10509

မာတိကာသို့

ခန္ဓာခေါ်ရာ ဉာဏ်သွင်းရမည် တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

ခန္ဓာခေါ်ရာ ဉာဏ်သွင်းရမည် တရားတော်

(၅-၃-၆၁) တရားနာပြီးသည့်နောက်ကို ခန္ဓာထဲမှာ ပြနေတဲ့တရားတွေကို ဉာဏ်နဲ့ အမုန်သိအောင် လုပ်ပါလို့ဆိုတာ တိုက်တွန်းပါတယ်နော် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာယုံပါ

တရားကိုလဲနာရမယ်၊ ခန္ဓာကိုလဲ ဉာဏ်လှည့်ရမယ်၊ ခန္ဓာထဲဉာဏ်နဲ့ လှည့်လိုက်ပြီဆိုမှဖြင့် ခန္ဓာကပြောပြပါလိမ့် မယ်၊ ကျုပ်ဟာ အနိစ္စခန္ဓာကိုယ်ပါပဲ၊ ကျုပ်ဟာ ဒုက္ခခန္ဓာကိုယ်ပါပဲ၊ ကျုပ်ဟာ အနတ္တခန္ဓာကိုယ်ပါပဲ၊ ကျုပ်ဟာ ဒုက္ခသစ္စာပဲလို့ ခန္ဓာကပြောပါလိမ့်မယ်- (မှန်ပါ့ ဘုရား) ၊ ဘယ်သူကပြောတာမှမယုံနဲ့၊ ခန္ဓာကပြောတာယုံပါ (မှန်ပါ့)။

အဲဒီ ခန္ဓာက ပြောပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စိုက်ပြီးကြည့်ပါ သူပြောတာကို (မှန်ပေါ့)။

ဒါကြောင့် ဒကာ ဒကာမတွေ မမေ့ပါနဲ့၊ ဧဟိပဿိကောဆိုတဲ့ဥစ္စာ သဘောကျတယ်မဟုတ်လား (မှန်ပါ ဘုရား)၊ ခန္ဓာက ဘယ်လိုများ ခေါ်လေ့ပြောလေ့ရှိပါလိမ့် (ဧဟိပဿိကောလို့ ခေါ်ပါတယ် ဘုရား)။

အဲ လာပါ – ရှုပါလို့ ခဏခဏ ခန္ဓာက ခေါ်တယ်နော်- (မှန်ပါ့) ၊ ဧဟိ၊ လာခဲ့ပါ၊ ပဿ၊ သူ့ကိုရှုပါ။ ခန္ဓာကမခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာက အမြဲတမ်းခေါ်နေတာပဲ၊ အဲဒါ လက်နဲ့မသွားဘဲနဲ့၊ မျက်လုံးနဲ့မသွားဘဲနဲ့ ဉာဏ်ကလေးနဲ့ သွားပေးလိုက်စမ်းပါ (မှန်ပါ့ ဘုရား) ၊ ခန္ဓာခေါ်တာ ဘာနဲ့သွားရမယ်- (ဉာဏ်နဲ့သွားရပါမယ် ဘုရား)။

အဲဒါကြောင့် ဘုရားကလဲ သန္ဒိဋ္ဌိကော၊ သာမံပဿိတဗ္ဗေဒ၊ ကိုယ်တိုင်မြင်အောင်သွားပါ၊ သန္ဒိဋ္ဌိကောနဲ့ သွားလိုက်နော်- (မှန်ပါ့ ဘုရား)။

အခေါ်သမားနဲ့ အသွားသမား

သန္ဒိဋ္ဌိကောနဲ့ ဒကာ ဒကာမတွေက သွားလိုက်ပြီဆိုမူဖြင့် အခေါ်သမားနဲ့ အသွားသမားသည် အခေါ်သမားကလဲ အနီးကခေါ်မှာပဲ၊ အသွားသမားက ဉာဏ်ဖြစ်ရမယ်- (မှန်ပါ့ ဘုရား)။

အခေါ်သမားက အနိစ္စ (မှန်ပါ့ ဘုရား)။

အသွားသမားက ဉာဏ် (မှန်ပါ့ ဘုရား)။

အခေါ်သမားက (အနိစ္စပါ ဘုရား)။

အသွားသမားက (ဉာဏ်ပါ ဘုရား)။

အဲဒီခေါ်ရာကို ဉာဏ်နဲ့သွားပြီ ဆိုမူဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်ခန္ဓာအကြောင်း ကိုယ် ကောင်းကြောင်း။ သိပါတယ် (မှန်ပါ့ ဘုရား)။ မသိပေဘူးလား (သိပါတယ် ဘုရား)။

ကိုမြရွှေတို့၊ ဒကာ ဦးဇံရင်တို့ မသိပေဘူးလား- (သိပါတယ် ဘုရား)၊ ခေါ်ရာကိုသာ၊ အနိစ္စကခေါ်ရာကိုသာ ဉာဏ်ကသွားပေးပါ- (မှန်ပါ့)၊ အနိစ္စခေါ်ရာကို – (ဉာဏ်ကသွားပေးပါ ဘုရား)။

ခန္ဓာကိုယ်တစ်ကိုယ်လုံးကဖြင့် ဝေဒနာ ကြည့်လိုက်ပြန်လဲ၊ ယားတယ်လို့ ကြည့်လိုက်ပြန်လဲ ကြည့်သည်နဲ့ တစ်ပြိုင်နက်တည်း ပျောက်သွားလို့ အနိစ္စခေါ်တာပဲ (မှန်ပါ့ ဘုရား)။

စိတ်ကလေးတွေကလဲ ဘယ်စိတ်ပေါ်ပေါ်၊ နောက်ကနေပြီး ကြည့်ပါဦးမယ်ဆိုပြီး သန္ဒိဋ္ဌိကောနဲ့ သာမံ ပဿိတဗ္ဗောဆိုတဲ့အတိုင်း ကိုယ်တိုင်လဲ လိုက်ကြည့်လိုက်ပါရော၊ ဒကာ ဒကာမတို့၊ အနိစ္စက မရှိတာပဲ ကျုပ်ကဖြင့် မရှိတော့ဘူး၊ ကျုပ်ဖြင့်သေပါပေါ့၊ မပြောဘူးလား- (ပြောပါတယ် ဘုရား)။

မိမိအသေ မိမိမြင်တာ

အဲဒီလို ခန္ဓာလဲ သူ့ အသေကို သူပြောတဲ့အခါ ကျုပ်တို့ ဒကာ ဒကာမတွေ ဉာဏ်ကလေးနဲ့ လိုက်- လိုက်တဲ့အခါ ကျ လို့ရှိရင်ဖြင့် သူများအသေ ကိုယ်မြင်တာလား မိမိအသေ မိမိမြင်တာလားဆိုတာ အကဲခတ်တာပေါ့ဗျာ၊ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ- (မိမိအသေ မိမိမြင်တာပါ ဘုရား)။ မိမိအသေမိမိမြင်တဲ့ ဉာဏ်ပဲလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒီတော့ မိမိအသေဆိုတာ ဘာပါလိမ့်မတုံး ဆိုတော့ “မရဏမ္ပိ ဒုက္ခသစ္စံ “ ဆိုလဲ ဟုတ်တာပဲနော် – (မှန်ပါ့)၊ ဖြစ်ပျက်သည် ဒုက္ဓသစ္စာပဲလို့ ဆိုတာလဲ ဟုတ်တာပဲ – (မှန်ပါ့)။

ဘာဖြစ်လို့တုံး “ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာပိ ဒုက္ခာ “ လို့ဟောထားသောကြောင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ဒီခန္ဓာကိုယ်ကြီးကဖြင့် ဒုက္ခသစ္စာကြီးပါတည်း၊ ဒုက္ခသစ္စာအဖြစ်နဲ့ ခေါ်လေ့ ပြောလေ့ ရှိပါတယ်၊ အဲဒီဒုက္ခသစ္စအဖြစ်နဲ့ ခေါ်လေ ပြောလေ့ ရှိတာကို ဒကာ ဒကာမတွေက တဏှာနဲ့မလိုက်နဲ့၊ ဒေါသနဲ့ မလိုက်နဲ့၊ ဉာဏ်နဲ့လိုက်ပါလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ တဏှာနဲ့ -(မလိုက်ရပါ ဘုရား)၊ ဉာဏ်နဲ့ (လိုက်ရပါမယ်)၊ ဒေါသနဲ့- (မလိုက်ရပါ ဘုရား)။

ယား -ယားလွန်းလှဘယ်ဆိုပြီး ခန္ဓာကိုယ်က ဝေဒနာပေါ်နေတာ ယား- ယားလွန်းလှတယ်ဆိုပြီး ကုတ်လိုက်တဲ့ အခါကျတော့ ဒေါသနဲ့ လိုက်တယ်နော်- (မှန်ပါ)၊ ယားလိုက်တာ စိတ်များပျက်ပါပေါ့၊ ပခုံးကိုက ယားတာပဲ။ ရင်ကိုက ယားတာပဲ၊ မျက်နှာကိုက ယားတာပဲဆိုရင်ဖြင့် စိတ်များပျက်ပါပေါ့၊ ဒေါသနဲ့ လိုက်တယ်နော် (မှန်ပါ့)။

ဉာဏ်နဲ့လိုက်ကြစမ်းပါ

အဲဒါကြောင့် ဧဟိ၊ လာခဲ့ပါ။ ပဿ၊ ကျုပ်ကို ရှုပါလို့ယားတဲ့နေရာက ခေါ်ခေါ်၊ ဝမ်းထဲကစိတ်တွေကခေါ်ခေါ်၊ မျက်လုံးစိတ်ကခေါ်ခေါ်၊ ဒကာ ဒကာမတွေ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင် လိုက်ရတယ်၊ ဉာဏ်နဲ့လိုက်ကြစမ်းပါ နော် (မှန်ပါ့ ဘုရား)။

ဘာနဲ့လိုက်ကြမယ် -(ဉာဏ်နဲ့လိုက်ရမှာပါ)၊ ဉာဏ်နဲ့လိုက်ကြစမ်းပါဆိုတော့ ခန္ဓာကလဲ မခေါ်တဲ့အချိန် ရှိပါ့မလား (မရှိပါ ဘုရား)၊ အဲ ဉာဏ်က မလိုက်မိတဲ့အချိန် ဖြစ်မှာစိုးလို့ယနေ့ ဒီတရား စပြောပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကတော့မခေါ်မရှိဘူးဆိုတာ သေသေချာချာမှတ်ကြပါ (မှန်ပါ့ ဘုရား)။ ဉာဏ်က မလိုက်မိမှာ အင်မတန်စိုးရိမ်ရတယ် ဒကာသစ်တို့နော် (မှန်ပါ့ ဘုရား) ၊ ဦးခင်မောင်တို့ဘာစိုးရိမ်ရပါလိမ့် (ဉာဏ်က မလိုက်မိမှာ စိုးရိမ်ရပါတယ်)။

ဉာဏ်မလိုက်မိလို့ရှိရင် ဒေါသ တဏှာ လိုက်ပါလိမ့်မယ်၊ တဏှာလိုက်ရင် တဏှာဥပါဒါန် ကံဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဒေါသလိုက်လို့ရှိရင် ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာဆိုတာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒီလိုဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆက်မသွားပေဘူးလား (ဆက်သွားပါ တယ် ဘုရား)။

ဆက်သွားတော့ တစ်ဘဝ တစ်ခါတည်း ယားလိုက်တာနဲ့တစ်ခါတည်းနာလိုက်တာနဲ့ ဟို အနာဂတ်ဘဝပါ ခန္ဓာကြီးရတယ်-(မှန်ပါ့)၊ ဒုက္ခသစ္စာ ခန္ဓာကြီးနဲ့ ခင်ဗျားတို့ အကျိုးပေးတွေ့ပြီး ဆုံနေရလိမ့်ဦးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဧဟိပဿိကောက ခေါ်တာ

အဲဒါကြောင့် ဧဟိပဿိကောက ခေါ်တာကို ဘာနဲ့လိုက်ကြမယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့။ ဒကာ ဒကာမတို့၊ ဥပမာ – ယားနေတဲ့ နေရာကလေး ပခုံးကယားတယ်၊ ယားတာကလေးဉာဏ်နဲ့ လိုက်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဪ ယားတာ ကလေးဟာလဲဖြစ်ပြီး ပျက်သွားတာပဲလို့ ဉာဏ်ကလေးက မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

သိလိုက်တော့ ယားခြင်းကြောင့် ဒေါသ သောက ပရိဒေ့ဝနောက်က လိုက်သေးရဲ့လား- (မလိုက်ပါ)၊ အဲ ဉာဏ်နဲ့လိုက်လိုက်တဲ့အတွက် အကာလီကောဆိုပြီး ဒေါသသောက ပရိဒေဝတွေ ချုပ်သွားတယ် (မှန်ပေါ့)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲ အကာလိကော အခါမလင့် အကျိုးပေးပစ်လိုက်တော့ ဒကာ ဒကာမတွေ အပါယ်သွားမည့် တရားတွေ ဝင်ခွင့် ရသေးရဲ့လား(မရပါ)၊ အဲဒီအပါယ်သွားမည့်တရားတွေဝင်ခွင့်မရတာ အကာလိကောလို့ ပုတ်လိုက်စမ်းပါ နော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာသုံးလေးခါရှိပြီ ဆရာကဟောတာက ခန္ဓာ၊ ခန္ဓာက ဧဟိပဿိကော၊ ဉာဏ်က ဘာတုံး-(သန္ဒိဋ္ဌိကောပါ)၊ သန္ဒိဋ္ဌိကော၊ အဲဒီတော့ ဧဟိပဿိကောခေါ်ရာကို ဘာနဲ့လိုက်ရမယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)၊ သန္ဒိဋ္ဌိကောနဲ့ လိုက်ရမယ်ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီလို လိုက်- လိုက်တဲ့ အခါကျတော့ ဉာဏ်နဲ့လိုက် – လိုက်တော့ ဖြစ်ပျက် ဝိပဿနာမဂ်၊ သွားမကိုက် ဘူးလား-(ကိုယ်ပါတယ် ဘုရား)။

ကိုက်တဲ့အခါကျတော့ ဒေါသနဲ့မလိုက်တဲ့အတွက် ယားလိုက်တာ ကျုပ်ဖြင့် စိတ်ကိုပျက်လို့ဆိုတဲ့ ဒေါသသောက ပရိဒေဝတွေကော လာသေးရဲ့လား (မလာပါ ဘုရား)။

ဉာဏ်နဲ့ လိုက်-လိုက်တော့ မလာဘူး၊ မလာတော့ ဒီတရားတွေဟာ၊ မကောင်းတဲ့တရားတွေဟာ တစ်ခါတည်း ဒကာ ဒကာမတွေသန္တာန် ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။

မခါမလင့် အကျိုးပေးချလိုက်တာ

အဲ့ဒါ အကာလိကော မခါမလင့် အကျိုးပေးချလိုက်တာ (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ ဝမ်းထဲအကုသိုလ်တရားတွေ ရှိသေးရဲ့လား (မရှိပါ)၊ ဒါဘာပါလိမ့်ဗျာ (အကာလိကော – ပါဘုရား။

အကာလိကော – အခါမလင့် အကျိုးပေးပစ်လိုက်တယ်၊ ချက်ချင်းလိုက်-လိုက်လို့နော်၊ မလိုက်ရင် ဒီလိုဖြစ်မယ်မဟုတ်ဘူးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒါ အလုပ်တရားကိုစပြီးပေးနေပါတယ် (မှန်ပါ့)၊ အလုပ်တရား ဒီအတိုင်းလိုက်ရမယ်ဆိုတာ သေချာပလား -(သေချာပါပြီ ဘုရား)။

ဧဟိပဿိကောက (အခေါ်သမားပါ ဘုရား)။

သန္ဒိဋ္ဌိကော-က (အလိုက်သမားပါ ဘုရား)။

အကာလိကောဆိုတာလဲ အကျိုးပေး အထမြောက်တာ- (မှန်ပါ့)၊ အကာလိကောက (အကျိုးပေး အထမြောက် တာပါ)။ လုပ်ခြင်းကြောင့် အပါယ်တံခါး ပိတ်တယ် အပါယ်သွားမည့်တရားတွေ အကုန်ပိတ်သွားတယ်- (မှန်ပါ့)၊ လုပ်လို့ပညာဂုဏ်ရည်ရတာ၊ မလုပ်တဲ့ပုဂ္ဂိုလ် အပါယ်တံခါးပိတ်တယ်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့လိုက်ပြီး ကြည့်တော့မူ ဪ တို့သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် တရားဂုဏ်တော်ဟာ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ ဘုရားက ကောင်းအောင်ဟောပါလျက်သားနဲ့တို့က အသုံးမချတတ်လို့ခက်နေတယ် -(မှန်ပါ့ ဘုရား)၊ ဘုရားက ဘာတဲ့ (ကောင်းအောင်ဟောပါတယ် ဘုရား)။

”သွာက္ခာတော ဘဂဝတော ဓမ္မော”။ ဘဂဝတော၊ မြတ်စွာဘုရားသခင်သည်၊ ဓမ္မော၊ တရားကို။ သွာက္ခာတော၊ ကောင်းအောင်ကို ဟောနတယ်၊ နိဗ္ဗာန်ရောက်အောင်ကို ကျင့်စဉ်ဟောပါတယ်နော်-(မှန်ပါ့) ဘယ်လိုများ ဟောလိုက်ပါလိမ့် (နိဗ္ဗာန်ရောက်အောင် ဟောပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်တဲ့ ကျင့်စဉ်

နိဗ္ဗာန်ရောက်တဲ့ ကျင့်စဉ်ကို ဟောလိုက်ပါလျက်သားနဲ့ ဒကာ ဒကာမတွေက မကျင့်တတ်ဘဲဖြစ်ပြီး မသုံးတတ်ဘဲ ဖြစ်ပြီးသကာလ နေသောကြောင့် ဒီနေ့ဥစ္စာကို မောင်မြတို့ ဆက်ပြောမယ်နော် (မှန်လှပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဧဟိပဿိကောဆိုတာက ခန္ဓာက အနိစ္စက အခေါ်သမား (မှန်ပါ့ ဘုရား)။ သန္ဒိဋ္ဌိကောက (အလိုက်မားပါ ဘုရား)၊ အကာလိကောက (အခါမလင့်အကျိုးပေးပါတယ် ဘုရား)။

အခါမလင့် အကျိုးပေးတယ်ဆိုတာ အပါယ်တံခါးပိတ်ပေးတာ (မှန်ပါ့ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာပါလိမ့် (အပါယ်တံခါး ပိတ်ပေးတာပါ ဘုရား)။

အဲဒီတော့ အပါယ်တံခါး ပိတ်ချင်ပါတယ်ဆိုတဲ့ ဥစ္စာသန္ဒိဋ္ဌိကော လိုက်မှပိတ်တယ် (မှန်ပါ့ ဘုရား)။ သန္ဒိဋ္ဌိကော မလိုက်လို့ရှိရင် (မပိတ်ပါ ဘုရား)၊ မပိတ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေက ပေါ့ပေါ့တန်တန်မနေပါနဲ့၊ အခုဒီနေ့ပြောတာ တရားစ,ခါ ရှိသေးတယ် သုံးလုံး ခင်ဗျားတို့ဉာဏ်ထဲမှာ ရောက်သွားပြီ (မှန်ပါ့ ဘုရား)။ မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။

ဟာကလေးက ဘာတဲ့ (ဧဟိ ပဿီကော-ပါ ဘုရား)။ လာပါ-ရှုပါလို့ ဒါ-ခန္ဓာကခေါ်တယ်နော်-(မှန်ပါ့ ဘုရား)။ ခန္ဓာကခေါ်တော့ ဘာနဲ့လိုက်ကြမယ်-(သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

အဲ သန္ဒိဋ္ဌိကောဆိုတာ သမံ ပဿိဘဗ္ဗော။ သာမံ၊ ကိုယ်တိုင် ပဿိတဗ္ဗော၊ ဘာပါလိမ့်မတုန်းလို့ မြင်အောင် လိုက်ပါ (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့်မတုန်းလို့ မြင်အောင်လိုက်-လိုက်တဲ့အခါကျတော့ ဘာတွေ့သတုန်း ဒီနေရာ (အကာလိကောတွေပါတယ်)။ အနိစ္စပဲတွေ့တယ် (မှန်ပါ့)။

မရှိတာတွေ့ပါတယ်

ရှိတာတွေ့သလား၊ ဖြစ်ပြီး မရှိတာတွေ့သလား (မရှိတာတွေ့ပါတယ် ဘုရား)၊ ဒါဖြင့် ဉာဏ်နဲ့လိုက် လိုက်တော့ မရှိတာ တွေ့တော့ မရှိတာက အနိစ္စ၊ ဉာဏ်ကလေးက (မဂ္ဂပါ ဘုရား)။

ဟော ဉာဏ်က မဂ္ဂဖြစ်သွားတော့မဂ်သည် ကိလေသာကို ဖြတ်ပါတယ်လို့ဆိုတော့ မဂ်လိုက်တဲ့အတွက် ဒီဘက်က အကာလိကော၊ အခါမလင့် အကျိုးပေးတဲ့ အပါယ်သွားတဲ့တရားတွေ လာသေးရဲ့လား-(မလာပါ ဘုရား)၊ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒီသုံးလုံးဟာ ဒကာ ဒကာမတွေက စဉ်းစားကြည့်စမ်းပါလား၊ ဪ တို့သည်ကားလို့ဆိုရင် နှစ်လုံးက အလုပ်လုပ်ရမယ်၊ တစ်လုံးက အလိုလိုပြီးတယ်-(မှန်ပါ့ ဘုရား)။ နှစ်လုံးကတော့ အလုပ်လုပ်ရမယ် (မှန်ပါ့ ဘုရား)။

သူတော့ ခေါ်လိမ့်မယ်၊ ဉာဏ်နဲ့လိုက်ရမှာ၊ တဏှာနဲ့ မလိုက်နဲ့၊ ဒေါသနဲ့ မလိုက်နဲ့၊ မောဟနဲ့ မေ့မနေနဲ့ (မှန်ပါ့ ဘုရား)။ ရှင်းပလား-(ရှင်းပါပြီ ဘုရား)။ တဏှာနဲ့လဲ (မလိုက်ရပါ)၊ ဒေါသနဲ့လဲ-(မလိုက်ရပါ)၊ မောဟနဲ့လဲ မေ့မနေနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဤကဲ့သို့ ဒီသုံးချက်ရှောင်ပြီး ဦးခင်မောင် “သန္ဒိဋ္ဌိကောသာမံ ပဿိတဗ္ဗော”ဆိုတဲ့အတိုင်းကိုယ်တိုင် ဉာဏ်နဲ့သာလိုက်၊ ကိုယ်တိုင်မြင်အောင် လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

လိုက်-လိုက်လို့ရှိရင်ဖြင့် ၁-ခေါ်ရာကို ၂-ကလိုက် လိုက်လို့ရှိရင် ၃-ဟာ အလိုလိုကိစ္စပြီးတယ်-(မှန်ပါ ဘုရား)၊ ၃-ဟာ အပါယ်တံခါးပိတ်တာ ဘယ့်နှယ်တုန်း (ကိစ္စပြီးပါပြီ ဘုရား)။ အလိုလို ကိစ္စပြီးပါတယ်ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ အခု ပြလိုက်သဖြင့် ဪ သမထ ပါနေသလားဆိုတာ ဒီအထဲ ကြည့်လိုက် (မပါ-ပါ ဘုရား)၊ မပါတော့ဘူး။

သမထကြောင့် နိဗ္ဗာန် ရောက်တာ မဟုတ်

ပါသေးရဲ့လား (မပါတော့ပါ ဘုရား)၊ မပါတော့ဘူး၊ သမထ မပါတော့ဘူး၊ မနေ့က ဘုန်းကြီးက စကားခင်း ထားခဲ့တယ်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ သူသိမ၊ ငါဘုရား၏ သာသနာတော်မှာ သမထကြောင့် နိဗ္ဗာန် ရောက်တာ မဟုတ်ဘူးကွ။

သမထ၏အကျိုးကြောင့် နိဗ္ဗာန်ရောက်တာ မဟုတ်ဘူး။ ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာလို့ ဆိုတာဘဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုတော်ပြောလိုက်တဲ့ အဋ္ဌကထာဆရာတွေကလဲ ဤအတိုင်းပြောလို့ ဒီမှာရှေ့ပိုင်းမှာ အလုပ်ပြတာ အဲဒါသွားချင်လို့ (မှန်ပါ့)။ ရိပ်မိပလား-(ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒါက ဘာတဲ့-(ဧဟိပဿိကောပါ ဘုရား)၊ ဧဟိပဿိကောဆိုတော့ ခန္ဓာကခေါ်တယ်-(မှန်ပါ့)၊ မခေါ် ဘူးလား (ခေါ်ပါတယ် ဘုရား)။

ခန္ဓာက ခေါ်တဲ့အခါကျတော့ မယုံရင် ဒကာ ဒကာမတွေက ညအခါ ကြမ်းပိုးကလေးဖြစ်ဖြစ်၊ သန်းကလေး ဖြစ်ဖြစ် ကိုက်လို့ရှိရင် လက်ကလေးနဲ့ မလိုက်ဘူးလား-(လိုက်ပါတယ်ဘုရား၊ ခေါ်လို့သွားတာ-(မှန်ပါ့)၊ မခေါ်ရင် သွားကိုမသွားဘူး-(မှန်ပါ့ ဘုရား)၊ လက်နဲ့သွားတာ ဒကာ ဒကာမတို့၊ မသွားဘူးလား (သွားပါတယ် ဘုရား)။

အဲဒါ ဘယ်သူကခေါ်သတုန်း (ခန္ဓာကပါ ဘုရား)၊ ဧဟိပဿီကောဆိုတဲ့ ခန္ဓာကခေါ်တယ်၊ ဝေဒနာဒုက္ခန္ဓာ ကနေပြီးခေါ်နေတယ် (မှန်ပါ့)၊ ကျုပ်ယားတယ်၊ ယားတယ်လာဖျောက်ပေးပါ၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

တဏှာနဲ့ မလိုက်နဲ့တဲ့

အဲဒီတော့ ခန္ဓာအခေါ်သမား သက်သက်ဆိုတာ တဏှာနဲ့လိုက်တာ (မှန်ပါ့ ဘုရား)။ ယားတာ ပျောက်ခြင်း အလိုရှိတဲ့ ဘာနဲ့လိုက်တာတုန်း (တဏှာနဲ့လိုက်တာပါ ဘုရား)။

အဲ့ တဏှာနဲ့ မလိုက်နဲ့တဲ့ကွ၊ ဘုရားက တဏှာနဲ့ လိုက်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ သွားလိမ့်မယ်-(မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)၊ တဏှာနဲ့လိုက်ရင်- (တဏှာ၊ ဥပါဒါန် ကံ သွားပါလိမ့်မယ် ဘုရား)။

”တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိ” ဆိုတော့ ဇရာ၊ မရဏ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ ဒါနဲ့ ဘာနဲ့လိုက်-လိုက်လို့ပါလိမ့် (တဏှာနဲ့လိုက်-လိုက်လို့ပါ ဘုရား)။

ကဲ ဒါဖြင့် ဘုရားကရော၊ ဆရာဘုန်းကြီးကရော ဘာနဲ့လိုက်ရမတုန်း (ဉာဏ်နဲ့လုက်ရမှာပါ ဘုရား)။ ဘယ်ပါဠိတော်က ဟောထားသတုန်း (သန္ဒိဋ္ဌိကောပါ ဘုရား)။ သန္ဒိဋ္ဌိကော သာမံ၊ ကိုယ်တိုင် (ဝါ) ဉာဏ်နဲ့ ကိုယ်တိုင် ပဿိတဗ္ဗော၊ မြင်အောင်လိုက်ပါ။

ဉာဏ်နဲ့ မြင်အောင်လိုက်

မင်း မြင်အောင် လိုက်ပါဆိုတာ ကိုယ်တိုင် မြင်အောင် လိုက်ပါ (မှန်ပါ့)။ ကိုယ်တိုင်ဉာဏ်နဲ့ မြင်အောင် လိုက်ပါဆိုတာ သဘောကျပလား-(ကျပါပြီ ဘုရား)။ ဉာဏ်နဲ့ မြင်အောင်လိုက်-လိုက်တော့ ဘာတွေ့သလဲ-(အနိစ္စတွေ့ ပါတယ် ဘုရား)။

ဒါဖြင့်-တွေ့တာက အနိစ္စ၊ ဟုတ်လား-(မှန်ပါ့)။ လိုက်တဲ့ဉာဏ်က (မဂ္ဂပါ ဘုရား)၊ ဒီဘက်က ခုနက အပါယ်သွားကြောင်းတရားတွေ ချုပ်တာက ဘာတဲ့တုန်း (နိရောဓ)၊ သမုဒယချုပ်တာ ဆိုချင်ဆို၊ အကာလိကော၊ အခါမလင့်အကျိုးပေးတာလို့ ဆိုချင်ဆို၊ အတည့်ချည့်ပဲ (မှန်ပါ့ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာရှုစရာ, ရှုတာ, အကျိုးပေး

ကိုင်း ဒါဖြင့် ဒါက ဝိပဿနာရှုစရာ၊ ဒါက ဝိပဿနာရှုတာ၊ ဒီဘက်က ချုပ်သွားတာက ဝိပဿနာ ရှုခြင်း ကြောင့် အကျိုးပေးတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်က ဝိပဿနာ ရှုစရာ (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ အပြကိုလဲကြည့်၊ ဒါမှ ခင်ဗျားတို့ အကုန်ရှုတတ် မယ်နော် (မှန်ပါ့ ဘုရား)။

ဒီအလုပကို အခုပြောတာမှ နားမလည်တော့ပါဘူး၊ ဘာများပြောနေပါလိမ့် ဆရာဘုန်းကြီးက ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းပြီ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။ ဦးခင်မောင် ဘယ်လိုမှတ်ကြမယ် (ကိုယ်ကျိုးနည်းပါ ပြီ ဘုရား)။

ကိုယ်ကျိုးနည်းပြီဆိုတာက ခန္ဓာကခေါ်ရာကို ခန္ဓာဆိုတာက ခန္ဓာငါးပါးရှိတယ်။ ရူပက္ခခန္ဓာက ခေါ်ချင်ခေါ်လိုက်လိမ့်မယ် (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာကကော (ခေါ်ပါတယ် ဘုရား)။ သညာက္ခန္ဓာကကော (ခေါ်ပါတယ် ဘုရား) သင်္ခါရက္ခန္ဓာကကော (ခေါ်ပါတယ် ဘုရား)၊ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကကော (ခေါ်ပါတယ် ဘုရား)၊ ခေါ်ချင်ခေါ် ခင်ဗျားတို့က ဉာဏ်နဲ့ချည်းလိုက်ပါမယ် (မှန်ပါ့ ဘုရား)။

လိုက်တာ ဟူသရွေ့သည် မဂ္ဂ

ဉာဏ်နဲ့ချည်းလိုက်-လိုက်လာလို့ရှိရင် ခေါ်တာဟူသရွေ့သည် အနိစ္စချည်းပဲ-(မှန်ပါ့)၊ လိုက်တာ ဟူသရွေ့သည် မဂ္ဂချည်းပဲ (မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)။

အဲဒီတော့ ခေါ်ရာကို လိုက်ခဲ့သည်ရှိသော် အကာလိကောဆိုတဲ့ ခင်ဗျားတို့ အပါယ်သွားကြောင်း တရားတွေဟာ အလိုက်ကောင်းလို့ ချုပ်သွားတယ် (မှန်ပါ့)၊ အလိုက်မကောင်းရင် (မချုပ်နိုင်ပါ)၊ မချုပ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒါက ရှုစရာနော်-(မှန်ပါ့)၊ ဒါကရှုတာ၊ ဒါကရှုခြင်းကြောင့် အကျိုးပေးတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါက ဘာပါလိမ့်-(ရှုစရာပါ)၊ ဒီဘက်က (ရှုတာပါ)၊ အင်း ဟင်း ဒီဘက်ကကော (ရှုခြင်း ကြောင့်အကျိုးပေးတာပါ ဘုရား)။

ရှုခြင်းကြောင့် အကျိုးပေးတာ ခင်ဗျားတို့ အပါယ်တံခါး ပိတ်ပစ်ထိုက်တယ်-(မှန်ပ့ါ)၊ အပါယ်တံခါးပိတ်ပြီး သကာလ ဒီမဂ်က နိဗ္ဗာန်တံခါးကို အရောက်ပို့ပေးလိုက်တယ်-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဪ ဒါဖြင့် တရားစ, စခါရှိသေးတယ်၊ တို့မှာ ဒီအတိုင်းလုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်ဆိုတဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်၊ တစ်ထောင့်ငါးရာ ကိလေသာ ချုပ်ငြိမ်းတဲ့နိဗ္ဗာန်၊ ဇာတိဇရာ မရဏတို့၏ ကုန်ရာဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ဟာ၊ ဪ မရောက်မရှိတော့ဘူး၊ ဒီအတိုင်း လုပ်ရုံပဲ-(မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား-(ပေါ်ပါပြီ)၊ ဒီအတိုင်း ကြိုးစားကြပါ ဆိုတာဖြင့် တိုက်တွန်းပါတယ်-(မှန်ပ့ါ)။

ကဲ သန္ဒိဋ္ဌိကော ဆိုတာက သာမံပဿိတဗ္ဗော၊ ကိုယ်ပိုင်ဉာဏ်နဲ့လိုက်ရမှာ (မှန်ပါ့ ဘုရား)၊ သမထ-ပါသေးရဲ့လား (မပါ-ပါ ဘုရား)။ ပါတော့ပါတယ်ထား၊ ခေါင်းမဆောင်နိုင်တော့ဘူး-(မှန်ပ့ါ)၊ ခေါင်းဆောင်နိုင်သေး ရဲ့လား-(မဆောင်နိုင်ပါ ဘုရား)။

သဟဇာတအဖြစ်နဲ့ လိုက်တာ

ခေါင်းမဆောင်နိုင်တော့ဘူးတဲ့ ဒကာ ဒကာမတို့၊ သမထခေါင်းမဆောင်ဘူး၊ သမထနောက်လိုက်ဖြစ်နေတယ်၊ မကင်းရာ မကင်းကြောင်းသဟဇာတအဖြစ်နဲ့ လိုက်တာ-(မှန်ပါ့)။

သဟဇာတအဖြစ်ဆိုတဲ့ဥစ္စာ၊ ရေယူရာမှာ ဦးခင်မောင်ရေ၊ ခွက်က မကင်းလို့ပါလာတယ်-(မှန်ပါ့)၊ ရေယူတာက ကျုပ်တို့ ရေသောက်ချင်တာလား ခွက်သောက်ချင်တာလား ပြောစမ်းပါဦး (ရေသောက်ချင်တာပါ ဘုရား)။

သို့သော် မကင်းတရားအဖြစ်နဲ့တော့ ခွက်နဲ့ယူမှ သောက်ရတဲ့အတွက် ဟုတ်လား၊ သောက်ရတာကတော့ ခွက်သောက်ရတာမဟုတ်ဘူး (မှန်ပါ့)၊ ဘာသောက်ရတာတုန်း (ရေသောက်ရတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ခွက်က အမောပြေတာလား၊ ရေကအမောပြေတာလား-(ရေကအမောပြေတာပါ ဘုရား)၊ အဲဒီမှာလဲတဲ့၊ သမထဆိုတဲ့ သူနဲ့တွဲနေတဲ့ သတိတို့၊ ဝိရိယတို့၊ သမာဓိတို့က သမထတွေ ပါပဲတဲ့၊ မကင်းလို့ ခွက်အဖြစ်နဲ့ ပါလာတာ(မှန်ပါ့)။

တကယ်ကျုပ်တို့က ကိလေသာ အမောပြေအောင်တော့ ဒကာ ဒကာမတွေ ဝိပဿနာတည်းဟူသော ရေကမှ ကိလေသ အမောကို ဖျောက်စေနိုင်တယ်(မှန်ပါ့ ဘုရား)၊ ပေါ်ပလား(ပေါ်ပါပြီ)၊ ရှင်းပြီနော်(ရှင်းပါပြီ)။

အဲ့ဒါ သေသေချာချာ ဝတ္ထုသက်သေသာဓကလဲ ထုတ်ပြပါဦးမယ်၊ ဒကာ ဒကာမတို့၊ သုသိမ ပရိဗိုဇ် ဟောတဲ့နေရာ ဌာနရှင်းပါလိမ့်မယ်နော်-(မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအလုပ်ကို ဒကာ ဒကာမတို့ ရှင်းသွားပလား(ရှင်းပါပြီ)။

ကျောပေးနေရင်တော့ မတတ်နိုင်ဘူး

ဒါက ဘာတဲ့-(ဧဟိပဿိကော) ဧဟိ-က ဘာတုန်း(လာပါ)၊ ပဿက,ဘာတုန်း-(ရှုပါ)၊ ဟော သူကဖြင့် လာပါ ရှုပါ လာပါ-ရှုပါလို့ ဦးခင်မောင် ခေါ်နေတယ်(မှန်ပါ့ ဘုရား)။

ဦးခင်မောင်က ကျောပေးနေရင်တော့ မတတ်နိုင်ဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေ ကျောပေးနေတယ်-(မတတ်နိုင်ပါ)၊ သူကတော့ မခေါ်ဘူးလား ခေါ်သလား(ခေါ်ပါတယ် ဘုရား)။

အဲ သူခေါ်တာကို ကျောပေးပြီး သကာလ မနေပါနဲ့ ခင်ဗျားတို့က ဥပမာ-ခေါ်ရရှာတယ်၊ ထမင်းဆာတယ် ဆိုတော့ ဆာလောင်မွတ်သိပ်တဲ့ လောဘသော် လည်းကောင်း၊ ဆာလို့ သည်းမခံနိုင်တဲ့ ဒေါသသော်လည်းကောင်း ဝမ်းထဲက မခေါ်ဘူးလား(ခေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဆာလောင်မွတ်သိပ်တဲ့ ဒေါသကလေးဟာလဲဖြစ်ပြီးပျက်တာပဲ အနိစ္စလို့ဉာဏ်နဲ့လိုက်ရမယ် မဟုတ်ဘူးလား-(မှန်ပါ့ ဘုရား)၊ အို ကျုပ်တို့ဖြင့် ထမင်းဆာလိုက်တာ စိတ်ကို ပျက်လို့ဆိုတာ ဒေါသနဲ့ သွားလိုက်တာ(မှန်ပါ့)၊ အလိုက်ကလွဲနေတယ် (မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)။

အဲဒီလို ဒေါသနဲ့ အလိုက်လွဲတဲ့အခါကျတော့ မယားက ထမင်းမကျက်သေး၊ ယောကျာ်းကလဲ ထမင်းဆာ၊ ရန်ဖြစ်ရုံရှိတော့တယ်(မှန်ပါ့ ဘုရား)၊ မလိုက်တတ်လို့ပေါ့ဗျာ-(မှန်ပါ့ ဘုရား)၊ မလိုက်တတ်တော့ ကိုမြရွှေဘယ့်နှယ်ဖြစ်ကုန် သလဲ (ရန်ဖြစ်ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ရန်တော့ဖြစ်တတ်တယ်တဲ့၊ ရန်ပြေအောင်တော့မလုပ်တတ်ဘူး(မှန်ပါ့ ဘုရား)၊ သဘောကျ ပလား(ကျပါပြီ)၊ အခုရန်ပြေနည်းနည်းရပါပလား(ရပါပြီ ဘုရား)။

ထမင်းဆာတယ်ဆိုတော့ လောဘကလေးဟာဖြစ်ပြီး ပျက်တာပဲလို့ သန္ဒိဋ္ဌိကောနဲ့လိုက်(မှန်ပါ့)၊ မလိုက်ရပေ ဘူးလား(လိုက်ရပါတယ် ဘုရား)၊ သူက ဧဟိပဿိကောကိုး၊ ဆာမှန်းသိအောင်ကို ပြောနေတာ(မှန်ပါ့)။

လာခဲ့ကြလို့ မခေါ်ဘူးလား

ကျုပ်ဆာပြီ၊ ကျုပ်ဆာပြီ၊ ကျုပ်ဆာပြီ၊ ခင်ဗျားတို့လာခဲ့၊ လာခဲ့ကြ၊ လာခဲ့ကြလို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့ ဒေါသနဲ့သွားလိုက်၊ လောဘနဲ့ သွားလိုက်၊ ဉာဏ်နဲ့မှ မသွားလိုက်ပ(မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့သွားလိုက်တော့ ဆာလောင် မွတ်သိပ်တာကဲလေးက ဖြစ်ပြီးပျက်တယ်(မှန်ပါ့)။ အနိစ္စက ခေါ်တယ် ဆိုတာတော့ ဦးဇံရင် မမိဘူးလား(မိပါတယ် ဘုရား)။

ကဲ ဒါဖြင့် ထမင်းဆာတဲ့အခါ၊ ဟောသွားတတ်လာထက်ပလား (သွားထက်သာတတ်ပါပြီ ဘုရား)၊ ဘာနဲ့သွားကြမယ်-(ဉာဏ်နဲ့သွားပါမယ်)။ ဉာဏ်နဲ့သွားရမယ်၊ ဆာတာကတော့ ခေါ်တာ အမှန်ပဲနော်(မှန်ပါ့ ဘုရား)။

ခြင်ကလေးကိုက်တယ်၊ ကိုက်တဲ့နေရာ ဒုက္ခဝေဒနာကလေးက အယားဖျောက်ပေးပါလို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့က လက်နဲ့တော့သွားပြီး ခြင်ကိုက်လို့ စိတ်ဆိုးတယ်ဆိုတော့ ဒေါသနဲ့ သွားလိုက်တာ ကိုး(မှန်ပါ့)။

ဒီခြင်ပုန်းတွေကြောင့် ခက်တာပဲ၊ တစ်ညလုံးအိပ်ရတော့မှာမဟုတ်ဘူး၊ ကျုပ်ဖြင့် စိတ်များပျက်ပါပေါ့ အစရှိသည်နဲ့ ခင်ဗျားတို့ကလဲ ရှည်လိုက်တဲ့ ဖြစ်ခြင်း၊ ရှည်တယ် ဆိုတာ ပဋိစ္စသမုပ္ပါဒ်တန်းတာ(မှန်ပါ့ ဘုရား)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။

ဒါဖြင့် ဘာနဲ့သွားရမလဲ (ဉာဏ်နဲ့သွားရပါမယ်)၊ ဉာဏ်နဲ့သွားလိုက်တဲ့အခါကျတော့ ယားတဲ့နေရာကလေးဟာ တကယ်ပဲ ယားတာလား၊ သာမန် ယားတာပဲလား၊ ဒါကလေးဟာ အနိစ္စကလေး တစ်မျိုးပေါ်လာတာပဲလို့ ကြည့်လိုက်ပါ ဗျ(အနိစ္စကလေးပေါ်လာတာပါ ဘုရား)၊ ဘယ့်နှယ်ဖြေကြမယ်(အနိစ္စကလေးပေါ်လာတာပါ ဘုရား)။

အနိစ္စနောက်က ဉာဏ်လိုက်

ဒါဖြင့် အနိစ္စနောက်က ဉာဏ်လိုက်-လိုက်တာပေါ့(မှန်ပါ့ ဘုရား)၊ ဒါဖြင့် ယားတဲ့ဝေဒနာက အနိစ္စ၊ ဉာဏ်လိုက်တာက မဂ္ဒ၊ ခုနက ဒေါသ၊ သောက၊ ပရိဒေသတွေ သေတာက ဒကာ ဒကာမတို့ သိတဲ့အတိုင်း အကာလိက၊ သဘောကျပလား(ကျပါပြီ)။

ဒါဖြင့် အနိစ္စ၊ မဂ္ဒ၊ အကာလိက ဒီလိုဖြစ်ပါတယ်(မှန်ပါ့)၊ ဒါက ဘယ့်နှယ်ဆိုကြမယ်(အနိစ္စပါ ဘုရား)၊ လိုက်တာက(မဂ္ဂပါ ဘုရား)၊ အင်း ဟင် ဒီဘက်က ချုပ်တာက (အကာလိကပါ)၊ ပေါ်တာက(အနိစ္စပါ) လိုက်တာက (မဂ္ဂပါ)၊ အကျိုးပေးတာက (အကာလိကပါ)။

ဒီလိုချည်းသွားရမှာ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဒီလိုနဲ့ပြီးသွားတာပဲ၊ အားလုံးသောအရိယာတွေဟာ ဒီလိုနဲ့ ပြီးသွားတာပဲ၊ ဒီအကာလိကနဲ့ပဲ အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်တံခါး ပွင့်သွားတယ်(မှန်ပါ့)။

အပါယ်လေးပါး တံခါးပိတ်တယ်ဆိုကတည်းက ဒီတရားဟာ နိဗ္ဗာန်ပဲသွားတော့တယ်၊ ဒိပြင် သွားသေးရဲ့လား (မသွားပါ ဘုရား)၊ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ယနေ့ တရားစ,စချင်းပဲ ခင်ဗျားတို့အလုပ်ပေးနေတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။ စိတ်ရှုတဲ့ပုဂ္ဂိုလ်လဲ ဒီအတိုင်းလိုက်၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်လဲ (ဒီအတိုင်းလိုက်ရပါတယ်)၊ ဝေဒနာပေါ်ရာ လိုက်ပေါ့ဗျ(မှန်ပါ့ ဘုရား)။

ဒါဖြင့် ပေါ်တဲ့နေရာတွေတော့ ဘုန်းကြီးနေ့တိုင်းလိုလိုပဲ ပြောနေတယ်၊ သူ့ချည်း ထပ်ပြောနေလို့လဲ ဒိပြင်ဟာတွေ မစုံဘဲနေမှာစိုးလို့နော် (မှန်ပါ့ ဘုရား)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

မြန်မြန်လုပ်ရမည့်အလုပ်

အဲ့ဒီတော့ ဒီဥစ္စာ မြန်မြန်လုပ်ရမည့်အလုပ်လား၊ နှေးနှေးလုပ်ရမည့် အလုပ်လား (မြန်မြန်လုပ်ရမည့် အလုပ်ပါ ဘုရား)၊ ကျုပ်က အကျိုးပေးဆိုလို့ရှိရင် မကြိုက်ဘူးဆိုတာ လူတိုင်း ပါးစပ်မှာ ရှိပါလိမ့်မ်ယ်(မှန်ပါ့ ဘုရား)။

အဲဒီတော့ အခုလိုလုပ်ရင် အခုအကျိုးပေးမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ ဒါကြောင့် အကာလိ ကော အခါမလင့် အကျိုးပေးတယ်ကွ(မှန်ပါ့)၊ ဗေဒင်မေးတာကမှ ခင်ဗျားတို့ နောက်ခြောက်လရှိ အကျိုးပေးပါလိမ့်မယ်၊ ပြောချင်ပြောနေဦးမယ်(မှန်ပ့ါ)၊ မဟုတ်ဘူးလား(မှန်ပါ့)။

ဒါက ဘယ်အချိန်က အကျိုးပေးမှာတုန်း (အခုအကျိုးပေးမှာပါ ဘုရား)၊ အခုလုပ်အခုအကျိုးပေးမှာ(မှန်ပါ့) သဘောကျပလား(ကျပါပြီ)၊ ယတြာမချေပါနဲ့၊ ဧဟိပဿိကော ခေါ်ရာကို ဘာလုပ်ရမတုန်း (သန္ဒိဋ္ဌိကော လိုက်ရပါမယ် ဘုရား)။

လိုက်ရင် ဒါ ဘာဖြစ်သွားသတုံး (အကာလိကောဖြစ်သွားပါတယ်)၊ အကာလိကော ဖြစ်နေတော့ ဒကာ ဒကာမ တို့၊ ယတြာချေတာ၊ ဒါ ယတြာချေတာ အစစ်လို့ မှတ်ပေတော့(မှန်ပါ့ ဘုရား)၊ ကိလေသာရန်သူတွေ ချေမှုန်းပစ်တာ (မှန်ပါ့ ဘုရား)။

မကောင်းကျိုးပေးတာ ဘယ်သူပေးတာတုန်း

မကောင်းကျိုးပေးတာက ဘယ်သူက ပေးတာတုန်း (ကိလေသာက ပေးတာပါ)၊ ကိလေသာတွေက ပေးတာ မဟုတ်လား(မှန်ပါ့)၊ အဲဒါတွေ ချေမှုန်းပစ်လိုက်တယ်ဆိုကတည်းက ခင်ဗျားတို့ ယတြာယပ်ရှစ်စင်းတို့ လိုသေးရဲ့လား (မလိုပါ ဘုရား)၊ မလိုပါဘူး၊ စက္ကူယပ်ကလေးတွေခပ်လို့လဲမဖြစ်ပါဘူး၊ ခင်ဗျားတို့လုပ်တာ(မှန်ပါ့)၊ ဖြစ်ကောဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား)။

မဖြစ်ဘူး၊ အလကားပဲ၊ ယတြာဆိုတဲ့အတိုင်း ပရိယာယ်လုပ်နေတာနော်(မှန်ပါ့ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာအလုပ် လုပ်တတ်ပါပလား (လုပ်တတ်ပါပြီ ဘုရား)။

ဘယ်သူခေါ်ရာ ဘယ်ဝါနဲ့ လိုက်မယ် (ဧဟိပဿိကောခေါ်ရာ သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)၊ လိုက်ခြင်းကြောင့် ဘယ်လိုများ အကျိုးပေးပါလိမ့်(အကာလိကော အကျိုးပေးပါတယ် ဘုရား)၊ အကာလိကောဆိုတာ အခါမလင့်ကို အကျိုးပေးချလိုက်တယ်(မှန်ပါ့ )၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ တစ်ထောင့်ငါးရာ ကိလေသာ တည်းဟူသော ရန်သူတွေ တိုက်ဖျက်တဲ့ဥစ္စာ၊ တော်တော်ကြာကြာ တိုက်ရသလားတဲ့၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တာနဲ့ တစ်ထောင့်ငါးရာ ကိလေသာတွေငြိမ်းတဲ့ အကျိုးပေးသွားတယ်(မှန်ပါ့)၊ မပေးဘူးလား(ပေးပါတယ် ဘုရား)၊ သဘောပါကြလား(ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာမဂ်က လောကုတ္တရာမဂ် ဖြစ်သွားတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီသုံးလုံး ပြောတာကို အသည်းစွဲမှတ်ပါ

အဲဒီတော့ အားလုံး တရားနာကြတဲ့ပုဂ္ဂိုလ်တွေ ပင်ပင်ပန်းပန်းနဲ့ အဝေးကြီးကလဲ လာကြရတယ်၊ ဒီမှာ နေကြ, ထိုင်ကြရတာကလဲ တိုးတိုးဝှေ့ဝှေ့ဆိုသလို နေကြရတဲ့အထဲမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဒီသုံးလုံး ပြောတာကို အသည်းစွဲမှတ်ပါ (မှန်ပါ့ ဘုရား)၊ အရေးအကြီးဆုံးပဲ (မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)။

ဝေဒနာကခေါ်တယ် ဧဟိပဿိကောပဲ(မှန်ပါ့)၊ စိတ်ကခေါ်ရင်ကော(ဧဟိပဿိကောပါ)၊ စိတ်ပေါ်ရင် ခေါ်ပြီးသာမှတ်ပေတော့၊ ဝေဒနာပေါ်ရင်ကော(ခေါ်ပါတယ် ဘုရား)၊ ခေါ်တာပဲ။

သညာ သင်္ခါရတွေ ဖောက်ပြန်လာရင်ကော (ခေါ်တာပါပဲ ဘုရား)။

ဒီတော့ မခေါ်တဲ့အချိန်တော့မရှိဘူး(မှန်ပါ့)၊ မလိုက်တဲ့အချိန်ရှိတယ်(မှန်ပါ့ ဘုရား)၊မခေါ်တဲ့အချိန်တော့ (မရှိပါ ဘုရား)၊ မလိုက်တဲ့အချိန်ကတော့ (ရှိပါတယ် ဘုရား)။

ဘုရားအဆူဆူနဲ့ လွဲရတာကသန္ဒိဋ္ဌိကော မလိုက်မိလို့

ဪ ဒါဖြင့် ခင်ဗျားတို့ ဘုရားအဆူဆူနဲ့ လွဲရတာက ဒီ ဧဟိပဿိကော နောက်က သန္ဒိဋ္ဌိကော မလိုက်မိလို့ လွဲတာ(မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဧဟိပဿိကောနောက်က (သန္ဒိဋ္ဌိကောမလိုက်မိလို့လွဲတာပါ ဘုရား)။ သန္ဒိဋ္ဌိကော မလိုက်မိတာနဲ့ ခင်ဗျားတို့ ဘုရားတဆူဆူနဲ့လွဲတော့ တရားအဖုံဖုံနဲ့လဲ လွဲရတယ်(မှန်ပါ့ ဘုရား)၊ သဘောကျပလား(ကျပါပြီ ဘုရား)။

ဘုရားနဲ့လွဲတာက ဒါလောက်အရေးမကြီးဘူး၊ ဘုရားဟောထားတဲ့တရားနဲ့ လွဲတာက သာပြီးကိုယ်ကျိုး နည်းတယ်(မှန်ပါ့ ဘုရား)။

တရားနဲ့လွဲတာက ကိုယ်ကျိုးနည်း

ဘုရားနဲ့ လွဲတာက ဒီလောက်ကိုယ်ကျိုးမနည်းသေးဘူး(မှန်ပါ့)၊ တရားနဲ့လွဲတာက (ကိုယ်ကျိုးနည်းပါတယ် ဘုရား)၊ ခေါ်ရာ မလိုက်မိတာကိုးဗျ(မှန်ပါ့ ဘုရား)။

ဘုရားမရှိမှ ကျွတ်တမ်းဝင်တဲ့ပုဂ္ဂိုလ်တွေဟာ ဘုရားနဲ့လွဲပြီးသားပဲ(မှန်ပါ့)၊ တရားနဲ့ မလွဲတာနဲ့ ဘာဖြစ်ကုန်ကြ သလဲ(ကျွတ်တမ်းဝင်ကြပါတယ် ဘုရား)။ ခင်ဗျားတို့ကော အခုကျွတ်တမ်းဝင်နိုင်ပါသေးတယ် ဆိုတာကော သေချာပလား(သေချာပါပြီ)၊ ကိုင်း ဒါဖြင့်ကြိုးကြိုးစားစား လုပ်ကြစမ်းပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဟာ ဒီလိုဖြင့် ဟိုမှာ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် တန်းပြီးဆိုလို့ရှိရင်ဖြင့် လောဘ, ဒေါသ၊ လောဘဆိုလို့ရှိရင် တဏှာဥပါဒါန်ကံ မလာပေဘူးလား(လာပါတယ် ဘုရား)၊ ဒေါသဆိုရင် ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ မလာဘူးလား (လာပါတယ် ဘုရား)၊ မောဟဆိုလို့ရှိရင် အဝိဇ္ဇာ သင်္ခါရ ဝိညာဉ် မလာပေဘူးလား(လာပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ ဒီကနေပြီးသကာလ ငါလာလို့ရှိရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး သကာလ ငရဲမီးမွေးပြီး သကာလ ငရဲအိုးတည်နေတာသာ မှတ်ပေတော့(မှန်ပါ့)၊ မလိုက်မိရင် မလိုက်မိရင် (မှန်ပ့ါ)။

ကိုမြရွှေ ခြောက်တယ်ထင်သလား၊ အမှန်ပဲလား(အမှန်ပါပဲ ဘုရား)။ ဒကာ ဒကာမတွေ သေသေချာချာ ယုံရဲ့လား (ယုံပါတယ် ဘုရား)။

မယုံရင် ဝတ္ထုကလေးတစ်ခုထုတ်ပြမယ်နော်(မှန်ပါ့)။ မယုံလို့ရှိရင် ဝတ္ထုကလေးထုတ်ပြမယ်၊ တိုတိုကလေးထုတ် ပြမယ်၊ ခင်ဗျားတို့ဒီအလုပ် မဟာကြစေနဲ့(မှန်ပါ့)။

နန္ဒိယ ကျောင်းဒကာ

လူ့ပြည်မှာ ဘုရားကို နန္ဒိယဆိုတဲ့ ကျောင်းဒကာဟာလူ့ပြည်မှာကျောင်းဆောက်လှူတယ်(မှန်ပါ့)၊ နန္ဒိယဆိုတာ ဘုရားလက်ထက်ကလေ(မှန်ပါ့)။

နန္ဒိယ ကျောင်းဒကာဆိုတာ ကြားဖူးကြပါလိမ့်မယ်။ အဲဒီလူ့ပြည်မှာ ကျောင်းဆောက်လှူတော့ နတ်ပြည်မှာ သူမသေခင်က ဦးခင်မောင် ဘုံဗိမာန်တွေ ပေါက်နေတယ်(မှန်ပါ့)၊ မပေါက်ဘူးလား(ပေါက်ပါတယ် ဘုရား)။

ဘယ်ထဲကနေ ဆောက်လိုက်တာတုန်းမေးတော့ လူ့ပြည်က ဆောက်လိုက်တာ(မှန်ပါ့)၊ ဘယ့်နှယ်ပြောကြမလဲ (လူ့ပြည်က ဆောက်လိုက်တာပါ ဘုရား)။

လူ့ပြည်က ဆောက်လိုက်တော့ နတ်ပြည်မှာ ဘာဖြစ်နေသလဲ (ဘုံပေါက်နေပါတယ် ဘုရား)၊ သေပလားတဲ့ အဲဒီပုဂ္ဂိုလ်ဟာ (မသေသေးပါ ဘုရား)၊ မသေခင်က ဘုံပေါက်နေတယ်(မှန်ပါ့)။ ကုသိုလ်တည်းဟူသော အကြောင်းကြောင့် ကုသိုလ်ဘုံပေါက်နေတယ်(မှန်ပါ့)။

ကဲ မသေခင်က ခင်ဗျားတို့က အကုသိုလ်တွေ၊ တဏှာဥပါဒါန်၊ ကံတွေချည်း လုပ်နေကြမယ်ဆိုတော့ ဒါအကုသိုလ်တွေ မဟုတ်လား (မှန်ပါ့)။

ခင်ဗျားတို့ဘုံ ဘယ်မှာပေါက်

ကဲ ခင်ဗျားတို့ဘုံ ဘယ်မှာပေါက်မှာ ထင်ကြသတုန်း (အပါယ်မှာပေါက်မှာပါ ဘုရား)၊ အဆင်သင့် ဟိုက ကြိုမှာပေါ့(မှန်ပါ့)၊ လာခဲ့ လာခဲ့ နဲ့ သဘောကြပလား(ကျပါပြီ ဘုရား)။

အဲဒီတေ့ ခင်ဗျားတို့ အလကားနေတာကို ဘုန်းကြီးက ဝမ်းမသာလို့ မဟုတ်ပါဘူးတဲ့၊ ငရဲမီးမွှေးပြီး ငရဲအိုး တည်နေတော့လဲ ကြည့်မကောင်းလို့(မှန်ပါ့ ဘုရား)၊ ရိပ်မိပလား(ရိပ်မိပါပြီ)၊ ခြောက်တာလား၊ အဟုတ်လား (အဟုတ်ပါ ဘုရား)။

ခုနက နန္ဒိယ လူ့ပြည်မှာ သေပလား၊ ဘုံပေါက်နေတော့ (မသေသေးပါ)၊ မသေကြောင်း ဘုန်းကြီးနည်းနည်း ကလေး ရှင်းပြပါဦးမယ် ဦးခင်မောင်ရေ(မှန်ပါ့)။

ရှင်မောဂ္ဂလာန်ကြီးက ဆွမ်းခံသွားတယ်၊ မနေ့က ဒီနေရာ နန္ဒိယ ကျောင်းမဆောက်သေးတော့ ဘုံမပေါက်သေး ဘူး (မှန်ပါ့)၊ နောက်တစ်နေ့သွားတဲ့အခါကျတော့ နတ်သမီးတွေနဲ့ ဘုံကြီးကထူးထူးခြားခြား၊ သူ့နားမှာ လာပေါက်နေတယ်။

ဟ မနေ့က ဒါဒီနေရာ ဆွမ်းခံလာတုန်းက ဘယ်သူမှမရှိဘူး၊ ဘုံလဲမရှိဘူး၊ နတ်သမီးတွေလဲ မတွေ့ပါဘူး၊ ယနေ့ ဒီနေရာကြီး ဘာဖြစ်နေတာတုန်း။

”အရှင်ဘုရား လူ့ပြည်မှာ နန္ဒယ ကျောင်းဆောက်လို့ဒီမှာ သူ့အတွက် ဘုံပေါက်ရပါတယ်ဘုရား၊ တပည့်တော်တို့က အကြိုအဆို အဖြစ်နဲ့ စောင့်နေရပါတယ်၊ နတ်သမီးတွေက အဲဒီတော့ သူ့ကို အရှင်ဘုရားက အခုဆွမ်းခံပြန်ရင် လူ့ပြည်ပြန်မှာဖြစ်သောကြောင့် နန္ဒိယ ပြောလိုက်စမ်းပါ၊ နန္ဒိယကျောင်းဒကာကို၊ မြန်မြန် လူခန္ဓာတည်းဟူသော မြေအိုးနဲ့တူတဲ့ လူ့ခန္ဓာစွန့်ပြီး ရွှေအိုးနဲ့တူတဲ့ နတ်ဘုံကို မြန်မြန်ကြွခဲ့ပါဆိုတော့မှာလိုက်တဲ့အကြောင်း ပြောလိုက်ပါ”။

မသေခင်က ပေါက်တာ

ကဲ သေသေချာချာ မှာလိုက်တာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (မှန်ပါ့ ဘုရား)၊ ဒါဖြင့် သေမှပေါက်တာလား၊ မသေခင်က ပေါက်တာလား (မသေခင်က ပေါက်တာပါ ဘုရား)။

ခင်ဗျားတို့ကလဲ မနည်းဘူးနော် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ကော နည်းမလား (မနည်းပါ)၊ ဒယ်အိုးပေါင်း ဘယ်လောက်ထင်ကြသတုန်း (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူး၊ အဲဒါ ဒီကနေ ငြိမ်းကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒီကနေ ငြိမ်းလဲ ဖြစ်တယ် (မှန်ပါ့)၊ ဒီကနေ တည်တာကိုးဗျ (မှန်ပါ့ ဘုရား)၊ ဒီကနေတည်တော့ ဒီကနေ ငြိမ်းကော (ဖြစ်ပါတယ် ဘုရား)။

ဟာ ထုံစံအတိုင်း တပည့်တော်တို့ မတတ်နိုင်ဘူးဘုရား အရောင်းနဲ့ အဝယ်နဲ့ နေရတာ၊ သားစာ, သမီးစာ မလောက်တော့ လုပ်ရမှာပဲဆိုတော့ အို သေရင် အဆင်သင့်၊ ကဲ သွားပေတော့၊ မသေရင် ဘယ်တော့မှ ဆွမ်းကို သွတ်မနေနဲ့၊ အဲဒီသေသေချာချာရောက်တယ်၊ အမျှဝေလဲ ငါမခေါ်နိုင်မှာမဟုတ်ဘူးဆိုတာ မှာသွား(မှန်ပါ့)။

ကိုမြရွှေ ကြမ်းကြမ်းဟောတာ မဟုတ်ဘူးနော်၊ ပဋိစ္စသမုပ္ပါဒ်က တစ်နေ့ ဘယ်လောက်တန်းသတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ တဏှာ ဥပါဒါန်းကံ, တဏှာ ဥပါဒါန်ကံ, ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ (မှန်ပါ့ ဘုရား)၊ သင်္ခါရ၊ ဘယ်လောက်များများကြသတုန်း (မရေတွက်နိုင်ပါ ဘုရား)။

ငရဲအိုး တည်တာ

အဲဒါတွေက ဘာလုပ်ဘာတွေတုန်းဆိုတေ့ ငရဲမီးမွှေးပြီး ငရဲအိုး တည်တာချည်းပဲ (မှန်ပ့ါ)၊ ဘာများပါလိမ့် (ငရဲမွေးပြီး၊ ငရဲအိုးတည်တာပါ ဘုရား)။

အဲဒါ ဘယ်ပုဂ္ဂိုလ်ဖို့တုန်းလို့ မေးလို့ရှိရင် ဒီကျောင်းဆောက်တဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ ခင်ဗျားတို့လဲ ငရဲကျောင်းဆောက်ကြတာ(မှန်ပါ့ ဘုရား)၊ ဘာကျောင်း ဆောက်ကြပါလိမ့်(ငရဲကျောင်းဆောက်ကြတာပါ ဘုရား)။

ငရဲကျောင်းဆောက်ကြတာ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေက ဘာတွေချည်းဆောက်သလဲ (ငရဲကျောင်းဆောက်ပါ တယ်)၊ အဲ မီးမွှေးတယ်၊ ဒယ်အိုးတည်ပေးတယ်၊ ဒီကံတွေကပေါ့ဗျာ-(မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ အခု ဆရာဘုန်းကြီးနဲ့ တွေ့တုန်းအမျိုးမျိုးအဖုံဖုံပဲ ဆုံးမသွန်သင်ပါတယ်ဆိုတော့ ကုသိုလ်လဲ ကျောင်းကျိုးပေးတဲ့နေရာ ကြိုပြီးစောင့်နိုင်တာပဲ ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)၊ ကုသိုလ်ကလဲ အကျိုးပေးမယ်ဆိုတော့ ဘယ်နှယ့်တုန်း ကြိုပြီးစောင့်နိုင်ပါတယ်(မှန်ပါ့)။

ကဲ ဘယ်ဟာစောင့်တာ ကြိုက်သတုန်း (ကုသိုလ်စောင့်တာ ကြိုက်ပါတယ်)။ မရဘူး မရဘူး၊ မလုပ်မှ မလုပ်ဘဲ မရဘူး၊ ခင်ဗျားတို့အကြိုက် လုပ်မနေနဲ့၊ ဒီဥစ္စာ မြန်မြန်လုပ်(မှန်ပါ့)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။

ဒါ ပေါ့ပေါ့တန်တန်နဲ့ ခင်ဗျားတို့ ရွှေကလဲ မကယ်နိုင်ဘူး၊ စိန်ကလဲ မကယ်နိုင်ဘူး(မှန်ပါ့ ဘုရား)၊ ကယ်နိုင်ပါ့မလား (မကယ်နိုင်ပါ ဘုရား)၊ ဆွေမျိုးဉာတကာ တွေကကော(မကယ်နိုင်ပါ ဘုရား)။

ကိုယ့်ဘုံကို ကိုယ်စံရမှာပဲ

ကိုယ်လုပ်ထားတာ ကိုယ့်ဘုံကို ကိုယ်စံရမှာပဲ (မှန်ပါ့)၊ အကုသိုလ်လုပ်လဲ အကုသိုလ်အတိုင်း ခံရုံပဲ၊ ကုသိုလ်လုပ်ထားပြန်လဲ (ကုသိုလ်အတိုင်းစံရုံပါပဲ)၊ ကုသိုလ်အတိုင်း စံရုံပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ လင့်ကိစ္စလား၊ မယားကိစ္စလား၊ သားကိစ္စလား၊ သမီးကိစ္စလား၊ ဟိုမှာ ငရဲအိုးတွေ၊ ဘာတွေတည်ကာ ကိုယ့်ကိစ္စလားဆိုတာ အကဲခတ် (ကိုယ့်ကိစ္စပါ ဘုရား)၊ ကိုယ့်ကိစ္စကိုယ်လုပ်ကြတာ(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီအိမ်မှာ ဒကာ ဒကာမလောဘရှိတယ် ဒကာ ဒကာမ ဒယ်အိုးတွေများတယ် (မှန်ပါ့)၊ ဒကာ ဒကာမလောဘ ကြီးရင် ( ဒကာ ဒကာမက များပါတယ် ဘုရား)၊ သားသမီးတွေက လောဘကြီးနေရင် (သားသမီးတွေက များပါတယ် ဘုရား)။

အဲ သူ့အိုးနဲ့သူသာမှတ်ပေတော့(မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ ကိုယ့်မီးကို ဒီကနေမွှေးပြီး ကိုယ့်အိုးကို ဒီကနေတည်တာ၊ ဒီကနေ မဂ်နဲ့ ငြိမ်းရင်ကော မရဘူးလား (ရပါတယ် ဘုရား)။

ရပါတယ် ဦးခင်မောင်,ရ၊ မုဆိုးတွေ၊ အင်္ဂုလိမာလတို့ဟာ ငြိမ်းသွားကြတယ် မဟုတ်လား (မှန်ပါ့ ဘုရား)၊ လုပ်ပြီးသား အကုသိုလ်တွေ ဘယ့်နှယ်တုန်း (ငြိမ်းသွားပါတယ်)၊ ဘာနဲ့ ငြိမ်းသတုန်း (မဂ်နဲ့ငြိမ်းပါတယ် ဘုရား)၊ မဂ်နဲ့ ငြိမ်းရတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ငြိမ်းချိန်ကလေးရှိပါ သေးတယ်

အဲ ဒါဖြင့် ခင်ဗျားတို့အခု ဆရာဘုန်းကြီးနဲ့လဲတွေ့၊ ဆရာတော်တွေအမျိုးမျိုးအဖုံဖုံတွေနဲ့လဲခင်ဗျားတို့ နာကြားရတော့၊ ဪ ငြိမ်းချိန်ကလေး ရှိသေးတယ်(မှန်ပါ့ ဘုရား)၊ ဘာကလေးရှိသေးသလဲ (ငြိမ်းချိန်ကလေးရှိပါ သေးတယ် ဘုရား)။

ဒါကလေးကို ပျာပျာသလဲ လုပ်ရမှာလား၊ နှေးနှေးပဲလား (ပျာပျာသလဲလုပ်ရမှာပါ ဘုရား)၊ ခင်ဗျားတို့ ဘုန်းကြီးတို့ ရှေ့ကျမှ ပျာလို့မဖြစ်ဘူးနော် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ကိုယ့်ဟာကိုယ်ပျာမှ (မှန်ပါ့)။

ဘုန်းကြီးကတော့ဖြင့် အကျိုးစီးပွားကို ညီအစ်ကိုမောင်နှမအမေမိဘဆိုသလိုပဲ အကုန်အလိုရှိလို့ ပြောတာပဲ (မှန်ပါ့)။ ကိုယ့်ဟာကို ငြိမ်းမှရမယ်(မှန်ပါ့ ဘုရား)၊ ဘယ်သူငြိမ်းလို့မှ မရဘူး။ ဘုရားငြိမ်းလို့လဲမရဘူး(မှန်ပါ့ ဘုရား)။

”ကမ္မဝီပါကော အစိန္တေယျော”ကွ၊ မကြံစည်နဲ့တဲ့၊ သူ့ကြောင့်ဖြစ်တာ ငါမငြိမ်းနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် တရားကြောင့်ဖြစ်တာ တရားနဲ့ငြိမ်းရင်ကော (ရပါတယ် ဘုရား)။

အဲ ဆေးကြောင့်မှားတာကို ဖြေဆေးနဲ့လိုက်ရင် (ရပါတယ် ဘုရား)၊ အရင်သောက်ဆေး မှားနေတယ်၊ နောက်သောက်ဆေးအဖြေနဲ့လိုက်ရင် (ရပါတယ် ဘုရား)။

ဆေးသောက်မှားထားတာ

အဲဒီတော့ ခင်ဗျားတို့က အမှားတော့သောက်တတ်တယ်၊ အဖြေကျတော့ ဖြည်းဖြည်းမှဆိုတော့ သောက်ကောင်းပါတယ်(မှန်ပါ့ ဘုရား)၊ ဒီလိုကျမနေဘူးလား (ကျပါတယ် ဘုရား)၊ အင်မတန်မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဆေးသောက်မှားထားတာက ဘယ်လောက်ကြာပြီတုန်း (မရေတွက်နိုင်ပါဘူး ဘုရား)၊ ဒီဘဝတွင် ဒီဘဝတွင်၊ ဖြေဆေးကျတော့ တော်တော်သောက်မိကြပလားလို့မေးတော့ အခုမှ ပျိုးတုန်းရှိပါသေးတယ် ဘုရား ဆိုတော့ သေတာကောင်းတယ်လို့ ပြောတာ မမှားဘူး (မှန်ပါ့ ဘုရား)၊ မှားရဲ့လား (မမှားပါ့ ဘုရား)။

ကဲ ဒီက ရှေ့ဘယ့်နှယ်လုပ်ကြမယ်၊ ခပ်သွက်သွက်လုပ်ရမယ်(မှန်ပါ့)၊ ဦးခင်မောင်ဘာလုပ်ရမှာတုန်း (ခပ်သွက်သွက်လုပ်ရပါမယ်)၊ ခပ်သွက်သွက်ပဲ ခင်ဗျားအရွယ်နဲ့ဆို သေခါနီးနေပြီ၊ သွက်နိုင်သရွေ့ သွက်ရမှာ (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ ဖြည်းဖြည်းဆိုရင် လုံးဝမရဘူးဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

အေး ဒါ့ကြောင့် ခင်ဗျားတို့ ရောင်းဝယ်စားသောက်နေတာတွေဟာ တဏှာ, ဥပါဒါန်, ကံချည်းလုပ်နေတာပဲ (မှန်ပါ့)၊ သိလဘက်က မပျက်လို့ရှိရင်လဲ ဝိပဿနာဘက်ကပျက်တယ် (မှန်ပါ့ ဘုရား)။

သီလဘက်ကတော့ ဘယ်သူ့ကိုမှ မလိမ်၊ ဘယ်သူ့ကိုမှ မကောက်လို့ရှိရင် သီလဘက်ကတော့မပျက်ပါဘူး၊ ဝိပဿနာဘက်ကတော့ တဏှာ, ဥပါဒါန်, ကံ၊ တဏှာ, ဥပါဒါန်, ကံချည်းသွားတာပဲ ပျက်တယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိလေသာ ဗွက်ထနေပြီ

အဲဒီတော့ သိတဲ့ပဂ္ဂိုလ်က ကျုပ် သူများဟာ ခိုးတာလဲမဟုတ်ဘူး၊ သတ်တာလဲမဟုတ်ဘူး၊ လိမ်တာလဲ မဟုတ်ဘူး၊ ကျုပ်တော့ ဒီဈေးဝယ်လို့ ဒီဈေးရောင်းတာပဲ၊ ကျုပ်မှာ ဘာအဖြစ်ရှိသလဲ၊ ဟော သူက သီလဘက်က အပြစ်မရှိဘူး၊ ဝိပဿနာဘကက ကိလေသာ ဗွက် ထနေပြီ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဝိပဿနာဘက်ကတော့ (ကိလေသာဗွက် ထနေပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့လဲတဲ့ ဆင်ခြေဟာ ဒကာ ဒကာမတို့၊ မသိလဲ လဲနေတယ်ဆိုတာပဲလို့သာ မှုတ်လိုက်ကြစမ်းပါဦး (မှန်ပါ့ ဘုရား)၊ သိလဲလား၊ မသိလဲလား (မသိလဲပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ငရဲမီးတွေကို ဒီကနေပြီး မွှေးတယ်၊ ဒီကနေပြီး ဒယ်အိုးတည်တယ်၊ ဒီကနေပြီး ငြိမ်းရင်ဖြစ်နိုင်, မဖြစ်နိုင် (ဖြစ်နိုင်ပါတယ်ဘုရား ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီကနေပြီး ငြိမ်းကြစို့နော် (မှန်ပါ့)၊ ဒီက တည်ရင်ဒီကပဲ ငြိမ်းတာပေါ့ဗျာ (မှန်ပါ့)။ သဘောကျလား (ကျပါပြီ ဘုရား)။

ဟိုမှာသွားပြီး ဘယ်သူကမီးတွေ ဟုန်းဟုန်းတောက်အောင် လုပ်သတုန်း၊ ဒီက အကုသိုလ်ကံက သွားတည်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဟိုမှာ ဒယ်အိုးကြီး ထူထူထဲထဲကြီး၊ ဘယ်သူလုပ်ထားသတုန်း (ဒီက အကုသိုလ်ကံက လုပ်ထားတာပါ ဘုရား)။ ဒါဖြင့် ဒီက ကုသိုလ်နဲ့ ငြိမ်းတာပေါ့ (မှန်ပါ့ ဘုရား)၊ မရဘူးလား (ရပါတယ် ဘုရား)။

မဂ်ကုသိုလ်နဲ့ ငြိမ်းလိုက်မယ်

ဒီကနေ မဂ်ကုသိုလ်နဲ့ ငြိမ်းလိုက်မယ်ဆိုရင် ဒကာ ဒကာမတို့၊ စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော = အပါယ် လေးပါးမှ လွတ်တယ်ကွလို့၊ ဘုရားက သေသေချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီတော့ လွတ်တယ်ဆိုတာ သေသေချာချာ သိလျက်သားနဲ့ ခင်ဗျားတို့က မြန်မြန်လွတ်တာ ကြိုက်သလား၊ နှေးနှေးမှလွှတ်တာ ကြိုက်သလား (မြန်မြန်လွတ်တာ ကြိုက်ပါတယ်)၊ ကဲ မြန်မြန်လုပ်ပါဗျ (မှန်ပါ့)၊ မြန်မြန်လုပ်ပါလို့ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဟာ မြန်တဲ့အထဲမှာ ဘုန်းကြီးက ဒကာ ဒကာမတွေကို မြန်သည်ထက်မြန်စေချင်လို့ ခင်ဗျားတို့တိုက်တွန်း လုံးကလေးတစ်လုံးလဲ ပေးလိုက်ဦးမယ်နော် (မှန်ပါ့ ဘုရား)။

တိုက်တွန်းလုံးတစ်လုံးက ဒီလိုပါ၊ တိုက်တွန်းလုံးက ဒကာ ဒကာမတွေခင်ဗျားတို့ အမိဝမ်းခေါင်းထဲမှာ လူခန္ဓာရယ်လို့ ခန္ဓာငါးပါး ပဋိသန္ဓေနေလိုက်တယ် (မှန်ပါ့)၊ လူတိုင်းပဲ ဒီလိုနေကြတာပေါ့ဗျာ(မှန်ပါ့)။

ဇရာမရဏရွတ်ပြီး လာခဲ့ရတယ်

အမိ ဝမ်းခေါင်းထဲ နေလိုက်တော့ ဒီအပေါ်မှာက ဇရာနဲ့ မရဏရွတ်ပြီးသကာလ ကျုပ်တို့လာခဲ့ရတယ်(မှန်ပါ့)၊ ဇရာမရဏရွတ်ပြီး ခန္ဓာက လာခဲ့ရတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဘာရွတ်ပြီး လာခဲ့ရသလဲ (ဇရာမရဏရွတ်ပြီး လာခဲ့ရပါတယ်)၊ အဲ ဇရာမရဏရွတ်လာတော့ နင့်အိုးဟဲ့ နင်သေတဲ့ဆိုတာ နဂိုတည်းက ပါလာတာ ဘယ်သူဖြုတ်လို့မှ မပြုတ်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာရွတ်ပြီး မွေးဖွားလာခဲ့ရသလဲ (ဇရာ မရဏရွတ်ပြီး မွေးဖွားလာခဲ့ရတယ်)၊ ဒါဖြင့် ဇရာ မရဏရွတ်ပြီး မွေးဖွားလာတော့ ဇရာ မရဏနဲ့ အသက်ထွက်ရလိမ့်မယ်ဆိုတဲ့ဥစ္စာက ဗေဒင်ကမေးနဲ့တော့ သေချာနေပြီ (မှန်ပါ့ ဘုရား)။

နဂိုကပါလာတာ (မှန်ပါ့)၊ ဟုတ်ပလာ (ဟုတ်ပါတယ် ဘုရား)။

အင်း နဂိုကပါလာတော့ သတ်တော့ ဘယ်သူ သတ်မှာတုန်းမေးလိုက်တော့ (ဇရာ မရဏ သတ်မှာပါ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ နဂိုက ပါလာတယ် (မှန်ပါ့)။ နဂိုပါလာတယ်၊ ဇရာပိ ဒုက္ခသစ္စာ၊ မရဏမ္ပိဒုက္ခသစ္စံ-ဆိုတော့ ဟ ဒီဒုက္ခသစ္စာကြီးကော ဘယ်ကလာသတုန်းဆိုတော့ အို ခန္ဓာက ဒုက္ခသစ္စာမို့ ကျုပ်တို့ အတူတူ လိုက်လာတယ် ပြောတာပေါ့ (မှန်ပါ့ ဘုရား)။ ခန္ဓာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီတော့ ဒုက္ခသစ္စာပေါ်မှ ဒုက္ခနှစ်ခု ဆင့်ပြီး ပါမလာဘူးလား (ပါ-ပါတယ် ဘုရား)၊ အဲ ကျုပ်တို့ကအဖော်ချင်း မို့ လိုက်လာတာပဲတဲ့ (မှန်ပါ့)၊ ရိပ်မိပလာ (ရိပ်မိပါပြီ)၊ ခန္ဓာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ သူ့အပေါ်မှာ ရွက်ထားတဲ့ ဇရာ မရဏကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာရွတ်ပြီး မွေးလာတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ ခန္ဓာသည် ဘာရွတ်ပြီး မွေးလာသတုန်း (ဒုက္ခသစ္စာရွတ်ပြီး မွေးလာပါတယ် ဘုရား)၊ ဒုက္ခသစ္စာက ဒုက္ခသစ္စာရွတ်ပြီး မွေးလာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဝိသုဒ္ဓိမဂ် အဋ္ဌကတာဆရာများက ဒကာ ဒကာမတို့ မြေထဲပေါက်လာတဲ့ မှိုကလေးတွေ မြင်ဖူးပါလိမ့် မယ် (မှန်ပါ့)၊ မမြင်ဖူးလား (မြင်ဖူးပါတယ် ဘုရား)။

မြေထဲက ထိုးထွက်လာတဲ့ မှိုကလေးတွေက (မှန်ပါ)၊ အဲဒီမှို၏ ထိပ်ပေါ်မှာ ဒကာ ဒကာမတို့၊ စဉ်းစားကြည့်စမ်း၊ မြူမှုန်မှ ပါပါ့မလား (ပါ-ပါတယ် ဘုရား)၊ ဟယ် ဘယ့်နှယ်ကြောင့်ပါလာသလဲ (မြေထဲက လာလို့ပါ)၊ ဪ မြေထဲကလာတာ သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့က ဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ရ,ထားလို့ ဇာတိဒုက္ခထဲက ထိုးထွက်ခဲ့ရတာ ဇရာမရဏ ဒုက္ခတွေဟာ ဒကာ ဒကာမတို့ ကြီးတဲ့အထဲ မြူမှုန်တွေပါလာတယ် (မှန်ပါ့)၊ မပါဘူးလာ၊ ပါသလား (ပါ-ပါတယ် ဘုရား)။

မှိုကလေး

ဒါဖြင့် ခုနက မှိုကလေးဟာ ဒကာ ဒကာမတွေ သမင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ်တွေကလဲမစား၊ လူကလဲ မနုတ်ဘူးဆိုလို့ရှိရင် သူရွက်လာတဲ့ မြေ-ရေတွေက သူ့ကိုယ်အောက်ပြားကျသွားစေတယ်-(မှန်ပါ့)၊ သူယူလာတဲ့ပိုးတွေက သူ့ကိုစားတယ်-(မှန်ပါ့)၊ ပြားကျသွားတာပဲ-(မှန်ပါ့)၊ မသေရဘူးလား (သေပါတယ် ဘုရား)။

ဒီမှာ ခင်ဗျားတို့ ဘယ်သူကမှ ဓားနဲ့မခုတ်၊ တုတ်နဲ့မပစ်ဘဲနဲ့ ခင်ဗျားတို့ ယူလာတာနဲ့ ခင်ဗျားတို့ ပြားပြီးတော့ သေရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ သူများက မသတ်ရဘူး-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ယူလာတာက စိတ်ချလက်ချနဲ့နေဖို့ရလား၊ ကိုယ်ဟာကိုယ် သေမင်းပါလာတာလား (ကိုယ့်ဟာနဲ့ကိုယ် သေမင်းပါလာတာပါ ဘုရား)၊ ဒါဖြင့် ဒီသေမင်းကလဲ ခွဲလို့ခွါလို့ရရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီတစ်ခါ အသေခံပါကွာ နောက်တစ်ခါ အသေမခံဘူး ဆိုပြီးသကာလ ဒီခန္ဓာ မရအောင်လုပ်မှသာလျှင် ဒီအပါလေးပါးတွေကလဲ ခန္ဓာမရှိတော့ မီးတွေလဲ သူ့ဟာသူငြိမ်း၊ ဒယ်အိုးပွက်ပွက်ဆူနေတာ တွေလဲ သူ့ဟာသူသိမ်း၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါ့ကြောင့်ခန္ဓာမရမှ ချမ်းသာမယ်ဆိုတာ မပေါ်လာသေးဘူးလး (ပေါ်ပါတယ် ဘုရား)၊ ခန္ဓာရရင် ဒါ့ချည်း ထွက်ပိုးလာဦးမှာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာဖြစ်ချင်သေးရဲ့လား (မဖြစ်ချင်ပါ ဘုရား)၊ ဖြစ်ချင်ရင် ဇရာမရဏရွတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား-(ကျပါပြီ)၊ ဟို-အမှု ဒီ-အမှုကော မရွက်ရပေဘူးလား – (ရွတ်ရပါတယ်) ကဲ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီဟာကလေးကလဲ တစ်နေ့တခြား သေမယ်ဆိုတာကော သေချာပလား (သေချာပါပြီ)။ အိုမှုကလဲ တစ်နေ့တခြား ဦးခင်မောင် ထူးထူးလာတယ်-(မှန်ပါ့)၊ မျက်လုံးသွားပုံထူးတယ်၊ အရေတွန့်လိုက်ပုံ-(ထူးပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး သူသေလာတယ် (မှန်ပါ)၊ သေလာတယ် သဘောကျပြီနော် (ကျပါပြီ)၊ အဲဒါ ဒိထက်မက သေလို့ရှိရင် ပြားပြီးသေရုံပဲ ရှိတော့တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြန်မှနေရာကျမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖြည်းဖြည်းလုပ်လို့ တော်ပါမလား၊ အသေက စောသွားလို့ရှိရင်ဖြင့် ခက်ရချေရဲ့ (မှန်ပါ့)၊ မခက်ပေဘူးလား (ခက်ပါတယ်)၊ ကဲ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (မြန်မြန်လုပ်ရပါမယ် ဘုရား)၊ အိမ်ပြန် မြန်သလောက်ကို မြန်မှနေရာကျမယ် (မှန်ပါ့)၊ တရားပွဲပြီးရင် အိမ်ပြန်ကျတော့ သိပ်တိုးတာ၊ ခင်ဗျားတို့က အဲဒီအိမ်ပြန်မြန်သည်ထက်ကို မြန်မှနေရာကျမယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ အိမ်ပြန်မြန်တာ ခင်ဗျားတို့ ကိစ္စမရှိပါဘူး၊ မရောက်မရှိပါဘူး၊ နောက်ကျတာနဲ့ အရင်ရောက်တာပဲ ကွာမှာပါပဲ(မှန်ပါ့)။

ဒီမရဏကဖြင့် ဒကာ ဒကာမတို့ နောက်ကျအလျင်ကျရယ်လို့မရှိဘူး၊ သိချင်တဲ့အချိန် သိချင်လိုက်လို့ရှိရင် ကလေးကလေးကလဲ သွားမှာပဲ (မှန်ပါ့)၊ လူလတ်ကလေးတွေကော (သွားပါတယ် ဘုရား)၊ အပျိုအရွယ် ကလေးတွေကော (သွားပါတယ် ဘုရား)။

အဲဒါကြောင့် သူက ပါပြီးသားလဲဖြစ်နေတယ်၊ သတ်မယ်လို့ကလဲ သေချာပြီးသားဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ဒါမြန်မြန်သူမြန်မြန်မလုပ်ခင် ကျုပ်ဉာဏ်က မြန်မြန်လုပ်ပစ်လိုက်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကပျာကယာ လုပ်မှတော်မယ်

ဘုန်းကြီးက ကပျာကယာ အလုပ်ခိုင်းနေတာလို့ ခင်ဗျားတို့က ထင်သလား၊ ခင်ဗျားတို့က ခန္ဓာကိုယ်က ကပျာကယာ လုပ်မှတော်မယ်လို့ဆိုတာက အမှနထားပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခန္ဓာကိုယ်ကဘာတုန်း (ကဗျာကယာလုပ်မှတော်မှာပါ ဘုရား)။

ကဗျာကယာလုပ်မှရမှာ၊ ခင်ဗျားတို့က သားကလေးကြီးမှ သမီးကလေး လူလားမြောက်မှ၊ နေရာချထားပြီမှနဲ့ ဘာနဲ့ ဆင်ခြေတွေ့ လွဲမနေနဲ့ (မှန်ပါ့)၊ ဆင်ခြေတွေလွဲမနေနဲ့၊ လွဲသရွေ့ အလွဲချည်းပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)၊ သဘောပါမလား (ပါ-ပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ သုမသိ-ဆက်ကြပေတော့ မြန်မြန်လုပ်ကြပေတော့နော် (မှန်ပါ့) ဘုမသိ လုပ်နည်းကို မြန်မြန်လုပ်ကြပေတော့ ဦးခင်မောင် (မှန်ပါ့)။

ပရိဗိုဇ်ရဟန်း သုသိမ

ရာဇဂြိုဟ်ပြည်မှာ ပရိဗိုဇ်ရဟန်း သုသိမ ဆိုတာရှိတယ်။ ဒကာ ဒကာမတို့ ဘုရားလက်ထက်နော်(မှန်ပါ့)၊ ရာဇဂြိုဟ်ပြည်မှာ ပရိဗိုလ်ရဟန်း သုသိမ ဆိုတာရှိတယ်၊ ခေါင်းဆောင်ကြီးပါတဲ့၊ တပည့်ပေါင်း ငါးရာတစ်ထောင်နဲ့ နေတာပါ။ သူတို့တပည့်ပေါင်း ငါးရာတစ်ထောင်နဲ့နေတဲ့ တိတ္ထိပရိဗိုဇ်တွေလဲ ဦးခင်မောင် ပုံလို့ပေါ့ဗျာ(မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ပုံနေတဲ့အထဲမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ တိုးပြီးသကာလ ပွင့်ထွန်းပေါ်ပေါက်ပြီး ဗောဓိပင်နဲ့ တန်ခိုးတွေကလဲပြ၊ နောက်ဆုံးပိတ်ဘဝမို့ အကျိုးပေးတွေကလဲ သန်လိုက်တဲ့ဖြစ်ခြင်းဟာ ဦးခင်မောင် ပြောစရာမရှိဘူးပေါ့ဗျာ(မှန်ပါ့ ဘုရား)။

နတ်တွေ ဗြဟ္မာတွေကလဲ လာကြ၊ အမျိုးမျိုးအဖုံဖုံပူဇော်ပသကြဆိုတော့ ဒီတန်ခိုးကြောင့်ပဲ၊ ဪ ဒီကိုယ်တော်ကြီးမှ ဘုရားပဲဆိုတာ ဘုရားစစ်စစ်တွေ့ကြတယ်၊ နဂိုကတိတ္ထိတွေက ဘုရားလုပ်နေတာ (မှန်ပါ့)။

လာဘ်သပ်ပကာတွေ နည်းပါးသွားတယ်

အဲဒီမှာတွေ့ကြတဲ့အချိန်ကျတော့ ဘုရားစစ်ကိုတွေ့တော့ခုနက ဘုရားတုတွေကတန်ခိုးကလဲမပြနိုင်။ အမှန်က အနိစ္စလဲ မပြောနိုင်ဖြစ်ပြီးသကာလနေတော့၊ ဟန်ဆောင် ဘုရားတွေဖြစ်နေတော့ ဦးခင်မောင်ရေ လာဘ်သပ်ပကာတွေ တစ်နေ့တစ်ခြား နည်းပါးသွားတယ် (မှန်ပါ့ ဘုရား)။

ဆွမ်း, ကွမ်း လောင်းမည့်သူမရှိ၊ အဲဒီတွင်မှ တိတ္ထိအစည်းအဝေးပွဲဖွင့်ပါတယ်။ ပရိဗိုဇ်တွေ အစည်းအဝေး ဖွင့်တယ်၊ ဟေ့ သုသိမ၊ လာဦးကွ တို့မှာဖြင့် ရှင်ကြီးဂေါတမဘုရားသခင်ကိုယ်တော်မြတ်ကြီး ပေါ်လာကတည်းက ပိုးစုန်းကြူးသဖွယ်ဖြစ်ပြီး နေရာကြီးက ဖုံးသွားပြီကွ စားရမဲ့, သောက်ရမဲ့, ဝတ်ရမဲ့ ဖြစ်ကုန်ပြီ။

အဲဒီတော့ တို့အထဲမှာတော့မင်းပဲ ဗေဒင်လဲတတ်တယ်။ ဉာဏ်လဲကောင်းတယ်၊ ဂေါတမဘုရားဆီသွားပြီး သကာလ မင်းသည်ကားလို့ဆိုရင် ပညာသင်ပါ၊ ပညာသင်ပြီး မင်းပြန်လခဲ့၊ ပြန်လာပြီးသကာလ တို့သိထားတဲ့ တရားနဲ့ မင်းယူလာတဲ့တရားနဲ့တစ်ဝက်စီရောဟောရလို့ရှိရင် တို့လဲလာဘ်သပ်ပကာပေါမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား။ အကဲခက်စမ်းပါဦး (မကောင်းတဲ့စိတ်ပါ ဘုရား)။ မကောင်းတဲ့ စိတ်ပေါ့လေ၊ လာဘ်ပေါချင်တာသာရှိတာကိုး၊ ကိလေသာခေါင်းပါးချည်းသာ ပါရဲ့လား (မပါ,ပါ ဘုရား)။

စီးပွားသာဖြစ်ချင်ပါတယ်

အေး အဲဒီလို ဖြစ်ပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတယ် ဦးခင်မောင် (မှန်ပါ့)၊ ဒကာ ဒကာမတွေက စီးပွားသာ ဖြစ်ချင်တာ၊ နိဗ္ဗာန်မရချင်ဘူး၊ ရိပ်မိပလား (မှန်ပါ့)၊ ဘာကိုသာ ဖြစ်ချင်သတုန်း (စီးပွားသာဖြစ်ချင်ပါတယ် ဘုရား)။

ဒါဖြင့် လာဘ်သာပေါချင်တာပေါ့ဗျ၊ သာဟာ (မှန်ပါ့)။ ရှင်ပလား (ရှင်းပါပြီ)၊ အဲဒါ ဒကာ ဒကာမတွေ ဒါလဲ ကိလေသာ တပ်ကြီးတစ်ခု ခံနေတယ်လို့ မှတ်စမ်းပါနော်(မှန်ပါ့)။

ကိလေသာ မာရ်နတ်ကပေါ့(မှန်ပါ့)၊ မာရ်နတ်ကတော့ဆယ်ပါ၊ တောင်ရှိတယ်၊ ရှည်နေမှာစိုးလို့ နောက်မှကြုံတဲ့ အခါပြောမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ တိတ္ထိတွေမှာလဲ ဒီလိုဖြစ်ပြီး သကာလနေတော့ သုသိမကလဲ ကဲ ကိုယ့်အမျိုးသား ကယ်ဆယ်ရေးပဲ၊ အားလုံးပြတ်တော့မယ်၊ ငတ်တော့မယ်ဆိုသဖြင့် သူ ကယ်ဆယ်မယ်၊ ဒါဖြင့် ဘုရားဆီသွားပြီး ပညာခိုးမယ်၊ တရားခိုးမယ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တရားခိုးမယ်

တရားခိုးမယ်ဆိုပြီးသကာလ တရားခိုးမယ်ကြံတော့ သူကလဲ ပညာသည်ဖြစ်ပြီးတော့ အတော်ပါးတယ်၊ အရှင်သာရိပုတ္တရာနဲ့ ကပ်ဝင်ရမလား၊ အရှင်မောဂ္ဂလာန်နဲ့ ကပ်ဝင်ရမလား၊ အရှင်ဥပါလိနဲ့ ကပ်ဝင်ရမလား၊ သူက အကုန်သိနေတယ်နော် (မှန်ပါ့)။

အို ဘုရားနဲ့ အနီးကပ်ဆုံးက အရှင်အနာနန္ဒာပဲ၊ သူ့ကိုကပ်ဝင်မှ နေရာကျမယ် (မှန်ပါ့)၊ သူက အချိုးတည့်ပါ ကလား ဦးခင်မောင် (မှန်ပါ့ ဘုရား)။

အရှင်အာနန္ဒာကို ကပ်ပြီးဝင်မှ နေရာကျမယ်ဆိုပြီး အရှင်အာနန္ဒာဆီ သွားလိုက်ပါတယ်။ အရှင်အာနန္ဒာ အရှင်ဘုရားတို့ သာသနာ ကြည်ညိုလွန်းလို့ တပည့်တော်သည် သာသနာတွင်းဝင်ပြီး သကာလ ရဟန်းလုပ်ချင်ပါတယ်တဲ့ (မှန်ပ့ါ)။

သို့သော် အရှင်အာနန္ဒာကတော့ အသိဉာဏ်တွေဘာတွေမရတော့ ဦးခင်မောင် အကဲခတ် ခက်နေတယ် (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတွေ အရှင်အာနန္ဒာက ဘာဖြစ်နေသလဲ (အကဲခတ်ခက်နေတယ်)၊ တိတ္ထိမှာလဲခေါင်းဆောင် ထဲက၊ ဗေဒင်မှာလဲ သူက တစ်ဖက်ကမ်းခတ်အောင်တတ်တဲ့ ပုဂ္ဂိုလ်လဲဖြစ်တယ်၊ ဒီအထဲက တို့သာသနာ ကြည်ညိုပါတယ် ဆိုတော့ ဒါ ဟုတ်မှ ဟုတ်ပါ့မလား၊ သို့သော်လဲ ဒါတော့ မရိပ်မိဘူးလေ ဘုရားဆီကျမှပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောသလို လိုက်နာရုံပဲဆိုပြီး သုသိမကို ဘုရားဆီခေါ်သွားတယ်၊ သုသိမပရိဗိုဇ်ကို ဘယ်ခေါ်သွားပါလိမ့် (ဘုရားဆီခေါ် သွားပါတယ် ဘုရား)။

အဲ ဘုရားဆီခေါ်သွားတဲ့ အခါကျတော့ အရှင်အာနန္ဒာကပဲ လျှောက်လိုက်တယ်။ ရှေ့ဆောင်လုပ်ပြီး “အရှင်ဘုရား ဟောဒီသုသိမပရိဗိုဇ်က တပည့်တော်တို့ သာသနာကြည်ညိုလွန်းလို့ ဒီသာသနာတော်တွင်း ဝင်ပြီးသကာလ ပညာတွေသင်ပြီး တရားဓမ္မကြိုးစားပါရစေလို့ လျှောက်ပါတယ်ဘုရား” ဆိုတော့ သုသိမကို ဘုရားကနှစ်ချက်ကြည့် လိုက်တယ်၊ တကယ်ကြည်ညိုတာလား၊ တို့သာသနာကိုဆိုတေ့ မကြည်ညိုဘူးဆိုတာ ပေါ်လာတယ် ဉာဏ်ထဲမှာ (မှန်ပါ့)။

ဘယ်လိုပေါ်ပါလိမ့် (မကြည်ညိုဘူးဆိုတာပေါ်ပါတယ် ဘုရား)၊ မကြည်ညိုဘူး၊ တရားခိုးဖို့လာတာဆိုတာ တစ်ခါတည်း ဉာဏ်ထဲမှာပေါ်လာတယ်(မှန်ပါ့)၊ ရှင်းပြီနော်-(ရှင်းပါပြီ)၊ သာသနာကြည်ညိုတာလား၊ မကြည်ညိုဘူးလား (မကြည်ညိုပါ ဘုရား)၊ မကြည်ညိုဘူး၊ တရားသူခိုးဖို့လာတယ်(မှန်ပါ့ ဘုရား)၊ ဒါလဲသိတယ်။

ခိုးရင်းမတ္တနဲ့ ရဟန္တာဖြစ်မှာ

တစ်ခါ နောက်ထပ် ဆက်ပြီးသကာလ ဘုရားက ဦးခင်မောင်ကြည့်လိုက်ပြန်တယ်နော် (မှန်ပါ့ ဘုရား)၊ ဪ ဒီ ပုဂ္ဂိုလ်ဟာ ခိုးရင်းမတ္တနဲ့ ရဟန္တာဖြစ်မှာပဲ (မှန်ပါ့)။

ခိုးရင်းမတ္တနဲ့ ကျင့်တော့မှာကိုး၊ ကျင့်စမ်းမယ်၊ သူကျင့်စမ်းရင် ရဟန္တာဖြစ်မှာပဲဆိုတော့ ဘယ်နှစ်ချက် မြင်သတုန်း (နှစ်ချက်မြင်ပါတယ်)၊ ခိုးမှာဆိုတာလဲ သိပါတယ်-(မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ ခိုးမှာဆိုတာကော (သိပါတယ် ဘုရား)၊ ခိုးရင်းမတ္တနဲ့ သူသည် ကျင့်တဲ့အတွက် ဘာဖြစ်မလဲ (ရဟန္တာဖြစ်ပါမယ် ဘုရား)။

ကဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်မကဘူး ဒကာ ဒကာမတွေ ရဟန္တာဖြစ်မယ် (မှန်ပါ့)၊ ဒါနဲ့ အရှင်အနနန္ဒာ ကို ‘အာနန္ဒာ သုသိမကို ရေချိုးပြီး ရဟန်းခံပေးလိုက်ကွ’။

ဒီတော့ ခုနက သုသိမပရိဗိုဇ်က အကြံဖြင့်အောင်ပေါ့လို့ ဦးခင်မောင် အောက်မေ့တယ် (မှန်ပါ့ ဘုရား)၊ သူခိုးဖို့ ဝတ္တရားအချိန်ရောက်ပြီ ဆိုပြီးသကာလ သူ့စိတ်ထဲ ဝမ်းသာတာကတစ်မျိုး၊ ဘုရားခွင့်ပေးလိုက်တာက တစ်မျိုး – (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တဲ့၊ ခိုးတဲ့ပုဂ္ဂိုလ်တောင်မှ နိဗ္ဗာန်ဝင်နိုင်သေးတာ ဒီမှာ အလိုရှိတဲ့ ရတဲ့ ပုဂ္ဂိုလ်တွေ ရ,ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ရ ရမယ်ဆိုသော်ငြားလဲ ခင်ဗျားတို့က ဒီဟာက လုပ်ယူမှ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော နဲ့လိုက်မှ အကာလိကော ဖြစ်မှာကိုး (မှန်ပါ့ ဘုရား)၊ မလိုက်ရင်တော့ (မရပါ ဘုရား)။

အဲဒီတော့ ဒါဟာ ခင်ဗျားတို့ ဒီမူသုံးခုကို မဖျက်ဘဲနဲ့ ဒကာ ဒကာမတို့ လုပ်ကြမယ်ဆိုရင်တော့ ခင်ဗျားတို့ဟာ ရမှာပဲ၊ ဟိုမှာသူခိုးတောင် ရဟန္တာဖြစ်ဦးမှာကိုး (မှန်ပါ့)၊ ဟုတ်လား၊ ခင်ဗျားတို့က မခိုးလို့ပေါ့နေရင်လဲ မပြောတတ် ဘူးပေါ့လေ။

ဟိုပုဂ္ဂိုလ်ကတော့ အရေးတဲကြီးခိုးတာပဲ၊ သူက ပွိုင့်တွေဆိုရင် အကုန်မှတ်တယ် ကိုမြရွှေရ၊ အရေးကြီးတာ အကုန်မှတ်တမ်း (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်လိုချင်တာလား

ခင်ဗျားတို့က ကုသိုလ်ဖြစ် နာနေတာလား၊ ကိုယ်ကိုယ်တိုင် နိဗ္ဗာန်လိုချင်တာလား၊ ပြောကြစမ်းပါဦး (နိဗ္ဗာန်လိုချင်တာပါ ဘုရား)၊ ဟုတ်ကြရဲ့လား ဟုတ်ရင်လဲ ဘုန်းကြီးအပင်ပန်းခံရတာ ဝန်မလေးပါဘူး (မှန်ပါ့ ဘုရား)။

ဟာ တရားနာတာ ကုသိုလ်ရတယ်ဟေ့။ ဒါလောက်နဲ့တော့ လာကိုမလာနဲ့မကိုက်ဘူူး။ ဒီဥစ္စာ-(မှန်ပါ့)၊ ရိပ်မိပလး- (ရိပ်မိပါပြီ ဘုရား)၊ အပါယ်တံခါးကိုယ့်ဟာကို ဖွင့်တာကြီး၊ ပိတ်နည်းလာယူပါတယ်ဘုရား၊ ပိတ်နည်းအလုပ် ကိုပဲ လုပ်ပါမယ်ဆိုရင် နေ့တိုင်းလာကောင်းတယ် (မှန်ပါ့ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒါကြောင့် ယခုတော့ဖြင့် ဒကာ ဒကာမတွေ အရင်းအချာတွေလဲဖြစ်ပြီးနေတဲ့အတွက်တဲ့ နှစ်ပေါင်းများစွာလဲ ပြောဆိုလာဖို့အတွက် ဪ ကိုယ့်အရေးဟာ ကိုယ်အလုပ်မှပြောဆိုလာဖို့အတွက် ဪ ကိုယ့်အရေးဟာ ကိုယ်လုပ်မှ ပြီးမယ်ဆိုတာ လူတိုင်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ကိုယ့်အရေးကို အမေက လုပ်ပေးလို့ကော (မရပါ ဘုရား)။ မရဘူး၊ အဖေကလုပ်ပေးလို့ကော (မရပါဘူး)။ ဆွေမျိုးဉာတကာက လုပ်ပေးလို့ကော (မရပါ ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ့်ဝမ်းထဲက တန်းနေတာ ဘယ်သူကော လာဖြတ်လို့ရမှာတုန်း (မရပါ ဘုရား)။

ကိုယ့်ဝမ်းထဲကနေပြီး အပါယ်နဲ့ သွားဆက်လိုက်၊ ကိုယ့်ဝမ်းထဲကနေပြီး နတ်ပြည်နဲ့သွားဆက်လိုက်၊ ဒကာ ဒကာမတွေ (မှန်ပါ့)၊ အမေနဲ့ဆက်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ကိုယ့်အဆက်ကို ကိုယ်ဖြတ်မှ

ကိုယ့်ဝမ်းထဲက ပဋိစ္စသမုပ္ပါဒ်က တဏှာ၊ ဥပါဒါန်၊ ကံ၊ နတ်ပြည်၊ ဇာတိ၊ ဒီလိုသွားဆက်တယ်၊ တဏှာ၊ ဥပါဒါန်၊ ကံ အပါယ်လေးပါးဇာတိ သွားဆက်လိုက်တယ် (မှန်ပါ့)၊ က အမေနဲ့ ဆက်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ဟိုကလာလတ္တံ့ ဘဝနဲ့ချည်း မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

အဲဒါကြောင့် ကိုယ့်အဆက်ကို ကိုယ်ဖြတ်မှ ဖြစ်မယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာပါလိမ့် (ကိုယ့်အဆက်ကို ကိုယ်ဖြတ်မှဖြစ်ပါမယ်)၊ သဘောပါပြီနော် (ပါ, ပါပြီ)။

အဲဒီတွင် သုသိမ, က ဘုရားဆီရောက်ပြီး သကာလ သွားတော့သူက ချက်ကောင်းချောင်းနေတယ်၊ ဘုရားဆီမှာ ဘယ်ပုဂ္ဂိုလ်လာမတုန်း၊ လာလို့ရှိရင် သူတို့ဆရာ၏ အကြီးဆုံးစကားဆိုတာတော့ ရှိမှာပဲ၊ အဲဒီ အကြီးဆုံးစကားကို မရရအောင်ဖမ်းမယ်၊ သူက တရားခိုးဖို့လဲ အရေးကြီးနေတာကိုး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် သူကသတိလစ်ပါ့မလား (မလစ်ပါ ဘုရား)၊ ခိုးမယ့်လူက လစ်စရာတော့မရှိဘူးပေါ့ဗျာ (မှန်ပ့ါ) ကဲ ဒါနဲ့ တစ်နေ့သ၌ နှစ်ရက်သုံးရက်နေတော့ ဒကာ ဒကာမတို့၊ သီတင်းကျွတ်တဲ့ အချိန်ကျတော့ ရဟန်းတွေက တောထဲမှာ ဝါတွင်းသုံးလ အားထုတ်ကြတာ ရဟန္တာဖြစ်ပြီးသကာလ ပြန်လာကြတယ်၊ ပြန်လာကြတဲ့အခါကျလို့ရှိရင် ဘုရား ကျောင်းတော်ဝင်ကြတဲ့အခါ အင်း ကိုယ်တော်တွေ ထူးတယ်၊ တောကလာတဲ့ ကိုယ်တော်တွေ၊ ဒီကိုယ်တော်တွေ ဘုရားဆီဝင်ကြတယ်၊ အဲဒီမှာ စကားထူးတော့ ပါမှာပဲ, ငါ နောက်က လိုက်မှတော်မယ်။

တရားခိုးဖို့ပဲ အရေးကြီးနေတာပဲ

သူက တရားခိုးဖို့ပဲ အရေးကြီးနေတာပဲ (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဘာအရေးကြီးနေတာလဲ ခိုးဖို့ပဲ (အရေးကြီး နေပါတယ်)၊ အဲဒီ အရေးကြီးပြီးသကာလ နေတာနဲ့ ဒကာ ဒကာမတို့ ကိုယ်တော်တွေက ကြွလာပြီးသကာလ ဘုရားဆီ ရောက်နေတယ်၊ သူကလဲ နောက်က ထိုင်စောင့်ပြီး ရောထိုင်နေတာပဲ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ့်နှယ်တုန်း ‘ခမနီယံ ယာပနီယံ’ ဆိုတဲ့အတိုင်း ကျန်းမာကြရဲ့လား။ ချမ်းသာကြရဲ့လား၊ သူတော်ကောင်းတရားများ ဘယ့်နှယ်များ နေကသတုန်း၊ အို တပည့်တော်တို့တော့ ပဋိသန္ဓေကုန်ပါပြီဘုရား။

ဒကာ ဒကာမတွေ ဘယ်လိုလျှောက်ပါလိမ့် (ပဋိသန္ဓေကုန်ပါပြီတဲ့)၊ ပဋိသန္ဓေ ကုန်တယ်ဆိုတာ တဏှာ, ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇာတိက ပဋိသန္ဓေမဟုတ်လား (မှန်ပါ့)၊ ဇာတိကုန်ပြီဆိုတော့ ဒါကုန်တဲ့အဓိပ္ပါယ် မသေချာဘူးလား (သေချာပါတယ် ဘုရား)။

တဏှာ ဥပါဒါန် ကံကုန်ကတည်းက ဇာတိက ဘယ့်နှယ်နေသလဲ (ကုန်ပါတယ်)၊ အဲဒီတော့ တပည့်တော်တို့ ခိဏာ ဇာတိ ဝုသိတံဗြဟ္မစရိယံ၊ (ပဋိသန္ဓေကုန်ပါပြီ ဘုရား)၊ ကျင့်စရာကိစ္စတွေကလဲ ကျင့်ပြီးပါပြီ။

အစရှိတော့ အဆုံးရှိတယ်

ဒကာ ဒကာမတို့၊ ပဋိသန္ဓေလဲ ကုန်ပါပြီ တဲ့ ကျင့်စရာကိစ္စတွေကော (ကျင့်ပြီးပါပြီတဲ့)၊ အဲ အခု ဘုန်းကြီးဆီမှာ တရားနာကြတဲ့ ဒကာ ဒကာမတွေ မသေမချင်း ကျင့်ရမယ်လို့ ဒီလိုအောက်မေ့ပါနဲ့ (မှန်ပါ့)။ ကျင့်စရာကုန်တဲ့ အခါကျ တော့ သူကုန်ပါတယ် (မှန်ပါ့)။ သူ့လမ်းက လမ်းဆုံးရှိတာကိုး။ အစရှိတော့ အဆုံးရှိတယ် (မှန်ပါ့)။

ဪ ဝိပဿနာဆိုတာ ဘယ်လိုများ လုပ်ရမှာပါလိမ့် မသေမချင်းပဲလား၊ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ကျင့်စရကုန်တဲ့အခါရှိပါသေးတယ် (မှန်ပါ့ ဘုရား)၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

‘ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ အတံ ကရဏီယံ’ ကရဏီယံ၊ ပြုဖွယ်ကိစ္စကို၊ ပြုပြီးပြီ၊ ဆိုလို့ရှိရင်နောက်က လိုက်စရာလိုသေးသလား (မလိုပါ ဘုရား)။

‘နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ’ တဲ့၊ တစ်ဆယ့်ခြောက်ချက်သော မဂ်ကိစ္စဟာ ဒကာ ဒကာမတို့၊ နောက်ထပ်ပေါ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ မဂ်ဆိုတာ တစ်ကြိမ်ပေါ်ပြီး ပြီးကြတာပဲမဟုတ်လား(မှန်ပါ့ ဘုရား)။

အဲဒါတွေကို ခုနက ရဟန္တာကြီးတွေက ရဟန္တာဖြစ်လာလို့ လျှောက်တဲ့အခါကျတော့ သူက အောက်မေ့တယ်၊ ပဋိသန္ဓေနေမှု ကုန်ပြီလို့ပြောတယ်၊ ဒီကိုယ်တော်တွေ ပဋိသန္ဓေနေမှု ကုန်တယ်ဆိုလို့ရှိရင် နည်းတဲ့သတ္တိမဟုတ်ဘူး၊ သူက ဒါလောက်တော့ နားလည်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုနားလည်ပြီးသကာလ ကိုယ်တောတွေနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သာဓုအနုမောဒနာ ခေါ်တော်မူပြီ၊ ကဲ အာဂန္တုတွေ ဝမ်းမြောက်စရာပဲ၊ ကိုယ့်ကိစ္စ ကိုယ်သိမ်းပြီး လာကြတဲ့အတွက် သိပ်ဝမ်းသာတယ် ဘုရားက (မှန်ပါ့ ဘုရား)။

ဘုရားကတော့ သိပြီးသားကိုဗျ၊ ဒီတပည့်သားမြေးတွေကို အပါယ်သွားမည့်ကိစ္စတွေ၊ နောက်ပဋိသန္ဓေ နေရမည့် ဇာတိဒုက္ခတွေ သိမ်းလာတယ်ဆိုတော့ အဖလုပ်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝမ်းမသာပေဘူးလား (သာပါတယ် ဘုရား)။

အဲဒီတော့ သူများ ဝမ်းသာတာထက် ကိုယ့်ဟာကိုယ် ဝမ်းသာနိုင်တယ် လုပ်ကြစမ်းပါ (မှန်ပါ့ ဘုရား)၊ သူများ ဝမ်းသာတာထက် (ကိုယ့်ဟာကိုယ် ဝမ်းသာအောင် လုပ်ရပါမယ်)၊ လုပ်ကြစမ်းပါဆိုတာ တိုက်တွန်းရမယ်။

ဘာ့ကြောင့်တုန်းဆိုတာ ရာဇဝတ်မှုသူများက လွတ်လိမ့်မယ်ပြောတာနဲ့ ကိုယ့်ကိုယ်တိုင် ဒီကရီနားထောင်ပြီး လွတ်ရတာနဲ့ ဘယ်ဟာက ဝမ်းသာတာလဲ (ကိုယ့်ကိုယ်တိုင် နားထောင်ရတာက ဝမ်းသာပါတယ် ဘုရား)။

သူများကတော့ နားခံသာအောင်ပြောတာ၊ လွတ်ပါလိမ့်မယ်ဆိုတာ မဟုတ်ဘူးလား (မှန်ပါ့)၊ ကိုယ့်ကိုယ်တိုင် ဒီဂရီ နားထောင်လို့ လွတ်လာတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့၊ သိပ်ဝမ်းသာရမယ် မဟုတ်လား (မှန်ပါ့)။

ကိုယ်ကိုယ်တိုင် သိရတယ်

ဒီမှာလဲ ကိုယ့်ကိုယ်တိုင် မဂ်စစ်ပေါ်လာလို့ သိတဲ့အခါကျမှ ငါ အပါယ်လေးပါး လွတ်ပြီဆိုတာ ကိုယ်ကိုယ်တိုင် သိရတယ် (မှန်ပါ့ ဘုရား)၊ အဲဒီလိုကျတော့ လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လဲ ရှင်းကြပလား (ရှင်းပါပြီ)၊ ပေါ်လာပြီနော် (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုသိမက ဒီရဟန်းတွေပြောတာ နားထောင်ပြီးသကာလ ရဟန်းတွေက ပဋိသန္ဓေနေမှု ကုန်ပါပြီဘုရား၊ လုပ်စရာကိစ္စတွေလဲ အကုန် ချောချောမောမောပြီးပါပြီဘုရား နောက်ထပ်လဲ လုပ်စရာ မရှိတော့ပါဘူး။

ဒီလိုပြောတော့ သုသိမက ဪ ဒီကိုယ်တော်တွေဟာ သေသေချာချာ သူတို့နိဗ္ဗာန်ရောက်တဲ့ ကိုယ်တော်တွေပဲ လို့ သူသိတယ်။

သူသိတာနဲ့ ဦးခင်မောင်ရေ၊ ဒီကိုယ်တော်တွေကလဲ ဆိုင်ရာ ဆိုင်ရာ ကျောင်းကို ကြွကြတာပေါ့ဗျာ၊ ဘုရား လျှောက်ထားပြီး ဘေးက ကျောင်းကိုကြွကြတော့ ဒီ ကြွရတဲ့ရဟန်းတွေနောက် လိုက်တာပဲ (မှန်ပါ)။

ကြွရတဲ့ ရဟန္တာတွေနောက် လိုက်ပြီးသကာလ ရဟန္တာတွေက ထိုင်ကာရှိသေးတယ်၊ အရှင်ဘုရားတို့ အရှင်ဘုရားတို့ ဘုရားဆီလျှောက်ခဲ့တာ တပည့်တော်ကြားတယ်၊ ပဋိသန္ဓေနေမှု ကုန်ပြီဆိုတော့ ရဟန္တာဖြစ်ပြီလို့ အရှင်ဘုရားတို့ပြောတာပဲ၊ နောက်ထပ်လုပ်စရာကိစ္စလဲမရှိဘူးလို့ အရှင်ဘုရားတို့လျှောက်တယ်။ အဲဒါလဲ တပည့်တော် ကြားတယ်၊ အဲဒါ အရှင်ဘုရားတို့ ရဟန္တာဖြစ်ပြီလို့ ဆိုတာ အရှင်ဘုရားတို့ လျှောက်တာပဲ၊ သူကရိပ်မိတယ် (မှန်ပါ့)။

ကောင်းကင်ပျံနိုင်ရဲ့လား

အဲဒီတော့ ဘုရားတို့ ရဟန္တာဖြစ်တာဟာ ကောင်းကင်ပျံနိုင်ရဲ့လား မေးတာက တလွဲဖြစ်နေတယ် (မှန်ပါ့)။ ရိပ်မိပလား (မှန်ပါ့)၊ ရဟန္တာဖြစ်တာနဲ့ ကောင်းကင်ပျံနိုင်တာနဲ့ တခြားစီပဲ (မှန်ပ့ါ)၊ ရဟန္တာဖြစ်တိုင်း ကောင်းကင်ပျံနိုင် တာမှမဟုတ်ဘဲ (မှန်ပါ့ ဘုရား)၊ ကောင်းကင်ပျံနိုင်တာက ဈာန်လမ်းကမှ ပျံနိုင်တာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းကင်ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့လား၊ ရေပေါ်မှာ လမ်းသွားနိုင်ရဲ့လားတဲ့၊ သူက ဈာန်လမ်းချည်း မေးတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သူတစ်ပါးစိတ်သိရဲ့လားဆိုတော့ အသိဉာဏ်လမ်းမေးလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)၊ ဒိဗ္ဗစက္ခုဆိုတဲ့ ဉာဏ်နဲ့မြင်းမိုရ်တောင်ကြီးထဲမှာ ရှိတဲ့သဲတွေ မြင်ရဲ့လား၊ ပတ္တမြားတွေ မြင်ပါရဲ့လား ဆိုတော့ ဈာန်လမ်းချည်း မေးချလိုက်တယ် (မှန်ပ့ါ)။

အဲဒီတော့ ဟို ကိုယ်တော်တွေက ရိပ်မိတယ်၊ ဪ သုသိမ တယ်ခက်ပါကလား၊ တယ်ခက်ပါကလား တို့က ဝိပဿနာလမ်းနဲ့ ရဟန္တာဖြစ်လာတာ၊ သူက ဈာန်လမ်း၊ နိဗ္ဗာန်မရောက်တဲ့လမ်းနဲ့ သူက လှမ်းမေးနေတယ်ဆိုတော့ ဟို ကိုယ်တော်တွေက တိုတိုပဲ ဖြေလိုက်တယ်။

ပညာနဲ့ရဟန္တာဖြစ်ခဲ့ပါတယ်

‘ပညာဝိမုတ္တာ မယံ သုသိမ’ သုသိမ၊ သုသိမပရိဗိုဇ်၊ မယံ၊ ငါတို့သည်။ ပညာဝိမုတ္တာ၊ ပညာနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရခဲ့တယ်၊ ဈာန်မပါဘူးလို့ ပြောချလိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာတဲ့တုန်း (ပညာနဲ့ရဟန္တာဖြစ်ခဲ့ပါတယ်)၊ ခုနက တရားပြန်ကောက်လိုက်တော့ မကိုက်ဘူးလား (မှန်ပါ့)၊ ဒီကဖြစ်ပျက်၊ ဟောဒီကမဂ် ဆိုတော့ ပညာဖြစ်နေတယ် (မှန်ပါ့ ဘုရား)။ ဒီက အကာလိကော-အခါမလင့် အကျိုးပေး တယ်ဆိုတော့ မဂ်က သတ်ပစ်လိုက်ပြီဆိုတော့ ဒါ ရဟန္တာဖြစ်တော့တာပေါ့ (မှန်ပါ့ ဘုရား)။ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

အဲဒီတေ့ ဟို ကိုယ်တော်တွေက “ပညာဝိမုတ္တာ မယံ သုသိမ” သုသိမ၊ သုသိမပရိဗိုဇ်။ မယံ၊ ငါတို့သည်။ ပညာဝိမုတ္တာ။ ပညာနဲ့ ကိလေသာတို့မှ လွတ်တယ်။ သဘောကျပြီလား (ကျပါပြီ)။

အဲဒီမှာ အဋ္ဌကထာဆရာက သုသိမ နိဇ္ဈာနကာ၊ ငါတို့မှာ ဈာန် မရှိပါဘူးကွာ၊ သုက္ခဝိပဿိကာ တဲ့။ ဈာန်ဆိုရင် နည်းနည်းမှ ဝမ်းထဲမှာမရှိဘူး။ ဈာန်ခြောက်ပါတယ် တဲ့ သဘောကျပလား (ကျပါပြီ)။

ပညာမတ္တေနေဝ ဝိမုတ္တာ၊ ပညာနဲ့သာ၊ ကိလေသာမှလွတ်လာခဲ့တာပါ၊ ဈာန်ကိုမပါခဲ့ပါဘူးတဲ့၊ ဒါ ဟို ကိုယ်တော်တွေဖြေတာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ပညာနဲ့ ကိလေသာမှလွတ်လာ

ပညာနဲ့ဝိပဿနာ ရှိပြီးသကာလ ငါတို့ ရဟန္တာအဖြစ်သို့ ရောက်လာခဲ့ပါတယ်ကွာ။ ဈာန်မပါ-ပါဘူး၊ နိဇ္ဈာနကာ, သုက္ခဝိပဿနာလို့ ဖွင့်လိုက်ပါတယ်။ အဋ္ဌကထာဆရာတွေက ဈာန်ခြောက်ပါတယ်လို့ ပြတာ၊ ပညာမတ္တေနေဝ ဝိမုတ္တာ၊ ပညာနဲ့သာလျှင်။ ကိလေသာမှလွတ်ပြီး နိဗ္ဗာန်ရောက်ခဲ့တာပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာနဲ့ နိဗ္ဗာန်ရောက်ခဲ့သလဲ (ပညာနဲ့ နိဗ္ဗာန်ရောက်ခဲ့ပါတယ်)၊ ပညာနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဟိုက ဖြေတာကတော့ ဦးခင်မောင် အရှင်းသားပဲ (မှန်ပါ့ ဘုရား)၊ ဒကာသစ် ဘယ်နှယ်တုန်း (ပြောတာက ရှင်းပါတယ် ဘုရား)၊ ရှင်းပြီနော် ကိုမြရွှေတို့ ဦးဇံရင်တို့ကော (ရှင်းပါပြီ ဘုရား)။

ပြောတာလဲ ရှင်းလိုက်တာ၊ ပညာနဲ့ သူ ကိလေသာမှလွတ်ခဲ့တယ် (မှန်ပါ့)၊ ပညာနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ် ပြောတာပဲ (မှန်ပ့ါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူကတော့ ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)၊ ဘာကျေနပ်မတုန်း ဦးခင်မောင်ရေ ဘာမှမပါတဲ့လူက အရမ်းမေးတာကြီးပဲ (မှန်ပါ့)၊ သမထလဲ မလုပ်ဖူးဘူးဗျာ၊ ဝိပဿနာကော (မလုပ်ဘူးပါ ဘုရား)၊ မလုပ်ဘူးဘဲနဲ့ဆိုတော့ သူသဘောကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)၊ ဟိုရဟန္တာတွေ ဖြေတာက မှားသလား မှန်သလား (မှန်ပါတယ် ဘုရား)။

ဈာန်မပါ ပါဘူး

ပညာဝိမုတ္တာ မယံ သုသိမ ကိုး (မှန်ပါ့)၊ အဋ္ဌကထာဆရာကလဲ သုသိမ မယံ နိဇ္ဈာနကာ၊ ဈာန်မပါ ပါဘူးကွ၊ သုက္ခဝိပဿကာတွေ၊ ဈာန်ကိုခြောက်နေပါတယ်၊ ပညာမတ္တေနေဝဝိမုတ္တာ၊ ပညာတစ်ခုတည်းနဲ့ နိဗ္ဗာန်လာရတာပါ (မှန်ပါ့)၊ ဒါ အဋ္ဌကထာဆရာက ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီရဟန္တာတွေကဖြေတာကို အကျယ်ဖြေလိုက်တာပါပဲ (မှန်ပါ့)၊ ဒီလိုဖြေလိုက်တော့ ဒကာ ဒကာမတို့ သုသိမ က သဘောမကျဘဲ ဖြစ်နေတယ်(မှန်ပါ့)၊ ဘယ်သူက သဘောမကျသတုန်း (သုသိမ က သဘောမကျတာပါ)။ သိလို့သဘောမကျတာလား၊ မသိလို့ သဘောမကျတာလား (မသိလို့သဘောမကျတာပါ ဘုရား)၊ မသိလို့သဘောမကျတာ အင်မတန်ခက်တယ် (မှန်ပါ့)၊ ရှင်းပလား။ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

သမထလဲ မသိတဲ့ပုဂ္ဂိုလ်၊ ဝိပဿနာလဲ မသိတဲ့ပုဂ္ဂိုလ်မှာ ဝိပဿနာနဲ့လွတ်လာပါတယ် ပြောတော့ သူသိပါ့ဦးမလား ဦးခင်မောင် (မသိပါ ဘုရား)၊ နိဂိုကမှ သမထဝိပဿနာမကွဲတဲ့ ပုဂ္ဂိုလ်ကိုး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ဘယ်လိုမှတ်ကြမယ် (နဂိုကမှ သမထ ဝိပဿနာမသိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ အဲဒီတော့ ဝိပဿနာပညာနဲ့ ကိလေသာမှလွတ်ပြီး နိဗ္ဗာန်ရောက်ခဲ့ပါတယ်လို့ သေသေချာချာပြောပြတာ သူက ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား)။

မကျေနပ်တော့ ရဟန္တာကြီးတွေကို သူကလျှောက်ပြန်တယ်။ အရှင်ဘုရားတို့ ရှင်းပါဦးဘုရား၊ တပည့်တော်တော့ဖြင့် အရှင်ဘုရားတို့ပြောတဲ့ စကား အင်မတန်ကျဉ်းနေတဲ့အတွက် ရှင်းဖို့ရန်အကြောင်းကို အရှင်ဘုရားတို့ သည်းခံပြီးသကာလ တပည့်တော်ကို ရှင်းပါဦးဆိုတော့ ရဟန္တာတွေက ရိပ်မိတယ်၊ ဘာမှ နားမလည်တဲ့လူ ဘာနဲ့ရှင်းရမှန်းမသိဘူး (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာမှနားမလည်တဲ့ ပုဂ္ဂိုလ်ဟ (ဘာနဲ့ရှင်းရမှန်းမသိပါ ဘုရား)။

မင်းနားလည်ချင်လဲလည်

ဘာနဲ့ရှင်းရမှန်း မသိဘူးဆိုတော့ကွာ၊ ကဲ မင်းနားလည်ချင်လဲလည်တော့၊ မလည်ချင်လဲ နေတော့။ တို့တော့ဖြင့် ပညာဆိုတဲ့ ဝိပဿနာနဲ့ ရဟန္တာဖြစ်ခဲ့တယ်၊ ဒါပဲပြောလိုက်တယ်-(မှန်ပါ့)၊ သူတို့ဖြစ်တာတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ သူ့ဘုရားဆီသွားလိမ့်ဦးမယ် ဒကာ ဒကာမတို့၊ ဒီသုသိမ မကျေနပ်ဘူး (မှန်ပါ့)၊ မကျေနပ်ဘူး၊ နားမလည်လို့ မကျေနပ်တာ (မှန်ပါ့ ဘုရား)။

သို့သော် သူမကျေနပ်တာ အသာထား၊ ခင်ဗျားတို့ ဒီပညာတစ်လုံးတည်းနဲ့ မဂ်ရတယ်ဆိုတာကော သေချာ ပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားဆီ မသွားနိုင်ဘူး၊ နာရီက စေ့လို့ (မှန်ပ့ါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ယနေ့ ဒီတွင် သိမ်းကြစို့။

သာဓု သာဓု သာဓု။