဇာဥဒပါဒိ ဖြစ်အောင် ပြောနိုင်လို့ရှိရင် သူကပြောလဲ ပြောမယ်၊ လှံအချက် သုံးသိန်းလောက် ထိုးဦးမယ်ဆိုရင် ထိုးပေစေကွ (မှန်ပါ့)။

ကိုစောမောင် ဒါအပြောကြီးသလား (မကြီးပါ ဘုရား)။ နောက်သံသရာနဲ့ စာလိုက်လို့ရှိရင် ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ)

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ဒါ သစ္စသံယုတ်မှာ လာတာပြောရတဲ့အတွက်တဲ့ အခုတော့ ဒကာ ဒကာမတွေ အခု အဝိဇ္ဇာက-နေ စ,ဖြတ်တယ်နော် (မှန်ပါ့)။

အင်း ခန္ဓာကိုယ် ကြည့်လိုက်တဲ့အခါကျတော့ သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်ပဲအခါကျတော့ ခန္ဓာကိုယ်က ဟိုကနာတယ်၊ ဒီက ကျင်တယ်၊ ဟိုက ယားတယ်၊ ဒါတွေဟာ ဘာတွေတုန်းလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ဒုက္ခသစ္စာတွေပါ ဘုရား)။

သစ္စာတရားသံ မကြားရလို့ ရှိရင်

ဒီတော့ကိုတဲ့ “ပရတော ဃောသ” သူတပါးဆီကမှ သစ္စာတရားသံ မကြားရလို့ ရှိရင် ဘယ်တော့မှ မတည်ဘူး (မှန်ပ့ါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

သူတစ်ပါးဆီက သစ္စာတရားသံ မကြားရရင် (ဘယ်တော့မှ မတည်ပါ ဘုရား)။

ဘယ်တော့မှ မတည်ဘူးဆိုတော့ သောတာပန်တည်ခြင်း၏အကြောင်းမှာ ပရတော ဃောသနဲ့ ယောနိသော မနသိကာရကို ဟောထားတာရှိသေးတယ် (မှန်ပါ့)။

ပရတော ဃောသဆိုတာ ပရက – သူတပါး၊ ဃောသက – တရားသံပေါ့ဗျာ (မှန်ပါ့) အဲ့သစ္စာတရားသံကို မကြားပဲနဲ့ ကိုယ်ကလဲ ကြားတဲ့အတိုင်း နှလုံးမသွင်းပဲနဲ့ဖြင့် သောတာပန်မတည်ပါဘူးကွာတဲ့ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် သောတာပန်တည်ခြင်း၏အကြောင်း ဒီနေရာမှာတော့ နှစ်ချက်ပေါ့ ကိုစောမောင် (မှန်ပါ့)။

သစ္စာတရားလဲ နာရမှ (မှန်ပါ့) နာတဲ့တရားကိုလဲ ကိုယ်ကနှလုံးသွင်းမှန်လိုက်လို့ ရှိရင် ခန္ဓာနဲ့တည့်လိုက်လို့ နှလုံးသွင်းမှန်သွားလို့ ဟိုကဒုက္ခသစ္စာလို့ ဟောထားတယ် (မှန်ပါ့)ကိုယ်ကနှလုံးသွင်းလိုက်တဲ့အခါ ဪ ဒုက္ခသစ္စာလို့ နှစ်ချက်တိုက်မိရင် ပြီးတာပဲ (မှန်ပါ့) ရှင်းကြပြီးလား (ရှင်းပါပြီ)။

နာတဲ့တရားဟာ ဘာတရားပါလိမ့် (သစ္စာတရားပါ ဘုရား) အဲ ကိုယ်က နှလုံသွင်းလိုက်တဲ့ အခါ ဆရာကဟောထားတာနဲ့ ကိုယ့်ဉာဏ်ကလဲ ဟာ – ဒါ သစ္စာဘဲလို့ နှလုံးသွင်းကတည့်သွားလို့ ရှိရင် ဒါသောတာပန် တည်တာပဲတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ပွားများသွားရင် တည်တော့မယ်ဆိုတာ ဒကာ ဒကာမတွေငြင်းနေဘို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီတော့ ဒီမှာဘုန်းကြီးအတွက်ကတော့ဗျာ ဟောတာသမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်ပါ၊ ဒုက္ခသစ္စာ ခန္ဓာကပြောပါလိမ့်မယ်ဆိုပြီး သစ္စာတရားဟောတယ် (မှန်ပါ့)။

ဦးဘရှင်း (စောင့်ကြည့်လိုက်ရင်ပြီးမှာပါ ဘုရား) ဘုန်းကြီးက ဟောပြီးပြီမဟုတ်လား (မှန်ပါ့)နောက် ဒကာ ဒကာမတွေကလဲ ခင်ဗျားတို့တာဝန် ဘာရှိသလဲ (စောင့်ကြည့်ရပါမယ် ဘုရား)။

ဘုန်းကြီးကဟောထားပြီးတဲ့ ခန္ဓာကိုယ်ကြီးထဲမှာဖြင့် ဖောက်ပြန်တာတွေဟာ ယားတာလဲ ဒုက္ခသစ္စာ၊ နာတာလဲ ဒုက္ခသစ္စာ စိတ်တွေအမျိုးမျိုးပြောင်းတာလဲ (ဒုက္ခသစ္စာပါ ဘုရား) ရုပ်တွေအမျိုးမျိုးပြောင်းတာကော (ဒုက္ခသစ္စာ ပါ ဘုရား) ပူလိုက်-အေးလိုက်ပြောင်းနေတာ လှုပ်လိုက်-ငြိမ်လိုက် ပြောင်းနေတာတွေဟာ ဘာတွေတုန်း (ဒုက္ခသစ္စာ ပါ ဘုရား)။

နှလုံးသွင်းမှန်မှန်နဲ့ ကြည့်ရုံ

အဲဒါဘုန်းကြီးက သစ္စာတရားဟောထားလိုက်ပြီ (မှန်ပါ့) ဒကာ ဒကာမတွေက နှလုံးသွင်းမှန်မှန်နဲ့ ကြည့်ရုံပါပဲ (မှန်ပါ့)။

ဒီနှစ်ပါး ပြည့်စုံလို့အဟောနဲ့အကြည့်နဲ့ ကိုက်သွားလို့ သစ္စာမှာတထပ်တည်းသွားဖြစ်ရင် ယနေ့သောတာပန် တည်မယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဟောလိုက်တဲ့ တရားကလဲ ဝေဒနာကလေးဟာ ဒုက္ခသစ္စာဟေ့လို့ ဟောထးပြီးမောင်နိုင် (မှန်ပါ့) ဟိုကနှလုံးသွင်းတဲ့ ဒကာ ဒကာမတွေကလဲ ဟော ဝေဒနာကလေးဟာ ဖြစ်ပြီးပျက်တဲ့ ဖြစ်ဒုက္ခ-ပျက်ဒုက္ခကိုတဲ့ သစ္စာပဲလို့ ဒီကဟောထားတာနဲ့ ကိုစောမောင်တို့က သွားပြီး ကိုယ်တိုင်တွေ့လိုက်တာနဲ့ နှစ်ခုညီရင် သောတာပန်တည်မယ် (မှန်ပါ့)။

ပိုင်းခြားသိရမှာလား-ပိုင်ပိုင်နိုင်နိုင်သိရမှာလား (ပိုင်ပိုင်နိုင်နိုင်သိရမှာပါ ဘုရား)။

အဲဒါ သေသေချာချာမှတ်ပါလို့ ဒက ဒကာမတွေနော် (မှန်ပါ့)။

ကိုင်းဒါဖြင့် ဝေဒနာ ဒုက္ခသစ္စာလို့ သစ္စာတရားဟောလိုက်တယ် (မှန်ပါ့) ကိုစောမောင်က ကြည့်လိုက်တယ် အိမ်ကျတော့ သုခကလေးပေါ်လာလဲ ဖြစ်ပျက်၊ ဒုက္ခဝေဒနာကလေးပေါ်လာလဲ (ဖြစ်ပျက်ပါ ဘုရား) ဥပက္ခော ဝေဒနာကလေး မျက်စိ, နား, နှာခေါင်း, လျှာပေါ်ပြန်ကော (ဖြစ်ပျက်ပါ့ ဘုရား)။

အင်း ဖြစ်တာလဲသေမလို့ (မှန်ပါ့) ပျက်တာလဲ သေတာလဲ (မှန်ပါ့) ဒီလိုဆိုတော့ သေမလို့နဲ့ သေတာပဲဟာ ဘယ်သူသုခလို့ဆိုမလဲ (မဆိုနိုင်ပါ ဘုရား) ဒါနှစ်ခုစလုံး ဘာမဆိုတုန်း (ဒုက္ခပါ ဘုရား) အဲဒါပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါက ဘုန်းကြီးကပြောလို့ ခင်ဗျားတို့က ကြားတဲ့အသိပဲရှိသေးတယ် (မှန်ပါ့) ပွားတဲ့အသိနဲလာရင်ကိုက်ပြီ (မှန်ပါ့ ကိုက်ပါပြီ)။

ကြားတဲ့အသိပဲရှိသေးတယ်နော် (မှန်ပါ့) ပွားတဲ့အသိနဲ့လာရင် (ကိုက်ပါပြီ)။

မဂ္ဂသစ္စာဆိုတာပွားရသေး တယ်

ဒါဖြင့်ပွားတဲ့အသိက ဘာဖြစ်လို့ ဆရာဘုန်းကြီးထည့်ရသတုန်းဆိုတော့ အို မဂ္ဂသစ္စာဆိုတာပွားရသေး တယ်ကွ ဘာဝေတဗ္ဗ ကိစ္စကလဲရှိနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ယခုနာရတော့ ကြားတဲ့အသိ (မှန်ပါ့) ခင်ဗျားတို့လုပ်ရမှာက (ပွားတဲ့အသိပါ ဘုရား)။

အဲ ကြားတဲ့အသိနဲ့ ပွားတဲ့အသိနှစ်ခုထပ်လို့ရှိရင် သောတာပန်တည်ပါတယ် (မှန်ပါ့) ကြားတဲ့အသိနဲ့ ပွားတဲ့အသိနှစ်ခုထပ်ရင် (သောတာပန်တည်ပါတယ် ဘုရား)။

အမယ်လေး ဒါဖြင့်ခင်ဗျားတို့က သောတာပန်တည်ရပါလို၏၊ သောတာပန်တည်ရပါလို၏ သောတာပန်ယ သကဒါဂါမ်ယအနာဂါမ် တည်ရပါလို၏ဆိုရုံနဲ့တော့ မတည်တာအမှန် (မှန်ပါ့) တည်နိုင်ပါ့မလား (မတည်နိုင်ပါ ဘုရား)။

ကြားတဲ့အသိနဲ့ ပွားတဲ့အသိကိုက်ရင် (တည်ပါတယ် ဘုရား)။

အဲ ဒါသေသေချာချာ ပေဋကောပဒေသမှာလာတဲ့အတွက် ပြီးတော့ပဏ္ဏာသပါဠိတော်မှာလဲ ကိုယ်တော် တိုင်ဟောထားတဲ့အတွက် မောင်နိုင် သစ္စာတရားနာလို့ သစ္စာလို့ကိုယ်ကပွားလိုက်လို့ အဟုတ်သစ္စာပဲလို့ ဆုံးဖြတ်ချက်ချ တဲ့နေ့ သောတာပန်တည်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဆုံးဖြတ်ချက်ချတဲ့နေ့ (သောတာပန်တည်ပါတယ် ဘုရား)။

ဒါဖြင့် သိပ်ဝေးသလား (မဝေးပါ ဘုရား)။

အဆွေခင်ပွန်းလိုပါတယ်

အဲဒါကြောင့် ခင်ဗျားတို့လိုတယ်-လိုတယ်-လိုတယ်ပြောတတ်ဆိုတတ်တဲ့ ကလျာဏမိတ္တ (မှန်ပါ့) ကလျာဏ က-ကောင်းတာ၊ မိတ္တက ဆရာသမား, အဆွေခင်ပွန်းပေါ့ဗျာ (မှန်ပါ့) မလိုဘူးလား (လိုပါတယ် ဘုရား)။

အခုဟာ နီးလျက်နဲ့ဝေးနေကြာတာ ကိုစောမောင်ရ (မှန်ပါ့) ဦးဘရှင်း ဘယ့်နှယ့်ဆိုမလဲ (နီးလျက်နဲ့ ဝေးနေပါတယ် ဘုရား)။

နီးလျက်နဲ့ဝေးနေတယ်၊ နီးတာကခန္ဓာနဲ့ ဉာဏ်နဲ့ဟာလဲ ဉာဏ်ကလဲ ဒီအထဲကကြည့်ရမှာပဲ၊ ခန္ဓာကလဲ ဒီနားကပဲ (မှန်ပါ့) မနီးဘူးလားဗျာ (နီးပါတယ် ဘုရား)။

နီးလျက်နဲ့ ဘာပြုလို့ဝေးနေတာတုန်းဆိုတဲ့အခါကျတော့ ပုတီးလည်ပင်းစွပ်ပြီး ထရံမှာသွားရှာနေလို့-လို့မှတ်ပါ (မှန်ပါ့) ဟုတ်လား ပျဉ်ထောင်မှာရှာနေလို့ရှိရင်ရော (မရပါ ဘုရား) နီးလျက်နဲ့ ဘယ့်နှယ်ဖြစ်နေသလဲ (ဝေးပါ တယ် ဘုရား)။

အဲ ဒီမှာလဲ ဒုက္ခသစ္စာကလဲ ခန္ဓာကိုယ်ထဲမှာ ဉာဏ်ကလဲ ခန္ဓာကိုယ်ထဲမှာ၊ နှစ်ခုတည့်လို့ရှိရင်ဖြင့် နိဗ္ဗာန် ဒီနေရာတွင် ပေါ်ရမယ် (မှန်ပါ့)။

အဲဒါနီးလျက်နဲ့ဝေးနေကြတဲ့အတွက် ဒကာ ဒကာမတွေမှာ သံသရာရှည်သွားတယ် (မှန်ပါ့)။

နီးလျက်နဲ့ဝေးနေတော့ (သံသရာရှည်သွားပါတယ် ဘုရား) ဟာ ရှည်မှာပေါ့ နီးလျက်နဲ့ဝေးဆိုတော့ သိသေးရဲ့လား (မသိပါ ဘုရား) မသိသာ ဘာခေါ်မယ် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပစ္စယာ သွားတော့ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ဒါဖြင့် သံသရာရှည်သွားတယ် (မှန်ပါ့) ဘာဖြစ်လို့လဲ (နီးလျက်နဲ့ဝေးလို့ပါ ဘုရား)။

နီးလျက်နဲ့ဝေးတာနဲ့ကြည့်စမ်း၊ နီးလျက်နဲ့ဝေးသွားတော့ ခန္ဓာထဲမှာ ဝေဒနာပေါ်တာလဲ မသိ၊ စိတ်ပေါ်တာလဲ ဒုက္ခသစ္စာလို့ မသိတော့ မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာရှိနေတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်-လုပ်တာက သင်္ခါရ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) စုတေမနေ သေလွန်တော့ သင်္ခါရပစ္စယာ ဝိညာဏံ၊ ပဋိသန္ဓေမနေရပေဘူးလား (နေရပါတယ် ဘုရား)။

အဲဒီဝိဉာဏ်ရပြန်တော့ နောက်ဘဝ နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေနဲ့ သွားပြန်ရော ကိုစောမောင် ရဲ့ (မှန်ပါ့ ဘုရား)။

သောတာပန် ဘယ့်နှယ်ကြောင့်မတည်ပါလိမ့်

အဲဒါ ဘယ့်နှယ်ကြောင့်တုန်း ၊ သောတာပန် ဘယ့်နှယ်ကြောင့်မတည်ပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် နီးလျက်နဲ့ (ဝေးလို့ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

နီးတာဟာ ဒီခန္ဓာကိုယ်ကလဲ ဒုက္ခသစ္စာ၊ ဆရာပေးထားတဲ့ဉာဏ်ကလဲ ဝမ်းထဲ ဟဒယဝတ္ထုပေါ်ကနေပြီး ကြည့်ရုံပဲ (မှန်ပါ့) မနီးဘူးလား (နီးပါတယ် ဘုရား)။

ဟဒယဝတ္ထုနဲ့ ဒီခန္ဓာနဲ့ဟာ တစ်ချို့ဟာများမှာ ဟဒယဝတ္ထုပေါ်-ပေါ်တဲ့စိတ်ကို နောက်ပေါ်တဲ့ ဟဒယဝတ္ထု ပေါ်-ပေါ်တဲ့ဉာဏ်က ကြည့်တာနဲ့သိတယ် (မှန်ပါ့) ကပ်နေတာ၊ မကပ်ဘူးလား (ကပ်ပါတယ် ဘုရား)။

အဲဒီကပ်နေတယ်၊ ပြင်ဘက်ရုပ်တွေ ကြည့်ရတာကမှ ကိုစောမောင် နည်းနည်းကလေး တစ်ထွာလောက် ဝေးချင်-ဝေးမယ် (မှန်ပါ့) ငါးလက်မလောက် ဝေးချင် ဝေးမယ် (မှန်ပါ့)။

အခုဟာကတော့ စိတ်ကိုစိတ်ချင်း ကြည့်မယ်ဆိုရင် အရင်စိတ်ကလဲ ဟဒယဝတ္ထုပေါ်-ပေါ်တာပဲ (မှန်ပါ့) နောက်ဉာဏ်ကကော မောင်နိုင် (ဟဒယဝတ္ထုပေါ်-ပေါ်ပါတယ် ဘုရား) ဒါဖြင့်ဒီ့ထက်နီးတာဖြင့် ဘယ်ရှိတော့ မလဲ-(မရှိပါ ဘုရား) သို့သော်လဲ မရှာတတ်ဘူးတဲ့ (မှန်ပါ့) ရှာတတ်ရဲ့လား (မရှာတတ်ပါဘူး ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ သောတာပန်တည်ဖို့အရေးဟာ ဝေးသလားလို့ အခုအချိန်မှာမေးတော့ ဘယ့်နှယ် ဖြေကြမလဲ (နီးပါတယ် ဘုရား) နီးပါတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်မယ်ဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေပြတ်သတုန်း (အစ,ကနေပြတ်ပါတယ် ဘုရား) အစ, ကပြတ်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

အစ,ကပြတ်သွားတယ်လို့ ကိုစောမောင်ကဘယ့်နှယ်ကြောင့် ရဲဝံ့စွာ တာဝန်ခံတာတုန်းဆိုတော့ အို အရင် အမြင်မျိုးမဟုတ်ဘူးဘုရား အခုအမြင်က (မှန်ပါ့)။

အရင်အမြင်က အဝိဇ္ဇာ

အရင်အမြင်က အဝိဇ္ဇာ (မှန်ပါ့) အခုဟာက (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် အစက ပြတ်တာမသေချာဘူးဘား (သေချာပါတယ် ဘုရား)သူများပြောလား (ကိုယ်တိုင် တွေ့ပါ ဘုရား) ကိုယ်တိုင်တွေ့ ကိုယ့်သန္တာန်ပေါ်တဲ့ ဝိဇ္ဇာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ရင် ကိုယ့်သန္တာန်ပေါ်တဲ့ ဝိဇ္ဇာလို့မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီ အစကတင်ပြတ်သလား လို့၊ အစက ပြတ်လို့ရှိရင်လဲ တပည့်တော်တို့ ကျေးဇူးများပါပြီလို့ ဆိုရုံမက သေးပါဘူး အလယ်ကပြတ်ပါသေးတယ် (မှန်ပါ့)။

အလယ်က ဘယ်လိုပြတ်သတုန်းလို့ မေးတဲ့အခါကျတော့ အရင်တုန်းကတော့ မြင်ရင် ခင်တယ်၊ မုန်းတယ် လာသေးတယ် (လာပါတယ် ဘုရား) အခုတော့ ခင်, မုန်း ပါသေးလား (မပါပါ ဘုရား) အင်း သစ္စာပဲ သိတာပဲ (မှန်ပါ့)။

ဒါဖြင့် ခင်လဲသေနေပြီ (သေနေပါပြီ) ခင် သေတယ်ဆိုတော့ အလယ်ပိုင်းကပြတ်တယ် (မှန်ပါ့) အလယ်ပိုင်းမှာတဏှာရှိတယ် မဟုတ်လား (မှန်ပါ့) အဲဒီကတော့ ကိုစောမောင် (ပြတ်သွားပါတယ် ဘုရား)။

မုန်းကကော ပါသေးလား (မပါပါ ဘုရား) မုန်းက ပဋိစ္စသမုပ္ပါဒ်အဆုံးနားမှာရှိတဲ့ ဒုက္ခ ဒေါမနဿကော ဒီထဲဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ယနေ့ရှင်းရှင်းဘဲ ပြောပါတယ်၊ ခင်ဗျားတို့အစက ပြတ်ပါတယ် ခန္ဓာစောင့် ကြည်ရင် (မှန်ပါ့) အလယ်ကကော (ပြတ်ပါတယ် ဘုရား) အဆုံးကကော (ပြတ်ပါတယ် ဘုရား)။

ဘယ့်နှယ်လုပ်ပြီးသကာလ မြွေတစ်ကောင်လုံး သုံးပိုင်း-ပိုင်းထားပေါ့ ဘယ်ကလာ ခင်ဗျားတို့ကို ကိုက်စရာရှိသေးသတုန်း (မရှိပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

အကုန်ကိုဘဲ သတ္တိတုန်းကုန်ပြီမဟုတ်လား (မှန်ပါ့) အမြီးနဲ့ရိုက်စရာရော (မရှိပါဘူး ဘုရား) ခေါင်းကကိုက်စရာရော (မရှိတော့ပါ ဘုရား) ကဲ ဒီလောက်ထိအောင် ကျေးဇူးများပါတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဒကာကြီးလှိုင်ရေ သေပျော်တဲ့တရားဆိုတဲ့ တရားဆိုတာ ရှင်းပြီလား (ရှင်းပါပြီ)။

သောတာပန်တည်ချင်လို့ရှိရင်

ဒါဖြင့်သောတာပန်တည်ချင်လို့ရှိရင် အင်္ဂါဘယ်နှစ်ပါးနဲ့ပြည့်စုံရမယ် မောင်နိုင် (နှစ်ပါးနဲ့ပြည့်စုံရပါမယ် ဘုရား) ဘာတရားနာရမယ် (သစ္စာတရားနာရပါမယ် ဘုရား) ပြီးတော့ကော (နှလုံးသွင်းရပါမယ် ဘုရား)။

သစ္စာရယ်လို့သိတဲ့ နှလုံးသွင်းမှန်ရမယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ငါရယ်လို့ သိနေလို့မဖြစ်ဘူး၊ ရုပ်ရယ်လို့ သိနေလို့မဖြစ်ဘူး၊ ဝေဒနာရယ်လို့သိနေ့လို့မဖြစ်ဘူး (မှန်ပါ့) သစ္စာပဲလို့ပဲ ပြန်သိရမယ် (မှန်ပါ့)။

ကဲ ဒါဖြင့် စိတ်ကလေးတစ်ခုပေါ်ပြီ ကိုစောမောင်ရဲ့ ၊ ရှုတဲ့စိတ်ကလေးဆိုပါတော့ (မှန်ပါ့) ဒီစိတ်ကလေးပေါ်လာပြီး ဖြတ်ဆိုချုပ်သွားတယ်၊ ချုပ်သွားတာကလေး ကျုပ်တို့က အင်း ပေါ်လဲပေါ်တယ်၊ ချုပ်လဲချုပ်တယ်လို့ နောက်ကနေဉာဏ်နဲ့ကြည့်လိုက်တော့ မသိဘူးလား (သိပါတယ် ဘုရား)။

သိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ ဒုက္ခသစ္စာကို အရင်တုန်းကတော့ ငါရှူတယ်၊ ငါရှိုက်တယ် မိစ္ဆာဒိဋ္ဌိနဲ့ မြင်တာကိုးဗျ (မှန်ပါ့) အခုတော့ သမ္မာဒိဋ္ဌိနဲ့မြင်တာ ဖြစ်မနေဘူလား (ဖြစ်နေပါတယ် ဘုရား) သမ္မာဒိဋ္ဌိ ကဝိဇ္ဇာဘဲ၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီတော့ ငါရှူတယ်၊ ငါရှိုက်တယ်ဆိုတဲ့ ဒိဋ္ဌိတွေ သူကမသတ်ဘူလား (သတ်ပါတယ် ဘုရား) ဒါဒိဋ္ဌိသတ် ရင် သောတာပန်တည်နိုင်တယ်ဆိုတော့ သေချာမနေဘူလား (သေချာပါတယ် ဘုရား) သောတာပန်တည်ချင်ရင် ဒိဋ္ဌိသတ်စရာရှိတယ် ဒါအပြင် ဘာမှသတ်စရာမရှိဘူး (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ)။

သုံးချက်ပြတ်ပါတယ်

ဒါဖြင့် ပဋိစ္စသမုပ္ပပါဒ် ယနေ့ဟောလိုက်တာ ဒကာ ဒကာမတို့ သမာဓိကောင်းကောင်းနဲ့စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်နှစ်ချက်ပြတ်သတုန်း (သုံးချက်ပြတ်ပါတယ် ဘုရား)။

ရှေးဦးစွာ အဝိဇ္ဇာက, စပြတ်ပါတယ် (မှန်ပါ့) အဝိဇ္ဇာ စပြတ်တော့ကို တဏှာကလဲ လာခွင့်မရလို့ မလာသောကြောင့် တဏှာကလဲပြတ်တယ် (ပြတ်သွားပါပြီ ဘုရား) ကြည့်နေတဲ့ အချိန်မှာပြစ်မှားခြင်းကလဲ ရှိသေးသလား (မရှိပါ ဘုရား) သူ့အပေါ်စိတ်ဆိုးတယ်လို့ ဖြစ်ပျက်ကို စိတ်ဆိုးတယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိသောကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေါသသောကရော လာသေးရဲ့လား (မလာပါ ဘုရား) အဆုံးကကော (မလာပါ ဘုရား) အဆုံးကလဲပြတ်တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုပ်သည် ကားလို့ဆိုလို့ရှိရင်ဖြင့် သမာဓိကောင်းကောင်းနဲ့ စောင့်ကြည့်တဲ့အလုပ်သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့တာဝန်ထားပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘုန်းကြီးက ခန္ဓာထဲမှာ ဘာပေါ်ပေါ်ဖြစ်ပျက်ဒုက္ခသစ္စာလို့ ဟောဖို့ ဝတ္တရားက ဘုန်းကြီးတာဝန် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ဉာဏ်နဲ့ဆုံးဖြတ်ချက်ချဖို့ရာက ခင်ဗျားတို့တာဝန်

ဘုန်းကြီးတာဝန်က ခန္ဓာထဲမှာပေါ်တဲ့ ဘယ်တရားပေါ်ပေါ်ဖြစ်ပျက်ပဲရှိတယ်လို့ ဟောဖို့ရာက ဘုန်းကြီးတာဝန် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဒီဖြစ်ပျက်ဟာ ဒုက္ခသစ္စာအစစ်ပဲလို့ ဉာဏ်နဲ့ဆုံးဖြတ်ချက်ချဖို့ရာက ခင်ဗျားတို့တာဝန် (မှန်ပါ့)။

ဒီဆရာနဲ့ ဒီလိုနှလုံးသွင်းတဲ့ ဒကာနဲ့ ဒကာမနဲ့ ကြုံပြီဆိုလို့ရှိရင် ဒါသောတာပန်တည်တာပဲ (မှန်ပါ့) တစ်ယောက်တည်းတော့ မတည်နိုင်ဘူး၊ သဘောကျပြီလား (ကျပါပြီ)။

သောတာပန်ဟာ တစ်ယောက်တည်း မတည်နိုင်ဘူး၊ သဘောကျပြီလား (ကျပါပြီ) နှစ်ယောက်ပေါင်းမှ တည်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘာတဲ့တုန်း (နှစ်ယောက်ပေါင်းမှ သောတာပန်တည်ပါတယ် ဘုရား)။

ဟောတဲ့ဆရာကလဲ (သစ္စာဟောရပါမယ် ဘုရား) သစ္စာကိုပဲ ဟောပေးရမယ် (မှန်ပါ့)။

နှလုံးသွင်းတဲ့ ပုဂ္ဂိုလ်ကကော (သစ္စာကိုနှလုံးသွင်းရမယ်) သစ္စာလို့ပဲမြင်စေရမယ် (မှန်ပါ့)

ဤနှစ်ချက် ညီလို့ရှိရင်ဖြင့် သောတာပန်စခန်းဟာဖြင့် အလွယ်ကလေးပါ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

နာရီစေ့သွားပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။