ကြောက်စရာ့ ဒိဋ္ဌိကြီး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
ကြောက်စရာ့ ဒိဋ္ဌိကြီး
ညအလုပ်ပေး တရားတော်
(၅-၁၂-၆၁)
ဒိဋ္ဌိဘယ်ကလာသတုန်း
ဒိဋ္ဌိဘယ်ကလာသတုန်းလို့ မေးကြလို့ရှိရင်ဖြင့် အတ္တသညာကတယ် ၊ ဒိဋ္ဌိဘယ်ကလာသတုန်း (အတ္တသညာက လာပါတယ်) အတ္တသာညာကလာတယ်လို့မှတ်ထားကြပါ အတ္တဆိုတာ ဘယ်တုန်းလို့ မေးတဲ့အခါကျတော့ကို ရုပ်ဟာ လည်း အတ္တပဲ၊ ငါပဲ၊ ဝေဒနာကလည်း ငါပဲ၊ သညာကလည်း ငါပဲ၊ အဲဒီ အတ္တသညာသာ ရှိနေမယ်ဆိုလို့ ရှိရင်ဖြင့် ဒိဋ္ဌိ လာတော့တာပဲလို့ မှတ်ပါ (မှန်ပါ့)။
အတ္တသညာရှိလို့ ဒိဋ္ဌိလာတယ်၊ ဘယ့်နှယ်ကြောင့် အတ္တသညာက ဒိဋ္ဌိ ကျေးဇူးပြုပါလိမ့်မတုန်းလို့ မေးလို့ရှိရင် နှလုံးသွင်းမှားလို့ ဆိုတဲ့ အယောနိသောမနသိကာရပဲ ပြန်ရောက်တယ် (မှန်ပါ့)။
ဒိဋ္ဌိဘယ်ကလာသတုန်း (အတ္တသညာကလာပါတယ်)အတ္တသညာကလာတယ်၊ အတ္တသညာ ဘယ်ကလာ သတုန်း လို့ မေးလို့ရှိရင် (နှလုံးသွင်းမှားကလာပါတယ်)။
နှလုံးသွင်းမှားတာသည် ဘယ့်နှယ်ကြောင့် မှားပါလိမ့်မတုံး လို့ မေးတဲ့အခါ မသိလို့ (မှန်ပါ့)၊ အဝိဇ္ဇာကလာ ပြန်တာပဲ (မှန်ပါ့)။
တစ်ခါ အဝိဇ္ဇာ ဘယ်ကလာပါလိမ့်မလဲလို့ တစ်ခါ ဒီနေ့ အကြောင်းတစ်ခု တိုးပေးလိုက်တယ်နော် (မှန်ပါ့ ဘုရား) အဝိဇ္ဇာ ဘယ်ကပလာသတုန်းလို့ မေးလို့ရှိရင် နီဝရဏကလာတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့)။
ဒါ အကြောင်းအကျိုးဆက်တာ၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီအတိုင်းရှိတယ်၊ ဒိဋ္ဌိဘယ်ကလာသတုန်း (အတ္တသညာက ကလာပါတယ်)၊ အတ္တသညာက လာတာဟုတ်ပြီ၊ ခိုင်တယ်မြဲတယ်လို့ ယူတဲ့အတ္တသညာကလာတယ် (မှန်ပါ့)အမှတ်မှား က လာတာပေါ့လေနော် (မှန်ပါ့)။
အတ္တသညာ ဘယ်ကလာ
အဲဒီ့ အတ္တသညာ ဘယ်ကလာပါလိမ့်မတုန်းလို့ အကြောင်းရှာဦး (နှလုံးသွင်းမှားက လာပါတယ်) နှလုံးသွင်း မှားမှုက လာတယ်၊ နှလုံးသွင်းမှားတာသည် သိလို့လား မသိလို့လားလို့ မေးလို့ရှိရင် မသိတဲ့ အဝိဇ္ဇာကလာတာ (မှန်ပါ့)။
မသိတဲ့ အဝိဇ္ဇာ ဘယ်ကလာသတုန်းလို့ တစ်ခါ လက်သည်ရှာဦး (နီဝရဏကလာပါတယ်) ဪ နီဝရဏ ကလာတယ်လို့ သေသေချာချာ မှတ်ထားကြပါတဲ့။
နီဝရဏရှိနေတဲ့ ပုဂ္ဂိုလ် အဝိဇ္ဇာကလာတော့တာပဲတဲ့၊ အဝိဇ္ဇာရှိလို့ရှိရင် နှလုံးသွင်းက မှားတာပဲ (မှန်ပါ့) နှလုံးသွင်းမှားလို့ရှိရင်လည်း အတ္တသညာကလာတာပဲ (မှန်ပါ့) အတ္တသညာလာလို့ ရှိရင်လည်း ဒိဋ္ဌိဝိပ္ပလ္လာသက မလွတ် တော့ဘူး၊ ဒါ အကြောင်းအကျိုးဆက်ပြလိုက်တာ (မှန်ပါ့)။
အကြောင်းအကျိုး ဆက်ပြပါတယ်တဲ့ အဲဒီတော့ ဒကာ ဒကာမတို့မှာ ခိုင်တယ် မြဲတယ်, အစိုးရတယ်၊ ပိုင်တယ်, ဆိုင်တယ်ဆိုတာ ခန္ဓာငါးပါးကို တပုံစီလဲ မပုံဘူး၊ ရှင်းကြပလား (ရှင်းပါပြီ)။
ခန္ဓာငါးပါးကို (တပုံစီလဲ မပုံပါ ဘုရား) တပုံစီ မပုံဘူးတဲ့၊ ဉာဏ်ထဲကနေပြီး ပရိညာ မပိုင်းခြားနိုင်ဘူး၊ မပိုင်းခြား နိုင်တော့ အပေါင်းအစုဖြစ်နေတယ်၊ အပေါင်းအစုဖြစ်နေတော့ ဃနကြီးဖြစ်နေသောကြောင့် ခိုင်တယ်ပဲ ယူလိုက်တာပဲ (မှန်ပါ့) ခိုင်တယ် အားကိုးရတယ်၊ ကိုးစားရတယ်လို့ ယူပစ်လိုက်တယ် (မှန်ပါ့)။
ခန္ဓာငါးပါးကို ခွဲပစ်ရမယ်
ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့ခွဲပစ်ရမယ်၊ တပုံစီ ပုံပစ်လိုက်ရမယ် (မှန်ပါ့ ဘုရား)။
တပုံစီ ပုံတဲ့အခါကျတော့ ဦးသံဒိုင် ဘယ်နှစ်ပုံရသလဲ (ငါးပုံရပါတယ်)၊ ငါးပုံရတယ်လို့ မှတ်ထားပါ။
ငါးပုံဆိုတော့ ပမာဏပြနိုင်တာက တပုံ, ပမာဏမပြနိုင်တာက လေးပုံ (မှန်ပါ့)။
အရွယ်ပမာဏပြနိုင်တာက ရုပ်က ပြလို့ရတယ်၊ နာမက္ခန္ဓာလေးပါးက (ပြလို့မရပါ ဘုရား)။
ပြလို့မရဘူးဆိုတာ မှတ်ထားလိုက်တော့ကို ဪ ဒါအပေါင်းအစုကြီးကြောင့် အတ္တဒိဋ္ဌိဖြစ်နေတာပဲ၊ အပေါင်း အစုကြီးကြောင့် ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်နေတာပဲ၊ ၎င်း ဒိဋ္ဌိဝိပ္ပလ္လာသဟာ အမှတ်မှားကလာတာ၊ အမှတ်မှားက လာချင်လို့ လာရတာမဟုတ်ပါဘူး၊ ဗဟုသုတ မရှိတော့ ဒကာ, ဒကာမတွေမှာ နှလုံးသွင်းကမှားနေတာ (မှန်ပါ့) နှလုံးသွင်းကလဲ မှားချင်လို့ မှားတာမဟုတ်ဘူး အဝိဇ္ဇာက အုပ်ချုပ်နေလို့၊ မသိတဲ့တရားက သူ့အပေါ်အုပချုပ်နေလို့၊ ရှင်းပလား (ရှင်းပါပြီ) မသိတဲ့ တရားကသူ့အပေါ်အုပ်ချုပ်နေပြန်တယ်။
တခါ မသိတဲ့ တရားပေါ်မှာ ဘယ်သူကနေပြီး အကြောင်းဆက်သွယ်နေပြန်သတုန်း ကြည့်ပြန်တော့ နီဝရဏ တရားငါးပါးက အဝိဇ္ဇာကိုဖြစ်စေတယ် (မှန်ပါ့ ဘုရား)။
နီဝရဏ တရား ငါးပါးက (အဝိဇ္ဇာကို ဖြစ်စေပါတယ် ဘုရား)။
ကာမစ္ဆန္ဒနီဝရဏ ဆိုတာ လောဘ၊ ငါးပါးအာရုံ ကာမဂုဏ်တွေကို ခင်တယ် မင်တယ်ဆိုတဲ့ နီဝရဏသည် ဒီတရားက ဝမ်းထဲကိန်းနေတော့ အဝိဇ္ဇာကကလဲ သစ္စာမသိတော့ကိုတဲ့ ဒီဟာ အဝိဇ္ဇာဆိုတာလဲ ဒကာ ဒကာမတွေ မိစ္ဆာဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
မိစ္ဆာဉာဏ်
အဝိဇ္ဇာ ဆိုတာဘာတုန်း (မိစ္ဆာဉာဏ်ပါ ဘုရား)။ မိစ္ဆာဉာဏ်ဆိုတာက ဥပမာ မိုးကုတ်မှာရှိတဲ့ ကုလားတွေက ငါးကို သူတို့အမျိုးမျိုး၊ ချင်းအမျိုးမျိုး၊ ပိုက်ကွန်အမျိုးမျိုး၊ ဆည်အမျိုးမျိုး၊ ငါးရတဲ့နည်းကို သူတို့အမျိုးမျိုး ကြံတတ်တယ် (မှန်ပါ့)။
အမျိုးမျိုး ကြံတတ် စည်တတ် သိတတ်တယ်ဆိုတဲ့ဥစ္စာ မိစ္ဆာဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အဲဒီ မိစ္ဆာဉာဏ်ရှိနေလို့ နှလုံးသွင်းမှားရမယ်၊ နှလုံးသွင်းမှားသောကြောင့် အတ္တသညာလာပါတယ် (မှန်ပါ့) အတ္တသညာလာလို့လဲ ဒိဋ္ဌိက ဖြစ်ရပါတယ် (မှန်ပါ့ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ)။
ဒါဖြင့် နှလုံးသွင်းမှား၏ လက်သည်လဲ မောင်သစ်တို့ ဦးသံဒိုင်တို့ ယနေ့တွေ့ပါပြီ အဝိဇ္ဇာကတော်တော် စွမ်းအားသတ္တိရှိလို့ နှလုံးသွင်းမှားအောင် လုပ်နိုင်တာပဲ (မှန်ပါ့ ဘုရား) အဝိဇ္ဇာကတော့ မလွတ်ဘူး။
ဒီ အဝိဇ္ဇာကလဲ လာချင်လို့ လာရတာလားလို့ မေးတော့ နီဝရဏကြောင့် (မှန်ပါ့)။
အဝိဇ္ဇာ၏အကြောင်းရှာပြန်တော့ ဘာတွေ့သတုန်း (နီဝရဏ တွေ့ပါတယ်)။
ကာမစ္ဆန္ဒနီဝရဏ
နီဝရဏဆိုတာ ကာမစ္ဆန္ဒနီဝရဏ သားတွေ သမီးတွေ မြေးတွေခင်ကြတယ်၊ ဒါ ကာမစ္ဆန္ဒနီဝရဏပဲ၊ ဘယ့်နှယ်ကြောင့် ခင်နိုင်ကြသတုန်းဆိုတော့ မသိလို့ မလာဘူးလား (မှန်ပါ့) မသိလို့ခင်တာ (မှန်ပါ့)။
ခင်တာ ဘယ့်နှယ်ကြောင့် ခင်သတုန်းမေးရင် (မသိလို့ခင်တာပါ)။
မသိလို့တဲ့ ဒါဖြင့် ခင်မှုကတော့ ခင်ဗျားတို့တတ်နေကြတယ်တဲ့၊ ဒီခင်မှုအပေါ်မှာ ခင်မှုက စွဲစွဲမြဲမြဲ တခါတည်း ခင်လိုက်တော့ မသိတာဟာလဲ ပါလာတာပဲ ဒုက္ခသစ္စာလို့ မသိဘူး၊ အနိစ္စ၊ ဒုက္ခလို့ (မသိပါ ဘုရား)။
မသိတော့ဘူး၊ မသိတော့ နှလုံးသွင်းက မှားပြီး သကာလနေပြန်တယ်၊ အနိစ္စကို နိစ္စလို့ ဒုက္ခကို သုခလို့ အနတ္တကို အတ္တ အသုဘကို သုဘလို့ နှလုံးသွင်းလိုက်တယ် (မှန်ပါ့ ဘုရား)။
နှလုံးသွင်းတော့ သညာကလဲ သူ နှလုံးသွင်းတဲ့အတိုင်း သညာကမှတ်ပါတယ် (မှန်ပါ့) သညာက မှတ်ပစ် လိုက်တဲ့အခါကျတော့ ဒါဖြင့် အားကိုးလောက်တာပဲဆိုတဲ့ ဒိဋ္ဌိက လာတာပဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့မှာ အင်မတန်မှ ရန်သူတွေ ပေါပါကလားလို့ ဆိုလို့ရှိရင် မလွဲဘူး (မှန်လှပါ ဘုရား)။
အဲဒီတော့ကို အတ္တသညာ မပယ်နိုင်လို့ရှိရင်လဲ ဒိဋ္ဌိပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား) မပြုတ်နိုင်ဘူး။
ကောင်းပြီ ဒိဋ္ဌိမပြုတ်တာ အတ္တသညာကြောင့်၊ အတ္တသညာကို အနတ္တရယ်လို့ ဘုန်းကြီးက ဟောတဲ့ ဘုန်းကြီးက ပြင်ပေးလိုက်ရင် ပြင်ပေးလိုက်တဲ့အခါကျတော့ အတ္တသညာက အနတ္တဖြစ်သွားတော့ ဒိဋ္ဌိက အလိုလို ပြုတ်ယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အတ္တသညာကို ဘာလုပ်ပေးရမလဲ (အတ္တသညာ ပျောက်အောင်လုပ်ရမယ်) အနတ္တလုပ်ပေးရမယ်၊ အနတ္တလုပ်ပေးလို့ရှိရင် ဒိဋ္ဌိက ခိုနိုင်သေးရဲ့လား (မခိုနိုင်ပါ ဘုရား)။
ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တာ
ဒါကြောင့် မနေ့က ပြောခဲ့တယ်၊ ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တာ ဟေ့ (မှန်ပါ့) ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တာဟေ့၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒိဋ္ဌိသည် ဘယ်လိုရှိပါသတုန်း။ “ရူပံ အတ္တတောသမနုပဿတိ” ရူပံ = ရုပ်ကို၊ အတ္တတော = ငါဟူ၍၊ သမနုပဿတိ = ရှု၏၊ ရုပ်ကို ငါရယ်လို့ ရှုလိုက်တယ် (မှန်ပါ့ ဘုရား)။
ရုပ်ဟာလဲ ငါပဲ၊ ခံစားတဲ့ ဝေဒနာလဲ (ငါပါပဲ)။
ကြည့်ပါလား ဒကာ ဒကာမတွေ သုံးနေကြတယ်၊ ငါ့ကိုယ်-ဆိုတော့ ဒါရုပ်ကို စွဲလိုက်တယ်၊ ငါ ကောင်းစားတယ် ဆိုတော့ ဝေဒနာ စွဲလိုက်တယ် (ဝေဒနာစွဲပါတယ်) ငါမှတ်ထားတယ်ဆိုတော့(သညာစွဲပါတယ်) သညာစွဲတယ်၊ ငါ့ စေတနာလို့ ဆိုပြန်တော့ သင်္ခါရစွဲတယ်၊ ငါ့စိတ် မစမ်းနဲ့ဆိုတော့ (ဝိညာဏက္ခန္ခာ စွဲပါတယ်) ဝိညာဏက္ခန္ဓာ စွဲတော့ ဒိဋ္ဌိက ငါးချက်တောင် ပူးတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိက ငါးခုတောင် ပူးနေတယ်ဆိုတော့ အဲဒီတော့ကို ဒိဋ္ဌိသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာထဲမှာ သူ စူးဝင်နေတဲ့ တရားမျိုးပဲလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိမပြုတ်သ၍
အဲဒီ့ ဒိဋ္ဌိမပြုတ်သ၍ ကာလပတ်လုံး ဒိဋ္ဌိလာရင် ဒိဋ္ဌုပါဒါန် လာလိမ့်မယ် (မှန်ပါ့)။
ဒိဋ္ဌိလာရင် (ဒိဋ္ဌုပါဒါန်လာမှာပါ) ဒိဋ္ဌုပါဒါန် လာလို့ရှိရင် ဥပါဒါနပစ္စယာ ကမ္မဘဝေါလာမယ်၊ ကမ္မဘဝေါ လာလို့ရှိရင် အပါယ်ဇာတိဘဲ လာရမယ်၊ သူက ဒီ့ပြင် ဇာတိကို ကျေးဇူးမပြုဘူး (မှန်ပါ့) သဘောကျပလား(ကျပါပြီ)။
ဒိဋ္ဌိလာရင် သူ့နောက်က ဘယ်သူ လိုက်လာမယ်၊ ဒိဋ္ဌုပါဒါန် လိုက်မယ်၊ သဘောကျပလား (ကျပါပြီ)။
ဒိဋ္ဌိဆိုလို့ရှိရင် ငါလို့ စွဲထားတဲ့ ဒိဋ္ဌိရှိနေလို့ရှိရင် ဒါ ဒိဋ္ဌိပဲ၊ ဒါ အဟုတ်ကို ဟုတ်တယ်လို့ ယူလိုက်လို့ရှိရင် ဥပါဒါန်ဖြစ်ပါတယ်၊ ဥပါဒါန်ဖြစ်လို့ရှိရင်ဖြင့် ကာယကံ ဝစီကံနဲ့ ဒီဥစ္စာကို ငါလုပ်ပြီးသကာလ ပြောလဲ ပြောကြတော့မှာပဲ ဆိုလဲ ဆိုကြတော့မှာပဲ၊ အရေးကြုံလာတဲ့အခါကျလို့ရှိရင်ဖြင့် ငါ့ဟာ ငါ အားကိုးမှဘဲ ဆိုတာကော (လာပါတယ် ဘုရား)။
လာမှာပဲတဲ့၊ အဲဒါကြောင့် ကာယကံ ဝစီကံတွေဟာလဲ ဒိဋ္ဌိုပါဒါန်က ကျေးဇူးပြုလိုက်လို့ လာတာလို့မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိက အပါယ်ချတယ်လို့ ဆိုတဲ့ ဥစ္စာဟာ ဟုတ်တယ်၊ ဘာ့ကြောင့်တုန်းဆိုတော့ သူက ဒိဋ္ဌုပါဒါန်သွားပြီး ကျေးဇူးပြုတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒိဋ္ဌုပါဒါန်သွားပြီးတော့ (ကျေးဇူးပြုပါတယ် ဘုရား) ကျေးဇူးပြုလိုက်တော့၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကလဲ လာရတော့ မှာဘဲ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သူလာလို့ရှိရင် ကမ္မဘဝပစ္စယာ အပါယ်ဇာတိဆိုတာက ဘယ့်နှယ်နေကြသတုန်း (လာမှာပါ) လာရမှာပဲ။
ဒိဋ္ဌိက ကြောက်စရာကောင်းတာပေါ့
ဪ ဒါဖြင့် ဒိဋ္ဌိက ကြောက်စရာကောင်းတာပေါ့၊ သူအဖော်သဟဲတွေနဲ့ လာတာကိုး-ဆိုတာ ပေါ်လာကြပြီ (မှန်ပါ့ ဘုရား)။
သူလာရင် ဥပါဒါန်လာမယ်၊ ဥပါဒါန်လာရင် ကံ လာမယ်၊ ကံလာရင် ဇာတိ အစရှိသည် မလာပေဘူးလား (လာပါတယ်) အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိကကျေးဇူးပြုတာလို့ မှတ်လိုက်စမ်းပါ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသက ကျေးဇူးပြုလိုက်တာ၊ ရှင်းပလား (ရှင်းပါပြီ)။
ဒိဋ္ဌိဝိပ္ပလ္လာသက လာချင်လို့ လာတာလားဆိုတော့ အတ္တသညာက လာတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အတ္တသညာကို ဒကာ ဒကာမတွေက အနတ္တဝိပဿနာနဲ့မှ မဖျက်လို့ရှိရင် ဒိဋ္ဌိက မဖြုံပါဘူး (မှန်ပါ့) မဖြုံလို့ ရှိရင်ဖြင့် ခုနင်က အပါယ်ဇာတိကျအောင် သူကျေးဇူးပြုလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
အဇာတသတ်ကို ထောက်ကြည့်
ဘယ်သူ့ ထောက်ကြည့်ရမတုန်းလို့ မေးတဲ့အခါ အဇာတသတ်ကို ထောက်ကြည့် (မှန်ပါ့) သူ့ကိုသူ အတ္တသညာ ငါပဲဆိုတဲ့ ပုဂ္ဂိုလ်ရှိနေတော့ တခါတည်းတဲ့ အတ္တသညာ ငါကြီးမှ ထီးမွေ နန်းမွေ ရမယ်ဆိုလို့ရှိရင် ငါ အလကားပေါ့၊ ခံစားချိန် မရှိဘူးဆိုပြီး သကာလ အတ္တသညာကနေပြီး အတ္တဒိဋ္ဌိကျေးဇူးပြုလိုက်တယ် (မှန်ပါ့)။
ကျေးဇူးပြုလိုက်တဲ့အတွက်တဲ့ ငါငယ်တုန်း အဖသတ်ရမှသာလျှင် ငါသည် ထီးနန်းစည်းစိမ် ရမှာပဲဆိုပြီး သကာလအတ္တသညာကနေပြီး အတ္တဒိဋ္ဌိကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား) ကျေးဇူးပြုလိုက်တဲ့အတွက် အဖေသတ်တဲ့ ကံ လုပ်လိုက်တယ်၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
အဲဒါ ဒိဋ္ဌိက နေပြီး ဒိဋ္ဌုပါဒါန်လုပ်တော့ အဖသတ်တဲ့ ကာယကံရော ဝစီကံရော၊ ဝစီကံက သတ်စေ-ဟုတ်လား၊ အစားအဝတ်ထားစေ၊ သဘောကျပလား (ကျပါပြီ) ကာယကံကတော့ဖြင့် အဲဒီ ထောင်တွေ ဘာတေ ပိတ်ကြကွာ၊ ပြုကြကွာ အစရှိသည်နဲ့ ကိုယ်လက်ဟန်ပန်တွေနဲ့ သူပြောမှာပေါ့လေ (မှန်ပါ့)။
အဲဒါကြောင့် သူသည် လောဟကုမ္ဘီဆိုတဲ့ အပါယ်ဇာတိကို ချလိုက်တာဟာ အဖသတ်လို့သာ ကျတယ်ဆိုရတယ် စင်စစ် အဖသတ်အောင် တိုက်တွန်းတာက ဒိဋ္ဌိ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်သူက အဖသတ်အောင် လုပ်သလဲ (ဒိဋ္ဌိကပါ ဘုရား)။
ငါရှိလို့ ငါငယ်ငယ်က ခံစားဖို့ရာဟာ ဒီအဖ အသက်ရှည်နေရင် ခက်တယ်ဆိုပြီးသကာလ ငါ၏အဖေကိုဘဲ တခါတည်း ငါ ခံစားဖို့ဆိုပြီးတော့ သတ်လိုက်ပါတယ် (မှန်ပါ့) သူ့ ဒိဋ္ဌိအယူကို သူ စွန့်သေးရဲ့လား (မစွန့်ပါ ဘုရား)။
မစွန့်ဘူး၊ အဲဒါက ဒကာ ဒကာမတွေက မှတ်ပါ၊ သူဟာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဒိဋ္ဌိ (မှန်ပါ့)။
ဘာသာကတော့ (ဗုဒ္ဓဘာသာပါ) ဗုဒ္ဓဘာသာပဲ၊ သူ့အမေမျိုးရိုးနဲ့တကွ ဘုရား-တရား ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာပဲ ဗုဒ္ဓဘာသာ၏ ဒိဋ္ဌိမှတ်ပါ (မှန်ပါ့ ဘုရား)။
ဆိုင်းဘုတ် ဗုဒ္ဓဘာသာ
အဲဒီလို ဗုဒ္ဓဘာသာ၏ ဒိဋ္ဌိက အခု ဘုန်းကြီးတို့ တရားမျိုး မနာရလို့ရှိရင်ဖြင့် ဗုဒ္ဓဘာသာက ဆိုင်းဘုတ် ဗုဒ္ဓဘာသာ၊ ဝမ်းထဲကရှိနေတာက ဒိဋ္ဌိရှိနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ငါလုပ်ခံနိုင်ရိုးလားကွာ၊ ငါကြံစည်လို့ရှိရင် ဘယ်မဖြစ်ဘဲ ရှိမတုန်း၊ ဗုဒ္ဓဘာသာ ဒိဋ္ဌိဘဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ဘာသာကတော့ ဗုဒ္ဓဘာသာပဲတဲ့၊ အယူက ဘာဖြစ်နေသတုန်း (အယူက ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) အယူကတော့ဖြင့် အတ္တဒိဋ္ဌိပါပဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိကြီးလို့ ရှိရင်ဖြင့် သူလုပ်တာ မှန်တယ်ဆိုတဲ့ စွဲလမ်းတဲ့ အလုပ်ဟာ လာမလား မလာဘူးလား (လာပါတယ် ဘုရား)။
သူလုပ်တာ မှန်တယ်ဆိုပြီး သကာလ သူ့အဖသတ်ဖို့ အမိန့်တွေဘာတွေ အမျိုးမျိုးအဖုံဖုံ ကာယကံ ဝစီကံတွေနဲ့ သူမပေးဘူးလား (ပေးပါတယ် ဘုရား)။
ပေးလိုက်တော့ ကမ္မဘဝ ပစ္စယာ-သေတဲ့ အခါကျတော့ ဇာတိဆိုပြီး တခါတည်း ဒိဋ္ဌိကဆက်ပေးလိုက်တယ်၊ အကြောင်းအကျိုး (မှန်ပါ့) တခါတည်း လောဟကုမ္ဘီငရဲထဲ ဦးသံဒိုင် ကျသွားတယ် (မှန်ပါ့ ဘုရား)။
ဟု ဘယ့်နှယ်ကြောင့်ကျပါလိမ်မတုန်း၊ မေးလို့ရှိရင် ဒိဋ္ဌိကချလိုက်တာ (မှန်ပါ့ ဘုရား)။
လက်သည်အရင်းက ဘယ်သူတုန်း (ဒိဋ္ဌိပါ ဘုရား)။
အဲဒီ=ဒိဋ္ဌိ ဘယ်ကလာသတုန်းဆိုတော့ အတ္တသညာက လာတယ် (မှန်ပါ့) အတ္တသညာဆိုတာ ကိုယ့်ကိုယ်ကို ငါထင်တာပေါ့လေ (မှန်ပါ့ ဘုရား)။
အဲဒီ – အတ္တသညာကလဲ ငါ ငယ်တုန်းဘဲ ထီးမွေ နန်းမွေရမှဆိုပြီးသကာလ သူသည် သူ့ကိုယ်သူ ပရမတ်တွေ မမြင်တော့ နှလုံးသွင်းမှားပြီ သကာလ ငယ်တုန်းပဲ ယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တွေ မမြင် ဒုက္ခသစ္စာတွေမမြင်၊ မမြင်တော့ကိုတဲ့ နှလုံးသွင်း သူ့ကိုသူမှားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မှားချင်လို့ မှားရတာလား၊ မသိမှားလား (မသိမှားပါ့ ဘုရား)။
မသိမှား ဘယ်ကလာသတုန်းဆိုတော့ အို ခုနင်က ပြောခဲ့ပြီး ကာမစ္ဆန္ဒ နီဝရဏနဲ့ ထီးနန်းအာရုံ သူခံစားချင်လို့ ကာမစ္ဆန္ဒ နီဝရဏက လက်သည်သွားဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် အဝိဇ္ဇာ၏လက်သည်ဘယ်သူတုန်းမေးရင် (ကာမစ္ဆန္ဒ နီဝရဏပါ ဘုရား)။
ကာမစ္ဆန္ဒနီဝရဏ၊ ငါးပါးအာရုံ ကာမဂုဏ် ခံစားချင်လို့ သူကြိမ်းဝါးတာကြည့်ပါ၊ သူကြိမ်းဝါးတာကြည့်ပါ၊ ငါအသက်ကြီးမှ ဒီဥစ္စာကို ဒေဝဒတ်ကလဲ လာဟောတာကိုး၊ မင်းအသက်ကြီးမှ မင်းအဖေသေမှ ထီးမွေနန်းမွေခံစား ရမယ်ဆိုရင် မင်းဘယ်ခံစားချိန်ရှိတော့မတုန်း၊ ငယ်ငယ်ရွယ်ရွယ်က ဒီအဖေသတ်ပြီး သကာလခံစားမှပေါ့ဆိုတဲ့ တရားမျိုးကိုသူက ဟောလိုက်တော့ သူ့မှာကာမစ္ဆန္ဒနီဝရဏရှိနေတဲ့ ပုဂ္ဂိုလ်ကျတော့ မသိလုံးကလာ၊ မသိလုံးကလာတော့ နှလုံးသွင်းက သူ့ကိုယ်သူမှား၊ ငါငယ်သေးတယ်ဆိုတာမှား၊ မှားလိုက်တဲ့ အခါကျတော့ ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ အတ္တသညာက မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ကို ဒါသည်ကားလို့ ဆိုလိုရှိရင် အပြစ်မရှိဘူးဆိုတဲ့ ဒိဋ္ဌိက အရင်ယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား) တခါတည်း အဖေသတ်တာ အပြစ်မရှိဘူး၊ ဒေဝဒတ်က ဟောထားတော့ အပြစ်မရှိဘူးပဲ ယူချလိုက်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီယူလိုက်တော့သူ့ အယူကိုသူစွဲသွားတာပဲတဲ့၊ ဒိဋ္ဌုပါဒါန်နဲ့စွဲသွားတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံက နောက်ကလိုက် လာတယ် (မှန်ပါ့) ကံလာလို့ သူသေသည့်၏ အခြားမဲ့၌ လောဟကုမ္ဘီငရဲကျရရှာတယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်သူချလိုက်တာတုန်း မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဒိဋ္ဌိချလိုက်တာပါ ဘုရား) ဒိဋ္ဌိက လက်သည်ပဲနော် (မှန်ပါ့ ဘုရား)။
အဲဒီမှ ဒိဋ္ဌိ လက်သည်သိတောမှ ဒိဋ္ဌိဘယ်က လာပါလိမ့်မတုန်းဆိုတော့ ဪ အတ္တသညာက လာတာဟေ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကြောင်းအကျိုးဆက်လိုက်တာ
အတ္တသညာကလာတယ်၊ အတ္တသညာဘယ်ကလာသတုံး (နှလုံးသွင်းမှားက လာတယ်) နှလုံးသွင်း ဘယ့်နှယ် ကြောင့် မှားပါလိမ့် မသိလို့ (မှန်ပါ့) မသိတာသည် ကားလို့ ဆိုလို့ရှိရင် ဘယ့်နှယ်ကြောင့် မသိပါလိမ်မတုန်းဆိုတော့ ကာမစ္ဆန္ဒနီဝရဏကလွှမ်းမိုးနေလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက လွှမ်းမိုးသတုန်း (ကာမစ္ဆန္ဒနီဝရဏက လွှမ်းမိုးပါတယ်) အဲဒါ အကြောင်းအကျိုးဆက်လိုက်တာ ကုန်သွားပါပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဪ ကာမစ္ဆန္ဒနီဝရဏသည် ဒိဋ္ဌိတိုင်တိုင် အပါယ်ကျအောင် ကျေးဇူးပြုနိုင်တယ်လို့ ဆိုတော့ သူက ဥပနိဿပစ္စည်း၊ ဒိဋ္ဌိကလဲ ထို့နည်းအတူဘဲ ဥပနိဿယပစ္စည်း၊ အားကြီးသော အကြောင်းပဲ(မှန်ပါ့) ကံကတော့ ကမ္မပစ္စည်း၊ တခါတည်း ပစ္စည်းတွေဆက်ပြီး အကြောင်းအကျိုးတွေဆက်ဆက် ဆက်ဆက်ပြီး ချလိုက်တာ ဟိုငရဲကျမှဘဲ ဇာတ်သိမ်းတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကံက ကမ္မပစ္စည်း=ကမ္မပစ္စယောနဲ့ ကျေးဇူးပြုချလိုက်တယ်၊ သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိကတော ဝေးသော အကြောင်းလုပ်ပြီး ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်တယ်၊ မပြုလိုက်ဘူးလား (ပြုလိုက်ပါတယ် ဘုရား)။
အဲဒီလိုပြုလိုက်တဲ့အတွက်တဲ့ လောဟကုမ္ဘီငရဲကျသွားတဲ့ အဇာတသတ်သည် ခုထက်တိုင်တိုင်ရှိပြီး သကာလ နေတာဟာ ဘယ်သတ္တိပါလိမ့်မတုန်းဆိုတော့ ဒိဋ္ဌိတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒိဋ္ဌိသည်ကားလို့ဆိုလို့ရှိရင် လောကဟကုမ္ဘီငရဲဆိုတာ အနှစ်သုံးသောင်း လူတယောက်ကျသွားတယ်၊ ဒီအိုးကြီးကလဲ အောက်ဘယ်လောက်နက်တယ်လို့ဆိုတာ ကြေးရည်တွေမှာ ကျသွားတဲ့ ဥစ္စာအနှစ်သုံးသောင်းအောက် ရောက်မှ အနှစ်သုံးသောင်းငုတ်နိုင်မှ အောက်ရောက်သွားတယ် (မှန်ပါ့) နောက်ပြန်တက်တော့လဲ အနှစ်သုံးသောဘဲတက် ရတယ် (မှန်ပါ့) ခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား) မရှိဘူး။
သေပါတော့လားလို့ ကြေးပူရည်တွေထဲမြုပ်နေတဲ့ လူတစ်ယောက်သေပါတော့လားလို့ မေးတဲ့အခါကျတော့ ဒီလိုမှတ်ထားပါတဲ့ သူ့ဒိဋ္ဌိက တကြိမ်တည်းဖြစ်တဲ့ ဒိဋ္ဌိမဟုတ်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) နေ့တိုင်းဖြစ်နေတဲ့ ဒိဋ္ဌိမို့တဲ့ ဒီဒိဋ္ဌိအတွက်ကြောင့် ဟိုမှာ သေပြန်၊ နောက်ဒိဋ္ဌိအတွက်က ဟိုမှာအရှင်လုပ်ပေးတယ် (မှန်ပါ့ ဘုရား) သဘောပါ ပလား (ပါပါပြီ ဘုရား)။
တခုသော ဒိဋ္ဌိအတွက်ကြောင့် ခံပြီးပြန်၊ ခံပြီးသေလိုက်၊ နောက်ဒိဋ္ဌိက ဆက်ပြီးဒီခန္ဓာကိုယ်ပြုပြင်ပေးလိုက်ပြန် တော့ ခန္ဓာပေါ်ပြန်တာပဲ (မှန်ပါ့ ဘုရား)။
ခန္ဓာပေါ်ပြန်တော့=သေတော့သေပြန်တာပဲ၊ သေပင်သေငြားသော်လဲ ဒိဋ္ဌိကမကုန်နိုင်တော့ နှစ်ပေါင်း သုံးသောင်းတိုင်တိုင် အရှင်အတိုင်းမြုပ်ရတယ် (မှန်ပါ့) ပေါ်တဲ့အခါလဲ သုံးသောင်းမှ ပေါ်နိုင်တယ် (မှန်ပါ့ ဘုရား)။
ဒါဘယ်သူချလိုက်တာတုန်း (ဒိဋ္ဌိချလိုက်တာပါ ဘုရား) ဒိဋ္ဌိချလိုက်တာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒိဋ္ဌိပြုတ်ဖို့ရာ ၁-နံပါတ်အရေးကြီးတယ်
ဒါဖြင့် ခင်ဗျားတို့ တရားဟောနေတာ ဒိဋ္ဌိပြုတ်ဖို့ရာ ၁-နံပါတ်အရေးကြီးတယ်ဆိုတာ အပါယ် သံသရာမှာ ဖြင့် ဒိဋ္ဌိကခေါင်းဆောင်ကြီးတယောက်ပါ (မှန်ပါ့ ဘုရား)။
အပါယ်သံသရာမှာ (ဒိဋ္ဌိကခေါင်းဆောင်ကြီးတယောက်ပါ ဘုရား) တဏှာကခေါင်းမဆောင်ဘူး၊ ဒိဋ္ဌိက ခေါင်းဆောင်တယ် (မှန်ပါ့ ဘုရား)။
တဏှာက ခေါင်းမဆောင်ဘူး၊ ဘယ်သူကခေါင်းဆောင်သတုန်း (ဒိဋ္ဌိကခေါင်းဆောင်ပါတယ် ဘုရား)။
ဒိဋ္ဌိက ခေါင်းဆောင်တော့ ဒါ့ကြောင့် ဒိဋ္ဌိသညာကိုပယ်မှ ဝိပဿနာအလုပ်သောတာမတ္တိမဂ်ဆိုက်အောင် လုပ်ကြစမ်းပါ၊ လုပ်ကြစမ်းပါဆိုတဲ့ ဥစ္စာက တခြားကြောင့် မောင်သစ်တို့ ဦးသံဒိုင်တို့ လုပ်ခိုင်းတာမဟုတ်ဘူး၊ လောဟကုမ္ဘီငရဲ့ကို ချနိုင်တာသူ (မှန်ပါ့) အဝီစီငရဲချနိုင်တာ (သူပါ ဘုရား)။
ငါဘုရားလုပ်ချင်လို့ဆိုပြီး ဒေဝဒတ်ဟာ ဒိဋ္ဌိသညာကနေပြီး ဒိဋ္ဌိနဲ့-တိတ္တိအစစ်ဖြစ်သွားပြီး ဘုရားကို ကျောက်မောင်းတွေဆင်ချ သွေးစိမ်းတည်၊ သံဃာတွေသင်းခွဲ လိုက်တဲ့အတွက် ငါဘုရားလုပ်ချင်တာ အပြီးသတ်တော့ ဘယ်သူတုန်း (ဒိဋ္ဌိပါ) ဒိဋ္ဌိပဲ။
အဲဒီကနေပြီး သူ့ကျတော့ အဝီစိကျသွားတယ်၊ မကျဘူးလား (ကျပါတယ် ဘုရား)။
ဘာဖြစ်လို့ ကျသွားပါလိမ့်မတုံးလို့ မေးတဲ့အခါ ဘယ့်နှယ်ဖြေမတုန်း (ဒိဋ္ဌိချလိုက်တာပါ ဘုရား)။
ဘယ်သူချလိုက်တာတုန်း (ဒိဋ္ဌိချလိုက်တာပါ) ဒိဋ္ဌိချလိုက်တာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါ ဒိဋ္ဌိက ခင်ဗျားတို့မှတ်ထား ဒေဝဒတ်ကလဲ ပစ္စေကဗုဒ္ဓါအလောင်း၊ အဇာတသတ်ကလဲ အတူတူပဲ၊ ကျွတ်တမ်းဝင်မည့်အလောင်းပဲ၊ အဲဒီ့အလောင်းကိုပဲ ဖျက်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
အဇာတသတ်ဟာ ဒီဒိဋ္ဌိသာ မနှိပ်စက်မယ်ဆိုရင် ဒီဘဝမှာ သူကျွတ်တမ်းဝင်တယ် (မှန်ပါ့) သာမည ဖလသုတ်ကို ဟောလိုက်လို့ရှိရင် သူကျွတ်တမ်းဝင်မယ် (မှန်ပါ့)။
သို့သော် ဒိဋ္ဌိက ဦးစီးပြီးသကာလ ကံမြောက်သွားတဲ့အခါကျတော့ သာမညဖလလသုတ်တရားက မတတ်နိုင်ဘူး (မှန်ပါ့ ဘုရား) တတ်နိုင်ရဲ့လား (မတတ်နိုင်ပါဘူး)။
တရားဟူသ၍ ဖျက်နေတာ ဘယ်သူတုံး
ဒါဖြင့် တရားဟူသ၍ ဖျက်နေတာ ဘယ်သူတုံး (ဒိဋ္ဌိပါ ဘုရား)။
ရဲရဲတောက်ပုဂ္ဂိုလ်တွေ ပစ္စေကဗုဒ္ဓါဖြစ်မည့် ဒေဝဒတ်တို့၊ အဇာတသတ်တို့ကို ပါရမီကြီးတွေကို ဖျက်ချလိုက်တာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)။
အဲ ခင်ဗျားတို့ ပါရမီကလေးတွေကျတော့ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
ဟိုမှာ သေသေချာချာ ကျွတ်တမ်းဝင်မည့်ပုဂ္ဂိုလ်၊ ရှင်းပလား (ရှင်းပါပြီ) ပစ္စေကဗုဒ္ဓါဆိုရင် အဝီစိကတက်ရင် သူဖြစ်မှာ (မှန်ပါ့ ဘုရား)။
သို့သော် အခုဘဝဆိုလို့ရှိရင်လဲ ဒေဝဒတ်ဟာ ကောင်းကင်ပျံ-မြေသျှိုးနိုင်တယ် (မှန်ပါ့) ဒိဋ္ဌိဖြုတ်ချလိုက်တာ တခါတည်း ဈာန်တွေလဲ အကုန်ပျောက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဈာန်တွေအကုန် ပျောက်သွားတာကော (ဒိဋ္ဌိဖြုတ်တာပါ ဘုရား) ဒိဋ္ဌိကပဲ ဈာန်တွေအကုန်လျှော၊ နောက်သေ သည်၏ အခြားမဲ၌ မြေမျိုသွားတယ်၊ ဒါဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ဒီ ဒိဋ္ဌိဟာ ခင်ဗျားတို့ သေးသေးသွယ်သွယ်ကလေးနဲ့ ဪ မဖြစ်လောက်ဘူးဆိုတာများတော့ မယူလိုက်ပါနဲ့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိဟာ ဘာဖြစ်လောက်သတုန်းလို့ မယူပါနဲ့ (မှန်ပါ့ ဘုရား) ဒိဋ္ဌိဟာ ဖြစ်လောက်တဲ့ အဓိပ္ပာယ်ထဲကိုထည့်ပါ၊ ဒီလူနှစ်ယောက်ကို ပုံစံထားပါ (မှန်ပါ့ ဘုရား)။
ဒီလူနှစ်ယောက် ပါရမီဖျက်ချတာလဲ ဒိဋ္ဌိပဲ၊ ဟုတ်လား (မှန်ပါ့ ဘုရား)။
ပါရမီတွေဖျက်ချတာ (ဒိဋ္ဌိပါ ဘုရား) ပြည့်ပြီးသားပါရမီတွေ ဖျက်ချတာ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ)။
ပြည့်ပြီးသား ပါရမီဖျက်ချတာလဲ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိပဲနော် (မှန်ပါ့)။
နောက် အခုကျွတ်တမ်းဝင်ရမည့်ဟာ ကန့်ကွက်တာကော (ဒိဋ္ဌိပါပဲ) ဒိဋ္ဌိပဲ အကုန်ကန့်ကွက်ပြီးသကာလ သွားလိုက်ပါဦးကွာ၊ အဝီစီတို့၊ လောဟကုမ္ဘီတို့ သွားလိုက်ပါဦး ဆိုတာလဲ ဘယ်သူတုန်း (ဒိဋ္ဌိပါ ဘုရား)။
ပါရမီတွေထက် ကျုပ်ကထက်တယ်
ဒါဖြင့် ခင်ဗျားတို့ ဟိုပုဂ္ဂိုလ်တွေဟာ ရဲရဲတောက်ပုဂ္ဂိုလ်တွေတောင်မှ ဒိဋ္ဌိက သူကခင်ဗျားတို့ ပါရမီတွေထက် ကျုပ်ကထက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပြတာ (မှန်ပါ့ ဘုရား) မပြဘူးလား (ပြပါတယ် ဘုရား)။
ခင်ဗျားတို့ ဖြည့်လာတဲ့ ပါရမီတွေဟာ ကျွတ်တမ်းဝင်ဖို့ အကုန်ပါကြပါတယ်၊ ပါပင်ပါငြားသော်လဲ ခင်ဗျားတို့ကို ကျုပ်ကအုပ်ချုပ်ပြီးသကာလ စီမံပြမယ်ဆိုပြီး ပြလိုက်တဲ့အခါ ကျတော့ အတ္တသညာကနေပြီး အတ္တဒိဋ္ဌိကို ကျေးဇူးပြုချလိုက်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကျေးဇူးပြုချလိုက်တော့ ပါရမီတွေလဲ သွားရတာပဲ၊ ဒီအချိန်ဖြစ်ရမည့် ပါရမီတွေအကုန်သွား (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပါရမီတွေ ဘယ့်နှယ်နေကြသလဲ (အကုန်သွားပါတယ် ဘုရား) သွားတယ်၊ ကြောက်စရာကြီးပါလား (မှန်ပါကြောက်စရာကြီးပါ ဘုရား)။
ဒါဖြင့် ဒီနေ့ည ဒိဋ္ဌိကိုဟောတဲ့အတွက်တဲ့ ခုနင်က ဒကာ ဒကာမတွေ သိပြီးသားဖြစ်တဲ့ တဏှာတို့ အဝိဇ္ဇာတို့ထက် ဒိဋ္ဌိကြောက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာဟာ သုဂတိရောက်အောင် ပို့နိုင်တယ် (မှန်ပါ့) ခင်ဗျားတို့ဆွမ်းကလေး ပန်းကလေး လှူပြီးသကာလ ဒီဆွမ်း ဒီပန်းကြောင့် နတ်ရွာသုဂတိသို့ ရောက်ရပါလို၏လို့ တဏှာကတောင်းတယ်၊ ဒါတဏှာနဲ့ တောင်းတာ (မှန်ပါ့) ဘဝတောင်းတာကိုးဗျ၊ ဘဝတဏှာပဲ (မှန်ပါ့)။
သေသည်၏ အခြားမဲ့၌ မရောက်ဘူးလား ရောက်သလားလို့မေးရင် (ရောက်ပါတယ် ဘုရား)။
ဒိဋ္ဌိက သုဂတိကိုသွားကို မသွားဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ) သူက သွားကိုသွားရဲ့လား (မသွားပါ ဘုရား)။
ဒိဋ္ဌိကမသွားဘူး (မှန်ပါ့) တဏှာကသွားတယ် (မှန်ပါ့ ဘုရား)။
တဏှာနဲ့ ဒိဋ္ဌိ ဘယ်ဟာကြောက်စရာ ကောင်း
ကဲ တဏှာနဲ့ ဒိဋ္ဌိ ဘယ်ဟာကြောက်စရာ ကောင်းသတုန်း (ဒိဋ္ဌိကကြောက်စရာကောင်းပါတယ်) ဒိဋ္ဌိကြောက်စရာ ကောင်းတယ်လို့ဆိုတဲ့ဥစ္စာ အင်မတန်မှန်သွားပါပြီ (မှန်ပါ ဘုရား)။
ဒါကြောင့် မဂ်လေးပါးရှိပါတယ် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္ထမဂ်ကယ်လို့ မဂ်လေးပါးရှိသည့်အနက်က အကြမ်းဆုံးဖြစ်တာကို ပဌမဦးဆုံး မဂ်ကပယ်ရတယ်ဆိုတော့ အပါယ်သံသရာလွတ်အောင် သောတာပတ္တိမဂ်ကပယ်ရတာ ဘာကိုသတ်နိုင်လို့ ပယ်တာတုန်းလို့ မေးတော့မှ သောတပတ္တိမဂ်က ဒိဋ္ဌိသတ်နိုင်လို့ အပါယ်သံသရာကြီးမှ ကျွတ်လွတ်သွားတာ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘာသက်နိုင်လို့တုန်း (ဒိဋ္ဌိသတ်နိုင်လို့ပါ ဘုရား)။
တဏှာကျန်ရစ်တယ် (မှန်ပါ့) တဏှာကျန်ရစ်တယ်၊ ကိစ္စမရှိဘူးကွ၊ တဏှာသံသရာ ကျန်ချင်ကျန်ပေ့စေ အပါယ်သံသရာတော့ဖြင့် ငါရှင်းမယ်ဆိုပြီး သောတာပတ္တိမဂ်က အပါယ်သံသရာရှင်းပေးတယ် (မှန်ပါ့ ဘုရား) တဏှာ သူမနိုင်ဘူး (မှန်ပါ့ ဘုရား)။
တဏှာသူမနိုင်ပေမဲ့ ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူးတဲ့၊ တဏှာသည်ကားလို့ဆိုရင် ဒိဋ္ဌိလောက် ကြောက်စရာမ ကောင်းဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာနဲ့ ဒိဋ္ဌိ ဘယ်ဟာကြောက်စရာ ကောင်းသတုန်း (ဒိဋ္ဌိကြောက်စရာကောင်းပါတယ် ဘုရား)။
ဒိဋ္ဌိဟာ အင်မတန်အရေးကြီးပါတယ်၊ ဒိဋ္ဌိနဲ့ တဏှာ ပဉ္စာနန္တရိယကံထက် ဒိဋ္ဌိက အရေးကြီးတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဟိုကမ္ဘာမှာ ခံရတယ်
ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဥပမာမယ် ပဉ္စနန္တရိယကံလဲ အပါယ်ကျတယ်၊ ဒိဋ္ဌိကလဲ အပါယ်ကျတယ်၊ ကျပင် ကျငြားသော်လဲ ပဉ္စာနန္တရိယကံက နက်ဖြန် သဘက် ကမ္ဘာပျက်မယ်ဆိုလို့ရှိရင် ဒီနေ့ ပဉ္စနန္တရိယကံ လုပ်မိတယ်၊ လွတ်ထွက်သွားတယ်၊ ကမ္ဘာပျက်နဲ့ ကြုံရင် လွတ်တယ် (မှန်ပါ့) ဒိဋ္ဌိကတော့ ဒီကမ္ဘာက နေပြီး ဟိုကမ္ဘာမှာ ခံရတယ် (မှန်ပါ့ ဘုရား)။
ဒီဘက် ဥပမာ အခု ဘုရားပွင့်တဲ့ ကမ္ဘာပျက်ရင် ဟို ဘုရားမပွင့်တဲ့ကမ္ဘာ၏ ငရဲမှာ သွားခံရတယ် (မှန်ပါ့ ဘုရား)။
အဲ ဘယ်သူက ထက်သတုန်း (ဒိဋ္ဌိက ထက်ပါတယ်ဘုရား ဒိဋ္ဌိက ထက်တယ်)။
ကောင်းပြီ ဒိဋ္ဌိက ပြင်းထန်တယ်ဆိုတာတော့ ယနေ့ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒါ့ကြောင့် အကြမ်းဆုံးတရားကို အကြမ်းဆုံး ဓားနဲ့ခုတ်ရမယ်၊ သစ်လုံးကြီးတွေကျတော့ သစ်ရွေတဲ့ဓားမှရမှာ၊ သင်ဓုန်းနဲ့ခုတ်လို့ မရဘူး (မရပါ ဘုရား) ရပါ့မလား (မရပါ ဘုရား)။
မရဘူး၊ ဒီမှာလဲ အကြမ်းဆုံး တရားမို့ အကြမ်းဆုံး ဓားနဲ့ သတ်တာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တဏှာနဲ့ ဒိဋ္ဌိဘယ်ဟာ ကြောက်စရာကောင်းသတုန်း (ဒိဋ္ဌိကြောက်စရာကောင်းပါတယ်) ဒိဋ္ဌိကြောက်စရာကောင်းတယ်ဆိုတာပေါ်ပြီ (ပေါ်ပါပြီ)။
အကြမ်းဆုံးတရားမို့ အကြမ်းဆုံး ဓားနဲ့ ခုတ်ရတာ
အကြမ်းဆုံးတရားမို့ အကြမ်းဆုံး ဓားနဲ့ ခုတ်ရတာ ထောက်လိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိဟာ ကြီးကျယ်ခမ်းနားတယ် ဆိုတာပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
ဒီ ဒိဋ္ဌိ ဘယ်ကလာ အတ္တသညာကလာတယ် (မှန်ပါ့) အတ္တသညာ ဘယ်ကလာသတုန်း (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။
အဲဒီတော့ကိုပဲ နှလုံးသွင်းမှန်ဖို့ အရေးဟာလဲ ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်း ပြောလိုက်တယ် ကလျာဏ မိတ္တ
ပေါင်းမှ (မှန်ပါ့) ပါပ မိတ္တပေါင်းရင် နှလုံးသွင်း လွဲသွားလိမ့်မယ် (မှန်ပါ့)။
ကလျာဏမိတ္တပေါင်းရင် (နှလုံးသွင်းမှန်ပါတယ်) နှလုံးသွင်းမှန်သွားတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ချင်လို့ရှိရင်ဖြင့် တဲ့ ခင်ဗျားတို့ရုပ်ကို ရုပ်လို့ပဲသိပါ၊ ဒုက္ခသစ္စာလို့သိပါ (မှန်ပါ့)။
ရုပ်ကို (ရုပ်လို့သိရပါမယ်) ဒုက္ခသစ္စာလို့ကော (သိရပါမယ် ဘုရား) ဒါဖြင့်နှလုံးသွင်းတည့်ပြီ (မှန်ပါ့)။
ဝေဒနာကို ဝေဒနာလို့ သိ (မှန်ပါ့) ဒုက္ခသစ္စာလို့ သိလိုက် (မှန်ပါ့) ဒီလိုဆိုရင် ဘာဖြစ်သွားသတုန်း (နှလုံးသွင်း တည့်ပါတယ် ဘုရား) နှလုံးသွင်း တည့်သွားတယ်။
သညာကို သညာလို့ပဲ မှတ်ပါ (မှန်ပါ့) နောက် ဒုက္ခသစ္စာလို့၊ ဖြစ်တတ်ပျက်တတ်သောကြောင့် ဒုက္ခသစ္စာလို့ နှလုံးသွင်းပါ (မှန်ပါ့) အဲ ယောနိသောမနသိကာရ ဖြစ်မှာဘဲ (မှန်ပါ့)။
ယောနိသောမနသိကာရ ဖြစ်လို့ရှိရင် အတ္တသညာဟာ ပြုတ်တယ် (မှန်ပါ့ ဘုရား) အတ္တသညာပြုတ်လို့ရှိရင် ဒီဘက်က အတ္တဒိဋ္ဌိ မလာတော့ဘူး၊ ဒီ အတ္တဒိဋ္ဌိမှ မလာလို့ရှိရင် ဒိဋ္ဌုကပါဒါန်က လာဦးမလား (မလာပါ ဘုရား) ဥပါဒါန်မှ မလာပါဘဲနဲ့ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံဟာ ကော လာပါဦးမလား (မလာပါ ဘုရား)။
နှလုံးသွင်းမှန်ဖို့ အရေးကြီးတယ်
ဒါဖြင့် လက်သည်ရှာတော့ နှလုံးသွင်း မှန်ဖို့ရာ သိပ်အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘာမှန်ဖို့ အရေးကြီးကြသတုန်း (နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ် ဘုရား)။
နှလုံးသွင်းမှန်ချင်တော့ကိုတဲ့ ခင်ဗျားတို့ စိတ်ကိုလဲ စိတ်လို့ပဲ မှတ်ပါ၊ နောက်ပြီးတော့ ဖြစ်တတ် ပျက်တတ်တဲ့ ဒုက္ခသစ္စာလို့လဲ မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ နှလုံးသွင်းမှန်သွားပါလိမ့မယ်၊ နှလုံးသွင်းမှန်လို့ ပဌမ ရှေးဦးစွာ နှလုံးသွင်းမှန်ချင်လို့ရှိရင် စိတ်ကို စိတ်လို့မှတ်၊ နောက် ဒုတိယဖြစ်တတ်ပျက်တတ်ဆိုတာကို အမှတ်မြင်အောင် ကြည့်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲ့ဒီ အမှန်မြင်အောင်ကြည့်လို့ဖြစ်တာ ပျက်တာကို ကိုယ့်ဉာဏ်နဲ့တွေ့ပြီးသူသည် အဟုတ်ကိုဖြစ်တတ် ပျက်တတ်တဲ့ တရားပဲလိုလို့ ခင်ဗျားတို့က ကိုယ့်ဉာဏ်နဲ့ တွေ့ပြီဆိုလို့ရှိရင်တော့ နှလုံးသွင်းမှန်သောကြောင့် အတ္တသညာ ပြုတ်သောကြောင့် အတ္တသညာက အတ္တဒိဋ္ဌိကို ကျေးဇူးပြုနိုင်သေးသလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မပြုနိုင်ပါ ဘုရား) မပြုနိုင်တော့ဘူး။
ဒါဖြင့် အရေးအကြီးဆုံးဟာ နှလုံးသွင်းမှန်ဖို့ရာ ဒကာသစ်တို့၊ ဦးသံဒိုင်တို့ အရေးကြီးတာပဲ (အရေးကြီးပါတယ် ဘုရား) မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊
အဲဒီတော့ ခင်ဗျားတို့မှာ နှလုံးသွင်းမှန်ဖို့ ဆိုတာလဲ ဆရာကောင်းသမားကောင်းမတွေ့လို့ရှိရင် တသက်လုံး မှန်မသွားတော့ဘူး (မှန်ပါ့ ဘုရား)။
ဝိပဿနာတရား မနာရတဲ့ပုဂ္ဂိုလ်များ
ဒါဖြင့် ဝိပဿနာတရား မနာရတဲ့ပုဂ္ဂိုလ်များမှာ ဘယ်တော့မှ နှလုံးသွင်းမှန်မလဲ (မမှန်ပါ ဘုရား) မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။
ဘယ်နည်းနဲ့မှ မမြင်တော့ဘူး၊ ဝိပဿနာတရားလဲ မနာရဘူး၊ ဝိပဿနာအလုပ်ကိုလဲ မလုပ်ဖြစ်တော့ဘူးဆိုရင် မနာရကတည်းကလဲ မလုပ်ဖြစ်ပါဘူး (မှန်ပါ့ ဘုရား)။
မနာရရင် မလုပ်ဖြစ်ဘူး၊ မလုပ်ဖြစ်လို့ ရှိရင်ဖြင့် အမှန်သိဆိုတဲ့ သမ္မာဒိဋ္ဌိကကော (မလာပါ ဘုရား) မဖြစ်နိုင် တော့ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် ဒီနှလုံးသွင်းမှန်ဖို့ အရေးဟာဖြင့် ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ပေါင်းမိမှ (မှန်ပါ့ ဘုရား) မပေါင်းလို့ရှိရင်ဖြင့် ဒို့ဝမ်းထဲမှာဘာတွေလုပ်နေ၊ ဒီ့ပြင်ကုသိုလ်တွေပဲ လုပ်နေနေ ငါတော့ဖြင့် ကုသိုလ် တွေတော့ ဒါနသီလတွေ လုပ်လိုက်တာပဲ သုဂတိတော့ရောက်မှာဘဲ ဒိဋ္ဌိတည်းဟူသော တရားပါသွားရင် ပြန်ကျတာပဲ (မှန်ပါ့) ငရဲပြန်ကျတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါကြောင့် ဗြဟ္မာတွေ အပါယ်ကျတယ်ဆိုတဲ့ဥစ္စာ ရှိတယ်၊ သဘောကျပလား (ကျပါပြီ) ဗြဟ္မာတွေ (အပါယ်ကျတာရှိပါတယ် ဘုရား)။
ဗြဟ္မာဘယ့်နှယ့်ကြောင့် အပါယ်ကျရသတုန်းလို့ မေးတဲ့အခါကျတော့ ဗြဟ္မာဟာ သူ့ဟာသူ သူ့ကသိုဏ်းဝန်းကြီးကို ခိုင်တယ်-မြဲတယ်လို့ ဗက ဗြဟ္မာတို့ဟာ သူ့ခန္ဓာကိုယ်ကြီးဟာ ခိုင်တယ်-မြဲတယ်ဆိုတဲ့ ဒိဋ္ဌိက ဗြဟ္မာပင် ဖြစ်နေငြားသော်လည်း ပါသွားတာဘဲ (မှန်ပေါ့)။
သမထ တန်ခိုးကြောင့်တော့ ဗြဟ္မာဖြစ်တယ်၊ ဒိဋ္ဌိကပါသွားတယ် (မှန်ပါ့) ပါသွားလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တက်ပြီးသကာလ အနတ္တတွေ ဟောနေရတယ်ဆိုတာ ဗက ဗြဟ္မာ့ဝတ္ထုပါပြီးသား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဗြဟ္မာတွေ ဒီလိုသာဖြုတ်မပေးလို့ရှိရင်ဖြင့် ဗြဟ္မာတွေ သေရာကနေပြီးသကာလ လူ့ပြည်ဆင်း၊ လူ့ပြည်ကနေပြီး ဝက်ဖြစ်တဲ့ဝတ္ထုတွေ အများကြီးရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
သမထက ဒိဋ္ဌိမနိုင်ဘူး
အဲ့ဒါ ဘယ့်နှယ်ကြောင့် ဗြဟ္မာဝက်ဖြစ်ရပါလိမ့်မတုန်း တွေးလို့ရှိရင်ဖြစ်တဲ့ သမထက ဒိဋ္ဌိမနိုင်ဘူး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သမထကမှ မနိုင်လို့ရှိရင် ဒါန သီလ ကလည်း (မနိုင်ပါ ဘုရား) မနိုင်တော့ဘူး၊ ဒိဋ္ဌိမနိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒါနတန်ခိုးကြောင့် သုဂတိရောက်၊ နောက်အပါယ်ကျနိုင်တယ် (မှန်ပါ့) ဘာကဆွဲချမလဲ (ဒိဋ္ဌိကဆွဲချ ပါမည် ဘုရား)။
သီလတန်ခိုးကြောင့် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ရောက်သွားတယ်၊ နောက်ပြန်ဆွဲချတာပဲ၊ ဘယ်သူကဆွဲချ သလဲ (ဒိဋ္ဌိကဆွဲချပါတယ်) ဒိဋ္ဌိကဆွဲချတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် လောကီဥပမာလိုပဲတဲ့ ကလေးများစွန်တို့ လေတံခွန်တို့ လွှတ်သလိုပေါ့ဗျာ၊ ပဌမလွှတ်လိုက်တော့ လေအဟုန်ထဲ ပါသွားငြားသော်လည်း နောက်ဆုံးပိတ် တနေ့ကျတော့ ယောက်လုံး (ယစ်လုံး) ခြေရင်းမှာ လာကျရတာတဲ့ (မှန်ပါ့) ဘယ်သူကဆွဲချလိုက်တာတုန်းဆိုတော့ ဒိဋ္ဌိနဲ့တူတဲ့ ယောက်လုံးက ဆွဲချလိုက်တာ (မှန်ပါ့ ဘုရား)။
အဟုန်ကြောင့်တော့ တတ်တာပဲ၊ ဒါနဟုန် သီလဟုန် သမထဟုန်ကြောင့်တော့ တက်တာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိကဆွဲချလိုက်တယ်
ဒီယောက်လုံးခြေရင်းမှာ စွန်ဆိုတဲ့စက္ကူဟာ ရောက်လာခဲ့ရခြင်းသည် ဘယ့်နှယ်ကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် နဂိုဒါနအဟုန်ကြောင့် တက်ငှားသော်လည်း ဒိဋ္ဌိက ဆွဲချလိုက်တယ် (မှန်ပါ့) ယောက်လုံးနဲ့တူတဲ့ ဒိဋ္ဌိကဆွဲချလိုက်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲ့ဒါကြောင့် ခဗျားတို့ဒါန သီလကို ဒိဋ္ဌိဖြုတ်ပြီးလုပ်လို့ရှိရင်ကောင်းတယ်လို့ ဆရာဘုန်းကြီးက တိုက်တွန်းပါတယ်၊ ဝိပဿနာရှုပြီးမှ လှူကြပါ ပေးကြပါ ကမ်းကြပါ၊ ဒိဋ္ဌိဖြုတ်ပြီးတော့ လှူတဲ့အလှူကျအောင် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နို့ မဟုတ်လို့ရှိရင် ဒီအလှူသည် ကလေးစွန်လွှတ်သလို့ပဲနော် (မှန်ပါ့)နောက်ယောက်လုံးမှာ ပြန်ရောက်တာပဲ (မှန်ပါ့) ဘယ်လောက်ပဲ ကြိုးအဆုံးပဲ တက်တယ်လို့ဆိုကြပါစို့-နောက်ဆုံးပိတ် တစ်နေ့ကျတော့ အောက်ပြန်ရောက်တာပဲ (မှန်ပါ့ ဘုရား)။
အဲ့ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ရုပ်ဟာ ရုပ်လို့ပဲရှု၊ ပဌမတော့ ရုပ်လို့သိ။
ရုပ်လို့သိကတည်းက ခုနင်က ယောနိသော မနသိကာရဖြစ်လာတယ် (မှန်ပါ့)။
ရုပ်လို့သိရင် (ယောနိသောမနသိကာရဖြစ်ပါတယ်) နောက်ပျက်တတ်တယ်လို့ တစ်ခါသိလို့ရှိရင်ဖြင့်တဲ့ သမ္မာဒိဋ္ဌိဝင်လာတယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ရုပ်ကို ရုပ်လို့သိရင် နှလုံးသွင်းမှန်ပြီ (မှန်ပါ့) ပျက်တာ ကလေးမြင်လိုက်လိုရှိရင် (သမ္မာဒိဋ္ဌိဖြစ်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိဝင်ရင် မိစ္ဆာဒိဋ္ဌိပြေးပြီ (မှန်ပါ့)။
သမ္မာဒိဋ္ဌိဝင်ရင် မိစ္ဆာဒိဋ္ဌိပြေးပြီ
သမ္မာဒိဋ္ဌိဝင်ရင် (မိစ္ဆာဒိဋ္ဌိပြေးပါပြီ ဘုရား) အဲ့ဒါ ဝေဒနာလို့သိရင်နှလုံးသွင်း ဘယ့်နှယ်နေသလဲ (မှန်ပါတယ် ဘုရား) မှန်ပြီ အပျက်ကလေးမြင်လိုက်လို့ရှိရင် (သမ္မာဒိဋ္ဌိဝင်ပါတယ်) သမ္မာဒိဋ္ဌိဖြစ်ရင် မိစ္ဆာဒိဋ္ဌိ ဘယ့်နှယ်နေသလဲ အတ္တဒိဋ္ဌိပြေးပြီ (ပြေးပါပြီ)။
ဒါကြောင့် ခင်ဗျားတို့ ဝိပဿနာအရေးကြီးတယ်၊ ဝိပဿနာအရေကြီးတယ်ဆိုတာ ဆရာဘုန်းကြီးကတော့ အကုန်ပဲအရေးကြီးတာကို အရေးကြီးတယ်လို့ ပြောပေးနေတဲ့ အဓိပ္ပါယ်ရှင်းပလား (မှန်ပါ့ ဘုရား)။
ကဲ-သညာကို သညာလို့ သိရင်ဘာတုန်း (နှလုံးသွင်းမှန်ပါတယ် ဘုရား) နှလုံးသွင်းမှန်သွားတယ် (မှန်ပါ့)။
၎င်းသညာကလေးသည်ကားလို့ဆိုရင် စိုက်ကြည့်-စိုက်ကြည်ရင်းမတ္တနဲ့ပဲ၊ ဪ ဒီမှတ်တဲ့ ဓမ္မကလေးဟာလဲ နာမ်ဓမ္မကလေးဟာလဲ ဖြစ်ပြီးပျက်သွားတာပဲလို့ သိရင်သမ္မာဒိဋ္ဌိဝင်လာတယ် (မှန်ပါ့) သမ္မာဒိဋ္ဌိဝင်လာရင် မိစ္ဆာဒိဋ္ဌိက (ပြေးပါတယ် ဘုရား)။
ပြေးပြီဆိုတော့ ဪ ဒါဖြင့် ဉာတပရိညာနောက်က တိရဏ ပရိညာလိုက်ရမယ် (မှန်ပါ့ ဘုရား)
ဉာတပရိညာက ရုပ်ကိုရုပ်လို့သိတာက ဉာတပရိညာ၊ နောက်ဖြစ်ပျက်ကိုမြင်တာက တိရဏပရိညာ၊ ရှင်းပလား (ရှင်းပါပြီ) နောက် ဒိဋ္ဌိပယ်သည်တိုင်အောက် မြင်လို့ရှိရင် ပဟာနပရိညာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ပရိညာသုံးပါကို သေသေချာချာဟောရှာတယ် (မှန်ပါ့) မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ်)။
ကိုင်း ဒါဖြင့် သင်္ခါရဆိုတဲ့ စေတနာကလေး၊ ငါ့စေတနာမလုပ်လိုက်ပါနဲ့တဲ့၊ အပြောတော့ပြောချင်ပြောပါ၊ စေတနာကို စေတနာပဲလို့ သိနေလိုရှိရင်ဖြင့် ဉာတပရိညာဖြစ်ပါတယ်၊ (ဝါ) နှလုံးသွင်းမှန်ပါတယ် (မှန်ပါ့)။
၎င်းသညာကလေး သင်္ခါရကလေးဖြစ်စေ ဖြစ်ပြီးတဲ့အခါ ပျောက်ပျက်သွားတာမြင်လို့ရှိရင် ဘာဝင်လာသတုန်း (သမ္မာဒိဋ္ဌိဝင်ပါတယ်) သမ္မာဒိဋ္ဌိဝင်တော့ ခုနင်က မိစ္ဆာဒိဋ္ဌိဘယ့်နှယ်တုန်း (ပြေးပါတယ် ဘုရား) ပြေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် ညတရားဟော အလုပ်သင်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဒိဋ္ဌိပြုတ်တဲ့အလုပ် သင်နေတာ
ညတရားဟော အလုပ်သင်နေတာနော် (မှန်ပါ့) ဘာအလုပ်သင်နေတာတုန်း ဘုရားဆိုတော့ ဒိဋ္ဌိပြုတ်တဲ့အလုပ် သင်နေတာ (မှန်ပါ့)။
ဒိဋ္ဌိ ဒီအတိုင်းသင်ရသလားလို့ မေးတဲ့အခါကျတော့ မဟုတ်ဘူးတဲ့၊ ပဌမရှေးဦးစွာ သိမှုအရင်သင်ရတယ် (မှန်ပါ့) ပြီးတော့ ပွားမှုသင်ရတယ် (မှန်ပါ့) ပြီးတော့မှပယ်မှုသင်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီး)။
ကဲ ဒါဖြင့် စိတ်ကလေးတစ်ခု ပေါ်လာတယ် ဝမ်းထဲမှာ၊ နားမှာပေါ်တဲ့စိတ်၊ နှာခေါင်းမှာပေါ်တဲ့စိတ်၊ လျှာမှာပေါ်တဲ့စိတ်၊ ကိုယ်ပေါ်မှာပေါ်တဲ့စိတ်၊ ဝမ်းထဲမှာပေါ်တဲ့စိတ်၊ စိတ်အမျိုးမျိုးသူ့နေရာနဲ့သူ ဆယ့်သုံးမျိုး ဘုန်းကြီး ဟောထားတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေမှာ သိပြီးသား ထားပါတော့
ပေါ်တဲ့ဥစ္စာကိုစိတ်လို့ သိနေလို့ရှိရင် နှလံးသွင်းမှန်တယ် (မှန်ပါ့ ဘုရား) ပရိညာထဲသွင်းလိုက်ရင် ဉာတပရိညာ ဖြစ်သွားတာပဲ (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ)။
ဖြစ်ပျက်မြင်ရင် တိရဏပရိညာ
ဒီစိတ်ကလေးကို ဖြစ်မှုပျက်မှုကို မြင်လိုက်လို့ရှိရင်ဖြင့် တိရဏပရိညာဖြစ်ပါတယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)။
ကောင်းပြီ တိရဏပရိညာဖြစ်သွားတယ် ဆိုကတည်းကိုက ခုနင်က မိစ္ဆာဒိဋ္ဌိဆိုတဲ့ ငါ ငါ့ဥစ္စာထင်တဲ့ သဘော ကလေးကို ပယ်နိုင်ပြီ (မှန်ပါ့) နောက်ပွားများပါများလာလို့ တကယ်သမ္မာဒိဋ္ဌိ ရင့်သန်လို့ မဂ္ဂင်ရှစ်ပါး စုံတဲ့အခါကျတော့ ဒီဒိဋ္ဌိလုံးလုံးပြုတ်တယ် (မှန်ပါ့)။
အဲ့ဒီသူ(ဒိဋ္ဌိ) ပြုတ်တဲ့အချိန်မှာ ခင်ဗျားတို့ ဘယ်လိုကျေးဇူးများသတုန်းလို့ မေးတဲ့အခါကျတော့ ဝမ်းထဲမှာလဲ ခန္ဓာကိုယ်လဲ ပေါ့သွားတယ်၊ စိတ်ထဲမှာလဲအေးအေးသွားတယ် (မှန်ပါ့) ခန္ဓာကလဲပေါ့တယ်၊ ရှုတဲ့ဉာဏ်ကလေးကလဲ အေးအေးသွားတယ် (မှန်ပါ့)။
အဲ့ဒါအေးချင်လို့အေးတာ မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ ဒိဋ္ဌိကိလေသာချုပ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာတဲ့တုန်း (ဒိဋ္ဌိကိလေသာချုပ်သွားလို့ပါ ဘုရား)။
ဒိဋ္ဌိကိလေသာ ချုပ်သွားတော့ အပါယ်သံသရာကြီးက ဒီပုဂ္ဂိုလ်နဲ့ လုံးဝမဆိုင်ပဲဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ငရဲတွေကို ဒိဋ္ဌိက တည်ဆောက်တာ
အပါယ်လေးပါးနဲ့ လုံးဝမဆိုင်ပဲ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ဘာကြောင့်တုန်းဆိုလို့ရှိရင် အပါယ်သံသရာ ဘယ်သူဆောက်သတုန်းမေးတော့ ခင်ဗျားတို့ ဒိဋ္ဌိဖြစ်တိုင်း ဖြစ်တိုင်းအပါယ်မှာရှိတဲ့ ဒယ်အိုး-ငရဲမီး-ငရဲမီးလျှံတွေ ဘင်ပုပ်ငရဲ၊ လက်ပံပင်ငရဲ အမျိုးမျိုးငရဲတွေကို ဒိဋ္ဌိက တည်ဆောက်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက တည်ဆောက်တာတုန်း (ဒိဋ္ဌိကတည်ဆောက်ပါတယ် ဘုရား)။
ဒါဖြင့် မောင်သစ်တို့ ဒီ ဒိဋ္ဌိကို ဆရာသမားပြောတဲ့အတိုင်း နှလုံးသွင်းကလည်းမှားနေမယ်ဆိုလိုရှိရင် ဒိဋ္ဌိက အတ္တသညာကလာတော့ အတ္တဒိဋ္ဌိက ခုနင်ကအတိုင်းပဲ အကြောင်းအကျိုး မဆက်ပေဘူးလား။ (ဆက်ပါတယ် ဘုရား)။
ဆက်လို့ရှိရင်ဖြင့်တဲ့ မောင်သစ် အထည်ရောင်းနေတာလားဟေ့ ငရဲကို ဒီကနေပြီးတည်ဆောက်နေတာလား မေးရင် ဘယ့်နှယ်ပြောကြမယ် (ငရဲတည်ဆောက်နေတာပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ငရဲကိုဒီကနေ တည်ဆောက်နေတယ်ဆိုတာ ဟိုမှာလက်သမားလည်းမရှိပါဘူး၊ ပန်းရံလည်းမရှိပါဘူး၊ ကြေးအိုးသွင်းတဲ ခတ်တန်းလဲမရှိဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဒီကနေ ခင်ဗျားတို့က လုပ်ပေးတာ (မှန်ပါ့) အိုးလည်း ဒီကနေလုပ်တာပဲ၊ မီးရော (ဒီကလုပ်တာပါ ဘုရား)။
လုပ်တာပဲဆိုတော့ အင်း ဘယ်သူပါလိမ့် မေးတော့မှ ဒိဋ္ဌိကလက်သမား (မှန်ပါ့) ဒိဋ္ဌိပန်းရံ (မှန်ပါ့) ဒိဋ္ဌိခတ်တန်းကလူ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒါ ဒီကလက်သမားက မလုပ်တော့ပါဘူးဆိုလို့ရှိရင် ဟိုမှရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ငရဲသံသရာကြီးပြုတ်ပါတယ်
အဲ့ဒါကြောင့် ဒိဋ္ဌိပြုတ်တဲ့ အခါကျတော့ ကိုယ်နဲ့ပတ်သက်တဲ့ ငရဲသံသရာကြီးပြုတ်ပါတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီး ဘုရား)။
ဒိဋ္ဌိသာပြုတ်ရင် (ကိုယ်နဲ့ ပတ်သက်တဲ့ ငရဲသံသရာကြီးပြုတ်ပါတယ် ဘုရား)။
ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ဒီဒိဋ္ဌိကဆောက်ထားလို့ ကိုယ်ကဒိဋ္ဌိပယ်ပစ်လိုက်တာကိုး (မှန်ပါ့ ဘုရား) ဒိဋ္ဌိပယ်လိုက်တော့ အလုပ်သမားသတ်လိုက်သလိုဖြစ်နေတယ် (မှန်ပါ ဘုရား) အလုပ်သမားကို (သတ်လိုက်သလို ဖြစ်ပါတယ် ဘုရား)။
အလုပ်သမားသတ်လိုက်တော့ အလုပ်သမား လုပ်ထားတဲ့အထည်တွေရှိနိုင်သေးရဲ့လား (မရှိနိုင်ပါ ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဝိပဿနာရှုနေတာ ဘာတုန်းလို့မေးတဲ့အခါကျတော့ အို အပါယ်သံသရာ ဖျက်နေတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဝိပဿနာရှုနေတာဟာ (အပါယ်သံသရာ ဖျက်နေတာပါ ဘုရား)။
အပါယ်သံသရာ ဖျက်နေတာဆိုတော့ ဖြစ်တယ်၊ ပျက်တယ်၊ ဖြစ်တယ်၊ ပျက်တယ်ကို ဒကာ ဒကာမတွေက မြင်ပြီး တစ်နည်းအားဖြင့်လည်း အပျက်ချည့်မြင် ခန္ဓာငါးပါး တပါးပါးပေါ့ဗျာ (မှန်ပါ့) အဲ့ဒီကဲ့သို့ အပျက်ချည့်မြင်နေတော့ ဒိဋ္ဌိက ကွာသွားပြီ မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဒိဋ္ဌိကလုပ်ခွင့်ကို ရသေးရဲ့လား
ဒါဖြင့် သူ့ဆီကိုမရောက်တော့ ဒိဋ္ဌိကလုပ်ခွင့်ကို ရသေးရဲ့လား (မရပါ ဘုရား)။
လုပ်ခွင့်မရတော့ ဟိုမှာအကြောင်းမရှိပဲနဲ့ ဒိဋ္ဌိတည်းဟူသော အကြောင်းမှမရှိပဲနဲ့ မကျိုးအပါယ်လေးပါးပေါ် ဖို့ရာ ဝတ္တရားမရှိဘူး (မရှိပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှေးဦးစွာနှလုံးသွင်းမှန်ပြီးသကာလ ပွားများမှုအရေးကြီးတယ် (မှန်ပါ့ ဘုရား)
ရှေးဦးစွာတော့ (နှလုံးသွင်းမှန်ပြီးတော့ ပွားများမှုအရေးကြီးပါတယ် ဘုရား)။
နှလုံးသွင်းမှန်ဖို့ရာ၊ ၁-နံပါတ်ပွားများမှုဟာ (၂-နံပါတ်ပါ) ပယ်မှုဟာ (၃-နံပါတ်ပါ ဘုရား)။
၃-နံပါတ်၊ ဒီနံပါတ် အစဉ်အတိုင်း မသွားလို့ရှိရင်တော့ဖြင့် အပါယ်သံသရာမှ လွတ်ရေးကျွတ်ရေး မမြင်သေးဘူးဆိုတာ သေသေချာချာမှတ်ပါ၊ နော် (မှန်ပါ့ ဘုရား)။
၁-နံပါတ် နှလုံးသွင်းမှန်မှု (မှန်ပါ့) ၂-နံပါတ် မှန်တဲ့အတိုင်းပွားဖို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပွားပါများတဲ့အခါကျလို့ရှိရင် ဒီပွားတဲ့တရားက ချဲ့လာပြီးသကာလ ဒိဋ္ဌိတည်းဟူသော ငရဲတည်ဆောက်တဲ့ လက်သမားကိုပယ်ဖို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်လုပ်ကြမယ်၊ ၃-ချက်လုပ်ရမယ် (မှန်ပါ့) ရှေးဦးစွာ နှလုံးသွင်းမှန်မှု (မှန်ပါ့) နှလုံးသွင်းမှန်ပြီး ဘာလုပ်ရမယ် (ပွားရပါမယ်) ပွားပြီးဘာလုပ်ရမယ် (ပယ်ရပါမယ်)။
ကိုယ့်ကိုယ် သနားရင် လုပ်ရမည့်အလုပ်
ပယ်ရမယ်ဆိုတဲ့ဥစ္စာ ဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ မလုပ်မဖြစ်တဲ့ထဲမှာဖြင့် ကိုယ့်ကိုယ် သနားရင် လုပ်ရမည့်အလုပ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (ကိုယ့်ကိုယ်သနားရင် လုပ်ရမည့်အလုပ်ပါ ဘုရား)။
ကိုယ့်ကိုယ်သနားရင် လုပ်ရမည့်အလုပ်၊ ကိုယ့်ကိုယ်သနားလို့ ခဗျားတို့က ထမင်းကျွေးနေတာ၊ ဟုတ်လား (မှန်ပါ့ ဘုရား) ရေချိုးပေးနေတာ (မှန်ပါ့) အဲ့ဒါက ကိုယ့်ကိုယ်သနားတာမဟုတ်ဘူး ခန္ဓာ့ကျွန်ခံတာ (မှန်ပါ့)။
ထမင်းကျွေးနေတာ၊ ရေချိုးပေးနေတာ၊ ဆေးကုပေးနေတာက ဘာတုန်း (ခန္ဓာ့ကျွန်ခံတာပါ ဘုရား)။
ဪ ခန္ဓာ့ကျွန်ခံတဲ့ ဥစ္စာကို ခင်ဗျားတို့က ကိုယ့်ကိုယ်ကို သနားရသေးတယ်၊ ဒါကြောင့် ခင်ဗျားတို့ အထုပ်ကြီးကြီးဆိုရင် မထမ်းဘူး ဟုတ်လား (မှန်ပါ့) အဲ့ဒါကတော့ ဘာလုပ်နေတာတုန်း ထမင်းကောင်းကောင်းကျွေးမယ် အိပ်ရာ နေရာကောင်းကောင်းမွန်မွန် ခင်းပေးမယ် အစရှိသည်နဲ့ အဲ့ဒါခန္ဓာ့ကျွန်ခံတာ (မှန်ပါ့ ဘုရား) ဒါကိုယ့်ကိုယ်ကို သနားတာမဟုတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ကိုယ့်ကိုယ်ကို သနားတာနှလုံသွင်းမှန်ပြီး ပွားရမယ် (မှန်ပါ့)ပွားပြီးတော့မှ ပယ်ရမယ် (မှန်ပါ့)။
ပယ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဪ ကိုယ့်ခန္ဓာကြီးကို အပါယ်လေးပါးရောက်မှုကို သနားသောကြောင့် ဒီအလုပ်အမှန်လုပ်တာကိုး (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
အဲ့ဒါ ခင်ဗျားတို့ဟာ အခု ဒကာ ဒကာမတွေမှာ ဒီအလုပ်တော့ မလုပ်ဘူး၊ ကိုယ့်သားမယားတော့ ခင်လို့-မင်လို့ကျွေး၊ ကိုယ့်သာမယား တကယ်မှတ်ပြီးသကာလ သားသမီးတွေလည်း တကယ့်သားသမီးထင်မှတ်၊ မှတ်ပြီးသကာလ တကယ်အားကိုးဆိုတော့ သညာဝိပ္ပလ္လာသနဲ့ ဒိဋ္ဌိဝိပ္ပလ္လာသက ဦးသံဒိုင် ဆက်သွားတယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
သမီးရယ်လို့ မှတ်လိုက်ကတည်းက သညာဝိပ္ပလ္လာသ အားကိုးရာလို့ မှတ်တယ်ဆိုတော့ ဒိဋ္ဌိဝိပ္ပလ္လသ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
အဲ့ဒါ ခင်ဗျားတို့ ပြုကြစုကြတာပဲတဲ့၊ ထိုကဲ့သို့ ပြုကြစုကြငြားသော်လည်း ကိုယ့်ကိုယ်ကို ကိုယ့်သားသမီးမို့ ကိုယ့်သနားရာရောက်သလားလို့ မေးလို့ရှိရင်ဖြင့် မရောက်ပါဘူး၊ ကိုယ့်ကိုယ်မသနားလို့ ထင်ရာလုပ်နေတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကိုယ့်ကိုယ်မသနားလို့ ထင်ရာလုပ်နေကြတာပါ ဘုရား)။
ပသေနဒီကောလမင်းကြီး
အဲဒီတော့ ပသေနဒီကောလမင်းကြီးမေးတာကို ထောက်ကြည့်ပါ၊ ပသေနဒီကောမင်းကြီးက အိပ်ရာက နိုးလာပြီး နဖူးပေါ်လက်တင်ပြီးစဉ်းစားတယ်၊ ကိုယ့်ကိုယ်သနားတဲ့ပုဂ္ဂိုလ်၊ မသနားတဲ့ပုဂ္ဂိုလ် ဘယ်လိုများပါလိမ့်မတုန်းလို့ သူအိပ်ရာကနိုးတော့တွေးတယ်၊ ကောသလမင်းကြီးက (မှန်ပါ့)။
တွေးတော့ ဪ သားတွေမယားတွေကို အမျိုးမျိုးသော နည်းအဖုံဖုံးနဲ့ရှာကြံကျွေး၊ ကိုယ့်ကိုယ်ကိုလဲ ကျွေးရှာကြတယ် ဒုစရိုက် ဒုရာဇီဝတွေနဲ့၊ ဒုစရိုက်ဆိုတာ မကောင်းတာပေါ့ဗျာ၊ ဒုရာဇီဝဆိုတာ မကောင်းသဖြင့် အသက်မွေးတာပေါ့ဗျာ၊ အင်းဒီပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုသနားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး၊ သူကကျွေးတော့ ကျွေးတာပဲ၊ ကျွေးပေမဲ့ သနားတဲ့သဘောမရောက်ဘူး (မှန်ပါ့) သူကတွေးလုံးပေါ်တယ် (မှန်ပါ့)။
ကိုယ့်ကိုယ်သနားတဲ့ပုဂ္ဂိုလ်က ခုနင်ကဒိဋ္ဌိပယ်တဲ့ပုဂ္ဂိုလ်များ၊ ဒါကကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ်ဆိုပြီး သူ့စိတ်ထဲမှာ ဪ ငါဒီနှစ်ယောက်တော့ ကိုယ့်စိတ်ကူးမှာ ဒီလိုပဲပေါ်တယ်ဆိုပြီးသကာလ ဘုရားကျောင်းတော် ပြေးတယ် (မှန်ပါ့)။
အရှင်ဘုရား တပည့်တော် အိပ်ရာကနိုးပြီး နဖူးပေါ်လက်တင်ပြီး စဉ်းစားတဲ့အခါ ကိုယ့်ကိုယ်သနားတဲ့ပုဂ္ဂိုလ်နဲ့ မသနားတဲ့ပုဂ္ဂိုလ်နှစ်ယောက် ဝေဖန်ကြည့်တော့ အချို့ပုဂ္ဂိုလ်ကကိုယ့်ကိုယ်ကို သနားလို့ အမျိုးမျိုးသောနည်းတွေနဲ့ ရှာကြံကျွေးပြီးသကာလ ကိုယ့်ကိုယ်ကိုကျွေးနေတာပဲ၊ မတရားသော နည်းတွေနဲ့လိမ်လည်ကောက်ကျစ် မုသားသုံး၊ ပရိယာယ် မာယာတွေနဲ့ရှာကြံကျွေးနေတဲ့ဥစ္စာ ကိုယ့်ကိုယ်သနားတဲ့ပုဂ္ဂိုလ်လို့ မဆိုလိုဘူး ကိုယ့်ကိုယ်သနားတဲ့ ပုဂ္ဂိုလ်က ဒီ ဒိဋ္ဌိကို ပုဂ္ဂိုလ်မဟုတ်ကြောင်းဖြစ်တဲ့ ဒိဋ္ဌိခွါပြီးသကာလ သုစရိုက်နဲ့ အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးကို တပည့်တော်က ကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ်လို့ ယူမိပါတယ်ဘုရား။
အဲ့ဒါဟုတ်ပါသလား-မှန်ပါသလားလို့ သွာမေးတော့ ဘုရားကထောက်ခံချက်ပေးတယ် (မှန်ပါ့)။
ဒကာကြီးစိတ်ကူးတဲ့အတိုင်း ကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ်ဟာ ဒုစရိုက်နဲ့အသက်မမွေးဘဲနဲ့ သုစရိုက်နဲ့ အသက်မွေးပြီး ဒိဋ္ဌိပယ်နေတဲ့ ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား) ကျန်တဲ့ပုဂ္ဂိုလ်က ခုနင်က ပုဂ္ဂိုလ်က ကျွေးမွေးပြီးသကာလ ကားအမျိုးမျိုး၊ တိုက်အမျိုးမျိုး၊ တာအမျိုးမျိုး၊ အိမ်အမျိုးမျိုးနဲ့ တန်ဆာဆင်ငြားသော်လည်း အဲ့ဒါ သနားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့၊ ဘုရားကကို ထောက်ခံချက်ပေးလိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကိုယ့်ကိုယ်ကို သနားတတ်ဖို့
ဒါဖြင့် ခင်ဗျားတို့လည်း ဪ ကိုယ့်ကိုယ်ကို သနားတတ်ဖို့ အရေးတောင်မှ အတော်ကလေးလုပ်ယူရဦးမှာပဲ (မှန်ပါ့) အတော်ကလေးသင်မှ ကိုယ့်ကိုယ်ကို သနားတဲ့သဘောရောက်မှာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကတော့ ပြောတော့ပြောတာပဲတဲ့ အတ္တသမာပေမံ နတ္ထိ၊ ကိုယ့်ကိုယ်ထက်ချစ်တာတော့ မရှိဘူးလို့ဆိုကြတာပဲ၊ ဆိုပင်ဆိုငြားသော်လည်း၊ ခုနင်က ဒိဋ္ဌိကမပြုတ် ဒုစရိုက် ဒုရာဇီဝတွေနဲ့ အသက်မွေးနေလို့ရှိရင် ကောသလ မင်းကြီးကဘုရားလျှောက်တဲ့အတိုင်း ကိုယ့်ကိုယ်ကို သနားတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ဘုရားကထောက်ခံ ချက်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ သနားတတ်ပလား (သနားတတ်ပါပြီ ဘုရား) မေတ္တာပို့ရုံကလေးဟာလဲ ကိုယ့်ကိုယ်သနားလို့ ပို့ကြတာပဲ (မှန်ပါ့) မရသေးဘူးတဲ့၊ မေတ္တာက ဒိဋ္ဌိမခွါနိုင်ဘူး (မခွါနိုင်သေးပါ ဘုရား)။
မေတ္တာက သမထကိုး၊ သမထဆိုတာက ဘယ်နည်းနဲ့မှမခွါနိုင်ပါဘူး။ (မှန်ပါ့) ဝိပဿနာကမှ ဒိဋ္ဌိခွါနိုင်တယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မပါပြီ ဘုရား) ဒါဖြင့် ကိုယ့်ကိုယ်ကို သနားလို့ရှိရင် ခင်ဗျားတို့ ဒိဋ္ဌိခွါတာ အရင်လုပ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိမခွါရင် အပါယ်သွားမှာပဲ (မှန်ပါ့) ဒိဋ္ဌိခွါရင် (အပါယ်လွတ်သွားပါတယ်) အပါယ်လွတ်သွားမယ်ဆိုတော့ ကဲ ဒါဖြင့် ဒိဋ္ဌိဘယ်က လာသတုန်း ဟုတ်လား အမှတ်မှားကလာတယ် (မှန်ပါ့) အမှတ်မှား ဘယ်ကလာသတုန်း (နှလုံးသွင်းမှာက လာပါတယ် ဘုရား)။
အတ္တသညာကြောင့် အတ္တဒိဋ္ဌိဖြစ်တယ်
အဲ့ နှလုံးသွင်းမှားကြောင့် အတ္တသညာဆိုတာ အမှတ်မှားလာတယ်နော် (မှန်ပါ့) အတ္တသညာကြောင့် အတ္တဒိဋ္ဌိဖြစ်တယ်၊ အဲ့ဒီ အတ္တဒိဋ္ဌိမဖြုတ်နိုင်သောကြောင့် ဒိဋ္ဌိကနေပြီး ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေကြောင့် အပါယ်ဇာတိဖြစ်ရတယ် ဆိုတော့ အကြောင်းအကျိုး ဆက်မိပလား (ဆက်မိပါပြီ ဘုရား)။
ဒါဖြင့် အရေးကြီးဆုံ ဘာပါလိမ့်မတုန်းလို့ မေးလို့ရှိရင် ခုနင်ကစကားပြန်ဆက်ပါ (မှန်ပါ့ ဘုရား) ကိုယ်ကတော့ ထိုးထွင်းတော့မသိဘူး၊ ကလျာဏမိတ္တ သူတော်ကောင်းနဲ့ပြောတတ်ဆိုတတ် ထိုးထွင်းသိတတ်တဲ့ပုဂ္ဂိုလ်နဲ့ မပေါင်းသ၍ ကာလပတ်လုံးမှာလည်း ခင်ဗျားတို့သည် အတ္တသညာမဖြုတ်နိုင်ဘူး (မှန်ပါ့)အတ္တသညာမဖြုတ်နိုင်လို့ရှိရင်ဖြင့် အတ္တဒိဋ္ဌိလာလိမ့်မယ် (လာမှာပါ ဘုရား) အတ္တဒိဋ္ဌိလာလို့ရှိရင် အတ္တဝါဒုပါဒါန်ဆိုတဲ့ ဥပါဒါန်က လာမှာပဲ (လာမှာပါ ဘုရား)။
အတ္တဝါဒုပါဒါန် လုပ်လို့ရှိရင်ဖြင့်တဲ့ ခုနင်က ဥပါဒါနပစ္စယော ကမ္မကဝေါဆိုတာ ဓမ္မနိယာမပဲ (မှန်ပါ့ ဘုရား)။
ဓမ္မနိယာမဆိုတာ ဒကာ ဒကာမတို့ ခင်ဗျားတို့က ပို့ပါခိုင်းနေရတာမဟုတ်ဘူး၊ သူ့အစဉ်အတိုင်းပို့သွားတာ (မှန်ပါ့) ခင်ဗျားတို့ကကျုပ်ဘယ်ပို့ပေးစမ်းပါလို့ ပြောရတာမဟုတ်ဘူး၊ ဓမ္မကဆောင်သွားတယ်လို့မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ကိုယ့်ကိုယ် သနားရင် ဘာအရင်လုပ်ရမလဲ (ဒိဋ္ဌိအရင်ဖြုတ်ရပါမည် ဘုရား) ဒိဋ္ဌိအရင်ဖြုတ်ရမယ် (မှန်ပါ့)။
ဒိဋ္ဌိအရင်ဖြုတ်မယ်၊ ပဌမသိမှုနဲ့ဖြုတ်ရမယ်၊ နောက်ပွားမှုနဲ့ ဖြုတ်ရမယ်၊ နောက်ပယ်မှုနဲ့ဖြုတ်ရမယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် စာလိုသုံးကြပါစို့ဆိုတော့ ခိုင်လုံးအောင် ပဌမဉာတပရိညာနဲ့ဖြုတ်ရမယ်၊ နောက်တိရဏပရိညာနဲ့ ဖြုတ်ရမယ်၊ နောက် ပဟာနပရိညာနဲ့ ပယ်ရမယ်ဆိုတဲ့ဥစ္စာ ဘုရားကဒီလိုဟောထားတဲ့ဥစ္စာ ဒိဋ္ဌိသံသရာဟာက အပါယ်လေးပါး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိသံသရာဟာက အပါယ်လေးပါး
ဒိဋ္ဌိသံသရာက (အပါယ်လေးပါးပါ ဘုရား) ဒိဋ္ဌိလုပ်ထားတဲ့ သံသရာက အပါယ်လေးပါလို့ပဲမှတ်လိုက်၊ ရှင်းပြီနော်-(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိသံသရာကို ဘယ်သူကစပြီး တည်ဆောက်ပါလိမ့်မတုန်းမေးတော့ နှလုံးသွင်းမှားက တည်ဆောက် တယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဘာဖြစ်သတုန်း (နှလုံးသွင်းမှားက တည်ဆောက်ပါတယ်) နှလုံးသွင်းမှားက တည်ဆောက်တယ်၊ နှလုံးသွင်းတချက်မှားလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အတ္တသညာ လာတော့မယ်-(မှန်ပါ့) အတ္တသညာလာလို့ရှိရင်ဖြင့် အတ္တဒိဋ္ဌိ (လာပါတယ် ဘုရား) အတ္တဒိဋ္ဌိလာရင် အတ္တဝါဒုပါဒါန် (လာပါတယ်) အတ္တဝါဒုပါဒါန်ဆိုရင် ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုပြီး ပဋိစ္စသမုပ္ပါဒ် မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒါကြောင့် ဒီဘဝဒီအသံမျိုး ကြားရတာဟာ ခင်ဗျားတို့ “သဒ္ဓမ္မသဝနံ အတိဒုလ္လဘ” ဪ ဒီလိုဖြုတ်လိုက်လို့ ရှိရင်လည်း ဒီလိုအပါယ်လေးပါး မရောက်ပါလားဆိုတဲ့ဥစ္စာ နောင် ဒီဘုန်းကြီးတို့လိုပုဂ္ဂိုလ်တွေ အင်း နောက်တစ်သက် နှစ်သက်လောက်လဲ သွားလို့ရှိရင် ဒီအသံကိုကြားရမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား)ကြားနိုင်ပါ့မလား (မကြားနိုင်ပါ ဘုရား)။ မကြားနိုင်ဘူးတဲ့၊ အခုတောင်မှ ကွယ်နေသေးတာကိုး (မှန်ပါ့ ဘုရား) ဒီကွက်ကွက်ကလေးမှာ ပေါ်နေတာပဲ (မှန်ပါ့)။
အဲ့ဒီတော့ ခင်ဗျားတို့ မွေးလာမှာပဲ၊ မွေးလာလို့ရှိရင် ကိုယ့်ကိုယ်နဲ့ ငါ့ကိုယ်နဲ့ပဲ သွားနေကြမှာပဲ (မှန်ပါ့ ဘုရား)။
အင်း နေတာလည်းငါပဲ၊ သေတာလည်းငါပဲ၊ ဆင်းရဲတာလည်းငါပဲ၊ ချမ်းသာတာလည်းငါပဲဆိုတော့ ဆင်းရဲတာလည်း ဒုက္ခဝေဒနာ(မှန်ပါ့) ဒုက္ခဝေဒနာလည်း မသိဘူး (မသိပါ ဘုရား) ချမ်းသာတဲ့ သုခဝေဒနာကော (မသိပါ ဘုရား)။
မသိတော့ပါဘူးဆိုတော့ ခုနင်က နှလုံးသွင်းအကုန်မှား (မှန်ပါ့) ကလျာဏမိတ္တက မရတော့ဘူး။ (မှန်ပါ့)။
ကလျာဏမိတ္တမရရင် နှလုံးသွင်းကမှားပြီ
ကလျာဏမိတ္တမရရင် နှလုံးသွင်းကမှားပြီ၊ နှလုံးသွင်းကမှားရင် အတ္တသညာက (လာပါတယ် ဘုရား) အတ္တ သညာလာရင် အတ္တဒိဋ္ဌိက (လာပါတယ်) အတ္တဒိဋ္ဌိလာလိုရှိရင် အတ္တဝါဒုပါဒါန်လာပြီ (မှန်ပါ့) ဥပါဒါန်မလာ သေးဘူးလား (လာပါတယ် ဘုရား)။
ဥပါဒါန ပစ္စယော ကမ္မဘဝေါဆိုတော့ ဘုရားတောင်မတတ်နိုင်ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဒေဝဒတ်ကြီးဟာ သူမြေမျိုတော့မယ်ဆိုတော့ အရိုးတွေရော အသားတွေရော အသွေးတွေရော မြတ်စွာဘုရား အား လှူပါ၏ လှူပါ၏လို့ အော်သေးတယ် (မှန်ပါ့)။
အရိုးတွေ အသွေးတွေ အသားတွေ အကုန်လှူပါ၏ ဘာမှသူ့မှာဖြင့် ကိုယ်ပိုင်မရှိပါဘူး အကုန်လှူပါ၏ဆိုပြီး သကာလလှူသွားငြားသော်လည်း ကံကမြောက်ပြီးသားဖြစ်နေတယ် (မှန်ပါ့ ဘုရား) မတက်နိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကံက ဘယ့်နှယ်ဖြစ်နေသတုန်း (မြောက်ပြီးသားဖြစ်နေပါတယ် ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့မှာလဲ ကံမြောက်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘယ်လိုမှတ်ကြမယ် (နေ့တိုင်း ကံမြောက်နေပါတယ် ဘုရား)။
ကံမြောက်ပေမဲ့ ခင်ဗျားတို့မှာ အချိန်ရှိသေးတယ် (မှန်ပါ့) အချိန်ရှိသေးတယ်၊ ကံတော့မြောက်နေကြတာပဲ၊ နေ့တွင်းကံမြောက်နေကြတာဘဲ (မှန်ပါ့)။
ဒါဘာတုန်းဆို ဒါငါပေါ့ – ဟုတ်လား၊ မင်းကိုယ်မင်း စွဲစွဲလမ်းလမ်းများ ခင်ရဲ့လားလို့မေးရင် အိုကိုယ့်ကိုယ်ကို မခင်ရင် ခွေးလားဗျလို့ မေးမှာပဲ (မှန်ပါ့) တစ်ခါတည်း ဥပါဒါန်ကလည်း မလာဘူးလား (လာပါတယ်)။
အဲ့ဒါကြောင့် ကျုပ်အခုအားကြိုးမာန်တက် လုပ်နေရတာပေါ့ဗျ၊ လူချင်းတူတူ သူချင်းလှလှဖြစ်အောင် ကျွေးဖို့ မွေးဖို့ဆိုတော့ ကာယကံ ဝစီကံတွေ လုပ်ပလား၊ မလုပ်သေးဘူးလား-(လုပ်ပါပြီ) ကဲ ကံက ဘယ့်နှယ်နေသတုန်း (မြောက်ပါပြီ)။
အဲ့ဒီတော့ ဒီကံက မြောက်ငြားသော်လည်းတဲ့ ခင်ဗျားတို့မှာက သယ်ရင်ရပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကံမြောက်ပေမဲ့ လဲတဲ့အချိန်ကလေးနဲ့ သယ်လို့ရှိရင် ရပါတယ် (မှန်ပါ ဘုရား)။
ဆေးမှီသေးတယ်
အဲဒီတော့ ခင်ဗျားတို့က ဘယ်လို မှတ်ရမတုန်း အင်း ဆေးမှီသေးတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဟို အဇာတသတ်တို့ ဒေဝဒတ်တို့က ဆေးမမှီတော့ဘူး (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဆေးမှီသေးတယ် ဆိုသဖြင့် ဪ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ဝမ်းသာတယ်၊ ဆေးမှီတဲ့ ပုဂ္ဂိုလ်ဝမ်းသာတယ် (မှန်ပါ့) ဆေးမမှီတဲ့ ပုဂ္ဂိုလ်ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရှုံးပဟေ့ (မှန်ပါ့) သဘောကျမလား (ကျပါပြီ)။
ခင်ဗျားတို့ ဘယ်ထဲရောက်နေသလဲ (ဆေးမှီတဲ့ ပုဂ္ဂိုလ်ထဲရောက်နေပါတယ် ဘုရား)။
ဒါလည်း ခင်ဗျားတို့ ဆေးမှီတဲ့ထဲ ရောက်တယ်ဆိုပေမဲ့လည်း ခင်ဗျားတို့ကလည်း သောက်ဦးမှ ဖြစ်တာကိုး (မှန်ပါ့)။
မှီသာမှီတယ် ဆေးတော့ မှီပါသေးရဲ့ ကိုယ့်အယူဝါဒက မစွန့်တော့ဘူးဆိုလို့ရှိရင်လည်း မရဘူး (မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဆေးတော့ မှီပါရဲ့ ဆေးသမားနဲ့တွေ့လို၊ ဆေးမသောက်ချင်ဘူး ဆိုလို့ရှိရင်လည်း အသေကစောသွားမှာပဲ (မှန်ပါ့)။
အသေက (စောမှာပါ ဘုရား) ဘာဖြစ်လို့တုန်း မှီလျက်နဲ့ပဲ ကိုယ်က မသောက်ချင်တာနဲ့ အသေစောသွားတော့ ဆေးမမှီလိုက်တဲ့ ပုဂ္ဂိုလ်နဲ့အတူတူ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝိပဿနာ မလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဆေးတော့တွေ့ပါရဲ့ ဆေးမမှီလိုက်တဲ့ အာဠာရ ဥဒကတို့လို အဇာတသတ် ဒေဝဒတ်တို့လို ကိုယ်ကျိုးနည်းရတယ် (မှန်ပါ့ ဘုရား) မနည်းဘူးလား (နည်းပါတယ် ဘုရား)။
အဲ့ဒီတော့ အားလုံး ဒကာ ဒကာမတွေကို ဘုန်းကြီးသတိပေးပါတယ်၊ ဆေမမှီတဲ့ ပုဂ္ဂိုလ်က ဆေးမသောက် ဖြစ်မှာနဲ့ မထူးခြားဘူး (မထူးခြားပါ ဘုရား) ခြားသေးလား (မခြားပါ ဘုရား)။
ဆေးမှီလျက်နဲ့ မသောက်တဲ့ပုဂ္ဂိုလ်နဲ့ ဆေးမမှီလိုက်တဲ့ပုဂ္ဂိုလ်နဲ့ ဘာထူးခြားသတုန်း (မထူးခြားပါ ဘုရား)။
ဆေးမှီလျက်နဲ့ မသောက်တဲ့ပုဂ္ဂိုလ်
ဒါဖြင့် ကိုယ်ဘယ်ထဲ သွင်းကြသတုန်း (ဆေးမှီလျက်နဲ့ မသောက်တဲ့ပုဂ္ဂိုလ်ထဲ သွင်းပါတယ် ဘုရား)။
ဆေးမှီလျက်နဲ့ မသောက်လို့ရှိရင် သွားလိမ့်မယ်နော် (မှန်ပါ့)။
ခုနင်က အာဠာရ ဥဒကတို့လို အဇာတသတ် ဒေဝဒတ်တို့လို ဆေးကိုမမှီလိုက်လို့ သူတို့မှာက ကံကြီးတွေက ထိုက်ပြီးသားဖြစ်နေတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့က အဲ့ဒါလောက်ကြီးတဲ့ ကံက မရှိဘူး (မှန်ပါ့) သို့သော်လည်း အပါယ်တော့ကျနိုင်တယ် (မှန်ပါ့ ကျနိုင်ပါတယ်) ကျပင် ကျငြားသော်လည်း ဖြေဖြုတ်ရတဲ့ ခင်ဗျားတို့ဒိဋ္ဌိ (မှန်ပါ့) သူတို့က ဖြေဖြုတ်မရတဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား) မကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့က ဆေးမှီရင် အသက်ရှည်နိုင်ပါသေးတယ် (မှန်ပါ့ ဘုရား) ဟိုပုဂ္ဂိုလ်တွေကတော့ ဆေးမှီငှားသော်လည်း ရှင်စရာအကြောင်းမရှိဘူး (မရှိပါ ဘုရား)။
ဆေးကို မမှီတော့ဘူး၊ လွန်သွားပြီ (မှန်ပါ့ ဘုရား)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အချိန်ရှိခိုက် လုံ့လစိုက်ဆိုတာသည် ဒီပြင်ဟာကို မဆိုပါဘူး၊ အပါယ်သံသရာကြီးဟာ ကိုယ့်ဝမ်းထဲမှာ တစ်နေ့သော်လည်း ငါ့သား ငါ့မယားစားဖို့၊ အင်း ကံကမြောက်မြောက်သွားတယ် (မှန်ပါ့ ဘုရား)။
အဟုတ်ကို ငါ့သား ငါ့မယားလား၊ ဟုတ်ပါတယ်ဗျ ဆိုတော့ ဒိဋ္ဌုပါဒါန်က မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ့ဒါတွေဖြစ်နေတော့ တစ်နေ့ကံပေါင်းဘယ်လောက်မြောက်သတုန်းဆိုရင် ဘယ့်နှယ်ဖြေမလဲ (မရေမတွက်နိုင် ပါ ဘုရား) မရေမတွက်နိုင်ဘူး ကံတွေက သိပ်များတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိ ဒိဋ္ဌိသညာ-ဒိဋ္ဌိ ဒိဋ္ဌိပါဒါန်၊ သဘောကျပလား (ကျပါပြီ) အကုန်တစ်ခါတည်း ကံက ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ မောင်သစ်ဒီကျအောင်မသွားလား (သွားပါတယ် ဘုရား) ဒါနေ့တိုင်းသွားနေတာပဲ ဦးသံဒိုင်ရ (မှန်ပါ့ ဘုရား)။
အဲ့ဒါ ခင်ဗျားတို့က မသေသေးပါဘူး၊ ပြီးတော့ သက္ကာယဒိဋ္ဌိရှိနေသေးတယ် ခင်ဗျားတို့မှာဟုတ်လား (မှန်ပါ့) သက္ကာယဒိဋ္ဌိပဲ ရှိပြီး သကာလနေသေးတော့ကို ခင်ဗျားတို့က အနာကလေးပေါက်တာကို မကုပဲထားတော့ အနာကြီးဖြစ်မှာပဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
မကုပဲထားရင် အနာကြီးဖြစ်မှာပါ
အနာကလေးပေါက်တာကို (မကုပဲထားရင် အနာကြီးဖြစ်မှာပါ ဘုရား) ကုလိုက်ပြန်တော့ ဒီအနာကလေးဟာ ပျောက်ရမှာပဲ (မှန်ပါ့)။
အဲ့ဒီတော့ ကုတဲ့ဆေးပေးပါဘုရား ဆိုလို့ရှိရင် ခန္ဓာငါးပါးကို နှလုံးသွင်းရှေးဦးစွာ မှန်ရမယ်။ (မှန်ပါ့)။
ဒါရုပ်ပဲ၊ ဒါဝေဒနာပဲ၊ ဒါပဲသညာပဲ၊ ဒါပဲသင်္ခါရပဲ၊ ဒါပဲဝိညာဏ်ပဲဆိုပြီး တစ်ခုစီတစ်ခုစီ ဉာဏ်ထဲမှာ ပေါ်လာတိုင်း၊ ပေါ်လာတိုင်းဟာ ဪ သူပဲသူပဲသူပဲဆိုတဲ့ လက်ညှိုးထိုးနိုင်ရမယ် (မှန်ပါ့ ဘုရား)။
ရုပ်ပေါ်လာရင်ရုပ်ပဲ၊ စားလို့ကောင်းတယ်ဆိုရင် ဝေဒနာပဲ စားလို့မကောင်းဘူးဆိုလည်း ဝေဒနာပဲ၊ ဒုက္ခဒေါမနဿ ဝေဒနာပဲလို့ လက်ညှိုးထိုးနိုင်ပြီး သကာလ နောက်တိရဏပရိညာနဲ့ မင်းဟာဝေဒနာပဲလား၊ အနိစ္စပဲလားဆိုတာ တစ်ခါပြန်မေး (မှန်ပါ့) အနိစ္စလို့ သူကပြောလိမ့်မယ်၊ ကိုယ်ကမပြောနဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဓမ္မကပြောလိမ့်မည် ဓမ္မကပြောတော့ ဉာဏ်ကခေါင်းငြိမ့်လိုက်ပါ (မှန်ပါ့) ဪ သူ ပဌမတော့ ဆရာ သမားဆီကနည်းရလို့ ဝေဒနာတော့ဖြင့်သိပြီ၊ သူကဘယ်သဘောရှိပါလိမ့်မတုန်းဆိုတော့ သူကဖြစ်ပြီး ပျက်ပြပါလိမ့်မယ်၊ မပြပေဘူးလား (ပြပါတယ် ဘုရား)။
ပြတဲ့အခါကျတော့ ဉာဏ်က ဪ ဒါဖြင့် ငါ့ကိုယ်ငါ့ဟာ မဟုတ်ကြေငာ်း သေချာတယ်ကွ၊ မလာပေဘူးလား (လာပါတယ်) အဲ့ဒီလိုပွားပေးပါ၊ သူကဖြစ်ပျက်ပြတိုင်း ပွားပြီးတော့သာလိုက်နေ (မှန်ပါ့) ဉာဏ်မျက်ခြေ မပြတ်စေနဲ့ (မှန်ပါ့)။
ဉာဏ်မျက်ခြေ မပြတ်စေနဲ့
အဲ့ ဉာဏ်မျက်ခြေ မပြတ်စေနဲ့ဆိုရင် ဉာဏ်ကမျက်ခြေမပြတ်လေလေ ဉာဏ်ရင့်လေလေပဲ (မှန်ပါ ဘုရား)။ သူလုပ်နေကတည်းက ဘယ်လိုဖြစ်သွားသတုန်းဆိုတော့ ဉာဏ်မျက်ခြေမပြတ်အောင် ကြည့်နေတော့ ဒီဒိဋ္ဌိဟာ ဉာဏ်ကဖြစ်ပျက် မြင်လိုက်၊ ဖြစ်ပျက်ကပြောလို့ ဉာဏ်ကကြည့်လိုက်၊ ကြည့်လိုက်တဲ့အခါကျတော့ ဒိဋ္ဌိဟာဘယ့်နှယ် ဖြစ်သွားသတုန်းဆိုလိုရှိရင် ဒကာ ဒကာမတွေအခု ၃-နံပါတ်၊ ၄-နံပါတ်၊ နံပါတ်၁-ဆိုတဲ့ သုညဆိုတဲ့ ကော်ပတ်တွေမရှိဘူလား (ရှိပါတယ် ဘုရား) အဲ့ဒါနဲ့ စားနေတာနဲ့ အတူတူပဲ (မှန်ပါ့)။
ဒုတ်ကလေးတစ်ခုလို ဒီလိုစားစားစားစားနေတော့ ပဌမရှုတော့ဖြင့် အင်း ခပ်ကြမ်းကြမ်းနဲ့စားတယ် (မှန်ပါ့) နောက်ရှုကျတော့ အလတ်စားနံပါတ်လောက်နဲ့ စားကြည့်တယ် (မှန်ပါ့) နောက်ရှုလို့ တော်တော်ခရီးပေါက်မယ်ဆိုရင် အနုစားနဲ့၊ နောက်ကျတော့ သုညနံပါတ်တွေနဲ့ စားလိုက်မယ်ဆိုလို့ရှိရင် သူပြောင်းသွားတယ် (ပြောင်သွားမှာပါ ဘုရား)။
အဲ့ဒီတော့ ဝိပဿနာရှုတာ ဒီကော်ပတ်စားသလိုပဲ (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ကော်ပတ်စားသလိုပဲ
အဲ့ဒီလိုစားလိုက်လို့ ပြောင်းသွားတဲ့အခါကျတော့မှ နောက်ဆုံးပိတ်တစ်ခါတည်း ပြောင်အောင် တိုက်နိုင် တာကတော့မဂ်ပဲ (မှန်ပါ့ ဘုရား) ခုနင်က ၃-၂နံပါတ် ၁-ကျအောင် ပဌမအကြမ်းကြီးကနေပြီး သုညမရောက်ခင်ဟာ ဝိပဿနာချည့်မှတ် (မှန်ပါ့ ဘုရား)။
သုညမရောက်ခင် စားနေတာဟာ (ဝိပဿနာပါ ဘုရား) အဲ့-ဒိဋ္ဌိအတုံးကြီးကို စားနေသော (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ကျတော့ သုညနံပါတ်နဲ့တိုက်လိုက်တဲ့အခါကျတော့ ကိုယ်လိုချင်တဲ့ဆီ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ထို့အတူပဲ အဲ့ဒီအချိန်ကျလို့ရှိရင်ဖြစ်တဲ့ ဒိဋ္ဌိလည်းဝမ်းထဲကပိတ်ပါရောက် ဖျတ်ဆိုတစ်ခါထဲ မဂ်ပေါ်တာပဲ (မှန်ပါ့)။
မဂ်ပေါ်လာတော့ ခန္ဓာလဲပျောက်သွားတယ်
မဂ်ပေါ်လာတော့ ခန္ဓာလဲပျောက်သွားတယ်၊ ဒိဋ္ဌိဘယ်သွားသေးသတုန်း (သေသွားပါတယ် ဘုရား)။
ခန္ဓာပျောက်ပေါ့ (မှန်ပါ့)ဒိဋ္ဌိ ဘယ်နေရာသွားနေသတုန်း (သေပါတယ် ဘုရား)။ ဒါကြောင့် မင်းတို့အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် ခန္ဓာပျောက်ကဲ့လားဟေ့၊ ဒိဋ္ဌိဟာမရှိဘူလားလို့ မေးလိုက်တာ (မှန်ပါ့) ဒိဋ္ဌိကိန်းစရာရှိသေးလို့ရှိရင် မဟုတ်သေးဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒိဋ္ဌိက ခန္ဓာကြောင့်ဖြစ်တယ်ဆိုထားတာကိုး (မှန်ပါ့) ခန္ဓာထဲဝင်နေတယ် သူက (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့်-ခင်ဗျားတို့သည် ဒီအတိုင်းရှေးဦးစွာ ယောနိသောမနသိကာရနဲ့ ခန္ဓာငါးပါးကို တစ်ပါးပါးပေါ်အောင် ကြည့်ကြည့်ပြီးသကာလ ကော်ပတ်စားသလို ဝိပဿနာနဲ့ စားပေးပြီးတော့မှ မဂ်နဲ့ အချောသတ်လိုက်လို့ရှိရင် လိုရင်းပြီးတယ်၊ အပါယ်သံသရာ အကုန်ပြုတ်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ-ဒီတွင်တော်ပါဦး။
သာဓု သာဓု သာဓု။