ထိနမိဒ္ဓနီဝရဏနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏအဆက်
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံပေါ်၌
ဟောကြားတော်မူသော
ထိနမိဒ္ဓနီဝရဏနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏအဆက်
ညအလုပ်ပေး တရားတော်
(၂၀-၁၁-၆၁)
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ပိတ်ပင်တဲ့တရား
နီဝရဏတရား၏ သဘောကို ပြောရလို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ပိတ်ပင်တဲ့တရားလို့ မှတ်ထား လိုက်ကြပါ။
မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ပိတ်ပင်တဲ့တရား ဘာတရားခေါ်ကြမယ် (နီဝရဏတရားပါ ဘုရား)၊ နီဝရဏ တရားလို့ မှတ်ထားကြပါ။
အသုံးမချတတ်လို့ရှိရင်လည်း သူက နီဝရဏတရားဖြစ်မှာပဲ၊ အသုံးချတတ်လို့ရှိရင်လည်း မဂ်ဖိုလ်ရောက် ကြောင်း တရားကောင်းဖြစ်ရမယ်လို့ မှတ်ရမယ် (မှန်ပါ့)။
အဲဒီတော့ မနေ့က ထိနမိဒ္ဓ နီဝရဏ ပြောခဲ့တယ်၊ ဒါဖြင့် သင်္ဂါရဝ သတို့သားကို ပဉ္စကနိပါတ်အင်္ဂုတ္တိုရ်မှာ ဟောတယ်၊ ရပြီးသား စာတွေလည်း မေ့တယ်၊ မရသေးတဲ့ စာတွေလည်း ပျောက်ကုန်တယ်၊ တစ်ခါတလေကျတော့ ရပြီးသားစာတွေလည်း ရတယ်၊ ရှေးက ငယ်ငယ်က ရထားတာတွေတောင် ပြန်ပေါ်ချင်ပေါ်တယ်၊ အဲဒါ ဘယ်လို အကြောင်းတုံးမေးတော့ ရေထဲမှာကွာ တဲ့၊ မှော်တွေအုပ်နေတယ်တဲ့၊ ရေခွက်ထဲ မှော်တွေအုပ်နေမယ် ရေကန် ထဲ မှော်တွေအုပ်နေမယ်၊ အခုလို မှော်တွေအုပ်နေတုန်း မျက်နှာရိပ် ဟပ်လို့ရှိရင်ဖြင့် လူရိပ်ပေါ်ပါ့မလား လို့ ဦးသန်းမောင် မေးရင် ဘယ့်နှယ်ဖြေပါ့မယ် (မပေါ်ပါ ဘုရား)၊ ဘာဖြစ်လို့တုံး (မှော်တွေဖုံးနေပါတယ် ဘုရား)၊ မှော် တွေ အုပ်နေတယ်။
ထိနမိဒ္ဓက ဝင်အုပ်နေတယ်
အဲဒီတော့ ထို့အတူပဲ ထိနမိဒ္ဓသည် ခင်ဗျားတို့ဉာဏ်ပေါ်မည့် ဟဒယဝတ္ထုပေါ်မှာ ထိနမိဒ္ဓက ဝင်အုပ်နေတယ် (မှန်ပါ့)၊ ဒီတော့ ဉာဏ်ပေါ်ခွင့်ရပါ့မလား (မရပါ ဘုရား)။
ဉာဏ်ပေါ်ခွင့်မရတော့ ခန္ဓာပေါ်ကို ဉာဏ်မျက်နှာနဲ့ ဟပ်ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်အနိစ္စတွေ မပေါ်နိုင်ဘူး (မှန်ပါ့)။
ရေတွင်းထဲ ရေကန်ထဲ မှော်အုပ်နေတဲ့အခါ မျက်နှာရိပ်ဟပ်ငြားသော်လည်း ကိုယ့်မျက်နှာရိပ် ရေထဲမှာမထင် နိုင်၊ ကန့်ကွက်တဲ့တရား ပါနေလို့ဆိုရင်လည်း မလွဲဘူး (မှန်ပါ့)။
ထို့အတူပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလည်း အသက်တမ်းကို ခိုးတတ်ဝှက်တတ်သော ထိနမိဒ္ဓကို ခင်ဗျားတို့ လက်ခံကြမယ်ဆိုလို့ရှိရင် တဲ့၊ ဘုန်းကြီးက ခန္ဓာကိုယ် သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ဝေဒနာအနိစ္စ စိတ် အနိစ္စ၊ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ရှုပါလို့ ဦးသံဒိုင်တို့ကိုဆိုငြားသော်လည်း ထိနမိဒ္ဓတည်းဟူသော မှော်လာ အုပ်လို့ရှိရင် ဉာဏ်သည် ထိုးဖောက်ပြီးသကာလ ခုနင်က ဝေဒနာအနိစ္စရှိရာ စိတ်အနိစ္စရှိရာကို မြင်နိုင်ကြပါ့မလား (မမြင်နိုင်ပါ ဘုရား)။
ထိုကဲ့သို့ မမြင်နိုင်တော့ကို ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘သံခိတ္တံ ဝါစိတ္တံ-သံခိတ္တံ စိတ္တန္တိ ပဇာနာတိ’ သံခိတ္တံဝါစိတ္တံ=ထိနမိဒ္ဓစိတ်ကို၊ သံခိတ္တံစိတ္တန္တိ=သံခိတ္တစိတ်ဟူ၍ ပဇာနာတိ=သိအောင်လုပ်ကွ တဲ့၊ (မှန် ပါ့)၊ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပါဠိတော်မှာလာတယ် (မှန်ပါ့)။
မှော်ဖယ်တဲ့အဓိပ္ပာယ်ပဲ
ထိုကဲ့သို့ လာထားတော့ ၎င်းထိနမိဒ္ဓသည်ပင်လျှင် ဦးသန်းမောင်တို့က လာတဲ့ ထိနမိဒ္ဓကို ဝမ်းထဲမှာပေါ်လို့ အဲဒီပေါ်တာကိုသာလျှင် ဖြစ်ပျက်ရှုပေး (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်ရှုပေးလိုက်တဲ့အခါကျတော့ မှော်ဖယ်တဲ့အဓိပ္ပာယ်ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
မှော်ဖယ်တဲ့ အဓိပ္ပာယ်ပဲတဲ့၊ အဲဒီတော့ ဒီထိနမိဒ္ဓကို ခင်ဗျားတို့က ဒီမှော်ကို ဖြစ်ပျက်ရှုပြီးသကာလ၊ အလုပ် လုပ်ကြမယ်ဆိုရင် ထိနမိဒ္ဓတွေရှုပြီးမှ ခင်ဗျားတို့ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်ဝေဒနာရှု၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ် စိတ်ရှု၊ ဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ဝေဒနာနဲ့ စိတ်ပါပဲလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ဝေဒနာနဲ့စိတ်ပါပဲလို့ ဦးသန်းမောင် မှတ် လိုက်တာပေါ့ (မှန်ပါ့)။
‘ထိနမိဒ္ဓံပဉ္စသု သသင်္ခါရိက စိတ္တေသု’ ဆိုသောကြောင့် လောဘစိတ်က သသင်္ခါရိက ၄၊ ဒေါသစိတ်က ၁၊ ဒါဖြင့် ထိနမိဒ္ဓရှုရင် လောဘရှုတာလည်း ဟုတ်တာပဲ၊ ဒေါသရှုတာကော (ဟုတ်ပါတယ် ဘုရား)။
ဝေဒနာထဲ သွင်းချင်ပြန်တော့လည်း အင်း သောမနဿ, ဥပေက္ခာ, ဒေါမနဿ ဝေဒနာသုံးမျိုး ပေါ်လာ တာပဲ (မှန်ပါ့)၊ ဒါရှုရုံပါပဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ကမ္မဋ္ဌာန်းကို ကိုယ့်ဉာဏ်နဲ့ မဝေဖန်တတ်လို့သာ အဖျက်တရားထင်ရတယ်၊ ဝေဖန်တတ်လို့ ရှိရင် အလုပ်တရား (မှန်ပါ့ ဘုရား)၊ ဝေဖန်တတ်ရင် (အလုပ်တရားပါ ဘုရား)၊ မဝေဖန်တတ်လို့ရှိရင် အဖျက်သမား နီဝရဏ (မှန်ပါ့)၊ ဝေဖန်တတ်ပြန်တော့ (အလုပ်တရားပါ ဘုရား)၊ အလုပ်တရား ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာလာတာ ပဲ (မှန်ပါ့)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ် (စိတ်လာပါတယ် ဘုရား)။
စိတ်လာတာပဲဆိုသဖြင့် တဲ့၊ မောင်သစ်တို့က မှတ်ရမယ်၊ အင်း မသုံးတတ်တော့လည်း အတော်ခက် ပါကလား၊ ဒါတွေဟာ အဖျက်တရားကြီးပဲလို့ တို့ကအယူရှိနေကြတယ်၊ သေသေချာချာကြည့်လိုက်တော့ ဝေဒနာ နုပဿနာနဲ့ စိတ္တာနုပဿနာ ပြတာ (မှန်ပါ့ ဘုရား)။
ပေါ်ရာကို ကမ္မဋ္ဌာန်းနဲ့ လိုက်ပါ
‘သံခိတ္တံဝါစိတ္တံ သံခိတ္တံစိတ္တန္တိ ပဇာနာတိ’ စိတ္တာနုပဿနာ (မှန်ပါ့)၊ ဝေဒနာကျတော့ သောမနဿဆိုတာ ‘သုခံ ဝါဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ’ ဆိုတော့ သောမနဿ ဝေဒနာ ဖြစ်ပျက် ရှုတဲ့ (မှန်ပါ့)။
‘အဒုက္ခမသုခံ ဝါ ဝေဒနံ’ဆိုတော့ လောဘမူထဲ ဥပေက္ခာပါနေတယ်၊ အဲဒီ ဥပေက္ခာရှုလိုက်ရင်ပြီးသွားတာပဲ (မှန်ပါ့)။
ဒေါမနဿဝေဒနာ ရှုလိုက်တော့လည်း ဖြစ်ပျက်ဖြစ်သွားပြန်ရော၊ ဝေဒနာထဲ သွင်းလို့ရပြန်တာပဲ (မှန်ပါ့)။
ဦးသန်းမောင်တို့ ဒါဖြင့် အမြဲတမ်းသာ မှတ်ပါ ပေါ်ရာကိုရှု (မှန်ပါ့)၊ ပေါ်ရာကို ကမ္မဋ္ဌာန်းနဲ့ လိုက်ပါ (မှန် ပါ့)၊ ပေါ်ရာကို (ကမ္မဋ္ဌာန်းနဲ့ လိုက်ပါ)၊ ကမ္မဋ္ဌာန်းနဲ့ မှတ်လိုက်တော့ ကိုယ်တစ်ခုတည်း မှတ်ထားလို့ မဝေဖန်တတ်လို့ ရှိရင် ကြားဝင်လာမှာ အမှန်ပါပဲ၊ ခင်ဗျားတို့ကိုယ်က ဦးသန်းမောင်တို့က ထင်မယ် (မှန်ပါ့)၊ မဟုတ်ဘူး၊ ဒါဝေဒနာ ပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝေဒနာပေါ်လာတယ်၊ ဒီဝေဒနာရှုပေးရမယ် (မှန်ပါ့)။
ဝေဒနာပေါ်လာတော့ ဝေဒနာရှုပေးရမယ်၊ ဒါဟာ ခုနင်ကပြောခဲ့သလို သောမနဿဝေဒနာလည်း ဟုတ်တာ ပဲ၊ တစ်ခါတလေ ဥပေက္ခာဝေဒနာလည်း ဟုတ်တယ် (မှန်ပါ့)၊ တစ်ခါတလေ ဒေါမနဿဝေဒနာကော (ဟုတ်ပါတယ်)။
နာမည်မလိုက်ဘဲ နဲ့ ပင်ရင်းလိုက်
ဟုတ်တော့ကို ဘယ့်နှယ်တုံး ကျုပ်က ဝေဒနာရှုနေတယ် ထိနမိဒ္ဓက ဝင်လာတယ်ဆိုတော့ ခင်ဗျားတို့က နာမည်ကလေးနဲ့လာတာ လူပဲ (မှန်ပါ့)၊ နာမည်က ဒီမှာ ပြောင်းဝင်လာတာ (မှန်ပါ့)၊ စင်စစ်တော့ နာမည်မလိုက်ဘဲ နဲ့ ပင်ရင်းလိုက်-လိုက်ရင် ဝေဒနာဝင်လာတာကိုရှု (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဝင်လာသလဲ (ဝေဒနာဝင်လာ တာပါ ဘုရား)။
ကြည့်လေ သောမနဿဝေဒနာ ဝင်တယ်၊ ဥပေက္ခာဝေဒနာ ဝင်လာတယ်၊ ရှင်းပြီ (ရှင်းပါပြီ)၊ ဒေါမနဿ ဝေဒနာ ဝင်တယ် (ဝင်ပါတယ် ဘုရား)။
‘ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိကစိတ္တေသု’လို့ သင်္ဂြိုဟ်ဆရာများ ဆိုထားသောကြောင့် သသင်္ခါရိက ၅ ခုကွဆိုတော့ ခုနင်က သောမနဿက ၂ ခု၊ ဥပေက္ခာက ၂ ခု၊ ဒေါမနဿက ၁ ခု၊ ဒါ ဘာဝေဒနာတွေတုံးဆိုတော့ မင်းအခု ပြောတဲ့ ဝေဒနာသုံးမျိုးပေါ့ကွ ရှင်းပလား (ရှင်းပါပြီ)။
ဒါက ကြံလုံးလို့လည်း ဆိုချင်ဆို၊ ခင်ဗျားတို့ နားမလည်လို့ ဖော်ပြောနေရတယ်လို့လည်း ဆိုချင်ဆို (မှန်ပါ့)၊ တည့်တာယူလိုက် (မှန်ပါ့)၊ တည့်တာ ဘယ်လိုတည့်သတုံး ဆိုလို့ရှိရင် တော်တော်ပညာရှိဆိုလို့ရှိရင် မင်း ထိနမိဒ္ဓ ဟာ နီဝရဏပဲကွာ နီဝရဏဝင်လာပြီ၊ မင်းက ဝိပဿနာလုပ်နေတာ နီဝရဏ ဝင်လာပြီ၊ နီဝရဏဆိုတာ မဂ် တား, ဖိုလ်တားကွ၊ သာမညသိတဲ့လူက ဒီလိုပြောလိမ့်မယ် (မှန်ပါ့ ဘုရား)။
အထူးတလည်သိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလိုမပြောပါဘူး၊ ဟ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာဝင်လာတာဟေ့ ဧဟိပဿိကော (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဖြင့်လည်း စိတ်ဝင်လာတာဟေ့၊ ဘာစိတ်တုံး မင်းမှာ လောဘစိတ်ရယ် ဒေါသစိတ်ရယ် ဝင်လာတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အိပ်ချင်တယ်ဆိုတဲ့ဥစ္စာ လောဘပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် အိပ်ချင်တာသည် ဒေါသလည်း ဟုတ်ပါတယ်၊ ဒါဖြင့် အိပ်ချင်တဲ့လောဘကိုလည်း ဦးသန်းမောင် ဖြစ်ပျက်ရှု (မှန်ပါ့)၊ အိပ်ချင်တဲ့စိတ်ပေါ်လာတော့ စိတ်ထဲမှာ ခပ်လေးလေးဖြစ်တယ်၊ ဒေါသနုကလေးဖြစ်လာတာ အဲဒါလည်း ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဪ ဒါဟာ ဒီဒကာ ဒကာမတွေ ဖျက်မလို့လာတာလား အရှုခံလာတာလား မေးလိုက်တော့ (အရှုခံ လာတာပါ ဘုရား)။
အရှုခံလာတာကို သာမည- ဒီနီဝရဏလောက် နားလည်တဲ့ ပုဂ္ဂိုလ်နဲ့ဆိုရင် အဖျက်လာတယ် ပြောမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဘိဓမ္မာကို သေသေချာချာ နားလည်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ပြန်တော့လည်း အင်း အရှုခံလာတာ (မှန်ပါ့ ဘုရား)။
သုံးတတ်လို့ရှိရင်ဖြင့် အဖျက်တရား တစ်ခုမှမရှိဘူး
ဦးသန်းမောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဪ အဖျက်တရား ရယ်လို့ မရှိစမ်းပါနဲ့ (မှန်ပါ့)၊ မသုံးတတ်ရင်တော့ဖြင့် (အဖျက်တရား)၊ သုံးတတ်လို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေ၌ အဖျက်တရား တစ်ခုမှမရှိဘူး (မှန်ပါ့ ဘုရား)၊ စိတ္တာနုပဿနာထဲ သွင်းမရတဲ့ တရားလည်း မရှိဘူး၊ ဝေဒနာနုပဿနာ ထဲ သွင်းမရတဲ့တရားလည်း (မရှိပါဘူး ဘုရား)၊ အကုန်သွင်းလို့ရတယ် (မှန်ပါ့)။
ဒါကလေးတွေဟာ အားလုံး ဒကာ ဒကာမတွေ ဪ ဒီသွင်းနည်းဟာ ခင်ဗျားတို့မှာဖြင့် အရေးအကြီး ဆုံးပဲလို့ ဦးသံဒိုင်တို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒီသွင်းနည်း သွင်းတတ်ဖို့ကို လိုနေတယ် (မှန်ပါ့)၊ ကိုယ့်ဉာဏ်က မရောက်ဘူး စာမှာတော့ ရှိပြီးသား (မှန်ပါ့ ဘုရား)၊ ကိုယ့်ဉာဏ်က မရောက်လို့ ဖြစ်ရပါတယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် အကယ်၍ ထိနမိဒ္ဓကို ခင်ဗျားတို့က ဪရှုစရာလာတာကို ဦးသန်းမောင်က မရှုမိဘူး၊ ငိုက်ချင်တဲ့စိတ်ကလေးကိုလည်း ငိုက်တဲ့စိတ်ကလေး ဖြစ်ပျက်ရှုပေါ့ဗျာ (မှန်ပါ့)။
ငိုက်ချင်တဲ့စိတ်ကလေး ဖြစ်ပျက်ရှုလိုက်၊ ဖြစ်ပျက်ရှုလိုက်တော့ ငိုက်ချင်တဲ့စိတ်က ချုပ်သွားပြီ ဖြစ်ပျက်ရှုတဲ့ ဝိပဿနာ မဂ်က ဒီအထဲနေတော့ ဝိပဿနာမဂ်က ငိုက်စိတ်မှ မဟုတ်တော့ဘဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ငိုက်စိတ်က အနိစ္စ၊ ရှုတာက မဂ္ဂဆိုတော့ အနိစ္စက ရှေးကျတယ်၊ မဂ္ဂက နောက်ကျတယ် (မှန်ပါ့)။
အဲဒီတော့ အိပ်ချင်တဲ့စိတ်, ချုပ်ပြီး မအိပ်ချင်တဲ့စိတ် ပေါ်တယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆိုကြမယ် (အိပ်ချင် တဲ့စိတ်ချုပ်ပြီး၊ မအိပ်ချင်တဲ့စိတ် ပေါ်လာပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ အသက်တမ်းဖြုန်းမည့်တရား လာတဲ့ဥစ္စာကို ဖြင့် အဖြုန်းမခံတော့ဘူးကွာ၊ အသုံးပဲ ချလိုက်တော့မယ်ဆိုတော့ ဒါဟာ တည့်သွားတယ် (မှန်ပါ့ ဘုရား)။
အဖြုန်းမခံဘဲနဲ့ အသုံးချလိုက်တော့ (တည့်သွားပါတယ် ဘုရား)၊ တည့်သွားတယ်လို့ သေသေချာချာ မှတ်ပါ။
ဒါကြောင့် မောင်သစ်ရေ ဒီလို ထိုးထိုးထွင်းထွင်းသိရဖို့ဟာလည်း ဦးသံဒိုင် မလွယ်ပါလား (မှန်ပါ့ ဘုရား)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
မလွယ်ဘူး တဲ့၊ ဒါဟာ ဒီသာမညပုဂ္ဂိုလ်ဆိုလို့ရှိရင် ဪ မင်းဟာ ကံမကောင်းတော့ မင်းတရား အားထုတ်လို့ရှိရင် နီဝရဏတရားက တယ်လာတာကိုး (မှန်ပါ့)၊ သာမညဆရာဆိုရင် ဒီအတိုင်းဟောတယ် (မှန်ပါ့ ဘုရား)။
ပြီးတော့ မင်းဟာ ပါရမီရှိ မထင်ပါဘူး၊ ဒီလိုထိအောင်လည်း ပြောလိုက်သေးတယ် (မှန်ပါ့)။
ဒီလိုပြောရမှာလား တဲ့၊ စင်စစ် သေသေချာချာ စဉ်းစားကြည့်တော့ အရှုခံလာတာကို အသုံးမချတတ်လို့ ဖြစ်ရတာလား (အရှုခံလာတာကို အသုံးမချတတ်လို့ ဖြစ်ရတာပါဘုရား)။
ဒါဖြင့် ဒီဆရာမျိုးနဲ့ ဒီတပည့်တွေဆိုတော့ ပြောစရာမရှိတော့ဘူး (မှန်ပါ့)။
ဆရာညံ့လို့၊ ဒါကြောင့် ဘုန်းကြီး တစ်ခုရှင်းပြမယ်၊ တရားဟောညံ့လို့ မဂ်ဖိုလ်မဆိုက်တာ ရှိသေးတယ် (မှန် ပါ့)။
ဓနဉ္ဇာနီ ပုဏ္ဏားကြီး
ပဏ္ဏာသ ပါဠိတော်မှာလာတယ်၊ တရားဟော ညံ့တာနဲ့ ဦးသန်းမောင်ရေ ဓနဉ္ဇာနီ ပုဏ္ဏားကြီးဆိုတာ ရှိတယ်၊ ဘုရားလက်ထက်က ဓနဉ္ဇာနီ ပုဏ္ဏားကြီး ဆိုတာရှိတယ်၊ ရှင်သာရိပုတ္တရာနဲ့ ငယ်ပေါင်းသူငယ်ချင်း အလွန်ခင်ကြတယ် (မှန်ပါ့)။
နောက် ဒီ ဓနဉ္ဇာနီ ပုဏ္ဏားကြီးသည် ပထမခင်ပွန်းမကတော့ သဒ္ဓါတရားနဲ့ ဘုရား တရား သံဃာ ကြည်ညို တယ်၊ အဲဒီ ဒကာမကလည်း ဖြတ်ဆို သေသွားတယ်၊ နောက် ဒကာမတစ်ယောက် တည်ထောင်ပြန်တယ်၊ ပုဏ္ဏေးမ တစ်ယောက်ကို၊ ဒီဒကာမ,က သဒ္ဓါတရားမရှိဘူး၊ သဒ္ဓါတရားမရှိတဲ့ ပုဏ္ဏေးမနဲ့ နေရတယ်။ ပြီးတော့ သူက ရှင်ဘုရင်၏ အခွန်တော်ကို သိမ်းရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်နေတယ် (မှန်ပါ့)။
ဒီမှာတွင် ဓနဉ္ဇာနီ ပုဏ္ဏားကြီးသည်ကားလို့ဆိုရင် ဖောက်ပြန်ပြီး ရှင်ဘုရင့်အမိန့်တွေနဲ့ ပုဏ္ဏားတွေမှာရှိတဲ့ လယ်တွေက ထွက်သ၍ကို စားဖို့သောက်ဖို့လောက်ချန် အကုန်သိမ်း၊ ရှင်ဘုရင့်အမိန့်နဲ့ ရှင်ဘုရင့်အမိန့်နဲ့ဆိုပြီး သိမ်း၊ သိမ်းပြီး သူကိုယ်တိုင် တချို့တစ်ဝက်ကိုသုံး ၊ ရှင်ဘုရင့်ထံ တချို့တစ်ဝက်ပို့ဆိုတော့ မကောင်းမှုလုပ်နေတာပဲ (မှန်ပါ့)။
တစ်နေ့သ၌ကျတော့ အရှင်သာရိပုတ္တရာ အလည်ကြွလာတယ် ငါ့မိတ်ဆွေ ဓနဉ္ဇာနီ ပုဏ္ဏားကြီး သတင်း မရဘူးလားဟေ့ သတင်းရတယ် ဘုရား အလွန်ဆိုးတဲ့ပုဏ္ဏားကြီး။
ဘယ်လိုများ ဆိုးနေတုံးကွ။ ဟာ ဒီလို ဒီလိုပဲ ပုဏ္ဏားတွေကို လိုက်ညှဉ်းဆဲနေတာပဲ ရှင် ဘုရင် မှီပြီးတော့ အတော်နှိပ်စက်တယ် (မှန်ပါ့)။
အဲဒီလိုဖြစ်ပြီးသကာလနေတော့ ဪ မကောင်းရှာဘူးဆိုပြီး ဦးသန်းမောင်ရေ အရှင်သာရိပုတ္တရာ က ကြွလာတယ် ရာဇဂြိုဟ်ပြည်ပဲ ကြွလာတယ်။
ကြွလာတော့ ပုဏ္ဏားကြီးက နွားနို့ညှစ်နေတယ် (မှန်ပါ့)၊ အရှင်ဘုရား နွားနို့ ကောင်းကောင်းသောက်ရ အောင်လို့ ပြောတယ်၊ အဲဒီတော့ အရှင်သာရိပုတ္တရာက မဟုတ်ဘူး ၊ ငါဆွမ်းစားမယ်ကွ သို့သော် နေ့လည် ငါဟာ ဘယ်သစ်ပင်နားမှာ ငါနေမယ်၊ အဲဒီအချိန် မင်းလာခဲ့ဦး ပုဏ္ဏားကို သူကခေါ်တယ် ခေါ်ပြီး ဆုံးမ တယ်။
မင့် သတင်းကြားရတာ မကောင်းပါဘူးကွာ မင်းဟာ ပုဏ္ဏားတွေရော ဘာတွေရော အကုန် ရှင်ဘုရင့်အမိန့်နဲ့ဆိုပြီး စပါးတွေအကုန်သိမ်း၊ ပြီးတော့ မင်းကစား၊ ရှင်ဘုရင်လည်း နည်းနည်းပေး၊ ဒီလိုပဲ ညှဉ်းဆဲ နေတယ် ကြားတယ်။
ဟာ ဒီဥစ္စာ လုပ်ရမှာပဲ၊ မလုပ်မဖြစ်ဘူး၊ သားသမီးကျွေးဖို့တွေကလည်း ရှိတယ်၊ သေတဲ့ပုဂ္ဂိုလ်တွေကို ကျွေးဖို့ရာတွေကလည်း ပုဏ္ဏားထုံးစံမှာရှိတယ်၊ အဲဒီတော့ ဒါတွေ ဘယ့်နှယ်လုပ်မတုံး။
အေး ဒါတွေ ဘယ့်နှယ်လုပ်မတုံး မင်းက မေးတယ်။ မင်းက ဒီပုဏ္ဏားတွေဆီက ညှဉ်းဆဲပြီး ပစ္စည်း တွေယူတယ်၊ အဲဒီတော့ ဟိုသေတဲ့ပုဂ္ဂိုလ်တွေက ခံရမှာလား ဒီမတရားသဖြင့်လုပ်တဲ့ အကုသိုလ်တွေကို မင်းက ခံရမှာလား ဒါတော့ တပည့်တော်က ခံရမှာပေါ့ တဲ့။
ဒီအတိုင်းပဲ လျှောက်မေးပြီးသကာလ နောက်ဒီလိုမလုပ်နဲ့ဆိုပြီးတော့ ကိုယ်လုပ်ရင် ကိုယ်ခံရတာပဲ၊ သားတွေ မယားတွေနဲ့ ဘာမှမဆိုင်ဘူးဆိုပြီး ဟောလိုက်တယ်။
ဟောပြီးနောက် အရှင်သာရိပုတ္တရာ ဒီရွာမှာပဲ ရာဇဂြိုဟ်ပြည်မှာပဲ သီတင်းသုံးပြီးနေတယ်၊ ဖြတ်ဆို ပုဏ္ဏား ကြီး မမာဘူး၊ မမာတော့ အရှင်သာရိပုတ္တရာကို ပင့်ပေးပါဦးဆိုပြီး သူ့အစေခံတွေ ခိုင်းလိုက်တယ်၊ အရှင်သာရိပုတ္တရာ ကြွလာတယ်။
ကြွလာပြီးသကာလ တရားဟောတယ်၊ လူ့ပြည်နဲ့ နတ်ပြည် ဘယ်ဟာကောင်းသတုံး နတ်ပြည်ကောင်း တယ်၊ နတ်ပြည်နဲ့ ဗြဟ္မာ့ပြည် ဘယ်ဟာကောင်းသတုံး ဗြဟ္မာ့ပြည်ကောင်းတယ်။
မေတ္တာပို့နေလိုက်စမ်းပါ
ဒါဖြင့်ကွာ မင်း မမာနေရင်းမတ္တနဲ့ အားလုံးသာ မေတ္တာပို့နေလိုက်စမ်းပါ၊ မေတ္တာပို့ပြီး သေတာ ပေါ့ကွာ ဆိုပြီးသကာလ ဦးသန်းမောင် အရှင်သာရိပုတ္တရာ ကျောင်းပြန်သွားတယ်၊ ကျောင်းပြန်သွားတော့ ပုဏ္ဏားကြီးသေတယ်၊ သေတော့ ဗြဟ္မာပြည်ရောက်တယ်၊ မေတ္တာနဲ့ သေသွားတာကိုး (မှန်ပါ့)၊ မေတ္တာဇောနဲ့ပဲ သေသွား တယ်။
ဒါနဲ့ ဘုရားက ဟေ့ သာရိပုတ္တရာ၊ မင်း ဘယ်ကလာသလဲ ဓနဉ္ဇာနီ ပုဏ္ဏားကြီး မမာတာနဲ့ အဲဒီကို တရားသွားဟောရပါတယ်ဘုရား ဟု လျှောက်တယ်။
ဘာတရား ဟောခဲ့သတုံးကွ သမထ တရားပဲ ဟောခဲ့ပါတယ်၊ သမထပဲ ကြိုးစား လို့ တိုက်တွန်းခဲ့ပါတယ်၊ ဪ မင်း ဖျင်းပါဘိကွာ နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ်ကို မင်း သမထများ ဟောခဲ့တာ ငါအံ့ပါရဲ့ (မှန်ပါ့)၊ သမထက နိဗ္ဗာန်မှမရောက်ဘဲ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်ကို ဝိပဿနာဟောရမှာ (မှန်ပါ့ ဘုရား)၊ သူက သမထဟောပစ်တော့ ဒါဖြင့် တပည့်တော် လိုတာပေါ့လို့ သူက ဘုရားလျှောက်တယ် (မှန်ပါ့)။
အေး မင်းလိုတယ် လိုပေမဲ့ မရဘူးကွ၊ မင်းက ဒီလာတုန်းရှိသေး ဟိုမှာ စုတိစိတ်ကျပြီး ဗြဟ္မာဖြစ်နေပြီ (မှန်ပါ့)၊ ဘုရားကတော့ အကုန်သိနေပြီပေါ့ (မှန်ပါ့)။
ဟာ ဒါဖြင့် မဖြစ်သေးပါဘူးဆိုပြီး ဗြဟ္မာပြည် တက်ပြီးတော့ ဘုရားဆီက စကားယူပြီးသကာလ မင်း တယ်ဖျင်းတယ်ဆိုတဲ့ စကားယူပြီး ဗြဟ္မာပြည် တက်ပြီးတော့ ဝိပဿနာဟောတော့မှ ဟိုမှာ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဆရာညံ့ရင်လည်း
အဲဒါက တပည့်ညံ့လို့လား ဆရာညံ့လို့လားဆိုတာ အကဲခတ်ကြစမ်း (ဆရာညံ့လို့ပါ ဘုရား)၊ ကဲ ဆရာညံ့ရင်လည်း ခင်ဗျားတို့ အကုန်သွားတာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။
ဆရာညံ့ရင်လည်း (အကုန်သွားပါတယ်)၊ အကုန်နစ်နာသွားတယ် (မှန်ပါ့)၊ ဒီ ဓနဉ္ဇာနီ ပုဏ္ဏားကြီးကို ဆက်ဟောလို့ရှိရင်လည်း မသေခင် ရဟန္တာဖြစ်ရမယ် (မှန်ပါ့)။
ဟိုမှာ ဗြဟ္မာ ပဋိသန္ဓေသွားနေပြီးတော့မှ နောက်ထပ် ဘုရားက တိုက်တွန်းလိုက်တော့မှ ဦးသန်းမောင် ဗြဟ္မာပြည် လိုက်ဟောတော့မှ သူ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့)။
ကဲ ဒါ ဘာဖြစ်လို့တုံး ဆိုရင် ဘယ့်နှယ်ဖြေကြမယ် (ဆရာညံ့လို့ပါ ဘုရား)၊ အဲ ဒါ သေသေချာချာ မှတ်ပါ ခင်ဗျားတို့ ဆရာသမား ကိုးကွယ်ဆည်းကပ်မယ် ကြံလို့ရှိရင် ဆရာညံ့နဲ့တွေ့ရင်လည်း သွားပြန်တာပဲ (မှန်ပါ့)၊ သိပ်ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
အခု ဘုရားကိုယ်က သူ့ကို အပြစ်တင်လိုက်တယ်၊ တစ်ဘဝ ပဋိသန္ဓေနေရတဲ့ ဆင်းရဲဟာ မင်း နည်းတာ မဟုတ်ဘူး၊ မင်း တရားဟောညံ့တာ (မှန်ပါ့)၊ ဟုတ်ပါတယ် ဘုရား တပည့်တော် တရားဟော ညံ့ပါတယ်၊ မင်းက တရားဟောညံ့တယ်လို့သာပြောတာ ဟိုမှာ ဗြဟ္မာဖြစ်နေပြီ၊ အရှင်သာရိပုတ္တရာ ကျောင်းကိုလာနေတုန်း သေတာကိုး သေတော့ ဗြဟ္မာဆိုတာ ဘွားခနဲ အကောင်အထည်ကြီး ဥပပတ် ပဋိသန္ဓေသွားဖြစ်တယ် (မှန်ပါ့)၊ အဲဒါ ဦးသန်းမောင်တို့ စဉ်းစားပါ ဆရာညံ့လို့လား တပည့်ညံ့လို့လား (ဆရာညံ့လို့ပါ ဘုရား)။
တပည့်က မဂ်ဖိုလ်ရထိုက်တဲ့ဥစ္စာ ပါနေတာ၊ ဉာဏ်ပါပြီးသား (မှန်ပါ့)၊ ဆရာညံ့တာနဲ့ ဗြဟ္မာ့ပြည် သွားတင် နေရတယ်၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဆရာညံ့နဲ့ တွေ့လို့ရှိရင်လည်း ဒီဘဝ မဂ်ဖိုလ်ရနိုင်တဲ့ ပါရမီပါစေ ကာမူ မရဘူး (မှန်ပါ့)၊ ဘာညံ့လို့တုံး (ဆရာညံ့လို့ပါ ဘုရား)။
ဒါဖြင့် ဦးသန်းမောင်တို့ ဆရာဟာ အလွန်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ တပည့်ညံ့လို့ မဂ်ဖိုလ်မရတာလည်း ရှိသေးတယ် (မှန်ပါ့)။
တပည့်ညံ့လို့လည်း မဂ်ဖိုလ်မရတာ ရှိသေးတယ်
ဒါဟာ နှစ်ခုမှတ်ရမှာ (မှန်ပါ့ ဘုရား)၊ တပည့်ညံ့လို့ဆိုတော့ တပည့်က ညံ့နေပြန်လို့ရှိရင်လည်း၊ ဒီဘဝမှာ သူဟာ မဂ်ဖိုလ်ရထိုက်တဲ့ တပည့်ပဲ၊ သို့သော် သူက အနေအထိုင် အလုပ်အကိုင်နေရာမကျလို့ တပည့်ညံ့လို့လည်း မဂ်ဖိုလ်မရတာ ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဘာတုံးဆိုတော့ အတူတူပဲ ပဏ္ဏာသ ပါဠိတော် (ကန္ဒရကသုတ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊၁) မှာပဲလာတယ်၊ ဆင်ဆရာသား ပေဿဆိုတဲ့ ပေယျကျတော့ တပည့်ညံ့လို့ (မှန်ပါ့)၊ ဘုရားက တစ်ခါတည်း သူ့ကို ဒါနကထာ သီလကထာကံတွေအကြောင်း ဟောပြီးသကာလ သစ္စာဟောခါနီးမှ ထပြေး တယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
သစ္စာဟောခါနီးမှ (ထပြေးပါတယ်)၊ အင်း ထပြေးတဲ့အခါကျတော့ကိုတဲ့ ပေယျလည်း ထပြေးရော ကိစ္စရှိတယ်လို့ အိမ်ကလာခေါ်တာကိုး (မှန်ပါ့)၊ အဲဒီလို လာခေါ်တဲ့အခါကျတော့ ဘုရားက ပေယျရှုံးပြီကွ ပေယျ ရှုံးပြီကွတဲ့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။
အဲဒါကျတော့ ဆရာညံ့လို့လား တပည့်ညံ့လို့လား (တပည့်ညံ့လို့ပါ ဘုရား)၊ ညံ့လို့ ဘယ်လောက်ထိအောင် အပြစ်ကြီးစွာ တွေ့ရသလဲလို့ဆိုတော့ ပေယျအရိုးဟာ ၄ ရက်တက် ၄ ရက်ဆင်းရှိတယ် (မှန်ပါ့ ဘုရား)။
တစ်ခါတည်း ချို့ယွင်းချက် ကြည့်လိုက်တာ (မှန်ပါ့)၊ တစ်ခါတည်း ချို့ယွင်းချက်ကြည့်လိုက်တော့ ၄ ရက်တက် ၄ ရက်ဆင်းဆိုတော့ ကဿပ ဘုရားလက်ထက်မှာ ဟောတာ ကဿပမြတ်စွာဘုရားက ဟောတာ (မှန်ပါ့)၊ သူ့တရား ဆုံးအောင် နာလို့ရှိရင် ပေယျရဟန္တာဖြစ်မှာ အဲဒီမှာ တရားမဆုံးမီ အိမ်ကလာခေါ်တဲ့အတွက် ကိစ္စရှိပါတယ်ဆိုပြီး ဘုရားဝတ်ချပြီး ပြန်သွားတယ် (မှန်ပါ့ ဘုရား)။
ပေယျအရှုံးကြီး ရှုံးပြီကွ
ကဿပမြတ်စွာဘုရားက ပေယျအရှုံးကြီး ရှုံးပြီကွ တဲ့၊ ကျုပ်တို့ ဂေါတမဘုရားလက်ထက်ကျမှ ကျွတ် တမ်းဝင်တယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူ့အရိုးဟာ ၄ ရက်တက် ၄ ရက်ဆင်း ဖြစ်ရတယ်ဆိုတော့ ဦးသန်းမောင် ကောင်းနိုင်သေး ရဲ့လား (မကောင်းနိုင်ပါ ဘုရား)။
အသေ ဘယ်လောက်များသလဲဆိုတာ ၄ ရက်တက် ၄ ရက်ဆင်းဆိုတာ ဦးသန်းမောင် မကုန်နိုင်တော့ ဘူး (မှန်ပါ့)၊ ဒါဟာ တောင်နဲ့သာ တိုင်းလိုက်ပါတယ် မနစ်နာဘူးလား (နစ်နာပါတယ်)။
အဲဒါကျတော့ ဘယ်သူညံ့လို့တုံး (တပည့်ညံ့လို့ပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ဒါ နှစ်ဖက် စဉ်းစားရမယ် (မှန်ပါ့)၊ ဘုန်းကြီးဘက်ကလည်း မညံ့အောင်ပဲ ခင်ဗျားတို့ကို ရွက်ဆောင်ပေးမယ် (မှန်လှပါ)၊ ခင်ဗျားတို့ဘက်ကလည်း မညံ့အောင် ရွက်ဆောင်ပါ (မှန်ပါ့ ဘုရား)။
ဒါ ဒီနေ့ည ထူးထူးခြားခြား ဪ ဒီဥစ္စာဖြစ်တတ်တဲ့ အမျိုးပါကလားဆိုတာ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)၊ ဝတ္ထုသက်သေ သာဓကတွေကော လုံလောက်ပလား (လုံလောက်ပါပြီ)။
ဓနဉ္ဇာနီကျတော့ တရားဟောညံ့လို့ (မှန်ပါ့)၊ ဆရာညံ့လို့ ဟိုမှာ ဗြဟ္မာသွားဖြစ်ရတာ (မှန်ပါ့)၊ ရဟန္တာဖြစ်ရ မှာ ဗြဟ္မာသွားဖြစ်တယ် (မှန်ပါ့)၊ မနာဘူးလား (နာပါတယ်)၊ ပေယျကျတော့ တပည့်ဖျင်းလို့၊ ဆရာ မညံ့ဘူး (မှန် ပါ့)၊ ဆရာက ဘုရားကိုယ်တော်တိုင်ပဲ (မှန်ပါ့)။
တပည့်ချို့ယွင်းချက်ရှိတာနဲ့ အရိုး ၄ ရက်တက် ၄ ရက်ဆင်း ဖြစ်ရတယ်ဆိုတော့ သေတာ ဘယ်လောက် များတယ်ဆိုတာ ပြတာ (မှန်ပါ့)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ခင်ဗျားတို့ကလည်း ပေယျမဖြစ်ရအောင် ကျုပ်ကလည်း ဆရာညံ့ မဖြစ်ရအောင် လုပ်ရမှာပဲ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဗြဟ္မာပြည် ပြေးရရှာတယ်
အရှင်သာရိပုတ္တရာဟာ အခု လူ့ပြည်ဟောပြီး ချက်ချင်း ဗြဟ္မာပြည် ပြေးရရှာတယ် (မှန်ပါ့)၊ ဘုရားက မင်း ညံ့လို့ကြည့်စမ်း ဓနဉ္ဇာနီမှာ ဟိုမှာ ပဋိသန္ဓေနေရရှာပြီ (မှန်ပါ့)၊ တကယ်ဆို ရဟန္တာဖြစ်ပြီဆိုတော့ ဪ ဟုတ်ပါ လားဆိုပြီး ဗြဟ္မာပြည်ကို လိုက်ရတယ် (မှန်ပါ့)။
ဗြဟ္မာပြည်ကျတော့မှ ဝိပဿနာ ဖြစ်ပျက် သွားဟောတယ် (မှန်ပါ့)၊ အဲဒီမှာ ဖြစ်ပျက်သွားဟောတော့မှ ဟိုက ခန္ဓာကိုယ် ဖြစ်ပျက်ရှုလိုက်တော့ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့ ဘုရား)၊ ကဲ ဦးသန်းမောင် ကိုယ့်ဘက် သူ့ ဘက်တော့ မချို့ယွင်းစေနဲ့ (မှန်လှပါ ဘုရား)၊ ဦးသံဒိုင်ကော (မှန်ပါ့ ဘုရား)။
ဘာမှန်တာတုံး ခင်ဗျားဥစ္စာ ပြောဦးမှပဲ (မချို့ယွင်းစေရပါ ဘုရား)၊ ကိုယ့်ဘက်ကလည်း မချို့ယွင်းစေ နဲ့၊ ဆရာ့ဘက်ကကော (မချို့ယွင်းစေနဲ့)၊ ဆရာ့ဘက်ကတော့ ဘုန်းကြီးတာဝန်ထားလေ (မှန်ပါ့)၊ ခင်ဗျားတို့ဘက်က မချို့ယွင်းစေနဲ့ (မှန်ပါ့ ဘုရား)၊ အေး ဒါ စဉ်းစားရမယ်။
ဒါနဲ့ နို့ ဘယ့်နှယ်ကြောင့် ဒီဥစ္စာ အရေးတကြီးပြောရပါလိမ့်မတုံးဆိုတော့ ပြောဖို့ အချိန်ရောက်နေပြီ (မှန်ပါ့ ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ခင်ဗျားတို့ကလည်း အသက်ကြီး၊ ဘုန်းကြီးကလည်း အသက်ကြီး၊ အသက်ကြီး အသက်ကြီးချင်းဆိုတော့ နှစ်ဖက်စလုံး မညံ့မှ တော်မယ် (မှန်ပါ့)။
နေရေးက နည်းသွားပြီ
ဟာ ငယ်သေးတယ်ဆိုလို့ရှိရင်ဖြင့် တစ်ယောက်က တစ်ယောက်၊ ဟာ ခင်ဗျားငယ်ပါသေးတယ်၊ ကျုပ်လည်း ငယ်ပါသေးတယ်ဆိုပြီးသကာလ နေဖို့ရှိပါသေးတယ် (မှန်ပါ့)၊ အခုတော့ မဟုတ်ဘူး၊ သေရေးသာရှိတယ် နေရေးက နည်းသွားပြီ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ သေရေးသာ ရှိတယ် နေရေးက ဘယ့်နှယ်တုံး (နည်းသွားပါပြီ)၊ နေရေးက နည်းသွားပြီဆိုသဖြင့် ခင်ဗျားတို့ဘက်ကလည်း မလစ်ဟင်းရအောင်၊ ဆရာ့ ဘက်ကလည်း မလစ်ဟင်းရအောင်ဆိုတဲ့ဥစ္စာ တော်တော်အရေးကြီးတဲ့စကားလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်မှတ်ကြမယ် (တော်တော် အရေးကြီးတဲ့စကားပါ ဘုရား)၊ ဒါက အခု ဆရာသမားက ဝတ္ထုသက်သေ သာဓကတွေနဲ့ အမျိုးမျိုး အဖုံဖုံ ကျမ်းစုံပြီးပြောတော့မှ ဪ အရေးကြီးမှန်းသိတာကိုး (မှန်ပါ့)။
ခင်ဗျားတို့ ပင်ကိုရင်းနဲ့ဆိုလို့ရှိရင် ဒီမှာနေဖို့ ကျုပ် တစ်ပတ်လောက်သာ စိတ်ကူးတယ် ပြောချင်ပြောမယ် (မှန်ပါ့ ဘုရား)၊ တချို့ကျတော့လည်း သုံးပတ်လောက် စိတ်ကူးတယ်လို့ ပြောချင်ပြောနေတာကိုး အံမာလေး ကြောက်စရာကြီးပါကလား (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အခု ဆရာတကာ ညီညွတ်အောင်လို့ ထိနမိဒ္ဓနေရာ သွင်းပြောနေတာ (မှန်ပါ့)၊ ဆရာတကာ ညီညွတ်မှသာလျှင် ကိစ္စပြီးနိုင်တယ်ဆိုတာကိုလည်း ဒီဝတ္ထုနှစ်ခုကို သေချာ စွာ ဓနဉ္ဇာနီနဲ့ ပေယျကို မှတ်သဖြင့် ဦးသန်းမောင် ကျေနပ်ဖို့ကောင်းပြီ (မှန်လှပါ ဘုရား)။
ဆရာလည်း တော်တော်အရေးကြီးပါတယ် (မှန်ပါ့)၊ ဆရာအဟောလည်း တော်တော် အရေးကြီးပါတယ် (အရေးကြီးပါတယ် ဘုရား)။
တပည့်ရဲ့အနာကော (အရေးကြီးပါတယ် ဘုရား)၊ အနာဘက်ကလည်း အရေးကြီးတာပဲ၊ အဟောဘက်က လည်း အရေးကြီးတာပဲဆိုတော့ ခင်ဗျားတို့အိမ် လာပြီးသကာလ သာခမ်း,နာခမ်းရှိလို့ ဟောတဲ့တရားမျိုးကျတော့ ဦးသန်းမောင် ဒါ-မဆိုလိုပါဘူး၊ သဘောကျရဲ့လား (မှန်ပါ့ ဘုရား)။
သာခမ်း,နာခမ်းရှိလို့ ဟောတဲ့တရားမျိုး
အိမ်မှာ သာခမ်း, နာခမ်းဆိုတာကတော့ ဒကာကလည်း မလွှဲသာလို့ ပင့်တာ (မှန်ပါ့)၊ ဘုန်းကြီးကလည်း မလွှဲသာဘဲနဲ့ ပြောခဲ့တယ် (မှန်ပါ့)၊ ဒီဟာကျတော့ ဘုန်းကြီးတို့က အပြစ်မဆိုပါဘူး (မှန်ပါ့)။
ဒကာကတော့ ဆွမ်းကျွေးလို့ အင်း ဆွမ်းကျွေးရင်ဖြင့် အနုမောဒနာကလေး ပြုဦးမှ ကောင်းမှာပဲ၊ ဆရာဘုန်းကြီးက ဒါလောက်ပဲကြည့်တယ် (မှန်ပါ့ ဘုရား)။
ဟိုကလည်း ဆွမ်းကျွေးတဲ့ဥစ္စာ ဒါကလေးတော့ အနုမောဒနာကလေးတော့ နာလိုက်ဦးမှ တော်တော့မယ် ဆိုပြီး ဟိုကလည်း ဧည့်ဝတ်ကျေရုံပဲ (မှန်ပါ့)၊ ဒီကလည်း ဆရာဝတ် သာမညကျေရုံကလေး (မှန်ပါ့)၊ အဲဒါမျိုးကတော့ မဂ်ဖိုလ်နဲ့ မဆိုင်လှဘူး (မှန်ပါ့)၊ ယခု ခင်ဗျားတို့လာကြတယ်၊ ဘုန်းကြီးက ဒီမှာနေကြတာက ဒီအသွားမှ မဟုတ်ဘဲ (မှန်ပါ့)၊ ဒီကလည်း အစအဆုံး ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရောက်အောင် ပို့ပေးမယ် (မှန်ပါ့)၊ ဒီကျအောင် ဟောရမှာ (မှန် ပါ့)။
ခင်ဗျားတို့ကလည်း အင်း ဒုက္ခချုပ်တဲ့ဆီ အရောက်လုပ်မယ်ဆိုတဲ့ စိတ်ထားကလည်း ခင်ဗျားတို့ကလည်း ပြင်းပြရမယ် (မှန်ပါ့)၊ ဒီလိုမှ ဖြစ်နိုင်မယ်တဲ့၊ နို့မို့ရင် မဖြစ်ဘူး (မှန်ပါ့)။
ကဲ ဒီဝတ္ထုနှစ်ခုက သက်သေခံပလား (ခံပါပြီ ဘုရား)၊ ပေယျကျတော့ ဘယ်သူဖျင်းသတုံး (တပည့်ဖျင်း ပါတယ် ဘုရား)၊ ဓနဉ္ဇာနီကျတော့ (ဆရာဖျင်းပါတယ်)၊ ဆရာဖျင်းတယ် အခုတော့ ဒီလိုမလုပ်နဲ့ တပည့်ကလည်း အချွန်၊ ဆရာကလည်း အချွန်၊ ဒီလိုလုပ် (မှန်ပါ့)၊ နို့မို့လို့ရှိရင်တော့ အတော်နာသွားလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ထိနမိဒ္ဓဆိုတဲ့ဥစ္စာ ခင်ဗျားတို့ဆရာက မဖျင်းလို့ ခင်ဗျားတို့အလိုဖြင့် စာထဲမှာ ခင်ဗျားတို့ ဖတ်ဖူးတာ ထိနမိဒ္ဓ နီဝရဏလို့ ဖတ်ဖူးတယ် (မှန်ပါ့)၊ နီဝရဏဆိုတာ မဂ်ဖိုလ်တားတယ် ရှင်းပလား (ရှင်းပါပြီ)။
ဆရာ့တာဝန်ကုန်ပြီ
အခု တားသလား မတားရတော့ဘူးလား (မတားရတော့ပါ ဘုရား)၊ မတားရတော့ဘူး၊ ဆရာမဖျင်းလို့ အခု ဒါ-ပေါ်လာပြီ (မှန်ပါ့)၊ ဆရာက ဟာ ဒီဥစ္စာကို စိတ်ရှုတဲ့ပုဂ္ဂိုလ်လည်းဟေ့ လောဘနဲ့ ဒေါသကို ရှုရုံ ပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်လည်း ဝေဒနာသုံးပါး ရှုလိုက်ရုံပဲ (မှန်ပါ့)၊ သောမနဿရယ်, ဥပေက္ခာရယ်, ဒေါမနဿရယ်၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဝေဒနာ ပေါ်လာတာပဲ (မှန်ပါ့)။
ဒီတော့ ဆရာ့တာဝန်ကုန်ပြီ (မှန်ပါ့)၊ ကုန်သွားပြီ တဲ့ ထိုကဲ့သို့ ကုန်သွားတာ သိလိုက်သဖြင့် ဪ ဒါဖြင့် ရေမှော်ကို ဘုရားက ဖယ်ရမယ်တဲ့ဆိုတဲ့ဥစ္စာ ဆရာက ဒီဟာကို ဖြစ်ပျက်ရှုပြီး ဖယ်လို့ ခိုင်းလိုက်ပါတယ် (မှန် ပါ့)။
ဒါဖြင့် ထိနမိဒ္ဓကြောင့် ခင်ဗျားတို့ နိဿရဏတ္ထဆိုတဲ့ ထွက်မြောက်ကြောင်း မဂ်ပေါ်လာတယ် (မှန်ပါ့)၊ ထိနမိဒ္ဓရှုလိုက်တာနဲ့ ဒီဘက်ထဲ မဂ်မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ဒါဖြင့် မဂ်သည် မနေ့ကပြောခဲ့ပြီ၊ မဂ္ဂပစ္စယော ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း (မှန်ပါ့)၊ မပေါ်ရင် သူမဆောင်ဘူး (မှန်ပါ့)၊ ပေါ်ရင်တော့ဖြင့် (ဆောင်ပါတယ် ဘုရား)၊ ဆောင်မှာပဲဆိုတာ ဦးသန်းမောင်မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ထိနမိဒ္ဓက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ ဒါဖြင့် မဂ်က ဦးသန်းမောင်ရှုလည်း ဦးသန်းမောင်ကို နိဗ္ဗာန်ဆောင်မှာပဲ (မှန်ပါ့)၊ ဦးသံဒိုင်ရှုရင် (ဦးသံဒိုင် ဆောင်မှာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ထိနမိဒ္ဓ၏ ထွက်မြောက်ကြောင်း
ဒါဖြင့် ထိနမိဒ္ဓ၏ ထွက်မြောက်ကြောင်း ယနေ့ည တပည့်တော် သိပြီဘုရာ့ (မှန်ပါ့)၊ ထိနမိဒ္ဓကြောင့်ပဲ တပည့်တော်တို့ နိဗ္ဗာန်ထွက်မယ် (မှန်ပါ့)၊ မသိသေးဘူးလား (သိပါပြီ ဘုရား)။
ဘယ်လိုလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ထိနလာလည်း ဖြစ်ပျက်ရှု၊ မိဒ္ဓလာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် တဲ့၊ ဝေဒနာရှုတယ်ဆိုလည်းဟုတ်၊ စိတ်ရှုတယ်ဆိုလည်း (ဟုတ်ပါတယ် ဘုရား)၊ ဟုတ် တာပဲ။
ဝေဒနာရှုတယ်ဆိုလည်း (ဟုတ်ပါတယ်)၊ စိတ်ရှုတယ်ဆိုလည်း (ဟုတ်ပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ ကမ္မဋ္ဌာန်း အပြင်က မထွက်ပါလား (မထွက်ပါ ဘုရား)။
ခင်ဗျားတို့ ဆရာဘုန်းကြီး ပေးထားတဲ့ ဝေဒနာနုပဿနာရော၊ စိတ္တာနုပဿနာ ပေးထားတော့ ဒီနှစ်ခုက ထွက်တဲ့ဥစ္စာ ခင်ဗျားတို့ဝမ်းထဲမှာ ပေါ်ကိုမပေါ်လာဘူး (မှန်ပါ့)၊ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။
အင်မတန် ဦးသန်းမောင် မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ထိနမိဒ္ဓလာရင် ဦးသန်း မောင် ဘယ့်နှယ်လုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။
ဖြစ်ပျက်ရှုလိုက်တော့ ထိနမိဒ္ဓက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က (မဂ်ပါ ဘုရား)၊ မဂ်ဆိုတော့ ခုနင်က သူငိုက်မျည်း တဲ့ဘက် အားပေးသေးသလား တဲ့၊ ဉာဏ်အမြင် ရှင်းလာသလား (ဉာဏ်အမြင် ရှင်းလာပါတယ်ဘုရား)။
ဉာဏ်အမြင်ရှင်းလာတော့ ငိုက်မျည်းတာ မရှိတော့ပါဘူး ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကိုင်း ဒါအရှုံး ပေးရင်တော့ဖြင့် ခင်ဗျားတို့ကို လူ့ဘဝ၏အသက်တမ်းကို တစ်ဝက်နှုတ်မယ်ဆိုတဲ့သဘော (မှန်ပါ့)။
အရှုံးပေးရင် ဘယ့်နှယ်ဆိုကြမယ် (လူ့ဘဝ၏ အသက်တမ်းကို တစ်ဝက်နှုတ်မည့်သဘောပါ ဘုရား)၊ တစ်ဝက် နှုတ်မယ်၊ လူ့ဘဝ၏ အသက်တမ်းကို ဖွဲထင်းတုံးကဲ့သို့ဖြစ်အောင် တစ်ဝက်နှုတ်ပစ်လိုက်မယ် (မှန်ပါ့)။
အိပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဖွဲတွေလိုပဲ၊ ဘာမှ ဘယ်သူမှမသိတော့ဘူး (မှန်ပါ့)၊ တုံးတွေလိုပဲ၊ ဘာများသိသေးရဲ့ လား (ဘာမှမသိပါ ဘုရား)။
အဖြူလည်း မသိဘူး၊ အမည်းလည်း မသိဘူး၊ ကောင်းတာလည်း မသိဘူး၊ ဆိုးတာလည်း မသိဘူး (မှန်ပါ့)၊ အဲဒီမှာ ဖွဲထင်းတုံး လုပ်ပစ်လိုက်တာ ထိနမိဒ္ဓ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ခင်ဗျားတို့ခန္ဓာကိုယ် ဖွဲ့သော်လည်းကောင်း၊ ထင်းတုံးသော်လည်းကောင်း၊ လုပ်ပစ်လိုက်တာ (ထိနမိဒ္ဓပါ ဘုရား)၊ အဲ အဲဒါ တရားဟောညံ့လို့ရှိရင် ထိနမိဒ္ဓဘက် သွားမှာပဲ (မှန်ပါ့)။
ထိနမိဒ္ဓဟာ ဝေဒနာသုံးမျိုး စိတ်ဖြင့် နှစ်မျိုး
ခုတော့ တရားဟောကလည်း မညံ့ပါဘူးတဲ့၊ ထိနမိဒ္ဓဟာ ဝေဒနာသုံးမျိုးဟေ့ စိတ်ဖြင့် နှစ်မျိုးဟေ့ (မှန် ပါ့)၊ စိတ်ဖြင့် လောဘစိတ်နဲ့ ဒေါသစိတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ဝေဒနာနဲ့ စ,တက်လာတဲ့ပုဂ္ဂိုလ်ဖြစ်ရင်လည်း ဝေဒနာသုံးမျိုးရှု၊ ထိနမိဒ္ဓဆိုတာ ဝေဒနာသုံးမျိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ထိနမိဒ္ဓဆိုတာ (ဝေဒနာသုံးမျိုးပါ ဘုရား)၊ ဝေဒနာသုံးမျိုးဆိုတာ မှတ်ထားကြပါ၊ စိတ္တာနုပဿနာသမားက လောဘနဲ့ဒေါသသာ မှတ်လိုက် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် ထိနမိဒ္ဓကြောင့် ခင်ဗျားတို့ ထွက်မြောက် ကြောင်း ဖြစ်ပါပြီ (မှန်ပါ့)။
ထိနမိဒ္ဓကြောင့် (ထွက်မြောက်ကြောင်း ဖြစ်ပါပြီဘုရား)၊ ထွက်မြောက်ကြောင်း ဖြစ်တယ် မဖြစ်တယ် သူ့ရှုလိုက် တော့ ဝမ်းထဲက မဂ်ပေါ်လာတာ၊ မဂ်မပါဘဲနဲ့ ထိနမိဒ္ဓ ဖြစ်ပျက်ကို မမြင်ပါဘူး (မမြင်ပါ ဘုရား)။
ဒါဖြင့် ထိနမိဒ္ဓကြောင့် ကျုပ်တို့ ထွက်မြောက်ကြောင်းဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် မနေ့က ပြောခဲ့တဲ့ နည်းအတိုင်းဆိုလို့ရှိရင်ဖြင့် ရန်သူကိုပင်လျှင် ကိုယ့်အကျိုးဆောင်ဖို့ ခိုင်းသလို (မှန်ပါ့ ဘုရား)။
ရန်သူကို (အကျိုးဆောင်ခိုင်းပါတယ်)၊ အကျိုးဆောင်ခိုင်းလိုက်တယ် (မှန်ပါ့)၊ ခိုင်းလိုက်တော့ သူကကော မဆောင်ဘူးလား (ဆောင်ပါတယ် ဘုရား)။
အဲဒီလိုဆိုလို့ရှိရင်ဖြင့် တဲ့၊ ဒါ တရားဟော မညံ့ဘူးသာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ခင်ဗျားတို့က ထိနမိဒ္ဓဝင်လာရင် အိပ်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဪ ဒါဟာ ဆရာမညံ့ဘူး၊ တပည့်ညံ့ပဲ ဖြစ်မယ် (မှန်ပ့ါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဘယ်သူညံ့သလဲ (တပည့်ညံ့ပါတယ် ဘုရား)၊ သူ-မရှုဖြစ်ဘူး၊ မရှုဖြစ်လို့ ထိနမိဒ္ဓက အနိုင်ယူသွားတယ် (မှန် ပါ့)၊ သဘောပါကြလား (ပါပါပြီ)။
ကိုင်း ဒါဖြင့် ထိနမိဒ္ဓကို တော်လောက်ပါပြီတဲ့၊ မနေ့ကလည်း ပြောခဲ့ပြီ၊ ဒီနေ့တော့ ဝတ္ထုနှစ်ခုနဲ့ သက်သေ ခံလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဝတ္ထုနှစ်ခုနဲ့ သက်သေခံလိုက်တဲ့အတွက် ဒီဥစ္စာဖြင့် ၉ နာရီ ၁၀ နာရီ ၁၁ နာရီကျလို့ ရှိရင်ဖြင့် အင်း ဆရာကတော့ အရှုခိုင်းတာပဲ၊ ငါက အိပ်ချင်တယ်ဆိုပြီး အိပ်လိုက်လို့ရှိရင်ဖြင့် တပည့်ညံ့ဖြစ် လိမ့်မယ် (မှန်ပါ့ ဘုရား)။
မဟုတ်ဘူးလား (မှန်ပါ့)၊ ရှုရင်းပျော်သွားလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ မဆိုလိုပါဘူး (မှန်ပါ့ ဘုရား)၊ သူလာလည်း လာလိုက် ရှုလိုက်၊ လာလိုက် ရှုလိုက်၊ ကောင်းပါတယ် (မှန်ပါ့)။
ဝိပဿနာကနေ ကျေးဇူးပြုတဲ့ အိပ်စိတ်
ဒီ့ပြင်ဟာလည်း ရှုရင်း ပျော်သွားတာရှိသေးတာကိုး သူ့ရှုမှပျော်တာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)၊ ဒီ့ပြင်ဟာရှုရင်း မတ္တနဲ့လည်း ပျော်သွားတာ ရှိတာကိုး၊ အဲဒါက ဒီ့ပြင်စိတ်တွေ ထိနမိဒ္ဓကြောင့် အိပ်စိတ်လာတာ မဟုတ်ဘူးတဲ့၊ ဒီ့ပြင် ဝိပဿနာကနေ ကျေးဇူးပြုတဲ့ အိပ်စိတ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဒါ ဘယ်အချိန် စစ်တိုက်ရမှာတုံး ဆိုတော့ ကိုယ့်အိပ်ချိန် စစ်တိုက်ရမယ် (မှန်ပါ့ ဘုရား)၊ ဘယ်အချိန် စစ်တိုက်ရမလဲ (ကိုယ့်အိပ်ချိန် စစ်တိုက်ရပါမယ်)၊ အင်း ဟင် ဘေးလည်းမငြိစေနဲ့ (မငြိ စေပါ ဘုရား)၊ လက်နက်ပြင်ထားနော် (မှန်ပါ့)။
ဘေးငြိသလားဆိုတော့ ဦးသန်းမောင် ဘယ့်နှယ်တုံး (မငြိပါ ဘုရား)၊ ဘာပြင်ထားရမတုံး (လက်နက်ပြင် ထားရပါမယ်)။
အဲ ဉာဏ်ပြင်ထားရမယ် လာသာလာပစေကွ၊ ရှုမကွဆိုပြီး ကိုယ်က ခါးတောင်းကျိုက်ပြီးသကာလ လက်ခမောင်းခတ်စမ်းပါ (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် သူလည်း လာပါရော စင်းစင်းလဲသေပါရောဆိုရင်ဖြင့် အတော် မနာဘူးလား (နာပါတယ် ဘုရား)၊ အဲဒါတွေကိုလည်း ဉာဏ်ဦးလှည့်ရမယ်ဆိုတာ ဝိပဿနာအလုပ်သမားမှာ တော် တော် အရေးကြီးတဲ့စကားပဲ ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် နီဝရဏတရား အခုသုံးပါးပြီးသွားပြီ၊ လေးပါးမြောက်ကို ယနေ့စ,မယ်။
ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ
ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ၊ ဥဒ္ဓစ္စဆိုတာက ပျံ့လွင့်တဲ့စိတ်ကလေး ဝင်လာတာ၊ ကုက္ကုစ္စ ဆိုတာက တွေးလုံးဝင်လာတာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဥဒ္ဓစ္စဆိုတာက ဟိုပြေး ဒီပြေးတဲ့ စိတ်ကလေးဝင်လာတာ (မှန်ပါ့)။
ကုက္ကုစ္စဆိုတာက ဒကာ ဒကာမတို့ မှတ်ပါ၊ တွေးလုံး မတရားတွေးလုံးဝင်လာတာ တရားတဲ့တွေးလုံး မဟုတ်ဘူး (မှန်ပါ့)၊ ခန္ဓာဉာဏ်ရောက် တွေးတဲ့သဘော မဟုတ်ဘူး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ပြေးတဲ့စိတ်ကို ဥဒ္ဓစ္စ၊ ဟုတ်လား၊ မတရားသဖြင့် တွေးတဲ့စိတ်ကို ကုက္ကုစ္စ၊ ဒါကို စွဲစွဲမြဲမြဲမှတ်ပါ (မှန်ပါ့ ဘုရား)၊ ပြေးတဲ့စိတ်ကို (ဥဒ္ဓစ္စလို့ မှတ်ပါ)၊ မတရားတာတွေ တွေးတဲ့စိတ်ကို (ကုက္ကုစ္စပါ)။
ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စဟာ တွဲသာနေရတယ်၊ ခေါ်သာခေါ်နေရပါကလား။ စင်စစ်တော့ သူတို့အလုပ်ချင်းကတော့ ဖြင့် ခပ်ခြားခြားပဲ (မှန်ပါ့)၊ ပြေးတဲ့စိတ်ကို (ဥဒ္ဓစ္စခေါ်ပါတယ်)၊ မတရားသဖြင့် တွေးတဲ့စိတ်ကို (ကုက္ကုစ္စလို့ ခေါ်ပါ တယ်)။
ဒါမထူးဘူးလား (ထူးပါတယ်)၊ ထူးနေပြီတဲ့ ထူးနေပြီ၊ ဘယ့်နှယ်ကြောင့် သူတို့ကို ဥဒ္ဓစ္စ-ကုက္ကုစ္စလို့ တွဲ ဟောရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ တစ်ခုနဲ့တစ်ခု ကွာတဲ့တစ်ခုဝင်ရင် တစ်ခုလာတော့တာပဲ (မှန်ပါ့)၊ ဒါကြောင့် ငါတွဲဟောတယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ဥဒ္ဓစ္စလာရင် ကုက္ကုစ္စလာမယ် (မှန်ပါ့)၊ ကုက္ကုစ္စလာရင် (ဥဒ္ဓစ္စ လာပါမယ်)၊ ဥဒ္ဓစ္စလာမယ်တဲ့။
ကိုင်း ဒါဖြင့် ဥဒ္ဓစ္စ အသာချိတ်ထား ကုက္ကုစ္စ ပြောမယ် ကုက္ကုစ္စ ဘယ့်နှယ်ကြောင့် ပြောရပါလိမ့်မတုံး လို့ ဒကာ ဒကာမတွေက မေးတော့ ခင်ဗျားတို့ကလည်း အဇ္ဇေဝသုဝေဝ-နက်ဖြန်သဘက် သေနိုင်တယ်၊ ဟောတဲ့ ပုဂ္ဂိုလ်ကလည်း အဇ္ဇေဝသုဝေဝနဲ့ ဟောရတယ် (မှန်ပါ့ ဘုရား)၊ ကုက္ကုစ္စဟာ ဥဒ္ဓစ္စထက် ကြောက်စရာကောင်းလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဥဒ္ဓစ္စထက် (ကုက္ကုစ္စက ကြောက်စရာကောင်းပါတယ် ဘုရား)၊ ကုက္ကုစ္စက ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ကုက္ကုစ္စဆိုတာက ရှေးက ငယ်ငယ်တုန်းက မိုက်ထားတာကို တွေးမိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကုက္ကုစ္စဆိုတာက
ငယ်ငယ်တုန်းက မိုက်တူးတေထားတာတွေကို (တွေးမိပါတယ်)၊ အဲဒါ ဘာခေါ်မလဲ (ကုက္ကုစ္စပေါ်ပါတယ်)၊ သဘောကျပလား (ကျပါပြီ)။
ပြီးတော့ကို ခင်ဗျားတို့က အခုအချိန်လွန်မှ ဘုန်းကြီးဆီကို အရွယ်ကြီးမှရောက်လာကြတော့ ဪ တရား တွေကလည်း ဒုက္ခချုပ်တဲ့ဆီ မရောက်ဘူး ခက်လိုက်တာ၊ ဒါလည်း ကုက္ကုစ္စပဲ၊ ရှင်းပလား (ရှင်းပါပြီ)။
နောက်ကမကောင်းတာတွေ တွေးမိတာလည်း (ကုက္ကုစ္စပါ ဘုရား)၊ အခု ငါလုပ်နေတဲ့ အလုပ်မရောက်သေး လို့ ခက်သေးတယ်ဆိုတာကော (ကုက္ကုစ္စပါ ဘုရား)။
ဒါဖြင့် အကုသိုလ်ကိုလုပ်မိလို့ တွေးမိတာလည်း ကုက္ကုစ္စပဲ (မှန်ပါ့)၊ ကုသိုလ်မလုပ်ရသေးလို့ တွေးတာလဲ (ကုက္ကုစ္စပါ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါကလား (မှန်ပါ့)၊ သူ့ကို မမြင်တဲ့တရားဟာ မဂ်တားတယ် (မှန်ပါ့)။
သေသေချာချာမှတ်ပါ ရှေးကပြုဖူးတဲ့ အကုသိုလ်တွေ တွေးရင် (ကုက္ကုစ္စပါ ဘုရား)၊ အခု အားထုတ်နေတဲ့ အလုပ်ကို အပြီးသို့ မရောက်သေးလို့ ခက်သေးတယ်ဆိုတဲ့ တွေးလုံးဟာ (ကုက္ကုစ္စပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဪ ကုက္ကုစ္စသည်ကားလို့ဆိုရင် တွေးလုံးနှစ်မျိုးပါကလားလို့ ဦးသန်းမောင် မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ငယ်ငယ်တုန်းက ဘာမှမသိခင်တုန်းက မူးခဲ့-ရူးခဲ့-ပေခဲ့-တေခဲ့တာတွေကို အခု တရားအားထုတ်ရင်း မတ္တနဲ့ တွေးလုံးပေါ်လာတာကော ဘာဆိုကြမလဲ (ကုက္ကုစ္စပါ ဘုရား)၊ မှတ်ထား မှတ်ထားပါ ဒါကို။
အခုသေခါနီးအချိန်မှာလည်း ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြန်တော့ ဪ အချိန်က နောက်ကျ သွားလို့ ခက်တယ်ဆိုတာကော (ကုက္ကုစ္စပါ ဘုရား)။
မလာရဘူး၊ ဒီနှစ်ခု (မှန်ပါ့)၊ ဒီနှစ်ခု မလာစေရဘူး (မှန်ပါ့ ဘုရား)၊ ဒါ့ကြောင့် ဒီစကားအရေးကြီးတယ်ပြော တာ (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ်)။
ဒီစကား ခင်ဗျားတို့ အရေးကြုံမှလာတာ ဦးသန်းမောင် (မှန်ပါ့)၊ အံမာ အိပ်ကောင်းနေလို့ စားကောင်းနေရင် သူမလာဘူး (မှန်ပါ့)။
ဒီဝိပဿနာ အလုပ်ကလေး လုပ်တော့မယ်ဆိုမှ အံမာ နှစ်ဆက်များ ဝင်လာလိုက်သေးတယ် (မှန်ပါ့)၊ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။
နောက်ကဟာပြန်တွေးတယ်
သေသေချာချာ စဉ်းစားကြည့်ပါ၊ ဒီတရားကောင်းတွေ တွေ့ရတဲ့အခါကျတော့ ကိုယ်က မိုက်ပြီးထားတော့ နောက်ကဟာပြန်တွေးတယ် (မှန်ပါ့)၊ နောက်ကဟာအတွက် နောက်ကဟာပြန်တွေးတယ် (မှန်ပါ့)၊ နောက်ကဟာ အတွက် ကုက္ကုစ္စပြန်ဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အခု တရားကောင်းတွေ တွေ့ပြန်တော့လည်း ကိုယ်က ခရီးမပေါက်သေးဘူး၊ ခက်လိုက်တာ (မှန်ပါ့)၊ ဒါက ဘာတုံး (ကုက္ကုစ္စပါ)။
မင်းတို့က တရားကောင်းတွေ တွေ့နေတာကိုး၊ ဒီတော့ ကုသိုလ်တရားတွေက ကြည့်စမ်း ဖြစ်ပျက်ရှုနေတော့ ကုသိုလ်တရားတွေ ရနေတာပဲ၊ မဂ်ကုသိုလ်တွေ ရနေတာပဲ၊ ကိုယ်က နိဗ္ဗိန္ဒဆိုတဲ့ မဂ်ကုသိုလ်က မရသေး၊ နိဗ္ဗာန်မြင် တဲ့ မဂ်ကုသိုလ် ဖိုလ်ကုသိုလ်ကလည်း မရ၊ အဲဒါလည်း ခက်သေးတာပဲ။
ဒါလည်း ဘာခေါ်ကြမလဲ (ကုက္ကုစ္စပါ ဘုရား)၊ ဒါဖြင့် ကုက္ကုစ္စဟာ ပြုခဲ့ပြီး အကုသိုလ်တွေးရင်လည်း ကုက္ကုစ္စ (မှန်ပါ့ ဘုရား)၊ မရသေး မလုပ်ရသေးတဲ့ ကုသိုလ်တွေကို အတော်ပူပန်နေရင်လည်း (ကုက္ကုစ္စပါ ဘုရား)။
ကုက္ကုစ္စဟာ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ဦးသန်းမောင် ကြောက်စရာမကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။
ဒီအကုသိုလ်တွေကလည်း အခု တရားအားထုတ်မှပဲ ဟုတ်မှဟုတ်ပါ့မလား၊ ကိုယ့်အလုပ်တွေက အတော်ဆိုးတာ ပဲ (မှန်ပါ့)၊ သူ ဒီအချိန်မှလာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အင့်ဟင် အခု တရားထူး တရားမြတ်တွေ တွေ့တဲ့အချိန်ကျမှ တွေ့တဲ့တရားကလည်း တယ်မှန်၊ ကိုယ်က လည်း ခရီးမပေါက်သေးလို့ ခက်သေး (မှန်ပါ့)၊ ဒါလည်း ဘာခေါ်ကြမလဲ (ကုက္ကုစ္စပါပဲ ဘုရား)။
အင်း သူ အကုသိုလ်ဘက်ကိုလည်း ကုက္ကုစ္စ (မှန်ပါ့)၊ ကုသိုလ်ဘက်ကိုလည်း (ကုက္ကုစ္စပါ ဘုရား)၊ ဒါဖြင့် သတ္တဝါတွေ သေလေသ၍ ဒီနှစ်ခုနှိပ်စက်နေတာ (မှန်လှပါ ဘုရား)၊ သေတဲ့လူအပေါင်းဟာ (မှန်ပါ့)၊ ဒါကြောင့် သူ့ ကို ရှေ့ထားပြောပါတယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သတ္တဝါသေလေသ၍ကို ဒီနှစ်ခုနှိပ်စက်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
သေခါနီးကျလာလို့ရှိရင် ဘာနှိပ်စက်တယ် ထင်ကြသလဲ
သတ္တဝါများ သေခါနီးကျလာလို့ရှိရင် ဘာနှိပ်စက်တယ် ထင်ကြသလဲ (ကုက္ကုစ္စပါ ဘုရား)၊ ကုက္ကုစ္စ နှိပ်စက် တယ်။
ဪ ငယ်ငယ်တုန်းက မိုက်ခဲ့တာတွေဟာ ဒါတွေးပြီးသကာလလည်း နှိပ်စက်တယ် (မှန်ပါ့)၊ ဪ မလုပ်ရသေးတာကလည်း ကုသိုလ်ဘက်က မလုပ်ရသေးတာတွေကလည်း ရှိနေတယ် အဲဒါလည်း စိတ်ထဲမအေးဘူး ဆိုပြီး သေသွားတာပဲ (မှန်ပါ့)။
တချို့ဘုရားတန်းလန်းနဲ့ သေသွားတာတွေလိုပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ဘုရားကလည်း မပြီးသေး ခက်တယ် ဆိုပြီး သေသွားတော့ ကုက္ကုစ္စနဲ့သေတာ ခင်ဗျားတို့ကတော့ ဘုရားစွဲပြီး သေတယ်ထင်ကြတယ်၊ ကုက္ကုစ္စနဲ့ သေတာ (မှန်လှပါ ဘုရား)၊ ကြောက်စရာကြီး (မှန်ပါ့)။
သူ့သားကလေး စွဲသေသွားတယ်တဲ့၊ ရှင်ကလေးပြုချင်ရှာလို့ဆိုတော့ ဒါခင်ဗျားတို့ ရှင်ပြုသူသတ်တာ ကိုယ့် ကုက္ကုစ္စကို မသိမှ မသိဘဲ (မှန်ပါ့ ဘုရား)။
သူက ရှင်ပြုချင်တဲ့ လှူမှုတန်းမှုကို အာရုံပြုတာလား၊ မပြုရသေးလို့ ခက်တယ်လို့ သေသွားတာလား (မပြုရ သေးလို့ ခက်တယ်ဆိုပြီး သေသွားတာပါ ဘုရား)၊ ဒီကုက္ကုစ္စနဲ့ သေသွားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးသန်းမောင်တို့ ဦးသံဒိုင်တို့က ဆုံးဖြတ်ချက်ချ၊ မောင်သစ်တို့က ဆုံးဖြတ်ချက်ချပါ ဒီတရားပွဲမှာ၊ များသောအားဖြင့် ဒီအသေများတယ်လို့ (မှန်ပါ့ ဘုရား)၊ မများဘူးလား (များပါတယ် ဘုရား)။
အဲဒီတော့ ဘေးက မသာဧည့်ခံ ကောင်းကတော့ မသိဘူး၊ မသာဧည့်ခံကောင်းကတော့ သားသမီး ရှင်ပြုချင် တဲ့စိတ်နဲ့ သေသွားတယ်လို့ ပြောချင်ပြောနေတာ (မှန်ပါ့ ဘုရား)။
ဧည့်ခံကောင်းမို့ လိမ်ပြောတာ စင်စစ် ကုက္ကုစ္စ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ စင်စစ် အပါယ်သွား ရမှာ သူ့ဘဝက (မှန်ပါ့)။
ဦးသန်းမောင် ဒီလိုကော မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား)၊ သူက လိမ်ပြီးဧည့်ခံတာ (မှန်ပါ့)၊ ဘယ်လိုဧည့်ခံပါလိမ့် (လိမ်ပြီး ဧည့်ခံပါတယ် ဘုရား)။
သူ့အထင်ကတော့ဖြင့် ဒါသားကလေး ရှင်ပြုချင်တဲ့စိတ်နဲ့ သေသွားရှာတယ်၊ ဒီလိုယူတယ် (မှန်ပါ့)၊ ဘုရား ပြီးချင်တဲ့စိတ်နဲ့ သေသွားရှာတယ် (မှန်ပါ့)။
ကုက္ကုစ္စကြီးနဲ့ သေသွားတာ
ဟိုကတော့ ကုက္ကုစ္စကြီးနဲ့ သေသွားတာ (မှန်ပါ့)၊ အင်း ကိုယ်ကုသိုလ်လုပ်ထားတာ မပြီးသေးလို့ ခက် သေးတယ်ဆိုတဲ့ သောကနဲ့ သေသွားတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာနဲ့သေသွားသလဲ (သောကနဲ့ သေသွား ပါတယ်)။
ဒါကို ခင်ဗျားတို့က မသာဧည့်ခံကောင်းက ဘယ်လိုများ ပြောလေ့ရှိသတုံး ဘုရားစွဲပြီး သေသွားတာ သုဂတိ-သုဂတိ သေချာတယ်၊ အင်း ဒီလိုများ ဧည့်ခံသေးတယ် (မှန်ပါ့ ဘုရား)၊ မပြောကြဘူးလား ပြောကြ သလား (ပြောကြပါတယ် ဘုရား)၊ ဘယ်ဟုတ်လိမ့်မတုံး၊ ဒီဥစ္စာ ကုက္ကုစ္စနဲ့ သေသွားတာကြီး (မှန်ပါ့ ဘုရား)။
ဒါဟာ အင်မတန်ကြားရခဲတဲ့ တရားလို့ဆိုတာကိုလည်း သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ကဲ ဦးသံဒိုင်တို့ ဦးသန်းမောင်တို့ မောင်သစ်တို့ပဲ ဆုံးဖြတ်ချက်ချတော့ ဘုရားစွဲပြီး သေသွားတာလား မပြီးသေးလို့ သောကရောက်တာလား (သောကရောက်တာပါ ဘုရား)၊ ဟင် သောကဆိုရင် ကုက္ကုစ္စပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
တချို့ ဒီလူ နာလံထလို့ရှိရင်တော့ ရဟန်းခံမယ်၊ အဲဒါကလေး စွဲသေသွားရှာတယ်၊ အံမာလေး ဒီလိုများ ပြောကြသေးတယ် (မှန်ပါ့)၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
ဒီတောင်က တက်လို့ရှိရင်တော့ သူ ရဟန်းခံမယ်ဆိုတဲ့စိတ်ဟာ စိတ်ကောင်းကလေးနဲ့၊ အခုတော့ ဒီတောင်က မတက်ရှာဘူး၊ ဒီစိတ်ကလေးနဲ့ သေသွားတယ် (မှန်ပါ့)၊ ရဟန်းခံချင်တဲ့စိတ်ကလေးနဲ့ သေသွားတယ်ဆိုတော့ တက် လိုက်ရတာလား မတက်လိုက်ရတာလား (မတက်လိုက်ရတာပါ ဘုရား)။
မတက်ရတော့ သောက မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် သူသည် ကုသိုလ်စိတ်နဲ့ သေတာလား သောကဒေါသနဲ့ သေတာလား (သောက ဒေါသနဲ့ သေတာပါဘုရား)။
အဲဒါ ခင်ဗျားတို့ ဒီနေ့ည အရေးတကြီးပြောတယ် (မှန်ပါ့)၊ အရေးတကြီးပြောပါတယ် တဲ့၊ များသောအား ဖြင့် ဝိပဿနာမပါတဲ့ ပုဂ္ဂိုလ်များမှာ ဒီသောကနဲ့ သေသွားတာ သိပ်များတယ် (မှန်ပါ့)၊ မများဘူးလား (များပါတယ် ဘုရား)၊ ဒါက ကုသိုလ်ဘက်က သောကပဲရှိသေးတယ်နော် (မှန်ပါ့)။
အင်း ဟင် သူက မမာနေတာ၊ သူ့သားကလေးက အဝေးမှာနေတော့ ဒါကလေး မအေးရှာဘူး၊ တစ်တောင့်တတနဲ့ သေသွားတယ်၊ အဲဒါကလည်း အတူတူပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်ဟာ ကောင်းသတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား)။
ဘုရားတည်တယ်၊ မပြီးတာနဲ့ သောကနဲ့ သေသွားရှာတယ် (မှန်ပါ့)၊ သားကလေး ရှင်ပြုချင်တာ ပစ္စည်းတွေက စုပြီးသား၊ အသေကလေးက စောသွားလို့ (မှန်ပါ့)၊ သို့သော်လည်း ကောင်းရာတော့ သွားမှာပါပဲဟေ့ ရှင်ပြုချင် တဲ့စိတ်နဲ့ သေသွားရှာတာ ဘယ်ဟုတ်ရမတုံး မပြုရဘဲနဲ့ သေသွားတဲ့ဥစ္စာကြီး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်လိုသေသွားတာတုံး (မပြုရဘဲနဲ့ သေသွားတာပါ)။
မပြုရဘဲနဲ့ သေသွားတော့ကို မောင်သစ်ပဲ သေကြည့်ပါ၊ ဪ ပြုချင်လျက်နဲ့ မပြုရဘူးဆိုတာနဲ့ သေသွား တာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကုက္ကုစ္စနဲ့သေတာပဲ (မှန်ပါ့ ကုက္ကုစ္စနဲ့သေတာပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာနဲ့ သေကြသလဲ (ကုက္ကုစ္စ နဲ့ သေကြတာပါ)။
အဲဒီတော့ ခင်ဗျားတို့ကိုလည်း သတိပေးလိုက်တယ် ခင်ဗျားတို့က အခု ဝိပဿနာအလုပ် အားထုတ် နေတယ်၊ ဝိပဿနာအဆုံးဟာ မဂ်ဉာဏ်ပဲ (မှန်ပါ့)။
ဝိပဿနာအဆုံးဟာ မဂ်ဉာဏ်
ဝိပဿနာအဆုံးဟာ (မဂ်ဉာဏ်ပါ ဘုရား)၊ ဝိပဿနာဉာဏ်ကနေတက်လိုက်တော့ မဂ်ဉာဏ်ပဲရှိတယ် (မှန်ပါ့)၊ ဝိပဿနာမဂ်၊ လောကုတ္တရာမဂ်၊ ဒီနှစ်ချက်ပဲရှိပါတယ် (မှန်ပါ့)၊ ဒီ့ပြင် အပိုမရှိဘူး (မရှိပါ ဘုရား)။
အဲဒါကြောင့် ဟို သုသိမ ပရဗိုဇ်များ ဟောတော့ ‘ပုဗ္ဗေ ခေါသုသိမ ဓမ္မဋ္ဌိတိဉာဏံဟောတိ၊ ပစ္ဆာ နိဗ္ဗာနနေဉာဏံ’လို့ ဆိုပြီး ဘုရားက ဟောလိုက်တယ်၊ သုသိမ=သုသိမ၊ ပုဗ္ဗေ=ရှေးအခါကာလ၌၊ ဓမ္မဋ္ဌိတိဉာဏံ=ဝိပဿနာ ဉာဏ်သည်၊ ဟောတိ=ဖြစ်၏၊ ပစ္ဆာ=နောင်အခါကာလ၌၊ နိဗ္ဗာနေဉာဏံ=နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်သည်၊ ဟောတိ=ဖြစ်၏။
သုသိမကို ဒီအတိုင်းဟောလိုက်တယ်၊ နှစ်ဉာဏ်တည်း ခင်ဗျားတို့ အားထုတ်ရမှာ (မှန်ပါ့)၊ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ရယ် နိဗ္ဗာန်မြင်တဲ့ဉာဏ်ရယ်၊ ဒါပဲ အားထုတ်ရမယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့)။
နိဗ္ဗိန္ဒဉာဏ်ဆိုတာကတော့ ထည့်မနေပါနဲ့တော့ မောင်သစ် သူက ဖြစ်ပျက်မြင်နေတာပဲ (မှန်ပါ့)၊ ဖြစ်ပျက် မြင်တဲ့ဉာဏ်ပဲ စဉ်းစားလိုက်တော့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ဉာဏ်နဲ့ တက်ကြမယ် (နှစ်ဉာဏ်ပါ ဘုရား)၊ အဲ ဓမ္မဋ္ဌိတိဉာဏ် ဆိုတဲ့ ဝိပဿနာဉာဏ်နဲ့ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်နဲ့ဆိုရင် ဦးသန်းမောင် ပြီးပြီ (မှန်လှပါ)။
ဖြစ်ပျက်မြင်ရင် ငါမကြောက်တော့ဘူး
ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်ရင် ငါမကြောက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)၊ နောက် နိဗ္ဗာန် မြင်တဲ့ တစ်ဉာဏ်သာ ကျန်တော့တယ် (မှန်ပါ့)။
အင်မတန် အားရှိစရာလည်းကောင်းပါတယ် (မှန်ပါ့ ဘုရား)၊ ဒါက နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်မှာ သုသိမ ပရိဗိုဇ်ကို သေသေချာချာဟောတယ်၊ နှစ်ဉာဏ်တည်းကွ (မှန်ပါ့)၊ ကိုယ်တော်တိုင် ဟောတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ကုက္ကုစ္စဟာ တခြားသော တရားထက် ဦးသန်းမောင်တို့ ဦးသံဒိုင်တို့ မောင်သစ် တို့ ကြောက်စရာကောင်းတယ် (ကြောက်စရာကောင်းပါတယ် ဘုရား)။
ကြောက်စရာသိပ်ကောင်းတယ် (မှန်ပါ့)၊ ဒီ ကုက္ကုစ္စဆိုတဲ့ဥစ္စာ ပြုပြီးသားအတွက်လည်း သူစိုးရိမ်တာပဲ (မှန်ပါ့)၊ ငါ ငယ်ငယ်တုန်းက မူးခဲ့ ရူးခဲ့တယ်၊ ဒီ အကုသိုလ်တွေအတွက် စိုးရိမ်တယ်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ အခု တရားကလည်း မပေါက်သေးလို့ စိုးရိမ်တယ် (မှန်ပါ့)။
သူက စိုးရိမ်ချည်းပဲ၊ သောကချည်းပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပြုပြီးသားအတွက်ပဲ ဘာလဲ (စိုးရိမ်ပါတယ်)၊ မပေါက်သေးတဲ့ တရားအတွက်ကော (စိုးရိမ်ပါတယ် ဘုရား)၊ သောကဖြစ်တယ် (ဝါ) စိုးရိမ်တယ် (မှန်ပါ့)။
နှစ်ခုစလုံး ကုက္ကုစ္စ
ကဲ ဘယ်ဟာတုံး တဲ့၊ နှစ်ခုပေါင်းယူလိုက်ပါ၊ ဒါ နှစ်ခုစလုံး ကုက္ကုစ္စလို့မှတ်လိုက် (မှန်ပါ့ ဘုရား)။
ကုက္ကုစ္စဆိုတာ ဘာတုံးလို့မေးတော့ ဒေါသနဲ့ယှဉ်တယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဒေါသဣဿာ မစ္ဆရိယကုက္ကုစ္စ-ဒေါသမူဒွေးမှာ ယှဉ်တာပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခုနင်က မသာ ဧည့်ခံကောင်းတွေ ပြောတာဟာ ဦးသန်းမောင် အပိုလို့မှတ် (အပိုပါ ဘုရား)၊ ဦးသံဒိုင် ကကော ဘယ်လိုမှတ်မယ် (မသာ ဧည့်ခံကောင်းတွေ ပြောတာဟာ အပိုပါ ဘုရား)၊ ခင်ဗျားတို့ မယောင်ကြနဲ့ ပြော တာ (မှန်ပါ့ ဘုရား)။
ဟိုမှာ မသိလို့ပြောနေတာ (မှန်ပါ့)၊ မသိလို့ ပြောနေတာ ဘုရား မပြီးဘူး မပြီးဘူးနဲ့ သေသွားရှာတယ်၊ ကျောင်းတန်းလန်း တန်းလန်းနဲ့ ဒါစွဲ သေသွားရှာတယ်၊ မသာဧည့်ခံသမားက ဒါပြောတာဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
သူပြောတာ သေတဲ့ပုဂ္ဂိုလ်မှာ ခင်ဗျားတို့က အကဲခတ်ကြည့်တော့ လုပ်မှ လုပ်နိုင်ကြပါ့မလား အပြီးမှ သတ်နိုင်ကြပါ့မလား ဆိုတဲ့ ကုက္ကုစ္စနဲ့ သေသွားတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့အားလုံးပဲ သေကြရလိမ့်မယ် တဲ့၊ မသေမဲ့ပုဂ္ဂိုလ် ဘယ်သူမှမရှိဘူးဆိုသဖြင့် လင်နဲ့မယား နေကြတာ အင်း ယောကျ်ားက အရင်သေမယ်ဆိုလို့ရှိရင်လည်း ဒီသားမယားနဲ့ ဒီမိန်းမနဲ့ ဒီကလေးတွေနဲ့ နေရာမှ ကျပါ့မလားနဲ့ ကုက္ကုစ္စက သွားပြီ (မှန်ပါ့)။
ဒါတွေဟာ ခင်ဗျားတို့ နေရာမှ ကျပါ့မလားဆိုတဲ့ဥစ္စာ ဦးသံဒိုင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကုက္ကုစ္စပါ ဘုရား)။
ကဲ အချိန်စေ့သွားပြီ ယနေ့ည တော်ကြဦးစို့။
သာဓု သာဓု သာဓု။