သတိပညာနဲ့ ရှုရန် ပဋိစ္စသမုပ္ပါဒ်တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌
ဟောကြားတော်မူသော
သတိပညာနဲ့ ရှုရန် ပဋိစ္စသမုပ္ပါဒ်တရားတော်
(၁၆-၁၁-၆၁)
ပဋိစ္စသမုပ္ပါဒ် ကတ်ပြားကိုကြည့်ကြပါ
ဒကာ ဒကာမတို့ မိမိတို့ ပဋိစ္စသမုပ္ပါဒ် ကတ်ပြားကိုကြည့်ကြပါ၊ ကြည့်ပြီး သကာလ မှ ဘုန်းကြီးက စက်ဝိုင်း ပြတဲ့အခါ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုကြည့်ပြီး နားလည်သရွှေ့ကြည့်ရမယ်ဆိုတာ မှတ်ရမယ်၊ (မှန်ပါ့ ဘုရား)။
ဒီအတိုင်း ဒီကပြထားတာ ဒကာ ဒကာမတွေက ပဋိစ္စသမုပ္ပါဒ် ကတ်ပြားက မပါခဲ့တော့ ပြောသာနေရတယ် ကိုယ့်အမှတ်သင်္ကေတက မမြဲမှာစိုးလို့ နက်ဖြန်ကျတော့ မရသေးတဲ့ ပုဂ္ဂိုလ်တွေပြောတာပေါ့၊ (မှန်ပါ့) ရပြီးသားပုဂ္ဂိုလ် များကလဲ ပြန်ပြီး သကာလ မှန်သွင်းထားလဲ ပြန်ယူခဲ့၊ ဒီအတိုင်း အလွတ်ထားလဲ ပြန်ယူပြီး သကာလ လေး, ငါးရက်တိုင် တိုင် ဒါကိုနားလည်မှု ပြလိမ့်မယ်၊ (မှန်ပါ့)။
အဲဒီလို ပြလိုက်တဲ့အခါကျတော့မှ ဪ – ဒို့အိမ်မှာ ချိတ်ထားတဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကတ်ပြားဟာ ဘယ်လို ကျေးဇူးများပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကိုယ့်အကြောင်း ကိုယ်သိပြီး သကာလ ကိုယ့်ဒုက္ခလည်ပုံ ကိုယ်သိပြီး သကာလ ကိုယ့်ဒုက္ခဖြစ်နိုင်ပုံကို ကိုယ်ကျင့်ချင်တဲ့စိတ် ပေါ်လာပါလိမ့်မယ်၊ (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ကတ်ပြားယူပြီး သကာလ အခုဒကာဦးထွန်းရင်တို့က ပုံစံတွေလုပ် ပြီး သကာလ ထားတာ လှည့်ပြဖို့ပါပဲ၊ (မှန်ပါ့)။
ဒီလိုနေရင် ဒီလိုသံသရာလည်ရလိမ့်မယ်
သို့သော် နှစ်ယောက် အညီအညွတ်က မရှိကြသေးဘူး၊ (မှန်ပါ့ ဘုရား)၊ ဆရာဘုန်းကြီးက, ပြတော့ ဒကာ-ဒကာမတို့ ဒီပုံကြီးကို ကြည့်နေပြီ၊ (မှန်ပါ့) ဒကာ-ဒကာမတွေက ဒီပုံစံလဲကြည့် ကိုယ့်ပုံစံနဲ့လဲ တစ်ထပ်တည်း ဖြစ်နေတော့ ကိုယ်ဒီလိုနေရင် ဒီလိုသံသရာလည်ရလိမ့်မယ်၊ (မှန်လှပါ ဘုရား) ဆရာသမားပြောတဲ့အတိုင်း ဖြတ်လမ်းကို အလုပ်, လုပ်လို့ရှိရင်လဲ သံသရာမလည်ဘဲနဲ့ အိုဘေး, နာဘေး, သေဘေးတွေဇာတိသိမ်းလို့ နိဗ္ဗာန်မဂ်ဖိုလ်ကြီး မျက်မှောက် ပြုနိုင်လိမ့်မယ်ဆိုတာကိုလဲ သေသေချာချာ မှတ်ရမယ်၊ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ နက်ဖြန်ကျလို့ရှိရင်ဖြင့် ကိုယ့်ကတ်ပြား ကိုယ်ယူဖြစ်အောင် ယူခဲ့ ကြပါ၊ (မှန်ပါ့ ဘုရား) ယူတဲ့အခါမှာလဲ ဒီလိုမထိုင်ကြဘဲနဲ့ ကိုယ့်အတန်းနဲ့ကိုယ် ထားပြီး စာရွက်ရှေ့မှာချနိုင်အောင် ဒီလိုအစီအစဉ်အတန်းကလေးနဲ့ ထိုင်ကြလို့ရှိရင်လဲ တစ်ယောက်နဲ့ တစ်ယောက် ဖယ်ပါဦး၊ နည်းနည်းကျဉ်းသေးတယ်၊ မြောင်းသေးတယ် အစရှိသည်ဖြင့် ဆိုစရာမလိုတော့ဘူး၊ (မှန်လှပါ ဘုရား)။
အဲဒါ ထိုင်ပုံနဲ့တကွ တန်းတန်းပြီး သကာလ ကိုယ့်အတန်းနဲ့ ကိုယ်ထိုင်၊ နောက်တန်းနဲ့ ဥပမာ လက်မ နှစ်ဆယ်လောက်ခွါပြီး သကာလ ထိုင်လိုက်တာပေါ့၊ (မှန်ပါ့) ထိုင်လိုက်တော့ ရှေ့ကကိုယ့်ကတ်ပြား ကိုယ်ချနိုင်တယ်၊ ချပြီးတစ်ခါ ဒီကပြတာကိုလဲကြည့်၊ ဒကာ ဒကာမတွေကကိုယ့်ပုံထဲလဲ ကိုယ်ကြည့်လိုက်တဲ့အခါကျတော့ ဪ သံသရာခရီးကြီးဟာ ဒီလိုသွားနေတာပါကလား ဆိုတာ-ပေါ်လာလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။
ဒုက္ခစက်သာ လည်နေမှာဘဲ
ဒီလိုချည်း သွားနေလို့ရှိရင် ဒုက္ခစက်သာ လည်နေမှာဘဲ ဆိုတာ ဒကာကြွယ်တို့သိမှာဘဲ၊ (မှန်ပါ့) အဲဒီဒုက္ခစက် ကိုလဲ ယခုအချိန်ဆရာကောင်း သမားကောင်းနဲ့တွေ့တုန်း ထောင်နိုင်တဲ့နားကလဲ ရှိတုန်းမှာမှ မပြတ်လို့ရှိရင် ဒကာသစ် တို့ ဘယ်တော့မှ မပြတ်တော့ဘူး။ (မှန်ပါ့ ဘုရား)။
ပြတ်ဖို့ရာ အချိန်အခါကာလကိုလဲ ဟောနိုင်တဲ့ပုဂ္ဂိုလ်လဲ ဒကာကြွယ် ကြုံဦးမှာနော်၊ (မှန်ပါ့ ဘုရား)ခင်ဗျားတို့က လဲ ထောင်နိုင်တဲ့ နားလဲပါဦးမှ၊ (မှန်ပါ) ကျန်းမာရေးကလဲ ပြည့်စုံပါဦးမှ၊ (မှန်ပါ့)။
အဲဒါကြောင့် ယခုအချိန်သည် လာကြတဲ့ ဒကာ- ဒကာမတွေ အင်း ငါတို့တစ်သံသရာလုံး ဒုက္ခပင်လယ် ဝေလာတာဟာဖြင့် ဒီတစ်ခါတော့ ဇာတ်သိမ်းရတော့မှာဘဲဆိုပြီး သကာလ ကိုယ့်ဉာဏ်နဲ့ကိုယ် သိမ်းဖို့ကိုဘုရားဟော တဲ့အတိုင်း ဘုန်းကြီးကပြပါမယ်၊ (မှန်ပါ့ ဘုရား)။
အဲဒီလိုပြတဲ့အခါကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ- ဒီလိုသိမ်းရင် ဒီလိုဖြစ်တယ်ဆိုတာ နိဗ္ဗာန်မဝေးပါကလားဆိုတာလဲ ဒီစက်ဝိုင်းကြီးကပဲ တာဝန်ခံလိမ့်မယ်ဆိုတာ ဒကာကြွယ်မှတ်ထားရမယ်၊ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နည်းကနက်ဖြန်မှဘဲ ပြကြပါစို့နော်၊ (မှန်ပါ့ ဘုရား) ဒီနေ့အရေးကြီးတဲ့ အချက်က ဘာပါလိမ့်မလဲလို့ မေးဖို့လိုလာတယ်နော်၊ (လိုလာပါတယ် ဘုရား)။
ဒီနေ့အရေးကြီးတဲ့အချက်က ခန္ဓာကိုယ်အသက်တမ်း ကြည့်လိုက်တာပေါ့၊ (မှန်ပါ့) လေးကလေးထုတ်တဲ့စိတ် ပြင်ဘက်ကို သွားပါတယ်၊ (မှန်ပါ့) ပြန်ရှိုက်တဲ့စိတ်မလာတော့ သေတယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၏ အသက်တမ်းသည် စိတ်ကလေးတစ်ခုဖြစ်ပေါ်ပြီးနောက် စိတ်တစ်ခုဖြစ်ပေါ်မှုမရှိရင် ဒကာသစ်ဘယ့်နှယ်ဆိုကြမလဲ၊ (သေပါတယ် ဘုရား)။
အဲဒါကြောင့် နက်ဖြန်အသာထားပြီး ယနေ့အရေးကြီးတဲ့ အကြောင်းကို ယနေ့သိပြီး သကာလ ယနေ့လုပ်နိုင်တဲ့ အလုပ်ကိုပဲ ယနေ့ဟောရလိမ့်မယ် ဒကာကြွယ်ရေ့၊ (မှန်ပါ့)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ဂရုစိုက်ပြီး သကာလ သာမှတ်ကြ၊ နားထောင်ကြ၊ (မှန်လှပါ ဘုရား)။
အကြိမ်ပေါင်းများစွာ မှာခဲ့တယ်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အကြိမ်ပေါင်းများစွာ မှာခဲ့တယ်၊ ဘယ်လိုမှာခဲ့သတုံးလို့မေးတဲ့အခါကျ တော့
“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော၊ အယံ ဝေါ အမှာကံ အနုသာသနီ”(မဟာဝဂ္ဂသံယုတ်ပါဠိ၊ ၁၅၇)လို့ ပါဠိတော်၌ဆုံးမလိုက် တယ်၊ (မှန်ပါ့ ဘုရား)။
အဓိပ္ပါယ်ကတော့ ဘာပါလိမ့်မတုံး -လို့ မေးတဲ့အခါကျတော့ သတိပညာနဲ့နေကြဟေ့၊ (မှန်ပါ့) အဓိပ္ပာယ်က ဘာပါလိမ့်၊ (သတိပညာနဲ့နေကြ)သတိပညာနဲ့ နေကြပါဆိုတာ လေးလေးစားစား ကိုယ်တော်မြတ်ကြီး အကြိမ်ပေါင်း များစွာ မှာတယ်လို့ မှတ်ထားပါ။ (မှန်ပါ့)။
ဒါဖြင့် သတိပညာနဲ့ ဆိုတာမှာ သတိကဘာတုံး မေးလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာကိုယ်ဘာဖြစ်နေတယ်ဆိုတာ သတိထားရမယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား) ခန္ဓာကိုယ်ဘာဖြစ်နေသတုံးလို့ ခန္ဓာကိုယ်က ပြောတိုင်း ပြောတိုင်း သတိထားရမယ် ဒကာကြွယ်ရေ၊ (မှန်လှပါ ဘုရား)။
ပညာကဘာလုပ်ရမှာတုံး
ပညာကဘာလုပ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ ပညာက နောက်ကနေပြီး သကာလ ဆုံးဖြတ်ချက်ချပေးရ မယ်၊ (မှန်ပါ့ ဘုရား)။
သတိကပေါ်တိုင်း ပေါ်တိုင်း ခန္ဓာကိုယ်ကဘယ်လိုပေါ်နေတယ်ဆိုတာ သတိထားရမယ်၊ (မှန်လှပါ ဘုရား) ပညာကပေါ်နေတဲ့တရားလေးက ဘယ်သဘောပါလိမ့်မလဲဆိုပြီး သကာလ ဆုံးဖြတ်ချက်ချရမယ်၊ (မှန်လှပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သတိထား၊ ပညာနဲ့ဆုံးဖြတ်ချက်ချ၊ (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အကြိမ်ပေါင်းများစွာ သတိထားပြီး ခန္ဓာကိုယ် ဉာဏ်နဲ့ဆုံးဖြတ်ချက်ချပါ ကွာလို့ ဆိုတဲ့အကြောင်းကို ဒကာ ဒကာမတို့ အကြိမ်ပေါင်းများစွာ မှာတယ်၊ (မှန်လှပါ ဘုရား)။
ဘယ်လိုပါလိမ့်၊ (သတိထားပြီး ပညာနဲ့ ဆုံးဖြတ်ချက်ချပါ) သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက်ချ၊ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့်၊ (သတိထားပြီး ပညာနဲ့ ဆုံးဖြတ်ချက်ချပါ ဘုရား)။
သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက်ချ
ဪ – သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက် မချတဲ့ပုဂ္ဂိုလ်များကြီးလို့လဲ ကြီးမှန်းမသိ၊ အိုလို့လဲ အိုမှန်းမသိ၊ ပြိုလို့လဲ ပြိုမှန်းမသိ၊ ပျက်လို့လဲ ပျက်မှန်းမသိဆိုတာဟာ ဒကာ ဒကာမတို့အတူနေပြီး သကာလ မသိဆိုးဝါးနေကြတာ တွေများလွန်းလို့ ကိုယ်တော်မြတ်ကြီးက မှာတော်မူတယ်၊ (မှန်ပါ့ ဘုရား)။
ဘိက္ခဝေ ရဟန်းတို့။ သတော၊ သတိရှိသည်ဖြစ်၍ သမ္ပဇာနော၊ ပညာအဆင်အခြင်နဲ့ ပြည့်စုံကြကုန်သည်ဖြစ်၍ ဝိဟရေယျ၊ နေရစ်ကြပါကွာလို့
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မှာတော်မူတယ်၊ (မှန်ပါ့ ဘုရား) သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက်ချပြီး နေကြပါကွာ၊ (မှန်လှပါ ဘုရား)။
ကောင်းပြီ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက်ချတော့ ခန္ဓာကိုယ်ကြီးက ခဏခဏသူက သတိမထားတဲ့ပုဂ္ဂိုလ်မသိရဘူး၊ (မှန်လှပါ ဘုရား)။
သတိထားတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် တော်တော်ကြာကျလို့ရှိရင် အခုခဏကလေးက စိတ်တစ်မျိုး၊ (မှန်ပါ့) နောက်ခဏကျတော့ (စိတ်တစ်မျိုးပါ ဘုရား)ဟိုဘက်ခဏ ကျပြန်တော့ (စိတ်တစ်မျိုးပါ ဘုရား)။
အင်း သတိထားတဲ့ပုဂ္ဂိုလ်ကျတော့ ဪ –ဒီစိတ်တွေ ဒီစိတ်တွေ ဒီလိုတန်းနေပါကလား၊ တစ်စိတ်ချုပ်ပြီး မှတစ်စိတ်ဖြစ်တာပါလားဆိုတာ ဒကာကြွယ်-ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။
ပညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ ဪ-ပထမစိတ်လဲ မခိုင်မြဲပါလား၊ (မှန်ပါ့ ဘုရား) ဒုတိယစိတ်လဲ (မခိုင် မြဲပါ ဘုရား) တတိယစိတ်လဲ (မခိုင်မြဲပါ ဘုရား)။
ဪ ဒါတွေဟာ ဘာပါလိမ့်မလဲလို့ အားလုံးစစ်ဆေးကြည့်တော့မှ မိမိသေနေတာလို့ မှတ်လိုက်၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (မိမိသေနေတာပါ ဘုရား) မိမိသေနေတာလို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။
ကိုယ့်အသေကိုယ်မြင်ဖို့ကို သတိထား
ဪ – ဒါဖြင့်ဘုန်းကြီးတို့ ဒကာ ဒကာတွေ မနေ့ကလဲပြောခဲ့ပါတယ်၊ ကိုယ့်အသေကိုယ်မြင်ဖို့ကို သတိထား၊ ပညာနဲ့ဆုံးဖြတ်ချက်ချပါ၊ (မှန်လှပါ ဘုရား) ကိုယ့်အသေကိုယ်မြင်ဖို့ကို သတိထား၊ ပညာနဲ့ (ဆုံးဖြတ်ချက်ချပါ ဘုရား)။
ဒါဖြင့် နည်းနည်းကလေး ဒကာ ဒကာမတို့ ဘယ်တော့မှ ဒီအလုပ်ကို ခင်ဗျားတို့ကမလုပ်ဘူးတော့ ခန္ဓာကိုယ် အိုလို့လဲ အိုမှန်းမသိ၊ (မှန်လှပါ ဘုရား) ပြိုပျက်နေလို့လဲ (ပြိုပျက်မှန်းမသိပါ ဘုရား)
အဲဒါ သတိမထားဘူး၊ (မှန်ပါ) သတိမထား၊ ပညာနဲ့ မကြည့်မိတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာကိုယ်ကြီးဟာ ဘာဖြစ်နေတယ်လို့ဆိုတာ ဒကာကြွယ် သိပါဦးမလား (မသိပါ ဘုရား)။
ဦးလှဘူး မသိဘူးနော်၊ (မှန်လှပါ) အဲဒီတော့ မသိတော့ ဘုန်းကြီးကပြောရတယ်၊ ဒကာ ဒကာမတို့မသိတာ အဝိဇ္ဇာပဲ၊ (မှန်ပါ ဘုရား)၊ မသိတာ၊ (အဝိဇ္ဇာပါ ဘုရား) မသိတာ အဝိဇ္ဇာပဲဆိုတာ သေချာသွားပြီး၊ (သေချာသွားပါပြီ ဘုရား)။
ဪ –မသိတာ အဝိဇ္ဇာဖြင့် အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်ဟာ လုပ်ချင်တာလုပ်၊ ပြောချင်တာပြောလိမ့်မယ်ဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။
ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဘက် လှည့်သွားတယ်၊ (လှည့်သွားပါတယ်) မလှည့်ဘူးလား၊ (လှည့်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဘက် လှည့်သွားတော့ကို ကျုပ်တို့မှာ အို, နာ, သေမှာလမ်း ဆုံးတယ်၊ (မှန်လှပါ ဘုရား)။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ
ဪ ဘယ်နှယ့်ကြောင့် အို, နာ, သေတွေတို့ ခဏခဏတွေ့နေရပါလိမ့်မတုံးလို့မေးတဲ့အခါ ကျတော့မှ ခန္ဓာကိုယ်ကြည့်ပြီး သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက်မချလိုက်တာနဲ့ အဝိဇ္ဇာဆိုတာ မသိမှု၊ မသိမှုအုပ်ချုပ်သွားတာနဲ့ တို့မှာဖြင့်တဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဖြစ်ပြီး ဇာတိဇရာမရဏဆိုတဲ့ဘက်သို့ ရောက်သွားတယ်၊ (မှန်ပါ့) မရောက်ဘူးလား၊ (ရောက်ပါတယ် ဘုရား)။
ထိုကဲ့သို့ ရောက်သွားတဲ့အခါ ဘာချို့ယွင်းချက်ရှိလို့ ဒီအရုပ်ဆိုးတဲ့ဘက် ရောက်သွားပါလိမ့်မလဲလို့ ဒကာကြွယ် မေးတော့မှ ဪ သတိထား ပညာနဲ့ဆုံးဖြတ်ချက် မချလို့၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုကြောင့်ပါလိမ့် (သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက် မချလို့ပါ ဘုရား)။
သတိထားပြီး ပညာနဲ့ ဆုံးဖြတ်ချက် မချလိုက်တဲ့အတွက် ကျုပ်တို့မှာတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတာလာတော့ တယ်၊ (မှန်ပါ့ ဘုရား) ဇာတိ ဇရာ မရဏတွေကော၊ (လာပါတယ် ဘုရား)။
အင်း-ဘယ့်နှယ်ကြောင့်လာပါလိမ့် ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်၊ (သတိထားပြီး ပညာနဲ့ဆုံးဖြတ်ချက် မချလို့ပါ ဘုရား)။
သတိပညာကလေးနဲ့ ခန္ဓာကိုယ် ဦးတည်ထားလိုက်
ယနေ့စပြီး ဘုန်းကြီးတို့ အမိအဖ ဆွေမျိုး ဉာတကာ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ် သတိထားမဟ၊ သူက ဘယ်လိုပြမလဲဆိုတာ သတိထားမဟ၊ ပညာနဲ့ဆုံးဖြတ်ချက် ချမဟ-ဆိုတဲ့ ဥစ္စာကို အလုပ်မလုပ် ခင်တစ်ခါတည်း သတိပညာကလေးနဲ့ ခန္ဓာကိုယ် ဦးတည်ထားလိုက်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ ဦးတည်မတုံး၊ (သတိပညာနဲ့ ဦးတည့်ထားရပါမယ် ဘုရား)။
သတိပညာနဲ့ ဦးတည်ထားရမယ်၊ အောက်မေ့မှုသတိမလစ်စေရဘူးဟ၊ ပညာနဲ့လဲ ဆုံးဖြတ်ချက်ချမဟဆိုလို့ ရှိရင်ပညာက ဝိဇ္ဇာ၊ (မှန်လှပါ) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပညာက ဝိဇ္ဇာဖြစ်နေတော့ အဝိဇ္ဇာက ချုပ်သွားတယ်၊ (မှန်ပါ့) အဝိဇ္ဇာကချုပ်တော့ သင်္ခါရလာနိုင်သေးရဲ့လား၊ (မလာနိုင်ပါ ဘုရား)။
မလာနိုင်တော့ အကျိုးဖြစ်တဲ့ ဇာတိဇရာ မရဏတွေ ဒကာကြွယ်လာပါဆိုလို့ လာသေးရဲ့လား၊ (မလာပါ ဘုရား)
အင်း ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ အိုဘေး, နာဘေး, သေဘေးတွေ၊ ပဋိသန္ဓေနေဘေးတွေ ကင်းသွားပါလိမ့်မလဲလို့ သေသေချာချာ စဉ်းစားတော့မှ သတိထားပြီး ခန္ဓာကိုယ် ပညာနဲ့ဆုံးဖြတ်ချက်ချနေလို့၊ (မှန်ပါ့ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
ခန္ဓာကိုယ်ဘယ်လိုထားလို့ပါလိမ့်၊ (သတိထားပြီးပညာနဲ့ဆုံးဖြတ်ချက်ချလို့ပါ ဘုရား)။
ဒကာကြွယ် -ဒါကြောင့် မြတ်စွာဘုရားက “သတောဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္မဇာနကာရီ၊ အယံ ခေါ အမှာကံ အနုသာသနိ”ဆိုပြီး သကာလ အကြိမ်ပေါင်းများစွာ ဆုံးမတော်မူခဲ့တယ်၊ (မှန်လှပါ ဘုရား) အကြိမ်ပေါင်းများ စွာကိုယ်တော်မြတ်ကြီး ဟောခဲ့တယ်၊ (မှန်လှပါ ဘုရား)။
ဪ -ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီး အပင်ပန်းခံပြီး အကြိမ်ပေါင်းများစွာ ဟောပါလိမ့်မတုံးဆို တော့ ဟေ-မင်းတို့သန္တာန်မှာ သတိထား ပညာနဲ့ကြည့်နေရင် ဝိဇ္ဇာ ဥပပါဒိဆိုတာ ပေါ်လာတယ်ကွ (မှန်ပါ့ ဘုရား) ဝိဇ္ဇာဉာဏ်ရတဲ့အတွက် အိုဘေး, နာဘေး, သေဘေးတွေဟာ နောက်ကိုမတွေ့တော့ဘူးဟေ့၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီ သတိထားပညာနဲ့ ဆုံးဖြတ်ချက် ချတဲ့အရေးသည် ဒကာကြွယ်ရေ-အင်မတန်ကြီး တဲ့အရေးလို့ မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) ဒကာကြွယ် -ဘာပါလိမ့် ပြောစမ်းပါ (သတိထား ပညာနဲ့ဆုံးဖြတ်ချက် ချတဲ့အရေးဟာ အကြီးဆုံးအရေးပါ ဘုရား)။
ဘယ်ပေါ်မှာ သတိထားရမှာပါလိမ့်
အင်း ဟင်း ဘယ်ပေါ်မှာ သတိထားရမှာပါလိမ့်၊ (ခန္ဓာပေါ်မှာ သတိထားရမှာပါ) ခန္ဓာပေါ်မှာ သတိထား တော့ ပညာနဲ့ခန္ဓာပေါ်မှာဆုံးဖြတ်ချက် ချလိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။
အဲဒီလို သတိထားပြီး ခန္ဓာပေါ်၊ သတိထား၊ ခန္ဓာပေါ်ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ကျတော့ ဒကာကြွယ် ရေခန္ဓာက ဘယ်လိုများသတိထားလိုက်တဲ့အခါ ပေါ်လာသတုံးဆိုလို့ရှိရင်ဖြင့် ဥပမာမယ် သူပေါ်ချင်ရာကစပြီး သကာလ ဘယ်လိုပေါ်လာသတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ယားတာကလေးရင်လဲ ပေါ်လာတယ်၊ (မှန်ပါ့) နာတာကလေးရင်လဲ (ပေါ်လာပါတယ်)၊ ယားတာ ကလေးကလဲ ဒုက္ခ၊ နာတာကလေးကလဲ ဒုက္ခ၊ အင်း တော်တော်ကြာကျတော့ ယားတာ ကလေးပျောက်သွားတဲ့ သုခလဲပေါ်တယ်၊ (မှန်ပါ့) နာတာကလေး ပျောက်သွားတဲ့သုခလဲ၊ (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဪ -ယားတာ ဒုက္ခ၊ ပျောက်သွားတော့ သုခ၊ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ ဒုက္ခဝေဒနာ သုခဝေဒနာရှိပါသလား၊ (မှန်ပါ့ ဘုရား) ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။
ယားတာက ဒုက္ခဝေဒနာ၊ ပျောက်သွားတော့၊ (သုခဝေဒနာပါ ဘုရား) နာတာ၊ (ဒုက္ခဝေဒနာပါ) ပျောက်သွား တော့၊ (သုခဝေဒနာပါ ဘုရား) အင်း ဒို့အထဲ ဝေဒနာနှစ်ခု လှည့်နေပါကလး၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာလှည့် နေသလဲ၊ (ဝေဒနာနှစ်ခု လှည့်နေပါတယ် ဘုရား)။
ဝေဒနာနှစ်ခုလှည့်နေတယ်
ဝေဒနာနှစ်ခုလှည့်နေတယ်၊ (မှန်ပါ့) ဝေဒနာနှစ်ခုလှည့်ပြီးနေတော့မှ အင်း -ဒို့အထာတွေဖြင့် အကုန်လွဲကုန် ပြီ၊ သတိထား-ပညာနဲ့ကြည့်၊ ကြည့်လိုက်တဲ့အတွက် ဒို့က ငါမိန်းမဘဲ၊ ငါယောကျ်ားပဲလို့ ထင်နေတော့ အခုခန္ဓာကပြတာ က ဝေဒနာနှစ်ခုလှည့်ပြီး ဝေဒနာတစ်ခုချုပ်ပြီး ဝေဒနာတစ်ခုဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ် ခန္ဓာကပြောနေတယ်၊ (မှန်လှ ပါ ဘုရား)။
ဒကာကြွယ် ခန္ဓာက ဝေဒနာတစ်ခုချုပ်ပြီး ဝေဒနာတစ်ခုအစားထိုးတယ်လို့ မပြောလား၊ (ပြောပါတယ် ဘုရား)။
အင်း- ယောကျ်ား, မိန်းမလို့ပြောသလား၊ ဝေဒနာတွေလဲလှယ်နေတယ်လို့ ပြောသလား၊ (ဝေဒနာတွေလဲလှယ် နေတယ်လို့ ပြောပါတယ် ဘုရား)။
ဪ- ဒီတစ်လုံးနဲ့ပဲ ဒကာ ဒကာမတို့ ယောက်ျား, မိန်းမပျောက်ကွယ်သွားတယ်၊ (ပျောက်သွားပါတယ် ဘုရား) ဦးညွန့် ဘာတွေပျောက်သလဲ၊ (ယောက်ျား, မိန်းမ ပျောက်သွားပါတယ် ဘုရား) အင်း ခန္ဓာကိုယ်သတိထားပြီး ပညာနဲ့ ကြည့်လိုက်တော့ ဝေဒနာတွေလှည့်ပတ်နေတာ တွေ့တယ်၊ (မှန်လှပါ ဘုရား)။
ကြည့်ပါလား ဒကာ ဒကာမတို့ ဝေဒနာတွေ လှည့်ပတ်တယ်၊ မလှည့်ပတ်တယ်ဆိုတာ စဉ်းစားကြည့်ပါ၊ နေကောင်းရဲ့လား၊ ကောင်းပါတယ်ဆိုတာ သုခဝေဒနာပေါ်နေတာ၊ (မှန်ပါ့ ဘုရား)။
နေမကောင်းဘူး၊ ခေါင်းကနာ, လည်ကနာ, ရင်ကကြပ်တယ်၊ ဒီလိုဆိုပြန်တော့လဲ အင်း-ဒုက္ခဝေဒနာတွေ လှည့်နေတယ်၊ (မှန်ပါ့ ဘုရား)။
သုခ-ဒုက္ခလှည့်မနေဘူးလား၊ (လှည့်နေပါတယ် ဘုရား) သုခ-ဒုက္ခလှည့်နေတော့ ဪ-ယောက်ျားတွေ ဘာဖြစ် ပါလိမ့်မလဲ၊ မိန်းမတွေ ဘာဖြစ်ပါလိမ့်မလဲဆိုတဲ့ အဓိပ္ပာယ်ရှင်းပြီး သကာလ ခန္ဓာကိုယ်ထဲ သုခ-ဒုက္ခသာရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်လာတယ်၊ (ပေါ်ပါဘယ် ဘုရား)။
ဘယ်လိုပေါ်လာသလဲ၊ (ခန္ဓာကိုယ်ထဲ ဒုက္ခ-သုခသာရှိတယ်လို့ ပေါ်လာတယ် ဘုရား)။
သုခ-ဒုက္ခ ရှိတယ်ဆိုတာ ပေါ်လာတယ် ဒကာကြွယ်၊ (မှန်ပါ့) သုခ-ဒုက္ခရှိတယ်ဆိုတာပေါ်လာတော့ ဒါကလေး သာ သတိထား ပညာနဲ့စိုက်ကြည့်နေ၊ တစ်ခါတည်း ယောကျ်ား-မိန်းမ ပျောက်ထွက်သွားတာပဲ၊ (မှန်ပါ့)ဘာတွေပျောက် ထွက်သွားသတုံး၊ (ယောကျ်ား-မိန်းမပျောက်ထွက်သွားပါတယ် ဘုရား)။
ယောက်ျားလဲ မဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူးဟေ့၊ ဝေဒနာက္ခန္ဓာကြီးဟ၊ (မှန်ပါ့) သုခဝေဒနာက္ခန္ဓာ၊ ဒုက္ခ ဝေဒနာက္ခန္ဓာကြီး လှည့်နေတယ် ဆိုတဲ့ဥစ္စာ၊ ဒကာကြွယ်ခန္ဓာက ပြောပါကောလား၊ (ပြောပါတယ် ဘုရား)။
ခန္ဓာကပြောတာကို သတိထား၊ ပညာနဲ့ဆုံးဖြတ်ချက်ချလိုက်တော့ သတိထားတာက ဝေဒနာပေါ်တယ်လို့သတိ ထားတော့ ပညာကလဲ ယောက်ျား-မိန်းမ မဟုတ်ဘူး၊ ဝေဒနာတွေသာလျှင် လှည့်ပတ်ပြီး ပေါ်နေတယ်လို့ ပညာကလဲ မပြောဘူးလား၊ (ပြောပါတယ် ဘုရား)။
အဲဒီကဲ့သို့ သတိထား၊ ပညာနဲ့ဆုံးဖြတ်ချက်ချလိုက်သည်နဲ့ တပြိုင်နက်တည်းတဲ့၊ ဒကာ ဒကာမတို့ယောက်ျား မိန်းမ ပျောက်-မပျောက်၊ (ပျောက်ပါတယ် ဘုရား) ရှုနေတုန်းပျောက်တယ်၊ (ပျောက်ပါတယ် ဘုရား) ဘာတွေလှည့်နေပါ လိမ့်၊ (ဝေဒနာတွေလှည့်နေပါတယ် ဘုရား) ဝေဒနာတွေလှည့်နေတယ်ဆိုတာ အတော်သေချာသွားပြီး၊ (သေချာသွားပါ ပြီ ဘုရား)။
ဝေဒနာက္ခန္ဓာ တွေသာရှိတယ်
ကောင်းပြီ၊ ဒါဖြင့် ဝေဒနာတွေလှည့်နေတာ၊ ဪ ယောက်ျားလဲမရှိဘူး၊ မိန်းမလဲမရှိဘူး၊ ဝေဒနာက္ခန္ဓာ တွေသာရှိတယ်နော်၊ (မှန်ပါ့ ဘုရား) ဘယ်လိုများပေါ်လာပါလိမ့်၊ ယောက်ျားလဲမရှိ၊ မိန်းမလဲမရှိ (ဝေဒနာက္ခန္ဓာသာပေါ် ပါတယ် ဘုရား) နားကြီးကြီးနဲ့ ထောင်ကြပါလို့ဆိုတာလဲ သတိပေးရပြန်တယ်၊ (မှန်ပါ့ ဘုရား)။
ကျုပ်တို့ အမေ အဖေသင်ထားတာက ဝေဒနာက္ခန္ဓာ၊ ဝေဒနာတွေပါဆိုတာ ဒကာကြွယ် မသင်ခဲ့ဘူးဗျ၊ (မသင်ပါ ဘုရား) နင့်ကိုယ်နင် ယောက်ျားမှတ်ထား နင့်ကိုယ်နင် မိန်းမမှတ်ထား၊ မိန်းမ မိန်းမပီပီနေ၊ ဒါပဲသင်တယ် (မှန်ပါ့ ဘုရား) ယောကျ်ားဟာ ယောက်ျားပီပီနေ၊ ယောကျ်ားဟာ မိန်းမသံထွက်ရင် မကောင်းဘူး၊ မိန်းမက ယောက်ျားသံ ထွက်ရင်လဲ မကောင်းဘူး၊ (မှန်ပါ့) နေနည်းထိုင်နည်းမှာလဲ မိန်းမဆိုတာ ကျုံ့ကျုံ့နေရတယ်၊ ယောက်ျားဆိုရင် ယောက်ျား ပီပီ ကြွားကြွားရွားရွား နေရတယ်၊ (မှန်ပါ့)။
တစ်ခါတည်း စွဲနေတယ်
ဒါပဲ သင်ထားတော့ တစ်ခါတည်း ဆရာကောင်း သမားကောင်း မတွေ့သရွေ့ကာလပတ်လုံး ငါယောက်ျားပဲဟ၊ ငါမိန်းမပဲဟ ဆိုတဲ့ အမှတ်ကြီးဟာ တစ်ခါတည်း စွဲနေတယ်၊ (စွဲပါတယ် ဘုရား) မစွဲပေဘူးလား၊ (စွဲပါတယ် ဘုရား) စွဲသွားတော့ ဒကာကြွယ် ဝေဒနာတွေ ပျောက်ကုန်တယ်၊ (မှန်ပါ့) ဝေဒနာတွေ ကွယ်ပျောက်သွားတယ် ဆိုတာ သဘောကျ ပလား၊ (ကျပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဝေဒနာတွေ ကွယ်ပျောက်သွားပါလိမ့်မတုံးဆိုတော့ ဪ မအေ မိဘများ တတ်သရွေ့ သင်ထားလို့ ပျောက်သွားရတာ၊ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ (မအေ မိဘတွေ တတ်သရွေ့သင်ထားလို့ ဝေဒနာတွေ ကွယ်ပျောက် သွားပါတယ် ဘုရား) သူတို့က သမုတိသစ္စာ သင်ထားလိုက်တယ်၊ (မှန်ပါ့) ဘုန်းကြီးက ယခု ပရမတ္တသစ္စာ သင်ရပြန် တယ်၊ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် – ကိုယ့်အမေ အဖေက ဘာသင်ထားပါလိမ့်၊ (သမုတိသစ္စာသင်ထားပါတယ် ဘုရား)သမုတိသစ္စာ၊ (မှန်ပါ့) သူတို့လဲမှန်တာပဲတဲ့၊ ယောက်ျားဟာ ယောကျ်ားပေါ့၊ မိန်းမဟာ မိန်းမပေါ့နော်၊ (မှန်ပါ့) မှန်တာပဲတဲ့၊ သို့သော်လဲ သမုတ်ပြီးမှန်တာ၊ (မှန်ပါ့ ဘုရား) သိပြီးမှန်တာမဟုတ်ဘူး (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ (သမုတ်ပြီးမှန်တာ, သိပြီးမှန်တာ မဟုတ်ဘူး) သိပြီး မှန်တာမဟုတ်ဘူး၊ သမုတ်တဲ့ သဘောနဲ့ မှန်ပါရဲ့တဲ့၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
သိပြီး မှန်တာလား
သိပြီး မှန်တာလားဆိုတော့၊ (မဟုတ်ပါ ဘုရား) သိပြီး မှန်တာကတော့ ဝေဒနာတွေ၊ ဝေဒနာတွေ ယားလိုက် ပျောက်သွားလိုက်၊ နာလိုက် ပျောက်သွားလိုက်၊ ကောင်းလိုက်၊ (ပျောက်သွားလိုက်ပါ ဘုရား) အလတ်စားဖြစ်လိုက်၊ (ပျောက်သွားလိုက်ပါ ဘုရား)ဟော ဝေဒနာတွေ ပြောင်းလွဲနေတာ၊ (မှန်လှပါ ဘုရား)။
ဝေဒနာတွေ ပြောင်းလွဲပြီး သကာလ သတိထားပြီး ပညာနဲ့ကြည့်တော့ ဝေဒနာသုံးမျိုးဟာပေါ်လာတယ်၊ (ပေါ် လာပါတယ် ဘုရား) ချမ်းသာတာကလေးပေါ်လာလိုက်၊ (မှန်ပါ့) ဆင်းရဲတာကလေးကော၊ (ပေါ်လာပါတယ် ဘုရား) အလတ်စားကလေးကော၊ (ပေါ်လာပါတယ် ဘုရား)ဒါဖြင့် ဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မလဲ၊ အကဲခတ်စမ်း၊ (သတိ ထားပြီး ပညာနဲ့ကြည့်လို့ပါ ဘုရား) သတိထားပြီးပညာနဲ့ ကြည့်လိုက်တော့ ဒကာကြွယ်အရှိတွေတွေ့တယ်၊ (မှန်ပါ ဘုရား)။
ပရမတ္ထသစ္စာသိတယ်
အရှိတွေတွေ့တော့မှ ဪ -ငါသည် ပရမတ္ထသစ္စာသိပြီ၊ (မှန်လှပါ ဘုရား) ဘာသိသတုံး၊ (ပရမတ္ထသစ္စာသိပါတယ် ဘုရား) ပရမတ္ထသစ္စာသိသွားတယ်၊ (မှန်ပါ့) ဒကာသစ်ရေ ဘာကိုသိသွားပါလိမ့် (ပရမတ္ထသစ္စာသိသွားပါတယ် ဘုရား) အရင်တုန်းကတော့ သမုတိသစ္စာတွင် ကျုပ်တို့က လမ်းဆုံးနေတယ်၊ (မှန်ပါ့ ဘုရား) အခုတော့ဖြင့် သတိထားပညာနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ချမ်းသာတာလဲ သုခဝေဒနာ၊ နာတာ ကျင်တာ ကိုက်တာ ခဲတာလဲ (ဒုက္ခ ဝေဒနာပါ ဘုရား) အလတ်စားကလေးဖြစ်နေတာက၊ (ဥပေက္ခာဝေဒနာပါ ဘုရား) ဥပေက္ခာဝေဒနာနော်၊ (မှန်ပါ့)။
နာတာ ကျင်တာ ယားတာ ကိုက်တာက ဘာတဲ့၊ (ဒုက္ခဝေဒနာပါ ဘုရား) နာတာ ကျင်တာ ကိုက်တာ ခဲတာတွေ ပျောက်ပြီးနေတဲ့အချိန်ကျတော့ (သုခဝေဒနာပါ ဘုရား)။
တစ်ခါတစ်လေကျတော့ နာတာ ကျင်တာလဲ မဟုတ်ဘူး၊ ချမ်းသာတာလဲ မဟုတ်ဘူး၊ ဟုတ်လား၊ (မှန်ပါ့) အလတ်စားဖြစ်နေတဲ့အခါလဲရှိသေးတယ်၊ (ရှိပါတယ် ဘုရား) အဲဒါကတော့ (ဥပေက္ခာဝေဒနပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာတွေဟာ တစ်ခုသော ဝေဒနာနဲ့နေရတယ်၊ နောက် တစ်ခု ဝေဒနာနဲ့ နေရတယ်၊ နောက်တစ်ခု ဝေဒနာနဲ့နေရတယ်ဆိုတော့ ဝေဒနာတွေ လှည့်နေတယ်၊ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ ဘာတွေများလှည့်နေပါလိမ့်၊ (ဝေဒနာတွေလှည့်နေပါတယ် ဘုရား) ဒါဖြင့် ဒီခန္ဓာကြီးဟာ ယောက်ျား လား, မိန်းမလား, ဝေဒနာက္ခန္ဓာလား၊ (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဝေဒနာက္ခန္ဓာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကသိပြီ၊ (မှန်ပါ့) ဝေဒနာက္ခန္ဓာလို့ သိသွားတော့ ကိုင်း ဒီလို ရှိရင် ဒါ ဝေဒနာတွေ ပြောင်းလွဲနေတာပဲ၊ နေကောင်းလိုက်, နေမကောင်းလိုက်, နာလိုက်, မနာလိုက်, သဘောကျပလား၊ (ကျပါပြီ) အလတ်စားဖြစ်လိုက်, အလတ်စားပျောက်လိုက်၊ (မှန်ပါ့ ဘုရား) ဒီလိုကော မနေဘူးလား၊ (နေပါတယ် ဘုရား)။
ဝေဒနာနဲ့ အသက်ရှင်နေပါတယ်
အဲဒီလိုနေတော့ ဝေဒနာတွေချည်းပဲ ပြောင်းလွဲပြီး သကာလ နေတော့ ဪ – ဘာနဲ့ အသက်ရှင်နေကြပါ လိမ့်မတုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝေဒနာနဲ့ အသက်ရှင်နေပါတယ် ဘုရား) ဒါကလေးတစ်လုံးဟာ ဒကာကြွယ် တယ် အဖိုးတန်တယ်၊ (တန်ပါတယ် ဘုရား) ဒကာ ဒကာမတွေဘာနဲ့အသက်ရှင်နေကြသလဲ၊ (ဝေဒနာနဲ့အသက်ရှင်နေ ကြပါတယ် ဘုရား)။
တစ်ခါတစ်လေကျတော့ နေကောင်းတယ်ဆိုတော့ ဘာဝေဒနာလဲ၊ (သုခဝေဒနာပါ ဘုရား) အင်း-သူနဲ့ အသက် ရှင်နေကာ၊ (မှန်ပါ့ ဘုရား) တစ်ခါတလေကျတော့ နေမကောင်းဘူးဆိုတော့၊ (ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေတာပါ ဘုရား) အင်း – သေလဲမသေသေးဘဲကိုး၊ ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေတယ်၊ (မှန်ပါ့)။ တစ်ခါတလေကျတော့ အင်း-ကောင်းလှ တယ်လဲမဟုတ်ဘူး၊ မကောင်းဘူးလဲမဟုတ်ဘူး ဒီလိုနေလိုက်ရတာပဲ၊ ဒါကျတော့ (ဥပေက္ခာဝေဒနာနဲ့အသက်ရှင်နေတာ ပါ ဘုရား) ဪ ဒကာ ဒကာမတို့ ဝေဒနာကင်းတဲ့အချိန်ကလေးများ ပြောကြစမ်းပါ၊ (မရှိပါ ဘုရား)။
ဉာဏ်နဲ့ကြည့်မှနော်၊ (မှန်ပါ့) သေသေချာချာ ပညာနဲ့ကြည့်လိုက်တော့မှ ဝေဒနာကင်းတဲ့အချိန်ဟာ အပ်ဖျားနဲ့ ထောက်လို့မှ တစ်ကိုယ်လုံးမှာ ထောက်စရာနေရာ အကွက် အလက်မပါ, ပါဘူး၊ (မပါ,ပါ ဘုရား)ပါသေးရဲ့လား၊(မပါ, ပါ ဘုရား) အင်း – ဘာခန္ဓာမို့ပါလိမ့်၊ (ဝေဒနာက္ခန္ဓာမို့ပါ ဘုရား)။
သုခပေါ်လဲ ဝေဒနာက္ခန္ဓာ၊ ဒုက္ခပေါ်လဲ ဝေဒနာက္ခန္ဓာ၊ အလတ်စားဖြစ်တဲ့ ဥပေက္ခာပေါ်လဲဝေဒနာက္ခန္ဓာလို့သာ မှတ်လိုက်၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဝေဒနာကင်းရဲ့လား၊ (မကင်းပါ ဘုရား) အားလုံးတရားနာလာကြတဲ့ဒကာ ဒကာမတွေကော ဝေဒနာကင်းကြရဲ့လား၊ (မကင်းပါ ဘုရား)။
အခု ဘာဝေဒနာနဲ့ နာနေကြတာတုံး၊ တရားနာနေကြသတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ဘာဝေဒနာနဲ့ တရားနာနေသတုံးဆိုတော့ ကျန်းမာလို့ နာနိုင်တာပေါ့၊ (မှန်လှပါ ဘုရား) အင်း ဟင် သုခဝေဒနာနဲ့ နာနေတယ်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ဝေဒနာနဲ့ တရားနာပါတယ်
ဒီသုခဝေဒနာနဲ့ နာနေတဲ့အထဲကပဲ တစ်ခါတစ်လေကျတော့ အောက်ကအဖိခံရတဲ့အတွက် ဒူးကလေးက နာသလိုလို၊ ခြေဖျားကလေးက နာသလိုလို မလာဘူးလား (လာပါတယ် ဘုရား) နာပေမယ့်လဲ လက်အုပ်ချီမပျက်ကြ ဘူး၊ တရားနားထောင်တာလဲ မပျက်ကြတော့ ဒကာ ဒကာမတို့ ဘာဝေဒနာနဲ့တရားနာနေကြသလဲ၊ (ဒုက္ခဝေဒနာနဲ့ တရားနာပါတယ် ဘုရား) အင်း -ဒုက္ခဝေဒနာနဲ့ တရားနာတယ်၊ (မှန်ပါ့)။
တစ်ခါတလေကျပြန်တော့လဲ ဘုန်းကြီးပြောတာ အရှင်းဆုံးကြားကြရဲ့လားလို့ မေးတော့ ကြားပါတယ်ဘုရား၊ (မှန်ပါ့) ကြားတာ ဥပေက္ခာဝေဒနာ၊ (မှန်ပါ့ ဘုရား) အင်း ဘယ်ဝေဒနာနဲ့ တရားနာသလဲ၊ (ဥပေက္ခာဝေဒနာနဲ့ တရားနာပါတယ်ဘုရား) ဥပေက္ခာဝေဒနာနဲ့ တရားနာနေတယ်ဆိုတာလဲ သေချာကြပလား၊ (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဪ – ဥပေက္ခာဝေဒနာနဲ့ တရားနာနေတယ်ဆိုတော့ တရားနာရင်းမတ္တနဲ့ ဆာလောင် မွတ်သိပ်သလိုဖြစ်လာတယ်၊ (မှန်ပါ့) ဆာလောင်မွတ်သိပ်သလိုဖြစ်လာတော့ အို-ဆာချင်ဆာပေစေ၊ တရားပြီးမှပဲစား တော့မယ်ဆိုပြီး ဆာလောင်မွတ်သိပ်တာကလေးနဲ့ပဲ နာနေရတဲ့အခါ မရှိဘူးလား၊ (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခဝေဒနာနဲ့နာနေတယ်၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ဆာလောင်မွတ်သိပ်တာ ကလေးနဲ့ တရားနာနေကြပြန်တော့ (ဒုက္ခဝေဒနာနဲ့နာပါတယ် ဘုရား)။
သတိထား၊ ပညာနဲ့ကြည့်တတ်အောင်
အင်း – ဒါသတိထား၊ ပညာနဲ့ကြည့်တတ်အောင် ဝေဖန်ပြောနေတယ်လို့မှတ်ပါ၊ (မှန်လှပါ ဘုရား) သတိထား၊ ပညာနဲ့ကြည့်တတ်အောင်လို့ ဝေဖန်ပြောနေတယ်လို့မှတ်ပါ၊ (မှန်လှပါ ဘုရား) သတိထား၊ ပညာနဲ့ကြည့်တတ်အောင်လို့ (ဝေဖန်ပြောနေပါတယ် ဘုရား) ဒီလိုမှ ဆရာက ဝေဖန်တဲ့အလုပ်ကို မလုပ်ပြန်လို့ရှိရင်လဲ ဒကာကြွယ် – နေရာတိုင်း မသိဘူး၊ (မသိပါ ဘုရား)။
ဒါဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီညဒါလောက်အသေးစိတ် ပြောနေရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်လဲ ဒကာ ဒကာမတို့ တချို့နေရာ ငါဘာဖြစ်ပါလိမ့်မလဲ ဆိုတဲ့ ဒိဋ္ဌိဝင်တိုးမှာစိုးလို့၊ (မှန်လှ ပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် အသေးစိတ်ပြောပါသလဲ၊ (ငါဘာဖြစ်လိမ့်မလဲဆိုတဲ့ ဒိဋ္ဌိဝင်တိုးမှာစိုးလို့ပါ ဘုရား) ဒိဋ္ဌိဝင် တိုးလိုက်မှာကြောက်ရပါတယ်၊ (မှန်ပါ့) အဲဒါကြောင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိထားပါ၊ (မှန်ပါ့)။
ထမင်းဆာရင် ဘာဝေဒနာတုံး၊ (ဒုက္ခဝေဒနာပါ ဘုရား) ထမင်းဝ, သွားပြန်တော့ ဘာဝေဒနာတုံး၊ (သုခဝေဒနာ ပါ ဘုရား) ဪ – ဒါဖြင့် ဝ, တာလဲ ဝေဒနာနဲ့ အသက်ရှင်နေတာပဲ ဆာတာကော (ဝေဒနာနဲ့ အသက်ရှင်နေပါတယ် ဘုရား)။
အဲဒါ ရှင်းအောင် ဒကာ ဒကာမတို့ တရားနာပြန်၊ နာလျက်နဲ့ နာလိုက်, ကျင်လိုက်, ကိုက်လိုက်, ခဲလိုက်နဲ့ နာနေကြတယ်၊ (မှန်ပါ့ ဘုရား) ဘာဝေဒနာနဲ့လဲ၊ (ဒုက္ခဝေဒနာနဲ့ပါ ဘုရား)။
တစ်ခါတစ်လေကျတော့ ပျင်းပျင်းရိရိနဲ့ နာနေကြတယ်၊ (မှန်ပါ့) မရှိကြဘူးလား (ရှိပါတယ်) ပျင်းပျင်းရိရိနဲ့ နာနေကြတယ်ဆိုတော့ ဒကာ ဒကာမတို့ မှတ်လိုက်၊ ဒေါမနဿဝေဒနာနဲ့ နာနေတယ်၊ (မှန်လှပါ ဘုရား) ဝေဒနာတော့ မကင်းဘူးနော်၊ (မကင်းပါ ဘုရား)။
တစ်ခါတလေကျတော့ တရားနာရတာ သဘောကျလွန်းလို့ ခပ်ပျော်ပျော်ကလေး နာနေတဲ့အချိန်လဲရှိတယ်၊ (ရှိပါတယ် ဘုရား) အဲဒါကျတော့ သောမနဿဝေဒနာနဲ့ နာနေတာ၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် တရားနာရင်း ပျင်းလာတော့ ဘယ်ဝေဒနာနဲ့နာရသလဲ၊ (ဒေါမနဿဝေဒနာနဲ့ပါ ဘုရား) တရားနာရင်း ပျင်းရိမှာစိုးရိမ်တယ်၊ ဘာကြောင့်တုံး၊ ကျေးဇူးများလွန်းလို့ ခပ်ပျော်ပျော်ကလေးနာတဲ့ အခါကျတော့ ဘာဝေဒနာပါ လိမ့်၊ (သောမနဿ ဝေဒနာပါ ဘုရား) သောမနဿဝေဒနာနဲ့ နာနေတယ်နော်၊ (မှန်ပါ့) သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿနော်၊ (မှန်ပါ့)
ဘယ်အချိန်မဆို ဝေဒနာမကင်းပါကလား
အဲဒီတော့ ဒကာ ဒကာမတို့ ဪ -ဘယ်အချိန်မဆို ဝေဒနာမကင်းပါကလား၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် ပေါ်ပြီနော်၊ (ပေါ်ပါပြီ ဘုရား) ဒကာ ဒကာမတို့ ဘယ်အချိန်ဝေဒနာကင်းပါလိမ့်၊ (ဘယ်အချိန်မှ မကင်းပါ ဘုရား)
ဘယ်အချိန်မှ ဝေဒနာမကင်းတော့ ဪ – ဒီခန္ဓာကြီးဟာ ယောက်ျားတွေလား, မိန်းမတွေလားလို့မေးလိုက် ရင် ဘယ့်နှယ်ဖြေကြမလဲ၊ (ဝေဒနာတွေပါ ဘုရား) ပေါ်လာပြီ၊ (ပေါ်လာပါပြီ) ပေါ်လာပြီ ဒကာ ဒကာမတို့် (မှန်ပါ့)။
ဝေဒနာက္ခန္ဓာအတွက်ဖြင့် အင်း – ဘယ်အချိန်မဆို ဝေဒနာဟာ ဒို့သိပြီဆိုတဲ့ အကြောင်းကိုဖြင့် ဒကာ-ဒကာမတို့ ယနေ့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချပါ၊ (မှန်လှပါ ဘုရား)။
ဝေဒနာပေါ်တိုင်း သတိထားပြီး ပညာနဲ့ သိနေတာပဲ၊ (မှန်ပါ့) ဝေဒနာပေါ်တိုင်း သိနေတော့ အင်း-ငါသူတစ်ပါး ယောက်ျား, မိန်းမ ထင်သေးရဲ့လား ဒကာကြွယ်၊ (မထင်ပါ ဘုရား) ဪ – ဝေဒနာပေါ်တိုင်း သတိထား၊ ပညာနဲ့ သိခြင်းသည် ဒိဋ္ဌိသေပါကလား၊ (မှန်ပါ့) ဝေဒနာပေါ်တိုင်း သတိထား၊ ပညာနဲ့သိခြင်းသည် (ဒိဋ္ဌိသေပါတယ် ဘုရား)။
ဒိဋ္ဌိသေတယ်
ဒိဋ္ဌိသေတယ်၊ ငါဆိုတာ ကြားထိုးစရာမရှိဘူးဟ၊ ဝေဒနာတွေသာ လှည့်ပတ်ပြီးနေတာပဲ၊ ဝေဒနာငါးမျိုးလှည့် ပတ်နေတယ်၊ သုခ, ဒုက္ခ, ဥပေက္ခာ, သောမနဿ, ဒေါမနဿ၊ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ပျင်းပျင်းနဲ့ တရားနာနေရလို့ ရှိရင်ဘာနဲ့နေရတယ်၊ (ဒေါမနဿဝေဒနာနဲ့ နေရပါတယ်) သဘောကျပြီး နာနေရပြန်တော့၊ (သောမနဿ ဝေဒနာပါ ဘုရား) သောမနဿဝေဒနာနဲ့ တရားနာတယ်၊ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အချိန်ဝေဒနာကင်းပါလိမ့် (ဘယ်အချိန်မှ မကင်းပါ ဘုရား) ဘယ်အချိန်မှ ဝေဒနာ မကင်းပါဘူး၊ ဪ – ဒါဖြင့် ဒကာ-ဒကာမတို့ ဘယ်အချိန်မှ ဝေဒနာမကင်းဘူးဆိုတာ ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိပြီနော် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်အချိန်မှ ဝေဒနာမကင်းဘူးဆိုတော့ ဘာသိတာတုံး၊ (ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိတာပါ) ဘာခန္ဓာကြီးပါလိမ့်၊ (ဝေဒနာက္ခန္ဓာကြီးပါ ဘုရား) အေး-သုံးမျိုးစလုံး-ငါးမျိုးစလုံးဟာ ပေါင်းခေါ်လိုက်တော့ ခံစားမှု အစုဝေဒနာက္ခန္ဓာပဲ၊ (မှန်ပါ့)။
ဒါဖြင့် တစ်ကိုယ်လုံးမှာ ဝေဒနာကခံစားမှု၊ ခန္ဓာကအစု၊ (မှန်ပါ့) ဪ-ယောက်ျားတွေလား, မိန်းမတွေလား, ခံစားမှုဝေဒနာအစုကြီးလား၊ (ဝေဒနာအစုကြီးပါ ဘုရား) တော်တော်ကလေး ပေါ်လာပြီ၊ (မှန်ပါ့) ဒကာကြွယ် သိပ် ကျေးဇူးများသွားပြီ (များသွားပါပြီ ဘုရား) ယောက်ျားတွေလား, မိန်းမတွေလား, ခံစားမှုဝေဒနာအစုကြီးလား၊ (ဝေဒနာ အစုကြီးပါ ဘုရား) အင်း – ဝေဒနာအစုကြီးဆိုတာတော့ သေချာသွားပါပြီ၊ (မှန်ပါ့ ဘုရား)။
အဲဒီဝေဒနာအစုကြီးကို သတိထားလို့ သိပါပြီ၊ (မှန်ပါ့) ကိုင်း – သတိထားလို့ သိလိုရှိရင်ဖြင့် ပညာနဲ့ဆုံးဖြတ် ချက်ချကြဦးစို့၊ (မှန်ပါ့) ဒကာကြွယ် – ဘာတဲ့၊ (ပညာနဲ့ဆုံးဖြတ်ချက် ချကြဦးစို့)။
ပညာထည့်ဦးမှ
ပညာနဲ့ ဆုံးဖြတ်ချက်ချပါဆိုတော့ ခုနင်က သတိထားပြီးမှ သတိပဋ္ဌာန် ဖြစ်ပါတယ်၊ (မှန်ပါ့) ဘုရားကဒါတင် ဟောတာလား၊
“သဘောဘိက္ခဝေ ဘိက္ခု သမ္ပဇာနကာရီ” သတိကလေးနဲ့ မရသေးဘူးကွ၊ ပညာထည့်ဦးမှ၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
သတိကလေးနဲ့ဖြင့်၊ (မရသေးပါ ဘုရား) သတိကလေးနဲ့ မရတာက ဒိဋ္ဌိကွာရုံကလေးရှိတယ် တဲ့၊ ဒကာကြွယ်ရ၊ (မှန်ပါ့) ပညာပါမှ မဂ်ရမှာ၊ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ကဲ သတိအကြောင်းဖြင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်းဒါပါပဲ ဒါပါပဲ ဒါပါပဲလို့ သိနေရင်ဖြင့် သတိထားလို့ သိတာပါပဲ၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပညာနဲ့ဆုံးဖြတ်ချက်ချကြဦးစို့၊ (မှန်ပါ့) ဒကာကြွယ်– ဘာတဲ့တုံး၊ (ပညာနဲ့ဆုံးဖြတ်ချက်ချရမှာပါ ဘုရား)။
ပညာနဲ့ဆုံးဖြတ်ချက်ချကြဦးစို့၊ (မှန်ပါ့) ပညာနဲ့ဆုံးဖြတ်ချက်ချကြဦးစို့ဆိုတော့ တခြားမဟုတ်ပါဘူး၊ ပျင်းပျင်းနဲ့ တရားနာနေတယ် (မှန်ပါ့) ဘာဝေဒနာပါလိမ့်၊ (ဒေါမနဿဝေဒနာပါ ဘုရား) ဒေါမနဿ ဝေဒနာနဲ့ တရားနာနေတယ်၊ (မှန်ပါ့)။
ပျင်းတာလဲ မမြဲပါကလား
ဖြတ်ခနဲ ကိုယ်သဘောကျတဲ့အလုံးကလေး ဆရာသမားက ပြောလိုက်တဲ့အခါ ပျော်ဦးမှာပဲ၊ (မှန်ပါ့) အင်း ပျင်းလုံးကလေး ချုပ်သွားတယ်၊ (မှန်ပါ့) ပညာနဲ့ ကြည့်လိုက်တဲ့အခါ ပျင်းတာလဲ မမြဲပါကလား၊ (မမြဲပါ ဘုရား)ဖြစ်ပြီး ပျက်တာပဲ၊ (မှန်ပါ့)ဖြစ်ပြီးတော့၊ (ပျက်ပါတယ် ဘုရား) ဒကာ ဒကာမတို့သဘောပါကြပလား၊ (ပါ,ပါတယ် ဘုရား)။
ပျင်းတဲ့ ဝေဒနာကလေးကလဲ ဖြစ်ပြီးတော့၊ (ပျက်ပါတယ် ဘုရား)တစ်ခါပျောက်လာတဲ့ ဝေဒနာလေးကပေါ် လာတော့ အင်း ပျက်ပြီး သကာလ ပျက်သွားတဲ့ ဥစ္စာကလေးပျင်းတဲ့ ဒကာ ဒကာမတစ်ယောက်ဖြင့် အနိစ္စရောက် ပြီ၊ (ရောက်ပါပြီ ဘုရား) မဆိုနိုင်ဘူးလား၊ (ဆိုနိုင်ပါတယ် ဘုရား)။ အခုလိုတရားထဲ တစ်ခါဆက်ပြီး ဆရာဘုန်းကြီးက ထင်ရှားအောင် ပြောလိုက်ပြန်တော့ ကိုယ်နားလည်မှုနဲ့ ကြုံတော့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ပျော်လာတယ်၊ (ပျော် လာပါတယ် ဘုရား) အင်း ဘယ်လို ဝေဒနာနဲ့ပါလိမ့်၊ (သောမနဿဝေဒနာနဲ့ပါ ဘုရား)။
အင်း ပျော်တာကလေးကလဲ ပျော်ပြီး သကာလ နောက်တစ်ခါ ဒကာ ဒကာမတွေကပြန်ပြီး နားထောင်တော့ ဥပေက္ခာဝေဒနာနဲ့ နားထောင်တယ်၊ (မှန်လှပါ ဘုရား) အင်း ပျော်တာကလေး ဘယ်ရောက်သွားသလဲ၊ (ပျောက်သွား ပါတယ် ဘုရား)အဲ -ပညာက ဒကာ ဒကာမတွေဆုံးဖြတ်ချက်ချပေးရမယ်၊ (မှန်လှပါ ဘုရား)ပျင်းတာလဲ ပျက်တာပဲ၊ ပျော်တာလဲ၊ (ပျော်တာပါပဲ) အလတ်စားလဲ (ပျက်တာပါပဲ)။
ဪ ဒါဖြင့် ပညာက ဒကာ ဒကာမတို့ သတိထားတော့ ဝေဒနာပေါ်တိုင်းသိတယ်၊ ပညာနဲ့ဆုံးဖြတ်ချက် ချလိုက်တော့ ပျင်းတာလဲဖြစ်ပြီး ပျက်တာပဲ၊ (မှန်ပါ့) ပျော်တာလဲ၊ (ဖြစ်ပြီး ပျက်တာပါပဲ) အလတ်စားပဲ (ဖြစ်ပြီး ပျက်တာပါပဲ)။
ဝိပဿနာဉာဏ်ဆိုက်ပြီ
ဖြစ်ပြီး ပျက်တာပဲဆိုတော့ ဒကာကြွယ်ရေ ဝိပဿနာဉာဏ်ဆိုက်ပြီ၊ (ဆိုက်ပါပြီ ဘုရား) မဆိုက်သေးဘူးလား၊ (ဆိုက်ပါပြီ ဘုရား) ဝိပဿနာဉာဏ် ဒကာ ဒကာမတွေမှာ ဆိုက်သွားတဲ့အတွက်တဲ့၊ အင်း ဝိပဿနာဉာဏ်က နောက်ကဆက်ဆက်သွားတော့ နီဝရဏသုံးမျိုးကဒီမှာ ပုံစံကြည့်ပါ (မှန်ပါ့) ပျင်းတာက ဒေါမနဿဝေဒနာ၊ ပျော်တာ ကသောမနဿဝေဒနာ၊ ကြားတာက ဥပေက္ခာဝေဒနာ၊ (မှန်ပါ့) ရှင်းပြီ၊ (ရှင်းပါပြီ)။
ပျင်းတာက၊ (ဒေါမနဿ ဝေဒနာပါ) ပျော်တာက၊ (သောမနဿဝေဒနာပါ) အင်း ပျော်နေတုန်းပဲ တစ်မျိုး နားထောင်ရပြန်လို့ ကြားတာကလေးက၊ (ဥပေက္ခာဝေဒနာပါ ဘုရား) ဪ နားထဲက ဥပေက္ခာဝေဒနာပေါ်တယ်၊ (မှန်ပါ့)သဘောကျပလား၊ (ကျပါပြီ ဘုရား)။
အဲဒီတော့ သတိထားပြီး ပညာနဲ့ကြည့်လိုက်၊ သတိထားလိုက်တော့ ဝေဒနာသုံးမျိုး သူ့ဟာနဲ့သူ အကန့်ကန့်နဲ့ ပေါ်လာတယ်၊ (မှန်ပါ့ ဘုရား) ပညာနဲ့ကြည့်လိုက်ပြန်တော့ အင်း တစ်ဝေဒနာချုပ်ပြီးမှ တစ်ဝေဒနာဖြစ်တာ၊ (မှန်ပါ့)။
တစ်ဝေဒနာချုပ်ပြီးမှ၊ (တစ်ဝေဒနာဖြစ်တာပါ ဘုရား) တစ်ဝေဒနာဖြစ်တာပဲလို့ အိမ်ကျအလုပ်, လုပ်ဖို့ရှင်းနေ ပြီနော်၊ (မှန်ပါ့) တစ်ဝေဒနာဖြစ်ပြီး တစ်ဝေဒနာချုပ်လိုက်၊ ဒီ ဝေဒနာကလေးချုပ်သွား ဒီဝေဒနာပေါ်တယ်၊ (မှန်ပါ့) ဒီဝေဒနာချုပ်ပြီး ဒီဝေဒနာပေါ်တယ်၊ (ပေါ်ပါတယ်တယ် ဘုရား) ဥပေက္ခာဝေဒနာပေါ်တယ်။
တော်တော်ကြာလို့ရှိရင် ဒါကို သူကရင်လဲ ပြန်စ,ချင်စမယ်၊ အလယ်ကနေရင်လဲ ပြန်စ, ချင်စမယ်၊ ဝေဒနာတွေ ဟာတော့ လှည့်နေမှာပဲ၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဝေဒနာတွေ ဘယ်လိုပါလိမ့်၊ (လှည့်နေပါတယ် ဘုရား) ဝေဒနာတွေက လှည့်နေမယ်ဆိုတာ သေချာပလား၊ (သေချာပါပြီ) ဪ ဒါဖြင့် ဝေဒနာလှည့်ပြီး သကာလ နေငြားသော်လဲ အင်း – တစ်ခုချုပ်ပြီးမှ တစ်ခုပျက်ပြီးမှ တစ်ခုဖြစ်တာပါလား၊ (မှန်လှပါ ဘုရား) ပညာက ဆုံးဖြတ်ချက် ချပါ၊ (မှန်ပါ့) တစ်ခုချုပ်ပြီးမှ (တစ်ခုဖြစ်တာပါ ဘုရား)။
ဖြစ်ပြီး ပျက်တာပဲလို့မြင်တာ
တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်လို့ ပညာကဆုံးဖြတ်ချက်ချလိုက်တော့ တစ်ခုသောတရား၏ ဖြစ်ပျက်ကို မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) နောက်တစ်ခုဖြစ်လာရင်လဲ ဖြစ်ပြီးပျက်တာပဲ ဆိုတောကော၊ (မြင်ပါတယ် ဘုရား) နောက်တစ်ခုဖြစ်လာတော့ကော၊ (မြင်ပါတယ် ဘုရား) ဖြစ်ပြီး ပျက်တာပဲလို့မြင်တာပဲ၊ (မှန်ပါ ဘုရား)။
အဲဒီကဲ့သို့ မြင်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သေသေချာချာ မှတ်စရာကဖြစ် ပြီး ပျက်တာကလေးကို ပညာနဲ့ဆုံးဖြတ်ချက် ချလိုက်တဲ့အတွက်တဲ့ ပဋိစ္စသမုပ္ပါဒ် ဒကာသစ် သုံးမျိုးပဲပြတ်တယ်၊ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ်၊ (ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပဲပြတ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပြတ်တယ်ဆိုတော့ သံသရာလည်ကြောင်း သုံးမျိုးပြတ်တယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (သံသရာလည်ကြောင်း သုံးမျိုးပြတ်ပါ တယ် ဘုရား)။
ဟုတ်ပြီ တဲ့၊ သံသရာလည်ကြောင်းသုံးမျိုးပြတ်တာတော့ဖြင့် ဒကာ, ဒကာမတွေ ဪ – ငါတို့သည် ဝေဒနာ ကလေးပေါ်တိုင်းလဲ သတိထားပြီး ဝေဒနာကလေးပျက်၊ ပျက်တယ်လို့လဲ ဆုံးဖြတ်ချက်ချ၊ (မှတ်ပါ့) တပ်အားသမျှ နားလည်မှုကို ဝေဒနာဖြစ်ပျက်ကို အဓိကထားရှုကြ၊ (မှန်ပါ့ ဘုရား)။
သိတဲ့ပုဂ္ဂိုလ် နည်းပေးရင် နောက်က လိုက်
အဘယ်ကြောင့် အဓိကထား ရှုကြလို့ ဆရာဘုန်းကြီးပြောရပါလိမ့်တုံး မေးတဲ့အခါကျတော့ ကိုယ်မသိပေမယ့် သိတဲ့ပုဂ္ဂိုလ်က နည်းပေးရင်း သိတဲ့ပုဂ္ဂိုလ်နောက်သာ လိုက်ပေရော့၊ (မှန်ပါ့)။
ကိုယ်က ဒါတွေမသိ ဘာကိစ္စရှိသတုံးလို့ ကိုယ့်စိတ်ထဲမှာ ထင်တောင်မှ ဪ -ငါမသိလို့ပါကလား၊ ဒါတွေကို မသိလို့ ဆရာပြောတာ နားမထာင်လို့ရှိရင်ဖြင့် ခလုတ်ထိမှ အမိတဆိုသလို အိုဘေး, နာဘေး, သေဘေးတွေ နောက်ထပ် တွေ့ရတော့မှ ကယ်မည့် ယူမည့်သူ မရှိတော့မှ ဪ ငါသည် အမှားကြီးမှားခဲ့ပါပေါ့လားလို့ နောင်တတစ်ဖန် ပူပန်ရတတ်တယ်၊ (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် အခု တရားနာနေတဲ့ ဒကာ ဒကာမတွေကို သတိပေးလိုက်ပါတယ်၊ (မှန်ပါ့) ဆရာပြောတဲ့ဘုရား ဟောတာ, ဘုရားဟောတာကြည့်ပြီး ဆရာသမားကပြောနေတယ်၊ (မှန်ပါ့) ထိုကဲ့သို့ ပြောနေတော့ ကိုယ်က သဘောကျ လဲလိုက်ပေး၊ (မှန်ပါ့) သဘောမကျလဲ သတိထားပြီး ဉာဏ်နဲ့ကြည့်ရုံပဲ၊ (မှန်ပါ့)။
သဘောကျလဲလုပ်ပါ၊ သဘောမကျလဲ ဆရာသမားကို ရိုသေကိုင်းညွတ်၊ ဘုရားကို ရိုသေကိုင်းညွတ်သောအား ဖြင့် ကိုယ့်အရေးရယ်လို့မှတ်ပြီး လုပ်သာလုပ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒီလိုမှ မလုပ်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အင်မတန်ဒုက္ခရောက်မှာကို မြင်နေတဲ့အတွက်တဲ့ဘုရား နဲ့ ဆရာသမားက ဒကာ ဒကာမတို့ ခင်ဗျားတို့ ခလုတ်ထိမှ အမိတ,နေလဲအပိုပဲနော်၊ ခလုတ်မထိအောင်အရေးကြီး တယ်၊ (မှန်ပါ့ ဘုရား) ဒကာကြွယ် အရေးမကြီးဘူးလား၊ (ကြီးပါတယ် ဘုရား)။
အဲဒါကြောင့် ဒီဆရာကို အားကိုးအားထား ထား၊ ဘုရားအားကိုးအားထားပြီး သကာလ နားမလည်လဲဒီအတိုင်း သတိထားပြီး ဉာဏ်နဲ့ကြည့်ရပါတယ်၊ (မှန်ပါ့) နားလည်လဲ (သတိထားပြီးဉာဏ်နဲ့ကြည့်ရပါတယ်) ကိုယ့်ဉာဏ်နဲ့ကြည့် ရမယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ် ဆုံဖြတ်ချက်ချပါ၊ (မှန်ပါ့ ဘုရား) ဒကာသစ်တို့ကော (ဆုံးဖြတ်ချက်ချပါတယ် ဘုရား)။
ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ ဝေဒနာ
ဒါဖြင့် ပြပါတော့မယ် ဒကာ ဒကာမတို့ ပျင်းတယ်ဆိုတာ ဘာဝေဒနာတုံး၊ (ဒေါမနဿဝေဒနာပါ ဘုရား) ပျော်တယ်ဆိုတာ ဘာဝေဒနာတုံး၊ (သောမနဿဝေဒနာပါ) ပျင်းတယ်လဲမဟုတ်ဘူး၊ ပျော်တယ်လဲမဟုတ်ဘူးဆိုတာ ကော ဘာဝေဒနာတုံး၊ (ဥပေက္ခာဝေဒနာပါ ဘုရား)။
ဥပေက္ခာဝေဒနာပဲဆိုတာ မှတ်လိုက်တော့ ဒီဝေဒနာတွေကိုပေါ်တိုင်း သတိထားပြီးပညာနဲ့ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် သတိထားလို့ပေါ်တာနဲ့ ဝေဒနာကလေးတွေဟာ ပညာနဲ့စူးစူးစိုက်စိုက်ကြည့်လိုက်ပြန်တော့ ဝေဒနာ၏ သက်တမ်းကို သွားသိတယ်၊ (မှန်ပါ့)။
ဝေဒနာ၏ သက်တမ်းဆိုတာ ဘာပါလိမ့်မတုံးမေးတော့မှ ဪ – အခုဖြစ်ပြီး အခုပျက်တယ်၊ အသက်တယ်တို ပါကလား (မှန်ပါ့ ဘုရား) အခုဖြစ်ပြီး (အခုပျက်ပါတယ် ဘုရား) အသက်တမ်း ဘယ့်နှယ်နေသလဲ၊ (တိုပါတယ် ဘုရား)။
ဪ -သူ့အသက်တမ်းသည် ဖြစ်မှုခဏပျက်မှုခဏကလေးရှိတယ်၊ (မှန်ပါ ဘုရား) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ (ဖြစ်မှုခဏ – ပျက်မှုခဏကလေးပဲရှိပါတယ် ဘုရား) ဖြစ်မှုကလဲ ခဏကလေး၊ (မှန်ပါ့) ပျက်မှုကကော၊ (ခဏကလေး ပါ ဘုရား)။
အသက်တမ်းဟာ ခဏကလေး
ဪ – သူခဏပါပဲ၊ ဒါကြောင့် ဒကာ ဒကာမတို့ကိုယ့်အသက်တမ်းဟာ ခဏကလေးလို့ဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) ဒီဝေဒနာနဲ့ အသက်ရှင်နေတာကိုး၊ (မှန်လှပါ)။
ဒီဝေဒနာနေရာမှာ နောက်ဝေဒနာမလာရင် သေတယ်ခေါ်ကြတယ်၊ (မှန်ပါ့ ဘုရား) ဘာနဲ့အသက်ရှင်နေသလဲ၊ (ဝေဒနာနဲ့အသက်ရှင်နေပါတယ် ဘုရား) အင်း ပထမဝေဒနာနဲ့ရှင်းပြီး နောက်ဝေဒနာမလာတော့ဘူး ဆိုလို့ရှိရင် ဖြင့် သေသွားပြီ၊ (သေသွားပါပြီ ဘုရား)။
ဒါဖြင့် နောက်ထပ်ဝေဒနာကလေးတစ်ခုက ဝမ်းမြောက်တာလဲပေါ်လာတယ်၊ အလတ်စားကလေး ပေါ်လာတယ် ဆိုရင် သူနဲ့ အသက်ရှင်နေတယ်၊ (မှန်ပါ့)။
ဒါကြောင့် ဝေဒနာတစ်ခု၏ အသက်ဟာ ဒကာ ဒကာမတွေ၏ အသက်တမ်းပဲ၊ (မှန်ပါ့ ဘုရား) ဝေဒနာ၏ အသက်ဟာ (တပည့်တော်တို့၏ အသက်တမ်းပါ ဘုရား) ဒီအားလုံးသော ဒကာ ဒကာမတွေ၏ အသက်တမ်းပဲဆိုတာ သေချာကြပလား၊ (သေချာပါပြီ ဘုရား)။
ကိုင်း – ဒါဖြင့်ပြပါတော့မယ် ဒကာ ဒကာမတို့ ပျင်းတာဘာဝေဒနာတုံး၊ (ဒေါမနဿဝေဒနာပါ) အင်း ဒါ သတိထားလို့သိတာ။ (မှန်ပါ့) ပျင်းတိုင်းပျင်းတိုင်းသိပေးပါနော် (မှန်ပါ့ ဘုရား) သိရုံကလေးနဲ့ မဖြတ်ပါနဲ့တဲ့၊ ပျင်းတာက လေးသည်ကားဆိုရင် ဘယ်လောက်ကျအောင် ပျင်းမတုံးလို့ ကြည့်လိုက်တဲ့အခါကျတော့ ပျင်းတဲ့ဝေဒနာကလေးဟာ ခဏကလေးနဲ့ပဲ ပျောက်သွားတယ်၊ (မှန်လှပါ)။
အဲ-ဒါဖြင့် ပညာနဲ့ကြည့်လိုက်တော့ ပျောက်သွားတာ မြင်တယ်၊ (မှန်လှပါ ဘုရား) ပညာနဲ့ကြည့်လိုက်တော့၊ (ပျောက်သွားတာမြင်ပါတယ် ဘုရား)။
ဪ -ဒါဖြင့် သတိထား – ပညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်မြင်ပါတယ်၊ (မှန်ပါ့ ဘုရား) ဘယ်လို ဆိုကြမယ်၊ (ဖြစ်ပျက်မြင်ပါတယ် ဘုရား)။
ကိုင်း – ဒါဖြင့် ပျင်းတာက ဖြစ်ပျက် (မှန်ပါ့) ရှုတာက၊ (မဂ်ပါ ဘုရား) မဂ်ဖြစ်သွားပြီ၊ ဪ – တို့မဂ်ရဖို့ အရေးဟာ ဒီလိုပါကလား၊ (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့အရေးဟာ ဒီလိုလုပ်ရမှာပါကလားဆိုတာ ဦးလှဘူး၊ ပေါ်သွားပြီ၊ (ပေါ်ပါပြီ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အပျက်မှာလမ်းဆုံးပါတယ်
ဒါကြောင့် ဒီခဏလေးကို ဒကာ ဒကာမတို့ ပျင်းချင်လဲ ပျင်း- ကိစ္စမရှိဘူး၊ (မှန်ပါ့) ပျင်းတဲ့စိတ်ကလေးဟာ အဆုံးမှာ ဘယ်ဆုံးပါလိမ့်မတုံး ကြည့်လိုက်တာပေါ့၊ (မှန်လှပါ) အပျက်မှာလား (မှန်ပေါ့ အပျက်မှာလမ်းဆုံးပါတယ် ဘုရား) ပျင်းတဲ့စိတ်ကလေးဟာ ဘယ်မှာလမ်းဆုံးသလဲ၊ (အပျက်မှာလမ်းဆုံးပါတယ် ဘုရား)။
အဲဒီလမ်းဆုံးတာကလေး ဒကာ ဒကာမတွေ အင်း-ပျင်းတော့ပျင်းပြီး – ပျင်းတဲ့စိတ်ကလေးဟာ ဘယ်လမ်းဆုံး မှာလဲလို့ စိုက်ကြည့်တာ၊ (မှန်လှပါ ဘုရား) စိုက်ကြည့်ထားတော့ ပျင်းတဲ့ ဒေါမနဿဝေဒနာကလေးဟာ အပျက်မှာ သွားလမ်းဆုံးတယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပျင်းတာသည်ဖြစ်တာပဲ၊ (မှန်ပါ့) ပျက်တာသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ချုပ်တာပဲ၊ (မှန်လှ ပါ ဘုရား) ဒါဖြင့် ဖြစ်ချုပ်သာရှိတယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (ဖြစ်ချုပ်သာ ရှိပါတယ် ဘုရား)။
ဒါဖြင့် သတိထား၊ ပညာနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာကြွယ်ရေ ဖြစ်ချုပ်သွားမြင်တယ်၊ (မှန်လှပါ ဘုရား)မမြင်ဘူးလား၊ (မြင်ပါတယ် ဘုရား)ဒါဖြင့် ဖြစ်ချုပ်က အနိစ္စ (မှန်ပါ့ ဘုရား) ဖြစ်ချုပ်က (အနိစ္စပါ ဘုရား) သေသေချာချာမှတ်ပါ၊ ပျင်းတာ ဖြစ်ချုပ်က (အနိစ္စပါ ဘုရား) အနိစ္စပဲဆိုတာ သိပြီနော်၊ (မှန်ပါ့ ဘုရား)။
သတိထား၊ ပညာနဲ့ဆုံးဖြတ်ချက် ချလိုက်တော့ ဘာတွေ့သတုံး၊ (မဂ္ဂပါ ဘုရား) ဪ –ဒါဖြင့် သတိမဂ္ဂင်ပညာ မဂ္ဂင်ပေါ်လာတယ်၊ (မှန်ပါ့) ဘာပေါ်လာသလဲ၊ (သတိမဂ္ဂင်, ပညာမဂ္ဂင်ပေါ်လာပါတယ် ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ပြီ
ဒါဖြင့် ဒကာ ဒကာမတို့ ဪ ပျင်းတာတွေ အဆုံးအစဝေဖန်လိုက်တာနဲ့ ပညာမဂ္ဂင်ပေါ်လာတယ်၊ (မှန်ပါ့) မပေါ်လာဘူးလား၊ (ပေါ်လာပါတယ် ဘုရား) ဒါဖြင့်ထုံးစံအတိုင်း ပြောကြပါစို့၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ပြီ၊ (မှန်လှပါ) ဖြစ်ပျက်နဲ့၊ (မဂ်နဲ့ကိုက်ပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်သွားပြီဆိုတာ ဒီလိုရှုပါ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) တစ်ခါ ပျင်းတာကလေးရှု ပြီးတော့ ဒကာ ဒကာမတို့က ပျော်တာကလေးတစ်ခုပေါ်လာတယ်၊ (မှန်ပါ့) ဘာဝေဒနာပါလိမ့်၊ (သောမနဿဝေဒနာ ပါ ဘုရား)သောမနဿဝေဒနာဆိုတဲ့ ပျော်တာကလေးပေါ်လာတယ်၊ (မှန်ပါ့ ဘုရား)။
ဒါ သတိထားလိုက်လို့ သိတယ်၊ (မှန်ပါ့) ဟာ သော မနဿပေါ်ပြီလို့ သတိထားလိုက်လို့သိတယ်၊ (မှန်ပါ့) သို့သော် ပညာနဲ့အစအဆုံးကြည့်လိုက်ပါဆိုတော့ ပျော်တာ ကလေးလဲပျက်သွားတယ်၊ (ပျက်သွားပါတယ် ဘုရား) ပျော် တာကလေးကတော့၊ (ပျက်ပါတယ် ဘုရား)။
အင်း ဒါဖြင့် ပျော်တဲ့သဘောကလေးဟာလဲ ပျော်ပျက်ပဲ၊ (မှန်ပါ့ ဘုရား) ဒါဖြင့် သောမနဿဝေဒနာ ကလေးဟာလဲဖြစ်ပြီး ပျက်တာပဲ၊ (ပျပ်ပါတယ် ဘုရား) ပညာနဲ့ကြည့်လိုက်တော့ ဖြစ်ပျက်သွားတွေ့တယ်၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ) ပညာနဲ့ကြည့်လိုက်တော့၊ (ဖြစ်ပျက်သွားတွေ့ပါတယ် ဘုရား)။
ဒါဖြင့် ဒါလဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ပြန်ပြီ၊ (မှန်ပါ့ ဘုရား) ကိလေသာကြားမခိုဘူး၊ (မခိုပါ ဘုရား) ဖြစ်ပျက်နဲ့ (မဂ်နဲ့ကိုက်ပါတယ် ဘုရား) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားပြီဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဖြစ်ပြီးပျက်တဲ့အနိစ္စပဲ
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပျော်တာကလေး အကြောင်းကလဲ ကောင်းကောင်းသိပြီ၊ ပျော်တာသည်ကားလို့ဆိုရင် ဖြစ်ပြီးပျက်တဲ့အနိစ္စပဲ၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ပျော်တာလဲ၊(ဖြစ်ပြီး ပျက်တဲ့အနိစ္စပါ ဘုရား)။
နောက်ကပြန်ပြောလိုက်စမ်းပါ၊ ပျင်းတာကလေးဟာလဲ (ဖြစ်ပြီး ပျက်တဲ့အနိစ္စပါ ဘုရား) ပျော်တာ ကလေးဟာလဲ (ဖြစ်ပြီးပျက်တဲ့အနိစ္စပါ ဘုရား)။
ကိုင်း – ဒါဖြင့် ပျော်နေတုန်းပဲ၊ တစ်ခါ နားထဲက ကြားပြန်တော့ ဘာဝေဒနာပေါ်ပါလိမ့်၊ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာက ပေါ်လိုက်ပြန်တော့ သတိထားလို့ ဥပေက္ခာဝေဒနာ ပေါ်ပြီလို့သိပြီ၊ (မှန်ပါ့) ပညာနဲ့ကြည့် လိုက်တော့ ဥပေက္ခာဝေဒနာကလေးဟာလဲ ပျက်တယ်၊ (ပျက်ပါတယ် ဘုရား) မပျက်ဘူးလား၊ (ပျက်ပါတယ် ဘုရား)။
အဲဒီပျက်တာ ကြည့်လိုက်ပြန်တော့ ဪ-ဥပေက္ခာဝေဒနာကလေးဟာလဲ ဖြစ်ပျက်ပဲ၊ (မှန်လှပါ ဘုရား) သိတာက မဂ်သွားဖြစ်တယ်၊ (မှန်လှပါ) သိတာက ဘာပါလိမ့်၊ (မဂ်သွားဖြစ်ပါတယ် ဘုရား)။
သိတာက မဂ်သွားပြီး သကာလ ဖြစ်လိုက်ပြန်တော့လဲ ဪ – မဂ်ဆိုတာသည် ဒို့-မဂ်ဖိုလ် ရ, ရပါလို၏ ဆုတောင်းတာသည် ဒို့ဆုတောင်းတာ တခြားပါကလား၊ သူများက ရော့, အင့်လို့ပေးမည့်သူဆီ သွားတောင်းတာကိုး၊ (မှန်ပါ့ ဘုရား)။
ဒို့ဆုတောင်းပါတယ် ဆိုတာက ပေးမည့်သူဆီ သွားတောင်းတယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) တောင်းကြ-တောင်းကြဆိုတဲ့ ဥစ္စာသည် ဒကာကြွယ် -လောဟပုံပြင်နဲ့ကြည့်တော့ ပေးမည့်သူဆီသွားတောင်းတယ် (မှန်ပါ့)။ အေး – သွားတောင်းချေကြ သွားတောင်ချေဟ-လို့ဆိုတော့ ဘယ်ပုဂ္ဂိုလ်ဆီတောင်းကြပါလိမ့်၊ (ပေးမည့်ပုဂ္ဂိုလ် ဆီသွားတောင်းပါတယ် ဘုရား) အဲဒါ ဆုတောင်းခေါ်တယ်၊ (မှန်ပါ့) တောင်းကြတာ တောင်းကြတာ ဒီမှာပြည့်လို့ပဲ၊ (မှန်ပါ့)။ အဲဒီတော့ မီးသွေးနဲ့ဖိုတို့, ဆီတို့, ဆန်တို့, စပါးတို့, သား,ငါးတို့ သေရင်ပေးမယ်ဆိုတဲ့ အသွားမျိုးလို ဒကာကြွယ် ဒီအသွားမယူပါနဲ့၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
ကိုယ်ရှုမှကိုယ်ရတယ်
ဒီလိုမဟုတ်ပါဘူး၊ ဒီမဂ်ကတော့ တောင်းလို့မရဘူး၊ ကိုယ်ရှုမှကိုယ်ရတယ် (မှန်ပါ့ ဘုရား) တောင်းလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရ,ရပါလို၏ အတောင်းသမားသည် မဂ်ပေါ်သလား-တဲ့၊ တောင်းလိုတဲ့ရချင် တဲ့တဏှာပဲပေါ်သလား၊ (တဏှာပေါ်ပါတယ် ဘုရား) မဂ်မပေါ်တဲ့ပြင် တဏှာပေါ်နေတယ်၊ (မှန်ပါ့ ဘုရား) မဂ်မပေါ်တဲ့ ပြင်၊ (တဏှာသာ ပေါ်နေပါတယ် ဘုရား)။
ဪ—ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒကာကြွယ် ခင်ဗျားလဲတောင်းခဲ့လှပြီ၊ (တောင်းခဲ့လှပါပြီ ဘုရား) မဂ်များဝမ်းထဲပေါ်ဖူးလား၊ (မပေါ်ပါ ဘုရား) မတောင်းဘဲနဲ့လဲ သတိထား၊ ပညာနဲ့ကြည့်လိုက်တော့ ဘာတွေပေါ်သလဲ၊ (မဂ်ပေါ်လာပါတယ် ဘုရား)။
ဟာ – ဒါကမဂ်ဆိုတာ ရှုမှရတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) မဂ်ဆိုတာက (ရှုမှရပါတယ် ဘုရား) လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်က တောင်းရင်ရတယ်၊ (မှန်လှပါ ဘုရား) မဂ်ကတော့ (ရှုမှရပါတယ်) အဲ-အရ နှစ်မျိုးလဲ ခွဲထားပါ၊ (မှန်လှပါ ဘုရား)။
အဲဒါမတောင်းစေချင်ဘူး
လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကို ဒါန, သီလ, သမထ, ဘာဝနာတွေလုပ်ပြီး သကာလ တောင်းကြမယ်ဆိုလို့ ရှိရင်ဖြင့် တောင်းလို့ရတယ်၊ (မှန်ပါ့ ဘုရား) တောင်းလို့ရပေမယ့်လဲ ဘုန်းကြီးက အဲဒါမတောင်းစေချင်ဘူး၊ (မှန်လှပါ ဘုရား)။
ဘယ်လိုကြောင့် မတောင်းစေချင်သတုံးမေးတော့ လူ့ပြည်မှာလဲ အိုပွဲ, နာပွဲ, သေပွဲရှိတယ်၊ (မှန်ပါ့ ဘုရား) မင်းစိုး, သူခိုးရန်တွေကော၊ (ရှိပါတယ် ဘုရား) ၉၆-ပါးရန်သူကော၊ (ရှိပါတယ် ဘုရား)။
ဪ-ဒါဖြင့် မတောင်းကြနဲ့ မတောင်းကြနဲ့၊ ရန်သူတွေထဲ ကျုပ်ဝင်ရပါလို၏ ဆိုတာနဲ့ တူနေတယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
နတ်ပြည်လဲ မတောင်းလိုက်ပါနဲ့-တဲ့၊ တောင်းလို့တော့ရပါတယ်၊ ပန်းတစ်ပွင့်နဲ့တောင်းလဲ ရပါတယ်၊ (မှန်ပါ့ ဘုရား) ပန်းတစ်ပွင့်ဘုရားလှူပြီး တပည့်တော် ဤပန်းလှူရတဲ့အတွက် နတ်ပြည်အကြိမ်ကြိမ်ခံစားရပါလို၏လို့ တောင်းရင် မရဘူးလို့ ဆရာဘုန်းကြီးက မဟောဘူး၊ ရပါတယ်၊ (မှန်ပါ့ ဘုရား) ရပေမယ့် ဒကာ ဒကာမတွေ မတောင်းစေချင်ဘူး၊ (မှန်ပါ့ ဘုရား)။
ဘာကြောင့်ထုံးဆိုတော့ အစစ်တောင်းမဟုတ်လို့ (မှန်ပါ့) ဘယ်လိုပါလိမ့်၊ (အစစ်တောင်းမဟုတ်လို့ပါ ဘုရား) အစစ်တောင်းဘေးဖယ်လို့ရှိရင် အိုဘေး, နာဘေး, သေဘေးနဲ့ သိကြားမင်းကြီးလက်အောက်ခံကောမဖြစ်ရဘူးလား၊ (ဖြစ်ရပါတယ်) မဟုတ်ဘူးလား၊ (မှန်ပါ့)။
နတ်, နတ်ချင်း မျက်စောင်းထိုးလို့ သေပွဲဝင်တာတွေ အပျော်လွန်လို့ သေပွဲဝင်တဲ့ကိစ္စတွေလဲ အများကြီးပဲ၊ (မှန်ပါ ဘုရား)။
ဒါကြောင့် အဲဒီနတ်ပြည်သွားပြီး သကာလ ပန်းတစ်ပွင့်နဲ့ တောင်းပြီး နတ်ပြည် သေရပါလို၏လဲ မလုပ်ပါနဲ့ တော့ (မှန်ပါ့ ဘုရား)။ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အိုပွဲ, နာပွဲ, သေပွဲရတယ်
ဒါဖြင့် တောင်းလို့ရတဲ့ပစ္စည်းက ဒကာ ဒကာမတွေသည် အိုပွဲ, နာပွဲ, သေပွဲရတယ်၊ (မှန်ပါ့ ဘုရား) မတောင်းဘဲ နဲ့ ရှုပွားယူလို့ရတဲ့ ဥစ္စာက အိုပွဲ, နာပွဲ, သေပွဲ ဇာတ်သိမ်းတယ်၊ (မှန်ပါ့ ဘုရား) ရှုလို့ရှိရင်၊ (အိုပွဲ, နာပွဲ, သေပွဲဇာတ်သိမ်း ပါတယ် ဘုရား) အိုပွဲ, နာပွဲ, သေပွဲကို ဇာတ်သိမ်းတယ်လို့ ဒကာကြွယ် မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။
ကိုင်း – ဒါဖြင့် ကြားတဲ့စိတ်ကလေးလဲ ဥပေက္ခာပဲ (မှန်ပါ့)ဖြစ်ပြီးတော့၊ (ပျက်ပါတယ် ဘုရား) အဲဒါ ပညာနဲ့ ကြည့်လိုက်တော့ ဘာတွေသလဲ၊ (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်ပဲတွေ့တယ်၊ (မှန်ပါ့) ပညာနဲ့ ကြည့်လိုက်တော့၊ (ဖြစ်ပျက် တွေ့ပါတယ် ဘုရား)။
ဖြစ်ပျက်တွေ့တဲ့အခါကျလို့ရှိရင် ဪ –ဝေဒနာက္ခန္ဓာသမားဟာလဲ ဘယ်ဝေဒနာရ, ရ အင်းဖြစ်မှုနဲ့ ပျက်မှု ရှိတာပဲ၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အဲဒီလိုသိထားတော့ ဖြစ်ပျက်နောက်က မဂ်၊ (မှန်ပါ့)ဖြစ်ပျက် နောက်က (မဂ်ပါ ဘုရား) ဒီလိုချည်းသွားတယ်၊ (မှန်ပါ့)။
ဪ – ဒါဖြင့် ဒီမဂ်ဟာ ဦးလှဘူးတို့ ဒကာကြွယ်တို့ကလဲ ဝေဖန်ကြည့်တာပေါ့၊ (မှန်ပါ့)အလိုလိုပေါ်တာလား၊ သတိထား, ပညာနဲ့ကြည့်လို့ပေါ်တာလား၊ (သတိထားပညာနဲ့ ကြည့်လို့ပေါ်တာပါ ဘုရား)။
ဒါကြောင့်မို့ သတိမဂ္ဂင်ပညာမဂ္ဂင်နော်၊ (မှန်လှပါ) သတိမဂ္ဂင်ပါတော့ သမာဓိတို့ ဝီရိယတို့ပါလာတယ်၊ (မှန်ပါ့ ဘုရား) ပညာမဂ္ဂင်ပါတော့ သမ္မာသင်္ကပ္ပပါလာတယ်၊ (မှန်ပါ့ ဘုရား)။
မဂ္ဂင်ငါးပါးပေါ်လာတယ်
အဲဒီတော့ မဂ္ဂင်ငါးပါးပေါ်လာတယ်၊ (မှန်ပါ့) ရှင်းပြီ၊ (ရှင်းပါပြီ) ဘာပေါ်လာသလဲ၊ (မဂ္ဂင်ငါးပါးပေါ်လာပါ တယ် ဘုရား) မဂ္ဂင်ငါးပါးပေါ်လာတယ်ဆိုတာ ဒကာကြွယ်ရိပ်မိပြီ၊ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂင်ငါးပါး ဒကာကြွယ် ဝမ်းထဲမှာ ကိလေသာဖြတ်တဲ့ မဂ္ဂင်ပါးပါး၊ နိဗ္ဗာန်ကိုပို့ဆောင်တဲ့ မဂ္ဂင်ငါးပါး ပေါ်တယ်၊ (မှန်ပါ့) ဆုတောင်းလို့ပေါ်တာလား၊ ရှုပွားလို့ပေါ်တာလား၊ (ရှုပွားလို့ ပေါ်လာတာပါ ဘုရား)။
ခုမှပဲ သိပေတော့တယ်၊ (မှန်ပါ့ ဘုရား) ဪ -မဂ်ဆိုတော ဆုတောင်းလို့ရတာမဟုတ်ပါလား၊ ရှုပွားမှရပါက လား၊ (မှန်ပါ့ ဘုရား) မဂ်ဆိုတာ ရှုပွားမှရပါတယ်၊ ဆုတောင်းလို့ (မရပါ ဘုရား)။
ဆုတောင်းလို့ရတာက လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်ဗျာ၊(မှန်ပါ့) ရှုပွားလို့ရတာက မဂ္ဂင်၊ (မှန်ပါ့) ဦးဘအုန်း မခြားနားဘူးလား၊ (ခြားနားပါတယ် ဘုရား)။
မဂ်ကိုလိုချင်ရင် ရှုပွားကြပါ
ကိုင်းဒါဖြင့် မဂ်ကိုလိုချင်ရင် ရှုပွားကြပါ၊ (မှန်ပါ့) မဂ်ဉာဏ်လိုချင်ရင် (ရှုပွားကြပါ) ရှုပွားတော့ သတိထား ပညာနဲ့ ဆုံးဖြတ်ချက်ချ၊ (မှန်ပါ့ ဘုရား)။
ရှုပွားဆိုတာ သတိထား၊ ပညာနဲ့ ဆုံးဖြတ်ချက်ချပါတော့လို့ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား) သဘောပါကြ ပလား၊ (ပါ,ပါပြီ ဘုရား)။
တပည့်တော်တို့ ဒီအလုပ်ကိုဖြင့် မလုပ်တော့ပါဘူး၊ ဆရာဘုန်းကြီးကတော့ ဟောရှာပါရဲ့၊ တပည့်တော်တို့က ပျင်းတာလဲမရှုဘူးဘုရား၊ ပျော်တာလဲ မရှုဘူးဘုရား၊ အလတ်စားလဲ မရှုဘူးဘုရားဆိုလို့ ခင်ဗျားတို့ အကုန်အပါယ် သွားရမယ်၊(မှန်ပါ့ ဘုရား) သူတစ်ပါးလဲ မသတ်ဘဲနဲ့ သူ့ပစ္စည်းလဲ မခိုးဘဲနဲ့ အပါယ်သွားရမယ်၊ (မှန်ပါ့)။
ဘာကြောင့်တုံးဆိုတော့ ပျင်းတာဟာ ဒေါသ (မှန်ပါ့) ဒေါသနောက်ကနေပြီး သောကပရိဒေဝနဲ့ ဒါမလိုက်ပါနဲ့ ဆိုလို့မရဘူး၊ (မှန်ပါ ဘုရား) ဒုက္ခဒေါမနဿ အဝိဇ္ဇာကော၊ (လိုက်ပါတယ် ဘုရား)။
ဒါဖြင့် သံသရာကူးသွားပြီ၊ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယော (ဝိညာဏံပါ ဘုရား) ဝိညာဏံဆိုတာ အပါယ်ပဋိသန္ဓေ ဝိညာဉ်ကိုဆိုတာ၊ (မှန်ပါ့) မရှုလို့ဖြစ်တာ၊ (မှန်ပါ့ ဘုရား)
တစ်ခါ ပျော်တာကလေး မရှုပြန်ဘူးဆိုတော့ ပျော်တာကို မရှုလိုက်တဲ့အခါကျတော့ ပျော်တာက သောမနဿ နော်၊ (မှန်ပါ့) သုခဝေဒနာ၊ (မှန်ပါ့) သုခဝေဒနာပစ္စယာ တဏှာ ဥပါဒါန် ကံ၊ (မှန်ပါ့) ကဲ-ဘဝကူးပြီ၊ ဇာတိဇရာ မရဏမလာပေဘူးလား၊ (လာပါတယ် ဘုရား)။
ပျော်တာကို ခင်ဗျားတို့ မရှုတဲ့အတွက်လဲ အပါယ်ရောက်သွားတယ်၊ (ရောက်သွားပါတယ် ဘုရား)။
ခင်ဗျားတို့က မရှုမိလို့ရှိရင်ဖြင့် မသိတဲ့အဝိဇ္ဇာသင်္ခါရလာတာပဲ၊ (မှန်ပါ့) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော-အပါယ်ဝိညာဏ်တွေလာကုန်ပြီ၊ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ –ပျော်တာမရှုမိလဲ အပြစ်သင့်တာပဲ၊ (မှန်ပါ့) ပျင်းတာမရှိုမလဲ၊ (အပြစ်သင့်ပါတယ် ဘုရား)အလတ်စားမရှုမိလဲ၊ (အပြစ်သင့်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှုမှသာလျှင် ပဋိသစ္စသမုပ္ပါဒ်ပြတ်မယ်၊ (မှန်ပါ့) မရှုရင်ဖြင့်၊ (မပြတ်ပါ ဘုရား) သဘောပါကြပလား၊ (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ပျော်ရင် ဘာဝေဒနာ၊ (သောမနဿ ဝေဒနာပါ) ပျင်းရင်၊ (ဒေါမနဿဝေဒနာပါ) အလတ်စားဖြစ်ရင် (ဥပေက္ခာဝေဒနာပါ ဘုရား)။
အဲ-ကိုယ့်သန္တာန်မှာ ဒီသုံးခုလှည့်ပြီး ဖြစ်နေတာပါ၊ သုခ, ဒုက္ခ, ဒေါမနဿ, သောမနဿ, ဥပေက္ခာ, ပေါင်း ငါးခုပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။
ဘာကျေးဇူးများသတုံး
အဲဒါတွေ လှည့်နေတာကို ဒကာ ဒကာမတွေက သေသေချာချာ ပညာနဲ့ကြည့်ရင် ဒါဝိပဿနာအလုပ်လို့မှတ် လိုက်ပါ့၊ (မှန်ပါ့ ဘုရား) ဝိပဿနာ ဘာကျေးဇူးများသတုံးမေးတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်း ကျေးဇူးများတယ်၊ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တော့ကို နောက် ပဋိသန္ဓေနေမှု၊ အိုမှု၊ နာမှု၊ သေမှု၊ အပါယ်ကျမှုတွေ အကုန်သိမ်းပါတယ်၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။
ကဲ – ဒီနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။