11009

မာတိကာသို့

တဏှာကိုပယ်ခြင်းသည် ဘုရား၏ဝါဒ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့မင်္ဂလာတိုက်၌

ဟောကြားတော်မူသော

တဏှာကိုပယ်ခြင်းသည် ဘုရား၏ဝါဒ

ညအလုပ်ပေးတရားတော်

(၆-၆-၆၂)

ဇာတိဆိုတာ အကောက်ကြံတဲ့ တရား

မနေ့က ဒကာ ဒကာမတို့ကို ပြောခဲ့တယ်နော်၊ ဘယ်လိုပြောခဲ့သလဲဆိုတော့ ဇာတိဆိုတဲ့ တရားဟောလဲ အကောက်ကြံတဲ့ တရားတစ်မျိုးဘဲလို့ မှတ်ထားရမယ်နော်(မှန်ပါ့)။

ဇာတိဆိုတာလဲ အကောက်ကြံတဲ့ တရားတစ်မျိုး၊ ဇရာဆိုတာလဲ ဇာတိက လွှဲအပ်လိုက်ပြီဆိုမှဖြင့် ထောင်း တယ်-ထုဟယ်-ရိုက်ဟယ်-နှက်ဟယ်ဆိုပြီးသကာလ နှိပ်စက်တတ်တဲ့တရားဘဲ၊ မရဏဆိုတာလဲ ဇရာကနေ ထောင်းထု ရိုက်နှက်ပြီးထားလို့ မလှုပ်နိုင်တဲ့အချိန်မှာခေါင်းဖြတ် အသက်သတ်တဲ့ တရားဘဲလို့ မှတ်ပါနော်(မှန်ပါ့)။

ဒါဖြင့် သူတို့ သုံးယောက်ကိုဘယ်သူသည်ကား ငါတို့၏ မိတ်ဆွေလို့ ဒကာ ဒကာမတွေ ပေါင်းသင်းထိုက်သလဲ လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ(ဘယ်သူမှ မပေါင်းသင်းထိုက်ပါ ဘုရား)။

ဘယ်သူမှ မပေါင်းသင်းထိုက်ဘူးဆိုတာ ကောင်းကောင်ပေါ်ကြပြီလား(ပေါ်ပါပြီ ဘုရား)။

ဘယ်သူမှ မပေါင်းသင်းထိုက်ဘူးဆိုတာ ကောင်းကောင်းပေါ်ကြပြီလား(ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဇာတိဆိုတဲ့ တရားကလဲ ဆွေမျိုး ဉာတကာတွေ ငိုလျက်၊ ရိုလျက် ဆေးတွေ ဝါးတွေနဲ့ တားလျက် ဆရားဝန်တွေနဲ့ တားလျက်နဲ့ သူအတင်းဆွဲပြီးသကာလ တစ်ခုသော အမိဝမ်းခေါင်းထဲကို ချောက်ကျအောင် ကျင်ကြီးကျင်ငယ်တွေကြားထဲ မရောက်၊ ရောက်အောင်ပို့တာဟာ ဇာတိ၏ကိစ္စလို့ မနေ့က ပြောခဲ့တယ်(မှန်ပါ့)။

ရောက်တဲ့နေရာကျတော့ သူဘာလုပ်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက အမေးထုတ်တဲ့အခါကျတော့ ပီဠိနဋ္ဌော-ညှာတာမဖက် အမြဲနှိပ်စက်တယ်၊ ဇာတိ(မှန်ပါ) ရိပ်မိကြပြီလား(ရိပ်မိပါပြီ ဘုရား)။

ဆွေမျိုးထဲက ဆွဲထုတ်တာလဲ ဘယ်သူပါလိမ့် (ဇာတိပါ ဘုရား)။

ရောက်တဲ့နေရာ အကျဉ်းထောင်

ရောက်တဲ့နေရာ အကျဉ်းထောင်ဆိုတဲ့ အမိဝမ်းခေါင်းထဲ ကျင်ကြီးကျင်ငယ်တွေကြားထဲမှာ အသက်မရှုနဲ့ဟဲ့၊ မရွှေ့နဲ့ဟဲ့၊မပြောင်းနဲ့ဟဲ့၊ကိုးလခွဲ-ဆယ်လ ဒုက္ခအမျိုးစုံအကုန်ခံဟဲ့၊ ရေနွေးသောက်လဲ နင့်အပေါ်ရောက်မှာဘဲ ရေအေး သောက်လဲ နင့်အပေါ်ရောက်မှာဘဲ၊ ဇာတိဒုက္ခဆိုတာ ဇာတိပိ ဒုက္ခသစ္စဆိုတဲ့အတိုင်း သတ္တဝါကို ညှတာမဖက် အမြဲ နှိပ်စက်နေတဲ့ဇတိဆိုတဲ့တရားသည် ဒကာ ဒကာမတို့ခင်ဗျားတို့၏ အကြီးဆုံးရန်သူပါဘဲ(မှန်ပါ့)။

ဒါ့ကြောင့် ဘယ်ဇာတိ ရချင်ကြသတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးရင် ဘယ့်နှယ်ဖြေကြမလဲ(ဘယ် ဇာတိမှ မရချင်ပါ ဘုရား)။

ဘယ်ဇာတိမှလဲမရချင်ပါနဲ့၊ဘယ်သူပြောတာမှလဲ မယုံနဲ့တော့၊ သစ္စာပြောတာကို ယုံတော့ (မှန်ပါ့ ဘုရား)။

ဦးဘကလေး ဇာတိဟာဘာသစ္စာတဲ့တုံး(ဒုက္ခသစ္စာပါ ဘုရား) ဓမ္မစကြာမှာ လာတယ်နော်၊ သံယုတ်ပါဠိတော်တွေ မှာလဲ အမျိုးမျိုးလာတယ်၊ ဇာတိပိ ဒုက္ခသစ္စလို့ ဟောထားကတည်းကိုက ဪသူဒုက္ခသစ္စာသည် ဒုက္ခပေးလေသမျှ ဇာတိကဘဲဆိုတာမှတ်ထားလိုက်တာပါ(မှန်ပါ့)။

ဒါကြောင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဇာတိတောင်းတာဘဲဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒါ့ကြောင့် တောင်းထိုက်-မတောင်းထိုက်ဆိုတာ ဒကာ ဒကာမတွေဘဲ စဉ်းစားပါတော့(မတောင်းထိုက်ပါ ဘုရား)။

မတောင်းထိုက်ဘူးဆိုတာပေါ်ကြပြီလား (ပေါ်လာပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဘယ်တော့မှ မယောင်နဲ့လို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ် (မှန်ပါ့) တောင်းချင်ရင် ဇာတိလွတ်ရာ ရောက်ပါလို၏လို့တောင်းပါ(မှန်ပါ့)။

အဇာတိ=ပဋိသန္ဓေမနေရာ စင်စစ်ဖြစ်သောဆိုတဲ့နေရာကိုတောင်းကြပါ တောင်းလို့ရှိရင် မောင်နိုင် ဒါအဘိုးတန် တယ်(မှန်ပါ့)။

ဒုက္ခသစ္စာမသိသေးတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြင့် ကိုပေါ် တောင်းလိမ့်မယ်ဆိုတာ မသေချာဘူးလား(သေချာ ပါတယ် ဘုရား)။

ဦးဘအုန်းကြီး နားလည်ရဲ့လား(နားလည်ပါတယ် ဘုရား) ဇာတိ=လူဖြစ်လို၏ဆိုတော့ ဇာတိတောင်းတာဘဲ ဆိုတာ သေချာပြီလား(သေချာပါပြီ) နတ်ဖြစ်ရပါလို၏။ (ဇာတိတောင်းတာပါ ဘုရား)။

ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်

ဇာတိ ဘာလုပ်တတ်သတုံးဆိုတော့ ပီဠနဋ္ဌော (မှန်ပါ့) ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်(မှန်ပါ့) ဘယ်ပုဂ္ဂိုလ်ရွေးသေးသလဲ (ဘယ်ပုဂ္ဂိုလ်မှမရွေးပါ ဘုရား)။

သစ္စာပါဆိုတာအမှန်လုပ်တယ်ဆိုတာ မှတ်ထားတော့မှ ဪဒါဖြင့် မတောင်းထိုက်ဘူးဆိုတဲ့အကြောင်းယနေ့ တော့ခပ်တိုတိုဘဲပြောပါ့မယ်နော် (မှန်ပါ)။

ကောင်းပြီဒါဖြင့် ဇာတိသည်ကားဆိုလို့ရင် တရားဟောပြီးသကာလ ဆွေမျိုးဉာသကာ ဆေးဝါးတွေ ဆရာဝန်တွေကြားထဲက ဆွဲထုတ်ပြီးသကာလ အကျဉ်းထောင်ချတာ ဘယ်သူ့ကိစ္စပါလိမ့်မလဲလို့ ယနေ့ထူးထူးခြားခြား မှတ်လိုက်တော့ ဘယ်လိုမှတ်ကြမယ်(ဇာတိ၏ကိစ္စပါ ဘုရား)။

အကျဉ်းထောင်ထဲလဲ ရောက်ပါရော ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း တစ်နေ့တစ်ခြား ရင့်ရော်ပြီးသကာလ ပြင်ဘက်ရောက်လဲရင့်ရော် အတွင်းမှာရင့်ရော်လျက်နဲ့နေတော့ ရင့်ရော်တာဘယ်သူ့ကိစ္စပါလိမ့်မတုံး၊ မေးတော့ မောင်နိုင် ဘယ့်နှယ်ဖြေပါ့မလဲ (ဇရာကိစ္စပါ ဘုရား) ဇရာကိစ္စရှင်းကြပြီလား(ရှင်းပါပြီ ဘုရား)။

ရင့်ရော်တယ် ဆိုတာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့သိပြီးသားအတိုင်းပါဘဲ သေခါနီးဖြစ်လို့ လုပ်တာဘဲ (မှန်ပါ့ ဘုရား)။

ရင့်ရော်တယ်ဆိုတာ ဘာပါလိမ့် (သေခါနီးဖြစ်ဘို့ လုပ်တာပါ ဘုရား)။

အဲဒီ့တော့ အခုဒကာ ဒကာမတွေဟာ အခုဇာတိလက်ထဲမှာနေကြသလား၊ ဇရာလက်ထဲမှာ နေကြသလားလို့ ဆိုတာကိုလဲ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတော့ပေါ်ပါလိမ့်မယ်(ပေါ်ပါတယ် ဘုရား) ဘယ်အထဲရောက်နေသလဲ(ဇရာ လက်ထဲရောက်နေပါတယ် ဘုရား) ဇရာပိဘာတဲ့တဲ့(ဒုက္ခသစ္စပါ ဘုရား)။

ဪ တစ်ခါသစ္စအနက် တစ်ဆယ့်ခြောက်ချက်ထဲမှာ ပထမဆုံး ၁-နံပါတ် ဒုက္ခသစ္စာဆိုတာတော့ သိပါပြီ ဘုရား၊ သူရိုက်နှက်ပြီးသကာလ အရေတွန့်အောင် သွားကျိုးအောင် ဆံဖြူအောင် ငယ်မူပျောက်အောင် ဒါ ဇရာ၏ ကိစ္စဘဲဆိုတော့ သူ ဘယ်လိုများ လုပ်တတ်ပါလိမ့်မတုံးဆိုတော့ ပိဠိနဋ္ဌောကို မမေ့နဲ့(မှန်ပါ့)။

ဒကာ ဒကာမတွေဘာမမေ့နဲ့တဲ့လဲ (ပိဠနဋ္ဌောမမေ့နဲ့ပါ ဘုရား) ပိဠနဋ္ဌော=ညှာတာမဖက် အမြဲနှိပ်စက်တယ်၊ ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတော့ ဘုန်းတော်အနန္တဉာဏ်တော်အနန္တ ကံတော်အနန္တ ကိုယ်တော်ကြီးကို တောင်မှ အရေတွန့်အောင် ခါးနာအောင် ဒကာ ဒကာမတို့ မလုပ်ဘူးလား(လုပ်ပါတယ် ဘုရား)။

ဘယ်သူ့ကိစ္စပါလိမ့်(ဇရာ၏ကိစ္စပါ ဘုရား) ဇရာကိစ္စဆိုတာရှင်းကြပြီလား(ရှင်းပါပြီ ဘုရား)။

ဇရာ့လက်တွင်းရောက်နေတယ်

ဒါဖြင့်ဒီဇရာ့လက်တွင်းမှာဘဲအခု ဒကာ ဒကာမတွေ ရောက်နေကြတယ်(မှန်ပါ့) အခုဘယ်သူ့လက်တွင်းရောက် နေသလဲ(ဇရာလက်တွင်း ရောက်နေပါတယ် ဘုရား)။

ဇရာ့လက်တွင်းရောက်နေတော့ကိုတဲ့ ဖီးကာ၊ လိမ်းကာ၊ ပြုပြင်ကာနဲ့ နေငြားသော်လဲ ရင့်ရော်မှုကြီးက နောက်ဆုတ်သလားရှေ့တိုးသလား(ရှေ့တိုးပါတယ် ဘုရား) ဘယ်သူ့ကိစ္စပါလိမ့်(ဇရာ၏ကိစ္စပါ ဘုရား)။

ဇရာ့ကိစ္စနော်(မှန်ပါ့) သူသည်ကားလို့ဆိုရင်ဖြင့်ဘယ်လိုလုပ်တတ်ပါလိမ့်မတုံးလို့မေးရင် ကိုပေါ်ဖြေစမ်းပါ (အမြဲနှိပ်စက်ပါတယ် ဘုရား)ပိဠနဋ္ဌော မမေ့နဲ့(မှန်ပါ့)။

ဇရာဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို လူဖြစ်ရပါလို၏ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်မှ နှိပ်စက်တာ(မှန်ပါ့) နတ်ဖြစ်ရ ပါလို ၏လို့ဆုတောင်းပြည့်တဲ့ ပုဂ္ဂိုလ်မှ (နှိပ်စက်ပါတယ် ဘုရား) ဗြဟ္မာဖြစ်ရပါလို၏လို့ ဆုတောင်းပြည့်တဲ့ ပုဂ္ဂိုလ်မှ (နှိပ်စက် ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သူနှိပ်စက်ထားတဲ့ ဒဏ်ချက်တွေဖြင့် ခန္ဓာကိုယ်ထဲမှာ သွားကျိုး , ဆံဖြူ ငယ်မူတွေ ပျောက်တာသည် သူ့လက်ချက်ဘဲ (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် လူပျိုကလေးဖြစ်လာတာလား သေခါနီးဖြစ်လာတာလား အကဲခတ်ပါ (သေခါနီး ဖြစ်လာတာပါ ဘုရား) အပျိုကလေးဖြစ်လာတာလား၊ သေခါနီး ဖြစ်လာတာလား အကဲခတ်ပါဦး (သေခါနီး ဖြစ်လာတာ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က လောကကြီး သူများပြောသံကြားနဲ့ ဪ လူလားမြောက်လို့ ဝမ်းသာလိုက်တာ ခင်ဗျား တို့ကသာ ဝမ်းသာတာ ဟိုမှာ မသက်သာဘူး (မှန်ပါ့) သက်သာပါ့မလား (မသက်သာပါ ဘုရား)။

မသက်သာဘူးတဲ့ ဇရာက နှိပ်စက်တယ်တဲ့၊ ဒါ့ကြောင့် ဇရာသည်ကားလို့ဆိုလို့ရှိရင်လဲ ပီဠနဋ္ဌော (မှန်ပါ့) ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဪ အခု ဒကာ ဒကာမအတွေ ဘယ်သူ့လက်တွင်းမှာ အရောက်ကြီးရောက်နေပါလိမ့် (ဇရာတွင်းမှာ အရောက်ကြီး ရောက်နေပါတယ် ဘုရား)။

လူချင်းမတူ သူချင်းမမျှ ဖြစ်ရ

အင်း သူ့တာဝန်ကလဲ မင်းကာ ဟိုဘဝကနေပြီးသကာလ ဒီဘဝကောင်းတယ်လို့ မင်းကဟောပြီး ဆွဲခဲ့ကွ ဇာတိရ၊ ရောက်တဲ့နေရာမှာ ရိုက်ဘို့နှက်ဘို့ ထောင်းထောင်း ကျေအောင်နှိပ်စက်ဘို့ တာဝန်ကတော့ ငါ့တာဝန်ဆိုပြီး ထားလိုက်တော့ အခုဇာတိက သူ့ကိစ္စပြီးလို့ ထိုးအပ်လိုက်တော့ ဇရာလက်တွင်းမှာ ဒကာ ဒကာမတွေ လူချင်းမတူ သူချင်းမမျှ ဖြစ်ရတယ် (မှန်ပါ့)။

ဦးဘကလေး လူချင်းတူသေးရဲ့လား(မတူပါ ဘုရား) လူချင်းမတူ သူချင်းမမျှ ဖြစ်ရတဲ့ ကိစ္စဟာ ဘယ်သူလုပ်လိုက်တဲ့ ကိစ္စပါလိမ့် (ဇရာလုပ်လိုက်တဲ့ ကိစ္စပါ ဘုရား)။

ဇရာလုပ်လိုက်တဲ့ကိစ္စ သိပ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

သူ့မှာ ဘယ်သတ္တိရှိသတဲ့တုံးလို့ မေးတော့မှ ဘယ့်နှယ့်တုံး (ပီဠနဋ္ဌောပါ ဘုရား) ပီဠနဋ္ဌော မြန်မာလိုပြန်တော့ ညှာတာမဖက်အမြဲ နှိပ်စက်တယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ညှာတာမဖက် အမြဲ နှိပ်စက်ပါတယ် ဘုရား) အေး ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတဲ့ ဒုက္ခသစ္စာအနက်တစ်ဆယ့်ခြောက်ချက်မှာ ဒါပါလာတယ် ဆိုတဲ့ ဥစ္စာရှင်းသွားပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခါ သူတို့ သုံးယောက်က နဂိုရ်က သဘောတူ သံသရာခရီးသည်တစ်ယောက် မိုက်တဲ့ သံသရာခရီးသည် တစ်ယောက်ကိုသတ်ဘို့ ဖြတ်ဘို့ရာလဲ ဘယ်သူဆီ အပ်ရမှာတုံး မေးတဲ့အခါကျလို့ ရှိရင် ဇရာက ထောင်းထောင်း ကျေအောင် ရိုက်နှက်ထားလို့ သူထူငါထူမှ ထနိုင်တဲ့ အခြေအနေ တောင်ဝှေးဘဲ ကိုးစားရာရှိတဲ့ အခြေအနေ၊ မျက်မှန်ဘဲ ကိုးစားရာရှိတဲ့ အခြေအနေ လက်ရမ်းတွေ ကိုင်တက်ရတဲ့ အခြေအနေ ဒါဟာ ဇရာ့ကိစ္စအခြေအနေဘဲ (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ အရင်လို မဟုတ်တော့ဘူး ဆိုတဲ့ ဥစ္စာများ ဒကာ ဒကာမတွေ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် အရင်လို မဟုတ်ပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ဇရာလက်ချက်ပါဘုရား၊ ဆိုနိုင်ကြရဲ့ လား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ်သူ့လက်ချက်တုံး (ဇရာလက်ချက်ပါ ဘုရား) ဇရာလက်ချက်ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)။

ထောင်းထောင်းကျေအောင် ရိုက်မှုနှက်မှုကိစ္စ

သူ့ကိစ္စကလဲ ထောင်းထောင်းကျေအောင် ရိုက်မှုနှက်မှုကိစ္စဟာ သူ့ကိစ္စဆိုတာ ဒကာ ဒကာမတွေ မနေ့က ပြောခဲ့တယ်နော် (မှန်ပါ့)။

သူ့ကိစ္စပြီးတော့ သူကလဲ သူတော်ကောင်းဘဲလား၊ ဘယ်သူ့ဆီများ ထိုးအပ်မယ်ထင်ကြသတုံး (မရဏဆီ ထိုးအပ်ပါမယ် ဘုရား)။

ဪ ခေါင်းဖြတ် အသက်သတ်ပြီးသကာလ အင်မတန်ဆိုးဝါးတဲ့ မရဏဆီကို ထိုးအပ်လိုက်တော့ မရဏဆိုတဲ့ တရားကလဲတဲ့၊ ဒကာ ဒကာမတို့သိတဲ့အတိုင်း “စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စုမရဏ” ကာလံကိရိယာ ခန္ဓာနံ ဘေဒေါကဠေဝရဿနိက္ခေပေါ” ဆိုပြီးသကာလ ဒကာ ဒကာမတို့ သတိပဋ္ဌာန သံယုတ်များမှာ ပဏ္ဏာသတွေမှာ ဒကာ ဒကာမတွေ သူ့အတွက်က တစ်ခုမှ အကောင်းမပါပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခုဒကာ ဒကာမတွေ အပ်မည့် ဆဲဆဲပါကလား (မှန်ပါ့)။

မရဏဆီကို (အပ်မည့်ဆဲဆဲပါ ဘုရား) အပ်မည့်ဆဲဆဲမှာ ခင်ဗျားတို့ အရောင်းကလေးနဲ့ အဝယ်ကလေးနဲ့ အပြောကလေးနဲ့ အဆိုကလေးနဲ့ ဖီးကာလိမ်းကာနဲ့ ဘာလုပ်ကြတာတုံး မေးတဲ့အခါကျတော့ ဘုရား မနေ့က ပြောခဲ့သလိုဘဲက မူဆလမန် နွားသတ်တော့မယ်ဆိုတော့ နွား သနပ်ခါးတွေနဲ့ ခေါင်းမှာ ပန်းတွေနဲ့ ပန်းပြီးသကာလ ချစ်လှစွာသော နွားကလေး ဘဝကူးပေးရမယ်ဆိုတဲ့ အသွားမျိုးလို ဒကာ ဒကာမတွေ အခုလုပ်နေတဲ့ အခြေအနေဟာ ဘဝကူးကာနီး ပြင်ဆင်နေတဲ့ အဓိပ္ပါယ်မျိးမပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဦးဘကလေး မပါဘူးလား( ပါ-ပါတယ် ဘုရား)။

အေး ဒါ့ကြောင့် သေခါနီးပျော် မလုပ်ပါနဲ့ဆိုတဲ့ စကားဟာ မနေ့က ပြောခဲ့တယ် (မှန်ပါ့) သဘောကျကြပြီလား (ကျပါတယ် ဘုရား) သေခါနီးပျော် မလုပ်ပါနဲ့။

ဘယ်လိုမှာပါလိမ့် (သေခါနီးပျော် မလုပ်ပါနဲ့ ဘုရား) သေခါနီးပျော် မလုပ်ကြပါနဲ့ဆိုတာ ဒါ့ကြောင့် မနေ့ကလဲ မှာလိုက်တယ်၊ ဒကာ ဒကာမတို့ အိမ်မှာ ပြုံးမိလို့ရှိရင်ဖြင့် ဇရာ့လက်တွင်းမှာ ပြုံးတာဟာ ဇရာပိ ဒုက္ခသစ္စကို နည်းနည်းမှ ပြန်မကြည့်တတ်တာနဲ့ သစ္စာမမြင်တာနဲ့ မောင်နိုင် ပြုံးမိတာ (မှန်ပါ့) သဘောကျပြီလား(ကျပါတယ် ဘုရား)။

အကန်းရူးကလေး ပြုံးနေပါကလား

ကောင်းပြီ ဒီအပြုံးဟာ အပြုံးမှန်ဘဲလားတဲ့၊ မမြင်လို့ ပြုံးတာလား (မမြင်လို့ ပြုံးတာပါ ဘုရား)။

ဟာ မမြင်တာ အဝိဇ္ဇာဘဲ ပြုံးတာတဏှာဘဲ (မှန်ပါ့ ဘုရား)။

မမြင်တာက (အဝိဇ္ဇာပါ ဘုရား) ပြုံးတာက (တဏှာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အကန်းပြုံးနေပါကလား (မှန်ပါ့) တဏှာကတော့ ရူးတယ်နော် (မှန်ပါ့) အဝိဇ္ဇာကကန်းတယ်။

အဝိဇ္ဇာက (ကန်းပါတယ် ဘုရား) တဏှာကတော့ (ရူးပါတယ် ဘုရား)။

ဪ ဒါဖြင့် အကန်းရူးကလေး ပြုံးနေပါကလား (မှန်ပါ့ ဘုရား)။

အခု ရောင်းဝယ်ဖေါက်ကားပြီး ပြုံးနေကြတာ အမြတ်ကလေး အစွန်းကလေးရလို့ ပြုံးနေကြတာများ ဘယ်သူပြုံးနေကြတာပါလိမ့် ဒကာ ဒကာမတို့ (အကန်းရူးပြုံးတာပါ ဘုရား)။

အကန်းရူးကလေးပြုံးတာ။ အကန်းဆိုတာက ဇရာကို မမြင်တာ (မှန်ပါ့)။ ရူးတာက တဏှာက ချော့ထားတာ နဲ့ တဏှာ့အလိုလိုက်ပြီးသကာလ ပြုံးကြ ရောင်းကြ ဝယ်ကြနဲ့ နေကြတာတွေသည်ကားလို့ဆိုလို့ရှိရင် ရူးတာ (မှန်ပါ့) ကိလေသာရူးကိုး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုံးမည့် ကြံလို့ ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုစဉ်းစားတော့ မင်းသစ္စာမမြင်တာ က အဝိဇ္ဇာကွ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပြုံးပြီးသကာလနေတာက ကိလေသာက အရူးခိုင်းလို့ ရူးတာကွ (မှန်ပါ့)။

အကန်းကလေး ရူးနေတယ်ဆိုတော့ မောင်နိုင်ရေ ဘုရား အဆူဆူပွင့်လို့ ကျွတ်ဘို့ရာ မမြင်ဘူး (မှန်ပါ့)။

ကန်းလည်းကန်းပြန် (ရူးလည်းရူးပါတယ် ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။

ကန်းလည်းကန်းပြန် (ရူးလည်းရူးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ နာစရာလား၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဖြစ်စဉ်ကိုက်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

သစ္စာမသိလို့

အဲ့ဒီလောက် ခင်ဗျားတို့ သစ္စာမသိလို့ ဆရာဘုန်းကြီးကဖေါ်ပြီးသကာလ ဪ ငါတို့ ပြုံးချိန်လဲ မဟုတ်ဘူး၊ ဒီ ဇရာလက်တွင်းက လွတ်ကင်းဘို့ရာသာ ကြံချိန်ဖန်ချိန်ပါလား ဆိုတာ ပြောင်းပါတယ် (မှန်ပါ့)။

မရဏလက်တွင်း ထိုးအပ်တော့မယ်ဆိုတော့ကို ဘယ်သူတားလို့ ဆီးလို့ ရသေးသတုံး (မရပါ ဘုရား)။

အကုန်ဆရာဝန်တွေ လက်လွှတ်၊ ဆွေမျိုးဉာတကာတွေကော (လက်လွှတ်ပါတယ် ဘုရား) အကုန်ရင်ထုပြး မှိုင်တွေချပြီး သကာလ မရတော့ဘူးဆိုတာ တစ်ခါတည်း အကုန်ဝိုင်းပြောတယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါ ဇရာက ဘယ်သူ့အပ်တော့မယ်ဆိုတော့လဲ (မရဏအပ်တော့မယ်ဆိုတော့ပါ ဘုရား)။

မရဏ အပ်တော့မယ်ဆိုတော့ တစ်ခါတည်း ဆွေမျိုးတွေလဲ မှိုင်လာကြတယ်၊ အနီးနားကဆေးတွေ ဘာတွေလဲ လွှင့်ပစ်ချင်တဲ့ စိတ်တစ်ခါတည်း ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဘယ်သူက ထိုးအပ်မယ်လို့ စိတ်ကူးလို့ ဒီကပုဂ္ဂိုလ်တွေ ဒီလောက်စိတ်ဆိုးကြပါလိမ့်မတုံး (ဇရာက မရဏ ထိုးအပ်မလို့ပါ ဘုရား)။

ဇရာက ထိုးအပ်တော့မယ်ဆိုတော့ ဆွေမျိုး ဉာတကာတွေလဲ တစ်ခါတည်း မျက်စိသူငယ်ဖြစ်ပြီး သကာလ အသံကုန် ဟစ်တော့မည့် အသွားတွေ အကုန်လာတော့တာဘဲ(မှန်ပါ့) မလာသေးဘူးလား (လာပါတယ် ဘုရား)။

ဒီလိုများ ဖြစ်လိမ့်မယ်မထင်ဘူးတဲ့ အံမာလေး ဒီလိုဖြစ်အောင် ဆုတောင်းထားပြီးမှ ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ဘူးတဲ့ (မှန်ပါ့) ဘယ့်နှယ်ပြောကြတာပါလိမ့်၊ အို ဦးဘအုန်းကြီးပြုံးမနေနဲ့ ပြောစမ်းပါဦး ရူးပုံဘုရား၊ နဂိုရ်ရူးခဲ့ပုံက ပြင်းထန်လွန်းလို့ နဂိုရ် ကန်းတဲ့ ပုံကကောာ (ပြင်းထန်လွန်းလို့ ပါ ဘုရား)။

ပြင်းထန်လွန်းလို့ဆိုတာ ခင်ဗျားတို့ ဘုန်းကြီး ပြောတာကဘဲ ကြီးသလား၊ ကိုယ်ကန်းတာနဲ့ ကိုယ်ရူးတာကဘဲ ကြီးသလားဆိုတာလဲ အကဲခတ်ကြည့်စမ်း (ကိုယ်ကန်းတာနဲ့ ကိုယ်ရူးတာက ကြီးပါတယ် ဘုရား) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား) တယ်လဲဆိုးပါကလား (မှန်ပါ့)။

သစ္စာမသိမှု ဘယ်လောက်ထိအောင် ဆိုးဝါးတယ်ဆိုတာ ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အဲ့ဒီတော့ ဘုန်းကြီးက မနေ့က ဒီနေရာမှာဘဲ စကားထားပစ်ခဲ့တယ်၊ ကွာ မင်းတို့ ဇရာလက်တွင်းမှာ ထောင်းထုထားတာ ထိုက်တန်သလောက်တော့ ကျေကုန်ပြီကွာ၊ မရဏဆိုတဲ့ လူသတ်ယောက်ျားလက်တော့ မအပ်ခင်ကလေး လမ်းခွဲ ရှာပါ။

မအပ်ခင်ကလေး ဘာတဲ့ (လမ်းခွဲရှာရမှာပါ ဘုရား)။

တရားနာတာ လမ်းခွဲရှာတာ

ဒါဖြင့် အခုတရားနာတာ ဘာလုပ်ကြတာတုံး (လမ်းခွဲရှာတာပါ ဘုရား)။

တော်သေးတယ် – တော်သေးတယ် ခင်ဗျားတို့နော် တော်သေးတယ်တဲ့၊ လမ်းခွဲရှာမည့်စိတ်ကလေး ပေါ်ပေါက်လာလို့ လမ်းခွဲရှာရမည့် အလုပ်ပေးမည့် ဆရာ့ဆီကို ခင်ဗျားတို့က လာဖေါ်ရလို့ အင်း ဒီလိုချည့် အိုပြီး ဒီလိုချည့် သေတွင်းဝင်ရမယ်ဆိုလို့ရှိရင် မဟုတ်သေးပါဘူး ဆိုတဲ့ သစ္စာကလေး, အရိပ်ကလေး ထင်လာတယ် (မှန်ပါ့)။

မောင်နိုင် သစ္စာရိပ်ကလေး မှုံမှုံမွှားမွှားကလေး မြင်လာတာနဲ့ တရားနာတယ် (မှန်ပါ့) သဘောကျကြရဲ့ လား (ကျပါတယ် ဘုရား)။

သစ္စာရိပ်ကို (မှုံမှုံမွှားမွှားမြင်ပါတယ်) မှုံမှုံမွှားမွှားမြင်သေးတာ၊ တကယ် မြင်တော့လဲ မဂ်ဆိုက်သွားတယ် (မှန်ပါ့ ဘုရား)။

တကယ်မြင်တော့လဲ မဂ်ဆိုက်တယ်၊ အခုတရားနာတုန်းတော့ မှုံမှုံမွှားမွှားမြင်တာနဲ့ ကိုင်း ဒို့ဆရာသမားလဲ လာတယ်၊ ဆရာသမားလဲ အားကိုးရမှာဘဲဆိုပြီးသကာလ မှုံမှုံမွှားမွှားကလေးမြင်တာနဲ့ ဒီလိုချည့်အို၊ ဒီလိုချည့် သေတွင်းဝင်ရမယ်ဆို မဟုတ်သေးပါကလား ဆိုပြီးသကာလ ဒကာ ဒကာမတို့ အခုတရားနာကြတာနော် (မှန်ပါ့)။

တရားကောင်းလို့ နာကြတာလား ၊ လမ်းရှာမလို့ လာကြတာလား (လမ်းရှာမလို့ လာကြတာပါ ဘုရား)။

ဒါ သေသေချာချာ မှတ်ပါ၊ ခင်ဗျားတို့ နဂိုရ်က တရားနာနေကြတယ်၊ ရှေးက တရားနာနေကြတာက တရားကောင်းသဟေ့၊ သွားနာရအောင်၊ လမ်းရှာမယ်ဆိုတဲ့ စိတ်ပါကိုမပါဘူး (မပါ-ပါ ဘုရား)။

လမ်းရှာမယ်ဆိုတဲ့စိတ်မပါကတည်းကိုက သစ္စာမသိတော့ဘူး (မှန်ပါ့) သစ္စာသိသေးရဲ့လား (မသိပါ ဘုရား)။

‘မရဏမ္ပိ ဒုက္ခသစ္စံ’ အပ်တော့မှာဘဲဟေ့၊ မအပ်ခင်ကလေး လမ်းခွဲရှာရမှာဘဲဟေ့ ဆိုတဲ့ ဒီလို သုတ်သီးသုတ်ပြာ ဉာဏ်နဲ့ လာတဲ့ တရားနာ တော်တော်ရှားတယ် (ရှားပါတယ် ဘုရား) မရှားဘူးလား (ရှားပါတယ် ဘုရား)။

အေး အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တောင်ဝှေးဆွဲကလဲ ကောင်းပြီးသကာလ မှုံမှုံမွှားမွှား မြင်ရတဲ့ ပုဂ္ဂိုလ်တွေဆွဲနေရလို့ ဒီတစ်ခါဖြင့်လိုက်ဖြစ်အောင် လိုက်ပါဆိုတာကိုဘဲ တိုက်တွန်းရတယ် (မှန်ပါ့)။

ဒါလဲ တဲတဲကလေးထဲမှာ ဆွဲရတာနော် (မှန်ပါ့) အပ်တော့မည့်ဆဲဆဲ (မှန်ပါ့)။

သေမင်းဆီ အပ်တော့မည့်ဆဲဆဲ

သေမင်းဆီမှာ (အပ်တော့မည့်ဆဲဆဲပါ ဘုရား) အပ်တော့မည့်ဆဲဆဲမှာ လမ်းခွဲကလေးကိုကွာ၊ မင်းဆုတောင်းကတော့ဖြင့် ဒီဘဝတော့ဖြင့် သေမင်းလက်တွင်းက မလွတ်ကင်းပါဘူး မရဏမ္ပိဒုက္ခသစ္စ က မင့်ကို ပီဠနဋ္ဌနဲ့ နှိပ်စက်ဦးမှာဘဲ သို့သော်လဲ နောင်အသေလွတ်တော့ ငါလမ်းခွဲပြမယ်ကွာ ဆိုပြီးသကာလ တရားဟော ရတာ (မှန်ပါ့)။

နောင် အသေလွတ်တယ်ဆိုကတည်းက အနေပဋိသန္ဓေကောလာသေးရဲ့လား (မလာတော့ပါ ဘုရား) အအို ရိုက်နှက်မှုတွေကော (မလာတော့ပါ ဘုရား) အသေသတ်မှုတွေကော (မလာတော့ပါ ဘုရား) သူနဲ့ ပတ်သတ်ပြီး စိုးရိမ် ကြောင့်ကြဗျာပါဒသောက ပရိဒေဝတွေကော (မလာတော့ပါ ဘုရား)။

အင်းဒါဖြင့် ဒကာ ဒကာမတို့ “ဧဝ မေတဿကေဝလဿ ဒုက္ခက္ခန္ဓဿနိရောဓော ဟောတိ” ဆိုပြီး သကာလ ဒုက္ခတွေ နိရောဓောဖြစ်အောင်လို့ ဆရာဘုန်းကြီးက ခေါင်းဆောင်ပြောနေတာ (မှန်ပါ့)။

ဘာပြောနေတာတုံး (ဒုက္ခနိရောဓော ဖြစ်အောင်လို့ ဆရာဘုန်းကြီးက ခေါင်းဆောင်ပြောနေတာ (မှန်ပါ့)။

ဘာပြောနေတာတုံး (ဒုက္ခနိရောဓော ဖြစ်အောင်လို့) ဒုက္ခတွေ အကုန်နိရောဓောဖြစ်အောင် ဒုက္ခတွေ အကုန်ချုပ်အောင်လို့ ပြောနေပါတယ် ဆိုတာကော ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

အဲ့ဒါကြောင့် သေသေချာချာ ကိုင်း ဒို့သည် လမ်းခွဲရှာချိန်ဖြင့် ရောက်ပြီလား မရောက်သေးဘူးလားဆိုတာကို တရားတစ်ပွဲလုံးဘဲ ဆုံးဖြတ်ချက်ချပါတော့ (ရောက်ပါပြီ ဘုရား)။

အခု တရားနာကြတာ ဘယ်အကျိုးငှာပါလိမ့် (လမ်းခွဲရှာဘို့ပါ ဘုရား)။

လမ်းခွဲရှာတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ အသေလမ်းရှိရင် မသေလမ်းရှိရမယ် (မှန်ပါ့)။

အသေလမ်းရှိရင် (မသေလမ်းရှိပါရမယ် ဘုရား)။

မသေလမ်းရှိတယ်ဆိုတာ ထင်ရှားပြီးသကာလ နေတော့ဒကာ ဒကာမတို့ အစဝနံ = စုတေခြင်းမရှိသော ဆို တော့ နိဗ္ဗာန်ဆိုတာ စုတေခြင်းမရှိပါဘူးတဲ့နော် (မှန်ပါ့)။

နိဗ္ဗာန်ဟာ စုတေခြင်းမရှိဘူး

နိဗ္ဗာန်ဟာ စုတေခြင်းမရှိဘူးဆိုကတည်းက အဲဒီလို ဘုန်းကြီးက မဂ္ဂင်တရားတွေနဲ့ ပို့လိုက်ပြီး ဒကာ ဒကာမတွေ ကလဲ ဉာဏ်ခြေထောက်တွေနဲ့ သွားလို့ ဉာဏ်မျက်လုံးတွေနဲ့ ကြည့်ပြီးသွားကြမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ = ရဟန်းတို့၊ အယံမဂ္ဂေါ = ဤနိဗ္ဗာန်သို့ ဆောင်သွားတတ်တဲ့ လမ်းသည်ကား လို့ ဆိုလို့ရှိရင် ဧကာယနော = တစ်ခုတည်းနဲ့ မသေရာ ရောက်လေ့ရှိ၏။ သတိပဋ္ဌာန် ပါဠိတော်နော် (မှန်ပါ့) ဘုရားအဆူဆူ မစွန့်တဲ့ တရားသဘောပါလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် လမ်းခွဲ ဘယ်အချိန်ရှာကြမှာတုံး (ယနေ့ပင် ရှာရပါမယ် ဘုရား)။

နက်ဖြန်ဆိုရင် ဘုန်းကြီးက ဒီအထဲမှာ ဘုန်းကြီးကိုလဲ ဘုန်းကြီးတို့ စိတ်မချရဘူး၊ ဒကာ ဒကာမတွေကိုလဲ (စိတ်မချရပါ ဘုရား)။

နက်ဖြန်မှ မရှာပါနဲ့နော် (မှန်ပါ့) နက်ဖြန်သဘက်ရွှေ့တာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့ ရှင်းရှင်းကလေး ပြောတော့ သဿတဒိဋ္ဌိက အရွှေ့ခိုင်းတာ (မှန်ပါ့)။

နက်ဖြန်သဘက် ရွှေ့တာသည် (သဿတဒိဋ္ဌိက အရွှေ့ခိုင်းတာပါ ဘုရား)။

သဿတဒိဋ္ဌိက နက်ဖြန်ခိုင်းတယ်၊ သဘက်ခိုင်းတယ်၊ မင်းတော်တော်နဲ့ မသေသေးဘူးဆိုတဲ့ သဿတဒိဋ္ဌိ ဝမ်းထဲမှာမပြုတ်တာနဲ့ဘဲ ရက်ရွှေ့နေကြတယ် (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။

ရက်ရွှေ့တဲ့ ပုဂ္ဂိုလ်များ ဘာကြောင့်ပါလိမ့် (သဿတဒိဋ္ဌိ မပြုတ်လို့ပါ ဘုရား)။

သဿတဒိဋ္ဌိရှိနေလို့ ဝမ်းထဲမှာ သဿတဒိဋ္ဌိကမပြုတ်သေး၊ သောတာပတ္တိမဂ်ကလဲ မရသေးတော့ သူက အရွေ့ခိုင်းတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

စင်စစ်တော့ဖြင့် ဘုန်းကြီးက ရှင်းပြီးပြောပါတယ် နက်ဖြန်မရွှေ့ကြနဲ့ဟေ့၊ မင်းတို့ပြုထားတဲ့ အတိတ်ကံတွေကလဲ ရှိနေတယ်၊ အဲ့ဒိအတိတ်ကံကအိပ်ရာထဲမှာနေရင်းဘဲ ကဲကွာ မင်းခန္ဓာတော့ဖြင့်ရုပ်နာမ်တွေကို အဆက်မပေးတော့ ဘူးဆိုလို့ရှိရင် အိပ်ရာကကို မထနိုင်ဘူး၊ (မှန်ပါ့) ကံကောင်းလို့ အသက်ရှင်နေကြတယ်၊ ဒီကံက တော်ပြီဟေ့ မပေးတော့ဘူး၊ ကံကုန်ပြီဆိုတော့ အိပ်တုန်းက အကောင်းဘဲ၊ နောက်မထနိုင်တဲ့အခြေအနေ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ထနိုင်ပြန်တော့လဲ သွားနိုင်ဘို့ အချိန်ကို ကံက အခွင့်မပေးလိုက်ရင်ကော (ကံကုန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အချိန်ဆွဲမှုဟာ သဿတဒိဋ္ဌိက ခင်ဗျားတို့ အကြီးဆုံး ရန်သူဘဲ (မှန်ပါ့)။

သဿတဒိဋ္ဌိက (အကြီးဆုံး ရန်သူပါ ဘုရား) အကြီးဆုံး ရန်သူဘဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သောတာပတ္တိမဂ် မြန်မြန်ရအောင် လုပ်စမ်းပါ

ဒါ့ကြောင့် သောတာပတ္တိမဂ် မြန်မြန်ရအောင် လုပ်စမ်းပါ ဒိဋ္ဌိနိရောဓေါနိဗ္ဗာန်နံ ဆိုတာ ဘယ်သူ့ဆိုတာပါလိမ့် သောတာပတ္တိမဂ်ကို ဆိုတာ (မှန်ပါ့)။

”ဒိဋ္ဌိနိရောဓေါ နိဗ္ဗာနံ” ဆိုတာ ဘယ်သူ့ဆိုတာပါလိမ့် (သောတာပတ္တိမဂ်)ကို ဆိုတာပါ ဘုရား)။

အဲ သူပြုတ်မှသာလျှင် ယနေ့လား နက်ဖြန်လား မြန်မြန်လုပ်မှဘဲဆိုတဲ့ စိတ်ဟာ သွက်လာတယ်၊ (မှန်ပါ့) သူမပြုတ်သေးရင် ရက်ရွှေ့နေတယ် (မှန်ပါ့)။

သဿတဒိဋ္ဌိ မပြုတ်ရင် (ရက်ရွှေ့နေပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်ကိုယ်လဲ စဉ်းစားပါ၊ ရက်ရွှေ့ပြီးနေတဲ့ ပုဂ္ဂိုလ်များ ငါကရွှေ့တာလား၊ ဒိဋ္ဌိက ရွှေ့တာလားဆိုတာ (ဒိဋ္ဌိက ရွှေ့တာပါ ဘုရား)။

တစ်ခါတစ်လေကျတော့ ဒိဋ္ဌိကလဲ တဏှာနဲ့ တွဲပြီးသကာလ အို ခလေးက နေမကောင်းသေးလို့ ဟုတ်လား၊ ခလေးကလေးက အထိန်းအကျောင်း ခက်နေသေးလို့ဆိုပြီး ဆိုင်းများနေလိုက်တဲ့ အခါကျတော့ တဏှာကနေပြီး ကန့်ကွက်တဲ့အခါ ပါသေးတယ် (မှန်ပါ့)။

ဒိဋ္ဌိက ကန့်ကွက်လိုက် တဏှာက ကန့်ကွက်လိုက်နဲ့နော် (မှန်ပါ့) စီးပွားရေးဆိုတဲ့ တဏှာကလဲ တစ်ခါတည်း ကန့်ကွက်ပြီး သကာလ ထားလိုက်တော့ နက်ဖြန်သေမှာတောင်မှ ဒီနေ့စာရင်းအင်းတွေ လုပ်တုန်းဘဲ ရှိသေးတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးကော ဒကာ ဒကာမတွေ မသေချာဘူးလား (သေချာပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ၌တဲ့ အမြန်ဆုံးလုပ်မှာဘဲ အသေလွတ်မယ်ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ)။

လမ်းခွဲသည် ဘယ်ကြားမှာ ရှိပါလိမ့်မတုံး

ဒါဖြင့် လမ်းခွဲသည် ဘယ်ကြားမှာ ရှိပါလိမ့်မတုံး ဘုရားလို့ မေးတော့ ဇရာက မရဏမအပ်ခင် ကြားကလေးထဲ ခွဲရမယ် (မှန်ပါ့)။

ဇရာက (မရဏ မအပ်ခင်ကြားကလေးထဲခွဲရပါမယ် ဘုရား)။ ကြားကလေးထဲ ခွဲရမယ်နော် (မှန်ပါ့) အဲ့ဒီ ကြားကလေးထဲမှာဘဲ ခင်ဗျားတို့ ဘုန်းကြီးမြင်တော့တာဘဲ၊ အပ်လိုက်ရင်လဲ မသွားနိုင်တော့ဘူး (မှန်ပါ့)။

အခု သွားရမှာတောင်မှ ဇရာက ထောင်းထု ထားလို့ တော်တော်ကျေမွနေတဲ့ အထဲမှာ နဲ့နဲ့ ဘဲသွားနိုင်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ သွက်သွက်ကြီး သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား)။

အင်း ဘယ်လိုများ သွားရမှာပါလိမ့် (နဲ့နဲ့သွားရမှာပါ ဘုရား)။

နဲ့နဲ့သွားရတာကိုတောင်မှ ဒကာ ဒကာမတွေကလဲ ဖြေးချင်သေးတယ်ဆိုရင်တော့ဖြင့် ဟပ်ထိုးလဲပြီး သေပွဲဝင်ပါလိမ့်မယ် (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား) သဘောပါကြလား (ပါ-ပါတယ် ဘုရား)၊

ကိုင်း – ဒါဖြင့် ဒီဒကာ ဒကာမတွေ အေးစက်စက်နဲ့ဖြင့် ဒို့ဟာ မတော်ပါဘူး၊ အရူးအကန်းလုပ်နေလို့တော့ ဖြင့် လုံးဝမတော်တော့ ပါဘူးဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဘာလုပ်နေလို့ မတော်ပါလိမ့် (အရူးအကန်းလုပ်နေလို့ မတော်ပါ ဘုရား)။

အရူးအကန်းလုပ်နေလို့ မတော်ပါ

အရူးအကန်းလုပ်နေလို့တော့ လုံးဝမတော်တော့ဘူး၊ အရူးလဲဖြစ်ပြန်၊ ကန်းလဲ ကန်းပြန်ဆိုတော့ ဒီဟာတွေ ဖြုတ်ပြီး သကာလ အခု ဆရာဘုန်းကြီးက သစ္စာပြောနေတော့ အင်း ဇရာကလဲ နှိပ်စက်နေတာ ဒုက္ခသစ္စာသိပြီကွာ မင်းအဟုတ်ရိုက်လို့ အဟုတ်မထနိုင်ဘဲ တောင်ဝှေးထောက်ရတဲ့ အခါကျလို့ရှိရင် ငါဒီအလယ်လမ်းတောင် သွားနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ မင်းကိုသိပြီ မင်းအကြောင်းလဲ ကောင်းကောင်းသိပြီကွ၊ မင်းကလဲ သူတော်ကောင်း မဟုတ်ဘူး၊ မရဏဆိုတဲ့ ခေါင်းဖြတ်အသက်သတ်မည့်ဆီ ထိုးအပ်တော့မယ်ဆိုတာ ငါသိတယ်ဆိုတော့ မရဏဒုက္ခ သစ္စာလဲ သူသိတယ် (မှန်ပါ့)။

ဇရာရိုက်ထားတာကော (သိပါတယ် ဘုရား) ဇာတိက အချောင်တရားဟောပြီး သကာလ ချော့မော့ပြီး ခေါ်လာတာကော (သိပါတယ် ဘုရား)။

သိတော့ မင်းတို့သုံးယောက်ကို နောင်ကို ငါဘယ်တော့မှ မပေါင်းတော့ဘူးဆိုတဲ့ ဉာဏ်ကိုဖြင့် ယနေ့ရအောင် ယူပါ (မှန်ပါ့)။

ပေါင်းကောင်းတဲ့လူပါရဲ့လား(မပါပါ ဘုရား) ဇာတိကော (မပေါင်းကောင်းပါ ဘုရား)ဇရာကော (မပေါင်းကောင်းပါ ဘုရား) မရဏကော (မပေါင်းကောင်းပါ ဘုရား)။

ဘာဖြစ်လို့ မပေါင်းကောင်းသတုံးဆိုတော့ တစ်ယောက်က ဖျောင်းဖျခေါ်၊ တစ်ယောက်က ရိုက်နှက်၊ တစ်ယောက်က သတ်ဆိုတော့ ဘယ်သူ့ကို မိတ်ဆွေလုပ်ကြမလဲ (ဘယ်သူ့မှ လုပ်စရာမရှိပါဘူး)။

ဘယ်သူ့မှ မိတ်ဆွေလုပ်စရာမရှိဘူးလား ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အဲ့ဒါကြောင့်တဲ့ ဒကာ ဒကာမတွေ သူများက ညည်းတို့ ငယ်ပါသေးတယ်၊ မင်းတို့ ငယ်ပါသေးတယ် ဆိုတာဟာ သစ္စာမသိတဲ့လူက ပြောတာ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

မင်းတို့ အခုအချိန်မှာ ငယ်တုန်းစီးပွားပေါ့၊ ကြီးမှပညာပေါ့ကွာတဲ့၊ အံမာလေး သစ္စာမသိတဲ့လူက ပြောတော့ ဟုတ်ထင်ပါရဲ့လို့ လိုက်လိုက်လို့ရှိရင်တော့ ငါးပါးမှောက်ပါပြီ (မှန်ပါ့)

ဟုတ်ထင်ပါရဲ့ လိုက်လိုက်ရင် (ငါးပါးမှောက်ပါပြီ) ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် လမ်းခွဲ ဘယ်နေရာနဲ့ ဘယ်နေရာကြားတဲ့ မောင်နိုင် (ဇရာနဲ့ မရဏကြားပါ ဘုရား)။

ဇရာနဲ့ မရဏကြားကို သွားကြပါစို့ (မှန်ပါ့) မသေရာလမ်းကို ဒီကနေရှာရမှာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

လမ်းခွဲကို ပြပါတော့မယ်ဆိုတော့ ဒါငါတို့ဖြင့် မသွားမဖြစ်တဲ့ကိစ္စမို့ ပြလဲပြတဲ့လူ ရှိပါလျက်သားနဲ့ မသွားလို့ ရှိရင်ဖြင့် ငါသေခြင်းဆိုးသေဘို့ အကြိမ်ကြိမ်ကို ငါသည်ပင်လျှင် ကြိုက်တဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဘဲဆိုတော့ အမိုက်တွင်း နက်လှချည်လားလို့ ကိုယ့်ကိုယ်ကိုလည်း မြည်ပေးပါ (မှန်ပါ့) မိုက်တွင်းသိပ်နက်တယ်လို့နော် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် လမ်းပြမည့်လူကော တွေ့ပါပြီလား (တွေ့ပါပြီ ဘုရား) သွားမည့်လူတွေလဲ နှေးနှေးသွားမှ တော်မလား၊ မြန်မြန်သွားမှ တော်မလား (မြန်မြန်သွားမှ တော်ပါမယ်ဘုရား။)

မြန်မြန်သွားမှ တော်မယ်၊ ရိုက်တာကလဲ အတော် နာနေတယ် (မှန်ပါ့) အပ်ရုံကလေး ကျန်တာ့တဲ့ အတွင်း မအပ်ခင် မြန်မြန်ကိုယ့်လမ်းခွဲရှာရမှာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ပြောစေချင်လို့ ပြောတာလားတဲ့၊ တရားသဘောကိုက အမှန်ဖြစ်နေတာလား (တရားသဘောကိုက အမှန်ဖြစ်နေတာပါ ဘုရား)။

နှလုံးရှိရင် နှလုံးရောဂါနဲ့ သေမယ်

တစ်နေ့က ဒီလာတဲ့ စစ်ဗိုလ်တစ်ယောက် မောင်နိုင် ကြားလိုက်မှာပေါ့ (မှန်ပါ့) ရန်ကုန်ရောက်ပြီး ဘာဖြစ် သတဲ့တုံး (သေသွားပါတယ် ဘုရား)။

နှလုံးရောဂါနဲ့သေတယ်၊ ခင်ဗျားတို့ကော နှလုံးများရှိကြသေးရဲ့လား (ရှိပါတယ် ဘုရား) အင်း သေလိမ့်မယ် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အဲ့ဒီတော့ နှလုံးရှိရင် နှလုံးရောဂါနဲ့ သေမယ်၊ အဆုပ်ရှိရင် (အဆုပ်ရောဂါနဲ့ သေပါမယ် ဘုရား)။

ဪ ဒါတွေဟာ ရောဂတော ဆိုတဲ့အတိုင်း ဒီဥစ္စာတွေဟာဖြင့် သေစရာ လက်နက်တွေ သေမင်းတွေထဲ ဆိုတော့ ဒါ့ကြောင့် ရာဓရဟန်းကို ဟောတဲ့အခါကျတော့ ရူပေမာရော၊ ရာဓ=ရာဓရဟန်း၊ ရူပေ=ရုပ်တရားသည် (ဝါ) နှလုံးတို့ အဆုပ်တို့သည် မာရော = သူသတ်ယောက်ျားကွ၊ ဒီလိုဟောထားတယ် (မှန်ပါ့) ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲ့ဒါတွေကြည့်တော့ ကိုယ့်အထဲမှာလဲ သူသတ်ယောက်ျားတွေ အပြည့်ပုံပြီးသကာလ နေတော့ ဒီအထဲက ဓါးငါးစင်းဆိုတဲ့ ခန္ဓ္ဓာငါးပါးက ဂုတ်ပေါ်ဝဲပါလျက်သားနဲ့ ဒကာ ဒကာမတွေက ပြုံးချိန်မဟုတ်ဘဲနဲ့ ပြုံးတော့ကို ဪ ငါတို့ မသိတဲ့ အထဲနေမိလို့ ပြုံးမိတာဘဲဟေ့ (မှန်ပါ့)။

သစ္စာမသိတဲ့ ပုဂ္ဂိုလ်တွေထဲ နေမိတဲ့အတွက် မွေးမိတဲ့အတွက် ဘာဖြစ်ကြသလဲ (ပြုံးမိပါတယ် ဘုရား) ပြုံးနေကြတယ်ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် လမ်းခွဲဘဲ မပြလို့ရှိရင် မောင်နိုင် မတော်တော့ဘူး (မတော်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

လမ်းခွဲမပြရင် (မတော်ပါ ဘုရား) တော်ကို မတော်ဘူး ဆိုတာ မောင်မြင့်တို့ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဟေ့ မောင်အောင်ချီတို့ လမ်းခွဲ သိပြီလားကွ (မှန်ပါ့) ဘယ်နဲ့ ဘယ်ကြားပါလိမ့် (ဇရာနဲ့ မရဏကြားပါ ဘုရား)။

ဇရာနဲ့ မရဏကြား သွားရမယ်၊ ဒါတောင် အရိုက်အနှက်ခံရင်း သွားရမှာနော် (မှန်ပါ့)။

အရိုက်အနှက်ခံရင်း သွားရမှာကို ဒကာ ဒကာမတို့ လွတ်လွတ်လပ်လပ်ဘဲလား၊ အကြပ်အတည်းထဲ သွားရမှာလား(အကြပ်အတည်းထဲ သွားရမှာပါ ဘုရား)အကြပ်အတည်းထဲ သွားရမှာဆိုတာ အင်မတန် သေချာပါတယ် (သေချာပါတယ် ဘုရား)။

ဒါ့ကြောင့် ဦးဘအုန်းကြီးတို့ မပြောနဲ့တော့နော် (မှန်ပါ့) ပြောလို့ တော့်ပါ့မလား (မတော်ပါ ဘုရား)။

မတော်ဘူး၊ အတင်းကိုသွားပြီး လုပ်မှာဘဲဆိုတော့ ဒကာ ဒကာမတို့ အတင်းသွားကြပါဆိုတာ ပြောရမယ်နော် (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့သွားမှ လွတ်မယ်

သွားဆိုတဲ့ ဥစ္စာသည် ခြေလျင်သွားလို့ ဒကာ ဒကာမတို့ လေယာဉ်နဲ့သွားလို့ မော်တော်နဲ့သွားလို့ ဟုတ်လား မလွတ်ပါဘူး၊ မလွတ်ပါဘူး (မှန်ပါ့)။

မော်တော်နဲ့သွားလို့ မော်တော်ပေါ်တွင် သေတဲ့ပုဂ္ဂိုလ်တွေတစ်ပုံကြီး ခြေလျင်သွားလို့ သေတဲ့ ပုဂ္ဂိုလ်တွေကော (တစ်ပုံကြီးပါ ဘုရား)။

မလွတ်ဘူးတဲ့၊ အဲ့ဒီတော့ ဘာနဲ့သွားမှ လွတ်မတုံး မေးတဲ့အခါ ဉာဏ်နဲ့သွားမှ လွတ်မယ် (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊

ဘာနဲ့သွားကြမလဲ (ဉာဏ်နဲ့ သွားရမှာပါ ဘုရား)။

ဉာဏ်နဲ့သွားတော့ ဘယ်လိုသွားရမတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒီခန္ဓာမလိုချင်တဲ့ ဉာဏ်နဲ့ သွားလို့ရှိရင် ဖြင့် တဲ့ခုနင်က ခန္ဓာထဲမှာ ရှိတဲ့ ဇာတိ၊ ခန္ဓာထဲမှာ နှိပ်စက်တတ်တဲ့ ဇရာ၊ ခန္ဓာထဲမှာ ပါတဲ့ မရဏ ဟုတ်လား (မှန်ပါ့) သူတို့ သုံးခုကို ကြောက်ပြီးတော့ ဉာဏ်နဲ့ သွားရမယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူတို့ သုံးယောက် ကြောက်ပြီးသကာလ (ဉာဏ်နဲ့ သွားရမျာပါ ဘုရား) ဉာဏ်နဲ့ သွားရမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲ့ဒါကြောင့် သွားတယ်၊ သွားတယ်ဆိုပေမဲ့လဲ ကြောက်စရာမရှိရင် အပြေးမသွားဘူး (မှန်ပါ့) ကြောက်စရာ ရှိမှ (အပြေးသွားပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခန္ဓာကို ကြောက်ပြီး သွားရမယ် (မှန်ပါ့)။

ဘယ်လိုသွားရမယ် (ခန္ဓာကြောက်ပြီး သွားရမှာပါ ဘုရား)၊

ဇာတိလဲ မင်းကို အရင်တုန်းကတော့ သူတော်ကောင်း မှတ်ပြီးသကာလ ငါတို့ ဆုတောင်းမိသကွာ။

အခုတော့ မင်းသည်ကားလို့ ဆိုရင်ဖြင့် မသမာလက်ထဲ ထိုးအပ်ဘို့ မင်းခေါ်လာမှန်း ငါကောင်းကောင်းသိတယ် မသမာတဲ့ ဇရာကလဲ ရိုက်လိုက်တဲ့ဖြစ်ခြင်း ဒို့မှာ ထောင်းထောင်းကျေလို့၊ ထောင်းထောင်းကျေပြီးသည့်ကြား မလုပ်နိုင်, မကိုင်နိုင်တဲ့ အချိန်မှာ မင်းက မရဏဆီ အပ်ဦးမယ်ဆိုတော့ မင်းတို့သုံးယောက်ကိုဖြင့် ညှာတာမဖက် အမြဲနှိပ်စက်တဲ့ သစ္စာအမှန်သိပြီဖြစ်သောကြောင့် ငါတို့ဖြင့် သစ္စာသိတဲ့ ဉာဏ်နဲ့ဘဲ ပြေးပါတော့မယ်ဆိုပြီး ဒီဉာဏ်ကို သွက်သွက် လုပ်ပစ်လိုက်လို့ ရှိရင် မောင်နိုင် အဘိုးတန်ပြီ (မှန်ပါ့)။

ဒီဉာဏ် သွက်သွက်လုပ်ဘို့ အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့်ဒီလိုလုပ်ကြပါစို့တဲ့၊ တနေ့က ဝတ္တုကလေးဘဲ မောင်နိုင်ပြန်ဆက်နော် (မှန်ပါ့)။

ဒေဝဒဟသုတ်

တနေ့က ဝတ္တုက ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဒေဝဒဟသုတ်မှာ ဘယ်လိုလာသတုံးဆိုတော့ သက္ကတိုင်းမှာ ဘုရားနေတုန်းက ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းဆယ်ပါးက လျှောက်ကြတယ်၊ အရှင်ဘုရား တပည့်တော် တို့ ပစ္ဆာဘူမကကို သွားပြိး သကာလ ဝါဆိုချင်တယ်ဘုရာ့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွားတာတော့ မသွားရဘူး မဆိုပါဘူးကွာ၊ မင်းတို့နောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာများ တောင်းပန်ပြီးကြပြီလား ဆိုတော့ မတောင်းပန်ရသေးပါဘုရား၊ ဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သွားပြီး တောင်းပန်ချေကြဦးဟေ့၊ အင်မတန် တပည့်သားမြေးတို့ကို သနားတတ်တဲ့ ပုဂ္ဂိုလ်အကျိုးကို အင်မတန်အလိုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်သကွ၊ သူ့ဆီသွားကြဦးကွ ဆိုပြီး ရဟန်းတွေ လေးငါးဆယ်ပါး မသွားကြဘူးလား (သွားပါတယ် ဘုရား)။

သွားတဲ့အခါကျတော့ ရှင်သာရိပုတ္တရာကလဲ တစ်ခုသော ခြုံထဲမှာ တရားနှလုံးသွင်းနေတုန်း သွားပြီးသကာလ တွေ့လိုက်ပါတယ်။

တွေ့လိုက်တဲ့အခါကျတော့ မင်းတို့ ဘာလုပ်လာကြသတုံး တပည့်တော်တို့ဘုရား ပစ္ဆာဘူမက သွားပြီး ဝါဆိုချင်ပါတယ်ဘုရား။

မင်းတို့ ဘုရားဆီကော ရောက်ခဲ့ပြီလားတဲ့၊ ရောက်ခဲ့ပါပြီဘုရား၊ ဘုရားက မင်းတို့ နောင်တော်ကြီးဆီ သွားပြီးသကာလ တောင်းပန်ချေကြဦးဆိုလို့ လာခဲ့ရပါတယ်။

ဒီတွင် ရှင်သာရိပုတ္တရာက ရိပ်မိလို့ ဪ ငါ့ကို တရားသင်ပေးဘို့ လွှတ်လိုက်တာဘဲဆိုတာကို ရှင်သာရိပုတ္တရာက သိပြီးသားဖြစ်နေတော့ မင်းတို့သွားတာတော့သွားတာပေါ့ကွာ၊ မသွားရဘူးလို့ မကန့်ကွက်ပါဘူး၊ သို့ရာတွင် ပစ္ဆဘူမကမှာဗိမ္ဗိသာရမင်းကြီးတို့ရှိတယ်။ ဇာရုက္ခပုဏ္ဏားတို့ရှိတယ်။ စိတ္တသူကြွယ်တို့ရှိတယ်။

မေးကြလိမ့်မယ်

အဲ့ဒီ ရဟန်းပညာရှိ လူပညာရှိတွေပုံနေတဲ့နေရာမှာ မင်းတို့က အခု ဒို့ဘုရားက သက္ကတိုင်းမှာနေတုန်း ဒီကလာတယ်ဆိုရင်ဖြင့် မင်းတို့ကို မေးကြလိမ့်မယ်။

မင်းတို့ကို မေးကြလိမ့်မယ်တဲ့၊ အရှင်ဘုရားတို့ ဘယ်ကလာသတုံး၊ သက္ကတိုင်း ဘုရားဆီက လာခဲ့တယ်၊ လာခဲ့လို့ရှိရင် အရှင်ဘုရားတို့၏ ဆရာ၏ဝါဒ ပြောစမ်းပါဦးဆိုရင် မင်းတို့ဘာမှ ပြောတတ်မှာ မဟုတ်ဘူး။ ပြောချင်တာ ပြောပြန်တော့ အလွဲချည့်နေတော့ ဘုရားကို စွပ်စွဲရာ ရောက်ပါလိမ့်မယ်၊ ဒါ့ကြောင့် မင်းတို့သည်ကားလို့ ဆိုရင် ငါသင်ပေးလိုက်မယ်၊ ဒီလိုပြောကြတဲ့ (မှန်ပါ့)။

ဒါဖြင့် ဘုရားဝါဒ နားလည်ရတော့မယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ (ဘုရားဝါဒ နားလည်ရပါတော့မယ် ဘုရား)။

ဘုရားဝါဒကို နားလည်ဘို့ရာ အလွန်အရေးကြီးပါတယ် (မှန်ပါ့) ခင်ဗျားတို့ ဘုရားသာရှိခိုးနေတယ်၊ ဘုရားဝါဒ နားမလည်ပါဘူး (မှန်ပါ့)။

ဘုရားတော့ ရှိခိုးနေတာဘဲ ဦးဘကလေးတို့ ဩကာသ-ဩကာသ-ကာယကံ ဝစီကံနဲ့ ရှိခိုးပါ၏ဘုရား၊ ရှိခိုးရသော အကြောင်းကြောင့်ဖြစ်စေ၊ အကျိုးကြောင့်ဖြစ်စေ၊ အပါယ်လေးပါးမှ လွတ်ရပါလို၏၊ နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရရပါလို၏ဆိုတော့ သူ့ရှိခိုးတာဘဲရှိတယ် ခင်ဗျားတို့ သူ့ဝါဒကို သိပြီလားလို့ မေးတော့ ဘယ့်နှယ်ဖြေပါ့မလဲ (မသိသေးပါ ဘုရား)။

ဒါဖြင့် သူ့ဝါဒကိုမှ မသိသေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒို့ဘုရား ဘယ်အယူဝါဒရှိတယ်လို့မှ မသိသေး လို့ရှိရင် ပူဇော်တာသာဖြစ်၍ လိုက်နာတဲ့ကိစ္စကို ခင်ဗျားတို့မှာ ရမယ်မဟုတ်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ပူဇော်တာသာဖြစ်၍ လိုက်နာတဲ့ကိစ္စ (မရပါ ဘုရား)။

အဲဒါခွဲပြီးသိဦးမှ (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုရားကို ပူဇော်တာတော့ အင်မတန်ပူဇော်ကြပါ တယ်၊ လိုက်နာတာကတော့ မရှိသေးဘူး (မှန်ပါ့)။

ပူဇော်တာကတော့ ရွှေနဲ့ ပူဇော်ရမလား၊ ငွေနဲ့ပူဇော်ရမလား၊ ပန်းနဲ့ပူဇော်ရမလား၊ ဆီမီးနဲ့ပူဇော်ရမလား၊ ရေနဲ့ ပူဇော်ရမလားဆိုတော့ ပူဇော်တာကတော့ဖြင့် ဘုန်းကြီးများလဲ အင်မတန်မှဘဲ မြင်ရပါပြီ၊ လိုက်နာတာ မမြင်ရသေးဘူး (မှန်ပါ့)။

ဘာဖြစ်လို့ မလိုက်နာပါလိမ့်မတုံးမေးတော့ ဝါဒမသိလို့ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘုရားဝါဒမသိသေးသ၍

ဒါဖြင့် ဘုရားဝါဒမသိသေးသ၍ ကာလပတ်လုံး ပူဇော်သာပူဇော်တတ်မယ်၊ မလိုက်နာတတ်ပါဘူး (မှန်ပါ့) နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။

ခင်ဗျားတို့ နဂိုရ်က ဘာလုပ်ကြသတုံးမေးရင် ပူဇော်တယ် (မှန်ပါ့) ဟုတ်လား ဆီမီးနဲ့ ပူဇော်တယ်၊ ရေနဲ့ ပူဇော်တယ်၊ ပန်းနဲ့ ပူဇော်တယ်၊ ဆွမ်းနဲ့(ပူဇော်ပါတယ် ဘုရား)။

လိုက်နာဘို့ တရားရမလားလို့ မေးတဲ့အခါကျတော့ ရပါတယ်ဘုရား တပည့်တော်တို့ ဘုရားက ဒါနပြုဆိုလို့ (ပြုပါတယ် ဘုရား)၊

ဟာ ဒါလောက်နဲ့လဲ မကိုက်သေးဘူးကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါနပြုလို့ရှိရင်လဲ နောက်ခန္ဓာရလို့ရှိရင်ဖြင့် မင်းတို့ ဟိုသုံးယောက် လယ်ထဲရောက်ဦးမှာဘဲ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

သီလလဲဘုရား၊ ဘုရားကပြောထားလို့ သီလလဲ တပည့်တော်တို့ ဆောက်တည်ပါတယ်ဘုရား၊ ဆောက်တည်ပေမဲ့ လဲ မင်းတို့သည်ကားလို့ ဆိုရင်ဖြင့် တဏှာနဲ့ တည်ဆောက်ပြီး သကာလ ဟိုဘုံသည်ဘုံ လိုချင်လို့ ဆောက်တည်နေလို့ ရှိရင် သူ့ဝါဒမကိုက်ဘူး (မှန်ပါ့) ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။

အဲ့ဒါကြောင့် မင်းတို့သွားတာ ကိစ္စမရှိဘူးကွ၊ ဟိုက လူပညာရှိ၊ ရဟန်းပညာရှိ၊ ပုဏ္ဏားတွေရော၊ ရှင်ဘုရင်တွေရော၊ ရဟန်းတွေရောရှိတယ်၊ အဲဒီပုဂ္ဂိုလ်တွေက မင်းတို့ ဘုရားဆီက လာတယ်ဆိုတော့ ဘုရားဝါဒ ပြောစမ်းပါဆိုရင် မင်းတို့ တစ်လုံးမှ ပြောတတ်မှာ မဟုတ်ဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့မှတ်ကြ၊ ဘုရားဝါဒကို ငါပြောလိုက်မယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အခု နားထောင်ရမှာ ဘာပါလိမ့် (ဘုရားဝါဒပါ ဘုရား)။

တဏှာပယ်ဘို့ သူ့ဝါဒ

ဘုရားဝါဒဆိုတာက ဒကာ ဒကာမတို့ အစစ်ကို ရှာလိုက်တဲ့အခါကျလို့ရှိရင် သူကိုယ်တိုင်ပြော၊ သူကိုယ်တိုင် လုပ်၊ သူ့တပည့်ကြီးကိုယ်တိုင် လွှဲပြီးသကာလ အပြောခိုင်းတဲ့ ဥစ္စာက

”ဆန္ဒရာဂဝိနယက္ခာယီ ခေါ အာဝုသော သတ္တာ”

အာဝုသော – ငါ့ရှင်တို့၊ ဆန္ဒရာဂ ဝိနယက္ခာယီ = ဆန္ဒရာဂကို ပယ်ခြင်းငှာ၊ သတ္ထာ= မြတ်စွာဘုရားသည် ဒေသေတိ = ဟောတော်မူ၏။

ဘုရား၏ ဝါဒ (မှန်ပ့ါ)ဆန္ဒရာဂ ပယ်ဘို့ဘဲတဲ့၊ ဒကာ ဒကာမတို့ ဘုရား၏ ဝါဒက တဏှာပယ်ဘို့ သူ့ဝါဒတဲ့ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုရား၏ ဝါဒက (တဏှာပယ်ဘို့ဝါဒပါ ဘုရား)။

ငါတို့၏ဆရာ ဘုရားသည်ကားလို့ဆိုရင် ဘာဝါဒရှိသတုံးလို့ မေးလို့ရင်ဖြင့်တဲ့ ဆန္ဒရာဂဆိုတဲ့ တဏှာကို ပယ်ဘို့ရာ အလုပ်ဟာ သူ့ဝါဒအစစ်ပါဘဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဦးဘအုန်းကြီး ဘာတဲ့တုံး (တဏှာပယ်ဘို့ရာဟာ ဘုရားဝါဒပါ ဘုရား) တဏှာပယ်ဘို့ရာသည်တဲ့ ဘုရား၏ ဝါဒ။

ဒကာ ဒကာမတို့ တဏှာပယ်ဘို့ရာ (ဘုရား၏ ဝါဒပါ ဘုရား)။

ဒါဖြင့် မင်းတို့ ဘုရား၏ ဝါဒ ဘာဝါဒတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဆန္ဒရာဂကို ပယ်တဲ့ ဝါဒဟာ ဘုရား၏ ဝါဒပါဘဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဆန္ဒရာဂကို ပယ်တဲ့ဝါဒဟာ (ဘုရား၏ ဝါဒပါ ဘုရား) တဏှာဆန္ဒပါနော် ၊ ဆန္ဒကလဲ နိဗ္ဗာန်လိုချင်တဲ့ ဆန္ဒကို မဆိုလိုပါဘူး၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရား၏ ဝါဒဟာ ဘာဝါဒပါလိမ့်(တဏှာဆန္ဒပယ်တဲ့ ဝါဒပါ ဘုရား)။

တဏှာပယ်တဲ့ ဝါဒဟာ ဘုရား၏ ဝါဒလို့ မင်းတို့ ဖြေဖြစ်အောင် ဖြေပါလို့ ရဟန်းတွေကို မှာနေတယ် (မှန်ပါ့)။

သို့သော်လဲတဲ့ ဒါအခု မင်းတို့ဖြေတာတော့ မှန်တော့ မှန်ပြီတဲ့ ဒီလောက်နဲ့ လူပညာရှိ ရဟန်းပညာရှိ ဟိုက ပစ္ဆာဘူမကမှာရှိတဲ့ ပုဂ္ဂိုလ်တွေက ကျေနပ်မယ် မဟုတ်သေးဘူးကွတဲ့၊ ဒါ့ကြောင့် မင်းတို့ကို ဆက်ပြီးသကာလ အရှင်ဘုရား ဘယ်အပေါ်မှာရှိတဲ့ ဆန္ဒရာဂ ပယ်ရမှာတုံးဆိုတာ မေးဦးမှာဘဲတဲ့၊ မမေးပေဘူးလား (မေးပါတယ် ဘုရား)။

ဘယ်အပေါ်၌ရှိတဲ့ တဏှာ ပယ်ရမှာတုံး

ဘယ်အပေါ်၌ရှိတဲ့ တဏှာ ပယ်ရမှာတုံးဆိုတာ လူပညာရှိရဟန်းပညာရှိတွေကလဲ ဒါကို ဆက်ပြီး မေးရမည့် ဝတ္တရား ရှိသကွတဲ့။

အဲဒီတော့ မင်းတို့ မေးတဲ့အခါကျတော့ မင်းတို့ကလဲ မဖြေတတ်, မပြုတတ်ဆိုလို့ရှိရင်ဖြင့် ဘုရား တရားအ လွဲတွေ ပြောလို့ရှိရင် ဘုရားစွပ်စွဲတဲ့ အဓိပ္ပါယ် မင်းတို့ ရောက်ဦးမယ်။

ဒါ့ကြောင့် မင်းတို့ကို ငါသင်ပေးလိုက်ပါတယ်၊ ခန္ဓာငါးပါးအပေါ်၌ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်တဲ့ဝါဒဟာ ဘုရားဝါဒလို့ မင်းတို့ပြောဖြစ်အောင် ပြောပါ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာငါးပါးအပေါ်မှာ ခင်တွယ်တဲ့ တဏှာကို ပယ်တဲ့ဝါဒဟာ ဘယ်သူ့ဝါဒလဲ (ဘုရား၏ ဝါဒပါ ဘုရား)။

ဒါဖြင့် ပဌမ ၁-နံပါတ်က ဆန္ဒရာဂပယ်ဘို့ အကြမ်းနော် (မှန်ပါ့) ဘယ်အပေါ်မှာ ပယ်ရာမှာတဲ့တုံး (ခန္ဓာငါးပါးအပေါ်မှာ ပယ်ရမှာပါ ဘုရား)။

ခန္ဓာငါးပါးနော်၊ ခန္ဓာငါးပါးဟာ ဘာသစ္စာမို့ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ ဟောထားတော့ ဒုက္ခကို ပယ်ဘို့ရာ ဟောထားတာ (မှန်ပါ့) ဒုက္ခခင်နေကြလို့ ဒကာ ဒကာမတို့နော်၊ ဒုက္ခကို မခင်အောင် ဟောတဲ့ဝါဒသည်ကားလို့ဆိုရင်ဖြင့် ကျင့်တဲ့ ဝါဒသည်ကားလို့ ဆိုရင်ဖြင့် ဘုရား၏ ဝါဒ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပုစ္ဆာ ဘယ်နှစ်ချက် ပြေးသွားပလဲကွ မောင်နိုင် (နှစ်ချက်ပါ ဘုရား) နှစ်ချက်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)။

ဒီခန္ဓာငါးပါးအပေါ်၌ ခင်တဲ့တဏှာဆန္ဒကို ပယ်ဘို့ရာ ဝါဒသည် ဘယ်သူ့ဝါဒပါလိမ့် (ဘုရားဝါဒပါ ဘုရား)။

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာငါးပါးကို မခင်တွယ်ဘို့ ဝါဒဟာ သူ့ဝါတဲ့၊ ဒကာ ဒကာမတို့ ရဲ့နော် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့် ဘုရားရှေ့ သွားတောင်းတာ ဘုရားဝါဒနဲ့ ကိုက်ညီ မကိုက်ညီ (မကိုက်ညီပါ ဘုရား) မကိုက်ညီဘူးဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး ဘုရားမကြိုက်တဲ့ ဝါဒကြီးတော့ သွားပြီးမဖြန့်ပါနဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူ မကြိုက်တဲ့ဝါဒ မဖြန့်ပါနဲ့

သူ မကြိုက်တဲ့ဝါဒကို (မဖြန့်ပါနဲ့) ခင်ဗျားတို့ ဒီဥစ္စာဘုရားမကြိုက်တဲ့ ဝါဒဖြန့်လို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ သည်ကားလို့ဆိုလို့ရှိရင် ဘုရားရှေ့မှာ မိုက်တွင်းနက်တာ သွားပြတာနဲ့တယ်တူတယ် (မှန်ပါ့ ဘုရား) မတူပေဘူးလား (တူပါတယ် ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ခင်တွယ်တဲ့ တဏှာဆန္ဒပယ်တဲ့ ဝါဒဟာ ဘာတဲ့ (ဘုရားဝါဒ ပါ ဘုရား) ဒါဖြင့် လူအကြိမ်ကြိမ်, နတ်အကြိမ်ကြိမ်, ဗြဟ္မာအကြိမ်ကြိမ် ခံစား၍ ထိုသို့သွားပြီးသကာလ ပန်းကလေး တစ်ပွင့်နဲ့ဖြစ်စေ၊ ရေကလေးတစ်ခွက်နဲ့ဖြစ်စေ ဒကာ ဒကာမတွေက သွားလုပ်နေမယ်ဆိုလို့ရှိရင်ဖြင့် ဪ ငါမကြိုက်တဲ့ ဝါဒ ငါ့ရှေ့လာပြီး သကာလ ပေးပါတောင်းတယ် (မှန်ပါ့)။

ဘယ့်နှယ်တုံး ဒကာကြီး (တောာင်းပါတယ် ဘုရား) ငါမကြိုက်တဲ့ ဝါဒ ငါ့ရှေ့မှာ ပေးပါဆိုတော့ ဘုရားက ပေးချင်တဲ့ စိတ်ပြင်းထန်မလားတဲ့၊ ငြိုငြင်တော်မူမလားဆိုတာ အကဲခတ် (ငြိုငြင်တော်မူမှာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဆေးသမား ကိုယ်တော်ကြီး

အားလုံး ဒကာ ဒကာမတွေ ဉာဏ်နားကြီးကြီးနဲ့ထောင်မှ ဪ ဘုရားငြိုငြင်ပေလိမ့်မယ်ဆိုတဲ့ ဥစ္စာနော် (မှန်ပါ့) ဆေးသမား ကိုယ်တော်ကြီးကို ခင်ဗျားတို့က သေဆေးပေးပါလို့ သွားတောင်းတော့ ဪ ဆေးသမားဆိုတာ ဇီဝိတ ဒါနလုပ်မလို့ သူ့ခမျာ နေရှာတာ၊ “သာသတီတိ သတ္ထာ” ကိုးဗျ (မှန်ပါ့) ဆေးသမားကိုး ဘုရားကနော် (မှန်ပါ့) ဘိသက္ကောတိ ဆိုတော့ သံယုတ်ပါဠိတော်ကြီးများမှာ ဟောထားတယ်၊ ဘိသက္ကလို့ သူ့ကိုသူ နာမည်ယူထားတယ် အဲ့ဒီ ဆေးသမားကြီးက မသေတဲ့ နေရာဌာနကိုသာပို့ချင်လို့ မသေတာ သူပေးချင်တယ်၊ ခင်ဗျားတို့က သွားတောင်း တာက (သေတာ သွားတောင်းပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ ပေးချင်စရာရှိရဲ့လား (မရှိပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြုံးတော်မူတယ်ဆိုတာတွေ နေရာတိုင်းမှာ ခဏခဏ ပြုံးတော်မူတယ် ဆိုတာတွေ သိသလား (မှန်ပါ့) ပြုံးတာဟာ ပြုံးချင်လို့ ပြုံးရတာလားတဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ကို သနားလွန်းလို့ ပြုံးရတာလား (သနားလွန်းလို့ ပြုံးတာပါ ဘုရား)။

သူက ဆေးသမားကြီး မသေဆေး ပေးချင်တယ်၊ ခင်ဗျားတို့က လူအကြိမ်ကြိမ်, နတ်အကြိမ်ကြိမ် သေဆေးသွားတောင်းတယ် (မှန်ပါ့) တော်ပါ့မလား (မတော်ပါ ဘုရား) ဦးဘကလေး လွန်ပြီထင်တယ် (မှန်ပါ့ ဘုရား) ဘုရားက ဘာတုံး မသေဆေးပေးတဲ့ဆရာကြီး (မှန်ပါ့) မသေဆေးပေးတဲ့ဆရာကြီးကို ခင်ဗျားတို့က ဘာသွားတောင်း သလဲ (သေဆေးသွားတောင်းပါတယ် ဘုရား)။

ပြည့်မှ ပြည့်ပါ့မလားဆိုပြီး ဆုတောင်းပြည့် ဆိုင်းဘုတ်ဆွဲတဲ့ဆီများ သွားတောင်းသေးတယ် (မှန်ပါ့) အတော်အရုပ်ဆိုးသနော် (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အဲဒါ ဘယ်သူပြောတာမှ မယုံနဲ့ ဘုရားဝါဒ ဒါအစစ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဒေဝဒဟသုတ်မှာ သေသေချာချာဘဲ၊ ဒါ သူ့ဝါဒ အစစ်ပါဘဲကွာတဲ့၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အလွဲကလေးတွေကော ပေါ်ကြရဲ့လား(ပေါ်ပါတယ် ဘုရား) ဒီအလွဲတွေကော အခုပြင်ပြီးပြီလား (မှန်လှပါ ဘုရား)။

ခုနင်က သုံးယောက်ထဲ ပြန်ရောက်ရင် ကောင်းပါဦးမလား (မကောင်းပါ ဘုရား)။

ဦးဘအုန်းကြီးကောင်းပါ့မလား (မကောင်းပါ ဘုရား) ပြင်ကြတော့နော် ပြင်ချိန်ရောက်ပြီ ဘာဘူတို့ပြင်မှဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒါနဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆေးသမားကြီးဆီ သေဆေးတောင်းတာကတော့ဖြင့် လုံးဝမတော်ဘူး ဆိုတဲ့ ဥစ္စာပေါ်ပါတယ် (ပေါ်ပါတယ် ဘုရား) မောင်နိုင်ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုယ်တော်မြတ်ကြီးက “သတ္တာ ဒေဝမနုဿာနံ”ကိုးကွနော် (မှန်ပါ့).

”ဘိသက္ကောဘိဧတံ တထာဂတဿ အဓိဝစနံ” ဆိုတဲ့ အတိုင်း ဘိသက္က=ငါဆေးသမားကြီးလို့ ငါအန်ဆေးသာ ပေးတယ်ကွ သေဆေးမပေးဘူးတဲ့ (မှန်ပါ့)။

သေတတ်တာတွေ အန်ထုတ်တဲ့ဆေးတော့ ငါပေးတယ်

သေတတ်တာတွေ အန်ထုတ်တဲ့ဆေးတော့ ငါပေးတယ် (မှန်ပါ့) သေစေတတ်တဲ့ဆေးတော့ (မပေးပါ ဘုရား)။

ဟို အင်္ဂုတ္တိုရ်မှာ ဝမ္ဘနသုတ်များ၌ လာထားတာက အန်ဆေးချည်းပေးတယ်၊ အပင်းတွေရှိတယ်၊ ဒိဋ္ဌိပင်းတွေ တဏှာပင်းတွေ သေစေတတ်တာတွေ ဝမ်းထဲရှိတယ်၊ ဆုတောင်းတတ်တာတွေ ဝမ်းထဲရှိနေလို့ သူအန်ဆေး ချည်းပေးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ) သဘောပါကြလား (ပါပါတယ် ဘုရား) အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရင်းရင်းချာချာတွေဖြစ်နေတော့ ဪ တရားဟာ သာမညပြောလို့ မတော်ဘူး၊ တကယ်အစစ် အမှန်ကို တကယ်ပြောမှ တော်တော့မယ်ဆိုပြီး သကာလ အခုပြောနေတာ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်းဒါဖြင့် မောင်နိုင်ရေ ဘုရားက အန်ဆေးပေးတယ် ခင်ဗျားတို့က သေဆေးကို မျိုချင်တယ်၊ သေဆေးမျိုချင် ရင်သေမယ် (မှန်ပါ့) တဏှာမာနတွေ မျိုလိုက်မယ်ဆိုရင်ဖြင့် (သေမှာပါ ဘုရား) ပပဉ္စကိုး၊ သေလို့ ဆုံးပါ့မလား (မဆုံးပါ ဘုရား)။

အဲဒါ ဘုရားက ဒကာ ဒကာမတွေ ဘာဆေးပေးလေ့ရှိသလဲ (အန်ဆေးပေးလေ့ရှိပါတယ် ဘုရား)။

အဲ အန်ဆေးပေးတာကို ခင်ဗျားတို့ကိုက နဂိုရ်က မသိလို့ မျိုထားလို့ အန်ဆေးပေးမှရတဲ့အထဲမှာ ဒီဆေးထပ်ပေး ပါဦးဆိုပြီး ရေတွေ, ပန်းတွေနဲ့ သွားတောင်းတော့ ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

ကိုယ်ရွှဲ့တာနဲ့ကော မတူဘူးလား (တူပါတယ် ဘုရား) ဘုရားရှင်ကိုယ်တော်က အန်ဆေးပေးတယ်၊ တပည့်တော်က သေဆေးစားချင်တယ်ဆိုတော့ လောကကြီးထဲတော့ ရန်ဖြစ်တဲ့ အသွားပါဘဲ (မှန်ပါ့)။

လောကကြီးထဲတော့ (ရန်ဖြစ်တဲ့ အသွားပါဘဲ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါ ကြပ်ကြပ်စဉ်းစားပြီးတော့ ဪ ဆရာသမားက တကယ်ပြောနေတာပါကလား၊ အကယ့်ပါဠိတော်ကြီး ကိုင်ပြီးသကာလ တကယ့်ဘုရားဝါဒ တကယ်ပြောနေတာပါကလားဆိုတာ ပေါ်လာတာပေါ့ (မှန်ပါ့) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဒါတွေကို ဘုန်းကြီးများက အင်မတန် သိစေချင်ပါတယ်နော် (မှန်ပါ့)။

ခန္ဓာငါးပါးပေါ်မှာခင်တဲ့ ဆန္ဒရာဂကိုပယ်တဲ့ ဝါဒ

ကိုင်း ဒါနဲ့ ခန္ဓာငါးပါးပေါ်မှာခင်တဲ့ ဆန္ဒရာဂကိုပယ်တဲ့ ဝါဒဟာ ဘယ်သူရဲ့ ဝါဒတုံး (ဘုရားဝါဒပါ ဘုရား)။

ကိုင်းကွာတဲ့၊ အခု ငါ့ပုစ္ဆာ နှစ်ခုကို မင်းတို့ကို သင်လွှတ်ပြီတဲ့သို့သော်လဲ ပစ္ဆာဘူမကမှာရှိတဲ့ လူပညာရှိ, ရဟန်းပညာရှိတွေက ဒါလောက်နဲ့ ကျေနပ်မှာမဟုတ်ဘူးတဲ့ မင်းတို့ကို ဆက်မေးဦးမယ်တဲ့ (မှန်ပါ့)။

မောင်နိုင် ဆက်မေးဦးမှာဘဲတဲ့ (မှန်ပါ့ ဘုရား)။

နေဦးဘုရားတဲ့ ဒါဖြင့် အရှင်ဘုရားတို့ကို ဟိုကလူတွေက မေးတယ်ဘဲ ထားပါတော့တဲ့၊ အရှင်ဘုရား ဒီခန္ဓငါးပါးပေါ်မှာ ဆန္ဒရာဂ တဏှာကို ပယ်လိုက်တဲ့အခါကျတော့ မပယ်ယင် ဘယ်အပြစ်သင့်လို့ ပယ်ရတာတုံးတဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မပယ်လို့ရှိရင် ဘယ်လိုအပြစ်ရှိသတုံးတဲ့၊ မေးလိမ့်မယ်တဲ့ မင်းတို့ကို (မှန်ပါ့)။

ခန္ဓာငါးပါးအပေါ်၌ တဏှာကို မပယ်လို့ရှိရင် ဘယ်လိုအပြစ်သင့်သတုံးဆိုတာ မေးလိမ့်မယ်တဲ့ (မှန်ပါ့) ရှေ့နေလို ဆက်မေးသွားတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဦးဘကလေး မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (မေးသင့်ပါတယ် ဘုရား)။

အေး မေးသင့်တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကွာတဲ့ ခန္ဓာငါးပါးအပေါ်၌ရှိတဲ့ ဆန္ဒရာဂကို မပယ်လို့ ရှိရင်ကွာတဲ့၊ ခန္ဓာငါးပါးကို တဏှာသဘော ဆန္ဒသဘော နဲ့ ခင်မနေဘူးလား (ခင်နေပါတယ် ဘုရား)။

ခင်တဲ့အခါကျတော့ ခန္ဓာက ဖေါက်ပြန်လိမ့်မယ်တဲ့ ရုပ်ကလဲ ပျက်စီးလိုက်၊ ဖေါက်ပြန်လိုက် မလာဘူးလား (လာပါတယ် ဘုရား) ဝေဒနာတွေကကော (ပျက်စီးလိုက်, ဖေါက်ပြန်လိုက်ပါ ဘုရား)။

ဖေါက်ပြန်ပျက်စီးတာတွေလာတော့ မင်းတို့မှာတဲ့ သောကပရိဒေဝ, ဒုက္ခ, ဒေါမနဿ လိုက်လိမ့်မယ် (မှန်ပါ့) ဒီအပြစ်တွေ မြင်လို့ သူ့အပေါ်မှာ နဂိုရ်က မခင်နဲ့၊ ပယ်ထားလို့ ငါဟောတယ်တဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူ့ကို ခင်တွယ်တဲ့ ဆန္ဒရာဂနဲ့ နေမယ်ဆိုရင် သူက မဖေါက်ပြန်မည့် တရားလား၊ ဖေါက်ပြန်ပျက်စီးမည့် တရားလား (ဖေါက်ပြန်ပျက်စီးမည့် တရားပါ ဘုရား)။

”ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ကိုး (မှန်ပါ့) သူက ဖေါက်ပြန်ပျက်စီးမည့်တရား ဖြစ်နေတော့ ဖေါက်ပြန်တဲ့ အခါကျတော့ ဒကာ ဒကာမတွေက ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးဆိုပြီး ရင်ထုကြမ်းခုန်တွေက လာတော့မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

လာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ခုနင်က ခင်ထားတဲ့ တဏှာ , ဥပါဒါန် , ကံ၊ သဘောကျပြီ လား (ကျပါပြီ) ဇာတိ, ဇရာ , မရဏ, သောက, ပရိဒေဝဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး ဒုက္ခက္ခန္ဓဿ လာ-မလာ (လာပါတယ် ဘုရား)၊

အဲ့ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ တန်းကြည့်လိုက်တော့မှ ဪ ဒီခန္ဓာငါးပါးကို ခင်နေလို့ရှိရင် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေ အကုန်လာတော့မှာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး သနားတော်မူသောကြောင့် ငါ့ဝါဒဟာ ခန္ဓာမခင်တဲ့ ဝါဒကွ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုရား၏ ဝါဒဟာ (ခန္ဓာမခင်တဲ့ ဝါဒပါ ဘုရား)။

ခန္ဓာကြီး စိုက်ကြည့်လိုက်ကြပါ

ဒါ့ကြောင့် ဒီဒကာ ဒကာမတွေ ဘုန်းကြီးက အလုပ်ပေးလိုက်တာ၊ ကြည့်စမ်းပါ ခင်ဗျားတို့ ခန္ဓာကြီး စိုက်ကြည့်လိုက်ကြပါ၊ ခေါင်းကစပြီး ခြေဖျားကျအောင် ကြည့်စမ်းပါ။ သူဘာတွေ ပြောမလဲဆိုတဲ့ဥစ္စာ ကြည့်စမ်းပါ ဆိုတော့ သူကဖေါက်ပြန်ပျက်စီးတာချည့် ပြောနေတယ် (မှန်ပါ့)။

ဘာတွေများ ပြောနေသလဲ (ဖေါက်ပြန်ပျက်စီးတာချည့် ပြောပါတယ် ဘုရား)။

ဪ ဒီလိုသိထားတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကျတော့ ဪ ဖြစ်မှု ပျက်မှုမျှသာ ရှိပါကလား၊ ဖေါက်ပြန် တာရယ် ပျက်စီးတာရယ်သာ ရှိပါကလားဆိုတာ သိပြီးသကာလ ထားတဲ့အခါကျတော့ သူ့ပင်ကိုယ်အတိုင်း ဖြစ်သွားတဲ့အခါကျတော့ ဪ ဒါရိုးရာကိုးဆိုပြီး သောက,ပရိဒေဝ,ဒုက္ခ,ဒေါမနဿလာသေးရဲ့လား (မလာပါ ဘုရား)။

မသိတဲ့ ပုဂ္ဂိုလ်ကျတော့ ခင်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး၊ ဒီလောက် ကျွေးမွေးပြုစု ပြီးသကာလ လာခဲ့တာ ဒီလိုတိုက်တွေ၊ တာတွေ၊ ကားအမျိုးမျိုးနဲ့ သူ့ကို ပူဇော်ပသလာခဲ့တာ ဒီလိုများ ဖြစ်လိမ့်မယ် မထင်ဘူး ဆိုပြီးသကာလ ခင်ဗျားတို့ တစ်ခါတည်း သောက, ပရိဒေဝ,ဒုက္ခ,ဒေါနုဿတွေ အကုန်ပုံပြီးသကာလ မလာပေဘူးလား (လာပါတယ်)ပေါ်ပြီလား မောင်နိုင် (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓငါးပါးကို ခင်ခြင်းကြောင့် အပြစ်ဟာ ပေါ်ကြပြီလား (ပေါ်ပါပြီ) ဘာတွေ ဖြစ်တတ်သတုံး (သောက, ပရိဒေဝ စသည် ဖြစ်တတ်ပါတယ် ဘုရား) သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနုဿလာတတ်တယ် (မှန်ပါ့)။

သောက,ပရိဒေဝ,ဒုက္ခ,ဒေါမနုဿ လာတာသည်ခင်တဲ့ ပုဂ္ဂိုလ်လာတာလား မခင်တဲ့ ပုဂ္ဂိုလ်လာတာလား (ခင်တဲ့ပုဂ္ဂိုလ်လာတာပါ ဘုရား)။

ခင်တဲ့ပုဂ္ဂိုလ်လာခြင်းကြောင့် အဲဒီအပြစ် သင့်မှာစိုးလို့ မင်းတို့ ပစ္ဆာဘူမကကျတော့ သေသေချာချာ ပြောကြပါ၊ ဗိမ္ဗိသာရမင်းကြီးတို့၊ ဇာရုက္ခပုဏ္ဏားတို့၊ စိတ္တသူကြွယ်တို့ ပညာရှိတွေ ဟိုမှာ သိပ်များတယ်၊ ဒီအတိုင်းပြောပါ၊ ရှင်သာရိပုတ္တရာက မှာရှာတယ် (မှာရှာပါတယ် ဘုရား)။

ဒကာ ဒကာမတွေကော ရိပ်မိပြီလား (ရိပ်မိပါပြီ) ရှင်သာရိပုတ္တရာတို့ သူတို့ဖြစ်စဉ်ပြောနေတာ မဟုတ်ပါဘူး၊ သူတို့ဖြစ်စဉ်က သက်သေသာ ထားတာပါ၊ ခင်ဗျားတို့ မခင်နဲ့ ဟောနေတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

သူတို့ဖြစ်စဉ်ပြောနေတာလား၊ မောင်အောင်ချီ၊ မင်းတို့မခင်နဲ့ပြောတာလား (တပည့်တော်တို့မခင်နဲ့ ပြောတာပါ ဘုရား)။

မင်းတို့မခင်နဲ့လို့ ပြောတာ၊ သူတို့ဖြစ်စဉ်ကို သူတို့ ဇာတ်တွေ သိမ်းပြီးပြီ၊ သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး (မှန်ပါ့) အကိုးအကားလုံလောက်အောင်လို့သာ ဒေဝဒဟသုတ်ကို ထုတ်ပြောနေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရင်ထုမြေလူးလာမှာဘဲ

ကိုင်း ဒါဖြင့် ခန္ဓာငါးပါးဟာ ကိုယ့်ခန္ဓာငါးပါးခင်လဲ ရင်ထုမြေလူးလာမှာဘဲ (မှန်ပါ့) သူ့များခန္ဓာငါးပါးခင်လဲ (ရင်ထုမြေလူး လာမှာပါ ဘုရား) ရင်ထုမြေလူး လာလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခန္ဓာငါးပါးကလဲ သူ့သဘောတော့ သူစွန့်ပါ့မလား (မစွန့်ပါ ဘုရား) ဇာတိ -ဇရာ-မရဏတွေ၏ စားဖတ်ဝါးဖတ်ဖြစ်သောကြောင့် ခန္ဓာကိုး (မှန်ပါ့)။

ဇာတိ, ဇရာ, မရဏတို့၏ စားဖတ်ဝါးဖတ်ဖြစ်သောကြောင့် (ခန္ဓာပါ ဘုရား)။

ရောက်ရာစားမှာဘဲ (မှန်ပါ့) ခန္ဓာသာဖြစ်လို့ရှိရင် ဇာတိ, ဇရာ,မရဏလက်တွင်းမှာဘဲ ခေါင်းစင်းအပ်ရုံ ဘဲရှိတယ် (မှန်ပါ့) ဒီ့ပြင်ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

အဲဒါ သူတို့စားသွားတဲ့အခါကျတော့ ဇာတိက ချော့မော့တဲ့တရားဟောဆရာ၊ ဇရာက ထောင်းထု၊ မရဏက သတ်လိုက်တဲ့အခါကျတော့ ဪ ဒီလိုဖြစ်လိမ့်မယ်မထင်ဘူး၊ဖြစ်မှဖြစ်ရလေခြင်း။

အံမာလေးဖြစ်မှဖြစ်ရလေခြင်းလုပ်မနေနဲ့ ဒကာ ဒကာမတို့နဂိုရ်က ကိုယ့်ဟာမဟုတ်ပါဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

နဂိုရ်က ကိုယ့်ဟာဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ခန္ဓာပါလို့ ဆိုနေတဲ့ဥစ္စာဘဲ ဒကာ ဒကာမတို့၊ ကိုယ့်ဟာလို့ဆိုသလား (မဆိုပါ ဘုရား)။

ခန္ဓာဆိုတာ ဇာတိ, ဇရာ,မရဏတို့၏ စားဖတ်ဝါးဖတ်ဖြစ်တာ ဘာခေါ်ကြတယ် (ခန္ဓာပါ ဘုရား)။

နဂိုရ်က ကိုယ့်ဟာလို့ ဆိုသလား၊ ခန္ဓာလု့ိဆိုသလား (ခန္ဓာလို့ ဆိုပါတယ် ဘုရား)။

အဲ့ဒါခင်ဗျားတို့က ခန္ဓာကို ကိုယ့်ဟာ လုပ်တဲ့အတွက် ခင်ဗျားတို့က အငှားပူဖြစ်သွားတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘယ်လိုဖြစ်သွားပါလိမ့် (အငှားပူဖြစ်သွားပါတယ် ဘုရား)။ အငှားပူဖြစ်သွားတယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ ဒါဖြင့် နာရီကလဲ စေ့နေတော့ ဒကာ ဒကာမတွေနောက် တစ်ပုစ္ဆာကျန်သေးတယ်နော် (မှန်ပါ့)။

ကဲကွာတဲ့၊ မင်းတို့ကို မေးလိမ့်ဦးမယ်တဲ့ဒီခန္ဓာ ငါးပါးကို အခုခင်တော့ သောက ပရိဒေဝ ဒုက္ခဒေါမနုဿ နောက်ခန္ဓာတွေ လာလိမ့်မယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်အတိုင်း မင်းတို့ကို ငါသင်ပေးပြီတဲ့ ဒီအတိုင်းဖြေပါ။

အကယ်၍ မခင်ခဲ့သော် ဘယ်လိုအကျိုးခံစားရမလဲ၊ မေးဦးမှာဘဲကွတဲ့ (မှန်ပါ့)။

ခင်တုန်းက အပြစ်သင့်ခဲ့ပြီတဲ့ (မှန်ပါ့) အခုတော့ ဘာတဲ့ (မခင်ခဲ့သော်တဲ့) မခင်ခဲ့သော် ဘယ်အကျိုးခံစားခွင့် ရမတုံးတဲ့ဆိုတော့ ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါး မခင်ဘဲနဲ့ ခင်ဗျားတို့ ဝိပဿနာဉာဏ်နဲ့ ရှုလိုက်၊ အလယ်လမ်းလိုက်လိုက်နော် (မှန်ပါ့)။

လိုက်လိုက်တဲ့အခါကျတော့ ဒီခန္ဓာငါးပါးကြီးက ဖေါက်ပြန်ပျက်စီးပြီးသကာလ ဝေဒနာရှုလိုက်တဲ့ ပုဂ္ဂိုလ်ကလဲ ဝေဒနာ ချည့်စိုက်ရှုချင်လဲ ရှုတာပေါ့၊ စိတ်ချည့်စိုက်ရှုချင်လဲ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါး ဆရာဘုန်းကြီးက အကုန်ပေးထားတာဘဲ ရှုရုံဘဲ (မှန်ပါ့)။

ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် နဂိုရ်က ဖေါက်ပြန်ပျက်စီးနေတာလား၊ သေမှ ဖေါက်ပြန်ပျက်စီးနေတာလား (နဂိုရ်က ဖေါက်ပြန်ပျက်စီးတာပါ ဘုရား)။

ယထာဘူတဉာဏ်

အင်း ဒါတွေမြင်တဲ့ အခါကျလို့ရှိရင်ဖြင့် ဖေါက်ပြန်ပျက်စီးတာမြင်ယင် ယထာဘူတဉာဏ်က ရနေတယ်၊ (မှန်ပါ့)။

ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်မြင်ရင် ဘာဉာဏ်ရသလဲ (ယထာဘူတဉာဏ်ရပါတယ် ဘုရား)။

အင်း ဒီလိုမြင်လာတဲ့ အခါကျလို့ရှိရင် ဒီခန္ဓာငါးပါးကြီးဟာ ဪအကြောင်းတိုက်ဆိုင်လို့ဖြစ်ပြီး သကာလ အကြောင်းချုပ်လို့ အကျိုးချုပ်တာတွေကို သေသေချာချာ သိသွားတဲ့ အခါကျတော့ ဒီခန္ဓာငါးပါး ကြီးမှာလဲ ဘင်္ဂ, ဘယ, အာဒီနဝ, နိဗ္ဗိန္ဒတွေဆိုတဲ့ ဗလဝ ဝိပဿနာတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကျတော့ မုန်းလာမှာဘဲ၊ မမုန်းပေဘူးလား (မုန်းလာပါတယ် ဘုရား)။

မုန်းပြီးသကာလ ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ညှာတာမဖက် အမြဲ နှိပ်စက်တဲ့ ခန္ဓာကြီးဆိုပြီးသကာလ ရှုပြီး ဖြစ်ဒုက္ခ, ပျက်ဒုက္ခကို ဆက်ရှု၊ သဘောကျပြီလား (ကျပ်ပါပြီ)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခကို (ဆက်ရှုပါတယ် ဘုရား)။

ဒါဖြင့် “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ” ဆိုတဲ့ အတိုင်း သံယုတ်ပါဠိတော် လာတဲ့အတိုင်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာမှတစ်ပါး ခန္ဓာကိုယ်ထဲ ဘာရှိသေးလဲ (မရှိပါ ဘုရား)။

အဲ ဖြစ်ပျက်ဟာ ဖြစ်တာလဲ ဒုက္ခလို့မှတ်လိုက်၊ ပျက်တာကော (ဒုက္ခပါဘဲ ဘုရား)။

အဲဒီကဲ့သို့ မှတ်လိုက်လို့ တကယ်ဉာဏ်ထဲမှာ အနုဗောဓဉာဏ်ဖြစ်လာပြီဆိုလို့ရှိရင် ပဋိဝေဓဉာဏ် လိုက်ဘို့ရာ ခဏကလေးလိုက်လာမယ် (မှန်ပါ့)။

အနုဗောဓဉာဏ်ဆိုတာက ဆရာပြောတဲ့ဆီကို အစဉ်လျှောက်ပြီး ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ခန္ဓာထဲမြင်လာ တာ အနုဗောဓဉာဏ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပဋိဝေဓဉာဏ်ဆိုတာ

ပဋိဝေဓဉာဏ်ဆိုတာက ဆရာပြောတာနဲ့ ကိုယ့်အမြင်နဲ့ကိုက်သွားလို့ရှိယင် ပဋိဝေဓဉာဏ်(မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

အဲပဋိဝေဓဉာဏ်ဆိုရင် တစ်ခါတည်း မဂ်ဆိုက်ပြီး ခန္ဓာပျောက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာပျောက်သွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ နိဗ္ဗာန် မျက်မှောက်ပြု၊ ခန္ဓာအဆုံးမှာ “ဒုက္ခဿအန္တံ ကရိဿတိ” ဒုက္ခဿ = ဒုက္ခ၏၊ အန္တ = အဆုံးကို၊ ကရိဿတိ = မျက်မှောက်ပြုနိုင်လတ္တံ့ ဆိုပြီးသကာလတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သေသေချာချာ ဟောထားပါတယ်၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ဒကာ ဒကာမတွေ ဒီလို အလယ်လမ်းကနေပြီး ဒီဉာဏ်သုံးချက်နဲ့ တက်ပြီး သွားကြမယ်ဆိုလို့ ရှိရင် နိဗ္ဗာန်မြင်ရတယ် (မှန်ပါ့) မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

ဒုက္ခချုပ်တာ မြင်ရမယ် (မှန်ပါ့) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

အဲ့ဒီတော့ ဒါ ဒီဉာဏ်စန်းက သွားရမည့်အလုပ်ဟာ သေခါနီးမှ သွားလို့ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

အင်း အသေမရောက်ခင်ကလေး ကပျာကယာသွားလိုက်တဲ့ အခါကျတော့ မသေရာမြင်တဲ့အခါကျတော့ ကဲ အခုသေမည့် ဝေဒနာရောက်လာဦး ဒီဘဝ ဆုတောင်း ပြည့်ထားတာကြီးကြောင့် အို ပြုံးပြီးသေလိုက်တယ်၊ ဒီတစ်ခါ သာကွာ၊ မင်းတို့ သုံးယောက်လက်တွင်း ခေါင်းစင်းအပ်မှာပေါ့ ၊ နောက်မအပ်တော့ပါဘူးဆိုတော့ မာမာနဲ့ သေနိုင်တယ် (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခန္ဓာမခင်ခြင်း၏ ကျေးဇူးဟာ ပြုံးသေဘက်ကို သွားတယ် (မှန်ပါ့)။

ခန္ဓာမခင်ခြင်း၏ သတ္တိဟာ (ပြုံးသေဘက်ကို သွားပါတယ် ဘုရား) ရှင်းပြီလာ (ရှင်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။