10612

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ် တရားတော်(၇)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော် ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူသော

ပဋိစ္စသမုပ္ပါဒ် တရားတော်(၇)

(၂၇-၁၁-၆၁)

ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင်

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင် ဒိဋ္ဌိဖြစ်တတ်တယ်၊ ဝိစိကိစ္ဆာ ဖြစ်တတ်တယ်ဆိုတာ ခဏခဏပြောတယ်နော်၊ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားမလည်ကြလို့ရှိရင် ဒိဋ္ဌိလဲဖြစ်တတ်တယ်၊ ဝိစိကိစ္ဆာလဲ ဖြစ်တတ်တယ်ဆိုတာ မှတ်ထားကြပါ၊ (မှန်လှပါ ဘုရား)။

အဲဒီ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိနေလို့ရှိရင်တဲ့ ဘယ်လိုပဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ မရ, ရအောင် လက္ခဏာရေးသုံးပါး ဆိုတဲ့အနိစ္စတရား, ဒုက္ခတရား, အနတ္တတရားတွေ ကြိုးစားငြားသော်လဲအဟောသိကံပဲ ဖြစ်ပါတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်မှ မိမိတို့အသိမှာ ဒိဋ္ဌိ ဝိစိကိစ္ဆာကွာတယ်၊ (မှန်ပါ့) ကွာပြီးမှ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ပျက်အားထုတ်ရမယ်၊ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် သိမှုကို အရင်ကြိုးစား

ဒါဖြင့် ဒီအစဉ်ကိုပဲ ဒကာ ဒကာမတွေ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရမချင်း မှတ်ထားရမယ်၊ (မှန်လှပါ ဘုရား) ဘာကိုအရင်သိမှုကို ကြိုးစားရမလဲ၊ (ပဋိစ္စသမုပ္ပါဒ် သိမှုကို အရင်ကြိုးစားရပါမယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်သိမှုကို ကြိုးစားရမယ်နော် (မှန်ပါ့ ဘုရား)။

သူ့ကြိုးစားပြီးတဲ့ အခါကျတော့ ဘာတွေစင်ကြယ်သွားပါလိမ့် (ဒိဋ္ဌိဝိစိကိစ္ဆာစင်ကြယ်သွားပါတယ် ဘုရား) အဲဒီ ဒိဋ္ဌိဝိစိကိစ္ဆာ စင်ကြယ်တယ်လို့ ဒကာကြွယ်ကမှတ်လိုက်၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာမိမိတို့ အသိဉာဏ်မှာ စင်ကြယ်ပြီးသည်နောက်မှ ဖြစ်ပျက်ဆိုတဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်လို့ရှိရင် မဂ်ဖိုလ်ရနိုင်တယ်၊ (မှန်ပါ့ ဘုရား)။

ဒီဟာ မစင်ကြယ်ဘဲနဲ့ ဒကာ ဒကာမတွေ အားထုတ်ကြဟေ့၊ အနိစ္စ, ဒုက္ခ, အနတ္တမှ တစ်ပါးနိဗ္ဗာန်ရောက် ကြောင်းတရား မရှိဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေက ပြောငြားသော်လဲတဲ့ သုတ်သင်ရှင်းလင်းထိုက်တဲ့ ရှေ့အဖို့တို့ကို ဒကာသစ် နားမလည်ရင်လဲ ပင်ပန်းရုံပဲ၊ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျတော့ အနိစ္စ, ဒုက္ခ, အနတ္တ အားမထုတ်ခင် ဘာလုပ်ရမှာပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် နားလည်အောင်လုပ်ရပါမယ်) ပဋိစ္စသမုပ္ပါဒ် နားလည်အောင်လုပ်ထား၊ (မှန်ပါ့)။

ကိုယ့်ခန္ဓာဖြစ်စဉ်

ပဋိစ္စသမုပ္ပါဒ် နားလည်မှ ကိုယ့်ခန္ဓာဖြစ်ကြောင်း, ကိုယ်ခန္ဓာဖြစ်စဉ် ဒါမှ သိတော့မှာပေါ့၊ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ပုဂ္ဂိုလ် ကိုယ့်ခန္ဓာဖြစ်ကြောင်း, ကိုယ့်ခန္ဓာဖြစ်စဉ်ကို ဒကာကြွယ် သိပါ့မလား၊ (မသိပါ ဘုရား) မသိတော့ ဒီခန္ဓာ ရှုရမှာဖြစ်နေတော့ ဒီခန္ဓာပေါ်မှာ သံသယတို့ ဒိဋ္ဌိတို့ မလာပေဘူလား၊ (လာပါတယ် ဘုရား) ထိုကဲ့သို့ လာခဲ့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အာပေါက်အောင်အားထုတ်ငြားသော်လဲ ဦးလှဘူးရေ အချည်းအနှီး ဖြစ်ရပါတယ်၊ (မှန်ပါ့ ဘုရား) ဘာနားမလည်လို့လဲ၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား)။

အေး ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာကြွယ် တခြားတရားလို့ မှတ်မနေနဲ့၊ ကိုယ့်ခန္ဓာဖြစ်ကြောင်းနဲ့ ကိုယ်ခန္ဓာဖြစ်စဉ် (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်၊ (ကိုယ့်ခန္ဓာဖြစ်ကြောင်းနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ပါ ဘုရား)

ကိုယ့်ခန္ဓာ ဖြစ်ကြောင်းနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ် (မှန်ပါ့) ဖြစ်ကြောင်းဆိုတာက ရှေးက အကြောင်းကို ပြပါတယ် (မှန်ပါ့) ဖြစ်စဉ်ဆိုတာက ဒီအထဲမှာ ယောကျ်ားမပါ၊ မိန်းမမပါဘူး၊ ရုပ်နာမ်တွေသာ တစ်ခုပြီးတစ်ခုပေါ်၊ တစ်ခုပြီး တစ်ခုပေါ် အစဉ်တန်းပြီးဖြစ်တော့တယ်ဆိုတာ သိရတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ပုဂ္ဂိုလ်များမှာ ကိုယ့်ခန္ဓာဖြစ်ကြောင်းနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ် နားလည်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ပုဂ္ဂိုလ်ဟာ ဘာနားလည်ပါလိမ့်၊ (ကိုယ့်ခန္ဓာဖြစ်ကြောင်းနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်နားလည်ပါတယ် ဘုရား) ဒကာသစ်က ထူးထူးခြားခြားမှတ်ပါ၊ ဖြစ်ကြောင်းနဲ့ ဖြစ်စဉ်တခြားစီနော်၊ (မှန်ပါ့) ဖြစ်ကြောင်းလို့ ဆိုတာက ငါသည် ဘယ်သူ့ကြောင့် ခန္ဓာကြီးပေါ်ပါလိမ့်မတုံးလို့ သိရတဲ့အကြောင်းဟာ ဖြစ်ကြောင်းခေါ်ပါတယ်၊ (မှန်ပါ့)။

ယောကျာ်းတွေ ဖြစ်နေတာလား၊ မိန်းမတွေဖြစ်နေတာလား

ဖြစ်စဉ်က ကိုယ့်ခန္ဓာကြီးက ယောကျာ်းတွေ ဖြစ်နေတာလား၊ မိန်းမတွေဖြစ်နေတာလား ဆိုတော့မှ အို မဟုတ်ပါဘူး၊ ဝိညာဏ်ဖြစ်နေတာ၊ နာမ်ရုပ်ဖြစ်နေတာ၊ သဠာယတနတွေဖြစ်နေတာ၊ ဖဿဖြစ်နေတာ၊ ဝေဒနာဖြစ် နေတာလို့သိတော့ ဖြစ်စဉ်ကို သိတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ကြောင်းနဲ့ဖြစ်စဉ်ပေမယ့် တခြားစီလို့မှတ်ပါ၊ (မှန်ပါ့ ဘုရား) ဒကာကြွယ်နားလည်ပြီလား၊ (နားလည် ပါပြီ ဘုရား) ကိုယ့်ခန္ဓာဖြစ်ကြောင်း နားလည်တာလဲ ပဋိစ္စသမုပ္ပါဒ်သိမှ၊ (မှန်ပါ့) ကိုယ့်ခန္ဓာဖြစ်စဉ် သိတာလဲ၊ (ပဋိစ္စသမုပ္ပါဒ် နားလည်မှ သိပါတယ် ဘုရား)။

ဖြစ်ကြောင်းနဲ့ ဖြစ်စဉ်ကိုမသိဘဲနဲ့ ဒကာကြွယ်တို့က ဝေဒနာ အနိစ္စပဲ၊ စိတ်-အနိစ္စပဲ၊ ရုပ်အနိစ္စပဲလို့ သိငြား သော်လဲ ယုံမှားသံသယဝင်လာတယ်၊ (မှန်ပါ့ ဘုရား) ရှုရင်းရှုရင်း ဒိဋ္ဌိဝင်လာတာပဲ၊ (မှန်ပါ့ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ ဝင်လာကတည်းက ဒကာ ဒကာမတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားတဲ့တရား၊ (မှန်ပါ့ ဘုရား)။

အစဆုံး မဂ်ဉာဏ်ကို တားလိုက်တာပဲ

ဘယ်မဂ်ဉာဏ်၊ ဘယ်ဖိုလ်ဉာဏ်တားပါလိမ့်မတုံး မေးတော့ အစ, ဆုံးဖြစ်တဲ့ မဂ်ဉာဏ်ကို တားလိုက်တာပဲ၊ (မှန်လှပါ ဘုရား) အထက် မဂ်ဖိုလ် ရဖို့ဆိုတာ ဝေးရောပေါ့၊ (မှန်ပါ့ ဘုရား)။

အေးဒါကြောင့် ဆရာသမားလိုတယ်၊ ဆရာသမားလိုတယ်ဆိုတာ ဒကာသစ်တို့ ဒကာကြွယ်တို့ အထူးရိပ်မိဖို့ ကောင်းတယ်၊(ရိပ်မိပါတယ် ဘုရား) လမ်းစဉ်ပြမကောင်းလို့ရှိရင်ဖြင့် ကောင်းကောင်းဒုက္ခဖြစ်တယ်၊ (မှန်ပါ့ ဘုရား) ပင်ပန်းငြားသော်လဲ ပင်ပန်းကျိုးနပ်ပါရဲ့လား၊ (မနပ်ပါ ဘုရား)။

အေး ဒါတွေသိတော့ ဪ ပင်ပန်းငြားသော်လဲ ပင်ပန်းကျိုးမနပ်တဲ့ အလုပ်တွေလဲ ရှိပါသေးသလားဆိုတော့ ဒကာကြွယ်ရေ ဆရာဖျင်းလို့ လို့ဆိုရမယ်၊ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမ ဆိုတာတော့ နဂိုက လူရယ်လို့ ဖြစ်လာပြီး ဝမ်းစာ ဝမ်းကျောင်းဖြစ်တဲ့ ပညာကလေးတွေ သင်ပြီးသကာလ အိမ်ထောင်ကျ၊ ကြီးလာတဲ့ အခါကျမှ ကိုယ့်ဘာသာရေး ကိုယ်ကြိုးစားတဲ့အခါ ဆရာကောင်းရှာကြ ဆိုတော့ ဒကာ ဒကာမတွေက ဘာမှပါလာတာမှမဟုတ်ဘဲ၊ (မှန်လှပါ ဘုရား)။

အောက်ပိုင်းက ဟာလာဟင်းလင်းဖြစ်သွားတယ်

လုပ်ဟေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ” သူ့ဟောထားတယ်ကွ၊ အဲဒီ အနိစ္စ, ဒုက္ခ, အနတ္တဟာ ထွက်ရပ်လမ်း တရားပေါ့ကွာ၊ ဒါပဲ ကြိုးစားစရာရှိတယ်၊ ဒါပဲကြိုးစားဆိုပြီး အထက်ပိုင်းကသင်လိုက်တော့ အောက်ပိုင်းက ဟာလာဟင်းလင်းဖြစ်သွားတယ်၊ (မှန်လှပါ ဘုရား) အောက်ပိုင်းက ဟာလာဟင်းလင်းဖြစ်ပြီး သကာလနေတော့ အလုပ်လုပ်လေ ယုံမှာ သံသယကဖြစ်လေပဲ၊ (ဖြစ်ပါတယ် ဘုရား) အလုပ် လုပ်လေ သံသယကလာလေပဲ၊ (လာပါတယ် ဘုရား) အလုပ် လုပ်လေ ဒိဋ္ဌိက လာလေ၊ (လာပါတယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာလာလို့ရှိရင်လဲ သောတာပတ္တိမဂ်ဆိုတဲ့ ပထမဆုံး မဂ်တောင် ရနိုင်ဖို့အရေး အင်မတန်ဝေးပါတယ်၊ (ဝေးပါတယ် ဘုရား) ကြောက်စရာမကောင်းဘူးလား၊ (ကောင်းပါတယ် ဘုရား)။

အေးဒါကြောင့် ဒကာကြွယ်တို့ရေ ဆရာသမားလိုတယ်၊ ဆရာသမားလိုတယ်ဥစ္စာလဲ ခဏခဏပြောလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ သိလောက်ပါပြီ၊ (သိပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားမလည်ပြီ ဆိုမှဖြင့် ဒိဋ္ဌိဟာလာတော့မှာပဲ၊ (လာမှာပါပဲ ဘုရား)ငါသည်ဘယ်ကလာပါလိမ့်မလဲ ဆိုတာ ဘာပါလိမ့်မလဲ (ဝိစိကိစ္ဆာပါ ဘုရား) အခုငါဟာ ဘယ်လို ငါပါလိမ့်မလဲ၊ (ဒိဋ္ဌိပါ ဘုရား) ဟင့်၊အင်း၊ ဝိစိကိစ္ဆာပဲ၊ (မှန်ပါ့ ဘုရား)

ဝိစိကိစ္ဆာ

ဘယ်လိုငါပါလိမ့်မလဲဆိုတာ ဝိစိကိစ္ဆာပဲ လာနေတယ်(မှန်ပါ့၊ ဝိစိကိစ္ဆာပါ ဘုရား) ရှေ့ငါဘာများဖြစ်ရဦးမ လဲ၊ (ဝိစိကိစ္ဆာပါ ဘုရား) ဝိစိကိစ္ဆာပဲ၊ (မှန်ပါ့) သူ့ဟာသူဆုံးဖြတ်ချက် မချနိုင်တာဟူသရွေ့ ဒကာသစ်၊ ဝိစိကိစ္ဆာမှတ်၊ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ငါဘယ်ကလာမှန်းလဲမသိ ယခုဟာငါဘာဖြစ်နေမှန်းလဲမသိ၊ ရှေ့လဲ ငါဘာဖြစ်မှန်းလဲ မသိ၊ ဘာများဖြစ်ရမယ်လို့ မပြောတတ်ပါဘူး အစရှိသည်ဖြင့် ဒကာ၊ ဒကာကတွေမှာနေကြတာဟာ ဒါကို ဘာသတ္တိလို့ဆို ကြမလဲ၊ (ဝိစိကိစ္ဆာပါ ဘုရား)။

တစ်ခါရုပ်တွေ၊ နာမ်တွေပေါ် နေတာကိုပဲငါစားချင်တယ်၊ ငါဝတ်ချင်တယ်၊ငါအိပ်ချင်တယ်၊ ငါသည်ကား လို့ဆိုရင် သွားချင်တယ်၊ ငါသည်ကားလို့ဆိုရင် လာချင်တယ်ဆိုတော့ ရုပ်နာမ်တွေက သွားချင်၊ လာချင်တဲ့ဥစ္စာကို ရုပ်နာမ်တွေကို ငါရယ်လို့ စွဲလမ်းလိုက်ပြန်တော့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါ၊ ပဋိစ္စသမုပ္ပါဒ် အစဉ်ပေါ်မှာ ဒိဋ္ဌိအကုန်ဝင်နေတယ်၊ (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အစဉ်ပေါ်မှာ (ဒိဋ္ဌိဝင်နေပါတယ် ဘုရား)။

ငါ, သူတစ်ပါးထင်ရင် ဒိဋ္ဌိပဲ

ဒိဋ္ဌိအကုန်ဝင်နေတဲ့အတွက် ဒါလဲ ပဋိစ္စသမုပ္ပါဒ် အစဉ်ကို နားမလည်လို့ပဲ၊ (မှန်ပါ့)ရှင်းပြီးနော်၊ (ရှင်းပါပြီ) ပဋိစ္စသမုပ္ပါဒ်အကြောင်း နားမလည်ရင် မိမိဖြစ်ကြောင်း နားမလည်ရင် မိမိဖြစ်ကြောင်း နားမလည်ရင် ယုံမှားဝိစိကိစ္ဆာပဲ၊ (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် အစဉ်ဖြစ်နေတာကို ပုဂ္ဂိုလ် သတ္တဝါ ငါ, သူတစ်ပါးထင်ရင် ဒိဋ္ဌိပဲ၊ (မှန်လှပါ ဘုရား) ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရေ-လူဖြစ်တဲ့ဘဝမှာ ဒီဘဝအထူးဆုံးလို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ဒီတစ်ခါ ဖြစ်ရတာဖြင့်ဟေ့ ဒုက္ခခပ်သိမ်းငြိမ်းဖို့ ဖြစ်လာတာပဲဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ချက် ချပါ၊ (မှန်လှပါ)။

ဒီတစ်ခါလူဖြစ်လာတာ ဒကာကြွယ် ရှေးက ဒါတွေမတွေ့ခဲ့လို့၊ မတွေ့ခဲ့တော့ ဒုက္ခခပ်သိမ်းငြိမ်းဖို့ရာ အရေးဟာ ဝေးပါပေါ့ဗျာ (မှန်ပါ့ ဝေးပါတယ် ဘုရား)။

အခုတော့ ဒကာ ဒကာမတွေက ဒါတွေကို အကျိုးနဲ့ အကြောင်းနဲ့ အစနဲ့ အဆုံးနဲ့သိရတော့ ဪ လူဖြစ်ကျိုးနပ် ပဟ၊ ကိုယ့်အလုပ် ဝတ္တရားကလေး ဝီရိယကလေး မလျော့ဘဲနဲ့ လုပ်လို့ရှိရင်ဖြင့် ဒီဘဝဟာ နောက်ဆုံးပိတ် ဘဝ၊ ဒုက္ခသိမ်းလို့ ငြိမ်းတော့မှာပဲ ကိုယ့်ဟာကိုယ် ဝမ်းသာရပါလိမ့်မယ်၊ (သာရပါမယ် ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ မိဘရိုးရာများ မှတ်ပြီးသကာလထားတာတွေ အလွဲတွေက မနည်းဘူးနော်၊ (မနည်းပါ ဘုရား) အဲဒီ အလွဲတွေကို ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင် ဒကာသစ်ပြင်မရဘူး၊ (ပြင်, မရပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားလည်ရင်တော့ဖြင့် ဪ သူတို့အပြောက အပြောကိုး၊ အဖြစ်ကတော့ ပဋိစ္စသမုပ္ပါဒ်ကိုးလို့ ဆိုပြီး ရှင်းသွားတယ်၊ (ရှင်းသွားပါတယ် ဘုရား)။

ကဿပသံယုတ်

ကိုင်းဒါဖြင့် ရှေးကကိုက ကဿပသံယုတ်မှာ လာတယ်လို့ ဒကာကြွယ် မှတ်ရမယ်နော် (မှန်လှပါ)။

အရှင်မဟာ ကဿပကြီးကလဲ သာဝတ္တိပြည်မှာ သီတင်းသုံးနေတော့ အရှင်သာရိပုတ္တရာကလဲ သွားပြီး သီတင်းသုံးနေတယ်၊ (မှန်ပါ့ ဘုရား)။

သီတင်းသုံးပြီးသကာလ တစ်ပါးနဲ့တစ်ပါး တွေ့ကြတဲ့အခါ အလ္လာပ-သလ္လာပဆိုတဲ့ ရှေ့စကား နောက်စကား တွေ ပြောကြတယ်(မှန်ပါ့) ပြောပြီးသည်၏အခြားမဲ့၌ အရှင်သာရိပုတ္တရာက မေးလိုက်တယ်၊ အရှင် ဘုရားတဲ့၊ သတ္တဝါ သေရင် ဖြစ်သေးသလားလို့မေးတယ်၊ (မှန်ပါ့ ဘုရား) သတ္တဝါသေရင် (ဖြစ်သေးသလားလိုမေးပါတယ်) အင်း ဒါဘယ်သူ က မေးတာပါလိမ့်၊ (အရှင်သာရိပုတ္တရာက မေးတာပါ ဘုရား)။

အရှင် သာရိပုတ္တရာက မေးလို့ အရှင်မဟာကဿပ,က ဒီဟာမျိုး ဘုရားက မဖြေကောင်းဘူးတဲ့ (မှန်လှပါ) ဘာတဲ့တုံး၊ ( ဘုရားက ဒီဟာမျိုး မဖြေကောင်းပါဘူးတဲ့) မဖြေကောင်းတဲ့ အမေးတဲ့၊ (မှန်လှပါ ဘုရား) သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးတာဘာတဲ့၊ (မဖြေကောင်းတဲ့အမေးပါ ဘုရား) မဖြေကောင်းဘူး ဒီဥစ္စာနော်၊ (မှန်လှပါ)။

သတ္တဝါသေရင် ဖြစ်သေးသလား

ကိုင်းဒါဖြင့် ဒီပုစ္စာကလေး တစ်ခုကို ဒကာကြွယ် နားလည်သွားပြီ (မှန်လှပါ) သတ္တဝါသေရင် ဖြစ်သေး သလားလို့မေးရင် ဒကာကြွယ် ဘယ့်နှယ်ဖြေပါ့မလဲ၊ (မဖြေကောင်းတဲ့အမေးပါ ဘုရား) သတ္တဝါမှ မရှိဘဲကိုးဗျ၊ (မှန်လှပါ ဘုရား) မရှိတာမေးတော့ ဒကာကြွယ် ဖြေရင် ဖြေသလောက် လွဲမှာပေါ့၊ (မှန်လှပါ ဘုရား) ဘာဖြစ်လို့ပါလိမ့်၊ (သတ္တဝါ မရှိလို့ပါ ဘုရား)။

စဉ်းစားကြည့်ပါလား ပဋိစ္စသမုပ္ပါဒ်မှာ ဒကာ ဒကာမတွေ၊ ဟောဒါ အတိတ်ဘဝက အဝိဇ္ဇာနဲ့သင်္ခါရကပြုလိုက် လို့နော်၊ (မှန်ပါ့) ပြုလုပ်လိုက်တော့ သေသည်၏ အခြားမဲ့၌ ဝိညာဏ် နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်ပါတယ်၊ (မှန်လှပါ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အင်းသတ္တဝါတွေဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးလားလို့ မေးတော့ ဒီဘက်မှာ ဖြစ်တော့တာပဲ သတ္တဝါဟုတ်ကဲ့လား၊ (မဟုတ်ပါ ဘုရား) ကြည့်ပါဦး ဘာပါလိမ့် (ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာပါ ဘုရား)။

ကဲ-ဒါဖြင့် ဒီဘက်ကလဲ သတ္တဝါသေတယ်ရှိရဲ့လား၊ (မရှိပါ ဘုရား) အဝိဇ္ဇာ သင်္ခါရပဲရှိတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့်သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးလို့ရှိရင် ဒကာကြွယ် ဒကာသစ်တို့က ဘယ့်နှယ်လုပ် ဖြေပါ့မလဲ၊ (မဖြေကောင်းပါ ဘုရား) မောင်ဘသော် မဖြေကောင်းဘူုး၊ (မှန်လှပါ ဘုရား) အကြောင်းထဲမှာလဲ သတ္တဝါ မပါ, ပါဘူး၊ (မပါ, ပါဘူး) အကျိုးဖြစ်တဲ့ အထဲမှာကော (သတ္တဝါ မပါ, ပါ ဘုရား)။

ဪ ဒါကြောင့် ဘုရားက မဖြေကောင်းဘူးလို့ ပြောတာ၊ (မှန်လှပါ ဘုရား) ဒကာကြွယ် ဒီအကြောင်းအကျိုး ဒီစကားမျိုး နားမလည်တော့ သတ္တဝါတစ်ယောကတော့ သေပဟေ့၊ ဘယ်များ သွားဖြစ်နေတယ် မပြောတတ်ပါဘူးလို့ မသုံးကြဘူးလား၊ (သုံးကြပါတယ် ဘုရား)။

သဿတဒိဋ္ဌိဖြစ်နေတယ်

သုံးကြတော့ သတ္တဝါလဲမရှိဘူး၊ ဘယ်သွားဖြစ်တယ်လို့ ဖြစ်စရာလဲမရှိဘဲနဲ့ ဒကာကြွယ်မှာတဲ့၊ သတ္တဝါသေရင် ဖြစ်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်၊ ဘယ်သွားဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သဿတဒိဋ္ဌိဖြစ်နေတယ်၊ (ဖြစ်ပါတယ် ဘုရား) မဖြစ်ဘူးလား၊ (ဖြစ်ပါတယ် ဘုရား) ဒကာ ဒကာမတွေ ဉာဏ်နားနဲ့ထောင်ပေးပါ၊ (မှန်ပါ့) အကြောင်းထဲမှာလဲ သတ္တဝါ ပါ, ပါရဲ့လား၊ (မပါ, ပါ ဘုရား)။

အင်း ဟင်သတ္တဝါလို့ဆိုတာ ဒီနေရာမှာမှ ပျောက်တယ်နော်၊ (မှန်ပါ့) ဒီဘက် ဝိညာဏ်ဆိုတာ ပဋိသန္ဓေ၊ နာမ်ရုပ်ဆိုတာက ခင်ဗျားတို့ပဋိသန္ဓေနေတော့ နာမ်ရုပ်ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) မျက်စိ, နား, နှာခေါင်း, ဝေဒနာပေါ်တယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ်)။

ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ၊ (မဖြေကောင်းပါ ဘုရား) ဖြေစရာ မရှိဘူး၊ (မှန်လှပါ) ဖြေစရာမရှိပါဘူး ဒကာ ဒကာမတို့၊(မှန်လှပါ) ဘာဖြစ်လို့တုံး ဒီအကြောင်းထဲမှာလဲ သတ္တဝါမပါဘူး၊ (မပါ, ပါ ဘုရား) စုတိသည်၏ အခြားမဲ့၌ဖြစ်ပေါ်တဲ့အထဲမှာ ကော၊ (မပါ, ပါ ဘုရား)။

ဒါဖြင့် ဖြေစရာမရှိဘူးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ်သဘောကျလို့ (မှန်လှပါ့ ဘုရား) ဖြေစရာမရှိဘူးဆိုတာ၊ (ပဋိစ္စသမုပ္ပါဒ် သဘောကျလို့ပါ) ပဋိစ္စသမုပ္ပါဒ် သဘောကျတဲ့အတွက် ဪ သူမေးတဲ့ဥစ္စာဟာ မမေးကောင်းတာမေး လို့ ဖြေစရာမရှိပါဘူးဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားတယ်၊ (ရှင်းပါတယ် ဘုရား)။

ဒီအဖြေမျိုး မဖြေကောင်း

ဒါ အရှင်သာရိပုတ္တရာမေးလို့ အရှင်မဟာကဿပကြီးက သတ္တဝါသေရင် ဖြစ်သေးသလားလို့ အရှင်သာရိ ပုတ္တရာကမေးတာဟာ သိလျက်နဲ့မေးတာနော်၊ (မှန်လှပါ ဘုရား) အင်းဒီအဖြေမျိုး မဖြေကောင်းပါဘူးလို့ ဘုရားကဟော ထားတယ်၊ (မှန်ပါ့)။

ဒကာ ဒကာမတွေကော သတ္တဝါသေရင်ဖြစ်သေးသလား (မဖြေကောင်းပါ ဘုရား) အာ့ကြောင့်ပါလိမ့်၊ (သတ္တဝါ မရှိလို့ပါ) သတ္တဝါရှိကိုမရှိဘူး၊ (မှန်ပါ့) သတ္တဝါမရှိလို့ သတ္တဝါသေလဲမရှိဘူး၊ သတ္တဝါဖြစ်လဲ (မရှိပါ ဘုရား)။

မရှိဘူးတဲ့၊ ဘာဖြစ်လို့တုံးဆိုတော့ ဒီဘက်ကရုပ်နာမ်တွေချုပ်သွားပြီ၊ ဒီဘက်က ရုပ်နာမ်တွေပေါ်တာပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အတိတ်ကရုပ်နာမ်တွေချုပ်ပြီးတော့၊ (ပစ္စုပ္ပန် ရုပ်နာမ်တွေ ပေါ်တာပါပဲ)။

ဒါဖြင့် ပစ္စုပ္ပန်ရုပ်နာမ်တွေချုပ်ပြီးတော့ကော အနာဂတ်ရုပ်နာမ်တွေပေါ်မှာပဲ၊ (မှန်ပါ့) ဒါပဲရှိတယ်၊ (မှန်လှပါ) သတ္တဝါကဖြင့် ပါကို မပါဘူး၊ (မပါ, ပါ ဘုရား)။

ကြည့်ပါ ကြည့်ပါ၊ ဒကာ ဒကာမတွေစာရွက်မှာကြည့်ပါ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပြုတဲ့အကြောင်း ထဲမှာလဲ သတ္တဝါမပါ,ပါဘူး၊ (မပါ,ပါ ဘုရား) ရတဲ့, အကျိုးထဲမှာကော၊ (မပါ, ပါ ဘုရား) မပါတာ ပဋိစ္စသမုပ္ပါဒ်က ရှင်းနေတယ်၊ (မှန်လှပါ) ရှင်းနေတော့ကိုတဲ့၊ သတ္တဝါသေရင် ဖြစ်သေးသလားလို့ အရှင်သာရိပုတ္တရာက မေးလိုက်တယ်၊ (မှန်ပါ့ ဘုရား)။

ဒါမဖြေအပ်တဲ့ပုစ္ဆာတဲ့၊ ဘုရားမဖြေဘူးဆိုပြီး အရှင်မဟာကဿပကြီးက ရှင်းပြတယ်၊ (မှန်ပါ့ ဘုရား) မေးတဲ့ ပုဂ္ဂိုလ်လဲ အရိယာပုဂ္ဂိုလ်ပါ၊ (မှန်ပါ့ ဘုရား) ဖြေတဲ့ပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ပါ၊ (မှန်ပါ့) သို့သော် ဘယ့်နှယ်ကြောင့် သူတို့အမေးအဖြေ လုပ်ကြပါလိမ့်မတုံးဆိုတော့ နောက်ပုဂ္ဂိုလ်တွေ ရှင်းလင်းအောင်လို့ (မှန်လှပါ) ဘယ်အကျိုးငှာပါလိမ့်၊ (နောက်ပုဂ္ဂိုလ်တွေရှင်းလင်းအောင်လို့ပါ ဘုရား) သဘောပါပလား၊ (ပါ,ပါပြီ)။

သတ္တဝါမရှိလို့ပါ

ကဲအားလုံး တရားတစ်ပွဲလုံးကို မေးလိုက်ပါတယ်တဲ့၊ ပဋိစ္စသမုပ္ပါဒ်နားမလည်တဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင် အဖြေတစ်မျိုး ထွက်မှာပဲ၊ (မှန်ပါ့) နားလည်တဲ့ပုဂ္ဂိုလ်ဆိုရင် သတ္တဝါသေရင်ဖြစ်သေး သလားလို့မေးရင်ဖြင့် ဘယ့်နှယ် ပြောကြမယ်၊ (မဖြေကောင်းပါ ဘုရား) ဘာ့ကြောင့် မဖြေကြပါလိမ့်၊ (သတ္တဝါမရှိလို့ပါ ဘုရား)။

သေစရာသတ္တဝါလဲမရှိဘူး၊ ဖြစ်စရာသတ္တဝါကော၊ (မရှိပါ ဘုရား) မရှိဘူးတဲ့၊ ဒီအတိတ်အကြောင်းဖြစ်တဲ့ နာမ်ရုပ်ချုပ်လို့ ပစ္စုပ္ပန်အကျိုးဖြစ်တဲ့ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာတာပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

ဒီအကြားမှာ သေတယ်ထားပါဦးတော့ ဒီအစပ်ကလေးမှာ၊ (မှန်ပါ့) ဒီဘက်က အဝိဇ္ဇာ သင်္ခါရ ဒီမှာလာချုပ်ပြီး အဝိဇ္ဇာ သင်္ခါရပြီးတဲ့အခါ ဒီမှာ ဝိညာဏ်, နာမ်ရုပ်ပေါ်တာပဲ၊ (မှန်ပါ့ ဘုရား) မပေါ်ဘူးလား၊ (ပေါ်ပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ပထမပုစ္ဆာ မဖြေကောင်းဘူးဆိုတာ ဪ ဒို့ဉာဏ်ထဲမှာလဲ ရှင်းပြီ၊ နဂိုကလဲ သေစရာ သတ္တဝါလဲမရှိ၊ သေတတ်တဲ့သတ္တဝါလဲ မရှိ၊ ဖြစ်တတ်တဲ့သတ္တဝါမရှိဘူးတဲ့၊ နာမ်ရုပ်ချုပ်သွားလို့ နာမ်ရုပ် ဖြစ်လာတာပဲ (မှန်ပါ့ ဘုရား) ယခုနာမ်ရုပ်ချုပ်သွားတော့ နောက်နာမ်ရုပ်ပေါ်တာပဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒီဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေချုပ်သွားတော့ ဒီဘက်ဇာတိ, ဇရာ, မရဏ ပေါ်တာပဲရှိ တယ်၊ (မှန်ပါ့ ဘုရား)သဘောကျပလား၊ (ကျပါပြီ) ကောင်းပြီ) ဒါဖြင့် ဇာတိ, ဇရာ, မရဏဆိုတာလဲ ရုပ်နာမ်တွေပေါ် တာပဲ၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ)။

မဖြေကောင်းတဲ့ပုစ္ဆာတွေ

ကောင်းပြီ၊ ဒါဖြင့် မဖြေကောင်းတဲ့ပုစ္ဆာတွေကို မဖြေဘဲနေကြခြင်းသည် ဒကာကြွယ် အသိဉာဏ်ရှိလို့၊ (မှန်လှပါ ဘုရား) မဖြေကောင်းတဲ့ ပုစ္ဆာတွေကို မဖြေဘဲ နေခြင်းသည် ဘာပါလိမ့်၊ (အသိဉာဏ်ရှိလို့ပါ ဘုရား) ဘယ်သူ့အပေါ်မှာ အသိဉာဏ်ရှိတာပါလိမ့် (ပဋိစ္စသမုပ္ပါဒ်အပေါ်မှာပါ ဘုရား)။

အင်း-ပဋိစ္စသမုပ္ပါဒ်အပေါ်မှာ အသိဉာဏ်ရှိတယ်၊ (မှန်လှပါ) ခန္ဓာဖြစ်စဉ်မှာ၊ (အသိဉာဏ်ရှိပါတယ်) အဲဒီ ဉာဏ်နှစ်ဉာဏ် ရလိုက်တာဟာ ဒီဉာဏ် နှစ်ဉာဏ်ကို ဒကာကြွယ်က ဒကာသစ်က သာမည ဉာဏ်ပဲလို့ မအောက်မေ့လိုက် ပါနဲ့၊ (မှန်ပါ့ ဘုရား)။

ဒီဉာဏ်နှစ်ဉာဏ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ နာမ်ရုပ်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်ရတယ်၊ (မှန်ပါ့) ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့အကြောင်းနဲ့ အကျိုးဆက်တာသိတဲ့ ဉာဏ်လဲရတယ်၊ (မှန်ပါ့ ဘုရား) ဒီဉာဏ် နှစ်ဉာဏ်ကို ရသွားတယ်၊ (မှန်ပါ့)။

နာမရူပပရိစ္ဆေဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်

ပဋိစ္စသမုပ္ပါဒ်နားလည်ခဲ့ရင် နာမရူပပရိစ္ဆေဉာဏ်, ပစ္စယ ပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဉာဏ်နှစ်ဉာဏ်ရတယ်၊ (မှန်ပါ့ ဘုရား) မဂ်ဉာဏ်၏ အခြေခံတွေရလိုက်တယ်၊ (မှန်ပါ့) ဘယ်သူ့အခြေခံတွေ့ရလိုက်ပါလိမ့်၊ (မဂ်ဉာဏ်၏ အခြေခံတွေရလိုက် ပါတယ် ဘုရား)။ မဂ်ဉာဏ်၏ အခြေခံတွေ ရလိုက်တယ်ဆိုတာဖြင့် ရှင်းသွားတယ်၊ (မှန်ပါ့ ဘုရား)။

ဒကာသစ်-ပဋိစ္စသမုပ္ပါဒ်နားလည်ရင် မဂ်ဉာဏ်၏ အခြေခံနှစ်ဉာဏ်ရတယ်၊ (မှန်ပါ့ ဘုရား) နာမရူပရိစ္ဆေဒ ဉာဏ်ရယ်၊ (မှန်ပါ့) သဘောပါလား၊ (ပါ, ပါတယ် ဘုရား) ဒီနှစ်ဉာဏ်ရလိုက်ပါတယ်တဲ့၊ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

သတ္တဝါသေရင်မဖြစ်တော့ဘူးလား

ကဲတစ်ခါဆက်မေးပါဦးမယ်၊ အရှင်သာရိပုတ္တရာ ဆက်မေးတယ်နော် (မှန်ပါ့) ဒါဖြင့် အရှင်မဟာကဿတဲ့၊ သတ္တဝါသေရင်မဖြစ်တော့ဘူးလားလို့ မေးလိုက်တယ်၊ (မှန်ပါ့ ဘုရား) ဒါလဲ ဘုရားက မဖြေကောင်းတဲ့ ပုစ္ဆာဘဲတဲ့၊ (မှန်ပါ့ ဘုရား)ဒါလဲ ဘုရားက မဖြေကောင်းတဲ့ ပုစ္ဆာဘဲတဲ့၊ (မှန်ပါ့ ဘုရား) ကဲ ဒကာ ဒကာမတွေကလဲသဘောကျပလား (ကျပါတယ် ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် (သတ္တဝါပုဂ္ဂိုလ် မရှိလို့ပါ ဘုရား) သတ္တဝါပုဂ္ဂိုလ် မရှိလို့၊ (မှန်ပါ့ ဘုရား)။

ဪ ခင်ဗျားတို့ကလဲ အရှင်မဟာကဿပကြီးလိုပဲမဖြေကောင်းတာ မဖြေကောင်းဘူးဆိုတဲ့ သိတဲ့ဉာဏ်ရတာ ပုဂ္ဂိုလ်သတ္တဝါဟာ ကိုယ့်အထင်မှာ မရှိတော့ဘူး၊ (မရှိပါ ဘုရား)။

အင်း-ပဋိစ္စသမုပ္ပါဒ်တို့ ဖြစ်စဉ်တန်းနေတာတွေ၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာတွေ၊ ဒီအကျိုးတရားလဲ နာမ်ရုပ်တွေဆိုတာ သိပြီးသကာလနေတဲ့အတွက် ဖြေစရာမရှိဘူး-ဆိုတဲ့ဉာဏ်ထွက်လာတယ်၊ (မှန်ပါ့ ဘုရား) ရှင်းကြ ပလား၊ (ရှင်းပါပြီ ဘုရား)။

ကဲဒါဖြင့်ဒကာ ဒကာမတို့ ဒီအဖြေထွက်နိုင်ရင်သတ္တဝါ သေလို့ရှိရင်ဖြင့် မဖြစ်တောဘူးလား မေးတော့ ဘယ့်နှယ်တဲ့ ဒကာ ဒကာမတွေ (မဖြေကောင်းပါ ဘုရား) မဖြေကောင်းဘူး၊ (မှန်ပါ့) ဖြေစရာမရှိဘူး၊ (မှန်လှပါ) သတ္တဝါကိုက ရှိရဲ့လား၊ (မရှိပါ ဘုရား) သတ္တဝါကိုက မရှိတော့ ဖြစ်မဖြစ်မေးငြားသော်လဲ အပိုပဲ၊ (မှန်လှပါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား) သတ္တဝါကိုက မရှိတော့ (ဖြစ်, မဖြစ် မေးစရာမလိုတော့ပါ ဘုရား)။

ဖြစ်-မဖြစ်တာ စကားတွေ ချဲ့မနေကြပါနဲ့၊ (မှန်ပါ့ ဘုရား) ရှိတာပြောရလို့ရှိရင်တော့ ဖြစ်, မဖြစ် ပြောရပါလိမ့် မယ်၊ (မှန်လှပါ ဘုရား) နဂိုကမရှိတာကို မေးထားတော့ ဖြစ်, မဖြစ် ပြောနေတာအပိုပဲ၊ (အပိုပါပဲ ဘုရား) သဘောကျ ပလား (ကျပါပြီ)။

ကိုင်း ဒါဘာနားလည်လို့ ဒီအဓိပ္ပာယ်မျိုးကို မဖြေကောင်းဘူးလို့သိပါလိမ့်မတုံး၊ (ပဋိစ္စသမုပ္ပါဒ် နားလည်လို့ပါ ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ကျေးဇူး ဒကာသစ် အလွန့်ကို အဖိုးတန်ပါတယ်၊ (တန်ပါတယ် ဘုရား) ဒကာကြွယ် သိပ်အဖိုးတန်တယ်နော်၊ (တန်ပါတယ် ဘုရား)။

နောက် ဒကာ ဒကာမတွေ ခင်ဗျားတို့ နို့မဟုတ်လို့ရှိရင် သတ္တဝါသေလို့ရှိရင် မဖြစ်ဘူးထင်ပါရဲ့၊ လာချင်လာ ဦးမယ်၊ (လာမှာပါ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိထဲ သွားမယ်

သူတို့ဖြင့် ဘာမှဖြစ်စရာမရှိဘူး ဆိုပြန်တော့လဲ သူ ဒိဋ္ဌိထဲသွားမယ်၊ (မှန်ပါ့ ဘုရား) ဥစ္ဆေဒဒိဋ္ဌိထဲ သွားမယ်၊ (မှန်ပါ့ ဘုရား) မသွားဘူးလား၊ (သွားပါတယ် ဘုရား)။

သတ္တဝါသေရင် ဖြစ်တယ်လို့ယူလို့ရှိရင်လဲ သဿတဒိဋ္ဌိထဲ သွားမယ်၊ (သွားပါတယ် ဘုရား) သတ္တဝါသေရင် မဖြစ်တော့ဘူး ယူရင်လဲ (ဥစ္တေဒဒိဋ္ဌိထဲ သွားပါတယ် ဘုရား)။

အဲဒါ ပဋိစ္စသမုပ္ပါဒါ နားမလည်တဲ့ ပုဂ္ဂိုလ်မှာ သဿတသော်လည်းကောင်း၊ ဥစ္ဆေဒသော်လည်ကောင်း ဒကာသစ်မလာပေဘူးလား၊ (လာပါတယ် ဘုရား) ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် နားလည်မှု၏ ကျေးဇူး သည် ဒကာကြွယ် တယ်ကြီးပါကလား၊ (ကြီးပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုရားဘယ်သူ့ကြောင့် ဘုရားဖြစ်ပါလိမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်လို့ ဘုရားဖြစ်ပါတယ်၊ (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်ပြီး၊ ပဋိစ္စသမုပ္ပါဒ်ကြီး ပြတ်သွားတော့ ဘုရားဖြစ်တယ်၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

အင်း-ဟင် အဲဒီလို သိလိုက်တဲ့အခါကျတော့မှ ဪ ငါတို့မှာ အကြုံကြီးကြုံရတဲ့ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ကြီး ဆရာသမားကဟောလို့ အမှန်အကန်တွေသိရပြီး အမှားတွေ အကုန်ပျောက်ရတာ၊ ဒို့ဒီဘဝမှာဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး အမှန်ရောက်မည့် ပုဂ္ဂိုလ်တွေမို့ ဤကဲ့သို့အကျိုးအကြောင်း ဆက်ပြီးသကာလ ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း လာတွေ့တာပဲဆိုတာ ဒကာကြွယ်-ဝမ်းမြောက်တော့၊ (မှန်ပါ့ ဘုရား)။ အင်မတန် ဝမ်းမြောက်စရာ ကောင်းပါတယ်နော်၊ (မှန်လှပါ ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာနှစ်ခုရှိပြီ (မှန်ပါ့) မဖြေကောင်းတဲ့ ပုစ္ဆာနော် (မှန်ပါ့) အရှင်မဟာကဿပ, ကချည်း ဖြေတယ်၊ (မှန်လှပါ ဘုရား) အရှင်သာရိပုတ္တရာက အမေး၊ အရှင်မဟာကဿပ,က အဖြေလို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။

ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်စီလား

ကိုင်း ဒါနဲ့ပဲ ဆက်ပြီး မေးပြန်တယ်၊ အရှင်သာရိပုတ္တရာမထေရ်က အားလုံးသောပုဂ္ဂိုလ်တွေ ရှင်းသထက် ရှင်းရအောင်၊ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါတွေ သေတဲ့အခါ ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်စီလား ဘုရားလို့ အရှင် မဟာကဿပလို့ မေးပြန်တယ်၊ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေက ဘယ်လိုဖြေကြမလဲ၊ (မဖြေကောင်းပါ ဘုရား) မဖြေကောင်းဘူးတဲ့၊ (မှန်ပါ့ ဘုရား)။

ပုစ္ဆာနှစ်ခု မဖြေကောင်းတာတွေရှင်းသွားပါပြီ၊ (မှန်ပါ့) ၃-နံပါတ်ကို တစ်ခါအရှင်သာရိပုတ္တရာက ရှင်မဟာ ကဿပကြီးကိုမေးပြန်တယ် အရှင် ဘုရားတဲ့၊ သတ္တဝါသေသွားလို့ရှိရင် အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူးလို့ ဒီလိုများယုံရမှာ လားတဲ့၊ (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေမလဲ၊ (မဖြေကောင်းပါ ဘုရား)။

သတ္တဝါမှမရှိဘဲ၊ (မှန်ပါ့) စုံတိစိတ်ပြီးရင် ပဋိသန္ဓေစိတ်ပေါ်တာပဲရှိတယ်၊ (မှန်ပါ့ ဘုရား) စုတိစိတ်ကလဲ စိတ်ပဲ ပဋိသန္ဓေစိတ်ကလဲ (စိတ်ပါပဲ ဘုရား) ဒါဖြင့် တစ်စိတ်ပြီးရင် တစ်စိတ်ပေါ်တာသာရှိတယ်၊ သတ္တဝါတော့မရှိပါဘူး (မရှိပါ ဘုရား) တစ်စိတ်ပြီး တစ်စိတ်ပေါ်တာတော့ရှိပါရဲ့၊ သတ္တဝါတော့၊ (မရှိပါ ဘုရား)။

မရှိဘူးဆိုတော့ သတ္တဝါဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်လားဆိုတော့ အချို့ကျတော့လဲ ပရိနိဗ္ဗာန် စုတိစိတ်ဖြစ်ပြီးတော့ နိဗ္ဗာန်သွားတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည် တစ်လှည့်ဆိုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား)။

အေး ဒါတွေသိတော့မှာ ဒို့ဘယ့်နှယ်ကြောင့် ဒီအကြောင်းတွေရေရေလည်လည်ကြီး ပုဂ္ဂိုလ်သတ္တဝါပျောက်တဲ့ ဉာဏ်တွေရပြီး သိရပါလိမ့်မလဲဆိုတဲ့ ဥစ္စာကိုယ်တိုင် အကဲခတ်ကြည့်တာပေါ့၊ (မှန်လှပါ ဘုရား) ဘယ်ဟာကြောင့်ပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်သိလို့ပါ ဘုရား)။

အဲ ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်း နားလည်မှု၊ ဖြစ်စဉ်နားလည်မှု၊ ဤဖြစ်မှုကြောင့်သာလျှင် ဤကဲ့သို့ အဖြေမှန်ကြီး ထွက်လာတယ်၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေတဲ့၊ ခင်ဗျားတို့ အဖြစ်ဟာ သာမညအဖိုးတန်တဲ့အဖြစ်လို့ မမှတ်လိုက်ကြစမ်းပါနဲ့၊ အလွန့် အလွန့်ကျေးဇူးများနေတယ်၊ (များပါတယ် ဘုရား) ခင်ဗျားတို့ ထိုရဟန္တာကြီး အရှင်မဟာကဿပ, က မဖြေကောင်းဘူး ဆိုတဲ့ အဖြေပြောတယ်၊ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့မှာ အခု ရဟန္တာမဖြစ်သေးဘူးထားပါဦး၊ (မှန်လှပါ) ဒီအသိတော့ရနေတယ်၊ (ရပါတယ် ဘုရား) ရနေတယ်ဆိုတော့ သေးသိမ်တယ်လို့ မောင်ဘသော် ထင်လို့မရဘူး၊ (မရပါ ဘုရား) အင်မတန် ကျေးဇူးများတယ် ဆိုတာမှတ်ပါ၊ (မှန်လှပါ ဘုရား) ဒါအလုပ်လုပ်ရင် ရဖို့ပဲရှိတော့တယ်၊ (မှန်ပါ့ ဘုရား) ရဖို့ပဲရှိတော့တယ်၊ အသိဉာဏ်မှာဖြင့် တော်တော့ကို တူနေပြီဆိုတဲ့ အဓိပ္ပါယ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘောကလေးများကော ရှိသေးသလား

ဒါနဲ့အရှင်သာရိပုတ္တရာကဆက်ပြီးသကာလမေးပြန်တယ်၊ အရှင်မဟာ ကဿပ သတ္တဝါသေလို့ရှိရင် မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘောကလေးများကော ရှိသေးသလားလို့မေးတယ်(မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ ဘယ်လိုအဖြေထွက်မလဲ၊ (မဖြေကောင်းပါ ဘုရား) မဖြေကောင်းဘူးတဲ့၊ ဘာ့ကြောင့် မဖြေကောင်းပါလိမ့်၊ (ပုဂ္ဂိုလ်သတ္တဝါ မရှိလို့ပါ ဘုရား) သတ္တဝါမရှိဘူးတဲ့၊ (မှန်ပါ့ ဘုရား) သတ္တဝါမှမရှိဘဲနဲ့ သတ္တဝါနဲ့ ဆက်ပြီးမေးနေတဲ့ အလုပ်ဟူသရွေ့သည် ဒိဋ္ဌိ အမေးတွေပဲ၊ (မှန်လှပါ ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့ ဒီလေးချက်ကို မဖြေကောင်းတဲ့ဥစ္စာတွေဟာ ဒကာကြွယ်တို့က စကားစပ် ပြောငြားသော်လဲ အဖြေထုတ်ဖို့ မလိုပါဘူး၊ (မလိုပါ ဘုရား)။

မသိလို့ပြောတဲ့ ပုဂ္ဂိုလ်က ပြောစေကာမူ ပြောနေကျမို့ ပြောစေကာမူဦးလဲ အဖြေတော့ထွက်ဖို့ မရှိဘူးနော်၊ မရှိပါ ဘုရား) ဘာ့ကြောင့်တုံး၊ သေတာလဲ သတ္တဝါလားဆိုတော့ စုတိစိတ်၊ (မှန်ပါ့ ဘုရား) ဖြစ်တာလဲ သတ္တဝါလားဆိုတော့ ပဋိသန္ဓေစိတ်၊ (မှန်ပါ့ ဘုရား) ဖြစ်တာလဲ သတ္တဝါလားဆိုတော့ ပဋိသန္ဓေစိတ်၊ (မှန်ပါ့ ဘုရား) စုတိပြီး ဘာလာသတုံး၊ (ပဋိသန္ဓေ လာပါတယ် ဘုရား)။

ဟာ-ပဋိသန္ဓေ မလာတဲ့၊ နိဗ္ဗာန်ဝင်သွားတဲ့ ပုဂ္ဂိုလ်များတော့ စုတိပြီး နိဗ္ဗာန် ရောက်လာတာလဲ၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အဲဒါတွေ သေသေချာချာ သိရတော့မှ ဪ ဒို့သည်ကား လို့ဆိုရင် မဖြေကောင်းတာကို မဖြေကောင်းတာမှန်းသိတာလဲ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးနားလည်လို့ (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာ ပျောက်လို့

ဝိသုဒ္ဓိလိုပြောမယ်ဆိုရင် ယုံမှားခြင်းပျောက်လို့၊ (မှန်ပါ့) နာမ်ရုပ်သိလို့ ဒီအဖြေထွက်တာ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)ယုံမှားခြင်း ဝိစိကိစ္ဆာ ပျောက်လို့ နာမ်ရုပ်သိလို့ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒီအဖြေမဖြေကောင်းဘူး၊ မဖြေကောင်းဘူး၊ တစ်သံတည်း ထွက်လာခြင်းဟာ ဒကာကြွယ် သေးသိမ် တာမဟုတ်ပါဘူး ထွက်လာခြင်းဟာ ဒကာကြွယ် သေးသိမ်တာ မဟုတ်ပါဘူး၊ (မှန်လှပါ ဘုရား) သောတာပန် အဖြေတွေ ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

ကိုင်းဒါနဲ့မဖြေကောင်းတဲ့လေးချက်ပြီးသွားတယ်ဆိုကြပါစို့၊ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီအဖြေမဖြေတာက ဘယ့်နှယ် ကြောင့်တုံးတဲ့ (မှန်လှပါ) အရှင်မဟာကသဿပ,က အရှင်သာရိပုတ္တရာ အမေးကို ဒီအဖြေ မဖြေတာကတော့ တခြား မဟုတ်ပါဘူးတဲ့ အကျိုးစီးပွားဆိုလို့ ဘာမှမရှိဘူးတဲ့၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ) အကျိုးစီးပွားက (ဘာမှ မရှိပါ ဘုရား)။

အကျိုးစီးပွား ဘာမှမရှိဘူး

အကျိုးစီးပွားကလဲ ဘာမှမရှိဘူးတဲ့၊ ပြီးတော့ နိဗ္ဗိန္ဒဉာဏ်ဖြစ်ဖို့ကောပါရဲ့လား၊ (မပါ, ပါ ဘုရား) ရာဂကင်းဖို့ကော (မပါ, ပါ ဘုရား) ကိလေသာ ငြိမ်းဖို့ရာကော၊ (မပါ, ပါ ဘုရား) နိဗ္ဗာန်ရောက်ဖို့ရာကော (မပါ, ပါ ဘုရား)။

ဒါ့ကြောင့် ဒီအဖြေတွေ မဖြေတာဟာတဲ့၊ အကျိုးလဲ မရှိဘူး၊ ရာဂကင်းဖို့လဲ မမြင်ဘူး (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) အင်း ဟင် နိရောဓယတဲ့၊ ရာဂချုပ်ဖို့လဲ မမြင်ပါဘူးတဲ့၊ (မှန်ပါ့ ဘုရား) နိဗ္ဗာန်ရောက်ဖို့လဲ မမြင်ပါဘူးတဲ့၊ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဒီအဖြေကိုမဖြေဘူးတဲ့၊ (မှန်ပါ့) ဘုရားလဲမဖြေဘူး၊ အရိယာတွေလဲ မဖြေဘူးတဲ့၊ (မှန်လှပါ ဘုရား) စဉ်းစားကြည့်စမ်းပါလား၊ အကျိုးစီးပွားကော ရှိရဲ့လား၊ (မရှိပါ ဘုရား) အကျိုးစီးပွားလဲမရှိဘူး၊ ရာဂဒေါသကင်းဖို့ကော၊ (မရှိပါ ဘုရား) မရှိဘူး၊ ငြီးငွေ့ဖို့ကော (မရှိပါ ဘုရား) အင်း ဟင် နိဗ္ဗာန်ရဖို့ကော (မရှိပါ ဘုရား) ဘာမှအကျိုးမရှိတဲ့ပုစ္ဆာ၊ (မှန်လှပါ ဘုရား)။

အကျိုးမရှိတဲ့ပုစ္ဆာ

ဒကာကြွယ်တို့သာ သုံးတန်သုံးနေရမယ်၊ အရိယာတွေကဖြင့် အကျိုးမရှိတဲ့ပုစ္ဆာ၊ အကျိုးမရှိတဲ့ သဘောတွေပဲတဲ့၊ (မှန်လှပါ ဘုရား) ရှင်းကြပါပြီ၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်အကျိုးရှိအောင် ဘယ်လိုမေးမှ ကိုက်မတုံးတဲ့ဆိုတော့ ဘယ်ဟာဒုက္ခသစ္စာတုံးလို့မေးရင် အကျိုးရှိတယ်၊ (မှန်လှပါ ဘုရား) ဘယ်ဟာ သမုဒယသစ္စာတုံးလို့မေးရင် (အကျိုးရှိပါတယ် ဘုရား) ဘယ်ဟာနိဗ္ဗာန်တုံး၊ နိရောဓသစ္စာတုံး လို့မေးရင် (အကျိုးရှိပါတယ် ဘုရား) ဘယ်ဟာ မဂ္ဂသစ္စာတုံးလို့မေးရင် (အကျိုးရှိပါတယ် ဘုရား)။

အဲဒါတွေကတော့တဲ့ မေးရင်းနဲ့ပဲ ဪ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာပဲဆိုလို့ရှိရင် ဒုက္ခသစ္စာဆိုတဲ့ အကျိုးရတယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာမှန်းသိတော့ ငြီးငွေ့တယ်၊ (မှန်လှပါ) ငြီးငွေ့တော့ ရာဂကင်းတယ်၊ (မှန်လှပါ) ရာဂကင်းတော့ နိဗ္ဗာန်ရတယ်၊ (မှန်လှပါ)။

ဒါကြောင့် အကျိုးရှိတဲ့ အမေးကတော့ ဒီလိုမမေးရဘူး၊ (မှန်လှပါ ဘုရား) ဘယ်ဟာသည် ဒုက္ခသစ္စာတုံးလို့မေးရ တယ်၊ (မှန်လှပါ ဘုရား)။

ကဲ-ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါလားတဲ့၊ ခုနကအမေးထဲမှာပဲ ကြည့်လိုက်တော့ ဒကာ ဒကာမတို့ အတိတ်က ဘာတွေပြုလုပ်ခဲ့ကြတာနဲ့ ယခုဘဝ ဘာတွေဖြစ်နေကြသတုံးမေးတဲ့အခါ အတိတ်က တပည့်တော်တို့ ဘုရား ဟောဒီ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လုပ်ခဲ့တယ် ဘုရား၊ (မှန်လှပါ ဘုရား) ဘာသစ္စာတွေလုပ်ခဲ့သလဲ၊ (သမုဒယသစ္စာတွေ လုပ်ခဲ့ပါတယ် ဘုရား) ဪ ဒီလိုမေးလိုက်တော့လဲ ဒါကိုအမှန်သိသွားတယ်၊ (မှန်ပါ့)။

အတိတ်ဘဝက ဘာများဖြစ်ခဲ့သတုံး

ဪ ဒါဖြင့် အတိတ်ဘဝက တပည့်တော်တို့ ဘာများဖြစ်ခဲ့သတုံးလို့ မေးတော့ ဟေ့ သမုဒယသစ္စာဖြစ်တယ် ဆိုတော့ ဪ တယ်မိုက်ခဲ့ပါကလားဆိုတာ ကိုယ့်ဟာကိုယ် သိတယ်၊ (မှန်ပါ့ ဘုရား)။

တယ်မိုက်ခဲ့ပါလား၊ တယ်မလိမ္မာခဲ့ပါလားဆိုတဲ့ ၁ နံပါတ်ကို မေးခဲတယ်၊ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ၁ နံပါတ် ခင်ဗျားတို့ စာရွက်ကြည့်ပါ၊ ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား)။

ကြည့်စမ်း အတိတ်ဘဝက ဒကာ ဒကာမတွေ လုပ်လာတာ အဝိဇ္ဇာတဲ့၊ သင်္ခါရတဲ့၊ တဏှာတဲ့၊ ဥပါဒါန်တဲ့၊ ဘဝတဲ့၊ (မှန်ပါ့) အတိတ်ဘဝက ခင်ဗျားတို့ သန္တာန် ဒီတရားတွေပေါ်ခဲ့တယ်၊ (မှန်ပါ့) ဘာသစ္စာတွေပေါ်ခဲ့သလဲ၊ (သမုဒယသစ္စာတွေ ပေါ်ခဲ့ပါတယ် ဘုရား)။

သမုဒယသစ္စာတွေ ပေါ်ခဲ့တယ်ဆိုတာ မောင်ဘသော်ငြင်းဖို့ လိုသေးသလား၊ (မလိုပါ ဘုရား) မလိုဘူးတဲ့ အတိတ်ဘဝက ငါ ဘာဖြစ်ခဲ့ပါလိမ့်မတုံးဆိုတာ ရှင်းသွားပြီ၊ (ရှင်းသွားပါပြီ ဘုရား)။

ငါ ဘာမှမဖြစ်ဘူး ဒကာ ဒကာမတို့ အဝိဇ္ဇာသင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လုပ်ခဲ့တာပဲ၊ (မှန်ပါ့ ဘုရား) ရှင်းပြီးနော်၊ (ရှင်းပါပြီ) ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား) ဘယ်ဘဝကပါလိမ့်၊ (အတိတ်ဘဝကပါ ဘုရား) လွန်လေ ပြီးသောဘဝက (မှန်ပါ့ ဘုရား)။

ဘယ်နှစ်မျိုး လုပ်ခဲ့ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒီငါးပါးပဲ၊ (မှန်ပါ, ငါးပါးပါ ဘုရား) သဘောကျပလား (ကျပါပြီ) အတိတ်ဘဝက ဒါနဲ့ချည်း ဒကာ ဒကာမတွေနေခဲ့တယ်၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ နေခဲ့တာ ဟုတ်ကဲ့ကား၊ (မဟုတ်ပါ ဘုရား)။

ဒီကြားတစ်ခါတလေကျတော့ မသိတဲ့ အဝိဇ္ဇာကလေးနဲ့၊ နေခဲ့တယ် (မှန်ပါ့) တစ်ခါတလေကျတော့ လိုချင်မှု၊ စားချင်မှု အိပ်ချင်မှုနဲ့ တဏှာနဲ့နေခဲ့တယ်၊ (မှန်ပါ့) တစ်ခါတလေကျတော့ သားသမီးကလေးတွေ စွဲလမ်းတဲ့ ဥပါဒန်နဲ့ နေခဲ့တယ်၊ တစ်ခါတလေကျတော့ ကာယကံနဲ့ လုပ်ကိုင်နေလိုက်တာ၊ ဝစီကံနဲ့ ပြောဆိုနေလိုက်တာ၊ မနေခဲ့ဘူးလား၊ (နေခဲ့ပါတယ် ဘုရား)။

ဒါဖြင့် အတိတ်ဘဝက ဘာတွေများကြိုးစားခဲ့ကြပါလိမ့်၊ ဘယ်လိုနေခဲ့ပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကံတွေနဲ့နေတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) အတိတ်ဘဝက ဘာနဲ့နေခဲ့ကြသလဲ၊ (အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံနဲ့ နေခဲ့ကြပါတယ် ဘုရား)။

သမုဒယသစ္စာတွေ ကြိုးစားခဲ့ပါတယ်

ဒါနဲ့ နေခဲ့တယ်နော်၊ ဒါကြောင့် လွန်လေပြီးသော အတိတ်ကာလကတဲ့၊ ဒါ အတိတ်အကြောင်း တစ်လွှာဆိုတာ ဒီတစ်ခုလုံးပေါ့ဗျာ၊ (မှန်ပါ့) ဘာသစ္စာတွေများ ကြိုးစားခဲ့ပါလိမ့်၊ (သမုဒယသစ္စာတွေ ကြိုးစားခဲ့ပါတယ် ဘုရား)။

သမုဒယသစ္စာတွေပဲ ကြိုးစားခဲ့တယ်နော်၊ (မှန်ပါ့ ဘုရား) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မသိတော့ မကောင်းတာတွေချည်း ဖြစ်နေတယ်၊ (မှန်ပါ့) ဒါတွေ သမုဒယသစ္စာလို့ မသိတော့ကို သမုဒယသစ္စာတွေပဲ ကြိုးစားနေ တယ်၊ (မှန်ပါ့) သမုဒယသစ္စာလို့မသိတော့ ဘာပါလိမ့် (သမုဒယသစ္စာတွေပဲ ကြိုးစားနေပါတယ် ဘုရား)။

သမုဒယသစ္စာပဲ ကြိုးစားပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဝိဇ္ဇာကမသိတော့ သင်္ခါရက ကြိုးစား၊ (မှန်ပါ့) ကမ္မဘဝတွေ ကာယကံ ဝစီကံကလဲ လုပ်ချင်တာ လုပ်တာပဲ၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အတိတ်က ဘာသစ္စာတွေ ကြိုးစားခဲ့ကြပါလိမ့်၊ (သမုဒယသစ္စာတွေ ကြိုးစားခဲ့ပါတယ်) အဲဒီလိုဆိုတော့ မေးကောင်းတယ်ဟေ့တဲ့၊ (မှန်ပါ့) အရှင် ဘုရား အတိတ်က ဘာသစ္စာတွေလုပ်ခဲ့သတုံးဆိုလို့ရှိရင် မေးပါတဲ့၊ ဖြေပါ့မယ်တဲ့၊ (မှန်ပါ့) အဲဒီ ဖြေတာကတော့ ကျေးဇူးရှိတယ်၊ အကျိုးရှိတယ်တဲ့၊ (မှန်ပါ့)။

ငါတယ်မိုက်ပါကလား

ဪ ငါတယ်မိုက်ပါကလား ဆိုတာလဲကိုယ့်ဟာကိုယ် သိတယ် (မှန်လှပါ ဘုရား) မသိဘူးလား (သိပါတယ် ဘုရား)။

အေး-နိဗ္ဗိန္ဒလဲဖြစ်တယ်တဲ့၊ ဪ ဒါတွေ အခုမလုပ်မှတော်မယ်၊ (မှန်ပါ့ ဘုရား) မလာဘူးလား၊ (လာပါတယ် ဘုရား)။

အဲဒီတော့ ဒီဟာတွေ လုံးဝ, မပေါ်စေမှ တော်မယ်ဆိုပြီး ဝိပဿနာတွေ မလုပ်ပေဘူးလား၊ (လုပ်ပါတယ် ဘုရား) အဲဒီကျတော့ကိုတဲ့၊ ရာဂကင်းတဲ့ မဂ်ဉာဏ်တွေလဲ ပေါ်လာလိမ့်မယ် (မှန်ပါ့) မပေါ်ပေဘူးလား၊ (ပေါ်ပါတယ် ဘုရား)။

ဒီလို အကျိုးရှိတယ်တဲ့၊ အဲဒီတော့ မေးချင်ရင် ဒါဘာသစ္စာတုံးမေးထား (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) မေးချင်ရင် ဘာသစ္စာတုံးလို့မေးရမယ်(မှန်ပါ့ ဘုရား)။

ကဲ ဒကာ ဒကာမတို့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန် ကမ္မဘဝတွေ ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား) ဒီအကွက်ထဲပါလာတော့ သမုဒယသစ္စာချည်း မှတ်ပေတော၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အင်း ဒုတိယပိုင်းဖြစ်တဲ့ ယခုဖြစ်နေတာတော့ ယခု တရားနာနေကြတာတော့ ဘာသစ္စာတွေနဲ့ နာနေကြသလဲ၊ (ဒုက္ခသစ္စာတွေနဲ့ နာနေကြပါတယ် ဘုရား)။

ဟုတ်သားပဲ ဒကာ ဒကာမတို့၊ ဝိညာဏ်တွေနဲ့နာတယ်၊ နာမ်ရုပ်ကောမပါဘူးလား၊ (ပါ, ပါတယ် ဘုရား) မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ကော မပါဘူးလား (ပါ, ပါတယ် ဘုရား) စိတ်ကော၊ (ပါ, ပါတယ် ဘုရား) သဠာယတန ခြောက်ခုလဲပါတယ်၊ (ပါ,ပါတယ် ဘုရား) ဖဿကော (ပါ, ပါတယ် ဘုရား) အာရုံနဲ့တွေ့ထိတာကိုး၊ (မှန်ပါ့)။

ဝေဒနာကလဲ ကောင်းတယ်, ဆိုးတယ်ဆိုတာ ခင်ဗျားတို့ ခံစားလျက်ပါပဲ၊ (မှန်ပါ့ ဘုရား) ဒီတရားက ကောင်းတယ်၊ ဒီတရားက ကြောက်စရာကောင်းတယ်၊ ဒီတရားက မှတ်ဖို့ကောင်းတယ်ဆိုတဲ့ ဝေဒနာလဲ ပါလျက်ပါပဲ၊ (ပါလျက်ပါပဲ ဘုရား) မပါဘူးလား၊ (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် အခုတရားနာနေကြတဲ့လူတွေ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒီကပြနေတယ်၊ (မှန်ပါ့) အကြောင်း လား၊ အကျိုးလားဆိုတော့ ပစ္စုပ္ပန် အကျိုးတဲ့၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ဘာသစ္စာတဲ့လဲ၊ (ဒုက္ခသစ္စာပါ ဘုရား) သတ္တဝါပါသေးရဲ့လား၊ (မပါ-ပါ ဘုရား) မပါပါဘူး ဒကာ ဒကာမတို့၊ သတ္တဝါ ပါကိုမပါဘူးဆိုတာ သေချာပါ တယ်၊ (သေချာပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါ ဘာသစ္စာတုံး မေးပါ

ကောင်းပြီ၊ ဒါဖြင့် ဒါဒုက္ခသစ္စာနော်၊ (မှန်ပါ့) မေးချင်လို့ရှိရင် ဒါဘာသစ္စာတုံး၊ ဒါ ဘာသစ္စာတုံး မေးပါတဲ့ ဒါဟာ အကျိုးရှိတယ် (မှန်ပါ့)။

ကဲ ဒါ ဒုက္ခသစ္စာလို့ သိလိုက်တော့ ဟင် ဒုက္ခသစ္စာဖြင့် ဒို့ တာရှည်အဖြစ်ခံလို့မတော်ဘူး၊ (မှန်ပါ့) တာရှည် အဖြစ်ခံလို့မတော်ဘူး၊ သူ့ကိုပိုင်းခြားပြီး ထားပစ်ခဲ့ဖို့ပဲ၊ (မှန်လှပါ ဘုရား)။

သူ ဒုက္ခရောက်နေတာကြီးကို ကြည့်မိလို့ရှိရင်ဖြင့် ငြီးငွေ့စရာကော မလာဘူးလား၊ (လာပါတယ် ဘုရား) အင်း ဟင် နိဗ္ဗာန်ရဖို့ အကြံတွေကော (ကြံပါတယ် ဘုရား) ရာဂကင်းတဲ့ဉာဏ်တွေကော၊ (လာပါတယ် ဘုရား) ဒါ ဘာသိလို့လဲ၊ (သစ္စာသိလို့ပါ ဘုရား) ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာ သိလို့ပါတဲ့၊ ဒါ့ကြောင့် မေးချင် သစ္စာမေးပါတဲ့၊ အဲဒီတော့ အကျိုးရှိပါလိမ့်မယ်၊ (မှန်ပါ့ ဘုရား) သဘောပါပလား၊ (ပါ-ပါတယ် ဘုရား)။

ကဲ တစ်ခါ ရှေ့သွားပါဦး ဒကာ ဒကာမတို့၊ မေးချင်လို့ရှိရင်လဲ နိရောဓသစ္စာ မေးပါဆိုတော့ ဒကာကြွယ်ရေ ကျေးဇူးသိပ်များတယ်နော်၊ (များပါတယ် ဘုရား) ဘယ်လိုများတုံး ဆိုလို့ရှိရင် ဒီဒုက္ခတွေချုပ်တာ ဘာသစ္စာဆိုကြမလဲ၊ (နိရောဓသစ္စာပါ ဘုရား)။

ဒုက္ခတွေချုပ်တာ နိရောဓသစ္စာ

ဪ ဟုတ်ပြီ ဟုတ်ပြီ၊ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဆိုတဲ့ ဒီဒုက္ခသစ္စာကြီးဟာ ဒကာ ဒကာမတွေ ရှုရှင်း မတ္တနဲ့ ခန္ဓာတွေ ပျောက်သွားတယ်၊ (မှန်ပါ့ ဘုရား) ရှုရင်းမတ္တနဲ့ (ခန္ဓာတွေ ပျောက်သွားပါတယ် ဘုရား) အင်း ဘာတွေများ ပျောက်သွားပါလိ့မ်၊ (ဒုက္ခတွေပျောက်သွားပါတယ် ဘုရား)

ဒုက္ခတွေ ပျောက်သွားတယ်ဆိုတော့ ဪ ဒါကတော့ ဘာသစ္စာပါလိမ့်၊ (နိရောဓသစ္စာပါ ဘုရား) ဒုက္ခတွေ ချုပ်သွားတယ်၊ ဒုက္ခတွေ ပျောက်သွားတယ်ဆိုတာ နိရောဓသစ္စာပဲဆိုတာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်တို့ ဒကာသစ်တို့ အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ အထူးသဖြင့် ကံကောင်းကြတယ် ဆိုတာ ဪ နိဗ္ဗာန်ဆိုတာ တခြားလား အောက်မေ့တယ်၊ ဒုက္ခတွေပျောက်သွားလို့ရှိရင် နိဗ္ဗာန်ပဲကိုးလို့ သိရတယ်ဆိုတာ (မှန်ပါ့ ဘုရား) ဒုက္ခတွေ ပျောက်သွားလို့ရှိရင် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ယခု ဒီဘဝမှာ ဒါတွေနဲ့ နေကြတာပဲ၊ (မှန်ပါ့)။

ဒါတွေကို တစ်ခုခု ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ သူတို့က တွဲလျက်ဖြစ်သောကြောင့် ကိုယ်ရှုတာ ပျောက်သွားလို့ရှိရင် တွဲလျက်တွေလဲ အကုန်ပျောက်တယ် (ပျောက်ပါတယ် ဘုရား)။

ဒုက္ခသစ္စာ တစ်ပြုံကြီး ပျောက်ပါတယ်

ပျောက်သွားတဲ့အခါကျတော့ ဘာတွေတစ်ပြုံကြီး ပျောက်သတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ၊ (ဒုက္ခသစ္စာ တစ်ပြုံကြီး ပျောက်ပါတယ် ဘုရား) ဒုက္ခတွေ တစ်ပြုံကြီး ပျောက်သွားတယ်ဆိုသဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ၊ (မှန်ပါ့ ဘုရား)။

အင်း ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ဒို့ရောက်ပြီ၊ ဒို့တစ်သက်လုံး ဒုက္ခနဲ့ မကင်းခဲ့တာ အခုဖြင့် ဒုက္ခနဲ့ အိုးစားကွဲပြီပေါ့၊ (မှန်ပါ့ ဘုရား) မသိရဘူးလား၊ (သိရပါတယ် ဘုရား)။

ဒါ ဘယ်သစ္စာသိသလဲ၊ (နိရောဓသစ္စာ) နိရောဓသစ္စာသိတာ၊ (မှန်ပါ့) ရိပ်မိပြီနော်၊ (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခနဲ့ အိုးစားကွဲတာ သိရလို့ရှိရင် (နိရောဓသစ္စာ သိတာပါ) နိရောဓသစ္စာ သိတာပါဆိုတော့ အင်း ဒီဒုက္ခတွေ မရှိတာ နိရောဓသစ္စာပဲလို့သိတော့ အကျိုးကောမရှိဘူးလား (ရှိပါတယ် ဘုရား) အကျိုးလဲရှိတယ်ဆိုတာ သေချာသွားပြီ၊ (သေချာသွားပါပြီ ဘုရား)။

ရှုတဲ့ ဉာဏ်ဟာ မဂ္ဂသစ္စာ

ကောင်းပြီ၊ မေးချင်လို့ရှိရင်တဲ့ ဒါ ဘာသစ္စာတုံး မေးဖို့ အရေးကြီးတယ်တဲ့၊ (မှန်ပါ့ ဘုရား) ဒီလို ဒုက္ခတွေကို ဒကာ ဒကာမတွေက ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဒါတွေ ရှုရှု ရှုရှုနေတော့ ရှုတဲ့ ဉာဏ်ဟာ ဘာသစ္စာတုံး၊ (မဂ္ဂသစ္စာပါ ဘုရား) ရှုတဲ့ဉာဏ်ဟာ မဂ္ဂသစ္စာ၊ (မှန်လှပါ ဘုရား)။

ဒကာကြွယ် မရှုတဲ့ပုဂ္ဂိုလ် ပေါ်ဖို့ဖြင့် ဝေးပြီနော်၊ (ဝေးပါတယ် ဘုရား) အလုပ်, မလုပ်တဲ့ပုဂ္ဂိုလ် ဒကာကြွယ် ဘယ်လိုစဉ်းစားပါ့မယ်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) လုပ်မှပေါ်တဲ့ တရားကို၊ ဒကာသစ်ရာ သူတို့ကလဲ ခက်လိုက်တာ၊ အလွယ်, အချောင်နဲ့လိုချင်တယ်၊ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် သူ့ကိုပေးပါလို့ ပြောလို့ ပေးနိုင်တဲ့ သဘောမျိုးလဲ မဟုတ်ဘူး၊ (မဟုတ်ပါ ဘုရား)။

စကားလောကွတ်ချော် အာပူတိုက်ပြီးသကာလ လက်ခံတောင်းတာနဲ့ သိပ်တူပါတယ်၊ (မှန်ပါ့ ဘုရား) မတူကြဘူး လား၊ (တူပါတယ် ဘုရား) ဒါတွေဉာဏ်နဲ့ သိထားပြီးတော့မှ ပဋိစ္စသမုပ္ပါဒ်ကြီး နားလည်တော့မှ ဪ ပဋိစ္စသမုပ္ပါဒ် ပြတ်ဆိုတာ ရှုမှပြတ်တာလား၊ (မှန်ပါ့ ဘုရား) ဖြတ်တာသည် မဂ်ကဖြတ်တာပါလား၊ (မှန်ပါ့ ဘုရား) ဖြတ်တာသည် ဘာပါလိမ့်၊ (မဂ်က ဖြတ်တာပါ ဘုရား)။

မဂ်က ဖြတ်တာပဲဆိုတာ ဒကာ ဒကာမတွေ သိတော့မှ ဪ နေရာကျလိုက်တာဟေ့၊ မဂ်ဆိုတာသည်ကား လို့ဆိုလို့ရှိရင် ကိလေသာ ဖြတ်သကွ၊ (မှန်ပါ့)။

ဒီ ဝိညာဏ်နဲ့လဲ တဏှာနဲ့ မဆက်တော့ဘူး၊ (မှန်ပါ့) ရုပ်နာမ်ရှုလဲ (တဏှာနဲ့ မဆက်တော့ပါ ဘုရား) ဖဿနဲ့လဲ တဏှာနဲ့ကော (မဆက်တော့ပါ ဘုရား) ဖဿနဲ့ တဏှာနဲ့ (မဆက်တော့ပါ ဘုရား) ဝေဒနာလဲ တဏှာနဲ့၊ (မဆက်တော့ပါ ဘုရား)

ဘာဖြစ်လို့တုံးဆို ဒီအစပ်ကို ဒီနေရာကနေပြီး ဒကာ ဒကာမတွေ ဝမ်းတည်းက ဒီနေရာကမဂ်ထားပြီး ဝေဒနာရှု၊ (မှန်လှပါ ဘုရား) ဖဿရှု (မှန်ပါ့) ရှုရင် ဒီနေရာမှာ မဂ်ပေါ်မယ်၊ (ပေါ်ပါမယ် ဘုရား)။

ဒီမဂ်သည်ကားလို့ဆိုရင် ဒီငါးခုနဲ့ အဆက်ဖြစ်တဲ့ တဏှာကိုဖြတ်ချလိုက်တယ်၊ (ဖြတ်ချလိုက်ပါတယ် ဘုရား) မဖြတ်ဘူးလား၊ (ဖြတ်ပါတယ် ဘုရား) သေချာပလား၊ (သေချာပါတယ် ဘုရား)။

ဖြစ်တာ ပျက်တာ မြင်အောင်ကြည့်ပါ

ဪ ဒို့လုပ်နေတာ နေ့တိုင်း ဆရာဘုန်းကြီးက ဖြစ်တာ ပျက်တာ မြင်အောင်ကြည့်ပါ၊ ဖြစ်တာ ပျက်တာ မြင်အောင်ကြည့်ပါလို့ဆိုတော့ မောင်ဘသော်ရေ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ဘာဖြတ်တာလဲ၊ (တဏှာကိုမဂ်နဲ့ ဖြတ်ပါတယ် ဘုရား) ဒကာ ဒကာမတို့တဲ့၊ ၂ နဲ့ ၃ မဆက်ရအောင် ဖြတ်နေတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ၂ နဲ့ ၃ မဆက်ရအောင် ဖြတ်နေတယ်ဆိုတော့ ဝေဒနာနဲ့ တဏှာနဲ့မဆက်ရအောင် (မှန်ပါ့) ဖဿနဲ့တဏှာနဲ့၊ (မဆက်ရအောင် ဖြတ်ပါတယ် ဘုရား) သဠာယတနနဲ့ တဏှာနဲ့ (မဆက်ရအောင် ဖြတ်ပါတယ် ဘုရား) အဲ့ဒီဘက် အကုန်ပေါ့ဗျာ (မှန်လှပါ့ ဘုရား)။

အဲဒီတော့ မရှု မပွားတဲ့ ပုဂ္ဂိုလ်များမှာ ဒကာသစ်တို့ မောင်ဘသော်တို့က စဉ်းစားပါလားတဲ့ သူတို့တစ်ဝမ်း တည်းမှာ ဖြတ်တတ်တဲ့မဂ် ပေါ်ပါ့မလား၊ (မပေါ်ပါ ဘုရား) မပေါ်လို့ရှိရင်လဲ ၃ နံပါတ်ပြန်လာမှာပဲ၊ (ပြန်လာမှာ ပါပဲ ဘုရား)။

တဏှာ, ဥပါဒါန်, ကံတွေမလာပေဘူးလား (လာပါတယ် ဘုရား) လာရင် ၄ နံပါတ် ပြေးလို့လွတ်ပါ့မလား၊ (မလွတ်ပါ ဘုရား) အဲဒါကြောင့် မေးချင်လို့ရှိရင် မဂ္ဂသစ္စာ ဘယ်ဟာတုံးလို့ မေးဖို့ ကောင်းပါတယ်လို့ အရှင်မဟာ ကဿပ, က အရှင်သာရိပုတ္တရာကို ဖြေတယ်၊ (မှန်ပါ့ ဘုရား)။

သစ္စာရှိလို့ သစ္စာမေးမှကိုက်တယ်

ကဲ ဖြေပုံကလေး ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား) ကောင်းပြီတဲ့ သစ္စာကိုမေးတဲ့အခါကျလို့ရှိရင်ဖြင့် ရှိတာက သစ္စာရှိလို့ သစ္စာမေးမှကိုက်တယ်၊ (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါမှမရှိဘဲနဲ့၊ ပုဂ္ဂိုလ်သတ္တဝါသေရင် ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား၊ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ မဖြစ်သည် မဟုတ် ဖြစ်သေးသလားဆိုတဲ့ အသွားတွေကတော့ မရှိမေး မေးတယ်၊ (မှန်ပါ့) ရှိတဲ့သစ္စာမေးလို့ရှိရင် ဖြေဖို့ပါပဲတဲ့ ဘုရားက၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)ရှိတဲ့သစ္စာ မေးရင်တော့ဖြင့် (ဖြေဖို့ပါပဲ ဘုရား)။

ကိုင်း ဒါဖြင့် အခုတော့ဖြင့်ဟေ့ ဒီဥစ္စာ အဝိဇ္ဇာ သင်္ခါရတွေ ဒါ ဘာသစ္စာတုံး မေးတော့၊ (သမုဒယသစ္စာပါ ဘုရား) ဝိညာဏ်, နာမ်ရုပ်တွေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဒီဘက်ကနေ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဘာသစ္စာတုံး (သမုဒယသစ္စာုပါ ဘုရား) ဒီကျတော့ ဇာတိ, ဇရာ, မရဏ တို့ ခန္ဓာငါးပါးတို့က၊ (ဒုက္ခသစ္စာပါ ဘုရား) ဒီလိုရှိတာ မေးလိုက်ပြန်တော့လဲ ဖြေဖို့ချည်းပါပဲ၊ (မှန်ပါ့ ဘုရား) ခုနကတော့ မဖြေတာက ဒကာ ဒကာမတွေ ရိပ်မိဖို့ ကောင်းပါတယ်၊ (ရိပ်မိပါတယ် ဘုရား)။

ဒကာကြွယ် မရှိတာ မေးထားတော့ ဖြေဖို့သင့်ပါသလား(မသင်ပါ ဘုရား) ဒါကြောင့် ဘုရား ဘယ်တော့မှ မဖြေတဲ့ အဖြေဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

မဖြေတာ ဉာဏ်ပါလို့

အဲ ဒကာ ဒကာမတွေမှာလဲ အဖြေ မဖြေတော့ဘူးဆိုတဲ့ ဥစ္စာဉာဏ်ပါလို့၊ (မှန်ပါ့ ဘုရား) မဖြေတာသည်၊ (ဉာဏ်ပါလို့ပါ ဘုရား) ဉာဏ်မပါတဲ့ပုဂ္ဂိုလ်ကျတော့ အိုကျုပ်တို့အိမ်က လူတစ်ယောက်ပျက်စီးသွားတယ်၊ အလိမ်မာဉာဏ် ကလဲ ကင်းပါဘိသနဲ့၊ ဘယ်ရောက်သွားပါလိမ့်မတုံး၊ (မှန်လှပါ ဘုရား) အို ငရဲသွားဖြစ်မှာပေါ့၊ ဒီပုဂ္ဂိုလ်ကတော့ ငရဲဖြစ်မှာပေါ့ (မှန်လှပါ) အမေးကလဲ ပုဂ္ဂိုလ်နဲ့၊ အဖြေကလဲ၊ (ပုဂ္ဂိုလ်နဲ့ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိနှစ်ယောက် တွဲပြီးသကာလ နေကြပြန်ပြီ (မှန်လှပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ မရှိဘဲနဲ့ ပုဂ္ဂိုလ်သတ္တဝါနဲ့ ဖြေနေတော့ အမေးသမားကလဲ ပုဂ္ဂိုလ်သတ္တဝါနဲ့မေး (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါနဲ့မေးတော့ ဒိဋ္ဌိရှိပြီ၊ (ရှိပါတယ် ဘုရား) ဖြေတဲ့လူကလဲ ဒီကောင်တော့ကွာ တစ်လမ်းသွားပါ၊ ခုလောက်ဆို ငရဲရောက်နေပြီ၊ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိနဲ့ ဖြေပါတယ်

ဒါဖြင့် ဖြေတာလဲ၊ (ဒိဋ္ဌိနဲ့ ဖြေပါတယ် ဘုရား) ပုဂ္ဂိုလ် သတ္တဝါနဲ့ဖြေတော့ ဒိဋ္ဌိနဲ့ဖြေတာပဲ၊ (မှန်ပါ့) အဲဒီလိုချည်းပဲ ဒကာကြွယ် ဗုဒ္ဓဘာသာတွေမှာ ပြောဆိုနေကြတာ ပြောရုံတွင်ပဲလား၊ အထင်ကော ဒီအတိုင်းပါသလား၊ (ပါ, ပါတယ် ဘုရား) အထင် ဒီအတိုင်းပါရင် သဿတဒိဋ္ဌိချည်းပဲ၊ (မှန်ပါ့ ဘုရား) အထင်ဒီအတိုင်းပါရင် ဘယ့်နှယ်ဆိုကြမလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား)။

သဿတဒိဋ္ဌိတွေဆိုတာ ဒကာသစ် ရှင်းပြီး၊ (ရှင်းပါပြီ ဘုရား) အင်း မောင်ဘသော်တို့ ကြောက်စရာပါလား (ကြောက်စရာပါ ဘုရား) ဒီပုဂ္ဂိုလ်တွေလုပ်တဲ့ ကုသိုလ်ဟာ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့)၊

သူတို့လုပ်တဲ့ ကုသိုလ်ဟာ နတ်ရွာသုဂတိပဲ ရောက်မယ်၊ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့ ဘုရား) ဒကာကြွယ် ဒိဋ္ဌိ တန်းလန်းနဲ့ လုပ်တာကိုးဗျ၊ (မှန်ပါ့ ဘုရား)။ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒိဋ္ဌိတန်းလန်း၊ ဝိစိကိစ္ဆာ တန်းလန်းနဲ့လုပ်လို့

ဒိဋ္ဌိတန်းလန်းနဲ့လုပ်တဲ့ ကုသိုလ်ဟာ (နိဗ္ဗာန်မရောက်ပါ ဘုရား) နတ်ရွာသုဂတိတော့ (ရောက်ပါတယ် ဘုရား)။

နတ်ရွာသုဂတိတော့ ရောက်ပါတယ်တဲ့၊ သူတို့ ဘယ်လိုပဲ နိဗ္ဗာန်လိုချင်လို့ လုပ်ငြားသော်လဲမရပါ (မရပါ ဘုရား)။

ဘာဖြစ်လို့တုံးလို့ မေးရင် ဒကာသစ် ဒိဋ္ဌိတန်းလန်း၊ ဝိစိကိစ္ဆာ တန်းလန်းနဲ့လုပ်လို့၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဝဋ္ဋဒါန၊ ဝဋ္ဋသီလပဲ ဒကာကြွယ် အသက်ရှည်စေလိုလို့ သီလဆောက်တည်တာ ဝဋ္ဋသီလပဲ (မှန်ပါ့ ဘုရား) အန္တရာယ်ကင်းအောင်လို့ ဆောက်တည်တာကော၊ (ဝဋ္ဋသီလပါပဲ ဘုရား)။

ဒို့အိမ်မှာဟေ့ ဂြိုလ်တွေ ဝင်နေထင်ပါရဲ့၊ ဆွမ်းကလေးကျွေးပြီး ပရိတ်ကလေးလဲ ရွတ်ကြဦးစို့၊ နို့မဟုတ်ရင် ဒီလိုတွေဟာ ခက်ကုန်လိမ့်မယ်ဆိုတော့ ပုဂ္ဂိုလ်သတ္တာဝါငဲ့ပြီး ဆွမ်းကျွေးကြတယ် (မှန်ပါ့) ဒါဟာ ဝဋ္ဋဒါနပဲ၊ (မှန်ပါ့ ဘုရား)။

ဒါမျိုးတွေကကောမများဘူးလား (များပါတယ် ဘုရား) အဲ ဘုရားကိုးဆူဟူသရွေ့သွားရောပေါ့၊ (မှန်လှပါ ဘုရား) ဒီအထဲ သွားတော့မှာပဲ၊ (သွားမှာပေါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ခန္ဓာငဲ့တာတွေ သိပ်ပါတယ်

ဂြိုလ်ပြေနံပြေဟူသရွေ့ကဖြင့် ဝဋ္ဋချည်းမှတ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘုရားကိုးဆူများ ပူဇော်ဖူးသေးသလား (ပူဇော်ဖူးပါတယ် ဘုရား) အံမာလေး ဖြစ်မှ ဖြစ်ရပလေဗျာ၊ ဘုရားကိုးဆူလဲ မကပါဘူးဗျာ၊ ဂင်္ဂါဝါဠု သဲစုမကပါ၊ (မှန်ပါ့) ခင်ဗျားတို့က ကိုးဆူသွားပြီး မျက်နှာကြီးများ လိုက်နေကြသလား မပြောတတ်ပါဘူး၊ ရိပ်မိပလားဒကာကြွယ်၊ (ရိပ်မိပါပြီ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ခန္ဓာငဲ့တာတွေ သိပ်ပါတယ်၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)။

ဒီခန္ဓာ အန္တရာယ်ကင်းဖို့၊ ဒီခန္ဓာ ဘေးရှင်းဖို့၊ ဒီခန္ဓာ အသက်ရှည်ဖို့ဆိုတော့ ဒီအယူ ဒီသီလတွေဟာ ဝဋ္ဋဒါန၊ ဝဋ္ဋသီလ (မှန်လှပါ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ ခန္ဓာတည်းဟူသော ဒုက္ခဝဋ်လိုလဲ ဒုက္ခဝဋ်ရှည်အောင် (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ဒုက္ခဝဋ်ဆက်အောင် (မှန်ပါ့) ဒါကိုပဲ ကြိုးစားတဲ့အတွက် ဒကာကြွယ် ဝဋ်မှတစ်ပါး ဘာဆိုစရာရှိသေးလဲ၊ (မရှိပါ ဘုရား)။

အဲဒီတော့ ဒီကရှေ့ဖြင့် မပြင်ရင် မကောင်းတဲ့အချက်ဟာ ဒီအချက်ပဲ၊ (မှန်လှပါ ဘုရား) နဂိုက ဝဋ်ရှိနေတာကို သိလို့ရှိရင် အရှည်ကိုပယ်ဖို့ သိပ်ကောင်းတယ်၊ (မှန်လှပါ ဘုရား) အခုတော့ ဝဋ်ရှိနေတာလဲ ဝဋ်မှန်းလဲမသိတော့ ဒီဝဋ်ကိုလဲ ရှည်ချင်တယ် (မှန်လှပါ့ ဘုရား) နောက်ဝဋ်နဲ့လဲတွေ့ချင်တယ်၊ (မှန်လှပါ ဘုရား) ဖြစ်မှဖြစ်ရလေဗျာ၊ ဒကာကြွယ် သိပ်ဆိုးပါကလား၊ (ဆိုးပါတယ် ဘုရား)။

ဝဋ်ချည်းလုပ်မှာပဲ

ဒီလိုလူ ဘယ်လောက်များသတုံး လို့မေးမယ်ဆိုလို့ရှိရင်လဲ တရားထူး တရားမြတ် သစ္စာဉာဏ် မရသေးတော့ ခနက မေးလုံးတွေကိုဖြေနေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ဟာဖြင့် ဝဋ်ချည်းလုပ်မှာပဲ (မှန်လှပါ ဘုရား)။

ခုနက မေးလုံးတွေဖြေနေတဲ့ ပုဂ္ဂိုလ်ဟာလေ၊ (ဝဋ္ဋချည်းလုပ်မှာပါ ဘုရား) ဝဋ္ဋချည်း လုပ်မှာပဲဆိုတာ ဒကာကြွယ် သေချာတယ်၊ (သေချာပါတယ် ဘုရား)။

ဒါဖြင့် စင်စစ် ဗုဒ္ဓဘာသာဟာ ဒကာကြွယ် တယ်ရှားပါလား၊ (ရှားပါတယ် ဘုရား) သဿတဒိဋ္ဌိ သိပ်များတယ်၊ (များပါတယ်) သဘောကျပလား၊ (ကျပါပြီ)။

နောက်ဘဝ ကောင်းစားရေးဟေ့၊ နောက်ဘဝ ငါလုပ်ငါရမှာပဲဆိုတဲ့ သဿတဒိဋ္ဌိ သမားကလဲ ဒကာသစ်ရေ သိပ်များတာပဲ(များပါတယ် ဘုရား) မများဘူးလား (များပါတယ် ဘုရား)။

အင်း ဟင် ဒီဘဝလဲ ငါမရှိဘူး နောက်ဘဝလဲ ငါမရှိဘူးဆိုတာ မဖြေကောင်းတာချည်းကို သူ့မှာဖြေပြီး လုပ်နေတာပဲ၊ (မှန်ပါ့ ဘုရား) သိပ်ကြောက်စရာကောင်းပါလား ဦးလှဘူးရေ၊ (ကောင်းပါတယ် ဘုရား) အတော် ဆိုးဝါးပြီ ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ)။

အပြောသာရှိပါစေ အထင်မရှိစေနဲ့

ကိုင်း ဒါဖြင့် ဒီကရှေ့မှာဖြင့်တဲ့ အပြောသာရှိပါစေ ဒကာကြွယ်တို့ အထင်မရှိစေနဲ့၊ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ အပြောသာရှိပါစေ၊ အထင်မရှိစေနဲ့ အင်း ဟင် ဟိုအိမ်က မောင် ဘယ်သူ့ဖြင့် သေရှာပြီ၊ ပြောတော့ ပြောတာပေါ့၊ (မှန်လှပါ) တကယ်သေတာတော့ မဟုတ်ပါဘူး၊ စုတိစိတ်ချုပ်တာ၊ (မှန်ပါ့ ဘုရား)။

တစ်ယောက်တော့ သွားပြီဟေ့ ဘယ်ဘဝများဖြစ်ပါလိမ့်မတုံးလို့ ဒီလိုလုပ်မနေနဲ့၊ အင်း စုတိပြီးရင် သံသရာခရီးမဆုံးသေးက ပဋသန္ဓေစိတ် ပေါ်နေမှာပဲ၊ (မှန်ပါ့ ဘုရား) ဒါအမှန်ပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူုအများစုထဲကမှ လူနည်းစုခွဲထုတ်ရတာ ဒကာကြွယ် မလွယ်ပါလား၊ (မလွယ်ပါ ဘုရား) ဒါ့ကြောင့် ဘုရားတွေ ဂင်္ဂါဝါဠုသဲစုမကပွင့်သွားကြ ငြားသော်လဲ ခေါ်ဆောင်ပြီးယူနိုင်တာတွေက လက်သည်းပေါ်တင်တဲ့ မြေမှုန့်လောက် ယူူနိုင်တာ၊ (မှန်ပါ့ ဘုရား ကျန်နေရစ်တာတွေက အောက်မြေကြီး ပမာဏလောက် ရှိတယ်၊ (မှန်လှပါ ဘုရား)။

လက်သည်းပေါ်တင်တဲ့ မြေမှုန့်

ဒါကြောင့် ဘုရားတော့များလိုက်တာ ကျွတ်တဲ့ပုဂ္ဂိုလ်တွေ ကုန်ဖို့ကောင်းပြီလို့ မတွေးကြပါနဲ့ (မတွေးပါ ဘုရား) အခုတရားပွဲမှာ မန္တလေးမြို့နဲ့လဲချိန်၊ အမရပူရမြို့နဲ့လဲချိန်၊ ချိန်ကြည့်လို့ရှိရင်ဖြင့် လက်သည်းပေါ်တင်တဲ့ မြေမှုန့်မရှိသေး ဘူး(မှန်ပါ့ ဘုရား) ရှိပါ့မလား၊ (မရှိပါ ဘုရား)။

ဘယ်ရှိမလဲတဲ့၊ ဒါလောက်ပဲ ဥပမာ ကျွတ်တမ်းဝင်မယ်ဆိုတော့ လျော့နိုင်ပါ့မလား၊ (မလျော့နိုင်ပါ ဘုရား) မလျော့နိုင်ဘူးဆိုတာ နောက်တစ်ပါးကလဲ ဒီလိုပဲသစ္စာတရားတွေဟာ ချွတ်လို့ရော့ပါ့မလား၊ (မလျော့ပါ ဘုရား) မလျော့သေးဘူးဆိုတဲ့ ဥစ္စာတွေကတော့ဖြင့် သေချာပါတယ်၊ (သေချာပါတယ် ဘုရား)။

ဒကာကြွယ် အဲဒီတော့ သားတွေ, မယားတွေ, ဆွေတွေမျိုးတွေ အမျိုးမျိုးအဖုံဖုံ ရှိကြငြားသော်လဲ နားထောင် နိုင်ရင် ဟောဖို့ပဲ၊ (မှန်ပါ့ ဘုရား) မထောင်နိုင်ရင် ကမ္မဿကာထားဖို့ပဲ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) မိမိတို့ကိုယ်တော့ဖြင့် မရောနိုင်ဘူးဆိုတဲ့ စိတ်ကတော့ မွေးကြရလိမ့်မယ်၊ (မွေးရပါမယ် ဘုရား)။

ရောရင်တော့ဖြင့် ခင်ဗျားတို့ အပါယ်ရောက်ကြမှာပဲ၊ (မှန်ပါ့ ဘုရား) သူတို့ကတော့ အပြောရော အထင်ရော၊ (မှန်ပါ့ ဘုရား) ဒီက တရားနာထားတဲ့ အပြောရော အထင်ရော၊ (မှန်ပါ့ ဘုရား) ဒီက တရားနာထားတဲ့ ဒကာ ဒကာမတွေ ကတော့ အပြောသာရှိတယ်၊ အထင်မရှိဘူး (မှန်လှပါ ဘုရား) ဒါဖြင့် ဒီကတော့ဖြင့် ဝစီကံသာရှိတယ်၊ မနောကံမလိုက်ဘူး၊ (မှန်ပါ့ ဘုရား) သူတို့ကတော့ ဝစီကံရော မနောကံရော ဒကာသစ်ရေ (မှန်ပါ့ ဘုရား) ဒီလိုဆိုးဝါး မသွားဘူးလား၊ (ဆိုးဝါးပါတယ် ဘုရား)

အဲဒါကြောင့် ဒကာသစ်ရေ အင်မတန် ဒီဥစ္စာ အရေးကြီးတဲ့ “သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ” ဆိုတာ အလွန်ရခဲတဲ့ တရား၊ နာရခဲတဲ့တရား နာဖို့ရာ အလွန်ခဲယဉ်းတယ်ဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) မပေါ်လာသေး ဘူးလား၊ (ပေါ်လာပါတယ် ဘုရား)။

အေး ဘာ့ကြောင့်တုံးဆိုလို့ရှိရင် ရာဂ, ဒေါသ, မောဟတွေထဲမှာ မျောနေတဲ့ပုဂ္ဂိုလ်တွေကသာ ဒကာသစ်များ တယ်၊ (များပါတယ် ဘုရား) သဘောကျပလား ၊ (ကျပါပြီ)။

အမြုပ်သမားနဲ့ အမျောသမားတွေ

အမြုပ်သမားနဲ့ အမျောသမားတွေသာ များသနော်၊ (မှန်ပါ့) ကမ်းတင်, သောင်တင်ပုဂ္ဂိုလ်က (နည်းပါတယ် ဘုရား) နည်းတယ်တဲ့၊ အမြုပ်သမားနဲ့ အမျောသမားသာများ၍ ကမ်းတင် သောင်တင်ပုဂ္ဂိုလ်က ရှာမှရှားဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ဖြေရမည့်ပုစ္ဆာလေး ခုကောသိပြီလား၊ (သိပါပြီ ဘုရား)။

(၁) သတ္တဝါသေရင်ဖြစ်သေးသလား၊ (မဖြေကောင်းပါ ဘုရား)။

(၂) သတ္တဝါသေရင် မဖြစ်တော့ဘူးလား (မဖြေကောင်းပါ ဘုရား)။

(၃) သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ (မဖြေကောင်းပါ ဘုရား)။

(၄) သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်သယောင်ယောင်လား (မဖြေကောင်းပါ ဘုရား)။

သတ္တဝါမရှိလို့ မဖြေကောင်းဘူး၊ (မှန်ပါ့) ဘယ်သူ့သက်သေခံပါလိ့မ်၊ (သတ္တဝါမဟုတ်ပါ ဘုရား၊ ပဋိစ္စသမုပ္ပါဒ်ပါ) ရမ်းပြောလို့မရဘူး၊ ကိုယ့်လေ့ကျင့်ထားတာရှိရမယ်၊ (မှန်ပါ့ ဘုရား)။

ဘယ်သူက သက်သေခံပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ်ကပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်က ခန္ဓာဖြစ်စဉ်ပါလို့ဆိုပေါ့၊ (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် ခန္ဓာဖြစ်စဉ်လို့ဆိုထားတော့ သူ့ထဲမှာမှ မပါဘဲနဲ့ ခင်ဗျားတို့ကလောကွတ်ချော် ထည့်ချင်လို့တော့ မရဘူး၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ခန္ဓာဖြစ်စဉ်ပါ၊ ခန္ဓာထဲမှာသာကြည့်ပါ၊ ခန္ဓာထဲပါယင်တော့ရှိလို့ပြောတာပေါ့၊ (မှန်ပါ့ ဘုရား) ဒီခန္ဓာထဲမှာ မပါဘဲနဲ့ ဥစ္စာ ဒီခန္ဓာရှိတဲ့ဥစ္စာဒီခန္ဓာထဲမှာမှ ပုဂ္ဂိုလ်သတ္တဝါ မပါတာကို ကိုယ်က အထူးလုပ်ပြီးသကာလ ပြောသံကြားနဲ့ အမှန်ယူဆနေရင် လွဲကုန်ပါလိမ့်မယ်၊ (မှန်လှပါ ဘုရား) မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမရှိကြောင်း ဘယ်သူကပြောသတုံး

အဲဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါမရှိကြောင်း ဘယ်သူကပြောသတုံး (ပဋိစ္စသမုပ္ပါဒ် ခန္ဓာဖြစ်စဉ်က ပြောပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးကပြောတာလား-ခင်ဗျားတို့ခန္ဓာထဲက ပြောတာလား၊ (ခန္ဓာထဲက ပြောတာပါ ဘုရား)။

အဲ ဒီအဝိုင်းကြီးက မှတ်တမ်းပါ၊ (မှန်ပါ့ မှတ်တမ်းပါ) ခင်ဗျားလဲ ခန္ဓာထဲမှာ ဒီတရားတွေ လှည့်နေတယ်လို့ ပြောတာပါ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါတယ် ဘုရား)။

အဲဒီတော့ကျုပ်တို့က အဝိုင်းကြီးနဲ့ ပြထားလို့ နားလည်နေပါပြီ ဆိုငြားသော်လဲ ခန္ဓာထဲနားလည်ဖို့ ဒီကနေပုံစံ ပေးတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

တော်တော်ကြာကွယ်ရာကျတော့ ခင်ဗျားတို့ဘုန်းကြီးက ဒီစက်ဝိုင်းကြီးနဲ့ပြလို့ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ်တော့ နားလည်ပါပြီ၊ (မှန်ပါ့ ဘုရား) အင်း ဒါအလကား နားလည်တာ၊ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးနဲ့ နားလည်တာက အလကားနားလည်တာ၊ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာ စက်ဝိုင်းကိုမှ နားလည်မှ ပဋိစ္စသမုပ္ပါဒ်ကို နားလည်တာလို့မှတ်ပါ၊ (မှန်ပါ့ ဘုရား)။

ဒီဟာက ရှေ့ပိုင်းက ခင်ဗျားတို့မှာ ပုံစံအဖြစ်နဲ့ ဒီလိုလည်နေပါတယ်ဆိုပြီး ခန္ဓာကြည့်တော့ ဒီလိုမြင်ဖို့၊ (မှန်ပါ့ ဘုရား) မလည်ချင်ရင် ဒီလိုြ့ပတ်အောင်လုပ်ဖို့၊ (မှန်ပါ့)။

ဒါကို အရေးကြီးပြီး ဒီစက်ဝိုင်းကို အခုလို လုပ်ကြတာ၊ (မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား) တော်တော်ကြာ ကိုယ်က အပြောမတတ် အဆိုမတတ်နဲ့ဖြစ်ပြီး ကျုပ်တို့စက်ဝိုင်း ကြီးနဲ့ပြောလို့ ပဋိစ္စသမုပ္ပါဒ်တော့ နားလည်နေပြီ (မှန်ပါ့) အင်း စက်ဝိုင်းထဲနားလည်နေတယ်၊ (မှန်ပါ့) ဘယ်နားလည်တာလဲ၊ (စက်ဝိုင်းထဲ နားလည်တာပါ ဘုရား)။

ခန္ဓာထဲ နားလည်ရပါမယ်

ဟာ ဒါဖြင့် ကလေးတွေကို ပြထားလဲ နားလည်တာပဲ၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ရှုကြည့်လိုက်တဲ့အခါ ခန္ဓာထဲနားလည်ရမယ် (မှန်ပါ့ ဘုရား) ရှုကြည့်တဲ့အခါမှာ (ခန္ဓာထဲ နားလည်ရပါမယ် ဘုရား)။

အင်း ခန္ဓာထဲနားလည်တော့မှ ဘယ်လိုနားလည်သတုံးဆိုတော့ တစ်ခုသော ဝေဒနာကလေး သုခဝေဒနာ ပေါ်တယ်၊ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုလိုက်တယ်၊ (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ ဪ ဝေဒနာကဖြစ်ပျက်၊ ရှုတာကမဂ်ဆိုတော့ ဒို့ သန္တာန် ခန္ဓာထဲမှာ ဝေဒနာ ပစ္စယာ, တဏှာ မလာဘူး၊ (မှန်ပါ့) ဒို့ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်၊ (ပြတ်ပါတယ် ဘုရား)။

ဒါ အဝိုင်းထဲက ပြတ်သလား၊ ခန္ဓာထဲက ပြတ်တာလား၊ (ခန္ဓာထဲက ပြတ်တာပါ ဘုရား) ရှုတော့ ဘယ်ရှုရသလဲ၊ (ခန္ဓာထဲရှုရပါတယ် ဘုရား) အေး ဒါ့ကြောင့် ဒီအဝိုင်းဟာ နမူနာပဲမှတ်ပါ၊ (မှန်ပါ့ ဘုရား)။

အဝိုင်းဟာ ဘာခေါ်ကြမယ်၊ (နမူနာပါ ဘုရား) နမူနာကိုလဲ သူ့အထဲမှာ နားလည်ပြီးတော့ ကိုယ့်အထဲ နားမလည် သေးရင် အလုပ်နဲ့မညီဘူး၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ကိုယ့်ထဲ နားမလည် သူ့ထဲမှာ နားလည်ပြီးငြားသော်လဲ ခန္ဓာထဲမှာ ကြည့်ဖို့အရေး ကျန်သေးတယ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပြပါပြီ ဘုရား)။

ခန္ဓာထဲကြည့်ဖို့ အရေးကျန်ပါသေးတယ်

ဘယ်မှာ ကြည့်ဖို့အရေး ကျန်သေးသလဲ၊ (ခန္ဓာထဲကြည့်ဖို့ အရေးကျန်ပါသေးတယ် ဘုရား) အဲ ခန္ဓာထဲမှာ ကြည့်ဖို့အရေးကျန်တော့မှ အင်း ဟင် သဠာယတနရှုလိုက်တယ်၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယတွေ, မာနတွေ, စိတ်တွေပေါ့၊ (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တယ်ဆိုရင် ဒီမဂ်က ဒီကြားပေါ်မှာ၊ (မှန်ပါ့) ဘယ်ရှုရှု မဂ်က ဒီကြားပေါ်မှာ၊ (မှန်ပါ့)။

ဘယ်သူနဲ့ ဘယ်သူပြတ်သွားသတုံးဆို တဏှာပြတ်တယ်၊ (မှန်ပါ့ ဘုရား) ဒါဖြင့် တဏှာနိရောဓော နိဗ္ဗာနံဆိုပြီး ဒီဘက်ကို ဒို့လည်သွားပြီ၊ အလယ်ပစ္စုပ္ပန် အခြင်းအရာ ငါးပါးတွေတော့ အကြောင်းအခြင်းအရာ ငါးပါးတွေတော့ မပေါ်တော့ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒို့ အနာဂတ်ခန္ဓာကြီးတော့ ပြတ်တော့မှာပဲ၊ (မှန်ပါ့ ဘုရား) ဆိုပြီး ကိုယ့်ခန္ဓာထဲမှာ ပြတ်ပြီး ကိုယ့်ခန္ဓာ နောက်ထပ်မလာမှာကို သိရမယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ အဝိုင်းကိုကြည့်ပြီး အခုဝေထားတဲ့ အဝိုင်းတွေကြည့်ပြီး ကိုယ့်ခန္ဓာနဲ့ ပြန်ဟပ်ရမှာ၊ (မှန်ပါ့ ဘုရား) ဘာလုပ်ရမတုံး၊ (ခန္ဓာနဲ့ ပြန်ဟပ်ရမှာပါ ဘုရား) ဒကာကြွယ်ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ခေါင်းရင်းချိတ်ပြီးသကာလ ရှိခိုးပူဇော်နေဖို့မဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား)။

လှည့်နေရင် သံသရာခရီးသည်

ကိုယ့်ခန္ဓာနဲ့ကိုယ် ပြန်ဟပ်ပြီးသကာလ ဪ ခန္ဓာထဲရှိတာကို ဒီမှတ်တိုင်ထားပြီး ဒီအမှတ်အတိုင်းကြည့်တယ် ဆိုပြီးပေါ်တိုင်းပေါ်တိုင်း ဒီလိုပဲ ဝိုင်းတော့မှာလား၊ ငါပြတ်နေသလား၊ ဝိုင်းပြီးလည်နေသလား၊ ကိုယ့်ခန္ဓာထဲကဖြစ်စဉ်တွေ ပြတ်နေသလား၊ လည်နေသလား၊ ဒါကို အမြဲကြည့်ရမယ်၊ (မှန်ပါ့ ဘုရား) လည်နေလို့ရှိရင် သံသရာ့ခရီးသည်၊ (မှန်ပါ့) မလည်တော့ပါဘူး၊ တပည့်တော် အလုပ်လုပ်နေလို့ ပြတ်ပြတ်သွားပါတယ် ဘုရား၊ ၂-က ၃-မဆက်ဘူးဆိုရင် သံသရာ ခရီးဆုံးတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်လှည့်နေရင် သံသရာခရီးသည်၊ (မှန်ပါ့) ပြတ်သွားရင် (သံသရာခရီးဆုံးပါတယ် ဘုရား) သံသရာခရီး ဆိုတာ သေသေချာချာမှတ်ပါ၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။