ကာမစ္ဆန္ဒ နီဝရဏသဘောနှင့် ၎င်းမှထွက်မြောက်ကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌
ဟောကြားတော်မူသော
ကာမစ္ဆန္ဒ နီဝရဏ သဘောနှင့် ၎င်းမှထွက်မြောက်ကြောင်း
ညအလုပ်ပေး တရားတော်
(၁၈-၁၁-၆၁)
အလုပ်ပေးမယ်
အလုပ်ပေးမယ်၊ အလုပ်ပေးမယ်ဆိုလို့ရှိရင် အလုပ်လုပ်တုန်းကို ရှုရမှာတော့ ဝေဒနာကြိုက်ရင် ဝေဒနာသုံးပါး ငါးပါး လှည့်ရှုပါ၊ စိတ်ကြိုက်လို့ရှိရင် စိတ်ဆယ့်သုံးပါးကို ရှုပါဆိုတာတော့ သင်ပြီးပြီ၊ ဦးသန်းမောင်တို့ မှတ်မိပါပြီ (မှတ်မိပါပြီ)။
စိတ်ကြိုက်လို့ရှိရင် စိတ်ဘယ်နှစ်မျိုးပါလိမ့် (ဆယ့်သုံးမျိုးပါ ဘုရား)၊ ဝေဒနာကြိုက်ရင် (ဝေဒနာငါးမျိုးပါ ဘုရား)၊ ငါးမျိုး သုခ, ဒုက္ခ, ဒေါမနဿ, သောမနဿ, ဥပေက္ခာ ဒါပဲရှိပါတယ်။
ဒါကိုရှုကြပါလို့ဆိုတာ သတိပေးလိုက်တယ်၊ ရှုတဲ့အခါမှာ ခင်ဗျားတို့က တွေဝေ မိန်းမောနေတဲ့ အချက် ရှိပါ လိမ့်မယ်၊ သောမနဿလာတာ သောမနဿလို့ မသိ၊ ဒေါမနဿလာတာ ဒေါမနဿ လာတာလို့ မသိ၊ ဥပေက္ခာလာတာ ဥပေက္ခာလို့ မသိ၊ ဒါ အဖျက်တွေပဲလို့လည်း စိတ်ထဲမှာ ဝေဖန်ချင် ဝေဖန်လိမ့်မယ် (မှန်ပါ့)၊ ဒီဟာတွေလည်း အလွဲတွေပဲဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ပါ အလွဲပြင်ပေးမယ် (မှန်ပါ့ ဘုရား)။
သင်္ဂါရဝ သတို့သား
ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတယ်၊ ထိုကဲ့သို့ သီတင်းသုံးနေတော့ သင်္ဂါရဝ သတို့သားဆိုတာ ရှိပါတယ်၊ ဘုရားနဲ့တွေ့ပြီး ဘုရားကို သူကလျှောက်တယ်။
ဘယ်လိုလျှောက်သတုံး မေးတဲ့အခါကျတော့ တပည့်တော်ဟာ ဘုရား တစ်ခါတလေ ဘယ်လိုဖြစ်တယ် မသိပါဘူး တဲ့၊ ပုဏ္ဏားများမှာ ဗေဒင် မန္တာန် စာတွေရှိပါတယ်၊ ဒါတွေကို တစ်ခါတလေ ရပြီးသားတွေ အကုန် ပျောက်တယ် ဘုရာ့၊ အဲဒီ့အကြောင်းကလေးလည်း တပည့်တော် သိချင်ပါတယ်။
တစ်ခါတလေကျပြန်တော့လည်း မရသေးတာများတောင် ပြန်ပေါ်လာတယ်၊ ရှေးက သူစွန့်ပစ်ထားတာတွေ, မပြန်ဘဲနဲ့ နေတာတွေ, မတွေးတောဘဲနဲ့ နေတာတွေတောင်မှ ပြန်ပြီးပေါ်လာတယ်၊ အဲဒီတော့ ဒီအကြောင်းလည်း တပည့်တော် သိချင်ပါတယ်။
ပုစ္ဆာနှစ်ခု
ဒါဖြင့် ရပြီးသား ပျောက်တာလည်း ဘယ်အကြောင်းကြောင့်ပါတုံး၊ မရသေးတာ ပေါ်လာတာလည်း ဘယ် အကြောင်းကြောင့်ပါတုံး၊ သူမေးတဲ့ပုစ္ဆာနှစ်ခုလို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ရပြီးသား ပျောက်တာလည်း (ဘယ်အကြောင်းကြောင့်ပါတုံး)၊ မရသေးတာ ပေါ်လာတာလည်း (ဘယ်အကြောင်း ကြောင့်ပါတုံး)၊ အဲ ပစ်ထားတာတွေ ပေါ်လာတာလည်း ဘယ်အကြောင်းကြောင့်ပါတုံးလို့ မေးလိုက်တယ်။
ကဲ ကွာတဲ့၊ သင်္ဂါရဝ သတို့သား ငါရှင်းပြပါ့မယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းပြတယ်။
မင်း ရေခွက်တစ်ခု ရှာခဲ့ကွာ ၊ ရေအပြည့်ထည့်၊ အဲဒီ ရေထဲမှာကွာ ဆေးဖြူ, ဆေးဝါ, ဆေးနီတွေ ရောပြီးတော့ ထည့်လိုက်စမ်းပါ တဲ့၊ ထိုကဲ့သို့ ထည့်လိုက်လို့ရှိရင်ဖြင့် ပြီးတော့ ဒီဆေးနီ, ဆေးဝါ, ဆေးပြာ တွေက ရေတွေ အကုန်ဖြစ်ပြီးသကာလ ရေနဲ့ ရောနေတဲ့အခါ မင်းမျက်နှာကလေးနဲ့ ဟတ်ပြီးတော့ ကြည့်ပါ တဲ့၊ မင်းအရိပ် ထင်ပါ့မလား တဲ့၊ ဒကာ ဒကာမတွေ ထင်နိုင်ပါ့မလား (မထင်နိုင်ပါ ဘုရား)၊ ရေထဲ ဆေးနီ, ဆေးဝါ, ဆေးပြာတွေ ရောနေတယ် (မှန်ပါ့ ဘုရား)။
ကာမစ္ဆန္ဒနီဝရဏ
ရေထဲ ဆေးနီ, ဆေးဝါ, ဆေးပြာ ရောနေတဲ့အတွက် မျက်နှာရိပ် မထင်ဘူး ဆိုတော့ ကိုယ့်မျက်နှာမရှိလို့ မထင်တာလား ဟိုမှာရောနေလို့ မထင်တာလား လို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ရောနေလို့ မထင်တာပါ ဘုရား)၊ ရောနေလို့ မထင်တာဆိုတာ ဒကာ ဒကာမတွေ သိပါတယ်။
ထို့အတူပဲကွာ တဲ့၊ မင်းမှာ ကာမစ္ဆန္ဒနီဝရဏ ဆိုတာ ရှိတယ်၊ ဦးသံဒိုင် မှတ်ရတော့မယ်၊ ဘာတဲ့တုံး (ကာမစ္ဆန္ဒနီဝရဏဆိုတာ ရှိပါတယ်)။
ကာမစ္ဆန္ဒနီဝရဏ၊ ကာမ-က လိုချင်တာ၊ သဘောကျပလား (မှန်ပါ့)၊ ကာမေတီတိ ကာမော=အလိုရှိအပ်သော ကာမ၊ ဆန္ဒက လိုချင်တာ အလိုရှိအပ်တဲ့ပစ္စည်းကို လိုချင်ခြင်းကြောင့် ပိတ်ပင်တဲ့တရား ဖြစ်တယ်။
ဒါကလေး မြန်မာလို ရှင်းရမယ် ‘အလိုရှိအပ်တဲ့ တရားကို လိုချင်ခြင်းကြောင့် ပိတ်ပင်တယ်’ ပါဠိလိုတော့ ကာမစ္ဆန္ဒနီဝရဏ (မှန်ပါ့)။
မြန်မာလို ပြန်လိုက်တဲ့အခါကျတော့ အလိုရှိအပ်တဲ့ တရားကို လိုချင်ခြင်းကြောင့် မဂ်ဖိုလ်ပိတ်ပင်တယ် (မှန်ပါ့)၊ မဂ်ဖိုလ်တားမြစ်တယ် (မှန်ပါ့ ဘုရား)၊ ဒါ သေသေချာချာမှတ်ပါ၊ အလိုရှိအပ်တဲ့ တရားကို လိုချင်သောကြောင့် လိုချင်တဲ့တရားက မဂ်ဖိုလ်ကို ကန့်ကွက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါကို ကာမစ္ဆန္ဒနီဝရဏလို့ မှတ်လိုက် စမ်းပါ။
ကာမစ္ဆန္ဒနီဝရဏ ဥပမာမယ် ဦးသံဒိုင်ကဖြစ်စေ၊ ဦးသန်းမောင်ကဖြစ်စေ ဝေဒနာ ဖြစ်ပျက်ကလေးကို ကြိုးစား ကြိုးစား ရှုနေတယ်၊ စိတ်ဖြစ်ပျက်ကလေးကို ကြိုးစားနေတယ်၊ ကိုယ်ကြိုက်ရာကို ဖြတ်ဆို ဝမ်းဆာလာတယ်၊ ဝမ်းဆာ လာတယ်ဆိုတော့ ဦးသံဒိုင် လောဘဖြစ်ရတော့မယ် (မှန်ပါ့)၊ ဒါကာမစ္ဆန္ဒနီဝရဏ (မှန်ပါ့)။
ဖြစ်ပျက်မြင်တဲ့ဉာဏ် ပိတ်ချလိုက်တယ်
ကာမက ထမင်း၊ ဆန္ဒက စားချင်တာ၊ နီဝရဏက သူစားချင်တဲ့ စိတ်ကနေပြီး ခုနင်က ဖြစ်ပျက်မြင်တဲ့ဉာဏ် ပိတ်ချလိုက်တယ် (မှန်ပါ့)၊ ဖြစ်ပျက်မြင်တဲ့ဉာဏ်ကို (ပိတ်ချလိုက်ပါတယ်)၊ ပိတ်လိုက်ပါတယ်။
ဒါဖြင့် ကာမဆန္ဒ နီဝရဏ ကာမက ထမင်း၊ ဆန္ဒက စားချင်တာ (မှန်ပါ့)၊ နီဝရဏက စားချင်တဲ့စိတ်ကနေ ပြီး ခုနင်က ဝိပဿနာဉာဏ်ကို ပိတ်ပစ်လိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကာမက ဘာတုံး (ထမင်း)၊ အလိုရှိအပ်တဲ့ ထမင်း၊ ဆန္ဒက (စားချင်တာ)၊ နီဝရဏက (ပိတ်ပင်တာ)။
ဒါဖြင့် ထမင်းစားချင်တဲ့စိတ်က ဖြစ်ပျက်သိတဲ့ဉာဏ် ပိတ်လိုက်တယ် (မှန်ပါ့)၊ ဒါသေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ထမင်းဆာတဲ့စိတ်က (ဖြစ်ပျက်သိတဲ့ဉာဏ် ပိတ်ပါတယ် ဘုရား)။
ဖြစ်ပျက်သိတဲ့ဉာဏ်ကို တစ်ခါတည်း သူကနေပြီး မလာရအောင် ပိတ်ပစ်လိုက်တယ် ဒါကြောင့် သူ့ကို ပါဠိလို သုံးတော့ ကာမစ္ဆန္ဒနီဝရဏလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဟာ ဘာပဲလိုချင်လိုချင် လိုချင်တဲ့ပစ္စည်းက ကာမ၊ လိုချင်တဲ့ဆန္ဒက တဏှာ၊ ဒီနှစ်ခု ပေါင်းမိလို့ရှိရင် လိုချင်အပ်တဲ့ပစ္စည်းနဲ့ လိုချင်တဲ့ဆန္ဒ လိုချင်တဲ့ လောဘနဲ့သာ ပေါ်လာမယ်ဆိုရင် ဦးသန်းမောင် မှတ်လိုက် မဂ်ဖိုလ် တားတဲ့ စိတ်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပါဠိလိုသုံးရင် ဘယ်လိုသုံးကြမယ် (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)။
အေး ကာမစ္ဆန္ဒနီဝရဏ တရားလို့ မှတ်ထားပါ၊ ဒါနဲ့ သင်္ဂါရဝကို ဘုရားက ဟောလိုက်တယ်ကွာ တဲ့ မင်းပင်ကိုကတော့ ဖြူဖြူစင်စင်ပါပဲတဲ့၊ မင်းဟာ ဖြူဖြူစင်စင်နဲ့ စိတ်ဟာ ထားတာပါပဲ၊ သို့သော် မင်းမှာ ကာမစ္ဆန္ဒနီဝရဏ တစ်ခုရောလာလို့ရှိရင် မင်းရထားတဲ့ ဥစ္စာတွေ အကုန်မေ့ရမယ် သဘောကျပလား (ကျပါပြီ)၊ ရထားတာတွေ (အကုန်မေ့ရပါမယ်)။
သူ့ကိုထွက်မြောက်ကြောင်း ရှာရမယ်
ရထားတာတွေ အကုန်မေ့ရမယ်ကွ တဲ့၊ အဲဒီတော့ မင်းသိဖို့အရေးက ဒီကာမစ္ဆန္ဒနီဝရဏဆိုတဲ့ လောဘကို ငါးပါးအာရုံ ကာမဂုဏ်ကို တောင့်တဲ့ နီဝရဏတရားကို သူ့ကိုထွက်မြောက်ကြောင်း ရှာရမယ် တဲ့၊ သူ့ကို ဘယ်လို ပယ်ရမတုံး၊ ဘယ်လို ဖယ်ရှားရမတုံးဆိုတဲ့ဥစ္စာ မင်း အရေးကြီးတယ်၊ ဒါဟောလိုက်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျ ကြလား (ကျပါပြီ ဘုရား)။
သူ့ကို ပယ်နည်းကို မင်းအရေးကြီးတယ် တဲ့၊ ဒါမသိသ၍ ကာလပတ်လုံး ပယ်နည်း မသိသ၍ ကာလပတ် လုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တဲ့ ဉာဏ်ကို နီဝရဏက ပိတ်မှာပဲ (မှန်ပါ့)၊ မပိတ်ပေဘူးလား (ပိတ်မှာပါ ဘုရား)။
ပိတ်လိမ့်မယ်ဆိုတော့ အလုပ်သမားမှာ သိပ်အရေးကြီးတဲ့တရားလို့ မှတ်ပါ (မှန်ပါ့)၊ ပိတ်ပင်တာ ဖယ်တတ် ဖို့ အရေးဟာ ဦးသန်းမောင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
ခင်ဗျားတို့က ပိတ်ပင်တဲ့ တရားလာပြီ၊ တရားသဘော အနိစ္စကလေး ဖြစ်ပျက်ကလေး ရှုနေတယ်၊ ထိုကဲ့သို့ ရှုနေတုန်းပဲ အင်း ထမင်းဆာတယ်၊ တယ် နှောင့်ယှက်တဲ့တရား များသကိုး၊ ဒီနေ့ မလုပ်သေးဘူး ၊ ဒီနေ့ မလုပ်သေးဘူးဆိုတော့ ဦးသံဒိုင်က စဉ်းစားလိုက်၊ သူ ပိတ်ပင်တာ သေချာတယ် (မှန်ပါ့ ဘုရား)၊ မသေချာဘူး လား (သေချာပါတယ် ဘုရား)၊ ဘယ်သူက ပိတ်ပင်လိုက်သလဲ (နီဝရဏကပါ ဘုရား)။
ကာမစ္ဆန္ဒနီဝရဏက ပိတ်ပင်လိုက်ပါတယ်
နီဝရဏက ဘယ်နီဝရဏကလဲ (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)၊ ကာမစ္ဆန္ဒနီဝရဏက ပိတ်ပင်လိုက်ပါတယ် ဆိုတော့ ဪ ခင်ဗျားတို့အတွက်မှာဆိုလို့ရှိရင် ဦးသန်းမောင်တို့အတွက်, ဦးသံဒိုင်တို့အတွက်ဆိုရင် သူဟာ ဗိုလ်ပဲ (မှန်ပါ့)၊ သူ အရေးအကြီးဆုံး လာတာပဲ၊ ဒီ့ပြင်ဟာ မလာဘူး၊ သူက အရေးတကြီး လာတယ် (မှန်ပါ့ ဘုရား)။
ထမင်းဆာလိုက်တာ၊ ဘာကလေး ဝတ်ချင်တယ်၊ ဘာကလေး စားချင်တယ်၊ ဘယ်ဟာကလေး သွားချင်တယ်၊ ဘယ်သူဖြင့် နေမကောင်းဘူး သွားမေးချင်တယ်၊ အဲဒီကိစ္စကလေးက ရှိတယ်၊ ဒါ ကာမစ္ဆန္ဒနီဝရဏချည်း မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဘယ်သူဟာ ဥပမာ- ဦးသံဒိုင်ဆိုပါတော့ ဘယ်နှစ်ရက်နေ့သွားမယ် စိတ်ကူးထားတယ်၊ ဘယ်လိုနေလို့မှ သွားမမေးရင် မကောင်းပါဘူး၊ ခင်မင်ရာ မရောက်ပါဘူးဆိုတော့ ခင်မင်တဲ့စိတ်ဟာ ကာမစ္ဆန္ဒနီဝရဏ (မှန်ပါ့ ဘုရား)။
ခင်မင်တဲ့စိတ် ပေါ်လာရင် သူ မော်တော်ကားနဲ့ မန္တလေးသွားမယ် (မှန်ပါ့ သွားပါမယ်)၊ မသွားဘူးလား သွားမလား (သွားပါမယ် ဘုရား)၊ ဘာပါလိမ့် ဒါဟာ (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)၊ ကာမစ္ဆန္ဒနီဝရဏ (မှန်ပါ့)၊ သဘောကျပြီ (ကျပါပြီ)။
ဒါဖြင့် မကောင်းလို့ သွားတာဟူသ၍ ကာမစ္ဆန္ဒနီဝရဏမှတ် (မှန်ပါ့)၊ မကောင်းလို့ သွားတာဟူသ၍ (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)။
ဒါဖြင့် မကောင်းလို့ ပြောလိုက်ရတာဟူသ၍ (ကာမစ္ဆန္ဒနီဝရဏပါ)၊ ကာမစ္ဆန္ဒနီဝရဏ၊ ဖြစ်ပျက်ကို အမြဲတမ်း တားမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဖြစ်ပျက်သိတဲ့တရားကို (အမြဲတမ်း တားပါတယ်ဘုရား)၊ အမြဲတမ်း တားမှာပါပဲ။
ဒါဖြင့် နီဝရဏဆိုတာ ပိတ်ပင်တတ်တဲ့ တရား, တားမြစ်တဲ့ တရားဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်နဲ့ ရှုလိုက်တဲ့အခါ တယ် မှန်ပါကလား ၊ ဒီနေ့တော့ ဘုန်းကြီးဆီ ခွင့်ယူဦးမှ တော်မယ်ဆိုရင် ချက်ချင်းလာမယ် ခင်ဗျားတို့ မလာဘူးလား (လာပါတယ်)။
ဦးသန်းမောင်မှာလည်း ထိုနည်းအတူပဲ ကိစ္စရှိသေးတယ် ဘုရား မကောင်းတတ်တာနဲ့ တပည့်တော် သွားရ ဦးမယ် ၊ ဘယ်လိုမကောင်းတတ်တာတုံး အို အလွန်ရင်းနှီးတယ် ဘုရာ့ (မှန်ပါ့)။
ရင်းနှီးတယ်ဆိုတာ ဘာတုံး၊ တဏှာနဲ့ အင်မတန် ခင်တယ်ပြောတာ (မှန်ပါ့)၊ အဲဒါ သူ့ကို ဘာ နီဝရဏဆိုမလဲ (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)။
ဝိပဿနာဉာဏ်တောင် တားတယ်
ဒါဖြင့် ခင်ဗျားတို့မှာ ဒီအလုပ် အများဆုံးပဲ၊ သဘောကျပလား (ကျပါပြီ)၊ သူသည် ဘာကိုတားသလဲ (မဂ် ဖိုလ် တားပါတယ်)၊ မဂ်ဖိုလ်ကို တားတယ်၊ မဂ်ဖိုလ်ဆိုတာ အသာထားစမ်းပါဦး ဝိပဿနာဉာဏ်တောင် တားတယ် (မှန်ပါ့ ဘုရား)၊ ဝိပဿနာဉာဏ်တောင် တားတယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖြစ်ပျက်သိတဲ့ဉာဏ်တောင် (တားပါတယ် ဘုရား)၊ တားတယ်ဆိုတော့ ဝိပဿနာမဂ်တောင် တားတဲ့ဟာ ဟို လောကုတ္တရာမဂ်ကျတော့ ပိုတားတာပေါ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ကိစ္စများတဲ့ လူဆိုတာဟာ ခင်ဗျားတို့ပဲ ဆုံးဖြတ်ချက်ချပါတော့၊ ကိစ္စများတယ် သူ့အတွက် အတော်ကိစ္စများတယ်၊ ဘာပြောနေကြတာတုံး ၊ မဂ်ဖိုလ် တားမြစ်တာ များတယ်ပြောတာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ လောကမှာသာ ယဉ်တာပါ- လောကုတ္တရာမျက်လုံးနဲ့ ကြည့်လိုက်တော့ မဂ်ဖိုလ် အတားဆုံး လူ တစ်ယောက်ပဲ (မှန်ပါ့)၊ မဂ်ဖိုလ်ရောက်မူကို အတားဆုံး လူတစ်ယောက်- ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။
သို့သော် ခင်ဗျားတို့က ဦးသန်းမောင်တို့က ဂုဏ်ယူတယ်၊ ဂုဏ်တောင် ယူမိတယ်၊ မအားလိုက်တာများ ပြော စရာ မရှိဘူး၊ ကိုယ့်မျက်နှာမပြရင် မကောင်းဘူး၊ ကိုယ့်အသံ မကြားရရင် ဟိုက ဘာလိုလို ပြောနေတယ်၊ ဒါ့ကြောင့် လှည့်ပတ်ပြီး ပြေလည်အောင် လျှောက်လုပ်နေရတယ် (မှန်ပါ့)၊ ဘာတွေတုံးမေးရင် (ကာမစ္ဆန္ဒနီဝရဏတွေပါ ဘုရား)။
မဂ်ဖိုလ် မရမည့်အလုပ်ကို ငါလုပ်လိုက် ဦးမယ်
ခင်ဗျားတို့ ပြေလည်အောင် လုပ်တာလားတဲ့၊ ဒီဥစ္စာဟာ ကဲ မဂ်ဖိုလ် မရမည့်အလုပ်ကို ငါလုပ်လိုက် ဦးမယ်လို့ဆိုတာလား (မဂ်ဖိုလ် မရမည့်အလုပ်ကို ငါလုပ်လိုက်ဦးမယ်ဆိုတာပါ ဘုရား)၊ အပြောသာ ယဉ်တာဗျ၊ အရုပ်က သိပ်ဆိုးတယ် (မှန်ပါ့ ဘုရား)၊ အပြောတော့ (ယဉ်ပါတယ် ဘုရား)၊ အရုပ်တော့ (ဆိုးပါတယ် ဘုရား)၊ အရုပ်က သိပ်ဆိုးတယ်ဆိုတာဖြင့် ဖော်ပြောတော့မှပဲ ဦးသန်းမောင်တို့ ရိပ်မိပြီ (မှန်ပါ့ ဘုရား)။
ကိစ္စကြီးငယ်တွေက ဘုရား မလွှဲသာတာတွေက သိပ်ပေါတာ၊ ဒါကြောင့် ဒီနေ့ တရားကလေး နှလုံးသွင်း မှာတောင်မှ အချိန်စေ့အောင် တပည့်တော် နှလုံးမသွင်းနိုင်ဘူး၊ ဘာဖြစ်လို့တုံး မဂ်ဖိုလ်တားတဲ့ တရားကများ များလွန်းလို့ ၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဘာတဲ့တုံး (မဂ်ဖိုလ်တားတဲ့ တရားက များလွန်းလို့ တရားနှလုံးမသွင်းနိုင်တာပါ)၊ နောက်ကို ဒီလိုဖော်ပြီး ပြောကြစမ်းပါ၊ ဒီလိုဖော်ပြောလိုက်လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ဆုံးမ,ပြီးသား ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒီနေ့ မအားဘူး၊ မအားတာနဲ့ ဘုန်းကြီးဆီလည်း ခွင့်ယူရမှာပဲ၊ မလွှဲသာတဲ့အကြောင်းလည်း ပြောပြရမှာပဲ၊ ပေးမှ ပေးပါ့မလား အခွင့်ဆိုတော့ မပေးသင့်တာတော့ အမှန်ပဲ (မှန်ပါ့)၊ ဦးသန်းမောင် ဘယ့်နှယ်ဖြေမတုံး (ခွင့် မပေးသင့်တာ အမှန်ပါ ဘုရား)။
မပေးသင့်ဘူး၊ ဘာဖြစ်လို့ မပေးသင့်သလဲဆိုတော့ တပည့်တော် တဏှာ ဥပါဒါန် ကံ ဖြစ်ပရစေဦး ဘုရား (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘာတဲ့တုံး (တဏှာ ဥပါဒါန် ကံ ဖြစ်ပါရစေဦး ဘုရား တဲ့)။
တဏှာ ဥပါဒါန် ကံ ဖြစ်ပါရစေဦး (မှန်ပါ့)၊ ဒါဖြင့် တပည့်တော် အပါယ်သွားပရစေဦး (မှန်ပါ့)၊ ခင်ဗျားတို့ လာပြီး ဝတ်ချပြီး ခွင့်ယူတဲ့ဥစ္စာ (မှန်ပါ့)၊ ဒီလောက် အရုပ်ဆိုးမှန်း ဦးသံဒိုင် ရိပ်မိပလား (ရိပ်မိပါပြီ)။
တပည့်တော် အပါယ်သွားပရစေဦး
သို့သော် စကားတော့ စကားယဉ်သုံးတာပဲ (မှန်ပါ့)၊ အခု ပဋိစ္စသမုပ္ပါဒ်သိတဲ့ ဉာဏ်နဲ့ ပြောတော့မှ ဪ ငါ့ဘုန်းကြီးဆီ ခွင့်ယူရတဲ့အလုပ်ဟာ- တောင်းပန်ရတဲ့ အလုပ်ဟာ တပည့်တော် အပါယ်သွားပရစေဦး ဘုရား (မှန် ပါ့)၊ ဒါပဲ၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ဘာတဲ့တုံး (အပါယ်သွားပရစေဦး တဲ့)၊ တပည့်တော် အပါယ်သွားပါရစေဦး (မှန်ပါ့)၊ ဦးသန်းမောင် အပြောတော့ ယဉ်သနော် (မှန်ပါ့)၊ အလုပ်သွားက (ဆိုးပါတယ် ဘုရား)၊ အလုပ်သွားက သိပ်ဆိုးတယ်၊ တပည့်တော် အပါယ်သွားပရစေဦး (မှန်ပါ့)။
နို့ အပါယ်သွားပရစေဦးဆိုတာ ဘယ့်နှယ်ကြောင့်တုံး မေးလို့ရှိရင် ခင်ဗျားတို့ပါးစပ်က ထွက်လာမယ်၊ မကင်း တရား ဘုရာ့ (မှန်ပါ့)၊ တဏှာထွက်လာတယ် (မှန်ပါ့)၊ ဘာထွက်လာသလဲ (မကင်းတရားပါ ဘုရား)၊ မကင်းတရား ဆိုတာ ဘာတရားလဲ (တဏှာပါ ဘုရား)၊ တဏှာ၊ တဏှာလာရင် ဥပါဒါန်က နေပါ့မလား (မနေပါ ဘုရား)၊ ဥပါဒါန် လာရင် ကံကကော (မနေပါ ဘုရား)။
မနေတော့ ခင်ဗျားတို့ မကင်းတရားဟာ အပြောယဉ်သလောက် အသွားကြမ်းတယ် (မှန်ပါ့ ဘုရား)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ အပြောယဉ်သလောက် (အသွားကြမ်းပါတယ် ဘုရား)။
အသွားကြမ်းတယ် ဘုရား၊ ဘယ်ကျအောင် ကြမ်းသတုံး မေးတော့မှ အပါယ်ကျအောင် သွားတယ် (မှန်ပါ့)၊ ဆိုနိုင်ပါ့မလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် သူ့ကို ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဟင်-အင်း သမုဒယသစ္စာပါ (မှန်ပါ့)၊ သမုဒယ သစ္စာပါ၊ သမုဒယသစ္စာ (မှန်ပါ့)။
ဒါဖြင့် ဒုက္ခဆိုတဲ့ အပါယ်ရောက်မှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား)၊ ဒါ စက်ဝိုင်းမပါဘဲနဲ့ ဟောနေ တာပဲ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာသစ္စာတဲ့တုံး (သမုဒယသစ္စာပါ ဘုရား)၊ ဒါ ဦးသန်းမောင်တို့လူစု၊ ဦးသံဒိုင်တို့ လူစုက မြို့သုံးလုပ်ထားလို့ ကျုပ်က မကျေနပ်လို့ ပြောနေတာ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ ပြောတာ ယဉ်သလောက် အသွားမှာ အရုပ်ဆိုးပါတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမယ် (အပြောမှာ ယဉ်သလောက် အသွားမှာ အရုပ်ဆိုးပါတယ် ဘုရား)၊ အပြောတော့ ယဉ်တာပဲ (မှန်ပါ့)၊ ဆရာဘုန်းကြီးကလည်း အခွင့်တော့ဖြင့် ခင်ဗျားတို့ မကင်းတရားဟာ ကျုပ်တော့ မတတ်နိုင်ဘူး၊ ခင်ဗျားသဘောနဲ့ သွားပေတော့လို့ ပြောရမယ်၊ နောက်ဆိုရင် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (မှန်ပါ့)၊ အတော်ဆိုးလို့ ပြောနေတာ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကာမစ္ဆန္ဒနီဝရဏအကြောင်းဟာ ခင်ဗျားတို့ တစ်နေ့ ဘယ်နှစ်ခါ သုံးသတုံး လို့ မေးလို့ရှိရင်ဖြင့် ဦးသန်းမောင် ဖြေစမ်း (မရေတွက်နိုင်ပါ ဘုရား)။
မရေတွက်နိုင်ဘူး၊ အိမ်သူပြောပြီး ထွက်သွားရတဲ့အခါ ရှိတယ်၊ သားသမီးတွေ ပြောပြီး (ထွက်သွားတဲ့အခါ ရှိပါတယ် ဘုရား)၊ ဘယ်သူမှ မရှိလို့ရှိရင် စာရေးပြီး ထွက်သွားရတဲ့အခါ (ရှိပါတယ် ဘုရား)။
သုဂတိက ဒုဂ္ဂတိထွက်တာ
ဒါဖြင့် ဘယ်ထွက်သွားကြတာတုံးဆိုတော့ သုဂတိက ဒုဂ္ဂတိထွက်တာ (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် (သုဂတိက ဒုဂ္ဂတိ ထွက်သွားတာပါ ဘုရား)၊ ကြည့်လေ တဏှာ ဥပါဒါန် ကံကိုး (မှန်ပါ့)၊ မကင်းတရားရှိလို့ သွားရမှာကိုး မကောင်းလို့ (မှန်ပါ့)။
မကောင်းလို့ သွားရတော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့က စ,တယ်၊ ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ်က စ,သတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် အလယ်ကဖောက်ပြီး စ,တယ် (မှန်ပါ့)၊ တဏှာက စ,တယ်၊ အဝိဇ္ဇာ က မစ,ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘယ်ကစသတုံး (အလယ်တဏှာက စ,ပါတယ် ဘုရား)၊ အလယ်က နေ စ,တယ်၊ အလယ်ဆိုတော့ တဏှာ ဥပါဒါန် ကံ၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် မဂ်ဖိုလ်တားတဲ့ တရား ဟုတ်-မဟုတ်က ယနေ့သေချာသွားပြီ (သေချာပါပြီ ဘုရား)။
အဲဒီတော့ကို တဲ့ ခင်ဗျားတို့မှာ ဝိပဿနာရှုနေတုန်းလည်း သူဝင်လာလို့ရှိရင် တားဖို့ ဝင်လာတာ (မှန်ပါ့)၊ သူဝင်လာရင် (တားဖို့ဝင်လာတာပါ ဘုရား)။
ခင်ဗျားတို့ မဂ်ဉာဏ်ရရှိတဲ့နည်းမှာ တစ်ခါတည်း တားလိုက်တယ်၊ ဒါကြောင့် အာဝါသောစ ကုလံလာဘော၊ အို မင်းတို့ လာဘ်ရမှာများ ဘုရားက စိုးရိမ်ရှာတယ်၊ တားမှာစိုးလို့ လာဘ်က ဝင်တားတော့မယ် (မှန်ပါ့)၊ မတားပေဘူးလား (တားပါတယ်)။
ဈေးရောင်းကောင်းချင်လိုက်တာ လွန်လို့
ခင်ဗျားတို့ကလည်း ဈေးရောင်းကောင်းချင်လိုက်တာ လွန်လို့ (မှန်ပါ့)၊ ဦးသန်းမောင် ဈေးရောင်းမကောင်း ချင်ဘူးလား (မှန်ပါ့)၊ ဦးသံဒိုင်ကော (ကောင်းချင်ပါတယ် ဘုရား)။
ဘာဖြစ်ချင်လို့တုံးဗျ၊ များများ တားပါစေတော့လို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ့်နှယ်တဲ့တုံး (များများ တားပါစေတော့လို့)။
ဖျင်းတဲ့လူတွေပဲ၊ အဓိပ္ပာယ် ဘာမှမသိရှာဘူး၊ ဈေးရောင်းကောင်းလာမှ တဏှာများတယ် ဥပါဒါန်များတယ် ကံများတယ်၊ ကာယကံ ဝစီကံ လှုပ်ရပြုရနဲ့ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့က အကျိုးပေးလာပြီလို့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုများသုံးကြသလဲ (အကျိုး ပေးလာပြီလို့ သုံးပါတယ် ဘုရား)၊ ပေးပါလိမ့်ဦးမယ် အပါယ်လေးပါးကြီးတော့ သေချာပေါက်ပဲ၊ မသေချာသေးဘူး လား (သေချာပါတယ်)၊ ကျုပ်တို့တော့ အကျိုးကို မခွဲတတ်ဘူးဗျာ (မှန်ပါ့)၊ အကျိုးကို မခွဲတတ်ဘူး၊ ဦးသန်းမောင် ကိုယ်ထူပုံပေါ်ပလား (ပေါ်ပါပြီ)၊ အကျိုးကို မခွဲတတ်ဘူး။
ဒါ ဘုန်းကြီးက ကြံဖန်ပြောတာလား ၊ ဝမ်းထဲမှာ ပဋိစ္စသမုပ္ပါဒ်ကို ပြောတာလားဆိုတာ ဦးသံဒိုင်က အကဲခတ် (ဝမ်းထဲမှာ ပဋိစ္စသမုပ္ပါဒ်ကို ပြောတာပါဘုရား)။
ဒါဖြင့် သူကတော့ နိယမလား အနိယမလား (နိယမပါ ဘုရား)၊ နိယမဆိုတာ အမြဲသွားမယ် (မှန်ပါ့)၊ အနိယမ မဟုတ်ဘူး၊ အနိယမဆိုတာက ဦးသန်းမောင် မှတ်လိုက်- မမြဲတဲ့တရား (မှန်ပါ့ ဘုရား)၊ အမြဲအပါယ်မပို့ဘူး (မှန်ပါ့)။
အခုဟာက ဒီလိုမဟုတ်ဘူး၊ အမြဲအပါယ်ပို့မယ်၊ သူက နိယမတရား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ကိစ္စများတဲ့ ပုဂ္ဂိုလ်တွေအတွက် ဘယ်လိုစဉ်းစားရမှာတုံးလို့ မေးလို့ရှိရင် မောင်သစ်ပဲ ဆုံးဖြတ်ချက်ချပါတော့ ဟင် (မှန်ပါ့ ဘုရား)၊ တဏှာ ဥပါဒါန် ကံ ပြန်ဆက်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဦးသံဒိုင် ဘာများသတုံး (တဏှာ ဥပါဒါန် ကံ များပါတယ်ဘုရား)၊ ဒီပဋိစ္စသမုပ္ပါဒ် တစ်နေ့ ဘယ်နှစ်ခါတုံး မေးရင် (မရေတွက်နိုင်ပါ ဘုရား)၊ ကံမှမြောက်ကဲ့လား မေးရင် (မြောက်ပါတယ် ဘုရား)။
အင်း ကံမြောက်လို့ရှိရင် တဏှာ ဥပါဒါန် ကံကို ဘာသစ္စာဖွဲ့မတုံး အဝိုင်းကြီးကြည့်လိုက် (သမုဒယ သစ္စာပါ ဘုရား)။
ကိစ္စများလို့ ဒုက္ခများရတယ်
ဒါဖြင့် ခင်ဗျားတို့ ဟိုဘက် အပါယ်ဒုက္ခ ခန္ဓာကိုယ်-ဝိညာဏ်နာမ်ရုပ် သဠာယတနဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး လာထိုက်-မလာထိုက် (လာထိုက်ပါတယ် ဘုရား)။
ဘာဖြစ်လို့တုံး ကိစ္စများလို့ ဘုရား (မှန်ပါ့ ဘုရား)၊ ကိစ္စများလို့ ဒုက္ခများရတယ် (မှန်ပါ့ ဘုရား)၊ ပေါ် ပလား (ပေါ်ပါပြီ)၊ ကိစ္စများလို့ (ဒုက္ခများရပါတယ် ဘုရား)၊ ဘာပြုလို့တုံး ကိစ္စဆိုတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ကိစ္စများရင် ဒုက္ခသစ္စာများမှာပဲ (မှန်ပါ့ ဘုရား)၊ သစ္စာဆိုတော့ ဦးသံဒိုင် ဘယ်သူ့မှ ငဲ့ဟောနေလို့ မရတော့ ဘူး၊ အမှန်ပဲ ပြောရတာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
တဏှာ ဥပါဒါန် ကံဆိုတော့ ၁ နံပါတ်က ဖြစ်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အဲဒီတော့ ၂ နံပါတ် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာ ဦးသံဒိုင် ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား)။
ဘုရားမပွင့်လည်း (ရှိပါတယ် ဘုရား)၊ ရှိရမယ် ဘုရားပွင့်လည်း ခင်ဗျားတို့ အစဉ်အတိုင်း ဖြစ်မှာပဲ၊ ဖြတ် လမ်းမပါရင် (မှန်ပါ့)၊ ဖြတ်လမ်းမပါရင် ဖြစ်ရမယ်ဆိုတာ သဘောပါပလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကာမစ္ဆန္ဒနီဝရဏဟာ သူဝင်လာလို့ရှိရင် ဖြစ်ပျက်ကိုလည်း တားတယ်၊ ဖြစ်ပျက် မြင်တဲ့ မဂ်ဉာဏ် မလာနဲ့တော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်ပျက်မြင်တဲ့ မဂ်ဉာဏ် (မလာနဲ့တော့လို့ )၊ ဟာ ဘယ်သူက တားပါလိမ့် (ကာမစ္ဆန္ဒနီဝရဏကပါ ဘုရား)၊ ကာမစ္ဆန္ဒနီဝရဏက တားလိုက်ပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ကောင်းပြီ တားတာက သူတစ်ယောက်တည်း တားသလား အဖော်နဲ့ တားသလားလို့ ဝေဖန်ဦး (အဖော်နဲ့ တားပါတယ် ဘုရား)၊ အံမာလေး သူ့ဘက် တယ်အားကောင်းပါကလား ငါက တဏှာတွင် တားမှာမဟုတ်ဘူး ဥပါဒါန်လည်း ခေါ်တားဦးမယ် (မှန်ပါ့ ဘုရား)၊ ကာယကံ ဝစီကံနဲ့ (တားဦးမယ်)၊ သဘောကျပလား (မှန်ပါ့)။
အဖော်တွေနဲ့ တားတယ်
ကဲ ဘယ်နှစ်ယောက် သူ့အဖော်တွေနဲ့ တားတယ်ဆိုတာ ခင်ဗျားတို့ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ)၊ ဘယ် နှစ်ခုနဲ့ တားသလဲ တဏှာ ဥပါဒါန် ကံ- သုံးခုနော် (မှန်ပါ့)၊ ကဲ ဦးသန်းမောင် ရိပ်မိပါပြီ (မှန်ပါ့ ဘုရား)၊ တဏှာက သက်သက်တားသလား အဖော်တွေနဲ့ တားသလား (အဖော်တွေနဲ့ တွဲတားပါတယ် ဘုရား)၊ အဖော် တွေနဲ့ တွဲထားတော့ကို ဒကာ ဒကာမတို့ ဒီဘဝ မဂ်ရမှာတောင်မှ မရဘူး (မှန်ပါ့)၊ တဏှာ ဥပါဒါန် ကံ မြောက်သွား လို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကို ခင်ဗျားတို့ ဘယ်မှာသာလျှင် ဖြစ်ပျက်မြင်နိုင်တော့မတုံး တဲ့၊ ကာမစ္ဆန္ဒနီဝရဏဆိုတာက ထမင်းစားချင်တာလည်း ကာမစ္ဆန္ဒနီဝရဏ၊ ကောင်းကောင်းမွန်မွန် အထည်အလိပ်တွေ ဝတ်ချင်တာလည်း ကာမစ္ဆန္ဒ နီဝရဏ၊ သားသမီးတွေ မျက်စိအောက်က မပျောက်ချင်တာလည်း (ကာမစ္ဆန္ဒနီဝရဏပါ ဘုရား)။
ကာမစ္ဆန္ဒနီဝရဏပဲဆိုတော့ အဲဒါတွေကများနေတော့ ဆေးနီ-ဆေးဝါတွေ ရောနေပြီဟေ့ တဲ့ မင်းရေထဲ မှာဖြင့် ရောနေပြီတဲ့ ဒါကြောင့် မင်းမျက်နှာရိပ်ဖြစ်တဲ့ အနိစ္စအချက် ဒုက္ခအချက်တွေ မင်းမမြင်နိုင်တော့ဘူး (မှန်ပါ့)။
ဒါတွေရောနေလို့ ရှင်းပလား (ရှင်းပါပြီ)၊ မြင်နိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အေး ဒါ့ကြောင့် ခင်ဗျားတို့မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နီဝရဏ တရားလို့ ဟောလိုက်တာ ဦးသံဒိုင်က သေသေချာချာမှတ်ရမယ် ဪ ဟုတ်ပါပေတယ်လို့ (မှန်ပါ့ ဘုရား)၊ တယ်လည်း မြင်တော်မူပါပေတယ်၊ တကယ်တားတာပါလား (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခင်ဗျားတို့အလိုဖြင့် ဒါဂုဏ်ယူပြီးတော့မှ အပါယ် သွားတယ် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ အလိုဆိုရင် (ဂုဏ်ယူပြီးတော့ အပါယ်သွားတာပါ ဘုရား)၊ ဖြစ်မှဖြစ်ရလေဗျာ ဂုဏ်ထူးနဲ့ အပါယ် သွားတယ်ဆိုတော့ အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား)။
လောကီသာ ခင်ဗျားတို့ သိပြီးတော့ လောကုတ်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် အဘိဓမ္မာ ဘယ်ဆိုက်သွားတယ်လို့ ခင်ဗျားတို့က မသိလိုက်ဘူး (မသိလိုက်ပါ ဘုရား)၊ မသိလိုက်တော့ကို အရမ်းသွား သွားတဲ့လူနဲ့တူတယ်၊ အရမ်းသွားတဲ့ လူဟာ တိုက်မိတဲ့ခလုတ်ဟာ အကြီးအကျယ်တိုက်မိမှာပဲ (မှန်ပါ့)။
အပါယ်ခလုတ်နဲ့ သွားတိုက်မိတယ်
အပါယ်ခလုတ်နဲ့ သွားတိုက်မိတယ် (မှန်ပါ့)၊ ဒီ့ပြင်ဟာနဲ့ကို သွားမတိုက်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။
ဘာနဲ့ သွားတိုက်သလဲ (အပါယ်ခလုတ်နဲ့ သွားတိုက်ပါတယ်)၊ အပါယ်ကျအောင် ခလုတ်တိုက်သွားတယ်။
ဒါဖြင့် ‘ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’ ကမ္မံ=ကံသည်၊ သတ္တေ=သတ္တဝါတို့ကို၊ ဝိဘဇ္ဇတိ=အကျိုးပေး၏ဆိုတော့ ခင်ဗျား တို့က ကံမြောက်လုပ်ထားတော့ ခင်ဗျားတို့၏ အပါယ်လေးပါး ဒုက္ခသစ္စာကြီး ပေါ်ရမှာလား မပေါ်ရဘူးလား (ပေါ်ရ မှာပါ ဘုရား)။
ဘာဖြစ်လို့တုံး ကမ္မံ သတ္တေ ဝိဘဇ္ဇတိ၊ သဘောကျပလား (မှန်ပါ့)၊ ကံမြောက်သွားတယ် တဲ့ (မှန်ပါ့)၊ ကမ္မံ=ကံသည်၊ သတ္တေ=သတ္တဝါတို့ကို၊ ဝိဘဇ္ဇတိ=အကျိုးပေး၏တဲ့ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဪ ကိစ္စများတာသည် ပဋိစ္စသမုပ္ပါဒ်အဝိုင်းကြီးမှာ ဉာဏ်နဲ့ အခုနေ လှမ်းကြည့် လိုက်ရင် ၁ ကွက်ဖြစ်နေတယ်၊ ၁=နံပါတ်အကွက် ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် ၁ နံပါတ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ ၂ နံပါတ်ကျတော့ဖြင့် မငြင်းမဆန် ခံရလိမ့်မယ်လို့ နေ့လယ်က ဟော ထားတယ် (မှန်ပါ့)၊ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
သမုဒယသစ္စာ လုပ်ပြီးသား ပုဂ္ဂိုလ်ဟာဖြင့် ဒုက္ခသစ္စာဖြင့် ပြေးလို့ မလွတ်တော့ဘူး (မလွတ်ပါ ဘုရား)၊ လွတ်နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒီကာမစ္ဆန္ဒနီဝရဏ ဝင်လာလို့ရှိရင်ဖြင့် အဖော်နဲ့တကွ ဝင်လာသောကြောင့် ဆေးနီ ဆေးဝါ ဆေးပြာ ဘုရားက သုံးမျိုးကို ဟောချလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဆေးနီ ဆေးဝါ ဆေးပြာတွေ ရောနေပြီကွ တဲ့ မင်းဝမ်းထဲမှာ၊ မရောသေးဘူးလား (ရောပါပြီ ဘုရား)။
ဒါ့ကြောင့် မင့်ဉာဏ်ကလေးဟာ ဒီဆေးနီ ဆေးဝါ ဆေးပြာကို ကျော်ပြီးသကာလ ဟိုမဂ်ကို ဖြစ်ပျက်ဆီရောက် အောင် သွားနိုင်ပါ့မလား (မသွားနိုင်ပါ ဘုရား)။
မင်းအရိပ်ဟာ အနိစ္စ ဒုက္ခ အနတ္တ
ဒါဖြင့်ရင် မျက်နှာရိပ်ဟာ မထင်ဘူးတဲ့ မင်းအရိပ်ဟာ အနိစ္စ ဒုက္ခ အနတ္တတွေ သဘောကျပလား (ကျပါပြီ)။
ကိုယ့်အရိပ်ဟာ ဘာတုံး (အနိစ္စ ဒုက္ခ အနတ္တပါ)၊ ခန္ဓာကိုယ်ထဲက အရိပ်တွေဟာ အနိစ္စရိပ် ဒုက္ခရိပ် အနတ္တ ရိပ်သာ ရှိတယ်။ ဒီ့ပြင် ဘာမှမရှိဘူး (မှန်ပါ့)၊ အဲဒီ့ အနိစ္စရိပ် ဒုက္ခရိပ် အနတ္တရိပ်ကို ဘယ်နည်းမှ မမြင်နိုင်ဘူး (မှန် ပါ့)၊ မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။
ဘာ့ကြောင့်တုံးဆိုတော့ စားချင်တဲ့ ကာမစ္ဆန္ဒနီဝရဏ၊ စားချင်တဲ့ ကာမစ္ဆန္ဒနီဝရဏ လာဦးမှာပဲ ခင်ဗျားတို့ (မှန်ပါ့)၊ မဟုတ်ဘူးလား ၊ ခင်မင်တဲ့လူနဲ့ တွေ့ချင်တဲ့ ကာမစ္ဆန္ဒနီဝရဏ လောဘနဲ့ပတ်သက်ပြီး အမှာစာကလေး တွေ မျှော်နေတဲ့ ကာမစ္ဆန္ဒနီဝရဏ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဲဒါ ဆေးနီ-ဆေးဝါ-ဆေးပြာရော-မရော (ရောပါတယ် ဘုရား)၊ ရောနေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ တဲ့ ကိုယ်ခန္ဓာ၏ အနိစ္စရိပ်-ဒုက္ခရိပ်-အနတ္တရိပ်ကို မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)၊ ရှင်းပ လား (ရှင်းပါပြီ)။
ဒါဖြင့် ဘုန်းကြီးက ဪ ကာမစ္ဆန္ဒနီဝရဏဆိုတာ ဘုရားပေးတော်မူတဲ့ နာမည်ဟာဖြင့် နာမည်နဲ့ ဖြစ်စဉ်နဲ့ ကိုက်ပါပေတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
မင်းတို့ ကာမတစ်ခုကို တဲ့ ဆန္ဒနဲ့ လိုချင်ပြီဆိုမှဖြင့် နိဗ္ဗာန်ကို ပိတ်ပင်ဆီးတားပေါ့လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ပြောသင့် မပြောသင့် (ပြောသင့်ပါတယ်)။
အဲဒီတော့ ဘုန်းကြီးကပဲ အကူအညီပေးပါတယ်၊ ဒီဒကာ ဒကာမတွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သင်္ဂါရဝ အဲဒီရေကို ဖယ်ရသေးတယ်ကွ၊ ဆေးနီ-ဆေးဝါ-ဆေးပြာတွေကို ဝယ်ရသေးတယ်၊ ဖယ်ပြီးမှ မျက်နှာနဲ့ ကြည့်ရတယ်ကွ၊ ဒီလိုဆိုရင် အရိပ်ထင်မယ်တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒီမှာလည်း ခင်ဗျားတို့ ဝိပဿနာရှုနည်း နိဿယည်းကို ညဟောတဲ့အတွက် ကာမစ္ဆန္ဒနီဝရဏ လာလို့ရှိရင် (ဝါ) လောဘလာလို့ရှိရင် ဦးသန်းမောင် လောဘကို အရင် ဖြစ်ပျက်ရှု သဘောကျပလား (မှန်ပါ့)။
လောဘလာရင် (လောဘကို အရင် ဖြစ်ပျက်ရှုရပါမယ်)၊ အို တပည့်တော်က ဝေဒနာရှုနေတာဘုရာ့ ဒါဖြင့် လောဘလာလည်း ရှုပါ၊ အို လောဘလည်း ဝေဒနာပဲ၊ လောဘသည် သောမနဿဝေဒနာလည်း ဖြစ်နိုင် တယ်၊ ဥပေက္ခာဝေဒနာလည်း ဖြစ်နိုင်တယ် (မှန်ပါ့)၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။
အဲဒီတော့ သူလည်း ဝေဒနာပဲလို့ ဘုန်းကြီးက စွဲချက်တင်ပြီး ပေးလိုက်ပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဝေဒနာလာတာကို အရင် ဝေဒနာတော့ ရှုတတ်တယ်၊ နောက်ဝေဒနာတော့ မရှုတတ်ဘူးဆိုရင် ခင်ဗျားတို့ရူးတာပဲ (မှန်ပါ့ ဘုရား)၊ ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
လောဘဟာ ကာမစ္ဆန္ဒနီဝရဏ၊ ကာမစ္ဆန္ဒနီဝရဏဟာ ဝေဒနာနဲ့ ဝေဖန်လိုက်တော့ သောမနဿဝေဒနာ ဥပေက္ခာဝေဒနာ လာတယ်၊ ဒီနှစ်ခု တစ်ခုခုလာရမယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဝေဒနာလာမှန်းမသိဘူး
ဒါဖြင့် ဝေဒနာရှုနေတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာလာတာ မရှုတတ်လို့ပေါ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (ဝေဒနာမရှုတတ်လို့ပါ)၊ ဝေဒနာလာမှန်းမသိဘူး (မှန်ပါ့)၊ ဒီမှာ မျက်စိလည်နေတယ် (မှန်ပါ့ ဘုရား)၊ မျက်စိလည်ပုံကလေးဟာက ဆရာဘုန်းကြီး ခင်ဗျားတို့ အဘိဓမ္မာနဲ့လည်း ကိုက်အောင် စာမှာမပါ ဘူး၊ ဒီဥစ္စာ မျက်စိလည်နေတာကလေး ဘုန်းကြီးဉာဏ်နဲ့ ဖော်ပြနေတယ်လို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ မျက်စိလည်တာ ပေါ်ပလား (ပေါ်ပါပြီ)၊ လာတာက ဘာတုံး ဝေဒနာရှုတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာ လာတယ်၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်မှာ (စိတ်လာပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့က ဧဟိပဿိကော လို့ သူကလာတာ (မှန်ပါ့)၊ ခင်ဗျားတို့က သူ့ကိုမသုံးဘူး၊ မသုံးတဲ့ အတွက် မင်းတို့ မသုံးလို့ရှိရင်ဖြင့် ငါ့မှမရှုလို့ရှိရင် ငါသည်ကားလို့ဆိုရင်ဖြင့် အကြောင်းတရားပဲ၊ အကျိုးတွေ ဖြစ်ရ တော့မှာပဲဆိုပြီးတော့ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ဆက်မယ် (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ကဲ အသုံးချတတ်ပလား (ချတတ်ပါပြီ)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဖြစ်မယ်၊ လောဘလာလို့ရှိရင် တစ်ခါတည်း သာယာရင်လည်း သောမနဿပဲရှု၊ အလတ်စားလာရင်လည်း ဥပေက္ခာပဲရှု၊ မြန်မြန်ရှုပစ် (မှန်ပါ့)၊ ခင်ဗျားက နဂိုက ဘာရှုနေသလဲ၊ ဝေဒနာရှုတယ်၊ အခုလာပြီးသကာလ ကာမစ္ဆန္ဒနီဝရဏ အမည်နဲ့သာ ဝင်လာတယ်၊ ခင်ဗျားတို့မရှုမှ သူ ကာမစ္ဆန္ဒနီဝရဏလုပ်မှာ (မှန်ပါ့)၊ ခင်ဗျားတို့ ရှုလို့ရှိရင် သူ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေးမလို့လာတာ (မှန်လှပါ)။
ဒီဟာ အတော်ခက်တဲ့တရား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီဥစ္စာကို အင်မတန် အရေးကြီးတဲ့စကား လို့ ဒီနေ့ ညပြောတဲ့စကားဟာ ဦးသန်းမောင် အဘိဓမ္မာဉာဏ်နဲ့ ကြည့်မှ သိမှာ (မှန်ပါ့ ဘုရား)၊ နို့မို့ရင် သိပါ့မလား (မသိပါ ဘုရား)။
မသိတာက ခင်ဗျားတို့ကတော့ ကာမစ္ဆန္ဒနီဝရဏပဲ ယူမှာပဲ (မှန်ပါ့)၊ ဒါ ဘာဖြစ်လို့လဲ ကာမစ္ဆန္ဒနီဝရဏ ဖြစ်နေလို့ မဂ်ဖိုလ် တားမှာပဲ (မှန်ပါ့)။
ဧဟိပဿိကောနဲ့ လိုက်
ဘယ်ဟုတ်မလဲ ခင်ဗျားတို့ မယူတတ်လို့ ၊ မနေ့က ဧဟိပဿိကောနဲ့ လိုက်-လိုက်တဲ့အခါကျတော့ ဪ သူ သောမနဿလာတာပဲ၊ ဥပေက္ခာလာတာပဲ၊ ဖြစ်ပျက်ရှုတာပဲ (မှန်ပါ့)၊ တစ်နည်း စိတ္တာနုပဿနာရှုတဲ့ ပုဂ္ဂိုလ်ဖြင့် စိတ်ရှုလိုက်ရင် ပြီးသွားတာပဲ၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
လောဘစိတ် ဖြစ်ပျက်ရှုလိုက်တော့ သူ နီဝရဏလုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ တားနိုင်သေးရဲ့ လား (မတားနိုင်ပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ဟာက ဇီးကွက်မြည်နေတာတောင် ဘာငှက်တုံးလို့ မေးတဲ့လူနဲ့ တူနေတယ် (မှန်ပါ့ ဘုရား)၊ မတူဘူးလား တူသလား (တူပါတယ် ဘုရား)။
ကိုယ်ထူတာလေ ဒါနီဝရဏလား ဧဟိပဿိကောလား (ဧဟိပဿိကောပါ ဘုရား)။
ဒါကြောင့် ကိုယ့်ဧဟိပဿိကောကို မဖျောက်နဲ့ (မှန်ပါ့)၊ နို့မဟုတ်ရင် ဒါဟာ ခင်ဗျားတို့ နီဝရဏပဲ သုံးတော့ မယ်ဆိုတဲ့ဥစ္စာ သေသေချာချာပဲ (မှန်ပါ့)။
အခုတော့ သူသုံးသလား တဲ့ အရှုခံလာတာလား (အရှုခံလာတာပါ ဘုရား)။
ဒါကို သေသေချာချာမှတ်ပါ တဲ့ ဒီနေ့ညမှာ ဒီတစ်လုံးဟာ မောင်ချစ်စိန် သိပ်အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ဦးသံဒိုင် ဘယ့်နှယ်တွေးမိသတုံး (သိပ်အရေးကြီးပါတယ် ဘုရား)။
ဒါတွေ ဖယ်ပစ်လိုက် ပါလား
သိပ်အရေးကြီးတယ်တဲ့ ခင်ဗျားတို့က ဘုရားကလည်း ဟောထားတော့ နီဝရဏပဲ ယူမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သို့သော်လည်း ဘုရားက သင်္ဂါရဝကို ဟောတာ ဒါတွေဖယ်ပစ်လိုက်ပါလားကွ (မှန်ပါ့)၊ ဒါတွေ ဖယ်ပစ်လိုက် ပါလားဆိုတော့ ဒါတွေမရှိအောင် လုပ်ပါလားဆိုတော့ ဒါတွေ ခင်ဗျားတို့က ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ သူဟာ နီဝရဏလား အနိစ္စလား (အနိစ္စပါ ဘုရား)၊ ပေါ်လာပြီ (မှန်ပါ့)။
နီဝရဏလား အနိစ္စလား (အနိစ္စပါ ဘုရား)၊ ဉာဏ်တော်တော်ရှိမှ ထောင်လို့ကောင်းတယ် (မှန်ပါ့)၊ ဉာဏ်တော်တော်ကြီးမှ ဦးသန်းမောင် ဒီစကားဟာ နားထောင်လို့ကောင်းတယ် (မှန်ပါ့)၊ တယ်လည်း ဘုန်းကြီးပိုင်ပါ ကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ဉာဏ်သေးတဲ့ ပုဂ္ဂိုလ်ကတော့ ဘုရားက နီဝရဏလို့ ဟောထားတာပဲ၊ ဒါပဲ ခင်ဗျားတို့ အသုံးချမယ်၊ မချပေဘူးလား (ချပါတယ် ဘုရား)။
သူက နီဝရဏ ဟောတဲ့ နေရာသာ သူနားလည်တာကိုး၊ ဝေဒနာဟောတဲ့နေရာ သူမှ နားမလည်ဘဲ (မှန်ပါ့)၊ သူက သောမနဿနဲ့ ဥပေက္ခာနှစ်ခုပဲရှိတယ်၊ လောဘဆိုတာလေ (မှန်ပါ့)၊ လောဘဆိုတာသည် သာယာတဲ့ လောဘ ကိုလည်း သောမနဿခေါ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အလတ်စားကလေးကိုလည်း (လောဘခေါ်ပါတယ် ဘုရား)။
ဒီတော့ လောဘမူစိတ်ရှစ်ခု လောဘမှာ သောမနဿနဲ့ ဥပေက္ခာပဲရှိတော့ ဝေဒနာရှုနေလည်း ဝေဒနာလာ တာ၊ ပေါ်ပလား (ပေါ်ပါပြီ)၊ တဏှာရှုနေလည်း လောဘစိတ်လာတာဆိုတော့ အတားလား အရှုခံလာတာလား (အရှုခံလာတာပါ)။
နို့ ခင်ဗျားတို့က ဘယ်လိုသုံးထားသလဲ ၊ တယ်-အဖျက်တွေကများတယ်၊ ခင်ဗျားတို့ သုံးပုံက (မှန် ပါ့)၊ ဘာတဲ့တုံး (အဖျက်များပါတယ်)။
အဖျက်တွေက များတယ်
အဖျက်တွေက များတယ်ဆိုတော့ ဪ ခက်ကောင်းခက်ရချည့်ရဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ မရှုရင် နီဝရဏ၊ ရှုရင် ဝေဒနာနုပဿနာ၊ ဒီလိုယူရတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မရှုရင် (နီဝရဏ ပါ)၊ ရှုရင် (ဝိပဿနာပါ)။
ကဲ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ တော်တော်အရေးကြီးတဲ့စကား (မှန်ပါ့)၊ မရှုရင် ဘာလဲ (နီဝရဏ ပါ)၊ အင်း မရှုရင်တော့ သူ့နာမည်အတိုင်း သူသွားမှာပဲ (မှန်ပါ့)၊ တဏှာ ဥပါဒါန် ကံကျအောင် သူလုပ်တော့မယ် (မှန်ပါ့)၊ ရှုလိုက်ပြန်ပြီ ဦးသန်းမောင်ရေ သူက ဖြစ်ပျက်ဖြစ်မှာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။
လောဘစိတ်ကို ဦးသန်းမောင်က ဖြစ်ပျက်ရှုလိုက်တယ် လောဘက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားမယ် (မှန်ပါ့ ဘုရား)၊ တားနိုင်သေးရဲ့လား (မတားနိုင်ပါ ဘုရား)၊ မတားနိုင်တဲ့အပြင် ခုနင်က နီဝရဏတွေ လာခွင့်မပေး ဘူး (မပေးပါ ဘုရား)၊ ဖြတ်နိုင်တယ်၊ မဂ်ကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဪ ဒါဖြင့် ဆရာကောင်း မတွေ့ရင် ဦးသန်းမောင်ရေ ထပြေးတဲ့အလုပ်ပဲ ဒီဥစ္စာ (မှန်လှပါ ဘုရား)။
ဆရာကောင်း မတွေ့ရင် တယ် ဒီနေ့ အနှောင့်အယှက်များတယ်၊ ဒီနေ့ ဘာဖြစ်တယ် မသိဘူး၊ ကျုပ်တော့ ဒီနေ့တော့ နားတဲ့နေ့ပါပဲ၊ ထိုင်ကတည်းက သူက ဦးနေပြီဗျ (မှန်ပါ့)၊ အံမာလေး သူက အရှုခံလာတာ၊ ခင်ဗျား တို့က ဦးနေတယ် ပြောနေသေးတယ် (မှန်ပါ့)။
သူက ဧည့်ခံမလို့-လာတာ၊ ခင်ဗျားတို့က ဧည့်ခံမလို့ လာတဲ့လူကို ရှောင်ပြေးတယ် (မှန်ပါ့ ဘုရား)၊ ဒီလောက် အရုပ်ဆိုးတဲ့လူတွေဗျ (မှန်လှပါ)။
ဒါက ဆရာသမား ကင်းရင် မရဘူးဆိုတာ ခင်ဗျားတို့ ယနေ့ တစ်လုံးမှာ သေသေချာချာ မှတ်လိုက် (မှန်လှ ပါ ဘုရား)။
ဆရာသမားသာ ဆိုတတ်တဲ့ ဆရာသမားနဲ့ မတွေ့လို့ရှိရင် ခင်ဗျားတို့ နီဝရဏပဲ သုံးချင်တယ် (မှန်လှပါ)၊ မဟုတ်ဘူးလား (မှန်ပါ့)။
ဝေဒနာနုပဿနာ သတိပဋ္ဌာန်
ဟာ ဒါနီဝရဏ မဟုတ်ပါဘူး၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပါ၊ ဘုန်းကြီးက အခု အဖြေထည့်ပေးမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒီဥစ္စာဟာတဲ့ တော်တော့်ကို အရေးကြီးတဲ့တရားပါလားဆိုတဲ့ဥစ္စာ ဦးသံဒိုင် ဉာဏ်ကြီးရှင်များ ဆိုလို့ရှိရင် ဪ-ဟုတ်ပါပေတယ်၊ သူပြောမှ သိရပေတယ် လာတော့မှာပဲ မလာပေဘူးလား (လာပါတယ် ဘုရား အဖိုးတန်လှပါတယ်)။
ဟင် သိပ်အဖိုးတန်တဲ့တရား (မှန်လှပါ)၊ ကဲ ဒါဖြင့် ဘယ်ပါဠိတော်မှာ ရှိသတုံးဆိုတော့ အို ‘သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ’လေ-ဆိုတော့ သူကပြေသွားပြီ၊ မပြေသေးဘူးလား (ပြေပါတယ် ဘုရား)။
ဒါ လောဘစိတ်တဲ့၊ လောဘစိတ်ကို မင်းတို့ ဖြစ်ပျက်သိအောင်လုပ်-ဆိုတော့ အတားလာတာလား၊ ဖြစ်ပျက် သိအောင် လုပ်ဖို့လာတာလား (ဖြစ်ပျက်သိအောင် လုပ်ဖို့လာတာပါ ဘုရား)။
ခင်ဗျားတို့က ဘယ်လိုသုံးလိုက်သလဲ (အတားလာတာလို့ သုံးလိုက်ပါတယ်)၊ ဪ ခက်တယ် ဒကာ ဒကာမတို့ ကောင်းကင်မှာ လူဆင်းရဲလွန်းလို့ ရွှေတွေချည်း ဆွဲထားတာပဲ၊ ဟင် ဆွဲတဲ့ဘက်ကို မလှည့်ဘဲ ဖြစ်နေ တယ် (မှန်ပါ့ ဘုရား မွဲချင်တော့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဆွဲတဲ့ဘက်ကို (မလှည့်ပါ ဘုရား)၊ ဟင် မလှည့်လို့ လှည့်တဲ့ဘက်ကို ဆွဲပြန်တော့လည်း တခြားဘက် လှည့်တာပဲ ခင်ဗျားတို့ (မှန်ပါ့ ဘုရား)၊ ဟင် အောက်ဆွဲ အထက်ကြည့်သွား၊ ဘေးဆွဲပြန်တော့လည်း ဟိုဘက် ကြည့် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာဖြစ်နေတာတုံး အို-ဆင်းရဲချင်လို့ပေါ့ ဘုရား (မှန်ပါ့)၊ ဒီမှာလည်း ထိုနည်းအတူပဲတဲ့၊ ဒီရွှေအိုးကတော့ ဖြင့် ခင်ဗျားတို့ ဖြစ်ပျက် လိုက်ရှုလိုက်လို့ရှိရင် ရွှေအိုးဖြစ်တာပဲ (မှန်လှပါ ဘုရား)။
ခုတော့ ရွှေအိုး မဖြစ်လာဘူး (မဖြစ်ပါလာ ဘုရား)၊ ကိုယ်က အကြည့်လွဲနေတဲ့အတွက် အပါယ်သာရောက် ရောက်သွားတယ် (မှန်ပါ့)။
ကျမ်းဂန်သုံးခုကို ညှိပြောတာ
ဒီလိုဆိုတော့ ဒါတွေဟာတဲ့ ဦးသန်းမောင်တို့ ဦးသံဒိုင်တို့ တော်တော်အရေးကြီးတဲ့စကားပါလားဆိုတဲ့ဥစ္စာ သင်္ဂါရဝနဲ့ ဧဟိပဿိကောနဲ့ စိတ္တာနုပဿနာကို သုံးခု တွဲပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကျမ်းဂန်သုံးခုကို ညှိပြောတာ၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ညှိလိုက်တဲ့အခါကျတော့ သူ့ဟာက ဝိပဿနာဉာဏ်ထဲ ချည်း ဝင်လာတယ် (မှန်ပါ့)၊ မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။
သတိပဋ္ဌာန်နဲ့ ရွတ်ကြည့်တော့ ‘သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိပဇာနာတိ’ နီဝရဏတရားကို ဖြစ်ပျက်ရှုကွ (မှန်ပါ့)၊ ကာမစ္ဆန္ဒနီဝရဏကို ဖြစ်ပျက်ရှု၊ မလာဘူးလား (လာပါတယ်)၊ လာတယ်တဲ့၊ တစ်ခါ ဧဟိပဿိကောနဲ့ ကြည့် လိုက်ပြန်တော့လည်း ခင်ဗျားတို့ သူက ကြားဝင်လာတော့ သူသည် အရုပ်ဆိုးအဖြစ်နဲ့ ဝင်လာတာလား၊ ဝေဒနာရှုနေတဲ့ ပုဂ္ဂိုလ် ဝေဒနာ ဝင်လာတာလား (ဝေဒနာ ဝင်လာတာပါ ဘုရား)၊ သဘောကျသွားပြီ (မှန်ပါ့)။
စိတ်ရှုနေတဲ့ ပုဂ္ဂိုလ်ကော (စိတ်ဝင်လာတာပါ ဘုရား)၊ စိတ်ဝင်တာလို့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘယ်လိုများ သုံးလိုက်ပါလိမ့် ၊ မပြောပါနဲ့တော့ ဘုရား တပည့်တော် ဖျင်းပုံများ တော့၊ ပြောစရာက မရှိပါဘူး၊ တပည့်တော်တို့က ဒီလိုဟာတွေဆိုလို့ရှိရင် ကိုယ်က ဖြစ်ပျက်ရှုနေတာ ဘုရာ့ သူ က ထမင်းဆာရသတဲ့၊ သူက ခင်မင်တဲ့ဆီ သွားချင်သတဲ့၊ အဲဒါ တပည့်တော်တို့ ပါရမီမရှိတော့ ဒီအဖျက်က သိပ်များ တာ၊ အံမာ အသားများ ယူလိုက်ကြသေးတယ်ခင်ဗျာ့ (မှန်ပါ့)၊ ပါရမီနဲ့ ချလိုက်သေးတယ် (မှန်ပါ့)၊ အဖျက်က သိပ်များတယ်လို့များ လာလိုက်သေးတယ်။
မောင်ချစ်စိန် ဘယ်လောက်များ အ,တယ် ထူတယ်ဆိုတဲ့ဥစ္စာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါလည်း ခင်ဗျားတို့ကိုလည်း အပြစ်မဆိုပါဘူးတဲ့၊ ဆရာကောင်းမတွေ့ရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ့)၊ ရှင်းကြရဲ့လား (ရှင်းပါ တယ်)။
ဆရာကောင်းသာ မတွေ့ရင် (ဒီအတိုင်း သွားမှာပါဘုရား)၊ နီဝရဏကို နီဝရဏပဲ မှတ်မှာပဲ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။
နီဝရဏသည် ရန်သူလား မိတ်ဆွေလား
အခုတော့ နီဝရဏသည် ရန်သူလား မိတ်ဆွေလားလို့ အကဲခတ်ကြည့်ပါ၊ ဆရာကောင်းတွေ့တော့ မိတ်ဆွေ (မှန်ပါ့)၊ ဆရာကောင်း မတွေ့ရင် ခင်ဗျားတို့က ရန်သူအဖြစ်နဲ့ သုံးမယ် မသုံးပေဘူးလား (သုံးပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီနေ့ညမှာ ဒီနှစ်လုံးနဲ့ပဲ ခင်ဗျားတို့ အတော်အဖိုးတန်ပြီဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ)။
ဆရာဘုန်းကြီးက ကြံလုံး ဖန်လုံးလား ၊ ဘုရားကိုယ်တော်တိုင်များ ဟောခဲ့တာများ ရှိပါရဲ့လားဆိုတာ လည်း လုံလောက်ပြီ (မှန်ပါ လုံလောက်ပါပြီ)၊ မလုံလောက်သေးဘူးလား (လုံလောက်ပါတယ် ဘုရား)။
‘သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ’၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်ပါဠိတော်၊ ဟုတ်လား (မှန်ပါ့)။
ဒီအထဲ သောမနဿ ဥပေက္ခာဖြစ်ရင်လည်း ‘သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ အဒုက္ခမ သုခံဝါဝေဒနံ ဝေဒယမာနော၊ အဒုက္ခမသုခံဝေဒနံ ဝေဒယာမီတိ ပဇာနာတိ’ (မှန်ပါ့)၊ ဥပေက္ခာ လည်း ပါတယ်ကွတဲ့ ဒီအထဲမှာ ပဇာနာတိလုပ်ပါလား တဲ့၊ မပါသေးဘူးလား (ပါပါတယ် ဘုရား)။
ကလျာဏမိတ္တ အလိုကြီးလိုတယ်
ဪ ဒါဖြင့် မနေ့ညက ပြောခဲ့တဲ့စကားကို ပြန်ပြောလို့ရှိရင်ဖြင့် ကလျာဏမိတ္တ အလိုကြီးလိုတယ် (မှန်ပါ့)၊ ဘယ့်နှယ်တုံး (အလိုကြီးလိုပါတယ် ဘုရား)။
အလိုကြီးလိုတယ်၊ သာမညအလိုမဟုတ်ဘူး (မှန်ပါ့)၊ အလိုကြီးလိုပါတယ် တဲ့၊ ခင်ဗျားတို့ ဥပမာ ဒီကနေ့ ဘုန်းကြီးဆီက သွားပြီးသကာလ တစ်ပါးသောဆရာများအကြောင်း ညီညွတ်လို့ မှီဝဲကြလို့ရှိရင် ဪ ဒါတွေဟာ နီဝရဏတွေက ဒါလောက်နဲ့ ဇာတ်သိမ်းမှာပဲ (မှန်ပါ့)၊ နီဝရဏကို အသုံးချမယ် မဟုတ်ပါဘူး၊ ချပါ့မလား (မချပါ ဘုရား)။
မင်း ပါရမီရှိ မထင်ပါဘူး၊ မင်းဟာ အရေးရှိရင် ကန့်ကွက်တာတွေက တယ်လာတာပဲ (မှန်ပါ့)၊ အေး ဒါ သူသွားမယ် (မှန်ပါ့ ဘုရား)။
ခုလို ဧဟိပဿိကောလည်း သူပြောမယ်မဟုတ်ပါဘူး၊ ပြောပါ့မလား (မပြောပါ ဘုရား)၊ သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ ကော ပြောပါ့မလား (မပြောပါ ဘုရား)၊ သုခံဝါဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိကော ပြောပါ့မလား (မပြောပါ ဘုရား)။
မပြောဘူး တစ်ခါတည်း တရားက နီဝရဏဆိုတာ တဏှာပဲဆိုတော့ အသုံးမချတတ်တဲ့အတွက် ဖြစ်ရပါတယ် (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။
ကဲ ဒါဖြင့် သူ့ကိုဖယ်လိုက်လို့ ဘုရားက သင်္ဂါရဝကို သေသေချာချာ ဟောတယ် (မှန်ပါ့)၊ မင်းကွာ တဲ့ ရေထဲ ဆေးနီ ဆေးဝါ ဆေးပြာတွေ ရောနေလို့ရှိရင် ဘယ်မျက်နှာရိပ်ထင်မတုံးတဲ့၊ အနိစ္စရိပ် ဒုက္ခရိပ် အနတ္တရိပ် ဘယ်ထင်နိုင်ပါ့မလဲတဲ့၊ ဒီဆေးနီ၊ ဆေးဝါ၊ ဆေးပြာတို့ကို ဖယ်ပစ်ရမယ်။
ထို့အတူပဲ တဲ့၊ ကာမစ္ဆန္ဒနီဝရဏ လာတယ်ဆို ကာမစ္ဆန္ဒနီဝရဏကြောင့် ထွက်မြောက်ကြောင်းတွေ ကြံရ မယ်၊ ဒီလိုဟောတာ (မှန်ပါ့)၊ ကာမစ္ဆန္ဒနီဝရဏကြောင့် (ထွက်မြောက်ကြောင်း ကြံရပါမယ်)။
ကာမစ္ဆန္ဒနီဝရဏကို ဖြစ်ပျက်ရှု
အင်း ထွက်မြောက်ကြောင်း ကြံရမယ်ဆိုတာ ဘုန်းကြီးတို့က တစ်ခါတည်း အဲဒီ့ကာမစ္ဆန္ဒနီဝရဏကို ဖြစ်ပျက်ရှု (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဘာလုပ်ရမလဲ (ကာမစ္ဆန္ဒနီဝရဏကို ဖြစ်ပျက်ရှုရပါမယ်)။
ဒါဖြင့် စိတ်ရှုတဲ့ပုဂ္ဂိုလ်ဖြစ်ရင် လောဘစိတ်ရှုရုံပဲ၊ ကာမစ္ဆန္ဒနီဝရဏဟာ လောဘဟုတ်လား (မှန်ပါ့)၊ ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်ဖြစ်ရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်း သောမနဿ ဥပေက္ခာ ကြိုက်ရာရှု (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
အင်း သစ္စာရှုချင်တာ တပည့်တော်က ဓမ္မာနုပဿနာ အရှုများတယ်ဘုရာ့ ဆိုတော့လည်း ဒီတရားကလေး သေသေချာချာ ကြည့်လိုက်ပါလား၊ ကာမစ္ဆန္ဒနီဝရဏ ကလေးဟာလည်း လောဘပဲ၊ လောဘလည်း ပေါ်ပြီး ပျက်မှာ ပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာပဲ သွားဖြစ်မယ် (မှန်ပါ့ ဘုရား)၊ လောဘပေမယ့် ဖြစ်ပျက်ကျတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။
ဖြစ်နေတုန်းသာ သမုဒယသစ္စာ၊ ပျက်သွားတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပါပဲ တဲ့၊ ဒါ့ကြောင့် သဗ္ဗေသင်္ခါရာ ဒုက္ခာကျတော့ သူပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)၊ ဒုက္ခသစ္စာထဲ ဝင်သွားတာပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆေးအဖြစ်နဲ့ သုံးလည်းရတယ်၊ သေဆေးအဖြစ်နဲ့ သုံးလည်းရတယ် (မှန်ပါ့)၊ ဘာတဲ့တုံး (ဆေးအဖြစ်နဲ့ သုံးလည်း ရပါတယ်၊ သေဆေးအဖြစ်နဲ့ သုံးလည်း ရပါတယ်)။
အဲဒါ ခင်ဗျားတို့ ဒီစကားနှစ်လုံးဟာ ဆေးအဖြစ်နဲ့ သုံးချင်ရင်ဖြင့် ဧဟိပဿိကော အသုံးချပါ (မှန်လှပါ)၊ သူက ကြားထိုးလာလို့ရှိရင် သူ့ကို ဖြစ်ပျက်ရှုချ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီလိုဆိုရင် သူဆေးဖြစ်လာတယ် (မှန်ပါ့)။
ဟာ သူက ပျက်လွန်းလို့ သူခိုင်းရာပဲ လုပ်ပါတော့မယ်ဆိုရင်ဖြင့် ဘေးသင့်ပြီသာ မှတ်ပေတော့ (မှန်လှ ပါ)၊ မသင့်သေးဘူးလား (သင့်ပါတယ် ဘုရား)။
ဘေးသင့်ပြီတဲ့၊ သူတဏှာလာရင် ဥပါဒါန် လာတော့မှာပဲ၊ ဥပါဒါန်လာရင် ကံလာတော့မယ်၊ ကံလာရင်ကော အနာဂတ်ဘဝ ဇာတိ ဇရာ မရဏတို့ကို ခင်ဗျားတို့ ပြေးမလွတ်တော့ဘူး၊ တွေ့ရကြုံရတော့မယ်၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။
ဖယ်နည်း နိဿယည်း
ဪ ဒါဖြင့် ရေထဲမှာ ဆေးနီ ဆေးဝါ ဆေးပြာ ဖယ်နည်း နိဿယည်းဆိုတာ ယနေ့ပါသွားပါပြီ (မှန် ပါ့ ဘုရား)၊ သူ့ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
ဦးသန်းမောင် တရားအားထုတ်နေတယ်၊ ဝေဒနာရှုနေတယ် လောဘကလေးက လာတယ်၊ သူနာမည်ပြောင်း ဝင်လာတာ ကိုယ့်ဝေဒနာကလေးက ဘယ်ဟာတုံးလို့ဆိုပြီး စစ်ဆေးလိုက် (မှန်ပါ့)။
ကိုယ်သိထားတဲ့ ဝေဒနာကလေးက ဘယ်ဟာတုံးလို့ စစ်ဆေးတယ်၊ ဟာ သူလောဘမဟုတ်ဘူး၊ သောမနဿ ဝေဒနာလာတာ၊ အင် ဟင် ဥပေက္ခာဝေဒနာ လာတာ၊ ဒီလိုအသုံးချလိုက်တော့ ဦးသံဒိုင် လှည့်သွားတယ် (မှန်ပါ့)၊ ဒီ့ပြင်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သူဟာ သောမနဿဝေဒနာ ဥပေက္ခာဝေဒနာ ဒီနှစ်ခုရှိမှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ရေထဲမှာဆယ်ပြီး မျက်နှာရိပ် ဟပ်လိုက်လို့ရှိရင်ဖြင့် မျက်နှာရိပ်ထင်-မထင် (ထင်ပါတယ် ဘုရား)။
ထို့အတူပဲတဲ့ သူ့ကို အနိစ္စရှုပြီးမှ ခင်ဗျားတို့ မူလကမ္မဋ္ဌာန်း ပြန်ကောက်ရင် ရတယ် (မှန်ပါ့ ဘုရား)၊ သူ့ အရင်ဖယ်လိုက် (မှန်ပါ့)။
ဒါဖြင့် ကြားထိုးလာရင် ကြားထိုးကို ရှုပါ၊ ပြီးတော့မှ မူလရင်း ကမ္မဋ္ဌာန်းကို ရှုပါ၊ ဦးသန်းမောင် ကြိုက်တဲ့၊ ဦးသံဒိုင်ကြိုက်တဲ့ ကမ္မဋ္ဌာန်း နောက်မှရှုပါ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီလိုဆိုတော့ ဘာဖြစ်သွားသတုံးလို့ မေးတဲ့အခါကျတော့ ဪ မူလရှုတုံးက ဖြစ်ပျက်ပဲ၊ အခု ကြားထိုး တာ ရှုလိုက်ပြန်တော့ကော (ဖြစ်ပျက်ပါပဲ ဘုရား)၊ သဘောကျပလား (မှန်ပါ့)။
တစ်တန်းတည်းဖြစ်အောင် လုပ်နိုင်တယ်
မူလရှုနေတာလည်း (ဖြစ်ပျက်ပါ ဘုရား)၊ ကြားထိုးရှုလိုက်လည်း (ဖြစ်ပျက်ပဲ)၊ ဖြစ်ပျက်ပဲဆိုတော့ ဖြစ်ပျက် ချင်း တန်းထွက်သွားတယ် (မှန်ပါ့)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)၊ ဖြစ်ပျက်ချင်းတန်းထွက်တော့ကို ခင်ဗျား တို့ ကြားထိုးသာ ရှုမယ်ဆိုရင် ဖြစ်ပျက်မြင်တဲ့ ဥဒယဗ္ဗယဉာဏ် မကပါဘူးကွ တဲ့၊ ဘုရားက သင်္ခါရုပေက္ခာဉာဏ် တောင် ဖြစ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)၊ တစ်တန်းတည်းဖြစ်အောင် လုပ်နိုင်တယ် (မှန်ပါ့ ဘုရား)။
ကဲ ကြားထိုးရှုလိုက်ရတဲ့ ကျေးဇူး ဘယ်လောက်များတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ကဲ ဉာဏ်တောင် တိုးတက်သွားလိုက်သေးတယ် (မှန်ပါ့)၊ ဘယ်ဉာဏ်တက်သွားသလဲ (သင်္ခါရုပေက္ခာဉာဏ် တက်ပါတယ်)။
သင်္ခါရချည်းဆိုပြီး တစ်တန်းတည်း လုပ်တတ်တာကိုး (မှန်ပါ့)၊ အင်း ဟင် နဂိုရှုနေတာလည်း သင်္ခါရဖြစ်ပျက်၊ နောက်ကြားထိုးတာကကော (သင်္ခါရဖြစ်ပျက်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်ရှုတဲ့ဉာဏ်သည် တစ်တန်းတည်း ရှုနိုင်တဲ့အတွက် သင်္ခါရုပေက္ခာဉာဏ် သွားဖြစ် တယ် (မှန်လှပါ ဘုရား)။
သင်္ခါရုပေက္ခာဉာဏ်
အစကတော့ ဝိပဿနာဉာဏ်ပဲ တဲ့၊ ဒီလိုသာ မင်းတန်းနေရင် သင်္ခါရုပေက္ခာဉာဏ် ဖြစ်ရမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အစကတော့ ဘာတဲ့ (ဝိပဿနာဉာဏ်)၊ ဝိပဿနုပေက္ခာဉာဏ်တဲ့ (မှန်ပါ့)၊ နောက်ကျ တော့ကို သူရင့်သွားရင် ချက်ချင်း ဘာဖြစ်မလဲ (သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပါတယ်)၊ သင်္ခါရုပေက္ခာဉာဏ်ဆိုရင် ဟိုဘက် မဂ်ဉာဏ် တဲတဲလေး ကျန်တော့တယ် (မှန်ပါ့ ဘုရား)။
ကဲ ဆရာကောင်း သမားကောင်း လို မလို မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ အောက်ဉာဏ်ကနေ ပြီး တစ်ခါတည်း ထိုးတက်သွားတာပဲ၊ အောက်ဉာဏ်ကနေပြီးတော့ (ထိုးတက်သွားပါတယ် ဘုရား)။
ဒါတွေက ဒါ့ကြောင့် ဆရာသမားကောင်း လိုတယ်၊ သုံးဆယ့်လေးကြိမ် မှာတယ်ဆိုတာ ပေါ်ပြီ။ ဦးသန်းမောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မှာကိုမှာလိုက်တယ် (မှန်ပါ့)၊
‘ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော'(နိဒါနဝဂ္ဂသံယုတ်) ကွာ ဒီလိုဉာဏ်စွမ်း ကံစွမ်းနဲ့ရှိတဲ့ ပုဂ္ဂိုလ်များ မင်းတို့ ရှာစမ်းပါ၊ မရှာရင်တော့ မင်းတို့ ငါးပါးမှောက်မယ်ဆိုတော့ အခု ခင်ဗျားတို့အလိုဖြင့် ဒီဥစ္စာ ကမ္မဋ္ဌာန်း၏ အန္တရာယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကမ္မဋ္ဌာန်းအန္တရာယ် မဟုတ်ဘူးဟေ့
ခင်ဗျားတို့ သိထားတဲ့နည်းအတိုင်းဆိုရင် (ကမ္မဋ္ဌာန်း၏ အန္တရာယ်ပါ ဘုရား)၊ ကမ္မဋ္ဌာန်း၏ အန္တရာယ် (မှန် ပါ့)။
အခုတော့ ဆရာကောင်း သမားကောင်းဆီမှာ မှီဝဲဆည်းကပ်တော့ ပါဠိတော်နဲ့လည်း သေသေချာချာ ထင်ရှား အောင် ပြလိုက်တော့ ကမ္မဋ္ဌာန်းအန္တရာယ် မဟုတ်ဘူးဟေ့ ကမ္မဋ္ဌာန်းဟ ပေါ်ပလား (ပေါ်ပါပြီ)။
ကမ္မဋ္ဌာန်း အန္တရာယ်လား ကမ္မဋ္ဌာန်းလား (ကမ္မဋ္ဌာန်းပါ ဘုရား)၊ သူ့ရှုပစ်လိုက် ကြားထဲလာလည်း လောဘကို ရှုချလိုက် (မှန်ပါ့)၊ အန္တရာယ်ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
သူက အရှုခံလာတာလို့ ဘုန်းကြီးက ပြောထားတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ကန့်ကွက်တာလာတယ်ဆိုပြီး ထပြေးတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတဲ့ ငါ ဘာလိုနေပါလိမ့်မတုံး အသိဉာဏ်လိုနေလို့ (မှန်ပါ့)။
ဒီအသိဉာဏ်ကို ဘယ်တော့မှ ရပါ့မတုံးဆို ဆရာကောင်းရှာ (မှန်ပါ့)၊ မရှာရင်တော့ ဒီဥစ္စာသွားမှာပဲ (မှန်ပါ)။
ဓားပြကို အိမ်လိုက်ပို့ခိုင်းသလို
ကဲ အခုကြည့်စမ်း မဂ်ဖိုလ်ကို တားမည့် တရားလာတာကို ဓားပြတိုက်မလို့လာတာ ဓားပြ အချော့ကောင်း တာနဲ့ ဓားပြ အပေါင်းအသင်းကောင်းတာနဲ့ ဓားပြကို အိမ်လိုက်ပို့ခိုင်းသလို ဖြစ်နေတယ် (မှန်လှပါ)။
ဓားပြတိုက်မလို့ လာတာပဲ သို့သော်လည်း အပြောအဆို လိမ်လိမ်မာမာနဲ့ သူ့ကို ပြောတတ်ဆိုတတ်တာနဲ့ ကျုပ် အိမ်လိုက်ပို့ပါဦးဆို သူက လက်နက်နဲ့ကိုင်ပြီး လိုက်ပို့ရသေးတယ် (မှန်လှပါ)၊ ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီလောက် ကျေးဇူးများလှတယ်ဆိုတာ ဦးသန်းမောင် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဝေဒနာရှုနေတုန်း လောဘလာလည်း ဘာလုပ်ကြမလဲ (လောဘကို ဖြစ်ပျက်ရှုရမယ်)၊ အင်း သူကလည်း ဝေဒနာတစ်မျိုးပဲဆိုပြီး ဖြစ်ပျက်သာရှု (မှန်ပါ့)။
စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ကျုပ်က ဘဝင်စိုက်ထားတာ ရှူစိတ်-ရှိုက်စိတ် ကျုပ်ရှုနေတာ ဒီ့ပြင်စိတ်တွေမပေါ် တာနဲ့ ပေါ်မည့်ပေါ်တော့လည်း ရန်သူကြီးပေါ်လာတယ် ခင်ဗျားတို့အလို (မှန်ပါ့ ဘုရား)။
အခုတော့ ရန်သူပေါ်လာတာလား၊ ကျုပ်လည်း ရှုပါဦးပြောတာလား (ကျုပ်လည်း ရှုပါဦးပြောတာပါ ဘုရား)၊ အဲဒါရှုလိုက်ရင် ပြီးသွားတာပါပဲ (မှန်ပါ့ ဘုရား)။
အဲဒါ ရှုပြီးတော့မှ ခင်ဗျား ရှုနေကျ ရှူစိတ် ရှိုက်စိတ်ရှုရှု၊ မြင်စိတ် ကြားစိတ်ပဲ ရှုရှုပေါ့ဗျာ၊ အဆင်က ပြေ မသွားဘူးလား (ပြေသွားပါတယ် ဘုရား)။
ဝိပဿာနုပေက္ခာဉာဏ်
ဒါဖြင့် ကြားထိုးလာလည်း ခင်ဗျားတို့က ဖြစ်ပျက်ရှုနိုင်တယ်၊ မူလက ကမ္မဋ္ဌာန်းကိုလည်း ဖြစ်ပျက်ရှုနိုင်တယ် ဆိုတော့ ဖြစ်ပျက်ချင်း တန်းသွားသောကြောင့် ဝိပဿာနုပေက္ခာဉာဏ် မှတ်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီဉာဏ်ရှင်းရင် တစ်ခါတည်း ဥပေက္ခာဉာဏ်တက်သွားတာပဲ (မှန်ပါ့)၊ အောက်ဉာဏ်တွေ အကုန်ထားပစ်ခဲ့ မယ် (မှန်ပါ့)၊ ဒီလောက်ထိအောင် ကျေးဇူးများလှပါတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါတွေက အကြံသမား ဉာဏ်သမားမှ သွားနိုင်တာနော် (မှန်ပါ့)၊ အကြံသမား ဉာဏ်သမားမဟုတ်ရင် ဦးသန်း မောင် သွားကို မသွားနိုင်ဘူး (မှန်ပါ့ ဘုရား)။
မိဘရိုးရာနဲ့ စာကလေးကို ဟိုနားကြည့် ဒီနားကြည့်နဲ့တော့ ရကိုမရဘူး သူက (မှန်ပါ့)၊ တကယ်တမ်းကို ကျမ်းကိုစုံပြီး ညှိပြောမှ အဓိပ္ပာယ်တစ်မျိုးတည်းသွားဖြစ်တယ် (မှန်ပါ့)၊ အခုရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် သူ့ကိုဖယ်တတ်ပလား (ဖယ်တတ်ပါပြီ)၊ တကယ်ဖယ်ပစ်ရမှာလား၊ အာရုံပြောင်းပစ်ရမှာ လား၊ သူ့ကိုပင် ရှုပစ်ရမှာလား (သူ့ကိုပင် ရှုပစ်ရမှာပါ)၊ သဘောပါပြီ (ပါပါပြီ)၊ ဘုရားကတော့ ဖယ်ပစ်ရမယ်လို့ ဆိုထားတယ်၊ သူ့ကြောင့် ထွက်မြောက်ကြောင်းကို ရှာရမယ်လို့ ဆိုထားတယ် (မှန်ပါ့)၊ သင်္ဂါရဝ သူ၏ ထွက်မြောက် ကြောင်းကို မင်းရှာပါဆိုတော့ ဒကာ ဒကာမတွေက အထူးမရှာတတ်တော့ ဘုန်းကြီးက အကူအညီပေးလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ထွက်မြောက်ကြောင်းဆိုတာ တခြားမဟုတ်ဘူး၊ သူ့ကို ရှုပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာလုပ်ရမယ် (သူ့ကိုရှုလို့ ပြောတာပါ ဘုရား)။
ကြားထိုးလာရင် (ကြားထိုးရှုရမယ်)၊ ကြားထိုးရှု ခုနင်က ဓားပြအပို့ခိုင်း (မှန်ပါ့)၊ အင်း မိတ်ဆွေဖွဲ့ပြီး အပို့ခိုင်းဆိုတော့ ဪ အဖိုးတန်ပါကလား၊ တယ်အဖိုးတန်ပါကလားဆိုတာ ခင်ဗျားတို့ သိလေ အဖိုးတန်မှန်း ပိုသိလေပဲ (မှန်ပါ့)၊ မပိုသေးဘူးလား (ပိုပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှင်းပါပြီ-တဲ့၊ ကာမစ္ဆန္ဒနီဝရဏဖြင့် ဆေးနီ ဆေးပြာ ရောနေတာကို ဆေးနီ ဆေးပြာ ဖယ် ပစ်ပြီးသကာလ မင်း မျက်နှာရိပ်ဟတ်လို့ရှိရင် မင့်မျက်နှာရိပ်ဟာ ကြည်လင်သန့်ရှင်းစွာ တွေ့မြင်ရလိမ့်မယ်၊ အဲဒါလို မျက်နှာရိပ်တွေ မြင်လာရသလို စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ပေါ်တဲ့စိတ်ရှုရုံပဲ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)၊ ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်ကလည်း သောမနဿ ဥပေက္ခာ ဒေါမနဿ စသည် တစ်ခုခုပေါ်လို့ရှိရင် ပေါ်တဲ့ဝေဒနာ လိုက်ရှုရုံပဲ ရှင်းပလား (ရှင်းပါပြီ)။
ကြားထိုးတာ ဖြစ်ပျက် ရှု
အဲဒါလို ရှုလိုက်တော့ ကာမစ္ဆန္ဒနီဝရဏဟာ ဘာသစ္စာဖြစ်သွားသတုံး (ဒုက္ခသစ္စာဖြစ်သွားပါတယ် ဘုရား)၊ ဒုက္ခသစ္စာဖြစ်သွားတယ်တဲ့ ဒုက္ခသစ္စာဖြစ်သွားတာကို ဒကာ ဒကာမတွေက ဆေးအဖြစ်နဲ့သုံး၍ ဘေးမဖြစ်အောင် အားထုတ်နိုင်ဖို့ အရေးကြီးတယ်လို့မှတ် (မှန်ပါ့ ဘုရား)၊ ထွက်မြောက်ကြောင်းဆိုတာ တခြားမဟုတ်ဘူး၊ တွေးမနေနဲ့ ဖြစ်ပျက်မြင်အောင်ရှု ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်ဆုံးအောင်ရှု၊ ကြားထိုးလာရင်လည်း ကြားထိုးတာ ဖြစ်ပျက် ရှု သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ အချိန်စေ့သွားပြီ ယနေ့ည တော်ကြဦးစို့။
သာဓု သာဓု သာဓု။