11005

မာတိကာသို့

ဒုက္ခချဲ့တတ်ပုံနှင့် ဒုက္ခသိမ်းတတ်ပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

ဒုက္ခချဲ့တတ်ပုံနှင့် ဒုက္ခသိမ်းတတ်ပုံ

ညအလုပ်ပေးတရားတော်

(၂-၆-၆၁)

ပပဉ္စဆိုတာ ချဲ့သွားတာ

ပပဉ္စတရားအကြောင်း ရှင်းပြမယ်လို့ မှတ်ရမယ်နော် (မှန်ပါ့) ပပဉ္စအကြောင်းကိုရှင်းပြမယ်။

ပပဉ္စဆိုတာ ချဲ့သွားတာ (မှန်ပါ့) ပပဉ္စဆိုတဲ့ဥစ္စာသည် ဒီဘဝက-နေပြီး ဘဝပေါင်းမျာစွာချဲ့သွားတာ ပပဉ္စလို့မှတ်ကြ။

ဒီဘဝကပြီး နောက်ဘဝတွေ အမျိုးမျိုးဆက်လက်ပြီး ချဲ့သွားတဲ့တရားကို ဘာခေါ်မလဲ (ပပဉ္စခေါ်ပါတယ် ဘုရား) ပပဉ္စလို့ခေါ်ကြမယ်။

ဪ ဒီခန္ဓာကိုယ်ထဲမှာလည်း ချဲ့တတ်တဲ့ တရားလဲ ရှိတယ်။ ဒုက္ခကို ချဲ့တတ်တဲ့တရားလဲ ရှိတယ်လို့ နှစ်မျိုးမှတ်ရမယ် (မှန်ပါ့)။

ဒီခန္ဓာကိုယ်ကြီး ဒုက္ခချဲ့တတ်တဲ့တရားလည်းရှိတယ်၊ သိမ်းတတ်တဲ့တရားလဲ ရှိတယ်လို့ မှတ်ကြရမယ် (မှန်ပါ)။

ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား) ချဲ့တတ်တဲ့တရားလဲ ရှိတာဘဲ၊ သိမ်းအောင် လုပ်တတ်တဲ့တရား လဲ (ရှိပါတယ် ဘုရား)။

ချဲ့တတ်တဲ့တရား၊ သိမ်းအောင် လုပ်တတ်တဲ့တရား

သို့ရာတွင် ဒီခန္ဓာကိုယ်ကြီးလို့ ပြောနေတဲ့အတွက် ဒီခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာလို့ သိထားတဲ့ပုဂ္ဂိုလ်မှ သြော် ချဲ့သွားရင်လဲ ဒုက္ခတွေ ဆက်နေတာဘဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)ဒီ ပပဉ္စက မချဲ့တော့ပါ ဘူးလို့ ဆိုရင်ဖြင့် ဪ ဒုက္ခတွေ သိမ်းသွားတာဘဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒီခန္ဓာကိုယ်ထဲမှာ ချဲ့သွားတတ်တဲ့ တရားလဲရှိတယ်၊ ဒီဘဝကျုပ်တို့ သေကြတယ်၊ စုတိပြီးပဋိ သန္ဓေဆက်သွားတဲ့တရားကျတော့ စုတိဒုက္ခသစ္စနော် (မှန်ပါ့) ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခ-ဒုက္ခချင်းဆက်သွားတဲ့တရားဟာ ပပဉ္စတရား(မှန်ပါ့) ဆက်အောင် လုပ်တတ်တဲ့တရားကို ဘာခေါ် ကြမယ်(ပပဉ္စတရားပါ ဘုရား) ပပဉ္စတရားလို့ခေါ်တယ်။

ဆက်အောင် မလုပ်တဲ့တရား ဆိုသဖြင့် နိပ္ပပဉ္စတရား ရှင်းပလား (ရှင်းပါပြီ) ဆက်အောင်မလုပ်တဲ့ တရားကျတော့ (နိပ္ပပဉ္စတရား) နိပ္ပပဉ္စတရားလို့ မှတ်ထားလိုက်ပါနော် (မှန်ပါ့)။

ချဲ့တာရှိရင် ချုံးတာရှိမှာဘဲ

ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ပပဉ္စတရားလဲ ရှိတယ် နိပ္ပပဉ္စတရားလဲရှိတယ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဘာဟောမယ်ထင်ကြသလဲ (သံသရာချဲ့မည့်တရားကိုလဲ ပြောပါမယ်) သံသရာချဲ့မည့် တရား ကိုလဲ ပြောမှာဘဲတဲ့၊ ချဲ့တာရှိရင် ချုံးတာရှိရမှာပေါ့ကွ (မှန်ပါ့) ချဲ့တာရှိရင် (ချုံးတာရှိရပါမယ် ဘုရား) ချုံးတာရှိမှာဘဲဆိုတော့ ချဲ့တာတော့ ခင်ဗျားတို့ သန္တာန်မှာပေါတယ်၊ ဦးအောင်ဇံဝေတို့ သန္တာန် မောင်မြတို့သန္တာန် ဘာဘူတို့သန္တာန်မှာပေါတယ် ချဲ့သွားတဲ့တရားက သိပ်ပေါတယ် (မှန်ပါ့) ချုံးတဲ့တရားကတော့ ဆရာသမား ကူမှရတယ်၊ ဘုရားပွင့်မှရတယ် (မှန်ပါ့)။

ဘုရားပွင့်ပြီး ဆရာသမားကလည်း ကူညီးမှ ကိုယ်ကိုယ်တိုင်ကလဲ ကြိုးစားဦးမှ ချုံးတဲ့တရားက ရတယ်နော် (မှန်ပါ့)အဲ့ ချဲ့တဲ့တရားက ဒုက္ခကိုဆက်ပွားစေတယ်၊ ရှင်းကြလား (ရှင်းပါပြီ)ချုံးတဲ့တရားက ဒုက္ခကို သိမ်းစေတယ် လို့ မှတ်ထားရမယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ချဲ့တတ်တဲ့တရားက ဘယ်သူတုံးဆိုတော့ တဏှာ, မာန, ဒိဋ္ဌိ (မှန်ပါ့) ချဲ့တတ်တဲ့တရား က (တဏှာ, မာန, ဒိဋ္ဌိပါ ဘုရား)။

သိမ်းတတ်တဲ့တရားက ဘယ်သူပါလိမ့်မတုံး

သိမ်းတတ်တဲ့တရားက ဘယ်သူပါလိမ့်မတုံးဆိုတော့ မဂ္ဂင် (မှန်ပါ့)ချဲ့တတ်တဲ့တရားက (တဏှာ, မာန, ဒိဋ္ဌိပါ ဘုရား) တဏှာ, မာန, ဒိဋ္ဌိ သိမ်းတတ်တဲ့တရားက (မဂ္ဂင်ပါ ဘုရား) ဪ မဂ္ဂလဲ ဝမ်းထဲပေါ်ရတာဘဲ၊ တဏှာ, မာန, ဒိဋ္ဌိကော(ဝမ်းထဲမှာ ပေါ်တာပါပဲ ဘုရား) ဝမ်းထဲမှာ ပေါ်တာပဲတဲ့၊ အဲ့ဒီတော့ အမှိုက်ကို ရှုပ်သာရှုပ် တတ်တယ်၊ မသိမ်းတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တူနေပြီ-ဒီ ဒကာ ဒကာမတွေက (မှန်ပါ့) ရှုပ်တော့ ရှုပ်တတ်တယ်၊ မသိမ်းတတ်ဘူး ဆိုလို့ရှိရင်ဖြင့် ဒီအိမ်ဟာ ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး၊ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

အမှိုက်ရှုပ်သာ ရှုပ်တတ်တယ်၊ မသိမ်းတတ်ဘူး ဆိုလို့ရှိရင်ဖြင့် ကြာရင် ထုကြီးတက်ပြီးသကာလ ကြာလေ အနံ့အသက်တွေ ထွက်ပြီး ကြာလေ လူဒုက္ခပေးတော့မှာဘဲဆိုတာ ရှင်းနေတာပဲနော် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဝမ်းထဲမှာ တရားနှစ်မျိုးရှိတယ်လို့ မှတ်လိုက်စမ်းပါနော် ချဲ့တတ်တဲ့တရား လဲ (ရှိပါတယ် ဘုရား)သိမ်းတတ်တဲ့တရားလဲ (ရှိပါတယ် ဘုရား)။

သိမ်းတတ်တဲ့တရားကတော့ သသနာတွင်းကြုံမှ ပေါ်တယ်(မှန်ပါ့) ချဲ့တတ်တဲ့တရားက အခါခပ်သိမ်းရှိတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

သိမ်းတတ်တဲ့ တရားကတော့ သာသနာကြုံမှ

ချဲ့တတ်တဲ့တရားကတော့ (အခါခပ်သိမ်းရှိပါတယ် ဘုရား) အခါခပ်သိမ်းရှိတယ်၊ သိမ်းတတ်တဲ့ တရား ကတော့ သာသနာကြုံမှ (မှန်ပါ့) ကိုင်း ဒါဖြင့် အခု ဒကာ ဒကာမတွေ ဘယ်အထဲရောက်နေကြတုံးလို့ မေးလို့ ရှိရင် သာသနာတွင်းရောက်နေတယ် (မှန်ပါ့)။

ဒီတရားမျိုးကို မနာရတဲ့ပုဂ္ဂိုလ်၊ အားမထုတ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့ သာသနာတွင်းလို့ ဆိုင်းဘုတ်ငြားသော် လည်း သူတို့သာသနာပြင်ဘက် ရောက်နေတယ် (မှန်ပါ့)။

ချဲ့တတ်အလုပ်သာ လုပ်တတ်တယ်၊ ရှုပ်တတ်တဲ့အလုပ်သာ လုပ်တတ်တယ်နော် (မှန်ပါ့) သိမ်းတတ်- ဆည်းတတ်တဲ့ အလုပ်ကို (မလုပ်တတ်ပါ ဘုရား) မလုပ်တတ်ဘူး ဆိုတော့ အဖွားကြီးတွေ ကြောက်စရာမကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)ကိုင်း ဒါဖြင့် ရှင်းပြီးသကာလ ပြပါတော့မယ်တဲ့ ခင်ဗျားတို့အတွက် (မှန်ပါ့)။

ကဲ ဒါဖြင့် သိမ်းတော့ ဘာသိမ်းရမှာတုံး၊ ချဲ့တော့ ဘယ်သူကချဲ့တာတုံး၊ သိမ်းချင်တော့ ဘယ်သူသိမ်း ရမှာတုံး၊ ချဲ့တော့ ဘယ်သူက ချဲ့တာတုံး၊ ရှုပ်တော့ ဘယ်သူက ရှုပ်သတုံး၊ သိမ်းတော့ ဘယ်သူက သိမ်းရမှာတုံးဆိုတဲ့ မေးခွန်းထွက်လာတယ်၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား) ထွက်တယ်ဆိုတာ သေသေချာချာမှတ်ကြပါ။

ရှင်သာရိပုတ္တရာ ရှင်မဟာကောဋ္ဌိက

ကိုင်း ဒါဖြင့် ရှင်းပြပါတော့မယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က ရှင်သာရိပုတ္တရာဆိုတာ ပညာအရာမှာ ဝိဇ္ဇာဘွဲ့ရတယ်၊ ဘုရားအောက်မှာ သူ့ထက် ပညာတော်တဲ့လူ မရှိဘူး (မှန်ပါ့)။

ဘုရားအောက်မှာဖြင့် တစ်မိုးအောက် တစ်ယောက်ဆိုသလိုတဲ့ ဘုရားအောက်မှာ သူတစ်ယောက်သာရှိတယ် လို့ မောင်မြင့်တို့မှတ်ထားလိုက်ကြစမ်းပါ (မှန်ပါ့)။

တစ်ခါ သူရဲ့မိတ်ဆွေ ရှင်မဟာကောဋ္ဌိက ဆိုတာလဲ ရှိသေးတယ်၊ သူကလဲ အဘိညာဏ်နေရာ ရဟန္တာဖြစ် ပြီးတော့ သူကလဲ အဘိညာဉ်နေရာတွေကျတော့ သူကလည်း ဘုရားအောက် တစ်ယောက်ရှိတဲ့ ပုဂ္ဂိုလ်ပဲ။

ဒါဖြင့် သူတို့ ရဟန္တာနှစ်ပါး ဒီနေ့ သိမ်းပုံနဲ့ ချဲ့ပုံဟောပြလိမ့်မယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ရဟန္တာနှစ်ပါး ပြောလိမ့်မယ်နော်၊ ပထမရဟန္တာက အမေးခံမည့် ရဟန္တာဘဲ၊ ရှင်သာရိ ပုတ္တရာ၊ အမေးဉာဏ်ထုတ်ပြီးမေးမှာက ရှင်မဟာကောဋ္ဌိက၊ ဦးအောင်ဇံဝေတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

နှစ်ပါးလုံး ရဟန္တာဆိုတော့ သိပြီးသား၊သူတို့ကိုယ်တိုင်လဲ ချဲ့လာခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ကိုယ်တိုင်လဲ သိမ်းလို့ ရဟန္တာဖြစ်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဪ ငါတို့ဖြင့် ဒီဟာ အမှန်ဆုံးဖြတ်ချက်ချပြီး ဒီလမ်းလိုက်ရတော့မှာပဲ ဆိုတာကို ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့)။

ဘာကြောင့်တုံးဆိုတော့ အမေးခံကလည်း ရဟန္တာ၊ အာသဝေါကုန်ပြီးသား၊ ပပဉ္စကုန်ပြီးသား (မှန်ပါ့) မေးမည့်ပုဂ္ဂိုလ်ကလည်း ပပဉ္စကုန်ကုန်ပြီးသား၊ ဘယ်နှယ်ကြောင့် မေးသတုံးဆိုတဲ့ ဥစ္စာသာ သူတို့နှစ်ပါး ကုန်ပြီးသားချင်း ဘာဖြစ်လို့ အမေးအဖြေ ထုတ်နေကြသတုံးဆိုတော့ ကျုပ်တို့-ခင်ဗျားတို့ ရှုပ်နေရစ်မှာစိုးလို့ သူတို့ချင်း အမေးအဖြေ ထုတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောင်လာ နောင်သားတွေ ရှုပ်နေရစ်မှာ စိုးတဲ့အတွက် ရဟန္တာကြီးနှစ်ပါး အမေးအဖြေ လုပ်ကြတယ်လို့ ဘာဘူမှတ်ထားရမယ်၊ နှစ်ပါးစလုံး ရဟန္တချည်းပဲ၊ ရဟန္တာဆိုတာ ပပဉ္စကုန်ပြီးသားချည်းဘဲ (မှန်ပါ့)။

အာယတန ခြောက်ပါးချုပ်သွားလို့ရှိရင်

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ရှုရမည့်တရားကလေး သူက စ,သင်လိုက်တယ် “ဆန္နံ ဖဿာယတနာနံ အသေသဝိ ရာဂ နိရောဓေါအတ္ထညံ ကိဉ္ဇ” ပါဠိလိုမေးလိုက်တယ်၊ အာယတန ခြောက်ပါးချုပ်သွားလို့ရှိရင် ဒီ့ပြင် ကိလေသာတွေ နောက်ထပ် လာသေးလားတဲ့ (မှန်ပါ့)။

အာယတန ခြောက်ပါးချုပ်သွားရင် တစ်ခြား ကိလေသာလာသေးသလားဆိုတာ ရှင်မဟာကောဋ္ဌိက-က မေးလိုက်တယ်နော် (မှန်ပါ့)။

မေးလိုက်တဲ့အခါကျတော့ကို-တဲ့ ကွာ-တဲ့၊ ဒီဥစ္စာ မင်း-မေးတာဟာ ဒီလိုမမေးရပါဘူးတဲ့၊ ဒီလိုမဖြစ်နိုင်ပါဘူးလို့ ဖြေလိုက်တယ်။

အာယတန ခြောက်ပါး ချုပ်သွားလို့ရှိရင် တစ်ပါးသော ကိလေသာများ ရှိသေးသလားလို့မေးတော့ ဒီလိုမဟုတ်ပါဘူးကွလို့ ဖြေလိုက်တယ် (မှန်ပါ့)ဦးအောင်ဇံဝေ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အာယတနခြောက်ပါး ချုပ်သွားလို့ရှိရင်ဖြင့် နောက်ထပ် ကိလေသာတွေများ ချွင်းချက်ရှိသေးသလား၊ ကိလေ သာတွေများ ကျန်နေသေးသလားလို့ မေးလိုက်တဲ့ အခါကျတော့ အာယတနခြောက်ပါး ချုပ်သွားတဲ့ဥစ္စာ တစ်စုံ တစ်ခု ကိလေသာရှိသေးသလားလို့ မေးတဲ့အခါကျတော့ ဒီလိုလဲ မဟုတ်ပါဘူးကွာတဲ့၊ ဒီလိုလဲမဟုတ်ပါဘူးလို့ ဖြေလိုက်တယ်နော် (မှန်ပါ့)။

အာယတနခြောက်ပါး အရင် ပြောမှရမယ်

အဲ့ဒီတော့ ဒကာ ဒကာမတွေကလည်း အလုပ်-လုပ်မည့်ပုဂ္ဂိုလ်တွေဖြစ်နေတော့ အာယတနခြောက်ပါး အရင် ပြောမှရမယ်(မှန်ပါ့)။

မျက်စိအကြည်ရုပ်ကလေးဟာ မျက်စိထဲမှာ စိတ်မဟုတ်ဘူးလား ဒါက ရုပ်၊ အကြည်ရုပ်ကလေး သူငယ်အိမ် ဆိုတာ မရှိဘူးလား(ရှိပါတယ်) အဲဒီ အကြည်ရုပ်ကလေးဟာ စက္ခယတနလို့ခေါ်တယ် (မှန်ပါ့ ဘုရား) စက္ခု အာယတနပေါ့ဗျာနော် (မှန်ပါ့)။

နားအကြည်ရုပ်ကလေးဟာ သောတာယတနလို့ ခေါ်တယ်၊ အကြည်ရုပ်ကလေး ကြားတတ်တဲ့ အကြည်ရုပ် ကလေးရှိသေးတယ်၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

နှာခေါင်း အာယတနဆိုတာ မွှေးတာ ကြိုင်တာကလေးကို အထိခိုက်ခံနိုင်တဲ့ရုပ်ကလေးရှိသေးတယ်နော်၊ ဃာနယတနခေါ်တယ်၊ လျှာပေါ်မှာလည်း လျှာရုပ်ကလေး ရှိသေးတယ်၊ ဇီဝှါယတနဆိုတာ ဇီဝှါပသာဒရုပ်ကလေး ရှိသေးတယ် (မှန်ပါ့)။

ကိုယ်ပေါ်မှာလဲ ဆိတ်လို့နာတဲ့ အနာခံရုပ်ကလေးဆိုတာ ကာယပသာဒရုပ်ကလေးက ရှိသေးတယ်။

ဒီတော့ စက္ခု, သောတ, ဃံာန, ဇိဝှါ, ကာယ ငါးခုရသွားပြီ၊ ဒါရုပ် အာယဘနငါးခု (မှန်ပါ့)။

ပြီးတော့မှ ခင်ဗျားတို့ ရှုနေတဲ့နာမ်အာယတနဆိုတဲ့ မာနာယတနစိတ်၊ စိတ်ကိုတစ်လုံးတည်း ထားလိုက် (မှန်ပါ့) ပေါင်းလိုက်တော့ ဘယ်လောက်ရသွားသလဲ (ခြောက်ခုပါ ဘုရား)ခြောက်ခု။

ရေကြစမ်း (စက္ခု သောတ ဃာန ဇီဝှါ ကာယ မန) အာယတန ခြောက်ပါး (မှန်ပါ)ရှင်းပြီနော် (ရှင်းပါပြီ)။

ဟေ့ လှညွန့်ကို သေသေချာချာလုပ် ၊ အုံးကြည်တို့ သေသေချာချာ မှတ်ရလိမ့်မယ်၊ နောက်က အဖွားကြီးတွေ သေသေချာချာ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။

သူတို့ ခြောက်ခု ရှုရင်းမတ္တနဲ့ ချုပ်သွားပြီဆိုလို့ ရှိုယင်တဲ့ တပါးသော ကိလေသာများ လာသေးသလားတဲ့၊ မေးလိုက်တယ် (မှန်ပါ့)။

ရှင်မဟာကောဋ္ဌိက-က မေးလိုက်တယ် (မှန်ပါ့) ရှင်သာရိပုတ္တရာက ဒီလိုမဖြစ်နိုင်ပါဘူးကွာလို့ ဖြေလိုက်တယ် (မှန်ပါ့) ဒီလိုမဖြစ်နိုင်ပါဘူးတဲ့၊ ရှင်းသွားပြီနော် (မှန်ပါ့)။

ဘာမှ မရှိဘူးလားလို့ မေးပြန်တော့

ဒါဖြင့်ဘုရား ဒီ အာယတနခြောက်ပါး ရှုရင်းမတ္တနဲ့ ချုပ်သွားလို့ရှိရင် ဘာမှမရှိတော့ဘူးလားတဲ့၊ ဒီလိုလဲ မမေးပါနဲ့ကွာ၊ မဟုတ်ပါဘူးတဲ့၊ သဘောကျပလား(မှန်ပါ့)။

ဒီ-အာယတနချုပ်သွားယင် နောက် ဘာမှ မရှိဘူးလားလို့ မေးပြန်တော့ ဒီလိုလဲ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) ဒီလိုမဟုတ်ပါဘူးလို့ ဖြေရမယ်။

ဒီလိုမဟုတ်ပါဘူုး ဆိုတော့ နောက်ဘာမှမဖြစ်ဘူး၊ ဒီအာယတနခြောက်ပါး ချုပ်သွားတယ်ဆိုရင် နိဗ္ဗာန်က ရတော့မှာ နိဗ္ဗာန်ပေါ်ရမှာကိုး (မှန်ပါ့) သူတို့ချုပ်သွားယင် သူတို့ ချုပ်သွားတဲ့နေရာ နိဗ္ဗာန်ပေါ် ရမယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ မေးတဲ့ပုဂ္ဂိုလ် အရှင်ကောဋ္ဌိက-က ဒီအာယတနချုပ်သွားလို့ရှိယင် တစုံတခု ဘာမှ မဖြစ်တော့ဘူး လားတဲ့၊ ဟာ ဒီလိုလဲ မမေးပါနဲ့ကွာ၊ ဒီလိုဆိုတော့ သူက ဥစ္ဆေဒဒိဋ္ဌိ မေးလိုက်တဲ့ တစုံတခု ဘာမှ မဖြစ်တော့ဘူးလား၊ အာယတနချုပ်ပြီးနောက် ဘာမှ မဖြစ်တော့ဘူးလား မေးလိုက်တာ ဒီတကာ တကာမတွေက ကတော့ မှတ်ထားလိုက်တာပေါ့ ခင်ဗျားတို့ ရှုနေတဲ့ စိတ် အကုန်ချုပ်သွားယင် နိဗ္ဗာန်ပေါ်မှာဘဲ (မှန်ပါ့)။

တစုံတခု ဘာဖြစ်သေးသတုံး

စက္ခု,သောတ,ဃာန,ဇိဝှါ,ကာယ,မနဆိုတဲ့ ခြောက်ပါးစလုံး ချုပ်သွားယင် နိဗ္ဗာန်ပေါ်ဘို့ဘဲနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ပြန်ပြောပါဦးမယ် တခေါက်၊ အာယတနခြောက်ပါး ချုပ်သွားလို့ရှိရင်ဖြင့် တစုံတခု ဘာဖြစ်သေးသတုံးလို့ မေးတော့ ဒီလိုလဲ မမေးနဲ့ကွာ၊ ၁-နံပါတ် ဖြေလိုက်တယ်နော် (မှန်ပါ့)။

နို့ အာယတနခြောက်ပါး ချုပ်သွားပြီး တစုံတခု ဘာမှ မဖြစ်တော့ဘူးလားလို့ မေးလိုက်တယ်၊ ဒီလိုလဲ မမေးနဲ့ကွာ-တဲ့၊ ဘယ်နှစ်ချက်ရှိသွားလဲ (နှစ်ချက်ရှိသွားပါပြီ) နှစ်ချက်ရှိသွားပြီနော်။

ဖြစ်ချီတလှည့်- မဖြစ်ချီ တလှည့်များ ဖြစ်သေးသလား

တခါပြန်မေးတယ် ဆက်ပြီးတော့ လေးချက်စေ့အောင် ရှင်မဟာကောဋ္ဌိက-ကဘဲ မေးလိုက်တယ်၊ ဒီ အာယတန ချုပ်သွားပြီးလို့ရှိရင်ဖြင့် တစုံတခု ဖြစ်ချီတလှည့် မဖြစ်ချီတလှည့် တစုံတခုသော တရား ဖြစ်ချီတလှည့်- မဖြစ်ချီ တလှည့်များ ဖြစ်သေးသလားလို့ မေးလိုက်တယ်၊ ဒီလိုလဲ မပြောနဲ့ကွာတဲ့၊ ဘယ်နှစ်ခု ရှိသွားပလဲ (သုံးခု ရှိသွားပါပြီ) သုံးခုရှိသွားပြီ။

ဖြစ်သယောင်ယောင် တစုံတခုရှိသေးသလား

လေးခုမြောက် မေးပြန်တယ်၊ ဒီ အာယတန အကြွင်းအကျန်မရှိ ချုပ်သွားပြီးတဲ့ နောက်ကိုတဲ့ မဖြစ်သည် မဟုတ်၊ ဖြစ်သယောင်ယောင် တစုံတခုရှိသေးသလားတဲ့၊ မေးပြန်တယ်၊ ဘယ်နှစ်ခုရှိသွားပလဲ ( လေးခုရှိသွားပါပြီ ဘုရား)။

လေးခုရှိသွားပြီဆိုတော့ မောင်မြင့် သေသေချာချာ မှတ်ပေါ့၊ မင်းတို့ ဒီတရား မနာရဘူးသေးဘူး၊ အုန်းကြည်တို့ သေသေချာချာ မှတ်ထားတခါမှ မဟောသေးဘူး (မှန်ပါ့)။

ဒီတရား အခု ဒါ ရန်ကုန်ပါသွားအောင်လို့ ဟောနေတယ်တဲ့၊ နိဗ္ဗာန်ရောက်မည့်တရားအများ မရှုရပါဘူး (မှန်ပါ့)။

တခေါက်ပြန်ပြောပါဦးမယ်၊ မင်းတို့ကို မေးမယ်၊ အာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားလို့ ရှိရင် တစုံတခု ဖြစ်သေးသလာလို့ မေးတော့ ရှင်သာရိပုတ္တရာက ဒီလိုလဲ မမေးပါနဲ့ကွာ တဲ့။

တစုံတခု ဖြစ်သေးသလားလို့ မေးတော့ ဘယ့်နှယ်တဲ့ (ဒီလိုမမေးပါနဲ့ကွာတဲ့) ဒီလို မမေးပါနဲ့ ဆိုတော့ ဒါတချက်ပြီးသွားတယ်နော် (မှန်ပါ့)။

ဒါဖြင့် ဘုရား ဒီ အာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားလို့ရှိရင်ဖြင့် တစ်စုံတစ်ခု ဘာမှ မဖြစ်တော့ဘူးလားတဲ့၊ ဒီလိုလဲ မမေးပါနဲ့ကွာတဲ့၊ ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ ဘုရား)။

ဒီ အာယတနခြောက်ပါး အကြွင်းအကျန်မရှိ ခြောက်သွားပြီးသည့်နောက် တစ်စုံတစ်ခု ဖြစ်ချီတစ်လှည့် မဖြစ်ချီတစ်လှည့် လာသေးသလား၊ဒီလိုလဲ မမေးပါနဲ့ကွာတဲ့၊ ဘယ်နှစ်ချက် ရှိပြီလဲ. (သုံးချက်ရှိပါပြီ ဘုရား)။

သုံးချက်ရှိပြီ၊ လေးချက်ပြည့်အောင် မေးလိမ့်မယ်၊ ဒီအာယတန ခြောက်ပါး၊ အကြွင်းအကျန်မရှိ ချုပ်သွားပြီး သည့်နောက် တစ်စုံတစ်ခု မဖြစ်သည်မဟုတ်၊ ဖြစ်သယောင်ယောင်များ လာသေးသလားလို့ မေးလိုက်တယ်၊ ဒီလိုလဲ မမေးလိုက်ပါနဲ့တဲ့၊ ဘယ်နှစ်ခုရှိသွားပြီလဲ (လေးခုရှိသွားပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်နှစ်ချက်ရှိသွားပြီလဲ (လေးချက်ရှိသွားပါပြီ ဘုရား)။

လေးချက်ရှိသွားပြီ

လေးချက်ရှိသွားပြီ၊ကောင်းပြီ ဒါနဲ့ အရှင်မဟာကောဋ္ဌိက-က မကျေနပ်ဘူး၊ အရှင်ဘုရားဟာ ပြန်ပြီး သူစောဒက တက်ပြန်တယ်၊ အာယတန ခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားပြီးသည့်နောက် တစ်စုံတစ်ခု ဖြစ်သေးသလား မေးပြန်တော့လဲ ဒီလိုလဲ မမေးနဲ့တဲ့၊ အာယတနခြောက်ပါး ချုပ်သွားပြီးသည့်နောက် တစ်စုံတစ်ခု မဖြစ်တော့ဘူး လားလို့ ဆက်မေးပြန်တော့ ဒီလိုလဲ မမေးနဲ့ကွာတဲ့၊ ဒီလိုလဲ မဟုတ်ဘူးပေါ့လေ (မှန်ပါ့)။

အာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားပြီးသည့်နောက် အချို့ဖြစ်တယ်၊ တစ်စုံတစ်ခု အချို့ နောက်ထပ်ဖြစ်သေးတယ်၊ မဖြစ်တော့ဘူးလားလို့ မေးပြန်တော့ ဒီလိုလဲ မမေးနဲ့ကွာ မဟုတ်ပါဘူးလို့ ဖြေတော့ သုံးခုမြောက်ရှိသွားပြီ (မှန်ပါ့)။

နောက်တစ်ခါ တပည့်တော် ဆက်မေးမယ်တဲ့၊ ဒီအာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွား ပြီးသည့်နောက် မဖြည်သည်မဟုတ်၊ ဖြစ်သယောင်ယောင် တစုံတခု လာသေးသလားလို့ မေးမြန်းတော့ ဒီလိုလဲ မမေးနဲ့ တော့ဆိုတော့ တပည့်တော် မေးစရာမရှိတော့ဘူး၊ သဘောကျပလား (ကျပါပြီ)။

မေးစရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ မေးစရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

သေသေချာချာ မှတ်ကြ ခင်ဗျားတို့ ဒီဥစ္စာ သာသနာတွင်းတရားနော် (မှန်ပါ့) ဘာတရားတုံး (သာသနာတွင်း တရားပါ ဘုရား)။

သာသနာတွင်းတရား

သာသနာတွင်းတရားမို့ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ သေသေချာချာမှတ်ကြ၊ သာသနာတရားဆိုတာကတော့ ဘာလှူလို့ ဘာဖြစ်တယ်ပြောတာနော် (မှန်ပါ့) ဆွမ်းလှူလို့ အသက်ရှည်သကွ၊ ရေကို လှူတဲ့အတွက် ရေအကျိုးဆယ်ပါး ရသကွဆိုတာ သာသနာပဆိုတာ ဒီ တရားတွေက လွှမ်းမိုးသွားတယ် (မှန်ပါ့)။

သာသနာတွင်းတရား မဟုတ်ဘူးတဲ့၊ ဘာဘူ – သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဒါနဲ့ အရှင်ဘုရား လေးခွန်းမေးလိုက်တာ အရှင်ဘုရားတခွန်းမူ ဒီလိုမမေးနဲ့၊ ဒီလိုမဟုတ်ဘူးချည်းဖြေနေတော့ တပည့်တော်ခက်နေပြီ၊ အရှင်ဘုရား အဖြေတော့ အမှန်ပေးဦးမှ တော်မယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာပေးရမလဲ (အဖြေအမှန်ပေးရပါမယ် ဘုရား)။

အဖြေအမှန်ပေးပါ (မှန်ပါ့) ကဲ မင်း သေသေချာချာနားထောင်၊ သေသေချာချာနားထောင်ဆိုပြီး ရှုှင်မဟာကောဋ္ဌိကကို ရှင်သာရိပုတ္တရာက အဖြေပေးလိုက်တယ်၊ မင်းတို့ ရှုလိုက်တဲ့ မျက်လုံးရုပ်ကလေးကိုလဲ ဖြစ်ပျက် ရှုတယ်၊ နားရုပ်ကလေးလဲ ဖြစ်ပျက်ရှုတယ်၊ ကိုယ်ရှုပ်တွေလဲ ဖြစ်ပျက်ရှုတယ်၊ လျာရှုပ်လဲ ဖြစ်ပျက်ရှုတယ်၊ ကိုယ်ရုပ် တွေလဲ ဖြစ်ပျက်ရှုတယ်၊ စိတ်ဟူသ၍လည်း ဖြစ်ပျက်ရှုတယ်ဆိုတော့ သူက ကာယာနုပဿနာနဲ့ စိတ္တာနု ပဿနာတွဲ ဟောတယ် (မှန်ပါ့)။

ကျုပ်တို့ကတော့ ဒီလို မလုပ်ပါနဲ့တော့ ဒီဒကာ ဒကာမတွေ တရားရှုပ်ထွေးနေတော့မယ်၊ ခင်ဗျားတို့ ရှုနေတဲ့ စိတ်၊ ဒါသေသေချာချာမှတ်လိုက်၊ ခင်ဗျားတို့ ရှုနေတဲ့ စိတ် ၁၂-ခု ဘုန်းကြီးပြထားတယ်နော် (မှန်ပါ့) အဲ့ဒိ စိတ်ဟာလဲ မနာယတနမဟုတ်လား (မှန်ပါ့)။

နိဗ္ဗာန်သာလာစရာရှိတယ်

အဲ့ဒီစိတ်ချုပ်သွားလို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ရှုရင်းမတ္တနဲ့ ဉာဏ်ရှေ့အောက်မှာဘဲ အကုန်ဘာမှ မလာတော့ ဘူးဆိုလို့ ရှိရင်ဖြင့်တဲ့ နိဗ္ဗာန်သာလာစရာရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာလာရမလဲ (နိဗ္ဗာန်လာရပါမယ် ဘုရား) ရှုတဲ့စိတ်တွေ ဘာမှ မလာတော့ဘူး အကုန်ချုပ်ကုန်ပြီဆိုလို့ ရှိရင်ဖြင့် ဘာလာမယ်ထင်သလဲ (နိဗ္ဗာန်လာပါမယ် ဘုရား) အေး နိဗ္ဗာန်လာမယ်၊ အာယတနတွေ ချုပ်သွားပြီကော။

အဲ့ဒီတော့ နိဗ္ဗာန်လာမယ်ဆိုတော့ အခုမေးလိုက်တဲ့ ပုဂ္ဂိုလ်က ၁-နံပါတ်အမေးက ဒီအာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားရင် တစ်စုံတစ်ခု ဖြစ်သေးသလားဆိုတော့ တစ်စုံတစ်ခုကာမှ ပုဂ္ဂိုလ်သတ္တဝါမှ ဖြစ်တော့တာ မဟုတ်ဘဲ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ နိဗ္ဗာန်ဘဲ ပေါ်လာတော့တယ် အဲ့ဒီတော့ ဖြစ်သေးသလား မေးဘို့လ ိုသေးသလား (မလိုပါ ဘုရား)။

မင်းမေးတာကတဲ့၊ အရှင်မဟာကောဋ္ဌိက မင်းမေးတာက အင်မတန်ခက်တယ်တဲ့၊ ဒီပပဉ္စတရားဆိုတဲ့ ဥစ္စာမရှိတာကို ပပဉ္စရှိသေးသလားလို့ မင်းမေးတာ၊ သဘောပါပလား(ပါ-ပါပြီ) ပပဉ္စမရှိတာကို (ရှိသေးသလားလို့ မေးပါတယ်) အဲ တစ်စုံတစ်ခု ဖြစ်သေးသလားဆိုတော့ ပပဉ္စရှိတဲ့သဘောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) နောက်ခန္ဓာပေါ်တဲ့ သဘောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါ သေသေချာချာမှတ်ပါ၊ ပေါ်လာပြီတရားသား ပေါ်လာပြီနော် (မှန်ပါ့)။

ကိုယ်တော်တွေလဲ သေသေချာချာမှတ်ပါတဲ့၊ ဒီဥစ္စာဟာ အင်မတန် အရေးကြီးပါတယ်၊ ဒါ့ကြောင့် ဒီလိုမမေးနဲ့ ဆိုတာကလေးက ပြေမသွားသေးဘူးလား (ပြေပါတယ် ဘုရား) အခုဘုန်းကြီးက စိတ်တွေချည်းအရှုခိုင်းတယ်၊ စိတ်တွေအကုန်ချုပ်သွားပြီဆိုလို့ရှိရင်ဖြင့် မနာယဘန ချုပ်တယ်ဆိုတာ စိတ္တာနုပဿနာ အကုန်ချုပ်တယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာဆုံးသွားတာဘဲ (ဆုံးပါတယ် ဘုရား) ဝိညာဏက္ခန္ဓာ ဆုံးသွားတာဘဲ၊ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဆုံးရင်နိဗ္ဗာန်ပေါ့ “ဒုက္ခဿအန္တ ကရိဿတိ” (မှန်ပါ့) ဒုက္ခဿ = ဒုက္ခခန္ဓာကြီး၏၊ အန္တ = အဆုံးကို၊ ကရိဿတိ = မြင်နိုင်လတ္တံ ဆိုတော့ သူဆုံးသွားရင် ဒုက္ခဆုံးသွားတာဘဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပြန်ပြီးတော့ဘဲ မင်းမေးတာဟာတဲ့ အာယတနခြောက်ပါး အကြွင်းအကျန်မရှိ ချုပ်သွားလို့ရှိရရင် တစ်စုံတစ်ခု ဖြစ်သေးသလားလို့မေးတော့ မင်းက ပုဂ္ဂိုလ်သတ္တဝါနဲ့ မေးတာတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ ဖြစ်သေးရဲ့လား

နို့ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) နိဗ္ဗာန်ဘဲ ပေါ်လာတော့တယ် (မှန်ပါ့) ဒါ့ကြောင့် နောက်က ဒကာ ဒကာမတွေ ဪ ဒို့ ဆရာဘုန်းကြီးက စိတ်တွေ အရှုခိုင်းပြီး သကာလနေတာ ကာပါလိမ့်မတုံးဆို အို စိတ်တွ ဖြစ်ပြီးပျက်တယ် မြင်ပါစေတော့လို့၊ စိတ်တွေ ဖြစ်ပျက်နေတာကိုလဲ မုန်းပါစေတော့လို့၊ စိတ်ဖြစ်ပျက်တွေလဲ ဆုံးပါစေတော့လို့ဆိုတော့ ဆုံးသွားရင် သူက နိဗ္ဗာန်က ပေါ်တော့မှာမို့ ဒါ အရှုခိုင်းတာ (မှန်ပါ့)။

အုန်းကြည်တို့ နေရာကျရဲ့လား (ကျပါတယ် ဘုရား) နေရာကျပြီတဲ့၊ ဟို နောက်က သေသေချာချာမှတ်နော် (မှန်ပါ့) အေးအေးစက်စက် လုပ်မနေနဲ့ (မှန်ပါ့)။

ဪ စိတ်ချုပ်ရင် ဟိုဟာ အကုန်ချုပ်တာဘဲ (မှန်ပါ့) စိတ်ကို ရှုရင်းမတ္တနဲ့ စိတ်တွေဟာ ဒီစိတ်တွေ မလိုချင်ပါ ဘူးဆိုတဲ့ မဂ်ဉာဏ်လဲ ပေါ်လာရော ဖျတ်ဆို အကုန်ချုပ်သွားတော့ အာပေါ်လာသတုံး (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား) ဪ အာယတန အဆုံးမှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။

အဲဒါ တစ်စုံတစ်ခု ပေါ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) စိတ်တွေ ဒုက္ခသစ္စာတွေ ချုပ်သွားတာ ဘဲရှိတယ် (မှန်ပါ့) တစ်စုံတစ်ခု ပေါ်လာသေးရဲ့လား (မပေါ်လာပါ ဘုရား)။

တစ်စုံတစ်ခုဆိုရင်ဖြင့် အဖြူကလေး ပေါ်လာတယ်၊ အနီကလေးပေါ်လာတယ်၊ လူခန္ဓာ နတ်ခန္ဓာ ပေါ်လာတယ်၊ ဒီလိုပေါ်လာတာမဟုတ်တော့ မောက္ခပေါ်လာတာ၊ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့) နားလည်ပြီလား ဘာဘူ (မှန်ပါ့) မောက္ခပေါ်လာတာ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဘုန်းကြီးက အားပေးတာလားတဲ့ ယခု ရဟန္တာကြီးနှစ်ပါးဖြေတော့ မင်းက ပပဉ္စမရှိတာ မင်းက ပပဉ္စရှိသေးသလားလို့ မေးနေတဲ့အတွက် ငါက ဒီလိုမမေးနဲ့ ပြောတာ ကိုက်မနေဘူးလား (မှန်ပါ့) သဘောပါရဲ့လား (ပါပါတယ် ဘုရား) ပပဉ္စ နောက်ထပ် လာသေးရဲ့လား (မလာပါ ဘုရား) ပပဉ္စမရှိတာ သူက ပပဉ္စရှိသေးသလား မေးတာနဲ့ အတူတူဖြစ်နေတယ် (မှန်ပါ့) တစ်စုံတစ်ခုဖြစ်သေးသလားလို့ မေးတာကိုး (မှန်ပါ့) ရှင်းမသွားသေးဘူးလား(ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘာဆုံးအောင် လိုက်ရမှာတုံး ပပဉ္စဆုံးအောင် လိုက်ရပါမယ် ဘုရား)။

ဒီစိတ်ဆုံးယင် ပပဉ္စက သူ့အလိုလိုဆုံးတယ်

ဒီစိတ်ဆုံးယင် ပပဉ္စက သူ့အလိုလိုဆုံးတယ် (မှန်ပါ့) ခင်ဗျားတို့ ရှုနေတဲ့ စိတ်ဆုံးသွားရင် ဘာတုံး (ပပဉ္စအလိုလို ဆုံးတယ်) ပေါ်ပြီလား (ပေါ်ပါပြီ) ဪ ဒါဖြင့် စိတ္တာ နုပဿနာနဲ့ စိတ်တွေ အကုန်ဆုံးသွားလို့ ရှိရင်လဲ ပပဉ္စဟာ ဘယ့်နှယ်နေသလဲ (ဆုံးသွားပါတယ် ဘုရား)။

ပပဉ္စဆုံးတော့ ပပဉ္စနိရောဓေါ နိဗ္ဗာနံ၊ ပပဉ္စချုပ်လဲ နိဗ္ဗာန်ပေါ်တာဘဲ၊ ဘာမှာသံသယရှိနေစရာမလိုဘူး(မှန်ပါ့) အလုပ်သမားအတွက်မှာတယ် အဘိုးတန်ပါကလား၊ မတန်ဘူလား (တန်ပါတယ် ဘုရား)။

အဲ့ဒီတော့ ဦးအောင်ဇံဝေ နိဗ္ဗာန် အနီးကလေးဆိုတာ ခင်ဗျား စိတ်မဆုံးသေးလို့ မလာသေးတာ (မှန်ပါ့) စိတ်ဆုံးရင် (လာမှာပါ ဘုရား) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)ဟေ့ မောင်ဇီဝကော သဘောကျရဲ့လား (မှန်ပါ့) စိတ်ကို ရှုပေးရမယ်နော် မင်းနည်းယူပါဦးကွ၊ စိတ်ရှုတဲ့နည်းလာယူဦး၊ ဆယ့်နှစ်ချက်တည်းရှိတယ်၊ ဒါကလေး မောင်မြတို့ဆီတောင်းလဲ ရပါတယ်၊ သိတယ်မဟုတ်လား(မှန်ပါ့)။

ကဲ ဒါဖြင့် ပဌမပုစ္ဆာ အဖြေပြေသွားပြီလား (ပြေပါတယ် ဘုရား) တို့မေးတဲ့ ပုဂ္ဂိုလ်က ပြန်ပြောလိုက်ပါတယ်။ ဒီအာယတနတွေ ချုပ်သွားလို့ရှိရင် တစ်စုံတစ်ခု ဖြစ်သေးသလားလို့ မေးတော့ ရှင်သာရိပုတ္တရာက ဘယ့်နှယ်တဲ့လဲ၊ ဒီလို မမေးနဲ့တဲ့ (မှန်ပါ့)။

ဖြစ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ဘူး ဆိုတော့ ဖြစ်တဲ့တရားတွေ မရှိတော့ဘူး၊ နိဗ္ဗာန်ဘဲ ပေါ်လာတော့တာဘဲ (မှန်ပါ့) ခန္ဓာတွေ ဘာတွေ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ခန္ဓာလွတ်တဲ့ နိဗ္ဗာန်ဘဲပေါ်တယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဆုံးတဲ့နေရာဟာ နိဗ္ဗာန်ပါကလား

ဪ ဒါဖြင့် ဒို့လုပ်နေတဲ့ အလုပ်ဟာ မဆုံးသေးလို့သာ အသာ ကြည့်နေရသေးတာပါကလား၊ ဆုံးတယ်ဆိုလို့ရှိရင်ဖြင့် ဆုံးတဲ့နေရာဟာ နိဗ္ဗာန်ပါကလား (မှန်ပါ့) ကဲ ဦးအောင်ဇဝေ အားရှိစရာ သိပ်ကောင်းတာ (မှန်ပါ့) မောင်မြကော (ကောင်းပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေကော (အားရှိစရာ ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လိုက်ရမှာဘဲနော် (မှန်ပါ့) ဆုံးတဲ့ပုဂ္ဂိုလ်ကတော့ ဆုံးပြီးသားထားပါတော့၊ မဆုံးတဲ့ ပုဂ္ဂိုလ်က သူ့လိုက်ရမယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

ကဲ တခါ ဒုတိယအချက်မေးတယ်၊ တပည့်တော် မေးတာက ဒီ အာယတန ချုပ်ပြီးလို့ရှိရင်ဖြင့် တစ်စုံတစ်ခု မဖြစ်တော့ဘူးလားလို့ မေးတော့ ဘယ်တစ်စုံတစ်ခု မဖြစ်တော့ဘူးလား မေးတော့ နိဗ္ဗာန်က ပေါ်လာတဲ့ ဥစ္စာ သက မဖြစ်တော့ဘူးလား မေးပြန်တော့ ဥစ္ဆေဒဖြစ်သွားလိမ့်မယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ (နိဗ္ဗာန်က အခုစိတ်လဲ ချုပ်သွားရော နိဗ္ဗာန်က ပေါ်လာတော့ တစ်စုံတစ်ခု မဖြစ်တော့ဘူးလားလို့ မေးတော့ ဒီလိုလဲ မမေးနဲ့တဲ့၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဒီလိုမေးလိုက်တော့ကို သူက တစ်စုံတစ်ခု မဖြစ်တော့ဘူးလားဆိုတော့ ဪ နောက်ထပ် မလာတော့ဘူး အဓိပ္ပာယ်ရောက်သွားတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဥစ္ဆေဒဒဒိဋ္ဌိနဲ့ မေးတော့

သူပြောတဲ့ တစ်စုံတစ်ခုတော့ မဖြစ်တော့ဘူးလားလို့မေးတော့ သူက ဥစ္ဆေဒဒဒိဋ္ဌိနဲ့ မေးတော့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီ အာယတနတွေ အလုံးစုံချုပ်သွားလို့ရှိရင်ဖြင့် တစ်စုံတစ်ခု မဖြစ်တော့ဘူးလားလို့ မေးတော့ ဒီ အာယတန စိတ်အာယတန၊ မနာယတန ချုပ်သွားတယ်ဆို မောင်မြတို့ ဘာဘူတို့ မောက္ခ ပေါ်လာတာဘဲ (မှန်ပါ့)။

ဒီစိတ်တွေ အကုန်ချုပ်သွားရင် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒီတော့ သူပြောတဲ့ တစ်စုံတစ်ခု ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

တစ်စုံတစ်ခုဆိုတာ သူက ပုဂ္ဂိုလ်သတ္တဝါတွေ ပြောနေတာ၊ ကိလေသာတွေ ပြောချင်ပြောနေတာ၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ၂-နံပါတ်အဖြေကော (ပြေသွားပါပြီ ဘုရား) ပြေသွားပြီနော် (မှန်ပါ့)။

ဧကစ္စသဿတဒိဋ္ဌိနဲ့ မေးထားတယ်

ကဲ ၃-နံပါတ် တစ်ခါလာပြန်တယ်၊ အရှင်ဘုရားတဲ့ တပည့်တော် မင်းမေးထားတာကတဲ့၊ ဒီအာယတနတွေ အကြွင်းအကျန်မရှိ ချုပ်သွားလို့ရှိရင် တစ်စုံတစ်ခုဖြစ်ချည်တလှည့်, မဖြစ်ချည်တလှည့် လာသေးသလားလို့ မေးတော့ ဧကစ္စသဿတဒိဋ္ဌိနဲ့ မေးထားတယ် (မှန်ပါ့)။

ဧကစ္စသဿဒိဋ္ဌိနဲ့ မေးထားတယ်၊ အချို့တော့ ဖြစ်တယ်၊ အချို့တော့ မဖြစ်ဘူးဆိုတဲ့ ဒိဋ္ဌိက ရှိသေးတာကိုး (မှန်ပါ့)။

အဲ့ဒါမေးထားတာလဲ ဒီလိုလဲ မမေးနဲ့လို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဟိုက ဒိဋ္ဌိနဲ့ မေးနေတာကိုးနော် (မှန်ပါ့)။

အဲ့ဒီတော့ တစ်စုံတစ်ခု ဖြည်ချည်တလှည့် မဖြစ်ချည်တလှည့်ကိုဘဲ လာသေးရဲ့လား (မလာပါ ဘုရား) မြဲတဲ့ နိဗ္ဗာန်သာ လာတော့တာဘဲနော် (မှန်ပါ့) ဒီ့ပြင် ဘာလာသေးသတုံး (ဒီ့ပြင် ဘာမှမလာပါ ဘုရား)။

ဒီ အာယတနခြောက်ပါး ချုပ်သွားရင်လေ (မှန်ပါ့) နိဗ္ဗာန်ဘဲပေါ်တော့ ဖြည်ချည်တလှည့်, မဖြစ်ချည်တလှည့် လို့ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အဲ့ဒါကြောင့် ဒီလိုလဲ မမေးနဲ့ ဆိုတဲ့စကားဟာ ကျေလည်မသွားသေးဘူးလား (ကျေလည်သွားပါတယ် ဘုရား)။

ကျေသွားပြီ၊ သုံးချက်ရှိသွားပြီနော် (မှန်ပါ့)၊

အဖွားကြီးတွေ သေသေချာချာ မှတ်စမ်းပါ ဒီဥစ္စာ၊ နားမလည်ဘဲ မရှိပါစေနဲ့၊ အတော်လဲ အရေးကြီးတယ် ဆိုတဲ့ ဥစ္စာပေါ်လာတယ်နော် (မှန်ပါ့)၊

ကိုင်းဒါဖြင့် လေးခုမြောက်ကို ဘယ်လို မေးလိုက်ပြန်သတုံးဆိုတော့ ဒီပပဉ္စ အကြွင်းအကျန်မရှိ ချုပ်သွားလို့ရင် မဖြစ်သည်မဟုတ်၊ ဖြစ်သယောင်ယောင် နောက်ထပ်လာသေးသလားလို့ မေးလိုက်တယ်၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ မေးတာ သူက (မှန်ပါ့) နော်၊ အဲ့ဒီတော့ ဒီလိုမေးင့် – မမေးသင့် (မမေးသင့်ပါဘုးရား)။

မမေးသင့်ဘူး တဲ့၊ ဒီ ပပဉ္စချုပ်သွားတယ် ဆိုလို့ရှိရင်ဖြင့် ဒုက္ခတွေ ချုပ်ပြီး သုခနိဗ္ဗာန်ပေါ်လာတာဟာ ဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်ဆိုတဲ့ စကားနဲ့တော့ ဝင်ရှုပ်လို့ ရသေးရဲ့လား (မရပါ ဘုရား)။

မရတော့ အမရာ ဝိက္ခေပဒိဋ္ဌိနဲ့မေးသွားပြန်တော့လဲ ဒီလိုလဲ မမေးနဲ့ဆိုသဖြင့် မောင်မြ ကန့်ကွက်ရမယ် (မှန်ပါ့) မကန့်ကွက်ရဘူးလား (ကန့်ကွက်သင့်ပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်ကွာတဲ့၊ ငါ ရှင်းရှင်းကလေး မင်းကိုပြောပါမယ်တဲ့ တဏှာ, မာန,ဒိဋ္ဌိဆိုတဲ့ ပပဉ္စရှိတဲ့ ပုဂ္ဂိုလ်ဟာတဲ့ နောက် အာယတနတွေ ဆက်လာတာဘဲ၊ နောက်ခန္ဓာတွေ ပေါ်တာဘဲ၊ ဟာ ခန္ဓာပေါ်တယ်ဆိုတော့ အာယတနလဲ ပေါ်တော့တာပေါ့ (ဆက်လာပါတယ် ဘုရား) ဆက်လာမှာဘဲ။

ပပဉ္စရှိနေတဲ့ ပုဂ္ဂိုလ်ဟာ အာယတနပေါ်မယ်

ပပဉ္စရှိနေတဲ့ ပုဂ္ဂိုလ်ဟာ အာယတနပေါ်မယ်၊ အာယတန ချုပ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ပပဉ္စ( မပေါ်တော့ပါ ဘုရား)။

မပေါ်တော့ဘူး “ယာဝတာ ဆန္ဒ” အာယတနာနံ ဂတိ ပပဉ္စဿဂတိ” ပါဠိတောက၊ ယာဝတာ = အကြင်မျှ လောက်ကုန်သော၊ ဆန္ဒ = ခြောက်ပါးကုန်သော၊ အာယဘနာနံ = အာယတနတို့၏ ဂတိ = လားရာသည်၊ ပပဉ္စဿ = ပပဉ္စ၏၊ ဂတိ – ပေါ်ရာတစ်ခုဘဲ၊

အာယတန ချုပ်အောင် မရှုနိုင်ကြလို့ရှိရင် နောက်ထပ်ပပဉ္စတွေလာမှာဘဲ၊ ပပဉ္စလာရင် ခန္ဓာဦးမလား၊ မလာတော့ဘူးလား (လာမှာပါ ဘုရား) လာမှာဘဲ။

”ဆန္နံ အာယတနာနံ အသေသနိရောဓေါ အနုပ္ပါဒနိရောဓေါ” ခြောက်ပါးသော အာယတနတွေ အလုံးစုံ အကုန်ချုပ်သွားလို့ ရှိရင်ကွာတဲ့၊ ဒီဥစ္စာ ခန္ဓာချုပ်သွားတဲ့ အတွက် နိဗ္ဗာန်ဘဲ ပေါ်တော့တာဘဲ (မှန်ပါ့)၊

ဒါဖြင့် အာယတနတွေ ချုပ်သွားလို့ရှိရင်လဲ ပပဉ္စချုပ်တာလဲ (ချုပ်ပါတယ် ဘုရား) ပပဉ္စ အထူးသတ်စရာ လိုသေးသလား (မလိုပါ ဘုရား)။

ပပဉ္စ အထူးသတ်စရာလိုသလား၊ ကိုယ်က ဒီအာယတနဘဲ ကုန်အောင် ချုပ်အောင် လုပ်ဘို့လိုသလား (ချုပ်အောင် လုပ်ရပါမယ် ဘုရား) မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။

ဒါဖြင့် ပပဉ္စရှိတဲ့ ပုဂ္ဂိုလ်၏လားရာသည့် ခြောက်ပါးသော အာယတနချုပ်အောင် မရှုနိုင်တဲ့ ပုဂ္ဂိုလ်သည် နောက်ပဋိသန္ဓေလာဦးမှာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အာယတနချုပ်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်

ခြောက်ပါးသော အာယတနချုပ်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့၊ နိဗ္ဗာန်ဆိုတာ ပေါ်တော့တာဘဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဪ ဒီရှင်မဟာာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာမေးတဲ့အဖြေဟာဖြင့် ပဌမ မေးလိုက်ကတည်းက သဿတဒိဋ္ဌိနဲ့ မေးတယ်နော် (မှန်ပါ့) ခြောက်ပါးသော အာယတနချုပ်ပြီးသည့်နောက် တစ်စုံတစ်ခု ဖြစ်သေးသလားလို့ မေးတော့ကို သဿတဒိဋ္ဌိနဲ့ သူမေးတယ်နော် (မှန်ပါ့)။

ခြောက်ပါးသော အာယတန ချုပ်သွားပြီးသည့်နောက် တစ်စုံတစ်ခု မဖြစ်တော့ဘူးလာလို့ မေးပြန်တော့ကော (ဥစ္ဆေဒဒိဋ္ဌိနဲ့ မေးပါတယ် ဘုရား)။

ခြောက်ပါးသော အာယတနအကြွင်းမရှိ ချုပ်သွားပြီးသည့်နောက် ဖြစ်ချည်တလှည့် မဖြည်ချည်တလှည့်လား ဆိုတော့ ဧကစ္စသဿတဒိဋ္ဌိနဲ့ မေးတယ် (မှန်ပါ့)။

ခြောက်ပါးသော အာယတန ချုပ်သွားပြီးသည့်နောက် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ဖြစ်သေး သလိုလို ရှိသေးသလားလို့ မေးတာတော့ အမရာဝိက္ခေပဒိဋ္ဌိနဲ့ မေးတယ်၊ မမေးဘူးလား (မေးပါတယ် ဘုရား)။

အဲ့ဒီတော့ ဒီနေရာကလေးမှာ မေးတဲ့ပုဂ္ဂိုလ်ကလဲ ဒိဋ္ဌိပြုတ်ပြီးသားလား (မပြုတ်ရသေးဘူးလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပြုတ်ပြီးသားပါ ဘုရား) အမေးခံတဲ့ပုဂ္ဂိုလ်ကလဲ ဒိဋ္ဌိပြုတ်ပြီးသားနော် (မှန်ပါ့ ဘုရား) အမေးခံတဲ့ ပုဂ္ဂိုလ်ကလဲ ရဟန္တာပါ၊ မေးတဲ့ ပုဂ္ဂိုလ်ကကော ရဟန္တာပါ၊ ရဟန္တာဘဲ ဒိဋ္ဌိပြုတ်ပြီးသားတွေ။

ရဟန္တာကြီးနှစ်ပါးဘာ့ကြောင့်မေးဖြေ

ဘယ့်နှယ်ကြောင့် သူတို့က ဒိဋ္ဌိသံတွေနဲ့ မေးနေရသတုံး ဆိုတဲ့ စကားဟာ ပုစ္ဆာတစ်ခု ထွက်လာတယ် (ထွက်လာပါတယ် ဘုရား) ဪ ငါတို့ မရှိသည့်နောက် ရဟန္တာကြီးနှစ်ပါးဘုရားသာသနာကလဲ မရှိ၊ ငါတို့ကလဲ သေကြတော့မယ်၊ ထိုကဲ့သို့ သေကြတဲ့အခါ ဒီ အမေးတွေ ပေါ်ရစ်လိမ့်မယ်၊သဘောကျမလား (မှန်ပါ့)။

ဒီအမေးတွေ (ပေါ်ပါမယ်) ပေါ်လိမ့်မယ်၊ ပေါ်ရင် ဒိဋ္ဌိဖြစ်ကုန်ကြမယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ့ဒါကြောင့် ငါတို့နှစ်ပါး အသိဉာဏ်ဆုံးတဲ့ ပုဂ္ဂိုလ်နှစ်ပါးအမေးအဖြေ ရှင်းထားခဲ့ရလို့ရှိရင် နောင်ကို ဒိစကားတွေဟာ မလာတော့ဘူး၊ ဒိဋ္ဌိစကားတွေ လာပါဦးမလား (မလာပါ ဘုရား)။

ဒါဖြင့် တဲ့ ခင်ဗျားတို့ မှတ်စရာက ဒီ အာယတနခြောက်ပါးချုပ်လို့ရှိရင် နိဗ္ဗာန်ဘဲ (မှန်ပါ့) အာယတန ခြောက်ပါးမချုပ်လို့ရှိရင် ပပဉ္စဘဲနော် (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

အာယတနခြောက်ပါးချုပ်လို့ရှိရင် (နိဗ္ဗာန်ပါ ဘုရား) မချုပ်ယင် (ပပဉ္စပါ ဘုရား) ပပဉ္စလာမှာတဲ၊ တဏှာ, မာန,ဒိဋ္ဌိလာမယ်ဆိုတာ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။

အာယတနခြောက်ပါး ချုပ်အောင် ရှုနိုင်ရင် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဘဲ၊ ပပဉ္စချုပ်တာဘဲ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

အာယတနခြောက်ပါး မချုပ်တဲ့ ပုဂ္ဂိုလ်ဟူသ၍မှာဖြင့် ဘာလာမလဲ (ပပဉ္စလာပါမယ် ဘုရား) ချုပ်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟူသ၍ဖြင့် (နိဗ္ဗာန်လာပါမယ် ဘုရား) ဒါဖြင့် ဒီချုပ်အောင် လုပ်တဲ့နည်းဖြင့် ခင်ဗျားတို့ ဒီ့ပြင် ချုပ်ရ ပါလို၏ ဆိုသဖြင့်လဲ ချုပ်မှာ မဟုတ်ဘူး (မချုပ်ပါ ဘုရား) ချုပ်ရပါလို၏။ မြန်မြန်ကြီး နိဗ္ဗာန်ရ-ရပါလို၏ ဆိုတော့ဖြင့် အာယတနခြောက်ပါးကို တစ်ပါးပါးမှ ခင်ဗျားတို့က ဝိပဿနာဉာဏ်နဲ့ အရှုခဲ့သည်ရှိသော်တဲ့၊ ချုပ်စရာ အကြောင်းမြင် ရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဆုတောင်းသမားတွေ ဟူသ၍ဟာဖြင့် ဘာဘူလျှော်ပစ်ရမယ် (မှန်ပါ့) မရနိုင်ဘူး၊ ဘာဖြစ်လို့တုံး သူချုပ်မှ ပပဥစ္စချုပ်မယ်လို့ ပြောထားတယ် (မှန်ပါ့)။

ပပဉ္စတို့၏ အသက်ဟာတဲ့ ပပဉ္စရှိတဲ့ ပုဂ္ဂိုလ်ဟာ နောက်ခန္ဓာဖြစ်ပေါ်မှာဘဲ (ပေါ်မှာပါ ဘုရား) ပပဉ္စချုပ်သွား တဲ့ ပုဂ္ဂိုလ်ဟာလဲ ခန္ဓာလာပါ့မလား၊ (ချုပ်သွားပါတယ် ဘုရား) ဒါဖြင့် ပပဉ္စချုပ်ချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ စိတ်ခန္ဓာ ချုပ်အောင် လုပ် (မှန်ပါ့ ဘုရား) ပပဉ္စလာသေးရဲ့လား (မလာပါ ဘုရား)။

ပပဉ္စချုပ်သွားလို့ရှိရင်

ဪ ဒါဖြင့် ပပဉ္စချုပ်သွားလို့ရှိရင်ဖြင့်တဲ့ ပပဉ္စနိရောဓောဆိုတဲ့အတိုင်းတဲ့ ခန္ဓာပါချုပ်သွားတာဘဲ (မှန်ပါ့) ချဲ့မည့်တရားချုပ်တော့ ခန္ဓာလာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် အာယတနချုပ်မှ ပပဉ္စချုပ်မယ် (မှန်ပါ့) အာယတနချုပ်မှ (ပပဉ္စချုပ်ပါမယ် ဘုရား) ပပဉ္စချုပ်မယ်ဆိုတာ သေချာပြီလား(သေချာပါပြီ) အာယတန မချုပ်သေး ရင် (ပပဉ္စမချုပ်သေးပါ ဘုရား)။

ဒါဖြင့် ချုပ်အောင် ခင်ဗျားတို့ ဘယ့်နှယ်လုပ်မတုံးလို့ မေးတော့ ဒီ အာယတနကလဲ ကိုယ်ခန္ဓာထဲမှာ ရှိနေတယ်။ အလုပ်ပြောတော့မယ်နော် ဒါရဟန္တာကြီးနှစ်ပါးကတော့ ဆုံးဖြတ်ချက်ချသွားပြီ (မှန်ပါ့)။

ရဟန္တာကြီးနှစ်ပါးကတော့ ဆုံးဖြတ်ချက်ချသွားပြီး ပပဉ္စချုပ်လို့ရှိရင် နိဗ္ဗာန်ဘဲကွ၊ ပပဉ္စချုပ်လို့ရှိရင်ဖြင့် ခန္ဓာလာမှာဘဲကွ၊ ပပဉ္စချုပ်လို့ရှိရင်ဖြင့် ခန္ဓာလာမှာဘဲကွ၊ ရှင်းကြပြီလား (ရှင်းပါပြီ) ပပဉ္စချုပ်ရင် (နိဗ္ဗာန်ပါ ဘုရား) ပပဉ္စမချုပ်ရင် (ခန္ဓာလာပါမယ် ဘုရား) ခန္ဓာက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ပပဉ္စမချုပ်ရင် နောက် ဒုက္ခလာမှာဘဲ (မှန်ပါ့) ပပဉ္စချုပ်ရင် (ဒုက္ခသိမ်းမှာပါ ဘုရား) ဒုက္ခသိမ်းမှာဘဲဆိုတာ လှညွန့်တို့ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ပပဉ္စချုပ်တို့ရာ ပပဉ္စသတ်နေလို့တော့မရဘူး။ ပပဉ္စဖြစ်ကြောင်း သတ်လိုက် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပပဉ္စဖြစ်ကြောင်း စိတ်ဘဲ

ပပဉ္စကို သတ်မလား၊ ပပဉ္စဖြစ်ကြောင်း သတ်မလား(ဖြစ်ကြောင်း သတ်ပါမယ် ဘုရား) ဒါဖြင့် ပပဉ္စဖြစ်ကြောင်း ဟာ ခင်ဗျားတို့ မနာယတနဆိုတဲ့ စိတ်ဘဲ (မှန်ပါ့) မပေါ်လာသေးဘူးလာ (ပေါ်ပါတယ် ဘုရား) ဟိုဟာတော့ ရုပ်ဘက်က အသာထားလိုက်နော် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ စိတ်သည် ဘုန်းကြီးက သင်ထားတယ်၊ မောင်နိုင်ရေ မြင်စိတ်ဆိုတာလဲ ဧည့်သည်စိတ်၊ သူပေါ်လာလဲဖြစ်ပျက်ရှု၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ကြားစိတ်ဆိုတာလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဧည့်သည်တွေ ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား) နှာခေါင်းထဲ နံတဲ့ စိတ်ကလေးပေါ်လာရင်လဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား) မွှေးတဲ့စိတ်ကလေးပေါ်လဲ (ဖြစ်ပျက်ရှု) လျှာပေါ်စားတဲ့ စိတ်ကလေး ပေါ်လာယင် (ဖြစ်ပျက်ရှု) ဖြစ်ပျက်ရှုရမယ်တဲ့။

တစ်ခါ ကိုယ်ထဲမှာ ဝမ်းထဲမှာ လောဘကလေး ပေါ်လာရင်လဲ (ဖြစ်ပျကမ်ရှုရပါမယ်) မောဟကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) အလောဘဆိုတဲ့ ကုသိုလ်စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) အဒေါသ ဆိုတဲ့ မေတ္တာစိတ်ကလေးများ ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဘာမှမရှိလို့ရှိရင် လေကိုထွက်အောင် အားထုတ်တဲ့စိတ်၊ မဟုတ်ဘူးလား၊ ရှုပေးနော် (မှန်ပါ့) လေကို ပြန်ရှိုက်တဲ့ စိတ်ကော (ရှုပေးရမှာပါ ဘုရား)။

ရှုပေးလိုက်တော့ ဪ ဒီစိတ်တွေဟာ ဘယ်သူတွေတုံးမေးတော့ ဒီစိတ်တွေဟာ ဦးအောင်ဇံဝေလို့ ဆိုင်းဘုတ်ဆွဲလဲရတာဘဲ၊ ဒီစိတ်ရှိနေတုန်း ဦးအောင်ဇံဝေ ခေါ်နေတာကိုး (မှန်ပါ့)။

ဒါဖြင့် ဒီစိတ်သည် ဒကာ ဒကာမတို့ ဒီစိတ်သည်ဘာပါလိမ့်မတုံးဆိုတော့ ခန္ဓာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဒီ စိတ်ဟာ ဘာပါလိမ့် (ခန္ဓာပါ ဘုရား) ခန္ဓာဆိုတာ ဝိညာဏက္ခန္ဓာ၊ သဘောပါပလား (ပါပါပြီ) ခန္ဓာဆိုတာ ဘာတုံး (ဝိညာဏက္ခန္ဓာပါ ဘုရား)။

စိတ်တွေဟာ ဝိညာဏက္ခန္ဓာ

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးဆိုတာ ဝိညာဏက္ခန္ဓာဝမ်းထဲရှိနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဪ ခန္ဓာဆိုတာ ဘာပါလိမ့်တုံး မေးတဲ့အခါကျတော့ စိတ်တွေဟာ ဝိညာဏက္ခန္ဓာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အဲဒီစိတ်တွေဟာ ဦးအောင်ဇံဝေက မုန်းအောင်ရှု၊ ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ့) ဖြစ်ပျက် မြင်အောင်ရှုရင် ယထာဘူတဉာဏ်ရမယ် (မှန်ပါ့)။

လှညွန့် ဘာတဲ့တုံး (ဖြစ်ပျက်မြင်အောင် ယထာဘူတဉာစ် ရပါမယ် ဘုရား) ဖြစ်ပျက်မြင်ရင် (မှန်ပါ့)။

ဖြစ်ပျက်မုန်းရင် (နိဗ္ဗ ိန္ဒဉာစ်ပါ ဘုရား) နိဗ္ဗ ိန္ဒဉာစ်ရမယ် (မှန်ပါ့)။

ဒီဖြစ်ပျက်ကလေးတွေ မုန်းအောင်သာရှုနေ၊ အဲဒီဖြစ်ပျက် မလိုချင်တော့ပါဘူးဆိုတော့ မဆုံးသွားဘူးလား (ဆုံးသွားပါတယ်) ဆုံးသွားရင် နိဗ္ဗာန်မြင်တဲ့ဉာဏ် မလာပေဘူးလား (လာပါတယ်) မဂ်ဉာစ်မရသေးဘူးလား (ရပါတယ် ဘုရား)

ဪ ဒါဖြင့် ဦးအောင်ဇံဝေ ငါလုပ်နေတဲ့ အလုပ်ဟာ တယ်လဲထောက်ခံချက် ကောင်းပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မကောင်းသေးဘူးလား (ကောင်းပါတယ် ဘုရား) ထောက်ခံချက် အင်မတန်ကောင်းပါတယ်။

၁-ကို ၂-နဲ့ လိုက်ပေး

သို့သော် ဒီမောင်ရွှေဝတို့ လူစုကျတော့ လွယ်လွယ်ပြောလိုက်ရင်လဲ ရပါတယ်၊ ဟေ ၁ ကို ၂ နဲ့ လိုက်ပေးရှင်း ပြီလား (ရှင်းပါပြီ)။

၁-ကို (၂-နဲ့ လိုက်ပေးရမယ်) ၁-ကို ၂-နဲ့ လိုက်ပေး။

၁-ကို ၂-နဲ့ လိုက်ဆိုတော့ ပဌမ ၁-နံပါတ်စိတ်ပေါ်တယ်၊ ၂-နံပါတ်နဲ့ သူ့ကို မရှိတော့ဘူးလို့ သိအောင်လုပ်ပေး (မှန်ပါ့) ၁-ပေါ်တိုင်း ၂-က မရှိတာ သိအောင်လုပ်ပေး (မှန်ပါ့)။

၁-ပေါ်တိုင်း ဘာတုံး (၂-က မရှိတာ သိအောင်လုပ်ပေးရပါမယ် ဘုရား)။

၂-ကဪ မရှိတော့ဘူး၊ မရှိတော့ဘူးလို့ နောက်က သိတဲ့ဉာဏ်လိုက်ပေး (မှန်ပါ့)။

၂-ဟာ တစ်ခါတည်း ဒကာ ဒကာမတွေ မှတ်ထားပါ၊ ၁-ကို ၂-နဲ့ လိုက်လို့ရှိရင်ဖြင့် ပပဉ္စချုပ်တာဘဲ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

၁-ကို (၂-နဲ့ လိုက်ယင် ပပဉ္စချုပ်ပါတယ် ဘုရား) ပပဉ္စချုပ်တယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ၁-က ဥပမာမယ် တစ်ခုသက်သေခံ လုံလောက်အောင် ပြပါမယ် (မှန်ပါ့) စားချင်တဲ့ စိတ်ကလေး ဟာ ရှေးဦးစွာ ပေါ်လာတယ်၊ ကိုယ့်သန္တာန်မယ် (မှန်ပါ့) သူရှိသေးသလား၊ မရှိတော့ဘူးလားဆိုတာ နောက်ကနေ ဆင်ခြင်လိုက်စမ်း (မရှိပါ ဘုရား)။

ဆင်ခြင်တဲ့ စိတ်လာတော့ ဟိုစိတ်ရှိသေးရဲ့လား (မရှိပါ ဘုရား) ခန္ဓာကိုယ်ထဲမှာက တစ်စိတ်ဖြစ်ရမှာကိုး (မှန်ပါ့)။

ဆင်ခြင်တဲ့ ဝိပဿနာဉာဏ်ရောက်လာရင်လဲ ခုနင်ကစားချင်တဲ့စိတ်ဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ မရှိတာက ဒကာ ဒကာမတို့ ၁၊ မရှိမှန်းသိတာက ၂၊ (မှန်ပါ့) ဒါဖြင့် (၁) ကို (၂) နဲ့ လိုက်နေရင် ပြီးတာဘဲ (မှန်ပါ့)။

၁-ကို (၂နဲ့ လိုက်နေရင် ပြီးတာပါဘဲ ဘုရား)။

၁-ကို ၂-နဲ့ လိုက်နေ လိုက်နေလို့ရှိရင်ဖြင့်တဲ့ ၊လိုရာခရီးအပြီးတိုင်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ တစ်နေ့ဒီလို ၁-ပေါင်း ဘယ်လောက်ပေါ်မတုံးမေးရင် (မရေတွက်နိုင်ပါ ဘုရား) ဟုတ်လား (မှန်ပါ့)။

ရှေ့စိတ်ကို နောက်ဉာဏ်နဲ့လိုက်

ဒါဖြင့် ရှေ့စိတ်ကို နောက်ဉာဏ်နဲ့လိုက် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာတဲ့တုံး (ရှေ့စိတ်ကို နောက်ဉာဏ်နဲ့လိုက်ရပါမယ် ဘုရား)။

ဘယ်စိတ်ပေါ်ပေါ်၊ နောက်ကနေပြီး ရှိသေးသလား မရှိဘူးလားသာတွေး (မှန်ပါ့) တွေးလိုက်ရင် ဘာတွေ့မယ် ထင်ကြသလဲ (မရှိတာ တွေ့ပါတယ် ဘုရား)။

ဒီလိုဆိုတော့ မရှိတာက အနိစ္စ၊ တွေ့တာက မဂ္ဂဖြစ်နေတာဘဲ့ (မှန်ပါ့) ဒီတော့ မဂ်ဟာ ပပဉ္စဖြတ်တာဘဲ၊ မဂ်ဟာ (ပပဉ္စဖြတ်တာပါ ဘုရား) ပပဉ္စဖြတ်တယ်ဆိုတော့ မင်းတို့က ဖြတ်ရတာလား၊ ပပဉ္စက သူ့ဟာသူ သေတာလား မဂ်လာတာ သက်သက်ဘဲလားလို့မေးရင် ဘယ့်နှယ်ပြောကြမယ် (မဂ်လာတာသက်သက်ပါ ဘုရား)။

မဂ်လာတာ သက်သက်၊ မဂ်နဲ့ဆန့်ကျင်ဘက်မို့ ပပဉ္စက မလာတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဥပမာမယ် ဒီနေရာမှာ မြွေပေါတယ်လို့ အောက်ဆီမှာ ရှိတယ်၊ မြွေပါကလေး လွှတ်လိုက်တော့ ေြ၊ွမပါက မြွေတွေဖမ်းတာ မဖမ်းတာမဟုတ်ဘူး၊ သူလာတာနဲ့ ဟိုမြွေတွေ ပျောက်ကုန်တာဘဲ (မှန်ပါ့) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

အဲ့ဒီတော့ သူကလဲလျှောက်သတ်တာလား၊ သူ့အရှိန်အစော်ကြောင့် ပျောက်ရတာလား (သူ့အရှိန်အစော် ကြောင့် ပျောက်ရတာပါ ဘုရား)။

မဂ်အရှိန်အစော်ကြောင့် ပပဉ္စပျောက်

ဒီမှာလဲ မဂ်အရှိန်အစော်ကြောင့် ပပဉ္စပျောက်တာ (မှန်ပါ့) ပပဉ္စလာလို့ ပျောက်တာလား၊ မလာဘဲနဲ့ ပျောက် နေတာလား (မလာဘဲနဲ့ ပျောက်နေတာပါ ဘုရား) လာခွင့်မရဘဲနဲ့ ပျောက်တာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘယ့်နှယ်ဆိုကြပါ့မယ် (လာခွင့်မရဘဲနဲ့ ပျောက်တာပါ ဘုရား)။

လာခွင့်မရဘဲနဲ့ ပျောက်တယ်ဆိုတော့ ဪ မဂ်ဆိုတာသည် ပပဉ္စကိလေသာ ပယ်တယ်ဆိုတာ ကောင်းကောင်း ရှင်းမသွားသေးဘူးလား (ရှင်းသွားပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့တရားမှာ ဘယ်ဟာတွေ ထောက်ခံချက်ပေးပါလိမ့်မတုံးလို့ မေးတဲ့အခါ စိတ်ရှုနေတဲ့ ပုဂ္ဂိုလ် ထောက်ခံချက် အပြည့်ပေးလိုက်တာပေါ့ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။

စိတ်ရှုနေတဲ့ ပုဂ္ဂိုလ်ကို (ထောက်ခံချက် အပြည့်ပေးပါတယ် ဘုရား) ထောက်ခံပေးလိုက်တော့ ဦးအောင်ဇံဝေ က ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဟာ ဘာကြောင့် ချုပ်တဲ့နိဗ္ဗာန် မမြင်သေးပါလိမ့်မတုံးဆိုတော့ စိတ်မဆုံးသေးလို့ ဟုတ်ကဲ့လား (မှန်ပါ့) ဘယ့်နှယ်ဆိုမလဲ (စိတ်မဆုံးသေးလို့ ပါ ဘုရား)။

ဖြစ်ပျက်တွေ့နေရင် မဆုံးသေးဘူး

မဆုံးသေးတော့ ဖြစ်ပျက်တွေ့နေရင် မဆုံးသေးဘူး (မှန်ပါ့) ဘယ်စိတ်လာလာဖြစ်ပြီး ပျက်သွားတာ တွေ့နေတယ်၊ နောက်စိတ်လာပြန်ကော (ဖြစ်ပြီးပျက်သွားတာ တွေ့နေပါတယ် ဘုရား)။

တွေ့နေသေးလို့ရှိရင် လာသေးလို့တွေ့တာ (မှန်ပါ့) သူမလာတော့ဘူးဆိုရင် ဖြစ်ပျက်ကို တွေ့နေဘို့လိုသေးသလား (မလိုတော့ပါ ဘုရား)။

မလိုလို့ရှိရင်ဖြင့်တဲ့ ဒါ ပပဉ္စရောဓောဘဲ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ဘယ်လိုဆိုမလဲ (ပပဉ္စနိရောဓောပါ ဘုရား) ပပဉ္စနိရောဓော- ပပဉ္စချုပ်သွားပြီတဲ့၊ သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် ဒီအလုပ်သည် ခင်ဗျားတို့ နိဗ္ဗာန်ဟာ ပပဉ္စချုပ်တာ နိဗ္ဗာန်ဘဲဆိုတော့ နိပ္ပပဉ္စကိုး၊ ပပဉ္စချုပ်တယ် ချုပ်ချင်လို့ချုပ်ရတာလား၊ ၁-ကို ၂-နဲ့ လိုက်နေတာနဲ့ဘဲ လိုက်ပါများလို့ ချုပ်သွားတာလား (၁-ကို ၂-နဲ့ လိုက်ပါများလို့ ချုပ်သွားတာပါ ဘုရား)။

လိုက်ပါများတော့ ချုပ်သွားတော့ လိုက်ပါများတော့ ရင့်မလာဘူးလား (ရင့်လာပါတယ် ဘုရား)။

မလိုချင်တဲ့ဉာဏ်

ပဌမတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်တယ်မရင့်သေးဘူး (မှန်ပါ့) နောက် ဒုတိယ ဖြစ်ပျက် မုန်းတဲ့ ဉာဏ်ဆိုတော့ ဘယ်နှယ်နေသတုံး (ရင့်ပါတယ် ဘုရား) ရင့်ပြီး သူက အလတ်စား၊ ရင့်တယ် (မှန်ပါ့)။

နောက်ကျတော့ ဒီ – ဝိညာဏက္ခန္ဓာ ဖြစ်ပျက်ကြီးကိုဘဲ ဒုက္ခသစ္စာ အစစ်အမှန်သိပြီးသကာလ မလိုချင်တဲ့ဉာဏ် မလာပေဘူးလာ (လာပါတယ် ဘုရား)။

လာတော့ ဒါဉာဏ်ရင့်တာ ကုန်ပြီ (မှန်ပါ့) ကုန်တော့ ဖြစ်ပျက်က ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ကို ပပဉ္စချုပ်သွားတော့ကို ဒီစိတ်ရှိနေလို့ ပပဉ္စရှိနေတာကိုး (မှန်ပါ့) စိတ်မှ မရှိဘဲနဲ့ ပပဉ္စက ရှိနေချင်လို့ ဘယ့်နှယ်နေသေးတာလဲ (မဖြစ်နိုင်ပါ ဘုရား) မရှိနိုင်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကောင်းကောင်းလိုက်တတ်ပြီလား (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (လိုက်တတ်ပါပြီ ဘုရား) လိုက်တတ်ပြီနော် (မှန်ပါ့)။

ဪ ဒါဖြင့် ပပဉ္စချုပ်ဘို့ရာ တဏှာ,မာန,ဒိဋ္ဌိ ပပဉ္စကို ကျုပ်တို့ဖြင့် အကြောက်ဆုံးဘဲ (မှန်ပါ့) တဏှာလာလဲ တဏှာဥပါဒါန်,ကံ,ဇာတိ,ဇရာ,မရဏ၊မာနလာလဲ မာန မာနုပါဒါန်မာနကျေးဇူးပြုတဲ့ ကံတွေ လာဦးမှာဘဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဒိဋ္ဌိလာပြန်လို့ရှိရင် ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိက ကျေးဇူးပြုတဲ့ ကံတွေ မလာပေဘူးလား (လာပါတယ် ဘုရား) ကမ္မဘဝပစ္စယာ ဇာတိတွေက ဖြတ်လို့ရသေးရဲ့လား (မရပါ ဘုရား)။

အဲ့ဒီတော့ကိုတဲ့ ဇာတိဒုက္ခ မကြောက်ပါနဲ့၊ ဇရာဒုက္ခမကြောက်ပါနဲ့၊ ပပဉ္စချုပ်အောင် လုပ်လိုက် (မှန်ပါ့)။

တဏှာ မာန ဒိဋ္ဌိချုပ်အောင် (လုပ်ရပါမယ် ဘုရား) သူလာတော့ကိုသူ့လိုက်သတ်ရမှာလားတဲ့၊ သူမလာအောင် တားတဲ့ဉာဏ်ပေါ်အောင် လုပ်ရမှာလားမေးရင် ဘယ့်နှယ်ဖြေကြမယ် (သူမလာအောင် တားတဲ့ဉာဏ်ပေါ်အောင်လုပ်ရ မှာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဓါတ်မီးထွန်းလိုက်တယ်

ဒါဖြင့် ဉာဏ်လာရင် အလိုလိုသွားတာဘဲ (မှန်ပါ့) ဥပမာမယ် ဓါတ်မီးထွန်းလိုက်တယ် ဘုန်းကြီးက ထွန်းလိုက်တော့ မောင်ရွှေဝရေ တစ်ကျောင်းလုံး လင်းသွားတယ်။ အမှောင်တွေဟာ ဘယ်သွားကုန်သတုံးမေးတော့ ဘယ်မှ မသွားဘူး၊ ဒီနေရာတွင် ပျောက်ကုန်တယ်။ ဘယ်သွားတယ်လို့ မြင်ကြရဲ့လား၊ အမှောင်တွေ တတန်းကြီး ထွက်သွားတယ်လို့များ ရှိရဲ့လား (မရှိပါ ဘုရား)။

မရှိပါဘူး၊ ဘယ့်နှယ်ကြောင့် ပျောက်သွားပါလိမ့်မတုံးဆိုတော့ အလင်းရောက်လို့ အမှောင်ပျောက်တာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ဒုက္ခပျောက်လို့ သုခရောက်မှာဘဲ၊ ရိပ်မိမလား (ရိပ်မိပါပြီ) ဒုက္ခပျောက်လို့ (သုခရောက်ရမှာပါ ဘုရား)၊

ဒါဖြင့် ဝိညာဏက္ခန္ဓဟာ ဘာသစ္စာတုံး ဦးအောင်ဇံဝေ (ဒုက္ခသစ္စာပါ ဘုရား)။

အေး ဒီအကြောင်းသာ မှတ်ထား၊ မီးထွန်းလိုက်သည်နဲ့ တစ်ပြိုင်တည်း မောင်မြ ဘာတွေ ပျောက်သွားသလဲ (အမှောင်ပျောက်သွားပါတယ် ဘုရား)။

အမှောင်ပျောက်သွားတယ်၊ ဘယ့်နှယ့်ကြောင့်ပျောက်သွားသတုံး၊ သူကလိုက်ပြီး စားသောက်ပစ်လိုက်သလားလို့ မေးတော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူးတဲ့ စားသောက်ပစ်တာလဲ မဟုတ်ပါဘူး။ သူက နိုင်လိုမင်းထက် လုပ်တာလဲ မရှိပါဘူး၊ သဘောပါ ပြီလား (ပါ-ပါပြီ ဘုရား)။

အင်း သူ့နိုင်တာလာတာနဲ့ သူမရှိရတော့ဘူး (မှန်ပါ့) သူ့နိုင်တာလာတာနဲ့ (သူမရှိရပါ ဘုရား) သူမရှိရတာဘဲဆို တော့ မသေချာဘူးလား (သေချာပါတယ်) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့စိတ် ပပဉ္စသာ စိတ်မနာယတနသာ ချုပ်အောင်ရှုနော် (မှန်ပါ့) ပပဉ္စအလိုလို ချုပ်ပါ လိမ့်မယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။