နိစ္စသညာကြောင့် ပပဉ္ဇတရားပေါ်လာပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
နိစ္စသညာကြောင့် ပပဉ္ဇတရားပေါ်လာပုံ
ညအလုပ်ပေး တရားတော်
(၁-၁၂-၆၁)
နိစ္စသညာကြောင့် မာနတက်တယ်
နိစ္စသညာကြောင့် မာနတက်တယ်လို့ အောက်မေ့ကြရမယ်နော် ၊ နိစ္စက = မြဲတာ၊ သညာက – မှတ်တာ၊ အဲဒီ မြဲတယ်လို့ ရုပ်နာမ်ဖြစ်စေ ရုပ်နာမ်မှတပါး အိမ်မှာရှိတဲ့ အိမ်ပစ္စည်း၊ တိုက်ပစ္စည်း၊ ကားပစ္စည်း၊ အဲဒီ ရုပ်တွေကို အကြောင်းရင်းခံပြီး သကာလ နာမ်ကို အကြောင်းရင်းခံပြီး သကာလ နိစ္စ ထင်ပြီးတော့ မာနတက်တယ်။
ဒါဖြင့် သညာဝိပ္ပလ္လာသကြောင့် မာနဖြစ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သညာဝိပ္ပလ္လာသကြောင့် (မာန ဖြစ်ရပါတယ် ဘုရား)။
ဘယ်သညာတုန်းလို့ မေးတဲ့အခါကျတော့မှ နိစ္စသညာလို့ မှတ်ပါ (မှန်ပါ့) နိစ္စသညာကြောင့် ဘာတက်လာ သတုန်း (မာနတက်လာပါတယ် ဘုရား)။
ဥပမာ – ကိုယ့်အိမ် ကိုယ့်တိုက်ကလေး ဒီနေရာကို ကိုယ်ရွှေ့လာတယ်ဆိုလို့ရှိရင်ဖြင့် ဟိုက စည်းကလေးချဲ့၊ ဒီက ဝင်းကလေးချဲ့လိုက်၊ ငါ့ ဘာမှတ်လို့တုံး – ဒီနေရာ အမြဲနေမလို့ – ဆိုတော့ မြဲတဲ့သညာကလေးတခု မြဲတဲ့ အမှတ်ကလေးတခု ရှိလိုရှိရင် ဦးသံဒိုင် မာနလာတာဘဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) မြဲတဲ့သညာ ရှိရင် (မာနလာပါတယ် ဘုရား) မာန လာတယ်လို့ မှတ်ပါ။
နိစ္စသညာ ဘယ်က လာသတုံး
ဪ မာန ဘယ်က လာပါလိမ့်မလဲတုံးလို့ အောက်မေ့နေတယ်၊ လက်သည်အရင်း ရှာလိုက်တော့ နိစ္စသညာက လာတာ (မှန်ပါ့ ဘုရား) နိစ္စသညာ ဘယ်က လာသတုံးလို့ အကြောင်းတခါ ပြန်တွေးတော့မှ အယောနိသော မနသိကာရက လာတာ (မှန်ပါ့ ဘုရား)။
ဒီနေ့ အကျိုးအကြောင်းဆက်ပုံ တမျိုးမှတ်ပါ (မှန်ပါ့) မာန ဘယ်က လာသတုန်း (နိစ္စသညာကပါ) နိစ္စသညာက လာတယ်လို့ မှတ်လိုက်စမ်းပါ၊ နိစ္စက=မြဲတာ၊ သညာက = မှတ်တာ၊ ငါ ဒီမှာ အမြဲနေမလို့ဆိုပြီး တိုက်တာ အစရှိသည်တို့မှာလည်း ဝင်းချဲ့ရမလား၊ ခြံချဲ့ရမလား၊ ဒီနားလာပြီး ကြော်ရမလား၊ လှော်ရမလားဆိုပြီးသကာလ ကိုယ့်နေရာ ကလေး ကိုယ်အမြဲမှတ်ပြီးသကာလ ရုပ်ဓမ္မ နာမ်ဓမ္မတွေကို အမြဲမှတ်ပြီး သကာလ နေသောကြောင့် တဲ့ မာန လာတယ်၊ ဘယ့်နှယ်ကြောင့် အမြဲမှတ်မိနေပါလိမ့်မတုံးလို့ မေးတဲ့အခါ နှလုံးသွင်းမှားလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
မာန ဘယ်ကလာ (နိစ္စသညာက လာပါတယ်) နိစ္စသညာက လာတယ် (မှန်ပါ့) နိစ္စသညာ ဘယ်ကလာသတုံး (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။
နှလုံးသွင်းမှား ကြောက်စရာကောင်းတယ်
ဒါဖြင့် နှလုံးသွင်းမှားတစ်ခု ဦးသံဒိုင် သိပ် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) သိပ် ကြောက်စရာကောင်းတယ်ဆိုတာ ယနေ့ည မှတ်ပါ၊ ဒါက ပဏ္ဏာသအဋ္ဌကထာမှာ လာတယ်လို့ မှတ်ထားရမယ် (မှန်ပါ့) ပဏ္ဏာသအဋ္ဌကထာမှာ လာတယ်၊ ဒီသညာ သိပ်ဆိုးတယ် (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတွေ ကျုပ်က မဟုတ်မခံချင်ဘူး၊ ဒါမာနဘဲ၊ မဟုတ်မခံချင်တာ ဘာဆိုကြမယ် (မာနပါ ဘုရား) မာန ဘယ်က လာသတုန်း (နှလုံးသွင်းမှားက လာပါတယ် ဘုရား) ဟင့်အင် (နိစ္စသညာက လာပါတယ်) နိစ္စသညာက လာတယ်။
နိစ္စသညာက လာတယ်၊ နိစ္စက = မြဲတာ၊ သညာက = မှတ်တာ၊ အဲ့ဒီ နိစ္စသညာဟာ ဘယ်ကလာသတုံးလို့ မေးလို့ရှိရင်ဖြင့် (နှလုံးသွင်းမှားက လာပါတယ် ဘုရား) နှလုံးသွင်းမှားက လာတယ် (မှန်ပါ့)။
ဒါဖြင့် နှလုံးသွင်းမှားသည် အကြောင်းအကျိုးဆက်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် မာနကိုဖြစ်စေတယ်၊ မာနဟာ ဘာတရားတုံးလို့ မေးတော့ ပပဉ္စတရား (မှန်ပါ့ ဘုရား)။
မာန ဘာတရားတုန်း (ပပဉ္စတရားပါ) ပပဉ္စတရားဆိုတာ ဟုတ်မှ ဟုတ်ကဲ့လားလို့ မေးတဲ့အခါကျတော့မှ မာနဟာတဲ့ တဏှာထဲကဘဲ၊ ဒိဋ္ဌိဂတဝိပ္ပယုတ် မာနဘဲ၊ “မာနော စတူသုဒိဋ္ဌိဂတဝိပ္ပယုတ္တေသု”လို့ ဆိုသောကြောင့် တဏှာနဲ့ တခါတည်း သဟဇာတဖြစ်တဲ့ သဘောရှိနေတယ်၊ အဲဒါကြောင့် သူ လောဘဘဲ တဲ။
ပပဉ္စတရား
အဲဒီ လောဘက လာတော့ ပပဉ္စ ဟုတ်-မဟုတ် ကြည့်လိုက်တဲ့အခါ မာနတဏှာ၊ မာနတဏှာကြောင့် ကိုယ့်ဟာ ကလေးကိုယ်စွဲလမ်းတယ်၊ စွဲလမ်းနေတဲ့ကာယကံ ဝစီကံနဲ့ဟိုပြော ဒီပြော ကျုပ်ဝင်းချဲ့ရမလား၊ ကျုပ်နေရာလာ လုရမလား၊ ကျုပ်ပြောထားတာ လာဖျက်ရမလား၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ကာယကံ ဝစီကံတွေကော မလာဘူးလား (လာပါတယ် ဘုရား) ကာယကံနဲ့ လက်ညှိုးထိုးကာ ပြောလိုက်၊ ဝစီကံနဲ့ဆောင့်ကြီး အောင့်ကြီး ပြောလိုက်၊ မလာပေဘူးလား (လာပါတယ်)။
အဲဒီ လာတာသည်ကားလို့ဆိုရင် ပပဉ္စဘဲ၊ ချဲ့သလား-မချဲ့ဘူးလားဆိုတော့ ကာယကံ ဝစီကံဆိုတော့ ကမ္မဘဝ ဖြစ်သွားပြီ(မှန်ပါ့)။
ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ ဟိုဘက်သံသရာကြီး ရောက်သွားပြီ (မှန်ပါ့) ဟိုဘက်သံသရာကြီး မရောက်သေးဘူးလား-(ရောက်ပါပြီ)။
ဒါဖြင့် သံသရာ ဘယ်သူချဲ့သတုံးလို့ မေးလို့ရှိရင် မာန(မှန်ပါ့) မာန ဘယ်က လာသတုံး (ပပဉ္စက လာပါတယ်) ဟင့်အင်း နိစ္စသညာက လာတယ် (မှန်ပါ့ နိစ္စသညာက လာပါတယ်)။
မမေ့စေနဲ့၊ မေ့လို့ရှိရင် မရဘူး မင်းတို့ ၊ မာန နိစ္စသညာက လာတယ်ဆိုတာ မှတ်ပါ- (မှန်ပါ့) နိစ္စသညာ ဘယ်ကလာသတုံး (နှလုံးသွင်းမှားက လာပါတယ်) နှလုံးသွင်းမှားကလာတယ် (မှန်ပါ့)။
အမလေး မင်းတို့ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ဟာ ဘယ်တော့မှ မကင်းဘူးဆိုတာကို မှတ်ထားကြပါ (မှန်ပါ့)။
ကဲ့ ဒါဖြင့် နောက်ဘဝ ပဋိသန္ဓေ၊ အပါယ် ပဋိသန္ဓေဖြစ်ဖြစ် ဟုတ်လား ၊ သုဂတိပဋိသန္ဓေဖြစ်ဖြစ် ဘယ်က လာသတုံးလို့ မေးလိုရှင်ရင် မာနက လာတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။
ပပဉ္စတရားဖြစ်တဲ့ မာနက လာတယ် (မှန်ပါ့) သံသရာကြီး ဘယ်သူချဲ့သတုံးဆို မာနကချဲ့တယ်၊ မာနဟာ ဘယ်သူ့ကြောင့် ပေါ်လာသတုံး (နိစ္စသညာကြောင့် ပေါ်လာပါတယ်) နိစ္စသညာကြောင့် လာတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
နိစ္စသညာ ဘယ်က လာသတုံး (နှလုံးသွင်းမှားက လာပါတယ်) နှလုံးသွင်းမှားက လာတယ်တဲ့။
ကဲ့ ဆက်ကြဦးစို့၊ နှလုံးသွင်းမှား ဘယ်က လာပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ မသိမှု အဝိဇ္ဇာက လာတယ် (မှန်ပါ့) ဒီလိုပြန်ဆက်ပါ (မှန်ပါ့ ဘုရား)။
ဒီလို အကျိုးအကြောင်း ဆက်လိုက်တဲ့အခါ ကျတော့မှ ဘယ်ဟာကို ဝိပဿနာဉာဏ်နဲ့ ဖြတ်ရမတုံးဆိုတာ မောင်သစ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
နို့မဟုတ် ဝိပဿနာ ဖြတ်စရာကို မပါပါဘူး (မှန်ပါ့) အခုတော့ ဝိပဿနာဖြတ်စရာတွေ သူအမျိုးမျိုး ပြောတော့မယ် (မှန်ပါ့ ဘုရား)။
ကဲ ပြန်ပြောပါဦး တဲ့ ခင်ဗျားတို့ အခု လူ့ဘဝကြီးရနေကြတယ်၊ သံသရာကျယ်လာခဲ့ကြတယ်၊ ဘယ်ဘဝကလာတယ်လို့တော့ မသိဘူးနော် (မှန်ပါ့)။
ဒီ လူ့ဘဝကြီးသည်ကားလို့ ဆိုရင်ဖြင့် သံသရာကျယ်လာတာဘဲ၊ ဒုက္ခသစ္စာကြီးနဲ့ အခုအတူတူနေရတယ်၊ မနေရဘူးလား (နေရပါတယ် ဘုရား) ဘယ်ကလာသတုံး၊ မာနကလာတယ် (မှန်ပါ့) မာနကြောင့်ဖြစ်တယ် (မှန်ပါ့)။
ကုသိုလ် မာနယင်လဲ သူဖြစ်ရမယ်၊ အကုသိုလ် မာနယင်လဲ (ဖြစ်ရပါမယ်)။
မာနကို အကုသိုလ်နေရာချည်း မယူနဲ့
ကုသိုလ်မာနကျတော့ အို သူတို့ဟာ လှူနိုင်တယ်၊ ငါဘယ့်နှယ်ကြောင့် မလှူနိုင်ဘဲရှိရမတုံးဆိုပြန်တော့လဲ သုဂတိရောက်ချင် ရောက်သွားတာ (မှန်ပါ့) သဘောကျရဲ့လား (မှန်ပါ့) မာနကို အကုသိုလ်နေရာချည်း မယူနဲ့၊ ကုသိုလ်ဘက်ကတက်တဲ့ မာနတွေကလဲ ရှိသေးတယ် (မှန်ပါ့)။
သူက ပဒေသာပင်သီး လှူတယ်၊ ငါက သစ်ပင်ကြီးစိုက်ပြီး ပဒေသာပင် သီးလှူမယ်ဆိုတဲ့ ကုသိုလ်မျိုးကျတော့လဲ ဒုက္ခသစ္စာဘဲလာပြန်တာဘဲ (မှန်ပါ့) ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးမရဘူးလား (ရပါတယ် ဘုရား)။
ကဲ ဆိုကြပါစို့၊ သုဂတိ ခန္ဓာကိုယ်ကြီး (မှန်ပါ့) သုဂတိ ခန္ဓာကိုယ်ကြီး ဘယ်ကလာပါလိမ့်မတုံး တွေးပါ (မာနက လာပါတယ် ဘုရား) မာနဆိုတာ ပပဉ္စ၊ သံသရာချဲ့တဲ့ မာနက လာတယ် (မှန်ပါ့)။
အဲဒီ မာန ဘယ်က လာသတုံး (နိစ္စသညာက လာပါတယ် ဘုရား)။
နိစ္စသညာကလာတယ်၊ မြဲတယ်လို့ မှတ်ထားတဲ့ နေရာက လာတယ်၊ အဲဒါက အတိတ်ဘဝပေါ့နော် (မှန်ပါ့)။
ဒီ နိစ္စသညာသည် ဘယ်ကလာသတုံးလို့ မေးပြန်တော့ (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။
ကဲ နှလုံးသွင်းမှားဘဲ၊ နှလုံးသွင်းက မှားချင်လို့မှားရတာလား သိလို့မှားရတာလား၊ မသိလို့ မှားတာလား (မသိလို့မှားတာပါ ဘုရား)။
မသိလို့ မှားတော့ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာပြန်ရောက်တယ် – (မှန်ပါ့ အဝိဇ္ဇာပြန်ရောက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ) ဪ ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာ မလုပ်လို့ရှိရင်ဖြင့် ခုနင်က ပပဉ္စက လုပ်ထားတဲ့ ဒုက္ခသစ္စာကြီးဟာ ရမှာဘဲ (မှန်ပါ့) မရပေဘူးလား (ရပါတယ် ဘုရား)။
ပပဉ္စ မာနက လုပ်ထားတဲ့ ဒုက္ခသစ္စာကြီး ဘယ့်နှယ်တုံး – (ရပါတယ် ဘုရား)။
ရချင်လို့ ရရတာလားလို့ မေးတဲ့အခါကျတော့ ပပဉ္စ မာနကြောင့် (မှန်ပါ့ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဒီ ပပဉ္စမာနကလဲ အလိုလိုလာတာလား ဆိုတော့ အို နိစ္စသညာ မပယ်နိုင်လို့လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) (နိစ္စသညာကို မပယ်နိုင်လို့ လာပါတယ်)။
နိစ္စသညာကလဲ သူဘယ်က လာပြန်ပါလိမ့် – (နှလုံးသွင်းမှားကလာပါတယ်)။
နှလုံးသွင်းကလဲ မှားချင်လို့ မှားရတာလား
နှလုံးသွင်းကလဲ မှားချင်လို့ မှားရတာလားဆိုတော့ ဆရာကောင်းသမားကောင်း၊ မကိုးကွယ် မဆည်းကပ် တရားမနာ၊ မနာတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဥစ္စာ နှလုံးသွင်းတဲ့ဥစ္စာ မှားနေတဲ့ဥစ္စာသည် မှန်အောင် တည့်ပေးမည့်လူတော့ မရှိတော့ကို မသိမှား မှားနေတယ် – (မှန်ပါ့ ဘုရား)။
မသိတာ ဘယ်သူတုံး – (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာကြောင့် အ ယောနိသော မနသိကာရဖြစ်သည်-(မှန်ပါ့) အယောနိသော မနသိကာရကြောင့် နိစ္စသညာလို့မှတ်-(မှန်ပါ့) သဘောကျပလား-(ကျပါပြီ ဘုရား)။
အဲဒီ အမှတ်မှားလို့ ပပဉ္စမာန ဖြစ်တယ် – (မှန်ပါ့) မာနဖြစ်သောကြောင့် သံသရာထဲမှာ အို-သေကိုကိုယ်ပိုင် ရတယ်-(မှန်ပါ့ ဘုရား) သဘောကျပလား-(ကျပါပြီ) တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒါကို တော်တော် အရေးကြီးလို့ ဒီနေ့ ဒီဥစ္စာအကြောင်းအကျိုး ဒါလောက်ဆက်ပေးတာဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ တသံသရာလုံးဟာ ဒီအတိုင်းလာခဲ့တယ် မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာပစ္စယာ အယောနိသော မနသိကာရ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အဝိဇ္ဇာကြောင့် အယောနိသော မနသိကာရဖြစ်တယ်၊ အယောနိသော မနသိကာရကြောင့် နိစ္စသညာဖြစ်လာတယ်၊နိစ္စသညာဖြစ်လာလို့ မာနဆိုတာပေါ်လာတယ် (မှန်ပါ့) မာနဆိုတာ ပေါ်လာလို့ သံသရာရှည်ရတယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ)။
သံသရာလက်သည်တွေ့ပြီ
ဒါဖြင့် သံသရာလက်သည်တွေ့ပြီ (တွေ့ပါပြီ ဘုရား) နောက်က ဒါကာ ဒါကာမတွေ ဒီအကြောင်းအကျိုး ဆက်တာမျိုးဟာက ရှားတယ်နော် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဒီတရားကို လွယ်လွယ်နားထောင်လို့ မရဘူး သူ့ဟာက (မှန်ပါ့) အကြောင်းအကျိုး မဆက်တတ်လို့ ရှိရင်လဲ သူဖြစ်ချင်လို့ ဖြစ်လာတာလို့ ခင်ဗျားတို့ ယူလိမ့်မယ် (မှန်ပါ့)။
သူဖြစ်ချင်လို့် ဖြစ်လာတာလို့ ယူလို့ရှိရင် အ ဟေတုကဒိဋ္ဌိဘက် သွားပြန်တာဘဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် နေကြထိုင်ကြ သွားကြလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ သီလတွေတော့ လုံကြပါတယ်ထားပါတော့ ဒီနေ့ရှစ်ပါး သီလယူထားတယ်၊ ငါးပါးသီလ ယူထားတယ်၊ ကဲ ရှိပါစေတော့ လုံပါတယ်၊ လုံပင်လုံငြားသော်လဲ အခုပြောခဲ့တဲ့ ပပဉ္စကို သတ်နိုင်ပါ့မလား၊ ဘာမှမသတ်နိုင်ဘူး (မှန်ပါ့ ဘုရား) တခြားစီဘဲ။
ဦးသံဒိုင် သတ်နိုင်ပါမလား (မသတ်နိုင်ပါ ဘုရား) ဘာဆိုင်တာမှတ်လို့ သီလက “ပါဏတိပါတာဝေရမဏိ၊ အဒိန္နာဒါနာဝေရမဏိ ” သူ့ဟာသူ ဝေရမဏိ လုပ်နေတာ၊ သူ့ဟာမလွန်ကျူးရင် သီလလုံနေတာဘဲ (မှန်ပါ့ ဘုရား)။
ဒါက သီလ လုံခြုံပြီးသားပုဂ္ဂိုလ်မှာဖြစ်တဲ့အသွား (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (သီလ လုံခြုံပြီးသား ပုဂ္ဂိုလ်မှာ ဖြစ်တဲ့အသွားပါ ဘုရား)။
ပညာနဲ့မှရမယ်
သီလ လုံခြုံပြီးသားပုဂ္ဂိုလ်မှာဖြစ်တဲ့အသွားဆိုတော့ ဒါကိုတော့ သီလနဲ့မရ၊ သမာဓိနဲ့မရ၊ ပညာနဲ့မှရမယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
သီလနဲ့ လဲ (မရပါ ဘုရား) သမာဓိနဲ့လဲ (မရပါ ဘုရား) မရဘူး၊ သမာဓိက ငါလိုသမာဓိရှိတာ ဖြစ်ကဲ့လားဆိုတာ လာသေးတယ် (မှန်ပါ့ ဘုရား) မရဘူးတဲ့ – သမာဓိလောက်နဲ့ သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် သမထသည် မနိုင်ဘူး၊ မနိုင်ဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ငါလို အဘိဉာဏ်ဝင်စားနိုင်တာမရှိဘူး၊ ငါလိုအဘိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မရှိဘူးဆိုတာ ရှင်အနုရုဒ္ဓါကြီးလိုဖြစ်နေတာ (မှန်ပါ့ ဘုရား)။
ရှင်အနုရုဒ္ဓါကြီး အထက်မဂ် အားထုတ်လို့မရတာ ငါလို အဘိဉာဏ်ကြည့်နိုင်တဲ့ပုဂ္ဂိုလ် ဒီအထဲ ဘုရားတပည့် သားထဲမှာ ဘုရားကလွှဲရင် ငါတစ်ယောက်ရှိတယ်လို့ မာနတက်နေတာနဲ့ မောင်သစ်နှယ် အထက်မဂ် အထက်ဖိုလ် မရဘူး – (မှန်ပါ ဘုရား) မာန ပပဉ္စက ကန့်ကွက်ထားလိုက်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်တုံး လို့ မေးဖို့လိုပါတယ် တဲ့ သမထလောက်နဲ့ အဘိဉာဏ်ဆိုတာက သမထနဲ့မှရတာ (မှန်ပါ့ ဘုရား) အဲဒါကြောင့် သမထက ဒီမာနကို မပယ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း-ခင်ဗျားတို့ ဒီအကျိုးအကြောင်း ဆက်ပုံဟာ အင်မတန် အရေးကြီးတယ် ဆိုတာကို မောင်သစ်တို့၊ ဦးသံဒိုင်တို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
အရင်းဖြတ်လို့ရှိရင် သမ္မာဒိဋ္ဌိ
ဒီဟာ မဆက်တတ်လို့ရှိရင် ဘယ်ကလာတဲ့ အမြစ်မှန်းမသိဘူး၊ ဒီသစ်ပင် အဖျားဖြတ်လို့ရှိရင် အညွှန့်သန်မှာဘဲ (မှန်ပါ့) အရင်းဖြတ်လို့ရှိရင်ဖြင့် နောက်မပေါက်မှာဘဲ (မှန်ပါ့ ဘုရား)။
အဖျားဖြတ်နဲ့ အရင်းဖြတ်ထဲမှာ အဖျားဖြတ်မိလို့ရှိရင် ဒိဋ္ဌိအယူ (မှန်ပါ) အရင်းဖြတ်လို့ရှိရင် သမ္မာဒိဋ္ဌိ (မှန်ပါ့) အဖျားဖြတ်ရင် မိစ္ဆာဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တိတ္ထိတွေကျင့်တာကတော့ ရတဲ့ခန္ဓာကိုယ်ကြီးကို မီးလှုံတယ်၊ ရေချိုးတယ်၊ ကိလေသာ မထအောင်လို့ဆိုတော့ အရင်းဖြတ်လား၊ အဖျားဖြတ်လား (အဖျားဖြတ်ပါ ဘုရား)။
အဖျားဖြတ်နေတဲ့အတွက်တဲ့ အရင်းကို မဖြတ်နိုင်တဲ့အတွက် ခန္ဓာဖြစ်ကြောင်းကို မဖြတ်နိုင်တဲ့အတွက် ခန္ဓာအပေါ်မှာသာ ညှဉ်းဆဲနေတယ်၊ ခန္ဓာဖြစ်ကြောင်း မဖြတ်နိုင်တဲ့အတွက် နောက်ခန္ဓာလာတာဘဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် သမထသည် ဤသာသနာ၌ မဂ်ဖိုလ်ရရေးအတွက် အသုံးမကျဘူးဆိုတာလဲ ပေါ်သွားတယ် (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ အရင်းကျအောင် မရှာတတ်တဲ့ ဆရာသမားနဲ့ တွေ့နေလို့ရှိရင်ဖြင့် ခင်ဗျားတို့လဲ တိတ္ထိဖြတ်-ဖြတ်နေဦးမှာဘဲ (မှန်ပါ့ ဘုရား)။
ကျုပ်တော့ မာနလျှော့ပါပြီဗျာ၊ မာနအကြောင်းတော့ ကောင်းကောင်းသိပြီ၊ ရုံးပြင်ကန္နား အင်မတန် ရောက်ရတယ်၊ ဒါလောက်နဲ့ သူရပ်ထားတယ် (မှန်ပါ့) ဟာ-မာနဘယ်က လာမှန်းမှမသိတော့ ဒီမာနဖြတ်တော့ ဟို နှလုံးသွင်းမှားနဲ့ နိစ္စသညာက ပြုံးတောင်နေဦးမယ် (မှန်ပါ့ ဘုရား)။
နိစ္စသညာကဘယ့်နှယ်တုံး (ပြုံးတောင်နေမှာပါ ဘုရား) ငါ့ဖြတ်ရမှာ သူက အညွန့်ဖြတ်နေတယ်၊ ငါက အရင်းဘဲဆိုတာ သူအသိသားဘဲ (မှန်ပါ့ ဘုရား)။
တခါ နိစ္စသညာကို ဖြတ်မည့်ကြံပြန်လို့ရှိရင် နိစ္စသညာက ဘယ်ကလာတာတုံးဆိုတာ တွေးတော့ကိုဘာတွေ့ ကြသတုံး (နှလုံးသွင်းမှားတွေ့ပါတယ်) နှလုံးသွင်းမှားဆိုတော့ အယောနိသော မနသိကာရက လာတာဘဲနော် (မှန်ပါ့ ဘုရား)။
အမှန်ကို မသိလို့ဖြစ်ရတာ
အဲဒီ့ အယောနိသော မနသိကာရကလဲ ဆရာသမားကိုးကွယ်မှားက လာတာဖြစ်နေတော့ ဆရာသမားမရှာလို့၊ အမှန်ကို မသိလို့ဖြစ်ရတာ (မှန်ပါ့) အမှန်ကိုမသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) သူလက်သည် ဖမ်းတော့ သူ့ကိုသွားမိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါက ပဋိလောမ ပြောင်းပြန်လှည့်ပြီးတော့ ခင်ဗျားတို့ နားလည်မှုမရှိအောင် ပြောတာပါနော် (မှန်ပါ့ ဘုရား) အနုလောမ အစဉ်အတိုင်း ပြောကြဦးစို့ဆိုတော့ အဝိဇ္ဇာကြောင့် နှလုံးသွင်းမှား ဖြစ်တယ် (မှန်ပါ့) နှလုံးသွင်းမှား ဖြစ်လို့ ဘာလာသတုံး (နိစ္စသညာလာပါတယ်) နိစ္စသညာလာတယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အမလေး ဒီနေ့တရားက တော်တော် ခက်တယ် (မှန်ပါ့ ဘုရား) နိစ္စသညာဆိုတဲ့ အမှတ်မှားကြောင့် ဘာလာသတုံး (မာနလာပါတယ်) မာနရှိတာနဲ့ ပဋိသန္ဓေ အို-သေ ဆိုတာလာတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အရင်းကို ဒီနေ့မိပြီ (မိပါပြီ ဘုရား) အရင်းမိတော့ အဝိဇ္ဇာဘဲ ပြန်ဖမ်းလိုက်ရတယ် (အဝိဇ္ဇာ ဖမ်းရပါတယ်) သဘောကျပလား (မှန်ပါ့)။
အဲဒီတော့ကို အဝိဇ္ဇာကြောင့် အယောနိသော မနသိကာရဖြစ်တယ်ဆိုတာ ခင်ဗျားတို့ ပိုင်ပိုင်နိုင်နိုင်သိတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှဒို့သည် သံသရာပါပြတ်မယ်ဆိုတဲ့ စကားဟာ မိသွားတယ် (မိပါတယ် ဘုရား) မမိသေး ဘူးလား (မိပါတယ်)။
အဝိဇ္ဇာက (ဝိဇ္ဇာဖြစ်မှ – သံသရာပြတ်မှာပါ) သံသရာပြတ်မယ်ဆိုတော့ တခါ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြန်သွင်း လိုက် (မှန်ပါ့) သူသာရှိနေလို့ရှိရင် အဝိဇ္ဇာရှိနေယင် အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့ အယောနိသော မနသိကာရဟာ လာရမှာပါ (လာရမှာပါ ဘုရား) မလာပါနဲ့ဆိုလို့ (မရပါ ဘုရား) အယောနိသော မနသိကာရ လာရ တယ် (မှန်ပါ့)။
အဲ့ဒီ အယောနိသော မနသိကာရသာ လာရမယ်ဆိုလို့ရှိရင် သင်္ခါရာပစ္စယာဆိုတဲ့ ဥစ္စာသည် ခင်ဗျားတို့ ခုနင်က နိစ္စသညာဆိုတဲ့ ဥစ္စာမလာပါနဲ့ဆိုလို့ မရတော့ဘူး (မှန်ပါ့)။
သူသာလာလို့ရှိရင်လဲ ခုနကမာနဟာ နိစ္စသညာကြောင့် တက်တာ (မှန်ပါ့) မာနဟာဘာတုံး (နိစ္စသညကြောင့်တက်တာပါ) နိစ္စသညာကြောင့်တက်တယ်။
ဒါဖြင့် မာနလာလိုရှိရင် မာနပဋိစ္စသမုပ္ပါဒ်ဟာ ခင်ဗျားတို့ လွတ်အောင် ပြေးနိုင်ပါမလား (မပြေးနိုင်ပါ ဘုရား) မာနက လောဘကိုး၊ ဒိဋ္ဌိနဲ့ မယှဉ်တဲ့လောဘ၊ အဲ့ဒီ လောဘဆိုတော့ တဏှာ ”တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါ ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ”ဆိုတာကို ဦးသံဒိုင်မလာပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ရုံးတွေမှာ အမှုရှုပ်နေတာ ဘာတွေတုံး
ဒါဖြင့် ရုံးတွေမှာ အမှုရှုပ်နေတာ ဘာတွေတုံးလို့ မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ မာနတွေမှာဘဲ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။
ရုံးတွေအမှုရှုပ်နေတာ (မာနပါ ဘုရား) မာနဘယ်ကလာပါလိမ့်မတုံး (နိစ္စသညာက လာပါတယ်) သေချာပလား (သေချာပါပြီ ဘုရား)။
သေချာပြီတဲ့ ရုံးတွေ အမှုရှုပ်နေတာ သည်ကားလို့ ဆိုရင်ဖြင့် မာနဘဲ၊ အမာ ကျုပ်ကမခံချင်လို့ စွဲလိုက်တာ၊ လာပကောဗျ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် မခံချင်လို့ စွဲလိုက်တာဆိုတော့ မခံချတင်တာက မာန (မှန်ပါ့)အဲ မာနကြောင့် ခုနင်ကပြောခဲ့တဲ့ မာနသည်ကား အလိုလို အကြောင်းမရှိဘဲနဲ့ မောင်သစ် လာပါ့မလား (မလာပါ ဘုရား)။
မလာတော့ သူ့အကြောင်းရှာ၊ ဪ နိစ္စသညာဘဲ၊ ခန္ဓာကိုယ်လဲ နိစ္စသညာမှတ်လိုက်တာဘဲ (မှန်ပါ့) တိုက်တာ အိမ်ရာ ကားတွေကိုလဲ (နိစ္စသညာဘဲမှတ်ပါတယ် ဘုရား)။
နိစ္စသညာ ဒါတွေဟာ ခိုင်တယ်မြဲတယ်၊ ဒါတော့ အလုမခံနိုင်ဘူး၊ ဒါဘဲ အားကိုးနေရတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ နိစ္စသညာ လာလို့ရှိရင်ဖြင့် နှလုံးသွင်းတော့ မှားပြီ (မှန်ပါ့ ဘုရား)မမှားသေးဘူးလား (မှားပါပြီ) အနိစ္စသူမမြင်တော့ဘူး (မမြင်တော့ပါ ဘုရား)။
မမြင်တဲ့အခါ ကျလို့ရှိရင်ဖြင့် သူသည် နှလုံးသွင်း မှားသွားပြီ၊ အယောနိသော မနသိကာရဖြစ်သွားပြီ၊ အယောနိ သောမနသိကာရဖြစ်သွားတာသည်ကားလို့ ဆိုရင် ဒါ နှလုံးမသွင်းကောင်းဘူးလို့ မသိလို့ဖြစ်တာ (မှန်ပါ့ ဘုရား)။
မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား) ရှင်းသွားပါပြီ၊ သဘောပါကြလား (ပါ-ပါပြီ)ကောင်းပြီ ဒါကြောင့် အဋ္ဌကထာဆရာ ရေးလိုက်တယ်- ကွာ တဲ့ ဒီမာနဟာ သိပ်ကြောက်စရာကောင်းပါတယ်တဲ့၊
ခွေးတစ်ကောင် ကျင်ကြီးပုံရတယ်
ခွေးတစ်ကောင် ကျင်ကြီးပုံရတယ်၊ သူက ရှေးဦးစွာစားနှင့်ရတယ် ကျင်ကြီးပုံရလိုက်တယ်။
ကျင်ကြီးပုံဆိုတာ အဖိုးမတန်မှန်းတော့ဖြင့် မောင်သစ်တို့သိကြပါပြီ (မှန်ပါ့) သိတဲ့လူမျက်လုံးနဲ့ကြည့်တော့ ကျင်ကြီးဟာ အဖိုးမတန်ဘူး (မှန်ပါ့) သို့သော် ခွေးမှာတော့ ဒီဥစ္စာ ငါ့အားကိုး အားထားဘဲ ဆိုတာတော့ သူတော့ဖြင့်ရှိမှာဘဲ (မှန်ပါ့ ဘုရား) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
ရှိတယ် မရှိတယ်ကို ဒီ့ပြင်ခွေးအနား ကပ်ခံနိုင်-မခံနိုင် (မခံနိုင်ပါဘူး)။
ဟာ ဒီခွေး ဘာဖြစ်တာပါလိမ့်မတုံးဆိုရင် ဘယ်နှယ်ပြောမလဲ (မာနပါ ဘုရား) မာနဘဲ၊ ဘယ်သူ့အမှီ ပြုပြီး တက်ပါလိမ့် (ကျင်ကြီးပုံအမှီပြုပြီ တက်ပါတယ်) သဘောပါပလား (ပါပါပြီ)။
ကျင်ကြီးပုံ အမှီပြုပြီးတက်လာတယ်ဆိုတော့ ကျင်ကြီးပုံကို သူနိစ္စသညာထားတယ် (မှန်ပါ့)မဟုတ်ဘူးလား (မှန်ပါ့) အင်မတန်ကောင်းတဲ့ကုဋီကြီးတစ်ခု သူရထားတာကိုး၊ သဘောပါပလား (ပါပါတယ်)။
အဲဒီတော့ ဒီကုဋီနားကို ဒီပြင်ခွေးလာလို့ရှိရင် ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား) အင်း မကြိုက်တာ မာနကြောင့်ဘဲ (မှန်ပါ့)။
ဒီမာနဟာ အလိုလိုလာတာ ခွေးဟာ အစားမာန်ထတယ်လို့ ခင်ဗျားတို့ ပြောနေကြတာဘဲ (မှန်ပါ့)အစာမာန် ထတယ်ဆိုတာ စားစရာကြောင့် (မှန်ပါ့) စားစရာကို သူ-အနိစ္စထင်သလား၊ နိစ္စထင်သလား (နိစ္စထင်ပါတယ်) နိစ္စထင်တော့ ဒီကျင်ကြီးပုံကို နိစ္စထင်လိုက်တာဘဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
အဲဒီ နိစ္စကလဲ ဘယ့်နှယ်ကြောင့် ဒီကျင်ကြီးပုံကြီး သူနိစ္စထင်နေပါလိမ့်မတုံးဆိုတော့ ခွေး၏နှလုံးသွင်းမှား ကိုးဗျ (မှန်ပါ့)သဘောကျပလား (ကျပါပြီ)။
ဘယ်သူ၏ နှလုံးသွင်းမှားတုံး (ခွေး၏ နှလုံးသွင်းမှားပါ ဘုရား)။
ခွေးက နှလုံးသွင်းမှားနေပြီ၊ ဒါ အနိဋ္ဌကို ဣဋ္ဌလုပ်ထားပြီ (မှန်ပါ့) အနိဋ္ဌာရုံဆိုတဲ့ မကောင်းတဲ့အာရုံ ဣဋ္ဌဖြစ်သွားပြီ (ဣဋ္ဌာရုံ ဖြစ်သွားပါပြီ) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ကို သူ့မှာ ဝိပ္ပလ္လာသပါပြီ (မှန်ပါ့)နိစ္စသညာ- နိစ္စသညာ ဝိပ္ပလ္လာသ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ)။
နိစ္စသညာ ဝိပ္ပလ္လာသ၊ ပေါ်ပြီနော် (ပေါ်ပါပြီ) နိစ္စသညာ ဝိပ္ပလ္လာသကလဲတဲ့၊ ဘယ့်နှယ်ကြောင့် လာသတုံးလို့ မေးတဲ့အခါကျတော့ ခွေးနှလုံးသွင်းကိုက မှားသွားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခွေးနှလုံးသွင်းက ခွေးဆိုတာကလဲ ဘာမှမသိဘူး ဟေ့၊ ဒီပြန်ဆိုက်ရမယ် (မှန်ပါ့) မသိရှာဘူး၊ မသိရှာ ဘူးဆိုတော့ အဝိဇ္ဇာပြန်ရောက်သွားတယ် (မှန်ပါ့)။
ဒို့ မာနတက်တာလဲ ဒီကျင်ကြီးပုံဘဲ
ဒီမှာလဲ ဒကာ ဒကာမတို့ ဒါ အဋ္ဌကထာ ပြောတဲ့ဥပမာကို ခင်ဗျားတို့ ဪ ဒို့ မာနတက်တာလဲ ဒီကျင်ကြီးပုံဘဲ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ)။
ဒို့မာနတက်တာလဲ (ကျင်ကြီးပုံပါပဲ) သေသေချာချာ စဉ်းစားကြည့်တော့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကလည်း အသုဘခန္ဓာကိုယ်ကြီး (မှန်ပါ့) အသုဘကို သုဘလို့ ထင်တဲ့သုဘလို့ မှတ်နေတဲ့ သညာဝိပ္ပလ္လာသကြောင့် မလာဘူးလား (လာပါတယ်) ဒီခန္ဓာကြီးကို အသက်တရာ ရှည်ရလိမ့်မယ်ထင်တဲ့ နိစ္စသညာကကော (လာပါတယ်) လာတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
အဲဒါကြောင့် ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခွေးတစ်ကောင် ကျင်ကြီးပုံရတာနဲ့ တခြားခွေးတွေ အကပ်မခံတဲ့ သဘောဟာ ဒီသဘောပါဘဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဪ ဒို့ဘာဖြစ်နေပါလိမ့်မတုံးလို့ တွေးလုံးထုတ်စရာ လိုသေးသလား (မလိုပါ ဘုရား) တွေးလုံး ထုတ်စရာ ဘာမှမလိုဘူးဆိုတာ ပေါ်ကြပြီ (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘယ်ဟာဖြတ်လို့ ဘယ်ဟာတောက်မှ ဘယ်လိုခရီးပေါက်မယ်ဆိုတဲ့ အရေးဟာလဲ ဒီမှာပေါ်လာတယ် (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ်)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဒီဥစ္စာကို သီလနဲ့လည်း ခုနင်ကပြောခဲ့တယ်၊ သီလမပျက်ပါဘူး တဲ့၊ မာနတက်လို့ သီလမပျက်ပါဘူး တဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) သူကငါးပါး၊ ငါကရှစ်ပါးတောင် ဆောက်တည်နိုင်သေးတာ ဘာကိစ္စရှိသတုန်း (မှန်ပါ့) သီလဟာပျက်ကိုမပျက်ဘူး (မှန်ပါ့ ဘုရား)။
အင်း သူက ငါးပါးသီလဆောက်တည်နိုင်တယ်၊ ကျုပ်ကရှစ်ပါး၊ ကျုပ်က ဆယ်ပါးတောင်မှ လုပ်နိုင်သေးတာ၊ ဘာကိစ္စရှိရမလဲ (မှန်ပါ့) တက်သာတက်၊ မာနကတော့တက်မှာဘဲ၊ မတက်ပေဘူးလား (တက်ပါတယ်)။
အဲဒီတော့ “မာနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ” ပဋ္ဌာန်း ပါဠိတော်က ၊ မာနကပေမဲ့ကွာ တဲ့၊ ဒါနံ ဒေတိလုပ်သေးတာတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) သီလံ သမာဒိယတိကော (လုပ်ပါတယ်) သီလလဲဆောက်တည်ပါတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီမာနသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ ခင်ဗျားတို့ အထက်သွားတဲ့ မာနလဲရှိတယ်၊ သဘောကျပလား (ကျပါပြီ) အောက်သွားတဲ့ မာနကော (ရှိပါတယ် ဘုရား)။
ရှိတာဘဲတဲ့၊ သို့သော် အထက်အောက်သာ သူသွားတတ်တယ်၊ နိဗ္ဗာန်တော့ မသွားတတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အထက်အောက်တော့ (သွားတတ်ပါတယ် ဘုရား) သုဂတိဒုဂ္ဂတိတော့ သွားတတ်ပါတယ် တဲ့၊ နိဗ္ဗာန်တော့ (မသွားတတ်ပါ ဘုရား)။
နိဗ္ဗာန် ဘယ်သွားတတ်မလဲ-တဲ့၊ ဒကာ ဒကာမတို့ မာနဆိုတာ အနာဂါမ်ကျမှ ပယ်နိုင်တာကိုး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဝိပဿနာဉာဏ်သွင်းတဲ့ အခါကျလို့ရှိရင်ဖြင့် နိစ္စသညာကို ခင်ဗျားတို့က အနိစ္စသညာ ပြန်လုပ်ရမယ် (မှန်ပါ့ ဘုရား)။
နိစ္စသညာကို အနိစ္စသညာ ပြန်လုပ်ရမယ်
နိစ္စသညာကို (အနိစ္စသညာ ပြန်လုပ်ရပါမယ်)။
အနိစ္စသညာ ပြန်လုပ်လိုက်တဲ့အခါကျတော့ နှလုံးသွင်းလဲမှန်ပါတယ် (မှန်ပါ့) အဝိဇ္ဇာလဲချုပ်ပါတယ် (မှန်ပါ)။
နိစ္စသညာကို အနိစ္စသညာလုပ်ပါ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
နိစ္စသညာကို (အနိစ္စသညာလုပ်ရပါမယ်)။
နိစ္စသညာကို အနိစ္စသညာလုပ်ပါမှ ခုနကနှလုံးသွင်းကလဲ မှန်သွားတာဘဲ (မှန်ပါ့) ဪ ဒီဥစ္စာ အနိစ္စဘဲလို့ သိသောကြောင့် အဝိဇ္ဇာကလဲ ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ့)အစက နှစ်ခုပြတ်မသွားဘူးလား (ပြတ်သွားပါတယ်)။
အစက နှစ်ခုပြတ်သွားလို့ရှိရင် ဝိပဿနာဉာဏ်သာ သွင်းလိုက်ပါတဲ့၊ ဒါကာ ဒါကာမတို့ နိစ္စသညာကို အနိစ္စဖြစ်အောင်သာ ခန္ဓာထဲမှာ ဉာဏ်နဲ့သာသွင်းပါ (မှန်ပါ့) ခန္ဓာဉာဏ်သွင်းရင် နှလုံးသွင်းကလဲ ထည့်ပါပြီတဲ့၊ အဝိဇ္ဇာကလဲ ချုပ်ပါတယ် (မှန်ပါ့)။
သူတို့ချုပ်လိုက်လို့ရှိရင် အားလုံး ဒကာ ဒကာမတွေ မာနက အထူးသတ်စရာ လိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ဘူး၊ အနိစ္စဖြစ်ကတည်းက မာနမလာတော့ဘူး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
အနိစ္စဖြစ်ကတည်းက (မာနမလာတော့ပါ ဘုရား) မာနမလာဘူး၊ မာနမလာလို့ရှိရင် ပပဉ္စအလုပ်ကို သူလုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)။
မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်လို့ရှိရင်ဖြင့် မာနနဲ့ပတ်သက်တဲ့ သံသရာဟာဖြင့် ပြတ်သွားပြီ (ပြတ်သွား ပါပြီ)။
ဘယ်လိုမှတ်ကြမယ် (မာနနဲ့ပတ်သက်တဲ့ သံသရာပြတ်ပါတယ်) မာနနဲ့ပတ်သက်တဲ့ သံသရာပြတ်ထွက် သွား ပြီလို့ ခင်ဗျားတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးဟောနေတာ တနေ့သော်လဲ ဝိပဿနာ တနေ့သော်လည်း ဝိပဿနာ၊ ဒီ့ပြင်ဟာကိုမပါဘူး (မှန်ပါ့)။
ဦးသံဒိုင် ပါရဲ့လား (မပါပါ ဘုရား) ဘာဖြစ်လို့မပါပါလိမ့်မတုံးဆိုတော့ကို ပပဉ္စဖြတ်နေတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ပပဉ္စက ဘယ်လောက်ဆိုးသတုံး
ပပဉ္စက ဘယ်လောက်ဆိုးသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)
”သံသာရဒုက္ခံ ပပဉ္စေန္တိ ဝိတ္ထာရေန္တီတိ ပပဉ္စာ”
ယေဓမ္မာ=အကြင်မာနစသောဆိုတဲ့ ပင်ကိုယ်သဘောတို့သည် သံသာရဒုက္ခံ = အို – နာ-သေ ဆိုတဲ့ ခဏခဏ ခန္ဓာကြီးကို၊ ပပဉ္စေန္တိ ဝိတ္ထာရေန္တိ = တအိုပြီး – တအို – တနာပြီး -တနာ-တသေပြီး -တသေ ဖြစ်အောင်ပွားတတ်ကုန်၏ (မှန်ပါ့ ဘုရား) တဘဝတည်း မပြီးဘူးကွ တဲ့ (မှန်ပါ့) တဘဝထဲကို မပြီးနိုင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒါကြောင့် သူ့ကို ပပဉ္စလို့ခေါ်လိုက်ပါတယ် (မှန်ပါ့ ဘုရား) သူ ပပဉ္စဆိုတဲ့ သဘောဟာ တဘဝချဲ့လို့ ရှိရင် ပပဉ္စဆိုတဲ့ ဒီလောက် နာမည်မရပါဘူး (မှန်ပါ့) ဘဝပေါင်းများစွာ အိုဘေး နာဘေးကို ပေးနိုင်လို့သာ ပပဉ္စခေါ်ပါတယ် (မှန်ပါ့)။
အဲဒီတော့ ကျုပ်တော့ ဟန်-ကိုယ့်ဖို့ဘဲ၊ ဒါကြောင့် မာန်ကလေး လုပ်လိုက်ရတယ် (မှန်ပါ့) ဒီဟာ ကျုပ် ရောင်းနိုင်လျက်နဲ့ပေမဲ့ မရောင်းနိုင်ဘူး၊ မာန်ကလေး လုပ်လိုက်ရတယ်။ မပါဘူးလား (ပါ-ပါတယ်)။
ပါတယ်တဲ့ ဒါလောက်တော့ မဖြစ်နိုင်ဘူးဗျာ ဆိုတဲ့ မာန်ကလေး ဟန်ကလေး လုပ်လိုက်တဲ့ ဥစ္စာဟာ ဘာလုပ် တာတုံးမေးလို့ရှိရင် ဘယ်နှယ်ဖြေကြမလဲ ၊ အို ပပဉ္စဖြစ်အောင် ကြိုးစားလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘာ ကြိုးစားလိုက်သလဲ (ပပဉ္စဖြစ်အောင် ကြိုးစားလိုက်တာပါ) ပပဉ္စဖြစ်အောင် ကြိုးစားလိုက်တာ တပည့်တော်သံသရာတိုနေလို့၊ သံသရာထဲ အိုဘေး နာဘေး သေဘေးတွေကို အများကြီးရအောင်လို့ (မှန်ပါ့ ဘုရား) တပည့်တော် လုပ်လိုက်တာ ဒီလို ဖွင့်ပြောရင် မလုပ်ဖြစ်ဘူး (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ)။
ခုတော့ ဒီလိုက မဖွင့်တက်တော့ ဟန်-ကိုယ့်ဖို့၊ ဒါကလေးလောက် သုံးလိုက်တာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဟန့်ကိုယ်ဖို့ဆိုတာ ဟန်ဆိုတာလဲ မာနဟန်ဘဲ (မှန်ပါ့) နော် ဟန်-ကိုယ့်ဖို့ဆိုပြီးသကာလ ခင်ဗျားတို့ လုပ်လိုက်တဲ့ ဥစ္စာကလေးဟာလဲတဲ့ မပြောပလောက်ဘူးလို့ ဦးသံဒိုင်တို့က သွားမယူနဲ့၊ ပြောပလောက် (မှန်ပါ့ – ပြောပလောက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။
မပြောပလောက်ဘူးလို့ ယူလို့ (မဖြစ်ပါ့ ဘုရား) မဖြစ်ဘူးတဲ့၊ ရမှာက တဆယ်ဟုတ်လား ၊ သေမှာက အများကြီး (မှန်ပါ့) ဒီရောက်တာဘဲ။ သဘောကျပလား (ကျပါပြီ)။
အဲဒါ ဈေးသည်တွေဟူသ၍မှာဖြင့် ဒါမပါလဲ မပြီးဘူးလို့ ခင်ဗျားတို့ကလဲ ယူချင် ယူကြမယ် (မှန်ပါ့) ဒါမပါမပြီးတာက အိုခြင်း နာခြင်း သေခြင်းသေးလို့ဆိုတဲ့ အဓိပ္ပါယ်ကတော့ ရှင်းနေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ်)။
ရှင်းတယ်၊ အဲဒီတော့ကို ဒါကြောင့် ဒီမာန ဘယ်ကလာသတုံး – နိစ္စသညာက လာတယ် (မှန်ပါ့) ဒီဟာ အနိစ္စကို ခင်ဗျားတို့ မကြိုးစားတော့ဘူးဆိုလို့ရှိရင် ပပဉ္စပြတ်တဲ့နည်း ဘုန်းကြီးက ပေးကို မပေးနိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒီဝိပဿနာ အလုပ်မှ မလုပ်တော့ဘူးဆိုရင်
ဒီဝိပဿနာ အလုပ်မှ မလုပ်တော့ဘူးဆိုရင်ဖြင့် ပပဉ္စအလုပ်ကို အပါယ်သွားမည့် ပပဉ္စ-သုဂတိသွားမည့် ပပဉ္စ-ဘယ်ပပဉ္စမှ ဦးသံဒိုင် ဘုန်းကြီးတို့ တာဝန်မယူနိုင်ဘူး (မှန်ပါ့ ဘုရား) ယူနိုင်ပါ့မလား (မယူနိုင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အခုလဲ သံသရာထဲမှာ နေကြတယ်နော်-(မှန်ပါ့) အခုလဲ သံသရာထဲ နေကြတာဘဲတဲ့၊ အခုလဲ ခန္ဓာကြီးထမ်းပြီး နေတာ ဒါ သံသရာဘဲ၊ ခန္ဓာ သံသရာကိုး-(မှန်ပါ့)။
အဲဒီ ခန္ဓာသံသရာကြီးဟာ ဪ ဒို့ နောက်ဘဝက ဘာတွေများ လုပ်ခဲ့လို့လဲ၊ ဘယ့်နှယ်ကြောင့် ဒီ ဒုက္ခကြီးနဲ့ လှလှကြီးတွေ တွေ့နေပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ မာနပပဉ္စသတ္တိတဲ့ (မှန်ပါ့ ဘုရား) သုဂတိပို့ တာလဲ မာနဘဲ (မှန်ပါ) ဒုဂ္ဂတိပို့တာလဲ (မာနပါဘဲ)။
မာနဘဲ တဲ့၊ အဲဒီတော့ ဒီ မာနသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန်မှ ကြောက်စရာကောင်းတယ်၊ ဒီ မာန၏ လက်သည် ရှာလို့ရှိရင်ဖြင့် နိစ္စသညာဘဲ တွေ့တယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
မာန၏ လက်သည်ရှာရင် (နိစ္စသညာဘဲ တွေ့ပါတယ်) နိစ္စသညာ၊ ဘာဖြစ်ဖြစ် ခင်ဗျားတို့က ခိုင်တယ်၊ မြဲတယ် မှတ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
အဲဒီ ခိုင်တယ်၊ မြဲတယ်၊ ငွေကလေး တစ်ထောင်ရှိတယ်၊ ဟာ တစ်ထောင်ဖြင့် မပျောက်စေနဲ့ဟေ့၊ ဒါကလေးဟာ အညွှန့်သာတက်ပစေ၊ မဟုတ်ဘူးလား (မှန်ပါ့) မပျောက်စေနဲ့၊ ဒါကလေးတော့ ခိုင်ခိုင်ထား (မှန်ပါ့) အကုန်ထား တာဘဲ၊ မထားဘူးလား (ထားပါတယ်)။
ခင်ဗျားတို့ သင်ထားတာကလဲ တခါတည်း အမေမိဘက သင်ထားတာကလဲ ဟေ မျက်စင်း ပုလင်းထဲက မျက်စင်းတံကလေးနဲ့ ခတ်တာတောင် ကုန်သေးသကွ၊ တို့ပါများ-ယူပါများရင် ကုန်သေးသကွ၊ ခြ-လို တောင်ပို့ဖြစ်အောင် လုပ်ရသကွ၊ ဒါဘဲ သင်ထားတယ်-အမေမိဘက-လေ (မှန်ပါ့)
မျက်စင်းလို မသုံးနဲ့ကွ၊ မဟုတ်ဘူးလား၊ ခြ-လို တောင်ပို့ဖြစ်အောင် လုပ်ကွ၊ ဒါဘဲ လာတာဘဲ (မှန်ပါ့) မလာဘူးလား (လာပါတယ်)။
လာတော့ ဒါ ဘာသင်လွှတ်လိုက်ပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့် မာန၏ အခြေခံ သင်လွှတ်လိုက်တယ် (မှန်ပါ့) ရှိရင် သူများမျက်ခုံးပေါ် စင်္ကြန်လျှောက်နိုင်တယ်ကွ (မှန်ပါ့ ဘုရား) အံမာ သင်ထားလိုက်တာ နည်းတာ မဟုတ်ဘူး (မှန်ပါ့)။
ကြားဘူးကြရဲ့လား (ကြားဘူးပါတယ်) ကြားဘူးတယ်၊ အံမာ အတော် အသင်ကောင်းတာ သူ့ဟာက၊ ရိပ်မိပလား-(ရိပ်မိပါပြီ)။
အဲဒါ ခင်ဗျားတို့ကလဲ အခု နောက်လူတွေကလဲ သူများ မျက်ခုံးပေါ်စင်္ကြန်သွားနိုင်အောင် လုပ်စမ်းပါ၊ မင်း-ကြည့်ရတာ ဖျင်းလိုက်တာ အစရှိသည်နဲ့ သူတတ်တာ သင်လွှတ်လိုက်တော့ ခင်ဗျားတို့ကလဲ ဉာဏ်တုံး-ကံတုံးတွေ ဖြစ်နေတော့ အမေမိဘများက လူကြီးသူမတွေက ဒါဘဲ သင်ထားတာဘဲ၊ အဲဒီတော့ သူတို့လဲ ဒီလိုလုပ်လို့ ဒီလိုဖြစ်လာတာ၊ ဒို့လဲ ဒီလိုလုပ်မှဘဲ-ဆိုတော့ တခါတည်း ဘာတွေ သင်လွှတ်လိုက်ပါလိမ့်မလဲ မေးတော့ ပပဉ္စချည်း သင်လွှတ်လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပပဉ္စချည်း သင်လွှတ်လိုက်တယ်
ဘာတွေ သင်လွှတ်သလဲ (ပပဉ္စတွေ သင်လွှတ်ပါတယ်) ပပဉ္စဆိုတာသည် ဒကာ ဒကာမတို့ အိုဘေး နာဘေး သေဘေးကို ချဲ့တာကို ပပဉ္စခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ပပဉ္စချည်း သင်လွှတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ အမေ-အဖေကလဲ ပပဉ္စဘဲ တတ်တယ်၊ လူကြီးသူမ,တွေကလဲ (ပပဉ္စဘဲ တတ်ပါတယ်) သူက သင်လွှတ်လိုက်တဲ့ လူတွေကလဲ (ပပဉ္စဘဲ တတ်ပါတယ်)။
ပပဉ္စဘဲ တတ်မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ သံသရာထဲမှာ ရှေ့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောတဲ့အတိုင်း ထွက်သွားမည့် လူမတွေ့ပါဘူးကွာ ၊ လည်နေမည့်ပုဂ္ဂိုလ်နဲ့ မြုပ်မည့် မျောမည့်ပုဂ္ဂိုလ်ဘဲ တွေ့ပါတယ်ဆိုတဲ့ဥစ္စာ ရှင်းရောပေါ့ (ရှင်းပါပြီ ဘုရား) မရှင်းကြသေးဘူးလား (ရှင်ပါပြီ)။
အခု ခင်ဗျားတို့ ဒါလောက်သိတာကို အမြတ်ထားနော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ကိုယ့်အသိဉာဏ်နဲ့ ကိုယ့်ရှေ့အစဉ်အဆက်နဲ့သာဆိုလို့ရှိရင်ဖြင့် ဦးသံဒိုင် သွားပြီ (သွားပါပြီ ဘုရား) သေသေချာချာ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
ကဲ ဒါဖြင့် အခု ဝိပဿနာ ဘုန်းကြီးများက ဟောနေတာဟာ မောင်သစ်ကဘဲ ဝေဖန်တာပေါ့ – ပပဉ္စသတ်ပါကလား (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ပပဉ္စသတ်လိုက်တဲ့အခါကျလို့ရှိရင် နိစ္စသညာကို အနိစ္စသညာနဲ့ပြောင်းပေးပါ (မှန်ပါ့) ပြောင်းပေးလိုက်လို့ ရှိရင်ဖြင့် နှလုံးသွင်းဟာလဲ မှန်သွားပြီ၊ မဟုတ်ဘူးလား (မှန်ပါ့) မသိတာလဲ (သိသွားပါပြီ) မသိတာလဲ ပျောက်သွားပြီ (မှန်ပါ့) သိတဲ့ဘက်ရောက်ပြီ၊ မရောက်သေးဘူးလား (ရောက်ပါပြီ)၊
အဲဒီတော့ ခင်ဗျားတို့ ယနေ့ဟောပါတယ်-တဲ့၊ ခင်ဗျားတို့ ဒါနအားကိုးမလား၊ သီလအားကိုးမလား၊ သမထ အားကိုးမလား၊ ဝိပဿနာအားကိုးမလား ဆိုတဲ့ဥစ္စာ ယနေ့ ကွက်ကွက်ကွင်းကွင်းပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘာပေါ်လာသတုံး (ဝိပဿနာအားကိုးရပါမယ် ဘုရား)။
ဒါ မရှိရင်တော့ ခင်ဗျားတို့ ပပဉ္စဘယ်သူမှ သတ်ပေးမည့်သူမရှိဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
ဒါန အားကိုးမလားဆိုတော့လဲ မရသေးဘူး၊ သဘောကျပလား (ကျပါပြီ) သီလအားကိုးမလား (မရသေးပါ ဘုရား) ပပဉ္စက မဖြုံဘူးဗျား (မှန်ပါ့) ဖြုံပါ့မလား(မဖြုံပါ ဘုရား) သမထအားကိုးမလားဆိုတော့လဲ (ပပဉ္စက မဖြုံပါ ဘုရား) ပပဉ္စက မဖြုံသေးပါဘူး၊ ဝိပဿနာကျမှ နောက်ဆုတ်သွားတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ)။
ဝိပဿနာနှလုံးသွင်းပြီးတော့မှ လှူကြတန်းကြ
အဲဒါကြောင့် ခင်ဗျားတို့ ဒါန၊ သီလ၊ သမထကို မလုပ်နဲ့လို့ ဘုန်းကြီးများကလဲ မဟောပါဘူးတဲ့၊ ဒီ ပပဉ္စ ဝိပဿနာလုပ်ပြီးတော့မှ ခင်ဗျားတို့ ဝိပဿနာနှလုံးသွင်းပြီးတော့မှ လှူကြတန်းကြ သီလဆောက်တည်ကြ၊ သမထ တွေလုပ်ကြ၊ လုပ်ချင်လို့ရှိရင်ပေါ့ဗျာ (မှန်ပါ့) ဒီလိုဆိုတော့ အမှန်ဖြစ်သွားတယ် (မှန်ပါ့)သူမပါရင်တော့ဖြင့် (မမှန်ပါဘူး)။
သူမပါလိုရှိရင် ဒါနကလဲ ဒါနမှားဘဲ (မှန်ပါ့) သီလကလဲ (သီလမှားပါဘဲ) သမထကလဲ (သမထမှားပါဘဲ)။
အဲ သူပါရမယ် တဲ့၊ သူ့ကို မူတည်ရမယ် (မှန်ပါ့) သူမူတည်မှ ဟိုဘက် ဝိဝဋ္ဋဆိုတာ သွားဖြစ်တယ်။ (မှန်ပါ့) ဝဋ်ပြတ်သွားပြီ (မှန်ပါ့) သူ့ မူမတည်ရင် ပပဉ္စဖြစ်တယ် (မှန်ပါ့)။
သူ့ကို မူမတည်ရင် (ပပဉ္စဖြစ်ပါတယ်) သူ့ကို မူတည်ရင် (ဝိဝဋ္ဋဖြစ်ပါတယ်) ဝိဝဋ္ဋဖြစ်တယ်၊ ဒါ သေသေ ချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
သူ့ကို မူမတည်ရင် (ဝိဝဋ္ဋဖြစ်ပါတယ်) ဝိဝဋ္ဋဖြစ်တယ် မူမတည်တော့ပါဘူးဆိုလို့ရှိရင် ပပဉ္စ (မှန်ပါ့) ရှင်းပလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ကြောင်က ကြွက်ဖြစ်၊ ကြွက်ကကြောင်ဖြစ်ဆိုတဲ့ ဆုတောင်းတွေဟာ မာနကလာတာတွေ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။ ဟို ဘုရားလက်ထက်က မဖြစ်ဘူးလား၊ တော်တော်ကြာ ကြွက်ဖြစ်လိုက်၊ တော်တော်ကြာ ကြွက်ကလဲ သူ့အစားခံရတော့ ငါကြောင်ဖြစ်ရပါလို၏ ဆိုတော့ ကြောင်နဲ့ ကြွက်နဲ့လှည့်နေတာနဲ့ကိုဘဲ ဆုံးသေးရဲ့လား (မဆုံးပါ ဘုရား) ဒါဘာတွေထင်ကြသတုံး (မာနတွေပါ ဘုရား) ဒါဖြင့် မာနက ပပဉ္စလုပ်လိုက်တာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကြွက် ဘယ်သူ လုပ်သတုံး၊ မာနကလုပ်တာဘဲ (မှန်ပါ့) ကြောင်ဘယ်သူလုပ်သတုံး (မာနက လုပ်တာပါဘဲ ဘုရား)။
ဒါဖြင့် ကြွက်တွေ ကြောင်တွေ တိရစ္ဆာန်ဘုံမှာဖြင့် တိရစ္ဆာန်အမျိုးမျိုး ချဲ့ထွင်တာလဲ ဒီမာနဘဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အဲ့ဒီတိရစ္ဆာန်အမျိုးမျိုး လူအမျိုးမျိုး နတ်တွေတယောက်တယောက် ပြိုင်နေကြတာ အမျိုးမျိုး ဟုတ်လား (မှန်ပါ့) ဒါတွေဟာ ဘယ့်နှယ်ကြောင့် ပြိုင်ရဲ့ဆိုင်ရဲရှိပါလိမ့် မတုံးဆိုတော့ နိစ္စသညာကို ခင်ဗျားတို့ အမြဲဦးစီးထားလို့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာဦးစီးထားသတုံး (နိစ္စသညာ အမြဲ ဦးစီးထားပါတယ် ဘုရား)။
ဒါဖြင့် သံသရာထဲမှာ အနိစ္စသညာကို မလုပ်ဘူးကြလို့ သံသရာထဲမှာ နေကြရတယ်ဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိစ္စသညာနဲ့ဘဲ အချိန်ကုန်လာခဲ့ကြတဲ့အတွက် သံသရာပြင်ဘက် မထွက်ပါဘူး (မှန်ပါ့ ဘုရား)။
နိစ္စသညာကို အလုပ်-လုပ်လာတဲ့အတွက် (သံသရာပြင်ဘက် မထွက်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ လူစိတ်ပေါက်နေသလား တိရစ္ဆာန်စိတ်ပေါက်နေသလား (တိရစ္ဆာန်စိတ် ပေါက်နေ ပါတယ် ဘုရား) ခုနင်ကခွေး ကျင်ကြီးပုံရသလို ဖြစ်နေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
များများပစ္စည်းရှိတဲ့လူက များများကိုလာတာဘဲ(မှန်ပါ့) ဒီတော့ အနိစ္စလား နိစ္စလား လို့ မေးတော့ ပင်ကိုယ်သဘောကတော့ အနိစ္စဘဲ၊ ရုပ်ဓမ္မတွေကိုးဗျ (မှန်ပါ့)။
ရုပ်ဓမ္မတွေဟာ ဘာခေါ်ကြမယ် (အနိစ္စတွေပါ ဘုရား) အဲ့ဒီ အနိစ္စကို သူမာန်တက်လာတာက နိစ္စထင်လို့ (မှန်ပါ့ နိစ္စထင်လို့ပါ) မဟုတ်ဘူးလား (မှန်ပါ့)
ဟို ကျင်ကြီးပုံဟာကော ဒကာ ဒကာမတို့ သူနိစ္စလား အနိစ္စလား (အနိစ္စပါ ဘုရား) သို့သော် ခွေးစိတ်နဲ့ကြည့်လိုက်တဲ့အခါ နိစ္စဖြစ်နေတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ခွေးစိတ်နဲ့ ကြည့်လိုက်တဲ့အခါ (နိစ္စဖြစ်နေပါတယ် ဘုရား) နိစ္စဖြစ်နေတာကို လူစိတ်ပေါက်မယ်ဆိုလိုရှိရင် ဪ မသိရှာဘူး၊ ကျင်ကြီးဆိုတာ မာနတက်စရာမရှိဘူး-မဟုတ်ဘူးလား (မှန်ပါ့)။
ကျင်ကြီးဆိုတာ (မာနတက်စရာ မရှိပါ ဘုရား) ခွေးများတယ်မသိသကိုး (မှန်ပါ့)။
ခွေးများ တယ်မသိသကိုး၊ ခွေးတော့ ခင်ဗျားတို့က တခါတည်းမသိတာ ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း တွက်လို့ရတယ်၊ ကိုယ့်ကျတော့ ရှင်းရှင်းလင်းလင်းကို တွက်လို့မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ခွေးကျတော့ (ရှင်းရှင်းလင်းလင်းတွက်လို့ရပါတယ်)၊ ရှင်းရှင်းလင်းလင်းတွက်လို့ရတယ်၊ ဘာကလာတာ ဘာကလာတာ၊ ဒီကျင်ကြီးပုံကြီးကို သူ့ဟာ သေသေချာချာမှတ်နေလို့၊ တသက်စာ စားလောက်တယ် မှတ်နေလို့၊ ဒါကြောင့် ဒီခွေးဟာ ဒီလောက်ဆိုးနေတာ၊ အံမာ ခွေးကျတော့ ခင်ဗျားတို့က အပြစ်တင် အတော်ရဲတဲ့လူတွေ (မှန်ပါ့) အင်း ကိုယ့်ကိုယ်ကျတော့ (အပြစ်တင်မရဲပါဘူး) လျှော့ဈေးတွက်နေတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ကဲ ဒါဖြင့် ခင်ဗျားတို့ ကယ်မည့်ယူမည့်လူ ဟုတ်လား၊ ကယ်မည့်ယူမည့်တရား၊ မောင်သစ် တို့ ဦးသံဒိုင်တို့က တွက်ပေတော့ နိစ္စသညာကို အနိစ္စသညာ ဟောနိုင်တဲ့ ဆရာနဲ့ မတွေ့သေးသ၍ ဒို့ သံသရာ ပြင်ဘက်တော့ မရောက်ပါဘူး (မှန်ပါ့ဘရား)။
ဘယ့်နှယ်ပြောကြမယ် (နိစ္စသညာကို အနိစ္စသညာဟောနိုင်တဲ့ဆရာနဲ့ မတွေ့သ၍ သံသရာပြင်ဘက် မရောက်နိုင်ဘူး ဘုရား) မရောက်နိုင်ဘူး၊ ပပဉ္စက လာနေမှာဘဲ (မှန်ပါ့)။
နိစ္စသညာသာရှိရင်
နိစ္စသညာသာရှိရင်တော့ (ပပဉ္စကလာနေမှာပါ) ပပဉ္စကလာနေမှာဘဲ ဆိုတာကို ဦးသံဒိုင်ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။
ဒါ ပဏ္ဏာသ အဋ္ဌကထာမှာ ဒီအတိုင်း၊ ဘုရားကလဲ ဒီအတိုင်းဟောတာပါဘဲ (မှန်ပါ့)။
နိစ္စသညံ အဓိဋ္ဌာယ၊
သမ္ပတ္တိံ တဿ ပဿတော။
ဂူထာဒိဝိယ ဂူထသ္မိံ၊
ဟောတိ မာနေနမညနာ။ ။
နိစ္စသညံ = မခိုင်မြဲတာကို ခိုင်မြဲတယ်လို့ မှတ်ထားတဲ့အတွက်၊ ရှင်းပလား (ရှင်းပါပြီ) မခိုင်မြဲတာကို ခိုင်မြဲတယ်လို့၊ အဓိဋ္ဌာယ = သူ့စိတ်ထဲ ဆောက်တည်ထားသောကြောင့် သမ္ပတ္တိံ=ခဏကလေး ပြည့်စုံတာကို (ဝါ) အာဂန္တုကလေးကို၊ ခဏကလေးရယ် (မှန်ပါ့)။
ခင်ဗျားတို့ရှိတဲ့ ပစ္စည်းကလေး၊ ခန္ဓာကလေးရယ် ဘယ်လောက်များ ကြာမယ်ထင်ကြသတုံး (မကြာပါ ဘုရား) ခဏပါဘဲ နုတ်သက်နဲ့တွက်ရင် နှစ်ရက် တမွမ်းတည့်တောင်မရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဂူထာဒိ = မစင်ကို စားတတ်သော ခွေးသတ္တဝါသည်၊ ဂူထသ္မိံမစင်ဘင်ပုပ်၌၊ မညတိဝိယ=အထင်မှောက်မှား သကဲ့သို့၊ ဧဝမေဝ ပမာဆိုမူ ဤအတူသာလျှင်၊ တဿ = ထိုနိစ္စသညာကို၊ ပဿတောရှုသောပုဂ္ဂိုလ်အား၊ နိစ္စသညာယ= နိစ္စသညာကို ဆောက်တည်ခြင်းကြောင့်၊ မာနံ=မာနဆိုတဲ့ ပပဉ္စတရားသည်၊ ဟောတိ=ဖြစ်လာ၏ တဲ့၊ ဒါ နိစ္စသညာက လာတာဘဲ (မှန်ပါ့) ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာလုပ်ကြမယ် ခင်ဗျားတို့ (နိစ္စသညာကို အနိစ္စသညာဖြစ်အောင် ရှုရပါမယ်) ဒါဖြင့် အနိစ္စသညာ လုပ်ပါလို့ဆိုတဲ့ဥစ္စာ ဝိပဿနာမှတပါးလဲ အနိစ္စကိုရှုနိုင်တဲ့ ဉာဏ်မရှိဘူး (မရှိပါ ဘုရား)။
ဝိပဿနာ အားကိုးမှဘဲ ခင်ဗျားတို့ သံသရာပြတ်တော့မယ် ဆိုတဲ့ ဥစ္စာတော့ ဘာမှ လင်းပါးနေစရာ မလိုပါဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် နေရာကျပြီ တဲ့၊ ကျုပ်ကောင်းစားတာကို သူတို့က မကြည့်နိုင်ဘူးဗျ၊ အဲဒါကျုပ်ကမခံချင်ဘူး၊ အံမာ ဒီလိုလာတာ (မှန်ပါ့ ဘုရား)။
ကျုပ်ကောင်းစားတာကို သူတို့အိမ်နီးချင်းတွေက ဘာတုံး (မကြည့်ချင်ပါ ဘုရား) အဲဒါ ကျုပ်က မခံချင်ဘူး ၊ ဒီလိုကော မသုံးကြဘူးလား (သုံးကြပါတယ် ဘုရား)။
အင်း သုခဝေဒနာကို ကျုပ်ကောင်းစားတယ်ဆိုတာ သုခဝေဒနာဘဲ (မှန်ပါ့) သုခဝေဒနာကို ကျုပ် ကောင်းစားတာကို သူတို့က မကြည့်နိုင်ဘူး၊ ဒါ့ကြောင့် ကျုပ်က မခံချင်ဘူး-ဆိုတော့ ကျုပ်က မခံချင်တာ အသာထားပါ၊ ကိုယ်ဖောက်ပြန်နေတာ ပြန်မကြည့်မိဘူး (မှန်ပါ့ ဘုရား)။
သုခဝေဒနာကို၊ ကျုပ်ကောင်းစားတာ ဆိုတာ သုခဝေဒနာ (မှန်ပါ့) အဲ့ဒီ သုခဝေဒနကို သူကိုယ်တိုင်က အနိစ္စမမြင်လို့ ကျုပ်က မခံချင်ဘူးဆိုတဲ့ မာနဖြစ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျုပ်ကောင်းစားတာကို သူတို့က မနာလိုဘူး၊ မနာလိုတော့ ကျုပ်ကလဲ မခံချင်ဘူးဗျ (မှန်ပါ) ဒါ ကျုပ်က မှားသလား၊ ခင်ဗျားတို့ ပြောပါဦး ၊ အံမာ အရပ်များ တိုင်ပင်နေလိုက်သေးတယ် (မှန်ပါ့) ကျုပ်က မှားနေတာ အပြီးသတ်တော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက မှားနေတာတုံး (ကျုပ်က မှားနေတာပါ ဘုရား)။
နို့ အရပ်က ဘယ်လိုဆုံးဖြတ်ချက် ချပေးသတုံးဆိုတော့ ဟိုကသိမှမသိဘဲကိုး မသိတော့-ကွာ မင်းက မှန်တာတော့ အသိသားဘဲ၊ မှန်ပေမဲ့ သည်းခံလိုက်၊ ဒါဘဲပြောလိုက်တယ် (မှန်ပါ့) မင်းတို့က မှားနေတာ (မှန်ပါ့ ဘုရား)။
တရားသူကြီးကလဲ သိပ်လွဲတယ်
အပြီးသတ်တော့ ဟို ဆုံးဖြတ်ချက်ချတဲ့ တရားသူကြီးကလဲ သိပ်လွဲတယ်၊ မလွဲဘူးလား (လွဲပါတယ် ဘုရား) ဘာဖြစ်လို့တုံး ဥပဒေနားမလည်တဲ့ မြတ်စွာဘုရားဟောတော်မူတဲ့ ဥပဒေကို နားမလည်တဲ့ပုဂ္ဂိုလ်ကို ခုံတင်လိုက်တာကိုး (မှန်ပါ့ ဘုရား) ခုံတင်လိုက်တော့ မင်းကမှန်ပါတယ် ပြောနေတယ် (မှန်ပါ့) မှန်ပေမဲ့ သည်းခံလိုက်ပါဆိုတော့ မှန်မှမမှန်ဘဲ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ စကားတတ်လို့ ပြောတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဒီအတိုင်းဖြစ်နေလို့ ပြောတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဟိုလူပြောတာ ယုံမလားတဲ့ ဘုရားကဟောတာ ယုံမလား (ဘုရားဟောတာ ယုံပါမယ် ဘုရား)။
ကျုပ်က မခံချင်တဲ့ဥစ္စာ ဒါ-ပါဘဲ၊ အို မခံချင်မရှိပါနဲ့ကွာ မင်းကမမှားပါဘူး၊ သူကမှားနေတာ အမာ ဒီလိုများ ဆုံးဖြတ်ချက်ချပေးတယ် (မှန်ပါ့ ဘုရား)။
နောက်ကျတော့ ခင်ဗျားတို့ကလဲ အဲဒီလူကြီးပြောတာကိုဘဲ ယုံနေတယ်၊ အင်း သူတို့က ရှေ့မှီ နောက်မှီ၊ ပဋိကတ်တတ်တွေ၊ ဟာ သွားပြီပေါ့ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
သွားပြီ အပြီးသတ်တော့ သူကစ,ပြီး မှားနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့ ခုံတင်စရာ လူကို အရှားကြီးဗျ (အရှားကြီးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမလေး မနည်းကို ရွာထဲကလူတွေ အကုန်ပြန်ဖျက်ရသေးတယ် (မှန်ပါ့) မဖျက်လို့ရှိရင် မင်းတို့ကလဲ လူကြီးတိုင်ဦးမယ် ပြောချင်ပြောနေမှာ (မှန်ပါ့ ဘုရား) မပြောပေးဘူးလား (ပြောါတယ် ဘုရား)။
တိုင်လိုက်တဲ့ လူကြီးကလဲ မင်းကမှန်ပါတယ် ပြောနေတော့ သူမာနတက်တာက သူ့နိစ္စသညာကြောင့် သူတက်နေတာ (မှန်ပါ့ ဘုရား)။
အဲဒီ့လူကို ဟိုလူကြီးလုပ်တဲ့လူက မှန်ပါတယ်၊ ပြောနေတော့ ဦးသံဒိုင် သွားရောပေါဗျ (သွားပါပြီ ဘုရား) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
ကဲ ရှင်းကြပလား (မှန်ပါ့) အဲဒီတော့ ဒီအတိုင်းမှတ်ကြပါတဲ့၊ ကိုယ့်သန္တာမှာ ဘယ်သူပြောလို့ မခံချင် ရင် ဘယ်သူက မျက်စောင်းထိုးလို့ မခံချင်ရင်နေ၊ ဘယ်သူက ကိုယ့်ရှေ့ကျမှ ကိုယ့်အိမ်နားကျမှ ဖိနပ်ဆောင့်နင်းသွားလို့ မခံချင်ရင်ရှိ ဘယ်ကလာတာတုံး-သူကဆိုးတာလား ဆိုလိုရှိရင်ဖြင့် ကိုယ့်နိစ္စသညာက လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘယ်လိုမှတ်ကြတယ်၊ (ကိုယ့် နစ္စသညာကလာတာပါ)နိစ္စသညာ ဘယ်ကလာသတုံး မေးပြန်တော့ (နှလုံးသွင်းမှားက လာပါတယ်) နှလုံးသွင်းက ဘယ့်နှယ်ကြောင့်မှားရတာတုံး (မသိလို့ပါ ဘုရား)။
အဝိဇ္ဇာရယ် အယောနိသောမနသိကာရရယ် အုပ်ချုပ်နေတော့
မသိလို့မှားတော့ သူ့မှာ အဝိဇ္ဇာရယ် အယောနိသောမနသိကာရရယ် အုပ်ချုပ်နေတော့ နိစ္စသညာက ပေါ်လာ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အနိစ္စကို ခင်ဗျားတို့ သေသေချာချာ နှလုံးသွင်းနိုင်လိုရှိရင် နှလုံးသွင်းကမှန်သွားမှာဘဲ၊ အဝိဇ္ဇာကလဲ ချုပ်မှာဘဲ ပပဉ္စကလဲသေမှာဘဲ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝိပဿနာ အဖိုးတန်အောင် ပြောလို့ တန်တာလား၊ ဖြစ်စဉ်အကိုက်ဘဲလားဆိုတာ အကဲခတ်ကြည့် (ဖြစ်စဉ်အကိုက်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာလွတ်လို့ဖြင့် ခင်ဗျားတို့ သံသရာမှ ထွက်ရာလမ်းကို မဟောနိုင်တော့ဘူး (မှန်ပါ့) ဟောနိုင်စရာအကြောင်းရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတု့ိခန္ဓာဉာဏ်စိုက်မှဘဲရမယ် (မှန်ပါ့ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘာလုပ်ကြမယ် (ခန္ဓာဉာဏ်စိုက်မှ ရမှာပါ ဘုရား)။
ခန္ဓာဉာဏ်စိုက်တဲ့ အခါကျတော့ ခန္ဓာကကျုပ်ဟာ ဧည့်သည်ပါ အာဂန္တုပါဆိုပြီး ဝေဒနာကလေးတွေ ကလဲဖြစ်ပြီး ပျောက်သွားတယ်၊ စိတ်ကလေးတွေကလဲ (ဖြစ်ပြီး ပျောက်သွားပါတယ်)။
အင်း သူတို့က ဘယ်လိုပြောသလဲ ကျုပ်တို့ ဧည့်သည်ပါချည့် ပြောတယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲ့ဒီဧည့်သည်ကို ခင်ဗျားတို့က အိမ်သည် လုပ်ပစ်လိုက်လို့ ခက်နေတာ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ) ဧည့်သည်ကို (အိမ်သည်လုပ်ပစ်လိုက်ပါတယ် ဘုရား)။
ဧည့်သည်ကိုအိမ်သည်လုပ်နေ
ဪ ခင်ဗျားတို့ကလဲ ဧည့်သည်ကိုအိမ်သည်လုပ်၊ ခက်လိုက်တဲ့ဖြစ်ခြင်းကလဲ ပြောစရာတွေကလဲ သိပ်များ ပါလား (မှန်ပါ့) အလွဲတွေကများနေတော့ ပေးစရာကို မရှိဘူး (မှန်ပါ့) ပေးစရာမရှိဘူး ပြင်စရာနဲ့ ဆင်စရာ ချည့်ဘဲ ဖြစ်နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ခန္ဓာကိုယ်က ဧည့်သည်လား၊ အိမ်သည်လား (ဧည့်သည်ပါ ဘုရား) ခန္ဓာကကြည့်-ဝေဒနက္ခန္ဓာလေ (မှန်ပါ့) သုခပေါ်ပြီးလဲ ပျောက်သွားတာဘဲ (ပျောက်သွားပါတယ် ဘုရား)။ ဒုက္ခပေါ်ပြီး (ပျောက်သွားပါတယ် ဘုရား) ဥပေက္ခာပေါ်ပြီး (ပျောက်သွားပါတယ် ဘုရား)။
ပျောက်တာဘဲ၊ ဒါဖြင့် သူက ဘယ်လိုပြောနေတာတုံး၊ ကျုပ်ဧည့်သည်လို့ ပြောသလား အိမ်သည်လို့ ပြောသလား (ဧည်သည်လို့ပြောပါတယ်) ခင်ဗျားတို့က ဘယ်နှယ် ထင်နေသတုံး (အိမ်သည် ထင်နေပါ တယ် ဘုရား)။
အိမ်သည် ထင်နေတော့ ကျုပ်အသက်အများကြီးနေရဦးမှာဗျ (မှန်ပါ့) သေကိုမသေဘူးသူက (မှန်ပါ့) သေတာမှမမြင်ဘဲကိုး (မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ကျုပ်က အများကြီး နေရဦးမှာ၊ နက်ဖြန်သေမှာဖြင့် စွန့်ခဲတယ်ကျုပ်က (မှန်ပါ့)။
အံမာ လာသေးတယ်၊ နက်ဖြန်သေမှာဖြင့် ကျုပ်ဘာမှ ဒီဟာတွေကို ပြောဆိုနေမှာမဟုတ်ဘူး၊ အခုတော့ ကိုယ့်လဲ အညွန့်ကလေးတွေနဲ့ဆိုတော့ ရှေ့တက်ဦးမှာဆိုတော့ မသေကိုမသေဘူး၊ အညွန့်တောင်ပေါက်ဦးမှာ သူ့ဟာက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာဖြစ်မှာတုန်း (အညွန့်တောင် ပေါက်ဦးမှာပါ ဘုရား) ကိုယ့်အညွန့်မပေါက်လိုရှိရင်လဲ ကျုပ်မှာ သားညွန့် သမီးညွန့်နဲ့လာဦးမှာဘဲ (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဪ လောကကြီးထဲမှာ ဒီတရားနဲ့ ဦးသံဒိုင်သွားပြီပေါ့ ဟင် (သွားပါပြီ)။
လောကကြီး အထင်အမြင်နဲ့တော့ အခု သေသေချာချာပင်ရင်းကိုလိုက်ပြီး ဓမ္မအစစ်ကို လျှောက်ပြီးပင်ရင်း ရှာဟောလိုက်တဲ့အခါကျတော့ကို အလွဲချည်းဘဲ လုပ်ထားတယ် (မှန်ပါ့) ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)။
အလွဲချည်း လုပ်နေ
ဘာတွေ လုပ်နေသတုံး (အလွဲချည်း လုပ်နေပါတယ် ဘုရား)။
အလွဲ ဘယ်က စလွဲတာတုံး ဆိုလို့ရှိရင်ဖြင့် သညာကစလွဲပါတယ် (မှန်ပါ့) နိစ္စသညာက စလွဲပါတယ်၊ နိစ္စသညာလာလို့ရှိရင်ဖြင့် နိစ္စစိတ်က လာတော့မှာဘဲ (မှန်ပါ့ ဘုရား) ဒါဆက်ပြီး နားထောင်ပါ။
နိစ္စသညာလာရင် (နိစ္စစိတ်ကလဲ လာမှာပါ ဘုရား) နိစ္စစိတ်က လာလို့ရှိရင်လဲ နိစ္စဒိဋ္ဌိက လာတော့မှာဘဲ (မှန်ပါ့) သွားပြီပေါ့ဗျ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
နိစ္စသညာလာဟင် (နိစ္စစိတ် လာမှာပါ) နိစ္စစိတ္တလာရင် (နိစ္စဒိဋ္ဌိလာမှာပါ ဘုရား)။
နိစ္စဒိဋ္ဌိ လာတော့မယ်ဆိုတော့ ဪ ဒါဖြင့် ဒို့မှာဖြင့် တလုံးမှလဲ အခုပြောတဲ့အထဲက ဒို့လွှတ်တာမပါဘူး (မှန်ပါ့) ဒို့မှာ နိစ္စသညာကလဲရှိတယ်၊ နိစ္စသညာရှိတော့ကို နိစ္စစိတ္တကလဲ (ရှိပါတယ် ဘုရား)။
နိစ္စဆိုတာ ခိုင်မြဲတာ၊ စိတ္တက အသိ-နော် (မှန်ပါ့) နိစ္စဆိုတာ ခိုင်မြဲတာ၊ ဒိဋ္ဌိက – အယူ၊ ခိုင်မြဲတယ်လို့ ယူထားပြန်ပြီ (မှန်ပါ့ ဘုရား) မယူဘူးလား (ယူပါတယ် ဘုရား)။
ဒါဖြင့် တချက်မှားလို့ရှိရင်ဖြင့် နောက်ကအမှားနှစ်ခုလိုက်မှာဘဲ (မှန်ပါ့ ဘုရား) မလိုက်ပေ ဘူးလား (လိုက်ပါတယ် ဘုရား)။
ကိုင် ဒါဖြင့် ဒီနေ့တရားမှာ အရင်ထုတ်တဲ့တရားဆိုတာကော သဘောပါပလား (ပါပါပြီ ဘုရား)။
ဪ သူကလာတာ – သူကလာတာ၊ နိစ္စသညာကို ဒို့ အနိစ္စသညာဖြစ်အောင် ဟောနိုင်တဲ့ဆရာနဲ့ တွေ့မှ တွေ့ပြန်လို့ရှိရင်လဲ ကိုယ့်သန္တာန်မှာ အနိစ္စသညာ တကယ်ရှိတာကို ဉာဏ်နဲ့တွေ့ဖို့။
ဒီနှစ်ခုပိုင်လို့ရှိရင်
ဟောနိုင်တဲ့ဆရာနဲ့တွေ့မှု ၁-နံပါတ် အရေးကြီးတယ် (မှန်ပါ့ ဘုရား) ၂-နံပါတ် ကိုယ့်ဉာဏ်နဲ့ တွေ့မှုက (အရေးကြီးပါတယ် ဘုရား) အရေးကြီးတယ်၊ ဒီနှစ်ခုပိုင်လို့ရှိရင် ခင်ဗျားတို့ သေချာပါပြီ (မှန်ပါ့) သေသေချာချာ သံသရာမှထွက်ပါတယ် (မှန်ပါ့ ဘုရား)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သံသရာမှ ထွက်ချင်လို့ရှိရင်ဖြင့် နိစ္စသညာကို အနိစ္စသညာဖြစ်အောင် ဟောပေးနိုင်တဲ့ဆရာနဲ့ တွေ့ဖို့ ၁-နံပါတ် အရေးကြီးတယ် (မှန်ပါ့ ဘုရား) ၂-နံပါတ်က ကိုယ်တိုင်အနိစ္စသညာနဲ့ ကိုယ့်ဉာဏ်နဲ့ တွေ့ဖို့အရေးကြီး ပါတယ်) အရေးကြီးတယ်။
ဒီနှစ်ခု မပိုင်သေးသ၍ ဘာဆုတောင်းနေနေ ဘာလုပ်နေနေ ထွက်ရပ်လမ်း မပါသေး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ထွက်ရပ်လမ်း (မပါသေးပါ ဘုရား) မပါသေးဘူးဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့တရားမှဖြင့် တဲ့ အခြေခံတွေ့ပါပြီ (တွေ့ပါပြီ ဘုရား) ဘာတွေ့သတုံး (အနိစ္စသညာ တွေ့ပါတယ်) အခြေခံဆိုတာ ဘာပါလိမ့် (အနိစ္စသညာပါ ဘုရား)။
နိစ္စသညာကို အနိစ္စသညာ မဖြစ်သ၍ကာလပတ်လုံး ခုနင်ကအမှတ်မှားနဲ့ အသိမှားနဲ့ အယူမှားလိုက် မှာဘဲ (မှန်ပါ့ ဘုရား) မလိုက်ပေဘူးလား လိုက်မလား (လိုက်မှာပါ ဘုရား)။
ဒါဖြင့် သာမည အရေးကြီးသလား အလွန့်အလွန် အရေးကြီးသလားဆိုတာကို ခင်ဗျားတို့ အကဲခတ်တော့ (အလွန့် အလွန် အရေးကြီးပါတယ် ဘုရား)။
ဒါကလေး ခင်ဗျားတို့ ယနေ့ကြားရတဲ့ဥစ္စာ တစ်သံသရာလုံး မကြားရဘူးတဲ့စကား (မှန်ပါ့ ဘုရား)။
အတော်ခဲယဉ်းတယ် (မှန်ပါ့) အကြောင်းအကျိုးဆက်ပြီး သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော့ ကိုယ့်ဖြစ်စဉ်နဲ့ကလဲ နောက်က ဒကာ ဒကာမတွေ တန်းနေတာဘဲ (မှန်ပါ့ ဘုရား) ငြင်းဖို့ကော ပါသေး လား (မပါ-ပါ ဘုရား)။
ဟာ ဒါမဟုတ်ဘူးလို့ နည်းနည်းကလေး ဗဟုသုတရှိတဲ့ပုဂ္ဂိုလ်က ပြောစရာတောင်မှ ဘုရားကလဲ အကွက်မပေးတော့ဘူး (မှန်ပါ့ ဘုရား) ကဲ ဒါဖြင့် နေရာကျကြပလား ကျပါပြီ ဘုရား)။
အနိစ္စဉာဏ်မှာ လမ်းဆုံးတယ်
ဒါဖြင့် တရားမှာ ဘယ်လမ်းဆုံးပါလိမ့်မတုံးဆိုတော့ အနိစ္စဉာဏ်-သွားပြီးလမ်းဆုံးပါလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်မှာလမ်းဆုံးသလဲ (အနိစ္စဉာဏ်မှာ လမ်းဆုံးပါတယ် ဘုရား)။
ဒါဖြင့် ဒီဉာဏ်မရသ၍ကာလပတ်လုံး ခင်ဗျားတို့မှာ သာသနာတွင်း ဖြစ်ငြားသော်လဲ သာသနာပဘဲလို့ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘယ့်နှယ်ကြောင့်တုန်း လို့ ဆိုလို့ရှိရင်ဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိသာရှိတယ်၊ ဗာဟိရ သမ္မာဒိဋ္ဌိသာ ရှိတယ်၊ သာသနိက သမ္မာဒိဋ္ဌိမရှိဘူး (မှန်ပါ့)။
ဗာဟိရ သမ္မာဒိဋ္ဌိဆိုတာက လှူဒါန်းပေးကမ်းပြီးသကာလ နေကြတာ ဪ ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးတယ်လို့ ဒါလောက်ဘဲသိတယ် (မှန်ပါ့) ဗာဟိရသမ္မာဒိဋ္ဌိတဲ့ အဲဒါ သာသနာပသမ္မာဒိဋ္ဌိ ဟုတ်ပလား (မှန်ပါ့)
သာသနိက သမ္မာဒိဋ္ဌိဆိုတာ သာသနာတွင်းမှာရှိတဲ့ သမ္မာဒိဋ္ဌိကတော့ နိစ္စသညာကို အနိစ္စသညာဖြစ်အောင် ရှုနိုင်မှ သာသနာတွင်းသား သမ္မာဒိဋ္ဌိ ဖြစ်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
တော်တော် အရေးကြီးတဲ့ စကားနှစ်လုံးလို့လဲ မှတ်လိုက်စမ်းပါဦး (မှန်ပါ့)။
ဗာဟိရဆိုတာ ပြင်ဘက်၊ သမ္မာဒိဋ္ဌိကတော့ သမ္မာဒိဋ္ဌိ၊ အဲဒါ ကမ္မဿကထာ သမ္မာဒိဋ္ဌိကိုဆိုတယ် (မှန်ပါ့ ဘုရား)။
ဒီလိုလှူရင် ဒီလိုဖြစ်တယ်၊ ဟိုလိုလှူရင် ဟိုလိုဖြစ်တယ်၊ အဲဒါလောက်သိနေတဲ့ ဥစ္စာကတော့ သံသရာ မပြတ်ပါဘူး (မှန်ပါ့) ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။
အဲဒီတော့ကို သေသေချာချာ ဝေဖန်တော့မှ ဪ ဒို့ ဘာသမ္မာဒိဋ္ဌိပါတုံး၊ သာသနာပ သမ္မာဒိဋ္ဌိလား သာသနာတွင်း သမ္မာဒိဋ္ဌိလားဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်တော့ဖြင့် နိစ္စသညာ မဖြတ်နိုင်သ၍ ကာလပတ်လုံးမှာဖြင့် ဒကာ ဒကာမတို့ သာသနာပ သမ္မာဒိဋ္ဌိဘဲ ခင်ဗျားတို့မှာရှိတယ် (မှန်ပါ့ ဘုရား) သာသနာတွင်း သမ္မာဒိဋ္ဌိ (မရှိပါ ဘုရား) မရှိဘူးတဲ့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါ သေးသေးသိမ်သိမ် ပြောနေတဲ့ တရားလို့ ဦးသံဒိုင်တို့ လူစုက သွားမယူနဲ့ဦး (မယူပါ ဘုရား) အင်မတန် အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား) အင်မတန် အရေးကြီးတယ်-တဲ့၊ ဒီဥစ္စာ။
နို့ မဟုတ်လို့ရှိရင် သာသနာတွင်းကို မရောက်ဘဲ ဖြစ်နေတယ်၊ သာသနာတွင်း မရောက်တဲ့အခါ ကျတော့ ကိုတဲ့၊ ဘယ့်နှယ်ဖြစ်သွားမတုံးဆိုတော့ ဘုရားပွင့်တဲ့နယ်ထဲ မဝင်လာဘူး ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘုရားပွင့်တဲ့နယ်ထဲ မဝင်လာဘူးဆိုလို့ရှိရင်ဖြင့် ကျွတ်တမ်းဝေးပါသေးရဲ့လို့ ပြောရုံဘဲရှိမှာဘဲ (မှန်ပါ့) တခြား ဘာပြောစရာရှိသေးသတုံး (မရှိပါ ဘုရား)။
ဝိပဿနာဉာဏ်သွင်းကြစို့
ကိုင်း ဒါဖြင့် နာရီကလဲ နီးလာတော့ အကြောင်းအကျိုးဆက်ပြီး ဝိပဿနာဉာဏ်သွင်းကြစို့ (မှန်ပါ့)။
သံသရာကြီးမှာ အိုဘေး နာဘေး ဘယ်ကလာပါလိမ့်မတုံး (မာနကလာပါတယ်) မာန ပပဉ္စက လာတယ် (မှန်ပါ့)။
ဒီမာနကလည်း ဒကာ ဒကာမတို့ မိုးပေါ်ကြလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား) ဘယ်ကလာတာ တုံး (နိစ္စသညာက လာပါတယ် ဘုရား) ဪ နိစ္စသညာက လာတယ်နော်။
ဒီနစ္စ သညာကလည်း အလိုလိုလာတာလားလို့ မေးပြန်တော့ (မဟုတ်ပါဘုရား နှလုံးသွင်းမှားက လာတာပါ) နှလုံးသွင်းမှားကလာတယ် (မှန်ပါ့)၊ အယောနိသော မနသိကာရက လာတယ်။
ဒီအယောနိသော မနသိကာရ ကလည်းတဲ့၊ သိသောပုဂ္ဂိုလ်မှာ လာသလား ၊ မသိသောပုဂ္ဂိုလ်မှာ လာ သလား ၊ (မသိသော ပုဂ္ဂိုလ်မှာ လာပါတယ် ဘုရား) ဒါဖြင့် အဝိဇ္ဇာဘဲ ပြန်ရောက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အနုလောမပြန်လှည့်၊ အဝိဇ္ဇာရှိလို့ နှလုံးသွင်းမှားတယ် (မှန်ပါ့) နှလုံးသွင်းမှားလို့ နိစ္စသညာ ဖြစ်တယ် (မှန်ပါ့) နိစ္စသညာဖြစ်လို့ မာနလာတယ် (မှန်ပါ့) မာနလာလို့ သံသရာ ရှည်သွားတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် အကြောင်းအကျိုးစပ်တဲ့တရား ဖြစ်နေပြီဆိုတာတော့ မောင်သစ်တို့ ယုံကြည်ပြီး (မှန်ပါ့ ဘုရား) အကြောင်းအကျိုး ဆက်မိကြပလား (ဆက်မိပါပြီ ဘုရား) ကြားဝင်စရာ ရှိသေးသလား (မရှိပါ ဘုရား)။
မရှိတော့ကို-တဲ့၊ ဒီသံသရာကြီးဟာဖြင့် ဒီလိုချည် တပည့်တော်တို့ အလုပ်လက်မဲ့ နေကြတော့မယ် ဆိုလိုရှိရင် ဒီသံသရာဟာ ဖြတ်ပေးမည့်လူလဲမရှိပါဘူး (မရှိပါ ဘုရား)။
အလုပ်လက်မဲ့သာ နေကြတော့မယ်၊ ဝိပဿနာ အလုပ်-မလုပ်တော့ပါဘူးး ဟုတ်လား ၊ တပည့်တော်တို့ ထုံးစံအတိုင်းဘဲ နေပါတော့မယ်ဆိုရင် ဒီသံသရာဘယ်သူမှ ဖြတ်မပေးနိုင်ဘူး (မှန်ပါ့)။
ဖြတ်ပေးနိုင်ဖို့ ဝတ္တရားကော ရှိရဲ့လား (မရှိပါ ဘုရား)။
ဒီအခုပြောခဲ့တဲ့ ငါးချက်ဆက်ပြလိုက်တဲ့အခါကျတော့မှ ဪ သံသရာ ပြတ်ချင်လို့ရှိရင် နိစ္စသညာကို အနိစ္စသညာလုပ်မှ တခါတည်း ဒကာ ဒကာမတို့ ဒီဘက်ကလဲ နှစ်ခုပြတ်တယ်၊ ဒီဘက်ကလဲ နှစ်ခုပြတ်တယ် (မှန်ပါ့) သူ့ အလည်ကနေ ဖြတ်လိုက်တယ် (မှန်ပါ့)။
ဒီဘက်က အယောနိသော မနသိကာရနဲ့ ဘုန်းကြီး လက်ဝဲဘက်က အယောနိသော မနသိကာရနဲ့ အဝိဇ္ဇာ ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် မာနနဲ့ဇာတိဇရာ မရဏချုပ်တယ် (မှန်ပါ့) မချုပ်ဘူး လား (ချုပ်ပါတယ်)။
အဲဒီတော့ ခင်ဗျားတို့ ဒီတလုံးကို ကြိုးစားပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
အနိစ္စသညာကို ကြိုးစားပါ
အနိစ္စသညာကို (ကြိုးစားရပါမယ်) အနိစ္စသညာကို ကြိုးစားပါ (မှန်ပါ့) သဘောကျပလား(ကျပါပြီ)။
ဘာကို ကြိုးစားရမလဲ (အနိစ္စသညာကို ကြိုးစားရပါမယ်)။
အဲ အနိစ္စသညာတလုံးကို မောင်သစ်တို့က ပိုင်ပိုင်နိုင်နိုင်ကျကျနန ကြိုးစားလိုက်လို့ရှိရင် ဒီဘက်က – ဒီဘက်က နှစ်လုံးကလဲ အလိုလိုပြီးတယ် (ပြီးပါတယ် ဘုရား) ဒီဘက်က နှစ်ခုကကော (ပြီးပါတယ် ဘုရား)။
အဲ ဓါးကောင်းကောင်းနဲ့ အလည်ကနေဖြတ်လိုက်တဲ့အခါ ကျတော့ နှစ်ဘက်စလုံး အသုံးချလို့မဖြစ်အောင် ဖြစ်သွားတယ် (မှန်ပါ့)။
ဒီဘက်က အဝိဇ္ဇာနဲ့ အယောနိသောမနသိကာရကလဲ ဝိဇ္ဇာနဲ့ ယောနိသော မနသိကာရဖြစ်တယ် (မှန်ပါ့) ဒီဘက်ကလဲ မာနက ချုပ်သွားပြီ၊ ဟို ခန္ဓာ သံသရာကြီးကလဲ မလာတော့ဘူး (မှန်ပါ့)လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဝိပဿနာသည် သာသနိက သမ္မာဒိဋ္ဌိ တဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဝိပဿနာသည် (သာသနိက သမ္မာဒိဋ္ဌိပါ)။
သာသနိကဆိုတာ သာသနာတွင်း၊ သမ္မာဒိဋ္ဌိတဲ့၊ မင်းတို့ သာသနာပ သမ္မာဒိဋ္ဌိ မဟုတ်ဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘာကို အဓိကထားကြမယ် (ဝိပဿနာကို အဓိကထားကြပါမယ်) ဝိပဿနာ အဓိကထားရမယ် ဆိုတာတော့ ဒကာ ဒကာမတွေပေါ်ပါပြီ (မှန်ပါ့ ဘုရား)။
ဒါ အကြောင်းအကျိုးဆက်ပြီး သေသေချာချာ ဝေဖန်တော့မှ ဦးသံဒိုင် ဒါပေါ်လာတာ (မှန်ပါ့) နို့ မဟုတ်ရင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) မပေါ်ဘူး-တဲ့၊ မပေါ်ဘူး။
ဝိပဿနာ တစ်ခုခုတော့ ကိုင်ကြပေတော့
ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာ တစ်ခုခုတော့ ကိုင်ကြပေတော့ (မှန်ပါ့ ဘုရား) မကိုင်ရင်တော့ဖြင့် (မရပါ ဘုရား)။
မကိုင်ရင်တော့ဖြင့် ခင်ဗျားတို့ အင်း အဝိဇ္ဇာကလဲမချုပ်၊ နှလုံးသွင်းမှားဆိုတာကလဲ (မပျောက်ပါ) ဒီဘက်က မရဏကလဲ မချုပ်၊ ဟိုဘက်က သံသရာကလဲမပြတ် (မှန်ပါ့)ပြတ်နိုင်ပါ့မလား (မပြတ်နိုင်ပါ ဘုရား) ဒါဖြင့် ဘာအရေးကြီးသတုံး (ဝိပဿနာ အရေးကြီးပါတယ်)။
ဝိပဿနာ ဘယ့်နှယ့်ကြောင့် အရေးကြီးပါလိမ့်မတုန်း မေးတော့ သာသနာတွင်းတရားမို့ (မှန်ပါ့ ဘုရား)။
သူက ဘယ်အခါမှ မပေါ်ဘူး၊ ဘုရားသာသနာရှိတုံးဘဲ ပေါ်လိုက်တာဘဲ (မှန်ပါ့) သူမရှိရင် ပျောက် ထွက်သွားတာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ဒီဝိပဿနာဟာ ဘာတုံးလို့ မေးတဲ့အခါကျတော့ သာမညပြောတော့ အဖန်တလဲလဲ ရှုတာ ဝိပဿနာဘဲ၊ ဘာဟုတ်မလဲ သစ္စာသိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့် (သစ္စာသိတာပါ ဘုရား)။
ဖြစ်ပျက်နေတာသည် ဝေဒနာကလေးဟာ ဖြစ်ပျာက်နေတယ် ဟုတ်လား (မှန်ပါ့) ဝေဒနာကလဲ နဂိုက သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စ’လို့ ဆိုသောကြောင့် ဝေဒနာကလဲ ဒုက္ခသစ္စာဘဲ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။
ဝေဒနာကလဲ (ဒုက္ခသစ္စပါတဲ့) ဒုက္ခသစ္စာ (မှန်ပါ့)။
တခါ ဝေဒနာကလေးကလဲ ပျောက်သွားပြန်တော့ ဝိပရိဏာမကို သူပြောလာတယ် (မှန်ပါ့) ဖောက်ပြန်ပါပြီ -တဲ့၊ ကျုပ်ဟာ ပင်ကိုယ်သဘောစွန့်ပါပြီလို့ မပြောဘူးလား (ပြောပါတယ်)။
အဲဒီလို ပြောပြန်တော့လဲ သူ့ လက္ခဏာလဲ ပေါ်မလာဘူးလား (ပေါ်လာပါတယ်) ဒါဖြင့် ဒုက္ခသစ္စာလဲ ဟုတ်တယ် (မှန်ပါ့)။
ကဲ ယနေ့ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။