10701

မာတိကာသို့

ချည်တိုင်ကြိုး၍ လည်ပတ်ဖြတ် ဥပမာပြပဋိစ္စသမုပ္ပါဒ်တရားတော် (၁၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ချည်တိုင်ကြိုး၍ လည်ပတ်ဖြတ် ဥပမာပြ

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၁)

(၃၀-၁၁-၆၁)

ဒကာ ဒကာမတို့ သူများ ကယ်တင်ရတာထက် ကိုယ့်ကိုယ်ကယ်တင်ရတာ ဘယ်ဟာ အရေးကြီးပါလိမ့်မတုံး (ကိုယ့်ကိုယ် ကယ်တင်ရတာက အရေးကြီးပါတယ် ဘုရား) ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရတာက ပိုမိုပြီးသကာလ အရေးကြီး တယ်လို့ မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား) အခုတရားနာကြတယ်။ တရားအားထုတ်ကြတယ်လို့ ဒကာ ဒကာမတွေ နေကြ တာဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့အလုပ်ဘဲ (မှန်လှပါ ဘုရား)။

အိမ်က အထွက်များ ပျင်းခဲ့လို့ရှိရင် ဪ မင်းစဉ်းစားကြည့်စမ်း၊ မင်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့ အလုပ်တောင်မှ မင်းသည်ကား ပျင်းသေးတယ်ဆိုရင်ဖြင့် သူများတို့ ရွက်ဆောင်နေတယ်ဆိုတာ မင်း အလကား ပြောတာ ပါ။ ဒီ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာတောင် ပျင်းသေးတယ်ဆိုလို့ရှိရင် မင်း သူများ ကယ်တင်တဲ့အလုပ်ဟာဖြင့် မင်း လုံးဝမပါးတဲ့ ပုဂ္ဂိုလ်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပြီးသကာလ ထားကြပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဒီ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့အလုပ်လို့ ပြောရပါလိမ့်မတုံးဆိုတော့ လက်ရှိက ဒကာ ကြွယ်သိတဲ့ အတိုင်းပဲ၊ အိုဘေးကြီးကလည်း ခန္ဓာကိုယ်ကြီးထဲမှာ အပြည့်ရှိပါတယ် (ရှိပါတယ် ဘုရား) နာဘေး ကလည်း (ရှိပါတယ် ဘုရား) သေဘေးကလည်း (ရှိပါတယ် ဘုရား)။

မင်းလောက်မိုက်တာ မရှိတော့ဘူး

အဲဒီ အပြည့်တွေ ရှိနေတော့ ဒါတွေ လွတ်ရာသွားမည့်အလုပ်ကို ဆရာသမားက ပေးနေရတယ် (မှန်ပါ့) ဒကာကြွယ်အထဲမှာလည်း သူပါမှာပဲ။ အဲဒါ မပါအောင်ဘဲ ဆရာဘုန်းကြီးက ပေးနေတယ် (မှန်လှပါ ဘုရား)။

ပေးနေတော့ ဆရာဘုန်းကြီးပြောတဲ့အတိုင်း လိုက်နာကြလို့ ရှိရင်လည်း လွတ်ရ ကျွတ်ရမှာကိုး (မှန်ပါ့) အဲဒီ လွတ်ရကျွတ်ရမှာကို ဒကာ ဒကာမတွေက တရားနာပျင်းမယ်။ တရားအားထုတ်ပျင်းမယ်။ ဒီ့ပြင် ကိစ္စတွေကြောင့် ဆိုပြီးသကာလ အလွဲသုံးစားနဲ့ နေကြမယ်ဆိုရင်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဆုံးမစမ်းပါ၊ မင်းလောက်မိုက်တာ မရှိတော့ဘူး (မှန်လှပါ) မင်းကိုယ်မှ မင်း မသနားလို့ မင်းမကယ်တင်တာပဲ (မှန်ပါ့) မင်းလိုလူဟာ ရှာမှ ရှားတယ်။ မင်းအပါယ်ဘေး လည်း မကြောက်ဘူး။ အိုဘေး နာဘေး သေဘေးလည်း မကြောက်ဘူး (မှန်ပါ့) သားတွေ၊ သမီးတွေနဲ့ ခွဲရမည့် မျက်ရည် စက်လက်နဲ့ ပွဲတွေလည်း မင်းမကြောက်ဘူး (မှန်လှပါ ဘုရား)။

မင်းဟာ ချမ်းသာ မရှာတတ်ဘူး။ ချမ်းသာရှာတယ်ဆိုတာ ဒီလို လူစားမဟုတ်ဘူး၊ တရားနာပြီး တရားနဲ့ ပျော် ရွှင်မှရတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆုံးမပါလို့ ဆိုတာ သတိပေးလိုက်တယ်နော် (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ ဆုံးမ,ကြပေါ့နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီလို ဆုံးမခိုင်းတာတွေကို ဆရာ ဘုန်းကြီးက တခြားကြောင့် မဟုတ်ပါဘူး။ အနာပေါက်နေတဲ့ လူ ကို အနာမရှိရာ ပို့ချင်လို့ (မှန်ပါ့) သေနာပေါ်နေတဲ့ ပုဂ္ဂိုလ်ကို သေနာမရှိတဲ့နေရာ ပို့ချင်လို့ (မှန်ပါ့) အိုနာပေါ်နေတဲ့ ပုဂ္ဂိုလ်ကို အိုနာမရှိရာ ပို့ချင်လို့ (မှန်ပါ့)။

အဲဒါကြောင့် ဘယ်လိုပဲ ဒကာ ဒကာမတွေ ဟောဒီလူဖြင့် လာနေတယ်။ မကင်းတရားကလေးရှိနေလို့၊ အိုမင်း မကင်းတာက တဏှာခေါ်တယ် (မှန်ပါ့) မကင်းတရားက တဏှာခေါ်တယ်။ အဲဒီ့ဥစ္စာက မင်းကို ထိုးချသမား၊ အပါယ် လေးပါးထဲ ကျအောင် လာတာ (မှန်လှပါ ဘုရား)။

ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်

မင်းကိုယ် မင်းသနားတာက အပါယ်ဘေးလွတ်ဖို့၊ အိုဘေး နာဘေး သေဘေး လွတ်ဖို့ (မှန်ပါ့) ဒါကို မင်းလိုက်နာ ဖို့ အရေးကြီးတယ်ဆိုပြီးသကာလ ကြားတဲ့ပုဂ္ဂိုလ် ကျေနပ်လောက်အောင် ပြောပြီးသကာလ ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်ကို အပြေးအလွှား လုပ်ပါဆိုတာ တိုက်တွန်းတယ်နော် (မှန်လှပါ ဘုရား)။

နောင်ကို ဒီလိုလမ်းပြတတ်တဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့ဘူးဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ်တော့ မလုပ်တတ်ပါဘူး (မှန်လှပါ) ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့ရင် ဘယ့်နှယ်တုံး (ကိုယ့် ကိုယ် ကယ်တင်တဲ့ အလုပ်တော့ မလုပ်တတ်ပါ ဘုရား)။

ကိုယ့်ကိုယ် ကယ်တင်တဲ့ အလုပ်ကို မလုပ်တတ်ဘူး။ မျက်စိလည်နေတယ် (မှန်လှပါ) ဒီပုဂ္ဂိုလ်ကတော့ ကုန် တွေ အများကြီးဝယ်မှာ အဲ သူငဲ့ရဦးမယ်။ ဒီနေ့ တရားပွဲ နားလိုက်မှပဲ၊ တရားအားထုတ်တာလည်း နက်ဖြန်မှပဲ ကြိုးစားတော့မယ်ဆိုတော့ မျက်စိလည်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာဖြစ်သွားသလဲ (မျက်စိလည်သွားပါတယ် ဘုရား) မျက်စိလည်သွားတာဟာ တခြားမှ မဟုတ်ဘဲ။ တဏှာခိုင်းရာ လုပ်ပါတော့မယ်ဆိုတော့ အပါယ်သွားပါတော့မယ်ပြောတာ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

အဲဒီတော့ ဒါတွေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့ အလုပ်ဟာ တရားနာမှုအလုပ်၊ တရားအားထုတ်တဲ့ အလုပ်ဟာ ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

တစ်သိန်းဖိုးဝယ်ဝယ်၊ နှစ်သိန်းဖိုးဝယ်ဝယ် အင်း ဝယ်ချင်ဝယ် မဝယ်ချင်နေ၊ ဝယ်လည်း ငွေရတာပဲ။ များများဆိုတော့ များများဝယ်ပြီး များများထားရ များများပူရတယ်။ အဓိပ္ပာယ်က ဒီရောက်တယ် (ရောက်ပါတယ် ဘုရား)။

အဓိပ္ပာယ်က ဒီရောက်ပြီးသကာလနေတော့ အင်း ဒါတွေဟာ မလွှဲသာလို့ လုပ်ရငြားသော်လည်း ဒါရိုးရာ ထားပြီးသကာလ ငဲ့ဖို့ မလိုဘူးဆိုတာကိုလည်း ဒကာကြွယ် ပြင်ရမယ် (မှန်လှပါ) မပြင်ထိုက်ဘူးလား (ပြင်ထိုက်ပါတယ် ဘုရား)။

တဏှာခိုင်းတဲ့အလုပ်နဲ့ ဉာဏ်ခိုင်းတဲ့အလုပ် ဒကာ ဒကာမတို့ ဘယ်ဟာလိုက်သင့်သလဲ (ဉာဏ်ခိုင်းတဲ့အလုပ် လိုက်သင့်ပါတယ် ဘုရား) ဉာဏ်ခိုင်းတာက တရားနာဟေ့၊ တရားအားထုတ်ဟေ့၊ အဲဒါကိုသာ ဒကာ ဒကာမတွေက လိုက်ပါလို့ဆိုတာ တဇွတ်ထိုး ဟောနေတယ်လို့တော့ မယူလိုက်ပါနဲ့ (မှန်ပါ့)။

ကိလေသာရူးဖြစ်နေတယ်

တဇွတ်ထိုးဟောနေတယ်လို့ ဒကာ ဒကာမတွေက မယူပါနဲ့ (မှန်ပါ့) ခင်ဗျားတို့ကတော့ ဘာတုံးဆိုတော့ တိုတို ပြောတော့ ဒကာကြွယ် ကိလေသာရူးဖြစ်နေတယ် (မှန်ပါ့) ဘာဖြစ်နေသလဲ (ကိလေသာရူးဖြစ်နေပါတယ်) ငွေရရင် ဝမ်းသာနေတာပဲ (မှန်ပါ့) ငွေရရင်ဘာတုံး (ဝမ်းသာနေပါတယ် ဘုရား) ဒါဘာတုံးဗျာ (ကိလေသာရူးပါ ဘုရား)။

အဲ ကိလေသာရူးဖြစ်နေတော့ ဪ ဘုန်းကြီးကပြောဆိုတာကဖြင့် အင်မတန်မှ အလိုရှိလို့ ပြောတာ ပဲ ဆိုတဲ့ဘက် မရောက်ဘဲနဲ့ ခင်ဗျားတို့က ဘုန်းကြီးဟာ တရားတစ်ဖက်တည်း ပြောတာပဲလို့ ဒကာကြွယ်က ယူချင် ယူလိုက်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒီလိုယူလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေကမှတ်၊ ငါ့သန္တာန်အရူးထလို့ အကောင်းမသိတာပဲလို့ မှတ်လိုက် (မှန်လှပါ) ဘယ်လိုမှတ်ကြမယ် (ငါ့သန္တာန် အရူးထလို့ အကောင်းမသိတာပါ ဘုရား) အရူးထလို့ အကောင်းမသိလို့ ငါ မျက်စိလည် နေတာပဲ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဘာပါလိမ့် (အရူးထလို့ အကောင်းမသိလို့ပါ ဘုရား) ငါ မျက်စိလည်နေတယ် လို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မျက်စိလည်နေပါတယ် ဘုရား) ငါ မျက်စိလည်နေလို့ဆိုပြီး ဆုံးဖြတ်ချက်ချပါ။ သူများမမေးနဲ့ (မှန်ပါ့) တဏှာ့ အာရုံကြောင့် တဏှာခိုင်းလို့ သူတော်ကောင်းအလုပ် ပျက်လို့ရှိရင် ငါမျက်စိလည်နေလို့ပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

တဏှာဟာ ဆိုးကျိုးနဲ့ ကောင်းကျိုး ဘယ်ဟာ ပေးလေ့ရှိသလဲ (ဆိုးကျိုးပေးလေ့ရှိပါတယ် ဘုရား) ဆိုးကျိုးသာ ပေးလေ့ရှိတယ်ဆိုတာ ဒကာကြွယ် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သမုဒယသစ္စာကြောင့် (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား) ဒုက္ခသစ္စာဖြစ်တယ်ဆိုတာ ဒကာသစ်တို့ စက်ဝိုင်းကြီး အမြင်သားပဲ (မှန်ပါ့)။

တဏှာဟာ ဆိုးကျိုးသာပေးတယ်

ထိုကဲ့သို့ မြင်တာ ထောက်လိုက်လို့ရှိရင် တဏှာဟာ ဆိုးကျိုးသာပေးတယ်။ ကောင်းကျိုးမပေးဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတွေ တဏှာက ပြောတာများဟာ လူ့ပြည်ကောင်းတယ်လို့ပြောလည်း မယုံနဲ့ (မှန်ပါ့ ဘုရား) နတ်ပြည်ဟာ ကောင်းတယ်လို့ပြောလည်း (မယုံနဲ့) ဗြဟ္မာပြည်ကောင်းတယ်လို့ ပြောရင် (မယုံနဲ့)။

မယုံပါနဲ့၊ ယုံလို့ရှိရင် ဒီဥစ္စာ ခင်ဗျားတို့ကိုယ်က နဂိုရ်ကတည်းက အရူးနားရှိနေတော့ အရူးပြောတာ ယုံတာ (မှန်ပါ့ ဘုရား) အရူးနားရှိနေလို့ (အရူးပြောတာ ယုံတာပါ ဘုရား)။ အရူးနားရှိနေလို့ အရူးပြောတာ ယုံကို မယုံပါနဲ့လို့ သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)။

ဪ ငါယုံသ၍ဟာ အလွဲချည်းပဲ၊ ဉာဏ်ကမှ နိဗ္ဗာန်ပို့နိုင်တာ၊ တဏှာက နိဗ္ဗာန်ပို့နိုင်တာ မဟုတ်ဘူး (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ်သူကပို့သလဲ (ဉာဏ်ကမှ ပို့နိုင်ပါတယ် ဘုရား) တဏှာကတော့ (မပို့နိုင်ပါ ဘုရား) မပို့နိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) သူက ဘာပို့နိုင်သတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမ တို့ အလောင်းချင်းထပ်ပြီး သေတဲ့နေရာ ပို့နိုင်တယ် (မှန်ပါ့ ဘုရား)။

ဒီနေရာ ဒကာကြွယ် အလောင်းတစ်ခါသေ၊ နောက်တစ်ခါ ဒကာကြွယ်က ပုံတစ်မျိုး ဖြစ်ပြီးသကာလ ဒီအလောင်း ပေါ် ထပ်မြှုပ်တယ် (မှန်လှပါ ဘုရား) နောက်တစ်ခါ ဒကာကြွယ်က ပုဂ္ဂိုလ်တစ်မျိုးဖြစ်သေပြီး ဒီအလောင်းပေါ် ထပ်မြှုပ် တယ် (မှန်လှပါ ဘုရား) ဒါ ဘယ်သူ မြှုပ်တာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာမြှုပ်တာပါ ဘုရား)။

အဲဒါကြောင့် တဏှာဟာ ဒကာ ဒကာမတို့ အလောင်းချင်းထပ်တဲ့ကိစ္စကို သူအင်မတန်ပြုတယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ အလောင်းသိမ်းတဲ့ဇာတ် အိုဘေး နာဘေး သေဘေး သိမ်းတဲ့ဇာတ်ကို ဒကာသစ် ကြည့်ကိုမကြည့်ချင်ဘူး (မှန်လှပါ ဘုရား)။

တဏှာပြောတာ အယုံ အကြည်မရှိ

အဲဒါကြောင့် ခင်ဗျားတို့က ဘုရားဟောတဲ့အတိုင်း ဘုန်းကြီးပြောတာကိုသာ မှတ်ပြီးသကာလ တဏှာပြောတာကို ဖြင့် အယုံအကြည် မရှိဘူးဆိုတဲ့ဘက်က အမြဲထားပေးပါ (မှန်လှပါ ဘုရား) ဘယ်လိုထားရမယ် (တဏှာပြောတာ အယုံ အကြည်မရှိပါ ဘုရား)။

အယုံအကြည်မရှိပါဘူးကွာ ဆိုတဲ့ လောကမှာ ကိုယ့်ယုံကြည်ရသူ လာပြီဆိုမှဖြင့် ငွေတစ်ခါချေးသွား ပြန်မပေး၊ နောက်တစ်ခါ ကျုပ်ပေးပါမယ်ဆို လာချေး မပေး၊ သုံးခါလာချေးတဲ့အခါကျတော့ မင်းအကြောင်းသိပြီ မလိမ် နဲ့တော့ဟေ့ ဆိုသလိုပဲ (မှန်လှပါ ဘုရား) ဒီမှာလည်း ဘဝများစွာ သံသရာက ဒီမြေပေါ်မှာ သူ့စကား နားထောင်မိတာ နဲ့ သေပွဲအလောင်းတွေ ထပ်ထပ် ထပ်ထပ်ပြီး ကိုယ်တစ်ယောက်တည်း ထပ်ထပ် ထပ်ထပ်မြှုပ်နေတာ ဘယ်သူ့သတ္တိ ထင်ကြသလဲ (တဏှာ့သတ္တိပါ ဘုရား) တဏှာ့သတ္တိဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီ တဏှာ့သတ္တိပေါ်တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတစ်ခါ တဏှာကလာပြီး ကုန်သည်ကြီး ဒါငဲ့ရ မည်၊ ဒါတရားဝင်တဲ့အချိန်ကို လွှဲပေးရမယ်၊ တစ်နည်းအားဖြင့်လည်း ဒီနေ့အတွက်တော့ သူနဲ့ပြီးရမယ်ဆိုလို့ရှိရင်ဖြင့် လာပဟေ့၊ လိမ်နေကျလူ လာပဟ၊ မယုံကြည်ထိုက်တဲ့သူ လာပဟလို့ ဒကာကြွယ် အတင်းတွန်းကန် ထုတ်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တဏှာ အလိမ်မိလို့

ဒါဖြင့် ဒကာ ဒကာမတွေ အမျိုးမျိုး အဖုံဖုံ သေပွဲတွေဝင်ခဲ့တယ် (ဝင်ခဲ့ပါတယ် ဘုရား) အဲဒါ ဘယ်သူ့အလိမ်မိလို့ ထင်ကြသလဲ (တဏှာရဲ့ အလိမ်မိလို့ပါ ဘုရား) တဏှာ အလိမ်မိလို့ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဒီတစ်ခါတော့ ဆရာသမားကောင်း အကူအညီနဲ့ ငါတို့ကို ဉာဏ်မျက်လုံးတပ်ပြီးပေးပြီ။ ဒါ့ကြောင့် မင့်စကားကိုဖြင့် အယုံအကြည် မရှိတော့ဘူးဆိုတဲ့စကားကိုဖြင့် ခင်ဗျားတို့ ရဲရဲတင်းတင်း သုံးစမ်းပါ (မှန်လှပါ ဘုရား)။

ဘယ်လိုမှာပါလိမ့် (ရဲရဲတင်းတင်း သုံးရပါမယ် ဘုရား) ရဲရဲတင်းတင်း သုံးရမယ်ဆိုတာ ဒကာ ဒကာမတွေ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား) ရဲရဲတင်းတင်း သုံးစမ်းပါဆိုတာကို သတိပေးလိုက်တယ်နော် (မှန်လှပါ) တော်တော်ကြာကျ တော့ သူက သေခါနီးကျကာမှ ငရဲအိုးကြီးတွေ မသေခင်ကမြင် (မှန်လှပါ)။

အင်း ဒါဘယ်ပုဂ္ဂိုလ် မြင်တာတုံးဆိုတော့ တဏှာရဲ့ အလိမ်မိတဲ့ပုဂ္ဂိုလ်မြင်တာ (မှန်လှပါ ဘုရား) ဒီကျတော့ သူက ဘာမှ ကျုပ်တို့ကို လာမပြောလှဘူး၊ မင်းထိုက်နဲ့မင်း သွားရော့ဆိုပြီး သူက ဒီကျတော့လည်း လက်မြှောက်တယ် (မှန်ပါ့ ဘုရား)။

ဒီကျတော့ လက်မြှောက်လိုက်တာ ဒကာ ဒကာမတွေက စဉ်းစားပါလား၊ ဪ သူ့ကျွန်ခံတာ ကောင်းတယ် လို့ မှတ်ပြီး လိုက်မိတာ အခုတော့ ပစ်ထားခဲ့ပါပေါ့လားဆိုတာ ပေါ်ရော (ပေါ်ပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ခွေးနက်ကြီးတွေက လာဆွဲလိမ့်မယ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သေခါနီးကျတော့လည်း သူခိုင်းတာလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဟာ ခွေးနက်ကြီးတွေက လာဆွဲလိမ့်မယ် (မှန်လှပါ) မဆွဲပေဘူးလား (ဆွဲပါတယ် ဘုရား)။

အင်း ငရဲကြီးတွေ ကိုယ်တိုင် မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား) ဝိညာဉ်ချုပ်ပလား (မချုပ်သေးပါ ဘုရား) မချုပ်သေးခင်က မြင်ရတော့ ဒါ ဒကာကြွယ်တို့ ဦးလှဘူးတို့က စဉ်းစားပါ၊ ဘာဖြစ်လို့မြင်ရတာပါလိမ့် (တဏှာ ကျွန်လုပ်ခဲ့လို့ပါ ဘုရား)။

တဏှာခိုင်းတာ လိုက်နာမိလို့ (မှန်ပါ ဘုရား) သူလိမ်တာ ကျုပ်တို့က မဖြေမိဘူး (မှန်ပါ့) သဘောပါကြလား (ပါပါတယ်) သူလိမ်တာ မဖြေမိတော့ ကိုင်း ကျုပ်ဖြင့် ဒုက္ခရောက်ပြီ၊ ငရဲသွားမှာ ကျုပ်သေချာပြီ၊ ငရဲမီးတွေလဲ မြင်ရပြီ၊ ခွေးနက်ကြီး တွေလဲမြင်ရပြီ။ ကဲ ကယ်ပါဦး ယူပါဦး ဆိုတော့ သူက အနားတောင် မသီလာဘူး (မှန်ပါ့ ဘုရား) သီလာသေးရဲ့ လား (မသီလာပါ ဘုရား)။

အဲဒီတော့မှ ဒကာ ဒကာမတွေက တို့ ဆရာသမား တဖွဖွ ပြောလျက်သားနဲ့ တို့နားမထောင်မိဘူး (မှန်လှပါ ဘုရား) ဘုရားက တဖွဖွဟောပါလျက်သားနဲ့ တို့မလိုက်နာ မိဘူး (မှန်ပါ ဘုရား) ဒီကျမှ ဝမ်းနည်းပက်လက်ဖြစ်ပြီး သကာလ မသွားချင်တဲ့လမ်းကို ဒကာ ဒကာမတို့ ဖျတ်ဆို ငရဲရောက်သွားတယ် (မှန်ပါ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါတွေကြည့်တော့မှ ဪ သား လင် ခင်ပွန်းကိစ္စ သားသမီးတွေကိစ္စနဲ့ ရှာကျွေးနေရတဲ့ကိစ္စဟာ ငါဖြင့် ကိုယ်ကျိုး နည်းပြီဆိုပြီးသကာလ ဟိုကျတော့ ယမမင်းကြီး ထံများ အစစ်ခံတဲ့အခါကျတော့ ဖြေစရာ တစ်ကွက်မှမပါဘူး (မှန်လှပါ ဘုရား) သဘောပါပလား (ပါ, ပါပြီ) ကောင်းတာ ဖြေစရာတစ်ကွက် ပါသေးသလား (မပါ, ပါ ဘုရား)။

ကိုယ့်ကိုယ်ကို ကယ်တင်ကြပါ

အဲဒါကြောင့် ခင်ဗျားတို့ကို ရန်တိုက်တာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို ကယ်တင်ကြပါ ပြောတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူ့ကယ်တင်ရမတုန်း(ကိုယ့်ကိုယ် ကို ကယ်တင်ရမှာပါ ဘုရား) ကိုယ့်ကိုယ်ကို ကယ်တင်ရမယ်ဆို တာဖြင့် ဒကာ ဒကာမတို့ ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သနားကြစမ်းပါ (မှန်ပါ့) ဒီသမီးလေး, ဒီ-သားလေးကို မင်းအသက်ထက်မက ချစ်သေးတယ်ဆိုတာ ခင်ဗျားတို့ တဏှာကခိုင်းလို့ ပြောနေတာပါလား (မှန်လှပါ ဘုရား) ကြပ်ကြပ် ချစ်လေလေ ပဋိစ္စ သမုပ္ပါဒ်မှာ ကြည့်စမ်းပါလား၊ တဏှာပြီးရင် ဘာ လာသတုန်း (ဥပါဒါန်လာပါတယ် ဘုရား) ဥပါဒါန်ပြီးရင် ဘာလာသတုန်း (ကမ္မဘဝလာပါတယ် ဘုရား)ကမ္မဘဝပြီးတော့ ဒီတဏှာနဲ့သာ သေရင် ဘယ်ဇာတိလာသလဲ (အပါယ်ဇာတိ လာပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အသက်တမျှ ခင်ပြီး သေသွားလို့ ရှိရင်ဖြင့်တဲ့ တဏှာဥပါဒါန်-ကံ အပါယ်ဇာတိဆိုတာ ဒကာ ဒကာမတို့က ဘယ်သူမှ တန်းပေးတာ မဟုတ်ဘူး၊ တဏှာက တန်းပေးလိုက်တာ (မှန်လှပါ ဘုရား)။

အပါယ်ပစ်ချလိုက်တယ်

တဏှာကနေ ဥပါဒါန် တန်းပေးလိုက်တယ် (မှန်ပါ့) ဥပါဒါန်ကနေ (ကမ္မဘဝတန်း ပေးပါတယ်) ကံကနေပြီး ဘယ်ကိုပစ်ချလိုက်သလဲ (အပါယ်ပစ်ချလိုက်ပါတယ်) အပါယ် ဇာတိ ပစ်ချလိုက်တော့ ခင်ဗျားတို့ ပြောနေကြတဲ့ သားကလေး သမီးကလေးတွေ ကွယ်ရာမှာ ပြောနေတဲ့ ကျုပ်အသက်ထက် ချစ်သေးတယ်၊ ကျုပ်အသက်တော့ကျုပ်မနှမြောပါဘူး၊ သူတို့တော့ ကျန်းမာစေချင်တယ် (မှန်လှပါ ဘုရား)။ ပိုးရှိမှပြည်သိန်း

ဪ တဏှာကပြောခိုင်းတော့ အရူးထပြီးပြောတာ (မှန်လှပါ ဘုရား) တဏှာက ခိုင်းတော့ ဘာတဲ့ (အရူးထပြီး ပြောတာပါ ဘုရား)ပြောတာ ကိစ္စမရှိပါဘူး၊ ဒီပြောနေတဲ့ အခိုက် အတန့်မှာ တဏှာပြီး ဘာလာသတုန်း (ဥပါဒါန်လာပါတယ် ဘုရား)၊ ဥပါဒါန်ပြီး ဘာလာတုံး (ကမ္မဘဝလာပါတယ် ဘုရား) ကမ္မဘဝပြီးရင် စုတေတော့ ဘာလာသတုံး (အပါယ်ဇာတိလာပါတယ် ဘုရား)။

ကိုင်း- ဒကာ ဒကာမတို့ ပြောရတာ အရသာရှိသလား၊ ကိုယ်သွားရမည့်ခရီးက ကြမ်းတမ်းသလား၊ အကဲခတ် စမ်း (ကိုယ်သွားရမည့်ခရီးက ကြမ်းတမ်းပါတယ် ဘုရား) ကိုယ်သွားရမည့် ခရီးက ကြမ်းတမ်းတယ်ဆိုတာဖြင့် ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတွေကြောင့် ဘုန်းကြီးများက အနာမပေါက်စေနဲ့ ဒကာ ဒကာမတွေ ဆေးရှာပါ၊ အနာပေါက်မှ ဆေးရှာ တော့ မရတော့ဘူး (မှန်လှပါ ဘုရား) အပါယ် အနာပေါက်မှ ဆေးရှာလို့တော့ (မရတော့ဘူး) ပေါ်ပြီးသားအနာ ကိုယ်ကိုယ် တိုင်ခံရုံပဲရှိတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ရင်းရင်းချာချာထားပြီးသကာလ တကယ်တမ်းဆုံးမ၊ တကယ်တမ်း သွန်သင်၊ တကယ်တမ်း ဘုရားနည်းကို လမ်းပြနေတယ်လို့ ဆိုတာကိုလည်း သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီလမ်းဖြင့် ကြောက်လှချည်ရဲ့

ကိုင်း ဒါဖြင့် ပြောကြပါစို့ တဲ့၊ ဒကာ ဒကာမတို့ ဒီလမ်းဖြင့် ကြောက်လှချည်ရဲ့၊ ဒီလမ်းဖြင့် မသွားချင်ပါ ဘူး၊ ဒီခရီးဖြင့် တပည့်တော်တို့ ဘယ်လိုတွန်းထုတ်ထုတ် အပါယ်ခရီးတွေ မသွားချင်ပါဘူး၊ နတ်ပြည်ဆိုတာလည်း ဇာတိ ဒုက္ခရှိပါတယ်ဘုရား (မှန်ပါ့) ဆိုထိုက်ကြရဲ့လား (ဆိုထိုက်ပါတယ် ဘုရား) ဗြဟ္မာပြည်ဆိုတာကော (ဇာတိဒုက္ခရှိပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မသိလို့ အဝိဇ္ဇာနဲ့ တဏှာက လှည့်စားလို့ အေး နိဗ္ဗာန်မရသေးလို့ ရှိရင်လည်း နတ်ပြည်၊ ဗြဟ္မာ့ပြည်သွားပြီး တည်းခိုနေရရင် ကောင်းမှာပဲလို့ ဆိုတာတောင်မှ ဒကာကြွယ် တဏှာလှည့်စား အလိမ်မိတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာလှည့်စားလို့ အလိမ်မိတာလို့ မှတ် လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီလိုဟောရပါလိမ့်မလဲလို့ အမေးထုတ်တော့မှ ဒကာ ဒကာမတို့ ဇာတိ က ဒုက္ခသစ္စာ (မှန်ပါ့) အမိ ဝမ်းခေါင်းထဲ နေခဲ့ရတယ်၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒီဒုက္ခသစ္စာပြီးရင် တစ်ခါ ခင်ဗျားတို့က တဏှာနဲ့ ဆုတောင်းလိုက်လို့ရှိရင်ဖြင့် အင်း ဒီဘဝ စုတိမနေ သေလွန်တော့ နတ်ဖြစ်ရပါလို၏ဆိုတော့ နတ်ဇာတိက လာဦးမှာပဲ (လာပါတယ် ဘုရား)။

အင်း ဇာတိက လာပြီးသကာလ၊ လာတုန်းကလည်း ဇာတိက လာတယ် (မှန်ပါ့) သေတော့လည်း ဇာတိပြန် ရောက်ရတယ်ဆိုတော့ မီးထဲကလာပြီး မီးထဲပြန်ရောက်တယ် (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြမယ် (မီးထဲကလာပြီး မီးထဲပြန်ရောက်ပါတယ် ဘုရား) မီးထဲကလာပြီး မီးထဲပြန်ရောက်တယ်ဆိုတော့ အဆိုးမှာ တန်းကုန်သွားပြီ (မှန်လှပါ ဘုရား) မီးထဲကလာပြီး ငြိမ်းရာ သွားရတယ်ဆိုရင် တော်သေးရဲ့ (မှန်လှပါ) မဟုတ်ဘူးလား။ အခုတော့ မီးထဲကလာပြီး ဘယ်သွား သတုံး (မီးထဲသွားပါတယ် ဘုရား)။

တဏှာလိမ်တာ မယုံနဲ့

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာလိမ်တာ မယုံနဲ့နော် (မှန်ပါ့ ဘုရား) သာမညဆရာများပြော တာလည်း မယုံနဲ့ (မှန်ပါ့ ဘုရား) တဏှာလိမ်တာကို (မယုံနဲ့) သာမညဆရာပြောတာကိုလည်း (မယုံပါနဲ့) သာမညဆရာ များကလည်း အို လူ့ဘဝ၊ နတ်ဘဝ ကောင်းတယ်လို့ ဒကာကြွယ် ပြောချင်ပြောလိုက်လိမ့်မယ် (မှန်ပါ့) ပြောတဲ့အခါ ကျတော့ မိမိတွက်ကြည့် မိမိဘယ်ကလာသတုံး (ဇာတိက လာပါတယ် ဘုရား) ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နတ်ပြည်ရောက်တော့ ဘယ်က စ,ရမလဲ (ဇာတိကပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒုက္ခထဲက လာပြီး ဒုက္ခထဲ ပြန်ရောက်ရမယ်ဆိုရင် ကျုပ် မကြိုက်ဘူးလို့ ပြောလိုက်စမ်းပါ (မှန်လှပါ ဘုရား) ဒုက္ခထဲကလာပြီး ဒုက္ခထဲ ရောက်လို့ရှိရင် မောင်ဘသော် ဘယ်လိုဖြေမလဲ (မကြိုက်ပါ ဘုရား) ကျုပ်တို့ မကြိုက် ဘူးလို့ ဦးသာအောင်ကြီး မဖြေရဲဘူးလား (ဖြေရဲပါတယ် ဘုရား) မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ဇာတိက လာလို့ရှိရင် ဇာတိလွတ်ရာ သွားလိုက်ရ ရင် ဦးဘအုန်း ကောင်းလိမ့်မယ် (မှန်လှပါ ဘုရား)။

ဇရာကကော ဇရာထဲ ရောက်နေတဲ့ပုဂ္ဂိုလ်က ဇရာလွတ်ရာသွားရတယ် (ကောင်းပါလိမ့်မယ် ဘုရား) အနာ နှိပ်စက်နေတဲ့ ဗျာဓိပုဂ္ဂိုလ်ဟာ အနာလွတ်ရာ ရောက်ရရင် (ကောင်းပါတယ် ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား) အသေရှိတဲ့ ပုဂ္ဂိုလ်ဟာ အသေလွတ်ရာ သွားရမယ်ဆိုရင် (ကောင်းပါမယ် ဘုရား)။

ခင်ဗျားတို့လည်း ဥပမာ စဉ်းစားကြည့်စမ်းပါ ၊ ခင်ဗျားတို့ ဘုံဘဝတော့ ဆုတောင်းတယ်၊ ခင်ဗျားတို့သည် သေမည့် ဝေဒနာ အနာကပ်ရောက်လာတယ်ဆိုပါတော့ (မှန်ပါ့) ဦးဘအုန်း ကပ်ရောက်လာတယ်ဆိုပါတော့ (မှန်လှပါ ဘုရား)။

အသေလွတ်ရာ ရှာချင်လို့

ဦးဘအုန်း ဘယ်ဆရာဝန် အကောင်းဆုံးတုံးဆိုတာ ဦးဘအုန်း ကိုယ်တိုင်က မေးမှာပဲ (မှန်ပါ့) မမေးပေဘူး လား (မေးမှာပါ ဘုရား) ဘာပြုလို့တုံးဆိုတော့ အသေနာပေါ်လို့ အသေလွတ်ရာ ရှာချင်လို့ (မှန်လှပါ ဘုရား) ငွေဘယ် လောက်ကုန်ကုန်ဗျာ ၊ ကျုပ်တို့ရှာထားပါတယ်၊ အစွမ်းကုန်အောင်ပဲ ကုပေးပါဆိုတာ သေနာပေါ်နေတဲ့ ပုဂ္ဂိုလ်မှာဖြင့် အသေလွတ် ဆရာသာ သူကိုယ်တိုင် ရှာပြီးသား (မှန်ပါ့) မရှာဘူးလား (ရှာပါတယ် ဘုရား)။

မမာတဲ့ အချိန်ကျတော့ ဒကာ ဒကာမတွေ သေနာပေါ်တယ်ဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား) ဘာရှာကြသတုံး အဲဒီအချိန်မှာ (အသေလွတ်ရာ ရှာပါတယ် ဘုရား) အို ဦးဘအုန်း ဒါ အရှင်သားပဲ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အင်း ဝေဒနာရောက်တဲ့ ပုဂ္ဂိုလ်ကျလို့ ရှိရင်ဖြင့် သေနာပေါ်တဲ့အတွက် အကောင်းဆုံးဆရာဝန် အကောင်း ဆုံး ဆေးမရှာကြဘူးလား (ရှာကြပါတယ် ဘုရား) ဘာဖြစ်လို့ ရှာတာတုံး (သေနာပေါ်လို့ပါ ဘုရား)။

အဲ အဲဒီမှာ ရှာတာတော့ အတည့်သားနဲ့ လူ့ပြည်ကနေပြီး နတ်ပြည်သွားချင်တာဟာ အသေရှိတာ မသိ သေးဘူး (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့) ကဲ ဒါဖြင့် မျက်စိလည်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးက ခင်ဗျားတို့က မျက်စိလည်နေတော့ ကိုယ့်ဟာကိုယ်တော့ မသိဘူး (မှန်ပါ့) ဦးဘအုန်းသိရဲ့ လား (မသိပါ ဘုရား) လူ့ပြည်က စုတေသွားလို့ နတ်ပြည်ရောက်ချင်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်ဖြင့် တဲ့၊ ဟိုမှာ မသေတော့ ဘူးလား၊ သေဦးမှာလား (သေဦးမှာပါ ဘုရား)။

ဒါဖြင့် ဒီတစ်ခါသေလို့ရှိရင် နတ်ပြည်ရောက်ရပါလို၏ ဆိုတော့ နောက်တစ်ခါ သေရပါလို၏ဆိုတာ ပါ-မပါ (ပါ-ပါတယ် ဘုရား) သေချာကြပလား (သေချာပါတယ်)။

သူများပြော လည်း မယုံနဲ့

အဲဒါကြောင့် ခင်ဗျားတို့ သူများပြောလည်း မယုံနဲ့ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘယ်လိုမှာပါလိမ့် (သူများပြော လည်း မယုံနဲ့) သူများပြောလည်း မယုံနဲ့ဆိုတာကို လေးလေးစားစား နားကြီးကြီးနဲ့ ခင်ဗျားတို့မှတ်ထားပါ (မှန်လှပါ ဘုရား) သူများပြော ယုံကိုမယုံနဲ့၊ ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် ဤသင်္ကန်း-ဤကျောင်း အစရှိသည်တွေကြောင့် နတ်ရွာ ရောက်ရပါလို၏များ သွားပြီးမထည့်လေနဲ့ (မှန်လှပါ) သွားမထည့်ကြနဲ့၊ ကိုယ်မမာတုန်းကတော့ ဘာရှာသတုံး၊ အသေ လွတ်ရာရှာတယ် (မှန်ပါ့) ကိုယ်မမာတုန်းကတော့ (အသေလွတ် ရှာပါတယ် ဘုရား) အခု မာတုန်းကျတော့ ဘာရှာနေ သတုံး (အသေရှာနေပါတယ် ဘုရား)။

ဟာ အတော် အရုပ်ဆိုးပါလား (မှန်ပါ့ ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) သေသေချာချာ အရုပ်ဆိုး တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒကာကြွယ် မမာတုန်းက ဘာရှာသတုံး (အသေလွတ်ရာရှာပါတယ်)။

နောက် အလှူကြီးပေးတော့ ဘာရှာသတုံး (အသေရှာပါတယ် ဘုရား) ဟာ ခင်ဗျားတို့က ပိုက်ဆံကုန်ပြီး အသေရှာတယ် (မှန်လှပါ ဘုရား)။

ဟိုမှာ ဆရာဝန်ကတော့ ပိုက်ဆံကုန်ပြီး အသေလွတ်ရှာတယ် (မှန်ပါ့ ဘုရား) ဒီကျတော့ မဏ္ဍပ်ကြီးထိုးပြီး အသေရှာတယ် (မှန်ပါ့ ဘုရား) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) အဲဒါ ဉာဏ်နဲ့လည်း သဘောပေါက်တဲ့လား (ပေါက်ပါတယ် ဘုရား) တချို့ ဒီသစ္စာ နားမလည်တော့ ဒကာကြွယ် မဏ္ဍပ်ထိုးပြီး ဘာရှာသတုံး (အသေရှာပါတယ် ဘုရား)။

ဪ ခက်တယ် ဒကာသစ်ရ (မှန်ပါ့) မောင်ဘသော် မခက်ဘူးလား (ခက်ပါတယ် ဘုရား) ကိုယ်မမာတော့ ဘာရှာသတုံး (အသေလွတ်ရာရှာပါတယ် ဘုရား) ဘယ်ဆရာဝန်ကောင်းသတုံး၊ ဘယ်ဆေးကောင်းသတုံးနဲ့ (မှန်ပါ့) ဟ ဒါဘာလုပ်ကြတာတုံးဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (အသေလွတ်ရာ ရှာပါတယ် ဘုရား) သေမှာသိလို့ အသေ လွတ်ရာ ရှာတယ် (မှန်ပါ့ ဘုရား) ဒီဝေဒနာနဲ့ သေမှာသိလို့ အသေလွတ်ရာ ရှာကြတာ (မှန်ပါ့) အလှူအတန်းတွေပေးတော့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာကြွယ် ဘာရှာသတုံး (အသေရှာပါတယ် ဘုရား)။

ဪ ဒီလို နတ်ပြည် ဗြဟ္မာပြည် အကြိမ်ကြိမ်ခံစား၍ ဆိုတာသည် ဒကာသစ် အကြိမ်ကြိမ် အသေရှာ တာ (မှန်ပါ့ ဘုရား) ဒါဖြင့် ဘုန်းကြီးပြောတာ ခင်ဗျားတို့က မငြင်းပါနဲ့တော့လို့ ဦးဘအုန်းတို့ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား) မမာတုန်းက စိတ်မပျောက်စေနဲ့ (မှန်ပါ့ ဘုရား) မမာတုန်းက စိတ်ဘာတုံး (မပျောက်စေပါနဲ့ ဘုရား) မမာတုန်းက အားလုံးနောက်က ဒကာ ဒကာမတွေ ဘာရှာကြသတုံး (အသေလွတ်ရာ ရှာပါတယ် ဘုရား) ငွေဘယ်လောက် ကုန်ကုန်နော်၊ အသေလွတ်ရင် တော်ပါပြီ (မှန်ပါ့) မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ကျန်းမာတာက ပိုပြီး မိုက်နေတယ်

အဲဒီတုန်းက ရှာပုံ၊ မမှန်ဘူးလား မှန်သလား (မှန်ပါတယ် ဘုရား) နို့ ဒီအလှူအတန်း ပေးတဲ့အခါကျတော့ ဘာရှာကြသတုံး (အသေရှာပါတယ် ဘုရား) ရော ကျန်းမာတော့ ခင်ဗျားတို့က အသေရှာတယ်၊ မကျန်းမာတော့ ခင်ဗျားတို့က အသေလွတ်ရာ ရှာတယ်ဆိုတော့ ကျန်းမာတာက ပိုပြီး မိုက်နေတယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (ကျန်းမာတာက ပိုမိုက်ပါတယ် ဘုရား) ကျန်းမာတာက ပိုမိုက်လေလေဆိုတဲ့ အဓိပ္ပာယ်က ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကြံလုံပြောတဲ့ စကားလား တဲ့၊ ခင်ဗျားတို့ မိုက်ပုံထူးခြားတာ ပြောတာလား (မိုက်ပုံထူးခြားတာ ပြောတာပါ ဘုရား)။

အင်း မကျန်းမာတော့ ဘာရှာသတဲ့တုံး (အသေလွတ်ရာရှာပါတယ်) ကျန်းမာတော့ (အသေရှာပါတယ် ဘုရား) ဟ ကျန်းမာလို့ရှိရင် ကျန်းမာသထက် ကျန်းမာတာ ရှာရမယ် (မှန်ပါ့ ဘုရား) အသေတော့ ရှာဖို့ မသင့်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါ ဘုန်းကြီး ဖော်ပြောမှ ဦးဘအုန်း မျက်စိလည်တယ်ဆိုတာ ပေါ်တာနော် (မှန်ပါ့ ဘုရား) နို့မို့ရင် ဒီအဓိပ္ပာယ် ကို ဦးဘအုန်းတို့ တွေးကြည့်စမ်း ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီး ဒီနေ့ပြောတဲ့စကားဟာ နှစ်လုံးတည်း ရှိပါသေးတယ် (မှန်ပါ့ ဘုရား) မကျန်းမာတဲ့အခါ ဘာရှာ လေ့ရှိသလဲ (အသေလွတ်ရာရှာပါတယ် ဘုရား)။

မကျန်းမာတုန်းက အသေ လွတ်ရာရှာခဲ့

ဒါဖြင့် ကျန်းမာတဲ့ အချိန်ကျတော့လည်း ဘာရှာဖို့ သင့်သလဲ (ကျန်းမာသထက် ကျန်းမာတာ ရှာဖို့သင့်ပါတယ်) အဲဒါရောက်အောင် လုပ်ပစ်လိုက် (မှန်ပါ့ ဘုရား) ကျန်းမာတုန်းကို ရှာတဲ့ အရှာလည်း မကျန်းမာတုန်းကတောင် အသေ လွတ်ရှာခဲ့သေးတာ၊ ကျန်းမာတဲ့အခါ ဒီထက် လွတ်တဲ့နေရာ ရှာမဟ ဆိုတော့ ဒီလိုမှ မှန်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကျန်းမာတဲ့ အချိန်မှာ ဘာရှာကြမယ် (အသေလွတ်ရာ ရှာကြပါမယ် ဘုရား) မကျန်းမာမှ အသေလွတ် မဂ္ဂင်အလုပ်ကို ဒကာကြွယ် မလုပ်နိုင်ဘူး (မှန်ပါ့ ဘုရား) လုပ်နိုင်ပါ့မလား (မလုပ်နိုင်ပါ ဘုရား) ကျန်းမာတုန်း က မဂ္ဂင်ုအလုပ်လုပ်လိုက်တော့ ဘာရှာရာ ရောက်သွားသလဲ (အသေလွတ်ရှာရာ ရောက်သွားပါတယ် ဘုရား)။

အဲ မကျန်းမာတုန်းက ငွေရှာပေးတာကတော့ အသေလွတ်ရှာတာ (မှန်ပါ့ ဘုရား) ကျန်းမာတုန်း အသေလွတ် ရှာတာကတော့ ဉာဏ်နဲ့ရှာရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) မကျန်းမာတုန်း အသေလွတ်ရှာတာကတော့ (ငွေနဲ့ ရှာတာပါ ဘုရား) ငွေပေးရှာတာကတော့ စရိတ်ကုန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကျန်းမာတုန်း အသေလွတ်ရှာတာကတော့ ဘာနဲ့ရှာရသတုံး (ဉာဏ်နဲ့ ရှာရပါမယ် ဘုရား)။

ဉာဏ်နဲ့ ရှာရမယ်

ဒါဖြင့် ဉာဏ်နဲ့ ရှာရမယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဉာဏ်နဲ့ ရှာတဲ့အခါကျတော့ လွယ်ပါတယ်တဲ့၊ သေတတ်တဲ့ ခန္ဓာကြီး မလိုချင်လို့ရှိရင် ဒါပြီးသွားတာပဲ (မှန်လှပါ ဘုရား) သေတတ်တဲ့ ခန္ဓာကြီးကို မလိုချင်တဲ့ဉာဏ်နဲ့ ပွားယူ (မှန်ပါ့ ဘုရား) ဒကာသစ် နောက်ထပ်ရပါဦးမလား (မရပါ ဘုရား) နောက်ထပ် မရတော့ဘူးဆို တာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ ဘုန်းကြီးပြောတာက ဪ မျက်စိလည်တာ ပေါ်ပြီဘုရား (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ မကျန်းမာတော့ ဘာရှာကြမယ် (အသေလွတ်ရာ ရှာပါတယ် ဘုရား)။

အဲဒါ တည့်တယ်၊ အဲဒါ မျက်စိမလည်ဘူး (မှန်ပါ့ ဘုရား) အဲဒါ မျက်စိမလည်တာကို ဪ ဒီလူကတော့ဖြင့် မကျန်းမာလို့ မကျန်းမာမှုဆိုတဲ့ အသေလွတ်ကို ရှာကြံတယ်။ တည့်လိုက်တာ (မှန်ပါ့ ဘုရား) မကျန်းမာတုန်းတော့ တည့်တယ် (မှန်ပါ့ ဘုရား) ကျန်းမာတဲ့အခါကျတော့ ငွေကလေး ဘာကလေးကလည်း ရလာ၊ ပိုပိုမိုမိုရှိရင် လှူဦးမှာပဲဆိုတဲ့ အချိန်ကျမှ မောင်ဘသော် ဘာရှာတတ်သလဲ (အသေကို ရှာတတ်ပါ့တယ် ဘုရား)။

ဪ မကျန်းမာတုန်းကတော့ လိမ်မာသဟေ့ (မှန်ပါ့) ကျန်းမာမှ မိုက်တယ် (မိုက်ပါတယ် ဘုရား) ရှင်းပ လား (ရှင်းပါပြီ) ဒကာသစ် ဘယ့်နှယ်ဆိုမလဲ (မကျန်းမာတုန်းကတော့ လိမ်မာပြီး ကျန်းမာမှ မိုက်ပါတယ် ဘုရား)။

ဒါ သေသေချာချာ မှတ်ပါ နောက်က ဒကာ ဒကာမတွေ၊ မကျန်းမာတုန်းကတော့ ဘာတဲ့ (လိမ်မာပါတယ် ဘုရား) ကျန်းလည်း ကျန်းမာလာရော (မိုက်ပါတယ် ဘုရား) ဘာကြောင့် မိုက်သလဲဆိုရင် ကျန်းမာလို့ရှိရင်ဖြင့် အသေလွတ်တာ ကို ပိုရှာရမယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) နောက် ဒီလို မကျန်းမာရင် ခက်ချည်ရဲ့ ဆိုပြီးသကာလ တစ်ခါတည်း ဒီ့ထက် အသေလွတ်ရာ ရှာဖို့အရေးဟာ ကျန်းမာတုန်းကမှ ရှာနိုင်တာကိုးဗျ (မှန်ပါ့ ဘုရား)။

အဲဒီအချိန်ကျမှ တစ်ခါတည်း အသေရှာမယ်ဆိုတော့ ဦးဘအုန်း ဒီ့ထက် မိုက်တဲ့လူကို ဘယ့်နှယ်ရှာတွေ့ပါ့မလဲ (မတွေ့ပါ ဘုရား) ဒကာ ဒကာမတို့ ယနေ့တရား နားလည်ရဲ့လား (နားလည်ပါတယ် ဘုရား)။

ကျန်းမာတုန်း ဘာရှာလေ့ရှိသလဲ (အသေရှာလေ့ ရှိပါတယ် ဘုရား) မှန်တယ်၊ ကျန်းမာတုန်းကတော့ အသေလွတ် ဆေးဝါးတွေ ရှာတာဘာတုံး (မှန်ပါတယ်) မှန်တယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) မကျန်းမာတုန်း အသေလွတ်ရှာတာ အင်မတန် မှန်တယ် (မှန်ပါ့)။

ဪ သူ့ကိုယ်သူ ခင်ရှာလွန်းလို့၊ သနားလွန်းလို့ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်) မကျန်းမာတုန်း မှာ လူ့ပြည်၊ နတ်ပြည် လိုချင်တဲ့ ဆွမ်းတင်၊ ကွမ်းတင်ပြီး သကာလ နိဗ္ဗာန်မလိုချင်တဲ့ ဉာဏ်တွေနဲ့ တင်လိုက်တော့ ဪ ဒီလူဟာ မကျန်းမာတုန်းကဖြင့် အမှန်သားပဲ (မှန်ပါ့) မှန်မှာပေါ့ တဏှာမဝင်နိုင်ဘူး၊ အဲဒီ့အချိန်မှာ (မှန်ပါ့ ဘုရား) မကျန်းမာတဲ့အချိန်မှာ တဏှာမဝင်ဘူး (မှန်ပါ့ ဘုရား) ကျန်းမာတဲ့အချိန်ကျတော့ တဏှာက ကောက်ကျစ်ပြီး ဝင်လာတယ် (မှန်ပါ့)။

အဲဒါကြောင့် ကျန်းမာမှ ပိုမိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ကျန်းမာတော့ ဘာတဲ့ (ပိုမိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ယနေ့တရား သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘုန်းကြီးက ပြောလိုက်ပါတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မကျန်းမာတဲ့ စိတ်ကလေး မပျောက် စေနဲ့ (မှန်ပါ့) ဘယ်လိုမှာပါလိမ့် (မကျန်းမာတဲ့ စိတ်ကလေး မပျောက်စေနဲ့) မကျန်းမာတဲ့ စိတ်ကလေးဟာလေ (မှန်ပါ့) မကျန်းမာတော့ ဘာရှာလေ့ရှိသလဲ (အသေလွတ်ရာ ရှာပါတယ် ဘုရား)။

ဒုက္ခသစ္စာဆိုတာ ကျန်းမာတယ်လို့ ရှိရဲ့လား

အေး ရှင်တဲ့အခါလည်း ဒီ မကျန်းမာဘူးဆိုတဲ့ စိတ်ကလေးထားပေး (မှန်ပါ့ ဘုရား) မကျန်းမာဘူး၊ ဒုက္ခ သစ္စာချည်းပဲ (မှန်လှပါ) ဒုက္ခသစ္စာဆိုတာ ကျန်းမာတယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကျန်းမာတယ်လို့ လောကအပြောနဲ့ နေတဲ့အချိန်မှာပဲ မကျန်းမာဘူးမှတ်ထား (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) မကျန်းမာတာ ဘုန်းကြီးမရှင်းပါရစေနဲ့၊ ရှင်းမယ်ဆိုလို့ရှိရင် ဒကာ ဦးဘအုန်းရဲ့ သိပ်ရှည်လိမ့်မယ် (မှန်ပါ့ ဘုရား) မကျန်းမာတာ နည်းနည်းကလေး များ ပြောလည်း ခင်ဗျားတို့ နေ့တိုင်း မကျန်းမာတာ (မှန်လှပါ) ဦးဘအုန်း ရှင်းရဲ့လား (ရှင်းပါပြီ) နေ့တိုင်း မကျန်းမာပါဘူး (မှန်ပါ့) ဘယ်အချိန်လဲ တော်တော်ကြာ အိပ်ချင် တဲ့ အနာပေါက်လာတာပဲ (မှန်ပါ့) ဆာလောင် မွတ်သိပ်တဲ့ အနာကော (ပေါက်ပါတယ် ဘုရား) ကျင်ကြီး-ကျင်ငယ် စွန့်ချင်တဲ့ အနာကော (ပေါက်ပါတယ် ဘုရား) ကွေးချင်-ဆန့်ချင်တဲ့ အနာ (ပေါက်ပါတယ် ဘုရား) ကဲ ကျန်းမာ သလား၊ မကျန်းမာဘူးလား (မကျန်းမာပါ ဘုရား)။

အဲဒီတော့ ဒီအချိန်လို မကျန်းမာတဲ့ အနာတွေ ရှိနေသောကြောင့် အသေလွတ်ရှာမယ်ဆိုတဲ့ မဂ္ဂင်အလုပ်-လုပ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာလုပ်ရမယ် (အသေလွတ်ရှာတဲ့ မဂ္ဂင်အလုပ်-လုပ်ပါ) အသေလွတ်ရှာ တဲ့ မဂ္ဂင်အလုပ်လုပ်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်အောင်ရှုပါ

ကိုင်း နို့မို့ ဒီအလုပ်ကို လုပ်လိုက်တဲ့အခါကျတော့ ကျန်းမာတဲ့အချိန်မှာ မကျန်းမာဘူဆိုတာကြီးကို ခန္ဓာ သိပြီး သကာလ အင်း ဘယ်အချိန်မှ မကျန်းမာတဲ့ ခန္ဓာကြီးဖြင့် နောက်လည်း မရချင်ပါဘူးဆိုပြီးတော့ သူ့ကို ဖြစ်ပျက်မြင်အောင်ရှုပါ (မှန်ပါ့ ဘုရား) သူ့ကို မုန်းအောင်ကြည့်ပါ (မှန်ပါ့) သူ့ကို ဆုံးအောင်ကြည့်ပါ (မှန်ပါ့)။

ထိုကဲ့သို့ ကြည့်လိုက်ပြီဆိုမှဖြင့် သူဆုံးတော့ကို ဪ နိဗ္ဗာန်ဆိုတာသည်ကားလို့ ဆိုလို့ရှိရင် အမြဲတမ်း ကျန်းမာတဲ့နေရာပါကလားဆိုပြီး အဲဒီနေရာကို ဉာဏ်နဲ့ မြင်တော့မှ အလုပ်ချောင်တယ် (မှန်ပါ့) ဒကာကြွယ် သဘောပါ လား (ပါပါတယ် ဘုရား) ဒကာ ဒကာမတွေ အလုပ်လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင် အခုဘယ့်နှယ်ဖြစ်နေတယ်ဆိုတ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ပြောလိုက်တယ်နော် (မှန်ပါ့) ဒကာ ဒကာမတို့ သံယုတ်ပါဠိတော်ကြီးများ၌ ဘယ်လိုလာသတုံးဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အင်မတန်ကြီးကျယ်တဲ့ ဉာဏ်ကြီးနဲ့များ ဟောတဲ့နေရာမှာ ဒကာအုန်း မှတ်ထားစမ်းပါနော် (မှန်ပါ့)။

ဒီ ခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ထားထား ဒုက္ခသစ္စာ ထားနော် (မှန်ပါ့) ဒါက ဆရာကောင်း နဲ့ တွေ့လို့ သူဒုက္ခသစ္စာဆိုတဲ့ အသံကလေးဟာ ထွက်တယ်နော် (မှန်ပါ့)။

ဆရာကောင်နဲ့ မတွေ့ခင်တုန်းကတော့ ဒါ ငါ့ဟာလို့မှတ်နေတယ် (မှန်ပါ့) ငါ-ငါ့ဟာလို့ မှတ်နေတယ် (မှန်ပါ့) ဆရာကောင်းတွေနဲ့ မတွေ့တော့ (ငါ-ငါ့ဟာ) ငါလည်း ဒါပဲ၊ ငါ့ဟာလည်း ဒါပဲ (မှန်ပါ့) ငါ့လက်မောင်းကိုး၊ ငါ့ခေါင်း ငါ့ဆံပင်လို့ ဦးလှဘူး မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အင်း ဆရာကောင်းတွေနဲ့ မတွေ့တော့ ခန္ဓာကို ဘယ်လိုပြောလေ့ ဆိုလေ့ရှိသတုံး (ငါ-ငါ့ဟာလို့ ပြောလေ့ရှိ ပါတယ်) ငါ-ငါ့ဟာလို့ ပြောတယ်-ရှင်းပလား (ရှင်းပါပြီ) ဆရာကောင်းနဲ့ တွေ့တဲ့အခါကျတော့ ဒီခန္ဓာ ဘာတဲ့ (ဒုက္ခသစ္စာ ပါ ဘုရား) ခြားနားသွားပြီ (မှန်ပါ့) အင်မတန်ခြားနားသွားပြီဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဆရာကောင်းနဲ့ တွေ့တဲ့အခါ ကျတော့ (ဒုက္ခသစ္စာပါ ဘုရား) မတွေ့တဲ့အချိန်ကျတော့ (ငါ-ငါ့ဟာပါ ဘုရား)။

ဒုက္ခသစ္စာကို ငါ-ငါ့ဟာလို့ ထင်တယ်

ဪ ငါ-ငါ့ဟာလို့ ထင်တယ် (မှန်ပါ့) ကြည့်စမ်း ဒုက္ခသစ္စာကို ငါ-ငါ့ဟာလို့ ထင်တယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာကို (ငါ-ငါ့ဟာလို့ ထင်တယ်)။

အဲဒါကြောင့် ခင်ဗျားတို့ ဆရာကောင်းသမားကောင်းရှာပြီး ကိုးကွယ်ကြပါဆိုတဲ့ အဓိပ္ပာယ်လည်း ဒကာကြွယ် ပြောထိုက်တယ် (ပြောထိုက်ပါတယ် ဘုရား)။

အခု ဒီ ဆရာဘုန်းကြီးက ခေါင်းဆောင်ပြီး သကာလ ဒီ ဒကာ ဒကာမတွေ ပြောနေတော့ ဒီ ခန္ဓာကြီးဟာ ဘာသစ္စာတုံး မေးတော့ ဒကာသစ်တို့က ဘယ့်နှယ်ဖြေကြသလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါက ဆရာကောင်း၊ သမားကောင်းက သွန်သင်ဆုံးမထားလို့ ပြောတဲ့ အသံကိုးဗျ (မှန်ပါ့) ကိုယ့် ကိုယ်တိုင် သိတဲ့ အသံဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ကိုယ့်ကိုယ်တိုင် သိထားတာတွေ ပြောကြစမ်းပါဆိုတော့ ဒီခန္ဓာကြီးဟာ ဘယ်သူပါလိမ့် (ငါ-ငါ့ဟာပါ ဘုရား) ဟော- ဒကာကြွယ် ကြည့်စမ်း၊ ကိုယ့်ကိုယ်တိုင် သိထားတာကတော့ (ငါ-ငါ့ဟာပါ) ငါလည်း ဒါပဲတဲ့၊ ငါ့ဥစ္စာလည်း ဒါပဲ (မှန်ပါ့ ဘုရား)။

ဒီထဲ ဘယ်သူက မှန်သတုံးလို့ ဆရာသမား ဆုံးမတာက မှန်သလား၊ ကိုယ့်အထင်က မှန်သလားလို့ ဝေဖန်ကြပါ ဦး (ဆရာသမား ဆုံးမတာက မှန်ပါတယ် ဘုရား) ဆရာသမား ဆုံးမတာက တာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ဟုတ်တယ် မဟုတ်တယ် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက အိုဘေးတွေ့၊ နာဘေးတွေ့၊ သေဘေးတွေ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါကို အိုဘေးတွေ၊ နာဘေးတွေ၊ သေဘေးတွေကြီးကို ဒကာ ဒကာမတွေက ဆရာကောင်း သမားကောင်း မတွေ့တော့ ငါ-ငါ့ဥစ္စာ (မှန်ပါ့ ဘုရား) နာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) မနာဘူး လား (နာပါတယ် ဘုရား)။

ဒုက္ခသစ္စာကြီး သိမ်းပိုက်ပြန်ပြီ

အဲဒီတော့ ကိုယ့်အထင်နဲ့ ကိုယ် ငါ-ငါ့ဥစ္စာလုပ်ပြီးနေကြတော့ အင်း အမှန်မသိတဲ့ ပုဂ္ဂိုလ်က ဒုက္ခသစ္စာ ကြီး သိမ်းပိုက်ပြန်ပြီ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခသစ္စာကြီး သိမ်းပိုက်ပြန်ပါပြီ ဘုရား)။ ဒုက္ခသစ္စာကြီး သိမ်းပိုက်ပြန်ပြီလို့ ဆိုရမယ် (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဒုက္ခသစ္စာဆိုတာ နေရစ်တော့လို့ ထားခဲ့ရမှာလား ၊ သိမ်းပိုက်ရမှာလား (နေရစ်တော့လို့ ထားခဲ့ရမှာပါ ဘုရား)။

ကဲ-ဒုက္ခသစ္စာကို ပရိညေယျနဲ့ ထားပစ်ခဲ့ရမည့်ဥစ္စာ ဒကာ ဒကာမတွေက သိမ်းပိုက်နေတယ်ဆိုတော့ ဪ ငါ အရူးတစ်ချက် ထပြန်ပါပေါ့လား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာဖြစ်တာလဲ (အရူးတစ်ချက် ထပြန်ပါ တယ်) အရူးထတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် အရူးထပါလိမ့်မတုံးဆိုတော့ ဆရာသမားကင်းလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် အရူးထကြပါလိမ့် (ဆရာသမားကင်းလို့ပါ ဘုရား) ဆရာသမားနဲ့ မတွေ့ခင်တုန်း ကတော့ ဒီ ခန္ဓာဘယ်လိုထင်ကြသလဲ (ငါ-ငါ့ဟာလို့ ထင်ပါတယ်) ဆရာကောင်း၊ သမားကောင်းက လမ်းပြလိုက်ပြန် တော့ (ဒုက္ခသစ္စာလို့ ထင်ပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာက မှန်သလား ၊ ငါ-ငါ့ဥစ္စာက မှန်သလား (ဒုက္ခသစ္စာက မှန်ပါတယ်) ဒုက္ခသစ္စာက မှန်တယ် (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေက ဪ ဒီလို သာသနာတွင်းထဲ လူက မဖြစ်ခဲ့ကြဘူး (မှန်ပါ့) ဒီလို ဆရာသမား ကောင်း ခေါင်းဆောင်ကောင်းကလည်း မတွေ့ခဲ့ကြ၊ မကြုံကြိုက်ခဲ့ကြတော့ ငါ-ငါ့ဥစ္စာနဲ့ပဲတဲ့ အချိန်ကုန်ခဲ့ကြတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ်) ဘာနဲ့ အချိန်ကုန်ခဲ့သလဲ (ငါ-ငါ့ဥစ္စာနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်) ငါ-ငါ့ ဥစ္စာနဲ့ အချိန်ကုန်ခဲ့ကြတယ် (မှန်ပါ့ ဘုရား) ဒီ ခန္ဓာကြီးကို ဘာတဲ့ (ငါ-ငါ့ဥစ္စာနဲ့ အချိန်ကုန်ခဲ့ကြပါတယ်) ငါဆိုတာကလည်း ဒီဒုက္ခသစ္စာပဲ (မှန်ပါ့) ငါ့ဥစ္စာဆိုတာကော (ဒုက္ခသစ္စာပါပဲ ဘုရား)။

သစ္စာ စဟောတာ အရူးပျောက်အောင်လို့

ဪ ဒုက္ခသစ္စာကြီးကို ငါထင်ပြန်-ဒုက္ခသစ္စာကြီးကို ငါ့ဥစ္စာထင်ပြန်ဆိုတော့ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခက်လိုက်တာ၊ ဘယ့်နှယ်လုပ်များ တရားဟောရပါ့မတုံးဆိုပြီး သကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် သစ္စာ စဟောတယ် (မှန်ပါ့ ဘုရား) ဘုရားဖြစ်လျှင် ဖြစ်ခြင်း ဘာဟောပါလိမ့် (သစ္စာ စဟောပါတယ် ဘုရား) သစ္စာ စဟောတာ ခင်ဗျားတို့ အရူးပျောက်အောင်လို့ ဟောတာ (မှန်ပါ့ ဘုရား) ဘုရားသာ သစ္စာကို လည်လည်ပယ်ပယ် မဟောဘူး၊ မဟုတ်ကြောင်းလည်း ထင်ထင်မြင်မြင် မပြောဘူးဆိုရင်ဖြင့် ခင်ဗျားတို့ ငါ-ငါ့ဥစ္စာနဲ့ သေကြမှာပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာနဲ့ သေကြမလဲ (ငါ-ငါ့ဥစ္စာနဲ့ပဲ သေကြပါမယ် ဘုရား) အလွန့်ကို ကြောက်စရာကြီးပါလား (ကြောက်စရာကြီး ပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ယနေ့ တရားမှာဖြင့် အင်မတန် အဖိုးတန်အောင်လည်း ဘုရားကဟော ဆရာဘုန်း ကြီးကလည်း လည်လည်ပတ်ပတ် နားလည်အောင်ပြောလို့ ဪ ဒို့ ဒီဆရာဘုန်းကြီး မတွေ့လို့ရှိရင် ငါ-ငါ့ဥစ္စာပဲ ဆိုပြီး သေကြမှာပဲ (မှန်ပါ့ ဘုရား) ငါ-ငါ့ဥစ္စာ အထင်ပြုတ်ပြီး သေပါ့မလား (မသေပါ ဘုရား) ကြည့်ပါလား ငါဖြင့် သေရတော့မှာပဲ (မှန်ပါ့) ငါ့ဥစ္စာနဲ့ ခွဲရတော့မှာပဲ (မှန်ပါ့) ဒီလို့ကို သေရမယ် (မှန်ပါ့ ဘုရား)။

ငါဖြင့် ခက်တော့တာပဲ၊ ငါ့ခန္ဓာကြီးနဲ့ ငါ ခွဲရတော့မယ် (မှန်ပါ့ ဘုရား) ငါ့ဥစ္စာကြီးနဲ့ ငါခွဲရတော့မယ်၊ ဒီလိုဆိုတော့ တဏှာ ဒိဋ္ဌိနဲ့ သေသွားတယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာနဲ့ သေသလဲ (တဏှာဒိဋ္ဌိနဲ့ သေပါတယ်)။

ဪ ကြောက်စရာ ကောင်းလိုက်တာ ဒကာ ဒကာမတို့ ဆရာကောင်း၊ သမားကောင်း မတွေ့လို့ရှိရင် ခင်ဗျားတို့ ကိုယ်ကျိုးဖြင့် အကြီးအကျယ်နည်းပြီ (နည်းပါပြီ ဘုရား) ကိုယ်ကျိုး အကြီးအကျယ် နည်းပြီဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး၊ ဒုက္ခသစ္စာကို ငါ-ငါ့ဥစ္စာလုပ်ပြီး သေလို့ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြ မယ် (ဒုက္ခသစ္စာကို ငါ-ငါ့ဥစ္စာလုပ်ပြီး သေလို့ပါ ဘုရား) ဒုက္ခသစ္စာ ငါ-ငါ့ဥစ္စာလုပ်ပြီး သေသွားတော့ကို ကိုင်း သေတာတော့ ငါ-ငါ့ဥစ္စာလုပ်ပြီး ငါ-ငါ့ဥစ္စာ၊ ငါဆိုတာက ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတာက တဏှာ (မှန်ပါ့ ဘုရား)။

တဏှာ ဒိဋ္ဌိနဲ့ သေသွားတာ

ဒါဖြင့် ဒကာကြွယ် တဏှာ ဒိဋ္ဌိနဲ့ သေသွားတာ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (တဏှာ ဒိဋ္ဌိနဲ့ သေသွားတာ ပါ ဘုရား) အင်း ဒကာ ဒကာမတို့ ဘာနဲ့ သေသွားသတုံး (တဏှာ ဒိဋ္ဌိနဲ့ သေသွားပါတယ် ဘုရား) တဏှာ ဒိဋ္ဌိဆိုတာ ငါက ဘာပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ငါ့ဥစ္စာကကော (တဏှာပါ ဘုရား)။

ဪ ဒီခန္ဓာကြီးကိုဖြင့် တဏှာ ဒိဋ္ဌိနဲ့စွဲပြီး ဒကာသစ်ရေ သေသွားပြီ (မှန်ပါ့ ဘုရား) ဦးဘအုန်း ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား) ဒီလိုသေတဲ့ အသုဘမျိုး ဦးဘအုန်း ဘယ်လောက်များမယ် ထင်သတုံး (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒီလိုသေသွားတဲ့ ပုဂ္ဂိုလ်သည် ဘယ်ရောက်လို့ ဘယ်များပေါက်ပါလိမ့်မတုံးဆိုတာကို ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ်ကို မေးကြစို့ (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့ ဒကာကြွယ် မေးကြစို့ (မှန်လှပါ ဘုရား) ငါဆိုတာက ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတာက (တဏှာပါ ဘုရား)။

ဒါဖြင့် သေခါနီးမှ ငါ-ငါ့ဥစ္စာနဲ့ ခွဲရတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မလာဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ တဏှာ ဒိဋ္ဌိ လာပြီဆိုကြပါစို့ (မှန်ပါ့) ကဲ တဏှာလာပြီဆိုတော့ တဏှာက ဘယ်သူ့ကျေးဇူးပြုမလဲ (ဥပါဒါန်ကို ကျေးဇူးပြုပါမယ် ဘုရား)။

ကဲ ဥပါဒါန်က ဆက်ပြီး ဘယ်သူ့ကို ကျေးဇူးပြုမလဲ (ကမ္မဘဝကို ကျေးဇူးပြုပါမယ်) ကမ္မဘဝက ဘယ်ကို ကျေးဇူးပြုမလဲ (ဇာတိကို ကျေးဇူးပြုပါမယ် ဘုရား) အပါယ်ဇာတိ ကျေးဇူးပြုလိုက်တယ်ဆိုတော့ ဦးဘအုန်း ဒီ မသာဟာ ဘယ်သွားမှာတုံး (အပါယ်သွားမှာပါ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဒီ မသာ ဘယ်သွားမှာတုံး (အပါယ်သွား မှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်ကို နောက်က ဒကာ ဒကာမတို့ ဒီလို မသာပေါင်း ဘယ်လောက်များမယ် ထင် ကြသလဲ (မရေတွက်နိုင်ပါ ဘုရား)။

ကြည့်လေ ဒီခန္ဓာကြီးဟာ ငါပဲ ငါ့ဥစ္စာပဲဆိုတာ ခင်ဗျားတို့က ထင်နေတယ် (ထင်ပါတယ် ဘုရား) ငါ့မထိနဲ့ ဆိုတာ ငါ့ဥစ္စာ မထိနဲ့ပြောတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ့မစမ်းနဲ့ ဟုတ်လား (မှန်ပါ့) ငါ့စမ်းရင် အမွေးတစ်ပင် အကျွတ်မခံနိုင်ဘူး (မှန်ပါ့ ဘုရား) ငါ့ဥစ္စာ အပျောက် မခံနိုင်ဘူး၊ သဘောကျပလား (ကျပါပြီ) ငါဆိုတာလည်း ဒီခန္ဓာဆိုတာပဲ၊ ငါ့ဥစ္စာဆိုတာက တကယ်မစွဲဘူးလား (စွဲပါတယ် ဘုရား)။

ဒိဋ္ဌုပါဒါန်နဲ့ ကာမုပါဒါန်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ခန္ဓာကြီး စွဲနေတဲ့ ဒိဋ္ဌုပါဒါန်နဲ့ ကာမုပါဒါန်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ခန္ဓာစွဲနေတဲ့ (ဒိဋ္ဌုပါဒါန်နဲ့ ကာမုပါဒါန်ပါ ဘုရား) ငါက ဒိဋ္ဌုပါဒါန်၊ ငါ့ဥစ္စာဆိုတာက ကာမုပါဒါန်၊ တဏှာကိုးဗျ (မှန်လှပါ ဘုရား) တဏှာက ကာမုပါဒါန်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ငါက ဘာတဲ့ (ဒိဋ္ဌုပါဒါန်ပါ ဘုရား) ဒိဋ္ဌိဥပါဒါန်ပဲ၊ ရှင်းပလား (ရှင်းပါပြီ) ငါ့ဥစ္စာက (ကာမုပါဒါန်ပါ ဘုရား) ကာမုပါဒါန်ဆိုတာက ဒီခန္ဓာငါးပါးက ကာမအာရုံဆိုတယ် (မှန်ပါ့) အဲဒီ့အာရုံ စွဲလမ်းခြင်းကြောင့် ကာမုပါဒါန်လို့ ဦးဘအုန်း ဆိုလိုက်တယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ငါက ဘာတဲ့တုံး (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌုပါဒါန် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ငါ့ဥစ္စာက ဘာတဲ့တုံး (ကာမုပါဒါန်ပါ ဘုရား) ကာမုပါဒါန်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ဥပါဒါန်တန်းလန်းနဲ့ သေသွားရင် ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

အဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့နဲ့ ဒကာကြွယ် စုံလို့ပေါ့ဗျာ (မှန်လှပါ ဘုရား) မကောင်း တာဟူသ၍ အကုန်စုံလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာချည်တိုင်မှာ ခေါင်းစင်းပြီး သေသွားတယ် (မှန်လှပါ ဘုရား) ခန္ဓာချည်တိုင်မှာ (ခေါင်းစင်းပြီး သေသွားပါတယ် ဘုရား) ခန္ဓာကို ငါ့ထင်သွားတယ်၊ သေတဲ့ သဘောကနော် (မှန်ပါ့) ငါ့ဥစ္စာ ထင်သွားတဲ့ အတွက် ဒီခန္ဓာစွန့်ပြီး ခန္ဓာနဲ့ လွဲရပေါ့ဆိုပြီး ဝမ်းသာသေသွားတာလားတဲ့၊ ခန္ဓာချည်တိုင်ကို ခေါင်းစင်းပြီး စွဲလျက်နဲ့ သေနေတာလား (ခန္ဓာကို စွဲလျက်နဲ့ သေနေတာပါ ဘုရား)။

ခန္ဓာ ချည်တိုင်၊ တဏှာ ကြိုး၊ ဒိဋ္ဌိ လည်ပတ်

ဒါဖြင့် ဒီလို မှတ်ပေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာဟာ ချည်တိုင်ဟေ့ (မှန်လှပါ) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား) ခန္ဓာဟာ ဘာတဲ့ (ချည်တိုင်ပါ ဘုရား) ခန္ဓာက ချည်တိုင်တဲ့၊ ငါ့ဥစ္စာ ထင်တာက တဏှာက ကြိုး (မှန်လှပါ ဘုရား) ဟုတ်လား (မှန်ပါ့) မသိတဲ့ ပုဂ္ဂိုလ်က ပုထုဇဉ် (မှန်လှပါ ဘုရား) ဒိဋ္ဌုပါဒါန်၊ ကာမုပါဒါန် မသိတဲ့ပုဂ္ဂိုလ် က (ပုထုဇဉ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီ ပုထုဇဉ်ဟာတဲ့ ခန္ဓာချည်တိုင်မှာ တဏှာကြိုးနဲ့ (မှန်ပါ့) ခွေးနဲ့တူတဲ့ ပုထုဇဉ်ကိုး (မှန်လှပါ) ဒီခွေးကလည်း ဘာမှမသိလို့ ငါပဲ ထင်နေသောကြောင့် သူ့မှာ လည်ပတ်တပ်ထားရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခန္ဓာက ချည်တိုင်၊ ဒကာကြွယ် တဏှာကကော (ကြိုးပါတယ် ဘုရား) ငါဆိုတဲ့ ဒိဋ္ဌိက (လည်ပတ်ပါ ဘုရား) အင်း ဟင် လည်ပတ်ထဲ စွပ်နေတဲ့ ပုထုဇဉ်က (ခွေးပါ ဘုရား) ခွေးလို့ ခေါ်လိုက်၊ ဘုရားက ဟောတာနော် (မှန်လှပါ ဘုရား) ဘုရားက ဟောတာ ဒကာ ဒကာမတို့၊ ကိုင်း ကိုင်း တကာ တကာမတို့ ဒါ အနမတဂ္ဂသံယုတ်မှာလည်း ပါပါတယ်နော် (မှန်လှပါ) အနမတဂ္ဂသံယုတ်မှာလည်း ပါပါတယ်ဆိုတော့ ခန္ဓာက ဘာနဲ့ တူသတုံး (ချည်တိုင်နဲ့ တူပါ တယ် ဘုရား) တဏှာက ဘာနဲ့ တူသတုံး (ကြိုးနဲ့တူပါတယ် ဘုရား) ဒီ ခန္ဓာ ခင်တာကိုး (မှန်လှပါ ဘုရား)။

ပုထုဇဉ်ခွေး

အဲဒီတော့ ပုထုဇဉ်နဲ့ တဏှာနဲ့ တဏှာကြိုးနဲ့ဟာ ခန္ဓာချည်တိုင်ကြီးနဲ့ ပုထုဇဉ်မိုက်နဲ့ဟာ တန်းလန်းကြီး မနေဘူး လား (နေပါတယ် ဘုရား) သို့သော်လည်း ဒီ ခွေးနဲ့ တူသော ပုထုဇဉ်ဟာ မသိသောကြောင့် ဒါ ဘယ်သူတုံးလို့ မေးလို့ရှိရင် ငါလို့ ပြောလိမ့်မယ် (မှန်ပါ့ ဘုရား) ငါလို့ ပြောပြန်တော့ ဒီ ပုထုဇဉ်ခွေးဟာလည်း လည်ပတ်ကြီး ပတ်လျက်ပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် မှတ်စမ်းပါဦးနော် (မှန်လှပါ) ဘုရားဟောတော်မူတာ သေသေချာချာ မှတ်ကြစမ်းပါဦး (မှန်ပါ့) ဒကာ ဒကာမတို့ ခန္ဓာကိုယ်တည်းဟူသော ချည်တိုင်မှာ ငါ-ငါ့ဥစ္စာဆိုပြီး ဥပါဒါန်နဲ့ စွဲတဲ့ ဒီခွေးနဲ့ တူတဲ့ ပုထုဇဉ် သည် ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာနဲ့ ပုထုဇဉ်နဲ့ ဟာလည်း ကြိုးချင်းဆက်နေတယ် (မှန်ပါ့) ခန္ဓာချည်တိုင်နဲ့ ပုထုဇဉ် နဲ့ ဘယ့်နှယ်နေကြသလဲ (ကြိုးချင်းဆက်နေပါတယ် ဘုရား) တဏှာကြိုးက ဆက်နေတယ် (မှန်ပါ့ ဘုရား) တဏှာကြိုးက ဘယ်သွား ချည်လိုက်သတုံးဆိုတော့ ဒီခွေးနဲ့ တူတဲ့ ပုထုဇဉ်ကလည်း ငါပဲလို့ သူ့ကိုယ်သူ ထင်တယ် (မှန်ပါ့) ထင်တော့ သူ့မှာ လည်ပတ်ကြီး တပ်ပြီးလျက် ဖြစ်နေတယ် (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိလည်ပတ် တဏှာကြိုးနဲ့ ခွေးနဲ့ တူတဲ့ ပုထုဇဉ်သည် ချည်တိုင်မှာ ချည်ပြီးသားဖြစ်နေတယ် (မှန်လှပါ ဘုရား) ခန္ဓာချည်တိုင်မှာ (ချည်ပြီးသား ဖြစ်နေပါတယ် ဘုရား) သေသေချာချာ မှတ်ပါ၊ ဒါဟာ သံယုတ်ပါဠိတော်မှာ လာပါတယ် (မှန်လှပါ) ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ-ငါ့ဥစ္စာ နှစ်ခုကို ယနေ့ပေါ်အောင် ဟောနေတယ် (မှန်ပါ့ ဘုရား)။

ငါ-ငါ့ဥစ္စာ

ငါ-ငါ့ဥစ္စာ နှစ်ခုကို ယနေ့ပေါ်အောင် ဟောနေတော့ ဒကာ ဒကာမတို့ ဖြတ်လည်း ပေးပါ့မယ်၊ ဖြုတ်လည်း ပေးပါ့မယ်၊ ခင်ဗျားတို့ ဖြစ်စဉ်ကိုလည်း အရင် ပြောပါရစေဦး (မှန်လှပါ ဘုရား)။

ဒီ ခန္ဓာကြီးကို ခင်ဗျားတို့က ငါပဲ ထင်နေတော့ ဒိဋ္ဌိကလည်း ပါနေတယ် (ပါပါတယ် ဘုရား) ငါ့ဥစ္စာလို့ ထင်နေ တော့ တဏှာကကော (ပါပါတယ် ဘုရား) ဘယ်သူက ထင်တာတုံး မေးတော့ ပုထုဇဉ်မိုက်က (မှန်ပါ့ ဘုရား)၊ ပုထုဇဉ်က ဘယ်သူ့အပေါ်မှာ ထင်တာတုံးဆိုတော့ ခန္ဓာငါးပါးအပေါ်မှာ ထင်တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ပုထုဇဉ်က ခန္ဓာငါးပါး ဘယ့်နှယ်ထင်သတုံး (ငါ-ငါ့ဥစ္စာ ထင်ပါတယ် ဘုရား) ငါ-ငါ့ဥစ္စာ နှစ်ချက်ထင်တယ် (မှန်ပါ့ ဘုရား) ပုထုဇဉ်က ခန္ဓာကြီးကို (ငါ-ငါ့ဥစ္စာဟု နှစ်ချက်ထင်ပါတယ်) ငါ-ငါ့ဥစ္စာလို့ နှစ်ချက်ထင်နေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီတရားကလည်း ခပ်နက်နက်ကလေး ဘုရားက ဟောထားတော့ ဘုန်းကြီးကလည်း ပေါ်လွင်ပြီး နားလည်အောင် အတော်ပဲ ပြောနေရတော့ ဒကာသစ်ရေ အင်မတန် ရှင်းအောင် ပြောရပါတယ် (မှန်ပါ့ ဘုရား) အင်မတန်ရှင်းအောင် ပြောရပါတယ် မှန်တာကတော့ လွန်လို့ (မှန်ပါ့ ဘုရား) မှန်တာကတော့ လွန်လို့ပဲလို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးက ဘာနဲ့ တူသတဲ့ (ချည်တိုင်နဲ့ တူပါတယ် ဘုရား) ငါ့ဥစ္စာဆိုတာက (ကြိုးနဲ့ တူပါတယ်) ကြိုးနဲ့ တူတယ်နော် (မှန်ပါ့) ဒါဖြင့် ပုထုဇဉ်က ဘာနဲ့တူသလဲ (ခွေးနဲ့ တူပါတယ် ဘုရား) ဒီခွေးကလည်း သူ့ကိုယ်သူ ငါ့လို့ ထင်နေတာနဲ့ ပုထုဇဉ်ကလည်း ငါလို့ပဲ ထင်နေပြန်တော့ လည်ပတ်ဟာ ဒိဋ္ဌိပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့မှာ ဘယ့်နှယ် ဖြစ်နေသတုံးဆိုတော့ ခန္ဓာငါးပါးချည်တိုင်၌ တဏှာတည်းဟူသော ကြိုး၊ ဒိဋ္ဌိတည်း ဟူသော လည်ပတ်နဲ့ ပုထုဇဉ်အမိုက်သည် ခွေးကဲ့သို့ နေတယ် (မှန်ပါ့ ဘုရား) ပေါ်သွားပလား (ပေါ်ပါပြီ ဘုရား)။

ရှေးတုန်းက ဘယ်လိုနေခဲ့ပါလိမ့်

ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) တပည့်တော်တို့ ရှေးတုန်းက ဘယ်လိုနေခဲ့ပါလိမ့်မတုံး ဘုရားဆိုတော့ ခန္ဓာငါးပါးတည်းဟူသော မြဲမြံလှစွာသော ချည်တိုင်ကြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခိုင်လှစွာသော တဏှာကြိုး မြဲလှစွာသော ဒိဋ္ဌိလည်ပတ်ကြီးနဲ့၊ ခွေးနဲ့တူသော ပုထုဇဉ်သည် တိုင်ကို လှည့်ပတ်ပြေးနေတယ် ဟေ့ (မှန်လှပါ ဘုရား) ဘယ်လှည့်ပတ်ပြေးနေပါလိမ့် (ချည်တိုင် လှည့်ပတ်ပြေးနေပါတယ် ဘုရား) ကြောက်စရာ ကောင်းလိုက်တာ (ကောင်းပါ တယ် ဘုရား) ခန္ဓာတိုင် လှည့်ပတ်ပြေးနေတာပဲ (မှန်ပါ့ ဘုရား)။

ဒီလူ ခန္ဓာတိုင် မချည်ရလို့ရှိရင် နတ်ခန္ဓာ ဖြစ်ရပါလို၏ဆိုတော့ ဟိုခန္ဓာမှာ သွားချည်တယ် (မှန်လှပါ) ဗြဟ္မာ ခန္ဓာဖြစ်ရပါလို၏ ဆိုတော့ (ဗြဟ္မာခန္ဓာမှာ သွားချည်ပါတယ် ဘုရား) ဗြဟ္မာခန္ဓာ၌ တဏှာကြိုးနဲ့ ဒိဋ္ဌိလည်ပတ်နဲ့ သွားချည် တော့ သူ့မှာ တိုင်ကျိုးတယ်လို့ တိုင်ပျောက်တယ်လို့ ရှိသေးသလား (မရှိပါ ဘုရား) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) တယ်လည်း ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

တိုင်လှည့်ပတ် ပြေးနေမှာပဲ

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကမူ ဒီကြိုး ဖြတ်မပေးဘူး၊ ဟုတ်လား (မှန်ပါ့) ဒီ လည်ပတ်ဖြုတ်မပေးဘူးဆိုလို့ရှိရင် တိုင်ခြေရင်းမှာပဲ တိုင်လှည့်ပတ် ပြေးနေမှာပဲ (မှန်လှပါ ဘုရား) စားလည်း တိုင်ခြေရင်း၊ အိပ်လည်း (တိုင်ခြေရင်း) သေရင်လည်း (တိုင်ခြေရင်းပါ ဘုရား) ဘယ်တော့မှ ဒါဖြင့် ဒိဋ္ဌိနဲ့ တဏှာ မပြုတ်တော့ဘူး (မပြုတ်ပါ ဘုရား) ဒိဋ္ဌိနဲ့ တဏှာ မပြုတ်တော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့ ဘုရား) ငါ ဘယ်ရောက်ပါလိမ့် (အပါယ်ရောက်ပါတယ်) အပါယ်ရောက်လာပြန်တော့လည်း ဒကာသစ် ဒီထင်ချက် နှစ်ခုက မပြုတ်ပြန်ဘူး (မှန်ပါ့) မပျောက်ပြန်ဘူး (မှန်ပါ့ ဘုရား) မပျောက်ပြန်တော့ ဒီလူ့ဘဝ ရောက်လာပြန် လည်း ချည်တိုင်နဲ့ (မှန်ပါ့ ဘုရား) ကြိုးနဲ့ လည်ပတ်နဲ့ အင်း လှည့်ပြေးနေပြန်ပြီ (မှန်လှပါ ဘုရား)။

အင်း သေပြန်တော့လည်း ဒီခန္ဓာ စွဲသေပြီး ဒီခန္ဓာ ငါထင်၊ ငါ့ဥစ္စာထင် သေပြန်တော့လည်း ပဋိစ္စသမုပ္ပါဒ် ထဲ ဆွဲချလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ချည်တိုင်နဲ့ လည်ပတ်နဲ့ ခွေးဖြစ်လိုက်၊ အပါယ်ကျလိုက်၊ ခွေးဖြစ်လိုက် (အပါယ်ကျလိုက်ပါ ဘုရား)။

ကဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းတွေဖြစ်လို့ ပြောနေပါတယ် ဘုရားဟောတော်မူတာ (မှန်ပါ့ ဘုရား) ဦးဘအုန်း ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ကျုပ်တို့ ဒီတရားမျိုးလည်း မနာရ၊ ဖြတ်နည်း တောက်နည်းလည်း ဒကာသစ် မကြားရဆိုလို့ရှိရင်ဖြင့် ဒီခွေးနဲ့ ငရဲတစ်လှည့်စီ နေမှာပဲ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (ခွေးနဲ့ ငရဲတစ်လှည့်စီ နေမှာပါပဲ ဘုရား) ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ဒကာကြွယ် ဒီနေ့တရားပွဲမှာ မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

တပည့်တော် ရှေးဘဝက ဘာဖြစ်သတုံး၊ ဟာ ငရဲကျနေတယ် (မှန်ပါ့) ငရဲ မကျတဲ့ဘဝ ဘာဖြစ်နေသတုံး ခွေးနဲ့ ချည်တိုင် ဖြစ်နေပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ခွေးနဲ့ ချည်တိုင်ဘဝက ဘယ်သွားပြန်တုံး ဘုရားမေးရင် (ငရဲသွားပါတယ် ဘုရား) ငရဲက နှစ်စေ့လို့ တက်လာပြန်တော့ ဘာဖြစ်ရသတုံး မေးရင် ခွေးနဲ့ ချည်တိုင်နဲ့ လည်ပတ်နဲ့ ဟုတ်လား၊ ကြိုးနဲ့ ဖြစ်နေရတယ်လို့ ဆိုလို့ရှိရင်လည်း ဒါဟာ အမှန်ပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

လွတ်လပ်ရေး မရခဲ့ဘူး

ဒါဖြင့် ဘယ်တော့မှ လွတ်လပ်ရေး မရခဲ့ဘူးပေါ့ (မရခဲ့ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ လွတ်လပ်ရေး ရဖူးကြရဲ့လား (မရဖူးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အခုလည်း ဘုန်းကြီးသာ မကူတော့ဘူးဆိုရင်ဖြင့် ခင်ဗျားတို့ ခန္ဓာကြီးကို ငါပဲ ထင်မှာပဲ (မှန်ပါ့ ဘုရား) ငါ့ဥစ္စာကော (ထင်ပါတယ် ဘုရား) ထင်တဲ့ပုဂ္ဂိုလ် ဘယ်သူတုံးမေးတော့ ပုထုဇဉ် (မှန်ပါ့) ပုထုဇဉ်ဟာ ဘယ်သူ့ကို ထင်နေတာတုံးဆိုတော့ ခန္ဓာကို ထင်နေတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာတခြား၊ ပုထုဇဉ်တခြား၊ လည်ပတ်တခြား၊ ကြိုးတခြားလို့ လေးမျိုးခွဲခြားပြီး မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား) ဘယ်နှစ်မျိုး ခြားနားမှတ်မလဲ (လေးမျိုးမှတ်ပါမယ် ဘုရား) ခန္ဓာတခြားနော် (မှန်ပါ့) ပုထုဇဉ်က (တခြားပါ ဘုရား) ကြိုးက (တခြားပါ ဘုရား) လည်ပတ်က (တခြားပါ ဘုရား)။

အဲ ဒီလေးမျိုး တခြားစီမှတ်ပေါ့ (မှန်ပါ့ ဘုရား) ကဲ ဒါဖြင့် ဒီငါ-ငါ့ဥစ္စာ မပြုတ်တဲ့ ပုဂ္ဂိုလ်များဟာ ဒကာ ဒကာမတို့ ဝိပဿနာ မလုပ်တော့ ငါ-ငါ့ဥစ္စာ ပြုတ်ပါမလား (မပြုတ်ပါ ဘုရား) မပြုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာချည် တိုင် မြဲမနေဘူးလား (မြဲနေပါတယ် ဘုရား) ငါ့ဥစ္စာဆိုတဲ့ ကြိုးကြီးကကော ပြတ်ပါ့မလား (မပြတ်ပါ ဘုရား) ငါဆိုတဲ့ ဒိဋ္ဌိလည်ပတ်ကြီးကလည်း ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

ဒါဖြင့် ပုထုဇဉ်နဲ့တူတဲ့ ခွေးသည်ကားလို့ဆိုရင် တိုင်ခြေလှည့်ပြေးနေမှာပဲ (ပြေးနေမှာပဲ ဘုရား) ပြေးပြန်လည်း တိုင်ခြေ ကြိုးတစ်ဆုံးပဲ ပြေးမှာပဲ (မှန်ပါ့) အိပ်ပြန်တော့လည်း တိုင်ခြေပဲ (မှန်ပါ့) စားပြန်တော့လည်း (တိုင်ခြေပါပဲ ဘုရား) သေပြန်တော့လည်း (တိုင်ခြေပါပဲ ဘုရား)။

ဒီကနေပြီး သကာလ ဘယ်သွားမလဲ (အပါယ်သွားပါမယ် ဘုရား) အပါယ်က ပြန်လာပြီး ဒီတိုင်ခြေမှာ ဒီကြိုးနဲ့ ဒီလည်ပတ်နဲ့ ပြန်ဝပ်တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိပ်ကြောက်စရာ ကောင်းနေပြီ (မှန်ပါ့ ဘုရား) ဒါဖြင့် ယနေ့ ဂရုစိုက်ပြီး ဒီနောက်ပိုင်းမှာ မှတ်စမ်းပါ (မှန်ပါ့ ဘုရား) ဒီကြိုးနဲ့ ဒီလည်ပတ်ကို ဘုန်းကြီး ဖြတ်ပေးလိုက်ပါမယ် (မှန်ပါ့ ဘုရား) ဖြတ်ပြီး ပေးလိုက်တဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်တည်းဟူသော လွတ်လပ်ရေးကိုတော့ ငါတို့ရောက်ပြီလို့ သေသေချာချာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အပါယ်နဲ့ ခွေး ဒါပဲ လှည့် တယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယခုဖြင့် အပါယ်နဲ့ ခွေးနော် (မှန်ပါ့) ခွေးနဲ့ အပါယ် (မှန်ပါ့) ဒါပဲ လှည့် တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အပါယ်နဲ့ခွေး (ခွေးနဲ့ အပါယ်ပါ ဘုရား) ခွေးနဲ့ အပါယ်ဆိုတော့ ဒကာကြွယ် ဒီပဲ လှည့်တယ် (မှန်ပါ့) (ဒီ့ပြင် လှည့်တာပါသေးသလား (မပါ-ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ဘယ့်နှယ်ကြောင့် ဖြစ်ရတာတုံးဆိုတော့ ပုထုဇဉ်ဟာ ခွေးစိတ်ပေါက်နေလို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီပုထုဇဉ်ကို ကျုပ်တို့သည် ဘာ့ကြောင့် မင်းပုထုဇဉ်ဖြစ်နေသတုံး ပုထုဇဉ်ခွေး ဖြစ်နေသတုံးလို့ မေးဖို့ လိုလာတယ် (မှန်ပါ့-လိုလာပါတယ် ဘုရား) ကြိုးနဲ့ လည်ပတ်မပြုတ်လို့ ဖြစ်ရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီတိုင်ခြေ လှည့်နေရတာ ဘာဖြစ်လို့ လှည့်နေသတုံးမေးရင် (ကြိုးနဲ့ လည်ပတ် မပြုတ်လို့ လှည့်ရတာပါ ဘုရား)။

ဒါဖြင့် ဒီတိုင်ခြေက လွတ်သွားမယ်ဆိုရင် သက္ကာယနယ်က လွတ်သွားတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ ဘုရား) မရဘူးလား (ရပါတယ် ဘုရား) သက္ကာယဆိုတာ ခန္ဓာငါးပါးကိုး (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒီကနေ့ လွတ်ကြပါစို့ဆိုတော့ သက္ကာယနယ်မှ လွတ်လို့ရှိရင် သက္ကာယချုပ်တဲ့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကြိုးနဲ့ လည်ပတ်သာ ဖြတ်ကြပါ (မှန်ပါ့) ခင်ဗျားတို့ လွတ်လပ်ရေး ရပြီ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

ပုထုဇဉ်အဖြစ်မှ ကြိုးနဲ့ လည်ပတ်လည်း ပြုတ်ပါရော ပုထုဇဉ်အဖြစ်က အရိယာအဖြစ်သို့ ရောက်သောကြောင့် နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါး

ကဲ ဒါဖြင့် ဒါကလေး နိဂုံးချုပ်ကြပါဦးစို့ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ခန္ဓာဆိုတာ ဘယ်နှစ်ပါးရှိသလဲ (ငါးပါးရှိပါတယ် ဘုရား) ခန္ဓာဆိုတာ ရုပ်က ရူပက္ခန္ဓာ၊ ဝေဒနာက ဝေဒနာက္ခန္ဓာဆိုတာသိပြီ၊ စိတ်က ဝိညာဏက္ခန္ဓာဆိုတာ သိပြီ (မှန်ပါ့) သိတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒါကလေးတွေကို ဉာဏ်နဲ့ကြည့်လိုက် (မှန်ပါ့) ဉာဏ်နဲ့ကြည့်လိုက်တဲ့ အခါ ဝေဒနာကလေးတွေက ဒီနေရာက ယားတယ်ဆို ရှုလိုက် (မှန်ပါ့ ဘုရား) အင်း ဟင် ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဟာ ဒါဖြင့် ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စပဲ (မှန်ပါ့ ဘုရား) ဒီနေရာကနေ ဝမ်းသာလိုက်တာဆိုတော့ ဝမ်းသာ တာကလေး ပြန်ကြည့်စမ်း (မရှိတော့ပါ ဘုရား)။

ဒါဖြင့် ဝေဒနာက္ခန္ဓာလည်းပဲ (မှန်ပါ့ ဘုရား) ဖြစ်ပျက်ဆိုတော့ ငါ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အနိစ္စ ဖြစ်သွားတယ် (မှန်ပါ့) ဘာဖြစ်သွားသတုံး (အနိစ္စဖြစ်သွားပါတယ် ဘုရား) အနိစ္စဖြစ်သွားတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိ လည်ပတ်ပြုတ်ပြီ (မှန်ပါ့) ငါ့ဥစ္စာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဟာ မဟုတ်လို့ရှိရင်ဖြင့် ကြိုးပြတ်သွားပြီ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် တစ်လုံးသည် ဝေဒနာကလေးတွေ လျှောက်ကြည့်၊ ဖြစ်ပြီး ပျက်တာပဲ၊ ဖြစ်ပြီး ပျက်တာပဲ ရှိတယ်ဆိုတော့ ကိုယ့်လည်ပတ်နဲ့ ကိုယ့်ကြိုး ဖြတ်တယ် (မှန်ပါ့ ဘုရား) ဘာလုပ်တာတုံး (ကိုယ့်လည်ပတ်နဲ့ ကိုယ့်ကြိုးဖြတ်ပါတယ်) ကိုယ့်လည်ပတ်နဲ့ ကိုယ့်ကြိုး ဖြတ်နေတာဆိုတာ ဒကာကြွယ် ကောင်းကောင်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ကြိုးနဲ့ ကိုယ့်လည်ပတ်ဖြတ်ပါ

ဦးဘအုန်း ဒါကြောင့် ခင်ဗျားတို့ကို ညီအစ်ကို၊ မောင်နှမလိုပဲ အမြဲသဘောထားပြီး သကာလ ဒကာ ဒကာမတို့ ကိုယ့်ကြိုးနဲ့ ကိုယ့်လည်ပတ်ဖြတ်ပါ၊ ဒါမှ ခွေးလက်စ သတ်မယ် (မှန်ပါ့) အပါယ်လက်စသတ်မယ် (မှန်ပါ့ ဘုရား) ရှင်း ပလား (ရှင်းပါပြီ)။

ဒါဖြင့် ဖြစ်ပျက်အလုပ်ဟာ မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား) ကိုယ့်ကိုယ် အကျဉ်းကျနေတာမှ တိုင်ခြေမှာ သေနေရတဲ့ အထဲမှာ လွတ်လပ်ရေးဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ဒိဋ္ဌိ တဏှာသေတော့ နိဗ္ဗာန်ရောက်တာကိုး (မှန်ပါ့ ဘုရား) ပထမ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကလေးတွေ ရှုမယ်ဆိုရင် ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုပေါ့ (မှန်လှပါ ဘုရား) ရှုလိုက်တဲ့အခါကျတော့ ငါ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ငါ မဟုတ်တော့ဘူးဆိုကတည်းက လည်ပတ်ပြုတ်ပြီ (မှန်လှပါ) ငါ့ဥစ္စာဟုတ်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ဒီဥစ္စာမပျက်ဘဲ နေမှာပေါ့ (မှန်ပါ့ ဘုရား) ငါ့ဥစ္စာကော ဟုတ် သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ကြိုးကော မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိ လည်ပတ် တဏှာကြိုးပြတ်တော့ကို ပုထုဇဉ် ဖြစ်သလား၊ အရိယာဖြစ်သလား (အရိယာဖြစ်ပါတယ် ဘုရား) အရိယာဖြစ် ဖြစ်တဲ့အချိန်ကစပြီး လွတ်လပ်ရေးရသော ကြောင့် ဒကာ ဒကာမတို့ အပါယ်နဲ့ ကွဲလွဲပြီး သကာလ အိုဘေး၊ နာဘေး၊ သေဘေးတွေက ကျွတ်လွတ်သွားပါတယ် (မှန်လှပါ ဘုရား) တိုင်ခြေမှာဝပ်ပြီး တိုင်ခြေမှာ သေရသေးရဲ့လား (မသေရပါ ဘုရား) တိုင်ခြေမှာတွင်ပဲ ပြေးလွှားနေရသေး ရဲ့လား (မပြေးရပါ ဘုရား) တစ်ခါတည်း အချည် အနှောင်အဖွဲ့ဆိုတဲ့ ဒိဋ္ဌုပါန်၊ ကာမုပါဒါန်ဆိုတဲ့ ဥပါဒါန်ကြိုးတွေ အကုန်ပြုတ်ပြီးသကာလ ဥပါဒါန်တို့၏ ချုပ်ရာငြိမ်းရာ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ တရားတစ်ပွဲလုံးကို ဟောလိုက်ပါတယ်။ ဝေဒနာဖြစ်ပျက်၊ စိတ်ဖြစ်ပျက်ဆိုတဲ့ သတိပဋ္ဌာန် တစ်ပါးပါးကို ရှုခြင်းမှတစ်ပါး ကြိုးပြတ်၍ လည်ပတ်ပြုတ်တဲ့နည်း ရှာလို့ မတွေ့ဘူးလို့ ဘုရားဟောတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။