သစ္စာလေးပါး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
သစ္စာလေးပါး
ညအလုပ်ပေးတရားတော်
(၁၀-၆-၆၂)
တရားနာတယ်ဆိုတာ
တရားနာတယ်ဆိုတာ မှတ်ထားကြပါ။တရားသောအလုပ်ကို လုပ်နေတယ်ပြောတာ။
တရားမနာလို့ရှိရင် ဘာလုပ်နေသတုံး၊ မတရားသောအလုပ်လုပ်နေတယ်ဆိုတာ ယခုအဖြေထွက်နေပါပြီ (မှန်ပါ့)။
တရားနာတယ်ဆိုတာ ကိုစောမောင် အဖြေထွက်သွားပြီလား၊ (ထွက်ပါပြီ ဘုရား) တရားတဲ့အလုပ်ကို လုပ်နတယ် (မှန်ပါ့)။
တရားနာတယ်ဆိုတာ ကိုစောမောင် အဖြေထွက်သွားပြီးလား။ (ထွက်ပါပြီ ဘုရား) တရားတဲ့အလုပ်ကို လုပ်နေတယ် (မှန်ပါ့)။
တရားမနာဘူး၊ ရောင်းတယ်၊ ဝယ်တယ် အမျိုးမျိုးအဖုံဖုံ လူ့ကိစ္စတွေ လျှောက်လုပ်နေတယ်ဆိုတာတော့ဖြင့် တဏှာခိုင်းရာ၊ ဒေါသခိုင်းရာ၊ မာနခိုင်းရာ လျှောက်လုပ်နေတဲ့အတွက် မတရားတဲ့ အလုပ်ဘဲဆိုတာ ငြင်းဖို့မလိုပါဘူး (မှန်ပါ့)။
အဲ့ဒါကြောင့် ငါတို့ ဒီအချိန်ကစပြီးသကာလ တရားနာတယ်ဆိုတာ တရားအလုပ်လုပ်တယ်လို့ ဆုံးဖြတတ်ချက်ချထားပါနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒီတရားသည် ဘယ့်နှယ့်ကြောင့် တရားဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ဟာ တရားဖြစ် တာပေါ့ကွာ၊ တရားဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ မှတ်စရာက ဒီဒကာ ဒကာမတွေ နောက်တုန်းက မသိမလိမ္မာ ခဲ့တဲ့ တရားတွေကလဲ တစ်ပုံကြီး နောက်စုဆောင်းပြီးသားရှိနေတယ်လို့ မောင်နိုင်ဆူံးဖြတ်ချက်ချ (မှန်ပါ့)။
မသိမလိမ်မာလို့ အကုသိုလ်တွေများခဲ့တာတွေလဲစုဆောင်းပြီးသားတစ်ပုံကြီးလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)
နောက်ဘဝတွေကပေါ့ဗျာ (မှန်ပါ့) မရှိဘူးလို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါ ဘုရား)။
ဪ ဒါတွေကလဲ တရားတွေဘဲ၊ သူတို့လဲ နောက်တုန်းက မတရားလုပ်ထားတဲ့ တရားတွေလဲ အများကြီး ရှိတယ်လို့မှတ်လိုက်တာပေါ့ နောက်တုန်းကတစ်ခါ ဒီလိုဆရာမားတွေနဲ့တွေ့ခဲ့လို့ ထိုက်တန်သလောက်သာ မညကုသိုလ်၊ သာမညဒါန၊ သာမညသီလတွေနဲ့ ကုသိုလ်တွေကလဲ ဒကာ ဒကာမတွေ နောက်တုန်းက တရားတွေလဲ ရှိနေတာဘဲ (မှန်ပါ့) နောက်ဘဝတွေကလေ (မှန်ပါ့)။
အဲဒီတော့ ယခုဘဝမှာ ကိုယ့်ခန္ဓာ ကိုယ်အကဲခတ်ကြည့်လိုက်တော့ တရားကြောင့် ဪ လူလာဖြစ်နေတယ် ဆိုတာတော့ သေချာပြီ (မှန်ပါ့)။
တရားကြောင့် လူလာဖြစ်တယ်
တရားကြောင့် လူလာဖြစ်တယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် တရားကြောင့်လူလာဖြစ်တယ်ဆိုတာ သေချာတော့ နောက်တုန်းကတရားကြောင့် တရားဘဲ ရှိခဲ့သလား၊ မတရားတွေများ ရှိခဲ့သေးသလားလို့ ကိုစောမောင်မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (မတရားတွေလဲရှိခဲ့ပါတယ် ဘုရား) သူလဲရှိခဲ့တာဘဲ၊ မတရားတွေလဲ ရှိခဲ့တာဘဲ (မှန်ပါ့)။
တရားကြောင့် လူလာဖြစ်တာ ထောက်လိုက်လို့ရှိရင်လဲ မောင်နိုင်နောက်တုန်းက တရားလဲရှိခဲ့တာဘဲ (မှန်ပါ့)။
မတရားကြောင့် မတရားတဲ့ တရားတွေလဲ နောက်တုန်းက တစ်ပုံကြီးဘဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတောကိူ နောက်တုန်းက ကျုပ်တို့ တရားတွေလဲရှိခဲ့တယ်၊ မတရားတွေလဲရှိခဲ့တယ်၊ မတရားဆိုတာ အကုသိုလ်တွေပေါ့ဗျာ (မှန်ပါ့) တရားတွေလည်းရှိခဲ့တယ်။
အဲဒီကဲ့သို့ ရှိပြီးသကာလနေတော့ ဪ ငါတို့သည်ကားလို့ဆိုရင် အခုတရားက အကျိုးပေးနေတော့ ကျန်းကျန်း မာမာချမ်းချမ်းသာသာနဲ့ နေရတယ်ဆိုပါတော့ (မှန်ပါ့) မတရားက သူ့အချိန်ရောက်လာတဲ့အခါ ကျန်းမာချမ်းသာတာ ဖြတ်ပြီးသကာလ မကျန်းမာ မချမ်းသာတဲ့ဥစ္စာ သူကလဲပေးနိုင်တယ် (မှန်ပါ့)။
ဦးဘရှင် သေသေချာချာမှတ်ထားပါ (မှန်ပါ့)။
နောက်တုန်းက ဒကာ ဒကာမတွေမှာ တရားဘယ်နှစ်မျိုးရှိခဲ့ကြသတုံး (မတရားတာနဲ့ တရားတာပါ ဘုရား)။
တရားတာက တစ်မျိုး၊ မတရားတာကော (တစ်မျိုးပါ ဘုရား)။
ဪ နှစ်မျိုးရှိခဲ့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီကဲ့သို့ ရှိပြီးသားဖြစ်ပြီးသကာလနေတော့ ယခုအခါ ဒကာ ဒကာမတွေမှာတဲ့ လူ့ဘဝရပြီး ကောင်းကောင်း မွန်မွန်ဘဲ စားကြ၊ သောက်ကြ၊ နေကြ၊ ထိုင်ကြ၊ ပျော်ပျော်ပါးပါးနေကြတယ်၊ နို့ ဒါဟာ တရားကြောင့်ဖြစ်လာတာ သေချာတယ် (မှန်ပ့ါ)။
သို့သော် နောက်တုန်း တရားနဲ့ချည်းဘဲ နေခဲ့ကြသလား၊ မသိ၊ မလိမ္မာတဲ့ ဘဝတွေ မတရားတွေကလဲ နောက်ကရှိခဲ့သေးတယ်ဆိုတာလဲ တရားသာရှိသလို မတရားတာလဲ နောက်က ရှိခဲ့တာပါဘဲ (မှန်ပါ့)။ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
ခွေးနှစ်ကောင် လိုက်နေတယ်
အဲ့ဒီတော့ ဘုန်းကြီးတို့ နောက်က ခွေးနှစ်ကောင် လိုက်နေတယ်လို့ မှတ်ရမယ် (မှန်ပါ့) တရားသော ခွေးတစ်ကောင်နော်၊ စောင်မ မည့်ခွေးတစ်ကောင်ပေါ့ဗျာ၊ ကိုက်သတ်မည့် ခွေးလဲ တစ်ကောင်၊ နှစ်ကောင်လိုက်နေ တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
စောင်မမည့် ခွေးကကော (တစ်ကောင်ပါ ဘုရား) ရန်သူတားမြစ်ပေးမည့် ခွေးကလဲ တစ်ကောင်လိုက်နေတယ်၊ အဋ္ဌကထာတွေမှာ ဥပမာပြတာပါ (မှန်ပါ့ ဘုရား) ကိုက်မည့်ခွေးကလဲ (တစ်ကောင်ပါ ဘုရား)။
လိုက်နေတာ နှစ်ကောင်တော့ဖြင့် နောက်ကလိုက်နေတာဘဲဆိုတော့ အခုတရားတဲ့ခွေးက ကိုယ့် စောင်မမည့် ခွေးက အန္တရာယ်ကင်းအောင် ဘေးရှင်းအောင် စီးပွားရေးအကြောင်း ညီညွတ်အောင် သူကအကူအညီပေးနေတယ် (မှန်ပါ့) ဟိုခွေးက မမှီသေးဘူး (မှန်ပါ့)။
မောင်နိုင် မတရားတဲ့ခွေးက (မမှီသေးပါ ဘုရား)။
မမှီသေးတော့ ဒီလိုဘဲ နေရတယ်၊ သူမှီလာတဲ့ အချိန်ကျတော့ ရောဂါများ၊ အရွယ်မရောက်ဘဲနဲ့သေ၊ ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒို့သည်ကားလို့ဆိုရင်ဖြင့် တရားတဲ့ သဘောကလဲ နောက်ကလိုက်နေတယ်၊ မတရားတဲ့ သဘောက လဲ (နောက်ကလိုက်နေပါတယ် ဘုရား) သတ္တိပေါ့ဗျာ၊ တကယ်တော့ရှိတာ မဟုတ်ဘူးပေါ့၊ အကြောင်းအကျိုးတော့ဆက် နေတယ်ဆိုကြပါစို့ (မှန်ပါ့)။
အကြောင်းအကျိုးတော့ ဆက်နေတယ်
အကြောင်းအကျိုးတော့ ဆက်နေတယ်၊ နို့မဟုတ်ရင် သဿဒိဋ္ဌိ ဝင်မှာလဲ စိုးရလို့၊ ဉာဏ်မယူတတ်မှာ စိုးလို့ ဦးဘရှင်း ရှင်းပြောနေတယ် (မှန်ပါ့) တကယ်လိုက်နေလို့ရှိရင်လဲ စေတနာ မပျက်စီးဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ့)။
မောင်နိုင် သဿတဒိဋ္ဌိဘက် မသွားဘူးလား (သွားပါတယ် ဘုရား)။
ဒီလိုမဟုတ်ပါဘူးတဲ့၊ သတ္တိသဘောနဲ့တော့ဖြင့် သူတို့သည်ကားလို့ရှိရင်ဖြင့် ရှိလျက်ရှိဘဲ (မှန်ပ့ါ) အတည်သဘော နဲ့တော့ (မရှိပါ ဘုရား) မရှိဘူး။
ဒါဖြင့် ဒကာ ဒကာမတွေ နောက်မှာ တရားသတ္တိလဲ ရှိတယ် (မှန်ပါ့) မတရားသတ္တိကော (ရှိပါတယ် ဘုရား)။
အခု ဘယ်သူ့အခွင့်အရေးနဲ့ကြုံနေသတုံးလို့မေးလို့ရှိရင် ဘယ်နှယ်ဖြေကြမလဲ (တရားသတ္တိ အခွင့်အရေး ကြုံနေပါတယ် ဘုရား)။
တရားသတ္တိကြောင့် ကျုပ်တို့သည် ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စစ်ဘေး၊ စစ်ရန်တွေလည် အကုန်လွတ်၊ သူခိုး၊ ဓားပြဘေးတွေ အကုန်လွတ် ကျန်းမာရေးနဲ့လည်းပြည့်စုံ၊ ဒါ တရားသောဓမ္မက သူရွက်ဆောင်နေတဲ့ အခါ (မှန်ပါ့)။
ဥပစ္ဆေဒက ကံ
နောက် မတရားဓမ္မက မှီလာပြန်လို့ရှိရင်လဲတဲ့ တရားတာတွေ အကုန်ဖြတ်၊ ဥပစ္ဆေဒက ကံလို့ဆိုတယ် (မှန်ပါ့)။
တရားတာတွေအကုန်ဖြတ်ပြီးသကာလ မောင်နိုင်ရောဂါရပြီး သေပွဲဝင်အောင် စီးပွားပျက်အောင် သူလုပ်ချ လိုက်တယ် (မှန်ပါ့) သူမှီလာလို့ရှိရင် (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ကျုပ်တို့က ရှေ့ကမသိချင်ယောင်ဆောင်နေဘို့ မတော်ဘူုး (မှန်ပါ) မတရားတာကလဲ (လိုက်လျက်ပါ ဘဲ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ) တရားကလဲ (လိုက်လျက်ပါဘဲ ဘုရား)။
အင်းတရားတာက လိုက်လျက်ဆိုတာ သိပြီးသားဖြစ်နေတော့ ဒကာ ဒကာမတွေ တရားတဲ့ ကံကလည်း လိုက်လျက် မတရားတဲ့ ကံကကော (လိုက်လျက်ပါ ဘုရား)။
လိုက်လျက်ဖြစ်နေတော့ တရားတဲ့ ကံကတော့ ခန္ဓာကိုရပြီး ကျန်းမာချမ်းသာအောင် လုပ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
မတရားက မှီလာလို့ရှိရင်တော့ဖြင့် ကျုပ်တို့ အခုရောက်တဲ့နေရာ မှီလာလို့ရှိရင်ဖြင့် ကိုက်ဖြတ်သတ်ပြီး သကာလ အင်း အိမ်ပေါ်က ဆင်းရမှာဘဲ၊ မဆင်းရဘူးလား (ဆင်းရပါတယ် ဘုရား)။
အဲဒီတော့ ဘယ်သူက မှီလာတာပါလိမ့် (မတရားက မှီလာတာပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့မှာ စိတ်အေးလက်အေး နေရမှာလားလို့ တရားတစ်ပွဲလုံးမေးရင် ဘယ့်နှယ်ဖြေမလဲ (မနေပါ ဘုရား)။
စိတ်အေးလက်အေးမနေကြပါနဲ့လို့ အားလုံးညီအစ်ကို မောင်နှမတွေ ပြောနေတယ်နော် (မှန်ပါ့)။
စိတ်အေးလက်အေး မနေကြနဲ့၊ ဘာ့ကြောင့်တုံးဆိုတော့ မမှီသေးလို့ မကိုက်သေးတာ (မှန်ပါ့) မှီရင် (ကိုက်ပါတယ် ဘုရား)။
သူဦး ငါဦးဆိုသလိုဘဲ
အဲဒီတော့ နှစ်ခုစလုံးပြိုင်ပြီး လိုက်နေတော့ သူဦး ငါဦးဆိုသလိုဘဲ ထောက်ပံ့တာက ဦးတဲ့အခါ ကောင်းကောင်း မွန်မွန်ရနေတာဘဲ ဖျက်ဆီးတာက ဦးသွားလို့ရှိရင်လဲ ဗိုင်းဗိုင်းလဲလို့ဘဲ (မှန်ပါ့) သဘောပါကြလား (ပါ ပါပြီ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာတဲ့၊ တရားတဲ့ကံက လိုက်နေပြန်လဲ ခန္ဓာကိုယ် ဒုက္ခသစ္စာ ရတာဘဲကွတဲ့ သဘောပါလား (ပါ ပါပြီ ဘုရား)။
တရားတဲ့ကံက အကျိုးပေးနေပြန်တော့လဲ (ခန္ဓာကိုယ်ဒုက္ခသစ္စာရတာပါဘဲ ဘုရား)။
စီးပွားဥစ္စာ ရတနာလဲ ဒုက္ခသစ္စာဘဲ ထားလိုက်တော့ (မှန်ပါ့) သူ့အတွက်နဲ့လဲ ကျုပ်တို့ မအားမလပ်ရအောင် ငွေရှိ ငွေရှိသလောက် ဝယ်ကြ၊ ချမ်းကြရတာကိုး (မှန်ပါ့)။
တရားတဲ့ကံကလဲ ဒုက္ခသစ္စာဘဲ အကျိုးပေးတယ် (မှန်ပါ့) မတရားတဲ့ ကံကကော (ဒုက္ခသစ္စာဘဲ အကျိုးပေးပါတယ် ဘုရား) သူကတော့ ထင်ထင်ရှားရှား ဒုက္ခရောက်အောင်ကိုဘဲ အကျိုးပေးချလိုက်တယ် (မှန်ပါ့)။
ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့က ရှေ့က မသိချင်ယောင်ဆောင်သွားပြီးသကာလ နေတဲ့ပုဂ္ဂိုလ်နဲ့တယ်တူတယ် (မှန်ပါ့)နောက်က လိုက်နေတာက နှစ်ခု (မှန်ပါ့) မသိချင်ယောင်ဆောင်သွားနေတဲ့ အဓိပ္ပါယ်မပါဘူးလား (ပါ ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့သားနဲ့၊ သမီးနဲ့ အရောင်းနဲ့ အဝယ်နဲ့ မေ့ပြီးသကာလ ဒီကံနှစ်ခုဟာ အင်း (ဘယ်သူက မှီမတုံး၊ နောက်က မတရားကများ မှီလာရင် ဗိုင်းဗိုင်းလဲချေရဲ့၊ တရားက မှီနေတုန်းတော့ဖြင့် ထူထူထောင်ထောင်ဘဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ ထုထုထောင်ထောင်နဲ့ ဗိုင်းဗိုင်းလဲဟာ နှစ်ခုစလုံးရှိနေတာဘဲ (မှန်ပါ့)။
ဉာဏ်မျက်လုံး နဲ့ ကြည့်လိုက်တဲ့အခါ
နှစ်ခုစလုံးရှိနေတော့ မောင်နိုင် ထူထူထောင်ထောင်လုပ်တဲ့ တရား ကြည့်လိုက်ပြန်တော့လဲ ဉာဏ်မျက်လုံး နဲ့ ကြည့်လိုက်တဲ့အခါမှာ ဒုက္ခသစ္စာဘဲ သူ ထူထူထောင်ထောင် လုပ်ပေးနေတာဘဲ (မှန်ပါ့)။
နောက်မတရားက လိုက်လာလို့ မှီသွားပြန်လဲ ဒုက္ခအကြီးအကျယ်ရောက်အောင်ဘဲ သူလုပ်မယ်ဆိုတာလဲ ဦးဘရှင်း ရှင်းရောပေါ့ဗျာ (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့က သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ အရောင်းနဲ့ အဝယ်နဲ့ အင်း တော်သေးရဲ့ တော်သေးရဲ့ဆိုတဲံ ပုဂ္ဂိုလ်ဟာ နောက်လှည့်မကြည့်တဲ့ ပုဂ္ဂိုလ်နဲ့ တူနေတယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (နောက်လှည့်မကြည့်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား) နောက်လှည့်ကြည့် တော့ ခွေးနှစ်ကောင်ရှိနေတယ် (မှန်ပါ့)။
နောက်လှည့်ကြည့်တော့ (ခွေးနှစ်ကောင်ရှိနေပါတယ် ဘုရား) ကံခွေးနှစ်ကောင်ရှိနေတယ်၊ ကုသိုလ်ခွေးတစ် ကောင်၊ အကုသိုလ်ခွေးတစ်ကောင်၊ ဦးဘရှင် နှစ်ကောင် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ဒါ နောက်လှည့်မကြည့်တဲ့ ပုဂ္ဂိုလ်ဖြင့် ကိုစောမောင် တော်တော်ကြာ ခွေးကိုင်ခံရပါလိမ့် (ခံရမှာပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
လက်သတ်မမွေးချင်ပါနဲ့
အဲဒီတော့ ဒကာ ဒကာမတို့ ကုသိုလ်ခွေးကိုလဲ ခင်ဗျားတို့ လက်သတ်မမွေးချင်ပါနဲ့ ဒီနေ့တရားက မောင်နိုင် သဘောကြပြီလား (ကျပါပြီ ဘုရား)။
ကုသိုလ်ခွေးကလဲ ခန္ဓာဖြစ်အောင်လုပ်တော့ ဒုက္ခသစ္စာလာတယ် (မှန်ပါ့) ချမ်းသာတဲ့ ခန္ဓာရယ်လို့ အပြောသာ ဆိုနေတယ် အိုဘေး နာဘေး သေဘေးပါတယ် (ပါ ပါတယ် ဘုရား)။
ပါတော့ ဘာသစ္စာ သူလုပ်ပြန်သတုံး (ဒုက္ခသစ္စာလုပ်ပါတယ် ဘုရား) ဒုက္ခသစ္စာဘဲ သူလုပ်သောကြောင့် ဒကာ ဒကာမတွေ တရားစစ်ကိုပြောတော့ ဒါလဲ မသာယာလိုက်ပါနဲ့ (မှန်ပါ့)။
မောင်နိုင် ရှင်းပြီလား (ရှင်းသွားပါပြီ ဘုရား) ကိုပေါ် (ရှင်းပါပြီ) အကုသိုလ်ခွေးက နောက်ကလိုက်နေတာလဲ နှိပ်စက်မလို့၊ မမှီသေးလို့ မနှိပ်စက်ရသေးတာ (မှန်ပါ့) နောက်လှည့်ကြည့်လိုက်မယ်ဆိုရင်လဲ သူက ကျုပ်တို့၏ ရန်သူ တစ်ယောက်ဘဲ (မှန်ပါ့)။
ရန်သူနှစ်ယောက် ကျုပ်တို့နောက်က လိုက်နေတယ်
ဒါဖြင့် ပြော့ပြော့နဲ့ ဆိုးတဲ့ ရန်သူနဲ့ ကြမ်းကြမ်းနဲ့ ဆိုးတဲ့ ရန်သူနှစ်ယောက် ကျုပ်တို့နောက်က လိုက်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပြော့ပြော့နဲ့ ဆိုးတဲ့ ရန်သူက (တစ်ယောက်ပါ ဘုရား) ကြမ်းကြမ်းနဲ့ဆိုးတဲ့ ရန်သူက (တစ်ယောက်ပါ ဘုရား) ဪ ဘယ်နှစ်ယောက် လိုက်နေသတုံး (နှစ်ယောက်လိုက်နေပါတယ် ဘုရား)။
အဲ့ဒီလို လိုက်နေတာကို ဘုန်းကြီးက ယနေ့ ရှင်းပြတယ်။ ရှင်းပြတော့မှ ဦးဘအုန်းကြီးတို့ ဪ နောက်လှည့် ပြီး မကြည့်တဲ့ ပုဂ္ဂိုလ်တွေထဲ ဒို့ ပါနေပါကလားဆိုတာ ပေါ်သွားတယ် (ပေါ်သွားပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပြီးတော့ ခင်ဗျားတို့က အရေးကြုံတဲ့အခါကျတော့ ကံကောင်းများ ဘယ်တော့ လာပါမတုံးဆိုတော့ တစ်ခါ တစ်လေကျတော့လဲ သူဟာက ကိုစောမောင် နောက်ကလိုက်မှန်းသိသာတယ် (သိသာပါတယ် ဘုရား) တစ်ခါတစ်လေ တော့ သူပြောတယ် (မှန်ပါ့) တောင့်တတယ် ကံများ ဘယ်တော့လာပါ့မတုံး ကံကျောက်ကလေးများ ဘယ်တော့ လာပါ မတုံး မိုးကုတ်သုံး သုံးရင် မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။
အဲဒါ နောက်ရှိတယ်ဆိုတာ သူပြောတာဘဲ၊ ဒီကျတော့ (မှန်ပါ့) သို့သော် ဒါသူနှုတ်ရှိလို့ ပါစမ်းရှိလို့ ပြောနေ တာပါ၊ နှစ်ကောင်လိုက် နေတယ်လို့တော့ သူမပြောပါဘူး (မပြောပါ) တစ်ကောင်တည်းတော့ သူမြှော်နေတယ် (မှန်ပါ့ ဘုရား)။
မောင်နိုင် (မျှော်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ) အဲဒီတော့ အခု ဘုန်းကြီးက တရားစစ်-တရားမှန်ကို ပြောရတော့ သာသနာတွင်း တရားကို ပြောရတော့ သစ္စာဆိုက်တဲ့ တရားကို ပြောရမှာ ဧကန်ဖြစ်နေတော့ နှစ်ကောင်စလုံး ရန်သူဟေ့ (မှန်ပါ့ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နှစ်ကောင်စလုံး ရန်သူပါ
ဘယ်လိုမှတ်ကြမယ် (နှစ်ကောင်စလုံး ရန်သူပါ ဘုရား) ကုသိုလ်ကံက အကျိုးပေးပေမယ့်လို့လဲ ဇာတိ၊ ဇာရာ၊ မရဏဘဲလာမှာဘဲ (မှန်ပါ့) အကုသိုလ်ကံက အကျိုးပေးလိုက်ပြန်တော့လဲ (ဇာတိ၊ ဇရာ၊ မရဏဘဲလာမှာပါ ဘုရား)။
ဒါဖြင့် နာမည်သာ ကိုစောမောင် ထူးသလိုလိုနဲ့ အကျိုးပေးကျတော့ ထူးသေးရဲ့လား (မထူးပါ ဘုရား) သို့သော် ဒါသစ္စာကို နာပြီသားပုဂ္ဂိုလ်မို့ ဪ အတူတူပါဘဲဆိုတာကို ပြောနိုင်တာ (မှန်ပါ့) သစ္စာ မနာရသေးတဲ့ ပုဂ္ဂိုလ်ကြတော့ကို ကုသိုလ်ကံ အကျိုးပေးနေတာလဲ သူအကျိုးပေးနေတာကို ခင်ဗျားတို့က ပြုံးပြီးကြိုက်တယ် (မှန်ပါ့) ဘာပြုလို့တုံး သစ္စာမသိ လို့ (မှန်ပါ့)။
ဇာတိ၊ ဇရာ၊ မရဏကို ဒုက္ခသစ္စာလို့ (မသိလို့ပါ ဘုရား) မသိတဲ့ ပုဂ္ဂိုလ်ကတော့ အကျိုးပေးနေရင် ဘာတုံး (ပြုံးပါတယ် ဘုရား) ပြုံးနေတယ်။
သစ္စာမသိလို့ ပြုံးတာပါ
ဘယ့်နှယ်ကြောင့် ပြုံးပါလိမ့်မတုံး မေးတော့မှ အဖြေထွက်ကြပြီလား (ထွက်ပါတယ် ဘုရား) ဘယ်လိုထွက်ကြ သလဲ (သစ္စာမသိလို့ ပြုံးတာပါ ဘုရား)။
ဘယ်သစ္စာ မသိတာတုံး (ဒုက္ခသစ္စာ မသိတာပါ ဘုရား) အဲ ဇာတိ၊ ဇရာ၊ မရဏဘဲ သူအကျိုးပေးတယ် ကောင်းတဲ့ တရားက (မှန်ပါ့)။
တစ်ခါ မကောင်းတဲ့တရားက အကျိုးပေးပြန်တော့လဲ ဘာပေးသလဲ (ဇာတိ၊ ဇရာ၊ မရဏဘဲ ပေးပါတယ် ဘုရား) ဒါဖြင့် သူတို့နှစ်ခုဟာ ခင်ဗျားတို့ အခုသစ္စာဉာဏ်နဲ့ ကိုစောမောင်က ကြည့်သစ္စာသိတဲ့ဉာဏ်နဲ့ပေါ့လေ (မှန်ပါ့) ကြည့်လိုက်တော့။ ကိုစောမောင်ရေ ဥၤီးဘရှင်တို့ ဘယ်ဟာကြိုက်သတုံးလို့မေးတော့ ဘယ့်နှယ်ဖြေမလဲ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။
ဪ ခင်ဗျားတို့ ဒါဉာဏ်ရင့်လာတာနော် (မှန်ပါ့) ဉာဏ်မရင့်ခင်တုန်းက လိုက်ရာကြိုက်တယ်ဘုရား ပြောလိမ့်မယ် (မှန်ပါ့) ဇာတိ၊ ဇရာ၊ မရဏ မသိတုန်းကတော့ လူ့ဘဝ၊ နတ်ဘဝ ကြိုက်တယ်ဘုရား မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
အဲဒါဘယ့်နှယ်ကြောင့်ပြောတာပါလိမ့် (သစ္စယမသိသေးလို့ပါ ဘုရား) သစ္စာ မသိသေးခင်က ဉာဏ်တုန်းလွန်း တယ် (မှန်ပါ့) အခုတော့ သစ္စာတရားတွေ အမျိုးမျိုးနာပြီးသကာလ ဆရာသမားက နေ့တိုင်းလိုလိုဘဲ အမှန်ဆုံးမနေတော့ ဪ ..ကုသိုလ်က အကျိုးပေးလဲ ဇာတိ၊ ဇရာ၊ မရဏဘဲ။ သဘောကျပြီလား (ကျပါပြီ) အကုသိုလ်က အကျိုးပေးလဲ (ဇာတိ၊ ဇရာ၊ မရဏပါ ဘုရား) ဟ ဘယ်ဟာ ကြိုက်သတုံးမေးတော့မှ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။
ဘယ်ဟာမှ မကြိုက်တော့ဘူးဆိုတော့မှ အမှန်ရောက်တယ် (မှန်ပါ့)။
ကိုပေါ် ဒါကို နားကြီးကြီးနဲ့ ထောင်ရမည့် တရားဆိုတာ နောက်က ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့) ဇာတိ၊ ဇရာ၊ မရဏ မကိုင်သေးရင် ကြိုက်နေတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဇာတိ၊ ဇရာ၊ မရဏကို သဘောမကျသေးလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လူ့ဘဝ၊ နတ်ဘဝ၊ အကျိုးပေးတဲ့ ခုနင်က ကံခွေးကို ခင်ဗျားတို့က သိပ်ကျေနပ်တယ် (မှန်ပါ့) ကိုက်မည့်ခွေးတော့ (မကျေနပ်ပါ ဘုရား)။
မကျေနပ်ဘူးဆိုတော့ ကိုက်မည့်ခွေးကလဲ ဇာတိ၊ ဇရာ၊ မရဏဘဲ သူလုပ်မှာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) အင်း စောင့်မတဲ့ခွေးကလည်း ဘာလုပ်သလဲ (ဇာတိ ဇဂာ မရဏဘဲ လုပ်ပါတယ် ဘုရား)။
ဒါဘဲလုပ်တော့ကို တဲ့ ဪ ဒို့နောက်က ခွေးနှစ်ကောင်လိုက်နေပါလားဆိုတဲ့ ဒီနေ့ကစပြီး လှည့်ကြည့်ပါ (မှန်ပါ့) ဘယ်ခွေးမှ လက်သတ်မမွေးပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။
သစ္စာချင်းကြတော့ အတူတူပါ
ဒါ နားကြီးကြီးနဲ့ ထောင်တော့ ဦးဘအုန်း မောင်နိုင်တို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကုသိုလ်က အကျိုးပေး ပြန်တော့လည်း ဘာအကျိုးပေးသလဲ (ဇာတိ ဇရာ မရဏ အကျိုးပေးပါတယ် ဘုရား) အကုသိုလ်က အကျိုးပေးပြန် တော့လဲ ဇာတိ ဇရာ မရဏဘဲ အကျိုးပေးပါတယ်၊ ဒါဖြင့် သစ္စာချင်းကြတော့ (အတူတူပါ ဘုရား) အတူတူပါဘဲဆိုတော့ ဒုက္ခ သစ္စာချည်းအကျိုးပေးကြတယ် (မှန်ပါ့) အဲဒီတော့ကိုတဲ့ ခင်ဗျားတို့ ဝိပဿနာအလုပ်လုပ်ပါလို့ တိုက်တွန်းရတယ်။
ဒကာ ဒကာမတို့ ဝိပဿနာအလုပ်လုပ်ပါလို့ တိုက်တွန်းတယ် ကိုစောမောင် (မှန်ပါ့) ဘာဖြစ်လို့ တိုက်တွန်းသတုံး လို့မေးတဲ့အခါကျတော့ ဒီခွေးနှစ်ကောင်ကို သူကမှ နှစ်ကောင်စလုံးသတ်နိုင်တာ (မှန်ပါ့)။
နှစ်ကောင်စလုံးသတ်နိုင်တယ်
ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ကတော့ နှစ်ကောင်စလုံးသတ်နိုင်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) တစ်ကောင်တည်း သတ်နိုင်တာလား၊ နှစ်ကောင်စလုံး သတ်နိုင်တာလား၊ (နှစ်ကောင်စလုံး သတ်နိုင်တာပါ ဘုရား) တစ်ကောင်က နုနုနဲ့ဆိုးဝါးတယ် (မှန်ပါ့) တစ်ကောင်က ကြမ်းကြမ်းနဲ့ (ဆိုးဝါးပါတယ် ဘုရား) ဆိုးဝါးတာချင်းကြတော့ (အတူတူပါဘဲ ဘုရား)။
ဘယ်ဉာဏ်နဲ့ ပြောတာပါလိမ့် (သစ္စာသိတဲ့ ဉာဏ်နဲ့ပါ ဘုရား)။
အဲ ဒါကလေးတစ်လုံးဟာ ခင်ဗျားတို့ သေပျော်တယ်နော်၊ အခု ပါးစပ်က ထွက်လာတဲ့တစ်လုံး ကိုစောမောင် (မှန်ပါ့) တစ်သံသရာလုံးမထွက်ဘူး (မှန်ပါ့)။
တစ်သံတစ်ရားလုံးက ကုသိုလ်ကြိုက်တွေ၊ ကုသိုလ် အကျိုးပေးလို့ရှိရင် ခင်ဗျားတို့က ပြုံးနေတာဘဲ (မှန်ပါ့)။
သေသေချာချာ စဉ်းစားကြည့်တော့လဲ ကုသိုလ်အကျိုးပေးတယ်လို့သာ ပြောတယ် ဇာတိ၊ ဇရာ၊ မရဏဘဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ) အကုသိုလ်က အကျိုးပေးပြန်တော့ (ဇာတိ၊ ဇရာ၊ မရဏပါဘဲ ဘုရား) ဘာထူဒသေးသတုံး (ဘာမှမထူူးပါ ဘုရား) ဘယ်ဟာကြိုက်သတုံးမေးတော့ ဘယ့်နှယ်ဖြေမလဲ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) အဲဒါ ဘယ်ဉာဏ်နဲ့ ပြောကြတာလဲ (သစ္စာဉာဏ်နဲ့ ပြောတာပါ ဘုရား)။
ကိုစောမောင် ဒါဘယ်တော့ကမှ မပြောဘူးတဲ့စကား (မှန်ပါ့)။
မောင်နိုင် ပြောဘူးရဲ့လား (မပြောဘူးပါ ဘုရား)။
ရှေးက ပြောဘူးရင် ရှေးက မင်းတို့ သောတာပန်တည်တယ် (မှန်ပါ့)။
ရှေးက ပြောခဲ့ကြရင် (သောတာပန်တည်ပါတယ် ဘုရား)
ပြောကို မပြောဘူးဘူး၊ ဒီဘဝတောင်မှ ဒီဆရာသမားနဲ့ တွေ့ပြီး ဒီအချိန်ကျမှ သစ္စာတူနေမှ ဪ ဘယ်ဟာ မှ မကြိုက်ထိုက်ပါလားဆိုတာ ကိုစောမောင် ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့)။
ဇာတိ၊ ဇရာ၊ မရဏဆီ သူဉာဏ်မရောက်ဘူး
နို့မဟုတ်လို့ရှိရင်ဖြင့် ကျူပ်တို့ မိုးကုတ်ထုံးစံအတိုင်းဆိုလို့ရှိရင်ဖြင့် ကုသိုလ်က အကျိုးပေးနေလို့ရှိရင် ကျုပ်တို့ ကုသိုလ်က အကျိုးပေးနေတော့ လူလဲကျန်းမာတယ်ဗျာ၊ ပစ္စည်းလဲ ချမ်းသာ တယ်ဗျာဆိုပြီးတော့ အံမာ ကိုစောမောင် ပြုံး နေတယ် (မှန်ပါ့)။
ဇာတိ၊ ဇရာ၊ မရဏဆီ သူဉာဏ်မရောက်ဘူး (မှန်ပါ့ ဘုရား) မောင်နိုင်ရောက်သေးလား (မရောက်ပါဘုးရား)။
အဲဒီတော့ အဲဒီမရောက်ကတည်းက ဒီပုဂ္ဂိုလ်မှာ သစ္စာသိတဲ့ဉာဏ်ရှိ မရှိ (မရှိပါ ဘုရား) မရှိသေးရင် ဘယ်တော့မှ နိဗ္ဗာန်မရလို့မှတ် (မှန်ပါ့)။
သစ္စာသိတဲ့ ဉာဏ်မရှိသေးရင် (ဘယ်တော့မှ နိဗ္ဗာန်မရပါ ဘုရား) သစ္စာသိမှ သောတာပန်တည်မှာ (မှန်ပါ့)။
”စက္ခုံ ဥဒပါဒိ ဉာဏ ဥဒပါဒိ” ဆိုတဲ့အတိုင်းတဲ့ ဒါ ဒုက္ခသစ္စာသိမှ ကိုစောမောင် နိဗ္ဗာန်ရမှာကိုး (မှန်ပါ့) သူ သိရဲ့လား (မသိပါ ဘုရား)။
မသိတော့ ဒကာ ဒကာမတွေ ဒါခက်အောင်လို့ ပြောနေတာလားတဲ့၊ မသိသေးတာ ဖော်နေတာလား (မသိ သေးတာ ဖော်နေတာပါ ဘုရား)။
ခက်အောင်လို့ ပြောတာမဟုတ်ပါဘူး။ ဒို့ဖြင့် မကြာဘူးပါဘူး ကုသိုလ်ကံဆိုရင်ဖြင့် ဒို့အကြိုက်ချည်းဘဲလို့ ကိုစောမောင်တို့တော့ ငယ်ကြိုက်ပေါ့ (မှန်ပါ့)။
ကုသိုလ်ကံကသာ အကျိုးပေးနေမယ်ဆိုရင်ဖြင့် လူဇာတိ ဇရာ မရဏ ရလို့ရှိရင်လဲ ဇာတိ၊ ဇရာ၊ မရဏ မသိဘူးလို့ ကြိုက်နေတာဘဲ (မှန်ပါ့) နတ်ဖြတ်ပြန်ကော (ကြိုက်နေပါတယ် ဘုရား)။
ဒါတွင် ကြိုက်နေတာကိုး၊ သူ့မှာ ဇာတိ၊ ဇရာ၊ မရဏပါတယ်ဆိုတာက မသိဘူး၊ ကိလေသာမီးတွေ လောင်နေ တယ်ဆိုတာက (မသိပါ ဘုရား) မသိတော့ ဦးဘရှင်းတို့ ရမ်းကြိုက်မှန်းကြိုက် (မှန်ပါ့)။
ရမ်းကြိုက် မှန်းကြိုက်ဆိုကတည်းက စဉ်းစားလိုက်တော့ သစ္စာမသိတဲ့ အဝိဇ္ဇာက ဖုံးလွှမ်း၊ တဏှာက ရမ်းကြိုက် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သစ္စာမသိတဲ့ အဝိဇ္ဇာက (ဖုံးလွှမ်းပါတယ် ဘုရား) အဲဒီတော့ တဏှာက ဘယ့်နှယ်ဖြစ်သလဲ (ရမ်းကြိုက်ပါတယ် ဘုရား)။
ဒါဖြင့် မသိကြိုက်-ကြိုက်တာ (မှန်ပါ့) မောင်နိုင်ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာကြိုက်ပါလိမ့် (မသိကြိုက် ကြိုက်တာပါ ဘုရား)။
မသိကြိုက်-ကြိုက်တာ
မသိကြိုက်-ကြိုက်တာဆိုတာ သေသေချာချာ ဉာဏ်နားနဲ့ထောင်ကြည့်တော့မှ လက်သည်းဖမ်းလိုက်တော့မှ မသိကြိုက်ကြီးပါကလား (မှန်ပါ့)။
မောင်နိုင်ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား) ဦးဘအောင်ကြီး ဘယ့်နှယ်တုံး (မသိကြိုက် ကြိုက်တာပါ ဘုရား)။
ဇာတိ၊ ဇရာ၊ မရဏကို အဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား) မသိတော့ တဏှာက မကြိုက်ဘူးလား (ကြိုက်ပါ တယ် ဘုရား)။
ဒါဖြင့် ဘယ်လိုဆိုကြမယ် (မသိကြိုက် ကြိုက်တာပါ ဘုရား)။
ကုသိုလ်အကျိုးပေးတဲ့ ခန္ဓာကြီးရနေလို့ရှိရင် မသိကြိုက် ကြိုက်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒါ ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား) အဝိဇ္ဇာနဲ့ တဏှာကြောင့်ဆိုကြပါစို့ (မှန်ပါ့) သစ္စာမသိတဲ့ အဝိဇ္ဇာကြောင့် (မှန်ပါ့)။
အကုသိုလ်အကျိုးပေးတွေကျတော့ကိုတဲ့ အကုသိုလ် လုပ်နေကြတာကတော့ ဒါလဲ မသိလို့လုပ်တာ (မှန်ပါ့)။
အကုသိုလ်လုပ်တာလဲ (မသိလို့ လုပ်တာပါ ဘုရား) ကုသိုလ်ဘုံဘဝ တောင့်တလုပ်တာလဲ (မသိလို့ လုပ်တာပါ ဘုရား)။
ဦးဘရှင်း ဒီဥစ္စာမြို့ထဲ ရွာထဲ ပြောမယ်ဆိုရင် မလွယ်ပါလား (မှန်ပါ့) လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
ဘုံဘဝရချင်တဲ့ ကုသိုလ် လုပ်လို့ရှိရင် မသိလို့လုပ်တာဟေ့ (မှန်ပါ့) ဘာမသိတာတုံးမေးကြည့်စမ်း (သစ္စာ မသိတာပါ ဘုရား) ဘယ်သစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာက ဘယ်သူပါလိမ့် (ဇာတိ၊ ဇာရ၊ မရဏပါ ဘုရား) ကိုင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဇာတိ၊ ဒုက္ခသစ္စာ၊ ဇရာ၊ ဒုက္ခသစ္စာ၊ မရဏ ဒုက္ခသစ္စာဆိုတော့ ဒါတွေက သိပြီးသား ဖြစ်နေတော့ ဒကာ ဒကာမတွေ ဒါကုသိုလ်ပြုလ်ု့ရှိရင် လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေ ကြိုက်နေကြတယ်၊ ကြိုက်တော့ကို လူဟာ ဒုက္ခသစ္စာလို့ မသိတော့ မသိတာဘယ်သူတုံး အဝိဇ္ဇာပါ ဘုရား) ကြိုက်တာက ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)။
ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် ကြိုက်နေတဲ့ကုသိုလ် (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ဘယ်သူ ကြိုက်နေတာတုံး (မသိတဲ့ပုဂ္ဂိုလ် ကြိုက်နေတာပါ ဘုရား)း။
မသိတဲ့ပုဂ္ဂိုလ် ကြိုက်နေတဲ့ ကုသိုလ်ဆိုတာ ကိုစောမောင် ယနေ့တော့ ရှင်းသွားပါပြီ (ရှင်းပါပြီ) ဦးဘရှင်းကော ဘယ့်နှယ်တုံး (ရှင်းပါပြီ ဘုရား)။
ဘယ်သူ ကြိုက်နေတာပါလိမ့် (မသိတဲ့ပုဂ္ဂိုလ် ကြိုက်နေတာပါ ဘုရား)။
မသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) ကြိုက်တာက ဘယ်သူတုံး (တဏှာပါ ဘုရား)။
ဪ ဒါဖြင့် သစ္စာမသိဘဲနေတဲ့ ပုဂ္ဂိုုလ်မှာဖြင့် သံသရာဆိုတဲ့ ခန္ဓာဟာ ရှည်မှ ရှည်ပါ့မလား ကိုစောမောင် (ရှည်ပါတယ် ဘုရား) ရှည်မှာပါဘဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့တရားဖြစ်ပါပြီ (မှန်ပါ့) သဘောပါကြလား (ပါ ပါပြီ)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာကို ကြပ်ကြပ်လုပ်လိုက်တဲ့ အခါကျတော့မှ ဪ ဒီဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ ကုသိုလ် လုပ်တော့မယ် (မှန်ပါ့)။
မလိုချင်လို့ လုပ်တဲ့ကုသိုလ်
အဲဒီကျတော့ အဲဒီ ကုသိုလ်ကျတော့ ကြိုက်သာကြိုက် (မှန်ပါ့)။
သစ္စာသိတဲ့ ကုသိုလ်ကျတော့ (ကြိုက်ရပါတယ် ဘုရား)။
ကြိုက်တော့ ဒီကုသိုလ်တော့ ရဲရဲတင်းတင်း လုပ်ပါ (မှန်ပါ့)။
ဒါနလုပ်လဲ သစ္စာသိတဲ့ကုသိုလ် ရဲရဲတင်းတင်းလုပ်၊ သီလလုပ်ပြန်ကော (သစ္စာသိတဲ့ကုသိုလ် ရဲရဲတင်းတင်း လုပ်)။
သစ္စာသိတဲ့ ကုသိုလ်နဲ့ လုပ်လိုက်ပြီဆိုမှဖြင့် ကိုစောမောင်ရေ ဒုက္ခသစ္စာကြီး သိပြီးလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာတော့ မလိုချင်လို့ လုပ်တဲ့ကုသိုလ်ဟေ (မှန်ပါ့) ဒုက္ခသစ္စာမရချင်လို့ လုပ်တဲ့ကုသိုလ်ဟေ့ဆိုပြီး ရဲရဲတင်းတင်းကြီးလုပ်စမ်း အဲဒီကုသိုလ်တွေကျတော့ (မှန်ပါ့)။
အဲဒါက သိပြီးလုပ်တဲ့ ကုသိုလ် (မှန်ပါ့) ဘာသိတာတုံး (သစ္စာသိတာပါ) သစ္စာသိပြီးလုပ်တဲ့ကုသိုလ် သူက နိဗ္ဗာန်အကျိုးပေးနိုင်တယ် (မှန်ပါ့)။
ကိုစောမောင် သစ္စာမသိဘဲနဲ့ လုပ်တဲ့ ကုသိုလ်ကတော့ ဒုက္ခသစ္စာအကျိုးပေးတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိဘဲနဲ့ လုပ်တဲ့ ကုသိုလ်က (ဒုက္ခသစ္စာအကျိုးပေးပါတယ် ဘုရား) ဒုက္ခသစ္စာအကျိုးပေးတယ်၊ သစ္စာသိပြီး လုပ်တဲ့ ကုသိုလ်က နိရောဓသစ္စာအကျိုးပေးတယ် (မှန်ပါ့)။
ဦးဘရှင် ရှင်းပြီးလား (ရှင်းပါပြီ)ကဲ ဦးဘအုန်းကြီတို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နိရောဓသစ္စာအကျိုးပေးတယ်
နောက်က ဒကာ ဒကာမတွေသစ္စာသိပြီးလုပ်တဲ့ ကုသိုလ်က (နိရောဓသစ္စာအကျိုးပေးပါတယ် ဘုရား) နိရောဓသစ္စာ အကျိုးပေးတယ်၊ သစ္စာမသိဘဲနဲ့ လုပ်တဲ့ ကုသိုလ် (ဒုက္ခသစ္စာအကျိုးပေးပါတယ် ဘုရား)။
ကိုစောမောင် သေပျော်ပြီ (မှန်ပါ့) သေပျော်ပြီနော် သေပျော်ပြီဆိုတော့ ဦးဘရှင် အင်မတန် ကံကောင်းတယ်ဆို တာ ကိုယ့်အတွက်ဝမ်းသာတယ် (မှန်ပါ့)။
ဟိုသေတဲ့လူတွေကသေကုန်ပြီ၊ ကျေတဲ့လူတွေက ကျေကုန်ပြီ ကိုစောမောင် ဒီနှစ်ခုကို ခွဲလို့ ရသွားလေရော လား မရဘဲနဲ့ဘဲ သေပွဲ ဝင်သွားသလားလို့ဆိုတာ ခင်ဗျားတို့ မှီသလောက်နဲ့ ဉာဏ်တွေးကြည့် (ရမသွားပါ ဘုရား)။
ဒါဖြင့် သစ္စာမသိတဲ့ ကုသိုလ်တွေနဲ့ဘဲ သေပျော်ပြီကွဆိုပြီး သေသွားကြတာဘဲ (မှန်ပါ့) ဟိုဘက်သူ အခုဘာဖြစ် နေမယ်ထင်ကြသတုံး (ဒုက္ခသစ္စာတွေဖြစ်နေပါတယ် ဘုရား)။
ခန္ဓာတော့ဖြင့် နတ်ခန္ဓာလဲ ရမှာဘဲ၊ ဗြဟ္ဗာခန္ဓာ၊ စတြာဝတေး မန္ဓာတ်ခန္ဓာတော့ ရတော့မှာဘဲ၊ ရပေမဲ့လဲ ကိုစောမောင်က ဆုံးဖြတ်ချက်ချပါ၊ ဘာသစ္စာကြီးရသတုံး (ဒုက္ခသစ္စာကြီးရပါတယ် ဘုရား)။
ဒုက္ခသစ္စာကြီးရနေတာကြောင့် ဪ သစ္စာမသိတဲ့ ကုသိုလ်လုပ်သွားလို့ဟေ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဆွမ်းကျွေးကျွေး သင်္ကန်းကပ်ကပ်ဘာလုပ်လုပ်ပေါ့ဗျာ၊ ဘယ်ဆရာတော်ကို ဘာဘဲ ကပ်ကပ် သစ္စာမသိဘဲနဲ့ လုပ်တဲ့ကုသိုလ်ကတော့ ဒုက္ခဘဲရမယ် (မှန်ပါ့)။
မောင်နိုင် သစ္စာသိပြီးလုပ်တဲ့ ကုသိုလ်ကတော့ဖြင့် သုခဆိုတဲ့ နိဗ္ဗာန်ဘဲရမယ် (ရပါမယ် ဘုရား) ရှင်ပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ဆုတောင်းက လိုရင်းလား၊ အသိက လိုရင်းလား (အသိကလိုရင်းပါ ဘုရား)။
ခင်ဗျားတို့ကတော့ နိဗ္ဗာန်ရည်မှန်း အလုပ်လုပ်ပါတယ်လို့ ပြောတော့ ပြောတာဘဲ (မှန်ပါ့) ပြောပင် ပြောငြားသော်လဲ ဒုက္ခမှ မသိတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်သိပါ့မလား (မသိပါ ဘုရား) ကဲကိုပေါ် ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒို့ဆရာဘုန်းကြီးက ဘာတွေသင်ကြားနေပါလိမ့်မတုံးဆိုတော့ လိုတာဖြည့်နေတယ်ဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
လိုတာက ကိုစောမောင် နည်းနည်းလိုတာလား၊ များများလိုတာလား (များများလိုတာပါ ဘုရား)။
များများလိုနေတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ဉာဏ်ကြီးကြီးနဲ့ ရှင်းပါတော့ (မှန်ပါ့) မရှင်းသေးဘူး လား (ရှင်းပါပြီ)။
ဒါ ဉာဏ်နားကြီးကြီးနဲ့လဲ ထောင်ရမယ်နော် (မှန်ပါ့) သာမညနားနဲ့တော့ (မရပါ ဘုရား)။
လုပ်နည်း သင်တာပါ
မရဘူး သာမည နားနဲ့တော့၊ အခုဟာက ဒါနပယ်တာလား၊ လုပ်နည်းသင်တာလား (လုပ်နည်း သင်တာပါ ဘုရား)။
ဒါနပယ်တာမဟုတ်ဘူး။ (မှန်ပါ့) သစ္စာသိပြီးလုပ်တဲ့ ဒါနသီလကို ပြောင်းလိုက်စမ်းပါ (မှန်ပါ့) ဘာကြောင့်တုံး မသိရင် ဒုက္ခရမှာစိုးလို့ဆိုတော့ မောင်နိုင် ပယ်တာလား လုပ်နည်းပြောင်းတာလား (လုပ်နည်း ပြောင်းတာပါ ဘုရား) လုပ်နည်းပြောင်းတာဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
အေး ဒါ့ကြောင့် ဒီဒကာ ဒကာမတွေတော့ မသင်လဲ မဖြစ်တော့ လုပ်နည်းပြောင်းသင်နေရတယ် (မှန်ပါ့) လုပ်တော့လုပ်နေကြတာဘဲ မပြောင်းတတ်ဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာထဲမှာ ဟိုဇာတိ, ဇရာ, မရဏဆိုတာ ကိုစောမောင် နောင်လာလတ္တံ့သာ သူသိတာကိုး (မှန်ပါ့) နောက်ဪ ငါနတ်ဖြစ်လို့ရှိရင် ဇာတိ, ဇရာ, မရဏဘဲ လာမှာဘဲ၊ ဗြဟ္မာဖြစ်လဲ (ဇာတိ, ဇရာ, မရဏဘဲ လာမှာပါဘဲ ဘုရား)။
ကြာတယ်-ကြာတယ် အဲဒါ၊ အဲဒါက သိတော့သိပါရဲ့၊ ကြောက်တော့ ကြောက်ပါရဲ့ ကိုယ်တွေ့ မကြောက်သေးဘူး (မှန်ပါ့) သေသေချာချာ ကြောက်မှာက ခန္ဓာကိုယ် ဉာဏ်နဲ့ကြည့်၊ အခုကြည့်ပါ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ခန္ဓာကိုယ် ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့
ခန္ဓာကိုယ် ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့ ဖျတ်ဖျတ်ဖျတ်ဖျတ်နဲ့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာက္ခန္ဓာကလဲ ပျောက်လိုက် ပျက်လိုက်၊ ရူပက္ခန္ဓာ ကြည့်လိုက်တော့ (ပျက်လိုက်) ပျောက်လိုက်, ပျက်လိုက်ဘဲ (မှန်ပါ့) သညာက္ခန္ဓာ ကြည့်လိုက်ပြန်တော့ (ပျောက်လိုက်, ပျက်လိုက်ပါ ဘုရား) စိတ်ကလေးတွေဆိုတဲ့ ဝိညာဏက္ခန္ဓာကြည့်လိုက်တော့ (ပျောက်လိုက်ပျက်လိုက်ပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒီဒုက္ခသစ္စာမျိုးဖြင့် မလိုချင်ဘူး (မှန်ပါ့) ငါဒါနတော့ပြုမယ်၊ ဒီဒုက္ခသစ္စာမျိုးကို မလိုချင်လို့ လုပ်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါက အနာဂတ်လှမ်းပြီး သစ္စာသိတာလား၊ ပစ္စုပ္ပန်သစ္စာသိတာလား (ပစ္စုပ္ပန်သစ္စာ သိတာပါ ဘုရား)။
အဲဒီပစ္စုပ္ပန်သစ္စာသိတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရော့ဟယ် အင့်ဟယ် လုပ်စမ်းပါ (မှန်ပါ့) နို့ မဟုတ်ရင်ရော့ အင့်က စောနေတယ် ကိုစောမောင် (မှန်ပါ့) အသိက (နောက်ကျပါတယ် ဘုရား)။
အသိက နောက်ကျ၊ ရော့-အင့်က စောနေတော့ မောင်နိုင်ရေ အကျိုးဘာပေးမယ် ထင်သတုံး (ဒုက္ခသစ္စာ ပေးပါတယ် ဘုရား) ဇာတိ, ဇရာ, မရဏဆိုတဲ့ ဒုက္ခသစ္စာဘဲ မလာပေဘူးလား (လာပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဘုန်းကြီးပြောတာဟာ ဒကာ ဒကာမတွေ အင်မတန် သိစေချင်လွန်းလို့ ရှေ့နောက် ခင်ဗျားတို့ဟာ လွဲနေတယ (မှန်ပါ့)။
သစ္စာကို အရင်သိအောင် လုပ်
ကိုစောမောင် ပြောထိုက်မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား) ဦးဘရှင်းကြီးတို့ကော (ပြောထိုက်ပါတယ် ဘုရား) ရှေ့နောက် ဘယ့်နှယ်နေသလဲ (လွဲနေပါတယ် ဘုရား) သစ္စာကို အရင်သိအောင် လုပ်ရဦးမယ် (မှန်ပါ့) ခန္ဓာကိုယ် ဉာဏ်နဲ့ ကြည့်လိုက်တော့ ဖြစ်မှု, ပျက်မှုကလေးတွေ တွေ့လိမ့်မယ် (မှန်ပါ့) တွေ့တော့ ဒါကလေးတွေက ဘာသစ္စာလဲ (ဒုက္ခသစ္စပါ ဘုရား)။
ဪ ဒီဒုက္ခသစ္စာမျိုး မရချင်လို့ လှူပါတယ်၊ တန်းပါတယ်၊ ပေးပါတယ်၊ ကမ်းပါတယ်ဆိုပြီး ခင်ဗျားတို့ သိန်းချီပြီး လုပ်ပေါ့ ကိုစောမောင်ရဲ့ (မှန်ပါ့) မလုပ်နဲ့ မတားပါဘူး (မှန်ပါ့) မောင်နိုင် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
ဒါ ကိုယ်ခန္ဓာ၏ ဒုက္ခသစ္စာကို ဘုရားက ဟောထားတာနဲ့လဲ ကိုက်ကြည့်ပါဦး၊ ဘုရားက “သံခိတ္တေန ပဉ္စုပါဒါနက္ခ န္ဓာဒုက္ခာ” မင်းတို့ ခန္ဓာဒုက္ခသစ္စာဆိုတော့ ဘုရားက ဟောပေမဲ့လဲ ကိုယ်တွေ့မဟုတ်သေးတော့ ကိုစောမောင်က မယုံသေးဘူး (မှန်ပါ့) ပြန်ကြည့်ပါဦးဆိုတော့ ဝိပဿနာ လုပ်ကြည့်မှ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ဝိပဿနာလုပ်ကြည့်လိုက်တော့ ဘာတွေတွေ့ကြသလဲ (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား) ဖြစ်ပျက်တွေဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒီလိုလုပ်ကြည့်တော့ ဒီဒုက္ခမလိုချင်လို့ တပည့်တော်တို့ဘုရား လှူပါတယ်၊ တန်းပါယ်၊ သိန်းချီသောင်းချီ လှူပါတယ်၊ ပေးပါတယ်၊ ကမ်းပါတယ်၊ ဒီဒုက္ခကြီးအခု ကိုယ်မြင်တဲ့ဒုက္ခ ကြောက်လွန်းလို့ ဒီဒုက္ခလွတ်ရာရောက်ချင်လွန်းလို့ပါဆိုတော့ ဪ ဒါအကြွေးတောင်းတာလား၊ မြင်လို့ကို တကယ် ဒါရွံမုန်းပြီး သကာလ ဒါမရချင်တာလားဆိုတာ ခင်ဗျားတို့ဘဲ ရှင်းပါ (ရွံမုန်းပြီး ဒါမရချင်လို့ပါ ဘုရား)။
ခွေးသေကောင်ပုပ် ဒီနားရှိလို့ ဟိုကွေ့တာဗျ၊ လမ်းကွေ့သွားတာ ကိုစောမောင် (မှန်ပါ့) မောင်နိုင် သဘောကျရဲ့လား (ကျပါတယ် ဘုရား) ခွေးသေကောင်ပုပ်မှန်း သိလို့ကို ဒီနားကွေ့ပြီး ထွက်သွားတာ (မှန်ပါ့)။
နို့မဟုတ်ရင် သွားနေကျလမ်း၊ (မှန်ပါ့) အခုတော့ ခွေးသေကောင်ပုပ် တကယ်ရှိမှန်း သိနေတော့ ခန္ဓာခွေးသေ ကောင်ပုပ်ကြီး တကယ်မြင်နေတော့ အင်း ဒါတော့ မရချင်တော့ဘူးဆိုတော့ ကိုစောမောင် ရှင်းမသွား ဘူးလား (ရှင်းသွားပါတယ် ဘုရား)။
ဒါဖြင့် အနာဂတ်လှမ်းတောင်းနေတဲ့ နိဗ္ဗာန်နဲ့ ယခုပစ္စုပ္ပန်ကိုယ်တိုင်မြင်ပြီးသကာလ ခန္ဓာမရချင်တာနဲ့ဆိုတော့ ပစ္စုပ္ပန်ခန္ဓာမရချင်တာက နိဗ္ဗာန်အစစ်ရမယ် (မှန်ပါ့) လှမ်းတောင်းတဲ့နိဗ္ဗာန်က မရနိုင် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါ အင်မတန် သဘောပါတဲ့ တရားလို့ ဒကာ ဒကာမတွေက လေးလေးစားစား မှတ်စမ်းပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့ရဲ့ ခင်ဗျားတို့ ရှေးက သစ္စာမသိတဲ့ ကုသိုလ်တွေလဲ တစ်ပုံကြီးဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) သစ္စာမသိလို့ လုပ်ခဲ့တဲ့ အကုသိုလ်တွေကော (တစ်ပုံကြီးပါ ဘုရား)။
သစ္စာမသိဘဲနဲ့ လုပ်တဲ့ကုသိုလ်တွေ
ဟာ ဒါတွေ ကိုစောမောင် သစ္စာမသိဘဲနဲ့ လုပ်တဲ့ကုသိုလ်တွေကလဲ လူ့ဘဝနတ်ဘဝတွ အကျိုးပေးနေဦးမယ် ဆိုရင်လဲ ကိုစောမောင် နိဗ္ဗာန်မရောက်တော့ဘူး (မရောက်တော့ပါ) ရောက်ပါဦးမလား (မရောက်ပါ ဘုရား)။
သစ္စာမသိလို့ လုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးနေမယ်ဆိုလို့ရှိရင်လဲ သုံးဆဲ့တစ်ဘုံအပါယ်လေးပုံက တက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
သို့သော် လူတိုင်းမှာတော့ ဒီနှစ်ခုစလုံးအစုအပုံနဲ့ ရှိတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
လူတိုင်းမှာ နောက်က (အစုအပုံနဲ့ ရှိပါတယ် ဘုရား) ကုသိုလ်တွေလဲ (ရှိပါတယ် ဘုရား) သစ္စာမသိတဲ့ ကုသိုလ်တွေလဲ တစ်ပုံကြီးဘဲ (မှန်ပါ့) သစ္စာမသိတဲ့ အကုသိုလ်တွေကော (တစ်ပုံကြီးပါ ဘုရား)။
အကုသိုလ်ဆိုတာတော့ သစ္စာထည့်ဘို့တောင် မလိုပါဘူးနော် (မှန်ပါ့)။
သို့သော်လဲ နှစ်ခုယဉ်တွဲပြီး ဟောရတဲ့တရား ဖြစ်နေလို့ ဦးဘအောင် ထည့်လိုက်ရပြန်တယ် (မှန်ပါ့) ကိုပေါ် ထည့်လိုက်ရတယ် (မှန်ပါ့)။
သစ္စာမသိတဲ့ အကုသိုလ်တွေကလဲ (တစ်ပုံကြီပါ ဘုရား) သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ ကုသိုလ်တွေကတော့ကော (တစ်ပုံကြီးပါ ဘုရား)။
ဒါတွေက ဘာတွေချည်း အကျိုးပေးမှာပါလိမ့် (ဒုက္ခသစ္စာတွေချည်း အကျိုးပေးမှာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ဒီလိုလုပ်ကြစို့ ဖြတ်ကြပေတော့၊ ကိုစောမောင် ဖြတ်ကြစို့ ဆိုတော့ သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ကုသိုလ်လဲ (ဖြတ်ရမှာပါဘဲ ဘုရား) ဖြတ်ရမှာဘဲ ဘာဖြစ်လို့တုံး ဒုက္ခသစ္စာတွေလာမှာ စိုးရိမ်လို့ (မှန်ပါ့)။
သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ အကုသိုလ်တွေကော (ဖြတ်ရမှာပါဘဲ ဘုရား) ဖြတ်ရမှာဘဲဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့ မောင်နိုင် ဪ ကံပြတ်ကိုလုပ်မှ တော်တော့မယ် (မှန်ပါ့) ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
ဘယ်လိုပေါ်လာသတုံး (ကံပြတ်လုပ်မှ တော်ပါမယ် ဘုရား) ကံပြတ်လုပ်မှ တော်တော့မယ်ဆိုတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ခန္ဓာကိုယ်ကို ဝိပဿနာရှုပါ (မှန်ပါ့)။
ဝိပဿနာရှုလိုက်တော့ ခန္ဓာကိုယ်ထဲမှာ စိတ်ကြည့်ကြည့်၊ ဝေဒနာကြည့်ကြည့်၊ကြိုက်တာကြည့်၊ ဖြစ်ပျက်လို့ ဖြစ်ပြီးပျက်နေတာကလေးကို မြင်လိုက်တာက မဂ်လို့ဆိုလိုက်တယ် (မှန်ပါ့)။
မဂ်ဆိုတော့ နဂိုရ်က ပဋိစ္စသမုပ္ပါဒ်ကြီးက တဏှာ, ဥပါဒါန်ကံ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီ တဏှာနေရာမှာ နဂိုရ်က ကိုယ့်ခန္ဓာကြီးခင်နေတာ၊ အခုတော့ ကိုယ့်ခန္ဓာကြီး အနိစ္စကို မြင်တော့ ခင်သေးရဲ့လား (မခင်ပါ ဘုရား) မခင်တဲ့ ဝိပဿနာမဂ်မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ဆိုတဲ့ မဂ်က မလာဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ တဏှာဥပါဒါန် ကံလာသေးရဲ ကလား (မလာပါ ဘုရား)။
ဝိပဿနာရှုနေတဲ့ အလုပ်ဟာ ကံဖြတ်နေတာ
ဟာ ဒါဖြင့် ဝိပဿနာရှုနေတဲ့ အလုပ်ဟာ ကံဖြတ်နေတာပါကလား (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါက ဘယ်ကံ ဖြတ်တာတုံးလို့ မေးတော့ ကိုစောမောင် ပစ္စုပ္ပန်ကံ ဖြတ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သူ့မရှုဘဲ ထားလိုက်ရင် ပစ္စုပ္ပန်ကံ တန်းတော့မယ် (တန်းပါတယ် ဘုရား) စိတ်ဟာ ရပ်လို့လဲ မရဘဲကိုးဗျ (မှန်ပါ့) ရပ်လိုက်ပြန်ရင်လဲ စိတ်ရပ်သွားတော့ လူသေတယ် (မှန်ပါ့) မရပ်ဘဲနေတော့ ပဋိစ္စသမုပ္ပါဒ်ဖြစ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရပ်လိုက်ပြန်တော့လဲ (လူသေပါတယ် ဘုရား) သေတယ်၊ စိတ်မရှိသေတာကိုး၊ စိတ်စဉ်ကြီး ရပ်သွားရင် မောင်နိုင် သေတာဘဲ (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့တဲ့၊ ဖြတ်ပြီးသကာလ တစ်မျိုးဆက်ကြစို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဖြတ်ပြီးသကာလ (တစ်မျိုးဆက်ကြစို့) တစ်မျိုးဆက်ကြဦးစို့ဆိုတော့ ခန္ဓာကိုယ် ဝေဒနာကလေးတွေ သူ့နေရာနဲ့ သူပေါ်တဲ့အခါကျတော့ ဒါကလေးတွေ ဖြစ်ပျက်ရှုပေး ကိုစောမောင် (မှန်ပါ့) ရှုလိုက်တဲ့ အခါကျတော့ ဝေဒနာက ဖြစ်ပျက်ရှုတဲ့ ဉာဏ်က မဂ်ဖြစ်သွားတယ် (မှန်ပါ့)။
ဒါဖြင့် တဏှာနေရာမှာ မဂ်ဆက်ပေးလိုက်တဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီလိုလုပ်ကြပါစို့တဲ့ မဂ်က ကိုစောမောင် ရှင်းတယ်၊ တဏှာကစပြီး ဖြတ်လိုက်တာ ကံပါ ပါသွားတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။
တဏှာချုပ်တော့ ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ (ကံချုပ်သွားပါတယ် ဘုရား) ကံချုပ်သွားတယ်ဆိုတော့ ဟိုခင်ဗျားတို့ လှူဒါန်းထားတဲ့ ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီး သွားကြည့်လိုက်တော့ ရှင်းတယ် (ရှင်းပါတယ် ဘုရား)။
အဲ့ဒီတော့ ကံကို တိုက်ရိုက်ဖြတ်တာလား၊ ကံကို ဦးစီးနေတဲ့တရားဖြတ်တာလား (ကံကို ဦးစီးနေတဲ့ တရား ဖြတ်တာပါ ဘုရား)။
အဲ တဏှာဦးစီးနေတယ် (မှန်ပါ့) နဂိုရ်တုန်းက ခင်ဗျားတို့ လုပ်နေတဲ့ ဒါနတွေကလဲ တဏှာ ဦးစီးတဲ့ ဒါနတွေ (မှန်ပါ့) ရှင်းပြီလာ (ရှင်းပါပြီ) လူ့ဘဝ, နတ်ဘဝ, လိုချင်တာကိုး (မှန်ပါ့) မလိုချင်ဘူးလား (လိုချင်ပါတယ် ဘုရား)။
ဒါဖြင့်လဲ တဏှာဦးစီးတဲ့ ဒါနတွေ လုပ်ခဲ့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်) သစ္စာမသိတော့ တဏှာကဦးစီးသွားပြီဆိုတာ ပေါ်ပါတယ် (မှန်ပါ့)။
ဒါဖြင့် ဝိပဿနာအလုပ်သည် မောင်နိုင် ဘာလုပ်တာတုံးဆိုတော့ ကံဖြတ်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဝိပဿနာအလုပ်ဆိုတာ (ကံဖြတ်တာပါ ဘုရား) ကံဖြတ်တာဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘာ့ကြောင့် ဒီကံတွေ ဆရာဘုန်းကြီးက ဖြတ်ခိုင်းပါလိမ့်မတုံးမေးတော့ အိုမင်းတို့က သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ ကုသိုလ်တွေက အကျိုးပေးနေမယ်ဆိုတော့ ဒုက္ခသက်ရှည်နေမှာပေါ့ (မှန်ပါ့)။
သစ္စာမသိလို့ လုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးလို့ရှိရင်လဲ ငရဲထက် ရှည်နေမှာပေါ့ (မှန်ပါ့) အပါယ်လေးပါး သက်ရှည်နေမှာပေါ့ (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
ဒါတွေက မရှိတာတွေလား ရှိတာတွေလား (ရှိတာတွေပါ ဘုရား)။
ကဲ ရှိတာတွေဆိုတော့ ဒီကံ နှစ်ကံကို ဒကာ ဒကာမတွေ သစ္စာမသိတဲ့ ကံချည့်ဖြစ်နေတော့ ဖြစ်မှတော်မလား၊ ဒီအတိုင်း ထားလို့တော်မလား (ဖြတ်မှတော်ပါမယ် ဘုရား)။
ဒါဖြင့် ဝိပဿနာမှ ရတော့မယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘယ်လိုမှတ်မယ် (ဝိပဿနာမှ ရတော့မယ်) ဦးခင်မောင် ရှင်းပြီလား (ရှင်းပါပြီ) မောင်နိုင် ပေါ်ပြီကွ (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံသည်ကားလို့ ဆိုရင်ဖြင့် ကျုပ်တို့ အားကိုးထိုက်တဲ့ ကံဘဲ (မှန်ပါ့)။
ဝိပဿနာကံ ဝိပဿနာဉာဏ်အလုပ်သည် (အားကိုးထိုက်ပါတယ် ဘုရား)။
ဘာကြောင့်တုံး သစ္စာမသိတဲ့ ကုသိုလ်ကံတွေကို (ဖြတ်ပါတယ် ဘုရား)။ သစ္စာမသိလို့ နောက်က မိုက်ထားတဲ့ အကုသိုလ်တွေကော (ဖြတ်ပါတယ် ဘုရား) ဒီဘဝ မသိမလိမ်မာလို့ မိုက်တဲ့ သစ္စာမသိလို့ မိုက်ပြီး လှူဒါန်းထားတာ တွေကော (ဖြတ်ပါတယ် ဘုရား) သစ္စမသိလို့ မိုက်ထားတဲ့ အကုသိုလ်တွေကော (ဖြတ်ပါတယ် ဘုရား)။
ကြွေးရှိသ၍ဆပ်ပေးမယ်
ဖြတ်ပေးမယ်ဆိုတော့ ကြွေးရှိသ၍ဆပ်ပေးမယ်ပြောတာ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (ကြွေးရှိသ၍ ဆပ်ပေးပါမယ် ဘုရား)။
ကြွေးရှိသ၍ ဆပ်ပေးမယ် ဆိုတာကိုတော့ဖြင့် ခင်ဗျားတို့ ကြိုက်သင့်တယ် (မှန်ပါ့) ဦးဘရှင်း ဘယ့်နှယ်တုံး (ကြိုက်သင့်ပါတယ် ဘုရား) ကြိုက်သင့်တယ်၊ ဦးဘအောင်ကြီး ဘယ့်နှယ်နေသတုံး (ကြိုက်သင့်ပါတယ် ဘုရား)။
ဘာကြွေးမဆိုဟေ့၊ ငါအကုန်ဆပ်မယ်ဆိုတော့ ဒီတရားဘယ်မှာရှာရမတုံး၊ ကိုစောမောင်ရေ၊ ရှာရလိမ့်မယ် (မှန်ပါ့)။
ခင်ဗျားတို့သုံးနေတာ၊ ကုသိုလ်ဟာ ကုသိုလ်တလမ်းပေါ့ကွ၊ သူ့အကျိုးပေးနဲ့သူပေါ့၊ အကုသိုလ်က (အကုသိုလ် တလမ်းပါ ဘုရား) အင်း ဖြတ်တာကို ပါရဲ့လား (မပါ-ပါ ဘုရား)။
အင်း – မပါဘူး၊ ကိုယ်က ဒါလောက်ဘဲ နားလည်ထားတယ် (မှန်ပါ့) သူလမ်းနဲ့သူတော့ သွားကြမှာပေါ့ကွာ၊ ကိုစောမောင်တို့ လူကြီးလုပ်ပြောလဲ ဒါပြောရမှာဘဲ (မှန်ပါ့)။
မင်း-အကိုသိုလ်လုပ်မှ မင်းသံသရာခက်မှာပေါ့၊မင်း ကုသိုလ်လုပ် မင်းသံသရာကောင်းမှာပေါ့ ဒါဘဲ ပြောတတ်တယ် (မှန်ပါ့) ဒီ့ပြင်ဘာပြောတတ်သေးသလဲ (ဘာမှ မပြောတတ်ပါ ဘုရား) ဟာ ဒီနှစ်ခုစလုံးမကောင်းဘူး လို့ တစ်ခါမှ မဆိုဘူး (မှန်ပါ့)။
သစ္စာမသိတဲ့ ကုသိုလ် မကောင်းဘူး လို့ ဆိုဘူးရဲ့လား (မဆိုးဘူးပါ ဘုရား) ကဲ ယနေ့ထွက်တော့ (မှန်ပါ့) သစ္စာမသိတဲ့ ကိုသိုလ်ဟာဖြင့် (မကောင်းပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ) သစ္စာမသိတဲ့ကိုသိုလ်ဟာ (မကောင်းပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က ကိုသိုလ်ဆိုကွာ၊ နည်းရောင်း, များရောင်းတောင်းပြည့်ပြီးရောပေါ့၊ လုပ်သာလုပ်တဲ့ အင်း သစ္စာသိမသိတော့ မထည့်ဘူး (မှန်ပါ့)။
ကုသိုလ်ဆိုရင် ကောင်းတာချည့်ပေါ့ကွာ၊ ကိုပေါ်တု့ိ၊ ဦးဘအုန်းကြီးတို့ ဒီလိုသုံးချင်သုံးမယ် (မှန်ပါ့) မသုံးခဲ့ကြဘူး လား ရှေးက (သုံးခဲ့ကြပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခပေးမည့် ကုသိုလ်လဲ တောင်းထဲထည့်ကွာ၊ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) အင်း တောင်းထဲထည့် ဆိုတော့ အရူးတောင်းကြီးဖြစ်နေမှာဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေသိတော့မှ ဪ ဒါဖြင့် ဒို့နောက်ကလဲ ဒို့သစ္စာမသိတဲ့ ကုသိုလ်တွေကလဲ တစ်ပုံကြီး၊ သစ္စာမသိတဲ့ အကုသိုလ်တွေလဲ (တစ်ပုံကြီးပါ ဘုရား)။
ဒီဘဝ လုပ်ပြန်တော့ကော ဒီဆရာသမားနဲ့ မတွေ့ခင်တုန်းက လုပ်ထားတဲ့ ကိုသိုလ်ကလဲ (တစ်ပုံကြီးပါ ဘုရား) အကုသိုလ်ကလဲ (တစ်ပုံကြီးပါ ဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်ကြွေး အတိတ်ကြွေးတွေကို ဘာနဲ့ ဆပ်မတုံး (ဝိပဿနာမဂ်နဲ့ ဆပ်ပါ့မယ် ဘုရား) မဂ်နဲ့ ဆပ်ကြပေတော့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပစ္စုပ္ပန်ကြွေး, အတိတ်ကြွေး ဘာနဲ့ဆပ်မတုံး (မဂ်နဲ့ဆပ်ပါမယ် ဘုရား) မဂ်နဲ့ဆပ်ရင် ကျေတယ်နော် (မှန်ပါ့)။
မဂ်နဲ့ဆပ်ရင် ကျေတယ်ဆိုတော့ တကယ်တမ်း ခင်ဗျားတို့ ဒီအလုပ်ကိုလုပ်လို့ရှိရင် ဘာသံသယမှ မရှိဘဲနဲ့ သေလိုက်၊ ငါကြွေးကျေပြီဆိုပြီးသေလိုက်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကြွေးကျေတော့ကိုတဲ့ အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား) ကြွေးဆိုတာ အကြောင်းကိုးဗျ (မှန်ပါ့) အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
အဲဒီအလုပ်လုပ်သာလုပ်ကြွေးကျေပြီးသေတဲ့ ပုဂ္ဂိုလ်ဆိုတော့ အင်း သူတို့ သေပုံတယ်ကောင်း တယ်ဟေ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ကြွေးဗလပွေနဲ့ သေသွားတာ
ကြွေးဗလပွေနဲ့ သေသွားတာဆိုတော့ လောကီအနေတော့ အလောင်းတောင် ဝရမ်းကပ်ရသေးတယ် (မှန်ပါ့) ဘယ်လောက် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ကြွေးနဲ့သေတာ ကြိုက်သလား၊ ကြွေးကျေသေတာကြိုက်သလား (ကြွေးကျေသေတာ ကြိုက်ပါတယ် ဘုရား)။
အံမာလေး ဒီရောက်အောင် မနည်းပြောရပါကလား ဒကာ ဒကာမတွေ၊ ဒီရောက်အောင်ကိုဘဲ နာရီသုံးမတ် လောက် ပြောနေရတယ် (မှန်ပါ့) ကိုစောမောင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ကြွေးနဲ့သေမလား၊ ဦးဘရှင်း ကြွေးကျေသေမလား (ကြွေးကျေသေပါမယ် ဘုရား) ကောင်းပြီတဲ့၊ ဒီကြွေးက မကျေဘဲနဲ့ သေလို့ရှိရင်ဖြင့် ရွှေငွေပေးလို့ စက္ကူတွေပေးလို့ ဆပ်လို့မရဘူး (မရပါ) ခန္ဓာနဲ့ဆပ်ရတာမျိုး (မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
အပါယ်ကျတော့လဲ ဘာနဲ့ ဆပ်ရမလဲ ခန္ဓာနဲ့ ဆပ်ရပါတယ် ဘုရား) အင်း ခုနက သစ္စာမသိတဲ့ ကုသိုလ်တွေက အကျိုးပေးတော့လဲ ဘာနဲ့ဆပ်ရသတုံး (ခန္ဓာနဲ့ ဆပ်ရပါတယ် ဘုရား)။
ခန္ဓာနဲ့ ဆပ်ရတာချည့်ဘဲ (မှန်ပါ့) ဘယ်မှာ လက်ဆောင်ထိုးလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာကို နောက်အကျိုးမပေးအောင် လုပ်လို့ရှိရင် ခန္ဓာပေါ်ဦးမလား (မပေါ်တော့ပါ ဘုရား) ခန္ဓာမပေါ်လို့ရှိရင် ခန္ဓာဘာသစ္စာတုံး (ဒုက္ဓသစ္စာပါ ဘုရား)။
ဒါဖြင့် ခန္ဓာအပေါ်လို့ရှိရင် နိဗ္ဗာန်သာ ပေါ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တရားတော်တော်လည်သွားပါပြီ (လည်ပါပြီ) အရည်လည်သွားပါပြီ (မှန်ပါ့) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်သည် မဂ်ဆိုက်အောင် လုပ်ပါလို့ မောင်နိုင် တိုက်တွန်းတယ် (မှန်ပါ့) ကိုပေါ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (တိုက်တွန်းပါတယ် ဘုရား)။
တိုက်တွန်းတဲ့အတိုင်း ခင်ဗျားတို့က လုပ်ဖြစ်အောင် လုပ်၊ ကြွေးရှိလျက်နဲ့ အေးမနေနဲ့ (မှန်ပါ့) ဘယ်လိုဆိုသတုံး (ကြွေးရှိလျက်နဲ့ အေးမနေပါနဲ့ ဘုရား)။
ဦးဘရှင်းတို့ လူတစ်ယောက်က ကြွေးဘဲ ၄-၅ ရှစ်သောင်းတစ်သိန်းလောက် တင်နေတယ်၊ နှစ်သိန်းသုံးသိန်း တင်နေတယ် ထားပါတော့ ကိုစောမောင် (မှန်ပါ့) သူ့မှာ အပျော်မပျက်ပါဘူးလို့ ဆိုလို့ရှိရင် ကိုစောမောင် အိမ်လဲ ဆုံးပြီ၊ ယာလဲဆုံးပြီ၊ ပိုင်တာတွေလဲ ကုန်ပြီ၊ ကြွေးကလဲ တင်နေတယ်၊ ဒီထဲကလဲ အပျော်မပျက်ပါဘူး ဆိုလို့ရှိရင် ဒီလူအရူးလို့ ခင်ဗျားဆိုတော့မယ် (မှန်ပါ့ ဘုရား)။
မသိရူးရူးနေတယ်
ဒီမှာ ခင်ဗျားတို့လဲတဲ့ ရှေးကတော့ မသိရူးရူးနေတယ် (မှန်ပါ့)။
အခုတော့ဖြင့် အင်း ပစ္စုပ္ပန်ကြွေးကလဲ (မနည်းပါ) အတိတ်က လိုက်လာတဲ့ ကြွေးတွေကကော (မနည်းပါ ဘုရား) ကုသိုလ်ကြွေး, အကုသိုလ်ကြွေးတွေရော (မှန်ပါ့) ပစ္စုပ္ပန်တင်နေတဲ့ ကြွေးတွေကတော့ (မနည်းပါ ဘုရား) ဒီထဲကနေပြီး ခင်ဗျားတို့က ပြုံးနိုင်သေးတယ်၊ ရွှင်နိုင်သေးတယ်ဆိုတာသည် ကိုစောမောင် ကိုယ်လဲ အရူးတစ်ပိုင်းဘဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် အခုတော့ဖြင့် ပစ္စုပ္ပန်ကြွေးလဲ သိပြီဘုရား၊ အတိတ်ကပါလာတဲ့ ကြွေးတွေလဲ ရှိတယ်ဘုရား၊ ကြွေးတွေ ဝိုင်းနေပြီဘုရား ဆပ်တော့မယ်ဆိုတဲ့စိတ် ယနေ့မွေးရမယ် (မှန်ပါ့)။
ဘာမွေးရမယ် (ကြွေးဆပ်တော့မယ်ဆိုတဲ့ စိတ်မွေးရပါမယ် ဘုရား)။
အဲ ဆပ်တော့မယ်ဆိုတော့ကို ဒကာ ဒကာမတို့ မဂ်နဲ့ ဆပ်မှရမယ် (မှန်ပါ့)။
ဒါ့ကြောင့် မဂ်သည် ကိုစောမောင် သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ ကုသိုလ်တွေလဲ ဖြတ်တယ် (ဖြတ်ပါတယ်ဘ ုရား) သဘောပါပြီလား (ပါ-ပါပြီ) သစ္စာမသိဘဲနဲ့ လုပ်ထားတဲ့ အကုသိုလ်တွေကော (ဖြတ်ပါတယ် ဘုရား)။
ဒီဘဝလုပ်လုပ် နောက်ဘဝလုပ်လုပ် ဦးဘအုန်းကြီးလဲ အကုန်ဖြတ်ဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဖြတ်တယ်၊ မဖြတ်ဘူးဆိုတဲ့ဥစ္စာက ဪ မဂ်ဆိုတာ တယ် သတ္တိထက်ပါကလား၊ ဖြတ်တယ်လို့ ဆရာဘုန်းကြီးက ဟောထားပြီဆိုတော့ ဆရာဘုန်းကြီးပြောတာနဲ့ မယုံပါနဲ့ဦး (မှန်ပါ့) ခင်ဗျားတို့ ကိုယ်ထဲမှာ ပဋိစ္စသမုပ္ပါဒ် တန်းကြည့်ပါဦး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဆရာဘုန်းကြီး ပြောတသည်ကားလို့ဆိုရင် မှန်တော့ မှန်နေပြီ၊ သို့သော်လဲ ချင့်လိုက်ပါဦး ချိန်လိုက်ပါဦး သဘောကျပြီလား (ကျပါပြီ ဘုရား)။
မရှုဘဲ နေရင် ဒီစိတ်ဟာ တန်းတော့မယ်
ချင့်လိုက်ပါဦး၊ ချိန်လိုက်ပါဦးဆိုတော့ ခင်ဗျားတို့ မယုံရင်ရှုကြည့်ပါတဲ့ ခန္ဓာကိုယ်ထဲ ပေါ်လာတဲ့ စိတ်ကလေး ရှုကြည့်ပါနော် မရှုဘဲ နေရင် ဒီစိတ်ဟာ တန်းတော့မယ် (မှန်ပါ့)။
မြင်တယ်ဆိုလို့ရှိရင်ဖြင့် လိုချင်တယ်က လာတော့မယ် (မှန်ပါ့) တဏှာ မတန်းသေးဘူးလား (တန်းပါတယ် ဘုရား)။
လိုချင်ရင် စွဲလမ်းတယ် ဆိုတာကကော (လာပါတယ် ဘုရား) စွဲလမ်းလို့ရှိရင်ဖြင့် ကာယကံ, ဝစီကံနဲ့ အားထုတ်မယ်ဆိုတဲ့ ကမ္မဘဝကော (လာပါတယ် ဘုရား)။
ဒါဟာခင်ဗျားတို့ ပစ္စုပ္ပန်မှာ ကြွေးတင်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား) တဏှာ, ဥပါဒါန်, ကံတွေဟာလေ (မှန်ပါ့)
ကဲ ဒါဖြင့် မြင်စိတ်ကလေးကို မြင်တဲ့ ဥပေက္ခာကလေးကို မျက်လုံးက မြင်တာဟာ မျက်လုံးထဲမှာ ဥပေက္ခာပါဘဲ ဝေဒနာ အလိုရှိရင် ဥပေက္ခာ၊ စိတ်အလိုရှိရင် စိတ်ပေ့ါဗျာ မြင်စိတ်ပေါ့ (မှန်ပါ့)။
အဲ့ ဒါကလေး မောင်နိုင်က ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီကိုယ့်ဖြစ်စဉ်ကို ကိုယ်ဖြတ်တယ် (မှန်ပါ့) ရှင်းရဲ့လား (ရှင်းပါပြီ) တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့လား (မလာပါ ဘုရား) မြင်စိတ်နောက်က မဂ်ဘဲ လိုက်နေတယ် (မှန်ပါ့)။
မြင်စိတ်နောက်က ဘာလိုက်နေသလဲ (မဂ်ဘဲ လိုက်နေပါတတယ် ဘုရား) ကြားစိတ်နောက်ကကော (မဂ်ဘဲလိုက်နေပါတယ် ဘုရား) ဒါဝေဒနာဖြစ်လဲ ဝေဒနာနောက်က ဘာလိုက်နေသလဲ (မဂ်လိုက်နေပါတယ် ဘုရား)။
မဂ်လိုက်နေတော့ ဪ ဒီဥစ္စ ပစ္စုပ္ပန်တင်မည့် ကြွေးတွေကို ဖြတ်ချနေတာပါကလား၊ လာကို မလာရ တော့ပါကလား (မလာရတော့ပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးပြောတာလား၊ ခင်ဗျားတို့ ဖြစ်စဉ်ကို ခင်ဗျားတို့ ဖြတ်နေတာလား (ဖြစ်စဉ်ဖြတ်နေတာပါ ဘုရား) ဒါ ပစ္စုပ္ပန်ဖြတ်ပြတယ် (မှန်ပါ့)။
အဲဒီတော့ဝိပဿဉာဏ်က ပစ္စုပ္ပန်ကံကို ဖြတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝိပဿဉာဏ်က (ပစ္စုပ္ပန်ကံကို ဖြတ်ပါတယ် ဘုရား)။
ပစ္စုပ္ပန်ကံကို ဖြတ်တယ်လို့ လေးလေးစားစား တစ်ခါတည်း ကိုယ့်အမြင်နဲ့ ကိုယ်ရှုပြီးတော့ ပြတ်တာကိုယုံ ခင်ဗျားတို့ ဘုန်းကြီးပြောတာ မယုံနဲ့ဦး ကိုယ့်စိတ်ကို ကိုယ်တန်းကြည့် မရှုဘဲ နေရင် တန်းတယ် (မှန်ပါ့) ရှုရင် ပြတ်တယ် (ပြတ်သာပါတယ် ဘုရား) မောင်နိုင် သေချာပြီလား (သေချာပါပြီ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ပစ္စုပ္ပန်ကံဖြတ်တာ ဘယ်သူတုံးမေးရင် ဝိပဿနာမဂ်
အဲဒီတော့ ပစ္စုပ္ပန်ကံဖြတ်တာ ဘယ်သူတုံးမေးရင် ဝိပဿနာမဂ် (မှန်ပါ့) ဟုတ်လား ၊ ဒီမဂ် ရင့်လာလို့ မောင်နိုင်ရေ ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေ ဆုံးတဲ့ မဂ်ကျတော့ အဆုံးမြင်တဲ့ မဂ်ကျတော့ အတိတ်ကံပါ ဖြတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဝိပဿနာမဂ်က (ပစ္စုပ္ပန်ကံ ဖြတ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် သွားလိုက်ဦး၊ လောကုတ္တရာမဂ်ကျတော့ ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ကတော့ (အတိတ်ကံဖြတ်ပါတယ်) အတိတ်ကံရော ပစ္စုပ္ပန်ကံရော နှစ်ခုစလုံးဖြတ်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာမဂ်နဲ့ ခင်ဗျားတို့ လောကုတ္တရာမဂ်နဲ့ ထူးကြပြီလား (ထူးပါတယ် ဘုရား) ဝိပဿနာမဂ်ကတော့ (ပစ္စုပ္ပန်ကံဖြတ်ပါတယ်)။
ဒါလဲအမြင်နော် (မှန်ပါ့) သူများပြောလား (အမြင်ပါ ဘုရား)။
အမြင်ဘဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
ကောင်းပြီ တကယ့် လောကုတ္တရာမဂ်၊ ဒါတွေ ဖြစ်ပျက်တွေမြင်လို့ ဖြစ်ပျက်တွေ မုန်းလို့ ဖြစ်ပျက်တွေ အဆုံးရောက်သွားပြီဆိုတော့ ကိုစောမောင် နောက်က အတိတ်ကံပါ ဖြတ်တယ် (မှန်ပါ့) ပစ္စုပ္ပန်ကံကော (ဖြတ်ပါတယ် ဘုရား)။
ကဲဒါဖြင့် အတိတ်ရော ပစ္စုပ္ပန်ကြွေးရော နောက်က ပါလာတဲ့ ကြွေးရော ယခုဘဝမှတင်တဲ့ ကြွေးကိုရော ဖြတ်တယ်ဆိုတာကိုဖြင့် သက်သေခံ လုံလောက်ပြီ (လုံလောက်ပါပြီ ဘုရား) မလုံလောက်ဘူးလား (လုံလောက် ပါတယ် ဘုရား)။
ဒါဖြင့် လုပ်ထိုက် မလုပ်ထိုက်ကော (လုပ်ထိုက်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ နောက်က ဒကာ ဒကာမတို့ လုပ်ထိုက်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။
ကိုင်း လုပ်ထိုက်တော့ကိုတဲ့ ဘုန်းကြီး တိုတိုဘဲ ထုတ်ပြပါ့မယ်၊ ခင်ဗျားတို့ အရင်တုန်းက ပြောဘူးပါတယ်နော် (မှန်ပါ့)။
ဟို တာဝတိ ံသာ နတ်ပြည်မှာ သုဗြဟ္မနတ်သား ပြောလိုက်တော့ကိုစောမောင် သူ့မှာ နတ်သမီးတစ်ထောင် မရှိဘူးလား (ရှိပါတယ် ဘုရား)။
နတ်သမီးတစ်ထောင် ရှိပြီးတော့ နတ်သမီး တစ်ထောင်ထဲက ငါးရာ ပန်းပင်ပေါ်တတ်ပြီး ပန်းတွေ ဆွတ်ချကြ၊ နောက်အောက်က နတ်သမီးတွေက ဒီပန်းတွေ ကောက်ပြီးသကာလ နတ်သားကို ဆင်ကြ၊ ပြင်ကြတယ်၊ သုဗြဟ္မာ နတ်သားကို ဆင်ကြ, ပြင်ကြတယ်ဆိုတာ သံယုတ်ပါဠိတော်မှာ လာတယ် (မှန်ပါ့)။
နောက်တော့ သီချင်းတစ်ကျော်ကျော်နဲ့ အော်ဆိုရင်း မတ္တနဲ့ နတ်သမီးတွေ ခုနင်က အကုသိုလ်ခွေးက မှီသွားတော့ ကိုယ်သတ်ချလိုက်တာ အကုန် ငါးရာစလုံး သစ်ပင်ပေါ်မှာ အကုန်သေကြတယ်၊ သေပြီးတော့ အဝီစိငရဲကျတယ် (မှန်ပါ့)။
ကဲ မောင်နိုင် ဟိုခွေးမှီသွားပြီကွ (မှန်ပါ့) အရင်ခွေးက စောင်မတဲ့ခွေး ရှိသေးသလား (မရှိပါ ဘုရား)။ အင်း ဒါဖြင့် အသေကိုက်တဲ့ခွေးက မှီသွားပြီ (မှန်ပါ့)။
ဒါ့ကြောင့် နောက်က လိုက်နေတယ် ဆိုတာ ခင်ဗျားတို့ နောက်လှည့်ကြဦး၊ ရှေ့လောချည့်ကြီးမနေနဲ့ (မှန်ပါ့)
မောင်နိုင် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
တွင်းသမားလို ဗျုံးချည့်မျှော်နေလို့ အထက်က အမိုးအိနေတာလဲ ဒေါက်တွေက အိတာလဲ ကြည့်ဦးမှ ကိုစောမောင် (မှန်ပါ့) မကြည့်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
အဲဒီလိုလဲ ကြည့်ရသေးတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်ပါပြီ)။
အကုန်သေပြီး အဝီစိငရဲ ကျတယ်
အဲဒီလိုကြည့်လိုက်တော့ သစ်ပင်ပေါ်မှာ နေတဲ့ နတ်သမီး ငါးရာ ကိုစောမောင် နောက်ခွေး မှီသွားလိုက်တာ အကုသိုလ်ခွေး မှီသွားလိုက်တာ အကုန်သေပြီး အဝီစိငရဲ ကျတယ် (မှန်ပါ့)။
နောက်မှ သုဗြဟ္မနတ်သားက အောက်ကနေပြီး သီချင်းဆိုသံလဲ မကြား၊ ဘာလဲမကြားဘဲနဲ့ မောင်နိုင်ရေ သူကြည့်လိုက်တဲ့အခါကျတော့၊ ဪ အကုန် သေကုန်ပါပေါ့လား၊ ဘယ်များ ရောက်ပါလိမ့်မတုံးလို့ နတ်မျက်စိနဲ့ ကြည့်လိုက်တော့ ကိုစောမောင် အဝီစိကျတယ် (မှန်ပါ့) ငါးရာစလုံးကျတယ် (မှန်ပါ့)။
ကဲ ဒါခင်ဗျားတို့က နတ်ပြည်ဆုတောင်းဦး၊ နတ်ပြည်မှာလဲ ဒီခွေးက လိုက်လျက်ဘဲ (လိုက်လျက်ပါဘဲ ဘုရား) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
နှစ်ကောင်လိုက်ပါတယ်၊ ပဌမ တစ်ကောင်ကတော့ကြည့်စမ်း နတ်သမီးဖြစ်အောင် လုပ်လိုက်တယ် (မှန်ပါ့) ဒုတိယအကောင်က တစ်ခါတည်း ကိုက်သတ်ချလိုက်တာ အဝီစိရောက်ရော၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အခု တရားနာနေကြတယ် ဆိုတာ ဘုန်းကြီးအင်မတန် ဝမ်းသာပါတယ်။အလုပ် လုပ်ရင်ဒီထက်ပိုဝမ်းသာတယ် (မှန်ပါ့)။
ဘာကြောင့်တုံး ဟိုခွေး မှီသွားလို့ရင်ဖြင့် ခက်လိမ့်မယ် (မှန်ပါ့) မောင်နိုင် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အကုသိုလ်ကံ ခွေးမှီသွားရင် (ခက်ပါတယ် ဘုရား)။
ခုနင်က နတ်သမီးငါးရာ အကုသိုလ်ကံ ခွေးမှီသွားတယ်ဆိုတာ ငြင်းဘို့လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတွင်မှ နတ်သားသည်ကားလို့ဆိုရင် သူကြည့်တယ်၊ အင်း ငါ၏ ခင်ပွန်းဖေါ်တွေ သေကုန်ကြပြီ “ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော” ဆိုတဲ့အတိုင်း ချစ်တဲ့သူတွေနဲ့ ခွဲရပြီ ကြည့်လိုက်ပြန်တော့လဲ အရုပ်ဆိုးချည့်ဖြစ်နေတယ်၊ အဝီစိငရဲမှာ တစ်ပြုံကြီး အော်ံပြီး ခံနေကြတယ်ဆိုတော့ နတ်လုံးနဲ့တော့ မြင်သကိုး၊ ကိုစောမောင်ရဲ့ (မှန်ပါ့)။
အင်း ဒီတွင်မှ သူ “ပိယေဟိ ဝိပ္ပယောဂ ဒုက္ခ” လဲ ဖြစ်ပြန်၊ ကြောက်လဲကြောက်ပြန်တယ် (မှန်ပါ့) အေး သူ့တို့တွင် ကြည့်နေလို့ မပြီးသေးဘူး၊ ကိုယ်နဲ့ အတူနေတွေနဲ့တကွ ကိုယ်ပါကြည့်ဦးမှဘဲဆိုပြီး သူလဲ ကိုယ့်ကိုကို ဉာဏ်နဲ့ ကြည့်လိုက်ပြန်တော့ သူတို့က နောက်ခုနှစ်ရက်မှာ အဲဒီ အဝီစိရောက်မယ် (မှန်ပါ့)။
ဒီတော့ ဖြစ်ပြီးသားအတွက် စိုးရိမ်တာက တစ်မျိုးဖြစ်လတ္တံ့အတွက် စိုးရိမ်တာက (တစ်မျိုးပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်ပြီးသား နတ်သမီး ငါးရာအတွက် စိုးရိမ်တာကတော့ (တစ်မျိုးပါ ဘုရား) ကိုယ့်အတွက် ကြောက်လန့်နေတာ ကကော (တစ်မျိုးပါ ဘုရား)။
ကယ်ကြပါဦး၊ ယူကြပါဦး
အဲဒီတွင်မှ တာဝတိံသာနတ်ပြည်မှာ တန်ခိုးကြီးတဲ့ နတ်တွေကို သွားပြီး သကာလ တောင်းပန်တယ်၊ ကျုပ်ဖြင့် ဒီလိုဖြစ်နေပြီ၊ ငါးရာလဲ ဟိုမှာ ရောက်ကုန်ပြီ၊ ကျုပ်တို့လဲ နောက်ခုနစ်ရက်ရှိရင် ဒီအိုးထဲ သွားရမယ်၊ ဒီအဝီစိဘဲ သွားရမယ်၊ ကယ်ကြပါဦး၊ ယူကြပါဦးဆို ဘယ်သူမှ မတတ်နိုင်ဘူး။
သစ္စာမှ မသိဘဲ နတ်တွေက၊ ဘယ်သူမှ မတတ်နိုင်ဘူး (မှန်ပါ့) မောင်နိုင် ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
ဒါနဲ့ မကျေနပ်တာနဲ့ သိကြားမင်းကြီးဆီ သွားပြန်ရော၊ သူတို့ရှင်ဘုရင် သူတို့ အားကိုးတာပေါ့လေ (မှန်ပါ့) သူလဲ သစ္စာမသိသေးတော့ ငါလဲ မတတ်နိုင်ဘူးလို့ ပြောတာဘဲ (မှန်ပါ့ ဘုရား) သို့သော် နည်းကလေးပေးပါ့မယ် ဆိုပြီးသကာလ ကိုစောမောင် လူ့ပြည်မှာ ဘုရားပွင့်နေတယ်၊ အဲဒီသွားကွာဆိုတော့ မောင်နိုင် မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲ သွားတဲ့အခါကျတော့ ဟိုကနေပြီးသကာလ သူကပြောတယ်၊ တပည့်တော်ဖြင့် ဘုရား၊ ဖြစ်ပြီးသားတွေ ကြောင့်လဲ စိတ်ထဲမှာ နည်းနည်းမှ မချမ်းသာပါဘူးတဲ့၊ အရင်ကျသွားတဲ့ သူတွေအတွက်လဲ မချမ်းသာပါဘူး (မှန်ပါ့) ဖြစ်လတ္တံ့ကြောင့်လဲ တပည့်တော် မချမ်းသာပါဘူးတဲ့၊သူဒါလျှောက်လာတယ် (မှန်ပါ့)။
ဖြစ်ပြီးသားကြောင့်လဲ (မချမ်းသာပါ ဘုရား) စိတ်ထဲနည်းနည်းမှ မချမ်းသာဘူးတဲ့၊
ဖြစ်လတ္တံ့ကြောင့်လဲ (မချမ်းသာပါ ဘုရား) သူနဲ့တကွနောက် ငါးရာကလဲ နောက် ခုနှစ်ရက်စေ့ရင် သွားရမှာကိုး (မှန်ပါ့) အဲဒီ ဖြစ်လတ္တံ့ကြောင့်လဲ သူမချမ်းသာဘူးတဲ့။
အဲဒီဖြစ်ပြီးသားရော၊ ဖြစ်လတ္တံ့ရောကို တပည့်တော်ကို ကယ်နိုင်လို့ရှိရင် ကယ်ပါ။
ကဲ ကိုစောမောင် အတိတ်ကလဲ ကယ်ပေးပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) အနာဂတ်ကြုံမှာတွေကိုလဲ ကယ်တော်မူပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အတိတ်ကံတွေလဲ အဟောသိကံဖြစ်အောင် လုပ်ပေးပါ၊ ယခုပစ္စုပ္ပန် တပည့်တော်သွားရမည့် ကံတွေကိုလဲ အဟောသိကံဖြစ်အောင် လုပ်ပေးပါ။ ဒါကို လျှောက်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အဲဒီတွင် လျှောက်ပြီးတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာတဲ့၊ ငါကိုယ်တော်လဲ မတတ်နိုင်ဘူး (မှန်ပါ့) သူကိုယ်တိုင်တော့ မတတ်နိုင်ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူကိုယ်တိုင်ကတော့ ဘာတတ်နိုင်မတုံးတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူကိုယ်တိုင်ကတော့ ဘာတတ်နိုင်မတုံးတဲ့၊ ဒကာ ဒကာမတို့ ကျုပ်တို့လို ခန္ဓာငါးပါးလဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားကတော့ တတ်နိုင်တယ်
တတ်နိုင်တာကတော့ ရှိသဟေ့တဲ့ ဘုရားက တက်လာတယ် (မှန်ပါ့) မဂ္ဂင်ကို အားထုတ် (မှန်ပါ့) တရားကတော့ တတ်နိုင်တယ်၊ ငါကတော့ မတတ်နိုင်ဘူးတဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားကတော့ (မတတ်နိုင်ပါ ဘုရား) တရားကတော့ တတ်နိုင်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာ အားကိုးရမလဲ (တရားအားထုတ်ရပါမယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဘုရားကိုက ငါလုပ်တိုင်း မတတ်နိုင်ဘူးလေ (မှန်ပါ့) တတ်နိုင်တာကတော့ဖြင့်တဲ့ မဂ္ဂင်တရား ကြိုးစား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို ဖြစ်ပျက် အလုပ်ခိုင်းနေတာ ဘာအလုပ်တုံး (တရားကို လုပ်ခိုင်းတာပါ ဘုရား) မဂ္ဂင်အလုပ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ) ဖြစ်ပျက်အလုပ်ခိုင်းနေတာ (မဂ္ဂင်အလုပ်ပါ ဘုရား)။
မဂ္ဂင်အလုပ်လုပ်ကွလို့ ဘုရားက ရှေ့တွင်ဘဲ ဟောတာဘဲ (မှန်ပါ့)။
ဒီတွင် သူတို့ နတ်ဉာဏ်နဲ့ ခန္ဓာကို ကြည့်ကြတာပေါ့ဗျာ (မှန်ပါ့) နတ်ဉာဏ်နဲ့ ခန္ဓာကိုယ်ကြည့်တော့ မောင်နိုင် ဖြစ်ပျက်မှတစ်ပါး ဘာမှမတွေ့ဘူး (မှန်ပါ့)။
အဲဒီတွင် ဖြစ်ပျက်တွေ မြင်ပြီးသကာလ ဖြစ်ပျက်တွေ မုန်းလို့ ဖြစ်ပျက်တွေ ဆုံးသွားတော့ ကိုစောမောင် ခုနှစ်ရက်ကြာလျှင် သွားရမှာ အကုန် သောတာပန်တည်တယ် (မှန်ပါ့)။
ဒါဖြင့် အတိတ်ကြွေးက သူတို့ကို ဖြတ်မည့် ကြွေးကိုလဲ ကိုစောမောင် အတိတ်က နောက်ခုနှစ်ရက်ရှိရင် သေတော့ မယ်ဆိုတာ နောက်ခုနှစ်ရက်ရှိ ဖြစ်တော့မယ် (မှန်ပါ့) အဲဒီအတိတ်ကြွေးတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ပစ္စုပ္ပန်မှာ အခု ပျော်ရွှင်ပြီးထားလို့ အနာဂတ်မှာ သေသေချာချာ သွားရမှာ သေချာပြီးသား ဖြစ်တာကော (ပြတ်ပါတယ်) ဒါဖြင့် ခင်ဗျားတို့ ဒီမဂ်ဟာ အဘိုးတန်တယ် (တန်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဒီမဂ်အဘိုးတန်ပါတယ် ဘုရား)။
အတိတ်က ခွေးတွေ ကိုက်မှာကိုလဲ (ဖြတ်ပါတယ် ဘုရား)။ ပစ္စုပ္ပန်မှာ ကိုယ်မိုက်မဲထားလို့ နေစက်ကို သူက ဒုက္ခသစ္စာတွေ အကျိုးပေးမှာကိုကော (ဖြတ်ပါတယ် ဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်ရော အနာဂတ်ရောကို ဖြတ်နိုင်တာ ဘယ်သူတုံးမေးရင် မောင်နိုင်ရိပ်မိမလား (မဂ်ပါ ဘုရား) မဂ်ဘဲဆိုတာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုရားက ခင်ဗျားတို့ မိုးရွာလို့ မိုးချိမ်းလို့ရွတ်တဲ့ ကြောက်တဲ့ လန့်တဲ့အခါ ရွတ်တဲ့ နာညကြ ဗောဇ္ဈာ တပဿဆိုတာ အဲ ဒီနတ်သားကိုဟောတာ (မှန်ပါ့)။
မဂ္ဂင်အလုပ် မလုပ်လို့ရှိရင်
ဗောဇ္ဈတပသာ၊ ဗေဇ္ဈင် = မဂ္ဂင်အကျင့်ကို အညတြ=ကြဉ်ထား၍ ပါဏိနံ = သင်သုဗြဟ္မနတ်သားတို့အား သောတ္ထိံ=အဲဒီအပါယ်ငရဲမှ လွတ်၍ ချမ်းသာတဲ့နည်းကို နာပဿာမိ=ငါမမြင်ဘူးတဲ့၊ မဂ္ဂင်အလုပ် မလုပ်လို့ရှိရင် မင့်ကို လွတ်လိမ့်မယ်လို့ ငါမမြင်တော့ဘူးတဲ့၊ သဘောပါပြီ (ပါ-ပါပြီ)။
နညိတြန္ဒြိယ သံဝရာတဲ့ မင်းသီလမလုံခြုံဘဲနဲ့ မင်းသည်ထားလို့ဆိုရင် မင်းကျရမည့် ခုနှစ်ရက်စေ့လျှင် သွားရမည့် ဘေးနောက်က မင့်ကို အခုသတ်မလို့ လိုက်နေတဲ့ဘေး နှစ်ဘေးပေါ့လေ (မှန်ပါ့) ခုနှစ်ရက်ရှိလျှင် အပါယ်ရောက်မည့်ဘေးကလဲ ရှိသေးတာကိုး (ရှိပါတယ် ဘုရား)။
နောက်က အခုသတ်တော့မည့် ဘေးကကော ခုနှစ်ရက်ရှိနေတယ်၊ ခုနှစ်ရက်အတွင်းဘဲ သေရတော့မယ် (မှန်ပါ့)။
အဲဒါနှစ်ခုကိုလဲတဲ့ ခုနင်က သီလမဂ္ဂင်မှ တစ်ပါး ငါသည် ချမ်းသာရာကို မမြင်ဘူးတဲ့ ဒါဘဲ အားကိုးတဲ့ ဒီမဂ္ဂင်ဘဲ အားကိုးလို့ဆိုတာ (မှန်ပါ့) မဂ္ဂင်ဆိုတာ သီလပါသွားပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
သဗ္ဗနိဿဂ္ဂါ = အလုံးစုံသော ဒုက္ခတို့၏ ချုပ်ရာ နိဗ္ဗာန်ကို ကြဉ်ထား၍၊ ပါဏိနံ = သတ္တဝါတို့အား မင်းဆိုတဲ့ သူဗြဟ္မနတ်သားနဲ့တကွ ငါးရာသော နတ်သမီးတို့အား၊ သေတ္တိ = ချမ်းသာခြင်းကို နုပဿမိ = ငါမမြင်ဘူးတဲ့ မင်း နိဗ္ဗာန်ရောက်အောင် မြန်မြန်လုပ်လိုက် (မှန်ပါ့)။
မဂ်ဆိုက်အောင် မြန်မြန်လုပ်လိုက်ဆိုတော့မှ ရှေ့တွင် လုပ်ကြတယ်၊ မောင်နိုင် ဘုရားရှေ့တွင် မဂ်ဆိုက်အောင် လုပ်ကြတယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ဘုရားရှေ့တွင် လုပ်တော့ဒကာ ဒကာမတို့ ခန္ဓာကိုယ်နတ်မျက်လုံးနဲ့ကြည့်လိုက်တော့ ပိုရှင်းတာပေါ့ဗျာ (မှန်ပါ့) ဖြစ်ပျက်တွေကို မြင်လာတယ်၊ ဪ ဒုက္ခသစ္စာပါကလားဆိုပြီး ဒုက္ခတွေ ချုပ်တဲ့ နိဗ္ဗာန်ကို ခုနင်က မြင်သွားတော့ တာပေါ့ဗျာ၊ မြင်သွားတော့ ဒကာ ဒကာမတွေ အတိတ်ကံက သတ်မှာကော သတ်ဖြစ်သေးရဲ့လား (မသတ်ဖြစ်ပါ ဘုရား)။
ဒါဖြင့် အတိတ်ကံ ထားတာလဲ မဂ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပစ္စုပ္ပန်မှာ ခုနင်က ပျော်ရွှင်မှုတွေကြောင့် မိုက်ထားလို့ အဝီစိငရဲနောက်ခုနှစ်ရက်ရှိရင် သွားရမှာကော သွားရသေးရဲ့လား (မသွားရပါ ဘုရား)။
အပါယ်လေးပါး လွတ်သွားပြီ
သူတို့က “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော” အပါယ်လေးပါး လွတ်သွားပြီ၊ သောတာပတ္တိမဂ်ရတာကိုး (မှန်ပါ့)။
ကဲ ဘယ်လောက် အားကိုးထိုက်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြိ ဘုရား)။
ဒါဖြင့် ဒီအလုပ်ဟာ အတိတ်ကြွေးကို ဆပ်တာလဲ မဂ်၊ ပစ္စုပ္ပန်ကြွေးတွေကိုဆပ်တာလဲ (မဂ်ပါဘဲ ဘုရား) အဟောသိကံဖြစ်အောင်လုပ်တာလဲ (မဂ်ပါဘဲ ဘုရား)။
ပစ္စုပ္ပန် အဟောသိကံ မဖြစ်လို့ ရှိရင် အနာဂတ်အကျိုးပေးမယ် (မှန်ပါ့) မပေးဘူးလား (ပေးပါတယ် ဘုရား) အဲဒီတော့ ပစ္စုပ္ပန်ကြွေးတွေကိုလဲ အဟောသိကံဖြစ်အောင်လုပ်တာ (မဂ်ပါ ဘုရား) အနာဂတ်ကြွေးတွေ ဖျောက်ဖျက် ပစ်တာ (မဂ်ပါ ဘုရား)။
ဒါဖြင့် ဦးဘရှင်း အားကိုးထိုက်တယ် (ကိုးထိုက်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် သူသည် ကံဖြတ်တဲ့တရား (မှန်ပါ့) အတိတ်ကံကိုလဲ (ဖြတ်ပါတယ်) ပစ္စုပ္ပန်ကံတွေ (ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီဥစ္စာက ကံဖြတ်ပါတယ် ဆိုကတည်းက အကျိုးပေးဒုက္ခသစ္စာလာသေးရဲ့လား (မလာတော့ပါ ဘုရား) မလာလို့ရှိရင် သုခသစ္စာ နိဗ္ဗာန်ဘဲလာတော့မယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီအလုပ်ကို ဖိလုပ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) အတိတ်ကံတွေကတော့ တစ်ပုံကြီးဆိုတာ လူတိုင်းရှိတယ်မဟုတ်လား (ရှိပါတယ် ဘုရား) ပစ္စုပ္ပန်မသိမလိမ်မာလို့ လုပ်ထားတာတွေကော (ရှိပါတယ် ဘုရား)။
အဲဒီတော့ ဒီအလုပ်မှတစ်ပါး ကယ်မည့်ယူမည့်သူ ခင်ဗျားတို့မှာ (မရှိပါ ဘုရား) ဒါဖြင့် ကိုစောမောင် ဒါပေါ့ နေလို့ ဘယ့်နှယ်တုံး (မတော်ပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ) ထမင်းမစားရချင်နေ၊ ဒီကြွေးကျေအောင်ဆပ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ကျောက် အရောင်းအဝယ် မလုပ်ရချင်နေ ဒီကြွေးကျေအောင်ဆပ်ပြီးတော့ အရောင်းအဝယ်လုပ်တာပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။