10801

မာတိကာသို့

ညအလုပ်ပေး-တရားတော်

(သန္ဒိဋ္ဌိကော အလယ်လမ်းတရားတော်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူသော

ညအလုပ်ပေး-တရားတော်

(၁၅-၁၁-၆၁)

ကောင်းစွာ ဟောထားတယ်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓဇဂ္ဂသုတ်မှာ ‘သွာက္ခာတော ဘဂဝတာဓမ္မော’လို့ ဟောထား တယ် ဘဂဝတာ=မြတ်စွာဘုရားသခင်သည်၊ ဓမ္မော=တရားတော်ကို သွာက္ခာတော= ကောင်းစွာ ဟောထားတယ်၊ ဘာတွေများ ဟေထားသတုံးဆိုတော့ ပဋ္ဌာန်းဟောထားတယ်၊ ပဋိစ္စသမုပ္ပါဒ် ဟောထားတယ်၊ သစ္စာကို ဟောထားတယ်လို့ မှတ်ကြပါ။

ဒါတွေ ယခု ခေါင်းဆောင်ပြီး သကာလ ပဋ္ဌာန်း၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာဆိုတဲ့ သုံးခုကို ပြောလိုက်ခြင်းသည် ဒီတရားတွေပဲ မဖောက်မပြန် မှန်တဲ့တရားရှိတယ်၊ ကျန်တဲ့တရားတွေက တခြားသော ဘာသာဝင်များက ဖောက်ပြန် နိုင်မယ်ဆိုရင် ဖောက်ပြန်နိုင်ကြတယ်လို့ သံသယဝင်နိုင်ကြသေးတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

ပဋ္ဌာန်းအကြောင်း အကျိုးဆက်တာ ဘယ်တော့မှ၊ ဘယ်ဘုရားမှ မစွန့်တာမမှားဘူး၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်နေ တာသည် ဘယ်အခါ ကာလမှ ဘုရားပွင့်လဲ သူမဂ်နဲ့မဖြတ်ရင် အစဉ်အတိုင်း သွားနေတာပဲ ၊ မဂ်ဖြတ်တဲ့ ပုဂ္ဂိုလ်လဲ နိဗ္ဗာန်ရောက်သွားကြတာပဲ ဆိုသဖြင့် ဘုရားမပွင့်လဲ ရှိတဲ့တရား ဘုရားပွင့်လဲ ရှိတဲ့တရားလို့ ဦးသံဒိုင်တို့ မှတ်ရ မယ် (မှန်ပါ့ ဘုရား)။

ပဋ္ဌာန်း၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာ

ဦးသန်းမောင်-ဒီအတိုင်းမှတ်ရမယ် (မှန်ပါ့ ဘုရား) ဒီတရားတွေကို မတိမ်းတဲ့တရားလို့ မှတ်ပါ (မှန်ပါ့) ကျန်တဲ့ တရားတွေကတော့ကို တစ်ပါးသော အယူရှိသူများ ဆင်ခြေတက်လို့ သံသယဝင်လာချင် ဝင်လာလိမ့်မယ်လို့ မှတ်ရ မယ်၊ ပဋ္ဌာန်း၊ ပဋိစ္စသမုပ္ပါဒ်-သစ္စာကတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်အခါမှ မမှားတဲ့ဘာသာ၊ အတိမ်းတဲ့ တရားလို့ ဗုဒ္ဓဘာသာမှာ မှတ်ရမယ် (မှန်ပါ့)။ ကျန်တဲ့ တရားတွေကတော့ဖြင့် ဘာလှူလို့ ဘာဖြစ်၊ ဟုတ်မှ-ဟုတ်ရဲ့ လားဆိုတာ လာမယ် (မှန်ပါ့)။ အခု တရားတွေကတော့ဖြင့် မတိမ်းနိုင်တဲ့ တရားလို့ အားလုံးပဲ မှတ်ကြပါ (မှန်လှပါ)။

ကောင်းပြီ ဒါဖြင့် ဘုရားဟောတော်မူတာ သွာက္ခာတော ဘဂဝတာဓမ္မော၊ ဘဂဝတာ=မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီးသည် ဓမ္မော=သစ္စာဆိုက်တဲ့တရား၊ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ တရား၊ အကြောင်းကျိုးအမှန်သိတဲ့ တရားကို သွာက္ခာတော=ကောင်းစွာ ဟောထားတော်မူ၏။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကောင်းစွာ ဟောထားတော် မူတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကောင်းစွာ ဟောထားငြားသော်လည်း ရှုပုံရှုနည်းကို ငါကိုယ်တော် မြတ်ကြီးသည် မင်းတို့ကို သင်ရဦးမယ်ဆိုပြီး သကာလ ရှုပုံရှုနည်း သင်တာက ငါကောင်းစွာ ဟောထားတဲ့တရား နိဗ္ဗာန်ဆောင်တယ် ဆိုငြားသော်လဲ နာရုံနဲ့မဆောင်ဘူး၊ အမြင်ရှိမှ ဆောင်တယ်ဆိုတာကိုလဲ ဟောထားပြန်တော့ ဘာတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သန္ဒိဋ္ဌိကော ။

သန္ဒိဋ္ဌိကောဆိုတာ ပဋ္ဌာန်းဟောထားလဲ ပဋ္ဌာန်းကိုယ်တိုင် မြင်ရမယ်၊ ပဋိစ္စသမုပ္ပါဒ်ဟောထားတဲ့ ပဋိစ္စသမုပ္ပါဒ် ကိုယ်တိုင် မြင်ရမယ်၊ သစ္စာဟောပြန်လို့ရှိရင်လဲ သစ္စာကိုယ်တိုင် မြင်ရမယ်။

ကိုယ်တိုင်ဆိုတာ ဘာတုံး

ထိုကဲ့သို့ ကိုယ်တိုင် မြင်ပြီဆိုမှဖြင့် ကိုယ်တိုင်ဆိုတာသည် ဒီကိုယ်ကြီးကို ဆိုသည်လို့ မောင်သစ်တို့က မမှတ်နဲ့၊ ဉာဏ်အမြင်ကိုဆိုသည် (မှန်ပါ့) ကိုယ်တိုင်ဆိုတာ ဘာတုံး (ဉာဏ်အမြင်ကို ဆိုပါတယ် ဘုရား) ဉာဏ်အမြင်လို့ တစ်ခါတည်း ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့)။

ဪ ဒါဖြင့် သန္ဒိဋ္ဌိကော-သာမံပဿိတဗ္ဗော ကိုယ်တိုင်မြင်အောင် ကြိုးစားပါလို့ ဒကာ ဒကာမတွေရယ် ဦးသန်းမောင်တို့ကိုလဲ တိုက်တွန်းတယ် (မှန်ပါ့ ဘုရား) သူများပြော စာပြောနဲ့ မြင်ပါသော် ခင်ဗျားတို့ နိဗ္ဗာန် ရောက် လိမ့်မယ်လို့ မအောက်မေ့နဲ့ (မှန်ပါ့ ဘုရား)

မြတ်စွာဘုရားသခင်က မာ ပိဋကသမ္ပဒါနေန=ပိဋကတ်အမြင်နဲ့ နိဗ္ဗာန် ရောက်မယ်ဆိုရင် ပေါဋ္ဌိလဟာ ရောက်လောက်ပြီ (မှန်ပ့ါ ဘုရား) သက်သေခံလုံလောက်ပါတယ်၊ (လုံလောက်ပါတယ် ဘုရား) ပိဋကတ်အမြင်ဖြင့် နိဗ္ဗာန်ရောက်မယ် ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပေါဋ္ဌိလကြီးဟာ ကျောင်းပေါင်း ငါးရာ၊ တပည့်ပေါင်း များစွာ စာချပို့သပြီး သကာလ လာခဲ့တာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အချည်းနှီးပေါဋ္ဌိလ လာလော့ အချည်းအနှီး ပေါဋ္ဌိလ သွားလော့၊ အချည်းအနှီး ပေါဋ္ဌိလ ထိုင်လော့၊ ဒီအတိုင်းပဲ နှုတ်ဆက်လေ့ရှိတယ် (မှန်ပါ့ ဘုရား)။

ပိဋကတ်အမြင်မရှိလို့လား မရှိလို့လားလို့ မေးလို့ရှိရင် ပိဋကတ်အမြင်ရှိတယ်ဆိုတာ ဘုရားသိတယ် (မှန်ပါ့) သန္ဒိဋ္ဌိကောဆိုတဲ့ အမြင်မရှိဘူး (မှန်ပါ့) ခန္ဓာပေါ်၌ သန္ဒိဋ္ဌိကော- သာမံ ပဿိ တဗ္ဗောဆိုတဲ့ အမြင်မရှိဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

ကိုယ်တိုင်မြင်ကို ကြိုးစား ပါ

ဒါဖြင့် အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ သာမံပဿိ တဗ္ဗောဆိုတဲ့အတိုင်း ကိုယ်တိုင်မြင်ကို ကြိုးစား ပါလို့ အလုပ်စဉ်စပေးတယ် (မှန်ပါ့ ဘုရား) ဦးညွန် သဘောကျရဲ့လား (ကျပါတယ်) ဘာတဲ့တုံး (ကိုယ်တိုင်မြင် အောင် ကြိုးစားပါ)။

ကိုယ်တိုင်ဆိုတာသည် မျက်လုံးက အမြင်ကိုမဆိုလို (မှန်ပါ့)၊ ကိုယ်တိုင်ဆိုတာ သာမံပဿိတဗ္ဗော၊ သာမံ= ကိုယ်တိုင်ဆိုတာ ဉာဏ်ကိုယ်တိုင်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ဉာဏ်အမြင်နဲ့ မြင်ရမယ်လို့ ဆိုသောကြောင့် မျက်လုံးအမြင်နဲ့ နိဗ္ဗာန်မရောက်ဘူးမှတ်လိုက် (မရောက်ပါ ဘုရား) ဉာဏ်အမြင် တစ်ခုပဲ နိဗ္ဗာန်ရောက်တယ်လို့ဆိုတာ မောင်ထွန်းရင် သေသေချာချာ မှတ်ပါ (မှန်လှပါ)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာခန္ဓာကြီးတုံးလို့ မေးလိုက်တော့ ဒီခန္ဓာကြီးဟာ ပဋ္ဌာန်းခန္ဓာ၊ အကြောင်းအကျိုးတွေ စပ်နေတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ခန္ဓာ၊ သစ္စာခန္ဓာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒီခန္ဓာကြီးထဲမှာ ပဋ္ဌာန်းခန္ဓာ ဆိုလဲ ဟုတ်တာပဲ အကြောင်းကျိုးတွေ စပ်နေလို့ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ခန္ဓာ ဆိုတာလဲ ဟုတ်တာပဲ၊ တဏှာဥပါဒါန်ကံ ဇာတိဇရာ မရဏဘက် လှည့်သွားနေတယ်၊ ဇာတိဇရာမရဏက နေပြီးသကာလ သောက ပရိဒေသ ဒုက္ခ ဒေါမနဿ လာပြန်တာပဲ (မှန်ပါ့) လာပြန်လို့ရှိရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မသိတဲ့ပုဂ္ဂိုလ်မှာ လာသောကြောင့် အဝိဇ္ဇာပစ္စရာ သင်္ခါရာ ပြနလှည့်ပြန်တာပဲ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ လှည့်တာကို ဦးသံဒိုင်တို့က ထောက်ကြည့်လိုက်လို့ရှိရင် ဪ သူလဲ ခန္ဓာထဲ အသိတရားပဲလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) ဒါဖြင့် ပဋ္ဌာန်း ဘယ်မှာရှိ၊ ခန္ဓာမှာရှိတယ်၊ ပဋိစ္စသမုပ္ပါဒ် ဘယ်မှာရှိ (ခန္ဓာမှာရှိပါတယ်) သစ္စာနှစ်ပါး ဘယ်မှာရှိ (ခန္ဓာမှာရှိပါတယ် ဘုရား) ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဆရာမတွေ့သေးရင် ဒီသစ္စာနှစ်ခုပဲ ရှိတယ် (မှန်လှပါ ဘုရား)။

ဆရာ မတွေ့သေးသ၍ ကာလပတ်လုံး

ဆရာ မတွေ့သေးသ၍ ကာလပတ်လုံး သစ္စာဘယ်နှစ်ခုရှိသလဲ (သစ္စာနှစ်ခုသာ ရှိပါတယ် ဘုရား) သစ္စာ နှစ်ခုသာ ရှိတယ်လို့ နောက်က ဒကာ ဒကာမတွေ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား) ဆရာမတွေ့သေးရင် သစ္စာ နှစ်ခုနဲ့လှည့်နေတယ် (မှန်ပါ့) ဆရာမတွေ့သေးရင် (သစ္စာနှစ်ခုနဲ့ လှည့်နေပါတယ်) သစ္စာနှစ်ခုနဲ့ လှည့်နေတယ်၊ ဘာသစ္စာတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြည့်လိုက်တော့ သိပါတယ်၊ သမုဒယနဲ့ ဒုက္ခလှည့်နေတယ် (မှန်ပါ့ ဘုရား) သမုဒယနဲ့ ဒုက္ခ လှည့်နေတော့ လောင်စာနဲ့ မီးလှည့်နေတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာလှည့်နေတာလဲ (လောင်စာနဲ့ မီးလှည့်နေတာပါ) လောင်စာနဲ့ မီးလှည့်နေတာကို ဒကာ ဒကာမတွေက ဪ ဒို့မှာ ဆရာကောင်း သမားကောင်းတွေ့လို့ရှိရင် လောင်စာနဲ့မီးသာ လှည့်စရာရှိပါကလား (မှန်ပါ့) သမုဒယသစ္စာက လောင်မီး ဒုက္ခသစ္စာက လောင်စာ ဒါပဲ လှည့်နေတယ် (မှန်ပါ့)။

ဒါပဲလှည့်နေတော့ လောင်လိုက်ပြောင်လိုက်-လောင်လိုက် ပြောင်လိုက် (မှန်ပါ့) လောင်ငြား ပြောင်ငြား သော်လဲ လောင်မီးကိုပဲ ခင်ဗျားတို့က ပျိုးပြန်တော့ လောင်စာပြန်ပေါ်တယ် (မှန်ပါ့ ဘုရား)။

သံသရာလှည့်တယ်ဆိုတာ

ဒါဖြင့် သံသရာလှည့်တယ်ဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ လောင်လိုက် ပြောင်လိုက်ကို အစားထိုးပြီးသကာလ လောင်လိုက် ပြောင်လိုက်ဖြစ်နေတာကို သံသရာလည်တယ်ဆိုတာ ဒါပါပဲ (မှန်ပါ့) သမုဒယနဲ့ ဒုက္ခပဲ လှည့်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သံသရာလည်တာ ဘာပါလိမ့် (သမုဒယနဲ့ ဒုက္ခလှည့်နေတာပါ ဘုရား) သမုဒယနဲ့ ဒုက္ခပဲ လှည့်နေတယ်၊ ဒီ့ပြင် ဘာမှမပါဘူး (မှန်ပါ့)။

ဒါဖြင့် သမုဒယနဲ့ ဒုက္ခလှည့်နေတာကို လှည့်မှန်းလဲ မသိဘူး ဆိုလို့ရှိရင်ဖြင့် သမုဒယကိုလဲ သူဖြတ်ရမယ်လို့ မသိဘူး၊ ဒုက္ခကိုလဲ ပရိညေယျနဲ့ ပိုင်းခြားရမယ်လို့ မသိဘူး (မှန်ပ့ါ)။ မသိသွား=သွားပြီးတော့ မသိနဲ့ နေတာကိုးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ) မသိသွား-သွားပြီး (မသိနဲ့နေပါတယ် ဘုရား)။

ခင်ဗျားတို့ကလဲ မသိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ ဪ သူတို့က ဈေးရောင်းကောင်းတယ်၊ ကောင်းလို့ရှိရင် ပစ္စည်းတိုးတက်လာတယ်၊ တိုးတက်လာလို့ရှိရင် ဒါချမ်းသာတာပဲ (မှန်ပါ့) ဒီမှာလမ်းဆုံးတယ် (မှန်ပါ့)။

ဒီမှာ လမ်းဆုံးတယ်၊ ချမ်းသာတာလား ဆင်းရဲတာလားလို့ မေးတော့ အို-သမုဒယခိုင်းတာကြောင့် ဒုက္ခများများ ရတာကို ချမ်းသာတယ်လို့ ခေါ်ကြတယ် (မှန်ပါ့) သမုဒယများများရှိလို့ ဒုက္ခများများရတာကို (ချမ်းသာတယ်လို့ ခေါ်ကြပါတယ်) ဦးသံဒိုင်တို့ ဒါချမ်းသာတယ် ခေါ်ကြတယ် (မှန်ပါ့) ကျုပ်က များများတိုက်တွေ, တာတွ, ရွေတွေ, မြတွေ ဦးညွန့်ထားနိုင်လို့ရှိရင် ဒါ ပူစရာ ဒုက္ခတွေ (မှန်ပါ့ ဘုရား)။’

အင်း ဟိုနေရာလဲ ဘေးတွေ၊ ဒီနေရာလဲ ရန်သူမျိုးငါးပါးက ဝိုင်းမိမလားဆိုပြီး သကာလ ဒုက္ခများများ ရတာကို ခင်ဗျားတို့က မျက်စိလည်တဲ့ ပုဂ္ဂိုလ်တွေ သမုဒယနဲ့ ဒုက္ခလှည့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် တဲ့ သာမံပဿိတဗ္ဗော ကိုယ်တိုင်မြင်တဲ့ ဥစ္စာ တစ်စက်တစ်ကွက်မှ မပါဘူးလို့ မှတ်လိုက် (မှန်ပါ့) သမုဒယ ကိုလဲ လောင်မီးပါကလားလို့ မသိဘူး၊ ဒုက္ခကိုလဲ လောင်စာပါကလားလို့ (မသိပါ ဘုရား) ဒါဖြင့် ကျုပ်မှာ မသိလမ်းဆုံးနေတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ပဏ္ဏသ ပါဠိတော်ကျတော့ မသိ မသိဆိုတာ ဘာတုံးဟေ့၊ သညာမရှိတဲ့ပုဂ္ဂိုလ်၊ ပညာမရှိတဲ့ပုဂ္ဂိုလ် ဆိုတာ ဘာတုံးဆိုတော့ မသိတဲ့ပုဂ္ဂိုလ်ဆိုတာ ဘုရာ့၊ ဘာမသိတာတုံးဆိုတော့ သစ္စာမသိတာ၊ သစ္စာကတည်းက ပဋိစ္စသမုပ္ပါဒ် သိသေးရဲ့လား (မသိပါ ဘုရား) ပဋ္ဌာန်းအကြောင်းအကျိုး ဆက်တာတွေကော (မသိပါ ဘုရား)။

မသိသလို နေခဲ့ကြတာ

ဪ ဒါဖြင့် ခင်ဗျားတို့ ဘဝများစွာ သံသရာက ဘယ်လိုနေလို့များ ဘယ်လိုထိုင်ခဲ့ပါလိမ့်မတုံးလို့ မေးတော့ မသိသွား-သွားလို့ မသိသလို နေခဲ့ကြတာကိုး (မှန်ပါ့) ဒါပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့) မသိသွား-သွားလို့ (မသိသလို နေခဲ့ကြပါတယ်) မသိသလိုဖြစ်ခဲ့ကြတယ် (မှန်ပါ့) အဝိဇ္ဇာကြောင့် မသိခန္ဓာကြီး ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မသိတာကြောင့် မသိခန္ဓာကြီး ဖြစ်နေသကာလ နေတော့ မသိခန္ဓာကြီးကလဲ ဘာတုံး-ဒုက္ခသစ္စာ (မှန်ပါ့)၊ မသိတာကလဲ အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့) ဪ သူတို့နှစ်ခု ချယ်လှယ်သလို ခင်ဗျားတို့ ခံနေရတော့ လူမိုက်ဗိုလ်တင် ပြီး သကာလ လူမိုက်အောက်မှာ ဖြစ်ရတဲ့ နွားတွေဖြစ်နေတယ် (မှန်ပ့ါ ဘုရား)။

သံသရာကြီးလည်တယ်လို့ ဘယ်လိုနေလို့ ဘယ်လိုထိုင်ခဲ့ရသတုံး မေးရင်၊ အို လူမိုက်နွားသမားအောက်မှာ ဒို့နွားဖြစ်ခြ့တယ်၊ ဒါပဲ ဖြေဖို့ရှိတယ် (မှန်ပါ့) နွားရှင်ကလဲ လူမိုက်၊ ဘာမှမသိဆိုတော့ တင်ချင်သလိုတင်၊ မောင်းချင် သလိုမောင်း၊ ခိုင်းချင်သလိုခိုင်း၊ ပြီးတော့မှ နွားသတ်ရုံပို့၊ ဒီလို နေခဲ့ရတယ် မှတ်လိုက် (မှန်ပါ့)။

ဒီလိုနေခဲ့ရတယ်ဆိုတော့ ဦးညွန့်တို့ ဦးသန်းမောင်တို့ ဒို့အဖြစ်ဟာ နောက်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်ဟာ တယ် ဆိုးတဲ့အဖြစ်ပဲ (မှန်ပ့ါဆိုးပါတယ်)။

အဝိဇ္ဇာတည်းဟူသော လှည်းရှင်

အဝိဇ္ဇာတည်းဟူသော လှည်းရှင် ဒီ လှည်းရှင်ကနေပြီးသကာလ တဏှာလှည်းမောင်းသမား ခိုင်းတာပေါ့၊ အဝိဇ္ဇာတည်းဟူသော လှည်းရှင်က လှည်းမောင်းသမား အမောင်းခိုင်းတော့ သံသရာ့ခရီးသည် နွားတွေဟာ သက်သာ ခွင့်မပါဘူး (မှန်ပါ့ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

အဝိဇ္ဇာတည်းဟူသော ပစ္စည်းရှင်က တဏှာလှည်းမောင်း သမားကို မောင်းခိုင်းပြီးသကာလ သံသရာ့ခရီးသည် နွားတွေကို ချောက်မှန်းမသိ၊ ဗွက်မှန်းမသိ၊ မရုန်းနိုင်မှန်းမသိ၊ ရုန်းနိုင်မှန်းမသိ၊ တစ်ခါတည်း ရမ်းတင်ပြီးသကာလ တမောင်းတည်းမောင်၊ တပြေးတည်းပြေး အမောဆိုက်ပြီး သေလဲ သူကတော့ အကြိုက်ပဲ (မှန်လှပါ)။

အဲဒီလို နေခဲ့ရတယ်ဆိုတာကို သံသရာထဲမှာဖြင့် ငါ သိကြား ဗြဟ္မာ ဖြစ်ခဲ့သလား၊ နတ်ကောင်း နတ်မြတ် ဖြစ်ခဲ့သလား ဆိုရင် အခေါ်သာဖြစ်ကြရပါတယ်။ ဖြစ်စဉ်ကတော့ ဒီအတိုင်းပဲ (မှန်ပါ့ ဘုရား)။

သံသရာ့ခရီသည် နွားတွေ

အခေါ်ကတော့ နတ်ဖြစ်ခဲ့တယ်၊ ဗြဟ္မာဖြစ်ခဲ့တယ်၊ သံသရာကျင်လည်ကတည်းက ဖြစ်ခဲ့တာပဲ၊ သို့သော်- အဝိဇ္ဇာတည်းဟူသော ပစ္စည်းရှင်နဲ့ တဏှာ နွားမောင်းသမားနဲ့ သံသရာ့ခရီသည် နွားတွေကတော့ဖြင့် ဒီလိုပါပဲ (မှန်ပ့ါ)။

အင်း သိကြားဖြစ်ခဲ့လဲ သူတို့မောင်းခဲ့တယ် (မှန်ပါ့)၊ အပါယ်ဖြစ်ခဲ့တဲ (မောင်းခဲ့တယ်) မောင်းခဲ့တယ် တဲ့၊ အဲဒီတော့ နောက်ဆုံးတော့ ခင်ဗျားတို့ ဘယ်လိုများ သေခဲ့ရသတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ အမော ဆိုက်သေခဲ့ကြတာ၊ အော်ပြီး သေခဲ့ကြတာပဲ (မှန်ပါ့ ဘုရား)ဒီ့ပြင် ဘာမှမစဉ်းစားနဲ့ (မှန်ပ့ါ)။

တင်ချင်သလောက် တင်တဲ့ တဏှာလှည်းဦးစီးက အဝိဇ္ဇာမျက်နှာကို ကြည့်ပြီးသကာလ တစ်ခါတည်း မောင်း လိုက်တာ သံသရာခရီးထဲမှာ တစ်ခါတလေများ အပါယ်မောင်းချလိုက်တယ်၊ တစ်နေရာကလေ တစ်နေရာ မောင်းတာပဲ ဒီလိုချည်းနေခဲ့ရတာ ခင်ဗျားတို့ သန္ဒိဋ္ဌိကောတစ်လုံးကို မပိုင်ခဲ့လို့-လို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

ဒီလိုချည်း နေခဲ့တာ (သန္ဒိဋ္ဌိကော မပိုင်လို့ပါ ဘုရား)။ သန္ဒိဋ္ဌိကောတစ်လုံးကို မပိုင်တဲ့အတွက်တဲ့ ကျုပ်တို့မှာဖြင့် သံသရာ့ခရီးသည်အဖြစ်နဲ့ လူမိုက်အောက်က နွားဆိုတဲ့ သပေါက်ဖြစ်ခဲ့ရတယ်ဆိုရင်လဲ မောင်သစ် မလွဲတော့ဘူး (မလွဲတော့ပါ ဘုရား)။

ဒီတစ်ခါ သန္ဒိဋ္ဌိကောကို ခင်ဗျားတို့က ကိုယ်တိုင်လဲ မမြင်ပါဘူး၊ ကိုယ်တိုင်လဲ မကြည့်ပါဘူး၊ သန္ဒိဋ္ဌိကော ဒီလောက် အဖိုးတန်မှန်းလဲ မသိပါဘူး၊ သန္ဒိဋ္ဌိကော၏ အဓိပ္ပာယ်ကိုလဲ ဦးသံဒိုင်ကြီးတို့ မသိတော့ဘူးဆိုလု့ိရှိရင် အရင်နွားဟာ နွားပြန်ဖြစ်မှာပဲ (မှန်ပါ့ ဘုရား) ဒီ့ပြင် ဘာမှမျှော်လင့်ချက်မရှိဘူး (မှန်ပါ့မရှိပါ ဘုရား)။ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အခုလို ခင်ဗျားတို့ သားတစ်ယောက် မွေးလာလဲ ငါ့တာဝန်ပဲ၊ သမီးတစ်ယောက် မွေးလာလဲ ငါ့တာဝန်ပဲ၊ မြေးတွေ ထွန်းကားလာလဲ (တာဝန်ပါပဲ ဘုရား) အို တဏှာက သင်ပေးနေတာ (မှန်ပါ့)။

သင်ပေးရမှာပဲတဲ့၊ အဝိဇ္ဇာက တစ်ခါတည်း ခင်ဗျားတို့ကို ဒါတွေ ဝဋ်မှန်းမသိအောင် တစ်ခါတည်း ဉာဏ်တွေ ပိတ်ထားတယ် (မှန်ပါ့)။

ခင်ဗျားတို့ကလဲ နွားစိတ်ပေါက်နေတယ်

ပိတ်ထားလို့ ဦးသန်းမောင်ကြီးတို့က လုပ်ငန်းက ငွေစက္ကူကလေး တော်တော်အထပ်ထပ် ရလာလို့ရှိရင် အမောကလေးနဲ့များ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လိုက်သေးတယ် (မှန်ပါ့) မှန်ပါ့ဘုရား အမောကောင်း တယ်ဘုရာ့ ၊ ဒီလိုအမောများ မောစမ်းချင်တယ်ဆိုပီး သကာလ ခင်ဗျားတို့ကလဲ နွားစိတ်ပေါက်နေတယ် (မှန်ပါ့ ဘုရား)။

သားဝန် မယားဝန်တွေ ထမ်းဆောင်နိုင်လို့ရှိရင် ငါလိုများ ရှိသေးရဲ့လားဟလို့-ငါလို အရုန်းသမားဟလို့- ငါလို အရုန်းသမားများ ရှာမှရှားတယ်ဆိုတဲ့ ဥစ္စာ ကြွားများကြွားလိုက်သေးတယ် (မှန်ပါ့)။

ဒီ့ပြင်လူကျတော့ ခင်ဗျားတို့ကဲ့ရဲ့တယ်။ မင်းဟာ မိန်းမတစ်ယောက်မှ လူလားမြောက်အောင် မဆင်နိုင် မမြင်နိုင်ပဲကိုး (မှန်ပါ့) အံမာ နွားတွေက ဘာသံထွက်လာသတုံး မိုက်သံထွက်လာတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

မောင်ထွန်းရင်တို့က ဟိုတုန်းက နည်းနေလို့ မျက်ရည်များကျတယ်။ တချို့များ မျက်ရည်ကျတာ ရှိသေးတယ်။ (ရှိပါတယ်) ဪ ဦးသံဒိုင်တို့ဆိုရင်ဖြင့် ဦးသန်းမောင်တို့ စာရင် တပည့်တော်ကံနည်းတယ်ဘုရား၊ ဟော ဒါ’ာ မျက်ရည်တွေ (မှန်ပါ့) ဘာဖြစ်လို့တုန်း (အရောင်းရနည်းလို့ပါ) ဘယ့်နှယ် နောက်က ဒကာ ဒကာမတွေကို မေးမေး၊ ကိုယ့်ရှိတဲ့ စည်းစိမ်နဲ့ တော်လောက်ပလားဆိုရင် ဟာ မဖြစ်လောက်ပါဘူး ဒီလောက်နဲ့ ဒီအတိုင်းထွက်မယ် (မှန်ပါ့) ဘယ်လိုထွက်မလဲ (မဖြစ်လောက်ပါ ဘုရား) ဒါဖြင့် ဝန်ထုပ်ကြီးယူကြတယ် (မှန်ပါ) ဘာစိပေါက်နေသလဲ (နွားစိတ် ပေါက်နေပါတယ်) အံမယ်လေး ကြောက်စရာကြီးပါကလား၊ ကိုင်း နောက်က ဒကာ ဒကာမတို့ ဘယ့်နှယ်နေကြသတုံး ကြောက်စရာကြီးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မိုက်ချက် သန်လှချည်ကလား

အဲဒါက အခုဖော်ပြောတော့မှ ဪ မိုက်ချက် သန်လှချည်ကလားဆိုတာ ဦးသံဒိုင် ပေါ်လာတယ်နော် (မှန်ပါ့ ဘုရား) မသန်ဘူးလား (သန်ပါတယ် ဘုရား)။

ငါ အပါယ်ကျခံပြီး မင်းတို့ဖို့ လုပ်ပေးခဲ့ဦးမယ်ကွ၊ စိတ်မချ လက်မချနဲ့ ဝန်တစ်ခု သယ်လိုက်ဦးမကွဆိုတာ ဆုမတောင်းဘဲနဲ့ ပြည့်နေတယ် (မှန်ပါ့) ကိုယ့်အဖြစ် ထုတ်ပြောပါတယ် (မှန်လှပါ)။

ဉာဏ်မျက်လုံးနဲ့ကြည့်မှ ဦးညွန့် ဒီအသံကလဲ နားထောင်လို့ဖြစ်တယ် (မှန်ပ့ါ ဘုရား) ဉာဏ်မျက်လုံးနဲ့ မကြည့်လို့ရှိရင် အရုန်းသမားက ပြုံးနေတာပဲ (မှန်ပါ့)။

အရုန်းသမားက (ပြုံးနေပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေ၊ ဘေးကလဲ မြှောက်တယ်၊ ခင်ဗျားတို့လို နွားစိတ် ပေါက်နေတဲ့လူကို ဪ ခင်ဗျားတို့မှာ တိုက်နဲ့ တာနဲ့ ရွှေနဲ့ ကားနဲ့ စိန်နဲ့ မြေနဲ့ တယ်ထူးသဗျာ (မှန်ပါ့)။

ဟ-ဘာထူးတာလဲလို့ မေးရင် ဝန်လေးကြီးတွေ ထမ်းနိုင်တာကို သူက ထူးတယ်ပြောနေတာ (မှန်ပါ့ ဘုရား)။ ဘာထူးတယ် ပြောတာတုံး (ဝန်လေးကြီးတွေ ထမ်းနေတာကို ထူးတယ်ပြောတာပါ)။ အံမာလေး ဦးသန်းမောင်ရာ သူတို့ချီးမွမ်းတာကလဲ ကြောက်စရာကြီးပါကလား (မှန်ပါ့ဘုရားဝ။

ဒါကို ခင်ဗျားတို့ကလဲ ကျုပ်တို့ကတော့ ကံစ-ဉာဏ်စရှိတာကိုးဗျ-နဲ့များ ပြုံးလိုက်သေးတယ် (မှန်ပါ့ ဘုရား) ဘာဖြစ်တာတုံး လူသံထွက်တာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) မဟုတ်ဘူးဗျ ပေါ်ပလား (ပေါ်ပါပြီ)။

လူသံထွက်တာမဟုတ်ဘူး ဝန်ဖြင့် ကြီးလိုက်တာလွန်လို့ လျှာထွက်အောင်မောနေပြီ ဒီအတိုင်းသာသေရင်လဲ သေချင်းဆိုးသေရမယ်ဆိုတာလဲ သေချာတယ် (မှန်ပါ့) ဒီဝန်မချဘဲနဲ့ သေရမယ် (မှန်ပါ့) စိတ်မချ-လက်မချနဲ့ သေမှာကိုး ဗျ (မှန်ပါ့)။

သန္ဒိဋ္ဌိကောတစ်လုံးမပိုင်တဲ့အတွက်

အဲဒါ သန္ဒိဋ္ဌိကောဆိုတဲ့ တစ်လုံးမပိုင်တဲ့အတွက် ဪ ငါတို့မှာဖြင့် ဝန်ပိသေတာကိုပင် သေခြင်းကောင်း တွေလို့ ငါတို့ မှတ်နေသေးတယ်။ သန္ဒိဋ္ဌိကော ဆိုတဲ့ဥစ္စာ ဒုက္ခသစ္စာ အလုပ်-လုပ်နေတာကို ဒုက္ခသစ္စာလို့ သန္ဒိဋ္ဌိကောနဲ့ မမြင်ဘူးဗျ (မှန်ပါ့ ဘုရား) မမြင်လို့ ပြုံးနိုင်ကြတာ (မှန်ပါ့) မမြင်လို့ ဘာတုံး (ပြုံးနိုင်ကြတာပါ ဘုရား) ပြုံးနိုင်ကြတာ ဦးညွန့်တို့ ရောင်းကောင်းတဲ့နေ့ကျတော့ ဘယ့်နှယ်များ နေသတုံး (ပြုံးပါတယ် ဘုရား) ဘာဖြစ်လို့ ပြုံးတာတုံး (မမြင်လို့ ပါ ဘုရား)

မမြင်လို့ ပြုံးတာ ဘာမမြင်တာတုံးလို့ မေးတော့မှ ခုနက ခန္ဓာထဲမှာရှိတဲ့ ဒုက္ခသစ္စာကို သူ သွားမမြင်တာ (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား) လုပ်ကိုင်နေရတာလဲ လှုပ်လိုက် ရွလိုက် မောလိုက် ပန်းလိုက် ဘာသစ္စာတွေ လုပ်နေသလဲ (ဒုက္ခသစ္စာတွေပါ ဘုရား)။

မထိုင်ရဘူး အရောင်းအဝယ်တွေက များလွန်းလို့၊ အရောင်းအဝယ်တွေက ရှုပ်လွန်းလို့ ထိုင်ကိုမနေရဘူး ထမင်းတောင် အချိန်မှန်မှန် မစားရဘူး ဒါကို ခင်ဗျားတို့က ဂုဏ်ယူပြီး ဒုက္ခသစ္စာ များတဲ့ပုဂ္ဂိုလ်က ဂုဏ်ယူမလို့ (မှန်ပါ့)၊ ဘယ်လောက် မျက်စိလည်တယ်ဆိုတာ ဦးသံဒိုင်ပြောဖို့ လိုသေးသလား (မလိုပါ ဘူး ဘုရား) ဒုက္ခသစ္စာများတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုယူလေ့ရှိသလဲ (ဂုဏ်ယူလေ့ရှိပါတယ် ဘုရား)။

ထမင်းနှစ်ထပ်ကို တစ်ထပ်ပေါင်းစားရတယ်

ထမင်းတောင်ဗျာ ကျုပ်တို့ဖြင့် နှစ်ထပ်ကို တစ်ထပ်ပေါင်းစားခဲ့ရတယ် (မှန်ပါ့) သူ့စိတ်ထဲကတော့ ကြွားလုံးပဲ (မှန်ပါ့) သူ့စိတ်ထဲကတော့ ဘာပါလိမ့် (ကြွားလုံးပါ ဘုရား) ကြွားလုံးပဲ ဝတ်တာကတော့ သေချာနေပြီ (မှန်ပါ့) ငတ်တဲ့ဒုက္ခ သစ္စာကတော (သေချာနေပြီ) သေချာနေပြီ သို့သော် ဦးသန်းမောင်တို့က ထမင်းနှစ်ထပ်ကို တစ်ထပ်ပေါင်းစားရတယ်ဆိုတဲ့ အလုပ် ကြီးရှင် ဆိုပြီးတော့ ဟိုမှာ ကြွားများနေလိုက်သေးတယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာသိမသိ အကဲခတ်ကြစမ်း (မသိပါ ဘုရား) မသိလို့ပြောမိတာ (မှန်ပါ့)

ဒါဖြင့် ဒုက္ခတွေများမရတဲ့အခါကျလို့ရှိရင် သေများသေချင်တယ် ပြောလိမ့်ဦးမယ် (မှန်ပါ့ ဘုရား) ကံများမှ ကံဖယ်တာကိုး ကျုပ်တို့ကတော့ လူ့ပြည်တောင်မနေချင်ဘူးဗျ။

ဟ ဘာဖြစ်တာတုံး မေးတော့ ဒုက္ခနည်းနေလို့ (မှန်ပါ့) သားဝန်-မယားဝန် နည်းနေလို့ (မှန်လှပါ ဘုရား) သားဝန်-မယားဝန် ထမ်းရတာနဲ့ ဦးသန်းမောင် ကျုပ်တို့ထမင်းအိုးကြီး မချီချင်ပါဘူးဆိုပြီးသကာလ ရေထဲဆင်းသေကြ ကြိုးဆွဲချသေကြ (မှန်ပါ့ ဘုရား)။

ဒါ ဘယ်ပုဂ္ဂိုလ်လဲ ဝန်မထမ်းရလို့ ဒုက္ခနည်းနေလို့ (မှန်ပါ) သူထမ်းချင်တာကများများ၊ များများကလဲ မထမ်း သာတော့ အကုန်လှလှ ပပ ဝဝ ကိုဗျ သူက ထမ်းချင်တာ (မှန်ပါ့)။

အဲဒီက ကံအကျိုးပေးက မလိုက်တော့ သူ့စိတ်ထဲ ညည်းလုံးထုတ်တယ်၊ ဘယ်လိုညည်းလုံး ထုတ်သတုံး၊ ဒို့ အကြောင်း ဒီဘဝ ဒီအမျှပဲထင်ပါရဲ့။

အံမာ ဒီဘဝ ဒီအမျှထင်ပါရဲ့၊ ကျုပ်ဖြင့် ကိုယ့်အကျိုးပေးကြည့်ပြီး ကိုယ်ဖြင့်နေတောင် မနေချင်ဘူးတဲ့ (မှန်ပ့ါ) ဝန်ပေါ့တဲ့လူက မနေချင်ဘူး (မှန်ပါ့)။

ဝန်ကြီးတဲ့လူတွေ ပျော်နေတယ် (မှန်ပါ့) ဘယ်လောက် မျက်စိလည်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဝန်ပေါ့ရင် ပြုံးရမယ်မဟုတ်လား (မှန်ပါ့)၊ ဝန်ကြီးရင် မ,ရမယ် (မှန်ပါ့)။

ဝန်ပေါ့တဲ့ ပုဂ္ဂိုလ်ကလဲ သေချင်တယ်

အခုတော့ ဝန်ပေါ့တဲ့ ပုဂ္ဂိုလ်ကလဲ သေချင်တယ်၊ ဝန်ကြီးတဲ့ ပုဂ္ဂိုလ်ကလဲ ပြုံးဆိုတော့ ဘယ့်နှယ်ဖြစ်နေတာတုံး (ပြောပဲ မပြောတတ်ပါ ဘုရား)။

ဦးညွန့် အတော်ဆိုးနေပြီ (မှန်ပါ့ ဘုရား) ဝန်ပေါ့တဲ့ပုဂ္ဂိုလ်က ဘာလဲ သေချင်တယ်၊ ဝန်ကြီးတဲ့ပုဂ္ဂိုလ်က (ပြုံးပါတယ် ဘုရား)။

ဟာ ဖြစ်မှဖြစ်ရပလေ နွားမှာ ဝန်ကြီးလို့ရှိရင် မရုန်းဘူးကွာလို့ ဝပ်သေးတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ကတော့ ပြုံးကြတယ် (မှန်လှပါ ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား) ဘယ့်နှယ်များနေကြသတုံး (ပြုံးပါတယ် ဘုရား) ပြုံးတယ် (မှန်ပါ့)။

အင်း အချိန်ရှိခိုက် လုံ့လစိုက်ကွ ကိုယ့်ဟာကိုယ်များ တိုက်တွန်းနေတယ် (မှန်ပါ့) အချိန်ရှိခိုက် ဘာတဲ့လဲ (လုံ့လစိုက်)။

နဂိုရ်က လုံ့လစိုက်လို့လဲ အိုခြင်းဆိုးတွေ အတော်တိုးနေပြီ (တိုးပါတယ် ဘုရား) နောက်ထပ် စိုက်ပါဦးဆိုရင် သေရုံကျန်တော့တယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ မျက်စိလည်တာ ပြောပါတယ် (မှန်ပ့ါ)။

ဝန်ကြီးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုနေလေ့ရှိသလဲ (ပြုံးပါတယ် ဘုရား) အင် ဟင် ဝန်မထမ်းရတဲ့ပုဂ္ဂိုလ်က (သေချင်ပါသတဲ့ ဘုရား) သေချင်သတဲ့ (မှန်ပါ့) ဘယ်ဟာ အမှန်ယူကြမလဲ (ဘယ်ဟာမှ မမှန်ပါ ဘုရား) ဦးသံဒိုင် ဘယ်ဟာ အမှန်ယူမတုံး (ဘယ်ဟာမှ မမှန်ပါ ဘုရား) ဘယ်ဟာမှ-မှန်မှမမှန်ပဲ (မှန်ပါ့)။

ကိုယ်တိုင်သစ္စာမြင်ရဲ့လား

ဒါဖြင့် သန္ဒိဋ္ဌိကောဆိုတဲ့ ကိုယ်တိုင်သစ္စာမြင်ရဲ့လား မမြင်ဘူးလား (မမြင်ပါ ဘုရား) မမြင်လို့ဖြစ်တယ် (မှန်ပါ့) ဘယ့်နှယ်တုံး ဦးသန်းမောင်တို့ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘယ်လိုကြောင့်ဖြစ်ပါလိမ့် (မမြင်လို့ ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္ဒိဋ္ဌိကောတစ်လုံးဟာ ဪ-သေချင်တဲ့ ဇာတ်ကိုလဲ သူသိမ်းမယ် (မှန်ပါ့) မတရား ပြုံးနေတာကြီးကိုလဲ အပြုံးမှားလို့ သူသိအောင်ဆိုရင် သန္ဒိဋ္ဌိကောကို ခင်ဗျားတို့ ကိုင်ခွင့်ရမယ် (မှန်ပါ့ ဘုရား) နို့မို့လို့ ရှိရင် (မရပါ ဘုရား) မရဘူးသန္ဒိဋ္ဌိကောနဲ့ ခန္ဓာကြည့်မှ ရမယ် (မှန်ပါ့ဘုးရား)။

ခန္ဓာမကြည့်သေးသ၍ ကာလပတ်လုံးဖြင့် ခင်ဗျားတို့ဟာ ဝန်ကြီးမထမ်းရလို့ သေချင်တဲ့ ပုဂ္ဂိုလ်နဲ့ ဝန်ထမ်းပြီး ပြုံးချင်တဲ့ ပုဂ္ဂိုလ်နဲ့ ဒီနှစ်ယောက်သာ လောကကြီးထဲရှိတယ် (မှန်ပါ့)၊ ဒီ့ပြင်လူရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ဘူးဆိုတော့ ဒို့ဒီနေ့ ဆရာဘုန်းကြီးက ဘာလုပ်ပေးပါလိမ့်မတုံး မေးတော့မှ သန္ဒိဋ္ဌိကောမရှိလို့ မျက်စိလည် မပျောက်ဘူးကွ (မှန်ပ့ါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)၊ သန္ဒိဋ္ဌိကောမရှိတော့ (မျက်စိလည်မပျောက်ပါ ဘုရား)

ဒီထက်လည်ရင်ဖြင့် ခင်ဗျားတို့ သုံးဆယ့်တစ်ဘုံဟာ၊ သုံးဆယ့်နှစ်ဘုံဖြစ်တောင် လည်ဦးမှာပဲနော် (မှန်ပါ့) ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘာမရှိတာတုံး (သန္ဒိဋ္ဌိကောမရှိတာပါ ဘုရား)၊ ခန္ဓာ၏ဖြစ်စဉ်ကို သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော ဆိုတဲ့ ကိုယ်တိုင်ကြည့်ရှုတဲ့ဉာဏ်က လုံးဝမပါတော့ ဟို-သုခသစ္စာကို ဒုက္ခသစ္စာထင်နေတဲ့ လူဆင်းရဲကလဲ သေသာ သေချင်တယ် ဒုက္ခသစ္စာ တောင်းတတယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာနဲ့ ဝန်ကြီးထမ်း သမားကလဲ ပြုံးပြီးသကာလ နေလိုက်တာ ဒုက္ခသစ္စာကို သုခသစ္စာထင်ပြီး ပြုံးတယ် (မှန်ပါ့)။

ဒုက္ခကို သုခထင်လို့ပြုံးတာ

ဝန်ကြီးထမ်းက ပြုံးတာလဲ ဒုက္ခကို သုခထင်လို့ပြုံးတာ (မှန်ပါ့) ဟိုကလဲ သုခကို ဒုက္ခထင်လို့ သေချင်တာ (မှန်ပါ့) မရှိတဲ့ပုဂ္ဂိုလ်က ဘာထင်သတုံး ဘယ်လိုကြောင် သေချင်တာလဲ (ဒုက္ခထင်လို့ပါ ဘုရား) ဒီ့ထက် မျက်စိလည် တာ ဦးသံဒိုင်ရှိသေးသလား (မရှိပါ ဘုရား)။

ဦးသန်းမောင် သေသေချာချာ နားထောင်ပါ (မှန်ပါ့) ဒါဘယ်သူ၏ ချို့ယွင်းချက်ကြောင့် ဤသို့အမှားနှစ်ခု နဲ့ ကြုံရပါတယ်။ လောကကြီးထဲမှာ ဒီအမှားနှစ်ခုမှတစ်ပါး ပိုမရှိဘူး၊ မရှိတဲ့ပုဂ္ဂိုလ်က သေချင်တယ်တဲ့ ဘာတုံး သုခကို (ဒုက္ခထင်နေလို့ပါ) သုခကို ဒုက္ခထင်တယ် (မှန်ပ့ါ) မရှိရင် ချမ်းသာတာကို သူမသိဘူးမဟုတ်လား (မှန်ပါ့ ဘုရား)။

မရှိချမ်းသာဆိုတာ မင်းဘေး-စိုးဘေး-သူခိုးဘေး အကုန်ပဲ (မှန်ပါ့) အဲဒီ့ချမ်းသာကို သူမသိဘူး (မှန်ပ့ါ) မသိေတော့ မရှိတဲ့ပုဂ္ဂိုလ်ကလဲ သုခကို ဘာထင်သတုံး (ဒုက္ခထင်ပါတယ်)။

ဒါဖြင့် သူ့မှာ သာမံ ပဿိတဗ္ဗောမရှိဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ရှိတဲ့ပုဂ္ဂိုလ်ကလဲ ဝန်ပိ သေလောက်အောင်ပဲ မင်းဝန်၊ စိုးဝန်၊ သူခိုးဝန်တွေကို ထမ်းနေရတဲ့အထဲက သားဝန်၊ သမီးဝန်၊ ဆွေဝန်၊ မျိုးဝန်တွေ အသုဘဇာတိ ဇရာ မရဏဝန်တွေ ဝန်တွေထမ်းနေရတဲ့ ကြားထဲ သူပြုံးပြီးသကာလ နေတာပဲ၊ အင်း သူကလဲ ဘာကို ဘာထင်တာတုံး (ဒုက္ခကို သုခထင်ပါတယ် ဘုရား)။

ဒုက္ခကို သုခလို့ထင်တယ် (မှန်ပါ့) ဟိုပုဂ္ဂိုလ်ကတော့ သုခကို (ဒုက္ခထင်ပါတယ်) ပေါ်ပလား (ပေါ်ပါပြီ) ဒီခဲနှစ်လုံးဟာ မသေးပါဘူး ဦးသန်းမောင်ရ (မသေးပါ ဘုရား) မသေးဘူး၊ ဒီခဲနှစ်လုံးဟာ အင်မတန်အရေးကြီးတယ် (မှန်ပါ့) လောကထဲမှာ ရှိတာကလဲ လူဆင်းရဲနဲ့ လူချမ်းသာပဲရှိတယ် (မှ်ပါ့) ဒါနှစ်ခုပဲရှိတယ်။ ဒီ့ပြင်ပိုရှိသေးသလား (မရှိပါ ဘုရား) နှစ်ယောက်စလုံး မျက်စိလည်နေတယ် ဆိုတာကော ယနေ့ တရားမှာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒါ ဘာမရှိလို့ ဘာမသိလို့ ဘယ်ဟာကို မသုံးသပ်လို့ဆိုတာဖြင့် ခင်ဗျားတို့ ယနေ့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) သန္ဒိဋ္ဌိကော သူလိုနေတယ် (မှန်ပါ့)။

သစ္စာများ သိလာမယ်လို့ရှိရင်

ကိုယ့်ခန္ဓာကိုယ်ကြီးကို တစ်ခါတည်း ပဿိတဗ္ဗောကိုယ်တိုင်မြင်အောင် ကြည့်လိုက်လို့ရှိရင်ဖြင့် ဒါက ဒုက္ခသစ္စာ၊ ဒါက သမုဒယသစ္စာ၊ အခု ငါဟာ သိတာကလေးက မဂ္ဂသစ္စာလို့ သူ့ဟာသူ သစ္စာများ သိလာမယ်လို့ရှိရင်ဖြင့်တဲ့-မရှိ သမားကလဲ အင်း မရှိတာ ချမ်းသာတယ်ဆိုပြီး သကာလ ပြုံးမှာပဲ (မှန်ပ့ါ) ရှိသမားကလဲ ဝန်ကြီးတွေမရှိရင် ကောင်းတယ် ဆိုတဲ့ ဉာဏ်ပေါ်လာမယ် (မှန်ပ့ါ) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အခုတော့ဖြင့် သန္ဒိဋ္ဌိကောကို ဘုရားရှိခိုးလုပ်ပြီး သကာလ ခန္ဓာကြည့်ရမှာကို ဘုရားရှိခိုးလုပ်နေတဲ့အတွက် ဦးသန်းမောင် ဆေးကို အသုံးလွဲတယ် (မှန်ပါ့) သူနှစ်ချက်လွဲသွားတယ် (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

မရှိတဲ့ပုဂ္ဂိုလ် သေချင်တာလဲတစ်မျိုး သုခကို ဒုက္ခထင်လို့ (မှန်ပါ့) ရှိတဲ့ပုဂ္ဂိုလ်ပြုံးတာကော (ဒုက္ခကို သုခထင် လို့ပါ ဘုရား) ဒုက္ခကို သုခထင်လို့ပြုံးတယ် (မှန်ပါ့ ဘုရား)။

အပြုံးသမားနဲ့ အမဲ့သမား

အင်း-အပြုံးသမားနဲ့ အမဲ့သမား ဘယ်ဟာဖြစ်ချင်ကြသလဲ (ဘယ်မှမှ မဖြစ်ချင်ပါ ဘုရား) ဘယ်ဟာမှ မဖြစ်ချင် တာ သန္ဒိဋ္ဌိကော ကူလိုက်လို့ (မှန်ပါ့ ဘုရား) သန္ဒိဋ္ဌိကော တစ်ချက်ကူလိုက်လို့ (မှန်ပါ့ ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် ဒီဥစ္စာ မရှိသမားကလဲ ရှိချင်တဲ့ ဒုက္ခသေးလှမယ်မဟုတ်ဘူး (မှန်ပါ့) ရှိသမားကလဲ ဒီ့ထက် ရှိချင်တဲ့ ဒုက္ခသေးတာမဟုတ်ဘူး (မှန်ပ့ါ) သေးပါ့မလား (မသေးပါ ဘုရား)။

အခုပြောတဲ့ စကားတွေကို ခရေစေ့တွင်းကျ နားထောင်မှ ဒီဥစ္စာ လောကကြီးထဲမှာ မပါတဲ့စကားတွေ (မှန်ပါ့) ဒကာသစ်- ဘယ်လိုမှတ်သလဲ (လောကကြီးထဲမှာ မပါတဲ့စကားတွေပါ ဘုရား) လောကကြီးထဲမှာ ခင်ဗျားတို့ ပြောတဲ့ စကားတွေ ဘယ်လိုမှမပါဘူး (မှန်ပါ့) ဒီထဲ ပါသေးရဲ့လား (မပါပါ ဘုရား)။

ခင်ဗျားတို့ သိထားတာက မရှိတဲ့ပုဂ္ဂိုလ်က သေချင်တယ်၊ ရှိတဲ့ပုဂ္ဂိုလ်က ပြုံးတယ်၊ ဒီနှစ်လုံးပဲ သိတယ် (မှန်ပါ့ ဘုရား) အပြုံးသမားကလဲအလွဲ၊ အမဲ့သမားကလဲအလွဲ (မှန်ပါ့)။

မရှိတဲ့သူက မဲ့ပြီးသကာလ ကျုပ်တော့ သေချင်တာပဲဗျာ အကျိုးပေးများက လိုက်မှမလိုက်ပဲ (မှန်ပါ့) အင်း ချမ်းသာကို သူက ဘာထင်နေသလဲ (ဒုက္ခထင်ပါတယ်) ချမ်းသာကို သူက ဆင်းရဲထင်တယ် မဟုတ်ဘူးလား (မှန်ပါ့) ရှိတဲ့ပုဂ္ဂိုလ်က ပြုံးတာလဲ ဝန်ကြီးတွေမနည်းထမ်းထားတယ်၊ ဒါကိုပင်လျှင် သူကပြုံးပြီးသကာလနေတယ်၊ သူကလဲ ဘယ့်နှယ်ကြောင့် ပြုံးမိပါလိမ့် (ဒုက္ခကို သုခထင်နေလို့ပါ)။

ဒုက္ခ သုခထင်တယ် (မှန်ပါ့) ဟိုက သုခကို ဒုက္ခထင်တယ် (မှန်ပါ့) ဒီလောက်ထိအောင် လွဲနေတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် မရှိလွဲ-ရှိလွဲ နှစ်ခုသာဖြစ်နေတယ် (မှန်ပါ့) မရှိလွဲ-ရှိလွဲ သူတို့နှစ်ခုသာ ဖြစ်နေတော့တယ် (မှန်ပါ့) ဒါ စကားတတ်လို့ပြောတာလား စိတ်ဝင်စားလို့လား အကဲခတ်ပါ (စိတ်ဝင်စားလို့ပါ ဘုရား)။

အဲဒါ သစ္စာကို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မမြင်တဲ့အတွက် တစ်ခါတည်း ဒုက္ခသစ္စာက သုခသစ္စာဖြစ်၊ သုခသစ္စာက ဒုက္ခသစ္စာဖြစ်တယ် (မှန်ပါ့ ဘုရား) ကဲ ပေါ်ကြပလား (ပေါ်ပါပြီ) မရှိတဲ့ပုဂ္ဂိုလ်က သုခသစ္စာကို (ဒုက္ခသစ္စာ ထင်ပါတယ်) ဒုက္ခသစ္စာ သွားဖြစ်နေတယ်။ ရှိတဲ့ပုဂ္ဂိုလ်က (ဒုက္ခကို သုခသစ္စာဖြစ်နေပါတယ်) အံမာလေး ဒီလူ နှစ်ယောက် ဘယ်နေရာသွားပြီး အသုံးချမလဲ (အသုံးချလို့ မရပါ ဘုရား) ချလို့ရပါ့မလား (မရပါ ဘုရား)။

အရူးနှစ်ယောက်

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရှေ့မှောက်မှာ ဒီလူနှစ်ယောက်သာ ရောက်နေမယ်ဆိုလို့ရှိရင်ဖြင့် အရူး နှစ်ယောက်သွားကြပေတော့ ကွာလို့တောင် နှင်ထုတ်လိုက်လိမ့်မယ် (မှန်ပါ့) မထုတ်ပေဘူးလား (ထုတ်ပါမယ် ဘုရား) အရူးနှစ်ယောက်ကိုးဗျ (မှန်ပါ့) ဦးညွန့် ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘာချို့ယွင်းချက်ရှိလို့ ဒီအမှားနှစ်ခု ပေါ်လာပါလမ့်မလဲ အကဲခတ် (သန္ဒိဋ္ဌိကော မရှိလို့ပါ ဘုရား)။

သန္ဒိဋ္ဌိကော အဖိုးတန်အောင် သုံးလို့ အဖိုးတန်တာလား၊ သူက သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော ကိုယ်တိုင် မြင်အောင် ကြည့်ဆိုတာ ဒို့မကြည့်မိလို့ ဒီအမှားနှစ်ခုတွေ့ရတာပဲ (မှန်ပ့ါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ပေါ်ပြီ တဲ့၊ ကဲ ဦသံဒိုင်တို့ ဒီတရားကို နာရတယ်ဆို အို လောကကြီးထဲမှာ ဒီလူနှစ်မျိုး တစ်ပါးမှမရှိဘူးဟေ့၊ ဒီလူနှစ်မျိုးက နေ့ရှိသမျှ ရူးနေကြတာပဲ (မှန်ပါ့) မဆိုနိုင်ဘူလား (ဆိုနိုင်ပါတယ် ဘုရား) ဆိုနိုင်ကြတယ်၊ ကွာ သူတို့ကို ဘယ်ဆေးနဲ့ ကုရမတုံးလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရှာတော့မှ သန္ဒိဋ္ဌိကော သွားတွေ့တယ် (မှန်ပါ့) မင်းကွာ ကိုယ့်ခန္ဓာ ကြီးကို ကိုယ်တိုင်မြင်အောင် လုပ်လိုက်စမ်းပါ၊ အဲဒီကျတော့ သူက သက်သေခံပါလိမ့်မယ် (မှန်ပါ့)။

မင်းတို့အလွဲတွေ အကုန်ပေါ်ပါလိမ့်မယ်ဆိုတဲ့ ဥစ္စာ ဒါဖြင့် သန္ဒိဋ္ဌိကော တလုံးဟာ ဦးသန်းမောင် နည်းနည်းအဖိုးတန်တာလား၊ များများ အဖိုးတန်တာလား (များများအဖိုးတန်တာပါ ဘုရား) များများအဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း ကြီး ဒီနေ့ညတော့ သိပြီ (မှန်ပ့ါ)။

ခန္ဓာအမှန် မမြင်သ၍ ကာလပတ်လုံး

ကိုင်း ဒါဖြင့် သန္ဒိဋ္ဌိကောတော့ဖြင့်ဘုရား သူ့ကို ခန္ဓာအမှန် မမြင်သ၍ ကာလပတ်လုံးဖြင့် ဒီနည်းနဲ့ မဖြတ်ရင် ပြတ်ဖို့မမြင်ဘူး (မှန်ပါ့) ဒီနည်းနဲ့မဖြတ်ရင် ပြတ်ဖို့မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ သန္ဒိဋ္ဌိကောကို ယနေ့ကစပြီး အသုံးချပါဆိုတဲ့ဥစ္စာကို တိုက်တွန်းတယ် (မှန်လှပါ ဘုရား) ဘယ့်နှယ်ကြောင့် တိုက်တွန်းရပါလိမ့်မလဲဆိုတော့ မရှိရူးနည်း၊ ရှိရူးနည်းကြောက်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာတဲ့တုံး (မရှိရူးနည်း၊ ရှိရူးနည်း ကြောက်နေလို့) လောကမှာ ဒီနှစ်ယောက်တည်းရှိတယ် (မှန်ပါ့) ဒီနှစ် ယောက်တည်းရှိတယ် (မှန်ပါ့) မရှိရူးကလဲ သေချင်တယ်၊ ရှိရူးကလဲ ပြုံးတယ် (မှန်ပါ့ပြုံးပါတယ်) ဒီလိုမနေဘူးလား (မှန်ပါ့)။

အဲဒီတော့ ဒီဟာ ဘယ်သူက သာသတုံးလို့ ဦးသံဒိုင်ကမေးတော့ မရှိရူးနဲ့ရှိရူး ဘယ်ဟာက သာသတုံးလို့ မေးတော့ အဆိုးချည်းပါပဲ (မှန်ပါ့) သန္ဒိဋ္ဌိကောနဲ့ သစ္စာကို အမှန်မသိတာချည်းပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီညမှာ သန္ဒိဋ္ဌိကောတစ်လုံးဟာ ခါတိုင်းညထက် အဖိုးတန်အောင် ပြောတယ်လို့ ဦးသန်းမောင် သေသေချာချာမှတ် (မှန်ပါ့ ဘုရား) ခါတိုင်းည ပြောတာထက် မှတ်ထားဖို့ ကောင်းပါးတယ်၊ ကျယ်လာတယ် (မှန်ပါ့) ကျယ်လာတယ်တဲ့ သန္ဒိဋ္ဌိကော (မှန်ပါ့) ဪ လောကကြီးထမှာ သန္ဒိဋ္ဌိကောမရှိသ၍ ဘယ်သူမှ အရူးမပျောက် ဘူးဟေ့ (မှန်ပါ့)။

ဘယ်သူမှ ဝိပ္ပလ္လာသဆိုတဲ့ ဖောက်ပြန်မှု မပျောက်ဘူး (မှန်ပါ့ ဘုရား) ဝိပ္ပလ္လာသဆိုတဲ့ ဥစ္စာ အမှား (မှန်ပါ့) ဘယ်သူမှ အများမပျောက်ဘူးဟေ့၊ ဘယ်သူမှ အရူးမပျောက်ဘူးဟေ့ (မှန်ပါ့)။

ကိုင်း-ဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆည်းပူးလို့ရထားတဲ့ သဗ္ဗညုတဉာ်နဲ့ ဟောလိုက်တဲ့ သန္ဒိဋ္ဌိကော (မှန်ပါ့ ဘုရား) ဒီလောက်ထိအောင် အဖိုးတန်တယ် (အဖိုးတန်ပါတယ် ဘုရား)။

ဦးညွတ်မှတ်လိုက်စမ်းပါ

ဒါကြောင့် အဖိုးတန်တယ်ဆိုတဲ့ဥစ္စာ စာကလေးတစ်လုံးပေမယ့် ဦးညွတ်မှတ်လိုက်စမ်းပါ၊ ပညာရှိပြီး ချဲ့ထွင် နိုင်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုတော်ကို အတော်အတန်သိတဲ့ ပုဂ္ဂိုလ်မှ ဒီဥစ္စာ အဖိုးတန်လာတယ် (မှန်ပါ့) ရရုံရနေတဲ့ ပုဂ္ဂိုလ်မှာတော့ သိပြီး အဖိုးမတန်လှဘူး (မှန်ပါ့ ဘုရား) အခုတော့ သိပြီ သေဘာကို၊ သန္ဒိဋ္ဌိကော တစ်လုံးပိုင်ရင် ဒုက္ခဝဋ် ကျွတ်တယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

သန္ဒိဋ္ဌိကောတစ်လုံးသာပိုင် (ဒုကဝဋ်ကျွတ်ပါတယ် ဘုရား) ဒုက္ခဝဋ် ကျွတ်တယ်၊ သာမံပဿိတဗ္ဗော- ကိုယ်တိုင် မြင်ရမယ်။ ဆိုတော့ ခင်ဗျားတို့ဟာက ကိုယ်တိုင်မြင်တာမှ မဟုတ်ဘဲ မရှိတဲ့ပုဂ္ဂိုလ်သေချင်တာကလဲ ဪ မရှိလို့ သေချင်တာ၊ လူများဟာမရှိရင် သေတာက ကောင်းတယ်လို့ ပြောသံကြားဖူးတယ် (မှန်ပါ့ ဘုရား) ရှိတဲ့ပုဂ္ဂိုလ်ကလဲ အင်း ရှိနေလို့ ရှိရင်ချမ်းသာတယ်လို့ သူများ ပြောသံကြားဖူးတယ် (မှန်ပါ့)။

ခင်ဗျားတို့ သန္ဒိဋ္ဌိကောလဲ သူများပါးစပ် လမ်းဆုံးနေတာပဲ (မှန်ပါ့ ဘုရား) ကဲ သန္ဒိဋ္ဌိကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) သိပ်မနစ်နာဘူးလား (နစ်နာပါတယ်)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ သူများပါးစပ် လမ်းဆုံးရင်တော့ မင်က မဲ့ရလိမ့်မယ်၊ မင်းပြုံးရလိမ့်မယ် သာမံပဿိတဗ္ဗော-လုပ်ပါလို့ ဆိုတဲ့ဥစ္စာ ဒီဥစ္စာကို တထစ်ချ ဒီဂရီမချပေးရင် ခက်တယ်ဗျ (မှန်ပါ့ ဘုရား) တထစ်ချ ဒီဂရီချမပေးရင် အရူးနှစ်ယောက် (မှန်ပါ့) အခု ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်တော့မှ အမှန်ဖြစ်မလဲ (သန္ဒိဋ္ဌိကောနဲ့မှ) သန္ဒိဋ္ဌိကောနဲ့ ခန္ဓာကိုယ် အမှန်မြင်ရင်တော့ ပျောက် မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်တာ

ဒါကြောင့် ခင်ဗျားတို့က “ဣမေဟိ ဆဟိ ဓမ္မေဟိ သမ္ပန္နာဂတံ ဓမ္မံ သန္ဒမိဟံ”=ဒီဓမ္မတွေသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် သန္ဒိဋ္ဌိကောတစ်လုံးသည် မနေ့ညက ပြောခဲ့သလို ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်တာလဲ သူပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဒီခန္ဓာထဲရှိတဲ့ ဒုက္ခသစ္စာဖြစ်ပျက်ကို သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မြင်လိုက်တယ် (မှန်ပါ့) မြင်လိုက်လို့ရှိရင် မြင် ခြင်းကြောင့် အဝိဇ္ဇာလဲချုပ်တယ် (မှန်ပါ့) မြင်ခြင်းကြောင့် လိုချင်တဲ့ တဏှာစိတ် (ချုပ်ပါတယ် ဘုရား)။

မြင်ခြင်းကြောင့် အနိစ္စအစစ်ပဲ၊ ဒုက္ခသစ္စာ အစစ်ပဲလို့ ဆုံးဖြတ်ချက်ချသောကြောင့် ဒိဋ္ဌိလဲပြုတ်တယ် (မှန်ပါ့ ဘုရား) ဘယ် ပဋိစ္စသမုပ္ပါဒ်က စ,စရာရှိသေးသလဲ (မရှိပါ ဘုရား)၊ သဘောကျလား (ကျပါတယ်) ခင်ဗျားတို့သိထားတဲ့ အသိကတော့ဖြင့် အပြုံးသမားကလဲ တဏှာ ဥပါဒါန်ကံဘက် လှည့်တယ် (မှန်ပါ့) အမဲ့သမားကလဲ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာသင်္ခါရဘက်လှည့်တယ် (မှန်ပါ့)။

ဘယ်သူက ပြတ်သလဲ (ဘယ်သူမှမပြတ်ပါ ဘုရား) အမဲ့သမားလဲ မပြတ်ဘူး (မှန်ပါ့) အပြုံးသမားကော (မပြတ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့၏ ပြုံးမှာ- ခင်ဗျားတို့၏ မဲ့မှာကို ဘုရားသခင်သည်ကားလို့ဆိုရင် အလွန်စိုးရိမ်တော်မူ သည် (မှန်ပါ့) မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ်) နို့- တစ်သံသရာလုံး ခင်ဗျားတို့ဘာနဲ့ ဆုံးခဲ့တုံးမေးတော့ အပြုံးတလှည့် အမဲ့တစ်လှည့်နဲ့ပဲ တပည့်တော်တို့ နေခဲ့ရတယ် (မှန်ပါ့)။

သန္ဒိဋ္ဌိကော တစ်လုံးပဲ ခင်ဗျားတို့ရှုပါ

ဒါဖြင့် အပြုံးအမဲ့ကို ဇာတ်သိမ်းတာဖြင့် သန္ဒိဋ္ဌိကော တစ်လုံးပဲ ခင်ဗျားတို့ရှုပါ (မှန်ပါ့) အပြုံးအမဲ့ဇာတ်သိမ်း အောင် ဘယ်သူက လုပ်ပေးသတုံး (သန္ဒိဋ္ဌိကောက လုပ်ပေးပါတယ်) သန္ဒိဋ္ဌိကောက လုပ်ပေးတယ်ဆိုတာ မပေါ်လာ ဘူးလား (ပေါ်လာပါတယ်)။

ကောင်းပြီ ဒါဖြင့် သန္ဒိဋ္ဌိကောဟာဖြင့် တပည့်တော်တို့ ရိုးမြေကျ ဒီဟာနဲ့ပဲ နေတော့မယ်၊ ကိုယ့်ခန္ဓာကိုယ် တိုင်မြင်တဲ့ ဉာဏ်နဲ့ နေပါတော့မယ်လို့ ဆုံးဖြတ်ချက်ချသည်နဲ့ တစ်ပြိုင်နက်တည်း-ချလိုက်လို့ ကိုယ်တိုင်မြင်တဲ့ ဉာဏ် ကြောင့် “ဒိဋ္ဌဓမ္မော ပတ္တဓမ္မေ ဝိဒိတဓမ္မေ ပရိယောဂါဠ ဓမ္မေ တိဏ္ဏဝိစိကိစ္ဆော”=ဝိစိကိစ္ဆာတွေလဲ သေပြီးပြီကွ (မှန်ပါ့) ဝိဂတကထံကထောတဲ့ သံသယလဲမရှိတော့ဘူးကွတဲ့ (မှန်ပါ့) ဝေသာရဇ္ဇပ္ပတ္တောတဲ့၊ အဲဒီကျမှ သူရဲရင့်တယ် (မှန်ပါ့) အပရပ္ပစ္စယော-တဲ့ တစ်ပါးသောပုဂ္ဂိုလ်ရဲ့ အကူအညီ မလိုတော့ဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သူ တစ်လုံးပိုင်လို့ရှိရင် သောတာပန် တည်တယ်ကွတဲ့ (မှန်ပါ့) ဘယ်လောက်အဖိုးတန်သလဲ (တန်ပါ တယ် ဘုရား) သန္ဒိဋ္ဌိကောတစ်လုံးပိုင်ရင် သောတာပန် တညတယ်လို့ ခေါ်ထိုက်ပါတယ် (မှန်ပါ့) ကြည့်လေ သန္ဒိဋ္ဌိကော ဆိုတာ ဒိဋ္ဌိဓမ္မောပဲ (မှန်ပ့ါ) ဒိဋ္ဌဓမ္မောလာရင် ပတ္တဓမ္မောဖြစ်ရတော့မယ် (ဖြစ်ရပါမယ်) ဝိဒိတဓမ္မောကော (ဖြစ်ရ ပါမယ်) ဆုံးဖြတ်ချက်ချနော် (မှန်ပါ့) ပရိယောဂါဠဓမ္မောတဲ့၊ သူတစ်ပါးဉာဏ် ဝင်စရာလိုသေးရဲ့လား (မလိုပါ ဘုရား)။

”တိဏ္ဏဝိစိကိစ္ဆော”တဲ့-ဝိစိကိစ္ဆာတွေကော မကင်းဘူးလား (ကင်းပါတယ် ဘုရား)။

”ဝိဂတကထံကထော”တဲ့ သူများပြောတဲ့စကားတွေဟာ သံသယတွေ မဝင်တော့ဘူး (မှန်ပါ့)၊

”ဝေသာရဇ္ဇပ္ပတ္တော’ ‘တဲ့၊ သန္ဒိဋ္ဌိကောတစ်လုံးပိုင်ပြီဗျ၊ ကျုပ် ခင်ဗျားတို့ပြောတာ တစ်လုံးမှ မယုံတော့ဘူးဆိုပြီး ရဲရင့်တယ် (မှန်လှပါ)၊ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ်)။

အံမာလေး ခင်ဗျားတို့ကတော့ ဒါကလေးအချောက်တိုက်ပဲ ပါးစပ်ကရွတ်သွားတယ်၊ ဘာမှ အဖိုးမတန်ဘူး ထင်တယ် (မှန်ပါ့)။

”သန္ဒိဋ္ဌိကော-သန္ဒိဋ္ဌိကော”လို့ ဦးသန်းမောင်ကြီးတို့များ အာပေါက်လို့ ရွတ်လိုက်ရတာ (မှန်ပါ့) ဘာကျေးဇူး များသတုံး-ဆိုတော့ မပြောတတ်ပါဘုရား ရွတ်သာနေရတယ် (မှန်ပါ့)။

သောတာပန်တည်ချင်ရင် သန္ဒိဋ္ဌိကောလုပ်

အဲဒီတော့ သောတာပန်တည်ချင်ရင် သန္ဒိဋ္ဌိကောလုပ် (မှန်ပါ့) ဘုန်းကြီးက ဆုံးဖြတ်ချက်ပေးလိုက်တယ် (မှန်ပါ) သောတာပန်တည်ချင်ရင် (သန္ဒိဋ္ဌိကောလုပ်)။

သန္ဒိဋ္ဌိကော အလုပ်သာလုပ်၊ ဒီ့အပြင် အလုပ်လုပ်ဖို့မလို (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် မောင်ထွန်းရင်ရေ မင်းမသေလို့ ကြားနေရတာ (မှန်ပါ့) ဒီတစ်လုံးတည်းကို ဘုရားသခင် ကိုယတော်မြတ်ကြီးက လေးသေင်္ချနဲ့ ကမ္ဘာတစ်သိန်း စုဆည်းပူးလို့ရတဲ့ ဉာဏ်တော်နဲ့ ဒီတစ်လုံးဟာ ဟေ့ သောတာပန် တည်နိုင်တဲ့ တစ်လုံးလို့ ဟောတယ် (မှန်ပါ့)၊ ဒီတစ်လုံးပြောတာလဲ နာရီဝက်ကျော်ပါပြီ (မှန်ပါ့) ဘာမှမပြောဘူး၊ ဒီ သန္ဒိဋ္ဌိကောပဲ ပြောတာ (မှန်ပါ့)။

သို့သော်လဲ ပုဂ္ဂိုလ်သတ္တဝါတွေမှာ ဒုက္ခကို သုခထင်တဲ့ပုဂ္ဂိုလ်က အပြုံးသမား၊ သခုကို ဒုက္ခထင်တဲ့ ပုဂ္ဂိုလ်က အမဲ့သမား (မှန်ပါ့) သံသရာထဲမှား အပြုံးနဲ့အမဲ့သာ လှည့်နေတယ်။ (မှန်ပါ့) မဇ္ဈိမပဋိပဒါ ပါကို မပါဘူး (မပါပါ ဘုရား)။

မဇ္ဈိမပဋိပဒါဆိုတာ မပြုံးမမဲ့မှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပြုံးတာက ကာမသုခလ္လိကာနုယောဂ၊ မဲ့တာက အတ္တကိလမထာနုယောဂ (မှန်ပါ့) မပြုံးမမဲ့တဲဆီ ရောက်ပါမှ အလယ်လမ်း မဇ္ဈိမပဋိပဒါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ကတော့ မဟုတ်ဘူး၊ ဓမ္မစကြာ ဟောထားတာပဲ၊ ဒါကလေးတော့ မှတ်မိတယ် (မှန်ပါ့) မဟုတ်ပါ ဘူးတဲ့ ဒါလဲ အလယ်လမ်းဟောနေတာ (မှန်ပါ့) သန္ဒိဋ္ဌိကောဆိုတာ ဘာတုံး (အလယ်လမ်းပါ ဘုရား)။

မင်းတို့အပြုံးနဲ့လဲ ဇာတ်သိမ်းချင်တယ်ကွ၊ မသိနဲ့လဲ ဇာတ်သိမ်းချင်တယ်၊ ကိုယ်တိုင်သာ မြင်အောင်လုပ်ဆို တော့ သူက ရှုနေတဲ့အခါ ပြုံးလမ်း၊ အမဲ့လမ်းလာသေးတယ် (မလာပါ) ဒါဖြင့် သူ အလယ်လမ်း (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

အလယ်လမ်းကို အမျိုးမျိုးဟောလိမ့်မယ်

ဒါဖြင့် အလယ်လမ်းကို အမျိုးမျိုးဟောလိမ့်မယ်လို့ မှတ်ထား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပြုံးတဲ့လူက ကာမသုခလ္လိကာနုယောဂ- ကာမဂုဏ်ခံစားရလို့ပြုံးတာ (မှန်ပါ့ ဘုရား) ဟိုပုဂ္ဂိုလ်ကတော့ ကာမဂုဏ်မခံစားရလို့ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲအောင် ဒေါမနဿ ဖြစ်နေတာ (မှန်ပါ့) ဟိုက အတ္တကိလမထ ကိုယ့်ကိုယ်ညှဉ်းဆဲတယ် (မှန်ပ့ါ)။

အဲဒါ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်းကို ခင်ဗျားတို့ မကြိုက်ဘူး (မှန်ပါ့) မကြိုက်ပါ ဘုရား) ပြုံးနေတဲ့ ကာမသုခလ္လိက ကာမဂုဏ်ခံစားတဲ့ လမ်းကော (မကြိုက်ပါ ဘုရား) ဘယ်လမ်းသွားမလဲ အလယ်လမ်း (မဇ္ဈိမပဋိပဒါ လမ်းပါ ဘုရား)။

မဇ္ဈိမပဋိပဒါဆိုရင် မပြုံးမမဲ့ပဲ သစ္စာမြင်တဲ့ သန္ဒိဋ္ဌိကော လမ်းကို လိုက်ပါ (မှန်ပါ့ ဘုရား) မဲ့စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ပြုံးစရာကော (မရှိပါ ဘုရား) မဲ့ပြုံးဟာ အရူးနှစ်ယောက်ပဲ (မှန်လှပါ ဘုရား)။

အင်း ဘာတဲ့တုံး (မဲ့ပြုံးဟာ အရူးနှစ်ယောက်ပါ ဘုရား) အရူးနှစ်ယောက်ပဲ (မှန် ပါ့) ဘုရားခင်ကိုယ်တော် မြတ်ကြီး ဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါ ဒီနှစ်ယောက်ပဲရှိတယ် (မှန်ပါ့) ဒီနှစ်ယောက်ပဲရှိတယ် ဦးသန်းမောင် အမဲ့သမားရယ် အပြုံးသမားရယ်၊ အလယ်လမ်းသမားကို မပါဘူး (မပါပါဘူး)။

အလယ်လမ်းတရား

ကိုင်းဒါဖြင့် ဒီနေ့အလယ်လမ်းကို သန္ဒိဋ္ဌိကောဆိုတာ တစ်ခါတည်း ဟောလိုက်ပါတယ်။ အလယ်လမ်းတရားလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကော လမ်းကိုပဲ ကိုယ်တိုင်မြင်တဲ့ လမ်းကိုပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမှန်အတိုင်း လိုက်ကြမယ်ဆိုလို့ရှိရင်ဖြင့် အလယ်လမ်းကသွားရင် နိဗ္ဗာန်ပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)။

ကာမသုခလ္လိကာနုယောဂ လမ်းကသွားလို့ရှိရင် သုဂတိရောက်မယ် (မှန်ပါ့) အတ္တကိလမထာနုယောဂလမ်းက သွားလို့ရှိရင် အပါယ်ရောက်မယ် ဘယ်တော့မှ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကောဆိုတဲ့ ဘုရားဟောတော်မူတဲ့ ပါဠိတော်သည် ဘယ်လမ်းကိုပြသလဲ (အလယ်လမ်းကို ပြပါ တယ်)။

အံမာလေး ဒါမသိဘူးနော် ဖြစ်နေလိုက်တာ ဦးသံဒိုင်ကြီးတို့ ထူလိုက်တာ၊ မထူဘူးဘား (ထူပါတယ် ဘုရား)။

ဒါ အလယ်လမ်းပြနေတယ် (မှန်ပါ့) ဒီအလယ်လမ်းရယ်လို့ကော သိရဲ့လား (မသိပါဘူး) မသိဘူး ကာမ သုခလ္လိက တစ်ခါတလေလိုက်-လိုက်၊ တစ်ခါတလေ ကိုယ့်ကိုယ်ညှဉ်းဆဲတဲ့ အတ္တကိလမထလမ်း (မှန်ပါ့) အလယ်လမ်းက ချော်ထွက်နေတာပဲ (မှန်ပါ့) အလယ်လမ်းကိုပဲ ဦးသံဒိုင်ကြီးတို့ ရောက်ကိုမရောက်ဘူးဗျာ (မှန်လှပါ) ခန္ဓာကိုယ် ကိုယ်တိုင်မြင်အောင် ကြည့်ဆိုတဲ့ အလယ်လမ်းကို (မရောက်ပါဘူး) မရောက်ဘူး ကိုယ်တိုင်မြင်အောင် ကြည့်လိုက်လို့ ရှိရင် ဒုက္ခသိပြီ (မှန်ပါ့)၊ ဒုက္ခသိရင် မဂ်မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) မဂ္ဂင်ဟာ ဘယ်လမ်းတုံး (အလယ်လမ်းပါ ဘုရား)။

သန္ဒိဋ္ဌိကောဟာ အလယ်လမ်း

ဒါကြောင့်မို့ သန္ဒိဋ္ဌိကောဟာ အလယ်လမ်းလို့ ပြောနေတာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) တော်တော် အရေးကြီပလားဆိုတာ ယနေ့တရားမှာ ဒကာသစ်တို့ ကောင်းကောင်းပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒီနေ့ ဘာဟော သတုံးမေးရင် ဘယ့်နှယ်ပြောမလဲ (သန္ဒိဋ္ဌိကော ဟောပါတယ်) သန္ဒိဋ္ဌိကောဟာ ဘယ်လမ်းတုံး (အလယ်လမ်းပါ ဘုရား) အလယ်လမ်းဗျ မဂ္ဂင်လမ်းကို (မှန်ပါ့) သူကပြုံးလို့လဲ ရှုလို့မရဘူး (မှန်ပါ့) မဲ့ရင်လဲမမြင်ဘူး (မှန်ပါ) မဲ့ရင်လဲ ဒုက္ခ သစ္စာမမြင်ဘူး၊ ပြုံးနေတဲ့ပုဂ္ဂိုလ်ကလဲ (မမြင်ပါဘူး ဘုရား)။

မမြင်ဘူးတဲ့ သာမံပဿိတဗ္ဗောဆိုတဲ့ အတိုင်း ဦးညွန့်တို့ ဦးသန်းမောင်တို့ ဪ-မဲ့ပြုံးာ့ားက သွားရမှာပါ ကလား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်ကသွားကြမယ် (မဲ့ပြုံးကြားက သွားရပါမယ်) ဒီလိုဆိုတော့ ရှင်းမသွားဘူးလား (ရှင်းပါတယ်) ရှင်းသွား ပြီတဲ့ ဒါကြောင့် သန္ဒိဋ္ဌိကောတစ်လုံးဟာ ဦးသံဒိုင် အလွန်နာရခဲတဲ့ တရားသေပျော်တဲ့တရား (မှန်ပါ့ သေပျော်ပါတယ်) ဘယ်စာအုပ်မှလဲ မပါဘူး(မှန်ပါ့)။

ဟိုပါတာက အတ္တကိလမထာနုယောဂ-ကာမသုခလ္လိကာနုယောဂဆိုတော့ ဒီထဲမှာသွင်းတော့လဲ ဒီအထဲပြန် ရောက်တယ် (မှန်ပါ့) သွင်းတော့ (ဒီအထဲပြန်ရောက်တာပါပဲ)။

ဒီအထဲ ပြန်ရောက်တာပဲဆိုတော့ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာ-တဲ့ ငါ့တရားတော်က ကျဉ်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကျဉ်းမှာပဲ ကျယ်တဲ့ပုဂ္ဂိုလ်ကျတော့ ကျယ်မှာပဲ အဲဒါကတော့ဖြင့် ဆုံးမသွန်သင်တဲ့ ပုဂ္ဂိုလ် အပေါ်မှာ တည်တယ် (မှန်ပါ့) ချဲ့ချင်သလောက်ချဲ့ ငါ့တရား မလွဲဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါကြောင့် ကဲ-ယခုချဲ့ပြီး ပြောလိုက်တော့ ဪ-သန္ဒိဋ္ဌိကောဟာ ဘယ်လမ်းပါလိမ့် (အလယ်လမ်းပါ ဘုရား) ဟုတ်သားပဲ ပြုံးလမ်းလဲ မဟုတ်ဘူး၊ မဲ့လမ်းကော (မဟုတ်ပါဘူး)။ မဟုတ်ဘူးတဲ့ ကိုယ့်ခန္ဓာအရှိကို သန္ဒိဋ္ဌိကောတည်း ဟူသော အသိဉာဏ်နဲ့ ကိုက်သွားတော့ကို ပြုံးတာလဲမှားတယ် မဲ့တာလဲ မှားတယ်တဲ့ ဘာပြုလို့တုံးဆိုတော့ မဂ္ဂင်ပေါ် လာလို့ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကဖြစ်ပျက်၊ သန္ဒိဋ္ဌိကော မဂ်

ခန္ဓာကိုယ်ကဖြစ်ပျက်၊ သန္ဒိဋ္ဌိကော မဂ် (မှန်ပါ့မဂ်ပါ) ဆိုတော့ သူဘယ်လမ်းရောက်သွားသတုံး (အလယ်လမ်း ရောက်သွားပါတယ်)။

အလယ်လမ်း ရောက်သွားတယ်၊ ဪ-ဒို့မှာ ဆေးတွေ့လျက်နဲ့ မကုတတ်လို့ဖြစ်ရတာ ဒါကြောင့် မနေ့ညက ခင်ဗျားတို့ကို အပြစ်တင်လိုက်တယ် ဦးသံဒိုင်ကြီးတို့ ဦးသန်းမောင်တို့ အတော်ဆိုးတဲ့လူတွေ သောက်ဆေးကို လိမ်းဆေး လုပ်နေတယ် (မှန်ပါ့ ဘုရား) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ်)။

ခင်ဗျားတို့ကလဲ ဘုရားရှိခိုးကိုး (မှန်ပါ့) ရှိမခိုးကြဘူးလား (ခိုးပါတယ် ဘုရား) ဘုရားက ဒီလိုဟောတာလား (မဟုတ်ပါဘူး ဘုရား)။

‘သာမံပဿိတဗ္ဗော”သာမံကိုယ်တိုင် ပဿိတဗ္ဗော ခန္ဓာမြင်အောင်ကြည့်တဲ့ (မှန်ပါ) ဒီလိုဆိုတော့ ဘုရားက သောက်ေ်ဆးဟောတာ (မှန်ပါ့) ခင်ဗျားတို့က (လိမ်းဆေးလုပ်နေပါတယ်)။

ဒါဖြင့် အနာမပျောက်ဘူး စိတ်သာချ (မှန်ပါ့ ဘုရား) သံသရာ့အနာ မပျောက်ဘူး သံသရာမှာ အိုဘေး၊ နာဘေး၊ သေဘေးအနာတွေဟာ (မပျောက်ပါဘူး) ဘာဖြစ်လို့တုံး ဆေးအသုံးလွဲနေလို့ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြ မတုံး (ဆေးအသုံးလွဲနေပါတယ် ဘုရား) ဆေးအသုံးလွဲနေလို့လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဦးညွန့်ကြီး ကဲ-တရားထူးနာရပလား (မှန်ပါ့နာရပါပြီ)။ နာရပြီ သူ့ထက်ထူးမရှိတော့ဘူး စိတ်သာချတော့ (မှန်ပါ့ ဘုရား) ကဲ-ဒါဖြင့် သန္ဒိဋ္ဌိကောဆိုတဲ့ဥစ္စာ အလယ်လမ်းပဲ ဒါဖြင့် အလယ်လမ်းကို ဒို့ဖိပြီးလိုက်ရမယ်လို့ ဆုံးဖြတ် ချက်ချပါ(မှန်ပါ့)။

အလယ်လမ်းဖြင့် (ဖိပြီးလိုက်ရမယ်) ဖိလိုက်ရမယ်၊ အလယ်လမ်းမှ နိဗ္ဗာန်ရောက်မှကိုးဗျ (မှန်ပါ့) ဒီ့ပြင်လမ်း တွေ့ ခုနကပြောခဲ့တယ်၊ မဲ့လမ်းကလဲ အပါယ်သွားတယ် (မှန်ပါ့) ပြုံးလမ်းကလဲ သုဂတိဒုက္ခသစ္စာရတယ် (မှန်လှပါ) ဘယ်ဟာကောင်းသတုံး (ဘယ်ဟာမှမကောင်းပါဘူး)။

ကိုယ်တိုင်မြင်ရင် အလယ်လမ်းရောက်တယ်

အဲ ဘယ်ဟာမှ မကောင်းတော့ ဦးသန်းမောင်က အလယ်လမ်းပဲ လိုက်ပေတော့ (မှန်ပါ့) ဦးညွန့်ကော (အလယ်လမ်းပဲ လိုက်ရမှာပါ) နောက် သီလရှင်တွေ (အလယ်လမ်းလိုက်ရမှာပါ ဘုရား) အလယ်လမ်း၊ သူများလယ်လို့ လယ်မရဘူး။ ကိုယ်တိုင်မြင်ရင် အလယ်လမ်းရောက်တယ် (မှန်ပါ့) ကိုယ်တိုင်မမြင်သေးရင် (မရောက်ပါ ဘုရား)။

ကိုယ်ခန္ဓာထဲမှာ ဒုက္ဓသစ္စာတွေ ရှိနေတယ်၊ ဘုရားက အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ နောက်ဆုံးကျတော့ ဒုက္ခက္ခန္ဓဿ အကုန်ဒုက္ခသစ္စာ ဟောတယ် (မှန်ပါ့)။

အဲဒါ ကျုပ်တို့က ခန္ဓာထဲ ဝေဒနာပေါ်လဲ ဒုက္ဓသစ္စာလို့ မရှုဘူး၊ တဏှာပေါ်လဲ (သမုယဒယသစ္စာလို့ မရှုပါ ဘုရား) ဥပါဒါန်ပေါ်လဲ (ဒုက္ခသစ္စာလို့ မရှုပါ ဘုရား)။

နို့ ဘုရားလဲ ဒုက္ခက္ခန္ဓဿကွ-တဲ့၊ အခု ဟောလာတာတွေ အဝိဇ္ဇာကအစ သောက ပရိဒေဝအဆုံးဟာ ဒုက္ခ သစ္စာချည်းပဲ ဒီလိုမဟောဘူးလား (ဟောပါတယ်)။

ဟောတော့ ကျုပ်တို့က သန္ဒိဋ္ဌိကောနဲ့ မကြည့်မိတော့ကို သူတို့၏ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်ကို သွားမမြင်ဘူး၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) မမြင်တော့ သန္ဒိဋ္ဌိကောလို့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)။

သန္ဒိဋ္ဌိကောဆိုလို့ မရတော့ ခင်ဗျားတို့သည် အလယ်လမ်းကို ဘယ်တော့မှ မရောက်ဘူး (မှန်ပါ့ ဘုရား) ဦးသန်းမောင် (မှန်ပ့ါ မရောက်ပါ ဘုရား)။

ကဲ ဦးညွန့်ကော (မှန်ပါ့ မရောက်ပါ ဘုရား)။

နို့-သန္ဒိဋ္ဌိကောကို အမှန်ရောက်အောင် မသုံးဘဲကိုး (မှန်ပါ့) သန္ဒိဋ္ဌိကောဆိုတဲ့ဥစ္စာ ခင်ဗျားတို့က ရွတ်ဖို့ ဖတ်ဖို့ အန္တရာယ်ကင်းဖို့ ဒီဘက်မှာ လိမ်းဆေးအဖြစ်နဲ့ သွားသုံးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လိုသုံး ရမှာတုန်း (သောက်ဆေးသုံးရမှာပါ) သောက်ဆေးဗျ ရိပ်မိပလား (မှန်ပါ့ ရိပ်မိပါပြီ)။

သောက်ဆေးလုပ်ရမှာ

သောက်ဆေးလုပ်ရမှာ၊ နောက်က ဒကာ ဒကာမတွေ သန္ဒိဋ္ဌိကော ဘာဆေးလုပ်ရမလဲ (သောက်ဆေးလုပ်ရ ပါမယ်) သောက်ဆေးလုပ်လို့ရှိရင်ဖြင့် အခု ဆရာသမားကလဲ သင်လို့ သောက်ဆေးလုပ်မှ ပျောက်မယ်ဆိုတာသိပြီ၊ သောက်ဆေးလုပ်မှလဲ အလယ်လမ်းကိုဗျ (မှန်ပါ့ ဘုရား)။

ကဲဒါဖြင့် သန္ဒိဋ္ဌိကောသည် အလယ်လမ်းတော့ ရောက်ပါပြီဘုရား၊ အလယ်လမ်း၏ ကိုယ်တိုင်မြင်အောင် ဆိုတော့ မြင်စရာကလေး ပြပါတော့ဆိုတဲ့ စကားတစ်လုံးဟာ တောင်းလာတယ် (တောင်းပါတယ် ဘုရား) တောင်းဖို့ အချိန်လဲ ရောက်လာပြီ (ရောက်ပါပြီ) မဟုတ်ဘူးလား (မှန်ပါ့)။

ဟေ့ ရှင်းရှင်းကလေးပဲ ဘုရားက ဟောပါတယ်ကွာ ခင်းခန္ဓာကြီးက ဒုက္ခသစ္စာကြီးကွ၊ အဲဒီ ဒုက္ခသစ္စာကြီးက သူ ခဏခဏ ဒုက္ခသစ္စာတွေ ပြလိမ့်မယ်၊ အဲဒီဒုက္ခသစ္စာတွေပြတာဟာ ဘယ်သူ့ကိုပြတာတုံးလို့ မေးလို့ရှိရင်ဖြင့်တဲ့ သန္ဒိဋ္ဌိကောသမားကို သူပြတာ (မှန်လှပါ)၊ တစ်ပါးပုဂ္ဂိုလ်တော့ မပြဘူး (မှန်ပါ့မပြပါ ဘုရား)။

သန္ဒိဋ္ဌိကောသမားတော့ (ပြပါတယ် ဘုရား) အဲဒီတော့ သူ ပြတဲ့-ဧဟိ-လာခဲ့ပါ၊ ဖဿ -ကျုပ်ဟာ ဒုက္ခသစ္စာ ပါပဲလို့ ရှုပါ၊ သူမ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ခန္ဓာကြီးကလေ (မှန်ပါ့) ခန္ဓက ဝေဒနာကခေါ်၊ သညာကခေါ် အလုံးစုံဖြစ်ပျက်တွေဟူ၍ကဖြင့် မခေါ်ဘူးလား (ခေါ်ပါတယ်)။

အဲဒီတော့ သူခေါ်ရာကို ကိုင်း သူကတော့ဖြင့် ခေါ်ပြီး ကိုယ်ကတော့ တစ်နေ့ကပြောသလို တဏှာနဲ့မသွားနဲ့ ဒေါသနဲ့မသွားနဲ့၊ အသွားကိုပဲ သင်ရဦးမှာ ခင်ဗျားတို့ (မှန်လှပါ ဘုရား) မသင်ရပေဘူးလား (သင်ရပါတယ်)။

ဝေဒနာက ခေါ်တယ်

အသွားကလဲ သင်ရဦးမှာ (မှန်ပါ့) ခင်ဗျားတို့က ယားတယ်ဆိုတော့ ဝေဒနာက ခေါ်တယ် (မှန်ပါ့) ဖျောက်ချင်တဲ့ တဏှာနဲ့ သွားတယ်၊ လွဲပြန်ပြီ (မှန်ပါ့) ကာမသုခလ္လိက လမ်းရောက်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ယားတာကို သွားဖျောက်လိုက်တဲ့အခါကျတော့ ဖျောက်ချင်တဲ့တဏှာက ခိုင်းတာ (မှန်ပါ့) ဒီလိုဆိုတော့ ဘယ်လမ်းရောက်သွား သလဲ (ကာမသုခလ္လိက လမ်းပါ ဘုရား)။

ယားပဲ ယားလွန်းလှတယ်ဆိုပြီးသကာလ တစ်ခါတည်း ပွတ်ချေပစ်လိုက်တဲ့အခါကျတော့ ကိုယ်ခန္ဓာ ဆင်းရဲအောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့) အဲဒါ အတ္တကိလမထလမ်း ရောက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အလိုက်မတတ်ပြန်လဲ ဆိုးပြန်တယ် (မှန်ပါ့ ဘုရား)။

အတော်သင်ရပါကလား မောင်သစ်ရ-ကဲ (သင်ရပါတယ် ဘုရား) အတော့်ကို သင်ရတယ် သေသေချာချာ စစ်ပြီးတော့မှ တကယ်သင်ရတယ် (မှန်ပါ့ ဘုရား)။

ကဲ-ဦးသန်းမောင်ကြီးပြောတော့ အသက်ပဲ ခြောက်ဆယ်နီးနေပြီ (နီးပါပြီ) နီးပြီ၊ ဦးညွန့်လဲ နီးပြီပဲဆိုကြပါစို့ (မှန်ပ့ါ ဘုရား)။

အဲဒါတောင်မှ တဏှာနဲ့ ဒေါသနဲ့သာ လိုက်တတ်တယ်၊ သန္ဒိဋ္ဌိကောဆိုတဲ့ ဉာဏ်နဲ့တော့ (မလိုက်တတ်ပါ ဘုရား)။

မလိုက်တတ်တော့ ဘာဖြစ်နေသတုံး၊ တဏှာနဲ့လိုက်တော့ တဏှာ ဥပါဒါန်ကံသွားပြီ (မှန်ပါ့) ဒေါသနဲ့လိုက်တော့ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရဘက်သွားပြီ (မှန်လှပါ)။

အဲဒီတော့ ခင်ဗျားတို့က ကာမသုခလ္လိကနဲ့ လိုက်တဲ့အခါ လိုက်လိုက်၊ ဧဟိပဿိကောက ခေါ်ရာကိုလေ (မှန်လှပါ) ခေါ်ပင်ခေါ်ငြားသော်လဲ ကာမသုခလ္လိကနဲ့ လိုက်လိုက် (မှန်ပ့ါ)။

တစ်ခါတလေ အတ္တကိလမထနဲ့လိုက်လိုက် (မှန်ပါ့) လိုက်လိုက်တယ်ဆိုတော့ အလိုက်ကလဲ ဦးသန်းမောင် လွဲပြန်ပြီ (လွဲပါတယ် ဘုရား) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

လွဲသွားပြီ-တဲ့၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သန္ဒိဋ္ဌိကော ခေါ်ပြန်တော့လဲ အလိုက်မတတ်တာနဲ့ ချော်လဲဦးမှာပဲ (မှန်ပ့ါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

သန္ဒိဋ္ဌိကောက လိုက်ရမှာကို အလိုက်မတတ်တာနဲ့ပဲ ခင်ဗျားတို့ ဧဟိပဿိကော ခေါ်တဲ့ဥစ္စာကို ချော်လဲမှုနဲ့ သွားကြုံရတယ် (မှန်ပါ့) အလိုက်မတတ်လို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သန္ဒိဋ္ဌိကောက ကိုယ်တိုင်မြင်အောင် လိုက်ပါလို့ ဟောထားတဲ့ဥစ္စာ ခင်ဗျားတို့ အလိုက်မတတ်လို့လဲ ခုနက အလယ်လမ်းမရောက်ပါဘူး (မှန်ပ့ါမရောက်ပါဘူး)။

ဘေးလမ်း ဟိုဘက်ရှေ့ဆိုလို့ရှိရင် ကာမသုခလ္လိကလမ်းနဲ့လိုက်လိုက် တစ်မျိုး (မှန်ပါ့) အတ္တကိလမထလမ်းနဲ့ လိုက်လိုက် တစ်မျိုးဆိုတော့ အလုပ်ကလဲ လွဲကုန်ပြီ (မှန်ပ့ါ ဘုရား)။

ကဲ-ဒါဖြင့် ဆရာဘုန်းကြီး တည့်ပေးရမယ် အလိုက်မှန်အောင် (မှန်ပါ့) ဦးသန်းမောင် အလိုက်မှန်အောင် တည့်ပေးရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီလိုဟေ ဒေါသနဲ့လဲ မလိုက်နဲ့ လောဘနဲ့လဲ မလိုက်နဲ့ ဧဟိပဿိကော ခေါ်ရာကို (မှန်ပါ့ ဘုရား) မဂ်နဲ့လိုက်ဟေ့ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) ဘာနဲ့လိုက်ကြရမယ် (မဂ်နဲ့လိုက်ရပါမယ်) မဂ်နဲ့လိုက်ရမယ် နို့မို့ ချော်လဲမှာ စိုးရသေးတယ် (မှန်ပါ့)။

ဉာဏ်နဲ့ကြည့်ပါ

ဒါဖြင့် ဒီလိုလုပ်ပါလား၊ နာတာကလေး တစ်နေရာမှာ ပေါ်တယ်၊ လက်နဲ့မလိုက်နဲ့ ဟုတ်လား (မှန်ပါ့ ဘုရား) အင်း လက်နဲ့လဲ မလိုက်နဲ့ ကြမ်းနဲ့လဲ မပွတ်နဲ့ ဉာဏ်နဲ့ကြည့်ပါ (မှန်ပါ့)။

ဘယ်လိုလုပ်ကြမယ် (ဉာဏ်နဲ့ ကြည့်ရပါမယ် ဘုရား) ဉာဏ်နဲ့ကြည့်ရမယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။ ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် သူ့သဘောကို သူပြောလိမ့်မပေါ့ (မှန်ပါ့) မမြဲပါကလား၊ ဖြစ်ပြီးပျက်တတ်တဲ့ ဓမ္မပါလို့ သူက ပြောမယ် (မှန်လှပါ)။

သူကပြောတော့ သန္ဒိဋ္ဌိကောက သူ သသေချောချာ လိုက်ကြည့်တော့ ပုဂ္ဂိုလ်သတ္တဝါတွေ မတွေ့ဘူး၊ သာယာ စရာ၊ နှစ်သက်စရာ မတွေ့ဘူး၊ ဒေါသစိတ်လဲ မတွေ့ဘူး၊ အဲဒါ အလယ်လမ်းလို့ မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)။

ကဲ ဒီနေ့ည ဒီတွင်ပဲ တော်ကြဦးစို့။

သာဓု သာဓု သာဓု။