ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကူးပြောင်းပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကူးပြောင်းပုံတရားတော်
(၂-၃-၆၁)
အို၊ နာ၊ သေ ဘယ်ကလာပါလိမ့်
ဒကာ ဒကာမတွေ ကိုယ့်နှဖူးပေါ် လက်တင်တွေးကြပါဆိုတဲ့ ဥစ္စာမှာလိုက်တယ်တော်။ (မှန်ပါ့ ဘုရား)။
အို၊ နာ၊ သေ ဘယ်ကလာပါလိမ့်မလဲလို့ တွေးဖြစ်အောင်တွေးပါနော်-(မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးကအတွေးခိုင်းပါလိမ့်မလဲလို့မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် သစ္စာမသိဘဲ နေမှာစိုးလို့ သတိပေးရပါမည်လို့ မှတ်ရလိမ့်မယ်နော်-(မှန်ပါ့ ဘုရား)။
သစ္စာမသိရင် သံသရာရှည်တယ်၊ သစ္စာသိမှ သံသရာပြတ်တယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပြီး ထားတဲ့အခါ ကျတော့ ဒိလို ပဋိလောကမှ ပြောင်းပြန် လှန့်မေးမှသာလျှင် သစ္စာကလဲ ရှင်းရှင်းလင်းလင်းနဲ့ တွင်းတွင်းကြီး ပေါ်လာတာ့ မယ်ဆိုတာ မှတ်ထားရမယ်(မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက ယခုလို အိုဖို နာဖို့ သေဖို့ အဆင်သင့် ရထားကြတယ်နော် – (မှန်ပါ့ ဘုရား)၊ အို၊ နာ၊ သေ အဆင်သင့်ဆိုတဲ့ ခန္ဓာကြီးကရမထားကြဘူးလား (ရ-ထားပါတယ် ဘုရား)။
အဲဒီတော့ အိုနာသေဆိုတဲ့ အဆင်သင့် ခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဪ ဒီအိုနာ သေဟာ တို့ မလွှဲသာမရှောင်သာ တွေ့ရမှာပဲ၊ ရှောင်သာတဲ့လမ်းများ ရှိလေသေးသလား၊ မရှောင်သာတဲ့ လမ်းပဲလား ဆိုတာနှစ်ချက်တွေးရမယ် (မှန်ပါ့ ဘုရား)။
အိုနာသေ-ဆိုတာ ရှောင်သာတဲ့လမ်းလား မရှောင်သာတဲ့လမ်းလားဆိုတာ နှစ်ချက်တွေးရမယ်နော် (မှန်ပါ့ ဘုရား)၊ အိုနာသေဆိုတာ ရှောင်ရှားလို့ ဖြစ်တဲ့လမ်းလား သို့မဟုတ် ဟော ဒါထုံးစံလားလို့ ဒီလို နှစ်ချက်တွေး ကြည့်စမ်းပါနော် (မှန်ပါ့ ဘုရား)။
ကိုယ့်ဟာကိုယ် သုံးသပ်ကြပါ
နှစ်ချက်တွေးကြည့်တဲ့အခါကျတော့ ပေါ်လာပါလိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အိုနာ သေတွေဟာ ဒကာ ဒကာမတို့ ဘယ်ကလာတာတုံးလို့ ကိုယ့်ဟာကိုယ် တွေးကြပါနော် (မှန်ပါ့ ဘုရား)၊ ကိုယ့်ဟာကိုယ် တွေးကြတဲ့ အခါကျတော့ ဘုန်းကြီးမနေက ကိုယ့်ဟာကိုယ် သုံးသပ်ကြပါလို့ ဘုရားက နိဒါနဝဂ္ဂသံယုတ် ပါဠိတော် သမ္မသနသုတ်မှာ ဟောထားတော့ အိုနာသေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ကိုက်ပါပြီတဲ့၊ ခန္ဓာငါးပါးရှိလို့ဪ အိုနာသေလာတာပဲ (မှန်ပါ့)။
ဒီဘက်က အိုနာသေ၊ ဒီအိုနာသေသည်ကားလို့ဆိုရှိရင်ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်၏သွားရာ လမ်းခရီး အဖြောင့်ကြီးဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ ဘုရား)၊ ခန္ဓာရှိတဲ့ပုဂ္ဂိုလ်၏သွားရာလမ်းခရီး အဖြောင့်ကြီးဆိုတာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီနေရာမှာ ခန္ဓာသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ရူပက္ခခန္ဓာ ဝေဒနာခန္ဓာ သညာခန္ဓာ သင်္ခါရခန္ဓာ ဝိညာဏခန္ဓာလို့ ခန္ဓာငါးပါးရှိတယ်နော်၊ ဪ ဒီခန္ဓာပါးပါးရှိနေလို့ရှိရင်ဖြင့် ဘာတွေများ ပေါက်ပွားပြီး လာမတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါးထဲက အိုမှု နာမှု သေမှု ပေါက်ပွားလာတယ် (မှန်ပါ ဘုရား)။
ခန္ဓာထဲက ဘာတွေများ ပေါက်ပွားလာမယ် (အိုမှု နာမှု သေမှုတွေ ပေါက်ပွားလာပါတယ်)။ အိုမှု နာမှု သေမှုတွေ ပေါက်ပွားလာလိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းကြပါရော့မယ်နော် (မှန်ပါ့)။
ဪ-ဒါဖြင့် ခန္ဓာရှိရင်ကောင်းသလား၊ မရှိရင်ကောင်းသလားဆိုတဲ့ဥစ္စာ ယခုအချိန်ကစပြီး တွေးလိုက်လို့ ရှိရင်ဖြင့် အင်း ခန္ဓာမရှိရင် ကောင်းတယ် (မှန်ပါ့)။
ခန္ဓာမရှိရင် ကောင်းတယ်
ဒကာ ဒကာမတို့ ဘယ်လိုတွေးမိကြသလဲ (ခန္ဓာမရှိရင်ကောင်းပါတယ် ဘုရား) ဪ – ခန္ဓာမရှိရင် ကောင်းတယ်ဆိုတဲ့ဥစ္စာ ပေါ်လာတယ်၊ ဘာကြောင့်တုံးလ့ိုဆိုလို့ရှိရင် ခန္ဓာကိုယ်ရှိလို့ အိုနာသေလာပါတယ်။ (မှန်ပါ ဘုရား) ခန္ဓာရှိလို့ဘာပါလိမ့် (အိုနာသေလာပါတယ် ဘုရား)။
အင်း-ဒီအိုနာသေဟာ ဘယ်ကများ အညွှန့်အညှောက်တွေပေါက်ပြီး သကာလလာပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှန်မှန်ကန်ကန် သစ္စာဉာဏ်နဲ့ တွေးလိုက်တဲ့အခါကျတော့ ခန္ဓာကပေါက်ပွားလာတယ် (မှန်ပါ)။
ဒါဖြင့်-ဒီခန္ဓာသည်ကားလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့၊ ဘယ်ခန္ဓာရရ အိုနာသေဆိုတဲ့ အသီး-အပွင့်တွေပဲ တွန်းကားလာမှာပဲ၊ ပေါက်ပွားလာမှာပဲဆိုတာငြင်းဖို့ လိုသေးသလား(မလိုပါ ဘုရား)။ အင်း ခန္ဓာရှိရင် ဘာတွေများ ထွန်းကားပေါက်ပွားလာပါ့မယ်- (အို နာ သေတွေ ပေါက်ပွားလာပါ့မယ် ဘုရား)။
အင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာဆုတောင်းမိတဲ့အတွက်၊ ခန္ဓာရအောင် ကြိုးစားမိတဲ့ အတွက် အို နာ သေနဲ့ဖြင့် မခွဲနိုင် မခွါရက် ဖြစ်ပြီးသကာလ မကြိုက်တာကြီးနဲ့ တွေ့ရတော့မယ် (မှန်ပါ့ ဘုရား)။ အို နာ သေဆိုတာ ကြိုက်စရာလား မကြိုက်စရာလား (မကြိုက်စရာပါ ဘုရား)၊ မကြိုက်စရာအဖြစ် ဆိုတာ သေချာပလား- (သေချာပါပြီ ဘုရား)။
အဲဒီတော့ သူ့မကြိုက်တာသည် ဘုန်းကြီးတို့က အပြစ်မဆိုပါဘူးတဲ့၊ သူဟာတော့ ရောက်မှ ခင်ဗျားတို့ မကြိုက် တာ၊ သူ့ရေသောက်မြစ်က ဘယ်ကလာသတုံးဆိုတာ တွေးလိုက်တော့မှ ခန္ဓာငါးပါးကလာတာ (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတို့ အို နာ သေ ဘယ်ကလာပါလိမ့်-(ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
အိုနာသေနဲ့အတူ နေရပါလို၏
ဒါဖြင့် ခန္ဓာငါးပါးကို ရချင်တဲ့ ပုဂ္ဂိုလ်ဟာ အို နာ သေ ဆုတောင်းပြည့်ချင်လို့ (မှန်ပါ့ ဘုရား)၊ ခန္ဓာငါးပါး ရချင်တဲ့ ပုဂ္ဂိုလ်များဟာ- (အို နာ သေ ဆုတောင်းပြည့်ချင်လို့ပါ)။
အိုနာသေ ဆုတောင်းပြည့်ချင်လို့ဆိုတော့ လူဖြစ်ရပါလို၏၊ အိုနာသေနဲ့အတူ နေရပါလို၏၊ နတ်ဖြစ်ရပါလို၏ ဆိုရင်ကော- (အိုနာသေနဲ့အတူ နေရပါလို၏)၊ ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော – (အိုနာသေနဲ့အတူ နေရပါလို၏ ဘုရား)။
ဒါကို ခင်ဗျားတို့ကလဲ လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစား၍ဆိုတော့ အိုနာသေတွေ အကြိမ်ကြိမ် တွေ့ရ၍ ဆိုတဲ့ အဓိပ္ပာယ်ရောက်မရောက် – (ရောက်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့၏ အမှားတော်ပုံပေါ့ဗျ- (မှန်ပါ ဘုရား)။
ဘယ်နှယ်ကြောင့် မှားပါလိမ့်မလဲလို့ လက်သည်ရှာတော့မှ ဒကာ ဒကာမတို့ မှာပုံက တခြားကြောင့်မှာတာ မဟုတ်ဘူး၊ အိုတာလဲ ဇရာပိ ဒုက္ခသစ္စံ၊ ဗျာဓိပိ ဒုက္ခသစ္စံ၊ မရဏပ္ပိဒုက္ခသစ္စံဆိုတော့ ဒီဒုက္ခသစ္စာသုံးချက်ကို ဒကာ ဒကာမတွေ မသိတော့ခန္ဓာ ဆုတောင်းနေတတ်တယ် (မှန်ပါ)။
ဒီသစ္စာကို မသိတော့ ဘာတုံး- (ခန္ဓာဆုတောင်းပါတယ် ဘုရား)၊ ခန္ဓာဆုတောင်းနေလိုက်ကြတာ ကိုယ်ကျိုးနည်း ပါပြီ။ ဒကာ ဒကာမတို့၊ ခန္ဓာ ဆုတောင်းယူလိုက်တာ ဘယ်နှယ်ဖြစ်လာသတုံး- (ကိုယ်ကျိုးနည်းပါပြီ ဘုရား)။
အို နာ သေနဲ့ တွေ့ရတော့ ဒကာဝ-ဒါဟာ ဪ- ငါတို့ အလွှဲအချော်တွေဖြင့် လုပ်မိပေါ့လို့ဆိုလို့ရှိရင်လွှဲပါ မလား- (မလွှဲပါ ဘုရား)၊ လူခန္ဓာဖြစ်ရပါလို၏ နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ အိုနာသေနဲ့ မခွဲခွါရပါလို၏ ဒီမရောက်ကြဘူးလား- (ရောက်ပါတယ် ဘုရား)။
ဪ – ခင်ဗျားတို့ကလဲ ကိုယ်ဟာကိုယ် ပါးစပ်ထဲမှာထည့်ရင်း မတ္တနဲ့ အရုပ်ဆိုးတာ၊ မသိတာက အတော်နာ တယ် (နာပါတယ် ဘုရား)။ လူ့ခန္ဓာဖြစ်ရပါလို၏ဆိုတော့ (အိုနာသေနဲ့မခွဲမခွါဖြစ်ရပါလို၏၊ နတ်ခန္ဓာ ဖြစ်ရပါလို၏ ဘုရား)။
ဪ – နောက်ဖြင့် ဘယ်တော့မှ နှုတ်ထဲမထည့်လိုက်ပါနဲ့နော်-(မှန်ပါ ဘုရား) ဘယ်နှယ်ကြောင့်တုံးဆိုတော့ ဒီလူခန္ဓာဖြစ်ရပါလို၏ ဆိုတော့ ပုဂ္ဂိုလ်ဟာ ဘာကို မသိလို့တုံးလို့ မေးတဲ့အခါကျတော့ အိုနာသေ ဒုက္ခသစ္စာမသိလို့ (မှန်ပါ)။
မိမိခန္ဓာကြီးကလဲ ဒုက္ခသစ္စာလို့မသိလို့-(မှန်ပါ)၊ ပေါ်ကြပလား- (ပေါ်ပါပြီ)၊ ဒကာသစ် ဘာမသိတာတုံး (မိမိခန္ဓာကိုယ် ဒုက္ခသစ္စာလို့ မသိတာပါ ဘုရား)၊ ဘုရားကလဲ ဘုရားတိုင်းပဲ ဒကာ ဒကာမတို့၊ တရားဦး ဟောတော်မူတဲ့ အခါ သံခိတ္ထေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ၊ ဟ-ဒုက္ခသစ္စာကွ၊ မင်းတို့ ခန္ဓာကြီးဟာ ဘယ်နှယ်များဟောတော်မူခဲ့ကြ ပါလိမ့် ဘုရားရှင်တို့က- (ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာပါ ဘုရား)။
ဘုရားကို အရွှဲ့တိုက်နေကြတယ်
ကိုယ်တော်တို့က ဒုက္ခသစ္စာလို့ ဟောတယ်၊ တပည့်တော်တို့က ရရပါလို၏- (မှန်ပါ့ ဘုရား)၊ ဘုရားက (ဒုက္ခသစ္စာလို့ ဟောပါတယ်)၊ ခင်ဗျားတို့က (ရရပါလို၏) ဘယ်နှယ်တုံး၊ ဘာလုပ်ကြတာတုံး၊ ခင်ဗျားတို့ဟာက (ဘုရားကို အရွှဲ့တိုက်နေကြတယ်)၊ ဘုရားကို ခင်ဗျားတို့ဟာက (ဘုရားကို အရွှေ့တိုက်နေကြတယ်)၊ ဘုရားကို ခင်ဗျားတို့ ဘေးတိုက်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဘယ်နှယ်တိုက်ချင်လို့ တိုက်တာလားလို့ မေးတဲ့အခါကျတော့မှ တိုက်ချင်လို့တော့ တိုက်တာမဟုတ်ပါဘူး။ ကိုယ်ဉာဏ်ထဲမှာ သစ္စာမသိလို့ တိုက်မိလျက် ကြုံပါတယ် (မှန်ပါ ဘုရား)၊ ကိုယ့်ဉာဏ်ထဲ သစ္စာမသိလို့ (တိုက်မိလျက်ကြုံပါ တယ်)၊ ကိုယ့်ဉာဏ်ထဲ သစ္စာမသိလို့ တိုက်မိလျက် ကြုံလို့ရှိရင်လဲ သစ္စာမသိတဲ့ ဘဝတိုင်းမှာဖြင့် ခန္ဓာရရပါလို၏ချည်း လာကြမှာလဲ (မှန်လှပါ ဘုရား)၊ တခြားလာစရာ ရှိသေးရဲလား (မရှိပါ ဘုရား)၊
သစ္စာသိရင် သံသရာပြတ်တယ်
အဲဒါကြောင့် ခင်ဗျားတို့ သစ္စာသိရင် သံသရာ ပြတ်ပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားပါလိမ့်မယ် (မှန်ပါ ဘုရား)၊ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)၊ သစ္စာသိရင် (သံသရာပြတ်ပါတယ်)၊ သံသရာပြတ်ပါလိမ့်မယ်။
ဒါကြောင့် ဒီတရားမှာဖြင့် သစ္စာ အဓိကထားတယ်ဆိုတဲ့ ဥစ္စာသေသေချာချာ မှတ်ဖို့ရာ လေးလေးစားစား ပြောနေတယ်လို့ စိတ်ထဲက ဆုံးဖြတ်ချက်ချပါနော် (မှန်ပါ) ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ အိုနာသေဘယ်ကလာပါတယ် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာ ငါးပါးကို ရအောင် လုပ်ကောင်းမလုပ်ကောင်း (မလုပ်ကောင်းပါ ဘုရား) ဘာကြောင့်မလုပ် ကောင်းပါလိမ့် ဒကာ ဒကာမတို့ (ဒုက္ခသစ္စာဖြစ်၍ မလုပ်ကောင်းပါ ဘုရား)။
ဒုက္ခသစ္စာမို့ ဒကာဝရေ၊ ဦးခင်မောင်ရေ ရိပ်မိပါလား (မှန်ပါ့ ဘုရား)၊ ခန္ဓာငါးပါးဟာ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။
ဒုက္ခသစ္စာကြီးဟာ ဘာတွေများ အညွှန့်အညောင်တွေပေါက်တတ်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) အင်း – ဘာတွေများ အညွှန်အညှောက်တွေ ပေါက်ပါလိမ့် (အို နာ သေတွေ ပေါက်ပါတယ် ဘုရား)။
ခန္ဓာငါးပါးဒုက္ခသစ္စာတရား
ဒါဖြင့် ဒီဘဝ ဒကာ ဒကာမတွေ အခု တရားနာနေကြတာ ယောကျ်ားတွေလား၊ မိန်းမတွေလားလို့ မေးရင် ဘယ်နှယ်ဖြေကြမလဲ (ခန္ဓာငါးပါးတွေပါ ဘုရား)၊ ခန္ဓာငါးပါး ဘယ်တရားတွေပါလိမ့် (ဒုက္ခသစ္စာ တရားတွေပါ ဘုရား)။
ဒုက္ခသစ္စာတရားတွေ၊ အင်း-ရှေ့ကို တပည့်တော်တို့ ဗေဒင်မေးလိုက်တဲ့အခါ အိုဇာတာကောင်းမှာလို့ မေးချင်လဲ ခင်ဗျားတို့ မေး၊ မလွှဲသာရင်လဲ မေးကြတာပေါ့ဗျာနော် (မှန်ပါ ဘုရား)။
အိုဇာတာကောင်းမှာလား၊ နာဇာတာကောင်းမှာလား၊ သေဇာတာကောင်းမှာလား၊ မသာကြီးချများဖြစ်မှာလား လို့မမေးနဲ့တော့ (မှန်ပါ ဘုရား) ရိပ်မိပါလား(မှန်ပါ) ဒီသုံးခု ကိုယ်ပိုင်ရမှာပဲ (မှန်ပါ ဘုရား)၊ အိုမှုကြီးလဲ ကိုယ်ပိုင်ရမယ်၊ နာမှုကြီးကော (ကိုယ်ပိုင်ရမှာပါ) သေမှုကြီးကော (ကိုယ်ပိုင်ရပါမယ် ဘုရား)။
အိုညွှန့် နာညွှန့် သေညွှန့် ပေါက်မယ်
အဲဒါ အိုဇာတာကောင်းတာသာ မှတ်ပေရော့ ခင်ဗျားတို့ (မှန်ပါ့ ဘုရား)၊ နောက်ကို သွားမမေးကြနဲ့နော် (မှန်ပါ ဘုရား)၊ ဘာဖြစ်လို့ မမေးနဲ့လဲဆိုတော့ ခန္ဓာကြီး၏ အညွန့်အညှောက်ပေါက်မှာက သုံးညွှန်ပဲရှိတယ် (မှန်လှပါ ဘုရား) အိုညွှန့် နာညွှန့် သေညွှန့် ပေါက်မယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကြီး အညွှန့်ပေါက်လာမှာက (အိုညွှန့် နာညွှန့် သေညွှန့် ပေါက်ပါမယ်)၊ အခု ဒကာတွေထဲမှာ အရွယ် သုံးဆယ်တွေ၊ လေးဆယ်တွေ၊ ငါးဆယ်၊ ခြောက်ဆယ်တွေပါကြပါတယ် (မှန်ပါ ဘုရား)။
တပည့်တော်တို့ ရှေ့ဘာဖြစ်ဦးမှာတုံး၊ ဟာ ဒကာ ဒကာမတို့မမေးနဲ့နော်၊ ရှေ့ကိုဒါသုံးခုရလိမ့်မယ် ခင်ဗျားတို့ (မှန်ပါ ဘုရား) ကိုညွှန့်ရွှေ (ဒါသုံးခုပဲ ရပါမယ် ဘုရား)၊ ဦးခင်မောင်ရေ – ခန္ဓာကဒါပဲ ပေါက်သွားမယ်နော် (မှန်ပါ) ရွှေတွေ ငွေတွေ ထွက်လာဖို့ မြင်သေးသလား။ (မမြင်ပါ ဘုရား)။
ခင်ဗျားတို့ကတော့ ရွှေတွေ၊ ငွေတွေ ထွက်လာမယ် ထင်လို့မေးကြတာပဲ၊ အိုဇာတာကောင်း-မကောင်း မေးတာပဲ (မှန်ပါ့ ဘုရား)၊ မေးပင်မေးငြားသော်လဲ ခန္ဓာက ထွက်လာတာက ဒါပဲလာမယ်တဲ့ (မှန်ပါ့ ဘုရား) သဘောပါ ကြလား။ (ပါ, ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ကြီးက ဘာအညွှန့်တွေများ ပေါက်မယ်ဆိုတာဖြင့် ယနေ့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။ အိုညွန့် နာညွှန့် သေညွှန့် ဒါတွေပဲ ပေါက်မယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ ဘယ်ကထွက်လာတဲ့ အညွှန့် အညှောက်တွေပါလိမ့် (ခန္ဓာကထွက်လာတဲ့ အညွှန့်အညှောက် တွေပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာငါးပါးရအောင် ဆုတောင်းမိတဲ့အတွက် ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာလို့ မသိဘဲနဲ့ ရမ်းပြီးသကာလ တောင်းလိုက်တဲ့အတွက် တပည့်တော်တို့ဖြင့် ကိုယ်ကျိုးနည်းပါပေါ့လား အိုညွန့် နာညွန့် သေညွန့်တွေ ကဖြင့် မပေါက်ပါနဲ့ ဆိုလို့ကို ရသေးရဲ့လား (မရပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အို နာ သေဘယ်ကလာပါလိမ့်
ကဲ-ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြန်သုံးသပ်ပါကွာဆိုလို့ သမ္မသနသုတ်ကို ဟောနေတဲ့အတွက် အို နာ သေဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
အဲဒါ ကိုယ့်ဟာကိုယ် သုံးသပ်ကြနော် (မှန်ပါ) ကိုယ်ဟာကိုယ် သုံးသပ်ကြတဲ့အခါကျတော့ဆိုရင်ဖြင့် အို နာ သေ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ကောင်းပြီ – ခန္ဓာငါးပါးကို ဒီနေရာလဲ မှတ်လိုက်စမ်းပါဦး ခန္ဓာငါးပါးရှိလို့ အို နာ သေ လာသောကြောင့် ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်စာ ဒမုဒ္ဒယသစ္စာ၊ အို နာ သေက (ဒုက္ခသစ္စာပါ ဘုရား)။
ခန္ဓာမရှိအောင် ရှုနိုင်လို့ရှိရင် ဘာဆိုကြမယ် (မဂ္ဂသစ္စာ)၊ မရှိတာကို နိရောဓသစ္စာ (မှန်ပါ)၊
မရှိအောင်ရှုနိုင်ရင် (မဂ္ဂသစ္စာပါ ဘုရား)၊ မရှိတော့ဘူးဆိုလို့ရှိရင် (နိရောဓသစ္စာပါ ဘုရား) နိရောသစ္စာ ဖြစ်ပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အိုနာသေက ဒုက္ခသစ္စာ
ဪ လေးချက် စေ့သွားပြီ၊ လေးချက်ကို အိုနာသေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ခန္ဓာကဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ခန္ဓာမရှိအောင် ကျင့်တဲ့အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)၊ ကျင့်လို့ ခန္ဓာပါဆုံးရှုံးသွားမယ်ဆိုရင် ဘာသစ္စာလဲ (နိရောဓသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာမရှိမှ နိဗ္ဗာန်ပါလား (မှန်လှပါ ဘုရား)၊ ခန္ဓာမရှိတော့ အို နာ သေ ကော (မရှိပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကျင့်တဲ့ပုဂ္ဂိုလ်ဟာ တယ်ကျေးဇူးရှိပါကလား (မှန်ပါ ဘုရား)။
သမုဒယသစ္စာလဲချုပ်၊ ဒုက္ခသစ္စာလဲသိမ်း၊ ကျင့်တဲ့ပုဂ္ဂိုလ်များမှာ ဒုက္ခသိမ်းပါတယ် ဆိုတာကော ရှင်းကြပါလား (ရှင်းပါပြီ)၊ ကောင်းပြီ ဒါဖြင့် ဒီနေရာမှာ သစ္စာဖွဲ့လိုက်တာနဲ့ ဒကာ ဒကာမတွေ သိသွားပါပြီတဲ့။
နောက်ဆုတ်တွေးပါ
ပြန်ပြီး နောက်ဆုတ်တွေးပါဦး ဒကာ ဒကာမတို့နော်။ နောက်ဆုတ်တွေးတဲ့အခါကျလို့ရှိရင် ခန္ဓာငါးပါး ဘယ်ကလာပါလိမ့် (တဏှာကလာပါတယ် ဘုရား) တဏှာကလာတယ်၊ ဪ- တယ်ဆိုးတဲ့ တရားပါကလား ဒကာ ဒကာမတို့၊ ခန္ဓာငါးပါး ဘယ်ကလာပါလိမ့် ဒကာ ဒကာမတို့ (တဏှာကလာပါတယ် ဘုရား)။
ဪ – ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ တဏှာနဲ့ ခန္ဓာ ချုပ်အောင်ကျင့်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)၊ တဏှာရော ခန္ဓာရော ချုပ်သွားမယ်ဆိုရင် (နိရောဓသစ္စာပါ ဘုရား)။
ဪ – ဒီလိုသိရမယ်-တဲ့၊ ဒီလိုသိရမယ်၊ သစ္စာ ဒီလိုလိုက်သွားရမယ်နော် (မှန်ပါ)၊ တော်တော်အဖိုးတန်လာ ပြီ ဒကာ ဒကာမတို့၊ မနေ့က သယ်ပိုးထားတာနဲ့ ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ ဉာဏ်တော်တော်ထက်လာပြီ (မှန်ပါ)။ ကိုင်း ခန္ဓာငါးပါး ဘယ်ကများလာပါလိမ့် (တဏှာကလာပါတယ် ဘုရား)၊ တဏှာ သမုဒယက လာဘယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဪ – တဏှာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။ အင်း သူက ဖြစ်စေတဲ့ အကျိုး ခန္ဓာတရားကြီးက (ဒုက္ခသစ္စာပါ ဘုရား)၊ သူတို့နှစ်ခု ချုပ်အောင်ကျင့်နိုင်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)၊ တတယ် ချုပ်သွားတဲ့ အခါကျတော့ (နိရောဓသစ္စာပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်
ဪ – ဒီလိုချုပ်သွားပြန်တော့ နိဗ္ဗာန်ဆိုတာ သူတို့နှစ်ခုချုပ်တာဆိုတာပါကလား (မှန်လှပါ ဘုရား)၊ ပေါ်ကြပါလား (ပေါ်ပါပြီ)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (သူတို့နှစ်ခုချုပ်တာပါ ဘုရား)၊ သမုဒယနဲ့ ဒုက္ခချုပ်တာကို ဆိုပါတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (သမုဒ္ဒယနဲ့ ဒုက္ခချုပ်တာပါ ဘုရား)၊ သမုဒယနဲ့ဒုက္ခ ချုပ်တာကိုဆို ပါတယ်ဆိုတာ ကောင်းကောင်းရှင်းမသွားသေးဘူးလား (ရှင်းသွားပါတယ် ဘုရား)။
ကောင်းပြီ – ဒါဖြင့် ဒကာ ဒကာမတို့၊ အခု မနေ့ကပြောတဲ့စကားလုံး အခုပဲ ဘယ်ကလာမှန်းမသိတဲ့အခါ ကျတော့ သူအညွှန့်အဖျားကနေပြီးသကာလ ဦးဝရေ လျှောက်ပြီး မှတ်လိုက်တဲ့အချကျတော့ အရင်းကတော့ တွေ့မှာပေါ့ (မှန်လှပါ ဘုရား)။
အရင်းပြလို့ရှိရင် ဒီဘူးခါးပင်ကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အိမ်ထဲမှာ မပေါက်ကောင်းတဲ့ ဘူးခါးပင်၊ စားလဲခါးတယ်၊ အသုံးလဲမကျ၊ ရှုပ်လဲ ရှုပ်နေသေးတဲ့ ဘူးခါးပင်ကြီးဟာ အမြစ်လိုက်ရှာပြီး အမြစ်ဖြတ်လိုက်ရ လို့ရှိရင် ဘူးခါးမျိုးပြုတ်ကရောပေါ့ဗျာ (ပြုတ်ပါတယ် ဘုရား)။
ဒီမှာလဲ ခန္ဓာဒုက္ခသစ္စာကြီး ပြုတ်တော့မည့် တရားလို့ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား) ခန္ဓာဘာ သစ္စာကြီးပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါကြီးပြုတ်အောင် ယနေ့တော့ဖြင့်ဘုန်းကြီး သယ်ပိုးလိမ့်မယ်ဆိုတာ အောက်မေ့ ထားတာပေါ့ (မှန်ပါ ဘုရား)။
သူတော်ဆည်းကပ်၊ မြတ်တရားနာ
ကောင်းပြီ ဒါဖြင့် ကြိုးစားမယ်၊ ကျင့်မယ်၊ ကြံမယ်ဆိုတာသာ နှလုံးသွင်းကြပါတော့ဆိုတဲ့ဥစ္စာ သတိပေးရပါ တယ်နော် (မှန်ပါ)။
ဒါကြောင့် မနေ့ကပြောခဲ့ပြီ၊ ခင်ဗျားတို့ သူတော်ကောင်းနား မဆည်းကပ်လို့ရှိရင်၊ ဆရာတော် သမားတော် သံဃာတော်တွေ ပညာရှိတွေထံ မဆည်းကပ်လို့ ရှိရင်ဖြင့် ဒီအသံမျိုး ကြားရဖို့ိရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါကြောင့် သူတော်ဆည်းကပ်၊ မြတ်တရားနာ ဆိုတာကလေးဟာ မမေ့စေနဲ့နော် (မှန်ပါ ဘုရား) လွန်စွာအား ထုတ်နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်းကိုဗျ (မှန်ပါ ဘုရား) ဆိုလိုက်ကြပါဦး၊
“သူတော် ဆည်းကပ်၊ မြတ်တရားနာ၊
လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊
မှန်ပင် မဂ်ရကြောင်း” (သုံးခေါက်ချပေးသည်)။
ကဲ- သုံးရက်လောက်ဆိုရင်ရပါပြီ၊ ခင်ဗျားတို့အားလုံးရပြီနော် (မှန်ပါ) ဪ – ဒီအစဉ်အတိုင်း သွားရမှာပါ ကလားဆိုတာ သေချာပါလား (သေချာပါပြီ)၊ ဒီအစဉ်အတိုင်းမှ မသွားလို့ရှိရင် ရကိုမရဘူး(မှန်ပါ့)။
ကိုင်း-ဒကာ ဒကာမတွေ အားလုံး ပြန်လှည့်လိုက်၊ အို နာ သေ ဘယ်က လာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ဪ- ဒီခန္ဓာငါးပါးကလဲ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရားတွေက ဖန်ဆင်းလို့ ဖြစ်တာလားလို့ လက်သည်ရှာလိုက်တော့ ဘာတွေပါလိမ့် (တဏှာ တွေ့ပါတယ် ဘုရား)။
ဪ – တဏှာကဖြစ်စေတာဆိုတာ သေချာသွားပါလား။ (သေချာပါပြီ) ဒကာ ဒကာမတို့၊ ဘယ်သူက ဖြစ်စေတာပါလိမ့် (တဏှာက ဖြစ်စေတာပါ ဘုရား)။ တဏှာဆုတောင်းကြောင့် တဏှာဖန်ဆင်းမှုကြောင့် ဘာတွေ ပေါ်လာသလဲ (ခန္ဓာငါးပါး ပေါ်လာပါတယ် ဘုရား)၊ ခန္ဓာငါးပါးပေါ်လာတယ်လို့ သမ္မသနသုတ်မှာ ဟောပါတယ်နော် (မှန်ပါ့)။
ဒီတဏှာက မိုးပေါ်ကျလား
ကိုင်း – ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီတဏှာကလဲ မိုးပေါ်ကျလားလို့ မေးဖို့လိုလာတယ် (မှန်ပါ ဘုရား) ဒီတဏှာကလဲ မိုးပေါ်ကျလားလို့ ဒကာ ဒကာမတွေက မေးတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ ခင်ရာမင်ရာဆိုတဲ့ စက္ခု၊ သောတ ဃာန ဇိဝှာ ကာယ မနတို့ကြောင့် တဏှာဖြစ်တယ်လို့ ဟောတော်မူလိုက်တယ်နော် (မှန်ပါ ဘုရား)။
စက္ခု သောတ ဃာန ဇိဝှာ ကာယ မနတို့ကြောင့် ဘာဖြစ်သတုံး -တဏှာဖြစ်တယ် (တဏှာပါ ဘုရား) ဒါဖြင့် တဏှာ ဘယ်က လာပါလိမ့်မလဲလို့ မေးတဲ့အခါ (ခင်ရာမင်ရာကပါ ဘုရား)၊ ခင်ရာ မင်ရာက လာတယ်၊ သဘောကျပါလား- (ကျပါပြီ)။ တဏှာဘယ်ကလာပါလိမ့်(ခင်ရာမင်ရာက လာပါတယ်)။
ခင်ရာမင်ရာက လာတာ
ဪ – ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာလဲ အလေ့ပေါက်မဟုတ်ပါလား (မှန်ပါ ဘုရား) တဏှာလဲ အလေ့ပေါက်လို့ ဆိုကြမလား (မဆိုနိုင်ပါ) ဘယ်ကလာပါလိမ့် (ခင်ရာမင်ရာက လာတာပါ ဘုရား) အဲခင်ရာမင်ရာ ကလာတယ်ဆိုတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနနော် (မှန်ပါ ဘုရား)၊ ဘာတဲ့ ဒကာ ဒကာမတို့ (စက္ခုသောတ ဃာန ဇိဝှာ ကာယမနပါ ဘုရား)။
အေး မျက်လုံး နား နှာခေါင်း လျှာ ကိုယ်စိတ် ပေါ့ဗျာ (မှန်ပါ ဘုရား) ဒီကလာတယ် ဒကာ ဒကာမတို့ ပေါ်ကြပါလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ – ဒါဖြင့် ဒီတဏှာဟာ အလေ့ပေါက်လား ဒကာ ဒကာမတို့၊ ခင်ရာ မင်ရာက လာတာလား (အလေ့ပေါက်မဟုတ်၊ ခင်ရာ မင်ရာက လာတာပါ ဘုရား)။ ခင်ရာမင်ရာက အကြောင်း သမုဒ္ဒယ၊ တဏှာက ဒုက္ခ (မှန်ပါ ဘုရား)၊ သူတို့နှစ်ခု ချုပ်အာင်ကျင့်တဲ့အကျင့်ကို ဘာဆိုကြမယ် (မဂ္ဂပါ ဘုရား) နှစ်ခုစလုံး ချုပ်သွားမယ်ဆိုရင် ဖြင့် ဘာဆိုကြမယ် (နိရောဓပါ)၊ နိရောဓသစ္စာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ ဒီလို သစ္စာတွေလဲ သိပြီးသကာလနေတော့ ဪ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ချုပ်အောင် ကျင့်ရမည့်အကျင့်သာ တို့အကျင့်ပါလားဆိုတာ မပေါ်လာသေးဘူးလား- (ပေါ်လာပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ “ဒုက္ခဿ အန္တ ကရိဿတိ” ဒုက္ခသစ္စာ၏၊ အန္တံ ချုပ်ဆုံးရာမှန် နိဗ္ဗာန်ကို၊ ကရိဿတိ=မျက်မှောက်ပြုနိုင်အောင် လုပ်လိုက်စမ်းပါကွ – ဆိုတဲ့ဥစ္စာကို သံယုတ်ပါဠိတော် အရုဏဝတီသုတ်မှာ သေသေချာချာ ဟောထားခဲ့တယ်၊ ဒုက္ခဆုံးအောင် လုပ်ကြရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ အခု အကြောင်းအကျိုးတွေ ဆက်ဆက်=ဆက်ဆက် လာတော့ ခင်ရာ မင်ရာသည် ဒကာ ဒကာမတွေကတော့ ကိုယ့်မျက်လုံး ကိုယ့်နား ကိုယ့်နှာခေါင်း ကိုယ်လျှာ ကိုယ့်ကိုယ် ကိုယ့်စိတ် ပေါ့ဗျာ (မှန်ပါ ဘုရား) အဇ္ဈတ္တိိကာယတန ခြောက်ပါးလို့လဲ ဆိုနိုင်ပါတယ်နော်၊ ဒီအာယတနတွေကြောင့် ဒကာ ဒကာမတွေတဏှာဖြစ်တယ်- (မှန်ပါ့ ဘုရား)။
ကိုယ့်မျက်လုံးကလေးများ ကိုယ့်မှန်ထဲမှာ ကြည့်လိုတဲ့အခါကျတော့အို တကယ့်ကို မျက်လုံးကလေးကလဲ ဘေးကအဖြူ အလယ်က အနက်နဲ့ ကြည့်နေတာပဲဆိုပြီး အံမာ ကိုယ့်မျက်လုံးကလေးများ ကိုယ့်မှန်ထဲမှာ သာယာပြီး နေတဲ့ အခါ မျက်လုံးကြောင့် တဏှာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
နှာခေါင်းကလေး ရှူနိုင် ရှိုက်နိုင်သေးတော့ကိုတော် သေးတာပဲဆိုတဲ့ တဏှာကော (ဖြစ်နိုင်ပါတယ် ဘုရား)၊ လျှာကလေးက စားနိုင် သောက်နိုင်သေးလို့ တော်သေးတာပဲဆိုတဲ့ တဏှာကော (ဖြစ်ပါတယ် ဘုရား)။
ကိုယ်ကလေးကလဲ သွားနိုင်လာနိုင် လှုပ်နိုင် ရှားနိုင်သေးတာနဲ့ တော်တေးတာပဲ၊ အခု ကျုပ် အကျိုးပေးနေတာ ကျုပ် စိတ်ကောင်းတဲ့အတွက် အကျိုးပေးနေတာ၊ ကျုပ်က အင်မတန် စိတ်ကောင်းတယ်၊ ကိုယ့်စိတ်ကလေး ကိုယ်ကောင်း တယ်လို့ မသာယာဘူးလား (သာယာပါတယ် ဘုရား)။
ကျုပ်က စိတ်တစ်လုံးကောင်း၊ ခေါင်းဘယ်မှ မရွေ့ဘူး၊ ဒါကြောင့် အခုစားသောက်ပြီး သားသမီးတွေနဲ့ ထမင်းအိုးကြီးကို အမျိုးမျိုးရွက်ဆောင်ပြီး သကာလ နေနိုင်သော ကျုပ်စိတ်ကောင်းလို၊ အံမာ- ဒကာ ဒကာမတွေက ကိုယ့်စိတ်ကလေးကိုယ် သာယာနေတဲ့အခါ ပါသေးတယ် (ပါ,ပါတယ် ဘုရား)။
စိတ်ကောင်းကောင်းထားနော်
ပြီးတော့ ခင်ဗျားတို့ကလဲ ဆုံးမတယ်၊ ဟေ့စိတ်ကောင်းကောင်းထားနော်၊ စိတ်ကောင်းကောင်းထား၊ စိတ်ကောင်းကောင်းထား၊ စိတ်ကောင်းကောင်းထားလို့ တို့စားသောက်နေရတာ၊ နိဗ္ဗာန်သွားမယ်လို့ပါကိုမပါဘူး၊ စားတာ သောက်တာနဲ့ အချိန်ကုန်နေတာပဲ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီး ဘုရား)။
စိတ်ကောင်းကောင်းရှိလို့ စားသောက်နေရတယ် တဲ့၊ အံမာလေး နိဗ္ဗာန်များ အသံတောင် မထည့်ဘူး (မှန်ပါ့)
အသံတောင်မထည့်ပါဘူး ဒကာ ဒကာမတွေက။
ကိုင်း-ဒါဖြင့် ဒီခြောက်ခုကို မသာယာဘူးလား (သာယာပါတယ် ဘုရား)၊ ဒါဖြင့် ဒီခြောက်ခု တည်းဟူသော ခင်ရာ မင်ရာကြောင့် တဏှာလာပါတယ် (မှန်ပါ့ ဘုရား)၊ ဒီတဏှာလာလို့ (ဒီခန္ဓာငါးပါးလာပါတယ်)၊ဒီခန္ဓာငါးပါးဖြစ်လို့ (အို နာ သေတွေ လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီလိုလုပ်ကြစို့ရဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဘယ်အတွက်ကြောင့် ပွင့်တာပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဘုရားပွင့်လာတာ ဆုံးမသွန်သင်ဖို့
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်လာတာသည် ဆုံးမသွန်သင်ဖို့ ‘သာသတီတိ သတ္ထာ’ဆိုတဲ့အတိုင်း ဆုံးမ သွန်သင်ချင်လို့ ပွင့်လာတာ (မှန်လှပါ ဘုရား)၊ ဘယ်လိုကြောင့်ပွင့်လာတာပါလိမ့် (ဆုံးမသွန်သင်ချင်လို့ပါ ဘုရား)။
ဆုံးမသွန်သင်ချင်လို့ ပွင့်လာတော့ဘုရားက ဒီဘက်နားမှာ၊ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ရပ်ပြီးသကာလ ဒီနားက နေပါတယ်တဲ့၊ ခင်ရာ မင်ရာနားကနေပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရပ်နေတယ် (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့က ပုထုဇဉ်မိုက်က တဏှာကို လက်ကိုင်ထားတယ် (မှန်ပါ့ ဘုရား)။
ပုထုဇဉ်မိုက်က တဏှာလက်ကိုင်ထား
ပုထုဇဉ်မိုက်က ဘာကို လက်ကိုင်ထားပါလိမ့် (တဏှာလက်ကိုင်ထားပါတယ် ဘုရား)၊ တဏှာ လက်ကိုင်ထား တယ်၊ ပုထုဇဉ်မိုက်က တဏှာလက်ကိုင်ထားတော့ ဘုရားက ဒီနားက ရပ်နေတယ်။
ဟေ့-ပုထုဇဉ်မိုက်၊ ဘဝများစွာ သံသရာက မင်းကလဲ အငတ်တော့ဘယ်တော့မှ မပြေခဲ့ဘူး၊ ရောက်ရာ မျက်လုံး၊ မင်းနား၊ မင်းနှာခေါင်း၊ မင်းလျှာ၊ မင်းကိုယ်၊ မင်းစိတ်တွေ မင်း ခင်လိမ့်မယ်၊ ဘုရားက ဒီနားက ရပ်ပြောတယ်။
သူက ရောက်ရာမှာ ဒကာ ဒကာမတွေ ခင်တတ် မင်တတ်တဲ့သဘောပါတယ်၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)၊ တဏှာသဘောက ဘာတဲ့ (ရောက်ရာမှာ ခင်တတ် မင်တတ်ပါတယ် ဘုရား)၊ ရောက်ရာမှာ ခင်တတ်မင်တတ်တဲ့ သဘောပါသနော် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကလေး ဘယ့်နှယ်နေကြသတုံး (ခင်တတ်မင်တတ်ပါတယ် ဘုရား)။
ဟ-ကိုယ့်ကိုယ်ကိုမှ ကိုယ်မခင်ရင် ခွေးလားလို့ တောင်ပြောသေးတယ်- (မှန်ပါ့ ဘုရား)၊ မပြောဘူးလား-(ပြောပါတယ်)၊ ကိုယ့်ကိုယ်ဆိုရင်ဖြင့် ခင်ကောင်းတယ်ချည်း အောက်မေ့တယ် (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်လိုများ အောက်မေ့သလဲ (ခင်ကောင်းတာချည်း အောက်မေ့ပါတယ် ဘုရား)။
မိုက်လိုက်တာ၊ တို့ငယ်ငယ်တုန်းကဆိုရင် ဒီအရွယ် ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်ပြီ၊ ခင်တတ်မင်တတ်ပြီ၊ မင်းတို့များ မိုက်လိုက်တာ၊ ရူးတုန်းရှိသေးတယ် အစရှိသည်ဖြင့် လူကြီးသူမတွေကလဲ ဒီလိုပြောချင်တာ ပြောနေတဲ့ သဘောတွေကလဲ ဦးခင်မောင်မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား)၊ ကိုယ့်ကိုယ်ကို ခင်ရ၊ မင်ရမှာလား ၊ ဒကာ ဒကာမတွေရဲ့ သစ္စာသိရမှာလား (သစ္စာသိရမှာပါ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့-ပုထုဇဉ်မိုက်၊ ဒါက တဏှာရှိတဲ့ ပုထုဇဉ်ပေါ့ဗျာ (မှန်ပါ့)၊ ဒီဖြူဖြူကလေးဟာ ဘာပါလိမ့် (တဏှာရှိတဲ့ပုထုဇဉ်ပါ ဘုရား)။
ဒီအရက်တွေဟာ အဆိပ်နဲ့ ရောထားတယ်
တဏှာရှိတဲ့ ပုထုဇဉ်ဆိုပြီးသကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီနားကရပ်နေတယ်၊ ဟောဒါတွေဟာ ကွာတဲ့၊ အနံ့လဲကောင်းပါတယ်၊ အရသာလဲ ကောင်းပါတယ်တဲ့၊ အရက်တွေပါပဲ၊ အနံ့ကောင်း၊အရသာကောင်း အရက်တေ ပါပဲ၊ သို့သော် ဒီအရက်တွေဟာ အဆိပ်နဲ့ ရောထားတယ် (မှန်ပါ့)။
ဒီအရက်ခြောက်မျိုးဟာ ဘာနဲ့ရောထားသလဲ (အဆိပ်နဲ့ရောထားပါတယ်)၊အနံ့ကလဲကောင်းတယ်၊ အရသာက လဲ(ကောင်းပါတယ်)၊ ရောတာက – (အဆိပ်နဲ့ရောထားပါတယ်)။
ပုထုဇဉ်မိုက်၊ သွားမသောက်နဲ့၊ သွားသောက်လို့ရှိရင် မင်းသည်ကား သေရင်လဲ သေလိမ့်မယ်၊ မသေသော် မလှဘဝဖြစ်လိမ့်မယ်-(မှန်ပါ့)၊ ဘုရားက ဒါကြောင့် ဆုံးမချင်လို့ ဒီနားပွင့်လာပါတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရား ဘယ်နားပွင့်သတုံးဆိုတော့ ခင်ဗျားတို့ ခင်ရာမင်ရာနားကနေပြီးသကာလ ပွင့်နေပါတယ် (မှန်ပါ့)၊ ဘုရားဘယ်နားက ပွင့်ပါလိမ့်-(ခင်ရာမင်ရာနားကနေပြီး ပွင့်ပါတယ်)၊ ခင်ရာမင်ရာဆိုတဲ့ ခုနက အဇ္ဈတ္တိကာယတန ခြောက်ပါး နားကနေပြီးသကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးရော၊ အခု ဒကာ ဒကာမတွေကို ဆုံးမနေတဲ့ ဆရာသမားတွေရော ဒီနားကစောင့်နေတယ် (မှန်ပါ့)၊ ခင်ဗျားတို့ကတော့တွေ့ရာ ခင်တော့မယ်ဆိုတာ သိတယ် (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ကတော့ ဘာပါလိမ့် (တွေ့ရာခင်ပါတယ် ဘုရား)။
တွေ့ရာခင်တော့မယ်၊ ခင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ တွေ့ရာကို စားလိမ့်မယ်၊ တွေ့ရာ သောက်လိမ့်မယ်၊ ဆိုတာနဲ့ ခင်လိမ့်မယ်ဆိုတာနဲ့ တစ်ထပ်တည်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ တွေ့ရာခင်လိမ့်မယ်၊ တွေ့ရာစားလိမ့် မယ်ဆိုတာသည် (တစ်ထပ်တည်းပါ ဘုရား)။
ဒါဖြင့်ဟေ့-ပုထုဇဉ်မိုက်၊ မင်းက ဘဝသံသရာက သေတာတောင်မှ သားပေါ်ခင်လျက်တန်းလန်း၊ သမီးပေါ် ခင်လျက်တန်းလန်း ကိုယ့်ခန္ဓာပေါ် (ခင်လျက်တန်းလန်းပါ ဘုရား)၊ ခင်လျက်တန်းလန်းနဲ့ သေလာတာ၊ မင်း-ဒီဘဝလဲ ရောက်ရော မင်းခန္ဓာကြီး မင်း ခင်ဦးမယ်ဆိုတဲ့ ဒီဒကာ ဒကာမတွေ သူမခင်ပေးဘူးလား (ခင်ပါတယ် ဘုရား)။
ခင်ရာမင်ရာက စောင့်နေတယ်
အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနားရပ်ပြီး မင်းက အငတ်သေ-သေလာတော့ ရောက်ရာမှာ မင်း ရထားတဲ့ အာယတနတွေ ခန္ဓာတွေကို မင်းသည်ကားလို့ဆိုလိုရှိရင်ဖြင့် အရမ်းသောက်လိမ့်မယ်၊ အရမ်းစားလိမ့် မယ်၊ အဆိပ်နဲ့ရောထားတဲ့ အရက်တွေကွလို့ ဘုရားက ဒီနားထံ စောင့်နေရှာတယ်-(မှန်ပါ့)၊ သဘောကျပလား – (ကျပါတယ်)၊ ဘုရားက ခင်ရာမင်ရာက စောင့်နေတယ်။
ပုထုဇဉ်မိုက် စားတော့မယ် မျိုတော့မယ်၊ သိပ်တော့မယ်ဆိုတဲ့သဘောက ပုထုဇဉ်မိုက်မှာ ရှိပြီးသားဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား)၊ ပုထုဇဉ်မိုက်မှာ စားမယ်၊မျိုမယ်၊ သိပ်မယ်ဆိုတာက (ရှိပြီးသားဖြစ်နေပါတယ်)၊ ရှိပြီးသား ဖြစ်နေတော့ ဘုရားက ဒီနားကနေပြီးသကာလ ကလေး တုတ်နဲ့စောင့်နေသလို့ပေါ့ဗျ (မှန်ပါ့ ဘုရား)၊ စောင့်ပြီးသကာလ ဒကာဝ နေရာရှာတယ်-(မှန်ပါ့)၊ ဒကာသစ်ရေ- ဦးမြရွှေတို့ ရိပ်မိပလား- (ရိပ်မိပါပြီ ဘုရား)။
ဒါတွေကို အဆိပ်နဲ့ရောထားတယ်ဆိုတော့ အဆိပ်နဲ့ရောထားတော့ ခင်ဗျားတို့က ခင်မိ မင်မိ မျိုမိ သိပ်မိမယ်ဆို လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဒီအသေတွေ လာမလား မလာဘူးလား- (လာပါတယ် ဘုရား)၊ ဒီခန္ဓာမရပေဘူးလား (ရပါတယ် ဘုရား)၊ ဒီခန္ဓာရရင် ဒီအသေတွေက (လာပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားက ဒီနားရပ်ပြီးသကာလ ဒါတွေကို မျိုကောင်းသိပ်ကောင်းတဲ့သဘော မဟုတ်ဘူးဟေ့၊ မင်းတို့သည်ကားလို့ဆိုလို့ရှိရင် မမျိုရ မသိပ်ရဘဲနဲ့ ဒီဥစ္စာကို အမှန်အကန် သိရှိမယ်တဲ့ (မှန်ပါ့ ဘုရား)။
အမှန်အကန် သိစေချင်ပါတယ်
ဒကာ ဒကာမတွေ ဒီခြောက်ပါး ဘာတဲ့ (အမှန်အကန်သိရမယ်)၊ ပုထုဇဉ်တော့ မျိုချင် သိပ်ချင်တယ်နော် (မှန်ပါ့)၊ ဘုရားကတော့ ဘယ်လို သိစေချင်သတုံး-(အမှန်အကန် သိစေချင်ပါတယ် ဘုရား)။
ဘုရားကတော့ ဒါ အဆိပ်နဲ့ရောထားတဲ့ အရက်ကြီး၊ မင်းသွားပြီးသကာလ တဏှာနဲ့ မျိုလိုက်လို့ရှိရင်ဖြင့် ဟောဒီခန္ဓာကြီး ရပါလိမ့်မယ်၊ ဒီခန္ဓာကြီးရရင် ဒီအသေပွဲကြီး မင်းနွှဲရလိမ့်မယ်၊ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
ဒကာဝရေ ဘုရားက ဒီနားက ပွင့်တယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)၊ ဘုရား ဘယ်နားက ပွင့်ပါလိမ့် (ခင်ရာမင်ရာနားက ပွင့်ပါတယ် ဘုရား)၊ အင်း ခင်ရာမင်ရာဆိုတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန နားကနေပြီးသကာလ အမြဲစောင့်နေလိုက်တယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ပုထုဇဉ်မိုက်သည်ကားလို့ရှိရင်ဖြင့် ရောက်ရာမှာ အရမ်းခင်ပစ်တာပဲ (မှန်ပါ့ ဘုရား)၊ ပုထုဇဉ်မိုက်က ဘာပါလိမ့်-(ရောက်ရာမှာ အရမ်းခင်ပါတယ်)။ ကိုယ့်ခန္ဓာလဲ ခင်လိုက်တာပဲ-(မှန်ပါ့)၊ ကိုယ်နှင့် နီးစပ်တာတွေကော (ခင်တာပါပဲ ဘုရား)။
အို ပုထုဇဉ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အငတ်ဖြစ်နေတော့ တွေ့ရာစား တွေ့ရာသောက်ဆိုတဲ့ အဓိပ္ပာယ် ရောက်မရောက် (ရောက်ပါတယ် ဘုရား)၊ တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
အခု အိမ်ထာင်ရယ်လို့ ကျကြတဲ့ပုဂ္ဂိုလ်များ ဘာတော်သလဲလို့မေးရင် ဘယ့်နှယ် ပြောကြမလဲ (ဘာမှမတော်ပါ ဘုရား)၊ ဘာမှမတော်ဘူးနော်၊ ဘာမှ မတော်တာကိုပင် ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင် ခင်မိ မင်မိ မျိုမိကြတယ် ဆိုတာလဲ ပြောစရာ လိုသေးသလား (မလိုပါ ဘုရား)။
ခင်မိ မင်မိ မျိုမိကြတာချည်းပဲ
ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်မှာလဲ ထို့အတူပဲ မိန်းမလုပ်တဲ့ပုဂ္ဂိုလ်မှာကော (ထို့အတူပါပဲ ဘုရား)။
ထို့အတူပဲ ခင်မိ မင်မိ မျိုမိကြတာချည်းပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါ)၊ ဘာဖြစ်လို့ ဒီဥစ္စာ ဒီလိုဖြစ်ရသလဲ၊ အို ဘဝများစွာကငတ်ပြီးသကာလ သေခဲ့တဲ့အတွက် တွေ့ရာတော့ဖြင့် သောက်မှာမျိုမှာပဲ (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊ တွေ့ရာတော့-(သောက်မှာပါပဲ)၊ သောက်မှာ မျိုမှာပဲဆိုတာ သေသေချာချာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် အခု တရားတစ်ပွဲလုံး ဒကာ ဒကာမတွေမှာ တချို့အိမ်ထောင်ပြုတဲ့ ပုဂ္ဂိုလ်ကလဲ မြေးကလေး တန်းလန်း ဟုတ်လား တူမလေးတန်းလန်း၊ မွေးစားထားကလေးတန်းလန်း၊ ရောက်ရာမျိုထားတယ်-(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အိမ်ထောင်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ အို-ကိုယ့်ဟာထက်တော့ သူများဟာကို ဂရုမစိုက်ဘူး၊ ကိုယ့်ဟာကိုယ်ပဲ မျိုမယ်ဆိုပြီးတော့ မျိုနေတာပဲ-(မှန်ပါ့ ဘုရား)၊ အိမ်ထောင်ရှိတဲ့ပုဂ္ဂိုလ်က ကိုယ်ဟာကိုမျိုတယ် (မှန်ပါ့)၊ အိမ်ထောင်မရှိတဲ့ ပုဂ္ဂိုလ်က အငှားမျို မျိုတယ်- (မှန်ပါ့ ဘုရား)၊ ဘာပြုလို့တုံး (ငတ်လွန်းလို့ပါ ဘုရား)။
တဏှာက ငတ်တာ
ဘယ့်နှယ်ဆိုကြမယ် (ငတ်လွန်းလို့ပါ ဘုရား)၊ ဘယ်သူက ငတ်တာပါလိမ့်မလဲ-(တဏှာက ငတ်တာပါ ဘုရား)၊ တဏှာက ငတ်တယ်ဆိုတာ ပေါ်ကြပလား – (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရောက်ရာမျိုမှာစိုးတဲ့အတွက် ဟောဒါတွေက ဟေ့ အရက်တွေ ကွ၊ သို့သော် ဒီအရက်တွေဟာ အဆင်းလဲ ကောင်းပါတယ်၊ အနံ့လဲကောင်းပါတယ်၊ သို့သော်လဲ အဆိပ်နဲ့ရောထားတာ မင်း သွားမသောက်နဲ့တဲ့-(မှန်ပါ့ ဘုရား)၊ ဘယ်သူက မှာရှာပါလိမ့် (ဘုရားက မှာပါတယ် ဘုရား)၊ ခင်ဗျားတို့ကတော့ တွေ့ရင် ဘာဖြစ်သတုံး (သောက်ချင်ပါတယ် ဘုရား)။
သောက်ချင်တယ်၊ ခင်ချင်တယ်၊ မင်ချင်တယ်၊ မျိုချင်တယ်၊ သိပ်ချင်တယ်ဆိုတဲ့ သဘောဟာတော့ဖြင့် ခင်ဗျား တို့ဘဝများစွာက ငတ်လာတော့ ဒီအတိုင်းပဲ ဒီအာရုံတွေ တွေ့လို့ရှိရင် တွေ့တာနဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားတို့ သောက်မိမျိုမိတာပဲဆိုတာကော သဘောပါကြပလား – (ပါ-ပါတယ် ဘုရား)၊ တယ်ကြောက်စရာ ကောင်းပါကလား ဒကာ ဒကာမတို့ (ကောင်းပါတဖယ် ဘုရား)၊ သဘောရောက်ကြပလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် ဘုရားဘယ်နား ကနေ ပွင့်ပါလိမ့်မတုံး (ခင်ရာမင်ရာနားကပါ ဘုရား)။
ခင်ရာမင်ရာနားကနေပြီး ဘုရားက စောင့်နေတယ်၊ ဟေ့-ပုထုဇဉ်မိုက် မင်း ရှေးဘဝကလဲ မဝဘဲနဲ့ ငတ်ပြီး သေခဲ့တယ်၊ မင်း ဒီဘဝထဲ အခု ရောက်ပြန်ပြီး ယခုရောက်တဲ့နေရာမှာ မင်း သည်ကားလို့ရှိရင် အမှားတွေ လုပ်ဦးတော့ မယ် (မှန်ပါ့ ဘုရား)၊ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ မင်းသောက်ဦးတော့မယ်ဆိုပြီးတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီကနေ စောင့်နေတယ် (မှန်ပါ့)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတဲ့အခါကျတော့ ဒီတရားတွေကို အဆိပ်နှင့်ရောထားသော ဒါတွေကို ခင်လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ စဉ်းစားကြည့် ကိုယ့်မျက်လုံးကလေး ကိုယ်ခင်လို့ရှိရင် တဏှာမလာ ပေဘူးလား (လာပါတယ် ဘုရား)၊ တဏှာလာရင် ဥပါဒါန်ကကော (လာပါတယ် ဘုရား)၊ ကံကကော (လာပါတယ် ဘုရား)။
ဟော ဇာတိဆိုတဲ့ ခန္ဓာငါးပါး (လာပါတယ် ဘုရား)၊ ဇရာမရဏဆိုတဲ့ အိုပွဲ,သေပွဲ-(လာပါတယ် ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါဟာ မျိုမိလို့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မျိုတာတဏှာ၊ စွဲလမ်းတာက ဥပါဒါန်ပါ
ဒီဟာမျိုမိတဲ့အတွက် တဏှာနဲ့မျိုလိုက်တဲ့ အခါကျတော့ မျိုတာတဏှာ၊ စွဲလမ်းတာက-(ဥပါဒါန်ပါ)၊ အားထုတ်တာက – (ကံပါ ဘုရား)၊ ကံကနေ ပစ်ချလိုက်တော့ ဘာတွေရသလဲ (ခန္ဓာငါးပါးရပါတယ် ဘုရား)။
ခန္ဓာငါးပါးရတော့ ဘာပွဲတွေခင်းရသလဲ (အို, နာ, သေပွဲ ခင်းရပါတယ် ဘုရား)၊ အို, နာ, သေပွဲတွေ မခင်းရဘူးလား (ခင်းရပါတယ် ဘုရား)၊ သောက်မိလို့ ဖြစ်ရတယ် (မှန်ပါ့)၊ ဒီဟာတွေ ခင်မိမျိုမိ သောက်မိလို့ ဖြစ်ရတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အာယတနခြောက်ပါးကို ခင်မိ မျိုမိ သောက်မိတဲ့အတွက် ဒကာ ဒကာမတွေ တဏှာ ဥပါဒါန် ကံတွေ ပေါ်လာပြီးသကာလ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးကော ပေါ်မလာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း သူကနေ အညွန့်အညှောက်တွေ ပေါ်လာလိုက်တာ အို,နာ,သေ အညွန့် တွေပေါက်လာတယ် (မှန်လှပါ ဘုရား)၊ ဘာတွေများ ပေါက်လာသလဲ (အို, နာ, သေ အညွန့်အညှောက်တွေ ပေါက်လာပါ တယ် ဘုရား)။
အို, နာ, သေ အညွန့်တွေ
ဪ အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှေ့ဘာအညွန့်တွေများ ပေါက်ကြမှာပါလိမ့် (အို, နာ, သေ အညွန့်တွေပေါက်မှာပါ ဘုရား)၊ အို, နာ, သေအညွန့်တွေ ပေါက်တော့မယ်၊ ခန္ဓာကြီးဟာလေ (မှန်ပါ့)။
ဘယ်နှယ့်ကြောင့် ဒီခန္ဓာကြီးဟာ အို,နာ,သေ အညွန့်တွေပေါက်ပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ စဉ်းစားကြည့်တဲ့၊ ဒီ မိမိတို့ခင်ရာမင်ရာကို မျိုမိသိပ်မိလို့-(မှန်ပါ့)။
ဦးခင်မောင်ရေ ဘာတဲ့-(မျိုမိသိပ်မိလို့ပါ ဘုရား)၊ မျိုမိ သိပ်မိတာက တဏှာပေါ့ဗျာ (မှန်ပါ့)၊ စွဲလမ်းတာက- (ဥပါဒါန်ပါ)၊ အားထုတ်တာက-(ကမ္မဘဝပါ ဘုရား)၊ အားထုတ်တော့ ဘာတွေရသလဲ (ခန္ဓာငါးပါးရပါတယ် ဘုရား)။
ခန္ဓာငါးပါးရတော့ကို ဒကာ ဒကာမတို့၊ ဘာအညွန့်တွေပေါက်လာသလဲ- (အို,နာ,သေ အညွန့်တွေ ပေါက်ပါတယ်)။ အို,နာ,သေ အညွန်တွေ ပေါက်လာတော့ ဪ ဒါဟာ အမျိုမှားပဲ အသိပ်မှားပဲ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဒီနားကနေပြီး ပွင့်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မင်းတို့သည်ကားလို့ဆိုရင် ဘဝများစွာ အငတ်သေလာတယ်၊ အခု ရောက်ရာ ခန္ဓာကြီးကို မင်းတို့ ခင်လိမ့်ဦး မယ်၊ ခင်ရင်အနာဂတ်ခန္ဓာကြီးရမယ်၊ ရရင် အို,နာ,သေ အညွှန့်တွေပေါက်မယ်၊ ဒါတွေ ဘုရားက သိပ်မစိုးရိမ်ဘူးလား (စိုးရိမ်ပါတယ် ဘုရား)၊ ကဲ ဘုရားက စိုးရိမ်တော်မူတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားဘယ်နားပွင့်ပါလိမ့်
ဪ ဘုရားဘယ်နားပွင့်ပါလိမ့် (ခင်ရာ, မင်ရာနားပွင့်ပါတယ် ဘုရား)၊ ခင်ဗျားတို့ကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင်ပွင့်တယ် အောက်မေ့မှာပေါ့ဗျာ (မှန်ပါ့)။
မဟုတ်ပါဘူး ဒကာ ဒကာမတို့ ကိုယ်တော်မြတ်ကြီးက ဗောဓိပင်နဲ့ရွှေပလ္လင်ပေါ်မှာတော့ သူထိုင်တော့ ထိုင်ပါတယ်တဲ့၊ ခင်ဗျားတို့ တရားဟောတဲ့အခါ ဒီပလ္လင်ကြီးပါ-ပါလာသလား-(မပါ-ပါ ဘုရား)၊ မပါ-ပါဘူး ဒကာ ဒကာမ တို့၊ ဒီပလ္လင်ကြီး မပါ-ပါဘူး၊ ခင်ဗျားတို့သန္တာန်မှာရှိတဲ့ ဒါတွေကို ဝိပဿနာ အရှုခိုင်းတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ခင်ဗျားတို့ သန္တာန်ရှိတဲ့ ဒီ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မနတွေကို ဘာအလုပ်ခိုင်းသတုံး- (ဝိပဿနာ အရှုခိုင်းပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအလုပ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနေရာက စောင့်နေတဲ့ကိုယ်တော် မြတ်ကြီး အစစ်ပါပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ အင်း ဟင် အယာတန ခြောက်ပါးနားက ကိုယ်တော်ကြီး ဘာလုပ်နေပါလိမ့် (စောင့်နေပါတယ် ဘုရား)၊ စောင့်နေတယ်၊ ပုထုဇဉ်မိုက်က ဘာစိတ်ကူးနေသတုံး မျိုမလို့ (မှန်ပါ့)။
မျိုမလို့ သိပ်မလို့ စိတ်ကူးနေတဲ့အခါ ဘုရားက ဟေ့ ပုထုဇဉ်မိုက်၊ စက္ခု, သောတ, ဃာန, ဇီဝှာ, ကာယ, မန တို့သည်ကားလို့ဆိုရင်ဖြင့် အဆင်းလဲ ကောင်းပါတယ်၊ အနံ့လဲကောင်းပါတယ်၊ သို့သော် အဆိပ်နဲ့ ရောထားတဲ့ အရက်တွေ ကွ သွားမသောက်နဲ့။ သေရင်လဲသေ မသေသော် မလှတမ ဖြစ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘုရားက ဒီအနားရပ်ပြီး ပွင့်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား- (ကျပါတယ် ဘုရား)။
ခင်ရာ မင်ရာနားမှာပွင့်ပါတယ်
ဒါဖြင့် ဘုရားပွင့်တဲ့နေရာဌာန သိပါပြီ (မှန်ပါ့ ဘုရား)၊ အိန္ဒိယမှာ ပွင့်သလား၊ ဘယ်နားမှာ ပွင့်ပါလိမ့် (ခင်ရာ မင်ရာနားမှာပွင့်ပါတယ်)၊ ခင်ရာမင်ရာနားမှာ ဒီနေရာကနေ ဟောလိုက်တာလား (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ ခင်ရာမင်ရာနားကနေ ပွင့်တော့ ခင်ဗျားတို့ တချို့မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်ကား ဆိုလို့ရှိရင် တာဝတသာ သွားဟောတာလဲ ဒီဟာတွေ မသောက်မမျိုမိအောင် ဟောတာပဲ (မှန်ပါ့)။
ဟို ဗြဟ္မာ့ပြည်သွားပြီး ဗကဗြဟ္မာကြီး သွားဟောတာလဲ ဒါတွေ မသောက်မမျိုမိအောင် ဟောတာပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
မိဂဒါဝုန်တောမှာ ပလ္လင်မပါဘဲနဲ့ ဓမ္မစကြာတရားကြီးဟောတော့လဲ ဒီနားကနေ ဟောနေတာပဲ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ ပွင့်တဲ့နေရာကတခြား၊ ဟောတဲ့နေရာက တစ်ဖုံပေါ့ဗျာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာလဲ အခုဆရာသမားတွေရော၊ ဘုန်းကြီးများရော အားလုံးပေါ့ဗျာ၊ ဒီနားက စောင့်နေတာပဲ (မှန်လှပါ ဘုရား)။
ဒီနားကစောင့်နေတော့ ခင်ဗျားတို့က ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ အသက်ပေါင်း ရာကျော်ရှည်ပြီး သကာလ စည်းစိမ်ဥစ္စာ ရတနာ သားသမီးတွေ၊ အခြွေအရံတွေနဲ့နေပါရစေဆိုပြီး ကိုယ့်ခန္ဓာကြီးကို တစ်ခါတည်း ပုတီးကလေး စိမ့်ကာစိပ်ကာနဲ့ ထင်နေလိုက်တဲ့အခါ ဘာတွေတွေ့နေသလဲ၊ ပုတီးကတခြား၊ ထင်တာက တခြားကိုးဗျ (မှန်ပါ့)။
ပုတီးကလေး စိပ်ပြီးသကာလ အဟံ အဝေရာ ဟောမိ၊ ဒီခန္ဓာကြီး ကျန်းမာပါရစေ၊ ကိုယ်လဲ ကျန်းမာပါစေ၊ ကိုယ့်သားသမီးကလေးတွေကော (ကျန်းမာပါရစေ၊ အိုအောင်၊မင်းအောင်၊ ပေါင်းပါရစေ (မှန်ပါ့)။
အိုအောင်၊ မင်းအောင် ပေါင်းပါရစေဆိုတော့ ဘာတွေ့လာသတုံး (တဏှာပါ ဘုရား)၊ တဏှာလာပြီ တဲ့ အကြောင်းက ရိုးရိုးလား၊ သူပေါင်းချင်တာက အရေးကြီးတာလား (သူပေါင်းချင်တာက အရေးကြီးတာပါ ဘုရား)။
မေတ္တာထဲမှာ တဏှာရောနေတာ
အဲဒါဖြင့် မေတ္တာထဲမှာ တဏှာရောနေတာ သူသိလိုက်သေးသလား (မသိပါ ဘုရား)၊အဲဒါကြောင့် ရာဂေါ မေတ္တာယဝေဉ္စတိ။ ရာဂေါ၊ ရာဂသည်။ (ဝါ) ခင်မှု ရာဂသည်။ မေတ္တာယ ၊ မေတ္တာလိုလိုနဲ့။ ဝေဉ္စတိ၊ လှည့်စား၏။
ရာဂက ဘာလိုလိုတဲ့ (မေတ္တာလိုလိုနဲ့)၊ မေတ္တာလိုလိုနဲ့ ရာဂက လုပ်ပစ်လိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီခန္ဓာကြီးနဲ့ဘာတုံး၊ အိုအောင်၊ မင်းအောင် နေရပါလို၏၊ ဒါမှ ဒီသားသမီးတွေနဲ့လဲ မခွဲမခွါရမည့် အဓိပ္ပာယ်မပါဘူး လား (ပါ-ပါတယ် ဘုရား)။
အဲဒါကြောင့် ကိုယ့်ခန္ဓာကိုယ် မေတ္တာပို့တဲ့အခါ မျိုးရိုးက ကျယ်လာတယ် (မှန်ပါ့)၊ သားတွေ၊သမီးတွေ၊ ခင်ပွန်းတွေနဲ့ မခွဲချင်တဲ့စိတ်ကလေးကလဲ ပါသေးတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒါတော့ မခွဲချင်တာက တဏှာဟုတ်ရဲ့လား၊ ပို့တဲ့အသံက မေတ္တာ၊ မခွဲချင်တာက (တဏှာပါ ဘုရား)၊ ပို့တဲ့အသံက (မေတ္တာပါ ဘုရား)။
အဲဒါကြောင့် ရာဂေါ မေတ္တာယ ဝေဉ္စတိ၊ ရာဂေါ၊ ရာဂဆိုတဲ့တရားက၊ မေတ္တာယ၊ မေတ္တာလိုလို။ ဝေဉ္စတိ၊ သူကနေပြီးသကလ မေတ္တာလုပ်နေ၏တဲ့-(မှန်ပါ့)၊ လုပ်သာလုပ်နေ၏။ မေတ္တာမဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့် (ရာဂပါ ဘုရား)၊ ရာဂတဏှာပဲတဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့၊ ဘာတဲတုံး (ရာဂတဏှာပါ ဘုရား)၊ အဲဒီတော့ မေတ္တာပို့ကလေး ရှင်းရှင်းကလေးတော့ လုပ်ကြပါလို့ တောင်းပန်ပါရစေနော် (မှန်ပါ့)၊ မေတ္တာပို့တဲ့အခါ ဘယ်လိုပါလိမ့် (ရာဂ မပါရပါ) ၊ တဏှာမပါစေပါနဲ့၊ ရာဂမပါစေနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာအပို့များပါတယ်
ကျုပ်ဖြင့် ခင်လွန်းလို့ မေတ္တာပို့နေတာဆိုရင် သွားပြီ ဒီဥစ္စာ၊ မသွားသေးဘူးလား (သွားပါပြီ ဘုရား)၊ ခင်တာက ဘာပါလိမ့် (တဏှာပါ ဘုရား)၊ မေတ္တာပို့တာက မေတ္တာ (မှန်ပါ့ ဘုရား)၊ မေတ္တာတို့၊ ကရုဏာတို့က တခြားမဟုတ်လားဗျာ (မှန်ပါ့ ဘုရား)။
အင် ဟင် တခြားပေမယ့် ခင်ဗျားတို့က ဘယ်သူ့အပို့များသတုံးလို့မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်ပြောကြမလဲ- (တဏှာအပို့များပါတယ်၊ ခင်ရာမင်ရာပို့တယ် (မှန်ပါ့)၊ သွားပါပြီ၊ ခင်ဗျားတို့မေတ္တာဟာ ဒါကြောင့်မစူးတာ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ရာဂေါ မေတ္တာယ ဝေဉ္စတိ၊ ဆိုတဲ့အတိုင်းတဲ့၊ ရာဂေါ၊ ရာဂသည်။ မေတ္တာယ ၊ မေတ္တာလိုလိုနှင့်။ ဝေဉ္စတိ၊ သတ္တဝါသန္တာန်မှာအပို့ခိုင်းပြီ-(မှန်ပါ့)၊ ရိပ်မိပလား-(ရိပ်မိပါပြီ)။
ဘာနဲ့ပို့နေကြတာလဲ (တဏှာနဲ့ပါ ဘုရား)၊ တဏှာနဲ့ပို့နေကြတာ၊ ခင်ဗျားတို့အထက်ကလဲ ကျုပ်ဖြင့်ဗျာ အိမ်မှ လူတွေ မမာတာသာ မြင်ရတာပဲ၊ မေတ္တာအမြဲပို့နေတယ်။ အံမာ၊အိမ်တော့ လူမမာဘူးတဲ့၊ မေတ္တာကတော့ အမြဲပို့နေ တယ်၊ ဒီမေတ္တာတွေ ဘယ်ရောက်ကုန်ပါလိမ့်မတုံးတဲ့၊ ခင်ဗျားတို့က မေတ္တာများ စိတ်ဆိုးနေလိုက်သေးတယ် (မှန်ပါ့)။
မေတ္တာလား ၊ တဏှာလား (တဏှာပါ ဘုရား)၊ ဟာ တဏှာဖြင့်မကောင်းကျိုးပေးမှာပေါ့-(မှန်ပါ့ ဘုရား)၊ မေတ္တာဖြစ်ရင် (ကောင်းကျိုးပေးရမယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ စစ်စစ်ကလေးဖြစ်အောင် လုပ်ပါဆိုတာကိုလဲ ဒီကြားညှပ်ပြီးသကာလ ဒီစကားကို အသုံးပြုပြီး ပေးလိုက်ပါတယ် ဆိုတာလဲ မှတ်လိုက်စမ်းပါနော် (မှန်ပါ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဘုရားပွင့်တဲ့နေရပ် သိပါပလား (သိပါပြီ ဘုရား)၊ ဘယ်နားကနေပွင့်သလဲ- (ခင်ရာမင်ရာ နားက နေပွင့်ပါတယ် ဘုရား)။
ခင်ဗျားတို့ ခင်ရာမင်ရာ နားကနေပြီး ဘုရားပွင့်တယ်၊ (မှန်ပါ့)၊ အင်း ဟင် ဘုရားတောင်ပွင့်ဖို့နေရာက အတော်များများ ပွင့်ရမယ်၊ ဒီဘက်က သားကလေး ကျပြန်လဲခင်တော့ အဲဒီနား ဘုရာသွားရဦးမယ်၊ ဟ ဒါလဲ နင်သွားမမျိုနဲ့ (မှန်ပါ့)။
ဒီဘက်သမီးကလေးကျပြန်တော့ ခင်ဗျားတို့က ဘယ်လိုစိတ်ကူးပြန်လဲ (ခင်ပါတယ် ဘုရား)၊ ခင်တော့ မျိုမိမှာပဲ ဆိုတဲ့ အဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။
အဲဒီနား ဘုရားသွားရသေးတယ်၊ ဒါလဲ မမျိုနဲ့ မျိုရင်အဆိပ်ပဲ၊ သဘောကျပလား-(ကျပါပြီ)၊ ဒါကလေးက တူမကလေး၊ အင်မတန် လိမ္မာရေးခြား ရှိပြန်တယ်ဆိုတော့ ခင်ဗျားတို့က ဘယ်စိတ်ကူးရသလဲ (ခင်ပါတယ် ဘုရား)။
အင်း သွားမမျိုနဲ့ဦး၊ ဒါလဲ အဆိပ်ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီကနေပြီးသကာလ မြေးကလေးဆိုတာကော ခင်ဗျားတို့က ဘယ်လိုစိတ်ကူးပြန်သလဲ -(ခင်ပါတယ် ဘုရား)။
ခင်မယ် မင်မယ်ပဲ စိတ်ကူးနေတယ်မဟုတ်လား (မှန်လှပါ)၊ အင်း ဒါ မျိုတဲ့သိပ်တဲ့သဘော မပါဘူးလား-(ပါ-ပါတယ် ဘုရား)။
အဲဒီနေရာ ဘုရားက လိုက်ပွင့်ရတယ်၊ ဟေ့ ဒါလဲမမျိုနဲ့ဒါလဲ အဆိပ်နဲ့ရောထားတဲ့အရက်တွေဟ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဆိပ်နဲ့ရောထားတဲ့အရက်
ဘာတုံး (အဆိပ်နဲ့ရောထားတဲ့အရက်ပါ)၊ အဲဒီတော့ အရက်ဆိုတာ မူးစေ ယစ်စေတယ်၊ သဘောကျပလား (မှန်ပါ့)၊ အဆိပ်ဆိုတာက သေစေတယ်-(မှန်ပါ့)၊ ဒီအာရုံတွေထဲမှာ ခင်ဗျားတို့ပျော်နေလို့ရှိရင် ဒါမူးနေတာပဲ၊ သဘောကျပလား-(ကျပါပြီ)၊ နောက်ကျတော့ ခင်ဗျားတို့ ဒီအာရုံကြောင့် ဒီဘက်က အိုနာသေတွေ တွေ့ရတာက အဆိပ်သသင့်ပြီး သေတာ (မှန်ပါ့)။
ဒါဖြင့် ဒကာဒကာတို့၊ ဒီအာရုံတွေသည် မူးလဲမူးစေပါသည်ဆိုတာ ပေါ်ကြပလား (မှန်ပါ့)၊ သေလဲသေစေတယ် (မှန်ပါ့ ဘုရား)
ခင်ဗျားတို့ သားတို့ သမီးတို့ ခန္ဓာတွေဟာ ဘာတုံး ဒကာ ဒကာမတို့ (အဆိပ်တွေပါ ဘုရား)၊ အဆိပ်တွေ၊ အဆိပ်နဲ့ရောထားတဲ့ အရက်နှစ်ခု ထည့်လိုက်ပါ (မှန်ပါ့)၊ ဘာနဲ့လဲ (အဆိပ်နဲ့ရောထားတဲ့ အရက်ပါ ဘုရား)။
ဒကာ ဒကာမတို့ မူးလဲမူးစေတယ်၊ သဘောကျပလား၊ သေကော-(သေစေပါတယ် ဘုရား)၊ မူးလဲမူးစေတယ် ဆိုတာက ဒီအာရုံတွေသာ ဝင်လာလို့ရှိရင်၊ ဒီခင်စရာ မင်စရာတွေသာ ဝင်လာလို့ရှိရင် ဒကာ ဒကာမတို့ သူတော်ကောင်း အလုပ်ဆိုတဲ့ ဝိပဿနာအလုပ်ကြီး သစ္စာတွေမြင်တဲ့ အလုပ်ကြီးလုပ်ဖြစ်ပါသေးရဲ့လား (မလုပ်ဖြစ်ပါ ဘုရား) ၊ ဘာဖြစ်လို့တုံး (မူးနေလို့ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
မူးတော့ တဏှာ ဥပါဒါန်ကံတွေက မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ခန္ဓာက မရဘူးလား (ရပါတယ်)၊ ခန္ဓာရတဲ့အခါကျတော့ အို နာ သေ အညွှန့်တွေက မပေါက်ဘဲ နေပါ့မလား (မနေပါ ဘုရား)။
ဪ ဒါဖြင့် ဒီအရာတွေ မျိုမိ သိပ်မိတာကလဲ မူးလို့မျိုတယ်၊ နောက်အဆိပ်ဖြစ်ပြီးသကာလ အိုပွဲ နာပွဲ သေပွဲခင်းရတယ်-(မှန်ပါ့)၊ သဘောပါပလား – (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒီဟာတွေသည် သောက်ကောင်းတဲ့အလုပ်သား၊ မသောက်ကောင်းတဲ့ အလုပ်လား (မသောက်ကောင်းတဲ့အလုပ်ပါ ဘုရား)။
မူးမှာ သေမှာ စိုးရိမ်တယ်
ဪ ဒါတွေ ဟောရတော့မယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုထုဇဉ်ကလဲ ဒါတွေကြိုက်လိုက် တာလွန်လို့-(မှန်ပါ့)၊ ဘုရားကလဲ မူးမှာစိုးရိမ်၊ သေမှာကော (စိုးရိမ်ပါတယ် ဘုရား)။
ဘုရားစိုးရိမ်တာလဲ သဘောကျပလား-(ကျပါပြီ)၊ မူးမှာမူးမှာကော (စိုးရိမ်ရပါတယ်)။ သေမှာကော (စိုးရိမ်ပါ တယ် ဘုရား)။
ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် ကရုဏာရော မေတ္တာရော ဒကာသစ်တို့ ကိုမြရွှေတို့ တန်းကုန်နေပြီ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ကလဲ တွေ့လို့ရှိရင်တော့ဖြင့် သောက်မဟ, သားတည်းဟူသော အာရုံနဲ့တွေ့ရင်လဲ ခင်မဟ၊သမီး တည်းဟူသော အာရုံနဲ့တွေရင်ကော ခင်မဟ၊ ဆွေမျိုးတည်းဟူသော အာရုံနဲ့တွေရင်ကော ခင်မဟ။
ခင်ဗျားတို့ကလဲ မျိုမယ် သိပ်မယ်ချည်း စိတ်ကူးနေတာပဲ (မှန်ပါ့)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီနားက နေပြီးသကာလ ဟ အဆိပ်နဲ့ရောသားတဲ့အရက်တွေဟ၊ အဆိပ်နဲ့ရောထားတဲ့အရက်တွေပါဟလို့ ဒီဟ အမျိုးမျိုး ပြောရတယ်- (မှန်ပါ့)၊ သဘောကျပလား -(ကျပါပြီ ဘုရား)။
ဘုရားက တားမြစ်သမား ခင်ဗျားတို့က အတင်းမျိုသမား-(မှန်ပါ့ ဘုရား)၊ သဘောကျပလား-(ကျပါပြီ)၊ ဘုရာက-(တားမြစ်သမားပါ)၊ ခင်ဗျားတို့က-(အတင်းမျိုသမားပါ)။
တားလို့ရတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်တာပဲ
အဲဒီတော့ စဉ်းစားလိုက်ပါတဲ့၊ မမျိုတဲ့ပုဂ္ဂိုလ်တွေဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာတဏှာနဲ့လဲ မမူးလို့ အိုပွဲ သေပွဲ နာပွဲတွေက လွတ်သွားတယ်-(မှန်ပါ့)၊ တားလို့ရတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့ ဘုရား)။
တားလို့မရတဲ့ပုဂ္ဂိုလ်မှာ အရှုးပွဲရယ်၊ သေပွဲရယ် သွားတွေ့တယ်-(မှန်ပါ့ ဘုရား)၊ သဘောကျပလား-(ကျပါပြီ)။
မသေခင်ရူးတယ်၊ နောက်ကျတော့ သေတော့ကို အရူး သေ-သေတယ်(မှန်လှပါ)၊ သဘောကျပလား- (ကျပါပြီ)။
ဒါဖြင့် မျိုတဲ့ပုဂ္ဂိုလ် သိပ်တဲ့ပုဂ္ဂိုလ် သားခင် သမီးခင် ဆွေခင် မျိုးခင် ကိုယ်ခန္ဓာခင်တဲ့ ပုဂ္ဂိုလ်များဟာ ဒကာ ဒကာမတို့ အဆိပ်နဲ့ရောထားတဲ့အရက် သောက်နေကြတာပါကလား-(မှန်ပါ့)။
တော်တော်ကြာကြာလို့ရှိရင် အဆိပ်နဲ့ရောထားတဲ့အရက်သည် ဒကာ ဒကာမတို့ မူးရုံပဲလား သေမှုပါသေးလား (သေမှုပါ,ပါတယ် ဘုရား)။
ဒါဖြင့် မူးပြီးသကာလ သေချင်းဆိုးသေတဲ့အလုပ် (မှန်ပါ့)၊ ခင်လို့ရှိရင် မူးပြီး (မှန်ပါ့)၊ မူးလို့ရှိရင် နောက်ဆုံးပိတ် ဘာဖြစ်ရမလဲ (သေပါတယ် ဘုရား)။
သေချင်းဆိုးသေရမယ် ဒကာ ဒကာမတို့ရဲ့-(မှန်ပါ့)၊ မသေရပေဘူးလား – (သေရပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်တာသည် မူးတာပဲ (မှန်ပါ့ ဘုရား)။
မူးလို့ဆို့ရင်ဖြင့် ဒီခန္ဓာတွေမရပေဘူးလား (ရပါတယ်)၊ တဏှာမူး ဥပါဒါန်မူးကိုးဗျ၊ ကံရူးမှု သဘောကျပလား (မှန်လှပါ ဘုရား)။
ကံကအရူး
တဏှာလဲအမူးပဲ၊ ဥပါဒါန်ကလဲ (အမူးပါပဲ)၊ ကံကအရူး (မှန်ပါ့)၊ ကံက အရူးကံတဲ့၊ ဒကာ ဒကာမတို့၊ ဘယ့်နှယ်ကြောင့် အရူးကံလဲဆိုတော့ ဒုက္ခသစ္စာ လုပ်တဲ့ကံကို၊ (မှန်ပါ့)။
ဘာလုပ်တဲ့ကံပါလိမ့် (ဒုက္ခသစ္စာလုပ်တဲ့ကံ)၊ ဒုက္ခသစ္စာလုပ်တဲ့ကံဆိုတော့ ဒကာ ဒကာမတို့၊ အင်း တဏှာလဲ အရူး ဥပါဒါန်ကလဲအရူး၊ ကံကလဲ (အရူးပါ ဘုရား)။
သူက လုပ်စေတာက ခန္ဓာငါးပါးက ဘာသစ္စာ (ဒုက္ခသစ္စာပါ )၊ ဒီခန္ဓာငါးပါးကြီးကလဲ ဘာတွေများ အညွှန့် အညှောက်တွေ ပေါက်လာပါလိမ့် (အို နာ သေ တွေပါ ဘုရား)။
အို နာ သေ အညွှန့်တွေပေါက်လာတာ ဒကာ ဒကာမတို့၊ ဒါ အသောက်လွဲလို့ဖြစ်ရတာ၊ လက်သည်တွေ့ပြီ (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့် (အသောက်လွဲလို့ပါ ဘုရား)။
အသောက်လွဲလို့ တွေ့ရတယ်ဆိုတာ သေချာကြပလား ၊ (သေချာပါပြီ)၊ အို ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ ဒီနေရာကမှ ဘုရားမပွင့်လို့ရှိရင် ကိုယ်ကျိုးတော့ လှလှကြီး နည်းပြီ (မှန်ပါ့ ဘုရား)။
ယခုလို နေရတုန်းမှာ ရူးရမယ်၊ ယခုလိုနေရတုန်းမှာ (ရူးရပါမယ်)၊ သားနဲ့ရှုး၊ သမီးနဲ့ရှုး၊ ပစ္စည်းနဲ့ရှုး၊ မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ အင်း သေတော့ကော အကောင်းသေလား၊ အရူးသေလား (အရူူးသေပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ဪ ရှင်တုန်းလဲ သူ့ကြည့်ရတာ စိတ်ပျက်လိုက်တာ၊ ရူးနေရှာတယ် သေတော့ အရူးပျောက်သွားသလား ၊ အရူးသေပဲ သေရရှာသလား (အရူးသေပဲ သေရပါတယ် ဘုရား)။
အနေမှာဆိုး၍ အသေမှာလဲဆိုးတယ်
ဒါဖြင့် အနေမှာဆိုး၍ အသေမှာလဲဆိုးပါတယ် – (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ-(အနေမှာလဲဆိုး၍ အသေမှာလဲ ဆိုးပါတယ် ဘုရား)။
အနေမှာတော့ ရူးလို့ဆိုးတယ်၊ အသေမှတော့ ရောဂါမပျောက်ဘဲနဲ့သေတဲ့အတွက်-(ဆိုးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ အနေဆိုး အသေဆိုးနဲ့ ခင်ဗျားတို့ ကြုံတော့မယ်-(မှန်ပါ့ ဘုရား)၊ အခု ဘုရားဟောတာ နားမထောင်ရင် (မှန်ပါ့)။
ဘုရားဟောတာ နားမထောင်ရင် ဘယ့်နှယ်ဖြစ်မယ် (အနေဆိုးအသေဆိုး ဖြစ်ပါမယ် ဘုရား)၊ အနေဆိုး အသေဆိုးနဲ့ ခင်ဗျားတို့အားလုံး သွားရတော့မယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ ဘုရားဟောတာ နားမထောင်ရင် (အနေဆိုးအသေဆိုးနဲ့ သွားရမယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ထောင်သင့် မထောင်သင့်လဲ အကဲခတ်ပါဦး- (ထောင်သင့်ပါတယ် ဘုရား)၊ ဒီနေရာတွင် ထောင်ရမှာလား ၊ တွေ့တဲ့နေရာ ထောင်ရမှာလား (တွေ့တဲ့နေရာ ထောင်ရမှာပါ ဘုရား)။
ဟောဒီအာရုံနဲ့ တွေ့တိုင်းတွေ့တိုင်း ဒီအရက်တွေ၊ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ မသောက်မိအောင် စိတ်ကူးရမယ်-(မှန်ပါ့ ဘုရား)။
ဒါ အင်မတန်နက်လာပြီနော် တရားဟာ-(မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ဒီဥစ္စာ အရင် လမ်းခင်တုန်းကတော့ လွယ်သလိုလိုနဲ့ အခုအခါကျတော့ ရှုရမည့် ပွားရမည့်အလုပ်ထဲ ရောက်လာပါပြီ (မှန်ပါ့ ဘုရား)။
ဘယ်အထဲရောက်လာသလဲ (ရှုရ ပွားရမည် အလုပ်ထဲ ရောက်လာပါပြီ)၊ အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးက အလုပ်ပေးရမည့်ဆရာ၊ ဒီနားက ရပ်ပြီးသကာလ ဘုရားကလဲမရှိတော့ ဘုရားဟောတဲ့ ဒေသနာတွေ ကြည့်ပြီး ဒကာ ဒကာမတွေ ဒါတွေသောက်လို့ရှိရင်ဖြင့် တို့ ဒကာ ဒကာမတွေမှာ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ သောက်မိလို့ရှိရင်ဖြင့် ရှင်တော့ ရူးမနေပေဘူးလား (နေပါတယ် ဘုရား)။
ရှင်တုန်း ကံအရူး သေတော့သေခြင်းဆိုး
ရှင်တုန်း ကံအရူး(မှန်ပါ့)၊ သေတော့သေခြင်းဆိုး- (မှန်ပါ့ ဘုရား)၊ မဆိုးရွားဘူးလား -(ဆိုးရွားပါတယ်)၊ ရှင်တော့ (အရူးပါ)၊ သေတော့ (သေခြင်းဆိုးပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ အရူးသေ သေရလေခြင်းဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ရှင်တုန်းမှာလဲ လူပုံအလယ် မှာ အရှက်ကွဲပါတယ် (မှန်ပါ့)။
ရှင်တုန်းမှာလဲ-(လူပုံအလယ်မှာအရှက်ကွဲပါတယ်)၊ သေတဲ့အခါ ကျက်သရေမင်္ဂလာများ ရှိသေးသလား (မရှိပါ ဘုရား)။
ကျက်သရေမဒီလာတုံးပြီးတော့ သေရပါတယ်ဆိုတော့ ဘယ်ကောင်းတာ ပါသေးတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီနားရပ်ပြီး ဆရာဘုန်းကြီးက ဆရာသမားတွေက ဘုရားက ကိုင်း ဒါတွေ မသောက်ဖြစ်အောင် ပြောရတော့မယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့၊ ဘယ်လိုဖြစ်အောင် ပြောရတော့မယ်-(မသောက်ဖြစ်အောင် ပြောရတော့မယ်)၊ မသောက်ဖြစ် အောင် မခင်ဖြစ်အောင် ဒကာ ဒကာမတွေ ဒါ-ပြောရတော့မယ်နော် (မှန်ပါ့)။
မသောက် မခင် မမျိုတော့ဘူးဆိုတော့ တဏှာ ဥပါဒါန်ကံတွေက ဘယ့်နှယ်နေသလဲ-(ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတယ်၊ မချုပ်ဘူးလား – (ချုပ်သွားပါတယ် ဘုရား)။
သူတို့ ချုပ်တာက ခန္ဓာလာသေးလား (မလာပါ ဘုရား)၊ အင်း ခန္ဓာမလာတော့ ဒုက္ခသစ္စာက ငြိမ်းတယ်၊ သူတို့ချုပ်တော့ သမုဒယသစ္စာက ငြိမ်းတယ်၊ ခန္ဓာခလာတော့-(ဒုက္ခသစ္စာငြိမ်းပါတယ် ဘုရား)။
သူတို့ ချုပ်တော့ (သမုဒယသစ္စာက ငြိမ်းပါတယ်)၊ ခန္ဓာလောတော့ (ဒုက္ခသစ္စာငြိမ်းပါတယ် ဘုရား)။
အို ဒုက္ခသစ္စာငြိမ်းပေါ့၊ ဒီအညွှန့်အညှောက်တွေ ပေါက်ဖို့လိုသေးသလေား (မလိုပါ ဘုရား)။
နိဗ္ဗာန်ရောက်ဖို့အရေး
ဪ ဒါဖြင့် နိဗ္ဗာန်ရောက်တရားဆိုတာ ဒါပါကလား၊ မသောက်စေဖို့အရေးဟာ နိဗ္ဗာန်ရောက်ဖို့ အရေး၊ (မှန်လှပါ ဘုရား)၊ မမျိုဖို့အရေးဟာ (နိဗ္ဗာန်ရောက်ဖို့အရေး)၊ နိဗ္ဗာန်ရောက်ဖို့အရေးဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။
ဒါဖြင့် ဘုရားဘယ်နားကပွင့်ပါလိမ့် (ခင်ရာမင်ရာနားကပါ ဘုရား)၊ ခင်ရာမင်ရာနားက ပွင့်နေတယ်၊ ကိုမြရွှေ စောင့်နေတယ်နော် (မှန်ပါ့)၊ စောင့်နေတယ်၊ စောင့်နေတယ်၊ ဒကာ ဒကာမတို့၊ ဘုန်းကြီးများကလဲ ဒါတွေကိုရှုပါ၊ ဒါတွေကို ရှုပါဆိုတာ အမြဲပြောနေတယ် (မှန်ပါ့ ဘုရား)၊ မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။
ဒါတွေကို ရှုပါ
ဒါတွေကို ရှုပါ၊ ဒါတွေကို ရှုပါဆိုတော့ ခင်ဗျားတို့က ဒီစက္ခုဆိုတာ ကိုယ့်မျက်လုံးကလေးကလဲ “စက္ခုလောကေ ပိယရူပံ သာတရူပံ ဧတ္ထေသာ တဏှာ” ဟော ပါဠိတော်လာပြီ (မှန်ပါ့)။
စက္ခုဆိုတဲ့ မျက်လုံးကလေးကိုလဲတဲ့ ခင်ဗျားတို့က ပိယသာတ ဖြစ်ပါတယ်၊ ခင်မင်တယ်ဆိုတဲ့ဥစ္စာ မျိုတာပဲနော် (မှန်ပါ)။
ဒါကြောင့် “စက္ခုလောကေ ပိယရှုပံ သာတရှုပံ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထနိဝိသမာနာ နိဝိသတိခင်ဗျားတို့မှာ နေ့တိုင်းမျိုနေတာပဲ (မှန်ပါ့)။
”သောတံ လောကေ ပိယရူပံ သာတရူပံ” ဒီသောတကလေးဆိုတဲ့ နားကလေးကိုလဲ ပိယ သာတနဲ့ မျိုနေတာပဲ (မှန်ပါ့ ဘုရား)၊ “ဃာနလောကေ ပိယရူပံ သာတရူပံ” ဃာန တည်းဟူသော လောကတရားကြီးကို ခင်ဗျားတို့က မျိုနေပါပြီ၊ မမျိုဘူးလား (မျိုပါတယ် ဘုရား)။
ဇိဝှာလောကေ ဆိုတာကတော့ လျှာရုပ်ကလေးကိုလဲ အင်မတန် မသာယာကြဘူးလား (သာယာပါတယ် ဘုရား)။သူ့လဲ မျိုနေတာပဲ (မှန်ပါ့)၊ “ကာယောလောကေ ပိယရူပံသာတရူပံ” ကာယတည်းဟူသော လောကတရားကို ခင်ဗျားတို့က မျိုနေပါပြီ၊ မျိုဘူးလား (မျိုပါတယ် ဘုရား)။
”မနောလောကေ ပိယရူပံ သာဘရှုပံ” တဲ့၊ မနောကိုလဲ ခင်ဗျားတို့က ချစ်ခင်နှစ်သက်ကာ မျိုနေတာပဲ (မှန်ပါ့ ဘုရား)၊ ဧတ္တေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထနိဝိသမာနာ နိဝိသတိတဲ့ ဒီတဏှာ လာလို့ရှိရင် ဒီတဏှာလာ ဥပါဒါန်ကံ ခန္ဓာငါးပါးလာမယ် (မှန်ပါ့ ဘုရား)။ ခန္ဓာငါးပါး လာပြီးရင် ဇာတိ၊ ဇရာ၊ မရဏက ဘယ့်နှယ်နေသလဲ (လာပါတယ် ဘုရား)။
အဆိပ်နဲ့ရောထားတဲ့ အရက်ကြောက်ရမှာ
ကိုင်း ဒကာ ဒကာမတို့ ခန္ဓာငါးပါး ကြောက်ရမလားတဲ့၊ အဆိပ်နဲ့ရောထားတဲ့ အရက်ကြောက်ရမှာလား (အဆိပ်နဲ့ရောထားတဲ့အရက် ကြောက်ရမှာပါ ဘုရား)။
ဒါ မမျိုမိဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိုင်း ဒါဖြင့် မမျိုမိအောင်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနားပွင့်ပြီးသကာလနေရှာတော့ ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ တစ်သံသရာလုံးကလာတော့ ဒကာသစ်ရေ-ရောက်ရာ မျိုတော့တာပဲ (မှန်ပါ့ ဘုရား)၊ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားက ဒီနားကနေပြီး ဟေ့ ပုထုဇဉ်မိုက်၊ ဒီဥစ္စာ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား သဘောကျပလား (ကျပါပြီ)၊ ရောဂတရားကွ၊ ဘယတောဆိုတဲ့ ဘေးတရားတွေ (မှန်ပါ့)၊ ဒီငါးခုနဲ့ မင်းရှုစမ်းကွာ-တဲ့။
ဒါ အနိစ္စတရားလဲ ဟုတ်ပါသတဲ့၊ ဒုက္ခတရားကော (ဟုတ်ပါတယ်)၊ အနတ္တတရားကော-(ဟုတ်ပါတယ်)၊ ပြီးတော့ ရောဂတရားတော် (ဟုတ်ပါတယ်)၊ ဘေးသဘောကော (ဟုတ်ပါတယ် ဘုရား)။
တောငါးခုနဲ့ တစ်ခုခုပိုင်အောင် ရှု
ကဲ ဒါဖြင့် အနိစ္စတော ဒုက္ခကော အနတ္တကော ရောဂတော ဘယတောဆိုတဲ့ ဒီတောငါးခုနဲ့ တစ်ခုခုပိုင်အောင် ရှုစမ်း (မှန်ပါ့ ဘုရား)။
မင်းတို့ မမျိုမိတော့ဘူး-(မှန်ပါ့)၊ ဒီလိုဆိုတော့ ရှုတယ်ဆိုကတည်းက ဒကာ ဒကာမတွေက စဉ်းစားလိုက်တာပေါ့၊ ရှုတယ်ဆိုကတည်းက ဒီမှာ ဝိပဿနာမဂ် ဝင်လာပြီ၊မဝင်သေးဘူးလား-(ဝင်ပါတယ် ဘုရား)။
အင်း ဟင် မမျိုးဘူးဆိုတဲ့ သဘောသည်ထားလို့ဆိုရင် မမျိုတော့ဘူးဆိုတော့ ဒါတွေဟာ မသောက်ကောင်းတာ တွေ ဟုတ်လား၊ မမျိုကောင်းတာတွေဆိုတော့ ဝိပဿနာ ရှုနေတာ၊ မသောက်ကောင်းဘူး၊ မမျိုကောင်းဘူး ပြောနေတာ- (မှန်လှပါ ဘုရား)၊ သဘောပါကြပလား- (ပါ,ပါတယ် ဘုရား)။
ကြပ်ကြပ်နားထောင်ပါ ဒကာ ဒကာမတွေ၊ ဒီအရေးဟာ နေ့တိုင်းထက် ကြီးတယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။
ဝိပဿနာရှုဆိုတာ မသောက်ကောင်း၊ မမျိုကောင်းတာကို ရှုနေတာ-(မှန်ပါ)၊ ဝိပဿနာဆိုတာ ဘာပါလိမ့်- (မသောက်ကောင်း၊ မမျိုကောင်းတာကို ရှုနေတာပါ ဘုရား)။
မသောက်ကောင်း၊ မမျိုကောင်းတာကို အမှန်အကန်သိဖို့ရှုနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝိပဿနာရှုဆိုတာ ဘာပါလိမ့် (မသောက်ကေင်း ၊ မမျိုကောင်းတာကို ရှုနေတာပါ ဘုရား)။
မသောက်ကောင်း ၊မမျိုကောင်းတဲ့ တရားလို့ဆိုတော့ တဏှာနဲ့ မခင်ကောင်း၊ မခင်ကောင်းတဲ့တရား (မှန်ပါ့)၊ ဒါတွေက ရှုရမှာလား ၊မရှုရတော့ဘူးလား – (ရှုရမှာပါ ဘုရား)။
အဲ ရှုတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါကိုမသောက်ပါနဲ့၊ မမျိုပါနဲ့ ဟုတ်လား၊ မသိပ်ပါနဲ့ ဆိုတာတွေ ဝိပဿနာ ရှုပါတဲ့ကွာ၊ ဒါတွေဟာ အနိစ္စတရား ၊ ဒုက္ခတရား၊ အနတ္တတရား၊ ရောဂတရား၊ ဘယတရားတွေ (မှန်ပါ့)၊ သဘောကျပလား-(မှန်ပါ့)။
ဘယဉာဏ် ပေါ်အောင် ပြောနေတာ
ဘယတော ဘေးသင့်မှာတွေကွ-တဲ့၊ မင်းတို့ ဒီဥစ္စာဘေးတွေ ကြည့်ပေးစမ်းပါဆိုတော့ ဘယဉာဏ်တွေ ပြောနေ တာ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာပြောနေတာပါလိမ့် (ဘယဉာဏ်တွေ ပေါ်အောင် ပြောနေတာပါ ဘုရား)။
အဲဒီတော့ ဘယဉာဏ် ဒါတွေဟာ ကြောက်စရာဆိုတော့ ကြောက်ရာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ကြောက်တာက မဂ္ဂသွားဖြစ်တယ်-(မှန်လှပါ ဘုရား)၊ ကြောက်စရာက – (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)၊ ကြောက်စရာမှန်းသိတာက (မဂ်ပါ ဘုရား)၊ ဟော-သေတာက သမုဒယ (မှန်ပါ့ ဘုရား)၊ ဟုတ်လား၊ ဒီဘက်လာ ဒါတွေပေါ်တာက နိရောဓ (မှန်ပါ့)၊ ဟော ရှင်းမသွားဘူးလား (မှန်ပါ့)။
ဒါ-အင်မတန်ရှင်းပါတယ် ဒကာ ဒကာမတို့-တဲ့၊ သစ္စလေးပါး သွားကိုက်တာပဲ-(မှန်ပါ့)၊ ဒါဖြင့် ကြောက်စရာတွေ က ဒုက္ခသစ္စာ (မှန်ပါ့)၊ ကြောက်စရာမှန်းသိတာက (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာပါ)၊ ဒီဘက်က ခန္ဓာတွေ မပေါ်တာက (နိရောဓသစ္စာပါ ဘုရား)။
ဪ ဒါကြောင့် ဘုရားဟောပေတာပဲ၊ တစ်ခါတည်း နိဗ္ဗာန်ရောက်အောင်လို့ ဟောပေတာပဲဆိုတာ ဒကာ ဒကာမတို့ သေသေချာချာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ သေသေချာချာလာပါပြီတဲ့၊ အင်မတန် အဖိုးတန်လာပါပြီ။
သူတော်ကောင်းဆည်းကပ်လို့
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာကို ရှုရတော့မယ်ဆိုတော့ မဖြစ်သေးဘူးတဲ့၊ မင်းတို့သည်ကာလို့ဆိုရင်ဖြင့် ခုနကပြောတဲ့ သူတော်ကောင်း ဆည်းကပ်ဦးမှ ရလိမ့်မယ်၊ ဒီတရားမှန်း သိလာလိမ့်မယ်(မှန်ပါ့)။
သူတော်ကောင်းဆည်းကပ်လို့ ဒီတရားတွေရှုရမယ်ဆိုတာ သိတာနော်-(မှန်လှပါ)၊ နို့မို့ရင် သိပါ့မလား (မသိပါ)၊ ခင်ဗျားတို့လိုတော့ မျိုနေမှာပဲ (မှန်ပါ့)၊ ဒါတွေ အကုန်အမျိုဘူးလား (မျိုပါတယ်)၊ ကိုယ့်ခန္ဓာဖြစ်လဲ့ ခင်တာပဲ၊ သားသမီးခန္ဓာဖြစ်ကော (ခင်တာပါပဲ ဘုရား)။
ခင်တာပဲတဲ့၊ သူတော်ဆည်းကပ် အခု မြတ်တရားတော်နာတဲ့အတွက်-တဲ့၊ ခင်ဗျားတို့သည်ကားလို့ဆိုရင် ဪ ဒါတွေ အဆိပ်တွေပါလားလို့ သိတယ် (မှန်ပါ့ ဘုရား)၊ နို့မို့ရင် သိပါ့မလား (မသိပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ အလုပ်က လွန်စွာအားထုတ်ရမယ်တဲ့၊ ဘယ်လိုအားထုတ်ရမတုံးဆိုတော့ ဒါတွေ အဆိပ်တွေ၊ ဒါတွေ အနိစ္စတရားတွေ၊ ဒါတွေ ဒုက္ခတရားတွေ၊ ဒါတွေ အနတ္တတရား၊ ဒါတွေဟာ ရောဂတရား၊ ဒါတွေဟာ ဘယတောဆိုတဲ့ဘေးသင့်တဲ့တရား၊ ဒါကိုခင်ဗျားတို့ အလုပ်လုပ်ရမယ် (မှန်ပါ့)၊ မလုပ်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ လုပ်ခြင်း၏ ကျေးဇူးဆိုတော့ ဒါတွေကို အနိစ္စ ဒုက္ခ အနတ္တ ရောဂ ဘယလို့ ရှုမယ် ဆိုတော့ သူတို့က အနိစ္စ ဒုက္ခ၊ အနတ္တ၊ သူတို့ရောဂလို့ ဘယလို့ မြင်တဲ့ မဂ္ဂ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) မဂ္ဂ ဖြစ်တော့ ဒီဘက်က ခုနကပြောတဲ့ ခင်တတ် မင်တတ် မျိုတတ် သိပ်တတ်တဲ့ သမုဒယတွေက ဘယ့်နှယ် ဖြစ်သွားသလဲ (သေသွားပါတယ် ဘုရား)။
ဒါဖြင့် သမုဒယသေတော့ ဒီဘက်က ဒုက္ခတွေ (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်သွားတော့ကို သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်တယ် (မှန်ပါ့)၊ သမုဒယသစ္စာ ချုပ်ခြင်းကြောင့် နိရောဓသစ္စာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပွားများရမယ်
ကဲ ဒါဖြင့် ဒီဒုက္ခသစ္စာကို ခင်ဗျားတို့ မဂ္ဂသစ္စာနဲ့ ပွားများရမယ် (မှန်ပါ့ ဘုရား)၊ ဒီဘက်က ဒုက္ခသစ္စာကို (မဂ္ဂသစ္စာနဲ့ ပွားများရပါမယ်)၊ ပွားများတဲ့အတွက် ဒီသမုဒယသစ္စာက (သေပါတယ် ဘုရား)၊ သေတယ်၊ ဒီဘက်က နိရောဓသစ္စာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် ဒီအလုပ်ဟာ အလုပ်မှန်ပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ (အလုပ်မှန်ပါ ဘုရား)။
အလုပ်မှန်ပဲတဲ့၊ အဲဒီတော့ တပည့်တော်တို့ဘုရား ဘယ်လိုလုပ်ရမှာတုံးလို့ မေးလို့ရှိရင်ဖြင့် နာမရူပ ပရိစ္ဆေဒု ကျမ်းမှာလာတဲ့ ဂါထာကလေးကို ဒကာ ဒကာမတွေ ဒီနေ့သွင်းပေးပါ့မယ်၊ အင်မတန် အဖိုးတန်သွားမယ်နော် (မှန်ပါ့ ဘုရား)။
ပရိပက္ကာ ကမေနေဝံ။
ပရိဘာဝိတ ဘာဝနာ။
ပရိစ္စဇန္တိ သင်္ခါရေ။
ပက္ခန္ဒတိ အသင်္ခတေ။
အင်မတန်ကောင်းတဲ့ အဓိပ္ပာယ်၊ မပြောသေးလို့ ဒကာ ဒကာမတွေ၊ ဒါ ပါဠိအတိုင်း။ ဖြစ်နေသေးလို့ ပါဠိ အတိုင်းဖြစ်နေသေးလို့ မသိလို့။
ပရိပက္ကာ ကမေနေဝံ-တဲ့၊ ဟောဒီ ဝိပဿနာမဂ်သာကွာ-တဲ့၊ ဒါတွေကို ဖြစ်ပျက်- အနိစ္စ၊ ဖြစ်ပျက်-ဒုက္ခ၊ ဖြစ်ပျက်အနတ္တ၊ ဖြစ်ပျက်-ရောဂ၊ ဖြစ်ပျက်-ဘယဖြစ်ပျက်သာ မြင်အောင်ကြည့်နေစမ်းပါတဲ့၊ ဟောဒီမဂ်နဲ့ ခင်ဗျားတို့ ခန္ဓာထဲက ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ရှုပါများရင် ရင့်လာတယ်
အဲဒါ ဦးခင်မောင်တို့က အမြဲတမ်းကြည့်ပြီးတော့ ဒီဟာကလေးဟာ ဒကာ ဒကာမတွေ ရင့်လာမလား၊ မရင့်လာဘူးလား (ရင့်လာပါတယ် ဘုရား)၊ ဖြစ်ပျက် ရှုပါများရင် ဘာဖြစ်လာမယ်ထင်သတုံး (ရင့်လာပါတယ် ဘုရား)။
အဲဒီတော့ ဧဝံ၊ ဤသို့၊ ပရိပက္ကာ၊ ရင့်ကျက်သည်အားလျော်စွာ။ ဆိုတော့ ဦးခင်မောင် မဂ် ရင့်ကျက်ဖို့ အရေးကြီးတယ် (မှန်ပါ့)၊ဝိပဿနာမဂ်ရင့်ကျက်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)၊ လောကုတ္တရာမဂ်ကတော့ ဝိပဿနာမဂ် ရင့်ကျက်ပြီးလာရင် သူ့ဟာသူဖြစ်လာတာပါပဲ (မှန်ပါ့)၊ လောကုတ္တရာမဂ်က ခင်ဗျားဘာမှ ကူညီစရာမလိုဘူး၊ ဝိပဿနာမဂ်ရင့်ရင် သူ့ဟာသူ ဖြစ်လာတာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ရင့်ကျက်ဖို့ အရေးကြီးပါတယ်
ကဲ – ဒါဖြင့် ဧဝံ၊ ဤသို့၊ ပရိပက္ကာ၊ ရင့်ကျက်သည် အားလျော်စွာ (မှန်ပါ့)၊ ဒီဝိပဿနာ မဂ်ဟာ ဘယ်လိုဖြစ်ဖို့ အရေးကြီးပါလိမ့် (ရင့်ကျက်ဖို့ အရေးကြီးပါတယ် ဘုရား)။ ရင့်ဖို့ အရေးကြီးတယ်နော် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ဘာအရေးကြီးပါလိမ့် (ရင့်ဖို့ အရေးကြီးပါတယ် ဘုရား)။
ဪ ရင့်ဖို့အရေးကြီးတယ် ဦးခင်မောင် (မှန်ပါ့)။ ဒါဖြင့် ဒါတွေဟာ ဒီခန္ဓာတွေကို ရှုတဲ့အခါ ကျလို့ရှိရင် မျက်လုံးရှုရှု၊ နားရှုရှု၊ သတိပပဋ္ဌာန်ထဲက ခင်ဗျားတို့ ကြိုက်ရာ ရှု၊ ရှုလိုက်လို့ရှိရင်ဖြင့် ဒီမဂ်ဟာ ဘာဖြစ်လာမယ် ထင်ကြသလဲ (ရင့်ကျက်လာမှာပါ ဘုရား)၊ ဪ ရင့်လာမယ်နော် (မှန်ပါ့)၊ ဦးခင်မောင် ရှုဖန်များရင် (ရင့်လာပါမယ် ဘုရား)၊
အဲဒါကြောင့် အိမ်ကျတော့ ခန္ဓာစိုက်ကြည့်ပါ-တဲ့၊ ဝေဒနာကြိုက်တဲ့လူက ဝေဒနာ၊ စိတ်ကြိုက်တဲ့လူက စိတ်၊ ကြိုက်တာရှု(မှန်ပါ့)၊ ကြိုက်တာရှုလိုက်လို့ရှိရင်ဖြင့် ခန္ဓာထဲက ဖျပ်ဖျပ်နဲ့ ဟိုကရွရွနဲ့ ဒီကရွရွနဲ့ ဟိုစိတ်ကလေးပေါ်လာ ဒီစိတ်ကလေးပေါ်လာနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဖြစ်ပျက်ကလေးတွေသာ နှလုံးသွင်းလိုက်တော့
အဲဒါကလေးတွေက ဘာပါလိမ့်မတုံး၊ ဘာပါလိမ့်မတုံးဆိုလို့ ရှိရင်ဖြင့် ဒါကလေးတွေဟာ အနိစ္စတရားကလေး တွေ၊ ဒုက္ခတရားကလေးတွေ၊ အနတ္တ တရားကလေးတွေ၊ ရောဂတရားကလေးတွေ ဟုတ်လား၊ ဘယတရားကလေးတွေ၊ စာလိုတော့ များနေတယ်၊ စင်စစ်တော့ ဖြစ်ပျက်ကလေးတွေသာ တစ်လုံးတည်း နှလုံးသွင်းလိုက်တော့ (မှန်ပါ့)၊ စာကတော့ ဒီနေရာ ဘုရားက ငါးချက်ဟောတယ် (မှန်ပါ့)၊ ဖြစ်ပျက်ထဲ ဝင်တာပဲလို့မှတ် (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တစ်လုံးတည်း ရှိတဲ့အတိုင်း ဒီဟာဝင်လာတာပဲ (မှန်လှပါ)၊ ဒီပြင် ဘာဝင်လာသေးသတုံး (မဝင်လာပါ) ဖြစ်ပျက်ဟာ အနိစ္စ၊ ဖြစ်ပျက်ဟာ ဒုက္ခ၊ ဖြစ်ပျက်ဟာ အနတ္တ (မှန်ပါ့)၊ ဖြစ်ပျက်ဟာ ရောဂ၊ ဖြစ်ပျက်ဟာ ဘယပဲ (မှန်ပါ) ဒါကိုယ့်ခန္ဓာ ဘေးသင့်နေတာကိုး (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့၊ ဒီဖြစ်ပျက်ပဲ ရှုပါလို့ ဆရာဘုန်းကြီးက သတိပေးလိုက်တော့ သူရင့်လာပါလိမ့် မယ် (မှန်ပါ့)၊ ဦးခင်မောင် ဘယ်သူရင့်လာမလဲ (ဉာဏ်ရင့်လာပါမယ်)၊ ဉာဏ်ရင့်လာမယ်၊ ဝိပဿနာမဂ် ရင့်လာမယ် (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ဘာရင့်လာမယ် (ဝိပဿနာမဂ်ရင့်လာပါမယ် ဘုရား)။
ဝိပဿနာမဂ် ရင့်လာမယ်နော်၊ အဲဒီတော့ ဪ တပည့်တော်တို့ဘုရား ဝိပဿနာမဂ် ဆိုတော့ လောကုတ္တရာ မဟုတ်သေးဘူး ဝိပဿနာမဂ်ပဲ ရှိပါသေးတယ်၊ ဒါနဲ့များသေသွားမယ်ဆိုရင်လဲ ဘာမှမပူနဲ့၊ ရှုရင်း သေသွားရင် မပူနဲ့ (မှန်ပါ့)။
ရှုရင် သေသွားလို့ရှိရင်ဖြင့် နတ်ပြည်ရောက်ပါလိမ့်မယ်
ရှုရင် သေသွားလို့ရှိရင်ဖြင့် နတ်ပြည်ရောက်ပါလိမ့်မယ် (မှန်ပါ)၊ နတ်ပြည် ရောက်တဲ့အခါကျတော့ နတ်သမီး ရင်ခွင့်ထဲမှာသွားပြီး ထိုင်လျက်နဲ့ဖြစ်တယ် (မှန်ပါ့)၊ ဒီဝမ်းထဲတော့ မရောက်တော့ဘူး (မှန်ပါ့) ကိုယ်ပေါ်မှာ ကလေးပွေ့ သလို့ ပေါ့ဗျာ(မှန်ပါ့ ဘုရား)။
အဲဒီ သွားဖြစ်လို့ရှိရင်ဖြင့် ဒီကဖြစ်ပျက်ရှုလာတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ အဂုၤတ္တိုရ် ပါဠိတော်မှာ သေသေ ချာချာလာတယ်နော် (မှန်ပါ့)၊ သူ နတ်ပြည်ရောက်နေလဲ နတ်သမီးရင်ခွင်ထဲ ငါရောက်နေပြီလို့ မသိသေးဘူးတဲ့၊ သူ့ခန္ဓာသူကြည့်ပြီးသကာလ ဖြစ်ပျက်မြင်ပြီး ဒီထဲတွင် သောတာပန်တည်တယ်၊ ရောက်ရောက်ချင်းတည်တယ်၊ ဒီက ဖြစ်ပျက်ရှုလျက်နဲ့သာ သေသွားလို့ရှိရင် (မှန်ပါ့ ဘုရား)။
ပူစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ပို့လိုက်ကတည်းက ဖြစ်ပျက်ဉာဏ်က သူ့ဆီပို့လိုက်ပြီ (မှန်ပါ့)၊ ရောက် သည်နဲ့ တစ်ပြိုင်နက်တည်း သောတာပန်တည်ပြီ။
အတည်မြန်လှချည်လားဘုရားဆို၊ အို ဒီက အာစိဏ္ဏကံပါသွားတယ် (မှန်ပါ့)၊ ဘာပါသွားပါလိမ့် (အာစိဏ္ဏကံ ပါသွားပါတယ်)၊ အာစိဏ္ဏကံဆိုတာမပြတ်လေ့ ကျင့်တဲ့အလုပ်ပါသွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
မြန်တာတော့ မပြောနဲ့
မပြတ်လေ့ကျင့်တဲ့အလုပ် ပါသွားတာဟာဘုရား မြန်လိုက်တာ အို မြန်တာတော့ မပြောနဲ့ ဒကာ ဒကာမတို့၊ နတ်ဉာဏ်က ကျုပ်တို့ဉာဏ်မျိုးနဲ့မတူဘူး၊ ကျုပ်တို့ကတော့ ဉာဏ်စာ ဒီဟဒယဝတ္ထုပေါ်မှာ တည်တယ်နော်- (မှန်ပါ့)၊ ဉာဏ်ပေါ်မှု သလိပ်က ကျုပ်တို့ ခဏခဏထွေးရတဲ့ ချောင်းဆိုးတဲ့ ပုဂ္ဂိုလ်များ ထွေးရတဲ့ သလိပ်မရှိဘူးလား (ရှိပါတယ်)။
ချောင်းမဆိုးတဲ့ ပုဂ္ဂိုလ်လဲ သလိပ်ရှိတာပဲ (မှန်ပါ့လား)၊ အဲဒီ သလိပ်က ဒကာ ဒကာမတို့ တစ်ပြည်သားလောက်ရှိ တယ်၊ အဲဒါ ဉာဏ်ပေါ်အုပ်နေတယ် (မှန်ပါ့)၊ နုတ်ကတော့ အဲဒါကိုမရှိဘူး၊ အဲဒါလဲမရှိဘူး ဒီပြင် သွေးတွေကလဲမရှိဘူး (မှန်ပါ့ ဘုရား)
အဲဒီတော့ ဉာဏ်ဟာ နှလုံးသွင်းလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဉာဏ်ဟာ ဒါတွေဟာ ဖြစ်ပျက်မြင် ဖြစ်ပျက် မုန်းတယ်၊ ဖြစ်ပျက်ဆုံးတာနဲ့ တစ်ခါတည်း မဂ္ဂင်ရှစ်ပါး သွား-သွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ သူက အဖုံးမရှိလို့၊ သဘောကျပလား (ကျပါပြီ)၊ သလိပ်သွေး၊ ပြည်ဖုံးသေးသလာ၊ (မဖုံးပါ ဘုရား)။
နတ်မှာ သလိပ်သွေးပြည် မရှိဘူး ဒကာ ဒကာမတို့ (မှန်ပါ့)၊ သုံးဆယ့်နှစ်ကောဋ္ဌာသမစုံဘူး၊ လူမှာသာ သုံးဆယ့် နှစ်ပါးရှိတာကိုး (မှန်ပါ့)၊ ကေသာ, လောမာ, နခါ, ဒန္တာ, တစော-ဆိုတာ ဒကာ ဒကာမတို့ ရပြီးသားပေါ့ဗျာ (မှန်ပါ့)။ လူတော့ ဘယ်နှစ်ကောဋ္ဌာသရှိတယ် (သုံးဆယ့်နှစ်ကောဋ္ဌာသပါ ဘုရား) နတ်ကျတော့ အဲဒါ သလိပ်လဲမရှိဘူး သွေးလဲမရှိဘူး၊ ပြည်လဲမရှိဘူးဆိုတော့ ဒကာ ဒကာမတို့ စုံသေးရဲ့လား (မစုံပါ ဘုရား)။
မစုံတော့ ဉာဏ်ပေါ်ဖုံးတဲ့တရားတွေက အဖုံးတွေကပွင့်ပြီးသား ဖြစ်နေတယ်၊ ကျုပ်တို့မှာတော့ ဉာဏ်က ဒီကနေတိုးထွက်ပြီးမှ ပါးစပ်ကထွက်နိုင်တာကိုး (မှန်ပါ့)၊ ပါးစပ်ကနေပြီး ကောင်းတာလဲ ပြောနိုင်တယ်၊ ဆိုးတာလဲ ပြောနိုင်တယ် (မှန်ပါ့)၊ ဉာဏ်ပေါ်မှာ ဖုံးနေတာတွေက နည်းတာတွေမဟုတ်ဘူး (မှန်ပါ့)၊
သည်းခြေကဖုံးလိုက်၊ သွေးကဖုံးလိုက်၊ သလိပ်ကဖုံးလိုက်ဆိုတော့ ဘယ်တော့ ဉာဏ်ကလေးဟာ ဒကာ ဒကာမတို့ ထိုးထွင်းနိုင်သေးရဲ့လား (မထိုးသွင်းနိုင်ပါ ဘုရား)။
သောတာပန် တည်ရတယ်
အဲ – နတ်ဉာဏ်ကျတော့ ဒီလိုမဟုတ်ဘူးတဲ့၊ ဒါတွေဖယ်ပြီး ဖျတ်ခနဲ သူ့ခန္ဓာ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် တည်း ဒါတွေ အနိစ္စပဲ၊ ဒါတွေဟာ ဒုက္ခပဲ ၊ ဒါတွေဟာ အနတ္တ အစစ်ပဲ၊ ဒါတွေဟာ ရောဂါအစစ်ပဲ၊ ဒါတွေဟာ ဘေးသင့်နေတာ အစစ်ပဲဆိုပြီး ချက်ချင်း မြင်ပြီးသကာလ မလိုချင်တဲ့ ဝိပဿနာမဂ်ဉာဏ် တစ်ခါတည်းလာတယ် (မှန်ပါ)၊ ရင်ခွင်ထဲမှာပဲ တစ်ခါတည်း သောတာပန် တည်ရတယ် (မှန်ပါ့ ဘုရား)၊ မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။
အဲဒီတော့ ဝိပဿနာမဂ်နဲ့ သေလဲ ဘုန်းကြီးတို့ တရားတစ်ပွဲလုံး ဒကာ ဒကာမတွေက မပူပါနဲ့တဲ့ (မှန်ပါ့ ဘုရား)
သဘောကျပလား (ကျပါပြီ)။
မဂ်ငါးပါးနဲ့ ဖြစ်ပျက်မြင်ပြီး သေရင်လဲမပူပါနဲ့တဲ့၊ သုဂတိရောက်၊ ရောက်သည်နှင့် တစ်ပြိုင်နက်တည်း သောတာပန်ဖြစ်မှာပဲ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ပွားရင် ရင့်ကျက်မှာပဲ
ဟာ အဲဒါက နှေးလှသေးတယ်ဘုရား ဆိုလို့ရှိရင်လဲ အခုကြိုးစား၊ အခုကြိုးစားတော့ ခုနကပါဠိကို မှတ်လိုက်၊ ဒီဥစ္စာရင့်ကျက်လာလို့ရှိရင်-တဲ့၊ ရှေ့ကနေ ဝေဒနာဖြစ်ပျက်၊ စိတ်တွေ ဖြစ်ပျက် တစ်ခုခုရှုနေလိုက်တယ်၊ ဖြစ်ပျက်တွေကို ပရိပက္ကာကမေနေဝံ-တဲ့ ရင့်ကျက်တဲ့ အစဉ်အတိုင်းဖြစ်လာလို့ရှိရင်ဖြင့်တဲ့ ပရိဘာဝိတဘာဝနာ တဲ့ မင်းတို့က ပွားသာ ပွားတဲ့ ပွားရင် ရင့်ကျက်မှာပဲတဲ့ (မှန်ပါ)။
ဖြစ်ပျက်တွေချည်းပွား၊ ပွားရင်ဘာဖြစ်မယ် (ရင့်ကျက်ပါမယ်၊ အဲဒီတော့ ရင့်ကျက်ရင် မင်းတို့က မသိရပါဘူးတဲ့၊ သူ့ဟာသူ ရင့်ကျက်လာတာ သူ့ဟာသူပြောင်းပါလိမ့်မယ်တဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ ထမင်းကို နပ်ပါစေ၊ နပ်ပါစေ ဆုတောင်းရတာလား-တဲ့၊ သူ့ဟာသူ အချိန်ရောက်လို့နပ်သွားတာလား (သူ့ဟာသူနပ်တာပါ ဘုရား) ကိုယ့်တာဝန်က မီးထိုးရုံပဲနော် (မှန်ပါ့)။
ကိုယ့်တာဝန်ကဖြင့် ဒီဥစ္စာ မတူးမဖြစ်ရအောင် ကြည့်ရုံပဲရှိပါတယ်တဲ့၊ နပ်ပါစေတော့ဆိုလို့ နပ်တာလား၊ နပ်ချိန်ရောက်လို့နပ်တာလား (နပ်ချိန်ရောက်လို့နပ်တာ ဘုရား)၊ ဒီမှာလဲ ခင်ဗျားတို့ ဝိပဿနာဉာဏ်နဲ့သာ ရှုရှုပေးပါတဲ့ ရှုပေးတော့ ဖြစ်ပျက်ပဲ မြင်ပါလိမ့်မယ် (မှန်ပါ့)။
နောက် သူရင့်လာတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးဖြစ်ပြီးဒီဖြစ် ဒီဖြစ်ပျက်တွေမရှိတဲ့ နိဗ္ဗာန်ကို သူ့ဟာသူ ကူးပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ သူ့ဟာသူ ကူးပါလိမ့်မယ်၊ ဖြစ်ပျက်တွေမရှိတာက နိရောဓသစ္စာပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်ပျက်တွေက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ ဖြစ်ပျက်တွေမရှိတာက (နိရောဓသစ္စာပါ ဘုရား)။
အဲ – သူ့ဟာသူ ကူးလိမ့်မယ်တဲ့၊ ရင့်ရင် သူ့ဟာသူကူးလိမ့်မယ်၊ ခင်ဗျားတို့က ကူးပါ့စေဆိုလို့ မရဘူး (မှန်ပါ့ ဘုရား)။ အဲဒီတော့ သူ့နာမရှုပကျမ်းကလဲ ဒကာ ဒကာမတို့ (ပရိပက္ကာ (ပ) သင်္ခါရေ) ဒီ သင်္ခါရတရားဆိုတဲ့ ဖြစ်ပျက်တွေကို အကုန်စွန့်ပစ်တယ် (မှန်ပါ့)။
ရင့်တာနဲ့ ပြေးဝင်သွားတယ်
သင်္ခါရတရားတွေ ဘာတဲ့တုံး (အကုန်စွန့်ပါတယ်)။ စွန့်ပြီးတော့ ပက္ခန္ဒတိ အသင်္ခတေ တဲ့၊ အသင်္ခတဆိုတဲ့ နိဗ္ဗာန်ဘက် ပြေးဝင်သွားတယ် (မှန်ပါ့)၊ ရင့်တာနဲ့ ပြေးဝင်သွားတယ် (မှန်ပါ့)။
ရင်တာနဲ့ နိဗ္ဗာန်ဘက် ပြေးသွားတယ်၊ မရင့်ကျက်ခင်တုန်းကတော့ ဖြစ်ပျက်ဆီမှာပဲ ဉာဏ်တွေ ပါနေတယ် (မှန်ပါ့)၊ ရင့်တော့ဘာတဲ့ (နိဗ္ဗာန်ဘက်ပြေးပါတယ် ဘုရား)။
ဖြစ်ပျက်တွေရှိတဲ့ဘက် မပြေးဘဲနဲ့ နိဗ္ဗာန်ဘက် ပြေးသွားတယ်တဲ့ (မှန်ပါ့)၊ ဒါခင်ဗျားတို့က လုပ်ရတာလား၊ သူရင့်လို့ သူ့ဟာသူ ပြေးသွားတာလား (သူရင့်လို့ ပြေးသွားတာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့က ဘာပူစရာရှိသလဲ၊ ခင်ဗျားတို့က လုပ်နေဖို့ပဲရှိတယ် (မှန်ပါ့)။
ဒါဖြင့် ဝေဒနာကြိုက်တဲ့သူက ဝေဒနာ ဖြစ်ပျက်ရှု၊ စိတ်ကြိုက်တဲ့သူက (စိတ်ရှုရပါမယ်)၊ သဘောကျပလား (ကျပါပြီ)၊ သူ့ဟာသူ ကူးလိမ့်မယ်ဆိုတာတော့ သေချာပလား (သေချာပါတယ်)၊ ဒါကြောင့် ပရိပက္ကာ(ပ)သင်္ခါရေ၊ ဦးခင်မောင်ရင့်လာလို့ရှိရင် သင်္ခါရတရားတွေ အကုန်စွန့်လိမ့်မယ်တဲ့ (မှန်ပါ့)။
ရှုလို့ ဉာဏ်ရင့်လာရင် (သင်္ခါရတရားတွေစွန့်ပါလိမ့်မယ်)၊ သင်္ခါရတရားဆိုတာ တခြားမှတ်မနေနဲ့၊ ဖြစ်ပျက်တွေ စွန့်ရလိမ့်မယ် (မှန်ပါ့)၊ ဖြစ်ပျက်မရှိတဲ့ဘက် ဒီဉာဏ်ဟာ ဝင်သွားလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက် ကိုယ့်ရှေ့တွင် ချုပ်လိမ့်မယ်
ဒါဖြင့် ဖြစ်ပျက် ကိုယ့်ရှေ့တွင် ချုပ်လိမ့်မယ်၊ ချုပ်ပြီးသကာလ ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်ကြီး ဒီနေရာတွင် ပေါ်လာလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ပက္ခန္ဒတိ အသင်္ခတေ။ အသင်္ခတေ = အသင်္ခတဘက်သို့။ ဝါ = ဖြစ်ပျက်မရှိတဲ့ဘက်သို့။ ပက္ခန္ဒတိ = ပြေးဝင် သွားပါလိမ့်မယ်။ တဲ့ ဦးခင်မောင် ဒီမဂ်တွေက (မှန်ပါ့ ဘုရား)၊ ရှစ်ပါးဖြစ်ပြီးပြေးဝင်လိမ့်မယ်ဆိုတာသေချာပလား (သေချာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ အင်မတန် အဖိုးတန်တယ်ဆိုတာပေါ်ကြပလား (ပေါ်လာပါပြီ)၊ ခင်ဗျားတို့အလုပ်က ဖြစ်ပျက်ရှုဖို့ပဲ (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ဘက်ပြေးဖို့ရာကတော့ မဂ်အလုပ် (မှန်ပါ့)၊ ခင်ဗျားတို့က ရှုရမှာက (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်မြင်အောင် ရှုဖို့ပဲ၊ ရင်လာရင် ဒီဉာဏ်သည် ဘယ်ဘက်ပြေးမတုံး (နိဗ္ဗာန်ဘက်ပါ)၊ ဖြစ်ပျက်ဘက် မနေတော့ဘူး၊ နိဗ္ဗာန်ဘက်သူ့ဟာသူပြေးမယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ပူစရာရှိသေးသလား (မရှိပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်မှ နိဗ္ဗာန်ဝင်မယ် (မှန်ပါ့)၊ ဖြစ်ပျက်မမြင်သေးရင် – (နိဗ္ဗာန်မဝင်ပါ)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
ကိုင်း ဒီနေ့ နာရီတောင် ပိုသွားပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။