ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာနီဝရဏ ဆိုးဝါးပုံနှင့် မဂ်အမြတ်ထုတ်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌
ဟောကြားတော်မူသော
ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာနီဝရဏ ဆိုးဝါးပုံနှင့် မဂ်အမြတ်ထုတ်ပုံ
ညအလုပ်ပေး တရားတော်
(၂၃-၁၁-၆၁)
အပြင်ထွက်သွားတယ်
ထားရာ သူမနေဘဲနဲ့ ကြားဝင်လို့ရှိရင် ဥပမာမယ် ဝေဒနာဖြစ်ပျက်ရှုနေတယ်။ ရှုနေတုန်းကတော့ ဝိပဿနာ မဂ်ပါပဲ။ ရှုနေတုံးကတော့ ဝိပဿနာမဂ်၊ ဖြတ်ဆို ဝိပဿနာမဂ် ချုပ်သွားပြီး ဝိပဿနာမဂ်နေရာမှာ ဥဒ္ဓစ္စကဝင်လာတယ်။ ဥဒ္ဓစ္စက ဝင်လာတော့ ခုနင်က ရှုတဲ့ဆီကို သူကသွားတဲ့ တရားမျိုးမဟုတ်တော့ အပြင်ထွက်သွားတယ်။ ပြင်ဘက်ကို အာရုံပြုလိုက်တယ်။
ထိုပြင်ဘက်ကို အာရုံပြုလိုက်တဲ့တရားကို ဘာခေါ်ကြမတုံး (ဥဒ္ဓစ္စ ခေါ်ပါတယ် ဘုရား) ဒါဖြင့် ဥဒ္ဓစ္စကတော့ သီးသန့်ပေါ်တာလို့မှတ်ပါ။ မဂ်ကလည်း သီးသန့် ပေါ်တယ်လို့မှတ်ပါ။ မဂ်က ရှေးဦးစွာ ဝိပဿနာရှုနေတယ်၊ ဝေဒနာ ရှုနေတယ်၊ စိတ်ရှုနေတယ်၊ ရှုနေတုံးကတော့ တည့်နေတာပဲ။ ဖြတ်ဆို မဂ်ကချုပ်သွားတဲ့အချိန်မှာ ဥဒ္ဓစ္စက မဂ်ပေါ်တဲ့ ဟဒယဝတ္ထုမှာ ပြန်ပေါ်လာပြီး ဖြစ်ပျက်နဲ့ လွဲထွက်သွားတယ် (မှန်ပါ့)။
အဲဒီကဲ့သို့ ဖြစ်ပျက်နဲ့ လွဲထွက်သွားတော့ကို ဘာဆိုကြမယ် (ဥဒ္ဓစ္စပါ ဘုရား)။
ဥဒ္ဓစ္စဆိုတာက ဒါ အလုပ်သမားမှလည်း ဒီအသံထွက်တယ် (မှန်ပါ့) အလုပ်သမားမဟုတ်တဲ့ ပုဂ္ဂိုလ်မှာ သူ့ဟာသူ တွေဝေမိန်းမောပြီး ပျံ့လွင့်နေတာကိုပင်လျှင် ဒါဘာစိတ်ကယ်လို့လဲ မသိ (မှန်ပါ့)။
အဲဒီတော့ကို အလုပ်ခွင်နဲ့ကြည့်မှ ဥဒ္ဓစ္စဆိုတဲ့ တရားဟာလည်း သူ့သတ္တိပေါ်လာတာ (မှန်ပါ့) အလုပ်ခွင်နဲ့ မကိုက်လို့ရှိရင် သူ့သတ္တိမပေါ်လာဘူးလို့ အားလုံး ဒကာ၊ ဒကာမတွေက မှတ်ပါ (မှန်ပါ့ ဘုရား)။
လေတိုက်လို့ လှုပ်နေတဲ့အခါ
အဲဒီတော့ကို ဥဒ္ဓစ္စဆိုတာသည် ဘာနဲ့တူသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ရေထဲမှာ ရေကန်မှာဖြစ်စေ၊ ရေခွက်ထဲမှာ ဖြစ်စေ၊ လေတိုက်လို့ လှုပ်နေတဲ့အခါ မျက်နှာရိပ်ဟပ်လို့ ရပါ့မလား (မရပါ ဘုရား)။
မျက်နှာရိပ် ဟပ်လိုက်လို့ရှိရင် အရိပ်မထင်ဘူး (မှန်ပါ့) ဒီတရားကလည်း သူပေါ်လာတာသည် တုန်လှုပ်တဲ့တရား ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီတော့ တုန်လှုပ်တဲ့တရား ပေါ်လာသောကြောင့် ဖြစ်ပျက် ရှုတဲ့ဉာဏ်ကို ဝင်ခွင့်မပေးဘူး (မှန်ပါ့)။ အဲ ဝင်ခွင့်မပေးတော့ သူက တုန်လှုပ်နေတာပဲ။ တုန်လှုပ်နေတော့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ဝင်ခွင့် မပေးတာ ကိုပင်လျှင် ဥဒ္ဓစ္စသည် နီဝရဏဟူသော နာမည်အထူးကို ရပါတယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ် ဝင်ခွင့်မပေးဘူး သူဝင်နေတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝိပဿနာဉာဏ် (ဝင်ခွင့်မပေးပါ ဘုရား)။
သူဝင်နေတယ်။ အဲဒီတော့ ဒကာ၊ ဒကာမတွေက သူသည် ငါတို့နှောင့်ယှက်လာတယ်လို့ ဒကာ၊ ဒကာမတွေ ကလည်း ထင်မှာပဲ (မှန်ပါ့)။
ဥဒ္ဓစ္စဆိုတာ ဥပေက္ခာ ဝေဒနာနဲ့ တွဲပေါ်တာ
ထိုကဲ့သို့ ထင်မှုသည် ဆရာကောင်း၊ သမားကောင်း နည်းနာနိသျ မရသေးခင်မှာ ဒီအတိုင်းပဲဖြစ်ရမှာပဲ။ ဆရာ ကောင်း၊ သမားကောင်းဆီ နည်းနာနိသျ အမှန်ရပြီဆိုမှဖြင့် သူဟာ ဘာတုံးလို့ မေးလို့ရှိရင် ဥဒ္ဓစ္စဆိုတာ ဥပေက္ခာ ဝေဒနာနဲ့ တွဲပေါ်တာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) သူ မောဟကိုးဗျ (မှန်ပါ့)။
အဲဒီတော့ မင်း ဥပေက္ခာ ဝေဒနာပဲလို့ နာမည်တတ်ရှုချင်ရှု မရှုချင် ဥဒ္ဓစ္စရှုလိုက်၊ ဒါ ဝေဒနာနုပဿနာ ပြန်ဖြစ်တယ် (မှန်ပါ့ ဘုရား) နားလည်ကြပလား (နားလည်ပါပြီ)။
ဒီ အခု ပြောတဲ့စကားဟာ အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ့) ဘာ့ကြောင့် အရေးကြီးတယ်လို့ ပြောရသတုံး ဆိုတော့ ဦးသံဒိုင်တို့၊ မောင်သစ်တို့ မှတ်စရာက ဪ အနှောင့်အယှက်က တယ်များတယ် (မှန်ပါ့) ဒီလို ထင်ပြီး တော့ကို ဝိပဿနာအရေးမှ နောက်ဆုတ်တတ်ပါတယ် (မှန်ပါ့)။
နောက်မဆုတ်ပါနဲ့ တဲ့၊ ကိုယ်က ဒါ ဘာဝေဒနာ ဘာစိတ်ဆိုတာ မသိလို့ ခင်ဗျားတို့ အနှောင့်အယှက် လို့ ထင်တာပါတဲ့။ စင်စစ်တော့ဖြင့် သူသည် ဧဟိပဿိကော (မှန်ပါ့) ဒီဟာကို မဖျောက်ပါနဲ့။
ဧဟိ = လာခဲ့ပါ၊ ပဿ = ရှုပါ၊ ကျုပ်ကိုလည်း ရှုပါ၊ ကျုပ်လည်း ဝေဒနာပဲဗျ၊ ကျုပ်လည်း စိတ်ပဲဗျလို့ လာပြီး အရှုခံလာတာ (မှန်ပါ့ ဘုရား)။
အရှုခံလာတာကို ဉာဏ်မလှည့်တတ်လို့၊ သူ့သဘောကို မဝေဖန်တတ်လို့ နီဝရဏထဲကို ခင်ဗျားတို့ သွင်းပစ်လိုက် တယ် (မှန်ပါ့)။
ဘုရားကလည်း ဒီလိုဝေဖန်ပြီးသကာလ နားမလည်တဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် နီဝရဏလို့ ဟောထားတယ် (မှန်ပါ့)။
အခုလို အမျိုးမျိုး အဖုံဖုံ သတိပဋ္ဌာန်စုံတဲ့ပုဂ္ဂိုလ် ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တဲ့အခါကျတော့ ဒါ ဥပေက္ခာ ဝေဒနာပါကလားဆိုပြီး ကြည့်လိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကမ္မဋ္ဌာန်းမှ လွဲသွားတတ်တယ်
ဘာ့ကြောင့်တုံးဆိုတော့ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စသည် သူတို့ သဟဇာတတွေပဲ။ မောဟသည် ဘာတုံးဆိုတော့ ‘ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တံ ဝိစိကိစ္ဆာ သမ္ပယတ္တံ’ နဲ့ လာနေတာ ထင်ရှားနေတယ်။ ကိုယ်က ဦးသံဒိုင်တို့ လူစုက ဉာဏ်ကမသွင်းတတ်လို့ တယ် ဒီအနှောင့်အယှက်တွေကများတယ်။ အနှောင့်အယှက်က များ တယ်ဆိုပြီးသကာလ ကိုယ်မှတ်ထားတာကလည်း နီဝရဏလို့ မှတ်ထားတယ်။ ဪ သူဝင်လာပြီ။ သူဝင်လို့ရှိရင် ဖြင့် မဖြစ်သေးပါဘူး ဆိုပြီးသကာလ ကမ္မဋ္ဌာန်းမှ လွဲသွားတတ်တယ် (မှန်ပါ့)။
အဲဒီကဲ့သို့ ကမ္မဋ္ဌာန်းလွဲတာကို ယနေ့ တည့်ပေးနေပါတယ်။ တည့်ပေးလိုက်တော့ကို ဝိပဿနာဉာဏ်က ပထမ ဖြစ်ပျက်ရှု၊ သူဝင်လာတယ်။ သူ့ကို ရှုလိုက်၊ ဝိပဿနာဉာဏ်နောက်က သူဝင်လာပြီး သူ့ကို ဖြစ်ပျက်ရှုလိုက်၊ သူလည်း အနိစ္စပဲလို့ရှု၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ပါဠိတော်မှာ လာသတုံးဆိုတော့ သဗ္ဗေသင်္ခါရာ အနိစ္စာမှာလဲ လာတယ်။ ရှင်းပလား (ရှင်းပါပြီ) သဗ္ဗေ သင်္ခါရာ အနိစ္စာမှာလဲ လာတယ် ‘ဝိက္ခိတ္တံ ဝါစိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိပဇာနာတိ’ ဆိုတဲ့ စိတ္တာနုပဿနာမှာလည်း လာတယ်။ သူဝိက္ခိတ္တစိတ်ပဲ ပျံ့လွင့်တဲ့စိတ် (မှန်ပါ့)။
ပျံ့လွင့်တဲ့စိတ်ကို သူ့ကို ဖြစ်ပျက်ရှုရမယ်။ ပဇာနာတိ နောက်က လိုက်ပေးရမယ်လို့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ဟောထားတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ အသုံးမချတတ်လို့ အကန့်အကွက် ဖြစ်ပါတယ် (မှန်ပါ့ ဘုရား) အသုံးချတတ် လို့ရှိရင်ဖြင့် ဒါ အကန့်အကွက်မဖြစ်ပါဘူးဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
အိန္ဒိယက ယူခဲ့ရ တယ်
လောကီ ဥပမာ ပြောမယ် ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့၊ ဦးသန်းမောင်တို့ အခု ဆေးပင်ဟာ အိန္ဒိယက ယူခဲ့ရ တယ် (မှန်ပါ့) အိန္ဒိယက ယူပြီးမှ ရန်ကုန်မှာ မာလ္လီကုလားတွေနဲ့ အတော်ပဲ မွေးရတယ်။ ဒီဆရာသမားကလည်း ယူ ချင်လို့ အိုးနဲ့ကိုက ရန်ကုန်ရထားနဲ့ တင်ခဲ့ရတယ်။ ဒီမှာ မသိသေးတော့ ဒါဟာ တော်တော်ခဲရာခဲဆစ်ဖြစ်တာပဲ။ သိပြန် တော့ ဒီနားမှာပုံနေတာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲ သိပြန်တော့လည်း ရှုစရာတွေ ပုံလာတယ် (မှန်ပါ့) မသိသေးခင်တော့လည်း ဒီဥစ္စာ တော်တော် ခက်ခက်ခဲခဲပါကလား၊ အတော်ခွါရမှာပါကလားလို့ အောက်မေ့နေကြမယ် (မှန်ပါ့)။
စင်စစ် ခုတော့ဖြင့် ရိပ်မိပါပြီ ခွါနေစရာမလိုတော့ပါဘူး ဟုတ်ပလား (မှန်ပါ့ ဘုရား) သူ့ကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ်)။ သူ့ ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ဝေဒနာဖြင့် သူဘာဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ ဘုရား) စိတ်ဖြစ်ရင် ဥဒ္ဓစ္စစိတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဘုရားကလည်း ရှုကောင်းတာ သင်္ခါရတရားပဲကွဆိုပြီး သဗ္ဗေ သင်္ခါရဟာ အနိစ္စရောက်တဲ့တရားလို့ ဟောတယ် (မှန်ပါ့)။
သူ့အတွက် ဉာဏ်ဖင့်သွား တယ်
သူက အနိစ္စရောက်နေတာ ခင်ဗျားတို့က အနိစ္စဉာဏ် နောက်ထပ် မသွင်းလိုက်တာနဲ့ သူ့အတွက် ဉာဏ်ဖင့်သွား တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် သူ့အတွက် ဉာဏ်ဖင့်သွားတယ်လို့ ဒကာ၊ ဒကာမတွေက မှတ်ပါ (မှန်ပါ့ ဘုရား) ကောင်းပြီ ဒါဖြင့် သင်္ဂါရဝ သတို့သားဟောတော့ကွာတဲ့၊ သူဝင်လာလို့ရှိရင် ရေခွက်မှာ လေတိုက်နေတဲ့ ရေထဲမှာ မျက်နှာရိပ်ဟပ်တဲ့အခါ မျက်နှာရိပ် မထင်သလို သူဝင်လာလို့ရှိရင်ဖြင့် မင်းတို့ မေ့တတ်တဲ့၊ လျော့တတ်တဲ့ သဘော၊ ဟုတ်တယ်တဲ့ မောဟနဲ့ ယှဉ်တဲ့ တရားကိုး (မှန်ပါ့ ဘုရား)။
မောဟနဲ့ ယှဉ်တဲ့ တရားဆိုတော့ မေ့ရမယ်၊ လျော့ရမယ်ဆိုတာက ငြင်းဖို့မလိုပါဘူး မှန်နေပါတယ် (မှန်ပါ့ ဘုရား)။
ကောင်းပြီ အခုတော့ မောဟကိုပဲ တစ်ခါတည်း ‘သမောဟံဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ’ လုပ်လိုက်၊ ဦးသံဒိုင် ဖြစ်၊ မဖြစ် (ဖြစ်ပါတယ် ဘုရား) အသုံးချတတ်ပြန်တော့လည်း ဖြစ်သွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အသုံးချတတ်တော့လည်း ဒါဟာ သမောဟစိတ်ထဲ ဝင်သွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
စိတ်တွေက ဘုရား၊ သိပ်ပြေးတာပဲ ယနေ့များ ဘာဖြစ်တယ် မသိဘူး။ ဒါ့ကြောင့် ဒီနေ့ဖြင့် တပည့်တော် အဟောသိကံနဲ့ပဲ ပြင်လိုက်တယ် ဆိုလို့ရှိရင် ဒီလူဟာ ဆရာကောင်း၊ သမားကောင်း မကိုးကွယ်ရသေးလို့ နီဝရဏကို နီဝရဏပဲ မှတ်ထားလို့ နီဝရဏကို အသုံးမချတတ်သေးလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ ဒါဖြင့် စိန်နီအသုံးချတတ်လို့ရှိရင်လည်း ပွင့်ဆေးထဲထည့်ရတာပဲ (မှန်ပါ့) အသုံးမချတတ်တော့လည်း သေဆေးဖြစ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ရှုကောင်း၊ မရှုကောင်း မေးကြည့်တော့
ဒါဖြင့် အသုံးချတတ်ပလား (ချတတ်ပါပြီ) ဝေဒနာ နုပဿနာထဲ သွင်းရင် ဥပေက္ခာဝေဒနာ၊ စိတ္တာနုပဿနာထဲ သွင်းရင် ဝိက္ခိတ္တစိတ်ထဲ သွင်းလိုက် (မှန်ပါ့ ဘုရား)။
ရှုကောင်း၊ မရှုကောင်း မေးကြည့်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စာက ဟောထားလို့ ရှုကောင်းတယ် (မှန်ပါ့ ဘုရား) သဘောပါလား (ပါ-ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် သူဟာ ဉာဏ်ရှေ့မှာပဲ ဖြစ်သွားတယ်၊ ပျက်သွားတယ်၊ သူက ဒုက္ခသစ္စာပဲ သူက ဒုက္ခသစ္စာဆိုလို့ ရှိရင်ဖြင့် ကိုယ်က မဂ္ဂသစ္စာနဲ့ ကြည့်ရုံပဲ ရှိတာပဲ (မှန်ပါ့ ဘုရား) သူက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဒုက္ခသစ္စာဖြစ်ပြီး သကာလနေတော့ ကျုပ်တို့က မဂ်နဲ့ ကြည့်လိုက်လို့ရှိရင် သူ ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ် နဲ့ သူကပဲ တရားဟောသွားမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ အပြစ်ဟာ ဘာတုံးလို့ မေးလို့ရှိရင် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ မလိုက်ဘူး။ ဒီအပြစ်ဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
သန္ဒိဋ္ဌိကော မလိုက်နိုင်လို့
ဧဟိပဿိကော = ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ မလိုက်ဘူး) သန္ဒိဋ္ဌိကော မလိုက်နိုင်လို့ အပြစ်ကြီးသင့်သွားတဲ့နေ့ပဲ (မှန်ပါ့ ဘုရား)။
အပြစ်ကြီး သင့်သွားတာလည်း ဘုန်းကြီးများက အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့ အပြစ်မတင်သတုံးဆိုတော့ သူတို့က နီဝရဏဆိုတာ နီဝရဏပဲ မှတ်ထားတာ သတိပဋ္ဌာန်ထဲ မသွင်းတတ်ဘူး (မှန်ပါ့ ဘုရား)။
နီဝရဏကို ဘယ်လိုမှတ်ထားသလဲ (နီဝရဏပဲ မှတ်ထားပါတယ် ဘုရား) မဂ်ဖိုလ်တားတဲ့ တရားလို့ပဲ မှတ်ထား တယ် (မှန်ပါ့ ဘုရား)။
မဂ်ဖိုလ်တားတဲ့ တရားလို့သာမှတ်ထားတော့ ဪ ဒီနေ့တော့ဖြင့် စိတ်တွေက တောင်ပြေး၊ မြောက်ပြေး နဲ့ ဒီနေ့တော့ဖြင့် အနှောင့်အယှက်က သိပ်များတာပဲ ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ မြတ်စွာဘုရား ကောင်းစွာ ဟောထားတဲ့ ဧဟိပဿိကောကို ခင်ဗျားတို့က သန္ဒိဋ္ဌိကောမလိုက်လို့ဖြစ်ရတဲ့ ခင်ဗျားတို့၏ မသိ မလိမ္မာမှုကြောင့် ဖြစ်ရတဲ့အပြစ်လို့ သာ မှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘာအပြစ်သင့်သလဲ (မသိ မလိမ္မာလို့ဖြစ်ရတဲ့ အပြစ်ပါ ဘုရား) အဲ မသိ မလိမ္မာမှု သင့်တာပဲ၊ ဘေးရောက် တော့ကို မချောက်ချားနိုင်လို့ ဟိုကျမ်း၊ ဒီကျမ်း မညှိတတ်လို့ ဖြစ်ရလို့ အပြစ်သင့်တယ် (မှန်ပါ့) နားလည်ကြပလား (နားလည်ပါပြီ)။
လောကီစိတ်ဟူသ၍ ရှုနိုင်တာချည်းပဲ
ဒါဖြင့် မရှုကောင်းတဲ့ တရားကို မရှိဘူး (မရှိပါ ဘုရား) လောကီစိတ်ဟူသ၍ ခင်ဗျားတို့ ရှုနိုင်တာချည်းသာ မှတ်ပါ (မှန်ပါ့)။
လောကီစိတ်ဟူသ၍ (ရှုနိုင်တာချည်းပါ ဘုရား) ရှုနိုင်တာချည်းပဲလို့ မောင်သစ်တို့ သေသေချာချာ မှတ်ထားလို့ ရှိရင် တရားထိုင်ရင် လာတာရှုမကွသာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) တရားထိုင်တဲ့အခါမှာ (လာတာ ရှုရပါမယ်)။
လာတာ ရှုမယ်ဆိုလို့ရှိရင်ဖြင့် မရှုကောင်းတဲ့ တရားဟာလည်း ခင်ဗျားတို့ သန္တာန်မှာ မပေါ်သေးပါဘူး (မှန်ပါ့)။
ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တောင် ဘုရား က မဂ္ဂံ ပစ္စဝေက္ခတိ-လုပ်ဦးကွ၊ ဖလံပစ္စဝေက္ခတိ-လုပ်ဦးကွ ရှုဦးကွဲတဲ့၊ သဘောကျပလား (ကျပါပြီ)။
သို့သော်လည်းတဲ့ ဒါတွေက ရှုသာရှုရတယ် မဂ်ကလည်း တစ်ကြိမ်တည်း ဖြစ်နေတယ်၊ ဖိုလ်ကသာ အကြိမ်များ နေတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ရှုတတ်ပလားလို့မေးရင် (ရှုတတ်ပါပြီ ဘုရား) ဥဒ္ဓစ္စလာရင် ဘာလုပ် ကြမယ် (ဖြစ်ပျက် ရှုရပါမယ်ဘုရား) ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဖြစ်ပျက်ရှုပါ၊ နို့မဟုတ်လို့ရှိရင် သူ့ကို ခင်ဗျားတို့ က မရှုလို့ရှိရင်ဖြင့် ဥဒ္ဓစ္စဆိုတာ မောဟ၊ ကျုပ် ပဋိစ္စသမုပ္ပါဒ် စ, တော့မယ်လို့ ပြောတာ (မှန်ပါ့ ဘုရား) ကျုပ် ပဋိစ္စသမုပ္ပါဒ် စ, တော့မယ်ဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ့) ဘယ်လိုသင်္ခါရ လာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကျုပ် ကတော့ ပြန်လာတယ်ဗျာ၊ အဲဒီတော့ အရှုံးတော့ မခံနိုင်ဘူး။ လောကုတ် မဖြစ်ရင် လောကီဘက် လှည့်သွားမယ်ဆိုပြီး လောကီအလုပ် လုပ်လိုက်တော့ သင်္ခါရသွားဖြစ်တယ် (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
တော်တော် ရူးတယ်လို့ အောက်မေ့ပါ
လောကီအလုပ် သွားလုပ်လိုက်တော့၊ (သင်္ခါရ သွားဖြစ်ပါတယ်) သင်္ခါရ သွားဖြစ်ပြီတဲ့၊ လောကီအလုပ်လုပ်တော့ သင်္ခါရပဲတဲ့၊ ဘယ့်နှယ်ကြောင့် ဒီ သင်္ခါရအလုပ် လောကီအလုပ် လုပ်ဖြစ်ပါလိမ့်မတုံး ဒီ ဒကာ ဒကာမတွေ၊ အို အရှင်ဘုရားတို့ကတော့ မသိဘူး။ တပည့်တော်တို့ ကမ္မဋ္ဌာန်းထိုင်လို့ကို မရဘူး။ စိတ်က တောင်တွေး မြောက်တွေးနဲ့ ဒါကြောင့် လောကုတ်မရလို့ရှိရင် လောကီ လုပ်တော့မယ်လို့ (မှန်ပါ့) တော်တော် ရူးတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
တော်တော် ရူးတယ်လို့ အောက်မေ့စမ်းပါတဲ့၊ ဘာ့ကြောင့် တော်တော်ရူးတယ်လို့ အောက်မေ့ရမတုံးလို့ မေးရင် ‘သမောဟံဝါစိတ္တံ သမောဟံစိတ္တန္တိ ပဇာနာတိ’ လုပ်လိုက်ရင် ပြီးသွားတာပဲ (မှန်ပါ့) မပြီးဘူးလား (ပြီးပါတယ် ဘုရား) သင်္ခါရ မချုပ်ဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား)။
အဲဒါ မောင်သစ် အသုံးမချတတ်လို့ ဖြစ်တာ (မှန်ပါ့ ဘုရား) ဦးသံဒိုင် ဘာတုံး (အသုံးမချတတ်လို့ ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ကိုယ်ဖျင်းလို့ပေါ့ (မှန်ပါ့ ဘုရား) ကိုယ်က ဖျင်းမှု၊ တစ်နည်းအားဖြင့် ကိုယ်ဖျင်းပြန်လည်း ကိုယ့်ဆရာ သမားကလည်း ဒီလိုပြောင်းလဲပြီးသကာလ ဘုရားဟာ ဒေသနာတော်နဲ့ မညှိတတ်တဲ့အတွက် ကိုယ့်မှာလည်း ဆုံးရှုံးရ တယ် (မှန်ပါ့) ဆရာ့ အပြစ်လည်း ပါတယ် (မှန်ပါ့) တပည့်အပြစ်လည်း ပါတယ် (မှန်ပါ့ ဘုရား)။
တပည့်အပြစ်ကလည်း ဒီနေ့တရားကျင့်လို့ မကောင်းဘူး။ အဲဒီတော့ လောကုတ် ရှုံးလို့ရှိရင် လောကီတော့ အရှုံးမခံနိုင်ဘူးဆိုပြီး လောကီဘက် လှည့်သွားလိုက်တယ်။ လောကီအလုပ် လုပ်လိုက်တဲ့အခါကျတော့ လောကီအလုပ်က သင်္ခါရအလုပ် (မှန်ပါ့ ဘုရား)။
ဘယ်သူ့ကြောင့် လုပ်ဖြစ်တာတုံးမေးတော့ ဒီ ဥဒ္ဓစ္စကြောင့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဥဒ္ဓစ္စဆိုတာလည်း မောဟ အဝိဇ္ဇာပါပဲ။ မှန်ပါတယ်၊ သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဦးသံဒိုင်တို့ လူစု အတော်ဖျင်းသေးတယ်လို့ စွဲချက်တင်လိုက်တယ် (မှန်ပါ့ ဘုရား) မတင်ရပေဘူးလား (တင်ရပါမယ် ဘုရား) တင်ရမယ်၊ ဘာဖြစ်လို့တုံး ကိုယ်နားလည်တာက နီဝရဏကလေးတစ်ခု နားလည်တာပဲ မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)။
နီဝရဏကလေး တစ်ခု နားလည်ထားတယ်။ ဒီ နီဝရဏက အသုံးချရတဲ့ နီဝရဏလို့ နားမလည်ဘူး (မလည်ပါ ဘုရား) ရန်သူအဖြစ်နဲ့တော့ မှတ်ထားမိပါရဲ့ (မှန်ပါ့ ဘုရား)။
မိတ်ဆွေအဖြစ်နဲ့က (မှတ်မထားမိပါ ဘုရား) မှတ်မထားမိတော့ ဪ ခင်ဗျားတို့ ခက်ပါဘိတော့တယ်။ သဗ္ဗေသင်္ခါရာ အနိစ္စာ ရွတ်ရဲ့သားနဲ့ ဟုတ်လား၊ သတ်မည့်စာ အိတ်ထဲထည့်ပြီးသကာလ သတ်မည့်သူထံသွားပေးသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဒီလောက်ဖျင်းတာပဲ ဖျင်းတာက နည်းနည်းဖျင်းတာမဟုတ်ပါဘူး ရှင်းပလား (ရှင်းပါပြီ)။
ကယ်ယူမည့် တရားလို့ဆိုတာ ဉာဏ်ထဲမပေါ်ဘူး
အဲဒီတော့ ဃောသကဟာ တကယ်လို့ ဟိုက သူဌေးသမီးနဲ့သာ မတွေ့မယ်ဆိုလို့ရှိရင်ဖြင့် သူဌေးကြီးက သတ်ပစ် ရမည့် အမိန့်ပါလာတယ် (မှန်ပါ့) သို့သော် သူဌေးသမီးက သံယောဇဉ်ငြိပြီးသကာလ စာပြောင်းပြန် ရေးလိုက်လို့ အိမ် ထောင်ကျကြတယ် (မှန်ပါ့ ဘုရား)။
အဲဒါ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ သူဟာ ငါတို့ကို နှိပ်စက်တဲ့ တရားလို့သာမှတ်ပြီး သကာလ ကယ်ယူမည့် တရားလို့ဆိုတာ ဉာဏ်ထဲမပေါ်ဘူး (မပေါ်ပါ ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) ခင်ဗျားတို့က နဂိုက မှတ်ထားတာက (နှိပ်စက်တဲ့ တရားလို့)။
နှိပ်စက်တဲ့ တရားကို ကယ်ယူမည့် တရားဖြစ်အောင်တော့ ခင်ဗျားတို့ မကြံတတ်ဘူး (မကြံတတ်ပါ ဘုရား) မစီတတ်ဘူး (မစီတတ်ပါ ဘုရား)။
မစီတတ်တော့ ဘာ့ကြောင့် မစီတတ်သတုံးဆိုတော့ ဘုရားက အသုံးမချတတ်လို့ရှိရင် နီဝရဏ၊ အသုံးချတတ်လို့ ရှိရင် စိတ္တာနုပဿနာ, ဝေဒနာနုပဿာနာ (မှန်ပါ့) အသုံးမချတတ်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် စ,ပြီ၊ မစ,သေးဘူးလား (စ, ပါတယ် ဘုရား) ‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ-သင်္ခါရပစ္စယာ ဝိညာဏံ’ ဆိုလို့ရှိရင် ဘဝတွေကူးသွားပြီ (ကူးသွားပါပြီ ဘုရား) မနစ်နာဘူးလား (နစ်နာပါတယ်)။
တရားဟောညံ့လို့လည်း မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ရတယ်
အဲဒါကြောင့် တရားဟောညံ့လို့လည်း မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ရတယ်ဆိုတာ ဒါမျိုးခေါ်တာ (မှန်ပါ့) တရားဟော ညံ့လို့လည်း (မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ရပါတယ် ဘုရား)။
အဲဒါကြောင့် ဆရာသမားကို ကိုးကွယ်ဆည်းကပ်တဲ့ ပုဂ္ဂိုလ်များမှာလည်း ရွေးချယ်ပြီးသကာလ ကိုးကွယ် ဆည်း ကပ်တော့မှ ဒီအဓိပ္ပာယ်တွေသိတော့မှ ဪ ရွေးသင့်သကိုးလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) မရွေးသင့်ဘူး လား (ရွေးသင့်ပါတယ်)။
ရွေးသင့်တယ်တဲ့၊ အိုဆရာက မင်းက နီဝရဏသိပ်များတာ ဘယ်ရလိမ့်မတုံး၊ ကဲ ဒီနေ့ ခဏနားကွ၊ ဒီထဲသွား လိမ့်မယ် (မှန်ပါ့) နားတဲ့ဘက် လှည့်သွားမယ် (မှန်ပါ့)။
အဲဒီတော့ နားတဲ့ဘက် လှည့်သွားတော့ကို ဒါသည် တပည့်ဖျင်းမှုလား၊ ဆရာဖျင်းမှုလား (ဆရာဖျင်းမှုပါ ဘုရား) ဆရာဖျင်းမှုနော် (မှန်ပါ့)။
ကိုင်း ဒါကြောင့် ဘုရားလက်ထက်က ဓမ္မကထိကဆိုတာ ဧတဒဂ်ရတယ်ဆိုတဲ့ဥစ္စာ ဦးသန်းမောင် ရသင့် တယ် (မှန်ပါ့) ရသင့်တယ်။
ဓမ္မကထိက ဧတဒဂ်ရတယ်ဆိုတော့ အခုအခါတော့ ဝိဇ္ဇာဘွဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ (မှန်ပါ့ ဘုရား) လူတိုင်း ဟာ ဒီဥစ္စာ မဝေဖန်နိုင်ဘူးကွ၊ အင်မတန် ဉာဏ်ကြီးရှင်များမှ ဝေဖန်နိုင်တယ်တဲ့၊ ဓမ္မကထိက၏ စွမ်းရည်ပေါ်မှာ မှီ နေတယ် (မှန်ပါ့)။
ကဲ အခုတော့ ထင်ရှားသွားပြီ (ထင်ရှားပါပြီ) ထင်ရှားသွားပြီတဲ့၊ ဝေဒနာအားဖြင့် ဘာဝေဒနာတုံး ဥဒ္ဓစ္စ ဟာ (ဥပေက္ခာဝေဒနာပါ) စိတ်အားဖြင့် ဥဒ္ဓစ္စစိတ်၊ သဘောကျပလား (ကျပါပြီ) ဥဒ္ဓစ္စစေတသိက်ဆို။
ပါဠိတော်ထဲ သွင်းချင်လို့ရှိရင် ‘ဝိက္ခိတ္တံ ဝါစိတ္တံဝိက္ခိတ္တံ စိတ္တန္တိပဇာနာတိ’ (မှန်ပါ့) ဦးသံဒိုင် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူး ဝိက္ခိတ္တစိတ်ထဲ (မှန်ပါ့) ရှုပါလို့ကော ဘုရားက တိုက်ရိုက်မဟောဘူးလား (ဟောပါတယ်)။
အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့ မလဲ
အဲဒါ ကိုယ်အသုံးမချတတ်တာနဲ့ပဲ နီဝရဏ ကလေးတစ်ခု အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့ မလဲတာနဲ့ ကိုယ်ကျိုး နည်းရတယ် (မှန်ပါ့ ဘုရား) အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
အင်မတန် နစ်နာတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းသွားပါပြီ၊ ကောင်းပြီ ဒါဖြင့် လှုပ်တာ ငြိမ်အောင်လုပ်ပြီး သကာလ ရေလှုပ်နေတယ်။ လှုပ်နေလို့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်ဆိုတဲ့ ကိုယ့်မျက်နှာရိပ်ကို မမြင်ပါ ဘူး။ အနိစ္စနိမိတ်၊ ဒုက္ခနိမိတ်၊ အနတ္တနိမိတ်ကို မမြင်ဘူးဆိုလို့ရှိရင်ဖြင့် သူ့ကိုထုတ်ဆောင်ပစ်ရမယ်လို့ ဆိုသောကြောင့် သူ့ကို ဖြစ်ပျက်ရှုပစ်လိုက်လို့ရှိရင် ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတော့ သူ့ဖြစ်ပျက်ရှုလိုက်တော့ကို ဟဒယဝတ္ထုပေါ်မှာ သူကပျောက်ပြီး မဂ်က ပြန်ရောက်တယ် (မှန်ပါ့)။
သူက ဟဒယဝတ္ထုပေါ်မှာပဲ အသုဘအဖြစ်နဲ့ ဖြစ်သွားတယ် (မှန်ပါ့) အသုဘဖြစ်သွားပြီး ဟဒယဝတ္ထုပေါ်မှာပဲ မဂ်က ပြန်ရောက်တယ် (မှန်ပါ့)။
မဂ်က ပြန်ရောက်လာလို့ရှိရင်ဖြင့် တဲ့၊ ဒါ တရားမှန်သွားပြီ (မှန်ပါ့) မမှန်သေးဘူးလား (မှန်ပါတယ် ဘုရား) မှန်သွားပြီ မင်း ပဋိစ္စသမုပ္ပါဒ် လာတာ ငါဖြတ်မယ်ဆိုပြီး ဖြတ်ချလိုက်တယ် (မှန်ပါ့) သူက ပဋိစ္စသမုပ္ပါဒ် အစ ကိုး (မှန်ပါ့)။
မောဟကိုး၊ မောဟဆိုတာ ပဋိစ္စသမုပ္ပါဒ် ဘာတုံး (အစပါ ဘုရား) စ,မယ်လို့လာတာ အစဖြတ်တဲ့သဘောပါပဲ။ ရှင်းပလား (ရှင်းပါပြီ) စ,မယ်လို့လာတာ (အစဖြတ်တဲ့သဘောပါ)။
ဒါဖြင့် အစဖြတ်တယ်ဆိုကတည်းက ဟိုအကျိုးတရားတွေဆိုတဲ့ အလယ်တွေအဆုံးတွေကို ကျုပ်တို့က လျှောက် ဖြတ်နေဖို့ လိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ဘူးတဲ့၊ အစဖြတ်လိုက်ရတဲ့အတွက် သံသရာအစ အဝိဇ္ဇာတဏှာဆိုကတည်းကိုက အဝိဇ္ဇာဖြတ်တာပဲ (မှန်ပါ့)။
အဝိဇ္ဇာသည် အနိစ္စ၊ ရှုတာက မဂ္ဂ
အဝိဇ္ဇာဖြတ်ချလိုက်တဲ့အခါကျလို့ရှိရင် အဝိဇ္ဇာသည် ဘာဖြစ်သွားသတုံး အဝိဇ္ဇာသည် အနိစ္စ ဟုတ်လား (မှန်ပါ့) ရှုတာက မဂ္ဂသွားဖြစ်တယ် (မှန်ပါ့) သဘောပါကလား (ပါ-ပါတယ်)။
ဒီလိုလုပ်လိုက်ပြန်တော့လည်း ဪ ပဋိစ္စသမုပ္ပါဒ် စ,မယ်လို့ လာတာကို ဒို့က အစမခံသောကြောင့် ဒို့ ပြတ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ကြောင့် သံသရာပြတ်ပါမယ် (မှန်ပါ့ ဘုရား) ဘာပြောကြမယ်၊ (သံသရာ ပြတ်ပါတယ် ဘုရား) သံသရာပြတ်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့)။
ဒီလို ကြားရတဲ့တရား၊ ခုလိုအပြောင်းအလဲ မှန်တဲ့တရားသည် မောင်သစ်တို့၊ ဦးသံဒိုင်တို့ နာရတဲ့အတွက် ဪ တစ်သက်နဲ့ တစ်ကိုယ် အလွန်ကျေးဇူးများတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒီက အလုပ်က သက်သေခံသွားမယ် (မှန်ပါ့ ဘုရား) မခံသေးဘူးလား (ခံပါတယ် ဘုရား)။
အလုပ်က သက်သေခံသွားပြီတဲ့၊ ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစကပြတ်တဲ့ တရားလည်း ရပါပြီ (ရပါပြီ ဘုရား) ဥဒ္ဓစ္စလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်ပါလိမ့် (အစက ပြတ်ပါတယ် ဘုရား)။
ဘုရားဟောတော်မူတာနဲ့လည်း ကိုက်ပါတယ် (ကိုက်ပါတယ် ဘုရား) ဘယ်လိုကိုက်သတုံး (ဝိက္ခိတ္တစိတ်ပါ)။
‘ဝိက္ခိတ္တံဝါစိတ္တံ ဝိက္ခိတ္တံစိတ္တန္တိ ပဇာနာတိ’ နဲ့လည်း ကိုက်တယ် (မှန်ပါ့) ဝေဒနာအားဖြင့် ဥပေက္ခာ ဝေဒနာနဲ့လည်း ကိုက်တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် သတိပဋ္ဌာန်နဲ့ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)။
အဲဒါကြောင့် သတိပဋ္ဌာန်နဲ့ မလွတ်လို့ရှိရင် ခင်ဗျားတို့ သတိပဋ္ဌာန်လွတ်ပြီး နိဗ္ဗာန်သွားတဲ့တရား မရှိဘူးလို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ့)။
သတိပဋ္ဌာန်လွတ်ပြီး နိဗ္ဗာန်သွားတဲ့တရား (မရှိပါ ဘုရား) မရှိဘူး။
သတိနဲ့ ပညာနဲ့တွဲလွှတ်ရတယ်
ဟိုက သတိပဋ္ဌာန်ဆိုတဲ့ဥစ္စာက ခင်ဗျားတို့က မစဉ်းစားလို့ပါ။ သတိပဋ္ဌာန်ဆိုတာ သတိသမ္ပဇညပဲ။ သတိနဲ့ ပညာနဲ့တွဲလွှတ်ရတယ် (မှန်ပါ့) ဘာလာလာ တွဲလွှတ်၊ ဘယ်ဟာလာလာ တွဲလွှတ်လို့ရှိရင်ဖြင့် မောင်သစ် မဂ်မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။
ဥဒ္ဓစ္စဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ ရေရေလည်လည် သိထားတော့ ကိုယ်က သတိပဋ္ဌာန်မနိုင်လို့ ဖြစ်ရ တာ (မှန်ပါ့ ဘုရား) ရှင်းသွားပါပြီ (ရှင်းပါပြီ)
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်သတုံး (အစက ပြတ်ပါတယ် ဘုရား) ဪ ပဋိစ္စသမုပ္ပါဒ် အစကပြတ် တယ်၊ ဟုတ်ပြီ တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း မင်းတို့ကွာ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ရင် သောတာပတ္တိ မဂ်ပါပဲ (မှန်ပါ့) ဆိုတော့ အဝိဇ္ဇာကြောင့်ပဲ၊ ကျုပ်တို့ ဝိဇ္ဇာသွားဖြစ်ရတယ် (မှန်လှပါ) အဝိဇ္ဇာကြောင့် (ဝိဇ္ဇာ သွားဖြစ်ပါ တယ်)။
အဝိဇ္ဇာ ဖြစ်ပျက် ရှုလိုက်တာနဲ့ ဖြစ်ပျက်ရှုတဲ့ ဝိဇ္ဇာလာဖြစ်တယ် (မှန်ပါ့ ဘုရား) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်လာတဲ့ဥစ္စာကို ဒီပါဠိတော်မှာ ခင်ဗျားတို့ ထင်ရှားနေတယ် (မှန်ပါ့) အခု ဒါတွေဟာ ၃-၄ ချက်ပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
သတိပဋ္ဌာန်ထဲ ဝေဒနာနုပဿနာ ဟာလည်း ဒို့မယူတတ်လို့ ဒါ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာလည်း ဒို့ မယူတတ်လို့ ဒါ စိတ္တာနုပဿနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဝိဇ္ဇာ-ဝိဇ္ဇာဖြစ်အောင်လုပ်ပါဆိုတာလည်း ဒို့ကမသိလို့သာ၊ အခု အဝိဇ္ဇာကြောင့် ဝိဇ္ဇာဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဘုရားကလည်း မရှုကောင်းတာ မရှိပါဘူးကွ၊ သဗ္ဗေသင်္ခါရ အနိစ္စာဆိုတာလည်း ခင်ဗျားတို့က အဲဒီပါဠိကို ဘုရားသခင်ကိုတော်မြတ်ကြီးက အမှန်ပြောရှာတာ၊ ကိုယ်က အလွဲယူထားတယ် (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒီလေးချက်သည် ကြီးလှစွာသော အနှစ်သာရလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီလေးချက်ကို ဉာဏ်နဲ့ ဝေဖန်နိုင်တာသည် တပည့်တော်တို့ ယနေ့ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ အမြင်ဉာဏ် ကျယ်ပါ ပြီဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့ ဘုရား) ဉာဏ်ကျယ်တော့ ဘာကျေးဇူးများသတုံးဆိုတာ ဆက်ပြပါ့မယ်၊ ဉာဏ်ကျယ် တော့ကို ဥဒ္ဓစ္စတွင် မောဟတွင် သေတယ်လို့ မမှတ်လိုက်ပါနဲ့တဲ့ ဥဒ္ဓစ္စတွင် သေတယ်လို့ မမှတ်ပါနဲ့၊ ဉာဏ်သည် ဝိစိကိစ္ဆာ ကိုလည်း သတ်ပါတယ် (မှန်ပါ့)။
ဝိစိကိစ္ဆာ ကိုလည်း သတ်ပါတယ်
ဘယ် ဝိစိကိစ္ဆာလာလာ၊ ဝိစိကိစ္ဆာဆိုတာ မရှုကောင်းတဲ့ တရားလားလို့ နဂိုရ်က သံသယရှိနေတဲ့ဥစ္စာ ရှုကောင်း တဲ့တရားထဲ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချနိုင်ကြပါပြီ။
ဒါဖြင့် ဝိစိကိစ္ဆာသေ မသေ (သေပါတယ် ဘုရား) နဂိုရ်က နီဝရဏဆိုတာ မရှုကောင်းတဲ့တရား မှတ်နေ တယ် (မှန်ပါ့) အခုတော့ ရှုကောင်းတဲ့တရားဟူသော အဓိပ္ပာယ်ကို ခင်ဗျားတို့ ဉာဏ်ထဲမှာ အပြည့်အစုံရပြီ (မှန်ပါ့) မရဘူးလား (ရပါတယ်)။
အဲ ဉာဏ်ထဲမှာ အပြည့်အစုံ ရသွားတဲ့အတွက်လည်းတဲ့ ခင်ဗျားတို့ ယုံမှား သံသယလည်း သေသွားတယ် (မှန်ပါ့) သူ့ဖြစ်ပျက် မြင်လိုက်လို့ ဒိဋ္ဌိလည်း သေတယ် (သေပါတယ်)။
ရှုလိုက်တဲ့ ဉာဏ်ကလည်း ရှုတတ်တဲ့ဉာဏ် ရတဲ့အတွက် တဲ့၊ ရှုကောင်းတဲ့ တရားလား မရှုကောင်းတဲ့ တရားလားလို့ နဂိုရ်က နှစ်ခွပြားနေတာ အခု နီဝရဏဆိုတာ အလကားတရားဆိုတာကိုလည်း ခင်ဗျားတို့ ထင်ချင်ထင် မယ်၊ အခုတော့ မရှုကောင်းဘူး ထင်တာပဲ။ သူဟာ ထပြေးရမည့်တရားမျိုး ထင်နေတာ၊ ထပြေးရမည့်တရားမျိုး မဟုတ် ဘူး။ ဒီဟာ ရှုကောင်းတဲ့ တရားပဲလို့ ဆုံးဖြတ်ချက်ချနိုင်တာပဲ ဝိစိကိစ္ဆာ သေသွားတယ် (မှန်ပါ့ ဘုရား) သဘောပါလား (ပါ-ပါတယ်)။
ဒါဖြင့် ဒိဋ္ဌိလည်းသေ ဝိစိကိစ္ဆာလည်း သေတယ်ဆိုတဲ့ အကျိုးဟာ သေသေချာချာ ပြီးသွားပါပြီ (မှန်ပါ့ ဘုရား) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား) ကောင်းပြီး နေရာကျပြီ။
ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ အကျဉ်းချုပ်ပြောထားတာကလေးကို ခင်ဗျားတို့ မှတ်ရမယ်၊ ရှု ပေါ်တာရှု၊ ဝေဒနာလွတ်တာနဲ့ စိတ်လွတ်တာ မရှိဘူးကွဆိုတော့ ဒါက အားလုံးကုန် သိမ်းခြုံပြီး သကာလ ပြောတဲ့စကားလို့ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ပေါ်ရာသာရှုလိုက်
ပေါ်ရာသာရှုလိုက်၊ မရှုကောင်းတဲ့တရား ခင်ဗျားတို့ သန္တာမှာ မပေါ်ပါဘူး (မှန်ပါ့) မရှုကောင်းတဲ့ တရား (မပေါ်ပါ ဘုရား) နိဗ္ဗာန်ဟာ နိဗ္ဗာနံ ပစ္စဝေက္ခတိလို့တောင် လာလိုက်သေးတယ်။ နိဗ္ဗာန်တောင် ဆင်ခြင်နိုင်ပါသေးတယ် ကွ၊ ဘယ်လက္ခဏာရှိတယ် ဘယ်သဘောပါလိမ့်မတုံးဆိုတာ ရှုပြီး ဆင်ခြင်ပါပြောတာ (မှန်ပါ့)။
ကဲ မရှုကောင်းတဲ့တရား ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မဂ္ဂံပစ္စဝေက္ခတိ = မဂ်လည်း ဆင်ခြင်နိုင်တယ်ကွ၊ ဖလံပစ္စဝေက္ခတိ = ဖိုလ်လည်း ဆင်ခြေနိုင်တယ်ကွ၊ နိဗ္ဗာနံ ပစ္စဝေက္ခတိ = နိဗ္ဗာန်လည်း ဆင်ခြင်နိုင်တယ်ကွ ဆိုတော့ မရှုကောင်းတဲ့တရား ပါသေးရဲ့လား (မပါ-ပါ ဘုရား)။
အဲဒါတွေ ထောက်ပြီး ကြည့်တော့မှ ဪ ဒို့မှာဖြင့် ဉာဏ်အပြည့်အစုံရပြီဆိုတာ မောင်သစ် မှတ်ပေတော့ (မှန်ပါ့) ဦးသံဒိုင် ဘယ်လိုမှတ်မယ် (ဉာဏ်အပြည့်အစုံရပြီလို့ မှတ်ရပါမယ်) အပြည့်အစုံကို ရတယ် (မှန်ပါ့) ဘယ်ဟာ ရှုမှ တော်ပါ့မတုံးဆိုတာ လုပ်မနေနဲ့ (မှန်ပါ့ ဘုရား)။
အလုံးစုံဟာ ခင်ဗျားတို့ သန္တာန်ထဲ ရှုကောင်းတဲ့ တရားချည်းပဲ၊ ခင်ဗျားတို့က မစွမ်းထက်လို့သာ၊ ငါက ဝေဒနာ ရှုနေတာ၊ သူက ဥဒ္ဓစ္စ လာနေတယ်။ ခက်တယ်ဆိုတော့ ဟို ဥဒ္ဓစ္စကို ဥပေက္ခာလို့ ခင်ဗျားတို့က ဆုံးဖြတ်ချက် မချ တတ်လို့ ဖြစ်တာ (မှန်ပါ့ ဘုရား) အခုတော့ ချတတ်ပလား (ချတတ်ပါပြီ)။
ဒါဖြင့် ချတတ်တဲ့အတွက် အခုတော့ အားလုံး သိမ်းခြုံပြီး နည်းပေးလိုက်တဲ့အတွက် ကဲ မင်းတို့ သန္တာန် မှာဖြင့် အာရုံဟူသမျှ ရှုသာရှု၊ အာရမ္မဏိကတော့ မလိုက်စေနဲ့ (မှန်ပါ့)။
အာရုံဟူသမျှကို (ရှုသာရှု) ရှုရမယ်၊ အာရမ္မဏိက စိတ်မလိုက်နိုင် မရှိပါနဲ့ (မှန်ပါ့) အာရမ္မဏိကဆိုတဲ့ မဂ်ကို မလိုက်မိအောင် မရှိပါစေနဲ့ (မှန်ပါ့)။
ဒါ ပြောရမှာလား၊ မပြောရဘူးလား (ပြောရမှာပါ) သဘောပါသွားပြီ (ပါ-ပါပြီ) ရှင်းပြီးနော် (ရှင်းပါပြီ)။
ဥဒ္ဓစ္စရှုတော့ ဘာအကျိုးရှိသတုံး
ကောင်းပြီ ဒါဖြင့် ဥဒ္ဓစ္စရှုတော့ ဘာအကျိုးရှိသတုံး မေးတော့မှ အို သံသရာ အစပြတ်တဲ့ တရားဘုရာ့၊ သံသရာအစကို ဖြတ်ချလိုက်တဲ့တရား (မှန်ပါ့) သံသရာအစကို (ဖြတ်ချလိုက်ပါတယ် ဘုရား)။
ဖြတ်ချလိုက်ပါတယ် တဲ့၊ သံသရာ အစဖြတ်တဲ့ တရားဆိုသဖြင့် အင်း နဂိုရ်က နီဝရဏသည် အပါယ် ဘေးကို ညွှန်ပြနေတဲ့တရားလို့ အောက်မေ့နေတယ်၊ အင်း သူလာပေတာနဲ့ပဲ ဒို့သံသရာကြီး အစပြတ်သွားတယ် (မှန်ပါ့)။
သူလာလို့ အစပြတ်သွားတာ (မှန်ပါ့) သူ မလာလို့ရှိရင် (မပြတ်ပါ ဘုရား)။
သူမလာလို့ရှိရင် လောဘလာနေလို့ရှိရင် အလည်ကသာ ပြတ်မယ် (မှန်ပါ့) ဒေါသလာရင် အဆုံးကသာပြတ် မယ် (မှန်ပါ့) အခုတော့ သူလာပေလို့ (အစက ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် သူလာခြင်းကောင်းပဲ (မှန်ပါ့) ခင်ဗျားတို့က နဂိုရ်က လာခြင်းဆိုးထင်နေတာ (မှန်ပါ့ ဘုရား) အခုတော့ ဘယ့်နှယ်ထင်သတုံး (လာခြင်းကောင်းပါ ဘုရား)။
အင်း တော်တော်သေးတယ် (မှန်ပါ့) ပြောင်းတတ် လွှဲတတ်လို့ (မှန်ပါ့) ပြောင်းတတ် လွှဲတတ်လို့ တော်-တော်သေးရဲ့၊ ကိုင်း ဒါဖြင့် အင်မတန် အဖိုးတန်သွားပြီ။ ဥဒ္ဓစ္စဖြင့် ယနေ့ နာရီဝက်တိတိပြောတော့ အသုံးချတတ်ပြီ (မှန်ပါ့) အသုံးချတတ်ပြီနော် (မှန်ပါ့) အသုံးချတတ်ပြီဆိုတော့ ဝိစိကိစ္ဆာ ဆက်ကြဦးစို့ရဲ့။
ဝိစိကိစ္ဆာ နီဝရဏ
ဝိစိကိစ္ဆာကလည်း နီဝရဏပဲ၊ သူ့နာမည်ရင်းကတော့ နီဝရဏ၊ အချို့နေရာမှာ ဝိစိကိစ္ဆာကို စိတ္တာနုပဿနာထဲ သွင်းလိုက်ရင်လည်း ဝိစိကိစ္ဆာစိတ်ဖြစ်တာပဲ။ ဝေဒနာနုပဿနာထဲ သွင်းလိုက်ရင်လည်း ဥပေက္ခာဝေဒနာ ဖြစ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
စိတ္တာနုပဿနာထဲ သွင်းလိုက်လို့ရှိရင်ဖြင့် ဝိစိကိစ္ဆာစိတ်၊ မောဟစိတ် ရှင်းပလား (ရှင်းပါပြီ)။
စိတ္တာနုပဿနာထဲ သွင်းလို့ရှိရင် (ဝိစိကိစ္ဆာစိတ်ပါ) မောဟစိတ်ဆိုလိုက်ပါ (မှန်ပါ့) ဝိစိကိစ္ဆာဆိုတာ မောဟပဲ နော် (မှန်ပါ့)။
ဘုရားက ‘သမောဟံ ဝါစိတ္တံသမောဟံ စိတ္တန္တိပဇာနာတိ’ ဆိုတာ ဥဒ္ဓစ္စနဲ့ ဝိစိကိစ္ဆာ စိတ်ရှုကွလို့ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် စိတ္တာနုပဿနာထဲသွင်းရင် သမောဟစိတ်၊ ဝေဒနာနုပဿနာထဲသွင်းတော့ ဥပေက္ခာဝေဒနာ (မှန်ပါ့) သွင်းတတ်ပြီနော် (သွင်းတတ်ပါပြီ)။
ဒါဖြင့် ဝိစိကိစ္ဆာဟာ ဝေဒနာ နုပဿနာထဲသွင်းရင် ဘယ်အထိ သွင်းကြမယ် (ဥပေက္ခာဝေဒနာထဲ သွင်းရပါ မယ်)။
အဒုက္ခမသုခဆိုတဲ့ ဥပေက္ခာဝေဒနာထဲသွင်းလိုက် (မှန်ပါ့) သူလာရင် ဖြစ်ပျက်သာရှု၊ ဝေဒနာနုပဿနာဖြင့် ရှုနေတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာပဲရှုချလိုက် (မှန်ပါ့) သူလည်း ဝေဒနာပဲဆိုပြီး ခင်ဗျားတို့ မလွဲအောင်သာ ရှုချလိုက် (မှန်ပါ့ ဘုရား)။
စိတ်လို့ဆိုလို့ရှိရင်လည်း သမောဟစိတ်၊ သဘောကျပလား (ကျပါပြီ) သမောဟစိတ်ဆိုတဲ့ဥစ္စာ သရာဂ သဒေါသ သမောဟကိုး (မှန်ပါ့) စိတ်ထဲသွင်းတော့ ဘယ်ပါဠိတော်ထဲ သွင်းမယ် (သမောဟစိတ်ပါ)။
အဲ ‘သမောဟံဝါစိတ္တံ သမောဟံစိတ္တန္တိ ပဇာနာတိ’ ဆိုတဲ့ မောဟနဲ့တကွ ဖြစ်တဲ့စိတ်၊ ရှင်းပလား (ရှင်းပါ ပြီ)။
အဲ မောဟနဲ့တကွ ဖြစ်တဲ့စိတ်ကို ခင်ဗျားတို့ ရှုတတ်လို့ရှိရင်ဖြင့် စိတ္တာနုပဿနာသမားလည်း ပြည့်စုံသွား တာပဲ၊ ဝေဒနာ နုပဿနာသမားအတွက်လည်း (ပြည့်စုံသွားတာပဲ) ပြည့်စုံသွားတာပဲဆိုတာ ဦးသံဒိုင် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူး။
အောက်မှာ အနယ်ထိုင်နေတယ်
ဒါဖြင့် ဝိစိကိစ္ဆာဟာတဲ့ အသုံးမချတတ်လို့ရှိရင် ဘယ်လိုဖြစ်တတ်ပါသတုံးဆိုတော့ ရေခွက်ထဲမှာ နွံတွေအနယ် တွေဟာ ထိုင်နေတယ်၊ အကြည်ကလေးကတော့ အပေါ်ကရှိပါရဲ့ အောက်မှာ အနယ်ထိုင်နေတယ်၊ မျက်နှာဟပ်ကြည့်ပါ၊ မြင်ပါ့မလား (မမြင်ပါ ဘုရား)။
မမြင်နိုင်ဘူး၊ အနယ်ထိုင်နေတယ် (မှန်ပါ့) အောက်က ကြည်မှသာ မြင်ရမှာ (မှန်ပါ့ ဘုရား)။
အဲ သူသာလာတဲ့တစ်နေ့မှာ သင်္ဂါရဝတဲ့၊ ရပြီးသားစာတွေလည်း ပျောက်ရမယ်၊ မရသေးတာတွေလည်း မပေါ်လာတော့ဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲ အဲဒီလိုဟောတဲ့ နေရာကျတော့ သူ နီဝရဏကို ဟောချင်လည်း ဟောချလိုက်တာပဲ (မှန်ပါ့) ဘာဟော ချင်လို့လည်း (နီဝရဏဟောချင်ပါတယ် ဘုရား) နီဝရဏဟောတာလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ)။
အဲဒီတော့ကွာ တဲ့၊ မင်းတို့ သူသာဝင်လာမယ်ဆိုရင် ကိုယ့်အကျိုးလည်း မသိတော့ဘူး၊ သူများအကျိုးလည်း မသိတော့ဘူး၊ ကိုယ့်အကျိုး၊ သူ့အကျိုး နှစ်ကျိုးကိုပင် မသိတော့ဘူး၊ သူဝင်လာလို့ရှိရင် (မှန်ပါ့ ဘုရား)။
ဝိစိကိစ္ဆာသာ ဝင်လာမယ်ဆို ဒကာ၊ ဒကာမတို့ ကိုယ့်အကျိုးလည်း မသိတော့ဘူး (မှန်ပါ့) သူများအကျိုးကော (မသိပါ ဘုရား) နှစ်ဦးသားအကျိုးကို (မသိပါ ဘုရား) မောဟပဲကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဪ ဒါဖြင့် သင်္ဂါရဝ တဲ့၊ ဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်မှာ မင်းဟာ သူ၏ထွက်မြောက်ကြောင်းကို ရှာရမယ်ကွတဲ့ (မှန်ပါ့) သူ၏ထွက်မြောက်ကြောင်း မင်း မရှာလို့ရှိရင်ဖြင့် မင်း ဘယ်အလုပ် လုပ်လုပ် အထမြောက်တော့ မယ် မဟုတ်တော့ဘူးတဲ့ (မှန်ပါ့) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။
သူ့ထွက်မြောက်ကြောင်းရှာတဲ့ အခါ
ဒါဖြင့် သူ့ထွက်မြောက်ကြောင်းရှာတဲ့ အခါကျတော့ကိုတဲ့၊ အထူးရှာမနေဘဲနဲ့ ဝေဒနာ နုပဿနာထဲ သွင်းရှုလိုက် (မှန်ပါ့) သူ့ကြောင့် ထွက်မြောက်ကြောင်းဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
စိတ္တာနုပဿနာထဲဆိုရင် သမောဟစိတ်ဆိုပြီး ရှုချလိုက်၊ သူ့ကြောင့် ဘာဖြစ်သတုံး (ထွက်မြောက်ကြောင်း ဖြစ်ပါတယ်)။
ထွက်မြောက်ကြောင်း ဖြစ်တယ်ဆိုတော့ ဪ သူက ဒုဂ္ဂတိသွားမလို့၊ ဒုဂ္ဂတိပို့မလို့ လာတဲ့တရားကို ကျုပ်တို့က သူ့ကိုပဲ အပို့ခိုင်းတယ်၊ နိဗ္ဗာန်ပို့ပေးစမ်းကွာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သူ့ဖြစ်ပျက်ရှုလိုက်တော့ ဘာဖြစ်သွားသလဲ (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ပို့ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
သူ့ကို လက်ခံထားရင် ဒုဂ္ဂတိသွားမယ် (မှန်ပါ့ ဒုဂ္ဂတိသွားမယ်) ရှင်းပလား (ရှင်းပါပြီ)။
သူ့လက်ခံထားရင် (ဒုဂ္ဂတိသွားပါမယ်) သူ့လက်ခံထားရင် ဒုဂ္ဂတိသွားမယ်၊ ပဋိစ္စသမုပ္ပါဒ် သူအစကစမယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ကျုပ်တို့က သူ့ကိုပင်လျှင် နိဗ္ဗာန်အပို့ခိုင်းတော့ကို မင်းကြောင့်ပဲ ဒို့ မဂ်ရပေတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ မရှင်းသေးဘူးလား (ရှင်းပါတယ်)။
ဝိစိကိစ္ဆာကြောင့် မဂ်ရတယ်
သူ့ကြောင့်ပဲ၊ ဝိစိကိစ္ဆာကြောင့် ဘာဖြစ်သလဲ (မဂ်ရပါတယ် ဘုရား) ဝိစိကိစ္ဆာကြောင့် မဂ်ရတယ်ဆိုတော့ ဝိစိ ကိစ္ဆာက အာရုံ၊ မဂ်က အာရမ္မဏိကနော် (မှန်ပါ့) ဝိစိကိစ္ဆာက အာရုံ၊ မဂ်က အာရမ္မဏိကဆိုတော့ အာရမ္မဏိက-က ဒီအချိန်မှာ ဝမ်းထဲမှာ၊ သူက အပြင်ဘက်က နေတယ် (မှန်ပါ့)။
သူက ပြင်ဘက်က၊ မဂ်က အတွင်းက၊ သူက အရှုခံဆိုတော့ သူက ဗဟိဒ္ဓဘက်က နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မဂ်က အဇ္ဈတ္တဘက်က နေတယ်။
မဂ်က အတွင်းဘက်က နေတဲ့အတွက် မဂ်က အတွင်းဘက်က နေတော့ကို ကိန်းရာ ပုဂ္ဂိုလ်ကို ဆောင်တယ်ဆို တော့ ဝိစိကိစ္ဆာက မဆောင်ဘဲ မဂ်က ဆောင်တယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် သူ့ကြောင့် နိယျာနတ္ထ ဖြစ်ပါတယ် (မှန်ပါ့) ဘယ်သူကြောင့် နိယျာနတ္ထ ဖြစ်သလဲ (ဝိစိကိစ္ဆာကြောင့် ပါ ဘုရား)။
ဪ ရန်သူကြောင့်ပဲ ဟုတ်လား (မှန်ပါ့) ခင်ဗျားတို့ သုံးနေတဲ့ အတိုင်းပါပဲ၊ စိုင်ကော်လို့ ခြုံပေါ်ရောက် တယ် (မှန်ပါ့) မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။
စိုင်ကော်လို့ ခြုံပေါ်ရောက်
စိုင်ဆိုတာသည် ခင်ဗျားတို့ကို ကော်ချင်လို့ မဟုတ်ဘူး။ သတ်မလို့ ကော်တာ (မှန်ပါ့) ချိုနဲ့ကော်ထုတ်လိုက်တာ။
ချိုနဲ့ ကော်ထုတ်လိုက်တာဟာ အသေ ခတ်ပစ်လိုက်တာ (မှန်ပါ့) သို့သော် ခြုံပေါ်ရောက်သွားတယ် ဆိုလို့ရှိရင် တော့ ဒီ စိုင်သည်ကားလို့ဆိုရင် ခြုံပေါ်မှာ တက်နေတဲ့အတွက် သူက မြေပြင်သာ စွမ်းနိုင်တဲ့ပုဂ္ဂိိုလ်၊ သူ့ထက် မြင့်တဲ့ ခြုံပေါ် ရောက်သွားတော့ ဦးသံဒိုင် အန္တရာယ်ကင်းမသွားဘူးလား (ကင်းပါတယ် ဘုရား)။
အဲဒီအတိုင်းပါပဲတဲ့၊ ဝိစိကိစ္ဆာကြောင့် ခင်ဗျားတို့ နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ရာဌာန ရောက်မယ် (မှန်ပါ့) အသုံးချတတ်လို့ရှိရင် (မှန်ပါ့)။
ကဲ အခု အသုံးချတတ်ပလား (အသုံးချတတ်ပါပြီ) တယ်အဖိုးတန်တယ်ဆိုတာကော မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဘုရားက ဝိစိကိစ္ဆာဆိုတာဟေ့ ဉာဏ်ဆေးသမား အတော်အကုရခက်တယ်လို့ ပြောတယ် (မှန်ပါ့ ဘုရား)။
ဝိစိကိစ္ဆာဆိုတာ ဘာတဲ့တုံး (ဉာဏ်ဆေးသမား အကုခက်ပါတယ်) ဉာဏ်ဆေးသမား အတော် အကုခက်သော ကြောင့် ဝိစိကိစ္ဆာ (မှန်ပါ့) သဘောပါလား (ပါ-ပါပြီ)။
အဲဒီတော့ ဝိစိကိစ္ဆာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှလဲ ဆေးကုမဖြစ်ဘူး (မှန်ပါ့ ဘုရား) ဝိစိကိစ္ဆာ ရှိနေရင် (ဆေးကုမဖြစ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘူးတဲ့၊ သဘောပါကြလား (ပါ-ပါပြီ)။
ဒါ့ကြောင့် သောတာပတ္တိမဂ်က သူ့လည်း ပယ်ရတယ်၊ သူ့ပယ်မှလည်း ဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ့) ဒါ့ကြောင့် သူရှိလို့ရှိရင် ဒိဋ္ဌိဖြစ်မယ်၊ ဒိဋ္ဌိရှိလို့ရှိရင် ဝိစိကိစ္ဆာ လာမယ်၊ သူတို့က တွဲဖက် (မှန်ပါ့)။
တွဲဖက်ဖြစ်နေတယ်၊ ဥပမာမယ် ပျက်နေတဲ့ တရားသည် ဘယ့်နှယ်ကြောင့် ပျက်ပါလိမ့်မလဲဆိုရင် ဝိစိကိစ္ဆာက လာတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ပျက်နေတဲ့တရားကို ပျက်မှန်းမသိရင်လည်း ဒိဋ္ဌိက လာမယ် (မှန်ပါ့) မလာပေဘူး လား (လာပါတယ်)။
ပျက်တဲ့တရားကို ဘယ့်နှယ်ကြောင့် ပျက်ပါလိမ့်မတုံးဆိုရင် ဘယ့်နှယ်တုံး (ဝိစိကိစ္ဆာလာပါတယ်) ဝိစိကိစ္ဆာလာ တယ်တဲ့။
သောတာပတ္တိမဂ်က နှစ်ခုစလုံး ပယ်လိုက်ရတယ်
ပျက်နေတဲ့တရား မပျက်ဘူးထင်ရင် (ဒိဋ္ဌိလာပါတယ်) ဒိဋ္ဌိလာတယ်ဆိုတော့ သူတို့နှစ်ခုဟာ တွဲလျက်ကြီး (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် သောတာပတ္တိမဂ်က နှစ်ခုစလုံး ပယ်လိုက်ရတယ် (မှန်ပါ့) ခင်ဗျားတို့ လောဘထက် သူတို့က ထက် တယ်လို့ အောက်မေ့စမ်းပါနော် (မှန်ပါ့ ဘုရား)။
လောဘသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့က သမုဒယသစ္စာဆိုပြီး ကြောက်ပြီးသကာလ နေကြတာပဲ တဲ့၊ လောဘကို သောတာပန်ဟာ အကုန်မှ မပယ်ဘဲ၊ ကျန်နေသေးတယ် (မှန်ပါ့) လောဘက အပါယ်မချတဲ့ လောဘ ကရှိသေးတယ် (မှန်ပါ့)။
သူကတော့ အပါယ်ချတဲ့ ဝိစိကိစ္ဆာချည်းပဲ၊ အပါယ်ချတဲ့ ဒိဋ္ဌိချည်းပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
လောဘက အပါယ်မချတာ ရှိသေးတယ်၊ နတ်ပြည်လိုချင်ပြီး လှူလိုက်တော့ လိုချင်တာ လောဘ၊ ဟော အပါယ်တော့ လွတ်သွားပြီ (မှန်ပါ့)။
နတ်ပြည်လိုချင်လို့ လှူလိုက်တာဆိုတော့ လောဘက ဘယ်ပို့လိုက်သလဲ (နတ်ပြည်ပို့ပါတယ်) နတ်ပြည်ပို့လိုက် ပြီ၊ သူ ဒီလောက် ကြောက်စရာမကောင်းဘူး (မှန်ပါ့)။
သူတို့ကတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကတော့ မရဘူးတဲ့ (မှန်ပါ့) သောတာပတ္တိမဂ်က ဒါ့ကြောင့် သူ့ကို အပါယ်ချတတ် တဲ့ တရားမို့ အရင်ဆုံးကို ပယ်ရတယ်၊ ကြမ်းလွန်းလို့ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ)။
ဒါဖြင့် လောဘနဲ့ ဝိစိကိစ္ဆာ ဘယ်ဟာ ကြောက်စရာကောင်းသတုံး (ဝိစိကိစ္ဆာ ကြောက်စရာ ကောင်းပါတယ်)။
ဝိစိကိစ္ဆာ ကြောက်စရာကောင်းတယ်ဆိုတော့ ရှင်းရှင်းပြောပါဦးမယ်၊ ဝိစိကိစ္ဆာ ဘယ့်နှယ်ကြော်င့ ကြောက်စရာ ကောင်းပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် သူက စ,တယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်မှာ (သူက စ,ပါတယ်) သူက မောဟကိုးဗျ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သူက ဘာပါလိမ့် (မောဟပါ ဘုရား) မောဟဆိုတာ အဝိဇ္ဇာ မဟုတ်လား၊ မောဟ အဝိဇ္ဇာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ကိုင်း ဦးသံဒိုင် ပေါ်ပြီ (မှန်ပါ့) ဒါကြောင့် ပယ်လိုက်တာ၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
အောက်သံသရာခရီး၏ ခေါင်းဆောင်
ဒါ့ကြောင့် တဲ့ အင်မတန်မှ ကြောက်စရာကောင်းလွန်းလို့ ပထမ မဂ်က အပါယ်လေးပါးကို မကျအောင်လို့ ကယ်တင်ရတာမှာ ဒီ့ပြင်တရား ချိတ်ထားသူတို့ကို အရင်ပယ်တယ်။ ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိကို (မှန်ပါ့) ဘာဖြစ်လို့တုံး ထက်လွန်း လို့ (မှန်ပါ့) အပါယ်အောက်သံသရာမှာ ခေါင်းဆောင်ဆိုတာ ပေါ်သွားပြီ (မှန်ပါ့) အောက်သံသရာခရီး၏ ခေါင်းဆောင် ဘယ်သူပါလိမ့် (ဒိဋ္ဌိ ဝိစိကိစ္ဆာပါ ဘုရား)။
အေး ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတော့ သောတာပတ္တိမဂ် မရမခြင်းဟာဖြင့် သူတို့သည် ဝိစိကိစ္ဆာလည်း အနုသယ၊ ဒိဋ္ဌိလည်း အနုသယ ဖြစ်လေသောကြောင့် ဒီအနုသယနှစ်ခုကို အင်မတန်မှ သတ္တိထက်သောကြောင့် သောတာပတ္တိမဂ် က အရင်ပယ်လိုက်ရတယ် (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့်တုံး ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့တွေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ့်နှယ်ကြောင့် သူတို့ အရင် ပယ်ရပါလိမ့် (ငရဲမျိုးစေ့ အပါယ်မျိုးစေ့ ဖြစ်သောကြောင့်ပါ ဘုရား)။
ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့
ကိုင်း ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့ဖြစ်နေလို့ သိပ်ကြောက်စရာ ကောင်းပါတယ် တဲ့၊ ဝိစိကိစ္ဆာရှိလို့လည်း ဒိဋ္ဌိဖြစ်ပါတယ် (မှန်ပါ့) သဘောပါလား (ပါ-ပါတယ်)။
ကိုယ့်ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဟုတ်မှ ဟုတ်ကဲ့လားဆိုပြီး ဝိစိကိစ္ဆာရှိတဲ့ အခါကျတော့ ဖြတ်ဆို ဘာသာပြောင်း သွားတယ်၊ ဒိဋ္ဌိဘက်ကူးသွားတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဝိစိကိစ္ဆာသည် ဒိဋ္ဌိကို ကျေးဇူးပြုတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဝိစိကိစ္ဆာသည် (ဒိဋ္ဌိကို ကျေးဇူးပြုပါတယ် ဘုရား)။
ကိုယ့်ဘာသာ သံသယရှိလို့ရှိရင် ဟိုဘာသာကို ယူမယ်ကွဆိုတော့ ကိုယ့်ဘာသာ သံသယရှိတာက ဘယ်သူပါ လိမ့် (ဝိစိကိစ္ဆာပါ ဘုရား) ဟိုဘာသာယူတာက ဒိဋ္ဌိ (မှန်ပါ့ ဒိဋ္ဌိပါ)။
သူတို့နှစ်ခုက ဒီလိုဖြစ်နေတယ်၊ သဘောချင်းက ဆက်နေတယ် (မှန်ပါ့) ဒါဖြင့် အကြောင်းအကျိုး ဆက်-မဆက် (ဆက်ပါတယ် ဘုရား) အကြောင်းအကျိုး အကုသိုလ်ဘက်မှာဖြင့် တစ်ယောက် တစ်ယောက် အတော် အကူအညီ ပေးတယ် (မှန်ပါ့)။
ဝိစိကိစ္ဆာ ရှိနေသောကြောင့်လည်း ဒိဋ္ဌိဖြစ်ရတယ်၊ ဒိဋ္ဌိရှိလို့လည်း ဝိစိကိစ္ဆာဆိုတာ လာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဒိဋ္ဌိရှိလို့လည်း (ဝိစိကိစ္ဆာလာပါတယ်)။
အဲဒီတော့ သူတို့နှစ်ခုဟာ ဖြစ်ဖော် ဖြစ်ဖက် တွဲဖော် တွဲဖက်ဆိုတဲ့ ဥစ္စာဖြင့် ခင်ဗျားတို့ ငြင်းမနေနဲ့တော့၊ ဒါ့ကြောင့် စုံပယ်ရတယ်ဆိုတဲ့ဥစ္စာဖြင့် သေချာပြီ (မှန်ပါ့ ဘုရား) ရှင်းပြီ (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ် ဘာသတ်သတုံး
အဲဒီတော့ ဒီဝိစိကိစ္ဆာကို ပယ်ချင်လို့ရှိရင် ခင်ဗျားတို့ နေ့တိုင်းသတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ဝိစိကိစ္ဆာ သတ်တာ ချည်းမှတ် (မှန်ပါ့ ဘုရား) ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိချည်း သတ်တယ် (မှန်ပါ့)။
နေ့တိုင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဘာသတ်သတုံး (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သတ်ပါတယ် ဘုရား) ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာချည်း သတ်နေတယ် (မှန်ပါ့) ဝိပဿနာဉာဏ်က နောက်မှ ပေးရမှာ (မှန်ပါ့)။
ဒီ ပဋိစ္စသမုပ္ပါဒ်ကြီး လှည့်ပြလိုက်၊ အကြောင်း အကျိုးဆက်ပြလိုက်၊ အကြောင်းအကျိုး ဆက်ပြတာ တခြား မဟုတ်ဘူး ဝိစိကိစ္ဆာသတ်တာ (မှန်ပါ့)။
အကြောင်းထဲမှာ ငါမပါ၊ အကျိုးထဲမှာ ငါမပါဆိုတာက ဒိဋ္ဌိသတ်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ ဟောကြ၊ ပြောကြ ဝိပဿနာလုပ်ကြဆိုလို့ရှိရင် အဲဒီ့ဥစ္စာဟာ အကျိုးမများ တဲ့ ဝိပဿနာလို့သာ မှတ်ပေရော့ (မှန်ပါ့ ဘုရား)။
သူ့ကို နားမလည်ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် အကျိုးမများတဲ့ ဝိပဿနာလို့သာ မှတ်ပါ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် အကျိုးမများတဲ့ ဝိပဿနာလို့ ဆိုရပါတုံးဆိုတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာမပြုတ်ဘဲနဲ့ ရှုနေလို့ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
ဉာတပရိညာဆိုတဲ့ သိမှုနဲ့ မပြုတ်ဘဲနဲ့
သူမပြုတ်ဘဲနဲ့ ရှုနေလို့ရှိရင် ဉာတပရိညာဆိုတဲ့ သိမှုနဲ့ မပြုတ်ဘဲနဲ့ ဆရာသမားက ရောက်လာရင် ရှူကွ-ရှိုက်ကွ၊ ပင်ပန်းကျိုးနပ်စေမည့် ဝိပဿနာမဟုတ်ဘူးလို့မှတ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အကျိုးမများတဲ့ ဝိပဿနာပါ ဘုရား) အကျိုးမများတဲ့ ဝိပဿနာလို့မှတ်ပါ၊ ဘာထောက် ကြည့်ရမတုံးဆိုတော့ အနုရာဓ ထောက်ကြည့်ပါတဲ့၊ သံယုတ်ပါဠိတော်မှာ ခင်ဗျားတို့ကို အရင်လည်း ဟောပြီးပါပြီ။
အနုရာဓကို တိတ္တိတွေက မေးလိုက်တယ်၊ တိတ္တိပုဂ္ဂိုလ်တွေက အနုရာဓ-ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ အင်မတန် ဘုန်းပညာ လက္ခဏာနဲ့ ပြည့်စုံတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်၊ အဲဒါ သူဘယ်လိုများ ဟောလေ့ရှိပါသတုံး၊ သတ္တဝါသေရင် ဖြစ်သေးသလား၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလား၊ သတ္တဝါသေလို့ရှိရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည် တစ်လှည့်လား သတ္တဝါသေလို့ရှိရင် ဖြစ်သည်မဟုတ် ဖြစ်သေးသလားဆိုပြီး လေးချက်မေးတယ် (မှန်ပါ့ ဘုရား) ဘုရား ကျောင်းတော်နားမှာနေတဲ့ အနုရာဓရဟန်းကို မေးကြတယ် (မှန်ပါ့)။
အနုရာဓရဟန်းကို မေးကြတယ်
သူဘယ်လို ဖြေလိုက်သတုံးဆိုတော့ ဘုရားကတော့ ဒီလို မဟောပါဘူးတဲ့၊ ဒါပဲ သူဖြေတတ်တယ် (မှန်ပါ့)။
ဘုရားက ဒီအဓိပ္ပာယ်မျိုးတော့ မဟောပါဘူးတဲ့၊ ဖြစ်တယ်လို့လည်း မဟောပါဘူး၊ မဖြစ်ဘူးလို့လည်း မဟောပါ ဘူး၊ ဖြစ်ချီတစ်လှည့် မဖြစ်ချီ တစ်လှည့်လို့လည်း မဟောပါဘူး၊ ဖြစ်သည်မဟုတ် ဖြစ်သေးတယ်ဆိုတဲ့ အမရာ ဝိက္ခေပ ဒိဋ္ဌိကိုလည်း မဟောပါဘူးတဲ့ဆိုတော့ ဟိုက မေးလို့မရတာနဲ့ အနုရာဓကို အရှင်ဘုရား ဘယ်နှစ်ဝါရပလဲတဲ့၊ သူက ဘယ်နှစ်ဝါရပြီလို့ ပြောလိုက်တယ်၊ ဪ ငယ်သေးတာပဲ လူမိုက်ကလေး ရှိသေးတာပဲ ဆိုပြီး ပြန်သွားကြတယ် (မှန်ပါ့) ဒီဟာ မဖြေနိုင်လို့ လူမိုက်ကလေးပေါ့ဗျာ (မှန်ပါ့)။
အဲဒီတော့ သူ့စိတ်ထဲမှာက သူတို့လည်း ပြန်သွားရော ဝိစိကိစ္ဆာဝင်လာတယ်၊ ဒီ့ထက်ပိုပြီး ဆက်မေးလို့ရှိရင် အတော်ခက်သေးတယ်၊ ဒီတော့ သူ့မှာ ဝိစိကိစ္ဆာ ရှိ၊ မရှိ (ရှိပါတယ် ဘုရား) ဝိစိကိစ္ဆာရှိတယ် (မှန်ပါ့) အနုရာဓမှာ ဝိစိကိစ္ဆာရှိတယ် (မှန်ပါ့)။
အနိစ္စ ဒုက္ခ အနတ္တတော့ သူလုပ်နေတယ်၊ ဘုရားကျောင်းတော်နားမှာပဲ လုပ်တယ်၊ လုပ်ပေမယ့် သူသောတာ ပန်၊ သကဒါဂါမ်၊ အနာဂါမ် မတည်သေးဘူး (မှန်ပါ့) ဘာခံနေတယ်ဆိုတာ ရိပ်မိပလား (ဝိစိကိစ္ဆာခံနေပါတယ် ဘုရား)။
ဒါဖြင့် ဝိစိကိစ္ဆာဟာ နီဝရဏဆိုတာ မှန်-မမှန် (မှန်ပါတယ် ဘုရား) အနုရာဓ ထုတ်ပြတယ် (မှန်ပါ့) ဒီ့ထက် ဆက်မေးလို့ရှိရင် ဘယ်လိုဖြေရမှန်း မသိဘူးတဲ့။
အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါနဲ့ မေးထားတဲ့ ဥစ္စာကြီး ပုဂ္ဂိုလ်သတ္တဝါဆိုတော့ ဖြေစရာမှ မရှိဘဲ။ နဂိုရ်က မရှိလို့ ဖြေစရာ မရှိပါဘူး (မှန်ပါ့) ရှိရဲ့လား (မရှိပါ ဘုရား)။
အဲဒီမှာ သူက ဉာဏ်က မရောက်ဘူး (မှန်ပါ့) ဒီထက်တက်မေးလို့ရှိရင်ဖြင့် အခုလေးခုတော့ ဘုရား ဒီလိုမဟော ပါဘူးလို့ ပြောလိုက်တာနဲ့ ပြီးသွားတယ် (မှန်ပါ့) ဒီ့ထက် တက်မေးမယ်ဆိုလို့ရှိရင်ဖြင့် သူတော့ အခက်ကြီးပဲဆိုပြီးသကာလ ဘုရားဆီ သွားတယ်၊ တိတ္တိတွေလည်း ပြန်သွားရော သူ ဘုရားဆီ သွားတယ် (မှန်ပါ့)။
သတ္တဝါသေရင် ဖြစ်သေးသလား မဖြစ်တော့ဘူးလား
အရှင်ဘုရား တိတ္တိတွေက သတ္တဝါသေရင် ဖြစ်သေးသလား မဖြစ်တော့ဘူးလား နှစ်ချက်၊ သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ ဧကစ္စ သဿတဒိဋ္ဌိ သူမေးလိုက်တယ်၊ ဖြစ်သည်မဟုတ် ဖြစ်သေးတယ်ဆို တဲ့ အဓိပ္ပာယ်မျိုးဖြင့် အမရာ ဝိက္ခေပလည်း မေးလိုက်တယ်။
သဿတ, ဥစ္ဆေဒ, ဧကစ္စသဿတ, အမရာ ဝိက္ခေပ ဒိဋ္ဌိလေးမျိုးမေးတယ် (မှန်ပါ့) အဲဒီ့ ဒိဋ္ဌိလေးမျိုး မေးထား တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးလိုက်တယ်၊ မင်းက ဘယ်လိုဖြေလိုက်သတုံးတဲ့ ဘုရားက ဒီလိုမဟော ဘူးလို့ ဖြေလိုက်တယ်၊ သို့သော်လည်း ဘုရား တပည့်တော် သူတို့လည်း ပြန်သွားရော ဒီ့ထက် ရှေ့တက်မေးရင်ဖြင့် ငါ ဘယ်လို ဖြေရမှန်း မသိဘူးဆိုတော့ ဘုရားက ရိပ်မိတယ်။ အင်း ဒီကောင် ဝိစိကိစ္ဆာခံနေပြီ (မှန်ပါ့) ဘယ်လိုပင် အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်၊ မရပါဘူး၊ ရှင်းပလား (ရှင်းပါပြီ)။
အနိစ္စ, ဒုက္ခ, အနတ္တ ဘယ်လိုမြင်နေနေ၊ အနိစ္စဆိုတာ ကြည့်ရင် မြင်ပါတယ် (မှန်ပါ့) သို့သော် ဒီအောက် က ရှင်းမထားတဲ့အတွက် ဦးသံဒိုင် မရဘူး (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကြီးဟာက အောက်ရှင်းပေးနေတာ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဒေသနာဆိုတာ ဘာတုံး (အောက်ရှင်းပေးနေတာပါ ဘုရား) အောက်ဆိုတာက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ၊ အောက်သံသရာသွားမည့်တရား ရှင်းပေးနေတာ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
ဝိစိကိစ္ဆာ ခံနေလို့
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓကို အတွက်ပေးလိုက်တယ်၊ ဪ ငါ့လူကိုက ဝိစိကိစ္ဆာရှိနေတယ်၊ ဒါ့ကြောင့် သူဟာ ကြာပြီတဲ့ ငါ့ဆီမှာ ဝိပဿနာအလုပ်ကို လုပ်နေတာ၊ ဝိစိကိစ္ဆာ ခံနေလို့ အနိစ္စ, ဒုက္ခ, အနတ္တ မြင်လျက်နှင့် မဂ်ဖိုလ်မရဘူး (မှန်ပါ့ ဘုရား)။
ဒီလိုဟာကျမှ နီဝရဏဆိုတဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောရတယ် (မှန်ပါ့)။
ကဲ နီဝရဏ အဓိပ္ပာယ်ကော ပေါ်ပလား (ပေါ်ပါပြီ) အနိစ္စ, ဒုက္ခ, အနတ္တ မမြင်လို့လား၊ မြင်လျက်နဲ့ မဂ်ဖိုလ် မရတာလား (မြင်လျက်နဲ့ မဂ်ဖိုလ်မရတာပါ ဘုရား)။
ဒါဖြင့် ဘာခံနေသလဲ (ဝိစိကိစ္ဆာခံနေပါတယ်) ဝိစိကိစ္ဆာ နီဝရဏ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲဒါ အခုညမှာပြောနေတဲ့ တရားဟာ သာမညနားနဲ့လည်း မထောင်နဲ့၊ အရေးကလေး သေးသေးလို့လည်း အောက်မေ့မနေနဲ့ (မှန်ပါ့)။
အရေးကလေး သေးသေးကလေးလို့လည်း အောက်မေ့မနေနဲ့၊ ဪ မဂ်တား ဖိုလ်တားဆိုတာ သူပဲဆိုတာ ယနေ့ အနုရာဓကို ဘုရားက အပြစ်တင်လိုက်သဖြင့် ငါ့လူဟာ အနိစ္စ, ဒုက္ခ, အနတ္တ ငါ့ကျောင်းနား အားထုတ်တာ ကြာလျက်သားနဲ့ မရတာ ဒါခံနေတာကိုးဆိုတာ ဘုရားက တစ်ခါတည်းစွဲချက်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အနုရာဓ အားထုတ်ပါများလို့ အနိစ္စ, ဒုက္ခ, အနတ္တ မြင်ပါလျက်နဲ့ နိဗ္ဗာန်မရတာ ဘာပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝိစိကိစ္ဆာ နီဝရဏခံနေလို့ပါ ဘုရား)။
အဲ ဒီကျတော့ နီဝရဏဖြစ်ပြီ (မှန်ပါ့) မဂ်ဖိုလ်တားပြီး မတားသေးဘူးလား (တားပါပြီ ဘုရား) ဒီလိုဟာမျိုး ကျတော့ နီဝရဏ၊ သဘောကျပလား (ကျပါပြီ)။
အဲဒါတွင် နီဝရဏဆိုတဲ့ တရားဖြင့် သေသေချာချာ ဘုရားကပဲ ထောက်ခံချက် ပေးလိုက်ပါတယ်၊ ငါ့လူ အနိစ္စ, ဒုက္ခ, အနတ္တတွေ မြင်လျက်နဲ့ မဂ်ဖိုလ်မရတဲ့ဥစ္စာဖြင့် ဆက်မေးရင် ခက်တယ်ဆိုတဲ့ဥစ္စာသည် ဟိုက ပုဂ္ဂိုလ် သတ္တဝါနဲ့ မေးထားတော့ ပုဂ္ဂိုလ် သတ္တဝါအပေါ်မှာပဲ သူသံသယရှိနေတယ် (မှန်ပါ့) ဒီကတည်းက သူဝိစိကိစ္ဆာရှိနေပြီ (ရှိနေပါ တယ် ဘုရား)။
အဲဒီကဲ့သို့ ဝိစိကိစ္ဆာရှိပြီးသကာလ နေတဲ့အတွက်တဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တ နိဗ္ဗာန်ရောက်တဲ့ တရားမှန်ငြားသော် လည်း မောင်သစ်ရေ၊ ဝိစိကိစ္ဆာ နီဝရဏ နဂိုရ်ကသိမှုနဲ့ မပယ်ခဲ့တဲ့အတွက် မရဘူး (မှန်ပါ့ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။
အင်မတန် ကြောက်စရာကောင်းတယ်ဆိုတာဖြင့် ယနေ့တရားမှာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ ဝိစိကိစ္ဆာပယ်မယ်
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ ဝိစိကိစ္ဆာပယ်မယ် (မှန်ပါ့) ငါဘယ်ကလာပါလိမ့်မတုံး၊ ငါသေရင် ဘယ်သွား ရမှာပါလိမ့်မတုံး၊ ဒါဝိစိကိစ္ဆာချည့်ပဲ (မှန်ပါ့) နဂိုရ်ကမှ ငါမရှိပဲနဲ့ဥစ္စာပဲ၊ ငါဘယ်ကမှ မလာဘူး၊ သဘောကျပလား (မှန်ပါ့ ဘုရား) နဂိုရ်ကမှ ငါမရှိတဲ့ဥစ္စာ ငါဘယ်က လာပါလိမ့်မတုံး လုပ်မနေနဲ့ (မှန်ပါ့) နဂိုရ်က ငါရှိရဲ့လား (မရှိပါ ဘုရား) မရှိပါဘူး၊ နဂိုရ်က အတိတ်အကြောင်း အဝိဇ္ဇာသင်္ခါရရှိတာပဲ၊ ငါမှ မရှိဘဲ (မှန်ပါ့)။
အခု ငါဟာ ဘာပါလိမ့်မတုံး၊ အခု ငါလည်း ဘာမှ မဟုတ်ဘူး၊ တွေးမနေနဲ့၊ ခန္ဓာငါးပါးပဲ (မှန်ပါ့) ဟုတ်လား (မှန်ပါ့) နောက် ငါဘာဖြစ်ဦးမှာပါလိမ့်မတုံး၊ ဝိစိကိစ္ဆာ မလာစေနဲ့ (မှန်ပါ့ ဘုရား)။
ယုံမှားခြင်းတွေ တစ်ဆယ့်ခြောက်ပါးတောင် ရှိတယ် (မှန်ပါ့) ဒါ့ကြောင့် ကန့်ကွက်တာ ပေါ်ကြပလား (ပေါ်ပါ ပြီ)။
ကဲ အချိန်စေ့ပြီ ဒီနေ့ည တော်ကြဦးစို့။
သာဓု သာဓု သာဓု။