ခန္ဓာရှိရင် အို, နာ, သေဘေး မလွတ်နိုင်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ခန္ဓာရှိရင် အို, နာ, သေဘေး မလွတ်နိုင်
ညအလုပ်ပေးတရားတော်
(၁၃-၆-၆၂)
ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်လို့
ဒကာ ဒကာမတွေက တရားနာကြတယ်ဆိုတဲ့ဥစ္စာ ဘာဖြစ်လို့နာကြတာတုန်း မေးလို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်လို့-လို့ မှတ်လိုက်လို့ရှိရင် ဒါ-တရားနာတဲ့အကျိုးတွေ ပေါ်လာတာပဲ (မှန်ပါ့)။
တရားနာတာ ဘာဖြစ်လို့နာချင်ကြပါလိမ့် (ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်လို့ပါ ဘုရား)။
ကောင်းပြီ-တဲ့ ကိုယ့်ဒုက္ခ ကိုယ်သိမ်းမှရတယ်၊ အမေက သိမ်းပေးလို့မရဘူး၊ အဖေက သိမ်းပေးလို့ မရဘူးနော် (မှန်ပါ့) ဆွေမျိုးဉာတကာတွေက သိမ်းပေးလို့ကော (မရပါ ဘုရား)။
မရဘူးတဲ့၊ ဘာ့ကြောင့် မရသတုန်းဆိုတော့ စဉ်းစားကြည့်ပါတဲ့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာထဲမှာ ရှိတဲ့ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ မရ,ရအောင် အားထုတ်မယ်၊ နို့ သူများသန္တာန်ဖြစ်တာမှ မဟုတ်ပဲ (မှန်ပါ့)။
မောင်နိုင် သူများသန္တာန်ဖြစ်သလား (မဖြစ်ပါ ဘုရား)။
မြင်တယ်ဆိုတာလဲ ကိုယ်မြင်တာ (မှန်ပါ့) မြင်လို့ လိုချင်တယ်ဆိုတာကော (ကိုယ့်သန္တာန်မှာ ဖြစ်ပါတယ် ဘုရား) မြင်လို့ တစ်ခါ-စွဲလမ်းတယ်ဆိုတာကော (ကိုယ့်သန္တာန်မှာ ဖြစ်ပါတယ် ဘုရား) မြင်လို့ပဲ တစ်ခါစွဲလမ်းတာ မရ,ရအောင် အားထုတ်မယ်ဆိုတော့ ကမ္မဘဝ လာတယ်၊ ကာယကံ၊ ဝစီကံကိုး ကိုစောမောင် – ရ (မှန်ပါ့)။
ဒီဟာတွေက သူများဖြစ်တာလား၊ ကိုယ့်သန္တာန် ဖြစ်တာလား (ကိုယ့်သန္တာန် ဖြစ်တာပါ ဘုရား)။
ဒုက္ခဖြစ်ကြောင်းဆိုတဲ့ တဏှာ၊ ဥပါဒါန်, ကံ
အဲဒီ ဒုက္ခဖြစ်ကြောင်းဆိုတဲ့ တဏှာ၊ ဥပါဒါန်, ကံတွေဟာ ကိုယ့်သန္တာန်ဖြစ်ပြီး သကာလ သူတို့က ပေးတဲ့ဒုက္ခ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿနဲ့ သွားလိုက်တဲ့ဥစ္စာ ဒကာကြီးလှိုင် သူများပေးတဲ့ဒုက္ခလို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ကိုယ့်သန္တာန်ဖြစ်တဲ့ ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ပေးတဲ့ဒုက္ခ။
ဒါ့ကြောင့် ဒီဒုက္ခ ကျွတ်ချင်ပါတယ်၊ လွတ်ချင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်သန္တာန်ဖြစ်တဲ့အကြောင်းကို ဖြတ်တတ် တဲ့ဉာဏ်ရပါမှ ကိုယ့်ဒုက္ခသိမ်းမှာပဲ (မှန်ပါ့) နို့မဟုတ်ရင် (မသိမ်းနိုင်ပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်သူမလုပ် လုပ်လုပ်၊ ကိုယ့်ဟာကို လုပ်ကြ၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့ဥစ္စာကို သူများကို အဖော်ညှိနေဖို့လဲ မလိုဘူး (မှန်ပါ့) သူများအားပေးနေဖို့လဲ ဒီလောက်မလိုလှဘူး (မှန်ပါ့)။
ကိုယ့်ဒုက္ခသည် ကိုယ့်အတွင်းက ဒုက္ခဖြစ်ကြောင်းကြောင့် ကိုယ်ဒုက္ခရောက်တယ် (မှန်ပါ့) သူများနဲ့ပတ်သက် သေးလား (မပတ်သက်ပါ ဘုရား) အမျှဝေလို့ကောရရဲ့လား (မရပါ ဘုရား) မျှခံကြပါဆိုလို့ကော (မရပါ ဘုရား)။
မရတာထောက်လိုက်တဲ့အခါကျတော့ ဪ ဒီဥစ္စာ ဘုန်းကြီးသန္တာန်ဖြစ်လဲ ဘုန်းကြီးခံရုံပဲ၊ ဒီက ကိုယ်တော် တွေ သန္တာန်ဖြစ်ရင်လဲ ကိုယ်တော်တွေပဲ ဒုက္ခတွေ့ရုံပဲ၊ ဒါဘယ်သူနဲ့မှမဆိုင်ဘူး (မှန်ပါ့)။
ဒုက္ခ ဘယ်သူပြုတာတုန်း
ဒါဖြင့် ဒုက္ခ ဘယ်သူပြုတာတုန်း မေးလို့ရှိရင် မိမိတို့၏ အနာဂတ်အကြောင်းတွေ ပြုတာလို့ ပြောလိုက်ရင်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား) တဏှာ, ဥပါဒါန် , ကံတွေဟာ ဘာအကြောင်းတွေတုန်း (အနာဂတ်အကြောင်းတွေပါ ဘုရား) အနာဂတ်အကြောင်းဆိုတော့ နောက်ခန္ဓာဖြစ်ကြောင်းပေါ့ကွာ (မှန်ပါ့)။
နောက် ခန္ဓာ ဖြစ်ကြောင်းတွေကို ဒကာ ဒကာမတွေက ကြိုးစားလို့ရှိရင် နောက်ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာလာမှာပဲ (လာမှာပါ ဘုရား)။
မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြီးလှိုင်ရေ ဒကာရင်း ဆရာရင်းတွေ ပြောရတော့ သူများပေးတဲ့ ဒုက္ခမရှိပါဘူး (မှန်ပါ့) ရှိသေးသလား (မရှိပါ ဘုရား)။
ကိုယ့်သန္တာန်ဖြစ်တဲ့ ဓမ္မကပေးတဲ့ ဒုက္ခတော့ (ရှိပါတယ် ဘုရား) ရှိတယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဪ မင်းတို့အတွက်ကြောင့် ငါဒုက္ခရောက်လေခြင်းလို့ ညည်းတဲ့ပုဂ္ဂိုလ်များ ကိုစောမောင် ပြုံးလိုက် စမ်းပါ (မှန်ပါ့)။
မင်းတို့အတွက်ကြောင့် ငါ ဒုက္ခရောက်တယ်၊ ဟုတ်ကြရဲ့လား ဒကာ ဒကာမတို့ (မဟုတ်ပါ ဘုရား)။
ဟောဒီ သားတွေ, ဟောဒီ သမီးတွေအတွက်ကြောင့် ဒုက္ခရောက်နေတာဘုရား တပည့်တော်တို့မှာတဲ့၊ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
အလကားပြောနေတာ ဦးဘအုန်းကြီး ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
မဟုတ်ဘူး၊ အလကားပြောနေတာ၊ မောင်အောင်သိန်း မဟုတ်ပါဘူးကွ (မှန်ပါ့)။
မင်းတို့ သန္တာန်ဖြစ်တဲ့ တဏှာ မင်းတို့သန္တာန်ဖြစ်တဲ့ ဥပါဒါန် မင်းတို့သန္တာန်ဖြစ်တဲ့ ကမ္မဘဝ၊ ဒါတွေကြောင့် ဒုက္ခဖြစ်နေတာ (မှန်ပါ့)။
အဲဒီတော့ သားပေး, သမီးပေး, ဘယ်သူပေးတဲ့ ဒုက္ခလို့ဆိုကြမတုန်း (မဆိုနိုင်ပါ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်မဖြတ်တတ်လို့ ကိုယ်တွေ့နေတာ (မှန်ပါ့ ဘုရား)။
ဒကာကြီးလှိုင်လဲ (ကိုယ့်ဒုက္ခကို ကိုယ်မဖြတ်တတ်လို့ ကိုယ်တွေ့တာပါ ဘုရား) ကိုယ်မဖြတ်တတ်လို့ ကိုယ်တွေ့ တာကို ဟိုချ ဒီချနဲ့ သားဆိုး သမီးဆိုးနဲ့ တွေ့ရလို့ ဒုက္ခတွေ့ရသလိုလို ဒကာ ဒကာမတွေက ထမင်းရေပူလာ လျှာလွှဲဆိုတဲ့ အသွားတွေက အင်မတန်မပေါဘူးလား (ပေါပါတယ် ဘုရား)။
အဲဒါတွေပြင်ကြစမ်းပါဦး (မှန်ပါ့) ဒါတွေပြင်ကြစမ်းပါဦး။
ဒါတွေ မပြင်လိုက်လို့ရှိရင် ဘာဖြစ်လာမတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သူများပြုတဲ့ ဒုက္ခလို့ ထင်လိမ့်မယ် (မှန်ပါ့)။
သူများပြုတဲ့ ဒုက္ခဆိုလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိကလဲပါသွားတာတစ်ကြောင်း (မှန်ပါ့) အကြောင်းမမှန်ခြင်း ကြောင့် အဟေတုကဒိဋ္ဌိ ပြောရင်းဆိုရင်းနဲ့ပဲ ဒိဋ္ဌိဖြစ်သွားတာကလဲတစ်ကြောင်း ဤအကြောင်းတွေကြောင့် မောင်နိုင် စွဲချက်လွဲလို့ရှိရင် တယ်နာပါကလား (နာပါတယ် ဘုရား) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဒုက္ခ ဖြစ်ကြောင်းမသိမ်းလို့ ဒုက္ခဖြစ်တာ
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့အတွက် ဒုက္ခဖြစ်နေတယ်လို့ ပြောတဲ့ဥစ္စာမဟုတ်ဘူး၊ ကိုယ့်သန္တာန် ဒုက္ခ ဖြစ်ကြောင်းမသိမ်းလို့ ဒုက္ခဖြစ်တာ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။
ဒုက္ခ ဘယ်သူ့ကြောင့်ဖြစ်တာပါလိမ့် (ကိုယ့်သန္တာန် ဒုက္ခဖြစ်ကြောင်း မသိမ်းလို့ပါ ဘုရား)။
ကိုယ့်သန္တာန်ဖြစ်တဲ့ ဒုက္ခဖြစ်ကြောင်း ကိုယ်မဖြတ်တတ်လို့ ဒုက္ခရတာ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဒုက္ခကို ဘယ်သူသိမ်းမှ ရမှာပါလိမ့်မတုန်း၊ ကယ်ကြပါဦး၊ ယူကြပါဦး ကျူပ်အပူ ဘယ်သူ ငြိမ်းမတုန်းလို့ အော်ပြီး ငိုနေတဲ့ပုဂ္ဂိုလ်ဟာ ကိုစောမောင် လွဲတယ် (လွဲပါတယ် ဘုရား)။
လွဲလိုက်တဲ့ဖြစ်ခြင်း၊ သူ့ဒုက္ခ သူ့သန္တာန်ကဖြစ်လို့ မျက်ရည်ကြီးငယ်ကျရတယ်၊ သောက ပရိဝေဒတွေလာတာ မောင်နိုင် (မှန်ပါ့) ဒါ ဘယ်သူကယ်လို့ ဘယ်သူဆယ်လို့မှ ရပါ့မလား (မရပါ ဘုရား)။
မရဘူး၊ ကိုယ့်အကြောင်း ဖြတ်လိုက်ရင်တော့ (ရပါတယ် ဘုရား)။
ရတယ်ဆိုတော့ ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေဟာ အကြောင်းမှန်ကို မသိသောကြောင့် အဟေတုကဒိဋ္ဌိ ဖြစ်နေတယ် (မှန်ပါ့)။
ဒီ ဒိဋ္ဌိတွေ ဖြစ်နေတော့ ဒီ ဒိဋ္ဌိက ဘာလုပ်ပါသတုန်းဆိုတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားပစ်လိုက်တယ်၊ ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒီကရှေ့ ဘယ်သူဆိုးလို့ ဘယ်ဝါဆိုးလို့ ဘယ်မင်းမကောင်းလို့ ဘယ်စိုးမကောင်းလို့ ဒုက္ခမျိုးစုံ ကိုယ်တိုင်ကြုံရတယ်ဆိုတဲ့ အသွားတွေကိုဖြင့် ယနေ့ ပဋိစ္စသမုပ္ပါဒ်ကို ခန္ဓာထဲကဟာကို သိသဖြင့် မောင်နိုင် ရေ ဒီအပြောအဆိုတွေ ရပ်စဲလိုက်တော့ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (ဒီအပြောအဆိုတွေ ရပ်စဲရမှာပါ ဘုရား) မဟုတ်လို့ အရပ်စဲ ခိုင်းတာ (မှန်ပါ့)။
မဟုတ်လို့ အရပ်စဲခိုင်းတာဆိုတာကော သေချာကြပြီလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒုက္ခသိမ်းမှ ဖြစ်မှာကိုး (မှန်ပါ့) ဒုက္ခသိမ်းချင်တော့ သူများက လာသိမ်းပေးလို့မဖြစ်ဘူး။
ကိုယ့်ဉာဏ်နဲ့ကိုယ်သိမ်းပါ
ဒကာ ဒကာမတို့ သူများက လာသိမ်းပေးရင် (မဖြစ်ပါ ဘုရား) ကိုယ့်ဉာဏ်နဲ့ကိုယ်သိမ်းပါ (မှန်ပါ့)။
ကိုစောမောင် ဘာတဲ့တုန်း (ကိုယ့်ဉာဏ်နဲ့ ကိုယ်သိမ်းရမှာပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ကိုယ့်ဉာဏ်နဲ့ ကိုယ်သိမ်းရမယ်နော် (မှန်ပါ့)။
အဲဒီတော့ကို ဟိုတစ်ယောက် ဒုက္ခဖြစ်တယ်ဆို ကိုစောမောင် တို့က ဟိုတိုင် ဒီတိုင်နဲ့၊ ကူကြပါဦး-ညီကြပါဦး၊ ကျုပ်မှာဖြင့် ဒီလိုဖြစ်နေပြီ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဒီကောင်ဆုံးမလို့မရဘူး၊ ဒီကောင် ဆုံးမလို့မရဘူး၊ ကယ်ကြပါဦး-ဝိုင်းကြပါဦး၊ ခင်ဗျားတို့ ကူကြပါဦး ကျုပ်မှာ ဖြင့် ဒီလိုဖြစ်နေပြီ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အင်း ပြောသာပြောတယ်၊ သူတို့ကြောင့်လား ကိုယ့်ကြောင့်လား (ကိုယ့်ကြောင့်ပါ ဘုရား) ကိုယ့်ကြောင့်ဆိုတာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြောင့် (မှန်ပါ့)။ မခင်လို့ရှိရင် ဒီဒုက္ခ သူများကို အကူအညီတောင်းပါ့မလား (မတောင်းပါ ဘုရား) မစွဲလန်းရင် (မတောင်းပါ ဘုရား) ကိုယ်အားမထုတ်ထားရင် (မတောင်းပါ ဘုရား)။
အခုတော့ ကိုယ်ခင်, ကိုယ်စွဲလမ်း, ကိုယ်အားထုတ်ထားလို့ရတဲ့ဒုက္ခကို အရပ်ကူပါဦး, လူဝိုင်းပါဦးဆိုတော့ နောက်က ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်၊ မှားလေရော့လား၊ မှန်လေရော့သလား (မှားပါတယ် ဘုရား)။
မှားပေမဲ့လဲ ကိုစောမောင်တို့က ကိုယ့်ဝမ်းတွင်းအကြောင်း မောင်နိုင်တို့က မသိတာ့ ဪ အရပ်မကောင်းလို့ ဖြစ်ရလေခြင်း၊ အင်း ကိုစောမောင် ရွာမကောင်းလို့ (ဖြစ်ရလေခြင်းပါ ဘုရား) မြို့မကောင်းလို့ (ဖြစ်ရလေခြင်း) အပေါင်းအသင်း မကောင်းလို့ (ဖြစ်ရလေခြင်း)။
ဟာ့ လွဲကုန်ပေါ့၊ သေသေချာချာ လွဲကုန်ပြီဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကိုယ့်အကြောင်း ကိုယ်ဖြတ်ကြပါစို့
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ကိုယ့်အကြောင်း ကိုယ်ဖြတ်ကြပါစို့ (မှန်ပါ့) ကိုယ့်အကြောင်း မကောင်းတဲ့ အကြောင်းဖြတ်လိုက်လို့ရှိရင် ရပါတယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်ကွာတဲ့၊ မင်းတို့မှာ ဒီ့ပြင်ဒုက္ခ အသာထားဦး၊ မင်းတို့မှာ နောင်တွေ့လတ္တံ့ ဒုက္ခတွေ မင်းတို့ ခန္ဓာကိုယ်ထဲများ သုံးသပ်ကြရဲ့လား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိဝိတိုင်းမှာ သီတင်းသုံးနေတုန်း တစ်ခါတည်း ရဟန်းတွေက ဝိုင်းပြီး သကာလ နေကြတော့ ရဟန်းတို့ မင်းတို့ခန္ဓာကိုယ်ထဲများ သုံးသပ်ကြရဲ့လားကွာ၊ ဒုက္ခတွေက များလိုက်တာဆိုတော့ ရဟန်းတစ်ပါးက သုံးသပ် ပါတယ်ဘုရားလို့ အလိုတော်ကျ-မကျဘဲနဲ့ သွားထောက်လိုက်တယ်နော် (မှန်ပါ့)။
မင်းသုံးသပ်ပုံကလေး ပြောစမ်းပါကွာဆိုတော့ အို-တပည့်တော် ‘ကေသာ လောမာ နခါ ဒန္တာ တစော’ ဆိုတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသတွေ သုံးသပ်ပါတယ်ဘုရားဆိုတော့ ဘုရားက ငြိမ်နေတယ်၊ ဒါနိဗ္ဗာန်ပေါက် မဟုတ်သေး ဘူးဆိုပြီး ဘုရားက ငြိမ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါက အသုဘရှုတာ ရှိသေးတယ် (မှန်ပါ့) ဘာရှုတာလဲ (အသုဘရှုတာပါ ဘုရား) အသုဘဆိုတာ သမထလား ဝိပဿနာလား အကဲခတ်စမ်း (သမထပါ ဘုရား) သမထဖြစ်ပြီး သကာလ နေတော့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
မရောက်နိုင်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငြိမ်ပြီးသည်းခံနေတယ်၊ ဒီရဟန်းဖြေတာ မဟုတ်သေး ပါဘူးဆိုပြီး သကာလ အသာ ဝမ်းထဲမှာ မြုံနေတယ် (မှန်ပါ့)။
ရှင်အာနန္ဒာက အနားရှိတော့ အရှင်ဘုရားတဲ့၊ အတွင်းသုံးသပ်ရမယ်၊ အတွင်းသုံးသပ်ကြရဲ့လား၊ သုံးသပ် ပါတယ်လို့ ပြောတော့လဲ အရှင်ဘုရား အလိုတော်မကျတော့ တပည့်တော်များသည်ကား အရှင်ဘုရားပြောမှ, ဟောမှ, ဆုံးမမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ ဒါ့ကြောင့် အရှင်ဘုရားဟောမှ အရှင်ဘုရားပြောမှ တပည့်တော်တို့ သိရမည့် ပုဂ္ဂိုလ်တွေ တကယ်ဖြစ်ပြီး သကာလ နေတဲ့အတွက် အရှင်ဘုရားဆုံးမမှ ဘယ်လိုသုံးသပ်ရမည်ဆိုတာ ပေါ်ပါလိမ့်မယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ) ဘုရားဟောမှပဲသိမယ် (မှန်ပါ့)။
အဲဒီတော့ ကိုစောမောင် ကိုယ်ထဲမှာဖြစ်စေ၊ မောင်နိုင် ကိုယ်ထဲမှာဖြစ်စေ၊ ကိုသောင်း ကိုယ်ထဲမှာဖြစ်စေ တစ်နေ့တခြား အိုနေတဲ့ ဇရာကြီးရှိတယ် (မှန်ပါ့) တစ်နေ့တစ်ခြား ရိုက်နေတဲ့ ဇရာကြီး မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒကာကြီးလှိုင် ဆိုရင် ရိုက်နှက်ထားလို့ အတော်နာနေပြီ (မှန်ပါ့) တော်တော်ကြာလို့ရှိရင် သတ်တော့မယ်၊ မရဏကသတ်တော့မယ်၊ ဇရာက ရိုက်နှက်ထားတယ်၊ မရဏက သတ်တော့မယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်သူက ရိုက်နှက်ထားသလဲ (ဇရာက ရိုက်နှက်ထားပါတယ် ဘုရား) မရဏက ဘာလုပ်သလဲ (သတ်ပါတယ် ဘုရား)။
ဪ မင်းတို့မှာ ဒီဟာတွေ့မှ တွေ့ပါ့မလား ကိုစောမောင် (တွေ့ပါတယ် ဘုရား)။
တယ်ဆိုးတဲ့ ဇရာပါကလား
အဲဒါကို သုံးသပ်စေချင်တယ်ကွာ၊ ဪ တယ်ဆိုးတဲ့ ဇရာပါကလား၊ တွေ့လတ္တံ့ဖြစ်တဲ့ ငါ့ကို သတ်မည့် မရဏဟာ တယ်ဆိုးတဲ့ မရဏပါကလားဆိုပြီး သကာလ ဒီ ဇရာ မရဏသည် ဘယ့်နှယ်ကြောင့် ဒို့သန္တာန် ရောက်နေပါလိမ့်မတုန်းလို့ တွေးဖို့ အဲ့ဒီလို တွေးစေချင်တယ် (မှန်ပါ့)။
ဘယ်လိုတွေးစေချင်သတုန်း (ဇရာ မရဏသည်) ဇရာ မရဏသည် ဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီးထဲမှာ ရောက်နေပါလိမ့်မတုန်းဆိုတဲ့ တွေးလုံးကို သန်သန်ထွားထွား တွေးစမ်းပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာနော် (မှန်ပါ့) အဲဒီလိုတွေးလိုက်စမ်းပါတဲ့၊ တွေးလိုက်တဲ့အခါကျလို့ရှိရင် မင်းတို့ သည်ကားလို့ဆိုလို့ရှိရင် ဒါက သစ္စာတွေးလိုက်တာ (မှန်ပါ့) ဇရာပိ ဒုက္ခသစ္စံ၊ မရဏမ္ပိ ဒုက္ခသစ္စံ ဒါကိုတွေးလိုက်တာ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဘာတွေးလိုက်တာတုန်း (ဇရာပိ ဒုက္ခသစ္စံ၊ မရဏမ္ပိ ဒုက္ခသစ္စံ ကို တွေးလိုက်တာပါ ဘုရား) ဒါကိုတွေးရမယ်၊ သစ္စာတွေးရမယ်၊ ရှိကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီတော့ တွေးလိုက်လို့ရှိရင်လဲ ဒါကိုပဲတွေးပါလို့ ဒီလိုသုံးသပ်ကြည့်တော့ ဟိုကိုယ်မတွေ့သေးတာ တွေးမနေနဲ့၊ ကိုယ့်သန္တာန်မှာ ရန်သူရှိနေတဲ့ဥစ္စာ ဒီရန်သူ ဘယ်ကလာပါလိမ့်မတုန်း တွေ့လို့ရှိရင်ဖြင့် ဒီရန်သူ အမြစ်ကို ရှာတွေ့လို့ ရှိရင်ဖြင့်တဲ့ ရန်သူကို သူ တနည်းနည်းနဲ့ သတ်တဲ့နည်း သူ စိတ်ကူးလိမ့်မယ် (မှန်ပါ့)။
အဲဒီတော့ ဒီရန်သူမှ မတွေးဘဲနဲ့ ဒကာ ဒကာမတွေက တခြားဟာတွေ လျှောက်တွေးပြီး ခုနှစ်စဉ် တန်းနေလို့ ရှိရင်ဖြင့် ကိုသောင် မလွဲပေဘူးလား (လွဲသွားပါတယ် ဘုရား)။
အဲဒ့ါကြောင့် ဒကာ ဒကာမတို့ ကိုင်း ခင်ဗျားတို့မှာ အခုခန္ဓာငါးပါးကလဲ ရ,ထားပြန်တော့ ဇရာကလဲ ဒီအထဲ အတွင်းဝင်တယ်၊ နှင်ထုတ်လို့ ရရဲ့လား (မရပါ ဘုရား) မရဏကလဲ ကိုစောမောင် နှိပ်စက်တော့မယ်ဆဲဆဲပဲ (မှန်ပါ့) နှိပ်စက်တော့မယ်ဆဲဆဲဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သူတို့လက်တွင်း ခေါင်းစင်းပြီး သေကြတယ်
ခင်ဗျားတို့ အဖိုး-အဖွားတွေ၊ အမျိုးတွေလဲ သူတို့လက်တွင်း ခေါင်းစင်းပြီး သေကြတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့မွေးတဲ့ သားသမီးတွေလဲ အရင်ဦးတဲ့ လူတွေမှာ သူတို့လက်တွင်း ခေါင်းစင်းပြီး သေကြတယ် (မှန်ပါ့) ကိုယ်လဲ သူတို့လက်တွင်း ခေါင်းစင်းပြီးသေရမည့် ကိစ္စကလဲ ပါပြီးသားဖြစ်နေတယ် (ပါပြီးသားပါ ဘုရား)။
အဲဒီ့ပါပြီးသားတွေကို ဪ ဒီ-ဇရာ , မရဏ ဘယ်ကများလာပါလိမ့်မတုန်း၊ ဒို့မှာ ရန်သူကြီးနဲ့ ပက်ပင်းတွေ့ နေပြီ၊ တွေးရင် ဒီလိုတွေးစမ်းပါ (မှန်ပါ့)။
ဒကာ ဒကာမတွေ တွေးတတ်ပြီလား (တွေးတတ်ပါပြီ ဘုရား) အင်း ဇရာကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား) မရဏကော (ရှိပါတယ် ဘုရား)။
ရှိတယ်၊ ဪ အိုလာပြီ၊ အိုလာရင်တော့ဖြင့် သေမင်းလက်တွင်းမှာ အခွန်ဆက်ရတော့မှာပဲ၊ ခန္ဓာနဲ့ အခွန် ဆက်ရမယ် (မှန်ပါ့) သေမင်းက ဒီ့ပြင်ဟာနဲ့ အခွန်ဆက်လို့မှ မရဘဲ (မှန်ပါ့) ဒီ-ခန္ဓာကြီးနဲ့ အခွန်ဆက်မှရတယ် (မှန်ပါ့) ခင်ဗျားတို့ ရ,ထားတဲ့ သိန်းကျောက်, သောင်းကျောက်တွေနဲ့ကော (မရပါ ဘုရား)။
မရပါဘူးတဲ့၊ ခန္ဓာနဲ့ အခွန်ဆက်မှလက်ခံတယ်၊ အဲဒါ့ကြောင့် ခန္ဓာနဲ့အခွန်ဆက်မှ လက်ခံတဲ့၊ ဘာနဲ့မှ လက်ဆောင်ထိုးလို့မရတဲ့ သေမင်း၊ ရိုက်နှက်နေတာကိုလဲ ဘာနဲ့မှ တောင်းပန်လို့မရဘူး (မရပါ ဘုရား)။
အဲဒီတောင်းပန်လို့မရတဲ့ ဇရာ, မရဏဟာ ဘယ်ကများလာလို့ ဒို့-ဒါ အကြုံကြီးကြုံပြီး အဆုံကြီးဆုံပြီး ကံဆိုး မိုးမှောင် ဖြစ်ရပါလိမ့်မတုန်းလို့ တွေးစမ်းပါ။
ဟေ့ မောင်သိန်း ဒီလိုတွေးပါလား (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ တွေးတတ်ပြီလား (တွေးတတ်ပါပြီ ဘုရား)။
ဘယ်ကလာတယ်ဆိုတာ တွေးစမ်းပါနော် (မှန်ပါ့) ရှိနေတာတော့ မတွေးဘဲနဲ့ မရှိတာတွေးရင်တော့ အလကားပဲ (မှန်ပါ့) အခုဟာက ရှိနေတဲ့ နှစ်ခုကို တွေးလိုက်စမ်းပါ၊ တွေးတတ်ပြီလား (တွေးတတ်ပါပြီ ဘုရား)။
ဒကာကြီးလှိုင် (မှန်ပါ့-တွေးတတ်ပါပြီ ဘုရား) တွေးတတ်ပြီနော်။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောပြမယ်ကွာ-တဲ့ မင်းတို့ ဇရာ, မရဏ ဆိုတဲ့ဥစ္စာ သီးသန့် တရားလို့ မင်းတို့က အောက်မေ့မနေနဲ့၊ မင်းတို့ ခန္ဓာကလာတာ (မှန်ပါ့)။
ခန္ဓာက လာတာ
ဒကာ ဒကာမ တို့ ဘယ်ကလာတာတုန်း (ခန္ဓာက လာတာပါ ဘုရား)။
ဪ ဒီခန္ဓာထဲကလာတာ မောင်နိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဇရာ, မရဏ ဘယ်ကလာသတုန်း (ခန္ဓာက လာတာပါ ဘုရား) ခန္ဓာက လာတာ။
ဪ ကျုပ်မှ ဖြစ်ရလေခြင်းလို့တော့ ဆိုမနေနဲ့တော့ (မှန်ပါ့) ကျုပ်မှ ဒီအပူ တွေ့ရလေခြင်း၊ ကျုပ်မှ ဒီအိုမှုကြီးနဲ့ အဖော်ဖြစ်ရလေခြင်း၊ ကျုပ်မှ သေမှုကြီးနဲ့ နီးကပ်လေခြင်းလို့ ဒကာ ဒကာမတွေက မျက်ရည်ခံထိုးမနေပါနဲ့၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဘယ်ကလာတာတုန်း (ခန္ဓာက လာတာပါ ဘုရား) အဲ့ ခန္ဓာကို ရတဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ဖြင့် ဇရာ, မရဏ က သူတို့ကို ကျုပ်တို့အခွန်ဆက်ဖို့ပဲ (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ခန္ဓာရတဲ့ပုဂ္ဂိုလ်မှာ ဇရာ, မရဏ အခွန်ဆက်ဖို့ပဲ (မှန်ပါ့) ဒုက္ခဖြစ်အောင်လဲ ခန္ဓာနဲ့ထိုးခံလိုက်တယ် (မှန်ပါ့) သေဘက်ဖြစ်အောင်လဲ (ခန္ဓာနဲ့ ထိုးခံလိုက်ပါတယ် ဘုရား) ခန္ဓာနဲ့ ထိုးခံလိုက်ရတော့ ဒီ့ပြင်ဟာနဲ့ကို ရရဲ့လား (မရပါ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးတို့နဲ့တကွ ဒီလိုတွေးစမ်းပါကွာဆိုတော့ ကိုစောမောင် တွေးလုံးကြီးတည့်ပြီလား (တည့်ပါပြီ ဘုရား)။
ဒကာကြီးလှိုင် သစ္စာလဲဆိုက်တယ် (မှန်ပါ့) “ဇရာပိ ဒုက္ခ သစ္စံ- မရဏမ္ပိ ဒုက္ခသစ္စံ” ဆိုတာ သေသေချာချာ တွေ့ပြီး သကာလ သွားတော့ အင်း သစ္စာလဲဆိုက် အတွေးကလဲမှန်၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဘယ်ကလာသတုန်းလို့မေးတော့ ဒကာ ဒကာမတွေ အခုဘုရားက ဘယ့်နှယ်ဖြေလိုက်သလဲ (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
ဪ ခန္ဓာကလာတာ၊ ခန္ဓာကလာတာ၊ ဒကာ ဒကာမတို့ တခြားကလာတာလား ခန္ဓာငါးပါးက လာတာလား (ခန္ဓာငါးပါးက လာတာပါ ဘုရား)။
ခန္ဓာငါးပါး လာတော့ကို ခန္ဓာငါးပါးထဲကမှ ကိုစောမောင်,ရေ ဇရာဆိုတဲ့ ဇိရဏတေဇောကလဲ ရင့်အောင် ကျက်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
စမ်းကြည့်စမ်းပါ ဒကာ ဒကာမတို့၊ ခပ်နွေးနွေးရှိသလားလို့ အခုရင်ဘတ်စမ်းကြည့်ပါ (ခပ်နွေးနွေးရှိပါတယ် ဘုရား)။
ဇရာမီးလောင်နေလို့ နှိပ်စက်ခံနေရတာ
အဲဒါ ဘာလုပ်နေတာတုန်းမေးလို့ရှိရင် ဇရာမီးလောင်နေလို့ နှိပ်စက်ခံနေရတာ (မှန်ပါ့)။
ဒကာကြီးလှိုင် (မှန်ပါ့) ဒါဖြင့် ဘယ်သူက နှိပ်စက်နေတာတုန်းလို့မေးတော့ ဇိရဏ တေဇောဆိုတဲ့ ရင့်ကျက်အောင် လုပ်နေတဲ့တရားက နှိပ်စက်နေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
သူနှိပ်စက်ပြီးရင် ဘယ်သူ့ထိုးအပ်မယ်လို့ မောင်နိုင် ဘယ်လို တနေ့က ဟောထားသတုန်း (မရဏလက်တွင်း ထိုးအပ်မလို့ပါ ဘုရား)။
မရဏလက်တွင်း ထိုးအပ်တော့မယ်ဆိုတော့ သူက တေဇောကလဲ ရုပ်သိမ်းလိုက်ပါရော အေးပါဟေ့ဆိုတော့ သွားတော့တာပဲ (သွားပါတယ် ဘုရား)။
ဒါဖြင့် သူပဲ အိုအောင်လုပ်တဲ့တရား၊ သူပဲ သတ်တတ်တဲ့တရားဆိုတော့ သူဟာ ခန္ဓာဖွဲ့လိုက်တော့ ရူပက္ခန္ဓာ ဖြစ်သွားတယ် (မှန်ပါ့) ရုပ်တရားကိုးဗျ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာကလာတာ သေချာပြီလား (သေချာပါပြီ)။
ဒါဖြင့် ဇရာ, မရဏ ဘယ်ကလာပါလိမ့် (ခန္ဓာကလာတာပါ ဘုရား)။
ဪ ဟုတ်ပြီ ဟုတ်ပြီ၊ ဇိရဏ တေဇောကလဲ ရင့်အောင်လုပ်လိုက်တာ ကျုပ်တို့မှာ သွားကျိုး ဆံဖြူ ငယ်မူတွေ အကုန်ပျောက်ရတယ်၊ ရိုက်နှက်လိုက်တာနော် (မှန်ပါ့)။
နောက် ဒီတေဇေကပဲ၊ ကဲ မင်းကို အပူဓာတ်မပေးတော့ဘူး ဆိုပြီး သကာလ တေဇောလဲ ရုပ်သိမ်းလိုက်ပါရော ကိုစောမောင် ရေ ခေါင်းထဲလဲရောက်တော့တာပဲ (မှန်ပါ့)။
သတ်တဲ့တရားလဲသူပဲ (မှန်ပါ့) ရင့်ကျက်အောင်လုပ်တဲ့တရားလဲ (သူပါပဲ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဇရာပိ ဒုက္ခသစ္စံ ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)။
မကိုက်လို့ရှိရင် ပီဠနဋ္ဌောနဲ့ ကိုက်လိုက် မောင်နိုင် က ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်ပါ့ ဘုရား) ဘယ်သူ့ခန္ဓာ ညှာသေးသတုန်း (ဘယ်သူ့ခန္ဓာမှ မညှာပါ ဘုရား) သဘောပါကြလား (ပါ-ပါပြီ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်တယ်
ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတော့ အိုအောင်နှိပ်စက်တာလဲ ဒီတေဇော (မှန်ပါ့) သေအောင်နှိပ်စက် တာရော (ဒီတေဇောပါပဲ ဘုရား)။
ဒီတေဇောပဲ၊ ကိုစောမောင် တို့ လူမမာ စမ်းကြည့်တော့ အေး ကုန်ပဟေ့၊ မရဘူးပြောတာဘဲ၊ မပြောဘူးလား (ပြောပါတယ်) ဒါ တေဇော ပြောတာပဲ။
ကဲ ဒကာ ဒကာမတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ဘုန်းကြီးကလဲ မသိသိအောင် တရားဟောနေတာပဲ၊ ဒကာ ဒကာမတွေကလဲ တရားနာနေကြတာပဲ၊ ဪ သေမင်းလက်ရှိနဲ့ တရားနာနေကြတယ် (မှန်ပါ့ )ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ရိုက်တဲ့လူလက်ရှိနဲ့ (တရားနာနေကြပါတယ် ဘုရား)။
လွတ်လွတ်လပ်လပ် နာရတာလား ဒကာ ဒကာမတို့၊ ဘယ့်နှယ်ဖြေကြမလဲ (မလွတ်လပ်ပါ ဘုရား)။
အရိုက်ခံရင်း (မှန်ပါ့) အသတ်ခံသွားကာနီးကလေး ကျုပ်တို့တရားနာနေကြတယ် (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ)။
အရိုက်လဲခံလျက်နဲ့နော် (မှန်ပါ့) အရိုက်ကလဲခံလျက်၊ အသတ်ကလဲနီးလျက် ဒီကြားထဲ တရားနာနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါ့ကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ သစ္စာဆိုက်ပြီး လာပြီဆိုမှဖြင့် ဪ တခြားလား အောက်မေ့တယ်၊ ဒါ့ကြောင့် ဘုရားက “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ဟောတာ ကိုစောမောင် လွဲသေးသလား (မလွဲပါ ဘုရား) ဦးဘအုန်းကြီး လွဲသေးသလား (မလွဲပါ ဘုရား) ပေါ်ပါပြီ။
ဇရာ မရဏဟာ ဘယ်ကလာပါလိမ့်
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဇရာ မရဏဟာ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
ဟော ပေါ်ပြီဘဲ၊ ခန္ဓာထဲ တေဇောဓာတ်ပါရဲ့လား (ပါ-ပါတယ် ဘုရား) ဒါဖြင့် ခန္ဓာပေါ့ဗျ (မှန်ပါ့) ခန္ဓာကလာ တယ်ဆိုတာ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် လူငယ်ကလေးတွေ သေတာလဲ ဘယ်သူသတ်တာတုန်း တေဇော (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) လူကြီးတွေသတ်တာကော (တေဇောပါ ဘုရား) အခုကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား) ဪ ဒါဖြင့် ရွယ်တုန်းပဲ (ရွယ်တုန်းပါ ဘုရား)။
ဒကာကြီးလှိုင် (ရွယ်တုန်းပါ ဘုရား) ရွယ်တုန်းပဲဆိုတာ နောက်က ဒကာဒကာမတွေ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ကလာတဲ့ သေမင်းပါလိမ့်မတုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာ ငါးပါက လာတာပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ခန္ဓာထဲက ပေါက်ပွားလာတာကျတော့ဖြင့် ကျုပ်ကယ်ကြပါဦးဆိုငြားသော်လဲ ဒီတေဇောကို ဘယ်သူမှ မကယ်နိုင်တော့ဘူး (မကယ်နိုင်ပါ ဘုရား)။
ဘုရားလဲ တေဇောလက်ချက်နဲ့ ဝိညာဏ်ချုပ်တာပဲ (မှန်ပါ့) ရှေးက သေသွားတာတွေကော (တေဇောလက်ချက်ပါ) တေဇောလက်ချက်နဲ့ပဲ ဝိညာဏ်ချုပ်တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကြပ်ကြပ်စဉ်းစာပါ၊ ဪ ငါ့သေမင်းများ ရှိနေသလား အိုမင်းများ ရှိနေသလားလို့ အကဲခတ်ကြည့်စမ်း (ရှိပါတယ် ဘုရား) အိုမင်းလဲ (ရှိပါတယ်) သေမင်းကော (ရှိပါတယ် ဘုရား)။
ဘုရားက အဲဒီလိုသုံးသပ်စမ်းပါတဲ့ မောင်နိုင်ရ-သုံးသပ်လိုက်တဲ့အခါကျတော့ လက်သည်တွေ့တော့ ဪ ခန္ဓာကြောင့်ကိုးလို့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
ဘယ်သူ့ကြောင့်ပါလိမ့် (ခန္ဓာကြောင့်ပါ) ခန္ဓာကြောင့်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကြပ်ကြပ်စဉ်းစားပါ ဟင် ကျုပ်-နေကောင်းလိုတာ၊ အင်း ကျုပ်တော့ဖြင့် တော်တော်နဲ့ မသေနိုင်သေးဘူး ထင်ပါရဲ့လို့ဆိုတော့ တေဇောက ပြုံးလိမ့်မယ် (မှန်ပါ့)။
ဓါးအောက်မှာ ပြုံးနေတာကိုး
အမယ်လေး တေဇောက ပြုံးလိမ့်မယ် ဒကာ ဒကာမတို့ မင်းတို့ကကွာ ဓါးအောက်မှာ ပြုံးနေတာကိုးလို့ ဆိုချင်လဲ ဆိုနိုင်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဓါးအောက်မှာ ပြုံးနေတဲ့ပုဂ္ဂိုလ်ဖြင့် သစ္စာမသိလို့ပြုံးတာ (မှန်ပါ့)။
မောင်နိုင် ဘယ့်နှယ့်ဆိုမလဲ (သစ္စာမသိလို့ ပြုံးတာပါ ဘုရား)။
သစ္စာမသိလို့ ပြုံးတာဆိုတာ ဒီဥစ္စာကလဲ ညှာတာမဖက် အမြဲနှိပ်စက်တဲ့ တေဇောဆိုတော့ ဒကာ ဒကာမတွေ သည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ သစ္စာဉာဏ်တွေ မရ- အရယူပါဆိုတဲ့ဥစ္စာကို ဟောထိုက်ပါပြီ မောင်နိုင်ရာ (ဟောထိုက်ပါ ပြီ ဘုရား) မဟောထိုက်သေးဘူးလား (ဟောထိုက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အိုမင်း, သေမင်း နှစ်ခုဟာ ဘယ်ကလာပါလိမ့်မတုန်းမေးတော့ ဘယ့်နှယ်ဖြေပါ့မယ် (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ခန္ဓာက လာတယ်နော်။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဝမ်းလျှောသေတဲ့ပုဂ္ဂိုလ် ဘယ်ပြေးပြေး ဝမ်းပါမှာပဲ (ပါမှာပါပဲ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဝမ်းလျှောသေတဲ့ပုဂ္ဂိုလ်ဟာ ဒီနေရာက ဟိုနေရာပြေးတော့ ဝမ်းပါသွားသေး သလား (ပါ-ပါတယ် ဘုရား) ဝမ်းဗိုက်ကလေး (မှန်ပါ့) ဒါဖြင့် ဟိုနေရာကျတော့ လျှောမှ လျှောပါ့မလားမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (လျှောပါတယ် ဘုရား)။
ဝမ်းရှိနေရင် လျှောမှာပါ
ဒါဖြင့် ဝမ်းမရှိမှ မလျှောနိုင်မှာ (မှန်ပါ့) ဝမ်းရှိနေရင် (လျှောမှာပါ ဘုရား) ဒကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီ တေဇော မရှိမှ ခန္ဓာမရှိမှ အိုမင်း, သေမင်း လွတ်မယ် (မှန်ပါ့) ခန္ဓာရှိနေရင် (အိုမင်း, သေမင်း မလွတ်ပါ ဘုရား)။ အိုမင်း, သေမင်း လွတ်စရာအကြောင်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒါတွေ စဉ်းစားလိုက်တော့မှ ဪ သူက ပေါက်ပွားတယ်၊ သူက ပေါက်ပွားပြီး သူ့ပဲ နှိပ်စက်တာပဲဆိုတော့ ဒကာ ဒကာမတွေ မှိုနဲ့ တူနေပြီ မောင်နိုင် ရေ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
မှိုကလေး မြေထဲက ထွက်လာတော့ မှိုအုန်းနက်တို့၊ ငှက်စာမှိုတို့ မြေထဲက ထွက်လာတော့ မြေကလေးက သူ့ခေါင်းပေါ်မှာ ပါမှပါရဲ့လားမေးရင် (ပါ-ပါတယ် ဘုရား)။
မြေထဲကထွက်လာတာကိုး၊ မြေထဲက ထွက်ခဲ့တော့ မြေပါလာတယ် (ပါလာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တော်တော်ကြာလို့ရှိရင်ဖြင့် ဒီမြေနဲ့ပဲ ဒီမှိုသည်ကားလို့ဆိုရင်ဖြင့် ရင့်ရော်ပြီး ဒီမြေပိတာနဲ့ပဲ ဒီမြေပေါ် ပြန်ရောက်တာပဲ (ရောက်ပါတယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
လူလဲ မနုတ်ဘူး သမင်, ဒရယ်, ဂျီငယ်, စိုင်, ဆတ် မစားဘူးဆိုရင်ဖြင့် သူယူလာတဲ့ မြေနဲ့ပဲ သူသေရတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ ယူလာတဲ့ တေဇောနဲ့ ခင်ဗျားတို့ ဘာဖြစ်ရမယ်ထင်သတုန်း – (သေရပါမယ် ဘုရား)။
စဉ်းစားကြည့်ပါ၊ ဒါ့ကြောင့် နိဗ္ဗာန်မှာ ပထဝီ အာပေါ တေဇော ဝါယော မရှိဘူးကွ (မှန်ပါ့)။
ဘယ့်နှယ်တုန်း မောင်နိုင် (မရှိပါ ဘုရား)။
ပထဝီ မရှိတော့ ပထဝီဓါတ်သတ်လို့ သေဖို့ရှိသေးရဲ့လား (မရှိပါ ဘုရား) အာပေါ မရှိတော့လဲ ဝမ်းလျှောသေဖို့ (မရှိပါ ဘုရား) တေဇော မရှိတော့လဲ အပူလောင်သေဖို့ (မရှိပါ ဘုရား) ဝါယောမရှိတော့လဲ ယောင်ဖော သေဖို့ (မရှိပါ ဘုရား)။
နိဗ္ဗာန်မှာ ပထဝီ အာပေါ တေဇော ဝါယော မရှိဘူး
ဪ ဒါ့ကြောင့် နိဗ္ဗာန်မှာ ပထဝီ အာပေါ တေဇော ဝါယော မရှိဘူးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ တက်ဖို့ကောင်းပြီ (ကောင်းပါပြီ ဘုရား) သေမင်းကြီး လွတ်တဲ့နေရာ၊ ဒါ့ကြောင့် အမတ- ဆိုတဲ့နာမည် ကိုစောမောင် ပေးထိုက်-မပေးထိုက် (မှန်ပါ့-ပေးထိုက်ပါတယ် ဘုရား)။
မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတာ ပေးထိုက်ကြပြီလား (ပေးထိုက်ကြပါတယ် ဘုရား) ဘာ့ကြောင့် သေမင်း မရှိဘူး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သေမင်းတွေကော (မရှိပါ ဘုရား) အဲ သေသေချာချာ ကြိုက်ဖို့ကောင်းတယ်။
ဒကာ ဒကာမတို့ ဒီလို လည်လည်ပယ်ပယ် သိရမှလဲ နိဗ္ဗာန် သဘောကျမှာ (မှန်ပါ့)။
နို့ မဟုတ်ရင်ဖြင့် သေမင်းနိုင်ငံချည်း ခင်ဗျားတို့ ခေါင်းလျှိုပြီး တောင်းနေတာပဲ (မှန်ပါ့)။
ဒကာကြီးလှိုင် ဒီတစ်ခါ အိုတယ်ကွာ၊ ပြန်ပြီး ပျိုချင်တယ်ဆိုတော့ ပျိုပျိုနဲ့ အခွန်ဆက်ချင်လို့ပေါ့ သေမင်းကို-(မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
အေး ဒါ့ကြောင့် ဆိုးဝါးလွန်းလို့ သစ္စာမသိတော့ မောင်နိုင် ရေ အင်မတန် ဆိုးဝါးတယ် (ဆိုးဝါးပါတယ် ဘုရား) သေမင်းချည်း ထိုးအပ်နေတယ် (မှန်ပါ့)။
ခန္ဓာကိုယ် ဘယ်သူ့ချည်း ထိုးအပ်နေသလဲ (သေမင်းချည်း ထိုးအပ်နေပါတယ် ဘုရား) သေမင်းချည်း ထိုးအပ် နေတယ်ဆိုတော့ လွဲသေးသလား (မလွဲပါ ဘုရား)။
အေး ဒါ့ကြောင့် ခင်ဗျားတို့ ခန္ဓာထဲက ပေါက်ပွားလာတဲ့ ဇရာ မရဏ ဆိုတော့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ကဲ ဒါနဲ့ ဘုရားက ဒီလိုတွေးကွတဲ့၊ အိုမင်း, သေမင်း နှစ်ခု ဘယ်ကလာသတုန်းဆို ခန္ဓာက လာတယ်လို့တွေး၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒီခန္ဓာ ဘယ်ကလာသတုန်းလို့ဆိုတာ တွေးပါဦးစို့ ဆက်လက်ပြီး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီခန္ဓာ ဘယ်ကလာသတုန်း မိုးပေါ်ကျပဲလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဆုတောင်း တဏှာက လာတာ
ဟာ မိုးပေါ်ကျ မဟုတ်ပါဘူးကွ၊ ဆုတောင်း တဏှာက လာတာပါ (မှန်ပါ့) ဒကာ ဒကာမတို့ (ဆုတောင်း တဏှာက လာတာပါ ဘုရား)။
ဪ ခင်ဗျားတို့ လူဖြစ်ရပါလို၏ဆိုတော့လဲ ဆုတောင်းကို တောင်းမိကြတယ် (မှန်ပါ့) နတ်ဖြစ်ရပါလို၏ (တောင်းမိကြပါတယ် ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ (တောင်းမိကြပါတယ် ဘုရား) ဒီသား ဒီသမီးနဲ့ မခွဲရပါလို၏ (တောင်း ကြပါတယ် ဘုရား) တောင်းမိတာပဲနော် (မှန်ပါ့)။
ဘာတောင်းတာပါလိမ့်၊ သေမင်းတောင်းတာ (မှန်ပါ့) မောင်နိုင် (သေမင်းတောင်းတာပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (သေမင်းတောင်းတာပါ ဘုရား)။
သေမင်းတောင်းတယ်ဆိုတော့ ခင်ဗျားတို့ ဒီထက်တော့ ဆိုးဝါးတာတော့ မရှိဘူးထင်တယ်၊ ဟုတ်လား (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါပြောတော့ သိုးတစ်ကောင်သတ်တယ်ဆိုရင် နောက်သိုးက အတင်း လည်ပင်းစင်းခံတယ်ဆိုတဲ့ဥစ္စာ သိုးမိုက်-မိုက်နေတယ်လို့ဆိုလို့ရှိရင် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီမှာလဲ အမေတွ အဖေတွေ သေကုန်ပြီ၊ သေမင်းလက်တွင်းမှာပဲ သေသွားကြတယ်၊ နောက်ကလူက ဆုတောင်းတုန်း ရှိသေးတယ်၊ သိုးမိုက် – မိုက်တာမှ ဟုတ်ကဲ့လား၊ နောက်က ဒကာ ဒကာမတွေ သိုးမိုက်-မိုက်တယ်ဆိုတာ ခင်ဗျားတို့ ဘုန်းကြီးက စကားကြီးပြောတာလား၊ ကိုယ်မိုက်ပုံ တူတာလား (ကိုယ်မိုက်ပုံတူတာပါ ဘုရား)။
ဟို အမေ အဖေတွေကလဲ သေမင်းလက်တွင်း သေသွားပြီ၊ ဒီကလဲဆုတောင်းတုန်းပဲ၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည် ရောက်ဖို့ရာ ဟိုမှသေစရာအထည်ပဲ ပြန်တောင်းပြန်တယ်၊ ဘာမသိတာတုန်း ကိုစောမောင် (သစ္စာ မသိတာပါ ဘုရား) ဘယ်လောက်နာသတုန်း (နာပါတယ် ဘုရား) အနာကြီးနာတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာသိဖို့အရေးဟာ အလွန်ကြီးတော့တယ်ဆိုတာဖြင့် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ပြန်လှည့်လိုက်ပါ၊ အိုမင်း, သေမင်း ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ဒီခန္ဓာက ဘယ်ကလာပါလိမ့် (တဏှာကလာပါတယ် ဘုရား) ဆုတောင်း တဏှာကလာတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒီတဏှာ ဘယ်ကလာသတုန်း (ဆုတောင်း တဏှာက လာပါတယ် ဘုရား)။
ဒါက သမ္မသနသုတ်မှာ ဒီအတိုင်း ပဋိစ္စသမုပ္ပါဒ်ချုံးပစ်လိုက်တယ်- ဘုရားက ချုံးပစ်လိုက်တယ်နော် (မှန်ပါ့)။
ဆုတောင်း တဏှာကလာတယ်ဆိုတာ ဒကာ ဒကာမတွေ သေချာကြပြီလား (သေချာပါပြီ)။
ဪ ဒါဖြင့် သေမင်းလဲ မကြောက်နဲ့တော့ ကိုစောမောင် (မှန်ပါ့) ခန္ဓာလဲမကြောက်ပါနဲ့၊ ခန္ဓာလုပ်တဲ့ လက်သည် ကြောက်ရမယ် (မှန်ပါ့)။
ခန္ဓာလုပ်တဲ့လက်သည်ကြောက်ရမယ်
ဘယ်သူ့ကြောက်ရမလဲ (ခန္ဓာလုပ်တဲ့လက်သည်ကြောက်ရပါမယ် ဘုရား) ဘယ်သူပါလိမ့်ဗျာ (ဆုတောင်း တဏှာပါ ဘုရား) ဆုတောင်းတဏှာ၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဆုတောင်းတဏှာသည် ကြောက်စရာအကောင်းဆုံးတရား (မှန်ပါ့ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ ကြပ်ကြပ်စဉ်းစားပြီး တရားနာတဲ့ ပုဂ္ဂိုလ်များလဲဆုတောင်းဟဲ့ – တောင်းဟဲ့ဆိုတဲ့ ဆရာသမား တွေနဲ့ တွေ့သွားလို့ရှိရင်ဖြင့် သူလဲမသိရှာလို့ အတောင်းခိုင်းတာပဲ၊ တောင်းတဲ့လူကလဲ ရမ်းတောင်းလို့ရှိရင်ဖြင့် သေမင်းပဲ ရမယ် (မှန်ပါ့)။
ကိုစောမောင် ဒါ့ကြောင့် တရားချိန်ခွင် ပေးတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
တရားချိန်ခွင် ပေးထားတယ်ဆိုတဲ့ဥစ္စာ မတောင်းကောင်းတာ တောင်းနေမှာ သိပ်စိုးရိမ်တယ်၊ သေမင်းဆိုတာ မောင်နိုင် တောင်းကောင်း,မတောင်းကောင်း (မတောင်းကောင်းပါ ဘုရား) အိုမင်းကိုရော (မတောင်းကောင်းပါ ဘုရား)။
မတောင်းကောင်းတာကို ခင်ဗျားတို့က အရေးတကြီးထားပြီး သကာလ တောင်းဟဲ့-တောင်းဟဲ့ဆိုတဲ့ ဆရာသမား နဲ့လဲတွေ့မယ်၊ ကိုယ်ကလဲ တဏှာမသေသေးလို့ တောင်းချင်ချင်နဲ့ တွေ့မယ်ဆိုရင် သေချင်သေးလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သေချင်သေးလို့ပါ ဘုရား) မဟုတ်ဘူး၊ အခု သေစရာ အထည်လဲ သေရပြီလားလို့ မေးတော့ နီးပါပြီဘုရား (မှန်ပါ့)။
နီးတော့ အသေမဆက်မိမှာ စိုးလို့တောင်းတာလား၊ အဓိပ္ပာယ် ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
မိုက်ချက်သန်လိုက်တာ
ဘယ်လိုရောက်သွားသလဲ (အသေမဆက်မိမှာစိုးလို့လား) အသေမဆက်မိမှာစိုးလို့ တောင်းတယ်၊ အံမယ် မိုက်ချက်သန်လိုက်တာ မောင်နိုင် (မှန်ပါ့) ဘယ်သူ့သတ္တိပါလိမ့် ကိုစောမောင် ဒီဥစ္စာ (တဏှာ့သတ္တိပါ ဘုရား)။
တဏှာ့သတ္တိ၊ မသိမှုအဝိဇ္ဇာသတ္တိ၊ မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့အမှားကို ယနေ့ရှင်းရှင်းလင်းလင်း ပြင်ပေးနေတယ်ဆိုတာကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် အိုမင်း သေမင်း ဘယ်ကလာသလဲ (ခန္ဓာကလာပါတယ် ဘုရား) ဒီခန္ဓာ ဘယ်ကလာသတုန်း (ဆုတောင်းမှု တဏှာက လာပါတယ် ဘုရား)။
ဪ တဏှာက လာတယ်နော်၊ ဆုတောင်းတဏှာက၊ ဒါ့ကြောင့် သမုဒယကြောင့် ခန္ဓာ ဒုက္ခသစ္စာဖြစ်ရတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီ တဏှာသည်ကားလို့ဆိုရင် ကျုပ်တို့၏ ရန်သူအကြီးဆုံးပဲဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ တဏှာယောကျာ်းလက်သမား၊ ခန္ဓာကိုယ် လုပ်ရတော့မယ်လို့ နောက်ကိုမထင်နဲ့တော့ဆိုပြီး ဘုရားများ အနေကဇာ တင်တော့ ဘုန်းကြီးတွေ ရွတ်တာပါပဲ (မှန်ပါ့)။
တဏှာယောကျာ်း လက်သမား
တဏှာယောကျာ်း လက်သမား နောက် ခန္ဓာလုပ်ရလိမ့်မယ်လို့ မထင်နဲ့တော့၊ မင်းတည်းဟူသော လက်သမား ဆောက်လိုက်တဲ့ ခန္ဓာအိမ်ရခြင်းကြောင့် သေပွဲကို မနည်းတော့ဘူးဟေ့၊ မင်း-နောက်ကို ဒီခန္ဓာအိမ် ဆောက်ရလိမ့် မယ်လို့ မထင်နဲ့တော့လို့ ဘုရား ကြိမ်းဝါးတော်မူတယ် (မှန်ပါ့)။
အဲဒါ ဘုရားကြိမ်းဝါးတာကို မင်းတို့ လူစုတွေက မသိခင်တုန်းကတော့ ဘုရားအသက်သွင်းသလိုကို ကိုစောမောင် တို့က (မှန်ပါ့) ဒီဟာဆိုမှပဲ ဘုရား အထမြောက်တော့မလိုလို မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)။
ဘယ်ဟုတ်လိမ့်မတုန်းတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ တဏှာယောကျာ်း လက်သမား၊ မင်းတည်းဟူ သော လက်သမားက ငါ့ခန္ဓာအိမ်တွေ ဆောက်ခဲ့တဲ့အတွက် အိုမင်း၊ သေမင်းတွေ လက်တွင်းမှာ ငါ ထိုးထိုးအပ်ခဲ့ရတဲ့ ဘဝတွေများလှပါပြီကွာ၊ ဒီတစ်ခါတော့ မင်းက ခန္ဓာအိမ်ဆောက်ရလိမ့်မယ်ဆိုတာ မင်းကို ငါ နိုင်ပါပြီကွာ၊ မဆောက်ရ တော့ပါဘူး၊ စိတ်သာချပါတော့ (မှန်ပါ့) မင်းကို နိုင်ပါပြီလို့ ကြိမ်းဝါးတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သူ့အပေါ် ကြိမ်းဝါးလိုက်တာပါလိမ့် (တဏှာကို ကြိမ်းဝါးတာပါ ဘုရား) တဏှာအပေါ် ကြိမ်းဝါးတာ။
တဏှာအပေါ် ကြိမ်းဝါးတာကို ခင်ဗျားတို့က ဘုရားအသက်သွင်းတယ် ထင်နေရင်လဲ ခက်ပါပြီ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားအသက်သွင်းတာလား၊ တဏှာအပေါ် ကြိမ်းဝါးတာလား (တဏှာအပေါ် ကြိမ်းဝါးတာပါ ဘုရား)။
ဘုရားအသက်သွင်းလို့ ဘုန်းကြီးတွေက ဘယ်သွင်းတတ်လိမ့်မလဲ၊ ကိုယ့်အသက်မှ ကိုယ်မပိုင်တဲ့အထဲ၊ရုပ် ဇီဝိတ နာမ်ဇီဝိတကို သူတို့ဟာ သူတို့မှ မပိုင်တဲ့အထဲ ဘုရားအသက်သွင်းဦးမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင် ပါ ဘုရား)။
အေး ဒါ့ကြောင့် ဒကာ ဒကာမတွေ တဏှာယောကျာ်း လက်သမားဆိုတဲ့ဥစ္စာ ဒါ အော်တာပဲ ဘုရားက၊ သင်သည် နောက်ကို ခန္ဓာအိမ်ကို ဘယ်တော့မှ မဆောက်ရတော့ဘူး၊ မင်းနဲ့တကွ အပေါင်းအဖော်တွေပါ ငါသတ်ပြီးပြီ၊ ဒါ့ကြောင့် မင်းသည်ကားလို့ဆိုရင်ဖြင့် ငါက ကိလေသမာရ်ကိုအောင်ပြီကွ၊ ဒါပြောတာ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ဘုရားအနေကဇာတင်တယ် ဆိုတာ
ကိလေသမာရ်ကို (အောင်ပါပြီ) အဲဒီ ကိလေသမာရ်ကို အောင်တယ်ပြောတာ ဘုရားအနေကဇာတင်တယ် ဆိုတာ (မှန်ပါ့) ဒကာကြီးလှိုင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကဲ ဒါဖြင့် ခင်ဗျားတို့လဲ ဒါကို မကြိမ်းဝါးနိုင်သ၍ကာလပတ်လုံး သူ့ကိုမနိုင်သေးသ၍ကာလပတ်လုံး သူသည် ခန္ဓာ လုပ်ပေးနေမှာပဲ (မှန်ပါ့) ခန္ဓာလုပ်ပေးနေရင်ဖြင့် အိုမင်း, သေမင်း လက်မှာ အကုန်ထိုးအပ်ရမယ် (မှန်ပါ့) ဒကာ ဒကာမတွေ သဘောပါပြီလား (ပါ-ပါပြီ)။
ဒါဖြင့် လက်သည်းအရင်းကို မမိသေးဘူးလား (မိပါပြီ ဘုရား) ဘယ်သူပါလိမ့် (တဏှာပါ ဘုရား) တဏှာပဲ၊ ရှင်းကြရောပေါ့ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည်ကားလို့ဆိုရင်လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ အရင်းကျကျ တွေးပါဦးကွာတဲ့၊ သူပဲ လက်သည်ပဲလား၊ ဒီပြင်များလဲ မင်းတို့ ရှိသေးသလားဆိုတာလဲ မင်းတို့လျှောက်ပြီး ပဋိလောမ နောက်ဆုတ်တွေးပါဦးတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဒီတဏှာ ဘယ်ကလာသတုန်းလို့ တွေးပါဦး (ဝေဒနာက လာပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် နည်းတော့ ဝေဒနာကလာတယ်၊ သဘောကျပြီလား (ကျပါပြီ)။
ဟုတ်ပါတယ်တဲ့၊ ဒါလဲ အင်မတန် မှန်ပါတယ်တဲ့။
သို့သော်လဲ ဒီသုတ်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝေဒနာက လာတယ်ဆိုတာလဲ အတွင်းဝင်သွားတာပဲ၊ ဒီသုတ်မှာတော့ ဘယ်လိုဟောလိုက်သတုန်းဆိုတော့ သမ္မသနသုတ်မှာ ကွာတဲ့၊ မင်းတို့ ခင်စရာ မင်စရာက လာတဲ့ တဏှာတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဘာကလာသတုန်း (ခင်စရာ, မင်စရာက လာပါတယ် ဘုရား) ခင်စရာ မင်စရာ ဝတ္ထုပစ္စည်းတွေက လာတယ်တဲ့၊ သဘောပါပြီလား (ပါပါပြီ)။
ဒီတဏှာဟာ ဝမ်းထဲမှာ အလိုလိုရှိနေတာလား၊ ခင်စရာ, မင်စရာရှိမှ ခင်ဆိုတာပေါ်တာလား (ခင်စရာ, မင်စရာရှိမှ ပေါ်လာတာပါ ဘုရား)။
ခင်စရာ မင်စရာကြောင့် ခင်လုံးတဏှာ လာတာ
ဒါဖြင့် ဘုရားလက်သည်ရှာတာ ကိုက်ပြီ (မှန်ပါ့) ခင်စရာ မင်စရာကြောင့် ခင်လုံးတဏှာ လာတာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဘာလက်သည်တွေ့ပါလိမ့် (ခင်စရာ, မင်စရာ လက်သည်တွေ့ပါတယ် ဘုရား)။
ခင်စရာ, မင်စရာဆိုတော့ ကိုယ့်ခန္ဓာကြီး ကိုယ်လှည့်ပြီးတော့လဲ မှန်လှည့်ကြည့်ကြည့်၊ အပေါင်းအထုတ်နဲ့ပဲ ကြည့်ကြည့် ခင်စရာ, မင်စရာဖြစ်လာရင် တဏှာလာတာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ကိုယ့်သားသမီးတွေ လူလားမြောက်ပြီး သကာလ တွင်တွင်ကျယ်ကျယ်ကလေးနဲ့ နေပြန်လို့ရှိရင်လဲ အမေမိဘက ဘာဖြစ်လာသလဲ (ခင်စရာ, မင်စရာ ဖြစ်လာပါတယ် ဘုရား) ခင်စရာ, မင်စရာကြောင့် ဘာဖြစ်လာသလဲ (တဏှာ ဖြစ်လာပါတယ် ဘုရား) ခင်တဲ့တဏှာ ဖြစ်လာတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာမှာလဲ အကြောင်းရှိလေရဲ့ (မှန်ပါ့) မောင်နိုင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ်ကလာပါလိမ့် (ခင်စရာ မင်စရာက လာပါတယ် ဘုရား) ခင်စရာ, မင်စရာ လာတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒါ ဒကာ ဒကာမတွေလဲ လောကွတ်ပျူငှာတွေနဲ့ ကျုပ်က ခင်တတ်, မင်တတ်တယ်နော်၊ မျက်စိမျက်နှာများ မှတ်ထားပါဦးတဲ့၊ တယ်လဲ သေချင်သကိုး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်တုန်း ကျုပ်က ခင်တတ်, မင်တတ်တယ်၊ တွေ့လို့ရှိရင်လဲ လောကွတ်ကယ်လို့တောင် မအောက်မေ့ပါနဲ့တဲ့၊ တကယ့်သေချင်ပါတယ်ဆိုတာ ပါသေးတယ် (ပါ-ပါသေးတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
လောကွတ်ကယ်လို့ အောက်မေ့မသွားပါနဲ့၊ တွေ့လို့ပြောတယ်လို့ ဒီလိုများ မအောက်မေ့လိုက်ပါနဲ့တဲ့၊ ဘယ်လောက်ထိအောင် သေမင်းကြိုက်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့အသုံးအနှုန်းဟာက ခင်ဗျားတို့ ရင်ဝလှံနဲ့ထိုးတာပဲ (မှန်ပါ့) မဟုတ်ဘူးလား နောက်တဖန်သေဖို့ ရင်ဝလှံနဲ့ထိုးတာပဲ၊ မောင်နိုင် (မှန်ပါ့)။
အဲဒါကိုပဲ လောကကြီးထဲမှာ ဒကာ ဒကာမတွေက သစ္စာမသိတော့ တယ်အပြောအဆိုက ကောင်းတာကိုး၊ လွမ်းလောက်အောင်ပြောတာပဲတဲ့၊ အင်း ကိုစောမောင် သွားပြီ (သွားပါပြီ) မသွားသေးဘူးလား။
နှုတ်ကတယ်ချိုတာကိုး၊ ပြီးတော့လဲ စိတ်ပါလက်ပါကိုများတောင် ချီးမွမ်းလိုက်သေးတယ်၊ သွားပြီ၊ စိတ်ပါ လက်ပါဆိုတော့ သာဆိုးတာပေါ့ (မှန်ပါ့) မဆိုးသေးဘူးလား (ဆိုးပါတယ် ဘုရား)။
လောကကြီးမှာ အမေအဖေကလဲ ဒါပဲသင်တယ်၊ မင်းအပြောအဆိုက သိပ်ညံ့တာကိုး၊ ကိုယ့်ခင်အောင်မှ မပြောတတ်ပဲကိုး (မှန်ပါ့) ကိုယ်သေအောင် မပြောတတ်ဘူးဆိုတာနဲ့ကော (တူတူပါပဲ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အမယ်လေး ဒကာ ဒကာမတွေ တော်တော်ဆိုးနေတယ်ဆိုတာဖြင့် ရှင်းရှင်းလင်းလင်း သဘောကျဖို့ကောင်း ပါတယ် (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ)။
တဏှာ ဘယ်ကလာပါလိမ့်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာ ဘယ်ကလာပါလိမ့်မတုန်း (ခင်ရာမင်ရာက လာပါတယ် ဘုရား)။
ဒါဖြင့် ခင်စရာမင်စရာကြောင့် ခင်ဗျားတို့ တဏှာဖြစ်တယ်၊ တဏှာကြောင့် ခန္ဓာရတယ်၊ ခန္ဓာရလို့ အိုဘေး, သေဘေး, သင့်တယ်၊ ပေါ်ပြီလား (ပေါ်ပါပြီ)။
အဲဒီတော့ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးကွာတဲ့၊ မင်းတို့အတွက် လောကတ္ထစရိယံ ဆိုပြီးတော့ ငါကျင့်ခဲ့ ပါတယ်တဲ့၊ လောကလူတွေ ကယ်တင်ချင်လွန်းလို့နော် (မှန်ပါ့)။
ကျင့်လာတော့ ငါအခု မင်းတို့ကိုရှင်းပြပါ့မယ် မင်းတို့ကလဲ သေဆေးကြီးတောင်းတယ်၊ ခင်စရာမင်စရာကို ခင်လိုက်မင်လိုက်တော့ ခင်တဲ့စိတ်ကလေး ဝမ်းထဲရောက်သွားတော့ သေဆေးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
မင်းတို့ကလဲ သေဆေးကြီး သောက်နေတယ်၊ ငါကလဲ ဒီသေဆေး ရှောင်စေချင်တယ်၊ သဘောကျပြီလား (ကျပါပြီ)။
ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယံ ဆိုတဲ့အတိုင်း ငါသည် လောကကြီးကို အကုန်ကယ်တင်မယ်လို့လာတာ၊ မင်းတို့ကလဲ သေတတ်တဲ့ ဆေးချည်း ခင်စရာ မင်စရာကို ခင်ပြီး သကာလ နေတဲ့ သေဆေးဆိုတဲ့တဏှကိုပဲ သောက်နေတယ် (မှန်ပါ့)။
ဒီတဏှာသောက်နေသ၍ ကာလပတ်လုံးဖြင့် ဟို ခန္ဓာရပြီး အိုဘေး, နာဘေးကဖြင့် မောင်နိုင် လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
ဒါဖြင့် အဲ့ဒါကလေးတစ်ခုတော့ဖြင့် မင်းတို့ကိုကွာတဲ့၊ ငါသတိပေးပါရစေဆိုပြီး ဘုရားကသတိပေးရှာတယ် (မှန်ပါ့)။
သတိပေးတယ် ဒကာ ဒကာမတို့ ဒါတရားသားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) တရားသားလို့ မှတ်လိုက်စမ်းပါတဲ့။
အဆိပ်ထည့်ထားတဲ့အရက်
ခင်စရာမင်စရာလို့ မင်းတို့က ထင်တဲ့ဥစ္စာဟူသ၍ဟာ အဆိပ်ထည့်ထားတဲ့အရက်ပါကွာ (မှန်ပါ့)။
မောင်နိုင် ခင်စရာ မင်စရာဆိုတာ (အဆိပ်ထည့်ထားတဲ့အရက်)
ဒကာ ဒကာမတို့ ဘာတဲ့တုန်း (အဆိပ်ထည့်ထားတဲ့အရက်ပါ ဘုရား)။
အဆိပ်ထည့်ထားတဲ့ အရက်ကိုတဲ့ မင်းတို့ကလဲ ဘဝများစွာ သံသရာက ငတ်ပြီးသေလာကြတယ်။
ဘဝများစွာ သံသရာက ဘာတဲ့ (ငတ်ပြီးသေကြပါတယ် ဘုရား)။
ငတ်ပုံကလေးတော့ နည်းနည်းရှင်းပြပါရစေနော် (မှန်ပါ့) ငတ်ပုံကလေးတော့ ရှင်းပြပါရစေတဲ့၊ ဒီဘဝ သားတွေ သမီးတွေ ခင်လုံးမင်လုံးဝပြီး သေသွားတဲ့ မိဘများတွေ့ဘူးရဲ့လား (မတွေ့ဘူးပါ ဘုရား) ဒါဖြင့် ငတ်သေပဲ (မှန်ပါ့) မပြည့်ပဲနဲ့သေတယ်၊ သဘောကျပြီလား (ကျပါပြီ)။
ညီအကို မောင်နှမတွေကော ဒကာ ဒကာမတို့ အခင်ဇာတ်သိမ်းပြီး သကာလ သေသွားတာကော (မရှိပါ ဘုရား) မရှိဘူး။
ဒါဖြင့် သူလဲ ထည့်လိုက်စမ်း (ငတ်သေပါ ဘုရား) ငတ်သေဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကဲ ဦးဘအုန်းကြီးတို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ငတ်သေတဲ့ပုဂ္ဂိုလ်က ဖျတ်ဆိုစုတိကနေ ပဋိသန္ဓေ သွားပြန်တော့ သူအငတ်က အထုံပါလာတယ် (မှန်ပါ့ ဘုရား) အထုံပါလာတော့ နောက်ဘဝ ခင်စရာမင်စရာတွေ့ပြန်တော့ နင်းသောက်ပစ်လိုက်တယ် (မှန်ပါ့)။
အဆိပ်ပါတဲ့အရက်ကို မသောက်ဘူးလား (သောက်ပါတယ် ဘုရား) တယ်လဲဆိုးဝါးပါကလား (ဆိုးဝါးပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် မဆင်ခြင်ပဲနဲ့ သောက်မိပါလိမ့်မတုန်း။ ဒီခင်စရာ မင်စရာတွေ သွားသောက်လို့ရှိရင် တဏှာနဲ့ သောက်လိုက်တာကိုး (မှန်ပါ့)။
တဏှာနဲ့သောက်လိုက်တော့ ခန္ဓာရမယ်၊ ခန္ဓာရတော့ အိုဘေး, နာဘေး, သေဘေးနဲ့ မောင်နိုင် (တွေ့ပါတယ် ဘုရား) မသေရပေဘူးလား (သေရပါတယ် ဘုရား)။
အဲဒီတော့ မသောက်ပဲနဲ့နေရမှာ ဥစ္စာကို၊ သူတို့က ခင်စရာ မင်စရာတည်းဟူသော အဆိပ်နဲ့ရောထားတဲ့ အရက်ကို သွားသွားသောက်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
သွားသောက်တဲ့အခါကျတော့ ကိုစောမောင် နောက် အိုဘေး သေဘေးက ဘယ့်နှယ်တုန်း (တွေ့မှာပါ ဘုရား)။
အငတ်ပြဿနာ
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူး လို့ရတဲ့ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်လိုက်တဲ့အခါကျတော့ မင်းတို့ကလဲ တစ်သံသရာလုံး ငတ်ပြီး သကာလ လာခဲ့တဲ့ အတွက် တွေ့ရာသောက်တော့တယ်၊ အခု သားသမီးနဲ့တွေ အခု သားသမီးခင်တယ်၊ အခု ခန္ဓာနဲ့တွေ့ရင် (အခုခင်ပါတယ် ဘုရား) ဘာဖြစ်လို့ ဒါလောက်တောင် အခင်ရဲရပါလိမ့်မတုန်း၊ အို ဘဝများစွာက ငတ်လာတာ (မှန်ပါ့) ဆာလောင် မွတ်သိပ်လာတယ်၊ ဒီလိုအစာတွေကို စားချင်လာတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ) တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
အခု ဒီဘဝတွေ့တာလဲ မဝပဲနဲ့သေ ၊ နောက်ဘဝတွေ့မှာတွေကော (မဝပဲနဲ့သေပါ ဘုရား)။
ဒါဖြင့် ဘယ်တော့များ အငတ်ပြဿနာပြီးခဲ့သတုန်း (မပြီးခဲ့ပါ ဘုရား) အငတ်ပြဿနာ ဇာတ်သိမ်းခဲ့တယ်လို့ လာရဲ့လား (မလာပါ ဘုရား) သေချာကြပြီလား (သေချာပါပြီ)။
အဲဒီတော့ တွေ့ရာခင်တယ်၊ အငတ်သမားမို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒါ့ကြောင့် ခင်စရာမင်စရာ တွေကို နင်းသောက်တာကိုး၊ သူတို့ကတော့ မသိရှာဘူး၊ ငါဘုရား သဗ္ဗညုတဉာဏ်နဲ့ကြည့်လိုက်တော့ အဆိပ်နဲ့ရောထားတဲ့ အရက်တွေဟေ့ ခင်စရာ မင်စရာဆိုတာ။
ကိုစောမောင် ဘာတဲ့တုန်း (အဆိပ်နဲ့ရောထားတဲ့အရက်ပါ ဘုရား) အဲဒါဘာတွေတုန်း (ခင်စရာ မင်စရာတွေပါ ဘုရား)။
အဲဒါ သူက သွားသွားခင်တော့ သောက်ရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သေဖို့ပဲပြင်တော့ (မှန်ပါ့)။
အဲဒီတော့ ငါဘုရားပွင့်လာတာက မင်းတို့ကို အသောက်မှားမှာစိုးလို့ပွင့်လာတာ (မှန်ပါ့) ဘုရားပွင့်လာတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘဝများစွာက ငတ်လာတော့
ဒကာ ဒကာမတွေက ဘဝများစွာက ငတ်လာတော့ တွေ့ရင် အကုန်သောက်မယ်ဆိုတဲ့ အဓိပ္ပါယ်ကပါတယ် (ပါ-ပါတယ် ဘုရား)။
ဟောဒါ အဆိပ်နဲ့ရောထားတာကွ – မသောက်ပါနဲ့ဆိုဖို့ရာ ငါဘုရားဟာ ပွင့်လာတာ၊ ကိုစောမောင် တရားသား ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒကာကြီးလှိုင် ဘယ့်နှယ်တုန်း (တရားသားပေါ်လာပါတယ် ဘုရား) တရားသားပေါ်ပြီနော် (မှန်ပါ့)။
အခုကော မောင်အုန်းဖေ သောက်တုန်းပဲလား (သောက်တုန်းပါ ဘုရား) ဟာ ဂွကျလိုက်တာ (မှန်ပါ့)။
အင်မတန် ဆိုးဝါးနေတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အင်း နောက်သေထည်ရှာပြန်ပြီ – ဒီအဘိုးကြီးဟာ၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဘာလို့တုန်း၊ ခင်စရာ, မင်စရာဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ အဆိပ်နဲ့ရောထားတဲ့အရက်လို့ ဘုရားက ဟောတယ် (မှန်ပါ့ ဘုရား)။
အဲ့ဒါ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးပွင့်လာတာ ဟေ့ သံသရာခရီးသည် အငတ်သမား၊ သွားမသောက်နဲ့၊ သွားသောက်လို့ရှိရင် သေလိမ့်မယ်၊ မသေတောင် မလှတပ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့် မင်းတို့ ရှောင်ကြဆိုတာ ဘုရားက ဟောရှာတယ်၊ ဒကာ ဒကာမတွေကလဲ ဘုရားကတော့ ဟောတာမှန်ပါရဲ့ ကိုယ်က မနေနိုင်ဘူး (မှန်ပါ့)။
အဆိပ်နဲ့ရောထားလို့ မသောက်နဲ့
ဒကာကြီးလှိုင် ဘုရားဟောတာတော့ (မှန်ပါတယ် ဘုရား) အဆိပ်နဲ့ရောထားလို့ မသောက်နဲ့လို့ မခင်နဲ့လို့ ပြောတာမဟုတ်လား (ပြောပါတယ် ဘုရား) ကိုယ်က ဘယ့်နှယ်တုန်း (မနေနိုင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ကိုယ်က မနေနိုင်ပါလိမ့်မတုန်းဆိုတော့ တစ်သံသရာလုံး ငတ်လာတာဘုရား၊ တွေ့တာပဲ သောက်ပါရစေတော့၊ သေကာမှ သေရော့ဆိုတော့ သေကာမှ သေရောနဲ့ချည်းသောက်လာတယ်။
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတိတ်ကလဲ ဒီလို သောက်ခဲ့လို့ သေခဲ့လှပြီကွာ၊ နောင်လဲ ဒီလိုသောက်ရင် (သေဦးမှာပါပဲ) အခုလဲ အသောက်မလျှော့သေးရင် (သေဦးမှာပါပဲ ဘုရား)။
သေဦးမှာပဲဆိုတာကွာတဲ့၊ မင်းတို့ ဒါ့ကြောင့် ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ‘သတ္ထာဒေဝမနုဿာနံ’ ဆိုတဲ့အတိုင်း ငါ-ဆေးသမားကြီးပါကွာတဲ့၊ ဟောဒါ ရောထားတာ ဧကန် ငါသိတယ်တဲ့။
သား, သမီး အာရုံတွေဟာလေ အဆိပ်နဲ့ရောထားတာ (မှန်ပါ့)။
ဒကာ ဒကာမတွေက မသိလို့ သူတို့ဘက် လှည့်လိုက်တယ်ဆို ဝမ်းထဲကိုပူလာတာပဲ၊ သူတို့ ခင်စိတ်ကလေး လာတယ်ဆိုရင်ဖြင့် ခင်စိတ်နောက်ကနေပြီး စိုးရိမ်စိတ်ကလေးလိုက်လာပြီး ပူလာတယ်၊ မပူဘူးလား (ပူပါတယ် ဘုရား) အဆိပ်မှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
တော်တော်ကြာကျလို့ရှိရင် မျက်စိအောက်က ပျောက်သွားလို့ရှိရင် ပြာလာတာပဲ၊ အဆိပ်သင့်နေပြီ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မျက်စိအောက်က ပျောက်သွားရင် ဘယ်သွားပါလိမ့်ဆိုပြီး သကာလ ပြာလာတာလဲ ဘာဖြစ်ကြတာလဲ (အဆိပ်သင့်တာပါ ဘုရား)။
မသောက်ပဲနဲ့ဖြစ်တာလား၊ သောက်လို့လား (သောက်လို့ပါ ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက တစ်ချို့မှာ ကြမ်းခုန် မြေလူးတွေဟာလဲ၊ ဟ ဘာဖြစ်ကြတာတုန်း (သောက်လို့ပါ ဘုရား) သောက်လို့ဖြစ်တာတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီလောက် ခင်ဗျားတို့သည်ကားလို့ဆိုရင် ဘယ့်နှယ်ကြောင့် ဒါလောက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ သူပွင့်လာတာ ဒီအဆိပ်တွေကို တားမြစ်ဖို့ပွင့်လာတာ၊ ခင်ဗျားတို့ကလဲ အရဲကိုး, ကိုးပြီး သကာလ သောက်နေတော့ ချက်ခြင်းသောက်သည်နှင့်တစ်ပြိုက်နက်တည်း မောင်နိုင် ဒုက္ခတွေ့တာပဲ (မှန်ပါ့) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
သောက်ပြီးလို့ အဆိပ်သင့်တယ်
အိမ်ထောင်ရယ်လို့ကျလို့ ဒီလူနဲ့အိမ်ထောင်မကျခင်တုန်းက ဘာမှမဖြစ်ဘူး၊ အိမ်ထောင်ကျမယ်ဆိုလို့ရှိရင် ဒီအချိန်တောင်ပြန်မလာသေးဘူးဆိုတဲ့ ဒီအဓိပ္ပါယ်ဟာ ကိုစောမောင် အိမ်ထောင်မကျခင်က လာတတ်သလား၊ အိမ်ထောင်ကျပြီးမှ လာတတ်သလား (ကျပြီးမှ လာတတ်ပါတယ် ဘုရား)။
ဘာဖြစ်လို့တုန်း သောက်ပြီးလို့ အဆိပ်သင့်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ပါလိမ့် (သောက်ပြီးလို့ အဆိပ်သင့်ပါတယ် ဘုရား) သောက်ပြီးလို့ အဆိပ်သင့်တယ်ဆိုတာ သေချာ ကြပြီလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူပွင့်လာတာ အဆိပ်သောက်မှားမှာစိုးလို့ ငါပွင့်ခဲ့တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်အကျိုးငှာ ပွင့်သတုန်း ( အဆိပ်သောက်မှားမှာစိုးလို့ပါ ဘုရား) ကဲ ဒါဖြင့် လောကကြီးအတွက် သူကျင့် လာတယ်ဆိုတာ မှန်ပြီလား (မှန်ပါပြီ ဘုရား)။
ငါသည် ဆေးသမားကြီးပါကွာတဲ့၊ အဆိပ်နဲ့ရောထားရင်လဲသိပါတယ်၊ ရေကောင်းလဲ ငါသိပါတယ်တဲ့၊ သောက် ချင်လို့ရှိရင် မင်းတို့ ဒီလောက် ဆာလို့ရှိရင် ရေကောင်းသောက်ပါ၊ နွားနို့သောက်ပါတဲ့၊ ဒီအဆိပ်နဲ့ရောထားတဲ့အရက် ကို မသောက်နဲ့တဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မသောက်နဲ့ဆိုသလား – အသောက်မှားတာကိုသာ ကန့်ကွက်သလား (အသောက်မှားတာကို ကန့်ကွက်တာ ပါ ဘုရား) ဒါဖြင့် ဒီလိုလုပ်ပါတဲ့၊ ကိုယ့်ခန္ဓာခင်လို့ရှိရင်လဲ အသောက်မှားတာပဲ (မှန်ပါ့) တစ်ပါးသော ခန္ဓာခင်ရင်လဲ (အသောက်မှားတာပါ ဘုရား)။
အဲဒီတော့ကို အဆိပ်နဲ့ရောထားတာ မသောက်ဖြစ်အောင် ဒီလိုလုပ်ပါကွာတဲ့၊ မင်းသည်ကားလို့ ဆိုလို့ရှိရင် ဖြင့် ဒီခန္ဓာကြီးကို ဉာဏ်နဲ့ဝိပဿနာရှုရတော့မယ် ကိုစောမောင် (မှန်ပါ့)။
ခန္ဓာကိုယ်ကို ဝိပဿနာရှုကြ
ဟောဒီ ခန္ဓာကိုယ်ကြီးက မိမိခန္ဓာကြီးဟာ အနိစ္စခန္ဓာကိုယ်, ဒုက္ခခန္ဓာကိုယ်, အနတ္တခန္ဓာကိုယ်, ရောဂခန္ဓာကိုယ် ဟုတ်လား ဘေးသင့်တဲ့ ခန္ဓာကိုယ်လို့ ကြပ်ကြပ်ရှုပေးစမ်းပါဆိုတော့ သောက်ချင်သေးရဲ့လား (မသောက်ချင်ပါ ဘုရား)။
ဒါဖြင့် အဆိပ်မသင့်အောင် ခန္ဓာကိုယ်ကို ဝိပဿနာရှုကြ။
မင်းတို့ သောက်ချင်လို့ရှိရင် ရေကောင်းသောက်ပါ၊ နွားနို့သောက်ပါတဲ့၊ ဒီအဆိပ်နဲ့ရောထားတဲ့ အရက်တော့ မသောက်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မသောက်နဲ့ဆိုသလား – အသောက်မှားတာကိုသာ ကန့်ကွက်သလား (အသောက်မှားတာကို ကန့်ကွက် ပါတယ် ဘုရား)။
ဒါဖြင့် ဒီလိုလုပ်ပါတဲ့၊ ကိုယ့်သန္တာန်ခင်လို့ရှိရင်လဲ အသောက်မှားတာပဲ (မှန်ပါ့) တစ်ပါးသောခန္ဓာခင်ရင်လဲ (အသောက်မှားတာပါ ဘုရား)။
အဲဒီတော့ အဆိပ်ရောထားတာ မသောက်ဖြစ်အောင် ဒီလိုလုပ်ပါကွာတဲ့၊ မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးကို ဉာဏ်နဲ့ ဝိပဿနာရှုရတော့မယ် ကိုစောမောင်,ရေ အဆိပ်သောက်မမှားအောင် (မှန်ပါ့)။
ဟောဒီ ခန္ဓာကိုယ်ကြီးဟာ မိမိခန္ဓာကြီးဟာ အနိစ္စခန္ဓာကိုယ်, ဒုက္ခခန္ဓာကိုယ်, အနတ္တခန္ဓာကိုယ်, ရောဂခန္ဓာကိုယ်လို့ ဟုတ်လား၊ ဘေးသင့်တဲ့ ခန္ဓာကိုယ်လို့ ကြပ်ကြပ်ရှုပေးစမ်းပါဆိုတော့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါ ဘုရား)။
ဒီခန္ဓာကြီးဟာ နိစ္စပဲဆိုရင် သောက်ပြီ၊ သုခပဲဆိုရင် (သောက်ပါပြီ ဘုရား)၊ အတ္တပဲဆိုရင် (သောက်ပါပြီ ဘုရား) အရောဂ = အနာမရှိဘူးထင်ရင်ယော (သောက်ပါပြီ ဘုရား) ဘေးမရှိဘူးဆိုရင်ရော (သောက်ပါပြီ ဘုရား) ဒါက သောက်ဖြစ်တာပဲ (မှန်ပါ့)။
ဒါဖြင့် ဝိပဿနာမှတစ်ပါး မောင်နိုင် ကယ်မည့်သူ မပါတော့ဘူး (မပါ-ပါ ဘုရား) ကိုစောမောင် ဒါ-ဝိပဿနာ ဟောချင်လို့ သူ့ခမျာ လာရှာတာ (မှန်ပါ့) ဒါလောက်ချီပြီး တရားတွေလာတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီခန္ဓာကြီးကိုကွာတဲ့၊ အနိစ္စတော, ဒုက္ခတော, အနတ္တတော, ရောဂတော, ဘယတော ဆိုပြီး ရှုစမ်းပါတဲ့ဆိုတော့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါ ဘုရား) ကိုစောမောင် အဆိပ်နဲ့ရောသေးရဲ့လား (မရောပါ ဘုရား) တဏှာ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား) ဒါဖြင့် ဉာဏ်နဲ့သောက် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဉာဏ်နှင့်သောက်လိုက်တော့ တဏှာမသေဘူးလား
ဉာဏ်နှင့်သောက်လိုက်တော့ တဏှာမသေဘူးလား (သေပါတယ် ဘုရား) တဏှာသေတော့ ခန္ဓာလာသေးရဲ့ လား (မလာပါ ဘုရား) ခန္ဓာမလာတော့ အိုမင်း, သေမင်းတွေနဲ့ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
ဟာ ဒါ-ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းဆိုတော့ အဆိပ်နဲ့ရောတာမသောက်ပဲနဲ့ ရေသက်သက်ရောတာ သောက်လိုက်လို့ (မှန်ပါ့) အမောလဲ ပြေသေးတယ် (မှန်ပါ့) နွားနို့သောက်လိုက်လို့ အားလဲရှိတယ်၊ အမောလဲပြေတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့အိမ်မှာ ဘာများလုပ်နေကြပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် မောင်နိုင် အဖြေထွက်ပြီ (ထွက်ပါပြီ ဘုရား) အဆိပ်တွေ သောက်နေကြတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမတုန်း (အဆိပ်တွေသောက်နေပါတယ် ဘုရား) အဆိပ်တွေသောက်နေတော့ ထိတ်ကနဲ့ ပြာကနဲ့ မျက်ရည်ပူကလေးကျသနဲ့ မလာဘူးလား (လာပါတယ် ဘုရား)။
ဟ ဘယ့်နှယ်ကြောင့်တုန်း (အဆိပ်တွေသောက်လို့ပါ ဘုရား) ဟာ ဘယ်သူက တိုက်တာတုန်းဆိုတော့ ကိုယ်ငတ်လို့ ကိုယ်သောက်မိတာ (မှန်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက တိုက်တာတုန်း (ကိုယ်ငတ်လို့ ကိုယ်သောက်မိတာပါ ဘုရား) ကိုယ်ငတ်လို့ ကိုယ်သောက်မိတာ ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲ ကိုယ်ငတ်လို့ ကိုယ်သောက်မိပြီး သကာလ ကိုယ်ပဲ မျက်ရည်ထွက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်သူက မျက်ရည်ထွက်ပါလိမ့် (ကိုယ်ပဲ ထွက်ရပါတယ် ဘုရား) ကိုယ်ပဲ မျက်ရည်ထွက် ရတယ်ဆိုတော့ ဒီမျက်ရည်ဟာ ရိုးရိုးမျက်ရည်လား အဆိပ်တွေကြောင့် ဖြစ်ရတဲ့မျက်ရည်လား (အဆိပ်တွေကြောင့် ဖြစ်ရတာပါ ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီခန္ဓာကြီးကို ဟောဒီ အဆိပ်နဲ့ ရောထားတဲ့ဟာကို မသောက်ပဲနဲ့ ကိုစောမောင် အဆိပ်မပါတဲ့ရေကို သောက်ဆိုပြီး သကာလ သူ့ပဲ အာရုံတော့ ပြုရမှာပဲ (မှန်ပါ့) ဒီခန္ဓာကိုပဲ အနိစ္စ, ဒုက္ခ အနတ္တနဲ့ အာရုံပြုလဲ ဒါ သောက်တာပဲ (မှန်ပါ့) ဒီခန္ဓာကြီးကို ခိုင်တယ်, မြဲတယ် အစိုးရတယ်ထင်လဲ သောက်တာပဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အသောက်မှားလို့ရှိရင် အဆိပ်သင့်တယ်
ဒါဖြင့် အသောက်မှားလို့ရှိရင် အဆိပ်သင့်တယ် (မှန်ပါ့) အသောက်မမှားရင် (မသင့်ပါ ဘုရား)။
ဒါဖြင့် မသောက်နဲ့ဆိုသလား – သောက်နည်းကို ပြောင်းသောက်လို့ဆိုသလား (သောက်နည်းကို ပြောင်းသောက် လို့ ဆိုပါတယ် ဘုရား) သောက်နည်း ပြောင်းသောက်ပါလို့ဆိုတာ အဲ့ဒါ လက္ခဏာရေးသုံးပါးဟာ ဒီက ထွက်လာတာ (မှန်ပါ့) ပေါ်လာပြီလား (ပေါ်လာပါတယ် ဘုရား)။
ဒကာကြီးလှိုင် လက္ခဏာရေးသုံးပါးဟာ ဒီက ထွက်လာတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်ကားလို့ဆိုရင်ဖြင့် ‘သတ္ထာ ဒေဝမနုဿာနံ’၊ ဒေဝမနုဿာနံ = နတ်-လူတို့၏၊ သတ္ထာ = ဆေးသမား ဆရာကြီးပဲတဲ့ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သူ မသောက်နဲ့ဆိုတာကို ကျုပ်တို့က မသောက်ပဲနေလို့ရှိရင်ဖြင့် ရေငတ်လဲ ပြေပါတယ် (မှန်ပါ့) အသေလဲ လွတ်ပါတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရေငတ်လဲ (ပြေပါတယ် ဘုရား)၊ အသေလဲ (လွတ်ပါတယ် ဘုရား)။
သူက မသောက်နဲ့ဆိုတာကို အဆိပ်နဲ့ရောထားတာကို သားကလေးခင်တဲ့သဘောနဲ့ သောက်လိုက်မယ် (မှန်ပါ့) တဏှာနဲ့ သောက်လိုက်မယ်ဆိုရင်ဖြင့် နောက်ခန္ဓာ ဘယ့်နှယ်နေသတုန်း (ရပါတယ် ဘုရား) ရရင် အိုမင်း – သေမင်း (ရပါတယ်) နောက်ထပ် မသေရဘူးလား (သေရပါတယ် ဘုရား)။
အဲဒါ ဘာနဲ့ရောထားတာ သောက်မိလို့တုန်း (အဆိပ်နဲ့ရောထားတာ သောက်မိလို့ပါ ဘုရား) အဆိပ်နဲ့ ရောထားတဲ့ အရက်ကို သောက်မိတယ် (မှန်ပါ့)။
ဒါဖြင့် ရေရိုးရိုးကိုသောက် (မှန်ပါ့) ရေရိုးရိုးဆိုတော့ ဒကာ ဒကာမတွေက မသိပဲနေမှာစိုးတော့ ခန္ဓာကိုယ်ဟာ ခင်ဗျားတို့က မသိလို့သာ သူ့ရဲ့ရိုးရာကို ပြောပါဆိုတော့ ဒီခန္ဓာက အနိစ္စ, ဒုက္ခ, အနတ္တ ပဲရှိတယ်၊ ရိုးရာက မဟုတ်ဘူးလား (မှန်ပါ့)။
ဒိဋ္ဌိနဲ့ ရောသောက် လိုက်တယ်
ခင်ဗျားတို့ဟာ ခင်ဗျားတို့ ရောပြီး သကာလ တခါတည်း ကိုယ့်သားနဲ့ ကိုယ်ခင်ရမယ်ဆိုပြီး ဒိဋ္ဌိနဲ့ ရောသောက် လိုက်တယ် (မှန်ပါ့) ကိုယ့်အဆိပ်ကို ကိုယ်ရောသောက်ချလိုက်တယ် (မှန်ပါ့) ကိုယ့်သမီးမို့ ကိုယ်ခင်ရတယ်ဆိုပြီး ရောသောက်လိုက်တယ် (မှန်ပါ့)။
ရောသောက်လိုက်တဲ့အခါကျတော့ သားသမီးက ထော်လော်ကန့်လန့်ဖြစ်၍ ဖြစ်စေ, ရောဂါဝေဒနာရ၍ ဖြစ်စေ သွားပြီးသောက်မိတဲ့အတွက် အသေလုပ်တဲ့ပုဂ္ဂိုလ် ဘာဖြစ်သတုန်း မေးယူရတယ်၊ မမေးရဘူးလား (မေးရပါတယ် ဘုရား) မျက်နှာတွေလဲ ညှိုးလို့ မဖီးနိုင်, မလိမ်းနိုင် ဘာဖြစ်နေတာတုန်းမေးတော့ အဆိပ်သင့်နေတာ၊ ဘာဖြစ်လို့တုန်း အသောက်မှားထားလို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ‘သတ္ထာ ဒေဝမနုဿာနံ’ ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ) တကယ့်ကျေးဇူးရှင်ဆိုတာ (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ‘သတ္ထာ ဒေဝမနုဿာနံ’ ဆိုပြီး ဘုရားရှေ့မှာ ရှိခိုးသာနေကြတယ်၊ ဒီကျေးဇူးရှင် ဆိုတာက မပေါ်လာဘူး (မှန်ပါ့)။
ဒါကြောင့် တရားသိမှ ဘုရားသိတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား) တရားမသိရင်ဖြင့် (ဘုရားမသိပါ ဘုရား) ဘုရားကိုမသိသေးဘူးဆိုတာ ဒကာ ဒကာမ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် လက္ခဏာရေးသုံးပါးနဲ့ သောက်ပါ (မှန်ပါ့ ဘုရား) ဒီခန္ဓာပဲ၊ သဘောကျပြီလား (ကျပါပြီ) လက္ခဏာရေး သုံးပါးနဲ့ သောက်တဲ့အခါကျလို့ရှိရင် တဏှာချုပ်သွားလိမ့်မယ် မချုပ်ဘူးလား (ချုပ်သွားပါတယ် ဘုရား)။
တဏှာချုပ်တော့ကို ခန္ဓာက (ချုပ်ပါတယ်) ခန္ဓာချုပ်တော့ အိုဘေး, နာဘေး, သေဘေးက (ချုပ်ပါတယ် ဘုရား) နိဗ္ဗာန်မှ ရောက်ပါ့မလားလို့ ဆိုစရာလိုသေးသလား (မလိုပါ) သဘောပါပြီလား (ပေါ်-ပါပြီ)။
ဒါ့ကြောင့် ခင်ဗျားတို့ နိဗ္ဗာန်ဟာ ဘယ်မှာရှိသတုန်းမေးတော့ ဒကာ ဒကာမတွေပဲ ဒီနေ့ရှင်းပြလိုက်ပါတယ်နော်၊ နိဗ္ဗာန်ဘယ်မှာရှိသတုန်းဆိုတော့ အဲ့ဒီ ခင်ဗျားတို့ဉာဏ်နဲ့ သောက်နေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ပေါ့ဗျာ (မှန်ပါ့)။
ဉာဏ်နဲ့သောက်နေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတာ အနိစ္စလဲ ဖြစ်ပျက်ပဲ မောင်နိုင် (မှန်ပါ့) ဒုက္ခကော (ဖြစ်ပျက်ပါ) အနတ္တကော (ဖြစ်ပျက်ပါ ဘုရား)။
ဖြစ်ပျက်ကို ကြပ်ကြပ်ရှုပေး
အဲဒီဖြစ်ပျက်ကို ကြပ်ကြပ်ရှုပေးပါ၊ ဝေဒနာကြိုက် – ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ရုပ်ကြိုက်ရင် ရုပ်ရှု (မှန်ပါ့) ရှုတော့ ဒီဖြစ်ပျက်တွေကို ရှေးဦးစွာ မြင်နေလိမ့်မယ် ဖျတ်ဖျတ် – ဖျတ်ဖျတ်နဲ့ ကိုစောမောင် (မှန်ပါ့) ဖျတ်ဖျတ် – ဖျတ်ဖျတ်နဲ့ မြင်နေလိမ့်မယ်နော်၊ အဲ့ဒါ ဉာဏ်နဲ့ သောက်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဖျတ်ဖျတ် – ဖျတ်ဖျတ်နဲ့ မြင်နေတာ ဘာတုန်း (ဉာဏ်နဲ့သောက်နေတာပါ) မရှိဘူး – မရှိဘူးလို့ သောက်နေတာ ဟာ ဘာနဲ့သောက်နေတာတုန်း (ဉာဏ်နဲ့သောက်နေတာပါ ဘုရား)။
ဉာဏ်နဲ့သောက်တဲ့အခါကျလို့ရှိရင်ဖြင့် အဲ့ဒီမရှိဘူးဆိုတဲ့ တရားကလေးဟာက ဒကာ ဒကာမတို့ “တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ဥပ္ပါဒံ အတိက္ကမိတွာ အနုပ္ပါဒံ ဩက္ကမတိ” တဲ့၊ ဖြစ်ပျက်တွေမြင်ရင်း – မြင်ရင်းနဲ့၊ ဖြစ်ပျက်တွေ ရှုရင်း – ရှုရင်း၊ သောက်ရင်း – သောက်ရင်းနဲ့ပဲ ဖျတ်ဆို ဖြစ်ပျက်မရှိတဲ့ဘက် ကိုယ့်ဉာဏ်က ကူးသွားတယ် (မှန်ပါ့)။
မောင်နိုင် အရင်တုန်းကတော့ ဖြစ်ပျက်ကို သူသောက်နေတယ်၊ ဉာဏ်နဲ့သောက်နေတယ်၊ နောက်ကျတော့ ဖြစ်ပျက်မရှိတဲ့ဘက် ဒီဉာဏ်ကရောက်သွားတယ်၊ အဲ့ဒီကျတော့ နိဗ္ဗာန်သွားပြီး သောက်တယ်၊ အရင်တုန်းကတော့ ဖြစ်ပျက်သောက်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နောက်တော့ ဖြစ်ပျက်တွေမရှိတော့ဘူး “အပရာပရံ မနသိ ကရောတော” ကိုး (မှန်ပါ့) အပရာပရံ = အထပ်ထပ်၊ မနသိ ကရောတော = နှလုံးသွင်းသောပုဂ္ဂိုလ်အား၊ ဥပ္ပါဒံ = ဖြစ်ပျက်ကို၊ အတိက္ကမိတွာ = လွန်၍၊ အနုပ္ပါဒံ = ဖြစ်ပျက်မရှိတဲ့ဘက်သို့၊ ဩက္ကမတိ = ဉာဏ်က ရောက်သွား၏တဲ့၊ ရှုရင်းမတ္တနဲ့ ဉာဏ်က ရောက်သွားတယ်၊ သဘောကျပြီလား (ကျပါပြီ)။
ဒါ နောက်ဆုံးပိတ် အင်မတန်အရေးကြီးတဲ့စကားကို ပြောနေပါတယ် (မှန်ပါ့) ပထမဉာဏ်နဲ့ သောက်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ) ဉာဏ်နဲ့ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာဖြစ်ပျက်ကိုသောက်မယ်၊ စိတ်ရှုတဲ့ပုဂ္ဂိုလ် (စိတ်ဖြစ်ပျက်ကို သောက်ရပါမယ် ဘုရား)။
အဲ့ဒီမှာ သောက်ရင်း – သောက်ရင်းနဲ့ဆိုတော့ ဒကာ ဒကာမတို့ ဝမ်းထဲမှာ တဏှာကသေနေတော့ တဏှာက သေစပြုပြီး မသေသေးဘူးလား (သေပါပြီ) ဝိပဿနာဉာဏ်ကိုး၊ တဏှာက သေစပြုနေပြီ (မှန်ပါ့)။
နောက်တော့ ဒီဖြစ်ပျက်သည်ကားလို့ဆိုရင်ဖြင့် ရှုရှင်းမတ္တနဲ့ ကိုယ့်ဉာဏ်ကကိုပဲ ဖြစ်ပျက်ရှိတဲ့ဘက်ကို မလှည့်တော့ဘူး၊ ဖြစ်ပျက်မရှိတဲ့ဘက်ကို ကူးသွားတယ် (မှန်ပါ့)။
နိဗ္ဗာန်ဘက်ကူးသွားတယ်
ဒါဖြင့် ဒီဉာဏ်သည် မောင်နိုင် ဖြစ်ပျက်မရှိတဲ့ဘက် ကူးသွားတယ်ဆိုတော့ နိဗ္ဗာန်ဘက်ကူးသွားတယ် (မှန်ပါ့)။
ပထမတော့ ဖြစ်ပျက်ဘက်ပဲ သူလှည့်နေတယ်၊ နောက် နှလုံးသွင်းဖန်များတော့ ကိုစောမောင် ဘယ်ဘက် လှည့်သတုန်း (နိဗ္ဗာန်ဘက်လှည့်ပါတယ်) ဖြစ်ပျက်မရှိတဲ့ဘက် လှည့်တယ်၊ သဘောကျပြီလား (ကျပါပြီ)။
ဒါ့ကြောင့် “အပရာပရံ မနသိကရောတော ဥပ္ပါဒံ အတိက္ကမိတွာ အနုပ္ပါဒံ ဩက္ကမတိ” အဲ့ဒီဘက်ကို သက်ဝင် သွားသတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အနုပ္ပါဒံ ဩက္ကမတိ = ဖြစ်ပျက်မရှိတဲ့ဘက်ကို ဉာဏ်လှည့်သွားပါတယ်တဲ့ “ဧဝံ ခေါ မဟာရာဇ သမ္မာပဿံ နိဗ္ဗာနံ သစ္ဆိကရောတိ” တဲ့၊ သဘောကျပြီလား (ကျပါပြီ) ဪ ဒီလိုလှည့်သွားရင် နိဗ္ဗာန်ရောက်ပြီလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပထမဉာဏ်က ဘယ်ဘက်လှည့်နေသတုန်း (ဖြစ်ပျက်ဘက်လှည့်နေပါတယ်) နောက်ကျတော့ ဒီဉာဏ်ဘယ်ဘက် လှည့်သွားသတုန်း (ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား)။
အဲဒါ နိဗ္ဗာန်လို့ ဒကာတော် မှတ်လို့ဆိုပြီး မိလိန္ဒဘုရင်ကို ရဟန္တာအရှင်မြတ် ရှင်နာဂသိန်က ဟောတယ် သေသေချာချာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ အရှင်ဘုရားကတော့ ကိုယ်တိုင်တွေ့ဖူးပါတယ်၊ တပည့်တောကို ပြောစမ်းပါ၊ တပည့်တော် ဒီနိဗ္ဗာန်ကို သဘောကျချင်ပါတယ်ဆိုတော့မှ ဒကာကြီးတဲ့ ပထမဉာဏ်ဟာ အဆိပ်မပါတဲ့ ဖြစ်ပျက်ကိုပဲ သောက်နေ ပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ကျတော့ သောက်ပါများအားကြီးလို့ ဖြစ်ပျက် မဂ်-ဖြစ်ပျက် မဂ်နဲ့ သောက်နေတာပေါ့လေ (မှန်ပါ့) ကြာတော့ ဒီမဂ်ဟာ ဝိပဿနာမဂ်က-နေပြီး ဖျတ်ဆိုပြောင်းသွားပြီး လောကုတ္တရာမဂ် ဖြစ်သွားတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လောကုတ္တရာမဂ် ဖြစ်သွားတော့ ဉာဏ်က ဖြစ်ပျက်မရှိတဲ့ဘက် လှည့်တယ်၊ ပထမတော့ ဖြစ်ပျက်ရှိတဲ့ သင်္ခါရဘက်လှည့်နေတယ် (မှန်ပါ့)။
အသင်္ခတဘက် လှည့်တယ်
နောက် ရှုဖန်များတော့ ကိုစောမောင် (ဖြစ်ပျက်မရှိတဲ့ဘက်လှည့်ပါတယ်) အသင်္ခတဘက် လှည့်တယ် (မှန်ပါ့)။
ပထမ သင်္ခတဘက် လှည့်နေတယ်၊ နောက် ဘယ်ဘက်လှည့်သတုန်း (အသင်္ခတဘက် လှည့်ပါတယ် ဘုရား)။
အသင်္ခတဘက် လှည့်သွားတော့ မဟာရာဇ = ဒကာတော် မိလိန္ဒမင်းကြီး၊ ဧဝံခေါ = ဤသို့ လှည့်သွားသည် ရှိသော်၊ သမ္မာပဿံ = ကောင်းစွာမြင်တဲ့ပုဂ္ဂိုလ် ကျင့်တဲ့ပုဂ္ဂိုလ်သည်၊ နိဗ္ဗာနံ = နိဗ္ဗာန်ကို၊ သစ္ဆိကရောတိ = မျက်မှောက် ပြု၏၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဆိပ်သောက်မမှားလို့ ဒကာ ဒကာမတွေ ရေအေးသဘောနဲ့ သူ့လိုသောက်ပြီး သွားလို့ရှိရင်ဖြင့် ဒီ့ထက်အေးတဲ့ နိဗ္ဗာန်ကိုလဲ သောက်ရလိမ့်ဦးမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ရှုနေကတည်းကလဲ အဆိပ်လွတ်နေပြီ (မှန်ပါ့) နောက်တော့ ဒီဉာဏ်ဟာ ဖြစ်ပျက်ဆုံးတဲ့ဘက်ကို လှည့်မသွားဘူးလား (လှည့်သွားပါတယ်) လှည့်သွားတဲ့အခါ ဒီ့ထက်အေးတဲ့ နိဗ္ဗာန်ကြီးနဲ့ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
အဲ့ဒီကျတော့မှ ရောဂါတွေ အကုန်ရှင်းပြီး သကာလ အိုဘေး နာဘေး, သေဘေးလွတ်တယ်၊ ဒကာကြီးဆိုပြီး သေသေချာချာဟောတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဝေးသလား၊ နီးသလား (နီးပါတယ်) ဘယ်နားမှာရှိသတုန်း – (ခန္ဓာကိုယ်အဆုံးမှာ ရှိပါတယ်) ဖြစ်ပျက်အဆုံးမှာရှိတယ် (မှန်ပါ့)။
နိဗ္ဗာန်ဘယ်မှာရှိသတုန်း
ဒကာ ဒကာမတွေ နိဗ္ဗာန်ဘယ်မှာရှိသတုန်း – (ဖြစ်ပျက်အဆုံးမှာ ရှိပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က ဖြစ်ပျက်တွေ့ရင် နိဗ္ဗာန်တွေ့တော့မယ် (မှန်ပါ့) ဖြစ်ပျက်မတွေ့သေးရင် (နိဗ္ဗာန်မတွေ့သေး ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဆုတောင်းအလုပ်လား ဖြစ်ပျက်တွေ့ဖို့အလုပ်လား (ဖြစ်ပျက်တွေ့ဖို့အလုပ်ပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် ဖြစ်ပျက်ရှုဖန်များလို့ ဖြစ်ပျက်ဆုံးသွားရင်ဖြင့် ဘာတွေ့မလဲ (နိဗ္ဗာန်တွေ့ပါမယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ မြို့ကြီး – ပြကြီးလား၊ ဖြစ်ပျက်ဆုံးတာပဲလား (ဖြစ်ပျက်ဆုံးတာပါ ဘုရား) အဲ ဖြစ်ပျက်ဆုံးတာ ကို နိဗ္ဗာန်လို့ခေါ်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။