အလယ်လမ်းသို့ ရောက်ရန်နည်းလမ်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
အလယ်လမ်းသို့ ရောက်ရန်နည်းလမ်း
ညအလုပ်ပေးတရားတော်
(၁၀-၁၂-၆၁)
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်လိုဘုရားဖြစ်လာတယ်ဆိုတဲ့ ဥစ္စာနည်းယူရမယ်။
ဘုရားဟာ ဘယ်လိုကြောင့် ဘုရားဖြစ်လာတယ်၊ ဒီကလည်း ဗုဒ္ဓဘာသာဆိုတော့ ဘုရားဝါဒအတိုင်း လိုက်ကြ ရမယ်ဆိုတဲ့ဥစ္စာ ဧကန်မှတ်ရမယ် (မှန်ပါ့ ဘုရား)။
သံသရာ ဝဲဩဃကြီး ဘယ်လိုကူးဖြတ်
သံယုတ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို နတ်သားတစ်ပါးကမေးတယ်၊ ဘယ်လို မေးသလဲဆို တော့ အရှင်ဘုရား ဘယ်လိုနဲ့ သံသရာ ဝဲဩဃကြီးကို ကူးဖြတ်ပြီးသကာလ နိဗ္ဗာန်သောင်ကမ်းကြီးကို တက်လှမ်းပြီး သကာလလာခဲ့နိုင်ပါလိမ့်မလဲလို့ မေးလိုက်တယ်။
သံသရာ ဝဲဩဃ ကူးဖြတ်ပြီးသကာလ နိဗ္ဗာန်သောင်ကမ်း တက်လှမ်းပြီးသကာလ လာခဲ့တဲ့ဥစ္စာ အရှင်ဘုရား ဘယ်လိုလုပ်ပြီးသကာလ လာခဲ့လို့ ဒီနေရာဒီဌာနကို မအို မသေ အမြဲနေတဲ့နိဗ္ဗာန်ကြီးကို ရောက်လာပါလိမ့်မလဲဆိုတဲ့ ဥစ္စာ မေးတယ်။
မေးတော့ကွာ တဲ့၊ ငါသံသရာပင်လယ်ထဲမှာ ရောက်တယ်တဲ့၊ အားလုံးပဲ ပဋိသန္ဓေနေခြင်း အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သံသရာကြီးတော့ သိပြီးသားထားပါတော့။
သံသရာဆိုတာလည်း အာဝိဇ္ဇာသင်္ခါရ ဇာတိ ဇရာ မရဏ သောကပရိဒေဝက ပြန်လှည့်၊ အဝိဇ္ဇာပြန်ရောက်ဆို တော့ ဒါကြီးဟာ ဝဲကြီးလို လည်နေတာပဲနော်၊ အဲဒီကို ဝဲကြီးလိုလည်နေတဲ့အခါမှာ သံသရာကြီးထဲက ဘယ်လိုလုပ်ပြီး ဘယ်လို အရှင်ဘုရား ဘုရားအဖြစ်သို့ သောင်ကန်းရှာသတုန်းလို့ မေးတယ်၊ ဒါမေးသင့်ပဲနော် (မှန်ပါ့)။
မေးသင့်တော့ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး မကူးဘဲ နေတော့လည်း သံသရာထဲရောက်နေတာ သံသရာဝဲဩဃကြီးထဲ မကူးဘဲနေပြန်တော့လည်း မြုပ်သွားတာကွာတဲ့၊ (မှန်ပါ့) ကူးပြန်တော့လည်း မျောတာပဲကွတဲ့၊ ဒီနှစ်ချက်ကို သူဖြေလိုက်တယ် (မှန်ပါ ဘုရား)။
ဒါကြောင့် ငါသည် မျောအောင်လည်းမနေ မြုပ်အောင်လည်းမနေဘဲနဲ့ အလတ်စားအဖြစ်နဲ့ပဲ ငါသည် သောင်ကမ်းပေါ်သို့ တက်ခဲ့တယ်တဲ့။
မျောလမ်း မြုပ်လမ်းရှောင်တာနဲ့
ဒကာ ဒကာမတွေ မှတ်ထားဖို့ရာက မျောလမ်း၊ မြုပ်လမ်းပေါ့လေ (မှန်ပါ့) မျောလမ်းလည်း ငါမလိုက်ခဲ့ဘူးကွ၊ မြုပ်လမ်းလည်း ငါမလိုက်ခဲ့ဘူး၊ မျောလမ်း မြုပ်လမ်းရှောင်တာနဲ့ပဲ ငါအလယ်လမ်းကနေပြီးသကာလ ဒီနေရာ ဒီဌာနသို့ ရောက်လာတယ်လို့ ဘုရားက အဖြေပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
အဖြေပေးတော့ ဒါကို ဒကာ ဒကာမတွေ အကျယ်ပြောရမယ် ဘုန်းကြီးများက၊ မိဘဝရိုးရာအတိုင်း နေလိုက် ပြန်လို့ရှိရင်လည်း မြုပ်တာပဲ (မှန်ပါ့) အသင့်အတင့် ကြားဖူးရုံနဲ့ နေပြန်တော့လည်း မျောတာပဲ (မှန်ပါ့) ဒါမှတ်ထားရမယ် (မှန်ပါ ဘုရား)။
မိဘရိုးရာအတိုင်း နေလိုက်ပြန်တော့လည်း (မြုပ်တာပါပဲ) အသင့်တင့် ကြားဖူးရုံကလေးနဲ့ နေလိုက်ပြန်တော့ လည်း (မျောတာပါပဲ ဘုရား) မျောတယ်၊ ဒါကိုမှတ်ထားရမယ်။
မိဘရိုးရာအတိုင်း နေလိုက်တော့လည်း မြုပ်တယ်
မိဘရိုးရာအတိုင်း နေလိုက်တော့လည်း မြုပ်တယ် (မှန်ပါ့) မြုပ်တာက ဒီလိုပါ၊ အင်း အမေမိဘဆိုတာ ခင်ရတယ်၊ ညီအစ်ကို မောင်နှမ သားချင်းဆိုတာ ခင်ရမယ်- ကြင်ရမယ်ဆိုတော့ သူဒါပဲတတ်တယ်၊ ဒါပဲတတ်တော့ တဏှာ ဥပါဒါန် ကံ လမ်းတွေကို မောင်သစ် လိုက်တယ် (မှန်ပါ ဘုရား)။
ရိုးရာအတိုင်း ဆိုတော့လည်း ဒါပဲနားလည်တယ်လေ (မှန်ပါ့) ဒါပဲနားလည်တော့ ဦးသံဒိုင်တို့ တဏှာ ဥပါဒါန် ကံလမ်းမှတပါး ဘယ်မှမသွားဘူး (မှန်ပါ့)။
ဒီလို ရိုးရာအတိုင်း နေလိုက်ပြန်တော့လည်း မြုပ်သွားတယ် (မှန်ပါ့)။
သာမည ဆရာသမားနဲ့ တွေ့ပြန်တော့လည်း မျောတယ်
တစ်ခါ သာမည ဆရာသမားနဲ့ တွေ့ပြန်တော့လည်း မျောတယ်ကွတဲ့၊ မင်းတို့ကွာ လုပ်လည်းလုပ် – စားလည်းစား၊ လှူလည်းလှူပေါ့၊ ဒီဘဝဒါမှသာလျှင် မင်းတို့သည်ကားလို့ ဆိုရင် ကောင်းစားရေးဆိုတာ ရှိတော့မပေါ့ ဆိုပြီးသကာလ ဘဝတတဏှာပြောတဲ့ ဆရာသမားခေါင်းဆောင်နဲ့ တွေ့ပြန်တော့လည်း မျောသွားတယ် (မှန်ပါ ဘုရား)။
ဒါ သေသေချာချာမှတ်ပါ၊ ဘဝတဏှာကို အကြီးအကဲထားပြီးသကာလ ပြောဆိုတဲ့ ဆရာသမားခေါင်းဆောင်နဲ့ တွေ့လို့ရှိပြန်တော့ သူက ကူးခတ်ပြန်တဲ့ အဓိပ္ပါယ်ရောက်တယ်၊ ဒါကလေးကလည်း အထူးလုပ်အုံးမှပဲဆိုပြီးသကာလ ခုနင်က ဘုံဘဝရောက်ကြောင်းအလုပ်ကို လုပ်ပြန်တော့လည်း မျောတယ် (မှန်ပါ့) နားလည်းပေးကြပလား (နားလည်ပါပြီ)။
မိဘရိုးရာအတိုင်း ဘာမှမလုပ်ပဲနဲ့ နေပြန်တော့လည်း (မြုပ်သွားပါတယ်) မြုပ်သွားတယ်ဆိုတာ မှတ်ပါ (မှန်ပါ့)။
သာမည ဆရာသမား ကိုးကွယ်ဆည်းကပ်ပြီးသကာလ သာမည နားနဲ့ သာမည အချိန်နဲ့ ဒီဘဝတွင် မင်းကောင်းစားလို့ မတော်သေးဘူးကွ၊ သံသရာဆိုတာ အရှည်ကြီး၊ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နောက်ဘဝ အတွက်လည်း အထုပ်ကလေးပါမှကွ၊ ဒါ ဘဝကိုပဲ ဟောလိုက်တယ် (မှန်ပါ့)။
ဘဝကိုပဲ ဟောလိုက်ပြန်တော့ ကိုယ်ကလည်း နားမလည်တော့ဘဝကိုပဲ တောင်းတပြီးသကာလ လုပ်လိုက်ပြန် တော့လည်း ဟိုဘုံ ဒီဘုံ မျောပြန်တာပဲ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သာမညဆရာသမားနဲ့ တွေ့ပြန်လို့ ဘုံဘဝ ကောင်းစားရေးတွေ လုပ်ပြန်တော့လည်း (မျောပါတယ် ဘုရား) မျောတယ်။
အဲဒီတော့ ငါသည်တဲ့ ဒီမြုပ်လမ်းလည်း ငါ မလိုက်ဘူးကွတဲ့၊ မျောလမ်းလည်း ငါ မလိုက်ဘူးကွတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
မြုပ်လမ်းလည်း သူ မလိုက်ပါဘူးတဲ့၊ မျောလမ်းလည်း (မလိုက်ပါဘူးတဲ့)။
မလိုက်ဘူးတဲ့၊ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မကူးပဲနေတော့လည်း ဒီ သံသရာထဲ မြုပ်သွားတယ် (မှန်ပါ့)။
သံသရာဝဲကြီးဃထဲ (မြုပ်သွားပါတယ်) ရှင်းပြီ (ရှင်းပါပြီ) ကူးခတ်ပြန်တော့လည်း မျောသွားတယ်ကွာတဲ့ (မှန်ပါ့)။
ဘဝတဏှာက ပါနေတဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတွေ မျောရပါတယ်တဲ့၊ ဟိုဘုံ ဒီဘုံ ဆိုတာ မျောတာလို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား) ဘုံစဉ်စံကြိုက်ရင် မျောလမ်းဆိုတာ မှတ်ပါ (မှန်ပါ့)။
ဒီအတိုင်း မိဘရိုးရာအတိုင်းနဲ့ လုပ်ကိုင်စားသောက်ပြီးသကာလ ဘာမှ နားမလည်ပြန်လို့ရှိရင်လည်း (မြုပ်ပါတယ်) မြုပ်တယ်။
အဲဒီတော့ ငါသည် မကူးပဲလည်း မနေဘူး၊ အလွန်ပဲ မကူးဘဲနဲ့ ဒီသောင်ကမ်းကို ရောက်လာတယ်၊ သူမကူးဘဲ လည်း မနေဘူးတဲ့၊ အလွန့်အလွန်ပဲ သူ မကူးပါဘူးတဲ့ (မှန်ပ့ါ)။
မြုပ်လမ်း မျောလမ်းကို ရှောင်ရှားခဲ့
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မြုပ်လမ်းလိုက်ပြန်တော့လည်း ဒကာ ဒကာမတို့ မှတ်ပါ။
ကိုယ်ဆင်းရဲမှုလို့ မှတ်လိုက်ပါ (မှန်ပ့ါ) မျောလမ်းကို လိုက်ပြန်တော့လည်း ကိုယ်ချမ်းသာသလိုလိုနဲ့ ဇာတိဘေး ဇရာဘေး မရဏဘေးသင့်ပြန်တယ် (မှန်ပါတယ်)။
အဲဒီတော့ကို မြုပ်လမ်းကိုလည်း ငါ ရှောင်ခဲ့ပြီ၊ မျောလမ်းကိုလည်း ငါ ရှားခဲ့ပြီ၊ မြုပ်လမ်း မျောလမ်းကို ရှောင်ရှားခဲ့တဲ့ အတွက် မကူးဘဲလည်း မနေဘူး၊ အလွန်ပဲ မကူးဘဲတဲ့၊ သဘောကျပလား (ကျပါပြီ)။
မကူးဘဲ နေတော့လည်း မြုပ်သွားဦးမှာကိုး (မှန်ပါ့) အလွန်ကူးလိုက်ပြန်တော့လည်း မျောသွားမယ် (မှန်ပါ့) အဲဒီတော့ မကူးဘူးဆိုလို့ရှိရင်လည်း မဟုတ်ဘူးကွတဲ့၊ အလွန်ကူးတဲ့သဘောလည်း ဒကာ ဒကာမတွေလို ဆုရှည်ကြီး လုပ်နေပြန်တော့လည်း အလွန်ကူးတဲ့သဘော ရောက်သွားတယ် (မှန်ပါ့)။
အဲဒါကြောင့် ငါသည် မြုပ်လမ်းကိုလည်း ရှောင်ပြီး မျောလမ်းကိုရှာပြီးသကာလ ငါသည် သောင်းကမ်းပေါ် ရောက်လာတယ်တဲ့၊ ဒါကို သေသေချာချာမှတ်ရမယ် (မှန်ပ့ါ)။
သေသေချာချာ မှတ်ရမယ်၊ မြုပ်လမ်း ဘာလုပ်ရမယ် (ရှောင်ရပါမယ်) မျောလမ်းလည်း ရှားရပါမယ် (မှန်ပါ့) ရှောင်ရှားရမယ်။
ဩဃ လေးပါး
မြုပ်လမ်းမျောလမ်း ရှောင်ရှားမှသာလျှင် ငါသည် ဘုရားအဖြစ်သို့ ဝဲဩဃထဲက လွတ်မြောက်ပြီးသကာလ လာခဲ့တယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့သဘော ပြောကြပါစို့ဆိုတော့ ကာမောဃလမ်း၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ ဩဃ လေးပါးရှိတယ် (မှန်ပါ့)။
ကာမောဃဆိုတာ ငါးပါးအာရုံ ကာမဂုဏ်တွေကို ဖြိုင်ဖြိုင်ကြီးခံစားချင်တဲ့လမ်း လိုက်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ အဲဒါမျောလမ်းလို့မှတ်ပါ (မှန်ပါ့) ကာမောဃနဲ့ သဝေါဃဟာ မျောလမ်းပဲ (မှန်ပါ့) ဒိဋ္ဌောဃနဲ့ အဝိဇ္ဇောဃလုက်ပြန်လည်း မြုပ်လမ်း (မှန်ပါ့) ဒါနဲ့ ဝေဘန်ပါ (မှန်ပါ့)။
ဒိဋ္ဌောဃနဲ့ အဝိဇ္ဇောဃ လိုက်ပြန်တော့ (မြုပ်လမ်းပါ ဘုရား) မြုပ်လမ်း။
ကာမောဃနဲ့ သဝေါဃ လိုက်ပြန်တော့ (မျောလမ်းပါ ဘုရား) ဒါ့ကြောင့် ဩဃလေးပါး ဟောခဲ့တာပေါ့ (မှန်ပါ့)။
ခင်ဗျားတို့ ဩဃလေးပါး ရအောင်သာ ကျက်ထားတာနှစ်ခုခွဲပြီးသိတာ မဟုတ်ဘူး (မှန်ပါ့) အင်မတန်ခက် နေတာ အခုတော့ ရှင်းသွားပါပြီ (မှန်ပါ့ ဘုရား)။
ကာမောဃဆိုတာသည် ငါးပါးအာရုံ ကာမဂုဏ်ခံစားချင်တာ၊ ဘဝေါဃဆိုတာသည် ဘုံဘဝနှစ်သက်တဲ့တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီလမ်းလိုက် လိုက်ပြန်တော့လည်းမျောလမ်းပဲ (မှန်ပါ့)။
ဒိဋ္ဌောဃနဲ့ အဝိဇ္ဇောဃနဲ့ တွဲပြီးသကာလ နေလိုက်ပြန်တော့လည်း (မြုပ်လမ်းပါ ဘုရား) မြုပ်လမ်း။
ဒါကြောင့် ငါသည် ကမောဃ သဝေါဃလမ်းလည်းမလိုက်ဘူးကွ၊ ဒိဋ္ဌောဃ အဝိဇ္ဇောဃလမ်းလည်း၊ (မလိုက်ပါ ဘုရား) မလိုက်ဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တော်တော် အရေးကြီးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) အရေးမကြီးတဲ့ နေတော့ဖြင့် မပါဘူးလို့ အောက်မေ့ပါ (မှန်ပါ ဘုရား)။
ဘာ့ကြောင့် အရေးမကြီးတဲ့နေ့ မပါရသတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ကတော့ လမ်းက ဒီနှစ်လမ်းပဲ သွားတတ်တယ်၊ ခက်လိုက်တာကလည်း (မှန်ပါ့)။
ဒီ နှစ်လမ်းပဲ သွားတတ်တယ်၊ ဒီပြင် မြုပ်လမ်း၊ မျောလမ်း မှတပါး တက်လမ်းဆိုတဲ့ သောင်ကမ်းတင်လမ်းဆို တာကိုလည်း ခင်ဗျားတို့က မသွားတတ်ဘူး (မှန်ပါ့ ဘုရား) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။
ကာမောဃဆိုတာ ငါးပါးအားရုံ ကာမဂုဏ် ခံစားချင်တာ၊ နတ်ပြည် လူ့ပြည်ခံစားချင်လို့ရှိရင် အဲဒါ လောဘနဲ့ သွားတာ (မှန်ပါ့) ဘဝေါဃဆိုလို့ရှိရင် ဘဝတွေကို တောင်းတတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
အဲဒီတော့ နတ်ပြည် ဗြဟ္မာ့ပြည်လမ်းကို လိုက်ပြန်တော့လည်း မျောတယ်ကွတဲ့ (မှန်ပါ့) ဒိဋ္ဌောဃ အဝိဇ္ဇောဃ လမ်းလိုက်ပြန်တော့လည်း (မြုပ်ပါတယ်) မြုပ်တယ်ကွတဲ့၊ ဒီလေးခု သူရှောင်တယ်ပြောတာ (မှန်ပါ့) ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။
အမလေး ဒီတရားက လွယ်တယ်လို့များ အောက်မေ့မနေနဲ့ မောင်သစ်ရေ (မှန်ပါ့)။
လွယ်တယ်လို့ အောက်မေ့မနေနဲ့၊ ဩဃက လေးပါးရှိတယ် (မှန်ပါ့) အဲဒီတော့ ဘုရားက ဒီအတိုင်း နေပြန်တော့ မြုပ်တယ်ကွ၊ ကူးပြန်တော့လည်း ငါ့မှာ မျောလို့၊ အင်း မြုပ်အောင်တော့ ငါမခံ၊ မျောအောင်လည်း ငါ မကြံတာနဲ့ပဲ ငါ သောင်ကမ်းပေါ်ရောက်လာတာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ) အရေးမကြီးဘူးလား ဒါဖြင့် (ကြီးပါတယ် ဘုရား) အရေးအင်မတန်ကြီးပါတယ်ဆိုတာ မှတ်ထားကြပါတဲ့၊ ဘာဖြစ်လို့ အရေးကြီးသတုန်းလို့ မေးတဲ့အခါကျတော့ ခုနက ဩဃလေးပါးနဲ့ တကယ်တမ်း ဝေဘန်လိုက်တဲ့အခါကျတော့ ဦးသံဒိုင် ရှင်းသွားတယ် (မှန်ပါ့ ဘုရား)။
ကာမောဃဘဝေါဃ လမ်းကို လိုက်လေ့ရှိတယ်
အခု များသောအားဖြင့် ဗုဒ္ဓဘာသာမှန်က ကာမောဃဘဝေါဃ လမ်းကို တယ်လိုက်လေ့ရှိတယ် (မှန်ပါ့) နတ်ပြည်ဗြဟ္မာ့ပြည်ရောက်ချင်တဲ့စိတ်ဟာ သိပ်ပြင်းပြင်းတယ် (မှန်ပါ့ဘုရား) သဘောကြပလား (ကျပါပြီဘုရား)။
ဟာ ငါ့သား ငါ့သမီး ငါ့မြေး ငါ့မြစ်နဲ့ပဲ ဒီဟာတွေ ခင်ရင်း မင်ရင်းနဲ့ပဲ သားမယား၏ ခြေရင်း သားသမီး၏ ခြေရင်းမှာ ခေါင်းစင်းသေတဲ့အလုပ်တွေလည်း ရှိသေးတယ် (မှန်ပါ့)။
အဲဒါတွေကျလို့ရှိရင်လည်း သူတို့နဲ့ မခွါချင်တာက ဒိဋ္ဌောဃနော် (မှန်ပ့ါ) သူတို့ ဒုက္ခသစ္စာတွေလည်း မသိ၊ ကိုယ့်ခန္ဓာတွေလည်း မသိဘဲနဲ့ သေတော့ အဝိဇ္ဇောဃ (မှန်ပ့ါ)။
အဲဒီ အဝိဇ္ဇောဃ ဒိဋ္ဌေဃနဲ့ သေပြန်တော့လည်း မြုပ်တယ်ကွတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ကာမောဃနဲ့ ဘဝေါဃကို ကြိုးစားပြန်တော့လည်း (မျောပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ဘယ်လမ်းကြိုက်သတုန်း (ဘယ်လမ်းမှ မကြိုက်ပါဘူး ဘုရား)။
ဘယ်လမ်းမှ မကောင်းဘူး၊ တော် တော်သေးတယ် ဉာဏ်ကလေးပါလာလို့၊ ဒါကြောင့် ခုနက စကားချီခဲ့တယ်၊ သာမည ဆရာနဲ့တွေ့ရင် မျောလမ်းတွေ၊ ရိုးရာအတိုင်း နေရင်မြုပ်လမ်းကွ၊ ဒါ မမှားဘူးတဲ့ (မှန်ပါ့)။
မမှားပါဘူးတဲ့၊ ခင်ဗျားတို့ ဒီလိုအရေးကြီးတဲ့အချက်ကို မောင်သစ်တို့ ဦးသံဒိုင်တို့ ပြောပေးမဲ့ ဆရာသမားမရှိ လို့ရှိရင် ခင်ဗျားတို့က ဟယ် တတ်နိုင်သ၍တော့ လုပ်မှာပေါ့ကွ၊ သားကလေးကြီးလာပြီရော အင်း လာဦးမှာပဲ (မှန်ပါ့)။
အဲဒီတော့ကို ကိုယ့်မှာ အကြောင်းညီညွှတ်လို့ဟာ နောက်လည်း အကြောင်းညီညွှတ်အောင်လုပ်မှာပဲ (မှန်ပ့ါ)။
အကြောင်းညီညွှတ်ဆိုတာက၊ သူ့ဟာက ဒီထက်ချမ်းသာဖို့ဆိုပြီးသကာလ ဘုံဘဝတွေ နှစ်သက်ပြီးသကာလ လုပ်တာကျတော့ ဘာလမ်းခေါ်ကြမယ် (မျောလမ်းပါ) မျောလမ်း (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
လှချင်၊ ဝချင်၊ ပချင်လို့ လုပ်တာတွေကတော့ (မျောလမ်းပါ ဘုရား) မျောလမ်းဆိုတာ သဘောကျပလား (ကျပါပြီ)။
ဘယ်ဆရာနဲ့မှလည်း မတွေ့ဘူး၊ ကိုယ့်ဟာကိုယ်ပဲ နေတော့မယ် မိဘရိုးရာအတိုင်းပဲ မပြင်မဆင်တော့ပါဘူး ဆိုပြန်လည်း မြုပ်လမ်း (မြုပ်လမ်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ဟာက မျောလမ်း မြုပ်လမ်း မှတပါး သောင်တင်လမ်းဆိုတဲ့ ဥစ္စာကိုပဲ ရှာမတွေ့အောင် ဖြစ်နေတယ် (မှန်ပါ့)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို နတ်ကမေးတယ်၊ အရှင်ဘုရား ဒီ ဩဃကြီးထဲက ဘယ်လိုများ အရှင်ဘုရား သောင်ကမ်းတင်အောင် လုပ်လာပါသတုန်းလို့ မေးတယ် (မှန်ပ့ါ)။
မေးတဲ့အခါကျတော့ မကူးဘဲနေတော့လည်း င့ါမှာ မြုပ်သွားတယ်ကွာ တဲ့၊ ကူးပြန်တော့လည်း မျောသဟေ့ တဲ့ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
မကူးဘဲ နေပြန်တော့လည်း မြုပ်တယ်
အဲဒီတော့ မကူးဘဲလည်း နေသည်မဟုတ်ဘူးကွတဲ့၊ မကူးဘဲနေတော့ မြုပ်အုံးမှာကိုး (မှန်ပ့ါ) သိပ်လည်း မကူးဘူးကွတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိပ်လည်း မကူးဘူးလည်း၊ ဘဝတဏှာတွေလည်း မလိုက်ဘူးပေါ့လေ (မှန်ပ့ါ) အဲဒါနဲ့ ငါ့မှာ သောင်ကမ်း ဆိုတဲ့ဆီကို ရောက်လာတယ်ကွတဲ့ ဆိုတော့ ဒီအဖြေဟာ ဦးသံဒိုင် လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။
မလွယ်ဘူးတဲ့၊ သူ့ဟာ မကူးဘဲ နေပြန်တော့လည်း မြုပ်တယ်၊ ကူးပြန်တော့လည်း မျောတယ်လို့ သူကဟောထား တာကိုး၊ နတ်ကမေးလို့ (မှန်ပါ့)။
ကိုယ့် ရက်ကန်းကလေးနဲ့ ကိုယ့်အထည်ကလေး ရောင်းစားပြီးသကာလ အေး ဒါလောက်ဆိုရင်လည်း စားတာ သောက်တာ ရှိရင် တော်ရောပေ့ါ၊ ကိုယ့်သားနဲ့ သမီးနဲ့ အုပ်ချုပ်ချုပ်နဲ့ ဒါလောက်ဆို မဆိုးလှပါဘူးဆိုတော့လည်း သူ သွားပြန်ပြီ၊ မြုပ်လမ်းသွားပြန်ပြီ (မှန်ပ့ါ ဘုရား)။
ဟာ ပိုလာပြီ၊ ရှံလာပြီကွာ၊ ရေးအိုးနဲ့ ဘိနပ်မပါ နွေခါမှသိတယ်၊ ဒါနနဲ့သီလမပါ သေကာမှသိမယ်၊ အဲဒီတော့ ဒါနသီလ ကလေးတွေလည်း အထုပ်အထည်ကလေးတွေ ‘ဒါနံပါထေယျမုတ္တမံ’ လို့ ဘုရားကဟောထားတယ်၊ ဒါနဆိုတဲ့ ဥစ္စာထုပ်ကြီးဟာ လူမခိုးနိုင်တဲ့ ဥစ္စာထုပ်ကြီးပဲ၊ ဒို့ ပြုကြအုံးစို့ကွာ၊ နောက်စားရအောင် (မှန်ပါ့) လာပြန်တာပဲ၊ ဘသတောင်းတလှူတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကျတော့ ဘယ်သွားပြန်သတုန်း (မျောလမ်းပါ ဘုရား) မျောနေတယ် (မှန်ပါ့) မလုပ်ရဘူးဆိုတာ မဟုတ်ဘူး၊ မလုပ်တတ်လို့ မျောနေတာ (မှန်လှပါ ဘုရား)။
မလုပ်ရဘူးဆိုတာ မဟုတ်ဘူး၊ မြုပ်လမ်းမျောလမ်းကို ခင်ဗျားတို့ ရှင်းအောင်လို့ သံယုတ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလို့ ယနေ့ဒါ စ လာတာတဲ့ (မှန်ပါ့) ဒီထဲမှာ ဝိပ္ပလ္လာသက ပါလို့ချည့်မှတ် (မှန်ပါ့)။
ဝိပ္ပလ္လာသက ဘယ်လိုပါသတုန်း၊ မျောလမ်းလိုက်တဲ့ ပုဂ္ဂိုလ်က ဪ နတ်ချမ်းသာတဲ့၊ ဒုက္ခကို သုခထင်တယ် (မှန်ပါ့) မထင်ဘူးလား (ထင်ပါတယ်)။
ဒုက္ခကို သုခထင်လိုက်တယ်တဲ့၊ နတ်ပြည်တော့ အသက်ရှည်ထယ်ဆိုတော့ အနိစ္စလည်း သူ နိစ္စထင်တာပဲ (မှန်ပါ့)။
နတ်ပြည်မှာလည်း ခန္ဓာရှိရင် အသုဘရှိတာပဲ၊ သုတလို့ထင်လိုက်တာပဲ (မှန်ပါ့)။
အဲဒီတော့ မျောလမ်းလိုက်တဲ့ သူကလည်း ဒီ ဝိပ္ပလ္လာသကြောင့် လိုက်သွားတာလဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒိဋ္ဌိဝိပ္ပလ္လာသကြောင့် မြုပ်လမ်း
မြုပ်လမ်းလိုက်တဲ့လူက ဒိဋ္ဌိဝိပ္ပလ္လာသကြောင့် သူက မြုပ်လမ်းကိုလိုက်တယ် (မှန်ပါ့) သွားပြန်ပြီ၊ ရှင်းပလား (ရှင်းပါပြီ)။
ဒိဋ္ဌိဝိပ္ပလ္လာသ မပြုတ်ပြန်တော့ မြုပ်လမ်း (မှန်ပါ့) သုခမဟုတ်တာ သုခထင်ပြန်တော့လည်း (မျောလမ်းပါ)။
ဟာ ဒီ ဝိပ္ပလ္လာသ လက်လွှတ်လို့ မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ငါ့သား ငါ့သမီး ငါ့မြေး ငါ့မြစ် ဒီအတိုင်းထင်နေတတ်တဲ့ ဒိဋ္ဌိကိုး (မှန်ပါ့)။
မဟုတ်တာတွေ အဟုတ်ထင်ပြီးသကာလ နေတော့ ဒိဋ္ဌိဝိပ္ပလ္လာသက ဖြစ်ပြီးသကာလ နေပြန်တော့လည်း မြုပ်တာပဲ၊ အဝိဇ္ဇာကတော့ ပါပြီးသားထား (မှန်ပ့ါ)။
အဝိဇ္ဇာကတော့ သူ သစ္စာမသိလို့ သေချာနေပြီ (မှန်ပါ့) အဝိဇ္ဇာကတော့ မျောလမ်းလည်း ခေါင်းဆောင်တာပဲ (မှန်ပါ့) မြုပ်လမ်းလည်း (ခေါင်းဆောင်ပါတယ် ဘုရား)။
ခေါင်းတော့ဆောင်တာပဲ ဆိုတော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဝဋ်မြစ်နှစ်ပါးဆိုတာပါတယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။
ဝဋ်မြစ်နှစ်ပါးဆိုတာ သုဂတိခေါင်းဆောင် တဏှာ၊ အပါယ်ခေါင်းဆောင် အဝိဇ္ဇာ (မှန်ပ့ါ)။
ဒုဂ္ဂတိခေါင်းဆောင်က (အဝိဇ္ဇာပါ) သုဂတိ ခေါင်းဆာင်က (တဏှာပါ)။
ဒါကြောင့် သူဝဋ်မြစ်ချည့်ဆိုထားတယ် (မှန်ပါ့)။
ဒီ အဝိဇ္ဇာနဲ့ တဏှာပါလို့ရှိရင် အဝိဇ္ဇာပါရင် မြုပ်လမ်း၊ တဏှာပါရင် မျောလမ်း (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အားလုံး ဒကာ ဒကာမတွေ ဒီ ဥစ္စာက အရေးကြီးလို့ရှိရင် ဆရာဘုန်းကြီးက ဆုံးမမည့် တရားမဟုတ်ပါဘူး။ အရေးကြီးလို့ ဆုံးမနေတယ်လို့ မှတ်ကြရမယ် (မှန်ပါ့)။
ခန္ဓာဝဋ်ကျွတ်ဖို့ အကြောင်းခံပြီးတော့လုပ်ပါ
အဲဒီတော့ကို မြုပ်လမ်း မျောလမ်းကိုဖြင့် ရှောင်ရမယ် (မှန်ပါ့) ခင်ဗျားတို့ လှူကြ ပေးကြ တန်းကြ ကမ်းကြလို့ ရှိရင် ဘယ်တော့မှ ခန္ဓာကိုမလိုချင်နဲ့ (မှန်ပါ့ ဘုရား) ခန္ဓာဝဋ်ကျွတ်ဖို့ အကြောင်းခံပြီးတော့လုပ်ပါ (မှန်ပါ့) ဒါ ဆိုလို့ရှိရင် ဖြင့် အလယ်လမ်း တက်သွားတာပဲ (မှန်ပါ့)။
ငါ့သား င့ါသမီး ငါ့မြေး ငါ့မြစ်ကို မထင်အောင်လုပ်နိုင်ကြလို့ရှိရင်လည်း မြုပ်လမ်းလွတ်သွားတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ငါ့သား ငါ့သမီး င့ါမြေး င့ါမြစ် ထင်ပြန်ရင် (မြုပ်လမ်းပါ ဘုရား) မြုပ်လား၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ နောက်ဘဝ ကောင်းစားရေးတွေကို ငဲ့ကြပြန်လို့ရှိရင်လည်း (မျောလမ်းပါ ဘုရား)။
မျောလမ်းပဲဆိုတော့ မျောလမ်းမှာ တဏှာခေါင်းဆောင်တယ် (မှန်ပါ့) မြုပ်လမ်းမှာ အဝိဇ္ဇာ ခေါင်းဆောင်တယ် (မှန်ပါ့)။
မြုပ်လမ်းမှာ အဝိဇ္ဇာ ခေါင်းဆောင်
ဒါကြောင့် ဝဋ်မြစ်မှာ “အဝိဇ္ဇာ တဏှာဝသေန ဒွေမူလာနိ” ဆိုငြားသော်လည်း မြုပ်လမ်း ခေါင်းဆောင် မျောလမ်း ခေါင်းဆောင် ခေါင်းဆောင်နှစ်ယောက်ကလည်းပါသေးတယ် (မှန်ပါ့)။
မျောလမ်း ခေါင်းဆောင် တဏှာ၊ မြုပ်လမ်း ခေါင်းဆောင်အဝိဇ္ဇာ (မှန်ပါ့အဝိဇ္ဇာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မျောလမ်း ခေါင်းဆောင်က (တဏှာပါ) မြုပ်လမ်းခေါင်းဆောင်က (အဝိဇ္ဇာပါ ဘုရား)။
ဪ ဒါဖြင့် ဝဋ်မြစ်နှစ်ပါးဆိုတာ သစ်ပင်တပင်က နှစ်မြစ်တွယ်နေတာမဟုတ်ဘူး၊ နတ်ဗြဟ္မာအမြစ်က တဏှာ (မှန်ပါ့) အပါယ်အမြစ်က (အဝိဇ္ဇာပါ) ဒါကို ဆိုနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ဘာပဲလှူလှူ ဘာပဲတန်းတန်း ခန္ဓာဒုက္ခသစ္စာကို မြင်ပြီးသကာလမှ လုပ်ကြ ပြုကြတော့ မယ်ဆိုတော့ မျောလမ်းကကို မသွားဘူး (မှန်ပါ့) ခန္ဓာဒုက္ခသစ္စာ မြင်တဲ့အတွက် သမ္မာဒိဋ္ဌိဖြစ်နေတဲ့အတွက် မိစ္ဆာဒိဋ္ဌိက ပြုတ်နေသောကြောင့်လဲ မှတ်လိုက်ပါ မြုပ်လမ်းလဲ မရောက်ဘူး (မှန်ပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်လာတော့လဲ (မြုပ်လမ်းလွတ်ပါတယ်) မြုပ်လမ်းလွတ်သွားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာက အလောဘဖြစ်ပြန်တော့လဲ (မျောလမ်းလွတ်သွားပါတယ်) ဒါကိုလဲ ဝေဖန်ရတယ် (မှန်ပါ့) ဒါကိုလဲ မဝေဖန်လို့ရှိရင် မရဘူး (မှန်ပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်ရမယ်
တဏှာက ဘာဖြစ်ရမလဲ (အလောဘဖြစ်ရပါမယ်) မိစ္ဆာဒိဋ္ဌိက (သမ္မာဒိဋ္ဌိဖြစ်ရပါမယ် ဘုရား)။
တဏှာက ဘာဖြစ်ရမလဲ (အလောဘဖြစ်ရပါမယ်) မိစ္ဆာဒိဋ္ဌိက (သမ္မာဒိဋ္ဌိဖြစ်ရပါမယ် ဘုရား)။
အဲ မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်မယ်ဆိုတော့ မြုပ်လမ်းလွတ်သွားတယ် (မှန်ပါ့) တဏှာက ဘုံဘဝတွေ မလိုချင်ပါဘူးဆိုတဲ့အလောဘဘက် ဝင်လာရင် (မျောလမ်းလွတ်ပါတယ်) မျောလမ်းလွတ်သွားတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပရမတ်မှာလဲ ဒီလိုပြင်ပြီးသကာလ ခန္ဓာထဲမှာ ဒီဥစ္စတွေ သွင်းရလိမ့်မယ် (မှန်ပါ့) ဒီဟာတွေ မသွင်းလို့ ရှိရင်ခင်ဗျားတို့သည် အဝိုင်းပြေးရယ် အဝိုင်းမပြေးဘဲနဲ့ မြုပ်တာရယ် ဒီနှစ်လမ်းဘဲရှိတယ် (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ)။
အဝိုင်းပြေးရယ် (မြုပ်တာရယ်ပါ ဘုရား) ဒါဘဲရှိတယ် (မှန်ပါဘာရား)။
အဲဒါ ခင်ဗျားတို့ အခု ဒို့ဘယ်အထဲ ရောက်နေသတုန်းလို့ စဉ်းစားပါ။ မြုပ်မဲ့ဆီဘဲ ရောက်မလို့ ခြေလှမ်းနေသလား၊ မျောမ့ဆီကိုရောက်မလို့ ခြေလှမ်းနေသလားဆိုတာ ကိုယ့်ခြေလှမ်းနဲ့ ကိုယ်သိပါ (မှန်ပါ့) မသိထိုက်ဘူးလား (သိထိုက်ပါ တယ် ဘုရား)။
ကိုယ့်ခြေလှမ်း ကိုယ်သိတော့ ဪ အခုဆရာသမားက ဟောပြီ၊ မင်းတို့မြုပ်လမ်းခေါင်းဆောင်ကလဲ မကောင်း ဘူးနော်၊ မျောလမ်း ခေါင်းဆောင်ကလဲ မကောင်းဘူးတဲ့။
ဒီခေါင်းဆောင်နှစ်ယောက်ကို နှစ်ခုစလုံးပြင်ရင် (ကောင်းပါတယ်) မြုပ်လမ်းခေါင်းဆောင်ကိုလဲ သမ္မာဒိဋ္ဌိနဲ့ ပြင်ပါ (မှန်ပါ့) မျောလမ်းခေါင်းဆောင်ကို အလောဘနဲ့ပြင်ပါ၊ အလောဘဆိုတာ မလိုချင်မှု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
မြုပ်လမ်းခေါင်းဆောင် ပယ်လို့ရှိရင်
မြုပ်လမ်းခေါင်းဆောင် ပယ်လို့ရှိရင် (သမ္မာဒိဋ္ဌိဖြစ်အောင်လုပ်ရပါမယ်) မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်အောင် လုပ် (မှန်ပါ့)။
မျောလမ်းခေါင်းဆောင်ကို ဘယ်လိုပြင်ကြမယ် (အလောဘဖြစ်အောင် လုပ်ရပါမယ် ဘုရား)။
အဲ လောဘက ဘုံဘဝလိုချင်တာကို ကိုယ်က မလိုချင်တဲ့ဘက်ရောက်အောင် လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒီလိုဆိုလို့ရှိရင် လှူကြစမ်းပါ တန်းကြစမ်းပါ ပေးကြစမ်းပါ ကမ်းကြစမ်းပါဆိုတာ ဘုန်းကြီးများက တိုက်တွန်းရ မည့် ဘက်ကနေပါတယ် (မှန်ပါ့ ဘုရား) မျောလမ်းကို မကြိုက်လို့ရှိရင် (မှန်ပါ့)။
မျောလမ်းကိုကြိုက်တယ်ဆိုလို့ရှိရင် ဒီဥစ္စာ ဪ မသိတဲ့ ဥစ္စာဘဲ၊ ပြင်ပေးရမယ်၊ မပြင်ရပေဘူးလား (ပြင်ရပါမယ် ဘုရား)။
ပြင်ရမယ်တဲ့၊ အဲဒါကြောင့် ဘုရားကိုက အခု ပဌမ မူလချီးလာကတည်းက ဦးသံဒိုင် ပါခဲ့ပြီ၊ မကူးဘဲနေတော့လဲ မြုပ်တယ်ကွ၊ ကူးပြန်တော့ မျောတယ် (မှန်ပါ့)။
ငါသည် သိပ်လဲမကူးဘူး၊ သိပ်လဲအငြိမ်မနေဘူး၊ ဒီအလယ်လမ်းကနေပြီး ငါဘုရားဖြစ်လာတယ်-ဆိုတော့ ဒါ ဒီ လမ်းတွေဟာ မောင်သစ်တို့ ဦးသံဒိုင်တို့က မှတ်ရမယ်။ ဘယ်ဟာမျိုးမဆို သုံးရမယ် မှတ်ရမယ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။
ဟို အတ္တလိကမထမှာသာ ဆိုတာ မဟုတ်ဘူး၊ အကုန် နှစ်လမ်းသုံးလမ်း ရှိတာချည့်ဘဲ မှတ်ရမယ် (မှန်ပါ့) အလယ်လမ်းရှိတာချည့်ပဲ မှတ်ရမယ် (မှန်ပါ့)။
ဥပမာ အကုသိုလ်စိတ် ဆဲ နှစ်ခုက မြုပ်လမ်းဟေ့၊ မဟာ ကုသိုလ်စိတ် ရှစ်ခုက မျောလမ်းဟေ့၊ ဖြစ်နိုင်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မဂ္ဂင်က အလယ်လမ်းဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါပြိ)။
အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေ၌ နေ့တိုင်း သွန်သွင်ဆုံးမပြီး သကာလနေတာက အလယ်လမ်း တက်ကြပါစေ။ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) အလယ်လမ်းတက်ကြပါစေလို့ ဆိုလိုက်တယ် (မှန်ပါ့)။
အလယ်လမ်းဆိုတာ ဘာတုန်းဆိုတော့ ဘယ်ဟာဖြစ်ဖြစ် “ပစ္စဝေက္ခဏာ”ပါရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဝိပဿနာဉာဏ် ကလေးတော့ အုပ်အုပ်သွားရမယ်
ဘယ်ဟာဖြစ်ဖြစ် (ပစ္စဝေက္ခဏာ ပါရပါမယ် ဘုရား) ဆင်ခြင်ရမယ် (မှန်ပါ့) ပစ္စဝေက္ခဏာ ဝိပဿနာဉာဏ် ကလေးတော့ အုပ်အုပ်သွားရမယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်ကလေး မအုပ်တဲ့ဟာ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှတ်လိုက်ပါ၊ မျောလမ်းဘက်ကိုလဲ စောင်းချင်စောင်းသွားတယ်၊ မြုပ်လမ်းဘက်ရင်လဲ မြုပ်ချင်မြုပ်သွားမှာဘဲ (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)။
ဒါဖြင့် သူ့ကို အုပ်ချုပ်ရေးအဖြစ်နဲ့ ဗဟိုထားရမယ် (မှန်ပါ့) အလယ်လမ်းတရားတွေကို ဗဟို ထားပြီးသကာလ ဒကာ ဒကာမတွေလမ်းသွားရမယ် (မှန်ပါ့)။
မလှူရဘူး မပေးရဘူး မကမ်းရဘူးလို့ မဟော၊ သူပါပေစေ (မှန်ပါ့) အလယ်လမ်းဉာဏ်ပါပါစေဆိုတဲ့ဥစ္စာ အထူးအရေးကြီးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အခု ဘုရားကိုယ်တိုင်က မကူးဘဲနေတော့ သူ ဘာဖြစ်သတဲ့တုန်း (မြုပ်ပါတယ်) မြုပ်တယ်၊ ကူးဖန်များတော့လဲ (မျောပါတယ်) အားစိုက်ပြီး ကူးလိုက်ပြန်တော့လဲ မျောသွားတယ်ကွ တဲ့ (မှန်ပါ့)။
ဒါ့ကြောင့် အလွန်ကြိးလဲမကူးဘဲမနေဘူး၊ အလွန်ကြီးလဲ ငြိမ်မနေဘူးကွ၊ အလည်အလတ်နဲ့ဘဲ ဩဃလေးပါးမှ လွန်မြောက်ပြီးသကာလ ငါ့ ဘုရားအဖြစ်သို့ အမှန် ရောက်လာတယ်ဆိုတဲ့ ဥစ္စာ မောင်သစ် ပါသွားပြီ (ပါသွားပါပြီ ဘုရား) မပါသေးဘူးလား (ပါပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ အခု အရေးကြီးတဲ့အချက်ကို ပြောပြီတဲ့၊ အရေးကြီးတဲ့အချက် ဘာပြောပါလိမ့် မတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် အလယ်လမ်းကို မူသေထားပါ (မှန်ပါ့)။
ဘယ်လမ်းတုန်း (အလယ်လမ်းကိုမူသေထားရပါမယ် ဘုရား)။
အလယ်လမ်းစစ်စစ်
အလယ်လမ်းစစ်စစ်ဆိုလို့ရှိရင်ဖြင့် ဝဋ်ကျွတ်ချင်တဲ့ ဒါန၊ ဝဋ်ကျွတ်ချင်တဲ့ သီလ ဒါတွေဟာ အလယ်လမ်းပါဘဲ (မှန်ပါ့) ဒီ့ထက်စစ်စစ်ကြီး ပြောစမ်းပါဦးဘုရားဆိုလို့ရှိရင်ဖြင့် ခန္ဓာမလိုချင်မှုဟာ အလယ်လမ်းဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာမလိုချင်မှုဟာ (အလယ်လမ်းပါ ဘုရား) အလယ်လမ်းဘဲ။
ဒါဖြင့် ဪ အရေးတကာ့ အကြီးဆုံးဟာဖြင့် ခန္ဓာမလိုချင်မှုဟာ အရေးကြီးဆုံး ပါလားဆိုတာ အလောဘ ဟောလိုက်တာ (မှန်ပါ့ ဘုရား)။
ဘာဟောလိုက်သလဲ (အလောဘဟောလိုက်ပါတယ်) အဲ ဒါကြောင့် လောဘက အလောဘဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။
မိစ္ဆာဒိဋ္ဌိက (သမ္မာဒိဋ္ဌိဖြစ်ဖို့ အရေးကြီးပါတယ် ဘုရား)။
အဲ မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်လို့ရှိရင်လဲ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့ ဒီလမ်း ငါ့တို့လွတ်ပဟ (မှန်ပါ့)။
ခုနင်က ခန္ဓာမလိုချင်တဲ့ သဘောနဲ့ ဒါန သီလတွေ လုပ် ဝိပဿနာတွေ လုပ်ကြမယ်ဆိုလို့ရှိရင်ဖြင့် မျောလမ်းဖြင့် ငါမလိုက်ဘူး (မှန်ပါ့) မျောလမ်းအတွက် စိတ်ချရပြီ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ အလယ်လမ်းရောက်ဖို့ရာ အရေးဟာက မလွယ်ကူတဲ့အရေး၊ အလယ်လမ်းဆိုတာ ဘုရားဖြစ်ပြီးတော့ စ,ဟောတာ အလယ်လမ်းဟောတာ (မှန်ပါ့)။
ဦးသံဒိုင် ကြားဘူးပါလိမ့်မယ်၊ ဘုရားဖြစ် ဖြစ်ခြင်းဘဲ ဘယ်လမ်း စဟောသလဲ (အလယ်လမ်းစ, ဟောပါတယ် ဘုရား)။
အလယ်လမ်း စ,ဟောတယ်ဆိုတာ “တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ” ဟုတ်လား၊ ဉာဏ်အမြင် ရှိရမယ်ကွ တဲ့၊ ဉာဏ်မျက်စိနဲ့ ကြည့်ရမယ်ကွ တဲ့၊ ဒါမှ ဥပသမာယ=ကိလေသာငြိမ်းတယ်တဲ့၊ အဘိညာယ=ဒါမှ ဒုက္ခသစ္စာထိုးထွင်းသိမယ်တဲ့၊ သမ္ဗောဓာယတဲ့=ဒါမှ သစ္စလေးပါးသိမယ်ကွတဲ့(မှန်ပါ့)။
အဲ့ဒီ သစ္စာလေးပါး သိမှသာလျှင် ခင်ဗျားတို့ မြုပ်လမ်းမျောလမ်းက လွတ်သွားမယ်ဆိုတဲ့ ဥစ္စာကို ဘုရားဖြစ်-ဖြစ်ခြင်းလဲ ဒီနတ်က မမေးခင်ကပင်၊ နတ်က နောက်မှ လာမေးတာ (မှန်ပါ့) သူ့ကိုက အလယ်လမ်းကိုင်ထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေ အခု သာသနာတွင်းကြုံတဲ့ ပုဂ္ဂိုလ်များသည် သာသနာတွင်းမှ ဦးသံဒိုင် အလယ်လမ်းပေါ်တယ် (မှန်ပါ့) သာသနာပမှာ အလယ်လမ်းကို မရှိဘူး (မှန်ပါ့)။
ပစ္စေကဗုဒ္ဓါများ
ရှိပါရဲ့ ပစ္စေကဗုဒ္ဓါများ(မှန်ပါ့) ရှိတော့ရှိတယ်၊ သူ တယောက်သွားလာတဲ့ လမ်းသာရှိတယ်၊ သူများကို ခေါ်ဆိုနိုင်တဲ့ လမ်းမရှိဘူး (မှန်ပါ့) ကြောက်စရာကောင်းလိုက်တာ (မှန်ပါ့)။
သူတော့ တယောက်တည်းသွားတာပဲ (မှန်ပါ့) ဒီအလယ်လမ်းဘဲသွားတာဘဲ (မှန်ပါ့) အရှင်ဘုရား လိုက်ပါရစေဆိုရင် သူမတတ်နိုင်ဘူး (မှန်ပါ့)။
ဘာဖြစ်လို့ မတတ်နိုင်သတုန်းမေးတော့ သူသာ သစ္စာသိတယ် သူတစ်ပါးကို သစ္စာသိအောင် မဟောနိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သူသာ (သစ္စာသိနိုင်ပါတယ် ဘုရား) သူတပါးကို (သစ္စာသိအောင် မဟောနိုင်ပါ ဘုရား) မဟောနိုင်ဘူး။
အခုဘုန်းကြီးတို့က ဘာဖြစ်လို့ ဟောနေသတုန်းလို့ ပစ္စေက ဗုဒ္ဓါထက် သာလို့လားလို့ဆိုတော့ ဒီလို မဟုတ်ပါဘူးတဲ့။
ပစ္စေကဗုဒ္ဓါက ဆရာမရှိဘဲနဲ့ကွာ သွားတာ (မှန်ပါ့) ကျုပ်တို့က ဆရာနဲ့ဟောနေတာ (မှန်ပါ့) ဒါ ကွာသွားတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
ပစ္စေကဗုဒ္ဓါထက် သာလို့ မဟုတ်ပါဘူး၊ ဟိုက ဆရာမရှိဘဲနဲ့ သွားရတဲ့အတွက်တဲ့၊ သူ့ဟာသူသာ သွားတတ်တယ် (မှန်ပါ့) သူများကို သယ်ယူပို့ဆောင်နိုင်တာ မရှိဘူး (မှန်ပါ့)။
ဒီကတော့ ဆရာရှိနေတဲ့ ပုဂ္ဂိုလ်မို့ ဆရာအားကိုးနဲ့ ဆရာကို အမှန်ထားပြီး မူတည်ပြီးသကာလ ရှိနေတဲ့အတွက် ဟောတတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် အခုအချိန်ကျွတ်တမ်းဝင်နိုင်သေးတယ် ဆိုတာ အလယ်လမ်းပြောင်းနိုင်တဲ့ ပုဂ္ဂိုလ်ရှိသေးလို့ ရှိရင်ဖြင့် မည်သူမျှ မကြောက်နဲ့ ကျွတ်တမ်းဝင်နိုင်တာချည့်ဘဲ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ကျွတ်တမ်းဟာ အရေးကြီးတယ်နော် (မှန်ပါ့) ကျွတ်တမ်းဟာ ဘာတုန်းဘုရာ့၊ ခင်ဗျားတို့ နာလည်တဲ့ ကျွတ်တမ်းက တမျိုး၊ ကျွတ်တမ်းဆိုတဲ့ဥစ္စာက ကိလေဝဝဋ်မှကျွတ်တာ ကျွတ်တမ်း (မှန်ပါ့) ကမ္မဝဋ်မှ ကျွတ်တာ (ကျွတ်တမ်းပါ ဘုရား) ဝိပါကဝဋ်မှ ကျွတ်တာ (ကျွတ်တမ်းပါ ဘုရား)။
ကျွတ်တမ်းက အဲဒါဆိုတာ ခင်ဗျားတို့က ရဟန္တာဖြစ်တာချည့် ယူနေလို့ ကွကျတာ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ကျွတ်တမ်းဆိုတာ
ကျွတ်တမ်းဆိုတာ ရဟန္တာဖြစ်သွားပြီ၊ ဒါဖြင့် ကျွတ်လွတ်သွားပြီ၊ သောတာပန်ဖြစ်သွားပြီ၊ ကျွတ်လွတ်သွားပြီ၊ ခင်ဗျားတို့က ပုဂ္ဂိုလ်ကိုဆိုနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပုဂ္ဂိုလ်က ဘာမှမဆိုင်ဘူး၊ ဒီဓမ္မတွေ ခန္ဓာထဲမှာ မျိုးစေ့ပြတ်လို့ရှိရင် ကျွတ်တမ်း၊ ဟုတ်လား (မှန်ပါ့)။
လူဘဲဖြစ်ဖြစ်၊ ရဟန်းဘဲဖြစ်ဖြစ် ဒီ ဓမ္မတွေ ခန္ဓာကိုယ်ထဲမှာ ကိလေသဝဋ်လဲ ကျွတ်သွားမယ်၊ ကမ္မဝဋ်လဲ မရှိတော့ဘူး၊ ဝိပါကဝဋ်လဲ ကျွတ်သွားမယ် (မှန်ပါ့) ကမ္မဝဋ်လဲ မရှိတော့ဘူး၊ ဝိပါကဝဋ်လဲ မရှိတော့ဘူး ဆိုလို့ရှိရင် ဝိပါကဝဋ်ကျွတ်အောင်လဲ လုပ်နိုင်ကြမယ်ဆိုလို့ရှိရင် ခင်ဗျားတို့လဲ ကျွတ်တမ်းဝင်တာဘဲ (မှန်ပါ့)။
ဒါဖြင့် ရဟန္တာသည် ကျွတ်တမ်းဝင်သလား၊ ဒီသုံးခု ချုပ်တာကို ကျွတ်တမ်းဝင်တယ်ဆိုကြမလညား (ဒီသုံးခု ချုပ်တာကို ကျွတ်တမ်းဝင်ကယ်ဆိုပါတယ် ဘုရား)။
စာက ရေးထားတာက အကျိုးရေးထားတာ (မှန်ပါ့) အကြောင်းက မကျွတ်ရင် ဘယ်ကလာ အကျိုးကျွတ်မ တုန်း (မှန်ပါ့) စာက-ရဟန္တာဆိုတဲ့ အထည်ကြီး ကျွတ်သွားတယ် ပြောတ (မှန်ပါ့)
စင်စစ်တော့ အကြောင်းကျွတ်မှ အကျိုးကျွတ်တာဆိုတာ မှတ်မိကြပလား (မှတ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ အခု ဟောနေတဲ့ တရားသည် ကိလေသဝဋ်ကို ကျွတ်လို့ရှိရင်လဲ ကမ္မဝဋ်ဟာလဲ ကျွတ်တာဘဲ၊ သဘောကျပြီ (ကျပါပြီ) ဝိပါကဝဋ်ကော (ကျွတ်ပါတယ်)။
ဒါဖြင့် ကိလေသဝဋ်တခု ကျွတ်ရင် ဟိုဟာတွေက ကျွတ်တာပါဘဲ ကမ္မဝဋ်နဲ့ ဝိပါကဋ်ဟာ (မှန်ပါ့)။
ဒါဖြင့် ဘာအရေးကြီးသတုန်း (ကိလေသဝဋ်ကျွတ်ဖို့ အရေးကြီးပါတယ် ဘုရား)။
ဒါကြောင့် ဘုရားက ဟောလိုက်တယ် မင်းတို့ ပဋိစ္စသမုပ္ပါဒ်ကြည့်ရင်တော့ ကိလေဝဝဋ် ကမ္မဝဋ် ရှိတယ်ကွာ တဲ့၊ ငါသစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ကိလေသဝဋ် ကျွတ်ရင် အကုန်ကျွတ်တာဘဲ ဆိုပြီးသကာလ သမုဒယသစ္စာ တလုံးတည်း သူဟောတယ် (မှန်ပါ့ ဘုရား) ဟိုကံတွေ မထည့်တော့ဘူး (မှန်ပါ့) ထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။
လောဘတလုံးကျွတ်ရင် အကုန်ကျွတ်
သစ္စာဟောလိုက်တော့ကို လောဘတလုံးကျွတ်ရင် အကုန်ကျွတ်ဘဲတဲ့ကွာ၊ တိုတိုပြောလိုက်တော့ ဒီရောက်မသွား ဘူးလား (ရောက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် သစ္စာကျတော့ သမုဒယသစ္စာက လောဘ၊ ဒုက္ခသစ္စာက ရုပ်နာမ် (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။
သမုဒယသစ္စာ ကျွတ်လိုက်တဲ့ အခါကျတော့ ကံဖြစ်တဲ့ ရုပ်နာမ်တွေကလဲ မပေါ်ပါဘူး (မှန်ပါ့) ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဘာအရေးကြီးသတုန်း (ကိလေသဝဋ်အရေးကြီးပါတယ် ဘုရား)။
ကိလေဝဝဋ်ကျွတ်လို့ အရေးကြီးတယ် (မှန်ပ့ါ) ကိလေသဝဋ်ကျွတ်လို့ရှိရင် လည်လမ်း တက်မိတာဘဲ (မှန်ပါ့)။
ကိလေသဝဋ်ကျွတ်လို့ရှိရင် (အလယ်လမ်းတက်မိပါတယ် ဘုရား)။
ဪ နေရာကျပြီ၊ အလယ်လမ်း ဘယ်နှစ်လမ်းရှိသတုန်းလို့ မေးတဲ့အခါကျတော့ မဂ်လေးပါးရှိလို့ လေးလမ်းရှိ တယ်လို့မှတ်လိုက် (မှန်ပါ့)။
အလယ်လမ်း ဘယ်နှစ်လမ်း ရှိသတုန်း (လေးလမ်းရှိပါတယ် ဘုရား) လေးလမ်းရှိတယ်၊ ပဌမလမ်း တက်မိမှလဲ ဒုတိယလမ်းတွေ့မယ် (မှန်ပါ့) ဒုတိယလမ်း တက်မိမှလဲ (တတိယလမ်းတွေ့ပါတယ်) တတိယလမ်း တက်မိမှ (စတုတ္ထ လမ်းတွေ့ပါတယ် ဘုရား)။
အဲ လမ်းကလဲ လေးလမ်းရှိတယ်တဲ့ အလယ်လမ်းပေးမဲ့ လဲ သဘောကျပလား (ကျပါပြီ)။
ပဌမ အလယ်လမ်းကလဲ ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာကိုသူဖြတ်တယ် (မှန်ပါ့) ဒါကြောင့် သူနဲ့ဆိုင်တဲ့ ကမ္မဝဋ်တွေ ဝိပါကဝဋ်တွေ လာသေးသလား (မလာပါ ဘုရား) ဘာဖြစ်လို့လဲ ကိလေသဝဋ် ဖြတ်ချလိုက်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒုတိယ အလယ်လမ်းကလဲ ရုန့်ရင်းတဲ့ ကိလေသာတွေဖြတ်ချလိုက်တယ် (မှန်ပါ့) တတိယ အလယ်လမ်းကလဲ ကာမရာဂ ဖြစ်တဲ့ လောဘဆိုတဲ့ သမုဒယသစ္စာ ဖြုတ်ချလိုက်တယ် (မှန်ပါ့) စတုတ္ထအလယ်လမ်းကလဲ ရူပရာဂ အရူပရာဂဆိုတဲ့ လောဘဘဲ ဖြုတ်ချလိုက်တယ် (မှန်ပါ့) ဒါဖြင့် လောဘချည့်ပေါ့ဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတွေ အလယ်လမ်းဘယ်နှစ်လမ်းရှိသတုန်း (လေးလမ်းရှိပါတယ် ဘုရား)။
ပဌမလမ်းတက်မိရင်
အို ပဌမလမ်းတက်မိရင် မပူပါနဲ့ (မှန်ပါ့) ဒုတိယလမ်း၊ တတိယလမ်းဟာတဲ့ သူကဘဲ ပဌမလမ်းကိုသိတဲ့ ဉာဏ်ကဘဲ နှိုးဆော်ပြတယ် (မှန်ပါ့) ပဌမလမ်းပေါ်တက်မိဖို့ရာသာလျှင် အရေးကြီးဆုံးအချက်လို့ မှတ်လိုက်ပါ (မှန်ပါ ဘုရား)။
ဘယ်ပေါ် တက်မိလို့လဲ (ပဌမလမ်းပေါ် တက်မိဘို့ပါ ဘုရား)။
အေး ပဌမလမ်းပေါ် တက်မိလို့ရှိရင် ဒုတိယလမ်းပေါ်ကို ဒီသမ္မာဒိဋ္ဌိကဘဲ ညွန်ပြတယ် (မှန်ပါ့) ဒုတိယလမ်း ရောက်တဲ့ သမ္မာဒိဋ္ဌိကလဲ တတိယလမ်းသူကပဲညွန်ပြတယ် (မှန်ပါ့) တတိယလမ်းညွန်ပြတဲ့ သမ္မာဒိဋ္ဌိကလဲ စတုတ္ထလမ်းကို သူကဘဲ ညွန်ပြတယ် (မှန်ပါ့)။
ဒါကြောင့် ပဌမလမ်းပေါ်တက်မှသာလျှင် ဒကာဒကာမတို့ အအိုလွတ် အနာလွတ် အသေလွတ်ကို အပါယ်လေးပါး အအို အနာ အသေလွတ်သွားတယ် ဆိုလို့ရှိရင်ဘဲ-တဲ့၊ ဒီသမ္မာဒိဋ္ဌိဟာ ဘယ့်နှယ်ကြောင့် လေးလမ်းဖြစ် လာ သတုန်းမေးတော့ သမ္မာဒိဋ္ဌိ ရင့်ရင့် ရင့်ရင့်သွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သမ္မာဒိဋ္ဌိရင့်ရင့်သွားပါတယ် ဘုရား) သမ္မာဒိဋ္ဌိရင့်ရင့်သွားတယ်၊ ရင့်ရင့် ရင့်ရင့်သွား တယ် ဆိုကတည်းက ခင်ဗျားတို့က အကဲခတ်ပါ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက- ဗေဇ္ဈင်ပွားများကွ၊ သမ္မာဒိဋ္ဌိရင့်အောင် ပြောနေတာ (မှန်ပါ ဘုရား)။
မဂ္ဂင်ပွားများကွဆိုတာ (သမ္မာဒိဋ္ဌိရင့်အောင်ပြောတာပါ) သမ္မာဒိဋ္ဌိရင့်အောင်ခိုင်းလိုက်တာ (မှန်ပါ့)။
ပွားများဆိုကတည်းက ဘာခိုင်းတာတုန်း (သမ္မာဒိဋ္ဌိရင့်အောင်ခိုင်းတာပါ ဘုရား)။
အဲ သမ္မာ ဒိဋ္ဌိရင့်အောင်ချည့်ဘဲ၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပွားများမှုကို မလျှော့နဲ့ဆိုတဲ့ဥစ္စာ သမ္မာဒိဋ္ဌိဓားကို ထက်သထက် ထက်အောင်သွေးတာ (မှန်ပါ့)
ဘယ်လိုမှတ်ကြမယ် (သမ္မာဒိဋ္ဌိဓားကို ထက်သထက် ထက်အောင်သွေးတာပါ ဘုရား)။
အဲ သမ္မာဒိဋ္ဌိဓား ထက်ထက်သွေးနိုင်လို့ရှိရင် ခင်ဗျားတို့ ကိလေသာရန်သူတွေကိုတဲ့ အကုန်ပြတ်အောင် လုပ်နိုင်တယ် ဆိုတဲ့ဥစ္စာ သူထက်လေ ပြတ်လေဘဲ (မှန်ပါ ဘုရား)။
သောတာပန်သည် အကြမ်းကိုသာ ဖြတ်နိုင်တယ် အနုမဖြတ်နိုင်ဘူး၊ သကဒါဂါမ်သည် အလတ်စား နုတာကိုသာ သူဖြတ်နိုင်တယ်၊ ဒီထက်နုတာ သူမဖြတ်နိုင်ဘူး (မှန်ပါ့) အနာဂါမ်သည်ကားလို့ ဆိုလို့ရှိရင်လဲ ဒီထက်နုတာ ကျန်သေးတယ်၊ အဲဒီအနုဆုံးကို သူမဖြတ်နိုင်ဘူး၊ အရဟမတ္တမဂ်ကျမှ အနုဆုံးကို ဖြတ်နိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပွားများဆိုတာ ဓားသွေးခိုင်းတာ
ဪ ဒါဖြင့် ပွားများပွားများဆိုတာ ဓားသွေးခိုင်းတာကို မှတ်ရမယ်(မှန်ပါ့)။
ပွားများပွားဆိုတာ (ဓားသွေးခိုင်းတာပါ ဘုရား) သမ္မာဒိဋ္ဌိဉာဏ်သွေးတာ (မှန်ပါ့) သူကမှ ကိလေသာဖြတ်တယ် လို့ သမ္မာဒိဋ္ဌိဉာဏ်သွေးတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ပွားများတဲ့အလုပ်မလျှော့ပါနဲ့ ဆိုတာကို တိုက်တွန်းရတယ် (မှန်ပါ့) မတိုက်တွန်းလို့ရှိရင် ခင်ဗျားတို့က ပျင်းတာနဲ့-ဟင်၊ ပျင်းလို့ ချထားလို့ရှိရင် ဓားကသံချေးတက်လာတယ်လို့ ဆိုတာလဲ မှတ်ရသေးတယ် (မှန်ပါ ဘုရား)။
သွေးတော့ သွေးတာဘဲ၊ သွေးတော့ မောတယ်လို့ ခဏကလေးချထားလိုက်ပြန်ရင် ဘာဖြစ်သလဲ (သံချေး တက်ပါတယ် ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့အလုပ်လုပ်တဲ့အခါကျလို့ရှိရင် ထိုင်လုပ်နေတဲ့နေရာ ကျမှသာ အလုပ်ကိုမလုပ်ပါနဲ့၊ ပြင်ဘက်ကလဲ ထိုင်မှန်းသိပြီး ထိုင်တဲ့အခါ ထိုင်စိတ်တွေပျက်ပုံ၊ ထ,တဲ့အခါ ထ, စိတ်တွေပျက်ပုံကိုလဲ အမြဲသွေးနေရမှာဘဲ (မှန်ပါ ဘုရား)။
ထိုင်တဲ့အခါကျတော့ဖြင့် ဣန္ဒြေရရ သွေးတာပေါ့ဗျာ (မှန်ပါ့) ကိုယ့် နေရာမှာတော့ အသွေးက လျှော့လို့မရဘူး မှန်ပါ့။
နည်းနည်း နည်းနည်းတော့ဖြင့် ဒါ သတိပညာနဲ့ ဦးတည်ပြီးထားရပါတယ် (မှန်ပါ့)။
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အားကြီးမှာတာက “ သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာန ကာရော အယံဝေါ အမှာကံ အနုဿသနီ”တဲ့ ဒါ ငါ အကြီးအကျယ် ဆုံးမတာဘဲကွာ တဲ့ (မှန်ပါ့)။
ဘိက္ခဝေ = ရဟန်းတို့၊ သတော = သတိရှိသည်ဖြစ်၍၊ သမ္ပဇာနကာရော= ပညာအဆင်ခြင်နဲ့ ပြည့်စုံသည်ဖြစ်၍၊ ဝိဟရေယျ=နေရစ်ကြ၊ အယံ=ဤနှစ်ခုကို ငါသေသေချာချာမှာခဲ့ခြင်းသည်၊ ဝေါ= သင်တို့အား၊ အမှာကံ=ငါဘုရားတို့၏၊ အနုာသနီ=ဆုံးမခြင်းပင်တည်း။
ငါဘုရား၏ အဆုံးအမဟာဖြင့် ဒီနှစ်ခု သိပ်အရေးကြီးတယ်ကွ ဒီနှစ်ခု မင်းတို့ လက်လွတ်သွားလို့ရှိရင် မင်းတို့အလယ်လမ်းကို မရောက်တော့ဘူးတဲ့ (မှန်ပါ့) သတိသမ္ပဇညဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
”သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရော အယံ ဝေါ အမှာကံ အနုသာသနီ” သိပ်မှာတာဘဲ ဒီဥစ္စာ (မှန်ပါ့) ဒါဖြင့် အလုပ်ထိုင်မှဘဲ အလုပ်လုပ်ရမှာတဲ့လားတဲ့၊ အလုပ်မထိုင်ခင်ဘဲ သတိသမ္ပဇဉ် ရှိရမှာလား (အလုပ်မထိုင်ခင် သတိသမ္ပဇဉ် ရှိရပါမယ်) သတိသမ္ပဇဉ်ရှိရမယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။
သတိသမ္ပဇဉ် မရှိလို့ရှိရင်
သတိသမ္ပဇဉ် မရှိလို့ရှိရင် ဘာဖြစ်မတုန်း မေးလို့ရှိရင် ကိလေသာတော ထလာပါတယ် (မှန်ပါ့) သတိသမ္ပဇဉ် မရှိရင် (ကိလေသာတောထလာပါတယ်) ကိလေသာ တောထလာလိမ့်မယ်ဆိုတာ သဘောပါပလား (ပါပါပြီ)။
ကိလေသာ တောထတယ်ဆိုတာလဲ စကားသာ ပြောရတာပါဘဲတဲ့၊ စင်စစ်ကျတော့ ပဋိစ္စသမုပ္ပါဒ် တန်းလိမ့် မယ်ပြောတာ (မှန်ပါ့)။
ကိလေသာတော ထမယ်ဆိုတာ ဘာတုန်း (ပဋိစ္စသမုပ္ပါဒ်တန်းမယ်ပြောတပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဖြင့် မင်းတို့မနေသာဘူး၊ တန်းတော့မှာဘဲဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ မျက်လုံးကလေးဖွင့်လဲ ဒီမြင်စိတ်ကလေး ရှုဖြစ်အောင်ရှုပါ (မှန်ပါ့) ဪ မြင်တဲ့ စိတ်ကလေး အခုမှပေါ်လာတယ်၊ ဪ ဒါ မြင်စိတ်ကလေးဟာလဲ ပျက်တာဘဲလို့ရှုပါ (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင်တော့ဖြင့် သတိသမ္ပဇဉ် မရှိတော့ဘူး၊ မြင်တာကို မြင်မှန်းမသိဘူး-ဒီမြင်တဲ့တရားကလေးဟာ အခုချက်ခြင်းပျက်တာကို ခင်ဗျားတို့က သမ္ပဇညနဲ့ သတိလဲမထားပညာနဲ့လဲ မရှုဘူးဆိုလို့ရှိရင်ဖြင့် မြင်ရင် လိုချင်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် တခါတည်း အလည်က ဖေါက်စ, တာဘဲ (မှန်ပါ့) မစ,ဘူးလား (စပါတယ် ဘုရား)။
ဒါဖြင့် တဏှာ ဥပါဒါန် ကံ (လာပါတယ် ဘုရား) မရသေးဘူးလား (ရပါတယ်)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာတဲ့၊ မင်းတို့မျက်လုံးဖွင့်မှာ ငါသိပ်စိုးရိမ်တယ်တဲ့၊ သိပ်စိုးရိမ် တာဘဲ (မှန်ပါ့)။
မျက်လုံးဖွင့်မှာ သိပ်စိုးရိမ်တယ်
မင်းတို့ မျက်လုံးဖွင့်မှာ ငါသိပ်စိုးရိမ်တယ်တဲ့၊ မီးစရဲရဲကြီးနဲ့ မျက်လုံးထိုးသေလိုက်ရတာက မြတ်တယ်ကွတဲ့ (မှန်ပါ့) တဏှာဥပါဒါန်တန်းသွားလို့ရှိရင် သံသရာမှာ မဆုံးတော့ဘူးတဲ့ (မှန်ပါ့)။
မျက်လုံးမီးစနဲ့ ထိုးပြီး သေလိုက်ရတာက တော်သေးတယ် (မှန်ပါ့) ဘယ်နှစ်ခါ တန်းမှန်းမှမသိဘဲ (မှန်ပါ့)။
မြင်တယ်ဆိုလို့ရှိရင်ဖြင့် လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား) တခါတည်းလာသလားတဲ့၊ အကြိမ်ပေါင်းများစွာ လာသလား (အကြိမ်ပေါင်းစွာ လာပါတယ် ဘုရား)။
အကြိမ်ပေါင်းများစွာဆိုတော့ ဒီအထဲက “စေတနာဟံ ဘိက္ခဝေ ကမ္မ ဝဒါမိ”တွေ ဘာတွေနဲ့ဆိုရင် ကမ္မ ဘဝပစ္စယာ ဇာတိတွေက ဦးသံဒိုင် ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။
မရေတွက်နိုင်တော့ ဘုရားက မျက်လုံးကို မင်းတို့သံပူကြီးနဲ့ ထိုးပြီးသကာလ သေလိုက်တာက မြတ်တယ်တဲ့၊ ဟုတ်လား (မှန်ပါ့) သတိသမ္ပဇဉ် ကင်းတာဟာ သိကြောက်စရာကောင်းတယ်တဲ့ (မှန်ပါ့) ဒါ့ကြောင့် ဟောနေတာ၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် မျက်လုံးဖွင့်မှာတောင် ဒကာဒကာမတွေအတွက် မဖွင့်တက်မှာ သိပ်စိုးရိမ်တယ် (မှန်ပါ့)။
အခုမျက်လုံးဖွင့်တတ်ကြပလား (ဖွင့်တတ်ပါပြီ ဘုရား) ဟာ မိဘရိုးရာ ဖွင့်လို့မရဘူး (မှန်ပါ့)။
မိဘရိုးရာ ဖွင့်လို့မရဘူး၊ ဖွင့်သည်နဲ့ တပြိုင်နက်တည်း တခါတည်း သတိသမ္ပဇဉ်နဲ့ ဪ ဖွင့်စိတ်ကလေး ပေါ်လာပြီ၊ ဒါကလေး ပျက်သွားပြီဆိုပြီး-သတိကလဲထား ပညာကလဲ ရှုပေးရမယ် (မှန်ပါ့)။
မရှုလို့ဖြစ်ရင်လဲ မြင်စိတ်နောက်က နေပြီးသကာလ တဏှာ ဥပါဒါန်ကံတွေက အကြိမ်များစွာ လိုက်လာတယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ်) တနည်း-ဒေါသ သောကတွေကကော (လာပါတယ် ဘုရား)။
တနည်း သစ္စာကို မသိလိုက်တာနဲ့ဘဲ အဝိဇ္ဇာ သင်္ခါရတွေကကော (လာပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် သုံးမျိုးလာရင်
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို အစကလဲ မျက်လုံးမတတ်ရင် လာတတ်တယ် (မှန်ပါ့) အလည်ကလဲ ဖောက်ပြီး (လာပါတယ် ဘုရား)။
အဆုံးကလဲ အစပြန်ပတ်တယ်ဆိုတော့ ဒီဝဋ်တွေက ဒီ-ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးတွေက သုံးမျိုးလောက်လာပြီး သကာလနေတော့ မောင်သစ် သံပူကြီးနဲ့ မျက်လုံးထိုးပြီးသကာလ သေလိုက်ရတာက မင်းဟာကွာ တခါသေတာပါ (မှန်ပါ့) ဟို ပဋိစ္စသမုပ္ပါဒ် သုံးမျိုးလာရင် (အခါခါသေပါတယ် ဘုရား) သေလို့ဆုံးပါ့မလား(မဆုံးပါ ဘုရား)။
အဲဒါကြောင့် ဒီနေ့ည မေးရတယ်၊ ဒကာ ဒကာမတွေ မျက်လုံးဖွင့်တတ်ပလား (ဖွင့်တတ်ပါပြီ)။
နောက်က ဒကာ ဒကာမတွေကောင် မျက်လုံးဖွင့်တတ်ပလား (ဖွင့်တတ်ပါပြီ ဘုရား)။
ဘယ့်နှယ်လုပ်ဖွင့်ကြမတုန်း (သတိထားရပါမယ် ဘုရား) သတိထားပြီး ပညာနဲ့ကြည့် (မှန်ပါ့)။
သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရော၊ အယံ ဝေါ အမှာကံ အနုသာသနီ-ကိုး၊ သူ့ အဆုံးမကိုး (မှန်ပါ့)။
သတိထားပြီး တခါတည်း ဖွင့်ပါကွတဲ့၊ ပညာနဲ့လဲ ချက်ခြင်းရှုပစ်ပါ (မှန်ပါ့)။
ရှုပစ်လိုက်တဲ့အခါကျလို့ရှိရင် အင်း-သတိပညာနဲ့ ရှုတော့ သတိရှုလိုက်သဖြင့် သမာဓိဝီရိယက ပါလာတယ် (မှန်ပါ့) ပညာရှုလိုက်သဖြင့် သမ္မာသင်္ကပ္ပ ပါလာတော့ ဖွင့်တတ်လို့ရှိရင် အလယ်လမ်းပေါ်ရောက်တယ် (မှန်ပါ ဘုရား)။
ဖွင့်တတ်ရင် (အလယ်လမ်းပေါ် ရောက်ပါတယ်) မဖွင့်တတ်လို့ရှိရင် ဘေးလမ်း ရောက်သွားတယ် (မှန်ပါ့)။
မဖွင့်တတ်လို့ရှိရင် ဘေးလမ်း
မဖွင့်တတ်လို့ရှိရင် ကာမသုခလ္လိကာနုယောဂလမ်းဘေးလမ်း ရောက်သွားတယ် (မှန်ပါ ဘုရား)။
တနည်း တခါးဖွင့်လိုက်ပြန်တော့ ပန်းကလေးမြင်လိုက်တယ်၊ ဟာ-ဘုရားလှူချင်ပါတယ်၊ ပန်းလှလွန်းလို့၊ ကိုယ်လဲလှချင်တယ်၊ အင်း မျောလမ်းသွားပြန်ပြီ (မှန်ပါ့)။
မဖွင့်တတ်ရင် မျောလမ်းမြုပ်လမ်းက လာပြီ (မှန်ပါ့) မဖွင့်တတ်ရင် (မျောလမ်း-မြုပ်လမ်းကလာပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့်မို့ ခင်ဗျားတို့မျက်လုံးဖွင့်ပုံများမသိတဲ့လူဖွင့်ပြန်လဲ ကြောက်စရာကြီး၊ သာမညသိတဲ့လူ ဖွင့်လိုက် ပြန်တော့လဲ မျောလမ်းဖြစ်နေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
မသိတဲ့လူ ဖွင့်လိုက်ပြန်တော့လဲ (မြုပ်လမ်းပါ ဘုရား) အဲဒီတော့ မျက်လုံးဖွင့်တဲ့ဥစ္စာကိုဘဲ အလယ်လမ်း ရောက်အောင် ဖွင့်ကြစမ်းပါဦး (မှန်ပါ ဘုရား)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား ခင်ဗျားတို့ ဖွင့်မည့် မျက်လုံးဟာ ဟင် (မှန်ပါ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံပူနဲ့ထိုးသေတာက မြတ်တယ်ကွာ (မှန်ပါ့)။
သံပူနဲ့ထိုးသေတာက (မြတ်ပါတယ်) တခါသေဘဲတဲ့၊ ဟိုဟာတွေက မျောလမ်းလဲ သူသွားချင် သွားပစ်လိုက်မယ် (မှန်ပါ့) မြုပ်လမ်းကော (သွားချင်သွားပစ်လိုက်မယ်) အလယ်လမ်းကို ရောက်တဲ့လား (ရောက်ပါ ဘုရား)။
သတိကလေးနဲ့ နေစမ်း ပါ
ဒါကြောင့်ဘုရားက ‘သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ’
ဘိက္ခု=ရဟန်းသည်၊ သတော = သတိရှိသည်ဖြစ်၍၊ ဝိဟရေယျနေရာ၏ ကွ (မှန်ပါ့) သတိကလေးနဲ့ နေစမ်း ပါကွာ၊ မင့်အတွက် စိုးရိမ်လွန်းလို့ ပြောတာပါဘဲ (မှန်ပါ့)။
သမ္ပဇာနကာရော=ပညာအဆင်ခြင်ရှိသည်ဖြစ်၍၊ ဝိဟရေယျ နေစမ်းပါကွာ၊ မဆောစမ်းပါနဲ့ (မှန်ပါ့) ဘာ့ကြောင့်တုန်းဆိုတော့ မြုပ်လမ်းမျောလမ်းစိုးရိမ်ရှာလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မျောလမ်းလိုက်သွားပြန်တော့လဲ ဒကာ ဒကာမတို့ ဘုရား တရား သံဃာ ဆိတ်သွားတယ် (မှန်ပါ့) မြုပ်လမ်း လိုက်သွားပြန်တော့်လုံးဝကိုဘဲ ဒီဥစ္စာကတော့ ကယ်မည့်လူ ယူမည့်လူ မပေါ်လာတော့ဘူး (မှန်ပါ့) ပေါ်သေးရဲ့လား (မပေါ်လာပါ ဘုရား)။
မပေါ်လာတော့ ဒီစကား မမှာထိုက်ဘူးလား၊ မှာထိုက်သလား (မှာထိုက်ပါတယ် ဘုရား) “သတော့ ဘိက္ခဝေ ဘိက္ခုဝိဟရေယျ သမ္ပဇာနကာရော၊ အယံဝေါ အမှာကံ အနုသာသနီ” ငါ့ အဆုံးအမဟာဒါပါကွ၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် မျက်လုံးဖွင့်တတ်လို့ရှိရင်ဖြင့် နားကော ထောင်တတ်ပလား မေးရမှာဘဲ (မှန်ပါ့) မမေးရပေဘူးလား (မေးရပါတယ် ဘုရား)။
အကုန်သင်ရမှာ (မှန်ပါ့) အကုန်မသင်လို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး(မှန်ပါ့) ဒါ အလယ်လမ်းပေါ်ရောက်အောင်၊ နို့မဟုတ်လို့ရှိရင် ဦးသံဒိုင် မြုပ်လမ်း မျောလမ်းဘက် လှည့်လည့်သွားတယ် (မှန်ပါ့)။
မလည့်ပါနဲ့ဆိုလို့ကော (မရပါ ဘုရား) မရဘူး၊ သင်မပေးရင် မရဘူး (မှန်ပါ ဘုရား)။
ဟောတတ်တဲ့ ဆရာကို ရှာ
ဒါ့ကြောင့် ခင်ဗျားတို့ “ယထာဘူတံ ဉာဏာပ သတ္ထာပရိယေသိတဗ္ဗော” သုံးဆယ့်လေးကြိမ်မှာတယ် သံယုတ်ပါဠိတော်မှာ (မှန်ပါ့)။
ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ဉာဏာယ=သိဘို့ရန်အလို့ငှာ၊ သတ္ထာ=ဟောတတ်တဲ့ဆရာကို၊ ပရိယေ သိတဗ္ဗော=မင်းတို့ရှာတဲ့၊ မရှာရင်တော့ မင်းတို့သွားပြီ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
ဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ ဆရာကို (ရှာရပါမယ် ဘုရား)။
မရှာရင် သွားတာပဲ (မှန်ပါ့) မရှာရင် ဒီနှစ်လမ်းဘဲလိုက်တယ် (မှန်ပါ့)။
နည်းနည်းကလေး သောက်သာလို့ရှိရင် မျောလမ်းလိုက်တယ် (မှန်ပါ့) နည်းနည်းဆင်းရဲရင် (မြုပ်လမ်းပါ ဘုရား)။
ဆင်းရဲရင် မြုပ်လမ်း၊ သောင်သာတော့ (မျောလမ်းပါ ဘုရား)။
ဆရာမပါတော့ အလယ်လမ်းပေါ်ကို ရောက်သေးရဲ့လား-(မရောက်ပါ ဘုရား)။
ဦးသံဒိုင် ကြောက်စရာကြီးပါလား (မှန်ပါ ဘုရား)။
ဒါကြောင့် လူမိုက်မျာညး ကံကောင်းလာရင် နစ်မွမ်းကြောမိပြီဆိုတဲ့ ဥစ္စာ မောင်သစ် သဘောကျဖို့ ကောင်းတယ် (မှန်ပါ ဘုရား)။
လူမိုက်ကံကောင်းလာလို့ရှိရင် မြုပ်လမ်းချည့်လိုက်တာဘဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သာမညလိမ်မာတဲ့လူ ကံကောင်းလာပြန်တော့ မျောလမ်းလိုက်တယ် (မှန်ပါ ဘုရား)။
သူ့ဟာ အလယ်လမ်းကို မကျဘူး(မှန်ပါ့) ကျရဲ့လား (မကျပါ ဘုရား)။
ဘယ်အချိန်မှ အလယ်လမ်း ပေါ်သတုံး
ကိုင်း ဒါဖြင့် ဘယ်အချိန်မှ အလယ်လမ်း ပေါ်သတုံးဆိုတော့ ဆရာကောင်း သမားကောင်းနဲ့ ကြုံမှ အလယ်လမ်းပေါ်ကိုဟ ဒီထဲသွား ဒီထဲသွားဆိုပြီး ဘုရားကလဲ “သတော ဘိက္ခဝေ ဘိက္ခုဝိဟရေယျ သမ္ပဇာနကာရော၊ အယံ ဝေါ အမှာကံ အနုသာသနီ” ဆိုပြီးသကာလ သေသေချာချာ ဒီဥစ္စာ အကြိမ်ပေါင်းများစွာ မှာတော်မူတယ် (မှန်ပါ ဘုရား)။
ကဲ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။