တောင်ကြီးလေးလုံး ကြိတ်သည်ကို ခံနေရပုံ (ပဗ္ဗတူပမသုတ်)
ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားဆုံးမတော်မူသော
(၄-၃-၆၁)
တောင်ကြီးလေးလုံး ကြားမှ နေရတယ်
မိမိတို့နေရထိုင်ရတာ ဘယ်လိုများ နေထိုင်ရတယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ကြည့်ကြပါဆိုတဲ့ ဥစ္စာ သတိ ပေးလိုက်ပါတယ်။
မိမိတို့သည်ကားဆိုလို့ရှိရင် ဘယ်လိုများ နေရပါလိမ့်မလဲလို့ မေးတဲ့အခါ ကျလို့ရှိရင် တောင်ကြီးလေးလုံး ကြားမှ နေရတယ်လို့မှတ်လိုက်စမ်းပါ-(မှန်ပါ့ ဘုရား)၊ ဘယ်မှနေကြရပါလိမ့် (တောင်ကြီးလေးလုံးဆိုတော့ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ဒီဘက်ကလဲ ဇရာမရဏ၊ ဒီဘက်ကလဲ ဇရာမရဏပဲနော် (မှန်ပါ့)၊ ဒီဘက်ကလဲ ဇရာမရဏပဲ၊ ဒီဘက်က ကြည့်လိုက်ပြန်လဲ ဇရာမရဏပဲ ဆိုတော့ တောင်လေးလုံးကြားမှာ ဒကာ ဒကာမတွေမွေးဖွား နေတယ်ဆိုတာ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒီဥစ္စာ ဘယ်မှာ လာပါလိမ့်မတုန်း ဆိုတော့ သံယုတ်ပါဠိတော်မှာ လာတယ်။ အရှေ့ပိုင်းမှာ သံဝေဂ နည်းနည်းကလေး ဒကာ ဒကာမတွေ ကိုယ့်ဖြစ်ကြောင်း။ ကိုယ်သိရအောင်လို့ ဘုန်းကြီးက တော်ပါတယ်လို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့)၊ ဒီအတိုင်းမသိဘဲနေကြလို့ရှိရင် မသိပျော်ပျော်နေမှာ ဦးခင်မောင် သိပ်စိုးရိမ် ရတယ် (မှန်လှပါ ဘုရား)။
ဪ မသိပျော်-ပျော်နေပြီး သကာလနေလို့ရှိရင်၊ မသိသေ, သေလို့ရှိရင်ဖြင့် မသိသလိုပဲ နစ်နာ သွားတော့မယ် ဆိုတာကို ဒကာ ဒကာမတွေ ကိုယ့်အကြောင်းကို ကိုယ်သိထားတော့မှ အင်း-ရှောင်ရှားစရာ လမ်းများ ကလဲ ရှာဖို့အချိန်ရောက်ပါပေါ့လား ဆိုတဲ့ ဥစ္စာလဲ သေသေချာ မှတ်ကြပါနော် (မှန်လှပါ ဘုရား)။
ကောသလမင်းကြီး
ကောသလမင်းကြီးဟာ ဒကာ ဒကာမတွေ နေ့လည်ကြောင်တောင်ကြီးမှာနောက်ကလဲ ခြေလျင်တပ်တွေ၊ ဆင်တပ်တွေ၊ မြင်းတပ်တွေ၊ ရထားတပ်တွေ အမျိုးမျိုးသော တပ်တွေနဲ့ လှည့်ပြီးသကာလ လာကြတယ်နော် (မှန်ပါ့)။
ကောသလမင်းကြီးက ရှေ့ကခေါင်းဆောင်ပြီး သကာလ မင်းအင်အားပြတာပေါ့လေ၊ ခြေလျင်တပ် ဘယ်လောက်ရှိတယ်၊ ကုန်းတပ်က ဘယ်လောက်ရှိတယ်၊ မြင်းတပ်က ဘယ်လောက်ရှိတယ် ဆိုပြီးသကာလ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ မင်းတို့၏ဂုဏ်ပါဝါကို ပြတယ် ဦးခင်မောင် မှတ်လိုက်စမ်းပါ (မှန်လှပါ့ ဘုရား)။
အဲဒီပြတဲ့ အချိန်ကျတော့ သူ ဘုရားကျောင်းတော်ကိုဝင်ပြီး သကာလ လာခဲ့တယ်။ ဘုရားကျောင်းတော် ဝင်လာတော့ ဒကာကြီး နေ့လယ်ကြောင်တောင်ကြီး ဘယ်နှယ်တုံး၊ ဒီ ငါ ဘုရားကျောင်းတော် ရောက်လာတာ ဘာကိစ္စပါလိမ့်၊ ဘယ်အကြောင်းနဲ့ ဆက်သွယ်ပြီး ဘယ်လိုများ ရောက်လာပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါ
”အရှင်ဘုရား ထိပ်မှာ ဘိသိက်သွန်းထားတဲ့ မင်းဆိုတာက မင်းတို့၏ စစ်သည်ဗိုလ်ပါတွေ၊ မင်းတို့၏ ချမ်းသာတွေ၊ မင်းတို့၏ပစ္စည်းရတနာတွေ၊ နောက်လိုက်ဗိုလ်ပါတွေ မည်မျှလောက်တောင့်တင်းတယ်ဆိုတဲ့ဥစ္စာ မင်းတို့၏ အား ပြုရပါတယ်ဘုရား၊ သူပုန်တွေ၊ တိုင်းပြည်က ပုန်ကန်မှာတွေ၊ ဒါတွေအကုန်နိုင်နင်းလောက်အောင် စိတ်တွေလျှော့ ပြီး သကာလ သွားလောက်အောင် မင်းအင်အားကို ပြရင်းမတ္တနဲ့ အရှင်ဘုရားဆီ အရောက်လာပါတယ်ဘုရား”
သူကတော့ဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်းပေါ့ဗျာ သူ့အားကိုးကို သူပြတာ (မှန်ပါ့)၊ လုံခြုံပြီဆိုပြီး အင်အားပြတာနော် (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရိပ်မိတယ်၊ ဪ သူသည်ကားလို့ဆိုရင် အင်အားတော့ဖြင့် သူ့ဟာသူ ဟုတ်လှပြီထင်ပြီး အင်အားတွေပြပြီးသကာလ ငါကတော့ဖြင့် အတော်လုံခြုံအောင်နေနိုင်တဲ့ ရှင်ဘုရင် တစ်ဦး တစ်ယောက်ပဲလို့ သူ့စိတ်ထဲမှာ အောက်မေ့မှာပဲ။
အဲဒီတွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာကြီး ငါဘုရားဟောတော်မူတာကို နားနည်းနည်း ထောင်စမ်း ဆိုပြီးတော့ အောင်ခိုင်းလိုက်တယ်။
အရှေ့ဘက်က တောင်ကြီး
ဒကာကြီး တဲ့။ အရှေ့ဘက်က တောင်ကြီးနှစ်လုံးကလဲ လိမ့်လိမ့်-လိမ့်လိမ့်ပြီး သကာလ လာဘယ်၊ အရှေ့ဘက်ကလူတွေ အကုန်သိတာပဲ၊ အဲဒီအရှေ့ဘက်က လာတဲ့လူက ဒကာကြီး၊ ပြောမယ် တဲ့။ အရှင်မင်းကြီး အရှေ့ဘက်က လူတွေဖြင့်တောင်ကြီးနှစ်လုံးက ကြိတ်ကြိတ်လာလို့ အရှေ့ဘက်ကလူတွေအကုန်သေကုန်ပါပြီ၊ ပြားပြားပြီး သကာလ အကုန်သေကုန်ပါပြီ အရှင်မင်းကြီး။
ဒီ-တောင်နှစ်လုံးကလဲ အထက်ကြည့်လိုက်လို့ရှိရင် ဗြဟ္မာ့ပြည်တိုင်အောင်ရောက်ပါတယ်၊ ဘေးမှာလဲ ကြားမရှိပါဘူး။ တောင်တန်းရှည်ကြီး အမြင့်ဆုံးကြီးပဲ၊ အရှေ့ဘက်က လူတွေကလဲ အကုန်ပြတ်ကုန်ပါပြီအရှင်မင်းကြီး၊ ဒါကို ကျွန်ုပ်တို့ကို ကယ်တော်မူပါလို့ အရှေ့ဘက်က လူကလဲ သင်မင်းကြီးကိုပြောလိမ့်မယ် တဲ့၊ ဒကာ ဒကာမတို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တောင်ကြီးတွေကဖြင့် လာပြီ
တစ်ခါ အနောက်ဘက်ကလူကလဲ တောင်ကြီးတွေ ကြိတ်ကြိတ် ကြိတ်ကြိတ်ပြီး သကာလ လာလို့ အနောက် ဘက်က လူကလဲ အရှင်မင်းကြီး ကျွန်ုပ်တို့ အနောက်တိုင်းသားတွေဖြင့် တောင်ကြီးနှစ်လုံးက အထက်မိုးကျအောင် ပဲ မြင့်ပြီးသကာလ ဗြဟ္မာပြည်ကျအောင်မြင့်ပြီး ဘေးမှာလဲ ကြားမရှိလောက်အောင်ပဲ လူတွေအကုန် သတ်သတ်ပြီး သကာလဒီဘက် လိမ့်လိမ့်လာနေတယ်၊ အရှင်မင်းကြီးက ကာကွယ်ဖို့အားထုတ်ကြိုးစားပါ။ ကျွန်ုပ်တို့ကိုကယ်ပါ၊ အရှင်မင်းကြီးတိုင်းပြည်မှာနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ အရှင်မင်းကြီးကိုလဲ အရှင်မင်းကြီး စောင့်ရှောက်ပါ။ တောင်ကြီးတွေကဖြင့် လာပြီဆိုတော့ ဇရာမရဏတို့ဆိုတာ (မှန်ပါ့ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အရှေ့က လာဘာလဲ ဘာတုံး (ဇရာ မရဏပါပဲ ဘုရား)။
မြောက်က လာတာကော (ဇရာ မရဏပါပဲ ဘုရား)။
အနောက်က လာတာကော (ဇရာ မရဏပါပဲ ဘုရား)။
တောင်က လာတာကော (ဇရာ မရဏပါပဲ ဘုရား)။
ဒီလို တောင်ကြီးလေးလုံး-လေးလုံးဆိုင်ပြီး ကြိတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဘယ်ပုဂ္ဂိုလ်ခံနိုင်ပါ့မလဲ။ (မခံနိုင်ပါ ဘုရား)။ ဘယ်ပုဂ္ဂိုလ်မှ မခံနိုင်ဘူး။ အဲဒီတော့ တောင်ဘက်က လူကပြောပြန်လဲ ခုနက ပြောတဲ့အတိုင်း ပြောပါတယ်။
အဲဒီလို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အရှင်မင်းကြီး၊ ဒီတောင်ကြီးလေးလုံး ဆိုင်ဆိုင်-ဆိုင်ဆိုင်ပြီးသကာလ ကြိတ်လိုက်လို့ရှိရင်ဖြင့် တောင်ဘက်ကလူတွေကလဲ တောင်ဘက်က ကြိတ်လိုက်လို့သေကုန်ပြီ၊ အရှင်မင်းကြီးလဲ ကာကွယ်ပါ။ ကျွန်ုပ်တို့ကိုလဲ ကာကွယ်ပေးပါလို့ ပြောလို့ရှိရင်ဖြင့် အရှင်မင်းကြီး ဘယ်တတ်နိုင်ပါ့မလဲလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးလိုက်ပါတယ်နော် (မှန်ပါ့ ဘုရား)။
အသင်မင်းကြီး ဒီလောက်မြင့်မားတဲ့ တောင်ကြီး လေးဘက်ကဝိုင်းပြီး ဆုံဆုံပြီး ကြိတ်တယ်ဆိုလို့ ရှိရင်ဖြင့် ဒါကိုစစ်သည်ဗိုလ်ပါတွေနဲ့လည်းကောင်း၊ တုတ်၊ လှံ၊ ဓား၊ လေး၊ မြားတွေနဲ့လည်းကောင်း၊ သေနတ်၊ အမြောက်စသည် တို့ဖြင့်လည်းကောင်း၊ ကာကွယ်လို့ သင်းမင်းကြီးရပါ့မလား လို့၊ ဘုရားကမေးတယ် (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေပါ့မလဲ (မရပါ ဘုရား)။
တောင်ကြိတ်ပွဲမှာအမှုန့်ဖြစ်ပြီး သေရမယ်
မရနိုင်ဘူး။ ဒီတောင်ကြိတ်ပွဲမှာ ဒကာ ဒကာမလဲ အမှုန့်ဖြစ်ပြီး သေရမယ့် အဓိပ္ပာယ်က အထူးသေချာ နေတယ်ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကတော့ တရားနာနေတယ်။ ဒီတောင်ကြီးလေးလုံးကတော့ ဝိုင်းကြိတ်လို့ နီးလာပြီ အပ်နေပြီဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
အနောက်ဘက်က လူတွေကို အနောက်ဘက်က တောင်ကကြိတ်လျက်ပဲ (မှန်ပါ့)။ အရှေ့ဘက်က လူတွေကော-(အရှေ့ဘက်ကတောင်က ကြိတ်လျက်ပါပဲ)။ မြောက်ဘက်ကလူတွေကော (မြောက်ဘက်ကတောင်က ကြိတ်လျက်ပါပဲ ဘုရား)။
မြောက်ဘက်က တောင်က ကြိတ်ကြိတ်။ ကြိတ်ကြိတ်ပြီးလာလို့ ဒကာ ဒကာမတွေ အသုဘတွေ ဖြစ်ကုန်တာတွေ ကော၊ တွေ့ကြပြီလား (တွေ့ပါပြီ ဘုရား)။
တောင်ဘက်ကလူတွေလဲ တောင်ဘက်တောင်က ကြိတ်ကြိတ် ကြိတ်ကြိတ်ပြီးသကာလ လာတယ်။ ဘယ်သူများရှောင်ကွင်းပြီးသကာလ လွတ်ကင်းတယ်ဆိုတဲ့ အဓိပ္ပာယ်များ ရှိကြရဲ့လား (မရှိကြပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေက ဘယ်ကြားမှာ တရားနာနေပါလိမ့် မလဲ လို့၊ မေးကြစို့ရဲ့နော် (တောင်လေးလုံးကြားမှာ နာနေရပါတယ် ဘုရား)။
သေပွဲအနီးမှာပဲ တရားနာနေတယ်
တောင်ကြီးလေးလုံးကြားထဲမှာ ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် သေပွဲအနီးမှာပဲ တရားနာနေကြပါတယ်-(မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)၊ ဘယ်မှာတရားနာနေကြပါလိမ့် (တောင်ကြီး လေးလုံးကြားမှာပါ ဘုရား)။
ဒီကြားထဲမှာ တရားနာနေတယ်၊ တောင်လေးလုံးကြားထဲမှာ တရားနာနေတယ် (မှန်ပါ့)၊ သူလဲ ဇရာ-မရဏကရှိလျက်၊ ကိုယ်ကော-(ရှိပါတယ် ဘုရား)၊ အရှေ့ဘက်ကလူတွေကော-(ရှိပါတယ် ဘုရား)၊ အနောက်ဘက်က လူတွေကော (ရှိပါတယ် ဘုရား)၊ မြောက်ဘက်ကလူတွေကော (ရှိပါတယ် ဘုရား)။ တောင်ဘက်ကလူတွေ ကော (ရှိပါတယ် ဘုရား)။
အင်မတန် ထွေးရှုပ်ကြီးတွေဖြစ်နေတော့ ဒကာ ဒကာမတွေ ဒီထဲမှာ တောင်ကြိတ်ပွဲထဲတွင် သေပွဲဝင်ရမယ့် ပုဂ္ဂိုလ်တွေချည်းပဲဆိုတာ ငြင်းစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အမွေးဖြင့်လွှဲပေါ့
သိပ်ကြောက်စရာကောင်းပါကလား ဒကာ ဒကာမတို့၊ ကျုပ်တို့ တောင်လေးလုံးကြား မွေးတဲ့အတွက်ဖြင့် အမွေးဖြင့်လွှဲပေါ့လို့ ဆိုလို့ရှိရင်ဖြင့် ပြောစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒကာ ဒကာမတို့၊ ဘာလွှဲတယ်ဆိုကြမလဲ (အမွေးလွှဲပါတယ်)၊ အမွေးလွှဲတယ် (မှန်ပါ့)၊ ဘယ်ကြားမှာ မွေးပါလိမ့် (တောင်ကြီးလေးလုံးကြား မွေးပါတယ် ဘုရား)။ ဒီတောင်လေးလုံးကလဲ ပြိုင်ပြိုင်ကြီး တစ်ခါတည်း ပိတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဘိုးအေ, ဘွားအေတွေလဲ ဘယ်ထဲများ ဆုံးရှုံးပါလိမ့်မတုံး (တောင်ကြီး လေးလုံးကြီးကြားမှာပါ ဘုရား)၊ တောင်ကြီးလေးလုံးကြီးကြားမှာပဲ သေဆုံးကြရတယ်နော် (မှန်ပါ့)။ ကျုပ်တို့ကလဲ ဘယ်အထဲမှာသေဆုံးရမယ် ဆိုတာ ဒကာ ဒကာမတွေ သိကြပြီလား (သိကြပါပြီ ဘုရား)။
ဒီတောင်လေးလုံးကြားမှာပဲ ဒကာ ဒကာမတို့ သေကြရမှာပဲ (မှန်ပါ့ ဘုရား)၊ အခုတောင်တွေပိလာတာ တချို့ဒကာ ဒကာမတွေလဲ တော်တော်ကလေးကိုပဲ အခြေအနေပျက်ကုန်ပါပြီ (မှန်ပါ့)၊ မပျက်သေးဘူး လား (ပျက်ပါပြီ ဘုရား)။
ဦးခင်မောင်ရေ ပျိုရုပ်တွေများရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အိုရုပ်၊ အိုမှုတွေဟာ တောင်ကြိတ်ထား တာတွေ၊ သေချာပြီလား (သေချာပါပြီ ဘုရား)၊ အသေအကြိတ်ဆေးဘူးနော်၊ အားအင်ဗလ နည်းရုံပဲ၊ ချည့်ရုံပဲရှိ သေးတယ်၊ အသေကြိတ်မှာကော ရှိသေးတယ် ဆိုတာကော ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဘယ်လိုလုပ်ပြီးထွက်ကြမတုန်း
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီတောင်လေးလုံးကြားက ဘယ်လိုလုပ်ပြီး သကာလ ထွက်ကြမတုန်း တဲ့။ ဘဝများစွာလဲ ဒီတောင်လေးလုံးကြားမှာချည်း မွေးကြမှာပဲ (မှန်ပါ့)။ နတ်ပြည်မွေးလဲ တောင်လေးလုံးကြားပဲ၊ ဗြဟ္မာပြည် မွေးကော (တောင်လေးလုံးကြားပါ ဘုရား)။
လွတ်ရေး၊ ကျွတ်ရေး မြင်ကြသေးရဲ့လား (မမြင်ပါဘုရး)၊ ဪ ကျုပ်တို့ဖြစ်တွေသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ရှေးဘဝက တပည့်တော်ဘယ်လိုများနေလို့၊ ဘယ်လိုများ သေခဲ့ရပါမတုံးလို့ မေးလို့ရှိရင် တောင်ကြိတ်ပွဲမှာ သေပွဲဝင်ခဲ့ရတယ် (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ရှေးဘဝက သိကြားဖြစ်ခဲ့သလား၊ ဗြဟ္မာ ဖြစ်ခဲ့သလား။ အဲ့ဒါဘုန်းကြီးတော့ မပြောတတ်ဘူး၊ သေချာတာကတေ့ဖြင့် တောင်ကြိတ်ပွဲ သေပွဲဝင်ခဲ့ရတာကတော့သေချာဘယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)၊ ဘာသေချာပါလိမ့် (တောင်ကြိတ်ပွဲမှာ သေပွဲဝင်ခဲ့ရတာ သေချာပါတယ် ဘုရား)။
အဲ တောင်ကြိတ်ပွဲမှာ ခန္ဓာနဲ့ သေပွဲဝင်ခဲ့ရတယ်ဆိုတာဖြင့် ဒကာ ဒကာမတို့၊ ဘယ်လောက်များ ကြာခဲ့သတုန်း မေးလို့ရှိရင် တောင်ကြားမွေးတဲ့ ဥစ္စာ၊ ဒကာသစ်ရာ ဘယ်နေရာသေစရာလိုသေးသတုန်း (မလိုပါ ဘုရား)။ ကိုမြရွှေတို့ လိုသေးသလား (မလိုပါ)၊ ဇရာ, မရဏ, တောင်ကြားမှာချည်း ကျုပ်တို့က မွေးတာကိုး ဗျ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီက ဇရာ, မရဏကကြိတ်လိုက်၊ ဟိုက ဇရာ, မရဏကြိတ်လိုက် ဒကာ ဒကာမတို့၊ ရှေ့က ကြိတ်လိုက်၊ နောက်ကကြိတ်လိုက်၊ တောင်လေးလုံးကြားမှာပဲ ကျုပ်တို့ ကြေမွပြီးသကာလ ဝိညာဉ်ချုပ်လိုက်ရပါတယ် ဆိုတာကော ငြင်းဖို့လိုသေးသလား-(မလိုပါ ဘုရား)၊ ဘယ်လေက်ကြာကြပြီလဲ-(မရေမတွက်နိုင်ပါ ဘုရား)၊ အခုတေကာ ဒကာ ဒကာမတို့ လွတ်ပါ့မလား၊ လာနေတုန်းလား တောင်တွေက (လာနေတုန်းပါ ဘုရား)။
ကဲ ဒကာ ဒကာမတို့၊ ဘယ်လိုလုပ်ကြမယ်ဆိုတာ ဘုန်းကြီးကလဲ အကြံဉာဏ်ပေးရတော့မယ်၊ ဘုရားရှင် ကလဲ ကောသလမင်းကြီး အကြံဉာဏ်ပေးတဲ့အတိုင်း ဒကာ ဒကာမတို့ လိုက်ကြမှ တော်တော့မယ်ဆိုတာဖြင့် ဘယ်လိုပဲ အန္တရာယ်ကင်းဘေးရှင်းစရာဖြင့် မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)။
ဇရာမရဏတွေကဝိုင်းကြိတ်တယ်
ဒီတောင်ကြားမှာ မွေးကတည်းက ဒကာ ဒကာမတို့ ဒီဘက်ကလဲ ဇရာ မရဏနဲ့၊ ဒီဘက်ကလဲ (ဇရာ မရဏပါပဲ)။ အနောက်ဘက်ကကော (ဇရာ မရဏနဲ့ပါပဲ)၊ အရှေ့ဘက်ကကြည့်လိုက်တေ့လဲ (ဇရာမရဏ ပါပဲ ဘုရား)။
ဪ-ဇရာမရဏတွေကဝိုင်းကြိတ်တယ် (မှန်ပါ့ ဘုရား)၊ သတ္တဝါ ရယ်လို့ ဖြစ်လာရင် ဇရာမရဏ လက်တွင်းမှာပဲ ခေါင်းစင်းပြီး၊ ပြားပြီး သေလိုက်ရပါတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့၊ ဘယ်ဘဝက ဘာဖြစ်ခဲ့ကြသတုန်း၊ ဘယ်လိုသေခဲ့လို့ ဘယ်လို နေခဲ့ရသတုန်း ဆိုလို့ရှိရင်တောင် တဖြည်းဖြည်း ကြိတ်ပြီး နောက်ဆုံးပိတ် ခန္ဓာပါ ပျောက်ပြီး သေခဲ့ရါတယ် ဘုရား)။ တခြား ဘာပြောစရာလိုသေး သလဲ (မလိုပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ ကိုယ့်ဟာကလေးကိုယ်နဲ့ ဟုတ်ပြီးသကာလ နေငြားသော်လည်း ဒီတောင်ကြီးတွေ လာပါပြီ ခင်ဗျားတို့ဆီ (မှန်ပါ့)။ လာနေပြီနော် ဒကာ ဒကာမတို့ (လာနေပါပြီ ဘုရား)။
အသက်ကြီးတဲ့လူ ကြီးသလောက် ကြိတ်ထားပြီး၊ နောက်ဆုံးပိတ် အသေကြိတ်မလဲဆိုတာ ဒကာဝ သေချာပြီလား (သေချာပါပြီ ဘုရား)။
တောင်ကြိတ်ပွဲ စောင့်တာက သေချာတယ်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဖီးကာ၊ လိမ်းကာ၊ ပြင်ကာ၊ ဆင်ကာနဲ့ သားကလေး၊ သမီးကလေးတွေ လူလားမြောက်ဖို့ရာစောင့်ပြီး သကာလ နေတာ။ အဲ့ဒါစောင့်တာက မသေချာဘူး၊ တောင်ကြိတ်ပွဲ စောင့်တာက သေချာတယ် (မှန်လှပါ ဘုရား)။ သဘောပါကြပြီလား (ပါ,ပါပြီ)။
တယ်လဲ ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ အင်း ဒကာ ဒကာမတို့၊ အမွေးလွဲပါပြီး (မှန်ပါ့)၊ ဦးဘအုန်းတို့ ဘယ်လိုမှတ်ကြမယ် (အမွေးလွဲပါပြီ ဘုရား)၊ ဒီထဲ အမွေးကောင်းများ ပါကြသေးသလား (မပါ,ပါ ဘုရား)
ဒီအတိုင်းပဲ ဘဝများစွာပဲ တပည့်တော်တို့ဖြင့် ဘုရား ဒီအထဲမှာပဲနေပြီး ဒီအထဲမှာပဲ သေပွဲဝင်ရတဲ့ အလုပ်ဟာ တပည့်တော်တို့၏ အမြဲတမ်း အလုပ်ပါပဲဆိုပြီး ဒီလိုပဲ နေကြတော့မလား။ ဒီတောင်တွေ လွှတ်ရာကို ရုန်းကန်နိုင်တဲ့ ဆရာကောင်း၊ သမားကောင်းက နည်းပေးခဲ့သည်ရှိသော် ရုန်းဖို့အချိန်ဖြင့် ရောက်ပြီလို့ ဘုန်းကြီးများက ဆိုချင်တယ်နော် (မှန်လှပါ ဘုရား)၊ မရောက်ကြသေးဘူးလား (ရောက်ပါပြီ ဘုရား)။
ရောက်ပါပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ တောင်မဖိသေးလို့၊ အို ငါ့တော့ ကံကောင်းပါရဲ့ ဆိုစရာ တစ်ကွက်မှ မပါဘူး မွေးကတည်းက ဒီအထဲကမွေးတာ၊ တောင်တွေကလဲ လှိမ့်လှိမ့်လာတာပဲ။ အထက်ကလဲ ကောင်းကင်၊ ဗြဟ္မာ့ပြည်ထိတာပဲ၊ ဒကာ ဒကာမတို့၊ အောက်လဲမြေကြီးနဲ့ စပ်သွားတာပဲ-(မှန်ပါ့)။ လေးဘက်စလုံး ထွက်ပေါက်ကို မရှိဘူး (မှန်ပါ့ ဘုရား)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။
အဲဒီလောက်ထဲမှာ ဘဝများစွာ သံသရာက ဒကာ ဒကာမတွေတို့၊ တောင်ကြိတ်ပွဲ သေပွဲ ဝင်ခဲ့ရတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဘယ်မှာ သေပွဲဝင်ရပါလိမ့် (တောင်ကြိတ်ပွဲမှာ သေပွဲဝင်ခဲ့ရပါတယ် ဘုရား)။
တောင်လေးလုံးကြားထဲမှာ
ဒကာ ဒကာမတွေက ဒီအထဲမှာ ဒီအထဲမှာ တောင်လေးလုံးကြားထဲမှာ (မှန်ပါ့)၊ ဒီအထဲမှာချည်း မွေးတာပဲ၊ သူ့မှာလဲ သူ့ဇရာ မရဏနဲ့ပဲ၊ ကိုယ့်မှာကော (ကိုယ့်ဇရာ မရဏနဲ့ပါ ဘုရား)။
အင်း ဒါက အသီးသီးရှိနေတယ်ဆိုတော့ တောင်က လူကော အကြိတ်ခံရတာပဲ။ မြောက်ကလူကော (အကြိတ်ခံရတာပါပဲ)။ အရှေ့ကလူ၊ အနောက်ကလူကော (အကြိတ်ခံရတာပါပဲ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒီပွဲမှာပဲ သေပွဲချည်းဝင်ခဲ့ရတယ်၊ ကိုယ်သားသမီးကလေးများ ဘယ်ထဲများ ဘာဖြစ်ရလိမ့်မတုန်း မေးလို့ရှိရင် တောင်ကြိတ်ပွဲမှာပဲ သေခဲ့ရတာပါပဲ (မှန်ပါ့ ဘုရား)၊ ဆွေမျိုးဉာတကာတွေ ကော (သေခဲ့ရပါတယ် ဘုရား)။
တောင်ကြိတ်ပွဲမှာ သေခဲ့တယ်ဆိုတာ သေချာကြပြီလား-(သေချာပါပြီ ဘုရား)၊ ဘယ်တော့မှ လွှတ်ရေး၊ ကျွတ်ရေး ရှောင်ရေးဆိုတာ ခင်ဗျားတို့ မတွေ့ခဲ့ဘူး (မှန်ပါ့ ဘုရား)။
ဒီတစ်ခါ အခု အားလုံး ဆရာတော်၊ သမားတော်တွေနဲ့တကွ ဆရာကောင်း၊ သမားကောင်းတွေက ပေးတဲ့နည်းကိုမှ ခင်ဗျားတို့ မလိုက်နာတော့ဘူး ဆိုလို့ရှိရင်ဖြင့် တပည့်တော်နောက်ဘဝ ဘာဖြစ်ရမှာတုန်း၊ တောင်ကြိတ်ပွဲ သေပွဲဝင်ရ လိမ့်မယ်၊ ဒါပဲ အဖြေရှိတယ် (မှန်လှပါ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ တောင်ကြီးတွေ ပါလာတာ
နောက်ကော တပည့်တော်၊ တောင်ကြိတ်ပွဲ သေပွဲဝင်ရမှာပဲ (မှန်ပါ့)၊ ဇရာမရဏက လာသရွေ့ ကြိတ်မှာကိုး (မှန်လှပါ ဘုရား)။
ကိုယ် ခန္ဓာကိုယ်ထဲမှာ တောင်ကြီးတွေ ပါလာတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာပါလာသလဲ (တောင်ကြီးတွေ ပါလာပါတယ်)။
ဇရာမရဏဆိုတဲ့ တောင်ကြီးတွေကော ကိုယ့်ခန္ဓာအမြဲကြိတ်နေတယ် (မှန်ပါ့)၊ နောက်ဆုံးပိတ်တစ်နေ့ အရှင်ထားမလား။ အသေထားမလား (အသေထားမှာပါ ဘုရား)။ သေသွားအောင်ပဲ ကြိတ်လိမ့်မယ် ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဦးခင်မောင်ရေ ကျုပ်တို့ အမွေးလဲပြီး (မှန်ပ့ါ)၊ ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အမွေးလွဲပါပြီး ဘုရား)။
အမွေးလွှဲပြီး၊ အမွေးလွှဲပြီဆိုတာက တခြားမဟုတ်ဘူး။ ခင်ဗျားတို့ တောင်လေးလုံးကြားမှာ မွေးရပါတ် ဆိုကတည်းက ခင်ဗျားတို့ကဪ-မသိလိုက်တဲ့ဖြစ်ခြင်း၊ ဇရာပိ ဒုက္ခသစ္စာ၊ မရဏမ္ပိ ဒုက္ခသစ္စံ မသိတော့ ဒီကြားမှာချည်းဖြစ်ရပါလို၏ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
ဇရာပိ (ဒုက္ခသစ္စာပါ)၊ ခင်ဗျားတို့တွေ့မယ့် ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။ မရဏမ္ပိ (ဒုက္ခသစ္စံပါ ဘုရား)၊ ဘယ်သူတွေမှာတုန်း-(တပည့်တော်တို့ တွေ့မှာပါ ဘုရား)။
အဲဒီ ဒုက္ခသဟစ္စာ မသိတော့ လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏။ ဗြဟ္မာဖြစ်ရပါလို၏။ တောင်ကြိတ်ပွဲ သေပွဲဝင်ရပါလို၏-(မှန်လှပါ့ ဘုရား)။
မတောင်းကောင်းပါ
လူဖြစ်ရပါလို၏ ဆိုရင်ကော (တောင်ကြိတ်ပွဲ သေပွဲဝင်ရပါလို၏)။ နတ်ဖြစ်ရပါလို၏ဆိုရင် (တောင်ကြိတ်ပွဲသေပွဲဝင်ရပါလို၏)။ ဗြဟ္မာဖြစ်ရပါလို၏ဆိုရင်-(တောင်ကြိတ်ပွဲ သေပွဲဝင်ရပါလို၏ ဘုရား)။
အံမာလေး ဒကာ ဒကာမတွေ၊ တောင်းကောင်း မတောင်းကောင်းကြည့်စမ်း (မတောင်းကောင်းပါ ဘုရား)။
မတောင်းကောင်းပေမယ့် ခင်ဗျားတို့က နတ်သံပေးပြီး သကာလ အစားအသောက် ပါသည်ဖြစ်စေ၊ တစ်ပါးသောပုဂ္ဂိုလ်က ပြောသည်ဖြစ်စေ အင်း အန္တရာယ် ကင်းလိမ့်မယ်ထင်ပါရဲ့ဆိုတော့ နတ်ထဲမှာ ဇရာမရဏက ပါရဲ့ (မှန်လှပါ ဘုရား)။ ဗြဟ္မာထဲမှာကော (ပါလျက်ပါ ဘုရား)။ စကြဝတေးမန္ဓာတ်ထဲမှာကော (ပါ,ပါတယ် ဘုရား)။
ဒါဖြင့် ဘယ်ဟာ ဆုတောင်းရလို့ရှိရင်ဖြင့် တောင်ကြိတ်ပွဲလွှတ်ပ့ါမလဲလို့ မေးလို့ရှိရင် သုံးဆယ့်တစ်ဘုံထဲမှာဖြင့် ဘယ်ဘုံမှ သွားမတောင်းနဲ့ တောင်ကြိတ်ပွဲမှာ သေပွဲဝင်ရမှာချည်းလို့ ဦးခင်မောင် မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဦးဇံရင် ဘယ်လိုမှတ်မယ် (တောင်ကြိတ်ပွဲမှာ သေပွဲဝင်ရမှာချည်းပါ ဘုရား)။ ရှင်းကြပြီလား (မှန်ပါ့)၊ ဒီတောင်ကြီးဟာ ဇရာတောင်၊ မရဏတောင်လေ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ဒီဘက်က တောင်တွေကော (ဇရာမရဏတောင်တွေပါ ဘုရား)။
ဇရာမရဏတောင်တွေချည်းပဲ ဆိုတော့ ဇရာ မရဏကလဲ ခန္ဓာကိုယ်ထဲမှာ ပါပြီးသားဆိုတော့ ဒကာ ဒကာမ တို့၊ သေပွဲတော့ဖြင့် လွှတ်ပါ့မသား-(မလွတ်ပါ ဘုရား)။
ဒီတောင်ကြိတ်ပွဲ လွတ်အောင်လုပ်ပါ
အဲဒီတွင် ကောသလမင်းကြီးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ် (မှန်ပ့ါ)၊ ဒကာကြီးတဲ့ အရှေ့ဘက်ကလူတွေလဲ ကြိတ်ကုန်ကြပြီ။ အနောက်ဘက်ကလူတွေလဲကြိတ်ကုန်ပြီ။ တောင်ဘက်ကလူတွေလဲကြိတ်ကုန်ပြီ။ မြောက်ဘက်ကလူတွေလဲကြိတ်ကုန်ပြီ အရှင်မင်းကြီး ကျွန်ုပ်တို့ကိုလဲကယ်ပါ။ အရှင်မင်းကြီးလဲ ဒီတောင်ကြိတ်ပွဲ လွတ်အောင်လုပ်ပါဆိုတော့ ဒကာကြီး ဘယ်လို စကားပြောမလဲလို့ဘုရားက မေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ပြီးတော့ တပ်တောင်တာ ဗိုလ်ထုတွေနဲ့ ရှင်ဘုရင်တို့၏ အားပြတယ်ဆိုပြီး ကြွားတာပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ အခုတောင်ကြီးတွေနဲ့မေးလိုက်တော့ ဒကာ ဒကာမတို့၊ အဖြေထွက်ဖို့ အတော်ခက်သွားတယ် (ခက်ပါတယ် ဘုရား)၊ မခက်ဘူးလားဗျ (ခက်ပါတယ် ဘုရား)။
အဖြေထွက်ဖို့ခက်သွားတော့ သူဖြေပုံကလေး နားထောင်ကြတာပေါ့ အရှင်ဘုရားတဲ့၊ ဒီဟာတွေတော့ဖြင့် မြင့်မားလိုက်တာကလဲ ကောင်းကင်ရောက်လို့ လေးဘက်ကလဲ စေ့နေတယ်၊ ထွက်ပေါက်ကလဲမရှိ၊ ဘယ်လိုတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်မှလဲ ဒီတောင်လေးလုံးကျော်ပြီးသကာလ ထွက်စရာမရှိ၊ ဘေးလဲထွက်စရာမရှိ၊ အပေါ်လဲမကျော်နိုင်၊ အကုန်သေပွဲဝင်ရတယ်ဆိုတော့ဒီနေရာမှာ လွတ်ရေး၊ ကျွတ်ရေးတို့ ရှာရလို့ရှိရင်ဖြင့် ဒီတပ်တောင်တာ ဗိုလ်ထုတွေလဲ အလာကားပဲ ဘုရား (မှန်ပါ့)။
မရဏကောပြန်ပြီး စစ်ထိုးနိုင်ပါ့မလား
ဇရာကိုမှန်အောင် ပစ်နိုင်ကြပါ့မလား။ တပ်တွေထဲမှာရှိတဲ့လက်နက်တွေဟာ ဇရာကိုမှန်အောင်ပစ်နိုင်ပါ့မလား (မပစ်နိုင်ပါ ဘုရား)။ မရဏကောပြန်ပြီး စစ်ထိုးနိုင်ပါ့မလား (မထိုးနိုင်ပါ ဘုရား)။
ဒီအတိုင်း ခင်ဗျားတို့ သိပြီးသကာလ ကြိတ်ပွဲခံလိုက်ရုံပဲရှိတယ် (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။ ဒကာဝရေ ဒါဖြင့် ဘယ်လိုကြံစည်ရမတုန်း ဆိုတဲ့ အားလုံးဟာ ယနေ့ပေါ်လာပြီ (ပေါ်လာပြီ ဘုရား)။
ဒကာ ဒကာမတို့၊ ဘယ်လိုကြံစည်ကြမဲဆိုတဲ့ အရေးဟာ အရေးကြီးလာပြိ (မှန်ပါ့)။ မကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)။
အဲဒီတွင် ကောသလမင်းကြီးက အရှင်ဘုရား တဲ့၊ တပည့်တော် ကြွားခဲ့သရွေ့ မော်ခဲ့သရွေ့ မောက်ခဲ့သရွေ့ လူထုအင်အားနဲ့တကွ အလုံးစုံ တပ်တောင်တာဗိုလ်ထုနဲ့ အားပြပြီး ခေါင်းမှာ အဘိသိတ်သွန်းတဲ့ ရှင်ဘုရင်မို့ အားပြပြီးလာငြားသော်လဲ ဒီတောင်လေးလုံး ကြိတ်တဲ့အထဲမှာတော့ တပည့်တော်လဲ လွတ်စရာမမြင်ဘူး (မှန်ပါ့ ဘုရား)။
ဓမ္မစရိယာနဲ့ သမစရိယာ
အဲဒီတော့ လွတ်စရာပဲမြင်တာကို ပြောရလို့ရှိရင်ဖြင့် ဓမ္မစရိယာနဲ့ သမစရိယာပဲ ရှိတော့တယ်လို့ ဆိုလိုက်ပါ တယ် (မှန်ပါ့)။ တရားကို ကျင့်ဖို့ပဲ သဘောကျပြီလား (ကျပါပြီ)။
တရားကို ကျင့်လိုက်တဲ့အခါ သမစရိယာဆိုတဲ့အတိုင်း တရားနဲ့ ကိုက်ညီအောင် ကျင့်လိုက်လို့ ခန္ဓာမရှိတဲ့အလုပ် လုပ်လိုက်ရလို့ရှိရင်ဖြင့် တောင်ကြိတ်ပွဲမှာ ကျုပ်တို့ပါစရာမြင်သေးရဲ့လား (မပါနိုင်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ်အကြောင်းကိုဖြင့် ယနေ့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံဝေဂရအောင်လို့ ဟောတယ်လို့ ဒီလို မယူလိုက်နဲ့နော် (မှန်ပါ့ ဘုရား)။ ခင်ဗျားတို့ ဧကန် အကြိတ်ခံရလိမ့်မယ်လို့ ယူလိုက်ပါ (မှန်ပါ့ ဘုရား)။
ဘုန်းကြီးက သံဝေဂရအာင်လို့ ပလ္လင်ပေါ်ရောက်တာနဲ့ ဒကာ ဒကာမတွေ တရားအားထုတ်စေချင်တာနဲ့ ဪ ဒါကြီးပြပြီးခြောက်ဟောတယ်လို့ ဒီလိုမယူလိုက်ပါနဲ့-(မှန်ပါ့)။ ခြောက်ဟောတာလား၊ ကိုယ့်တောင်နဲ့ကိုယ် ကြိတ်လျက်ပဲလား (ကိုယ့်တောင်နဲ့ကိုယ် ကြိတ်လျက်ပါ ဘုရား)။ ခြောက်တာတစ်လုံးမှ မပါပါဘူး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေကသာ သားနဲ့ပြုံး၊ သမီးနဲ့ပြုံး၊ ပစ္စည်း ရွှေ၊ ငွေ ကျောက်သံ ပတ္တာမြားကလေးရလို့ ဒီအထဲမှာ တောင်တွေ ကြိတ်လုခါနီးတောင် မသိလို့ ပြုံးတုန်းရှိသေးတယ် (မှန်လှပါ ဘုရား)။ အင်မတန် မဆိုးရွားကြဘူးလား- (ဆိုးရွားပါတယ် ဘုရား)။
လွတ်ရေး ကျွတ်ရေး မြင်သေးရဲ့လား
အဲဒါကြောင့် ဒီတောင်ကြိတ်ပွဲထဲမှာ တောင်လေးလုံးကြားမွေးတဲ့ပုဂ္ဂိုလ် ဒကာဝတို့၊ ဦးခင်မောင်တို့ လွတ်ရေး ကျွတ်ရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့်-(ဒီတောင်ကြိတ်ပွဲထဲ တောင်လေးလုံးကြားမှာ မွေးဖွားရတဲ့အလုပ် ဖြစ်ရပါလို၏ဆိုလို့ နတ်ပြည်လဲ ဒီတောင်ရှိတာပဲ။ ဗြဟ္မာပြည်မှာကော (ရှိပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့က နတ်ဖြစ်ချင်လို့၊ ကျုပ်တို့ကိုဗြဟ္မာဖြစ်ချင်လို့ တောင်ထဲမှာ မွေးဖွားရတာ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကျုပ်တို့ကိုက (နတ်ဖြစ်ချင်လို့ပါ)၊ ကျုပ်တို့က (ဗြဟ္မာဖြစ်ချင်လို့ပါ)၊ အင်း ဟင် ကျုပ်တို့ကိုလဲ လူဖြစ်ချင်လို့ (မှန်ပါ့)။ တောင်ထဲမှ ဘာဖြစ်ရသလဲ (မွေးဖွားရပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ အမွေးလွဲကုန်ပြီ (မှန်ပါ့)၊ လွဲကုန်ပြီနော် ဦးခင်မောင် ဘယ်လိုဆုံးဖြတ်ချက်ချ မလဲ (အမွေးလွဲပါတယ် ဘုရား)၊ အမွေးလွဲပြီတဲ့ ဒကာ ဒကာမတို့၊ တောင်လေးလုံးကြားမှာ သွားမွေးတယ် (မှန်ပါ့)။
တောင်ကလဲ အမြင်နည်းတဲ့ တောင်လား၊ လေးဘက်လေးတန်က စုစည်းပြီး ကြိတ်တဲ့တောင်လား (လေးဘက်လေးတန်က စုစည်းပြီးကြိတ်တဲ့တောင်ပါ ဘုရား)။
လေးဘက် လေးတန်က စုပြီးကြိတ်တဲ့ တောင်ကြား ကျုပ်တို့ လူ့ပြည်တောင်ကြား မွေးလို့ရှိရင်လဲ အကြိတ်ခံရမှာပဲ (မှန်ပါ့)။ နတ်ပြည်တောင်ကြား မွေးရင်ကော (အကြိတ်ခံရမှာပါပဲ)၊ အခုတော့ဖြင့် ဘယ်နေရာများ ရောက်နေ ကြပါလိမ့်-(တောင်ကြားထဲမှာ ရောက်နေပါတယ် ဘုရား)။
အချိန်ကလေး ကျန်သေးတယ်
တောင်ကြားထဲရောက်နေတယ်(မှန်ပါ့)။ ဒကာ ဒကာမတို့၊ ကြံစည်ပေတော့၊ အခုအချိန်မှာ အချိန်ကလေး ကျန်သေးတယ် (မှန်လှပါ ဘုရား)၊ အခုချိန်မှာ (အချိန်ကလေးကျန်ပါသေးတယ် ဘုရား)၊ အချိန်ကျန်သေး တယ်နော်၊ ပေါ့ပေါ့နဲ့ဒီတရားကို မနာလိုက်ပါနဲ့၊ ကိုယ့်ဖြစ်စဉ် အကိုက်ကို ပြောနေပါတယ် (မှန်ပါ့ ဘုရား) ဘယ်လိုပါလိမ့် (ကိုယ့်ဖြစ်စဉ် အကိုက်ကိုပြောနေပါတယ် ဘုရား)၊ ကိုယ့်ဖြစ်စဉ်အကိုက်ကို ပြောနေတယ်ဆိုတာ ဒကာ ဒကာမတွေ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒီတရားသာ နာကြတယ်၊ ဒကာ ဒကာမတွေက တရားနာတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ့်မိတ်ဆွေနဲ့ ကိုယ့်သင်္ဂဟနဲ့ပြောကြ၊ ဆိုကြပေါ့ဗျာ (မှန်ပါ့)၊ တရားတောင်မှနှလုံးမသွင်းနိုင်ဘူး။ မိတ်ဆွေတွေ တွေ့ဆုံတဲ့အခါ အသံတွေ၊ ဘာတွေထွက်ပြီး ပြောကြဆိုကြနဲ့ တောင်ကြားထဲ ရောက်နေတယ်။ ကြိတ်လုပြီဆိုတာ မသိလို့ ဆူတာကိုးဗျ (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဆူတာပါလိမ့် (ကြိတ်လုပြီဆိုတာမသိလို့ ဆူတာပါ ဘုရား)။ အဲ နောက်တော့ ဒီတောင်ကြားရောက်ပြီဟေ့၊ လွတ်ရေး၊ ကျွတ်ရေးဆိုတဲ့ ဓမ္မစရိယာနဲ့ သမစရိယာဆိုတဲ့ ခန္ဓာဝိပဿနာရှုတဲ့ အလုပ်သာ ငါလုပ်နေရတော့မယ်။ မင်းတို့နဲ့ ငါစကားမပြောတော့ဘူး၊ တောင်နီးလွန်းလို့, လို့ (မှန်ပါ့)။
ငြိမ်ငြိမ်နေပြီး စောစောရောက်တဲ့ ပုဂ္ဂိုလ်က စောစောအားထုတ်ကြပါ၊ စောစောလဲလာကြပေါ့ဗျာ-(မှန်ပါ့ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။ အဲဒီတော့ တောင်ကြားထဲမှာ သေခါနီးပျော်တော့မကောင်းပါဘူး (မှန်ပ့ါ)၊ တစ်ကောက်ကောက်တစ်ယောက်နှုတ်ဆက်တာတောင် မင်းလဲသိပြီးပြီ၊ ငါလဲသိပြီးပြီ။ တောင်ကြားမှာဟေ့ (မှန်ပါ့)၊ ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
တောင်တွေကြိတ်နေတာ နီးလွန်းလို့
အဲ ဒါ့ကြောင့် ဒကာ ဒကာမတို့၊ ငြိမ်ငြိမ်ကလေးနေပြီးကိုယ့်ဟာကိုယ်၊ ကိုယ့်တောင်ကလေးနဲ့ကိုယ်၊ ကိုယ့်နေရာကလေးကိုယ် ခင်းပြီးသကာလ ကိုယ့်ဟာကိုယ် ခန္ဓာစိုက်နေ၊ ဘာ့ကြောင့်တုန်း၊ တောင်တွေကြိတ်နေတာ နီးလွန်းလို့ လွတ်ရေး၊ ကျွတ်ရေးလုပ်နေတယ် (မှန်ပါ့ ဘုရား)။ မကောင်းဘူးလား။ ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ မသိတော့လို့ ဟိုကလာတယ်၊ တွေ့ရတာဝမ်းသာလိုက်တာ၊ တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ဆိုတာ မလွယ်ဘူးလို့ လုပ်မနေနဲ့၊ သေခါနီးက ရိပ်မိပြီလား (မှန်ပါ့)။ သေခါနီး ဒီအသံထွက်ဖို့ မလိုဘူး အသေသာဖြောင့်အောင်၊ ဘာကြောင့် မလုပ်နဲ့လို့ဆိုသလဲ (သေခါနီးလို့ပါ)။ ဟာလုပ်ဖို့ (မှန်ပါ့)၊ မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတို့၊ သေခါနီး ပျော်ကိုဖြင့်ရှောင်ကြပါ (မှန်ပါ့ ဘုရား)၊ ဘာမှာပါလိမ့် (သေခါနီး။ ပျော်ကိုရှောင်ရမျာပါ)၊ သေခါနီးပျော် ရှောင်ကြပါလို့ ဦးဝသတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။ ဦးခင်မောင် အခုပျော်နေတာက နက်ဖြန် တောင်ကြိတ်ပွဲမှာ သေချင်သေမယ်နော် (မှန်ပါ့ ဘုရား)။
သေခါနီးပျော်
အခုပျော်နေတာ၊ ပြုံးနေတာတွေကသာ ပျော်ဆိုကြမယ်-(သေခါနီးပျော်ပါ ဘုရား)၊ အဲဒီတော့ နာလဲ မနာကြနဲ့ တော့ ခင်ဗျားတို့ ပျော်ပုံကတော့ အရုပ်ဆိုးတယ် (မှန်ပါ)၊ မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)၊ ဘာပျော်တဲ့ဗျာ (သေခါနီးပျော်ပါ ဘုရား)။
ဟာ-မကောင်းပါဘူးဗျာ၊ သေခါနီးဖြင့် လွတ်ရေးရှာရမယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်နေသလဲ (ပျော်နေပါတယ် ဘုရား)။
အံမာလေး-ငါးကလေးအပေါ်က ရေမရှိတော့ဘူး၊ စွန်တွေက စားတော့မယ်၊ ရေကကုန်နေပြီ (မှန်ပါ့)၊ ဒါတောင်မှ သူတို့က အတောင်ကလေးယှက်ပြီးသကာလ ပြေးနေသေးတယ်ဆိုရင် တိရစ္ဆာန်မိုက် မိုက်နေတာ (မှန်ပါ့ ဘုရား)။ ရေခန်းရင် နက်ဖြန်စွန်တို့၊ ကျီးတို့အစာ မဖြစ်ပေဘူးလား-(ဖြစ်ပါတယ် ဘုရား)၊ ရေကလဲ ခန်းနေပြီ (မှန်ပါ့)။
အဲဒီအထဲ အတောင်ယှက်ပြီး သကာလ ဟိုပြေးဒီပြေးနဲ့ ဦးခင်မောင် ပျော်နေအုံးမယ်ဆိုလို့ရှိရင်ဖြင့် ဒီငါးကလေးတွေကုန်းပေါ်ကနေကြည့်တဲ့ ပုဂ္ဂိုလ်ကို ကဲ့ရဲ့စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ဟ-သေခါနီး ပျော်ပျော်နေကြတာ (မှန်ပါ့)။ ဘယ်နှယ့်ဆိုကြမလဲ (သေခါနီးပျော်ပျော်နေတာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ပြောကြ၊ ဆိုကြ၊ ပြုံးကြ၊ ရွှင်ကြတာ ဘုန်းကြီးများ ဝမ်းသာပါတယ်။ သို့သော် ပျော်ပုံအချိုးမကျလို့ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် အချိုးမကျသလဲ (သေခါနီး ပျော်ပျော်နေလို့ပါ)၊ အချိုးမကျဘူး၊ သေခါနီး ပျော်လဲဖြစ်နေတယ်၊ တောင်အကြိတ်လျက်ကိုး၊ ဇရာကလဲ မကြိတ်ဘူးလား-(မှန်ပါ့)။ မရဏ အသက် ပျောက်အောင်ကြိတ်မယ်ဆိုတာ မသေချာဘူးလား-(သေချာပါတယ် ဘုရား)။
ဇရာက ကြိတ်ဆဲ (မှန်ပါ့)။ မရဏ အသက်ပျောက်အောင်ကြိတ်မယ်ဆိုတာလဲ ဒကာ ဒကာမတို့ ငြင်းဖို့လိုသေးသလား-(မလိုပါ ဘုရား)။
အဲဒီလို ဒီအထဲမှာ သေခါနီးပျော်တော့ဖြင့် ကျုပ်တို့ဖြင့်ပြောလဲ မပြောလိုတော့ပါဘူး၊ ဆိုလဲ မဆိုလို့တော့ပါဘူး။ အလွတ်ရုန်းတဲ့နည်းသာ ကျုပ်ဖြင့် ပြေးသွားပါတော့မယ်လို့ ကိုယ့်အရေး ကိုယ်ဂရုစိုက်-(မှန်လှပါ ဘုရား)၊ ရှင်းကြပြီလား-(ရှင်းပါပြီ ဘုရား)။
သူ့တာဝန်နဲ့သူကြိတ်လျက်
ဒကာ ဒကာမတွေ ဒုတိယ ကမ္ဘာစစ်တုန်းက ဗုံးတွေနဲ့၊ လေယာဉ်ပျံတွေနဲ့ ဝဲနေတော့ သူများ အရေးစိုက်နေသေး သလား၊ ကိုယ့်အထုပ်ကိုယ်ပြင်းပြီး ကိုယ်အရင်ပြေးတာပဲလား (ကိုယ်အရင်ပြေးတာပါပဲ ဘုရား)။
အဲဒီလိုပြေးရမှာ၊ အဲဒီလိုပြေးရမှာ-(မှန်ပါ့) ရိပ်မိပြီလား-(ရိပ်မိပါပြီ)၊ ဒီအထဲ ဘယ့်သူ့မှ ငဲ့မနေနဲ့၊ အမေကလဲ သူ့တာဝန်နဲ့သူ ကြိတ်လျက်၊ အဖေကကော (သူ့တာဝန်နဲ့သူကြိတ်လျက်ပါ)၊ သားကလေးတွေကကော (သူ့တာဝန်နဲ့ သူကြိတ်လျက်ပါ)၊ ကိုယ့်မှာကော (ကိုယ့်တာဝန်နဲ့ကိုယ် ကြိတ်လျက်ပါ ဘုရား)။
ကိုယ့်တာဝန်နဲ့ကိုယ် ကြိတ်လျက်ဖြစ်ပြီးသကာလ နေတာဘယ်သူ့ငဲ့စရာရှိသေးသတုန်း ဒကာ ဒကာမတို့၊ ကိုယ့်အတွက်ရုန်းဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
သားငဲ့နေရင် သားဆွဲရတာနဲ့ ကိုယ့်တောင်က ကိုယ့်ကိုအရင်ကြိတ်ပစ်လိုက်လိမ့်မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)၊ သားကလေးကလဲ လွတ်မှာလားလို့မေးတော့ (မလွတ်ပါ ဘုရား)။ သူ့တောင်က သူ့ကိုကြိုက်မှာပဲ (မှန်ပါ့)။
တောင်ကြိတ်ပွဲ လွတ်ရေးလုပ်ပါ
အဲဒီသော့ကို သားသမီးခင်လို့ရှိရင်လဲ တောင်ကြိတ်ပွဲလွတ်ရေးကို သင်ပေးပါ (မှန်ပ့ါ)။ ကိုယ့်ကိုယ်ကို သနားရင်လဲ (တောင်ကြိတ်ပွဲ လွတ်ရေးလုပ်ပါ)။ တောင်ကြိတ်ပွဲလွတ်ရေးကိုသာလျှင် ကြိုးစားပါဆိုတာ ဟောထိုက် မဟောထိုက် (ဟောထုက်ပါတယ် ဘုရား)။ သဘောပါကြပြီးလား (ပါ-ပါပြီ ဘုရား)။
ဟာ ဘုန်းကြီး ခုနကပြောတဲ့စကားကို ဒကာ ဒကာမတွေပြန်အုပ်ရမယ်နော် (မှန်ပါ့)၊ သံဝေဂရအောင် ပြောတာလား၊ ကိုယ့်ဖြစ်စဉ်နဲ့ ကိုက်နေတာလား (ကိုယ့်ဖြစ်စဉ်နဲ့ကိုက်နေတာပါ ဘုရား)။
ကိုယ့်ဖြစ်စဉ်နဲ့ ကိုက်နေလို့ ရှိရင်ဖြင့် သေခါနီးပျော်မလုပ်ကြနဲ့ (မှန်ပါ့)။ ရှင်းပြီနော်-(ရှင်းပါပြီ)၊ ဦးခင်မောင်ဘာမလုပ်နဲ့လို့ မှာသတုန်း (သေခါနီးပျော် မလုပ်နဲ့လို့မှာပါတယ်)။ သေခါနီးပျော်ဆိုတာ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
သေခါနီး ပျော် ဆိုတာ ခုနက ငါးကလေးတွေဟာ တိရစ္ဆာန်လား၊ လူလား (တိရစ္ဆာန်ပါ ဘုရား)။ အင်း ရေလဲမရှိဘူး၊ နက်ဖြန်ဆိုလို့ရှိရင်လဲ ကျီးတို့လင်းတတို့ စွန်တို့၏အစာဖြစ်ရမယ်-(မှန်ပါ ဘုရား)၊ ကိုမြရွှေ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။ ရေမှ မရှိတော့ဘဲကိုးဗျ (မှန်ပါ့)၊ အဲဒီအထဲ ငါးကလေးတွေက ပျော်ကြ၊ ရွှင်ကြတယ် ဆိုလို့ရှိရင် ဪ တိရစ္ဆာန်များ တယ်မိုက်ပါတလား။ နက်ဖြန်သေခါနီးတောင် ဒီနေ့ပျော်တုန်း (မှန်ပါ့)၊ ဘာကြောင့်တုန်း တိရစ္ဆာန်စိတ်ရှိနေလို့မသိလို့ (မှန်ပါ့ဘုရာ)။ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒီထဲ ဒကာ ဒကာမတွေပျော်နေတာ ဘယ့်နှယ်ဆိုမလဲ (တိရစ္ဆာန်စိတ်ရှိလို့ မသိပျော်-ပျော်နေတာပါ)၊ တိရစ္ဆာန်စိတ် ရှိလို့ မသိဆိုတာ ဘုန်းကြီးကတော့ မဆိုပါဘူး၊ ဖြစ်စဉ်က ကိုက်နေတယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘုန်းကြီးကတော့ မဆိုပါဘူး၊ ဒကာ ဒကာမတွေက အို တွေ့ရတာက ဝမ်းသာလိုက်တာ အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံမဟုတ်တာတွေလဲပါရဲ့ ပေါ့ဗျာ (မှန်ပါ့)။
အဲဒါတွေ လျှောက်ပျော်နေမယ်ဆိုလို့ရှိရင်ဖြင့် တောင်ကကြိတ်တာကလဲ တော်တော်နာနေပြီ (မှန်လှပါ ဘုရား)။ ဒီအထဲကနေပြီး မသိပြော ပြောနဲ့ မဟုတ်တာတွေလျှောက်ပျော်နေမယ်ဆိုလို့ရှိရင် သေအောင် ကြိတ်လိုက်ပါလိမ့်မယ်၊ ခင်ဗျားတို့-(မှန်ပါ့)၊ သဘောပါကြပြီလား-(ပါ-ပါတယ်)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်မှာ သားနဲ့ ပျော်ပျော်၊ သမီးနဲ့ပျော်ပျော် ကိုယ့်အရေးကို ကိုယ်လွတ်အောင်ရုန်းပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှာပါလိမ့် (ကိုယ့်အရေးကို ကိုယ်လွတ်အောင် ရုန်းရမှာပါ ဘုရား)။
ဇရာ မရဏက ကိုယ့်ကြိတ်လျက်
ကိုယ်တောင်က ကိုယ့်ကြိတ်လျက်ကိုးဗျ(မှန်ပါ့)၊ ကိုယ်ယူလာတဲ့ ဇရာ မရဏက ကိုယ့်ကြိတ်လျက်-(မှန်ပါ့)၊ ကလေးမှာကော (ကြိတ်လျက်ပါ ဘုရား)၊ သူယူလာတဲ့ ဇရာမရဏက-(သူ့ကိုကြိတ်လျက်ပါ)၊ အေး-မောင်ကလေး ဖားကလေး တွေမှာကော (ကြိတ်လျက်ပါ ဘုရား)။
ကြိတ်လျက်ပဲဖြစ်နေတော့ ကိုယ့်ဟာကိုယ် အလွတ်ရုန်းမှသာလျှင် ရမယ်၊ မောင် ဆွဲနေလို့လဲ ကိုယ်မလွတ် ပေဘူး (မှန်ပါ့ ဘုရား)။
ဆွဲနေခြင်းကြောင့်လဲ မောင်ကလေး မကြိတ်ပါနဲ့ ဆိုလို့ သူယူလာတဲ့တောင်က သူ့ကြိတ်မှာပဲ၊ လွတ်ပါ့မလား- (မလွတ်ပါ ဘုရား)။
ကိုယ့်အရေးသာ ကိုယ်ကြီးပါ
အဲဒါတွေ သေသေချာချာသိတော့မှ ဪ အတ္တာဟိအတ္တာနော နာထော-ကိုယ့်အရေးသာ ကိုယ်ကြီးပါ ကလား (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
ခင်ဗျားတို့ ခင်ပွန်းမက ခင်ပွန်းယောကျ်ားကို ဘာပူစရာရှိသတုန်းလို့ ပြောငြားသော်လဲ မယုံနဲ့ (မှန်ပါ့)။
မင်းက ပူစရာရှိတာက ကိစ္စမရှိဘူး၊ ငါ့မှာ တောင်ကြိတ်နေပြီလို့သာ ပြန်ပြော (မှန်ပါ့ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကို ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ မင်း ဘာပူစရာရှိသလဲ၊ ငါရှာကျွေးတယ်၊ အို ရှာကျွေး တာကလဲ စားရင်မတ္တနဲ့ လျှာထွက်သေရချေရဲ့။ တောင်ကြိတ်လို့ပြော (မှန်ပါ့)၊ ရိပ်မိပြီလား၊ (ရိပ်မိပါပြီ)၊ လွတ်ရေး ကျွတ်ရေးမြင်ကြရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင့်ကောသလမင်းကြီးက ဓမ္မစရိယာနဲ့ သမစရိယာပဲ ရှိတယ်ဘုရားတဲ့၊ တောင်ကြိတ်ပွဲလွတ်ဖို့ရာ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဝိပဿနာအလုပ်ပဲရှိတော့တယ်။(မှန်ပါ့)၊ ဝိပဿနာအလုပ်လုပ်လိုက်တဲ့အခါကျတော့ ကိုယ်ခန္ဓာ မမုန်းပေဘူးလားဗျာ (မှန်ပါတယ် ဘုရား)၊
ကိုယ့်ခန္ဓာဖြစ်ပျက်မြင်တော့၊ ကိုယ့်ခန္ဓာ ဖြစ်ပျက်မုန်းတော့ ကိုယ့်ခန္ဓာကြီးကိုမင်းဟာ ဒုက္ခသစ္စာပဲ၊ မလိုချင်တော့ ဘူးဆိုတဲ့ မဂ်ဉာဏ် လိုက်လာတော့ ခန္ဓာ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
တောင်တွေဟာ သူတို့ဟာ သူတို့သာ အခြောက်ကြိတ်ရမှာပဲ။ အစိုကြိတ်တော့မရဘူး (မှန်ပါ့)၊ ရနိုင်သေးရဲ့လား (မရနိုင်ပါ ဘုရား)။
လွတ်မယ့်တရားက ဝိပဿနာ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ တောင်ကြိတ်ပွဲက လွတ်တဲ့တရားဟာ ဘယ်သူပါလိမ့်မလဲဆိုတဲ့ဥစ္စာ ဝိပဿနာပဲ (မှန်လှပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ)။ တောင်ကြိတ်ပွဲက လွတ်မယ့်တရားက (ဝိပဿနာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒါကလေးမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီလောက်အမြင် အထင်ကိုယ့်မှာလဲ ရှိနေလျက်သားနဲ့မှ လွတ်ရေး၊ ကျွတ်ရေး မလုပ်သေးဘူးဆိုလို့ရှိရင် လူစိတ်မရှိလို့ (မှန်ပါ့)၊ ခုနက ငါးကလေးတွေလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဖြစ်နေသလဲ (ငါးကလေးတွေလိုဖြစ်နေပါတယ် ဘုရား)။
ငါးကလေးတွေဟာ ရေလဲခန်းပြီး ဒကာ ဒကာမတို့၊ အဲဒီမှာ အတောင်ယှက်ပြီးသကာလ ဟိုမြူးလိုက်၊ ဒီမြူးလိုက် ဆိုလို့ရှိရင် ဘာပျော်လဲ (တိရစ္ဆာန်ပျော်ပါ ဘုရား)၊ သေခါနီးပျော် (မှန်ပါ့)။
သေခါနီးပျော် ဘယ့်နှယ်ကြောင့် ပျော်ပါလိမ့်မတုန်းဆိုတော့ တိရစ္ဆာန်မို့ (မှန်ပါ့)၊ သခေါနီးပျော် ဘယ့်နှယ်ကြောင့်ပျော်ပါလိမ့်-(တိရစ္ဆာန်မို့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့၊ ကျုပ်တို့မှာလဲ တောင်တွေကိုယ်ကိုယ်တိုင် အကြိတ်ခံရပြီလား (ခံရပါပြီ ဘုရား)၊ မသေတာ တစ်မယ်ကျန်တော့မယ်-(မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
မသေတာတစ်မယ်ပဲ ကျန်တော့တယ်
မသေတာတစ်မယ်ပဲ ကျန်တော့တယ်ဆိုတာပေါ်ကြပြီလား-(ပေါ်ပါပြီ ဘုရား)၊ ဒီ အထဲကနေပြီး ပြုံးကာရွှင်ကာနဲ့ ကိုယ့်အရေးတော့ ကိုယ်အားမထုတ်ဘဲနဲ့ ဒကာ ဒကာမတွေ လောက်ကွတ်တွေ များနေကြမယ် ဆိုလို့ရှိရင်ဖြင့် ဒီလောကွတ်ဟာ အဖိုးကောတန်ပါရဲ့လား (မတန်ပါဘူး ဘုရား)၊ ကိုယ့်အသေကော လွတ်ပါရဲ့လား (မလွတ်ပါ ဘုရား)။
ဪ ဒကာ ဒကာမတို့၊ လောကွတ်ဟူသရွှေ့သည်ကား ဆိုလို့ရှိရင်ဖြင့် သေခြင်းဆိုး သေချာလို့ ဒီလောက် များတာပဲလို့ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
အခုပြောနေတဲ့ ဝိပဿနာ အလုပ်သာကြိုးစားတော့၊ သူပဲလွတ်စရာရှိတယ်-(မှန်ပါ့ ဘုရား)၊ ရှင်ကြပြီလား-(ရှင်းပါပြီ)။ ပစ္စည်းနဲ့ပေးတော့လဲ ဒီတောင်ကြီးတွေကရပ်မှာလား-(မရပ်ပါ ဘုရား)၊ သားနဲ့ သမီးနဲ့ တားပြန်ရင်ကော (မရပ်ပါ ဘုရား)။ ဆွေမျိုးနဲ့တားပြန်ရင်ကော-(မရပ်ပါ ဘုရား)။ မင်းနဲ့စိုးနဲ့ထားပြန် ရင်ကော (မရပ်ပါ ဘုရား)။
မရပ်ဘူး၊ သူတို့ကို အကြိတ်ခံနေရတာ ဒကာ ဒကာမတို့(မှန်ပါ့)။ မင်းတွေစိုးတွေက ဘာဖြစ်နေသလဲ (အကြိတ်ခံနေရပါတယ် ဘုရား)။
အကြိတ်လွတ်တဲ့နည်း
အဲဒီတော့ ဒါကြောင့် ကောသလမင်းကြီးက တပည့်တော်လဲ မတတ်နိုင်ဘူးဘုရား၊ တပည့်တော်လဲ အကြိတ်ခံပြီးသေပွဲဝင်မှာပဲ၊ အဲဒီတော့ အကြိတ်လွတ်တဲ့နည်းကို တပည့်တော်လျှောက်ထားရလို့ရှိရင် အရှင်ဘုရား ဓမ္မစရိယာ, သမစရိယာဆိုတဲ့ ဝိပဿနာအလုပ်ပဲ ရှိပါတော့တယ် (မှန်ပါ့)၊ ဒါပဲကြိုးစားမှပဲ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် တောင်ကြိတ်ပွဲက လွတ်အောင် လုပ်နိုင်တဲ့နည်း ဘဝများစွာ သံသရာကလဲ တောင်ကြိတ်လို့ သေခဲ့ရတာ အင်မတန် ရှင်းလင်းပြီး သကာလ နေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတစ်ခါဖြင့် ကိုယ့်အရေးကိုယ် ကျင့်ကြပါတော့ (မှန်ပါ့ ဘုရား)။
ဘယ့်သူငဲ့စရာ လိုသေးသလဲ (မလိုပါ ဘုရား)။ သေသေချာချာ ဉာဏ်နဲ့ စဉ်းစားကြပါနော်(မှန်ပါ့ ဘုရား)၊ ငဲ့လို့ရှိရင်ဖြင့် ရေနစ်တဲ့လူ ငဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ကိုယ်ပါရောနစ်နေတာပဲ (မှန်ပ့ါ)။
ရေနစ်တဲ့ပုဂ္ဂိုလ်သွားဆယ်လိုက်တဲ့အခါကျတော့ သူကဆွဲမိတဆွဲရာ ဆွဲလိုက်တဲ့အခါကျတော့ ခုနက ဆယ်တဲ့လူဟာ ဘာဖြစ်သွားသလဲ (သူပါနစ်သွားပါတယ် ဘုရား)။
ကိုယ်ပါနစ်ချင်လို့
အဲ ခင်ဗျားတို့ အခု သားတွေခင်တာ၊ သမီးတွေခင်တာ၊ ဆွေတွေခင်တာ၊ မျိုးတွေခင်တာတော့ သူတို့က ရေနစ်နေတဲ့အထဲမှာ ကိုယ်က သွားကူတာနဲ့တူတယ် ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)၊ ကိုယ်ပါနစ်ချင်လို့ (မှန်ပါ့)၊ ဘယ်လိုဆိုကြပါမလဲ (ကိုယ်ပါနစ်ချင်လို့ပါ ဘုရား)။
အဲ ခင်ဗျားတို့ သားခင် မြေးခင် ဆွေခင် မျိုးခင် စိန်ခင် မြခင်ဆိုတာတွေဟာ ဘာထင်ကြသတုံး (ကိုယ်ပါနစ်ချင်လို့ပါ ဘုရား)၊ ကိုယ်ပါနစ်ချင်လို့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်ကို သနားပါတယ်ဆိုတာ မှန်ရဲ့လား-(မမှန်ပါ ဘုရား)။ ကိုယ့်ကိုယ်ကို သနားပါတယ်ဆိုတာ အင်မတန် ရိုင်းနေပြီ (မှန်ပါ့)။ သဘောကျပြီလး (ကျပါပြီ ဘုရား)။
ဒါဖြင့်ဒကာ ဒကာမတို့၊ ကိုမြရွှေတို့၊ ဦးဇံရင်တို့ ကိုယ့်ဟာကိုယ်ရုန်းကြရလိမ့်မယ်နော် (မှန်ပါ့)၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ-(ကိုယ့်ဟာကိုယ် ရုန်းကြရမှာပါ ဘုရား)။ ကိုယ့်ဟာကိုယ် ရုန်းလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ သစ္စာသိအောင်လုပ် (မှန်ပါ့)။
ဒီဘက်ကတောင်ကြီးနှစ်လုံးကလဲ ဘာသစ္စာ-(ဒုက္ခသစ္စာပါ ဘုရား)။ အင်း ကိုယ့်ခန္ဓာပဲ ဒီဥစ္စာနော်-(မှန်ပါ့)၊ ဒီဘက်ကတောင်ကြီးနှစ်လုံးကကော-(ဒုက္ခသစ္စာပါ ဘုရား)။ ဒီဘက်ကတောင်ကြီးနှစ်လုံး ကကော (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့်အရှေ့ဘက်နေတဲ့လူကို အရှေ့ဘက်တောင်ကကြိတ်မှာပဲ (မှန်ပါ့ ဘုရား)၊ တောင်ဘက်မွေးဖွားတဲ့ ပုဂ္ဂိုလ်ကော-(တောင်ဘက်တောင်က ကြိတ်မှာပါ)၊ မြောက်ဘက်မွေးဖွားတဲ့ပုဂ္ဂိုလ်-(မြောက်ဘက်တောင်က ကြိတ်မှာပါ)။ အနောက်ဘက်မွေးဖွားတဲ့ပုဂ္ဂိုလ် (အနောက်ဘက်တောင်ကကြိတ်မှာပါပဲ)။
ဝိပဿနာဉာဏ်အလုပ်ပဲ အားကိုးစရာ
ဒါဖြင့် ဒကာ ဒကာမတို့၊ ဘယ်သူများ လွတ်ရေးကျွတ်ရေးရှိသေးသလဲ (မရှိပါ ဘုရား)။ ကိုင်း ကောသလမင်းကြီးက ပြောလိုက်တယ်။ အရှင်ဘုရား ဓမ္မစရိယာ, သမစရိယာဆိုတဲ့ ဝိပဿနာဉာဏ်အလုပ်ပဲ အားကိုးစရာ အားထားစရာ ရှိပါတော့တယ်။ သူကတော့ဖြင့် အဇရံလို့ ဆိုတာကိုးဗျ-(မှန်ပါ့)၊ အဇရံ=မအိုရာဖြစ်သော၊ အမတံ=မသေရာဖြစ်သော၊ ဆိုတော့ တောင်ကြိတ်မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။
ဒါဖြင့် မအိုရာ မသေရာသွားတဲ့ကျုပ်တို့ခန္ဓာဖြစ်ပျက်ကို မြင်အောင်လုပ်ပါ။ ခန္ဓာဖြစ်ပျက်ကို မုန်းအောင်လုပ်ပါ၊ ခန္ဓာကြီးနဲ့နေရတာ ဒုက္ခသစ္စာပဲဆိုပြီး ပိုင်ပိုင်နိုင်နိုင် ဒီဒုက္ခသစ္စာကြီး မလိုချင်လို့ရှိရင်ဖြင့် အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်အား ခန္ဓာရပါ့မလား (မရပါ ဘုရား)။
ခန္ဓာရမှ ဒီတောင်တွေကြိတ်မှာ (မှန်ပါ့)။ ခန္ဓာမရတဲ့ပုဂ္ဂိုလ်မှာ (တောင်မကြိတ်ပါ ဘုရား)၊ တောင်ကြိတ် လွတ်တယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အိမ်ရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ မနေ့က ကြိတ်ထားတာ အတော်ဒဏ်ရာပိနေပြီ၊ ယနေ့ဒီထက်သေခါနီးအောင် ကြိတ်ပြီဆိုတာ မနေ့ကထက် ယနေ့ အကြိတ်ပြင်းထန် တယ် (မှန်ပါ့)၊ မပြင်းထန်ဘူးလား (ပြင်းထန်ပါတယ် ဘုရား)။
အသေကြိတ်ဦးမှာပါ
တစ်နေ့ထက်တစ်နေ့ အိုလာတယ်ဆိုတာ ဒကာ ဒကာမတို့ အိုချင်လို့ အိုတာလား၊ တောင်ကြိတ်လို့လား (တောင်ကြိတ်လို့ပါ ဘုရား)။
အင်း ဒီလောက်နဲ့ သူရပ်မှာလား၊ အသေကြိတ်ဦးမှာလား-(အသေကြိတ်ဦးမှာပါ ဘုရား)၊ အသေကြိတ်ဦးမှာ ဆိုတာမသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါတွေ ပိုင်ပိုင်နိုင်နိုင်သိတော့မှ ဪ တို့သည်ကားလို့ဆိုရင် တောင်ကမွေးဖွားတယ်ဆိုတော့ ဒကာ ဒကာမ တို့က လူဖြစ်ရပါလို၏ ဆိုရင် ဇရာ, မရဏတောင်ထဲမှာ မွေးဖွားရပါလို၏။ နတ်ဖြစ်ရပါလို၏ ဆိုရင်ကော (ဇရာ, မရဏတောင်တဲ့ မွေးဖွားရပါလို၏။)၊ ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော (ဇရာ, မရဏတောင်ထဲ မွေးဖွားရပါလို၏)။
အဲဒါ ခင်ဗျားတို့က တောင်ထဲ မွေးဖွားရပါလို၏ ဆိုလို့တောင်ကြိတ်တာ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ မျက်စိလည်မှု၊ ဘာ့ကြောင့် မျက်စိလည်သတုန်းဆိုတော့ ဇရာ, မရဏကို ဒုက္ခသစ္စာလို့မသိလို့-မှန်ပါ့ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဘာမသိတာတုံး (ဇရာ, မရဏကို ဒုက္ခသစ္စာလို့ မသိတာပါ ဘုရား)။ အေး ဒါဖြင့် ဇရာ, မရဏသည် ဒုက္ခသစ္စာဆိုတော့ ဇရာ, မရဏသည် ရုပ်၏ဇရာ၊ နာမ်၏ဇရာဆိုတော့ရုပ်ရှိရင်လဲ’ ရုပ်ဇရာလာမယ် (မှန်လှပါ ဘုရား) နာမ်ရှိရင် (နာမ်ဇရာ လာပါမယ် ဘုရား)။
ကဲ-ဘာကောင်းသေးသတုန်း-(ဘာမှမကောင်းပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဇရာ, မရဏ လွတ်တဲ့အရေးဟာဖြင့် ဓမ္မာစရိယာ၊ သမစရိယာဆိုတဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပဲရှိတော့တယ် (မှန်လှပါ ဘုရား)။
ဒါပဲ ကြိုးစားကြပါစို့ဆိုဟာ တစ်ပွဲလုံး ဆုံးဖြတ်ချက်ချဖို့ကောင်းပြီ (မှန်ပါ့ ဘုရား)။ ဘာကြောင့်တုန်း ဘယ်သူမှဒီအထဲ အန္တရာယ်မကင်းဘူးဆိုတာ ပေါ်နေတယ် (မှန်ပါ့ ဘုရား)။
တောင်က အသီးသီး ဒကာ ဒကာမတွေ၊ ဒီ ဒကာ ဒကာမတွေမှာ တစ်နေ့ထက်တစ်နေ့ အိုအောင်ကြိတ်တယ်၊ တစ်နေ့ထက်တစ်နေ့ သေအောင်ကြိတ်တော့မယ်၊ ဇရာ, မရဏကလေ(မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘယ်သူ အန္တရာယ်ကင်းလို့၊ ဘယ်သူဘေးရှင်းပါလိမ့်-(ဘယ်သူမှမကင်းပါ ဘုရား)၊ အဲဒီတော့ ဒီတရားတစ်ပွဲလုံး ဒီဆရာကော၊ ဒီဒကာ ဒကာမတွေကော ဘာလုပ်ကြမှာတုန်းဆိုတော့ တောင်ကြိတ်ပွဲမှ လွတ်တဲ့အလုပ် ကို လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ခန္ဓာမရှိတဲ့အလုပ်
ခန္ဓာမရှိတဲ့အလုပ်ကို (လုပ်ရမှာပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)၊ ဘာလုပ်ရမယ် (ခန္ဓာ မရှိတဲ့အလုပ်ကိုလုပ်ရပါ့မယ်)၊ ခန္ဓာမရှိရင် ဇရာ,မရဏကော (မရှိပါ)၊ မရှိပါဘူးဆိုတာ သေချာပြီမဟုတ်လား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ခန္ဓာမရှိတဲ့အလုပ်ဟာ အကောင်းဆုံး (မှန်ပါ့ ဘုရား)၊ ခန္ဓာမရှိတဲ့အလုပ်သည် အကောင်းဆုံးဆိုတော့ လုပ်တဲ့ပုဂ္ဂိုလ်မှာတော့ ခန္ဓာမရပါဘူး (မှန်ပါ့)၊ ခန္ဓာမရပါဘူး (မှန်ပါ့)၊ ခန္ဓာမရတော့ ဒီခန္ဓာမရတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓနိရောဓော-နိဗ္ဗာနံဆိုတဲ့အတိုင်း နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒါကြောင့် ခန္ဓာမရှိအောင်လုပ်တတ်တဲ့ ပုဂ္ဂိုလ်ဟာ တောင်ကြိတ်ပွဲမှလွတ်ပါတယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။တောင်ကြိတ်ပွဲမှ-(လွတ်ပါတယ် ဘုရား)။
တိရစ္ဆာန်ပြုံး ပြုံးနေတာ
အဲ့ ဒါကို ဒကာ ဒကာမတွေ၊ဘုန်းကြီးကပြောရတယ်၊ ဪ သူတို့ပြုံးဘာကိုလဲ သူတို့ကြီးပွားကြလို့ ပြုံးကြတယ်။ သားကလေးတွေ၊ သမီးကလေးတွေက ပညာအရည်အချင်းကလေးတွေ ပြည့်စုံလာတော့ကိုးစားရာ ဖြစ်လာ လို့ပြုံးကြတယ်၊ လူလားမြောက်အောင်လို့ ပြုံးကြတယ်၊ ဪ တိရစ္ဆာန်ပြုံး ပြုံးနေတာကိုး (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုတောင်ကြိတ်နေတာတော့ သိရဲ့လား (မသိပါ ဘုရား)၊ မသိတော့ သူဟာလူပြုံးပြုံးတာဟုတ်သေး ရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ အင်မတန်လွဲမနေဘူးလား (လွဲနေပါတယ်)၊ အဲ့ဒါကြောင့် ဒီအလွဲပေါ်အောင်လို့၊ ဒါ-သုံယတ်ပါဠိတော်ကထုတ်လာတယ်-(မှန်ပါ့ ဘုရား)။ သဘောပေါက်ကြပြီလား (ပါယပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ကောသလမင်းကြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာကြီး အရှေ့ကတောင် ကြီးကလဲ ဒကာကြီး ကြိတ်ပြီ၊ ကြိတ်တော့မလို့ လိမ့်လိမ့်လာနေပြီ၊ ဒကာကြီးဘယ်လိုကြံစည်မတုန်း တောင်လေးလုံး ကဖြင့်လာပြီတဲ့။
အရှင်ဘုရား၊ ဓမ္မာစရိယာနဲ့ သမစရိယာပဲ အားကိုးရာရှိပါတော့တယ်ဆိုတော့ ဒကာ ဒကာမတွေသူတော် ကောင်းအကျင့်ပဲအားကိုးစရာရှိပါတော့တယ် (မှန်ပါ့ ဘုရား)။ ဘယ်လိုမှတ်ကြမယ် (သူတော်ကောာင်းအကျင့်ပဲ အားကိုးစရာရှိပါတော့တယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
သူတော်ကောင်းအလုပ်ပဲ အားကိုးစရာရှိပါတယ်ဆိုတော့ ဒီအလုပ်ဟာ ဘုန်းကြီးပြောတဲ့ဝိပဿနာက မဂ်ဉာဏ် ကူးတဲ့အလုပ်ဟာ မလုပ်မဖြစ်တဲ့အလုပ်လို့ မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။
အသေကို မရှာနဲ့တော့
ဘယ်လိုမှတ်ကြမယ် (မလုပ်မဖြစ်တဲ့၊ အလုပ်ပါ ဘုရား)၊ မလုပ်မဖြစ်တဲ့အလုပ်ဆိုတော့ အသေလွတ်တဲ့ အလုပ်ဖြစ်နေသောကြောင့် ခင်ဗျားတို့ကအသေကို မရှာနဲ့တော့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ တောင်လေးလုံးကြားမှာ မမွေးချင်ပါနဲတော့ (မှန်ပါ့ ဘုရား)။
အသေလွတ်အောင်သာ ရှောင်ကြ ရှားကြဆိုပါတော့ ဒကာ ဒကာမတို့၊ ဒါ ကိုယ့်အရေးဆိုတာ သေချာပြီ လား (သေချာပါပြီ ဘုရား)၊ သူများအရေးလား ကိုယ့်အရေးလား (ကိုယ့်အရေးပါ ဘုရား)၊ အေး ဒါကြောင့် ကိုယ့်အရေးမသိတော့ တောင်ကြားမှာ ပြုံးနေတယ် (မှန်ပါ့ ဘုရား)။ ကိုယ့်အရေးမသိတဲ့ ပုဂ္ဂိုလ်က (တောင် ကြားမှာ ပြုံးနေပါတယ် ဘုရား)။
ဪ ဒါကြောင့် ဘုန်းကြီးတို့အားလုံးပဲ အရင်းအချာတွေချည်းပဲ၊ ဒီတောင်ကြားပြုံးနေတာ ဘုန်းကြီး မကျေနပ်နိုင်ဘူး (မှန်ပါ့ ဘုရား)။ ဪ ထူလွန်းတယ်၊ အလွန်းတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
သူပြုံးနေတာက သူဟာအန္တရာယ်ကင်းလို့ ပြုံးတာလား၊ အန္တရာယ်ကြားထဲပြုံတာလား (အန္တရာယ်ကြား ထဲပြုံးတာပါ ဘုရား)၊ အန္တရာယ်ကြားထဲပြုံးနေတော့ ဪ သူထူလွန်းယ အလွန်းလို့ဘုန်းကြီးတို့လို အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်များကကျေနပ်စရာ ကောင်းရဲ့လား (မကောင်းပါ ဘုရား)။
အခု ခင်ဗျားတို့ကလဲ အခု ဘုန်းကြီးတရားကို နာရလို့တောင်ကလဲ သေသေချာချာကြိတ်နေတာ သေသေချာချာသိတော့ ခင်ဗျားတို့အောက်က ကလေးတွေပျောက်လိုက်တာနဲ့ ပါးလိုက်တာနဲ့ နေတဲ့အခါ ဪ ကလေးများ ဘာမှမသိရှာဘူး၊ ခင်ဗျားတို့ကိုယ်တိုင်လဲ သံဝေဂမရပေဘူးလား (ရပါတယ် ဘုရား)။
အဲ ထို့အတူပဲတဲ့၊ ယနေ့ကစပြီး ဒကာ ဒကာမတွေဖြင့် ဪ တောင်ကြီးလေးလုံးကဖြင့်လာနေပြီ၊ သဘောကျပြီလား (ကျပါပြီ)၊ တောင်ကြီးလေးလုံးကဖြင့် (လာနေပါပြီ ဘုရား)။ တစ်နေ့ထက်တစ်နေ့လဲ (နီးလာပါပြီ)၊ နီးလာပြီနော်။
အင်း အခု၊ တောင်တစ်လုံးကကြိတ်ထားတာလဲ တော်တော်အိုလာပြီ- (မှန်ပါ့)၊ နောက်တစ်လုံးကြိတ်ရင် ဘာဖြစ်မယ်ထင်ကြသလဲ (သေမှာပါ ဘုရား)။
သေရုံပဲကျန်တော့တယ်ဆိုတော့မြင့်မားတော့ဘယ့်နှယ်လုပ်ပြီးသကာလ ထွက်လဲထွက်ဖို့မရနိုင်ဘူး (မှန်ပါ့ ဘုရား) မြင့်တာကလဲ အထက်ဆုံးဗြဟ္မာ့ပြည်တိုင်အောင် မြင့်တားကိုး-(မှန်ပါ့)၊ လေးဘက်လေးတန်ကလဲရှိနေတယ် ဆိုတော့ ဒကာသစ်တို့၊ မောင်မြတိုပ ဘယ်နှယ်လုပ်ရုန်းမလဲ (မရုန်းနိုင်ပါ ဘုရား)၊ ရုန်းနိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဆုတောင်းလွဲလို့ပါ
အဲဒီလိုမရှိတဲ့အထဲမှာ ခင်ဗျားတို့အမွေးလွဲတာသည် ဘာဖြစ်လို့ အမွေးလွဲပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ ဆုတောင်းလွဲလို့ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)၊ ဘာပါလိမ့် (ဆုတောင်းလွဲလို့ပါ ဘုရား)။
လူဖြစ်ရပါလို၏၊ တောင်ကြားမွေးရပါလို၏ (မှန်ပါ့)။ နတ်ဖြစ်ရပါလို၏ (တောင်ကြားမွေးရပါလို၏)။ ဗြဟ္မာဖြစ်ရပါလို၏ (တောင်ကြားမွေးရပါလို၏)။ စကြဝတေး မန္ဓာတ်ဖြစ်ရပါလို၏ (တောင်ကြားမွေးရပါ လို၏ ဘုရား)။
တောင်ကြားမွေးလို့ပေါ့၊ စကြာဝတေး တစ်ယောက်အခုရှာတွေ့သေးရဲ့လား (မတွေ့ပါ)၊ တွေ့ကြသေးရဲ့ လား- (မတွေ့ပါ ဘုရား)၊ ဘယ်သွားကုန်ကြတုန်း (သေကုန်ပါတယ်)၊ တောင်ကြိတ်ပွဲမှာ သေပွဲဝင်ကုန်ပြီ-(မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေဘယ်လိုဆုံးဖြတ်ချက်ချမလဲ-(တောင်ကြိတ်ပွဲမှာ သေပွဲဝင်ကုန်ပါပြီ ဘုရား)။
စကြဝတေး အသာထားပါဦး ခင်ဗျားတို့ဘိုးဘွားဘီဘင်တွေဟာ ခင်ဗျားတို့ကို တစ်ခါတည်းမကြင်နာလို့ စွန့်ပစ်သွားကြတာလား၊ တောင်တွေမတွန်းလှန်နိုင်တာနဲ့သေပွဲဝင်လိုက်ရတာလား (တောင်တွေမတွန်းလှန်နိုင်တာ နဲ့သေပွဲဝင်လိုက်ရတာပါ ဘုရား)။ခင်ဗျားတို့အတွက် စိတ်ကိုမချဘူး၊ မချပေမဲ့ တောင်ကြိတ်တာနဲ့လဲ သေရရှာတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
တောင်ကြိတ်ခံပြီး သေပွဲဝင်တဲ့ မျိုးရိုး
အဲဒီတော့ခင်ဗျားတို့ မျိုးရိုးက တောင်ကြိတ်ခံပြီး သေပွဲဝင်တဲ့ မျိုးရိုးပဲလားလို့ မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆရာဘုန်းကြီးသာ ခေါင်းမဆောင်တော့ဘူးဆိုရင် ဒီအမျိုးထဲဖြစ်မယ် (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ သစ္စာမသိတဲ့အမျိုးထဲသွားဖြစ်မယ် (မှန်ပါ့ ဘုရား)။
ဦးခင်မောင်ရေ သစ္စသာမသိလို့ရှိရင် ဇရာမရဏတောင်ကြားဖြစ်မှာပဲဗျ (မှန်လှပါ ဘုရား)၊ ဖြစ်ရပါ လို၏။ ဇရာ မရဏတောင်ကြားဖြစ်ရပါလို၏။ ဇရာ မရဏလူဖြစ်တဲ့အထဲပါလာတယ် (မှန်ပါ့)။မပါဘူးလား (ပါပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတောင်ကြားက လွတ်အောင် အသင်မင်းကြီး စိတ်ကူးစမ်းပါလို့ ဘုရားရှင်ကမေး လိုက်တော့အရှင်ဘုရား ဓမ္မစရိယာနဲ့ သမစရိယာသာ ရှိတော့တာပဲ (မှန်ပါ့ ဘုရား)ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသိရောပေါ့ဗျာ (မှန်ပါ့)။
ဝိပဿနာ မဂ်ဉာဏ်အလုပ်ပဲ ဒကာ ဒကာမတို့ အားကိုးရာရှိတော့တယ် (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုန်း (မရှိပါ ဘုရား)၊ ဘာမှမရှိဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီနေ့ဘုန်းကြီးများကလဲ ပြောရတာ ဒကာ ဒကာမတွေလဲနားလည်ပါးလည်ရှိလို့ အတော် ဝမ်းသာစရာကောင်းတဲ့နေ့ပဲ (မှန်ပါ့ ဘုရား)၊ နောက်ကိုမပြုံးကြနဲ့နော်(မှန်ပါ့)၊ ပြုံးချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ဟော ဒီတောင်တွေလွတ်တဲ့နေရာရောက်တာ့ ပြုံးတော့ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာပြုံး
တောင်ကြားထဲမှာ ပြုံးတာကတော့ (မကောင်းပါ ဘုရား)၊ လူပြုံးလား၊ တိရစ္ဆာန်ပြုံးလား (တိရစ္ဆာန်ပြုံး ပါ ဘုရား)။ သိပြုံးလား၊ မသိပြုံးလား (မသိပြုံးပါ ဘုရား)၊ ဝိဇ္ဇာပြုံးလား၊ အဝိဇ္ဇာပြုံးလား (အဝိဇ္ဇာပြုံးပါ ဘုရား)။
အဲ မသိပြုံးဟူသရွေ့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကောင်းလို့ပြုံးတာလားတဲ့ သူ့မှာရူးလို့ပြုံးတာလား (ရူးလို့ ပြုံးတာပါ ဘုရား)၊ ဒါဖြင့်ဗျာ ကိုယ့်ကိုယ်ကိုလဲ အရူးလဲမဖြစ်ရအောင် ကိုင်း-အလွတ်ရုန်းတဲ့နည်းသာလျှင်ဝိပဿနာ အလုပ်ပဲ ရှေ့တွင်ကြီးလုပ်ပြီး မဂ်ဆိုက်အောင်ပဲလုပ်ပါတော့မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ဒီတောင်ထဲမှာ မမွေးဖွားတော့ဘူး (မှန်ပါ့ ဘုရား)၊
သစ္စာသိပကောဗျာ (မှန်ပါ့)၊ သစ္စာသိကတည်းက လူ့ခန္ဓာ၊ ဒုက္ခသစ္စာ၊ နတ်ခန္ဓာ (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဒါတွေမရချင်ဘူး ဆိုကတည်းက တောင်ကြားမွေးသေးရဲ့လား (မမွေးပါ ဘုရား)၊ မမွေးတော့ ဒကာ ဒကာမတွေသည် တောင်လွတ်ရာမှ မနေပေဘူးလား (နေပါတယ် ဘုရား)။
တောင်လွတ်ရာသည် နိဗ္ဗာန်
တောင်လွတ်ရာသည် နိဗ္ဗာန်ပဲ၊ ဇရာမရှိရာသည် နိဗ္ဗာန်၊ အဇရံ=မအိုရာစစ်စစ်ဖြစ်သော၊ အမတံ=မသေရာစစ် စစ်ဖြစ်သော၊ နိဗ္ဗာနံ=နိဗ္ဗာန်သည်၊ ဟောတိ=ဖြစ်၏။ အအိုရာ မသေရာနိဗ္ဗာန်ပဲ (မှန်ပါ့)၊ တောင်လွတ်တဲ့နေရာ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (တောင်လွတ်တဲ့နေရာပါ ဘုရား)၊ ကိုင်း ဒါဖြင့် ခင်ဗျားတို့ယုံကြပြီလား (ယုံပါပြီ ဘုရား)၊ မယုံရင်ခင်ဗျားတို့ ဘိုးတွေ၊ ဘွားတွေ ဘယ်သွားကုန်သတုန်းလို့သာကြည့်လိုက်ပါ (မှန်ပါ့ ဘုရား)၊ မယုံရင်၊ မယုံရင် (မှန်ပါ့)။
ဘိုးတွေ၊ ဘွားတွေ ဘယ်သွားကုန်ကြသတုန်း (တောင်ကြိတ်လို့သေကုန်ပါပြီ ဘုရား)၊ တောင်ကြိတ်ပွဲသေပွဲ ဝင်ကုန်ပြီ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ဒါတွေက မယုံမှာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကိုင်း ဒါဖြင့် ရှေးက မင်းကောင်း မင်းမြတ်တွေကော၊ မင်းကောင်းမင်းမြတ်လို့သာ ခေါ်လိုက်ရတယ်၊ ဘယ်သွားကုန်ပါလိမ့် (တောင်ကြိတ်ပွဲသေပွဲ ဝင်ကုန်ပါပြီ ဘုရား)။တောင်ကြိတ်ပွဲတွင် သေပွဲဝင်ကုန်ပြီဆိုတာမသေချာ ဘူးလား (သေချာပါပြီ ဘုရား)။
ခင်ဗျားတို့ ချစ်ခင်တဲ့ အင်း သားကလေးတွေ၊ သမီးကလေးတွေ၊ တစ်ချို့စွန့်ပစ်လိုက်ရတဲ့ကလေးတွေလဲ ခင်ဗျားတို့စွန့်ချင်လို့လား၊ သူ့တောင်နဲ့သူ ပိပြီးသေကြတာလား (သူ့တောင်နဲ့သူပိပြီးသေကြတာပါ ဘုရား)၊ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဓမ္မစရိယာနဲ့ သမစရိယာသာလုပ်ကြစို့။ တောင်ကြိတ်ပွဲကလွတ်တာဒါပဲရှိတော့တယ် (မှန်ပါ့ ဘုရား)။ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အမယ်လေး၊ မသိလို့ပြောရတာပါ၊ တရားဟောရတာထက် ကြာသေးတယ် (မှန်ပါ့ ဘုရား)။
အခုဟာ တရားမဟောရသေးဘူး၊ ဘာပြောတယ်ထင်သလဲ (မသိလို့ပြောနေတာပါ)၊ မသိလို့ပြောနေတာဟ ရှောင်စမ်းပါဟ..ရှောင်စမ်းပါ၊ နင့်တောင်ကြီးတွေလာနေတယ်ဆိုတဲ့ ဥစ္စာ တရားလား တဲ့။ ရှောင်နည်း ရှားနည်းကို မသိတာနဲ့လက်တို့နေရတာလား (ရှောင်နည်းရှားနည်းမသိလို့ လက်တို့နေရတာပါ ဘုရား)။
ခက်လိုက်တဲ့ဖြစ်ခြင်း
ခင်ဗျားတို့ကလဲ နားကလဲမထောင်၊ မျက်လုံးကလဲမမြင်၊ ခက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့၊ အတော် ခက်နေတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါက ဒကာ ဒကာမတွေ တောင်လေးလုံးဖြင့် ရှင်ဘုရင်သွားတော့ ဘုရားကပြောလိုက်တယ် (မှန်ပါ့)။ ရှင်ဘုရင်ကတော့ သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးသကာလ လာခဲ့ရတယ်ဆိုတော့ မင်းအားတွေပြတာ၊ ဘုရားတပည့်တော်တို့ အဘိသိက်ထွန်းထားတဲ့ မင်းဆိုတာ ဒီလိုမှ အားမပြရင်ကျွမ်းသူပုန်တွေ ထကုန်မှာပေါ့ (မှန်ပါ့ ဘုရား)၊ အမယ် သူကခပ်ကြွားကြွားရယ် (မှန်ပါ့)။
ဒီတွင်ဘုရားက တောင်လေးလုံးတရား သူဟောတာ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ လွတ်ရေး၊ ကျွတ်ရေးရှိသေးရဲ့လား (မရှိပါ)၊ အဲ ခင်ဗျားတို့၊ကျုပ်တို့ရော (မရှိပါ)။
ဝိပဿနာနဲ့ခန္ဓာမြင်အောင်လုပ်
ကဲ လွတ်တဲ့နည်းကို အခုဘုန်းကြီးကပြောပြီ၊ ဘာကျင့်ကြမယ် (ဓမ္မစရိယာနဲ့ သမစရိယာ ကျင့်ရ ပါမယ်)။ဝိပဿနာနဲ့ခန္ဓာမြင်အောင်လုပ် (မှန်ပါ့)၊ ခန္ဓာမြင်အောင်လုပ်ပြီးသကာလ ဒီခန္ဓာမြင်တဲ့အခါကျလို့ရှိရင် မမုန်းပါနဲ့ဆိုလို့မရဘူး (မှန်ပါ့)။
မမုန်းပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)၊ နိဗ္ဗိန္ဒဉာဏ်တက်လာမယ် (မှန်ပါ့)၊ မုန်းလာတဲ့တစ်နေ့ကျ တော့ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာအစစ်အမှန်ကို သိသွားတော့ လိုချင်ပါဦးမလား (မလိုချင်ပါဘူး)၊ မလိုချင်ရင်နောက် ခန္ဓာတောင်ကြားမှာဖြစ်ဦးမလား (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ခန္ဓာမလိုချင်တဲ့ပုဂ္ဂိုလ် ဦးဇံရင် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)၊ ခန္ဓာမလိုချင်တဲ့ပုဂ္ဂိုလ်ဟာ (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)၊ ဒါဖြင့်နိဗ္ဗာန်မရောက်ချင်ရင် ခန္ဓာမလိုချင်တဲ့အလုပ်ကိုလုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ရောက်ချင်ရင် (ခန္ဓာမလိုချင်တဲ့အလုပ်ကိုလုပ်ရမယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ခန္ဓာလိုချင်ရင် တောင်ကြားသေပွဲဝင်ပြီ (မှန်ပါ့)၊ ခန္ဓာမလိုချင်ရင်ဖြင့် တောင်ကြိတ်ပွဲမှလွတ်ပြီ (မှန်ပါ့)၊ သဘောပါကြပြီလား (ပါ,ပါပြီ)၊ ခန္ဓာမလိုချင်ရင် (တောင်ကြိတ်ပွဲမှလွတ်ပါပြီ)၊ တောင်ကြိတ်ပွဲမှလွတ်ပြီ ဆိုတာ သဘောကျပြီလား (ကျပါပြီ)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ တောင်ကြိတ်ပွဲကနေပြီး သကာလလွတ် ရေး၊ ကျွတ်ရေး ဓမ္မစရိယာနဲ့ သမစရိယာလုပ်ကြပါစို့။
သမထမပါဘဲနဲ့ နိဗ္ဗာန်ရောက်တဲ့နည်း
ကဲ ဒါဖြင့် ယနေ့ဒကာ ဒကာမတို့၊ အထူးမှတ်စရာကလေးက သံယုတ်ပါဠိတော်ပဲ ထည့်ပေးပါ့မယ်၊ သမထမပါဘဲနဲ့ နိဗ္ဗာန်ရောက်တဲ့နည်း ပြောမယ် (မှန်ပါ့ ဘုရား)၊ သမထမပါဘဲနဲ့၊ (နိဗ္ဗာန်ရောက်တဲ့နည်း ပြောပါမယ် ဘုရား)။
သမထမပါပဲနဲ့ ခုနက တောင်ကြိတ်ပွဲမှ လွတ်ရတဲ့နည်းဘုရားရှင်ကိုက ဟောတာ (မှန်ပါ့)၊ ဘုရားရှင်ကိုက သေသေချာချာဟောတာပါ ဒကာ ဒကာမတို့၊ ငါဘုရားသာသနာဟေ့..၊ သမထကြောင့် နိဗ္ဗာန်ရောက်တာမဟုတ် ဘူးကွ၊ ဘုရားကဖွင့်ဟောတယ် (မှန်ပ့ါ)၊ ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာကွတဲ့ (မှန်ပါ့)၊ ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာကွ၊ သမထကြောင့် နိဗ္ဗာန်မရောက်ဘူးကွတဲ့၊ သေသေချာချာ ဟောတာနော် (မှန်ပါ့ ဘုရား)။
အေး ဒါကြောင့် အဲဒီတရားကို နာရမှာဖြစ်ပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေ ချာချာ ဪ တို့ဆရာဘုန်းကြီး၊ ပေးနေတာ သမထမပါဘူးနော်၊ သမထဟာနောက်လိုက်ကြီး၊ သူ့ဟာသူဝင်ပြီး နောက်လိုက်နေတာ၊ စင်စစ်ဝိပဿနာက ရှေ့သွားဆိုတာမှတ်ရမယ်နော် (မှန်ပါ့)၊ ဝိပဿနာကရှေ့သွားဆိုတာ မှတ်ရလိမ့်မယ် ဦးခင်မောင်ရေ (မှန်လှပါ့ ဘုရား)၊ကိုင်း ဒါဖြင့် ပြကြပါစို့။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်လာတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့။နောက်ဆုံးပိတ် အကျိုးပေး တဲ့ဘဝဆိုတော့ ဦးခင်မောင်တို့၊ ဦးဝတို့အလွန်အကျိုးပေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဆီတွေ၊ ပျားရည်တွေဆိုတာ ချောင်းစီးပြီးလာတယ် (မှန်ပါ့)။
ချောင်းရေတွေလိုစီးလာတယ်၊ ဘုရားဆီကိုအလှူအတန်းလာကြာတာတွေ (မှန်ပါ့ ဘုရား)။အဝတ်သင်္ကန်း တွေဆိုတာလဲလှည်းအစီးငါးရာတစ်ထောင်နဲ့ လာကြပြီးပုံကြတယ်။ ဦးခင်မောင်တကယ်ဒီအတိုင်း ချိုင့်ကလေးနဲ့ထည့် ပြီးအရှင်ဘုရားသင်္ကန်းလှူပါ၏လို့ ဒီလိုမဟုတ်တော့ဘူး။ တစ်ခါတည်းလှည်းအစီး ငါးရာတစ်ထောင်နဲ့လာပုံကြတာပဲ (မှန်ပါ့)။
အဲဒီလောက်ကျအောင် သူ့အကျိုးပေးကလဲသန်ပြီးသကာလ နောက်တော့ နောက်ဆုံးပိတ်ဘဝကိုးဗျ (မှန် ပါ့)။ ဒါနဲ့တည့်သားမြေးတွေကလဲ မြတ်စွာဘုရားကို မှီပြီးသကာလဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတွေ ဦးခင်မောင် အကုန်ပေါသပေါ့ဗျာ (မှန်ပါ့)။
အကုန်ပေါတော့ ဘုရားမပွင့်ခင်ကတည်းက ဘုရားလုပ်နေတဲ့တိတ္ထိတွေက ရှိသေးတယ် (မှန်ပါ့)၊ ဘုရား မပွင့်ခင်ကဘုရားလုပ်နေတဲ့ တိတ္ထိတွေကရှိသေးတယ် (မှန်ပါ့)၊
တိတ္ထိတွေ စားရမဲ့သောက်ရမဲ့ဖြစ်ကုန်
ဘုရားမပွင့်ခင်က ဘုရားလုပ်နေတဲ့တိတ္ထိတွေက ရှိသေးတော့ ပါရော ဦးဝရေ-နေကြီးထွက်လာတဲ့အခါ ပိုးစုန်းကြူးအရောင်ပျောက်သလို တိတ္ထိတွေဟာ စားရမဲ့သောက် ရမဲ့ ဦးခင်မောင် ဖြစ်ကုန်ပြီ (မှန်ပါ့ ဘုရား)။
တိတ္ထိတွေ စားရမဲ့သောက်ရမဲ့ဖြစ်ကုန်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ တိတ္ထိခေါင်းဆောင်တွေက အစည်းအဝေး ဖွင့်တယ် (မှန်ပါ့)၊ တို့မှာအရင်တုန်းကတော့ဖြင့် စားရသောက်ရ ဝတ်ရပါတယ်၊ အခုတော့ဖြင့် ရှင်ကြီးဂေါတမ ပွင့်ပေါ်လာကတည်းက စားရသောက်ရ ဝတ်ရဆိုတာတို့မှာ အတော်ချို့တဲ့သွားပြီ။
အဲဒီတော့ ရှင်ကြီးဂေါတမဟာ ဘယ်လိုဟောတယ်၊ ဘယ်လိုဆိုတယ်ဆိုတဲ့ ဥစ္စာသူ့မှာ နည်းကောင်းတော့ရှိ တယ်၊ အဲဒီနည်းကောင်းကို ဒို့အထဲကဉာဏ်ကောင်းတဲ့ လူတစ်ယောက်လွှတ်ပြီးသကာလ ရှင်ကြီးဂေါတမပြောပုံဆိုပုံ၊ အဲ့ဒီနည်းကိုသွားသင်လို့ရရင်ဖြင့် ဒို့မှာနဂိုရှိတဲ့နည်းနဲ့ အခုသွားသင်လို့ ရတဲ့နည်းနဲ့ရောပြီး ဟောရပြောရရင် တို့လဲပေါများ မှာပဲ (မှန်ပါ့)။
သုသိမပရိဗိုဇ်
ဦးခင်မောင်ရေ ကြံပုံစည်ပုံပေါ့ဗျာ (မှန်ပါ့ ဘုရား)။ အဲဒီလိုကြံပုံစည်ပုံတွေ ဖြစ်ပြီးသကာလ လာတာနဲ့ သုသိမဆိုတဲ့ ပရိဗိုဇ်ကို တိတ္ထိခေါင်းဆောင်ကြီးက ခေါ်လိုက်တာပဲ၊ ဟေ့ သုသိမ လာပါဦးကွ၊ တို့မှာဖြင့် အမျိုးသား ကာကွယ်ရေးဆိုတာ လုပ်ပေးပါဦး၊ တို့အကုန်ဆင်းရဲပြီး၊ ရှင်ကြီးဂေါတမပေါ်ကတည်းက တို့မှာဖြင့် စားရမဲ့သောက်ရမဲ့ ဖြစ်ကုန်ပါတယ် (မှန်ပ့ါ)။
အဲဒါကြောင့် မင်းကလဲ ဒီအထဲမှာ ဗေဒင်အရာမှာလဲ မင်းကတော်တော့ကို တတ်တဲ့ပုဂ္ဂိုလ်၊ ယခုအခါ ဂေါတမ ဘုရားဆီမှာ မင်း နည်းသွားပြီး သကာလယူရမယ်ဆိုရင်မင်းကအမြန်ဆုံးယူခဲ့ပါ၊ အမြန်ဆုံးယူခဲ့ပြီးသကာလ တို့ကိုပြန်ပြော၊ တို့ကလဲတို့ရှိတဲ့တရားနဲ့ရောပြီး ပြောရဟောရလို့ ရှိရင်ဖြင့် တို့လဲစားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊အကုန် ချောင်မှာပဲ၊ ဒါဖြင့် တို့အမျိုးသားတွေ ကယ်ဆယ်ပါဆိုပြီးသကာလအဆိုသွင်းတာပဲ (မှန်ပ့ါ)။
အဆိုသွင်းတော့ ဟိုကလဲတိတ္ထိဖြစ်ပြီးသကာလနေတော့ ဘယ်လိုလုပ်မှာတုန်းတဲ့၊ အို သွားသင်ရမှာ မင်းကဉာဏ်ကောင်းတယ် (မှန်ပါ့)၊ ဟာ ဒါ အမျိုးသားကယ်ဆယ်ရမယ်၊ အမျိုးသားကူညီရမယ်ဆိုလို့ရှိရင် ကျုပ်လုပ်မယ် တဲ့၊ သုသိမကပေါ့လေ (မှန်ပ့ါ)၊ ပရိဗိုဇ်တွေ ပရိဗိုဇ်တွေ (မှန်ပါ့)။
ဘယ်သူ့ဆီအရင် ဝင်ရပါ့မတုန်း
အဲဒီတော့ သုသိမ ပရိဗိုဇ်ကစဉ်းစားလိုက်တယ်၊ ဂေါတမဘုရားဆီသွားရတော့မယ်ဆို့လို့ရှိရင် ဘယ်သူ့ဆီအရင် ဝင်ရပါ့မတုန်း၊ တိုက်ရိုက်ဝင်လို့တော့ သူ့မင်းတွေ, စိုးတွေနဲ့၊တရားဟောချိန်တွေနဲ့ တော်တော်နဲ့လက်ခံဖို့ တွေ့ဖို့ကို အချိန်မရနိုင်ဘူးဆိုပြီးသကာလ အရှင်သာရိပုတ္တရာဆီဝင်ရမလားလို့ သူစိတ်ကူးလိုက်တယ်၊ ဟာ အရှင်မောဂ္ဂလ္လာန်ဆီဝင်ရမလားစိတ်ကူးလိုက်တယ်။
အို သူတို့အရှင်သာရိပုတ္တရာက ပညာဧတဒဂ်ရ်တွေ၊ အရှင်မောဂ္ဂလာန်က တန်ခိုးဇတဒဂ်ရတွေ၊ ဥပါလိ တို့ကျပြန်တော့ဝိနည်းဧကဒဂ်ရတွေ၊ ပုဏ္ဏတို့ကြည့်ပြန်တော့လဲ တရားဟော ဧတဒဂ်ရတွေ၊ ဒါတွေမဟုတ်သေးပါဘူး၊ အားလုံး ဧတဒဂ်ရတဲ့ပုဂ္ဂိုလ်ချည်းပဲ၊ အရှင်အာနန္ဒာဆီကပ်မှပဲ၊ အရှင်အာနန္ဒာဟာ ဘုရားနဲ့အရင်းဆုံး သူ့ဆီဝင်မှတော် မယ်ဆိုပြီးသကာလ၊ ဒကာ ဒကာမတို့၊ သူ့ဆီဝင်မှတော်မယ်ဆိုပြီး သကာလ သုသိမပရိဗိုဇ်က အရှင်အာနန္ဒာဆီဝင် လိုက်တယ် (မှန်ပါ့)။
အရှင်အာနန္ဒာဆီတန်းဝင်ပြီး အရှင်အာနန္ဒာ အရှင်ဘုရားတို့သာသနာတော်မှာ ဟောတဲ့တရားတွေတပည့် တော် တိတ္ထိတော့ခေါင်းဆောင်ပါပဲ၊ သို့သော် ကြည်ညိုလွန်းလို့ အရှင်ဘုရားတို့ဆီမှာပဲ သင်္ကန်းဝတ်ပြီး ဒီပညာတွေဘဲ သင်တော့မယ်။ တိတ္ထိအယူဟာ ဘယ်ဟုတ်မှ မဟုတ်ဘဲ ဆိုပြီးသကာလတပည့်တော်ဒီလိုစိတ်ကူးနဲ့လာပါတယ် (မှန်ပါ့)၊ ညာပြီပေါ့ဗျာ (မှန်ပ့ါ)၊ စင်စစ်တော့ တရားခိုးမလို့ (မှန်ပ့ါ)။
တရားခိုးမလို့လာတာ
တရားခိုးမလို့လာတာဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အဲ တရားခိုးမလို့ လာတာပါပဲတဲ့၊ အဲဒီတော့ အရှင်အာနန္ဒကတော့ အဲဒီအချိန်မှာ သူကဘာမှမဖြစ်ဘူး၊ သောတာပန်သာဖြစ်နေတော့ ဪ တိတ္ထိခေါင်းဆောင်ကြီးက တို့သာသနာ ဘုရားသာသနာ ကြည်ညိုပါတယ်ဆိုတဲ့ ဥစ္စာ ရိုးမှရိုးရဲ့လား ဟုတ်မှဟုတ်ရဲ့လား၊ အကဲခတ်တယ် (မှန်ပါ့)။
အကဲခတ်တဲ့အခါကျတော့ အို ငါတော့ အကဲမခတ်တတ်ဘူး၊ အကဲမခတ်နိုင်ဘူး၊ ဘုရားဆီ ခေါ်သွားမှ ဆိုပြီး သကာလ သုသိမပရိဗိုဇ်ကို ဒကာ ဒကာမတို့၊ ဘယ်ခေါ်သွားပါလိမ့် (ဘုရားဆီ ခေါ်သွားပါတယ် ဘုရား)။
အဲ အရှင်အာနန္ဒက ဘုရားဆီခေါ်သွားတယ်၊ ဘုရားဆီရောက်တဲ့အခါကျတော့ ဟေ့ အရှင်အာနန္ဒာ ဘာလို့လာသတုန်း၊ ဒီလိုပါပဲဘုရား၊ သုသိမပရိဗိုဇ်က တပည့်တော်တို့ သာသနာတော်ကြီး ကြည်ညိုလွန်းလို့ သင်္ကန်းဝတ် ပြီး ပညာသင်ချင်ပါသတဲ့ဘုရား။
ဘုရားက စဉ်းစားလိုက်တယ်။ အရိုးပဲလား, အဆန်းပဲလား၊ တွေးရတော့မှာကိုးဗျ၊ မတွေးရပေဘူးလား (တွေးရပါတယ် ဘုရား)၊ အဲဒီတွင်မှ ဘုရားသခင်က ဪ အဆန်းပဲ၊ တရားခိုးမလို့လာတာ၊ ဘုရားသိပြီ-(မှန်ပါ့)၊ ဘယ့်နှယ်သိပါလိမ့် (တန်ခိုးမလို့လာတာပါ ဘုရား)။
တရားခိုးရင်း ရဟန္တာဖြစ်လိမ့်မယ်
တရားခိုးမလို့လာတာလို့ သူသိပြီးပါပြီ ဒကာ ဒကာမတို့၊ (မှန်ပါ့)၊ တရားခိုးမလို့လာတာလို့သိပြီးပြီ၊ ဒီအသိတွင် မကသေးဘူး၊ ဟိုဘက်တစ်ချက် ထပ်ပြီးသိတယ်၊ တရားခိုးရင်း ရဟန္တာဖြစ်လိမ့်မယ် (မှန်ပါ့)။
ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)၊ ကဲ ဘုရားကတော့ နှစ်ချက်မြင်ပြီ၊ သူကတော့ ခိုးတာ တစ်ချက်သာမြင်တာကိုး (မှန်ပါ့)၊ သဘောပါကြပလာ်း (ပါ,ပါပြီ)၊ ပထမတော့ဘယ်လိုမြင်ပါလိမ့်-(တရားခိုးမလို့ပါ)၊ နောက်တော့ဘုရားက ဘယ်လိုဆက်မြင်ပါလိမ့် (တရားခိုးရင်း ရဟန္တာဖြစ်မယ်)။
တရားခိုးရင်း ရဟန္တာဖြစ်လိမ့်မယ်-(မှန်ပါ့)၊ အဲဒါ သွားမြင်တော့၊ ညီတော်အာနန္ဒာ၊ ဒီသုသိမကို ရဟန်းခံပေးလိုက်ကွာ၊ ဘုရားက ခွင့်ပြုလိုက်တယ်၊ သုသိမကတော့ ဒကာ ဒကာမတို့၊ သူ့အကြိုက် ကျသွားပြီ၊ ဟာ ဒါ ဝင်လာတဲ့ အပေါက်ကတော့ အပေါက်ကောင်ပဲ-(မှန်ပါ့)၊ ဒီဝိပဿနာတရားတွေတော့ ဧကန်ရတော့မှာပဲ၊ ငါတော့ဖြင့် တိတ္ထိတွေ ကယ်တင်နိုင်တော့မှာပဲဆိုပြီး သူ့စိတ်ထဲကတော့ ကျေနပ်နေတာပေါ့လေ (မှန်လှပါ ဘုရား)။
ဘုရားကလဲမသိဘူး၊ ငါ့အကြံကို ညီတော်အာနန္ဒာကလဲ မသိဘူး။ ငါတော့ဖြင့် နေရာကျပြီဆိုပြီး သကာလ ရဟန်းခံပေးလိုက်ဆိုကတည်းက ဦးခင်မောင် အတော်ကျေနပ်သွားတယ်- (မှန်ပါ့)၊ ဘုရားကတော့ သိပြီးသားနော် (မှန်ပါ့)။
ဘုရားကတော့ သိပြီးသားပေါ့ ဒကာ ဒကာမတို့၊ ရှေ့ဦးစွာတရားခိုးလိမ့်မယ်ဆိုတာလဲ သိပြီးသား။ တရား ခိုးရင်းမတ္တနဲ့ဘာတုန်း (ရဟန္တာဖြစ်မယ်ဆိုတာလဲသိပြီးသား)၊ ရဟန္တာဖြစ်မယ်ဆိုတာသိလို့ရဟန်းပြုပေးလိုက်လို့ ပြောတာ-(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီဇာတ်ထုပ်မှာ ဒကာ ဒကာမတို့၊ အဲဒီပါဠိတော်အခုပြောတဲ့ ပါဠိတော်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောတာက ဒီနေ့သိပ်ဆုံးမယ် မဟုတ်လို့ သမထမပါဘဲနဲ့ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ သူပြောတာ-(မှန်ပါ့)။ ရှင်းပလာ်း (ရှင်းပါပြီ ဘုရား)။
သမထ မပါဘဲနဲ့ (နိဗ္ဗာန်ရောက်နိုင်ပါတယ်)၊ ငါဘုရား သာသနာတော် သမထကြောင့် နိဗ္ဗာန်ရတာ မဟုတ်ဘူး၊ သဘောကျပလား-(မှန်ပါ့)၊ ဝိပဿနာကြောင့်သာ-(နိဗ္ဗာန်-ရတာပါ)၊ ဝိပဿနာကြောင့်သာ နိဗ္ဗာန်ရတာဆိုတာ ဒီနေရာမှာ ဘုရားဖွင့်ချလိုက်တယ် (မှန်ပါ့)၊ သဘောပါပလား-(ပါ-ပါပြီ)။
သမထတော့ ဒကာ ဒကာမတို့၊ ကောင်းကင်ပျံမြေလျှိုးသူတစ်ပါးစိတ်တွေ သိပေါ့ဗျာ-(မှန်ပါ့)၊ အင်း-ဟင်းဘယ်နေရာ ဘာဆိုတာ အမြင်အထင်တွေ ပေါက်ပေါ့ဗျာ၊ ဒါဟာ သူ့သတ္တိပါ-(မှန်ပါ့)၊ ခုနက ဒီခန္ဓာထဲက အဝိဇ္ဇာထုကို ဖောက်ဖို့ကျတော့ ဝိပဿနမဂ်မှ ဖောက်တယ်-(မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်ကလေးတွေ မြင်ဖို့ရာကျတော့ သမထက ဖောက်လို့ကိုမရဘူး-(မှန်ပါ့)၊ ရသေးရဲ့လား-(မရပါ ဘုရား)၊ သူက သမာဓိလမ်း ဆုံးနေတာကိုး-(မှန်ပါ့)၊ သဘောကျပလား-(ကျပါပြီ)၊ ပညာကမှ ဖောက်နိုင်တယ်-(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာ
ဒါဖြင့် ဒကာ ဒကာမတို့၊ သမထသည် ငါဘုရားသာသနာတော်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကရော၊ အဋ္ဌကထာဆရာကရော သမထကြောင့် နိဗ္ဗာန်ရောက်တာ မဟုတ်ဘူး။ သုသိမရေ ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာ၊ ဝိပဿနာမဂ်ကြောင့် နိဗ္ဗာန်ရောက်တာဟ-လို့ ဆိုတာ သေသေချာချာဖော်ပြတာ် (မှန်ပါ့)။
ငါဘုရားသာသနာတော်မှာ သမထတို့ အနှစ်သာရရှိတယ်လို့ သေသေချာချာ ဟောတာမဟုတ်ဘူး-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘယ်ဟာကိုသာ အနှစ်သာရရှိတယ်လို့ ဟောသတုန်းဆိုတော့ ဝိပဿနာမဂ်ကိုသာ အနှစ်သာရရှိတယ်လို့ ငါ သေသေချာချာ ဟောတယ်ဆိုတာ ဒီနေရမှလာတာ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒကာဒကမတွေ ဘုန်းကြီးပေးတဲ့ဝိပဿနာအလုပ်ကို ဒကာ ဒကာမတွေက မငြင်းဆန်ဘဲနဲ့ ဘောင်ကြိတ်ပွဲမှ လွတ်ရတဲ့အလုပ်ဖြစ်ရလေသောကြောင့် ဒီခန္ဓာကိုယ်မကြည့်မဖြစ်ပါ-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ခန္ဓာကိုယ်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် စိုက်သာကြည့်၊ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေပေါ် မှာပေါ့ဗျာ (မှန်ပါ့)။ ပေါ်လာလို့ရှိရင်ဖြင့် တစ်နေရာမှာတွေ့လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ စောင့်သာကြည့် နေ တစ်ကိုယ်လုံးဟာ အနိစ္စအချက်တွေ အကုန်ပြောနေတော့မှာပဲ (မှန်ပါ့ ဘုရား)။
တစ်နေရာတွေ့ဖို့ အရေးကြီးတယ်
ဦးခင်မောင်-တစ်နေရာတွေ့ဖို့ အရေးကြီးတယ်-(မှန်ပါ့)။ တစ်နေရာတွေ့ရင်ပဲ ဒီဟာသဲလွန်စရလို့ လိုက်သွားသလိုပေါ့ဗျာ။ အကုန်မတွေ့ပေဘူးလား-(မှန်ပါ့ ဘုရား)။
အဲဒီလိုတွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ဪ-အနိစ္စချည်းပါလား။ အနိစ္စဆိုတာ ဒုက္ခသစ္စာပါကလား-(မှန်ပါ့)၊ အနိစ္စဆိုတာဘာတဲ့-(ဒုက္ခသစ္စာပါ ဘုရား)၊ အနိစ္စဟာ ဒုက္ခသစ္စာပဲ။ ဘာမှငြင်းမနေနဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့၊ ဒုက္ခသစ္စာဆိုတာ တခြားလားအေက်မေ့နေတယ်။ မဟုတ်ပါဘူး။ ဒီအနိစ္စဟာ ဒုက္ခသစ္စာပဲ-(မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)။ အနိစ္စဟာဘာတဲ့-(ဒုက္ခသစ္စပါ ဘုရား)။ အနိစ္စဟာ ဒုက္ခသစ္စာပဲဆိုတော့ ခင်ဗျားတို့ ခန္ဓာထဲမှာရှိလျက်နဲ့ တွေ့အောင်သာ ရှာပေတော့-(မှန်ပါ့ ဘုရား)။
အဲဒီမတွေ့တာကတော့ ဘုန်းကြီးက ဒီနေ့ သုသိမ အသာကလေးထားပြီးတော့ ဆုံးမှာမဟုတ်လို့ မတွေ့တာက ခင်ဗျားတို့မှာ ဒါက ဒကာ ဒကာမတွေ ဉာဏ်ဆိုပါတော့ဗျာ၊ မဂ္ဂင်ငါးပါးနဲ့ ဆရာဘုန်းကြီးက ခင်ဗျားတို့ ကူညီထားတဲ့ ဒီနည်းနဲ့ ကြည့်ပါဆိုတဲ့ဉာဏ်၊ အဲဒီဉာဏ်ရှေ့မှာ ဦးခင်မောင် အဝိဇ္ဇာက တစ်ချက်ခံတယ်။ သဘောကျပလား (ကျပါပြီ)။
ဉာဏ်ရှေ့မှာ အဝိဇ္ဇာ တစ်ချက်ခံတယ်
ဒီဉာဏ်ရှေ့မှာ ဘယ်သူတစ်ချက်ခံသတုန်း (အဝိဇ္ဇာ တစ်ချက်ခံပါတယ်)၊ အဝိဇ္ဇာရှေ့နားက တစ်ခါခန္ဓာက တစ်ချက်ခံတယ်-(မှန်ပါ့)၊ ဒါကြောင့် ဒကာ ဒကာမတို့၊ ဟောဒီနိဗ္ဗာန်မပေါ်လာတာ-(မှန်ပါ့)၊ ဟောဒီ ဒါနဲ့ကြည့်လိုက်တဲ့ အခါကျလို့ရှိရင် အဝိဇ္ဇာက တစ်ချက်ကွယ်ထားတယ် (မှန်ပါ့)။ အဝိဇ္ဇာဖယ်မှ ခန္ဓာကိုတွေ့မယ် (မှန်ပါ့ ဘုရား)။ ခန္ဓာ ဒုက္ခသစ္စာတွေ့မယ်။
အဲဒီခန္ဓာဒုက္ခသစ္စာဖယ်နိုင်မှ ဒီဘက်နိဗ္ဗာန်သွားတွေ့မယ်-(မှန်ပါ့ ဘုရား)၊ ဒါ-နှစ်ချက် ဖယ်လိုက်ရင်ရပါတယ်-(မှန်ပါ့ ဘုရား)၊ ပထမ ဘာဖယ်ရမယ် (အဝိဇ္ဇာဖယ်ရပါမယ်)။ ဒုတိယ ဘာဖယ်ရမယ် (ခန္ဓာဖယ်ရပါမယ် ဘုရား)။
အဲ ခန္ဓာဖယ်တော့ ခန္ဓာမရှိတဲ့အခါကျတေ့ သူလာပေါ်တယ် (မှန်ပါ့)၊ နိဗ္ဗာန်ဟာ ဒါကြောင့် ဒီဉာဏ်နဲ့ဟာ ဒကာ ဒကာမတို့ အနီးကလေးဆိုတာ မှတ်ပါ (မှန်ပါ့)။
ဒါ့-ဖယ်နည်းရှာနည်းကို ဒကာ ဒကာမတွေ နက်ဖြန် သုသိမပရဗိုဇ်ဝတ္ထုနဲ့တကွ သေသေချာချာ ရှင်းပြတော့ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် အနီးကလေးဆိုတာ ပေါ်လာလိမ့်မယ်နော်-(မှန်ပါ့)။
ကနေ့တာ့ နာရီစေ့တဲ့အတွက် တော်ကြဦးစို့။
သာဓု သာဓု သာဓု။