10607

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ်နှင့် လှူနည်းသင်တရားတော်(၄)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့ – ဓမ္မာရုံ၌

ဟောကြား ပြသ ဆုံးမတော်မူအပ်သော

ပဋိစ္စသမုပ္ပါဒ်နှင့် လှူနည်းသင်တရားတော်(၄)

(၂၁-၁၁-၆၁)

ဒကာ ဒကာမတို့ စာလိုတော့ ပဋိစ္စသမုပ္ပါဒ်၊ မြန်မာ လိုတော့ ခန္ဓာ၏ လမ်းစဉ်လို့ မှတ်ပါ (မှန်လှပါ) မြန်မာလို ဘယ်လို မှတ်ကြမယ် (ခန္ဓာ၏ လမ်းစဉ်လို့ မှတ်ရပါမယ် ဘုရား)။

ခန္ဓာ၏ လမ်းစဉ်၊ ခန္ဓာ ဒီအစဉ်အတိုင်း သွားနေတယ် ဒီအကြောင်း အကျိုးအတိုင်း ဆက်နေတယ် ဆိုတာကို အားလုံ တကာ တကာမတွေ မှတ်ကြရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း အတိတ် အကြောင်း ငါးပါးထဲမှာ အဝိဇ္ဇာဆိုတာ ပါ, ပါတယ် (ပါ, ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ သိထားတာက အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်လှပါ) သြော် ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကမင်းတို့ကွာ လူခန္ဓာတွေ၊ နတ်ခန္ဓာတွေ ဆိုတဲ့ဥစ္စာ အဝိဇ္ဇာမူတည်တာပဲလို့ပြောလိုက်တယ် (မှန်လှပါ ဘုရား)။

လူခန္ဓာ, နတ်ခန္ဓာတွေ ဖြစ်ကြောင်းမှာ ဘယ်ဟာမူတည် ပါလိမ့်(အဝိဇ္ဇာ မူတည်ပါတယ် ဘုရား) အဝိဇ္ဇာ မူတည်တယ် လို့ဒကာ ဒကာမတွေမှတ်ထားကြပါ(မှန်ပါ့) အဝိဇ္ဇာ မူတည် တယ် ဆိုတော့ အဝိဇ္ဇာဆိုတာက ဒကာကြွယ် ဘာမသိတာတဲ့တုံး (သစ္စာလေးပါး မသိတာပါ ဘုရား)။

သစ္စာလေးပါး မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာ ခေါ်ပါတယ်) သြော် ဒါဖြင့် သစ္စာလေးပါး မသိတာ အဝိဇ္ဇာ လို့ဆိုတာ၊ သြော် ငါတို့မှာ အတိတ်က အဝိဇ္ဇာရှိခဲ့တယ် ဆိုတာမှတ်ပါ (မှန်လှပါ ဘုရား)။

အတိတ်က ဘာတွေနဲ့နေခဲ့, ထိုင်ခဲ့ကြရသလဲ(အဝိဇ္ဇာ နဲ့နေခဲ့ ထိုင်ခဲ့ကြရပါတယ် ဘုရား) ဘာမသိတာနဲ့ နေခဲ့ကြပါလိမ့် (သစ္စာလေးပါး မသိတာနဲ့ နေခဲ့ကြပါတယ် ဘုရား) သစ္စာလေးပါး မသိတာနဲ့ နေခဲ့ကြရတော့ကို တဲ့၊ တကာ တကာမတွေက ကုသိုလ်လဲ ပြုကြတယ် (မှန်ပါ ဘုရား) ဒါ သင်္ခါရဆိုတာ ကုသိုလ်ပါပဲ (မှန်ပါ့)။

ကုသိုလ်ပင် ပြုငြားသော်လဲ ဒီဘက်မှာ လာစပ်တယ်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပဲ ပြန်ရတယ် (မှန်လှပါ) သော် တကာ တကာမတွေ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်လိုက်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရတယ်လို့ ဦးသန်းမောင် မှတ်စမ်းပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကုသိုလ်တော့ပြုတာပဲ၊ ဘာတွေရသတုံး လို့ မေးတော့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရတယ် (မှန်လှပါ) ကုသိုလ်ပြုလို့ (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံးလို့ မေးတော့ တကာ တကာမတွေ အဝိဇ္ဇာက သစ္စာမသိဘူး (မှန်လှပါ) အဝိဇ္ဇာက သစ္စာမသိတော့ သူခိုင်းတာလုပ်တဲ့ ကုသိုလ်ဟာ ဒုက္ခသစ္စာ ရတယ် (မှန်လှပါ) ဦးသန်းမောင် သေသေချာချာ မှတ်စမ်းပါ၊ ဒီဟာ ကြားရ၊ နာရခဲတယ်ဆိုတာ ဒကာ ဦးလှဘူး၊ ဒကာကြွယ် အရေးကြီးတယ်နော် (အရေးကြီး ပါတယ် ဘုရား)။

အဲဒါက ဘယ်သူ့ ဟောနေပါလိမ့်မလဲလို့ မေးတော့၊ ဘုန်းကြီးနဲ့တကွ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အခု ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ ခွဲကို မခွဲရသေးဘူး (မှန်လှပါ ဘုရား)။

ဒီလိုနေကြတာဟာ တဲ့၊ ဘယ်လိုကြောင့် တို့ ဒီလို နေရပါလိမ့်မတုံးဆိုတော့ အတိတ်ကို ပြန်စဉ်းစားပါ၊ သစ္စာလေးပါး မသိခဲ့လို့ ကျုပ်တို့ ကုသိုလ် သင်္ခါရလုပ်ခဲ့တယ် (မှန်ပါ့) မလုပ်ခဲ့ဘူးလား(လုပ်ခဲ့ပါတယ် ဘုရား) ဒီကြည့်ပါ၊ သစ္စာ လေးပါးမသိတော့ ကုသိုလ်သင်္ခါရ လုပ်ခဲ့တယ် ) (မှန်လှပါ)။

အတိတ်ဘဝက ဘာတွေလုပ်ခဲ့ပါလိမ့် (ကုသိုလ် သင်္ခါရ လုပ်ခဲ့ပါတယ် ဘုရား) သိပြီးလုပ်တာလား၊ မသိဘဲနဲ့ လုပ်တာလား (မသိဘဲနဲ့လုပ်တာပါ ဘုရား)။

သြော် ဘာမသိဘဲနဲ့ လုပ်ပါလိမ့်မတုံး ဒီသင်္ခါရတွေ ဆိုတော့ ဟောဒီ ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါးကြီး ရမှုကို မသိဘဲနဲ့ လုပ်ခဲ့တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးဟာ တကာ တကာမတို့ အိုမှု, နာ, သေမှု ကင်းပါ့မလား (မကင်းပါ ဘုရား)။

မကင်းတဲ့ ဒုက္ခသစ္စာကြီး ရအောင် ကျုပ်တို့သည် ဘယ့်နှယ်ကြောင့် လုပ်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်တဲ့၊ မသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်သင်္ခါရ (မှန်လှပါ ဘုရား)။

ဒကာကြွယ်ရိပ်မိပလား(ရိပ်မိပါပြီ) မသိတဲ့အဝိဇ္ဇာနဲ့ (ပြုလုပ်တဲ့ သင်္ခါရပါ ဘုရား) ပြုလုပ်တဲ့ သင်္ခါရကြောင့် သုံးတန်းကိုကြည့် ၁, ၂, ၃၊ ဒီအတန်းကို ဒီနေ့ ဟောလိမ့် မယ်နော် (မှန်ပါ ဘုရား)။

မသိတာက အဝိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ပြုလုပ်တဲ့ကုသိုလ်က သင်္ခါရ၊ ဘာသစ္စာတုံး (ဒုက္ခနဲ့ သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာလုပ်ခဲ့ကြတယ် (မှန်ပါ) ကိုယ့်စာရွက်ထဲလဲ ကိုယ်ကြည့်ပါ၊ ဘာသစ္စာ လုပ်ခဲ့ကြသလဲ (သမုဒယသစ္စာ လုပ်ခဲ့ပါတယ် ဘုရား)။

ဒကာကြွယ်ခင်ဗျားကတော့ အကောင်းထင်နေတယ် (ထင်ခဲ့ပါတယ် ဘုရား) သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာလုပ်ခဲ့သလဲ (သမုဒယသစ္စာလုပ်ခဲ့ပါတယ် ဘုရား)။

စာရွက်ထဲမှာလဲ ထောက်ကြည့်ပါ ဒကာ ဒကာမတို့၊ အတိတ်အကြောင်းက သမုဒယသစ္စာပဲ ပါ, ပါလိမ့်မယ် ဦးသန်းမောင်(ပါ, ပါတယ် ဘုရား)ဒကာသစ်မတွေ့ဘူးလား (တေ့ွပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့သည် မသိတဲ့ အဝိဇ္ဇာအုပ်ချုပ်ပြီး သကာလတဲ့ ၊ လှူခဲ့ တန်းခဲ့တဲ့ ကုသိုလ်သင်္ခါရလုပ်ပါတယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာ ပစ္စယာသင်္ခါရာ (မှန်ပါ့) သစ္စာလေးပါး မသိတာနဲ့ တဲ့ လူဘဝ, နတ်ဘဝရောက်ကြောင်း သင်္ခါရလုပ်ပါတယ် (မှန်လှပါ)။

ဒါဖြင့် ကုသိုလ်လုပ်ခဲ့တယ်ဆိုငြားသော်လဲဒီကုသိုလ်ဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ကောင်းကောင်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ကုသိုလ်လဲ လုပ်ခဲ့တာပါပဲ (မှန်ပါ့ ဘုရား) ဒီကုသိုလ် ဘာသစ္စာပါလိမ့်(သမုဒယသစ္စာ ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ၊ ဦးသန်းမောင်တို့ သမုဒယသစ္စာ လုပ်ခဲ့လို့ ရှိရင်တော့ ဒုက္ခသစ္စာ ကိုယ်တိုင်ရတော့မှာပဲ (မှန်လှပါ ဘုရား) ဘာဖြစ်လို့ပါလိမ့် (သမုဒယသစ္စာ လုပ်ခဲ့လို့ ဒုက္ခသစ္စာ ရတာပါ ဘုရား) သမုဒယသစ္စာ လုပ်ခဲ့တဲ့အတွက် သေသည်၏အခြားမဲ့၌ ဘာသစ္စာ ရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ ကုသိုလ်လဲ ပြုရသေးရဲ့။ ဒုက္ခသစ္စာလဲ ရသေးရဲ့ (မှန်လှပါ ဘုရား) ဒီလိုဆိုတော့ ဒကာကြွယ်ရှုံးပြီ(ရှုံးပါပြီ ဘုရား) ရှုံးပြီ(ရှုံးပါပြီ ဘုရား) ဦးသန်းမောင် ဘယ့်နှယ်လဲ (ရှုံးပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာရင်း ဆရာရင်းတွေ ဖြစ်တဲ့ တကာ တကာတွေကြတော့ ပြောရတယ်၊ အလှူနောက်ထားစမ်းပါဦး၊ အသိရှေ့ထားပါ (မှန်လှပါ ဘုရား) ကဲ ဦးသန်းမောင် ပြောသင့် မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။

အလှူကို နောက်ထားပါဦး ဒကာ ဒကာမတို့ ၊ အသိထားပါ (မှန်လှပါ ဘုရား) ပြီးမှ လှူပါ (မှန်ပါ့) ဆိုတော့ ဘုန်းကြီးပြောတာက ဒကာ ဒကာမတွေ အကျိုး ရှိအောင်လို့ ပြောတယ်လို့ ဆိုတာ ဦးသန်းမောင်တို့ စိတ်ဆိုးဖို့ မလိုဘူး (မလိုပါ ဘုရား)။

မလှူနဲ့လို့ ပြောတာမဟုတ်ဘူး၊ လှူပါ၊ သို့သော်လဲ အလှူ နောက်ထားပါဦး၊ အသိရှေ့ထားပါ (မှန်လှပါ ဘုရား) ဒကာကြွယ် တောင်းပန်သင့် မတောင်းပန်သင့်(တောင်းပန် သင့်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်မှာ စိုးလို့ (မှန်လှပါ ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာသည် ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ သင်္ခါရာကြည့်လိုက်တော့ ဒီမှာ ကြည့်လိုက် တော့ သမုဒယသစ္စာ (မှန်လှပါ ဘုရား) ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခုနကပြောတဲ့စကားလေးကို ဒကာ ဒကာမတွေ အားလုံးပေါ့ဗျာ မတိမ်းကြပါနဲ့၊ အသိရှေ့ထားပြီး အလှူနောက်ထားပါ(မှန်လှပါ ဘုရား) အသိထားပါ (အလှူ နောက်ထား ရမှာပါ ဘုရား)။

ဘာဖြစ်လို့တုံးဒကာကြွယ် လှူတာပဲမြန်မြန်ဆန်ဆန် အလှူခိုင်းပြီးရော၊ သေလွယ် ရှင်လွယ် ကြီးပဲ၊ သေခါလဲ နီးနေပြီ။

ဒါပေမယ့်ဘုန်းကြီးကလည်းနောက်ထားပါဦးဆိုနေတယ်၊ တပည့်တော်တို့က အသေစောသွား မခက်ဘူးလား (မှန်လှပါ ဘုရား)။ ။

အိုး မင်းတို့ အသေစောတာ ကိစ္စမရှိဘူး၊ နောင် တစ်ဖန် သေမှာ စိုးလို့ပေါ့ (မှန်လှပါ ဘုရား)မသိဘဲနဲ့ လှူတော့ နောင်တစ်ဖန် ဒီအအို, အသေ မရပေဘူးလားဗျ (ရပါတယ် ဘုရား) ဒီခန္ဓာငါးပါး ရလာတော့ ဒုက္ခသစ္စာ မရပေဘူးလား (ရပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ ပြောတဲ့ ဆင်ခြေကို ဘုန်းကြီးက မလိုက်နိုင်ဘူး (မှန်ပါ့) မလိုက်နိုင်ပါဘူး ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ဦးသန်းမောင်တို့ အလှူကို လှူတော့မယ်၊ ဒကာကြွယ်က အလှူကြီး လှူတော့မယ်၊ တစ်သက်မှ တစ်ခါဆိုသလိုပဲ အကြောင်း ညီညွတ်မှ လှူရ, တန်းရ, ပေးရ, ကမ်းရတာ၊ တပည့်တော် လှူချင်တယ် ဘုရား၊ဒကာကြွယ်လဲ လျှောက်ဦးမှာပဲ၊ ဦးသန်းမောင် လဲ လျှောက်မှာပဲ (လျှောက်ပါတယ် ဘုရား) လျှောက်ပင် လျှောက်ငြား သော်လဲ ဘုန်းကြီးက ဆိုင်းနေပါဦး (မှန်ပါ့) ကြိုက်ရဲ့လား (မှန်လှပါ ဘုရား)။

ဘုန်းကြီးက ဒီအလှူ ကန့်ကွက်နေတာလားလို့ ဆိုတော့ အလှူကန့်ကွက်တာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား) အသိ ကလေး လိုသေးလို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာလို သေးလို့ပါလိမ့်(အသိလိုသေးလို့ပါ ဘုရား) အသိလိုသေးလို့ ကန့်ကွက်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အကယ်၍ သူသည် သစ္စာလေးပါး မသိဘဲနဲ့ဆိုတော့ အဝိဇ္ဇာကောက်လိုက် (မှန်လှပါ) လှူခဲ့သြော် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာမသိဘဲနဲ့ လှူခဲ့သော် တဲ့၊ ဟောဒီ ဒုက္ခသစ္စာ ရလိမ့်မယ် (ရပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဘာရမလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဒုက္ခသစ္စာရတာပေါ့ ဒီမှာ စပ်သွားပြီ၊ အဝိဇ္ဇာ သင်္ခါရ ကြောင့် ဟောဒီမှာဟေ့ သူ ကျေးဇူးပြုလိုက်တဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ၂ နံပါတ်မှာ တွေတယ်မဟုတ်လား (တွေပါတယ် ဘုရား)။

အဲဒါ ဘယ်ပုဂ္ဂိုလ်တွေရတဲ့ ဒုက္ခသစ္စာလဲဆိုတော့ မသိ လှူသမားရတဲ့ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ဘယ်လို ဆိုကြပါ့မလဲ (မသိ လှူသမားရတဲ့ ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဆရာကောင်း, မှန်က ကန့်ကွက်ရမယ်ဆိုတာ ပေါ်ပလား(ပေါ်ပါတယ် ဘုရား) ဆရာကောင်းမှန်က (ကန့်ကွက်ရပါမယ် ဘုရား)။

ကန့်ကွက်ရမယ်၊ အသိကို ရှေ့ထားပါဦး သိပြီးပလား။ သိပြီးရင် လှူတော့ဟေ့ (မှန်လှပါ ဘုရား) ဒီကျ တော့ တိုက်တွန်းပါတယ်(မှန်လှပါ ဘုရား) မသိခင်တော့ဖြင့် (ကန့်ကွက် ပါတယ်) ကန့်ကွက်ရတယ်၊ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။

ပြုလုပ်လှူဒါန်းတာ သင်္ခါရ (မှန်ပါ) ဒီအတိုင်း သူ အုပ်ချုပ်ပြီးလှူတဲ့သင်္ခါရသည်ဒကာကြွယ်၂ -နံပါတ်ရမယ် (ရပါတယ် ဘုရား) ၂ – နံပါတ် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ကြည့်ပါ၊ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ကိုယ့်စာရွက်လဲ ကိုယ်သေသေချာချာ ကြည့်ပါ(မှန်လှပါ ဘုရား) ဒီက ဘုန်းကြီးပြတာနဲ့ ခင်ဗျားတို့ စာရွက်ကြည့်တော့ တစ်ဆက်တည်း မနေဘူးလား (နေပါ တယ် ဘုရား)။

မသိတာ ဘယ်သူတုံး(အဝိဇ္ဇာပါ ဘုရား) လှူဒါန်းတာ က (သင်္ခါရပါ ဘုရား) ဒါဖြင့် ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား) ဟော ခင်ဗျားတို့ လုပ်တာကိုက သမုဒယသစ္စာ ဖြစ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဒီသမုဒယသစ္စာသေသည်၏ အခြားမဲ့၌ ဒီက အကျိုးပေးလိုက်မယ်တဲ့၊ အဝိဇ္ဇာသင်္ခါရက မြှားပြတယ် (မှန်ပါ) အကျိုးပေးလိုက်တော့ ခန္ဓာငါးပါးမရဘူးလား (ရပါတယ်) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

မသိလို့ လှူခြင်းသည် ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ် (မှန်ပါ ဘုရား) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ်) ဦးသန်းမောင် ငွေကုန်ပြီး လူပင်ပန်းတယ် (မှန်လှပါ) ဘယ့်နှယ်ဆိုကြမယ် (ငွေကုန်ပြီး လူပင်ပန်းပါတယ် ဘုရား)။

ငွေကုန်ပြီးသကာလ လူ ဒုက္ခသစ္စာ ဖြစ်ရပြန်ချည်သေး တယ်(မှန်လှပါ) ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ လူခန္ဓာပဲ (မှန်ပါ, လူခန္ဓာပါ ဘုရား) သူ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ရပါလိမ့်မလဲလို့ ဦးလှဘူးတို့ ဒကာကြွယ်တို့ မေးပြီ (သမုဒယ သစ္စာ ကြောင့်ပါ ဘုရား) မသိဘဲနဲ့ လှူတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့၊ ရှင်းပလား (ရှင်းပါပြီ)။

မသိဘဲနဲ့ လှူတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့ ယခု ဘာသစ္စာ ရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ ရမှာဖြင့် ဦးသန်းမောင် ဘုန်းကြီးလဲ မလှူချင်ဘူး၊ ခင်ဗျားလဲမလှူချင်ဘူး (မှန်လှပါ ဘုရား) သုခသစ္စာရမယ်ဆို လှူချင်တယ် ကျုပ်တို့ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေကို လမ်းကောင်းညွှန်ပြတဲ့ ဆရာသမားမှန်က ဒီဥစ္စာ ပြရလိမ့်မယ် (မှန်ပါ) မပြရ ဘူးလား (ပြရပါမယ် ဘုရား)။

ဘုန်းကြီးက ပြတာလား၊ ဘုရားက ဟောတာလားဆိုတာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ” ဘုရားကဟောတာ (မှန်ပါ၊ ဘုရားက ဟောတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်များ လှူတာ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ်) ရတာက ဒုက္ခသစ္စာ၊ မသိလို့လှူတာက (အဝိဇ္ဇာပါ ဘုရား) ဒကာကြွယ် တော်သေးတယ်၊ ဒကာကြွယ် တို့ မသေနှင့်လို့ ဒါကလေးကို သိလိုက်ရသေးတယ် ဟင် (မှန်လှပါ ဘုရား)။ ။

နို့မို့လို့ ရှိရင်ဖြင့်ကွာ ပိုလာပဟေ့ လာပဟေ့၊ ဒီဘဝတွင် စားလို့တော့ မတော်ဘူးကွ၊ နောက်ဘဝလဲ ဒီ အထုပ် ကလေး ယူသွားဦးမယ်(မှန်ပါ) ဘဝမပါဘူးလား ပါသလား (ပါ, ပါတယ် ဘုရား) နောက်ဘဝ ဆိုကတည်းက ခန္ဓာငါးပါး လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သစ္စာဖွဲ့လိုက် (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း မသိလို့ လှူတာများ ဒုက္ခသစ္စာရတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဟို ဦးသန်းမောင်တို့က အလှူပေးမှာနော်၊ အင်မတန် အရေးကြီး နေပြီ၊ ကိုယ့်အတွက်မှာဖြင့် ဆရာသမားက အပြည့်အစုံ ပေးလိုက်ပြီဆိုတာ မှတ်ရမယ်(မှတ်ရပါမယ် ဘုရား)။

ကဲ ဒါဖြင့် ဒီဥစ္စာ ပြင်တော့မယ် ဒကာကြွယ်နော် (မှန်လှပါ) ဒီခန္ဓာကြီးဟာ ဘာသစ္စာ ပါလိမ့် (ဒုက္ခ သစ္စာပါ) ဒုက္ခသစ္စာလို့ဆိုတာ သေသေချာချာ ပေါ်နေပြီ (ပေါ်နေပါပြီ ဘုရား)။ ။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာဆိုတာ ခန္ဓာငါးပါး၊ ပေါင်းလိုက်ရင် (မှန်ပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား(ရှင်းပါပြီ) ဒါဒုက္ခသစ္စာမှန်း ဒီကနေ့ သိပေးပါ (မှန်လှပါ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့၊ ဒကာ ဒကာမတွေကအခုဘဝ သိလိုက်ကြတယ်၊ ယခု ခန္ဓာကြီးဟာ ဘာသစ္စာ (ဒုက္ခ သစ္စာပါ) ဒုက္ခသစ္စာ ဆိုကတည်းက ဦးသန်းမောင် နေရာကျပြီ (မှန်ပါ) ဝိဇ္ဇာဖြစ်လို့ သိတာ (မှန်လှပါ ဘုရား) အဝိဇ္ဇာက ဘာဖြစ်သွားသလဲ (ဝိဇ္ဇာဖြစ်သွားပါတယ်) ဝိဇ္ဇာဖြစ် သွားတယ် (မှန်ပါ ဘုရား)။

အဝိဇ္ဇာက ဘာဖြစ်သွားသလဲ(ဝိဇ္ဇာ ဖြစ်သွားပါတယ်) ဒုက္ခသစ္စာ ဦးသန်းမောင်ကြီး သိပြီ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒုက္ခသစ္စာကို ဦးသန်းမောင် ကြီးသိတာသည်၊ ဒကာကြွယ် သိတာသည် အဝိဇ္ဇာက ဘာဖြစ် သွားသတဲ့ (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် ဝိဇ္ဇာဖြစ်လို့ရှိရင်တော့ဖြင့် နေရာကျပြီ တဲ့။ ဝိဇ္ဇာ ဘယ့်နှယ့်ကြောင့် သူဖြစ်သွား ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် လက်ရှိခန္ဓာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဘာနဲ့ သိတာပါလိမ့် (ဝိဇ္ဇာနဲ့ သိတာပါ ဘုရား) ဝိဇ္ဇာဉာဏ်နဲ့ သိတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဦးသန်းမောင် ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဘာနဲ့သိပါလိမ့် (ဝိဇ္ဇာနဲ့ သိပါတယ် ဘုရား) ဝိဇ္ဇာနဲ့သိတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ယခုဘဝမှာပဲ ဘုန်းကြီးကလက်ရှိ ခန္ဓာကြီးကို ဒုက္ခသစ္စာလို့ သိအောင် ပြပေးတယ် (မှန်လှပါ ဘုရား) ပြပေးတော့ ဒီဘဝထဲမှာ ယခုရ, ထားတဲ့ ခန္ဓာကြီးက ဒုက္ခသစ္စာလို့ သိပြီးသကာလ ထားတော့ ယခုဘဝမှာ ဝိဇ္ဇာဉာဏ် ရတယ် (မှန်လှပါ ဘုရား) ယခုဘဝမှာ (ဝိဇ္ဇာဉာဏ် ရပါတယ် ဘုရား)။

ဝိဇ္ဇာဉာဏ်ရပြီ လို့ဘုန်းကြီးတို့ဒကာ ဒကာမတွေက မှတ်လိုက်ကရော(မှန်ပါ ဘုရား) ဝိဇ္ဇာဉာဏ်ရတော့ဟိုဘဝ လိုချင်တဲ့သင်္ခါရဆိုတာ လုပ်ဖြစ်ဦးမလား၊ မလုပ်ဖြစ်တော့ဘူးလား (မလုပ်ဖြစ်တော့ပါ ဘုရား) ဘာဖြစ်လို့တုံး (ဝိဇ္ဇာဉာဏ်ရလို့ပါ ဘုရား) ဝိဇ္ဇာဉာဏ်ရတော့ ဘာသစ္စာလို့ သိထားသလဲ (ဒုက္ခသစ္စာလို့ သိထားပါတယ် ဘုရား)။

အဲဒီတော့ ဦးသန်းမောင် မှတ်လိုက်၊ ဒကာကြွယ် မှတ်လိုက်၊ အဝိဇ္ဇာကလေး ချုပ်ချုပ် သွားတယ် (မှန်ပါ) ဘုံဘဝလိုချင်လို့ပြုလုပ်တဲ့ကုသိုလ်၊ အင်း သင်္ခါရအလုပ် လဲ မလုပ်တော့ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။ ။

ဒါဖြင့် လှူပါတော့ (မှန်ပါ) ဒီဒုက္ခသစ္စာကြီးကို နောက်ခန္ဓာ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်း သိတဲ့ ဝိဇ္ဇာနဲ့ ဒီဒုက္ခသစ္စာကြီးကို မလိုချင်, မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ ပြောင်းလိုက် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီဒုက္ခသစ္စာကြီးကို (မလိုချင်လို့) မလိုချင်တာသည် ဝိဇ္ဇာ (ဝိဇ္ဇာပါ ဘုရား)။ အဲ ဒုက္ခသစ္စာကြီးကို နောက်တစ်ဖန် မရချင်, မလိုချင် ခြင်းကြောင့် တပည့်တော်တို့သည် လှူဒါန်းပါ၏ဆိုတော့ နိဗ္ဗာန်ရတယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ ရသေးရဲ့လား (မရပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သစ္စာသိပြီးမှ လှူပါလို့ဆိုတဲ့ စကားသည် ဒကာကြွယ် အင်မတန် မှန်သွားတယ် (မှန်ပါတယ် ဘုရား) သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ လှူခဲ့လို့ ကျုပ်တို့ကိုယ်ပင်လျှင် ဒုက္ခသစ္စာ ဖြစ်နေတယ် (မှန်လှပါ ဘုရား) မဖြစ်ဘူးလား(ဖြစ်ပါတယ် ဘုရား)ကျုပ်တို့ ယခု ၁၄ ထဲမှာလား၊ ၂, ထဲမှာလား (၂, ထဲမှာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ၂, ထဲ ဒုက္ခသစ္စာကြီးနဲ့ ကြုံဆုံပြီး ခွဲမရ ခွါမရ ဖြစ်ရပါလိမ့်မလဲလို့ ဒကာသစ်မေးရင် ဒကာသစ် တပည့်တော်က ရှေးလွန်ခဲ့သောဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ အလှူ လှူခဲ့တာ (မှန်လှပါ) သစ္စာမသိဘဲနဲ့ (လှူခဲ့လို့ ပါ ဘုရား) လှူခဲ့လို့ ယခု လူခန္ဓာ ဘာသစ္စာ ဖြစ်နေရသလဲ (ဒုက္ခသစ္စာပါ ဘုရား)။

သစ္စာမသိဘဲနဲ့လှူရင် ဦးသန်းမောင် ဒုက္ခသစ္စာရတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) သစ္စာ အတိတ်ဘဝက မသိခဲ့ဘဲနဲ့ လှူခဲ့သောကြောင့် ဒီဘဝမှာ ဘာသစ္စာကြီးရသလဲ (ဒုက္ခသစ္စာကြီး ရပါတယ် ဘုရား) ဒါဟာ လူချမ်းသာလား၊ ဒုက္ခသစ္စာလား(ဒုက္ခသစ္စာပါ) နတ်ချမ်းသာလား၊ ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ) ရှင်းပြီ (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးက ပြင်ပေးလိုက်သည်၊ ဒကာကြွယ်တို့၊ ဦးသန်းမောင်တို့ ပြင်လိုက်ကြပါ (မှန်လှပါ) နောက် လူချမ်းသာ, နတ်ချမ်းသာကို မလိုချင်ကြပါနဲ့ လို့ပြောလိုက်တယ် (မှန်လှပါ) ဘာသစ္စာမို့ပါလိမ့် (ဒုက္ခသစ္စာမို့ ပါ ဘုရား) ဒုက္ခသစ္စာမို့ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝကို ဒုက္ခသစ္စာမှန်း သိပြီးသကာလ ဒီဒုက္ခသစ္စာကြီးကို မလိုချင်လို့၊ ရွံလို့၊ မုန်းလို့၊ ဒုက္ခလွတ်ရာကို ရောက်လိုလို့ လှူဒါန်းပါတယ် ဆိုတော့ ဒါဟာ သစ္စာသိတဲ့ပုဂ္ဂိုလ်၏ အလှူလား၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်၏ အလှူလား၊ အကဲခတ်ကြစမ်း (သစ္စာသိတဲ့ ပုဂ္ဂိုလ်၏ အလှူပါ ဘုရား)။

ဒကာကြွယ် ဒါ ရှားတယ်နော် (ရှားပါတယ်) အင်မတန်ပင် ရှားတယ်ဆိုတာဖြင့် ဒကာသစ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။ ။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကို ဒါက စာသိပဲ ရှိသေးတယ် (မှန်ပါ့) သြော် ဒီခန္ဓာကြီးဟာ ဒုက္ခ သစ္စာပဲလို့ဆိုတော့ ဦးသန်းမောင်လဲ သိပြီ၊ ဒကာကြွယ်လဲ သိပြီ၊ စာသိပဲ ဖြစ်နေတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ အလုပ်ကလေး ထိုင်ကြည့်လိုက် (မှန်ပါ) အလုပ်ကလေး ထိုင်ကြည့် လိုက်တာပေါ့၊ အလုပ်ကလေး ထိုင်ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ကြီးဟာ ရွှေချင် တာနဲ့၊ ပြောင်းချင်တာနဲ့၊ ယားတာနဲ့၊ ကိုက်တာနဲ့၊ ညောင်းတာနဲ့ ဦးသန်းမောင် ဒါတွေ မလာဘူးလား (လာပါတယ် ဘုရား) ဘာသစ္စာမို့ ဘာတွေပြပါလိမ့် (ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ တွေပြပါတယ် ဘုရား)။

အဲ အဲဒီလို မြင်လာပြီးတော့မှ သြော် ခန္ဓာဟာ ဒုက္ခသစ္စာ စာသိမဟုတ်ဘူး၊ ကိုယ်တွေဖြစ်ပြီ(မှန်ပါ ဘုရား)။

အဲဒီ ကိုယ်တွေဖြစ်တဲ့ အချိန်ကျတော့မှ ဦးသန်းမောင်တို့ ဒကာကြွယ်တို့က ဟောဒီ ယခုမြင်သော ဒုက္ခဝဋ်မှ ကျွတ်ရပါလို ၏ဘုရား ဆိုတော့ သိန်းကုန်, သောင်းကုန်လှူကြ (မှန်ပါ ဘုရား) ယခုမြင်သော ဒုက္ခဝဋ်မှ (ကျွတ်ရပါလို၏ ဆိုပြီး လှူရပါမယ် ဘုရား) သူများပြောလား၊ ဦးသန်းမောင်၊ ဒကာကြွယ်၊ ခန္ဓာကပြောတာလား (ခန္ဓာက ပြောတာပါ ဘုရား) ခန္ဓာက ပြောတော့ မယုံ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ဘူး၊ ခန္ဓာကိုယ်က ထိုင်ပြီးတော့ ပြောပြီ၊ ညောင်းတာနဲ့၊ နာတာနဲ့၊ ကိုက်တာနဲ့၊ ခဲတာနဲ့ (မှန်ပါ) ဘာသစ္စာတွေချည်း သူကပြသတုံး (ဒုက္ခသစ္စာတွေ ပြပါတယ် ဘုရား)။

အဲဒီအချိန်ကျတော့ သြော် ဒါ ဒုက္ခသစ္စာတွေပဲ ဆိုပြီးဦးသန်းမောင်က ဉာဏ်နဲ့ကြည့်လိုက် (မှန်ပါ ဘုရား)။

ဒီလိုဒုက္ခသစ္စာကြီးကိုနောင်တစ်ဖန်မရချင်လို့ဒုက္ခကျွတ် ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ တပည့်တော်တို့ သိန်းကုန်, သောင်းကုန် လှူဒါန်းပါလို၏လို့ ပြောင်းပစ်လိုက်ကြ (မှန်ပါ ဘုရား) ဒါ သာမည အရေးကြီးတဲ့ စကားလား၊ ဒကာကြွယ် အကဲခတ်စမ်း (သာမည အရေးကြီးတဲ့စကား မဟုတ်ပါ ဘုရား)။

အဲဒီတော့ အခုလှူဆဲ ပုဂ္ဂိုလ်တွေ၊ လှူလတ္တံ့ ပုဂ္ဂိုလ်တွေ၊ နက်ဖြန်ဆိုရင်လဲ ဘုံကထိန်ကြီး ဆိုတော့ ဒီထဲ ဒကာ ဒကာမတွေ အကုန်ပဲပါကြတယ် (မှန်ပါ ဘုရား)။

နက်ဖြန်ကျ တော့ သင်္ကန်းကပ်ခါနီး ကျတော့ ဒီလိုပဲ ခဏထိုင်ရဦးမှာပဲ(မှန်ပါ) ခဏထိုင်ပြီး ခန္ဓာ ဉာဏ်စိုက်ခိုင်းမှာပဲ(မှန်ပါ) ဒုက္ခသစ္စာမြင်တဲ့အချိန်မှ “ဣမံ ကထိန စီဝရံ သံဃဿ ဒေမ ” လုပ်ရမှာ (မှန်ပါ ဘုရား) အဲဒီတော့ ဝဋ်တောင့်တ, လှူတာလား၊ ဝဋ်ကို ရွံမုန်းပြီး လှူတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝဋ်ကို ရွံမုန်းပြီး လှူတာပါ ဘုရား)။

ဒါဖြင့် ဝဋ်ကျွတ်တဲ့အလှူ (မှန်ပါ ဘုရား) သဘောပါ ပလား (ပါ, ပါပြီ) ဘာတဲ့တုံး (ဝဋ်ကျွတ်တဲ့ အလှူပါ ဘုရား) ဝဋ်ကျွတ်တဲ့အလှူလို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ဆီက ဒကာ ဒကာမတွေ ဘယ်ပဲ ဘယ်သွားလို့ ဘယ်ပဲ ရောက်ရောက်၊ ဘယ်အရပ်သွားပြီး သိမ်ဆောက် ဘုရားတည်တည် ဘုန်းကြီးတို့က မကန့်ကွက်ပါဘူး (မှန်ပါ) ဒီစိတ်ကလေးကိုဖြင့် လှူခါနီးမွေးဖြစ်အောင် မွေးပါ (မှန်ပါ့) မမွေးသင့်ဘူးလား (မွေးသင့်ပါတယ် ဘုရား)။

နို့မို့လို့ရှိရင်ဖြင့်အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဖြစ်တော့သမုဒယ သစ္စာလုပ်တယ်(မှန်ပါ ဘုရား) လှူတာလား၊ သမုဒယသစ္စာ လား (သမုဒယသစ္စာပါ ဘုရား) ကိုင်း ဦးသန်းမောင် သိပ်ခွကျ သွားတယ် (မှန်ပါ ဘုရား)။ ။

သစ္စာမသိဘဲနဲ့ လှူရင် ဘာသစ္စာ(သမုဒယသစ္စာပါ) သမုဒယသစ္စာ လုပ်မိရင် ဘာသစ္စာ ရမယ် (ဒုက္ခသစ္စာ ရပါမယ်) အဲ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရမယ်(မှန်ပါ့) မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒါပွဲမဝင်ခင်အပြင်က ကျင်းပဆိုတာလို နက်ဖြန် ဒီ တရားနာတဲ့အားလုံး ဒကာ ဒကာမတွေ ရော၊ လာလတ္တံ့ ဒကာ ဒကာမတွေရောဟာ၊ ဦးသန်းမောင် ဒါကို သိထားနှင့်တော့၊ သြော် နက်ဖြန် အလှူပွဲကြီးကတော့ဖြင့် ဝဋ်ကျွတ် ပွဲကြီးပဲ(မှန်ပါ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (ဝဋ်ကျွတ် ပွဲကြီးပါ ဘုရား)။

ဝဋ်ကျွတ်ပွဲကြီးပဲလို့ ဆိုတော့ ဝဋ်ဆိုတာက ၁ ကနေ ၂ သွားမယ် (မှန်ပါ ဘုရား) ၂ ကနေ ၃ အလုပ်, လုပ်မယ် (မှန်ပါ ဘုရား) လုပ်လို့ရှိရင်ဖြင့် ၄ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား) ၄ ထဲကနေပြီး တစ်ခါ ၁ ပြန်မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါ ဝဋ်လည်တယ် ခေါ်တယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝဋ်မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။

အဲဒီတော့ သစ္စာသိပြီးလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝဋ်ကျွတ် တယ် (မှန်ပါ ဘုရား) သစ္စာသိပြီး လုပ်တဲ့ပုဂ္ဂိုလ် (ဝဋ်ကျွတ်ပါတယ် ဘုရား) ဝဋ်ကျွတ်တယ်လို့ဆိုတာ သေချာကြ ပလား (သေချာပါတယ် ဘုရား) ဒကာကြွယ် ဒီစာရွက် ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

သူ့သာ ကိုင်ပြီး သကာလ ဆရာက ပါးစပ်က ဟောတာနဲ့ ကိုယ်က ဆရာပြောနေတာလဲ စာရွက်နဲ့ ကိုက်ကြည့်လိုက်တော့ ဦးသန်းမောင် ရှုပ်သေးသလား (မရှုပ်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လှူတာဟာ၊ မသိတဲ့ ပုဂ္ဂိုလ် လှူတာဟာ ဘာသစ္စာ လုပ်တာလဲ (သမုဒယသစ္စာ လုပ်တာပါ ဘုရား) သြော်,တယ်ခွကျပါလား(မှန်ပါ) မသိတဲ့ ပုဂ္ဂိုလ်လှူတာ ဘာတဲ့(သမုဒယသစ္စာ လုပ်တာပါ ဘုရား)။

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် လှူတာသည် သေသည်၏အခြားမဲ့၌ သူသည် ဘာဖြစ်မှာတုံး (ဒုက္ခသစ္စာ ဖြစ်မှာပါ ဘုရား) ဒုက္ခသစ္စာဖြစ်မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သေသည်၏အခြားမဲ့၌ (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သြော် တော်တော် အရေးကြီးပါကလားဆိုတာ ဒကာသစ် သေသေချာချာပဲ ပြောနေလို့ အရေးကြီးမှန်းသိတယ် (မှန်ပါ ဘုရား) ရှေးတုန်းကတော့ ကုသိုလ်ရတယ် (မှန်လှပါ ဘုရား) မသိဘဲနဲ့ လှူလဲ ကုသိုလ်ရတယ် (မှန်ပါ) ဒီကုသိုလ်ဟာ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)။

မသိတာကအဝိဇ္ဇာ၊ လှူတာကသင်္ခါရ၊ မသိလို့လှူတာသည် ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား) မသိသော ပုဂ္ဂိုလ် လှူသောကြောင့် ရတာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ကိုင်း ဒကာကြွယ် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။ ကိုင်း ပုံနဲ့ကော ကိုက်ကြရဲ့လား (ကိုက်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ကိုယ့်ဆရာသမားကို ဦးမာဒင်တို့ လှူဒါန်းပေးကမ်းထားတဲ့ စာရွက်နဲ့ကော ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား) ကိုယ့်ဟာကိုယ်လဲ ကြည့်ကြပါနော် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီနည်းကလေးလဲ ပြန်ပြောတော့ အခု လက်ရှိ ခန္ဓာကြီးက ၁ ထဲမှာ နေသလား၊ ၂ ထဲမှာ နေသလား (၂ ထဲမှာ နေပါတယ် ဘုရား)။

ဒါက အတိတ်ဆိုတော့ ဒါက ပစ္စုပ္ပန်ပေါ့ဗျာ ၂ ထဲ ရောက်နေတယ် (မှန်ပါ ဘုရား) ၂ ထဲရောက်တော့ ဒကာကြွယ် ဘယ်ကစ, သလဲ၊ ဇာတိက စ, တယ် (မှန်ပါ) ဇာတိ စ, တော့ ဒီဘဝမှာ ပဋိသန္ဓေက စ, တယ် (မှန်ပါ ဘုရား) ဒီဘဝက ဘယ်ကစ, ကြသလဲ(ပဋိသန္ဓေက စ, ပါတယ် ဘုရား)။

အဲဒါကြောင့် ဝိဉာဏ်ဆိုတာ ပဋိသန္ဓေဝိဉာဏ်ကိုဆိုတာ (မှန်လှပါ) ဝိဉာဏ်ဆိုတာ (ပဋိသန္ဓေဝိဉာဏ်ကို ဆိုတာပါ) ဝိဉာဏ်ပြီးတော့မှ နာမ်ရုပ်တဲ့၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နာမ်ရုပ်ပြီးမှ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်တဲ့၊ သဠာယတန ဆိုတာက (မှန်ပါ ဘုရား) ပြီးတော့မှ ခန္ဓာကိုယ် ထဲကအာရုံထိတွေတတ်တဲ့ဖဿ၊ ကောင်းတာ ဆိုတာ ခံစားတတ် တဲ့ ဝေဒနာတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ဇာတိ (မှန်ပါ) ဇာတိဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဝိညာဏ်ဟာ ပဋိသန္ဓေနော် (မှန်ပါ) ပဋိသန္ဓေ ဆိုတော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ပါဠိကို ရွတ်ကြည့်ပါ၊ ဇာတိပိ ဒုက္ခသစ္စာပါ (မှန်ပါ) ဓမ္မစကြာနဲ့ ကိုက်ပြီး ကြည့်လိုက်၊ ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာသိထားတော့ သြော် ငါ့နှယ် မသိလို့ လှူတာ ဒုက္ခသစ္စာဖြစ်တယ် (မှန်ပါ) မသိလို့လှူတာ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား)။

သိလို့လှူလို့ရှိရင်ဖြင့် တဲ့၊ ဒီဒုက္ခသစ္စာမလာဘူး (မလာပါ ဘုရား)သိလို့လှူရင် ဟောဒါကို ပြောင်းလိုက်၊ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ(မှန်ပါ ဘုရား) ဒါအထူးပြပြီ၊ ဒီနေ့ မနေ့ကထက် ထူးပြပါပြီ (မှန်ပါ ဘုရား)။

ကဲ ဦးသန်းမောင်တို့ စာရွက် သေသေချာချာ ကြည့်ကြစမ်း ဒကာ ဒကာမတို့ (မှန်ပါ ဘုရား) ဒီကြည့်ပါ၊ ၃ ကွက်ကိုကြည့်နော် ၁,၂,၃, အဝိုင်းကလေးထဲကြည့်ပါ။ (မှန်ပါ ဘုရား) မသိလို့ လှူတာဟုတ်လား၊ ဒုက္ခသစ္စာရတယ် (မှန်ပါ့) မသိလို့ လှူတာ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။ သူက ဒုက္ခသစ္စာရတယ် (မှန်ပါ)။

ကဲ သိပြီးလှူလို့ ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ သုခသစ္စာရမယ် (မှန်ပါ ဘုရား) မသိလို့ လှူတာ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဟောဒီဘက် ဒုက္ခသစ္စာ ခန္ဓာငါးပါး ရတယ် (မှန်ပါ ဘုရား) ဒီ နှစ်ခု အဝိဇ္ဇာကသစ္စာလေးပါးကို မသိဘူး (မှန်ပါ)။

ကဲ သိပြီတဲ့၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီး ခန္ဓာကြီးက ဒုက္ခသစ္စာပဲ၊ အခုခန္ဓာလဲဒုက္ခသစ္စာပဲ၊ နောင်ရမှာလဲ(ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒါဖြင့် သိပြီးသကာလ ဒုက္ခသစ္စာ သိပြီးသကာလ သိတော့ ဝိဇ္ဇာမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ လှူလိုက်ပါပြီ တဲ့ ၊ ဘာသစ္စာ ဖြစ်သလဲ (မဂ္ဂသစ္စာ ဖြစ်ပါတယ် ဘုရား) ဒါဖြင့် မဂ္ဂသစ္စာ အားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာ ပေါ်မလား၊ နိဗ္ဗာန် ပေါ်မလား (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား) ဒါဖြင့် သိလို့ လှူရင် ဟုတ်လား၊ မဂ္ဂသစ္စာ ဖြစ်တယ်(မှန်ပါ) မဂ္ဂသစ္စာကြောင့်တဲ့၊ ဒီဘက်က ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိရောဓသစ္စာ ဖြစ်တယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မသိလို့ လှူရင် (ဒုက္ခသစ္စာ ရပါတယ် ဘုရား) မသိလို့ လှူတာ ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား) လှူလို့ရတာ က (ဒုက္ခသစ္စာပါ ဘုရား)။

သိလို့လှူရင်ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။ ။

ဟော ဒီတစ်လုံးပိုင်တာနဲ့ ကျေနပ်ပြီ (မှန်ပါ ဘုရား) ဦးသန်းမောင် သေပျော်ပြီ (မှန်ပါ ဘုရား)ဒကာကြွယ် သေပျော်ပလား (သေပျော်ပါပြီ ဘုရား)။

မသိလို့လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ရတာက(ဒုက္ခသစ္စာပါ ဘုရား) သိလို့လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား) နိဗ္ဗာန်ပေါ့ဗျာ(မှန်ပါ) ကဲ ဦးသန်းမောင်မကွာဘူးလား (ကွာပါတယ် ဘုရား) ဒကာသစ် မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဒါ ဒီနေ့ ဒီနှစ်ပိုင်းကလေးတွင် ရှင်းပြီးသကာလ ပေးနေတော့ ဘုန်းကြီးတို့ တကာ တကာမတွေမှာ သြော် တစ်သံသရာလုံး ငါတို့ မျက်စိလည်လာတဲ့ ဥစ္စာ၊ သူများ ပါးစပ် လမ်းဆုံး ပြီးနေတာ၊ ဘုရားကိုယ်တော်မြတ်ကြီးဟောတော် မူတဲ့အတိုင်း ယခု ဆရာဘုန်းကြီးက သံသရာ လည်ပုံ, ပြတ်ပုံ ပြောတဲ့ ပုံစံချပြီး ပြောတော့မှ မသိလို့ လှူတာများ ဒုက္ခသစ္စာ ရတယ်(မှန်ပါ ဘုရား) သိလို့လှူတော့ (နိရောဓသစ္စာ ရပါတယ် ဘုရား) မကွာဘူးလားဗျာ (ကွာပါတယ် ဘုရား)။

သိလို့လှူပြန်တော့ (မဂ္ဂသစ္စာပါ ဘုရား) သိတာသည် ဘာသစ္စာလဲ(မဂ္ဂသစ္စာပါ ဘုရား) ရတာသည် (နိရောဓ သစ္စာပါ ဘုရား) သိလို့ လှူတော့လဲ နိဗ္ဗာန်ရတယ် (မှန်ပါ) မသိလို့ လှူတော့လဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဒါဖြင့်မသိတာ ဘာသစ္စာ(သမုဒယသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ) ရတာက (ဒုက္ခသစ္စာပါ ဘုရား)မသိလှူသည်သမုဒယသစ္စာ၊ ရတာသည်(ဒုက္ခသစ္စာ ပါ ဘုရား) သိလှူသည်(မဂ္ဂသစ္စာပါ ဘုရား) ရတာသည် (နိရောဓသစ္စာပါ ဘုရား) သူ့ဟာနဲ့သူ ရှင်းတယ်၊ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ဟာ ဒကာကြွယ် သေချင်သေတော့ ခင်ဗျား နေရာကျပြီ (မှန်ပါ ဘုရား) မသေချင် သေးဘူးလား ကဲ (မသေချင်သေးပါ ဘုရား) မသေပါရစေနဲ့ဦး၊ ဒီထက် အသိဉာဏ် တိုးချင် ပါသေးတယ်ဆိုပါတော့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ သို့ သော်လဲ အားလုံးနဲ့ မသိတဲ့ ပုဂ္ဂိုလ်နဲ့စာလို့ရှိရင် ဦးသန်းမောင် သေပျော်တယ် (မှန်ပါ) မသေပျော်ဘူးလား (သေပျော်ပါတယ် ဘုရား)။

အဲ ဒါဖြင့် ယနေ့ ဒကာ ဒကာမတို့ မသိတာ အဝိဇ္ဇာ၊ လှူတာသည် (သင်္ခါရပါ ဘုရား) ဘာသစ္စာ လုပ်လိုက်ပါလိမ့် (သမုဒယသစ္စာ လုပ်လိုက်ပါတယ် ဘုရား) သြော် ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်များ လှူတာ သမုဒယသစ္စာ လုပ်လိုက်တာကိုး (မှန်လှပါ ဘုရား)။

အင်း သူကတော့ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ ရလိမ့်မယ်ထင်တယ် တဲ့၊ သေသေချာချာကြည့် လူခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နတ်ခန္ဓာငါးပါးကော (ဒုက္ခသစ္စာပါ) ဗြဟ္မာခန္ဓာငါးပါးကော (ဒုက္ခသစ္စာပါ ဘုရား) ဒါချည်းရတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဦးသန်းမောင်တို့ ပြောရတယ်၊ ဒကာကြွယ်တို့ ပြောရတယ်၊ ဦးလှဘူးတို့ ပြောရတယ်၊ ဒီသစ္စာကြီး လူချမ်းသာ လို့ ခင်ဗျားတို့ ဘယ်သူက လိမ်ထားထား မယုံနဲ့နော် (မှန်ပါ ဘုရား) နတ် ချမ်းသာလို့ ဘယ်သူက လိမ်ထားထား (မယုံတော့ပါ ဘုရား)။

သစ္စာမျက်လုံးနဲ့ကြည့် (မှန်ပါ) သစ္စာမျက်လုံးနဲ့ ခန္ဓာကြည့်၊ ငါ့, လူချမ်းသာလို့ ပြောကြတယ်၊ ငါသေသေချာချာ ထိုင်ကြည့်ဦးမယ်ဆိုပြီး ထိုင်ကြည့်တော့ ဟိုက ယား, ဒီက နာ,

ဟိုကရွှေချင်, ဒီကပြောင်းချင် (မှန်ပါ) အငြိမ်နေလို့ကို (မရပါ ဘုရား) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အင်း သူများကတော့ လူချမ်းသာလို့ ပြောတယ်။ ဒီမှာတော့ သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်တော့ ဒုက္ခသစ္စာ (မှန်လှပါ) ဒါဖြင့် သူများ ပြောယုံမလား၊ ကိုယ်တိုင်ဉာဏ်နဲ့ တွေတာယုံမလား (ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့တာ ယုံပါမယ် ဘုရား)။

ဒီလိုဆိုတော့ ဒကာကြွယ် တော်တော်ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား) မရှင်းသေးဘူးလား(ရှင်းပါတယ် ဘုရား) ကဲ အားလုံး ဒကာ ဒကာမတွေ လှူတတ်ပြီလား (လှူတတ်ပါပြီ ဘုရား) ဘယ်လိုလှူကြမလဲ (သစ္စာသိပြီး လှူရမယ်) သစ္စာသိပြီး လှူရမယ်၊ သစ္စာသိတော့ အကြွေးလဲ မသိပါနဲ့၊ လက်ငင်းသိတာ ကောင်းတယ်၊ လက်ငင်းသိတော့ မလှူမီ ရှေးအဖို့ ကာလ၌ ဒကာကြွယ်က ခန္ဓာကိုယ် စောင့်ကြည့်လိုက်၊ ဦးသန်းမောင်ကကော (ခန္ဓာကိုယ် စောင့်ကြည့်ရပါမယ် ဘုရား) ခန္ဓာကိုယ် စောင့်ကြည့်၊ ခန္ဓာကိုယ် စောင့်ကြည့်တော့ ခန္ဓာက ဘာတွေ ပြောမယ်ထင်သလဲ (ဒုက္ခသစ္စာပဲ ပြောပါတယ် ဘုရား)။

ခန္ဓာကိုယ် ဒုက္ခသစ္စာကြီးဟာ ယားတယ်၊ နာတယ်၊ ဆာလောင် မွတ်သိပ်တယ်၊ အိုက်တယ်၊ ညောင်းတယ်၊ ညာတယ်၊ ကိုက်တယ်၊ ခဲတယ်(မှန်ပါ့) ခဏခဏ ဖြစ်ပျက်တွေကလဲ ပြတယ် (ပြပါတယ် ဘုရား) ဘာသစ္စာလဲ(ဒုက္ခသစ္စာပါ ဘုရား)။

သြော် ဒါဖြင့် ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ တပည့်တော် လှူဒါန်းပါ၏ (မှန်ပါ့) ကျောင်း, သိမ်, ဘုရား၊ အားလုံးသော ပုဂ္ဂိုလ်တို့ မိတ်ဆွေသင်္ဂဟတွေ ခင်ဗျားတို့ ဝယ်ထားတဲ့ ပစ္စည်းတွေ လှူဒါန်း တာပေါ့ဗျာ (မှန်လှပါ) ‘ဒီဒုက္ခကြီး မတွေ့ ချင်လို့ ပေးပါ၏၊ လှူပါ၏၊ ကမ်းပါ၏ ဆိုတော့ နောက်ဒုက္ခ လာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘာကြောင့်တုံး၊ လှူတဲ့ပုဂ္ဂိုလ်ကိုက ဒုက္ခမုန်း, ဒုက္ခရွံနေတဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခမလာဘဲနဲ့ သုခနိဗ္ဗာန်သာ ရတော့မယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် လက်ငင်းရှုပြီးတော့မှ ဒီဉာဏ်က ခန္ဓာထဲ မြင်ပြီး ခန္ဓာဟာ ဒုက္ခသစ္စာအအစစ်ပဲလို့ သေသေချာချာ သိပြီးသကာလ နေပြီးတော့မှ ကဲ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုချင်ဆို (မှန်ပါ) ယခုမြင်သော ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ လို့ ဆိုချင်ဆို၊ ဘာဆိုဆို အကောင်းချည်းပဲ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ။

ဒီဟာ ဒကာ ဒကာမတို့ သေးသေးသိမ်သိမ်စကား လို့ ဒကာကြွယ် မယူနဲ့နော် (မှန်ပါ့) တစ်သံသရာလုံး မှားတယ် (မှားပါတယ် ဘုရား) ဘယ်လိုမှားသလဲ (တစ်သံသရာလုံး မှားပါတယ် ဘုရား)။

တစ်သံသရာလုံး မှားကြတာကို ဒကာသစ်တို့ ဒီဥစ္စာကို သုံးခါလောက်ထပ်ပြောတော့ ဘုန်းကြီးကလဲ တရားထပ်နေပြီလို့ ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် (မထင်ပါ ဘုရား) ဒါတောင် လှူခါနီးကျ တော့ ခင်ဗျားတို့က မေ့ချင်မေ့နေမှာ (မမေ့ပါ ဘုရား)။

မေ့သေးတာတင် မဟုတ်သေးဘူး၊ ဟင်းမှ လောက် မလား၊ ထမင်းက ဘယ့်နှယ် နေပါ လိမ့်မတုံး ဖြစ်သေးတယ် (ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ထမင်းဟင်းမလောက်လို့ ခင်ဗျားတို့ တာဝန်မဟုတ် ဘူး (မှန်ပါ့) မလောက်ရင် မစားရတဲ့သူ ပြန်သွားလိမ့်မယ်၊ ဘာမှ ဂရုစိုက်မနေနဲ့ (မှန်ပါ့) ကိုယ့်ဒုက္ခသစ္စာ မြင်ပြီး သကာလ နှလုံးသွင်းပြီး ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ စိတ်ထဲကပဲ နေနေ (မှန်ပါ့ ဘုရား) သံဃာတွေ မပင့်ရသေးဘူး။ နောက်မှပဲ ပင့်ပင့်၊ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ဒုက္ခတွေ မြင်ပြီးလှူနေ ပြီးတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် အရေးမကြီးဘူးလား (မှန်ပါ့၊ ကြီးပါတယ် ဘုရား) ကဲတစ်ခေါက် ပြန်ပြောဦးမယ် ဒကာ ဒကာမ တို့နော် (မှန်ပါ့) မသိလို့လှူတာ ဘာသစ္စာ (သမုဒယ သစ္စာ ပါ ဘုရား) စာရွက်ထဲကော တွေကြရဲ့လား (တွေ ပါတယ် ဘုရား) အဝိဇ္ဇာနဲ့ သင်္ခါရ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား) မြန်မာလိုပြောလိုက်တော့ မသိလို့ လှူတာ(သမုဒယသစ္စာပါ ဘုရား)။

မသိလို့ လှူသောကြောင့်ရတာ(ဒုက္ခသစ္စာရပါတယ် ဘုရား) ရတာလဲခန္ဓာငါးပါးနော်(မှန်ပါ့) သစ္စာဇွဲလိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား)။

သိလို့ လှူတာဆိုတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားပြီ (မှန်ပါ့ ဘုရား) လှူတာကလဲ သင်္ခါရ မဟုတ်တော့ဘူး (မဟုတ်တော့ပါ ဘုရား) ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။

ဟော တစ်ဘဝတည်းနဲ့ နိရောဓသစ္စာကူးသွားတယ် (မှန်ပါ့) နိဗ္ဗာန်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) မသိလို့ လှူတာ ဘာသစ္စာ (သမုဒယ သစ္စာပါ ဘုရား) ရတာက (ဒုက္ခသစ္စာပါ ဘုရား) သိလို့လှူတာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။

အို ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) ဒီဒကာ ဒကာမတွေ တရားတစ်ပွဲလုံး အားလုံး ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား) လှူတတ်ပါပြီ ထင်ပါရဲ့ (လှူတတ်ပါပြီ ဘုရား)။

လှူတတ်ပါပြီ တပည့်တော်တို့ အတွက်တော့ အရှင်ဘုရား စိတ်သာချ ပါတော့၊ မတိမ်း မစောင်းတော့ပါဘူး ဆိုတာ တရား တစ်ပွဲလုံး တာဝန်ခံတတ်ပလား (ခံတတ်ပါပြီ ဘုရား) အဲ, ဒါကို သေသေချာချာ လုပ်ပါ၊ သေသေချာချာ လုပ်ပါနော် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် အလှူသည် သံသရာလည်သလား၊ သံသရာတိုသလားလို့ တစ်ချို့က ဒါန သံသရာရှည်တယ်၊ သီလ သံသရာရှည်တယ်လို့ ပြောချင်ပြောကြတယ် (ပြောကြပါ တယ် ဘုရား)

မသိလို့ လှူတာကတော့ ဟုတ်ပါတယ်တဲ့။ ၁,၂,၃,၄အကွက်တွေ လှည့်သွားတယ် (လှည့်သွားပါတယ် ဘုရား) သိလှူကတော့ကို ၁ ပြီးတော့ ၂ ကျတော့ ကိစ္စတုံးတယ် (မှန်လှပါ ဘုရား) ၁ က မဂ္ဂသစ္စာ (မှန်ပါ့) ၂ က (နိရောဓသစ္စာပါ ဘုရား) ပြောင်းပြန် ပြန်မှတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိတာက မဂ္ဂသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား) သိလို့လှူတာက (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား) ဘယ်လောက် နေရာကျသလဲ (မှန်လှပါ) နိဗ္ဗာန်ရတယ် (မှန်ပါ)။

ဒါဖြင့် ဒါန သီလက သံသရာရှည်တာလား၊ သိမှု, မသိမှု ကြောင့်ရှည်တာလား(သိမှု, မသိမှုကြောင့် သံသရာရှည်တာ ပါ ဘုရား) မှတ်ထား ၊ နောက် ဒါန သံသရာရှည်တယ်လို့ မသုံးနဲ့ (မှန်ပါ ဘုရား)။

မသိမှုကြောင့် ရှည်တာ (မှန်ပါ) သိမှုရှိတဲ့ ပုဂ္ဂိုလ်ကျတော့ (မရှည်ပါ ဘုရား) မရှည်ပါဘူး၊ ၁ က မဂ္ဂသစ္စာ၊ ၂ က နိရောဓသစ္စာ၊ ဒီဘက် သွားသေးရဲ့လား (မသွားပါ ဘုရား)။ ။

ကိုင်း ဒါဖြင့် ဦးသန်းမောင်ကြီး နေရာကျပလား (ကျပါပြီ ဘုရား) ဒကာသစ် ဘယ့်နှယ် ရေးပေးထားသလဲ မသိလို့လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။

ကောင်းပြီ ရ, တော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား) သိလို့လှူရင် ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတော့ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား) အေး ဒါနဲ့ ကိုက်အောင်လုပ်ကြ၊ ဒါနဲ့ ကိုက်အောင်လုပ် (မှန်ပါ)။

ကဲ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား) ဒါနောက်ကို အားလုံး ပြင်တတ်ကြပလား (ပြင်တတ်ပါပြီ ဘုရား)။

အဲ ဒါက ဆွမ်းတစ်ဇွန်း, ကွမ်းတစ်ယာကို လှူစေကာမူ ဒီစိတ်ကလေးတော့ ထားကြပါ (မှန်လှပါ ဘုရား) အကြီး အကျယ်ဆိုရင်ဖြင့် ဆိုဖွယ်မရှိတော့ဘူး အများကြီးပဲ ဒီဥစ္စာကို။ ခန္ဓာ နှလုံးသွင်းကြပါ (မှန်လှပါ ဘုရား) ခန္ဓာ နှလုံးသွင်း လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာက ပြတယ် (မှန်ပါ)။

ဒကာကြွယ် ခန္ဓာက ထိုင်ပြီးရင် ပြတယ် (ပြပါ တယ် ဘုရား) တော်တော်ကြာ ကျင်ငယ် စွန့်ချင်လာတယ် (လာပါတယ် ဘုရား) ကျင်ကြီးစွန့်ချင်တာကော (လာပါတယ် ဘုရား) အင်း ဟင် စွန့်ပြီး ပြန်ဆာလောင် မွတ်သိပ် တာက (လာပါတယ် ဘုရား) ဘာသစ္စာ တွေချည်း လာသလဲ (ဒုက္ခသစ္စာတွေချည်း လာပါတယ် ဘုရား)။

ဒီအထဲကနေပြီး ယားတယ်၊ နာတယ်၊ အောင့်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ အောင့်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် (မှန်ပါ) ဘာတွေပြသလဲ (ဒုက္ခတွေ ပြပါတယ် ဘုရား)။

အဲဒီ ဒုက္ခသစ္စာတွေကို ဦးသန်းမောင်က အရင်ကြည့်လိုက်၊ မလှူခင် (မှန်လှပါ ဘုရား) ဒီဒုက္ခမှ လွတ်ရပါလို၏ ဆိုပြီးလှူဒါန်း (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒီဒုက္ခမှ (လွတ်ရပါလို၏ ဘုရား) ခင်ဗျားတို့ဟာက အလကားပါ၊ အလှူလုပ် မဏ္ဍပ်တိုင် ပြပြီး ဟိုပြေးဒီပြေး မဏ္ဍပ် တိုင်တက်သလို (မှန်ပါ ဘုရား)ဘယ်ဒါတော့ နှလုံးသွင်းတာ မဟုတ်ဘူး (မသွင်းပါ ဘုရား) အလကားထွေရာ ဗျာပါများနေတာ (များပါတယ် ဘုရား)။

ဒကာကြွယ် ဗျာပါများတော့ သမုဒယသစ္စာ လုပ်နေတယ် (လုပ်နေပါတယ် ဘုရား) သမုဒယသစ္စာလုပ်တော့ သေသည်၏ အခြားမဲ့၌ ဘာသစ္စာရမလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ဟာ အလှူရှင် ဒုက္ခရောက်ပြီ(မှန်ပါ) , ဘယ်သူ ဒုက္ခရောက်သလဲ (အလှူရှင် ဒုက္ခရောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် အလှူရှင် ဒုက္ခမရောက်အောင် ဘယ့်နှယ် လုပ်မတုံးဆိုတော့ ဦးသန်းမောင် ခန္ဓာစိုက်လိုက် (မှန်ပါ့) ခန္ဓာဉာဏ်နဲ့ စိုက်လိုက်တော့ ဘာတွေ တွေသလဲ(ဒုက္ခသစ္စာတွေ တွေပါတယ် ဘုရား)။

ဟင် အဲဒီထဲ ဒုက္ခသစ္စာတွေ တွေတော့ ရှိတာက ဒုက္ခ သစ္စာ၊ တွေတဲ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ) ကိုယ့်ကိုယ်တိုင် တွေတာကိုး (မှန်ပါ့ ဘုရား) တွေတဲ့ ဉာဏ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီ မဂ္ဂသစ္စာနဲ့ လောကီမဂ္ဂသစ္စာ ဖြစ်ပြီး သကာလနေ တော့ ဒကာ ဒကာမတို့ ကိုယ်တိုင်မြင်တဲ့ ဒီဒုက္ခကြီးမှ ကျွတ်ခြင်း, လွတ်ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာကြီးမှ (ကျွတ်ခြင်း, လွတ်ခြင်းကို အလိုရှိ၍ လှူ ဒါန်းပါ၏) လှူဒါန်းပါ၏ ဆိုပြီး သံဃာ့ လက်ရောက်အောင် ဒကာကြွယ် လှူလိုက်တာပေါ့ (မှန်ပါ့ ဘုရား) ဘုရားကျောင်းဆောက်လဲ ဘုရားလှူလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ဒုက္ခကြောက်လို့ လှူတဲ့အလှူ (မှန်ပါ့ ဘုရား) ဒုက္ခစက်ဆုပ်လို့ (လှူတဲ့ အလှူပါ ဘုရား) ဒါဖြင့် မဂ္ဂသစ္စာနဲ့ လှူတာ (မှန်ပါ့ ဘုရား) ဒီဘက်ဘာသစ္စာရသလဲ (နိရောဓသစ္စာ ရပါတယ် ဘုရား) ဒီဘက်သွားစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အဝိုင်းရပ်ပြီ (ရပ်ပါပြီ) ရပ်သွားပြီဆိုတာ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ) ကဲ ဦးသန်းမောင် ကိုယ်တွေ့ပဲ မဟုတ်လား (မှန်ပါ ဘုရား)။

ကိုယ်တွေ့ပါပဲဆိုတော့ သြော် ဒီလို သိလိုက်ရတဲ့ အသိကလေးဟာ ဒကာကြွယ်၊ဟို နောက်တုန်းကသိခဲ့ရင်လဲ ဒီဆရာနဲ့ ဒီဒကာ မတွေ့ တော့ဘူး (မှန်ပါ) နိဗ္ဗာန်ရောက်သွားမှာပဲ (ရောက်ပါတယ် ဘုရား) သို့သြော် မသိတဲ့ လူတွေဖြစ်နေလို့ ပြန်ပြောနေရတဲ့ အဓိပ္ပာယ် ရောက်ပါတယ် (ရောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီထက် နက်နက်ကလေး တစ်ခါ ပြောပါဦးမယ် (မှန်ပါ ဘုရား) ဒီထက် နက်နက်ကလေးက ဘာပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်ဟာ တဲ့။ သင်္ခါရဆိုတဲ့ စေတနာတွေ, ကုသိုလ် စေတနာတွေလဲ လုပ်တာပဲ၊ အကုသိုလ် စေတနာတွေလဲ လုပ်တာပဲနော် (မှန်ပါ) ဘာဖြစ်လို့၊ မသိလို့လုပ်တာ (မှန်ပါ၊ မသိလို့လုပ်တာပါ ဘုရား)။

ဒါဖြင့်မသိလို့ ကုသိုလ်လဲလုပ်၊ မသိလို့အကုသိုလ်လဲ (လုပ်ပါတယ် ဘုရား) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)

ကောင်းပြီ၊ ဒကာ ဒကာမတို့ မသိသော ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် လုပ်ချင်တာ လုပ်တယ်လို့ ဆိုတဲ့စကားမှန်, မမှန် (မှန်ပါတယ် ဘုရား)။

ကုသိုလ်လဲ လုပ်လိုက်တာပဲ၊ အကုသိုလ်ကော (လုပ်ပါတယ် ဘုရား) ဒါ ဘယ်သူ လုပ်တာပါလိမ့် (မသိတဲ့ ပုဂ္ဂိုလ်လုပ်တာပါ ဘုရား) မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ) ဒါဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရ တာပဲ(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) မသိတဲ့ပုဂ္ဂိုလ်ဟာ ကုသိုလ်လဲ(လုပ်ပါတယ်) အကုသိုလ်ကော (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ကုသိုလ်လဲ သူဟာ ဘုံဘဝ ဒုက္ခသစ္စာဖြစ်ကြောင်း လုပ်တာပဲ၊ အပါယ်လေးပါး ရောက်ကြောင်း အကုသိုလ်ကော (လုပ်ပါတယ် ဘုရား) ဟာ ဘာဖြစ်လို့ လုပ်ပါလိမ့်၊ သူဟာ (မသိတဲ့ အဝိဇ္ဇာကြောင့်ပါ ဘုရား)။

ဟာ ဒါဖြင့် ဟုတ်ပြီ၊ မသိလို့လုပ်တယ်(မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဒါဖြင့် မသိတာ (အဝိဇ္ဇာပါ ဘုရား) ပြုလုပ်တာ (သင်္ခါရပါ ဘုရား)။

အဲ ကဲ သေကြစို့ဆိုတော့ ဒကာ ဒကာမတို့၊ ဟောဒီမြားကစပ်ပြတယ်၊ ဟောဒီပဋိသန္ဓေနေပြီ(မှန်လှပါ) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်ဆိုတော့ ဇာတိပါပဲ (မှန်ပါ့) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ်) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲဒါဖြင့် ဒီလိုလုပ်ကြစို့၊ သိလို့ဒကာ ဒကာမတွေက လှူပြီတဲ့၊ လှူချင်လဲလှူ(မှန်ပါ) သိလို့ဖြစ်ပျက်အားထုတ်တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် သိလို့ ဖြစ်ပျက်အားထုတ်တာလဲ မဂ္ဂသစ္စာ (မှန်ပါ) သိပြီးလှူတာလဲ (မဂ္ဂသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) သိလို့ အားထုတ်တာလဲ(မဂ္ဂသစ္စာပါ ဘုရား) အင်း ဟင် သိပြီး သကာလ လှူတာကော (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် မဂ္ဂသစ္စာ အားထုတ်တော့ကို တဲ့၊ ဒီဘက်က ဘာသစ္စာရသလဲ (နိရောဓသစ္စာ ရပါတယ် ဘုရား) ဒါဖြင့် သိလို့ လှူတာလဲ နိရောဓသစ္စာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အင်း ဟင် သိလို့ အားထုတ်ပြန်ရင် ကော (နိရောဓသစ္စာပါ ဘုရား) သဘောပါပလား (ပါ, ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် နေရာကျပါပြီ (မှန်ပါ)။

ဒါဖြင့် ဒီဘက်က ခန္ဓာငါးပါးဟာ သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းတာလား၊ အဝိဇ္ဇာ သင်္ခါရတို့ လုပ်လိုက် တာလား (အဝိဇ္ဇာ သင်္ခါရတို့ လုပ်လိုက်တာပါ ဘုရား)။

ဒါဖြင့် သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းတယ်ဆိုတဲ့ အယူမှားကြီး ပယ်လိုက်ပါတော့ (မှန်ပါ ဘုရား) ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ, ပြုတ်ပါပြီ)။

ဒါဖြင့် ဒီခန္ဓာကြီးရနေတာ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ၊ တို့ ဘယ်က လာပါလိမ့်မလဲ ဆိုတာကော သိပလား (သိပါတယ် ဘုရား) ဘယ်ကလာသလဲ (အဝိဇ္ဇာ သင်္ခါရက လာပါတယ် ဘုရား)။

အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရကလာတယ် (မှန်ပါ) တို့ဟာ ဘယ်ကမှလာခဲ့တာ မဟုတ်ဘူး၊ ဘယ်သူ ဖန်တီးတာမှ မဟုတ်ဘူး၊ သဘောကျပလား(ကျပါပြီ) ဘယ်ကလာခဲ့တာ တုံး (အဝိဇ္ဇာ သင်္ခါရက လာခဲ့တာပါ ဘုရား)။

အဝိဇ္ဇာ သင်္ခါရက လာတယ်ဆိုတော့ ဘယ်က လာပါလိမ့် မလဲဆိုတဲ့ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် ဝိစိကိစ္ဆာလဲသေပြီ(သေပါပြီ ဘုရား)ဒီခန္ဓာကြီးသည် ကားလို့ဆိုရင် ဘယ်သူ ပြုလုပ်တာပါလိမ့် (အဝိဇ္ဇာသင်္ခါရ ပြုလုပ်တာပါ ဘုရား)။

ဟာ ဒါဖြင့် သူတစ်ပါး ဖန်ဆင်းတယ်ဆိုတဲ့အယူတွေ ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိလဲ ပြုတ်ပြီ (ပြုတ်ပါပြီ ဘုရား) ဝိစိကိစ္ဆာကော (ပြုတ်ပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရက ပြုပြင်လိုက်တော့ ဒီဘက်မှာ ပုဂ္ဂိုလ် သတ္တဝါ ပေါ်သလားတဲ့၊ ဝိဉာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်သလား (ခန္ဓာငါးပါး ပေါ်ပါတယ် ဘုရား)။

ဒါဖြင့်ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး(မှန်ပါ) ဖြစ်ပေါ်နေတာလဲ (သတ္တဝါ မဟုတ်ပါ ဘုရား) ဒီလိုဆိုတော့ – ဒိဋ္ဌိခွါပစ်လိုက်တယ်(မှန်ပါ) ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး(မဟုတ်ပါ ဘုရား) အဝိဇ္ဇာသင်္ခါရပဲ(မှန်ပါ)။

ပြုလုပ်လိုက်လို့ အခု ခန္ဓာကိုယ်ကြီး ပေါ်နေတာလဲ ဘာပါလိမ့် (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးဆိုတာ မသိဘူးလား (သိပါတယ် ဘုရား) အဲဒါ ပဋိစ္စသမုပ္ပါဒ် နားလည်တာနဲ့ ဒိဋ္ဌိကွာတယ်(မှန်ပါ ဘုရား)။

ဝိစိကိစ္ဆာကော(ကွာပါတယ် ဘုရား) ငါဘယ်ကလာပါ လိမ့်မတုံးဆိုတော့ ဘယ့်နှယ် ဖြေကြမလဲ(အဝိဇ္ဇာ သင်္ခါရက လာပါတယ် ဘုရား) အဝိဇ္ဇာသင်္ခါရ ပြုလုပ်လို့ ပေါ်လာကာ (မှန်ပါ) ဒါဖြင့် အဲသလို သိလိုက်ပြန်တော့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဒါဖြင့် ဦးသန်းမောင် ဝိစိကိစ္ဆာသည် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့အတွက် အသိနဲ့ မပြုတ်သေးဘူးလား (ပြုတ်ပါ တယ် ဘုရား) အဲ အသိနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်တော့ စူဠသောတာပန် တည်ပြီ (မှန်လှပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တော့ (စူဠသောတာပန် တည်ပါတယ် ဘုရား)။

စူဠသောတာပန် တည်ပြီးသကာလ ခုနက ပြောခဲ့တဲ့ လှူလိုက်တော့ သောတာပန်အလှူ သွားဖြစ်တယ် (မှန်လှပါ ဘုရား)ကဲ ဘယ်လောက်အဖိုးတန်သလဲ (တန်ပါတယ် ဘုရား) ဘယ်သူ့ အလှူဖြစ်သွားမလဲ (သောတာပန် အလှူသွားဖြစ်ပါမယ် ဘုရား)။

ဦးသန်းမောင် အရေးတကြီး ပြောနေတယ် (မှန်ပါ) ခင်ဗျားမှာ ကိစ္စက လက်ငင်းကြုံနေလို့ (မှန်ပါ ဘုရား) ကဲ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) နက်ဖြန် ဆိုရင်ပဲ ဒီ တကာ တကာမတွေက လက်ငင်းကြုံမယ် (မှန်ပါ) ကဲ ဒကာသစ်တို့ကော (ကြုံပါမယ် ဘုရား) ကြုံလို့ရှိရင်ဖြင့် သြော် စူဠသောတာပန် ဖြစ်ပြီးမှ လှူရလိမ့်မယ် (မှန်လှပါ ဘုရား) ဖြစ်နေပြီတဲ့၊ ဒကာ ဒကာမတို့ အကြောင်းတရားကလဲသိကြား,ဗြဟ္မာလား၊ အဝိဇ္ဇာ သင်္ခါရလား (အဝိဇ္ဇာ သင်္ခါရပါ ဘုရား) အကျိုးတရားကလဲ ယောက်ျား လား, မိန်းမလားတဲ့၊ ခန္ဓာငါးပါးလား(ခန္ဓာငါးပါး ပါ ဘုရား)။

သြော် အကြောင်းကလဲ ဒကာ ဒကာမတို့ အဝိဇ္ဇာ သင်္ခါရ၊ အကျိုးကလဲ ခန္ဓာငါးပါး ဆိုတော့ အကြောင်းအကျိုးပဲ ရှိတယ် ဆိုတာလဲ သေချာပြီ (သေချာပါပြီ ဘုရား) ပုဂ္ဂိုလ် သတ္တဝါ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာရှိပါလိမ့် (အကြောင်းအကျိုးပဲ ရှိပါတယ် ဘုရား)။ ။

ဒီအကြောင်းသည်ကားလို့ဆိုလို့ရှိရင် အကြောင်းက အဝိဇ္ဇာသင်္ခါး၊ အကျိုးကဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာဆိုတော့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ပြုလုပ်လို့ ပေါ်လာတဲ့ ပုဂ္ဂိုလ်ကော (မရှိပါ ဘုရား)။

မရှိတော့ ပုဂ္ဂိုလ်ပျောက်တဲ့ (မှန်ပါ) ပုဂ္ဂိုလ်ပျောက် ကတည်းကအကြောင်းလဲငါ, ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) အကျိုးကတော့ (ငါ, မဟုတ်ပါ ဘုရား) အဲ ဒါဖြင့် အကြောင်း အကျိုးမျှသာ ရှိတယ်လို့ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

အဲ ဒကာကြွယ် ဒီကဲ့သို့ သိလိုက်တော့ကို တဲ့၊ အကြောင်းအကျိုးသာ ရှိပါတယ်၊ ဘယ်သူ ပြုလုပ်တာမှ မဟုတ်ဘူး ဆိုကတည်းက ဝိစိကိစ္ဆာ သေပြီ (မှန်ပါ ဘုရား) အကြောင်း ကလဲ ဘာပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား) အကျိုး ရ ထားတာကလဲ (ခန္ဓာငါးပါးပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား (မပါ, ပါ ဘုရား) အကြောင်းထဲမှာလဲ မပါဘူး (မှန်ပါ) အကျိုးထဲမှာကော (မပါ, ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သိနေပြီတဲ့၊ ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းသွားပါပြီ(မှန်လှပါ) ဘယ်လိုပါလိမ့်(ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းသွားပါပြီ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်း သွားတော့ ဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ ဘုရား) အကြောင်း အကျိုးသိတော့ ဝိစိကိစ္ဆာပြုတ်တယ်(မှန်ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါမရှိဘူးဆိုတော့ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ဘာသောတာပန်တည်တာလဲ (စူဠသောတာပန် တည်ပါတယ် ဘုရား)။

အဲ စူဠသောတာပန် ဖြစ်သွားတော့မှ တကာ တကာမတွေက လှူလိုက်, တန်းလိုက်, ပေးလိုက်, ကမ်းလိုက်တော့ ဘယ်သူက လှူတာတုံးမေးရင် စူဠသောတာပန်က လှူတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်သူက လှူတာပါလိမ့် (စူဠသောတာပန်က လှူတာပါ ဘုရား)။

စူဠသောတာပန်ဆိုတော့ အင်း သာမည ပုဂ္ဂိုလ်လား သစ္စာသိတဲ့ ပုဂ္ဂိုလ်လား (သစ္စာသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အင်း ဟင် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိလုံးကလေး (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ်က ဒုက္ခသစ္စာ၊ သိလုံးကလေးက မဂ္ဂသစ္စာဆိုတာ ကိုယ်ကိုယ်တိုင် သိနေတော့ ဒီဒုက္ခဝဋ်ကြီးကို တပည့်တော်ကိုယ်တိုင် သိပြီဆိုတော့ မဂ်နဲ့သိပြီ (မှန်လှပါ ဘုရား) ဒီဒုက္ခဝဋ်မှ ကျွတ်လိုလို့ ဒုက္ခဝဋ်ကျွတ်ရာကိုသာ ရည်မှန်း၍ လှူဒါန်းပေးကမ်းပါ၏ ဆိုတော့ ဒကာ ဒကာမတို့ သစ္စာသိပြီး လှူတာ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာသိပြီး လှူလိုက်တယ် (မှန်ပါ ဘုရား)။

ဒုက္ခသစ္စာကိုမလိုချင်, မရချင်လို့ (လှူပါတယ် ဘုရား) လှူလိုက်တဲ့ အခါကျတော့ကို ဒုက္ခသစ္စာမရတော့ နိရောဓသစ္စာပဲ ကျုပ်တို့ ရ, ရမယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လှူတတ်ပလား (လှူတတ် ပါပြီ ဘုရား)ကဲ ဒါဖြင့် နိဂုံးချုပ် တော့မယ်၊ ဒကာ ဒကာမတို့၊ မသိလို့ လှူတာဘာသစ္စာ(သမုဒယသစ္စာပါ ဘုရား) သဘော ကျပလား (ကျပါပြီ) လှူလို့ ရတာကကော (ဒုက္ခသစ္စာ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိလို့လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) လှူလို့ ရတာ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။

ကိုင်း ဒါနသံသရာ ရှည်သေးသလား၊ မရှည်တော့ဘူး လား (မရှည်ပါ ဘုရား) မသိ, အသိသာ လိုရင်းဖြစ်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့နာရီစေ့ပြီ၊ တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။