10803

မာတိကာသို့

ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ကြရန်

အလုပ်သင်တရားတော်

အသံဖိုင်ခေါင်းစဉ်= ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ကြရန်တရားတော်

စာအုပ်ထဲမှခေါင်းစဉ်= အလုပ်သင်တရားတော်

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်းတွင်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌

ဟောကြားတော်မူသော

ညအလုပ်ပေး တရားတော်

(၁၇-၁၁-၆၁)

အလုပ်သင်တရား

ဒကာ ဒကာမတို့ ဒီဥစ္စာ အလုပ်သင်တရားလို့ မှတ်ကြပါ။ အလုပ်သင်တရားဆိုတာက ဘုရားကိုယ်တိုင် ကပဲ ဒီလိုလုပ်လို့ ပြောခဲ့တဲ့ တရား-ဟု မှတ်ပါ။

ဘုရားက ဒီလို လုပ်လို့ မှာခဲ့တယ်၊ ဘယ်လိုမှာခဲ့သတုံးဆို ငါဟောထားတဲ့ တရားက ရုပ်နာမ်ခန္ဓာရယ်, သစ္စာရယ်, ပရိစ္စသမုပ္ပါဒ်ရယ်, ပဋ္ဌာန်းရယ် ဒါ ငါဟောထားခဲ့တယ်။

ဘယ်ပါဋ္ဌိတော်က ပြောပါလိမ့်မတုံးဆိုတော့ “သွာက္ခာတော ဘဂဝတာ ဓမ္မော” ဘဂဝတာ=မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးသည်၊ ဓမ္မော=တရားကို၊ သွာက္ခာတော=သုအက္ခတော=ကောင်းစွာ နိဗ္ဗာန်ရောက်အောင်ပဲ ဟောထားခဲ့တယ်။

အဲဒီ့ ဟောထားတဲ့ တရားကို ရုပ်နာမ်တွေ ငါ ဟောထားခဲ့တယ်၊ ခန္ဓာကြီး ဒုက္ခသစ္စာလို့ ငါ ဟောထားခဲ့တယ်။ အဲဒါလို ဟောထားတဲ့ တရားကို မင်းတို့က သန္ဒိဋ္ဌိကော= ကိုယ်တိုင်မြင်အောင် လုပ်ပါ။

ကောင်းစွာ ဟောထားတဲ့တရားကို ဘာလုပ်ကြရမယ် (ကိုယ်တိုင်မြင်အောင် လုပ်ရမှာပါ ဘုရား)။

ကောင်းစွာ ဟောထားတဲ့ တရား ကိုယ်တိုင်မြင်အောင် လုပ်ရမှာ၊ စာဖတ်နေလို့ ရွတ်နေလို့တော့ မဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ကောင်းစွာ ဟောထားတဲ့ တရားကို ဦးသန်းမောင် ကိုယ်တိုင်မြင်အောင် လုပ်ရမှာ စာအုပ်ထဲကြည့်နေတော့ မရဘူး (မရပါ ဘုရား)။

အဲဒီတော့ ဒီရုပ်နာမ်ခန္ဓာထဲ ဘာတွေရှိသတုံး မေးတော့ ဒုက္ခသစ္စာရှိတယ်၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကျိုး တွေ ရှိတယ်၊ ပဋ္ဌာန်းအကျိုးအကြောင်းတွေ ရှိတယ်၊ ဒါတွေပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူမေးတာ ကြည့်ပါလား ဟေ့ ရုပ်ဟာ အနိစ္စလား နိစ္စလား ၊ ရဟန်းတွေက ဖြေကြတယ်၊ ရုပ်ဟာ အနိစ္စပါဘုရားဆိုတော့ သူတို့ခန္ဓာ သူကြည့်ပြီး ဖြေကြတာ (မှန်ပါ့ ဘုရား)။

အဲ ကောင်းစွာ ဟောထားတဲ့ တရားတွေက ခန္ဓာကိုယ်ထဲမှာ၊ အဲဒါကို ကောင်းစွာ ဟောထားတဲ့ တရားတွေကို ခင်ဗျားတို့က သန္ဒိဋ္ဌိကော=ကိုယ်တိုင်မြင်အောင် လုပ်ပါ။

ကောင်းစွာဟောထားတဲ့တရားကို ဘာလုပ်ကြရမှာတုံး

နောက်က ဒကာ ဒကာမတွေ ပေါ့ပေါ့ဆဆ မနာပါနဲ့ ဒီတရားကို၊ ကောင်းစွာဟောထားတဲ့ တရားကို ဘာလုပ် ကြရမှာတုံး (ကိုယ်တိုင်မြင်အောင် လုပ်ရမှာပါ)။

ကိုယ်တိုင်မြင်အောင် လုပ်ရမယ် (မှန်ပါ့)၊ ကိုယ်တိုင်မြင်အောင် လုပ်ရမယ်လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းစွာ ဟောထားတဲ့ တရားကို ကိုယ်တိုင်မြင်အောင်လုပ်၊ ကိုယ်တိုင်တော့ တပည့်တော် ကြည့်မှာပဲ ဘုရား၊ ပညာနဲ့ ကြည့်ဖို့ပါပဲ၊ ပဿိတဗ္ဗော ဆိုတဲ့အတိုင်း ပညာနဲ့ကြည့်ဖို့ပါပဲလို့ မြတ်စွာဘုရား ကောင်းစွာဟော ထားတဲ့ ခန္ဓာကိုယ်ကြီးကို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မြင်အောင် ကြည့်ပါဆိုတာကို ဦးသံဒိုင်တို့ ဦးသန်းမောင်တို့ မှတ်ရ လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါ မသုံးမချတတ်တာနဲ့ ခင်ဗျားတို့ နိဗ္ဗာန်နဲ့ ဝေးနေတာ (မှန်ပါ့ ဘုရား) အသုံးချတတ်လို့ရှိရင် နိဗ္ဗာန်နဲ့ ဝေးစရာ မလိုပါဘူး (မလိုပါဘုရာ) ငယ်ငယ်တုန်းက ရတဲ့စာ၊ သဘောကျပလား (ကျပါပြီ) ဘယ်တုန်းက ရခဲ့သလဲ (ငယ်ငယ်တုန်းက ရတဲ့စာပါ)။

အဲဒါကြောင့် ဆရာဘုန်းကြီးက ပြောတယ်၊ ခင်ဗျားတို့ဟာ ရွတ်ဖတ်ပြီး ဘုရား လက်အုပ်ချီနေတာပဲ ရှိတာပဲ၊ ရွတ်ဖတ်ပြီး ဘုရား လုပ်အုပ်ချီနေလို့ရှိရင် သမထသာ ဖြစ်ပါတယ်။ ဓမ္မာနုဿတိ ဖြစ်ပါတယ်လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘုရားက ဓမ္မာနုဿတိ ဖြစ်စေချင်တာလား၊ သန္ဒိဋ္ဌိကောကို ထောက်ကြည့်၊ ဦးသံဒိုင် သန္ဒိဋ္ဌိကောကို ထောက် ကြည့်၊ ဦးသံဒိုင် သန္ဒိဋ္ဌိကော ထောက်ကြည့်တော့ ရွတ်ဖို့တဲ့လား ရှုဖို့တဲ့လား (ရှုဖို့ပါ ဘုရား) ဘယ်ပါဠိတော်က ဟောထား ပါလိမ့် (သန္ဒိဋ္ဌိကောပါ ဘုရား)။

ရွတ်ရင် သမထ ရှုရင် ဝိပဿနာ

သန္ဒိဋ္ဌိကော- သာမံပဿိတဗ္ဗော= ကိုယ်တိုင်မြင်အောင် လုပ်ကွာ လို့ ဟောထားပါလျက်သားနဲ့ ခင်ဗျား တို့က လက်အုပ်ချီပြီး ရွတ်နေတော့ မရွတ်နဲ့လို့ မဆိုပါဘူးတဲ့၊ ရွတ်ရင် သမထဖြစ်မှာပဲ၊ ရှုရင် ဝိပဿနာ ဖြစ်မှာပဲ (မှန်ပါ့) မောင်ထွန်းရင်ရွတ်ရင် (သမထ ဖြစ်မှာပါ ဘုရား) ဓမ္မာနုဿတိ သထမ ဖြစ်ပါတယ်၊ ရှုရင်တော့ဖြင့် (ဝိပဿနာ ဖြစ်ပါတယ်)။

နို့ ဘုရားက ရှုလို့ဟောသလား- ရွတ်လို့ ဟောသလား ဆိုတာကိုလဲ ခင်ဗျားတို့ တရားနာတဲ့လူတွေက ဆုံးဖြတ်ချက်ချပါ (ရှုလို့ဟောပါတယ် ဘုရား)။

”သန္ဒိဋ္ဌိကော-သာမံ ပဿိတဗ္ဗော”၊ သာမံ=ကိုယ်တိုင်၊ ပဿိတဗ္ဗေယ= မြင်အောင်ကြည့်ရမယ်လို့ ဟောထား တယ် (မှန်ပါ့)။

ဒါကို ဦးသံဒိုင်တို့ လူကြီးတွေက အရေးရှိ ကောက်ရွတ်၊ အရေးရှိ ကောက်ရွတ်၊ ဦးသန်းမောင်ကြီးတို့က အာပေါက်အောင် ရွတ်နော် (မှန်ပါ့) အာပေါက်အောင် ရွတ်ရမှာတဲ့လား ၊ ဘုရားမှာတော်မူတာကလဲ စဉ်းစားပါဦး (ရှုရမှာပါ ဘုရား)။

ကြည့်လေ “သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော”၊ သာမံကိုယ်တိုင်၊ ပဿိတဗ္ဗော= မြင်အောင် ကြည့်ရမယ်ကွ၊ ဆိုတော့ မောင်ထွန်းရင်တို့လူစု ရှော်နေကြတာကော သိပလား (သိပါပြီ ဘုရား) ဘယ်လိုသိပလဲ (ရှော်နေပါဘယ် ဘုရား)။

သူ့သတ်ဖို့ ပေးလိုက်တဲ့စာ

ရှော်နေတယ်၊ ဒါ သေသေချာချာ မတွေးလို့ ရှော်နေတာ သေသေချာချာ မတွေးလို့ ရှော်နေတာ (မှန်ပါ့) မင်းတို့ဥစ္စာ ဘာနဲ့တူနေသတုံးလို့ မေးလို့ရှိရင်ဖြင့် ကောက်ရကို သေစာပေးလိုက်တဲ့ဥစ္စာ ခါးပုံထဲ ထည့်ထားသလို ဖြစ်နေတယ် (မှန်ပ့ါ) သူ့သတ်ဖို့ ပေးလိုက်တဲ့စာ၊ သူက စာမတတ်တော့ ဒီဟာကိုပဲ ကျေးဇူးပြုပြီး သွားပေးသေးတယ် (မှန်ပါ့) ဒီလိုဖြစ်နေတယ် (မှန်ပါ့)။

ဒီလိုဖြစ်နေတာ၊ နည်းနည်းနောနော နစ်နာတာလား အများကြီးနစ်နာတာလား (အများကြီး နစ်နာတာပါ ဘုရား)။

ကဲ ဒီနေ့က စ,ပြီး မူပြောင်းလိုက်ကြပါလို့ ဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့) သန္ဒိဋ္ဌိကောဟာ ဘာလုပ်ရမှာတုံး (ရှုရမှာပါ ဘုရား) ရှုရမယ်၊ ‘သာမံ ပဿိတဗ္ဗော’၊ သာမံ=ကိုယ်တိုင် (ကိုယ်တိုင်တောင် ပါလိုက်သေး တယ်) ပဿိတဗ္ဗော ရှုအပ်တဲ့တရားကွ၊ ကိုယ်တိုင် ရှုအပ်တဲ့တရားလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားပါ လျက်သားနဲ့ ခင်ဗျားတို့က ဓမ္မဂုဏော အနန္တောကို သဘောကျပြီး သကာလ ‘သာမံ ပဿိတဗ္ဗော’ကို ချိတ်ထားတယ်၊ ဦးသံဒိုင်တို့ ရှော်ပုံပြောပါတယ် (မှန်ပါ့ ဘုရား)။

မရှော်ဘူးလား-ရှော်ပါသလား (ရှော်ပါတယ် ဘုရား) ဦးသန်းမောင်ကော (ရှော်ပါတယ် ဘုရား) ရှော်တယ်၊ ဒီ့ပြင် နေရာရှော်တာက အရင်းရှုံးရုံပဲရှိမယ် ဒီနေရာ ရှော်တာက ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကို မရောက်တော့ဘူးနော် (မှန်ပါ့ ဘုရား) ကဲ မနာဘူးလား (နာပါတယ် ဘုရား) နာတယ်တဲ့၊ ကဲ ဒါဖြင့် သာမံပဿိတဗ္ဗော= ကောင်းစွာ ဟောထားတဲ့တရားကို ကိုယ်တိုင်ရှုကြ၊ ဒီနှစ်လုံး သိသွားပါ (မှန်ပါ့)။

ဘုရားက အလုပ်စဉ် ပေးထားခဲ့တာ

ကောင်းစွာ ဟောထားတဲ့ တရားကို (ကိုယ်တိုင်ရှုရမယ်) ကိုယ်တိုင် ရှုရမယ်၊ ကောင်းစွာ ဟောထားတာ ဒီခန္ဓာထဲက လွတ်ပြီး ဟောထားတဲ့ တရားမရှိဘူး (မှန်ပါ့) ဒုက္ခသစ္စာလဲ ဒီခန္ဓာထဲမှာ ရှိတာပဲ သမုဒယ သစ္စာလဲ ဒီခန္ဓာထဲ ရှိတာပဲ ပဋိစ္စသမုပ္ပါဒ်ကလဲ ဒီခန္ဓာထဲမှာပဲ၊ ဒီခန္ဓာ ဖြစ်စဉ်ကို ဆိုနေတာပဲ (မှန်ပါ့ ဘုရား) ပဋ္ဌာန်းအကျိုး အကြောင်းဆိုတာလဲ ဒီခန္ဓာထဲ ဆိုနေတာပဲ (မှန်ပါ့)။

အဲဒီတော့ ကောင်းစွာ ဟောထားတဲ့ တရားကို ကိုယ်တိုင်မြင်အောင် ကြည့်ပါလို့ ဘုရားက အလုပ်စဉ် ပေးထားခဲ့တာ (မှန်ပါ့ ဘုရား)။

အဲဒီ့ အလုပ်စဉ် ပေးထားတာကို အလုပ်စဉ်ကလေး သနားပါဦး ဘုရားဆိုတော့ အတော်ခက်နေတယ် မခက် ဘူးလား (ခက်ပါတယ်) အလုပ်ပေးထားတာကို ဘယ့်နှယ်တုံး မင်းတို့က (အလုပ်ပေးပါဦးတဲ့) အလုပ်စဉ်ပေးပါဦး ဆိုတော့ အတော်ခက်နေတယ်။

ဒါဖြင့် ကိုယ့်ခါးပုံထဲထားတဲ့စာကိုယ် မဖတ်တတ်ဘူး (မှန်ပါ့) ဒီလိုဖြစ်နေတယ်ဆိုတာ ဦးသန်းမောင် ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲဒီလောက်ကျအောင် ဆရာကောင်း၊ သမားကောင်းဝေးပြီးဆိုမှဖြင့် ဒကာ ဒကာမတွေမှာ နစ်နာမှုကြီးထွား နေတယ်ဆိုတာ ဘာမှ ပြောဖို့မလိုတော့ဘူး (မှန်ပါ့ ဘုရား) ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

မလိုတော့ဘူး-တဲ့ တစ်ခါဟောပြန်တယ်၊ မင်းတို့ကွာ တဲ့ ကိုယ်တိုင်မြင်အောင် ဘယ်တရားကြည့်ရမှာတုံး ဆိုတော့ ငါ ကောင်းစွာ ဟောထားတဲ့တရားကို ကြည့်ပါ (မှန်ပါ့)။

ကောင်းစွာဟောထားတဲ့ တရားတွေကလဲ မြတ်စွာဘုရား ဟောတော်မူတဲ့တရား မကောင်းတာ တစ်ခုမှ မပါဘူး၊ ကောင်းတာတွေချည်းပဲ ဟောထားတယ် ဆိုတော့ကွာ တဲ့ငါ သေသေချာချာ ရှင်းပြပါမယ်တဲ့၊ ဘယ်လို ရှင်းပြသတုံးဆိုတော့ ဧဟိပဿိကော ခေါ်လို့ရှိရင် သန္ဒိဋ္ဌိကောနဲ့ လိုက်ပေးပါတဲ့ (မှန်ပါ့)။

ဧဟိပဿကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

ခန္ဓာထဲက တရားတွေက ခေါ်ပါလိမ့်မယ်

ကောင်းပြီ ဧဟိ=လာခဲ့ပါ၊ ပဿ=ရှုပါလို့ ခန္ဓာထဲက တရားတွေက ခေါ်ပါလိမ့်မယ် တဲ့ (မှန်ပါ့) အဲဒါကို သာမံပဿိတဗ္ဗောဆိုတဲ့ ဉာဏ်နဲ့လိုက်ပေးပါ (မှန်ပါ့) ခန္ဓာကခေါ်ရာကို (ဉာဏ်နဲ့လိုက်ပေးပါ)။

ဉာဏ်နဲ့လိုက်ပေးပါလို့ ဆိုတဲ့ဥစ္စာကို အဂုံတ္တုရ် ပါဠိတော်ကြီးများမှာလဲ အသေအချာလာတယ်၊ သန္ဒိဋ္ဌိကော- သန္ဒိဋ္ဌိကောဆိုတာ ဘာတုံးဘုရာ့ လို့ ဥပါဝါဏတို့ကများ မေးတဲ့အခါကျတော့ မင်းသန္တာန်၌ လောဘဖြစ်တာကို လောဘဖြစ်တယ်လို့ လိုက်ပါလား ကွ၊ ဒေါသဖြစ် ဒေါသဆီလိုက်ပါလား ကွ (မှန်ပါ့)။

လိုက်-လိုက်လို့ရှိရင် ဘုန်းကြီးက အသိဉာဏ် ဒကာ ဒကာမတွေ ကုန်အောင်ပြောလိုက်တော့ လိုက်ရင်မရှိဘူး ဆိုတာကို တွေ့ရမယ် (မှန်ပါ့)။

လိုက်ရင် (မရှိပါ ဘုရား) လိုက်ရင်မရှိဘူးဆိုတာကို ယနေ့ ရှင်းပြရမလား ခေါ်တဲ့တရားက ခေါ်ခေါ်ပျောက် ပျောက် (မှန်ပါ့) လိုက်တဲ့တရားက လိုက်တဲ့အချိန်မှာ ခေါ်လဲခေါ်ပျောက်လဲပျောက်တာကိုလဲ တွေ့ရမယ်-ဆိုတော့ အနိစ္စတွေ့ရမယ် (မှန်ပါ့) မောင်သစ် သဘောကျလား (ကျပါတယ်)။

ရှိရာက မရှိတာကို တွေ့မယ်

ဒါဖြင့် လိုက်သာလိုက်ကြည့်လိုက်တော့ မရှိတာပဲတွေ့မယ် (မှန်ပါ့) ဘယ်လိုမရှိတာတုံးလို့ မေးတဲ့အခါကျမှ ရှိရာက မရှိတာတွေ့ပါလိမ့်မယ် (မှန်ပါ့) မောင်ထွန်းရင် ဘယ်ဟာတွေ့မလဲ (ရှိရာက-မရှိတာ တွေ့ပါမယ်) ရှိရာက မရှိတာကို တွေ့မယ်။ အရင်က ခေါ်တုန်းက သူရှိမယ်၊ နောက် သေသေချာချာလိုက်တဲ့အခါကျတော့ ကျုပ်သေပြီဆိုတာ သူကပဲ ပြောပါလိမ့်မယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်)။

အဲဒီတော့ ဟုတွာ အဘာဝဋ္ဌေနအနိစ္စံ။ ဟုတွာ=ခေါ်(ဖြစ်)ပြီး၍ အဘာဝဋ္ဌေန=လိုက်တော့ မရှိခြင်းသည်ပင်လျှင် အနိစ္စပဲ ဒါဘဘောအနက်လို့ မှတ်နော် နော် (မှန်ပါ့ ဘုရား)။

ဟုတွာ=ခေါ်ပြီး၍ တဲ့ ခေါ်လဲခေါ်တယ် ခန္ဓာကိုယ်က ခေါ်တယ်၊ ယားရင်လဲ ဖျောက်ပေး မခေါ်ကြဘူးလား (ခေါ်ပါတယ် ဘုရား) အင်း-ဟင် နာလို့ရှိရင်လဲ နာတဲ့နေရာ ဥိးတည့်ပါမခေါ်ဘူးလား (ခေါ်ပါတယ်) ကောင်းရင် ကော ကောင်းတဲ့နေရာ ဦးတည့်ပါလို့ ဧဟိပဿိကောက ခေါ်ပါတယ် ( ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ခင်ဗျားတို့က မနေ့ကပြောသလို တဏှာနဲ့လိုက်၊ ဒေါသနဲ့လိုက်၊ မောဟနဲ့လိုက်ပြီး သကာလနေတော့ ပဋိစ္စ သမုပ္ပါဒ်သာ တန်းသွားတယ် မပြတ်ဘူး (မှန်ပါ့) အလိုက်လွဲနေတယ် (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

တဏှာနဲ့ လိုက်တယ်ဆိုတာ

တဏှာနဲ့ လိုက်တယ်ဆိုတာ အယားပြေချင်တဲ့ တဏှာ (မှန်ပါ့) ဒေါသနဲ့လိုက်တယ်ဆိုတာ-ယားပဲ ယားလွန်း လှတယ် ဆိုပြီး ဒေါသနဲ့ကုတ်တာတွေ ဒါက ဒေါသနဲ့လိုက်တာ (မှန်ပါ့)။ မောဟနဲ့ လိုက်တယ်ဆိုတာကတော့ ဘာများ ဖြစ်ပါလိမ့်မတုံး ဆိုပြီးလိုက်တာ အဲဒါ ယုံမှားဝိစိကိစ္ဆာနဲ့လိုက်တာ (မှန်လှပါ)။

ဒါ ဘာနဲ့လိုက်တာနဲ့ (ဝိစိကိစ္စာနဲ့ လိုက်တာပါ)။ ဝိစိကိစ္စာဆိုတာ မောဟနဲ့ယှဉ်လို့ မောဟလို့မှတ်လိုက်ပါ (မှန်ပါ့) ဘာများဖြစ်ချင်လို့ပါလိမ့်မတုံး ဒီနေရာက နာလိုက်တာ ဒီနေရာက ယားလိုက်တာ ဒီနေရာ ကောင်းလိုက်တာ ဘာများဖြစ်ချင်လို့ပါလိမ့် မတုံးဆိုပြီးလိုက်တော့ မောဟနဲ့လိုက်တာ သေသေချာချာမှတ်ပါ ဒါ သဘောချည်းပဲလို့ မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ နောက် ယောဂီတွေ၊ သီလရင်တွေရော အားထုတ်နေတဲ့ ဒကာ ဒကာမတွေရော လက်နဲ့မလိုက်နဲ့ ဉာဏ်နဲ့လိုက်ပါလို့ ဆုံးမလိုက်တယ် (မှန်ပါ့ ဘုရား)၊ လက်နဲ့ (မလိုက်ရပါ ဘုရား) ဘာနဲ့လိုက်ရမတုံး (ဉာဏ်နဲ့လိုက်ရ ပါမယ်)။

ဉာဏ်နဲ့လိုက်

ဉာဏ်နဲ့လိုက်၊ ကိုယ်ပေါ်မှာ ယား-ယားနေတဲ့နေရာ ဉာဏ်နဲ့လိုက်၊ နာ-နာတဲ့နေရာ ဉာဏ်နဲ့လိုက်၊ ကောင်း ကောင်းတဲ့နေရာ ဉာဏ်နဲ့လိုက်။

ထိုကဲ့သို့လိုက်-လိုက်ပြီဆိုမှဖြင့် ခေါ်ခေါ်ပျောက်ပျောက် ဖြစ်သောကြောင့် ခေါ်တဲ့တရားက ခင်ဗျားတို့ကို ကျုပ်ဟာ အနိစ္စပါပဲလို့ သူက ပြောသွားပါလိမ့်မယ် (မှန်လှပါ ဘုရား)။

ဦးသံဒိုင် ဘယ်သူက ပြောမတုံး (အနိစ္စကပြောပါတယ်) အနိစ္စခေါ်တဲ့တရားက ပြောတယ် (မှန်ပါ့ ဘုရား) ဥဏီးသန်းမောင်-ဘယ်သက ပြောသတုံး (ခေါ်တဲ့တရားက ပြောပါတယ် ဘုရား) ခေါ်တဲ့တရားက ပြောမယ်၊ ခေါ်တဲ့ တရားက ပြောပြီးသကာလ သွားတော့ကို ကျုပ်တို့မှာ အနိစ္စရှာစရာလိုသေးသလားလို့-ဆိုတော့ ဒကာ ဒကာမတို့ ခေါ်ရာကို ဉာဏ်နဲ့သာ လိုက်လို့ရှိရင်ဖြင့် အနိစ္စကခေါ်သမား၊ ဉာဏ်က လိုက်သမား နှစ်ခုသာ တွဲဖြစ်လို့ရှိရင်ဖြင့် ကိလေသာ မလာတော့ပါဘူး (မှန်လှပါ)။

လောဘ ကိလေသာ လာသေးရဲ့လား (မလာပါ ဘုရား) ဒေါသကိလေသာ (မလာပါ ဘုရား) မောဟ ကိလေသာ (မလာပါ ဘုရား) မလာပါဘူးတဲ့၊ ဒါ ဘာကြောင့်တုံးဆိုရင် သာမံ=ကိုယ်တိုင်၊ ပဿိတဗ္ဗော=ရှုလိုက်တဲ့အတွက်၊ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်-လိုက်တဲ့အတွက် အလွန်ကျေးဇူးများသွားတယ်လို့ အလုပ်သမားမှာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကျေးဇူးပြောစမ်းပါဦး

ဒီလို ဉာဏ်နဲ့ လိုက်လိုက်တဲ့အခါကျတော့ ကျေးဇူးပြောစမ်းပါဦးလို့ မေးတဲ့အခါကျတော့ အို အကာလိကော ဟေ့ (မှန်ပါ့) ဦးသန်းမောင် ဘာတဲ့ (အကာလိကောပါ ဘုရား) အကာလိကောက မြန်မာလို ပြန်ကြဆိုတော့ အခု အကျိုးပေးတယ်ကွ (မှန်ပါ့) ယခု အကျိုးပေးတယ်ကွ ။ အကာလိကော အဓိပ္ပာယ်က (မှန်ပါ့ ဘုရား) ယခု အကျိုး ပေးတယ်ကွ ၊ ဦသံဒိုင်အတိုင်းပဲ ပြောတာပဲ (မှန်ပါ့ ဘုရား)။

ပေး-မပေး ကျုပ်တို့က စိစစ်တာပေါ့၊ ဘုရားကတော့ ဟောထားပြီး ကိုယ်က နားမလည်သေးတော့ အကျိုး ပေးသလား ၊ မပေးဘူးလားဆိုတာ လိုက်ကြည့်တော့ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တော့ ဉာဏ်နဲ့ လိုက်လိုက်တဲ့အတွက် ခုနင်က တဏှာနဲ့ လိုက်မည့် တဏှာလဲ ချုပ်တယ်၊ ဒေါသနဲ့လိုက်မည့် ဒေါသကော (ချုပ်ပါတယ် ဘုရား) မောဟနဲ့ သံသယနဲ့ လိုက်လိုက်တာကော (ချုပ်ပါတယ် ဘုရား)။

လောဘ, ဒေါသ, မောဟချုပ်တာ နိဗ္ဗာန်

ဒါဖြင့် လောဘ, ဒေါသ, မောဟချုပ်တာ နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့ ဘုရား) လောဘ, ဒေါသ, မောဟချုပ်တာကို (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) နိဗ္ဗာန်ခေါ်ပါတယ် တဲ့၊ ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ နိဗ္ဗာန်အနီးကလေး ဖြစ်ပါလျက် သားနဲ့ ခေါ်ရာ မလိုက်တတ်တာနဲ့၊ အလိုက်မှားနေတာနဲ့၊ မလိုက်တတ်တာက တစ်မျိုး၊ အလိုက်မှားတာက တစ်မျိုး၊ ဒီနှစ်မျိုး အပြစ်သင့်နေတာနဲ့ အကာလိကော အခါမလင့် အကျိုးပေးတဲ့ နိဗ္ဗာန်ကိုမရဘဲ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ)အခါမလင့် အကျိုးပေးတဲ့ နိဗ္ဗာန် (မရပဲဖြစ်သွားပါတယ်)။

ဘာဖြစ်လို့တုံး တဲ့၊ အလိုက်မှား-လိုက်သောကြောင့် လည်းကောင်း၊ မလိုက်တတ်သောကြောင့် လည်း ကောင်း၊ ဒီနှစ်ပြစ် ခင်ဗျားတို့မှာ သင့်နေတယ် (မှန်ပါ့) မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

အလိုက်မှားလိုက်သောကြောင့် လည်းကောင်း (မှန်ပါ့) အလိုက်မှားလိုက်တော့ ပဋိစ္စသမုပ္ပါဒ်နဲ့ လိုက်တာပဲ (မှန်ပါ့) အလိုက်မှားလိုက်ပြန်တော့လဲ သံသရာရှည်တယ်၊ မလိုက်တတ်ပြန်တော့လဲ အဝိဇ္ဇာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်စ,ပြီး ပေါ်လာပြန်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ကစပြီး သကာလ ဧဟိ=လာခဲ့ပါ၊ ပဿရှုပါလို့ ခန္ဓာကဖြင့် အမျိုးမျိုး ခေါ်ပါလိမ့်မယ်၊ ခင်ဗျားတို့က လောဘ, ဒေါသ, မောဟနဲ့ မလိုက်ဘဲနဲ့ သာမံပဿိတဗ္ဗောဆိုတဲ့ ကိုယ်တိုင် မြင်တဲ့ ဉာဏ်နဲ့ လိုက်ပေးလိုက်စမ်းပါ (မှန်ပါ ဘုရား) လိုက်-လိုက်လို့ရှိရင်ဖြင့် အကာလိကော ဆိုတာဟာ အခါမလင့် အကျိုးပေးတယ်ဆိုတဲ့ ဥစ္စာသည် ခင်ဗျားတို့ကို အခု ပြောပြီးတဲ့အတွက် ဦးသန်းမောင်တို့ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား) မရှင်းပေဘူးလား (ရှင်းပါပြီ ဘုရား) ဒါ ကျောင်းတုန်းကလဲ ပြောခဲ့တဲ့အတွက် ရှင်းလောက်ပါပြီ တဲ့။

ဝိပဿနာအလုပ် ဘယ်သူ ဟောခဲ့သတုံး

ကောင်းပြီ ဒါဖြင့် ဝိပဿနာအလုပ် ဘယ်သူ ဟောခဲ့သတုံးလို့ မေးလို့ရှိရင် ဦးသံဒိုင် ဖြေစမ်းပါ၊ ဝိပဿနာ အလုပ် ဘယ်သူ ဟောခဲ့သတုံး (ဘုရား ဟောခဲ့ပါတယ် ဘုရား)။

ဘုရားကိုက ဟောခဲ့တာ (မှန်ပါ့) ခင်ဗျားတို့က အလုပ်စဉ် ပေးပါဦး တောင်းဖို့မလိုဘူး (မလိုပါ ဘုရား) ရပြီးသားထဲမှာ ပါပြီးသားပဲ (မှန်ပါ့)။

သို့သော် အဓိပ္ပါယ်ကို ရှင်းအောင်က မသိလို့ ဘုရားလက်ထက်ပဲ ဥပဝါဏတို့က သန္ဒိဋ္ဌိကော ရှင်းပေးပါဦးလို့ ဘုရား သွားလျှောက်သေးတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းသန္တာန်ဖြစ်တဲ့ လောဘစိတ်ကို မင်း မသိဘူးလား တဲ့၊ မင်းသန္တာန်ဖြစ်တဲ့ ဒေါသ, မော, ဣဿာ, မစ္ဆရိယ, မာနတွေဖြစ်တဲ့အခါ မင်း မသိဘူးလား၊ အဲဒါ သန္ဒိဋ္ဌိကောပေါ့ကွ၊ သေသေချာချာ ဟောတာ (မှန်ပါ့)။

နိဗ္ဗာန်မရတာဖြင့် ဒီနှစ်ချက်မပိုင်လို့

ဒါဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန်မရတာဖြင့် ဒီနှစ်ချက်မပိုင်လို့ပဲ (မှန်လှပါ ဘုရား) ဆိုထိုက်သလား (ဆိုထိုက် ပါတယ် ဘုရား)။

ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော မလိုက်တဲ့အပြစ်ကြောင့် အကာလိကော အခါမလင့် အကျိုးပေးတဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ နိဗ္ဗာန်ကြီးကို မရဘူး (မှန်ပါ့၊ မရပါ ဘုရား)။

ဦးသံဒိုင် ဘာဖြစ်တာတုံး- ဘာဖြစ်ကြတာတုံး နိဗ္ဗာန်နဲ့ ဝေးနေတာ ဘယ့်နှယ်ကြောင့် ဝေးနေကြတာလဲ (ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ မလိုက်လို့ပါ) မလိုက်တော့ အကာလိကောက အကျိုးမပေးရသေးဘူး ဖြစ်နေတယ် (မှန်ပါ့)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ မလိုက်တဲ့အတွက် အကာလိကောဆိုတာ အခါမလင့် အကျိုးပေး ချင်တဲ့ သဘောဟာက ခင်ဗျားတို့ကို မပေးအောင် ကန့်ကွက်တာ (မှန်ပါ့) တရားက မပေးတာလား၊ ခင်ဗျားတို့က ကန့်ကွက်တာလား (တပည့်တော်တို့က ကန့်ကွက်တာပါ ဘုရား)။

ဪ ဒါဖြင့် ယနေ့ညမှာ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တတ်ပါမူကား အကာလိကော အခါမလင့် အကျိုးပေး၏-ဆိုတဲ့ ဥစ္စာသည် နိဗ္ဗာန်ကို ယူလိုက် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

မောဟချုပ်လဲ နိဗ္ဗာန်ပဲ၊ လောဘချုပ်တာ (နိဗ္ဗာန်ပါ) ဒါဖြင့် ဒေါသချုပ်ကော (နိဗ္ဗာန်ပါ) နိဗ္ဗာန်ဆိုတာ ရာဂ, ဒေါသ, မောဟတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ခေါ်တာကိုး (မှန်ပါ့) ခင်ဗျားတို့ အလိုက်ကောင်းရင် ချက်ချင်း ချုပ်ငြိမ်းတာပဲ (မှန်ပါ့) အလိုက်မတတ်လို့ရှိရင် သူတို့ ထွကြွလာတာပဲ (မှန်ပါ့)။

ဒီဥစ္စာ မောင်သစ်-သေးသေးသိမ်သိမ်ကလေးရယ်လို့ မမှတ်ပါနဲ့ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးလို့ ရတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ဒီလိုလုပ်ရင် ဒီလို ဖြစ်မယ်ကွ လို့ကို ဟောထားတဲ့ဥစ္စာ ဦးသန်းမောင်တို့က ရှော်တော်တော် လုပ်နေလို့ မရတာ (မှန်ပါ့ ဘုရား) ခုတော့ ပေါ်ပလား (ပေါ်ပါပြီ)။

စိတ်ထဲ လောဘစိတ်ကလေး ပေါ်လာတယ်၊ လောဘစိတ်ပေါ်တော့ ဒါ ဘာပါလိမ့်မတုံးလို့ မြန်မြန်လိုက် (မှန်ပါ့) မြန်မြန်လိုက်တော့ လောဘစိတ်က ချုပ်သွားပြီ။ လိုက်တဲ့ဉာဏ်က ဪ မရှိတာပဲ သူသွားတွေ့တယ်၊ ဒါဖြင့် လိုက်တဲ့ဉာဏ်သည် မရှိတာ သွားတွေ့တော့ အနိစ္စသွားတွေ့တယ် (မှန်ပါ့) လိုက်တဲ့ဉာဏ်၊ ဘာတွေပါလိမ့် (အနိစ္စ သွားတွေ့ပါတယ်)။

မလိုက်တတ်လို့ အနိစ္စ မတွေ့တာ

ခင်ဗျားတို့ အနိစ္စ ရှာနေကြတာပဲ၊ မလိုက်တတ်လို့ အနိစ္စမတွေ့တာ (မှန်ပါ့) လိုက်တတ်လို့ရှိရင်ဖြင့် ဘုရား ကတော့ဖြင့်ကွာ ခင်းတို့ခန္ဓာကြီးဟာ သင်္ခါရ ခန္ဓာကြီးပါ သဗ္ဗေသင်္ခါရာ အနိစ္စပါကွာ မင်းတို့လိုက်သာ ကြည့်စမ်းပါ (မှန်ပါ့) သဘောပါလား (ပါပါပြီ)။

ခန္ဓာကိုယ်ကြီးက သဗ္ဗေသင်္ခါရာ အနိစ္စာ၊ (မှန်ပါ့) သဗ္ဗေသင်္ခါရာ အနိစ္စာ ခန္ဓာကိုယ်ကြီးကို ခင်ဗျားတို့က အမှန်အတိုင်း လိုက်ကြလို့ရှိရင်ဖြင့် တဲ့၊ ငါ ဟောထားသကွ အကာလိကော အခါမလင့် အကျိုးပေတးယ် (မှန်ပါ့ ဘုရား) ချက်ခြင်း နိဗ္ဗာန်ရမယ် (မှန်ပါ့)။

ဒီတော့ ခင်ဗျားတို့က နိဗ္ဗာန်ကြီး ပေါ်လာလိမ့်မယ်လို့ အောက်မေ့တယ်၊ မဟုတ်ပါဘူး၊ ပဋိစ္စသမုပ္ပါဒ် အစက စတာပြတ်တယ်၊ အလယ်ကစတာ ပြတ်တယ်၊ အဆုံးက ပတ်တာ ပြတ်တယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်ကြီး ပေါ်လာတာ ဆိုတော့ ဒကာ ဒကာမတွေက အကာလိကောကို နိဗ္ဗာန်တစ်လုံးတည်း ယူထားတယ် (မှန်ပါ့ ဘုရား)။

မဟုတ်ပါဘူးတဲ့ ဒီအလိုက် ကောင်းတဲ့အတွက် နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ တခြား မဟုတ်ပါဘူး၊ ရာဂဒေါသ မောဟတို့၏ ချုပ်တာကို ဦးသန်းမောင် ဘာခေါ်မတုံး (နိဗ္ဗာန်ခေါ်ပါတယ်) သန္ဒိဋ္ဌိကောနဲ့လိုက်တော့ မချုပ်ဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား)။

ဉာဏ်နဲ့လိုက်-လိုက်တဲ့အတွက် အဝိဇ္ဇာက ချုပ်တယ် မဟုတ်ဘူးလား (မှန်ပါ့) ဉာဏ်နဲ့လိုက်လိုက်တဲ့အတွက် ဉာဏ်က ဒေါသကိုလဲ ဖြတ်ပစ်လိုက်တယ်၊ မောဟကော (ဖြတ်ပါတယ်)။

ဖြတ်ပစ်လိုက်တယ်ဆိုသဖြင့် ဪ ဒီဉာဏ်သည်ကားလို့ ဆိုရင်ဖြင့် မဂ်ဉာဏ်ပဲ၊ ဝိပဿနာ မဂ်ဉာဏ်ပဲ၊ ဒီဝိပဿနာ မဂ်ဉာဏ်သည် ကိလေသာကို ဖြတ်တယ်၊ ကိလေသာဖြတ်တော့ ကိလေသာမလာဘူး၊ ကိလေသာ မလာတာ ဘာတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဝေးသလား-နီးသလား

ခန္ဓာရှိနေလဲ သဥပါဒိသေသ နိဗ္ဗာန်ပဲ၊ ခန္ဓချုပ်သွားလို့ရှိရင် အနုပါဒိသေသနိဗ္ဗာန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ဝေးသလား-နီးသလား (နီးပါတယ် ဘုရား) နီးလျက်နဲ့ မရောက်တာဟာ ကွေ့သွားနေလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဦးသန်းမောင် နီးလျက်နဲ့ မရောက်တာ (ကွေ့သွားလို့ပါ ဘုရား) ကွေ့သွားတယ်၊ တဏှာနဲ့ ကွေ့လိုက်၊ အဝိဇ္ဇာနဲ့ ကွေ့လိုက်၊ သဘောကျပလား (ကျပါပြီ) ဒေါဝနဲ့ ကွေ့ကောက်လိုက်၊ ဒီလို မနေကြဘူးလား (နေပါတယ် ဘုရား)။

ဒါကြောင့် ကွေ့ကောက်မှုကြောင့် မရောက်တာဆိုတာ ကိုလဲ ဒကာ ဒကာမတွေ ယနေ့ည ထူးထူးခြားခြား မှတ်ပါ (မှန်ပါ့ ဘုရား)။

သူတို့က ကောက်ကျစ်တဲ့ တရားတွေ ကိလေသာကို ဘုရားသခင်ကိုတော်မြတ်ကီးက ကိလေသာလောက် ကောက်ကျစ်တာ ငါရှာမတွေ့ဘူးကွ တဲ့၊ (မှန်ပါ့ ဘုရား)၊ လိုက်လိုက်လို့ရှိရင် နိဗ္ဗာန်ပေါ်လာမှာ၊ သူက ကောက်ကျစ် ပြီးလိုက်သွားတာနဲ့ပဲ ပဋိစ္စသမုပ္ပါဒ်သာ ပြန်လည်လာတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီက ရှေ့ကို ခင်ဗျားတို့ကလိုက်တတ်ပေ့- လိုက်တတ်ပေ့ဖြစ်အောင် ကလေးလို မလုပ်ရဘူး (မှန်ပါ့)၊ မလုပ်လို့ရှိရင် ဒါတွေ ဘယ်လောက် အသက်ကြီးနေနေ လိုသေးတယ်ပဲ အောက်မေ့ရတယ် (မှန်ပါ့ ဘုရား)။

အသက်ကြီးတာ မကြီးတာ ခေါင်းဖြူတာ ခေါင်းနက်တာ ဒါလိုရင်း မဟုတ်ပါဘူး (မှန်ပါ့) လိုက်တတ်ပေ့ ဖြစ်အောင်တော့ လုပ်ရလိမ့်မယ် (မှန်ပါ့) ဦးသန်းမောင် ဘာလုပ်ရမလဲ (လိုက်တတ်ပေ့ဖြစ်အောင် လုပ်ရပါမယ်)။

ကလေးတွေကျတော့ ခင်ဗျားတို့က ကိုယ်ကပြေး ကလေးက နောက်ကလိုက် လိုက်တတ်သားပဲ လိုက်တတ် သားပဲနဲ့ ကလေးတော့ သင်တတ်တယ် (မှန်ပါ့)။

ခင်ဗျားတု့ိကိုယ်တိုင် တကယ့်ဉာဏ်စမ်းခမ်းကျတော့မှ မလိုက်တတ်ဘူးတဲ့ (မှန်ပါ့) ဘယ့်နှယ်တုံး ဒီထဲလူကြီးကို မပါဘူးကွ (မှန်ပါ့) ဒီလောက် ဆိုးဝါးနေတယ်ဆိုတာကော သိကြပလား (သိပါပြီ ဘုရား)။

ဒါ ဘာလိုတာတုံးလို့ မေးတော့ ကလျာဏမိတ္တ လိုသွားတယ် (မှန်ပါ့)၊ မွေးကတည်းက ဘယ်သူမှမတတ်ဘူး လိုက်နည်းကို (မှန်ပါ့ ဘုရား)။

သူတော်ကောင်းနဲ့ မပေါင်းသင်းရလို့

ကလျာဏ မိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ မပေါင်းသင်းရလို့ ကောင်းသောမိတ်ဆွေ ဉာဏ်ဖြောင့်ပေးတဲ့ပုဂ္ဂိုလ်နဲ့ မတွေ့သ၍ ကာလပတ်လုံး ပါရမီဖြည့်ပြီးသားတွေတောင် အဟောသိကံ ဖြစ်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပါရမီဖြည့်ပြီးသားတွေတောင် (အဟောသိကံ ဖြစ်ရပါတယ်) ကြည့်ပါလား ပါရမီဖြည့်ပြီးသား အဇာတသတ်ဟာ သာမည ဖလသုတ် ဟောလို့ရှိရင် သူ ရဟန္တာဖြစ်မယ် (မှန်ပါ့) မလိုက်ကောင်းတဲ့ အလိုက်မတတ်ဘဲနဲ့ ဒေဝဒတ်နောက် လိုက်သွားတယ်၊ ဒေဝဒတ်ဟောတဲ့ တရားတွေ နောက် လိုက်သွားတဲ့အတွက် အဖေသတ်ပြီး လောဟကုမ္ဘီငရဲ ကျသွား တယ်(မှန်ပါ့) အလိုက်လွဲသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပါရမီတွေ ဘာဖြစ်သွားသတုံး လို့ မေးဖို့ကြုံလာတယ် (မှန်ပ့ါ) သာမညဖလသုတ် ဟောရင် သူသည် ကျွတ်ရတော့မှာကိုး သူ့သုတ်ကိုး ဒီသုတ်ဟာ (မှန်ပါ့) သူ့ဟောတဲ့သုတ်။ ဦးသန်းမောင် သို့ပေမဲ့ လောဟကုမ္ဘီငရဲ ကျသွားသေးတယ်၊ ပါရမီတွေ ဆုံးပါပေါ့လား (မှန်ပ့ါ) ဘယ့်နှယ်ဆိုကြမယ် (ပါရမီတွေ ဆုံးပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့က ပါရမီရှိရင် ဖြစ်မှာပဲဆိုတာ မဟုတ်သေးဘူး ကလျာဏမိတ္တကောင်းဦးမှ (မှန်ပ့ါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပါရမီရှိရင် ဖြစ်မှာပဲလို့မယူနဲ့ ကလျာဏမိတ္တတွေ့ဦးမှ (မှန်ပ့ါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကလျာဏမိတ္တ ဖြည့်စွက်ရဦးမှာ

ပါရမီရှိရင်ကွာ ရတာပဲ ၊ အင်း တစ်လုံးတည်း ပြောနေတယ် ဘယ်ဟုတ်လိမ့်မတုံး၊ ဘာဖြည့်စွက် ရမလဲ (ကလျာဏမိတ္တ ဖြည့်စွက်ရပါမယ်) ကလျာဏမိတ္တ ဖြည့်စွက်ရဦးမှာဗျ (မှန်ပါ့ ဘုရား) အဲဒီတော့ ခင်ဗျားတို့ ဒိရောက်ပြီး လာကြတာဟာ ခင်ဗျားတို့လဲ လူ့ဘဝရတဲ့ ရပါမီလဲပါပါတယ်၊ ထိုက်တန်သလောက်လဲ ဗဟုသုတ ပါရမီ ကလေးတွေ ဖြည့်ကျင့်ကြပါတယ်၊ ဘာ့ကြောင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန် မမြင်သေးပါလိမ့်မတုံး ဆိုတော့ ဦးသံဒိုင်ရေ လက်သည်ပေါ်ပြီ၊ ဘာလိုသွားသလဲ (ကလျာဏမိတ္တ လိုသွားပါတယ်)။

ဒါဖြင့် ကလျာဏမိတ္တကို အခု ဆရာကောင်း သမားကောင်းနဲ့ ခင်ဗျားတို့ တွေ့ကြပါပြီ၊ ကလျာဏမိတ္တနဲ့ တွေ့တော့ ဪ ပါရမီက ရှိတယ်၊ ဆရာဘုန်းကြီးက ပြောထားတယ်၊ ကလျာဏမိတ္တလဲ ခေါင်းဆောင်ကောင်းလဲ တွေ့ထားပြီ၊ မဟတု်ဘူးလား (မှန်ပါ့)။

အဲဒီတော့ကို တဲ့ လှေလဲတွေ့ပြီ၊ မြစ်ထဲလဲ ကူးမှလဲရောက်မယ်ဆိုတော့ လက်ကလေးတော့ ယက်ကြဦးမှ ကောင်းမယ် (မှန်ပါ့ ဘုရား) မယက်ရင်တော့ (မရပါ ဘုရား) မရဘူး ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုယ့်အရေးက ဝီရိယကလေးတော့ စိုက်ပေးလိုက်ပါဦး (မှန်ပါ့) ဝီရိယကလေးမှ စိုက်မပေးလိုက်လို့ အိမ်ပြန် စောသွားရင်တော့ ငါးပါးမှောက်ပါပဲကွာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

အိမ်ပြန်စောရင် (ငါးပါးမှောက်) ငါးပါးမှောက်ဘဲ တဲ့ ဟိုဘက်ကမ်းမှ မရောက်သေးဘဲကိုးကွ (မှန်ပါ့ ဘုရား) မနေ့ကတော့ ရထားနဲ့ပြောတယ်ကွ ဒီနေ့ လှေနဲ့ပြောတယ်ကွ (မှန်ပါ့) မောင်ထွန်းရင် မင်းကို စောင်းတယ်လို့ တော့ အောက်မေ့မနေနဲ့၊ တကယ်ပြောတာသာ အောက်မေ့နော် ။

ကလျာဏမိတ္တ၏ ကျေးဇူး

ကိုင်း-ဒါဖြင့် ကလျာဏမိတ္တ၏ ကျေးဇူးဟာ ဘုရားဘယ်လိုများ ချီးမွမ်းလိုက်သတုံး၊ ပြောလိုက်သတုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ တစ်သင်္ချေနဲ့ တစ်သေင်္ချနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသားကွ ငါနဲ့ မတွေ့ရင် သူတို့နှစ်ဦးလဲ ငါးပါးမှောက်တယ် (မှန်ပါ့) မှောက်ရမှာပဲ၊ တိတ္တိသိဉ္စည်းဆရာကြီးဆီ ကိုးကွယ်နေကြတာ ကိုး (မှန်ပါ့ ဘုရား)။

ကိုင်း ဘာကိုးကွယ်နေကြတုံး(သိဉ္စဉ်း ကိုးကွယ်နေကြပါတယ်) ကဲ ပါပမိတ္တနဲ့ သွားတွေ့နေတယ်၊ အထွက်စောလို့ပါလားဗျာ (မှန်ပါ့)။

ဟိုက တိတ္တိတွေ မူတည်မိရင် ဒီဘဝရှုံးတယ် (မှန်ပါ့) တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှုံးတယ် (မှန်ပါ့) ဘယ် လောက်နစ်နာသလဲ (နစ်နာပါတယ်) မနစ်နာဘူးလား (နစ်နာပါတယ်) နောက်တော့ ကလျာဏမိတ္တ ဣန္ဒြေလဲ ကောင်းတယ်ဆိုတဲ့ အဿဇိမထေရ်ဆွမ်းခံလာတော့ ဣန္ဒြေသိက္ခာကို ကြည့်တဲ့ပြီး ဒီကိုယ်တော်မှာ တရားထူးရှိလိမ့် မယ်ဆိုပြီး သူက တတ္တိအဖြစ်နဲ့ ဆွမ်းခံတုံးရှိသေးတယ်၊ အရှင်သာရိပုတ္တရာက (မှန်ပါ့) တိတ္တအဖြစ်နဲ့ ကျုပ်တို့အခု ဟိုဟင်းတွေလိုပေါ့လေ အုန်းခွက်ကြီးတွေနဲ့ ဆွမ်းခံစားတုံး သပိတ်မဟုတ်သေးဘူး၊ တိတ္တိဘက်က ဒါပဲ (မှန်ပါ့)။

ဒီပုဂ္ဂိုလ်ထူးပါကလား

အဲဒါတွေနဲ့ ဆွမ်းခံစားနေတုန်းမှာ အရှင်အဿဇိမြင်တော့ ဒီပုဂ္ဂိုလ်ထူးပါကလား နေပုံ၊ ထိုင်ပုံ၊ အရှင် ဘုရား ဘယ့်သူ့တပည့်တုံး ဂေါတမတပည့်လား ဂေါတမတပည့်ဖြင့် ဘုရား တစ်လုံးတစ်ပါဒ မကြားရဘူးလား။

ကြားရပါတယ်ဆိုပြီး ယေဓမ္မာ ဟေတုပ္ပဘဝါ ဆိုတာ ဟောလိုက်တာ အရှင်ဘုရား တော်တော့ဘုရား၊ ဒါလောက်ဆို ရိပ်မိပါပြီ၊ အကြောင်းဖြစ်ရင် အကျိုးဖြစ်မယ်၊ အကြောင်းချုပ်ယင် အကျိုးချုပ်မယ် လို့ ဉာဏ်က ရှေ့တိုးသွားတယ် (မှန်ပါ့)။

အဲဒီမှာ ယေဓမ္မာ ဟေတုပ္ပဘဝါ နဲ့ သောတာပန်တည်တာပဲ၊ မြန်လိုက်တာ (မှန်ပါ့ ဘုရား)။

ကဲ သူမပါတုံးကတော့ တိတ္တိဆရာကြီးဆီမှာ နှစ်ပေါင်းများစွာ နေတုံးက ဦးသန်းမောင် ဘာကျေးဇူးများ သတုံး (ဘာမှမများပါ ဘုရား)။

ပါပမိတ္တနဲပါပက ယုတ်မာတာ၊ မိတ္တက အဆွေခင်ပွန်း (မှန်ပါ့) ယုတ်မာတဲ့ အဆွေခင်ပွန်းနဲ့ ပေါင်းနေတော့ ကြည့်စမ်း ပါရမီပြည့်ပြီးသားလူ၊ ဒီဘဝ လကျ်ာရံဖြစ်ရမည့်လူတောင် ငုတ်နေတယ် (မှန်ပါ့)။

တစ်ခါ ဒီမှာပဲ စွဲစွဲမြဲမြဲနေလိုက်မယ်ဆိုရင် တစ်သင်္ချေပါရမီဖြည့်ပြီးသား ပါရမီကုသိုလ်တွေ ဦးသန်းမောင် အကုန် အဟောသိကံ ဖြစ်ရမယ်၊ ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ပါရမီရှိငြားသော်လည်း ပါရမီထက် အရေးကြီးတာ ဘာတုံးဆိုတာ ယနေ့ည ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ဘောပေါ်သတုံး (ကလျာဏမိတ္တ ပေါ်ပါတယ် ဘုရား)။ ကလျာဏမိတ္တ၊ ရှင်းကြရဲ့လား နောက်လူတွေ (ရှင်းပါတယ် ဘုရား) သူများရှင်းလို့ မရှင်းနဲ့၊ ကိုယ့်ဉာဏ်ထဲမှာ ကိုယ်ရှင်းပါစေ (မှန်ပါ့ ဘုရား)။

သူများရှင်းလို့ တစ်ပြိုင်တည်း ရှင်းလိုက်ရတာပဲ၊ ကျုပ်တော့ဖြင့် ဘယ်လို လို့ ဒီလိုမရှိစေနဲ့ (မှန်ပါ့ ဘုရား) ကလျာဏမိတ္တ အလွန် အရေးကြီးတယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)။

ဒါကြောင့် ခဏခဏပြောတယ် ဘုန်းကြီးက ဦးသံဒိုင်တို့ ဦးသန်းမောင်တို့ကို အရှင် အာနန္ဒာကို ဘုရားက မေးတော့ ကလျာဏမိတ္တဟာ ဘယ်လျောက်များ ကျေးဇူးများသတုံး အာနန္ဒာရ၊ ဘုရားကကို ခေါ်မေးတာ (မှန်ပါ့) ထက်ဝက်တော့ဘုရား နိဗ္ဗာန်ကိုရောက်ဖို့ရာ အကူအညီပေးပါတယ် ဘုရား) ကလျာဏမိတ္တက (မှန်ပါ့)။

သူဖွင့်မပေးရင် ဘယ်သူမှ မရဘူး

ဟာ မင့်ဟာ သာဝကဉာဏ်နဲ့ ပြောတာ၊ မဟုတ်ဘူးကွ သူလုံးလုံးဆိုင်တယ်၊ သူဖွင့်မပေးရင် ဘယ်သူမှ မရဘူး (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းအပေါ်မှာ ဦးသန်းမောင် အကုန်မမှီဘူးလား (မှီပါတယ် ဘုရား) ဘုရားကိုဖြေနေတာ (မှန်ပါ့) မင်း သာဝကဉာဏ်နဲ့ ပြောတာတဲ့၊ သာဝကဆိုတာ အငယ်စား ကလေးပေါ့ဗျာ၊ မင်း ဒီဉာဏ်ကလေးနဲ့ ပြောနေတာတဲ့၊ မဟုတ်ဘူးကွ တဲ့ အလုံးစုံ သူ့ကြောင့်ပြီးတာတဲ့ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သူ့ကြောင့်ပြီးတာဆိုတဲ့ ကလျာဏမိတ္တကို ရှာပါဆိုတဲ့ဥစ္စာကို ရှာလို့လဲ တွေ့လဲတွေ့ကြပါပြီ (မှန်ပါ့ ဘုရား)။

တွေ့တော့ကို မင်း ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တဲ့အခါမလင့် အကျိုးပေးလိမ့်မလဲ ဆိုပြီး ခေါင်းဆောင်က ပြောတယ်၊ ဒီ-အတိုင်းသာလုပ် (မှန်ပါ့ ဘုရား)။

မောင်ထွန်းရင် ဒီအတိုင်းလုပ် (မှန်ပါ့ ဘုရား) ဒီအတိုင်းသာ လုပ်လို့ရှိရင်ဖြင့် သူ့ပါဠိတော်နဲ့ သူကိုက ရှင်းနေပြီ၊ ဧဟိပဿိကော ခေါ်ရာကို ဘာလုပ်ကြမယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်) လိုက်လိုက်ရင် ဘာကျေးဇူးများမလဲ (အကာလိကောပါ ဘုရား) အခါမလင့် အကျိုးပေးတယ်ဆိုတာ နိဗ္ဗာန်ကိုရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရသတုံးဆိုတော့ ဪ ဉာဏ်နဲ့ လိုက်လိုက်တော့ဘုရား ဉာဏ်ဆိုတာက လောဘပဲ ဖြတ်တယ်၊ ဒေါသလဲ ဖြတ်တယ်၊ မောဟလဲဖြတ်တယ်၊ အကုသိုလ်ဟူသ၍ ဖြတ်တယ်ဆိုသဖြင့် လောဘ, ဒေါသ, မေဟ ချုပ်ငြိမ်းရင် နိဗ္ဗာန်၊ ဒါကြောင့် အကာလိကောကို တချို့က နိဗ္ဗာန်တစ်လုံးတည်း ယူထားတယ် (မှန်ပါ့) ဒီ ပဋိစ္စသမုပ္ပါဒ်ပြတ်တာကို မယူဘူး၊ အဲဒီမှာ အယူအဆကလဲ လွဲနေတယ် (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ

စင်စစ် ခင်ဗျားတို့ အခု ဘုန်းကြီး ဟောတာနဲ့ ဖြစ်စဉ်နဲ့ ကိုက်ကြည့်တော့ ဉာဏ်နဲ့လိုက်တဲ့အခါကျတော့ ဉာဏ်သာ ရှိတော့တယ်၊ လောဘ, ဒေါသ, မောဟ မရှိဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ်) ဒါဖြင့် လောဘ ဒေါသ မောဟ မရှိတာကို ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဪ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့က မြို့ကြီးလိုလို၊ ပြကြီးလိုလို တစ်ခါတည်း အထည်အစိုင်အခဲကြီး ရှိသလိုလို မနေ့ညကလဲ ပြောခဲ့ပါတယ်၊ နိဗ္ဗာန်အကြောင်း ရှင်းပြပြီးတော့ (မှန်ပါ့) ဒါတွေချုပ်တာ နိဗ္ဗာန်ခေါ်တာ (မှန်ပါ့) နိဗ္ဗာနသဒ္ဒါသည် ကိလေသာတို့၏ ငြိမ်းအေးခြင်းကို ဆိုတယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ)။

နိဗ္ဗာနသဒ္ဒါသည် (ကိလေသာတို့၏ ငြိမ်းအေးခြင်းကို ဆိုပါတယ်) ကိလေသာတို့၏ ငြိမ်းအေးခြင်းဆိုတော့ အခု ကိလေသာကိုပဲ ဝင်ခွင့်မပေးတော့ မဂ်သည် ကိလေသာ ဝင်ခွင့်ပေးသေးသလား (မပေးပါ ဘုရား) မပေးတော့ဘူး။

အဲဒီတော့ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာက ‘ဟဒယသုတီတလ မဂ္ဂဒဿနေန သန္တာပဋ္ဌော’ကွ၊ ‘ဟဒယ သုတီတလ မဂ္ဂဒဿနေန=နှစ်လုံး၌ ငြိမ်းအေးတဲ့ မဂ် ရောက်လာလို့ရှိရင် နှလုံးထဲမှာ ငြိမ်းအေးသွားတယ် (မှန်ပါ့) အဲဒါကြောင့် သန္တပဋ္ဌဖြစ်တဲ့ ကိလေသာတွေ အကုန်ဖြတ်ပစ်တယ်၊ ပူပန်စေတတ်တာတွေ အကုန်ဖြတ်လိုက်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

နှလုံးထဲငြိမ်းအေးတဲ့ မဂ်ဉာဏ်

အင်း နှလုံးထဲငြိမ်းအေးတဲ့ မဂ်ဉာဏ်ကလေး ရောက်လာလို့ရှိရင် သန္တာပဋ္ဌဖြစ်တဲ့ လောဘ ဒေါသ မောဟ ဣဿာတွေ အကုန်သွားပြီကွ ဆိုတော့ အကုန် ကိုက်မနေဘူးလား (ကိုက်နေပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီဥစ္စာ အင်မတန် ထူးထူးခြားခြားပဲ ကြားရပါပြီဆိုတော့ အလုပ်စဉ်တရားပဲ၊ အလုပ်စဉ်တရားပဲ၊ အလုပ်စဉ်တရားပ၊ ဘုရားကိုယ်တော်ကိုက နှုတ်ဖွင့်ပြီး သကာလ ဒီလိုလုပ်ကွ လို့ တိုက်တွန်းသွားတာကို ခင်ဗျားတို့ တခြားမှာ အလုပ်စဉ်မရှာပါနဲ့ (မှန်ပါ့) မောင်ထွန်းရင်၊ ဦးသန်းမောင် ရှာဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဧဟိပဿိကောက ခေါ်မယ် တဲ့၊ ရုပ်နာမ်ဓမ္မက၊ သဘောကျပလား (ကျပါတယ်) သန္ဒိကောက ဘာလုပ်ရ မလဲ (လိုက်ရပါမယ်) လိုက်ရင် ဘာဖြစ်မှာလဲ (အကာလိကော ဖြစ်မှပါ ဘုရား) အခါမလင့် အကျိုးပေးသွားမယ် တဲ့၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် နောက် ဒကာ ဒကာမတွေ အလုပ်-လုပ်တတ်ပလား (မှန်ပါ့) ယား-ယားတဲ့နေရာက ခေါ်လို့ ရှိရင် လက်နဲ့မလိုက်နဲ့ ဉာဏ်နဲ့လိုက် (မှန်ပါ့) နာ-နာတဲ့နေရာကို (ဉာဏ်နဲ့ လိုက်ရပါမယ်) ဉာဏ်နဲ့လိုက်၊ ဉာဏ်နဲ့လိုက် တော့ နာတာကလေးကလဲ ကျုပ်မရှိဘူး၊ ကျုပ်မရှိဘူး၊ ကျုပ်မရှိဘူးဆိုတာကို ဓမ္မက ပြောသွားလိမ့်မယ် (မှန်ပါ့ ဘုရား) ဘယ်သူက ပြောသွားမှာတုံး (ဓမ္မက ပြောသွားမှာပါ ဘုရား)။

ဓမ္မက ဘယ်လိုဖော်ပြသွားသတုံးလို့ ဦးသန်းမောင် မေးလို့ရှိရင် ကျုပ်ဟာ မမြဲတဲ့ သဘောဆိုတာ ကျုပ်ပဲလို့ ပြောသွားလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မမြဲတဲ့ အနိစ္စဆိုတာ ကျုပ်ပဲဗျ၊ သဘောပါပလား (ပါပါပြီ)။

ခန္ဓာပြောကို ယုံရမယ်

ဪ ဒါဖြင့် သူပြော လူပြော မယုံနဲ့၊ ခန္ဓာပြောပုံကိုယုံ (မှန်ပါ့) ဖြည့်စွက်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။ သူပြောလူပြောကို (မယုံရပါ ဘုရား) ခန္ဓာပြောကို (ယုံရပါမယ် ဘုရား)။

ခန္ဓာပြော ယုံတယ်ဆိုတော့ကို ဒကာ ဒကာမတို့ အင်မတန် အချိုးကျသွားတယ်ဆိုတဲ့ ဥစ္စာ လေးလေးစားစား သာမှတ်ပါ (မှန်ပါ့)။

ကောင်းပြီဒါဖြင့် တပည့်တော်တို့ ဒီက-ရှေ့ဖြင့် ဝိပဿနာအလုပ်ဖြင့် တခြားမဟုတ်ဘူး၊ ခန္ဓာက ဧဟိပဿိကော ခန္ဓာက အခေါ်သမား၊ ခန္ဓာထဲရှိတဲ့ ဆရာပေးထားတဲ့ ဉာဏ်ကအလိုက်သမား (အလိုက်သမားပါ ဘုရား)။

အဲဒီလို ခန္ဓာခေါ်ရာကို ဉာဏ်က လိုက်လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ တော်တော်ကြာမှ အကျိုးပေးသလား အခု အကျိုးပေးသလား (အခုအကျိုးပေပါတယ်ဘုရားဝ။ အခု ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဩပနေယျိကော

ကဲ ဒါဖြင့် ဒီလို ခင်ဗျားတို့က လိုက်တဲ့အခါကျတော့ အခုအကျိုးပေးတဲ့ ဥစ္စာကို ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဩပနေယျိကော ဒါဆက်လာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ်)။

ဒါ တိုးလိုက်ပြီ ဒကာ ဒကာမတို့၊ ဩပနေယျိကော ဆိုတာ လူတိုင်း မရကြဘူးလား (ရပါတယ် ဘုရား)။

”အတ္တနော စိတ္တံ ဥပနေတဗ္ဗော အတ္တနော=မိမိ၏ စိတ္တံ=စိတ်ကို၊ ဥပနေ တဗ္ဗော-ဆောင်အပ်၏၊

အခု ဉာဏ်နဲ့လိုက်တဲ့ဥစ္စာကို မင်းတို့တစ်ခါတည်း ဆောင်ထားလို့ရှိရင်ဖြင့် တဲ့ မင်းတို့စိတ်ဟာ ဘယ်မှ တောင်လိုလို၊ မြောက်လိုလို၊ ဟိုသွားရတော့မလို၊ ဒီသွားရတော့မလို ဟိုဘုံပြောင်းရတော့မလို၊ ဒီဘုံ ပြောင်းရတော့ မလို မလုပ်တော့ဘူးကွာ တဲ့။

မိမိစိတ်ဟာ မိမိစိတ်ဆိုတာ မဂ်ပါပဲ၊ သူက နိဗ္ဗာန်သာ ဆောင်တော့မှာပဲ တဲ့ (မှန်ပါ့) သူ ဒီ့ပြင်နေရာ မဆောင်တော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကိုယ်ကသာ အလိုက်မှန်သွားရင် အလိုက်မှန်တဲ့ တရားက ဘယ်ဆောင်မတုံး (နိဗ္ဗာန်ဆောင်ပါမယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန် အလျင်အမြန် ရောက်အောင် ပို့ဆောင်တော်မူပါဘုရား လို့ ဘယ်သူ့ကိုသွားပြီး ခ,စားစရာ လိုသေးသလဲ (မလိုပါ ဘုရား) သူ့ဟာသူ ဆောင်တယ် (မှန်ပါ့)။

ဒါကြောင့် ‘ဓာရေတီတိ ဓမ္မော’ ဓာရေတိ=နိဗ္ဗာန်ကို ဆောင်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဓမ္မော=ဓမ္မ မည်၏၊ အလိုက်မှန်ရင်တော့ အလိုက်မှန်တဲ့တရားက နိဗ္ဗာန်ဆောင်မှာပဲ (မှန်ပါ့) ခင်ဗျားတို့က ပို့ပေးပါလို့ လက်တို့ ခေါ်စရာမလိုပါဘူး (မလိုပါ ဘုရား)။

ဒါဖြင့် ‘အတ္တနော စိတ္တံ ဥပနေတဗ္ဗော’ အတ္တနော=မိမိ၏၊ စိတ္တံ=စိတ်ကို၊ ဥပနေတဗ္ဗော=ဆောင်အပ်၏၊ မိမိ စိတ်ဟာလဲ ဒီဖြစ်ပျက်ရှိတဲ့ဆီချည်းပဲ ဆောင်နေပြီ ဆိုမှဖြင့် မိမိစိတ်သည်၊ ရှုနေတဲ့စိတ်သည် ဖြစ်ပျက်ရှိတဲ့ဆီကိုသာ ခင်ဗျားတို့က လိုက်နေလို့ရှိရင် ဒီစိတ်က နိဗ္ဗာန်ပဲဆောင်မယ် (မှန်ပါ့ ဘုရား) တခြား မဆောင်ပါဘူး (မှန်ပါ့)။

ဒါဖြင့် နိဗ္ဗာန်ရောက်ရပါလို၏ အဆိုသမားနဲ့ အလိုက်မှန်တဲ့လူနဲ့ ဘယ်သူက အကွက်ကျသတုံးဆိုတာ ဦးသန်းမောင် စဉ်းစားစမ်း (အလိုက်မှန်တဲ့လူက အကွက်ကျပါတယ်)။

အလိုက်မှန်တော့ ခန္ဓာထဲ မဂ်ရောက်ပြီဗျ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒီမဂ်က ဘယ်ဆောင်သတဲ့တုံး

ဒါဖြင့် ဒီမဂ်က ဘယ်ဆောင်သတဲ့တုံး (နိဗ္ဗာန်ဆောင်ပါတယ် ဘုရား) ပို့ပေးပါလို့ လက်တို့ပြောရသေး သလား (မပြောရပါဘူး) မပြောရဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ပြောတာတောင် မဟုတ်ဘူး နိဗ္ဗာန် သူပို့တယ်လို့ ပြောတာ (မှန်ပါ့)။

ဒါဖြင့် အလိုက်မှန်လို့ရှိရင်ဖြင့် ‘အတ္တနော စိတ္တံ ဥပနေတဗ္ဗော’ဆိုတဲ့ အဖွင့်သည် ဦးသံဒိုင် ကိုက်သွားပြီ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ငါဘယ့်နှယ်ကြောင့် နိဗ္ဗာန်မမြင်သေးပါလိမ့်မတုံး၊ နိဗ္ဗာန်မဆောင်သေးပါလိမ့်မတုံး၊ ငါ့ဉာဏ် သည် နိဗ္ဗာန်ဘက် မလှည့်သေးပါလိမ့်မတုံးလို့ ခင်ဗျားတို့က မမေးနဲ့ ဟုတ်လား (မှန်ပါ့)။

ဘာကြောင့် မမေးနဲ့လို့ ဆရာဘုန်းကြီးက ကန့်ကွက်ရသတုံးလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ အလိုက်မတည့်သေးရင် မဆောင်နိုင်သေးဘူး (မှန်ပါ့ ဘုရား) အလိုက်တည့်ရင် (ဆောင်နိုင်ပါတယ် ဘုရား)။

ဆောင်နိုင်ပါတယ် ဆိုတာကို သူကိုယ်တိုင်ကပဲ ဘုရားကပဲ ဟောထားပါတယ်၊ ရှင်းပြီနော် (ရှင်းပါပြီဝ။

ကဲ ဒါဖြင့် တပည့်တော်တို့ကတော့ အလိုက်တည့်ပြီဘုရား အလိုက်တည့်တော့ကို ဆောင်ပြီနော် (မှန်ပါ့) သူဘယ်ကို ဆောင်သတုံး (နိဗ္ဗာန်ဆောင်သွားပါတယ်)။

ကောင်းပြီ နိဗ္ဗာန်ဆောင်ပို့တယ် ဆိုသဖြင့် အလိုက်တည့်လို့ရှိရင်ဖြင့် အင်း လိုက်တော့ အနိစ္စလိုက်တာပဲ၊ လိုက်တဲ့ ဉာဏ်က နိဗ္ဗာန်ပဲ ဆောင်မှာပဲ (မှန်ပါ့) ရှင်းနေပြီ (မှန်ပါ့) ဘယ်လိုပုဂ္ဂိုလ်ဆောင်မှာတုံး ဟုတ်လား သင်္ဘောကြီးလိုပဲ တစ်ခါတည်း တန်ချိန်တစ်သောင်းတင်ပြီး သူကဆောင်မှာလား ၊ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

တန်ချိန် တစိသန်းတင်တဲ့ သင်္ဘောကြီး ဟိုကနေ ခုတ်မောင်းလာပြီး မြန်မာပြည်ကုန်တွေ တင်လာပြီး ဒီလို ဆောင်လာမှာလားဆိုတော့ ဒီလိုမဆောင်ဘူးဟေ့ ဘုရားက ဖျက်ချလိုက်တယ် (မှန်ပါ့) ဒီလိုမဆောင်ဘူးကွ။

နို့ ဆောင်ပုံကလေး အမိန့်ရှိပါဦးဘုရားလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ မှတ်စရာက ဝိညူဟိ= ခုနင်က ပညာကလေးနဲ့ လိုက်တဲ့ ပုဂ္ဂိုလ်သည်သာ ပစ္စတ္တံ= သူ့တစ်ယောက်တည်း အသီးအခြား၊ ဝေဒိတဗ္ဗော=နိဗ္ဗာန်သို့ သူဆောင်ပြီးသကာလ ခံစားရမှာပဲ၊ သူများနဲ့ မဆိုင်ဘူးကွ၊ ဦးသန်းမောင် သဘောကျရဲ့လား (ကျပါတယ်) ခင်ဗျား အားထုတ်ရင် ဒေါ်ကောက်ဆောင်မလား- ခင်ဗျားဆောင်မလား-နိဗ္ဗာန်ကို (ဦးသန်းမောင် ဆောင်မှာပါ ဘုရား) သူမှ အားမထုတ်ပဲကိုး (မှန်ပါ့)။ မဟုတ်ဘူးလား (မှန်ပါ့)။

မောင်ထွန်းရင် သဘောပါပလား (ပါပါပြီ) ပစ္စတ္တံ ဝိညူဟိဆိုတာ ပညာနဲ့လိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ (မှန်ပါ့) ပစ္စတ္တံ-အသီးသီးဆိုတာ သည်ကားလို့ဆိုရင်ဖြင့် လုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်တည်း ဆောင်တယ် (မှန်ပါ့) မလုပ်တဲ့ပုဂ္ဂိုလ် ကို (မဆောင်ပါ ဘုရား)။

အမျှပေးလို့ မရတဲ့ တရား

ဒါကြောင့် ဘုန်းကြီး ခဏခဏ ပြောတယ်၊ အမျှပေးလို့ မရတဲ့ တရားရှိသေးသဟေ့ (မှန်ပါ့) ပြောထိုက်- မပြောထိုက် (ပြောထိုက်ပါတယ်ဘုရားဝ။

အမျှပေးလို့ မရတဲ့တရား (ရှိပါတယ် ဘုရား) ဟော မဂ်ဉာဏ်-ဖိုလ်ဉာဏ် ဒကာ ဒကာမတို့ ဘယ်တော့မှ အမျှပေးလို့မရဘူး (မှန်ပါ့)။

ဘာကြောင့် အမျှပေးလို့ မရပါသတုံးလို့ဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်က ဖြတ်တယ် (မှန်ပါ့) မဟုတ်ဘူးလား၊ ဒကာမ ပဋိစ္စသမုပ္ပါဒ်ကို တကာ့ဉာဏ်က သွားဖြတ်လို့မရဘူး (မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်က ဖြတ်တယ်၊ ဒါကြောင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့ဉာဏ်သည် ကိုယ့်ကိုယ်သာလျှင် ပိုင်တယ်လို့မှတ်လိုက် (မှန်ပါ့) အသီးသီးသာ ခံစားရမယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ) အသီးသီး သာ ခံစားရတယ်ဆိုတာ ယနေ့ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

သောတာပတ္တိ မဂ်ဉာဏ်ရတဲ့ပုဂ္ဂိုလ်ဟာ သူသာ သောတာပတ္တိမဂ်ဖြစ်မယ်၊ သောတာပန်ပုဂ္ဂိုလ် ဖြစ်ရမယ် (မှန်ပါ့) သကဒါဂါမိ မဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာ ချက်ချင်း သူသည် မဂ်ပြီး ဖိုလ်လာတဲ့အတွက် သူသာလျှင် သကဒါဂါမ် ဖြစ်ရမယ်၊ မိန်းမက မဖြစ်နိုင်ဘူး (မဖြစ်နိုင်ပါ ဘုရား) သားသမီးကော (မဖြစ်နိုင်ပါ ဘုရား)။

မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ လောကွတ်မချော်နဲ့နော် (မှန်ပါ့) လောကွတ်မချော်နဲ့၊ လောကွတ်ချော်လို့ ရတဲ့ကုသိုလ်က တစ်မျိုး၊ လောကွတ်ချော်လို့ မရတဲ့ကုသိုလ်က တစ်မျိုး (မှန်ပ့ါ ဘုရား) ဒီမဂ်ဉာဏ်-ဖိုလ်ဉာဏ်ဟာ လောကွတ်ချော်လို့ မရဘူး (မှန်ပါ့) အသီးအသီး ရတယ်လို့ ဆိုထားတာ (မှန်ပါ့ ဘုရား) ကိုယ်လုပ်မှ-ကိုယ်ရတယ်။

အမျှဆိုတာ ထက်ဝက်

လောကွတ်ချော်လို့ရတဲ့ ကုသိုလ်က ဒါနကုသိုလ်၊ သီလကုသိုလ် ကျတော့ ကဲ အမျှယူကြဟေ့၊ အမျှဆိုတာ ထက်ဝက် (မှန်ပါ့) ပေးပါ၊ ပေးနိုင်ပါတယ်။

အမျှယူတော်မူကြပါ ခင်ဗျားဆိုတော့ သာဓု သာဓု ဆိုတဲ့ပုဂ္ဂိုလ်တွေ အကုန်ရတယ်၊ မရဘူးလား ရသလား (ပါတယ်) ဘာဖြစ်လို့ ရသလဲ အမျှပေးလို့ရတဲ့ ကုသိုလ်မို့ (မှန်ပါ့)။

ဒါကတော့ ပစ္စတ္တံပါတယ်၊ အသီးအသီးတဲ့၊ အမျှလို့ပါသေးရဲ့လား (မပါပါ ဘုရား) ဝေဒိတဗ္ဗော၊ သိအပ် ခံစားအပ်၏ (မှန်ပါ့) ဝေဒိတဗ္ဗော= သူသာလျှင် နိဗ္ဗာန်ကိုလဲ သိတယ်၊ သူသာလျှင် နိဗ္ဗာန်ခံစားရတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အမျှမဝေနိုင်တဲ့ ကုသိုလ်ကော သိပလား (သိပါပြီ ဘုရား) ဘာပါလိမ့် (မဂ်ကုသိုလ်ပါ ဘုရား) ပေါ်ပြီ (မှန်ပါ့)။

မဂ်ကုသိုလ်ဟာ အမျှဝေလို့ မရတဲ့ကုသိုလ်ဆိုပြီး အဋ္ဌကထာ ဆရာများကတော့ ဖွင့်လိုက်တယ်၊ ဘယ်လိုဖွင့်လိုက် သတုံးဆိုတော့ ခင်ဗျားတို့ နားလည်မှုရှိအောင် လူတစ်ယောက် လှပစွာသော ပန်းကလေး ပန်လာတယ်၊ တစ်ယောက် သော ပုဂ္ဂိုလ်က ပန်းမပန်ဘူး၊ ဘယ်သူလှသတုံးလို့ မေးရင် မောင်ထွန်းရင် ဘယ့်နှယ်ဖြေမလဲ (ပန်းပန်တဲ့သူ လှပါ တယ်)၊ ပန်းမပန်တဲ့ ပုဂ္ဂိုလ် (မလှပါ ဘုရား)။

ဒီမှာလဲ ထို့အတူပဲ သန္ဒိဋ္ဌိကော မလိုက်တဲ့ ပုဂ္ဂိုလ်-လှကိုမလှဘူး သူနဲ့မဆိုင်ဘူးကွ တဲ့၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သမီးကလေး ချစ်လှချည်ရဲ့ သားကလေး ချစ်လှချည်ရဲ့၊ ခင်ပွန်းမ မြတ်နိုးလှချည်ရဲ့၊ ခင်ပွန်းသည်ကို မြတ်နိုးလှချည်ရဲ့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့က ကိုယ်တော်မြတ်ကြီး ဟောထားတဲ့အတိုင်း ဒါလုပ်ပါလို့သာ တိုက်တွန်း ဖို့ရှိတယ်၊ အမျှတော့ မပေးနိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အခါမလင့် အကျိုးပေးပါလိမ့်မယ်

ဒီအလုပ်ကို ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါကွာ၊ အခါမလင့် အကျိုးပေးပါလိမ့်မယ်၊ ဒီနည်းပဲပေးတတ်တယ် (မှန်ပါ့) နည်းပေးတတ်တယ်၊ ရော့-ငါရတဲ့ မဂ် မင်းယူတော့လို့တော့ မရဘူး၊ ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိကော သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိညူဟိ=ခေါ်ရာလိုက်တဲ့ ပုဂ္ဂိုလ်သည်သာလျှင် ခေါ်ရာကို ဉာဏ်နဲ့ လိုက်တဲ့ပုဂ္ဂိုလ်တို့သည်သာလျှင် ပစ္စတ္တံ= အသီးသီး (ဝါ) တမဂ် တမဂ်စီ ဝေဒိတဗ္ဗော=သိအပ် ရောက်အပ် ခံစားအပ်၏ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကိုယ်လုပ်မှ ကိုယ်ရဆိုတဲ့ ဒီတရားဟာ ရှင်းပြီနော် (ရှင်းပါပြီ) ကိုယ်လုပ်မှ ကိုယ်ရဆိုတာ မဂ်တရား (မှန်ပ့ါ)၊ ပေါ်ပြီနော် (ပေါ်ပါပြီ)။

အဲဒီတော့ကို ဥပမာမယ် ဦးသန်းမောင်ဖြစ်စေ ဒေါ်ကောက်တို့က အင် ဟင် ကျုပ်တို့လဲ ကုသိုလ်ရအောင် ရှင်လဲမဂ်ဉာဏ်ရအောင် အစားအသောက်တွေ ပို့လိုက်ဦးမယ်ဆိုတာ အစားအသောက်ပို့တဲ့ ဒါနကတော့ ပါတယ် တဲ့၊ ကိုယ်ရတဲ့ မဂ်ကတော့ သူ့ကို ပေးလို့မရဘူး (မှန်ပါ့ ဘုရား) ရနိုင်ပါ့မလား (မရပါ ဘုရား) ဘယ့်နှယ်ဟောထားသတုံး ဘုရားက (ပစ္စတ္တံ ဝေဒိတဗ္ဗေ ဝိညူဟိ)။

ပစ္စတ္တံ=အသီးသီး၊ ဝေတိတဗ္ဗော= သိအပ်ခံစားအပ်၏ သူပဲ သိတယ် တဲ့၊ နိဗ္ဗာန်ကို နိဗ္ဗာန်၏ အရသာ သူပဲ ခံစားရတယ်တဲ့ ရှင်းပလား (မှန်ပါ့)။

ဒါဖြင့် ဂုဏ်တော်ခြောက်ပါးဟာ ဦးသံဒိုင် ဂုဏ်တော်ခြောက်ပါးပြတာလား အလုပ်စဉ်ပြတာလား (အလုပ်စဉ် ပြတာပါ) အလုပ်စဉ်ပြတာ ခင်ဗျားတို့ကတော့ ဘုရားဂုဏ်တော်နဲ့ တရားဂုဏ်တော်နဲ့ သံဃဂုဏ်တော်နဲ့ ဒါတွေကိုဖြင့် ကြိုးစားမှပဲ၊ နှုတ်ထဲက မထွက်အောင် လုပ်မှပဲလို့ ဆိုနေတော့ ဘုရားက အလုပ်စဉ်ပြတာ ခင်ဗျားတို့က ရွတ်ဖတ်မှုနဲ့ ပူဇော်မှုနဲ့ အချိန်ကုန်နေတဲ့အတွက် ကုသိုလ်မရလို့ မဟုတ်ပါဘူး တဲ့ အသုံးတော့ မတည့်ဘူးပေါ့ (မှန်ပါ့) သဘော ကျပလား (ကျပါတယ်)။

ကုသိုလ်တော့ရတယ် ရွတ်ဖတ်နေတာ (မှန်ပါ့)၊ ကုသိုလ်တော့ ရပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါ တယ်) မဂ်တော့ မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မင်းတို့ သောက်ဆေးကို လိမ်းဆေးလုပ်နေတယ်

မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး၊ ဘာ့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်သတုံးလို့ မေးတဲ့အခါကျတော့ တစ်နေ့က ပြောခဲ့တဲ့ ဒကာ ဒကာမတွေ မနာလဲ မနာကြပါနဲ့ဆိုတာ ဦးသံဒိုင်တို့လဲ ဘုန်းကြီးမေတ္တာ ရပ်ထားတယ်၊ ဟေ့ မင်းတို့ သောက်ဆေးကို လိမ်းဆေးလုပ်နေတယ်ကွ၊ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်) ဘာတဲ့တုံး (သောက် ဆေးလိမ်းဆေး လုပ်နေပါတယ်) အခုကြည့်၊ ရှုရမည့်ဥစ္စာကို ခင်ဗျားတို့က ရွတ်နေကြတယ် (မှန်ပ့ါ) ရှုရမည့်ဟာ (ရွတ်နေပါတယ်) ဘာဆေးဖြစ်နေသလဲ (လိမ်းဆေးဖြစ်နေပါတယ်) ဒါဖြင့် ဝေဒနာနဲ့ဆေးလိမ်းတဲ့ နေရာနဲ့ အဝေးကြီး ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ကိလေသာဝေဒနာက ဟဒယဝတ္ထုပေါ်မှာ (မှန်ပါ့) သူက အပေါ်ကနေ လိမ်းနေတော့ ဦးသန်းမောင် ဆေးနဲ့အနာနဲ့ ဝေးနေတယ် (ဝေးပါတယ် ဘုရား)၊ မဝေးဘူးလား (ဝေးပါတယ် ဘုရား)၊ ဘယ့်နှယ်ဆိုကြ မလဲ (သောက်ဆေးလိမ်းဆေး လုပ်ထားပါတယ်)။

ဆေးနဲ့အနာနဲ့ ဝေးနေတယ်၊ ဆေးနဲ့အနာနဲ့ ဝေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ကပဲ ဆုံးဖြတ်ချက်ချတော့ ပျောက်မှ ပျောက်ပါ့မလား ဟေ့လို့ (မှန်ပါ့) ပျောက်စရာ အကြောင်းမြင်ကြရဲ့လား (မမြင်ပါ ဘုရား)။

အဲဒီကျအောင် ခင်ဗျားတို့မှာလဲ ကလျာဏမိတ္တ မတွေ့လို့ အရုပ်ဆိုးနေတဲ့ အဖြစ်ဟာလဲ ပေါလောကြီးပေါ်သွား တာပဲ (ပေါ်ပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ်) ရှင်းပြီနော် (မှန်ပါ့)။

ဂုဏ်တော်ခြောက်ပါး အလုပ်စဉ်တရား

ဒါဖြင့် ဂုဏ်တော်ခြောက်ပါးဟာ အလုပ်စဉ်တရား (မှန်ပါ့) တရားဂုဏ်တော်ခြောက်ပါးဟာ (အလုပ်စဉ်တရား ပါ ဘုရား) အလုပ်စဉ်တရား၊ အလုပ်လုပ်နည်း ပေးတဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပူဇော်ပသလချင်လို့ ရှိရင်လဲ သမထပါပဲ (မှန်ပါ့) ဘုရားသခင်ပေးတဲ့ အလုပ်စဉ်အတိုင်း လုပ်လို့ရှိရင်လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတာပါပဲ။ (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘာတရားလို့ ယနေ့ည ဆိုင်းဘုတ်ဆွဲပြမတုံးဆိုတော့ အလုပ်ပေးတရား (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာတရားပါလိမ့် (အလုပ်ပေးတရားပါ ဘုရား)။

အလုပ်ပေးတရားတဲ့၊ ဒီဥစ္စာ အလုပ်ပေးတရား။ ဘယ်ပါဠိတော်လာသတုံး ဆိုလို့ရှိရင် ဓမ္မဂုဏ်တော် ခြောက်ပါး မှာလာတယ် ဘယ်စာအုပ်မှာ လာသတုံး၊ ဘယ်မှာ ဘုရားကိုယ်တော်မြတ်ကြီး ဘယ်လိုဟောခဲ့သတုံးဆိုတော့ ဟောလို့ကို မဆုံးဘူး၊ ဒါချည့် ဟောနေတာပဲ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ်) အင်မတန်များပါတယ် ဒီဥစ္စာ (မှန်ပါ့)။

ကိုင်း-ဒါဖြင့် နေရာကျပါပြီတဲ့၊ ဒီဒကာ ဒကာမတွေ အလုပ်စဉ်ပေးတဲ့နေရာ ဧဟိပဿိကော ခေါ်ရာ သန္ဒိဋ္ဌိကော လိုက်လို့ရှိရင် အကာလိကောဖြစ်၍ မိမိစိတ်သည် နိဗ္ဗာန်မှတပါး ဘယ်မှမသွားခြင်းကြောင့် ကိုယ်တစ် ယောက်အတွက်ဖြင့် စိတ်ချရတယ်ဆိုတာ ခြောက်ပါးလုံးကို စကား တစ်လုံးတည်းနဲ့ ပြောတာ (မှန်ပါ့)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်

ပြန်နားထောင်ပါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကောင်းစွာ ဟောထားတဲ့တရားကို အလုပ်ပေးရလို့ရှိရင်ဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လိုလိုက်တဲ့ စိတ်သည်ကား ဆိုလို့ရှိရင် သူတစ်ပါးကို မဆောင်ဘဲနဲ့ လုပ်သော ပုဂ္ဂိုလ်ကိုသာ အသီးအခြား နိဗ္ဗာန်သို့ ဆောင်သည်။ (မှန်ပါ့) ခြောက်ပါးစလုံး ရောပြောတဲ့စကားပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ခြောက်ပါးစလုံးကို ပါအောင်ပြောတာ (မှန်ပါ့ ဘုရား)။

ကောင်းစွာ ဟောထားတဲ့ တရားကို အလုပ်သဘောနဲ့ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် မိမိစိတ်သည် လုပ်သော ပုဂ္ဂိုလ်ကို အသီးအခြား နိဗ္ဗာန်ဆောင်ပါတယ်၊ ဒါ ခြောက်ပါးကို စကားတစ်လုံးတည်းနဲ့ ပြောတာနော် (မှန်ပ့ါ ဘုရား) သဘောပါကြရဲ့လား (ပါပါတယ်ဘုရားဝ။

ဒါပြောဖို့ မလွယ်ဘူးနော်၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မလွယ်ဘူး ဦးသံဒိုင်ရ၊ ဦးသန်းမောင် လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မလွယ်ဘူးတဲ့၊ မလွယ်ပေမဲ့လဲ သူ့ပါဠိတော်ထဲ အကုန်ပါသွားတာပဲ၊ မပါဘူးလား (ပါပါတယ်)။

အဲဒီတော့ ဒီဥစ္စာ ဒကာ ဒကာမတွေ ခင်ဗျားတို့မှာ ပါရမီရှိပြီးသား ဆရာကောင်း တွေ့ပြီးသား၊ အလိုက်မမှား ကြလို့ရှိရင်ဖြင့် မနက်အားထုတ်- ညနေရပါတယ် (မှန်ပါ့) ညနေအားထုတ်ရင် (မနက်ရပါတယ် ဘုရား) မနက်ရပါတယ် လို့ဆိုတာကိုလဲ ပဏ္ဏသ ပါဠိတော်ကြီးများမှာ သေသေချာချာ တာဝန်ခံပါတယ် (မှန်ပါ့) ဒီကတာဝန်ခံ အသာထားပါဦး မဟာဝါက-မဟာဝါ ပါဠိတော်ဆိုတာလဲ ကိုယ်တော်တိုင်ဟောတာ ဖြစ်သောကြောင့်

‘ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံဘာဝေယျ သတ္တာဟံ'(မဟာဝဂ္ဂပါဠိ၊၂၅၁) ခုနစ်ရက်နဲ့တောင် ရပါတယ်တဲ့၊ မဟောဘူးလား (ဟောပါ တယ်)။

အဲဒါလဲ ကိုယ်တော်မြတ်ကြီးပြောတဲ့ စကား နှစ်ခွန်းမပြောဘဲနဲ့ တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့စကား (မှန်ပါ့) နှစ်ခွန်းမပြောဘဲနဲ့ (တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့စကားပါ) တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့စကား ဖြစ်လေသော ကြောင့် ခင်ဗျားတို့ ယုံကြည်စရာလဲ မလိုပါဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား) တစ်ခွန်းတည်း ပြောတဲ့စကားလဲ ဟုတ်တယ် မှန်တယ် အကျိုးရှိတာကို ပြောတာ (မှန်ပါ့)။

ငါနှစ်ခွန်း မပြောဘူးတဲ့ တစ်ခွန်းတည်း ပြောတယ်တဲ့ (မှန်ပါ့ ဘုရား) တစ်ခွန်းတည်း အဓိပ္ပာယ်ကို မင်းတို့ ရှင်းချင်လို့ရှိရင် ဟုတ်တယ်-မှန်တယ် အကျိုးရှိတယ်၊ ဒီသုံးခုပါတယ်တဲ့ ငါ့စကားထဲမှာ (မှန်ပါ့ ဘုရား) ဒါတွေ ပဏ္ဏာသ မှာလာတယ် (မှန်ပ့ါ ဘုရား)။

ဦးသန်းမောင် ဘာတဲ့တုံး (ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ ဟုတ်လဲဟုတ်တယ်၊ မှန်လဲမှန်တယ်၊ ပြီးတော့ ကော (အကျိုးလဲရှိတယ်)။

အဲဒီ စကားမျိုးဟာတဲ့ သူတစ်ပါးကြိုက်လဲ ငါဟောတာပါပဲတဲ့၊ (မှန်ပါ့) သူတစ်ပါးကြိုက်လဲ (ဟောပါတယ် ဘုရား)။

ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်ဆိုရင်

ဟောတာပဲတဲ့ ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်ဆိုရင် ငါသုံးတယ် (မှန်ပါ့) နှစ်ခွန်းတော့ မပြောဘူးတဲ့ (မှန်ပါ့ ဘုရား)၊ တစ်ခွန်းတည်းမှာ ဒီအဓိပ္ပာယသုံးခုပါရမယ် (မှန်ပါ့ ဘုရား)။

ပရမတ္တတရားဖြင့် ထင်ရှားရှိတာလဲ ဟုတ်တယ်၊ ရှုလိုက်လို့ရှိရင် ဒီဉာဏ်ရှုလို့ရှိရင် ဒါအမှန်မြင်မယ် ဆိုတာလဲ ငါသေသေချာချာဟောတယ် (မှန်ပါ့) နိဗ္ဗာန်တည်းဟူသော အကျိုးရှိမယ်ဆိုတာလဲ ငါ သေသေချာချာ ပြောတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ငါ့စကားတစ်ခွန်းသည် အဓိပ္ပာယ် ဘယ်နှမျိုးရသတုံး (သုံးမျိုးရပါတယ်) ဟုတ်တယ်=မှန်တယ်= အကျိုး ရှိတယ်ဆိုတာ သုံးမျိုးရပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုရားဟောတော်မူတာ အခုခြောက်ပါး၊ ဟုတ်တယ်=မှန်တယ်=အကျိုးရှိတာချည်းပဲ (မှန်ပါ့ ဘုရား) တစ်ပါးကြည်လိုက်ပြန်လဲ (ဟုတ်တယ်=မှန်တယ်=အကျိုးရှိတယ်) နောက်တစ်ခါ သန္ဒိဋ္ဌိကော ကြည့်လိုက်ပြန်တော့လဲ (ဟုတ်တယ်=မှန်တယ်=အကျိုးရှိတယ်)။

ဒါပဲ သုံးတယ်နော် (မှန်ပါ့) အကာလိကော ကြည့်လိုက်ပြန်တော့ကော (ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်)။

အကုန်ရှိရမှာချည်းပဲ (မှန်ပါ့) ဧဟိပဿိကော ကြည့်လိုက်ပြန်တော့ (ဟုတ်တယ်=မှန်တယ်=အကျိုးရှိတယ်)။

ဩပနေယျိကော ကြည့်လိုက်ပြန်ကော (ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်)။ အဲ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဟောလိုက်ပြန်တော့ (ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်)။ ဟုတ်တယ် မှန်တယ် အကျိုးရှိတာချည်းပဲ တစ်လုံးတစ်လုံးမှာ (မှန်ပါ့) ကဲ ဦးသန်းမောင်တို့ ထူးထူးခြားခြား နာရပြီ (မှန်ပါ့)။

ထူးထူးခြားခြား နာရပါပြီ တဲ့ ဘုရားသခင်က နှစ်ခွန်းလဲ မပြောဘူး၊ တစ်ခွန်းပြောပြန်တော့လဲ ဟုတ်တာ မှန်တာ အကျိုးရှိတာကိုသာ ဟောတယ် (မှန်ပါ့) သူတစ်ပါးကြိုက် မကြိုက်ကိုတော့ ငါ မငဲ့ဘူးတဲ့ (မှန်ပါ့ ဘုရား) ရှင်း ပလား (ရှင်းပါပြီ)။

သူတစ်ပါး ကြိုက်မကြိုက်ကိုတော့ (မငဲ့ပါ ဘုရား) ဘာ့ကြောင့်တုံးဆိုတော့ မကြိုက်လဲ ပြောရမယ်ကွတဲ့ (မှန်ပါ့) ကြိုက်လဲ ဟောရမှာပဲ (မှန်ပါ့)။

မကြိုက်တဲ့ပုဂ္ဂိုလ် ငါ ဥပမာလုပ်ပြမယ်

ဘာကြောင့်တုံးဆိုတော့ မကြိုက်တဲ့ပုဂ္ဂိုလ် ငါ ဥပမာလုပ်ပြမယ် တဲ့၊ မကြိုက်တဲ့ ပုဂ္ဂိုလ် သူ ထုတ်ဦးမယ် တဲ့ (မှန်ပါ့ ဘုရား)။

မကြိုက်တဲ့ပုဂ္ဂိုလ်သူ ဘယ်လိုထုတ်လိုက်ပါသတုံး မေးတဲ့အခါကျတော့ ကလေးတစ်ယောက် လေးဘက်သွား ကလေး ရှိတယ်ကွာ တဲ့။

လေးဘက်သွား ကလေးရှိတော့ ဟိုနားမန်ကျည်းစေ့ကလေး ချထားတာနဲ့ သူ့လက်ကလေးနဲ့ကောက်ပြီး ပါးစပ်ထဲ ထည့်တယ်၊ ဟိုနား အိုးခြမ်းပဲ့ကလေး ရှိနေတာနဲ့ ကလေးဆိုတော့ ကောက်မိကောက်ရာ ကောက်တာ (မှန်ပါ့ ဘုရား) ပြီးတော့ ပါးစပ်ထဲပဲ ထည့်တယ်၊ ဒီ့ပြင်နေရာထည့်စရာမှ မပါပဲကိုး (မှန်ပါ့)။

ဒီ မန်ကျည်းစေ့ကလေးထည့် အိုးခြမ်းပဲ့ကလေး ထည့်လိုက်တော့ ဒီကလေးကလဲ မျိုတဲ့လည်ပင်းပေါက်ကလေး ကျဉ်းကျဉ်းကလေး၊ ကျဉ်းကျဉ်းကလေးဖြစ်နေတော့ကိုတဲ့ ဒါကို အမေမိဘ လုပ်တဲ့ပုဂ္ဂိုလ်က ကရုဏာရှိတဲ့ပုဂ္ဂိုလ်က ဦးသံဒိုင်ရေ ဘယ်ဘက်လက်နဲ့ ပွေ့ရမယ် (မှန်ပ့ါ) ညာဘက်လက်-လက်ညှိုးနဲ့ လက်မနဲ့ကောက်ပြီး ပွေ့ထားတဲ့ ကလေးပါးစပ်ထဲ ငိုသည်ဖြစ်စေ ဆွဲထုတ်ရမယ် (မှန်လှပါ ဘုရား) ငိုလဲ ဆွဲထုတ်ရမယ်၊ မငိုလဲ (ဆွဲထုတ်ရပါမယ်) ဘာဖြစ်လို့တုန်းဆိုတော့ အကျိုးရှိတဲ့ အလုပ်-လုပ်လို့ (မှန်ပါ့)။

အဲဒါကြောင့် သူတစ်ပါးမကြိုက်လဲ ငါဟောလေ့ရှိတယ်ဆိုတာ ဒီကလေးဥပမာ ပြလိုက်တယ် (မှန်ပါ့) သဘော ပါလား (ပါပါပြီ)။

နို့ ဒီကလေးဟာ ဒီအတိုင်း ပစ်ထားမယ်ဆိုလို့ရှိရင် ကရုဏာရှိတဲ့ အမေမိဘ သနားတဲ့ အမေမိဘဆိုလို့ ရပါ့မလား (မဆိုရပါ ဘုရား) ချက်ခြင်းသေမယ် (မှန်ပါ့) သူက မသိလို့မျိုတာကိုး မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ ကလေးက ငိုနေပေမယ့် ဦးသန်းမောင်က လက်ညှိုးနဲ့ လက်မနဲ့ကောက်ပြီး မန်ကျည်းစေ့ဆွဲထုတ် တယ်(မှန်ပါ့) အိုးခြမ်းပဲ မျိုရင်ကော (အိုးခြမ်းပဲ့ ဆွဲထုတ်ရမှာပဲ)။

ငိုပစေဗျာ့၊ ခင်ဗျားမထုတ်တော့ဘူးလား (ထုတ်ရမှာပါ ဘုရား) ဘာပြုလို့တုံး သနားလို့၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဒါကြောင့် ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် စကားကို သူတစ်ပါးမကြိုက်လဲ ငါဟောတယ်ကွတဲ့ (မှန်ပ့ါ) သဘောပါကျပလား (ပါပါပြီ) ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် ဆိုတဲ့စကားကို (မကြိုက်လဲ ဟောပါတယ် ဘုရား) ကြိုက်လဲ ဟောမှာပဲ (မှန်ပါ့) ကြိုက်တဲ့ပုဂ္ဂိုလ်တွေလဲ ဟောရမှာပဲ (မှန်ပါ့) ဘာဖြစ်လို့တုံး ဟုတ်တယ် မှန်တယ် အကျိုးရှိသကိုးကွတဲ့ (မှန်ပါ့)။

ခုနင်က ကလေးမှာ သူမကြိုက်ဘူးတဲ့ မန်ကျည်းစေ့ကလေး ဆွဲထုတ်တာ၊ အိုးခြမ်းပဲ့ကလေး ဆွဲထုတ်တာ ပါးစပ်ထဲက (မှန်ပါ့) သွေးတွေ ဘာတွေ ထွက်လာချင် ထွက်ပေ့စေ ဆွဲထုတ်ရမယ် (မှန်ပါ့)။

သွေးထွက်တာ ကုလို့ရတယ်၊ အသက်သေတာထက်တော့ မဆိုးဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ဇနပဒကလျာဏီ

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ တချို့နေရာမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ကြိုက်တာ မကြိုက်တာကို မလိုက်ဘဲနဲ့ ကြည့်စမ်းပါလား ဇနပဒကလျာဏီတို့လို့ ပုဂ္ဂိုလ်တွေကျတော့ အသုဘကမ္မဋ္ဌာန်းကြီးများ ဟောချလိုက်တယ် (မှန်ပါ့)။

သူ ကြိုက်ကဲ့လား (မကြိုက်ပါ ဘုရား) မကြိုက်ပေမဲ့လဲ ဟောရမယ် (မှန်ပါ့ ဘုရား) ဟောရမယ် သူအကျိုးရှိ တယ်၊ နောက် ဒီ အသုဘနဲ့ သူနိဗ္ဗာန်ဝင်တာပဲ (မှန်ပါ့ ဘုရား)။ အသုဘကနေ ဝိပဿနာကူးသွားတယ်၊ ကူးတော့ နိဗ္ဗာန်မဝင်ဘူးလား (ဝင်ပါတယ် ဘုရား)။

သူမကြိုက်မှန်းတော့ အသိသားပဲ၊ ဒါဟောတယ်ဆိုလို့ကို ဟိုကလဲ တရားနာ မလာဘူး၊ အသုဘဟောတယ် ဆိုလို့ကို တရားနာမလာဘူး၊ သူကလဲ မင်းသမီးကိုး (မှန်ပါ့)။

မင်းသမီး ပါရမီကလဲ ပြည့်စုံပြီးသားဆိုတော့ ဒီဘဝ အစွမ်းကုန်ချောမွတ်တဲ့ ခန္ဓာကိုယ်ဖြစ်နေတယ်၊ အဲဒါ ကြောင့် တရားနာ မလာဘူး (မှန်ပါ့)။

လာတဲ့နေ့ကျတော့ ဦးသန်းမောင်နှယ် အသုဘဝကို ဟောချလိုက်တာပဲ (မှန်ပါ့) သူကြိုက်ပ့ါမလား (မကြိုက် ပါ ဘုရား) မကြိုက်ပေမဲ့လဲ (ဟောပါတယ် ဘုရား)၊ ဟောတာပဲတဲ့၊ ဟောတော့ သူဘာဖြစ်သလဲ ရဟန္တာမ ဖြစ်သွား တယ် (မှန်ပါ့ ဘုရား) မကြိုက်ပေမယ့် ဟောမယ်ကွတဲ့ တဲ့၊ အကျိုးရှိတာသာ ပဓာနကိုး (မှန်ပါ့ ဘုရား)။

သူများမကြိုက်တာ မဟုတ်တာမို့ မကြိုက်လို့ရှိရင်လဲ ငါ မဟောပါဘူး တဲ့၊ အခုတော့ ငါ့ဟာက ဟုတ် တယ် တဲ့၊ မှန်တယ်၊ အကျိုးကလဲ ရှိတယ်၊ အကျိုးရှိတယ်ဆိုတော့ သူ့ကို မငဲ့နိုင်ဘူး၊ သူက မသိလို့ မိုက်နေတာကိုး (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့က ကလေးပဲရှိသေးတာ (မှန်ပါ့ ဘုရား) ဘုရားသိတော်မူတဲ့ ဉာဏ်ကို ထားပါဦး၊ ဘုန်းကြီးများ သိတဲ့ဉာဏ်နဲ စာလိုက်တော့ ကလေးပဲဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

နာချင်နာ ပြောရလိမ့်မယ်

ဒီဟာတော့ဖြင့် တပည့်တော် မကြိုက်ဘူးဘုရား၊ မရှင်ဘုရားပြောတာ သိပ်နာတာပဲ-အစရှိသဖြင့် ၊ မနာနဲ့ ၊ နာချင်နာ ပြောရလိမ့်မယ်၊ (မှန်ပ့ါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)၊ နာချင်နာ (ပြောရပါမယ်) နာချင်နာ ပြောရလိမ့်မယ် တဲ့၊ သူနာတာက မသိနာ-နာနေတာ (မှန်ပါ့) သူနာခြင်းကြောင့် နောက် ကျေးဇူးရှိမှာက နောက် ကျေးဇူးရှိမှာက အဖိုးမဖြတ်နိုင်ဘူး (မှန်ပါ့ ဘုရား)

အဲဒီတော့ နာချင်နာ ဘာဖြစ်ရမလဲ (ပြောရပါမယ်) ပြောရမှာပဲ တဲ့၊ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် ကို ပြောရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ကဲ အဘိဓမ္မာဆိုတာက အားလုံး ဒကာ ဒကာမတွေ မှတ်ပါ တဲ့၊ ဟုတ်တယ် မှန်တယ် အကျိုးရှိတာချည်းပဲ (မှန်ပ့ါ) သုတ္တန်လို တစ်ခါတည်း ဟို ဝေနေယျဇ္ဈာသယ ငဲ့ဟောတဲ့ တရားမဟုတ်ဘူး (မှန်ပါ့) ဝိပဿနာအလုပ်မှာ တော့ ဝေနေယျဇ္ဈာသယ ငဲ့တာမဟုတ်ဘူး (မှန်ပါ့) ဟို ပုဂ္ဂိုလ်လဲ ဒီအလုပ်စဉ်ပဲ၊ ဒီပုဂ္ဂိုလ်ကော (ဒီအလုပ်စဉ်ပါ ဘုရား)။

ဒါ ဟုတ်တယ် မှန်တယ် အကျိုးရှိတာကိုး (မှန်ပါ့ ဘုရား) အံမာ တော်တော်ကြား မင်းသည်ကားလို့ ဆိုလို့ရှိရင် ဒီဥစ္စာ ဖြစ်ပျက်က စ ရှုကွ နာမ်ရုပ်ခွဲကွ၊ ပစ္စယ ပရိဂ္ဂ ဉာဏ်ဆိုတဲ့ ကင်္ခါရဝိတရဏဝိသုဒ္ဓိ လုပ်ကွ၊ အမျိုးမျိုး အဖုံဖုံ ဟောတာပဲ တဲ့။

ဟောပေမဲ့လဲ တစ်လုံးဟော၊ ဟုတ်တယ် မှန်တယ် အကျိုးရှိတာပဲ၊ နောက်တစ်လုံးဟောလဲ (ဟုတ်တယ် မှန်တယ် အကျိုးရှိတာပါပဲ ဘုရား)။

အဲဒီတော့ကိုတဲ့ ဒကာ ဒကာမတွေက ဘယ်လိုပဲပြောနေ ဘုရားကတော့ဖြင့် ဟုတ်တယ် မှန်တယ် အကျိုးရှိတဲ့ ဥစ္စာကိုဖြင့် ဟောရလိမ့်မယ် (မှန်ပါ့)။

ဒီမှာလဲ ဆရာသမားက ခင်ဗျားတို့ကို ဘာပြောပြော ဟုတ်တယ် မှန်တယ် အကျိုးရှိတာပဲ ပြောမယ် (မှန်ပါ့ ဘုရား) အကုန်လိုက်နာရုံပဲ (မှန်ပါ့)။

ဒီလိုမှ မလိုက်နာရင်တော့ ခင်ဗျားတို့ တရားထူး တရားမှန် မရနိုင်ဘူး (မရနိုင်ပါ ဘုရား) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အကျိုးရှိတယ်ဆိုတော့ အကုန်လိုက်နာ

ဒါဖြင့် ဘာလိုက်ရမလဲ (ဟုတ်တာ မှန်တာ အကျိုးရှိတာ လိုက်ရပါမယ်) ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် ဆိုတော့ အကုန်လိုက်နာ (မှန်ပါ့ ဘုရား) မောင်ထွန်းရင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုင်း မင်းတို့ စဉ်းစားကြည့်ပါလား၊ မနေ့က ဦးသံဒိုင်က ပြောတယ်၊ မင်းက ဒုဂ္ဂတိရထား စီးတော့မလို့ ပြောတယ်၊ ဒုဂ္ဂတိရထား စီးတော့မလို့ဆိုတော့ ဟာ မောင်ထွန်းရင် မစီးနဲ့ကွ၊ ဒီရထားဟာ ရထားမှားဟေ့ ၊ အောက်စုန်တယ်ကွ ဘုန်းကြီးက မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

ဒါ လိုက်နာရမှာပဲ၊ မင်း မစီးနဲ့ဆို မစီးပဲ နေဖို့ပဲ (မှန်ပါ့) ဘာပြုလို့တုံး ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်ကွ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ည ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။