ဗျာပါဒ နီဝရဏ နှင့် ထိနမိဒ္ဓ နီဝရဏတို့ အကြောင်း
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌
ဟောကြားတော်မူသော
ဗျာပါဒ နီဝရဏ နှင့် ထိနမိဒ္ဓ နီဝရဏတို့ အကြောင်း
ညအလုပ်ပေး တရားတော်
(၁၉-၁၁-၆၁)
ပြစ်မှားတတ်တာ ဗျာပါဒ
ဗျာပါဒ နီဝရဏ၊ ဗျာပါဒဆိုတာ အားလုံး ဒကာ ဒကာမတွေ မှတ်ထားပါ၊ ဗျာပဇ္ဇတီတိ ဗျာပါဒေါ၊ ဗျာပဇ္ဇတိ =ပြစ်မှားတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဗျာပါဒေါ=ဗျာပါဒမည်၏၊ ပြစ်မှားတတ်တာ ဗျာပါဒ လို့ မှတ်ပါ။
ကိုယ့်ကိုယ်ပြစ်မှားလည်း ဗျာပါဒပဲ၊ သူတစ်ပါးပြစ်မှားလည်း ဗျာပါဒပဲလို့ မှတ်ပါ။ ကိုယ့်ကိုယ် အလိုမကျတာ လည်း ဗျာပါဒ၊ သူတစ်ပါးကို အလိုမကျတာလည်း (ဗျာပါဒပါပဲ ဘုရား)။
အဲဒါကို ဪ သူတစ်ပါး ပြစ်မှား- ပြစ်မှား၊ ကိုယ့်ကိုယ်ပဲ ပြန်ပြီး ပြစ်မှား-ပြစ်မှား တစ်ခါတလေ ကိုယ့်ကိုယ်နဲ့ ကိုယ်နဲ့ စိတ်ဆိုးနေတာ ရှိသေးတယ်၊ ငါ့ကိုယ်က ဟန်မကျတာ၊ ဒီလိုလည်း ရှိသေးတယ် (မှန်ပါ့)။
ငါ့ကိုယ်က ဟန်မကျတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတယ်၊ ဗျာပါဒဖြစ်တယ်၊ ဘယ်သူဟန်မကျလို့ ဒီဥစ္စာ ပျက်စီးရတယ်၊ ဖောက်ပြန်ရတယ်ဆိုလို့ရှိရင် သူတစ်ပါးကြောင့် ဗျာပါဒဖြစ်တယ်။
ဒါဖြင့် ဗျာပါဒသည် ကိုယ့်ကိုယ်ကြောင့်လည်း ဖြစ်တယ်၊ သူတစ်ပါးကြောင့်လည်း ဖြစ်တယ်ဆိုတဲ့ဥစ္စာ မှတ် ပါ (မှန်ပါ့ ဘုရား)။
အဲဒီ့ ဗျာပါဒဟာ ဘာဖြစ်တတ်သတုံးလို့ မေးလို့ရှိရင်ဖြင့် နီဝရဏ လို့ ဘုရားက ဟောလိုက်တယ်၊ နီဝရဏ လို့ ဟောလိုက်တော့ နီဝရဏသည် မဂ်ဖိုလ် တားမြစ်တယ်ကွာ လို့ ဟောလိုက်တယ်။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးနေလည်း မဂ်ဖိုလ် တားတာပဲ သူတစ်ပါးအတွက် မဂ်ဖိုလ် တားတာပဲ (မှန် ပါ့)။
ဒါဖြင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ကိုယ့်ကိုယ်လည်း စိတ်မဆိုးနဲ့ သူတစ်ပါးအတွက်လည်း ဘာမှရတက် တွေ ဘာတွေပွေမနေနဲ့ (မှန်ပါ့)၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်ပါ။ သူတစ်ပါးအတွက် ပွေလာလို့ရှိရင်လည်း ဪ သူ့အတွက် ကျုပ်စိတ်မကောင်းဘူး တရားထူးတွေ အခု ဒီမှာရှိနေတယ်၊ သားမယားတွေ မနာရရှာကြဘူး (မှန်ပါ့)၊ ဒါ မလာစေနဲ့ လာရင် နီဝရဏ လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဆုတ်နစ်တဲ့ ဒေါသလည်း နီဝရဏပဲ
လာရင် နီဝရဏလို့ မှတ်ပါတဲ့၊ ဆုတ်နစ်တဲ့ ဒေါသဖြစ်တယ် (မှန်ပါ့)၊ ဆုတ်နစ်တဲ့ ဒေါသလည်း နီဝရဏပဲလို့ ဒကာ ဒကာမတွေက မှတ်လိုက်တော့ ကိုယ်လုပ်မှ ကိုယ်ရတဲ့ဥစ္စာကို သူတို့လည်း နာစေချင်လိုက်တာဆိုတော့ အသွားကောင်းသလောက် မဂ်ဖိုလ်တားတယ် (မှန်ပါ့ ဘုရား)။
အသွားတော့ သိပ်ကောင်းပါတယ် (မှန်ပါ့)၊ အသွားတော့ သူတစ်ပါးလည်း နာစေချင်လိုက်တာ ဒီတရားတွေ က ထူးလွန်းလို့၊ သိလွယ်အောင် ပြောနိုင်လွန်းလို့ ကိုယ်တော့ဖြင့် ကျေးဇူးများပါတယ် ၊ သူတို့အတွက် စိတ်ထဲမှာ မကောင်းဘူး၊ ဒါ လောကွတ် သွားမချော်နဲ့ လောကွတ်ချော်ရင် ရမည့် မဂ်တားပြီ (မှန်ပါ့ ဘုရား)၊ လောကွတ် ချော်ရင် ဘယ်လိုဆိုကြမယ် (ရမည့်မဂ် တားပါတယ် ဘုရား)။
အဲ ဗျာပါဒ နီဝရဏ၊ ဗျာပါသည် ဘုရားက နီဝရဏလို့ ဟောသောကြောင့် သူဟာ ပိတ်ပင်တော့မယ် ဆိုတာ နောက်က ဒကာ ဒကာမတွေလည်း မှတ်ရမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဗျာပါဒ နီဝရဏ ဘယ်လိုနည်း၊ ဗျာပါဒ နီဝရဏသည် ကိုယ့်အတွက်တော့ တချို့နေရာမှာ ဖြစ် ကောင်းတယ် ဘယ်လိုဖြစ်ကောင်းသတုံးဆိုလို့ရှိရင် ရဟန်းကြီးတစ်ပါး ရှေးကရှိတယ်၊ သူ့ဟာသူ ဗျာပါဒဖြစ်တယ်၊ သူက ပဋိကတ်ကိုလည်း ချောက်ချားနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ တောထွက်တယ် (မှန်ပါ့)၊ မဂ်ဖိုလ်ဟာကွာ ကြာတာမဟုတ်ပါဘူး တဲ့၊ ဝါမဆိုခင် အဖိတ်နေ့လောက်က တောထွက်တယ်၊ ပြန်လာပြီးတော့ ဝါဆိုမှီ သူက ရဟန္တာဖြစ်ပြီး ဝါဆိုမှာ (မှန်ပါ့)၊ သူ့အထင်တော့ သိပ်ကြီးတာပဲ။
မဟာသီဝမထေရ်
အထင်ကြီးပြီးတော့ ထွက်လိုက်တာ ဦးသံဒိုင် မရဘူး (မှန်ပါ့)၊ မဟာသီဝမထေရ်လို့ ခေါ်တယ်၊ ဘုရား လက်ထက်က (မှန်ပါ့)။
ဒါနဲ့ဟာ ဘယ့်နှယ် မရရမှာတုံးဆိုပြီး ဝါကျွတ်ရင် ရဟန္တာအဖြစ်နဲ့ ပဝါရဏာပြုမယ်ဆိုပြီး ကြိုးစားလိုက် တာ မရဘူး (မှန်ပါ့)၊ မရဘူး၊ ဒါလောက်တောင် ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ဒါနဲ့ တိုတိုပြောကြပါစို့ဆိုတော့ ဦးသန်းမောင် နှစ်ပေါင်း (၃၀) ကြာတယ် ပြန်ကိုမပြန်နိုင်ဘူး (မှန်ပါ့)၊ ဖြစ်ပျက်တွေတော့ မြင်ရဲ့ ခုနင်က ပြော တဲ့ဆီကို အလိုရှိတဲ့ဆီကို နိရောဓကို မျက်မှောက်မပြုနိုင်ဘူး၊ နိဗ္ဗာန်ကို မကူးနိုင်ဘူး၊ မကူးတော့ သူ့ကိုယ်သူ တစ်ခါ တည်း စိတ်ပျက်ပြီးသကာလ ဗျာပါဒ နီဝရဏ ဒေါသဖြစ်ပြီး ငိုလိုက်တယ် (မှန်ပါ့)၊ ၁၂ နှစ် အားထုတ်ပြီး ငိုလိုက် တယ် (မှန်ပါ့)။
ငိုလိုက်တော့ သူ့ကျောင်းနား စောင့်နေတဲ့ သစ်ပင်စောင့်နတ်သမီးက ဪ ဒီကိုယ်တော်ကြီးနှယ် ဖျင်းဘဲ ဖျင်းလွန်းလှတယ် မဂ်ဖိုလ်ရတာ ငိုလို့ရတယ်လို့ သူထင်နေတယ် ဆိုပြီးသကာလ ဒီနတ်သမီးကလည်း သူ့နား လူလိုလာပြီး ထိုင်ငိုနေသတဲ့၊ အဲဒီတော့ ငိုတာချင်း ပြိုင်နေတာပေါ့လေ (မှန်ပါ့)။
ငိုသံက ပြိုင်ပြီးသကာလနေတော့ ဟိုနားက ဒကာမက ဘာဖြစ်နေရတာတုံးလို့ သူကပဲ ကောက်မေးလိုက် တယ်၊ တပည့်တော်လည်း ကိုယ်ပိုင်တရား ရမလားလို့ ငိုနေလိုက်တာပဲ။
ငိုရင် တရားရမလားလို့
ဦးသန်းမောင် ငိုရင် တရားရမလားလို့ သူလည်း ငိုတာပဲတဲ့ ဒီတွင်မှ သတိရတယ်၊ ဪ ငိုလို့ တရားမရနိုင်ဘူး၊ အားထုတ်မှရမှာပဲဆိုပြီးသကာလ သူငိုတဲ့ ဗျာပါဒကို သိမ်းပြီးသကာလ အားထုတ်လိုက်တော့လည်း ဦးသန်းမောင် ရသွားတယ် မဂ်ဉာဏ် ဖိုလ်ဉာဏ် (မှန်ပါ့)၊ နဂိုတုန်းက သူ ဗျာပါဒများနေလို့ မရတာဆိုတာ သက်သေ ခံလိမ့်မယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ နဂိုကမရတာက ဘာ့ကြောင့်ပါလိမ့် (ဗျာပါဒများနေလို့ပါ ဘုရား)။
ဗျာပါဒများနေလို့ ရခဲတယ်၊ ရခဲလိုက်တာ ပြန်ချင်လှပြီ ရခဲလိုက်တာ ပြန်ချင်လှပြီတဲ့ ခင်ဗျားတို့လည်း ဒီလိုမဖြစ်စေနဲ့ (မှန်လှပါ ဘုရား)၊ ရခဲလိုက်တာ ပြန်ချင်လှပြီဆိုရင်ဖြင့် ရကိုမရဘူး (မှန်ပါ့)၊ ဗျာပါဒ နီဝရဏဟာ သိပ်ကြောက်စရာကောင်းတယ် (မှန်လှပါ ဘုရား)။
မောင်သစ်ကော မှတ်မိပလား (မှတ်မိပါပြီ)၊ ရခဲလိုက်တာ ပြန်ချင်လှပြီလို့ သွားမလုပ်နဲ့ကွ (မှန်ပါ့)၊ လုပ်လို့ ရှိရင် လုပ်လေ မရလေပဲ (မှန်ပါ့)၊ လုပ်လေ မရလေပဲဆိုတာ သူက နီဝရဏကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဗျာပါဒ နီဝရဏ မဂ်ဖိုလ်တားတာ ဒီကိုယ်တော်ကြီးမှာ သူက ဝါကျွတ်ရင် ရဟန္တာဖြစ်ပြီး ပြန်ပြီးတော့ ရဟန်းတွေနဲ့ ပဝါရဏာပြုချင်ရင်း၊ ဒီက မဂ်ဉာဏ် ဖိုလ်ဉာဏ် ကမရယင်း၊ တစ်ခါတည်း ဆက်ပြီးအား ထုတ်ပြန်လည်း သီတင်းကျွတ်မှီအောင်ဟ ကထိန်မှီအောင်ဟနဲ့ သူ့မှာမှီအောင်ဟတွေက ရှုပ်နေတာပေါ့ဗျ (မှန်ပါ့)၊ ရှုပ်နေတော့ ဒါတွေက ဗျာပါဒ ဝိတက်ဆိုတာကော သဘောကျပလား (မှန်ပါ့)၊ အဲဒီဗျာပါဒဝိတက်တွေကြောင့် သူ့မ မှာ မရပါဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာကန့်သတ် ကန့် သတ်၊ တရားထဲ မဝင်စေနဲ့
ဒါဖြင့် ခင်ဗျားတို့ အားထုတ်တဲ့အခါ ဒီဗျာပါဒ မရှိစော (မှန်ပါ့ ဘုရား)၊ ငါ ဘယ်အချိန်က ဘာပြောထား ခဲ့တဲ့ ဥစ္စာနဲ့ ကလေးဟာ ဘယ်ရက်ပြန်လာမယ်လို့ ပြောခဲ့တယ်၊ အဲဒါကလေးဟာ ငါ့မှာရှိနေတယ်လို့ ဒါတွေ လာကို မလာစေနဲ့ (မှန်ပါ့)၊ ရက်တွေ ဘာတွေ ကန့်သတ်ပြီးသကာလ နောက်မှ ခင်ဗျားတို့ တရားရပြီးမှ ဘာကန့်သတ် ကန့် သတ်၊ တရားထဲ မဝင်စေနဲ့ (မှန်ပါ့ ဘုရား)၊ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။
တရားထဲမှာ (မဝင်စေရပါ ဘုရား)၊ ဝင်လာရင် ဘာပါလိမ့် (ဗျာပါဒ နီဝရဏပါ ဘုရား)၊ ဗျာပါဒ နီဝရဏ၊ ရှင်းပြီ (မှန်ပါ့)။
ဗျာပါဒ နီဝရဏသည် မဂ်ဖိုလ်တားတယ်ဆိုတာ ဒီကိုယ်တော်ကြီး နှစ်ပေါင်း(၃၀) တားတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ နှစ်(၃၀) တားချလိုက်တာ နောက်တော့မှ ဗျာပါဒ ရုပ်သိမ်းပြီး အားထုတ်မှ ရသွားတယ်ဆိုတော့ ဒီ အရှင်မဟာသီဝဆိုတဲ့ ကိုယ်တော်ကြီး စံနမူနာထားပြီးသကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကာမဝိတက်၊ ဗျာပါဒဝိတက် ဆိုတာ ဦးသန်းမောင်တို့ မဝင်ပါစေနဲ့ (မှန်ပါ့ ဘုရား)။
အကယ်၍ ဗျာပါဒ နီဝရဏ ဝင်လာမယ်ဆိုတော့ မနေ့က သင်ထားတဲ့အတိုင်း ဒီဗျာပါဒ ဝိတက်ကိုပဲ ဦးသံဒိုင် ဖြစ်ပျက်ရှုရမယ် (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဗျာပါဒ ဝင်လာရင် ဖြစ်ပျက်ရှု
ဗျာပါဒ ဝင်လာရင် (ဗျာပါဒကိုပဲ ဖြစ်ပျက်ရှုရမယ်)၊ ဗျာပါဒဝိတက်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တော့ မနေ့က ပြောလိုက်တဲ့အတိုင်း ကိုယ်ရှုနေတဲ့ မူလဖြစ်ပျက်နဲ့၊ ယခုမှ ပေါ်လာတဲ့ ဗျာပါဒဝိတက်ကို ဖြစ်ပျက်ရှုလိုက်တာနဲ့ တန်းသွားလို့ရှိရင် ဝိပဿနုပေက္ခာ ဖြစ်ပါတယ် (မှန်ပါ့)၊ ဝိပဿနု ပေက္ခာ ဖြစ်ပြီးလို့ရှိရင် မပူပါနဲ့တော့တဲ့၊ သင်္ခါရုပေက္ခာဆိုတာ ရောက်ပါတယ် (မှန်ပါ့ ဘုရား)။
သင်္ခါရုပေက္ခာ ရောက်လို့ရှိရင် အနုလောမ ဂေါတြဘူဆိုတာတော့ စာမှာသာ အနုလောမဉာဏ်၊ ဂေါတြဘူ ဉာဏ်လို့ဆိုတာ တဝီထိတည်းလို့ မှတ်လိုက်ပါ (မှန်ပါ့)၊ တဝီထိတည်းဆိုတာက ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ မဂ်၊ ဒါတဝီထိတည်းပဲ၊ စာမှာသာ ဉာဏ်ခွဲထားတာ (မှန်ပါ့)။
သင်္ခါရုပေက္ခာဉာဏ်ပြီးရင် သူ ဒီဝီထိဆက်လာမယ်
သင်္ခါရုပေက္ခာပြီးရင် ဒီဥစ္စာတန်း တက်သွားတာပဲ (မှန်ပါ့)၊ အနုလောမဉာဏ်ရအောင် ငါလုပ်ရဦးမှာလား အောက်မေ့မနေနဲ့၊ ဂေါတြဘူဉာဏ် ငါရအောင် လုပ်ရဦးမှာလားလို့ အောက်မေ့မနေနဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ငါရအောင် လုပ်ရဦးမှာလားလို့ အောက်မေ့မနေနဲ့၊ သင်္ခါရုပေက္ခာဉာဏ်ပြီးရင် သူ ဒီဝီထိဆက်လာမယ်၊ ဒီဝီထိဆိုတော့ နားမလည် မှာစိုးလို့ ဒီစိတ်စဉ် တန်းလာတယ် အောက်မေ့ပါ (မှန်ပါ့)။
အနုလောမစိတ် ဂေါတြဘူစိတ် မဂ်စိတ် ဖိုလ်စိတ်လို့ ဒီဥစ္စာက တဝီထိတည်းလို့မှတ်ပါ (မှန်ပါ့)၊ လေးခါ အားထုတ်ရတာ မဟုတ်ဘူး၊ အစပေါ်ရင် လေးခုစလုံးပေါ်တယ် (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ရေဖြူအခိုးထွက်နေတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဗျာပါဒ နီဝရဏကို အဖော်လုပ်တတ်ပလားလို့ မေးလို့ရှိရင် (လုပ်တတ်ပါပြီ ဘုရား)၊ ဘယ့်နှယ်လုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်ရင် အဖော်ဖြစ်သွားမယ် (မှန်ပါ့)၊ ဒီဗျာပါဒ နီဝရဏဟာ ဒါ့ကြောင့် သင်္ဂါရဝ သတို့သားကို ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတယ် (အင်္ဂုတ္တိုရ်ပါဠိတော် ဒုတိယအုပ် ၂၀၂)။
မင်း ရပြီးသားစာတွေမေ့၊ မရသေးတဲ့ စာတွေ လုံးဝမပေါ်လာဆိုတာကွာ တဲ့၊ ရေခွက်တစ်ခုမှာ ရေကဖြူနေတယ်၊ ဖြူပြီး အခိုးတွေကလည်း ထွက်တယ်၊ မင်းမျက်နှာ ဟပ်ကြည့်ပါတဲ့ အရိပ်ထင်ပါ့မလား (မထင်ပါ ဘုရား)။
ထင်နိုင်စရာရှိရဲ့လား (မရှိပါ ဘုရား)၊ ရေက ဖြူနေတယ်၊ အခိုးကလည်း ထွက်နေတယ် (မှန်ပါ့)၊ မျက်နှာနဲ့ တော့ ဟပ်ကြည့်လိုက်တယ်၊ အရိပ်ထင်မလားလို့ ဟပ်ကြည့်လိုက်တယ်၊ မျက်နှာရိပ် ဦးသန်းမောင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ဘာဖြစ်နေလို့တုံး (ရေအခိုးထွက်နေလို့ပါ)၊ ရေဖြူအခိုးထွက်နေတယ် (မှန်ပါ့)၊ ရေဖြူအခိုးထွက်နေ တဲ့အတွက် မမြင်ရဘူး။
ဒါဖြင့်ကွာ တဲ့၊ ဗျာပါဒမှ ထွက်မြောက်ကြောင်း မင်းလုပ်ပါလား ၊ ဒီရေမြင်အောင် လုပ်ပါလားလို့ ဆိုတော့ တစ်ခါတည်း ဒကာ ဒကာမတွေက ဒေါသကို သူဟာ အနိစ္စပဲ၊ ‘သဒေါသံဝါစိတ္တံ သဒေါသံစိတ္တန္တိပဇာနာတိ’ ဆိုတဲ့ ပါဠိအရ ဦးသံဒိုင်တို့က သွင်းလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဟာ တပည့်တော်က ဝေဒနာရှုနေတာ ဘုရားဆိုရင်၊ ဪ ဒေါမနဿဝေဒနာ ဖြစ်ပျက်ပဲလို့ ရှုလိုက် (မှန်ပါ့ ဘုရား)၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်များ ဒေါမနဿဝေဒနာ ဖြစ်ပျက်ပဲလို့ ရှုလိုက် (မှန်ပါ့)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်များ သဒေါသစိတ်ဆိုပြီး ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)။
ဖြစ်ပျက်ရှုချလိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မူလကိုယ်ရှုနေတဲ့ ဖြစ်ပျက်နဲ့ အခုဖျက်မယ် လို့ လာတဲ့ ဖြစ်ပျက်နဲ့တဲ့။ တစ်တန်းတည်းဖြစ်အောင် လုပ်သောကြောင့် ဝိပဿနုပေက္ခာဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ ပဏ္ဏာသမှာ တစ်ခါတည်းဟောထားတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့မှာ ကန့်ကွက်တတ်တဲ့ စိတ်တွေရှိငြားသော်လည်း ကြောက်စရာ လန့်စရာမလို (မှန်ပါ့)၊ ဆရာဘုန်းကြီးနည်းပေးတဲ့အတိုင်းသာ ခင်ဗျားတို့က ကြိုးစားပါ (မှန်ပါ့)၊ ကြိုးစားလို့ရှိရင် ရန်သူတစ်ယောက်မှမဖြစ်၊ မိတ်ဆွေချည်းပဲ ဖြစ်လိမ့်မယ်ဆိုတာ ဦးသံဒိုင် မှတ်ရလိမ့်မယ် (မှန်ပါ့)၊ ဖွဲ့တတ်ပလား မိတ်ဆွေ (ဖွဲ့တတ်ပါပြီ ဘုရား)၊ မူလရည်ရွယ်ချက်ကတော့ ရန်သူပါ (မှန်ပါ့)၊ ရည်ရွယ်ချက်နဲ့ ဝင်လာတာကတော့ ရန်သူပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆရာဆီက နည်းရတဲ့ အတွက်
သို့သော် ခင်ဗျားတို့ ဆရာသမားဆီက ကလျာဏမိတ္တဆိုတဲ့ ကောင်းသောမိတ်ဆွေ၊ ဆရာဆီက နည်းရတဲ့ အတွက် ရန်သူပင် ဖြစ်လင့်ကစား ဝိပဿနုပေက္ခာဉာဏ်တောင် ပေးသွားသေးတယ် (မှန်ပါ့)၊ ဗျာပါဒနီဝရဏက ပေးသွားတယ် (မှန်ပါ့)။
ခင်ဗျား ဉာဏ်အရေးပါတော့ ခင်ဗျားဖျက်မယ်လို့ လာတာတောင် ကိလေသာမာရ် လက်နက်ထဲက ကျုပ် တစ်ပါး အပါအဝင်ပါပဲ၊ သို့သော်လည်း ခင်ဗျားက ဆရာကောင်း တပည့်ဖြစ်တဲ့အတွက် ဝိပဿနာဉာဏ်ပဲ ယူရစ် ပါတော့ဆိုပြီး သူကတောင် ပေးသွားတယ် (မှန်ပါ့ ဘုရား)၊ သိပ်အဖိုးတန်တဲ့စကားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သိပ်အဖိုးတန်တဲ့စကားလို့ သေသေချာချာ လေးလေးစားစား မှတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ ပေါ်ရာ ကို ရှုဆိုတဲ့စကားဟာ ဒါကြည့်ပြောတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပေါ်ရာ (ရှုရပါမယ် ဘုရား)၊ လောဘပေါ်လာလည်း ရှု၊ ဒေါသပေါ်လာလည်း ရှု၊ သူတို့ပေါ်ချင်တာပေါ် မင်းတို့သန္တာန် ဘယ်စိတ်ပေါ်ပေါ် ရှုဟေ့၊ ပုထုဇဉ် ပုထုဇဉ်စိတ်ထဲ ပေါ်မှာပဲကွ၊ ဒီ့ပြင်ပေါ်စရာမရှိဘူး၊ အကုန်ရှု၊ အဲဒါ စိတ္တာနုပဿနာဖြစ်တယ် (မှန်ပါ့)။
ပုထုဇဉ်-ပုထုဇဉ် ဝေဒနာပဲ ပေါ်မှာပဲ၊ ဒီဝေဒနာတွေကို မင်းတို့ပေါ်ရာကိုသာ ရှုနေမယ်ဆိုလို့ရှိရင်လည်း ‘ဝေဒနာနိရောဓာ တဏှာနိရောဓာ’ ဖြစ်မှာပဲဟေ့၊ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဆရာသမားပေးတဲ့ နည်းအတိုင်း ကြိုးစားကြမယ်ဆိုလို့ ရှိရင်ဖြင့် မိတ်ဆွေလည်း မိတ်ဆွေဖွဲ့တတ်ပါပြီ၊ ရန်သူလည်း မိတ်ဆွေဖွဲ့တတ်ပါပြီဆိုရင်ဖြင့် ဒီကမ္မဋ္ဌာန်း မပေါက်စရာ မရှိပါဘူး (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ)၊ ကမ္မဋ္ဌာန်းမပေါက်စရာ (မရှိပါ ဘုရား)၊ မရှိပါဘူးတဲ့ ကမ္မဋ္ဌာန်း သေသေချာချာ ပေါက်ပါတယ်ဆိုတာ သတိထားပါ (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဗျာပါဒနီဝရဏဖြစ်ခြင်းကြောင့် နှစ် (၃၀) ကြာသွားတဲ့ အရှင်မဟာသီဝ ဆိုတဲ့ ကိုယ်တော်ကြီးကို နမူနာထားသဖြင့်လည်း ဪ အဟုတ်ပဲ တားပေးတာပဲဆိုတာလည်း သူအသုံးမချတတ်လို့ တားတာလည်း သက်သေခံလုံလောက်ပြီ (မှန်ပါ့)။
အသုံးချတတ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝင်လာတာ
အသုံးချတတ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝင်လာတာလည်း သတိပဋ္ဌာန်ပါဠိတော်က ဘုရားကိုယ်တော်မြတ်ကြီး ဟောပြီး သက်သေခံသွားတယ် (မှန်ပါ့)။
‘သဒေါသံဝါစိတ္တံ သဒေါသံစိတ္တန္တိ ပဇာနာတိ’ ဒီဒေါသစိတ်ကိုပဲ ပဇာနာတိဆိုတဲ့ ဖြစ်ပျက်ကို သိအောင် လုပ်ပစ်လိုက်လို့ရှိရင် သူ့ကို ‘သမုဒယ ဓမ္မာနုပဿီဝါ ဝယ ဓမ္မာ နုပဿီဝါ’ သူ့ကို သမုဒယ,ဝယ ဖြစ်ပျက်သာ လုပ် လိုက်စမ်းကွာ ကိစ္စပြီးတာပဲ (မှန်ပါ့)။
ဒီတော့ ဪ ဒါဖြင့် ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အလွန်အဖိုးတန်တဲ့ နည်းကောင်းနည်းနာရပြီလို့ ဦးသန်းမောင်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)၊ အင်မတန် အဖိုးတန်တဲ့ နည်းကောင်းနည်းနာဆိုတာဖြင့် ကျေနပ် လောက်အောင်ပဲ သဘောကျပါပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဗျာပါဒ နီဝရဏကို ရေဆူနေတဲ့အထဲ မျက်နှာရိပ်ဟပ်လိုက်တဲ့အခါ မရဘူးဆိုတာ သူ့ကို မဖယ်တတ် လို့ (မှန်ပါ့ ဘုရား)။
ဘုရားက ကွာတဲ့ ဗျာပါဒမှ ထွက်မြောက်ကြောင်းကို ကြံပါလား တဲ့၊ ဗျာပါဒသည် မင်းတို့ကို ထွက် မြောက်ကြောင်း ပေးပါလိမ့်မယ်တဲ့ ကြံပါ့လား သင်္ဂါရဝရဲ့ဆိုတော့ ရေဆူတာငြိမ်အောင် လုပ်လိုက် (မှန်ပါ့ ဘုရား)။
ရေဆူတာ ငြိမ်အောင် လုပ်လိုက်ဆိုတော့ ဆူတဲ့စိတ်ကိုပဲ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ သူသည် ကျုပ်ဟာ အနိစ္စပါပဲဆိုတဲ့ဥစ္စာ သူ တာဝန်ခံသွားတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် သူဟာ အရင်ပါဠိတော်ထဲ သွင်းလိုက် ဦးသံဒိုင် အရင်ပါဠိတော်က ဧဟိပဿိကော (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဧဟိ=လာခဲ့ပါ၊ ပဿ=ကျုပ်ဗျာပါဒလည်း ရှုပါ (မှန်ပါ့)။
သူက ဝိပဿနာ အရှုခံလာတာ (မှန်ပါ့)၊ အဲဒါ ခင်ဗျားတို့က သန္ဒိဋ္ဌိကောနဲ့သာ လိုက်လို့ရှိရင်ဖြင့် အကာလိ ကောဆိုတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြန်ပတ်မည့် အဝိဇ္ဇာ သင်္ခါရကျအောင် ပတ်မည့် အလုပ် ပတ်သေးရဲ့လား (မပတ်ပါ ဘုရား)။
ဪ ဒါဖြင့် သံသရာပြတ်တယ်ဆိုတဲ့ အကြောင်းဟာလည်း ရှင်းသွားပါပြီ (မှန်ပါ့ ဘုရား)၊ ဘယ်လို ရှင်းသွားသလဲ (သံသရာပြတ်တဲ့အကြောင်း ရှင်းသွားပါတယ် ဘုရား)။
သံသရာပြတ်တယ်ဆိုတဲ့အကြောင်း
သံသရာပြတ်တယ်ဆိုတဲ့အကြောင်းကို ရှင်းမယ်၊ သံသရာဟာ အဆုံးကစပြီးသကာလ နောက်မပတ်မိအောင် ပြတ်တဲ့အကြောင်းကိုလည်း ဟိုဆ-ဆက္ကသုတ်မှာ သေသေချာချာ ဟောထားတယ် (မှန်ပါ့)။
ဘယ်လိုဟောလိုက်သတုံးဆိုတော့ လောဘနောက်က တဏှာလိုက်မယ်၊ ဒီ ကာမစ္ဆန္ဒနီဝရဏဆိုတဲ့ လောဘ နောက်ကနေပြီးသကာလ သုခဝေဒနာနောက်က တဏှာလိုက်တယ်၊ ဒုက္ခဝေဒနာနောက်က ဒေါသလိုက်တယ်၊ ဥပေက္ခာ ဝေဒနာနောက်က မောဟလိုက်နေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် နိဗ္ဗာန်ရလိမ့်မယ်လို့ ငါ တစ်ခါမှ မဟောဖူးဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ဒါဆ-ဆက္ကသုတ်မှာ ဟောတယ် (မှန်ပါ့)။
သုခဝေဒနာ နောက်က တဏှာလိုက်တယ်၊ ဒုက္ခဝေဒနာ နောက်က (ဒေါသလိုက်ပါတယ်)၊ ဥပေက္ခာဝေဒနာ နောက်က (မောဟလိုက်ပါတယ်)၊ အဲဒီပုဂ္ဂိုလ်များ ငါသည် ဘယ်တော့မှ နိဗ္ဗာန်ရလိမ့်မယ်လို့ မဟောဖူးဘူးတဲ့ (မှန်ပါ့)၊
ကိုယ်တော်မြတ်ကြီး ဖွင့်ဟပြီးသကာလ သေသေချာချာပဲ ဆုံးမပါတယ် (မှန်ပါ့)၊ ရစရာကော မြင်ကြရဲ့လား (မမြင်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်အစ သုံးချက်ထွက်လာတယ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် (အစသုံးချက်ထွက် လာပါတယ် ဘုရား)၊ ထွက်လာတာက သုခဝေဒနာ နောက်က တဏှာလိုက်လာတယ်ဆို ပဋိစ္စသမုပ္ပါဒ် အလယ်က ဖောက်စတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ ဒုက္ခဝေဒနာ နောက်က ဒေါသ လိုက်တယ်ဆို ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်ပတ်ဖို့ ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဥပေက္ခာဝေဒနာမသိ လို့ မရှုမိလိုက်ခြင်းကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာလိုက်လာတယ် (မှန်ပါ့)၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို သူ အစက ပြန်မစဘူးလား (စပါတယ်)။
အဲဒီတော့ကိုတဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်တဲ့နေ့ကစပြီးသကာလ ဒီဥစ္စာကို ငါမြင် ပါတယ် တဲ့။ သုခဝေဒနာနောက်က တဏှာလိုက်ပြီးတော့နေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒုက္ခဝေဒနာနောက်က ဒေါသလိုက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဥပေက္ခာဝေဒနာနောက်က မောဟမရှုဘဲနေလို့ မောဟလိုက်နေတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဒီပုဂ္ဂိုလ်သုံးယောက်ကို ငါသည် သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ ဘယ်အခါမှ နိဗ္ဗာန် ကို ရထိုက်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ငါသည် သေသေချာချာမြင်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်ပျက်ရှုရမယ်
ဒါဖြင့် ဒါက ဆန့်ကျင်ဘက်ကို ငါဟောပါတယ်၊ အလျော်ကို ငါဟောရလို့ရှိရင် သုခဝေဒနာကို ပျောက်အောင် ရှု, ဒုက္ခဝေဒနာ ပျောက်အောင်ရှု, ဥပေက္ခာဝေဒနာ ပျောက်အောင်ရှုတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်အခါမဆို နိဗ္ဗာန်ရလိမ့်မယ် လို့ ငါဟောတယ်တဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတော့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ပေါ်သွားပြီတဲ့၊ ဒါကြောင့် ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ နီဝရဏပင် ဖြစ်ငြားသော်လည်း ဒေါမနဿ ဝေဒနာကို ဖြစ်ပျက်ရှုရမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြန်ပြီးသကာလ အဝိဇ္ဇာသင်္ခါရ လှည့်နိုင်သေးရဲ့လား (မလှည့်နိုင်ပါ ဘုရား)၊ မလှည့်နိုင်လို့ရှိရင် သံသရာပြတ်တာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)၊ သံသရာပြတ်တာဟာ (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲလို့ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဗျာပါဒ နီဝရဏသည် အသုံးမချတတ်လို့ရှိရင်လည်း ဘေးသင့်အောင် နှိပ်စက်မှာပဲ အသုံးချတတ် လို့ ရှိရင်လည်း နိဗ္ဗာန်ရောက်ဆေး တမယ်ပဲလို့မှတ် (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (နိဗ္ဗာန်ရောက်ဆေးတမယ်ပါ ဘုရား)၊ နိဗ္ဗာန်ရောက်ဆေး တမယ်ပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ရှင် အနုရုဒ္ဓါ
ဘာမှ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေ ဝင်ပြီးသကာလ မနေဘဲနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လိုရာခရီး အပြီးတိုင် ပြီးလိမ့်မယ်ဆိုတာ ဒီ့ပြင်လူမပြောနဲ့ ဦးသံဒိုင်တို့ မောင်သစ်တို့ ကြားဖူးပါတယ် ရှင် အနုရုဒ္ဓါဆိုတာ အတော်ဆိုးတယ် သာကီဝင်မင်းသား ဘုရားသခင်နဲ့လည်း ညီအစ်ကို အထက်မဂ်တွေကျတော့ ရကိုမရဘူး။
အထက်မဂ်တွေကျတော့ တစ်ခါတည်း သူ့မှာ မာနတွေ ခံခံနေတယ်။ ငါလို အသိဉာဏ်ရတဲ့ပုဂ္ဂိုလ် မရှိပါဘူး ကွဆိုပြီးသကာလ သူက အဘိညာဉ်သန်တဲ့ ပုဂ္ဂိုလ်ကိုး (မှန်ပါ့)။
ငါလို သတ္တဝါတွေကို နောက်ကြောင်းပြန်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ် ဘုရားအောက် ငါတစ်ယောက်သာ ရှိတယ်ဆိုတဲ့ အဲဒီမာန်ခံနေလိုက်တာ သောတာပန်တည်ပြီးရင် ဦးသန်းမောင် အထက်မဂ်မရဘူး သောတာပန်ဆိုတာ အောက် ဆုံးမဂ်ကိုး (မှန်ပါ့)၊ အထက်မဂ်တွေ မရဘူး (မှန်ပါ့)။
မာနတွေ ဥဒ္ဓစ္စ ကုက္ကုစ္စတွေ ခံပြီးသကာလ နေလိုက်တာ ဒါနဲ့ ရှင်သာရိပုတ္တရာဆီ ပြေးရတယ် (မှန်ပါ့)၊ ပြေးတော့မှ ရှင်သာရိပုတ္တရာက မာနကို ဖြစ်ပျက်ရှု၊ ဥဒ္ဓစ္စ ကုက္ကုစ္စကို ဖြစ်ပျက်ရှုကွ ၊ ဒါမှ မင်းတက်မယ်ဆိုတော့ ရှုလိုက်တော့မှ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့)။
ကဲ သူလည်း နီဝရဏတွေ ဖြစ်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါကြောင့်တဲ့ သောတာပန်ဖြစ်ပြီးတာတောင်မှ အထက်မဂ် မတက်နိုင်အောင် တားတဲ့ နီဝရဏတွေဆိုတာ ကော ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါ နားမလည်လို့ အခု ဆရာဘုန်းကြီးက ပြောတော့ ဪ တို့တော့ နေရာကျပြီ တားဆီးတဲ့တရားဟူသ၍သည် ငါးပါးရှိတယ်၊ နီဝရဏတရား ငါးပါးရှိတယ်၊ လာတာကို တို့ရှုရမှာပဲ၊ ဒါကို ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။
သူကတော့ လာမှာပဲ၊ မလာပါနဲ့ဆိုလို့ မရဘူး၊ ခင်ဗျားတို့က ဒီဘက်က အာစိဏ္ဏကံ ရှိနေတယ် (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (အာစိဏ္ဏကံ ရှိနေပါတယ် ဘုရား)။
အာစိဏ္ဏကံဆိုတာ မပြတ်လေ့ကျက်တာ
အာစိဏ္ဏကံဆိုတာ မပြတ်လေ့ကျက်တာ (မှန်ပါ့)၊ လောဘစိတ်လာဖို့လည်း ခင်ဗျားတို့မှာ အင်မတန်ဖြစ်လွယ် ပါတယ် (မှန်ပါ့)၊ ဒေါသစိတ်လာဖို့လည်း (ဖြစ်လွယ်ပါတယ် ဘုရား)၊ ထိနမိဒ္ဓလာဖို့ကော (ဖြစ်လွယ်ပါတယ် ဘုရား)။
အင်း ရှေးတုန်းက ခင်ဗျားတို့က ဘယ်လိုလာသတုံး အိပ်ချင် အိပ်လိုက်တာပေါ့ကွ ဘယ်သူ့ ငဲ့နေစရာလိုသေးသတုံး ခင်ဗျားတို့က ဒါပဲစဉ်းစားလေ့ရှိတယ် (မှန်ပါ့)၊ ဒို့တော့ အိပ်ချင်အိပ်လိုက်တာပဲ၊ ဘယ်သူ့ မှ မရှက်ဘူး (မှန်ပါ့)။
ထိနမိဒ္ဓ လာလို့ရှိရင်လည်း ခင်ဗျားတို့က လက်ခံနေကျပဲ (မှန်ပါ့)၊ ထို့အတူ ဥဒ္ဓစ္စ ကုက္ကုစ္စလာလည်း (လက်ခံ နေကျပါ ဘုရား)၊ ဝိစိကိစ္ဆာလာကော (လက်ခံနေကျပါ ဘုရား)။
အဲ လက်ခံနေကျဖြစ်နေတော့ ခင်ဗျားတို့မှာ ဦးသန်းမောင် အာစိဏ္ဏကံ ရှိနေတယ်၊ မပြတ် လေ့ကျက် ထားတဲ့ကံ ရှိနေတယ် (မှန်ပါ့)။
ဒါ့ကြောင့် ခင်ဗျားတို့အတွက် လက်ခံတဲ့ပုဂ္ဂိုလ်မှာ နီဝရဏ ဟုတ်လား (မှန်ပါ့)၊ လက်မခံဘဲနဲ့ ဝိပဿနာထဲ သွင်းနိုင်တဲ့ပုဂ္ဂိုလ်ကျတော့ နီဝရဏ မဟုတ်ပါဘူး တဲ့၊ သူ့ကြောင့်ပဲ ကျုပ်တို့ဝမ်းထဲမှာ မဂ်ပေါ်လာပြီး မဂ္ဂပစ္စယော သွားဖြစ်တယ် ထွက်မြောက်ကြောင်း သွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ထွက်မြောက်ကြောင်း သွားဖြစ်တယ်ဆိုတဲ့ မနေ့ညက ပြောတဲ့ ဥပမာလိုပဲ ဓားပြ မိတ်ဆွေဖွဲ့ပြီးတော့ အပို့ ခိုင်းတာပဲ (မှန်ပါ့)၊ ဦးသန်းမောင် သိပ်အဖိုးမတန်ပေဘူးလား (တန်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီတရားကို တစ်နေ့ ၂ လုံး ၃ လုံးပြောနေတာ မောင်ချစ်စိန်တို့က အရေးကြီးလို့မှတ် (မှန်ပါ့ ဘုရား)။
ပြီးတော့ သင်္ဂါရဝ သတို့သားကလည်း သူမေးတဲ့ မေးခွန်းကလည်း ဦးသံဒိုင်တို့ တော်တော်ကောင်းတဲ့ မေးခွန်း (မှန်ပါ့ ဘုရား)၊ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
သူရပြီးသား စာတွေလည်း မေ့တယ်တဲ့ မရသေးတဲ့စာတွေဆို လုံးဝမသိဘူးတဲ့ တစ်ခါတစ်လေကျ တော့လည်း မရသေးတဲ့စာတွေတောင်မှ ပေါ်တယ်တဲ့ ၊ ရပြီးသားစာဆို တန်းနေတာပဲတဲ့၊ အဲဒီ့နှစ်ကြောင်း ပြော စမ်းပါတဲ့ (မှန်ပါ့)။
ဗျာပါဒနီဝရဏ အဖော်နဲ့ လာတယ်
ရပြီးသားစာမေ့တယ် မရသေးတဲ့စာတွေ ပြန်တာတောင် ပေါ်လာတယ်၊ ဒီနှစ်ကြောင်း တပည့်တော်ကို ရှင်းပေးစမ်းပါဆိုတော့ ဦးသန်းမောင် မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ မေးသင့်တယ်တဲ့ ဒါဖြင့် ဗျာပါဒ နီဝရဏဆိုတာသည် သူသာလာတာမဟုတ်ဘူးလို့ မှတ်ပါ (မှန်ပါ့)၊ ဗျာပါဒနီဝရဏ လာပြန်လို့ရှိရင်လည်း ဦးသန်းမောင်တို့ ဦးသံဒိုင်တို့ အဖော်နဲ့တကွ လာတယ် (မှန်ပါ့ ဘုရား)။
သူက ဒေါသကိုး (မှန်ပါ့)၊ သူက ဒေါသဆိုတော့ ဣဿာမစ္ဆရိယ အကုန်ရောဝင်လာတယ် (မှန်ပါ့)၊ ဒီကောင် နဲ့ မပေါင်းပါနဲ့ဆိုတာ ပေါင်းတယ်၊ ဒေါသထဲ ဣဿာပါတယ် (မှန်ပါ့)၊ ဒီကောင်နဲ့ မပေါင်းပါနဲ့ဆိုတာ မင်းပေါင်းတာ ကိုးဆိုတော့ ဟိုပေါ်မလည်း ဣဿာ ဒီသားသမီးအပေါ်၌ ဒေါသ၊ မလာဘူးလား (လာပါတယ် ဘုရား)။
မင်းတို့ ဟိုကောင်နဲ့ မပေါင်းပါနဲ့ဆိုတဲ့ဥစ္စာ မင်းပေါင်းတယ်ဆိုတော့ အသံကလည်း ဒေါသပဲ (မှန်ပါ့ ဘုရား)၊ ဟိုပုဂ္ဂိုလ်ကိုလည်း မစ္ဆေရဖြစ်တယ် (မှန်ပါ့)၊ တွဲလာတယ် ဦးသန်းမောင် ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုယ့်သားသမီးအပေါ်မှာတော့ ဒေါသ၊ ဟိုမှာတော့ မစ္ဆရိယ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကိုယ့်သားသမီး အပေါ်မှာ (ဒေါသပါ ဘုရား)။
မစ္ဆရိယ=ဝန်တိုတယ်
ဟိုကောင်တွေနဲ့ မပေါင်းနဲ့လို့ပြောတော့ ဟိုဘက်ကျတော့ ဘာသွားဖြစ်သလဲ (မစ္ဆရိယ သွားဖြစ်ပါတယ်)။
မစ္ဆရိယ=ဝန်တိုတယ် သူဝင်တာ ထွက်တာ မကြိုက်ဘူးကွ (မှန်ပါ့)၊ မင်းပျက်သွားမှာစိုးလို့ (မှန်ပါ့)၊ ငါ က အကောင်းပြောတာ၊ ဟင် ဘယ်ကောင်းရမတုံး ခင်ဗျား ဒေါသချည်းပဲ ဖြစ်နေတယ် (မှန်ပါ့)၊ ဒါ ခင်ဗျားတို့က ဖုံးလိုက်သေးတယ်၊ ငါအကောင်းပြောတာ။
ဦးသန်းမောင်တို့ လိမ်ပုံကောက်ပုံ ပြောပါတယ် (မှန်ပါ့ ဘုရား)၊ ဦးသံဒိုင်ကော ဒီလို လိမ်ဖူးကောက်ဖူးရဲ့လား မေးရင် ဘယ့်နှယ်ပြောမလဲ (မကောက်ဖူးပါ ဘုရား)၊ တပည့်တော်တို့ အာစိဏ္ဏကံနဲ့ပါလို့ ပြောနေမင့်ပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီအတိုင်းပြောကြတာ (မှန်ပါ့)၊ ပြီးတော့ နောက်ဆုံးပိတ် ဖုံးလိုက်တယ်မဟုတ်လား ငါက အကောင်းပြော တာ (မှန်ပါ့)၊ တစ်လုံးမှလည်း အကောင်းမပါဘူး၊ ပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒီသားသမီးအတွက်က ဒေါသ (မှန်ပါ့)၊ ဟိုဘေးပုဂ္ဂိုလ်တွေအတွက်က (မစ္ဆရိယပါ ဘုရား)။
ဣဿာက ငြူစူပါတယ်
မစ္ဆရိယ၊ မစ္ဆရိယပါလို့ရှိရင် ဣဿာကလည်း ပါမှာပဲ၊ မပါသေးဘူးလား (ပါပါတယ်)၊ ငြူစူတတ်တဲ့လူချည်းပဲ၊ မငြူစူသေးဘူးလား (ငြူစူပါတယ် ဘုရား)။
ငြူစူပါတယ်တဲ့ သူနဲ့ပေါင်းလို့ရှိရင် မင်းသောက်တတ်လိမ့်မယ်- ဖြုန်းတတ်လိမ့်မယ်ဆိုတော့ ငါ့ပစ္စည်း ကုန်မှာလည်း ပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဟိုငြူစူတာကော (ပါပါတယ် ဘုရား)၊ ဒီသားသမီး အပေါ် ဒေါသဖြစ်တာကော (ပါပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်ပစ္စည်းကုန်မှာကို နှမြောတာက မစ္ဆရိယ၊ ဟိုပုဂ္ဂိုလ် မကြည်ညိုတာက ဣဿာ၊ သားသမီး အပေါ် စိတ်ဆိုးတာက ဒေါသတွဲဝင်တယ် (မှန်ပါ့)၊ နီဝရဏ ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။
နဂိုက ဒီလိုတွဲဝင်တယ်လို့မှ ထင်မှမထင်ဘဲ (မှန်ပါ့ ဘုရား)၊ အခုတော့ဖြင့် ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ၊ တစ်ခါတည်းတွဲဝင်တယ် (မှန်ပါ့)၊ ဒေါသလည်းပါတယ်နော် (မှန်ပါ့)။
ကိုယ့်သားသမီးအပေါ်တော့ ဦးသန်းမောင် ဘာတဲ့တုံး (ဒေါသပါ ဘုရား)၊ ဒေါသနော် ဘာဖြစ်လို့တုံး ဆိုလို့ရှိရင်ဖြင့် ဒီကောင်ဟာ ပါးစပ်ထဲ လက်ညှိုးထည့်လို့မှ ကိုက်တတ်တာမဟုတ်ဘူး၊ ဟိုအကောင်နဲ့ ပေါင်းလို့ရှိရင် ဖြင့် အသုံးအဖြုန်းကြီးလာလိမ့်မယ်ဆိုတော့ အသုံးအဖြုန်းကြီးလာလို့ရှိရင် သူ့စိတ်ထဲ နှမြောတယ် (မှန်ပါ့)၊ ဒါက ဘာတုံး (မစ္ဆရိယပါ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီတော့ သူလာတာကိုဖြင့် ငါမကြိုက်ဘူး ဣဿာ (မှန်ပါ့)၊ သူတစ်ပါးအပေါ်တော့ ဘာတုံး (ဣဿာ ဖြစ်ပါတယ်)၊ ဣဿာပေါ်တယ် ငြူစူတယ် (မှန်ပါ့)။
ပြီးတော့ ကုက္ကုစ္စကလည်း ဖြစ်နေသေးတယ်၊ ကုက္ကုစ္စက ဘယ်လိုဖြစ်သတုံးဆိုတော့ လိမ်မာမှုကလေးတွေ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သူဟာ သူတော်ကောင်းကြီး ကောင်းကောင်းပျက်တော့မှာပဲ (မှန်ပါ့)။
သူတော်ကောင်းဟာ ကောင်းကောင်းပျက်တော့မှာပဲတဲ့၊ ပထမ ငါ့သားဟာ သူတော်ကောင်းပေါ့လေ (မှန်ပါ့)၊ ထိုပုဂ္ဂိုလ်နဲ့ ပေါင်းလို့ရှိရင် (ပျက်တော့မှာပဲ)၊ ပျက်တော့မှာပဲဆိုတော့ ကုက္ကုစ္စကလည်း ဝင်လာတယ် (မှန်ပါ့)၊ ပြုအပ် ပြီးသော ဒုစရိုက်၊ မပြုလိုက်သေးသော သုစရိုက်တွေကို သူစိုးရိမ်တယ်၊ ဒီပုဂ္ဂိုလ်အတွက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)။
သူနဲ့ပေါင်းလို့ရှိရင်ဖြင့် ဟော သောက်တတ် စားတတ်တော့မှာပဲ၊ သူလိုသာဆိုရင်ဖြင့် ဒို့အမျိုးရိုး ဝါသနာ ပါတာတော့ သူစွန့်ပစ်တော့မှာပဲ၊ ဟော ကုက္ကုစ္စ ဝင်လာတယ် (မှန်ပါ့)၊ ဒီလောက်ထိအောင် သွားလိုက်တယ်။
မဂ်ဖိုလ်ကို ငါးခု ဝိုင်းတားတယ်
ဒေါသစိတ်သည် ဒေါသစေတသိက် ဣဿာစေတသိက် မစ္ဆရိယစေတသိက် ကုက္ကုစ္စစေတသိက် တွဲဝင်တယ် (မှန်ပါ့)၊ ဘယ်လောက်ဆိုး-ဆိုးသတုံး.. မဆိုးဘူးလား (ဆိုးပါတယ်)၊ ဆိုးတော့ကို ငါးခု ဝိုင်းတားလို့ရှိရင် ဦးသံဒိုင် မဂ်ဖိုလ်ကို ငါးခု ဝိုင်းတားတယ် (မှန်ပါ့)၊ စိတ်က တစ်ခု၊ စေတသိက်က လေးခု၊ ရှင်းပလား (ရှင်းပါပြီ)၊ စိတ်က တစ်ခု (စေတသိက် လေးခုပါ ဘုရား)၊ ဘယ်နှစ်ခု ဝိုင်းတားသလဲ (ငါးခု ဝိုင်းတားပါတယ်)၊ ငါးခု ဝိုင်းတားတော့ ခင်ဗျားတို့မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရစရာအကြောင်း မမြင်ဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
အဲဒါကြောင့် ဒေါသတစ်လုံးကို ခင်ဗျားတို့က ဖြစ်ပျက်ရှုလိုက်လို့ရှိရင် တွဲဘက်ပါ ပြုတ်ကျတယ် (မှန်ပါ့ ဘုရား)၊ ဣဿာရော, မစ္ဆရိယရော, ကုက္ကုစ္စရော အကုန်ဖြစ်ပျက်ပဲ ဝင်တယ် (မှန်ပါ့)။
ဒီတော့ ငါးခု ဝင်လိုက်တာမှာ ငါးခုလုံးကို ကျုပ်တို့က အနိစ္စမြင်အောင် သွင်းလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီဥစ္စာ သူက ဖြစ်ပျက်၊ ဒေါသဣဿာမစ္ဆရိယ ကုက္ကုစ္စက ဖြစ်ပျက်၊ ဉာဏ်က မဂ်ဖြစ်တယ် (မှန်ပါ့)။
ဒါဖြင့် ဦးသန်းမောင် နေရာကျပြီ၊ တားမလို့ လာတာ ကျုပ်တို့က မိတ်ဆွေဖွဲ့ပစ်လိုက်ပြီ (မှန်ပါ့)၊ မင်းကို အနိစ္စထဲ သွင်းလိုက်မယ်ဆိုတော့ မဂ်ဖိုလ်အားမပေးဘူးလား (အားပေးပါတယ်)။
ဒါဖြင့် ဒီအလုပ်ဟာ ဒီအတိုင်းသာ နေမယ်ဆိုရင်ဖြင့် ငါးခု ဝိုင်းတားခြင်းကြောင့် နီဝရဏ (မှန်ပါ့)၊ အသုံး ချတတ်ပြန်လို့ရှိရင်လည်း ငါးခုစလုံးသည် မဂ်ဖိုလ်ရောက်ကြောင်း ဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ငါးခုစလုံးသည် (မဂ်ဖိုလ်ရောက်ကြောင်း ဖြစ်ပါတယ် ဘုရား)၊ အသုံးချတတ်မှ ဒါလဲ (မှန်ပါ့ ဘုရား)။
အသုံးချတတ်လို့ရှိရင်ဖြင့် မဂ်ဖိုလ်ရောက်ကြောင်း အစစ်လို့ မှတ်လိုက်ပါ (မှန်ပါ့)၊ အသုံးမချတတ်ဘူးဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားပြီးတော့ သူက ဒေါသဣဿာမစ္ဆရိယ ကုက္ကုစ္စကနေပြီး အဝိဇ္ဇာထိအောင် သူ သွားတော့မယ် (မှန်ပါ့ ဘုရား)၊ မသွားပေဘူးလား (သွားပါမယ် ဘုရား)။
သွားလို့ အဝိဇ္ဇာပေါ်လာတာနဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံနဲ့ ကျုပ်တို့ သံသရာထဲက ခေါင်းပြူစရာ မရှိဘူး (မှန်ပါ့ ဘုရား)၊ ခေါင်းပြူထွက်စရာရှိရဲ့လား (မရှိပါ ဘုရား)။
အဲဒီလောက်ကျအောင် အရုပ်ဆိုးသွားပါတယ်ဆိုတာကိုလည်း သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒေါသလာရင် ဦးသန်းမောင်- ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှု၊ ကိုယ်က တခြား သောစိတ်ရှုတယ်၊ စိတ်ရှုနေတုံးပဲ ဒေါသက လာတယ်၊ ဒေါသက လာတော့ ဟ ဒေါသလည်း စိတ်မဟုတ်ဘူးလား ဘယ့်နှယ်ဖြေမလဲ (စိတ်ပါပဲ)၊ ဒါဖြင့် ရှုရုံပဲ၊ သဘောကျပလား (ကျပါပြီ)။
မဟုတ်ဘူး ခင်ဗျားတို့က အသုံးမချတတ်တော့ ဒေါသက သူက အဖျက်ဘုရာ့ ၊ ခင်ဗျားတို့က ဒီလိုထင်နေ တယ် (မှန်ပါ့)၊ တပည့်တော်တို့ ရှုချင်တာက ဒါကို ရှုချင်တာ မဟုတ်ဘူး။ မဟုတ်ဘူး၊ သူက ဒါရှုပါလို့ ပြောတာ (မှန် ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
သူက အရှုခံလာတာပဲ၊ ခင်ဗျားတို့က ရှုဉာဏ်သွင်းဖို့ပဲ
သူက ရှုစေချင်တယ်၊ ခင်ဗျားတို့က ရှုချင်တာက ဖြစ်ပျက်ရှုချင်တယ်၊ သူက ဒေါသက ဝင်လာတယ်ဘုရာ့ ၊ တပည့်တော် မကျေနပ်ပွဲကလေး ဝင်လာတယ် (မှန်ပါ့)၊ ဒီ့ပြင် မကျေနပ်ပွဲ ဒေါသကိုလည်း ဦးသန်းမောင်က ဖြစ်ပျက် ရှုရမယ် (မှန်ပါ့ ဘုရား)၊ နဂိုက ခင်ဗျား စိတ်ရှုနေတယ်မဟုတ်လား (မှန်ပါ့)၊ ဒါလည်း သူဟာ ဘာစိတ်တုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒေါသစိတ် ဝင်လာပါတယ်)။
ဒါဖြင့် သူက အရှုခံလာတာပဲ၊ ခင်ဗျားတို့က ရှုဉာဏ်သွင်းဖို့ပဲ ရှိမယ် (မှန်ပါ့ ဘုရား)၊ ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှ မရှိပါဘုရား)၊ အဖျက်လာတာလား တဲ့၊ အရှုခံလာတာလား (အရှုခံလာတာပါ ဘုရား)။
အရှုခံလာတာ သိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်နေတော့ ဘုရားကလည်း ဒေါသ၏ ထွက်မြောက် ကြောင်း ရှာ ကွတဲ့၊ ရေဆူနေတယ်ဆိုတာ ဒေါသရှိနေတာ၊ ဒေါသရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဝမ်းထဲမှာ ဆူပွက်နေတာ၊ ဆူပွက်နေတာ ဒေါသမီးလောင်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဘာမီးတုံး (ဒေါသမီးပါ ဘုရား)၊ အဲဒီတော့ ဒေါသမီးလောင်တာ ဒေါသကို ငြိမ်းအောင် လုပ်လိုက်ပါလား ၊ ဒေါသ မင်းလည်း ဘယ်တရားတုံးလို့ မေးလိုက်လို့ရှိရင် ကျွန်တော်လည်း အနိစ္စပါပဲဆိုတာ သူက ပြောမှာပဲ (မှန်ပါ့)၊ ငြိမ်းမသွားဘူးလား (ငြိမ်းသွားပါတယ်)။
ငြိမ်းသွားလို့ရှိရင်ဖြင့် ဒေါသလား မင်း အနိစ္စလားလို့ မေးလို့ရှိရင်ဖြင့် ဒေါသသည် အနိစ္စပဲလို့ ရှုတဲ့ပုဂ္ဂိုလ် မှာတော့ ဒေါသက တာဝန်ခံသွားတယ် (မှန်ပါ့ ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ကမ္မဋ္ဌာန်းကို မထိုင်နိုင်ဘူး၊ ပြောစရာရှိတာ ပြောပြီးမှ ကင်းကင်းရှင်းရှင်းလုပ်မယ်ဆိုပြီး ခင်ဗျားတို့နေရာတောင် အဖယ်ခိုင်းလိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ပြောစရာရှိတာ ပြောလိုက်ဦးမယ်ဆိုတော့ ကမ္မဋ္ဌာန်းနေရာက ကမ္မဋ္ဌာန်းကင်းတဲ့နေရာကို ရွှေ့တယ် (မှန်ပါ့)၊ ဒါဖြင့် နီဝရဏ ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။
မရှုတတ်ရင် (နီဝရဏပါ ဘုရား)၊ ရှုတတ်လို့ရှိရင် မဂ္ဂပစ္စယောလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ မရှုတတ်လို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့ အင်မတန်ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ မရှုတတ်လို့ရှိရင် လည်း တဲ့ မိစ္ဆာမဂ် ဝင်လာသောကြောင့် အပါယ်လေးပါးသွားတဲ့ မဂ္ဂပစ္စယောပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပြီ (ရှင်းပါ ပြီ)၊ ရှုတတ်လို့ရှိရင်လည်း နိဗ္ဗာန်သွားတဲ့ မဂ္ဂပစ္စယော (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဂ္ဂပစ္စယော ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုးလို့ မှတ်လိုက်ပါ တဲ့၊ မရှုမိရင်လည်း သူ မဂ္ဂပစ္စယောနဲ့ အပါယ်ပို့မှာပဲ (မှန်ပါ့)၊ နိဗ္ဗာန်လည်း တားမယ်၊ အပါယ်လည်း ပို့မယ် (မှန်ပါ့)၊ ရှုတတ်ပြန်လို့ရှိရင် လည်း မဂ္ဂပစ္စယောပဲ။
မဂ္ဂပစ္စယော သုံးတတ်ပလား
ဒါဖြင့် ဒီလိုလုပ် ဒီလိုမှတ်လိုက်ကြစို့၊ တစ်နေ့က ပြောသလိုပဲ မရှုတတ်တဲ့ ပုဂ္ဂိုလ်မှာ သုဂတိက ဒုဂ္ဂတိဆောင် တတ်တဲ့ မဂ္ဂပစ္စယော၊ ရှုတတ်တဲ့ပုဂ္ဂိုလ်မှာ သုဂတိက နိဗ္ဗာန်ဆောင်တဲ့ မဂ္ဂပစ္စယော (မှန်ပါ့ ဘုရား)၊ မဂ္ဂပစ္စယော သုံးတတ်ပလား (သုံးတတ်ပါပြီ ဘုရား)၊ မရှုဘဲ ထားကြမယ်ဆိုရင်ဖြင့် သုဂတိဘဝမှ (ဒုဂ္ဂတိဆောင်ပါတယ် ဘုရား)၊ ဒုဂ္ဂတိဆောင်တဲ့ မဂ္ဂပစ္စယောလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)၊ ရှုတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ သုဂတိကနေပြီးတော့ (နိဗ္ဗာန်ဆောင်ပါတယ်)၊ သဘောပါကြလား (ပါပါပြီ)။
ဪ ဒါဖြင့် ဒို့က မဂ္ဂပစ္စယော မဂ္ဂပစ္စယောဆိုတော့ မဂ်ရမှ မဂ္ဂပစ္စယောမှတ်တယ် (မှန်ပါ့ ဘုရား)၊ မဂ်ရမှ မဂ္ဂပစ္စယော မဟုတ်ပါဘူးတဲ့၊ ဒီမိစ္ဆာမဂ်၊ သမ္မာမဂ်ကယ်လို့ နှစ်မျိုးရှိတယ်၊ မှတ်မိကြပလား (မှတ်မိပါပြီ)။
မဂ် ဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးရှိပါတယ် ဘုရား)၊ မိစ္ဆာမဂ် သမ္မာမဂ်ကယ်လို့ နှစ်မျိုးရှိပါတယ် (မှန်ပါ့)၊ မရှုရင် မိစ္ဆာမဂ် သဘောကျပလား (ကျပါပြီ)၊ ရှုရင် သမ္မာမဂ် (မှန်ပါ့ ဘုရား)၊ မရှုရင် (မိစ္ဆာမဂ်ပါ ဘုရား)၊ ရှုရင် (သမ္မာမဂ်ပါ ဘုရား)။
သမ္မာမဂ်ပဲဆိုတာ သေသေချာချာမှတ်တော့၊ ဪ ဒို့ဝိပဿနာ မလုပ်တဲ့အချိန်များ ဘယ်မဂ်များ ဆောင်နေပါလိမ့်မတုံး၊ ဦးသံဒိုင် (မိစ္ဆာမဂ်က ဆောင်ပါတယ် ဘုရား)၊ ဘယ်အချိန်တုံး မေးရင် ဘယ့်နှယ်ပြောကြမယ် (ဝိပဿနာမရှုတဲ့အချိန်ပါ ဘုရား)။
မရှုတဲ့အချိန်မှာ မိစ္ဆာမဂ်
မရှုတဲ့အချိန်မှာ မိစ္ဆာမဂ်ချည်းပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)၊ မရှုတဲ့အချိန်မှာ (မိစ္ဆာမဂ်ချည်းပါ ဘုရား)၊ ကဲ ရှုတဲ့အချိန်ကျတော့ (သမ္မာမဂ်ပါ ဘုရား)၊ သမ္မာမဂ်ချည်းပဲဆိုသဖြင့် မဂ္ဂပစ္စယော ဒီနေ့ နှစ်မျိုးသိသွား ပြီ (မှန်ပါ့)။
မဂ္ဂပစ္စယော နှစ်မျိုးသိသွားပါတယ်၊ နှစ်မျိုးသိသွားတဲ့အဖြစ်ကိုလည်း ဘုန်းကြီးများက အင်မတန် ဝမ်းသာပါ တယ်။
ဪ ဒို့ဝိပဿနာ မရှုသေးဘူး၊ တခြားသော အလုပ်ပဲ လုပ်လိုက်ဦးမယ်ဆိုလို့ရှိရင် ဒါ သူ သုဂတိက ဒုဂ္ဂတိဆောင်လိမ့်မယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲ ရှုတော့မယ်ဆိုလို့ရှိရင်ဖြင့် သုဂတိက နိဗ္ဗာန်ဆောင်ပြီ (မှန်ပါ့)၊ မဆောင်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရဘူးဆိုတာ ကျေကျေနပ်နပ် မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ မဂ္ဂပစ္စယော ဘယ်နှစ်မျိုးရှိသတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (နှစ်မျိုးရှိပါ တယ် ဘုရား)၊ နှစ်မျိုးရှိတယ်၊ ဝိပဿနာကင်းတဲ့ မဂ္ဂပစ္စယောတစ်မျိုး (မှန်ပါ့)၊ ဝိပဿနာရှုတဲ့ မဂ္ဂပစ္စယော (တစ်မျိုး ပါ ဘုရား)။
ဒါနှစ်ခုကို ဒီနေ့ည ပိုင်ပိုင်နိုင်နိုင် သိလိုက်သဖြင့်တဲ့ ဪ ငါတို့ နောက်အချိန်တွေဟာ ဘယ်ပစ္စယောတွေ နဲ့ ကြိုးစားပါလိမ့်မတုံး ယခုအချိန်ဟာ ဘယ်ပစ္စယောတွေနဲ့ ကြိုးစားပါလိမ့်မတုံးဆိုပြီး ကိုယ့်ကိုယ်ကိုယ် စစ်ဆေး ကြည့်လိုက် (မှန်လှပါ ဘုရား)၊ စစ်ဆေးတတ်ပလား (စစ်ဆေးတတ်ပါပြီ ဘုရား)။
နောက်က အလကားနေခဲ့တာတွေ ဘာတွေပါလိမ့်မလဲ (မိစ္ဆာမဂ်တွေပါ ဘုရား)၊ မိစ္ဆာမဂ္ဂပစ္စယော (မှန်ပါ့)။
ယခု အသိဉာဏ်ရှိပြီးသကာလ ကြိုးစားကြတော့ (သမ္မာမဂ်ပါ ဘုရား)၊ သမ္မာမဂ္ဂပစ္စယော။
ဒါဖြင့် ခင်ဗျားတို့ ဪ ကိုယ့်ကိုယ်ကိုယ် သနားလို့ရှိရင်လည်း သမ္မာမဂ္ဂပစ္စယောဆိုတဲ့ ဝိပဿနာ ဦးသန်းမောင် လုပ်ထိုက်တယ် (မှန်ပါ့ ဘုရား)။
မသနားတော့ဘူးဆိုရင် ခပ်စောစောနဲ့ ခပ်ပေါပေါနေလိုက်လည်း မိစ္ဆာမဂ္ဂပစ္စယောက ဆောင်သွားမှာပဲ (မှန်ပါ့ ဘုရား)။
ကျုပ် ဒီနေ့တော့ဗျာ ကုသိုလ်လည်းမဖြစ်ဘူး အကုသိုလ်လည်း မဖြစ်ဘူးလို့တော့ ဒီလိုမပြောကြနဲ့ (မှန်ပါ့ ဘုရား)၊ မရှိဘူး ဒီလိုတော့ (မှန်ပါ့)။
ဒီလိုတော့ မရှိဘူး တဲ့၊ နိုးသာနေ-နိုးနေလို့ရှိရင် မိစ္ဆာမဂ္ဂပစ္စယောသော်လည်းကောင်း ဖြစ်ရမယ် (မှန်ပါ့)၊ သမ္မာမဂ္ဂပစ္စယောသော်လည်းကောင်း (ဖြစ်ရမယ်)၊ ဖြစ်ရမှာပဲ တဲ့၊ အမည်းမဟုတ်ရင် အဖြူပေါ့- အဖြူမဟုတ် ရင်လည်း မည်းမှာပဲ (မှန်ပါ့)၊ ဒါပဲရှိတယ်ဆိုတာ သဘောပါလား (ပါပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီဗျာပါဒနီဝရဏကိုဖြင့် ဒကာသစ် ကျေနပ်လောက်ပြီ (ကျေနပ်ပါပြီ ဘုရား)၊ ကျေနပ်ပြီ နော် ၊ ကောင်းပြီ ဗျာပါဒနီဝရဏ ကျေနပ်လို့ရှိရင် သူ့ကို အသုံးလည်းချတတ်ပြီ အပြစ်ကိုလည်း သိပြီဆိုသဖြင့် ပေါ်တိုင်းပေါ်တိုင်း ဒကာ ဒကာမတွေ သူ့နောက်မလိုက်ဘဲနဲ့ သူတန်းမဲ့ ပဋိစ္စသမုပ္ပါဒ်နောက်ကို မလိုက်ဘဲနဲ့ သူ့ကို ပဲ ပေါ်လာတဲ့ အစဖြတ်ပစ်၊ ဝိပဿနာနဲ့ ဖြတ်ပစ်လိုက် (မှန်ပါ့)၊ ဖြစ်ပျက်ရှုရင် ဖြတ်ပြီးသားပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖြစ်ပျက်ရှုရင် (ဖြတ်ပြီးသားပါ ဘုရား)၊ ဖြတ်ပြီးသားပဲဆိုတာ သေသေချာချာမှတ်ပါ။
ထိနမိဒ္ဓနီဝရဏ
ဒါ့ကြောင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များ ဒေါသလာလည်း ဖြစ်ပျက်ရှု (မှန်ပါ့)၊ ကဲ ရှေ့ကို တစ်ဆင့်တက်မယ်၊ ထိနမိဒ္ဓနီဝရဏ၊ ထိနမိဒ္ဓနီဝရဏဆိုတာ အားလုံးနားလည်အောင် ပြောတော့မယ် ကိုယ့်စိတ်စေတသိက်ကို မနိုင်ဘူး တဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်စိတ်လည်း ကိုယ်မနိုင်ဘူး၊ စိတ်မနိုင်ဘူးဆိုကတည်းက သူနဲ့ သဟဇာတဖြစ်တဲ့ စေတသိက်လည်း မနိုင် ဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ စိတ်မနိုင်ရင် စေတသိက်ကော (မနိုင်ပါ ဘုရား)။
ဒါကြောင့် ဒီစိတ်စေတသိက် နှစ်လုံးကို ထိနမိဒ္ဓ နီဝရဏလို့ ဆိုလိုက်ပါတယ် (မှန်ပါ့)၊ ငိုက်မျည်းတဲ့စိတ်ကို ဆိုသည် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘယ်ဟာပါလိမ့် (ငိုက်မျည်းတဲ့စိတ်ကို ဆိုလိုပါသည်ဘုရား)၊ ဒါ ဘာနီဝရဏလဲ (ထိနမိဒ္ဓ နီဝရဏပါ)။
ထိနမိဒ္ဓနီဝရဏကို ဦးသန်းမောင်တို့-ဦးသံဒိုင်တို့က လောဘဆိုတဲ့ ကာမစ္ဆန္ဒနီဝရဏဟာ သူလောက် ကြောက် စရာမကောင်းဘူးလို့ မှတ်လိုက် (မှန်ပါ့)၊ ထိနမိဒ္ဓနီဝရဏလောက် ကြောက်စရာမကောင်းဘူး (မှန်ပါ့ ဘုရား)၊ ဒေါသ ဆိုတဲ့ နီဝရဏကလည်း သူဆိုးတော့ ဆိုးတဲ့တရားပဲ၊ သို့သော် သူ့ထက်ဆိုးတာက ထိနမိဒ္ဓလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကာမစ္ဆန္ဒနီဝရဏထက်လည်း ထိနမိဒ္ဓက ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ဗျာပါဒနီဝရဏထက် ကော (ထိနမိဒ္ဓက ကြောက်စရာကောင်းပါတယ်)၊ ထိနမိဒ္ဓက ကြောက်စရာကောင်းတယ် တဲ့။
ထိနမိဒ္ဓက ကြောက်စရာကောင်းတယ်
ထိနမိဒ္ဓ ဘယ့်နှယ်ကြောင့် ကြောက်စရာကောင်းသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ထိနမိဒ္ဓသည် လူ့ဘဝ၏ အသက်တမ်းကို ထက်ဝက်ဖြုန်းတဲ့တရား (မှန်ပါ့ ဘုရား)၊ လူ့ဘဝ၏ အသက်တမ်းကို (ထက်ဝက်ဖြုန်းတဲ့ တရားပါဘုရား)၊ ဒါက အိပ်တာကိုးဗျ၊ သူဝင်လာလို့ရှိရင် အိပ်တော့မယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီတော့ လူ့ဘဝမှာ ဥပမာ အသက် ၆၀ နေရမယ်ဆို ၃၀ က သူဖြုန်းပစ်လိုက်တယ် (မှန်ပါ့)၊ ကဲ အသက်တမ်း ဖြုန်းတဲ့အထဲမှာ ဘယ်သူအဖြုန်းဆုံးလဲ (ထိနမိဒ္ဓ အဖြုန်းဆုံးပါ ဘုရား)။
ဒါဖြင့် ဒေါသဖြစ်တာကလေးက ခဏကလေး (မှန်ပါ့)၊ လောဘဖြစ်တာလည်း (ခဏပါပဲ)၊ ထိနမိဒ္ဓက အိပ်ရာ ထဲ သိပ်လိုက်ပြီဆိုမှဖြင့် ခဏကလေးနဲ့ပြီးရဲ့လား (မပြီးပါ ဘုရား)။
ဒါဖြင့် လောဘထက်လည်း ကြောက်စရာကောင်းတာ ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)၊ ဒေါသထက်လည်း ကြောက်စရာကောင်းတာ (ထိနမိဒ္ဓပါ ဘုရား)၊ ဘာ့ကြောင့်တုံးမေးတော့ အသက်တမ်း အဖြုန်းဆုံးမို့ (မှန်ပါ့)၊ ပေါ်ပ လား (ပေါ်ပါပြီ)။
ဒါဖြင့် လောဘထက်လည်း ကြောက်စရာကောင်းတာ ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)၊ ဒေါသထက်လည်း ကြောက်စရာကောင်းတာ (ထိနမိဒ္ဓပါ ဘုရား)၊ ဘာ့ကြောင့်တုံးမေးတော့ အသက်တမ်း အဖြုန်းဆုံးမို့ (မှန်ပါ့)၊ ပေါ် ပလား (ပေါ်ပါပြီ)။
ဥပမာမယ် ဦးသန်းမောင် အသက် ၈၀ နေရမယ်လို့ပဲ ကံကပဲ စီမံဦးတော့ ၄၀ တော့ သူဖြုန်းတာနဲ့ ကုန်တာပဲ (မှန်ပါ့ ဘုရား)၊ ၄၀ ဘယ်သူဖြုန်းလို့ ကုန်တာလဲ (ထိနမိဒ္ဓဖြုန်းလို့ ကုန်ပါတယ် ဘုရား)၊ ကဲ လူ့ဘဝ ဘယ်လောက်ရသတုံးလို့ မေးရင် (တစ်ဝက်ရပါတယ် ဘုရား)၊ တစ်ဝက်ရတယ် (မှန်ပါ့)၊ ဘယ်သူ့ကြောင့်ပါလိမ့် (ထိနမိဒ္ဓကြောင့်ပါ)။
ဒါဖြင့် ခင်ဗျားတို့ လောဘ-ဒေါသ-ကာမစ္ဆန္ဒနီဝရဏ ဗျာပါဒနီဝရဏထက် သူဟာ ကျုပ်တို့ကို နှိပ်စက်မှု များတယ် (မှန်ပါ့ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဘာ့ကြောင့်တုံး အသက်ထက်ဝက် သူညှဉ်းဆဲတာနဲ့ ကုန်ရော (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဪ ဒါဖြင့် ကာမစ္ဆနီဝရဏထက်လည်း ဘာကြောက်စရာကောင်းသတုံး (ထိနမိဒ္ဓ ကြောက်စရာကောင်း ပါတယ်)၊ ဗျာပါဒနီဝရဏထက်ကော (ထိနမိဒ္ဓ ကြောက်စရာကောင်းပါတယ်)၊ ထိနမိဒ္ဓပဲ ကြောက်စရာကောင်းတယ် ဆိုတော့ ဦးသံဒိုင်တို့က ထိနမိဒ္ဓ ဒီလောက်ကြီးကျယ်တယ်လို့ မထင်ဘူး (မထင်ပါ ဘုရား)၊ မထင်ဘူး၊ အခုတော့ ဘယ့်နှယ်တုံး (အခုတော့ ဆိုးမှန်းသိပါပြီ)၊ အသက်တမ်းထက်ဝက်ဖြုန်းတယ် (မှန်ပါ့)၊ မဖြုန်းဘူးလား (ဖြုန်းပါတယ်)။
အသက်တမ်းထက်ဝက်ဖြုန်းတယ်
နေ့လယ်လည်း စားသောက်ပြီးတော့ လှဲလိုက်ချင်သေးတယ်၊ သူ သိပ်မှအိပ်ရတယ် (မှန်ပါ့)၊ ထိနမိဒ္ဓမသိပ်ရင် (မအိပ်ပါ ဘုရား)၊ မအိပ်နိုင်ဘူးဆိုတော့ သူခေါင်းဆောင်လုပ်ပြီး သိပ်လိုက်တာ (မှန်ပါ့)၊ ခေါင်းဆောင်လုပ်ပြီး မင်း ရတဲ့ အသက်တမ်းဖြုန်းပေးမယ်ကွဆိုတော့ ထိနမိဒ္ဓခေါင်းမဆောင်ပဲနဲ့ အိပ်ဖြစ်ပါ့မလား (မအိပ်ဖြစ်ပါ ဘုရား)။
ဒါဖြင့် ဦးသန်းမောင်-နီဝရဏတရားငါးပါးထဲ ဘယ်သူ့ကိုသာ ကြောက်စရာအကောင်းဆုံးတုံး (ထိနမိဒ္ဓ ကြောက်စရာ အကောင်းဆုံးပါ)၊ ဘာဖြစ်လို့တုံးလို့မေးရင် (လူ့အသက်တမ်းထက်ဝက်ဖြုန်းလို့ပါ ဘုရား)။
အသက်တမ်း တစ်ဝက်ဖြုန်းတယ် (မှန်ပါ့)၊ တစ်ဝက်ဆိုတာ လျှော့ဈေးပြောတာနော် (မှန်ပါ့)၊ မမာတဲ့အချိန် တစ်နေ့လုံးအိပ်နေတာ မထည့်သေးဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အစားကောင်း အသောက်ကောင်းစားလို့ တက်စာတွေစားလို့ ဦးသန်းမောင် အိပ်တာတွေ မထည့်သေး ဘူး၊ အခုဟာက ဖျမ်းမျှကြေးတွက်တာပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် သူဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တရားဆိုတာ နီဝရဏဖြစ်ထိုက်-မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သူသာ သိပ်ပြီးလို့ရှိရင်ဖြင့် ဦးသန်းမောင် ဘယ်မဂ် ဘယ်ဖိုလ် လာစရာမြင်သေးရဲ့ လား (မမြင်ပါ ဘုရား)၊ မမြင်တော့ဘူးနော် ဘယ်သူ့ဒဏ်ချက်မိသတုံးဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ထိနမိဒ္ဓ ဒဏ်ချက်မိပါတယ်)၊ ထိနမိဒ္ဓဒဏ်ချက်မိတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။
ထိနမိဒ္ဓဒဏ်ချက်
ကောင်းပြီ ဒါဖြင့် ထိနမိဒ္ဓဒဏ်ချက်သည် သေးသေးလား- ကြီးကြီးလားလို့ မေးချင်တယ် (ကြီးကြီးပါ ဘုရား)။
ဒီ့ပြင်ဟာတွေက ယာယီတွေ (မှန်ပါ့ ဘုရား)၊ ယာယီနဲ့ ပြီးသွားပါတယ် (မှန်ပါ့)၊ ထိနမိဒ္ဓဝင်လိုက်လို့ရှိရင်ဖြင့် ဉာဏ်သွင်းချိန်ပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒါဉာဏ်သွင်းချိန် မပါတော့ဘူး၊ ထိနမိဒ္ဓသာ သိပ်ပြီးတဲ့ တစ်နေ့ကျလို့ ရှိရင် ဒကာ ဒကာမတို့ ဉာဏ်ကိုသွင်းချိန် ဘယ်နည်းမှ မရပါဘူးဆိုတာဖြင့် သဘောကျပါပြီ (ကျပါပြီ)။
ကိုင်း ဒါဖြင့် ထိနမိဒ္ဓသည် သူတားပုံက အသက်တမ်းကိုထက်ဝက် လူ့ဘဝမရအောင် တားတယ် (မှန် ပါ့)၊ ဒါကလေးတုံးကဟာတွေ မထည့်နဲ့ဦးနော် (မှန်ပါ့)၊ ကလေးတုံးကဟာတွေ မထည့်နဲ့ဦး။
ကလေးတုန်းကတော့ ကလေးဟာ အအိပ်များတယ် (မှန်ပါ့)၊ မများဘူးလား (များပါတယ်)၊ ထက်ဝက်တောင် မကဘူး သူ့ကျတော့ (မှန်ပါ့)၊ ထက်ဝက်တောင်ကရဲ့လား (မကပါ ဘုရား)၊ မကဘူး တဲ့၊ အားလုံး ဒကာ ဒကာမ တွေ ဒီအထဲ နီဝရဏက တရားငါးပါးထဲမှာ ဘယ်ဟာသည်ခေါင်သူကြီးဖြစ်ပြီး ကြောက်စရာကောင်းသတုံး (ထိနမိဒ္ဓ ကြောက်စရာကောင်းပါတယ်)။
အေး ဒါ ခင်ဗျားတို့ မကြာခင်တွေ့မည့်အလုပ်နော် ၉ နာရီ ၁၀ နာရီကျရင် သူလာလိမ့်မယ် (မှန် ပါ့)၊ မလာပေဘူးလား (လာပါမယ် ဘုရား)၊ ဖြေးဖြေးမှလာမှာလား၊ အမှန်လာမှာလား (အမှန်လာမှာပါ)၊ အမှန်လာလို့ ရှိရင်ဖြင့်၊ သူ့ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ်)၊ မရှုရင်တော့ သူသည် သက်တမ်းဖြုန်းမလို့လာတာ (မှန်ပါ့)၊ တရားနာနေရင်း မျက်တောင်ကလေး စင်းလာပြီဆိုရင် ထိနမိဒ္ဓဝင်ပြီ (မှန်ပါ့)၊ မင်းဘာလုပ်မလို့လာတာတုံး မေးကြည့် ခင်ဗျားတို့ (သက်တမ်းဖြုန်းပစ်မလို့ပါ ဘုရား)၊ အသက်တမ်းဖြုန်းပစ်မလို့ (မှန်ပါ့)၊ ဒါဖြင့် ‘မနုဿတ္တဘာဝေါ ဒုလ္လ ဘော’ထဲမှာဖြင့် အနှုတ်နိုင်ဆုံးက ဒီနီဝရဏပဲ (မှန်ပါ့)။
မနုဿတ္တဘာဝေါ=လူ့ဘဝကို၊ ဒုလ္လဘော=ရခဲ၏၊ ဘုရားကလည်း အင်မတန် ရခဲပါတယ်ကွလို့ ဟောထားတယ် (မှန်ပါ့)၊ ရခဲတဲ့အထဲက ကျုပ်သည် နီဝရဏတရားအဖြစ်နဲ့ ခင်ဗျားကို နှုတ်လိုက်မယ်ဆိုလို့ရှိရင် ထက်ဝက်-ထက်ဝက် ကျော်ကျော်သွားတယ် (မှန်ပါ့)၊ မသွားဘူးလား (သွားပါတယ်)။
ဒါဖြင့် ဦးသန်းမောင် ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ထိနမိဒ္ဓဟာလေ (မှန်ပါ့)။
ကိုယ့်စိတ်မနိုင်၊ ကိုယ့်စေတသိက်မနိုင်
ကိုယ့်စိတ်မနိုင်၊ ကိုယ့်စေတသိက်မနိုင်ဘဲနဲ့ ဖြတ်ဆိုငိုက်ပြီး အိပ်ပါတော့မယ်ကွာ အစရှိသည်ဖြင့် မလာဘူး လား (လာပါတယ်)၊ ဒါဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)။
ဒါဖြင့် ဦးသန်းမောင် အသက်တမ်း ဘယ်လောက်ဖြုန်းမတုံး (ထက်ဝက်ဖြုန်းပါတယ် ဘုရား)၊ မကဘူး၊ မဟုတ်ပါဘူး၊ နေ့လယ် အိပ်တာထည့်ဦးလေ၊ နေမကောင်း ထိုင်မသာလို့ အိပ်တာ ထည့်လိုက်ရင်ကော (မကပါ ဘုရား)၊ မကဘူး၊ ၄ ပိုင်း၊ ၃ ပိုင်းပဲ၊ ၄ ပုံ ၃ ပုံ (မှန်ပါ့ ဘုရား)၊ ဒါလောက်ရှိသွားတယ် (မှန်ပါ့ ဘုရား)၊ သေသေချာချာ ကြည့်ရင်လေ (မှန်ပါ့)။
ဦးသန်းမောင် လေးပုံသုံးပုံဆိုရင် ဘာမှမကျန်တော့ဘူး၊ ကျန်သေးရဲ့လား (မကျန်ပါ ဘုရား)၊ ၁ ပိုင်းသာ ကျန်တော့တယ် (မှန်ပါ့ ဘုရား)။
အင်း လေးပုံတစ်ပုံသာ ကျန်ရစ်တော့တယ်ဆိုလို့ရှိရင်ဖြင့် ၄ ပုံပုံ တစ်ပုံပဲ ကျန်ရစ်တော့တယ်ဆိုတော့ ဒီ ၁ ပုံထဲက သားရေး သမီးရေး စီးပွားရေးကို တစ်ခါနှုတ်လိုက်ရင် ခင်ဗျားတို့ ဘာမှမကျန်တော့ဘူး (မှန်ပါ မကျန် ပါ ဘုရား)၊ သဘောကျရဲ့လား (ကျပါပြီ)၊ သူတော်ကောင်း အလုပ်ကလေးဟာ ကျန်သေးရဲ့လား (မကျန်တော့ပါ ဘုရား)။
အဲဒီမကျန်တဲ့အထဲမှာ ခင်ဗျားတို့ တစ်ခါကလေး အလှူပေးလို့ တစ်ခါကလေး ဥပုသ်စောင့်လို့ အသားယူပြီး များဖြင့် မနေကြနဲ့ဦးတဲ့ (မှန်ပါ့)၊ နေစရာအချိန်မဟုတ်သေးပါဘူး (မှန်လှပါ)၊ နေစရာအချိန် မဟုတ်သေးပါဘူး တဲ့ ၄ ပုံ ပုံလျှင် ၃ ပုံလည်း အလကားဖြုန်းလိုက်သေးတယ်၊ ဒီအထဲကလည်း ခင်ဗျားတို့က တစ်ခါတလေမှ လကလေး နည်းနည်းသာတဲ့ဥစ္စာကို လသာကြီးမှတ်နေရင်တော့ ခက်လိမ့်မယ် (မှန်ပါ့ ဘုရား)၊ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။
ရန်သူအကြီးဆုံးတွေ့ပြီ
ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့ ရန်သူအကြီးဆုံးတွေ့ပြီ ဒီနေ့ည (မှန်ပါ့ ဘုရား)၊ ဘာတွေ့သတုံး (ထိနမိဒ္ဓပါ ဘုရား)၊ အကြီးဆုံးရန်သူပဲ (မှန်ပါ့)၊ သူက ဘိန်းစားပြော ပြောထားတယ်၊ သူများကို ဒေါသနဲ့ ပြောတာမဟုတ်ဘူး (မှန်ပါ့)၊ ဘိန်းစားပြောဆိုတဲ့ဥစ္စာ ချိုတယ်၊ အဖိုးတော့ မတန်ဘူး၊ သူပြောတဲ့စကားဟာ (မှန်ပါ့)။
ဒီထိနမိဒ္ဓကလည်း သူလာလိုက်တယ်ဆိုလို့ရှိရင်ဖြင့် ကြမ်းကြမ်းတမ်းတမ်း ဝင်လာသလား သိမ်သိမ်မွေ့ မွေ့ ဝင်လာသလား (သိမ်သိမ်မွေ့မွေ့ ဝင်လာပါတယ်ဘုရား)၊ သိပ်ဝိပဿနာအလုပ် လုပ်တော့မယ်ဆိုလို့ရှိရင် လာ တာပဲ (မှန်ပါ့)၊ အံမာ ကြောက်စရာကြီး (မှန်ပါ့)။
ဝိပဿနာအလုပ်ကို စူးစူးစိုက်စိုက်နဲ့ ဉာဏ်နဲ့ခန္ဓာကိုယ် စိုက်ထားတော့မှ ဘေးကနေ မျှောင်ဝင်လာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အံမာလေး အကြီးဆုံးရန်သူပဲ (မှန်ပါ့)။
ဟိုဟာတွေက ခပ်ကြမ်းကြမ်း ဝင်လာတော့ တားလို့ရတယ် (မှန်ပါ့)၊ သူက ခပ်ကြမ်းကြမ်းမဝင်ဘူး၊ သူဝင်လာ မယ်ဆို ခင်ဗျားတို့ သိကိုမသိဘူး၊ ငိုက်မှသိတယ်၊ ဝင်စက သိကိုမသိဘူး (မှန်ပါ့)၊ သိရဲ့လား (မသိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို သူသည် နုနုနဲ့ နှိပ်စက်တဲ့အထဲမှာဖြင့် ဗိုလ်စွဲတယ်မှတ်ပါ (မှန်လှပါ ဘုရား)၊ နုနုနဲ့ နှိပ် စက်တဲ့အထဲမှာ (ဗိုလ်စွဲပါတယ် ဘုရား)၊ ဘယ်သူတုံး (ထိနမိဒ္ဓပါ ဘုရား)။
အံမာလေး ထိနမိဒ္ဓ ဟောရတော့မယ်ဆို ဘုန်းကြီးတောင် ရင်လေးတယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံးဆို အနုများလွန်းလို့ (မှန်ပါ့)၊ ပြီးတော့လည်း သူက ယဉ်ကျေးသေးတယ် (မှန်ပါ့)၊ မယဉ်ကျေးဘူးလား (ယဉ်ကျေးပါတယ်)။
ယဉ်ကျေးပြီးမှ နှိပ်စက်တယ်
အင်မတန်လည်း ယဉ်ကျေးတယ် အင်မတန်လည်း ယဉ်ကျေးတယ် ယဉ်ကျေးပြီး နှုတ်ချလိုက်ပြီဆိုမှဖြင့်လည်း အသက်တမ်းကုန်သွားတယ် (မှန်ပါ့ ဘုရား)၊ ယဉ်ကျေးပြီးမှ နှိပ်စက်တယ် (မှန်ပါ့)။
ဒါဖြင့် ဒီအထဲ ဘယ်သူ့ ကြောက်စရာအကောင်းဆုံးလဲ (ထိနမိဒ္ဓ ကြောက်စရာအကောင်းဆုံးပါ)။
နဂိုတုန်းကတော့ ခင်ဗျားတို့က ထိနမိဒ္ဓ ဒီလောက်အရေးကြီးတယ်လို့ ထင်ကိုမထင်ဘူး (မထင်ပါ ဘုရား)၊ ခုတော့ဖြင့် အင်း ဝက်ပုံကလည်း နူးညံ့ပါတယ်ကွာ၊ နှိပ်စက်ပုံကလည်း ကြီးကျယ်ပါတယ်ကွာ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ဝင်ပုံကလည်း (နူးညံ့ပါတယ်)၊ ခန္ဓာကိုယ်ထဲ ဝင်လာတော့မယ်ဆို သူဝင်လာတာကို ကျုပ်တို့ သိတောင် မသိလိုက်ရဘူး၊ ငိုက်မှပဲ ဪ အိပ်ချင်ပေါ့လို့ဆို သိတယ် (မှန်ပါ့)။
မဟုတ်ဘူး၊ သူက ခင်ဗျားတို့ စိတ်ကလေးကို ခင်ဗျားတို့မနိုင်အောင် သူက ဝင်နှိပ်စက်လိုက်တာပဲ (မှန်ပါ့)၊ ခင်ဗျားတို့ ဝိပဿနာရှုတဲ့ စိတ်ကလေးကို မင်း မရှုတော့နဲ့ဆိုပြီး လာပူးလိုက်တာပဲ (မှန်ပါ့ ဘုရား)၊ လာပူးပြီး နှိပ် စက်ချလိုက်တော့ သူ့ငိုက်တဲ့ဘက် ပါသွားတယ် (မှန်ပါ့)၊ ဟို ကျုပ်တို့ ဖြစ်ပျက်မြင်တဲ့ဘက် မလာတော့ဘူး (မလာပါ ဘုရား)၊ ဘယ်လောက်ကြောက်စရာကောင်းသလဲ (မှန်ပါ့)။
ဒါဖြင့် ဦးသန်းမောင် ဘယ်သူ့ကြောက်ရမလဲ (ထိနမိဒ္ဓ ကြောက်ရပါမယ်)၊ သူ ဝင်လာတဲ့အခါကျတော့ကို သူအကြမ်းစား ဒုတ်ထမ်း, ဓားထမ်း ဝင်လာတာလား (နူးနူးညံ့ညံ့ပါ)၊ သိမ်သိမ်မွေ့မွေ့ ဝင်လာတယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ)။
သိမ်သိမ်မွေ့မွေ့ ဝင်လာတယ်
သိမ်သိမ်မွေ့မွေ့ ဝင်လာတယ်၊ ဒကာ ဒကာမတို့ နော်၊ ပြီးတော့ နှိပ်စက်တော့ကို ဘယ်လောက်ကြာကြာ နှိပ်စက်သတုံး မေးလိုက်တော့ (အသက်တမ်းထက်ဝက်ပါ)၊ အသက်တမ်းထက်ဝက် နှိပ်စက်တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ တစ်နေ့လုံးလည်း သူ ထက်ဝက်နှိပ်စက်လိုက်တာပဲ (မှန်ပါ့)။
ဒါဖြင့် ဒီလိုဥစ္စာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး နီဝရဏလို့ ဟောသင့်-မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။
ကဲ နီဝရဏ ပေါ်လာပြီ (မှန်ပါ့)၊ နဂိုတုန်းကတော့ ထိနမိဒ္ဓဆို ခင်ဗျားတို့က အို အိပ်ချင်တုံး အိပ် လိုက်၊ ဉာဏ်မထွက်ဘဲ နေလိမ့်မယ်၊ နိုးမှ ရှု (မှန်ပါ့)၊ သူနိုးမှ မနိုးတော့ဘဲ မဟုတ်ဘူးလား နိုးကို မနိုးတော့ဘူး ရှင်းပလား (မှန်ပါ့)။
အင်မတန် ကြောက်စရာကောင်းတဲ့ တရားလို့ဆိုသောကြောင့်တဲ့၊ ထိနမိဒ္ဓသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ထိနမိဒ္ဓ ဆိုတဲ့ဥစ္စာ ဘာတုံးလို့ မေးတဲ့အခါကျတော့ အခုသိထားတာက ခင်ဗျားတို့က ဪ ငိုက်မျည်းတာ ထိနမိဒ္ဓပဲလို့ သိထားကြတယ်နော် (မှန်ပါ့)။
လောဘနဲ့ဒေါသ ပေါင်းဝင် တယ်
ထိနမိဒ္ဓကို သင်္ဂြိုဟ်က ‘ပဉ္စသု သသင်္ခါရိက စိတ္တေသု’- သသင်္ခါရိက ငါးခုကွ တဲ့ (မှန်ပါ့)၊ သူက သသင်္ခါရိက ငါးခုဆိုတော့ လောဘထဲက လေးခု၊ ဒေါသထဲက တစ်ခုပါတယ်၊ နှစ်ခုပေါင်းဝင်တယ်၊ လောဘနဲ့ဒေါသ ပေါင်းဝင် တယ် (မှန်ပါ့)၊ ထိနမိဒ္ဓညံ့တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါက ကြံလုံးသမားမှ ဟောနိုင်တယ် (မှန်ပါ့)၊ ဟို ခုန စေတသိက် ယှဉ်သမားနဲ့ ဘာမှမဆိုင်ဘူး (မှန် ပါ့)၊ နှစ်ခုတွဲ ဝင်တယ် (မှန်ပါ့)။
လောဘကလည်း သူဝင်လာလို့ရှိရင် မင်းကို ကျန်းမာရေးကလေးကို ငဲ့ဦး၊ လောဘကလေးက ပါနေတယ် (ပါပါတယ်)။
ဒေါသကလည်း ဘယ်လိုပါလာတုံးဆိုလို့ရှိရင်ဖြင့် အိပ်ချင်တယ်ဆိုလို့ရှိရင် မအိပ်ရရင် ဦးသန်းမောင်တို့က ကလေးတွေက ဆူလာရင် ဒေါသက လာတယ် (မှန်ပါ့)၊ ကိုယ်က အိပ်ချင်လာပြီ သူက ဆူလိုက်တာ (မှန်ပါ့)။
လောဘနဲ့ဒေါသ တွဲဝင်တယ်၊ ကိုယ့်ကိုယ်ငဲ့တာက လောဘ (မှန်ပါ့)၊ သူတစ်ပါး စိတ်ဆိုးတာက (ဒေါသပါ ဘုရား)။
တွဲဝင်လာတယ် (မှန်ပါ့)၊ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကြောက်စရာကောင်းပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ထိနမိဒ္ဓသည် သူချည်းသက်သက် ဝင်တာလား ၊ လောဘနဲ့ဒေါသ တွဲဝင်တာလားမေးရင် (လောဘနဲ့ ဒေါသ တွဲဝင်တာပါ ဘုရား)၊ တစ်ခါတလေ ဒေါသနဲ့ တွဲဝင်တယ်၊ တစ်ခါတလေကျတော့ (လောဘနဲ့ တွဲဝင်ပါတယ် ဘုရား)၊ လောဘနဲ့ တွဲဝင်တယ်၊ တစ်ခါတလေကျတော့ ကျန်းမာရေး ဂရုစိုက်ဦးမှပဲ၊ ဒါလောဘနဲ့ တွဲဝင်တာ (မှန်ပါ့)၊ တစ်ခါတလေကျတော့ ဆူဆူလွန်းလှတယ်ကွာ ၊ ငါ အိပ်ရာထဲ ပြေးတော့မယ်ဆိုပြီး ပြေးတယ်၊ ဟိုလည်းဆူ၊ ဆူ ဆူလွန်းလှတယ်လို့ ဒေါသလည်းဖြစ်၊ ကိုယ်လည်း အိပ်ရာထဲ ပြေးတယ် (မှန်ပါ့)၊ မဖြစ်ဘူးလား ဒီလို (ဖြစ်ပါတယ်)။
ဒါဖြင့် သူသည် တစ်ခါတလေ လောဘနဲ့ တွဲဝင်တယ်၊ တစ်ခါတလေကျတော့ (ဒေါသနဲ့ တွဲဝင်ပါတယ်)၊ ဒေါသနဲ့ တွဲဝင်တယ် တဲ့။
အေး မောင်သစ်၊ ရှင်းပေးတော့ မကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)၊ တစ်ခါတလေ ဘာနဲ့ တွဲဝင် သတုံး (လောဘနဲ့ တွဲဝင်ပါတယ်)၊ တစ်ခါတလေကျတော့ (ဒေါသနဲ့ တွဲဝင်ပါတယ်)။
မဂ်ဖိုလ် တားတဲ့ တရားကွ
ကဲ ဒါဖြင့် သူ့ကို နီဝရဏလို့ ဦးသန်းမောင်က ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ မဂ်ဖိုလ် တားတဲ့ တရားကွ (မှန်ပါ့ တားပါတယ် ဘုရား)၊ သေသေချာချာ တားတယ် (မှန်ပါ့)၊ လောဘနဲ့ တွဲထားလိုက်သေး တယ် မဂ်ဖိုလ်ကို၊ တစ်ခါတလေ သူ့ကိုက ဒေါသနဲ့ တွဲပြီးတော့ (မှန်ပါ့ တားပါတယ် ဘုရား)။
တားလိုက်တယ်တဲ့၊ ဒါ့ကြောင့် ခင်ဗျားတို့ ထိနမိဒ္ဓသည် နှစ်ခုစလုံးကို သူ့ဘက်ပါအောင် ဆွဲတယ် (မှန်ပါ့)၊ လောဘကိုလည်း သူ့ဘက်ပါအောင် ဆွဲတယ်၊ ဒေါသကိုကော (သူ့ဘက်ပါအောင် ဆွဲပါတယ်)၊ သူ့ဘက်ပါအောင် ဆွဲ မယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ သူ့ဒဏ်ချက် လွတ်တဲ့နေ့ဟာ ရှာမှ ရှားလိမ့်မယ် (ရှားပါတယ် ဘုရား)၊ ရှာမှ-ရှားမယ် (မှန်ပါ့)၊ နေ့ နေ့၊ သူ့ဒဏ်ချက် လွတ်တဲ့နေ့ (မရှိပါ ဘုရား)၊ မရှိဘူး၊ သဘောပါပလား (ပါပါပြီ)။
တစ်ခါတလေကျလည်း ကျန်းမာရေး ငဲ့အိပ်တော့ကို လောဘနဲ့တွဲပြီး ထိနမိဒ္ဓ ဝင်လာတယ် (မှန်ပါ့ ဘုရား)၊ တစ်ခါတလေကျတော့ အင်း မအိပ်ရဘဲနဲ့ စိတ်တွေ တိုပြီးသကာလ နေတဲ့အခါ ရှိသေးတယ်၊ ဒီကျတော့ ဒေါသ နဲ့ တွဲဝင်တယ် (မှန်ပါ့)၊ မဝင်ဘူးလား (ဝင်ပါတယ်)။
အဲဒါကြောင့် ဘုရား ရဟန္တာများမှအပ အိပ်တဲ့ ပုဂ္ဂိုလ် ဒီနှစ်မျိုးနဲ့ပဲ တွဲပါလိမ့်မယ် (မှန်ပါ့)၊ အိပ်တဲ့ပုဂ္ဂိုလ်မှာ သွားကြည့် ဘယ်နှစ်မျိုးနဲ့ တွဲမယ်ထင်သတုံး (ဒီနှစ်မျိုးနဲ့ပဲ တွဲပါတယ်)၊ ဘုရား၊ ရဟန္တာများမှာ ကရဇကာယ ပင်ပန်း လို့ ကျိန်းစက်တော်မူကြခြင်း ဖြစ်တယ်လို့ မှတ်ကြ၊ ခင်ဗျားတို့မှာတော့ တစ်ခါတလေ လောဘနဲ့တွဲမယ်၊ တစ်ခါတလေ ကျတော့ (ဒေါသနဲ့ တွဲပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ ဪထိနမိဒ္ဓသည်ကားလို့ဆိုလို့ရှိရင်ဖြင့် လောဘနဲ့ တွဲဝင်လိုက်လည်း အသက်တမ်း ဖြုန်းတာပဲ (မှန်ပါ့)၊ ဒေါသနဲ့ တွဲဝင်လိုက်လည်း (အသက်တမ်း ဖြုန်းတာပါပဲ ဘုရား)။
ဒါဖြင့် မဂ်ဖိုလ်တားတဲ့ နီဝရဏလို့ ဟောထိုက်-မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)၊ ခရေစေ့တွင်းကျ သေသေချာချာ ပြောတော့မှ၊ စာဖတ်သွားတော့ နီဝရဏဆိုတာ သာမညအောက်မေ့ရတယ် (မှန်ပါ့ ဘုရား)။
အခုဟာ သာမညလား (မဟုတ်ပါ ဘုရား)၊ အင်မတန်ကြီးကျယ်တယ် (မှန်ပါ့)၊ မကြီးကျယ်ဘူးလား (ကြီးကျယ် ပါတယ်)၊ ထိနမိဒ္ဓ နီဝရဏအကြောင်းဖြင့် ဦးသန်းမောင်ရေ တော်တော့ကို ကျယ်သွားပြီ (မှန်ပါ့ ဘုရား)၊ တစ်ခါတလေ ဘာနဲ့ တွဲဝင်သလဲ (လောဘနဲ့ တွဲဝင်ပါတယ်)၊ တစ်ခါတလေကျတော့ (ဒေါသနဲ့ တွဲဝင်ပါတယ်)။
ထိနမိဒ္ဓဟာလေ ဒေါသဖြစ်လို့ အိပ်တာလေ (မှန်ပါ့)၊ ဟိုလူ အိပ်ပြီဟေ့ သူ့ဒေါသနဲ့သူ အိပ်တာပဲ၊ မလာဘူးလား (လာပါတယ်)၊ ဟိုလူ အိပ်ပြီဟေ့ သူ့ကိုယ်သူ ငဲ့အိပ်တာပဲ (မှန်ပါ့)၊ အင်း သူ့ကိုယ်သူငဲ့ရင် တဏှာ (မှန်ပါ့)၊ သူတစ်ပါး စိတ်ဆိုးလို့ အိပ်သွားရင် (ဒေါသပါ ဘုရား)၊ ဒီလိုဟာလည်း ရှိသေးတယ် တဲ့ (မှန် ပါ့)။
ကောင်းပြီ ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်ပြီး အိပ်တာလည်း ရှိသေးတယ် (မှန်ပါ့)၊ ဒါဖြင့် ဦးသန်းမောင် ထိနမိဒ္ဓ နီဝရဏသည် ကာမစ္ဆန္ဒနီဝရဏထက် ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ဗျာပါဒနီဝရဏဆိုတဲ့ ဒေါသထက်လည်း (ကြောက်စရာကောင်းပါတယ်)။
ကာမစ္ဆန္ဒနှင့် ဗျာပါဒ သူတို့နှစ်ခုဟာ ထိနမိဒ္ဓရဲ့ လက်အောက်ခံ သွားဖြစ်တယ် (မှန်ပါ့)၊ လောဘလည်း ထိနမိဒ္ဓ၏ လက်အောက်ခံ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒေါသကော (ထိနမိဒ္ဓ၏ လက်အောက်ခံပါ ဘုရား)။
ကဲ အချိန်စေ့သွားပြီ ဒီတွင်ပဲ တော်ကြဦးစို့။
သာဓု သာဓု သာဓု။