ဉာဏ်ကမှ နိဗ္ဗာန်ပို့နိုင်ပုံ
ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
ဉာဏ်ကမှ နိဗ္ဗာန်ပို့နိုင်ပုံ
ညအလုပ်ပေးတရားတော်
(၇-၆-၆၂)
ဒကာ ဒကာမတွေ ဒီအတိုင်းနေတော့ ဘာမှ ကိုယ့်မှာမဖြစ်ဘူးလို့ ထင်ရတယ်၊ ဖြစ်နေတဲ့ အကြောင်းကိုတော့ ဖေါ်ပြောမှဘဲ သိတယ်။
ကိုယ်ကတော့ဖြင့် ဒီအတိုင်းနေတာဘဲ၊ တစ်နေ့လဲ နက်ဖြန်ကျလဲ ဘာလုပ်မယ်၊ တွင်းသွားမည့် ပုဂ္ဂိုလ်ကလဲ တွင်းသွားမယ်၊ အရောင်းအဝယ်လုပ်မည့် ပုဂ္ဂိုလ်ကလဲ အရောင်းအဝယ်လုပ်မယ်၊ ကိုယ့်မှာ ဆုံးရှုံးနေတာကို သိဘို့ရာ အရေးကြီးတယ်လို့ မောင်နိုင် မှတ်ရမယ်နော် (မှန်ပါ့)။
ကိုယ့်မှာ ဆုံးရှုံးနေတာက ဘာတုံး
ကိုယ့်မှာ ဆုံးရှုံးနေတာက ဘာတုံးဆိုလို့ ရှိရင်ဖြင့် အသက်တမ်းက ဥပမာမယ် ၇၅နှစ်ဘဲ နေရမည့် တန်းတူဘဲ ထားလိုက်ပါဦးတော့၊ ဒါတွေကလဲ နေဘို့အထဲက နုတ်သွားလို့ ဆုံးရှုံးသွားတာလဲ အမြင်သားဘဲလို့ ဆိုလို့ရှိရင်လဲ ငြင်းဘို့ လိုသေးသလား (မလိုပါ ဘုရား)။
တစ်နေ့တိုးသွားတယ်ဆိုရင် တစ်ရက် လျော့သွားတယ်ဆိုတာလဲ ကံပေးတာကလေးဟာလဲ ဆုံးရှုံးနေတာဘဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တစ်ခါ အသက်အရွယ်ကလေးကလဲ ကြီးကြီး-ကြီးကြီးလာတော့ ဉာဏ်တွေ ဘာတွေကလဲ ထိုင်းမှိုင်းလာတော့ ဉာဏ်ဘက်ကလဲ ဆုံးရှုံးတယ်၊ မဆုံးရှုံးဘူးလား (ဆုံးရှုံးပါတယ် ဘုရား)။
ဪ ဒါဖြင့် ကံရှုံး, ဉာဏ်ရှုံးဆိုတာသည် ဒကာ ဒကာမတို့ ကံရှုံးတာဟာ ဒီလောက် ကိစ္စမရှိဘူး၊ ဉာဏ်ရှုံးတာဟာ အနာဆုံးဘဲ (မှန်ပါ့) မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား) ကံရှုံးတာနဲ့ ဉာဏ်ရှုံးတာ ဘယ်ဟာက သာနာသလဲ(ဉာဏ်ရှုံးတာက နာပါတယ် ဘုရား)။
ဉာဏ်ရှုံးတာက ဒကာ ဒကာမတို့ အနာဆုံးဘဲလို့ အောက်မေ့ပါ၊ ကံရှုံးတာကကံဆက်လို့ရသေးတယ်၊ ဉာဏ်ရှုံးတာက ဆက်လို့မရဘူး (မှန်ပါ့)။
ဉာဏ်နဲ့မှ နိဗ္ဗာန် သွားနိုင်တယ်
ဉာဏ်နဲ့မှလဲ မအို-မသေ အမြဲနေတဲ့ နိဗ္ဗာန် သွားနိုင်တယ်။ ကံက မသွားနိုင်ဘူးလို့ ဦးဘကလေးက မှတ်ထား (မှန်ပါ့)။
ဉာဏ်နဲ့မှ ဘာသွားနိုင်သတုံး (နိဗ္ဗာန်သွားနိုင်ပါတယ် ဘုရား) ကံနဲ့တော့ (မသွားနိုင်ပါ ဘုရား)။
မသွားနိုင်ဘူးဆိုတဲ့ဥစ္စာလဲ သေသေချာချာ မှတ်ထားပါနော် (မှန်ပါ့)။
နို့ မသွားနိုင်တော့ လုံးလုံးဘဲလားလို့ မေးတဲ့အခါကျတော့ သူက အထောက်အပံ့ပေးတော့ လူရယ်လို့ ဖြစ်လာတယ်၊ လူရယ်လို့ ဖြစ်လာပြီးသကာလ အရွယ်ကလေး ကောင်းတုန်းကို ဉာဏ်ကို အသုံးချလိုက်လို့ရှိရင် နိဗ္ဗာန်ရောက်တယ်၊ ကံကတစ်ဆင့်သာ ခန္ဓာဖြစ်ဘို့သာပို့တယ်၊ ခန္ဓာသိမ်းဘို့ မပို့နိုင်ဘူး (မှန်ပါ့)။
ဒါ့ကြောင့် ခန္ဓာဖြစ်ဘို့ သူပို့တော့ ခန္ဓာက ဒုက္ခသစ္စာဘဲ၊ သူပို့တယ်ဆိုတာလဲ မောင်နိုင်တို့ သိပြီးသား ဖြစ်ပါလိမ့်မယ် (မှန်ပါ့) ဉာဏ်ကတော့ သုခသစ္စာဘက်ပို့တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကံက ဒုက္ခသစ္စာဘက်ကို (ပို့ပါတယ် ဘုရား) ဉာဏ်က (သုခသစ္စာဘက် ပို့ပါတယ် ဘုရား)။
ကိုစောမောင် ဘယ်ဟာကြိုက်သတုံး (သုခသစ္စာပို့တာကြိုက်ပါတယ် ဘုရား)။
ဒါက အခု ဆရာဘုန်းကြီး ခွဲပြောလို့သာ ရှင်းတာကိုး (မှန်ပါ့)။ နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေက ဘယ်လိုဖြစ်နေသတုံး၊ ဘယ်တော့ ကံကောင်းပါ့မတုံးတဲ့ (မှန်ပါ့) ကံကောင်းရင် ဒုက္ခရောက်ချည်ရဲ့ဆိုတာ မသိဘူး။
ကံကောင်းရင် ဒုက္ခရောက်ချည်ရဲ့
ဦးဘကလေးတို့ ဟင် ကံကောင်းရင် ဒုက္ခရောက်ချည်ရဲ့ဆိုတာ မသိဘူး (မှန်ပါ့) ဘယ်တော့ ကံကောင်း ပါ့မတုံးသာ မျှော်ပြီးသကာလ နေကြတာဘဲ။
ဘယ်တော့ ဒီဉာဏ်တက်လာပါ့မလဲဆိုတဲ့ အသွားကတော့ဖြင့် နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်ကြီးတက်လာပါ့ မလဲ ဆိုတဲ့ဥစ္စာကတော့ဖြင့် ဘယ်တော့မှ ထည့်ပြီး စကားမပြောတော့ နေ့တိုင်း အသက်ကြီးတိုင်း ကံမွဲ, ဉာဏ်မွဲဖြစ်ရပါတယ် (မှန်ပါ့)။
အသက်ကြီးလေလေ ဘာဖြစ်လေလေလဲ (ကံမွဲ ဉာဏ်မွဲဖြစ်ရလေလေပါ ဘုရား)။
အသက်ကြီးလေလေ ကံမွဲ ဉာဏ်မွဲဖြစ်ရလေလေဆိုတော့ ဒကာ ဒကာမတို့ နစ်နာချက် မသန်ဘူးလား (သန်ပါတယ် ဘုရား)။
ကောင်းပြီ၊ ကံမွဲတာ အရေးမကြီးပါဘူး၊ ဉာဏ်မွဲတာက နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ဟာက သာ၍ကြောက်စရာ ကောင်းသတုံး (ဉာဏ်မွဲတာက သာ၍ ကြောင်စရာ ကောင်းပါတယ် ဘုရား)။
ဉာဏ်မွဲတာ ကြောက်စရာကောင်းတယ်လို့ မောင်နိုင် တထစ်ချမှတ်ပါ (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကံသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်ကံမဆို ဒကာ ဒကာမတို့ ကံမဖြတ်လို့ ရှိရင် နိဗ္ဗာန်မရောက်ပါဘူး၊ ဒါ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ကံမဖြတ်လို့ရှိရင် (နိဗ္ဗာန်မရောက်ပါ ဘုရား) နိဗ္ဗာန်မရောက်ဘူးလို့ တထစ်ချ မှတ်ထားပါနော် (မှန်ပါ့)။
ကံမဖြတ်လို့ရှိရင် (နိဗ္ဗာန်မရောက်ပါ ဘုရား)။
ဒါဖြင့် ကံကိုဘယ်သူက ဖြတ်သတုံးမေးတော့ ဉာဏ်ကမှ ဖြတ်တယ် (မှန်ပါ့)။
ကံကို ဘယ်သူက ဖြတ်သတုံး (ဉာဏ်ကမှ ဖြတ်ပါတယ် ဘုရား)။
ကံကို ဉာဏ်က ဖြတ်ပေးမှ နိဗ္ဗာန်ရောက်တယ်
ဒါဖြင့် ကံကို ဉာဏ်က ဖြတ်ပေးမှ နိဗ္ဗာန်ရောက်တယ်လို့ အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ အကဏှအသုက္ကကံလို့ ဘုန်းကြီးဟောပြီးသား ဖြစ်ပါတယ် (မှန်ပါ့)။
အကဏှ အသုက္ကကံဆိုတာ ဘာတုံးဟေ့ ဆိုတော့ မဂ္ဂင် ရှစ်ပါး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူက ဘာလုပ်ပါသတုံးဆိုတော့ ကံဖြတ်တယ်ဟေ့လို့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သေသေချာချာ ဟောတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဉာဏ်တုံးတာဟာ အနစ်နာဆုံးဘဲဆိုတာ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ခင်ဗျားတို့ နဂိုရ်က အယူဝါဒက ငယ်တုန်း ပညာပေါ့ကွာ အရွယ်လတ်ရှိတဲ့အခါ ဥစ္စာပေါ့ကွာ၊ ဟုတ်လား၊ ကြီးတဲ့အခါကျမှ သံသရာရေးပေါ့ကွာလို့ ဆုံးဖြတ်ချက်ချတာများဟာလဲ မောင်နိုင် အလွဲအချော်ကြီး ချော်တော့ဘယ်လို့မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။
ဘယ့်နှယ် ကံမွဲ,ဉာဏ်မွဲမှ လာရှာတော့ အင်မတန် အဘိုးထိုက်တန်တဲ့ ပစ္စည်း ကံမွဲ , ဉာဏ်မွဲနဲ့ ရှာလို့ မောင်နိုင် ရပါ့မလား (မရပါ ဘုရား) ကိုပေါ် အင်မတန် ခဲယဉ်းတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
မယုံလို့ရှိရင် ခင်ဗျားတို့ သက်သေ သာဓက လုံလောက်ပါတယ်၊ ဒီမှာ ဘုန်းကြီးဆီမှာလဲ ဒကာရင်း ဦးလှိုင် မေးကြည့်ရင် ခင်ဗျားတို့ တွေမှာဘဲ၊ ဦးလှိုင်မေးကြည့်ရင် သိမယ်။
ကံမွဲ, ဉာဏ်မွဲနဲ့ ရှာတော့ အခုအခါ ကောင်းကောင်းမွန်မွန် တွေ့ဘို့ရာကို အင်မတန် ခဲယဉ်းတယ် (မှန်ပါ့)။
မောင်နိုင် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့ ယခု ဒကာ ဒကာမတွေဟာ ကံကလေးက ထောက်ပံ့နေတုန်း မျက်လုံးကလဲ ကြည်တုန်း၊ ကံမျက်လုံးကိုး (မှန်ပါ့) နားကလေးကလဲ သွက်သွက်လက်လက် ကြားတုန်းဆိုတော့ ကံနားကိုး (မှန်ပါ့ ဘုရား) ဒါကလေးတွေ ကောင်းတုန်းကိုမှ ကံကဒီလိုကူးထားတုန်းမှ ဉာဏ်က ခင်ဗျားတို့ အသုံးမချတော့ပါဘူးဆိုရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ့)။
ကိုယ်ကျိုးနည်းပေါ့
ဦးဘကလေး(မှန်ပါ့) ကိုယ်ကျိုးနည်းပေါ့ဆိုတော့ ဒကာ ဒကာမတွေ ဘုန်းကြီးတို့ ပညာရှိက ညည်းတယ်ဆိုလို့ရှိ ရင်ဖြင့် မသိတဲ့ပုဂ္ဂိုလ်ဟာ ထိုင်ငိုဘို့ဘဲ ကောင်းတယ် (မှန်ပါ့)။
ထိုင်ငိုဘို့ဘဲ ကောင်းပါတော့တယ်၊ ဘာ့ကြောင့် တုံးဆိုလို့ရှိရင်ဖြင့် ဉာဏ်နဲ့မှ နိဗ္ဗာန်သွားနိုင်တဲ့ အလုပ်ကြီး တစ်ခု၊ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်၊ ချမ်းသာတကာတို့၏ အထွဋ်အထိတ်ဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ဉာဏ်နဲ့မှ သွားနိုင်တယ် ကံနဲ့ မသွားနိုင်ဘူး။
ကံမဖြတ်လို့ ကံက အကျိုးပေးနေမယ်ဆိုရင် မောင်နိုင် ကံက ‘ကမ္မံဝိပါကဿ’ဆိုတဲ့အတိုင်း ကမ္မဝဋ်ဆိုတဲ့ ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သူက ပဋိသန္ဓေတွေ အကျိုးပေးနေမယ်ဆိုရင် မနေ့က ပြောခဲ့တဲ့ မောင်နိုင် လူသုံးယောက်လက်ထဲ ထိုးအပ် တဲ့ အဓိပ္ပါယ် ရောက်ဦးမှာဘဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဇာတိ, ဇရာ, မရဏတို့၏ လက်တွင်းကို သူထိုးအပ်နေတာဟာ ကံလား ဉာဏ်လားဆိုတာ အကဲခတ်ကြည့် စမ်း (ကံပါ ဘုရား)။
ဇာတိ, ဇရာ,ဇရဏလက်တွင်းက လွတ်ကင်းသွားတဲ့ ဘုရား တစ်ဆူတစ်ဆူမှာ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်းသော ပုဂ္ဂိုလ်တွေဟာ ကံလက်တွင်းမှ လွတ်ကင်းပြီးသကာလ ဉာဏ်ပို့ဆောင်လို့ အရောက် ရောက်သွားကြတယ်ဆိုတာလဲ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဘယ်သူအရေးကြီးသတုံး (ဉာဏ်အရေးကြီးပါတယ် ဘုရား)။
ဉာဏ်အရေးကြီးတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။
ကောင်းပြီတဲ့၊ ဒါ့ကြောင့် ဒါနကလေး ပြုတာတောင်မှ ဉာဏ်ပါဦးမှ ကိုစောမောင် (မှန်ပါ့) ဉာဏ်မပါရင် ကံချယ်လှယ်သွားလိမ့်မယ် (မှန်ပါ့)။
ဉာဏ်မပါရင် (ကံချယ်လှယ်သွားပါလိမ့်မယ် ဘုရား)။
ကံ ချယ်လှယ်သွားလို့ရှိရင်ဖြင့် လူကောင်,နတ်ကောင်,ဗြဟ္ဗာကောင်တွေ ဖြစ်ပြီးသကာလ ဒုက္ခသစ္စာကြီးကျယ် ထွားသွားဦးမှာဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဉာဏ်ပါမှ ဝိဝဋ္ဋဖြစ်မယ်ဆိုတာလဲ ဆရာသမားတွေလဲ ပြောနေကြာတဘဲ၊ မှန်လိုက်တာလဲလွန်လို့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကံနဲ့ဉာဏ် ဘယ်ဟာကို ကျုပ်တို့ အကြီးဆုံး အားကိုးထိုက်ပါသတုံးဆိုတာ ကော ပေါ်ကြပြီလား (ပေါ်ပါပြီ) ဘာပေါ်ပါလိမ့် (ဉာဏ်ပါ ဘုရား)။
ဉာဏ်က ပဋိသမုပ္ပါဒ် ဖြတ်ပါတယ်
ကံက ပဋိစ္စသမုပ္ပါဒ်ဖြတ်သလား၊ ဉာဏ်က ပဋိစ္စသမုပ္ပါဒ်ဖြတ်သလား မောင်နိုင် စဉ်းစား (ဉာဏ်က ပဋိသမုပ္ပါဒ် ဖြတ်ပါတယ် ဘုရား)။
မယုံရွတ်ကြည့်စမ်းပါတဲ့၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဟောကံက ဆက်ထားတယ် (မှန်ပါ့)။
ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) အင်း ဘယ်ကပါလိမ့် (ကံက ဆက်ထားလိုက်ပါတယ် ဘုရား)။
ဉာဏ်ကတော့ကိုတဲ့ ဒကာ ဒကာမတို့ အကဏှ အသုက္ကဆိုတဲ့သဘော မဂ္ဂင်သည်ကားလို့ဆိုရင်ဖြင့်တဲ့ ကံကို ဖြတ်ချတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဉာဏ်က ကံဖြတ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီးကိုဖြတ်တာဟာ ကိုစောမောင် ဘယ်သူ ထင်သတုံး (ဉာဏ်ကဖြတ်ပါတယ် ဘုရား)။
ကံကတော့ ကြည့်လေ၊ မောင်နိုင်တို့ ရပြီးသားအတိုင်း ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဟော သူက မဖြတ်ပါကလား (မှန်ပါ့ ဘုရား)။
ဇာတိဆိုတာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
လူဇာတိ ဒုက္ခသစ္စာ၊ နတ်ဇာတိ ဒုက္ခသစ္စာ၊ ဗြဟ္မာဇာတိစကြဝတေးမန္ဓာတ်ဇာတိ (ဒုက္ခသစ္စာပါ ဘုရား) ကဲ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဉာဏ်ကတော့ကိုတဲ့ သေသေချာချာ ဖြတ်ပါတယ်၊ ခင်ဗျားတို့ ရှင်းရှင်းပြောပြပါ့မယ်၊ ဉာဏ်ဖြတ်တာ မဖြတ်တာ အဟိသက ခိုးသူကြီးသာ ကြည့်လိုက်တော့ ကိုစောမောင် ရှင်းသွားမယ် (ရှင်းပါတယ် ဘုရား)။
ဒီဘဝမှာ လူပေါင်းထောင်သောင်း သတ်ပစ်တယ် (မှန်ပါ့) မသတ်ဘူးလား (သတ်ပါတယ် ဘုရား) ဉာဏ်က ဖြတ်ချလိုက်တဲ့ အခါကျတော့ ဒီအပြစ်တွေ အပါယ်ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ဒါဖြင့် ဘယ်သူက ဖြတ်လိုက်တာတုံး (ဉာဏ်က ဖြတ်လိုက်တာပါ ဘုရား) ဉာဏ်က ဖြတ်ချလိုက်တာ၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ဒီဒကာ ဒကာမတွေ ဒီဟာ ဟောချင်တာက တစ်ခြားမဟုတ်ပါဘူးတဲ့၊ အလုပ်လုပ်မှလဲ ဉာဏ်က ပေါ်မယ်၊ (မှန်ပါ့) ပေါ်မှလဲ ဖြတ်ပေးမယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) သဘောပါကြလား (ပါ-ပါပြီ ဘုရား)။
ကံတွေက အနန္တရှိတယ်
ဒါဖြင့် ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန် မနေဘဲနဲ့ ခင်ဗျားတို့မှာ ကံတွေက အနန္တရှိတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့)။
အတိတ်က ပြုထားတဲ့ ကံတွေကလဲ အကျိုးမပေးသေးလို့ ကမ္မသမင်္ဂီ အဖြစ်နဲ့ အကျိုးမပေးသေးတာတွေလဲ တစ်ပုံကြီးဘဲ၊ ဒီဘဝမှာ မိုက်တေထားတဲ့ မသိမလိမ်မှာမှုနဲ့ ကြီးထွားလာခဲ့တဲ့ ကံတွေကော (တစ်ပုံကြီးပါ ဘုရား)။
အဲဒါတွေက အကျိုးပေးနေမယ် ဆိုလို့ရှိရင်ဖြင့် သံသရာထဲက ထွက်ပေါက်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဘာအားကိုးကြမယ် (ဉာဏ်အားကိုးပါမယ် ဘုရား)။
ဉာဏ်အားကိုးကြမယ်ဆိုတာ မောင်နိုင် ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ တစ်သက်လုံး မုဆိုးလုပ်နေတဲ့ ပုဂ္ဂိုလ် ချွေးမခုနစ်ယောက်, သားခုနှစ်ယောက်နဲ့ ကိုစောမောင် တောထဲသွားပြီးသကာလ မဂ်ဉာဏ်အလုပ်လုပ်ခိုင်းလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ တစ်သက်လုံး မုဆိုးလုပ်လာ တဲ့ ဥစ္စာတွေ အကုန်ပျောက် (မှန်ပါ့)။
ဘယ်သူက ဖြတ်လိုက်သတုံး (ဉာဏ်က ဖြတ်ပါတယ် ဘုရား)
ဟာ ကံတွေက အများကြီးဘဲ၊ ဘယ့်နှယ်ကြောင့် ဒီဉာဏ်နိုင်ပါလိမ့်မလဲလို့ မေးဘို့မလိုဘူးလား (လိုပါတယ် ဘုရား)။
နိုင်တယ်တဲ့ ဒကာ ဒကာမတို့ရဲ့နော်၊ ဝိပဿဉာဏ်,မဂ်ဉာဏ်ဆိုတာက ဒကာ ဒကာမတို့ သူတစ်ပါး မထိုးဖေါက် နိုင်တာကို ထိုးဖေါက်နိုင်တယ်နော် (မှန်ပါ့) သူတစ်ပါး မဖြတ်နိုင်တာကို (ဖြတ်နိုင်ပါတယ် ဘုရား)။
ဖြတ်နိုင်တယ်ဆိုတဲ့ စွမ်းရည်သတ္တိရှိသောကြောင့် ဒီဒကာ ဒကာမတွေ ကံကြွေးတွေ တစ်ပုံကြီးနဲ့ လာတာကို ဉာဏ်နဲ့ မဖြတ်တော့ပါဘူး၊ မဆပ်တော့ပါဘူး ဆိုလို့ရှိရင် ခန္ဓာနဲ့ ဆပ်ကြ (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (ဉာဏ်နဲ့ ဖြတ်ကြရပါမယ် ဘုရား)။
ဉာဏ်စခန်းလိုက်ရမယ်
ဒါဖြင့် ဉာဏ်စခန်းလိုက်ကြပေတော့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုက်ရမလဲ (ဉာဏ်စခန်းလိုက်ရပါမယ် ဘုရား) ဉာဏ်စခန်းလိုက်ရလိမ့်မယ်တဲ့။
အဲ့ဒီတော့ ခင်ဗျားတို့က အားကိုးအားထားကြလိမ့်မယ်၊ ဟာ ဒါနဲ့ဘဲ တပည့်တော်တို့ တော်တော်ကလေး လူ့ဘဝရတဲ့အထဲတော့ တော်တော်လုံလောက်ပြီဘုရားဆိုတော့ ကံအားကိုးတာဘဲ၊ ဟာ တပည့်တော်တို့ တစ်လလေး
သီတင်း, ရှစ်သီတင်းဟာ သီလလဲ အားကိုးတာဘဲဘုရား။
ဟာ မရသေးပါဘူးကွ၊ သီလထဲမှာလဲ ဉာဏ်ကို မပါသေးပါဘူး၊ ပါရဲ့လား (မပါ-ပါဘူး ဘုရား)၊
သမ္မာဝါစ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတာ သီလလဲ ရှိသေးတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊
အဲဒီတော့ သူလဲ ဉာဏ်မပါသေးလို့ သူကလဲ ပြုထားတဲ့ ကံတွေ ဖြတ်နိုင်ပါ့မလား (မဖြတ်နိုင်ပါ ဘုရား) သူအကျိုးပေးပြီး ကိုစောမောင် ပြန်ကျဦးမှာဘဲ (မှန်ပါ့) မကျပေဘူးလား (ကျပါတယ် ဘုရား)။
ဓမ္မပဒပါဠိတော်မှာ ဟောတယ်
ဒါ့ကြောင့် ခင်ဗျားတို့ လုပ်ထားတဲ့ ဒါနကံ, သီလကုသိုလ်မျိုးနဲ့ဖြင့် ဘုရားကလဲ မတင်းတိမ်နဲ့ဆိုတဲ့ အကြောင်းကို ဓမ္မပဒပါဠိတော်မှာ သေသေချာချာ ဟောတယ်နော် (မှန်ပါ့)။
၁။ န သီလဗ္ဗတမတ္တေန၊
ဗာဟုသစ္စေန ဝါပန၊
အထဝါ သမာဓိလာတေန
ဝိဝိတ္တသ ယနေနဝါ။ ။
၂။ ဖုသာမိ နေက္ခမ္မသုခံ၊
အပုထုဇ္ဇန သေဝိတံ။
ဘိက္ခု ဝိဿာသ မာပါဒိ၊
အပ္ပတ္တော အာသဝက္ခယံ။(ဓမ္မပဒပါဠိ၊ ၅၂)
လို့ သေသေချာချာဟောတယ်၊ ကိုယ်တော်တိုင် ဟောတယ် (မှန်ပါ့)။
သီလကလေးမျှနဲ့ မင်းတို့ တင်းတိမ် မနေလိုက်ပါနဲ့ဆိုတော့ ဒီ့ထက် အောက်တန်းကျတဲ့ ဒါနနဲ့ ဆိုရင်ဖြင့် သာမဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ ဒီဝတ္တုကို ထုတ်လို့ရှိရင် ဝိပဿနာ မရောက်မှာ စိုးလို့ မောင်နိုင် မထုတ်တော့ပါဘူး၊ အားကိုးမရလောက် သေးဘူးပြောလိုက်တယ် (မှန်ပါ့) ‘န သီလဗ္ဗတမတ္တေန’ ဆိုတာနော်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါထက် ဘာမှမသိတဲ့ သာမည လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်များမှာ ဒါန, သီလဆိုရင် တော်တော် အားကိုးလောက် ပြီလို့မှ ကိုစောမောင် မှတ်ချင်လဲ မှတ်ပစ်လိုက်တာပေါ့ (မှန်ပါ့) မှတ်မှာဘဲနော် (မှန်ပါ့)။
မှတ်ပင်မှတ်ငြားသော်လဲ လွဲပါသေးတယ်၊ ချော်ပါသေးတယ် ဆိုတာတော့ဖြင့် တကယ်အစစ်ထက်ဖြင့် အားမကိုးလောက်သေးဘူးဆိုတဲ့ဥစ္စာ သူတို့က ကံစခန်းဘဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဉာဏ်စခန်း မောင်နိုင် (မပါသေးပါ ဘုရား) မပါသေဘူးဆိုတာ ကိုပေါ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘာအားကိုးကြမယ် (ဉာဏ်အားကိုးကြပါမယ် ဘုရား)။
ဉာဏ်အားကိုးရမယ်
ဉာဏ်အားကိုးရမယ်ဆိုတာကို ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ခုနင်ကဟာ ဓမ္မပဒကိုးပြလိုက်တယ်နော်၊ ‘နသီလဗ္ဗတမတ္တေန’ သီလကလေးလုံခြုံကာမျှနဲ့ကွာတဲ့ မင်းတို့ တင်းတိမ်ပြီး မနေပါနဲ့ ‘ဗာဟုသစ္စေန ဝါပန’ စာအုပ်တွေ အကုန်နားလည်ပြီး သကာလ ဗဟုသုတရှိနေတာနဲ့ လဲ မင်း တင်းတိမ်မနေနဲ့တဲ့၊ ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့)။
အထဝါ သမာဓိလာဘေနတဲ့၊ ဥပစာရသမာဓိ အပ္ပနာသမာဓိဆိုတဲ့ ဗြဟ္မာပြည်ရောက်တဲ့ သမာဓိရစေကာမူ မင်း တင်းတိမ်မနေနဲ့ မဟုတ်သေးဘူးကွတဲ့၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဝိဝိတ္တသယနေနဝါတဲ့၊ တောကျောင်း, တောင်ကျောင်း တစ်ယောက်တည်း နေနိုင်ပြီ ဆိုပြီးသကာလ တင်းတိမ်မနေနဲ့ကွတဲ့ ဆိုတော့ ခင်ဗျားတို့ ခင်ဗျားတို့က တောကျောင်းတောင်ကျောင်း ဧကသနိက် ပတ္တပိုဏ်စားနေတယ်ဆိုရင် အတော်ဟုတ်ပြီလို့ အောက်မေ့ချင်အောက်မေ့နေမှာ (မှန်ပါ့) မတင်းတိမ်နဲ့ကွ မဟုတ်သေးဘူး တဲ့။
ဖုသာမိ နေက္ခမ္မ သုခံ တဲ့၊ နေက္ခမ္မ သုခ ဆိုတဲ့ ဥစ္စ သေသေချာချာရတဲ့ အနာဂါမ် တည်ထောင်မှ လိုသေးတယ် လို့ ငါဘုရားဟြောလိုက်တယ်ကွ ဆိုတော့ ကုန်ရောပေါ့ (မှန်ပါ့ ဘုရား)။
အာသာဝက္ခယဉာဏံ၊ အာသဝေါ မကုန်ဘဲနဲ့ဖြင့် မင်းတို့ အေးအေးဆေးဆေးနေချိန် တစ်ချိန်မှ မရှိသေးဘူးကွ လို့ တစ်ခါတည်း သေသေချာချာ ဟောလိုက်တယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်စခန်း အားကိုးပါဦးဆိုတဲ့ ဥစ္စာ အထောက်အထား ရပြီမဟုတ်လား (ရပါပြီ)။
ကိုင်း ဒါဖြင့် အလုပ်လဲပြောရမှာဖြစ်နေတော့ ရှင်သာရိပုတ္တရာဆိုတာလဲ အင်မတန် ဉာဏ်ကြီးတယ်၊ ပညာအရာ ဧတဒဂ်ရတဲ့ လက်ျာရံကြီးဆိုတာလဲ သိပြီးသားဘဲ၊ ရှင်ကောဋ္ဌိက ဆိုတာလဲ ဒကာ ဒကာမတို့ သိပြီးသားဘဲ၊ သူလဲ ရဟန္တာပုဂ္ဂိုလ်ကြီးဘဲ (မှန်ပါ့)။
တစ်နေ့သ၌ ကျလာတဲ့အခါကျတော့ ဒါ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်လို့ မှတ်လိုက်တာပေါ့နော် (မှန်ပါ့)။
ပါဠိတော်ဆိုလို့ရှိရင်လဲ ကိုယ်တော်တိုင်ဟောပြီး ကိုယ်တော်တိုင် ထောက်ခံချက် ပေးတယ်ဆိုတာ ကိုထွန်းခင် မှတ်လိုက်တော့ (မှန်ပါ့)။
တစ်ချို့ကိုယ်တော်တိုင် ဟောတယ် (မှန်ပါ့) အခု ရှင်ကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး အမေးအဖြေ လုပ်မှာတော့ ကိုယ်တော်ကြီး ထောက်ခံချက်အရ သူဟောလဲ ဒီလိုဟောမှာဘဲဆိုတဲ့ ထောက်ခံချက်ထဲက (မှန်ပါ့)။
ရှင်သာရိပုတ္တရာကြီးနဲ့ ရှင်ကောဋ္ဌိက အမေးအဖြေ
သီလသုတ်မှာ ဟောထားတယ်၊ ရှင်သာရိပုတ္တရာကြီးနဲ့ ရှင်ကောဋ္ဌိက အမေးအဖြေလုပ်ကြတယ်၊ အရှင်ဘုရား သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ ဘာမှလုပ်ဘို့မလိုတော့ဘူးလား လိုသေးသလားဘုရားလို့ မေးတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမေးသတုံး (သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ) သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ လုပ်စရာ ရှိသေးသလား။ လုပ်စရာမရှိတော့ဘူးလားလို့ မေးတဲ့အခါကျတော့ ဪ ကောဋ္ဌိက သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာ လုပ်စရာက အများကြီးကျန်သေးတယ်ကွတဲ့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာ (လုပ်စရာ အများကြီးကျန်ပါသေးတယ် ဘုရား) လုပ်စရာ အများကြီးကျန်သေးတယ် ကွလို့ သေသေချာချာ ဟောထားတယ်နော် (မှန်ပါ့)။
အဲဒီတော့ သီလထက်ကောင်းတာ ဘာရှိသေးသတုံးဆိုတဲ့ ရှေးသုံး ရှေးထုံးတွေကိုလဲ ပယ်လို့တော့ မဟုတ်ဘူးပေါ့၊ သီလမျှနဲ့ တင်းတိမ်မနေနဲ့လို့ ပြောတာ၊ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကောင်းတန်သလောက် ကောင်းရဲ့၊ အဆုံးလမ်းကောင်း မဟုတ်သေးသောကြောင့် တင်းတိမ်မနေနဲ့လို့ ပြောလိုက်တာ (မှန်ပါ့)။
ခုနင်က ဓမ္မပဒကိုးပြီးတော့ ပြောလိုက်တယ်၊ အခုသံယုတ်ပါဠိတော် လာပြန်တယ်၊ သီလနဲ့ ပြည်စုံတဲ့ ပုဂ္ဂိုလ်များ ဘာများလုပ်ဘို့ လိုသေးသတုံးလို့ ရှင်ကောဋ္ဌိကက မေးတဲ့အခါကျတော့ဟာ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာ နှလုံးသွင်းမှန် ဘို့ လိုသေးသကွာ။
နှလုံးသွင်းမှန် ဘို့ လိုသေးတယ်
ဒကာ ဒကာမတို့ ဘာတဲ့တုံး (နှလုံးသွင်းမှန်ဘို့ လိုပါသေးတယ် ဘုရား) နှလုံးသွင်းမှန်ဘို့ လိုသေးသကွ။
ဒကာ ဒကာမတို့ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဘာလိုနေသတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား) နှလုံးသွင်း မှန်ဘို့လိုနေသေးတယ်ဆိုကတည်းက ယောနိသောမနသိကာရ လိုသေးတယ်ပြောတာ (မှန်ပါ့) အနိစ္စကို အနိစ္စလို့ သိမှကွ၊ ဒုက္ခကိုဒုက္ခလို့ သိမှကွ၊ အနတ္တကို အနတ္တလို့ သိမှကွ၊ အဲ့ဒီ နှလုံးသွင်းမှန်ဘို့ လိုသေးတယ်ကွလို့ ရှင်သာရိပုတ္တရာက အဖြေပေးလိုက်ပါတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မေးတဲ့ပုဂ္ဂိုလ်ကလဲ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဘာများလုပ်ဘို့လိုသေးသတုံးဘုရားလို့ မေးတယ်၊ ဟ လိုသေးတယ်ကွတဲ့ ရှင်သာရိပုတ္တရာက ကိုစောမောင် (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (လိုပါသေးတယ် ဘုရား)။
သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဘာများလုပ်ဘို့ လိုပါသေးသတုံးဆိုတော့ ရှင်သာရိပုတ္တရာ ဘယ့်နှယ်ဖြေပါလိမ့် (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား) လိုသေးတယ်ကွ၊ ဘာလိုသတုံးဆိုတော့ နှလုံးသွင်းမှန်ဘို့ လိုသေးသကွ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာတဲ့တုံး (နှလုံးသွင်းမှန်ဘို့ လိုပါသေးတယ် ဘုရား)။ နှလုံးသွင်းမှန်ဘို့ လိုသေးသကွ ဆိုကတည်းက ဒကာ ဒကာမတွေ အထူးဘဲ ရိပ်မိဘို့ကောင်းပါပြီ (မှန်ပါ့) ဪ သီလနှလုံးသွင်းမှန်တဲ့ အထဲမှာ သီလထဲ မပါသေးပါကလားဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နှလုံးသွင်းမမှန်လို့ရှိရင် အတ္တဒိဋ္ဌိက ဖြုံကိုမဖြုံဘူး
သီလထဲမှာ နှလုံးသွင်းမှန်တဲ့ အလုပ်ပါပြီလား (မပါသေးပါ ဘုရား) မပါသေးဘူးဆိုတာ မောင်မြင့်တို့ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား) သီလဆောက်တည်ပြီးသကာလ ဒကာ ဒကာမတို့ သီလဖြူစင်ပြီးသကာလ နေစေကာမူ နှလုံးသွင်းမမှန်လို့ရှိရင် အတ္တဒိဋ္ဌိက ဖြုံကိုမဖြုံဘူး (မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား) အတ္တဒိဋ္ဌိက(ဖြုံကို မဖြုံပါ ဘုရား)။
မဖြုံလို့ရှိရင် အပါယ်ဆွဲချနိုင်သေးတယ် (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား) ဦးဘကလေး ဘာတဲ့တုံး (အပါယ် ဆွဲချနိုင်ပါသေးတယ် ဘုရား) အတ္တဒိဋ္ဌိက အပါယ်ဆွဲချနိုင်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဘယ်သူ့မှ မေးမနေနဲ့၊ ဘုရားနဲ့ ဇေတဝန်ကျောင်းမှာ အတူတူနေတဲ့ သီလလုံခြုံတဲ့ တိဿရဟန်းကြီးသာ မေးကြည့်၊ ကိုစောမောင် နှလုံးသွင်းမှားလိုက်တာ ချက်ခြင်းသန်းဖြစ်တယ် (မှန်ပါ) မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား) သီလတော့ဖြင့် ပြောဘို့လိုသေးသလား (မလိုပါ ဘုရား)။
ဒါ့ကြောင့် သီလကလေးလုံခြုံရုံနဲ့ တင်းတိမ်မနေနဲ့လို့ ခုနင်ကဓမ္မပဒပါဠိတော်လဲ ရွတ်ခဲ့ပါပြီ (မှန်ပါ့)။
ယခုတစ်ခါ သံယုတ်ပါဠိတော် ရဟန္တာကြီးနှစ်ပါး အမေးအဖြေမှာလဲ သီလလုံခြုံတဲ့ ပုဂ္ဂိုလ် ဘာလိုသေးသတုံး၊ လိုပါသေးတယ်ကွလို့ ရှင်သာရိပုတ္တရာ ထောက်ခံချက်ပေးနေတာလဲ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဘာလိုနေသေးတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား) နှလုံးသွင်းမှန်ဘို့ လိုတယ်ဆိုတော့ ဒီဥစ္စာအရေးကြီးတယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါ့ကြောင့် ရှေးတုန်းကတော့ ဒကာ ဒကာမတွေက ဥပုသ်ကလေးစောင့် ဆွမ်းတော်ပွဲကလေးနဲ့ ဒါနလဲ ပါအောင်ဟေ့၊ သီလလဲ ဆောက်တည်ရအောင်ဟေ့ ဆိုပြီးသကာလ ကျောင်းလာ နေကြထိုင်ကြအိပ်ကြ၊ ကိုစောမောင်တို့ ငယ်ငယ်တုန်းကတော့ များသပေါ့ဗျာ (မှန်ပါ့)။
ဒါနဲ့ဘဲ အတော်တင်းတိမ် နေပြီဆိုတဲ့ သဘောတွေလဲရှိကြတယ်နော် (မှန်ပါ့)။
ရှိပင်ရှိငြားသော်လဲ အခု ရဟန္တာကြီးနှစ်ပါး အမေးအဖြေလုပ်တော့ သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များ ဘာများလုပ် ဘို့ လိုသေးသတုံးလို့ ရှင်မဟာကောဋ္ဌိက-က မေးလိုက်တဲ့အခါကျတော့ ဟာအများကြီး လိုသေးသကွာ။
မောင်နိုင် ဘာတဲ့တုံး (အများကြီးလိုသေးပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (အများကြီးလိုပါ သေးတယ် ဘုရား)။
ဘာလိုနေတာတုံး (နှလုံးသွင်းမှန်ဘို့ လိုနေတာပါ ဘုရား)။ ဪ ဒါဖြင့် အလွန်အရေးကြီးတဲ့ စကားပါကလား ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဘယ်အပေါ်မှာ နှလုံးသွင်းမှန်ဘို့ လိုပါလိမ့်
နှလုံးသွင်းမှန်ဘို့ လိုသေးသကွတဲ့ (မှန်ပါ့) နှလုံးသွင်းက ဘယ်အပေါ်မှာ နှလုံးသွင်းမှန်ဘို့ လိုပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်ပေါ်မှာ လိုတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်အပေါ်မှာ လိုသတုံး (ခန္ဓာ အပေါ်မှာ လိုပါတယ် ဘုရား) ခန္ဓာပေါ်မှာ လိုတယ်တဲ့၊ ခန္ဓာပေါ်မှာ လိုနေတယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာပေါ်မှာ နှလုံးသွင်းဆိုတဲ့ ဥစ္စာ ယောနိသော မနသိကာရ၊ အဲဒီ ယောနိသောမနသိကာရဆိုတဲ့ ဥစ္စာနှလုံးသွင်းမှန်ဘို့ဘဲ (မှန်ပါ့)၊
နှလုံးသွင်းမှန်အောင် လုပ်ပါဆိုတဲ့ ယောနိသော မနသိကာရ၊ ဘယ်လို နှလုံးသွင်းမှန်အောင် လုပ်ရမှာတုံး ဘုရာ့၊ ရှင်ကောဋ္ဌိကက ဆက်ပြီး မေးပြန်တယ် (မှန်ပါ့)။
ကွာတဲ့ ပဉ္စုပါဒါနက္ဓန္ဓာဆိုတဲ့ ခန္ဓာငါးပါးရှိသကွ၊
ဒကာ ဒကာမတွေမှာ ခန္ဓာဘယ်နှစ်ပါးရှိသလဲ (ငါးပါးရှိပါတယ် ဘုရား)။
အဲဒီ ငါးပါးရှိတဲ့အနက်က အဲဒီ ငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ နှလုံးသွင်းလိုက်တဲ့အခါ အနိစ္စရှိလို့ အနိစ္စသိမှ နှလုံးသွင်းမှန်တယ်ကွ၊ ဒုက္ခရှိလို့ ဒုက္ခသိမှ (နှလုံးသွင်းမှန်ပါတယ်) အနတ္တရှိလို့ အနတ္တသိမှ (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
နှလုံးသွင်းမှန်တာ ခန္ဓာပေါ်မှာ မှန်ရမယ်၊ ပဉ္စုပါဒါနက္ခန္ဓာပေါ်မှာ မှန်ရမယ်ဆိုပါကလား (မှန်ပါ့) သဘောပါ ကြလား (ပါ-ပါတယ် ဘုရား)။
ဘယ်အပေါ်မှာ နှလုံးသွင်းမှန်ရမလဲ (ပဉ္စပါဒါနက္ခန္ဓာပေါ်မှာ မှန်ရပါမယ်ဘုရာ)။
ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ရမယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါနနဲ့လဲ တင်းတိမ်မနေနဲ့ ဆိုတာလဲ ပေါ်ပြီလား (ပေါ်ပါပြီ) သီလနဲ့ကော (တင်းတိမ် မနေနဲ့ပါ ဘုရား)။
တင်းတိမ်မနေဘို့ ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်မှုသာ အရေးအကြီးဆုံးကွတဲ့ (မှန်ပါ့)။
ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်မှုသာ (အရေးအကြီးဆုံးပါ)။
ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ဘို့
အဲ့ဒီတော့ ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ဘို့ဆိုတော့ ဘုန်းကြီးများက ဒါ အလုပ်တရားကို မပြောရင် ရကိုမရဘူး (မှန်ပါ့) ရပါ့မလား (မရပါဘူး ဘုရား)။
ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ဘို့ အလွန်အရေးကြီးပါတယ်ဆိုတာဖြင့် ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ မှတ်ပါ၊ ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ဘို့ဆိုတဲ့ အရေးဟာ အကြီးဆုံးပါဘဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ခန္ဓာပေါ်မှာ နှလုံးသွင်းမှန်ဘို့ ဆိုတာတော့ ဒကာ ဒကာမတို့မှာ ခန္ဓာငါးပါးရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ခန္ဓာငါးပါးရှိတယ်ဆိုတော့ ဒီခန္ဓာငါးပါးဟာ ဒီရုပ်ကြီးက ရူပက္ခန္ဓဆိုတာ လူတိုင်းသိတယ် ဘုန်းကြီးဟော ထားလို့ (မှန်ပါ့)။
စားကောင်း, သောက်ကောင်း, နေကောင်း, ထိုင်ကောင်း, စားမကောင်း, သောက်မကောင်း, နေမကောင်း, ထိုင်မကောင်း ဆိုတဲ့ ဝေဒနာသုံးမျိုးရှိတယ်ဆိုတာလဲ သူ့ကိစ္စနဲ့သူပေါ်လျက်ဘဲ (မှန်ပါ့)။
ဟာဒါဖြင့် နီလာဘဲ ဟာဒါဖြင့် ဂေါ်ကြိုးဘဲ အစရှိသည်နဲ့ မှတ်တဲ့ သညာကလေးတွေလဲ ခင်ဗျားတို့ အရေးကြုံ ပေါ်ပေါ်မလာဘူးလား (ပေါ်ပါတယ် ဘုရား) ဒါဖြင့် အထဲထဲသညာရှိလို့ သညာထွက်လာတာပေါ့ (မှန်ပါ့) မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။
ပေးချင်တယ်၊ ကမ်းချင်တယ်၊ ပြောချင်တယ်၊ ဆိုချင်တယ်ဆိုတဲ့ စေတနာကလေးတွေလဲ ခန္ဓာထဲရှိလို့ ခန္ဓာထဲ က နေပြီး ခန္ဓာထဲမှာ သူရှိတဲ့သဘော မပြောဘူးလား (ပြောပါတယ်) ဒါဖြင့် စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာလဲ ရှိတယ်နော် (မှန်ပါ့)။
ဘယ်သူ့ဖြင့် သိပါရဲ့ ဘယ်ဝါဖြင့် သိပါရဲ့ဆိုတာ သိတာက ဝိညာဏ်ကိုး(မှန်ပါ့)။
အကြောင်းရှိတိုင်း ခန္ဓာက ထွက်တဲ့ အသံ
ဒီတော့ အကြောင်းရှိတိုင်း ရှိတိုင်း ခန္ဓာက ထွက်တဲ့ အသံတွေ မကြားရဘူးလား (ကြားရပါတယ် ဘုရား)။
အကြောင်းရှိတိုင်း အကြောင်းရှိတိုင်း ဒကာ ဒကာမတို့ ပူလာပြန်ပြီ၊ အေးလာပြန်ပြီ ဆိုလို့ရှိရင်ဖြင့် ရူပက္ခန္ဓာ ၏ အသံဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကောင်းတယ်ဆိုးတယ်ရွေးလာရင် ဘယ်သူ၏ အသံပါလိမ့် (ဝေဒနာက္ခန္ဓာ၏ အသံပါ ဘုရား)။
ဟာ နီလာဘဲ၊ ဂေါ်ကြိုးဘဲ ဟုတ်လား၊ လည်သီးရေဘဲဘုံဘိုင်ညွန့်လဲ အစရှိသည်နဲ့ မှတ်ထားတာတွေကတော့ ဘယ်ကထွက်လာတာတုံး (သညာက္ခန္ဓာက ထွက်လာတာပါ) ခန္ဓာထဲက ထွက်လာတယ် (မှန်ပါ့)။
ခန္ဓာထဲမှာ နဂိုရ်ရှိလို့ နဂိုင်းထွက်တယ်ဆိုတဲ့ လောကီပြောလုံးလိုပေါ့ဗျာ(မှန်ပ့ါ) သူမရှိဘဲနဲ့ ဒီသညာတွေ ဒီအမှတ်တွေ ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)။
ပေးချင်လိုက်တာ၊ ကမ်းချင်လိုက်တာ၊ ဆဲချင်လိုက်တာ၊ ဆိုချင်လိုက်တာဆိုတာလဲ သူ့စေတနာအတိုင်းပါလို့ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။
အင်း ဒါက ဘာရှိတာကိုပြောတာလဲ (သင်္ခါရက္ခန္ဓာပြောတာပါ ဘုရား) သင်္ခါရက္ခန္ဓရှိတာကိုပြောနေတာ (မှန်ပါ့ ဘုရား)။
ကျုပ်သိတာ များပါတယ်၊ မသိတဲ့ပုဂ္ဂိုလ်ခပ်ရှားရှားပါဘဲလို့ သူအခိုက်အတန့်ကြုံလာရင် ထွက်လာတာဘဲ (မှန်ပါ့)။ ဒါက ဝိညာဏက္ခန္ဓက ပြောတဲ့အသံ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ရှိ/မရှိ (ရှိပါတယ် ဘုရား)။
ဪ ဒါဖြင့် အဲဒီခန္ဓာငါးပါးသည်ကားလို့ ဆိုလို့ရှိရင် ‘ပဉ္စုပါဒါ နက္ခန္ဓာ’ လို့ ခေါ်ပါတယ် ဥပါဒါန်၏ အာရုံ ဖြစ်သောကြောင့် (မှန်ပါ့)။
အဲ့ဒီ ခန္ဓာငါးပါးကိုတဲ့ ရှင်သာရိပုတ္တရာက နှလုံးသွင်း မှန်မှန်နဲ့ မင်းတို့ ဒီဥစ္စာ သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များ ခန္ဓာအပေါ်မှာ နှလုံးသွင်းမှန်ဘို့ အရေးကြီးသကွတဲ့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
နှလုံးသွင်းမှန်တာ ဘယ်အပေါ်မှာ မှန်ရတာတုံး (ခန္ဓာပေါ်မှန်ရမှာပါ ဘုရား)။
ဒီဟာမမှန်သေးသ၍
ဒီဟာမမှန်သေးသ၍ ကာလပတ်လုံးဆိုရင် ယောက်ျားရှိနေသးတယ်၊ မိန်းမရှိနေသေးတယ်ဆိုလို့ရှိရင်ဖြင့် ငါရှိနေတယ်။ သူရှိနေတယ်ဆိုတာနဲ့ မောင်နိုင် အတူတူဘဲ (မှန်ပါ့) သက္ကာယ ဒိဋ္ဌိတန်းလန်းကော မနေဘူးလား (နေပါတယ် ဘုရား) ငါသူရှိနေသေးယင် သက္ကာယဒိဋ္ဌိ မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲ့ဒီ သက္ကယဒိဋ္ဌိရှိလျက်နဲ့ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ငါ အပါယ်လေးပါး တံပါးပိတ်ပြီလို့ ဘယ်တော့မှ မယုံကြည်ပါနဲ့ (မှန်ပါ့)။
သက္ကာယဒိဋ္ဌိ ရှိနေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ ရှိရင်ဖြင့် အပါယ်လေးပါးတံခါးပိတ်တာ ယာယီပိတ်သာမှတ်ပါ (မှန်ပါ့)။
ငရဲမျိုးစေ့ ဝမ်းထဲရှိလျက်နဲ့ဖြင့် စိတ်ချလက်ချပြီး မနေလိုက်ပါနဲ့ဆိုတော့ ဪ ဒါဖြင့် သီလနဲ့ ပြည့်စုံပေမဲ့ နှလုံးသွင်းမှန်မှ ကိစ္စပြီးမှာပါကလား(မှန်ပါ့)။
ဘယ်လိုပါလိမ့် (နှလုံးသွန်းမှန်မှ ကိစ္စပြီးမှာပါ ဘုရား)။
နှလုံးသွင်းမှန်မှ ကိစ္စပြီးမယ်ဆိုတာ ဒီတရားမှာ ဒါ အသားယူဘို့ဟာ အရေးကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာဘယ်နှစ်ပါးရှိသလဲ (ငါးပါးရှိပါတယ် ဘုရား)။
ငါးပါးဟာ ကိစ္စကြုံတော့ သူ့အသံ, သူ့အသံတွေကော မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။
အဲ ထွက်တော့ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက သိထားပြီ၊ ဪ ဒါယောက်ျားတွေလား မိန်းမတွေလား လို့ပြောစရာမလိုတော့ဘူး (မှန်ပါ့)။
အမုတိသစ္စာနယ်ကတော့ ယောက်ျား မိန်းမတွေပေါ့ဗျာ တကယ်ရှိတာကတော့ ခုနင်ကပြောခဲ့တဲ့ ကိစ္စကြုံတိုင်း အသံထွက်လာတဲ့ခန္ဓာငါးပါးပါဘဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ)။
သမုတိသစ္စာလဲ မပယ်ရဘူး
သမုတိသစ္စာလဲ မပယ်ရဘူး (မှန်ပါ့) ပရမတ္ထသစ္စာဆိုတဲ့ ခန္ဓာငါးပါးလဲ သိထားရမယ် (မှန်ပါ့)။
သမုတိသစ္စာပယ်လဲ အပါယ်ရောက်တာ ရှိသေးတယ်၊ အမိသတ်, အဘသတ်တယ်ဆို အပါယ်ရောက်တာဘဲ (မှန်ပါ့) မဟုတ်ဘူးလား(မှန်ပါ့ ဘုရား)။
အဲဒီတော့ သမုတိသစ္စာကိုလဲ မပယ်ဘဲနဲ့ ပရမတ္ထသစ္စာကိုလဲ သိရမယ် (မှန်ပါ့)။
ကိုစောမောင် မှတ်မိပြီလား (မှတ်မိပါပြီ) သမုတိသစ္စာကိုလဲ (မပယ်ရပါ ဘုရား)။
အင်း အများက အမေအဖေလို့ သမုတ်ပြီးခေါ်ထားတဲ့ ဥစ္စာ အမေအဖေဟာ အမေအဖေပေါ့ (မှန်ပါ့) တကယ်ပြစ်မှားကြည့်စမ်းပါလား တကယ် ဒုက္ခရောက်မယ် ဆိုတာလဲ သေချာသားဘဲ (မှန်ပါ့)။
ကဲ ဒါဖြင့် သမုတိသစ္စကလဲ သူ့နေရာနဲ့သူ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ပရမတ္ထသစ္စာကလဲ နိဗ္ဗာန် ရောက်တဲ့နေရာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ကောင်းပြီ သမုတိသစ္စာကလဲ တိုတိုပြောကြစို့ဆိုတော့ သမုတိသစ္စာက မုသားမဖြစ်ရုံတွင် မှန်ပါတယ်၊ ရိပ်မိကြပြီလား(ရိပ်မိပါပြီ)။
သမုတိသစ္စာက (မုသားမဖြစ်ရုံတွင် မှန်ပါတယ် ဘုရား)ပရမတ္ထသစ္စာကနိဗ္ဗာန်ရောက်အောင် မှန်တယ်(မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သမုတိသစ္စာက (မုသားမဖြစ်ရုံတွင် မှန်ပါတယ် ဘုရား)ပရမတ္ထသစ္စာက (နိဗ္ဗာန်ရောက်အောင် မှန်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် သမုတိသစ္စာတွင် ရပ်နေလို့ရှိရင်လဲ မတော်သေးဘူးဆိုတာလဲ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် သမုတိသစ္စာမှန်ပုံက ဘာတဲ့ (မုသား လွတ်ပါတယ် ဘုရား)။
မုသားမဖြစ်ပါဘူး၊ မအေကို အမေခေါ်တာ မုသားမဖြစ်ပါဘူး၊ ဖအေကို အဖေခေါ်တာ မုသားမဖြစ်ပါဘူး၊ ခွေးကို ခွေးခေါ်တာ မုသားမဖြစ်ပါဘူး။
ကိုစောမောင် (မဖြစ်ပါ ဘုရား) မှန်တော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
သို့သော် မုသားမဖြစ်ရုံ မှန်တယ်၊ နိဗ္ဗာန်ရောက်အောင်တော့ (မမှန်ပါ ဘုရား)။
နိဗ္ဗာန်ရာက်အောင် မှန်သလား
နိဗ္ဗာန်ရာက်အောင် မှန်သလား၊ ခွေးကို အနိစ္စရှုလို့မှ မရတော့ဘဲ (မရပါ ဘုရား) အမေကို အနိစ္စရှုလို့မှ (မရတော့ဘဲ) ခန္ဓာရှုမှ ရမှာပါ (မှန်ပါ့)။
အဲ့ဒါကြောင့် မုသားမဖြစ်ရုံတွင်မှန်ကန်တာက သမုတိသစ္စာ (မှန်ပါ့) နိဗ္ဗာန်ရောက်အောင် မှန်တာက (ပရမတ္တသစ္စာပါ ဘုရား) ပရမတ္ထသစ္စာ ဒီကစ ပြောတယ်ဆိုတာ ဗဟုသုတ အရေးမှာလဲ ဒီကစ ကြီးတော့တယ်ဆိုတာလဲ ဒကာ ဒကာမတွေ မှတ်ထားရအုံးမှာ (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားကြပါတဲ့၊ ကိုင်း ဒါဖြင့် သမုတိသစ္စာက မေ့သွားမှာစိုးလို့ မောင်နိုင် ဘယ်လိုမှန်ပါလိမ့် (မုသားမဖြစ်ရုံ မှန်ပါတယ်) ပရမတ္တသစ္စာကတော့ (နိဗ္ဗာန်ရောက်အောင် မှန်ပါတယ် ဘုရား)။
အဲ သမုတိသစ္စာကတော့ အမေတို့, အဖေတို့ ဟုတ်လား တောတို့, တောင်တု့ိ အစရှိသည်နဲ့ပေါ့ဗျာ၊ သမုတ်ပြီး ခေါ်ထားတဲ့ ရွှေတို့, ကျောက်တို့, မြတို့, ပတ္တမြားတို့ဆိုတာ သူများကကောင်းတယ်လို့ သမုတ်ထားလို့ ဒီကျောက်တွေလဲ အဘိုးတန်နေတာ ကိုစောမောင်ရဲ့ (မှန်ပါ့) နို့မဟုတ်ရင် သူများလိုဘဲ မာတဲ့အထဲကပါဘဲ (မှန်ပါ့)။
မဟုတ်ဘူးလား၊ စိန်လဲ မာတဲ့အထဲကဘဲ၊ သူလဲမာတဲ့အထဲကဘဲ၊ တကယ့်ကျောက်စိမ်းတွေလဲ မာတဲ့ အထဲကပါဘဲ (မှန်ပါ့)။
သို့သော် သမုတိသစ္စာက လုပ်ထားပြန်တော့ ဘယ်သူကတန်တယ်၊ ဘယ်သူက မတန်ဘူူးဆိုတာ မလာ ပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ မုသားမဖြစ်ရုံတော့ သူဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား) နိဗ္ဗာန်ဗရာက်အောင် (မမှန်ပါ ဘုရား)။
နိဗ္ဗာန်ရောက်အောင် မှန်တဲ့ တရားကတော့ ဘယ်တရားပါလိမ့် (ပရမတ္ထသစ္စာပါ ဘုရား) အဲ ခန္ဓာငါးပါးနော် (မှန်ပါ့)။
အဲ့ဒီလို ခန္ဓာငါးပါးကို နှလုံးသွင်းမှန်ဘို့ရာ ရှင်သာရိပုတ္တရာက အရေးကြီးတယ်ကွာတဲ့၊ သီလပြည့်စုံပေမဲ့ တင်းတိမ်မနေနဲ့၊ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် နှလုံးသွင်းမှန်ဘို့က အရေးကြီးသေးတယ်ကွလို့ဆိုပြီး သေသေချာချာ ဖေါ်ပြောတာဘဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
မတင်းတိမ် ကောင်းတာနဲ့ တင်းတိမ်နေလို့ရှိရင်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုထူးထူးခြားခြားကိုသိရတော့မှ ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မတင်းတိမ် ကောင်းတာနဲ့ တင်းတိမ်နေလို့ရှိရင်ဖြင့် ကိုစောမောင် အမှားကြီးမှားတော့မယ် (မှားပါတယ် ဘုရား)၊
အချို့ ဒီလိုဆရာသမားတွေက အဆုံးအမ အသွန်အသင်ကို ကိုယ်ကလဲ မကြုံလို့ နားမထောင်ဘူး၊ တစ်နည်းအားဖြင့် ဆရာသမားကကိုလဲ တွင်တွင်ကျယ်ကျယ် မဟုတ်ပြန်လို့ ရှိပြန်ရင်လဲ မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်ပြီး နေမှာစိုးရတယ် (မှန်ပါ့) မစိုးရဘူးလား (စိုးရပါတယ် ဘုရား)။
ဒါ့ကြောင့် ကလျာဏမိတ္တ အရေးကြီးတယ် ဆိုတဲ့ဥစ္စာသံယုတ်ပါဠိတော်ကြီးများကျတော့ လာတာပေါ့ (မှန်ပါ့)။ ရှင်အာနန္ဒာကို ကလျာမိတ္တ ဘယ်လောက်အရေးကြီးသတုံးကွလို့ ဘုရားကိုက မေးလိုက်တဲ့အခါ တက်ဝက်အရေးကြီး ပါတယ်ဘုရားတဲ့။
ဟာ မင်း သာဝကဉာဏ်နဲ့ပြောတာ၊သူ့ကြောင့် နိဗ္ဗာန်ရောက်တာကွ၊ ဆရာသမား ကလျာဏမိတ္တ သိပ်အရေးကြီးတယ် ပြောတာ (မှန်ပါ့)ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ထက်ဝက်လား ၊ အလုံးစုံ သူ့ကြောင့်ဘဲလား (အလုံးစုံပါ ဘုရား)။
အလုံးစုံသူ့ကြောင့်ဘဲဆိုတာ မောင်နိုင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သီလပြည့်စုံပြီးသည့်နောက် ဘာလိုသေးသတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား)။
ဘယ်သူ့အပေါ်မှာ နှလုံးသွင်းမှန်ရမှာလဲ (ခန္ဓာငါးပါးအပေါ်မှာပါ ဘုရား)။
ခန္ဓာငါးပါးအပေါ်မှာဆိုတော့ ပရမတ္ထသစ္စာ အပေါ်မှာ နှလုံသွင်းမှန်ဘို့ အရေးကြီးတယ် (မှန်ပါ့)။
ဘယ်အပေါ်မှာပါလိမ့် (ပရမတ္တသစ္စာ အပေါ်မှာပါ ဘုရား)။
အဲဒီတော့ ခန္ဓာငါးပါးမောင်နိုင်သိပြီနော် (မှန်ပါ့)။
အရေးကြုံတိုင်း-ကြုံတိုင်း သူ့ခန္ဓာအသံတွေ ကိုစောမောင်ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။
သိပါတယ်ကွ၊ ဘယ်သူက ထွက်လာတာတုံး (ဝိညာဏက္ခန္ဓာကပါ ဘုရား) ဝိညာဏက္ခန္ဓာက ထွက်လာတဲ့ အသံ (မှန်ပါ့)။
ဒါကွာ၊ ဒီဥစ္စာမျိုး ဒို့ကတော့ဖြင့် အရေကျိုသောက်နေတာပါ၊ ဒီဥစ္စာ အဝါးပါ ဟုတ်လား (မှန်ပါ့) သညာနဲ့ မှတ်တာ (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
တစ်ခါတစ်လေကျတော့ ကိုစောမောင်တို့က ကျုပ်စေတနာကောင်းနဲ့ ပြောတာဗျ၊ ခင်ဗျား ရောင်းထိုက်ပြီး၊ စေတနာကောင်းနဲ့ ပြောနေတာ၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
ဒါ ဘယ်သူက ထွက်လာတာတုံး (သင်္ခါရက္ခန္ဓာကပါ ဘုရား) သင်္ခါရက္ခန္ဓာက ထွက်လာတာ မောင်နိုင်ရနော် (မှန်ပါ့)။
မကောင်းယင် မကောင်းဘူး ပြောမှာဘဲ ကျုပ်ကတော့ ကောင်းရင် ကောင်းတယ် ပြောတာဘဲဆိုတော့ ဘယ်သူက ထွက်လာတာတုံး (ဝေဒနာကပါ ဘုရား) ဝေဒနာက ထွက်လာတာဘဲဆိုတာ သဘောကျပြီလား (ကျပါပြီ)။
နဂိုရ်ရှိလို့ နဂိုင်းထွက်တယ်
ကျုပ်အခုပြောတာ နေရတာဗျာ (ခန္ဓာကိုယ်ထဲမှာ နေလို့ ထိုင်လို့က အခုကိုဘဲ အသားအရေတွေ ပူကုန်ပြီ။ အအေးပတ်လာပြီဆိုတာ ဒါရုပ်က ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာငါးပါးဟာ နဂိုရ်ရှိလို့ နဂိုင်းထွက်တယ်ဆိုတဲ့ ဥစ္စာ ခန္ဓာငါးပါးဟာ မရှိဘူးလို့ ဆိုကြမလား ရှိတယ်လို့ ဆိုကြမလား (ရှိတယ်လို့ ဆိုရမှာပါ ဘုရား)။
ဒါဖြင့် ပရမတ္တမို့ ရှိတာပေါ့ (မှန်ပါ့) အမှန်ရှိ တကယ်ရှိကိုး၊ ဟို အမေသွားကိုင်တော့ ပထဝီတွေ့သလို မဟုတ်ပါဘူး (မှန်ပါ့)။
အမေရယ်လို့ ဆိုပြီး သွားကိုင်လိုက်တဲ့အခါ မာမှု ပြော့မှု တွေ့နေတော့ ပထဝီဓာတ်တွေ တွေ့တွေ့နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
အဲ သမုတိသစ္စာကတော့ ဒီလို အကိုင်အတွယ်ခံရဲ့လား (မခံပါ ဘုရား) ပရမတ္ထသစ္စာကတော့ (အကိုင်အတွယ် ခံပါတယ် ဘုရား)။
အဲဒီလို လက်တွေ့နဲ့တဲ့ ၊ မျက်တွေ့နဲ့ ဆိုသလို ကွာခြားပါတယ်နော် (မှန်ပါ့) မျက်စိ အတွေ့ကတော့ မမှန်ဘူးပေါ့ဗျာ တကယ် လက်တွေ့ကတော့ဖြင့် ဓာတ်တွေ ကလာပ်တွေ သေသေချာချာ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ပရမတ္တသစ္စာနဲ့ သမုတိသစ္စာကို ခင်ဗျားတို့ စမ်းသပ်ချင်လို့ရှိရင်ဖြင့် မျက်မြင်အတွေ့ကိုဖြင့် သမုတိသစ္စာ (မှန်ပါ့) ကိုင်တွယ် ဒွါရခြောက်ပေါက်နဲ့ တွေ့တာကတော့ဖြင့် ပရမတ္တသစ္စာလို့ မှတ်လိုက် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှေ့ဆက်ပြီးသကာလ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဘာလိုသေးတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား)။
မမေ့ပါနဲ့ မမေ့ပါနဲ့၊ ဒကာ ဒကာမတွေ ဘာလိုနေသေးတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား)။
နှလုံးသွင်းမှားရင် အပါယ်သွားဘဲ
သီလ ဘယ်လောက်ပြည့်စုံပြည့်စုံ၊ နှလုံးသွင်းမှားရင် အပါယ်သွားဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သီလနဲ့ ဘယ်လောက် ပြည့်စုံပြည့်စုံ (နှလုံးသွင်းမှားရင် အပါယ်သွားပါတယ် ဘုရား)။
နှလုံးသွင်းမှားရင် အပါယ်သွားမယ်တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)
အဲ့ဒါကြောင့် ခုနင်က တိဿရဟန်းကြီး ဝတ္ထုထုတ်လိုက်တော့လဲ ကိုစောမောင် သေချာပါတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သီလနဲ့ ပြည့်စုံပြီး တိရစ္ဆာန်ဘုံ မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲဒါသည်ကားလို့ဆိုရင် ဘာကြောင့်တုံး မေးတဲ့အခါကျတော့ နှလုံးသွင်းမှားက ချလိုက်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဘာလိုသတုံး (နှလုံးသွင်းမှန်ဘို့ လိုပါတယ် ဘုရား)။
နှလုံးသွင်းမှန်ဘို့ လိုတယ်ဆိုတာ ဒီနေ့ညအရေးတကြီးစကားပါဘဲ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာငါးပါးကို သိပြီးသား ဖြစ်နေတော့ နှစ်ခေါက်ရှိပြီ ပြောတော့၊ မောင်နိုင်လဲ သိပြီ၊ ကိုပေါ်လဲ သိပြီ၊ တရားတပွဲလုံးလဲ သိပြီလို့ ဘုန်းကြီးဆုံးဖြတ်ချက်ချလိုက်ပါပြီ (မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် နှလုံးသွင်းမှန်ဘို့ လိုတယ်၊ နှလုံးသွင်းမှန်တာ ဘယ်သူ့အပေါ်မှာတုံး ခန္ဓာငါးပါးအပေါ် မှာ မှန်ရမယ် (မှန်ပါ့) ရုပ်တရားဟာ ရုပ်တရားဘဲ၊ ဝေဒနာကဖြင့် ဝေဒနာတရားဘဲ သညာဖြင့် သညာတရားဘဲ (မှန်ပါ့) ဒီလိုဟာ သိနေရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်လိုအမှန်သိရမှာတုံး
အဲ့ဒီတော့ ဒါကိုမှ တစ်ခါနှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်အလုပ်လုပ်ရမှာတုံးလို့ သီလနဲ့၊ ပြည့်စုံတဲ့ ပုဂ္ဂိုလ် နှလုံးသွင်းမှန်တယ်၊ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုအမှန်သိရမှာတုံး ဆိုတော့ အနိစ္စခန္ဓာကို အနိစ္စလို့ဘဲ သိရမယ်။ ဒုက္ခခန္ဓာကို (ဒုက္ခလို့ဘဲ သိရပါမယ်) အနတ္တခန္ဓာကို (အနတ္တလို့ဘဲ သိရပါမယ် ဘုရား)။
အဲဒီလိုသိရမှာကွတဲ့ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် နှလုံးသွင်းမှန်ပြီးသကာလ အနိစ္စတော၊ ဒုက္ခတော၊ ဂဏ္ဍတော သလ္လတောတွေနဲ့ စာမှာတော့ ဆယ့်တစ်ခုတောင် ပြပါတယ်။ (မှန်ပါ့) သို့သော် ပေါင်းလိုက်တော့ အနိစ္စ ဒုက္ခ အနတ္တဘဲ ရောက်ပါတယ် (မှန်ပါ့)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာငါးပါးအပေါ်မှာ မှန်ဘို့ အရေးကြီးတယ်ဆိုတာဖြင့် ထပ်ပြောလို့လဲ ရှင်းလောက်ပါပြီ (မှန်ပါ့)။
အဲဒီ ခန္ဓာငါးပါး တပည့်တော်တို့ အကုန်ရှုရမှာလား ဘုရား၊ ငါးပါးစလုံး တစ်ခါတည်းခြေဖျားက စပြီးတော့ ဆံဖျားကျအောင် အကုန်ရှုရမှာလားဆိုတော့ ဘုရားက ဟာ မရှုရပါဘူးကွာတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သတိပဋ္ဌာန်လေးပါး
မရှုရပါဘူးကွာတဲ့ ငါလေးပုံပုံပြမယ်တဲ့ ဆိုပြီး သတိပဋ္ဌာန်လေးပါး လာပြန်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ခန္ဓာငါးပါးသတိပဋ္ဌာန်နဲ့ ပုံလိုက်တော့ ဘယ်နှစ်ပုံရှိသလဲ (လေးပုံရှိပါတယ် ဘုရား)။
ကာယာနုပဿနာပသတိပဋ္ဌာန် ကိုယ်တစ်ခုတည်း ရှုတာနဲ့လဲ နိဗ္ဗာန်ရောက်တယ်ကွ (မှန်ပါ့) ဝေဒနာ နုပဿနာသတိပဋ္ဌာနိဝေဒနာတစ်ခုကို အစ-အဆုံးလိုက်တာနဲ့ကော (နိဗ္ဗာန်ရောက်ပါတယ် ဘုရား) စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ စိတ်ကို အစအဆုံး လိုက်တာနဲ့ နိဗ္ဗာန်ရောက်ပါတယ် ဘုရား) ဓမ္မာနုပဿနာတဲ့ ဒကာ ဒကာမတို့ စိတ်စေတနာမှ ကြွင်းတာတွေ၊ စိတ်ဝေဒနာမူ ကြွင်းတာတွေကို ရှုလိုက်ရင်ကော (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)၊
ရောက်တာချည်းဘဲဆိုတော့ လေးပုံပုံလိုက်တယ်၊ ခန္ဓာငါးပါး လေးပုံပုံလိုက်တယ်၊ လေးပုံထဲက မောင်နိုင် တစ်ပုံဘဲ ယူတော့ (မှန်ပါ့)။
ကိုစောမောင် လေးပုံထဲက (တစ်ပုံဘဲ ယူရပါမယ် ဘုရား)။
ဝေဒနာကြိုက်ရင်ဝေဒနာရှု၊ ဒီတစ်ပုံနဲ့ နိဗ္ဗာန်ရောက်တယ်၊ (မှန်ပါ့)။ စိတ်ကြိုက်ရင် စိတ်ရှု၊ ဒီတစ်ပုံနဲ့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရုပ်ကြိုက်ရင် ရုပ်ကိုရှု၊ တစ်ပုံတည်းနဲ့ နိဗ္ဗာန်ရောက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
နို့မဟုတ်ရင် သတိပဋ္ဌာန်လေးပါးပြားဘို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတို့ တစ်ပုံပုံကို ရှုဘို့ အရေးကြီးတယ် (မှန်ပါ့)။
တစ်ပုံပုံကို နှလုံးသွင်းမှန်မှန်နဲ့ မြင်ရဘို့ရှိရင်ဖြင့်တဲ့ ခန္ဓာပေါ်မှာ အနိစ္စ, ဒုက္ခ, အနတ္တဆိုတာတောင်မှ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့သုံးခုစလုံးဟာ ရှေးစကားတွေ ဖြစ်နေတော့ ရှုပ်နေတယ်နော် (မှန်ပါ့)။
ချုံးလိုက်တဲ့အခါ ဖြစ်ပျက်တွေ့တယ်
ဖြစ်ပြီးပျက်တဲ့ ဥဒယဗ္ဗယတလုံးကိုပိုင်လို့ရှိရင် အနိစ္စလဲဒါဘဲ၊ ဒုက္ခလဲဒါဘဲ၊ အနတ္တလဲဒါဘဲ၊ အနိစ္စ, ဒုက္ခ ချုံးလိုက်တဲ့အခါကျတော့ ဖြစ်ပျက်လာတွေ့တယ် (မှန်ပါ့)။
အနိစ္စ, ဒုက္ခ ချုံးလိုက်တဲ့အခါ (ဖြစ်ပျက် လာတွေ့ပါတယ် ဘုရား)။
အဲဒီတစ်လုံး ပိုင်လို့ရှိရင်ဖြင့် ဝေဒနာရှုနေတဲ့ပုဂ္ဂိုလ် ဝေဒနာ၏ ဖြစ်ပျက် ပိုင်လို့ရှိရင် ပြီးတာဘဲ (မှန်ပါ့)။
စိတ်ရှုနေတဲ့ ပုဂ္ဂိုလ်ဟာ (စိတ်ဖြစ်ပျက်ပိုင်ရင် ပြီးတာပါဘဲ ဘုရား)။
ကဲ ကိုစောမောင်ချုံးလိုက်တော့ ဒါဘဲရတယ် (မှန်ပါ့) ချုံးလိုက်တော့ (ဒါဘဲရပါတယ် ဘုရား)။
ဒါ ဘဲရတယ်ဆိုတာ ဒကာ ဒကာမတွေ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာငါးပါးရှိငြားသော်လဲ ဘုရားက သတိပဋ္ဌာန်နဲ့ ဝေဘန်လိုက်တော့ကို လေးပါး၊ လေးပါးထဲကမှ တစ်ပါးတစ်ပါးသုံးမျိုးနဲ့ရှုဆိုတာတောင်မှ ဘုန်းကြီးတို့က ဘုရားသခင် ကိုယ်တော်မြတ်ကြီးအားတော်ကျ ပြောလိုက်တော့ သုံးမျိုးရှုမနေပါနဲ့ကွာ၊ ဖြစ်ပျက်တစ်လုံး ရှုှုပါတော့။
မောင်နိုင် သေချာပြီလား (သေချာပါပြီ ဘုရား)။
ဖြစ်ပြီးပျက်တာသည် အနိစ္စလဲ သူဘဲမဟုတ်လား (မှန်ပါ့)။ ဒုက္ခရောက်တာလဲ (သူပါဘဲ ဘုရား) အနတ္တ ဆိုတာလဲ(သူပါဘဲ ဘုရား) ဒုက္ခသစ္စာဆိုတာလဲ (သူပါဘဲ ဘုရား)။
သူပါဘဲ ဒကာ ဒကာမတို့ ဒီအထဲမှာ အကုန်ဝင်လာတာပါဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကို ဝေဒနာ ကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာဉာဏ်နဲ့ တည့်ပေးပါ၊ ဝေဒနာ ဉာဏ်နဲ့ တည့်ပေးတဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်မှုပျက်မှု တွေ့ပါလိမ့်မယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
စိတ်ကြိုက်လို့ စိတ်ရှုပါတော့မယ်ဆိုတော ဘာတွေ့မယ်ထင်သတုံး (ဖြစ်မှု , ပျက်မှုဘဲ တွေ့ပါမယ် ဘုရား)။
ဖြစ်မှု, ပျက်မှုဘဲ တွေ့လိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဖြစ်မှုပျက်မှုကို တွေ့လို့ရှိရင်
အဲဒီ ဖြစ်မှုပျက်မှုကို တွေ့လို့ရှိရင်ဖြင့် နှလုံးသွင်းမှန်လို့သာ အောက်မေ့လိုက် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (နှလုံးသွင်းမှန်လို့ပါ ဘုရား)။
နှလုံးသွင်းမှန်လို့သာ အောက်မေ့လိုက်ပါတော့ဗျာ။ ဘာ့ကြောင့်တုံးဆိုတော့ ‘သဗ္ဗေသင်္ခါရာ အနိစ္စာ’ မှာလဲ ဖြစ်ပြီးပျက်တာဘဲ မဟုတ်လား (မှန်ပါ့) ‘သဗ္ဗေသင်္ခါရာ ဒုက္ခာ’ မှာလဲဖြစ်ပြီး ပျက်တာဟောတာ (မှန်ပါ့) ‘အနိစ္စာဝတသင်္ခါရာ’ မှာလဲ ဒါဘဲ ဟောတာဘဲ၊ ဥပ္ပါဒနဲ့ ဝယဘဲရှိတယ်ကွ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ (ဥပ္ပါဒနဲ့ ဝယဘဲရှိပါတယ် ဘုရား) ဥပ္ပါဒဆိုတာ ဖြစ်တာ၊ ဝယဆိုတာ (ပျက်တာပါ ဘုရား)။
အဲဒီ ဖြစ်ပျက်နှစ်ခုဘဲ ရှိတယ်ဆိုတော့ ဒကာ ဒကာမတို့ ချုံးပြီးသကာလ ခင်ဗျားတို့ ဒီ့ထက်ချုံးနိုင်တာတော့ မရှိတော့ဘူး(မှန်ပါ့)။
ကိုစောမောင် ခန္ဓာငါးပါးချုံးလိုက်တော့ သတိပဋ္ဌာန်လေးပါးလာဖြစ်တယ် (မှန်ပါ့) လေးပါးတွင် တစ်ပါးပါးကို လက္ခဏာရေး သုံးပါးနဲ့တစ်ခါ ရှုပါတယ်လို့ ပြောတယ်၊ လက္ခာရေးသုံးပါးတောင် ရှုမနေပါနဲ့တော့ကွာ၊ ဖြစ်ပျက်ရှုလိုက်ရင် အကုန်ပါပါတယ်ဆိုတော့ ဒီ့ထက်လွယ်တဲ့ တရားရှိသေးရဲ့လား (မရှိပါ ဘုရား)။
နို့ ဒါ ပါဠိတော်တွေနဲ့ အကုန်ကိုက်၊ သဘောကျကြပြီလား (ကျပါတယ် ဘုရား)။
ပါဠိတော်တွေနဲ့ အကုန်ကိုက်ပြီးသကာလ နေတဲ့အတွက် ဒကာ ဒကာမတို့ လေးပါးထဲက တစ်ပါးပါးကြိုက်ရာကို ရှုပါ (မှန်ပါ့) ရှုနည်းကို မရသေးတဲ့ ပုဂ္ဂိုလ်လာယူ၊ ဒါ သေသေချာချာ နှလုံးသွင်းမှန်တဲ့ အလုပ်ဘဲ (မှန်ပါ့)။
အဲ့ဒီကဲ့ဘို့ ရှုလိုက်တဲ့အခါကျတော့ ဥပမာမယ် (ဝေဒနာကို ရှုတယ်လို့ ထားပါတော့နော်၊ ဝေဒနာရှုမယ်လို့ ထားတော့ မောင်နိုင်တို့ သင်ထားတာရှိသားဘဲ၊ မျက်စိ, နား, နှာခေါင်း ,လျှာမှာ ဥပေက္ခာဝေဒနာချည့် ပေါ်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ကိုယ်ပေါ်မှာ သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်ခုမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) တစ်ခါတစ်လေ သုခ၊ တစ်ခါတစ်လေ ဒုက္ခ။
ဖြစ်ပြီးပျက်တာတွေ့မှာဘဲ
အဲ့ဒါကလေးကို ကြည့်နေတာပေါ့၊ ဉာဏ်ကကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်ပြီးပျက်တာတွေ့မှာဘဲ၊ ဒီ့ပြင် ဘာတွေ့စရာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)။
ဘာမှ တွေ့စရာမရှိတော့ ဪ ဒါသည်ကားလို့ဆိုရင် ဖြစ်ပျက်ဘဲဆိုလို့ရှိရင်ဖြင့် ဒါသမ္မသနရင့်လို့ ဥဒယဗ္ဗယ တက်လာတာဘဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ ဘုန်းကြီးက ဟောနေတာလားလို့မေးတော့ ရှင်သာရိပုတ္တရာက ရှင်ကောဋ္ဌိက ဟောနေတာ (မှန်ပါ့)။
ကွာ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဖြစ်ပျက်လုပ်ဘို့ပါဘဲတဲ့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဟာ (ဖြစ်ပျက်လုပ်ဘို့ပါဘဲ ဘုရား) ဒါ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ဟာဆိုရင် ဖြစ်ပျက်တွေ့ရင် နှလုံးသွင်းမှန်လို့ လို့အောက်မေ့ (မှန်ပါ့) ယောက်ျား ပျောက်ပြီ၊ မိန်းမပျောက်ပြီ၊ ငါပျောက်ပြီ သူပျောက်ပြီ (မှန်ပါ့)။
ကိုစောမောင် ဘာတွေတွေ့သတုံး (ဖြစ်ပျက်တွေ တွေ့ပါတယ် ဘုရား)။
အနိစ္စတွေ့သွားပြီ
ဖြစ်ပျက်တွေ့တယ်ဆိုတော့ ဒကာ ဒကာမတို့ အနိစ္စတွေ့သွားပြီ၊ ဒုက္ခတွေ့သွားပြီ၊ အနတ္တတွေ့သွားပြီ၊ ဒုက္ခသစ္စာ တွေ့သွားပြီဆိုတော့ ဖြစ်ပျက်တစ်လုံးတည်းကနေပြီး ခုနင်ကလေးချက်ကို ချုံးယူလိုက်တယ်၊ ချုံးယူလိုက်တော့ ဖြစ်ပျက်ဘဲ လာဆုံးတယ်၊ မဆုံးဘူးလာ(ဆုံးပါတယ် ဘုရား)။
အဲ့ဒါတွေဆုံးတော့မှ ဒကာ ဒကာမတွေ ဒါ ခန္ဓာပေါ်မှာ ဝေဒနာတွေပေါ်တော့ မျက်စိ, နား, နှာခေါင်း, လျှာ, ဥပေက္ခာဝေဒနာပေါ်တယ်လို့ ဆရာသင်ထားတယ်နော် (မှန်ပါ့)။
ကိုယ်ပေါ်မှာ သုခဝေဒနာ ဒုက္ခဝေဒနာ အချိုးကျသူပေါ်ချင်ရာပေါ်လိမ့်မယ် (မှန်ပါ့)။
ဝမ်းထဲမှာ သောမနုဿ, ဒေါမနုဿ, ဥပေက္ခာမှတစ်ပါး ဘာပေါ်စရာရှိသေးတုန်း (မရှိပါ ဘုရား)။
အဲ ဘာပေါ်စရာမှ မရှိတော့ ဒါတွေ လာတိုင်းလာတိုင်း ဒကာ ဒကာမတွေကရှု (မှန်ပါ့)၊
ဒါတွေ ရှုလိုက်တဲ့အခါကျတော့ ဘာတွေတွေ့မယ် ထင်ကြသလဲ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။
ဖြစ်ပြီး ပျက်တာဘဲတွေ့တယ်ဆိုတော့ ဪ တစ်ကိုယ်လုံးမှာ ဘာတွေများ အောက်မေ့နေသတုံး ဆိုလို့ရှိရင် ဖြစ်ပျက်တွေသာရှိပါကလား (ဝါ) အနိစ္စတွေသာ ရှိပါကလားဆိုတာ သူများပြောလားတဲ့ နှလုံးသွင်းမှန်လို့ တွေ့တာလား (နှလုံးသွင်းမှန်လို့ တွေ့တာပါ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်လို့ တွေ့ပါတယ်လို့ ဟောပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီဖြစ်ပျက်တွေ့လာလို့ရှိရင် ဒကာ ဒကာမတွေက မှတ်ပေတော့၊ ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် ကိလေသာလဲ စွန့်တယ်၊ ခင်ဗျားတို့ ခန္ဓာလဲစွန့်မယ် ဖြစ်ပျက်တွေ့ရင် (မှန်ပါ့) ကိလေသာလဲ မလာတော့ဘူး (မှန်ပါ့)။
မြင်တာက မဂ္ဂင်ဖြစ်တယ်
ဖြစ်ပျက်တွေ့တဲ့ ဉာဏ်က (ကိလေသာလဲ မလာတော့ပါ ဘုရား) ဘယ်လာတော့မတုံး ဒကာ ဒကာမတို့ ဖြစ်ပျက်ဆိုတဲ့ ဥစ္စာက အနိစ္စနော် (မှန်ပါ့) မြင်တာက မဂ္ဂင်ဖြစ်တယ် (မှန်ပါ့) ဝိပဿနာမဂ် မဖြစ်သေးဘူးလား (ဖြစ်ပတယ် ဘုရား)။
ဝိပဿနာမဂ်ဖြစ်တယ် ဆိုကတည်းကိုက ဖြစ်ပျက်ဟာ ခန္ဓာလားလို့မေးတော့ မဟုတ်ပါဘူးတဲ့၊ အဲ ဥစ္စာဖြစ် ပျက်ဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စပါဆိုတော့ ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီမှာ ခန္ဓာစွန့်ပစ်လိုက်မယ် (မှန်ပါ့) ဖြစ်ပျက်မြင်လိုက်ရင်ဘဲ ခန္ဓာစွန့်ပစ်လိုက်တယ်၊ ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ခန္ဓာလဲစွန့်ပြီတဲ့၊ မြင်တဲ့တဏှာကလဲ ဒီအချိန်မှာ ဒီဖြစ်ပျက်ကြီး လိုချင်ပါတယ်ဆိုတာ လာသေးရဲ့လား၊ (မလာပါ ဘုရား)။
မလာတော့ ပဋိစ္စသမုပ္ပါဒ်ကလဲနောက်က တဏှာ, ဥပါဒါန်, ကံတွေ အကုန်ပြတ်တယ် (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်တစ်လုံးမြင်တဲ့ ပုဂ္ဂိုလ်သည် ခန္ဓာလဲစွန့်၊ တဏှာလဲစွန့်၊ တဏှာစွန့်လိုက်တဲ့အတွက် ကိုစောမောင် ဥပါဒါန်စွန့်ပြီးသား (မှန်ပါ့ ဘုရား) ကံကော (စွန့်ပြီးသားပါ ဘုရား) နောက်ဘဝ ဇာတိကော (စွန့်ပြီးသားပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက်ကျေးဇူးများ တယ်ဆိုတာ ပေါ်ပလား (များပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာစွန့်လိုက်တဲ့အတွက် ဖြစ်ပျက်အနိစ္စသာတွေ့တဲ့အတွက် ဝေဒနာဖြင့် ဝေဒနာကလေးတစ်ခု အနိစ္စသာ တွေ့တဲ့ အတွက်တဲ့ ခုနင်က ဒိဋ္ဌိပြုတ်သွားတယ် (မှန်ပါ့) ငါ သူတစ်ပါးဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
အဲဒီတော့ ခန္ဓာစွန့်လိုက်တဲ့အတွက် ဒကာ ဒကာမတို့တဲ့ ဒိဋ္ဌိကလဲပြုတ်၊ ခင်တွယ်တဲ့ တဏှာကလဲ ပြုတ်ဆိုတော့ အင်း ဝိပဿနာ မဂ်သာ ဆိုရပါကလား၊ ခန္ဓာစွန့်တဏှာစွန့်ပါကလား (မှန်ပါ့)။
မှတ်မိကြပြီလား (မှတ်မိပါပြီ) ဝိပဿနာမဂ်သည် ဘယ်လိုရှုှိပါလိမ့် (ခန္ဓာစွန့်တဏှာစွန့်ပါ ဘုရား)။
အဲ ခန္ဓာစွန့်လိုက်တော့ ဒီမှာဘုန်းကြီးက ဒိဋ္ဌိဘယ်သူ့ကြောင့် ဖြစ်သတုံးဟေ့လို့ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိ ဘယ့်နှယ့်ကြောင့် ဖြစ်သတုံးဆိုတော့ ခန္ဓာ အဝိဇ္ဇာ ဖဿောစ၊ ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ခန္ဓာရှိနေရင် ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ ခန္ဓာဟုတ်သေးရဲ့လား၊ ခုသေသေချာချာရှုလိုက်တဲ့ အချကျတော့ (ခန္ဓာမဟုတ်တော့ပါ) ဖြစ်ပျက် ဖြစ်သွားတယ်၊ ဖြစ်ပျက်ဆိုတော့ ရုပ်လား-ဝေဒနာလား၊ ခန္ဓာငါးပါးထဲက ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့ ဘယ်သူမှ မဟုတ်ဘူး၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စဘဲ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဖြစ်ပျက်တွေ့ကတည်းက ခန္ဓာစွန့်တယ်
ရုပ်လား, ဝေဒနာလား, သညာလားလို့ မေးဘို့လိုသေးသလား (မလိုပါ) ဖြစ်ပျက်တွေ့ကတည်းက ခန္ဓာစွန့်တယ်၊ ခန္ဓာစွန့်လိုက်ကတည်းက ခန္ဓာမှီနေတဲ့ ဒိဋ္ဌိ သေသွားပြီ၊ ခန္ဓာစွန့်ကတည်းက ခန္ဓာမှီနေတဲ့ ဒိဋ္ဌိသေသွားတယ်၊ ခန္ဓစွန့် ကတည်းက ခန္ဓာမှီနေတဲ့ ဒိဋ္ဌိဟာ နဂိုက-
ခန္ဓာ အဝိဇ္ဇာ ဖဿောစ၊
သညာ တက္ကော အယောနိသော။
ဒုမ္မေဓော ပရတော ဃောသော၊
ဒိဋ္ဌိဌာနာနိ အဋ္ဌဓာ။
ဆိုတော့ ဒိဋ္ဌိဖြစ်ကြောင်း ရှစ်ခုရှိတယ်နော်၊ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးများမှာလဲ ရှိပါတယ်၊ အဲဒီကဲ့သို့ ဒီဒိဋ္ဌိကလဲ ခန္ဓာစွန့်တဲ့ ပုဂ္ဂိုလ်မှာ ဒိဋ္ဌိကရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါ့ကြောင့် ဖြစ်ပျက်မြင်လို့ရှိရင် ခင်ဗျားတို့ သေချင်သေပါ ကိုစောမောင်၊ ဒါရဲဝန့်စွာ တာဝန်ခံနော်။
ဖြစ်ပျက်မြင်ပြီးမှ သေလို့ရှိရင်
ဖြစ်ပျက်မြင်ပြီးမှ သေလို့ရှိရင် နတ်ပြည်သုဂတိသို့ တဘဝရောက်တယ်၊ ရောက်ရောက်ခြင်း သောတာပန် တည်ရမယ် (မှန်ပါ့)။
ဒီကသာ များများလုပ်သွား (မှန်ပါ့) ဖြစ်ပျက်များများလုပ်သွား၊ ဒါ-လျှော့ဈေးတရားနော် (မှန်ပ့ါ) ဒုတိယ ဘဝမှာ ရမည်ပြောတာ (မှန်ပါ့)။
ဟာ တပည့်တော် ဒီဖြစ်ပျက် မြင်ရုံနဲ့ မကျေနပ်ပါဘူးဆိုရင်ဖြင့် ဒါဟာဒကာ ဒကာမတို့ တရုဏ ဝိပဿနာ ဆိုတဲ နုတဲ့ ဝိပဿနာဖြစ်ပါပြီ၊ ကဲကွာ ဆက်ရှုဟေ့ ဆိုတော့ ဘင်္ဂဘယ အာဒီနဝ နိဗ္ဗိန္ဒကျရင် မုန်းလာမှာဘဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ)။
မုန်းပြီးသကာလ နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ဆရာဘုန်းကြီးကလဲ နဂိုရ်က ဖြစ်ပျက်ဟာ ဒုက္ခသစ္စာထဲ ပါသွားပြီးသားဆိုတာ ပြောပြီးသားနော် (မှန်ပါ့)။
အဲ့ဒီ ဒုက္ခသစ္စာကြီး မလိုချင်တဲ့တစ်နေ့ ဆုံးမသွားပေဘူးလာ (ဆုံးသွားပါတယ်) ဖြစ်ပျက်သည်ကားလို့ ဆိုရင် မလိုချင်ပါဘူးဆိုရင် ဖျတ်ဆိုဆုံးတယ်၊ ဆုံးရင်လဲ နိဗ္ဗာန်တွေ့တာဘဲ၊ ဟုတ်လား (မှန်ပါ့) “တေသံ ဝူပသမော သုခေါ” ကိုး၊ တေသံ = ဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော = မရှိသော နိဗ္ဗာနသည် ၊ သုခေါ = ချမ်းသာ၏၊ ဖြစ်ပျက်ဆုံးတာ နိဗ္ဗာန်ဘဲ(မှန်ပါ့)။
သဘောကျပြီလား (ကျပါပြီ) ဖြစ်ပျက်ဆုံးတား (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါ ဖြစ်ပျက်ရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပျက်သာဆုံးအောင်လိုက်၊ ဘာတွေ့မယ်ထင်ကြသတုံး (နိဗ္ဗာန်တွေ့ ပါမယ် ဘုရား)။
နိဗ္ဗာန်တွေ့မယ် ဆိုတဲ့ဥစ္စာက သေသေချာချာကြီး ရှိပြီး သကာလနေသောကြောင့် နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်မှာ ဒီအတိုင်းသာ သွားရမယ်၊ သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ ဖျတ်ဆို သောတာပန်တည်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သောတာပန်တည်တယ်ဆိုကတည်းက သီလက ကိုစောမောင် မမြဲသေးဘူးလား (မြဲပါတယ်) မြဲသွားပြီ၊ ဟိုဘဝတောင် မြဲတယ်၊ ဒီဘဝမပြောပါနဲ့ (မှန်ပါ့) ဟိုဘဝတောင် ဖျက်လို့ မရပါဘူး (မှန်ပါ့)။
သီလလဲ မြဲသွားပြီဆိုတော့ အဲဒီကျတော့ သောတာပန်တည်ပြီလို့ဘဲ ဆိုကြပါစို့ ဖြစ်ပျက် အဆုံးမြင်လို့ ရှိရင်နော် (မှန်ပါ့)။
ကဲ မောင်နိုင် ရှေ့ကို တစ်ခါမေးပြန်တယ် ရှင်ကောဋ္ဌိကကနော် (မှန်ပါ့) သောတာပန်တည်ပြီးတဲ့ပုဂ္ဂိုလ် ဘာလုပ်ရဦးမှာတုံး ဘုရာ့တဲ့၊ ဒီကျတော့ သီလမထည့်တော့ဘူး။
ခုနင်တုန်းကတော့ သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဘာလိုသေးသတုံးဆိုတော့ နှလုံးသွင်းမှန်ဘို့ လိုသေးတယ် မဖြေဘူးလား (ဖြေပါတယ် ဘုရား)။ အခုတော့ သီလထည့် မေးသေးသလား (မမေးပါ ဘုရား)။
သောတာပန် တည်ပြီးသားပုဂ္ဂိုလ် ဘာလုပ်ဘို့ လိုသေးသတုံး
မမေးဘူး၊ ရှင်ကောဋ္ဌိကက ဘယ့်နှယ်မေးလိုက်တုံး ဆိုတော့ သောတာပန် တည်ပြီးသားပုဂ္ဂိုလ် ဘာလုပ်ဘို့ လိုသေးသတုံးတဲ့ မေးပြန်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သောတာပန်တည်ပြီးသားပုဂ္ဂိုလ်မှာ (ဘာလုပ်ဘို့လိုသေးသတုံး) ဘာလုပ်ဖို့လိုသေးသတုံး ဆိုတော့ သီလထည့်မေးသေးရဲ့လား (မမေးပါ ဘုရား)။
မမေးတာရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဘာကြောင့်တုံးသီလမြဲသွားပြီ (မှန်ပါ့)။
သီလက တစ်ခါတည်း မဂ်ဆိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဝိရတီ မဟုတ်တော့ပါဘူးတဲ့ နိယမသီလ ဖြစ်သွားပါပြီနော် (မှန်ပါ့) မြဲတဲ့သီလ ဖြစ်သွားပါပြီ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် သူမေးတာမကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်များ ဘာလုပ်ဘို့ လိုသေးသတုံးတဲ့ ဒကာဒကာတို့ မေးပြန်တယ် (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
ဟာ ကောဋ္ဌိက လိုသေးတာပေါ့ကွာ၊ သောတာပန် တည်ပြီးသားဟာ အပါယ်လေးပါး တံခါးတင် ပိုက်သေးသကွ၊ မဖြစ်ကောင်းတဲ့ ခြောက်ဌာနသာ မဖြစ်တာကွ၊ ဝိနိပါတဘေး- ပရမ်းပတာကျမည့်ဘေးနှင့် အပါယ်လေးပါးသာ လွတ်သွားသေးတာကွ၊ မဟုတ်ဘူးလား (မှန်ပါ့) ဒီ့ပြင်ဒုက္ခတွေ ကျန်သေးတယ်ကွ။
အဲဒီတော့ နှလုံးသွင်းမှန်ပြီး သကာလ ဒီခန္ဓာအပေါ်မှာ ခုနင်ကပြောခဲ့တဲ့ တစ်ပါးပါးပေါ်မှာ ဖြစ်ပျက်လုပ်ဘို့ လိုသေးသကွ။
မောင်နိုင် ဘာဖြစ်လို့ လိုသတုံးလို့၊ မေးဘို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ခုနင်က အပါယ်ကျစေတတ်တဲ့ ကိလေသာ-သာမဂ်က ပဋိစ္စသမုပ္ပါဒ်က ဖြတ်တာကိုး (မှန်ပါ့) ရုန့်ရင်းတဲ့ ကိလေသာသောတာပန်မှာ ကျန်နေတယ်၊ ပြီးတော့ ကာမဘုံ နှစ်သက်တဲ့ တဏှာတွေ ဘာတွေကကျန်နေတယ်၊ အဲဒါတွေ ကျန်တဲ့အတွက် ပြန်လုပ်ရသေးတယ်ဆိုတာကော မောင်နိုင်ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဖြစ်ပျက်လုပ်ဘို့ လိုသေးသကွ
ဒါဖြင့် သောတာပန်တည်ပြီးသား ပုဂ္ဂိုလ် ဘာလုပ်ရဦးမတုံးဆိုတော့ နှလုံးသွင်းမှန်မှန်တဲ့ ဖြစ်ပျက်လုပ်ဘို့ လိုသေးသကွ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နှလုံးသွင်းမှန်မှန်နဲ့ (ဖြစ်ပျက်လုပ်ဘို့လိုသေးပါတယ် ဘုရား) လိုသေးတယ်ဆိုတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကိုင်း ဘုရားတဲ့၊ လုပ်ပါပြီတဲ့၊ ခုနင်ကပြောတဲ့ အတိုင်းဘဲ ဖြစ်ပျက်လဲမြင်ပါပြီ၊ ဖြစ်ပျက်လဲ မုန်းသွားပါပြီ၊ ဖြစ်ပျက်လဲဆုံးလို့ သကဒါဂါမ် တည်ပြီဟုတ်လား၊ အဲဒီ တည်ပြီးသား ပုဂ္ဂိုလ် ဘာလိုသေးသတုံးဘုရာ့လို့ မေးပြန်တယ် (မှန်ပါ့)။
ဟ လိုသေးသကွတဲ့၊ ကိလေသာကျန်သေးတယ်၊ လိုသေးတာပေါ့ ကိုစောမောင် မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲဒီတော့ နှလုံးသွင်းမှန်မှန်နဲ့ ခုနင်က သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးဖြစ်ပျက်လုပ်ဘို့ လိုသေးတယ် ပြောတော့ (မှန်ပါ့ ဘုရား)။
ကဲ လုပ်လို့ ဘုရာ့ ခုနင်က ဉာဏ်စဉ်တက်သွားလို့ သကဒါဂါမ်တည်ပါပြီ၊ အဲဒီ သကဒါဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ကော ဘာလုပ်ဘို့ လိုသေးသတုံးမေးပြန်တယ် (မှန်ပါ့)။
ဟ – လုပ်လို့ ဘုရာ့ခုနင်က ဉာဏ်စဉ်တက်သွားလို့ အနာဂါမ်တည်ပါပြီ၊ အဲဒီ အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ကော ဘာလုပ်ဘို့ လိုသေးသတုံးမေးပြန်တယ် (မှန်ပါ့)။
ဟ – သူဖြစ်ပျက်ပြန်လုပ်ရဦးမှာပေါ့၊ ကိလေသာ ကျန်သေးတယ်။
ကိလေသာ ကျန်သေးတယ်
မောင်နိုင် မှတ်မိပြီလား (မှတ်မိပါပြီ) ဒီဖြစ်ပျက်ကျန်သေးတယ်ကွ၊ လုပ်ရဦးမယ် ဆိုတော့ ကဲ-ဘုရား လုပ်ပါပြီ ဆိုတော့ ဖြစ်ပျက်တွေမြင်လို့ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေ ဆုံးသွားလို့ရှိရင်ဖြင့် ရဟန္တာမဖြစ်သေးဘူး လား (ဖြစ်ပါပြီ ဘုရား)။
ရဟန္တာဖြစ်သွားပြီတဲ့၊ ဆက်မေးတယ် စကားက မကုန်ဘူး (မှန်ပါ့) ရဟန္တာဖြစ်သွားပြီးတဲ့ ပုဂ္ဂိုလ်လဲ ဘာလိုသေး သတုံးလို့ မေးပြန်တယ် (မှန်ပါ့)။
ဟ-ရဟန္တာ ဖြစ်ပေမဲ့ လိုသေးသကွ၊ ကိုစောမောင် ဖြုန်းကနဲဆိုတော့ စကားက လန့်စရာကြီး မကောင်းဘူး လား (ကောင်းပါတယ် ဘုရား)။
ဟ ရဟန္တာ ဖြစ်ပေမဲ့ လိုသေးသကွ၊ ဘာလုပ်ရဦးမှာလတုံး၊ အို နှလုံးသွင်းမှန်ပြီး ဒီဖြစ်ပျက် ပြန်လုပ်ရဦးမယ် လုပ်တော့ ဘာကျေးဇူးရှိသတုံးဘုရာ့၊ ရှေ့လဲ တက်စရာမရှိဘူး။
အို မင်းငါးပါးအာရုံကာမဂုဏ်တွေ သူများခံစားတာမြင်တော့ ကိုယ့်မျက်လုံးထဲ ရှုပ်နေသေးတယ်ကွ၊ အဲဒါတွေ မှ ငြိမ်းအောင် ဖလသမာပတ် ဝင်စားနိုင်အောင် လုပ်ရသေးတယ်ကွ၊ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဖြစ်ပျက်တွေ အကုန်ဆုံးတာတောင်မှ ဒကာ ဒကာမတွေ ရဟန္တာဖြစ်ပြီးတောင်မှ ချမ်းချမ်းသာသာနေချင်ရင် လုပ်ပါဦးတဲ့ (မှန်ပါ့) နိဗ္ဗာန်အာရုံပြုပြီးနေပါဦးပေါ့လေ၊ သဘောကျပြီလား(ကျပါပြီ ဘုရား)။
ဖြစ်ပျက်ဟာ နေရာတိုင်းလိုက်ရမယ်
ဒါဖြင့် ဖြစ်ပျက်ဟာ ဒကာ ဒကာမတို့ နေရာတိုင်းလိုက်ရမယ် ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ) ဒါဖြင့် ဝေဒနာကြိုက်ရင် ဝေဒနာဖြစ်ပျက်ရှုပေါ့၊ စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက် ရှုရပါမယ်) ရှင်းပြီလား (ရှင်းပါပြီ)။
ကဲ နာရီကစေ့ပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။