10902

မာတိကာသို့

ဝိပ္ပလ္လာသ (အရူး) ဆယ့်နှစ်မျိုး

ကျေးဇူးတော်ရှင် တောင်မြို့ မင်္ဂလာတိုက်၊

ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော

ဝိပ္ပလ္လာသ (အရူး) ဆယ့်နှစ်မျိုး

ညအလုပ်ပေး တရားတော်

(၃၀-၁၁-၆၁)

အသေလွတ်ရှာတာ

နေ့လည်က ပြောခဲ့တယ် ဒကာ၊ ဒကာမတွေ မှတ်ဖို့ရာက မမာတဲ့အခါကျလို့ ရှိရင်ဖြင့် ဘယ်ဆရာဝန် ကောင်းသတုံး-ဘယ်ဆေးကောင်းသတုန်း၊ ကုန်ချင်သလောက် ကုန်ပေစေဆိုတာ ဘာရှာတာတဲ့တုန်း (အသေလွတ် ရှာတာပါ ဘုရား) အသေလွတ်ရှာတာ၊ အသေလွတ်ရှာတာနော် (မှန်ပါ့)။

တရားအားထုတ်တာလဲ ဘာတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောမလဲ (အသေလွတ်ရှာတာပါ ဘုရား)။

အသေလွတ် ရှာတာပဲတဲ့၊ ဟိုဟာကတော့ကို ခဏပဲတားလို့ရတယ်၊ ဒီဟာကတော့ အမြဲတမ်းတားလို့ရတယ် ဆိုတော့ ဘယ်ဟာပိုလုပ်သင့်သတုန်း (တရားအားထုတ်တာ ပိုလုပ်သင့်ပါတယ်) တရားအားထုတ်တာပိုလုပ်သင့် တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ့)။

ဪ မမာတဲ့အခါကျလို့ရှိရင် ဒီတောင်က တက်မှတက်ပါ့မလားဆိုပြီးသကာလ အမျိုးမျိုး-အဖုံဖုံ ဆေးကောင်းဝါးကောင်း၊ ဆရာဝန်ကောင်း၊ ဗမာဆရာကောင်းတွေနဲ့ သေရမှာကြောက်လို့ အသေလွတ်ရှာကြတယ်၊ သို့သော် တဲ့၊ ဒီတစ်ခါ မသေရင် နောက်တစ်ခါတော့ သေမှာပါပဲ (မှန်ပါ့) နောက်တစ်ခါတော့ ရုန်းလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

မရဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ငွေကုန်ကျိုးနပ်ပါရဲ့လားဆိုတော့ ကိုယ့်အထင်အမြင်နဲ့ ကိုက်ပါရဲ့လားလို့ မေးကြည့်ရင် ဦးသံဒိုင် ကိုက်ပါရဲ့လား (မကိုက်ပါ ဘုရား)။

ဘာဖြစ်လို့ မကိုက်သတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) လုံးဝမတားနိုင်လို့ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (လုံးဝမတားနိုင်လို့ပါ) လုံးဝ မတားနိုင်တဲ့ စွမ်းရည်သတ္တိကြောင့် ဤကဲ့သို့ အဖြစ် ဆိုး တွေ့ရတယ်။

လုံးဝ တားနိုင်တာကတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်

ဒါဖြင့် လုံးဝ တားနိုင်တဲ့ နေရာမှာ ဒီထက် စိတ်ပြင်းပြရမယ်ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့) လုံးဝ တားနိုင်တာကတော့ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိစ္စသမုပ္ပါဒ်ဖြတ်သောကြောင့် လုံးဝတားနိုင်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ ပဋိစ္စသမုပ္ပါဒ် မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။

ထို့ကဲ့သို့ ဖြတ်သောကြောင့် သူကတော့ဖြင့် ဒကာ ဒကာမတို့ လုံးဝ တားနိုင်တယ်ဆိုတဲ့ဥစ္စာ သေချာတယ် (သေချာပါတယ်)။

အဲဒီတော့ ဟိုဟာကို အားခဲမည့်အတွက် ဒီဟာကို အားခဲလိုက်လို့ရှိရင် အမြတ်ချင်း အများကြီး ကွာတယ် (ကွာပါတယ်) မကွာဘူးလား (ကွာပါတယ် ဘုရား)။

အခုတော့ ဒကာ ဒကာမတွေက တစ်ဘဝ တစ်နပ်စာဆိုတော့ ကုန်ချင်သလောက် ကုန်ပေစေ ဟင် ၊ တစ်ဘဝ တစ်နပ်စာကလေးကျတော့ ကုန်ချင်သလောက် ကုန်ပေစေကွ ၊ လူမသေ ငွေမရှားပေါ့၊ အံမာ ဒီကျတော့ အားတွေ သိပ်တက်တယ် (မှန်ပါ့ ဘုရား) မတက်ဘူးလား (တက်ပါတယ် ဘုရား)။

တကယ်တမ်း လွတ်တာကျတော့ ရှောင်ဖယ် ရှောင်ဖယ်နဲ့၊ ဖြေးဖြေးမှ လုပ်တော့မလိုလိုဆိုတော့ ဒါအပြောင်း အလွဲ သိပ်လွဲနေတယ်လို့ ဆိုလို့ရှိရင် မမှားဘူး (မမှားပါ ဘုရား)။

ဒါဖြင့် ဒီကရှေ့ ဘယ်လိုပြောင်းကြမယ်၊ အမြဲအသေလွတ်တာဆိုရင် အားထုတ်မယ် (မှန်ပါ့) တောင်းပန် တဲ့ဟာဆိုလို့ရှိရင် တယ်ခရီးမပေါက်ဘူး (မှန်ပါ့ ဘုရား)။

ဒါကလေးဟာက အင်မတန် အဖိုးတန်တဲ့ စကားလို့ဆိုတာကိုလည်း တရားတစ်ပွဲလုံးက မှတ်ရမယ် (မှန်ပါ့ ဘုရား) မမာရင် သတိထားပေတော့၊ ငါဘာအရေးကြီးပါလိမ့်မတုန်းဆိုတော့ ကိုယ့်ဟာကိုယ်ပြောလာတယ် (မှန်ပါ့)။

ဒီတောင်ကသာ တက်ပေစေဆရာ၊ ကုန်ချင်သလောက် ကုန်ပေစေ၊ ဓာတ်စေရော ကုန်ချင်သလောက် ကုန်ပေ စေ၊ ဆေးဖိုးကုန်ချင်သလောက် ကုန်ပေစေ၊ ဆရာခြေကြွခလဲ ကုန်ချင်သလောက် ကုန်ပေစေဆိုပြီး တကယ်စွန့် ရက်တာကိုး (မှန်ပါ့) မစွန့်ရက်ဘူးလား (စွန့်ရက်ပါတယ် ဘုရား)။

နိဗ္ဗာန်မြင်လာလို့ရှိရင် မသေရာကို မြင်တာဘဲ

စွန့်ရက်ပါတယ်တဲ့၊ ပြီးတော့ တားတာဘဲ၊ လွတ်တာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား) မလွတ်ပါဘူး တဲ့၊ အခုဝိပဿနာအလုပ်ကို ဒကာ ဒကာမတွေက ပွားများရင်းမတ္တနဲ့ နိဗ္ဗာန်မြင်လာလို့ရှိရင် မသေရာကို မြင်တာဘဲ (မှန်ပါ့)။

မသေရာမြင်တော့ ဒီတစ်ခါ သေပြီးရင် နောက်ထပ် သေစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

မသေရာ ရောက်သွားတာကိုး- (မှန်ပါ့) မသေရာရောက်သွားတော့ နောက်ထပ်သေစရာ မမြင်ပါဘူး၊ အဲဒီမှာ သေရမည့် ဝေဒနာရောက်တဲ့ အခါမှာ အစွမ်းကုန် တခါတည်းကြိုးစားကြသလို ငွေကုန်လူပန်း ကြိုးစားကြသလို – ဒီမှာလည်း ငွေကုန်လူပန်း ကြိုးစားလိုက်မယ်ဆိုရင် ခရီးပေါက်ရောက်တာချင်း အများကြီး ခြားနားပါလိမ့်မယ် (မှန်ပါ့ ဘုရား) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒီတော့ ဘယ်ဟာ လုပ်ထိုက်တယ်ဆိုတာ မောင်သစ်တို့ ဦးသံဒိုင်တို့က ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဘယ်ဟာ လုပ်ထိုက်သတုန်း (ဝိပဿနာလုပ်ထိုက်ပါတယ်) ဝိပဿနာ လုပ်ထိုက်တယ် (မှန်ပါ့)။

ဟိုဟာက တားတာကိုးကွ (မှန်ပါ့) နောက်ထပ် မလာတာလို့ ဒီလိုဆိုလို့ ရရဲ့လား (မရပါ ဘုရား) အဲဒီတော့ ဒါကလေးကို ဒီနေ့ည စပြီး ပြောလိုက်ခြင်းသည် ဘာဖြစ်လို့ ဒီဥစ္စာကို အရေးတကြီး စပြီး ပြောရလိမ့်မတုန်း ဆိုတော့ ဒီဘက်ကျတော့ ဝီရိယဆန္ဒညံ့နေလို့ ဒီဘက် ဒီလို ပြင်လိုက်ပါ၊ အလုပ်ဘက်ကို ဒီလို ပြင်လိုက်ပါဆိုတာ ပြောတာ (မှန်ပါ့ ဘုရား)။

အလုပ်ဘက်ကို ဒီအတိုင်းသာ ဦးသံဒိုင်က ပြောင်းပြောင်း၊ တရားတပွဲလုံးက ပြောင်းပြောင်း၊ အားလုံး ဒကာ ဒကာမတွေက ပြောင်းပြောင်းပေါ့ဗျာ၊ အပြောင်းတည့်တာ (မှန်ပါ့) မတည့်ဘူးလား (တည့်ပါတယ် ဘုရား)။

ဒါခင်ဗျားတို့ကို အထူးသင်နေစရာ လိုသေးသလားတဲ့ ။ ဒီ ဥပမာ-နှစ်ခုနဲ့ဘဲ ရှင်းလင်းပြီးသကာလ သွားပြီ ဆိုတဲ့ ဥစ္စာ ဘာမှ ပြောစရာ မလိုတော့ပါဘူး (မှန်ပါ့) လိုသေးသလား (မလိုပါ ဘုရား)။

ကိုင်း ဒါဖြင့် တပည့်တော်တို့ ဘာလုပ်ရမှာတုန်း၊ ဝိပဿနာဆိုတာ ဘာလုပ်ရမှာတုန်းဆိုတော့ အမြင်မှန်ရရင် လုပ်တတ်ပါတယ်၊ အယောနိသော မနသိကာရနဲ့တော့ မလုပ်တတ်ဘူး၊ ယောနိသော မနသိကာရနဲ့တော့ (လုပ် တတ်ပါတယ်) လုပ်တတ်တယ်။

ဒါဖြင့် အမြင်မှန်-အမြင်မှား၊ နှလုံးသွင်းမှန်-နှလုံးသွင်းမှား၊ ရှင်းကြပလား (ရှင်းပါပြီ) နှလုံးသွင်း မှန်လာ လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒါ အသေလွတ်တဲ့ နေရာဌာနကို တောင်းပန်ဆေးမဟုတ်ပါဘူး၊ ပျောက်ဆေး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အမြင်မှန်ရလာတဲ့ ပုဂ္ဂိုလ်

အမြင်မှန်ရလာတဲ့ ပုဂ္ဂိုလ်ဟာ ဟို လူသေလို့ ဆေးသမားက ခေတ္တာတားခွင့် ဆေးပေးသလို ဒီအသွားမျိုး လို့ ဆုံးဖြတ်ချက်မချပါနဲ့ (မှန်ပါ့) ဒီအသွားမျိုး မဟုတ်ပါဘူး။

ဒီအသွားမျိုးသည်ကားလို့ ဆိုရင်ဖြင့် ဒီတခါ တောင်းပန်လို့ ရပေမယ့် နောက်တစ်ခါတော့ ရချင်မှရတာ (မှန်ပါ့) များသောအားဖြင့် မရတာများတယ် (မှန်ပါ့ ဘုရား)။

ဘာကြောင့် မရတာများသတုန်းဆိုတော့ တောင်းပန်တာများလို့ရှိရင် ခန္ဓာကခေါင်းထဲ ဝင်လိုက်မယ်လို့ ခဏ ခဏပြောတယ် (မှန်ပါ့ ဘုရား) မပြောဘူူးလား (ပြောပါတယ် ဘုရား)။

အဲဒီလို ပြောပြီးသကာလ နေတော့ ဪ ဟိုနေရာမှာ ဒို့အိတ်သွန် အားသွန် အစွမ်းအားရှိသလောက် အလုပ်လုပ်လို့ ရှိရင် လွဲတယ်၊ ဒီနေရာမှာ ဝိပဿနာအလုပ်ကို နှလုံးသွင်း မှန်မှန်နဲ့ အစွမ်းကုန် လုပ်လိုက်ရလို့ရှိရင် တည့်တယ် (မှန်ပါ့ ဘုရား) ပြောင်းမိကြပလား (ပြောင်းမိပါပြီ) သဘောကောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

ဝိပဿနာအလုပ်ကို အားကုန်သွန်

ဘယ်နေရာကို အားကုန်သွန်ရမှာတုန်း (ဝိပဿနာအလုပ်ကို အားကုန်သွန်ရမှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မမာတဲ့အခါကျတော့ အားကုန်သွန်တာဟာက တောင်းပန်ဆေး (မှန်ပါ့ ဘုရား)ပြီးတော့ ရချင်မှ ရတယ်၊ ဆရာဝန်တောင် လက်လျှော့တယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် အားကုန်သွန်တဲ့ အလုပ်ကို ဘယ်နေရာလုပ်ရမှာတုန်း (ဝိပဿနာအလုပ်မှာ အားကုန်လုပ်ရမှာပါ) ယုတ်စွအဆုံး ဘုန်းကြီးက ပြောလိုက်ပါတယ်၊ လုပ်ရင်းသေသွားမယ်၊ ကဲ မဂ်တော့ မရဘူးဘုရား၊ တပည့်တော် ဝိပဿနည မဂ်လောက်ဘဲရတယ်၊ ဖြစ်ပျက်မြင်တဲ့ မဂ်ဘဲရတယ်၊ ဖြစ်ပျက်မြင်တဲ့ မဂ်ကိုရတယ်၊ တပည့်တော် နှလုံးသွင်း မှန်မှန်နဲ့ လုပ်လိုက်တာ၊ တကယ်နိဗ္ဗာန်ကိုတော့ မမြင်ဘူးဘုရာ့၊ သေပေစေ ဆိုတာတောင် တဲ့၊ ဒုတိယဘဝကျတော့ အသေလွတ်နေရာ ရောက်တာပါဘဲ (မှန်ပါ့ ဘုရား)။

သူက အရှုံးကိုမပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါ ပါ ဘုရား) အဲဒါတွေကို ခင်ဗျားတို့ သေသေချာချာ သိတော့မှ ဪ အရှုံးမရှိတဲ့ကုန်ဟာ ကူးသင့်တယ်၊ တားဆေးလောက်ကို ဦးသံဒိုင်တို့၊ မောင်သစ်တို့က အားကျဖို့ သိပ်မသင့်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တားဆေးနဲ့ ပျောက်ဆေး ဘယ်ဟာသောက်ဖို့ ကောင်းပါလိမ့် (ပျောက်ဆေး သောက်ဖို့ကောင်းပါ တယ်) ပျောက်ဆေး သောက်ဖို့ရာကဖြင့် အင်မတန် အရေးကြီးတယ်ဆိုတာ ပေါ်သွားပါပြီ (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)

အဲဒီတော့ သူ့သောက်ချင်လို့ရှိရင် ပျောက်ဆေးတကယ်သောက်ချင်လို့ရှိရင် နှလုံးသွင်းမှန်မှ သောက်ဖြစ်ပါ တယ် (မှန်ပါ့) နှလုံးသွင်းမှားနဲ့တော့ သောက်လို့ မဖြစ်ဘူး (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန် ဆိုတာ

နှလုံးသွင်းမှန် ဆိုတာက ရှင်းပေးပါပြီ၊ နှလုံးသွင်းမှန်ဆိုတာက အနိစ္စကို အနိစ္စမြင်ရင် နှလုံးသွင်းမှန်ပဲ (မှန်ပါ့ ဘုရား) ဒုက္ခကို ဒုက္ခမြင်ရင် (နှလုံးသွင်းမှန်ပါ ဘုရား) အနတ္တကို အနတ္တမြင်ယင် (နှလုံးသွင်း မှန်ပါ ဘုရား) အသုဘကို အသုဘမြင်ရင် (နှလုံးသွင်းမှန်ပါ ဘုရား) ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့မြင်ရင် (နှလုံးသွင်း မှန်ပါ ဘုရား)။

အဲ နှလုံးသွင်းမှန်ကတော့ အခုပြောခဲ့တဲ့ ငါးချက်ပါဘဲ (မှန်ပါ့) နှလုံးသွင်းမှားကတော့ ဒီငါးချက်ကို ပြောင်းပြန်လှည့်လိုက်ရင် အနိစ္စကို နိစ္စထင်ရင် နှလုံးသွင်းမှား (မှန်ပါ့ ဘုရား) ဒုက္ခကို သုခထင်ရင် (နှလုံးသွင်း မှားပါ ဘုရား) အနတ္တကို အတ္တထင်ရင် (နှလုံးသွင်းမှားပါ ဘုရား) အသုဘကို -သုဘထင်ရင် (နှလုံးသွင်းမှားပါ ဘုရား) ဒုက္ခသစ္စာကို သုခသစ္စာလို့ထင်ရင် (နှလုံးသွင်းမှားပါ ဘုရား)။

ဒါဖြင့် အမှားငါးချက်- အမှန်ငါးချက် (မှန်ပါ့) သဘောပါပြီ (ပါ ပါပြီ) အမှားငါးချက် ဘယ့်နှယ့် ကြောင့် တွေ့ကြကြုံကြဆုံကြပါလိမ့်မလဲလို့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (နှလုံးသွင်း မှားလို့ပါ ဘုရား) နှလုံးသွင်းမှားလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အမှန်ငါးချက်နဲ့ ဘယ့်နှယ်ကြောင့် ကြုံရဆုံရပါလိမ့်မတုန်း (နှလုံးသွင်းမှန်လို့ပါ) နှလုံးသွင်းသည်ကားလို့ ဆိုရင် မှန်လို့ပေါ့ (မှန်ပါ့ ဘုရား)။

အမှန်ငါးချက်နဲ့ တွေ့ခြင်းသည် နှလုံးသွင်းမှန်လို့

အမှန်ငါးချက်နဲ့ တွေ့ခြင်းသည် နှလုံးသွင်းမှန်လို့ (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းဟာဖြင့် သူမူတည် ကြီးတစ်ခုဘဲဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်သည် (မူတည်ကြီးတခုပါ ဘုရား) မူတည်တခု အားကိုးတခု ကိုးစားရာတခုလို့ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) မချသင့်ဘူးမလား (ချသင့်ပါတယ် ဘုရား)။

ချသင့်တယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ယောနိသော မနသိကရ ရှိလို့ ရှိရင်ကွာ မင်းတို့သည် ကားလို့ ဆိုရင် မဖြစ်သေးတဲ့ အကုသိုလ်လဲ မဖြစ်ဘူးကွ ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဖြစ်သေးတဲ့ အကုသိုလ်လည်း (မဖြစ်ပါ ဘုရား) မဖြစ်ပါဘူးတဲ့ ဖြစ်နေတဲ့ အကုသိုလ်တွေလည်း ပပျောက် တယ် (မှန်ပါ့) ဖြစ်နေတဲ့ အကုသိုလ်တွေလည်း (ပပျောက်ပါတယ်ဘုရား။)

အယောနိသော မနိသိကာရသာ လာမယ်ဆိုရင် မဖြစ်သေးတာဖြစ်တယ်ကွ၊ ဖြစ်ပြီးသားလည်း ပွားများတယ်ကွ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ တပည့်တော်တို့ဘုရား ဒါဖြင့် နှလုံးသွင်းမှားကြီးဟာ ဘယ့်နှယ်ကြောင့် မှားရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အရူးကုပေးမည့် လူမရှိလို့ ဆရာကောင်း သမားကောင်း လိုနေလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

အရူးကုပေးမည့် လူမရှိလို့ရှိရင် အမှားဖြစ်နေမှာဘဲ (မှန်ပါ့)အရူးကုပေးမည့်လူရှိရင် အမှန်ဖြစ်ရ မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရူးကုပေးမည့်လူရှိရင် အမှန်ဖြစ်မှာဘဲ (မှန်ပါ့) အရူးကုပေးမည့်လူမရှိရင် (အမှားဖြစ်မှာပါ) အမှား ဖြစ်မှာဘဲ ဆိုတာသေချာပလား (သေချာပါပြီ ဘုရား)

ဆရာကို ရှာကြ

ဒါဖြင့် ဒီလိုလုပ်ပါ “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော” ယထာဘူတံ = ဟုတ်တိုင်းမှန်စွာ။ ဉာဏာယ = သိဖို့ရန်အလို့ငှာ၊ သတ္ထာ = ဆရာကို၊ ပရိယေသိတဗ္ဗော = ရှာကြတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟုတ်တိုင်းမှန်စွာ ဟောတတ် ပြောတတ်တဲ့ဆရာကို ရှာကြ (မှန်ပါ့ ဘုရား)။

ဒါမှဘဲ နှလုံးသွင်းမှားအရူးကို ကုပေးနိုင်မယ် (မှန်ပါ့) ကိုယ် ကိုယ်တိုင်ကတော့ ကိုယ့်အမေကရူး၊ ကိုယ့်သား သမီးတွေကကော (အရူးပါ ဘုရား)။

ဒါကတော့ အရူးကမွေးလို့ အရူးဖြစ်တာကတော့ဖြင့် ဒါဟာ ဘာမှ မေးနေစရာမရှိပါဘူး၊ သူတို့တတ်တာ သူတို့သင်လိုက်တာပါဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာရှာဖို့ အရေးကြီးသတုန်း (ဟောညွှန်ပြတဲ့ ဆရာရှာဖို့ အရေးကြီးပါတယ်)။

ဟုတ်တိုင်းမှန်စွာ ဟောတတ်ပြောတတ်တဲ့ ဆရာကို မရှာသရွေ့ကာလပတ်လုံး ခင်ဗျားတို့ အာရုံကို မတက်ဘူး လို့မှတ်ပါ (မှန်ပါ့) အာရုံမတတ်တော့ ဘာဖြစ်နေသလဲ၊ မှောင်နေတယ် (မှန်ပါ့) ရှင်းပလး (ရှင်းပါပြီ)။

အာရုံမတတ်တော့ (မှောင်နေပါတယ်) ဘာဖြစ်လို့ မှောင်ပါလိမ့်မတုန်းဆိုတော့ ဟုတ်တိုင်း မှန်စွာ ဟောတတ် ပြောတတ်တဲ့ဆရာ မရှာတော့ မတွေ့ဘူး၊ မတွေ့တော့ ကိုယ်သိထားတာတွေက အမှားချည်းဖြစ်နေတော့ အဝိဇ္ဇာဒဏ်ချက်၊ တဏှာ့ဒဏ်ချက်တွေထဲမှာကိုဘဲ အချိန်ကုန်သွားတော့ကိုဘဲ အဝိဇ္ဇာမှောင် တဏှာမှောင်ထဲမှာဘဲ မွေးပြီးသကာလ ဒီမှောင်ထဲမှာဘဲ သေသွားတယ် (မှန်ပါ့ ဘုရား)။

မှောင်ထဲမွေးပြီး (မှောင်ထဲ သေသွားရပါတယ်)။

မှောင်ထဲမွေး၊ မှောင်ထဲသေသွားတယ်ဆိုတာဖြင့် ဒါဟုတ်တိုင်းမှန်စွာ ဟောတတ်ပြောတတ်တဲ့ဆရာ မရမှုဟာ ကြီးလေးစွာသော အပြစ်သင့်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)ရှင်းပလား (ရှင်းပါပြီ)။

လောကီ ဥပမာ- ဘုရားက ဘာပြသတုန်းဆိုတော့ ဟောဒီပိုးနှံကောင်တွေက မျက်လုံးမပါဘူး၊ မွေးတုန်းကလည်း မှောင်ထဲဘဲ မွေးပါတယ်ကွ၊ သေတော့လည်း မှောင်ထဲဘဲ သေပါတယ်၊ ဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ဆရာနဲ့ မင်းတို့ မတွေ့လို့ရှိရင် အဲဒီတိရစ္ဆန်နဲ့ မင်းတို့နဲ့ အတူတူဘဲ (မှန်ပါ့ ဘုရား) ဆိုတော့ သိပ်ကြောက်စရာကောင်းပါသလား (ကောင်းပါတယ် ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

မှောင်ထဲမွေး မှောင်ထဲသေဆိုတဲ့ အဓိပ္ပါယ်ဟာ ယထာဘူတ ဟောတတ်တဲ့ ပြောတတ်တဲ့ဆရာကို မရှာတဲ့ ပုဂ္ဂိုလ်ဟာဖြင့် မှောင်ထဲမွေး မှောင်ထဲသေဘဲ၊ ရှင်းပလား (ရှင်းပါပြီ)။

မှောင်ထဲမွေးပြီး မှောင်ထဲဘဲသေ

ဒါဖြင့် ကမ္မဿကတာဉာဏ်လောက်နဲ့သေတဲ့ ပုဂ္ဂိုလ်များဟာ မှောင်ထဲဘဲ ရှိသေးတယ် (မှန်ပါ့ ဘုရား) မှောင်ထဲမွေးပြီး မှောင်ထဲဘဲသေတယ် (မှန်ပါ့)။

ကမ္မဿကတာဉာဏ်လောက်ပေါ့လေ (မှန်ပါ့) အကျိုးများပလား (မများသေးပါ ဘုရား)။

သာသနာအတွင်းအတွက်မှာ အကျိုးမများသေးဘူး (မှန်ပါ့ ဘုရား) သာသနာပအတွက်မှာဖြင့် အနည်းငယ် ထောက်တည်ရာရတယ် (မှန်ပါ့)။

သာသနာအတွင်း အတွက်မှာဖြင့် (အကျိုးမများပါ ဘုရား) အကျိုးမများသေးပါဘူးဆိုတာကိုလည်း ထူးထူး ခြားခြားဘဲမှတ်ပါ(မှန်ပါ့) ကမ္မဿကတာဉာဏ်ဟာနော် (မှန်ပါ့)။

ကမ္မဿကတာဉာဏ်ဆိုတာ ငါလုပ်ရင်ငါရတယ် ဆိုပြီး လှူဒါန်းပေးကမ်းပြီးသကာလ သစ္စာမသိဘဲနဲ့ လှူတဲ့ အသွားမျိုးဆိုတာပါ (မှန်ပါ့ ဘုရား)

သစ္စာမသိဘဲနဲ့ လှူဒါန်း ပေးကမ်းပြီးသကာလ ခုနကအသေရှိလျက်နဲ့ အသေရှာတာမျိုး ပြောတာပါ (မှန်ပါ့) အနာရှိလျက်ရှိ (အနာရှာပါတယ်)။

အဲဒီဟာမျိုးကတော့ဖြင့်တဲ့ ဒကာ ဒကာမတွေမှာတဲ့ အဝိဇ္ဇာနယ်က မလွတ်နိုင်ဘူး (မှန်ပါ့)။

ဘာဖြစ်လို့ အဝိဇ္ဇာနယ်က မလွတ်သတုန်းဆိုတော့ ဟိုမှာလည်း အသေရှိတာ မသိဘူး (မှန်ပါ့) ဒီမှာ အသေရှိတာသိပေမဲ့ ဟိုမှာအသေရှိတာ မသိတော့ ဒါ အဝိဇ္ဇာ ပါနေတယ် (မှန်ပါ့ ဘုရား) အာသေဝနယ်က မလွတ်ပါဘူး (မလွတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူ့နယ်က မလွတ်သတုန်း (အာသဝနယ်က မလွတ်ပါ ဘုရား)။

အာသဝနယ်က မလွတ်တော့ ဦးသံဒိုင် ကြောက်စရာကြီးပါလား (မှန်ပါ့)။

အာသဝနယ်က မလွတ်လို့ရှိရင် သူလည်အောင်လုပ်မယ်၊ အာသဝဆိုတာ ဝဲဩဃ (မှန်ပါ့) လည်အောင် လည်မကွဆိုတဲ့ အဓိပ္ပာယ် သူ့နယ်က မလွတ်ရင် သူလှည့်မယ် (မှန်ပါ့ ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ်)။

ထိုကဲ့သို့ လှည့်ခဲ့သည်ရှိသော် လွတ်ရေး ကျွတ်ရေးမရှိဘဲနဲ့ မြုပ်ရေး မျောရေးသာရှိတယ် (မှန်ပါ့) သဘောပါ ကြလား (ပါ ပါပြီ)။

ဆရာရှာဖို့ အရေးကြီးတယ်

ကောင်းပြီ-ဒါဖြင့် ဒီနေ့ည တရားဟောလိုက်တော့ ဘာအရေးကြီးပါလိမ့်မတုန်းဆိုတော့ ဆရာရှာဖို့ အရေးကြီး ပါတယ် (မှန်ပါ့)

ဘာအရေးကြီးသလဲ (ဆရာရှာဖို့ အရေးကြီးပါတယ်)။

ဆရာရှာဖို့ အရေးကြီးတယ်၊ ဆရာကလည်း ဘယ်လိုဆရာတုန်းလို့ မေးလို့ရှိရင်ဖြင့် သစ္စာအလိုက်ကို သိတဲ့ ဆရာရှာဖို့အရေးကြီးတယ် (မှန်ပါ့ ဘုရား) သစ္စာသိတဲ့ဆရာ ရှာဖို့အရေးကြီးတယ် (မှန်ပါ့)သဘောပါကြလား (ပါ ပါပြီ)။

သစ္စာမသိတဲ့ဆရာလောက်ဆိုရင် ကမ္မဿကတာဉာဏ်လောက်ကို သူမှောင်ထဲ မွေးပြီး မှောင်ထဲသေတာ လောက်ဘဲ အဝိဇ္ဇာနယ်ထဲက မလွတ်ဘူး၊ သစ္စာသိမှ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တာကိုး (မှန်ပါ့) သစ္စာမသိသေးလို့ရှိရင် အဝိဇ္ဇာက ဝိဇ္ဇာမဖြစ်ပါဘူး ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါ နားကြီးကြီးနဲ့ ထောင်လိုက်တော့ ဦးသံဒိုင် ဒီဟာပေါ်လာတယ် (မှန်ပါ့) နားသေးသေးနဲ့ ထောင်လို့ရှိရင် ဒါမရပါဘူး (မှန်ပါ့)ဘာပြောနေပါလိမ့်မလဲ ဒီအဓိပ္ပါယ်ဘဲ ခင်ဗျားတို့မှတ်ကြမှာဘဲ (မှန်ပါ့)။

နားကြီးကြီးနဲ့ ထောင်လိုက်တဲ့အခါကျတော့ သစ္စာဟောတတ်တဲ့ ဆရာရှာ (မှန်ပါ့)။

သစ္စာကို ထင်မြင်အောင် ပြောတတ်တဲ့ဆရာကို (ရှာရပါမယ်)။

သူ့မတွေ့သရွေ့ ကာလပတ်လုံးဖြင့်ကွာ မှောင်ထဲမွေး၍ မှောင်ထဲသေတုန်းဘဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ကဲ ဒါဖြင့် သစ္စာကို မြင်ဖို့ရာလည်း နှလုံးသွင်းမှန်မှ မြင်ပါတယ် (မှန်ပါ ဘုရား)။

သစ္စာမြင်ချင်လို့ရှိရင် နှလုံးသွင်းမှန်ရ မယ်

ဟောပြီ ဟောတတ်တဲ့ဆရာက ဟောပါပြီ တဲ့၊ ဒကာ ဒကာမတို့ သစ္စာမြင်ချင်လို့ရှိရင် နှလုံးသွင်းမှန်ရ မယ် (မှန်ပါ့ ဘုရား)။

အနိစ္စ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခဟာကော (ဒုက္ခသစ္စာ) ဒုက္ခဟာလည်း ဒုက္ခသစ္စာ ဘဲ (မှန်ပါ့) အနတ္တဟာကော (ဒုက္ခသစ္စာပါ) အသုဘကော (ဒုက္ခသစ္စာပါ(။

ဒုက္ခသစ္စချည်းဘဲ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာတဲ့၊ မပါတာဦးသံဒိုင် ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဒါ ဒုက္ခသစ္စာချည်းပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ကို ဒုက္ခသစ္စာသိအောင်ဟောနိုင်တဲ့ဆရာကို ရှာလို့ရှိရင်ဖြင့် ဒီဒုက္ခပြီးရင် နောက်ဒုက္ခကို ရှာချင်တဲ့စိတ် ခင်ဗျားတို့မှာ မလာဘူး (မှန်လှပါ ဘုရား)။

သစ္စာမသိသေးတဲ့ဆရာနဲ့ ခင်ဗျားတို့တွေ့ကြုံဆုံနေပြီဆိုမှဖြင့် အင်း ဒုက္ခသစ္စာကို သုခသစ္စာလို့ဆိုတဲ့ သညာ တို့ စိတ်တို့မပျောက်ပါဘူး (မပျောက်ပါ ဘုရား) မပျောက်နိုင်ဘူးတဲ့၊ မပျောက်နိုင်ဘူး။

အဲဒါကြောင့် ဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ဆရာကို ရှာပါလို့ သုံးဆယ့်လေးကြိမ်တိုင်တိုင် မှာတယ်ဆိုတာ မှာသင့်တယ် (မှန်ပါ့ ဘုရား) မမှာသင့်ဘူးလား (မှာသင့်ပါတယ် ဘုရား)။

သုံးဆယ့်လေးကြိမ်တိုင်တိုင် မှာတယ်ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ အပင်ပန်းခံပြောတဲ့စကား ဘဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အပင်ပန်းခံပြောတဲ့ စကားပါ ဘုရား) အပင်ပန်းခံ ပြောတဲ့စကားဖြစ်နေသော ကြောင့် ခင်ဗျားတို့ ဪ ဒါလောက်တောင် ဒို့အပေါ် ဆုံးမပါလျက်နဲ့ ပေတေတေလုပ်နေလို့တော့ ဦးသံဒိုင် မသင့်ဘူး (မသင့်ပါ ဘုရား) သင့်ပါ့မလား (မသင့်ပါ ဘုရား)။

သူ့အရေးကပြီးပြီးသား၊ သူများအရေးအတွက်ပြောတာ (မှန်ပါ့ ဘုရား) သူ့အရေးက အသေလွတ်သွား ပြီ (မှန်ပါ့ ဘုရား)။

ဒီတစ်ခါ ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ပရိနိဗ္ဗာန်စံစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ သူ့အရေးက ပြီးပြီးသား (မှန်ပါ့) ကျန်တဲ့ ပုဂ္ဂိုလ်တွေ၏ အရေးကို ပြောပါတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ ပါပြီ)။

ဒါဖြင့် သစ္စာသိချင်ရင် နှလုံးသွင်းမှန်မှသိမယ် (မှန်ပါ့) ဘယ်ကလာလာ ဒီနှလုံးသွင်းမှန်ဟာ အရေးကြီးတာ ဘဲ (အရေးကြီးပါတယ် ဘုရား) နှလုံးသွင်းမှန်ဟာ အင်မတန်အရေးကြီးတယ်ဆိုတာ သေသေချာချာ မှတ်ကြ ပါ (မှန်ပါ့ ဘုရား)။

ယောနိသော မနသိကာရောဆိုတဲ့ ဥစ္စာဘာတုံးလို့ မေးတဲ့အခါ အဋ္ဌကထာဆရာက “ယောနိသော မနသိကာရ” ပါတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခကို ဒုက္ခမှန်းသိတာ ယောနိသောမနသိကာရ

ဒုက္ခကို ဒုက္ခမှန်းသိတာ (ယောနိသောမနသိကာရပါဘဲ) အနတ္တကို အနတ္တမှန်းသိတာ (ယောနိကော မနသိကာရပါ) အသုဘကို အသုဘမှန်းသိတာ (ယောနိသောမနသိကာရပါ) ယောနိသောမနသိကာရဘဲ၊ ဒါသညာ နဲ့ မှတ်ထားလိုက်ပါ (မှန်ပါ ဘုရား)။

သညာနဲ့ဘဲ မှတ်ထားပါဦးတဲ့၊ နောက် ပညာနဲ့ကြည့်နည်းကျတော့ အလုပ်ခွင်ဝင်မှ ဦးသံဒိုင်ပြီးတယ် (မှန်ပါ့ ဘုရား) အလုပ်ခွင်မဝင်ရင် (မပြီးပါ ဘုရား) မပြီးပါဘူးတဲ့။

အဲဒါကြောင့် သညာနဲ့ သိရုံကလေးနဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့) အလုပ်ခွင်ဝင်ပြီး ခန္ဓာကပြောမှ ခင်ဗျားတို့ နိဗ္ဗာန်ရောက်မှာ (မှန်ပါ့ ဘုရား)။

အလုပ်ခွင်ဝင်ပြီး ခန္ဓာကပြောလာမှ (နိဗ္ဗာန်ရောက်မှာပါ)။

သညာကလေးနဲ့ ဘုန်းကြီးကဟောလို့ ဒကာ ဒကာမတွေက အခုဖြေတဲ့ အဖြေမျိုးလောက်နဲ့ ဆိုလို့ရှိရင်ဖြင့် တဲ့၊ မရသေးပါဘူး (မှန်ပါ့ ဘုရား) ဒါက သိမှုဘဲပေးတာရှိသေးတယ် (မှန်ပါ့) ကျင့်မှုမပါဘဲနဲ့ မရပါဘူး (မရပါ ဘုရား)။

ဒါကြောင့် ဘုရားက ဉာတပရိညာ သိမှုအရေးကြီးတယ်ကွ၊ ပြီးတော့မှ တီရဏပရိညာ-ပွားမှုအရေး ကြီးတယ် (မှန်ပါ့) အဲဒီပွားများမှုပြီးမှ ခုနင်က အနိစ္စကို နိစ္စထင်တာတွေ ပယ်နိုင်ပါတယ်ကွ၊ ဒုက္ခကို သုခထင်တာ ပယ်နိုင်ပါတယ်ကွာ။ အနတ္တကို အတ္တထင်တာကိုလည်း (ပယ်နိုင်ပါတယ် ဘုရား) အသုဘကို သုဘထင်နေတာ (ပယ်နိုင်ပါတယ်ကွာ) ဟော – သူကအဲဒီကျမှ ပဟာနပရိညာ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အားလုံးဒကာ ဒကာမတွေ သိမှုနဲ့ မပြီးသေးဘူး၊ ကျင့်မှုနဲ့ စခမ်းသပ်ရမယ် (မှန်ပါ့) ကျင့်မှု သန်မှသာလျှင် ပယ်မှုမဂ်ဆိုက်မယ် (မှန်ပါ့ ဘုရား)။

ကျင့်မှုသန်မှ (ပယ်မှုမဂ်ဆိုက်မှာပါ)။

ပယ်မှုမဂ်ဆိုက်မယ်ဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့် တဲ့၊ ဝိပ္ပလ္လသ ဆယ့်နှစ်ပါးမနေ့ကပြောခဲ့တယ် နော် (မှန်ပါ့)။

ဝိပ္ပလ္လသ ဆယ့်နှစ်ပါး

အနိစ္စကို နိစ္စထင်တဲ့ သညာဝိပ္ပလ္လာသ၊ အနိစ္စကို နိစ္စလို့သိတဲ့ စိတ္တဝိပ္ပလ္လာသ-ဟုတ်လား (မှန်ပါ့) အနိစ္စကို နိစ္စလို့ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ ဘယ်နှစ်ချက်ရှိသတုံး (သုံးချက်ပါ ဘုရား)။

ပြန်ပြောပါဦးမယ်၊ ခန္ဓာကိုယ်ကြီးဟာ အနိစ္စကို – နိစ္စလို့ထင်တဲ့မှတ်နေတဲ့ သညာဝိပ္ပလ္လာသ (မှန်ပါ့) နိစ္စလို့မှတ်တဲ့ သညာဝိပ္ပလ္လာသ ဒါ ၁-နံပါတ်။

အနိစ္စကို နိစ္စလို့ သိနေပြန်လို့ရှိရင်လည်း အဲဒါစိတ္တဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

အနိစ္စကို ဒကာ ဒကာမတို့ နိစ္စလို့ ယူနေပြန်လည်း (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ဒါဖြင့် အနိစ္စက ဘယ်နှစ်ပါးထွက်လာသလဲ (သုံးပါထွက်လာပါတယ် ဘုရား)။

ကောင်းပြီတဲ့၊ ဒါဖြင့် အနိစ္စ မမြင်လို့ရှိရင် ဦးသံဒိုင်က ဒီသုံးပါးပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)။

ဒါဖြင့် ပွားမှရမယ် (မှန်ပါ့ ဘုရား) အလွယ်တွေပြောနေတဲ့ စကားကို မယုံကြနဲ့ နော် (မှန်ပါ့ ဘုရား)။

အလွယ်ပြောနေကြတဲ့စကားတွေ မယုံကြနဲ့၊ သူတို့ကိုယ်တိုင်မရှင်းလို့ တော်အောင် ပြောနေတာသာ မှတ်ရမယ် (မှန်ပါ့) သဘောပါသလား ( ပါ ပါပြီ ဘုရား)။

ဒါတောင်မှ သိတာရှိသေးတယ်၊ ပယ်မပါသေးဘူး (မှန်ပါ့)ပယ်ဆိုရင် မဂ်ဆိုက်ရဦးမယ် (မှန်ပါ့ ဘုရား)။

အင်မတန်အရေးကြီးပါတယ်၊ ကဲ တစ်ခါအခုသုံးပါးပြီးသွားပြီနော် (မှန်ပါ့ ဘုရား)။

ဒုက္ခထဲကလည်း သုံးခုရှိတယ်

ဒုက္ခကို သုခလို့ မှတ်နေရင်လည်း ဆို သညာ ဝိပ္ပလ္လာသ (မှန်ပါ့ သညာဝိပ္ပလ္လာသပါ) ဒုက္ခကို သုခလို့ သိနေပြန်လည်း (စိတ္တဝိပ္ပလ္လသပါ) ဒုက္ခကိုသုခလို့ ဒကာ ဒကာမတွေ ယူနေပြန်ရင်လည်း (ဒိဋ္ဌိဝိပ္ပလ္လာသပါ) ဟော ဒုက္ခထဲကလည်း သုံးခုရှိတယ် (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မှတ်မှု၊ သိမှု၊ ယူမှု၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ – အနတ္တကို အတ္တလို့မှတ်ထားပြန်တော့ကော (သညာဝိပ္ပလ္လာသပါ ဘုရား) သညာဝိပ္ပလ္လာသ၊ သညာ ဆိုတာ မှတ်တာ(မှန်ပါ့) အနတ္တကို အတ္တလို့သိနေပြန်ရင်တော့-(စိတ္တဝိပ္ပလ္လာသ) အနတ္တဘုရားကြီး ခန္ဓာကိုယ်ကြီးကို အတ္တလို့ ယူနေပြန်ရင်ကော (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ခိုင်တယ် မြဲတယ်လို့ ယူနေပြန်ရင်လည်း ဒိဋ္ဌိဝိပ္ပလ္လာသ၊ အနတ္တလည်း သုံးချက် (မှန်ပါ့ ဘုရား)။

အသုဘဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကို သုဘလို့ မှတ်နေပြန်ရင်ကော (သညာ ဝိပ္ပလ္လာသပါ ဘုရား) အသုဘဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကို သုဘတင့်တယ်လို့ သိနေပြန်ရင်ကော (စိတ္တဝိပ္ပလ္လာသပါ ဘုရား) အသုဘဖြစ်တဲ့ ခန္ဓာကိုယ်ကြီးကို သုံးဆယ့်နှစ်ကောဋ္ဌာသ အသုဘ ဧကန်ရှိပါလျက်သားနဲ့ သုဘလို့ ယူနေပြန်ရင်ကော (ဒိဋ္ဌိဝိပ္ပလ္လသပါ ဘုရား)။

ဒါဖြင့် ဘယ်နှစ်ပါးရှိသွားပလဲ (ဆယ့်နှစ်ပါ ရှိသွားပါပြီ ဘုရား) ဆယ့်နှစ်ပါးရှိပြီ (မှန်ပါ့) အဲဒီ့ ဆယ့် နှစ်ပါးကို ဒကာ ဒကာမတို့ ရှေးဦးစွာသိရမယ်၊ ဪ ဒါတွေဟာ ဒို့သန္တာန် ဒါတွေရှိနေပါလားလို့ သိရမယ် (မှန်ပါ့)

သိပြီးသကာလမှတခါပွားများတဲ့အခါကျတော့မှ သူကတော်တော်ပါးထွက်သွားတယ် (မှန်ပါ့) ရှင်းပြီ နော် (ရှင်းပါပြီ) ပွားများတော့ (ပါးထွက်သွားပါတယ်)။

အင်း တခါတည်းပွားများတဲ့ အဆုံးဟာ နိဗ္ဗာန်မြင်တဲ့မဂ်ပေါ်လာတော့မှ သောတာပတ္တိမဂ်က ရှစ်ပါးပယ်ချ လိုက်တယ်(မှန်ပါ့ ဘုရား) သေတာပတ္တိမဂ်က (ရှစ်ပါး ပယ်ချလိုက်ပါတယ်) ဆယ့်နှစ်ပါးထဲ ရှစ်ပါးနုတ် (လေးပါး ကျန်ပါတယ်)၊

ပဌမမဂ် မရသေးသရွေ့

အဲ ဒီမဂ် မရသေးသရွေ့ကာလပတ်လုံး- ပဌမမဂ် မရသေးသရွေ့ကာလပတ်လုံး ဆယ့်နှစ်ပါလုံးရှိ တယ် (မှန်ပါ့) ပဌမမဂ်ရလို့ရှိရင် ဘယ်နှစ်ပါး ပယ်သတုန်း (ရှစ်ပါးပယ်ပါတယ်) ရှစ်ပါးပယ်တယ်၊ ဒါ သေသေ ချာချာမှတ်ပါ၊ ဒီနေ့ည စကားက နက်လာလိမ့်မယ် (မှန်ပါ့)။

ဒီ့ပြင်မဂ်တွေက ဒါလောက်အရေးမကြီးဘူး၊ ဒီရှစ်ပါးပယ်နိုင်တဲ့ မဂ်ဟာ သာမညသတ္တိမဟုတ်ပါဘူး (မှန်ပါ့) အဲဒီတော့သောတပတ္တိမဂ် ရလို့ရှိရင်ဖြင့် ရှစ်ပါးပယ်ပါတယ် (မှန်ပါ့) သဘောပါပလား ( ပါ ပါပြီ)

အနာဂါမ် မဂ်ကျအောင် ရလို့ရှိရင် ဆယ်ပါးပယ်မှာဘဲ (မှန်ပါ့) ရဟန္တာဖြစ်မှ ဆယ့်နှစ်ပါး ကုန်မယ် (မှန်ပါ့)။

ဒီလိုဆိုတော့ ဒါမပွားဘဲနဲ့ ဘဲ-တီရဏပရိညာဆိုတဲ့ ပွားများမှု မရှိဘဲနဲ့ဘဲ ပဟာနပရိညာက ဒီဟာတွေ အသီး အသီး ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)။

ဒါ့ကြောင့် အလုပ်ကို ပွားများကြ၊ ပွားများကြ၊ ပွားများမှ ပယ်နိုင်မယ် (မှန်ပါ့) သိမှပွားများ၊ ပွားများမှ ပယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပရိညာသုံးပါးကွ

အဲဒါက ပါဠိတော်ကြီးတွေမှာ ဦးသံဒိုင် တိုက်ရိုက်ရှိတယ်-(မှန်ပါ့) တိုက်ရိုက် ရှိနေတယ်၊ ပရိညာသုံးပါးကွ၊ ဒါနဲ့ တွဲရမယ်ကွ-ဆိုတာ တိုက်ရိုက်ရှိနေတော့ကို ဒကာ ဒကာမတို့ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးမှာ ပဌမမဂ်ကမှ ရှစ်ပါး ပယ်နိုင်ပါတယ်လို့ ဆိုတော့ အင်း-ဒီရှစ်ပါး အခု ဒို့သန္တာန်ဖြင့် ဆယ့်နှစ်ခုလုံးလုံး ရူးတတ်တဲ့တရား ဆယ့်နှစ်ခုရှိနေ တယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ဒို့ကို ရူးအောင်လုပ်နေတဲ့ ဝိပ္ပလ္လာသ ဘယ်နှစ်ပါး ရှိသတုံး(ဆယ့်နှစ်ပါး ရှိပါတယ်) အံမာလေး ဒကာ ဒကာမတို့ ပုဂ္ဂိုလ်က တစ်ယောက်တည်း၊ ရူးအောင်လုပ်နေတဲ့ တရားက (ဆယ့်နှစ်ပါးပါ ဘုရား)။

ဆယ့်နှစ်ပါး ရှိပြီးသကာလနေတော့ အင်း ငရဲတော့ ရောက်ချင် ရောက်ပေစေကွာ မတတ်နိုင်ဘူး၊ ရူးလို့ ပြောတာ (မှန်ပါ့ ဘုရား) သုဂတိလည်း ရောက်ချင် ရောက်ပေစေကွာ ရူးလို့ပြောတာ (မှန်ပါ့)သစ္စာကို မမြင်တော့ဘူး (မှန်ပါ့) မမြင်သေးတော့ အရူးဖြစ်နေတယ် (မှန်ပါ့)။

အရူးဖြစ်နေတော့ သုဂတိ ရောက်ကြောင်းလည်း လုပ်လိုက်တာဘဲ၊ ဒုဂ္ဂတိရောက်ကြောင်းလည်း (လုပ်ပါ တယ် ဘုရား) ဘာဖြစ်လို့ တုန်းမေးတော့ ဝိပ္ပလ္လာသ မပယ်နိုင်တော့ အရူးမို့ လုပ်ချင်ရာ လုပ်တာ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ်- (အရူးမို့ လုပ်ချင်ရာ လုပ်တာပါ ဘုရား) အရူးမို့လုပ်ချင်ရာ လုပ်နေတာ-(မှန်ပါ့) ကိုင်း- ဒကာ ဒကာမတွေ တရားနာတာ ဘာတုံးဆိုတာ ပေါ်ပါပြီ (မှန်ပါ့) သြော် တပည့်တော်တို့ဟာ အရူးတွေ ဘုရား (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

အရှင်ဘုရားတို့လို ပုဂ္ဂိုလ်၊ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်မှ တပည့်တော်တို့ကို ဒီအရူးပျောက်စေတတ်တဲ့ ဆေးကို မတိုက်ကျွေးလို့ ရှိရင်ဖြင့် တပည့်တော်တို့ သွားမိ-သွားရာ သွားမှာဘဲ (မှန်ပါ့)။

ငရဲလည်း သွားလိုက်မှာဘဲ (မှန်ပါ့)၊ သုဂတိလည်း (သွားမှာပါဘဲ) သွားမှာဘဲ တဲ့၊ ဒုဂ္ဂတိကော (သွားမှာပါဘဲ) နိဗ္ဗာန်ကျတော့ မသွားဘူး (မှန်ပါ့)။

သွားမိသွားရာသွားဆိုပေမဲ့လည်း မစွပ်မိဘူး နိဗ္ဗာန်ကျတော့-(မှန်ပါ့ ဘုရား) ဘာ့ကြောင့် မစွပ်မိသတုံးလို့ မေးတဲ့အခါကျတော့ အရူးဟာ အမှန်မှ မသိဘဲကိုး (မှန်ပါ့)။

ဆင်းရဲလမ်းနဲ့ သေလမ်းဘဲ တိုးသွားနေတာ

အမှန်မသိတော့ သူ့မှာ မဂ္ဂင်ကမရှိ၊ မဂ္ဂင်က မရှိတဲ့အခါကျတော့ကို မဂ္ဂင်လမ်းပေါက်ကို မရောက်ဘူး (မှန်ပါ့ ဘုရား)။

မိစ္ဆာဒိဋ္ဌိလမ်း၊ သဘောကျပလား (ကျပါတယ်) အင်း သုဂတိက ဒုဂ္ဂတိသွားတဲ့လမ်း၊ ဒုဂ္ဂိက သုဂတိ သွားတဲ့လမ်း၊ ဒီလမ်းဘဲ လျှောက်နေတာဘဲ (မှန်ပါ့) သေသေချာချာ ကြည့်လိုက်တော့လည်း သေလမ်းချည်းဘဲ (မှန်ပါ့)။

ဆင်းရဲလမ်းနဲ့ သေလမ်းချည်းဘဲ၊ ဒုဂ္ဂတိက သုဂတိ သွားပြန်လို့ရှိရင်လည်း သေလမ်းသွားတယ် (မှန်ပါ့) သုဂတိက-ဒုဂ္ဂတိသွားပြန်-ဆင်းရဲလမ်း (မှန်ပါ့ဆင်းရဲလမ်းပါ) ဆင်းရဲလမ်းနဲ့ သေလမ်းဘဲ တိုးသွားနေတာဘဲ (မှန်ပါ့)။

ဒါဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး အရူးဆယ့်နှစ်ပါးက ကျုပ်တို့မှာ အပြည့်အစုံ၊ တစ်ခါတစ်လေ သညာရူးနဲ့၊ တစ်ခါတစ်လေ စိတ်ရူးနဲ့ (မှန်ပါ့) တစ်ခါတစ်လေ အယူရူးနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒါတွေ မပယ်နိုင်သရွေ့ကာလပတ်လုံး အမှန်လမ်းမတော်ဆိုတဲ့ မဂ္ဂင်လမ်းမတော်ကို ဘယ်တော့မှ မရောက် (မှန်ပါ ဘုရား) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

လမ်းက သုံးလမ်းတောင်ရှိတယ်

ဒါတွေကို အကျယ်တဝင့် ချဲ့ထွင်ပြီးသကာလ ပြောနေရတာသည် ခင်ဗျားတို့မှာတော့ဖြင့် ဘာမှ မသိတော့ ဪ လမ်းတွေကလည်း မနည်းပါလား၊ ဒုဂ္ဂတိက သုဂတိသွားတဲ့လမ်း၊ သုဂတိက ဒုဂ္ဂတိသွားတဲ့လမ်း၊ ဟုတ်လား (မှန်ပါ့) သုဂတိကနေ နိဗ္ဗာန်သွားတဲ့လမ်း၊ လမ်းက သုံးလမ်းတောင်ရှိတယ် (မှန်ပါ့)။

သုဂတိက-နေ နိဗ္ဗာန်သွားတဲ့လမ်းကျတော့ အရူးက မသွားတတ်ဘူး (မှန်ပါ့မသွားတတ်ပါ ဘုရား) ဒုဂ္ဂတိက သုဂတိသွားရမည်ဆို သူသွားတတ်တယ် (မှန်ပါ့) သုဂတိက ဒုဂ္ဂတိသွားမယ်ဆိုရင် (သွားတတ်ပါတယ်) သွားတတ် တယ်။

တကယ့်လမ်းကောင်း လမ်းမှန်ကျတော့ အရူးက သွားကို မသွားတတ်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ အားလုံးဘဲ သတိပေးပါတယ်တဲ့ ၊ နှလုံးသွင်း မမှန်သရွေ့ကာလပတ်လုံးဟာ အရူးက မပျောက်ဘူး (မှန်ပါ့)။

နှလုံးသွင်း မမှန်ရင် (အရူးက မပျောက်ပါ ဘုရား) နှလုံးသွင်းမှန်ရင် (အရူးပျောက်ပါတယ်) အရူး ပျောက်မယ်ဆိုတော့ နှလုံးသွင်းမှန်ဆိုတာက ဆရာသမားကပေးတဲ့ ခင်ဗျားတို့မှာ နှလုံးသွင်းမှန်အောင် ပေးထားတဲ့ ယောနိသောမနသိကာရ၊ ဒါကိုသိမှုနဲ့ အရင်ရှေးဦးစွာလုပ်ပါဦး (မှန်လှပါ ဘုရား) ပြီးတော့မှ သိမှုပြည့်စုံတဲ့ အခါကျမှ ကျင့်မှုကိုလုပ်ပါ (မှန်ပါ့) ကျင့်မှု လုပ်ပြီးတော့မှ ပယ်မှုဟာ လာပါလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် စ, ကြပါစို့တဲ့၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ သမီးကလေးတို့ မှတ်ထားတယ်၊ ဒါ သညာ ဝိပ္ပလ္လာသ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မှတ်ထားတာသညာဝိပ္ပလ္လသ

သမီးကလေးတို့ မှတ်ထားတာ (သညာဝိပ္ပလ္လသပါ) အဟုတ်ကို သမီးဘဲလားလို့ဆို- အို ဘယ်နေ့ ဘယ်ရက်ကမွေးဖွားထားတာ၊ ဒီလိုကိုလာတယ် (မှန်ပါ့) ဒါ ဘာဝိပ္ပလ္လာသပါလိမ့် (သညာဝိပ္ပလ္လသပါ ဘုရား)။

သညာဝိပ္ပလ္လာသ၊ ဟုတ်ကော ဟုတ်ကဲ့လားဆိုရင် မိုးကြိုးပစ်ကျိန်ပြောပါလိမ့်မယ် (မှန်ပါ့) မပြောပေ ဘူးလား (ပြောပါတယ်) ဒါဘာနဲ့ ပြောတာတုံး (အမှတ်မှားနဲ့ ပြောပါ့တယ်) အဲ-အမှတ်မှား၊ သညာဝိပ္ပလ္လာ သနော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သမီးကလေးဖြင့်လည်း ခင်ဗျားတို့ဟာက ခင်မိကြသလားလို့၊ အို-သမီးဘဲဘုရား မခင်ရင်တော်ပါ့ မလား ဆိုတဲ့ အဓိပ္ပါယ်မျိုး ယူလိုက်ပြန်တော့ သမီးမှတ်ထားတာကလည်း အရူးကိုးဗျ (မှန်ပါ့ ဘုရား)။

အဲ အရူးကမှတ်ထားတဲ့ အခါကျတော့ အရူးတွင် ခင်ပြီးသကာလ စိတ္တဝိပ္ပလ္လာသဆိုပြီး သမီးလို့ တကယ် ထင်ပြီး တကယ်ခင်ချလိုက်တာဘဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒါ အနိစ္စတွေပျောက်၊ ဒုက္ခတွေပျောက်၊ အနတ္တတွေပျောက်၊ အသုဘတွေပျောက် (မှန်ပါ့) ပင်ကိုယ်ရှိ လေးခုပျောက်ပြီ (မှန်ပါ့ ဘုရား)။

ပင်ကိုယ်ရှိလေးခု (ပျောက်ပါပြီ) အနိစ္စ ဒုက္ခ အနတ္တ အသုဘ မောင်သစ် ဘယ့်နှယ်နေသတုံး (ပျောက် ပါတယ် ဘုရား)။

သမီးကလေးဆိုတဲ့ အမှတ်မှားက လာတော့ ကိုယ့်သမီးကိုယ့်မခင်လို့ ရှိရင်တောင်းစုတ်ပလုံးစုတ်လည်း မဟုတ် တော့ ခက်တယ်ဆိုပြီး ခင်နေတာဘဲ (မှန်ပါ့) ခင်နေတော့ ဒါဘာဝိပ္ပလ္လာသ ရောက်သွားသတုံး (စိတ္တဝိပ္ပလ္လာ သပါ ဘုရား)။

ဪ အသက်အရွယ်ကြီးလာပြန်တော့လည်း သူတို့ဘဲအားကိုးရမှာ၊ ဟော-အနိစ္စအားကိုးပြီ (မှန်ပါ့) ဒုက္ခကို (အားကိုးပါတယ်) အနတ္တကို (အားကိုးပါတယ်) အသုဘကို(အားကိုးပါတယ် ဘုရား)။

သြော် ဒါဖြင့် ခင်ဗျားတို့ တကယ်မှားတာပါလား (မှားပါတယ် ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (တကယ်မှားပါတယ် ဘုရား)။

တကယ်မှားတာကို ဒကာ ဒကာမတွေ ဘယ်သူမှငြင်းနေဖို့ မလိုပါဘူး (မှန်ပါ့ ဘုရား) လိုသေး သလား (မလိုပါ ဘုရား) အဲဒီတော့ ကိုယ်သန္တာန်မှာ ဒါတွေ ရှိ မရှိ အကဲခတ်လိုက်ပါ (ရှိပါတယ် ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ရှိပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ နှလုံးသွင်း မမှန်သေး လို့ ရှိနေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် (နှလုံးသွင်း မမှန်သေးလို့ ရှိနေတာပါ) ဒါဖြင့် နှလုံးသွင်းမှန်ဖို့ အရေးဟာ တခြား သောအရေးထက် ကြီးတော့တယ်ဆိုတဲ့ ဥစ္စာပြောဖို့မပြောတော့ဘူး (မလိုပါ ဘုရား) လိုသေးရဲ့လား (မလိုပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် ရှေးဦးစွာ ဘာလုပ်ရပါလိမ့်မတုံးဆိုတော့ အရူးကို အရင်ပယ်ရဦးမယ်ကွ၊ နိဗ္ဗာန် အသာထားဦးကွ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရူးကိုဘဲ အရင်ပယ်ရဦးမယ်

နိဗ္ဗာန်ကို (အသာထားပါဦး)၊ အသာထားပါဦး၊ အရူးကိုဘဲ အရင်ပယ်ရဦးမယ်ဆိုတဲ့ အရေးဟာ အလွန် ကြီးလာပါတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား) ကြီးတယ်တဲ့။

ကိုင်း ခင်ဗျားတို့ ဘယ်လောက်ရူးတယ်ဆိုတဲ့ ဥစ္စာ သမီးရယ်လို့ မှတ်ထားလိုက်တော့ သမီးကလေးက ဖျတ်ကနဲ ပျက်စီးသွားတယ်၊ သုံးနှစ်သုံးသီးငိုလို့ မပြီးဘူး (မှန်ပါ့) ရူးနေတယ်(မှန်ပါ့ ဘုရား)။

သုံးနှစ်သုံးသီး (ငိုလို့ မပြီးပါ ဘုရား) ငိုလို့မပြီးဘူး၊ ဘာဖြစ်တာတုံး (ရူးတာပါ) စိတ်ရူးတာ (မှန်ပါ့) ဘာဖြစ်လို့ရူးတာတုံး၊ အမှတ်မှားကြောင့် ရူးတာ (မှန်ပါ့) ဟုတ်လား ကျုပ်ဖြင့် အားကိုးကြီးပြုတ်ပါပေါ့၊ အင်း အယူမှားကလည်း လိုက်တယ် (အယူမှားကလည်း လိုက်ပါတယ် ဘုရား)။

ကျုပ်ဖြင့် အားကိုးကြီးပြုတ်ပါပြီဆိုတော့ ဪ ကြည့်စမ်း အနိစ္စတရားကို အားကိုးပြုတ်ပါတယ်လို့ ပြောနေတဲ့ဥစ္စာ နဂိုကမှ အားမကိုးရတာကြီးကို သူအားကိုးထားတော့ အားကိုးကြီး ပြုတ်ပါပေါ့လို့ ဆိုပြီးသကာလ သူသည် မရူးပြန်ဘူးလား (ရူးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီတရားတွေဟာ အရူးတရား ဆယ့်နှစ်ပါးဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ပေါ်ပြီတဲ့၊ အမှတ်ကမှားသွားလို့ရှိရင် အသိကတော့ မှားတော့မယ် (မှန်ပါ့) အသိကမှားရင် အယူကကော (မှားပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေမှာ မျက်ရည်စက်လက် မျက်စိမျက်နှာညှိုးငယ်တယ် (မှန်ပါ့) ဟ-ဘာ ဖြစ်တာတုံး၊ အို-အမှတ်မှားကြောင့် အသိမှားဖြစ်တာ၊ အသိမှားကြောင့် အယူမှားဖြစ်နေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ အသုဘကလေးတစ်ခုတွေ့တဲ့အခါမှာ ဖြစ်စေ၊ ကိုယ့်သားသမီးက မလိမ်မာလို့ ထော်လော်ကန့်လန့် လုပ်တဲ့အခါမှာဖြစ်စေ၊ သမီးအတွက်ခက်တယ်၊ တစ်ခါတည်းလာတာဘဲ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ်)။

သမီးအတွက်ဘာတုံး (ခက်ပါတယ် ဘုရား) သမီးအတွက်ဆိုတာက သညာဝိပ္ပလ္လာသ၊ ခက်တယ်ဆိုတာက စိတ္တဝိပ္ပလ္လာသ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမီးအတွက်ဆိုတာက (သညာဝိပ္ပလ္လာသပါ) ခက်တယ်ဆိုတာက (စိတ္တဝိပ္ပလ္လာသပါ) သူဘာမှ မသိဘူး- သူဘာမှမသိဘူး၊ ဒီအမေ-အဖေ ကြီးတွေဟာ သူ့မှီနေရတယ်ဆိုတာ သူမသိရှာဘူးလို့ ဆက်လာတယ် (ဆက်လာပါတယ် ဘုရား) အင်း- ဘာပါလိမ့် (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ကိုင်း သွားကကော မသွားသေးဘူးလား (သွားပါပြီ ဘုရား) အဲဒီတော့ ဒီဟာသာ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီသုံးချက် မပယ်သရွေ့ ကာလပတ်လုံးဖြင့် သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ မောင်သစ် လွတ်မှာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

သောက = စိုးရိမ်မှုလာမှာဘဲ၊ ပရိဒေဝ = ငိုကြွေးမှု (လာမှာပါဘဲ) ဒုက္ခဒေါမနဿဖြစ်မှု (လာမှာပါ ပဲ) ဥပါယာသ = ပြင်းစွာပင်ပန်းမှု (လာမှာပါပဲ ဘုရား) လာမှာပဲတဲ့၊ ဪ ဒီပဋိစ္စသမုပ္ပါဒ် ဘယ်က လာပါလိမ့်မတုံးဆိုတော့ အမှတ်မှားကြောင့်လဲလာပါတယ် (မှန်ပါ့) အသိမှားကြောင့်လည်း (လာပါတယ်) အယူမှားကြောင့်လည်း (လာပါတယ် ဘုရား)။

ဪ ပဋိစ္စသမုပ္ပါဒ်က အလိုလို ပေါ်တာလားလို့ဆိုမှ ပဋိစ္စသမုပ္ပါဒ် လက်သည်ရှာပြန်တော့လည်း ဒီအမှတ် မှား -အသိမှား အယူမှားကလာတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်ကစ, သတုန်းလို့-ဆိုလို့ ရှိရင်ရှင်းကြပလား- (ရှင်းပါပြီ) ဘယ်ကလာသတုန်း(အမှတ် မှား အသိမှား-အယူမှားက လာပါတယ်)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ

အရင်တုန်းကတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခင်ဗျားတို့က အင်း-ဒီအတိုင်း ဖြစ်နေတာဘဲလို့ဘဲ သိတာဘဲ- (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒီအတိုင်းဖြစ်နေတာဘဲ၊ ကိုယ်ကဖြတ်နိုင်ဖြတ်-မဖြတ်နိုင်- သူ့သဘောနဲ့ သူလည်နေမှာဘဲ၊ ဒါလောက် ဘဲသိတယ်-(မှန်ပါ့) အခုတော့မဟုတ်ဘူူး၊ ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်စေတဲ့ တရားကိုသွားသိတယ်-(မှန်ပါ့) ရှင်းပလား-(ရှင်းပါပြီ) ပဋိစ္စသမုပ္ပပါဒ်ကို (ဖြစ်စေတဲ့တရားကို သိပါတယ် ဘုရား)။

ဖြစ်စေတဲ့ တရားကို သူသွားသိပါတယ်-(မှန်ပါ့) ဖြစ်စေတဲ့တရား သွားသိတဲ့အခါကျလို့ရှိရင်ဖြင့် ဪ-ပဋိစ္စသမုပ္ပါဒ်အစ ဝိပ္ပလ္လာသ မသိမ်းဆည်းနိုင်တာက (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ပဋိစ္စသမုပ္ပါဒ်အစ,ဟာ (ဝိပ္ပလ္လာသ မသိမ်းဆည်းနိုင်တာကပါ ဘုရား) အဲ ဝိပ္ပလ္လာသ မပယ်နိုင်တာ၊ မသိမ်းဆည်းနိုင်တာ အတူတူပဲ (မှန်ပါ့) ပေါ်ကြပြီနော် (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ်ပြတ်ချင်ပါတယ်ဆိုရင် ဝိပ္ပလ္လာသပယ်နိုင်ရင် ပြတ်တာဘဲ (မှန်ပါ့) ဝိပ္ပလ္လာသ မပယ်နိုင်သေးရင် (မပြတ်ပါ ဘုရား)။

သောတာပန်မှာ ဝိပ္ပလ္လာသ ရှစ်ပါးလည်း ပယ်

သောတာပန်မှာ ဝိပ္ပလ္လာသ ရှစ်ပါးလည်း ပယ်လိုက်ပါရော။ အပါယ် ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန်ပါ့) တခါတည်း အကျိုးအကန်း, အ-အ, အနူ , အရွဲ, မိစ္ဆာဒိဋ္ဌိဘဝဆိုတဲ့ခြောက်ဋ္ဌာနတွေမှာ သွားတတ်တဲ့ ပဋိစ္စသမုပ္ပါဒ် လည်းပြတ်တယ် (မှန်ပါ့) အပါယ်လေးပါးသွားတဲ့ ပဋိစ္စသမုပ္ပါဒ်လည်း (ပြတ်ပါတယ်)။

ဒါဖြင့် လေးနဲ့ ခြောက်နဲ့ပေါင်း (၄+၆)တဆယ် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့) ရိပ်မိမလား (ရိပ်မိပါပြီ)။

ဪ သောတာပတ္တိမဂ်ရရင် ပဋိစ္စသမုပ္ပါဒ် ဆယ်မျိုးပြတ်တယ် (မှန်ပါ့ ဘုရား) “ဆဇ္ဇာဘိဋ္ဌာနာနိ အဘဗ္ဗကာတုံ” ကိုးခြောက်ဌာနလည်း မရောက်ဘူးဆိုတာ (မှန်ပါ့) အဲ-ခြောက်ဋ္ဌာနသွားတဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ပြတ်တယ် (မှန်ပါ့)။

”စတူဟာပါယေဟိ စ ဝိပ္ပမုတ္တော” ဆိုတော့ အပါယ်လေးပါးသွားတဲ့ ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်တယ် (မှန်ပါ့) ဒါဖြင့် လေးရယ်- ခြောက်ရယ်ပေါင်း (တဆယ်ပါ ဘုရား)။

အဲ တဆယ်သော ပဋိစ္စသမုပ္ပါဒ်တွေဟာတဲ့ ခင်ဗျားတို့နှလုံးသွင်းမှန်လို့ သောတာဂတ္တိမဂ်ရမှ ဒီတဆယ် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့)။

ခင်ဗျားတို့က ပဋိစ္စသမုပ္ပါဒ်တမျိုးတည်း မှတ်နေတယ် (မှန်ပါ့) ဘယ်ကလာ ဟုတ်ရမတုံးတဲ့၊ ပဋိပစ္စ သမုပ္ပါဒ်ဆိုတာ ခြောက်ဋ္ဌာနသွားတဲ့ ပဋိပစ္စသမုပ္ပါဒ်လည်းရှိတယ်၊ အပါယ်လေးပါးသွားတဲ့ ပဋိပစ္စသမုပ္ပါဒ် (ရှိပါတယ် ဘုရား)။

ငရဲသွားတဲ့ ပဋိပစ္စသမုပ္ပါဒ်နဲ့ တိရစ္ဆာန်သွားတဲ့ ပဋိပစ္စသမုပ္ပါဒ် မတူသေးဘူးဗျ (မှန်ပါ့ ဘုရား) တူပါ့ မလား (မတူပါ ဘုရား)။

မတူသေးဘူးတဲ့၊ တိရစ္ဆာန်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြိတ္တာသွားတဲ့ ပဋိပစ္စသမုပ္ပါဒ်ကော (မတူသေးပါ ဘုရား) မတူသေးဘူးတဲ့။

ပြိတ္တာသွားတဲ့ ပဋိပစ္စသမုပ္ပါဒ်နဲ့ အသူရကာယ်သွားတဲ့ ပဋိပစ္စသမုပ္ပါဒ်ကော (မတူပါ ဘုရား)။

မတူသေးဘူးတဲ့၊ ဒါကအကုသိုလ် အမျိုးမျိုးကိုး (မှန်ပါ့) သဘောပါကြပလား ( ပါ ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒီမဂ်မှမရသေးလို့ရှိရင်ဖြင့် ဒီဝိပ္ပလ္လာသရရှစ်မျိုးမှ မပယ်နိုင်သေးလို့ ရှိရင်ဖြင့် ဒီဆယ်မျိုးသော ပဋိပစ္စသမုပ္ပါဒ် မပြတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဆယ်မျိုးသော ပဋိပစ္စသမုပ္ပါဒ် (မပြတ်ပါ ဘုရား)။

ဒါ- ချဲ့ပြီးသကာလ လာတော့ ဦးသံဒိုင် ဒါရောက်လာတယ် (မှန်ပါ့) ပေါ်ကြမလား – (ပေါ်ပါပြီ)။

ပဋိပစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိသတုံး (ဆယ်မျိုးပါ) ဆယ်မျိုး။

သောတာပန်ပယ်တဲ့ ပဋိပစ္စသမုပ္ပါဒ်

သောတာပန်ပယ်တဲ့ ပဋိပစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးတုံး (ဆယ်မျိုးပါ ဘုရား)။

မှတ်ထားပါ-မှတ်ထား၊ ဪ သောတာပန်ဖြစ်လို့ရှိရင် ပဋိပစ္စသမုပ္ပါဒ် ဆယ်မျိုးပြတ်ပါလား (မှန်ပါ့)။

သူမဖြတ်နိုင်တဲ့ ပဋိပစ္စသမုပ္ပါဒ်ရှိသေးတယ် (မှန်ပါ့) နတ်ပြည်သွားတဲ့ ပဋိပစ္စသမုပ္ပါဒ် သူမဖြတ်နိုင်သေးဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဗြဟ္မာပြည်သွားတဲ့ ပဋိစ္စသမုပ္ပါဒ် (မဖြတ်နိုင်သေးပါ ဘုရား) မဖြတ်နိုင်သေးဘူးဆိုတာ ကျန်နေသေးတယ် (မှန်ပါ့)။

ဒါတောင်မှ အရူးရှစ်မျိုး ပျောက်သွားတယ်၊ အရူးလေးမျိုးကျန်နေသေးလို့ ဟိုဘုံသွားတာတွေ ကျန်နေတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အရူးဘယ်နှစ်မျိုး ပျောက်သလဲ (ရှစ်မျိုးပျောက်ပါတယ်) ရှစ်မျိုးပျောက်သွားတယ် သောတာပန်မှာ နော် (မှန်ပါ့)။

ခင်ဗျားတို့ ပဋိပစ္စသမုပ္ပါဒ် ရှစ်မျိုးပျောက်ရင် စိတ်ချရပြီ။ အဲဒီက တဏှာ ဥပါဒါန် ကံ ဇာတိ-တဏှာ ဥပါဒါန်ကံ ဇာတိ အဲဒါတွေတော့ မလာတော့ဘူး (မှန်ပါ့)လာသေးရဲ့လား (မလာပါ ဘုရား) ခုနက ပြောခဲ့တဲ့ နတ်ပြည်သွားတတ်တဲ့ တဏှာ ဥပါဒါန် ကံ ဇာတိရှိသေးတယ် (မှန်ပါ့) ဗြဟ္မာပြည်သွားတတ်တဲ့ တဏှာ ဥပါဒါန် ကံ ဇာတိ (ရှိပါသေးတယ် ဘုရား) ရှိသေးတယ်ဆိုတာ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရူးဆယ့်နှစ်မျိုးဟာ ဘယ်အချိန်ကျမှ ရှစ်မျိုးပျောက်ပါ့မလဲ (သောတာပတ္တိမဂ် ရမှပါ ဘုရား)။

သောတာပတ္တိမဂ် ရချင်လို့ ရှိရင်လည်း ဒကာ ဒကာမတွေက နှလုံးသွင်း မမှန်သရွေ့ ဘယ်တော့မှမရဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သောတပတ္တိမဂ် ရချင်ရင်လည်း (နှလုံးသွင်းမှန်မှ ရမှာပါ ဘုရား) နှလုံးသွင်းမှန်မှရမယ်တဲ့၊ နှလုံးသွင်း မမှန်ရင် မရကို မရဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

နှလုံးသွင်းမှန်အောင်လည်း ဘာရှာရမှာတုံးလို့ မေးလို့ရှိရင်ဖြင့် ဆရာရှာရမယ် (မှန်ပါ့)။

နှလုံးသွင်းမှန်အောင် (ဆရာရှာရပါမယ် ဘုရား) အဲဒီလိုအကြောင်းတွေ အကျိုးတွေ အကုန်ဆက်တော့မှ ဦးသံဒိုင်ရဲ့၊ နောက်ဆုံးပိတ်ကျတော့ ဆရာပေါ်မှီတယ် (မှန်ပါ့)။

နောက်ဆုံးပိတ်ကျတော့ (ဆရာပေါ်မှီပါတယ် ဘုရား) ဆရာပေါ်မှီတာဘဲဆိုတာ ပေါ်လာကြပြီ (ပေါ်ပါပြီ)။

ကိုယ်ပိုင်ဉာဏ်ကဖြင့် ဒါမှတ်သားထားကြ၊ ဘယ်မှမပါခဲ့ဘူး (မှန်ပါ့ ဘုရား) ပါသေးလား (မပါ ပါ ဘုရား)။

မပါဘူး-မပါဘူး၊ ခင်ဗျားတို့ အလကားပဲ၊ ဆန်ပေါလို့ ကြီးလာတာသာမှတ်ပေရော့ (မှန်ပါ့) ကိုယ်ပိုင်ဉာဏ် ကတော့ (မပါ ပါ ဘုရား)။

ဒီ-ဝိပ္ပလ္လာသ ပယ်တဲ့နည်းတော့ ရကို မရနိုင်ဘူး (မှန်ပါ့) မရနိုင်ပါဘူးတဲ့။

ဆရာကောင်းတွေ့မှ ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်ရမယ်

ကိုင်း- ဒါဖြင့် ဒီလိုလုပ်ကြပါစို့။ သိပြီ- ဆရာကောင်းတွေ့မှ ဒကာ ဒကာမတို့ ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်ရမယ် (မှန်ပါ့) ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ရမှ နှလုံးသွင်းမှန်မယ် (မှန်ပါ့) နှလုံးသွင်းမှန်မှသာလျှင် ဝိပ္ပလ္လာသကို သေသေချာချာသိမယ် (မှန်ပါ့) သိတော့မှ ခင်ဗျားတို့ ဝိပ္ပလ္လာသပယ်ကြောင်းကို ကျင့်မယ်၊ ကျင့်ပြီး သည့်နောက်မှ အကျင့်မှန်သွားတော့မှ ဝိပ္ပလ္လာသ ပယ်တဲ့ဉာဏ်ရမယ် (မှန်ပါ့) နို့မဟုတ်ရင် ရကို-မရဘူး (မရနိုင်ပါ ဘုရား) ဆိုတော့ ဪ တော်တော်အရေးကြီးတဲ့ တရားပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါတော်တော် အရေးကြီးတဲ့ တရားဆိုတာ ကောင်းကောင်းကြီး ယနေ့ည သိတဲ့အတွက်တဲ့ ကဲ နှလုံးသွင်း မှန်ကြပါစို့ ဆိုလို့ရှိရင်ဖြင့်-တဲ့၊ ဒီအတိုင်း ပြောရုံကလေးနဲ့တော့ နှလုံးသွင်း အမှန်မရဘူး (မှန်ပါ့) ခန္ဓာနဲ့ဉာဏ်နဲ့ တည့်မှ နှလုံးသွင်းမှန်ရမယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှရမယ် (ခန္ဓာနဲ့ ဉာဏ်နဲ့ တည့်မှ နှလုံးသွင်းမှန်ရပါမယ် ဘုရား)။

ခန္ဓာနဲ့ ဉာဏ်နဲ့ တည့်မှ (မှန်ပါ့) ခန္ဓာနဲ့ ဉာဏ်နဲ့ မတည့်သရွေ့ ကာလပတ်လုံးလည်း နှလုံးသွင်းမှန်သတဲ့ နာသာ-နာထားရတယ်၊ ဪ ကိုယ့်အဖြစ်မှာတော့ မတည့်သေးဘူးပဲ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အလုပ်ခွင် မဝင်သေးသရွေ့ ကာလပတ်လုံး သိကာမျှကလေးနဲ့တော့ဖြင့် နှလုံးသွင်းမှန် အစစ်မဖြစ်နိုင် ဘူး (မှန်ပါ့) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

အလုပ်ခွင်ဝင်ရမယ်

ဒါဖြင့် ဒကာ ဒကာမတွေ အလုပ်ခွင်ဝင်ရမယ် (မှန်ပါ့ ဘုရား) အလုပ်ခွင်ဝင်လိုက်တဲ့ အခါကျလို့ရှိရင် ဖြင့် တဲ့၊ ဥပမာမယ် စိတ်ရှုတယ်၊ ဝေဒနာရှုတယ်၊ ကြိုက်တာရှုပါလို့ သတိပဋ္ဌာန်လေးပါးထဲက ကြိုက်တာရှုပါ၊ နောက်ဆုံး ပိတ် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဖြစ်တာပါဘဲ (မှန်ပါ့) သစ္စာရှုရာရောက်တာပါတဲ့ (မှန်ပါ့)မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ငါးမျိုးရှိရင် ငါးမျိုးစလုံး ပေါ်ရာကို ခင်ဗျားတို့က ဝေဒနာလား။ အနိစ္စလားလို့မေးပါ (မှန်ပါ့) မေးပါနော် (မှန်ပါ့ ဘုရား)။

မေးလိုက်တော့ ခန္ဓာက ဘယ့်နှယ်ပြောမလဲ (အနိစ္စလို့ ပြောပါတယ်) အနိစ္စလို့ပြောတော့ နိစ္စသညာ သူပယ်ပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အနိစ္စလို့ ပြောတော့ နိစ္စသညာ မပယ်လိုက်ဘူးလား (ပယ်ပါတယ် ဘုရား)။

ဪ နိစ္စသညာ ပယ်လိုက်ပါပြီ-တဲ့၊ အင်း ဒီဖြစ်ပျက်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ဒုက္ခ သစ္စာ ဟုတ်တယ် မဟုတ်လား (ဟုတ်ပါတယ် ဘုရား) အင်း သုခသညာ ပယ်လိုက် ပြီ (မှန်ပါ့) မပယ်လိုက်သေးဘူးလား (ပယ်ပါပြီ) ပယ်လိုက်ပါပြီတဲ့။

ဒီဥစ္စာ ခိုင်တဲ့ – မြဲတဲ့ တရားလား၊ မခိုင် မမြဲတဲ့ တရားလား (မခိုင် မမြဲတဲ့တရားပါ) အလုပ်နဲ့ ကြည့် လိုက်တဲ့အခါ ကိုယ့်ရှေ့တွင် ပျောက်တယ် (မှန်ပါ့) မပျောက်ဘူးလား (ပျောက်ပါတယ်)။

အဲဒီတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဒိဋ္ဌိဝိပ္ပလ္လာသလည်း သွားပြန်ပြီ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြပါစို့ ၊ နိစ္စသညာ -နိစ္စစိတ်က ဒါကို ခင်ဗျားတို့ နိစ္စသညာဆိုတဲ့ ဥစ္စာလည်း သောတာ ပတ္တိမဂ် ပယ်နိုင်တယ်၊ နိစ္စစိတ္တကို သောတာပတ္တိမဂ်က ပယ်နိုင်တယ်၊ နော် (မှန်ပါ့) အတ္တသညာ-အတ္တစိတ်ကိုလည်း သောတာပတ္တိမဂ်က ပယ်နိုင်ပါ့တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အတ္တသညာ (အတ္တစိတ္တကို ပယ်နိုင်ပါတယ်)။

အဲ အတ္တသညာဆိုတာ ဒီဥစ္စာ ငါပဲလို့ မှတ်ထားရင် အတ္တသညာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) အင်း ငါ့ကိုယ်တော့ ငါခင်ရမယ်ဆိုရင် အတ္တစိတ္တဘဲ (မှန်ပါ့)။

ဒီလိုဆိုတော့ အတ္တသညာနဲ့ အတ္တစိတ္တကိုလည်း သောတာပန် သောတာပတ္တိမဂ် ရမှပယ်နိုင်မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒိဋ္ဌိလေးမျိုးကတော့ဖြင့် အနိစ္စကို နိစ္စလို့ ယူတဲ့ဒိဋ္ဌိ (မှန်ပါ့ ဘုရား) ဒုက္ခကို သုခလို့ ယူတဲ့ဒိဋ္ဌိ (မှန်ပါ့) အနတ္တကို အတ္တလို့ ယူတဲ့ ဒိဋ္ဌိ၊ အသုဘကို သုဘလို့ ယူတဲ့ ဒိဋ္ဌိ (မှန်ပါ့) အဲဒီ ဒိဋ္ဌိလေးမျိုးရယ် ခုနင်က ပြောခဲ့တဲ့ နိစ္စသညာ နိစ္စစိတ္တရယ် အတ္တသညာ အတ္တစိတ္တရယ်နော် (မှန်ပါ့)။

အဲဒါ အခုပြောခဲ့တယ်၊ နိစ္စသညာ-နိစ္စစိတ္တ သဘောကျပလား (ကျပါပြီ) နိစ္စသညာရယ် (နိစ္စစိတ္တ ရယ်) သဘောကျပြီနော် (မှန်ပါ့)။

အေး တရားတွေကိုတဲ့ အားလုံးပေါင်းလိုက်တဲ့အခါ ရှစ်ပါးရပါတယ်၊ အဲဒါ သောတာပတ္တိမဂ်ကို ရလို့ရှိရင် သူတို့အမြစ်နဲ့တကွ ပြုတ်ပါတယ် (မှန်ပါ့) အမြစ်နဲ့တကွ ပြုတ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် ရှစ်မျိုး ပြုတ်ပါ တယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် ရှစ်မျိုး ပြုတ်ပါ တယ်

ဘယ်နှစ်မျိုးပြုတ်သလဲ – (ပဋိစ္စသမုပ္ပါဒ်ရှစ်မျိုးပြုတ်ပါတယ်) ပဋိစ္စသမုပ္ပါဒ်သည်ကားလို့ ဆိုရင်ဖြင့် အရူးရှစ်မျိုး ပျောက်သောကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆယ်မျိုးပျောက်တယ် (မှန်ပါ့ ဘုရား)။

အရူးရှစ်မျိုး ပျောက်ရင် (ပဋိစ္စသမုပ္ပါဒ်ဆယ်မျိုးပျောက်ပါတယ်) သေသေချာချာ မှတ်ပါ၊ ဒီဥစ္စာမလွယ် လို့နော် (မှန်ပါ့)။

နိစ္စသညာ-နိစ္စစိတ္တနော် (မှန်ပါ့) အတ္တသညာ-အတ္တစိတ္တ၊ ဒီလေးခုရယ် ပြီးတော့မှ ဒိဋ္ဌိလေးမျိုးရယ် ရှစ်ခု မနေဘူးလား (ရှစ်ခုပါ) အဲဒီ့ရှစ်ခု သောတာပတ္တိမဂ်ရမှ အရူးရှစ်မျိုးပျောက်တယ် (မှန်ပါ့)။ အရူးရှစ်မျိုးပျောက်မှ ပဋိစ္စသမုပ္ပါဒ်ဆယ်မျိုးပျောက်တယ် (မှန်ပါ့)။

ဒါသေသေချာချာ မှတ်ပါ၊ ဒီ ဥစ္စာချဲ့ရဦးမှာ (မှန်ပါ့ ဘုရား) အရူးရှစ်မျိုးပျောက်မှ -(ပဋိစ္စသမုပ္ပါဒ်ဆယ်မျိုး ပျောက်ပါတယ်) ဆယ်မျိုးပျောက်တယ် (မှန်ပါ့)။

အပါယ်လေးပါးသွားတဲ့ ပဋိစ္စသမုပ္ပါဒ်က လေးမျိုး၊ မရောက်ကောင်းတဲ့ ခြောက်ဋ္ဌာနပို့တဲ့ ပဋိစ္စသမုပ္ပါဒ်က ခြောက်မျိုး၊ အဲ -ခြောက်မျိုးနဲ့ လေးမျိုးနဲ့ ပေါင်းတော့-(ဆယ်မျိုးပါ ဘုရား)။

အဲ အရူးရှစ်မျိုး ပျောက်ရင် ဆယ်ခုသော ပဋိစ္စသမုပ္ပါဒ်ပျောက်ပါတယ် (မှန်ပါ့) အရူးရှစ်မျိုး မပျောက် လို့ရှိရင် အမြဲတမ်း ကျန်နေတယ် အောက်မေ့ပါ (မှန်ပါ့) ကျောင်းဒါကာလည်း ကျန်တယ်၊ ဘုရားဒါကာလည်း ကျန်တယ် မဟုတ်ဘူးလား (မှန်ပါ့)။

ကျောင်းဒါကာလည်း (ကျန်ပါတယ် ဘုရား) ဘုရားဒကာလည်း -(ကျန်ပါတယ်) ဘာဖြစ်လို့ ကျန်သတုံး၊ အရူးရှစ်မျိုးမပျောက်လို့ (မှန်ပါ့)။

အရူးရှစ်မျိုး မပျောက်တော့ဆယ်မျိုးသော ပဋိစ္စသမုပ္ပါဒ်က(ကျန်ပါတယ်) အပါယ်သွားတဲ့ လေးမျိုး၊ မဖြစ်ကောင်း တဲ့ခြောက်ဋ္ဌာနဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကလည်း ခြောက်မျိုး (မှန်ပါ့) ဘယ်နှစ်မျိုးကျန်သလဲ (ဆယ်မျိုးကျန် ပါတယ်)။

အဲဒါ ဒီဆယ်မျိုး ဘယ်ကလာသတုန်း (အရူးရှစ်မျိုးကလာပါတယ်) ရှင်းပလား (ရှင်းပါပြီ) အရူးရှစ်မျိုး ဘယ်က လာပါသတုံးလို့ မေးတဲ့အခါကျတော့ နှလုံးသွင်းမှားက လာတယ်(မှန်ပါ့)ဒါ အကြောင်းအကျိုး ဆက်မိပါပြီ (မှန်ပါ့ ဘုရား)။

ဆယ်မျိုးသော ပဋိစ္စသမုပ္ပါဒ် ဘယ်ကလာသတုန်း (အရူးရှစ်မျိုးကလာပါတယ်) အရူးရှစ်မျိုးက လာတယ်၊ သဘောကျပြီနော် (မှန်ပါ့) အရူးရှစ်မျိုး ဘယ်ကလာပါလိမ့်မတုံး (နှလုံးသွင်းမှာက လာပါတယ်)။

ဒါဖြင့် ဘုရား-နှလုံးသွင်း မှားလိုက်တယ် ဆိုကတည်းက အပါယ်လေးပါးဟာ ငါ့ပစ္စည်း (မှန်ပါ့) ရီစစ္စရီလုပ် ထားတယ် (မှန်ပါ့)။

အပါယ်လေးပါးဟာ (ငါ့ပစ္စည်း) ငါ့ပစ္စည်းလိုပ ရီစစ္စရီ လုပ်ထားရင် ဦးသံဒိုင် မှန်တယ် (မှန်ပါ့)မမှန် ဘူးလား (မှန်ပါတယ်) ဒီ မဖြစ်ကောင်းတဲ့ ခြောက်ဋ္ဌာနတွေ ဆိုတာတွေလည်း ငါ့နေရာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ (နေရာပါ) နေရာပဲဆိုတော့ ဒါဖြင့် နှလုံးသွင်းမှားတလုံးသည် မည်မျှလောက် အရုပ်ဆိုးတယ် မည်မျှလောက် အကျည်းတန်တယ်ဆိုတာဖြင့် ပြောစရာ မရှိဘူး (မရှိပါ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား) သိပ်ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

နှလုံးသွင်းမှားဟာ အပြစ်အကြီးဆုံး

ဒါဖြင့် ဒီတရားပွဲမှာ လက်သည်ရှာလိုက်တော့ ဘာအရေးကြီးပါလိမ့် (နှလုံးသွင်းမှားဟာ အရေးကြီး ပါတယ်) နှလုံးသွင်းမှားဟာ အပြစ်အကြီးဆုံး သင့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကဲ ကဲ ဒါဖြင့် နှလုံးသွင်းမှန် လိုက်ကြပါစို့ဆိုတော့ ဒိဋ္ဌိလေးမျိုးလည်း ပယ်လိုက်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နိစ္စသညာ နိစ္စစိတ္တကိုလည်း ပယ်လိုက်ပါပြီ၊ အတ္တသညာနဲ့ အတ္တစိတ္တလည်း ပယ်လိုက်ပါပြီ ဦးသံဒိုင်ရ ရှစ်မျိုးသွားပြီ (မှန်ပါ့) ရှစ်မျိုး သွားတယ်ဆိုကတည်းက အရူးရှစ်မျိုး ပျောက်ပါတယ် (မှန်ပါ့) အရူးရှစ်မျိုး ပျောက်လို့ရှိရင် ဆယ်မျိုးသော ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်ပါတယ် (ပြတ်ပါတယ်)။

ဒါဖြင့် နှလုံးသွင်းမှန်သည် လက်သည် အရင်းအကျဆုံး (အရင်းအကျဆုံးပါ) ပေါ်ပလား (ပေါ်ပါပြီ) နှလုံးသွင်းမှန်သည် (လက်သည်အရင်းအကျဆုံးပါ ဘုရား)၊၊

လက်သည် အရင်းအကျဆုံးဘဲဆိုတာ နှလုံးသွင်းမှန်ဆိုတာ သည်ဒကာ ဒကာမတို့ ဘယ်လိုမှ အမှန် ရောက်နိုင် သတုံးဆိုတာ ခန္ဓာက ပြောတာကို ခန္ဓာကတော့ သူအနိစ္စရှိလို့ အနိစ္စပဲပြောတယ် (မှန်ပါ့) ဒုက္ခပဲရှိလို့ (ဒုက္ခပဲ ပြောပါတယ်) အနတ္တပဲရှိလို့ (အနတ္တပဲပြောပါတယ်) အသုဘရှိလို့ (အသုဘပဲပြောပါတယ်)။

သူပြောတာနဲ့ ကိုယ့်ဉာဏ်နဲ့ ကိုက်လို့ရှိရင်ဖြင့်

ဒါဖြင့် သူပြောတာနဲ့ ကိုယ့်ဉာဏ်နဲ့ ကိုက်လို့ရှိရင်ဖြင့် ကိုယ့်နှလုံးသွင်းနဲ့ ကိုက်လို့ရှိရင်ဖြင့် နှလုံးသွင်းမှန်ပြီအောက် မေ့ပါ (မှန်ပါ့)

သူကတော့ ဒီလေးမျိုးမှတစ်ပါး ဦးသံဒိုင် အခြားဘာမှမပြောဘူး (မှန်ပါ့) အနိစ္စက အနိစ္စဘဲပြောမယ်။ ဒုက္ခကလည်း (ဒုက္ခဘဲ ပြောပါမယ်) အနတ္တကလည်း (အနတ္တဘဲပြောပါမယ်) အသုဘကလဲ (အသုဘ ဘဲ ပြောပါတယ်)။

သူတို့ အပြောကတော့ဖြင့် ခင်ဗျားတို့က မနှိုးဆော်ရပါဘူး သူတို့ရှိတာ သူတို့ပြောတာပါဘဲ (မှန်ပါ့) ခင်ဗျားတို့က သူတို့ပြောတာကို ပြောင်းပြန်-ပြန်ယူရင် ဝိပ္ပလ္လာသဘဲ၊ ဟုတ်လား-(မှန်ပါ့)။

ပြောင်းပြန်ယူရင် (ဝိပ္ပလ္လာသပါ ဘုရား) ပြောင်းပြန်ယူလို့ရှိရင် ဝိပ္ပလ္လာသ၊ သဘောကျပလား (ကျပါပြီ)။

ဟာ ပြောင်းပြန် မယူပါဘုရား၊ သူတို့ပြောတာကို တပည့်တော်တို့ အမှန်ယူမယ်ဆိုလို့ ရှိရင်ဖြင့် ဒါနှလုံး သွင်းမှန်ဘဲ (မှန်ပါ့)။

ဒါကြောင့် နှလုံးသွင်းမှား နှလုံးသွင်းမှန်ဆိုတာ နှစ်ချက်ရှိပါတယ် (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး (နှလုံးသွင်း မှန်အောင် လုပ်ရပါမယ်ဘုရား။)

နှလုံးသွင်းမှန် ဆိုတာကလည်း ကိုယ့်ဒီဂရီနဲ့ကိုယ် ထိုးကြည့်ပါ (မှန်ပါ့) နှလုံးသွင်းမှန်တယ် မှားတယ် ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ခန္ဓာကိုယ်ရှိတာက အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ်၊ အသုဘရယ် ရှိပါတယ် (မှန်ပါ့) ဒုက္ခသစ္စာလည်း ရှိပါတယ် (မှန်ပါ့) အဲဒီ သူ့ပြောတာ နဲ့ ကိုယ့်နှလုံးသွင်းနဲ့ တည့်သွားလို့ရှိရင်ဖြင့် ဒါနှလုံးသွင်းမှန်တာဘဲ (မှန်ပါ့) သူပြောတာကတော့ ဒါကိုပြောတယ်၊ ကိုယ်က ပြောင်းပြန်ယူနေတယ်ဆိုတော့ ဒါ-ခက်ပြီ၊ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။

ဘယ်လိုခက်သတုံး ဆိုလို့ရှိရင် ခင်ဗျားတို့ ပြောနေကြတာ ဪ သေနေပေမဲ့ လှလိုက်တာ (မှန်ပါ့) ဒီလိုပြောတဲ့ လူကရှိသေးတယ် (ရှိပါတယ် ဘုရား)။

သေတော့ သေနေတာဘဲတဲ့၊ သေပေမယ့် သူ့အလောင်းက လှလိုက်တာ (မှန်ပါ့)။

ဘာဖြစ်နေတာတုံးမေးရင် ဘယ့်နှယ်ဖြေကြမယ် (နှလုံးသွင်း မှားတာပါ ဘုရား) အသုဘကို သုဘထင်နေ တာ (မှန်ပါ့)။

အလောင်းကြည့်ရတာ လှလိုက်တာ၊ သေပုံတောင်မရသေးဘူး (မှန်ပါ့) ခင်ဗျားတို့လည်း ဒါနဲ့ ဧည့်ခံနေတော့ အတော်ခဲယဉ်းတယ် (မှန်ပါ့) မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

ဒီလိုမှ ဧည့်မခံလို့ရှိရင်လည်း မသာ့ရှင်က မကြိုက်ပေဘူး (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

တချို့ကလည်း မသာ့ရှင်ကို လောကွတ်ချော်တာတမျိုး၊ ကိုယ့်ကိုယ်တိုင် ခင်လို့ ဖြစ်လာတာက တမျိုး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဝိပ္ပလ္လာသဆိုတာမျိုးဟာ ဝိပ္ပလ္လာသပျောက်ဖို့ဟာကလည်း၊ ခန္ဓာကအပြောနဲ့ နှလုံးသွင်းမှန်နဲ့ တည့်သွား မှသာလျှင် ဒါ ဝိပ္ပလ္လာသ ပျောက်မှာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အလုပ်ခွင်မဝင်တဲ့ ပုဂ္ဂိုလ် ဝိပ္ပလ္လာသမပျောက်

အဲဒီတော့ကို ယနေ့ညမှာ သေသေချာချာမှတ်ဖို့ရာက အလုပ်ခွင်မဝင်တဲ့ ပုဂ္ဂိုလ် ဝိပ္ပလ္လာသမပျောက် (မှန်ပါ့ ဘုရား)။

အလုပ်ခွင်မဝင်တဲ့ ပုဂ္ဂိုလ် (ဝိပ္ပလ္လာသ မပျောက်ပါ ဘုရား) ဝိပ္ပလ္လာသ ဘယ်နည်းနဲ့မှ မပျောက်ဘူး (မှန်ပါ့ ဘုရား)။

အလုပ်ခွင်နဲ့ ခန္ဓာကိုယ်အလုပ်ခွင်ခန္ဓာကိုယ် ကြည့်တဲ့ဉာဏ်နဲ့ နှလုံးသွင်းမှန်မှန်နဲ့ ကြည့်လိုက်ပြီ၊ နှလုံးသွင်း မှန်မှန်ထားပြီး သမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်ပြီဆိုတော့မှ ခန္ဓာက ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ ဝေဒနာကလေးတွေက ဟိုနေရာက ပေါ်လိုက် ပျောက်လိုက်၊ စိတ်ကလေးတွေက ဒီနေရာကပေါ်လိုက် ပျောက်လိုက် ဒီနေရာကပေါ်လိုက် ပျောက်လိုက်၊ ဪ အကုန်သည်ကားလို့ ဆိုရင်ဖြင့် အနိစ္စတရား၊ ဒုက္ခတရား ခဏခဏသေနေတဲ့ အားမကိုးလောက်တဲ့ အနတ္တ တရား ခဏခဏသေနေတဲ့ အသုဘတရားကလေး (မှန်ပါ့) ခဏခဏ သေနေတာကိုး (မှန်ပါ့)။

ခဏခဏသေတာ ဘာခေါ်ကြမယ် (အသုဘပါ ဘုရား) သေတာဟာ အသုဘဘဲ (မှန်ပါ့)။

ခင်ဗျားတို့ ပုပ်ရိနေတာမှ အသုဘမဟုတ်ဘူး (မှန်ပါ့) ခဏခဏ ကိုယ့်ခန္ဓာထဲက သေပြနေတာလဲ ဘာခေါ်ကြမယ် (အသုဘပါ ဘုရား) အသုဘဘဲ ဆိုတာကော သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဖြစ်ပျက်ကလေးတလုံးကိုပင်လျှင် အနိစ္စဆိုတာသူဘဲ (မှန်ပါ့) ဒုက္ခဆိုတာ (သူပါဘဲ) အနတ္တဆိုတာ (သူပါဘဲ) အသုဘဆိုတာ (သူပါဘဲ)။

အဲဒီဖြစ်ပျက်မြင်လို့ မှန်မှန်မြင်နေတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေ မှတ်ပါတဲ့ ဝိပ္ပလ္လာသ မပယ်နိုင် သေးငြားသော်လည်း ပယ်တော့ဖြင့် မပယ်သေးဘူး၊ မပယ်သေးပေမယ့် အရူးတော့ ပျောက်စပြုပြီ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဘာတုံး (အရူး ပျောက်စပြုပါပြီ ဘုရား) အရူးတော့ပျောက်စပြုပြီ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အရူးပျောက်စပြုတယ်

အရူးပျောက်စပြုတယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလူ့အတွက် အရုဏ်တက်ပြီဟေ့ (မှန်ပါ့)သဘောကျပလား (ကျပါပြီ)။

ဒီလူ့အတွက် ဘာတဲ့ (အရုဏ်တက်ပါပြီ ဘုရား) ဒါ-ပွားကြည့်မှ လာတာနော် (မှန်ပါ့) ပွားမကြည့်တဲ့ ပုဂ္ဂိုလ်ဖြင့် (မလာပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့က ဘုရားတွေတွေ့ဆုတောင်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်နိဗ္ဗာန် ရ-ရပါလို၏။ ဟုတ်လား (မှန်ပါ့)။

မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဒါပယ်ပြီးမှာ ရရမှာ (မှန်ပါ့) ဒါ- မပယ်သေးရင် (မရပါ ဘုရား) ရကို-မရနိုင်ဘူးဆိုတာ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ ရော့ အင့် ပေးလို့ရတဲ့ပစ္စည်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား) ကိုယ့်ဟာကိုယ်နှလုံးသွင်း မှန်မှန်နဲ့ ကြည့်ပြီးမှ ပယ်တဲ့တရားကလာမှာ (မှန်ပါ့ ဘုရား) နှလုံးသွင်း မှန်မှန်နဲ့မကြည့်ရသေးရင် (မလာသေး ပါ ဘုရား) မရသေးပါဘူး။

အဲဒီတော့ စာထဲရေးပြီး ဖတ်ပြီးသကာလ ဒီခန္ဓာကိုယ်ကြီးဟာ အနိစ္စဘဲ၊ ဒုက္ခဘဲ၊ အနတ္တဘဲ၊ အသုဘဘဲဆို ပြီး ဪ စာကရေးတော့လည်း ဒီခန္ဓာကိုယ်ဟာ ဒါပါဘဲလို့မှတ်ရုံနဲ့တော့ မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

ခန္ဓာကကိုက တကယ်ပြောပါမှ နှလုံးသွင်းကလည်း တကယ်မှန်ပါမှ (မှန်ပါ့) ခန္ဓာကပြောတာတခြား နှလုံးသွင်းမှားနဲ့ကြည့်တာက တမျိုးဆိုရင် မရဘူး (မရပါ ဘုရား)။

ဒီနှစ်ခုဟာ ချိန်ကိုက်ဖို့ အရေးကြီးပါတယ်

ခန္ဓာကလည်း အမှန်ပြော (မှန်ပါ့) ရှင်းပြီ (မှန်ပါ့) နှလုံးသွင်းကလည်း အမှန်တည့်မှ ဒီနှစ်ခုဟာ ချိန်ကိုက်ဖို့ အရေးကြီးပါတယ် (မှန်ပါ့)။

ခန္ဓာက အမှန်ပြောဖို့ရယ် (နှလုံးသွင်းက အမှန်တည့်ဖို့ရယ်) နှလုံးသွင်းက အမှန်တည့်ဖို့ရယ် (မှန်ပါ့) အဲဒီတော့ ခင်ဗျားတော့ ခုနက မသာလှတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးနဲ့တော့ ခက်တယ် (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ငပိဟာ ပုပ်နေတာဘဲ၊ အို ဒီငပိ တယ်ကောင်းပါလား ပြောချင်ပြောနေတာ (မှန်ပါ့) ငပိဆိုတာ အပုပ်ဘဲ (မှန်ပါ့)နဂိုကိုက ဘာတုံး (အပုပ်ပါ ဘုရား) အဲဒါဘယ့်နှယ်ပြောကြသတုံး (ကောင်းတယ်လို့ ပြော ပါတယ် ဘုရား)။

ဒီငပိတယ်ကောင်းပါလားဆိုတဲ့ အသွားတွေက သိပ်များတယ် (များပါတယ်) မများဘူးလား (များပါတယ် ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ ဝိပ္ပလ္လာသကလည်း တော်တော်ခဲယဉ်းတယ်၊ ဘယ်လောက်ထိအောင် ရူးသတုံး ဆိုလို့ရှိရင် ကိုယ့်သားသမီးကလေးတွေ ကိုယ်ကြည့်နေလို့ ရှိရင်ဖြင့် ကြာရှည်ကြည့်လေ ချောတယ်၊ မွေ့တယ် လို့ ဖြစ်-ဖြစ်လာတယ် (မှန်ပါ့)။

အင်း မကြည့်ဘဲနေရင် ဒါလောက်မဆိုးဘူး (မှန်ပါ့) တာရှည်ကြည့်လေလေ (ဆိုးပါတယ် ဘုရား) ချောတယ်, မွေ့တယ်, လှတယ်လို့ဆိုတာ ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။

အဲဒီတော့ ဘာတုံး လို့ မေးတဲ့အခါကျတော့ ဝိပ္ပလ္လာသတိုးတိုးလာတာ (မှန်ပါ့ ဘုရား) လျော့သွား တာလား တိုးလာသလား (တိုးလာပါတယ် ဘုရား)။

တိုးလာတာတဲ့။ ခင်ဗျားတို့ ပြောတာဘဲ နီးစပ်တော့ ခင်လာတယ် (မှန်ပါ့ ဘုရား)။

နဂိုတုန်းက ကျုပ်ဒါလောက်မခင်ပါဘူး (မှန်ပါ့) အရုပ်ဆိုးကလေးဘဲ ၊ အကျည်းတန်ကလေးဘဲ၊ အခုတော့ ဒီလိုမဟုတ်ဘူး၊ ကျုပ်စိတ်ထဲမှာ ခင်လာတယ်။ အင်း ဘာတိုးတာတုံး (ဝိပ္ပလ္လာသတိုးတာပါ) ပေါ်ပလား (ပေါ်ပါပြီ) ဝိပ္ပလ္လာသတိုးလာတာ။

ဒကာ ဒကာမတို့ ဘာဖြစ်တာတုံး (ဝိပ္ပလ္လာသ တိုးလာတာပါ ဘုရား)။

ဝိပ္ပလ္လာသဆိုတာ အရူးနော် (မှန်ပါ့) အင်း အရူးတိုးလာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိလာပါပြီ)။

ဘာတိုးတာတုံး (အရူးတိုးတာပါ) ကိုယ့်သား သမီးကလေးတွေကြည့်လိုက်။ အင်း ဘယ်သူ့သား သမီးက ချောတယ် လှတယ် လိမ်မာ ယဉ်ကျေးတယ်ဆိုတာ ကိုယ့်သား သမီးတော့မမှီသေးပါဘူး၊ ဆိုပြီးသကာလ မောင်သစ်ရေ လာပြန်တာဘဲ (မှန်ပါ့ ဘုရား)။

ဘာဖြစ် လာပြန်တုံးလို့ မေးရင် ဘယ့်နှယ်ဖြေမယ် (အရူးတိုးလာတာပါ ဘုရား) အရူးတိုးလာတာ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပ္ပလ္လာသတိုးနေတယ်

အဲဒီတော့ ခင်ဗျားတို့မှာလည်း ဝိပ္ပလ္လာသပယ်ဖို့ဝေးစွ၊ ဝိပ္ပလ္လာသတိုးနေတယ် (မှန်ပါ့) မဆိုးဝါးဘူး လား (ဆိုးဝါးပါတယ် ဘုရား)။

ဝိပ္ပလ္လာသ ပယ်ရမည့် အလုပ်ကိုခင်ဗျားတို့မှာ တိုးနေတယ်ဆိုတော့ အရိုးသာရင့်တယ်၊ ဉာဏ်မပွင့်ဘူးဆို တာပေါ်လာတယ် (ပေါ်လာပါတယ်) အရိုးတော့ ရင့်သွားတာဘဲ (မှန်ပါ့) ဉာဏ်ကတော့ မပွင့်လာဘူး (မှန်ပါ့ ဘုရား) အတော်ဆိုးပါလား(ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒါ ဘာတုံးလို့ဆိုတော့ နှလုံးသွင်းမှားနေလို့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘယ်ဟာ ကြောက်စရာ အကောင်းဆုံးလည်း (နှလုံးသွင်းမှားဟာ ကြောက်စရာအကောင်းဆုံးပါ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှာသည်ကားဆိုရင် ကြောက်စရာအကောင်းဆုံးဘဲဆိုတော့ ခင်ဗျားတို့ အလုပ်-လုပ်တော့မယ် ဆိုတော့ မျက်လုံးနဲ့မလုပ်နဲ့၊ မျက်လုံးနဲ့လုပ်ရင် နှလုံးသွင်းမှားလိမ့်မယ် (မှန်ပါ့)။

မနောထဲက တစ်ခါတည်း မျက်လုံးမှတ်ပြီး မနောထဲက ကိုယ့်ခန္ဓာကိုစိုက်ပါ (မှန်လှပါ ဘုရား) စိုက်တော့ အဆင်းလည်း မမြင်ဘူး၊ အသံလည်း မကြားဘူး၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲ-ခန္ဓာထဲကနေပြီးသကာလ တစ်ခါတည်း ကိုယ့်ခန္ဓာထဲမှာပေါ်လာတဲ့ တရား၏ပျက်မှုကို သူဂရုစိုက်လာတယ် (မှန်ပါ့)။

ပေါ်လာတဲ့ တရားကလေးတွေသည် ပျက်ပျက်-ပျက်ပျက်ပြီး သကာလ သွားတာမြင်လိုက်တော့ကို ဉာဏ်နဲ့ မြင်လိုက်တော့ကို-ဉာဏ်နဲ့မြင်မှနော် (မှန်ပါ့)အဲဒီကဲ့သို့ ဉာဏ်နဲ့မြင်လိုက်တဲ့ အခါကျတော့ ဪ ဘယ်ချော တာရှိမလဲ၊ အလကား မှတ်ထားတာဘဲ၊ ဟုတ်လား (မှန်ပါ့)။

ချောတာ မရှိပါဘူး၊ ပျက်နေတာသာကြည့်ပါ (မှန်ပါ့)သဘောကျပလား (ကျပါပြီ) ချမ်းသာတာ မရှိပါဘူး၊ ပျက်နေတာချည်းဘဲ (မှန်ပါ့) အားကိုးစရာ မရှိပါဘူး (ပျက်နေတာချည်းဘဲ) သေနေတာသာ ရှိပါတယ်၊ တင့်တယ်တာ (မရှိပါ ဘုရား)။

မနောပေါက် တပေါက်ထဲက ကြည့်လိုက်

ဒါက မနောပေါက်နဲ့ တပေါက်ထဲကနေပြီး ခင်ဗျားတို့ ကြည့်လိုက်လို့ ရှိရင်တော့ဖြင့် ဒီဝိပဿနာဟာ တော်တော်အရူးပျောက်တာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါကြောင့် ဝိပဿနာအလုပ်သည် မနောပေါက်က နေပြီး မျက်လုံးမှိတ်ပြီး ခန္ဓာကိုကြည့်ပါ (မှန်ပါ့)။

ဘာဖြစ်လို့ ဆရာဘုန်းကြီးက အကြည့်ခိုင်းသတုန်း-ဘုရား ဘယ့်နှယ်ကြောင့် အကြည့်ခိုင်းသတုန်း မေးတဲ့အခါကျတော့ အရူးပျောက်အောင် ရှေးဦးစွာ အကြည့်ခိုင်းတာ (မှန်ပါ့)။

ဘာတုန်း အရူးပျောက်အောင် အကြည့်ခိုင်းတာပါ ဘုရား)။

အရူးပျောက်အောင် အကြည့်ခိုင်းတယ်ဆိုတော့ နှလုံးသွင်းမှန်အောင်လို့ အကြည့်ခိုင်းတာ (မှန်ပါ့) နှလုံးသွင်း မှန်မှသာလျှင် ဒကာ ဒကာမတို့ ပယ်မှုရမယ် (မှန်ပါ့) နှလုံးသွင်းမှ မမှန်သေးရင် (ပယ်မှုမရပါ ဘုရား)။

ပယ်မှုမရနိုင်လို့ရှိရင်ဖြင့် ခုနင်က ရှစ်မျိုးဟာလာနေမှာဘဲ (လာနေမှာပါဘဲ) မလာပေဘူးလား (လာပါတယ် ဘုရား)။

ရှစ်မျိုးလာရင် ဆယ်မျိုး ပဋိစ္စသမုပ္ပါဒ်နဲ့ ခုနင်က ဆယ်ဋ္ဌာနတော့ ကျုပ်တို့ မသွားချင်ပါဘူးဆိုလို့ မရဘူး (မရပါ ဘုရား)။

ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှန်မှုကို- မနောပေါက်က နေပြီး ခန္ဓာကြည့်ပါ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်မှုကို (မနောပေါက်ကနေပြီး ခန္ဓာ ကြည့်ရမှာပါ ဘုရား)။

မနောပေါက်ကနေပြီး ခန္ဓာ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် မှတ်ပြီးသကာလ ဆရာသမား ပေးထားတဲ့ နည်းနဲ့ ဟုတ်လား (မှန်ပါ့) ကိုယ်က မနောပေါက်ကနေပြီး ကိုယ်ခန္ဓာက အပြောနဲ့ ကိုက်လို့ ရှိရင်ဖြင့် ဒါသည် ဝိပ္ပလ္လာသကို ပယ်ပါပြီ (မှန်ပါ့ ဘုရား)။

အမြစ်နဲ့တကွပျောက်ဖို့ရာတော့ဖြင့် မဂ်ဆိုက်မှဘဲ

ဝိပ္ပလ္လာသကို ပယ်တော့ -သူအရူးတော့ပျောက်ပြီ၊ သို့သော် အမြစ်နဲ့တကွ ပျောက်ပလားလို့ ဒီလိုလည်းမဆို နဲ့ဦး၊ အမြစ်နဲ့တကွပျောက်ဖို့ရာတော့ဖြင့် မဂ်ဆိုက်မှဘဲ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ဘယ်တော့မှ မပျောက်ဘူးဆို တာသဘောပါပလား (ပါ ပါပြီ)။

ဒါဖြင့် မဂ်ဆိုတာလည်း ဒကာ ဒကာမတို့ နိဗ္ဗာန်မြင်ပြီးမှ ပေါ်တာ မှန်ပါ့ ဘုရား) နိဗ္ဗာန်မလာသေးရင် (မပေါ်ပါ ဘုရား)။

မပေါ်သေးဘူး၊ ဘာကြောင့်တုံး “နိဗ္ဗာနံ မဂ္ဂဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော” နိဗ္ဗာန်မပေါ်သေးရင် (မဂ်မပေါ်ပါ ဘုရား)။

မဂ်မပေါ်သေးတော့- မဂ်မပေါ်သေးလည်း ဝိပ္ပလ္လာသ ရှစ်ပါးကို မပယ်နိုင်ဘူး (မှန်ပါ့) ပယ်နိုင်ပါ့ မလား (မပယ်နိုင်ပါ ဘုရား)။

မပယ်နိုင်သေးသရွေ့ ကာလပတ်လုံးလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နှလုံးသွင်း မမှန်သေးဘူး (မှန်ပါ့) နှလုံးသွင်း မမှန်သရွေ့ ကာလပတ်လုံး အရူးဆယ့်နှစ်မျိုးဘဲ ရှိသေးတယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အရူးဆယ့်နှစ်မျိုးရှိလို့ ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ သုံးဆယ့်တစ်ဘုံမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ဆယ့်နှစ်မျိုးဟာ ဘယ့်နှယ်နေသတုန်း (မပြတ်နိုင်ပါ ဘုရား) အကုန်သွားနိုင်တယ် (မှန်ပါ့)။

သုံးဆယ့်တစ်ဘုံမှာရှိတဲ့- ဘုံသုံးဆယ့်တစ်မှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကုန်မပြတ်ဘူး (မှန်ပါ့) ပြတ်ပါ့ မလား (မပြတ်ပါ ဘုရား)။

မပြတ်သေးလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒီလမ်းတွေဟာ ဟိုလမ်းချည်းဘဲမှတ်ပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ကဲ ယနေ့ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။