11002

မာတိကာသို့

သစ္စာလေးပါပြ ဆပ္ပါဏကောပမသုတ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌

ဟောကြားတော်မူသော

သစ္စာလေးပါပြ

ဆပ္ပါဏကောပမသုတ် တရားတော်

(၃၀-၅-၆၂)

ခန္ဓာဇာတ်သိမ်းတရား မနာဘူးလို့

ဒီခန္ဓာကိုယ်ကြီးကို ဒီလို သည်ပိုးပြီး သကာလ ဒီလို သုဿာန် မျက်စောင်းထိုးနေရတာ၊ တနေ့နေ့ သေဦးမှာ ဘဲဆိုတဲ့ မျက်စောင်းထိုးနေရာတာ၊ ဒီတရားမျိုးကို မနာဘူး၊ ဒီလို ခန္ဓာဇာတ်သိမ်းတဲ့ တရားကို မနာဘူးတဲ့အတွက် ဒါတွေ တွေ့နေရတယ်ဆိုယင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် လူတယောက်ယောက်သည်ကားလို့ ဆိုလို့ရှိရင် ဘုရားတစ်ဆူဆူကြားမှာ လူတစ်ယောက် အရိုးပုံထားမယ် ဆိုလို့ရှိရင် ၁၃-မိုင် အမြင့်ရှိတယ်၊ အကျယ်ကလဲ ၁၃-မိုင်ရှိတယ်ဆိုတော့ ဒါဟာ အသေများလွန်းလို့ပေါ့နော် (မှန်ပါ့)။

အရိုးတွေ မပုပ်ဘူး၊ မဆွေးဘူး တစ်ခါတည်း ဒီအတိုင်းသာ နေကြမယ်ဆိုရင် ၁၃-မိုင် စတုရမ်း၊ ၁၃-မိုင်အမြင့် ရှိမယ်လို့ ဝေပုလ္လတောင်လောက်ရှိမယ်လို့ ဟောထားတယ်၊ ဒါခန္ဓာဇာတ်သိမ်းတရား မနာဘူးလို့ လို့ မှတ်ရမှာ ပဲ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (ခန္ဓာဇာတ်သိမ်းတရား မနာဘူးလို့ပါ ဘုရား)။

ခန္ဓာဇာတ်သိမ်းတရား မနာဘူးလို့ အသေတရားကိုကြိုးစားဘူးတယ်လို့ ဆိုရမှာပဲ (မှန်ပါ့) ဘယ်လို ဆိုကြမယ် (အသေတရား ကြိုးစားဘူးပါတယ် ဘုရား)။

အသေတရားတွေသာ ကြိုးစားဘူးတယ်လို့ ဆိုကြရလို့ရှိရင်ဖြင့် ဒါ-အသေလွတ်တရားကို အခု ဟောနေတယ် နောက်ထပ် သေစရာမရှိတဲ့ တရားကို ဟောနေတာ မောင်နိုင်ရေ (မှန်ပါ့)။

အဲ့ဒီတော့ ဒီတစ်ခါ အသေလွတ်တရားကို နာလဲ နာရပြီ၊ အသေလွတ်တဲ့အလုပ်ကို လုပ်လဲ လုပ်ပါ့တော့မယ် ဆိုလို့ရှိရင်ဖြင့် အရိုး ၁၃-မိုင်လောက်စတုရမ်းတက်နေတာကြီးဟာ ရုပ်သိမ်းသွားမှာဘဲဆိုတာ မှတ်ကြစမ်းပါ – (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီတခါအသေလွတ်တရားကို နာလဲ နာရပြီ၊ အသေလွတ်တဲ့အလုပ်ကို လုပ်လဲ လုပ်ပါတော့မယ် ဆိုလို့ရှိရင်ဖြင့် အရိုး ၁၃-မိုင်လောက် စတုရမ်းတက်နေတာကြီးဟာ ရုပ်သိမ်းသွားမှာဘဲဆိုတာ မှတ်ကြစမ်းပါ-(မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ တစ်ယောက်သေတဲ့အရိုး ပြောတာနော် (မှန်ပါ့) အထပ်ထပ် ဒီဥစ္စာသေနေရတာ မဆွေးဘဲနဲ့ ပုံလို့ရှိရင် ငါဘုရား သဗ္ဗညုတ ဉာဏ်တော်နဲ့ အကျယ်စတုရမ်း ၁၃-မိုင် အမြင့် ၁၃-မိုင် ဆိုတော့ မောင်အောင်ချီတို့ နည်းသလား (မနည်းပါ ဘုရား)။

အဲဒီတော့ ဒါ ဘယ်လိုလုပ်နေခဲ့ကြလို့၊ အို သေဖို့ နောက်ထပ် အလုပ်တွေ လုပ်ခဲ့လို့ ဖြစ်ရတာပေါ့ (မှန်ပါ့) အသေဇာတ်သိမ်းကို နဲနဲမှ မလုပ်ခဲ့လို့ပေါ့၊ ဒါဘဲ အဖြေထွက်လာတယ်နော် (မှန်ပါ့ ဘုရား)။

အဲ့ဒါ့ကြောင့် ဒီတစ်ခါတွေ့တုန်းကြုံတုန်းမှ မောင်နိုင်တို့လူစု၊ မောင်မြင့်တို့လူစု ဇာတ်မသိမ်းတော့ပါဘူး ဆိုလို့ ရှိရင်ဖြင့် ရောဂါရလို့ သေတာမျိုး၊ သူများပါးစပ် စားလို့- ဝါးလို့သေရတာကတမျိုး၊မီးလောင်လို့ သေရတာကတမျိုး၊ ကျောက်ပေါက်လို့ သေရတာက တစ်မျိုးဆိုတော့ သေခြင်းဆိုး အမျိုးမျိုးနဲ့ သေဦးမှာဘဲ (မှန်ပါ့ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါ ဘာ့ကြောင့် သေခြင်းဆိုး အမျိုးမျိုးနဲ့ တွေ့ရပါလိမ့် မတုံး လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် အသေလွတ်တရား မနာဘူးလို့ ။ ဒါဘဲ အဖြေထွက်တယ် (မှန်ပါ့) တခြားအဖြေထွက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ စဉ်းစားကြပါ။ ဒီအလုပ်ကို လက်လွတ်သွားလို့ရှိရင် ငါ-ဘာဖြစ်မတုံးဆိုတဲ့ ဥစ္စာ ဘာမှတွေးမနေနဲ့တော့၊ အရိုး ၁၃-မိုင်မြင့်အောင် ဖြစ်ရမည့် အဖြစ်ဟာ ငါ့အဖြစ်ဘဲလို့ မောင်မြင့်တို့ မှတ်သား လိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) အရိုးချည်း အရိုးချည်း (မှန်ပါ့) အဲဒါ ဘုရားသဗ္ဗညုတ ဉာဏ်အမြင်နဲ့ပြောတာ တဲ့၊ ပြောသံကြားနဲ့ ပြောတာမဟုတ်ဘူး။

သဗ္ဗညုတ ဉာဏ်အမြင်နဲ့ပြောတာ

ကိုပေါ်ဘာတဲ့တုံး (ဘုရားသဗ္ဗညုတဉာဏ်အမြင်နဲ့ ပြောတာပါ ဘုရား) ပြောသံကြားကော (မဟုတ်ပါ ဘုရား) ပြောသံကြားနဲ့ မဟုတ်ဘူး ဆိုတော့ မောင်နိုင် အလွန်ကြောက်စရာကောင်းသွားပြီ (မှန်ပါ့ ဘုရား) အဲဒါ အရိုးမရှိတဲ့ သတ္တဝါတွေဖြစ်တာ ငါမထည့်သေးပါဘူးကွာတဲ့ (မှန်ပါ့)။

အရိုးမရှိတဲ့ တီတို့၊ ပက်ကျိတို့ ဟုတ်လား ။ အရိုးမရှိတဲ့ ပြိတ္တာတို့ဖြစ်လို့ အရိုးပုံစရာမရှိတဲ့ သတ္တဝါဖြစ်တာ ငါမထည့်သေးဘူးတဲ့ (မှန်ပါ့) ဒါတွေ ထည့်ရင် မကဘူးပေါ့ဗျာ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီအရိုးတောင်နှယ်ပုံရပါလိမ့်မတုံးလို့ မေးလို့ရှိရင် မောင်နိုင် အဖြေထွက်ပလား (ထွက်ပါတယ် ဘုရား) ဘယ်လို ထွက်ကြပါလိမ့် (အသေလွတ်တဲ့ တရားကို မနာရလို့ ပါ ဘုရား) အသေလွတ်တဲ့ တရား မနာရလို့နော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲ့ဒီတော့ ဒကာ ဒကာမတွေက ကိုယ်ရတဲ့ စီးပွားရေးကလေးနဲ့ ကိုယ့် တိုက် ကိုယ့်တာကလေးနဲ့ ကိုယ့် ကားကလေးနဲ့ ကိုယ့် စိန် ကိုယ့် ရွှေ ကိုယ့် ကျောက်ကလေးနဲ့ သေပျော်ပြီ များတော့ အောက်မေ့ပြီး တင်းတိမ်မနေ လိုက်စမ်းပါနဲ့၊ ဘာမှမဟုတ်ဘူး၊ ဒါ တဏှာ သမုဒယက ချော့ထားလို့ ခင်ဗျားတို့ကို နောက်ထပ်သေရအောင်လို့ ချော့ထားတာဘဲ ရှိသေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာသမုဒယချော့တာပါ

တဏှာ သမုဒယက ဘယ်လောက်ထိအောင် အချော့ကောင်းသတုံးလို့ မေးတော့ အသက်ခြောက်ဆယ် – ခြောက်ဆယ်ကျော် ဒကာ ဒကာမတွေတောင်မှ သားကလေးနဲ့ ချော့ထားလိုက်၊ သမီးကလေးနဲ့ ချော့ထားလိုက်၊ ပစ္စည်းကလေး ရှာမှီးမှုနဲ့ ကံကောင်းသလိုလိုနဲ့ ချော့ထားလိုက်၊ ဘာထင်သတုံးကွ မောင်နိုင် ဘယ်သူချော့ ထားတာတုံး (တဏှာသမုဒယချော့တာပါ ဘုရား) တဏှာကချော့ထားတာ၊ ချော့ထားတော့ဒါကြီးတွေတောင်မှ အသေလွတ်တရားကို တကယ်တွေ့တောင် ကိုပေါ်ရေ မလုပ်ချင်တဲ့ စိတ်ကလေးပေါ်တယ် (မှန်ပါ့ ဘုရား)။

အချိန်ရှိခိုက် လုံ့လစိုက်လို့ တဏှာကဟောထားတယ် (မှန်ပါ့) ဘယ့်နှယ် ဟောထားသလဲ (အချိန် ရှိခိုက် လုံ့လစိုက်) ဖြစ်မှ ဖြစ်ရလေကွာ ၊ ဒီဟာ စိုက်ရမှာမဟုတ်ဘူးကွ၊ ဒါစိုက်ရမှာ မဟုတ်ဘူးရိပ်မိကြပလား ( ရိပ်မိပါပြီ ဘုရား)။

အရိုး ၁၃-မိုင် အမြင့်တက်မည့် အလုပ်ကြီးကို ဇာတ်သိမ်းတာ ဂရုစိုက်၊အဲဒါမီ အခုအချိန်ရှိတုန်း အခုဂရုစိုက် ရမှာဆိုတာ သင်ရမှာ (မှန်ပါ့) ဘာမဟုတ်တဲ့ ဥစ္စာအတွက်အချိန်ရှိခိုက် လုံ့လစိုက်နဲ့ မောင်မြင့်တို့ သင်ထားလိုက်တဲ့ ဖြစ်ခြင်းတွေ (မှန်ပါ့) မောင်အောင်ချီ မင်းတို့ အမေ-အဖေတွေ သင်ထားတတွေ ဟင် (မှန်ပါ့ ဘုရား)။

ဟိုအရိုး ၁၃-မိုင်မြင့်အောင် သေရမည့် အလုပ်ကြီးသင်ထားတာနဲ့ကော မတူဘူးလား (တူပါတယ် ဘုရား)။

အဲဒါ ဉာဏ်နားနဲ့ သေသေချာချာထောင်တော့မှ ဪ ဒို့သူများပါးစပ် လမ်းဆုံးပြီး သကာလ နေရတဲ့ အလုပ်ဟာ သေတွင်း တွန်းနေတာပါပလား ။ မောင်မြင့် ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သူများ ပါးစပ် လမ်းဆုံးနေတာ (သေတွင်းတွန်းပို့နေတာပါ ဘုရား)။

အရိုးဘဲ ၁၃-မိုင်မြင့်တို့ လမ်းဆုံးနေတာဘဲဆိုတာ မောင်အောင်ချီတို့ မောင်မြင့်တို့ရှင်းပလား (ရှင်းပါပြီ) မောင်အောင်သိန်း (ရှင်းပါပြီ ဘုရား)။

ဒါ ဘာမှမသိတဲ့ပုဂ္ဂိုလ်၊ တစ်ဘဝ တစ်နပ်စာကလေး၊ တစ်သံသရာလုံး အရိုးတောင်လိုပုံရမှာ အပါယ်ကျတာတွေ အသာထားပါဦး၊ အပါယ်ကျတာ အရိုးရှာမတွေ့ပါဘူး၊ မီးတောက်ကုန်တာနဲ့ ကုန်တာပဲ (မှန်ပါ့ ဘုရား)။

အသေလွတ်တရား

အဲဒါ အသေလွတ်တရားတွေကိုတွေ့လဲမတွေ့ဘူး၊ လုပ်လဲမလုပ်ဘူးဘူးဆိုတော့ မောင်အောင်ချီ သိပ်ခက်သွား တယ် (ခက်ပါတယ် ဘုရား) ရှင်ပလား (ရှင်းပါပြီဘုရားး)။

ဒါကြောင့် မင်းတို့၊ မင်းတို့နေတဲ့ ရန်ကုန် မင်းတို့နေတဲ့ မိုးကုတ်ပတ်ဝန်းကျင်တွေ ကြည့်မနေနဲ့၊ ဆရာသမားနဲ့ ဘုရားကဟောတဲ့ အသေလွတ် အရိုးတောင်လိုပုံမည့် အလုပ်ကိုသာ ဇာတ်သိမ်းဘို့ ငါအရေးကြီးတယ်၊ ဘေးပတ်ဝန်းကျင် တွေကြည့်ပြီး ငါမာနတက်၊ သူများရှာသလို ရှာတာပေါ့၊ သူများစားသလို စားတာပေါ့၊ သူများသွားသလို သွားတာပေါ့ ဆိုတာကို မောင်နိုင် အားကျစရာမလိုဘူး (မှန်ပါ့) လိုသေးသလား (မလိုပါ ဘုရား)။

ဒါ တဘဝနပ်စာ မျက်တောင်မွေး တဆုံးလောက်ကိုသာ ကြည့်ပြီး မြင်တယ်ဆိုယင် လွဲပါ့မလာ (မလွဲပါ ဘုရား) တသံသရာလုံးတခါတည်း အိုမဆုံး, နာမဆုံး, သေမဆုံးတွေဖြစ်ရမှာကို ကြောက်စရာကောင်းတယ် (မှန်ပါ့) ကြောက်စရာမကောင်းကြဘူးလား (ကောင်းပါတယ် ဘုရား)။

ကိုင်းဒါဖြင့် ခင်ဗျားတို့ ဒို့ဟာ ခဏလေးမှတ်ပါ၊ ခဏကလေးလို့ မှတ်ပါနော် (မှန်ပါ့ ဘုရား) ခဏတော့ ခင်ဗျားတို့ကလဲ နက်ဖြတ်သေနိုင်တဲ့ ပုဂ္ဂိုလ်၊ ညသေနိုင်တဲ့ပုဂ္ဂိုလ်၊ ဟောတဲ့ ပုဂ္ဂိုလ်ကလဲ နက်ဖြန်သေနိုင်- ညသေနိုင် တဲ့ ပုဂ္ဂိုလ်၊ ဒီခဏကလေးဖြစ်တယ် (မှန်ပါ့) မဟောဘူးလား (ဟောဒါတယ် ဘုရား)။

တကယ်တမ်းဆိုရင် ဖြစ်နိုင်တာချည့်ဘဲ မဟုတ်လား (ဖြစ်နိုင်ပါတယ်) တစ်နေ့ကသွားတဲ့ ဝန်ကြီးတစ်ယောက် မမြင်ဘူးလားကွာ ဒီမှာတစ်ညအိပ် ဟိုရောက် သေဆိုတော့ ခဏဘဲ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒီတော့ မင်းတို့တဏှာကတော့ မြှောက်တယ်၊ အို သူသာဖြစ်တယ်၊ ငါမဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မြှောက်ပြန်တယ် (မှန်ပါ့)မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါ့ကြောင့် အသေလွတ်တဲ့တရားကို အဲဒီလူဟာတွေ့သွားလေသလားလို့ မောင်အောင်ချီတို့၊ မောင်မြင့်တို့ စဉ်းစားစမ်း(မတွေ့ပါ ဘုရား) လုပ်သွားရသေသလားလို့ ဆိုတော့ကော (မလုပ်သွားရပါ ဘုရား)။

ဒါဖြင့်ဘာတွေ သူသည်ကားလို့ ဆိုရင်ဖြင့် လုပ်သွားပါလိမ့်မတုံးဆိုတော့ အရိုးနောက်ကို တောင်နှယ်ပုံတဲ့ အလုပ်ကိုလုပ်သွားတယ် (မှန်ပါ့ ဘုရား) ဒီ့ပြင် ဘာဆိုစရာရှိသေးသလဲ (မရှိပါ ဘုရား)။

ကိုယ့် အခြေအနေဖြင့် ဘာမှမဟုတ်ဘူး

အဲဒီတော့ မင်းတို့အဖြစ်ဟာ ဒီလိုဆရာကောင်းသမားကောင်းနဲ့ သာသနာတွင်းကြုံပြီးအသေလွတ်ကို ဒုက္ခဇာတ် သိမ်းတဲ့အလုပ်ကို လုပ်ရတယ်-နာရတယ်- လုပ်တတ်တယ်ဆိုတဲ့ ဥစ္စာ အလွဲသုံးစွားနဲ့ ဒီအချိန်ကလေး မဖြုန်းလိုက်ပါနဲ့ ဆိုတဲ့ဥစ္စာ မောင်မြင့်တို့၊ မောင်နိုင်တို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဘာမှမဟုတ်မဘူး၊ ကိုယ့် အခြေအနေဖြင့် ဘာမှမဟုတ်ဘူးဆိုတာသာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ကိုယ့်အခြေအနေတော့ဖြင့် (ဘာမှမဟုတ်ပါ ဘုရား) ဘာမှမဟုတ်ဘူးဆိုတာသာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဘာမှမဟုတ်တာမှ ဘာမှမဟုတ်တာ (မှန်ပါ့ ဘုရား)

ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ အသေလွတ်တရားတခု တော့ကွာ အမြဲထားကြပါတဲ့ နော် (မှန်ပါ့)ဘာတဲ့တုံး (အသေလွတ်တရား အမြဲထားပါတယ် ဘုရား)။

အသေလွတ်တရားတခုကို အမြဲထားကြပါဆိုတော့ ကိုယ်ကိုရှုတဲ့ သတိပဋ္ဌာန်တမျိုး၊ ဝေဒနာကိုရှုတဲ့ သတိပဋ္ဌာန် တမျိုး၊ စိတ်ကိုရှုတဲ့ သတိပဋ္ဌာန်တမျိုး၊ သစ္စာကိုရှုတဲ့ သတိပဋ္ဌာန်တမျိုး၊ ဘယ်နှစ်မျိုးရှိသလဲ (လေးမျိုးရှိပါတယ် ဘုရား) အဲဒီလေးမျိုးတွင် တမျိုးမျိုးကို ရှုလို့ရှိရင်ဖြင့် မင်းတို့ ဒါဟာအသေလွတ်တရားဘဲ (မှန်ပါ့) ဝေဒနာရှု နေတယ် (အသေလွတ်တရားပါ ဘုရား)။

သတိပဋ္ဌာန်လေးပါး တစ်ပါးပါးလက်ကိုင်ထား

လေးမျိုးရှိတဲ့အနက်က တစ်ခုခုကိုဖြင့် ဒီဘဝမှာ အမြဲလက်ကိုင်ထားပါတဲ့၊ ဘာကြောင့်တုံးဆိုတော့ ကိုယ့် အသေကို နောက်သေလတ္တံ့ကို၊ အသေဆိုတာက သေတစ်ခုတည်းလာတာ မဟုတ်ဘူး သားနဲ့ခွဲ, မယားနဲ့ခွဲ, ပစ္စည်းနဲ့ခွဲ, ခင်ပွန်း မတွေနဲ့ခွဲ, ဒုက္ခ, ဒေါမနဿတွေနဲ့ရောပြီး သေသွားတာ (မှန်ပါ့ ဘုရား)။

သေပြီးအပါယ်သွားလိုက်စမ်း၊ အပါယ်ကတက်လာတဲ့တိရစ္ဆာန်ဖြစ်၊ အရိုးပုံလိုက်၊ မောင်နိုင် ဘယ်မှာကောင်း တာပါသတုံး (မပါ-ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီး ဘုရား)။

ဒါဖြင့် ဒီဥစ္စာသည် ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးလက်ကိုင်ရှိလို့ ရှိရင်ဖြင့်လဲ ဒါဟာ မင်းတို့သန္တာန်မှာ ဘုရာပွင့်ပြီး သကာလ နေလို့ ကယ်ယူနေတဲ့ ပုဂ္ဂိုလ်ပေါ်ကာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘုရားလဲပွင့်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ကယ်ယူတဲ့ပုဂ္ဂိုလ် ဒို့မှာအဆင်သင့်ရှိနေတယ်လို့ မှတ်ရမှာ ဘဲ ဆိုတာ ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် မင်းတို့မှာ ဘာတခု လက်ကိုင်ထားရှိရမယ် (သတိပဋ္ဌာန်လေးပါး) သတိပဋ္ဌာန်လေးပါထဲက တပါးပါး လက်ကိုင်ရှိရမယ် (မှန်ပါ့) ကိုယ့်ကြိုက်ရာ သတိပဋ္ဌာန်ပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါ့ပြီ ဘုရား)။

ဒီဟာ လက်ကိုင်ထားပါလို့ ပြောခြင်းသည် ဘာဖြစ်လို့ ဒီဘဝမှာ ဟောနေတာတုံးလို့ မေးတဲ့အခါကျတော့ အသေလွတ်တာကလေး လက်ကိုက်ထားရမယ် ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လေယာဉ်ပျံ စီးတယ်ဆိုလို့ရှိရင် အင်း ဘယ်သူ့ကြည့်ရင်ဖြင့် ဂျွမ်းထိုးမှောက်ခုံး မသွားရအောင် ခါးပတ် ကလေးပတ်ထားတာ၊ ဒါဘာတုံး အသေလွတ်ကလေး ပတ်ထားတာ၊ အသေလွတ်ကလေး လုပ်ထားတာ၊ ရှင်းပလား (ရှင်းပါပြီ)။ လှေကားကလေးတွေ လက်ရမ်း တပ်ထားတာ (အသေလွတ်တပ်ထားတာပါ ဘုရား) အသေလွတ် တပ်ထားတယ် (မှန်ပါ့) မောင်နိုင် လှေကားလက်ရမ်း တပ်ထားတာ (မှန်ပါ့ ဘုရား)။

မော်တော်ကားဘေးကနေပြီး သကာလ မှန်တွေကာ, သံတွေကာ, ဆေးတွေသုတ်ပြီးတော့ကာ တာကလဲ အသေလွတ်လုပ်ထားတာ (မှန်ပါ့) ဘာဖြစ်လို့လဲ လေတိုက်လို့လဲ လေမိမသေရအောင်၊ နေပူလို့လဲ ပူပြီးမသေရအောင်၊ သူများက ခဲနဲ့ပစ်လိုက်ပြန်လဲ မထိမခိုက်အောင်ဆိုတော့ ဒါကလေးတွေကျတော့လဲ မင်းတို့က ဒါမှခိုင်တယ်၊ ဒီပစ္စည်း အဖိုးတန်ချက် တန်ပါစေ၊ များချင်လဲ များပါစေ ဒါကလေးတော့ ဝယ်မှဘဲ၊ ဒါ-ဘာတုံး ဒါ အကာအကွယ်ကောင်းတာ မဆိုကြဘူးလား (ဆိုကြပါတယ် ဘုရား)။

အဲဒါက ဗဟိဒ္ဓကာကွယ်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား) ဗဟိဒ္ဓရန်ကိုသာ ကာကွယ်နိုင်ပါတယ် တဲ့၊ အဇ္ဈတ္တက ကိလေသာတွေက နှိပ်စက်မဲ့ သေပွဲကြီးကို ကာကွယ်နိုင်ရဲ့လား (မကာကွယ်နိုင်ပါ ဘုရား)။

အဲ့ဒီတော့ ဒီဘက်ကလဲ သတိပဋ္ဌာန် လက်ရုံးပြုပြီးတော့ထားကြ (မှန်ပါ့) သတိပဋ္ဌာန်လက်ကိုင်ပြီး တော့ (ထားရပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ဒီဥစ္စာလက်ကိုင်လုပ်ကြပါလို့ အများကြီးတိုက်တွန်းနေပါလိမ့်မလဲလို့ ဒီဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် နေရာတိုင်းမှာ အားကိုးရှာငြားသော်လဲ အားကိုးလွဲနေတယ် (မှန်ပါ့) သဘောကျ ပလား-(ကျပါပြီ ဘုရား)။

အားကိုးအစစ်က ဘာတွေ့ကြသလဲ

အဲဒီတော့ အားကိုးအစစ်ကလေးက တကယ်မသေတဲ့ အားကိုးအစစ်က ဘာတွေ့ကြသလဲ (သတိပဋ္ဌာန် လေးပါး တွေ့ပါတယ် ဘုရား) သတိပဋ္ဌာန် လေးပါးဘဲ တွေ့တယ်ဆိုကြစို့ (မှန်ပါ့) လေးပါးထဲက တစ်ပါးပါးဘဲ တွေ့တယ်ဆိုကြစို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ် ဒါမှမရှိလို့ ရှိရင်ဖြင့် ဪ လက်ကိုင်လွတ်နေတာဘဲ၊ သေချင်တဲ့အချိန် သေဘို့ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့ကစပြီး အခုတရားနာတဲ့ ဒကာ ဒကာမတွေ လက်ကိုင်ဖြင့် ဘယ်အခါကာလမှ သွားလဲ ဒါကလေး လက်ကိုင်နဲ့သွား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း တောင်တင်ပြန်လဲ (ဒါကလေး လက်ကိုင်ထား) မော်တော်ကား စီးပြန်ကော (ဒါကလေး လက်ကိုင်ထား) ထမင်းစားပြန်ကော (ဒါကလေး လက်ကိုင်ထား)။

ဒါကလေး လက်ကိုင်နဲ့ ဆိုလို့ရှိရင်ဖြင့် ဒီဘဝသေသွားငြာသော်လဲ နောက်အရိုးတောင်လိုပုံစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အိမ်မှာ လှေကား လက်ရမ်းတပ်ရတာ ချော်လဲပြီး၊ လိမ့်ကျပြီး၊ လျော့ကျပြီး သေသွားမှာစိုးလို့ (မှန်ပါ့ ဘုရား) လှေကား လက်ရမ်းတပ်ရတာဟာ မကိုင်ဘဲနဲ့ တက်တဲ့လူ အင်မတန် ရှားတယ်၊ မရှားဘူးလား (ရှင်းပါတယ် ဘုရား) ဘာ့ကြောင့်တုံး ဆိုတော့ အသေလွတ်အောင် အနာလွတ်အောင်လို့ ထားကြတာ မဟုတ်လား (မှန်ပါ့)။

ကဲ အိမ်မှာ အသုံးအဆောင်တွေကကောကွာ ၊ ဘာလုပ်ဖို့ ထားကြရတာတုံးမေးတော့ (အသေ လွတ်အောင်လို့ပါ) တကယ်ကျတော့ (မလွတ်ပါ ဘုရား) ဆန်, ဆီတွေ ကြားထဲမှာ သေတာဘဲ (မှန်ပါ့) မသေဘူး လား (သေပါတယ် ဘုရား)။

ဒါတွေလဲ လွတ်တယ်လို့ဆိုပြီ သကာလ ငတ်တော့ မသေစေနဲ့တော့၊ ဝ, ပေစေတော့ဆိုပြီး ယူထားလိုက်တာ ဝ,ရင်းသေသွားတယ် (မှန်ပါ့) တစ်ချို့ကျတော့လဲ ငတ်ရင်းသေသွားတယ်၊ အသေလွတ်တဲ့လား (မလွတ်ပါ ဘုရား) သတိပဋ္ဌာန်တခုခု လက်ကိုင်ထားလိုက်လို့ရှိရင်တော့ဖြင့် ဒကာ ဒကာမတို့ နောက်ထပ် အသေဟာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဆရာသမားက အမြင်ကျယ်ကျယ်နဲ့ ပြော- ဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောထားတဲ့အတိုင်း ဆိုသဖြင့် ဒို့ဖြင့် ယနေ့ကစပြီး ဒီလက်ကိုင်ကို မလွတ်တော့ဘူး၊ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဘာတုံးဒီလက်ကိုင်က (သတိပဋ္ဌာန်ပါ ဘုရား)။

သတိပဋ္ဌာန်လေးပါထဲက (တစ်ပါးပါးပါ ဘုရား) တစ်ပါးပါး၊ ကာယာနုပဿနာ ရုပ်ကြိုက်ရင် ရုပ်ရှုပါ (မှန်ပါ့) ဝေဒနာနုပဿနာဝေဒနာကြိုက်ရင် (ဝေဒနာရှုပါ) စိတ်ကြိုက်ယင်(စိတ်ရှုပါ)။

ဒါချည်းဘဲ သစ္စာချည်းဘဲလို့၊ ဖြစ်ပျက်တွေဟူသ၍ သစ္စာချည်းဘဲလို့ ရှုလို့ရှိရင်လဲ သစ္စာကြိုက်ရင်လဲ သစ္စာရှုပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) နို့မဟုတ်လို့ရှိရင်ဖြင့် လက်ကိုင်လွယ်တဲ့ပုဂ္ဂိုလ်နဲ့ တူကြပါ တယ် (မှန်ပါ့)။

လက်ကိုင်လွတ်လို့ရှိရင်

လက်ကိုင်လွတ်လို့ရှိရင်ဖြင့် ဘာမှမဆွဲမိဘူးဆိုလို့ရှိရင်ဖြင့် ပရမ်းပတာ ဘေးသင့်မှာဘဲ (မှန်ပါ့) ပရမ်းပတာ သေတဲ့ဘေး (သင့်ပါတယ် ဘုရား) သင့်မှာဘဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ စုထားတဲ့ ကျောက်လေးတွေကို လက်ကိုင်လုပ်ရင် ပြိတ္တာဘက် သွားဦးမယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

သွားမှာဘဲတဲ့၊ ခင်ဗျားတို့ အရေးကြုံလို့ရှိရင် တိုက်တည်ထားမယ်၊ လခနဲ့ စားမယ်၊ လခနဲ့ စားလို့ရမှမဝယင် ဈေးရောင်းစားမယ်ဆိုတာလဲ တော်တော်ကြာ သူ့ကို စွဲလမ်းသွားပြန်ရင် ပြိတ္တာဘက် သွားမယ် (မှန်ပါ့) အသေလွတ် တဲ့လာ (မလွတ်ပါ ဘုရား) နောက် အသေခန္ဓာ ပြန်ပေါ်မယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒီတော့ အသေလွတ်လက်ကိုင် ယနေ့တွေ့ပလာ (တွေ့ပါပြီ) ဘာတွေ့တာတုံး (သတိပဋ္ဌာန်လေးပါး ထဲက တစ်ပါးပါးပါ ဘုရား) တစ်ပါးပါးဟာ အသေလွတ် လက်ကိုင်ဘဲဆိုတာ နောက်က ဒကာ ဒကာမတွေ ရှင်းရှင်း လင်းလင်မှတ်ပါ (မှန်ပါ့)။

ခင်ဗျားတို့ ပြုထားတဲ့ ဒါန၊ ခင်ဗျားတို့ ဆောက်တည်ထားတဲ့ သီလ၊ ခင်ဗျားတို့ ဆောက်ထားတဲ့ ကျောင်း၊ ခင်ဗျားတို့ လုပ်ထားတဲ့ ရေကန်၊ ခင်ဗျားတို့ လုပ်ထားတဲ့လမ်း၊ ဒါတွေက ဝေဒနာ နှိပ်စက်လာတော့ သူ့ကို သတိမရဘူး၊ ရပါ့မလား (မရပါ ဘုရား) ဝေဒနာဘဲသတိရနေမယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။

အဲဒီတော့ ဝေဒနာရှုထားတဲ့ပုဂ္ဂိုလ်က ဝေဒနာဖြစ်ပျက်ကို မြင်လို့၊ ဝေဒနာဖြစ်ပျက် မုန်းလို့ ဝေဒနာဖြစ်ပျက် ဆုံးသွားမယ်ဆိုတော့ အင်း သူက နောက်ထပ် မသေတော့ဘူး (မှန်ပါ့) ဒီတခါ သေပြီးတော့ (နောက်ထပ် မသေတော့ပါ ဘုရား)။

စိတ်ရှုထားတဲ့ ပုဂ္ဂိုလ်က သေခါနီးကိုယ့်စိတ် ကိုယ်ရှုပြန်လို့ရှိရင်လဲ စိတ်ပျက်ရင်လဲ ပျက်တဲ့စိတ် ရှုရုံဘဲ (မှန်ပါ့) ကောင်းရင်လဲ (ကောင်းတဲ့စိတ်ရှုရုံဘဲ)။

အဲဒီကဲ့လို ရှုပြီးနေမယ်ဆိုတော့ သူ့မှာ ဒါကျင့်သားရပြီးသားဖြစ်သောကြောင့် ဒို့-လက်ကိုင်ရှိနေတယ် ဆိုပြီး သကာလ သေခါနီး သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်ပါတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ် ပါတယ် ဘုရား)။

လက်ကိုင် မလွဲစေနဲ့

ဒါဖြင့် လက်ကိုင် မလွဲစေနဲ့ (မှန်ပါ့) သဘောကျကြပလာ (ကျပါပြီ ဘုရား) ဒကာ ဒကာမတို့ ဒီနေ့ ဟောတဲ့ တရားဟာ တရား မစ, သေးပါဘူး၊ လက်ကိုင်လွဲမှာစိုးနေတယ် (မှန်ပါ့) အစွဲလွဲမှာ (စိုးနေပါတယ် ဘုရား) စိုးနေ တယ်။

အချို့ သားကလေး စွဲသေသွားလို့ ဒီအိမ်တွင် ပြိတ္တာဖြစ်နေတယ်၊ ဒီအိမ်မှာ ခွေးလာဖြစ်တာတွေလဲ တစ်ပုံကြီး၊ မရှိဘူးလား (ရှိပါတယ်) ဒီအိမ်နားတွင် မြွေလာဖြစ်၊ ကြွက်လာဖြစ်တာတွေကော (ရှိပါတယ်) ဝတ္တ္ထုသက်သေတွေ ပုံလို့ပေါ့ဗျာ (မှန်ပါ့)။

သို့သော် ဒါတွေက လက်ကိုင်လွဲသွားတယ် (မှန်ပါ့) ဘာလွဲသွားသလဲ (လက်ကိုင်လွဲသွားပါတယ် ဘုရား) အသေလွတ်မကိုင်မိဘူး (မှန်ပါ့) နောက်ထပ် သေစရာကြီးသွားကိုင်မိတယ်(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တယ်လဲ ကြောက်စရာကောင်းပါလား မောင်အောင်သိန်းရေ (ကောင်းပါတယ် ဘုရား) သိပ် ကြောက်စရာ ကောင်းတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် အသေလွတ်ကို လက်ကိုင်-ကိုင်မိမှသာလျှင် စိတ်ချရတော့မယ်ဆိုတာတော့ ယနေ့ ရှင်းရှင်း လင်းလင်းမှတ်ပါ-(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘာလက်ကိုင်လုပ်ကြရမယ် (သတိပဋ္ဌာန်ကို လက်ကိုင် လုပ်ကြပါရမယ် ဘုရား) သတိပဋ္ဌာန်လေးပါး တစ်ပါးပါးဖြင့် ကိုင်မိအောင် ကိုင်ပါ (မှန်ပါ့) မရှိတာ အကိုင်းခိုင်းတာလား၊ ရှိတာ အကိုင်ခိုင်းတာလား (ရှိတာ အကိုင်းခိုင်းတာပါ ဘုရား)။

ဒါဖြင့် အခု အလေ့အကျင့်လုပ်နေတာသည် ကိစ္စပြီးအောင် လုပ်ထားလိုက်လို့ရှိရင် သေလဲ သေခါနီးမှာ သူဘဲလာမှာဘဲ (မှန်ပါ့) တစ်ခြားသောတရား လာစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

အေး ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေ့ဖြင့် ခိုင်မြဲတဲ့ လက်ကိုင်ကြီး၊ အားကိုးရတဲ့ လက်ကိုင်ကြီး၊ ကိုးစားရတဲ့ လက်ကိုင်ကြီး အသေလွတ်လက်ကိုင်ကြီး တွေ့ပြီ (မှန်ပါ့) ဒီလောက်ဆိုရင် ရိပ်မိကြပါတော့ (ရိပ်မိပါပြီ) မရိပ်မိ ကြသေးဘူးလား (ရိပ်မိပါပြီ ဘုရား)။

သားကောင်ခြောက်ကောင် ဥပမာပြ

ကောင်းပြီ ဒါဖြင့် ပြောပါတော့မယ်တဲ့၊ တရား စ,ပါတော့မယ် ဒကာ ဒကာမတို့ ဆပ္ပါဏကောပမသုတ် သားကောင်ခြောက်ကောင် ဥပမာပြပြီး မောင်နိုင် ဟောတဲ့သုတ် (မှန်ပါ့ ဘုရား) ဆပ္ပါဏကောပမသုတ်၊ ဒကာ ဒကာမ တို့ သားကောင်ခြောက်ကောင်ကို ဥပမာပြပြီး မြတ်စွာဘုရားဟောတဲ့ သုတ် (မှန်ပါ့ ဘုရား)။

ငါ သေသေချာချာ ဟောမယ်ဟေ့ တဲ့၊ မင်းတို့ရှေးဦးစွာ သူ့မပြောခင် မင်းတို့အတွက် စိုးရိမ်တယ်ကွာ ဆိုပြီး ရှေ့ပိုင်းမှာ နည်းနည်းပေးလိုက်ရတယ်နော် (မှန်ပါ့ ဘုရား)။

လူတစ်ယောက်မှာလဲ အနာတွေက တစ်ကိုယ်လုံး ပြည့်နေတယ် တစ်ကိုယ်လုံးပြည့်ပြီး သကာလ နေတော့ သူသွားရမည့် လမ်းကလဲ ဆူးတွေထဲ သွားရမှာ မောင်နိုင်ရေ ။သူ့မှာလဲ အနာတွေကပြည့်လို့ (မှန်ပါ့) သူသွား ရမည့်လမ်းလဲ (ဆူးတွေပြည့်လို့ပါ ဘုရား)။

အနာပေါ် အနာဆင့်မယ်

အဲ့ဒီတော့ နဂိုလ်က အနာတွေက မရှင်းဘဲဖြစ်နေတယ်၊ မသွားမဖြစ်လို့ သွားရတဲ့ ဆူတော့ဆိုတော့ ဆူးတော ထဲသွားမိလို့ ရှိရင်ဖြင့် ဟိုကဆူး, ဒီကဆူးကနဲ အနာပေါ် အနာဆင့်မယ်-(မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (အနာပေါ် အနာဆင့်မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ကိုယ် သက်သာရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် (အနာပေါ် အနာ ဆင့်လို့ပါ ဘုရား) အနာပေါ် အနာဆင့်နေလို့ သက်သာရေးမရှိပါဘူးတဲ့၊ အနာပေါ် အနာဆင့်နေတယ်။

ဒီမှာလဲတဲ့ မင်းတို့နေကြထိုင်ကြသော မင်းတို့မှာ ကိလေသာအနာတွေက မျက်လုံးပေါက်ကလဲ ခင်တတ်, မင်တတ်၊ နားပေါက်ကလဲ ကြားရင် ခင်တတ်, မင်တတ်၊ စိုးရိမ်တတ်ကြောင့် ကြတတ်၊ နှာခေါင်းပေါက်ကလဲ ထို့အတွက် ကြိုက်တတ်တယ်၊ မကြိုက်တတ်ဘူး ဆိုတဲ့ ကိလေသာ အနာတွေက နှာခေါင်းပေါက်က ရှိနေတယ် (မှန်ပါ့)။

လျှာပေါက်ကလည်း ဒီဟာကြိုက်တယ်၊ ဒီဟာမကြိုက်ဘူးဆိုတဲ့ ကိလေသာကကော (ရှိပါတယ် ဘုရား) ကိုယ်ပေါက်ကလဲ ဒီအဝတ်မှ ဝတ်ချင်တယ်၊ ဒီအဝတ်က ကြမ်းတယ်၊ ဒီအဝတ်က ကြမ်းတယ်၊ ဒီအဝတ်ကနုတယ်၊ ဒီအဝတ်မှ ကြိုက်တယ်၊ ဒီအဝတ်က နွေးတယ်ဆိုတော့ ကိုယ်ပေါက်ကလဲ ကိလေသာ အနာတွေမရှိဘူးလား (ရှိပါတယ် ဘုရား)။

မနောပေါက်ကလဲ ရန်တွေ့ပြီး ဝမ်းသာတာရှိတယ်၊ ရန်တွေ့ပြီး ဝမ်းနည်းတာရှိတယ် (မှန်ပါ့) မနောပေါက် ကလဲ ကိလေသာ မရှိဘူးတဲ့လား (ရှိပါတယ် ဘုရား)။

ဒါဖြင့် တစ်ကိုယ်လုံးမှာ ဒွါရခြောက်ပေါက်ရှိတဲ့ အနက်က ကိုယ်ပေါက်ဆိုတာ တစ်ကိုယ်လုံးကို ဆိုတာ၊ တစ်ကိုယ်လုံးအနာတွေဘဲဆိုရင်ကော- ငြင်းဖို့လိုသေးသလား-(မလိုပါ ဘုရား)။

အာရုံဆူးတွေဘဲ သွားတိုးကြပြန်တော့

အဲဒီ့ အနာတွေရှိလျက်နဲ့ ခင်ဗျားတို့က အာရုံဆူးတွေဘဲ သွားတိုးကြပြန်တော့ ရူပါရုံနဲ့ ဆူးပြန်လဲ မျက်လုံး ပေါက်က လောဘ ဒေါသ မောဟကြွ၊ ကိုယ်က ဆူးစူးပြန်ပြီး (မှန်ပါ့ ဘုရား)။

ဟိုက ဆူးစူးလိုက်တဲ့ အခါကျတော့ ကိုယ်ကလဲ အနာတခု အနာတွေက တစ်ကိုယ်လုံးအတွင်းမှာ အပြည့် အစုံရှိနေတာ ဆူးစူးလိုက်တဲ့အခါကျတော့ ပြည့်တွေ, မန်းတွေ ယိုစီးထွက်လာမှာပေါ့ (မှန်ပါ့) မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

ဘာဖြစ်လို့ ထွက်လာတာတုံး (ဆူးစူလို့ပါ ဘုရား) အနာပေါ် ဆူးကျတယ်၊ ရိပ်မိကြပလား (ရိပ်မိပါ ပြီ ဘုရား) ဒါကြောင့် ခင်ဗျားတို့အိမ်မှာ ဆူးဘယ်နှစ်ချောင်းရှိသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သားသမီး အဆင်း တွေလဲဆူး၊ ကျောက်အဆင်းတွေကော (ဆူးပါ ဘုရား)။

ကောင်းပြီ အသံတွေကကော သားသံ, သမီးသံ, မြေသံတွေကကော (ဆူးပါ ဘုရား) ဒါတွေကလဲ ထိန့်ကနဲ, လန့်ကနဲ ပြုံးကနဲ ဆူးစူးလို့ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

အင်း ခင်ဗျားတို့မှာ အနာက အပြည့်နဲ့ ဆူးတောထဲလဲ သွားပြန်တော့ တော်တော်ကြာမဲ့လိုက် တော်တော်ကြာ ပြုံးလိုက်၊ တော်တော်ကြာ မှိုင်လိုက်၊ ဟာ ဘာဖြစ်တာတုံး-(ဆူူးစူးလို့ပါ ဘုရား)။

ဘယ်ပုဂ္ဂိုလ် စူးတာတုံး (အနာရှိတဲ့ပုဂ္ဂိုလ်) အနာရှိတဲ့ ပုဂ္ဂိုလ်စူးတာရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) စူးသော်လဲ ဒီစုံလုံးကန်းက အနာရှိတဲ့ စုံလုံးကန်းက မောင်မြင့်ဆူး တောထဲဘဲ သွားချင်တယ် (မှန်ပါ့) အနာရှိတဲ့ စုံလုံးကန်းကဘာတဲ့ (ဆူးတောထဲဘဲ သွားချင်ပါတယ် ဘုရား)။

ဪ ဖြစ်မှ ဖြစ်ရလေ၊ အနာတွေလဲများပြန်၊ စုံလုံးကလဲကန်းပြန်၊ ဆူးကလဲကြိုက်ပြန်ဆိုတော့ မောင်နိုင် တို့-ကိုပေါ်တို့ အန္တရာယ်ကင်းဘေးရှင်းဆိုတာ ကျူပ်တော့ မမြင်ပါဘူး (မမြင်ပါ ဘုရား) မြင်ရဲ့လား (မမြင်ပါ ဘုရား)။

အန္တရာယ်ကင်း ဘေးရှင်းမြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား) ဆိုးလှချည်လား၊ တစ်ကိုယ်လုံးကလဲ ဘာတဲ့ (အနာတွေပါ ဘုရား) ကိလေသာအနာတွေ (မှန်ပါ့)။

ဆူးစူးယင်ကြွပါမယ်

လောဘနာ, ဒေါသနာတွေလဲ ဆူးစူးယင် ကြွမယ် (မှန်ပါ့) မောဟနာကလဲ (ဆူးစူးယင်ကြွပါမယ်) ဣဿနာတွေကကော (ကြွပါမယ်) မစ္ဆရိယနာတွေကတော့ (ကြွပါမယ် ဘုရား) သို့သော်လဲ ဒီစုံလုံးကန်းက ဘယ်ချည်းသွားနေပါလိမ့် (ဆူးထဲချည်း သွားပါတယ် ဘုရား)။

ဆူးတောချည်း သွားတဲ့အခါ တစ်ခါတစ်လေများ ဟိုအိမ်ကနေ အော်များနေလိုက်တာ (မှန်ပါ့) မျက်ရည်တွေ ထွက်လို့ (မှန်ပါ့) ဟ ဘာဖြစ်တာတုံး (ဆူးစုးလို့ပါ) ဆူးစူးလို့အော်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟ တောထဲစူးတာလား၊ မြို့ထဲစူးတာလား၊ ပြောပါဦး (မြို့ထဲပါ ဘုရား) တိုက်ပေါ်စူးတာလား၊ အိမ်ပေါ် စူးတာလား (တိုက်ပေါ်ရော- အိမ်ပေါ်ရော စူးတာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တောထဲ ဒီလောက်အော်သလား၊ မြို့ပေါ်ရောက်မှ နင်းအော်သလား (မြို့ပေါ်အော်တာပါ ဘုရား) ရိပ်မိ ပြီလား (ရိပ်မိပါပြီ) အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ ဟင် (မှန်ပါ့)။

ခင်ဗျားတို့ ဒါ့ကြောင့်ပြောနေရတယ်၊ အနာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဆူးရောက်ရမည့်ဥစ္စာ မောင်အောင်ချီတို့က ဘယ်သွားချင်တုံး မင်းတို့က- (ဆူူးတောထဲသွားချင်းပါတယ် ဘုရား) အော်ချင်လွန်းလို့လားကွ (မှန်ပါ့) ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။

အော်ချင်လွန်းလို့လား လို့ မေးရင် ဒကာ ဒကာမတွေဘယ့်နှယ်တုံး (ဆူးစူးလို့ပါ) ဆူးစူးလိုက်လို့ရှိရင် မျက်ရည်တွေ ထွက်လာတာဘဲ (မှန်ပါ့)။

ဟိုက ဘယ်သူဘာဖြစ်သတဲ့၊ အသည်းအသန်ဖြစ်သတဲ့ဆိုရင် စူးပြီ၊ မစူးသေးဘူးလား (စူးပါပြီ) သူဘယ် သူ့ဖြင့် လမ်းမှာ ဘယ်လိုဖြစ်နေပြီတဲ့ဆိုရင် (စူးပါပြီ) သူ ဘယ်သူ့မြင်ခဲ့ရသတဲ့၊ ဘယ်သူ့ကိုမြင်ခဲ့ရသတဲ့ဆိုရင် (စူးပါပြီ) ကိုယ်ကိုယ်တိုင် မြင်ခဲ့ရင်ကော (စူးပါပြီ) စူးတာဘဲ၊ တစ်ခါတည်း မျက်ရည်ကြီးငယ်တွေ ထွက်လာတာ ဘဲ (မှန်ပါ့)။

ဒါ့ကြောင့် မောင်မြင့်တို့ ပြုံးကနဲသွားတာလဲ ဆူးစူးတာဘဲ ဟိုက လှပတဲ့ရူပါရုံ၊ မြင်လိုက်တဲ့အခါ ပြုံးကနဲ သွားတာဘဲ (မှန်ပါ့) ကိုယ်ကြိုက်တဲ့ ကျောက်ကလေးတွေ့လိုက်တဲ့အခါ (ပြုံးပါတယ် ဘုရား)။

ဆူးစူးလို့ ကိလေသာနာထတာ

အင်း ဒါလဲ ပြုံးတာလဲ ဘာထင်သတံးမောင်မြင့် (ဆူးစူးတာပါ ဘုရား) ဆူးစူးလို့ ကိလေသာနာထတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကျောက်ကလေး မြင်တိုင်း-မြင်တိုင်း စိတ်ပျက်နေတာက၊ ဟုတ်လား တိုက်ကြည့်မှ အတော့ကိုရှုံးနေတဲ့ ကျောက်မျိုးကြရင် ဘယ့်နှယ်လုပ်ကြမလဲ (ဆူးစူးပါတယ် ဘုရား) သူ့ကိုမြင်တိုင်း-မြင်တိုင် ဘယ့်နှယ်နေသတုံး (ဆူးစူးပါတယ် ဘုရား)။

သူ့ မြင်တိုင်း မြင်တိုင်း တစ်ခါတည်း ထိတ်ကနဲ ဖိုကနဲ ဒီကျောက်မျိုးနောက်တစ်ခါ လာပြလို့ရှိရင် မောင်နိုင်ကြည့်ချင်သေးရဲ့လား (မကြည့်ချင်ပါ ဘုရား)။

ဟ ဘာဖြစ်တာတုံး၊ မကြည့်ချင်တဲ့ဆူး စူးပြန်ပြီဟေ့ (မှန်ပါ့) အရင်တုန်းက ကြည့်ချင်တဲ့ဆူးစူးထားတာ (မှန်ပါ့) အခုတော့ ဘာပါလိမ့် (မကြည့်ချင်တဲ့ဆူး စူးထားတာပါ ဘုရား) မကြည့်ချင်တဲ့ ဒေါသမီး စူးထားလို့ ဒေါသမီးတောက်ပြန်ပြီ (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သားသမီးတွေ သွားတဲ့အခါ မပြန်လာတော့ မပြန်လာတဲ့ ဆူးစူးတယ် (မှန်ပါ့) ပြန်လာပြန်တော့ (ပြန်လာတဲ့ဆူးစူးပါတယ် ဘုရား)။

ဪ ခက်လိုက်တာ ဒကာ ဒကာမတွေ ခင်ဗျားတို့ကလဲ ဒီဆူးကိုဘဲ ဘယ်နေရာစူးရပါ့မလဲဆိုပြီး သကာလ ရှာကြံနေကြတာနဲ့ မောင်မြင့်အတူတူပေါ့ (မှန်ပါ့) မတူဘူးလား (တူပါတယ် ဘုရား)။

ထိတ်ကနဲ- ဖြာကနဲ- ပျာကနဲ ပြုံးကနဲ ဗိုင်းကနဲလဲ၊ တက်ချင်တက်သွားလိုက် ဆူးစူးလိုက်တဲ့ဖြစ်ခြင်း၊ နည်းနည်းနောနောလား (မနည်းပါ ဘုရား) ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်တာတုံး ဆူးစူးလိုက်တဲ့ဖြစ်ခြင်း၊ နည်းနည်းနောနောလာ (မနည်းပါ ဘုရား) ရိပ်မိကြပြီ (ရိပ်မိပါ ပြီ ဘုရား)။

အာရုံခြောက်ပါး ဆူးခြောက်ခု

ဘာဖြစ်တာတုံး(ဆူးစုးနေတာပါ ဘုရား) ငါဘုရား၏ တရားဒေသနာတော် ငါဘုရား၏အမြင်နဲ့ ပြောရလို့ရှိရင် ဖြင့်ကွာ-တဲ့ မျက်ရည်ထွက်တာလဲ ဆူးစူးတာဘဲ၊ တက်တာလဲ ဆူးစူးတာဘဲ၊ တက်တာလဲ ဆူးစူးတာဘဲ၊ ပြုံးတာလဲ ဆူးစူးတာဘဲ၊ အာရုံခြောက်ပါး ဆူးခြောက်ခုလို့သာမှတ်လိုက်ပေတော့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အာရုံခြောက်ပါး ဆူးခြောက်ခုပါ ဘုရား) စူးဘူးကြပလားလို့မေးရင် ဘယ့်နှယ့်တုံး (စူးဘူးပါတယ် ဘုရား)။

ဪ သေအောင်မစူးသေးလို့ တော်သေးတယ်နော် (မှန်ပါ့) စူးလိမ့်ဦးမယ်၊ မစူးပေတော့ဘူးလား (စူးပါမယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီဆူးထဲမှာ သွားတဲ့ပုဂ္ဂိုလ်ကလဲ အန္တရာယ်ကင်းဘေးရှင်းသွားတာလား တဲ့၊ အနာတွေ ရှိလျက်နဲ့ သွားတာလား (အနာတွေရှိလျက်နဲ့သွားတာပါ ဘုရား)။

ဪ ခင်ဗျားတို့ သွားနေတဲ့ဥစ္စာ မသာတွေ သွားပြန်လဲ နီးစပ်လို့သွားပြန်တော့ မျက်ရည်ကျပြန်တယ် (မှန်ပါ့) မနီစပ်တဲ့ပုဂ္ဂိုလ် မကင်းတရားကလေးနဲ့ သွားလိုက်ပြန်တော့လဲ ကျုပ်မှာ တော်-တော်တော်သေးတယ်။ အသက် တူချင်း သူက အရင်သေသွားတယ်၊ ပြုံးများ နေလိုက်သေးတယ်၊ စူးတော့စူးတာဘဲ (မှန်ပါ့)။

ဒါကတော့ ဆူတော့စူးတာဘဲ တဲ့၊ ဒါပြုံးလောက်အောင်ဆူး၊ ပြုံးဆိုတာနဲ့ စူးလိုက်တာနဲ့ (မှန်ပါ့) ကိလေသာနာ ထ, တာဘဲ (မှန်ပါ့) သဘောကျပလာ (ကျပါပြီ) မျက်ရည်ကျတယ်ဆိုတာကော (ကိလေသာသနာ ထ, တာပါဘဲ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ကလဲ မသွားမဖြစ်လို့ သွားရတဲ့ကိစ္စတွေကော နည်းသလား (မနည်းပါ ဘုရား) မပြောမဖြစ်လို့ရှိရင်လဲ ရင်ထု မြေလူးလာပြန်တာဘဲ (မှန်ပါ့) မလာဘူလား (လာပါတယ် ဘုရား) ဪ ဘာဖြစ် ပြန်တာတုံး ဒါကလဲ (ဆူးစူးတာပါ ဘုရား) တိုက်ပေါ်မလား၊ အိမ်ပေါ်မလားမေးပြန်တယ် (တိုက်ပေါ်-အိမ်ပေါ် မှာပါ ဘုရား) တိုက်ပေါ်-အိမ်ပေါ်ဆိုတာ ရိပ်ပလား (ရိပ်မိပါပြီ ဘုရား)။

နို့ ခင်ဗျားတို့ ပြောင်အောင် လှဲထားတယ်ဆို ၊ မဟုတ်ဘူး ဘုရား၊ ဒီဟာက တပည့်တော်က တိုးလို့ စူးတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပြောင်အောင်တော့ လှဲ့ထားတယ်၊ ကိုယ့်အိမ်သားတွေက လှဲထားတာဘဲ၊ သို့သော် တပည့်တော်တို့က တိုးမီလို့ တပည့်တော်စူးတာ၊ ရှင်ပြီလား (ရှင်းပါပြီ)။

အံမာလေး ဒကာ ဒကာမတွေ၊ ဆူးစူးတာ မသိဘူး ခင်ဗျားတို့ တော်တော့ကိုညံ့သေးတယ် (မှန်ပါ့) စူးမယ် (စူးပါမယ် ဘုရား)

ဘာဖြစ်လို့တုံး ဆူးစူးရင်လဲ တခါတည်း မောင်နိုင်ရေ ပြုံးတဲ့ဆူးလဲ (ခံရမှာပါဘဲ) တစ်ခုခုတော့ဖြင့် စူးတော့မှာဘဲ (မှန်ပါ့) မစူးပေဘူးလား (စူးပါတယ် ဘုရား) သွားတဲ့လူက ဘာပါသွားသတုံး (အနာပါသွား ပါတယ်) အနာသမားက ဘယ်တိုးပြန်သတုံး (ဆူးတောထဲတိုးပါတယ် ဘုရား)။

ဆုတောင်းပြီးမှ ဆူးထဲတိုးတာ

ဖြစ်မှ ဖြစ်ရလေကွာ၊ ပြီးတော့ဖြင့် ဒကာ ဒကာမတွေက ပြောချင်တယ်၊ စိတ်ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာ ခြင်းနဲ့ဘဲနေပါရစေ၊ တပည့်တော် ဟောဒီရေကလေး လှူရတဲ့အကျိုး ရေလိုအေးပြီ သကာလ တစ်ခါတည်း စိတ်တွေလဲ ဘဝင်ကျကျနဲ့ အေးပြီး သကာလ နေရပါလို၏။ ဆုတောင်းပြီးမှ ဆူးထဲတိုးတာကိုး (မှန်ပါ့)။

ဘာလုပ်တာလဲ (ဆုတောင်းပြီးမှ ဆူးထဲ တိုးပါတယ် ဘုရား) ဆုတောင်းပြီးမှ ဆူးထဲတိုးလိုက်တော့ ထိတ်ကနဲ၊ ပျာကနဲ မလာဘူးလား (လာပါတယ် ဘုရား) ပြုံးကနဲကော (လာပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဆုတောင်းက မပြည့်လို့လား၊ ကိုယ်ကဆုတောင်း ကျော်ပြီး သကာလ လုပ်မိလို့လား (ဆုတောင်းကျော်ပြီး လုပ်မိလို့ပါ ဘုရား) ရှင်းပြီလားကွ (ရှင်းပါပြီ)။

ဒါဖြင့် ကြိုက်တာကတစ်ခြား၊ ကိုယ်လုပ်ချင်တာကတစ်ခြား (မှန်ပါ့) ကြိုက်တာက အန္တရာယ်ကင်းလို့ ဘေးရှင်းချင်တယ် (မှန်ပါ့) တိုးတာက (ဆူးထဲတိုးပါတယ် ဘုရား) ဆူးထဲတိုးတော့ မအန္တရာယ်တွေ့ချင်လို့ ဘေးတွေ့ချင်လို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ အခု တရားနာတာ နာရီဝက်ရှိသွားပါပြီ ။ပြောင်းပြန်ပါကလားဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကြိုက်တာက အန္တရာယ်ကင်းလို့ ဘေးရှင်းချင်တယ် (မှန်ပါ့) သွားနေချင်တာက ဘယ်လိုနေရာပါလိမ့် (ဆူးတောတိုးချင်ပါတယ် ဘုရား) အေး အန္တရာယ်တွေ ဘေးတွေ့တဲ့နေရာမှ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီအန္တရာယ်ဘေးမရှိတဲ့ နေရာကျလာလို့ရှိရင်ဖြင့် ခုနင်က မပြုံးရတဲ့နေရာ၊ မမဲ့ရတဲ့နေရာ၊ မပူရတဲ့နေရာ၊ မဆွေးရတဲ့နေရာ နိဗ္ဗာန်မျိုးကျတော့ ခင်ဗျားတို့က မသွားချင်ဘူး (မှန်ပါ့) ဖြစ်မှ ဖြစ်ရလေ၊ မောင်နိုင် အတော်ဆိုး နေပြီ (ဆိုးနေပါပြီ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မင်းတို့ အနာရှိလျက်နဲ့ ဆူးတိုးတဲ့ပုဂ္ဂိုလ်ဟာဖြင့်ကွာ တဲ့၊ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင် ကံမကောင်းအကြောင်းမသင့်လို့ မပါဘူးဟေ့ တဲ့၊ မှန်ရဲ့လား (မှန်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘယ့်နှယ်တုံး မှန်ရဲ့လား (မှန်ပါတယ် ဘုရား)။

ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ဘူးတဲ့၊ ကိုယ်-ကိုယ်တိုင်က တိုးလို့ဖြစ်ရတာ (မှန်ပါ့) ကံကို အတိုး ခိုင်းတာလား၊ ကိုယ်-ကိုယ်တိုင်က တဏှာမနေနိုင်လို့ ဒေါသက မနေနိုင်လို့ တိုးတာလား (တဏှာ ဒေါသက မနေနိုင်လို့ တိုးတာပါ ဘုရား)။

မနေနိုင်လို့ တိုးတာကို မောင်အောင်ချီတို့ မောင်မြင့်တို့က စဉ်းစား၊ ဪ ကံများ မကောင်းတော့ ဒီလိုဘဲ၊ မျက်ရည်ကြီးငယ် ကျရတယ်၊ ကိုယ်က သွားတိုးတာတော့ ထည့်တာမဟုတ်ဘူး (မှန်ပါ့) ထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။

ဘယ်သူ့အပေါ်အပြစ်တင်လိုက်သလဲ

ပြီးတော့ ဘယ်သူ့အပေါ်အပြစ်တင်လိုက်သလဲ (ကံပေါ်အပြစ်တင်ပါတယ် ဘုရား) တိုးတာက ဘယ်သူပါလိမ့် (ကိုယ်ကတိုးတာပါ) မိမိက ထိုးတယ်။

ကံက လာလုပ်တာလား ၊ မိမိက တိုးတာလား (မိမိကတိုးတာပါ ဘုရား) အံမလေး ဖြစ်မှဖြစ်ရလေ တယ် ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ဟာက ရယ်စရာကြီးပါ (မှန်ပါ့)။

တရားကို ရေရေလည်လည်ပြောတော့မှ မောင်မြင့်တို့ ရယ်စရာကြီးဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မောင်အောင်ချီ ဘယ့်နှယ်တုံး (ရယ်စရာကြီးပါ ဘုရား)။

ကျူပ်က အန္တရာယ်ကင်း၊ ဘေးကင်း၊ စိတ်အေးအေး ဘဝင်အေးအေးမို့ ဘာမဆို ကျုပ်က အပင်ပန်းခံလုပ်ထာ း တာ ၊ အေးအေး စားပြီး- အေးအေး နေတတ်ပါစေဆိုပြီး ကျုပ်တစ်ယောက်တည်း အပင်ပန်းခံလုပ်ထားတာ၊ အခု စိတ်မအေးရဘူး၊ ကျုပ်ကံဟာ အတော်ဆိုးတယ် (မှန်ပါ့) ကိုယ့်က သွား-သွားတိုးတာတော့ ထည့်တာမဟုတ်ဘူး (မှန်ပါ့) ကိုယ်က သွား-သွားတိုးတာတော့ ထည့်တာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူက တိုးတာတုံး (ကိုယ်က တိုးတာပါ ဘုရား)။

ဒါ ကံမကောင်း အကြောင်းမသင့်လို့လား၊ ကိုယ်ကိုယ်တိုင် ဇွတ်တိုးလို့လား (ကိုယ်ကိုယ်တိုင် ဇွတ်တိုးလို့ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဇွတ်မတိုးပါနဲ့တဲ့- ဘုရားက ဟောထားတယ်၊ မင်းမှာအနာမျိုးစုံရှိရင် အထူးရှောင် (မှန်ပါ့) မရှောင် ရင် ဘာဖြစ်မတုံး (ဆူးတိုးမိပါမယ် ဘုရား)။

အခုတော့ ရှောင်သလား-တိုးသလား-(တိုးပါတယ် ဘုရား) မောင်အောင်ချီ ဒီ့ထက် မိုက်တာတော့ (မရှိပါ ဘုရား)။

သို့သော် မင်းတို့ အခု ငါပြောလို့ ပေါ်လာတာကိုးကွ (မှန်ပါ့) နို့မဟုတ်ရင် ဒါ-မိုက်နေတယ်လို့မှ ယူမှမယူဘဲ (မှန်ပါ့)။

တပည့်တော်တို့ ထုံးစံကလဲ မျက်ရည်ကျတဲ့ ထုံးစံလားလို့ မေးချင်းတယ်၊ မျက်ရည်လွတ်တွေ ပြည့်လို့ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

တော်တော် လိမ္မာကြပြီလား

ကဲ ဒါဖြင့် တော်တော် လိမ္မာကြပြီလားလို့ ၃၅-မိနစ်ရှိပြီကွာ ဒါပြောနေတာ၊ တော်တော် လိမ္မာလောက်ပြီ လား (မှန်ပါ့) မောင်အောင်ချီတို့ ဘယ့်နှယ်တုံး (လိမ္မာလောက်ပါပြီ ဘုရား)။

လိမ္မာလောက်မှ ဒါသိထားမှ မင်းတို့လိမ္မာမှာ (မှန်ပါ့) မသိလို့ရှိရင်ဖြင့် တစ်ခါတည်း အပြေးအလွှား ဂျွမ်းထိုး မှောက်ခုံသွားချင်တာ (မှန်ပါ့) ဆူးထဲတိုးတာလေ၊ ဖြေးဖြေးတိုးချင်သလား၊ ဂျွမ်းထိုးမှောက်ခုံ တိုးချင်သလား (ဂျွမ်းထိုးမှောက်ခုံတိုးချင်ပါတယ် ဘုရား)။

အံမာလေး ကြောက်စရာကြီးပါကလား၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဟန်လုပ်မနေကြနဲ့၊ ဒီဥစ္စာက အမှန်ပြောနေတာ(မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာ တဲ့၊ အနာရှိလျက်နဲ့ ဆူးတောတိုးပြီး သကာလ နေတာ ငါမြင်တော်မူတယ်၊ ဒါ့ကြောင့် မင်းတို့ သနားတယ်၊ ကဲ ဘုရားသနားတာ် ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အနာရှိတဲ့ပုဂ္ဂိုလ်တွေမို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးအမြင်က ဆူးတောမတိုးနဲ့၊ ဒီအနာ ပျောက်အောင် လုပ်ပါ၊ ဆူးတောတိုးရင် ဒီ့ထက်ကြီးတဲ့ အနာရမယ် (မှန်ပါ့) အနာပျောက်အောင် လုပ်ဆိုတာက ကိုယ်တော်မြတ်ကြီး ၏ စိတ်ရင်းစေတနာရင်းဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ခင်ဗျားတို့ကလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စိတ်ရင်း စေတနာရင်းကောင်းပါရဲ့၊ ကိုယ်ကမနေနိုင်တော့ တိုးရတယ်၊ တိုးတော့အနာထပ်ရတယ် (မှန်ပါ့)။

အဲ ဘုရား၏ အပြစ်လား၊ တိုးတဲ့ပုဂ္ဂိုလ်၏ အပြစ်လား (တိုးတဲ့ပုဂ္ဂိုလ်၏ အပြစ်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့က ဘယ့်နှယ်ဖြစ်နေသတုံးဆိုတော့ မီးဖိုနားမှာ မောင်မြင့်တို့ မြင်ဘူးလိမ့်မယ်၊ ထင်းဆွေးထဲ ပါလာတဲ့ ပိုးကောင်ကလေးတွေဟာလေ မရှိဘူးလား (ရှိပါတယ် ဘုရား) ကဲ မီးဆီပြေးတယ်၊ မပြေးဘူးလား (ပြေးပါ တယ် ဘုရား)။

မီးထဲတိုးမလို့

ယင်းအိုး-ထမင်းအိုးကို ထင်းထိုးနေတဲ့ ပုဂ္ဂိုလ်ကတော့ သနားလို့ ဒုတ်ကလေးနဲ့ ဖယ်တယ် ဖယ်တော့ သူကပြန် သွားတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး (မီးထဲတိုးမလို့ပါ ဘုရား) မီးထဲတိုးမလို့၊ ဘာဖြစ်လို့လဲ သေချင်လို့ပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

သူ့မှာ နဂိုလ်ကလဲ သေစရာအနာကြီးပါပါရဲ့သားနဲ့ ဟုတ်လား အသေမြန်အောင်လို့ (မှန်ပါ့) နဂိုလ်က ဒီအတိုင်းနေလဲ ဒီကောင်ကလေးက သေမှာဘဲ၊ တနေ့နေ့ သေမှာမဟုတ်လား (မှန်ပါ့) သို့သော် အသေမြန် အောင်လို့ ဘာတဲ့တုံး (မီးထဲတိုးပါတယ် ဘုရား) မီးထဲတိုးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အခုဒီ ဒကာ ဒကာမတွေလဲ ပူစရာ-ဆွေးစရာရှိတဲ့ အထဲမှာ များများနေချင်တာဟာ ခုနင်က ပိုးကောင်ကလေး လိုဘဲ ဘုရားကတော့ဖြင့် တရားဒုတ်နဲ့ဖယ်ပေးတာဘဲ- သနားတော်မူလို့ခင်ဗျားတို့က ဘယ့်နှယ်နေကြသတုံး (တိုးနေ ပါတယ် ဘုရား) ခုနင်က တိရစ္ဆာန်ကလေးနဲ့ ခင်ဗျားတို့သည် ခြားနားသေးသလား (မခြားနားပါ ဘုရား)။

ကျုပ်က ပူစရာရှိရင် ပွင့်ပွင့်လင်းလင်း ပူလိုက်ရမှ၊ အော်တာတောင်မှ ဒီလိုမြုံပြီး မငိုချင်ဘူးတဲ့၊ အသွားက ပါသေးတာကိုးဗျ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အံ့မာလေး ခုနင်က ပိုးကောင်ကလေးနဲ့ ဘယ်နှယ်နေတုံး မောင်မြင့် (မခြားနားပါ ဘုရား) ဒုတ်နဲ့ ဖယ်လို့ရရဲ့လား (မရပါ ဘုရား)။

လွန်လှချည်လားကွ၊ ပိုးကောင်ကလေးကလူလား- တိရစ္ဆာန်လား (တိရစ္ဆာန်ပါ ဘုရား)။

လူလို့သာဆိုင်းဘုတ်ဆွဲရတယ်၊ တိရစ္ဆာန်လိုဘဲ

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဆူးထဲ တိုးနေတဲ့ ပုဂ္ဂိုလ်တွေဟာ လူလို့သာဆိုင်းဘုတ်ဆွဲရတယ်၊ တိရစ္ဆာန်လိုဘဲ သူသေမည့်ဘက်ချည့် တိုးတယ်လို့ဆိုရင် လွဲသေးသလား (မလွဲပါ ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ ကြိုက်တာ-မကြိုက်တာ ဆူးထဲတိုးတာ မတိုးတာ ခင်ဗျားတို့ အကြိုက်အသာထား၊ အခု ဥပမာ ဥပမေယျနဲ့ ပြလိုက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တေယ်မြတ်ကြီးက ခုနင်က မီးဖိုထဲ တိုးနေတဲ့ ပိုးကောင်ကလေးကို ဒုတ်နဲ့ ဖယ်သလို ဖယ်နေတာဟာဖြင့် သတိပဋ္ဌာန်လေးပါဘဲ (မှန်ပါ့)ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါးနဲ့မှ မဖယ်ရင်တော့ (မရပါ ဘုရား) မရတော့ဘူးဆိုတာ သေချာပလား (သေချာပါ ပြီ) ကိုင်း ဒါဖြင့် သူ့လက်လွှတ်လိုက်ရင်ဖြင့် ခုနင်က မီးထဲတိုးတော့မှာဘဲ(မှန်ပါ့) ဆူးတော (တိုးတော့မှာဘဲ ဘုရား)။

သူ့လက်မလွှတ်လိုက်လို့ရှိရင်ဖြင့်တဲ့ ဒီလူဟာ ဒီဘဝသာ နောက်ဆုတောင်းကြောင့် သေရမှာ (မှန်ပါ့) နောက်သေစရာ-ငိုစရာ-ဆွေးစရာ (မရှိပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ လက်ကိုင်တွေ့ပြီလား (တွေ့ပါပြီ ဘုရား) ဘာတွေ့သလဲ (သတိပဋ္ဌာန်လေးပါး တစ်ပါးပါးပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် လက်ကိုင်ထားပါလို့ ဆရာဘုန်းကြီးဒီလောက် အရေးတစ်ကြီး ပြောပါလိမ့်မတုံးလို့ အမေးထုတ်တော့မှ တဲ့၊ ခင်ဗျားတို့ နဂိုက လက်ကိုင်ထားတာတွေက ပြိတ္တာလမ်းနဲ့- ငရဲလမ်းချည့် ထားခဲ့တယ် (မှန်ပါ့) နိဗ္ဗာန်လမ်း လက်ကိုင်ဟာ မရှိလို့ ဒါလောက်ပြော နေရတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အန္တရာယ်ကင်းတဲ့ လက်ကိုင်တွေ့ပြီလား (တွေ့ပါပြီ ဘုရား) ကျောင်းထုပ်ကလေးတွေများ သွားမကိုင်လိုက်ပါနဲ့ (မှန်ပါ့) ပြိတ္တာလမ်းကို တန်းနေတာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အိမ်ကလေး၊ ယာကလေး၊ သားကလေး၊ သမီးကလေး စွဲမသွားလိုက်ပါနဲ့ (မှန်ပါ့) ငရဲလမ်း တန်းလို့ပါ ( (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါ့ကြောင့် မောင်အောင်ချီ လက်ကိုင် ဒီနေ့ရပြီလား (ရပါပြီ) ဘာရသလဲ (သတိပဋ္ဌာန်လေးပါ တစ်ပါးပါး ဘုရား) တစ်ပါးပါးတော့ လက်ကိုင်ထား။

ဘုရားဖြစ်တော့ လက်မလွှတ်တာလဲ သူပါဘဲ

အဲဒါ ဘုရားဖြစ်တဲ့ နေ့ကစပြီး သကာလ သူဒါစ ကိုင်တာဘဲ၊ ဘုရားဖြစ်အောင် လုပ်ပေးတာလဲ သူဘဲ၊ ဘုရားဖြစ်တော့ လက်မလွှတ်တာလဲ သူပါဘဲ (မှန်ပါ့) ဒါကြောင့် “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” ကာယကံ လုပ်တော့်မယ်ဆိုရင် ဉာဏ်ကလေးပါတာဘဲတဲ့၊ ဝစီကံပြောတော့မယ်ဆိုတော့လဲ (ဉာဏ်ကလေးပါပါတယ် ဘုရား) မနောကံကလေးနဲ့ ကြံမယ်ဆိုရင်ကော (ဉာဏ်ပါ-ပါတယ် ဘုရား)။

ကဲဘုရားကိုယ်တိုင် သတိပဋ္ဌာန်လုပ်တယ် (မှန်ပါ့) ဘုရားဖြစ်ပြီရင် အသေလွတ်ပြီ၊ ဒါဆောင် လက်လွတ်တဲ့လာ (မလွတ်ပါ ဘုရား)။

ခင်ဗျားတို့ ဓာရဏ ပရိတ်မှာကြည့် “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ သဗ္ဗံ ဝစီကမ္မ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။ ပါဠိတော်တွေရော အဋ္ဌကထာတွေရော ရှိပါတယ်။

မောင်နိုင် ကဲ-ဉာဏ်နဲ့ချည်း မသွားဘူးလား (သွားပါတယ် ဘုရား) ကာယကံလုပ်လဲ သူ-ဉာဏ်မလွတ်ဘူးတဲ့၊ ဝစီကံလုပ်ကော (ဉာဏ်မလွတ်ပါ ဘုရား) မနောကံလုပ်ကော (ဉာဏ်မလွတ်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုရားဖြစ်တော့ သတိပဋ္ဌာန် လွှတ်ပစ်သလား (မလွှတ်ပါ ဘုရား) မလွှတ်မဘူးဆိုတာသေချာပြီ လား (သေချာပါပြီ) ဘုရားဖြစ်လာတဲ ဘာ့ကြောင့်ဖြစ်သလဲ (သတိပဋ္ဌာန်ကြောင့် ဖြစ်ပါတယ်) ဘုရားဖြစ်ပြီး လက်မလွှတ်တာကော (သတိပဋ္ဌာန်ပါဘဲ ဘုရား) သတိပဋ္ဌာန်ဘဲ လက်မလွှတ်ဘူးဆိုတာ မောင်အောင်သိန်း ပေါ်ပြီလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သတိဋ္ဌာန်လေးပါး တစ်ပါးပါး လက်ကိုင်ထားလို့ရှိရင်ဖြင့် အသေလွတ်၊ အနာလွတ်၊ အအိုလွတ်၊ အပူလွတ်၊ အဆွေးလွတ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဒီတွင် သားကောင်ခြောက်ကောင် ဘုရားက ဥပမာပြတယ် (မှန်ပါ့ ဘုရား)။

သားကောင် ခြောက်ကောင် ကျောင်းနေတယ်

သားကောင် ခြောက်ကောင်ကို လူတယောက်က ကျောင်းနေတယ်၊ ကျောင်းတော့ တစ်ကောင်ဘာတုံးလို့ မေးတော့ မြွေတဲ့၊ မြွေဆိုတာ အရှုပ်ကြိုက်တယ်နော် (မှန်ပါ့) သူ့လဲ ကြိုးတွေချည်ပြီး ဒီလူကလဲ ကိုင်းထားတယ်။

တစ်ကောင်ကတော့လဲ မိကျောင်းတဲ့၊ သူက ဘာကြိုက်တတ်သတုံး (ရေပါ ဘုရား) ရေကြိုက်တယ်၊ အကြိုက်တူရဲ့လား (မတူပါ ဘုရား) မတူတော့ သူ့လဲ ကြိုးနဲ့ချည်ပြီး သကာလ ကိုင်ထားတယ်၊ သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် တစ်ကောင်ကတော့လဲ ငှက်ဆင်ကြီး၊ ငှက်ဆင်ဖမ်းပြီး ကြိုးနဲ့ချည်ထားတယ်၊ သူကလဲ ကောင်းကင်ကြိုက်တယ် (မှန်ပါ့) ငှက်ဆင်ဆျုတာ ကောင်းကင်ပျံတယ်(မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

တစ်ကောင်ကတော့လဲ အိမ်ခွေးတဲ့၊ ဒကာ ဒကာမတို့ သူကလဲ ခပ်သန်သန်မာမာဘဲ၊ သူ့ကိုယ်လဲ ကြိုးနဲ့ ချည်ပြီး ကိုင်ရပြန်တာဘဲ (မှန်ပါ့) သူကတော့ ဘာတုံးဆိုတော့ မီးဖိုချောင်ထဲ ပြာပုံကြိုက်တယ်၊ သဘောကျပြီးလား (ကျပါပြီ) သူ့လဲကြိုးနဲ့ ချည်ပြီး ဒီတစ်ယောက်ထဲက ကိုင်ရတာဘဲ (မှန်ပါ့)။

တစ်ကောင်ကတော့လဲ တောခွေး တဲ့၊ တောခွေးဆိုတာက သုဿာန်မှာ လူသားတွေ ဖော်စားချင်းတဲ့ အကောင်မျိုး၊ သဘောကျပြီလား (ကျပါပြီ) အဲဒီအကောင်ကိုလဲ ကြိုးနဲ့ချည်ပြီးကိုင်ကွာ တစ်ယောက်တည်းကဘဲ၊ ဒီလူတစ်ယောက်တည်း ထ ကိုင်ရမှာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ကောင်ကတော့ မျောက်တဲ့၊ မျောက် ဆိုတာ ဒကာ ဒကာမတို့ အမြဲတန်း သစ်ပင်မြင့်မြင့်ပေါ်တက်ပြီး သကာလ ဟိုကြည့် ဒီကြည့်ကြည့်တတ်တဲ့ အကောင်မျိုး (မှန်ပါ့) သူကလဲ အမြင့်တက်ရမျ ကျေနပ်တယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒီခြောက်ကောင်ကိုတဲ့ ကြိုးနဲ့မြဲအောင်ချည်ပြီး အလယ်မှာ ထုံးတယ်၊ ဒကာ ဒကာမတို့ ကြိုးခြောက်ချောင်းကို အလယ်မှာထုံးပေါ့နော် (မှန်ပါ့) ထုံးပြီး သကာလ ကိုင်ထားလို့ရှိရင် နိုင်ပါမလား (မနိုင်ပါ ဘုရား) မနိုင်ဘူးနော် (မှန်ပါ့) မနိုင်ဘူး။

ဒီခြောက်ကောင် ကိုယ်လိုရာတော့ ရုန်းတော့

မနိုင်တော့ ဒီခြောက်ကောင်ကလဲ ကိုယ်လိုရာတော့ ရုန်းတော့မှာဘဲ (မှန်ပါ့) မြွေကလဲ အရှုပ်ရှိရာဘက် ရုန်းမှာဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အင်း မိကျောင်းကလဲ ရေရှိရာဘက် (ရုန်းမှာပါဘဲ)။

ရုန်းမှာဘဲတဲ့၊ ငှက်ဆင်ကလဲ ကောင်းကင်ဘက် (ရုန်းမှာပါဘဲ) အိမ်ခွေးကလဲ ပြာပုံ မီးဖိုချောင် ရုန်းမှာဘဲ၊ တောခွေးကလဲ သုဿာန်ကို (ရုန်းမှာပါဘဲ)။

မျောက်ဆိုတဲ့ သတ္တဝါကလဲ ဒကာ ဒကာမတို့ သစ်ပင်အမြင့်ကိုတက်ပြီး ရုန်းမှာဘဲ (မှန်ပါ့) သူတက်ချင်တဲ့ နေရာမတက်ရရင် ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား)။

ဒီခြောက်ကောင်ကို မောင်မြင့်တို့ မောင်အောင်ချီတို့က တစ်ယောက်တည်းကျောင်း၊ ထုံးပြီး ကိုင်းထားနိုင် ပါ့မလား (မနိုင်ပါ ဘုရား)။

မနိုင်တော့ကိုတဲ့ ဒီခြောက်ကောင်ကအစာကလဲ ဆာလာမယ် ကိုင်ထားတာလဲကြာတော့ အစာကလဲဆာလာပြီ ဆိုတော့ အားကောင်းတဲ့အကောင်ဆွဲရာနောက် ပါရ-မပါရ (ပါရမှာပါ ဘုရား) ဒါဖြင့်ကျောင်းတဲ့ပုဂ္ဂိုလ်ပါ-ပါရမှာဘဲ (မှန်ပါ့) လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် အားကောင်းတဲ့အကောင်နောက် လိုက်လို့ရှိရင်ဖြင့် ဒီအထဲ မိချောင်းက အားကောင်းရင်လဲ ရေထဲ သေဘို့ရှိတယ်(မှန်ပါ့) မျောက်က အားကောင်းလို့ ဆွဲလို့ရှိရင်လဲ အမြင့်တက်ပြီး သကာလ သေဘို့ဘဲရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

မျက်လုံးဟာ အရှုပ်ကြိုက်

အဲဒါထဲက ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး ဥပမာပြတာပါကွာ တဲ့။ မင်းတို့ မျက်လုံးဟာတဲ့ အင်မတန် အရှုပ်ကြိုက်ပါတယ်တဲ့။

ပြောင်ရေးထားတာနဲ့ ပန်းလက်ပန်းခက်တွေနဲ့ ရေးထားတာနဲ့ မောင်အောင်ချီဘယ်ဟာကိုကြည့်မလဲ (ပန်းလက်၊ ပန်းခက်ရေးထားတာကြည့်ပါမယ် ဘုရား)။

သူ့အရှုပ်ကြိုက်တယ်၊ ဒါကြောင့် မျက်လုံးက မြွေနဲ့တူတယ်၊ သဘောကျပြီလား (ကျပါပြီ)။

နားကတော့ အေးအေးဆေးဆေးကြိုက်တယ်တဲ့၊ မိကျောင်းလိုဘဲ ရေအိုင်ထဲသွားပြီး မျက်လုံးမှိတ်ပြီး အိပ်နေတာ၊ နားကတော့ မိကျောင်းနဲ့တူတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မိကျောင်းနဲ့တူတာက ဘယ်သူပါလိမ့် (နားပါ ဘုရား) နားကတော့ ခပ်အေးအေးကလေး နားပါရစေ၊ နားအေးအေးကလေး မလာဘူးလား (လာပါတယ် ဘုရား)။

သူက ဘာကြိုက်သလဲ (အအေးကြိုက်ပါတယ်) ဘာနဲ့ တူသတဲ့လဲ (မိကျောင်းနဲ့ တူပါတယ် ဘုရား) မှတ်ထားလိုက်စမ်းပါ မောင်နိုင်ရ-ဒီဥစ္စာ ဆပ္ပါဏကောပမသုတ် တဲ့ (မှန်ပါ့)။

ငှက်ဆင်ကတော့လဲ ကောင်းကင်မပျံရရင် ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား) အင်း မကျေနပ်တဲ့ အခါကျလို့ရှိရင်ဖြင့် နှာခေါင်းဟာ ကောင်းကင်မော့ရှုရမှ သူက ကျေနပ်တယ် (မှန်ပါ့)။

ပန်းကလေးလာလဲ မော့ရှုရမှာ (မှန်ပါ့) အောက်စိုက်ရှုရရင် တယ်မကျေနပ်ဘူး (မှန်ပါ့) ခပ်မော့မော့ ကလေးရှုရမှသူက (ကျေနပ်ပါတယ်) သဘောကျပြီလား (ကျပါပြီ) ဒါနဲ့ သူကငှက်ဆင်ကြီးနဲ့ တူသကွာတဲ့။

လျှာကလဲ ဒကာ ဒကာမတို့ ခုနင်ကပြောတဲ့အတိုင်း အိမ်ခွေးလိုဘဲ၊ မီးဖိုချောင်နဲ့ ပြာပုံမှာ သူပျော်တယ် ( မှန်ပါ့) ဒီ့ပြင် နေရာကော (မပျော်ပါ ဘုရား) အင်း လျှာဆာလာတယ်ဆိုရင် မီးဖိုချောင်ပြေးကြတယ် (မှန်ပါ့)။

လျှာ်ဆာရင်ဘယ်ပြေးကြသလဲ (မီးဖိုချောင်ပြေးပါတယ်) ရိပ်မိပြီလား (ရိပ်မိပါပြီ) လျှာက ဒါ့ကြောင့် အိမ်ခွေးနဲ့တူတယ်တဲ့၊ ရှင်းကြပြီလား (ရှင်းပါပြီ) လျှာက ဘာနဲ့တူသလဲ (အိမ်ခွေးနဲ့တူပါတယ် ဘုရား)။

ကောင်းပြီ ကိုယ်ကတော့ ဘာနဲ့ တူသတုံးဆိုလို့ရှိရင်ကိုယ်က တာရှည်ထိုင်ရတာ ကျူပ်ညောင်းတယ်ဆိုရင်လဲ တော်တော်ကြာ အမှီကလေးရှာတယ်၊ တော်တော်ကြာ လှဲလိုက်ချင်တယ် ကုလားထိုင်ကလေးပေါ်မှာ တော်တော်ကြာ ကုလားထိုင်နဲ့မှ အားမရလို့ အိမ်ရာပေါ်လှဲလိုက်ချင်သေးတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

သူကတော့ တောထဲမှာ လူသားစားပြီး တစ်နေ့လုံးအိပ်ချင်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဒါ့ကြောင့်ကိုယ့်ပေါက်ကတော့ တောခွေးနဲ့တူတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ) ကိုယ်ပေါက်ကတော့ လဲလျောင်းနေမှ ကျေနပ်တာကိုး(မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မနောပေါက်ကတော့ မျောက်နဲ့တူ

ကောင်းပြီ၊ မနောပေါက်ဆိုတဲ့ မနောဝိဉာဏ်ကတော့ ကြံစည်တွေးပြီး ဟိုတွေး၊ ဒီတွေး နေရမှ သူက ကျေနပ်တယ် (မှန်ပါ့) ဒါ့ကြောင့် သူက မျောက်နဲ့တူတယ်တဲ့၊ မျောက်များသစ်ပင်ပေါ်တက်ပြီး ဟိုကြည့်၊ ဒီကြည့် ကြည့်တာဘဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် မနောပေါက်ကတော့ ဘာနဲ့တူလဲ (မျောက်နဲ့တူပါတယ်) ဟိုကြံ ဒီကြံနေရမှာကိုး (မှန်ပါ့) ရိပ်မိပြီလား (ရပ်မိပါပြီ)။

ခင်ဗျားတို့ ဒီကပြန်လို့ရှိရင် မျောက်ဖြစ်မှာ မြင်သေးတယ် (မှန်ပါ့) ဟင် ဒီအတိုင်း နဖူးပေါ် လက်တင်ပြီး နေ့လယ်က ဝယ်ထားတာကလေးတွေ တွေးချင်တွေးနေဦးမှာ သဘောကျပြီလား (ကျပါပြီ)။

အင်း ဘာဖြစ်မယ်ထင်လဲ (မျောက်ဖြစ်ဦးမှာပါ ဘုရား) မျောက်ဖြစ်ဦးမယ်ဆိုတဲ့ဥစ္စာသဘောကျပြီလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် အဲဒီ ဒွါရခြောက်ပေါက် မောင်မြင့်စုံသွားပြီး၊ အကြိုက်တူရဲ့လား (မတူပါ ဘုရား)။

အဲဒါကို တစ်ယောက်တည်း ကျောင်းနေရတယ် (မှန်ပါ့)။

မောင်အောင်ချီဆိုတဲ့ပုဂ္ဂိုလ်က တစ်ယောက်တည်း ကြိုးကိုင်ပြီး ကျောင်းနေရတယ် (မှန်ပါ့)။

အကြိုက်မတူတဲ့ ခြောက်ကောင်ကို တစ်ယောက်တည်းကနေပြီး အလိုလိုက်ရတာတော့ကွာ ဂျွမ်းထိုးမှောက်ခုံနဲ့ သေဦးမယ် (မှန်ပါ့) မသေပေဘူးလား (သေပါတယ် ဘုရား)။

မျက်လုံးပေါက်ကနေ ဓာတ်ရှင်ပို့ပါဦးဆိုတော့ ပို့လိုက်ရပြီ မဟုတ်ဘူးလား (မှန်ပါ့) ကိုယ်ပေါက်က အိပ်ချက်တယ်ဆိုတော့ ကဗျာကယာပြန်ပြီး အိပ်ရာပေါ် ပို့လိုက်ရတယ် (မှန်ပါ့) ဘယ့်နှယ်တုံးကျောင်းနေရတယ် (မှန်ပါ့ကျောင်းနေရပါတယ် ဘုရား)။

သားကောင် ခြောက်ကောင် ကျောင်းနေရာတာ အားပါ့မလား (မအားပါ ဘုရား)။

အိပ်ချင်တယ်ဆိုလို့ ပို့ပြီးကာရှိသေးတယ်၊ အိပ်ရင်းထအင်းဆာလာတယ်ဆိုလို့ မီးဖိုချောင် ပြေးရသေးတယ် (မှန်ပါ့) မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)။

အင်း အိမ်ခွေးက ဆွဲသွားတာနဲ့ ဘယ်ရောက်သွားသလဲ (မီးဖိုချောင်ရောက်သွားပါတယ် ဘုရား)။

မီးဖိုချောင်ရောက်သွားတယ်၊ ခုနင်က တောခွေးဆွဲတာနဲ့ ပြန်လာခဲ့တယ်၊ ဓာတ်ရှင်ကပြန်လာခဲ့တယ် (ရန်ပါ့)။

အရင်တော့ မျက်လုံးပေါက်ကနေပြီး အရှုပ်ကြိုက်တာနဲ့ ဖျတ်ဖျတ်နဲ့ ကားတွေလဲတာ ကြည့်ချင်တာနဲ့ မောင်မြင့် သွားလိုက်ရတယ် (မှန်ပါ့) ဒါက မြွေဆွဲရာ လိုက်သွားတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

နောက်ကျတော့ တောခွေးကဆွဲလိုက်တာ တစ်ခါတည်း အိပ်ချက်လှပြီ၊ ပြီးချင်ပြီး မပြီးချင်နေ ပြန်တော့မယ် ဆိုပြီး အိပ်ရာပေါ်ရောက်လာတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါ-ဘယ်သူဆွဲလိုက်တာပါလိမ့် (တောခွေးဆွဲတာပါ)။

တောခွေးက အေးအေးချမ်းချမ်းအိပ်ချင်တယ်၊ ကိုယ်ပေါက်က အိပ်ချင်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကိုယ်ပေါက်က အိပ်ချင်တယ်ဆိုတာ ပေါ်ပလာ (ပေါ်ပါပြီ)။

ဒီထဲက အိပ်မလို့ကြံကာရှိသေးတယ် မောင်နိုင်ရေ ဝမ်းထဲက ဟိုမှာလဲ ဘာမှမစားခဲ့ရဘူး၊ ကဗျာကယာ ပြန်လာခဲ့ရတဲ့အတွက်ဆိုပြီး မီးဖိုချောင်ပြေးချင်တယ် (မှန်ပါ့)။

အားသေးရဲ့လား (မအားပါ ဘုရား) ဟိုပြေးလိုက်ရတာလဲ မင်းဘဲ၊ မောင်အောင်ချီဘဲ၊ အိပ်ရာပေါ် ပြန်ပို့ လိုက်ရတာလဲ (မောင်အောင်ချီပါဘဲ) မီးဖိုချောင်ပြေးလိုက်ရတာလဲ (မောင်အောင်ချီပါဘဲ)။

ဟပ်ထိုးလဲပြီး သေပါလိမ့်မယ်၊ မင်း ဒီသားကောင်ခြောက်ကောင် ကျောင်းရတာနဲ့ သေပါလိမ့်မယ် (မှန်ပ့ါ) မသေဘူးလား သေမှာလား (သေမှာပါ ဘုရား)။

ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်နေ့ကို သားကောင် ဘယ်နှစ်ကောင် ကျောင်းရသလဲ (ခြောက်ကောင် ကျောင်းရပါတယ်) ကျောင်းတဲ့ လူက ဘယ်နှစ်ယောက်ပါလိမ့် (တစ်ယောက်တည်းပါ ဘုရား) အကြိုက်က တူရဲ့လား (မတူပါ ဘုရား)။

သေခြင်းဆိုးမှ သေပါ့မလား

ကဲ သေခြင်းဆိုးမှ သေပါ့မလား (သေပါတယ် ဘုရား) ပေါ်ပလားကွ (ပေါ်ပါပြီး) ဆိုးဝါးလိုက်တဲ့ ဖြစ်တွေက။

ဆိုးဝါးလိုက်တဲ့ ဖြစ်တွေ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကို နှိပ်စက်နေလိုက်တဲ့ ဖြစ်ခြင်းများ မပေါ်သေးဘုူးလား (ပေါ်ပါပြီ ဘုရား)။

တော်တော်ကြာကျလာတဲ့ အခါကျလို့ရှိရင်ဖြင့် အေး လောကကြီး ဘာဖြစ်နေတယ် မသိဘူးဆိုပြီး နားပေါက်က ရေဒီယိုသွားနားထောင်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လောကကြီး ဘာဖြစ်နေတယ် မသိဘူး-တဲ့၊ နားထောင်ဦးမှဘဲဆိုပြီး သကာလ အိပ်ရာထဲကနေ ပြေးတန်းပြေးရ၊ ထမင်းစားရင်း ထပြေးတန်ကော (ပြေးရပါတယ် ဘုရား) အရေးကြီးတဲ့ကိစ္စနဲ့ မပြေးရဘူး (ပြေးရပါတယ် ဘုရား)။

အင်း ခုနင်က အိမ်ခွေးက ထ၊ လာတယ်၊ ထမင်းပွဲပို့ထားတဲ့ ဥစ္စာ ထမင်းစားရင်း မတ္တနဲ့ မိကျောင်းက ရေကြိုက်ပါတယ်ဆိုတာနဲ့ နားပေါက်က ကြိုက်ပါတယ်ဆိုတာနဲ့ ရေဒီယိုဆီများပြေးလိုက်ရသေးတယ် (မှန်ပါ့)။

ဘယ့်နှယ်တုံးကွ၊ ကျောင်းနိုင်ကြပါ့မလား (မကျောင်းနိုင်ပါ ဘုရား)။

မောင်မြင့် ကျောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဟပ်ထိုးလဲ သေလိုက်၊ မသေထိုက် (သေထိုက်ပါတယ် ဘုရား)။

နားပေါက်က ထောင်ချင်လို့ လှည့်လိုက်တဲ့အခါကျတော့ နားအလို လိုက်ရတာနဲ့ ဟို မျက်လုံးက မမြင်တော့ဘူး (မှန်ပါ့) ဟိုဟာနဲ့ တိုက်၊ ဒီဟာနဲ့ တိုက်-တိုက်ကုန်တာဘဲ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်လို့တုံး ၊ သန်ရာဆွဲသွားကြတယ်၊ သားကောင်ခြောက်ကောင် သန်တဲ့အကောင်က ဆွဲသွားတော့ ဟို မသန်တဲ့အကောင်နဲ့ ရှောင်ဘို့ တိမ်းဘို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။

ခက်နေပြီ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သားကောင်ခြောက်ကောင်ကို တစ်ယောက်တည်းလဲ ထိန်းရပြန် အကြိုက်ကလဲ မတူကြပြန်ဆိုတော့ သေခြင်းဆိုးမှ သေပါ့မလား ဆိုတာ ကိုယ့်ကိုယ်၊ ကိုယ်စဉ်းစားထားပါ (မှန်ပါ့)။

ဘယ်လို စဉ်းစားမိကြသတုံး (သေခြင်းဆိုးမှ သေပါ့မလား)။

ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ကျောင်းရတဲ့လူက (တစ်ယောက်တည်းပါ ဘုရား)။

သားကောင်က (ခြောက်ကောင်ပါ ဘုရား)။

အဲသလို အကြိုက်ချင်းမတူတဲ့ သားကောင် ခြောက်ကောင်ကို ကျောင်းရတဲ့လူက တစ်ယောက်တည်းဆိုတော့ သူ့တို့သန်ရာဆွဲတိုင်း လိုက်ပါနေရင် အနေမမြဲ၊ အသေမမြဲနဲ့ ဆင်းရဲကောဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါ ဘုရား) မဆုံးနိုင်ဘူး။

ကောင်းပြီ ဒါဖြင့် ဒီသားကောင် ခြောက်ကောင်ကို ချုပ်ကိုင်နိုင်တဲ့နည်း၊ မရှိတော့ဘူးလား ၊ မေးထိုက်၊ မမေးထိုက် (မမေးထိုက်ပါ ဘုရား) မေးထိုက်တယ်၊ မေးတော့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ သားကောင် ခြောက်ကောင်ကို နိုင်ချင်ရင် ငုတ်တိုင်မြဲမြဲစိုက်ပြီးကာလ ကြိုးနဲ့ စုချည်ထားကွ တဲ့၊ သန်ချင်သလောက် သန်ပေစေ နောက်ဆုံးတော့ သူတို့ ဒီချည်တိုင် ဒီငုတ်တိုင်မှာဘဲ ပြန်လှည့်ရမယ်။

လှည့်ရမလာ ၊ မလှည့်ရဘူးလား (လှည့်ရပါမယ် ဘုရား)။

လှည့်ရမှာပေါ့ (မှန်ပါ့) ကြိုဲးနဲ့ချည်ထားတာကိုး (မှန်ပါ့ ဘုရား)။

ဒီကလဲ ကိုယ်က ငုတ်ကမြဲအောင် ရိုက်ထားမယ်ဆိုသားကောင်ခြောက်ကောင်ဟာ တိုင်ခြေအကုန်လာစု ရမယ်(မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သတိပဋ္ဌာန်ငုတ် လိုနေပြီ

အဲ မင်းတို့ သတိပဋ္ဌာန်ငုတ် လိုနေပြီတဲ့ ၊ ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့တုံး (သတိပဋ္ဌာန်ငုတ် လိုနေပါတယ် ဘုရား)။

အဲ သတိပဋ္ဌာန်ငုတ် လိုနေလို့ရှိရင်တော့ဖြင့် ရေထဲလည်း သေပါလိမ့်မယ်၊ တောင်ပို့ထဲလဲ (သေပါတယ် ဘုရား) မြွေက တောင်ပို့ကြိုက်ကိုးကွ (မှန်ပါ့) မသေပေဘူးလား (သေပါတယ် ဘုရား)။

ကောင်းကင်ကျတော့ ငှက်ကဆွဲသွားတော့ ကောင်းကင်တွင် မသေရပေဘူးလား (သေရပါတယ် ဘုရား)။

ကဲ ဘာဖြစ်လို့လဲ မောင်အောင်ချီ (သတိပဋ္ဌာန်လိုလို့ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လုံလောက်တဲ့ ငုတ်ကို မရိုက်တတ်လို့ (မှန်ပါ့) ဒီငုတ်ရိုက်ထားလို့ရှိရင် သားကောင် ခြောက်ကောင်ဟာ သန်ချင်သလောက်သန်၊ ကိုယ်က သူတို့အားကိုးနိုင်လောက်တဲ့ ငုတ်နဲ့သာ ထုံးပြီးတော့ တစ်ခါတည်းသာ အကုန်ရိုက်ထားလိုက်။

ဒကာ ဒကာမတို့ သားကောင် ခြောက်ကောင်နိုင်တဲ့ ငုတ်ဟာ အခြားမဟုတ်ပါဘူး၊ သတိပဋ္ဌာန်တည်းဟူသော ငုတ် (မှန်ပါ့)။

ဒီ သတိပဋ္ဌာန်တည်းဟူသော ငုတ်မစိုက်မိလို့ရှိရင် တစ်ခုခုသတိပဋ္ဌာန်လေးပါး၊ တစ်ပါးပါးမှ ငုတ်မစိုက်မိလို့ ရှိရင်ဖြင့် သားကောင်ခြောက်ကောင်ဆွဲရာပါပြီ သေခြင်းဆိုးနဲ့၊ နေခြင်းဆိုး ငါ့မျက်စိအောက်မှာ ဖြစ်ရှာတော့မယ်ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သတိပဋ္ဌာန်ပါဠိတော်ကို ဟောတော်မူတယ် (မှန်ပါ့)။

ကဲ နက်ဖြန် မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။