10901

မာတိကာသို့

နှလုံးသွင်းမှား၍ ဝိပ္ပလ္လာသသုံးပါးဖြစ်လာပုံ

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်၊

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော

နှလုံးသွင်းမှား၍ ဝိပ္ပလ္လာသသုံးပါးဖြစ်လာပုံ

ညအလုပ်ပေး တရားတော်

(၂၉-၁၁-၆၁)

ဒီနေ့ ယောနိသာ မနသိကာရနဲ့ အယောနိသော မနသိကာရ ထူးခြားတာကို ဟောလိမ့်မယ်လို့ အလုပ်သမား တွေနားထောင်ရမယ် နော်။

ယောနိသော မနသိကာရ၊ အယောနိသော မနသိကာရဆိုတာ ပုဂ္ဂိုလ်သန္တာန်မှာ နှလုံးသွင်းမှန်တာဟာ ယောနိသော မနသိကာရ၊ နှလုံးသွင်း မမှန်တာဟာ အယောနိသော မနသိကာရလို့ ရှေးဦးစွာ မှတ်ထားရမယ် (မှန်ပါ့)။

နှလုံးသွင်းမှန်တာ ဘာခေါ်ကြမယ် (ယောနိသော မနသိကာရပါ ဘုရား) နှလုံးသွင်း မမှန်တာ (အယော နိသော မနသိကာရပါ ဘုရား)။

နှလုံးသွင်းမှားပြီဆိုမှဖြင့်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ်ပါဠိတော်မှာ-

”အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာစေဝ အကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ အကုသလာဓမ္မာ အဘိဝဍ္ဎန္တိ”။

နှလုံးသွင်းမှားပြီဆိုမှဖြင့် မဖြစ်သေးတဲ့ အကုသိုလ်လဲ ဖြစ်လာတယ်။ ဖြစ်ပြီးသား အကုသိုလ်တွေလဲ ပွားလာ တာဘဲ၊ တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

နှလုံးသွင်း မှားပြီဆိုယင် မဖြစ်သေးတဲ့ အကုသိုလ်တွေ (ဖြစ်လာပါတယ် ဘုရား) ဖြစ်ပြီးသား အကုသိုလ် တွေ (ပွားပါတယ် ဘုရား) ပွားလာတယ်၊ ဪ တကယ့်တရားပါလား။

အဲဒါကို ဆရာသမားနဲ့တကွ အလုံးစုံက ပြင်မပေးတော့ဘူးဆိုလို့ရှိယင် မိဘရိုးရာအတိုင်း သင်ထားတာ ကတော့ဖြင့်များသောအားဖြင့် နှလုံးသွင်းမှားချည်း သင်ထားတာဘဲ (မှန်ပါ့) နှလုံးသွင်းမှားချည်း သင်ထားတော့ ကို မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်၊ ဖြစ်ပြီးတဲ့ အကုသိုလ်တွေပွား။

ကိုင်း ဒါဖြင့် နှလုံးသွင်း မှားတယ်ဆိုတာ ဘာပါလိမ့်မတုံးမေးတော့ ဒီခန္ဓာကိုယ်ကြီးက ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စခန္ဓာကိုယ်ကြီး၊ ဖြစ်ပျက်ဆိုတာသည် ဇာတိ ဇရာ မရဏ နှိပ်စက်လို့ဆင်းရဲတဲ့ ခန္ဓာကိုယ်ကြီး၊ ပုဂ္ဂိုလ် သတ္တဝါ အလိုသို့ မလိုက်တဲ့ အနတ္တ ခန္ဓာကိုယ်ကြီး၊ ဘယ်အချိန် ကြည့်လိုက်-ကြည့်လိုက် ချွေးသုတ်နေရတာနဲ့ တံတွေး ထွေး နေရတာနဲ့ ကျင်ကြီး-ကျင်ငယ် စွန့်နေရတာနဲ့ အသုဘ ခန္ဓာကိုယ်ကြီး။

နိစ္စထင်နေတာဘဲ

အနိစ္စ ဒုက္ခ အနတ္တ အသုဘကို နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်-ဆရာပြင်မပေးလို့ တပည့်ကောင်း မဟုတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့်အနိစ္စ ခန္ဓာကိုယ်ကြီးကိုလဲ နိစ္စထင်နေတာဘဲ၊ ဒုက္ခ ခန္ဓာကိုယ်ကြီးကိုလဲ သုခလို့ ထင်နေတာဘဲ၊ အနတ္တ ခန္ဓာကိုယ်ကြီးကိုလဲ အတ္တပိုင်တယ်လို့ ထင်နေတာဘဲ၊ အသုဘခန္ဓာကိုယ်ကြီးကိုလဲ လူတယောက်ကလူတယောက်ကြည့် လိုက်ရင် ခင်ဗျားဘာဖြစ်နေသတုန်း ။ တော်တော် စိတ်ချမ်းသာ လက်ချမ်းသာရှိပုံရတယ်၊ ဝဝဖြိုးဖြိုးနဲ့ ကြက်သ ရေရှိလိုက်တာဗျာ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ အပြောတွေပေါ့လေ (မှန်ပါ့ ဘုရား)။

အဲဒါ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ အပြောတွေကိုပင်လျှင် မောင်သစ်တို့ ဦးသံဒိုင်တို့က ဒါနဲ့ နှုတ်ဆက်နေ ကြတာဘဲ (မှန်ပါ့ ဘုရား) ဒါနဲ့နှုတ်ဆက်နေတယ်၊ ဒါနဲ့ ဧည့်ခံနေတယ်။

ဦးသံဒိုင် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဒါနဲ့ဧည့်ခံမှလဲ သူ့အကြိုက်ကျမယ် (မှန်ပါ့) နို့ သူ့အကြိုက်ကျအောင်လို့ ဧည့်ခံတာလား ၊ ကိုယ့်အမြင်ကကိုယ်က မှောက်မှားနေတာလား တခါ အကဲခတ်ဦး (ကိုယ့်အမြင်ကမှောက်မှားနေတာပါ)။

ဒါဖြင့် ဒီဥစ္စာဘာဆိုကြမတုံးလို့မေးတော့ကို အနိစ္စ-နိစ္စထင် ဒုက္ခ-သုခထင်၊ အနတ္ထ-အတ္တထင်၊ အသုဘကို သုဘထင်ပြီး သကာလ နှလုံးသွင်းမှားလို့ ဒါနဲ့ ဧည့်ခံကြတာဘဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး ၊ စားသောက် ကောင်းလာတယ်ထင်တယ်၊ စီးပွားရေးလဲ အကြောင်းညီညွတ်ပုံရတယ်၊ မျက်နှာတွေကြည့်ရတာ ရှေးကနဲ့တောင် မတူဘူး၊ ဝဝဖြိုးဖြိုး-ပြုံးပြုံးရွှင်ရွှင်နဲ့၊ ဒီလိုတွေ့ရတယ် ဝမ်းသာပါတယ်ဗျာ၊ ဘာနဲ့ နှုတ်ဆက်ကြတာတုံး ပြောပါဦး (နှလုံးသွင်းမှားနဲ့ နှုတ်ဆက်တာပါ)။

မဖြစ်သေးတဲ့အကုသိုလ်ဖြစ်ရမယ်

ပါဠိလိုသုံးတော့ အယောနိသော မနသိကာရနဲ့ နှုတ်ဆက်ကြတာ (မှန်ပါ့) လောကကြီးမှာ ဒါလွှမ်းမိုးနေ တယ်ဆိုတာကိုလဲ မောင်သစ်တို့ ဦးသံဒိုင်တို့ ငြင်းဘို့ လိုသေးသလား (မလိုပါ ဘုရား) ဒါဖြင့် ဒီပုဂ္ဂိုလ်တွေဟာ မဖြစ်သေးတဲ့အကုသိုလ်ဖြစ်ရမယ် ဘုရားက (မှန်ပါ့) ဖြစ်ပြီးသား အကုသိုလ် ပွားရမယ် (မှန်ပါ့)။

ကိုယ်ကတော့ မသိလိုက်ဘူးလို့ ထားပါဦး ဒီဥစ္စာ၊ ကိုယ်ကတော့ ဝမ်းမြောက်လို့ ပြောလိုက်တယ်လို့ဘဲ ထင်တာဘဲ၊ တနည်းအားဖြင့်လဲ သူ့အကြိုက်လိုက်ပြီး ပြောလိုက်တယ်လို့ဘဲထင်တာဘဲ၊ တချို့သော ပုဂ္ဂိုလ်က အသက် မေးလို့မှ မကြိုက်တဲ့ပုဂ္ဂိုလ်က ရှိသေးတာကိုး (မှန်ပါ့) ရှိသေးတယ် ။

ဘယ်လောက်ထိအောင် အယောနိသော မနသိကာရ သူ့အပေါ်မှာ လွှမ်းမိုး အုပ်ချုပ်နေတယ်ဆိုတာတော့ ပြောဘို့မလိုတော့ပါဘူး (မလိုပါ ဘုရား) ဆံပင်ဖြူတာ ဆိုးကြတယ်၊ ဒါ ဘာတုံးဆိုလို့ရှိယင် အသုဘ သုဘလုပ်ပြီး သကာလ နေကြတာတွေ။

ကောင်းပြီ ဒါဖြင့် စိတ်ပျိုမှ ကိုယ်နုဆိုပြီးသကာလ သွားတဲ့အသွားတွေကလဲ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်၏ အလုပ်တွေ (မှန်ပါ့)။

ဒါတွေကိုလဲ နှလုံးသွင်းမှားတော့ ခုနင်က ပြောတဲ့အချက်ကလဲ ဘုရားက-နှလုံးသွင်းမှားလို့ရှိယင် မဖြစ်သေး တဲ့အကုသိုလ်ဖြစ်ရမယ်ကွ၊ ဖြစ်ပြီးသား အကုသိုလ် ပွားများရမယ်ကွ-ဆိုတာ ဦးသံဒိုင် လွဲသေးသလား (မလွဲပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်နဲ့ ဝေးပြီး သကာလအပါယ်လေးပါးသာ ရောက်စရာရှိတော့တယ် ဆိုတဲ့ဥစ္စာ သေချာသွားတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှားလောက် ကြောက်စရာကောင်းတာ လောကကြီးထဲမှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အမှတ်မှား ၊ အသိမှား ၊ အယူမှား

အဲဒါကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နှလုံးသွင်းမှားဆိုတာ တခြားမဟုတ်ဘူးကွ၊ သညာဝိပ္ပလ္လာသ, စိတ္တဝိပ္ပလ္လာသ,ဒိဋ္ဌိဝိပ္ပလ္လာသကွ ၊ဒီထဲ သွင်းလိုက်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အမှတ်မှားကွ ၊ အသိမှားကွ ၊ အယူမှားကွ ၊ ဘာတဲ့တုန်း (အမှတ်မှား, အသိမှား, အယူမှားပါ ဘုရား)။

အမှတ်မှားက သညာဝိပ္ပလ္လာသ၊ အသိမှားက စိတ္တဝိပ္ပလ္လာသ၊ အယူမှားက ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့) နှလုံး သွင်းမှားလိုက်တာအရူးထဲကိုရောက်တယ် (မှန်ပါ့) နှလုံးသွင်းမှားလိုက်တာ ဘယ့်နှယ်ဖြစ်သွားသတုံး (အရူး ထဲရောက်သွားပါတယ်)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ပုထုဇ္ဇနော ဥမ္မတ္တကော”ကွာ ၊ ဒီအထဲ အရူးထဲ ငါ အကောင်းတယောက်တည်း ဘုရားပွင့်လာတော့ လောကနဲ့ ဆန့်ကျင်ဘက် ကိုယ်တော်ကြီးလို့ အများက သမုတ်ကြ တယ် (မှန်ပါ့)။

လောကနဲ့ ဆန့်ကျင်ဘက် ကိုယ်တော်ကြီးလို့ အများက သမုတ်ကြတယ်တဲ့ ၊ အကုန်က ရူးနေတာ မောင်သစ်ရဲ့ (မှန်ပါ့) သူတယောက်တည်း ကောင်းနေတော့ သူ့ဝိုင်းပြီး လက်ခုတ်တီး ချောက်သလိုဖြစ်နေတယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

တဏှာရူး၊ မာနရူး၊ ဒိဋ္ဌိရူး

ဘုရား စပြီး တောရှင်းရတာ ဦးသံဒိုင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ဘာတောတုန်း မေးတော့ ဒီအရူးတောရှင်းနေတာ (မှန်ပါ့)။

အရူးတောက တဏှာရူး၊ မာနရူး၊ ဒိဋ္ဌိရူး၊ ကဲ အရူးကပွားတာတွေ (မှန်ပါ့) တဏှာရူး၊ မာနရူး၊ ဒိဋ္ဌိရူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒီဟာတွေသာ ခင်ဗျားတို့ ဆရာဘုန်းကြီးနဲ့ မတွေ့ဘူး၊ ပြင်ပေးမည့်သူလဲ မရှိတော့ဘူးဆိုယင်ဖြင့် မသာ ဘိတ်ယင် အရူးမသာ ကြွတော်မူပါ ဘိတ်ရုံဘဲ ရှိတယ် (မှန်ပါ့) ဒီ့အပြင် ဘာမှ ဘိတ်စရာမရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် များသောအားဖြင့် ဦးသံဒိုင်တို့ပို့ခဲ့ရတာ၊ မောင်သစ်တို့ ပို့ခဲ့ရတဲ့ မသာတွေ ဘာမသာ များသတုံး (အရူးမသာ များပါတယ် ဘုရား)။

ဟာ့အာ ကြောက်စရာကြီးဘဲ၊ ကြောက်စရာကြီးဘဲ၊ အရူးပျောက်ပြီး သေသွားတဲ့ မသာကို မပါဘူး (မှန်ပါ့) အရူးတန်းလန်းနဲ့ သေသွားတာဘဲဆိုတော့ ဦးသံဒိုင် ဘယ့်နှယ်လုပ်မလဲ ၊ အပါယ်သွားတာ များပါ တယ်ဆိုတာ ခင်ဗျားတို့ ခြင့်ယုံစရာလား သေသေချာချာ ယုံပလား (သေသေချာချာယုံပါတယ် ဘုရား)။

ခြင့်မယုံနဲ့တော့ (မှန်ပါ့) ခြင့်မယုံနဲ့တဲ့၊ ခြင့်ယုံယင် ခင်ဗျားတို့ ဒိဋ္ဌိပါနေမယ် (မှန်ပါ့)။

ခင်ဗျားတို့မှာ ခြင့်ယုံနေလို့ရှိယင် ဘုရားဟောတော်မူတာကိုလဲ ဘုရားက တသိန်း တယောက် သုဂတိ မရောက်ပါဘူးကွတဲ့၊ လူတသိန်းသေရင် တယောက် သုဂတိ မရောက်ပါဘူးဆိုတော့ ဒီအရူးတွေ သေလို့ ဒီတရားကို ဟောရတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် အဲဒီ့ ဝိပ္ပလ္လာသ ရှိနေလို့ရှိရင် ဝိပဿနာဉာဏ်ကို သူ အမြဲ ခုခံလိမ့်မယ် (မှန်ပါ့ ဘုရား) ဝိပဿနာဉာဏ်ကို (အမြဲခုခံမှာပါ ဘုရား)။

အမြဲခုခံနေလို့ရှိရင်ဖြင့် ဘယ့်နှယ်လုပ်ပြီး ဝိပဿနာမဂ်မှမရလို့ရှိယင် လောကုတ္တရာမဂ် ရနိုင်ပါ့မလဲ (မရနိုင်ပါ ဘုရား) မရနိုင်လို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား) မမြင်နိုင်ရင် သစ္စာမသိတော့ဘူး (မှန်ပါ့)။

ဒါဖြင့် အားလုံးသာ စဉ်းစားပေတော့တဲ့၊ အခုပြောလို့ အခုနာတဲ့ ဒကာ ဒကာမမှတပါး ကျန်တဲ့ ဒီဟာကို လေ့လာဆည်းပူးခြင်းနည်းတဲ့ ပုဂ္ဂိုလ်များမှာဖြင့် တလမ်းသွားပဲ။ (မှန်ပါ့ ဘုရား) ဘာကြောင့်တုန်း ရူးသေသွားတာ (မှန်ပါ့)။

ရာဂုမ္မတ္တက ဒိဋ္ဌုမ္မတ္တက (မှန်ပါ့) ရာဂုမ္မတ္တက ဆိုတာက ရာဂရူး (မှန်ပါ့) ဒိဋ္ဌုမ္မတ္တက ဆိုတာက ဒိဋ္ဌိရူး၊ ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့မြစ်ဆိုတာက ဒိဋ္ဌိရူး (မှန်ပါ့) ခင်မင်ပြီး သကာလ နေတာက ရာဂုမ္မတ္တက (မှန်ပါ့) ငါ့ သား၊ ငါ့သမီး၊ ငါ့ပစ္စည်းဆိုတာက ဒိဋ္ဌုမ္မတ္တက (မှန်ပါ့)။

ရာဂ+ဥမ္မတ္တက၊ ဒိဋ္ဌိ+ဥမ္မတ္တက, ရာဂရူး,ဒိဋ္ဌိရူး၊ ရှင်းပလား(ရှင်းပါပြီ)။

အရူးဟူသ၍၏ လက်သည်

ဒါ ဘာဖြစ်လို့တုန်းလို့ လက်သည်ရှာတော့မှ ခုနင်က မူလတရားကို ဘုရားဟောတော်မူတာ ပြန်ကောက်ပါ တဲ့၊ အယောနိသော မနသိကာရဟာ လက်သည်ဘဲ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ)။

အရူးဟူသ၍၏ လက်သည် အရင်းကျကျ ဖမ်းလို့ရှိရင် ဘာတွေ့ကြသလဲ (အယောနိသော မနသိကာရ တွေ့ပါတယ်) ဒါ မှတ်ထားစမ်းပါ၊ ဒါကလေး မှတ်ထားစမ်းပါ။

”အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာစေဝ အကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ အကုသလာဓမ္မာ အဘိဝဍ္ဎန္တိ”

တခါတည်း မဖြစ်သေးတဲ့ အကုသိုလ်တွေ ဖြစ်ရမယ်ကွ၊ ဖြစ်ပြီးသား အကုသိုလ်တွေလဲ ပွားရမယ်ကွ ဆိုတော့ ထွက်ပေါက်မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့နေရာဋ္ဌာန၊ ဒုက္ခ ခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို သွားချင်လို့ရှိရင်ဖြင့် ဝိပ္ပလ္လာသ လေးပါးပျောက်မှရမယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲ သောတာပန်တည်မှ ဒိဋ္ဌိဝိပ္ပလ္လာသတို့ ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပ္ပလ္လာသတွေကလဲ များတာနဲ့ ဒီတရားရက်ရှည်ပြောရမဲ့တရားဖြစ်နေတယ်လို့ ဦးသံဒိုင်က မှတ်ရမယ် (မှန်ပါ့ ဘုရား) ရက်မရှည်ရင် မရဘူး၊ ဝိပ္ပလ္လာသပယ်ခဏ်းတွေပါဟောရမယ် (မှန်ပါ့)။

နှလုံးသွင်းမှားစရာလေးချက်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှားလို့ရှိရင်ဖြင့် ခင်ဗျားတို့ နှလုံးသွင်းမှားစရာသည် ဘယ်နှစ်ချက် တုန်းလို့မေးလို့ ရှိရင်ဖြင့် လေးချက်ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။

အနိစ္စကို နိစ္စထင်ယင်လဲ နှလုံးသွင်းမှားပြီ (မှန်ပါ့) ဒုက္ခတရားကို သုခထင်ရင်လဲ (နှလုံးသွင်းမှားပါပြီ ဘုရား) အနတ္တတရားကို ငါဟာ ထင်နေလို့ရှိရင် (နှလုံးသွင်းမှားပါပြီ ဘုရား) နှလုံးသွင်းမှားပြီဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အသုဘတရား သုဘ ထင်နေရင်လဲ (နှလုံးသွင်းမှားပါပြီ ဘုရား)။

နှလုံးသွင်းမှားပြီဆိုတော့ ခင်ဗျားတို့မှာ ဣန္ဒြိယသံဝရသီလကလဲမရှိတော့ မြင်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ကြည့်လို့ကောင်းတာနဲ့ ကြည့်ရတာ ကြက်သရေရှိတာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို တခါတည်း အသုဘတွေကို နိဗ္ဗာန် ရောက်မည့်တရားကလေးကို အကုန်ဖုံးသွားတယ်။

နိဗ္ဗာန်ရောက်မည့် တရားကလေးကို (ဖုံးသွားပါတယ်)။

ဘယ်သူကဖုံးသတုန်း မေးလို့ရှိရင် အယောနိသော မနသိကာရက ဖုံးလိုက်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ရောက်တဲ့တရားကို (အယောနိသောမနသိကာရဖုံးပါတယ်)။

အယောနိသော မနသိကာရ ဖုံးပါတယ်

အယောနိသော မနသိကာရ ဖုံးပါတယ်ဆိုတာရိပ်မိပလား (ရိပ်မိပါပြီ) ဒီ အယောနိသော မနသိကာရက ဖုံးလိုက်လို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့မှတ်ထားပါ၊ အနိစ္စတရားကြီးကလဲနိစ္စဖြစ်ရတော့မယ် (မှန်ပါ့) ဒုက္ခတရားကလဲ (သုခဖြစ်ရပါမယ်) အနတ္တတရားဟာ (အတ္တဖြစ်ရပါမယ်) အသုဘတရားက (သုဘဖြစ်ရပါတယ်)။

သုဘ တင့်တယ်တယ်ဆိုတဲ့အဖြစ်သို့ ရောက်ရတော့မယ်ဆိုတော့ မလာနိုင်တဲ့ ပဋိစ္စသမုပ္ပါဒ်မရှိအောင်ဖြစ်နေ တာ (မှန်ပါ့) အကုသိုလ်ဘက်က မလာနိုင်တဲ့ပဋိစ္စသမုပ္ပါဒ်မရှိအောင် ဖြစ်နေတယ်ဆိုတာဖြင့် ယနေ့စဉ်းစားကြည့်ပါ တဲ့၊ ဪ ငါတို့နေကြထိုင်ကြတာသည် တော်တော်ကလေးများ ရူးစကလေးသိမ်းချင်ပလားလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ရူးစ,မသိမ်းနိုင်သေးဘူး။

ဒါကြောင့် ခင်ဗျားတို့ မဂ်ဆိုက်အောင် လုပ်ကြစမ်းပါဆိုတဲ့ ဥစ္စာ ဦးသံဒိုင်တို့ တိုက်တွန်းတာ အရူးပျောက် အောင်ပြောတာ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မဂ်ဆိုက်အောင် လုပ်စမ်းပါဆိုတာ (အရူးပျောက်အောင်ပြောတာပါ) ဝိပဿနာ လုပ်စမ်းပါဆိုတာ (အရူး ပျောက်အောင်ပြောတာပါ)။

အဲ ဝိပဿနာ လုပ်လာလို့ရှိရင်ဖြင့် အရူးပျောက်စပြုပြီ(မှန်ပါ့) ဝိပဿနာ မလုပ်သေးဘဲနဲ့လှူဒါန်းပေးကမ်း ပြီးသကာလ ဒီလိုနေတဲ့ပုဂ္ဂိုလ်ကတော့ဖြင့် ကမ္မဿကတာဉာဏ်လောက်နဲ့ အရူးတော့ မပျောက်တာအမှန်ဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား(ရှင်းပါပြီ)။

အရူးပျောက် ဆေး

ကဲ ဒါဖြင့် အရူးကို ပျောက်စေနိုင်တဲ့ ဆေးဟာဖြင့် အနိစ္စဆေး, ဒုက္ခဆေး, အနတ္တဆေး, အသုဘဆေး ဒီလေးခွက်ကို ခင်ဗျားတို့မသောက်နိုင်သ၍ ကာလပတ်လုံး ရာဂုမ္မတ္တက၊ ဒိဋ္ဌုမ္မတ္တကဆိုတဲ့ အရူးကိုဖြင့် မောင်သစ်တို့ ပျောက်လိမ့်မယ်လို့ ဦးသံဒိုင်တို့ ဘယ်အခါမှ မအောက်မေ့နဲ့ (မှန်ပါ့ ဘုရား)။

အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ ဆေးလေးခွက်ထားခဲ့တယ် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အဲဒါမသောက် နိုင်သ၍ကာလပတ်လုံး ရာဂရူး၊ ဒိဋ္ဌိရူး ဒီနှစ်ရူးဟာ ဘယ်တော့မှမပျောက်ဘူး(မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

တရားကို သေသေချာချာ မှတ်ကြပါ ဒကာဒကာမတို့ ရာဂရူး, ဒိဋ္ဌိရူးရှိတာ နှစ်ပါးရှိပါတယ် (မှန်ပါ့) မောဟု မ္မတ္တကလို့တောင် ရှိလိုက်သေးတယ်၊ ကဲ အရူးသုံးပါး ထားလိုက်ပါတော့ (မှန်ပါ့)။

ရာဂုမ္မတ္တက ဒေါသုမ္မတ္တက မောဟုမ္မတ္တက အရူးဘယ်နှစ်မျိုးရှိသတုန်း (သုံးမျိုးရှိပါတယ် ဘုရား)။

အရူးသုံးမျိုးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆေးသုံးခွက်ထားခဲ့တယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆေးတွေ နဲ့နော် (မှန်ပါ့)။

ဒါ သောက်တဲ့ ပုဂ္ဂိုလ်ဟာ ပျောက်တာဘဲ (မှန်ပါ့) ဒါမသောက်တဲ့ပုဂ္ဂိုလ်ဖြင့် (မပျောက်ပါ ဘုရား)။

မပျောက်နိုင်တော့ ဒါ သောက်ဆိုတဲ့ဥစ္စာကလဲခင်ဗျားတို့၊ ကဲ ရာဂရူးကလဲ တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိ ဘဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ရာဂရူးက တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိ၊ ဒါသဘောကျပလား (ကျပါပြီ)။

ဒိဋ္ဌိရူးကလဲ လောဘပါဘဲ၊ သူကလဲ တဏှာ ဥပါဒါန် ကံအပါယ်ဇာတိဘဲရတယ် (မှန်ပါ့)။

မောဟုမ္မတ္တက,က အဝိဇ္ဇာသင်္ခါရ ဝိညာဏ်ဆိုတော့ ဘယ်ဝိညာဏ်လို့မဆိုနဲ့ အပါယ်ဇာတိဘဲ (မှန်ပါ့) အပါယ် နဲ့ သုဂတိဘဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဆေးသုံးခွက်ကို ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တရှိတဲ့ ဆေးသုံးခွက်ကို မသောက်တဲ့ ပုဂ္ဂိုလ်များ ဘယ်တော့မှ အရူးမပျောက်လို့မှတ် (မှန်ပါ့ ဘုရား)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆေးသုံးခွက် မသောက်တဲ့ပုဂ္ဂိုလ်များ (ဘယ်တော့မှ အရူးမပျောက်ပါ ဘုရား)။

ဘယ်တော့မှ အရူးမပျောက်လို့ မှတ်စမ်းပါ၊ ဘာဆေးနဲ့ကုရမတုံးလို့ မေးနေစရာ မလိုပါဘူး၊ ဒီ နှလုံးသွင်း မှားလို့ရူးလာတဲ့ အရူးကို နှလုံးသွင်းမှန် တည်းဟူသော အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့မှ မကုလို့ရှိရင် ဦးသံဒိုင် ဘယ်တော့မှ မရဘူး (မှန်ပါ့ ဘုရား) ရနိုင်စရာမြင်ရဲ့လား (မမြင်ပါ ဘုရား)။

ဘယ်အကျိုးငှာ ပွင့်လာတာတုံး

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတာသည် ဘယ်အကျိုးငှာ ပွင့်လာတာတုံးမေးတော့၊ ကွာ တဲ့၊ ငါ ဆေးတိုက်မလို့ “သတ္ထာ ဒေဝမနုဿာနံ” ဒေဝမနုဿာနံ = နတ်လူတို့၏၊ သတ္ထာ = ငါဆေးသမားကြီး ဘဲ (မှန်ပါ့) ဆေးတိုက်မလို့ လာခဲ့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာဖြစ်လို့ ပွင့်လာပါလိမ့် ကိုယ်တော်ကြီး (ဆေးတိုက်မလို့ပါ ဘုရား)။

သူ့မှာလဲ ဆေးကများများမပါ ပါဘူး။ အနိစ္စဆေး၊ ဒုက္ခဆေး၊ အနတ္တဆေးဘဲ ပါတယ် (မှန်ပါ့)။

အဲဒါရာဂုမ္မတ္တကဒိဋ္ဌုမ္မတ္တက မောဟုမ္မတ္တကတွေသောက်လိုက်လို့ရှိရင်တော့ဖြင့် အန်တာပါဘဲ (မှန်ပါ့) တခါ တည်းဒီဆေးသာ တိုက်လိုက်လို့ရှိရင် ခုနင်က ရာဂတွေ အန်ထုတ်၊ ဒေါသ ဒိဋ္ဌိတွေ အန်ထုတ်၊ မောဟတွေအန်ထုတ်၊ သူက အန်ဆေးတိုက်တယ် (မှန်ပါ့ ဘုရား) သဘာကျပလား (ကျပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ဘာဆေးတွေတိုက်ပါလိမ့် (အန်ဆေးတိုက်ပါတယ် ဘုရား) အန်ဆေး တိုက်တယ်။

အန်ဆေးဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သောက်နိုင် တဲ့ပုဂ္ဂိုလ် အရူးပျောက်လို့ ရူးတတ်တဲ့တရားတွေ အန်ထုတ်တယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အင်္ဂုတ္တိုရ်ပါဠိတော်ကြီး ကျတော့ ငါဟာ စွမ်းလို့ ဆေးသမား ကြီးကွ၊ အန်ဆေး တိုက်တတ်တဲ့ဆေးသမားကြီးကွ ဆိုပြီး သေသေချာချာ ဟောရှာတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေကလဲ ဒီဆေးသာသောက်ရမယ် ဆိုလို့ရှိရင်ဖြင့် ရက်ရွှေ့ချင်ရွှေ့နေကြတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာလုပ်တတ် သတုန်း (ရက်ရွှေ့ချင် ရွှေ့နေတတ်ပါတယ်)။

ဝိပဿနာ အလုပ်ကို လုပ်ပါဆိုလို့ရှိယင်ဖြင့် ရူးပါရစေဦး၊ ဖြေးဖြေးတော့ လုပ်ပါ့မယ်၊ ဘာဖြစ်တာတုန်း၊ မေးရင်ဘယ့်နှယ်ဖြေမလဲ၊ ရူးချက် သန်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီဆေးကို တနေ့ နည်းနည်းသောက်မယ်ဆိုလို့ရှိရင် ပျောက်စေတတ်သောဆေးနည်းနည်း သောက်နေလို့ ရှိရင်လည်းမပျောက်ချင်တဲ့ အဓိပ္ပါယ် ပါ ပါတယ် (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား)။

အဲဒီတော့ စကားတတ်လို့ ပြောတာမဟုတ်ပါဘူး၊ စကားရေရေလည်လည်ရှိလို့ ပြောတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့၏ အရူးမပျောက်မှာစိုးရိမ်တဲ့ အဓိပ္ပါယ် ပါ ပါတယ် (မှန်ပါ့)။

ဘာကြောင့် အရူးမပျောက်မှ စိုးရိမ်တဲ့ အဓိပ္ပါယ်ပါရသတုန်းဆိုရင် ဒီအရူးကတော့ အာသေဝနပစ္စယော၊ မှတ်မိကြပလား (မှန်ပါ့) အဖန်တလဲလဲ ထုံလာခဲ့ကြတယ် (မှန်ပါ့) ဘယ်ဘဝမှာ အန်ခဲ့ရတယ်မရှိဘူး၊ အရူးပေါ် အရူးထပ်ဆင့်၊ ဒီလိုချည်းလာခဲ့ရတယ်ဆိုတာလဲ ရိပ်မိကြပြီ (ရိပ်မိပါပြီ)။

အန်ဆေးတိုက်တော့မယ်

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အန်ဆေးတိုက်တော့မယ် ဆိုလို့ရှိရင် မကြားဘူးပါဘူး၊ မကြုံဘူး ပါဘူး၊ ကျုပ်တို့ တသက်လုံး နေလာတာ၊ အနိစ္စမရှိပါဘူး၊ နိစ္စပါဘဲ၊ သုခပါဘဲ၊ အတ္တပါဘဲ၊ သုဘပါဘဲဆိုပြီး သကာလ ခင်ဗျားတို့က ဒီဆေးမှုန့်လာလို့ရှိရင်ဖြင့် တအံ့တဩဖြစ်ပြီးသကာလ မကြားဘူးတဲ့ဆေး ဖြစ်နေသောကြောင့် ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဒီအရူး ဒီအကန်းတွေအတွက် ငါဘယ့်နှယ်လုပ်ရမတုံးဆိုတော့ သံယုတ် ပါဠိတော်ကြီးများ ၌ ညည်းတော်မူတယ် (မှန်ပါ့) ညည်းသင့် မညည်းသင့် (ညည်းသင့်ပါတယ် ဘုရား)။

ညည်းသင့်တယ်တဲ့၊ ဒီအကန်း ဒီအရူးတွေအတွက်ဖြင့် ငါဘယ်လိုလုပ်ရမှန်း မသိဘူးဆိုတဲ့ အဓိပ္ပါယ်ပါနေ တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခင်ဗျားတို့က မီးနဲ့ရွှေစင် မစင်တဲ့ စန္ဒကူးမထူးအောင်ရူးမှ အရူးထင်တာ (မှန်ပါ့) မီးနဲ့ ရွှေနဲ့ မထူးမှ ခင်ဗျားတို့က အရူးထင်တာ (မှန်ပါ့) မစင်နဲ့ စန္ဒကူး မထူးမှ (အရူးထင်တာပါ)။

အဲဒီ့ အရူးက တမျိုးပါတဲ့၊ ရောဂါရူးပါတဲ့ (မှန်ပါ့) ဒါက လောကမှာ အခုမှ သည်းခြေ, သလိပ်သွေး တို့ ကြောင့်၊ ပယောဂတို့ကြောင့်ဖြစ်တဲ့ အရူး (မှန်ပါ့ ဘုရား)။

ကမ္ဘာရူးတာက ဒါမျိုးမဟုတ်ဘူး (မှန်ပါ့) ကမ္ဘာအစဉ်ဆက်ကရူးတာက ရာဂုမ္မတ္တက ဒေါသုမ္မတ္တက, မောဟု မ္မတ္တကလို့ဆိုပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခုမှပေါ်လာတဲ့အရူးနဲ့ ကမ္ဘာကအရူးနဲ့ ဘယ်သူက အကုခက်မယ်ထင်ကြသတုံး (ကမ္ဘာကအရူးက အကုခက်ပါတယ် ဘုရား)။

တော်လာပြီဒါ ကိုယ့်အကြောင်း ကိုယ်သိလာပြီ (မှန်ပါ့) ကိုယ့်အကြောင်း ကိုယ်သိလာပြီတဲ့၊ ဘယ်တော့မှ ဆေးမတွေ့ခဲ့ဘဲနဲ့ စဉ်တိုက်ရူးလာတဲ့အတွက် ခင်ဗျားတို့ကျုပ်တို့မှာတဲ့၊ ဘယ်တော့မှ အနိစ္စဆေးကိုလဲမသောက်ဘူး၊ ဒုက္ခဆေးလဲ မသောက်ဘူး၊ အနတ္တဆေးလဲမသောက်ဘူး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီဆေးသုံးခုကိုင်ပြီးတော့ သူပွင့်လာတာဘဲ (မှန်ပါ့)။

ရာဂုမ္မတ္တက, ဒေါသုမ္မတ္တက, မောဟုမ္မတ္တက, ဒိဋ္ဌုမ္မတ္တက တွေကို တိုက်မဟေ့ဆိုပြီး ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး သူ့ဂုဏ်ကို သူယူလာတာ၊ သူများပေးတဲ့ ဂုဏ်မဟုတ်ပါဘူး၊ “သတ္ထာဒေဝ မနုဿာနံ” (မှန်ပါ့) ဒေဝမနုဿာနံ = နတ်လူတို့၏။ သတ္ထာ = ဆေးသမားကြီးဟာ ငါပါဘဲကွတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆေးသမားကြီး

ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးက ဆေးသမားကြီးအဖြစ်နဲ့ သူ့ကိုယ်သူ ဝန်ခံပါလိမ့်မတုံး မေးလို့ရှိ ရင်ဖြင့် တသံသရာလုံးရှိတဲ့ ပုဂ္ဂိုလ်ဟူသ၍က တယောက်မှအကောင်းမပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။ အကောင်း များ ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒီအထဲမှာ သူကုရမယ်လို့ ဆိုပြီးသကာလ ကြိုက်ကြိုက် မကြိုက်ကြိုက် ကုမှာဘဲ (မှန်ပါ့) မကြိုက်လဲ ချော့တိုက်တဲ့ ပုဂ္ဂိုလ်ချော့တိုက်မှာဘဲ (မှန်ပါ့)။

ဇနပဒကလျာဏီတို့ ကျတော့ ချော့တိုက်တယ်။ မဟုတ်ဘူးလား (မှန်ပါ့) အာဠာဝကတို့ဘာတို့ကျတော့ ချောက်ပြီးတိုက်တယ် (မှန်ပါ့ ဘုရား)။

ချောက်တိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်၊ ချော့တိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်၊ တန်းတူထားပြီးသကာလ တိုက်တဲ့ ပုဂ္ဂိုလ်ရှိတယ် (မှန်ပါ့ ဘုရား)။

ကဲ ကိုယ်တော်မြတ်ကြီး စေတနာဖြင့်၊ အရူးတော့အရူးချည်းဘဲ၊ ချော့တိုက်ရတဲ့ပုဂ္ဂိုလ်လဲအရူးဘဲ၊ ချေခံတိုက်ရ တဲ့ပုဂ္ဂိုလ်ကော (အရူးပါ ဘုရား) တန်းတူထားတိုက်ရတဲ့ ပုဂ္ဂိုလ်ကော (အရူးပါ ဘုရား)။

ဘယ်လောက်ထိအောင် ကိုယ်တော်မြတ်ကြီးဟာ ခင်ဗျားတို့ကျုပ်တို့အပေါ်မှာဖြင့် လူနတ်ဗြဟ္မာသတ္တဝါတို့၏ ဆရာအမည်ခံထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ ဒါကြောင့် သူ့ဂုဏ်တွေ ပူဇော်လို့ရှိရင် သုဂတိတော့ရောက်သေးတယ် ကွလို့ သူဟောတယ် (မှန်ပါ့ ဘုရား)။

သူ့ဂုဏ်ပူဇော်ရင် သုဂတိတော့ ရောက်သေးတယ်၊ နိဗ္ဗာန်တော့ မရောက်နိုင်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့ဂုဏ်ပူဇော်ရင် (သုဂတိတော့ရောက်ပါတယ်) နိဗ္ဗာန်တော့ (မရောက်နိုင်ပါ ဘုရား)။

မရောက်နိုင်ဘူးတဲ့၊ နိဗ္ဗာန် ရောက်ချင်လို့ ရှိရင် ဆေးသောက်မှရောက်မယ် (မှန်ပါ့ ဘုရား) သူ့ဂုဏ်ကြည်ညို လို့ရှိရင် သုဂတိရောက်မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို အခုရင်းရင်းချာချာဘဲ ဆုံးမပါတယ်၊ ဘုရားရှိခိုးတာနဲ့၊ ဝိပဿနာအားထုတ်တာ အထက် တန်းဘယ်သူကကျသတုန်းမေးရင် ဦးသံဒိုင်ဖြေပါ (ဝိပဿနာအားထုတ်တာက အထက်တန်းကျပါတယ်)။

ဒါက အလဂဒ္ဒူပမသုတ်မှာ သူကိုယ်တိုင် ဟောါတယ် (မှန်ပါ ဘုရား)

ဆေးသုံးခွက် သောက် လို့ရှိရင် နိဗ္ဗာန်ရောက်

ငါဘုရားကြည်ညိုလေးစားရင် သုဂတိရောက်ပါတယ်ကွာတဲ့၊ ငါဘုရားပြောတဲ့အတိုင်း ဆေးသုံးခွက် သောက် လို့ရှိရင် နိဗ္ဗာန်ရောက်ပါတယ် ကွတဲ့ (မှန်ပါ့) ရှင်းမသွားသေးဘူးလား (ရှင်းပါတယ် ဘုရား)။

သူ့ကြည်ညိုရင် (သုဂတိရောက်ပါတယ်) သူတိုက်တဲ့ဆေးသောက်ရင် (နိဗ္ဗာန်ရောက်ပါတယ်)။

နိဗ္ဗာန်ရောက်တယ်ဆိုတော့ ဒါတွေကိုလဲ ဦးသံဒိုင်ရဲ့ ခွဲသိရသေးတယ် (မှန်ပါ ဘုရား)။

ဒါလဲနားကြီးကြီးနဲ့ထောင်မှ၊ နားသေးလို့ရှိရင်လည်း ခင်ဗျားတို့ကဖောက်ပြန်တတ်တယ် (မှန်ပါ့ ဘုရား)။

နားကြီးပလား (မှန်ပါ့) နားကြီးမှရတယ် (မှန်ပါ့ ဘုရား)။

သူ့ကြည်ညိုလို့ရှိရင် (သုဂတိရောက်ပါတယ်) သုဂတိဘဲတဲ့ ဘာကြောင့်တုန်းလို့ မေးတဲ့ အခါကျတော့ သူ့ ကြည်ညိုတော့ ကိလေသာကို ဗုဒ္ဓါနုဿတိ အပ္ပနာဆိုက်အောင် လုပ်ဆောင်မှဘဲ ဝိက္ခမ္ဘနပဟာန်အားဖြင့် မှော်ကျဲ သလောက်သာ ကိလေသာခြားပါတယ်တဲ့၊ ပြီးတော့ ပြန်စေ့တာ ပါဘဲတဲ့ (မှန်ပါ့) ကိလေသာကုန်သွားတယ်လို့ မရှိ ဘူးတဲ့ (မှန်ပါ့ ဘုရား)။

သူ့ကြည်ညိုလို့ရှိရင် ခဏကိလေသာ ရပ်နားမှုဘဲရတယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဝိပဿနာ အားထုတ်လိုက်တဲ့အခါ ကိလေသာပြောင်ကျတယ် (မှန်ပါ့) သဘောပါကြပလား (ပါ ပါတယ်)။

ဒါကြောင့် ဒါကိုလဲ ရှင်းရှင်းလင်းလင်းပြောသဖြင့် ဪ အချို့ကလဲ ဘုရားကြည်ညိုနေတာ၊ သူတော့ နိဗ္ဗာန်တော့နီးပြီ၊ အလွန်ကြည်ညိုတာ၊ သူများကြည်ညိုပုံနဲ့ကိုမတူဘူး၊ ဒါကြောင့် သူ့အတွက်ဖြင့် ကျုပ်တို့ နိဗ္ဗာန် သေချာတယ်လို့ ဆုံးဖြတ်ချက်ချတာဘဲလို့ဆိုပင် ဆိုငြားသော်လဲ သာမည အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဆုံးဖြတ်ချက် ချတာ (မှန်ပါ့ ဘုရား)။

ဘုရားဒေသနာတော် ဘုရားဟောဒါတွေကို ကိုယ်တိုင်သိပြီး ခုနင်ကလို အပ္ပနာတွေဘာတွေနဲ့၊ ကိလေသာ ဆုံးဖြတ်မှုတွေနဲ့တွေးပြီးသိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ ဒီဟာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ အင်း သူသုဂတိတော့ သေချာတယ် ဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သုဂတိတော့ (သေချာပါတယ် ဘုရား) သုဂတိတော့ သေချာတယ်တဲ့၊ နိဗ္ဗာန်တော့ (မရောက်နိုင်ပါ ဘုရား) မရောက်နိုင်သေးဘူးတဲ့ နိဗ္ဗာန်ကတော့ ဆေးသုံးခွက်သောက်မှရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သုဂတိရောက်တော့လဲ သုဂတိ အရူးထဦးမှာဘဲ (မှန်ပါ့) ပေါ်ကြပလား ပေါ်ပါပြီ ဘုရား)။

နတ်ရွာသုဂတိကျတော့ နတ်သား, နတ်သမီး, ဥယျာဉ်, ဗိမာန်ပဒေသာပင်တွေနဲ့ ဘာဖြစ်ဦးမယ် ထင်ကြသလဲ (ရူးမှာပါ ဘုရား) အရူးထဦးမှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားရှိခိုးရင်းတော့ အရူးမထကြနဲ့

အဲဒီတော့ ခင်ဗျားတို့အရူးကလဲဒါကြောင့် ဘုန်းကြီးကလဲ တခါတလေပြောတယ်၊ ခင်ဗျားတို့ကို ဪ ဘုရားရှိခိုးရင်းတော့ အရူးမထကြနဲ့ဟေ့၊ ဘုရားရှိခိုးနေတာ ဘယ်အရူးမထကြနဲ့လို့ ဘုန်းကြီးကဘာပြောစရာရှိသေး သတုန်းလို့ ဦးသံဒိုင်တို့ကတော့ ဘောက်ထိုးချင်ထိုးမယ် (မှန်ပါ့ ဘုရား)။

မဟုတ်ဘူး သူဆုတောင်းနေတာက သုဂတိတွေတောင်းနေလို့ရှိရင် ဘုရားရှိခိုးရင်း အရူးထနေတာ သူ့ဟာ က (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘုရားရှိခိုးရင်း ရာဂုမ္မတ္တကဖြစ်နေတာ (မှန်ပါ့ ဘုရား)။

ဘာဖြစ်နေတာတုန်း (ရာဂုမ္မတ္တကဖြစ်နေပါတယ်) နတ်ရွာသုဂတိ သူလိုချင်သကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ စဉ်းစားကြည့်ပါတဲ့၊ ဘုရားရှိခိုးရင်း ရာဂုမ္မတ္တကဘဲ၊ နတ်ပြည်မှာ ဒုက္ခသစ္စာကို သူမသိလို့ မောဟု မ္မတ္တကလဲဖြစ်နေတယ် (မှန်ပါ့ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ရာဂုမ္မတ္တက, မောဟုမ္မတ္တက, ငါလုပ် ငါရမှာဘဲဆိုတဲ့ ဒိဋ္ဌုမ္မတ္တကတွေကော (ဖြစ်ပါတယ် ဘုရား) ဖြစ်နေတော့ ဒါအရူးမပျောက်ဘူးဗျ (မှန်ပါ့) အရူးပျောက်တဲ့ ဆေးကသုံးခွက်ရှိတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)

အရူးပျောက်တဲ့ဆေးက ဘယ်နှစ်ခွက်တုန်း (သုံးခွက်ပါ ဘုရား)။

အဲဒါတော့မသောက်ဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ရူးလက်စသတ်မယ် မဟုတ်ပါဘူး (မှန်ပါ့ ဘုရား) ပေါ်ကြ ပလား (ပေါ်ကြပါပြီ ဘုရား)။

ဒီသုံးခွက်သာမသောက်မိရင်တော့ (ရူးလက်စ မသတ်ပါ ဘုရား) ရူးလက်စ, မသတ်ဘူးဆိုတာ ခင်ဗျားတို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရူးလက်စ ဘာဖြစ်လို့မသတ်သတုန်းလို့ မေးတဲ့အခါ ကျတော့မှ သူ့ပင်ရင်းပြန်ကိုင်၊ ‘အယောနိသော မနသိကာရ’ ပါတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာပါသတုန်း (နှလုံးသွင်းမှား ပါ ပါတယ် ဘုရား) နှလုံးသွင်းမှား ပါတယ်တဲ့၊ ဘယ့်နှယ် နတ်ပြည် အနိစ္စကို နိစ္စထင်နေတယ်၊ ဒုက္ခကို သုခထင်နေတယ်၊ အနတ္တကို အတ္တထင်နေတယ်၊ အသုဘကို သုဘထင် နေတယ်ဆိုကတည်းက နှလုံးသွင်းမှား ပါနေသေးတယ် (မှန်ပါ့) မပါဘူးလား (ပါ ပါတယ် ဘုရား) ဒါဖြင့် အယောနိ သော မနသိကာရ၏ လက်ချက်ဘဲ (မှန်ပါ့ ဘုရား)။

ဦးသံဒိုင် ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဘုရားရှေ့သွားပြီးရူးတာ

ဆိုနိုင်လို့ရှိရင်ဖြင့် ဒီဥစ္စာသည် သူ့မှာ အရူးရှိ မရှိဆိုတော့ သညာဝိပ္ပလ္လာသ၊ ဟော ပေါ်လာပြီး (မှန်ပါ့) စိတ္တဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ ဆိုတော့ ဝိပ္ပလ္လာသဆိုတာ အရူးဘဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူဘုရားရှိခိုးရင်းဝိပ္ပလ္လာသ ထ,နေတယ် (မှန်လှပါ ဘုရား) ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

အင်း ဘယ်အချိန် ရူးတာတုံးလို့၊ အရပ်ထဲ သွက်သွက်ခါရူးတာလား၊ ဘုရားရှေ့သွားပြီးရူးတာလားမေးရင် (ဘုရားရှေ့သွားရူးတာပါ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါကလား ရူးစရာ ရှားရှားပါးပါး မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီကျတော့ ဒီဝိပ္ပလ္လာသ ရှိနေပြီဆိုမှဖြင့်ကွာ တဲ့၊ ဘုရားရှေ့လဲသွားပြီးရူးရဲတာဘဲတဲ့ (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ရူးရဲမှာဘဲ တဲ့၊ ဒီဥစ္စာ ဝိပ္ပလ္လာသက နှလုံးသွင်းက မှားနေတော့ သူ့မှာ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်ကို သုခ, သုဘ, နိစ္စ, အတ္တ, ဒါတွေက သူ့မှာဖောက်ပြန်တဲ့ တရား မစွန့်နိုင်ဘူးကွတဲ့ (မှန်ပါ) သဘောပါသလား (ပါ ပါပြီ)။

ဖေါက်ပြန်တဲ့တရား မစွန့်နိုင်တော့ သူ့အတွက်မှာဖြင့် ဘုရားရှေ့လဲရူးမှာဘဲ၊ တရားရှေ့လဲ (ရူးမှာပါဘဲ) သံဃာရှေ့လဲ (ရူးမှာပါဘဲ) ရူးမှာပါဘဲတဲ့။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါဘုရားပွင့်လာတာဟာ အနိစ္စ, ဒုက္ခ, အနတ္တ, အခြေကိုင်ပြီး ပွင့်လာတာ၊ မင်းတို့အရူးပျောက်စေချင်လို့ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဘုရားပွင့်လာတာ ဘယ်ဆေးတွေ ယူလာသတုန်း (အနိစ္စ, ဒုက္ခ, အနတ္တ ဆေးတွေ ယူလာပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီး ဒါတွေ လက်ဆုပ်လက်ကိုင်ကြီး ကိုယ်ပိုင် ယူလာပါလိမ့်မတုံးလို့ အမေးထုတ်လို့ရှိရင် သံသရာ့အရူးသမားတွေ ဒီအတွက် သူယူလာခဲ့တယ် (မှန်ပါ့ ဘုရား)။

ဘယ်တုန်းက စ,ရူးတာလဲမေးတော့လဲ အစရှာမတွေ့ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တုန်းက စ,ရူးသတုန်းမေးလို့ရှိရင် (အစရှာမတွေ့ပါ ဘုရား)။

အစရှာမတွေ့ဘူးတဲ့၊ အရူးသက်ကရှည်တယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အရူးသက်ရှည်တာသည် လက်သည်ရှာ၊ ဘယ်သူ့ကြောင့်တုန်း (အယောနိသော မနသိကာရ ကြောင့် ပါ) အယောနိသောမနသိကာရ၊ ဒါကိုမဖျောက်နဲ့ (မှန်ပါ့) သူက မူတည်ကြီး (မှန်ပါ့ ဘုရား)။

အယောနိသော မနသိကာရဆိုတာ နှလုံးသွင်းမှားကလာတာ (မှန်ပါ့ ဘုရား)။

အဲ သူနှလုံးသွင်းမှားပြီဆိုမှ ခုနင်က ဝိပ္ပလ္လာသဝင်တယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝိပ္ပလ္လာသ သုံးချက်သည် ဘယ်က လာသတုန်းမေးတော့ အယောနိသော မနသိကာရက လာကယ် (မှန်ပါ့) ဆက်မိပလား (ဆက်မိပါပြီ ဘုရား)။

ဝိပ္ပလ္လာသ သုံးချက် ဘယ်ကလာသတုန်း (အယောနိသော မနသိကာရက လာပါတယ် ဘုရား)။

ဝိပ္ပလ္လာသ လာပြီ

ကဲ စဉ်းစားကြည့်စမ်းပါလား ခင်ဗျားတို့ ကိုယ့်သမီးလေး နာမည်ကလေးခေါ်လိုက်တယ်၊ နာမည်ကလေးခေါ် တော့ နာမည်နဲ့ လူနဲ့ လိုက်လိုက်တာတဲ့ တချို့က မချောဆိုတဲ့အတိုင်း ချောလိုက်တာ၊ သညာဝိပ္ပလ္လာသ လာပြီ၊ အမှတ်မှားပြီး (မှန်ပါ့ ဘုရား)။

ဒါကြောင့် သားသမီးတွေအများထဲ သူ့ကိုပိုခင်တယ်၊ အင်း စိတ္တဝိပ္ပလ္လာသ လာပြီဗျ (မှန်ပါ့) မလာသေးဘူး လား (လာပါပြီ ဘုရား)။

ပြီးတော့ သူက လိမ္မာရေးခြားရှိတော့ သူ့ဘဲအားကိုးရတယ်၊ အင်း ဒိဋ္ဌိဝိပ္ပလ္လာသ လာပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒါသမီးကလေး အစစ်ဘဲဆိုရင် ဘာဝိပ္ပလ္လာသဆိုကြမလဲ (သညာဝိပ္ပလ္လာသပါ ဘုရား) ဒါ့ ကြောင့် သူ့ပဲ ပိုခင်နေရတယ်ဆိုရင် (စိတ္တဝိပ္ပလ္လာသပါ) ခင်တော့ ခင်ရတာဘဲတဲ့၊ အားလဲအားကိုးထိုက်တယ်လို့ ယူလိုက်ပြန်တယ် (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ကဲ ခင်ဗျားတို့ သမီးတယောက်မှာ အရူးဘယ်နှစ်ချက်လာသတုန်း (သုံးချက်လာပါတယ်) သားတယောက်မှာ (သုံးချက်လာပါတယ်) မိတ်ဆွေတယောက်မှာ (သုံးချက်လာပါတယ်)။

အင်း ဒီမိတ်ဆွေနဲ့ပဲ ကျုပ်တို့ အားကိုးနေကြရတာပဲ။ ဒီမိတ်ဆွေမရှိလို့ရှိရင် လူပုံအလယ်မှာ တခါတည်း စီးပွားရေးရော၊ ပေါင်းသင်း ရေးရော ဘာမှ မရှိတော့ဘူးဆိုပြီး သကာလမိတ်ဆွေတယောက်အပေါ်လဲ သူသုံးချက် လာပြန်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေမှာတဲ့ ၊ ဒါဘယ်တော့များ ပျောက်ခဲ့သတုန်းမေးတော့ မပျောက်တဲ့အပြင် ထပ်တောင် တိုးနေသေးတယ် (မှန်ပါ့) ဘယ်တော့ ပျောက်ခဲ့သတုန်း (မပျောက်တဲ့အပြင် ထပ်တောင် တိုးပါတယ်)။

ဆေးသုံးခွက်ကို မသောက်ချင်ဘူး

အဲဒါ ဘယ့်နှယ်ကြောင့်တုံးဆိုရင် ဘုရားဆေးဆိုတဲ့ ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပတ်လုံး အင်မတန် ဖြည့်ဆည်းပူးလို့ရတော်မူတဲ့ ဆေးသုံးခွက်ကို ခင်ဗျားတို့က သောက်လဲမသောက်ချင်ဘူး၊ သောက် လဲမသောက်တဲ့အတွက် အရူးဟာ ဘယ်တော့မှ မပျောက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက်တလုံးသည် အရူးပျောက်ဆေးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တလုံး မြင်လို့ရှိရင် (အရူးပျောက်ဆေးပါ ဘုရား) အရူးပျောက်ဆေး အစစ်ပါဘဲဆိုတာ လေးသင်္ချေ နဲ့ ကမ္ဘာတသိန်းကာလပတ်လုံး ဖြည့်ဆည်းပူးလို့ ရတဲ့ဆေးဗျ (မှန်ပါ့ ဘုရား) ဒီဆေး သေးတဲ့ ဆေးလား (မသေးပါ ဘုရား)။

ခင်ဗျားတို့လို ပရဆေးဆိုင် သွားပြီးသကာလ တနာရီထဲဖေါ်ခဲ့တာနဲ့ အမည်မျိုး ငါးဆယ်ရတဲ့ ဆေးမျိုးမှ မဟုတ်ဘဲ (မှန်ပါ့)။

လေးသင်္ချေနဲ့ ကမ္ဘာတသိန်းဟာ အသွေးလှူ၊ အသားလှူ၊ အရိုးလှူလို့ ဟုတ်လား၊ သူများ မလုပ်နိုင်တာတွေ အကုန်လုပ်လို့ ရတဲ့ဆေး (မှန်ပါ့ ဘုရား) ဒီဆေးလောက် အဘိုးတန်တာဘယ်ရှိမလဲ (မရှိပါ ဘုရား) ကမ္ဘာ ကမ္ဘေက ရူးလာတာကို ပျောက်စေနိုင်တယ် (မှန်ပါ့)။

ယခုမှ သားသေလို့ရူး၊ သမီးသေလို့ရူး၊ ပယောဂကြောင့်ရူးဆိုတာတွေကို ကုတဲ့ဆေးမျိုး မဟုတ်သေးဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ဘာအရူး ပျောက်သတုန်း (ကမ္ဘာရူး ပျောက်ပါတယ် ဘုရား)။

ကမ္ဘာက ရူးလာတာကို ပျောက်စေနိုင်တယ်ဆိုတော့ ဦးသံဒိုင်သောက်ထိုက်၊ မသောက်ထိုက် (သောက်ထိုက် ပါတယ် ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ)။

အဲ ခင်ဗျားတို့ ရူးလာတာက အရူးအစ အယောနိသောမနသိကာရက (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)

အရူးအစ (အယောနိသောမနသိကာရကပါ) မြန်မာလိုပြန်လိုက်ပါ၊ အ ရူအစ နှလုံးသွင်းမှားတာက (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အရူးအစ နှလုံးသွင်းမှားက

အရူးအစ (နှလုံးသွင်းမှားကပါ ဘုရား) အေး နှလုံးသွင်းမှားလို့ရှိရင် ရူးပြီသာ အောက်မေ့ပေတော့ (မှန်ပါ့)။

ဒါ့ကြောင့် ကြည့်တော့မယ်လို့ ဆိုလို့ရှိရင်လဲ မင်းကြည့်လို့ရှိရင်ဖြင့် တခုကြည့်မယ်ဆိုရင်ဖြင့် အဆင်းမှ တပါး ဘယ်မှ မသွားရဘူးဟေ့ စိတ်က ဒီလို ထားကြည့်ရမယ် (မှန်ပါ့ ဘုရား)။

အဆင်း မရောက်ဘဲနဲ့ လှလိုက်တာ ဆိုလို့ရှိရင် ရူးပြီသာ အောက်မေ့ (မှန်ပါ့) အရုပ်ဆိုးလိုက်တာ ဆိုရင် (ရူးပါပြီ) ရူးပြီ (မှန်ပါ့)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြည့်ရုံမျှ ရပ်ကြကွ၊ ရူးမှာစိုးလွန်းလို့ (မှန်ပါ့ ဘုရား) သဘော ပါပလား (ပါပါပြီ)။

ကြည့်လေ မြင်တယ်၊ မြင်ရုံတွင် ရပ်ကွ၊ မင်းတို့ ရှေ့မတိုးနဲ့၊ ရှေ့တိုး ရူးတော့မှာဘဲ (မှန်ပါ့ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ကြားရင်ကော (ကြားရုံတွင်ရပ်) ကြားရုံတွင်ရပ်ကွ၊ နို့မို့ရူးလိမ့်မယ်၊ မင်းတို့ဟာက ကြားရုံနဲ့မရပ်ဘူး (မှန် ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကြားတယ်ဆိုရင်လဲ ခင်ဗျားတို့က အင်း ဒီမင်းသားက အသံကောင်းလိုက်တာ၊ ဟုတ်လား (မှန်ပါ့) ဆိုတော့ကြားတယ်ဆိုရင်ပဲ ကြားစိတ်ကနေပြီး မနေ့က ပြောခဲ့တဲ့ “သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောဝိညာဏံ၊ တိဏ္ဏ သင်္ဂတိဖဿော၊ ဖဿပစ္စယာဝေဒနာ၊ ဝေဒနာပစ္စယာတဏှာ” အရူးက ထလာတယ် (မှန်ပါ့) မထသေးဘူး လား (ထပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ ကြားရုံနဲ့ရပ်ကွ မရပ်ရင် ရူးလိမ့်မယ်ကွ (မှန်ပါ့)မရပ် နိုင်လို့ရှိရင် ကြားတဲ့အသံကို ဖြစ်ပျက်ရှုကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) နို့မဟုတ်လို့ရှိရင် ရူးမလို့ (မှန်ပါ့)။

ကဲ သူ့ဆေးတွေ ဖြစ်ပျက်ရှုပါဆိုတာ အနိစ္စရှုခိုင်းတာ (မှန်ပါ့) အနိစ္စဆေးသောက်လိုက် (မှန်ပါ့) မသောက် နိုင်ရင် ချက်ခြင်းရူးတော့မယ် (မှန်ပါ့ ဘုရား)။

သောက်မိကြရဲ့လား (မှန်ပါ့) မသောက်ရသေးဘူး၊ အခုမှ သောက်နည်း ပေးတုန်းရှိသေးတယ် (မှန်ပါ့) သောက်နည်းပေးတုန်းရှိသေးတယ်၊ ကျင့်သားမရသေးဘူး (မှန်ပါ့)။

ကိုင်း ဒါဖြင့် အခု ဝိပဿနာဆေးမှတပါး (ဝါ) အနိစ္စ ဒုက္ခ အနတ္တ ဆေးမှတပါး ခင်ဗျားတို့ သံသရာ့အရူး ဖြင့်ပျောက်မည့်ဆေးဟာ ဘုရားလည်း ဒီဆေးပဲယူပြီးတော့ ပွင့်လာတော့ ဒီဆေးမှတပါးခင်ဗျားတို့ ယနေ့မှတ်ပါ၊ ကိုးစားရာ အားထားရာ မရှိဘူး (မှန်ပါ့ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒီဆေးသုံးခုမှတပါး (ကိုးစားရာ အားထားရာ မရှိပါ ဘုရား)။

သူက အန်ထုတ်တတ်တယ် (မှန်ပါ့ ဘုရား) ဒိဋ္ဌိအရူး၊ ဒိဋ္ဌိအပင်းလဲ အန်ထုတ်တာပဲ (မှန်ပါ့ ဘုရား) ရာဂ အရူး ရာဂအပင်းကော (အန်ထုတ်ပါတယ် ဘုရား) မောဟအပင်းကိုလဲ (အန်ထုတ်ပါတယ် ဘုရား)။

ဒီ့ထက်ကောင်းတဲ့ဆေး ရှိသေးရဲ့လား

အဲဒါကြောင့် ငါ့ဆေးဟာ တဲ့ ဓေါဝနသုတ်ဆိုပြီးသကာလဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်မှာ သေသေချာချာ ဟောပါတယ် (မှန်ပါ့) ငါ့ဆေးသာ သောက်ရရင် အန်ထုတ်တယ်ကွတဲ့ (မှန်ပါ့)။

ဒီတော့ ဒီ့ထက်ကောင်းတဲ့ဆေး ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဖြေးဖြေးသောက်ဘို့ သင့်သလား၊ မြန်မြန်သောက်ဘို့သင့်သလား (မြန်မြန်သောက်ဘို့ သင့်ပါတယ် ဘုရား)။

အေး မြန်မြန်သောက်ဘို့သင့်တာကို ခင်ဗျားတို့ အချိန်ရွှေ့မနေနဲ့ (မှန်ပါ့) လုပ်သာနေ၊ အန်နေတာဘဲ တခါတည်း (မှန်လှပါ ဘုရား)။

လုပ်သာနေ၊ အန်နေတာပဲတဲ့၊ ဖြစ်ပျက်သာ မြင်ပစေ ဦးသံဒိုင် ဒါ အန်နေတာသာမှတ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိ အန်ထုတ်နေတာ၊ မောဟ အန်ထုတ်နေတာ၊ မောဟကို (အန်ထုတ်နေတာပါ ဘုရား) ရူးတတ်တဲ့ တရား တွေကို (အန်ထုတ်နေတာပါ ဘုရား)။

အန်ထုတ်နေတာဆိုတော့ တပည့်တော် ဘာမှ ခရီးမပေါက်သေးဘူးလို့ ဘယ်တော့မှ မအောက်မေ့နဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တပည့်တော် ဘာမှ ခရီးမပေါက်သေးဘူး (အခုမှဖြစ်ပျက်မြင်တာကလေးလောက် ရှိသေးတယ် ဘုရား) ခပ်ကျဲ ကျဲဘဲရှိသေးတယ်။

အို ခပ်ကျဲကျဲဆိုခပ်ကျဲကျဲအန်ပြီ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ခပ်ကျဲကျဲဆိုရင် (ခပ်ကျဲကျဲ အန်ပါတယ်) ခပ်စိပ်စိပ်ဆိုရင် (ခပ်စိပ်စိပ် အန်ပါတယ်) ခပ်စိပ်စိပ် အန်တယ် ဆိုလို့ရှိရင်ဖြင့်တဲ့ တော်တော်ကြာ အန်ပါများရင် ကုန်မှာဘဲ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါတယ်)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (များများ သောက်ရပါမယ် ဘုရား) များများသောက်မှဘဲ (မှန်ပါ့)။

များများသောက်မှဘဲ ဆိုတာကို ဆန္ဒပြင်းကြပါဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့)။

ဝိပဿနာအလုပ် များများလုပ်လို့ရှိရင် အန်ဆေးသောက်နေတာဟ လို့သာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ဘာတွေ အန်တာတုန်း ဆိုလို့ရှိရင် ရူးစေတတ်တဲ့ တရားတွေ အန်ထုတ်တယ် (မှန်ပါ့ ဘုရား)။

ရူးစေတတ်တဲ့ အပင်းတွေကို (အန်ထုတ်ပါတယ် ဘုရား)။

အဲဒါ နဂိုရ်က ဒီအပင်းတွေ ဘယ်သူ့ကြောင့် ရောက်လာသတုန်းလို့ မေးလို့ရှိရင် အယောနိသော မနသိ ကာရကြောင့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီအရူးတွေ ဘယ်က ရောက်လာတာပါလိမ့် (အယောနိသော မနသိကာရကြောင့်ပါ ဘုရား)။

အဲဒီ အပင်းတွေဟာ ရာဂပင်း၊ ဒေါသပင်း၊ မောဟပင်း၊ မာနပင်း၊ ဒိဋ္ဌိအပင်းတွေဟာလေ (မှန်ပါ့) အယော နိသောမနသိကာရက ထည့်လိုက်တာ (မှန်လှပါ ဘုရား)။

အနိစ္စ ဒုက္ခ အနတ္တ မြင်ရင်

အဲဒီတော့ကို ယောနိသော မနသိကာရ ရှိတော့ အနိစ္စ ဒုက္ခ အနတ္တ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

မြင်တဲ့အခါကျတော့ အဲဒီ ယောနိသော မနသိကာရက အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော ဆေးတွေတိုက် လိုက်တဲ့အခါကျတော့ အယောနိသော မနသိကာရက သွင်းထားတဲ့ အပင်းတွေ အကုန် အန်ပစ်တယ်(မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အယောနိသော မနသိကာရက သွင်းထားတဲ့ အပင်းကို ယောနိသော မနသိကာရနဲ့ ကြည့်လိုက်တဲ့ အခါ အနိစ္စ ဒုက္ခ အနတ္တ မြင်ရင် ဒီအပင်းတွေ ထွက်သွားတာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် အနာရှိ ဆေးရှိတယ်ဆိုတော့ သိရောပေါ့ဗျာ (မှန်ပါ့)။

အယောနိသာ မနသိကာရနဲ့ သောက်ထားတဲ့ နိစ္စ သုခ အတ္တထင်တာတွေကို ယောနိသော မနသိကာရ တည်းဟူသော အနိစ္စ ဒုက္ခ အနတ္တ ဆေးသုံးခွက်သာ ခင်ဗျားတို့ သောက်လို့ရှိရင် အကုန် အန်တာဘဲ (မှန်ပါ့ ဘုရား)။

အကုန်အန်လို့ရှိရင်ဖြင့် ကမ္ဘာကရူးလာတဲ့အရူးဖြစ်စေကာမူ ဘာဖြစ်တတ်သတုန်းဆိုတော့ ပျောက်ရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့လောကဆေးက ပျောက်သည်ရှိ မပျောက်သည်ရှိ ငါ့ဆေးကနှစ်ခွမဟုတ်ပါဘူးကွ၊ ပျောက်တဲ့ ဆေးဘက် ငါဖေါ်စပ်ထားပါတယ်ဆိုတာ မိလိန္ဒာပဥှာမှာလဲ သေသေချာ ချာပါတယ်(မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကိုတဲ့ ဒီဆေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီရောဂါ ဘယ်ကလာတယ်၊ ဘယ်ဆေးနဲ့မှ ပျောက်မယ် ဆိုတာ ခင်ဗျားတို့ ယနေ့ည သိတန်သလောက် သိပါပြီ (မှန်ပါ့ ဘုရား)။

ဒီရောဂါ ဘယ်က လာသတုန်း

ဒီရောဂါ ဘယ်က လာသတုန်း (အယောနိသော မနသိကာရက လာပါတယ် ဘုရား) အယောနိသော မနသိ ကာရကြောင့် အရူးသုံးပါးလာတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ယောနိသော မနသိကာရကြောင့် ခင်ဗျားတို့ ဆေးသုံးခွက်ပေါ်လာတယ် (မှန်ပါ့ ဘုရား) အဲဒီ့ဆေးသုံးခွက်ကို သောက်လိုက်လို့ရှိရင်ဖြင့် အယောနိသော မနသိကာရကြောင့်ဖြစ်တဲ့ ရူးတတ်တဲ့ အပင်းတွေ အမြင်မှားတွေ အကုန် အန်ပါတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ယနေ့ည ပြောရတာသည် ဝိပဿနာမှတပါး အန်ဆေးမရှိဟု မှတ်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်မှတ်ကြမယ် (ဝိပဿနာမှတပါး အန်ဆေးမရှိပါ ဘုရား)။

ဝိပဿနာမှတပါး အန်ဆေးမရှိဘူး

ဝိပဿနာမှတပါး အန်ဆေးမရှိဘူး (မှန်ပါ့) ဒီဆေးဟာ သူများမပြောနဲ့ စာရွက်ထဲက ကူးပြီးသကာလ ဖေါ်တဲ့ဆေးလဲ မဟုတ်ပါဘူး (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကိုယ်ကိုယ်တိုင်သောက်ပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရူးတွေ အန်ပြီးသကာလ လက်တွေ့ပျောက်မှ သူများကို ပေးတဲ့ဆေး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သူကိုယ်တိုင် ဗောဓိပင်နဲ့ ရွှေပလ္လင်ရမှ မသောက်ဘူးလား (သောက်ပါတယ်) သောက်တော့ သူကိုယ်တိုင် အရူးပျောက်လို့ ဘုရားအဖြစ်သို့ မရောက်ဘူးလား (ရောက်ပါတယ်)။

အမှန်အကန်သိတဲ့ သဗ္ဗညူဆိုပြီး “သဗ္ဗံ ဇာနာတီတိ သဗ္ဗညူ” ဆိုတဲ့အတိုင်း ငါသည် အမှန်အကန်သိပါတယ် လို့ ဆိုပြီးသကာလ ဒီဆေးသုံးခွက်နဲ့ သူကိုယ်တိုင် သောက်ပြီးသကာလ သူကိုယ်တိုင် အရူးပျောက်လို့ ငါအလုံးစုံ အမှန်သိတဲ့ ပုဂ္ဂိုလ်ဖြစ်လာပြီဆိုပြီးသကာလ သူ့ကိုယ်သူ ဒကာ ဒကာမတို့ သူ့ကိုယ်သူကိုယ်တိုင် သောက်ပြီးစမ်းပြီး သူကိုယ်တိုင်ပျောက်လို့ ပေးတဲ့ဆေး(မှန်ပါ့ ဘုရား) ပြောသံကြားနဲ့ ပေးတဲ့ဆေးမဟုတ်ဘူး (မဟုတ်ပါ ဘုရား)။

ရှေးပေါရာဏက လာပြီးသကာလ စာအုပ်ကြီးထဲက ဖေါ်စပ်ထားတဲ့ ဆေးမျိုးလဲ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။

သူကိုယ်တိုင်ပျောက် သူကိုယ်တိုင်သောက်၍ သူကိုယ်တိုင်ပျောက်ပြီးသကာလ သူကိုယ်တိုင် အန်ထုတ်တဲ့ ဆေးမို့ ခင်ဗျားတို့ ကျုပ်တို့ကိုပေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီဆေး သောက်ထိုက် မသောက်ထိုက် (သောက်ထိုက်ပါတယ် ဘုရား)။

အဲဒီတော့ကို အရူးသက်ရှည်လာတဲ့ ပုဂ္ဂိုလ်တဦးတယောက်မှာ အရူးသက်က ရှည်လာတယ် ဦးသံဒိုင်၊ ဗြုန်းကနဲ သောက်ရုံနဲ့ ပျောက်ပါ့မလားလို့ မေးတဲ့အခါကျတော့ ကိုယ့်အရူးသက်လဲ ကိုယ့်ကြည့်ကြဦးလေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

တပည့်တော် ဗြုန်းကနဲဘုရား ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို မမြင်သေးဘူး၊ အို အရူးသက်လဲ ကြည့်ဦးလေ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ဘယ့်နှယ်ဆိုရမလဲ (ကိုယ့်အရူးသက်လဲ ကြည့်ရပါမယ်)။

ဆေးကုတဲ့ရက်နဲ့ အနာဒု ထူထပ် တာနဲ့လဲ နှိုင်းချိန်

အရူးသက်ကိုလဲကြည့်ရသေးတယ်၊ အနာဒုကိုလဲကြည့်ရသေးတယ် (မှန်ပါ့) ဆေးကုတဲ့ရက်နဲ့ အနာဒု ထူထပ် တာနဲ့လဲ နှိုင်းချိန်လို့မှ မရအောင် ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ကို လုပ်ရမှာဘဲတဲ့ ဒီအလုပ်ဟာ (မှန်ပါ့) ဝိပဿနာ အလုပ်ဟာ ဘယ့်နှယ်တုန်း (လုပ်ရမှာပါ ဘုရား) လုပ်ရမှာဘဲ။

နို့-မပျောက်ဘူးလားလို့ မေးတဲ့အခါကျတော့ နဲနဲ နဲနဲတော့ ပါးပါး ပါးပါးသွားတာ အမှန်ဘဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုမလဲ (နဲနဲပါးပါးသွားပါတယ်) အင်း အရူးပျောက်တဲ့ သဘောကလေးတွေ ဟာ နဲနဲ နဲနဲပါးသွားတယ် (မှန်လှပါ ဘုရား) မပါးဘူးလား (ပါးပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ပါးသတုန်းလို့ မေးတဲ့အခါကျတော့ နှလုံးသွင်းမှန်တဲ့ဆေးကို သောက်လို့ (မှန်ပါ့)။

နှလုံးသွင်းမှန်တဲ့ အနိစ္စ ဒုက္ခ အနတ္တဆေးကို ခင်ဗျားတို့ကသောက်လိုက်လို့ နဲနဲ နဲနဲတော့ ပါးပါတယ် (မှန်ပါ့) သောက်ပါများရင်ပျောက်မှာဘဲ (မှန်ပါ့) သောက်ပါမများရင် (မပျောက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် ဒီဆေးမှတပါး၊ ဒီလက်တွေ့ဆေးမှတပါး ခင်ဗျားတို့ သံသရာနာရူးကြီးကို ပျောက် အောင်ကုနိုင်တဲ့ဆေးတော့ ဒီ့ပြင် မရှာကြနဲ့၊ ရှာရင် မောရုံဘဲ ရှိမှာဘဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဒီဆေးမှတပါး (ဒီ့ပြင်ရှာရင် မောရုံဘဲ ရှိမှာဘဲ) ရှာရင် မောရုံဘဲ ရှိမှာဘဲတဲ့၊ ပျောက်ခဲလိုက်တာလို့လဲ မညည်းပါနဲ့ (မှန်ပါ့)။

အနိစ္စ ဒုက္ခ အနတ္တဆေးတွေတော့ တပည့်တော် ထိုက်တန်သလောက် သောက်နေပါတယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကတော့ မရသေးဘူးဘုရာ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတော့ သောတာပတ္တိမဂ် ရတယ်ဆိုတော့ ဒိဋ္ဌိရူးတို့သညာရူးတို့ ပျောက်တန်သလောက် ပျောက်သွားတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

အမြစ်ပြတ်အောင်ဆိုတော့ မဂ်ကမှ ဖြတ်နိုင်တယ်

ထိုကဲ့သို့ ပျောက်တန်သလောက် ပျောက်ငြားသော်လဲတဲ့ အမြစ်ပြတ်အောင်ဆိုတော့ မဂ်ကမှ ဖြတ်နိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အမြစ်ပြတ်အောင် (မဂ်ကမှ ဖြတ်နိုင်ပါတယ်)။

အင်း ဒါဖြင့် အမြစ်မပြတ်ဘဲနဲ့ တခါတည်း မြုံနာသဘောနဲ့ အရင်လိုတော့ သွက်သွက်ခါ မဖြစ်အောင်တော့ ဖြင့်လက္ခဏာရေးသုံးပါးက တတ်နိုင်တယ် (မှန်ပါ့ ဘုရား)။

လက္ခဏာရေးသုံးပါးဆိုတာ အနိစ္စ ဒုက္ခ အနတ္တကို မြင်အောင်ကြည့်တဲ့ ဝိပဿနာမဂ်ကလဲ သူသည် အမြစ် သာပြတ်အောင် မလုပ်နိုင်တယ်၊ ရောဂါနိုင်သွားအောင် ရောဂါမရှိတဲ့ဟန်ပန်ပေါ်လာအောင်တော့ သူလုပ်နိုင်တယ် (မှန်ပါ့ ဘုရား) အမြစ်ပြတ်အောင်ကျတော့ဖြင့် နိဗ္ဗာန်မြင်တဲ့ မဂ်ကမှ ဖြတ်တောက်နိုင်ပါတယ် (မှန်ပါ့) သဘောကျပ လား (ကျပါပြီ)

အဲဒီတော့ ရောဂါပျောက်ချင်တဲ့ ပုဂ္ဂိုလ်က ရောဂါသည်တဦးတယောက်သည် ဘယ်လိုများ ခင်ဗျား သောက်ချင် သတုန်းဆိုလိုရှိရင် ခင်ဗျားဝေဒနာ ဘယ်လိုပျောက်ချင်တာတုန်း ဟုတ်လား သုံးနှစ်ပျောက်ချင်တာလား = တသက်လုံး ပျောက်ချင်တာလား မေးရင်တော့ဖြင့် ရောဂါသည်ကတော့ ပြောမှာဘဲ၊ မပြောပေဘူးလား (ပြောပါတယ်) ဟာ ခင်ဗျား အမြစ်ပြတ်အောင် လုပ်စမ်းပါ၊ အမြစ်ပြတ်အောင် လုပ်စမ်းပါဆိုတာ လူတိုင်းပါးစပ်က ထွက်မှာဘဲ (မှန်ပါ့ ဘုရား)။

လူတိုင်းပါးစပ်က ထွက်တော့ကို သူလဲ အမြစ်ပြတ်အောင် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဖြစ်ပျက်အဆုံးရောက် မှဘဲ အမြစ်ပြတ်မယ် (မှန်ပါ့ ဘုရား) ဖြစ်ပျက်အဆုံး မရောက်သေးရင် (အမြစ်မပြတ်သေးပါ ဘုရား)။

အမြစ်မပြတ်သေးပါဘူး၊ ဖြစ်ပျက်ဆုံးမှ ပဋ္ဌမနိဗ္ဗာန်ကိုးဗျ (မှန်ပါ့) အဲ ပဋ္ဌမနိဗ္ဗာန်မြင်မှ သောတာပတ္တိမဂ် ရတယ်၊ အဲဒီကျတော့မှ ဒိဋ္ဌုမ္မတ္တက တွေက သွားတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီ ရာဂုမ္မတ္တကဆိုတာ လေးပိုင်းတပိုင်း ပျောက်ပြီ ဒိဋ္ဌုမ္မတ္တက က အကုန်ပျောက်ပြီ၊ ဒိဋ္ဌိရူး အကုန် ပျောက်ပြီ (မှန်ပါ့) သဘောကျပလား (မှန်ပါ့) မောဟုမ္မတ္တက ဆိုတဲ့ မောဟရူးကလဲ လေးပိုင်းတပိုင်း ပျောက်ပြီ (မှန်ပါ့ ဘုရား) ကဲ ကျေးဇူးရှိသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကျေးဇူးရှိပါတယ် တဲ့၊ အဲဒီတော့ ဘုန်းကြီးသိစေချင်တာက အဲဒါက အထက်တန်း အင်မတန်ကျပါတယ်၊ ရူးတာကိုရူးမှန်းမသိမှာ ဒါကိုသိပ်စိုးရိမ်တယ် (မှန်ပါ့)။

ရူးတာရူးမှန်း မသိမှာ စိုးရိမ်တယ်

ဘာစိုးရိမ်သလဲ (ရူးတာရူးမှန်း မသိမှာ စိုးရိမ်ပါတယ် ဘုရား)။

ရူးတာကို ရူးမှန်းမသိတာကို စိုးရိမ်တော့ ဘာဖြစ်လို့ ဒါလောက် ဆရာဘုန်းကြီးက စိုးရိမ်၊ ဘုရားကစိုးရိမ်ပါ လိမ့်မလဲလို့မေးလို့ရှိရင် ရူးတာရူးမှန်း မသိဘူးဆိုတာ ဆေးကိုမရှာလို့ ခက်တယ် (မှန်ပါ့)။

ရူးတာရူးမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ (ဆေးကိုမရှာလို့ ခက်ပါတယ်) ဆေးကိုဘယ်တော့မှ မရှာဘူး (မှန်ပါ့) ကျုပ်မှာ ဘာနာရှိသတုန်း မေးချင်မေးနေမှာ (မှန်ပါ့) မမေးပေဘူးလား (မေးပါတယ် ဘုရား)။

အဲဒီတော့ ရူးတာရူးမှန်းသိအောင် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ လက္ခဏာရေးသုံးပါးသောက်မှရူးတာရူးမှန်း သိတယ်(မှန်ပါ့) လက္ခဏာရေးသုံးပါးဆေး သောက်မှ (ရူးတာရူးမှန်းသိပါတယ်)။

အဲ ကိုယ့်သန္တာန်ရှိတဲ့ ဝေဒနာကြိုက်ရင် ဝေဒနာရှုလို့ရှိရင် ဝေဒနာတို့၏ ဖြစ်ပျက်ကို မြင်လို့ရှိရင် ဦးသံဒိုင် ဒါဟာ သူသည်ကားလို့ ဆိုလို့ရှိရင် ရူးတာ ရူးမှန်း သိလို့ရှိရင် ဝေဒနာရှိမှန်းသိပြီ (မှန်ပါ့)။

ငါ အရင်တုန်းက ဒါတွေမမြင်ဘူး၊ အခုဒါတွေမြင်လာတယ်ဆိုလို့ရှိရင်ဖြင့် သူ အရူးပါးလာပြီ (မှန်ပါ့ ဘုရား)။

အရူးပါးလာတယ်ဆိုတာက တခြားမဟုတ်ပါဘူး၊ ရူးတတ်တဲ့ တရားကလေး လျော့ပါးသွားတာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

နို့မဟုတ်လို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့ အယောနိသော မနသိကာရ ဒဏ်ချက်ဟာ ဦးသံဒိုင် သိပ်ပြင်းပါတယ် (ပြင်းပါတယ် ဘုရား)။

ဘာဖြစ်လို့ ပြင်းသတုန်းဆို အို မဖြစ်သေးတဲ့ အကုသိုလ်ဟူသ၍ အကုန်ဖြစ်နိုင်တယ် ပြောထားတာကိုး၊ ဖြစ်ပြီးသား အကုသိုလ်ဟူသ၍လဲ အကုန်ပွားများနိုင်ပါတယ် ဆိုတော့ သူ့ဟာက အပါယ်လေးဘုံကြီး ဘယ်သူ တည်ဆောက်သတုန်းဘဲ မေးဖို့လိုတယ် (မှန်ပါ့ ဘုရား) မလိုဘူးလား (လိုပါတယ် ဘုရား)။

အပါယ်လေးဘုံ ဘယ်သူတည်ဆောက်သတုံး

အပါယ်လေးဘုံ ဘယ်သူတည်ဆောက်သတုန်းလို့ မေးတဲ့အခါကျတော့ မောင်သစ်က ဖြေပေတော့ အယောနိ သော မနသိကာရက တည်ဆောက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အပါယ်လေးဘုံကို (အယောနိသော မနသိကာရက တည်ဆောက်ပါတယ်)။

ကဲ နှလုံးသွင်းမှားတဲ့ ပုဂ္ဂိုလ်များအတွက် ပေါ်ရတာကိုး (မှန်ပါ့) ဒီပုဂ္ဂိုလ်က လုပ်ထားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အပါယ်လေးဘုံ ဘယ်သူတည်ဆောက် (အယောနိသော မနသိကာရက တည်ဆောက်ပါတယ်)။

ဒါဖြင့် ဪ-အပါယ်သည်ကားလို့ဆိုရင် သူများက ကံမကောင်းအကြောင်းမသင့်လို့ ကျရတာလား ကိုယ့်ဟာ ကိုယ်ဆောက်ပြီး ကိုယ်သွားနေတာလား (ကိုယ့်ဟာကိုယ်ဆောက်ပြီး ကိုယ်သွားနေတာပါ ဘုရား)။

ဒါကျမှ ခင်ဗျားတို့ ရှင်းတော့မယ် (မှန်ပါ့) ဒါကျမှ ခင်ဗျားတို့ရှင်းမယ် (မှန်ပါ့) သဘောပါရဲ့လား (ပါ ပါ တယ် ဘုရား)။

အပါယ်လေးဘုံကို ကမ္ဘာမှာဘယ်သူကနေပြီး ခေါင်သူကြီးလုပ်ပြီး အပါယ်မှာ ဆန်းဆန်းပြားပြား ဒယ်အိုးအမျိုး မျိုးနဲ့ ဓားအမျိုးမျိုးနဲ့၊ သစ်ပင်အမျိုးမျိုးနဲ့ ကျင်ကြီး ကန်ကြီးအမျိုးမျိုးနဲ့ မီးဟုန်းဟုန်းတောက် အပြေးအလွှားလောင် နေတဲ့ မီးတွေ အမျိုးမျိုးနဲ့ သံလျက်အသွားရှိတဲ့ လက်ပန်ပင် ငရဲတွေ တဖြတ်ဖြတ်ပြုတ်ကျနေတာတွေ အင်း ဘယ်သူများ လုပ်ထားပါလိမ့်မတုန်းဆိုတော့ မောင်သစ် ဘယ်နှယ်ဖြေပါ့မလဲ (အယောနိသော မနသိကာရက လုပ်ထားပါတယ်)။

တချက်မှားရင် ဟိုမှာ တချက် အိမ်ဆောက်မိတာဘဲ

ဒါဖြင့် ခင်ဗျားတို့ တချက်မှားရင် ဟိုမှာ တချက် အိမ်ဆောက်မိတာဘဲ (မှန်ပါ့)။

တချက်မှားရင် (တချက်အိမ်ဆောက်မိပါတယ်)။

အဲဒီတော့ကို ဦးသံဒိုင် တယ်ကြောက်စရာ ကောင်းပါလား (ကြောက်စရာကောင်းပါတယ်)။

ငရဲ ဘယ်သူတည်ဆောက်သတုန်း (အယောနိသော မနသိကာရ တည်ဆောက်ပါတယ်)။

ကြည့်လေ အနိစ္စကို နိစ္စထင်ပါတယ် ဆိုကတည်းကိုက ခင်ဗျားတို့ဟာက သညာဝိပ္ပလ္လာသ စိတ္တဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ သုံးချက် သုံးချက်သွားပြီ (မှန်ပါ့)။

ဒုက္ခကို သုခထင်ပါတယ်ဆိုကတည်းက သညာ ဝိပ္ပလ္လာသ စိတ္တ ဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ သုံးချက်သွားပြီ (မှန်ပါ့)။

အနတ္တ အတ္တ ထင်ပါတယ်ဆိုတော့ သညာ ဝိပ္ပလ္လာသ စိတ္တ ဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ သုံးချက် (မှန်ပါ့ သုံးချက်ပါ ဘုရား)။

အသုဘ သုဘထင်ပါတယ်ဆိုတော့ (ဝိပ္ပလ္လာသ သုံးချက်ဘဲ သွားပါတယ်)။

သုံးလေးလီ (၃x၄) (ဆယ့်နှစ်ချက်ပါ) ကဲ ဝိပ္ပလ္လာသက ရူးချက်က ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဆယ့်နှစ်ခု ရှိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဆယ့်နှစ်ခုသော လက်နက်

မဂ်မရသေးရင် (ဆယ့်နှစ်ခုရှိပါတယ်) ဆယ့်နှစ်ခုရှိတယ်ဆိုတာ သဘောကျသလား (ကျပါပြီ)။

အဲဒီ့ ဆယ့်နှစ်ခုသော လက်နက်နဲ့ ခင်ဗျားတို့ ဟိုမှာသွားဆောက်ထားတာ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ ပါပြီ)။

အင်း အပါယ်ဘုံ ဘယ်သူဆောက်ပါလိမ့် (အယောနိသော မနသိကာရက ဆောက်ပါတယ်)။

အယောနိသော မနသိကာရသည် လက်နက်ပေါင်း ဘယ်လောက်နဲ့ ဆောက်ပါလိမ့် (ဆယ့်နှစ်ခုနဲ့ဆောက်ပါ တယ်) လက်နက်ပေါင်း ဆယ့်နှစ်မျိုးနဲ့ ဆောက်တယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘယ်သူမှတွန်းမချဘူး၊ ကိုယ်ဆောက်တဲ့အိမ် ကိုယ်သွားနေတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတုန်း (ကိုယ်ဆောက်တဲ့အိမ်ကိုယ်သွားနေတာပါ ဘုရား) ဘာနဲ့ဆောက်သတုန်း (အယောနိသော မနသိကာ ရနဲ့ ဆောက်ပါတယ်) သူက လက်နက်ဘယ်နှစ်မျိုးနဲ့ တည်ဆောက်ပါလိမ့် (ဆယ့်နှစ်မျိုးနဲ့တည်ဆောက်ပါတယ် ဘုရား)။

အယောနိသော မနသိကာရဆိုတဲ့ ငရဲမန်နေဂျာကြီး

အယောနိသော မနသိကာရဆိုတဲ့ ငရဲမန်နေဂျာကြီးက ဟုတ်လား (မှန်ပါ့) ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးတည်းဟူသော လက်နက်နဲ့ ဟိုမှာ ဒယ်အိုး အမျိုးမျိုးဖြစ်အောင် လက်ပံပင်ငရဲအမျိုးမျိုးဖြစ်အောင်၊ ဘင်ပုပ်ငရဲ အမျိုးမျိုးဖြစ်အောင် သူက သွားပြီးတည်ထောင်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ငရဲဘယ်ကနေတည်ဆောက်ပါလိမ့်မတုန်းလို့မေးတော့ ဒကာ ဒကာမတွေမှတ်ပါ၊ လူ့ပြည်ကနေ တည် ဆောက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငရဲဘယ်က တည်ဆောက်ပါလိမ့် (လူ့ပြည်ကနေ တည်ဆောက်ပါတယ်)။

အဲ တချက်မှားရင် တချက်ဆောက်ပြီသာ အောက်မေ့(မှန်ပါ့) အနိစ္စကို နိစ္စထင်ရင် ဆောက်ပြီ (ဆောက်ပါပြီ) ဒုက္ခကို သုခထင်ရင်(ဆောက်ပါပြီ) အနတ္တကို အတ္တထင်ရင် (ဆောက်ပါပြီ) အသုဘကို သုဘထင်ရင် (ဆောက်ပါပြီ) အင်း ဘယ်ကနေဆောက်ပါလိမ့် (လူ့ပြည်ကနေ ဆောက်ပါတယ် ဘုရား)။

လူ့ပြည်ကနေဆောက်တာ ခုမှ ပေါ်သွားတယ် (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ အဆင်သင့် ဆောက်ပြီးပလားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေပါ့မယ် (ဆောက် ပြီးပါပြီ ဘုရား)။

ဆောက်ပြီးပြီ၊ ကိုယ်ဆောက်တဲ့အိမ်ဆိုတာသည် သူများပို့မှ ရောက်မှာလား၊ ကိုယ်ကိုယ်တိုင် သွားတတ်တာ လား မေးပါဦး (ကိုယ်ကိုယ်တိုင် သွားတတ်ပါတယ် ဘုရား)။

ပေါ်ပြီကော၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ကိုယ်ဆောက်ထားတဲ့အိမ် ကိုယ်ကိုတိုင် သွားရတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာတဲ့ ခင်ဗျားတို့ လူ့ပြည်က ဆောက်ပြီးသကာလ၊ ဘုန်းကြီးက ရှင်းအောင်ပြောပါ့မယ်တဲ့၊ လူ့ပြည်က ဆောက်လို့ ငရဲမှာဖြစ်ရပါတယ်၊ ငရဲ အဆောက်အဦးတွေ အမျိုးမျိုးဖြစ်ရတယ်ဆိုတာ ရှင်းလောက်ပါပြီနော်(မှန်ပါ့ ဘုရား)။

လူ့ပြည်မှ ကျောင်းဆောက်တော့

အဲဒီတော့ “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ ဟီနပဏီတဘာဝါယ၊ နစိန္တာယ သမိဒ္ဓိနော”။ ဘုရားကဟောလိုက်တော့ နန္ဒိယ လူ့ပြည်မှ ကျောင်းဆောက်တော့ နတ်ပြည်မှာ မသေခင်က ဘုံပေါက်တယ် (မှန်ပါ့ ဘုရား)။

နန္ဒိယ လူ့ပြည်မှာ ဘုရားအတွက် ကျောင်းဆောက်တယ်။ မသေခင်က ဘာဖြစ်နေသတုန်း (ဘုံပေါက်နေပါ တယ် ဘုရား)။

ဟာ ဒါဖြင့် လူ့ပြည်ကနေ ဆောက်တာ သေချာတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှင်မောဂ္ဂလန်ကြီး ကြွသွားတာ ကြည့်ပါလား၊ ဟ ဒီဘုံ ဒီနား မရှိပါဘူးဟာ၊ ဟေ့ ဒါဘယ်ကတုံးကွ၊ သူက နတ်ပြည်သွားသွားပြီး ဒေသစာရီလှည့်တယ် (မှန်ပါ့) မနေ့က ငါဒီလမ်းရောက်နေတယ်၊ ဒီနေရာ ဒီဘုံ မရှိဘူးဆိုတော့၊ လူ့ပြည်က နန္ဒိယ ဘုရား တပည့်တော်မတို့နှင့်တကွ ဒီဘုံကြီးပါစောင့်နေရပါတယ်၊ သူ့အတွက် ပေါက်နေတဲ့ ဘုံပါ၊ တပည့်တော်တို့ကလဲ သူလာရင် အဆင်သင့်ကြိုဖို့ စောင့်နေကြတာပါတဲ့ နတ်သမီးတွေက (မှန်ပါ့ ဘုရား)။

ရှင်မောဂ္ဂလန်က အင်း ကုသိုလ်အကျိုးပေးလဲ ဒီလိုပဲကိုး ဆိုပြီးသကာလ ပြန်လာတယ်၊ ပြန်လာပြီး သူနေ့ လယ်ကျတော့ ဘုရားသွားလျှောက်တယ်၊ “အရှင်ဘုရား လူမသေခင်က နတ်ပြည်မှာ ဘုံပေါက်တယ်ဆိုတာ ဟုတ်ပါ ရဲ့လား”။

”အို မင်းတွေ့ခဲ့သားဘဲကွ” ဘုရားကဖြေတယ် (မှန်ပါ့) ငါ့မေးနေရသေးသလား ဆိုတော့ ရှင်းမသွားကြ သေးဘူးလား (ရှင်းသွားပါတယ် ဘုရား)။

ထို့အတူဘဲတဲ့ ခင်ဗျားတို့လဲ ဒီကဝိပ္ပလ္လာသတွေ မပယ်နိုင်သ၍တချက်မှားလိုက် သားကလေးအစစ်မှတ်လိုက် ခင်မှဘဲ အစစ်သာမှတ်လိုက်အားကိုးရမှာဘဲသာ အစစ်မှတ်လို့ ရှိရင်တော့ ဟိုမှာဆောက်ပြီးပြီ (ဆောက်ပြီးပါပြီ ဘုရား)။

ဆောက်ပြီးပြီ၊ ရှင်မောဂ္ဂလန်သာရှိလို့ရှိရင် သွားပါလိမ့်ဦးမယ်၊ ဒါဘယ်သူ့အတွက်တုန်းကွ မေးမှာဘဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ဆောက်ပြီးသားကတော့ဖြင့် သေချာနေပြီ

အဲဒီတော့ ခင်ဗျားတို့မှာ ဘုန်းကြီးကတရားဟောနေတာက ဪ ခင်ဗျားတို့ဆောက်ပြီးသားကတော့ဖြင့် သေချာနေပြီ မသေချာဘူးလား (သေချာပါပြီ ဘုရား)။

မွေးကတည်းက ခင်ဗျားတို့ဟာက အမေသင်တဲ့အတိုင်း၊ အဖေသင်တဲ့အတိုင်း ဝိပ္ပလ္လာသ သင်လွှတ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာတွေသင်လွှတ်လိုက်သလဲ (ဝိပ္ပလ္လာသ သင်လွှတ်လိုက်ပါတယ် ဘုရား)။

ဝိပ္ပလ္လာသပဲ၊ ဟောဒါ နင့်နှမမှတ်ထား၊ နင့်အမေမှတ်ထား၊ တကယ်အမေဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ဘယ်မှာပြင်ပြီး သင်လိုက်တယ်လို့ ပါရဲ့လား (မပါပါ ဘုရား) မပါတော့ ဝိပ္ပလ္လာသပဲ နှစ်ပါးစလုံး ဒီခလေးမှာရှိတယ် (မှန်ပါ့ ဘုရား) မရှိဘူးလား (ရှိပါတယ်) ထင်ကော (ထင်ပါတယ် ဘုရား)။

ထင်လဲထင်တယ်၊ ရှိလဲရှိတယ် (မှန်ပါ့) ထင်လဲထင်၊ ရှိလဲရှိဆိုကတည်းက အားလုံးဒကာ ဒကာမတွေ အင်း ထင်တဲ့အချိန်မှာ ဒီမှာအမှားလုပ်ရင် ဟိုမှာ အမှားတခုပေါ်ရမှာဘဲ (မှန်ပါ့ ဘုရား)။

လူ့ပြည်က အမှန်တခုလုပ်တော့ နတ်ပြည်မှာ အမှန်တခုပေါ်တယ် (ပေါ်ပါတယ် ဘုရား) လူ့ပြည်က အမှား တခုလုပ်တော့လဲ ငရဲမှာ အမှားတခု ပေါ်ရမှာဘဲ၊ မပေါ်ရပေဘူးလား (ပေါ်ရပါတယ် ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ ဒီဝိပ္ပလ္လာသ ပယ်နိုင်တဲ့ အလုပ်ကို ဒီဒကာ ဒကာမတွေကို ဘုန်းကြီးကလဲ တိုက်တွန်း တယ် (မှန်ပါ့) ခင်ဗျားတို့က မလုပ်ဘူးဆိုရင် ခင်ဗျားတို့ဆောက်ပြီးသားအိမ်ကို ခင်ဗျားတို့သွားနေရုံမှတပါး ဘာမှ ဒီ့ပြင် အထူးကြံစရာမလိုဘူး (မှန်ပါ့ ဘုရား)။

မဆောက်သေးတဲ့ လူဖြင့်လဲ ဦးသံဒိုင် ဘုန်းကြီးဟောနေဘို့မလိုပါဘူး (မလိုပါ ဘုရား) အခုတော့ ဘယ့်နှယ် နေကြသလဲ (ဆောက်ပြီးသားဖြစ်နေပါတယ် ဘုရား)။

ဆောက်ပြီးသားဆိုတော့ နန္ဒိယသေတော့ ဘယ်သွားမှာတုန်း၊ ဘယ်မှမဟုတ်ဘူး ဒီနတ်ပြည်သွားရမှာဘဲ၊ သူ ဆောက်ပြီးသား သူသွားနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကော ဘယ့်နှယ်ဆိုကြမလဲ (ကိုယ်ဆောက်ပြီးသား ကိုယ်သွားနေရမှာပါ ဘုရား)။

လက်သမား ဆယ့်နှစ်ယောက်နဲ့ဆောက်တယ်

ကိုယ်ဆောက်ပြီးသား ကိုယ်သွားနေဖို့ဘဲရှိတယ် (မှန်ပါ့) ဘာနဲ့ဆောက်သလဲ၊ အယောနိသောမနသိကာရက လက်သမား ဆယ့်နှစ်ယောက်နဲ့ဆောက်တယ် (မှန်ပါ့)။

အယောနိသော မနသိကာရက ဗိုလ်လုပ်ပြီး သကာလ (လက်သမား ဆယ့်နှစ်ယောက်နဲ့ဆောက်ပါတယ်)။

အဲ ဝိပ္ပလ္လာသဆယ့်နှစ်ပါးက ဆောက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ ပဋိစ္စသမုပ္ပါဒ် ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးစလုံး ဘုန်းကြီးက ခင်းပြရမယ် (မှန်ပါ့) မပြနိုင်ဘူးတဲ့ နာရီက စေ့တော့မယ်။ ဒီ ပဋိစ္စသမုပ္ပါဒ် အကုန်ပြရမယ် (မှန်ပါ့)။

ဦးသံဒိုင် မကျယ်ပေဘူးလား (ကျယ်ပါတယ် ဘုရား) သိပ်ကျယ်သွားမယ် (မှန်ပါ့)။

အဲဒီတော့ ဒါဖြေးဖြေး ပြောသွားရမှာဘဲ (မှန်ပါ့) ပြီးတော့မှ ပယ်နည်းကို ခင်ဗျားတို့ကို ရှင်းပြမယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုန်းကြီးက ခင်ဗျားကို အားတော့ မလျော့ပါနဲ့ (မှန်ပါ့) အားတော့မလျော့နဲ့ ဆောက်တော့ ဆောက်ပြီးတာကတော့ သေချာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဆောက်ပြီးသားကတော့ (သေချာပါတယ်) အခုခင်ဗျားတို့ လူ့ပြည်မှာ ဟန်လုပ်နေတာသာမှတ် (မှန်လှပါ့)။

ဘုန်းကြီးပြောတဲ့ မဂ်ဆိုက် ဖိုလ်ဆိုက်ကို မလုပ်တော့ပါဘူးဆိုရင် ငါသေရင် ဆွမ်းမသွတ်နဲ့သာမှတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီအလုပ်ကို မလုပ်တော့ပါဘူး၊ မဂ်ဆိုက် ဖိုလ်ဆိုက်ကို မလုပ်တော့ပါဘူးဆိုရင်ဖြင့် ဦးသံဒိုင် အိမ်မှာပစ်ခဲ့။ မတင်တို့ကို ငါသေဆွမ်းမသွတ်နဲ့ကွလို့ (မှန်ပါ့) လွဲမှ မလွဲဘဲ (မှန်ပါ့ ဘုရား) လွဲစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘာဖြစ်လို့ မရှိသတုန်းဆိုတော့ အယောနိသော မနသိကာရ မန်နေဂျာကြီးကလဲ ဝမ်းထဲမှာရှိတယ် (မှန်ပါ့) ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးကလည်း မှားတိုင်းမှားတိုင်း ဆောက်တယ် (မှန်ပါ့)။

ဒိဋ္ဌိဝိပ္ပလ္လာသဆိုတာ အပါယ်သွားတဲ့တရား

ဒိဋ္ဌိ ဝိပ္ပလ္လာသဆိုတာ အပါယ်မသွားတဲ့ တရားလား သွားတဲ့တရားလား (သွားတဲ့ တရားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဒိဋ္ဌိဝိပ္ပလ္လာသ အပါယ်သွားတဲ့တရားကလည်း ဧကန်သိပြီး သကာလနေတော့ ဒါချောက်ဟောတဲ့ တရားလား အမှန်ဟောတဲ့တရားလား (အမှန်ဟောတဲ့ တရားပါ)။

ခင်ဗျားတို့က ကုသိုလ်ကလေး လုပ်တာရယ် မနက် ဆွမ်းတော်ကလေးတင်တာရယ် ဟုတ်လား (မှန်ပါ့) အင်း အကြောင်းညီညွတ်တဲ့အခါ ကျောင်းကန် ဘုရားကလေးရယ် ဒါလောက်က မကယ်နိုင်ဘူးတဲ့၊ မှားချက်က ဒီဟာမျိုးမှ မကဘဲ (မှန်ပါ့) ဒါလောက်ကဘာဖြစ်လောက်သလဲ (မဖြစ်လောက်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးက ပြောချင်တာကတော့ မိုးကြိုးပစ်တာ ထန်းလက်ကာနေလို့တော့ မရဘူးဟေ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ကာနိုင်လို့ရှိရင်ဖြင့် မင်းတို့မဂ်နဲ့ကာပေါ့ (မှန်ပါ့) ထန်းလက်နဲ့မရဘူး (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

မဂ်နဲ့ကာရင်တော့ (ရပါတယ်) ထန်းလက်နဲ့ ကာရင်တော့ (မရပါ ဘုရား)။

မရဘူးတဲ့ ခုနင်က ဒါကြောင့်မို့ ဘုရားကလေးလောက်နဲ့ ဘုရားကြည်ညိုရုံလောက်နဲ့ မရသေးပါဘူး (မှန်ပါ့) ဘုရားကြည်ညိုရုံလောက်နဲ့ဆိုရင် အဇာတသက်ထက် ကြည်ညိုတာဘယ်ရှိမတုန်း၊ ဘုရား ပရိနိဗ္ဗာန်စံတယ်ဆိုရင် တက်တောင်သွားတယ်၊ ကြည်ညိုလိုက်တာနဲ့ နောက်ဆုံးပိတ် လောဟကုမ္ဘီ ငရဲကျတယ် (မှန်ပါ့) မကျဘူးလား (ကျပါ တယ်) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ထန်းလက်နဲ့ ကာမလား၊ မဂ်နဲ့ကာကြမလား (မဂ်နဲ့ကာပါမယ် ဘုရား) မဂ်နဲ့ကာရင် ဆောက်ပြီးသား ပျောက်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

လူ့ပြည် မှာ ပြုံးသလောက် ဟိုမှာမဲ့ရမယ်

မဂ်နဲ့ကာလို့ရှိရင် (ဆောက်ပြီးသား ပျောက်ရပါမယ်) ဆောက်ပြီးသား ပျောက်ရမယ်၊ နို့မဟုတ်ရင် လူ့ပြည် မှာ ပြုံးသလောက် ဟိုမှာမဲ့ရမယ် (မှန်ပါ့)။

လူ့ပြည်ပြုံးသလောက် (ဟိုမှာမဲ့ရမှာပါ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ အချိန်မှီသေးတယ်လို့ သတိထားလိုက်ပါ (မှန်ပါ့)။

ဪ ထန်းလက်နဲ့ကာလို့တော့မရဘူးတဲ့၊ မဂ်နဲ့ကာမှရမတဲ့ ဒီမဂ်ကလေးကို အခုဆရာဘုန်းကြီးကလဲ ဟောနေ တယ်၊ ဘယ်ကျလို့ရှိရင် မဂ်ဆိုက်လိမ့်မယ်ဆိုတဲ့ ဥစ္စာလဲ ခင်ဗျားတို့လဲ သိတန်သလောက်လဲသိနေပြီ (မှန်ပါ့) မသိဘူး လား (သိပါပြီ)။

ဘယ်ကျလို့ရှိရင် မဂ်စစ်ပေါ်မယ်၊ ဘယ်ကျလို့ရှိရင် ဝိပဿနာမဂ်ပေါ်မယ်၊ ဘယ်ကျရင် မဂ်စစ်ပေါ်မယ် ဆိုတာ ခင်ဗျားတို့နေ့တိုင်းလည်း ဟောပါတယ်(မှန်ပါ့) ဒီအခု ဝိပ္ပလ္လာသ အဆုံးမှာလဲ ဒါတွေလာပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ထန်းလက်နဲ့ မကာဘဲနဲ့ မဂ်နဲ့ကာလို့ရှိရင် ဒီကံတွေကို ခင်ဗျားတို့ပြုထားတဲ့ဝိပ္ပလ္လာသတွေကို ခင်ဗျားတို့ ဒီကနေပြီး မဂ်နဲ့ပယ်လိုက် (မှန်ပါ ဘုရား) ဟိုက အကုန်ပျောက်တယ် (မှန်ပါ့)။

မီးလိုပေါ့ဗျာ၊ ဒိုင်နမို ရပ်လိုက်ရင် ဒီမြို့ပေါ်မှာ မီးပွင့်တသောင်းရှိ၊ အကုန်ရပ်ဘဲ (မှန်ပါ့) ဒိုင်နမို မရပ်ရင် တော့ (မရပ်ပါ ဘုရား) အကုန်ပွင့်နေတာဘဲ မီးတွေ အိမ်တိုင်းလင်းနေတာလဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီမှာ ဟဒယဝတ္ထုထဲက နေပြီးသကာလ ခင်ဗျားတို့ ဝိပ္ပလ္လာသတွေသာ ရပ်အောင် ဝိပဿနာရှုပေးလိုက်၊ အကုန်ပျောက် အကုန်ပျောက် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

ဒါဖြင့် ဆေးရှိသေးတယ်(မှန်ပါ့) ဆေးလဲရှိသေးတယ်၊ ဆေးဆရာလဲရှိသေးတယ်၊ ခင်ဗျားတို့ကလဲ အချိန်မီသေး တယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

ဆေးကော (ရှိပါတယ် ဘုရား) ဆေးဆရာကော (ရှိပါတယ်) အချိန်ကကော (မှီပါသေးတယ် ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။