အဝိဇ္ဇာမှ ဝိဇ္ဇာမှဖြစ်နည်းတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌
ဟောကြားတော်မူသော
အဝိဇ္ဇာမှ ဝိဇ္ဇာမှဖြစ်နည်းတရားတော်
(၂၆-၁၁-၆၁)
သစ္စာလေးပါး မသိတာ အဝိဇ္ဇာ
ဒကာ ဒကာမတို့ အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ အဝိဇ္ဇာလို့ခေါ်တယ်နော်၊ (မှန်ပါ့ ဘုရား)။
”ဒုက္ခေ အဉာဏံ ဒုက္ခသမုဒယေ အဉာဏံ၊ ဒုက္ခ နိရောဓ အဉာဏံ၊ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါယ အဉာဏံ” လို့ဟောတယ် (မှန်ပါ့ ဘုရား)
သစ္စာလေးပါးမသိတာ အဝိဇ္ဇာလို့မှတ်လိုက်ပါ၊ (မှန်လှပါ ဘုရား) အဲဒီအဝိဇ္ဇာသည် ဒကာ ဒကာမတွေ သန္တာန်၌ မချုပ်သရွေ့ ကာလပတ်လုံး အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလာမှာပဲ၊ (မှန်ပါ့) သင်္ခါရပစ္စယာ၊ (ဝိညာဏံပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ စက်ဝိုင်းကြီး ကြည့်ပြီးသိနေကြနော်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတာ သည် သမုဒယသစ္စာ၊ သင်္ခါရပစ္စယာ ဝိညာဏံရောက်လာတော့ ဘာသစ္စာဖြစ်သလဲ၊ (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒို့သည်ကားလို့ဆိုရင် အဝိဇ္ဇာမချုပ်သရွေ့ကာလပတ်လုံး ဒီသမုဒယသစ္စာ၊ အဝိဇ္ဇာ မချုပ်သရွေ့ ကာလပတ်လုံး ဝိညာဏံဆိုတဲ့ ဒုက္ခသစ္စာ၊ ငါတို့အမြဲတွေ့နေရမှာပဲဆိုတာ ဒကာကြွယ်မှတ်ရတော့မယ်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာ မချုပ်သရွေ့ကာလပတ်လုံးနော်၊ (မှန်ပါ့) ဝိညာဏံဆိုတာလာနေမှာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇချုပ်ဖို့ သိပ်အရေးကြီးတာပေါ့၊ (ကြီးပါတယ် ဘုရား) အဝိဇ္ဇာချုပ်ရင် သမုဒယချုပ်တယ်၊ သမုဒယ ချုပ်ရင် ဝိညာဏ်ကော၊ (ချုပ်ပါတယ် ဘုရား)။
ချုပ်ရမှာပဲဆိုတော့ ဘုန်းကြီးတို့-ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်အဝိုင်းကြီးမြင်သဖြင့် သိပါပြီတဲ့ ဘယ်လိုသိသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာတို့ သင်္ခါရတို့ကို ဒီပုံစံပဲကြည့်လိုက်ပါ၊ သမုဒယသစ္စာ၊ ဝိညာဏ်စသည်က ဒုက္ခသစ္စာ၊ (မှန်ပါ့ ဘုရား)။
ဪ အဝိဇ္ဇာမချုပ်သေးသရွေ့ကာလပတ်လုံးဆိုရင် ၁ နဲ့ ၂ ကူးနေဦးမှာပဲ၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာ မချုပ်သေး ရင် (၁ နဲ့ ၂ ကူးနေဦးမှာပါ ဘုရား) ၁ နဲ့ ၂ ကူးနေဦးမှာပဲဆိုတော့ ၁ က သမုဒယသစ္စာ၊ ၂ က (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ ဒုက္ခသစ္စာ ၂-ကူးမိလို့ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ ဒုက္ခကိုဖြင့် ငါတို့မရချင်ပါဘူး မလိုချင်ပါဘူး၊ မပွေ့ချင်ပါဘူး၊ မပိုက်ချင်ပါဘူးဆိုငြားသော်လဲ ရ, ရမှာပဲ၊ (ရ, ရမှာပါ ဘုရား)။
အဝိဇ္ဇာမချုပ်ရင် ဒုက္ခမချုပ်
ဒါဖြင့် ဘာအရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ အကဲခတ်ကြည့်တော့ အဝိဇ္ဇာမချုပ်ရင် ဒုက္ခမချုပ်၊ အဝိဇ္ဇာမချုပ်ရင် (ဒုက္ခမချုပ်ပါ ဘုရား) ဒုက္ခမချုပ်ဘူးဆိုတာ အထူးတလည် သေချာသွားပြီ၊ (သေချာသွားပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ သမုဒယသစ္စာမချုပ်သရွေ့ ဝိညာဏ်, နာမ် အစရှိသောဒုက္ခသစ္စာ ဘယ်တောမှ ချုပ်မှာ မဟုတ်ပါဘူး၊ (မချုပ်ပါ ဘုရား)။
၁-ကို မလုပ်ရင် ၂-ဟာပြုတ်ထွက်သွားတယ်၊ (မှန်ပါ့) ၁-ကိုသာ ကြိုးစားနေကြမယ်ဆိုလို့ရှိရင်ဖြင့် ၂-ဟာ ဒကာကြွယ်တို့၊ ဒကာသစ်တို့ ချုပ်စရာမရှိပါဘူး၊ (မရှိပါ ဘုရား)။
ဒါ့ကြောင့် အခုဒကာ ဒကာမတွေ ဪ ၁-ထဲ ရောက်နေကြသလား၊ ၂-ထဲရောက်နေကြသလားမေးရင် (၁-ထဲရောက် နေပါတယ် ဘုရား) အဖိုးတန်တယ်၊ ဒကာ ဒကာမတို့ ကိုယ့်အဖြစ်သိပြီး၊ (သိပါပြီ ဘုရား) ကိုယ့်အဖြစ် သိကြပြီတဲ့။ ဒို့ ၂-နံပါတ်ထဲ ရောက်နေတယ်၊ ဒို့ ၂-နံပါတ်ထဲရောက်နေတော့ ဘယ်သစ္စာပါလိမ့်၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာထဲရောက်နေ
ဪ ဒါဖြင့် ဒီတရားနားနီးတော့လဲ တရားဟောတဲ့ဘုန်းကြီးရော တရားနာနေတဲ့ ဒကာ ဒကာမတွေရော ဒုက္ခသစ္စာထဲရောက်နေကြပြီဆိုတော့ ဒကာကြွယ် ကိုယ့်အကြောင်းကိုယ်သိသွားပြီ၊ (သိပါပြီ ဘုရား) ဒကာကြွယ် ၁ ထဲမှာလား၊ ၂ ထဲမှာလား၊ (၂ထဲမှာပါ ဘုရား) ၂ ဟာဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ နဂိုကတော့ နာမှ, ကျင်မှ ကိုက်မှ , ခဲမှ, ဖျားမှ , အိုမှ, သေခါနီးမှ ဒုက္ခသစ္စာလို့ ထင်ကြတယ်၊ (မှန်ပါ့) အခုတော့ ရောက်တဲ့အချိန်ကစပြီး ဘာသစ္စာပါလိမ့်၊ (ဒုက္ခသစ္စာပါ ဘုရား)။
ရောက်တဲ့ အချိန်ကလဲ ဒကာ ဒကာမတို့ ဘုန်းကြီးထပ်ပြောစရာမလိုပါဘူး၊ ဒီဥစ္စာဝိညာဏ်ဆိုတာ ပဋိသန္ဓေ ဝိညာဏ်ပါပဲ၊ (မှန်လှပါ) ဒါ ပဋိသန္ဓေစိတ်ကလေး၊ အဲဒီ ပဋိသန္ဓေစိတ်ကလေးဟာ ဇာတိဒုက္ခပဲ၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် ရောက်တဲ့အချိန်ကစပြီး ဘာသစ္စာလဲ ရောက်နေသလဲ၊ (ဒုက္ခသစ္စာထဲရောက်နေပါတယ် ဘုရား) ဒါဖြင့် ဒီဘက်ရောက်ပြီး နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေဆိုတော့ ဒကာ ဒကာမတို့ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာ ပါ ဘုရား)။
ဪ ဒါဖြင့် ဒီဒုက္ခသစ္စာဆိုတဲ့ ဥစ္စာအားလုံးဒကာ ဒကာမတို့ အလိုလိုလာတာလား၊ ရှေးဘဝ မသိမှုကိုပြုချင် သလိုပြုလို့လား၊ (မသိမှုကို ပြုချင်သလိုပြုလို့ပါ ဘုရား) မသိမှုရှိပြီး ဒကာကြွယ် ပြုချင်သလိုပြုတဲ့သင်္ခါရကြောင့် ကျုပ်တို့ ဒုက္ခသစ္စာကြီး ရကြတယ်၊ ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဒုက္ခသစ္စာကြီးကို ဒီဒုက္ခသစ္စာထဲမှာ အရေးကြီးတာက ဒီဒုက္ခသစ္စာထဲကနေပြီးသကာလ သမုဒယသစ္စာ နောက်ထပ်မပေါ်ဖို့ အရေးကြီးတယ်၊ ဒီ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးပေ့ါဗျာ၊ ဒီခန္ဓာကြီးရနေတုံးကို သမုဒယသစ္စာ သူ့အထဲကမပေါ်ဖို့ အရေးကြီးတယ်၊ အဝိဇ္ဇာသင်္ခါရ ပြန်မပေါ်ဖို့ အရေးမကြီးဘူးလား၊ (ကြီးပါတယ် ဘုရား)။
သမုဒယသစ္စာမပေါ် ဖို့
အားလုံး ဒကာ ဒကာမတွေ သေသေချာချာ မှတ်စမ်းပါနော်၊ ယခု ဘယ်သစ္စာထဲ ရောက်နေသတုံး၊ (ဒုက္ခသစ္စာထဲ ရောက်နေပါတယ် ဘုရား) ဒုက္ခသစ္စာထဲက ကျုပ်တို့ ဘာမပေါ်ဖို့ အရေးကြီးပါလိ့မ်၊ (သမုဒယသစ္စာမပေါ် ဖို့ အရေးကြီးပါတယ် ဘုရား)။
အဲ သမုဒယသစ္စာ မပေါ်ဖို့ဆိုတာက ဒီ အဝိဇ္ဇသင်္ခါရ ပြန်မပေါ်ဖို့ဘဲ (မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ) ဘာပြန်မပေါ်ဖို့ပါလိမ့်၊ (အဝိဇ္ဇာသင်္ခါရပြန်မပေါ်ဖို့ပါ ဘုရား)။
ဪ အဝိဇ္ဇာသင်္ခါရ ပြန်မပေါ်ဖို့ သိပ်အရေးကြီးပါကလား၊ (မှန်ပါ့ ဘုရား) ဒီဟာသာ ပြန်ပေါ်ပြန်လို့ရှိရင်လဲ ဒုက္ခသစ္စာ လာဦးမှာပဲ၊ မလာပေဘူးလား၊ (လာပါမယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာနေကြတာလဲ ဒီအထဲကပဲ (မှန်လှပါ) ၂-နံပါတ်ထဲမှာ တရားနာနေကြတယ်၊ ဒကာ ဒကာမတွေ ဘယ်ထဲမှာ တရားနာနေကြသလဲ၊ (၂-နံပါတ်ထဲမှာပါ ဘုရား)။
အဲဒါဘာဖြစ်လို့ တရားနာနေကြသတုံးလို့ မောင်ဘသော်ကို မေးလို့ရှိရင်ဖြင့် တပည့်တော်ကို သမုဒယသစ္စာ မပေါ်တဲ့ နည်းကိုသိအောင်လို့ တရားနာနေတယ်၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဘာမပေါ်တဲ့နည်းပါလိမ့်၊ (သမုဒယ သစ္စာမပေါ်တဲ့နည်း သိအောင်လို့ တရားနာနေပါတယ် ဘုရား) သမုဒယသစ္စာ နောက်ထပ်မလာတဲ့နည်းကို သိအောင်လို့ တရားနာနေကြတယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် တရားနာနေတဲ့ ကျေးဇူးဟာလဲ ဒကာ ဒကာမတို့ အလွန်အဖိုးတန်တယ်၊ (တန်ပါတယ် ဘုရား) ဘယ်သစ္စာမလာဖို့ပါလိမ့်၊ (သမုဒယသစ္စာမလာဖို့ပါ ဘုရား) သူက လာတတ်တာက ဒုက္ခသစ္စာထဲကနေပြီးတော့ (သမုဒယသစ္စာ)ပေါ်လာတတ်တယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာခန္ဓာငါးပါးထဲကနေပြီးသကာလ ဘာပေါ်တတ်ပါလိမ့်၊ (သမုဒယသစ္စာ ပေါ်တတ်ပါတယ် ဘုရား)။
ဒါဖြင့် တရားနာနေကြတာသည် ဒုက္ခသစ္စာနဲ့ နာကြတာ၊ (မှန်ပါ့) ဘယ့်နှယ်ကြောင့် အပင်ပန်းခံပြီး ဒကာ ဒကာမ တွေ ကြိုးစားကြပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဒကာကြွယ်ဖြေတတ်ပလား (ဖြေတတ်ပါပြီ) ဘယ်အကျိုးငှားလဲ၊ (သမုဒယသစ္စာ မပေါ်တဲ့နည်း သိအောင်လို့ပါ ဘုရား) မပေါ်ဖို့နော် (မှန်ပါ့)။
မပေါ်တဲ့ နည်းရအောင်
ဒုက္ခသစ္စာထဲမှာ သမုဒယသစ္စာမပေါ်ဖို့ ဒကာသစ်ရေ (မှန်ပါ့) ဒါ့ကြောင့် တရားနာနေကြတယ်၊ မပေါ်တဲ့ နည်းရအောင်လို့ တရားနာနေကြတယ်၊ (မှန်ပါ့) ဘယ်အကျိုးငှာပါလိမ့်၊ (သမုဒယသစ္စာ မပေါ်တဲ့နည်း ရအောင်လို့ တရားနာပါတယ် ဘုရား)။
ဪ ဒါဖြင့်ကိုယ်တရားနာတဲ့ဥစ္စာလဲကိုယ်သိကြပါပြီ၊ (သိကြပါပြီ ဘုရား) ဪ ငါတို့ တရားနာနေတာ ရိုးရိုး မဟုတ်ပါလား၊ ဒုက္ခသစ္စာထဲက သမုဒယသစ္စာ မပေါ်ပေါက်ဖို့ ဤအကြောင်းသိအောင် ငါတို့ တရားနာနေကြတယ်၊ (မှန်လှပါ ဘုရား)။
ကောင်းပြီ၊ တရားနာတာကလဲ ကျေနပ်ပါပြီ၊ အကယ်၍ ဒီ ၂-နံပါတ်ထဲကမှ အဝိဇ္ဇာသင်္ခါရတွေ, တဏှာတွေ အစရှိသော သမုဒယသစ္စာတွေမောင်ဘသော်လာနေမယ်ဆိုရင်ဖြင့် ဪ -ရှေးကလဲဒါကြောင့် ဒုက္ခရောက်ပြီ၊ ယခုလဲဒါလာပြန်ပြီဆိုရင် ဒုက္ခရောက်ဦးမှာပဲ မရောက်ပေဘူးလား၊ (ရောက်ပါတယ် ဘုရား) အဲဒါတွေ အကုန်သိတော့မှ ဪ -ငါတို့သည်ကားလို့ ဆိုလို့ရှိရင် တော်ပဲ-တော်သေးတယ်၊ (မှန်ပါ့) ဒီလို တရားထူး တရားမြတ် တရားနာမှုမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာကြွယ်ကစဉ်စား၊ ဒကာသစ်ကစဉ်းစား၊ ရ, ထားတာက ဒုက္ခသစ္စာ၊ နေ့တိုင်းပေါက်ပွားနေတာက သမုဒယသစ္စာ၊ (မှန်လှပါ ဘုရား)။
ရ, ထားတာက (ဒုက္ခသစ္စာ)နေ့တိုင်း အလုပ်အကိုင်တွေထဲက ပေါက်ဖွားနေတာက (သမုဒယသစ္စာပါ ဘုရား) အဲ ၂-ထဲကနေပြီး သကာလ-တဲ့၊ ၃-နံပါတ် ပေါ်ပေါ်နေတယ်၊ (မှန်လှပါ) ၂-ထဲက ဘာပေါ်သလဲ၊ (၃-နံပါတ် ပေါ်ပါတယ် ဘုရား) ၂-ထဲက ၃-နံပါတ်ပေါ်တော့ ၄-ဆိုတဲ့နံပါတ်ဟာ ဒကာ ဒကာမတွေဖြစ်မှဖြစ်ရပါ့မလား၊ (ဖြစ်ရပါ တယ် ဘုရား) ဖြစ်မှာ သေချာသွားပြီ၊ (သေချာပါပြီ) ဒကာကြွယ် မသေချာဘူးလား၊ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ဒီ-ဆရာကောင်းသမားကောင်းလဲ မကိုးကွယ် မဆည်းကပ်၊ မိဘရိုးရာနဲ့ တပည့်တော်တို့ ဖြစ်သလိုနေတော့မယ်ဆိုရင်ဖြင့် နေ့တိုင်း နေ့တိုင်း ၂-ထဲက ၃-ပွားနေတယ်၊ (ပွားနေပါတယ် ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (၂-ထဲကနေပြီး ၃-ပွားနေပါတယ် ဘုရား)။
၂-နံပါတ်ထဲကနေပြီး ၃-နံပါတ်ဆိုတဲ့ အဝိဇ္ဇာ သင်္ခါရတွေ ပေါ်ပေါ်မလာဘူးလား၊ (ပေါ်လာပါတယ် ဘုရား) တဏှာ ဥပါဒါန်ကံတွေကော (ပေါ်လာပါတယ် ဘုရား) အင်း ၂-ထဲက ဘာတွေများသီးပွင့်လာပါလိမ့်၊ (၃-နံပါတ်တွေ သီးပွင့်လာပါတယ် ဘုရား) ၃-နံပါတ်တွေ သီးပွင့်လာတယ်၊ ၃-နံပါတ်ဟာ ဒကာ ဒကာမတွေ ကြည့်လိုက်တော့ ဘာသစ္စာလဲ၊ (သမုဒယသစ္စာပါ ဘုရား)။
ဪ -သမုဒယသစ္စာက ဒကာ ဒကာမတို့ ၂-ထဲက သီးပွင့်လာတာက သမုဒယဆိုတဲ့ ၃-နံပါတ် ဖြစ်နေတယ်-မဖြစ်ဘူးလား၊ (ဖြစ်ပါတယ် ဘုရား)။
၃-နံပါတ် ဖြစ်လာလို့ရှိရင်ဖြင့် ၄-ဖြင့် မရှောင်သာဘဲနဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ အိုပွဲ, နာပွဲ, သေပွဲ, ပဋိသန္ဓေပွဲတွေ အပါယ်ပဋိသန္ဓေ ဆိုနိုင်တယ်၊ နတ်ပဋိသန္ဓေဆိုနိုင်တယ် ဆိုချင်တာဆို ဒကာကြွယ်ဒုက္ခသစ္စာပဲ၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
၂-ထဲက ၃-မပေါ်ဖို့
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာတဲ့ကျေးဇူးဟာ တပည့်တော်တို့ ဘယ်အကျိုးငှာ တရားနာတယ် ဆိုတာဖြင့် ယနေ့ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) ၂-ထဲက ၃-မပေါ်ဖို့ ဂရုစိုက်နာကြ၊ (မှန်ပါ့ ဘုရား) ၂-ထဲက၊ (၃-မပေါ်ဖို့ဂရုစိုက်နာကြရပါမယ်) ၃-မပေါ်ဖို့၊ (တပည့်တော်တို့ ဂရုစိုက်ငပါမယ်) ၃-ဆိုတာ သမုဒယသစ္စာ၊ ၄-ဆိုတာက၊ (ဒုက္ခသစ္စာပါ ဘုရား) ၄-ဆိုတာက ဒုက္ခသစ္စာဖြစ်နေတော့ ဪ -ပင်ရင်းပဲ ပြန်ပြန်သွားတယ်၊ မပြန်ဘူးလား၊ (ပြန်ပါတယ် ဘုရား)။
သမုဒယကြောင့် ဒုက္ခဖြစ် ဒုက္ခထဲက သမုဒယပွားပြန်တော့ ၃နံပါတ်ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ၃ နံပါတ်ပေါ်လာတော့ ၄ နံပါတ်ဒုက္ခသစ္စာဖြစ်တယ်၊ (မှန်ပါ့ ဘုရား) အဲဒီဒုက္ခသစ္စာတုန်းကလဲ တစ်ခါ မောင်ဘသော် တို့က စဉ်းစားပေါက်ပွားဦးမှာပဲ၊ (ပေါက်ပွားဦးမှာပါ ဘုရား) တရားလဲမနာဘူး၊ အားလဲမထုတ်ဘူးဆိုရင် ၄-ထဲက ဘာသစ္စာပွားဦးမလဲ၊ (သမုဒယသစ္စာ ပေါက်ပွားပါဦးမယ် ဘုရား)။
သမုဒယသစ္စာ ပွားလို့ရှိရင်ဖြင့် ၅-ဒုက္ခသစ္စာ လွတ်ပါ့မလား၊(မလွတ်ပါ ဘုရား) ၅-ဒုက္ခသစ္စာထဲက ဘာတွေပွား အုံးမယ်၊ (သမုဒယသစ္စာပွားဦးမယ်)။
ဒါဖြင့် ၆-ဒုက္ခသစ္စာ လာမှလာပါ့မလား၊ (လာပါတယ် ဘုရား) ဒါဖြင့် ဒီအဝိုင်းပေါ်အဝိုင်း ထပ်သွားတယ်၊ (မှန်ပါ့ ဘုရား) အဝိုင်းပေါ်၊ (အဝိုင်း ထပ်သွားပါတယ် ဘုရား)။
အင်မတန် ကံကောင်းကြလို့ ဪ -အဝိုင်းပြေးဆိုတာ ထပ်ထပ် ပြေးနေတယ်ဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါ တယ် ဘုရား) ဒကာသစ်ရေ-အင်မတန် အဖိုးတန်တယ်ဆိုတာဖြင့် ပေါ်သွားပြီ၊ ဦးလှဘူး မပေါ်သေးဘူးလား၊ (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့နောက်က ဒီအဝိုင်းကြီးမျိုးပေါ်မှာ သံသရာစက်ဝိုင်းကြီးပေါ် ဘယ်နှစ်ခါ ပြေးဖူးသလဲလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ၊ (မရေတွက်နိုင်ပါ ဘုရား) ဘေးရောက်သေးသလား- ဒီအထဲပဲ လှည့်ပြေးနေသလား၊ (ဒီအထဲပဲ လှည့်ပြေးနေပါတယ်)။
ဒါဖြင့်ခင်ဗျားတို့မှာ ဆီဆုံနွားဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) တစ်နေ့လုံးသွားလဲဒီထမ်းပိုးနဲ့ ဒီလမ်းပေါ်လျှောက် တယ် (မှန်ပါ့ ဘုရား) နောက်တစ်နေ့သွားပြန်တော့ကော၊ (ဒီထမ်းပိုနဲ့ ဒီလမ်းပါပဲ ဘုရား) ဘယ်မှ သူ့လွတ်ရေး-ကျွတ် ရေးဆိုတာ ပါသေးရဲ့လား၊ (မပါ-ပါ ဘုရား)။
အဲဒီအတိုင်း ဖြစ်ပြီးသကာလ ဒကာ ဒကာမတွေ (၁)ကလာလိုက်တာ (၂) ၂-ထဲက (၃)တွေပွား၊ (မှန်ပါ့)ပွားလို့ (၄)ဖြစ်၊ ၄-ထဲက တစ်ခါဒကာ ဒကာမတွေ သိတဲ့အတိုင်း (၅)ဖြစ်တဲ့ သမုဒယသစ္စာ ပွားဦးမှာပဲ၊ (ပွားဦးမှာပါ ဘုရား) ပွားရင် (၆)ဖြစ်တဲ့ ဒုက္ခသစ္စာ၊ (ရမှာပါ ဘုရား)။
၉-ထဲကျတော့ တစ်ခါ ဘာဖြစ်ဦးမယ် ထင်ကြသလဲ၊ (သမုဒယသစ္စာဖြစ်ပါတယ် ဘုရား) သမုဒယသစ္စာ တွေပေါ်ဦးမှာပဲ၊ (ပေါ်မှာပါပဲ ဘုရား) ပေါ်ရင် (၇)မဖြစ်ဘူးလား၊ (ဖြစ်ရပါတယ် ဘုရား)။
၇-ထဲက ဘာတွေ ပွားဦးမယ် (သမုဒယသစ္စာတွေပွားပါမယ် ဘုရား) သမုဒယသစ္စာတွေပွားရင် ၈-ဒုက္ခသစ္စာ၊ (ရဦးမှာပဲ ဘုရား) ၈-ဒုက္ခသစ္စာထဲက ဘာတွေပွားဦးမယ်၊ (သမုဒယသစ္စာတွေပွားဦးမှာပါ) ကဲ-ဆုံးကြပါဦးမလား၊ (မဆုံးပါ ဘုရား)။
သံသရာရှည်တယ်ဆိုတာ
သံသရာရှည်တယ်ဆိုတာ ဒကာ ဒကာမတို့ အတန်းပြေးလား-အဝိုင်းပြေးလား (အဝိုင်းပြေးပါ ဘုရား) ခင်ဗျား တို့ကသာရှည်တယ်ပြောနေတာ ပုံစံကြည့်တော့ အဝိုင်းပြေး၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) သံသရာရှည် တာလား၊ အဝိုင်း လှည့်နေတာလား၊ (အဝိုင်းလှည့်နေတာပါ ဘုရား) ဒကာကြွယ် ဒီလိုလှည့်ခဲ့ရတာ ဘယ်လောက်ကြာပလဲ၊ (မရေတွက်နိုင်ပါ ဘုရား)။
ဘယ်တော့များထွက်ပေါက်တွေ့ခဲ့သလဲ (မတွေ့ခဲ့ပါ ဘုရား) သမုဒယဒုက္ခစ္စာ-သမုဒယဒုက္ခ-သမုဒယဒုက္ခ ဆိုတော့ သမုဒယကမီး ဒုက္ခက လောင်စာ၊ (မှန်ပါ့ ဘုရား) မီးနဲ့လောင်စာ လှည့်နေတာပဲ၊ မီးဖြစ်လိုက်-လောင်စာ ဖြစ်လိုက်၊ မီးဖြစ်လိုက်-လောင်စာဖြစ်လိုက်၊ မီးဖြစ်လိုက်-လောင်စာဖြစ်လိုက်၊ ဒါပဲရှိတယ်ဆိုတာ ဒကာကြွယ် ဒီဘဝမှာမှ ထွက်လမ်းမတွေ့လို့ရှိရင်ဖြင့် နေခြင်းဆိုးနဲ့ သေခြင်းဆိုးသာ မှတ်၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (နေခြင်းဆိုးနဲ့ သေခြင်းဆိုးပါ ဘုရား)။
နေခြင်းဆိုးနဲ့ သေခြင်းဆိုး ဆိုတာ နေခြင်းဆိုးက ဒုက္ခသစ္စာ၊ (မှန်ပါ့) မဟုတ်ဘူးလား၊ (မှန်ပါ့) နေခြင်းဆိုးထဲ နေတော့လဲ ဒုက္ခကြီးနဲ့ နေရတာပဲ၊ သေတော့လဲ အပါယ်သွားရတယ်၊ သေခြင်းဆိုးဖြစ်တော့ (မှန်ပါ့ ဘုရား) အပါယ်သွား ရတာ သမုဒယတွေ ပေါက်ပွားလို့၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
နေခြင်းဆိုးနဲ့ သေခြင်းဆိုး လှည့်ခဲ့ရပါတယ်
ဒါဖြင့် တစ်သံသရာလုံး တပည့်တော်တို့ ဘာများဖြစ်ခဲပါလိမ့်မလဲဘုရား-လို့လျှောက်လဲ နေခြင်းဆိုးနဲ့ သေခြင်းဆိုး လှည့်တယ်ကွ၊ (မှန်ပါ့ ဘုရား) သဘောပါကြပလား၊ (ပါ-ပါတယ် ဘုရား) တစ်သံသရာလုံး ဘယ်လိုနေခဲ့ရ သတုံး၊ (နေခြင်းဆိုးနဲ့ သေခြင်းဆိုး လှည့်ခဲ့ရပါတယ် ဘုရား) နေခြင်းဆိုးကနေပြီး သေခြင်းဆိုး ဖြစ်လိုက်၊ (မှန်ပါ့) သေခြင်းဆိုးနေပြီး (နေခြင်းဆိုး ဖြစ်လိုက် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီအဆိုးနှစ်ခု ဘယ်ဟာကြိုက်ကြသတုံး၊ (ဘယ်ဟာမှမကြိုက်ပါ ဘုရား) ဒကာကြွယ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဪ ဒီဘဝမှာမှ ဒီလိုလမ်းပြကောင်းနဲ့ ကိုယ်ကလဲ ဖြောင့်ဖြောင့်လိုက်မယ် ဆိုကြလို့ရှိရင်ဖြင့် နေခြင်းဆိုးနဲ့ သေခြင်းဆိုး ဇာတ်သိမ်းပါလိမ့်မယ်၊ (မှန်ပါ့ ဘုရား) နေခြင်းဆိုးနဲ့ သေခြင်းဆိုး၊ (ဇာတ်သိမ်းပါမယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ကရုဏာ ရှေ့ထားပြီး သကာလ ပြောကြားပါတယ်၊ (မှန်လှပါ ဘုရား) ဒီတရားမျိုးကို မနာရတော့ဘူး ဒကာကြွယ်ရေ၊ (မနာရတော့ပါ ဘုရား) ဒီတရားမျိုးကိုလဲ နားမလည်ဘူး၊ နာလဲမနာရတော့ဘူးဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိသေးရဲ့လား၊ (မသိပါ ဘုရား)။
ဒါဖြင့် ကိုယ့်အကြောင်းမှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်ပြီး သကာလနေတော့ သူသည် အို-ဘယ်ကလာမှန်းလဲမသိဘူး၊ ဘာဖြစ်နေမှန်းလဲမသိဘူး၊ သေတော့လဲ ဘာဖြစ်မှန်းလဲ မသိဘူး၊ (မသိပါ ဘုရား) တကယ်လမ်းမှ သွက်ချာပါဒ, မီးနဲ့ မစင်နဲ့ကို မထူးအောင် ရူးတဲ့ အရူးလိုဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) တယ်-ကြောက်စရာကောင်းပါကလား၊ (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတို့ဒီအချိန် ဒီအခါကာလကလေး မလွတ်စေနဲ့လို့ပြောတာများ-ဒကာကြွယ်က ဘုန်းကြီးဘုရား အဖိုးတန်အောင် ပြောနေတယ်ဆိုတာလား၊ ခင်ဗျားတို့ နေခြင်းဆိုး သေခြင်းဆိုးလွတ်အောင် ပြောတာလား၊ (နေခြင်းဆိုး သေခြင်းဆိုး လွတ်အောင် ပြောတာပါ ဘုရား)။
တရားကတော့ အဖိုးတန်လွန်းလို့ခင်ဗျားတို့ကလဲနေခြင်းဆိုး သေခြင်းဆိုးကလဲ ကြာခဲ့ကြတယ်၊ (မှန်ပါ့) ထိုကဲ့သို့ ကြာတာကြီးကိုပဲ ဘယ်လိုမှ နေခြင်းဆိုးဖြင့် လွတ်အောင် သေခြင်းဆိုးဖြင့် လွတ်အောင်ကိုလဲ ကိုယ့်ဉာဏ်စွမ်းနဲ့၊ ကိုယ့်ကံစွမ်းနဲ့ ဒကာသစ်-စဉ်စားလို့ ရကိုမရဘူး၊ (မရပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
သဗ္ဗညုတဉာဏ်၏ အရာ
ဒီဘက်ကျရင် ဉာဏ်စွမ်း, ကံစွမ်းအကုန်တုံးတာပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ဒီဘက်ကျရင် (ဉာဏ်စွမ်း, ကံစွမ်း တုံးပါတယ် ဘုရား) ဒါတွေက သဗ္ဗညုတ ဉာဏ်အရာတွေ၊ (မှန်လှပါ ဘုရား) ဘုန်းကြီးတို့မှာ အမွေထားပစ်ခဲ့လို့သာ ပြောတတ်သာ၊ (မှန်ပါ့ ဘုရား) ခင်ဗျားတို့အရာလား၊ (မဟုတ်ပါ ဘုရား) သဗ္ဗညုတဉာဏ်၏ အရာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိုယ့်ဟာကိုယ်သာ နေကြတော့မယ်ဆိုလို့ရှိရင်ဖြင့် ဟောဒါက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သမုဒယသစ္စာနဲ့ နေခဲ့တယ်၊(မှန်ပါ့) ဒီကျတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာရတယ်ဆိုပြီး သေခြင်းဆိုးဖြစ်ရတယ်၊ (မှန်ပါ့ ဘုရား)။
ဒါ-ဒီက ကိလေသာမီးတွေနဲ့ နေခဲ့တဲ့အတွက် သေခြင်းဆိုး (မှန်လှပါ ဘုရား) ဟိုဘက်ကျတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာ ခန္ဓာငါးပါး ဒုက္ခသစ္စာနဲ့နေတာက နေခြင်းဆိုး၊ (မှန်လှပါ) ဒီနေခြင်းဆိုးထဲက နေပြီးသကာလတဲ့၊ ဒကာ ဒကာမတို့ သေခြင်းဆိုးတရားကြိုးစားဦးမယ်၊ (ကြိုးစားပါတယ် ဘုရား) ၃-နံပါတ် ပြန်ကြိုးစား တယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကြိုးစားပြန်တဲ့ အခါကျတော့ နေခြင်းဆိုး ပြန်ရောက်ဦးမယ်၊ (ရောက်ပါတယ် ဘုရား) မရောက်ပေဘူး လား (ရောက်ပါတယ် ဘုရား) အဲဒါ နံပါတ်ဆွဲလို့ မောင်ဘသော်၊ လောက်ပါဦးမလား၊ (မလောက်နိုင်ပါ ဘုရား) ဘယ်လောက်ဆွဲဆွဲ (မလောက်ပါ ဘုရား) ကြာတော့ ဂဏန်းသာ ကုန်စရာရှိတယ်၊ ကျုပ်တို့ ဒီလည်ပတ်နေတာက မဆုံးပါဘူး၊ (မဆုံးပါ ဘုရား)။
အဝိုင်းပြေးသမား
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဝိုင်းပြေးပြေးပြီး နေခြင်းဆိုး သေခြင်းဆိုး လှည့်ကြည့်တော့ အဝိုင်းပြေးသမား မြင်ရတော့ “ကိစ္ဆံ ဝတ အယံလောကော” ဤလောကကြီး ပင်ပန်းလိုက်တာ တော်တော်ကြာ အိုပြန်ပြီ၊ သေပြန်ပြီ၊ တော်တော်ကြာ ပဋိသန္ဓေနေပြန်ပြီ၊ ဒီ-ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ် အိုပြန်-သေပြန်သတဲ့၊ ဒါပဲလှည့်တယ်၊ (မှန်လှပါ) ဒီပြင်ဘာပါသေးသလဲ၊ (ဘာမှမပါ-ပါ ဘုရား)။
အဲဒီလို ဘာမှပါတာ မသိတော့ “ကိစ္ဆံ ဝတ အယံလောကော”ဆိုပြီး ဘုရားက ပင်ပန်းလိုက်တာကွာ၊ ဘယ်အခါ ကာလမှ ဒီ ဇရာ, မရဏ တို့အကြောင်း သိပါ့မလဲလို့ရှာတဲ့အခါ ဇရာ, မရဏဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဒီဘက်မှာရှိပါ တယ်၊ (ရှိပါတယ် ဘုရား)။
နောက်ဆုတ် လျှောက်ပြီးသကာလ တွေးလို့ရှိရင် သူ့ကိုသွားမိတယ်၊ (မှန်လှပါ) ဇရာ, မရဏ၏ လက်သည်က သူပဲ၊(မှန်ပါ့ ဘုရား) ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပဲ။
ဪ သူ့ကြောင့် ဒကာ ဒကာမတို့ မြင်တဲ့အတိုင်း ပတ်ပြီးသကာလ သွားလိုက်တာ နောက်ဆုံးပိတ်ကျတော့ ဇာတိ ဇရာ မရဏ (မှန်လှပါ့ ဘုရား)။
သူလက်သည်ပဲဆိုတာ ပေါ်ပြီ၊ (ပေါ်ပါပြီ ဘုရား) ဘယ်သူပါလိမ့်၊ (အဝိဇ္ဇာကြောင့်ပါ ဘုရား) ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုဒကာ ဒကာမတို့နေ့တိုင်း ဆောင်ပြီးသကာလ ဟောနေတာ ခင်ဗျားတို့ သိစရာတွေ အများကြီးကျန်သေးတယ်၊ မကျန်ဘူးလား၊ (ကျန်ပါတယ် ဘုရား)။
အဲဒီလိုကျန်လို့ ကိုင်း-ဒကာ ဒကာမတို့ဟောတာ အိုတာနဲ့ သေတာဘယ်ကလာသတုံး၊ ဇာတိကလာတယ် (မှန်ပါ့ ဘုရား) ဇာတိဘယ်ကလာသတုံး၊ ကမ္မဘဝကလာတယ်၊ ဥပါဒါန်ကလာတယ်၊ တဏှာကလာတယ်၊ ဝေဒနာက လာတယ်၊ (မှန်ပါ့ ဘုရား) နောက်ဆုတ်ပေးလိုက်တော့ ဒီမရောက်ဘူးလား၊ (ရောက်ပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အဖန်ဖန်သေတာ ဘယ်သူ့ကြောင့်
ခင်ဗျားတို့အဖန်ဖန်အို, အဖန်ဖန်သေတာ ဘယ်သူ့ကြောင့်ပါလိမ့်၊ (အဝိဇ္ဇာကြောင့်ပါ ဘုရား) အဖန်ဖန်အို, အဖန်ဖန်သေတာ (အဝိဇ္ဇာကြောင့်ပါ ဘုရား) အဖန်ဖန်ဆိုတာ, မရေတွက်နိုင်အောင်ပြောတာ (မှန်ပါ့ ဘုရား)။
အင်း-သူမချုပ်သရွေ့ ဒီသမုဒယသစ္စာနဲ့ အဝိဇ္ဇာ မချုပ်သရွေ့ကာလပတ်လုံး ခင်ဗျားတို့ ကျုပ်တို့မှာဖြင့် အိုသေဟာ ကိုယ်ပိုင်ပစ္စည်းပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒီဟာ-ဇရာက အိုတာ၊ မရဏက သေတာ၊ (မှန်ပါ့) ဒါအဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်း၊ (မှန်ပါ့ ဘုရား) ရှင်းပလား(ရှင်းပါပြီ ဘုရား) အိုသေဟာ ဘယ်သူ့ပစ္စည်းပါလိမ့်၊ (အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်းပါ ဘုရား)။
အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်း
ကဲ-ဒါဖြင့် မောင်ဘသော်တို့ကစဉ်စား ဒကာသစ်တို့က စဉ်းစားတာပေါ့နော် ဪ -အဝိဇ္ဇာချုပ်အောင် မလုပ်နိုင်သေးသရွေ့ ကာလပတ်လုံးဖြင့် အိုတဲ့-သေတဲ့-ဆိုတာ ဆုမတောင်းဘဲနဲ့ ပြည့်နေတယ်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာ မချုပ်သရွေ့ကာလပတ်လုံး၊ (အိုတဲ့-သေတဲ့-ဆိုတာဆုမတောင်းဘဲနဲ့ ပြည့်နေပါတယ် ဘုရား)။
အိုဟဲ့-သေဟဲ့-ဆိုတာ ဒကာ ဒကာမတို့ ကိုယ်ပိုင်ပစ္စည်း(မှန်ပါ့) ငါတော့ဖြင့် အိုရမှာပဲ၊ (မှန်ပါ့) ငါတော့ဖြင့် မုချသေမှာပဲ၊ (မှန်ပါ့) ဘာ့ကြောင့်တုံးဆိုရင်တော့ အဝိဇ္ဇာမချုပ်လို့၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဤကဲ့သို့ စဉ်းစားတဲ့အခါကျတော့ အဝိဇ္ဇာမချုပ်တဲ့ပုဂ္ဂိုလ်၏ အဖြစ်ဆိုး၊ ဒီအဖြစ်ဆိုးဟာ ဒကာ ဒကာမတို့ အင်မတန်မှ ကြောက်စရာကောင်းပါလား၊ (ကြောက်စရာကောင်းပါတယ် ဘုရား) အိုလိုက်၊ သေလိုက် ဘယ်သူ့ကြောင့်တုံး၊ (အဝိဇ္ဇာကြောင့်ပါ ဘုရား) ပူလိုက်, ဆွေးလိုက်၊ (အဝိဇ္ဇာကြောင့်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မြို့ထဲရွာထဲမှာ ဟိုလူမှာ ကြည့်လိုက်လဲ မျက်စိ မကြည်မသာနဲ့၊ ဒီဘက်လူကြည့် လိုက်တော့လဲ မျက်စိ မကြည်မသာနဲ့ (မှန်ပါ့) ဘာဖြစ်နေတာတုံး၊ သောက ပရိဒေဝ ဖြစ်နေတာပဲ၊ (မှန်ပါ့)။
ဒီသောက ပရိဒေဝ ဘယ်ကလာပါလိမ့်၊ (အဝိဇ္ဇာကလာပါတယ် ဘုရား) ဒီအဝိဇ္ဇာကချည်းလာတာပဲ (မှန်ပါ့ ဘုရား) ဒီကိုယ်၏ ဆင်းရဲခြင်းတွေ ဘယ်က လာပါလိမ့်၊ (အဝိဇ္ဇာက လာပါတယ်၊ ဒီပူပန်မှုတွေကော (အဝိဇ္ဇာက လာပါတယ်) ဒီ အို, သေတွေ၊ (အဝိဇ္ဇာက လာပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာကြွယ်-အဝိဇ္ဇာမချုပ်သရွေ့ဖြင့် ကျုပ်တို့သည်ကားလို့ဆိုရင် အလယ်ဇာတ်လဲမသိမ်း မပူဇာတ်လဲမသိမ်း၊ အသေဇာတ်လဲ၊ (မသိမ်းပါ ဘုရား)။
မသိမ်းဘူးဆိုတာ ခင်ဗျားတို့ဝမ်းထဲမှာထားကြပါ၊ တော်တော်အရေးကြီးပါကလားဆိုတာ မှတ်မိပါပြီ (မှန်ပါ့ ဘုရား) အရေးမကြီးဘူးလားဒကာကြွယ် (ကြီးပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်နည်းကိုဟောပါမယ်
အဲဒီတော့ ယနေ့ဘုန်းကြီးကဟောပါမယ်-တဲ့၊ အဝိဇ္ဇာချုပ်နည်းကိုဟောပါမယ်၊ (မှန်ပါ့ ဘုရား) ဪ -ဒီအဝိဇ္ဇာ သာချုပ်ရင်ဖြင့် သမုဒယသစ္စာချုပ်တယ်၊ (မှန်ပါ့ ဘုရား) သမုဒယသစ္စာသာချုပ်ရင် ဒီဒုက္ခသစ္စာ (ချုပ်ပါတယ် ဘုရား) ဒီသမုဒယသစ္စာကော ပေါက်ပွားဦးမလား၊ (မပေါက်ပွားပါ ဘုရား) ဒီ ဇရာ, မရဏ, ဒုက္ခသစ္စာကော (မပေါက်ပွားပါ ဘုရား)။
ဒါဖြင့် မအိုရာ, မနာရာ နိဗ္ဗာန်ကို ခင်ဗျားတို့ သူချုပ်မှရမယ်၊ (မှန်ပါ့ ဘုရား) ဆုတောင်း နေရုံနဲ့တော့ မရဘူး၊ (မရပါ) ရှင်းပလား၊ (ရှင်းပါပြီ) သူမချုပ်ရင် ဒီဘက်သွားတယ်၊ (သွားပါတယ်) ဒီဘက်ပြီးရင် ဒီပြန်လှည့်တယ်၊ (လှည့်ပါတယ် ဘုရား)။
ဒါဖြင့် ဆုတောင်းလို့ နိဗ္ဗာန်ရမှာလား၊ ဒီတရားချုပ်အောင် လုပ်တဲ့နည်းရမှာ နိဗ္ဗာန်ရမှာလားမေးရင် ဖြေကြစမ်းပါ၊ (ဒီတရားချုပ်အောင် လုပ်တဲ့နည်းရမှ နိဗ္ဗာန်ရမှာပါ ဘုရား)။
ဪ ခင်ဗျားတို့ ဆုတောင်းလို့သာ ရမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ တောင်းထားတဲ့ ဆုတွေသည်ကားလို့ ဆိုလု့ိရှိရင် မနည်းပါဘူး၊ (မနည်းပါ ဘုရား) တောင်းတဲ့ဆုကလဲ ဘာနဲ့တောင်းတုံးလို့ မေးပြန်တော့လဲ တဲ့၊ အဝိဇ္ဇာနဲ့ပဲ တောင်းတယ်၊ (မှန်ပါ့ ဘုရား)။
နောက်ဘဝ လူဖြစ်ရပါလို့၏ဆိုတော့ ဒါဟာဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒါဟာ လူပေါ့ဗျာ သမုတိသစ္စာ နဲ့ပြောရင်၊ (မှန်ပါ့) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟာ ဘာပါလိမ့်၊ (လူပါ ဘုရား) လူဖြစ်ရပါလို့၏-ဆိုတော့ ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာ အုပ်ချုပ်ပြီး သင်္ခါရနဲ့ တောင်းထားတယ်၊ (မှန်ပါ့ ဘုရား) မတောင်းဘူးလား၊ (တောင်းပါတယ် ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒုက္ခငြိမ်းရာ ရှာလိုက်တာ ဒုက္ခပဲ တောင်းယူမိရက် ကြုံတယ်၊ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ လူ့ဘဝ, နတ်ဘဝဆုတောင်းတာသည် သမုဒယသစ္စာနဲ့ တောင်းတာ (မှန်ပါ့) ရတော့ဘာရလဲ၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)။
ဒါ ဦးလှဘူးတို့ရှေးက မသိခင်တုန်းကတော့ ကျုပ်ဖြင့်ဗျာ-ဆုတော့ဖြင့် ကောင်းကောင်းတောင်းခဲ့တာ (ပြောခဲ့ပါ တယ် ဘုရား) ဆုကောင်းကောင်း တောင်းခဲ့တာပဲ တဲ့၊ ဒီဘဝ နေရ-ထိုင်ရတာ အချိုးမကျတာနဲ့၊ (မှန်ပါ့) ဒကာကြွယ်တို့လဲ ဒီအတိုင်းပြောခဲ့တယ်၊ (ပြောခဲပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့ မသိလို တောင်းခဲ့တာ
အင်း-ဘာတွေတောင်း၊ နောင်ဘဝကျလို့ရှိရင် လူချမ်းသာ, နတ်ချမ်းသာ လိုချင်တယ်၊ ဒီအဖြစ်မျိုးဖြင့် မကြုံရပါစေနဲ့၊ မဆုံရပါစေနဲ့၊ ဒီ့ထက်ချမ်းသာတဲ့ လူချမ်းသာ, နတ်ချမ်းသာကိုသာ လိုချင်ပါတယ်ဆိုပြီး ကျုပ်တော့ အတောင်းကြီး တောင်းခဲ့တာပဲ၊ (မှန်ပါ့ ဘုရား) ဘာနဲ့တောင်းခဲ့သလဲ၊ (အဝိဇ္ဇာနဲ့ တောင်းခဲ့ပါတယ်) ဒီအဝိဇ္ဇာနဲ့ မသိလို တောင်းခဲ့တာ၊(မှန်ပါ့) အဝိဇ္ဇာမသိတော့ သင်္ခါရက-(တောင်းခဲ့ပါတယ် ဘုရား)။
သင်္ခါရစေတနာလုပ်ပြီး တောင်းထဲတဏှာတွေနဲ့ တောင်းချလိုက်တယ်၊ (မှန်လှပါ) ဒီဘဝဆင်းရဲလို့ တောင်းချ လိုက်တယ်၊ (တောင်းပါတယ် ဘုရား) တောင်းတော့ နောင်ဘဝဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) မှားလိုက် တဲ့ တောင်းချက်နှယ်၊ (မှားပါတယ် ဘုရား) ဒကာ ဒကာမတွေ ဘယ်လိုဖြေကြမယ်၊ (တောင်းချက် မှားပါတယ် ဘုရား)။
တောင်းလိုက်တာဖြင့် တစ်ခါတည်း-တဲ့၊ နောင်ဘဝ ချမ်းသာဆိုပြီး ကျုပ်တော့ဖြင့် အတင်းအဓမ္မ တောင်းခဲ့တာပဲ၊ ဒီတစ်ခါတော့ သက္ကစ္စလဲပါ-ပါတယ်ဗျာ၊ တကယ်ပဲနောက်ဘဝချမ်းသာတော့ လိုချင်ပါတယ်၊ နောက်ဘဝ ပါတယ်နော်၊ (ပါ-ပါတယ် ဘုရား)။
နောက်ဘဝချမ်းသာတော့ ကျုပ်တော့တကယ်တွေ့မှာပဲ၊ ဒါ့ကြောင့် ရှေးတုန်းကတော့ဖြင့် တော်အောင်, ရော်အောင်တောင်းခဲ့ပါတယ်၊ (မှန်ပါ့) အခုတော့ဖြင့် ကျကျနနပဲ တောင်းခဲ့ပါတယ်၊ နောက်ဘဝ ဒီလိုဆင်းရဲတဲ့ကိစ္စ မရှိပါရစေနဲ့ဆိုတာကို ကျုပ်အရေးတကြီးထားပြီး တောင်းခဲ့တယ်၊ ဒကာကြွယ်-ပြောချင်ပြောမယ်၊ (ပြောခဲ့ပါတယ် ဘုရား) ပြောလို့လွဲတယ်၊ (လွဲပါတယ် ဘုရား) ဘယ်လိုဆိုကြမယ်၊ (ပြောလို့လွဲပါတယ် ဘုရား) ပြောတာက သမုဒယသစ္စာ၊ လွဲတာက ဒုက္ခသစ္စာ၊ (မှန်ပါ့)။
ကြပ်ကြပ်တောင်းလေ ဒုက္ခသစ္စာရလေပဲ၊ (မှန်ပါ့ ဘုရား) ကြပ်ကြပ်တောင်းလေ (ဒုက္ခသစ္စာ ရလေပါပဲ ဘုရား) ဪ -ဘာဖြစ်လို့တုံးဆိုတော့ မသိလို့တောင်းတာ၊ (မှန်ပါ့ ဘုရား) ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား) မသိလို့တောင်းတာ (သမုဒယသစ္စာပါ ဘုရား) တောင်းလို့ပြည့်တာ၊ (ဒုက္ခသစ္စာပါ ဘုရား)။
သွားကြတော့ ခင်ဗျားတို့၊ ခင်ဗျားတို့ ဘုန်းကြီးနဲ့ လာမတွေ့ရင် အသေပဲ၊ (အသေပါ ဘုရား) သေလို့ကို မဆုံးတော့ဘူး၊ (မှန်လှပါ ဘုရား) ဆုံးစရာများ မြင်သေးရဲ့လား၊ (မမြင်ပါ ဘုရား)။
အဲဒါဟာတဲ့၊ ဒကာကြွယ် စကားကြီး ပြောတယ်လို့ မယူနဲ့နော်၊ (မယူပါ ဘုရား) ဒကာကြွယ်တို့ အသိဟာ အင်မတန်မှ ဆိုးဝါးနေတယ်၊ (ဆိုးဝါးပါတယ် ဘုရား) မဆိုးဝါးဘူးလား၊ (ဆိုးဝါးပါတယ် ဘုရား)။
ဘာဖြစ်ဖြစ် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ခင်ဗျားတို့ကကြိုက်တယ်၊ (မှန်ပါ့) မသိလို့ကြိုက်တာပေါ့၊ (မသိလို့ကြိုက်တာပါ) ကြီးတော့ ငယ်ဒုက္ခလား-ကြီးဒုက္ခလား၊ (ကြီးဒုက္ခပါ ဘုရား) ဒီထက်ကြီးပြန်တော့ (ဒ့ီထက်ကြီးတဲ့ ဒုက္ခပါ ဘုရား)။
အဲဒါ ဒကာကြွယ်တို့က တိုက်လဲကြီးကြီး နေချင်တယ်၊ ကားလဲကြီးကြီး စီးချင်တယ်၊ စိန်လဲကြီးကြီးဝတ်ချင်တယ်၊ ဆိုတာ ဘာသစ္စာတွေထင်ကြသလဲ၊ (ဒုက္ခသစ္စာတွေပါ ဘုရား)။
ဘယ်သူ့ကြောင့် ဒီလောက်တောင် အမိုက်ရဲပါလိမ့်
ဒါ ဘယ်သူ့ကြောင့် ဒီလောက်တောင် အမိုက်ရဲပါလိမ့်မတုံးလို့မေးတော့ ဒီက အဝိဇ္ဇာက မသိအောင် လုပ်ထားလို့၊ (မှန်ပါ့) ဒါမိုက်ရူးရဲသာဖြစ်တယ်၊ မဖြစ်ဘူးလားဖြစ်သလား၊ (ဖြစ်ပါတယ် ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) သိပ်ဆိုးပါကလား ဒကာ ဒကာမတို့၊ (ဆိုးပါတယ် ဘုရား)။
ဒကာသစ်ရေ-ဒီတရားမျိုးနဲ့ ဒီအမှန်တရားကို မသိရလို့ရှိရင်ဖြင့် ဒီ့ထက်ကိုယ်ကျိုးနည်းမရှိပါဘူး၊ (မရှိပါ ဘုရား) ရှိကြသေးရဲ့လား၊ (မရှိပါ ဘုရား) သေသေချာချာ နားကြီးကြီးနဲ့ ထောင်တော့မှ ဪ ဒို့နေခဲ့ရတာ အလွဲနဲ့အချော်ချည်း ပါကလားဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ဘယ်လိုပေါ်လာကြသတုံး၊ (အလွဲနဲ့ အချော်ချည်းပါ ဘုရား)။
ခဏလေးနေရတာ၊ (မှန်ပါ) လူ့ဘဝကို စတုမဟာရာဇ် နတ်ပြည်အနေနဲ့ တွက်မယ်ဆိုလို့ရှိရင် လူ့ပြည်အနှစ် ငါးဆယ်မှ စတုမဟာရာဇ်က တစ်ရက်ရှိသေးတယ်။ (မှန်ပါ့) သူတို့ တစ်ရက်ခွဲလောက်ဆိုရင် ဒီကသေပြီ၊ (သေပါပြီ)။
ဒါဖြင့် တစ်ရက်ခွဲ အသက်ရှင်တာပေါ့၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တစ်ခါ တာဝတိံသာကနေ့တွက်တော့ တာဝတိံသာက လူ့ပြည်အနှစ်တစ်ရာမှ သူကတစ်ရက် ရှိသေးတယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် တစ်ရက်အတွင်း မွေး၊ တစ်ရက်အတွင်းသေ၊ တစ်ရက်အတွင်း သေပေါ့ (မှန်ပါ့ ဘုရား) ဘယ်လောက် တိုတယ်ဆိုတာကော၊ (ပြောဖို့မလိုပါ ဘုရား) အဲဒီ တိုတဲ့အထဲမှာ ခင်ဗျားတို့ကလဲတဲ့၊ ဒီလောက်တိုနေတဲ့ အထဲမှာ ဒီမိုက်ပြစ်တွေက ပေါ်သေးတယ်၊ (ပေါ်ပါတယ်) သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်၊ (မှန်ပါ့) ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပြန်လုပ်တယ်၊ (ပြန်လုပ်ပါတယ် ဘုရား)။
မိုက်ဖြစ်အောင် မိုက်သေး
ကဲ ဒီလောက်တိုတဲ့ အထဲမှာ မိုက်ဖြစ်အောင် မိုက်သေးတယ်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) အသက်တမ်းကလဲ (တိုပါတယ် ဘုရား) တိုတဲ့အထဲမှာ (မိုက်ဖြစ်အောင်လဲ မိုက်ပါသေးတယ်) မတော်-မမိုက်မိရလိုက်မှာ စိုးလို့လား၊ (မဟုတ်ပါ ဘုရား)။
ဒကာကြွယ် ဒါပဲ မေးစရာ ရှိတော့တယ်၊ (မှန်လှပါ ဘုရား) ဒီလောက်တိုတဲ့အထဲမှာ ကပျာကယာ မိုက်လိုက်ရ တယ်ဆိုတဲ့ အဓိပ္ပာယ်ကော (ရောက်ပါတယ် ဘုရား) ဒီဒကာ ဒကာမတွေ ဖြစ်မှဖြစ်ရပလေတယ်၊ (မှန်ပါ့)။
ဒကာသစ် ဒီအထဲမှာ အခုရောင်းလိုက်, ဝယ်လိုက်, ပြောလိုက်, ဆိုလိုက်, လုပ်လိုက်, ကောက်လိုက်, ညစ်လိုက် ဆိုတဲ့ အသွားတွေလဲ ခင်ဗျားတို့ကလဲ မလွဲသာလို့လုပ်တာဘဲ၊ (မှန်ပါ့ ဘုရား)။
မလွှဲသာဘက်က ဘာဖြစ်လို့ မလွှဲသာတာတုံး ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာကရှိပြီး သကာလနေတော့ ဒါတွေဟာ သားတွေမယားတွေပဲ ဖြစ်နေတယ်နော်၊ (မှန်ပါ့)။
အဝိဇ္ဇာက လုပ်ထားတယ်
ဒီဘဝ အဝိဇ္ဇာက ဒါတွေ သားတွေ မယားတွေပဲ-တဲ့၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာတွေကို ဘာတွေလို့လုပ်ထားသလဲ၊ (သားမယားတွေ လုပ်ထားပါတယ် ဘုရား) သားမယားတွေလို့လုပ်ထားတယ်၊ ငါလိုလိုပ်ထား တယ်၊ (မှန်ပါ့ ဘုရား) ဒါဘယ်သူက လုပ်ထားတာပါလိမ့်၊ (အဝိဇ္ဇာက လုပ်ထားပါတယ် ဘုရား)။
အဝိဇ္ဇာက မသိအောင် တစ်ခါတည်း ဒုက္ခသစ္စာဖုံးထားလိုက်တော့ ဒါတွေဟာ သားတွေ မယားတွေဟာ ငါ၏ကိုးစားရာ အားထားရာ ငါကျွေး, ငါမွေးမှလှမှာ, ဝမှာတွေ အစရှိသည်ဖြင့် မလာဘူးလား၊ (လာပါတယ် ဘုရား) လာတော့တစ်ခါတည်းတဲ့၊ အချိန်တိုရတဲ့အထဲမှာ လိမ်မကွာ, ကေက်မကွာ, ကျစ်မကွာ, ရောင်းမကွာ, ဝယ်မကွာ ဆိုပြီးသကာလ သုမဒယသစ္စာတွေ ပြန်ပြီးပွားတယ်၊ (ပွားပါတယ် ဘုရား)။
ဒုက္ခရောက်ရတဲ့အထဲကနေပြီး သကာလမိုက်ပွဲ, ဆင်နွှဲပြန်တယ်၊ (ဆင်နွှဲပါတယ် ဘုရား) ဒုက္ခရောက်နေတဲ့ အထဲက၊ (မိုက်ပွဲ ဆင်နွှဲပါတယ် ဘုရား)။
ဒါက ဒုက္ခသစ္စာကိုး၊ ဒီအထဲကနေပြီ ဒီသမုဒယသစ္စာတွေဆိုတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ဟာမိုက်ပွဲဆင်တာ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ် (ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ မိုက်ပွဲဆင်တာပါ ဘုရား) ဒကာကြွယ်တို့မတွေ့ရင် အခက်ကြီးဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။
ဒုက္ခရောက်နေတာက ခန္ဓာကြီးမဟုတ်လား (မှန်ပါ့) ၂-နံပါတ်ထဲ မရောက်ကြဘူးလား၊ (ရောက်ပါတယ် ဘုရား) ဘာသစ္စာထဲ ရောက်နေသလဲ၊ (ဒုက္ခသစ္စာထဲ ရောက်နေပါတယ်)။
ဒုက္ခထဲမှာ မိုက်ပွဲဆင်တယ်
အဲဒီထဲကနေပြီး ခင်ဟယ်, မင်ဟယ်, စိုးရိမ်ဟယ်, ငါ့ကိုယ်ငါ့ဟာတွေလုပ်နေတဲ့ သမုဒယတွေ အဝိဇ္ဇာတွေ ဒကာကြွယ်-မလာဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ဒုက္ခထဲမှာ မိုက်ပွဲဆင်တယ်၊ ဘယ်လိုဆိုကြမယ်၊ (ဒုက္ခထဲမှာ မိုက်ပွဲဆင်ပါတယ် ဘုရား)။
ဒုက္ခထဲမှာ မိုက်ပွဲဆင်နေတယ်ဆိုတာ ဒကာ ဒကာမတွေ မြည်တယ်, တွန်တယ်ဆိုတာက ဘုန်းကြီးကပါးစပ်က ထွက်တာ ခင်ဗျားတို့က အလုပ်, လုပ်တဲ့ပုဂ္ဂိုလ်တွေ၊ မိုက်ပွဲဆင်တာက ခင်ဗျားတို့က အလုပ်, လုပ်တာပဲ၊ (မှန်ပါ့) ဘုန်းကြီးက ပါးစပ်နဲ့ပဲပြောတာ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
ခင်ဗျားတို့ဒုက္ခထဲမှာ မိုက်ပွဲဆင်နေကြတယ်လို့ပြောတော့ မောင်ဘသော်တို့က နာချင်နာမယ်၊ (မှန်ပါ့ ဘုရား) ဒီကအပြောသာရှိတယ်(မှန်ပါ့) ကိုယ်ကအလုပ်ဖြစ်တယ် (မှန်ပါ့)။
အဲဒီတော့-အလုပ်သမားနဲ့ အပြောသမား အပါယ်သွားတော့ကို ဒကာ ဒကာမတို့ အပြောသမားက ဆုံးမတာ၊ (မှန်ပါ့) အလုပ်သမားက အပါယ်သွားရတယ်၊ (သွားရပါတယ်ဘုရာ)။
ကဲ-အပြောသမားက ဆိုးသလား၊ အလုပ်သမားက ပိုမိုခရီးရောက်သလား၊(အလုပ်သမားက ပိုမိုခရီးရောက်ပါ တယ် ဘုရား) အပါယ်အရောက်သွားတာ၊ (ရောက်ပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။
အဲဒီတော့-ခင်ဗျားတို့ ငေါ့ကြ, စောင်းကြ ခဏကလေးနေတဲ့ အထဲမှာပဲ ဟိုနဲ့ မတဲ့ ဒီနဲ့ မတဲ့ ရှုပ်နေတာပဲ၊ (ရှုပ်ပါတယ် ဘုရား) ဟာ ဘာတွေပွားနေတာတုံးဆိုတော့ အို ဒုက္ခထဲ မိုက်ပွဲဆင်တာပါဘုရား၊ (မှန်ပါ့ ဘုရား) ဒုက္ခ ရောက်နေတဲ့အထဲမှာ၊ (မိုက်ပွဲဆင်တာပါ ဘုရား)။
နောက်ဒုက္ခမျှော်ကိုးလို့
ဘာဖြစ်လို့တုံးဆိုတော့ နောက်ဒုက္ခမျှော်ကိုးလို့ပေါ့၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘာမျှော်ကြတာလဲ၊ (နောက်ဒုက္ခ မျှော်ကိုးတာပါ ဘုရား) နောက်ဒုက္ခဒီထက်ကြီးတာ လာမလား။ သေးတာ လာမလား၊ (ဒီ့ထက်ကြီးတာ လာပါမယ် ဘုရား)။
အံမာလေး-ဒကာ ဒကာမတို့ ခင်ဗျားတို့-ခင်ဗျားတို့- မိုက်ပုံတွေက တူးချစ်နေပြီ၊ (မှန်လှပါ ဘုရား) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)
ဒကာကြွယ်ကြီးတို့ တော်, တော်သေးတယ်၊ နောက်ပိုင်း ချိတ်မိတာတော်၊ အသေစောရင် မချိတ်မိဘူးလား အောက်မေ့ (မချိတ်မိပါ) ဒကာ ဒကာမတွေကော ချိတ်မိနိုင်ပါ့မလား (မချိတ်မိနိုင်ပါ ဘုရား) အသေစောရင် ဒီထဲ ဒကာ ဒကာမတွေ ဘယ်သူမှ မချိတ်မိနိုင်ဘူး၊ (မချိတ်မိနိုင်ပါ ဘုရား)။
ယနေ့တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ရလို့ရှိရင်ဖြင့် ဒီစက်ဝိုင်းဇာတ်ဖြင့် အစက သိမ်းပဟလို့မှတ်၊ (မှတ်လှပါ ဘုရား) အဝိဇ္ဇာ ကဝိဇ္ဇာဖြစ်လာရင်လေ၊(မှန်ပါ့) စက်ဝိုင်းဇာတ် အစက သိမ်းမယ်ဆိုတော့ ဒီအစကို သိမ်းပေးမှာ၊ ဒီနေ့တရားက နော်၊ (မှန်ပါ့ ဘုရား)။
ကိုင်း-ဒကာကြွယ် ဘယ်လောက် အဖိုးတန်မယ်ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) နာရီဝက်ကျော်သွားပြီတဲ့ ဒကာ ဒကာမတွေ အပြစ်ပြနေတာ (မှန်ပါ့ ဘုရား) အပြစ်ပြနေတာ။
အတော် ဂြိုလ်မွေတဲ့တရား
ကဲဇာတ်သိမ်း အဝိဇ္ဇာတစ်ခုထဲဖြင့် အတော် ဂြိုလ်မွေတဲ့တရားပဲ၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာဟာ တော်, တော် ဂြိုဟ်မွှေတဲ့တရားပဲ၊ (မှန်ပါ့)သူ့ကြောင့် သမုဒယသစ္စာဖြစ်၊ သူ့ကြောင့် ဒုက္ခသစ္စာဖြစ်၊ (မှန်လှပါ ဘုရား)။
မသိလို့ ဒုက္ခသစ္စာဖြစ်၊ (မှန်ပါ့) တစ်ခါမသိပြန်လို့ သမုဒယသစ္စာ၊ (ဖြစ်ပါတယ် ဘုရား) နောက်ကျတော့ အကျိုးဖြစ်ပြန်တော့လဲ ဒုက္ခသစ္စာဖြစ်၊(မှန်လှပါ ဘုရား) အင်း ဟင် ဒုက္ခသစ္စာမသိပြန်တော့၊ (သမုဒယသစ္စာဖြစ်ပါ တယ် ဘုရား)။
သမုဒယသစ္စာဖြစ်ပြန်တော့နောက်ဘာသစ္စာလာပြန်သတုံး (ဒုက္ခသစ္စာလာပါတယ် ဘုရား) အဲဒီဒုက္ခသစ္စာမသိ ပြန်ဘူးဗျာ (သမုဒယသစ္စာဖြစ်ပါတယ် ဘုရား)။ ဒါဖြင့်နောက်ဘာရမှာတုံး၊ (ဒုက္ခသစ္စာရမှာပါ ဘုရား) အဲဒီ ရ, တဲ့ ဒုက္ခသစ္စာမသိပြန်ဘူးဗျာ၊ (သမုဒယသစ္စာပါ ဘုရား) ဆုံးနိုင်ပါ့မလား၊ (မဆုံးနိုင်ပါ ဘုရား) ဂျာအေး သူ့အမေရိုက်ကလဲ လာသေးတယ်၊ ဒါလဲရကို မရဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတု့ိ ဒကာ ဒကာမတွေဟာတဲ့ ဒီဟာ နေက်ဆုံးပိတ် ဘဝထားပြီးတော့ကို ကိုင်း- အဝိဇ္ဇာဖြင့် ဒို့ဖမ်းမိပါပြီ၊ မင့်ကြောင့် ဒို့ဒုက္ခဖြစ်တာ၊ မင်းကို ဝိဇ္ဇာဖြစ်အောင် ယနေ့ဒို့ကြိုးစားတော့မယ်၊ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာကဝိဇ္ဇာဖြစ်အောင်
အဝိဇ္ဇာကဝိဇ္ဇာဖြစ်အောင် ကြိုးစားတော့မယ်ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားတော့ အဝိဇ္ဇာချုပ်တယ်၊ (မှန်ပါ့ ဘုရား) မချုပ်ဘူးလား၊ (ချုပ်ပါတယ် ဘုရား) အဝိဇ္ဇာချုပ်သွားလို့ရှိရင် ဒီသင်္ခါရ မချုပ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။ မရတော့ပါဘူး ဒကာ ဒကာမတို့ ဒီအဝိုင်းဇာတ် အစက ဖြတ်တာပဲ၊ (မှန်ပါ့ ဘုရား) ဒီအဝိုင်းဇာတ်ကို (အစကဖြတ်တာပါ ပဲ ဘုရား)။
အစက ဖြတ်တာပဲဆိုတော့ ဒကာကြွယ်..ငတ်သေချင်သေပေစီ၊ ဒီ-ဖြတ်တဲ့အလုပ် လုပ်ဗျ၊ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ ဘယ်လိုများ ဆုံးမ, ပါလိမ့်၊ (ငတ်သေချင် သေပေစေ၊ ဒီဖြတ်တဲ့အလုပ်ကို လုပ်ပါ) ဒီ-အဝိဇ္ဇာကို ဖြတ်မယ်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာဖြတ်တဲ့ အလုပ်ဆိုတာ ဝိပဿနာအလုပ်ပါပဲ၊(မှန်ပါ့ ဘုရား)။
ငတ်သေချင်သေပေစေကွာ ဒါလုပ်မယ်၊ သူများကအေး-မင်း ဒီအလုပ်ချည်း လုပ်နေ ငတ်သေမယ်၊ အို-ငတ်သေတာက အရေးမကြီးဘူး၊ အပါယ်ကျမှာက အရေးကြီးတယ်၊ သဘောကျပလား၊ (ကျပါပြီ) ငတ်သေတာတာ -အရေးကြီးသတုံး-ဒကာ ဒကာမတွေရဲ့၊ အပါယ် လွတ်သွားလိမ့်မယ်၊ (မှန်ပါ့ ဘုရား) ဝ, ပြီးသကာလ သေငြားသော်လဲ အပါယ်မလွတ်လို့ရှိရင် ဒကာကြွယ် ဘယ်အကောင်းလို့ ဆိုနိုင်ပါ့မလဲ၊(မဆိုနိုင်ပါ ဘုရား)။
ငတ်သေနဲ့ အပါယ်ကျ ဘယ်ဟာကြိုက်သတုံး
ဒါ့ကြောင့် ဒကာသစ်ရေ ငတ်သေနဲ့ အပါယ်ကျ ဘယ်ဟာကြိုက်သတုံး၊ (ငတ်သေကြိုက်ပါ ဘုရား) ဒကာကြွယ်- ဒါ ဆုံးဖြတ်ချက် ကျပလား၊ (ကျပါပြီ ဘုရား) ဘယ်လိုကျသလဲ၊ (ငတ်သေကြိုက်ပါတယ် ဘုရား) ငတ်သေနဲ့ အပါယ်ကျကို ဘယ်ဟာကို ပိုအဓိကထားမလဲ၊ (ငတ်သေကို အဓိကထားပါမယ် ဘုရား)။
ငတ်လဲမသေပါဘူးဗျ၊ (မှန်ပါ့ ဘုရား) ကိုယ့်အတိတ်ကံတွေကလဲရှိပါသေးတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) အပါယ် ကျရှောင်ဖို့ပါပဲ (မှန်ပါ့ ဘုရား) သဘောပါပလား၊ (ပါ-ပါပြီ ဘုရား) အပါယ်ဆိုတာတော့ ဘုန်းကြီးဟောကို မဟောချင် တော့ဘူး၊ (မှန်ပါ့ ဘုရား)။
အပါယ်အကြောင်း ပြောရမယ်ဆို မဆုံးဘူးဟေ့တဲ့
ဒကာကြွယ်-ဘယ်လောက်ဆင်းရဲတယ် ဆိုတာတော့ ပြောကိုပြောလို့မဆုံးဘူး၊ (မှန်ပါ့ ဘုရား) ဘုန်းကြီးတို့လို အညံ့စား အသာထားပါ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုက အပါယ်အကြောင်း ငါပြောရမယ်ဆို မဆုံးဘူးဟေ့တဲ့၊ (မှန်လှပါ ဘုရား) ဘုန်းကြီးတို့လောက် နှုတ်လေးတဲ့ပုဂ္ဂိုလ်, ဉာဏ်နှေးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်ပြောကုန်တော့မလဲ၊ (မှန်ပါ့ ဘုရား)။
ဘုရားဟာ အင်မတန် ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်၊ အပြောကလဲ သွက်ပါဘိနဲ့၊ အဲဒါဘုရားဖြစ်တဲ့နေ့ကပြော၊ ပရိနိဗ္ဗာန်စံသည်တိုင်အောင် အပါယ်ဒုက္ခတွေ ပြောမယ်ဆိုလို့ရှိရင် ဒကာကြွယ် မဆုံးဘူး၊ (မှန်လှပါ) အဲဒီလောက် ကြီးကျယ်တဲ့ဒုက္ခကြီးကို ဒကာ ဒကာမတွေက အပေါ်ယံကလေး မှတ်မနေလိုက်ပါနဲ့(မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အပါယ်နဲ့ ငတ်သေ ဘယ်ဟာကို ကြိုက်ကြသတုံး၊ (ငတ်သေ ကြိုက်ပါတယ် ဘုရား) ငတ်သေကြိုက်ပါ၊ (မှန်ပါ့ ဘုရား) ဒါ-အကြီးဆုံး အဆုံးအမ, နော် (မှန်ပါ့)။
ငတ်သေတဲ့ ကိစ္စသည် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ကံတွေပါတဲ့ အတွက် ဥပမာ- ဒကာကြွယ်ရှိတယ်၊ ငါ ဘာမှမလုပ်တော့ဘူးဟေ့ အပါယ်ကျမှာကြောက်တယ်ကွာ၊ ဒုက္ခထဲကတော့ သမုဒယ မမိုက်ချင်တော့ဘူး၊ (မှန်ပါ့ ဘုရား)။
နဂိုက ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးရ, ထားတဲ့ အထဲက တစ်ခါ ဒုက္ခထဲကမိုက်ပွဲဆင်ရတယ်ဆိုတာတော့ဖြင့်ကဲ မဆင်နိုင်တော့ဘူးဟေ့ မတတ်နိုင်တော့ဘူး၊ မကျွေးချင်လဲ နေကြတော့၊ (မှန်ပါ့) မခေါ်ချင်လဲနေကြတော့၊ ငါတစ်ယောက် မရှိဘူးလို့ ဆုံးဖြတ်ချက်ချထားလို့ မှာထားပါ၊ (မှန်ပါ့ ဘုရား) အဲဒါအကောင်းဆုံးပဲ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ခိုင်းစရာလူလဲ ငါ့မှာမရှိဘူး၊ တိုင်ပင်စရာလဲ မရှိဘူး၊ တိုင်ပင်လို့ရှိရင်လဲ မဟုတ်တာတိုင်ပင်ဦးမှာကိုး၊ (မှန်လှပါ) အဲ တိုင်ပင်စရာလူလဲမရှိဘူး၊ မောင်ကြွယ်တစ်ယောက်တော့ မရှိတော့ဘူးလို့ မင်းတို့အိမ်သားတွေက မှတ်ထားဟေ့၊ (မှန်လှပါ ဘုရား)။
ဒုက္ခထဲကနေ သမုဒယပွားလာမှာ
ဒီကျအောင် ပြောထားလိုက်ပါ၊ (မှန်ပါ့) နို့မို့လို့ရှိရင် ဒုက္ခထဲက မိုက်ပွဲဆင်လိုက်လိမ့်ဦးမယ်၊ (မှန်ပါ့) ဒုက္ခထဲကနေ သမုဒယပွားလာမှာကိုး၊ (ပွားလာမှာပါ ဘုရား) ပွားလာရင် ဒီဒုက္ခလေးက ဘာတုံး (မိုက်ပွဲပါ ဘုရား)။
မိုက်ပွဲဆင်ဦးမှာ၊ ဒုက္ခရောက်နေ အထဲက မိုက်ပွဲဆင်ဆိုတော့ ထောင်ကျနေတဲ့ ပုဂ္ဂိုလ်က ထောင်ထဲမှာ ရိုက်ပွဲဆင်လို့ နှစ်ထပ်တိုးပြန်ဖြစ်မှာ၊ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ထောင်ကျနေတာက ဒုက္ခရောက်နေတာ၊ (မှန်ပါ့) ဒီထဲတွင် မိုက်ပွဲဆင်လိုက်တဲ့အတွက် နှစ်ထက်တိုး၊ အရင် ဆယ်နှစ်ကျရင် အနှစ်နှစ်ဆယ်ကျမယ်၊ (မှန်လှပါ ဘုရား) မဖြစ်ပေဘူးလား၊ (ဖြစ်ပါတယ် ဘုရား) ကဲ-ဒကာကြွယ် ဒုက္ခထဲက မိုက်ပွဲဆင်တဲ့ ကိစ္စအတော်ဆိုးဝါးတယ်၊ (ဆိုးဝါးပါတယ် ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် ပြတ်ပြတ်သားသား ဟောနေတယ်လို့ ဒကာကြွယ်က မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) အခု ပြတ်ပြတ်သားသား ဟောတာသည် ခင်ဗျားတို့၏ ပြင်ဆင်မှု၊ (မှန်ပါ့) ဒုက္ခခပ်သိမ်း ငြိမ်းမှုပါပဲဆိုတာ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား)။
ကဲ-ကျေနပ်ပလား၊ (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် ဒုက္ခထဲမှာ မိုက်ပွဲဖြင့် မဆင်တော့ါပဘူးဆိုတာ ဆုံးဖြတ်ချက် ချလိုက်တာပေါ့၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဘယ်ကနေဖြတ်မှာ လိမ့်မတုံး
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဖြတ်လမ်းဟောတော့မယ်နော်၊ (မှန်ပါ့ ဘယ်ကနေဖြတ်မှာ လိမ့်မတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ ဒီအဝိဇ္ဇာတော့ ဖြတ်တော့ဖြတ်မှာပဲ၊ သို့သော် ဒီအဝိဇ္ဇာကြောင့် ဒီသင်္ခါရက ဖြတ်တော့ ဒီအထဲလဲကျုပ်တို့ကရောက်နေတယ် (ရောက်ပါတယ် ဘုရား)။
ဒီအထဲမှာ တစ်ခါ ခုနကပြောတဲ့ အဝိဇ္ဇာတို့မိုက်ပွဲတွေဟာ ဒီခန္ဓာထဲက ထွက်လာဦးမှာ၊ (မှန်ပါ့) မထွက်ပေဘူး လား၊ (ထွက်ပါတယ် ဘုရား) ထွက်လာလို့ရှိရင် ဒီမှာကြည့်ပါလား၊ သင်္ခါရ, အဝိဇ္ဇာ, ဘဝ, ဥပါဒါန်, တဏှာ, မလာပေဘူး လား၊ (လာပါတယ် ဘုရား)။
ဒါ-ဘယ်ထဲက လာသလဲ ဒီခန္ဓာထဲက ဒုက္ခထဲကပဲ မိုက်ပွဲဆင်တာ (မှန်ပါ့) ဒုက္ခသစ္စာထဲက၊ မိုက်ပွဲဆင်တာပါ ဘုရား) အဲဒုက္ခသစ္စာထဲက မိုက်ပွဲဆင်တာသည် ဆိုတော့ ဒါဖြင့် ယခုမိုက်တဲ့အဝိဇ္ဇာဟာလဲ ဒီခန္ဓာထဲက ပေါက်ပွားတာပဲ၊ (ပေါက်ပွားတာပါပဲ ဘုရား) မပွားဘူးလား၊ (ပွားပါတယ် ဘုရား)။
သူ့ကြည့်ချင်လို့ရှိရင် ဒီအတိုင်းကြည့်လိုက်၊ အဝိဇ္ဇာ ပါ-မပါ(ပါ,ပါတယ် ဘုရား) မပွားဘူးလား၊ (ပွားပါတယ် ဘုရား)။
သူ့ကြည့်ချင်လို့ရှိရင် ဒီအတိုင်းကြည့်လိုက်၊ ဒီအဝိဇ္ဇာကို ကျုပ်တို့က ဝိဇ္ဇာဖြစ်အောင် လုပ်လိုက်၊ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်ရပါမယ် ဘုရား)။
ကိုင်း-ဒါဖြင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တဲ့အကြောင်းကို သံယုတ်ပါဠိတော ထုတ်ပါတော့မယ် (မှန်ပါ့ ဘုရား) ရဟန်း တစ်ပါက မေးတယ် ဒကာ ဒကာမတို့။
ဘယ်လိုသိတဲ့ပုဂ္ဂိုလ်များ
”ကထံ ဘန္တေ ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ”(သဠာယတနဝဂ္ဂသံယုတ်ပါဠိ၊ ၂၅၉)
အရှင်ဘုရား ဘယ်လိုသိတဲ့ပုဂ္ဂိုလ်များ၊ ဘယ်လိုရှုတဲ့ပုဂ္ဂိုလ်များ၊ ဘယ်လိုမြင်တဲ့ ပုဂ္ဂိုလ်များ၊ အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာများ ဖြစ်ပါလိမ့်မလဲ-သူက မေးလိုက်တယ်၊ (မှန်လှပါ ဘုရား)။
အဘယ်ကဲ့သို့သိတဲ့ ပုဂ္ဂိုလ်များ၊ ရှုတဲ့ပုဂ္ဂိုလ်များ၊ မြင်တဲ့ ပုဂ္ဂိုလ်များသည် အဝိဇ္ဇာချုပ်၍ ဝိဇ္ဇာဖြစ်သတုံး၊ ဒါ ရဟန်းတစ်ပါးကမေးလိုက်တာ၊ (မှန်လှပါ) ပေါ်ပလား၊ ပေါ်ပါပြီ ဘုရား) အဘယ်ကဲ့သို့သိ၍ အဘယ်ကဲ့သို့ရှု၍ အဘယ်ကဲ့သို့မြင်တဲ့ ပုဂ္ဂိုလ်များသည် ဝိဇ္ဇာဖြစ်ပါသတုံး၊(မှန်လှပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဒီဒုတိယ ၂ထဲမှာ အဝိဇ္ဇာချုပ်ဖို့ အရေးကြီးတယ်၊ (မှန်လှပါ ဘုရား) ဟိုဥစ္စာကတော့ ကျုပ်တို့ ခန္ဓာနဲ့ ကြွေးဆပ်နေရတာ၊ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အတိတ်အဝိဇ္ဇာ အကြောင်းကြောင့် ယခုခန္ဓာနဲ့ ကြွေးဆပ်နေတာ၊ (ဆပ်နေပါတယ် ဘုရား) ဒီခန္ဓာထဲက အဝိဇ္ဇာမပေါ်ဖို့ အရေးကြီးတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီး)။
ဒါဖြင့် နံပါတ်၂-ကနေပြီး နံပါတ် ၃-မပွားဖို့အရေးကြီးတယ်ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) ၂-က ၃ မပွားဖို့ (အရေးကြီးပါတယ် ဘုရား) အဲဒီတော့ အရေးကြီးတာက ဒီအထဲမှ အဝိဇ္ဇာမပေါ်ဖို့ အရေးကြီးတယ်၊ (မှန်လှပါ ဘုရား) သဘောကျကြပလား၊ (ပါ, ပါတယ် ဘုရား)။
ဖြစ်ပျက်ရှုနိုင်ရင် ရပါတယ်
ကောင်းပြီတဲ့၊ ဒီလိုလုပ်ပါကွာတဲ့
“စက္ခုံစ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ”(သဠာယတနဝဂ္ဂသံယုတ်ပါဠိ၊ ၂၅၉) စက္ခုကို ဖြစ်ပျက်ရှုနိုင်ရင် ရပါတယ်ကွာတဲ့၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
ရူပံ အနိစ္စတော ဇနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ- ရူပါနံ အဆင်းတွေကို ဖြစ်ပျက်ရှုလဲ အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇဖြစ်တယ်၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါတယ်)။ စက္ခု ဝိညာဏံ အနိစ္စတော ဇနတော ပဿတော အဝိဇ္ဇာ ပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ ဝိညာဏ်ရှုပေါ့ဗျနော်၊ (မှန်ပါ့)။
ကဲ-ဒါဖြင့် ခင်ဗျားတို့ ကိုယ့်စိတ်ရှုတာပေါ့၊ (မှန်ပါ့) စိတ်တွေရှုတော့ ဒကာ ဒကာမတို့ ဖြစ်ပျက် မတွေ့ဘူးလား၊ (တွေ့ပါတယ် ဘုရား) ဖြစ်ပါကျဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။
အင်း- ဖြစ်ပျက် ဒုက္ခသစ္စာတွေ့ပြီ၊ (မှန်ပါ့) စိတ်ကလေးတွေ ရှုရှုပေး၊ မြင်ရင် မြင်စိတ်ရှုလိုက်၊ ကြားစိတ်ရှုလိုက်၊ နံစိတ်ရှုလိုက်၊ ကြံစိတ် ရှုလိုက်ပေါ့ဗျာ၊ (မှန်ပါ့ ဘုရား) ယားစိတ်ရှုလိုက်၊ ယံစိတ် ရှုလိုက်၊ ကောင်းစိတ် ရှုလိုက်၊ (မှန်လှပါ ဘုရား)။
ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက် တွေ့လိမ့်မယ်၊ (မှန်ပါ့ ဘုရား) ဘာသစ္စာတွေ့မလဲ၊ (ဒုက္ခသစ္စာတွေ့ပါ မယ် ဘုရား) အဲဒီဒုက္ခသစ္စာတွေ့တော့ နဂိုက ဒုက္ခသစ္စာလို့သာ ပြောတယ်၊ မသိဘူး (မသိပါ ဘုရား)။
ဒီဖြစ်ပျက်မှုဟာ ဒုက္ခသစ္စာ
အခုတော့ဖြင့် ဪ ဒီဖြစ်ပျက်မှုဟာ ဒုက္ခသစ္စာပါကလားလို့ ခန္ဓာထဲမတွေ့ဘူးလား၊ (တွေ့ပါတယ် ဘုရား)။
အဲဒါ အဝိဇ္ဇာလား၊ ဝိဇ္ဇလား၊ (ဝိဇ္ဇာပါ ဘုရား) ဟာ ဒါဖြင့် ၂-နံပါတ်ထဲ ဒကာ ဒကာမတို့၏ အဝိဇ္ဇာ သင်္ခါရပွားသေးရဲ့လား (မပွားပါ ဘုရား) မပွားတော့ဘူး၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ၂-နံပါတ်ထဲမှာ ဒီအဝိဇ္ဇာမပေါ်ဘူး၊ (အပေါ်ပါ ဘုရား) ပေါ်သေးရဲ့လား၊ (မပေါ်ပါ ဘုရား) သူမှမပေါ်ရင် သင်္ခါရကော (မပေါ်ပါ ဘုရား) တဏှာ, ဥပါဒါန်, ဘဝတွေကော၊ (မပေါ်ပါ ဘုရား) မပေါ်ဘူး၊ ပေါ်သေးရဲ့လား၊ (မပေါ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကယ်မည့် ယူမည့်သူသည် ဖြစ်ပျက်ရှုတဲ့အလုပ်ပဲ၊ ဝေဒနာကြိုက် ဝေဒနာ၊ စိတ်ကြိုက် စိတ်ရှုကြ ကဲ-ဒီမှာကြည့်ပါလားတဲ့ မနာယတန ဆိုတာ စိတ်မဟုတ်လား (မှန်ပါ့) ဒါကို ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်ဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ကဲ ဒါနဲ့ကော မကိုက် ဘူးလား၊ (ကိုက်ပါတယ် ဘုရား)။
ဒီထဲမှာပေါ်ပါတဲ့စိတ်ဟာဖြစ်ပျက်ရှုလိုက်တဲ့အခါ ဖြစ်ပျက်က ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား) ဟောဒီကပြောနေတယ်(မှန်ပါ့) ဒီအထဲမှာ ပေါ်တာတွေသာ ရှု၊ ဒုက္ခသစ္စာတဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဝိဇ္ဇာ လာသေးရဲ့လား
အဲဒီတော့ ဖြစ်ပျက် ဒုက္ခသစ္စာမြင်တော့ကို ဒကာ ဒကာမတို့ ဒီခန္ဓာထဲက ဒီအဝိဇ္ဇာ လာသေးရဲ့လား (မလာပါ ဘုရား) ဒီအဝိဇ္ဇာမှမလာဘဲနဲ့ ဒီသင်္ခါရက ဒီအဝိဇ္ဇာ အကြောင်းရှိမှ သူလာမှာ၊ (မှန်ပါ့ ဘုရား) နို့မို့ရင် လာစရာ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကို ဖြစ်ပျက်ရှုရင် အဝိဇ္ဇာပြုတ်တယ် (မှန်လှပါ ဘုရား)သဘောကျပလား၊ (ကျပါပြီ) စိတ်ကို ဖြစ်ပျက်ရှုရင် (အဝိဇ္ဇာပြုတ်ပါတယ် ဘုရား) မြင်စိတ်ဖြစ်ပျက်ရှုရင်၊ (အဝိဇ္ဇာပြုတ်ပါတယ် ဘုရား) ကြားစိတ် ဖြစ်ပျက်ရှုရင်၊ (အဝိဇ္ဇာပြုတ်ပါတယ် ဘုရား)။
အဲဒါဖြင့် စိတ်ဟူသရွေ့ ကိုယ်သန္တာန်ပေါ်သည့် စိတ်ဟူသရွေ့ဖြစ်ပျက်ရှုရင်၊ (အဝိဇ္ဇာပြုတ်ပါတယ် ဘုရား) သဘောပါပလား၊ (ပါ, ပါတယ် ဘုရား) ဒကာကြွယ်တို့ရှုနေတာတွေ ဘယ်လောက်အဖိုးတန်တယ်ဆိုတာပေါ်ရောပေါ့၊ (ပေါ်ပါပြီ ဘုရား) ဝိဇ္ဇာလုပ်နေတာပါ၊ (မှန်လှပါ ဘုရား) ဒုက္ခထဲကနေပြီးသကာလ လိမ္မာပွဲ ဆင်နေတာ၊ (မှန်ပါ့ ဘုရား) ဒုက္ခ ရောက်မှန်းမသိလို့ နောက်ဒုက္ခကြောက်လို့ လိမ္မာပွဲ ဆင်နေတာ၊ (မှန်ပါ့ ဘုရား)။
ဘာမှ ဒီတရားမျိုးကို မနာဖူးတဲ့ပုဂ္ဂိုလ်၊ အားမထုတ်ဖူးတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခထဲက နေပြီးသကာလ လိမ္မာပွဲဆင် တယ်၊ (မှန်လှပါ ဘုရား) နောက်ဒုက္ခကို ကြောက်လွန်းလို့၊ ပေါ်ကြပလား၊ (ပေါ်ပါပြီ) ဒကာကြွယ် သိပ်အဖိုးတန်ပါလား၊ (တန်ပါတယ် ဘုရား)။
ဖြစ်ပျက် မြင်လို့ရှိရင်ဖြင့် ဝိဇ္ဇာလဲဖြစ်၊ မဂ်လဲဖြစ်
ဒါဖြင့် စိတ်တွေဟူသရွေ့ကို ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ရှုစိတ်ဖြစ်ဖြစ်- ရှိုက်စိတ်ဖြစ်ဖြစ်၊ စားချင်တဲ့စိတ်ဖြစ်ဖြစ်၊ အိပ်ချင်တဲ့ စိတ်ဖြစ်ဖြစ် ဘာလုပ်ရမတဲ့၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အင်း-ဟင် ဒုက္ခသစ္စာ၊မြင်တာကဝိဇ္ဇာ, မဂ္ဂ၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒါဖြင့် စိတ်ဖြစ်ပျက် မြင်လို့ရှိရင်ဖြင့် ဝိဇ္ဇာလဲဖြစ်၊ မဂ်လဲဖြစ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ဝိဇ္ဇာဖြစ်တယ်ဆိုတာက အဝိဇ္ဇာတွေ မရှိတော့ဘူး၊ (မှန်လှပါ ဘုရား) မဂ်ဖြစ်တယ်ဆိုတာက ဒီ-ဝိဇ္ဇာသည်ပင်လျှင်မဂ်၊ (မှန်လှပါ ဘုရား)
“နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ”ဆိုတဲ့အတိုင်း ဝိဇ္ဇာမဂ်က နိဗ္ဗာန်ပို့တယ်၊ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီအနာဂတ် သွားပါဦးမလား၊ (မသွားပါ ဘုရား) မသွားတော့ ဒီဘက်ဖြစ်တဲ့ တဏှာ နိရောဓော နိဗ္ဗာနံဘက် သွားလိမ့်မယ်၊ (မှန်ပါ့ ဘုရား) မသွားပေဘူးလား၊ (သွားပါတယ် ဘုရား)။
ဪ -ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိဇ္ဇာဖြစ်ဖို့ ဥစ္စာ အရေးကြီးတယ်၊ (မှန်လှပါ ဘုရား) ဝိဇ္ဇာမဂ် ဖြစ်ဖို့သာ အရေးကြီးသာပါတယ်၊ (မှန်ပါ့) နိဗ္ဗာန်ပို့ပေးပါလို့ တောင်းပန်ရဦးမှာလား၊ (မတောင်းပန်ရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကဲ ဒါတွင်ရှုလို့ ရသလားဆိုတော့ မကသေးပါဘူးကွာတဲ့နော်၊ (မှန်ပါ့) “စက္ခု) သမ္ဖဿဇာ ဝေဒနာ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ” သံယုတ် ပါဠိတော်မှာ၊ (မှန်ပါ့) ဟောဒီ ဝေဒနာတွေကို ရှုနေ့လို့ရှိရင် သုခ, ဒုက္ခ, ဥပေက္ခာရှုလို့ရှိရင်လဲတဲ့၊ ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့မယ်၊ (မှန်လှပါ ဘုရား) ဒီဖြစ်ပျက်ဟာ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာ ပါ ဘုရား)။
ဖြစ်ပျက်တွေ့ရင် ဒုက္ခသစ္စာတွေ့မယ်
အဲဒီတော့ ဖြစ်ပျက်တွေ့ရင် ဒုက္ခသစ္စာတွေ့မယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ဖြစ်ပျက်တွေ့ရင် (ဒုက္ခသစ္စာတွေ့ပါတယ် ဘုရား)။
အင်း ဟင် ဒါဖြင့် ဖြစ်ပျကက်က ဒုက္ခသစ္စာ၊ သိတာက ဝိဇ္ဇာ မဂ္ဂသစ္စာ၊ (မှန်လှပါ) သိတာက (ဝိဇ္ဇာ မဂ္ဂ သစ္စာပါ ဘုရား) အဝိဇ္ဇာ မချုပ်ဘူးလား-ချုပ်သလား၊ (ချုပ်ပါတယ် ဘုရား) ယခုပစ္စုပ္ပန်ဘဝမှာပေါ်တဲ့ အဝိဇ္ဇာ ဘာဖြစ် သွားသလဲ၊ (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတယ်ဆိုတော့ ဒီဒုက္ခပွဲထဲကနေပြီး မိုက်ပွဲလာသေးရဲ့လား၊ (မလာပါ ဘုရား) မိုက်ပွဲဆိုတာ အဝိဇ္ဇာဖြစ်တာကိုဆိုပါတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
ဒီတော့ လိမ္မာပွဲသာ ဖြစ်ပါတော့တယ်၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ) ဘာပွဲဖြစ်သလဲ၊ (လိမ်မာပွဲသာ ဖြစ်ပါတော့တယ် ဘုရား) လိမ္မာပွဲ, ယဉ်ကျေးပွဲပေါ့ဗျာ၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဝိဇ္ဇာ မဂ္ဂ ဖြစ်သွားတယ်
လိမ္မာပွဲ, ယဉ်ကျေးပွဲဖြစ်ပြီးသကာလ နေသောကြောင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါးကိုလှည့်ပြီး ဖြစ်ပျက် သာရှု၊ (မှန်လှပါ ဘုရား) ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ရှုတာက ဝိဇ္ဇာ မဂ္ဂသစ္စာ၊ သဘောကျပလား၊ (ကျပါပြီ) အဝိဇ္ဇာကလဲ ဘာဖြစ်သွားသလဲ၊ (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား) ဝိဇ္ဇာသည် မဂ်ကော မဆိုနိုင်ဘူးလား၊ (ဆိုနိုင်ပါတယ် ဘုရား) အဲ-ဝိဇ္ဇာမဂ္ဂ ဖြစ်သွားတယ်၊ (မှန်ပါ့)။
ဝိဇ္ဇာမဂ္ဂ ဖြစ်သွားတော့ကို ဒကာ ဒကာမတို့ အဝိဇ္ဇာကချုပ်ပြီ၊ (မှန်ပါ့) အဝိဇ္ဇာချုပ်တော့ ဒီထဲမှာ သင်္ခါရကော- (ချုပ်ပါတယ် ဘုရား) တဏှာ, ဥပါဒါန်, ဘဝတွေကော၊ (ချုပ်ပါတယ် ဘုရား) ဒီအဝိုင်းမှာ ကြည့်၊ ဒီဟာ ဆက်နိုင်သေးရဲ့လား၊ (မဆက်နိုင်ပါ ဘုရား)။
မဆက်နိုင်ဘူး-တဲ့၊ ဒီခန္ဓာထဲပေါ်တဲ့ ဒီတရားတွေ ချုပ်သွားတယ်၊ (မှန်ပါ့) ဒီခန္ဓာထဲမှာပေါ်မိတဲ့ ဒီဘက်က တရားတွေချုပ်တယ်၊ (မှန်ပါ့ ဘုရား) ခုနက ဒီခန္ဓာထဲက မိုက်ပွဲဆင်တဲ့သူဟာ ဒါတွေပေါ်တာကိုးဗျ၊ (မှန်ပါ့ ဘုရား)။
လိမ္မာပွဲဆင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအစပ်-စပ်နိုင်သေးရဲ့လား (မစပ်နိုင်ပါ ဘုရား) မစပ်တော့ ဒါမဖြစ်တော့ဘူး၊ မဖြစ်ပါဘူး၊ ၃-နံပါတ် ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ၃-နံပါတ်မှ မဖြစ်လို့ရှိရင် ဒကာသစ် ၄-နံပါတ် ရပါဦးမလား၊ (မရပါ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ) ၃-နံပါတ်မှ မဖြစ်လို့ရှိရင် (၄-နံပါတ် မရပါ ဘုရား) ၄-မရဘူးဆိုသဖြင့် ၄-သည် ဇာတိ, ဇရာ, မရဏ၊ (မှန်ပါ့)။
ဇာတိ မရှိတာ ဘာခေါ်ကြမယ်
ဒါဖြင့် ဇာတိ မရှိတာ ဘာခေါ်ကြမယ်၊ (နိဗ္ဗာန် ခေါ်ပါတယ် ဘုရား) ဇရာမရှိတာ (နိဗ္ဗာန် ခေါ်ပါတယ်) မရဏမရှိတာ၊ (နိဗ္ဗာန်ခေါ်ပါတယ်) ဪ -ဒါဖြင့် ၂-နံပါတ်ပွဲမှာ လိမ္မာယဉ်ကျေးပွဲဆင်လို့ ဒကာ ဒကာမတို့ ၃-နံပါတ်ပျောက်ပြီးသကာလ ၄-နံပါတ် မပေါ်လာတာလဲ၊ (မှန်ပါ့ ဘုရား) ၃-နံပါတ် ပျောက်ပြီးတော့၊ (၄-နံပါတ် မပေါ်လာတာပါ ဘုရား) ရှင်းကြပြီ၊ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါဘာတရားပါလိမ့်မတုံးဆိုတော့ စိတ္တာနုပဿနာ ရှုရှင်လဲ ဝိဇ္ဇာဖြစ်တယ်၊ (မှန်ပါ့) ဝေဒနာနုပဿနာရှုရင်ကော၊ (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာဖြစ်တယ်ဆိုတာ သဘောကျပလား၊ (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီရှုနည်းကို ဘုန်းကြီးက ပြောချင်တာက ဒကာ ဒကာမတို့ ဘုန်းကြီးသင်လို့ ရှုတာတစ်မျိုး၊ (မှန်ပါ့ ဘုရား) ပထမတော့ ဘုန်းကြီးသင်ရမှာပဲ၊ ဝေဒနာပေါ်ရင် ဖြစ်ပျက်ရှုဟေ့၊ (မှန်ပါ့) စိတ်ပေါ်ရင်လဲ (ဖြစ်ပျက်ရှုပေးရပါမယ်) အဲ-သင်ပေးရမယ်၊ (မှန်ပါ့ ဘုရား)။
ကိုယ်ပိုင်ဉာဏ်ဆိုတာ ရောက်လာတယ်
နောက် သင်ပေးတဲ့အခါကတော့ ဪ -ဒါက ဘုန်းကြီးသင်ပေးလို့ သင်တဲ့အမြင်ကို ဒကာ ဒကာမတွေက ပထမတော့ ဘုန်းကြီးသင်ပေးတဲ့အတိုင်းပဲ ဒကာ ဒကာမတွေက ပထမတော့ ဘုန်းကြီးသင်တဲ့အတိုင်းပဲ ဒကာ ဒကာမ တွေရှုကြ၊ (မှန်ပါ့) နောက်ကျတော့ ဒကာ ဒကာမတွေမှာ ဘယ့်နှယ်ဖြစ်လာသတုံးဆိုတော့ ကိုယ်ပိုင်ဉာဏ်ဆိုတာ ရောက်လာတယ်၊ (မှန်လှပါ ဘုရား) ဘယ်လို ရောက်လာသတုံး၊ (ကိုယ်တိုင်အမြင် ရောက်လာပါတယ် ဘုရား)။
အဲဒီ ကိုယ်တိုင်အမြင် ရောက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကိစ္စပြီးတာပဲ၊ (မှန်ပါ့ ဘုရား) ဘုန်းကြီးသင်တဲ့ ဥစ္စာတော့ သင်ရိုးသာမှတ်၊ (မှန်ပါ့) ခင်ဗျားတို့ရှုလို့ ကိုယ်တိုင်မြင်လို့ရှိရင် ဝိဇ္ဇာအစစ်ဖြစ်တယ်၊ (မှန်ပါ့) ဖြစ်ပျက်ဟာဒုက္ခသစ္စာပဲ၊ ဖြစ်ပျက်ကလေးတွေချည်းတွေ့နေတယ်၊ (မှန်ပါ့) တွေ့တာလဲ ဘာတွေ့တာတုံး၊ (ဒုက္ခတွေ့တာပါ ဘုရား)။
ဒါဖြင့် ဒုက္ခထဲမှာနေလို့ ဒုက္ခသိတယ်၊ (မှန်ပါ့) ၂-နံပါတ်မှာ နဂိုက ဒုက္ခရောက်နေတယ်လို့ ခင်ဗျားတို့ မသိပါဘူး၊ (မသိပါ ဘုရား) ကံကောင်းလို့ လူဖြစ်တယ်လို့ ထင်နေတယ်၊(မှန်ပါ့)။
ကံကောင်းလို့လူဖြစ်တယ်ထင်နေတော့ ဒုက္ခသစ္စာပျောက်နေတယ်၊ (မှန်ပါ့ ဘုရား) မပျောက်ဘူးလား၊ (ပျောက်ပါတယ် ဘုရား) ကံကောင်းလို့လူဖြစ်တယ်ထင်တော့၊ (ဒုက္ခသစ္စာလို့ကို မထင်ပါ ဘုရား)။
အခုတော့ဖြင့် ကံကောင်းလို့ လူဖြစ်တယ်လို့ ထင်သေးရဲ့လား၊ (မထင်ပါ ဘုရား) အဲ ဝိဇ္ဇာဖြစ်လာတယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာထဲကနေပြီး လိမ္မာယဉ်ကျေးပွဲဆိုတဲ့ မဂ္ဂင်အလုပ်ကို လုပ်ကြတယ်၊ (မှန်ပါ့ ဘုရား) လုပ်ကြတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ၂-ထဲက ပေါက်ပွားတဲ့ ၃-နံပါတ် ပျောက်တယ်၊ (ပျောက်ပါတယ် ဘုရား) ၃-နံပါတ်ပျောက်လို့ ၄-နံပါတ် မပေါ်တာ၊ (မှန်ပါ့ ဘုရား) ၃-နံပါတ်ပျောက်လို့ (၄-နံပါတ်မပေါ်တာပါ ဘုရား) ၄-နံပါတ်မပေါ်လာဘူးဆိုတာ သေချာပလား၊ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခနက သံယုတ်ပါဠိတော် ရွတ်လိုက်ပါ၊
ပေါ်ရာကို ဖြစ်ပျက်ရှုပါ
“ကထံ ဘန္တေ ပန ဇာနတော ပဿတော အဝိဇ္ဇာဖြစ်ပါလိမ့်မလဲဘုရားလို့ ရဟန်းက မေးတဲ့အခါကျတော့ကွာတဲ့၊ စက္ခုဝိညာဏ်တို့၊ ဝိဉာဏဓာတ်ခြောက်ပါးတို့ ပေါ့ဗျာ၊ (မှန်ပါ့) စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ၊ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်န-အဒေါသစိတ်တွေပင် ပေါ်ရာကို ဖြစ်ပျက်ရှုပါတဲ့၊ (မှန်ပါ့)။
ပေါ်ရာဖြစ်ပျက် ရှုလိုက်လို့ရှိရင် ဒကာ ဒကာတို့ ဝိဇ္ဇာဖြစ်တာပါပဲ၊ (မှန်ပါ့ ဘုရား) ပေါ်ရာ ဖြစ်ပျက်ရှုလိုက်၊ (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား) ဒကာကြွယ်-သဘောပါပလား၊ (ပါ-ပါတယ် ဘုရား) ပေါ်ရာရှုရင်၊ (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား) ဝိဇ္ဇာဖြစ်တယ်ဆိုတာ သေချာပလား၊ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝိဇ္ဇာဟာ ဘယ်ထဲမှာဖြစ်ရတာတုံးမေးတော့ ၁-၂ထဲ ရှာကြစမ်း၊ (၂-ထဲမှာပါ ဘုရား) ၂-ထဲမှာ အားထုတ်ရမယ်၊ (မှန်ပါ့ ဘုရား) အားမထုတ်ရင် ၂-ထဲက ၃-တွေ ပွားတော့မယ်၊ (မှန်ပါ့) အားထုတ်ရင် ဒကာ ဒကာမတို့ ၃-မလာဘူး၊ (မလာပါ ဘုရား) ၂-ထဲမှာပဲ ကျုပ်တို့ ဇာတ်သိမ်းမှာပဲ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ၂-ဟာ ယခုဘဝ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ဒါဖြင့် ယခုဘဝ ဇာတ်သိမ်းမယ်၊ (သိမ်းပါတယ် ဘုရား) ဒကာ ဒကာမတွေ ဘယ်ဘဝဇာတ်သိမ်းမယ်၊ (ယခုဘဝ ဇာတ်သိမ်းပါတယ် ဘုရား)။
ယခုဘဝ ဘာသစ္စာနဲ့နေသလဲ၊ (ဒုက္ခသစ္စာနဲ့ နေပါတယ် ဘုရား) ရှုကြည့်တော့ ဘာသစ္စာတွေ တွေ့သလဲ၊ (ဒုက္ခသစ္စာတွေ့ပါတယ်) အဲကိုယ်ဒုက္ခ ကိုယ်သိတယ်၊ (မှန်ပါ့)။
ရတဲ့ဒုက္ခကိုသိလို့ ဝိဇ္ဇာ
နဂိုက ရမည့်ဒုက္ခမသိလို့ အဝိဇ္ဇာဖြစ်တာ၊ (မှန်ပါ့) ယခုတော့ ရတဲ့ဒုက္ခကိုသိလို့ ဝိဇ္ဇာဖြစ်တာ၊ (မှန်ပါ့)။
အရင်တော့ ရမည့်ဒုက္ခမသိလို့၊ (အဝိဇ္ဇာဖြစ်တာပါ)။
အခုတော့ ရတဲ့ဒုက္ခသိလို့၊ (ဝိဇ္ဇာဖြစ်တာပါ ဘုရား) ဝိဇ္ဇာဖြစ်တယ်ဆိုတော့ ဒကာကြွယ် သိပ်ရှင်းသွားတယ်၊ (ရှင်းပါတယ် ဘုရား) မရှင်းသေးဘူးလား၊ (ရှင်းပါတယ် ဘုရား)။
အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ရှင်းရှင်းလင်းလင်းသိတော့ကိုတဲ့၊ ခုနက ပြောချင်တာကလေးက ဆရာသမား ဟောထားလို့၊ ပြောထားလို့ သိတဲ့အသိ ကိုယ်တိုင်မြင်တဲ့အသိ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ကိုယ်တိုင် ဖြစ်ပျက်ကလေးတွေ့ ကိုယ့်ခန္ဓာထဲ စိတ်ရှုတဲ့ပုဂ္ဂိုလ် စိတ်မတွေ့ဘဲနဲ့ ဖြစ်ပျက်ကလေးတွေ၊ (မှန်ပါ့ ဘုရား) ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာ မဟုတ်တော့ပါဘူး၊ ဖြစ်ပျက် ဒုက္ခသစ္စာသာ တွေ့ရပါတယ်ဆိုတဲ့ သိမှုကိုယ်တိုင် ရဖို့ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဘုရား အဆုံးအမ သူပြုပဟေ့
အဲဒီကဲ့သို့ ကိုယ်တိုင်ရကြပြီ၊ ဒကာသစ်ကလဲ ရပြီ၊ ဒကာကြွယ်ကလဲရပြီ၊ မောင်ဘသော်တို့ ဦးလှဘူးတို့ကလဲ ရပြီ ဆိုကြပါစို့၊ (မှန်ပါ့ ဘုရား) အဲဒါ ဧတ္တာဝတာခေါ အဂ္ဂိဝေဿန အဂ္ဂိဝေဿနဆိုတဲ့ သစ္စက ပရိဗိုဇ်ကိုဆိုတဲ့ နေရာများမှာ သတ္ထု သာသနကရောတဲ့၊ မြတ်စွာဘုရား အဆုံးအမ သူပြုပဟေ့၊ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင်မြင်ရင် မြတ်စွာဘုရား အဆုံးအမကို သူပြုလုပ်နေပြီ၊ (မှန်ပါ့ ဘုရား) ကိုယ်တိုင်မြင်ရင်၊ (မြတ်စွာ ဘုရား) အဆုံးအမကို သူပြုလုပ်နေပါပြီ ဘုရား) ဩဝါဒပ္ပဋိကရောတဲ့၊ အဆုံးအမကို အကုန်လိုက်နာနေပြီတဲ့၊ (မှန်ပါ့ ဘုရား)။
ဒီကျတော့မှ ဘုရား၏တပည့်သားစစ်လာတယ်၊ (မှန်ပါ့ ဘုရား) ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်တာ ဒုကပ္ခသစ္စာပဲလို့လဲ သိပါရော ဒကာ ဒကာမတို့ ဘုရား၏ အဆုံးအမ ဖြစ်သွားတယ်။
ဘုရား၏ အဆုံးအမကို လိုက်နာတဲ့ ဘုရားတပည့်သားအစစ် ဖြစ်သွားပြီ၊ (မှန်ပါ့ ဘုရား)။
တိဏ္ဏ ဝိစိကိစ္ဆောတဲ့၊ ဝိစိကိစ္ဆာ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား) ဒုက္ခသစ္စာဟုတ်မှဟုတ်ကဲ့လား၊ (ဟုတ်ပါတယ် ဘုရား) ဝိဂတကထံကထောတဲ့၊ ကင်းသော ဝိစိကိစ္ဆာဖြစ်သွားပါပြီ၊ (မှန်ပါ့)။
ဝေသာရဇ္ဇပ္ပတ္တောတဲ့၊ ရဲရင့်သွားပြီ၊ (မှန်ပါ့ ဘုရား)။
အပရပ္ပစ္စယောတဲ့၊ သူများပြောသံကြားနဲ့ ဒုက္ခသစ္စလား၊ ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာလား၊ (ကိုယ်ကိုယ်တိုင် မြင်တဲ့ ဒုက္ခသစ္စာပါ ဘုရား)။
သာသနကရော ဟောတိ ဒီကျတော့မှ၊ သာသနာတွင်းသားဖြစ်ပြီး သောတာပန် တည်ပါတယ်ကွာတဲ့၊ (မှန်ပါ့ ဘုရား) ဒီကျမှ ဘာပါလိမ့်၊ (သာသနာတွင်းသား ဖြစ်ပြီးဒ သောတာပန် တည်ပါတယ် ဘုရား) သာသနာတွင်းသာဖြစ်ပြီး သောတာပန် တည်တယ်ကွ အဂ္ဂိဝေဿနရဆိုပြီးသကာလ သစ္စကပရိဗိုဇ်ကိုဟောတဲ့ နေရာမှာလဲ ဒကာ ဒကာမတို့ ကိုယ်တိုင်မြင်သိပြီ၊ (မှန်ပါ့)။
အပရပစ္စယော သူများပြောနဲ့သိတာ မလိုချင်ဘူးတဲ့၊ (မှန်ပါ့) သူများပြောကိုနာယူပါ၊ နောက်ကိုယ်တိုင်သိအောင် လုပ်ပစ်လိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား)။
အဲဒီတော့မှ တိဏ္ဏဝိစိကိစ္ဆောဆိုတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ ကွာသွားတယ်၊ (ကွာသွားပါတယ် ဘုရား)။
ဝိဂတ ကထံကထောတဲ့၊ ဒကာ ဒကာမတို့၊ အိုတစ်ခါတည်း သို့လောသို့လော တွေးတာတွေ အကုန်ပျောက်ကုန် တယ်၊ (မှန်ပါ့ ဘုရား)။
ဝေသာရဇ္ဇပ္ပတ္တောတဲ့၊ ဟုတ်ပြီကွ၊ ဒါ ဒုက္ခသစ္စာအစစ်ပဲဆိုရင် ဖျတ်ဆို ဒုက္ခချုပ်ပြီး နိရောဓပေါ်လာတာပဲ၊ (မှန်ပါ့) သဘောပါကြပလား၊ (ပါ, ပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်ရင် ဝိဇ္ဇာဖြစ်တယ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အဝိဇ္ဇာ ချုပ်အောင် ဘာလုပ်မှသာလျှင် ချုပ်မလဲဆိုတာ ရိပ်မိကြပလား၊ (ရိပ်မိပါတယ် ဘုရား) ဖြစ်ပျက်ရှုရင် (အဝိဇ္ဇာ ချုပ်ပါတယ် ဘုရား) အဝိဇ္ဇာချုပ်ရင် ဘာဖြစ်သတုံး၊ (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား)။
ဝိဇ္ဇာဖြစ်ကတည်းက သင်္ခါရကော မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား) တဏှာ, ဥပါဒါန်တွေကော (ချုပ်ပါတယ် ဘုရား) ကံတွေကော (ချုပ်ပါတယ် ဘုရား) အဲဒီတော့ သောတာပတ္တိမဂ် ပယ်နိုင်တဲ့ အဝိဇ္ဇာက အရင်ချုပ်လို့ရှိရင် သောတာပန်ဖြစ်မှာပဲ၊ (မှန်လှပါ ဘုရား) ရိပ်မိပြီ၊ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေ့ တရားမှာဖြင့် အဝိဇ္ဇာတည်းဟူသော အပြစ်ဟာ အင်မတန်ကြီးငြားသော်လဲ ၂ နံပါတ်ထဲမှာ အဝိဇ္ဇာမပေါ်အောင်လုပ်ပါ၊ (မှန်ပါ့) ၂ နံပါတ်ထဲ အဝိဇ္ဇာမပေါ်အောင်လိုက်လို့ရှိရင်ဖြင့် ဘာဖြစ်မယ် ထင်ကြသလဲ၊ (ဝိဇ္ဇာဖြစ်ပါမယ် ဘုရား) ဝိဇ္ဇာဖြစ်ကတည်းက သင်္ခါရချုပ်၊ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ဆိုတော့ ၂ ထဲက ၃ ပွားသေးသလား၊ (မပွားပါ ဘုရား) ၃ မပွားရင် ၄ ဒုက္ခကုန်ပါတယ်၊ (ကုန်ပါတယ် ဘုရား) မကုန်ဘူးလား၊ (ကုန်ပါတယ် ဘုရား)။
အဲဒီတော့ပါရမီမလိုပါဘူးဆိုတာ သေသေချာချာမှတ်ပြီးသကာလ ဒကာ ဒကာမတို့ အခု ၂ ထဲမှာ နေတုန်းမှာ အဝိဇ္ဇာမလာအောင် ဖြစ်ပျက်သာရှုပါ၊ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။