ပဋိစ္စသမုပ္ပါဒ် တရားတော်(၅)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့ဓမ္မာရုံ၌
ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပါဒ် တရားတော်(၅)
(၂၄-၁၁-၆၁)
အစေလ ကဿပဝတ္ထု
ဒကာ ဒကာမတို့ – ပဋိစ္စသမုပ္ပါဒ် တရားတော်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး အစေလ ကဿပအား ဟောတဲ့ဝတ္ထုနဲ့ ပြောပြီးသကာလ ပြလိမ့်မယ်လို့ မှတ်ရလိမ့်မယ်နော်၊ (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်တဲ့၊ ရာဇဂြိုလ်ပြည်မှာ သီတင်းသုံးပြီးနေတယ်၊ (မှန်လှပါ) ရာဇဂြိုလ်ပြည်မှာ သီတင်းသုံးပြီးသကာလ နေတော့ ရာဇဂြိုလ်ပြည်ထဲမှာပဲ နံနက်မိုးလင်းတော့ ဆွမ်းခံသွားတယ်၊ (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ ဆွမ်းခံသွားတဲ့ အခါကျတော့ အစေလ ကဿပနဲ့ တွေ့တယ်၊ (မှန်ပါ့) ဆွမ်းခံရင်းတွေ့ကြတဲ့အခါ ကျတော့ အစေလက ကဿပက အဝတ်မပါဘူး၊ ကိုယ်တုံးလုံးပဲ၊ သူတို့လဲ တိတ္ထိထုံးစံအတိုင်းပဲ ဆွမ်းခံတယ်၊ (မှန်ပါ့ ဘုရား)။
ဆွမ်းခံတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တဲ့အခါကျတော့ သူ့စိတ်ထဲ အကြံပေါ်ပြီးသကာလ လာတယ်၊ မေးချင်တဲ့ပုစ္ဆာကလေးတွေအတွက်ကို၊ (မှန်လှပါ)။
ဒုက္ခကို မိမိပြုတာလား
ဤကဲ့သို့မေးချင်တော့ ရှင်ကြီးဂေါတမ-တဲ့၊ အနားကပ်ပြီးသကာလ မေးလိုက်ပါတယ်၊ ဒုက္ခကို မိမိပြုတာလားလို့ ရှေးဦးစွာမေးလိုက်ပါတယ်၊ ဘုရားက ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ်၊ (မှန်ပါ့ ဘုရား)။
ဒုက္ခကို မိမိပြုတာလားလို့ အစေလက ကဿပကမေးတော့ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့်၊ (ဒုက္ခ မိမိပြုတာ မဟုတ်ပါဘူးတဲ့) ဒုက္ခမိမိပြုတာမဟုတ်ဘူးလို့ ၁-နံပါတ် ဒကာ ဒကာမတွေ မှတ်ထားရမယ်၊ (မှန်လှပါ ဘုရား) ပြီးတော့မှ ပဋိစ္စသမုပ္ပပါဒ်နဲ့ ကိုက်ပြမယ်၊ (မှန်ပါ့ ဘုရား)။
သူတစ်ပါးပြုလို့ မိမိတွေ့ရတာလား
ဒါနဲ့ သူဆက်ပြီးသကာလ မေးပြန်တယ်၊ ဒါဖြင့် ဒုက္ခတွေကို-တဲ့ ရှင်ကြီးဂေါတမ သူတစ်ပါးပြုလို့ မိမိတွေ့ရတာ လားလို့ မေးလိုက်ပြန်တယ်၊ (မှန်ပါ့ ဘုရား) ဒီလိုလဲ မဟုတ်ပါဘူးကွာလို့ပဲ ဘုရားကဖြေလိုက်တယ်၊ (မှန်ပါ့ ဘုရား) ဘယ်နှစ်ချက် ရှိသွားပလဲ၊ (နှစ်ချက်ရှိသွားပါပြီ) နှစ်ချက်ရှိသွားပြီတဲ့၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒီသတ္တဝါတွေ ဒုက္ခရောက်တဲ့ ဥစ္စာ အမျိုးမျိုးသော ဒုက္ခတွေနဲ့ ခန္ဓာဝန်ထမ်းရတဲ့ ဒုက္ခတွေ ဖြစ်နေတဲ့ဥစ္စဟာ မိမိသူတစ်ပါး နှစ်ဦးသားပြုတာလားလို့ တွဲမေးလိုက်တယ်၊ (မှန်လှပါ ဘုရား)။
ဒီလိုလဲ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ်၊ (မှန်ပါ့ ဘုရား) ဘယ်နှစ်မျိုးရှိသွားပလဲ၊ (သုံးမျိုးရှိသွားပါပြီ) သုံးမျိုးရှိသွားပြီလို့ မှတ်ပါနော်၊ (မှန်ပါ့ ဘုရား) နောက်တစ်ခါ မေးပြန်တယ်၊ ဒါဖြင့်ဘုရား-တဲ့၊ ရှင်ကြီးဂေါတမ-ဒုက္ခဆိုတာ သည်ကားလို့ဆိုရင် အလိုလိုပေါ်တာလားလို့ မေးလိုက်တယ်၊ (မှန်လှပါ ဘုရား)။
ဟဲ့-ဒီလိုလဲမဟုတ်ပါဘူးလို့ ဖြေလိုက်တယ်၊ (မှန်လှပါ ဘုရား) ဘယ်နှစ်မျိုးရှိသွားပလဲ၊ (လေးမျိုး ရှိသွားပါပြီ ဘုရား) လေးမျိုးရှိသွားပြီ၊ ဒါနဲ့ မကျေနပ်တာနဲ့ သူဆက်မေးတယ်၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့ မေးလိုက်ပြန်တယ်၊ (မှန်ပါ့ ဘုရား)။
ဒုက္ခမရှိဘူးလား
ဟာ- ဒုက္ခတွေ ရှိတာပေါ့ကွာလို့ပဲ ဖြေလိုက်ပါတယ်၊ (မှန်ပါ့) ဒုက္ခရှိတာပေါ့လို့ ဖြေလိုက်တယ်နော်၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ-ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလားလို့ မေးလိုက်ပြန်တယ်၊ (မှန်လှပါ ဘုရား) ဟာ- ဒုက္ခ ငါသိတာပေါ့ကွာလို့ပဲ ဖြေလိုက်တယ်၊ (မှန်လှပါ ဘုရား)။
နောက်ပုစ္ဆာနှစ်ခုကတော့ အရေးမကြီးလှပါဘူး (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ်နဲ့ ဒီလောက်မဆိုင်လှပါဘူး၊ လောကမေး ဖြစ်နေပါတယ်၊ (မှန်ပါ့)။
အဲဒါကြောင့် ပထမ ပုစ္ဆာကလေးကပဲ ဒကာ ဒကာမတွေ ပြန်ပြီး စီစစ်ပါဦးမယ်နော်၊ (မှန်ပါ့ ဘုရား) ရာဇဂြိုလ် ပြည်ထဲ ဆွမ်းခံလာတဲ့အခါကျတော့ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တော့ အစေလက ကဿပက ပုစ္ဆာကလေး မေးပါရစေဆိုတော့ ပထမတော့ဖြင့် ဘုရားက ဆွမ်းခံရင်းကွာ မတော်သေးပါဘူးဆိုပြီး ပယ်ဖျက်လိုက်တယ်၊ (မှန်ပါ့ ဘုရား)။
ဒုတိယတစ်ခါဆက်လက်ပြီး ရှင်ကြီးဂေါတမပုစ္ဆာကလေးတစ်ခုမေးပါရစေ ဆိုပြန်တော့လဲ ဟ-ဆွမ်းခံရင်းကွာ မမေးပါနဲ့လို့ပြောလိုက်တယ်၊ (မှန်ပါ့ ဘုရား)။
ပုစ္ဆာကလေး မေးပါရစေ
တတိယတစ်ခါ မေးပြန်တော့လဲ ကဲ-ရှင်ကြီးဂေါတမ မဖြစ်လောက်ပါဘူး ပုစ္ဆာကလေး မေးပါရစေဆိုတော့ ကဲကွာ အလိုရှိရင်လဲ မေးတာပေါ့-တဲ့ (မှန်ပါ့ ဘုရား)။
သုံးခါမေးမှ အဖြေထွက်လာတယ်နော်၊ (မှန်ပါ့) ဘာဖြစ်လို့လဲမေးတော့ ဒကာ ဒကာမတို့ ပုစ္ဆာကို ဗြုန်းကနဲ ဖြေလိုက်လို့ရှိရင် တတ္ထိတွေ မလေးစားမှာစိုးလို့၊ (မှန်လှပါ) ဗြုန်းကနဲမဖြေတော့ အတော်မေးရတယ်ဟေ့ ၊ ဒါကလေး သိဖို့ကို တော်တော့ကို အဖိုးတန်လို့ အင်မတန်ကို မေးယူရပါတယ်ဆိုတဲ့အကြောင်း သိအောင်လို့ ဘုရားက သုံးခါမေးကျမှ အဖြေပေးပါတယ်၊ (မှန်လှပါ ဘုရား)။
ကဲ ၁- နံပါတ် အဖြေကလေး ဒကာ ဒကာမတွေက မှတ်တာပေါ့၊ (မှန်ပါ့) ရှင်ကြီးဂေါတမ-တဲ့၊ ဒုက္ခမိမိပြုတာလား လို့ အစေလက ကဿပကမေးတယ်နော်၊ (မှန်ပါ့ ဘုရား) ဘုရားက ဘယ့်နှယ့်ဖြေသလဲ (မဟုတ်ပါဘူး-တဲ့) မဟုတ်ပါဘူး လို့ဖြေလိုက်တယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ၊ ဒုက္ခ သူတစ်ပါးပြုတာလားလို့ မေးလိုက်ပြန်တယ်၊ (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူး တဲ့၊ ဘုရားက ဖြေလိုက်တယ်၊ (မှန်ပါ့) ဘယ်နှစ်ချက်ရှိသွားပလဲ၊ (နှစ်ချက်ရှိသွားပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒုက္ခသည်ကားလို့ဆိုရင် မိမိ, သူတစ်ပါးနှစ်ဦးသား ပြုတာလားလို့ မေးလိုက်တယ်နော် ဘုရားကဘယ့်နှယ့်ဖြေပါလိမ့်၊ (မဟုတ်ပါဘူး တဲ့) မဟုတ်ပါဘူးကွာ လို့ ဖြေလိုက်တယ်၊ သုံးပုစ္ဆာ ရှိသွားပြီ၊ (မှန်လှပါ ဘုရား)။
ဒါနဲ့ မေးပြန်တယ်၊ ရှင်ကြီးဂေါတမ-တဲ့၊ ဒုက္ခဆိုတာ အလိုလိုဖြစ်သလားလို့ မေးလိုက်တယ်၊ (မှန်လှပါ)။
ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (မဟုတ်ပါဘူးတဲ့) အလိုလိုဖြစ်တာလဲ မဟုတ်ဘူးတဲ့၊ ဒီလေးချက် မှတ်ထားတာပေါ့၊ (မှန်လှပါ့ ဘုရား)။
ဒုက္ခမိမိပြုလို့ မိမိတွေ့ရတာလို့ ထင်ကြတယ်
ဥပမာ ဒကာ ဒကာမတွေကတော့ဖြင့် ဒုက္ခမိမိပြုလို့ မိမိတွေ့ရတာလို့ ထင်ကြတယ်နော်၊ (မှန်လှပါ ဘုရား) မိမိပြုလို့ မိမိတွေ့ရတာလို့ထင်ကြတော့ အင်မတန်လွဲတယ်လို့ မှတ်လိုက်စမ်းပါ။
ဒုက္ခ သူတစ်ပါးပြုလို့ ကိုယ်ခံရလေခြင်းလို့ ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ ဒါလွဲတာပဲ၊ (မှန်လှပါ) မိမိသူတစ်ပါး နှစ်ဦးသားပြုလို့ ခံခဲ့ရတာပဲ ဆိုရင်လဲ (လွဲတာပါပဲ ဘုရား) အလိုလို ပေါ်လာတာပဲလို့ ထင်ရင်ကော၊ (လွဲတာပါပဲ ဘုရား)။
ကိုင်း ဒါဖြင့်အစေလက, ကဿပကမေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေတော်မူတယ်နော်၊ (မှန်ပါ့) ဒုက္ခမိမိပြုတာလားလို့ အစေလက, ကဿပကမေးလိုက်တယ်၊ (မှန်ပါ့ ဘုရား) ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (မဟုတ်ပါဘူးတဲ့) မဟုတ်ဘူးလို့ ဖြေလိုက်တယ်နော်၊ (မှန်လှပါ ဘုရား)။
ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာ
အဲဒီတော့ ဒီမှာဒကာ ဒကာမတွေက ပုံစံကြည့်တာပေါ့တဲ့ ဒုက္ခမိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့) ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာနော်၊ (မှန်ပါ့ ဘုရား)။
အဲ့ဒီ ဒုက္ခသစ္စာကြီးဟာ မိမိပြုတာလားလို့ အစေလက ကဿပက ဆွမ်းခံရင်းမေးပါတယ်၊ (မှန်ပါ့ ဘုရား) ထိုကဲ့သို့မေးတော့ ဘုရားက မဟုတ်ဘူးကွာ ဆိုတော့ ဒကာ ဒကာမတွေဒါဟာ ဘာမေးသတုံးဆိုလို့ရှိရင် ဒုက္ခ မိမိပြုလို့ မိမိခံရတယ်၊ (မှန်ပါ့ ဘုရား)။
သဿတဒိဋ္ဌိ
ပြုတဲ့ပုဂ္ဂိုလ်လဲမိမိပဲ၊ (မှန်ပါ့) ခံရတဲ့ပုဂ္ဂိုလ်လဲ (မိမိပါပဲ) ဒီလိုဆိုတော့ မိမိပြုလို့ မိမိခံရတယ်လို့ ယူရင် သဿတဒိဋ္ဌိ၊ (မှန်လှပါ ဘုရား) မိမိပြုလို့မိမိခံရတယ်လို့ယူရင်၊ (သဿတဒိဋ္ဌိပါ ဘုရား)။
ခင်ဗျားတို့ရထားတာက “ဘယ်သူမပြု-မိမိမှု-တဲ့၊ (မှန်လှပါ) ဒကာကြွယ်တို့ကလေ (ရ,ထားပါတယ် ဘုရား) မိမိပြုလို့ မိမိတွေ့ရတဲ့ ဒုက္ခ-တဲ့၊ ဒီလိုမယူကြဘူးလား၊ (ယူကြပါတယ် ဘုရား)။
အဲဒါ သဿတဒိဋ္ဌိပဲ ဒကာကြွယ်ရေ၊ (မှန်လှပါ ဘုရား) ဘာဒိဋ္ဌိတုံး၊ (သဿတဒိဋ္ဌိပါ ဘုရား) ပြုတဲ့ပုဂ္ဂိုလ်လဲ မိမိပဲ-တဲ့၊ ရ,တဲ့ပုဂ္ဂိုလ်ကော၊ (မိမိပါပဲ ဘုရား)။
ဪ ဒါဖြင့် မိမိသည်ကား တစ်ဆက်တည်းနေတယ်၊ (မှန်လှပါ) မိမိတဆက်တည်းနေတော့ ဘာဒိဋ္ဌိဖြစ် သွားသလဲ၊ (သဿတဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်လို့
သဿတဒိဋ္ဌိဖြစ်သွားတယ်ဆိုတာ အဲဒါ ဒကာကြွယ်တို့ မောင်ဘသော်တို့ မှတ်စမ်းပါနော် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ (မှန်လှပါ ဘုရား) ဘာဒိဋ္ဌိဖြစ်သွားသလဲ၊ (သဿတဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။
ကြည့်ပါ ကြည့်ပါ ဒကာ ဒကာမတို့ တဲ့၊ ဒီ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးကို ဘုရားဟောထားတာ ရှိသားပဲ၊ သစ္စာလေးပါးမသိတဲ့အဝိဇ္ဇာကြောင့် ပြုချင်တာပြုတဲ့ကုသိုလ် အကုသိုလ်တွေ မလုပ်ကြဘူးလား၊ (လုပ်ကြပါတယ် ဘုရား) ဘုံဘဝရောက်ကြောင်း ကုသိုလ်, အကုသိုလ်တွေကို၊ (လုပ်ကြပါတယ် ဘုရား) ဘာဖြစ်လို့ လုပ်ပါလိမ့်မလဲ၊ (သစ္စာမသိလို့ပါ ဘုရား)။
သစ္စမသိလို့(မှန်ပါ့) ဒုက္ခသစ္စာလဲမသိ၊ သမုဒယသစ္စာလဲမသိ၊ နိရောဓသစ္စာလဲမသိ၊ မဂ္ဂသစ္စာလဲမသိတဲ့ အဝိဇ္ဇာကြောင့်(မှန်လှပါ ဘုရား) ခင်ဗျားတို့ပြုတဲ့ ကုသိုလ်တွေ ဟုတ်လား၊ ဘုံဘဝ တောင့်တလုပ်တဲ့ ဝဋ္ဋ ကုသိုလ်ပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။
ပြီးတော့ ခင်ဗျားတို့သားရေး, မယားရေး, စီးပွားရေးနဲ့ ပတ်သက်ပြီးသကာလ လိမ်ကြ, ကောက်ကြ, မုသားသုံးကြ, ပရိယာယ်, မာယာတွေ သုံးကြတဲ့ အကုသိုလ်တွေဟာလဲ သင်္ခါရပဲ၊ (မှန်လှပါ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာ ပစ္စယာ၊ (သင်္ခါရာပါ ဘုရား) အဲ သင်္ခါရဆိုတော့ ဒီနှစ်ခုက ဒကာ ဒကာမတွေအား ဟောဒီဒုက္ခကိုဖြစ်စေတယ်၊ (မှန်ပါ့ ဘုရား) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာကြီးကို ဖြစ်စေတယ်၊ (မှန်ပါ့) ဒကာကြွယ် မြင်ရရဲ့လား၊ (မြင်ပါတယ် ဘုရား)။ ဘာသစ္စာဖြစ်သလဲ၊ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား)။
မိမိပြုတာ ဟုတ်သေးရဲ့လား
ဒါဖြင့် ဒုက္ခဟာ မိမိပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကြောင့်၊ (မှန်လှပါ) အဝိဇ္ဇာသင်္ခါရကြောင့်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) အင်း-ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့်၊ (အဝိဇ္ဇာ သင်္ခါရကြောင့်ပါ ဘုရား) အဝိဇ္ဇာ သင်္ခါရကြောင့်လို့ ခင်ဗျားတို့ယူထားတဲ့ စာရွက်လဲ ကြည့်စမ်းပါဦး၊ ဒီအတိုင်းပါ -ပါလိမ့်မယ်၊ (ပါပါတယ် ဘုရား) မပါဘူးလား၊ (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခ မိမိပြုတာလားလို့ ဆိုလို့ရှိရင်ဖြင့် ဒီဟာတွေဟာ မိမိဖြစ်ရတော့မယ်၊ (မှန်ပါ့) မဟုတ်ဘူးလား၊ (ဟုတ်ပါတယ်) မိမိပြုလို့ မိမိခံရတဲ့ အဓိပ္ပာယ်ရောက်တယ်၊ (ရောက်ပါတယ် ဘုရား) ဒီက မိမိဟာ ဒီလိုက်လာတယ်၊ (လိုက်ပါတယ်) လိုက်လာတော့ ဒီမှာ မသေဘဲနဲ့ ဒီလိုက်လာ သဿတဒိဋ္ဌိဖြစ်ပါတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဘာဒိဋ္ဌိဖြစ်သလဲ၊ (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။
အဲဒါ ပဋိစ္စသမုပ္ပါဒ်၊ အကြောင်း သမုဒယသစ္စာနဲ့အကျိုးဒုက္ခသစ္စာကို ဒကာသစ်တို့ မသိလို့ ပြုမိလို့ မိမိခံရတာဘဲ၊ (မှန်လှပါ) ဘာဒိဋ္ဌိ ယူသုံးလိုက်ပါလိမ့်၊ (သဿတဒိဋ္ဌိ ယူသုံးလိုက်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်မှလဲ ဒိဋ္ဌိ စင်တယ်
ဒကာကြွယ် ဒီသဿတဒိဋ္ဌိ ရှိနေရင်လဲ နိဗ္ဗာန် မဂ်ဖိုလ်ကို ဘယ်လိုပင် ခင်ဗျားတို့ ကျောင်းဆောက်, ဘုရားတည် ဆုတောင်းမရဘူး၊ (မှန်ပါ့) ဒိဋ္ဌိ-ခံနေတဲ့အတွက် ရကို မရနိုင်ဘူးတဲ့၊ (မှန်လှပါ ဘုရား) ဒိဒိဋ္ဌိကို ပဋိစ္စသမုပ္ပါဒ် နားလည်မှလဲ ဒီဒိဋ္ဌိက စင်တယ်၊ (မှန်ပါ့)။
အဲဒီတော့ ဒုက္ခ မိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (မဟုတ်ပါဘူး) မဟုတ်ပါဘူးကွာ-တဲ့၊ အဝိဇ္ဇာသင်္ခါရကပြုတာတဲ့၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) အဝိဇ္ဇာ သင်္ခါရက၊ (ပြုတာပါ ဘုရား) ပြုတော့ ဒီမှာ ဘာသစ္စာပေါ်သလဲ၊ (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား)။
အဝိဇ္ဇာ သင်္ခါရက သမုဒယသစ္စာ၊ (မှန်ပါ့) ဒီသမုဒယသစ္စာကြောင့် ဘာဖြစ်သတုံး၊ (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား) မိမိပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်၊ (အဝိဇ္ဇာ သင်္ခါရပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရက ပြုလုပ်လိုက်လို့ ဒကာကြွယ် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ကဲ မိမိပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား)။
ဒီဟာ မိမိဆိုကြမလား၊ အဝိဇ္ဇာသင်္ခါရပဲ ဆိုကြမလား၊ (အဝိဇ္ဇာ သင်္ခါရပဲ ဆိုကြပါမယ် ဘုရား) ဒီဟာကိုလဲ မိမိဆိုမလား ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးပဲ ဖြစ်တာပေါ့၊ (မှန်ပါ့ ဘုရား) ဒါဖြင့် မောင်ဘသော်တို့ ကျေနပ်ပလား၊ (ကျေနပ်ပါပြီ ဘုရား) ဒုက္ခ မိမိပြုတာလား (မဟုတ်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခပေါ်လာတယ်
အဝိဇ္ဇာသင်္ခါရကြောင့် ဒကာ ဒကာမတို့ ဒုက္ခပေါ်လာတယ် (မှန်လှပါ ဘုရား) အဝိဇ္ဇသင်္ခါရကြောင့် (ဒုက္ခပေါ် လာပါတယ် ဘုရား) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟာ ဘာသစ္စာပါလိမ့်၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒီဒုက္ခခန္ဓာကြီး အခု ခန္ဓာထဲမှာပေါ်တဲ့ ဒုက္ခဟူသရွေ့ ခန္ဓာကစ၍ ခန္ဓာလဲ ဒုက္ခသစ္စာ၊ (မှန်လှပါ) ထူးထူးထွေထွေ ပေါ်လာတဲ့သောကတို့, ပရိဒေဝတို့, ဒုက္ခတို့, ဒေါမနဿတို့လဲ ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား)။
အဲဒါ မိမိပြုလို့ မိမိဖြစ်တာလားတဲ့၊ အဝိဇ္ဇာ သင်္ခါရကြောင့်လား၊ (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား) ဒါကြောင့် ဒုက္ခ မိမိပြုတာလား၊ အတိတ်က မိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ်လိုဖြေသလဲ၊ (မဟုတ်ပါဘူးတဲ့)။
ဘုရားက မဟုတ်ပါဘူးတဲ့၊ ဘုရားမှာ ရှင်းငြားသော်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာရှင်းဖို့ အရေးကြီးပါတယ်၊ (မှန်ပါ့ ဘုရား) သဘောပါလား၊ (ပါ,ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခမိမိပြုတာလား၊ ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တာလား၊ (ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်လာတာပါ ဘုရား)
တိုတိုပြောလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ မပေါ်လာဘူးလား၊ (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခမိမိပြုတာလားလို့ မေးရင် (မဟုတ်ပါ ဘုရား) တကယ်လို့ မိမိပြုလို့ မိမိဒုက္ခရောက်ရတယ်ဆိုရင် ဘာဒိဋ္ဌိလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား)။
ဒကာသစ် အရင်တုန်းက ဟောထားတဲ့ ဝတ္ထုတွေ ခုမှ ပိုမိုပြီးသကာလ ရှင်းတယ်၊ (မှန်လှပါ ဘုရား) မရှင်းကြဘူးလား၊ (ရှင်းပါတယ် ဘုရား) သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒုက္ခ မိမိပြုတာလား၊ (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဘယ်သူ ပြုတာပါလိမ့်၊ (အဝိဇ္ဇာသင်္ခါရ ပြုလုပ်တာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာသင်္ခါရ ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား)။
အို ဒါဖြင့် သမုဒယသစ္စာက ပြုလုပ်လိုက်လို့ ဒုက္ခသစ္စာပေါ်လာပါတယ်၊ (မှန်လှပါ ဘုရား) မိမိပြုတာလားလို့ မေးရင် ဘယ့်နှယ်ပြောကြမယ်၊ (မဟုတ်ပါ ဘုရား) ဒကာကြွယ်တို့မှတ်ထားတာတွေ အကုန်ပြင်ပစ်စမ်းပါ၊ (မှန်လှပါ ဘုရား)။
ကိုယ်ပြု ကိုယ်ခံပေါ့ကွာ-တဲ့၊ ဒကာကြွယ်တို့က လူကြီးလူကောင်းလုပ်ပြီးသကာလ ဒီကောင် တယ်မိုက်တယ်၊ သူပြုသူခံရမှာပေါ့ကွာ-တဲ့၊ (ပြောခဲ့ပါတယ် ဘုရား)။
သူတစ်ဆက်တည်းဖြစ်နေတယ်
သူပြု သူခံရမှာပေါ့ ဆိုတော့ အဝိဇ္ဇာသင်္ခါရကိုလဲ သူလို့ယူထားတယ်၊ (မှန်ပါ့ ဘုရား) ဒီဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာကော၊ (သူလို့ ယူထားပါတယ် ဘုရား)။
ဒါဖြင့် သူတစ်ဆက်တည်းဖြစ်နေတယ်၊ ပြုတဲ့လူလဲ သူပဲ၊ ခံတဲ့လူလဲ (သူပါပဲ ဘုရား) ဘာဒိဋ္ဌိလဲ၊ (သဿတ ဒိဋ္ဌိပါ ဘုရား) ဒကာကြွယ် ဒီနေ့ဖြင့် တယ်အဖိုးတန်တဲ့နေ့ပဲ၊ (တန်ပါတယ် ဘုရား)။
နဂိုတုန်းက ဒကာကြွယ်တို့ဒကာသစ်တို့ မောင်ဘသော်တို့ ဒကာဦးလှဘူးတို့နော်၊ ကိုယ်ပြု ကိုယ်ခံပေါ့ကွာ (ပြောခဲ့ပါတယ် ဘုရား) ဟုတ်ပါ့မလား၊ (မဟုတ်ပါ ဘုရား) အင်း-ဘာဒိဋ္ဌိနဲ့ပြောကြပါလိမ့် (သဿတဒိဋ္ဌိနဲ့ ပြောကြပါတယ် ဘုရား)။
ဗုဒ္ဓဘာသာ သဿတဒိဋ္ဌိ
ဪ ဒါဖြင့် ဗုဒ္ဓဘာသာ သဿတ ဒိဋ္ဌိ၊ (မှန်လှပါ ဘုရား) အခေါ်မှာတော့ ဗုဒ္ဓဘာသာ၊ (မှန်လှပါ) အယူမှာ ဒိဋ္ဌိ၊ (ဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ဆိုင်းဘုတ်သာ ကျန်ရစ်တော့တယ်၊ အတွင်းကဒိဋ္ဌိဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) သဘောပါပလား၊ (ပါ,ပါတယ် ဘုရား) ဒီလိုမှ ဘုရားဟောနဲ့မှ ရှင်းမပေးလို့ရှိရင် ဒကာကြွယ်မြို့ထဲ, ရွာထဲမှာ တစ်ပုံကြီးကျန်သေးတယ်-နော်။ (ကျန်ပါတယ် ဘုရား)။
ကိုယ်ဖြစ် ကိုယ်ခံပဲ-ကွ၊ ကိုယ်လုပ်ကိုယ်ခံပဲ-ကွ၊ (မှန်ပါ့) အင်း ဒီတစ်ကိုယ်တည်းလုပ်ပြီး ဒီတစ်ကိုယ်ပဲခံတယ် (မှန်လှပါ) ဒကာကြွယ် ဘာဒိဋ္ဌိတုံး၊ (သဿတဒိဋ္ဌိပါ ဘုရား) ဒကာ ဒကာမတွေ ယနေ့ကျွတ်ပလား၊ (ကျွတ်ပါပြီ ဘုရား)။
အင်း ဟင် ဒုက္ခ မိမိပြုတာလား၊ (မဟုတ်ပါ ဘုရား) ဘယ်သူပြုတာပါလိမ့်၊ (အဝိဇ္ဇာနဲ့သင်္ခါရပါ ဘုရား) အဝိဇ္ဇာနဲ့ သင်္ခါရက ပြုလုပ်လိုက်တယ်၊ (မှန်ပါ့ ဘုရား) ပြုလိုက်တဲ့အခါကျတော့ ဘာပေါ်လာသတုံးတဲ့၊ (ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာလို့ဖွဲ့လိုက်တော့ ဘယ်နှစ်ပါးတဲ့တုံး၊ (ခန္ဓာငါးပါးပါ ဘုရား) အဲ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ သေချာပလား၊ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာငါးပါးထဲက ဘာပဲပေါ်ပေါ် ကိုယ်ပြုတာမဟုတ်ဘူး၊ (မှန်လှပါ ဘုရား) နာတာ, ကျင်တာ, ကိုက်တာ, ခဲတာ, ဖျားတာ, နာတာ အလုံးစုံဟူသရွေ့ အဝိဇ္ဇာသင်္ခါရတည်းဟူသော အကြောင်းကြောင့်-ဒုက္ခသစ္စာ ပေါ်တာချည်း မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။
ကိုယ်ပြုလို့ကိုယ်ခံရတာ မဟုတ်ပါ
ဒါဖြင့် ဒကာကြွယ်ရေ အင်မတန် နေရာကျသွားပြီ၊ (ကျသွားပါပြီ ဘုရား) ကိုယ်ပြုလို့ကိုယ်ခံရတာလား၊ (မဟုတ်ပါ ဘုရား) အဝိဇ္ဇာသင်္ခါရကပြုတဲ့အကြောင်းတရား၊ (မှန်ပါ့) ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာ၊ (မှန်ပါ့) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။
စာကိုကြည့်ပါ စာကိုကြည့်ပါနော်၊(မှန်ပါ့) သမုဒယသစ္စာတည်းဟူသော အကြောင်းတရားကို အားထုတ်တဲ့ အတွက်ဟောဒီမှာစုတေတဲ့အချိန်မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ခန္ဓာငါးပါးကြီးယခုတရားနာ နေတဲ့ခန္ဓငါးပါးပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။
ပဋိသန္ဓေကစပြီး ယခုအချိန်ကျအောင် ပေါ်ပါတယ်၊ (ပေါ်ပါတယ် ဘုရား) ဘာသစ္စာတွေပေါ်သလဲ၊ (ဒုက္ခသစ္စာ တွေပေါ်ပါတယ် ဘုရား) ဒါဖြင့် ဒီဒုက္ခသစ္စာ မိမိပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ဘယ်သူပြုလုပ်တာပါလိမ့်၊ (အဝိဇ္ဇာသင်္ခါရက ပြုလုပ်တာပါ ဘုရား) အဝိဇ္ဇာသင်္ခါရက ပြုလုပ်တာ ပဋိစ္စသမုပ္ပါဒ်ကပြုလုပ်တာ၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဘယ်သူ ပြုလုပ်တာပါလိမ့်၊ (ပဋိစ္စသမုပ္ပါဒ် ပြုလုပ်တာပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကပြုလုပ်တာဆိုရင်လဲ ပြီးသွားတယ်၊ (မှန်ပါ့ ဘုရား) ပေါ်လွင်ချင်လို့ရှိရင်လဲ အဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မိမိပြုရင် မိမိရတယ်ဆိုတဲ့အသွားဟာ ဘာဒိဋ္ဌိလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား) ကြောက်စရာကောင်းပါလား-ဒကာကြွယ်၊ (ကောင်းပါတယ် ဘုရား)။
ဒိဋ္ဌိမသာ
ဒီလို ပြောကြားညွှန်ပြ ဆုံးမတဲ့ပုဂ္ဂိုလ်မတွေ့လို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်သေသွားရင် ဒီအယူစွန့်ပါ့မလား၊ (မစွန့်ပါ ဘုရား) ကိုယ်ပြုကိုယ်ခံရုံပဲဆိုပြီး သူ့စိတ်ထဲ ဒါနဲ့ပဲ သေသွားမှာပဲ၊ (သေသွားမှာပါပဲ ဘုရား) ကိုယ်ပြုလို့ရှိရင် ကိုယ်ခံရုံပဲဆိုပြီး ဒါနဲ့ပဲသွားမှာပဲ၊ (သွားမှာပါပဲ ဘုရား) သွားတော့ သူ့ဘာမသာလို့ ဆိုမလဲ၊ (ဒိဋ္ဌိမသာပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိမသာပေါင်း ဒကာကြွယ် ဘယ်လောက်ပို့ဖူးပလဲ၊ (မရေတွက်နိုင်ပါ ဘုရား) အင်း ကိုယ်တောင်မှ သီသီကလေးလွတ်တယ်၊ (မှန်ပါ့ ဘုရား) နို့မို့ရင် ခက်သေးတယ်၊ (ခက်ပါတယ် ဘုရား) ဒကာသစ်တော်တော် အရေးကြီးတယ်-နော်၊ (မှန်ပါ့ ဘုရား)။
ဒီအယူကြီးဟာကလဲ ဘယ်သူကများ ပြောလို့ ရှေ့ကို ဘယ်သူကများ ဆက်သွယ်ပြီး ဘယ်လိုစကား စလို့, မင်းပြုမင်းခံပေါ့ကွာ မင်းပြု မင်းစံပေါ့ကွာဆိုတော့ မင်းတစ်ယောက်တည်း ဖြစ်နေတယ်၊ (မှန်လှပါ) မဟုတ်ဘူးလား၊ (ဟုတ်ပါတယ်) ဒီတစ်ကိုယ်တည်းမင်းပဲ၊ (မှန်ပါ့) အင်း ဟင် စံတဲ့ပုဂ္ဂိုလ်ကော၊ (မင်းပါပဲ ဘုရား)။
ဒါဖြင့် တစ်ဆက်တည်းမင်းပဲယူထားတော့ သေတယ်ဆိုတဲ့ သဘောပါသေးရဲ့လား၊ (မပါ, ပါ ဘုရား) မပါတော့ဘူးတဲ့ ဒီပြုတဲ့ပုဂ္ဂိုလ်ဟာလဲ ပုဂ္ဂိုလ်သတ္တဝါပါပဲ၊ (မှန်ပါ့ ဘုရား) ခံတဲ့ပုဂ္ဂိုလ်လဲ၊ (ပုဂ္ဂိုလ်သတ္တဝါပဲ) ခံတာလဲ ပုဂ္ဂိုလ်သတ္တဝါပါလို့ ယူလိုက်တော့ ဘာဒိဋ္ဌိဖြစ်သွားသလဲ၊ (သဿဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)။
ဪ ဒါဖြင့် ကိုယ်ပြုကိုယ်ခံဆိုတဲ့ အယူသည် ဘာဒိဋ္ဌိလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား) ကိုယ်ပြုကိုယ်စံဆိုတဲ့ အယူဟာကော၊ (သဿတိဒိဋ္ဌိပါ ဘုရား) အင်း ဒကာကြွယ် သီသီကလေးလွတ်သွားတယ်၊ ခင်ဗျားအသေမစောလို့ တွေ့တာ၊ (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်နှယ့်ကြောင့်လဲ၊ (အသေမစောလို့ တွေ့ရတာပါ ဘုရား)။
အသေစောတဲ့ ပုဂ္ဂိုလ်များမှာဖြင့် များသောအားဖြင့် ဒကာ ဒကာမတွေ သဿတဒိဋ္ဌိနဲ့ သေသွားတယ်၊ (မှန်ပါ့ ဘုရား) ဘာနဲ့သေသွားပါလိမ့်၊ (သဿတဒိဋ္ဌိနဲ့ သေသွားပါတယ် ဘုရား)။
ဒါကြောင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ပြောရတယ်။(မှန်ပါ့) ပဋိစ္စသမုပ္ပပါဒ် နားမလည်ရင် ဒိဋ္ဌိမပြုတ်ပါဘူးကွ၊ (မှန်လှပါ ဘုရား) ကဲ ပြုတ်သေးရဲ့လား၊ (မပြုတ်ပါ ဘုရား) မပြုတ်တော့ဘူး ဒကာ ဒကာမတို့ သေချာနေပြီ ဘာဒိဋ္ဌိဖြစ် နေသလဲ၊ (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။
ကိုယ်ပြု ကိုယ်ခံဆိုတာက အကုသိုလ်ဘက်
ကဲ ဒါက ကိုယ်ပြု ကိုယ်ခံဆိုတာက အကုသိုလ်ဘက် သူပြောလိုက်တာ (မှန်ပါ့) ကိုယ်ပြု ကိုယ်စံ ဆိုတော့ဘာတဲ့။ (ကုသိုလ်ဘက်က ပြောလိုက်တာပါ) ကုသိုလ်ကို သူပြုပင် ပြုငြားသော်လဲ-တဲ့၊ ကိုယ်ပြုရင် ကိုယ်ရမှာဘဲ ကိုယ်စံရမှာဘဲဆိုတာ သဿတဒိဋ္ဌိမပါဘူးလား၊ (ပါ, ပါတယ် ဘုရား)။
အဲဒီတော့ သည်ဟာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူပြုလို့ရှိရင် သူပဲစံရမှာပဲလို့ ယူဆသောကြောင့် သူ တစ်ခုတည်းဆက်သွယ်နေတယ်၊ (မှန်လှပါ ဘုရား)။
အကြောင်းတုန်းကလဲ သူပဲ၊ (သူပါပဲ ဘုရား) အကျိုးကျတော့လဲ (သူပါပဲ ဘုရား) သူပဲဆိုတော့ ပုဂ္ဂိုလ် သတ္တဝါပေါ်နေပြီ၊ (ပေါ်နေပါပြီ ဘုရား) တစ်ဆက်တည်းဖြစ်နေတယ်၊ (မှန်ပါ့) ဒါဖြင့် ဘာဒိဋ္ဌိလဲ၊ (သဿတဒိဋ္ဌိပါ ဘုရား) တယ်လဲ ကြောက်စရာ ကောင်းပါကလား၊ (ကြောက်စရာကောင်းပါတယ် ဘုရား)။
မဂ်တားဖိုလ်တားတဲ့ဒိဋ္ဌိ ခွါပေးနေတာ
အားလုံး ဒကာ ဒကာမတွေ အခုပြောနေတဲ့ စကားဟာ အင်မတန်မှ ခင်ဗျားတို့ကျုပ်တို့ သန္တာန်မှာ မဂ်တား, ဖိုလ်တားတဲ့ဒိဋ္ဌိ ခွါပေးနေတာ၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (မဂ်တားဖိုလ်တားတဲ့ဒိဋ္ဌိ ခွါပေးနေတာပါ ဘုရား)။
ဒကာကြွယ် လျှောက်မေးစမ်းပါဦးခင်ဗျား၊ မိတ်ဆွေတွေကို၊ တောတွေတောင်တွေရော မြို့ပေါ်ရော၊ ဟုတ်လား၊ (မှန်လှပါ ဘုရား) ဒီအသုံးဟာဖြင့် ထင်လဲ ထင်တာပဲ၊ သုံးလဲသုံးတာပဲ၊ (ထင်လဲထင်ပါတယ်ဘုရား၊သုံးလဲသုံးပါတယ် ဘုရား) ထင်လဲထင်၊ သုံးလဲသုံးပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သူတို့ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ဗုဒ္ဓဘာသာ ဆိုတာက ဆိုင်းဘုတ်ပေါ့၊ (မှန်လှပါ ဘုရား) အယူက ဘာပါလိမ့်၊ (ဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ဆိုင်းဘုတ်ဗုဒ္ဓဘာသာ မိမိဝမ်းထဲကအယူက ကိုယ်ပြုကိုယ်ရဆိုတဲ့ တစ်ကိုယ်တည်းက နေပြီးပြု၊ တစ်ကိုယ်တည်းကနေပြီး ရတယ်ဆိုသောကြောင့် သူသည်ဒိဋ္ဌိပဲ-သဿတဒိဋ္ဌိပဲ၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ) ကိုယ်လုပ်ကိုယ်ရတာပေါ့ကွာ၊ ကြိုးစားကြိုးစား ဒကာကြွယ်တို့ကလဲ လူကြီးပီပီတော့ဒီအသုံးသုံးမှာပါပဲ၊ (သုံးပါတယ် ဘုရား) မသုံးဘူးလား၊ (သုံးပါတယ် ဘုရား)။
ဥပမာ ရေအိုးစင်ကလေး တစ်ယောက်ကတည်ပြီး မနက်ကျတော့ တစ်ယောက်က ဖြည့်ပြီးသကာလ ရေခွက်ကလေး နေရာထားပြီး လမ်းဆုံလမ်းခွမှာ ထားကြတယ်၊ (ထားပါတယ် ဘုရား) ကြိုးစားဟေ့-မင်းပြုမင်းရတာပဲကွ၊ ဒကာကြွယ်ကလေချိုများ သွေးလိုက်သေးတယ်၊ (သွေးပါတယ် ဘုရား)။
ပြီးတော့ သူ့ဥစ္စာ ဒိဋ္ဌိနဲ့ပြောလိုက်တာ၊ (မှန်ပါ့ ဘုရား) ဘာနဲ့ပြောလိုက်တာလဲ၊ (ဒိဋ္ဌိနဲ့ပြောတာပါ ဘုရား) သူကလဲ ဒိဋ္ဌိနဲ့ပြောလိုက်တော့ ဟိုပုဂ္ဂိုလ်ကလဲ အင်း-လူကြီးသူမ ပြောတာပဲ၊ မှန်မှာပဲဆိုပြီးသကာလ ငါလုပ်, ငါရမှာပဲဟေ့၊ ဘယ်သူမှ ဒီရေအိုး လာပြီးမလောင်းကြနဲ့၊ (မှန်ပါ့ ဘုရား)။
ငါလုပ်ငါရမှာပေါ့ကွ-ဆိုတော့ ဘာဒိဋ္ဌိနဲ့ဟိုဟာတွေ ယုံသွားသလဲ၊ (သဿတဒိဋ္ဌိနဲ့ပါ ဘုရား)။
ပြောတဲ့လူကြီးသူမ, ကလဲဘာနဲ့ပြောလိုက်သလဲ (သဿတဒိဋ္ဌိနဲ့ပြောလိုက်ပါတယ် ဘုရား) ဒကာကြွယ် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ဖြစ်လိုက်တဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဘာ နားမလည်လို့ဖြစ်ရသလဲ၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဖြစ်ရပါတယ် ဘုရား)။
ကဲ-ယနေ့ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား) သာမညဆိုလို့ရှိရင်ဖြင့် ဒီလောက် ရှင်းရှင်း မပြောလို့ရှိရင် မောင်ဘသော်နားလည်မယ်မဟုတ်ပါဘူး (မလည်ပါ ဘုရား) လည်ကြပါ့မလား၊ (မလည်ပါ ဘုရား)။
မလည်နိုင်ဘူး-တဲ့၊ မလည်လို့ရှိရင်လဲ မင်းတို့လဲ လူကြီး သူမနောက်က လူတစ်ယောက်ဖြစ်လာတော့ ကိုယ်လုပ်ကိုယ်ရမှာပဲ၊ သား, မယားတွေမင်းတို့ မလုပ်ချင်နေကွ၊ ငါ့ဟာငါလုပ်မယ်ကွ၊ (မှန်လှပါ ဘုရား)။
ငါလုပ်-ငါရမှာပဲဆိုတော့ ဒီဟာလဲ ငါပဲ၊ လုပ်တာလဲ ငါပဲ၊ ရတာလဲ (ငါပါပဲ) ခက်နေပြီ၊ ပုဂ္ဂိုလ် သတ္တဝါတွေ ပေါ်ကုန်ပြီ၊ (ပေါ်ကုန်ပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရက လုပ်တာ
လုပ်တာကလဲ အဝိဇ္ဇာသင်္ခါရကလုပ်တာ၊ (မှန်ပါ့) အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယ သစ္စာကလုပ်တာ၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာသင်္ခါရ ဘာသစ္စာလဲ၊ (သမုဒယသစ္စာပါ ဘုရား) လွန်လေပြီးသော ဘဝပေါ့ဗျာ၊ (မှန်ပါ့) အတိတ်အကြောင်းပေါ့ဗျာ၊ (မှန်ပါ့) အတိတ်အကြောင်းကပြုခဲ့တာ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာသင်္ခါရကပြုလုပ်လို့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ အကျိုးတရားပေါ်ပါတယ် (မှန်လှပါ ဘုရား) ပစ္စုပ္ပန်အကျိုးတရားမပေါ်ဘူးလား၊ (ပေါ်ပါတယ် ဘုရား) ဒါကိုယ်လုပ်လို့ ကိုယ်ရတာ ဟုတ်ပါရဲ့လား၊ အကြောင်းကလုပ်လို့ အကျိုးပေါ်တာမဟုတ်လား၊ (အကြောင်းကလုပ်လို့ အကျိုးပေါ်တာပါ ဘုရား) အကြောင်းက ဘာသစ္စာ၊ (သမုဒယသစ္စာပါ ဘုရား) အကျိုးက ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား)။
အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ဒကာကြွယ် ပြောရမှာကို မင်းလုပ်-မင်းရမှာပေါ့ဆိုတော့ သွားရော(သွားပါရော ဘုရား) ငါလုပ်-ငါရမှာပေါ့၊ (သွားပါရော ဘုရား)။
အဲဒါလူကြီးတွေပါးစပ်မှာဖြင့် အထင်ကလဲ ဒီအတိုင်း၊ အပြောကလဲ ဒီအတိုင်းပါပဲ၊ (မှန်လှပါ ဘုရား) အထင်ကလဲ ငါလုပ်-ငါရမှာပဲလာတာပဲ၊ (မှန်ပါ့) အပြောကလဲ မပြောဘူးလား၊(ပြောပါတယ် ဘုရား)။
ငါလုပ်-ငါရမှာပေါ့ကွ၊ မင်းတို့ဟာ မင်းတို့သားရယ် မယားရယ်လို့ ယခုဘဝ ပေါင်းသင်းနေကြပေမယ့် မင်းတို့ ကြိုက်သလို မင်းတို့နေ၊ ငါကြိုက်သလို ငါနေမယ်၊ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား) ငါလုပ်-ငါရမှာပဲ၊ မင်းတို့မလုပ်ရင် မင်းတို့မရမှာပဲ၊ (မှန်ပါ့ ဘုရား)။
အိမ်မှာ မင်းမူနေတာ ဘယ်သူပါလိမ့်
အံမာ-ဒကာကြွယ် အိမ်မှာ မင်းမူးနေတာ၊ ဒီ-ဒိဋ္ဌိကြီးပါလား၊ (မှန်ပါ့ ဘုရား)ရိပ်မိပလား (ရိပ်မိပါပြီ)အိမ်မှာ မင်းမူနေတာ ဘယ်သူပါလိမ့်၊ (ဒီဒိဋ္ဌိကြီးပါ ဘုရား)။
ယနေ့ကစပြီး အားလုံး ဒကာ ဒကာမတွေ ဒီ ဒိဋ္ဌိကြီးကိုဖြုတ်ပါ၊ (ဖြုတ်ပါမယ် ဘုရား) ဖြုတ်ကြပါ-ဖြုတ်ကြပါ)၊ ဒီဒိဋ္ဌိက ဘာဒိဋ္ဌိတဲ့တုံး၊ (သဿတဒိဋ္ဌိပါ ဘုရား)။
အင်း-သူရှိနေလို့ရှိရင် ဒကာကြွယ်က ဘုန်းကြီးကလဲ တရားဟောသပေါ့လေ၊ ဖြစ်, ပျက်တွေရှုပါ၊ ဝေဒနာနုပဿနာဖြစ်, ပျက်ရှုပါ၊ စိတ္တာနုပဿနာ ဖြစ်, ပျက် ရှုပါလို့ဆိုတော့ ဝိပဿနာဉာဏ်တွေတော့ရမှာပဲ (မှန်ပါ့ ဘုရား) မဂ်ဉာဏ်တော့ မရနိုင်ဘူးဟေ့၊ (မှန်လှပါ) ဝိပဿနာဉာဏ်တော့ (ရပါတယ် ဘုရား) မဂ်ဉာဏ်တော့ (မရနိုင်ပါ ဘုရား)။
သောတာပတ္တိမဂ်ဉာဏ် မရနိုင်ဘူး၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာကြောင့်တဲ့တုံး၊ (သဿတဒိဋ္ဌိကြီး ခံနေလို့ပါ ဘုရား) ဒီ ဒိဋ္ဌိကို ဉာဏ်ထဲက ရှင်းထားရမယ်၊ (မှန်လှပါ ဘုရား) သဘောပါပလား၊ (ပါ-ပါပြီ ဘုရား)။
ဪ ဒါဖြင့် နားထောင်တဲ့ ပုဂ္ဂိုလ်ရှိကြလို့ ရှိရင်ဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ် စာရွက်ကလေး ကိုယ်ပြလိုက်ပြီး သကာလ အိမ်သူအိမ်သားနှင့်တကွ အိမ်နီးချင်း မိတ်တွေသင်္ဂဟတွေ နားထောင်လို့တဲ့ ပုဂ္ဂိုလ်များဖြင့်ကွာ-ကိုယ်ပြု ကိုယ်ရဆိုတာ မဟုတ်ဘူးဟေ့-အဝိဇ္ဇာသင်္ခါရကြောင့် တစ်ခါတည်းဝိညာဏ် နာမ်ရုပ် သဠာယတနနဲ့ ဖဿ ဝေဒနာ ပေါ်လာတာပဲ၊ (မှန်လှပါ ဘုရား)။
စင်စစ်တော့ဟေ့-အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပါကွာ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)
ဘာပါလိမ့်၊ (အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာနော်၊ (မှန်ပါ့) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟာ ဒုက္ခသစ္စာ၊ (မှန်ပါ့) အစေ လက-ကဿပ က မေးလိုက်တယ်၊ ဒုက္ခ မိမိ ပြုတာလားလို့မေးတယ်၊ (မှန်ပါ့ ဘုရား) ဘုရားက ဘယ့်နှယ် ဖြေသလဲ၊ (မဟုတ်ပါဘူးတဲ့ ဘုရား) ဘုရားက မဟုတ်ပါဘူး ဖြေမှာဘဲ၊ အဝိဇ္ဇာသင်္ခါရ ပြုတာလို့ ပြောရမှာဘဲ၊ (မှန်ပါ့ ဘုရား) ဒကာကြွယ်ရေ တော်တော့ကို အရေးကြီးပါတယ်၊ (ကြီးပါတယ် ဘုရား)။
အရင်တုန်းက ဒီဝတ္ထုသက်သက်ကိုထုတ်ပြီး ပုံစံကိုမပြဘဲနဲ့ ဆိုတုန်းကတော့ နားလည်တန်သလောက် နားလည်ပါရဲ့ အရှင်းမှာ ခုလောက်မရှင်းပါဘူး၊ (မရှင်းပါ ဘုရား) ခုတော့ ဒကာသစ်တို့ရှင်းပါပြီ၊ (ရှင်းပါပြီ ဘုရား)။
ပုံစံနဲ့ တွဲဟောနေတယ်
ကိုင်း-ဒကာ ဒကာမတို့ အစေလက-ကဿပဝတ္ထုနဲ့ ပုံစံနဲ့ တွဲဟောနေတယ်နော်၊ (မှန်လှပါ)။
ရာဇဂြိုလ်ပြည်ထဲ ဆွမ်းခံလာတုန်း အစေလက-ကဿပက ရှင်ကြီးဂေါတမ-ပုစ္ဆာကလေး မေးပါရစေတဲ့၊ (မှန်ပါ့) ဒုက္ခ မိမိပြုတာလားလို့မေးတော့ ဒီဒုက္ခကို ဆိုတာနော်၊ (မှန်လှပါ) ခန္ဓာငါးပါးက ဘာသစ္စာတုန်း၊ (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒီခန္ဓာငါးပါးကို မိမိပြုတာလားလို့ မေးတော့ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (မဟုတ်ပါဘူးတဲ့ ဘုရား)။
ဒါဖြင့်ကျေနပ်ပြီနော်၊ (ကျေနပ်ပါပြီ ဘုရား) မိမိပြုတာကို မဟုတ်ဘူး၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ အကြောင်းတရားက ပြုတာ (မှန်လှပါ ဘုရား) အကြောင်းတရားကပြုလို့ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးကြီး ပေါ်တယ်၊ (မှန်လှပါ ဘုရား) ဘာသစ္စာပေါ်သလဲ၊ (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခ မိမိပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒကာကြွယ် ကျေနပ်ပလား၊ (ကျေနပ်ပါပြီ ဘုရား)။
မကျေနပ်နဲ့ဦး ခင်ဗျားအိမ်ကျတော့ မသန်းတို့ လူစု ခင်ခင်တို့လူစုတွေ လက်ထောက်ပြဦး၊ (မှန်ပါ့) ဦးလှဘူးလဲ ပြရလိမ့်မယ်၊ (ပြရမှာပါပဲ ဘုရား) မပြလို့ရှိရင် တစ်အိမ်လုံးဟာ ဒုက္ခရောက်ကုန်လိမ့်မယ်၊ (မှန်ပါ့ ဘုရား) မရောက်ပေဘူးလား၊ ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီဥစ္စာကို ဪ သူတို့လဲ ကောင်းမှုပြုဖော် ပြုဘက်တွေဖြစ်ပြီးသကာလ နေငြားသော်လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားတဲ့တရား ဝမ်းထဲအရှိသား ဖြစ်နေတော့ ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်က မကယ်မယူလို့ ရှိရင်ဖြင့် ဒီဘဝမှာ ခင်တယ်, ကြင်တယ်, သနားတယ်ဆိုတာ အပိုဖြစ်သွားတယ်၊ (မှန်ပါ့) မဖြစ်ဘူးလား၊ (ဖြစ်ပါတယ် ဘုရား) လောကွတ်ပဲဖြစ်မယ် (မှန်ပါ့) နို့-သူ့သန္တာန် ဒိဋ္ဌိမှဖြုတ်မပေးနိုင်ဘဲကိုး၊ (မှန်လှပါ ဘုရား)။
ဘာဒိဋ္ဌိပါလိမ့်၊ (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိဖြုတ် မပေးနိုင်တဲ့အတွက် ဒကာကြွယ်ဟာ အိမ်ဦးခန်းက နေပြီးသကာလ ကိုယ်နားလည်သလောက်, ကိုယ်ရှင်းသလောက် ကိုယ်သဿတဒိဋ္ဌိ ပြုတ်သလောက် အင်း ခင်ပွန်းနဲ့ သမီးတွေကို မကယ်တင်ဘူးဆိုလို့ရှိရင်ဖြင့် သူတို့ကနေ့တိုင်းပြုသော်ငြားလဲ ကိုယ်က ကျေးဇူးတုံ့ပြန်ဆပ်ရာ မရောက်ပါဘူး၊ (မရောက်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဒီကပြန်ကြတဲ့ ဒကာ ဒကာမတွေအကြောင်း ညီညွတ်လို့ ည၌ စကားစမြည် ပြောတော့ မယ်ဆိုလို့ရှိရင် ဒီပဋိစ္စသမုပ္ပါဒ်အဝိုင်းချပြီးသကာလ ဒုက္ခ မိမိပြုတာမဟုတ်ပါဘူးကွာ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် အကျိုးဖြစ် တာပါ (မှန်လှပါ ဘုရား)။
အကြောင်းကြောင့်၊ (အကျိုးဖြစ်တာပါ ဘုရား) ဒီအထဲအကြောင်းထဲလဲမိမိပါ-ပါရဲ့လား၊ (မပါ-ပါ ဘုရား) အကျိုး ထဲမှာကော၊ (မပါပါ ဘုရား) ဒါဖြင့် အကြောင်းကြောင့်ဖြစ်တဲ့ အကျိူးပါပဲ၊ (မှန်လှပါ) မိမိအဖြစ် မပါပါဘူး၊ (မပါပါ ဘုရား)။
ဒါဖြင့် ကိုယ်ပြု ကိုယ်ခံဆိုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ကိုယ်ပြု-ကိုယ်စံဆိုတာကော၊ (မဟုတ်ပါ ဘုရား) ဒါလဲကိုယ်မဟုတ်ပါဘူး၊ အဝိဇ္ဇာသင်္ခါရပါပဲ၊ (မှန်ပါ့ ဘုရား)
ဒါဖြင့် ကိုယ်ခံဆိုတာလဲ ကိုယ်မဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား) ခန္ဓာငါးပါးပါပဲ၊ (မှန်ပါ့ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဒကာကြွယ် ဒီတစ်လုံးနဲ့ပဲ အများကြီးအဖိုးတန်သွားပြီ (တန်ပါပြီ ဘုရား)။
ဒုတိယပုစ္ဆာ ပြောင်းတော့မယ်
ကိုင်း ဒါဖြင့် ဒုတိယပုစ္ဆာ ပြောင်းတော့မယ်၊ (မှန်လှပါ) ဒကာ ဒကာမတို့ ပထမပုစ္ဆာကို ကျေကျေနပ်နပ် သဘောကျပလား၊ (ကျပါပြီ ဘုရား) ကျပြီနော်၊ (မှန်ပါ့ ဘုရား)။
ကဲ တစ်ခါတည်း ရာဇဂြိုလ်ပြည်ထဲမှာ ဘုရားဆွမ်းခံလာတော့ ဒုတိယပုစ္ဆာကို သူမေးပြန်တယ်၊ (မှန်ပါ့) ရှင်ကြီးဂေါတမ ဒုက္ခဟာ သူတစ်ပါးပြုတာလားတဲ့၊ (မှန်ပါ့) ဘုရားကဘယ်လိုဖြေသလဲ၊ (မဟုတ်ပါတဲ့ ဘုရား) ပုံစံကို ကြည့်လိုက်ပါလား သူတစ်ပါးပြုတာကောဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရက ပြုလုပ်လို့ ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ၊ ဒါကို သူတစ်ပါးလို့ဆိုလို့ ရရဲ့လား၊ (မရပါ ဘုရား) ဘာပါလိမ့်ဒါဖြင့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား)
အဝိဇ္ဇာ သင်္ခါရပဲ၊ တစ်နည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ပဲ၊ (မှန်ပါ့) တစ်နည်းအားဖြင့် သမုဒယသစ္စာပဲ၊ (မှန်လှပါ) မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား) အဝိဇ္ဇာသင်္ခါရပြုလုပ်လိုက်တဲ့အခါကျတော့ကို တဲ့၊ ဒကာ ဒကာမတို့ ဒုက္ခသစ္စာကြီး ပေါ်မလာဘူးလား၊ (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် သူတစ်ပါးပြုတာကော ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) သူတစ်ပါးပြုလို့ သူတစ်ပါးခံဆို တဲ့အဓိပ္ပာယ်ကော၊ (မဟုတ်ပါ ဘုရား) အင်း-အကြောင်းကြောင့်အကျိုးဖြစ်တာ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (အကြောင်းကြောင့် အကျိုးဖြစ်တာပါ ဘုရား)။
အကြောင်းကြောင့်အကျိုးဖြစ်တာပဲဆိုတာ ဒကာ ဒကာမတွေ ကိုယ့်ပဋိစ္စသမုပ္ပါဒ်လဲ ပြန်ကြည့်ပါ၊ ဒီတရားက အကြောင်းအရာ (မှန်ပါ့ ဘုရား) ပြုခဲ့တာအတိတ်အကြောင်းကိုး၊ (မှန်ပါ့) ဒီက ပစ္စုပ္ပန်အကျိုးလို့ မပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒီတော့အကြောင်းကြောင့် အကျိုးဖြစ်နေတာ (မှန်ပါ့ ဘုရား) အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခ ဖြစ်တယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ဒါဖြင့်ဒုက္ခဟာ သူတစ်ပါး ပြုတာလား ဒကာကြွယ်၊ (မဟုတ်ပါ ဘုရား) အကြောင်းကြောင့် (အကျိုးဖြစ်တာပါ ဘုရား)။
အဲ-အဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဖြစ်ပါတယ်၊ (မှန်လှပါ) အခုခန္ဓာငါးပါး ဖြစ်ပါတယ်၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား။ (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒုက္ခသူတစ်ပါး ပြုတာလဲ မဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် (အကျိုးဖြစ်တာပါ ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ) အကြောင်းအကျိုးပဲရှိတာကို မိမိပဲ, သူတစ်ပါးပဲ လုပ်နေလို့တောဖြစ်မယ် မဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား) သဘောပါကြပလား၊ (ပါ, ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့်ပုစ္ဆာနှစ်ခုစလုံးမှာ ဘယ်လိုစင်ကြယ်သွားသတုံးဆိုတဲ့ ဒကာ ဒကာမတွေ အကျိုးကျေးဇူး ခံစားမှု ကလေး ပြောပါဦးမယ်၊ (မှန်ပါ့ ဘုရား)။
ဒုက္ခ သူတစ်ပါး ပြုတယ်ဆိုတာ ပြုတဲ့လူက တခြား၊ (မှန်ပါ့) ခံတဲ့လူက (တခြားပါ ဘုရား) ခံတဲ့လူက တခြား သူတစ်ပါးပြုလို့ခံရတာ၊ (မှန်ပါ့) ဒါဖြင့်ပြုတဲ့လူက တခြား၊ (ခံစားရတဲ့လူက တခြားပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်
ဒီလိုဆိုတော့ကို-တဲ့၊ အကြောင်းအကျိုး ပြတ်မသွားဘူးလား၊ (ပြတ်သွားပါတယ် ဘုရား) ပြုတဲ့လူကတခြား၊ ခံတဲ့လူကကော၊ (တခြားပါ ဘုရား) အကျိုးခံစားတဲ့လူက၊ (တခြားပါ ဘုရား) ဘာဒိဋ္ဌိဖြစ်သွားသလဲ၊ (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။
ဟော-ဒကာကြွယ် ပေါ်ပလား၊ (ပေါ်ပါပြီ) ဘာဒိဋ္ဌိဖြစ်သွားသလဲ၊ (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ်) ခုနက ကိုယ်ပြုကိုယ်ခံတုန်းက တဿတဒိဋ္ဌိ၊ (မှန်ပါ့) ခုတော့ သူတစ်ပါးပြုလို့ ကိုယ်ခံရလေခြင်းဆိုတော့၊ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ဘယ်ဟုတ်ရမတုံး-တဲ့၊ ခင်ဗျားတို့ဟာ ဥစ္ဆေဒဒိဋ္ဌိကြီး သူတစ်ပါးပြုလို့ ကိုယ်ခံရလေခြင်းဆိုတော့ ပြုတဲ့လူကတခြား၊ ခံတဲ့လူက (တခြားပါ ဘုရား) အဲဒါ ဥစ္ဆေဒဒိဋ္ဌိ၊ (မှန်လှပါ) ပြုတဲ့ပုဂ္ဂိုလ်က ပြတ်သွားပြီ၊ (မှန်လှပါ) ခံတဲ့ပုဂ္ဂိုလ်ကခံဆဲ (မှန်လှပါ ဘုရား)။
ဪ ပြုတဲ့လူက တစ်ယောက်၊ (မှန်လှပါ) ခံရတဲ့လူက (တစ်ယောက်ပါ ဘုရား) ဘာဒိဋ္ဌိလဲ၊ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) အဲဒါလဲ ပဋိစ္စသမုပ္ပါဒ် နားမလည်မှု၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဘာ-နားမလည်မှုလဲ၊ (ပဋိစ္စသမုပ္ပါဒ် နားမလည်မှုပါ ဘုရား)။
သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ သေသေချာချာမှတ်ပါ၊ ဒီဥစ္စာ တော်တော်အရေးကြီးတယ် ဒကာကြွယ်၊ (မှန်လှပါ ဘုရား) သူတစ်ပါးပြုလို့ ခံရလေခြင်းဆိုတဲ့ အကြောင်းလဲ ခင်ဗျားတို့ပြောလေ့ဆိုလေ့ကော၊ (ပြောကြပါတယ် ဘုရား) ပြုကြ, ပြုကြ, နောက်ဘဝ သိကြလိမ့်မယ်တောင် လာသေး၊ (လာပါတယ် ဘုရား)။
ရန်များတောင် ဖြစ်လိုက်သေးတယ်
အံမာလေး ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတွေ ရင်များထုပြီး သကာလ၊ ထဘီများခါးစီးပြီး သကာလ ပြုနိုင်သရွေ့ပြုကြ၊ နောက်ဘဝက ကိုယ်ပြုကိုယ်ခံရမှာ (မှန်ပါ့) အင်း ဟင် သူတစ်ပါးပြုလို့ ကျုပ်တို့ ဒီဘဝခံရငြားသော်လဲ နောက်ပြုတဲ့ ပုဂ္ဂိုလ် သူလုပ်လို့ သူခံရမှာပါပဲ၊ (မှန်လှပါ ဘုရား) ရန်များတောင် ဖြစ်လိုက်သေးတယ်၊ (ဖြစ်ပါတယ် ဘုရား)။
ဒကာကြွယ် ရန်များဖြစ်တာ ကြားဖူးရဲ့လား၊ (ကြားဖူးပါတယ် ဘုရား) ကိုယ့်အိမ်, ကိုယ့်သားမယားနဲ့ ရန်ဖြစ်တော့လဲ ဒါတွေဟာ ဒိဋ္ဌိတွေနဲ့ပဲ ရောနေကြတာပဲ၊ (ရောပါတယ် ဘုရား) ရောနေတာပဲ၊ မင်းလုပ်လို့ မင်းဖြစ်ရတာကွ၊ ငါလုပ်လဲ ငါဖြစ်ရမှာပဲ အစရှိသည်နဲ့-လဲ၊ ခုတော့ နောက်ဒိဋ္ဌိကတော့ ဥစ္ဆေဒဒိဋ္ဌိ၊ (မှန်လှပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဆိုတော့ ဒီအကြောင်းနဲ့ ဒီအကျိုးမဆက်တော့ဘူး၊ (မှန်လှပါ ဘုရား) ဆက်သေးရဲ့လား၊ (မဆက်ပါ ဘုရား) ကြည့်ပါလား-ဒီအကြောင်းသာလုပ်ရင် ဟောဒီမြားကပြထားတယ်၊ ဒီအကျိုးဆက်ရမယ်၊ (မှန်ပါ့) မဆက်ရပေဘူးလား၊ (ဆက်ရပါတယ် ဘုရား)။
အဲဒါ အကြောင်းနဲ့ အကျိုးဆက်တာကိုပင်လျှင် ဒကာ ဒကာမတို့က မဆက်တဲ့အဓိပ္ပာယ် ယူထားတယ်၊ (ယူပါတယ် ဘုရား) သူတစ်ပါးပြုလို့ သူတစ်ပါးခံရတယ်၊ (မှန်လှပါ ဘုရား) ပြုတဲ့ပုဂ္ဂိုလ်ကလဲ သူတစ်ပါး၊ (မှန်ပါ့) ခံတဲ့ပုဂ္ဂိုလ်ကလဲ (သူတစ်ပါးပါ ဘုရား)။
ပြုတဲ့ပုဂ္ဂိုလ်က တစ်ယောက်
ဒါဖြင့် သူတစ်ပါးဆိုတော့ ပြုတဲ့ပုဂ္ဂိုလ်က တစ်ယောက်၊ (မှန်ပါ့) ခံတဲ့ပုဂ္ဂိုလ်က (တစ်ယောက်ပါ ဘုရား) ဒီတော့အကြောင်းအကျိုး ဆက်သေးရဲ့လား၊ (မဆက်ပါ ဘုရား) မဆက်ရင် ဘာဒိဋ္ဌိလဲ၊ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ဟော ဒကာကြွယ်တို့ ယူထားတာက ဟင်-(မှန်ပါ့) သူတစ်ပါးက ပြုရက်ခြင်းကြောင့် ကိုယ့်မှာ ခံရလေခြင်း (မှန်လှပါ ဘုရား) သူတစ်ပါး ပြုရက်သောကြောင့်၊ (ကိုယ့်မှာ ခံရလေခြင်း)။
အင်း-ဒကာကြွယ် ဒီလိုကော သုံးဘူးသလား၊ (သုံးဘူးပါတယ် ဘုရား) ဘာ-ဒိဋ္ဌိတွေတုံး၊ (ဥစ္ဆေဒဒိဋ္ဌိတွေပါ ဘုရား)။ အေး-သူတစ်ပါးကလာပြုတာ ဒို့အိမ်ကခံရတာပဲကွ၊ မတတ်နိုင်ဘူးကွ၊ အဲဒါ သည်းသာခံကြပေတော့ကိုး၊ (မှန်လှပါ) ပြုတဲ့လူက သူတစ်ပါး၊ (မှန်ပါ့) ခံတဲ့လူက-ဒို့၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အကြောင်းအကျိုးတွေက ဆက်သေးရဲ့လား၊ (မဆက်ပါ ဘုရား) ပြတ်မနေဘူးလား၊ (ပြတ်နေပါတယ်) ဘာဒိဋ္ဌိလဲ၊ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) အဲဒါဒကာ ဒကာမတွေက နားမလည်တော့ကို အို-သူတစ်ပါးပြုလို့ သူတစ်ပါးခံရတယ်၊ (မှန်ပါ့) ပြုတဲ့လူက သူတစ်ပါး၊ ခံရတဲ့လူလဲ၊ (သူတစ်ပါးပါပဲ ဘုရား)။
တစ်နည်းအားဖြင့်လဲ ဒကာ ဒကာမတို့ သူတစ်ပါးကပြုတာ ကိုယ်ကခံရလေခြင်း၊ (မှန်လှပါ ဘုရား) ဒီလိုကော မလာဘူးလား၊ (လာပါတယ် ဘုရား) ဆန်ခိုးမမိ-ဖွဲခိုးမိလေခြင်း၊ ဤသို့အစရှိသည်ဖြင့် မလာဘူးလား၊ (လာပါတယ် ဘုရား) ဒါဘာဒိဋ္ဌိတွေလဲ၊ (ဥစ္ဆေဒိဋ္ဌိတွေပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပါပြီ
ဒါ့ကြောင့်ခုတော့ ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပါပြီ-တဲ့၊ (မှန်လှပါ ဘုရား) ဪ-ဒီသမုဒယသစ္စာ လုပ်လို့ရှိရင်ဖြင့် ဒီဒုက္ခသစ္စာတော့ ပေါ်ရမှာပဲ၊ အကြောင်း, အကျိုးဆက်တယ်၊ (မှန်ပါ့) မြားကလေးကဘာပြသလဲ၊ (အကြောင်းအကျိုး ဆက်ပုံပြပါတယ်) အကြောင်းနဲ့အကျိုး၊ သမုဒယနဲ့ ဒုက္ခသစ္စာဆက်တယ်လို့ပြတယ်၊ (မှန်လှပါ ဘုရား)။
သူတစ်ပါးပြုလို့သူတစ်ပါးခံရတာလား-တဲ့၊ အကြောင်းကြောင့် အကျိုးပေါ်တာလား၊ (အကြောင်းကြောင့် အကျိုးပေါ်တာပါ ဘုရား) ဒီလိုသိသွားတော့ ဘယ်ဒိဋ္ဌိ စင်တယ်၊ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ကဲ-ဒကာ ဒကာမတွေရှင်ကြီးဂေါတမ-ဒုက္ခ သူတစ်ပါးပြုတာလားလို့ မေးတော့ ဘုရားဘယ့်နှယ်ဖြေပါလိမ့်၊ (မဟုတ်ပါဘူးတဲ့ ဘုရား) ဘုရားကမဟုတ်ပါဘူးလို့ဖြေတာလဲ ဒကာ ဒကာမတွေက ကျေနပ်ပလား၊ (ကျေနပ်ပါတယ် ဘုရား) ဒုတိယဖြစ်တဲ့ ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုတာပါလိမ့်၊ (အဝိဇ္ဇာ သင်္ခါရပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရတည်းဟူသောအကြောင်းကပြုလုပ်လိုက်တယ်၊ (မှန်ပါ့ ဘုရား) ဒီလိုဆိုတော့ သူတစ်ပါးပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါဘူး ဘုရား)။
ကောင်းပြီဒါဖြင့် ပထမပုစ္ဆာတွင်ပဲမဟုတ်ကြောင်းသိလို့ရှိရင် သဿတဒိဋ္ဌိ ပြုတ်တယ်၊ (မှန်ပါ့) ဒုတိယပုစ္ဆာ မေးတဲ့အတိုင်း မဟုတ်ပါဘူးလို့ ကိုယ့်ဉာဏ်ထဲမှာ တင်ကြည့်လို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိသေပါတယ်၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား) ဒကာကြွယ်-နေရာကျပလား၊ (ကျပါပြီ)။
ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား
ကောင်းပြီ၊ ဒါဖြင့် တတိယ ပုစ္ဆာကူးကြပါစို့ ဒကာ ဒကာမတို့နော်၊ (မှန်လှပါ ဘုရား) တတိယပုစ္ဆာက ဘယ်လိုမေးသတုံးဆိုတော့ ရှင်ကြီးဂေါတမ-တဲ့၊ ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား-လို့ မေးလိုက်ပါတယ်၊ (မှန်လှပါ ဘုရား) ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (မဟုတ်ပါဘူး-တဲ့ ဘုရား)။
ဒီဟာ မိမိလဲမဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား) သူတစ်ပါးကော (မဟုတ်ပါ ဘုရား) အဝိဇ္ဇာ သင်္ခါရပဲ(မှန်လှပါ ဘုရား) (ဝါ) သမုဒယသစ္စာပဲ၊ (မှန်လှပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရတည်းဟူသောအကြောင်းကြောင့် ဒီဒုက္ခ သစ္စာတည်းဟူသော အကျိုးတရားပေါ်တယ်၊ (မှန်ပါ့ ဘုရား) မပေါ်ဘူးလား၊ (ပေါ်ပါတယ် ဘုရား) ဒါဖြင့် မိမိသူတစ်ပါး နှစ်ဦးသားပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် အကျိုးဖြစ်တာလဲ၊ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာကြွယ်စဉ်းစား၊ ဒကာသစ်တို့လဲစဉ်းစား မောင်ဘသော်တို့လဲ စဉ်းစား၊ ဪ-ပဋိစ္စသမုပ္ပါဒ်ဟာ ဆရာပြောပြပေမယ့် ကိုယ်ကိုယ်တိုင်က နားမလည်လို့ရှိရင် ဒီဒိဋ္ဌိတွေဟာ လူတိုင်းရှိနေမှာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) ရှိနေရင်လဲ ဘယ်လိုပဲ ဝိပဿနာ အားထုတ်ထုတ် မဂ်ဉာဏ်, ဖိုလ်ဉာဏ် (မရပါ ဘုရား) ဒိဋ္ဌိ အပင်းခံနေရတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
အဲဒါကြောင့်တဲ့ ဒီဥစ္စာကို ဘုန်းကြီးတို့ရှေ့ပိုင်းမှာရှေးကတည်းက ဒီဥစ္စာ ပုံစံသာမပြတယ်၊ ဒကာသစ်-အားလုံးဟောပါတယ်၊ (ဟောပါတယ် ဘုရား) အခုတော့ ပုံစံရပြန်တော့ ဒကာ ဒကာမတွေက ပိုမိုရှင်းတာပေါ့၊ (ရှင်းပါတယ် ဘုရား)။
အဝိဇ္ဇာ သင်္ခါရကြောင့်ပါ
ကဲ-ဒါဖြင့် မေးလိုက်တယ် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့ခန္ဓာ ဒုက္ခသစ္စာကြီးကို မိမိသူတစ်ပါး နှစ်ဦးသား ပြုလုပ်လို့ရတာလား၊ (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့်လဲ (အဝိဇ္ဇာ သင်္ခါရကြောင့်ပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရဆိုတဲ့ သမုဒသစ္စာကြောင့် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝိညာဏ်, နာမ်ရုပ်, သဠာ ယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဒုက္ခသစ္စာတရား ရပါတယ် (မှန်ပါ့ ဘုရား) မိမိ-သူတစ်ပါးနှစ်ဦးသား ပြုတာ ဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဒါနဲ့ပဲ-နံပါတ်ပုစ္ဆာလဲ ပြေသွားပြီ၊ (ပြေသွားပါပြီ ဘုရား) ၃-ပုစ္ဆာဟာ ဒကာကြွယ်-ဘာဖြစ်သွား၊ (ပြေသွားပါတယ် ဘုရား) ပြေသွားပြီဆိုတာ သဘောကျပလား၊ (ကျပပြီ)။
ကောင်းပြီ၊ ဒါဖြင့် ၄-နံပါတ်ကို သူမေးပြန်တယ် မဟုတ်လား၊ (မှန်ပါ့) ရှင်ကြီးဂေါတမ-ဒုက္ခသည် အလိုလို ဖြစ်တာလားဆိုတော့ အဟေတုက ဒိဋ္ဌိကို မေးတယ်၊ (မှန်လှပါ ဘုရား)။
ဒုက္ခအလိုလို ဖြစ်တာလားလို့ မေးလိုက်တော့ ဘုရားက ဘယ်နှယ့်ဖြေသလဲ၊ (မဟုတ်ပါဘူး-တဲ့) ကဲ-ဒကာ ဒကာမတွေကကော ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒီဒုက္ခသစ္စာအလိုလိုဖြစ်တာလား၊ အကြောင်းကြောင့်ဖြစ်တာလား၊ (အကြောင်းကြောင့် ဖြစ်တာပါ ဘုရား) အလိုလိုဆိုတာကို ရှိရဲ့လား၊ (မရှိပါ ဘုရား) အဝိဇ္ဇာ သင်္ခါရ-ဆိုတဲ့ သမုဒယသစ္စာကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပေါ်လာတယ်၊ (မှန်ပါ့) ဒကာကြွယ် နေရာကျပလား၊ (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာကြွယ်တို့အားလုံး တရား တစ်ပွဲလုံးပဲ မေးပါတယ်။
ဒကာ ဒကာမတို့ မိမိတို့ ခန္ဓာဟာ ဒုက္ခသစ္စာကြီးနော် (မှန်ပါ့) မိမိ သူတစ်ပါး နှစ်ဦးသား ပြုခဲ့လို့ ပေါ်ရတာ လားလို့ မေးခဲ့ရင် ဘယ့်နှယ်ဖြေမလဲ၊ (မဟုတ်ပါ ဘုရား) အဝိဇ္ဇာ, သင်္ခါ, မချုပ်လို့ပေါ်တာ၊ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာ, သင်္ခါရသာချုပ်ကြည့်စမ်းပါလား၊ ဒီ ဒုက္ခသစ္စာပေါ်ပါဦးမလား၊ (မပေါ်ပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ) ဒါဖြင့် ပုစ္ဆာလေးခု ဒကာကြွယ်-ပြေပလား (ပြေပါပြီ ဘုရား) ဒီဥစ္ဆာနဲ့ပဲ ဒကာ ဒကာမတို့ ယနေ့တရားနာရခြင်း သည် များစွာအဖိုးတန်ပါတယ်၊ (အဖိုးတန်ပါတယ် ဘုရား)။
ဒိဋ္ဌိဟူသရွေ့ပြုတ်ပြီ
သဿတဒိဋ္ဌိလဲ၊ (ပြုတ်ပါတယ် ဘုရား) ဥစ္ဆေဒဒိဠိလဲ။ (ပြုတ်ပါတယ် ဘုရား) အင်း ဟင် အဟေတုက ဒိဋ္ဌိကော။ (ပြုတ်ပါတယ် ဘုရား) ပြုတ်ပြီ၊ ဒိဋ္ဌိဟူသရွေ့ပြုတ်ပြီ၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိဟူသရွေ့ ပြုတ်ပါပြီ ဒကာ ဒကာမတို့၊ (မှန်လှပါ ဘုရား) ကြိုးကြိုးစားစားနဲ့သာ ဖြစ်ပျက်အားထုတ်ပါ၊ မဂ်ရနိုင်ပါတယ်၊ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့ အားထုတ်ရင်တော့ဖြင့် တာဝန်မခံနိုင်ဘူး၊ ရလဲ မရဘူး-တဲ့ ဘုရားက၊ (မှန်လှပါ ဘုရား) ရှင်းပဘား၊ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဉာဏ်ထဲမှာ ဒကာကြွယ်-ဦးလှဘူး ပြုတ်ပြီလား၊ (ပြုတ်ပါပြီ) ဒုက္ခမိမိပြုတာကော ဟုတ်ကဲလား၊ (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ၊ (အဝိဇ္ဇာ, သင်္ခါရကပြုတာပါ) အဝိဇ္ဇာ, သင်္ခါရ, ပဋိစ္စသမုပ္ပါဒ် ကြောင့်၊ (မှန်လှပါ ဘုရား)။
ဒုက္ခဟာ သူတစ်ပါးပြုတာလားမေးပြန်ရင်ကော၊ (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ၊ (အဝိဇ္ဇာ သင်္ခါရ ပဋိစ္စသမုပ္ပါဒ်ကြောင့်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် (မှန်လှပါ ဘုရား) ဒုက္ခဟာ မိမိသူတစ်ပါးနှစ်ဦးသား ပြုတာလားလို့ မေးရင်ကော၊ (မဟုတ်ပါ ဘုရား)။
မေးရင် ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့်၊ (အဝိဇ္ဇာ သင်္ခါရ ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ဖြစ်တာပါ) အဲ အဝိဇ္ဇာ သင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့်၊ (မှန်လှပါ) ဒုက္ခဟာ အလိုလိုများဖြစ်နေတာလား၊ (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့် ပါလိမ့် (အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့်ပါ ဘုရား)။
ဒီအဝိုင်းကြီးက သက်သေခံသွားတယ်
အဲ-ဒီအဝိုင်းကြီးက သက်သေခံသွားတယ်၊ (မှန်ပါ့) ဒါကြောင့် ဒီဒုက္ခတွေပေါ်လာတယ်၊ (ပေါ်လာပါတယ်) ရှင်းပလား၊ (ရှင်းပါပြီ) ဒကာကြွယ်-သေပျော်ပြီဗျ၊ (မှန်လှပါ) သေပျော်ပြီတဲ့၊ အားလုံး ဒကာ ဒကာမတွေ အင်မတန် ဝမ်းမြောက်ဝမ်းသာ ရှိစရာသိပ်ကောင်းတယ်၊ (မှန်လှပါ ဘုရား)။
ငါတို့သန္တာန်မှာ ဒိဋ္ဌိဖြင့်ပြုတ်ပြီဟေ့-မဂ်ဉာဏ်ရဖို့ ဝိပဿနာအလုပ်သာလုပ်ဘို့ အရေးကြီးတော့တယ်၊ (မှန်ပါ့ ဘုရား) ရှေးကတော့ သူခံနေတဲ့အတွက် ဘယ်လိုပဲလုပ်လုပ် ဘယ်လိုပဲ ဆုတောင်း ဆုတောင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး၊ (မရနိုင်ပါ ဘုရား)။
ဒကာကြွယ်-ရနိုင်ပါ့မလား၊ (မရနိုင်ပါ ဘုရား) ဘာခံနေလို့လဲ၊ (ဒိဋ္ဌိခံနေလို့ပါ ဘုရား) သဿတဒိဋ္ဌိကခံတယ်၊ ဥစ္ဆေဒ ဒိဋ္ဌိက ခံတယ်၊ အဟေတုကဒိဋ္ဌိက ခံတယ်၊ (မှန်လှပါ ဘုရား) မခံဘူးလား၊ (ခံပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒီနေ့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိပြုတ်သွားပြီ၊ (ပြုတ်သွားပါပြီ ဘုရား) သဘောကျပလား၊ (ကျပါတယ်) အင်း ဘာနားလည်လို့ ပြုတ်သွားသလဲ၊ (ပဋိစ္စသမုပ္ပါဒ်နားလည်လို့ပါ ဘုရား)။
သူ့အကျိုး တယ်ကြီးပါကလား ဒကာကြွယ်၊ (ကြီးပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်နားလည်လို့ (မပြုတ်တာနော်၊ မှန်ပါ့) နားမလည်လို့ရှိရင်ဖြင့်၊ (မပြုတ်ပါ ဘုရား) ဒီအကျိုး တယ်ကြီးပါကလားဆိုတာ ကောင်းကောင်းပေါ်လာပလား၊ (ပေါ်လာပါပြီ ဘုရား)။
အေး-ဒါကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ့်ယာမှာ ထားလို့ရှိရင်ဖြင့် ရှင်းလင်းပြီးလို့ရှိရင်တော့ ဪ-ဒီဓမ္မဒေသနာကြောင့် ဒို့ကျွတ်တမ်းဝင်ရတယ်၊ (မှန်လှပါ ဘုရား) ဒီဓမ္မစက်ဝိုင်းကြီး ကောင်းကောင်းနားလည်မှုကြောင့် ဒို့ကျွတ်တမ်းဝင်ရတယ်၊ (မှန်လှပါ ဘုရား)။
ဒို့ ဒုက္ခခပ်သိမ်း ငြိမ်းရတော့မယ်ဆိုတာ ဒကာ ဒကာမတို့ ဦးမာဒင်တို့ကလဲ အတော်ကျေးဇူးတင်ထိုက်ပါ တယ်၊ (တင်ထိုက်ပါတယ် ဘုရား) အတော်ပင် ကျေးဇူးတင်စရာ ကောင်းတယ် (မှန်ပါ့ ဘုရား)။
ဘုန်းကြီးက ဘယ်လိုပင် ဒီဥစ္စာ ရေးတတ်, ချွတ်တတ်, မှတ်တတ်ငြားသော်လဲ ဒကာတို့ အားကြိုးမာန်တက် လုပ်ဦးမှကိုး၊ (မှန်လှပါ ဘုရား)။
အားကြိုးမာန်တက် ဒကာတို့ လုပ်ပြန်တော့လဲ ဘုန်းကြီးက အပြမရှင်း ပြန်လို့ရှိရင်လဲ ဒီဥစ္စာ မစင်ပြန်ဘူး။ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)၊
အဲဒီတော့ နှစ်ယောက်ပေါင်းမှ ဒီတရားပွဲကြီးမှာ ကျေးဇူးပိုများတယ်၊ (မှန်ပါ) ဒီထဲမှာလဲ ဒကာ ဒကာမ တွေကလဲ တစ်ခါ ကျေးဇူးပြန်သေးတယ်၊ (မှန်ပါ့ ဘုရား) ဘယ်လိုပြန်ပါသတုံး-ဆိုတော့ ထောင်တတ်တဲ့ နားမပါတဲ့ ပုဂ္ဂိုလ် ဘာပြောနေနေ မသိဘူး၊ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့က ထောင်တတ်တဲ့ နားလဲပါလာတော့ ကျွတ်တမ်းဝင်တတ်တဲ့နားက ပါလာတော့ သိပ်ကျေးဇူးများ တယ်၊ (များပါတယ် ဘုရား)။
အရှိသုံးပါးညီတယ်
အဲဒီတော့ အရှိသုံးပါးညီတယ်၊ (ညီပါတယ် ဘုရား) အလှူပေးပုဂ္ဂိုလ်လဲ ရှိပါတယ်၊ (ရှိပါတယ် ဘုရား) အင်း ဟင်း ဟောတတ်ပြောတတ်တဲ့ ပုဂ္ဂိုလ်လဲ၊ (ရှိပါတယ် ဘုရား) ထောင်တတ်တဲ့နားကော၊ (ရှိပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဪ-ငါတို့ ကျွတ်တမ်းဝင်မှ ဝင်ပါ့မလားဆိုတဲ့ ဒကာသစ် သံသယဝိစိကိစ္ဆာ အကုန်ရှောင်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ကဲ-စတုတ္ထပုစ္ဆာလဲ ပြေသွားပြီ၊ (ပြေသွားပါပြီ ဘုရား)။
အဲဒီတော့ ခြောက်ခုတောင်မေးတာကို၊ မေးပေမဲ့ နှစ်ခုကတော့ အပိုပါပဲ၊ (မှန်လှပါ) ဘုရားကို သက်သက် စွပ်စွဲမေးတာပဲ၊ (မှန်ပါ့) ရှင်ကြီးဂေါတမ-တဲ့၊ ဒုက္ခမရှိဘူးလားလို့ မေးတယ်၊ (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ၊ (ရှိပါတယ် ဘုရား) ဒီခန္ဓာကြီး တွေ့နေကတည်းက ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဒီခန္ဓာထဲက ဘာပေါ်ပေါ်-ပေါ်ချင်တာပေါ်ရင်ကော၊ (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာပေါ်ပေါ်, သညာပေါ်ပေါ်, ခန္ဓာကြီးပေါ်ပေါ်, ဘာပေါ်ပေါ်, ဒုက္ခသစ္စာပဲပေါ်တာပဲ၊ (မှန်လှပါ) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ကောင်းပြီ-ဒါ ဒုက္ခသစ္စာ ပဲဆိုတာ သေချာပြီ၊ (သေချာပါပြီ)။
ဒါဖြင့် ရှင်ကြီးဂေါတမ-ဒုက္ခ မရှိဘူးလားလို့ဆိုတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (ရှိတယ်လို့ ဖြေပါတယ် ဘုရား) ခင်ဗျားတို့ကော သိပလား၊ (သိပါပြီ ဘုရား) ခင်ဗျားတို့ ဒီခန္ဓာကြီးဟာ ရှိသလား၊ ဘာသစ္စာကြီးတုံး၊ (ဒုက္ခ သစ္စာကြီးပါ ဘုရား) ဒုက္ခရှိတာ ကိုယ်-ကိုယ်တိုင်သိပြီ၊ (သိပါပြီ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
ရှင်ကြီး ဂေါတမ-ဒုက္ခမရှိဘူးလား- လို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (ရှိတယ်လို့ဖြေပါတယ် ဘုရား) ခင်ဗျားတို့ကော ဒုက္ခမရှိဘူးလားမေးရင်၊ (ရှိပါတယ် ဘုရား) ဘယ်သူပါလိမ့်ဗျာ၊ (ခန္ဓာငါးပါးပါ ဘုရား) ဒီခန္ဓာကြီးပေါ့၊ (မှန်ပါ့) ဒုက္ခမရှိဘူးလား၊ (ရှိပါတယ် ဘုရား) ဘယ်သူပါလိမ့်ဗျာ၊ (ခန္ဓာငါးပါးပါပဲ ဘုရား) ဒီခန္ဓာငါးပါးဗျာ၊ (မှန်ပါ့)။
ပင်ကိုယ်က ဒုက္ခသစ္စာ
ဒီခန္ဓာငါးပါးကြီးက ပင်ကိုယ်က ဒုက္ခသစ္စာ သူက သီးပွင့်လာတာတွေကော၊ (ဒုက္ခသစ္စာပါပဲ ဘုရား) ဒုက္ခသစ္စာ တွေပဲ သူကအနာပေါက်တယ်၊ သူကနေပြီး စိုးရိမ်တယ်၊ သူကဗျာပါဒဖြစ်တယ်၊ သူက ရင်ထုတယ်၊ သူက မြေလူးတယ်၊ သူက ကျင်းခုန်တယ် (မှန်ပါ့ ဘုရား) ဘာဖြစ်သလဲဗျာ (ဒုက္ခသစ္စာ ဖြစ်ပါတယ်) သောက ပရိဒေဝတွေ ပေါ်လာတာ ဒီခန္ဓာထဲရှိတာ ပေါ်လာတာ၊ (မှန်လှပါ) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါဘုရား။
ဒါဖြင့် ဒုက္ခမရှိဘူးလားလို့မေးတော့ ဘယ့်နှယ်ဖြေမလဲ၊ (ရှိပါတယ် ဘုရား) ခင်ဗျားတို့က ဒကာကြွယ်တို့က ဒီသစ္စာဉာဏ်နဲ့ နှလုံးမသွင်းတဲ့အခါကျတော့ ဒကာသစ်တို့ လူစုက အင်း ဟင် ငယ်ငယ်တုန်းက ဒုက္ခရောက်တာ တွေကြီးတော့ဒုက္ခမရှိဘူး ပြောချင်ပြောနေမှာ၊ (မှန်ပါ့ ဘုရား)။
ငယ်ငယ်တုန်းက ဒုက္ခရောက်ခဲ့တယ်၊ ဒကာကြွယ်တို့ ဒီအခြေအနေမရောက်ခင်တုန်းကဟင်၊ (မှန်ပါ့ ဘုရား) အခုတော့ဖြင့် ဒုက္ခမရှိဘူးလို့ဆိုမလား၊ (ဆိုခဲ့ပါတယ် ဘုရား)အဲဒါ ခန္ဓာသစ္စာမသိလို့ ရှင်းပလား၊ (မှန်ပါ့ ဘုရား) ငယ်ငယ်တုန်းကလဲ ဘာသစ္စာနဲ့ နေခဲ့သလဲ (ဒုက္ခသစ္စာနဲ့ပါ ဘုရား) ကြီးတော့လဲ၊ (ဒုက္ခသစ္စာနဲ့ပါ ဘုရား)။
ဒါကို ဒကာကြွယ်တို့က အလွဲသုံးစား ငယ်ငယ်တုန်းကတော့ ခင်ဗျားတို့မြင်တဲ့အတိုင်း၊ (မှန်ပါ့) မပြောဘူးလား၊ (ပြောပါတယ်) လူတိုင်းပြောမှာပဲ၊ (ပြောပါတယ် ဘုရား)။
အခုတော့ဖြင့် နည်းနည်း ကျုပ်တို့ နေနိုင်, ထိုင်နိုင်လို့ တော် တော် သေးရဲ့ဗျာဆိုတော့ အခုတော့ သုခသစ္စာ ဖြစ်လာတယ်လို့ ပြောချင်ပြောနေတာ၊ (မှန်ပါ့) ဂွကျတဲ့လူတွေ၊ (မှန်ပါ့ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) အခုလဲ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။
အရင်တုန်းက ငယ်ငယ်တုန်းကတော့ ဇာတိဒုက္ခသစ္စာ၊ အခုအိုတော့ ဇရာဒုက္ခသစ္စာ၊ (မှန်ပါ့) ရှေ့ ဘာသစ္စာ နဲ့တွေ့မလဲ၊ (မရဏ ဒုက္ခသစ္စာနဲ့တွေ့ပါမယ်) အင်း-အိုခြင်း ဆိုး, ဆိုးလာတာတောင် အခုမှ တော်တယ်ပြောနေသေးတော့ အတော်ရူးသေးတယ်၊ (ရူးပါတယ် ဘုရား)။
ဒကာကြွယ် ကြီးမှပဲ နေသာထိုင်သာ ရှိလာတယ်၊ ငယ်ငယ်တုန်းကတော့ ဒုက္ခဗျာ၊ (မှန်လှပါ) ကျုပ်ဖြင့် သေသာ သေချင်တာပဲ၊ (မှန်လှပါ ဘုရား)။
သူငယ်မပြန်သင့်တာ ပြန်နေတယ်
ကြီးမှ သာပြီး ဒုက္ခရောက်သေးတာကိုး၊ ကြီးမှ ပျော်နေတယ်၊ (မှန်ပါ့) သူငယ်မပြန်သင့်တာ ပြန်နေတယ်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ပြန်သင့်လို့ ပြန်တာလား၊ မပြန်သင့်ဘဲနဲ့ ပြန်တာလား၊ (မပြန်သင့်ဘဲနဲ့ ပြန်တာပါ ဘုရား)။
ဇရာဒုက္ခကျမှ အင်း-အခုမှပဲ တော်ပေတော့တယ်ဆိုတော့ ကျုပ်-အိုခြင်းကောင်း ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား) ဂွကျလိုက်တာ ဦးလှဘူး၊ (ကျပါတယ် ဘုရား) ဒါဟာ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့၊ (မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒုက္ခမရှိဘူးလား, ရှိသလား၊ (ရှိပါတယ် ဘုရား) ဘာကို လက်ညှိုးညွှန်ကြမယ်၊ (ခန္ဓာငါးပါးပါ ဘုရား) ဒီခန္ဓာကိုယ်ကြီးဟာ အကုန်လုံး ဒုက္ခသစ္စာ (မှန်လှပါ)။
မယုံရင် ဉာဏ်နဲ့ကြည့်ပါ၊ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒကာကြွယ်-ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ကဲ ဒုက္ခ ဘယ်အချိန် ရပ်သလဲ၊ (ဘယ်အချိန်မှမရပ်ပါ ဘုရား)။
ဒါဖြင့် ဒုက္ခမရှိဘူးလား မေးတော့ ဘယ့်နှယ် ဖြေမလဲ (ရှိပါတယ် ဘုရား) ရှိတယ်ဆိုတာ သိတော့ ဪ-နေရာကျပြီ သစ္စာ ဉာဏ်ရပြီ၊ (မှန်လှပါ ဘုရား) သဘောကျ ပလား၊ (ကျပါပြီ)။
ဒုက္ခကို မသိဘူးလား
ဒါနဲ့ အစေလက-ကဿပ, ကဆက်မေးတယ်နော်၊ (မှန်ပါ့) ရှင်ကြီးဂေါတမ ဒုက္ခကို မသိဘူးလားတဲ့၊ (မှန်ပါ) ဟ-ငါသိတယ်ကွ-တဲ့၊ (မှန်လှပါ ဘုရား)၊ ဒုက္ခမသိဘူးလားမေးတော့ ဘယ့်နှယ်ဖြေပါလိမ့် (သိပါတယ်တဲ့ ဘုရား) သိတယ်လို့ပဲ ဘုရားက ဖြေလိုက်တယ်၊ (မှန်ပါ့)။
ကဲ သိရင် ပြောစမ်းပါတဲ့၊ ဒုက္ခသိလို့ရှိရင် ပြောစမ်းပါဆိုတော့ အို ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရား (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ခန္ဓာငါးပါးရှိလို့ အိုတာ, နာတာကော၊ (ရှိပါတယ် ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဖြစ်မှုက ဒုက္ခသစ္စာ၊ (မှန်ပါ့) သူက ဖောက်ပြန်လာရင်၊ (ဒုက္ခသစ္စာပါ ဘုရား) သူက ပျက်စီးရင် ကော၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် သူ့မှာ ဖောက်ပြန်ပျက်စီးတာတွေ စုနေတာ ဘာသစ္စာလို့ ဆိုကြမလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဒါဖြင့် ဒီဒုက္ခသစ္စာကြီး မငြိမ်းသရွေ့ကာလပတ်လုံး ခန္ဓာမသိမ်းသရွေ့ကာလပတ်လုံးဖြင့် ဘယ်တော့မှ နိဗ္ဗာန်မရပါဘူး၊ (မရပါ ဘုရား)။
ခန္ဓာမသိမ်းသရွေ့ကာလပတ်လုံး၊ (ဘယ်တော့မှ နိဗ္ဗာန်မရပါ ဘုရား)၊ ဘယ်တော့မှ နိဗ္ဗာန်မရဘူးဆိုတာ ဒကာကြွယ်ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား) ခန္ဓာက ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား) အဲ သူမသိမ်းသရွေ့ နိဗ္ဗာန်ဖြင့်၊ (မရပါ ဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။
ဒါကြောင့် ဒကာသစ်တို့ ဝိပဿနာရှုတော့၊ဒကာကြွယ်တို့ ဝိပဿနာရှုတော့၊ ခန္ဓာပျောက်ကဲ့လားဟေ့-တဲ့၊ (မှန်ပါ့) ခန္ဓာပျောက်ကဲ့လားဟေ့-လို့ မေးချင်လို့ မဟုတ်ဘူး၊ ဒုက္ခသစ္စာ ပျောက်ကဲ့လားဟေ့-လို့ (မှန်ပါ့ ဘုရား) ခန္ဓာက ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။
နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်
အဲဒါကြီးချုပ်ပြီး သကာလ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကြီးပေါ်လာမှ ဪ ငါသည်ကားလို့ဆိုရင် သောတာ ပတ္တိမဂ်ရပြီ၊ (မှန်လှပါ) ဒါကြောင့် ခန္ဓာပျောက်ကဲ့လား၊ ခန္ဓာပျောက်ကဲ့လားဆိုတော့ ဒုက္ခသစ္စာ ပျောက်ကဲ့လားလို့ မေးတာ၊ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခန္ဓာပျောက်ကဲ့လားဆိုတာ ဘာပါလိမ့်၊ (ဒုက္ခသစ္စာ ပျောက် ကဲ့လားလို့ မေးတာပါ ဘုရား) ဒုက္ခသစ္စာပျောက်ကဲ့လားလို့ မေးတာနော်၊ (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီနေ့ တရားနာရတာ ဒကာ ဒကာမတို့ ဒုက္ခ မသိဘူးလားလို့ အစေလက-ကဿပ, ကမေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒုက္ခသိတာပေါ့ကွာ-တဲ့။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ-ခန္ဓာကိုယ် တစ်ခုလုံးဟာ ဒုက္ခအစုကြီးကွ-တဲ့၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ခန္ဓာကိုယ်တစ်ခုလုံးဟာ (ဒုက္ခအစုကြီးပါ ဘုရား) ဒုက္ခအစုကြီးပဲဆိုတာ သေချာပလား၊ (သေချာပါပြီ) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသိတာပေါ့၊ (သိပါတယ် ဘုရား)။
ရှင်ကြီးဂေါတမ-ဒုက္ခမသိဘူးလားမေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ၊ (သိပါတယ်လို့ ဖြေပါတယ် ဘုရား) နို့-ခင်ဗျားတို့ကော သိပလား၊ (သိပါတယ် ဘုရား)။
ခန္ဓာဆုံးအောင်သာ လိုက်ကြ
ဒါဖြင့် သိလို့ရှိရင်ဖြင့်-တဲ့၊ ခင်ဗျားတို့ ဒုက္ခသိတဲ့အချိန်ကစပြီး သစ္စာဉာဏ်ရသောကြောင့် ခန္ဓာဆုံးအောင်သာ လိုက်ကြ (မှန်လှပါ ဘုရား) ဒီဒုက္ခဆုံးလို့ရှိရင်ဖြင့် နိဗ္ဗာန်ပါပဲ၊ (မှန်ပါ့ ဘုရား) ဒုက္ခဆုံးလို့ရှိရင် (နိဗ္ဗာန်ပါပဲ) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဒုက္ခဆုံးရင် (နိဗ္ဗာန်ပါပဲ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတော့ ဘယ်မှာနေပါလိမ့်၊ (ဒုက္ခဆုံးရာမှာ နေပါတယ် ဘုရား) ဒုက္ခအဆုံးမှာ ရှိတယ်၊ (မှန်ပါ့ ဘုရား) ဒုက္ခဿအန္တံကရိဿတိ၊ ဒုက္ခဿ-ဒုက္ခ၏၊ အန္တံ=အဆုံးကို၊ ကရိဿတိ=မျက်မှောက်ပြုနိုင်လတ္တံ့၊ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ဝိပဿနာသာ အားထုတ်ပါတဲ့၊ ဒုက္ခအဆုံးကို မျက်မှောက်ပြုနိုင်တယ်တဲ့၊ (မှန်ပါ့) သေချာပါတယ် လို့ ဘုရားက သေသေချာချာ အရုဏဝတီသုတ်မှာ ဟောပါတယ်၊ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားအားထုတ်တဲ့အခါ ဒုက္ခဆုံးအောင် လိုက်ကြစမ်းပါ၊ (မှန်ပါ့ ဘုရား) ဖြစ်, ပျက် ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား) အဲဒါ ဆုံးသွားရင် ဘာသစ္စာတုံး၊ (နိရောဓသစ္စာပါ ဘုရား) နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ပေါ်လာတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။
ဒါဖြင့်လဲ ခန္ဓာထဲမှာ ရှိတာတွေကို ခင်ဗျားတို့ ဒေဝနာရှုရင်လဲ စိတ်နှင့်တကွ (အကုန်ပျောက်ပါတယ် ဘုရား) အဲဒီ ဒုက္ခတွေ အကုန်ပျောက်သွားရင်လဲ နိဗ္ဗာန်ဟာ ပေါ်လာတယ်၊ (မှန်ပါ့ ဘုရား)၊
ဒုက္ခရယ်လို့ ဧကန်သိ တကယ်သိရင် ပျောက်ပါတယ်
ဘယ်အချိန်မှ ပျောက်မလဲလို့မေးတော့ ဒုက္ခရယ်လို့ ဧကန်သိ တကယ်သိရင် ပျောက်ပါတယ်၊ (မှန်လှပါ ဘုရား) မသိသေးလို့ ဒါကြီးရှိနေတာ၊ တော်သေးရဲ့ဆိုပြီး သာယာနေတဲ့ တဏှာရှိရင် ဒကာကြွယ်- ဘယ်တော့မှ မချုပ်ဘူး၊ (မှန်လှပါ ဘုရား)။
သာယတဲ့တဏှာလဲကင်းပါရော ဒီဒုက္ခဟာ ဘာဖြစ်သွာသတုံး၊ (ချုပ်သွားပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပဋိစ္စသမုပ္ပါဒ်ကို သူညွှန်ပြတာပဲ၊ (မှန်ပါ့ ဘုရား)။
အစေလက ကဿပတဲ့၊ မင်းက ကိုယ်ပြုကိုယ်ခံဆိုတာလဲ ပဋိစ္စသမုပ္ပါဒ် မိသလို့ကွ (မှန်လှပါ) သူများပြုလို့ ကိုယ်ခံရတယ်ဆိုတာကော (ပဋိစ္စသမုပ္ပါဒ် မသိလို့ပါ ဘုရား)။
ဒုက္ခသည် မိမိ သူတစ်ပါးနှစ်ဦးသားပြုလို့ပေါ်လာတာလို့ ထင်နေလို့ရှိရင် (ပဋိစ္စသမုပ္ပါဒ် မသိလို့ပါ ဘုရား) ဒုက္ခအလိုလိုဖြစ်တယ်လို့ ထင်ရင်လဲ (ပဋိစ္စသမုပ္ပါဒ် မသိလို့ပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခဆိုတာကော သိပလား၊ (သိပါပြီ ဘုရား) ရှိတာ ရှိတဲ့ရှိတယ်၊ သိလဲသိတယ်။ (မှန်ပါ့) ရှိလဲ ရှိတာက ခန္ဓာ၊ သိလဲ သိတာကဉာဏ်၊ (မှန်ပါ့) ရှိလဲရှိတာက (ခန္ဓာပါ ဘုရား) သိလဲ သိတာက (ဉာဏ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ခင်ဗျားတို့သန္တာန်မှာ လောကီသဘောနဲ့ ပေါ်ပါပြီ(ပေါ်ပါပြီ ဘုရား) ဒုက္ခသစ္စာနဲ့ (မဂ္ဂသစ္စာ လောကီသဘောနဲ့ ပေါ်ပါပြီ ဘုရား) လောကီဘက်မှာ အထ, မြောက်တယ်။ (မှန်ပါ့ ဘုရား)။
အဲဒါကို လောကုတ်ဖြစ်အောင်ဆိုတော့ ဒကာသစ် ပွားယူရင် လောကုတ်ဖြစ်တယ်၊ (မှန်လှပါ ဘုရား) ပွားယူရင် (လောကုတ်ဖြစ်ပါတယ် ဘုရား) လောကုတ်ဖြစ်တယ်ဆိုတာ သေချာကြပလား၊ (သေချာပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒီနေ့ ဒိဋ္ဌိဘယ်နှစ်မျိုးစင်ပါလိမ့်
ဒါဖြင့် ဒီနေ့ ဒိဋ္ဌိဘယ်နှစ်မျိုးစင်ပါလိမ့်၊ (သုံးမျိုးစင်ပါတယ် ဘုရား) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, အဟေတုတဒိဋ္ဌိ၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ စင်ပြီးရင်ဖြင့် ဖြစ်, ပျက် ဝိပဿနာလုပ်ပါတော့၊ (မှန်ပါ့ ဘုရား) မရ မရှိပါဘူး ဆိုတာကိုဖြင့် ဒကာကြွယ် တာဝန်ခံထားတယ်၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရောက်လာရင် ဖြစ်ပျက်ရှုလုပ်ဟေ့၊ အနိစ္စရှုကွဆိုရင် ဘယ်တော့မှ မရဘူးလို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့် မရပါလိမ့်မတုံး မေးရင်ကော အဖြေထွက်တတ်ပလား၊ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်သော ကြောင့် ဒိဋ္ဌိကျန်နေတယ်၊ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်သောကြောင့် (ဒိဋ္ဌိကျန်နေပါတယ် ဘုရား)။
ဒိဋ္ဌိကျန်နေရင် ဘယ်တော့မှ မရလို့မှတ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ ယနေ့ တော်ကြဦးစို့။
သာဓု သာဓု သာဓု။