ပဋိစ္စသမုပ္ပါဒ်တရားတော်(၆)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့ဓမ္မာရုံ၌
ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပါဒ်တရားတော်(၆)
(၂၅-၁၁-၆၁)
ပဋိစ္စသမုပ္ပါဒ် နားမလည်ရင်
ဒကာ ဒကာမတို့ – ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အနိစ္စမြင်အောင် အားထုတ်ပါ၊ ဒုက္ခမြင်အောင် အားထုတ် ပါ၊ အနတ္တမြင်အောင် အားထုတ်ပါ၊ မြင်လဲ မြင်ပါလိမ့်မယ်၊ (မှန်ပါ့) မြင်ပင်မြင်ငြားသော်လဲ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်၊ နားမလည်လို့ရှိရင် အတ္တဒိဋ္ဌိ ပြန်ကပ်နေတယ်လို့ မှတ်ကြပါ။ (မှန်လှပါ ဘုရား)။
အနိစ္စ, ဒုက္ခ, အနတ္တ မြင်ငြားသော်လဲ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် ဘာကပ်နေတာလဲ၊ (အတ္တဒိဋ္ဌိကပ်နေပါ တယ် ဘုရား) အတ္တဒိဋ္ဌိ သဿတဒိဋ္ဌိ ပြန်ကပ်နေတယ်လို့ မှတ်ကြပါနော်၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဪ သိစရာရှိတာ မသိဘဲနဲ့ အနိစ္စ, ဒုက္ခ, အနတ္တ လုပ်နေလို့ရှိရင် ဖြင့် ကုသိုလ်ရရုံပဲလို့ မှတ်ရမယ်။ (မှန်လှပါ ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့ မရဘူး၊ (မှန်လှပါ ဘုရား) ကုသိုလ်တော့ဖြင့်၊ (ရပါတယ် ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ်ကျတော့၊ (မရပါ ဘုရား)။
အတ္တဒိဋ္ဌိ, သဿတဒိဋ္ဌိ မကွာလို့
ဒကာကြွယ်-ဘာကြောင့်ပါလိမ့်မတုံးလို့-အားမထုတ်ရင် ဘယ့်နှယ်ဖြေပါ့မလဲ၊ (အတ္တဒိဋ္ဌိ, သဿတဒိဋ္ဌိဆိုတာက မကွာလို့ပေါ့ဗျာ၊ (မှန်လှပါ ဘုရား)။
ဒီမကွာတာကလဲ ဘာကြောင့် မကွာပါလိမ့်မလဲလို့မေးရင် ဘယ့်နှယ့် ဖြေကြပါမယ်၊ (ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် ဆိုတာက ခန္ဓာဖြစ်စဉ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား)။
အဲ့ဒီ ခန္ဓာဖြစ်စဉ်ကို နားမလည်လို့ရှိရင်ဖြင့်-တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနိစ္စ, ဒုက္ခ, အနတ္တတွေကို ခန္ဓာထဲမှာပဲ ဖြတ်ကနဲ ဖြတ်ကနဲ လဲတာကို မြင်စေကာမူ သံသယရှိချင်လဲ ရှိမယ်-တဲ့၊ ဒိဋ္ဌိရှိချင်လဲ ရှိလာမယ်၊ (မှန်လှပါ ဘုရား) ဒါဖြင့် ဝိစိကိစ္ဆာရှိချင်လဲ ရှိလာမယ်၊ ဒိဋ္ဌိရှိချင်လဲရှိလာမယ်ဆိုတော့ ဒကာကြွယ်ရေ လှုပ်ကျိုး မနှပ်ဘူးပေါ့ဗျာ၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် လုပ်ကျိုးနပ်အောင် ဘာနားလည်ရမလဲဆိုတော့ ဒကာ ဒကာမတို့ မလုပ်ခင်က ပဋိစ္စသမုပ္ပါဒ်ကို သဿတ ဒိဋ္ဌိမရှိအောင်၊ အတ္တိဒိဋ္ဌိမရှိအောင် ဒါတွေ အရေးကြီးတယ်ဆိုတာ ပေါ်လာတယ်၊ (မှန်လှပါ ဘုရား) သဘော ပါလား၊ (ပါ-ပါတယ် ဘုရား)။
ဘာအရေးကြီးပါလိမ့်၊ (သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိမရှိအောင် အရေးကြီးပါတယ် ဘုရား) ဘာနားမလည်လို့ သူက လာတာပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ လာတာပါ ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲနဲ့ မိမိ ဉာဏ်ရှိသလောက် စာအုပ်ကလေးကြည့်ပြီး ကြိုးစားကြမယ် ဆိုလိုရှိရင်ဖြင့်-တဲ့၊ ပဋိစ္စသမုပ္ပါဒ်က ဗလာကြီးဖြစ်ပြီး သကာလနေတော့ ဒကာသစ်ရေ-ပင်ပန်းပေမယ့်မရဘူး၊ (မရပါ ဘုရား)။
သိသင့်သိထိုက်တာကိုရှေ့ထားရမယ်
ဒါဖြင့် သိသင့်သိထိုက်တာကို ရှေ့ထားပြီးသကာလ အလုပ်လုပ်မှသာလျှင် လိုရာခရီးအပြီးတိုင် ရောက်မယ် ဆိုတာ မှတ်ထားရမယ်၊ (မှန်လှပါ ဘုရား) သိသင့်သိထိုက်တာကိုရှေ့ထားရမယ်၊ (မှန်လှပါ ဘုရား) သိသင့်သိထိုက်တာကို ရှေ့ထားရမယ်၊ ရှေ့ထားရမယ်၊ (မှန်ပါ့ ဘုရား) သိသင့်သိထိုက်တာကို (ရှေ့ထားရမှာပါ ဘုရား)။
ရှေ့ထားလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဉာတပရိညာပြီးမှ (ဝါ) သိမှုပြီးမှ တိရဏပရိညာဆိုတဲ့ ပွားများမှုလုပ်ပါကွာ-လို့ဆိုတဲ့ ဒေသနာ အစဉ်ကလဲ ရှိပြီးသကာလ-နေတော့ မသိဘဲနဲ့ ကျင့်ခြင်းသည် ပင်ပန်းရုံမျှပဲ၊ (မှန်လှပါ ဘုရား) မသိဘဲနဲ့ကျင့်ရင့်၊ (ပင်ပန်းရုံပါပဲ ဘုရား)။
ပင်ပန်းရုံမျှ၊ ကုသိုလ်ရရုံမျှ ကျေးဇူးများသောကြောင့်-ကိုယ်လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန် ကိုယ်တိုင်မရောက် နိုင်ဘူးဆိုတဲ့ဥစ္စာ ဒကာသစ်တို့ မှတ်ဖို့ပါပဲ၊ (မှန်လှပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဝတ္ထု သက်သေသာဓကတွေများ လုံလုံလောက်လောက် ရှိပါသလားလို့ ဆိုတဲ့အခါကျတော့ ဒကာကြွယ်ရေ-အင်မတန် လုံလောက်တယ်နော်၊ (မှန်လှပါ)။
ဒါကြောင့် ဒီ-ဒကာ ဒကာမတွေသည် ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် ရှေ့ပိုင်းကပြရမယ်၊ (မှန်လှပါ ဘုရား)။
ရှေ့ပိုင်းက ပြတဲ့အခါကျတော့မှ ဪ-ဒီဥစ္စာတွေသည် ကားလို့ဆိုလို့ရှိရင်ဖြင့် မမြဲတဲ့တရားတွေပါကလား၊ ဆင်းရဲတဲ့ တရားတွေပါကလားလို့ သိရမယ်၊ (မှန်လှပါ ဘုရား) သိရတဲ့အခါကျလို့ရှိရင်ဖြင့် ဪ-ဆင်းရဲတဲ့တရား၊ ဆင်းရဲဆိုတာ မမြဲလို့ ဆင်းရဲတာပဲ၊ (မှန်လှပါ)။
မမြဲလို့ဆင်းရဲတာပဲ
မမြဲလို့ဆင်းရဲတာပဲ သိတဲ့အခါကျတော့မှ ဪ-ဒီတရားတွေဟာ ခိုင်တာ, မြဲတာ မဟုတ်ပါကလားဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ)။
ကဲ-ဒါဖြင့် ဘုရားက သတ္တဝါ, အစသာ ဒကာ ဒကာမတို့ မတွေ့တာ၊ ဖြစ်ကြောင်းက အဝိဇ္ဇာသင်္ခါရဆိုတာ သိကြပါပြီ၊ (မှန်လှပါ) ဒီပုံကြီးကိုကြည့်ပါ ဒကာ ဒကာမတို့ သတ္တဝါတွေ ခန္ဓာအစသာ မသိတယ်၊ အဝိဇ္ဇာသင်္ခါရ ဆိုတာတော့ ထင်ရှားပြီ၊ (ထင်ရှားပါပြီ ဘုရား)။
ဒကာကြွယ် ပုံစံကြည့်တဲ့ အခါကျတော့ သတ္တဝါအစ ဘယ်ကစ,ပါလိမ့် မတုံးဆိုတော့ အဝိဇ္ဇာသင်္ခါရက သူစ,မှာပဲနော်၊ (မှန်လှပါ ဘုရား) အတိတ်ဘဝက ဘာက စ,သတုံးလို့ မေးလို့ရှိရင် အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ၊ (မှန်ပါ့)။
ဒုက္ခကို ဆုတောင်း တယ်
သစ္စာလေးပါး မသိတဲ့ပုဂ္ဂိုလ်များဟာ-တဲ့၊ ဒကာ ဒကာမတို့ လှူပြန်လဲ သစ္စာမရှိတဲ့တွက်-တဲ့၊ ဒုက္ခကို ဆုတောင်း တယ်၊ (မှန်လှပါ ဘုရား) လှူပြန်, တန်းပြန်ရင် ဘာကိုဆုတောင်းယူသလဲ၊ (ဒုက္ခကို ဆုတောင်းပါတယ် ဘုရား) ဒီမှာ ကြည့်ပါလား-ဒကာ ဒကာမတို့၊ မသိတဲ့ အဝိဇ္ဇာကြောင့် ပြုလုပ်တဲ့ကုသိုလ်သင်္ခါရတွေ ပြုလုပ်လိုက်တယ်၊ (မှန်ပါ့)။
ပြုလုပ်တဲ့ ကုသိုလ်သင်္ခါရတွေ ပြုလုပ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဘာ-သင်္ခါရတုံးလို့မေးတော့ ကုသိုလ်သင်္ခါရ၊ ဒီကုသိုလ်သင်္ခါရက ဘာတွေရချင်လို့တုံး၊ အို ဒီ့ထက်ချမ်းသာတဲ့ လူ့ဘဝရချင်လို့၊ (မှန်ပါ့ ဘုရား) ဒီ့ထက် ချမ်းသာတဲ့ (လူ့ဘဝ ရချင်လို့ပါ ဘုရား) လူ့ဘဝရတယ်ဆိုတော့ သေသည်၏ အခြားမဲ့၌ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတာ မရဘူးလား၊ (ရပါတယ် ဘုရား)။
ရ,တော့ သူသည် အဝိဇ္ဇာအုပ်ချုပ်ပြီးသကာလ မသိတဲ့ပုဂ္ဂိုလ် လှူဒါန်းပေးကမ်းတဲ့ သင်္ခါရလုပ်လေသောကြောင့် သူလုပ်ကတည်းကလဲ ဒကာကြွယ်တို့က သိတယ်၊ သမုဒယသစ္စာလုပ်ပဟေ့၊ (မှန်လှပါ့ ဘုရား) မသိသေးဘူးလား၊ (သိပါတယ် ဘုရား) မသိတဲ့ပုဂ္ဂိုလ် သစ္စာမသိဘူး၊ ဒီသစ္စာကိုလှမ်းပြီး သူမမြင်ဘူး၊ (မှန်ပါ့ ဘုရား)။
ဝိညာဏ်, နာမ်ရုပ်, သဠာသတန, ဖဿ, ဝေဒနာဆိုတာ ဒုက္ခသစ္စာ၊ (မှန်ပါ့ ဒုက္ခသစ္စာပါ) အဲဒါ မသိတော့ ကို-တဲ့၊ သူသည် မသိတာက ဘယ်သူတုံးဆိုတော့ (အဝိဇ္ဇာပါ) မသိလို့၊ ရချင်တာက သင်္ခါရ ကုသိုလ် စေတနာတွေ ပြုလုပ်လိုက်ပါတယ်၊ (မှန်ပါ့ ဘုရား) သင်္ခါရကုသိုလ်တွေ မပြုလုပ်လိုက်ဘူးလား၊ (ပြုလုပ်လိုက်ပါတယ် ဘုရား)။
ဒုက္ခသစ္စာ ရနေတယ်
ထိုကဲ့သို့ ပြုလုပ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ သေသည်၏ အခြားမဲ့၌ ဟောဒီမှာ လာစပ်ပြီးသကာလ ခန္ဓာငါးပါး လာပေါ်တယ်၊ (မှန်ပါ့ ဘုရား) သူက ဘာသစ္စာလုပ်သလဲ၊ (သမုဒယသစ္စာ လုပ်ပါတယ်) သမုဒယသစ္စာလုပ်တော့ သူ-ဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ဒုက္ခသစ္စာ ရနေတယ်ဆိုတာ ဒကာ ဒကာမ တွေ့မြင်ပါပြီ၊ (မြင်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် သူကပြုလုပ်တော့ ဒုက္ခသစ္စာရတယ် ထားပါတော့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ သိပြီ-တဲ့၊ ဪ မသိတဲ့ပုဂ္ဂိုလ် လူမှု,တန်းမှုဟာ ဒုက္ခသစ္စာရပါကလားလို့၊ (မှန်ပါ့ ဘုရား) ဦးလှဘူူး ဘာရပါလိမ့်၊ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
မသိတဲ့ပုဂ္ဂိုလ် လှူဒါန်းပေးကမ်းတာလေ၊ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ဘုံဘဝလိုချင်တာကိုးဗျ၊ (မှန်ပါ့) ဘုံဘဝဆိုတာ လူ့ဘုံ-လူ့ဘဝ လိုချင်တာ၊ (မှန်ပါ့ ဘုရား) လူ့ဘုံ-လူ့ဘဝဟာ ဘာသစ္စာပါလိမ့်၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဒီဘုံဘဝ စကတည်းက သေချာနေပြီ၊ (မှန်ပါ့) ဘုရားဟောတာက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတော့ ဒုက္ခသစ္စာပဲ ရတယ်၊ (ရပါတယ် ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား) ဟောဒီ ဒုက္ခသစ္စာရမယ်လို့ အဝိဇ္ဇာက ရှေးဘဝက သိရဲ့လား၊ (မသိပါ ဘုရား)။
မသိတော့ သူဟာ လှူဒါန်းပေးကမ်းတဲ့ သင်္ခါရအလုပ်လုပ်မယ်၊ (လုပ်ပါတယ် ဘုရား) လုပ်တဲ့အခါကျလို့ရှိရင်ဖြင့် စုတေမနေ သေလွန်တော့ အကြောင်းအကျိုးဆက်ပြီးသကာလ ဒုက္ခသစ္စာ ရပြန်တယ်၊ (ရပါတယ် ဘုရား) မရဘူးလား၊ (ရပါတယ် ဘုရား)။
တရားနာ နေတာ ပစ္စုပ္ပန်ကာလ
ဒါဖြင့် ဘယ်ကာလရသတုံးဆိုတော့ ပစ္စုပ္ပန်ကာလရတယ်၊ (မှန်ပါ့) ဒါဖြင့် အခု ဒကာ ဒကာမတွေ တရားနာ နေတာ ပစ္စုပ္ပန်ကာလကြိးပါပဲ၊ (မှန်ပါ့ ဘုရား) မသေကြသေးပဲကိုး၊ (မှန်ပါ့) မသေကြသေးတဲ့အတွက် ပစ္စုပ္ပန်ကာလလို့ မှတ်လိုက်ပါ၊ (မှန်ပါ့ ဘုရား) ပစ္စုပ္ပန်ကာလ ဘာသစ္စာရသတုံး၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)။
ဒါဖြင့် ဒီဒုက္ခသစ္စာကို ဒကာဒကာမတွေက သိထားတော့ ဒုက္ခသစ္စာဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ဝိပရိဏာ မလက္ခဏံ ဒုက္ခသစ္စံ၊ (မှန်ပါ့ ဘုရား)။
ဒီထဲမှာ ဝေဒနာကလေး ကြည့်လိုက်ပြန်လဲ တော်တော်ကြာ ဖောက်ပြန်ပျက်စီးတာပဲ၊ (ဖောက်ပြန်ပျက်စီးပါ တယ် ဘုရား) ဖဿကြည့်ပြန်ရင်ကော၊ (ဖောက်ပြန်ပျက်စီးပါတယ် ဘုရား) ဒီထဲ မနာယတနဆိုတဲ့ စိတ်ကလေးကြည့်ပြန် ရင်ကော၊ (ဖောက်ပြန်ပျက်စီးပါတယ် ဘုရား) ဖောက်ပြန်ပျက်စိးတာပါပဲ (မှန်ပါ့) ဪ ဒီလို ဖောက်ပြန်ပျက်စီး တာတွေကို တွေ့ရတယ်ဆိုတာ သေချာသွားပြီ၊ (သေချာပါပြီ ဘုရား)။
ဖောက်ပြန်ပျက်စီးတာ
အဲဒီ ဖောက်ပြန်ပျက်စီးတာကို ကျုပ်တို့ကတော့ဖြင့် ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဪ မမြဲဘူးဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ဪ အစိုးမရဘူးဆိုတာကော-(ပေါ်လာပါတယ် ဘုရား) ပေါ်လာတယ်တဲ့၊ ဒုက္ခသစ္စာဆိုတာ ဖောက်ပြန်ပျက်စီးတာချည်းပဲ၊ မမြဲတာရယ်-အစိုးမရတာရယ်-ဆိုတဲ့ဥစ္စာ သေချာတယ်၊ (သေချာပါ တယ် ဘုရား) ငါမဟုတ်-ငါ့ဥစ္စာ မဟုတ်တာကော၊ (သေချာပါတယ် ဘုရား)။
အေး ဒါဖြင့် ဒီခန္ဓာငါးပါးကြီးကို ဉာဏ်နဲ့ကြည့်လိုက်ပြီ ဆိုမှဖြင့် ဒကာကြွယ်ရေ-ငါမဟုတ် ငါ့ဥစ္စာ မဟုတ်တာတွေဟာ သေချာနေတယ်၊ (သေချာပါတယ် ဘုရား)။
အနိစ္စ ဒုက္ခ အနတ္တတွေပဲ
ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်နဲ့ တောင်းပန်လို့မရ၊ တိုးလျှိုးလို့မရ၊ တိုးလျှိုးလို့မရ၊ (မှန်ပါ့) တားလို့ ဆီးလို့ ရကြရဲ့လား၊ (မရပါ ဘုရား) မရတော့ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒုက္ခသစ္စာတွေလို့ ဒကာ ဒကာမတွေကလဲ ယခု ဆရာသမားကောင်းနဲ့ကြုံလို့ သိကြပါပြီ၊ (သိကြပါပြီ ဘုရား)။
သိကြတာက ဖြစ်မှု-ပျက်မှုပဲရှိတယ်ဆိုတာ အနတ္တတရားတွေပေါ့ဗျာ၊ (မှန်ပါ့) အနိစ္စတရား-ဒုက္ခတရား-အနတ္တတရားတွေဆိုရင် လွဲပါ့မလား၊ (မလွဲပါ ဘုရား) အဲဒီ အနိစ္စ ဒုက္ခ အနတ္တတွေပဲ ပြန်ရတယ်၊ (မှန်ပါ့)။
အင်း မသိတဲ့ပုဂ္ဂိုလ်လှူလိုက်-တန်းလိုက်တာသည် အနစ္စ, ဒုက္ခ, အနတ္တ မပိုင်တာတွေ ပြန်ရနေတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ကောင်းပြီ၊ ဒီခန္ဓာကိုယ်ကြီးရတာသည် အနတ္တခန္ဓာကြီးဆိုရင်လဲ လွဲပါ့ မလား၊ (မလွဲပါ ဘုရား)။
ဒါဖြင့် အနတ္တ ခန္ဓာကိုယ်ကြီးကို အခုတော့ဖြင့် ဒုက္ခခန္ဓာကိုယ်ကြီး အနတ္တ ခန္ဓာကိုယ်ကြီးဆိုတာ ဒကာသစ်တို့ ရိပ်မိပါပြီ၊ (ရိပ်မိပါပြီ ဘုရား) ရိပ်မိတော့ကို-တဲ့၊ ပဋိစ္စသမုပ္ပါဒ်၊ ဪ-အကြောင်းတရားကိုက သမုဒယသစ္စာ၊ အကျိုး တရားက ဒုက္ခသစ္စာ၊ အနတ္တ လက္ခဏာတွေပဲ တွေ့ကြရတယ်၊ (မှန်လှပါ) မတွေ့ကြရဘူးလား (တွေ့ကြရပါတယ် ဘုရား)။
ထိုကဲ့သို့ တွေ့ကြရတာကို ဒကာ ဒကာမတွေက သိနေတော့ကို-တဲ့၊ ဪ-မင်းတို့ရ, ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ အကြောင်းကိုကကွာ-တဲ့၊ အနတ္တကြောင်းတွေဖြစ်သောကြောင့် အကျိုးဟာလဲ အနတ္တဖြစ်တာပဲ၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာသင်္ခါရတို့က အနတ္တကိုးဗျ၊ (မှန်လှပါ ဘုရား) အင်း-ရ,ထားတာကြီးကျတော့ ဘယ့်နှယ်ဆိုကြမလဲ၊ (အနတ္တပဲ ရပါတယ်) အနတ္တကပြုလုပ်လို့ ပေါ်လာတော့ အနတ္တပဲ၊ (မှန်လှပါ ဘုရား)။
သေတတ်တဲ့အမျိုးပဲ
လောကီ ဥပမာ-ပြောကြပါစို့ဆိုတောယ့ အမေ, အဖေက သေတတ်တဲ့အမျိုး၊ (မှန်လှပါ) သူက မွေးထားတဲ့ သားသမီးတွေကျတော့ ဘာမျိုးထဲထည့်ကြမလဲ၊ (သေတတ်တဲ့အမျိုးပဲ ဖြစ်ပါတယ် ဘုရား) အဲဒီ သားသမီးတွေက ဆက်လက်မွေးပြန်တော့၊ (သေတတ်တဲ့အမျိုးပါပဲ ဘုရား)။
ဪ-ကျုပ်တို့အမျိုးသည်ကားလို့ဆိုရင် အမေ, အဖေကိုက သေတတ်တဲ့အမျိုး ဖြစ်လေသောကြောင့် သား, သမီးတွေ တည်တံ့ပါစေ၊ ခိုင်မြဲပါစေဆိုတာ မရနိုင်သလို အဝိဇ္ဇာကိုက အနိစ္စ,ဒုက္ခ,အနတ္တ၊ (မှန်ပါ့) သင်္ခါရကလဲ၊ (အနိစ္စ,ဒုက္ခ,အနတ္တဆိုတာပေါ်ပြီ၊ (ပေါ်ပါပြီ ဘုရား)။
ခန္ဓာကိုယ်ကြီးက ဒုတိယအကွက်ထဲရောက်နေတော့ ဒကာသစ်-ဒါ အနတ္တတွေပဲ၊ (မှန်လှပါ ဘုရား) ခန္ဓာကိုယ် ကြီးက ဘယ်အကွက်ထဲ ရောက်နေသလဲ၊ (ဒုတိယအကွက်ထဲရောက်နေပါတယ် ဘုရား) ပစ္စုပ္ပန်ဘဝကိုးဗျ၊ (မှန်လှပါ ဘုရား) မသေသေးသရွေ့ ပစ္စုပ္ပန်ဆိုတာ ရှင်းကြပါပြီ (ရှင်းပါပြီ) ရှင်းတော့ သူ့ကို ဘယ့်နှယ်ဆိုကြမယ်၊ (အနတ္တပါ ဘုရား)
ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အခုဘဝ နေသာနေကြရတယ် ဒကာ ဒကာမတွေ ဘယ်သူ့အားကိုးမလဲလို့မေးလို့ရှိရင်ဖြင့် ခန္ဓာကြီး ငါ့ကိုယ်ငါ အားကိုးရမှာပဲဆိုတာလွဲတယ်၊ (လွဲပါတယ် ဘုရား) ငါ့ကိုယ်ကိုက ဘာပါလိမ့် (အနတ္တခန္ဓာကိုယ်ပါ ဘုရား) အားကိုးခံနိုင်ရဲ့လားလို့မေးလိုက်ရင်၊ (မခံနိုင်ပါ ဘုရား) အားကိုးမခံနိုင်ဘူးဆိုတာ အတော်သေချာသွားပြီ၊ (သေချာပါပြီ ဘုရား)။
အားကိုးခံနိုင်မယ်ဆိုတာ ဒကာကြွယ်ရေ-ဒီလို မျက်လုံးမွဲမယ်၊ ဒီလို အသွားအလာချို့တဲ့မယ်-ဒီလို အားအင် ဗလချိနဲ့မယ်ဆိုတာ ဖြစ်ရပါမလား၊ (မဖြစ်ရပါ ဘုရား) ခန္ဓာကိုယ်ထဲ ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြတ်ဖြတ်,ဖြတ်ဖြတ်နဲ့ လဲနေတဲ့ အနတ္တတွေကော ဖြစ်နိုင်ပါ့မလား၊ (မဖြစ်နိုင်ပါ ဘုရား)။
အကြောင်းကိုက အနတ္တမို့
ဒါဖြင့် အားကိုးခံနိုင်တဲ့သဘောရှိရဲ့လား၊ (မရှိပါ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ အကြောင်းကိုက အနတ္တမို့၊ (မှန်လှပါ ဘုရား) အကျိုးဖြစ်တဲ့ ခန္ဓာငါးပါးကလဲ၊ (အနတ္တပဲဖြစ်ရပါတယ်) ရှင်းပြီ၊ သူတို့က အနတ္တပဲ၊ သူတို့လဲဖြစ်ပြီး ပျက်တာပဲ၊ (မှန်လှပါ ဘုရား) ဒီတရားကကော၊ (ဖြစ်ပြီးပျက်တာပါပဲ ဘုရား) သူကဖြစ်စေတဲ့ အကျိုးတရားတွေကော၊ (ဖြစ်ပြီးပျက်တာပါပဲ ဘုရား)။
ဪ-ဖြစ်ပျက်ကမွေးတော့ ဖြစ်ပျက်ပဲရတယ်၊ (မှန်လှပါ ဘုရား) ဖြစ်ပျက်ကမွေးတော့၊ (ဖြစ်ပျက်ပဲ ရပါတယ် ဘုရား) ဖြစ်ပျက်ပဲရတယ်ဆိုတာပေါ်လာကြပြီ၊ (ပေါ်လာပါပြီ) အဲဒါတွေထောက်ကြည့်တော့ ဪ-သဗ္ဗေဓမ္မောအနတ္တာ ဆိုတာ မှန်လိုက်တာ အလုံးစုံသော ခန္ဓာကိုယ်ထဲရှိတဲ့ ဓမ္မတွေဟာ ဘာတဲ့ (အနတ္တတွေပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
ဘာဖြစ်လို့ အနတ္တဖြစ်သတုံး-လို့ မေးတဲ့အခါကျတော့ ဆဆက္ကသုတ်များမှာ အကြောင်းကိုက အနတ္တဖြစ်တာနဲ့ အကျိုးဟာလဲ ဘာဖြစ်သလဲ၊ (အနတ္တဖြစ်ရပါတယ် ဘုရား) အကြောင်းအနတ္တမို့၊ (အကျိုးအနတ္တ ဖြစ်ပါတယ် ဘုရား)။
အကျိုးအနတ္တဖြစ်ရတယ်ဆိုတဲ့ဥစ္စာ ဒီအကြောင်းကိုကလဲ အဝိဇ္ဇာဆိုတာဖြစ်ပြီးပျက်တဲ့ (အနတ္တပါပဲ ဘုရား) သူတို့ကဖြစ်စေတဲ့ ဆက်ပြီးလုပ်လိုက်တဲ့၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေကကော၊ (ဖြစ်ပြီးပျက်တဲ့ အနတ္တပါပဲ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ပုဂ္ဂိုလ်က
ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ပုဂ္ဂိုလ်ကတော့ အနတ္တမြင်သဖြင့် ထိတ်ခြင်း၊ လန့်ခြင်း ရှိသေးရဲ့လား၊ (မရှိပါ ဘုရား) ဘယ့်နှယ်ကြောင့် ထိတ်ခြင်း, လန့်ခြင်း မရှိပါလိမ့်မလဲလို့ အမေးထုတ်တဲ့အခါကျတော့မှ ဪ အနတ္တ အကြောင်းကြောင့်ဖြစ်တဲ့ အနတ္တအကျိုးကိုး၊ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြပါမယ်၊ (အနတ္တ အကြောင်းကြောင့်ဖြစ်တဲ့ အနတ္တအကျိုးပါ ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် “ဝေဒနာအနတ္တာ၊ ဟေတု ယောပိပစ္စယော၊ ဝေဒနာယဥပ္ပါဒါယ ယောပိ အနတ္တာ” ဝေဒနာ အနန္တာပဲ၊ (မှန်ပါ့) သောပိ ဟေတုတဲ့၊ သူ့ကိုဖြစ်စေတဲ့ အကြောင်းဟာလဲ အနတ္တပဲ၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒါဖြင့် သူကဖြစ်စေတဲ့အကြောင်း အနတ္တက မွေးထုတ်လိုက်တဲ့ အကြောင်းအကျိုးဆက်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးတရားကိုလဲ အနတ္တလို့ဆိုရမှာ၊ (မှန်လှပါ ဘုရား)။
ဘယ်အတွက်ကြောင့်ပါလိမ့်မတုံး မေးတော့ အကြောင်းသင်္ခါရကိုက ဘာတုံး၊ (အနတ္တပါ ဘုရား) အကျိုး ဝိညာဏ်နာမ်ရုပ်တွေကကော၊ (အနတ္တပါ ဘုရား) ဒါက ဆဆက္ကသုတ်မှာ အင်မတန် အထင်အရှား ပါပါတယ်၊ (မှန်လှပါ) အကြောင်းအနတ္တမို့၊ (အကျိုးအနတ္တပါ ဘုရား) ခုနကပြောတဲ့ဥပမာ မဖျက်ပါနဲ့ ဒကာကြွယ်ရ၊ (မှန်လှပါ ဘုရား)။
ဒကာကြွယ်တို့ အမေ၊ အဖေတွေ ဘာဖြစ်သွားသတုံးဆိုတော့ အနတ္တရောက်သွားကုန်ပြီ၊ (မှန်လှပါ ဘုရား) ဒကာကြွယ်တို့ မွေးထုတ်ထားတာ၊ ဒကာကြွယ်တို့ကလဲ ဘာတွေပါလိမ့်မတုံးမေးရင် ဘယ့်နှယ်ဖြေကြပါလိမ့်၊ (အနတ္တ တွေပါ ဘုရား)။
ကိုယ်ကမွေးတာက ဘာတွေများ ဖြစ်မှာပါလိမ့်မတုံး၊ (အနတ္တတွေပါ ဘုရား) အစိုးမရတဲ့သူတို့ဟာ သူတို့ စွန့်ပစ်သွားမှာချည်းပဲ၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အမေ၊ အဖေ အနတ္တမို့ သား, သမီး အနတ္တ
ဒါဖြင့် အမေ၊ အဖေ အနတ္တမို့ သား, သမီး အနတ္တ၊ (မှန်လှပါ ဘုရား) သား, သမီးက မွေးတာတွေ တစ်ခါ ဆက်လက်ပြီးသကာလ စဉ်းစားပြန်တော့လဲ သူက အနတ္တကမွေးလို့ မြေး, မြစ်တွေလဲ အနတ္တပဲ၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးမှာ သဗ္ဗေဓမ္မာ အနတ္တထဲပါရုံပဲရှိမှာပဲ၊ (မှန်လှပါ) ဒီ့ပြင် ဘာပါစရာရှိသေးတုံး၊ (ဘာမှ မရှိပါ ဘုရား)။
အေး ဒါ့ကြောင့် တရားတစ်ပွဲလုံးဟာ ပစ္စုပ္ပန်ကာလချည်းဖြစ်နေတော့ ကျုပ်တို့က အဝိဇ္ဇာသင်္ခါရက တည် ထောင်လိုက်လို့ ဖြစ်လာတဲ့ ခန္ဓာငါးပါးကြီး အနတ္တတရားပဲဆိုတာဖြင့် ဉာဏ်ထဲမှာ ရှင်းကြပါပြီ၊ (ရှင်းပါပြီ ဘုရား) မရှင်းကြသေးဘူးလား၊ (ရှင်းကြပါပြီ ဘုရား) ဘာအနတ္တလဲ၊ (သဗ္ဗေဓမ္မာအနတ္တကြီးပါ ဘုရား) သဗ္ဗေဓမ္မာ အနတ္တခန္ဓာ ထဲရှိသရွေ့ ဟာဘာတဲ့တုံး၊ (အနတ္တပါ ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်ကြောင့် အနတ္တဖြစ်ရပါလိမ့်မတုံးလို့ အကြောင်းရှာစမ်းဆိုတော့ အဝိဇ္ဇာသင်္ခါရက ဘာဖြစ်လို့ အကြောင်းရှာစမ်းဆိုတော့ အဝိဇ္ဇာ သင်္ခါရက ဘာဖြစ်နေသလဲ၊ (အနတ္တဖြစ်နေပါတယ် ဘုရား)။
ဪ အကြောင်း ၁ နံပါတ်ကိုက အနတ္တဖြစ်လေသောကြောင့် အကျိုး ၂ နံပါတ်ဟာလဲ ဘာဖြစ်နေသလဲ၊ (အနတ္တဖြစ်နေပါတယ် ဘုရား) ပေါ်ပြီ၊ (ပေါ်ပါပြီ ဘုရား) ဒကာ ဒကာမတွေလဲ ရှင်းနေပြီ၊ (ရှင်းနေပါပြီ ဘုရား)။
သံသယဝိစိကိစ္ဆာ လာသေးရဲ့လား
ဘယ့်နှယ်ကြောင့် အနတ္တဖြစ်ရပါလိမ့်မတုံးလို့ဆိုတဲ့ သံသယဝိစိကိစ္ဆာ လာသေးရဲ့လား၊ (မလာတော့ပါ ဘုရား) ဘယ့်နှယ် ဘယ်လိုကြောင့် မလာပါလိမ့်၊ အကြောင်း အနတ္တဖြစ်လို့ပါ ဘုရား) အကြောင်း အနတ္တက ကျေးဇူးပြုလုပ်၍ ပေါ်လာသောကြောင့် အကျိုးဖြစ်တဲ့ တရားလဲ အနတ္တပဲ၊ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် “ဝိညာဏံ အနတ္တာ၊ ယောပိ ဟေတု ယောပိ ပစ္စယာ” သူလဲ အနတ္တပဲတဲ့နော်၊ (မှန်လှပါ ဘုရား) ဖြစ်စေတဲ့ အကြောင်းလဲ အနတ္တကိုး၊ (မှန်လှပါ ဘုရား)။
”အနတ္တသမ္ဘူတံ ဘိက္ခဝေ ဝိညာဏံ ကုတော အတ္တာ ဘဝိဿတိ” တဲ့ အနတ္တကြောင့်ဖြစ်တဲ့ နောက် အနတ္တသည် အနတ္တက မွေးတဲ့ အနတ္တသည် ဘယ်မှာ အတ္တ-ဖြစ်နိုင်ပါမလဲ-တဲ့၊ (မှန်လှပါ) ဖြစ်နိုင်စရာအကြောင်းရှိသေးရဲ့လား (မရှိပါ ဘုရား) သဘောပါပလား၊ (ပါ-ပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ကျုပ်တို့မှာဖြင့် နောက်တုန်းကလဲ အနတ္တပဲ၊ အခုလဲ (အနတ္တပါပဲ ဘုရား) အနတ္တပဲဆိုတာ သဘောကျပလား၊ (ကျပါပြီ) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ဟာ ကောင်းကောင်းရှင်းလို့ ဝေဒနာကြည့်လိုက်လဲ အနတ္တ၊ စိတ်ကြည့်လိုက်လဲ အနတ္တပဲ၊ (မှန်ပါ့ ဘုရား) သဘောပါပလား၊ (ပါ-ပါပြီ ဘုရား)။
အဲဒါဒီလိုအနတ္တနားမလည်တဲ့ ပုဂ္ဂိုလ်များဟာအကြောင်းအနတ္တမို့ အကျိုးအနတ္တဖြစ်ပါတယ်ဆိုတဲ့ ဥစ္စာ နားမလည်တဲ့ ပုဂ္ဂိုလ်များ ဝိပဿနာအားထုတ်မှ အနတ္တဟာ ဘယ့်နှယ့်ကြောင့်ဖြစ်တဲ့ အနတ္တပါလိမ့်၊ ကျုပ် မကြိုက်ပါဘူးဆိုတာ လာချင်လာမယ်၊ (မှန်လှပါ ဘုရား) မလာပေဘူးလား၊ (လာနိုင်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် အနတ္တဖြစ်ပါလိမ့်
အနတ္တဟာ ဘယ့်နှယ်ကြောင့် အနတ္တဖြစ်ပါလိမ့်မလဲ ဆိုတဲ့ ဝိစိကိစ္ဆာလဲ မလာပေဘူးလား၊ (လာပါတယ် ဘုရား) ဒါဖြင့် ဒီအနတ္တကိုလဲ သဘောမကျတဲ့ သဘောနဲ့ပဲ အားကိုးမဲ့ဖြစ်သွားတဲ့ သဘာလဲ ရောက်ချင် ရောက်မှာပဲ၊ (ရောက်မှာပါပဲ ဘုရား)။
အကုန်အနတ္တဆိုရင် ဘာအားကိုးမလဲဆိုတဲ့ အားကိုးရာမဲ့လဲ မောင်ဘသော်-ရောက်ချင်ရောက်မယ်၊ (ရောက်ပါတယ် ဘုရား) မရောက်ပေဘူးလား၊ (ရောက်ပါတယ် ဘုရား)။
ဒီလိုဆိုတော့ အားကိုးမရှာပေဘူးလား၊ (ရှာပါတယ် ဘုရား) အင်း-ရှာရင်လဲ လွဲတော့မှာဘဲ၊ (မှန်ပါ့ ဘုရား) သဗ္ဗေဓမ္မာ အနတ္တထဲ အားကိုးရှာနေလို့ရှင် ဒကာကြွယ်-လွဲ-မလွဲ၊ (လွဲပါတယ် ဘုရား) အနတ္တထဲ အားကိုးရှာမတွေ့မှာ သေချာတယ်၊ (သေချာပါတယ် ဘုရား) အနတ္တထဲ အားကိုးရှာရင် (မတွေ့မှာသေချာပါတယ်) မတွေ့မှာသေချာတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဝတ္ထု တစ်ခုထုတ်ကြစို့ရဲ့၊ (မှန်လှပါ) ဒကာဒကာမတွေ နာပြီးသားပါပဲ၊ ထိုကဲ့သို့ နာပြီးသားပင်ဖြစ်ငြားသော်လဲ သူဟာအနတ္တ သဘောမကျလို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရဘူး၊ (မှန်ပါ့)။
အနတ္တဖြစ်ကြောင်းကို သဘောမကျတဲ့အတွက် ဒကာသစ်ရေ-မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရဘူး၊ (မှန်ပါ့ ဘုရား) အဲဒါ ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့ ဒကာကြွယ်-ဖွားဘက်တော် ဆန္ဒသာမှတ်၊ (မှန်ပါ့)။
ဖွားဘက်တော်ဆန္န
ဖွားဘက်တော်ဆန္နဆိုတာကြားဖူးကြပါတယ်၊ (မှန်ပါ့) တောထွက်တုန်းက သူပါတယ်၊ မပါဘူးလား (ပါ,ပါတယ် ဘုရား) ဘုရားကျေးဇူးဆောင်တဲ့ အထဲမှာဖြင့် သူဟာ ကိုယ်ထိလက်ရောက်ဆောင်တဲ ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့် မလွဲဘူး၊ (မလွဲပါ ဘုရား)။
အဲဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘုရားတောထွက်တော်မူလို့လိုက်ပို့ပြီးသကာလ မြင်းကုံးနှီးတွေနဲ့ မြင်းတန်ဆာပလာတွေယူပြီး နန်းတော်ပြန်လာရတယ်၊ (မှန်လှပါ့ ဘုရား) ပြန်လာပြီးတဲ့နောက် တောထဲဘုရားဖြစ်တယ်လို့ လဲ ကြားပါရော သုဒ္ဓေါဒနမင်းကြီးက ဆန္န-မင်းကငါ့သားဘုရားကို သွားပင့်ရမယ်ဆိုတော့ သွားမပင့်ဘူးလား၊ (ပင့်ပါတယ် ဘုရား)။
ပင့်လိုက်တဲ့အခါမှာ သူ့ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တရားဓမ္မတွေ ဟောလိုက်တဲ့အခါကျတော့ ဆ္နသည် ရဟန်းဖြစ်တယ် (မှန်ပါ့ ဘုရား) ပြန်လာသေးရဲ့လား၊ (မလာပါ ဘုရား) မလာတော့ဘူးဆိုတော့ ရဟန်းဖြစ်သွားတော့တယ် ဆိုတာ သေချာတယ်၊ (သေချာပါတယ် ဘုရား)။
အဲဒီ ရဟန်းဖြစ်သွားတဲ့ အခါကျတော့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တတွေ အားထုတ်ပါ တယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား) အနိစ္စတွေ ဒုက္ခတွေ သူ အားထုတ်ပါတယ်၊ (မှန်ပါ့ အားထုတ်ပါ တယ်) အားထုတ်ပေမယ့်လဲ သောတာပန်, သကဒါဂါမ် အနာဂါမ် ရဟန္တာမဖြစ်ဘူး၊ (မှန်ပါ့ ဘုရား)။
တစ်ခါစဉ်းစားပါ၊ ဖွားဘက်တော်ဆိုတာ အတူတူ၊ ပါရမီဖြည့်ဘက်မို့ အတူတူဖြစ်လာတယ်၊ အတူတူ ကျွတ်တမ်းဝင်ဖို့ပဲ (မှန်လှပါ ဘုရား) ဒီဘဝမှာ အတူတူ ကျွတ်တမ်းဝင်ဖို့ ဆန္ဒပါပဲ၊ (မှန်လှပါ ဘုရား) ဒကာသစ် ဒီဘဝမှာ အတူတူကျွတ်တမ်းဝင်ရမယ်နော်၊ (မှန်လှပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်တာနဲ့ ကျွတ်တမ်းမဝင်ရရှာ
သို့သော် သူသင်္ကန်းဝတ်၍ အားထုတ်ပြီး သကာလ နေလိုက်တာ ကျွတ်တမ်းမဝင်လာဘူး ဒကာကြွယ်ရ၊ (မှန်လှပါ ဘုရား) ဘယ့်နှယ်ကြောင့် ကျွတ်တမ်း မဝင်လာသတုံး-လို့ မေးဖို့မလိုဘူးလား၊ (လိုပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တာနဲ့ ကျွတ်တမ်းမဝင်ရရှာတာ၊ (မှန်လှပါ ဘုရား) အဋ္ဌကထာဆရာဒီအတိုင်းဖွင့်ပါတယ်နော် (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ကျွတ်တမ်းမဝင်သတုံး၊ (ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် အကြောင်းအနတ္တမို့ အကျိုးအနတ္တကို သူသဘောမကျဘူး၊ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ သဘောမကျတဲ့အတွက်-တဲ့၊ ဘုရား ၄၅ ဝါနေသွားတယ်၊ သူလဲ နှစ်ပေါင်းသုံးလေးဆယ်လောက် ဒီတရားတွေကြိုးစားတာပဲ၊ ဘုရားသာ ပရိနိဗ္ဗာန် စံဝင်သွားတယ်၊ ဒကာသစ်-သူဟာ ကျွတ်တမ်းမဝင်ဘူး၊ (မှန်လှပါ ဘုရား) ဘာလိုနေတာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ သဿတဒိဋ္ဌိ, အတ္တဒိဋ္ဌိ ခံနေတယ်၊ (မှန်လှပါ) ဒကာကြွယ်-ဘာခံနေသလဲ၊ (သဿတဒိဋ္ဌိ, အတ္တဒိဋ္ဌိ ခံနေပါတယ် ဘုရား)။
အဲဒီ သဿတဒိဋ္ဌိကြီး ခံပြီးသကာလနေတော့ နောက်-ဘုရားပရိနိဗ္ဗာန်စံသွားတော့ သူ့ကိုဗြဟ္မဒဏ်ထား၊ ဗြဟ္မဒဏ်ထားတဲ့အခါကျတော့မှ ဘုရားလဲမရှိလို့ သူ့မှာအားကိုးရာမဲ့ဖြစ်တဲ့ အခါကျတော့မှ သူသည် သာဝတ္ထိပြည်မှာနေ တော့ရဟန်းကြီးတွေဆီသွားပြီး တောင်းပန်တယ် (မှန်လှပါ ဘုရား) အရှင်ဘုရားတို့၊ တပည့်တော်ကို ပစ်မထားကြပါနဲ့၊ တရားများလဲဟောကြပါဦးလို့တောင်းပန်တယ်(မှန်လှပါ ဘုရား)။
တောင်းပန်တော့ ရဟန်းတွေကလဲ ဟောကြတာပဲ၊ ဆန္နရေ-ခန္ဓာငါးပါးဟာ အနိစ္စတရားကွ၊ အနိစ္စလို့ မြင်အောင်ကြည့်ကွ၊ အနတ္တလို့မြင်အောင် ကြည့်ကွ၊ သဗ္ဗေ သင်္ခါရာအနိစ္စလို့ ဘုရားဟောသကွ၊ သဗ္ဗဓမ္မာ အနတ္တာလို့ ဘုရားဟောသကွ၊ ဒီခန္ဓာကိုယ်ကြီးမှာ အနိစ္စနဲ့ အနတ္တပဲရှိတာပါပဲကွာဆိုပြီး ဘုရားသခင်၏ တပည့်သားကြီးတွေက ဘုရားပရိနိဗ္ဗာန်စံလို့မကြာခင်ဘဲ ဒကာသစ်-ဟောပါတယ်၊ (မှန်လှပါ ဘုရား)
ထိုကဲ့သို့ဟောတဲ့အခါကျတော့ သူ့စိတ်ထဲက ဘယ်လို့ပေါ်လာသတုံးဆိုတာ စဉ်းစားပါနော်၊ (မှန်လှပါ) သူဟာ-တဲ့၊ နှစ်ပေါင်းများစွာကြပါပြီ-တဲ့၊ ဒီအနတ္တတွေအားထုတ်တာ၊ (မှန်လှပါ ဘုရား)။
ခန္ဓာငါးပါးဆိုတာ အလုံးစုံအနတ္တချည်းပဲဆိုတာ သူသိပါတယ်တဲ့၊ (မှန်လှပါ ဘုရား) သူသိပါတယ်ဆိုတာ သူ-အားထုတ်ထားလို့၊ (မှန်လှပါ ဘုရား)။
သို့သော်လဲ-တဲ့၊ သူသည် သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာတွေနဲ့ ကြိုးစားလိုက်တာဟာ နှစ်ပေါင်းလဲ ကြာပြီတဲ့၊ သင်္ခါရချုပ်တဲ့နိဗ္ဗာန် မရောက်ပါဘူးတဲ့၊ (မှန်လှပါ) ဘာတဲ့တုံး၊ (သင်္ခါရချုပ်တဲ့နိဗ္ဗာန် မရောက်ပါဘူးတဲ့ ဘုရား) သင်္ခါရချုပ်တဲ့နိဗ္ဗာန် မရောက်ပါဘူး၊ ဥပဓိလေးပါးဆိုတဲ့ ခန္ဓာပျောက်တဲ့ နိဗ္ဗာန်လဲ (မရောက်ပါ ဘုရား)။
ခန္ဓာပျောက်တဲ့ နိဗ္ဗာန်လဲ မရောက်ပါဘူးလို့ သူ့စိတ်မှာ ဒီကိုယ်တော်တွေဟောတဲ့ တရားဟာဖြင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ သဗ္ဗေ ဓမ္မာ အနတ္တာလို့ သူတို့က ဟောကြတယ်၊ (မှန်ပါ့ ဘုရား)။
ဘယ်ဟာကို အားကိုးရမလဲ
ဟောကြပင် ဟောကြငြားသော်လဲ-တဲ့၊ သူ့မှာဖြင့် အနတ္တမရပါဘူး-တဲ့၊ စိတ်ထဲမှာ ဘယ်လိုပေါ်လာသတုံးဆိုလို့ ရှိရင် အလုံးစုံ အနိစ္စ၊ အလုံးစုံ အနတ္တဖြစ်နေလို့ရှိရင်ဖြင့် ဘယ်ဟာကို အားကိုးရမလဲလို့ စိတ်ထဲမှာပြန်ပြန်ပေါ်လာတယ်၊ (မှန်လှပါ ဘုရား) ရှင်းပြီးနော်၊ (ရှင်းပါပြီ ဘုရား) ဘယ်ဟာကိုအားကိုးရမလဲလို့ (စိတ်ထဲမှာ ပြန်ပြန်ပေါ်လာတယ်) အားလုံးအနတ္တဆိုရင် ဘာမှ အားကိုးရန်မရှိတော့ဘူးလို့ သူ့စိတ်ထဲ ဒီလိုချည်း ပေါ်လာတယ်၊ (မှန်လှပါ ဘုရား)။
အဲ-မောင်ဘသော်တို့ စဉ်းစားရမယ်၊ ဪ-သူဟာ အနတ္တဆိုရင်ပဲ ဘာမှအားကိုးရန်မရှိလို့ အားကိုးရာရှာရ မည့် အဓိပ္ပါယ်ရောက်ရောက်နေတော့ သူ့စိတ်ထဲမှာဖြင့်တဲ့၊ အနတ္တတော့ သဘောကျရဲ့၊ အကုန်အနတ္တဆိုရင် ဘယ်ဟာ အားကိုးရမတုံးဆိုတဲ့စိတ်က ပြန်ပြန်လာတယ်၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် သူသည်ကား-အတ္တဒိဋ္ဌိ ရှိမရှိ၊ (ရှိပါတယ် ဘုရား) သဿဒိဋ္ဌိကော၊ (ရှိပါတယ် ဘုရား) ရှိပါတယ်-တဲ့၊ ဒါတွေ ပြန်ပြန်, ပြန်ပြန်ပြီးလာတယ်၊ (မှန်လှပါ) ဒါဖြင့် သူအနိစ္စတွေ အနတ္တတွေ အားထုတ်တယ်နော်၊ (မှန်ပါ့ ဘုရား)။
အတ္တဒိဋ္ဌိ ပြန်ပြန်လာတယ်
မြင်လဲမြင်ပါတယ်-တဲ့၊ မြင်ပေမယ့်လဲ ဒါတွေမြင်လိုက်လို့ရှိရင် အကုန်အနတ္တဆိုရင် ဘယ်ဟာမှ အားကိုးစရာ မရှိတော့ဘူးဆိုတဲ့ စိတ်က ပြန်ပြန် လှည့်လာတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား) အားလုံး အနတ္တဆိုရင် (ဘယ်ဟာအားကိုးရမတုံး-ဆိုတဲ့စိတ်) ဘယ်ဟာ အားကိုးရမတုံးဆိုတဲ့ အတ္တဒိဋ္ဌိ ပြန်ပြန်လာတယ်၊ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့အတ္တဒိဋ္ဌိပြန်ပြန်လာတဲ့အတွက်တဲ့၊ သူ့မှာမဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါ့မလား၊ (မရနိုင်ပါ ဘုရား) ဒါဖြင့် သဿတဒိဋ္ဌိ, အတ္တဒိဋ္ဌိ သူ့ဝမ်းထဲမှာ ခံနေရပြီး၊ (ခံနေပါပြီ ဘုရား) မခံဘူးလား၊ (ခံပါတယ် ဘုရား)။
ကိုင်း ဒကာဒကာမတို့-အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်ငြားသော်လဲ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့အတ္တဒိဋ္ဌိ, သဿတဒိဋ္ဌိ ခံနေပြီ၊ (ခံနေပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါတယ် ဘုရား) ဘာခံနေသလဲ၊ (အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိ ခံနေပါတယ် ဘုရား) အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိ ခံနေတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါနဲ့သူ့စိတ်ထဲမှာ သင်္ခါရချုပ်တဲ့ နိဗ္ဗာန်လဲ သူမမြင်ဘူးတဲ့၊ (မှန်လှပါ ဘုရား) ခန္ဓပျောက်တဲ့ နိဗ္ဗာန်လဲ (သူမမြင်ပါ ဘုရား) ဒကာသစ်- ဘာပြုလို့ မမြင်ပါလိမ့်၊ (သဿတဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိခံနေလို့ပါ ဘုရား)။
အဲ-တိုတို တစ်လုံးထဲပြောကြပါတော့ သဿတဒိဋ္ဌိ ခံနေတယ်၊ (မှန်လှပါ ဘုရား) ရှင်းပြီးနော်၊ (ရှင်းပါပြီ ဘုရား) ဘာဒိဋ္ဌိခံနေသလဲ၊ (သဿတဒိဋ္ဌိခံနေပါတယ်) ဘယ်ဟာ အားကိုးရမတုံးဆိုတဲ့သဘောမျိုး ပေါ်ပေါ်နေတယ်၊ (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ပေါ်နေတဲ့အတွက် သူ့မှာဖြင့် နိဗ္ဗာန်မြင်သေးရဲ့လား၊ (မမြင်ပါ ဘုရား) သင်္ခါရချုပ်တဲ့နိဗ္ဗာန်၊ (မမြင်ပါ ဘုရား) ခန္ဓာငါးပါးချုပ်တဲ့ နိဗ္ဗာန်၊ (မမြင်ပါ ဘုရား) ဘာ့ကြောင့်မမြင်ပါလိမ့်မတုံးဆိုတာ အကဲခတ်ပါ၊ (သဿတဒိဋ္ဌိခံနေလို့ပါ ဘုရား)။
သဿတဒိဋ္ဌိခံနေတယ်၊ ဘယ်ဘယ်အားကိုးရပါ့မလဲ၊ ခိုင်မြဲတာမရှိဘူးဆိုရင် ဘယ်ဟာ အားကိုးရပါ့မလဲ ဆိုတဲ့ဥစ္စာ စိတ်ကပြန်ပြန်ပြီးသကာလ သဿတပဲ သဘောကျနေတယ်၊ (မှန်လှပါ ဘုရား) ခိုင်မြဲတာ အားကိုးမယ်ပေါ့လေ (မှန်လှပါ ဘုရား)
အဲဒီကဲ့သို့ ဒီစိတ်တွေပေါ်လာတော့ ခနက သာဝတ္ထိပြည်မှာ ကိုယ်တော်တွေက “သဗ္ဗေသင်္ခါရ အနိစ္စ၊ သဗ္ဗေဓမ္မာ အနတ္တာ” အစရှိသည်ဖြင့် ရုပ်အနိစ္စ-ရုပ်အနတ္တတွေဟာ၊ ဝေဒနာတွေဟောနဲ့ အမျိုးမျိုး အဖုံဖုံ ဒကာသစ် ဟောကြေတယ်၊ (မှန်လှပါ ဘုရား)။
ဟောပင် ဟောငြားသော်လဲ သူ့စိတ်ထဲမှာဖြင့် ဟောလို့ရှုကြည့်လိုက်၊ အကုန်အနတ္တတွေ ဉာဏ်မြင်လိုက်၊ ဘာအားကိုးရမလဲဆိုတဲ့စိတ်က ပြန်လာလိုက်၊ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိမပြုတ်ဘဲ ဖြစ်နေတယ်
အဲဒီကဲ့သို့ပြန်လာတော့ ဒိဋ္ဌိပြုတ်တဲ့လား (မပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘဲ ဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘဲဖြစ်ပြီးသကာလနေတော့ သူ့စိတ်ထဲမှာ အားသာထုတ်ရတယ် နိဗ္ဗာန်တော့ မမြင်ဘူး၊ (မှန်လှပါ့ ဘုရား) အားသာထုတ်ရပါတယ်၊ (နိဗ္ဗာန်တော့ မမြင်ပါ ဘုရား) နိဗ္ဗာန်မမြင်ဘဲ ဖြစ်နေတယ်ဆိုတာ ဒကာကြွယ် ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ သူ-ဪ-ဘုရားလဲ ပရိနိဗ္ဗာန် စံသွားပြီ၊ ဒီကိုယ်တော်တွေ ဟောတဲ့တရားလဲ မိမိအကုန်ပဲ၊ အရင်တုန်းကလဲ အားထုတ်ပါတယ်၊ အားထုတ်ပင် အားထုတ်ငြားသော်လဲ သင်္ခါရချုပ်တဲ့နိဗ္ဗာန်ကို မမြင်ပါဘူး၊ (မှန်လှပါ) ဥပဓိ လေးပါးချုပ်တဲ့ နိဗ္ဗာန်ကော၊ (မမြင်ပါ ဘုရား)။
အဲဒါ-ဒီကိုယ်တော်တွေနဲ့တော့ အချိုးမကျပါဘူးလေ၊ နိဗ္ဗာန်ရောက်အောင် ဟောနိုင်တဲ့ကိုယ်တော်တွေ မဟုတ်ပါ ဘူးဆိုပြီး သူ့စိတ်ထဲမှာ စိတ်ပျက်တယ်၊ (မှန်လှပါ ဘုရား)။
အပြီးသတ်တော့ ကိုယ်တော်တွေ အဟောညံ့လို့လား၊ သူ့မှာဒီသဿတဒိဋ္ဌိရှိနေလို့လား၊ (သူ့မှာ ဒီသဿဒိဋ္ဌိ ရှိနေလို့ပါ ဘုရား) သဿတဒိဋ္ဌိရှိနေလို့ မရတာကို ဒကာသစ် သူများအပြစ် ဆိုနေပါတယ်၊ (မှန်ပါ့ ဘုရား) ဒါနဲ့ သူသည် ကားလို့ဆိုရင်ဖြင့် ငါ၏မိတ်ဆွေ ရှင်အာနန္ဒာ ဆိုတာတော့ရှိသေးတယ်၊ (မှန်လှပါ ဘုရား)။
အဲဒီရှင်အာနန္ဒာရှိရာကို သွားပြီးသကာလ ပြောရလို့ရှိရင်ဖြင့် ဖွားဘက်တော်မို့ တစ်ယောက်နှင့် တစ်ယောက် ပြောမနာ ဆိုမနာ ခင်ကြ, မင်ကြ, ကြင်နာကြတယ်၊ ကောသမ္ဗီပြည်မှာ သူရှိတယ်ဆိုပြီးသကာလ-တဲ့၊ ရှင်အာနန္ဒာဆီ သွားပါတယ်၊ (မှန်ပါ့)။
သွားပြီးရှင်းအာနန္ဒနဲ့တွေ့တော့ အကျိုးအကြောင်းပြောပြတယ်၊အရှင်ဘုရား-တပည့်တော်ကို ဘုရားကယ်ပါဦး ယူပါဦး၊ တရားဓမ္မများဟောပါဦး တပည့်တော်မှာဖြင့် သာဝတ္ထိပြည်မှာ ကိုယ်တော်တွေ ဟောလိုက်တဲ့ ရုပ် အနိစ္စ၊ ရုပ်အနတ္တ၊ ဝေဒနာအနိစ္စ၊ ဝေဒနာအနတ္တနဲ့ ဟောလိုက်တာလဲသိနေတယ်၊ နောက်ဆုံးပိတ် သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာ-လို့ ဟောလိုက်ကြပါတယ်၊ (မှန်ပါ့ ဘုရား)။
တပည့်တော် ဒါတွေသိပြီးတော့ မြင်ပါတယ်၊ ရှုကြည့်တော့မြင်ပါတယ်၊ အနိစ္စလို့လဲမြင်ပါတယ်၊ အနတ္တလို့လဲ မြင်ပါတယ်၊ သို့သော်လဲ တပည့်တော် အကုန်လုံး အနတ္တဖြစ်တော့ ဘာအားကိုးရမတုံးဆိုတဲ့စိတ်က ပြန်ပြန်လာတယ်၊ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိ ပြန်ပြန်ဝင်တယ်၊ (မှန်ပါ့) ဘာအားကိုးရမလဲဆိုတဲ ဒိဋ္ဌိ ပြန်ပြန်ဝင်ပြီးသကာလ နေတဲ့အတွက်-တဲ့၊ တပည့် တော်မှာ ဟိုကိုယ်တော်တွေဟောတဲ့တရားနဲ့ဖြင့် မရပါဘူးဘုရား၊ နိဗ္ဗာန်ကို မမြင်ပါဘူးတဲ့၊ (မှန်လှပါ ဘုရား)။
ဟို-ကိုယ်တော်တွေ အဟောမှားတာလား၊ သူပဲဒိဋ္ဌိမပြုတ်တာလား၊ (သူ ဒိဋ္ဌိမပြုတ်တာပါ ဘုရား)။
အရှင်အာနန္ဒာက အကဲခတ်လိုက်တယ်
ဒါနဲ့ ဒကာကြွယ်ရေ အရှင်အာနန္ဒာက အကဲခတ်လိုက်တယ်၊ ဪ ငါ့ရှင် သူငယ်ချင်း ဖွားဘက်တော် ဆန္နကို။
ဟို-ကိုယ်တော်တွေ ဟောတာကတော့ အမှန်ပဲ၊ သူကပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ တရားအားထုတ်နေလို့ နိဗ္ဗာန်မရတာ (မှန်လှပါ ဘုရား) ပေါ်ပါပြီနော်၊ (ပေါ်ပါပြီ ဘုရား)။
ဘာတဲတုံး၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ တရားအားထုတ်နေလို့ နိဗ္ဗာန်မရတာပါ ဘုရား) ဒကာကြွယ် ဘယ်လောက် အရးကြီးသတုံး၊ (အရေးကြီးပါတယ် ဘုရား)။
ဘာအရေးကြီးတယ်ဆိုတာ ပေါ်လာကြပလား၊ (ပေါ်လာပါပြီ ဘုရား) ဘာအရေးကြီးသတုံး (ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးပါတယ်၊ (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ဒကာ ဒကာမတို့ အားထုတ်နေတဲ့အတွက်-တဲ့၊ သူသည်ကားလို့ ဆိုရင်ဖြင့် ဒါ့ကြောင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရတာ၊ သင်္ခါရချုပ်တဲ့ နိဗ္ဗာန်မမြင်၊ ဥပဓိလေးပါးချုပ်တဲ့ နိဗ္ဗာန်လဲမမြင် (မှန်လှပါ ဘုရား)
ဪ ငါ့ရှင် ဆန္န ပဋိစ္စသမုပ္ပါဒ် မရှင်းလင်းဘဲနဲ့အားထုတ်နေတာ ကြာသာ ကြာတယ်၊ ဘာမှ အသုံးမကျဘူးလို့ ပြောလိုက်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကြာတော့ ကြာလှပြီနော်၊ (မှန်ပါ့) ဘယ့်နှယ် နှစ်ပေါင်းသုံးလေးဆယ်ရှိပြီ၊ ဘုရား ၄၅-ဝါ နေသွားတာပဲ၊ (မှန်လှပါ ဘုရား) သူကလဲ သင်္ကန်းဝတ်နဲ့နေပြီး အားထုတ်တာကြာပြီ၊ (မှန်လှပါ ဘုရား)။
သို့သော် အနိစ္စ, အနတ္တတွေတော့ မမြင်ဘူးလား၊ (မြင်ပါတယ် ဘုရား) မြင်ပင်မြင်ငြားသော်လဲ နိဗ္ဗာန်ကိုတော့ သူမြင်ရပါရဲ့လား၊ (မမြင်ရပါ ဘုရား)။
ကဲ ဒကာကြွယ်-အရှင်အာနန္ဒာက ဘယ်လို အကဲခတ်လိုက်တယ်ဆိုတာတော့ ပေါ်သွားပြီ၊ (ပေါ်ပါပြီ ဘုရား)။
ပစ္စယပရိဂ္ဂဉာဏ်မပါဘဲနဲ့ သူအားထုတ်နေ
ငါ့သူငယ်ချင်း ဆန္နကဖြင့်ကွာ ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ (ဝါ) ပစ္စယပရိဂ္ဂဉာဏ်မပါဘဲနဲ့ သူအားထုတ်နေတဲ့ အတွက်တဲ့၊ ခုနကပြောတဲ့ သဿတဒိဋ္ဌိ, အတ္တဒိဋ္ဌိက ပြန်ပြန်လှည့်တယ်၊ (မှန်ပါ့ ဘုရား)။
အလုံးစုံ အနတ္တဆိုရင် ဘယ်ဟာ အားကိုးရမှာတုံး၊ ဒါကလေးက ပြန်ပြန်လှည့်တယ်၊ (လှည့်ပါတယ် ဘုရား) အလုံးစုံအနတ္တဆိုရင် (ဘယ်ဟာ အားကိုးရမှာတုံးလို့ ပြန်လှည့်ပါတယ် ဘုရား) ဒီလိုချည်းဘဲ ပြန်လှည့်လာတဲ့အတွက် နိဗ္ဗာန်လာသေးရဲ့လား၊ (မလာပါ ဘုရား)။
ဒါဖြင့် ပဌမမဂ်မှာ နိဗ္ဗာန်၏အန္တရာယ်ဟာ ဒိဋ္ဌိလို့မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) နိဗ္ဗာန်ရထိုက်ပါလျက်သားနဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်မရခြင်း၏အကြောင်းဟာ ဘာတုံးလို့မေးလို့ရှိရင် ကိုယ့်ဝမ်းထဲမှာ ဒိဋ္ဌိရှိလို့သာမှတ်၊ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကိုယ့်ဝမ်းထဲမှာ ဒိဋ္ဌိရှိလို့ နိဗ္ဗာန်မရတာပါ ဘုရား) သဿတဒိဋ္ဌိရှိနေတယ်၊ သူအားကိုးချင်တဲ့ ဒိဋ္ဌိက အမြဲတမ်းရှိနေတယ်၊ (မှန်ပါ့ ဘုရား)။
အဲဒါနဲ့ ဒကာကြွယ် .အားထုတ်လို့ ကြာသာ ကြာတယ် ရရှာရဲ့လား၊ (မရရှာပါ ဘုရား) အရှင်အာနန္ဒာ အကဲခတ်တာပေါ်ပါပြီ၊ (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ ဆန္ဒ အားထုတ်နေတာတဲ့၊ ဒါကြောင့် သူနိဗ္ဗာန်မရတာတဲ့၊ (မှန်လှပါ့ ဘုရား) သဘောပါ ပလား၊ (ပါ-ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အားထုတ်နေတဲ့အတွက်တဲ့၊ သူ နိဗ္ဗာန်မရတာ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် တရားတစ်ပွဲလုံးမှာ အားလုံး ဒကာ ဒကာမတွေ သိကြပါပြီ၊ ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ အားထုတ်နေရင် ဆန္နလိုပဲဖြစ်မှာပဲ၊ (ဖြစ်ပါမယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အားထုတ်ရင်
ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အားထုတ်ရင် (ဆန္နလိုပဲဖြစ်မှာပါပဲ ဘုရား) အချိန်သာကုန်တယ် လိုရင်း မရောက်ဘူး၊ (မှန်ပါ့ ဘုရား) ဒကာသစ် ဘယ်လိုမှတ်မလဲ၊ (အချိန်သာကုန်တယ် လိုရင်း မရောက်ပါ ဘုရား)။
အချိန်သာကုန်တယ် ဒကာ ဒကာမတို့၊ လိုရင်းမရောက်ပါဘူး၊ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ် တို့ ဆရာဟာ တယ်-အရေးကြီးပါကလား၊ (ကြီးပါတယ် ဘုရား) တရားဓမ္မ အားထုတ် ချင်တဲ့ ပုဂ္ဂိုလ်ကရောက်လာ၊ မင်းကော-အနိစ္စအားထုတ်ကွ၊ဖြစ်ပျက်အားထုတ်ကွာလို့ စ,မပေးနဲ့တဲ့၊ (မှန်လှပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားလည်အောင်ပြောပါ၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဘာအရေးကြီးသလဲ၊ (ပဋိစ္စသမုပ္ပါဒ်နားလည်ဖို့ အရေးကြီးပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်ကို ပြောပြမှခနကပြော ခဲ့တဲ့ ဖြစ်ပျက်အနိစ္စကိုပေးမှကိုက်မှာ၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အခု ဆန္နမှာ နှစ်ပေါင်းသုံးဆယ်, လေးဆယ်ကြီးဒကာကြွယ်ရေ အနိစ္စ, အနတ္တတွေ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မြင်လျက်နဲ့ဘာတုံး၊ (နိဗ္ဗာန်မရ, မဂ်မရပါ) နိဗ္ဗာန်မရဘူး(မှန်ပါ့) အနိစ္စ, ဒုက္ခ, အနတ္တတော့၊ (မြင်ပါတယ် ဘုရား) နိဗ္ဗာန်တော့၊ (မရပါ ဘုရား)။
ဘာကြောင့် မရပါလိမ့်မတုံး၊ (ဒိဋ္ဌိခံနေလု့ိပါ) ဘာဒိဋ္ဌိခံနေသတုံး၊ (သဿဒိဋ္ဌိ ခံနေပါတယ်) ဘာအားကိုးရမလဲ ဆိုတဲ့ သဿတဒိဋ္ဌိ-အတ္တဒိဋ္ဌိ ခံပြီးသကာလနေတော့ သူ့မှာ ဒီဒိဋ္ဌိက ပြန်ပြန်လာတယ် (မှန်ပါ့ ဘုရား)။
အနတ္တ အားထုတ်လိုက် ဒီဒိဋ္ဌိကဝင်တိုးလိုက်၊ အနတ္တအားထုတ်လိုက် ဘယ်ဟအားကိုးရမလဲဆိုတဲ့ ဒိဋ္ဌိကဝင်ပြီး ခုလိုက်၊ (မှန်ပါ့ ဘုရား)။
ဒီလိုဖြစ်ပြီးသကာလ နေတာနဲ့ နှစ်ပေါင်း သုံးဆယ်-သုံးဆယ်ငါးတိုတိုင် ကိုယ်ပင်ပန်း စိတ်ပင်ပန်းနဲ့သာ ဒကာကြွယ် အချိန်ကုန်ခဲ့ရတယ်၊ နိဗ္ဗာန် အာရုံမပြုနိုင်ဘူး၊ (မှန်ပါ့ ဘုရား)။
တယ် နာပါကလား၊ (နာပါတယ် ဘုရား) ဘာကြောင့် ဒီလောက် နာချက်သန်ပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်လို့၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာ့ကြောင့်တုံး၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ကြည့်စမ်း နှစ်ပေါင်းသုံးဆယ် သုံးဆယ့်ငါး နောက်တော်က မြင်းနဲ့လိုက်ပို့တဲ့ မောင်ဆန္နမှာ ဒကာကြွယ် အတော်ဒုက္ခရောက်နေတယ်၊ (ရောက်နေပါတယ် ဘုရား) မရောက်ဘူးလား၊ (ရောက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ ဒီရောက်ပြီး သကာလ မနေကြနဲ့၊ ဟောဒီ အကြောင်း နှစ်ခုဟာ-တဲ့ ခိုင်သလား မြဲသလား အစိုးမရဘူးလားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ၊ (မခိုင်မမြဲ မစိုးမရပါ ဘုရား)။
ဒီ- သင်္ခါရကော၊ (မခိုင်မမြဲပါ ဘုရား) အနတ္တတွေ မဟုတ်လား၊ (မှန်ပါ့-အနတ္တပါ ဘုရား) သူကဖြစ်စေတဲ့ ခန္ဓာငါးပါးဟာတေကာ (အနတ္တပါ ဘုရား)။
ကြည့် ဒုက္ခသစ္စာ ဒုက္ခသစ္စာ ဒုက္ခရောက်သွားတယ်ဆိုတာ ဘယ်သူပိုင်သေးသလဲ၊ (မပိုင်ပါ ဘုရား) မပိုင်တော့ဘာဆိုကြမယ်။ (အနတ္တပါ ဘုရား)။
မပိုင်တော့ အနတ္တပဲ ပြန်ဆိုရုံပဲရှိတယ်၊ (မှန်ပါ့) အနတ္တပဲ ပြန်နှလုံးသွင်းရုံပဲ၊ (မှန်ပါ့) ဒုက္ခရောက်တာသည် အနတ္တပဲ၊ (မှန်ပါ့) ရှင်းပြီလား၊ (ရှင်းပါပြီ ဘုရား)။
အကြောင်းကိုက အနတ္တပါ
အကြောင်းကိုက ဖြစ်စေတဲ့ အကြောင်းကိုက ဘာတဲ့၊ (အနတ္တပါ ဘုရား) ဒါဖြင့် ဖြစ်ပေါ်လာတဲ့အကျိုးကို ဘယ်နှယ်ဆိုမလဲ၊ (အနတ္တပါ ဘုရား)။
ဪ ဒါဖြင့် အနတ္တက မွေးထုတ်လိုက်တော့ အနတ္တပဲဖြစ်ရမယ်၊ (ဖြစ်ပါမယ် ဘုရား) ရှင်းပြီနော် . (ရှင်းပါပြီ ဘုရား)။
အဲဒီလိုအကြောင်းနဲ့ အကျိုးသိမ်းပြီးသကာလအကြောင်း အနတ္တမို့ အကျိုးအနတ္တဖြစ်ရတယ်ဆိုတာကို ဒကာကြွယ်နှင့်တကွ အားလုံး တရားတစ်ပွဲလုံးက ဪ အနတ္တက မွေးရင်အနတ္တပဲဖြစ်မှာပဲ၊ ဘယ်ဟာမှ အားကိုးစရာ မရှိဘူးဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)
ဘယ်ဟာမှ အားကိုးစရာ မရှိဘူးဆိုတာကို ကိုယ်ကိုင်သိပလား၊ (သိပါပြီ ဘုရား) ဘာကြောင့်တုံး၊ ပဋိစ္စသမုပ္ပါဒ် နားလည်ထားလို့၊ (မှန်ပါ့ ဘုရား)အကြောင်းကိုက (အနတ္တပါ ဘုရား) အကျိုးဟာ-(အနတ္တပါ ဘုရား)။
အနတ္တပဲဆိုတာမပြောပဲနဲ့ရှင်းတယ် (ရှင်းပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ပုဂ္ဂိုလ်များမှာ- (မှန်ပါ့ ဘုရား) ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံကောင်းအကြောင်းသင့်တော့တယ်ဆိုတာ ဒကာကြွယ်-ဆရာဟာ အင်မတန်အရေးကြီးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) အကြောင်းကိုက ဘာမို့တုံး (အနတ္တမို့ပါ ဘုရား)။
အဝိဇ္ဇာကလဲအနတ္တ
အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတာ အဝိဇ္ဇာကလဲအနတ္တ၊ သူဖြစ်စေတဲ့သင်္ခါရကကော (အနတ္တပါ ဘုရား) အင်း .ဟင်-သင်္ခါရပစ္စယာဝိညာဏံလို့ ဆိုလိုက်ပြန်တော့ သင်္ခါရက အနတ္တမို့ ဝိညာဏ်ဟာကော (အနတ္တပါ ဘုရား)။
ကဲ-ဒါဖြင့် အကုန်အနတ္တတွေ လှည့်သွားမှာပဲ (မှန်လှပါ ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား) ဟန်ကျကြပလား (ကျပါပြီ) ဒါဖြင့် ခင်ဗျားတို့က ဆန္နသဘောရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ဆန္နက ပဋိစ္စသမုပ္ပါဒ် အကုန်အနတ္တဆိုခက်ရောကွာ၊ ဘယ်ဟာ အားကိုးမတုံး-ဒါပဲ (မှန်ပါ့)သူ့ဥစ္စာ “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတာက အကုန်အနတ္တ အားကိုးစရာ တစ်ခုမှမရှိဘူး (မှန်ပါ့) မဟုတ်ဘူးလား၊ ခန္ဓာနာမ်ရုပ်ဟူသရွေ့ အားကိုးစရာရှိရဲ့လား (မရှိပါ ဘုရား)။
ခန္ဓာနာမ်ရုပ် ဟူသရွေ့သည်ကားဆိုလို့ရှိရင် ဒကာကြွယ်အားကိုးစရာ (မရှိပါ ဘုရား) အကုန်အနတ္တတွေကိုး (မှန်ပါ့ ဘုရား) ဒီလိုဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
နောက်မကျေနပ်သေးလို့ရှိရင်လဲအကြောင်းက အနတ္တမို့ အကျိုးအနတ္တဖြစ်တယ်လို့ ဆုံးဖြတ်ချက်ပြန်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အကြောင်းအနတ္တမို့ (အကျိုးအနတ္တပါ ဘုရား) ဘယ်လိုကြံကြမတုံး-တဲ့၊ အတ္တ ဖြစ်အောင် ကြံလို့ရတဲ့အမျိုးကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) အကြောင်းကိုက (အနတ္တမို့) ဖြစ်ပေါ်စေတဲ့ အကျိုးမှာလဲ (အနတ္တပါ ဘုရား)။
အမေ-အဖေတွေကအနတ္တမို့သေကုန်ပြီဗျ၊ သားသမီးတွေက ခိုင်မြဲချင်လို့ (မရပါ ဘုရား) မရပါဘူး၊ အနတ္တမျိုး တွေပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အကြောင်းအနတ္တမို့ အကျိုးအနတ္တပဲ
ကောင်းပြီ၊ ဒီလောက်ဆိုလို့ရှိရင်ဖြင့် ဪ-အကြောင်းအနတ္တမို့ အကျိုးအနတ္တပဲ ဆိုတာဖြင့် ဒကာသစ်-ရှင်းပြီ(ရှင်းပါပြီ ဘုရား) မောင်ဘသော်ကော-(ရှင်းပါပြီ ဘုရား) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျုပ်တို့ဒီ-ယခုရထားတဲ့ခန္ဓာကို ဘာခန္ဓာဆိုကြမလဲ (အနတ္တခန္ဓာပါ ဘုရား)ဆိုရမှာပဲ၊ သူဖြစ်စေတဲ့ အဝိဇ္ဇာသင်္ခါရကိုက (အနတ္တပါ ဘုရား) ဒီတော့ အကြောင်းအနတ္တမို့ (အကျိုးအနတ္တပါ ဘုရား)။
အကျိုးအနတ္တပဲဆိုတာ ရှင်းလင်းသွားပြီးတော့ ဘယ်ဟာမှ အားကိုးစရာမရှိဘူးဆိုတာ ပိုင်သွားပြီ (ပိုင်သွားပါပြီ ဘုရား) ဆန္ဒကတော့ဘယ်ဟာ အားကိုးရမလဲဆိုတဲ့ သဘောကလေး ဝင်-ဝင်လာတယ်၊ (မှန်ပါ့ ဘုရား) ဆန္ဒမှာ အားထုတ်လိုက်၊ ဒါတွေဝင်လာလိုက်၊ (မှန်လှပါ ဘုရား) သူက အားကိုးရှာနေတာကိုး၊ ကျုပ်တို့ကေတာ့ မရှိဘူးဆိုတာ သိပြီးသားဖြစ်နေတယ်(မှန်ပါ့ ဘုရား) သူကတော့ ဘာတုံး၊ (အားကိုးရှာနေပါတယ် ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
အရှင်အာနန္ဒာနဲ့တွေ့တယ်
ကိုင်း-ဒါနဲ့ အရှင်အာနန္ဒာနဲ့တွေ့တယ်၊ အရှင်အာနန္ဒာနဲ့ ကောသမ္ဗီပြည် သွားတွေ့တယ်၊ ခုနက ဆန္နဟာလေ (မှန်ပါ ဘုရား)။
အရှင်အာနန္ဒာ-သာဝတ္ထိပြည်မှာဟောတဲ့ ကိုယ်တော်တွေကဖြင့် ရုပ်အနိစ္စ, ဝေဒနာအနိစ္စ, ရုပ်အနတ္တ, ဝေဒနာ အနတ္တ, သညာအနတ္တတွေနဲ့ စုံလို့ပါပဲကိုယ်တော်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာ၊ ဒါ နှလုံးသွင်းရတာပေါ့ကွ-တဲ့ တပည့်တော်ဒါတွေနှလုံးသွင်းတယ်၊ (မှန်ပါ့ ဘုရား) အလုံးစုံအနိစ္စ၊ အလုံးစုံ အနတ္တဆိုတာ တပည့်တော် နှလုံးသွင်းပါ တယ်၊ မြင်လဲမြင်ပါတယ်-တဲ့၊ မြင်ပင်မြင်ငြားသော်လဲ သူတို့ဟောတဲ့တရားက နေရာမကျတော့ အကုန်အနတ္တဆိုရင် ဘာကိုအားကိုးရမှာတုံး၊ တပည့်တော် ဒီစိတ်က ပြန်ပြန်လာတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အကုန်အနတ္တဆိုရင် ဘာအားကိုးမလဲဆိုတာ (ပြန်ပြန်ဝင်လာပါတယ် ဘုရား) သဘောပါကြပလား၊ (ပါ,ပါတယ် ဘုရား) ခင်ဗျားတို့ကတော့ အကုန်အနတ္တဆိုရင် အို-အနတ္တမို့လို့ အနတ္တယူတာ အထူးအဆန်းမဟုတ်ဘူး၊ (မှန်ပါ့ ဘုရား)အကြောင်းအနတ္တမို့ အကျိုးအနတ္တဖြစ်တာကို ဘာမှစောကြောစရာမလိုဘူး၊ စိစစ်စရာမလိုဘူး (မှန်ပါ့ ဘုရား) သဘောပါပလား၊ (ပါ,ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့အတွက်က ရှင်းပြီ၊ ဆန္နမှာ မရှင်းဘဲဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား) ဒါနဲ့ရှင်အာနန္ဒာက ဪ-ဒီကိုယ်တော်ဟာ တရားတော့ အနိစ္စ, ဒုက္ခ, အနတ္တတွေ အားထုတ်သားပဲ၊ အတ္တဒိဋ္ဌိပဲ သဿတဒိဋ္ဌိက သူ မပြုတ်ဘူး၊ မပြုတ်တာလဲ တခြားမဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်မပါဘဲနဲ့ နားမလည်ဘဲနဲ့ အားထုတ်နေလို့၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ ဘုရား)။
အရှင်အာနန္ဒာ အကဲခတ်လိုက်တာ ဘယ်လို အကဲခတ်ပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ အားထုတ်နေလို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့အားထုတ်နေလို့ လိုရာမဆိုက်တာဘဲဆိုပြီး အရှင်အာနန္ဒာက ဒကာကြွယ်-ပဋိစ္စသမုပ္ပါဒ် ပြန်ဟောရတယ်။ (မှန်ပါ့ ဘုရား) ဘာပြန်ဟောရသလဲ၊ (ပဋိစ္စသမုပ္ပါဒ် ပြန်ဟောရပါတယ် ဘုရား)။
ဒိဋ္ဌိဖြုတ်ပုံ ဟောထားတာရှိတယ်
ပဋိစ္စသမုပ္ပါဒ် ပြန်ဟောရတယ်၊ အရှင်ဆန္န မပူနဲ့၊ ငါ့ရှင်အားလည်းမငယ်နဲ့၊ (မှန်ပါ့) ငါ- ပိဋကတ်သုံးပုံ ကုန်ရွေးဦးမယ်၊ ရွေးလိုက်တဲ့ အခါကျလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ ပရိနိဗ္ဗာန်စံလို့ ငါအကုန် ပိဋကတ်သုံးပုံ ဆောင်တဲ့ပုဂ္ဂိုလ်၊ ပိဋကထဲ ငါရွေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်-တဲ့၊ ကစ္စာယန အနွယ်ဖြစ်တဲ့ရဟန်းကို ပဋိစ္စသမုပ္ပါဒ်နှင့် တကွ ဒိဋ္ဌိဖြုတ်ပုံ ဟောထားတာရှိတယ်၊ အဲဒါကို နားထောင်စမ်း(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ကစ္စနာ အနွယ်ဖြစ်တဲ့ ရဟန်းတစ်ပါးကို ဘုရားဟောထားတာရှိတယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုဟော ထားတုံးဆိုတော့ “ဒွယံ နိဿိတော ခွါယံ ကစ္စန လောကော ယေ ဘုယျေန အတ္ထိတေဉ္စဝ နတ္ထိတဉ္စ” (သံယုတ်) ကစ္စာန ရဟန်းလောကကြီးထဲမှာ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ရှိကြတယ်ကွာတဲ့၊ ဒီအကြောင်းမနေ့ကလဲ ရှင်းပြီးခဲပြီ (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ သဿတဒိဋ္ဌိဆိုတာကတော့ဖြင့် ခိုင်တယ် မြဲတယ်လို့ ယူတာပေါ့နော်၊ (မှန်ပါ့) ငါလုပ်လို့ ငါရတယ်ဆိုရင် ဘာဒိဋ္ဌိလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား) ငါလုပ်လို့ သူများခံရတယ်ဆိုရင်၊ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
အခုတော့ ဒီလိုရှိသေးရဲ့လား၊ (မရှိပါ ဘုရား) မရှိပါဘူး၊ ငါလဲမရှိဘူး-သူလဲမရှိဘူး၊ အဝိဇ္ဇာသင်္ခါရကြောင့် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဖြစ်တာပဲရှိတယ်၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာ သင်္ခါရကြောင့်၊ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်တာပဲ ရှိပါတယ် ဘုရား)။
ဒါဖြင့် အကြောင်းအကျိုးကော မဆက်ဘူးလား၊ (ဆက်ပါတယ် ဘုရား) ဆက်ခြင်းကြောင့်-တဲ့-ဒကာဒကာမတို့ ပုဂ္ဂိုလ်သတ္တဝါလဲ မပါသောကြောင့် ငါလုပ်-ငါရ, ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား)။
သဿတဒိဋ္ဌိစင်သွားတယ်
ငါလုပ်-ငါရ မဟုတ်တော့ဘူး၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲရှိတယ်ဆိုသဖြင့် သဿတဒိဋ္ဌိစင်သွားတယ်၊ (စင်ပါတယ် ဘုရား)။
အကြာင်းသည် အကျိုးကိုဖြစ်စေတာသိသဖြင့်လဲ သင်္ခါရပစ္စယာ ဝိညာဏံ ထောက်လိုက်လို့ရှိရင် ကြည့်စမ်း ပါလားဒကာကြွယ်-သင်္ခါရပစ္စယာ ဝိညာဏံ၊(မှန်ပါ့) အကြောင်းအကျိုးမဆက်ဘူးလား၊(ဆက်ပါတယ် ဘုရား)။
ဆက်တာမြင်သဖြင့်လဲ ဥစ္ဆေဒဒိဋ္ဌိ ရှိသေးရဲ့လား၊(မရှိပါ ဘုရား) အတိတ်ဘဝက သင်္ခါရနဲ့ ယခုဘဝဝိညာဏ်နဲ့ မဆက်လား၊ (ဆက်ပါတယ် ဘုရား) ပြတ်သေးသလား၊ (မပြတ်ပါ ဘုရား) ထိုကဲ့သို့မပြတ်တော့ ဒကာသစ် ဘယ်ဒိဋ္ဌိ စင်သွားသတုံး၊ (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ်နော်၊ (မှန်ပါ့ ဘုရား)
ဟိုဘဝ ပုဂ္ဂိုလ်ဟာ ဒီဘဝလိုက်သေးရဲ့လား၊ (မလိုက်ပါ ဘုရား) အကြောင်းအကျိုး ဆက်ရုံပဲရှိတာ မသိဘူးလား၊ (သိပါတယ် ဘုရား) ဒီလိုသိတော့ သဿတဒိဋ္ဌိ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို
အဲ-ဒါကြောင့် ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားကဟောတဲ့အခါကျောတ့ “ဒွယံ နိဿိတော ခေါ ကစ္စာန လောကော ယေဘုယျန အတ္ထိတေဉ္စဝ နတ္ထိတဉ္စ” ဒါက ပါဠိတော်၊ (မှန်ပါ့) သို့သော် ဒီပဠိတော်ကို အဓိပ္ပာယ်ရှင်းပေး တော့ဖြင့် လင်းပါလိမ့်မယ်၊ (မှန်လှပါ့ ဘုရား)။
ဒီအကြောင်းဖြစ်လို့ရှိရင်ဖြင့် ဒီအကျိုး ဖြစ်ရမှာလား-မဖြစ်ရဘူးလား၊ (ဖြစ်ရမှာပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အကြောင်းဖြစ်ရင်၊ (အကျိုးဖြစ်ရမှာပါ ဘုရား) သင်္ခါရအကြာင်းဖြစ်ရင် -ဝိညဏ်အကျိုးဟာ (ဖြစ်ရမှာပါ ဘုရား) ဖြစ်ရမှာပဲဆိုသဖြင့်-တဲ့၊ ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိရှိသေးလား၊ (မရှိပါ ဘုရား)။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဆိုသဖြင့် ဥစ္ဆေဒဒိဋ္ဌိရှိသေးရဲ့လား၊ (မရှိပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) သင်္ခါရနဲ့ဝိညာဏ်နဲ့ အကြောင်းအကျိုးဟာပြတ်သားသလား၊ ဆက်သလားမေးရင်၊ (ဆက်ပါတယ် ဘုရား) ဆက်တယ်ဆိုတာသိသွားတော့ကို ဥစ္ဆေဒဒိဋ္ဌိရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ဟိုက သင်္ခါရတွေဟာ ပစ္စုပ္ပန်ဘဝထဲမှာ သင်္ခါရကိုယ်တိုင်များ လိုက်လာသေးသလား၊ (မလိုက်ပါ ဘုရား) အဲမလိုက်လို့ပေါ့ ဒီဘဝအစမှာ ဝိညာဏ်ကစ,တယ်၊ (မှန်လှပါ ဘုရား) ဘယ်က စ,သလဲ၊ (ဝိညာဏ်ကစပါတယ် ဘုရား) ဝိညာဏ်က စ,နေတာ ထောက်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ခိုင်တယ် မြဲတယ်ဆိုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား)။
သင်္ခါရဟာ သင်္ခါရနယ်က ချုပ်လိုက်တာပဲ ချုပ်ပြီးသကာလ သင်္ခါရအကြောင်း မကင်းလို့ ဝိညာဏ်ပေါ် တာပဲရှိတယ်၊ (မှန်လှပါ) ဒီ့ပြင်ဘာရှိသေးသတုံး၊ (ဘာမှမရှိပါ ဘုရား) ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ခိုင်မြဲတဲ့သဘော ကော ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ဒါဖြင့် သဿတ, ဥစ္ဆေဒ မလွတ်သေးဘုူးလား၊ (လွတ်ပါတယ် ဘုရား) သဿတ, ဥစ္ဆေဒ လွတ်လို့ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ အလယ်လမ်းရောက်ပါပြီ၊ (ရောက်ပါပြီ ဘုရား) သဿတ, ဥစ္ဆေဒလွတ်ရင်၊ (အလယ်လမ်းရောက်ပါပြီ ဘုရား) အလယ်လမ်းဆိုတာ တခြားလမ်းမှတ်နေတယ် ဒကာဒကာမတို့ သဿတလဲ ခန္ဓာထဲမရှိဘူး၊ (မှန်ပါ့) ဥစ္ဆေဒကော၊ (ခန္ဓာထဲ မရှိပါ ဘုရား)။
နိဗ္ဗာန်မမြင်တာ သဿတခံနေလို့
အဲရှင်ဆန္န, မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိဗ္ဗာန်မမြင်တာ သဿတခံနေလို့၊ (မှန်လှပါ ဘုရား) အကုန် အနတ္တဆိုရင် ဘယ်ဟာအားကိုးမတုံးတဲ့ (မှန်လှပါ ဘုရား) ဒီလိုဆိုတာသိပြီးသကာလနေတော့ ဒီဟာသာ သူစွဲလမ်းပြီးသကာလ နေတော့ တဏှာ ဥပါဒါန်ပြန်ပြန်, ပြန်ပြန်ပြီးသကာလ လာတော့ ဒကာကြွယ်ရေ သင်္ခါရချုပ်တဲ့ နိဗ္ဗာန်ကိုလဲသူမမြင်ဘူး၊ (မမြင်ပါဘူး ဘုရား) ဥပဓိချုပ်တဲ့နိဗ္ဗာန်လဲ၊ (မမြင်ပါဘူး ဘုရား) ဘာဖြစ်နေသလဲ ဘာအားကိုးရမလဲဆိုတဲ့ အားကိုးလုံးက လာ, လာနေတယ်၊ (လာနေပါတယ် ဘုရား)။
ထိုကဲ့သို့လာနေတဲ့အတွက်တဲ့ ရှင်ဆန္နမှာ ပဋိစ္စသမုပ္ပါဒ်မှာ သဿတကပ်တယ်၊ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ သဿတဒိဋ္ဌိကလဲ မစင်ကြယ်၊ (မစင်ကြယ်ပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိကော၊ (မစင်ကြယ်ပါ ဘုရား)။
ထိုကဲ့သို့ ဒိဋ္ဌိတွေမစင်ကြယ်ဘဲ ဖြစ်နေသောကြောင့် ဒကာဒကာမတို့တဲ့၊ ရှင်ဆန္နမှာ တဿတမစင်ကြယ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အာရုံမပြုနိုင်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ နိဗ္ဗာန်ကို၊ (အာရုံမပြုနိုင်ပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်မရောက်ဘူးပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။
အဲဒီ အခုပြောလိုက်တဲ့ လောကသမုဒယ နားလည်လို့ရှိရင်လဲတဲ့၊ မှတ်လိုက်ပါ ဥစ္ဆေဒဒိဋ္ဌိမရှိဘူး၊ (မှန်ပါ့) လောက၏နိရောဓကို နားလည်လို့ရှိရင်လဲ သဿတမရှိဘူး၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
ဥစ္ဆေဒဒိဋ္ဌိ ရှိသေးရဲ့လား
ကောင်းပြီ၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ အကြောင်းအကျိုး ဆက်-မဆက်၊ (ဆက်ပါတယ် ဘုရား) ဆက်တော့ အကြောင်းအကျိုးဆက်ပြီးသကာလ နေသောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ ကြည့်လိုက်ပါဦး၊ အဝိဇ္ဇာချုပ်ရင် သင်္ခါရရော (ချုပ်ပါတယ် ဘုရား) သင်္ခါရချုပ်ရင် (ဝိညာဏ်လဲ ချုပ်ပါတယ် ဘုရား)။
ဝိညာဏ်လဲ ချုပ်တယ်ဆိုသဖြင့် ဒကာ ဒကာမတွေ ဒီထဲ မချုပ်တဲ့ တရားများလဲ ပါသေးသလား၊ (မပါ-ပါ ဘုရား) ဒါဖြင့် ခိုင်မြဲတဲ့တရားကော ရှိသေးသလား၊ (မရှိပါ ဘုရား) ဒါဖြင့် ခိုင်မြဲတဲ့တရားလဲ မရှိဘူးဆိုတာ သိနေပြီနော်၊ (သိပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် သဿတကော ရှိသေးသလား၊ (မရှိပါ ဘုရား) ဥစ္ဆေဒကော (မရှိပါ ဘုရား) ဥစ္ဆေဆိုတာ အကြောင်းအကျိုးဆက်တာ သိလိုက်ရင်ပဲ ဥစ္ဆေဒဟာလွတ်သွားတာပဲ၊ (မှန်လှပါ ဘုရား) ဟိုကအကြောင်းသည် အထည် အဖြစ်နဲ့မလိုက်ပါဘူး၊ သတ္တိသာ လိုက်ပါတယ် ဆိုသဖြင့်လဲ သဿတမလွတ်ဘူးလား၊ (လွတ်ပါတယ် ဘုရား)။
ဒါဖြင့် တဿတ, ဥစ္ဆေဒ လွတ်ပလား၊ (လွတ်ပါပြီ ဘုရား) ဒါဖြင့် ဒီလိုယူကြပါတော့ ဒကာ ဒကာမတို့၊ ခန္ဓာ ကိုယ်ထဲမှာ ဝေဒနာကလေးကဖြစ်တယ်၊ (မှန်ပါ့ ဘုရား) ဝေဒနာကလေးက ပြီးတော့ ဘာဖြစ်သွားသလဲ၊ (ချုပ်သွားပါပြီ ဘုရား) ပျက်ပြီး တစ်ခါ ဝေဒနာလေးက ဘာဖြစ်ပြန်သလဲ (ဖြစ်ပါတယ် ဘုရား) တစ်ခုသော ဝေဒနာပေါ်ပြန်တယ်၊ (မှန်ပါ့ ဘုရား)။
အင်း ဟင် ဒီဝေဒနာလေးက ပေါ်လာပြန်ပြီးတော့ (ပျက်သွားပါတယ် ဘုရား) ပျက်သွားတာ မြင်သဖြင့် ဒကာ ဒကာမတို့ ဖြစ်တာ မြင်သဖြင့်လဲတဲ့၊ သေသေချာချာမှတ်ပါတဲ့ အကြောင်းကြောင့် ဖြစ်တယ်ဆိုတာဟာ သေချာပါ တယ်၊ (သေချာပါတယ် ဘုရား)။
ဖြစ်တာဟာ အကြောင်းကင်း၍ ဖြစ်ကဲ့လား၊ (မဖြစ်ပါ ဘုရား) ဒီအထဲက ဥစ္ဆေ မစင်သေးဘူးလား၊ (စင်ပါတယ် ဘုရား) ပျက်တာမြင်သဖြင့် ခိုင်မြဲတာရှိသေးရဲ့လား၊ (မရှိပါ ဘုရား) ဒါဖြင့် သဿတဒိဋ္ဌိလဲ စင်တယ်၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် တိုတိုမှတ်ပါတော့ ဒကာ ဒကာမတွေ အားထုတ်နေ့တဲ့ ဖြစ်ပျက်တာ အဖြစ်မြင်လေသဖြင့် ဘယ်ဒိဋ္ဌိ စင်သတုံး၊ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) အပျက် မြင်လေသဖြင့် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။
အဲဒီတော့ ဒီ-ဒိဋ္ဌိနှစ်ပါးစင်ပြီးသကာလ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များဟာဖြင့် သဿတ, ဥစ္ဆေဒစင်ပြီးသား၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဝိပဿနာဉာဏ်နဲ့ စဉ်းစားလိုက်တော့ ဖြစ်မှုမြင်တော့ ဘယ်ဒိဋ္ဌိစင်သတုံး၊ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) ဖြစ်မှုမြင်လိုက်တော့ ဥစ္ဆေဒ စင်တာပေါ့၊ ဒကာ ဒကာမတွေရဲ့ ၊သူ့အကြာင်းမပါဘဲနဲ့ ဖြစ်တာမှ မဟုတ်ဘဲ၊ (မှန်လှပါ ဘုရား) ဖဿ ပစ္စယာ ဝေဒနာ၊ (မှန်ပါ့)ဘာတဲ့တုံး၊ (ဖဿ ပစ္စယာ ဝေဒနာပါတဲ့ ဘုရား)။
အဲဒါအကြောင်းကြောင့်ဖြစ်တာ သိလိုက်သဖြင့် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်သေးရဲ့လား၊ (မဖြစ်ပါ ဘုရား) ဖြစ်ပြီးတဲ့ ဓမ္မ ကလေးပျက်သွားတာ မြင်လိုက်တော့ ခိုင်တာ,မြဲတာ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား) ဘယ်ဒိဋ္ဌိစင်သွားပါလိမ့်၊ (သဿတ ဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဖြစ်ပျက်ဟာဖြင့် ဒိဋ္ဌိနှစ်ပါးစင်တဲ့တရားပဲ
ဒါဖြင့် အဖြစ်မြင်ရင် ဥစ္ဆေဒ စင်တယ်၊ အပျက်မြင်ရင်-(သဿတ စင်ပါတယ် ဘုရား) ဒါဖြင့် ဒကာကြွယ်တို့ ရှုနေတဲ့ ဖြစ်ပျက်ဟာဖြင့် ဒိဋ္ဌိနှစ်ပါးစင်တဲ့တရားပဲ၊ (မှန်လှပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ရှင်ဆန္နမှာတော့ ဒကာ ဒကာမတို့ အတ္ထဒိဋ္ဌိ, သဿတဒိဋ္ဌိက ရှိပြီးသကာလနေတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်ကို အာရုံမပြုနိုင်တော့ဘူးဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ရှင်ဆန္နကို အရှင်အာနန္ဒာက ဒီအတိုင်းကွာတဲ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး ဒီပဋိစ္စသုမပ္ပါဒ်အဝိုင်းကြီး လှည့်ပြတယ်၊ (မှန်ပါ့)။
ဪ ဒီလိုဆိုလို့ရှင်ဘုရား အကြောင်းဖြစ်ရင် အကျိုးဖြစ်တာပဲ၊ အကြောင်းချုပ်ရင် အကျိုးချုပ်တာပဲ၊ လောကကြီးထဲမှာ ဒါပဲရှိတာပဲလို့ သူ-ဆုံးဖြတ်ချက် ချလိုက်တယ်၊ (မှန်လှပါ ဘုရား)။
အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား) အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား) အကျိုးချုပ်တယ် လို့ထင်မြင်ပြီး ခန္ဓာကိုယ်ထဲမှာ ဖြစ်မှုကလေး နှလုံးသွင်းလိုက်တယ်၊ (မှန်လှပါ ဘုရား) ပျက်မှုကလေး (နှလုံးသွင်းလိုက် တယ်)။
အဲဒီဖြစ်ပျက်ကို နှလုံးသွင်းလိုက်တော့မှ ဒကာကြွယ်ရေ ဒိဋ္ဌိစင်ပြီးမှ နှလုံးသွင်းတယ်၊ (မှန်ပါ့) အဲဒီကျတော့ ဪဖြစ်တာနဲ့ပျက်တာ ရှိတာပဲဆိုတာ သူ့စိတ်ထဲဉာဏ်နဲ့ ဆုံးဖြတ်ချက်ချတယ်၊ (မှန်ပါ့ ဘုရား)။
ရဟန္တာဖြစ်သွားတယ်
အဲဒီတွင် ဉာဏ်စဉ်ရင့်ကျက်ပြီးသကာလ ယထာဘူတဉာဏ်ရပြီး နိဗ္ဗိဒါဉာဏ် တက်လိုက်တယ်၊ (မှန်ပါ့) နိဗ္ဗိဉာဏ် အားထုတ်ရင်း တက်သွားတာပေါ့ဗျာ၊ (မှန်ပါ့) နောက်ကျတော့ ဒုက္ခဆုံးတဲ့ မဂ်ဉာဏ်ကို တက်မိတာပဲ၊ (မှန်ပါ့) အဲဒီမှာ သူသောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားတယ်၊ (မှန်လှပါ ဘုရား)။
ဟာ ဒီပုဂ္ဂုလ် နဂိုက မဖြစ်ခဲ့ဘဲနဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပုံနဲ့ ချုပ်ပုံပြလိုက်တာနဲ့ ဘာကြောင့် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တဖြစ်ပါလိမ့်မတုံးလို့ အကဲခတ်လိုက်တော့မှ ပဋိစ္စသမုပ္ပါဒ် နားလည်မှုကြောင့်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဘာ-နားလည်မှုကြောင့် (ပဋိစ္စသမုပ္ပါဒ် နားလည်မှုကြောင့်ပါ ဘုရား)။
အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေကို ကိုယ့်စာရွက်လေးလဲ ကိုယ်ဆောင်ခဲ့ကြပ၊ (မှန်လှပါ) ဒီမှာလဲ ဆရာပြ တာနဲ့ ကိုယ့်စာရွက်နဲ့လဲ ကိုက်ကြည့်ပါ၊ (မှန်လှပါ ဘုရား)။
ကိုယ့်စာရွက်နဲ့ ကိုက်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ ဪ ဒီလိုသိရင် သဿတ စင်တယ်၊ ဒီလိုသိရင် ဥစ္ဆေဒစင်တယ်ဆိုတာ ရှင်းသွားတယ်၊ (ရှင်းသွားပါတယ် ဘုရား)။
ရှင်းသွားပြီးမှ အားထုတ်လိုက်တော့ ဪ-တဒင်္ဂဖြင့် အဖြစ်မြင်ရင်ပဲ ဥစ္ဆေဒစင်ပေါ့၊ (မှန်ပါ့) အပျက်မြင်ရင်၊ (သဿတ စင်ပါတယ် ဘုရား) ဝမ်းထဲက ဒီလို စင်ပြီးသား ဖြစ်နေတော့ ဪ-ခန္ဓာကိုယ်ထဲမှ ဖြစ်ပြန်ပြီ၊ ပျက်ပြန်ပြီ၊ ဒါပဲ ရှုနေဖို့ပဲ၊ (မှန်ပါ့ ဘုရား)။
ဒါပဲရှုပြီး သကာလ ဖြစ်ပျက်မြင်လာပြီး နောက်ဉာဏ်စဉ်အတိုင်းတက်ပြီး ဖြစ်ပျက် မုန်းကြမှာပဲ၊ (မှန်ပါ့) ဉာဏ်ရင့်လာတော့ မမုန်းပေဘူးလား၊ (မုန်းပါတယ် ဘုရား)။
ဒုက္ခလို့လဲပိုင်းခြားနိုင်ပါရော
ဒီထက် ဉာဏ်ရင့်လာတော့ ဖြစ်ပျက်တွေ ဆုံးသွားမှာပဲ၊ (မှန်ပါ့) ဒုက္ခလို့လဲပိုင်းခြားနိုင်ပါရော ဆုံးမသွားပေ ဘူးလား (ဆုံးသွားပါတယ် ဘုရား) ဆုံးသည်နဲ့ တစ်ပြိုင်နက်တည်း ဒုက္ခနိရောဓော နိဗ္ဗာန်ဆိုတာလဲ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) မပေါ်နဲ့ဆိုလို့ (မရပါ ဘုရား)။
အဲ-ရှင်ဆန္နမှာ အခု နှစ်ပေါင်းသုံးဆယ်, သုံးဆယ်ငါ့ ကြာလာတာဟာ ပဋိစ္စသမုပ္ပါဒ်နားမလည်မှုကြောင့် ဒိဋ္ဌိကပ်တယ် ဒိဋ္ဌိကပ်နေလို့ မရဘဲ ဖြစ်ရတာပဲ၊ သေချာပလား၊ (သေချာပါပြီ ဘုရား)။
ဒါဖြင့် တရားတစ်ပွဲလုံးမှာ ဒကာ ဒကာမတို့က ဘာနားလည်မှု အရေးကြီးပါလိ့မ်၊ (ပဋိစ္စသမုပ္ပါဒ် နားလည်မှု အရေးကြီးပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်အရင် အားထုတ်မလား၊ ပဋိစ္စသမုပ္ပါဒ်နားလည်မှုအရင် အားထုတ်ရမှာလား၊ (ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို အရင်အားထုတ်ရမှာပါ ဘုရား)။
အစဉ်လွဲလို့မရဘူး
အဲဘုရားကိုယ်တိုင်ကလဲ ဟောခဲ့တယ်တဲ့ “ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ” ဆိုတာ ပဋိစ္စသမုပ္ပါဒ်ပဲ၊ (မှန်ပါ့) ကင်္ခါ ဝိတရဏနဲ့အားထုတ်ပြီးတော့မှ သိပြီးတော့မှ “မဂ္ဂါ မဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ” ဖြစ်တဲ့ အလုပ်ကို လုပ်ပါလို့ ဟောထားတယ်၊ (မှန်ပါ့)။
အဲဒီတော့ ဒကာကြွယ်ရေ အရမ်းဟောလို့ ရပါ့မလား၊ (မရပါ ဘုရား) ရောက်လာရင် အနိစ္စ, ဒုက္ခ, အနတ္တ လုပ်ကွာဆိုရင် လွဲကုန်ပြီ၊ (လွဲပါပြီ ဘုရား) တရားကလွဲသလားဆိုတော့ အစဉ်လွဲလို့မရဘူး၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကဲ-နာရီစေ့ပြီ ယနေ့ တော်ကြဦးစို့။
သာဓု သာဓု သာဓု