10511

မာတိကာသို့

အဓိပတိထား၍ အားထုတ်ရမည်တရားတော်

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

(အဓိပတိထား၍ အားထုတ်ရမည်တရားတော်)(၈-၃-၆၁)

အဓိပတိသုံးပါးထားရမယ်

ဒကာ ဒကာမတွေ တရားအားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့် မရ, မရှိနိုင်တဲ့ နည်းသုံးပါးကို ဟောကြားတော်မူ တယ်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တရားအားထုတ်တဲ့ပုဂ္ဂိုလ်များ အဓိပတိသုံးပါးထားရမယ်လို့ဟောထား တယ် (မှန်ပါ့ဘုရား)။

တရားအားထုတ်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ပါးထားရမလဲ (သုံးပါးထားရပါမယ်ဘုရား)၊ အဓိပတိသုံးပါးထားရမယ် လို့ ဟောထားတယ်နော် (မှန်ပါ့)။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်များ အဓိပတိဘယ်နှစ်ပါးထားရမတုန်း (သုံးပါးထားရပါမယ်ဘုရား)၊ သုံးပါးထား ရမယ်လို့ တိကနိပါတ် အင်္ဂုတ္တိုရ်မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောပြီးသကာလ ထားရှိတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ တရားဟောရတာလဲကြာပြီမို့ ဒီအဓိပတိသုံးပါး ကိုယ်ပိုင်ထား ကြလို့ရှိရင်ဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရ-မရှိပါဘူးဆိုတဲ့ဥစ္စာ ဧကန်သိပြီး ထားကြစမ်းပါ (မှန်ပါ့ဘုရား)၊ ဒါဖြင့် အဓိပတိသုံးပါးလဲ ဒကာ ဒကာမတွေ သေသေချာချာမှတ်ကြပါ (မှန်ပါ့ဘုရား)။

အဓိပတိသုံးပါးလို့ တိကနိပါတ်အင်္ဂုတ္တိုရ်မှာ ဟောတော်မူတဲ့အတွက်

(၁) မိမိကိုယ်ကို အဓိပတိထား၍ တရား အားထုတ်ခြင်း

(၂) လောကကြီးကို အဓိပတိထား၍ တရားအားထုတ်ခြင်း၊

(၃) တရားတော်ကို အဓိပတိထား၍ တရားအားထုတ်ခြင်း ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါဘုရား)။

မိမိကိုယ်ကို အဓိပတိထား၍ (တရားအားထုတ်ပါတယ်)။ လောကကြီးကို အဓိပတိထား၍ (တရားအားထုတ် ပါတယ်)။ တရားဂုဏ်တော်ကို အဓိပတိထား၍ (တရားအားထုတ်ပါတယ်)၊ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါဘုရား)။

ဒီဘက်က ဘာပါလိမ့် (မိမိကိုယ်ကို အဓိပတိထား၍ တရားအားထုတ်ပါတယ်)၊ ဒီဘက်ကဘာပါလိမ့် (လောက ကြီးကို အဓိပတိထား၍ တရားအားထုတ်ပါတယ်)၊ ဒီဘက်က ဘာပါလိမ့် (တရားဂုဏ်တော်ကို အဓိပတိထား၍ တရား အားထုတ်ပါတယ်ဘုရား)။

ကိုင်း – ဒကာ ဒကာမတို့ အားထုတ်တဲ့နည်းကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး စုဆည်းပူးတဲ့ ဉာဏ်တော်ကြီးနဲ့ ဒကာ ဒကာမတွေ ဒီအဓိပတိသုံးပါးကို မချွတ်မယွင်းပဲနဲ့ ကြိုးစားကြမယ်ဆိုလို့ရှိရင် ငါ၏ တပည့်သားတွေသည် အိုဘေး, နာဘေး, သေဘေးတို့၏ လွတ်ရာဖြစ်တဲ့ နိဗ္ဗာန် ရောက်မယ်လို့ သေသေချာချာဟောထားတယ် (မှန်ပါ့ဘုရား)။

အဲဒါကြောင့် ဒီတရားကိုပဲ အားထုတ်ရင်းမတ္တနဲ့လဲ နှလုံးသွင်းပါ၊ အားမထုတ်မီ ရှေ့အဖို့ကာလ၌လည်း ကိုယ့် ကိုယ်ကိုအဓိပတိထား၍ တရားအားထုတ်ခြင်း၊ လောကကြီးကို အဓိပတိထား၍ တရားအားထုတ်ခြင်း၊ တရား ၏ဂုဏ် တော်ကိုအဓိပတိထား၍ တရားအားထုတ်ခြင်းဆိုပြီး တရားအားထုတ်နည်း ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါဘုရား)။

ဒကာဝရေ သုံးနည်းတဲ့နော် (မှန်ပါ့ဘုရား)၊ ဘုရားကိုယ်တော်တိုင် ဟောတာဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ မမှားဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ဘုရား)။

ဒီအဓိပတိသုံးပါးကို ဒကာ ဒကာမတွေက ညီညွတ်အောင် အားထုတ်မယ်ဆိုလို့ရှိရင်ဖြင့်-တဲ့၊ ဝီရိယပြင်းထန် ပြီးသကာလ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရ-မရှိပါဘူးလို့ သေသေချာချာ ဟောထားပြန်တော့ တို့တာဝန်လိုတာ တို့ဖြည့် မယ်ဆိုပြီး ဒီအဓိပတိသုံးပါးကို ဒကာ ဒကာမတွေ ကြိုးစားပါလို့ ဆရာဘုန်းကြီးက တစ်ဆင့်တိုက်တွန်းတယ်နော် (မှန်ပါ့ဘုရား)။

တစ်ဆင့်တိုက်တွန်းပါတယ်တဲ့၊ ဒကာ ဒကာမတွေက တရားအားထုတ်ပြီး အိမ်မှာ ဘုရားရှေ့မှာဖြစ်စေ၊ အိပ်ရာထဲမှာဖြစ်စေ၊ မီးဖိုချောင်ထဲမှာဖြစ်စေ တရားအားထုတ်ပြီး သကာလနေကြတယ်။ လွတ်လပ်တဲ့အချိန် အားထုတ် တာပေါ့ဗျာ (မှန်ပါ့ဘုရား)။

(၁) မိမိကိုယ်ကို အဓိပတိထား၍ တရား အားထုတ်ခြင်း

အဲဒီကဲ့သို့ အားထုတ်တဲ့အချိန်ကျလို့ရှိရင်ဖြင့် မိမိကိုယ်ကိုမြှောက်လိုက်ပါတဲ့၊ ဘယ်လိုမြှောက်ရမလဲလို့ဆိုလို့ရှိ ရင်ဖြင့် ငါသည်စားစရာမရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး၊ ဝတ်စရာမရှိလို့ တရားအားထုတ်တာလဲမဟုတ်ဘူး။

နေစရာ ထိုင်စရာမရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး။ ဆေးဝါးအလိုရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး၊ သံသရာကြီး အိုဘေး နာဘေး သေဘေးတွေ ရွံလွန်း မုန်းလွန်းလို့ တရားအားထုတ်တာဆိုတော့ ကိုယ့် ကိုယ်ကို မြှောက်ရာမရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။

ဒကာ ဒကာမတို့ သိတဲ့အတိုင်း ငါသည် ဝတ်စရာမရှိလို့ တရားအားထုတ်တာလဲမဟုတ်ဘူး၊ စားစရာမရှိလို့ တရားအားထုတ်တာလဲမဟုတ်ဘူး၊ နေစရာ ထိုင်စရာ အိမ်မရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး၊ ဆေးဝါး အလို ရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး။

ဇာတိ ဇရာ ဗျာဓိ မရဏ အစရှိသော ဒုက္ခဘေးတွေမှ ကင်းဝေးလိုသောကြောင့် ငါအားထုတ်တာ၊ ဒါကြောင့် ငါသည်ကားလို့ဆိုလို့ရှိရင် လုံ့လဝီရိယနဲ့ကြိုးစားလိုက်မယ်ဆိုပြီးသကာလ ကိုယ့်ကိုယ်ကို အဓိပတိထားပြီး ကြိုးစား လိုက်ပါ (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။ ကိုယ့်ကိုယ်ကို (အဓိပတိထားပြီး ကြိုးစားရပါ့မယ်)၊ ကိုယ့်ကိုယ်ကို အဓိပတိထား၍ ကြိုးစားလိုက်ပါတဲ့ ဦးခင်မောင်ရေ (မှန်ပါ့ဘုရား)။

ပြန်ပြောပါဦးမယ် တစ်ခေါက်၊ ဒကာ ဒကာမတို့ ငါသည် ဝတ်စရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။ စားစရာမရှိလို့ (တရားအားထုတ်တာ မဟုတ်ပါဘုရား)။ နေစရာ ထိုင်စရာမရှိလို့ (တရားအားထုတ်တာ မဟုတ်ပါ ဘုရား)၊ ဆေးဝါးမရှိလို့ (တရားအားထုတ်တာ မဟုတ်ပါဘုရား)၊ အိုဘေး နာဘေး သေဘေးတို့မှ လွတ်ရေးကို မျှော်တွေးပြီးသကာလ တရားအားထုတ်တာ – (မှန်ပါ့ဘုရား)။

ငါဟာ သာမညပုဂ္ဂိုလ်မဟုတ်ဘူး၊ အိုဘေး နာဘေး သေဘေး တစ်ခုကိုသာ လွတ်ချင်လို့ တရားအားထုတ်ပါ တယ်လို့ ဝီရိယပြင်းထန် ပေးလိုက်စမ်းပါ (မှန်ပါ့ဘုရား)။

ဒီလို ဝီရိယ ပြင်းထန်ပေးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေရဲ့ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက် အနိစ္စကလေးတွေ ဟာ ဒီလိုအဓိပတိထားပြီး အားထုတ်လိုက်လို့ရှိရင်ဖြင့် ဒကာဝ မြင်လာလိမ့်မယ် (မှန်ပါ့ဘုရား)၊ သဘောပါပြီလား (ပါ,ပါပြီဘုရား)။

မိမိကိုယ်ကို အဓိပတိထားပြီး အားထုတ်ပါနော် (မှန်ပါ့ဘုရား)၊ အားထုတ်တတ်ပြီလား (မှန်ပါ့ဘုရား)၊ ငါသည် ဘာတုန်း၊ ဝတ်စရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။ စားစရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။ နေစရာ ထိုင်စရာမရှိလို့ တရားအားထုတ် မဟုတ်ဘူး။

အိုဘေး၊ နာဘေး သေဘေးလွတ်ရာကို ရည်မှန်း၍ တရားအားထုတ်ပါတယ်၊ ဒါကြောင့် ဝီရိယပြင်းထန်ပြီး ကြိုးစားလိုက်လို့ရှိရင်ဖြင့် ခန္ဓာ၏ဖြစ်ပျက်ကို တစ်ခုတည်း မြင်လာလိမ့်မယ် (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာတွေ မြင်လာမယ်ထင်သတုန်း (ခန္ဓာ၏ဖြစ်ပျက်ကို မြင်လာပါမယ်ဘုရား)။

ခန္ဓာ၏ဖြစ်ပျက်ကို တစ်ခါတည်းမမြင်မရှိ၊ မြင်လာလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ၊ ဪ ငါ ဘာကြောင့် မမြင်ပါလိမ့်တုန်းလို့ မေးလို့ရှိရင် ဒီ အဓိပတိသုံးပါး လွတ်နေလို့ (မှန်ပါ့ဘုရား)၊ ဒီအဓိပတိသုံးပါးမလွတ်ရင် ဘာဖြစ်ရမလဲ (မြင်ရပါမယ်ဘုရား)။

ဖြစ်ပျက် အနိစ္စတွေ မြင်ရမယ် (မှန်ပါဘုရား)၊ ဖြစ်ပျက်အဆုံးနိဗ္ဗာန်ကို (မြင်ပါမယ်ဘုရား)၊ ဖြစ်ပျက် အနိစ္စကို (မြင်ရပါမယ်ဘုရား)၊ ဖြစ်ပျက်အဆုံး နိဗ္ဗာန်ကို (မြင်ရပါမယ်ဘုရား) မြင်ရမယ်ဆိုပြီး အဓိပတိ သုံးပါးတွင် ၁ နံပါတ် မိမိကိုယ်ကို အဓိပတိထားပြီးတော့ ဒကာဝ ကြိုးစားစမ်းပါ (မှန်လှပါဘုရား)၊ ရှာရမယ် မောင်ထွန်းလှိုင် ရ-ရမယ်နော် (မှန်လှပါဘုရား)။

(၂) လောကကြီးကို အဓိပတိထား၍ တရားအားထုတ်ခြင်း

ကိုင်း ဒါဖြင့် ၂ နံပါတ်က ဒကာ ဒကာမတွေ သတိထားလိုက်ပါဦး တရားတော့ အားထုတ်တာပဲ၊ တရားအား ထုတ်ရင်း ရွှေလိုချင်တဲ့ စိတ်၊ ငွေလိုချင်တဲ့ စိတ်၊ သားခင်တွယ်တဲ့ စိတ်၊ သမီးခင်တွယ်တဲ့ စိတ်တွေ လာလို့ရှိရင်ဖြင့် လောကကို အဓိပတိထား။

မင်းဟာ တရားအားထုတ်နေတယ်လဲဆိုရဲ့၊ မင်းသန္တာန်မှာရှိတဲ့ ကာမဝိတက်ဆိုတဲ့ လောဘ၊ ဗျာပါဒ ဝိတက် ဆိုတဲ့ ဒေါသကလေးတွေ၊ ဝိဟိံသဝိတက်ဆိုတဲ့ သူတစ်ပါးညဉ်းဆဲချင်တာကလေးတွေက ဝင်လာတော့ မင်းဟာ – မင်းက တရားအားထုတ်နေတယ်ဆိုပြီး မင်းစိတ်ကို မင်းကိုယ်စောင့်နတ်ကလဲ သိတယ်၊ မင်းမရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို မေးရမယ်နော် (မှန်လှပါဘုရား)။

မင်း ကိုယ်စောင့်နတ်တွေကလဲ မင်းကို တစ်ခါတည်းသိတယ်၊ မင်းဟာ မကောင်းတဲ့စိတ် ဝင်နေတယ်ဆိုတာ မင်းဟာ သူတော်ကောင်းယောင်ဆောင်နေတာ၊ မင်းကိုယ်စောင့်နတ်တွေက သိတယ်၊ ဘေးကတောစောင့်နတ် တောင်စောင့်နတ်တွေကကော (သိပါတယ်ဘုရား)၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကကော (သိပါတယ်ဘုရား)။

အဲဒီတော့ ဘေးက လောကကြီးက မင်းကို အကုန်သိနေတယ်၊ မင်းမရှက်ဘူးလား၊ မင်းမကြောက်ဘူးလား၊ မင်းဟာက စားစရာမရှိလို့ တရားအားထုတ်တာလဲမဟုတ်ဘူး၊ ဝတ်စရာမရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘဲနဲ့ သံသရာကြီးမှ ထွက်ချင်လို့ အားထုတ်တယ်ဆိုပြီးသကာလ မင်းလာတဲ့စိတ်တွေက အခုလောဘစိတ် ဒေါသစိတ် မောဟ စိတ်တွေက မင်းမှာလာလာနေတယ်။ အဲဒီတော့ မင်းကသာ မသိဘူးထင်နေတယ်၊ မင်းကိုယ်စောင့်နတ်ကစပြီး မင်း အရူးလုပ်နေတာသိတယ် (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

ကိုယ်စောင့်နတ်က မသိပေဘူးလား (သိပါတယ်ဘုရား) ဒီနားမှာရှိတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်၊ အိမ်စောင့်နတ်တွေကော (သိပါတယ်ဘုရား)၊ တိုက်စောင့်နတ်ကကော (သိပါတယ်ဘုရား)၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ ကကော (သိပါတယ်ဘုရား)။

အဲဒီတော့ မင်းမရှက်ဘူးလား၊ မင်း လောကကြီးရှက်ပါဦး ရှက်ပြီး မင်းကြိုးစားလိုက်ပါ၊ ဒါတွေမလာစေနဲ့ (မှန်ပါ့ဘုရား)၊ ဒါက ဘယ့်နှယ်ကြောင့် ဘုရားက မှာရသတုန်းဆိုတော့ တရားအားထုတ်မှ အဖျက်သမားတွေက လာတတ်တယ် (မှန်ပါ့ဘုရား) ဒါဟာ ကိလေသာ မာရ်နတ်တွေလို့ဟောလိုက်တာပဲ (မှန်ပါ့ဘုရား)၊ သဘောကျပါလား (ကျပါပြီဘုရား)။ ဘာတွေလဲ (ကိလေသာမာရ်နတ်တွေပါဘုရား)၊ ကိလေသာမာရ်နတ်တွေတဲ့ ဒကာ ဒကာမတို့၊ သဘော ပေါက်ကြပါလား (ပါ,ပါပြီဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ တရားအားထုတ်ရင်းမတ္တနဲ့ အိမ်ပြန်ချင်တဲ့စိတ်ကလေးလာလိုက်တယ်၊ ဟုတ် လား စိတ်မချတဲ့ စိတ်ကလေးလာလိုက်တယ်၊ အရောင်းအဝယ် စိတ်ကလေးက ကြားထိုး ဝင်လိုက်တယ်ဆိုရင် ကိုယ့် ကိုယ်ကို မင်းမရှက်ဘူးလားမေးပါ (မှန်ပါ့ဘုရား)။

မမေးသင့်ဘူးလား (မေးသင့်ပါတယ်ဘုရား)၊ မင်းမရှက်ဘူးလား၊ မင်းကိုယ်စောင့်နတ်ကလဲ မင်းဟာ ဟန်လုပ် နေတယ်၊ သူတော်ကောင်းယောင် လုပ်နေတယ်ဆိုတာ မင်းကိုသိတယ် (မှန်ပါ့ဘုရား)၊ ဒီနားမှာရှိတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်၊ သစ်ပင်စောင့်နတ်တွေကော (သိပါတယ်ဘုရား)။

အဲဒီတော့ လောကကြီးလဲ မင်းမရှက်ဘူး၊ မင်းက တရားအားထုတ်တဲ့ပုံသဏ္ဍာန် ဟန်ပန်နဲ့နေပြီး မင်းစိတ် တွေကတော့ဖြင့် မဟုတ်တာတွေချည်း လာနေတယ်၊ လောကကြီးကိုလဲ မင်းကမရှက်ပဲကိုးလို့၊ ကိုယ့်ကိုယ်ကိုဆုံးမ,ပါ (မှန်လှပါဘုရား)၊ ဆုံးမပြီးသကာလ ရှက်တဲ့အခါကျတော့မှ ကဲ ပိုဝီရိယစိုက်လိုက် (မှန်ပါ့ဘုရား)။

ဒီလိုဆိုလို့ရှိရင်လဲ လာတဲ့စိတ်တွေကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ ရွာစောင့်နတ်တွေက မြင်မှာ၊ သူတော်ကောင်းတွေက မြင်မှာ။ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေက သိမှာစိုးတဲ့အတွက် ရှက်ပြီး ဝီရိယပိုကြိုးစားလိုက်ရင်လဲ တရားဟောရပါတယ် (မှန်ပါ့ဘုရား)၊ ဘယ်နှစ်ချက်ရှိသွားပြီလဲ (နှစ်ချက်ရှိသွားပါပြီဘုရား)၊ ဒါက လောက အဓိပတိ ထားတာ (မှန်ပါ့ဘုရား)။

(၃) တရားတော်ကို အဓိပတိထား၍ တရားအားထုတ်ခြင်း

ကိုင်း – အခု ၃ နံပါတ်ကို ဒကာ ဒကာမတွေ ပြောပါဦးမယ်နော်၊ ၃ နံပါတ်က ဘာပါလိမ့်ဆိုတော့ ဘုရားက ‘သွာက္ခာတော ဘဂဝတာ ဓမ္မော’ ဘဂဝတာ၊ မြတ်စွာဘုရားသခင်သည်။ ဓမ္မော၊ တရားကို။ သွာက္ခာတော၊ ကောင်းစွာ ဟောထားတာ၊ မင်းခန္ဓာကိုယ်ထဲအနိစ္စရှိတယ်လို့ ဟောမထားဘူးလား (ဟောထားပါတယ်ဘုရား)။

အဲဒီတော့ မင်းက အနိစ္စတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အနိစ္စတွေရှိပါတယ်လို့ ‘သွာက္ခာတော ဘဂဝတာ ဓမ္မော’ ဘုရားက ကောင်းစွာဟောထားတဲ့တရား၊ တကယ်ရှိလို့ တကယ်သိပြီး ဟောထားတဲ့တရား (မှန်ပါ့ဘုရား)။

ဦးခင်မောင်ရေ တကယ်ရှိသလား (တကယ်ရှိပါတယ်ဘုရား)၊ တကယ်ရှိလို့ တကယ်သိပြီးဟောထားတဲ့တရား သန္ဒိဋ္ဌိကော၊ မင်းကိုယ်တိုင် မြင်ရမည့်တရား။ အကာလိကော အခါမလင့် အကျိုးပေးမည့်တရား (မှန်ပါ့ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

အဲဒါတွေ ဧကန်တကယ် ဘုရားဟော တရားဟောတွေ မင်းက တရားအားထုတ်သလိုလိုနဲ့ မင်းမမြင်ဘူး ဆိုလို့ရှိရင် မင်းတရားပြောတာ မင်းက တလွဲလုပ်နေတာလား၊ ဘုရားကကိုယ်တိုင်မြင်ရမယ်ဆိုတော့ မင်းကဖြစ်ပျက်တွေ မမြင်တော့ မင်းဟာ ဘုရားဟော တရားတော်ကို အလေးအမြတ်မပြုလို့ မင်းဖြစ်နေတာ (မှန်ပါ့ဘုရား)။

အကာလိကော၊ အခါမလင့် အကျိုးပေးရမယ်ဆိုတာ ကိလေသာရန်သူတွေ မလာရဘူးလို့ဆိုထားတာ မင်းက နေရာမကျလို့ လာနေတာ (မှန်ပါ့ဘုရား)။

အဲဒီတော့ တရားတော်ကို လေးစားပြီးသကာလ တရားကကောင်းစွာဟောတော်မူတဲ့တရား၊ ကိုယ်တိုင်မြင်ရ မည့်တရား၊ အခါမလင့် အကျိုးပေးရမည့်တရားကို မင်းက မမြင်ဘူးလို့ဆိုတော့ မင်းကိုက တရားကိုလာဖျက်နေတာ၊ တရားကို မင်းသေသေချာချာ ကြည်ညိုလေးစားတဲ့သဘော၊ ယုံကြည်တဲ့ သဘောမရှိသောကြောင့် မင်းဖြစ်ပျက်တွေ မမြင်တာ (မှန်ပါ့ဘုရား)။

ဘယ်သူ့ ဆုံးမရမယ် (ကိုယ့်ကိုယ်ကို ဆုံးမရယ်) ကိုယ့်ကိုယ်ကို တရားဂုဏ်တော်ကို ကိုးစားပြီး သကာလ ကိုယ့်ကိုယ်ကို ဝီရိယပြင်းထန်အောင်လုပ်ပါ (မှန်ပါ့ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

၁ – နံပါတ်က ဘယ်သူ့အဓိပတိထားရမယ်

(မိမိကိုယ်ကို အဓိပတိထားရမယ်)၊

၂ – နံပါတ်က ဘယ်သူ့ အဓိပတိထားရမယ်

(လောကကို အဓိပတိထားရမယ်)။

လောကကြီးကို ရှက်စရာ ကြောက်စရာတွေ မိမိသန္တာန်မှာဖြစ်နေလို့ရှိရင် လောကကြီးကို မင်းမရှက်ဘူးလား ဆိုပြီး လောကကိုအဓိပတိထားပြီး ကြိုးစားပါ (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

ဒီဟာက ဓမ္မတွေကို အဓိပတိထားပြီး ကြိုးစားရမယ်၊ ဓမ္မဆိုတာ ကောင်းစွာဟောထားတာ၊ ကိုယ်တိုင်မြင်ရမယ် လို့ပြောတယ်၊ အခါမလင့် အကျိုးပေးရမယ်လို့ ဟောတယ်။

ဒီလိုဟောထားပါလျက်သားနဲ့ မင်းက မမြင်ဘူးဆိုတော့ မင်း – ဓမ္မကို မလေးမစားလို့ မင်းမမြင်တာပဲ (မှန်ပါ့ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဓမ္မကို မလေးစားလို့မှ မမြင်တာပါဘုရား)။

ဓမ္မကို မလေးစားလို့၊ ဓမ္မကို မင်း အဓိပတိမထားလို့ မင်း မမြင်တာပဲဆိုပြီး ဓမ္မဟာ မြင်ထိုက်တဲ့တရား ဖြစ်သောကြောင့် ဘုရားတောင်မှ ကောင်းစွာ ဟောထားတဲ့တရား၊ ကိုယ်တိုင်မြင်ရမယ်လို့ ဟောထားတဲ့တရား၊ အခါ မလင့် အကျိုးပေးရမယ်လို့ ဟောထားတဲ့တရားကို မင်းကမမြင်တာပဲ (မှန်ပါ့ဘုရား)၊ ရှင်းပြီလား-(ရှင်းပါပြီဘုရား)။

ဤကဲ့သို့ စိတ်ထဲမှာ ဝီရိယပြင်းထန်ပြီး ကြိုးစားလိုက်မယ်ဆိုရင် ဖြစ်ပျက်ဓမ္မတွေ မြင်ပါလိမ့်မယ် (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ သဘောပါပြီလား (ပါ,ပါပြီဘုရား)။

ဖြစ်ပျက်ဓမ္မတွေ မမြင်ခြင်း၏အကြောင်း

ဒါဖြင့် ဖြစ်ပျက်ဓမ္မတွေ မမြင်ခြင်း၏အကြောင်း ဘယ်နှစ်ကြောင်းပါလိမ့် (သုံးကြောင်းပါဘုရား)၊ သုံးကြောင်း ဆိုတာ သဘောကျပြီလား (ကျပါပြီဘုရား)။

ကိုယ့်ကိုကို အဓိပတိမထားလို့လဲ (ဖြစ်ပျက်ဓမ္မ မမြင်ပါဘုရား)၊ လောကကြီး မရှက်မကြောက်သောကြောင့်လဲ (ဖြစ်ပျက်ဓမ္မမမြင်ပါ)၊ တရား၏ဂုဏ်တော်ကို မလေးစားသောကြောင့်လဲ (မမြင်ပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီလိုလုပ်ကြစို့နော်၊ ကိုယ့်ကိုယ်ကို အဓိပတိထားလို့လဲ တရားအားထုတ်ပါ (မှန်ပါ့ဘုရား)။

လောကကြီး ရှက်ကြောက်ပြီး သကာလလဲ-(တရားအားထုတ်ပါဘုရား)။

တရားဂုဏ်တော်ကို လေးစားပြီး သကာလလဲ (တရားအားထုတ်ပါဘုရား)။

ဒီလို အားထုတ်လို့ရှိရင် ဒကာဝ,ရေ သေသေချာချာရမယ်လို့ တိကနိပါတ် အင်္ဂုတ္တိုရ်မှာ လာတယ် (မှန်ပါ့ဘုရား)၊ ပေါ်ကြပြီလား-(ပေါ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ ဒီမှာ ဘယ်နှယ့်ကြောင့် ဘုရားကလဲဟော၊ ဆရာဘုန်းကြီးကလဲဟော၊ ခန္ဓာကိုယ်ထဲမှာ အနိစ္စတွေ ရှိတယ်လို့ဟောထားတော့ အနိစ္စမမြင်ပါဘူးဆိုလို့ရင်ဖြင့် ကိုယ့်ကိုယ်လဲ အဓိပတိမထားလို့-(မှန်ပါ့ဘုရား)၊ ရှင်းပြီနော်-(ရှင်းပါပြီဘုရား)၊ လောကကြီးလဲ-(အဓိပတိမထားလို့)၊ တရားဂုဏ်တော်တွေလဲ (အဓိပတိမထားလိုပါ ဘုရား)။

အဓိပတိမထားလို့ မမြင်တာဆိုတာ သေချာကြပြီလား-(သေချာပါပြီဘုရား)၊ ကိုင်း-ဒါဖြင့် အဓိပတိထားရင် ဘယ့်နှယ်တုန်း – (မြင်ရမှာပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ ဘုန်းကြီးကဆုံးမတယ်၊ ဘုရားကိုယ်တော်မြတ်ကြီးကလဲ ပရိနိဗ္ဗာန် စံသွားတော့ ဓမ္မက္ခန္ဓာတွေက ဆရာတွေဖြစ်နေလို့ ဓမ္မက္ခန္ဓာတွေက သူ့စာအုပ်ထဲမှာ သူနေပြန်တော့လဲ သူကလဲလာပြီး မဆုံးမဘူးနော် (မှန်ပါ့ဘုရား)။

အနိစ္စရှိလျက်နဲ့ အနိစ္စမသိတာ

အဲဒီ ဓမ္မက္ခန္ဓာတွေ ဘုန်းကြီးကများ ကြည့်ပြီးသကာလ တစ်ခါဆုံးမရပြန်တော့ အနိစ္စမရှိလို့ အနိစ္စမသိတာ လား၊ အနိစ္စရှိလျက်နဲ့ အနိစ္စမသိကြတာလား (အနိစ္စရှိလျက်နဲ့ အနိစ္စမသိတာပါဘုရား)။

အဲဒီသုံးချက်လိုနေတယ်၊ ကိုယ့်ကိုယ်ကို အဓိပတိထား၍ တရားအားမထုတ်သောကြောင့် လည်းကောင်း၊ လောကကြီးကို အဓိပတိထား၍-(တရားအားမထုတ်သောကြောင့်လည်းကောင်း)၊ တရားဂုဏ်တော်ကို အဓိပတိထား၍- (တရားအားမထုတ်သောကြောင့်လည်းကောင်း)၊ မမြင်ရတာဆိုတာ သေချာကြပြီလား (သေချာပါပြီဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အဓိပတိ ဘယ်နှစ်ပါးထားပြီး ကြိုးစားရမယ် (သုံးပါးထားပြီး ကြိုးစား ရပါမယ်ဘုရား)။

၁-နံပါတ် ပြန်ပြောလိုက်ပါသည်၊ ငါသည်စားစရာ မရှိလို့၊ ဝတ်စရာမရှိလို့၊ နေစရာမရှိလို့၊ ဆေးဝါးမရှိလို့ တရားအားထုတ်သည်မဟုတ်၊ လောကကြီး အိုဘေး၊ နာဘေး၊ သေဘေး လွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ အရယူချင်လို့ တရားအားထုတ်တာဆိုပြီးသကာလ အဲဒီလိုတစ်ခါတည်း စိတ်ထဲမှာ ပိုင်းပိုင်းခြားခြားနဲ့ ကိုယ့်ကိုယ်ကို အဓိပတိထားပြီး ကြိုးစားလိုက်လို့ရှိရင် ရ,ရမယ် (မှန်ပါ့ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

လောကကြီးထဲမှာလဲ မင်းတရားသာ ကြိုးစား၊ ဒီပြင် စိတ်တွေဝင်လာရင် မင်းရှက်စရာကြီး, ကြောက်စရာကြီး။ မင်းကသာ သူများမသိဘူးထင်နေတယ်၊ မင်း ကိုယ်စောင့်နတ်တွေက စ,ပြီး မင်းကိုသိတယ် (မှန်ပါ့)၊ တောစောင့်နတ် တောင်စောင့်နတ်တွေကကော (သိပါတယ်ဘုရား)၊ မင်းမကောင်းတဲ့စိတ်တွေ ဝင်နေတယ်ဆိုတာသိတယ် (မှန်ပါ့)။ အဲဒါတွေ ရှက်ကြောက်ပြီးသကာလ ကဲ ဒါတွေလဲ ရှက်စရာကြီး ကြောက်စရာကြီးဆိုပြီး ဝီရိယ ပြင်းထန်ပြီး ကြိုးစားလိုက်ရင်လဲ ဖြစ်ပျက်မြင်ပါလိမ့်မယ် (မှန်ပါ့ဘုရား)။ သဘောကျပြီလား (ကျပါပြီဘုရား)။

တရားဂုဏ်တော်ကလဲ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားကို၊ သွာက္ခာတော၊ ကောင်းစွာဟောထားတာ၊ မင်းလက်ထဲကျမှ မကောင်းဖြစ်နေတာ (မှန်ပါ့ဘုရား)၊ မင်း တရားတော် မလေးစားတဲ့အတွက် သန္ဒိဋ္ဌိကော၊ ကိုယ်တိုင်မြင်ရမယ်လို့ကော မဟောဘူးလား (ဟောပါတယ်)၊ အကာလိကော၊ အခါမလင့် အကျိုးပေးရမယ်လို့ကော (ဟောပါတယ်ဘုရား)။

အဲဒီလိုဟောထားတဲ့ ဘုရားစကားတွေ၊ မင်းကဖျက်နေတာလားလို့ မေးကြည့်စမ်း (မှန်ပါ့ဘုရား)။

ဝီရိယစိုက်လိုက်

အဲဒီတော့ တရားတော်ကလဲ မှန်ပါပေတယ်၊ ဘုရားကိုလဲ ကြည်ညိုပါတယ်၊ တရားကိုလဲ လေးစားပါတယ်ဆိုပြီး သကာလ တရားအဓိပတိထားပြီး မြင်ရမည့်တရားမို့ မြင်အောင်လုပ်မဟဆိုပြီး ဝီရိယစိုက်လိုက် (မှန်လှပါဘုရား)။

ဘာဖြစ်လာမယ်ထင်သတုန်း (ဖြစ်ပျက်မြင်လာပါမယ်ဘုရား)၊ မြင်တဲ့ဉာဏ်ကလေး ပေါ်လာလိမ့်မယ်နော် (မှန်ပါ့)၊ ဒါဖြင့် အဓိပတိ ဘယ်နှစ်ပါးထားပြီး ကြိုးစားရမလဲ (သုံးပါးထားပြီး ကြိုးစားရပါမယ်ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပါယ်လေးပါး၊ အိုဘေး၊ နာဘေး၊ သေဘေးတွေကို တကယ်တမ်းရွံ၊ တကယ်တမ်းမုန်း၊ တကယ်တမ်းကြောက်လို့ရှိရင် အဓိပတိသုံးပါးကို ဒကာ ဒကာမတို့၊ တစ်ပါးပါးထားပြီး ကြိုးစား၊ ဦးခင်မောင် သေသေချာချာရတယ် (မှန်လှပါဘုရား)။

ကိုမြရွှေ တို့၊ ဦးဇံရင် တို့ အဓိပတိ ဘယ်နှစ်ပါးပါလိမ့် (သုံးပါးပါဘုရား)၊ မိမိကိုယ်ကို အဓိပတိထား၍ ‘တရားအားထုတ်ရခြင်း၊’ လောကကြီးကို အဓိပတိထား၍ ‘တရားအားထုတ်ရခြင်း’ တရားဂုဏ်တော်ကို အဓိပတိထား၍ ‘တရားအားထုတ်ရခြင်း’ ဒီအားထုတ်ခြင်းသုံးမျိုး တစ်ခုခုနဲ့ အားထုတ်ရင် (ရပါတယ်ဘုရား)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရမရှိပါဘူးတဲ့ (မှန်ပါ့)၊ သဘောပါကြပြီလား (ပါ,ပါပြီဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လိုတာဖြည့်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

လိုတာဖြည့်တဲ့တရား

ဘာတရားပါလိမ့် အခုဟာ (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရတဲ့တရားပါဘုရား)၊ လိုတာဖြည့်တဲ့တရားဆိုတာ ကောင်းကောင်း သဘောကျပြီလား (ကျပါပြီ)။

ကဲ ၁-နံပါတ်ကဘာတဲ့ (မိမိကိုယ်ကို အဓိပတိထားရပါမယ်)၊ ၂-နံပါတ်က (လောကကြီးကို အဓိပတိထား ရပါမယ်)၊ ၃-နံပါတ်က (တရားဂုဏ်တော်ကို အဓိပတိထားရပါမယ်)၊ နေရာကျပြီ ဦးခင်မောင်ရေ နေရာကျပြီ၊ တစ်ခုခုက လိုနေလို့ရှိရင်လဲ ဒကာ ဒကာမတို့၊ ဖြည့်ပေးကြပါ-(မှန်ပါ့)၊ ဖြည့်ပေးစမ်းပါဆိုတာကို တိုက်တွန်းပါတယ်နော် (မှန်ပါ့ဘုရား)။

ဘုရားကတော့ဖြင့် ဒီသုံးခု တစ်ခုခု အဓိပတိထားပြီး ကြိုးစားရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရ, ရမယ်ကွတဲ့၊ သေသေချာချာဟောပါတယ်-(မှန်ပါ့ဘုရား)၊ ရှင်းပြီလား-(ရှင်းပါပြီ)။ ကောင်းပြီ၊ ဒါဖြင့် ဒီသုံးပါးနဲ့ ကြိုးစားကြပါစို့ ဆိုတဲ့ဥစ္စာ ဦးခင်မောင်ရေ (ဒီသုံးပါးကို အဓိကထားပြီးသကာလ ကျုပ်တို့ကြိုးစားကြစို့ (မှန်ပါ့ဘုရား)။

(၁)-နံပါတ်က ဝိပဿနာဉာဏ်

ကြိုးစားကြစို့ဆိုတော့ လွယ်ပါတယ် ဒကာ ဒကာမတို့၊ ကြိုးစားဖို့ရာ အချက်က ၁-နံပါတ်က ဝိပဿနာဉာဏ်၊ ၂-နံပါတ်က မဂ်ဉာဏ်၊ ၁-နံပါတ်အားထုတ်ရင် ၂-နံပါတ်အလိုလိုပြီးမယ် (မှန်လှပါဘုရား)။

၁-နံပါတ် ဝိပဿနာဉာဏ်အားထုတ်ရင် (၂-နံပါတ်အလိုလိုပြီးပါတယ်)၊ ၂-နံပတ်မဂ်ဉာဏ်ဟာ အလိုလိုပြီးမယ် (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

၁-နံပါတ်ကဘာပါလိမ့် (ဝိပဿနာဉာဏ်ပါဘုရား)၊ ၂-နံပါတ်က (မဂ်ဉာဏ်ပါဘုရား)၊ အဲဒီ နှစ်ဉာဏ်နဲ့ကြိုးစား စမ်းပါလို့ဆိုတာ သေသေချာချာဟောတယ်နော် (မှန်ပါ့)၊ ၁-နံပါတ် ဝိပဿနာဉာဏ်က ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါး (မှန်ပါ့)၊ ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါဘုရား)၊ မဂ္ဂင်ငါးပါးဟာ ကိုယ်ပိုင်ရပြီလို့ အောက်မေ့ပါ (မှန်လှပါ)၊ ဖြစ်ပျက်သာ မြင်လို့ရှိရင် (မဂ္ဂင်ငါးပါး ကိုယ်ပိုင်ရပါပြီဘုရား)။

မဂ္ဂင်ငါးပါး ကိုယ့်အထဲပေါ်လို့ မြင်တာနော် (မှန်ပါ့ဘုရား)၊ နို့မို့ရှိရင် မြင်ကိုမမြင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဖြစ်ပျက်ဆုံးသွားတာကို ဆုံးသွားပြီဆိုလို့ရှိရင် ဒကာ ဒကာမတို့ သောတာပတ္တိမဂ်ကိုရပြီလို့ အောက်မေ့ပါတော့။ မဂ္ဂင်ရှစ်ပါးရပြီ (မှန်ပါ)၊ သောတပတ္တိမဂ်ဆိုတာ မဂ္ဂင်ရှစ်ပါး (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

(၁)-နံပါတ်က ဖြစ်ပျက်ကိုမြင်တယ်

ဒါဖြင့် ၁-နံပါတ်က ဖြစ်ပျက်ကိုမြင်တယ်၊ သဘောကျပြီနော် (ကျပါပြီ)၊ ၁-နံပါတ် ဝိပဿနာဉာဏ်က (ဖြစ်ပျက် ကိုမြင်ပါတယ်ဘုရား)၊ ကောင်းပြီ၊ ဒီဟာရင့်ကျက်လာတဲ့အခါကျတော့ကိုတဲ့၊ ၂-နံပါတ် မဂ်ဉာဏ်ပေါ်ပါလိမ့်မယ် (မှန်ပါ့ဘုရား)၊ သူကတော့ဖြစ်ပျက် မမြင်ပဲနဲ့ ဖြစ်ပျက်ဆုံးတာကို မြင်တယ် (မှန်ပါ့ဘုရား)။

ဒါဖြင့် ၁-နံပါတ်က ဘာမြင်သတုန်း (ဖြစ်ပျက်မြင်ပါတယ်ဘုရား)၊ ၁-နံပါတ် ရင့်ကျက်ပြီးသကာလ လာတဲ့အခါ ကျတော့ ၂-နံပါတ်မဂ်ဉာဏ်မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား)၊ သူကဘာမြင်ပါလိမ့် ဖြစ်ပျက်ဆုံးတာမြင်ပါတယ် ဘုရား)၊ ဖြစ်ပျက်ဆုံးတာကိုမြင်တယ်၊ ဖြစ်ပျက်ဆုံးတယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ် နိဗ္ဗာန်ပဲလို့ (မှန်ပါ့ဘုရား)၊ ဖြစ်ပျက်ဆုံးတာသည် (နိဗ္ဗာန်ပါဘုရား)၊ နိဗ္ဗာန်ပဲသေသေချာချာမှတ်ပါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒါဖြင့် နိဗ္ဗာန်က နှစ်ဉာဏ်နဲ့ ရောက်ပါသလား (မှန်ပါ့ဘုရား)။

နိဗ္ဗာန်သည်- (နှစ်ဉာဏ်နဲ့ရောက်ပါတယ်ဘုရား)၊ ၁-နံပါတ်က မိမိခန္ဓာကြီးကို ကြည့်လိုက်တယ်၊ ဝေဒနာကြည့် လိုက်လဲ ဝေဒနာဖြစ်ပျက်မြင်တယ်၊ စိတ်ကြည့်လိုက်လဲ စိတ်ဖြစ်ပျက်မြင်တယ်၊ ရုပ်ကြည့်လိုက်လဲ ရုပ်ဖြစ်ပျက်မြင်တယ်၊ မြင်ချင်တာမြင် ဒီ၁-နံပါတ်ဉာဏ်ကတော့ ဖြစ်ပျက်ချည်းမြင်တယ် (မှန်လှပါဘုရား)။

ဖြစ်ပျက်မြင်ရင် အဓိပတိသုံးပါးနဲ့ညီလို့

၁-နံပါတ်ဉာဏ်ကတော့ ဘာချည်းမြင်သတုန်း (ဖြစ်ပျက်ချည်းမြင်ပါတယ်ဘုရား)၊ ဖြစ်ပျက်မြင်လို့ရှိရင်လဲ ဒကာ ဒကာမတွေက အခုနက အဓိပတိသုံးပါးနဲ့ညီလို့ မြင်တာလို့မှတ်လိုက် (မှန်ပါ့ဘုရား)၊ အဓိပတိသုံးပါးနဲ့ ညီလို့နော် (မှန်ပါ့ဘုရား)။

ကဲ ဒါဖြင့် ဖြစ်ပျက်ကိုမြင်လို့ရှိရင် အဓိပတိသုံးပါး တစ်ပါးပါးနဲ့ မညီသေးဘူးလား (ညီပါတယ်ဘုရား)၊ ဒါဖြင့် ၁-နံပါတ်ဉာဏ်သည် ဒကာ ဒကာမတို့၊ ဘာကိုမြင်ပါလိမ့် (ဖြစ်ပျက်ကိုမြင်ပါတယ်ဘုရား)

ခန္ဓာကိုယ်ထဲမှာ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ စိတ်ကလေးပေါ်လိုက် ပျက်သွားလိုက်၊ စိတ်ကလေး ပေါ်လိုက် ပျက်သွားလိုက်၊ စိတ်ကလေးပေါ်လာလိုက်၊ ပျက်သွားလိုက် အဲဒီဖြစ်ပျက်မြင်တာသည် ၁-နံပါတ်ဉာဏ်-(မှန်လှပါဘုရား)၊ ဒီဉာဏ်ရင့်လာတဲ့ အခါကျတော့၊ ဖြစ်ပျက်တွေ မြင်ဖန်များလာတော့ ဒကာ ဒကာမတို့၊ ဖြစ်ပျက်ကလေး ဟာ ဆတ်ခနဲရှုရင်းမတ္တ ပျောက်သွားတတ်တယ် (မှန်ပါ့ဘုရား)၊ ဒါဖြင့်ဖြစ်ပျက်ကလေးဆုံးမသွားဘူးလား-(ဆုံးသွားပါ တယ်ဘုရား)၊

ဒါ သောတာပတ္တိမဂ်ဉာဏ်

ဆုံးသွားတဲ့ဥစ္စာကို ဟောဒီဆုံးသွားလို့ရှိရင် ဒီဉာဏ်လာလို့ ဒီဉာဏ်က အဆုံးကိုမြင်တာပဲ (မှန်ပါ့ဘုရား)၊ ဒါ သောတာပတ္တိမဂ်ဉာဏ်ခေါ်တယ် (မှန်ပါ့ဘုရား)၊ အပါယ်လေးပါးတံခါးပိတ်တဲ့ဉာဏ်-(မှန်ပါ့)၊ သဘောကျပြီလား-(ကျပါပြီ)၊ အပါယ်လေးပါး တံခါးပိတ်တဲ့ဉာဏ် ဘာမြင်ပါလိမ့် (ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ ဖြစ်ပျက်အဆုံးကို မြင်တယ် (မှန်ပါ့)။

သေသေချာချာမှတ်ပါ၊ အပါယ်လေးပါး တံခါးပိတ်တဲ့ဉာဏ်ကဘာမြင်ပါလိမ့်- (ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်မြင်ပါ တယ်)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်က ဘယ်နှစ်ဉာဏ်ရှိပါလိမ့် (နှစ်ဉာဏ်ပါဘုရား)၊ ဖြစ်ပျက်မြင်တာက တစ်ဉာဏ် (မှန်ပါ့)၊ ဦးခင်မောင်-(မှန်လှပါဘုရား)၊ ဖြစ်ပျက်တွေရှုရင်းမတ္တနဲ့ ပျောက်ဆုံးသွားပြီး နှစ်မိနစ် သုံးမိနစ် ငါးမိနစ်ကျအောင် ဖြစ်ပျက်တွေဆုံးသွားတာ မြင်တဲ့ဉာဏ်ဟာ ဘာဉာဏ်တုန်း (မဂ်ဉာဏ်ပါဘုရား)၊ ဒါဖြင့် ရှေ့မဂ်ဉာဏ်၊ ဒါကနောက်မဂ်ဉာဏ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

ရှေ့မဂ်ဉာဏ်က ဖြစ်ပျက်ကိုမြင်တယ် (မှန်ပါ့)၊ နောက်မဂ်ဉာဏ်က (ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်မြင်ပါတယ်)၊ ဖြစ်ပျက်အဆုံးကိုတော့မြင်တယ် (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့၊ အားမလျှော့နဲ့၊ ဘုန်းကြီးသည် ကားလို့ဆိုရင် အားလုံးသယ်ယူပို့ဆောင်ပြီး တင်ပို့နေတယ်၊ အပါယ်လေးပါမှ လွတ်ဖို့အရေး၊ သံသရာစခန်း သတ်ဖို့ရာအရေးကို ဦးမြရွှေ တို့ ဦးဇံရင် တို့၊ ကယ်တင်နေတယ်နော် (မှန်လှပါ)။

အဲဒီတော့ ဒီနှစ်ဉာဏ်နဲ့သာလုပ်ပါ။ ၁-နံပါတ်က ဘာမြင်တဲ့ဉာဏ်ပါလိမ့် (ဖြစ်ပျက်မြင်တဲ့ဉာဏ်ပါဘုရား)။

သူရင့်ကျက်လာလို့ရှိရင် ၂-နံပါတ်ဉာဏ်ဖြစ်ပါလိမ့်မယ်တဲ့-(မှန်ပါ့)၊ သူကဘာမြင်ပါလိမ့် (ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်မြင်ပါတယ်)၊ ဖြစ်ပျက်အဆုံးမှာဘာပါလိမ့် (နိဗ္ဗာန်ပါဘုရား)။

နိဗ္ဗာန်ဝေးသလား၊ နီးသလား

ဪ ဦးခင်မောင် နိဗ္ဗာန်ဝေးသလား၊ နီးသလား-(နီးပါတယ်ဘုရား)။

ဒကာဝ နီးတယ်နော်-(မှန်ပါ့)၊ နီးလျက်သားနဲ့ ဘယ်နှယ့်ကြောင့် ဝေးနေကြပါလိမ့်မတုန်းလို့ ဘုန်းကြီးတို့ ဒကာဒ ကာမတွေ မေးလို့ရှိရင်ဖြင့် ခုနကအဓိပတိသုံးပါး တစ်ပါးပါးလိုနေတယ် (မှန်လှပါဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဦးဘအုန်း ဘာလိုပါလိမ့်ဗျာ-(အဓိပတိသုံးပါး တစ်ပါးပါးလိုပါတယ်ဘုရား)။

အဲ-တစ်ပါးပါးနဲ့သာ ကြိုးစားလို့ရှိရင် သွာက္ခာတော ဘဂဝတာဓမ္မော သန္ဒိဋ္ဌိကော မြတ်စွာဘုရားက အနိစ္စရှိ တယ်လို့ ဟောထားတယ်၊ ခန္ဓာကိုယ်ထဲမှာ (မှန်ပါ့ဘုရား)။

မင်းတို့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အနိစ္စချည်းပဲလို့ ဒကာဝ မဟောဘူးလား (ဟောပါတယ်ဘုရား)၊ ဦးခင်မောင် မဟောဘူးလား (ဟောပါတယ်ဘုရား)။

ဒါ ဘယ်သူကဟောတာတုံး (ဘုရားကဟောတာပါ)။

အဲ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ ဘဂဝတော၊ မြတ်စွာဘုရားသခင်သည်။ ဓမ္မော၊ တရားတော်ကို၊ သွာက္ခာတော၊ ဖြစ်ပျက်ရှိတယ်လို့ ကောင်းစွာဟောထားတယ် (မှန်ပါ့)။ မဟောဘူးလား (ဟောပါတယ်ဘုရား)။

အဲဒီလို ဟောထားတာကို ဒကာ ဒကာမတွေက တရားတော် မယုံတဲ့အတွက် မမြင်တာဘဲ (မှန်ပါ့ဘုရား)။

ဪ ကောင်းစွာ ဟောထားတဲ့တရား ငါအကြည့်ညံ့လို့သာ မမြင်တာဖြစ်ရမယ်ဆိုပြီးသကာလ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင် ကြည့်မယ်ဆိုပြီး ဝီရိယသာ စိုက်ကြည့်လိုက်လို့ရှိရင် ၁-နံပါတ် မဂ်ရ-ရမယ်-(မှန်ပါ့)၊ မရပေဘူးလား (ရပါတယ်ဘုရား)။

ဘယ်မဂ်ရကြမယ် (၁-နံပါတ် မဂ်ရပါမယ်)၊ ၁-နံပါတ်မဂ်ရရမယ် (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘာမှမပူနဲ့တဲ့ ဖြစ်ပျက်ဆိုတဲ့ဥစ္စာ အနိစ္စ ရှိတာကြည့်ရတာလား၊ မရှိတာ ကြည့်ရတာ လား (ရှိတာကြည့်ရတာပါဘုရား)။

ရှိတယ်ကြည့်ရင် ရှိတာတော့ဖြင့် သိမှာပေါ့ (မှန်ပါ့)။

ဒါဖြင့်ရှိတာက အနိစ္စ၊ သိတာက ဝိပဿနာမဂ္ဂ (မှန်ပါ့)။

ရှိတာက-(အနိစ္စပါ)၊ သိတာက (ဝိပဿနာမဂ္ဂပါ)။

ဒါရင့်အောင်လုပ်လိုက်ပါ

အဲဒါရင့်အောင်လုပ်လိုက် ဒကာ ဒကာမတွေ၊ ဒါရင့်အောင်လုပ်လိုက်၊ ဒါရင့်အောင်လုပ်လိုက်ပါတဲ့။

ဒါ ရင့်အောင်လုပ်ဆိုတော့ ဘယ်လိုလုပ်ရမှာတုန်း ဘုရားပြောစမ်းပါဦး၊ အို ဘုန်းကြီးတို့ ဒကာ ဒကာမတို့၊ ဒါရင့်အောင်လုပ်တဲ့ဥစ္စာ ဒါကိုဖြစ်ပျက် ဖြစ်ပျက်နဲ့ ဖြစ်ပျက်နဲ့ ဒီမဂ်နဲ့သာ မြင်နေအောင်၊ ကိုက်နေအောင် လုပ်လို့ရှိရင် သူ့ဟာသူရင့်လာတာပဲ (မှန်လှပါဘုရား)။

မြင်ဖန်များတော့ ဘာဖြစ်လာတာလဲ (သူ့ဟာသူရင့်လာပါတယ်ဘုရား)။

သူ့ဟာသူ ရင့်လာတဲ့အခါကျလို့ရှိရင်ဖြင့် ရင့်လာတဲ့အခါကျတော့ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မှန်သွားလိမ့်မယ် (မှန်ပါ့)၊ မှန်သည်နှင့် တစ်ပြိုင်နက်တည်း ဒီဟာက ဆုံးသွားမယ် (မှန်ပါ့)။

အဲဒီအဆုံး ဒီကံလဲ ဆုံးပါရော ဒီမဂ်ပေါ်လာတယ် (မှန်ပါ့)၊ သောတပတ္တိမဂ် ပေါ်လာတယ်၊

ဒကာ ဒကာမတို့၊ ဘာပေါ်လာပါလိမ့် (သောတာပတ္တိမဂ် ပေါ်လာပါတယ်ဘုရား)။

အင်း သူပေါ်လာတော့ ဘာမြင်ပါလိမ့် (နိဗ္ဗာန်မြင်ပါတယ်)၊ ဖြစ်ပျက်အဆုံးကိုမြင်တယ် (မှန်ပါ့)၊ သဘောကျပြီ လား (ကျပါပြီဘုရား)။

ဘာမြင်ပါလိမ့် (ဖြစ်ပျက်အဆုံးမြင်ပါတယ်)၊ ဒါဖြင့်ဖြစ်ပျက်မြင်တာ ဝိပဿနာမဂ် (မှန်ပါ့)၊ ဖြစ်ပျက်အဆုံး မြင်တာက သောတာပတ္တိမဂ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဖြစ်ပျက်မြင်တာက (ဝိပဿနာမဂ်ပါ)၊ ဖြစ်ပျက်အဆုံးမြင်တာက-(သောတပတ္တိမဂ်ပါ)၊ ဒါဖြင့်ဗျာ ဒီနှစ်ဉာဏ် တည်းနဲ့ ဦးခင်မောင် ကြိုးစားလိုက်မယ်ဆိုလို့ရှိရင် မရပေဘူးလား-(ရပါတယ်ဘုရား)။

အကယ်၍ မရခဲ့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခုနက အဓိပတိသုံးပါးရှိတယ် (မှန်ပါ့)၊ တစ်ပါးပါး ချို့နေလို့ (မှန်ပါ့)၊ တစ်ပါးပါးအောင်ရင် မြင်ရမယ် (မှန်ပါ့ဘုရား)။

သုံးပါးစလုံးတောင် မဟုတ်ပါဘူး၊ တစ်ပါးပါးအောင်ရင် (မြင်ရပါတယ်ဘုရား)။

ဪဒါဖြင့် ဒကာ ဒကာမတို့ မြတ်စွာဘုရားကောင်းစွာ ဟောထားတာ ကျုပ်တို့မမြင်တာသည် ကျုပ်တို့ တရားမလေးစားလို့ မမြင်တာ (မှန်လှပါဘုရား)။

ဦးခင်မောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (တရားမလေးစားလို့ မမြင်တာပါဘုရား)။

ဒကာ ဒကာမတွေ ယနေ့ဟောတဲ့တရားသည် ပါဠိတော်လွတ်ပြီး သကာလ၊ ဘုရားဟောတာ လွတ်ပြီးသကာလ ဟောတာမဟုတ်ဘူးနော် (မှန်ပါ့ဘုရား)၊ ဒီနှစ်ဉာဏ်နဲ့ ဟောထားတာက ပါဠိတော်က သုသိမပရိဗိုဇ်မှာ ဦးခင်မောင် သေသေချာချာရှိတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် သုသိမပရိဗိုဇ်ကိုပဲ ရှင်းကြပါစို့၊ ဦးခင်မောင်နော် (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ သုသိမာပရိဗိုဇ်ကို မမေ့ပါနဲ့နော် (မှန်ပါ့ဘုရား)။

သုသိမပရိဗိုဇ်

သုသိမပရိဗိုဇ်က တောထဲက ကြွလာတဲ့ ဝါတွင်းသုံးလပတ်လုံး အားထုတ်ပြီး ရဟန္တာတွေ ဖြစ်ပြီးလာတဲ့ ပုဂ္ဂိုလ်တွေ အရှင်ဘုရားတို့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရတယ်မဟုတ်လားတဲ့၊ အေးရတယ်ကွာ။

ရလို့ရှိရင် ကောင်းကင်ပျံပြီး မြေလျှိုးနိုင်ရဲ့လား၊ သူတစ်ပါး၏ စိတ်ကိုသိပါရဲ့လားတဲ့၊ ဦးခင်မောင် သူဘာတွေ မေးနေတာတုံး (သမထဈာန်မေးနေတာပါ)၊ လိုရင်းဟုတ်ရဲ့လား (မဟုတ်ပါဘုရား)။

အရှင်ဘုရားတို့ နိဗ္ဗာန်မြင်ရဲ့လား မေးလိုက်ရင်လဲ ဟိုး ကိုယ်တော်တွေက မြင်တယ်ပြောမှာပဲ (မှန်လှပါဘုရား)။

ကောင်းကင်ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့လား၊ သူတစ်ပါးစိတ်သိပါရဲ့လား၊ ရေပေါ်ထိုင်လျက်သွားနိုင်ပါရဲ့လား မြေထဲကို ဒီအတိုင်းလျှိုးပြီး သွားနိုင်ပါရဲ့လားဆိုတော့ဘာတွေ မေးနေတာတုန်း (ဈာန်လမ်းမေးတာပါ)။

အဲဒီတော့ ဟို ကိုယ်တော်တွေက ဘယ့်နှယ်ဖြေလိုက်တယ် ဆိုတာကလေး ယနေ့တော့ဖြင့် ဒကာ ဒကာမတို့၊ ကောင်းကောင်းရှင်းပါလိမ့်မယ် (မှန်ပါ့ဘုရား)။

နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရလာတယ်

ဒို့ဟာ ဒီနှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရလာတယ် (မှန်ပါ့)၊ ပေါ်ပြီ-(ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)၊ ဘယ်နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရသလဲ (ဒီနှစ်ဉာဏ်နဲ့နိဗ္ဗာန်ရပါတယ်)၊ ဒီနှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရလာတယ် ဆိုတော့ ဒီနှစ်ဉာဏ်မှာလဲ ပညာပြဋ္ဌာန်းတာပဲ၊ ဒီဘက်ဉာဏ်မှာကော (ပညာပြဋ္ဌာန်းပါတယ်ဘုရား)။

အဲဒါကြောင့် သူတို့က ဖြေလိုက်တယ်၊ ပညာ ဝိမုတ္တာ မယံ သုသိမ တဲ့၊ သုသိမ၊ သုသိမပရိဗိုဇ်။ မယံ၊ ငါတို့သည်၊ ပညာ ဝိမုတ္တာ၊ ပညာနဲ့ နိဗ္ဗာန်ကိုမြင်လာကြ၏။ (သို့မဟုတ်)၊ ကိလေသာမှ လွတ်လာ၏ဆိုတော့ ဒကာ ဒကာမတို့၊ ပညာနဲ့လွတ်လာတာ-(မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ဝိပဿနာပညာ မဂ်ပညာ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။

ဘာနဲ့လွတ်လာတာလဲ (ဝိပဿနာပညာ, မဂ်ပညာနဲ့လွတ်လာတာပါ)၊ ဝိပဿနာပညာ, မဂ်ပညာနဲ့ ကျုပ်တို့ သည် နိဗ္ဗာန်ကိုရောက်ခဲ့ပါတယ်၊ (သို့မဟုတ်) ကိလေသာ ချုပ်ငြိမ်းခဲ့ပါတယ်ဆိုတော့ သူဟာအဖြေမတည့်ဘူးလား (တည့်ပါတယ်ဘုရား)။

သို့သော် ဘာမှ အခံမပါတဲ့ ပုဂ္ဂိုလ် သုသိမပရိဗိုဇ်က တရားအခိုးလာတဲ့လူ၊ သူကနဂိုက ဘာမှရှင်းရှင်းလင်းလင်း ပါခဲ့သူ မဟုတ်တော့ ကျေကျေနပ်နပ်ပဲ ဖြစ်သွားသလား၊ မကျေမနပ်ဖြစ်နေသလား ဦးခင်မောင်ရ (မကျေမနပ်ဖြစ်နေပါ တယ်ဘုရား)။

အကျယ်တဝင့်ကလေး ဖြေစမ်းပါဦး

သုသိမက ကျေနပ်ရဲ့လား ဒကာ ဒကာမတို့ (မကျေနပ်ပါဘုရား)။ မကျေနပ်ဘူးတဲ့ (မှန်ပါ့)၊ အဲဒီတော့ အရှင်ဘုရားတို့ အရှင်ဘုရားတို့က ဝိပဿနာပညာ မဂ်ပညာနဲ့ ကိလေသာမှ လွတ်လာတယ်၊ ကိလေသာလွတ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ခဲ့ပါတယ်၊ ကိလေသာမှ လွတ်ပါတယ်လို့ ပြောတော့အင်မတန် ကျဉ်းလွန်းလှပါတယ်ဘုရား အဖြေဟာ၊ အကျယ်တဝင့်ကလေး ဖြေစမ်းပါဦး။

ကိုမြရွှေ ဘယ့်နှယ် တောင်းပန်သတုန်း (အကျယ်တဝင့်ကလေး ဖြေစမ်းပါဦး)၊ အကျယ်တဝင့် တပည့်တော်ဖို့ ဖြေစမ်းပါဦးဆိုတော့ ကိုယ်တော်က ဖြေရှာပါတယ် ဦးခင်မောင်ရ (မှန်လှပါဘုရား)။

သုသိမ တဲ့၊ သုသိမ မယံ နိဇ္ဈာနကာ သုက္ခ ဝိပဿကာ နိဇ္ဈာနကာ၊ တို့ ဈာန်လမ်းမပါဘူးကွ၊ သုက္ခဝိပဿကာ၊ ဈာန်ကို ခြောက်ပြီးတော့ နေပါတယ်။ ဈာန်ခြောက်တယ်ဆိုတာ ဈာန်မပါဘူးဆိုတာ (မှန်ပါ့ဘုရား)၊ ဝိပဿနာ မတ္တေနေဝ ဝိမုတ္တာ၊ ဝိပဿနာဉာဏ်နဲ့ တို့ ကိလေသာမှလွတ်ပြီး နိဗ္ဗာန်မြင်တာပါကွာဆိုတော့ ဦးခင်မောင် မရှင်းသေးဘူးလား (ရှင်းပါတယ်ဘုရား)။

ဈာန်ပါသတဲ့လား (မပါပါဘုရား)၊ ဈာန်မပါတဲ့လမ်းနဲ့ တို့က ဝိပဿနာဉာဏ်နဲ့ပဲ နိဗ္ဗာန် မြင်သွားတာပါကွာ လို့အကျယ်ဖြေလိုက်တယ် (မှန်ပါ့ဘုရား)၊ ဦးဝ ကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)။

အဖြေမှန်ကို မသိဘူး

ဘယ်လိုပင်ဖြေငြားသော်လဲ ဒကာ ဒကာမတွေ စဉ်းစား၊ ဘာမှအခံမပါဘဲ ပုဂ္ဂိုလ်ဟာ အဖြေမှန်ကို မသိဘူး (မှန်ပါ့ဘုရား)၊ ဒကာသစ်-ဘာတဲ့တုန်း-(ဘာမှအခံမပါတဲ့ ပုဂ္ဂိုလ်ဟာ အဖြေမှန်မသိပါဘုရား)၊ ဦးဇံရစ် တို့၊ ကိုမြရွှေ တို့ ဘာမှအခြေခံမပါတော့ အဖြေမှန်သိပါရဲ့လား (မသိပါဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကတော့ ဪ ဒီနှစ်ဉာဏ်နဲ့ရတယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)၊ အဲ သုသိမ ထက် အများကြီးသာပြီ (မှန်ပါ့)။

ရှေ့ပိုင်းက ဖြစ်ပျက်မြင်တာက ဘာဉာဏ် (ဝိပဿနာဉာဏ်ပါဘုရား)၊ ဖြစ်ပျက်အဆုံးမြင်တာက (မဂ်ဉာဏ်ပါ ဘုရား)။ မဂ်ဉာဏ်ဆိုတော့ ဒီနှစ်ဉာဏ်နဲ့ သူတို့ ရဟန္တာဖြစ်လာကြတာ-(မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒီနှစ်ဉာဏ်နဲ့ ဘာဖြစ်လာသတုန်း (ရဟန္တာဖြစ်လာပါတယ်)၊ ရဟန္တာ ဖြစ်လာတယ်ဆိုတော့ ဪ ရဟန္တာ ကြီးတွေကဖြေတာလား သူများက ဖြေတာကား-(ရဟန္တာကြီးတွေက ဖြေတာပါဘုရား)၊ ရဟန္တာကြီးတွေက ဖြေတာဖြစ်နေ တော့ ကိုမြရွှေ တို့ ဦးဇံရင် တို့ ကျုပ်တို့က သံသယရှိဖို့ လိုသေးသလား (မလိုပါဘုရား)၊ မလိုတော့ပါဘူး။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ရှေ့ပိုင်းက ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်မြင်အောင် လုပ်ပါ (မှန်ပါ့)၊ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ် ရင်လာလို့ရှိရင်ဖြင့် ဖြစ်ပျက်တွေ ဆုံးသွားတဲ့ နိဗ္ဗာန်ကိုလဲ နောက်ဉာဏ်က မြင်ပါလိမ့်မယ်-(မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

ဉာဏ်စဉ်သိပ်များပါသလား

ဒါဖြင့် ဒကာ ဒကာမတွေ ဉာဏ်စဉ်သိပ်များပါသလားလို့မေးရင် ဘယ်နှယ့်ပြောကြမလဲ (မများပါဘုရား)၊ ရှုဉာဏ်၊ သိဉာဏ် ဒါပဲရှိတယ် (မှန်ပါ့)။

ဒီပြင်ဉာဏ်တွေဟာ ဝိပဿနာဉာဏ်ထဲ အကုန်ဝင်တာပဲ (မှန်ပါ့ဘုရား)၊ အဖြစ်မြင်တယ်၊ အပျက်မြင်တယ်၊ အပျက်မုန်းတယ်၊ အပျက်ဆုံးတယ်၊ အပျက်ငြီးငွေ့တယ်၊ အပျက်လျစ်လျူရှုတယ်ဆိုတာ ဒီဉာဏ်ထဲ အကုန်ဝင်တာပဲ- (မှန်လှပါဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

ဒီဉာဏ်ထဲ အကုန်ဝင်တာပဲလို့ ဆုံးဖြတ်ချက်ချ-(မှန်လှပါဘုရား)၊ အင်း-ဉာဏ်စဉ် ၁၆-ပါးတို့ ဘာတို့ဆိုတာ ရှည်နေတာ၊ အခုသေသေချာချာ ရဟန္တာကြီးတွေက ဟောတာကတော့ နှစ်ဉာဏ်နဲ့ တက်ခဲ့တယ်ပြောတာ (မှန်ပါ့ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။

အခု ရဟန္တာကြီးတွေက ဘယ်နှစ်ဉာဏ်နဲ့တဲ့လဲ (နှစ်ဉာဏ်နဲ့ပါဘုရား)၊ နှစ်ဉာဏ်တက်ပြီး နိဗ္ဗာန်မြင်ပါတယ်လို့ သေသေချာချာဖြေပါတယ်-(မှန်ပါ့)၊ ကျေနပ်ကြပြီလား-(ကျေနပ်ပါပြီဘုရား)။

ဘယ်ဉာဏ်-ဘယ်ဉာဏ် လုပ်မနေနဲ့

အဲဒီတော့ ခင်ဗျားတို့လဲ ဘယ်ဉာဏ်-ဘယ်ဉာဏ် လုပ်မနေနဲ့ ဖြစ်ပျက်မြင်ရင် ဝိပဿနာဉာဏ်ပဲ (မှန်ပါ့)၊ ရှုရင်းမတ္တနဲ့ ဖြစ်ပျက်တွေဆုံးသွားလို့ အဆုံးကိုမြင်လို့ရှိရင် ဘာဆိုကြမယ်- (မဂ်ဉာဏ်ပါဘုရား)၊ မဂ်ဉာဏ်ပဲ။ တော်ပြီ ဒီလောက်ဆိုလို့ရှိရင်ခင်ဗျားတို့ ကြိုးစားသာ ကြိုးစားကြပါ (မှန်ပါ့)။

အဲဒီ မဂ်ဉာဏ်ရသွားလို့ရှိရင် ခင်ဗျားတို့ ဘာမှမပူနဲ့တော့ ဘာမှမပူနဲ့ အပါယ်လေးပါးဆိုတာ ကိုယ့်ဟာကိုယ် သိပြီ၊ ငါအပါယ်လေးပါမရောက်ဘူး၊ ငရဲ, တိရစ္ဆာန်, ဗြိတ္တာ, အသူရကာယ်ဘုံ ငါမရောက်တော့ဘူး (မှန်ပါ့)၊ အနူ၊ အရွဲ၊ အဝဲ၊ မဖြစ်တော့ဘူး၊ မိစ္ဆာဒိဋ္ဌိမျိုး မဖြစ်တော့ဘူး-(မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိနတ်မျိုး၊ မိစ္ဆာဒိဋ္ဌိ ဗြဟ္မာမျိုးလဲ မဖြစ်တော့ဘူး (မှန်ပါ့ဘုရား)။

အထက်မဂ်တွေကို သူ့ဟာသူ တစ်ခါတည်းတက်ပြီးသကာလ နိဗ္ဗာန်သာ သွားတော့မှာပဲဆိုတာ မှတ်လိုက်တော့ (မှန်လှပါဘုရား)၊ ဒါပူစရာရှိသေးရဲ့လား (မရှိပါဘုရား)။

ဒါဖြင့် ဘုန်းကြီးကလဲ နည်းကောင်းပြတယ်၊ ပါဠိတော်လဲ သေသေချာချာပြပြန်တော့ ဘာမှဘုန်းကြီးအပေါ်လဲ သံသယမရှိနဲ့၊ ဘုရားအပေါ်လဲ သံသယမရှိနဲ့၊ ဟို ရဟန္တာကြီးတွေကလဲ ဒီအတိုင်းပြောတာပဲ၊ နောက်ဘုရားကလဲ တာဝန်ခံတာ လာပါလိမ့်ဦးမယ်နော် (မှန်ပါ့ဘုရား)။

ဖြစ်ပျက်မြင်ဖို့ အရေးဟာခင်ဗျားတို့အရေး

အဲဒီတော့ ခင်ဗျားတို့က ဘုရားဟောတဲ့အတိုင်း၊ ဘုန်းကြီးပြောတဲ့အတိုင်း ၁-နံပါတ် ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်မြင်ဖို့ အရေးဟာခင်ဗျားတို့အရေး (မှန်ပါ့)၊ ရင့်လာဖို့အရေးဟာလဲ ခင်ဗျားတို့ ပွားများမှုများလို့ရှိရင် ဘာဖြစ် မတုန်း (ရင့်လာပါတယ်ဘုရား)၊ ရင့်လာရင် ဒီဉာဏ်ပျောက်ပြီးနောက် ဉာဏ်ပေါ်မယ် (မှန်ပါ့)။

နောက်ဉာဏ်က ဘာကို မြင်မယ်ထင်သတုန်း (ဖြစ်ပျက်အဆုံးမြင်ပါတယ်)၊ ဖြစ်ပျက်အဆုံးဆိုတော့ ခန္ဓာပါ ပျောက်သွားလိမ့်မယ်-(မှန်ပါ့ဘုရား)၊ ခန္ဓာတစ်ကိုယ်လုံးဟာ ဖြစ်ပျက်ကိုး (မှန်ပါ့ဘုရား)။

အဲဒီခန္ဓာကြီးပါ ပျောက်သွားပြီးသကာလ နိဗ္ဗာန်မြင်ပါလိမ့်မယ် (မှန်လှပါဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ယနေ့ညတရားဖြင့် မြင်ပုံနှစ်ခု ထူးခြားပြီလား (ထူးခြားပါပြီဘုရား)။

ဝိပဿနာဉာဏ်က ဘာမြင်တုန်း (ဖြစ်ပျက်မြင်ပါမယ်ဘုရား)၊ မဂ်ဉာဏ်ကဘာမြင်မလဲ-(နိဗ္ဗာန်မြင်ပါမယ်)၊ ဖြစ်ပျက်တွေမမြင်ပဲနဲ့ ဖြစ်ပျက်မရှိတာကိုမြင်တယ် (မှန်ပါ့)၊ သဘောပါပြီလား (ပါ,ပါပြီဘုရား)။

အို တယ်အဖိုးတန်ပါသလား၊ တို့ နိဗ္ဗာန်ဟာ အဝေးကြီးလား မှတ်နေတယ်၊ နှစ်ဉာဏ်နဲ့ဆက်လိုက်လဲ ကိစ္စပြီးတာပဲ ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

ပညာနဲ့ ကိလေသာမှ လွတ်လာတယ်ဆိုတော့

ဒါနဲ့ သုသိမ,က အရှင်ဘုရားတို့ အရှင်ဘုရားတို့က ပညာနဲ့ ကိလေသာမှ လွတ်လာတယ်ဆိုတော့ အရှင်ဘုရား တို့က ဈာန်လဲမပါဘူး၊ ဈာန်ခြောက်ပြီးသကာလ ဝိပဿနာဉာဏ်ကနေပြီး မဂ်ဉာဏ်တက်ပြီး နိဗ္ဗာန်မြင်တာပါပဲလို့ အရှင်ဘုရားတို့ပြောတာ ကျဉ်းလွန်းပါတယ် ဆိုတော့ဒီလောက် အကျယ်ပြောတာတောင် ကျဉ်းနေသေးတော့ သုသိမ တဲ့၊ မင်းနားလည်ချင်လဲ လည်တော့၊ မလည်ချင်လဲနေတော့ တို့ဖြင့် ဈာန်မပါပဲနဲ့ နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရောက်ခဲ့တယ် တဲ့-(မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဈာန်မပါပဲနဲ့-(နိဗ္ဗာန်ရောက်ခဲ့ပါတယ်)၊ နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်၊ ဈာန်မပါပဲနဲ့-(နှစ်ဉာဏ်နဲ့ နိဗ္ဗာန် ရောက်ခဲ့ပါတယ်ဘုရား)။

ကိုယ်တော်တွေက မင်းနားလည်ချင်လဲ လည်တော့၊ မလည်ချင်လဲ နေတော့လို့ ဦးခင်မောင် ဒီစကား ထွက်လာတယ် (မှန်ပါ့)။

ဘယ်နှယ့်ကြောင့် ရဟန္တာကြီးတွေ ဖြစ်ပါလျက်သားနဲ့ ဒီစကား ထွက်ရပါလိမ့်မတုန်းလို့ဆိုတော့ သူတို့က သိတယ်၊ ဪ သုသိမ၊ တို့ ဘယ်လိုပင် ဖြေငြားသော်လည်း သူနားလည်နိုင်တဲ့ ဉာဏ်စွမ်းမရှိလို့ သိတယ် (မှန်ပါ့ဘုရား)။

ဒါ့ကြောင့် မင်းနားလည်ချင်လဲလည်တော့၊ မလည်ချင်လဲနေတော့၊ တို့တော့ဖြင့် နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရောက်ခဲ့ တာပဲ (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရောက်ပါတယ်ဘုရား)။ နှစ်ဉာဏ်နဲ့ နိဗ္ဗာန်ရောက်ခဲ့ ကြတယ်ဆိုတာ သေသေချာချာ ဖြေပါတယ် (မှန်ပါ့ဘုရား)။

ဒါနဲ့ ဒကာ ဒကာမတို့ သုသိမပရိဗိုဇ်က ကျေနပ်ရဲ့လား (မကျေနပ်ပါဘုရား)၊ မကျေနပ်တော့ဘုရားဆီ သွားတယ် (မှန်ပါ့ဘုရား)။

မကျေနပ်တော့ ဘယ်သွားပါလိမ့်-(ဘုရားဆီသွားပါတယ်ဘုရား)။

ဘုရားဆီသွားတယ်

မကျေနပ်တော့ ဘုရားဆီသွားတယ်၊ ဘုရားဆီသွားပြီး အရှင်ဘုရားတဲ့၊ တပည့်တော်ဟာ အရှင်ဘုရားဆီက “ခီဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာ-ယာတိ ပဇာနာတီ” လို့ သူတို့က ပြောကြပါတယ်၊ ဒါဟာ အရဟတ္တဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောပါတယ်။

အရဟတ္တဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မြင်တဲ့ပုဂ္ဂိုလ်တွေ ပဋိသန္ဓေနေဖို့ မရှိတော့ဘူးလို့ပြောလို့ တပည့်တော်က သွားမေးတယ်။ အရှင်ဘုရားတို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ် ရတယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့ ကောင်းကင်ပျံ နိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့လား၊ သူတစ်ပါးစိတ်ကို သိရဲ့လားဆိုတာတွေ တပည့်တော်က သွားမေးတယ်။

မေးတော့ သူတို့က ဒါတွေမဖြေပဲနဲ့ ပညာနှစ်ဉာဏ်နဲ့ ကိလေသာမှ လွတ်တဲ့နိဗ္ဗာန်ရောက်ခဲ့တယ်လို့ဖြေတော့ တပည့်တော် နားမလည်ဘူး။

ဦးခင်မောင် နားလည်တယ်ပြောသလား (နားမလည်ဘူးပြောပါတယ်)၊ အဖြေကတော့ ကုန်နေပြီနော် (မှန်ပါ့ဘုရား)။

အားလုံးနောက်က ဒကာ ဒကာမတွေ အဖြေကဘယ်နှယ့်ဖြစ်နေလဲ (ကုန်နေပါတယ်ဘုရား)။

အဖြေကကုန်နေပြီ၊ အဖြေက ဒီပြင်လဲ ပြောစရာရှိသေးရဲ့လား (မရှိပါဘုရား)၊ အဲဒါကို သူကဘယ်နှယ့် ဖြစ်နေသလဲ (နားမလည်ပါဘုရား)။

နားမလည်တော့၊ ဘုရားဆိုတော့ ဒကာသစ်တို့၊ မောင်မြဖို့သာ ရိပ်မိတာပေါ့၊ ဪ ဒီကောင်က ခက်သေးတယ်၊ သမထလမ်း၊ ဝိပဿနာလမ်းမှ သူကမရှင်းပဲကိုး (မှန်ပါ့ဘုရား)။

ဒါကြောင့် ဘုရားတဲ့၊ သုသိမက ဘုရားကတော့ သူမရှင်းဘူးဆိုတာ သိပြီးပြီနော် (မှန်ပါ့ဘုရား)၊ သိပြီးတဲ့ အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သုသိမ မင်းကနားမလည်ဘူး၊ နားမလည်တော့ ငါရှင်းပေးလိမ့်ဦးမယ် ဆိုတဲ့ အဓိပ္ပာယ် မင်းလာလျှောက်တာပဲ။

ဟုတ်ပါတယ်ဘုရား၊ တပည့်တော်ကို ရှင်းပေးစမ်းပါဦးတဲ့ (မှန်ပါ့ဘုရား)၊ သူကတော့ ခိုးဖို့နော်၊ ခိုးဖို့လာတာ မှတ်ယူသွားမှာပဲ၊ တကယ်ကျင့်မည့်လူကော ဟုတ်ရဲ့လား (မဟုတ်ပါဘူးဘုရား)။

ကျင့်မည်လူမဟုတ်ဘူး၊ သူ-တရားသူခိုးအဖြစ်နဲ့ ဝင်လာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ် (မှန်လှပါဘုရား)။

ရှေ့က ဝိပဿနာ ဉာဏ်၊ နောက်က နိဗ္ဗာန်မြင်တဲ့ဉာဏ်

ဒါနဲ့ သုသိမ-တဲ့၊ ငါဟောမယ် မင်းနားထောင်ဆိုပြီးတော့ ဟို ကိုယ်တော်တွေအတိုင်းပဲ၊ ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ ဟောတိ၊ ပုဗ္ဗေ၊ ရှေးအခါကာလ၌၊ ဓမ္မဋ္ဌိတိဉာဏံ၊ ဝိပဿနာဉာဏ်သည်၊ ဟောတိ၊ ဖြစ်၏ ရှေ့က ဝိပဿနာ ဉာဏ်ဖြစ်တယ် (မှန်ပါ့ဘုရား)၊ ပစ္ဆာနိဗ္ဗာနေဉာဏံ နောက်ဉာဏ်က နိဗ္ဗာန်မြင်တဲ့ဉာဏ်ပဲ (မှန်ပါ့ဘုရား)၊ ဘုရားက ဖြေလိုက်ပြန်တယ် (မှန်လှပါဘုရား)။

ရှေ့ကဉာဏ်က ဘာတဲ့ (ဝိပဿနာဉာဏ်ပါဘုရား)။

”ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏံ” အဋ္ဌကသာဆရာက ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ဝိပဿနာဉာဏ်ပဲကွ ဆိုတော့ ရှေ့ပိုင်းကဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ့ဘုရား)၊ နောက်ပိုင်းက မဂ်ဉာဏ်ပဲကွ၊ ဒီနှစ်ဉာဏ်နဲ့ ဒီကိုယ်တော်တွေ ရဟန္တာ ဖြစ်လာတာလို့ ဘုရားကထပ်မဖြည့်လိုက်ဘူးလား (ဖြည့်ပါတယ်ဘုရား)။ ရှင်းကြရဲ့လား (ရှင်းပါတယ်ဘုရား)။

ဟိုကိုယ်တော်တွေ ဖြေတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ မသင်္ကာလို့သွားပြီး မေးပြန်တာနဲ့ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်းပဲတဲ့၊ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပဲလို့ ဘုရားကလဲ နောက်ထပ်မပြောဘူးလား (ပြောပါတယ်ဘုရား)။

အဲ ပုဗ္ဗေခေါသုသိမ။ သုသိမ၊ သုသိမ။ ပုဗ္ဗေ၊ ရှေးကာလ၌။ ဓမ္မဋ္ဌိတိဉာဏံ၊ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်သည်၊ ဟောတိဖြစ်၏ (မှန်လှပါဘုရား)၊ ဒါပဲဟောလိုက်တယ်၊ ပစ္ဆာ၊ နောက်ကာလ၌၊ နိဗ္ဗာန်ကို မြင်တဲ့မဂ်ဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။ ဆိုတော့ ဖြစ်ပျက်အဆုံးကို မြင်တဲ့ဉာဏ်ပဲ (မှန်လှပါဘုရား)။

ဘယ်နှစ်ဉာဏ်ပါလိမ့် (နှစ်ဉာဏ်ပါဘုရား)။

ဪ ဒါဖြင့် ဟိုကိုယ်တော်တွေပြောတာနဲ့ ဘုရားထံ မသင်္ကာလို့ သူလျှောက်ထားပြီး မေးတော့လဲ ဘုရားက ဟိုကိုယ်တော်တွေပြောတာကို ဒကာ ဒကာမတို့ ကျော်လွန်ဖြေသလား ဒီအတိုင်းပဲလား (ဒီအတိုင်းပါဘုရား)။

ဒါဖြင့် ဦးခင်မောင် ဘုရားက ထောက်ခံချက်ပေးတာ (မှန်ပါ့ဘုရား)။

ဟို ကိုယ်တော်တွေ ဟောတာကို ဘုရားက ဘယ့်နှယ်ပါလိမ့်-(ထောက်ခံချက်ပေးပါတယ်ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနှစ်ဉာဏ်ကို လုပ်ရုံပဲ (မှန်လှပါဘုရား)။

ဘယ်လိုစဉ်းစားကြမယ် (ဒီနှစ်ဉာဏ်လုပ်ရုံပါဘုရား)။

ဒီနှစ်ဉာဏ်မှ မလုပ်လို့ရှိရင်

ဒီနေရာ ကြားစကားလေးတော့ သွင်းချင်တယ်တဲ့၊ ခင်ဗျားတို့ ဒီနှစ်ဉာဏ်မှ မလုပ်လို့ရှိရင်ဖြင့် အပါယ်လေးပါး ခန္ဓာနဲ့ ဆပ်ကြပေတော့ (မှန်ပါ့ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (အပါယ်လေးပါး ခန္ဓာနဲ့ဆပ်ကြပေတော့)၊ အပါယ်လေးပါ ခန္ဓာနဲ့ဆိုတာ ဒကာ ဒကာမတို့ အပြောလွယ်သလောက် မလွယ်ဘူးနော် (မှန်ပါ့ဘုရား)၊ လွယ်ပါ့မလား (မလွယ်ပါဘုရား)။

ငရဲမီးကလေး ပိုးစုန်းကြူးလောက်ဟာတောင်မှ လှည်းခြောက်စီးတိုက် ခုနှစ်စီးတိုက်ရှိတဲ့ ထင်းအစိုတွေ ဝုန်းခနဲ ချတာနဲ့ ပြောင်တာနဲ့တစ်ချက်တည်း (မှန်လှပါဘုရား)။

ငရဲမီးပုံကြီးထဲ ကျုပ်တို့ရောက်ရမယ်ဆိုတော့ ဦးခင်မောင် ခံနိုင်ရည်ရှိပါ့မလား (မရှိပါဘုရား)၊ ဦးဇံရင် တို့ ခံနိုင်ရည်ရှိပါ့မလား (မရှိပါဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ ဒီငရဲမီး ငြိမ်းနိုင်တာ ဒီနှစ်ဉာဏ်ပဲရှိနယ် (မှန်ပါ့ဘုရား)၊ ဘယ်လိုဆိုကြမယ် (ငရဲမီးငြိမ်းတာ ဒီနှစ်ဉာဏ်ပဲ ရှိပါတယ်ဘုရား)။

တိရစ္ဆာန်အတွက် သိမ်းနိုင်တာကော (ဒီနှစ်ဉာဏ်ပဲရှိပါတယ်ဘုရား)၊ အပါယ်လေးပါးသိမ်းနိုင်တာကကော (ဒီနှစ်ဉာဏ်ပဲရှိပါတယ်ဘုရား)၊ အနူ၊ အရွဲ၊ အဝဲ ဘဝတွေမှ သိမ်းနိုင်တာကကော- (ဒီနှစ်ဉာဏ်ပဲရှိပါတယ်ဘုရား)၊ အဆွံ့၊ အအ တွေအဖြစ်မှ သိမ်းနိုင်တာကော (ဒီနှစ်ဉာဏ်ပဲရှိပါတယ်ဘုရား)။

အပါယ်သွားမည့် မိစ္ဆာဒိဋ္ဌိလူမျိုးထဲမှာ ပဋိသန္ဓေမနေရအောင် သိမ်းနိုင်တာကော (ဒီနှစ်ဉာဏ်ပဲရှိပါတယ် ဘုရား)။

ဒီနှစ်ဉာဏ်ပဲ ရှိတော့တယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒီလိုသိဖို့ဘဝကလဲ အတော်ခဲယဉ်း ပါသလား (ခဲယဉ်းပါတယ်ဘုရား)၊ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်ဘုရား)။

ဒီလိုသိဖို့ဘဝ အလွန်ခဲယဉ်းတဲ့အထဲမှာ ဒီလိုသိပြီးသကာလနေလျက်နဲ့ ဒီလိုသိရှိသလောက် အလုပ် မလုပ်တော့ပါဘူးဆိုရင်ဖြင့် ခန္ဓာနဲ့ အပါယ်လေးပါးဆပ်ကြပေတော့ (မှန်ပါ့ဘုရား)။

ခန္ဓာနဲ့မဆပ်ပါနဲ့၊ ဉာဏ်နဲ့ဆပ်ပါ

ဘယ်သူ ဆပ်ဝံ့ကြပါ့မလဲ-(မဆပ်ဝံ့ပါဘုရား)၊ ဘယ်သူမှမဆပ်ဝံ့ဘူးဆိုတာ သေချာပြီလား (သေချာပါပြီဘုရား)၊ အဲ့ဒါကြောင့် ခန္ဓာနဲ့မဆပ်နဲ့၊ ဉာဏ်နဲ့ဆပ်ပစ်လိုက် (မှန်ပါဘုရား)၊ ဘယ်လိုမှာပါလိမ့် (ခန္ဓာနဲ့မဆပ်ပါနဲ့၊ ဉာဏ်နဲ့ဆပ်ပါ ဘုရား)။

ဉာဏ်နဲ့ဆပ်နော်၊ ရှေးဦးစွာ ဝိပဿနာဉာဏ်၊ နောက်မဂ်ဉာဏ်နဲ့ ဆပ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့၊ အကုန်ဇာတ်သိမ်းပါတယ် (မှန်ပါ့ဘုရား)၊ ပေါ်ကြပြီလား-(ပေါ်,ပါပြီဘုရား)၊ အားငယ်စရာများ ပါသေးသလား-(မပါပါ ဘုရား)။

အဲ ကိုယ့်ဟာကိုယ်ပျင်းတယ်၊ ကိုယ့်ဟာကိုယ်ဖျင်းတယ်ဆိုလို့ရှိရင် မင်းခန္ဓာနဲ့ အပါယ်ဆပ်မလားလို့ ကိုယ့်ဟာ ကိုယ်သာမေးကြည့်-(မှန်ပါ့ဘုရား)၊ သူဘယ်လိုအဖြေထွက်လာမယ် ထင်သတုန်း (မဆပ်ဝံ့ပါဘုရား)။

မဆပ်ဝံ့ပါဘူး၊ မဆပ်ဝံ့ရင် မင်းဒီနှစ်ဉာဏ်ရအောင်လုပ်-(မှန်ပါ့)၊ ကိုယ့်ကိုယ်ကို တိုက်တွန်းပါ-(မှန်ပါ့ဘုရား)၊ ဘုရားက ကောင်းစွာဟောထားတဲ့တရား ကောင်းစွာမြင်ရမယ်လို့ ဟောထားတဲ့တရား၊ မင်းသည်ကားလို့ဆိုရင် အဓိပတိ မထားလို့ မင်းမမြင်တာလို့ ကိုယ့်ကိုယ်ကိုဆုံးမပါလို့ သတိပေးလိုက်တယ် (မှန်ပါ့ဘုရား)။

အဆုံးအမအခက်ဆုံးမှာလဲ ကိုယ့်ကိုယ်ကို အဆုံးအမအခက်ဆုံးဆိုတာကော သေချာပြီလား (သေချာပါပြီ ဘုရား)။

ဉာဏ်ကောင်းမှ ကိစ္စပြီးမယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီထက် ကံကောင်းတာ မရှိဘူး၊ ခင်ဗျားတို့-(မှန်ပါ့ဘုရား)၊ အဲဒီတော့ ဘုန်းကြီးကတော့ဖြင့် ဘုန်းကြီးနဲ့လဲ တွေ့ကြပြီ၊ ဘုရားတရားတော်နဲ့လဲ တွေ့ရတော့ ခင်ဗျားတို့ဟာ ကံကောင်းတယ် (မှန်ပါ့)၊ ခင်ဗျားတို့ ဝမ်းထဲကဖြစ်ပျက်မြင်တဲ့ဉာဏ် ကောင်းဖို့လိုတယ် (မှန်ပါ့)၊ ဖြစ်ပျက်အဆုံးမြင်တဲ့ဉာဏ်ကောင်းဖို့ (လိုပါတယ်ဘုရား)၊ ကဲ ကံကောင်းရုံနဲ့ ကိစ္စပြီးပါ့မလား (မပြီးပါဘုရား)၊ ဉာဏ်ကောင်းမှ ကိစ္စပြီးမယ် (မှန်လှပါဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

အဲဒီတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ခင်ဗျားတို့ အဖေကချမ်းသာတယ်၊ ကံကောင်းတယ်၊ သူ့ဟာသူချမ်းသာ လို့ ကံကောင်းငြားသော်လည်း အပါယ်လေးပါးက ဉာဏ်ကောင်းမှ ပိတ်မှာ (မှန်ပါ့ဘုရား)။

အပါယ်လေးပါကတော့ (ဉာဏ်ကောင်းမှပိတ်မှာပါဘုရား)၊ ဉာဏ်ကောင်းမှ ပိတ်မှာဆိုတာ သေချာပြီလား (သေချာပါပြီဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကံသာကောင်းချင်တာပဲ ဉာဏ်ကောင်းချင်တာ ညည်းသံကို တစ်ခါမှမကြားဘူး-(မှန်လှပါဘုရား)၊ ဖျင်းလိုက်တဲ့ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား)။

ကံများခေလိုက်တာ ဒါပဲညည်းနေတာပဲ၊ ဘယ်တော့များမှာ တိုက်ကြီး တာကြီး ကားကြီးတွေနဲ့ နေရပါ့၊ ကံများခေလိုက်တာ လာတယ်၊ ဉာဏ်များခေလိုက်တာလို့ လာရဲလား (မလာပါဘုရား)၊ အမယ်လေး တကယ့် ကိုးစားရာ ကျတော့ သတိမထားမိဘူး-(မှန်ပါ့)၊ ခုနက အရိပ်ပြကလေး ခဏကလေး ကံကောင်းတာကျတော့ ဒီဘဝ မိဖုရားကြီး ဟုတ်လား၊ နောင်ဘဝ အပါယ်လေးပါးကျတော့ ခင်ဗျားတို့က လွမ်းလိုက်တာ (မှန်ပါ့ဘုရား)၊ ဥပရိမိဖုရားကြီးတို့ ဟင် ဒီဘဝ မိဖုရားကြီး၊ နောင်ဘဝ နောက်ချေးပိုးမကလေးဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါဘုရား)။

အဲဒါ ကံစီမံသလို မခံရဘူးလား-(ခံရပါတယ်)၊ မိဖုရားကြီးဖြစ်တာလဲ ဘယ်သူကြောင့်-(ကံကြောင့်ပါ)၊ နောက် ချေးပိုးမကလေး ဖြစ်တာကော-(ကံကြောင့်ပါပဲ)၊ ဪ ခင်ဗျားတို့က ကံများတယ်ခေသကိုးဆိုတော့ ကံပဲခင်ဗျားတို့ ဖတ်ပြီးသကာလ ထားကြတယ်။

ဉာဏ်မျှော်သင့်ပါတယ်

ဒီဥစ္စာက ပညာဝိမုတ္တာ ခေါမယံ သုသိမ၊ ပညာနဲ့ အပါယ်လေးပါး တံခါးပိတ်သွားတယ် ကွ၊ နိဗ္ဗာန်မြင်တယ်ကွဆိုတော့ ကံမျှော်သင့်သလား-ဉာဏ်မျှော်သင့်သလား (ဉာဏ်မျှော်သင့်ပါတယ်ဘုရား)။

ဦးခင်မောင် ဘာမျှော်မလဲ (ဉာဏ်မျှော်ပါမယ်ဘုရား)၊ အို ခင်ဗျားတို့ ဘုန်းကြီးရှေ့မို့ ပြောနေတာပါ၊ မြို့ရွာထဲ ကျတော့ ကံသမားချည်း ဖြစ်နေတာပဲ၊ ဒါကြောင့် ထီထိုးနေကြတာပေါ့ဗျ၊ သဘောကျပြီလား (ကျပါပြီ)၊ ထီထိုးတာဟာ ဉာဏ်နဲ့ထိုးတာလား ကံနဲ့ထိုးတာလား-(ကံနဲ့ထိုးတာပါ)။

ကိုင်း ဒကာ ဒကာမတို့၊ ဉာဏ်နဲ့ထိုးလို့ရှိရင်ဖြင့် နေရာကျမှာပဲ၊ ကံနဲ့သာထိုးနေကြမယ် ဆိုလို့ရှိရင်ဖြင့် နှစ်ကျပ် နှစ်ကျပ်နဲ့ မွဲလှရော့မယ် ခင်ဗျားတို့ကလဲ့ (မှန်ပါ့ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ အပါယ်လေးပါး တံခါးပိတ်တာ ကံလမ်းလား၊ ဉာဏ်လမ်းလား (ဉာဏ်လမ်းပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

အပါယ်လေးပါး တံခါးပိတ်တာ (ဉာဏ်လမ်းပါဘုရား)၊ နိဗ္ဗာန်မြင်တာ ကံနဲ့မြင်တာလား၊ ဉာဏ်နဲ့မြင်တာလား (ဉာဏ်နဲ့မြင်တာပါဘုရား)၊ သေချာပြီလား (သေချာပါပြီဘုရား)။

နိဗ္ဗာန်မြင်မူလဲ အပါယ်လေးပါး တံခါးပိတ်တယ် မဟုတ်လား (မှန်ပါ့ဘုရား)၊ ကဲ အားလုံး ဒကာ ဒကာမတွေ ကော ကျေနပ်ကြပြီလား (ကျေနပ်ပါပြီဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့၊ ကံလမ်းသည်ကားလို့ဆိုလို့ရှိရင် ခင်ဗျားတို့ကို ဘယ်လိုလုပ်တတ်ပါသတုန်းလို့ မေးဖို့ အရေးကြီးတယ် (မှန်ပါ့ဘုရား)၊

ကံကတော့ တစ်ခါတလေ နတ်ပြည်များမြှောက်တင်လိုက်တယ် (မှန်ပါ့)၊ တစ်ခါတလေ နတ်ပြည်မှဒယ်အိုးထဲ တွန်းချလိုက်သေးတယ် (မှန်ပါ့)၊ ကံ ကံ (မှန်ပါ့ဘုရား)။

ကံသတ္တိ ဉာဏ်သတ္တိ

ကံက ခင်ဗျားတို့ကို လူ့ဘောလုံးဖြစ်အောင်လုပ်ပါတယ်-ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား)။

ကံက ခင်ဗျားတို့ကို ဘယ်နှယ့်လုပ်တယ် (လူ့ဘောလုံးဖြစ်အောင်လုပ်ပါတယ်)၊ လူ့ဘောလုံးဖြစ်အောင် လုပ်ပါတယ် (မှန်ပါ့)၊ အထက်မြှောက် ကန်လိုက်ပြန်တာလဲ ကံပဲ၊ အထက်ကနေပြီး အောက်ချလိုက်တာကော (ကံပါပဲ ဘုရား)။

အဲ ကံကတော့ ဒီအတိုင်းပဲ သွားမှာပဲ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား)။

ကံကြောင့် လူကောင်း၊ နတ်ကောင်း မဖြစ်ဘူးဆိုလို့ကော ရရဲ့လား (မရပါဘုရား)၊ အင်း-ဟင်၊ လူကောင်း၊ နတ်ကောင်းတွေပဲ အပါယ်လေးပါ မသွားဘူးလို့ကော ဆိုလို့ရရဲ့လား-(မရပါဘုရား)၊ ဘယ်သူ့သတ္တိပါလိမ့် (ကံသတ္တိပါ ဘုရား)။

ဉာဏ်သတ္တိကတော့ ဒကာ ဒကာမတို့၊ အထက်ကိုသာသွားရတော့တယ့် (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

ဉာဏ်သတ္တိကတော့ (အထက်ကိုသာသွားရပါတယ်) အထက်ကိုသာသွားရတော့တယ်ဆိုတာ သေချာပြီလား (သေချာပါပြီဘုရား)။

ဉာဏ်လမ်းဖြေတာ

အဲ့ဒါကြောင့် ခင်ဗျားတို့သည်ကားလို့ဆိုရင် ဒီရဟန္တာကြီးတွေ ဖြေတာက ဦးခင်မောင်-ပညာဝိမုတ္တာ ခေါ မယံ၊ သုသိမ။ သုသိမ၊ သုသိမ။ မယံ၊ ငါတို့သည်။ ပညာဝိမုတ္တာ၊ ပညာဉာဏ်နဲ့ ကိလေသာမှ လွတ်တဲ့နိဗ္ဗာန် ရောက်ခဲ့တယ် (မှန်ပါ့ဘုရား)၊ ဖော်ကိုဖြေတာ (မှန်ပါ့ဘုရား)၊ သဘောပါကြပြီလား (ပါ,ပါပြီဘုရား)။

ဘာတုန်း ကံလမ်းဖြေတာလား ဉာဏ်လမ်းဖြေတာလား (ဉာဏ်လမ်းဖြေပါတယ်ဘုရား)၊ သေချာပြီနော် သေချာ ပါပြီဘုရား)။

ကောင်းပြီ ဒါနဲ့ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ပုဗ္ဗေခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ဟောလာပြန်ပြီ ဘုရားကလဲ သုသိမ၊ ရှေး၌ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်ဖြစ်၏လို့ မဟောဘူးလား (ဟောပါတယ်ဘုရား)။

ရှေ့ပိုင်းက ဓမ္မဋ္ဌိတိဉာဏ်တဲ့၊ နောက်ပိုင်းက (နိဗ္ဗာန်သိတဲ့ ဉာဏ်ပါဘုရား)၊ နိဗ္ဗာန်သိတဲ့ မဂ်ဉာဏ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် တို့ကိုပြောကြစို့၊ ဒကာ ဒကာမတို့ရဲ့ နားလည်မှု၊ ဒါက စာသံပါနေတယ်။

ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏ်၊ နိဗ္ဗာနေ ဉာဏန္တိ မဂ္ဂဉာဏံ (မှန်ပါ့ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)၊ အဲဒီတော့ ရှေ့ပိုင်းက ဘာဉာဏ်-(ဝိပဿနာဉာဏ်ပါဘုရား)၊ နောက်ပိုင်းက-(မဂ်ဉာဏ်ပါဘုရား)။

အဲဒါနဲ့ အပါယ်တံခါးပိတ်ပြီး ထွက်ခဲ့တယ်ဆိုတာ ဘုရားကလဲ နောက်ထပ်မဆင့်ဘူးလား-(ဆင့်ပါတယ်ဘုရား)။

အဲဒီလို ဘုရားက ဖြေလိုက်ပြန်တော့လဲ အားလုံး ဒကာ ဒကာမတွေ စဉ်းစားပါ၊ သုသိမ ဘာမှအခံမပါဘဲ ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ကျေနပ်ပါရဲ့လား-(မကျေနပ်ပါဘုရား)၊

မကျေနပ်တော့ ဘုရားကလဲ ဦးဝ တို့၊ ဒကာသစ် တို့၊ ကိုမြရွှေ တို့ သုသိမ မင်းနားလည်ချင်လည်၊ မလည်ချင်လဲ နေတော့ဖြေရပြန်ပြီ-(မှန်ပါ့)။

သမထကြောင့်လို့ မမှတ်နဲ့

မင်းနားလည်ချင်လဲလည်တော့၊ မလည်ချင်လဲနေတော့ကွာတဲ့၊ ငါဘုရား၏သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတာ ဟူသရွေ့ဟာ သမထ၏အကျိုး၊ သမထ၏ အာနိသင်၊ သမထကြောင့်လို့ မင်းဘယ်တော့မှ မမှတ်နဲ့တဲ့၊ ဖြေလိုက်တယ် (မှန်ပါ့ဘုရား)၊ သဘောပါပြီလား-(ပါ, ပါပြီဘုရား)။

ငါဘုရားသာသနာမှာ မဂ်ဉာဏ်-ဖိုလ်ဉာဏ်ရကြတဲ့ ပုဂ္ဂိုလ်ဟူသရွေ့မှာ သမထအကျိုး၊ သမထအာနိသင်၊ သမထကပြီးစေတယ်လို့ ဘယ်တော့မှ မင်းမမှတ်နဲ့တဲ့ – (မှန်ပါ့ဘုရား)၊ ပေါ်ကြပြီလား – (ပေါ်ပါပြီဘုရား)။

ကိုင်း – အဋ္ဌကထာဆရာကရော၊ ဘုရားကရော အကုန်ဖြေချလိုက်တယ် – (မှန်ပါ့)၊ နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်ဟူသရွေ့၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ပုဂ္ဂိုလ်ဟူသရွေ့မှာဖြင့် သုသိမ – တဲ့၊ ဝိပဿနာဉာဏ်၏တန်ခိုး၊ ဝိပဿနာဉာဏ်၏အကျိုး၊ ဝိပဿနာ ဉာဏ်ကြောင့် ပြီးတယ်လို့ မင်း သေသေချာချာမှတ်တဲ့ – (မှန်ပါ့ဘုရား)။

ဘယ်သူက ဖြေတာတုန်း – (ဘုရားက ဖြေတာပါဘုရား)၊ ပေါ်ကြပြီလား – (ပေါ်ပါပြီ)၊ ပြန်ပြောပါဦးမယ် – ဒကာ ဒကာမတို့၊ ပြန်ပြောပါဦးမယ်၊ ခင်ဗျားတို့ အင်မတန်အရေးကြီးနေလို့ သိလဲသိပါစေတော့လို့ နှစ်ဉာဏ်နဲ့ ကိစ္စပြီးကြောင်းကို ထင်ရှားပါစေတော့လို့ သေသေချာချာပြောနေတယ်လို့ မှတ်လိုက်စမ်းပါ – (မှန်လှပါဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတာဟူသရွေ့

ဟေ့ – သုသိမတဲ့၊ မင်း နားလည်ချင်လဲလည်၊ မလည်ချင်လဲနေတော့ ဘုရားက – (မှန်ပါ့)၊ ငါဘုရားသာသနာမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတာဟူသရွေ့ သမထကြောင့် သမထအာနိသင် သမထက ပြီးစေတယ်လို့ မင်းဘယ်တော့မှ မမှတ်နဲ့တဲ့ – (မှန်ပါ့ဘုရား)၊ ရှင်းပြီလား – (ရှင်းပါပြီ)၊ ဝိပဿနာဉာဏ်၏အကျိုး ဝိပဿနာဉာဏ်ကြောင့် ရတယ်၊ ဝိပဿနာဉာဏ်ကြောင့် အကျိုးပြီးတယ်ဆိုတာ မင်းသေသေချာချာမှတ် (မှန်ပါ့ဘုရား)။

ဘယ်သူက ပြောနေတာလဲ – (ဘုရားကပြောတာပါ)၊ ဒီနှစ်ဉာဏ်ပြောတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ နိဗ္ဗာန်လိုချင်လို့ ဒုက္ခခပ်သိမ်း ငြိမ်းချင်ပါတယ်ဘုရားလို့ ဆိုလို့ရှိရင်ဖြင့် ရှေ့ပိုင်းက ဝိပဿနာဉာဏ်ထားပါ – (မှန်ပါ့)၊ ရင့်လာလို့ရှိရင် ဘယ်ဉာဏ်ပေါ်မလဲ (မဂ်ဉာဏ်ပေါ်ပါမယ်ဘုရား)။

မဂ်ဉာဏ်ပေါ်တော့ သူပျောက်ပါတယ် – (မှန်ပါ့)၊ သူ့ဟာ သူပျောက်သွားတယ် (မှန်ပါ့)၊ မပျောက်ပေဘူးလား (ပျောက်ပါတယ်ဘုရား)၊ ဒီငါးပါးပျောက်ပြီးသကာလ ရှစ်ပါး ပေါ်မလာပေဘူးလား (ပေါ်လာပါတယ်ဘုရား)။

ပဋ္ဌာန်းပါဠိတော်

အဲ ငါးပါးက အနိစ္စရောက်ပြီး ရှစ်ပါးက မဂ်အဖြစ်နဲ့ ပေါ်လာပါတယ် (မှန်ပါ့ဘုရား)၊ အဲဒါကြောင့် ဘုရားက ပဋ္ဌာန်းပါဠိတော်များကျလာတော့ ဒကာ ဒကာမတွေ သေချာလိုက်တာ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ၊ သူ့ကို အနိစ္စ ဒုက္ခ အနတ္တ မြင်တာ ဝိပဿနာဉာဏ်ကွ (မှန်ပါ့)၊ သူက သင်္ခါရတရားကိုး (မှန်ပါ့)။

သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဒီသင်္ခါရ တရားတွေကို အနိစ္စ ဒုက္ခ အနတ္တလို့မြင်တာက ဝိပဿတိ တဲ့၊ ဝိပဿနာဉာဏ် (မှန်ပါ့ဘုရား)၊ ဒါ ပဋ္ဌာန်းပါဠိတော် သင်္ခါရတရားကို အနိစ္စလို့မြင်တာက – (ဝိပဿနာ ဉာဏ်ပါဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာဉာဏ်အတွက်တော့ ဘုရားက ပဋ္ဌာန်းပါဠိတော်မှာ ဒီလိုဟောတယ်ဆိုတော့ မသေချာသေးဘူးလား ဦးခင်မောင် (သေချာပါတယ်ဘုရား)။

သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ၊ ဒါက အနိစ္စ ဒုက္ခ အနတ္တ ပါကွာတဲ့၊ ဒါကဝိပဿနာ ဉာဏ်ပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီဘုရား)၊ သင်္ခါရတရားကို အနိစ္စ ဒုက္ခ အနတ္တလို့မြင်တာက ဘာဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါဘုရား)။

အာရမ္မဏပစ္စယေန ပစ္စယော

အဲ ဝိပဿနာဉာဏ်လဲဆုံးပါရော ဒကာ ဒကာမတို့ နိဗ္ဗာနံ မဂ္ဂဿ ဆိုတော့ ဒီနိဗ္ဗာနံ မဂ္ဂဿကျတော့ ဝိပဿနာ ပါသေးရဲ့လား (မပါပါဘုရား)၊ ဝိပဿနာမပါဘူးတဲ့။

”နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော” လို့ ဟောလိုက်ပြန်တော့ ဒကာ ဒကာမတို့၊ သိတဲ့အတိုင်းတဲ့ စကားလဲ အင်မတန်ကြီးပါတယ်၊ မှန်တာကလဲ ပဋ္ဌာန်းပါဠိတော်ဖြစ်နေလို့ အင်မတန်မှ သံယုတ်ပါဠိတော်နဲ့ ပဋ္ဌာန်းနဲ့ တစ်ထပ်တည်းသွားနေတယ် (မှန်ပါ့ဘုရား)။

အဲဒီတော့ နိဗ္ဗာနံမဂ္ဂဿဆိုသဖြင့် သင်္ခါရေမဂ္ဂဿလို့လာရဲ့လား – (မလာပါဘုရား)၊ ဒါဖြင့် ဒုက္ခအဆုံး နိဗ္ဗာန်မြင်တာက ဘာဉာဏ်ဆိုကြမယ် – (မဂ်ဉာဏ်ပါဘုရား)၊ သင်္ခါရဒုက္ခမြင်တာ ဘာဆိုကြမယ် (ဝိပဿနာဉာဏ်ပါ ဘုရား)။

အဲ သင်္ခါရ ဒုက္ခမြင်တာက ဝိပဿနာဉာဏ်၊ ဒုက္ခအဆုံး နိဗ္ဗာန် မြင်တာက (မဂ်ဉာဏ်ပါဘုရား)၊ မဂ်ဉာဏ် ဆိုတာ သေချာပြီလား (သေချာပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘယ်နှစ်ဉာဏ်နဲ့ ကိစ္စပြီးပါလိမ့်မတုန်း – (နှစ်ဉာဏ်နဲ့ ကိစ္စပြီးပါတယ်ဘုရား)၊ နှစ်ဉာဏ်နဲ့ ကိစ္စပြီးတယ်ဆိုတာ သဘောကျပြီလား – (ကျပါပြီ)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုများ အားထုတ်ရပါလိမ့်မတုန်းဆိုတာကော သံသယရှိသေးရဲ့လား (မရှိပါဘုရား)။

ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြီး စမ်းသပ်ကြည့်နေ၊ အသက်ကလေး မှန်မှန်ရှူ၊ ရှူပြီးသကာလ စိုက်ကြည့်တော့ ဟိုကယား၊ ဒီက,နာ၊ ဟိုစိတ်ကလေးပေါ်လာ၊ ဒီစိတ်ကလေးတွေပေါ်လာ၊ ပေါ်တာကလေးတွေက ခုနကလဲမရှိဘူး၊ အခုလဲရှာမတွေ့ပြန်ဘူး၊ ခုနကမရှိဘူး၊ အခုပေါ်လာပြီ၊ ပေါ်လာပြီး သူရှာမတွေ့ဘူးဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့၊ အဲဒါ ခန္ဓာထဲက အနိစ္စတွေပြနေတာ – (မှန်ပါ့ဘုရား)။

မမြင်ရာအရပ်က ပေါ်လာတယ်

ယားရင် ယားတဲ့နေရာ အနိစ္စရှု၊ စိတ်ကလေးပေါ်လာ၊ ပေါ်လာတဲ့နေရာ – (အနိစ္စရှုရပါမယ်)၊ မျက်လုံးထဲ မြင်စိတ်ကလေး ပေါ်လာရင် မြင်စိတ်ကို (အနိစ္စရှုရပါမယ်)၊ ကြားစိတ်ကလေးပေါ်လာရင် (အနိစ္စရှုရပါမယ်)၊ ကြားစိတ် ကလေးရှု၊ သူဟာသည် “အဒဿနတော အာယန္တိ၊ ဘဂ္ဂါ ဂစ္ဆန္တိ အဒဿနံ” မမြင်ရာအရပ်က ပေါ်လာတယ်၊ ချုပ်တော့လဲ မမြင်ရာအရပ်ပဲသွားတယ် – (မှန်ပါ့ဘုရား)၊ သဘောကျပြီလား – (ကျပါပြီ)၊ မမြင်ရာအရပ်က ပေါ်လာတယ်၊ ချုပ်သွား တော့လဲ (မမြင်ရာအရပ် သွားပါတယ်ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက ဥပမာနဲ့တကွပြလိုက်တယ်၊ ကောင်းကင်မှ လျှပ်စစ်ကလေးတွေ ဒကာ ဒကာမတွေက မော့ကြည့်နေတာပေါ့ တိမ်ကြားထဲက ဖျတ်ခနဲ ထွက်မလာပေဘူးလား – (ထွက်လာပါတယ်ဘုရား)၊ သူပြန်ဝင်တော့ကော (ဖျတ်ခနဲပါဘုရား)။ ဪ အဲဒီအတိုင်းသာမှတ်ပါ – (မှန်ပါ့ဘုရား)၊

အကုန် ရှုရမယ်

ဒီမျက်လုံးထဲပေါ်လာတဲ့ စိတ်ကလေးဟာ ဖျတ်ခနဲပေါ်လာပြီး ဖျတ်ခနဲချုပ်သွားတာပဲ – (မှန်ပါ့ဘုရား)၊ ဟို လျှပ်စစ်ကမှ မြင်ရသေးတယ်နော် – (မှန်ပါ့ဘုရား)၊ ဒီဟာကတော့ ဪ ပေါ်လဲပေါ်တယ်၊ ရှိလဲမရှိဘူးလို့ မဂ္ဂင်ငါးပါးနဲ့ရှုရှုပေး (မှန်ပါ့)၊

နားထဲကြားတဲ့စိတ်ကလေးရှု၊ နှာခေါင်းထဲနံတဲ့ စိတ်ကလေး (ရှုရပါ့မယ်)၊

ကိုယ်ပေါ်မှာ ယားတဲ့ ယံတဲ့ စိတ်ကလေး (ရှုရပါ့မယ်)၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေး (ရှုရပါမယ်)၊

ဝမ်းထဲမှာ ဝမ်းသာတဲ့စိတ်ကလေး (ရှုရပါမယ်)၊ ဝမ်းနည်းတဲ့စိတ်ကလေး – (ရှုရပါမယ်)၊ ဒေါသထားတဲ့စိတ်ကလေး – (ရှုရပါမယ်)၊ သောကဖြစ်တဲ့ စိတ်ကလေး (ရှုရပါမယ်)၊ သံသယဖြစ်တဲ့ စိတ်ကလေး (ရှုရပါမယ်)။ ကုက္ကုစ္စ ဖြစ်တဲ့စိတ်ကလေး (ရှုရပါမယ်)၊ အကုန် ရှုရမယ်ဆိုတာ သေချာကြပြီလား – (သေချာပါပြီဘုရား)၊ အဲဒါ သင်္ခါရတရားတွေမို့ သင်္ခါရတရားပျက်တတ်သည်လို့ မှတ်လိုက်ပါ (မှန်ပါ့ဘုရား)၊ သင်္ခါရတရား (ပျက်တတ်ပါတယ်ဘုရား)၊ ပေါ်လာတာသင်္ခါရ၊ ပျက်သွားတာက အနိစ္စ – (မှန်ပါ့ဘုရား)၊ ပေါ်လာတာ (သင်္ခါရပါ)၊ ပျက်သွားတာ (အနိစ္စပါဘုရား)၊ အဲဒါကြောင့် သဗ္ဗေ သင်္ခါရာ အနိစ္စာ (မှန်ပါ့)။ ပေါ်လာတာ (သင်္ခါရပါ)၊ ပျက်သွားတာက (အနိစ္စပါဘုရား)၊ အဲဒါ ပါဠိထဲသွင်းလိုက်၊ သဗ္ဗေ သင်္ခါရာ – (အနိစ္စာပါဘုရား)၊ အဲ သင်္ခါရဟာ ပျက်တယ်ကွတဲ့ – (မှန်ပါ့)၊ သဘောပါပြီလား (ပါ,ပါပြီ)။

အပျက်မြင်တာသည် ဝိပဿနာမဂ်

အဲဒါကလေးတွေ ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါကျတော့ အပျက်မြင်တာသည် ဝိပဿနာမဂ် – (မှန်ပါ့)၊ အပျက်အဆုံးမြင်တာသည် လောကုတ္တရာမဂ် (မှန်ပါ့)၊ အပျက်မြင်တာသည် (ဝိပဿနာမဂ်)။ အပျက် အဆုံး မြင်တာသည် (လောကုတ္တရာမဂ်ပါဘုရား)၊ လောကုတ္တရာမဂ်ဆိုတာ သေချာပြီလား (သေချာပါပြီ)၊ အဲဒီတော့ သုသိမ ကိုလဲ ဘုရားက ဘယ်နှစ်ဉာဏ်ဟောပါလိမ့် (နှစ်ဉာဏ်ပါဘုရား)၊ ရဟန္တာကြီးတွေကလဲ (နှစ်ဉာဏ်ပါဘုရား)၊ နှစ်ဉာဏ်ပဲ – ဟောတယ်။

အဲဒီတော့ သုသိမ – က ဘုရားဟောတာလဲ မကျေနပ်သေးဘူး (မှန်ပါ့ဘုရား)၊ မကျေနပ်တော့ နက်ဖြန်ကျတော့မှ သုသိမကို ရဟန္တာဖြစ်အောင် ဟောတဲ့တရား လာလိမ့်ဦးမယ် (မှန်ပါ့)၊ သုသိမ ရဟန္တာ ဖြစ်ဦးမယ် (မှန်ပါ့ဘုရား)။

အဲဒီ ရဟန္တာဖြစ်ပြီးတော့မှ မင်း ကောင်းကင်ပျံနိုင်သလား၊ မြေလျှိုးနိုင်သလားဆိုတာ ဖွတ်မြီးနဲ့ ဖွတ်ချည် ပါလိမ့်ဦးမယ် (မှန်ပါ့ဘုရား)။

အဲဒါ နက်ဖြန်မှနာကြ ယနေ့ တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။