10907

မာတိကာသို့

သဿတ နှင့် ဥစ္ဆေဒပြုတ်ရေး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

သဿတ နှင့် ဥစ္ဆေဒပြုတ်ရေး

ညအလုပ်ပေး တရားတော်

(၆-၁၂-၆၁)

ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး

ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးဆိုတာ အနိစ္စမှာရှိတယ်၊ ခန္ဓာကြီးက အနိစ္စ၊ အဲဒီ့ အနိစ္စဖြစ်ပျက်နေတာကို ကိုယ်က ဉာဏ်နဲ့က စူးစိုက်မကြည့်တော့ဟာ နိစ္စဘဲလို့ ထင်လိုက်တယ်၊ နိစ္စလို့ပဲမှတ်လိုက်တယ်၊ နိစ္စလို့ မှတ်လိုက်လို့ရှိရင် ဪ ဒါအမှတ်မှားပြီလို့သာ အောက်မေ့ကြပေတော့။

အမှတ်မှားလို့ ရှိရင်ဖြင့် ခုနင်ကပြောခဲ့တဲ့ တဏှာတို့၊ မာနတို့၊ ဒိဋ္ဌိတို့လိုက်တော့မှာဘဲ။

အမှတ်မှားနောက်က ဒီအတိုင်းမနေတော့ အသိမှားကလည်းလိုက်လိုက်လာတယ်၊ အသိမှားနောက်ကတခါ အယူမှားကလိုက်လာတယ် (မှန်ပါ့)။

အနိစ္စကို နိစ္စလို့မှတ် နိစ္စလို့ သိ နိစ္စလို့ ယူလို့လဲ ဪ အနိစ္စနောက်ကလဲ သုံးချက်လိုက်ပါလား။ မှတ်ထား ကြပါနော် (မှန်ပါ ဘုရား)။

အနိစ္စကို နိစ္စလို့ မှတ်ရင် သညာဝိပ္ပလ္လာသ၊ အနိစ္စကို နိစ္စလို့ သိရင်စိတ္တဝိပ္ပလ္လာသ၊ အနိစ္စကို နိစ္စလို့ ယူရင် ဒိဋ္ဌိဝိပ္ပလ္လာသ။

ဒုက္ခကို သုခလို့ မှတ်ထားရင် သညာဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

ခန္ဓာကြီးက ဒုက္ခသစ္စာ (မှန်ပါ့) ခန္ဓာကြီးက အိုဘေး၊ နာဘေး၊ သေဘေးလဲရှိတယ်၊ ခဏခဏ ဖြစ်တာလည်း ဖြစ်ဒုက္ခဘဲ၊ ပျက်တာလဲ ပျက်ဒုက္ခ၊ ဒါကိုပင်လျှင် တခါတည်း သုခလို့ မှတ်နေရင် သညာဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

ဒုက္ခကို သုခလို့မှတ်ရင် (သညာဝိပ္ပလ္လာသပါ ဘုရား)။

ဒုက္ခကို သုခလို့ တခါသိနေပြန်လို့ရှိရင် (စိတ္တဝိပ္ပလ္လာသပါ ဘုရား)။

ဒုက္ခကို သုခလို့ ယူနေပြန်ရင်လဲ (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

အနတ္တဖြစ်တဲ့ ခန္ဓာကိုယ်ကြီး

ဒီလိုသွားရမှာဘဲ တဲ့၊ တခါသွားပါဦးတဲ့၊ အနတ္တဖြစ်တဲ့ ခန္ဓာကိုယ်ကြီး ခဏခဏဖြစ်၊ ခဏခဏပျက်တယ်၊ ထိုင်လို့လဲမရဘူး၊ ထလို့လဲမရဘူး၊ ထိုင်ချည့်နေပြန်လဲ အစိုးမရလို့ပြောင်းရပြန်တယ်၊ ပြောင်းပြီးပြောင်းတဲ့နေရာ အတည်တကျနေပါလားဆိုတော့လဲ အနတ္တမို့ ဖောက်ပြန်လာပြန်လို့ ပြောင်းတဲ့နေရာက တခါဆက်လက်ပြီး ပြောင်းရ ပြန်တယ်ဆိုတော့ ဒီခန္ဓာကြီးဟာ ဘယ်လိုထား ထားမရခြင်းကြောင့် အနတ္တ (မှန်ပါ့ ဘုရား)။

သို့သော် အနတ္တကို အတ္တလို့ မှတ်ထားပြန်တော့လဲ သညာဝိပ္ပလ္လာသပြန်တယ် (မှန်ပါ့) အတ္တလို့ သိလိုက် ပြန်တော့ (စိတ္တဝိပ္ပလ္လာသပါ ဘုရား) အတ္တလို့ယူလိုက်ပြန်တော့ (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား) သူကလဲသုံးချက်လာဦးမှာဘဲ (မှန်ပါ့ ဘုရား)။

တခါ ဒကာ ဒကာမတွေကြည့်လိုက်တော့ ခန္ဓာကိုယ်မှာ ချွေးတွေသံတွေနဲ့၊ အသားတွေကလည်း ပုပ်တတ် ဆွေးတတ်တာတွေ မှည့်တင်းတိပ်တွေနဲ့၊ ဒါတွေကိုသုဘ တင့်တယ်တယ်လို့မှတ်ပြန်တော့လဲ အမှတ်မှားလာပြန်တာ ဘဲ (မှန်ပါ့ ဘုရား) သုဘလို့ သိထားပြန်တော့လဲ စိတ္တဝိပ္ပလ္လာသ (မှန်ပါ့) သုဘလို့ယူပြန်တော့ (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

အနတ္တလို့ တကယ်တမ်းမြင်လိုက်ပြန်လို့ ရှိရင်လဲ ဒိဋ္ဌိစင်သွားတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် သုံးပါးဟောရပါလိမ့်

ဒါ့ကြောင့် အနိစ္စဒုက္ခ အနတ္တကို ဘယ့်နှယ်ကြောင့် သုံးပါးဟောရပါလိမ့်မတုံးလို့ရှိရင်ဖြင့် ဦးသံဒိုင်တို့က ဪ ပပဉ္စသေအောင်လို့ သုံးပါးဟောတယ် (မှန်ပါ့ ဘုရား) ဟောစဉ်မို့ဟောတယ်လို့မယူလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

နိစ္စမြင်သွားရင် ဘာစင်သွားသတုန်း (မာနစင်ပါတယ် ဘုရား) မာနစင်တယ်လို့ သေသေချာချာမှတ်ပါ။

မခိုင်ဘူး၊ မမြဲဘူးဆိုလို့ရှိရင်ဖြင့် တကယ်တမ်း မြင်ကြပြီဆိုမှဖြင့် မခိုင်တာ မမြဲတာနဲ့ ပတ်သက်ပြီး မာန် မာနတက်ခြင်း မရှိပါဘူး (မှန်ပါ့ ဘုရား)။

ဒုက္ခကို တကယ်မြင်လိုက်ပြန်လို့ရှိရင်လဲ ဪ ဒုက္ခသစ္စာချည်းဘဲဆိုတော့ လိုချင်တဲ့ သမုဒယသစ္စာ သေ ထွက်သွားတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခမြင်တော့ ဘာစင်သွားသတုန်း (လောဘစင်ပါတယ်) လောဘစင်သွားတယ်လို့ မှတ်လိုက်ကြစမ်းပါ ဟာ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်လိုထားလို့မှမရဘူး၊ အိုမြဲ နာမြဲ သေမြဲဘဲ၊ ခဏ ခဏလဲ ဖေါက်ပြန်ပျက်စီးနေတာဘဲ၊ ဉာဏ်နဲ့ စူးစူး စိုက်စိုက် ဒကာ ဒကာမတွေကကြည့်လိုက်လို့ အနတ္တ တလုံးပိုင်သွားပြီ မြင်သွားပြီဆိုလို့ရှိရင်လဲ ဒိဋ္ဌိ စင်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုရားသည်ကားလို့ ဆိုရင်အနိစ္စဒုက္ခအနတ္တကို အကျိုးမရှိဘဲနဲ့ ဖြစ်ပျက်တခုတည်းကို အနိစ္စ နာမည် လဲပေးတယ်၊ ဒုက္ခနာမည်လဲပေးတယ်၊ အနတ္တနာမည်လဲ ပေးလိုက်တယ်၊ ဖြစ်ပျက်ဘဲဖြစ်ပျက်ကတော့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် တလုံးမြင်လိုက်ရင် သုံးခုဝင်

ဒါကြောင့် ဘုန်းကြီးတို့က တရားဟောတဲ့ အခါကျတော့ မောင်သစ်တို့ ဦးသံဒိုင်တို့က မှတ်ရမယ်၊ ဪ ဖြစ်ပျက်တလုံးဟာ သုံးခုဝင်လို့ ဟောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက် တလုံးမြင်လိုက်ရင် (သုံးခုဝင်ပါတယ်) အနိစ္စ ဒုက္ခ အနတ္တ အကုန်ဝင်လာတယ် (မှန်ပါ့ ဘုရား)

အနိစ္စလဲရှုမနေနဲ့၊ ဒုက္ခလဲရှုမနေနဲ့ပါးစပ်က၊ အနတ္တရှုလဲမနေနဲ့ဖြစ်မှုနဲ့ ပျက်မှုကိုသာ မြင်လိုက်လို့ရှိရင်ဖြင့် တဏှာမာနဒိဋ္ဌိကိုတပြိုင်နက်သတ်ချလိုက်တာဘဲ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဘယ်အကျိုးငှါ ဒီ တရားကို အရေးတကြီး ဟောပါလိမ့်မတုန်း လက္ခဏာရေးသုံးပါးဆိုတော့ ပပဉ္စစင်စေလိုလို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာစင်စေလိုလို့လဲ (ပပဉ္စစင်စေလိုလို့ပါ ဘုရား) ပပဉ္စစင်စေချင်လို့ဆိုတဲ့ ဥစ္စာသဘောကျသွားပြီ (မှန်ပါ့ ဘုရား)။

အဲဒီ ပပဉ္စတွေဟာလဲ တဲ့ အနိစ္စ ဒုက္ခ အနတ္တမြင်မှသူကစင်တယ်၊ အနိစ္စ ဒုက္ခ အနတ္တမြင်အောင်လဲ ဘာလုပ်ရ မှာတုန်းလို့မေးတော့ နှလုံးသွင်းမှန်မှ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စ ဒုက္ခ အနတ္တမြင်ချင်ရင်ဘာလုပ်ရမယ် (နှလုံးသွင်းမှန်ရပါမယ် ဘုရား)။ ဒါဖြင့် ယောနိသောမနသိကာရ (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ယောနိသာ မနသိကာရရှုတဲ့ ပုဂ္ဂိုလ်မှာ အနိစ္စလဲ ရှုလိုက်မြင်တာဘဲ (မှန်ပါ့) ဒုက္ခလဲမြင်တာဘဲ (မှန်ပါ့) အနတ္တလဲမြင်တာဘဲ၊ မြင်လိုက်လို့ရှိရင်ဖြင့် တဏှာမာနဒိဋ္ဌိဟာ မင်းတို့သွားကြတော့လို့ မနှင်ရပါဘူး၊ မြင်တဲ့ ဉာဏ် က သတ်ပစ်လိုက်တာဘဲ (မှန်ပါ့ ဘုရား)။

ပပဉ္စတရားကို သတ်ပါတယ်

ဒါဖြင့် ဉာဏ်သည် ဒကာ ဒကာမတို့ တဏှာမာနဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားကို သတ်ပါတယ်ဆိုတာကော သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မြင်လို့ရှိရင်ကွာ တဲ့ “နေတံမမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ” ဆိုတာထွက်လာတာပါဘဲတဲ့ ပါဠိတော်မှာ နော် (မှန်ပါ့ ဘုရား)

ဧတံ-ဤရုပ်နာမ်သည်၊ မမ-ငါ၏။ နသန္တကံ-ဥစ္စာမဟုတ်ပါဘူးဆိုလို့ ရှိရင် ဒီရုပ်နာမ်ဟာ မိမိ၏ဥစ္စာမဟုတ် ပါဘူး ဆိုလို့ရှိရင်ဖြင့် တဏှာစင်သွားတာဘဲ (မှန်ပါ့)။

ဧသော=ဤဖြစ်ပျက်ရုပ်နာမ်သည်၊ အဟံ = ငါသည်၊ နအသ္မိ မဖြစ်ဘူးဆိုလို့ရှိရင်လဲ မာနစင်သွားတာဘဲ (မှန်ပါ့)။

ဧသော=ဤရုပ်နာမ်သည်၊ မေ=ငါ၏။ အတ္တာ=အစိုးရစွာအလိုပါသောကိုယ် အတ္တမဟုတ်ဘူးလို့ မြင်လိုက် ပြန်တော့ ဒိဋ္ဌိစင်သွားတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ပါဠိတော်ထဲမှ “နေတံ မမ၊ နေသော ဟမသ္မိ၊ နမေသောအတ္တာ” ဆိုတဲ့ စကားသုံးခုကို ဘုရားက နေရာတိုင်းထည့်တယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ထည့်ပါလိမ့်မတုန်း ဆိုလို့ရှိရင် အဲဒါစင်တဲ့ပုဂ္ဂိုလ်မှာ ဒီအမှတ်တွေလာတာဘဲကွတဲ့ (မှန်ပါ့) ဒီအသိတွေလာတာဘဲ ဒီအယူတွေလာတာဘဲ (မှန်ပါ့) “နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ” ဆိုတာလာလာ တာပါဘဲ (ရှင်းသွားပြီနော် (ရှင်းပါပြီ ဘုရား)။

ပပဉ္စသေချင်ရင် လက္ခဏာရေးသုံးပါး မြင်ရမယ်

ဒါဖြင့် ပပဉ္စသေချင်ရင် လက္ခဏာရေးသုံးပါး မြင်ရမယ် (မှန်ပါ့) လက္ခဏာရေးသုံးပါး မြင်ချင်ရင် ယောနိ သောမနသိကာရ အားထုတ်ရမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) အကြောင်းအကျိုးဆက်တတ်ပလား (ဆက်တက် ပါပါပြီ)။

သံသရာချဲ့တတ်တဲ့ တဏှာ မာန ဒိဋ္ဌိသေချင်လို့ရှိရင် ဘာမြင်ရမတုန်း (လက္ခဏာရေးသုံးပါးမြင်ရပါမယ်) လက္ခဏာရေးသုံးပါးမြင်ရမယ် (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

လက္ခဏာရေးသုံးပါး မြင်ချင်လို့ရှိရင် ဒကာ ဒကာမတွေ ဘာအားထုတ်ရမတုန်း (ယောနိသောမနသိကာရ ဖြစ်ရပါမယ်) ယောနိသော မနသိကာရကို ဖြစ်အောင်ကြည့်ပါ (မှန်ပါ့)။

ယောနိသော မနသိကာရဆိုတာက အနိစ္စကိုအနိစ္စလို့ နှလုံးသွင်းနိုင်ရင် ယောနိသော မနသိကာရ (မှန်ပါ့ ဘုရား) ဒုက္ခကို ဒုက္ခလို့ နှလုံးသွင်းနိုင်ရင် (ယောနိသော မနသိကာရပါ ဘုရား) အနတ္တကို အနတ္တလို့ နှလုံးသွင်းနိုင် ရင် (ယောနိသောမနသိကာရပါ ဘုရား) အသုဘကို အသုဘလို့ နှလုံးသွင်းနိုင်ရင် (ယောနိသောမနသိကာရပါ ဘုရား)။

ယောနိသော မနသိကာရဆိုတာကလဲ သူကလဲ လေးမျိုးရှိတာဘဲ၊ ရှင်းပြီနော် (မှန်ပါ့)။

ယောနိသောမနသိကာရက လေးမျိုး

ဒါဖြင့် ပပဉ္စ သုံးမျိုး၊ လက္ခဏာရေးသုံးပါးကသုံးမျိုး၊ ယောနိသောမနသိကာရက လေးမျိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ယောနိသောမနသိကာရက ဘယ်နှစ်မျိုး ရှိသတုန်း (လေးမျိုးပါ) လေးမျိုးရှိတယ်လို့ မှတ်ထားပါနော် (မှန်ပါ့)။

အဲဒီ ယောနိသောမနသိကာရ လေးမျိုးပါရင် လက္ခဏာရေးသုံးပါးမြင်တယ်၊ လက္ခဏာရေးသုံးပါးမြင်တဲ့ဉာဏ် သည်တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စသတ်လိုက်တာဘဲ (မှန်ပါ့) အဲဒါနိဗ္ဗာန်ရောက်ကြောင်း အစစ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

အဲဒါ ဘယ်မှာဟောသတုံးလို့ မေးတဲ့အခါကျတော့ တနေ့သ၌ အနာထပိဏ်သူဋ္ဌေးကြီးက ဘုရားထံသွား တယ် ၁၂-နာရီလောက်သွားလိုက်တယ်၊ ဇေတဝန်ကျောင်းသို့ သွားလိုက်တယ်။

သွားလိုက်တဲ့အခါကျတော့ ဪ ဒီအချိန်တော့ ဘုရားလဲနေ့လည် ဆွမ်းကလေး ဘာကလေး အစာကျေ အောင်ခဏလဲလျောင်းတဲ့အချိန်ဖြစ်တယ်၊ တခါရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလ္လာန်တို့ဆီ သွားမယ်ဆိုလည်း သူတို့လည်း ဒီအချိန်လဲလျောင်းတဲ့အချိန်ဖြစ်တယ်။

မသွားပါဘူးလေ ဆိုပြီး သကာလ အနာထပိဏ်သူဋ္ဌေးကြီးက ဘုရားကျောင်းတော်ရဲ့အနားမှာလဲ တိတ္တိကျောင်း တစ်ခုရှိတယ် တိတ္တိကျောင်းတစ်ခုရှိတော့ ဝင်လိုက်တယ်။

တိတ္ထိတွေကဘဲ ဆူညံနေအောင် စကားပြောတယ်၊ ပြောတဲ့စကားကလဲ မဂ်ဖိုလ်တားတဲ့ တိရစ္ဆာနကထာ စကားတွေပြောနေကြတယ်၊ သားအကြောင်း၊ သမီးအကြောင်း အမျိုးမျိုးအဖုံဖုံ မင်းအကြောင်း စိုးအကြောင်းတွေ ပြောနေကြတယ်။

အနာထပိဏ်သူဋ္ဌေးကြီး

ဒါနဲ့ အနာထပိဏ်သူဋ္ဌေးကြီး လာ ဟာနဲ့ တိတ္တိတွေက ဟေ့ ဂေါတမ၏ တပည့်လာတယ်ကွ၊ ဝတ်ဖြူစင်ကြယ် နဲ့ အနာထပိဏ်သူဋ္ဌေးဆိုတာ ဘုရား၏ တပည့်သားထဲ တယောက် အပါအဝင်ဖြစ်တယ်ကွ၊ သူတို့က ဆိတ်ဆိတ်နေ တာမှကြိုက်တယ်ဆိုပြီး တိတ္တိခေါင်းဆောင်ကနေပြီး တိတ္တိတွေကို အသံပေးလိုက်တော့ တိတ္တိတွေကငြိမ်ပြီးသကာလ နေကြတယ်။

နေကြတော့ အနာထပိဏ် သူဋ္ဌေးကြီးက သွားထိုင်တယ်၊ တိတ္တိတွေနားကို၊ ဒီ့ပြင် အလ္လာပသလ္လာပ အကုန် စကားတွေကို ထုံးစံအတိုင်း ကျန်းမာရေး ချမ်းသာရေးတွေကို ပြောဆိုပြီးသည်နောက် တိတ္တိတယောက်က ဝင်လာ တယ်။

ဝင်လာတာ ဘယ်လိုအကြောင်းနဲ့တုန်းမေးတော့ ခင်ဗျားက ဘုရားဆီ နေ့တိုင်းသွားတယ်၊ တနေ့နှစ်ခေါက် သုံးခေါက်အမြဲသွားတယ်၊ အဲ ဂေါတမဘုရား အယူဟာ ဘယ်အယူတုန်း၊ အဲဒါကျုပ်တို့ သိချင်တယ်လို့ သူမေးလိုက် တယ် (မှန်ပါ့)။

ဂေါတမဘုရားအယူတော့ ဘုရား ဉာဏ်တော်ကြီးက ကျယ်ဝန်းနေတော့ ဘယ်အယူ ယူတယ်ဆိုတဲ့ ဥစ္စာ ကျုပ်မပြောတတ်ပါဘူးတဲ့။

ကဲ မပြောတတ် ရှိပစေဗျာ၊ ဂေါတမဘုရား၏ တပည့်သားတွေအယူကတော့ ဘယ်အယူတုန်း ဂေါတမဘုရား ၏ တပည့်သားတွေ ရဟန်းတွေသာမဏေတွေကတော့ ဘယ်အယူတုန်းတဲ့ ဒါလဲ ကျုပ်မပြောတတ်ဘူးဆိုတော့ ဒါဖြင့် ရှိပစေဗျာတဲ့ နှစ်ချက်ရှိသွားပြီနော် (မှန်ပါ့)။

ဆက်မေးပြန်တယ်၊ ဒါဖြင့် ခင်ဗျားအယူ ပြောရမယ်တဲ့၊ ကျုပ်အယူ ပြောဘို့တော့ ဝန်မလေးပါဘူး၊ ဝန်မလေး ပါဘူးတဲ့ သို့သော်လည်း အရှင်တိတ္တိတို့၏ အယူကို ပြောပြီးလို့ရှိရင် သူ့အယူကို ပြောပါ့မယ်တဲ့၊ ဒါ ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် မှာလာတယ်။

ဖြစ်တတ်ပျက်တတ်တာ လောက

ကဲ ဒါဖြင့် ကျုပ်ပြောမယ်ဗျာဆိုပြီး တိတ္တိတွေကပြောတယ် လောကကို ကျုပ်တို့က မြဲတယ်လို့ယူတယ်၊ လောကဆိုတာလဲ အားလုံး ဒကာ ဒကာမတွေ မှတ်ထားပါ၊ ဖြစ်တတ်ပျက်တတ်တာကို လောကလို့ခေါ်တယ် (မှန်ပါ့) အဲဒါကြီးကို သူတို့က မြဲတယ်လို့ ယူထားတယ် (မှန်ပါ့ ဘုရား)။

လောကဆိုတာ ဘာပါလိမ့်မလဲ (ဖြစ်တတ် ပျက်တတ် တာကိုဆိုပါတယ် ဘုရား)။

အဲ ဖြစ်တတ် ပျက်တတ်တဲ့တရား ဟူသ၍ လောကချည်းမှတ်ပါ (မှန်ပါ့)။

ဒါကြောင့် သတ္တလောကဆိုတာလဲ ပျက်တာဘဲ (မှန်ပါ့) သတ္တဝါကို လောက မခေါ်ကြဘူးလား (ခေါ်ပါတယ် ဘုရား)။

အဲ သတ္တလောကလဲ ဖြစ်မှုပျက်မှု ရှိသောကြောင့် သတ္တလောကလို့ ခေါ်လိုက်တယ် (မှန်ပါ့)။

ဩကာသ လောက ဆိုတာကလဲ ဒကာ ဒကာမတွေမှတ်ထားပါ၊ ဘုံတွေ အိမ်တွေ တိုက်တွေ တာတွေ ဒါတွေကို ကိုယ်နေတဲ့ဘုံကို ဩကာသ လောကလို့ခေါ်တယ်နော် (မှန်ပါ့) နေရာဋ္ဌာနကို ဩကာသခေါ်တယ်၊ အဲဒါတွေ လဲဖြစ်တတ်ပျက်တတ်သောကြောင့် လောကထဲဘဲ သွင်းရတယ် (မှန်ပါ့)။

သင်္ခါရလောကဆိုတာ ရှိသေးတယ် လောကသုံးမျိုးကိုး (မှန်ပါ့) သင်္ခါရလောကဆိုတာက ခင်ဗျားတို့က အိမ်ကလေး တခုခု ကံနဲ့ပြုပြင်လိုက်တယ်၊ ကံက အကျိုးပေးပြီး ပျက်သွားတယ်၊ ဒါဖြင့် ပြုပြင်လိုက်ပျက်လိုက်တရား ကိုလဲ သင်္ခါရလောကလို့ခေါ်တယ် (မှန်ပါ့)။

အခု ဒကာ ဒကာမတွေ ဒါနနဲ့ပြုပြင်လိုက်တယ် နတ်ဖြစ်သွားတယ်၊ တော်တော်ကြာ နတ်ပျက်ပြန်တာဘဲ၊ သီလနဲ့ပြုပြင်လိုက်တော့လဲ အသက်ရှည်တယ်ဆိုပြီး တော်တော်ကြာကျတော့ သေပြန်တာဘဲ၊ အဲဒါတွေကျတော့ သင်္ခါ ရလောကလို့ခေါ်လိုက်ပါ (မှန်ပါ့)။

ပြုပြင်လို့ ပေါ်လာတဲ့တရားကို ဖြစ်ပြီး ပျက်သွားရင် ဘာဆိုကြမယ် (သင်္ခါရ လောကပါ ဘုရား)။

အဲ ဒါဖြင့် လောကဆိုတာကို ချုံးလိုက်ပါတော့ ဖြစ်မှုပျက်မှုရှိလို့ လောကခေါ်တာ (မှန်ပါ့)။

ဒိဋ္ဌိဆယ်မျိုး

အဲဒီမှာ ပဌမတိတ္တိက ကျုပ်အယူ ပြောမယ်ဆိုပြီး လောကကြီး ကျုပ်မြဲတယ်လို့ ယူတယ်ဗျာတဲ့၊ မှတ်ထား (မှန်ပါ့)။

လောကကြီး ဘယ့်နှယ်ယူလိုက်သလဲ (မြဲတယ်လို့ယူလိုက်ပါတယ် ဘုရား)။

မြဲတယ်လို့ တိတ္တိတွေကယူလိုက်တော့ အနာထပိဏ်သူဋ္ဌေးကြီးက နားထောင်တယ်၊ ကိုယ်တော်တို့ဒီ တိတ္တိ တွေ မြဲတယ်လို့ ယူတဲ့ဥစ္စာ မှားတယ်လို့ သူမပြောသေးဘူး (မှန်ပါ့)။

ကဲ ပြောပါဦး၊ ဒီ့ပြင်လျှောက်ပြီးတော့ နောက်တယောက်ကဝင်တယ်၊ ကျုပ်က မမြဲဘူးယူတယ်ဗျ၊ လောကကြီး မမြဲဘူးလို့ ယူလိုက်တယ် (မှန်ပါ့) ကဲ ပြောပါဦးဆိုပြီး ဆက်မေးတော့ လောကကြီးကို ကျုပ်က အဆုံးရှိတယ်လို့ ယူတယ်ဗျ၊ တယောက်ကပြောတယ်။

လောကကြီး အဆုံးမရှိဘူးလို့ တချို့က ယူတယ်ဆိုတော့ သူတို့ဟာ တထစ်ချပါသေးရဲ့လား (မပါပါ ဘုရား) မပါဘူး။

အသက်နဲ့ကိုယ် အတူတူပဲလို့ ယူလိုက်တယ် တချို့ တိတ္တိက၊ တချို့ တိတ္ထိကလဲ အသက်နဲ့ကိုယ် တခြားစီ လို့ ယူလိုက်တယ်၊ ဒါ တိတ္တိ အယူချည့်မှတ်ရမယ်နော် (မှန်ပါ့)။

သတ္တဝါသေသည်၏ အခြားမဲ့၌ဖြစ်တယ်လို့ ယူလိုက်တယ်၊ သတ္တဝါသေသည်၏ အခြားမဲ့၌ မဖြစ်ဘူးလို့ ယူလိုက်တယ်၊ သတ္တဝါသေသည်၏ အခြားမဲ့၌ ဖြစ်ချီတလှည့် မဖြစ်ချီတလှည့်လို့ တချို့တိတ္တိကယူလိုက်တယ် (မှန်ပါ့ ဘုရား) သတ္တဝါသေသည်၏ အခြားမဲ့၌ မဖြစ်သည်မဟုတ် ဖြစ်သေးတယ်လို့လဲယူလိုက်တယ် (မှန်ပါ့)။

ဒိဋ္ဌိဆယ်မျိုး၊ ဒသကဝတ္ထုဒိဋ္ဌိဆိုတာ ဒါဘဲ (မှန်ပါ့ ဘုရား)။

အနာထပိဏ်သူဋ္ဌေးကြီးကဖြေလိုက်တယ်

ဒါနဲ့ ကဲ ကျုပ်တို့တော့ ဒါအယူဘဲ၊ သူတို့ အယူတွေဟာ အနာထပိဏ်သူဋ္ဌေးကြီးကဖြေလိုက်တယ်၊ ဒီအကြောင်း တရားကြောင့် အကျိုးတရားတွေဟာ ပေါ်နေတာဘဲ တဲ့၊ ရုပ်နာမ်တွေဟာ ကံ, စိတ်, ဥတု အာဟာရကြောင့်တရားလေး ပါးကြောင့်ရုပ်နာမ်တွေပေါ်နေတယ် (မှန်ပါ့)။

ရုပ် နာမ်တွေ ပေါ်နေတော့ ဒါဟာ သင်္ခါရ လောကဘဲ၊ သင်္ခါရလောကဆိုတာ ဖြစ်ပြီးပျက်တာဘဲ၊ ဖြစ်ပြီး သကာလပျက်နေတဲ့တရားကို အရှင်ဘုရားတို့ ဒီဟာတွေ ကိုယ့်အယူကိုယ်သဘောကျနေကြမယ်ဆိုရင်ဖြင့် အနိစ္စတရား နဲ့ အရှင်ဘုရားတို့တဏှာဖြစ်နေတာဘဲ၊ အနိစ္စ တဏှာဖြစ်နေတယ်၊ မမြဲတဲ့တရား တဏှာဖြစ်နေတယ်၊ ဆင်းရဲတဲ့ တရား တဏှာဖြစ်နေတယ်၊ အနတ္တ အစိုးရမတဲ့ တရားကြီးကို ကိုယ်တော်တို့ ယူထားတဲ့အယူက ငါထင်ပြီးသကာလ နေတော့ကို ကိုယ်တော်တို့ယူတဲ့အယူက နှလုံးသွင်းမှားလို့ တချက်ဖြစ်နိုင်တယ်၊ တဏှာမှားလို့ တချက်ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် ဒီအယူတွေဟာလွဲတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီ ဒိဋ္ဌိအယူဟူသ၍ဟာ အကြောင်းနှစ်ချက်ရှိတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) တရားနာမှားလို့လဲ ဒိဋ္ဌိဖြစ်တယ်၊ ရှင်းပြီနော် (ရှင်းပါပြီ) နှလုံးသွင်းမှားလို့လဲ (ဒိဋ္ဌိဖြစ်ပါတယ်) ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်းဘယ်နှစ်ပါး ရှိသတုန်း (နှစ်ပါးရှိပါတယ် ဘုရား)။

အယောနိသော မနသိကာရကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်၊ သူတပါးတရားဟောတာ အမှားနာမိလို့လဲ (ဒိဋ္ဌိဖြစ် ပါတယ်)။

ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ဘယ်နှစ်ပါးတုန်း (နှစ်ပါးရှိပါတယ် ဘုရား)။

ဦးသံဒိုင်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ပေါ်လာပြီတဲ့ အနာထပိဏ်သူဋ္ဌေးကြီးက သူ့ကိုကစွဲချက်တင်လိုက်တယ်၊ သူက သောတာပန်ကိုး (မှန်ပါ့)။

အကုန်အမှားချည့် ဘဲ

ကိုင်း ဒကာ ဒကာမတို့ အခု ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်းက သူတို့ ဆယ်မျိုးဖြစ်တာဟာ အကုန်အမှားချည့် ဘဲတဲ့၊ မှားတာကလဲ ဒီနှစ်ကြောင်း အရှင်တိတ္တိတို့မှာ ရှိပါလိမ့်မယ် (မှန်ပါ့) နှလုံးသွင်းမှားမှုရယ် တရားနာ မှားမှု ရယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာတဲ့တုန်း (နှလုံးသွင်းမှားမှုနဲ့ တရားနာမှားမှုပါ ဘုရား)။

နှလုံးသွင်းမှားမှုနဲ့ တရားနာမှားမှုကြောင့် အရှင်ဘုရားတို့ ခိုင်တယ် မခိုင်ဘူး၊ အဆုံးရှိတယ် အဆုံးမရှိဘူး၊ သတ္တဝါသေရင်ဖြစ်တယ် မဖြစ်ဘူး၊ ဒီ ဒိဋ္ဌိဆယ်ပါးဖြစ်လာတာ ဟာတဲ့ နှလုံးသွင်းမှားမှုနဲ့ တရားနာမှားမှုကြောင့် အရှင်ဘုရားတို့ ဒီဟာဖြစ်နေတာပါတဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တ ကို အရှင်ဘုရားတို့က ငါ့ကိုယ်ငါ့ဟာလုပ်နေတာ၊ ဒါ့ ကြောင့်လွဲတယ် (မှန်ပါ့) သူကဘဲ ပြောလိုက်တယ် (မှန်ပါ့)။

တရားနာမှားမှုက မောင်သစ် ဘာ အရေးကြီးသတုန်း၊ ဦးသံဒိုင် ဘာအရေးကြီးသတုန်းဆိုလို့ရှိရင် သုတ္တန် တရားတွေနာမိကြတယ်၊ သုတ္တန်တရားတွေနာမိတော့ ဘာလှူလို့ ဘာဖြစ်သွားတယ်၊ ဘယ်သူလဲ ဆိုတဲ့အခါကျတော့ ဒီမှာက ဥပမာမယ် အခု ဝိသာခါဟာ နိမ္မာနရတိမှာရှိတယ်ဆိုတော့ ဝိသာခါဘဲ နိမ္မာနရတိမှာသွားဖြစ်တယ်လို့ ယူ လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဝိသာခါလိုဖြစ်ချင်လိုက်တာ

ဝိသာခါက ဘယ်မှာတုန်း (နိမ္မာနရတိမှာပါ ဘုရား) အင်း နိမ္မာနရတိမှာ ဝိသာခါရှိတယ် ဆိုတော့ကို ဒါ သေသေချာချာမှတ်ကြပါ၊ ဪ ဝိသာခါဟာ အခု သောတာပန်တည်ပြီးပြီ၊ တည်ပြီးပေမဲ့လည်း သူခုနှစ်ဘဝဆိုသလို ဘဲ နေရဦးမှာဘဲ၊ အခုဝိသာခါဘယ်မှာတုန်းလို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် လှူတန်းပေးကမ်း၊ ကျောင်းတွေ ဘာတွေ ဆောက်၊ အမျိုးမျိုးဆွမ်းဝတ်ကွမ်းဝတ်တွေပြု၊ ဒီ ဝိသာခါ ဘယ်ဖြစ်သွားသတုန်းမေးလို့ရှိရင်ဖြင့် ဝိသာခါ နိမ္မာနရတိ နတ်သမီးဖြစ်တယ် (မှန်ပါ့) မယူပေဘူးလား (ယူပါတယ် ဘုရား)။

ယူလိုက်ပါတယ်၊ ဒါ မယူလဲ မဖြစ်ပါဘူး၊ ယူရမှာဘဲ၊ ဝိသာခါ နိမ္မာနရတိနတ်သမီး သွားဖြစ်တယ်ဆိုတော့ ဒီမှာက ဒကာ ဒကာမတွေ ဪ ဒို့လဲ ဝိသာခါလိုဖြစ်ချင်လိုက်တာ၊ အပါယ်လဲမကျတော့ဘူး၊ နိမ္မာနရတိသွားဖြစ် တယ်၊ ဒါတော့ခင်ဗျားတို့ သဘောကျကြမှာဘဲ။

သဘောကျတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဝိသာခါသွားဖြစ်တယ်ဆိုတော့ သုတ္တန်တရားကလဲ ဒီအတိုင်း ဟောထား တယ်၊ ဝိသာခါ ကိုယ်တိုင်ဘဲ သေသည်၏ အခြားမဲ့၌ သွားဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။

သေသည်၏ အခြားမဲ့၌ သွားဖြစ်တယ်လို့ဆိုတော့ ဝိသာခါသွားဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဘဲ ပြန်ရတာဘဲ (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။

အဲဒါမျိုးကျတော့ တရားနာမှားတာနဲ့ သဿတဒိဋ္ဌိ ဖြစ်ပါတယ်(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

တရားနာ မှားတာနဲ့ (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဥစ္စာ မှားရပါလိမ့်မတုန်း၊ သဿတဒိဋ္ဌိထဲ သွင်းလိုက်ပါလိမ့်မတုန်း၊ တပည့်တော်တို့လဲ ဒီလိုဘဲ နာထားတာဘဲ ဆိုတော့ ဒီမှာရှိတဲ့ ဝိသာခါက ရုပ်နာမ်တွေကိုး (မှန်ပါ့ ဘုရား)။

ဝိသာခါဆိုတာကလည်း စင်စစ် ကြည့်လိုက်တော့ ဝိသာခါက သမုတိသစ္စာ၊ ရှိတာက ရုပ်နာမ် (မှန်ပါ့ ရုပ် နာမ်ပါ) ဒီ ရုပ်နာမ်တွေဟာ ဒီမှာဘဲ သူ စုတိစိတ် ကျပြီး ရုပ်ရော နာမ်ရော အကုန်ပျောက်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီ ရုပ်နာမ်ဟာ ဒီမှာတွင် အကုန် မပျောက်ဘူးလား (ပျောက်ပါတယ်) သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား)။

ဪ ခင်ဗျားတို့ ယူထားတာက ဝိသာခါ သွားဖြစ်တယ်တဲ့၊ နိမ္မာနရတိနတ်ပြည်မှာ နတ်မိဖုရားကြီး သွားဖြစ် တယ်ဆိုတော့ ဝိသာခါသွားတဲ့ အဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်ပြီးသကာလ နေတော့ သွားလဲ မသွားနိုင်ဘူး (မှန်ပါ့) သွားနိုင်ကြရဲ့လား (မသွားနိုင်ပါ ဘုရား)။

မသွားနိုင်ဘူးတဲ့၊ ဒီမှာ ရှိတဲ့ ရုပ်နာမ်ဟာ ဟိုမှာ နည်းနည်းမှ အဆက်မပါဘူး (မှန်ပါ့) ပါတယ်ဆိုလို့ရှိရင် ရုပ်နာမ်မပျက်ဘူးဆိုတဲ့ သဿတဒိဋ္ဌိ သွားဖြစ်မယ် (မှန်ပါ့) ပါလဲ မပါဘူး (မပါပါ ဘုရား)။

သဿတဒိဋ္ဌိ သွားဖြစ်တယ်

သို့သော် ခင်ဗျားတို့က ဆရာသမားက ဖေးမတဲ့ ဆရာသမားနဲ့ မတွေ့ဘူး၊ ခင်ဗျားတို့ကလဲ သုတ္တန်တရားလဲ နာထားရတယ်၊ အဘိဓမ္မာမနာရဘူးဆိုလို့ရှိရင် ဝိသာခါ သွားဖြစ်တယ် ယူလိုက်တာဘဲ (မှန်ပါ့ ဘုရား) မယူဘူးလား (ယူပါတယ် ဘုရား) ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။ သွားကို မသွားနိုင်ဘူး (မှန်ပါ့) သွားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါရဲ့လား (မရှိပါ ဘုရား)။

မရှိတာကို ဝိသာခါ သွားဖြစ်တယ်၊ ဒါကြောင့် ကျုပ်တို့လဲ ဝိသာခါလိုတော့ လုပ်ရဦးမယ်ဆိုတော့ တရားနာ မှားတာနဲ့ တခါတည်း သဿတိဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

တရားနာ မှားတာ (သဿတဒိဋ္ဌိသွားဖြစ်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိဆိုတာ ဘာတုန်းဆိုလို့ရှိရင် ဒီ ရုပ်နာမ်သည် ခုနင်က ပြောသလိုဘဲ ဝိညာဏ်ကလေး ဟိုသွား ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အသက်ကလေး ထွက်ပြီးတော့ ဟို နတ်ပဋိသန္ဓေ သွားဖြစ်တယ်ဆိုတော့ ဒီအသက်ကလေးက ဒကာ ဒကာမ တွေ ဟို သွားဖြစ်တာ၊ ဒီလို ယူပစ်လိုက်တယ် (မှန်ပါ့) ဒီလို ယူပစ်လိုက်တော့ ဘာဆိုကြမယ် (သဿဒိဋ္ဌိပါ ဘုရား)။

ဒီ ဝိညာဏ်ကလေးက သွားသေးတာ၊ သွားပြီးတော့မှ နိမ္မာနရတိ သွားဖြစ်တယ်ဆိုတော့ ဒီ့ပြင်ဟာတွေသာ ပျက်တယ် ဝိညာဏ်မပျက်ဘူး ယူလိုက်တယ် (မှန်ပါ့) အဲဒီတော့ ဘာဒိဋ္ဌိဖြစ်သလဲ (သဿတဒိဋ္ဌိဖြစ်ပါတယ်) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

သေတော့ သေတာဘဲ၊ သေပေမဲ့ ဝိညာဏ်ကလေးက ပြောင်းတယ် (မှန်ပါ့) ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

အဲဒါ ဗုဒ္ဓဘာသာတွေမှာ တကယ်ရှိနေကြတယ် (မှန်ပါ့)။

တကယ်ရှိကြောင်းကို ဘုန်းကြီးက သက်သေ သာဓက လုံလောက်အောင်ပြမယ် (မှန်ပါ့) ဒကာ ဒကာမတွေ က ဘယ့်နှယ်နေသတုန်း ဒီလူမမာ အသက်မထွက်သေးဘူးလား ဒီလိုမေးတာဘဲ (မှန်ပါ့) မမေးဘူးလား (မေးပါတယ် ဘုရား)။

အသက် မထွက်သေးဘူးလား တဲ့ အသက်ဆိုတာ ဝိညာဏ်ခေါ်တယ် (မှန်ပါ့)။

အသက်ကလေး ထွက်သွားပြီ

အသက်ကလေး ထွက်သွားပြီ၊ ဘယ်များသွားပြီးဖြစ်ကြပါလိမ့်ဆိုတော့ သဿတက တခါတည်း ပါလာတယ် (ပါပါတယ် ဘုရား) ဒီ ဝိညာဏ်ကလေးက ချုပ်သေးရဲ့လား (မချုပ်ပါ ဘုရား)။

ဒါဖြင့် ကျန်တဲ့ ရုပ်နာမ်သာဒီမှာထားပစ်ခဲ့တယ် (မှန်ပါ့) ဒီဝိညာဏ်ကလေးဟာ ပြောင်းတယ်ဆိုတော့ ဝိသာခါ ဖြင့်ပြောင်းတယ် နတ်သမီးအဖြစ်ပြောင်းတယ် (မှန်ပါ့) ဘာဒိဋ္ဌိဖြစ်နေသလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

အဲဒါ တရားနာမှားလို့ဖြစ်တာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာမှားလို့ ဖြစ်တာတုန်း (တရားနာမှားလို့ ဖြစ်တာပါ ဘုရား)။

တရားနာမှားလိုက်တာ ဘုန်းကြီးကလည်း တော်အောင်ဘဲဟောလိုက်တယ် (မှန်ပါ့) စာအုပ်ကလဲ ရေးစရာ မရှိတာနဲ့ ဒါဘဲ ရေးလိုက်တယ် (မှန်ပါ့)။

ရေးလိုက်တော့ ဝိသာခါသွားဖြစ်တာ နင်တို့မသိဘူးလား၊ နိမ္မာနရတိမှာ နတ်သမီးကြီးကို သွားဖြစ်တယ်၊ ဝိသာခါကိုယ်တိုင်ဆိုတော့ ဝိသာခါ သေတာတော့ သူတို့သိရဲ့ (မှန်ပါ့) ဝိညာဏ်ကလေးက သွားဖြစ်တယ်ဆိုတာ ယူ ထားတယ် (မှန်ပါ့ ဘုရား)။

ဝိသာခါ လူ့ပြည်မှာသေတယ်ဆိုတာတော့သိရဲ့ (မှန်ပါ့) ဝိညာဏ်ကလေးက (နတ်ပြည်သွားဖြစ်တယ်လို့ ယူထားပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ) ဒါဖြင့် သူ့ကို ဘာဒိဋ္ဌိဆိုမလဲ (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

တခြားသော ရုပ်နာမ်သာသေတယ်၊ ဝိညာဏ်ဆိုတဲ့ စိတ်ကလေးက မသေဘူး (မှန်ပါ့) ဒိလိုဆိုတော့ ဝိညာဏံ အနိစ္စံ ဆိုတာနဲ့ ကန့်လန့်ကြီး သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

အဘိဓမ္မာနည်းနဲ့တော့ ဝိညာဏံ အနိစ္စံ၊ ဝိညာဏံ = ဝိညာဏ်သည်၊ အနိစ္စံ = ချုပ်ပျောက်သွား၏၊ ဖြစ်ပြီးပျက် သွားတယ်၊ အစရှာမတွေ့ဘူး၊ အနိစ္စနယ်ကပေါ့လေ (မှန်ပါ့) ဒီဝိညာဏ် အဲဒီ့ ဝိညာဏက္ခန္ဓာကလေး သွားတယ်လို့ သူတို့ယူပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် မြန်မာပြည်မှာ သုတ္တန်တရားကိုဝတ္ထုကြောင်းလောက်နာရင် သဿတဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့)။

သုတ္တန်တရား ဝတ္ထုကြောင်းလောက်ကို ကိုယ်က မယူတတ်ဘဲနဲ့ ဆရာမှာလမ်းဆုံးနေရင် ဘာဖြစ်သတုန်း (သဿတဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

အဲဒီ့ သဿတဒိဋ္ဌိ ဒီမြို့ပေါ်မှာဖြစ်စေ၊ ရန်ကုန်မှာဖြစ်စေ၊ မန္တလေးမှာဖြစ်စေ ဘယ်လောက်များမယ် ထင်ကြ သတုန်း (မရေတွက်နိုင်ပါ ဘုရား) အကုန် ဒီအယူ ယူတယ် (မှန်ပါ့ ဘုရား)။

အသက်ထွက်တယ်ယူကတည်းက ဒီဥစ္စာပါသွားပြီ (ပါပါပြီ ဘုရား) မပါသေးဘူးလား (ပါပါပြီ ဘုရား)။

ဒါဖြင့်အားလုံးဒကာ ဒကာမတို့ ဗုဒ္ဓဘာသာဒိဋ္ဌိ (မှန်ပါ့) ဗုဒ္ဓဘာသာမှာ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား) ဗုဒ္ဓဘာသာ ဒိဋ္ဌိကြောက်စရာကောင်းလိုက်တာ (မှန်ပါ့)။

ဒါကို အားလုံးမှတ်ကြစမ်းပါ၊ ဒီအယူဟာ အသက်မထွက်သေးဘူးလား ဆိုတဲ့ လူတဦးတယောက်မှာဖြင့် ဒီ အယူရှိတာချည်းဘဲ (မှန်ပါ့ ဘုရား)။

အသက်မထွက်သေးဘူးလား ဆိုတဲ့အယူရှိရင် (ဒီသဿတရှိပါတယ် ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အခုအချိန် ဘယ်များရောက်နေရှာပါလိမ့် ရောက်တယ်ဆိုတာ သွားလို့ပြောတာ (မှန်ပါ့ သွားလို့ ပြောတာပါ ဘုရား)။

ရောက်တယ်ဆိုတာ (သွားတယ်ယူလို့ ပြောတာပါ) ဒါဖြင့် ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

တရားနာမှားလို့လာတာ

အဲဒါ ဘယ်ကလာတာတုန်း မေးတော့မှ တရားနာမှားလို့လာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်ကလာတာတုန်း (တရားနာမှားလို့ လာတာပါ ဘုရား)။

အဲဒါ ဘယ်လောက်လဲ ပုဂ္ဂိုလ်ကဟောဟော မယုံလေနဲ့ (မှန်ပါ့) မယုံလေနဲ့၊ ဝိညာဏံ အနိစ္စံ သာ မှတ်လိုက် (မှန်ပါ့)။

ဝိညာဏံ ဘယ်ဝိညာဏ်မဆို၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ် ဝိညာဏံ အနိစ္စံ ချည်းသာရှိရမယ် (မှန်ပါ့) ဘယ်မှမလိုက်နိုင်ဘူး (မှန်ပါ့) သွားနိုင်ပါ့မလား (မသွား နိုင်ပါ ဘုရား) မသွားနိုင်တာကို သူတို့က လောက်လန်းသဖွယ် ဝိညာဏ်တွယ်တွေနဲ့ တချို့ရေးထားတဲ့စာတွေက ဒီကနေ ကူးပြီးတော့ ဟိုသွားတွယ်တာ၊ ဒီကြား အပြတ်ကိုမပါဘူး (မပါ ပါ ဘုရား) ဘာဒိဋ္ဌိဖြစ်နေသတုန်း (သဿဒိဋ္ဌိ ဖြစ်နေ ပါတယ် ဘုရား)။

ဘဝကူးသွားတယ်၊ ကူးတယ်ဆိုကတည်းက ရေထဲလှေနဲ့ကူးသလို ကူးတာ (မှန်ပါ့) ဘာဒိဋ္ဌိတုန်း (သဿတ ဒိဋ္ဌိပါ ဘုရား)။

အဲဒါ တချို့ ရေစက်ချ ရှေးကျကျ ဒီ ဆရာကောင်းသမားကောင်းနဲ့ သေသေချာချာ စစ်တဲ့ပုဂ္ဂိုလ်နဲ့ မတွေ့ လို့ရှိရင် ဘဝတပါး ပြောင်းသွားလေသောသူအား ချတာဘဲ၊ ရေစက်ချတယ် (မှန်ပါ့ ဘုရား) သိပ်ကြောက်စရာ ကောင်း ပါလား (ကောင်းပါတယ် ဘုရား) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘဝတပါး ပြောင်းသွားလေသော

ဘဝတပါး ပြောင်းသွားလေသော ဆိုကတည်းက ဒီ မပျော်လို့ ဟိုပြောင်းတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘာဖြစ်လို့ ဒီ သဿတဒိဋ္ဌိ ဒီ ဒကာ ဒကာမတွေ သန္တာန် ပေါ်နေပါလိမ့်မတုန်းလို့ လက်သည်ရှာ (တရားနာမှားလို့ပါ ဘုရား)။

ဒါကြောင့် အနာထပိဏ် သူဋ္ဌေးကြီးပြောတာ ဦးသံဒိုင် မမှန်ဘူးလား (မှန်ပါတယ်) မှန်တယ်။

အရှင်ဘုရားတို့ တရားနာမှားလို့ ဒိဋ္ဌိဖြစ်နေပြီတဲ့ (မှန်ပါ့)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတော့ အဲဒါရှိနေလို့ ဘဝတပါးပြောင်းသွားတဲ့ အယူကို ကိုယ့်သန္တာန် မှာလဲရှိနေမယ်၊ ဝိညာဏ်ကလေးက သွားတယ်လို့ ဟိုမှာသွားပြီးဖြစ်ရတယ်လို့ ယူလို့ရှိရင် ခင်ဗျားတို့ ဒီဘဝ အာပေါက် အောင် အားထုတ် မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့)။

မဂ် တားချလိုက်တယ်၊ ကုသိုလ်ကိုတော့ မတားပါဘူး (မှန်ပါ့) မဂ်ကျတော့ (တားပါတယ် ဘုရား)။

နိဗ္ဗာန်တားချလိုက်တယ် (မှန်ပါ့) နတ်ရွာသုဂတိဖြစ်ဘို့ကျတော့ (မတားပါ ဘုရား) မတားပါဘူး၊ သေသေချာချာ မှတ်ပါ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

အတည်မကျ ဘဝတပါးသို့ ပြောင်းသွားလေသော သူအားရည်မှတ်၍ လှူဒါန်းပြီးသကာလ အမျှယူကြပါဗျို့ လို့ အော်တာတွေ အများကြီးကြားရတယ် (မှန်ပါ့ ဘုရား) မကြားရဘူးလား (ကြားရပါတယ် ဘုရား)။

အတည်မကျ၊ သူက အတည်မကျရှာဘူးတဲ့ (မှန်ပါ့) ဘဝတပါးသို့ ပြောင်းသွားတယ်တဲ့ (မှန်ပါ့) ဟ သွားပြီ ကော။

အဲဒါ ခင်ဗျားတို့နားထဲမှာ ဝ, နေမယ်ထင်တယ် (မှန်ပါ့) ဘာဒိဋ္ဌိနဲ့ ယူလိုက်တာတုန်း (သဿတ ဒိဋ္ဌိနဲ့ ယူ လိုက်တာပါ) ပြောင်းနိုင်ရဲ့လား (မပြောင်းနိုင်ပါ ဘုရား)။

အင်း သွားပြီပေါ့၊ အတော်ကိုကြောက်စရာ ကောင်းနေတာ (မှန်ပါ့)။

အတော် ကြောက်စရာကောင်းနေတာ၊ ပြင်လဲမပြင်ကြ (မှန်ပါ့) ဘာပြင်နိုင်လိမ့်မလဲလို့မေးတော့ သူများရေး တဲ့စာကို ကျက်ပြီးပြောတာ (မှန်ပါ့ ဘုရား) သူများပါးစပ်မှာလမ်းဆုံးနေတယ် (မှန်ပါ့)။

အဘိဓမ္မာလဲ သူမကြည့်၊ ဟုတ်လား (မှန်ပါ့) ကိုယ့်ဟာ ကိုယ်လဲ ငါ့ဥစ္စာ ဟုတ်မှဟုတ်ကဲ့လားလို့ ဒီလိုလဲ မတွေးတတ်ကြ (မှန်ပါ့) မတွေးတတ်တော့ သူများရေးတဲ့စာအတိုင်း လူကချလဲ ဒီ အတိုင်းဘဲ၊ တချို့သာမည ကိုယ် တော်တွေချလဲ ဒီအတိုင်းဘဲ ချမယ် (မှန်ပါ့ ဘုရား)။

ဒီအတိုင်းဘဲချလိုက်တယ်၊ ဘာဒိဋ္ဌိချလိုက်သလဲ (သဿတဒိဋ္ဌိချလိုက်ပါတယ် ဘုရား)။

ဟို ပုဂ္ဂိုလ်တွေကလဲ ဪ ရောက်လေရာ အမျှ အမျှ သူကလဲ ရောက်လေရာဘဲတဲ့ (မှန်ပါ့ ဘုရား)။

ရောက်လေရာ အမျှပါ

ဘယ့်နှယ်ဆိုလိုက်သလဲ (ရောက်လေရာ အမျှပါ ဘုရား)။

ရောက်လေရာဆိုတော့ သွားလို့ ရောက်တာပေါ့ဗျ (မှန်ပါ့) ဒါဖြင့် ဘာဒိဋ္ဌိဆိုကြမလဲ (သဿဒိဋ္ဌိပါ ဘုရား)။

ဟာ အမျှသမားကလည်း ငါးပါးမှောက်ပြီ (မှန်ပါ့)

အမျှဝေတဲ့သမားကလည်း ငါးပါးမှောက်ပြီ၊ ရေစက်ချတဲ့လူကလဲ ဂျွမ်းထိုးဘဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဟိုမှာ ဘာဖြစ်မလဲဆိုတာ လာလိမ့်ဦးမယ် (မှန်ပါ့) ဒါဖြင့် ဘုရား ဟိုမှာဖြစ်ပေါ်နေတဲ့ ဝိသာခါနတ်သမီး ဟာ ဒီကဟာနဲ့ ဘာမှမဆက်သွယ်ဘူးလားဆိုတဲ့ အဓိပ္ပါယ်၊ တနည်းအားဖြင့် တပည့်တော်တို့ပြုလုပ်ထားတဲ့ ကုသိုလ် စေတနာတွေလဲ ဟိုမှာ ဘာမှမပါဘူးဆိုလို့ရှိရင် တပည့်တော်တို့လုပ်တာလဲ အဟောသိကံ ဖြစ်ရတော့မှာလားဆိုပြီး ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားတယ် (မှန်ပါ့ ဘုရား)။

ဘယ်ပြေးသွားသတုန်း (ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားပါတယ်)။

ဥစ္ဆေဒဒိဋ္ဌိဆိုတာ

ဒါ့ကြောင့် အတော်ကြောက်စရာကောင်းတယ်၊ သဿတဒိဋ္ဌိလွတ်လိုက်တော့ ဥစ္ဆေဒဒိဋ္ဌိဘက်က ဝင်လာတယ် (မှန်ပါ့ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဆိုတာ ဒီကအကြောင်းနဲ့ ဟိုကအကျိုး ဘာမှမဆက်တာကိုး (မှန်ပါ့) ဘာဒိဋ္ဌိခေါ်ကြသလဲ (ဥစ္ဆေဒဒိဋ္ဌိ ခေါ်ပါတယ်)

ဒီဟာကြီး တိုက်ရိုက်သွားတာကိုတော့ (သဿတဒိဋ္ဌိခေါ်ပါတယ် ဘုရား)။

ဒီမှာရှိတဲ့ ရုပ်နာမ်က ဘာမှဟိုဘက်ကို မလိုက်ပါဘူးဆိုတော့ ဟိုမှာဖြစ်နေတာ အထင်အရှားဖြစ်ပြီးသကာလနေ တော့ ဪဟိုမှာလဲ ဖြစ်ချင်သလို ဖြစ်တာကိုးလို့ ယူလိုက်လို့ ရှိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ် (မှန်ပါ့ ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါ တယ်) သဘောကျပလား (ကျပါပြီ)။

ဒါလဲ တရားနာမှားလို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိဖြစ်နိုင်သေးတယ် (ဖြစ်နိုင်ပါ့တယ် ဘုရား) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင် ပါတယ် ဘုရား)။

အခုလဲ ဘုန်းကြီးပြောလိုက်သည်၊ ခင်ဗျားတို့ သဿတလဲဖြုတ်ပေးပါရော ခင်ဗျားတို့ဉာဏ်က မိစ္ဆာဉာဏ်က တခါတည်း ဝင်လာပြီး ဪ ဒီကဟာနဲ့ ဘာမှမဆက်သွယ်ပါလားဆိုပြီး ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ဒီကဟာနဲ့ (ဘာမှ မဆက်သွယ်ပါကလားဆိုပြီး ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ်) ဥစ္ဆေဒဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့)။

ဒါကြောင့် အင်မတန်ခဲယဉ်းတယ်၊ ဆရာကောင်း သမားကောင်းတွေ့ဘို့ အင်မတန်ခဲယဉ်းတယ်ဆိုတာတော့ ပေါ်ပါပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီဟာ လည်လည်ပြောဘို့ ခင်ဗျားတို့ဉာဏ်ထဲမှာ ရှင်းဘို့လွယ်မှမလွယ်ဘဲ (မှန်ပါ့) မလွယ်တော့ အခုပြင် ပေးလိုက်ပြန်တော့ ခင်ဗျားတို့က လူ့လွယ်အိတ်လို ဖြစ်နေတယ် (မှန်ပါ့)။

ဒီဘက်ကလွယ်တဲ့အခါ ခါးကပ်နေလို့ ဟိုဘက်လွယ်တဲ့အခါလဲ ခါးကပ်တာဘဲ (မှန်ပါ့) လူ့လွယ်အိတ်လို ဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်) စဉ်းစားမိပလား (စဉ်းစားမိပါတယ် ဘုရား)။

အခု သဿတဖြုတ်ပေးလိုက်တော့ ခင်ဗျားတို့က ဘယ်ကပ်နေသတုန်း (ဥစ္ဆေဒကပ်နေပါတယ်) ဥစ္ဆေဒဘက် ကပ်နေတော့ အတော် ခဲယဉ်းနေတာ (မှန်ပါ့) အမြင်ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါ ဦးသံဒိုင်ကမှတ်၊ နှလုံးသွင်းမှားတာကို မပြောသေးပါဘူး (မှန်ပါ့) တရားနာမှားလို့ကို ပြောတုန်းရှိသေး တယ် (မှန်ပါ့ ဘုရား)။

အခု ဘုန်းကြီးတရားကို အခုနာရီဝက်သာသာနာကြည့်တော့မှ သဿတတော့ ပြုတ်သွားတယ် ဒကာ ဒကာမ တို့ (မှန်ပါ့) ဪ ဒီက ရုပ်နာမ်ဟာ လုံးဝ ဒီမှာတွင် ချုပ်တာဘဲ၊ တပည့်တော်တို့လုပ်တဲ့ အတိုင်းပဲဖြစ်ပြီး ပျက်သွား တာပဲ၊ ဘာမှ မလိုက်နိုင်ပါဘူးဆိုတော့ တခါတည်း ဟိုဘက်ပြေးသွားတယ်ဉာဏ်က (မှန်ပါ့) ဘယ်ဘက်ပြေးသတုန်း (ဥစ္ဆေဒဘက်ပြေးပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဘက် တခါ ဆက်ပြီးပြေးသွားပြန်တယ်၊ လူ့လွယ်အိတ်လို ဖြစ်နေတယ်ဆိုတာ မမှန်ဘူးလား (မှန် ပါတယ်)။

ဒီဘက်က ခါးနားကပ်နေလို့ ဖြုတ်ပေးလိုက်ပြန်လို့ ဟိုဘက်ခါး သွားကပ်တာဘဲ (မှန်ပါ့ ဘုရား) ညာဘက် ပြောင်းတော့လဲ ခါးဘဲ ပြန်ကပ်တယ် (မှန်ပါ့) အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ကို ဒီနေ့ည ဒါ ရှင်းပေးရမယ် ဦးသံဒိုင်ရ။ မရှင်းရင် ဘယ်တော်တော့မတုန်း (မှန်ပါ့) မရှင်းရင် လဲမရပါဘူးဘုရား။

ဒါ သေသေချာချာ နားထောင် သဿတ ပြုတ်ပလား ခင်ဗျားတို့ (ပြုတ်ပါပြီ ဘုရား) သဿတကတော့ ပြုတ်ပြီး ဥစ္ဆေဒဘက်ကူးနေတယ် (မှန်ပါ့ ဘုရား) ဒီ ဥစ္ဆေဒဒိဋ္ဌိကို တခါဖြုတ်ပေးရဦးမယ် (မှန်ပါ့) မဖြုတ်လို့ရှိရင် တော့ခင်ဗျားတိုက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အာပေါက်အောင် အားထုတ်၊ လက္ခဏာရေးသုံးပါးကို မရနိုင်ပါဘူး (မရနိုင်ပါ ဘုရား)။

အနုလောမဉာဏ်တောင် မရနိုင်ဘူး

ခုနင်က ပါဠိတော်မှတ်လိုက်ပါ၊ ဘုရားဟောတဲ့ ပါဠိတော်နော် (မှန်ပါ့) တစုံတခုသော တရားကို နိစ္စလို့ ယူလို့ရှိရင်လဲ သဿတဒိဋ္ဌိကွာတဲ့၊ အနုလောမဉာဏ်တောင် မရနိုင်ဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာ ဝေးပါသေးရဲ့ တဲ့ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

တခါပြတ်တယ်လို့ ဥစ္ဆေဒဒိဋ္ဌိ ယူလိုက်ပြန်လို့ရှိရင်လဲ ခုနင်က အနုလောမ ဉာဏ်မျိုးလဲ ရမှာမဟုတ်ဘူးတဲ့၊ သူလဲ ဒိဋ္ဌိတမျိုးခံတာဘဲ (မှန်ပါ့)။

သဿတပြုတ်တော့ ခင်ဗျားတို့က ဘယ်ဘက် သွားကပ်နေသတုန်း (ဥစ္ဆေဒဘက် သွားကပ်နေပါတယ်)။

ဥစ္ဆေဒဒိဋ္ဌိ၊ ဒီကအကြောင်းအကျိုးဘာမှ မလိုက်ဘူး၊ ဟိုမှာဖြစ်ချင်သလို ဖြစ်တာလို့ ယူချင်ယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား) မယူပေဘူးလား (ယူပါတယ် ဘုရား)။

ဘယ်လို ယူပစ်ကြသတုန်း (ဖြစ်ချင်သလို ဖြစ်တာ) ဖြစ်ချင်သလိုဖြစ်တာ ဒီဘက်ပြေးပြန်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါကလေးကိုလဲ ရှင်းပေးပါ့မယ်တဲ့၊ ဒီလိုဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခုနင်က တတ္ထိတွေ ကြည့်ပါလား လောကကြီး အဆုံးရှိတယ်၊ လောကကြီး အဆုံးမရှိဘူးတဲ့၊ သတ္တဝါသေရင် မဖြစ်ဘူးတဲ့ ဆိုတော့ ဥစ္ဆေဒ ဒိဋ္ဌိတွေ မလာဘူးလား (လာပါတယ်)။

သတ္တဝါသေရင် ဘာမှ မဖြစ်တော့ဘူး၊ သူ ဒီလို ယူလိုက်တယ် (မှန်ပါ့) ဒီလိုကျတော့ ဘာဒိဋ္ဌိထဲ သွင်းမလဲ (ဥစ္ဆေဒဒိဋ္ဌိပါ)။

အဲဒီ့ ဒိဋ္ဌိတွေဟာ အဲဒါနဲ့ စပ်ပြီး သကာလ အခု ဟောရတဲ့တရားလို့မှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဖြုတ်ပေးမယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိ ဖြုတ်ရတော့မယ် ဆိုလို့ရှိရင် ဒကာ ဒကာမ တို့ ဒီက နာမ်ရုပ်ဟာ ချုပ်သွားတယ်နော် (မှန်ပါ့)။

ဒီက နာမ်ရုပ်တော့ ချုပ်သွားတယ်။ ဟိုမှာ တတိုတစမှ နိမ္မာနရတိဘုံတော့ မလိုက်ပါဘူး ဝိသာခါဟာလေ (မှန်ပါ့)။

ဝိသာခါရုပ်နာမ်သည် လူ့ပြည်မှာဘဲ သောတာပန်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ရုပ်နာမ်ကတော့ ချုပ်ရမှာဘဲ (ချုပ်ရမှာ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

နို့ တခါစဉ်းစားလိုက်၊ ဟိုကျတော့ ဝိသာခါဟာ နာမ်ပေါ်သလား၊ ရုပ်ပေါ်သလား၊ နာမ်ရုပ်ဘဲ ပေါ်နေသလား လို့ အကဲခပ် (နာမ်ရုပ်ဘဲ ပေါ်ပါတယ်)။

ဟင် (နာမ်ရုပ်ဘဲပေါ်ပါတယ် ဘုရား) နာမ်ရုပ်ဘဲ ပေါ်တယ် (မှန်ပါ့) ဒီမှာ သေတာကော (နာမ်ရုပ်ပါဘဲ ဘုရား) ဟိုမှာ ပေါ်တာကော (နာမ်ရုပ်ပါဘဲ ဘုရား)။

ဟိုမှာ ဖြစ်ပေါ်တာလဲ နာမ်ရုပ်ဘဲ ပေါ်တယ် (မှန်ပါ့) ဪ ဒါဖြင့် ဒီလိုလုပ်၊ ဒီလိုလုပ် ဒကာ ဒကာမတို့၊ ဪ ဒီ နာမ်ရုပ်သည် ချုပ်သွားတာလဲ အမှန်ဘဲ၊ သူနဲ့အလားတူ ဟိုမှာဖြစ်ပေါ်တယ် (မှန်ပါ့)။

ချုပ်သွားတဲ့တရားက အလားတူ (ပေါ်ပါတယ် ဘုရား) အလားတူ သူ့အကြောင်းမကင်းဘူးတဲ့ (မှန်ပါ့)။

သူက နာမ်ရုပ်မို့ ဟိုမှာ ပေါ်ရတာလဲ (နာမ်ရုပ်ပါဘဲ ဘုရား) နာမ်ရုပ်ဘဲဆိုတော့ ဒီက အကြောင်း အကျိုး ဆက်မနေဘူးလား (မှန်ပါ့) ဒီ နာမ်ရုပ်အကြောင်းကြောင့် ဒီဘက်မှာ (နာမ်ရုပ်ပေါ်ပါတယ် ဘုရား)။

ဒီလိုဆိုတော့ ဥစ္ဆေဒ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) လိုက်လဲ မလိုက်ဘူး (မှန်ပါ့)။

ဒီက နာမ်ရုပ်အကြောင်းကြောင့် ဟိုမှာ ဘာတုန်း (နာမ်ရုပ်အကျိုးပေါ်ပါတယ် ဘုရား)။

နာမ်ရုပ်အကျိုး ပေါ်တယ်ဆိုတော့ ဒီက လိုက်တာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပြတ်တာကော (မဟုတ်ပါ ဘုရား) နို့မဟုတ်လို့ရှိရင် ဟိုကျမှ ရုပ်ကလေး တခုတည်းပေါ်နေမယ်၊ နာမ်ကလေးတစ်ခုတည်း ပေါ်နေ မယ်ဆိုလို့ရှိရင်လဲ ဒါခင်ဗျားတို့ စဉ်းစားစရာပေါ့နော် (မှန်ပါ့)။

အဲဒီတော့ ချုပ်သွားတဲ့ နာမ်ရုပ်ကြောင့် ဖြစ်ပေါ်တဲ့ နာမ်ရုပ်၊ နတ်ပြည်မှာ ဖြစ်ပေါ်တဲ့ နာမ်ရုပ်ဘဲ ပေါ်တယ် (မှန်ပါ့)။

ဒီမှာ ချုပ်သွားတာက (နာမ်ရုပ်ပါ ဘုရား) ဟိုမှာ ပေါ်တာက (နာမ်ရုပ်ပါ ဘုရား) ဪ ဒါဖြင့်တခုသော နာမ်ရုပ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တခုသော နာမ်ရုပ်က (တခုသော နာမ်ရုပ်ကို ကျေးဇူး ပြုပါတယ် ဘုရား) ကျေးဇူးသာပြုတယ်၊ လိုက်တော့ မလိုက်ဘူး (မလိုက်ပါ ဘုရား)။

ကျေးဇူးပြုတာကို သိသဖြင့်

ဒါဖြင့် ကျေးဇူးပြုတာကို သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားတယ် (မှန်ပါ့ ဘုရား) ကျေးဇူးပြုတယ်ဆိုတော့ သူတို့နှစ်ခုဟာ အကြောင်း အကျိုး ဆက်သေးတဲ့ အဓိပ္ပါယ်ရတယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား) အကြောင်း အကျိုးဆက်လို့ရှိရင် ဥစ္ဆေဒ ယူနိုင်သေးရဲ့လား (မယူနိုင်ပါ ဘုရား)။

ဒါဖြင့် ယနေ့ညမှာ သဿတလဲ ခင်ဗျားတို့ လွတ်သွားပါပြီ (မှန်ပါ့) ဥစ္ဆေဒကော (လွတ်သွားပါပြီ ဘုရား)။

လွတ်သွားပြီ၊ ဒီလိုဆိုရင် တရားအားထုတ်တော့၊ ကိစ္စမရှိတော့ဘူး (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ် တားမြစ် မည့်တရား မရှိတော့ဘူး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဒီလို သဿတ ဥစ္ဆေဒဖြုတ်မပေးဘဲနဲ့ ရောက်လာရင် အနိစ္စ ဒုက္ခ အနတ္တ လုပ်ကွ ရှုကွ ရှိုက်ကွ၊ အလကားလုပ်နေတာ အဲဒါမရဘူး (မှန်ပါ့)။

ဘယ်နည်းနဲ့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ့) သူ့ကို အရင်အလုပ်ပေးရမယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိရှိလျက်နဲ့ အာပေါက်အောင် အားထုတ်ပါလို့ဆိုတော့ ဒါဖြင့် တနေ့ကပြောလိုက်တယ်၊ ဘုရားနဲ့ ဖွားဘက် တော်ဖြစ်တဲ့ ဆန္နမထေရ်မှာ ဒိဋ္ဌိကပ်နေလို့ နှစ်ပေါင်း ၃၅ နှစ်လောက် အားထုတ်တာ မရဘူး (မှန်ပါ့ ဘုရား)။

နောက်တော့ရှင်အာနန္ဒာက အကဲခတ်ပြီး ဒီရဟန်းဟာ ဪ အကြောင်းအကျိုး မဆက်တတ်ဘဲနဲ့ သူ့ဟာသူ ထင်သလို မြင်သလို ဘုရားတရားတွေနာပြီး သူ့ဟာသူ ထင်သလို မြင်သလို အားထုတ်နေလို့ သဿတ ဥစ္ဆေဒခံနေ တယ် (မှန်ပါ့ ဘုရား) ဒါ့ကြောင့် မရတာဘဲဆိုပြီး သဿတ ဥစ္ဆေဒဖြုတ်ပေးရတယ် (မှန်ပါ ဘုရား) ဖြုတ်ပေးပြီး အားထုတ်တော့လဲ ရတာဘဲ (မှန်ပါ ဘုရား)။

အဲဒီတော ပါရမီပြည့်ပြီးသား ပုဂ္ဂိုလ်တောင် ဒိဋ္ဌိကဝင်ခံတယ် (မှန်ပါ ဘုရား) သဿတခံလဲ နိဗ္ဗာန်မရ၊ ဥစ္ဆေဒ ခံရင်လဲ (မရပါ ဘုရား) မရဘူး။

ကဲ ခင်ဗျားတို့လွတ်ပလား (လွတ်ပါပြီ) လိုက်သေးသလား (မလိုက်ပါ ဘုရား)။

မလိုက်တော့ ဒီနာမ်ရုပ်ကဘာမှ ဟိုမှာအကူအညီမပေးတော့ဘူးလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပေး ပါတယ် ဘုရား)။

အင်း သူကဲ့သို့ နာမ်ရုပ်တစ်ခုကို အကြောင်းဆက်လိုက်တယ် (မှန်ပါ့) သူကဲ့သို့ နာမ်ရုပ်တစ်ခုကို (အကြောင်း ဆက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လိုက်လဲမလိုက်ဘူး၊ အကြောင်းအကျိုးလဲ မကင်းဘူး

ဒါဖြင့် ဒီနာမ်ရုပ်နဲ့ ဒီနာမ်ရုပ်သည် လိုက်လဲမလိုက်ဘူး၊ အကြောင်းအကျိုးလဲ မကင်းဘူး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

လိုက်လဲမလိုက်ဘူးလို့ သိလိုက်သဖြင့် သဿတဒိဋ္ဌိစင်တယ် (မှန်ပါ့ ဘုရား) အကြောင်းအကျိုးလဲမကင်းဘူး လို့သိလိုက်သဖြင့် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဒီစကားနှစ်လုံးကို သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား) ဒီနာမ်ရုပ်လိုက်လဲ မလိုက်ဘူးလို့ သိလိုက်သဖြင့် (သဿတစင်ပါတယ် ဘုရား)။

အကြောင်း အကျိုးလဲ မကင်းဘူးလို့ သိလိုက်သဖြင့် (ဥစ္ဆေဒစင်ပါတယ် ဘုရား)။

ဒီစကား နှစ်လုံးဟာ သိပ်အရေးကြီးပါတယ် (မှန်ပါ့ ဘုရား) ဒီစကားနှစ်လုံးဟာ ဘုရားတဆူတဆူပေါ်မှ တခါဟောနိုင်တာ (မှန်ပါ့ ဘုရား)။

ဘုရား တဆူတဆူပေါ်မှ ဟောနိုင်တာ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် လူတွေဟာ ဒိဋ္ဌိတန်းလန်းနဲ့၊ ဒါ့ကြောင့် သတ္တဝါတဦးတယောက် သေတယ်ဆိုရင် တသိန်းမှာတယောက် သုဂတိမရောက်ပါဘူးကွာ၊ အပါယ်ချည့် သွားတာပါ ဘဲတဲ့ (မှန်ပါ့ ဘုရား) ဟုတ်လား (မှန်ပါ့)။

သုဂတိရောက်တဲ့ တယောက်ကလည်း သူ ဒိဋ္ဌိ တန်းလန်းနဲ့ဘဲ၊ နိဗ္ဗာန်မရောက်သေးဘူး၊ သူကလဲ (မှန်ပါဘုရား) ဟိုအပါယ်သွားတဲ့ ပုဂ္ဂိုလ်ကလဲ ဒိဋ္ဌိကချလိုက်တာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိကချလိုက်တယ်

အပါယ်သွားတဲ့ ပုဂ္ဂိုလ်ကလဲ ဒိဋ္ဌိကချလိုက်တယ်၊ သုဂတိသွားတဲ့ ပုဂ္ဂိုလ်လဲ ဒိဋ္ဌိကပို့တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ငါလုပ်လို့ ငါရသမားပို့လိုက်တာကိုး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီစကားနှစ်လုံးဟာ ခင်ဗျားတို့ သေသည်တိုင်အောင် မှတ်ရမည့် ဥစ္စာ (မှန်ပါ ဘုရား)။

ဒီက ရုပ်နာမ်လိုက်သလား (မလိုက်ပါ ဘုရား) မလိုက်ရင် ဘာစင်သတုန်း (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)။

သို့သော် ဒီကရုပ်နာမ်မျိုးဘဲ ဟိုမှာပေါ်တာကို သိရပါတယ် (မှန်ပါ ဘုရား) အကြောင်းအကျိုး ကင်းသေးရဲ့ လား (မကင်းပါ ဘုရား) မကင်းတာသိသဖြင့် ဘာစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ်ဆိုတော့ ဘဝတပါးပြောင်းသွားတာ တွေတော့ဖြင့် ခင်ဗျားတို့ ယနေ့ ကျေနပ်ဘို့ ကောင်းပါပြီ (မှန်ပါ့ ဘုရား)။

ဘဝတပါး ပြောင်းသွားတာကို ဒီထဲမှာမပါဘူး (မပါပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့) မင်းလုပ်လို့ မင်းရ တာလဲ မပါတော့ပါဘူး (မပါပါ ဘုရား)။

မင်းသည်ကားလို့ ဆိုရင်ဖြင့် မင်းမလုပ်ရင် မင်းမရမှာဘဲ ဆိုတာလဲ လွတ်သွားပါပြီ (လွတ်သွားပါပြီ ဘုရား)။

ဒါဖြင့် ဒါဘယ့်နှယ်ကြောင့် ဒီဒိဋ္ဌိနှစ်ပါး လာပါလိမ့်မလဲလို့ ဦးသံဒိုင်မေးပြီ (တရားနာမှားလို့ပါ) ကြောက် စရာကြီးပါလား (မှန်ပါ ဘုရား)။

ဒါကြောင့် အနာထပိဏ် သူဋ္ဌေးကြီးက ဖြေရှာတယ်၊ အရှင်တိတ္တိတို့ယူထားတဲ့ အယူဟောတဲ့ နှလုံးသွင်းမှား လို့ သော်၎င်းင်း၊ တရားနာမှားလို့သော်၎င်းင်း၊ သတ္တဝါသေရင်ဖြစ်တယ်လို့ ယူထားတာပါတဲ့၊ သဿတဒိဋ္ဌိ ယူထား တယ် (မှန်ပါ့) သတ္တဝါသေရင်မဖြစ်တော့ဘူးဆိုတာ ဥစ္ဆေဒဒိဋ္ဌိယူထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ သူစွဲချက်တင်တာသည် မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား) အင်မတန် စွဲချက်တင်တာနဲ့ ကိုက်ပါတယ် (မှန်ပါ့)။

တရားနာမှားနဲ့ နှလုံးသွင်းမှား ဒီနှစ်ခုကြောင့်

တရားနာမှားနဲ့ နှလုံးသွင်းမှား ဒီနှစ်ခုကြောင့် ဒိဋ္ဌိဖြစ်နေတာပါဘဲ ဆိုတဲ့ဥစ္စာဟာ ဒီနေ့ညမှာ ကောင်းကောင်း ပေါ်လွင်သွားပြီ (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ကိုယ်ကလဲ ဉာဏ်မပိုင်၊ ဆရာကလဲ ဉာဏ်မနိုင်ဆိုလို့ ရှိရင်ဖြင့် ဒိဋ္ဌိနှစ်ယောက်စကားပြောနေတာ နဲ့တော့တကယ်တူတယ် (မှန်ပါ့)။

ကိုယ်ကလည်း ဉာဏ်မပိုင်၊ ဆရာကလည်း ဉာဏ်မနိုင်ဆိုရင် ဘယ့်နှယ်ဆိုကြမယ် (ဒိဋ္ဌိနှစ်ယောက် စကားပြော နေတာနဲ့ တူပါတယ် ဘုရား)။

နို့ ခင်ဗျားတို့တောင်မှ အင်း ဒီနေ့ပြောလို့ ဒီနေ့ရှင်းတယ်။ ရှေးက နာဘူးတဲ့ပုဂ္ဂိုလ်က ရှေးကပြောလို့ ရှေးကရှင်းတယ်၊ အခုမှပြောတော့ အခုလာကြတဲ့ ပုဂ္ဂိုလ်က အခုပြောလို့ အခုရှင်းတယ် (မှန်ပါ့ ဘုရား) နဂိုက ဒါ ဝမ်းထဲမှာ ဒီနှစ်ခုတခုခုရှိနေတယ် (မှန်ပါ ဘုရား)။

နဂိုကများသောအားဖြင့် ဘာရှိသတုန်း (သဿတရှိပါတယ် ဘုရား) များသောအားဖြင့် သဿတရှိတယ် (မှန်ပါ့)။

အံမာ မောင်သစ်များသောအားဖြင့် သဿတရှိတယ်ဆိုတာ များသောအားဖြင့် ဥစ္ဆေဒရှိတာကို ငါမထုတ်သေး ဘူး(မှန်ပါ့) ဗုဒ္ဓဘာသာ ဥစ္ဆေဒတွေကလဲ သိပ်များတာဘဲ (များပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဗုဒ္ဓဘာသာမှာ သဿတကတော့ကို အခု အတည်မကျ ဘဝတပါး ပြောင်းသွားဆိုတာတွေက သဿတဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်နဲ့ ပတ်သက်လာရင် ဥစ္ဆေဒဘက် သွားပြန်တယ်

ဥစ္ဆေဒရှိတာကတော့ ဒီ ဘဝပြောင်းမှာ သူကမရှိဘူး (မှန်ပါ့) ဥစ္ဆေဒရှိတာကတော့ နှလုံးသွင်းမှားတော့ နိဗ္ဗာန်ဆိုတာဟေ ဘာမှရှိတာမဟုတ်ဘူး၊ ဒီမှာ ရုပ်နာမ်တွေ အကုန်ချုပ်သွားပြီ ဘာမှဖြစ်တော့တာမဟုတ်ဘူး (မှန်ပါ့) ဒါကျတော့ နိဗ္ဗာန်နဲ့ ပတ်သက်လာရင် ဥစ္ဆေဒဘက် သွားပြန်တယ် (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ ဟေ့ ဘာမှမရှိဘူးကွ ဒါကြောင့် မင်းဘာမှမလိုချင်နဲ့ဆိုတဲ့ အသွားကလဲရှိသေးတယ် (မှန်ပါ့)။

ဒီ ရုပ်နာမ်ချုပ်သွားပြီးနောက် ဘာမှမပေါ်တော့ဘူးဆိုတော့ ရုပ်နာမ်မှမရှိရင် ဘာအသုံးကျသေးသလဲ (မှန်ပါ့) မယူပေဘူးလား (ယူပါတယ် ဘုရား)။

ဒါဖြင့် သူက ဘယ်ထဲသွားသလဲ (ဥစ္ဆေဒဘက်သွားပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ နှစ်ခုစလုံးရှိတာဘဲ (မှန်ပါ့) ကြောက်စရာကြီးပါလား (မှန်ပါ့)။

ဘုရားရှိခိုးတော့လဲ နိဗ္ဗာန်ရ ရပါလို၏။ အင်း ပြောသံကြားနဲ့သူလုပ်နေတာ (မှန်ပါ့) ရှိ မရှိ သူသိတာ မဟုတ်ဘူး (မသိပါ ဘုရား)။

မသိတော့ သူသည်ကားလို့ဆိုရင် သူသိထားတာက ဘယ်လိုသိသတုန်း နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ချုပ်သွားတာဘဲ၊ ဘာမှတော့ဖြင့် အထူးတလည် မရှိပါဘူး ဆိုတော့ ဘယ်အထဲပြေးသွားသတုန်း (ဥစ္ဆေဒဘက် ပြေးသွားပါတယ် ဘုရား)။

အဲ နိဗ္ဗာန်နဲ့ကျတော့ ဗုဒ္ဓဘာသာက ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ် (မှန်ပါ့ ဘုရား) လူသေနဲ့ကျတော့ သဿတဒိဋ္ဌိ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဆိုင်းဘုတ်ထဲ ခင်ဗျားတို့ ကျန်ရစ်တော့တယ် (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

ဘာကျန်ရစ်တော့သလဲ (ဆိုင်းဘုတ်ထဲ ကျန်ရစ်ပါတော့တယ် ဘုရား)။

ဆိုင်းဘုတ်ဆိုတာ “ဗုဒ္ဓဘာသာ” (မှန်ပါ့ ဘုရား) ဒါဘဲ ကျန်ရစ်တော့တယ် (မှန်ပါ့) ဝမ်းထဲကတော့ဖြင့် (ဒိဋ္ဌိဘဲ ဖြစ်ပါတယ် ဘုရား)။

ဝမ်းထဲက သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) နိဗ္ဗာန်နဲ့ ပတ်သက်လာရင် ဥစ္ဆေဒဒိဋ္ဌိရှိရမယ် (မှန်ပါ့) သေတာနဲ့ ပတ်သက်လာရင် (သဿတဒိဋ္ဌိရှိရပါမယ် ဘုရား)။

အဲဒါ ခင်ဗျားတို့မှာ ဒါကြောင့် ဆိုင်းဘုတ်ဘဲရှိတော့တယ်ဆိုတာ ဦးသံဒိုင် ဆရာသမား အရေးကြီးတယ်ဆို တာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။