10503

မာတိကာသို့

အဖုံးငါးပါးဖွင့်လှစ်နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

(အဖုံးငါးပါးဖွင့်လှစ်နည်း)အလုပ်ပေး တရားတော်

(၂၇-၂-၆၁)

ဉာဏ်က ခန္ဓာလှည့်ပါ

တရားကို နားက နာပါလို့ သတိပေးလိုက်တယ်နော်၊ တရားကို နားကထောင်ပါ။ ဉာဏ်က ခန္ဓာလှည့်ပါ၊ တရားကို- (နားကထောင်ရပါမယ်)၊ ဉာဏ်ကတော့ ခန္ဓာဘက် လှည့်ရပါမယ် ဘုရား)၊

အင်း-နားကတော့ ဘာလုပ်ကြရမယ်(နားထောင်ရပါမယ်)၊ တရားကိုပဲ နားထောင်ရမယ်နော် (မှန်ပါ့)၊ ကိုယ့်ရှိတဲ့ ဉာဏ်ကလေးကကော- (ခန္ဓာဘက်လှည့်ရပါမယ်ဘုရား၊)

ခန္ဓာဘက်လှည့် ကြပါတဲ့၊ အဲဒီကဲ့သို့ နာခဲ့လို့ရှိရင်ဖြင့် တရားကိုနားထောင်၊ ဉာဏ်က ခန္ဓာဘက် လှည့်လို့ရှိရင်ဖြင့် ခန္ဓာပြောတာကို ဉာဏ်က မြင်ပါလိမ့်မယ်နော်- (မှန်ပါ့ ဘုရား)။

ခန္ဓာပြောတာကို ဉာဏ်က မြင်ခဲ့သည်ရှိသော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သူများပြော မယုံဘဲနဲ့ ခန္ဓာပြောကို ယုံလာပါလိမ့်မယ်ဆိုတာ ဧကန်ပေါ့ဗျာ(မှန်ပါ့ ဘုရား)။

သူများပြောကို ယုံစရာရှိသေးသလား(မရှိပါ ဘုရား)။

ခန္ဓာက ပြောတာကတော့ (ယုံရမှာပါ ဘုရား)။

ခန္ဓာက ပြောတာတော့ ယုံရမှာချည်း ဧကန်ဖြစ်နေတော့ ဪ ခန္ဓာသည် ဘာခန္ဓာပါလိမ့် မလဲဆိုတဲ့ဥစ္စာ ခန္ဓာက ပြောပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာက ပြောတာကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ နားထောင်ပြီးဆိုမှဖြင့် ခန္ဓာက ‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ- ဒုက္ခာ’လို့ ဒီပြင်ဘာမှမပြောဘူး။ ဒုက္ခသစ္စာချည်းပါပဲလို့သာ ပြောလိုက်တယ် (မှန်လှပါ ဘုရား)။ ဘယ်လိုများ ပြောမယ် ထင်ကြသလဲ- (ဒုက္ခသစ္စာချည်းပဲလို့ ပြောပါတယ် ဘုရား)၊

ဒုက္ခသစ္စာချည်းပဲလို့ ခန္ဓာက ပြောတဲ့အခါကျလို့ရှိရင်ဉာဏ်က ကြည့်လိုက်တဲ့အခါကျတော့ ဪ ဒါ ဒုက္ခသစ္စာ ဆိုတဲ့ဥစ္စာကို ခန္ဓာက ပြောတာကို ဉာဏ်ကသိပြီး ဆိုမှဖြင့် သမုဒယသစ္စာ တဏှာ လောဘက အနားမကပ်နိုင်တော့ဘူး- (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မကပ်နိုင်ပါလိမ့်မလဲလို့ အမေးထုတ်တော့မှ ဒကာ ဒကာမတို့ ခန္ဓာက ပြောတာကို ကိုယ်က အမှန်သိသောကြောင့် သံသရာတစ်ခုလုံး လိမ်လည် ကောက်ကျစ်တဲ့ အထဲမှာ သမုဒယသစ္စာ တဏှာ လောဘလောက် လိမ်လည်ကောက်ကျစ်တာ မရှိပါဘူး (မှန်လှပါ ဘုရား)။

အဲဒီ လိမ်လည်ကောက်ကျစ်တဲ့ တရားဟာ လိမ်လည် ကောက်ကျစ်ခွင့်ကို မရအောင် ခန္ဓာက ပြောတာကို ဉာဏ်က မြင်ကြလို့ရှိရင်လဲ သမုဒယသစ္စာ သေပါလိမ့်မယ်(မှန်လှပါ ဘုရား)။

သမုဒယသစ္စာ သေတော့ကို ဒကာ ဒကာမတို့ တဏှာနိရောဓော နိဗ္ဗာနံ-ဆိုတဲ့ဥစ္စာဟာ ပေါ်လာပါလိမ့်မယ်-(မှန်ပါ ဘုရား)။

တရားနာနည်းကိုသင်ပေးနေတယ်

အဲဒါကြောင့် ဒီနေ့ တရားနာနည်းကို ဒကာ ဒကာမတွေ သင်ပေးနေပါတယ်၊ နားက ဘာထောင်ရမယ် (တရားကိုထောင်ရပါမယ် ဘုရား)။

အေး ဆရာဘုန်းကြီးက ခန္ဓာတရား ဟောနေတဲ့အတွက် ခန္ဓာတရားကို နားထောင်ပါ (မှန်ပါ့)၊ ဉာဏ်ကတော့ကို ဘုန်းကြီးဆီ မလှည့်ဘဲနဲ့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာဘက် ကိုယ်လှည့်လိုက်ပါ (မှန်ပါ့ ဘုရား)၊ ဉာဏ်က ဘယ်လှည့်ရမလဲ (ကိုယ့်ခန္ဓာဘက် လှည့်ရပါမယ် ဘုရား)။

ဉာဏ်က ကိုယ့်ခန္ဓာဘက် ကိုယ်လှည့်လိုက်ပြီလို့ ဆိုမှဖြင့် ခန္ဓာက ဘာသစ္စာလို့ ပြောပါမလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။

ဝိပဿနာရှုပြီး နာပါ

ဪ ခန္ဓာက ဒုက္ခသစ္စာလို့ ဧကန်ပြောတဲ့အခါကျတော့ ဉာဏ်က ခေါင်းညိတ်ပြီး သကာလ ဪ-ဟုတ်သားပဲ၊ ဪ-ဟုတ်သားပဲဆိုပြီး လိုက်, လိုက်လို့ ရှိရင်ဖြင့် တစ်သံသရာလုံး လိမ်လည်ကောက်ကျစ် လှည့်ဖြားပြီး သကာလ ဟိုပုံကောင်းနိုးနိုး၊ ဒီပုံကောင်းနိုးနိုးနဲ့ နိဗ္ဗာန်ရှာလာတာ တဏှာလှည့်စားပြီး ရှာလာတဲ့၊ နိဗ္ဗာန်ဟာဖြင့် ကွယ်ပျောက်ပြီး သကာလ တဏှာလက်ညွန်ရာ မရောက်ဘဲနဲ့ ဉာဏ်လက်ညှိုးညွှန်ရာကို ဒကာ ဒကာမတွေ ဧကန်တကယ် ရောက်ကြပါ လိမ့်မယ်ဆိုတာ မှတ်ရလိမ့်မယ်နော် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာရှုမှ ခန္ဓာကို ဉာဏ်နဲ့လှည့်ပါဆိုတော့ ဝိပဿနာရှုပြီး နာပါလို့ဆိုတဲ့ အဓိပ္ပာယ်ပါပဲ (မှန်လှ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရက ဘာများတည်ထောင်

ကောင်းပြီ ဒါဖြင့် ခန္ဓာအစကလေးကတော့ ပြောပေးပါဦးမယ် ဒကာ ဒကာမတို့၊ နေ့တိုင်းပြောလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယော သင်္ခါရာ-ဆိုတာ မလာပေးဘူးလား-(လာပါတယ် ဘုရား)၊ သင်္ခါရပစ္စယော ခန္ဓာငါးပါးလို့ ဆရာဘုန်းကြီး က မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲ့ သင်္ခါရပစ္စယော ဝိညာဏံရယ် သဠာယတန ဖဿဝေဒနာတွေကို စာလိုဆိုရင် သုတ္တန်နည်းနဲ့ မှန်ငြားသော်လဲ ခန္ဓာစစ်စစ်မှာ အဘိဓမ္မာနည်းနဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးပေါ်လာတယ်-(မှန်ပါ့ ဘုရား)၊ အင်း ဟင် အဝိဇ္ဇာသင်္ခါရက ဘာများတည်ထောင်လိုက်ပါလိမ့် (ခန္ဓာငါးပါးတည်ထောင်ပါတယ် ဘုရား)။

ဒါပြောချင်လို့ ပြောရတာမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့၊ နဂိုကတည်းက ယောကျ်ားမပါ၊ မိန်းမမပါ၊ ငါမပါ၊ သူမပါတာ သိပါစေတော့လို့ (မှန်ပါ့ ဘုရား)၊ ဒီထဲပါကြံသေးရဲ့လား (မပါ ပါ ဘုရား)။

ယောကျ်ား၊ မိန်းမ၊ ငါ၊ သူတစ်ပါးဆိုတာတော့ ဒကာ ဒကာမတွေ ပထမ ဖြစ်လာကတည်းက မပါဘူးဆိုတာ သိလို့ရှိရင်ဖြင့် နောက်မှ ဪ သမုတိသစ္စာနဲ့ ပြောဆိုဖြစ်ကြအောင်လို့ မုသားမဖြစ်အောင်လို့ ပြောတဲ့စကားတော့ မှန်တယ်။ ယောကျ်ား၊ မိန်းမကို ကျုပ် ဝိပဿနာရှုတဲ့နေရာတော့ သူ့ကို အတည်မပြုဘဲနဲ့ ပင်ကိုကလာတာကို အတည်ပြု ပြီးသကာလ ဝိပဿနာဉာဏ်နဲ့ ရှုကြလို့ရှိရင်ဖြင့် သက္ကာယ ဒီဋ္ဌက ပြုတ်ပြီးသားဖြစ်ပါတယ် (မှန်ပါ့ ဘုရား)

အဲဒါကြောင့် တရားသားချည်း ပြောနေတဲ့နေ့မို့ ဒကာ ဒကာမတွေ အဝိဇ္ဇာ သင်္ခါရာက ဘာလုပ်လိုက်ပါလိမ့်- (ခန္ဓာငါးပါးလုပ်လိုက်ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့၊ လူမိုက်လဲ ခန္ဓာငါးပါးလုပ်လိုက်တာပဲ (မှန်ပါ့)၊ လူလိမ္မာကော-(ခန္ဓာငါးပါးပဲ ဘုရား)။ ခန္ဓာငါးပါးလုပ်တာချင်း အတူတူပဲဆိုတာ သေချာပလား(သေချာပါတယ် ဘုရား)။

လူမိုက်နဲ့လူလိမ္မာ ဘာများထူးပါလိမ့်မလဲ

ဪ ဒါဖြင့် လူမိုက်နဲ့လူလိမ္မာ ဘာများထူးပါလိမ့်မလဲဆိုတာ ဗာလပဏ္ဍိတသုတ် သံယုတ်ပါဠိတော်ကြီးမှာ လူမိုက်နဲ့ လူလိမ္မာ ဘာများထူးပါလိမ့်မလဲဆိုတဲ့ဥစ္စာ အလာမှာ မထူးဘူးဆိုတာ သေချာသွားတယ် (မှန်ပါ့ ဘုရား)။

လူမိုက်လဲ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တာပဲ-(မှန့်ပါ့)၊ လူလိမ္မာကော ဒကာ ဒကာမတို့- (ခန္ဓာငါးပါပဲ ဖြစ်ပါတယ် ဘုရား)

ခန္ဓာငါးပါး ဖြစ်ကြတာပဲဆိုတော့ ဪ လူမိုက်လဲ ခန္ဓာငါးပါးဖြစ် လူလိမ္မာလဲ ခန္ဓာငါးပါး ဖြစ်တယ်ဆိုတာ သိနေကြတော့ ခန္ဓာငါးပါးဖြစ်တာကို ဒကာ ဒကာမတွေ ပိုင်ပိုင်နိုင်နိုင် ကိုယ့်ခန္ဓာငါးပါးဟာ ဒီအကြောင်းကြောင့် ဖြစ်တယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိလာရင်လဲ ဘုန်းကြီးက ဪ နဂိုကတည်းက ငါလဲမပါ၊ သူလဲမပါ၊ ယောကျ်ားလဲမပါ၊ မိန်းမလဲမပါ၊ အမေလဲမပါ၊ အဖေလဲမပါဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘာသာလျှင် ဧကန်ရှိ၊ တကယ်ရှိပါလိမ့်-(ခန္ဓာငါးပါးသာဧကန်ရှိပါတယ် ဘုရား)၊ ခန္ဓာငါးပါး သာလျှင်ဧကန်ရှိ၊ တကယ်ရှိတယ်ဆိုတော့ ဪ အစကမပါတာ နောက်မှ မြို့ထဲရွာထဲမှမွေးမိ၊ ဖွားမိတာနဲ့ပြောသံကြား၊ ဆိုသံကြားတွေ ကြောင့် သမုတိသစ္စာကို တကယ်ထင်ပြီးသကာလ အမေရယ် အဖေရယ် ငါရယ် သူရယ် ဆိုတာတွေ ချုပ်ကွယ်ပြီး လာတာတွေကို အခုအရင်းကနေ ပြလိုက်တော့ မရှင်းသေးဘူးလား(ရှင်းပါတယ် ဘုရား)။

ဪ အရင်က နဂိုကလာခဲ့တာက ဒကာ ဒကာမတွေ အဝိဇ္ဇာသင်္ခါရက ပြုလုပ်လိုက်တာက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ ဒီခန္ဓာငါးပါးကို အဝိဇ္ဇာသင်္ခါရကလဲလုပ်လိုက်တယ်၊ ဪ-အဝိဇ္ဇာသင်္ခါရကတော့ အတိတ်က အကြောင်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ပြုပြင်တဲ့တရား

အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ပြုပြင်တဲ့တရား-(မှန်ပါ)၊ အဝိဇ္ဇာ သင်္ခါရပြုပြင်လိုက်တာက ဒကာဒ ကာမတို့ အခုဘာနဲ့အတူနေကြရ၊ ထိုင်ကြရပါလိမ့်မလဲ-(ခန္ဓာငါးပါးနဲ့နေကြရပါတယ် ဘုရား)၊ ခန္ဓာငါးပါးနဲ့ အတူတူ နေကြရ၊ ထိုင်ကြရတယ်ဆိုတာ မရှင်းသေးဘူလား (ရှင်းပါတယ် ဘုရား)

ဪ ဒါဖြင့် ဒီတရားပွဲမှာ ယောကျ်ားတွေများလား မိန်းမတွေများလား ခန္ဓာငါးပါးချည်းပဲလားလို့မေးရင် ဘယ့်နှယ့် ဖြေကြမလဲ(ခန္ဓာငါးပါးချည်းပါပဲ ဘုရား)။

အဲဒါဖြင့် အစကတည်းက သက္ကာယဒိဋ္ဌိ ပြုတ်ပြီးသကာလ ဒီထဲမှာခန္ဓာငါးပါးပဲ၊ ငါ သူတစ်ပါး ယောကျ်ား မိန်းမပါသေးရဲ့လား (မပါပါ ဘုရား)။

အင်း ဒါဘယ်ကများ လာပါလိမ့် သိကြား၊ ဗြဟ္မာ၊ ဘုရား လာပြီး ဖန်ဆင်းလေရော့လားလို့ မေးတော့၊ မသိတဲ့ အဝိဇ္ဇာ၊ ပြုပြင်မှု သင်္ခါရကြောင့် ပေါ်လာတာပဲ-(မှန်လှပါ ဘုရား)၊ မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ ပြုပြင်မှုက (သင်္ခါရပါ ဘုရား)။

ဪ မသိတဲ့အဝိဇ္ဇာ၊ ပြုပြင်မှု သင်္ခါရကြောင့် ဘာများဖြစ်လာကြပါလိမ့်-(ခန္ဓာငါးပါး ဖြစ်လာပါတယ် ဘုရား)။

ယောကျ်ားလဲ မပါဘူး၊ မိန်းမလဲမပါဘူး

အေး ခန္ဓာငါးပါးဖြစ်လာတယ်ဆိုတော့ ယခုတရားနာနေကြတာတွေ အားလုံးရှင်းကြပါတော့၊ ယောကျ်ားလဲ မပါဘူး၊ မိန်းမလဲမပါဘူး၊ နဂိုက မပါခဲ့တဲ့ဥစ္စာ၊ ခန္ဓာငါးပါး ခန္ဓာငါးပါးပါပဲ (မှန်ပါ့ ဘုရား)

ဒီခန္ဓာငါးပါး ဖြတ်ဆိုပျက်သွားမယ်၊ ဘယ်သူကအစားထိုးရမယ် (အဝိဇ္ဇာသင်္ခါရကပါ)၊ အဝိဇ္ဇာသင်္ခါရကနေပြီး ပြန်ပြီးအစားထိုးတော့ ခန္ဓာငါးပါးပဲပြန်ထိုးတယ် (မှန်ပါ့)၊ ခန္ဓာငါးပါးပျက်တော့ ဘယ်သူကအစားထိုးသလဲ (အဝိဇ္ဇာသင်္ခါရ ကပါ)၊ အဝိဇ္ဇာသင်္ခါရကတော့ သဘောကျပါပြီ ဒကာ ဒကာမတို့၊ ဘာတွေများပြန်ပြီးအစားထိုးလိုက်ပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

အေး ခန္ဓာငါးပါးပဲ အစားထိုးလိုက်တော့ ဪ အဝိဇ္ဇာသင်္ခါရကြောင့် ဥဒယဗ္ဗယဉာဏ် ဟောရမယ် ဆိုတော့ အဝိဇ္ဇာတို့၊ တဏှာတို့၊ ဥပါဒါန်တို့၊ ကံတို့ပါမလာဘူးလား (ပါလာပါတယ် ဘုရား)။

ယခုလို ပဝတ္တိအခါမှာတော့ ခန္ဓငါးပါးဟာ ဖြစ်တော့ဖြစ်တာပဲ၊ သူတို့လဲ အကြောင်းမကင်းဘူးဆိုတော့ နေ့တိုင်း စားသောက်နေတဲ့ အဟာရလေးကလဲ ဒကာ ဒကာမတွေကို နို့ထိန်းသဖွယ် စောင့်ရပါတယ် (မှန်လှပါ)၊ အဝိဇ္ဇာသင်္ခါရ ကတော့ မွေးထုတ်တယ် (မှန်ပါ့)။

အဝိဇ္ဇာသင်္ခါရကတော့(မွေးထုတ်ပါတယ် ဘုရား)၊ ဘာကိုမွေးထုတ်လိုက်ပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ မွေးထုတ် ပြီးသူကတော့ ပစ်ထားတာ ဒကာ ဒကာမတို့ (မှန်ပါ့)။

သူကပစ်ပြီး သကာလ ထားတဲ့အခါကျတော့ ဒကာ ဒကာမတွေမှာ နေ့တိုင်း အမေကကျွေးတဲ့ အစာအဟာရ၊ ကိုယ်တိုင် စားနိုင်တဲ့အခါ ကိုယ်တိုင်စားသောက်တဲ့ အစာအာဟာရ ဩဇာဓာတ်တွေကနေပြီး သကာလ ဒီခန္ဓာကြီး မထောက်ပံ့ရဘူးလားဗျာ (ထောက်ပံ့ရပါတယ် ဘုရား)။

ဪ ဒါ့ကြောင့် အာဟာရကြောင့်ဘာဖြစ်ပါလိမ့်ဗျာ (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား)၊ ဪ နေရာကျလိုက်တာ ဒကာ ဒကာမတို့၊ အဝိဇ္ဇတို့၊ သင်္ခါရတို့၊ အာဟာရကြောင့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ကံ အာဟာရဆိုတာတွေ ယနေ့ပေါ်မသွားသေးဘူးလား (ပေါ်သွားပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီခန္ဓာငါးပါး ငါသူတစ်ပါးယောကျ်ား၊ မိန်းမ၊ ဘယ့်နှယ်တုံး (မပါ-ပါ ဘုရား)၊ သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီး ဖန်ဆင်းတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အကြောင်းတွေကြောင့်ဖြစ်တဲ့ ဒီအကျိုးတရား

မဟုတ်ပါဘူးတဲ့၊ အဝိဇ္ဇာသင်္ခါရတို့၊ အာဟာရတို့ကနေပြီးတည်ထောင်တယ်ဆိုတာ မသေချာဘူးလား-(သေချာ ပါတယ် ဘုရား)။ ဒီအထဲက ဪ-ဒီအကြောင်းတွေကြောင့်ဖြစ်တဲ့ ဒီအကျိုးတရားဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဪ ဒါဖြင့် အကျိုးတရား ခန္ဓာငါးပါး၊ သဘောကျပလား-(မှန်ပါ့ ဘုရား)၊ အကျိုးတရား (ခန္ဓာငါးပါးပါ ဘုရား)၊ ဪ-ဒကာ ဒကာမတွေ အခု ဘာနဲ့များ နေကြထိုင်ကြပါလိမ့်မတုံးလို့မေတးတော့ အကျိုးတရား ခန္ဓာငါးပါးနှင့် နေကြပါတယ်ဆိုတာ ရှင်းကြပလား-(ရှင်းပါပြီ) ဘာနဲ့နေကြပါလိမ့် (အကျိုးတရားခန္ဓာငါးပါးနဲ့နေကြပါတယ် ဘုရား)၊ အကျိုးတရားဆိုတာ သိလိုက်တဲ့အချိန်ကျတော့ ယုံမှားခြင်း ဝိစိကိစ္ဆာ စင်ပါတယ်နော် (မှန်ပါ့)။

ဝိစိကိစ္ဆာ စင်ပါတယ်

ဒီအကြောင်းကြောင့် ဖြစ်တဲ့ ဒီအကျိုးတရားတွေဆိုတော့ အကြောင်းနဲ့အကျိုး သိလိုက်ခြင်းကြောင့် သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီးသကာလ ထာဝရတွေက ဖန်ဆင်းတာ မဟုတ်တော့ဘူးဆိုတာ သိသဖြင့် ယုံမှားခြင်း ဝိစိကိစ္ဆာ စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။

ခန္ဓာငါးပါးသိလို့ သိသဖြင့် ငါသူတစ်ပါ ယောကျ်ား မိန်းမဆိုတဲ့ ဒိဋ္ဌိကကော(စင်ပါတယ် ဘုရား)၊ ဟော ဒိဋ္ဌိ ဝိစိကိစ္ဆာစင်သွားပြီ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒီခန္ဓာငါးပါးဟာ အကြောင်းတရားလား၊ အကျိုးတရား လား ဒကာ ဒကာမတို့ (အကျိုးတရားပါ ဘုရား)၊ အကျိုးတရား ဆိုကတည်းက အကြောင်းကြောင့်ဖြစ်တာပေါ့နော် (မှန်ပါ့)

ဪ ဒါဖြင့် အကြောင်းတရားကြောင့် ဖြစ်တဲ့အကျိုးတရား ခန္ဓာငါးပါးဟာ အကျိုးတရားလို့ သိလိုက်သဖြင့် ဝိစိကိစ္ဆာစင်သွားတယ် (မှန်ပါ့)၊ သိကြားဗြဟ္မာဘုရားလာပြီးတည်ထောင်တာလို့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)၊ ထာဝရဖန်ဆင်းတာတွေကော ဟုတ်သေးရဲ့လား-(မဟုတ်ပါ ဘုရား)။

ဪ ဒီလို သိလိုက်သဖြင့် ဘာစင်သွားပါလိမ့် (ဝိစိကိစ္ဆာ စင်ပါတယ်)၊ ဝိစိကိစ္ဆာ စင်သွားတယ်နော် (မှန်ပါ့)၊ ဒီအကြောင်းတရားတွေက ပြုလိုက်တဲ့ အကျိုးတရားထဲမှာ ငါ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ ပါသေးရဲ့လား၊ ခန္ဓာချည်း ပဲလား (ခန္ဓာချည်းပါ ဘုရား)။

ခန္ဓာချည်းပဲလို့ သိလိုက်သဖြင့် ငါသူတစ်ပါး မဝင်သေးဘူးလား(ဝင်ပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာကို ခန္ဓာလို့သိရင် ဒိဋ္ဌိဝင်ပါတယ် (မှန်ပါ့)၊ ခန္ဓာဖြစ်ကြောင်းကို သိလိုက်လို့ရှိရင် ဝိစိကိစ္ဆာဝင်ပါတယ် (မှန်ပါ့ ဘုရား)၊ ခန္ဓာဖြစ်ကြောင်း သိလိုက်ရင် (ဝိစိကိစ္ဆာ ဝင်ပါတယ် ဘုရား)။

စူဠသောတာပန် ဖြစ်ပြီးမှ

ဪ ဒါဖြင့် ဒီလိုစင်ပြီးသကာလမှ ဒကာ ဒကာမတွေ ဝိပဿနာ ရှုလိုက်လို့ရှိရင်ဖြင့် စူဠသောတာပန် ဖြစ်ပြီးမှ မဟာသောတာပန် ဖြစ်ခန်းကို လှမ်းလိုက်ရလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝန်လေးစရာမရှိတောဘူး (မှန်လှပါ ဘုရား)။

ဝန်လေးစရာ မရှိတော့ဘူး ကြိုးစားပြီးသကာလ တရားကိုနာပြီး ခန္ဓာဉာဏ် လှည့်ပေးလိုက်လို့ ရှိရင်ဖြင့် နေရာကျတော့မှာပဲဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နေ့တိုင်းဟောနေတဲ့ တရားကလဲ မဆုံးသေးတော့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးလို့ မေးလိုက်တဲ့အခါကျတော့ လူမိုက်လဲ အဝိဇ္ဇာ သင်္ခါရအဟာရတို့ကြောင့် ခန္ဓာငါးပါး ဖြစ်တယ်နော် (မှန်ပါ့)၊ လူလိမ္မာကော ဘာကြောင့် ဖြစ်သတုံး (ဒါကြောင့်ပါပဲ ဘုရား)။

သို့သော် လူမိုက်မှာတော့ ယခုလို ပဝတ္တိ ခန္ဓာငါးပါးနောက်ကနေပြီးသကာလ အဝိဇ္ဇာတဏှာ ပြန်လိုက်တယ် (မှန်ပါ့ ဘုရား)။ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

အဝိဇ္ဇာ တဏှာတွေ ပြန်လိုက်တဲ့အခါ အဝိဇ္ဇာဆိုတာ ခန္ဓာကို ဒုက္ခသစ္စာလို့မသိတာ၊ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)၊ တဏှာဆိုတာက မသိတာ ရမ်းမဝင်ဘူးလား (ဝင်ပါတယ် ဘုရား)။

သေသည်၏ အခြားမဲ့၌

အဲ အဝိဇ္ဇာ သင်္ခါရဟာ အဝိဇ္ဇာသင်္ခါရ ပြန်လိုက်မလာဘူလား (လိုက်လာပါတယ် ဘုရား)။ တစ်နည်း အဝိဇ္ဇာ သင်္ခါရကော ပြန်လိုက်မလာဘူလား (ပြန်လိုက်ပါတယ်)၊ လိုက်လာရင်ဘာများ ဖြစ်ဦးမှာပါလိမ့်မတုံး သေသည်၏ အခြားမဲ့၌-(ခန္ဓာငါးပါးပဲဖြစ်မှာပါ ဘုရား)။

ဪ ဒါဖြင့် လူမိုက်သည်ကားလို့ ဆိုလို့ရှိရင် အဝိဇ္ဇာ သင်္ခါရကလာပြီး အဝိဇ္ဇာ သင်္ခါရ ပြန်ကောက်မိတာနဲ့ ခန္ဓာဒုက္ခနှစ်ချက် ထပ်ရတယ်ဆိုရင်ဖြင့် မလွဲတော့ဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ပစ္စုပ္ပန်ဘဝမှာလဲ ဒုက္ခသစ္စာ ခန္ဓာကြီးရ တယ် (မှန်လှပါ ဘုရား)။

၎င်းခန္ဓာငါးပါး ဒုက္ခသစ္စာလို့ မသိတာက အဝိဇ္ဇာ၊ အရမ်းခင်တာက တဏှာ၊ ဘဝတဏှာက ခင်ပြီးသကာလနေ သောကြောင့် ခန္ဓာငါးပါးပဲ ပြန်ရတော့ ခန္ဓာငါးပါးရတဲ့ အနာဂတ်ခန္ဓာကလဲ ဘာသစ္စာဆိုကြမလဲ (ဒုကသစ္စာပါ ဘုရား)၊ အို၊ နာ၊ သေပါသကိုးဗျာ (မှန်ပါ့ ဘုရား)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)၊ ဒီခန္ဓာကြီးကလဲ (အို၊နာ၊သေပါပါတယ် ဘုရား)

ဪ အို၊နာ၊သေကို မသိတဲ့အတွက် အို၊ နာ၊ သေကို မသိတာက ယခုဘဝပေါ်တဲ့ အဝိဇ္ဇာ-(မှန်ပါ့)၊ အို၊ နာ၊ သေ၊ ဒုက္ခသစ္စာကြီးမသိဘဲနဲ့ ခင်နေတာက တဏှာ (မှန်ပါ့ ဘုရား)။

ဒီအဝိဇ္ဇာ တဏှာတွေ ခန္ဓာကိုလှည့်ပြီး လိုက်လာတာနဲ့ ဒကာ ဒကာမတို့ စုတိမနေ သေလွန်ပြန်တော့ ဘာတွေ များ ပြန်ရပါလိမ့်-(ခန္ဓာငါးပါးပြန်ရပါတယ်)၊ ခန္ဓာငါးပါးဒုက္ခသစ္စာတရားပဲပြန်မရဘူးလား (ပြန်ရပါတယ် ဘုရား)။

အရှုံးထဲကလာပြီး အရှုံးထဲပဲ ပြန်သွားတယ်

ဪဒါဖြင့် ဒုက္ခထဲကလာပြီးသူဘယ်များသွားရှာပါလိမ့်- (ဒုက္ခထဲသွားပါတယ် ဘုရား)၊ ဒါဖြင့်ဗျာ အမြတ်ထွက် သေးရဲ့လားလို့ မေးလိုက်ပါတယ်- (မထွက်ပါ ဘုရား)။ အရှုံးထဲကလာပြီး (အရှုံးထဲပဲ ပြန်သွားပါတယ် ဘုရား)။

သံသရာ့ ခရီးသည် ဝန်ထမ်းသမားအဖြစ်နဲ့ နေပြီး ဝန်ထမ်းသမားပဲ ပြန်ဖြစ်ရတယ်ဆိုတော့ ကူလီက ကူလီ ပြန်ဖြစ်တယ်ဆိုတော့ ဒကာ ဒကာမတို့ ကူလီခေါင်းတောင် မတက်လိုက်ရပါလား (မှန်ပါ့ ဘုရား)၊ အင်မတန် မနာဘူးလား-(နာပါတယ် ဘုရား)။

အေး ဒါ့ကြောင့် လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ ယခု ခန္ဓာငါးပါးနောက်က အဝိဇ္ဇာ တဏှာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊လူမိုက်ပဲ (မှန်ပါ့ ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့်လိုက်- လိုက်ရင်တော့ ဘယ့်နှယ်ဆိုကြပါ့မလဲ (လူလိမ္မာပါ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့် ဆိုတဲ့ မဂ္ဂငါးပါး လိုက်-လိုက်တဲ့အခါကျတော့ နောက်ခန္ဓာငါးပါး လာသေးရဲ့လား (မလာပါ ဘုရား)။

အင်း လူလိမ္မာက ဒီဒုက္ခပြီးရင် နောက်ဒုက္ခ ပြတ်ပါရဲ့လား (ပြန်ပါတယ် ဘုရား)။ လူမိုက်ကတော့ (မပြတ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာနဲ့လူမိုက် ဘာထူးပါလိမ့်မလဲဆိုတော့ အဝိဇ္ဇာ တဏှာ လိုက်တာ လူမိုက်-(မှန်လှပါ ဘုရား)။မဂ္ဂဗြဟ္မစရိယ အကျင့်လိုက်တာက-(လူလိမ္မာပါ ဘုရား)။

လူလိမ္မာပဲဆိုတော့ ဒီဒကာ ဒကာမတွေက အခုဒီပွဲထဲမှာတော့ဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုရင်လူမိုက် အဖြစ်ကိုကြောက်ပါပေါ့ဘုရားဆိုတာ တစ်ပွဲလုံး ညည်းကြမှာပဲနော်-(မှန်ပါ့ ဘုရား)။

ကြောက်လို့ရှိရင်ဖြင့် ဒီခန္ဓကြီးကို ခင်ဗျားတို့က ခုနကတရားဟောစက ပြောတဲ့အတိုင်း နားထောင်ပြီး သကာလ ဉာဏ်က ခန္ဓာဘက် လှည့်လိုက်လို့ရှိရင် ဝိဇ္ဇာဖြစ်တော့မယ် (မှန်ပါ့)၊ ဝိဇ္ဇာဖြစ်ရင် တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။

မဂ္ဂဗြဟ္မစရိယ အကျင့်၏အစ

ဪ ဒါသည်ကားလို့ဆိုရင် မဂ္ဂဗြဟ္မစရိယ အကျင့်၏အစပဲဆိုတာမသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ပဲ ကျင့်ကြပါစို့ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့၊ ဘာလုပ်ကြမယ် (မဂ္ဂဗြဟ္မ အကျင့်ကျင့်ကြပါစို့ ဒကာ ဒကာမတို့၊ နို့မဟုတ်လို့ရှိရင် ကျုပ်တို့အမှောင်ထဲကလာပြီး အမှောင်ထဲရောက်တော့မယ်-(မှန်ပါ့ ဘုရား)။

အရင်ခန္ဓာငါးပါးကို မသိတော့ အမှောင်ထဲကမလာဘူးလား(လာပါတယ် ဘုရား)၊ နောက်တော့ ခန္ဓာငါးပါး ရပြန်တော့လဲ အမှောင်ထဲပဲ ဘယ့်နှယ်တုံး-(ပြန်သွားပါတယ်)။ အမှောင်ထဲကလာပြီး အမှောင်ထဲ ရောက်တဲ့ပုဂ္ဂိုလ်ဟာ အလင်းကို တွေ့လိုက်သေးရဲ့လား (မတွေ့လိုက်ရပါ ဘုရား)။

အဲဒါကြောင့်အာလောကော ဥဒပါဒိ-ဆိုတဲ့ဉာဏ်အလင်းကိုမရလိုက်တာ အလွန်နာတာပဲ-(မှန်ပါ့) ဘာမရ လိုက်ပါလိမ့် (ဉာဏ်အလင်းကိုမရလိုက်တာပါ ဘုရား)၊ ဒါ့ကြောင့် အာလောကော ဥဒပါဒိဆိုတာ မဖြစ်နိုင်ဘူးနော်-(မှန်ပါ့ ဘုရား)။

သိပ်ကြောက်စရာ ကောင်းပါကလား ဒကာ ဒကာမတို့ (ကြောက်စရာကောင်းပါတယ် ဘုရား)၊ ဒကာ ဒကာမ တို့၊ တိရစ္ဆာန်ကလေးများ၊ ဒီနွားတို့၊ မြင်းတို့ အစားစားနေတဲ့ အခါကျတော့ အောက်ကြည့် စားသလား အထက်ကြည့်စား သလား-(အောက်ကြည့်စားပါတယ် ဘုရား)၊ ဪအထက်မှာဘာရှိတယ်လို့ သိသေးရဲ့လား (မသိပါ ဘုရား)။

အောက်ကြည့်စားနေတော့

ဒါဖြင့် နဂိုကတည်းက သူဟာ အောက်ကြည့်စားနေတော့ကိုတဲ့ ဒကာ ဒကာမတို့ အောက်မှာ အပါယ်လေးပါးပဲ ရှိတယ် (မှန်ပါ့)၊ အထက်မှာ သုဂတိနတ်ပြည် ဗြဟ္မာပြည်ရှိတယ်။ အဲဒီကို မျှော်မှန်းနိုင်သေးရဲ့လား (မမှန်းနိုင်ပါ ဘုရား)။

အဲဒီလိုပဲ မဂ်ဖိုလ်မှ ဖီလာအဖြစ်နဲ့ တိရော=မဂ်ဖိုလ်မှဖီလာ’အစ္ဆနာ ဘဝိဿတိ’ ဆိုတဲ့အတိုင်း၊ တိရစ္ဆာနံ= မဂ်ဖိုလ်ဖီလာဆိုတဲ့အတိုင်း ခင်ဗျားတို့လဲတဲ့ အောက်သံသရာချည်း လှည့်နေခဲ့ရတဲ့အတွက် ဘုရားအဆူဆူနဲ့ လွဲခဲ့ရပါတယ် (မှန်လှပါ ဘုရား)

ဒီတစ်ခါ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လိုက်လို့ရှိရင်ဖြင့် ဘုရားသာသနာရှိတုန်းမှာ ငါတို့ဖြင့် အလင်းရောင်ခိုမိပြီး သကာလ အမှောင်ပျောက်လို့ အလင်းရောက်ပြီး အမှောင်ထဲက လာငြားသော်လဲ ဒီတစ်ခါ အလင်းသွားပါတော့မယ် ဆိုတဲ့စိတ်မွေးပြီး တရားနာကြပါနော် (မှန်လှပါ ဘုရား)။

ပုဗ္ဗဘာဂမဂ်လို့ ခေါ်တယ်

ကဲ ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမာသမာဓိ (မှန်ပါ့ ဘုရား)။ ပုဗ္ဗဘာဂမဂ်လို့ ခေါ်တယ် (မှန်ပါ့ ဘုရား)။

ပုဗ္ဗက=ရှေး၊ ဘာဂက=အဖို့ပေါ့ဗျ(မှန်ပါ့)၊ ပုဗ္ဗဘာဂ မဂ်ဆိုတာ ဒကာ ဒကာမတို့။ ဒီပုဗ္ဗဘာဝမဂ် မရှိဘဲနဲ့ လောကုတ္တရာမဂ် မလိုက်နိုင်ဘူးတဲ့(မှန်လှပါ ဘုရား)။ ပုဗ္ဗဘာဂမဂ် မရှိဘဲနဲ့ (လောကုတ္တရာမဂ် မလိုက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီမဂ်မှရှေ့က ဒကာ ဒကာမတွေက မရှုလို့ရှိရင် ရှစ်ပါးပြည့်တဲ့ လောကုတ္တရာမဂ်ဟာ ဘယ်နည်းနဲ့မှ ပေါ်ကြမလဲ့ (မပေါ်နိုင်ပါ ဘုရား)။

ဒါကြောင့် နေ့တိုင်းပဲ သတိပေးတယ်၊ ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ထောင်ပါ၊ သူသည် အနန္တရ ပစ္စယော= အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း (မှန်ပါ့ ဘုရား)၊ ဘာတဲ့တုံး (အနန္တရပစ္စယော ပါ ဘုရား) အနန္တရပစယောဆိုတာ အခြားမရှိဘူးနော်-(မှန်ပါ့ ဘုရား)။

ဟောဒီမဂ် လားပြီးလို့ရှိရင် ဒကာ ဒကာမတို့ သူသာ အောင်အောင်မြင်မြင် ဖြစ်လို့ရှိရင် နောက်က လောကုတ္တရာမဂ်ဆိုတဲ့ သောတာပန်တည်မည့်မဂ်ဟာ လာတော့မှာပဲ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဒီမဂ်က ကျေးဇူးပြုမှ လောကုတ္တရာမဂ်လာမှာ (မှန်ပါ့)၊ ဒါဖြင့် ဒီမဂ်မှ မလုပ်တဲ့ ပုဂ္ဂိုလ်မျိုးဖြင့် လောကုတ္တရာမဂ်ရဖို့ အဝေးကြီးပေါ့ဗျာ (ဝေးပါတယ် ဘုရား)၊

ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေမသေခင် ကြိုးစားပါ

ဒါကြောင့် ဒကာ ဒကာမတွေ အကြိုးစားကြီး ကြိုးစားလိုက်စမ်းပါ၊ လမ်းညွှန်ကောင်းနဲ့ တွေ့နေတုန်း၊ ဆရာသမားတွေ ထင်ရှားရှိနေကြတုန်း ပိဋကတ်သုံးပုံတွေ မကွယ်ခင် ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေမသေခင် ဒကာ ဒကာမတွေ ကြိုးစားပါဆိုတာ ဘုန်းကြီးက အားလုံးအတွက်ပဲ တိုက်တွန်းတယ်နော် (မှန်လှပါ ဘုရား)။

ကဲ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တာဟာ လူလိမ္မာနော်(မှန်လှပါ ဘုရား)၊ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ရင် ဘာတဲ့ (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် ဒီအကျင့်မျိုး မကျင့်ရသေးလို့ရှိရင်ဖြင့်တို့ ဘယ်အထဲကတုန်းဆိုတာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောထားတဲ့အတွက် ဦးခင်မောင် ဝေဖန်စရာ အထူးလိုသေးရဲ့လား (မလိုပါ ဘုရား)။

အင်း ဟင် ဘယ်အထဲပါသွားပါလိမ့် (လူမိုက်ထဲပါသွားပါတယ် ဘုရား)၊ လူမိုက်ထဲ ပါသွားတယ်ဆိုတော့ ဒကာ ဒကာမတို့ ကျုပ်သည် အမိမွေးကတည်းက တော်တော်လိမ္မာယဉ်ကျေးပြီး နေခဲ့ကြပါတယ်လို့ ဆိုတဲ့ အပြောစကား တွေဟာ အလကားဖြစ်သွားပါတယ်(မှန်ပါ့ ဘုရား)၊ ဘာ့ကြောင့်လဲ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ မကျင့်ရသေးဘူး (မှန်ပါ့)။

ဒုက္ခသစ္စာ မြင်အောင်ကြည့်ရပါမယ်

ကိုင်း ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ ဘာပါလိမ့် မတုံးဆိုတော့ ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတို့ ဒုက္ခသစ္စာ မြင်အောင်ကြည့်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ခန္ဓာငါးပါးကို ဘယ်လိုမြင်အောင်ကြည့်ရမှာပါလိမ့် (ဒုက္ခသစ္စာ မြင်အောင်ကြည့်ရပါမယ်)။ နဂိုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ နဂိုက ဒုက္ခသစ္စာကို ကျုပ်တို့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဒကာ ဒကာမတွေ မမြင်သေးကတည်းက ဪ အဝိဇ္ဇာနဲ့ တဏှာရှိသေးတော့ လူမိုက်ထဲကပါကလားလို့ ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဝိဇ္ဇာတဏှာ ရှိနေကတည်းက ဘယ့်နှယ်ဆိုကြမယ်-(လူမိုက်ပါ ဘုရား)။

လူမိုက်ထဲက ပါနေသေးတော့ ကျုပ်တို့သည်တဲ့ ဒကာ ဒကာမတို့ ယခုလို သာသနာတွင်းကြုံ၍ ဒုလ္လဘဆိုတဲ့ အခါမှာ ကြိုးစားရတော့မယ်၊ မဂ္ဂဗြဟ္မစရိယ အကျင့်ကိုနော် (မှန်ပါ့)၊ ကျင့်မှသာလျှင် လူလိမ္မာထဲသို့ ရောက်တော့မယ် ဆိုတာ ငြင်းဖို့လိုသေးသလား-(မလိုပါဘူး ဘုရား)၊ သဘောပါကြပြီလား(ပါ-ပါပြီ ဘုရား)

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင်လုပ်ပါ ဆိုတာဖြင့် အထူးတိုက်တွန်းနေစရာမလိုပါဘူး။ နောက် ခန္ဓာဒုက္ခသစ္စာကြီးရလို့ရှိရင် အိုဘေး၊ နာဘေး၊ သေဘေးကိုယ်ကိုတိုင် နွှဲရဦးမှာ (မှန်ပါ့)၊ မနွှဲရပေဘူးလား (နွှဲရပါမယ် ဘုရား)။ ဒီခန္ဓာကြီးကလဲ အိုပွဲ၊ နာပွဲ၊ သေပွဲနွှဲရဦးမှာ-(မှန်ပါ့ ဘုရား)။

အဝိဇ္ဇာနဲ့တဏှာနောက်က လိုက်ဦးမယ်ဆိုရင် နောက်ခန္ဓာလဲ ဒီပွဲနွှဲရပြန်တော့မယ်(မှန်ပါ့)၊ ကောင်းနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

သမုဒ္ဒရာ လေးစင်းရေထက် များသေးတယ်

ဒါကြောင့် ကျုပ်တို့မျက်ရည်တွေ သမုဒ္ဒရာ လေးစင်းရေထက် များသေးတယ်ဆိုတာ ဒီအဝိဇ္ဇာနဲ့ တဏှာချည်း လိုက်နေလို့ (မှန်လှပါ ဘုရား)။

ဒီတစ်ခါကံကောင်းဉာဏ်ကောင်းနဲ့ ခင်ဗျားတို့ကံကောင်းတာတော့ ပြောဖို့မလိုပါဘူး၊ ဉာဏ်ကောင်းကလေး အသုံးချလိုက်လို့ရှိရင်ဖြင့် ဪ ဒုက္ခစက်ရဟတ်ဖြင့် ပြတ်တော့မှာပဲဆိုတာ မှတ်လိုက်ပါ-(မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)။

ကံကောင်းသလောက် ဉာဏ်မကောင်းမှာဖြင့် ဘုန်းကြီးကကံသိပ်စိုးရိမ်တယ် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမ တွေ ကံကောင်းလို့ သာသနာတွင်းနဲ့ကြုံတယ် (မှန်ပါ့)၊ ပြောနိုင်ဆိုနိုင်တဲ့ ဆရာကောင်း သမားကောင်းတွေနဲ့ကော (ဆုံပါတယ် ဘုရား)၊ ထောင်နိုင်တဲ့နားတွေကကော (ကြုံတယ် ဘုရား)။

အဲ ဉာဏ်မကောင်းတော့ ဒကာ ဒကာမတို့ မကျင့်ဖြစ်ဘူး (မှန်ပါ့ ဘုရား)၊ ကျင့်ဖြစ်မှ ဉာဏ်ကလဲ ထိုးထွင်းလာမှာ ဖြစ်နေတော့ ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်ဖြစ်အောင် ကျင့်ပါဆိုတာ တိုက်တွန်းရပြန်တယ်-(မှန်ပါ့ ဘုရား)။

သို့သော် မဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်မယ်ဆိုတဲ့အခါမှာ ဦးခင်မောင်ကျင့်တဲ့အခါမှာ ကွယ်ဖုံးနေတာကလေး ယနေ့ပြောချင်သေးတယ် (မှန်လှပါ ဘုရား)။

ခန္ဓာကြည့်ကြရမှာ

ဒီမဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်တော့မယ်ဆိုတော့ ခန္ဓာကြည့်ကြရမှာကိုး(မှန်ပါ့)၊ ဘယ်ကြည့်ရမှာတုံး (ခန္ဓာ ကြည့်ရမှာပါ ဘုရား)။

ဪ ခန္ဓာကြည့်ကြရမယ်၊ ခန္ဓာကြည့်တဲ့အချိန်ကျလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကို ကြည့်လျက်သားနဲ့ ဒီခန္ဓာကြီးထဲမှာ ဒုက္ခသစ္စာရှိတာ မမြင်တာသည် ဘာကြောင့်ပါလိမ့်မတုံးဆိုတော့ အကွယ်အဖုံးတွေ ရှိနေလို့ပဲ(မှန်လှပါ ဘုရား)။ သဘော ကျကြပလား (မှန်ပါ့)

ဒါဖြင့် ခန္ဓာကြီးထဲမှာရှိတာဖြင့် ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဒါတွေပဲ မရှိဘူးလား(ရှိပါတယ် ဘုရား)၊ ဒါတွေပဲရှိတာ “အနိစ္စာ ဝတ သင်္ခါရာ”ပဲရှိတာပဲ(မှန်ပါ့)၊ ဒိပြင်ဘာများ ရှိသတုံး (မရှိပါ ဘုရား)။

အဲ”အနိစ္စာ ဝတ သင်္ခါရာ”ပဲ ရှိတဲ့ဥစ္စာကို ဒကာ ဒကာမတွေက သိလျက်သားနဲ့ အနိစ္စလဲမမြင်ဘူး သင်္ခါရလဲ မမြင်ဘူးဆိုတော့ ဖြစ်တာလဲမမြင်ဘူး၊ ပျက်တာလဲမမြင်ဘူးဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကွယ်အဖုံးဖြင့် ရှိတာပေါ့။ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ။(အကွယ်အဖုံးဖြင့် ရှိပါတယ် ဘုရား)။

အဖုံးလာရင် အဖုံးဖွင့်ပါ

အကွယ်အဖုံးရှိတယ်-(မှန်ပါ)၊ အဲဒါကို ဘုန်းကြီးက ဒကာ ဒကာမတွေ ဒီအကွယ်လာရင် ဒီအကွယ်ဖယ်ပါ၊ ဒီအဖုံးလာရင် ဒီအဖုံးဖွင့်ပါ (မှန်ပါ့)၊ ဒါ သင်မပေးပြန်လို့ရှိရင်လဲ ဒကာ ဒကာမတွေမှာ ကိုယ်ကျိုးနည်းရချည်ရဲ့ (မှန်လှပါ ဘုရား)၊ သူအကွယ်ဖုံးက ရှိသကိုးဗျ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ယနေ့ ဒကာ ဒကာမတို့ ဝိပဿနာရှုမယ်ကြံလို့ ဒုက္ခသစ္စာကြီးရှိလျက်သားနဲ့ တပည့်တော်တို့ ခန္ဓာကြီးက ဒုက္ခသစ္စာလို့ဆိုတာ စာသိတော့ သိနေပြီ၊ ကိုယ့်အမြင်နဲ့အသိက မရှိသေးဘဲဖြစ်နေတာ အဖုံးရှိလိမ့်မယ်(မှန်လှပါ ဘုရား)၊ ကိုယ့်အမြင်နဲ့မသိဘဲနေတာဘာပါလိမ့်(အဖုံးရှိနေတာပါ ဘုရား)။

အဲ-အဖုံးရှိနေမှာစိုးရိမ်တဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဖုံးငါးချက်ကို ဖွင့်ပေးပါကွာ ဒါမှ မြင်တော့မပေ့ါတဲ့-(မှန်ပါ့ ဘုရား)၊ ဘာဖွင့်ပေးရမလဲ (အဖုံးဖွင့်ပေးရပါမယ်)၊ သေသေချာချာ နားထောင်ပါ ဒကာ ဒကာမ တို့၊ ဘာဖွင့်ပေးရပါလိမ့်မယ်-(အဖုံးဖွင့်ရမှာပါ ဘုရား)၊ အဖုံးငါးချက်ကို ဖွင့်ပေးရလိမ့်မယ်နော်(မှန်ပါ့)။

အဖုံးငါးချက်

ကိုင်း ဒါဖြင့် မှတ်ကြ၊ အဖုံးငါးချက်ကိုနော်၊ ဒါဖြင့်ဒီဟာ ခဏကလေး ထားလိုက်ဦး၊ အဖုံးငါးချက်ကို ဒကာ ဒကာမ တွေစပြီး လမ်းခင်းပါဦးမယ်၊ ပြီးမှ ဝိပဿနာကိစ္စတွေ သွားကြရအောင် (မှန်ပါ့ ဘုရား)။

အဖုံးဘယ်နှစ်ချက်ပါလိမ့် ဒကာ ဒကာမတို့ (ငါးချက်ပါ ဘုရား)၊ ဪ အဖုံးငါးချက်၊ စာလိုသုံးတော့ နီဝရဏ တရား ငါးပါးပဲ (မှန်ပါ့ ဘုရား)၊ စာလိုသုံးတော့ ဘာတဲ့ (နီဝရဏတရားငါးပါးပါ ဘုရား)။

အေး ဒကာ ဒကာမတွေ နားလည်မှုနဲ့ ဆရာဖုန်းကြီးက ပြောပြန်လိုရှိရင် အဖုံးငါးချက်ပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။

ဒကာ ဒကာမတွေနားလည်မှုနဲ့တော့(အဖုံးငါးချက်ပါ ဘုရား)၊ စာလိုသုံးတော (နီဝရဏတရား ငါးပါးပါ ဘုရား)။

အေ ပါဠိလိုတော့ နီဝရဏဆိုတဲ့ဥစ္စာ ဖုံးတတ်တဲ့တရားဆိုတာ မြန်မာလို ပြန်တဲ့အခါကျတော့ ဦးခင်မောင် အဖုံးငါးချက် ခေါ်လိုက်တာပါပဲ (မှန်ပါ့)။

လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ

လောဘဟာလဲ ဒကာ ဒကာမတို့ ခန္ဓာ၏ဒုက္ခသစ္စာမြင်မှုကိုဖုံးတာပါပဲ(မှန်ပါ့)၊ ဒေါသဟာလဲ ခန္ဓာ၏ ဒုက္ခသစ္စာ မြင်မှုကို (ဖုံးတာပါပဲ)၊ ဒီအထဲမှာ ထိနမိဒ္ဓဆိုတဲ့ တရားနှစ်ခုကလဲ ဒကာ ဒကာမတို့ ဘာဆိုကြပါ့မယ် (ဖုံးတာပါပဲ)၊ ခန္ဓာ၏ ဒုက္ခသစ္စာမြင်မှုကို ဖုံးထားတယ်-(မှန်လှပါ ဘုရား)၊ ဘယ်နှစ်ချက်ရှိသွားပြီလဲ (သုံးချက်ရှိ သွားပါပြီ ဘုရား)။

ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတဲ့ ၄နံပါတ်ကလဲ ဒကာ ဒကာမတို့ ခန္ဓာ၏ ဖြစ်ပျက် ဒုက္ခသစ္စာကြီးကို ဘာလုပ်ထား သလဲ (ဖုံးထားပါတယ် ဘုရား)။

ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားမှုကလဲ ဒကာ ဒကာမတို့ ခန္ဓ၏ ဖြစ်ပျက်ကြီး ဘာလုပ်ထားပါလိမ့် (ဖုံးထားပါတယ် ဘုရား)။

ဪတို့ ဝိပဿနာဉာဏ်မှ မရလို့ရှိရင် မဂ်ဉာဏ်မရ၊ မဂ်ဉာဏ်မရရင် နိဗ္ဗာန်မမြင် (မှန်ပါ့ ဘုရား) သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ကိုဖုံးထားတာ

အေး ဒါဖြင့် ဝိပဿနာဉာဏ် မရလို့ရှိရင် မဂ်ဉာဏ်ကော (မရပါ ဘုရား)၊ မဂ်ဉာဏ်မရရင် နိဗ္ဗာန်ကော (မမြင်နိုင်ပါ ဘုရား)။

မမြင်နိုင်တဲ့ဥစ္စာသည် ဤကဲ့သို့ ဝိပဿနာဉာဏ်ကိုဖုံးထားတာဖြင့် ဦးခင်မောင်ရေ ဘယ်နှစ်ချက်တုံး (ငါးချက်ပါ ဘုရား)။

အေး ဒါကိုသေချာမှတ်၊ ဒါကိုသေသေချာချာမှတ်ကြ၊ အလုပ်လုပ်မည်ကြံလို့ရှိရင် ဖွင့်တတ်ဦးမှကိုး နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဖွင့်ကြပါစို့၊ ဖွင့်တော့မယ် ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ ဝတ္ထုကလေး ကို ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်ကို သွားပြီးသကာလ ဒကာ ဒကာမတွေ အဲဒီကလာတဲ့တရား ဖြစ်သောကြောင့် ဒါကလေးကို ဖယ်နည်းရှားနည်းကလေးကို သင်ပါဦးမယ် (မှန်ပါ့)

ဖယ်နည်း ရှားနည်းကလေးက ဒကာ ဒကာမတို့၊ ဒကာ ဒကာမတွေသည်တဲ့ ဆရာဘုန်းကြီးက အိမ်ရောက်လဲ ရှုကြပါနော်၊ ခန္ဓာတွေရှုကြပါ၊ တခြားမကြည့်ပါနဲ့၊ ခန္ဓာကိုကြည့်ပါ၊ ခန္ဓာသည် ဘာဖြစ်နေသလဲဆိုတာ သေသေချာချာ မကြည့်ပါ၊ နေမကောင်းထိုင်မသာတွေ အကြည့်ခိုင်းတာ မဟုတ်ပါဘူးနော် (မှန်ပါ့)၊

ခန္ဓာတွေ ခဏခဏ တဖျပ်ဖျပ်နဲ့ ဖောက်ပြန် ပျက်ဆီးနေတာကို အကြည့်ခိုင်းတာ(မှန်ပါ့)၊ ကိုယ့်ခန္ဓာကိုယ် မှန်ကြည့်သလိုကြည့်ပြီးသကာလ ကျန်းမာမှု၊ ချမ်းသာမှု ကြည့်နေတာကို ဆိုတာမဟုတ်ဘူးနော် (မှန်ပါ့ ဘုရား)။

ခန္ဓာကြီးက ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ တစ်ခါတည်း ဖောက်ပြန်ပျက်စီးနေတာကို ကြည့်စေချင်လို့ ဆိုတာလဲ မှတ်ထား လိုက်ပါဦး (မှန်ပါ့ ဘုရား)။

မမြင်တာ ဖုံးနေလို့ပေါ့

အဲဒီကြည့်စေချင်တဲ့ဥစ္စာ မမြင်ဘူးဘုရားဆိုတော့ ဒကာ ဒကာမတွေ မမြင်တာ ဖုံးနေလို့ပေါ့ (မှန်ပါ့)၊ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (မမြင်တာဖုံးနေလို့ပါ ဘုရား)

အဲဒါကြောင့် ပဉ္စကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ ဒကာ ဒကာမတွေသိတဲ့အတိုင်း အဖုံးငါးချက် မဖွင့်တတ်လို့ရှိရင်ဖြင့် အခက်ကြီးခက်တော့တာပဲ (မှန်ပါ့ ဘုရား)။

အဖုံးငါးချက် မဖွင့်တတ်လို့ရှိရင် ဝိပဿနာဉာဏ်မရဘူး-(မှန်ပါ့)၊ ဝိပဿနာဉာဏ် မရရင် မဂ်ဉာဏ်ကော (မရပါ ဘုရား)၊ မဂ်ဉာဏ်မှမရရင် နိဗ္ဗာန်မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

မအို၊ မသေ အမြဲနေတဲ့နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ ထောင့်ငါးရာကိလေသာတို့၏ ချုပ်ရာသိမ်းရာ ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်၊ ဘယ်နည်းနဲ့မှ မရနိုင်တော့ဘူးဆိုတော့ ဪ ဒါဖြင့် တို့ အရေးကြီးနေတာ ဘာပါလိမ့်မတုံး ဆိုလို့ရှိရင် ဝိပဿနာဉာဏ် အမြင်သန့်ဖို့ အရေးကြီးပါကလား (မှန်ပါ့ ဘုရား)။

ငါးချက်ဖုံးထားပါတယ်

ဝိပဿနာဉာဏ် အမြင့်သန်ဖို့ရာမှာလဲ အဖုံးက ဘယ်နှစ်ချက်ဖုံးထားသလဲ (ငါးချက်ဖုံးထားပါတယ်)၊ အဲဒီ ငါးချက်ဖုံးတာကို ဘုန်းကြီးက ယနေ့ ဒကာ ဒကာမတွေကို ဖွင့်ပြီး သကာလ ပြရဦးမယ် (မှန်ပါ့)

တရားဟောတော့ ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ စဉ်းစားကြည့်တော့ ကိုယ့်ဒုက္ခ မသိမ်းနိုင်သေးသေရွေ့ ကာလပတ်လုံး နေ့တိုင်းဟောတဲ့တရားဟာ အရေးကြီးတဲ့ တရားချည်းမှတ် (မှန်ပါ့ ဘုရား)၊ နေ့တိုင်းဟောတဲ့တရားတွေ ဟာ (အရေးကြီးပါတယ် ဘုရား)။

ဘာကြောင့်တုံး ကိုယ့်ဒုက္ခ မကုန်သေးလို့ရှိရင်ဖြင့် ကိုယ့်အနာမပျောက်သေးလို့ရှိရင်ဖြင့် အနာပျောက်တဲ့ဆေး ယူရတဲ့ နည်းဟာလဲ အရေးကြီးစွာ ရယူလိမ့်မယ်။ အလျင်အမြန် ယူရလိမ့်မယ်ဆိုတာ ဦးဝတို့၊ မောင်ထွန်းလှိုင်တို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊

ကိုင်း ဒါဖြင့် နာဖူးတဲ့ပုဂ္ဂိုလ်လဲ နာဖူးကြလိမ့်မယ်၊ မနာဘူးတဲ့ ပုဂ္ဂိုလ်တွေက အများကြီး ဖြစ်ပြီးသကာလ နေတော့ ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့အခါ မမြင်တာသည် လောကီ ဥပမာပြောကြစို့ဆိုတော့ ဒကာ ဒကာမတွေ ရှေးကတော့ ဘုရားလက်ထက်ကတော့ မှန်တွေ၊ ဘာတွေ ဒီလောက်ထွန်းကားတာ မဟုတ်တော့ ရေခွက်ကို ပဓာနထားကြ တယ်နော် (မှန်ပါ့ ဘုရား)။

ရေထဲမှာ အရောရှိနေတဲ့အတွက်

ရေခွက်ထဲမှာ ဒကာ ဒကာမတို့ ရေကလေးကြည်နေအောင်ထား၊ ရေကလေး ကြည့်ပြီးသကာလ နေမယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ အဲဒီ ရေကြည်ထဲမှာ ဆေးနီတို့၊ ဆေးပြာတို့၊ ဆေးဝါတို့များ ရောလိုက်မယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ မျက်နှာဟပ်ကြည့်ရင် မျက်နှာရိပ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ဪ-ရေထဲမှာ အရောင်ရှိနေလို့ (မှန်ပါ့)၊ ဘယ်လို ဆိုကြပါ့မယ် (ရေထဲမှာ အရောင်ရှိနေလို့ပါ ဘုရား)။

ရေထဲမှာ အရောရှိနေတဲ့အတွက် ဒကာ ဒကာမတို့ ကိုယ့်မျက်နှာရိပ်ကို ရေမှန်မှာကြည့်လိုက်ပါတယ်၊ ရေမှန်မှာ ကြည့်လိုက်တဲ့အခါကျတော့ မျက်ခုံးလဲ မပေါ်လာ၊ မျက်လုံးလဲမပေါ်လာ၊ မှဲ့၊ တင်းတိပ်လဲ မပေါ်လာ၊ ဘယ့်နှယ်ကြောင့် မပေါ်လာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ရေထဲမှာ အရောရှိနေလို့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ရေထဲမှာ အရောရှိနေလို့ပါ ဘုရား) ဪ-မျက်နှာရိပ် ထင်သေးရဲ့လား (မထင်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ဪ-ဒါဖြင့် ဒီအရောဖယ်လိုက်ရရင် (ရေကြည်လာမှာပါ ဘုရား)။

ရေကြည်လာမှ မျက်နှာနဲ့ရေခွက်နဲ့ ဟပ်လိုက်လို့ရှိရင်ဖြင့် မျက်လုံး၊ မျက်ခုံးတွေမမြင်ရဘူးလား- (မြင်ရပါတယ် ဘုရား)။

အေး ဒါကြောင့် ကိုယ့်ခန္ဓာ၏ ဖြစ်စဉ်ကို ကိုယ့်ဉာဏ် အမြင်နဲ့ ကြည့်ချင်ငြားသော်လဲ ကိုယ့်ခန္ဓာ ဉာဏ်ထဲမှာ အရောရှိရင် မရဘူးတဲ့(မှန်ပါ့ ဘုရား) ကိုယ်ခန္ဓာဖြစ်စဉ်က ကိုယ့်ဉာဏ်အမြင်နဲ့ မျက်နှာ ဟပ်ကြည့်ငြားသော်လဲ အရော ရှိနေရင် (မမြင်ရပါ ဘုရား)။

အရောရှိနေရင် (မမြင်ပါ) ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနိစ္စ ဒုက္ခသစ္စာ ဒီခန္ဓာမှာ အပြည့်နဲ့ အကုန်လုံး အနိစ္စဒုက္ခသစ္စာ အမှန်တကယ် ဖြစ်ပြီးသကာလနေငြား သော်လဲတဲ့၊ ဉာဏ်နဲ့ကြည့် လိုက်တဲ့အခါကျ တော့ မမြင်ဘဲ ဖြစ်နေတာ၊ ကြားထဲမှာ အရောတော့ရှိပြီ (မှန်ပါ့ ဘုရား)၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အင်း အရော ရှိနေတယ်၊ ခုနက ရေခွက်ထဲမှာ ဆေးနီ၊ ဆေးပြား၊ ဆေးဝါးတွေ ရေရော လိုက်တဲ့အခါမှာ ဒကာ ဒကာမတွေ မျက်နှာနဲ့ ဟပ်ကြည့်လိုက်တော့ ကိုယ့်မျက်လုံး ကိုယ့်အရိပ်တွေ ကိုယ်မြင်သေးရဲ့လား (မမြင်ရပါ ဘုရား) ဪ ကြည့်ပြီဆိုရင်တော့ (မြင်ရပါတယ် ဘုရား)။

ရေမကြည်ရင် မျက်နှာရိပ် မထင်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ စဉ်စားကြပေတော့၊ ရေမကြည်ရင် မျက်နှာရိပ် မထင်ဘူး၊ မပေါ်ဘူး(မှန်ပါ့ ဘုရား) ရေကြည်ရင်ဖြင့် (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်ခန္ဓာ တည်းဟူသော မှန်ကြီးကို ဒကာ ဒကာမတို့ ကိုယ့်ဉာဏ်တည်းဟူသော မျက်လုံးနဲ့ကြည့် လိုက်တဲ့အခါ ခန္ဓာတည်းဟူသော မှန်ကြီးထဲ၊ ဒုက္ခသစ္စာတွေအပြည့်အလျှံ ရှိနေတာကို မမြင်တာသည်ကားလို့ ဆိုရင်ဖြင့် ဒီကြားထဲ အရောရှိလို့ပေါ့ (မှန်ပါ့ ဘုရား)၊ ဘယ်လို ဆိုကြပါ့မယ်(ဒီကြားထဲ အရော ရှိနေပါတယ် ဘုရား)။ အရောရှိနေပြီ ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီအရောမှ မဖယ်လို့ရှိရင် ဒီရေကြည်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒီခန္ဓာ ကြည့်စရာ မမြင်ဘူး၊ ဒါကြောင့် “မဟာဘုတ် ၄ ပါး” ဆိုတာ အကြည့်မှန်ကြီးနဲ့ တူတယ်ဆိုတဲ့ ဥစ္စာလဲ အဋ္ဌကထာ ဆရာများ သိပ်ပြီး ရေးကြပါတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရောနေလို့ ရှိရင်လဲ မမြင်ဘူးဆိုတာ သေချာပြီနော် (သေချာပါပြီ) ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးထုတ်တဲ့ ဥပမာကလေး ဥပမာရယ်လို့တော့ မဟုတ်ပါဘူး ၊ ဝတ္ထုကလေးကို နည်းနည်း ထည့်လိုက်ပါဦးမယ် ဒကာ ဒကာမတို့ နော် (မှန်ပါ့ ဘုရား)။

သင်္ဂါရဝ သတို့သား

ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ သင်္ဂါရဝ သတို့သားနဲ့တွေ့တယ်၊ သင်္ဂါရဝ သတို့သားကလဲ ဉာဏ်ကလေး ကပါတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အရှင်ဘုရားတဲ့၊ တပည့်တော် ပုဏ္ဏားဖြစ်ပါတယ်၊ ပုဏ္ဏားဆိုတဲ့ဥစ္စာ တပည့်တော်တို့ မန္တာန် သရဇ္ဈာယ်ရပါတယ်၊ မန္တာန်တွေ စာတွေ အင်မတန် ရ-ရပါတယ်။

အဲဒါ တပည့်တော် မသိလို့ဘဲ မေးလျှောက်ပါရစေဘုရား၊ တစ်ခါတလေကျလို့ရှိရင်ဖြင့် ရပြီးသားတွေတောင် မေ့ကုန်တယ်၊ တွေးလို့ကို မရဘူး၊ ပြန်စရာတောင် မရှိပါဘုရား။

တစ်ခါတလေကျပြန်တော့လဲ တပည့်တော်မှာ ရှေးတုန်းက ငယ်ငယ်တုန်းက မေ့ပြီးသား စာတွေတောင် ပြန်ပေါ်ပါတယ်ဘုရားတဲ့၊ သဘောကျလား (ကျပါပြီ ) ၊ တစ်ခါတလေကျတော့ ဘာလဲ ရပြီးသားတွေ (မေ့ကုန်ပါတယ်)။ တစ်ခါတလေကျတော့ ရှေ့းငယ်ငယ်က ပစ်ထားတာတွေတောင် (ပြန်ပေါ်ပါတယ် ဘုရား) အဲဒီ နှစ်ကြောင်းတော့ အရှင်ဘုရား အမိန့်ရှိဦးမှ ကောင်းမယ်၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

ရေခွက်ထဲမှာ ဆေးနီ၊ ဆေးဝါ ဆေးပြာတွေ

အေးဒါဖြင့် အင်္ဂါရဝ ငါရှင်းပြမယ်ကွဆိုပြီးသကာလ ခုနကပြောခဲ့တဲ့ ရေခွက်ထဲမှာ ဆေးနီ၊ ဆေးဝါ ဆေးပြာတွေ ရောပြီးသကာလ မင်းမျက်နှာနဲ့ ဟပ်ကြည့်ဟေ့ သင်္ဂါရဝ သတို့သား၊ မင်းမျက်နှာရိပ် ထင်ပါ့မလားလို့ မေးလိုက်တော့ ပုဏ္ဏား ဘယ့်နှယ်ဖြေမယ် ထင်သလဲ (မထင်ပါ ဘုရား)။

မျက်နှာရိပ် ထင်နိုင်ကြပါ့မလား (မထင်နိုင်ပါ ဘုရား) ဘာတုံး ရေထဲမှာ ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေက ဘယ့်နှယ်ဖြစ်နေသတုံး (ရောနေပါတယ် ဘုရား)။

လောဘစိတ် ကြားခိုနေလို့

အဲ ဒီမှာလဲ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကိုယ်ကို ဝိပဿနာရှုမယ် ကြံလို့ရှိရင်ဖြင့် လောဘစိတ်ကလေးတွေရှိပြီး ကြားခိုနေလို့ရှိရင် ဒီက ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင် လောဘစိတ် ကြားခိုနေလို့ ရှိရင်ဖြင့် ခန္ဓာ၏ ဖြစ်ပျက် ဒုက္ခသစ္စာကို ဘယ်တော့မှ မမြင်ဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) လောဘခံနေရင် (မပေါ်ပါ ဘုရား)။

အင်း လောဘကလဲ လောဘမူစိတ် ရှစ်ခုဆိုတော့ ဒိဋ္ဌိဂတ သမ္ပယုတ်တွေ ဒိဋ္ဌိဂတ ဝိပ္ပယုတ်တွေနဲ့ အင်း တစ်ခါတည်း ဆေးနီ၊ ဆေးပြာ၊ ဆေးဝါတွေဟာ ဒကာသစ်ရေ စုံလို့ပေါ့ (မှန်လှပါ ဘုရား) ကိုမြရွှေရေ စုံလို့ပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲ ဒီစုံနေတဲ့ အရောကြီးမှာ မျက်နှာရိပ် ဟပ်ကြည့်တော့ ဘယ့်နှယ်လုပ်ပါ့မလဲ (မပေါ်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် ဒကာ ဒကာမတို့၊ ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ကြစို့ရဲ့ (မှန်ပါ့) ဘာပြုလို့တုံး ရေကြည်စေချင်လို့ (မှန်ပါ့ ဘုရား)

ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ကြစို့ ဒကာ ဒကာမတို့ (မှန်ပါ့) ဘယ်နှယ်ကြောင့် အဖယ်ခိုင်းပါလိမ့် (ရေကြည်စေချင်လို့ပါ)၊ ရေကြည်ကြည် မျက်နှာဟပ်လိုက်ရလို့ ရှိရင်ဖြင့် ကိုယ့်ခန္ဓာအရိပ်ဟာ ‘ဒုက္ခသစ္စာအရိပ်ကြီးဟာ’ ပေါ်တော့မယ် (မှန်ပါ ဘုရား) ဦးခင်မောင် ပေါ်ပါ့မလား (ပေါ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာအရိပ်ကြီး

အဲ ဒီမှာလဲ ထိုနည်းအတူပဲ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကြီးကို ကိုယ်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒီကြားထဲမှာ စိတ်ထဲမှာ လောဘတွေပါနေလျက် ဒေါသတွေပါနေလျက်နဲ့ ဝိပဿနာ ရှုမယ်ဆိုလို့ရှိရင်ဖြင့် ဒီဆေးနီ ကလေးတွေဟာ ရောပြီးသား ဖြစ်နေတဲ့အတွက် ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာအရိပ်ကြီးဟာ ဒကာ ဒကာမတို့ မမြင်ဘူးတဲ့ (မှန်လှပါ ဘုရား) မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

ဒကာ ဒကာမတို့၊ လောဘတည်းဟူသော ဆေးနီ၊ ဆေးဝါတွေ ရောနေတယ်၊ ရောနေတော့ ခန္ဓာတည်းဟူသော ရေပြင်မှာ ကြည်ကြည်လင်လင် မရှိတဲ့အတွက် ကိုယ့်မျက်နှာရိပ်ဆိုတဲ့ အနိစ္စရိပ် ဒုက္ခရိပ် အနတ္တရိပ် ဒုက္ခသစ္စရိပ်တို့ မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေက အိမ်ကျတော့ ဆရာဘုန်းကြီးက မှာလိုက်တယ်၊ ဝိပဿနာ ရှုကြ ဝိပဿနာ ရှုကြ၊ ဒါမှသာလျှင် ဒီဝေဒနာချုပ်မယ်၊ ဒီဝေဒနာ ချုပ်မှသာလျှင် နောက်ခန္ဓာကြီး ရမယ်လို့ သင်လွှတ်လိုက်တဲ့ အတွက် အိမ်ကျတော့ရှုကြပါတယ်၊ ရှုကြပေမယ့်လဲ ဒီလောဘကလေးက သားခင်တဲ့ လောဘ၊ သမီးခင်တဲ့ လောဘ ဒါကလေးက ဝင်ပြီးသကာလ ရှုနေတော့ ထိုင်နေတော့ ထိုင်တာပဲဘုရား၊ မြင်ကို မမြင်သေးဘူးဆိုတော့ အရောကို သူ မဖယ်လိုက်ဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆေးပြား၊ ဆေးဝါးနဲ့တူတဲ့ လောဘက ရောမနေဘူးလားဗျာ (ရောနေပါတယ် ဘုရား)၊ အဲ သူရော နေတဲ့အတွက် ဒကာ ဒကာမတို့ ဉာဏ်တည်းဟူသော မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကြီး ဖြစ်ပုံပျက်ပုံ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဪ ဘာခံနေပါလိမ့် (လောဘ ခံနေပါတယ် ဘုရား) လောဘတည်းဟူသော ဆေးနီ၊ ဆေးဝါ၊ ဆေးပြာနဲ့ ရောလို့ချည်းတွေနေတာကိုး (မှန်ပါ့) မျက်နှာရိပ်ကို ထင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးက သတိပေးလိုက်တယ် အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ ဒီအရေးအင်မတန်ကြီး တယ်ဆိုတာ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

မမြင်တာဟာ အရောရှိလို့

ကိုယ့်ရှိလျက်နဲ့ ကိုယ့်မမြင်တာဟာ အရောရှိလို့ ဦးခင်မောင်ရေ (မှန်ပါ့) ကိုယ့်ရှိလျက်နဲ့ (ကိုယ့် မမြင်တာဟာ အရောရှိလို့ပါ ဘုရား) အရောရှိလို့ဆိုတော့ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သားရေး၊ သမီးရေး၊ စီးပွားရေးကို ခင်တွယ်တဲ့ လောဘကလေးနဲ့ ရောနေတဲ့ အချိန်ကျလို့ရှိရင်ဖြင့် ဆေးနီ၊ ဆေးပြာ၊ ဆေးဝါဆိုတဲ့ အရောရှိနေတဲ့အတွက် ဉာဏ်ကလေးနဲ့ ထိုးဖောက်ဖို့ရာအတွက် မရဘဲဖြစ်နေတယ် (မှန်ပါ့)၊ ခန္ဓာကို ဖိုးဖောက်နိုင်သေးရဲ့လား (မထိုးဖောက်နိုင်ပါ ဘုရား)။

ဉာဏ်မျက်လုံးနဲ့ ခန္ဓာကိုကြည့်တဲ့ အခါကျလို့ရှိရင်ဖြင့် လောဘတည်းဟူသော တရားတွေက ရှေ့ပိုင်းကနေပြီး ကာကွယ်နေတယ်ဆိုတာ နီဝရဏတရားတွေအဖြစ်နဲ့ အမှုထမ်းနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီလို သေချာပြီးသကာလ နေတဲ့အတွက် မမြင်တာဟာ ပါရမီမရှိလို့တော့ မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

ကိုယ့်အရေး ကိုယ်သိကြပေတော့

ဒါဖြင့် ဒီလိုလုပ်ကြစို့ရဲ့ ဒကာ ဒကာမတို့၊ ဒီလိုလုပ်ကြဆိုတာ ကိုယ့်အရေး ကိုယ်သိကြပေတော့နော် (မှန်ပါ့)

ခုနက ရေခွက် ဥပမာ ပြန်ကိုင်လိုက် ဒီရခွက်ထဲမှာ ဒကာ ဒကာမတို့ ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ရောထား တော့ ဒါတွေအကုန်ဖယ်ကြစို့ စွန့်ပစ်ကြစို့ (မှန်ပါ့) စွန့်ပစ်လိုက်တော့ သူ့အရိပ်၏ အနယ်တွေ ဦးဇံရင်တို့ ကုန်သွားမှာ ပေါ့ဗျာ၊ ကုန်သွားပြီးတော့မှ ဒီရေကို ပြန်ကြည့်လိုက်ရလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာရိပ်တွေဟာ အကုန်မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

အဲဒီတော့ လောဘလာလို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာကို ဒီပြင်ဟာ မကြည့်ဘဲနဲ့ ကိုယ့်သန္တာန်မှာ လောဘ အရင်ရှုပါ (မှန်ပါ့ ဘုရား)။

လောဘ အရင်ရှုပြီးတော့ လောဘသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် ဆိုပြီသကာလ လောဘ သည် အနိစ္စပဲဆိုပြီး သူလာတိုင်းရှု၊ ရှုပြီးတော့မှ ဒကာ ဒကာမတွေက ကျန်တဲ့ခန္ဓာ ပြန်ရှု (မှန်ပါ့) သူချုပ်သွားပြီးမှ ပြန်ရှုလိုက် (မှန်ပါ့ ဘုရား)။

ဆေးတွေဖယ်ပြီးမှ ပြန်ကြည့်

ဒါဖြင့် ဆေးတွေဖယ်ပြီးမှ ပြန်ကြည့်တော့ ပိုမမြင်ရဘူးလား (မြင်ရပါတယ်) ဒါဖြင့် ဆေးတွေ ဖယ်တာလဲ ဝိပဿနာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဆေးတွေဖယ်ပြီးမှ ကျန်တာရှုတာ ဘာလဲ (ဝိပဿနာပါ ဘုရား)။

အဲ ဝိပဿနာ နှစ်ချက် ထပ်အောင်လို့ ဟောလိုက်ပါတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ)ဒါဟာ အင်မတန်အရေးကြီးတဲ့ အချက်အလက်ဆိုဘာကောရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတွေက အိမ်ကျတော့ ဝိပဿနာရှုတော့ ခန္ဓာကြီးလဲ ဆရာဘုန်းကြီးက ဟောလိုက်တယ် အကုန်အပျက်ချည်းပဲ ပျက်ဒုက္ခသစ္စာချည်းပဲ ဟောလိုက်ပါလျက်သားနဲ့ တပည့်တော် မမြင်သေးဘူးဘုရား ဆိုလို့ရှိရင် ဒကာ ဒကာမတို့ လောဘရောနေပြီ (မှန်ပါ့) သေချာကြပလား (သေချာပါပြီ ဘုရား)။

ဘာ ရောနေသတုံး (လောဘရောနေပါတယ် ဘုရား) ဒါဖြင့် သူ့ကိုဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ သူ့ကို ဖြစ်ပျက်ရှုပြီး ဖယ်လိုက် (မှန်ပါ့ ဘုရား)။

သူမရှိတော့ကို ဖြစ်ပျက်အနိစ္စပဲလို့ ရှုပေးလိုက်၊ ရှုပေးပြီးတဲ့နောက်မှ သူမလာတဲ့အချိန်ကျမှ တစ်ခါကျန်တဲ့ ဝေဒနာရှုကြည့်၊ ကျန်တဲ့စိတ်တွေရှုကြည့်၊ မမြင်သေးဘူးလား(မြင်ပါတယ် ဘုရား)။

မြင်တာ ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ရောတာကို ဖယ်ပြီးသကာလမှ ရှုလိုက်တဲ့အတွက် ဒုက္ခသစ္စာပဲ ဖြစ်ပျက်ပဲလာတွေ့တာပဲ (မှန်လှပါ ဘုရား)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

နှစ်မျိုးသော ဝိပဿနာ

ဒါဖြင့် ဖယ်တွန်းကရှုနည်းတစ်မျိုး၊ ဖယ်ပြီးမှ ရှုရတဲ့နည်းက (တစ်မျိုးပါ ဘုရား) အဲဒီတော့ နှစ်မျိုးသော ဝိပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ဦးခင်မောင် ဘယ်လိုမှတ်မယ် (နှစ်မျိုးသော ဝိပဿနာပါ ဘုရား)။

သောကကို ရှုနေတာလဲ (ဝိဿနာပါ ဘုရား) ဝိပဿနာပဲစိတ္တာနုပဿနာ ဖြစ်သွားတာပဲ၊ ပြီးမှ ကျန်တာတွေ ရှုတာလဲ ဝိပဿနာပဲ (မှန်ပါ့) မဖြစ်ဘူးလား ( ဖြစ်ပါတယ်) ဒါဖြင့် မမြင်သေးတဲ့အခါ ကျလို့ရှိရင် အဖုံးရှိလိမ့်မယ်နော် (မှန်ပါ့ ဘုရား) မမြင်ရင် ဘယ်လိုတဲ့ (အဖုံးရှိပါတယ် ဘုရား)။

အဲ အဖုံးမဖွင့်ဘဲနဲ့ ရှုနေလို့ရှိရင် ဒီနေ့ဖြင့် ကျုပ်ကအနှောက်အယှက်တွေ သိပ်များတယ်၊ သားကိစ္စ သမီးကိစ္စ၊ သားကလေးတွေ လွမ်းတဲ့ကိစ္စ၊ သမီကလေးတွေခင်တဲ့ကိစ္စ၊ ဒါတွေက ကျုပ်ချစ်တော့ ကျုပ်ဒီနေ့ ဝိဿနာ မရှုဘူးဆိုပြီး သကာလ ဒကာ ဒကာမတွေက အင်း ဆေးတွေဖယ်ရမှာကို ဆေးတွေမဖယ်ဘဲနဲ့ ထရှုတယ် (မှန်လှပါ ဘုရား)။

ဆေးဖယ်ရမှာ (ဆေးမဖယ်ဘဲနဲ့ ထရှုပါတယ်) ထပြီးတော့ ဦးခင်မောင် တစ်နေ့လုံး သွားရောပေါ့ဗျာ (မှန်ပါ့ ဘုရား) တစ်နေ့လုံး ပဋိစ္စသမုပ္ပါဒ် မတန်းပေဘူးလား (တန်းပါတယ် ဘုရား) တစ်နေ့လုံး အပါယ်သွားတဲ့အလုပ်နဲ့ အချိန်မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဆေးတွေကော ဖယ်လိုက်ကြပါ (မှန်ပါ)၊ ဒကာ ဒကာမတို့ လောဘလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) သူ့ကို နိုင်ပြီးသည့်နောက်မှ ကျန်တဲ့ ခန္ဓာတွေဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက် တော့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

ဖယ်တတ်တဲ့ဉာဏ် ဖယ်ပြီးမှ ရှုတတ်တဲ့ဉာဏ်

ဪ ဖယ်တတ်တဲ့ဉာဏ်လဲရှိပါစေ (မှန်ပါ့)၊ အင်း ဖယ်ပြီးမှ ရှုတတ်တဲ့ဉာဏ်ကော (ရှိပါစေ)၊ ဒီနှစ်ချက် ဆိုရင်နီးပြီ မဝေးတော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ ဒါဖြင့် ပုဏ္ဏားမေးတာလဲ ဒကာ ဒကာမတို့ အရောရှိလို့ မင်းမမြင်တာဆိုတော့ သေချာပလား (သေချာ ပါပြီ)။

တစ်ခါတလေကျတော့ ဒကာ ဒကာမတွေက သားအလိုမကျ သမီးအလိုမကျနဲ့ အင်း မကျပေစေ မတတ်နိုင် ဘူး။ ကိုယ့်အလုပ်တော့ ကိုယ်လုပ်ဦးမှပဲဆိုပြီး ဝိပဿနာကို ဘုန်းကြီးက အရှုခိုင်းတဲ့အတိုင်း ဒကာ ဒကာမတွေက လိုက်နာ နားထောင်ပြီး ရှုကြတယ်ဆိုကြပါစို့ (မှန်ပါ့) မမြင်ဘူး။ ဦးခင်မောင်ရေ ရောပြန်ပြီ (မှန်ပါ့) ရောပြန်ပြီတဲ့။

အဲဒီတော့ သင်္ဂါရဝ သတို့သားတဲ့ မင်းသည်ကားလို့ဆိုရင် ရေတွေကို အောက်ကနေ မီးနဲ့ထိုးထားပြီး ရေတွေက အငွေ့ထွက်နေတုန်းမျက်နှာဟပ်ကြည့်ရင် မင်း ကိုယ့်မျက်နှာရိပ်မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ဒေါသတည်းဟူသော အခိုးတွေကထနေ

ဒီမှာလဲ ဒေါသတည်းဟူသော အခိုးတွေကထနေတုန်းကို ဒကာ ဒကာမတို့ ဝိပဿနာ ရှုမယ်ဆိုရင်ဖြင့် ကျန် ဘာတွေ မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြ၊ အခိုးထွက်နေတာကို မြင်အောင် လုပ်ပြီးမှ ရှုရမယ်၊ သဘောကျလား (မှန်ပါ့ ဘုရား)၊ အခိုးထနေတာကို (မြင်အောင်လုပ်ရမယ်)၊ မြင်အောင်လုပ်ပြီးမှ ရှုဆိုတော့ အခိုးထတဲ့ ဒေါသကို အရင်ရှုပေးပါ (မှန်ပါ့ ဘုရား)။

”သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ”ဆိုတဲ့ ပါဠိတော်အတိုင်း ဒကာ ဒကာမတို့ သူ့ကို အရင်ရှုပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာလုပ်ကြမယ် (ဒေါသကို အရင်ရှုရပါမယ် ဘုရား)။

အင်း အခိုးထနေတာကို အရင်ရှုပေးလိုက် (မှန်ပါ)၊ အခိုးငြိမ်းသွားတဲ့အခါကျတော့ ကျန်တဲ့ခန္ဓာတွေပါ အကုန်ပေါ်လာလိမ့်မယ်-(မှန်ပါ့)၊ အခိုးငြိမ်းသွားတဲ့အခါကျတော့ (ကျန်တဲ့ခန္ဓာတွေ ပေါ်လာပါလိမ့်မယ် ဘုရား)။

ကဲ-ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ရေကြည်သွားတဲ့အခါကျမှ ရေအခိုးငြိမ်းသွားတဲ့အခါကျမှ မျက်နှာရိပ် တပ်လိုက်တော့ အကုန်မြင်သလိုပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ဒေါသ အရင်ရှုပြီး ဒေါသကုန်မှ ကျန်တဲ့ခန္ဓာတွေရှုလိုက်မယ်ဆိုတော့ မမြင်ရပေ ဘူးလား (မြင်ပါတယ် ဘုရား)၊ ဒါဖြင့် ဖယ်လိုက်ကြပလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ၁-နံပါတ်က လောဘဖယ်ရှု-(မှန်ပါ့)၊ လောဘကို အရင်ရှု၊ လောဘ အရင်ရှုပြီးတော့မှ ကျန်တဲ့ဥစ္စာရှုပါ (မှန်ပါ့ ဘုရား)၊ ၂-နံပါတ် ဒေါသလာလို့ရှိရင်လဲ ဦးခင်မောင် ဘာကို အရင်ရှုရမလဲ (ဒေါသကို အရင်ရှုရပါ မယ် ဘုရား)။

သူက အခိုးထတာကိုးဗျ-(မှန်ပါ့)၊ သူ့ကို အရင်နိုင်အောင် လုပ်ပစ်လိုက်ပါဦး (မှန်ပါ့)၊ ရေထဲကနေပြီး ဒီရေတွေငြိမ်အောင် လုပ်ပစ်လိုက်ပါဦး၊ အခိုးတွေ သတ်ပစ်လိုက်ပါဦးဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါ,ပါပြီ)။

ထိနမိဒ္ဓ (အိပ်ချင်တဲ့စိတ်)

ဒါဖြင့် နီဝရဏနှစ်ခု ကုန်သွားပြီနော် (မှန်ပါ့)၊ တစ်ခါတလေကျတော့ ဒကာ ဒကာမတွေ ခန္ဓာကြီး စိုက်ပြီး ဖြစ်မှု၊ ပျက်မှုတွေရှုနေ၊ ဒုက္ခသစ္စာတွေ ရှုတယ်ဆိုလဲတို့ဖြင့် မမြင်ပါဘူးဆိုလို့ရှိရင်ဖြင့် ထိနမိဒ္ဓဆိုတဲ့ ဥစ္စာဝင်နေပြန်ပြီ-(မုနိပါ့ ဘုရား)၊ ဘယ်နှယ့်ဆိုကြမယ် (ထိနမိဒ္ဓ ဝင်နေပါတယ်)။

ထိနမိဒ္ဓ ဆိုတဲ့ဥစ္စာ ဝင်နေတယ် (မှန်ပါ့ ဘုရား)၊ ထိနမိဒ္ဓဆိုတဲ့ဥစ္စာ ကိုယ့်စိတ်မနိုင်၊ ကိုယ်စေတသိက် မနိုင်ဆိုတာ အိပ်ချင်တဲ့စိတ်ကို ဆိုပါတယ် (မှန်ပါ့)၊ ဘာဆိုကြမယ် (အိပ်ချင်တဲ့စိတ်ပါ ဘုရား)။

အဲ-အိပ်ချင်တဲ့စိတ်ပေါ်တာ အဲဒီတော့ကိုတဲ့ ဒီအခါမှာလဲ ကိုယ့်ခန္ဓာဒုက္ခသစ္စာကို မြင်နိုင်ပါမလား (မမြင်နိုင် ပါ ဘုရား)၊ ကိုယ့်ခန္ဓာဖြစ်ပျက် အနိစ္စကော (မမြင်နိုင်ပါ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ဆိုတော့ ဘုရားက သင်္ဂါရဝ မင်း ဒီလိုမှတ်လိုက်ကွာ ‘ရေထဲမှာ မှော်ရော နေတယ်ကွ’ ရေအိုးထဲမှာဖြစ်စေ၊ ရေကန်ထဲမှာဖြစ်စေ မှော်တွေကအုပ်နေတဲ့ အခါကျတော့ ဥပမာ-ဒကာသစ်က မျက်နှာကလေး ရေထဲသွားဟက်လိုက်တဲ့အခါ အရိပ်ထင်ပါ့မလား (မထင်ပါ ဘုရား)၊ မှော်အုပ်နေတယ် (မှန်ပါ့)၊ ဘာအုပ်နေတယ် (မှော်အုပ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမှော်ကလေး ဖယ်ပြီးသကာလမှ မျက်နှာသွားဟပ်လိုက်လို့ရှိရင် ကိုယ့်မျက်နှာမှာ မှဲ့ရှိတယ်၊ တင်းထိပ်ရှိတယ်ဆိုတာ ပေါ်ရမယ် (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ မပေါ်ပေဘူးလား-(ပေါ်ပါတယ် ဘုရား)၊ အဲဒီမှာလဲ ဒကာ ဒကာမတို့ တစ်ခါတလေ ရှုတဲ့ အခါကျတော့ ဖြစ်ပျက်တွေ၊ ဒုက္ခသစ္စာတွေ မမြင်ဘူးဆိုလို့ရှိရင် ထိနမိဒ္ဓဝင်တဲ့အခါ လာလိမ့်မယ် (မှန်လှပါ ဘုရား)။

အဲ-ဒီလာလို့ရှိရင် ထိနမိဒ္ဓကို ဒကာ ဒကာမတွေက ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)၊ ကျန်တာကို ရှုကိုမရှုနဲ့ (မှန်ပါ့ ဘုရား)၊ ကျန်တဲ့ခန္ဓာကိုမရှုနဲ့၊ သူ့ကိုပဲနိုင်အောင်ရှုပေးပါဦး (မှန်ပါ့)၊ သဘောကျပလား၊ (ကျပါပြီ)၊ ထိနမိဒ္ဓကို ဘာလုပ်ပေးရမလဲ (ဖြစ်ပျက်ရှုပေးရပါမယ် ဘုရား)။

ရေပေါ် မှော်အုပ်နေတော့ မျက်နှာရိပ်မထင်

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒါတွေမြင်တာနဲ့ သတိပဋ္ဌာန် ပါဠိတော်ကြီးမှာ စိတ္တာ နုပဿနာ သတိပဋ္ဌာန် ပါဠိတော်ကြီးမှာ “သံခိတ္တံ၊ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ” သံခိတ္တံ၊ ဝါစိတ္တံ ထိနမိဒ္ဓစိတ်ကို၊ သံခိတ္တံ၊ စိတ္တန္တိ၊ ထိနမိဒ္ဓ ဖြစ်ပျက်ဟူ၍ ပဇာနာတိ၊ သိအောင်လုပ်ပါလို့ မလာဘူးလား၊ (လာပါတယ် ဘုရား)။

ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် သူ့ကိုအရင် ရှုပြီးတော့မှ ကျန်တာ သူ့နိုင်ပြီးတော့မှ ဘာလုပ်ရမတုံး (ကျန်တဲ့ခန္ဓာတွေ ရှုရပါမယ် ဘုရား)။

နို့မဟုတ်လို့ရှိရင် ရေပေါ် မှော်အုပ်နေတော့ မျက်နှာရိပ်မထင်ဘူးကွ (မှန်ပါ့ ဘုရား)၊ ထင်သေးရဲ့လား (မထင်ပါ ဘုရား)။

ဒုက္ခသစ္စာ ခန္ဓာကြီးကလဲ ဉာဏ်နဲ့ ထိုးကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာတွေ ပေါ်လာသေးရဲ့လား (မပေါ်ပါ ဘုရား)၊ အဲ ထိနမိဒ္ဓဆိုတဲ့ မှော်တွေကအုပ်နေတာ (မှန်ပါ့ ဘုရား)၊ မြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်-(မှော်ကိုဖယ်ပစ်ရပါမယ်)၊ သူ့ကိုအရင်ရှု၊ သူ့ကို အရင်ရှုပြီးတော့မှ သူ့နိုင်တော့မှ ကျန်တဲ့ခန္ဓာလှည့်ပါ (မှန်ပါ့)၊ သဘောပေါက်ကြပလား- (ပါ-ပါတယ်)။

ဒါဖြင့် နီဝရဏ ဘယ်နှစ်ချက်ပြီးသွားပြီလဲ (သုံးချက်ပြီးသွားပါပြီ)၊ သုံးချက်ပြီးသွားပြီ ဒကာ ဒကာမ တို့ (သုံးချက်ပြီးသွားပါပြီ)၊ ဒါဟာ ပါဠိတော်တွေနဲ့လဲ ဦးခင်မောင် ကိုက်ပြီနော် (ကိုက်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အင်္ဂုတ္တိုရ်နဲ့ သတိပဋ္ဌာန်ဆိုတဲ့ သုတ်မဟာဝါ ပါဠိတော်ကြီးနဲ့ ညှိလိုက်ပါတယ်၊ (မှန်ပါ့ ဘုရား)။

ဒီအရောကြောင့်သာ မှတ်ကြပေတော့

တစ်ခါတလေကျတော့ ပုဏ္ဏးမေးတဲ့အထဲမှာ ဒကာ ဒကာမတို့မှာ ရပြီးသားတွေမေ့၊ မရသေးတာတွေ အကုန် ပျောက်-ဆိုတဲ့ဥစ္စာ ဘယ်အကြောင်းကြောင့်တုံးဆိုတော့ ဒီအရောကြောင့်သာ မှတ်ကြပေတော့- (မှန်ပါ့ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ကလဲ ရောချင်တာက လွန်နေတာပဲ (မှန်ပါ့)၊ ဟင်းချက်တာတောင်မှ ရောနှောချက် ကြတယ်၊ ခင်ဗျားတို့ ဝါသနာကလေ (မှန်ပါ့ ဘုရား)။

အဲဒီလိုဖြစ်ပြီးသကာလ ခင်ဗျားတို့ဟာ သားနဲ့လဲသွားမရောချင်ဘူးလား (ရောပါတယ်)၊ သမီးနဲ့ကော (ရောပါတယ်)၊ အင်း-သမီး-သားနဲ့ကော (ရောပါတယ်)၊ ငါ့များ မမြင်ကြဘူးလား၊ ငါ့များ အရုပ်များ မှတ်နေကြသလား ကိုယ်က ရောချင်တယ် (မှန်ပါ့ ဘုရား)။

ငါ့များ အရုပ်များမှတ်နေကြသလားဆိုပြီး အိမ်မှာလူကြီးတွေက မမြည်းတတ်ကြဘူးလား- (မြည်းပါတယ် ဘုရား)၊ ဘာပြုလို့ ဒီအသံထွက်လာသတုံးဆိုတော့ မရောလို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တစ်အိမ်လုံးမှာ ငါ့ထက်ကြီးတာ ဆင်ပဲရှိတော့တယ်၊ ဒါကို ငါ့ကို အရုပ်လိုထားတယ်ဆိုတဲ့ ဥစ္စာ ဒီအသံ ဘာသံပါလိမ့် (ရောချင်တဲ့အသံပါ ဘုရား)။

ဪ ခက်လိုက်တာ ဘုရားကလဲ အရောမကြိုက်၊ ခင်ဗျားတို့ကလဲ မရောလို့ မျက်ရည်ကျ၊ ခက်လိုက်တဲ့ဖြစ်ခြင်း ဘယ်နှယ့်လုပ်ကြမှာတုံး။

ကိုင်း ဒကာ ဒကာမတွေ အရောတွေ မလာစေနဲ့နော် (မှန်ပါ့)၊ အခု အရောကြောင့် အမှန် မြင်သေးရဲ့လား (မမြင်ပါ)၊ အဲ ဒီကရှေ့ကျတော့ ဝိပဿနာ လုပ်တော့မယ်ဆိုရင် သားနဲ့လဲ မရောပါနဲ့၊ သမီးနဲ့ကော (မရောပါနဲ့)၊အင်း သာ၊ ခင်မှုနဲ့လဲမရောနဲ့၊ သမီး အလိုမကျမှုနဲ့ကော (မရောပါနဲ့)၊ အိပ်ချင်မှုနဲ့လဲ-(မရောပါ ဘုရား)။

မရောလိုက်ပါနဲ့တဲ့၊ မရောလိုက်ပါနဲ့၊ ရေပေါ်မှာ ဒကာ ဒကာမတို့ ဆေးနီ၊ ဆေးဝါး၊ ဆေးပြာ ရောတာလဲ လောဘ ရောတာ(မှန်ပါ့)၊ ရေဆူနေတာက (ဒေါသပါ ဘုရား)၊ ဒေါသ ရောတာ၊ မှော်တွေအုပ်ေ နေတာက ထိနမိဒ္ဓ ရောနေသော (မှန်ပါ့)၊ ရိပ်မိကြပလား-(ရိပ်မိပါပြီ ဘုရား)။

စတုတ္ထပြောပါဦးမယ်

ကောင်းပြီ-ဒါဖြင့် စတုတ္ထပြောပါဦးမယ် ဒကာ ဒကာမတို့၊ စတုတ္ထတို့ ဒကာ ဒကာမတို့ ဘုန်းကြီးက ခိုင်းလိုက် တယ်၊ ဝိပဿနာရှုကြ ခန္ဓာထဲမှာ ဘာမှမရှိဘူး၊ ဪ သင်္ခါရနဲ့ အနိစ္စပဲရှိတယ်၊ (သို့မဟုတ်) ဖြစ်ပျက်ပဲရှိတယ်၊ (သို့မဟုတ်) သံခိတ္တန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-ဆိုတဲ့အတိုင်း ဒုက္ခသစ္စာပဲရှိပါတယ်၊ အဲဒါကို ဉာဏ်ကလေးနဲ့ တည့်ကြပါလို့ ဉာဏ်ကလေးနဲ့ တည့်ကြပါလို့ ဒကာ ဒကာမတို့ မမှာဘူးလား (မှာပါတယ် ဘုရား)။

တည့်တော့ တည့်တာပဲဘုရား၊ မမြင်ဘူးဘုရား၊ ဪ မရှိလို့ မမြင်တာလား၊ ရှိလျက်နဲ့ မမြင်တာလား-(ရှိလျက်နဲ့မမြင်တာပါ ဘုရား)၊ ရှိလျက်နဲ့ မမြင်တာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ ကိုယ့်ရှေ့နား အဖုံးရှိလိမ့်မယ် ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့ကြားထဲမှာ အဖုံးဝင်နေတယ် (မှန်ပါ့ ဘုရား)၊ ဘာတဲ့တုံး၊ (ဒုက္ခသစ္စာနဲ့ဉာဏ်နဲ့ ကြားထဲမှာ အဖုံးဝင်နေပါတယ် ဘုရား)၊ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာကြားမှာ အဖုံးဝင်နေပါတယ်၊ ရိပ်မိကြပလား၊ (ရိပ်မိပါပြီ)၊ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာကြားထဲမှာ (အဖုံးဝင်နေပါတယ် ဘုရား)၊ အဖုံးဝင်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဥဒ္ဓစ္စ ကုက္ကုစ္စ

အဲဒီတော့ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ဝင်တယ်တဲ့၊ စာလိုတော့ ဝိက္ခိတ္တစိတ် ဝင်တယ်လို့ ဆိုတာပေါ့ဗျာ၊ ခင်ဗျားတို့ကျုပ်တို့ နားလည်မှုဆိုရင် စိတ်ပျံ့လွင့်တယ်၊ ဒါ-ဥဒ္ဓစ္စနော်-(မှန်ပါ့)၊ နောင်တ တစ်ဖန် ပူပူပန်ပန် နေတယ်၊ ဒါ-ကုက္ကုစ္စနော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီစိတ်ကို ဒကာ ဒကာမတို့က ခန္ဓာကိုယ် မရှုဘဲနဲ့ သူပေါ်လာတဲ့စိတ်ကို သူ့ကို အရင်ရှုပါ (မှန်ပါ့ ဘုရား)။

ဥဒ္ဓစ္စ-လာလို့ရှိရင် ဥဒ္ဓစ္စ-က စိတ်ပျံ့လွင့်တယ်၊ ရန်ကုန်ရောက်၊ ပဲခူးရောက်၊ ရောက်နေတယ်၊ အို ရန်ကုန်တို့ ပဲခူးတို့ မရောက်ပါဘူး၊ ဝမ်းထဲတွင်ဖြစ်ပြီး ဝမ်းထဲတွင်ချုပ်တာပါ(မှန်ပါ့)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ခင်ဗျားတို့က လျှာမရှည်ပါနဲ့ သူဘယ်မှမသွားပါဘူး (မှန်ပါ့ ဘုရား)။

သူက ဘယ်မှမသွားဘူး၊ ဝမ်းထဲတွင် ဖြစ်ပြီးတော့-(ဝမ်းထဲတွင် ချုပ်ပါတယ်)၊ အို စိတ်ကလွင့်လိုက်တာ မပြောပါနဲ့တော့၊ စိတ်က လွင့်တာ မဟုတ်ဘူး ဒကာ ဒကာမတို့ စိတ်ကမလွင့်နိုင်ရှာပါဘူး၊ ဒီနားဖြစ်ပြီး ဒီနား သေရတာပါ၊ ဦးခင်မောင်-ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သို့သော် လွင့်တယ်လို့ ဘယ်နှယ်ကြောင့် စာတွေ၊ ဘာတွေရေးရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သူက ဒီနားကနေပြီး မှန်းချိန်လိုက်တာက ပဲခူးလှမ်းချိန်တာကိုးဗျ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ရန်ကုန်ကို လှမ်းချိန်တယ်၊ သူချိန်တာက ဝေးလွန်းလို့သာပါ၊ သူက ဒီနေရာကပဲ (မှန်ပါ့)။

သူဖြစ်တဲ့နေရာမှာ ရှုရမှာ

အဲဒီတော့ ဟိုကို ရှုရမှာ မဟုတ်ဘူး၊ ဒီရှုရမှာ (မှန်ပါ့)၊ သူဖြစ်တဲ့နေရာမှာ ရှုရမှာ၊ သဘောကျပလား (ကျပါပြီ)၊ ဥဒ္ဓစ္စဖြစ်တဲ့နေရာဥဒ္ဓစ္စ၊ ကုက္ကုစ္စ-ဖြစ်တဲ့နေရာကော (ကုက္ကုစ္စရှုရပါမယ် ဘုရား)။

အဲ ဟဒယဝတ္ထုပေါ်မှာ သူ့ကို အမြင်များတဲ့အတွက် ဟဒယဝတ္ထုပေါ်မှာပဲ ဖြစ်ပျက်ရှုပါ၊ (မှန်လှပါ)၊ သူ ရှုပြီးတော့မှ မောင်မြတို့ ဘာရှုမလဲ (ခန္ဓာကိုရှုရပါမယ်)၊ ကျန်တဲ့ခန္ဓာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကျန်ခန္ဓာ ရှုလိုက်တော့ ဒကာ ဒကာမတို့ သူက ဘာနဲ့တူသတုံးဆိုတော့ ရေကိုလေတိုက်လို့ လှုပ်နေတုန်းကို ဒကာ ဒကာမတို့ မျက်နှာနဲ့ ဟပ်လိုက်တော့ အရိပ်ထင်ပါ့မလား (မထင်ပါ ဘုရား)။

ဪ သူကလဲ စိတ်လှုပ်နေတာကိုး၊ လှုပ်တဲ့စိတ် ပေါ်နေတာကိုး (မှန်ပါ့)၊ ရိပ်မိကြပလား-(ရိပ်မိပါပြီ)၊ ဘာပေါ်တာပါလိမ့် (လှုပ်တဲ့စိတ်ပေါ်နေတာပါ ဘုရား)၊ လှုပ်တဲ့စိတ်ပေါ်နေတော့ သူလှုပ်နေတုန်း မျက်နှာနဲ့ ဘယ်လို ဟပ်ဟပ် မျက်လုံး၊ မျက်ခုံး မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဘာကြောင့်တုံး (ရေလှုပ် နေလို့ပါ ဘုရား)။

သူလှုပ်နေလို့ရှိရင် ရှုလို့မရဘူး

ဒီထဲမှာလဲ ဒကာ ဒကာမတို့ ဝိပဿနာရှုမယ် ကြံလို့ရှိရင် သူလှုပ်နေလို့ရှိရင် ရှုလို့မရဘူး (မှန်ပါ့ ဘုရား)၊ အဲဒီတော့ ဖြစ်ပျက်ခန္ဓာက ထလဲမပြေးနဲ့၊ သူ့ရှုပစ်လိုက်-(မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့က ထပြေးတတ်တဲ့ ဝါသနာက အတော်ကဲတယ် (မှန်လှပါ ဘုရား)။

ဟာ ဒီနေ့တော့ စိတ်က မငြိမ်သေးဘူး၊ မရှုသေးဘူး၊(မှန်ပါ့)၊ အံမာ-မငြိမ်သက်လို့သာ မရှုဘူးဆိုရင်ဖြင့် ခင်ဗျားတို့ဟာ နောက်စိတ်တွေ ဘယ်တာ့မဆို မငြိမ်းဘူး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (မှန်ပါ့)၊ မရှုဘဲသာနေကြတော့၊ လူမိုက်အလုပ်သာ လုပ်ကြတော့ ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နည်းပေးတာဖြစ်နေတယ်၊ အင်္ဂါရဝအား ဟောတဲ့တရားဖြစ်တဲ့အတွက် ဒီလှုပ်နေတဲ့ ပျံလွင့်ပူပန်တဲ့ ဥဒ္ဓစ္စကုက္ကုစ္စ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက်ရှုတာ သူချုပ်သွားသည့်တိုင်အောင် ရှုနော်-(မှန်ပါ့ ဘုရား)။

ရှုပြီးတော့မှ ဒီပြင်ခန္ဓာကို ကြည့်မယ်ဆိုတော့ ရေငြိမ်မှ မျက်နှာဟပ်ကြည့်ပါ-(မှန်ပါ့ ဘုရား)၊ ကိုယ့်မျက်နှာရိပ် မမြင်ရပေဘူးလား-(မြင်ရပါတယ် ဘုရား)၊ အဲဒီမှာ ကိုယ့်ခန္ဓာ၏ ဖြစ်ပျက်တွေအကုန်မြင်တယ်-(မှန်ပါ့ ဘုရား)၊ ဖယ်တတ် ကြပလား-(ဖယ်တတ်ပါပြီ)၊ ဒါဖြင့် ဘယ်နှစ်မျိုးရှိသွားပြီလဲ-(လေးမျိုးရှိသွား ပါပြီ ဘုရား)။

လေးမျိုးရှိသွားပြီနော်၊ အဖုံးလေးခုတော့ဖြင့် ဖွင့်ပေးပြီး၊ အိမ်ကျရင်ပိတ်များနေဦးမှာလားလို့ သတိထားရ သေးတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဝါသနာအတော် ဆိုးတယ်နော် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဒီဥစ္စာက ပဉ္စမအဖုံးကို ဖွင့်ပါတော့မယ် (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာဆိုတာ

ပဉ္စမအဖုံးဆိုတာ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာဆိုတာ သို့လော သို့လော တွေးတော ယုံမှားနေတာ-(မှန်ပါ့)၊ အင်း-ဒီတော့ ကလေးဟာ တခြားထားခဲ့မိသလား၊ အိတ်ထဲပါသလား၊ ပြောမပြတတ်ဘူး-(မှန်ပါ့)၊ ဒီလိုကလဲ လာသေးတာကိုးဗျ နှစ်ခွ-နှစ်ခွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ-နှစ်ခွတွေဖြစ်ပြီးသကာလနေတာ ဝိစိကိစ္ဆာလို့ခေါ်တယ်-(မှန်ပါ့)၊ အဲဒီ ဝိစိကိစ္ဆာရှိလျက်နဲ့ သော့ထားမိတာ မထားမိတာတော့ မပြောတတ်ဘူး၊ ကိုယ့်အချိန်ကလေးရောက်လို့ ထရှုရဦးမယ်ဆိုရင် သော့က ဝင်ဝင်လာတယ်- (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

အဲဒါကြောင့် ဒီဝိစိကိစ္ဆာကို ဒီလိုမလုပ်ပါနဲ့ သူက သံသယရှိတယ်၊ အဲဒီသံသယကို ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

‘သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ’ ပါဠိတော်ထဲသွင်းတော့၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ ဒီမောဟစိတ်ကလေး ဘာလုပ်ပစ်ရမလဲ-(ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပြီးတဲ့နောက်မှ ကျန်တဲ့ခန္ဓာ နောက်မှ လိုက်ပါ (မှန်ပါ့မလား)၊ သဘောပါကြပလား (ပါ-ပါတယ်)၊ ကျန်တဲ့ ခန္ဓာနောက်မှ လိုက်ပါနော်။

အဲဒီတော့ ပုဏ္ဏားတဲ့ မင်းသည်ကားလို့ ဆိုလို့ရှိရင်ကွာတဲ့ ရေတွေက အနယ်ထနေတယ်ကွ၊ အဲဒီ အနယ်ထနေတဲ့ ရေခွက်ထဲကရေကို မျက်နှာသွားဟပ်စမ်းပါလားကွ မြင်ရပါ့မလားတဲ့ (မမြင်ရပါ ဘုရား)။

အနယ်ထနေတော့ ခန္ဓာမမြင်ဘူး

ဒီမှာလဲ ခင်ဗျားတို့က အနယ်ထနေတော့ ခန္ဓာမမြင်ဘူး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဝိစိကိစ္ဆာတည်း ဟူသော အနယ်တွေက ဘာဖြစ်နေသတုံး (ထနေပါတယ်)၊ အဲ ဝိစိကိစ္ဆာ အနယ်ထလို့ ခန္ဓာရိပ် အနိစ္စရိပ် ဒုက္ခရိပ် အနတ္တရိပ် မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မတုံးဆိုတော့ ဝိစိကိစ္ဆာ အနယ်ထနေလို့-(မှန်လှပါ ဘုရား)၊ ရှင်းပလား- (ရှင်းပါပြီ)၊ အဲ့ဒီတော့ ဒီအနယ်ထိုင်အောင် ကျုပ်တို့ ဝတ္တရားအတိုင်းလုပ်ရလိမ့်မယ်-(မှန်ပါ့)၊ အနယ်ထိုင်အောင် ဘာလုပ်ရမယ်- (ဝတ္တရားအတိုင်း လုပ်ရပါမယ်)၊ ဝတ္တရားတိုင်း လုပ်ရမယ်ဆို ဝိစိကိစ္ဆာ ဘာလုပ်ပစ် ရမလဲ-(ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အဲ ဖြစ်ပျက် ရှုပြီးတော့မှ မောင်ထွန်းလှိုင်တို့ ဒကာဝတို့ ကျန်တဲ့ခန္ဓာ လှည့်လိုက်-(မှန်လှပါ ဘုရား)၊ ကျန်တဲ့ ခန္ဓာလှည့်လိုက်တော့ အနယ်ထိုင်ပြီးမှ မျက်နှာရိပ် ဟပ်လိုက်တဲ့အခါကျတော့ ကိုယ့်ခန္ဓာ၏ အရိပ်ဟာ ဘယ်လိုဆိုတဲ့ဥစ္စာ မြင်လာမှာပေါ့-(မှန်ပါ့ ဘုရား)၊ သဘောကျပလား -(ကျပါပြီ)။

ဒါဖြင့် အဖုံးငါးချက်ဆိုတာ ဒကာ ဒကာမတို့ သိမ်းလိုက်ပါတော့မယ်တဲ့၊ လောဘလဲအဖုံးတစ်ချက် (မှန်ပါ့)၊ သူ့ကို အရင်ရှုပစ်နော် (မှန်ပါ့)၊ ပြီးမှ ကျန်ခန္ဓာကို (ဖြစ်ပျက်ရှုရပါမယ်)။

ဒေါသကကော (အဖုံးတစ်ချက်ပါ ဘုရား)၊ သူပေါ်နေရင် ဘယ်သူ့ကို အရင်ရှုမတုံး (ဒေါသအရင်ရှုရပါ့မယ်)၊ သူ့အရင်ရှုပြီးမှ သူ့နိုင်တော့မှ ဘာလုပ်ရမတုံး- (ကျန်ခန္ဓာ ရှုရပါမယ်)၊ အဲ ကျန်ခန္ဓာတွေ ဖြစ်ပျက်ရှု။

ထိနမိဒ္ဓဆိုတဲ့ အိပ်မှုကော ဒကာ ဒကာမတို့ ငိုက်မျဉ်းမှုကော လာလို့ရှိရင်-(ဖြစ်ပျက်ရှုရပါမယ်)၊ သူ့အရင်ရှု သူ့ကိုနိုင်ပြီးသည်နောက်မှ ဘာလုပ်ရမလဲ (ကျန်ခန္ဓာရှုရပါမယ်)၊ အဲ ကျန်ခန္ဓာကိုရှု တည့်ပြီ (မှန်ပါ့)၊ သဘောကျပလား- (ကျပါပြီ ဘုရား)။

တစ်ခါ ဥဒ္ဓစ္စကုက္ကုစ္စဆိုတဲ့ စတုတ္ထ ၄-နံပါတ်လာပြန်လဲ ဒကာ ဒကာမတို့ သဘောကျပလား (ကျပါတယ်)၊ သူ့အရင်ရှုနော်-(မှန်ပါ့ ဘုရား) သူ့ကို နိုင်ပြီးသည့်နောက်မှ (ကျန်ခန္ဓာရှုရပါမယ်)။

အဲ ကျန်တာတွေ ရှုလိုက်လို့ရှိရင် မျက်နှာရိပ်နဲ့ ဟပ်လိုက်တည့်နေတာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပြီနော် (ကျပါပြီ)။

အင်း ၅-နံပါတ်က ဝိစိကိစ္ဆာပဲ၊ ဒကာ ဒကာမတို့၊ သူ့ကို ဘာလုပ်ရမယ် (အရင်ရှုရပါ့မယ် ဘုရား)။

သူ့ကိုအရင်ရှုလိုက်၊ သံသယလေး ဖြစ်နေတယ်၊ ကျုပ်သံသယကလေးက မကင်းသေးဘူး၊ အဲ မကင်းသေးတာလဲ ဖြစ်ပျက်-(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ ဒါတွေ ရှုပြီးတော့မှ သူ့နိုင်ပြီးသည့်နောက်မှ ဘာလုပ်မယ်-(ကျန်ခန္ဓာရှု)၊ အဲ ကျန်ခန္ဓာရှုတော့ ဦးခင်မောင်အရှိနဲ့ အသိနဲ့ ကိုက်တော့မယ် (မှန်ပါ့ ဘုရား)၊ ဘာနဲ့ကိုက်တော့မယ် (အရှိနဲ့ အသိနဲ့ ကိုက်တော့ မယ် ဘုရား)။

အဲ အရှိနဲ့ အသိနဲ့ကိုက်တော့မယ်တဲ့၊ အရင်တော့ အဖုံးတွေ ရှိနေတော့ အရှိနဲ့အသိ မကိုက်ဘူး (မှန်ပါ့ ဘုရား)။ သဘောကျပလား-(ကျပါပြီ)၊ အခု အဖုံးငါးချက်ဖွင့်လိုက်တဲ့ အခါကျတော့ အရှိက ဒုက္ခသစ္စာ၊ အသိက မဂ္ဂသစ္စာနဲ့ သွားကိုက်တယ်၊ ဒုက္ခ မဂ္ဂ၊ ဒုက္ခ-မဂ္ဂလို့ သွားကိုက်တယ်၊ (မှန်ပါ့ ဘုရား)၊ မကိုက်ဘူးလား- (ကိုက်ပါတယ် ဘုရား)၊ အရှိက ဘာတဲ့တုံး-(ဒုက္ခသစ္စာပါ ဘုရား)၊ အသိက (မဂ္ဂသစ္စာပါ ဘုရား)။

အဲ ဒီလို သွားကိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေတို့ မဂ္ဂဗြဟ္မစရိယအကျင့်ကြီးဟာ တန်းပြီး မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဘာနဲ့ဘာ သွားကိုက်ပါလိမ့်မလဲ ဒကာ ဒကာမတို့၊ (အရှိနဲ့အသိ သွားကိုက်ပါတယ် ဘုရား)၊ အရှိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အသိက ဘာသစ္စာ (မဂ္ဂသစ္စာပါ)။

အဲ အရှိနဲ့အသိ သွားကိုက်လို့ ရှိရင် ခင်ဗျားတို့သည် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ပြီးသားဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

တရားတော့ ဟောလို့ ကောင်းတယ်၊ နာရီကလဲစေ့ပြီ ယနေ့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။