10711

မာတိကာသို့

အားကိုးရာအစစ် ရှာကြပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌

ဟောကြားတော်မူသော

အားကိုးရာအစစ် ရှာကြပါ

ပဋိစ္စသမုပ္ပါဒ် တရားတော် (၂၁)

(၁၃-၁၂-၆၁)

အားကိုးရာရှိကြပါစေ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးရာ ရှိကြပါဆိုတဲ့ဥစ္စာကို အထူးသဖြင့်ပဲ သူမှာတယ်နော် (မှန်ပါ့ ဘုရား)၊ အားကိုးရာရှိကြပါစေ- အားကိုးရာမရှိလို့ရှိရင် မဖြစ်ဘူး (မှန်ပါ့)။

လောကီ ဥပမာ ဘုန်းကြီးတို့က ဖြည့်စွက်ပြီးပြောရလို့ရှိရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ မွေးလာတယ် ဆိုရင်ပဲ ကိုယ့်အိမ်ကလေး အားကိုးရာရှိတော့ မိုးလုံတဲ့နေရာကလေး ပြေးရကြတယ် (မှန်ပါ့)၊ အားကိုးရာရှိတဲ့ ပုဂ္ဂိုလ် ကျတော့ ခိုကိုးရာရတယ် (ရပါတယ် ဘုရား)။

နေပူတယ်ဆိုလို့ရှိရင်လည်း ထို့အတူပဲတဲ့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ထီးကလေးပါသွား၊ ထီးခိုဖို့ရာ ရ တယ် (မှန်ပါ့)၊ ဒီ့ပြင်ဝင်နားမယ်ဆိုလို့ရှိရင် အိမ်ထဲ ဝင်နားနေလိုက်ရင် ခိုကိုးရာရတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခိုကိုးရာ အားထားရာတို့တော့ဖြင့် မင်းတို့ အသိဉာဏ်ရှိတဲ့ ဘဝအရ ယူထားပါဆိုတာကိုလည်း (မှန်ပါ့ ဘုရား)၊ သို့သော် ဒီခိုကိုးရာဆိုတာကလည်း အဟုတ်စိတ်ချရတဲ့ ခိုကိုးရာ နှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား)။

ယာယီ ခိုကိုးရာ

အဲဒီတော့ ဒီ ဒကာ ဒကာမတွေဟာ ဒါနကလေးလုပ်ပြီး သကာလ နတ်ပြည်သွားပြီး ခိုကိုးလိုက်တယ် (မှန်ပါ့)၊ ခေတ္တတော့ ခိုကိုးရပါရဲ့ ဒိဋ္ဌိမပြုတ်ရင် အပါယ်ပြန်ကျတယ် (မှန်လှပါ ဘုရား)။

ဟာ သီလကလေး ဆောက်တည်လိုက်တာပဲ၊ ဒါကလေးခိုကိုးရာပဲ၊ နောက်ဘဝ ကောင်းစားရာ ခိုကိုးရာပဲလို့ ခိုကိုးရာအလုပ် လုပ်လိုက်ပြန်တော့လည်း ဒိဋ္ဌိက မပြုတ်ပြန်တော့လည်း ဒကာကြွယ် ပြန်ပြီး အပါယ်လေးပါး ရောက် ပြန်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီဟာတွေက ယာယီ ခိုကိုးရာလို့မှတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လိုခိုကိုးရာပါလိမ့် (ယာယီခိုကိုးရာပါ ဘုရား)။

ယာယီ ခိုကိုးရာလောက်နဲ့တော့ဖြင့် တင်းတိမ်ပြီးမနေကြပါနဲ့ (မှန်ပါ့ ဘုရား)၊ အမြဲအစွဲ ဘယ်ဟာမျိုးမဆို မလှုပ်ရှားနိုင် မထိခိုက်နိုင် မတွန်းလှန်နိုင်တဲ့ မပျက်စီးနိုင်တဲ့ ခိုကိုးရာကို အသိဉာဏ်ရှိတဲ့ဘဝ ရှာထားပါဆိုတဲ့ဥစ္စာကို တိုက်တွန်းရတယ် (မှန်လှပါ)။

ဒါဖြင့် ခိုကိုးရာတွေ အမျိုးမျိုး အဖုံဖုံ ရှိကြငြားသော်လည်း ယာယီခိုကိုးရာတစ်မျိုး (မှန်ပါ့)၊ အမြဲတမ်း ခိုကိုး ရာ တစ်မျိုး (မှန်လှပါ ဘုရား)၊ ဘယ်နှစ်မျိုးရှိသွားပလဲ (နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုးရှိပြီး သကာလ နေတော့ နတ်ပြည်, ဗြဟ္မာပြည်သွားပြီး ခိုကိုးလိုက်မယ်လို့ ဆိုပြန်လို့ရှိရင် အိုဘေး, နာဘေး, သေဘေး,ကျတော့ မတတ်နိုင်ဘူး (မတတ် နိုင်ပါ ဘုရား)။

ထိုကဲ့သို့ မတတ်နိုင်တော့ ယာယီပဲ သက်သာခွင့်ရပြီး မောင်ဘသော်တို့ တော်တော်ကြာကျလို့ရှိရင်ဖြင့် စိတ် မချရတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး မေးတော့ ယာယီခိုကိုးရာမို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း လူ့ပြည်လာပြီး သကာလ လူချမ်းသာရယ်လို့ဆိုပြီး သူများပြောထားတဲ့အတိုင်း ယုံပြီး သကာလ ဒကာကြွယ်တို့ ခိုကိုးတော့ ကိုယ်ကိုယ်တိုင် ခိုကိုးကြတော့ အိုဘေး, နာဘေး သင့်နေပြီ (သင့်ပါတယ် ဘုရား)၊ မသင့် ဘူးလား (သင့်ပါတယ် ဘုရား)၊ မရောက်ခင်တုန်းကတော့ လူ့ပြည်ဟာ ခိုကိုးရာအစစ်ပဲဆိုပြီး သကာလ ခိုကိုးကြည့်လိုက် တာပဲ (မှန်ပါ့)၊ သေသေချာချာကြည့်လိုက်ပြန်တော့လည်း ကိုယ်ကိုယ်တိုင် အိုဘေး, နာဘေး, သေဘေး သင့်နေတယ် (သင့်ပါတယ် ဘုရား)၊ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

–ခိုကိုးရာအစစ် ရွေးချယ်ဦးမှ တော်မယ်

အဲဒါ ဒီဟာတွေ သေသေချာချာတွေးတော့ အို ခိုကိုးရာအစစ်ဆိုတာလည်း ရွေးဦးမှ ချယ်ဦးမှ တော်တော့ မယ်ဆိုတဲ့ဥစ္စာ ဒီနေ့ စိတ်မွေးရလိမ့်မယ် (မှန်လှပါ ဘုရား)၊ မမွေးသင့်ဘူးလား (မွေးသင့်ပါတယ်)။

ကိုင်း ဒါဖြင့် ဘယ်သူဖျက်လို့မှ မပျက်, ဘယ်မရဏတွေမှလည်း မကြောက်ရ, ဘယ်ကိုးဆယ့်ခြောက်ပါး တွေမှလည်း မမွှေနှောက်နိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ဥစ္စာဖြင့် တစ်ခါခိုကိုးမိမယ်ဆိုရင်ဖြင့် ဒကာကြွယ်ရေ ဘယ်သူမှ လှုပ် ခြောက်ခြားလို့ မရဘူး (မရပါ ဘုရား)။

အဲဒီတော့ ဒီခိုကိုးရာရောက်မှပဲ ကျုပ်တို့ စိတ်ချလက်ချ နေလို့ရမယ် (မှန်ပါ့ ဘုရား)၊ ဒီခိုကိုးရာ မရောက် သ၍ ကာလပတ်လုံးဖြစ်ခဲ့လို့ရှိရင် နတ်ပြည်ကျပြန်တော့လည်း အိုဘေး, နာဘေးကရှိ (ရှိပါတယ် ဘုရား)၊ လူ့ပြည်ကျ ပြန်တော့လည်း (အိုဘေး, နာဘေး ရှိပါတယ် ဘုရား)၊ ဗြဟ္မာပြည် ခိုကိုးလိုက်မယ်ဆိုပြန်တော့လည်း (အိုဘေး, နာ ဘေး ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ယာယီခိုကိုးရာတွေပါကလားဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆုံးဖြတ် ချက်ချမလဲ (ယာယီခိုကိုးရာတွေပါ ဘုရား)၊ ယာယီခိုကိုးရာတွေကျတော့ အလကားပါပဲကွာ၊ ယနေ့ကစပြီး ယာယီ ခိုကိုးရာကတော့ အလကားပါပဲဟေ့ (မှန်ပါ့)၊ အမြဲတမ်း ခိုကိုးရာမှပဲ စိတ်ချရမှာပဲဟေ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်း ပါပြီ)၊ ဘာရှာဖို့ အချိန်ရောက်ပလဲ (အမြဲတမ်း ခိုကိုးရာရှာဖို့ အချိန်ရောက်ပါပြီ ဘုရား)။

နိဗ္ဗာန်ဓမ္မပဲ အားကိုးကြ

အဲဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက

“အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ၊

အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာတဲ့”(မဟာဝဂ္ဂပါဠိ၊ ၈၅။ ပါထိကဝဂ္ဂပါဠိ၊ ၄၈)

ဓမ္မပဲ အားကိုးကြဟေ့တဲ့ (မှန်ပါ့)၊ ဓမ္မပဲ အားကိုးကြဆိုတာ နိဗ္ဗာန်ဓမ္မပဲ အားကိုးကြ (မှန် ပါ့)။

နိဗ္ဗာန်ဓမ္မသည်သာလျှင် ဒကာ ဒကာမတို့ ၉၆ ပါးနဲ့လည်း သူမဆက်သွယ်ဘူး (မှန်ပါ့ ဘုရား)၊ အိုဘေး, နာ ဘေး, သေဘေးနဲ့လည်း (မဆက်သွယ်ပါ ဘုရား)၊ မင်းဘေး, စိုးဘေး, သူခိုးဘေးနဲ့လည်း (မဆက်သွယ်ပါ ဘုရား)။

ဪ ဒါဖြင့် အဲဒီ့ဓမ္မပဲ ကျုပ်တို့ အားကိုးမှသာလျှင် ဦးဘအုန်းရေ အခြေခိုင်တော့မယ် (မှန်ပါ့ ဘုရား)၊ ဒီ့ပြင်ဟာ အားကိုးလိုက်လို့ရှိရင်ဖြင့် အခြေမခိုင်ဘူး (မှန်ပါ့)၊ အခြေမခိုင်တော့ နှစ်ကြာလေ ကြောက်စရာကောင်းလေ (မှန်ပါ့ ဘုရား)၊ နှစ်ကြာလို့ရှိရင်တော့ ဆွေးတော့မှာပဲ ပျက်တော့မှာပဲ ပျောက်တော့မှာပဲဆိုတဲ့ဥစ္စာ လာပါတယ် (မှန်ပါ့)။

အဲဒါကြောင့် အခြေခိုင်တာကိုဖြင့် ဒကာ ဒကာမတွေ အားကိုးရာရှိကြပါစေဆိုပြီး သံယုတ်ပါဠိတော်မှာ “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာ ” တရားပဲ အားကိုးကြ၊ တရားပဲ ပုန်းအောင်းကြဟေ့ ၊ ဒီ့ပြင်ဟာတွေက ယာယီတွေ ဟလို့ အင်မတန် ဆုံးမတော်မူတယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဓမ္မပဲ အားကိုးရမယ် (မှန်ပါ့)၊ ဘယ်ဓမ္မတုံး လို့ မေးတဲ့ အခါကျတော့ ဓမ္မတွေကလည်း အပါယ်သွားတဲ့ ဓမ္မကလည်း ရှိသေးတယ် (မှန်ပါ့)၊ သုဂတိဗြဟ္မာ့ပြည်သွားတဲ့ ဓမ္မတွေ လည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါး ဓမ္မ တရားကိုသာလျှင်

အဲဒီတော့ ဒီဓမ္မတွေလည်း အသာထားပြီး သကာလ စိတ်မချရတဲ့ ဓမ္မတွေပဲဆိုပြီး သကာလ မဂ္ဂင်ရှစ်ပါး ဓမ္မ တရားကိုသာလျှင် မလှုပ်နိုင်တဲ့ နိဗ္ဗာန်- မဖြုတ်နိုင်တဲ့ နိဗ္ဗာန်- မပျက်စီးနိုင်တဲ့ နိဗ္ဗာန်ရောက်အောင် ပို့နိုင်တဲ့ တရား ဖြစ်လေသောကြောင့် ယခုအချိန်မှာ ဒီဓမ္မပဲ ကိုယ့်ဝမ်းထဲမှာ ထားပြီး ကိုးစားရမယ်ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ဝမ်းထဲမှာထားပြီး ဒီဓမ္မပဲ အားကိုးကြပါဆိုတာ သတိပေးရတယ် (မှန်ပါ့ ဘုရား)၊ ဒီ့ပြင် ဓမ္မတွေက တော့ဖြင့် အထိမခံ ရွှေပုဂံတွေလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဦးဘအုန်း ကျေနပ်ပြီ (ကျေနပ်ပါပြီ ဘုရား)၊ ဘယ်ဓမ္မ အားကိုးကြမယ် (နိဗ္ဗာန်ပို့မည့် ဓမ္မ အားကိုးကြရပါမယ် ဘုရား)၊ အားကိုးလို့ရှိရင် မခိုင်-မမြဲသလို ဒကာ ဒကာမတို့ သစ်ပင်တက်တဲ့ ပုဂ္ဂိုလ်လိုပေါ့နော် (မှန်ပါ့)၊ သစ်ကိုင်း ခြောက် သွားပြီး အားကိုးလောက်တယ်ဆိုပြီး ဆွဲလိုက်မယ်ဆိုရင် သူက ကျိုးတာနဲ့ ကိုယ်ပါ ကျိုးရတယ် (မှန်လှပါ ဘုရား)၊ သူပျက်စီးတာနဲ့ ကိုယ်ပါ ပျက်စီးရတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေဟာ သစ်ကိုင်းချောက်နဲ့ တူတယ်ကွ (မှန်လှပါ ဘုရား)၊ တကယ် အားကိုး လို့ မရဘူးကွ တော်တော်ကြာကျလို့ရှိရင် ပြုတ်ကျတာပဲဆိုတော့ ဒကာကြွယ်ရေ နိဗ္ဗာန်ဓမ္မပဲ အားကိုးရမယ် (မှန်လှပါ ဘုရား)။

သူ့ပို့တဲ့တရားကို ရှေးဦးစွာ အားကိုးရမယ်

နိဗ္ဗာန်ဓမ္မသည် ဘယ်လိုမှ ကျိုးတယ်, ပေါက်တယ်, ပျက်တယ် မဟုတ်ပါဘူး (မှန်ပါ့)၊ သို့သော် သူ့ကိုလည်း အားကိုးကြပါဆိုငြားသော်လည်း သူ့ပို့တဲ့တရားကို ရှေးဦးစွာ အားကိုးရမယ် (မှန်လှပါ ဘုရား)၊ သူပို့တဲ့တရားက မဂ္ဂင်ရှစ်ပါး (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ အားကိုးရာအစစ် ပို့နိုင်တဲ့ တရားက ဘယ်သူပါလိမ့် (မဂ္ဂင်ရှစ်ပါးပါ ဘုရား)၊ ကဲ ဒါဖြင့် အဲဒီဓမ္မကို စပြီး အားကိုးကြ (မှန်လှပါ ဘုရား)။

ဒီဓမ္မ စပြီး အားကိုးလိုက်ပြီဆိုမှဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ရောက်အောင် ပို့လိုက်တယ် (မှန်ပါ့)၊ ဒါကြောင့် မဂ္ဂင်ရှစ်ပါး ဓမ္မတရားကိုဖြင့် ဒကာ ဒကာမတို့ အမြဲတမ်း အားကိုးကြပါ၊ သူသာလျှင် ခုနင်က မကျိုး, မပျက်တဲ့နေရာ အရောက်ပို့နိုင်တဲ့တရား ဖြစ်လေသောကြောင့် သူ့ကိုပဲ ကျုပ်တို့ ဓမ္မဒီပါ ဓမ္မသရဏာဆိုတဲ့အတိုင်း ဒီဓမ္မပဲ ကျွန်ကြီး သဖွယ် အောက်မေ့ရမယ် (မှန်ပါ့)၊ ဒီဓမ္မပဲ ကိုးကွယ်ရာလုပ်ရမယ် (မှန်ပါ့)၊ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မဂ္ဂင် ဓမ္မ အားကိုးကြ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာအားကိုးကြမယ် (မဂ္ဂင်ဓမ္မ အားကိုးကြရပါမယ် ဘုရား)၊ မဂ္ဂင်ဓမ္မပဲ ဦးဘအုန်းရေ အားကိုးမှပဲ (မှန်ပါ့)၊ မဂ္ဂင်ဖောင်ကြီး မဂ္ဂင်ရထားရယ်လို့ ဘုရားက အမျိုးမျိုးဟောတယ် (မှန်လှပါ ဘုရား)။

အဲ အမျိုးမျိုး ဟောပြီး သကာလ နေတော့ ဪ သူသည် မပြိုမပျက်နိုင်တဲ့နေရာ ပို့တဲ့ တရားပါလား ဆိုတဲ့ဥစ္စာဖြင့် မောင်ဘသော်တို့ သေချာပါပြီ (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂင်ဓမ္မလည်း ဘယ်လိုလုပ်မှ တပည့်တော်တို့ ရမှာပါလဲလို့ မေးတဲ့အခါကျတော့ မဂ္ဂင်ဓမ္မ ဟာလည်း ဦးဘအုန်း အလိုလိုပေါ်လာတဲ့ ဓမ္မမဟုတ်ဘူး (မှန်လှပါ ဘုရား)။

အလိုလိုပေါ်လာတဲ့ ဓမ္မမဟုတ်ပါဘူး

အလိုလိုပေါ်လာတဲ့ ဓမ္မမဟုတ်ပါဘူး ဒကာကြွယ်ရ၊ အားထုတ်ယူရတဲ့ ဓမ္မပါ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ဓမ္မဟာလည်း အလိုလိုပေါ်လာတာလား အားထုတ်ယူရမှာလား (အားထုတ်ယူရမှာပါ ဘုရား)၊ အားထုတ်ယူရမှာဆိုတာ ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်လှပါ)။

အဲဒီတော့ ဒီမဂ္ဂင်ဓမ္မကလည်း ဘယ်လိုအားထုတ်ရမှာတုံးလို့ မေးတော့မှ ဟာ မဂ္ဂင်ဓမ္မဆိုတာ သတိပဋ္ဌာန် အလုပ် လုပ်လို့ရှိရင်ဖြင့် မဂ္ဂင်ဓမ္မ ပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန် အလုပ်လုပ်လို့ရှိရင် (မဂ္ဂင်ဓမ္မ ပေါ်လာပါတယ် ဘုရား)၊ မဂ္ဂင်ဓမ္မ ပေါ်လာတာပဲလို့ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန် အလုပ်လုပ်လို့ရှိရင် (မဂ္ဂင်ဓမ္မ ပေါ်လာပါတယ် ဘုရား)၊ မဂ္ဂင်ဓမ္မ ပေါ်လာတယ်ဆိုတာ သေသေ ချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဲဒီတော့ မဂ္ဂင်ဓမ္မသည်ကားလို့ဆိုရင်ဖြင့် နိဗ္ဗာန်လည်း ပို့တယ်၊ ရန်သူတွေလည်း သတ်တယ် (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်ကိုလည်း (ပို့ပါတယ် ဘုရား)၊ ရန်သူတွေလည်း (သတ်ပါတယ် ဘုရား)။

ကိလေသာရန်သူတွေ သတ်တာလည်း သူပါပဲ

ဪ ဒါဖြင့် ရန်သူနိုင်တာလည်း သူပဲ (မှန်ပါ့ ဘုရား)၊ မကျိုး, မပျက်တဲ့ဆီ ပို့တာလည်း (သူပါပဲ ဘုရား)၊ ကိလေသာရန်သူတွေ သတ်တာလည်း (သူပါပဲ ဘုရား)၊ မကျိုး, မပျက်, မပျောက်, မကြားတဲ့ နိဗ္ဗာန်ပို့တာ လည်း (သူပါပဲ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိုးစားရာ အစစ်ဟာဖြင့် ဦးဘအုန်း တွေ့ပြီဗျာ (တွေ့ပါပြီ ဘုရား)၊ အဲဒီတော့ ဒီတရားပဲ ကျုပ်တို့ တွေ့ပြီး သကာလ နေတော့ ဒါကလေး ကိုယ်ပိုင်ရဖို့ အလုပ်ဟာ ကျုပ်တို့ အရေးကြီး တယ် (မှန်ပါ့ ဘုရား)၊ ဒါကလေး ကိုယ်ပိုင်ရဖို့ အလုပ်ဟာ အလွန်အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်း လင်းလင်း မှတ်ပါ (မှန်ပါ့ ဘုရား)။

အလွန်အရေးကြီးပါတယ်နော် (မှန်ပါ)၊ ဘယ်လိုအရေးကြီးသလဲလို့ မေးတဲ့အခါကျတော့ မဂ္ဂင်ဓမ္မဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ၂ နံပါတ်က ရုပ်နာမ်ဓမ္မတွေ ရှိပါတယ်ဆိုတဲ့ဥစ္စာ ပဋိစ္စသုမပ္ပါဒ်မှာ ဒကာ ဒကာမတွေ မြင်ပါ ပြီ (မြင်ပါပြီ ဘုရား)၊ ၂ နံပါတ်မှာလည်း ရှိတဲ့ ရုပ်နာမ်ဓမ္မတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲဒီ ၂ နံပါတ်ရှိတဲ့ ရုပ်နာမ်ဓမ္မတွေကိုတဲ့ ကြည့်တတ်ရင် မဂ္ဂင်ဓမ္မ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ အရိယာ မျက်လုံး တပ်ပြီး ကြည့်လိုက်လို့ရှိရင် (မဂ္ဂင်ဓမ္မပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် မဂ္ဂင်ဓမ္မဆိုတာလည်း သူတော်ကောင်းမျက်လုံး အရိယာတို့၏ မျက်လုံး၊ ဒီမျက်လုံးနဲ့ ကြည့်မပဲ မဂ္ဂင်ဓမ္မကလည်း ပေါ်တယ် (မှန်ပါ့ ဘုရား)။

အရိယာမျက်လုံး တပ်ကြည့်မှ ပေါ် တာ

မဂ္ဂင်ဓမ္မက အလိုလို ပေါ်လာတာလား ၊ သူတော်ကောင်းမျက်လုံး၊ အရိယာမျက်လုံး တပ်ကြည့်မှ ပေါ် တာလား (သူတော်ကောင်းမျက်လုံး၊ အရိယာမျက်လုံး တပ်ကြည့်မှ ပေါ်တာပါ ဘုရား)။

အဲဒါကြောင့် အခု တရားနာကြတဲ့ ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ နာကြတာတုံးဆိုလို့ရှိရင်ဖြင့် မဂ္ဂင်ဓမ္မ ပေါ်အောင်လို့ နာကြတာပဲ (မှန်ပါ့ ဘုရား)၊ ပွားများကြတာလည်း မဂ္ဂင်ဓမ္မပေါ်အောင်လို့ ပွားများကြတာပါပဲ (မှန် ပါ့)။

သို့သော် ဆရာဘုန်းကြီးက သူတော်ကောင်းမျက်လုံး တပ်ပေးလိုက်ချင်တယ် (မှန်ပါ့ ဘုရား)၊ တပ်ပေး လိုက်တော့ သူတော်ကောင်းမျက်လုံးရတော့ ရင့်ကျက်လာတော့ အရိယာမျက်လုံး ဖြစ်လာတယ် (မှန်ပါ့)။

အဲဒီမျက်လုံးတွေကို သူတော်ကောင်းမျက်လုံး ရှေးဦးစွာတပ်ပြီး ရင့်ကျက်လာလို့ အရိယာမျက်လုံးဖြစ်အောင် ဒကာ ဒကာမတွေက ကြိုးစားလိုက်ပြီဆိုမှဖြင့် မဂ္ဂင်ဟာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ္ဂင်ပေါ်လာသည်နဲ့ တစ်ပြိုင်တည်းတဲ့ ဒီဘက်မှာ တဏှာ ဥပါဒါန်တို့ သောကပရိဒေဝတို့ လာသေးသလား (မလာပါ ဘုရား)။

၂ နံပါတ်လည်း မလာ၊ ၃ နံပါတ်လည်း မလာ၊ ၄ နံပါတ်လည်း မလာ (မှန်ပါ့ ဘုရား)၊ ၃ နံပါတ် မလာတာ လည်း ဘယ်သူ့ကြောင့်တုံး (မဂ္ဂင်ကြောင့်ပါ)၊ ၄ နံပါတ်တွေ အဆက်ပြတ်သွားတာ (မဂ္ဂင်ကြောင့်ပါ ဘုရား)။

ဪ ဒါဖြင့် မဂ္ဂင်ဓမ္မသည် ဒီဘက်က သမုဒယသစ္စာကိုလည်း သတ်တယ်၊ လာလတ္တံ့ ဒုက္ခသစ္စာတွေကို လည်း သတ်တယ် (မှန်ပါ့ ဘုရား)၊ ဘယ်သူပါလိမ့် (မဂ္ဂင်ဓမ္မပါ ဘုရား)။

အားကိုးရာတစ်ခု လုပ်ထားပါတဲ့

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာကြွယ် အားကိုးရာတစ်ခု လုပ်ထားပါတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ အားကိုးရာတစ်ခုဖြင့် (လုပ်ပါ ဘုရား)၊ ဘယ်သူပါလိမ့်မတုံး (မဂ္ဂင်ဓမ္မပါ ဘုရား)။

အို ဒါဟာ ခင်ဗျားတို့ ဦးဘအုန်း ဒီအသံထွက်လာတာကို အလွန်ကျေးဇူးများပြီ (မှန်လှပါ ဘုရား)၊ ရှေးတုန်းကတော့ ဒကာကြွယ်တို့ ဒီလိုဗဟုသုတ ကြီးကြီးကျယ်ကျယ် မရှိခင်တုန်းက ကိုယ်ပြုထားတဲ့ ကျောင်းကန် ဘုရားကလေး သူ အားကိုးလိမ့်မယ် (ကိုးပါတယ် ဘုရား)၊ ဒါကလေးက နတ်ပြည်ပို့မှာကိုးဗျ (မှန်ပါ့ ဘုရား)။

အင်း ကိုယ်ဆောက်တည်ထားတဲ့ တရားကလေးလည်း အားကိုးလိမ့်မယ် (အားကိုးပါတယ် ဘုရား)။

အင်း ဒါကလေးတွေကလည်း မဂ္ဂင်က မဟုတ်သေးတော့ သူတို့ ပို့တော့ပို့မှာပဲ ယာယီခိုကိုးရာ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ယာယီခိုကိုးရာ ပို့ပါမယ်ဘုရား)၊ ယာယီခိုကိုးရာပဲ ပို့မယ် (မှန်ပါ့)၊ အမြဲတမ်း ခိုကိုးရာ တော့ (မပို့နိုင်ပါ ဘုရား)။

အင်း ဒါကြောင့် ဘုန်းကြီးက အရင်းထားပြီး ဒကာ ဒကာမတွေ အမှန်အကန်ပြောတော့ ဒကာ ဒကာမ တွေ မဂ္ဂင်မှ နိဗ္ဗာန်ပို့တယ် (မှန်ပါ့)၊ သူပို့လိုက်တဲ့နေရာကတော့ ပျက်ခြင်း, ပြိုခြင်း, ပျောက်ခြင်း မရှိပါဘူး (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ့အားကိုးရမယ်ဆိုတဲ့အတိုင်း စောစောက ပြောလိုက်တာလည်း ဒကာကြွယ် ဦးဘအုန်းတို့ ကျေနပ် လောက်အောင် သဘောကျတယ် (ကျပါတယ် ဘုရား)။

ဒီ့ပြင်ဟာတွေက ယာယီခိုကိုးရာတွေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ့်နှယ်ကြောင့် ဒီမဂ္ဂင်ဓမ္မကို ခိုကိုး ကြပါလို့ဆိုသတုံးဆိုတော့ ဒီနေရာမှာ ဒကာ ဒကာမတွေက ဒီခန္ဓာတွေကို ဒုက္ခသစ္စာလို့ မှန်မှန်ကန်ကန် သိမယ်၊ ၂ နံပါတ်တွေကိုနော် (မှန်ပါ့)။

၂ နံပါတ်တွေ မှန်မှန်သိတော့ ဒီနားမှာ မဂ်ကလေးပေါ်တယ် (မှန်ပါ့)၊ မဂ္ဂင်ရှစ်ပါး သွားပေါ်တယ် (မှန်ပါ့)၊ ရှုစက မဂ္ဂင်ငါးပါး ပေါ်တယ်၊ နောက်တော့ ရှုဖန်များလာတော့ ရှစ်ပါးပေါ်တယ် (မှန်ပါ့)။

ဒါတွေ ဒုက္ခသစ္စာ မြင်လာလို့ရှိရင် ဒါတွေဟာ ဒုက္ခသစ္စာတွေ ပင်ကိုက ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ဒီမှာကြည့်ပါ လား ဒုက္ခသစ္စာ (မှန်ပါ့)။

ပင်ကိုက ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက ကိုယ့်ဉာစ်ထဲ ဒုက္ခသစ္စာဖြစ်လာလို့ရှိရင်ဖြင့် ဒီဘက်က ကိလေသာ တွေလည်း သူဖြတ်ပါတယ် (ဖြတ်ပါတယ် ဘုရား)၊ ဒီနားပေါ်တဲ့ မဂ္ဂင်ကလေ (မှန်ပါ့)၊ ဒီဘက်က နိဗ္ဗာန်ကော (ပို့ပါ တယ် ဘုရား)။

ဪ ဒါဖြင့် မဂ္ဂင်သည် ဒကာ ဒကာမတို့ ၃ နံပါတ်ကိုလည်း မလာစေ (မှန်ပါ့)၊ ၂ နံပါတ် ဖုံးနေတဲ့ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကိုလည်း အရောက်ပို့တယ် (ပို့ပါတယ် ဘုရား)။

ဒီနေရာ မဂ္ဂင်ပေါ်ရမယ်

ဒါဖြင့် ကိလေသာရန်သူကို ဖြတ်တာလည်း မဂ္ဂင်ပဲ (မှန်ပါ့)၊ ဒီနေရာ မဂ္ဂင်ပေါ်ရမယ် (မှန်ပါ့)၊ သူ့ကို ဖြစ် ပျက်ရှုမှာကိုး (မှန်လှပါ)။

အဲဒီတော့ ဒီကိလေသာရန်သူတွေ ဖြတ်တာကော (မဂ္ဂင်ပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီဘက် ဝေဒနာနိရောဓာ, တဏှာနိရောဓာ နိဗ္ဗာနံပို့လိုက်တာကော (မဂ္ဂင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်နေရာကျပြီ (ကျပါပြီ ဘုရား)၊ ကိလေသာရန်သူတွေ ဖြတ်တာလည်း မဂ္ဂင်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မပြိုမပျက်တဲ့ နိဗ္ဗာန်ပို့တာလည်း (မဂ္ဂင်ပါ ဘုရား)။

ဪ မဂ္ဂင်သည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အလွန်ကျေးဇူးများတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

ကိလေသာရန်သူ ဖြတ်တာလည်း (မဂ္ဂင်ပါ ဘုရား)၊ နိဗ္ဗာန်ကို ရောက်ကြောင်းအဖြစ်နဲ့ ပို့တာလည်း (မဂ္ဂင်ပါ ဘုရား)။

အဲဒီမဂ္ဂင်ကလေးဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မဒီပါ ဓမ္မသရဏာ ဒီတရားပဲ ကျွန်းကြီးသဖွယ် အားကိုးကြ၊ ဒီတရားပဲ တောင်ကြီးသဖွယ် ခိုအောင်းကြကွဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတော့ မဂ္ဂင်အရေးကြီးပုံကိုဖြင့် ယနေ့ ဒကာကြွယ်ရေ ကောင်းကောင်းပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ပွားများယူလိုက်ရင် မဂ္ဂင်ပေါ်တာပဲ (မှန်ပါ့)၊ ပွားများယူလိုက်ရင် (မဂ္ဂင်ပေါ်ပါတယ် ဘုရား)။

၂ နံပါတ်ထဲက တရားတွေ အခုစိတ်ရှုလိုက် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်က အနိစ္စ မြင်တာက မဂ္ဂ (မှန်ပါ့ ဘုရား)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာက ဖြစ်ပြီးပျက်လို့ အနိစ္စ (မှန်ပါ့)၊ မြင်တာက မဂ္ဂဆိုတော့ မဂ္ဂင်ဟာ ဝမ်းထဲ ရောက်ပြီ (ရောက်ပါပြီ ဘုရား)၊ မရောက်ဘူးလား (ရောက်ပါပြီ)။

မဂ္ဂင်ရောက်ပြီး သကာလ လာတော့ ရှေ့တွင်ပဲ ပြလိုက်တော့ ဒီဘက်က ၃ နံပါတ် ကိလေသာ တဏှာ ဥပါ ဒါန် ကံတွေကော (မလာပါ ဘုရား)၊ မလာဘူး၊ ဒါ မဂ္ဂင်က ဖြတ်လိုက်တာ (မှန်ပါ့)။

အားကိုးရာမရှိတဲ့ ပုဂ္ဂိုလ်

နောက် ဒုက္ခသစ္စာတွေ ချက်ချင်းရောက်လာတော့ နိရောဓသစ္စာဘက် ပို့လိုက်တယ်ဆိုတာကော (မဂ္ဂင်ဓမ္မပါ ဘုရား)။

ဒါဖြင့် ဒီဟာ အားကိုးရာမရှိတဲ့ ပုဂ္ဂိုလ်များမှာ နိဗ္ဗာန်မရောက်သေးဘူး (မရောက်သေးပါ ဘုရား)။

ဒီဟာ အားကိုးရာမရှိတဲ့ ပုဂ္ဂိုလ်များမှာ (နိဗ္ဗာန်မရောက်သေးပါ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်ရေ နတ်ပြည်, ဗြဟ္မာ့ပြည်တွေကိုဖြင့် သွားပြီး သကာလ သစ်ပင်တက်တဲ့လူက သစ်ကိုင်းခြောက်ဆွဲသလို ကျိုးကျမှာ စိုးရိမ်ရတယ် (မှန်ပါ့ ဘုရား)၊ ကျိုးတက်တဲ့ ဓမ္မတွေကိုး (မှန်ပါ့ ဘုရား)၊ ပျက်တတ် တဲ့ ဓမ္မတွေကိုး (မှန်ပါ့ ဘုရား)။

အဲဒါတွေကြောင့် အားကိုးမလွဲပါစေနဲ့ဆိုတာကိုလည်း ဦးဘအုန်း သတိပေးရတယ် (မှန်ပါ့)၊ အားကိုးမလွဲပါ စေနဲ့ဆိုတာ (သတိပေးရပါတယ် ဘုရား)၊ ဘာ့ကြောင့်တုံး၊ မခိုင်လို့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)၊ မခိုင်တာ အားကိုးလို့ရှိရင် မခိုင်သလို ကိုယ်နစ်နာလိမ့်မယ် (မှန်ပါ့)။

မခိုင်တာ အားကိုးရင် (မခိုင်သလို နစ်နာမှာပါ ဘုရား)၊ မခိုင်သလို နစ်နာရမယ်ဆိုတဲ့ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အေး ဒါ့ကြောင့် မဂ္ဂင်အလုပ်ကလည်း ဆုတောင်းလို့မရ ၂ နံပါတ်တွေကို ဖြစ်ပျက်မြင်မှ ဝမ်းထဲမှာ မဂ်ဝင်တယ် (မှန်ပါ့ ဘုရား)။

၂ နံပါတ်တွေ ဖြစ်ပျက်မြင်မှ ဝမ်းထဲ မဂ္ဂင်ရောက်လာတယ် (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင်ဖြင့် မဂ္ဂင်က ရောက် လာပါ့မလား (ရောက်လာပါ ဘုရား)။

မရောက်လို့ရှိရင်လည်း ကိလေသာရန်သူ မဖြတ်နိုင်တာလည်း သူပဲ (မှန်ပါ့)၊ နိဗ္ဗာန်မပို့နိုင်တာလည်း သူမရလို့ ပဲ (မှန်ပါ့)၊ သဘောကျပြီ (ကျပါပြီ)။

ကိလေသာရန်သူ မဖြတ်တာလည်း မဂ္ဂင်မရလို့ (မှန်ပါ့)၊ နိဗ္ဗာန်မရောက်တာလည်း (မဂ်မရလို့ပါ ဘုရား)၊ မဂ်မရလို့ဆိုတာဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ၂ နံပါတ်ရှိတဲ့ တရားတွေ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုရမှာဆိုတော့ ဒကာကြွယ် ခင်ဗျားတို့က လုပ်ရှုရမှာလား၊ သူက ဖြစ်ပြီးပျက်နေတာကို ကိုယ်က ကြည့်ရုံပဲလား (သူက ဖြစ်ပြီးပျက် နေတာကို ကိုယ်က ကြည့်ရုံပါ ဘုရား)။

သူက ဖြစ်ပျက်ပြမှာပဲဆိုတာ ဒကာ ဒကာမတို့က မှတ်ပါ (မှန်ပါ့ ဘုရား)၊ ကိုယ်က ကြည့်တတ်တဲ့ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ အပျက်မြင်ရင် မဂ်ဝင်လာတယ်၊ မှတ်ပါ (မှန်ပါ့ ဘုရား)၊ အပျက်မြင်ရင် (မဂ်ဝင်လာပါတယ် ဘုရား)၊ အပျက်မြင်ရင် မဂ်ဝင်လာတော့ ကိလေသာ ရန်သူလည်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သဘောကျပြီ (ကျပါပြီ ဘုရား)။

ဒုက္ခဆုံးသွားပြန်တော့ နိဗ္ဗာန်တွေ့ရတယ်

ဒုက္ခသစ္စာကြီးများ ချုပ်သွားတော့ အပျက်တွေ မြင်လို့ အပျက်တွေ မုန်းလို့ အပျက်တွေ ဆုံးသွားတာ ဒုက္ခ ဆုံးတယ် (မှန်ပါ့ ဘုရား)၊ ဒုက္ခဆုံးသွားပြန်တော့ နိဗ္ဗာန်တွေ့ရတယ် (မှန်ပါ့)၊ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

အင်း ဒါလည်း ဘာနဲ့တွေ့ရတာတုံး မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (မဂ္ဂင်နဲ့ တွေ့ရပါတယ် ဘုရား)။

ဪ ဒါဖြင့် ကိလေသာရန်သူတွေကို ကန့်ကွက်တာလည်း သူပဲ (မှန်ပါ့)၊ အပျက်အဆုံး နိဗ္ဗာန်သို့ ပို့ တာလည်း (သူပါပဲ ဘုရား)။

ဒါဖြင့် ဒီအားကိုးလုံးကလေးဖြင့် အားလုံး တရားတစ်ပွဲလုံးပဲ အရယူထားရမယ်၊ အရယူထားမယ်ဆိုတာဖြင့် စိတ်ထဲမှာ မြဲမြဲစွဲစွဲပဲ ကြိုးစားကြပါ (မှန်လှပါ ဘုရား)။

ဒါကလေးဖြင့် အရယူမဟေ့၊ ဒါကလေးဖြင့် အရယူမဟေ့ဆိုတာကိုဖြင့် မရသေးရင် ကြိုးစားလိုက်ပါ (မှန်ပါ့ ဘုရား)။

မရသေး ဘယ့်နှယ်လုပ်မလဲ (ကြိုးစားရမှာပါ ဘုရား)၊ ကြိုးစားလိုက်ပါဆိုတာ ဘုန်းကြီးများက တိုက်တွန်းရ တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ကတော့ဖြင့် ဘာတွေအားကိုးရမယ်လို့ အစစ်ကို မသိတော့ ခင်ဗျားတို့က ရေနစ်သလိုပဲ (မှန်ပါ့)။

ရေနစ်တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဦးဘအုန်း ဝါးဖောင်တွေ့လည်း ဝါးဖောင်အားကိုးလိုက်တာပဲ (မှန်ပါ့)၊ ငှက်ပျော ဖောင်တွေ့လည်း (ငှက်ပျောဖောင် အားကိုးပါတယ်)၊ ရေလယ်မှာ မြက်သစ်ကိုင်းတွေ တွေ့ပြန်လည်း (မြက်သစ်ကိုင်း အားကိုးပါတယ် ဘုရား)၊ တစ်ခုမှလည်း မခိုင်ဘူး (မခိုင်းပါ ဘုရား)၊ ဝါးဖောင်ကလည်း တော်တော်ကြာ ဆွေးမြေ့ပြီး သွားမှာပဲ (သွားမှာပါပဲ)၊ ရှင်းပြီ (ရှင်းပါပြီ)။

ငှက်ပျောဖောင်ကလည်း အခွံထဲကရှိတဲ့ ရေနဲ့ပတ်သက်ပြီး ငြိညက်ပြီး သွားပြီး သူပါပျက်တာပဲ (မှန်ပါ့)၊ သစ်ခက်တွေ တွေ့ပြန်လည်း ထို့အတူပဲ အားမကိုးလောက်လို့ ပျက်စီးတာပဲ (မှန်ပါ့)။

အဲ ခင်ဗျားတို့ နဂိုသိထားတာကတော့ အားကိုးမမှန်ဘူး (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘယ့်နှယ်တုံး (အားကိုးမမှန်ပါ ဘုရား)၊ ဦးဘအုန်းကြီး ငယ်ငယ်တုန်းက ကြားထားတာတွေက အားကိုးမှ မမှန်ပဲ (မှန်လှပါ ဘုရား)။

ငှက်ပျောဖောင်၊ ဝါးဖောင်၊ သစ်ခက်တို့ကို ရေထဲနစ်တဲ့ ပုဂ္ဂိုလ်တွေ့သလို ဖြစ်နေတော့ ကိုယ်အားကိုးချင်ရာ အားကိုးပြီ ချလိုက်တော့ကို တစ်ခုမှလည်း ခိုင်တယ်, မြဲတယ်က မတွေ့ (မတွေ့ပါ ဘုရား)။

အဲဒီတော့ကို ဒကာကြွယ်တို့ သတိပေးချင်တယ် သဗ္ဗေသင်္ခါရာ အနိစ္စတွေ အားကိုးလို့တော့ ဘယ်ရမတုံး (မရပါ ဘုရား)။

နတ်ပြည်ဆိုတာလည်း သဗ္ဗေသင်္ခါရာ အနိစ္စ

နတ်ပြည်ဆိုတာလည်း သဗ္ဗေသင်္ခါရာ အနိစ္စ (မှန်ပါ့)၊ ဗြဟ္မာပြည်ဆိုတာကော (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

ဟာ ဒါဖြင့် ဒကာကြွယ်လွဲကုန်ပြီ (လွဲပါတယ် ဘုရား)၊ အနိစ္စအားကိုးရတယ်လို့ (မှန်ပါ့)၊ မောင်ဘသော် ဘယ့်နှယ်ဆိုရမလဲ (အနိစ္စ အားကိုးရပါတယ် ဘုရား)။

ဒါက သေသေချာချာ ကြည့်လိုက်တော့မှ ဪ ဒို့ငယ်ငယ်တုန်းက သူများပြောသံကြားနဲ့ နတ်အားကိုး, နတ်တွေအားကိုး, ဗြဟ္မာပြည်အားကိုးနဲ့ အခု သေသေချာချာ ဆရာဘုန်းကြီးက ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ညွှန်ပြပြန်တော့ သဗ္ဗေသင်္ခါရာ အနိစ္စထဲ သူတို့ပါနေတယ် (ပါနေပါတယ် ဘုရား)။

နတ်လည်းပါတယ် (မှန်ပါ့)၊ ဗြဟ္မာကော (ပါပါတယ် ဘုရား)၊ ပါတာကို ဦးဘအုန်းကြီးတို့က သူများပြောသံ ကြားနဲ့ အားကိုးလိုက်တော့ ဒီ အနိစ္စတရားတွေ အားကိုးမိလျက် ကြုံနေတယ် (ကြုံနေပါတယ် ဘုရား)၊ ဘယ်လိုဆိုကြ မယ် (ဒီအနိစ္စတရားတွေ အားကိုးမိလျက် ကြုံနေပါတယ် ဘုရား)။

ဟာ ဒကာကြွယ် ပြောတတ်ပလားဗျ (ပြောတတ်ပါပြီ ဘုရား)၊ ခင်ဗျားတို့ ရှေးက အားကိုးတာကို ကိုယ့်ဉာဏ်နဲ့ ကိုယ်ဆက်တတ်ပလား (ဆက်တတ်ပါပြီ ဘုရား)၊ ရှေးက နတ်ပြည်အားကိုးတယ်နော် (မှန်လှပါ ဘုရား)၊ ဗြဟ္မာပြည် အားကိုးကြတယ် (မှန်ပါ့)၊ ကဲ ပါဠိတော်ထဲ သွင်းလိုက် (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

ကဲ သူတို့ဟာ သင်္ခါရတရားတွေ (မှန်လှပါ ဘုရား)၊ သင်္ခါရတရားတွေဆိုတာ လူ့ပြည်က ဒါနနဲ့ ပြုပြင် ထားတာ (မှန်ပါ့ ဘုရား)၊ သီလနဲ့ ပြုပြင်ထားတာ (မှန်ပါ့)၊ အဲဒီတော့ သင်္ခါရတရားတွေ ဟိုမှာပေါ်လာတယ် (ပေါ် လာပါတယ် ဘုရား)။

အဲဒီ့တရားတွေ သဗ္ဗေသင်္ခါရာ အနိစ္စတဲ့၊ မင်းတို့ ပြုပြင်လို့ ပေါ်ထားတာကတော့ကွာ တဲ့ ဟိုမှာ ပေါ်ငြား သော်လည်း နတ်ဘုံနတ်နန်းတွေဟာ အနိစ္စတွေပါတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခင်ဗျားတို့က ဒါနနဲ့ပြုပြင်ထား တာကိုး (မှန်ပါ့)၊ သီလနဲ့ (ပြုပြင်ထားတာပါ ဘုရား)။

ပြုပြင်ထားခြင်းကြောင့် သင်္ခါရတရား

ဒါနနဲ့ ပြုပြင်၊ သီလနဲ့ ပြုပြင်ထားတော့ သူတို့ကို ခင်ဗျားတို့ ပြုပြင်ထားခြင်းကြောင့် သင်္ခါရတရား (မှန်ပါ့ ဘုရား)၊ အဲဒီ မင်းတို့ ပြုပြင်ထားတော့ကို တော်တော်ကြာကျတော့ အနိစ္စပဲကွ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုဆိုကြမယ် (အနိစ္စတရားပါ ဘုရား)၊ ရွတ်ပါ ရွတ်ပါ၊ ခင်ဗျားတို့ ပါဠိနဲ့ ခင်ဗျားတို့ရွတ် ကိုက်နေတယ် (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

ကဲ ဒကာကြွယ် ကိုယ်ပြုပြင်ထားတာ ဘာတဲ့ (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)၊ အဲ ကိုယ်ပြုပြင် ထားတာက သဗ္ဗေသင်္ခါရာနော် (မှန်ပါ့)၊ မိမိက ဒါနနဲ့ ပြုပြင်ထားလိုက်တော့ နတ်ပြည်ဘုံပေါက်တယ် (မှန်ပါ့ ဘုရား)၊ သီလနဲ့ ပြုပြင်ထားလိုက်တာ နတ်ပြည် အသက်ရှည်ဖို့တွေ ဖြစ်နေတယ် (မှန်ပါ့)။

အဲဒီအသက်ရှည်တဲ့နတ် အသက်ရှည်တဲ့ဘုံတွေဟာ ဘာတဲ့တုံး (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)၊ အဲ ဒီက ပြုပြင်ထားခြင်းကြောင့် ဟိုမှာ အနိစ္စပဲပေါ်တယ် (မှန်ပါ့ ဘုရား)။

ဦးဘအုန်းရေ ဒီက ပြုပြင်ထားတဲ့ တရားဟူသ၍ (ဟိုမှာ အနိစ္စပဲ ပေါ်ပါတယ်)၊ အနိစ္စချည်းပေါ်တော့ သစ်ကိုင်းခြောက် ဆွဲမိသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ အနိစ္စချည်းပေါ်တော့ ဘာဆွဲမိသတုံး (သစ်ကိုင်းခြောက် ဆွဲမိပါတယ် ဘုရား)။

ဒါကြောင့် ပြုတ်ကျတယ် (မှန်ပါ့)၊ နတ်သမီးငါးရာတို့ သုဗြဟ္မနတ်သား၏ နတ်သမီးငါးရာတို့ သူတို့နဲ့တကွ အလုံးစုံ ဦးဘအုန်း ပြုတ်ကျတယ် (မှန်ပါ့)။

ဟ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မေးကြရင် ဘယ့်နှယ်ဖြေကြမလဲ၊ သဗ္ဗေသင်္ခါရာ အနိစ္စ အားကိုးလို့ (မှန်ပါ့)၊ ဪ အနိစ္စ အားကိုးလို့ (မှန်ပါ့)၊ ဒကာကြွယ် အားကိုးမလွဲစေနဲ့ (မှန်ပါ့)။

အားကိုးမလွဲစေနဲ့

နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (အားကိုးမလွဲစေနဲ့ပါ ဘုရား)၊ ခင်ဗျားတို့ နဂိုက မိဘရိုးရာ အတိုင်း အားကိုးထားတာကတော့ဖြင့် အနိစ္စပဲ အားကိုးထားတယ် (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း မငြင်းနဲ့တော့ (မငြင်း ပါ ဘုရား)။

နဂိုက အားကိုးထားတာကဖြင့် (အနိစ္စပဲ အားကိုးထားပါတယ်)၊ သဗ္ဗေသင်္ခါရာဆိုတာ ခင်ဗျားတို့ ပြုပြင်တဲ့ ဒါနကြောင့် ခင်ဗျားတို့ နတ်တွေမှာ ပေါ်လာတဲ့ ဘုံနန်း ဗိမာန်ပဒေသာပင်တွေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒါတွေ ဘုရားက ဘာတဲ့တုံး (သဗ္ဗေသင်္ခါရာ အနိစ္စပါ ဘုရား)။

အဲ မင်းတို့ ပြုပြင်ထားတဲ့ တရားတွေဟာ ဟိုမှာ အနိစ္စတရားသာ ပေါ်မယ်ကွတဲ့ (မှန်ပါ့ ဘုရား)၊ နိစ္စ နိဗ္ဗာန် မပေါ်နိုင်ဘူးတဲ့ (မှန်ပါ့)၊ ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

တော်တော်ကြာ ဘုံပါပျောက်၊ နတ်သမီး, နတ်သားတွေပျောက် (ပျောက်ပါတယ်)၊ ဟ ဘယ့်နှယ်ကြောင့် ပျောက်ပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ သဗ္ဗေသင်္ခါရာ အနိစ္စ အားကိုးကြလို့ (မှန်လှပါ ဘုရား)၊ အနိစ္စပြုတ်ကျ လိုက်တာ အပါယ်လေးပါးရော လူ့ပြည်ရောဆိုသလိုပဲတဲ့ ဒကာကြွယ်ရဲ့ အကုန်ပြုတ်ကျတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့် ပြုတ်ကျပါလိမ့် (သဗ္ဗေသင်္ခါရာ အနိစ္စ အားကိုးမိလို့ပါ ဘုရား)၊ သဗ္ဗေသင်္ခါရာ အနိစ္စ အား ကိုးမိလို့ (မှန်ပါ့)၊ အဲဒီတော့ ယနေ့ကစပြီးတော့ ဘယ်သူကပြောပြော ဒကာအုန်းတို့ ဒကာကြွယ်တို့ မောင်ဘသော် တို့ကစပြီး တရားတစ်ပွဲလုံး မယုံကြနဲ့ (မှန်လှပါ ဘုရား)၊ ပြုတ်ကျမှာပဲ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ပြုတ်ကျသတုံးဆိုတော့ သူ့ပါဠိတော် ရွတ်ကြည့်လိုက်ရင် မောင်ဘသော် ပေါ်နေပြီ (မှန်ပါ့)၊ သဗ္ဗေသင်္ခါရာ (အနိစ္စပါ ဘုရား)၊ ဟိုမှာရှိတာတွေက ဒီကပြုပြင်ထားလို့ ပေါ်တဲ့ သင်္ခါရတရား (မှန်လှပါ ဘုရား)၊ သင်္ခါရတရားဟာ အနိစ္စလမ်းဆုံးတယ် (မှန်ပါ့)၊ ပြုပြင်လို့ပေါ်လာတဲ့ တရားက (အနိစ္စလမ်းဆုံးပါတယ် ဘုရား)။

အဲ ခင်ဗျားတို့က ဒီကနေ ကျောင်းကလေးများ ဆောက်ပြီး နတ်ပြည်ဘုံပေါက်တယ် (မှန်ပါ့)၊ ခင်ဗျား တို့ ပြုပြင်လိုက်လို့ ပေါ်လာတယ် (မှန်ပါ့)၊ အင်း ဒကာကြွယ် တော်တော်ကြာတော့ အနိစ္စရောက်ပါရော (ရောက် ပါတယ် ဘုရား)၊ အဲဒီတော့ ဒါအားကိုးနေတဲ့ပုဂ္ဂိုလ်ဟာ ဝမ်းနည်းပက်လက်ဖြစ်ပြီး ဘုံပျောက်ပါပေါ့လား (မှန်ပါ့)၊ အင်း သေရတော့မှာပါပဲလားဆိုပြီး သကာလ နဂိုက အထင်ကြီးနဲ့ အားကိုးလိုက်တာ အခုတော့ဖြင့် အနိစ္စရောက် သွားတဲ့အခါ ဒကာကြွယ် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဒါဖြင့် သစ်ပင်တက်တဲ့ပုဂ္ဂိုလ် သစ်ကိုင်းခြောက် ဆွဲမိလို့ရှိရင် ဦးဘအုန်း ကိုယ်ကျိုးနည်းပြီ (နည်းပါပြီ ဘုရား)၊ သစ်ကိုင်းလည်း ကျိုးပေါ့ဗျာ ခန္ဓာလည်းကျိုးပေါ့ (မှန်ပါ့)၊ ဒီအတိုင်းပဲနေလိမ့်မယ် (နေပါတယ် ဘုရား)။

အဲဒါကြောင့် သဗ္ဗေသင်္ခါရာ အနိစ္စကိုဖြင့် အားမကိုးလိုက်ပါနဲ့ဆိုတဲ့ဥစ္စာတော့ သေသေချာချာ ယနေ့ သတိ ပေးပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘာအားကိုးရမှာတုံးလို့ မေးတော့ သင်္ခါရကို အားမကိုးနဲ့ အသင်္ခတကို အားကိုး (မှန် ပါ့ ဘုရား)၊ သင်္ခါရကို အားမကိုးပါနဲ့ (မှန်ပါ့)၊ အသင်္ခတကို(အားကိုးပါ ဘုရား)။

ဦးဘအုန်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ အခု ပြုတ်ပြုတ်ကျနေကြတာ သင်္ခါရကို အားကိုးကြလို့ (မှန်ပါ့)၊ သင်္ခါရ အားကိုးလိုက်တော့ ဟိုက အနိစ္စတွေ ဖြစ်နေတယ် (မှန်ပါ့)၊ အသင်္ခတဆိုတာ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ဖြစ်တဲ့ နိဗ္ဗာန်ဆိုတော့ ပြုပြင်တဲ့စွမ်းရည်သတ္တိ သူ့ကို ဘယ်သူမှ မတတ်နိုင်ဘူး (မတတ်နိုင်ပါ ဘုရား)။

ရထိုက်တဲ့ပုဂ္ဂိုလ် သူ့ဆီရောက်လာတယ်

သဘာဝဓမ္မဖြစ်ပြီး သကာလ နိဗ္ဗာန်ရနိုင်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းသာဖြစ်နေတာ (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ရထိုက်တဲ့ ပုဂ္ဂိုလ်က သွားဆောက်ထားတဲ့ နိဗ္ဗာန်တောင်မဟုတ်ဘူး (မှန်လှပါ)၊ ရထိုက်တဲ့ပုဂ္ဂိုလ် သူ့ဆီရောက်လာတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူမှ ပြုပြင်ထားတဲ့တရား မဟုတ်သောကြောင့် သူက အသင်္ခတတရား (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာတရားတဲ့ (အသင်္ခတတရားပါ ဘုရား)၊ အသင်္ခတတရားဆိုတာ ဒကာ ဒကာမတွေက လေးလေးစား စား မှတ်လိုက်ပါ၊ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ရှိနေတဲ့တရား (မှန်ပါ့)။

ဒါ့ကြောင့် ကြည့်တဲ့လူက အစွမ်းရည်သတ္တိကုန်ရင် သူပျက်တယ်လို့ဆိုစရာမရှိဘူး (မှန်ပါ့)၊ သဘာဝဓမ္မ ခိုင် မြဲနေတဲ့တရား (မှန်ပါ့)၊ ဒကာကြွယ် ဘယ်လိုတဲ့တုံး (သဘာဝဓမ္မ ခိုင်မြဲနေတဲ့တရားပါ ဘုရား)။

သူ့သဘောနဲ့သူ ခိုင်မြဲနေတာ

အဲဒါက ပြုပြင်လို့ ပေါ်လာတာလား၊ သူ့သဘောနဲ့သူ ခိုင်မြဲနေတာလား (သူ့သဘောနဲ့သူ ခိုင်မြဲနေတာပါ ဘုရား)။

ဒါနဲ့ သူ့သဘောနဲ့ ခိုင်မြဲနေတဲ့ပုဂ္ဂိုဟ်ဟာ မဂ္ဂင်နဲ့ သွားလိုက်တဲ့အခါကျတော့ ရောက်တယ် (ရောက်ပါတယ် ဘုရား)၊ ရောက်သွားတဲ့အခါကျတော့ သူ့သဘောနဲ့ ခိုင်မြဲနေတဲ့ ဓမ္မဖြစ်သောကြောင့် သူ့ကို အသင်္ခတတရားလို့ ခေါ် ရတယ် (မှန်ပါ့)၊ ပျက်စရာ ကျိုးစရာ ပေါက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သဗ္ဗေသင်္ခါရဆိုတာ အနိစ္စလမ်းဆုံးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အသင်္ခတဆိုတာကတော့ အလုံးစုံ သင်္ခါရတရားတွေ ပြုပြင်လို့မဖြစ်တဲ့တရား (မှန်ပါ့)။

သင်္ခါရတရားတွေ ပြုပြင်လို့မဖြစ်တဲ့တရား ဘာခေါ်ကြမယ် (အသင်္ခတတရားပါ ဘုရား)၊ အဲ အသင်္ခတ က နိဗ္ဗာန်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတရားကလည်း ဘယ်သူမှ မပြုပြင်ဘဲနဲ့ သဘာဝဓမ္မရှိနေတဲ့ တရားဖြစ်လေသောကြောင့် ဦးဘအုန်း ပြင်စရာ ပျက်စရာ ကျိုးစရာ ပေါက်စရာ ဘယ့်နှယ်တုံး (မရှိပါ ဘုရား)၊ ဒါဖြင့်သာ အားကိုးကြမယ် (အသင်္ခတ အားကိုးကြပါမယ် ဘုရား)။

သင်္ခါရ အားမကိုးနဲ့ အသင်္ခတ အားကိုး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ အသင်္ခတသွားချင်တော့လည်း ဒကာကြွယ်ရေ အသင်္ခတဂါမိမဂ္ဂေါ လုပ်ရလိမ့်မယ် (မှန်ပါ့)။

အသင်္ခတ သွားချင်တော့ (အသင်္ခတဂါမိမဂ္ဂေါ လုပ်ရပါမယ်)၊ အသင်္ခတဂါမိမဂ္ဂေါ အသင်္ခတသို့ သွားရာဖြစ် တဲ့ မဂ်ကို လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ အသင်္ခတ သွားချင်တော့ (အသင်္ခတဂါမိမဂ်ကို လုပ်ရပါ မယ်)၊ အသင်္ခတဂါမိမဂ္ဂေါကို လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ဒါက သံယုတ်ပါဠိတော်လို့ ဒကာကြွယ်က မှတ်လိုက် (မှန်ပါ့ ဘုရား)။

အသင်္ခတဂါမိမဂ်

အသင်္ခတ သွားချင် အသင်္ခတဂါမိမဂ်ဆိုတာ ရှိသေးတယ် (မှန်ပါ့)၊ အဲဒါလုပ်မှသာလျှင်တဲ့ လိုရာခရီးကို ခိုင်မြဲတဲ့ နေရာဌာနကို သူပို့ပေးလိမ့်မယ် (မှန်ပါ့)၊ သူပို့ပေးတော့ ပျက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ယနေ့ ဒကာကြွယ် အရေးတကြီး ပြောနေတယ်ဆိုတာများ အားကိုးရာ မရောက်မှာစိုးလို့ (မှန် ပါ့ဘုရား)။

ယနေ့ပြောတဲ့ တရားဟာ ဘာတရားပါလိမ့် (အားကိုးရာအစစ်ရှာဖို့ တရားပါ)၊ အားကိုးလွဲမှာစိုးလို့ တချို့ ရှေးကျကျတွေက ကျုပ်တို့ဗျာ ခုလောက်ရှိ လူ့ပြည်ကျောင်းဆောက် နတ်ပြည်ဘုံပေါက်နေရမယ် ကျုပ်တို့သွားရင် အဆင်သင့်ပေါ့ (မှန်ပါ့)၊ ဟာ ဟုတ်တယ်လို့ပဲ ဘုန်းကြီးတို့လည်း ဟောနေရတယ် (မှန်ပါ့)။

ဟုတ်တယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီမှာ လူ့ပြည်ကျောင်းဆောက် နတ်ပြည်ဘုံပေါက်မယ်ဆိုတာ ဘုရား လည်း ဟောပါတယ်၊ သို့သော် အဲဒီဘုံဟာ သင်္ခတလား အသင်္ခတလား တစ်ခါခွဲဦး (သင်္ခတပါ ဘုရား)။

ဒါဖြင့် သင်္ခတဖြင့် ဘယ်လမ်းဆုံးမယ် (အနိစ္စလမ်းဆုံးပါမယ် ဘုရား)၊ ဟာဒါဖြင့် ခဏပဲ တည်းခိုရာရမယ် (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (ခဏတည်းခိုရာရပါမယ်)၊ ဒကာကြွယ်ပေါ်ပလား (ပေါ်ပါပြီ)။

အမြဲတမ်း ဘယ့်နှယ်တုံး (တည်းခိုရာမရပါ ဘုရား)၊ ဘာတရားမို့တုံး (သင်္ခတတရားမို့ပါ ဘုရား)၊ သင်္ခတတရား ခင်ဗျားတို့က ပြုပြင်လို့ပေါ်ထားတာကိုး (မှန်ပါ့)။

အဲ သဗ္ဗေသင်္ခါရာ အနိစ္စဆိုတော့ သင်္ခတနှင့် သင်္ခါရ အတူတူပဲ၊ သူက အနိစ္စလမ်းဆုံးတာ၊ ဒကာကြွယ် တို့က ဟ-အားကိုးလောက်ပြီဆိုပြီး ရေနစ်တဲ့လူ ငှက်ပျောဖောင် အားကိုးသလိုဖြစ်နေပြီ (မှန်ပါ့)၊ ခုနစ်ရက်လောက် ခံပြီး နောက်ကျတော့ ငှက်ပျောဖောင်က ပုပ်ရိပြီးမြုပ်တယ် (မှန်ပါ့)၊ မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရေ မဆိုင်တာ အားကိုးမိလို့ရှိရင် အားကိုးခြင်းကြောင့်ပဲ ကိုယ်ပါမြုပ်ရတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။

အသင်္ခတတရား အားကိုးကြ

ကဲ ဒါဖြင့် ဘာအားကိုးကြမယ် (အသင်္ခတတရား အားကိုးကြပါမယ်)၊ အသင်္ခတ အားကိုးမယ်ဆိုတော့ အသင်္ခတဆိုတာ ဒီဘက်မှာ (မှန်လှပါ)၊ ဝေဒနာနိရောဓာ တဏှာနိရောဓာ နိဗ္ဗာနံကိုးဗျ (မှန်ပါ့)၊ ခင်ဗျားတို့ နာဖူး လှပြီနော် (မှန်ပါ့)။

အဲဒီနိဗ္ဗာန်ဟာ အသင်္ခတ (မှန်ပါ့)၊ သို့သော် အသင်္ခတဂါမိမဂ် ဒီနားမှာမပေါ်ရင် မရဘူး (မှန်ပါ့)၊ ရှင်းပြီ နော် (ရှင်းပါပြီ)။

ဒါဖြင့် အသင်္ခတ သွားချင်လို့ရှိရင် ဦးဘအုန်း ဘာလုပ်ရဦးမယ် (အသင်္ခတဂါမိမဂ်ပေါ်အောင် လုပ်ရပါမယ် ဘုရား)။

အသင်္ခတဂါမိဂ်ဆိုတော့ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ္ဂင်လုပ်ဦးကွ (မှန်ပါ့)၊ မလုပ်လို့ရှိရင် (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။

အေး ဒါကြောင့် ဒကာကြွယ် ယနေ့တရားမှာ မများပါဘူး (မှန်ပါ့)၊ မများပါဘူးတဲ့ အားကိုးလွဲမှာစိုးလို့ အမှန်တက်ပေးနေတယ်လို့ ဦးဘအုန်း မှတ်လိုက်စမ်းပါ (မှန်ပါ့)။

တိုက်ကြီးတစ်လုံးတော့ ဝယ်မိပါတယ်၊ ကိုယ်ကမသိတော့ အဆွေးကြီးဖြစ်နေတော့ ဝယ်ပြီးပြင်ရုံပဲရှိမှာပဲ၊ နေဖို့မရသေးဘူး (မှန်ပါ့)။

ဒီလိုပဲနေမှာပဲ နတ်ပြည်သွား တိုက်ဆောက်လည်း ဒကာကြွယ် ကံကုန်ရင် ပြုတ်ကျတယ် (မှန်ပါ့)၊ ဗြဟ္မာပြည် ဗြဟ္မာနှစ်ဆယ်ကြီး သွားဖြစ်ပြန်တော့ကော (ကံကုန်ပြုတ်ကျပါတယ် ဘုရား)၊ အို နိဂိုက အဆွေးကိုင်မိလို့ ပြုတ် ကျတယ် (မှန်ပါ့)၊ ပျက်စီးတတ်တာ ကိုင်မိလို့ (ပြုတ်ကျပါတယ် ဘုရား)၊ ပျက်စီးရတယ်ဆိုတဲ့အကြောင်းဟာဖြင့် ရှင်း သွားပြီ (ရှင်းပါပြီ ဘုရား)။

ဒါကြောင့်တဲ့ ခင်ဗျားတို့ နိဗ္ဗာန်ဆိုတဲ့ အသင်္ခတကိုဖြင့် ဒကာကြွယ် တကယ်အားကိုးပါဆိုတာ တိုက်တွန်းလိုက် တယ် (မှန်ပါ့)။

အသင်္ခတဂါမိနိမဂ္ဂေါဆိုတာ

သို့သော် သူ့နေရာရောက်အောင် ပို့နိုင်တာက ဦးဘအုန်း အသင်္ခတဂါမိနိမဂ္ဂေါလို့ ရှိသေးတယ် (မှန်ပါ့)။

သူ့နေရာရောက်အောင် ပို့နိုင်တာက (အသင်္ခတဂါမိနိမဂ္ဂေါပါ ဘုရား)၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါးဆိုတယ် (မှန်ပါ့)။

အသင်္ခတဂါမိနိမဂ္ဂေါဆိုတာက ဦးဘအုန်းရေ ဘာဆိုပါလိမ့် (မဂ္ဂင်ရှစ်ပါးကို ဆိုပါတယ်ဘုရား)။

အဲ မဂ္ဂင်ရှစ်ပါးကမှ အသင်္ခတရှိတဲ့ဆီကို ပို့မှာ (မှန်ပါ့)၊ ဒါဖြင့် အသင်္ခတလမ်းကိုလိုက်မှ အသင်္ခတနေရာ ရောက်မှာပေါ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့ (အင်္ခတလမ်းလိုက်မှ အသင်္ခတနေရာ ရောက်မှာပါဘုရား)၊ အသင်္ခတလမ်းလိုက်မှ အသင်္ခ တ နေရာရောက်မှာ (မှန်ပါ့)၊ နို့မဟုတ်လို့ရင် (မရောက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် တရားလည်း တော်တော်ရှည်လာတော့ အားကိုးရာအစစ်က အသင်္ခတလမ်းက သွားမှသာ လျှင် အသင်္ခတရှိတဲ့နေရာ ရောက်မှာ (မှန်ပါ့)။

အသင်္ခတဂါမိမဂ်က သွားမှ အသင်္ခတနိဗ္ဗာန် ရောက်မယ်ဆိုတာဖြင့် သေချာတယ် (သေချာပါတယ် ဘုရား)။

သေချာတော့ ဒီအတိုင်း ခြေလျင်သွားမှရမလား၊ ပွားများယူရမှာလား (ပွားများယူရမှာပါ)၊ ဦးဘအုန်း ပေါ်ပါ ပြီ (ပေါ်ပါပြီ)၊ ဒကာကြွယ် ပေါ်ပါပြီ (ပေါ်ပါပြီ)။

အသင်္ခတဆိုတာ နိဗ္ဗာန် (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာကို သွားလမ်းမရှိဘဲနဲ့ ဘယ်သူမှ မသွားတတ်ဘူး (မှန်ပါ့)၊ သွားလမ်းမရှိဘဲနဲ့ (မသွားနိုင်ပါ ဘုရား)၊ မသွားတတ်တော့ အသင်္ခတဂါမိမဂ်ကို ကျုပ်တို့ရအောင်လုပ်ရမယ် (မှန်ပါ့)။

အဲဒီ အသင်္ခတဂါမိမဂ်သည် ကျုပ်တို့၏ အားထားရာ ကိုးစားရာ အစစ်ပါပဲ (မှန်ပါ့ ဘုရား)။

အသင်္ခတကို သွားမှာ

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒီအခု ၂ နံပါတ်ထဲတွေ့တဲ့ ခန္ခာတွေကို ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာကို ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တော့ ဝမ်းထဲ ဘာရောက်လာသလဲ (မဂ်ရောက်လာပါတယ်)၊ အဲဒါ အသင်္ခတဂါမိမဂ် ပဲ (မှန်ပါ့)၊ ဒကာကြွယ် ဘာတဲ့တုံး (အသင်္ခတဂါမိမဂ်ပါ ဘုရား)၊ ဘယ်သွားမှာတဲ့တုံး (နိဗ္ဗာန်သွားမှာပါ)၊ ဒီလိုမဆိုနဲ့ အသင်္ခတကို သွားမှာ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဒီအသင်္ခတဂါမိမဂ်က အသင်္ခတရှိတဲ့ဆီ သွားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ နိဗ္ဗာန်ဆိုတော့ အတူတူတော့ အတူတူပါပဲ သို့သော် သူ့အမျိုးနဲ့၊ သူ့အသွားနဲ့၊ သူ့အရောက်နဲ့ ကိုက်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဦးဘအုန်းရေ အသင်္ခတနိဗ္ဗာန်သွားချင်လို့ ရှိရင် အသင်္ခတမဂ်ခရီးက မသွားရင် (မရောက်ပါ ဘုရား)၊ ရောက်ကို မရောက်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် သင်္ခတနယ်သွားချင် သင်္ခတမဂ်နဲ့ သွားပေါ့ (မှန်ပါ့)၊ အသင်္ခတ သွားချင်တော့ အသင်္ခတဂါမိမဂ် နဲ့သွားပေါ့ (မှန်ပါ့)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကို ဒကာ ဒကာမတို့ သန္တာန်၌ မြင်စိတ်ကလေးပေါ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့)၊ ကြားစိတ်ကလေးပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ်)၊ နှာခေါင်းထဲ နံစိတ်ကလေးပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

သူက ဘာဖြစ်လို့ သွားနိုင်သတုံး

အင်း ဖြစ်ပျက်တော့ တွေ့ပြီဟေ့ ၊ ဝမ်းထဲမှာပေါ်တာက မဂ်ပဲ (မှန်ပါ့)၊ အဲဒီမဂ်က ဘယ်သွားမှာတုံး (အသင်္ခတသွားမှာပါ ဘုရား)။

အသင်္ခတ သွားမယ်၊ သူက ဘာဖြစ်လို့ သွားနိုင်သတုံး အသင်္ခတဂါမိမဂ်ဖြစ်လို့ (မှန်ပါ့)၊ သူက ဘယ့်နှယ် ကြောင့် သွားပါလိမ့် (အသင်္ခတဂါမိမဂ်ဖြစ်လို့ပါ)၊ အသင်္ခတဂါမိမဂ်ဖြစ်လို့ ရှင်းပလား (ရှင်းပါပြီ)၊ ဥပမာ ရန်ကုန်သွား ချင်တဲ့ဥစ္စာ ဘယ်လမ်းကိုမလိုက်ဘဲနဲ့ ဦးဘအုန်းရေ ဟိုဘက်က ရေနံချောင်းလမ်း လိုက်သွားမိမယ်ဆိုလို့ရှိရင် မိတ္ထီလာလမ်းခွဲကနေပြီး သေသေချာချာ ဆိုးတယ်၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဘာ့ကြောင့်တုံးဆိုလို့ရှိရင် သူ့မြို့နဲ့ သူ့လမ်း မမှန်ရင်လည်း (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကဲ- ဒါဖြင့် ခင်ဗျားတို့နားထဲမှာ ယနေ့ ရှင်းရှင်းလင်းလင်း ဪ ဖြစ်ပျက်မြင်တဲ့ မဂ်မှပဲ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန်ကိုသွားတဲ့ လမ်းခရီးအစစ်ပါလား (မှန်လှပါ ဘုရား)၊ ဒီမဂ်ဟာ လမ်းခရီးအစစ်ပဲ (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ မဂ်သည် (လမ်းခရီးအစစ်ပါ ဘုရား)၊ အသင်္ခတ နိဗ္ဗာန်သွားတဲ့ လမ်းခရီးအစစ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာကြွယ် ဒီလမ်းခရီးကလည်း ဘုရားတစ်ဆူတစ်ဆူပေါ်မှ တစ်ခါတစ်ခါပေါ်လာတဲ့ လမ်း ခရီး (မှန်ပါ့ ဘုရား)၊ ဘုရား ပရိနိဗ္ဗာန်စံပြီးနောက်လည်း ဒိဋ္ဌိခြုံတွေအကုန် ဖုံးပြန်တာပဲ (မှန်ပါ့)၊ ဒိဋ္ဌိခြုံတွေ (အကုန် ဖုံးပါတယ် ဘုရား)၊ အကုန်ဖုံးပြီး သကာလ ဒကာကြွယ် လမ်းပျောက်တယ် (မှန်ပါ့)၊ ဘုရားတစ်ခါ ပွင့်လာပြန်လို့ရှိရင် တစ်ဆူတစ်ဆူ ပွင့်ပြန် ရှင်းရပြန်ပြီ ဒီလမ်းကို (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒီလမ်းဟာဖြင့် ခုတော့ဖြင့် ရှိသေးရဲ့ ဒကာကြွယ်ရေ (မှန်ပါ့)၊ ဘာ့ကြောင့်တုံးဆိုတော့ ဟောမည့် ပြောမည့် ပုဂ္ဂိုလ်၊ လမ်းပြမည့် ပုဂ္ဂိုလ်ကလည်း ရှိသေးတယ် (မှန်ပါ့)၊ ခင်ဗျားတို့ကလည်း ကြည့်တတ်တဲ့ဉာဏ်ကလေးနဲ့ ကြည့်တော့ ဝမ်းထဲ မဂ်ပေါ်နိုင်တဲ့ စွမ်းရည်သတ္တိကလည်း ရှိသေးတယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ကံကောင်းအကြောင်းသင့်တော့တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)၊ နောက်ကျတော့ ဒီလမ်းက ဟောမည့်လူလည်းမရှိဘူး ဦးဘအုန်းရေ (မှန်ပါ့)၊ လမ်းပျောက်မလား မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဟောမည့်သူမရှိတော့ ဒိဋ္ဌိတွေက လွှမ်းမိုးတယ် (မှန်ပါ့)၊ တဏှာဒိဋ္ဌိလမ်းကိုးဗျ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိက ကြီးစိုးလာ တဲ့အခါကျတော့ ပျောက်မယ် (ပျောက်ပါမယ်)၊ မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိတည်းဟူသော ခြုံပိတ်ပေါင်းတွေ

အဲဒီတော့ မိစ္ဆာဒိဋ္ဌိတည်းဟူသော ခြုံပိတ်ပေါင်းတွေ ယခုမရောက်ခင် ဘုန်းကြီးများက ဟောဒီကသွား ဒီလမ်း သွားဆိုတာ ခင်ဗျားတို့ ဖြစ်ပျက်ရှုပြီး သွားကြ၊ ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်ပဲ (ဝါ) အသင်္ခတပဲ (မှန်လှပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ)။

ဘယ်အချိန် သူဟောနေတာပါလိမ့်မတုံး မေးပြန်တော့လည်း အချိန်ပိုင်းနဲ့ ဟောရတာလို့ ဒကာကြွယ်က မှတ်လိုက် (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိခြုံတွေ မအုပ်ခင် ဟောနေတာ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိခြုံတွေ အုပ်သွားမယ်ဆိုလို့ရှိရင် (မဟောနိုင်ပါ ဘုရား)၊ ဒီလမ်း ရှာတွေ့ပါ့မလား (မတွေ့ပါ ဘုရား)၊ ကဲ ဦးဘအုန်း ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ)၊ မိစ္ဆာဒိဋ္ဌိခြုံတွေကလည်း ဝိုင်းနေတာပဲ (မှန်ပါ့)၊ ကိုယ့်သန္တာန်ထဲ ကလည်း ရှိလျက် (မှန်ပါ့)၊ ဘာသာခြားတွေကလည်း မိစ္ဆာဒိဋ္ဌိတွေကလည်း သူတို့အယူမှ သူတို့ ဟုတ်တယ်ဆိုပြီးသ ကာလ သားတွေ သမီးတွေနဲ့ အမျိုးမျိုး အဖုံဖုံ စွဲကြ, ယူကြ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိခြုံတွေက ဖုံးသွားလို့ရှိရင် ဒီလမ်းပျောက် ပါလိမ့်မယ် (မှန်ပါ့)။

ဒီလမ်းပျောက်လို့ သွားမိသွားရာ သွားလို့ရှိရင်ဖြင့် ခုနင်က ပြောသလိုပဲတဲ့ သစ်ပင်တက်တဲ့လူ သစ်ကိုင်း ခြောက် အားကိုးသလို ပြုတ်ကျမည့် လမ်းချည်းရောက်မှာပဲ (မှန်ပါ့)၊ ရောက်သွားမယ်ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

မဂ်လမ်းကလေး ပေါ်နေတုန်း

ဒါဖြင့် ဦးဘအုန်းရေ မဂ်လမ်းကလေး ပေါ်နေတုန်း မိစ္ဆာဒိဋ္ဌိခြုံတွေ မအုပ်ခင် အမြန် ဒီလမ်းကလေး လျှောက်လိုက် (မှန်ပါ့)၊ နှေးနေရင် ရမယ်မဟုတ်ပါဘူး (မရပါ ဘုရား)၊ နှေးရင် (မရပါ)၊ ဥပမာမယ် နောက် အုပ် ချုပ်ရေး ပြောင်းသွားမယ်ဆိုကြပါစို့ ၊ ဘယ်လိုဝါဒ လာမယ်ဆိုတာ မပြောနိုင်ဘူး ဦးဘအုန်းရေ (မှန်ပါ့)၊ အကယ် ၍ မိစ္ဆာမင်းလာရင် မိစ္ဆာဒိဋ္ဌိခြုံတွေ ဖုံးသွားတာပဲ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိခြုံဖုံးရင် ဒီအသင်္ခတ သွားတဲ့ မဂ္ဂင်, အသင်္ခတ ဂါမိမဂ် လမ်းကလေးဟာက မောင်ဘသော် ပျောက်ပြီ (ပျောက်ပါပြီ ဘုရား)၊ မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အချိန်ရဆဲမှာ ဒီလမ်းအလုပ်ကို မြန်မြန်ရှင်းပြီး သကာလ မြန်မြန်ရောက်တော့မှ အေးမှာဟေ့ ၊ ဒီလမ်းကလည်း ဖုံးလုပြီ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ် (ဒီလမ်းကလည်း ဖုံးလုပါပြီ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒကာကြွယ် သဘောကျရဲ့လား (ကျပါတယ်)၊ အင်း ဒီလမ်းက ကွယ်တော့မယ်နော် (မှန်ပါ့)၊ တယ်မကြာ ဘူး နောက်နှစ်ပေါင်းတစ်ရာတောင် နေချင်မှနေမယ် ဦးဘအုန်းရေ (မှန်ပါ့)၊ တိုင်းပြည် အပြောင်းအလွဲတွေ အမျိုး မျိုး အဖုံဖုံနဲ့ဆိုရင် ဘယ့်နှယ်နေကြမလဲ (ကွယ်မှာပါ ဘုရား)၊ အဲ လမ်းပျောက်သွားမယ် (မှန်ပါ့)။

အဲဒါ ဘယ့်နှယ်ကြောင့် ပျောက်ရသတုံးဆိုတော့ မိစ္ဆာဒိဋ္ဌိတည်းဟူသော ငါလုပ်မှ ငါရတယ်ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ခြုံတွေက အကုန်ဖုံးတယ် (မှန်ပါ့)၊ ဒီလမ်း လိုက်ဖြစ်ပါဦးမလား (မလိုက်ဖြစ်ပါ ဘုရား)။

စားဖို့ သောက်ဖို့ ငါ့သား ငါ့သမီး ငါ့မြေး ငါ့မြစ်တွေ စားဖို့သာ အရေးကြီးတယ်၊ ငါကြီးပွားဖို့သာ အရေးကြီး တယ်ဆိုပြီး သကာလ ဒိဋ္ဌိခြုံတွေက ဖုံးလိုက်ရင် ဒီလမ်း ဘယ်သူမှ မလိုက်တော့ဘူး (မှန်ပါ့)၊ လိုက်နိုင်ပါ့မလား (မလိုက် နိုင်ပါ ဘုရား)။

အခုလိုပဲ ဒီလမ်းကလေးက ဒကာကြွယ်ရဲ့ လက်ထဲမှာ နည်းနည်းကျန်ရစ်တယ် (မှန်ပါ့)၊ မဟုတ်ဘူးလား ၊ တချို့ရှိကိုမရှိသေးဘူးဆိုတာလည်း သေချာနေပါပြီ (သေချာနေပါပြီ ဘုရား)။

အသင်္ခတနိဗ္ဗာန် သွားချင်ရင်

ကိုင်း ဒါဖြင့် အသင်္ခတ သွားချင်လို့ရှိရင် အသင်္ခတလမ်းက သွားမှရမယ် (မှန်ပါ့)၊ အသင်္ခတနိဗ္ဗာန် သွားချင်ရင် (အသင်္ခတလမ်းက သွားမှ ရမှာပါ ဘုရား)၊ အသင်္ခတလမ်းဆိုတာ မဂ္ဂင်ငါးပါးနဲ့ မဂ္ဂင်ရှစ်ပါးလို့ မှတ် လိုက်စမ်းပါ (မှန်ပါ့)၊ အသင်္ခတ သွားလမ်းဟာ (မဂ္ဂင်ငါးပါးနဲ့ မဂ္ဂင်ရှစ်ပါးပါ ဘုရား)။

အဲ ဒါဖြင့် မဂ္ဂင်ရှစ်ပါးနဲ့ မဂ္ဂင်ငါးပါးကလည်း ဒကာ ဒကာမတွေက သေသေချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီဟာတွေကို အဖြစ်အပျက် ဒုက္ခသစ္စာ မမြင်ဘဲနဲ့ ဒီနေရာမှာ ပေါ်ကိုမပေါ်ဘူး (မပေါ်ပါ ဘုရား)၊ ပေါ်ပါ့ မလား (မပေါ်ပါ ဘုရား)။

၂ နံပါတ်တွေကို ဖြစ်ပျက်မမြင်သ၍ ကာလပတ်လုံး မြင်တဲ့မဂ်ဟာ မပေါ်နိုင်ဘူး (မပေါ်နိုင်ပါ ဘုရား)၊ ဖြစ်ပျက်ကို မြင်ရင်ဖြင့် မြင်တယ် မဂ်ကို (မှန်ပါ့)၊ ဖြစ်ပျက်ကို မမြင်သေးရင် (မပေါ်ပါ ဘုရား)၊ အသင်္ခတဂါမိမဂ်က သူပေါ်ပလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ မြန်မြန်လုပ် (မှန်ပါ့)၊ အသေစောရင်လည်း မရနိုင်ဘူး (မှန်ပါ့)၊ ဉာဏ်ဖျင်းရင် လည်း (မရနိုင်ပါ)၊ ဝီရိယမပါရင်လည်း (မရနိုင်ပါ ဘုရား)။

အဲ မရလို့ရှိရင်ဖြင့် ခင်ဗျားတို့ တော်တော်ကြာကျတော့ ကိုယ်က သံသရာပင်လယ်ထဲက မထွက်သေး တော့ အေး ကျုပ်တို့တော့ မတတ်နိုင်ဘူး၊ ခိုကိုးရာရှိအောင် တစ်ခုခုတော့ ရှာထားရမှာတဲ့ဆိုတော့ သစ်ကိုင်း ခြောက် သွားတွေ့မယ် (မှန်ပါ့)၊ မတွေ့ပေဘူးလား (တွေ့မှာပါ ဘုရား)။

တွေ့တဲ့အခါကျတော့ ဒကာကြွယ် သိပ်ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ယာယီသာ ခိုရတယ်၊ နောက် ဆုံးပိတ် ကိုယ်ပါမြုပ် (မှန်ပါ့)။

ငှက်ပျောဖောင် အားကိုးရင် ယာယီသာ ခိုရတယ်၊ နောက်ဆုံးပိတ် (ကိုယ်ပါမြုပ်ပါတယ်)၊ စီးတဲ့လူရော အားကိုးတဲ့ပစ္စည်းရော (မြုပ်ပါတယ် ဘုရား)။

ဝါးဖောင် အားကိုးလိုက်တယ် ပင်လယ်ထဲမှာ (မှန်ပါ့)၊ ခိုတဲ့ပုဂ္ဂိုလ်ရော, ဝါးဖောင်ရော (မြုပ်ပါတယ် ဘုရား)၊ မြုပ်မှာပဲဆိုတော့ ဒကာကြွယ်ရေ ဒါဖြင့် အားကိုးရာအစစ်ဟာ အသင်္ခတဂါမိမဂ်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

၃ နံပါတ် မကူးအောင် ဟောတဲ့နေ့

ဒါဖြင့် ကြိုးစားလုပ်ကြစမ်းပါဆိုတော့ ကိုင်း ဒကာ ဒကာမတို့ မနေ့က ဝင်ရိုးကျိုးတာ ဟောခဲ့ပြီ၊ ဒီနေ့ တော့ဖြင့်တဲ့ ဒီဘက်လမ်း မကူးအောင် ဟောမယ် (မှန်ပါ့)၊ ၃ နံပါတ် မကူးအောင် ဟောတဲ့နေ့လို့ မှတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ၃ နံပါတ်မကူးအောင် (ဟောတဲ့နေ့ပါ ဘုရား)။

ကိုင်း ဒါဖြင့် ၃ နံပါတ် မကူးအောင် ဒကာ ဒကာမတို့ မြင်စိတ်ကလေးလာလည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲ ဒီထဲမှာ မြင်စိတ်ရှိတယ် (မှန်ပါ့)၊ သဠာယတနဆိုတာ မနာယတနစိတ်တွေပေါ့ဗျာ (မှန်ပါ့)၊ အဲဒီ့စိတ် ကလေးကို ကိုယ့်သန္တာန် ဒါက ပုံစံပြတာ (မှန်ပါ့ ဘုရား)၊ မြင်ရသည်နဲ့ တစ်ပြိုင်နက်တည်း မြင်စိတ်ပေါ်လို့ရှိရင်ဖြင့် မြင်စိတ် ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

ဒါဖြင့် မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက ဒီနေရာ မဂ်ပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ ကြားစိတ်ကလေး နား ထဲ ပေါ်ပြန်တော့ကော (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ-ဖြစ်ပျက်ရှုလိုက်၊ ကြားစိတ်ကဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ အင်း ဒါဖြင့် အသင်္ခတဂါမိမဂ္ဂေါ ပေါ်လာတယ် (မှန်ပါ့)။

နှာခေါင်းထဲ မွှေးတယ်၊ နံတယ်ရယ်လို့ ရှုမိပြန်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ အဲဒီ့ရှုတဲ့စိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ့)။

နောက်ကလိုက်မိအောင် လိုက်ပါ၊ လိုက်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်တွေ့ပါတယ် (မှန်ပါ့)၊ အဲဒီ့မဂ်ကလေး ဟာ အသင်္ခတဂါမိမဂ် (မှန်ပါ့)၊ နိဗ္ဗာန်ရောက်ကြောင်း မဂ်ပဲ (မှန်ပါ့)၊ အသင်္ခတ သွားကြောင်းမဂ်ပဲ (ဝါ) ခရီးပဲဆိုတာ သေချာပလား (သေချာပါပြီ)။

ကိုင်း တစ်ခါသွားပါဦး၊ ကိုယ်ပေါ်မှာ ယားတယ် ယံတယ်ဆိုတဲ့ ဒုက္ခစိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရ ပါမယ်)၊ စားစိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုပေးရမယ်)၊ ကိုယ်ပေါ်မှာ လေကလေးဘာလေးတိုက်လို့ ခံသာတဲ့စိတ် ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဝမ်းထဲ လောဘကလေး ပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

လောဘပေါ်တယ်လို့ အောင့်မထားနဲ့ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)၊ ဒေါသစိတ်ကလေးပေါ်ရင်ကော (ဖြစ်ပျက် ရှုရပါမယ်)၊ သံသယဝိစိကိစ္ဆာပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ စိတ်ကလေးဟာ ပျံ့လွင့်တယ်ဆိုရင် (ဖြစ်ပျက်ရှုရ ပါမယ်)။

အဲ သူက ဖြစ်ပျက်ဆိုရင် ရှုတာက ဘာတုံး (မဂ်ပါ ဘုရား)၊ အဲဒါ အသင်္ခတဂါမိမဂ်ပဲ (မှန်ပါ့)။

တစ်ခါတလေကျတော့ ပေးချင်ကမ်းချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်သာရှု မရှုမရှိနဲ့ (မှန်ပါ့)။

တော်တော်ကြာ မေတ္တာပို့လိုက်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပါ။

တော်တော်ကြာကျတော့ ဘာမှမရှိတဲ့အခါကျတော့ လေထုတ်တဲ့စိတ်ကလေးကိုလည်း ဘာလုပ်ကြမယ် (ဖြစ် ပျက်ရှုရပါမယ်)၊ လေပြန်ရှိုက်တဲ့ စိတ်ကလေးကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ ဒါတွေလှည့်ရှုနေ၊ ဘာမှမရှိလို့ရှိရင် ရှုစိတ်ရှိုက်စိတ် ရှုရုံပေါ့ (မှန်ပါ့)၊ ဟိုဟာပေါ်တာလည်း ခုနင်က စက္ခုသောတ ဃာနဇိဝှာတာယ မြင်စိတ်တွေ, လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသတွေ ပေါ်လာရင်လည်း ဒကာကြွယ် ဖြစ်ပျက်ရှုရုံပေါ့ (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်မြင်တာက (မဂ်ပါ ဘုရား)။

ရှုဖန်များလာတော့ ဖြစ်ပျက်တွေ မုန်းလာတယ်

နောက် ရှုဖန်များလာတော့ ဖြစ်ပျက်တွေ မုန်းလာတယ် (မှန်ပါ့)၊ နောက်ကျတော့ ဒီဖြစ်ပျက်တွေ ဘာတွေပါ လိမ့်မလဲဆိုပြီး ဉာဏ်ကတက်လာတယ် (မှန်ပါ့)၊ ရှုတဲ့ဉာဏ်က တက်လာတယ်၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင် နိုင်နိုင်လည်း သိရော ဖျတ်ဆို ဒုက္ခသစ္စာချုပ်တယ် (မှန်ပါ့ ဘုရား)၊ ချုပ်တော့ ဒီထဲမှာ တစ်ခုချုပ်ရင် အကုန်ချုပ်တယ် (မှန်ပါ့)၊ ဒီငါးခု ရေးထားတယ်မဟုတ်လား (မှန်ပါ့)၊ အကုန်ချုပ်တယ် (ဤနေရာ၌ စက်ဝိုင်းကိုထောက်၍ ပြတော်မူ သည်)၊ အကုန်ချုပ်ပြီး သကာလ ဒီဘက်ကဟာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ဝေဒနာနိရောဓာ တဏှာနိရောဓာ နိဗ္ဗာနံဆိုတဲ့ အသင်္ခတပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ဘာပေါ်လာသလဲ (အသင်္ခတ ပေါ်လာပါတယ်)။

အသင်္ခတပေါ်လာတော့ ကိုတဲ့ အသင်္ခတကို ဘာနဲ့မြင်သတုံး မေးတော့ ခုနင်က ရှုနေတဲ့ မဂ်နဲ့ပဲ မြင်တယ် (မှန်ပါ့)၊ ဒါဖြင့် သူပို့တာပဲ (မှန်ပါ့)။

ဘယ်သူက ပို့တာတုံး (မဂ္ဂင်ကပါ ဘုရား)၊ မဂ္ဂင်ကပဲ ပို့တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှေးက ဒီနေရာ မမြင်ဖူးပါဘူး (မှန်ပါ့)၊ ဒကာကြွယ် ရှေးက (မမြင်ဖူးပါ ဘုရား)၊ အင်း အခု ဘယ်သူ ပြလို့ မြင်ရပါလိမ့် (မဂ္ဂင်ပြလို့ မြင်ရပါတယ်ဘုရား)၊ မဂ္ဂင်ကပြလို့ မြင်ရတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် သူပြလို့ မြင်လို့ရှိရင်ဖြင့် ဪ ဒါ မသေရာမှန် အသင်္ခတနိဗ္ဗာန်ဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား)၊ မသေရာမှန် အသင်္ခတနိဗ္ဗာန်ဆိုတာ ဒါပဲ (မှန်ပါ့)၊ ဒါကို မဂ္ဂင်နဲ့မြင်ပြီး သကာလ နေတော့ အဲဒီအချိန်ကျတော့ ဒကာ ဒကာမတို့ ခန္ဓာဘက်ရှုပေး (မှန်ပါ့)၊ ခန္ဓာရှုရင် မြင်တော့ နေသေးတယ်နော် (မှန်ပါ့)၊ မြင်တော့နေသည့်အတွက် ဪ ဒါသည်ကားလို့ဆိုရင် ဘာပါလိမ့် အို မသေရာကို မြင်ထားတယ် (မှန်ပါ့)။

မသေရာကို မြင်ထားတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ မသေရာကို မြင်ထားတဲ့နေ့ဖြင့် အို စုတေသွား လို့ရှိရင် ဒီနေရာ မဂ်ရောက်တယ် (မှန်ပါ့)၊ မသေတဲ့နေရာရောက်မယ် (ရောက်ပါတယ် ဘုရား)။

ခုနင်က ဝါးဖောင်တွေ အားကိုးတဲ့ပုဂ္ဂိုလ်ကတော့ သေရာပဲရောက်တယ် (မှန်ပါ့)၊ ဒီသေပြီး သကာလ ဟိုမှာ ဘာဖြစ်ဦးမှာပါလိမ့် (သေရာရောက်ပါတယ်)၊ ခဏတော့ နေဦးမှာပေါ့လေ (မှန်ပါ့)၊ ပြီးတော့ ဘာဖြစ်မလဲ (သေရမှာ ပါ ဘုရား)။

အင်း ဒီကသေပြီးတော့လည်း ဟိုမှာ သေရာဌာနပဲ သွားရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

မသေရာဆိုတာသည် အသင်္ခတ

ဒါဖြင့် မသေရာဆိုတာသည် အသင်္ခတပဲ (မှန်ပါ့)၊ အသင်္ခတဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဘယ်သူမှ မပြုပြင် ဘဲနဲ့ ခိုင်မြဲနေတဲ့တရား (မှန်လှပါ ဘုရား)၊ အဲဒါ ဘာခေါ်ကြမယ် (အသင်္ခတပါ)၊ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ခိုင်မြဲတဲ့ တရား ဘာခေါ်ကြမယ် (အသင်္ခတပါ ဘုရား)။

အဲဒီ့ အသင်္ခတတရားကို ခင်ဗျားတို့ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်တဲ့ပုဂ္ဂိုလ် ကိုယ်တိုင်မြင်ရလိမ့်မယ် (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်တဲ့ပုဂ္ဂိုလ် (ကိုယ်တိုင်မြင်ရမှာပါ)၊ ကိုယ်တိုင်မြင်ရတော့ အမြင်ခံရတဲ့ အသင်္ခတက နိဗ္ဗာန် (မှန်ပါ့)၊ ခင်ဗျားတို့ပြောနေကျ နိဗ္ဗာန် (မှန်ပါ့)၊ မြင်နေတာက မျက်လုံးနဲ့မြင်တာမဟုတ်ဘူး၊ မဂ်ဉာဏ်နဲ့ မြင်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘာနဲ့မြင်တာပါလိမ့် (မဂ်ဉာဏ်နဲ့မြင်တာပါ)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်တွေနဲ့ မြင်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အသင်္ခတက နိဗ္ဗာန် (မှန်ပါ့)၊ အသင်္ခတဂါမိမဂ်က မဂ်ဉာဏ် (မှန်ပါ့)၊ ဖိုလ်ဉာဏ် သဘောကျပလား (ကျပါပြီ)။

ဒီလိုဆိုတော့ ဦးဘအုန်းရေ သေချာပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ကိုယ်မြင်ထားတဲ့နေရာ ဒီတစ်ခါမြင်ပြီး လို့ရှိရင်ဖြင့် ဒါ ငါ၏ရောက်ရာဌာနဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချထားတော့ ဖျတ်ဆို စုတေကျ အဲဒီပဲရောက်သွားတယ် (မှန်ပါ့)၊ နဂိုကိုကလည်း ချမ်းသာနေတယ် (မှန်ပါ့)။

နဂိုကိုက သူ့ဟာ သူလည်းစိတ်ထဲမှာ အဲဒါမြင်ပြီးတဲ့အချိန်ကစပြီး တစ်ခါတည်း ဒကာကြွယ်တို့ မှတ်လိုက် ပါ၊ ဪ ငါသည်ကား အပါယ်လေးပါး တံခါးပိတ်ပြီလို့ သူ့ဟာသူ သိတယ် (မှန်ပါ့ ဘုရား)။

ဒီဟာမြင်ပြီးတဲ့ပုဂ္ဂိုလ်က (သူ့ဟာသူ သိပါတယ် ဘုရား)၊ အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာ သူများ မမေးရဘူး (မှန်ပါ့)၊ ငါလေရင် အပါယ်မသွားဘူးဆိုတာလည်း သူသိတယ် (သိပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့ ဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ်ကိုလည်း တစ်ခါတည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မင့်ဟာ အပါယ်မသွားတော့ဘူး (မှန်ပါ့)၊ ဟိုဟာ မင်းမြင်တာ နိဗ္ဗာန်ပဲ (မှန်ပါ့)။

အဲဒီတော့ မင်းသည်ကားလို့ုဆိုရင် ဘာမှ ပူဆွေးသောက ဗျာပါရ မရှိတော့ဘူး (မှန်ပါ့)၊ ငါးပါးသီလလည်း လုံသွားပြီ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်

ဒီဟာလုံပြီ၊ အပါယ်လေးပါး တံခါးပိတ်တာလည်း သူ့ဟာသူ သိတယ် (မှန်ပါ့ ဘုရား)၊ ငါးပါးသီလလည်း ဘယ်လိုလွန်ကျူးပါဆိုလိုမှ (မလွန်ကျူးပါ)၊ ခုနင်က နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့)။

အသင်္ခတဂါမိမဂ်ကို မြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဦးဘအုန်းရေ ဒါတော်တော့ ပုဂ္ဂိုလ်ကတော့ မဟုတ်ဘူးပေါ့ ဗျာ (မှန်ပါ့)၊ တကယ်မြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒကာကြွယ် တကယ်လုံပြီ (မှန်ပါ့)၊ အသက်စွန့်မယ် ၊ ငါးပါးသီလ မစွန့်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်လေးပါးဆိုတာ သူ့ဟာသူ မကျဘူးလို့ သိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ငါသေရင်ဖြင့် ဖရိုဖရဲကျတဲ့ လမ်းကို မရောက်ဘူး (မှန်ပါ့)၊ နိယတ မိစ္ဆာဒိဋ္ဌိ ဘေးတွေလည်း မသင့်တော့ဘူး (မှန်ပါ့)၊ ဘယ်ဆရာမှ ဘယ်တရား လာဟောလည်း မရတော့ဘူး (မရတော့ပါ ဘုရား)။

ဒီနိဗ္ဗာန်ရောက်တဲ့ တရားဆိုရင် သူနာမယ် (မှန်ပါ့)၊ ဒီ့ပြင် တရားဆိုရင် (မနာပါ)၊ ဒီ့ပြင် တရားမနာတော့ ပါဘူးဆိုပြီး အယူတွေလည်း ကင်းသွားတယ် (မှန်ပါ့)။

အဲဒါ ဘယ်သူ့သတ္တိပါလိမ့်မတုံးဆိုတော့ အားကိုးရာရတဲ့ မဂ်သတ္တိ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်အောင် လုပ်ပါ (မှန်ပါ့)၊ ၂ နံပါတ်ထဲက ဖြစ်ပျက်ကို (မြင်အောင် လုပ်ရပါမယ်)၊ စိတ်ရှုရင် စိတ်ဖြစ်ပျက်မြင်ရင် ပြီးတာပဲ (မှန်ပါ့)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် (ဝေဒနာဖြစ်ပျက်မြင်ရင် ပြီးတာပါပဲ ဘုရား)။

အဲ မြင်ပြီး သကာလ မြင်ရာကနေပြီး ကြိုးစားရှု မုန်းဉာဏ်ရောက်မှာပဲ (မှန်ပါ့)၊ မုန်းဉာဏ်ကနေပြီး ဆုံးဉာဏ်ရောက်မှာပဲ (မှန်ပါ့ ဘုရား)။

ရောက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အားကိုးရာအစစ် ကိုယ်ပိုင်ဖြစ်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)၊ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။