10502

မာတိကာသို့

ဒုလ္လဘတရားနဲ့ ကြုံခိုက် အချိန်မဖြုန်းပါနှင့်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

(ဒုလ္လဘတရားနဲ့ ကြုံခိုက် အချိန်မဖြုန်းပါနှင့်)တိုက်တွန်းခြင်း တရားတော်

(၂၆-၂-၆၁)

ဒုလ္လဘ တရား

ကိုယ့်ကိုယ်ကလေးကို အဖိုးတန်ပြီးသကာလနေလို့၊ အခါကာလကလဲ ကောင်းလို့၊ ဒါကလေးကို ဒုလ္လဘ တရားခြောက်ပါးကလေးကို နားထောင်ကြည့်ပါဦးတဲ့။

ဒါမှ ကိုယ့်ကိုယ်ကို အလွဲသုံးစား အချိန်တွေနဲ့ မဖြုန်းကြဘဲနဲ့ အဖိုးတန်တဲ့ အချိန်တွေနဲ့ ဖြုန်းပြီးသကာလ အဖိုးတန်တဲ့ အချိန်တွေ သုံးပြီးသကာလ ဒကာ ဒကာတွေ ကျွတ်တမ်းဝင်ရလို့ရှိရင်ဖြင့်တဲ့။ အင်မတန် ကောင်းမှာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို အဖိုးတန်မှန်း သိမှ ဪ ငါသည် အချိန်တွေ အလကား၊ ဖြုန်းလိုက်တဲ့ အချိန်ပါ ကလား၊ အဲသလိုပဲ ပြောကြစို့ရဲ့။

လိစ္ဆဝီမင်းသားတွေသည် အယူမှားပြီးသကာလ သူတို့သည် ရခဲ့တဲ့ဒုလ္လဘတွေ တွေးပြီးသကာလ နေကြတယ်။ ဆင်ရတနာ ရခဲတယ်၊ မြင်းရတနာ ရခဲတယ်၊ သတို့သမီးရတနာ ရခဲတယ်၊ ပတ္တမြားရတနာ ရခဲတယ်၊ သူဌေးရတနာ ရခဲတယ်လို့ ရခဲ့တဲ့အကြောင်းတွေ သူတို့အချင်းချင်း ငြင်းခုံပြီး နေကြတဲ့အခါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွလာလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါလာတဲ့အခါ သင်တို့ ဘာများအတွင်းစကား၊ အပြင်စကားဆိုတာများ ပြောဆိုနေကြသလဲလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ ဒုလ္လတရားတွေ၊ ရခဲ့တဲ့တရားတွေ ရွေးချယ်ပြီးသကာလ ပြောဆိုနေကြပါတယ်ဘုရား ဟု လျှောက်ကြတယ်။

ဘာများ သင်တို့က ရွေးချယ်နေကြသတုံးလို့ မေးတယ်။

အရှင်ဘုရား ဆင်ရတနာ ဆိုတာလဲ ကောင်းကင်ပျံနိုင်တဲ့ ဆင်ရတနာအလွန်ရခဲတယ်၊ မြင်းရတနာ ရခဲတယ်၊ ပတ္တမြားရတနာ ရခဲတယ်၊ ဣတ္ထိယဆိုတဲ့ မိန်းမရတနာများလဲ ရခဲတယ်၊ သူဌေး သူကြွယ်ဆိုတဲ့ ကိုယ့်အခြံအရံ ရတနာတွေလဲ ရခဲတဲ့အကြောင်း တပည့်တော်တို့ ပြောဆိုနေကြပါတယ်ဘုရား။

ဪ-ဒါ သင်တို့သည် ငါးပါးအာရုံ ကာမဂုဏ်နဲ့ ပတ်သက်ပြီး တွေးချင်တာတွေတွေးပြီး၊ ပေါ်ချင် တာတွေ ပေါ်နေတာကိုးကွာ၊ ဒီဟာ မဟုတ်ဘူးကွ၊ ဒုလ္လဘ အစစ်က ရခဲတာ သင်တို့သေသေချာချာမှတ် ကြစမ်းပါ၊ ဒကာ ဒကာမ တို့ ဘုရားဟောတော်မူတော့မယ်နော်(မှန်ပါ့ ဘုရား)။

သာသနာနဲ့ ကြုံဖို့ရာ အင်မတန်ရခဲပါသတဲ့

ဘာရခဲသတုံးဆိုလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးပွင့်ဖို့၊ ပွင့်တဲ့အခါကြုံ့ဖို့၊ ပွင့်တဲ့သာသနာနဲ့ ကြုံ့ဖို့ရာ အင်မတန်ရခဲပါသတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘုရားသာသနာ ဘုရားပွင့်တာနဲ့ကြုံ့ဖို့ ဘုရားသာသနာနဲ့ဆုံဖို့ရာ ဘယ့်နှယ်တုံး (ရခဲပါတယ် ဘုရား)၊ ဪ ရခဲတယ်၊ ရခဲတယ်နော် (မှန်ပါ့)။

စဉ်းစားကြည့်စမ်းပါလား ဒကာ ဒကာမတို့၊ အသေအချာ စဉ်းစားကြည့်စမ်း၊ ဘုရားငါးဆူပွင့်တာတောင်မှ ဘုရားတစ်ဆူတစ်ဆူကြားမှာ မြေကြီးပျမ်းမျှကြေး တစ်ဆယ့်သုံးမိုင်တက်မူ တစ်ဆူပွင့်တယ်ဆိုတော့ ပျမ်းမျှကြေး တစ်ဆယ့်သုံးမိုင်တက်ဖို့ ခဲယဉ်းလိမ့်မယ်၊ ဦးခင်မောင်တို့ ပျမ်းမျှကြေး တစ်ဆယ့်သုံးမိုင် အကုန်တက်ရမယ်ဆိုတော့ လွယ်ကူပါ့မလား-(မလွယ်ကူပါ ဘုရား)။

အင်မတန် ခဲခဲယဉ်းယဉ်း ရှိလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ သိထားနှင့်ပါလိမ့်မယ်တဲ့။

အဲဒီ တက်ပါမှ ကျုပ်တို့က အဲဒီ တစ်ဆယ့်သုံးမိုင် တက်ပြီးတော့ ရာတမ်းပွင့်သွားတော်မူတဲ့ ဂေါတမမြတ်စွာ ဘုရား၊ ဒီသာသနာတော်ကို ထားပစ်ခဲ့တာက အနှစ် ၅၀၀၀၊ နှစ်ထောင့်ငါးရာကျော်ကလေးမှာ ဒီ ဒကာ ဒကာမတွေနဲ့ ဒီသာသနာ တွေ့ရတယ်ဆိုတာ ဪ-နောက်တုန်းက တော်တော့်ကို ကြိုးစား ပမ်းစား ဒါနဲ့ ကြုံအောင် ဆုအမျိုးမျိုး တောင်း၊ ကုသိုလ်အမျိုးမျိုးတွေလုပ်ပြီး တက်ခဲ့ကြရတဲ့ အဖြစ်ဟာ ကိုယ့်အပြစ်ပဲဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ကိုယ့်အဖြစ်ကလေးကို အင်မတန် အဖိုးတန်ပြီးသကာလ နေခြင်းကြောင့် ဒကာသစ်တို့၊ မောင်မြတို့ အလွဲသုံးစား မလုပ်လိုက်ပါနဲ့- (မှန်ပါ့)၊ ကိုယ့်အဖြစ်ကလေးဟာ ခဲယဉ်းလွန်းလို့နော်- (မှန်ပါ့)။

မြေကြီး တစ်ဆယ့်သုံးမိုင် ပျမ်းမျှကြေးတက်မှ ဘုရားတစ်ဆူတစ်ဆူ ပွင့်တယ်ဆိုတော့ ဒီကြားထဲမှာ အနှစ်တရာတမ်း ကလေးအတွင်းမှာ ဘုရားပွင့်တယ်။

ဒီကနေ့ သာသနာထားခဲ့တော့ ငါးထောင်၊ ဒီငါးထောင်နှစ်ကလေးဟာ မြေကြီး တစ်ဆယ့်သုံးမိုင် တစ်ယူဇနာ ပျမ်းမျှကြေး တက်ဖို့ဆိုတော့ ဒါကလေးဟာ ဖြစ်လောက်ပါ့မလား (မဖြစ်လောက်ပါ ဘုရား)။

မဖြစ်လောက်တဲ့အထဲမှာ ခင်ဗျားတို့ ကျုပ်တို့ အကြုံကြီးကြုံ အဆုံကြီးဆုံပြီးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဒကာ ဒကာမ တွေပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မဂ်ဉာဏ်ကူးအောင် လုပ်ဖြစ်အောင်လုပ်ပါ

အဲဒီတော့ သာသနာနဲ့ ကြုံပြီးသကာလ နေတယ်ဆိုတာ ခင်ဗျားတို့ အင်မတန် ခဲယဉ်းလွန်းလို့ ဪ-ဒကာ ဒကာမတို့ မိမိစိတ်ကလေးကို မိမိ အလွဲသုံးစား သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်မဖြုန်းဘဲနဲ့ အတက်ကြီး တက်လာခဲ့ရတာ အဆုံးဖြစ်တဲ့ဒုက္ခကိုဖြင့် ဒီတစ်ခါနောက်ဆုံး ပိတ်သိမ်းပါတော့မယ်ဆိုပြီးသကာလ မြန်မြန်သာ ကိုယ်ရေးကိုယ်တာ ဖြစ်ပျက်ဝိပဿနာ ဉာဏ်ကနေပြီး မဂ်ဉာဏ်ကူးအောင် လုပ်ဖြစ်အောင်လုပ်ပါ၊ ခဲခဲယဉ်းယဉ်းတက်ခဲ့ ရလို့, လို့ မှတ်လိုက်ကြစမ်းပါနော်- (မှန်လှပါ ဘုရား)။ ဦးဝ လွယ်ကူကြရဲ့လား (မလွယ်ကူပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒါ ၁-နံပါတ် ခဲယဉ်းတာကို ဘုရားက ဟောလိုက်တယ်။

ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံ့ဖို့ရာကလဲ

၂-နံပါတ်ကလဲကွာတဲ့၊ သင်တို့အပေါ်မှာ နားလည်ပါးလည်နဲ့ ငါဘုရား၏ တရားတော်ကို ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံ့ဖို့ရာကလဲ ၂-နံပါတ် ခဲယဉ်းသကွာတဲ့(မှန်လှပါ ဘုရား)။

ကဲဒကာ ဒကာမတွေ ယခု ဆရာဘုန်းကြီးကလဲ ဒကာ ဒကာမတွေကို သယ်ယူပို့ဆောင်ကယ် တင်နေ တော့ နားမလည်လည်အောင် တစ်ညမှ တစ်လုံးနှစ်လုံးပဲပြောပြီး သကာလနေတော့ ဒကာ ဒကာမ တွေမှာ နားမလည် လည်အောင် ပြောတတ်တဲ့ ဆရာသမားနဲ့လဲ ယခုလာပြီးသကာလ တွေ့ပြန် တော့လဲ ဪ ဒါလဲ တော်တော်ခဲယဉ်းတဲ့အလုပ်မှာ ၊ ခဲယဉ်းတဲ့အထဲမှာ တို့လာကြုံတာပါကလားဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။ ဘယ်နှစ်ချက် ရှိသွားပြီလဲ (နှစ်ချက်ရှိသွားပါပြီ ဘုရား)။

ဘုရားသာသနာနဲ့ကြုံဖို့၊ ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံဖို့၊ အခုနှစ်ခါကြုံတာ သေချာပြီနော်- (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ နှစ်ခါကြုံတာ မသေချာဘူးလား(သေချာပါတယ် ဘုရား)။

ထောင်တတ်တဲ့ နားနဲ့ ကြုံဖို့ရာ

တစ်ခါဘုရားပွင့်တာနဲ့ ကြုံပါရဲ့၊ ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့လဲ ကြုံပင်ကြုံငြားသော်လဲ ကိုယ့်မှာ ထောင်တတ်တဲ့ နားကလေးနဲ့ ကြုံဖို့ရာက ၃-နံပါတ် ခဲယဉ်းတယ်။ (မှန်လှပါ ဘုရား)။ ကိုယ့်နား ကိုယ့်နား(မှန်ပါ့)။

ဒကာ ဒကာမတွေ ဒီမှာ အခုအချိန် အရွယ်မရောက်သေးတဲ့ ကလေးသူငယ် လူငယ် လေးဘက် သွားကလေး တွေကို ဒကာ ဒကာမတို့ ဘယ်လိုပင် ပြောနေငြားသော်လဲ ရပါ့မလား (မရပါ ဘုရား)။

ဒါလဲပဲ အမိဝမ်းထဲမှရှိတဲ့သူတွေ၊ တိရစ္ဆာန်တွေ၊ ဘာတွေကိုဘယ်လိုပင်ပြောနေကော (မရပါ ဘုရား)။

တစ်ချို့ လူထဲကပဲ ဒကာ ဒကာမတွေ စဉ်းစားတာပေါ့။ သူတို့မှာ ဘာမှလဲ ဗဟုသုတက မရှိ၊ သားရေး၊ သမီးရေး၊ စီးပွားရေးတွေကလဲ အရေးကြီးဆိုတော့ ထောင်တတ်တဲ့နားပါဖို့၊ ဗဟုသုတရှိဖို့ရာကလဲ လွယ်ပါ့မလား- (မလွယ်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေမှာတဲ့ အခုရက်ပေါင်းလဲ များစွာဆိုသလို ဆရာဘုန်းကြီးက သင်ပြပြီး လာတဲ့အတွက် ပြောလိုက်လို့ရှိရင်ဖြင့် ဝေဒနာဆိုတာ ဘယ်မှာ၊ ဘယ်မှာရှိတယ်ဆိုတာ နားလည်တဲ့ ဉာဏ်ကလေးရထားတာကလဲ ဒကာ ဒကာမတို့ လွယ်ကူပါ့မလား (မလွယ်ကူပါ ဘုရား)။

အဲဒါလဲ ဒုလ္လဘ တစ်မျိုး၊ ထောင်တတ်တဲ့ နားရှိဖို့ကလဲ ဒုလ္လဘတစ်မျိုးလို့ လိစ္ဆဝီမင်းသားတွေကို ဘုရားဟော ပါတယ်နော်- (မှန်လှပါ ဘုရား)၊ ဘယ်နှစ်မျိုးရှိသွားကြပြီလဲ – (သုံးမျိုးရှိသွားပါပြီ ဘုရား)။

(၁) ဘုရားသာသနာနဲ့ ကြုံဖို့ရာလဲ ဒုလ္လဘ၊

(၂) ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံ့ဖို့ (ဒုလ္လဘပါ ဘုရား)၊

(၃)ထောင်တတ်တဲ့ နားရှိဖို့ရာ (ဒုလ္လဘပါ ဘုရား)။

အဲဘုန်းကြီးဘက်ကလဲလို ၊ ခင်ဗျားတို့ဘက်ကကော(လိုပါတယ် ဘုရား)။

ဒီခဏကလေး လွန်သွားမယ်ဆိုရင်

လိုတဲ့အထဲမှာမှ အခု အပြည့်ဖြစ်နေကြတဲ့အတွက် ဒကာ ဒကာမတွေ ဪ တော်တော် အရေးကြီး ပြီးသကာလ တော်တော် နေရာကျနေတဲ့ ခေတ်ကြီးပါကလား၊ ဒီအချိန်ကလေးသည်ကားလို့ ဆိုလို့ရှိရင် ဒီခဏကလေး လွန်သွားမယ်ဆိုရင် တို့ကိုယ်ကျိုးနည်းရချည်ရဲ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ကံကောင်းတွေကို ဒကာ ဒကာမတို့ အင်မတန်ကောင်းတဲ့ ကံတွေကို တဏှာခိုင်းတာနဲ့ အချိန်တွေ အလကား မဖြုန်းလိုက်ပါနဲ့ဆိုတာ ပြောချင်လို့ ဘုရားက ဒီဒုလ္လဘငါးပါးကို ဦးခင်မောင် ဟောတော်မူတယ် (မှန်လှပါ ဘုရား) ၊ အခုဘယ်နှစ်ချက်ရှိသွားကြပလဲ- (သုံးချက်ရှိသွားပါပြီ ဘုရား)။

ကိုင်းဒါဖြင့် အခုလာတဲ့ ဒကာ ဒကာမတွေ ဘုရားသာသနာနဲ့ ကြုံကြပါရဲ့လားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ကြုံပါတယ် ဘုရား)၊ ဪ အတက်ကြီး တက်ခဲ့ရတယ်နော်(မှန်ပါ့)၊ လွယ်လွယ်ကူကူပဲလား ဒကာ ဒကာမတို့ ခဲခဲယဉ်းယဉ်းပဲလား (ခဲခဲယဉ်းယဉ်းပါ ဘုရား)။

သေသေချာချာ ပြောမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခုနှစ်ရက်-ခုနှစ်လီ မိုးမှောင်ကြီး ကျနေတဲ့အထဲ လျှပ်စစ် ကလေး လင်းသလောက်သာ ဘုရားပွင့်တဲ့ အချိန်ကလေးကရှိတယ် (မှန်လှပါ ဘုရား)။

တို့ပါရမီမှ ရှိလေရော့သလား

အဲဒီအချိန်ကလေးထဲမှာ ကျုပ်တို့ကြီးလာပြီး အကြုံကြီးကြုံ-အဆုံကြီးဆုံကြပြီး၊ တို့ပါရမီမှ ရှိလေရော့သလား လို့များ ဆုတ်နစ်တဲ့စိတ်တွေနဲ့ မတွေးလိုက်ပါနဲ့လို့ တောင်းပန်တယ်(မှန်လှပါ ဘုရား)။

ဪ တို့များပါရမီမှ ရှိကြရဲ့လား၊ ဆရာဘုန်းကြီးကလဲ ဟောလိုက်ရတာ အာပေါက်လို့ တို့ကလဲသိချင်၊ ကျင့်ကြံကြိုးကုတ်တာလဲ ထိုက်တန်သလောက် အားထုတ်တာပဲ ဆိုပြီးသကာလဒီဘဝနေရာ ကျမှ ကျပါ့မလားဆိုတဲ့ ဆုတ်နစ်တဲ့စိတ် ဒကာ ဒကာမတို့ ဘယ်သူမှ မတားလိုက်ပါနဲ့-(မှန်ပါ့ ဘုရား)။

မထားလိုက်ပါနဲ့ အလွဲသုံးစားကလေး တစ်ခုတော့ ကြောက်ပေးပါနော်(မှန်ပါ့)၊ အလွဲသုံးစား ကလေးတစ်ခုတော့ ဘယ့်နှယ်မှာပါလိမ့်(ကြောက်ပေးပါ ဘုရား)။

ကြောက်ပေးပါ-တဲ့၊ ဒီအချိန်သည်ကားလို့ဆိုရင် တဏှာခိုင်းတဲ့အချိန်နဲ့ ဉာဏ်ခိုင်းတဲ့အချိန် ခွဲလိုက်စမ်းပါလို့ ဆိုတာ သတိပေးပါတယ်(မှန်ပါ့ ဘုရား)၊ ပရိယေသနရှာတာကတော့ တဏှာခိုင်းတဲ့ အချိန်ကလေးနော် (မှန်ပါ့)။

အလကားနေရင်း ထိုင်စကားပြောပြီး မိတ်ဆွေသင်္ဂဟတွေနဲ့ အချိန်ကုန်တာကတော့ ဘယ်လိုဆိုကြပါ့မယ် (တဏှာခိုင်းတာပါ ဘုရား) ၊ တဏှာခိုင်းတဲ့အချိန်ချည်း မကျဘူးလား- (ကျပါတယ် ဘုရား)။

အဲ-တဏှာခိုင်းတဲ့အချိန်တွေနဲ့ အတက်ကြီးတက်လာရတာကို ဒကာ ဒကာမတွေက အင်မတန်ရခဲ့တဲ့ ပတ္တမြား ရတနာကြီး ဆားနဲ့လဲစားလိုက်တဲ့ အဓိပ္ပာယ်မျိုး ရောက်သွားမှာ ဘုန်းကြီး အင်မတန် စိုးရိမ်တယ်-(မှန်လှပါ ဘုရား)၊ မစိုးရိမ်သင့်ဘူးလား(စိုးရိမ့်သင့်ပါတယ် ဘုရား)။

ဒါကြောင့် ကိုယ်အဖိုးတန်မှန်းသိမှ ကိုယ်အဖိုးတန်မှန်းကို ကိုယ့်ဟာကိုယ် သိပါမှလဲ ဒကာ ဒကာမတို့ ကိုယ်တက်လာတဲ့ ခရီးက မလွယ်သဖြင့် တက်လာခဲ့ရတာကို အလွယ်နဲ့ဖြုန်းပစ်ကြမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဒီတစ်ခါ လွဲသွားရင် ကျောက်ခဲရေကျဖြစ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဖြစ်တတ်ပါလိမ့် (ကျောက်ခဲရေကျ ဖြစ်တတ်ပါတယ်)၊ ကျောက်ခဲရေကျ ဖြစ်တတ်ပါတယ် ဆိုတာ ကျောက်ခဲရေကျလို့ရှိရင်ဖြင့် ဒကာသစ်တို့ သူ့ဘာသာသူ ပေါ်စရာမြင်သေးသလား- (မပေါ်နိုင်ပါ ဘုရား)၊ဦးဇံရင် (မပေါ်နိုင်ပါ ဘုရား)၊ အားလုံးဒကာ ဒကာမတွေ (မပေါ်နိုင်ပါ ဘုရား)၊ ကံကောင်း လို့ ပေါ်သေးရဲ့လို့ ဆိုစရာများ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒုလ္လဘသုံးခုဟာ သေသေချာချာ ကြုံနေပြီ

အဲဒါကြောင့် ဒီဒကာ ဒကာမတွေ ယခု ဒုလ္လဘသုံးခုဟာ သေသေချာချာ ကြုံနေပြီဆိုတာကော သဘောကျရဲ့ လား (ကျပါတယ် ဘုရား)၊ ဘုရားသာသနာနဲ့ ၁-နံပါတ်ကြုံကြပလား-(ကြုံပါပြီ ဘုရား)၊ ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့လဲ ခင်ဗျားတို့ကြုံကြပလား-(ကြုံပါတယ် ဘုရား)၊ ထောင်တက်တဲ့နားရှိတာကော ခင်ဗျားတို့မှာ ဧကန်တကယ် ရှိကြပါရဲ့လား (ရှိပါတယ် ဘုရား)။

ဪ သုံးချက်ကြုံနေပြီဆိုတာ ဦးခင်မောင်ရေ ကျုပ်တို့ပါရမီဟာ ဒါကိုချိန်ပေ တော့(မှန်လှပါ)၊ ဪ ငါ ပါရမီရှိသေးသလား , မရှိသေးသလားဆိုတဲ့ဥစ္စာ ကူးခတ်ပြီး ဒီနေရာ တက်လာနိုင်ကတည်းက ဒကာ ဒကာမတွေ စဉ်းစားတော့ ဪ ပါရမီပြည့်တဲ့ ဘဝကြီးပါလား (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ပြည့်ဝတဲ့ဘဝကို ခင်ဗျားတို့က ဖြည့်ရုံကလေး နောက်ထပ်ရှိကာမှ မဖြည့်တော့ဘူး ဆိုရင် ဒီပါရမီအစ, ပျောက်သွားလိမ့်မယ် (မှန်လှပါ ဘုရား)၊ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)၊ အဲဒါ ဘုန်းကြီးများက အထူးတလည် စိုးရိမ်ရပါတယ်ဆိုတာ ဒကာ ဒကာမ တို့ မှတ်စမ်းနော်(မှန်လှပါ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိ

ကဲ၄ နံပါတ်ပြောပါဦးမယ်၊ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လိစ္ဆဝီမင်းသားတို့ ၃-နံပါတ် ကကွာတဲ့၊ ထောင်တတ်တဲ့ နာပင်ရှိသော်ငြားလဲ ဓမ္မာနုဓမ္မပဋိပတ္တိဆိုတဲ့ ခန္ဓာက ဖြစ်ပျက်နဲ့ ကိုယ်ရှုတဲ့မဂ် နဲ့ ကိုက်အောင် လုပ်တတ်ဖို့လဲ ဒုလ္လဘတရားကြီး ခဲယဉ်းသတဲ့ (မှန်လှပါ ဘုရား)။

အနိစ္စတစ်လုံးကို မြင်ဖို့ရန်လဲ အတော်ပဲခဲယဉ်းတယ်ကွတဲ့ ဟောလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်ကိုက်ဖိုးပေါ့လေ ၊ ဘုန်းကြီးတို့ အပြောမျိုး ဆိုရင်နော် (မှန်ပါ့ ဘုရား)။

ဘာနဲ့ဘာ ကိုက်ဖို့ခဲယဉ်းပါလိမ့်-(ဖြစ်ပျက်နဲ့ မဂ်နဲပကိုက်ဖို့ ခဲယဉ်းပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ရာလဲ အတော် ခဲယဉ်းတယ်ကွဆိုတော့ ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ဟာတဲ့ အတော် ခဲယဉ်းတယ်လို့ ပြောတာပါပဲ (မှန်ပါ့ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကဲဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်လဲ ဒကာ ဒကာမတွေ ဒီအရေးဟာက နားပါငြားသော်လဲ-တဲ့ ဒကာ ဒကာမတို့ ထောင်တတ်တဲ့နား ပါငြားသော်လဲ အလုပ်ကျတော့ ခရီးမပေါက်မှာလဲစိုးရတယ် (မှန်လှပါ)၊ စတုတ္ထအချက်က အလုပ်ကိုပြတာ (မှန်ပါ့ ဘုရား)။

တတိယကတော့ဖြင့် ပါရမီကံကောင်းလို့ အကြောင်းသင့်တာတွေ ပြပါတယ် (မှန်ပါ့)၊ တစ်,နှစ်,သုံး ပါရမီကံ ကောင်း၍ အကြောင်းသင့်ပြီ၊ အတက်ကြီး တက်လာခဲ့လို့ အောင်မြင်မှုသုံးခု၊ ပြပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားသာသနာရဲ့ ကြုံတာလဲ ခင်ဗျားတို့ အောင်မြင်မှုတစ်ခု (မှန်ပါ့)။

ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ကြုံတာလဲ-(အောင်မြင်မှုတစ်ခုပါ ဘုရား)။

ထောင်တတ်တဲ့နားနဲ့ တွေ့ကြုံတာလဲ (အောင်မြင်မှုတစ်ရပ်ပါ ဘုရား)။

အဲဒီ အောင်မြင်မှုတွေ အကုန်ပါပြီးသကာလနေတဲ့အတွင်းမှာ တစ်ခါဓမ္မာနုဓမ္မပဋိပတ္တိဆိုတဲ့ အတိုင်း စာလိုပြောနေရင် ခက်နေမှာစိုးလို့၊ ကိုယ့်ခန္ဓာဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ်နဲ့ ရှုလိုက်တဲ့အခါမှာ တန်းခနဲဘန်းခနဲ မဂ်ကလေး ပေါ်သွားလို့ရှိရင်လဲ မဂ်ကလေးပေါ်သွားဖို့ အလုပ်ဟာလဲ အတော်ခဲယဉ်းတဲ့ အလုပ်တဲ့ ဒကာဝတို့နော် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင်ကိုယ်တိုင်အားထုတ်ရမယ်

မောင်ထွန်းလှိုင် ဒါကော မခဲယဉ်းဘူးလား(ခဲယဉ်းပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ ဒီအထဲကတော့ တစ်,နှစ်,သုံးကတော့ဖြင့် ကံကောင်း အကြောင်းသင့်ရင် ဖြစ်နိုင်ပါတယ်တဲ့၊ ၄-ကတော့ဖြင့် ကိုယ်တိုင် အားစိုက်ရလိမ့် မယ် (မှန်ပါ့ ဘုရား)။

၄-က ဘယ်လိုပါလိမ့် (ကိုယ်တိုင် အားစိုက်ရပါမယ် ဘုရား)၊ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင် ဘာလုပ်ကြရ မယ် (ကိုယ်တိုင် အားထုတ်ရမှာပါ ဘုရား)။

ဒါကတော့ဆုတောင်းနဲ့အဆိုင်တော့ဘူး- (မဆိုင်ပါ ဘုရား)၊ ဆိုင်သေးရဲ့လား (မဆိုင်ပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အခု ဘုန်းကြီး နေ့တိုင်းပြောနေတာသည် ၄-နံပါတ်ကို အရေးတကြီး ပြောနေပါ့ တယ် (မှန်ပါ့ ဘုရား)။

၃-နံပါတ်ကတော့လဲ ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေနဲ့ ဒီသာသနာတော်ကြီးနဲ့ဖြင့် အကြုံကြီးကြုံ အဆုံကြီးဆုံ လို့ ဘာမှ အားငယ်စရာမရှိတဲ့ သုံးခုကတော့ ပြည့်စုံပြီးသား (မှန်ပါ့ ဘုရား)။

ကိုယ်တိုင် အားထုတ်ရမည့် အလုပ်ကလေး ချွတ်ယွင်းချက်ရှိနေမှာကိုဖြင့် ဦးဝတို့ , မောင်ထွန်းလှိုင်တို့ အတော်စိုးရိမ်လို့ ပြောတာ-(မှန်လှပါ ဘုရား)၊ ၄-နံပါတ်က ဖြစ်ပျက်နဲ့ မဂ်နဲ့ ဘာဖြစ်ရမလဲ (ကိုက်အောင်လုပ် ရပါ မယ် ဘုရား)။

အဲဒါ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ဒကာ ဒကာမတွေ ဖြစ်ပြီး ပျက်နေတဲ့ကိစ္စ တရားကလေးနဲ့ ကိုယ့်ဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုက်ကိုက်-ကိုက်ကိုက်ပြီးသကာလ သွားဖို့ ဒီအရေးကလေးဟာ ဒကာ ဒကာမတို့၏ အရေးလို့ သေသေချာချာ မှတ်ကြစမ်းပါနော် (မှန်ပါ့ ဘုရား)။

ဒီအရေးက ဦးခင်မောင် သေသေချာချာ စဉ်းစားကြည့် ဒီအရေး မပါလို့ရှိရင် ဝိပဿနာမဂ်ကို မဖြစ်တော့ဘူး (မှန်လှပါ ဘုရား)။

၄-နံပါတ် မအောင်မြင်လို့ရှိရင်

၄-နံပါတ် မအောင်မြင်လို့ရှိရင် ဝိပဿနာမဂ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ မဖြစ်နိုင်တော့ ဘူး ဆိုတာသေသေချာချာ မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ ဒီ ၄-နံပါတ် မအောင်မြင်တော့ဘူးဆိုလို့ရှိရင် ၁-၂-၃ နံပါတ်တွေက အကုန်ပျက်စီးနိုင်တာ ချည်းမှတ်ရမယ် (မှန်ပါ့ ဘုရား)၊ တစ်, နှစ်, သုံးက သာဖြစ်နိုင်သတုံး (ပျက်စီးနိုင်ပါတယ် ဘုရား)။

ဪ – ပျက်စီးနိုင်တာတွေချည်းဖြစ်နေတော့ အလုပ်ကြီး လုပ်လာရတာတွေက ၄-နံပါတ် မအောင်မြင်တာနဲ့ တစ်, နှစ်, သုံးတွေ ပျက်ရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ်ဖျင်းမှုနဲ့ ကိုယ်ပျင်းမှုအပေါ်မှာ သတ္တုချကြပါ တော့ (မှန်ပါ့ ဘုရား)၊ ဘယ်ဟာ သတ္တုချကြမယ် (ကိုယ်ဖျင်းမှုနဲ့ ကိုယ်ပျင်မှုအပေါ်မှာ သတ္တုချရပါမယ် ဘုရား)။

ဒါဖြင့် ကိုယ်ဖျင်းမှု ကိုယ်ပျင်းမှုကြောင့် ဒကာ ဒကာမတို့ နောက်က ၃-ပိုင်တယ်ဆိုပေမယ့် ၄-မပိုင်လိုက်တဲ့ အတွက် တစ်-နှစ်-သုံးတွေပါ အကုန် အပျက်ကြီး ပျက်သွားရတော့ သိပ်နာသွားမှာပဲ (နာပါတယ် ဘုရား)၊ မနာပေဘူးလား (နာပါတယ် ဘုရား)။

အဲဒါကြောင့် ဦးဇံရင်တို့ ဒီ ၄-နံပါတ်ဟာ ကိုယ့်အရေးဆိုတာ သိကြပလား (မှန်ပါ့ ဘုရား)။

၄-နံပါတ်က ဘာပါလိမ့် ဒကာ ဒကာမတို့-(ကိုယ့်အရေးပါ ဘုရား)၊ ကိုယ့်အရေးဆိုတာ ကိုယ့်သန္တာန် ရှိတဲ့ အနိစ္စနဲ့ဖြစ်ပြီးပျက်နေတဲ့ အနိစ္စနဲ့ပေါ့လေ ကိုယ့်ဉာဏ်နဲ့ သွားသွားတွေ့ရမယ(မှန်ပါ့ ဘုရား)။

တရားနဲ့လျော်အောင်သိတဲ့ အကျင့်

ကိုယ့်သန္တာန်ရှိတဲ့ ဖြစ်ပြီးပျက်တဲ့တရားနဲ့ (ကိုယ့်ဉာဏ်နဲ့သွားတွေ့ရပါမယ် ဘုရား)။

အဲဒါဓမ္မာနု ဓမ္မပဋိပတ္တိပါပဲ (မှန်ပါ့ ဘုရား)၊တရားနဲ့လျော်အောင်သိတဲ့ အကျင့်ကို (မှန်လှပါ ဘုရား)။

တရားနဲ့လျော်တဲ့ အကျင့်ဆိုတာ တရားကဖြစ်ပျက်၊ ဉာဏ်ကလဲ ဖြစ်ပျက်လို့သိရင် တရားနဲ့လျော်တဲ့ အကျင့် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီ ဥစ္စာကလေးဖြင့် ဒကာ ဒကာမတု့ိ တရားတစ်ပွဲလုံး အရေးကြီးဆုံးပဲ၊ ဒီအလုပ်ကလေးဟာဖြင့် ဪ ဒါ ပညာ့ဂုဏ်ရည် (၆) နဝမအကြိမ်ကလေးနဲ့ ငါတို့ဒါကလေးမှမမြင်လို့ ပြန်လျှောကျရမယ်ဆိုရင် ဖြင့်ဟေ့ နောက်ဘုရားတွေကလဲ တွေ့ချင်မှတွေ့ကြုံချင်မှကြုံရမယ်၊ အခုကြုံတုန်းမှ အပိုင်မယူလိုက်လို့ရှိရင် ဖြင့်ကိုယ်ကျိုးဖြင့် လှလှကြီးနည်းပေါ့လို့ မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေ အထူးတလည်ပဲ အဖိုးတန်တာသိပြီး အဖိုးတန်တဲ့အလုပ် လုပ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

အဖိုးတန်တာလဲ တစ်-နှစ်-သုံးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ သာမညတက်ခဲ့ရတာလား၊ အလွန့်အလွန် ကြိုးစားခဲ့ ကြရတာလား (အလွန့်အလွန် ကြိုးစားခဲ့ရတာပါ ဘုရား)။

အဲဒီ ကြိုးစားတာ အထမြောက်ပြီးသကာလ အဲဒါက ဆုတောင်းနဲ့ အထမြောက်ပြီး သကာလ ဉာဏ်ကောင်းနဲ့ အလုပ်လုပ်ရမည့် ၄-နံပါတ်မှာ လျော်သွားမှာ စိုးရတယ် (မှန်လှပါ ဘုရား)။

တစ်-နှစ်-သုံးလဲ ဆုတောင်းနဲ့ ပြည့်စုံနိုင်တယ် နော် (မှန်လှပါ ဘုရား)၊ ၄-နံပါတ်ကျတော့ ဒကာ ဒကာမ တို့ ကိုယ့်အပျက်နဲ့ ကိုယ့်မဂ်နဲ့ ကိုက်ဖို့ဆိုတော့ ဆုတောင်းနဲ့ ဆိုင်သေးရဲ့လား(မဆိုင်ပါ ဘုရား)၊ လုပ်ယူရမည့်တရားလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုများ မှတ်ကြမယ် (လုပ်ယူရမည့်တရားပါ ဘုရား)၊ လုပ်ယူရမည့်တရားကို ဒါကလေး မလွဲကြပါစေနဲ့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါ-ပါတယ် ဘုရား)။

၄-နံပါတ် ဘာတဲ့ဗျာ (လုပ်ယူရမည့်တရာပါ ဘုရား)၊ လုပ်ယူရမည့်တရား ဘာနဲ့ဘာ ကိုက်ရမှာပါလိမ့် (အပျက်နဲ့မဂ်နဲ့ ကိုက်ရပါမယ်)၊ အပျက်နဲ့မဂ်နဲ့ကိုက်အောင် လုပ်ရမယ်နော် (မှန်လှပါ ဘုရား)။

အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရမယ်

အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့က စဉ်းစာတာပေါ့၊ ဘုန်းကြီးက ဥပမာကလေး တစ်ခု ပြလိုက်ပါတယ်၊ ဥပမာ ကိုယ့်လက်ဖမိုးကလေးကို ကိုယ့်လက်ညှိုးထဲမှာရှိတဲ့ လက်သည်းနဲ့ ဆိတ်လိုက်တဲ့အခါ ကျတော့ ဒုက္ခဝေဒနာကလေးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အနာကလေး ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဒုက္ခဝေဒနာကလေး ရှိ မရှိ ဉာဏ်နဲ့ကြည့် လိုက်တဲ့အခါကျ တော့ ရှိသေးရဲ့လား-(မရှိပါ ဘုရား)၊ မရှိတော့ ဟိုကပျက်စီးမှုနဲ့ ဒီစာမရှိတာမသိမှုနဲ့ သွားကိုက်တယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် အဖျက်နဲ့မဂ်နဲ့ သွားကိုက်တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပလား-(ရိပ်မိပါပြီ)၊ ဘာနဲ့ဘာ သွားကိုက် သလဲ (အပျက်နဲ့ မဂ်နဲ့ သွားကိုက်ပါတယ် ဘုရား)။

အဲ အဲဒီလို အခု ပယောဂနဲ့လိုပ်ပြီး သကာလ ဥပမာ လက်ဖမိုးကလေး လက်သည်းကလေးနဲ့ ဆိတ်လိုက်တဲ့ အခါ ဦးခင်မောင်ရေ နာလုံးကလေး မလာဘူးလား (လာပါတယ်)။ နာလုံးကလေးကလဲ ဒီနေရာမှာပေါ်ပြီး ဒီနေရာမှာ မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။

အဲ သူပျက်တာ သူ့ဟာသူပျက်နေတာလို့ ခင်ဗျားတို့က ဒီလိုမထားဘဲနဲ့ ဒီဟာကလေးဟာ ဘယ်လို သဘောပါလိမ့်မတုံးဆိုပြီး ဉာဏ်ကလေးနဲ့ကြည့်လိုက် (မှန်ပါ့ ဘုရား)။

ဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ခုနက ဝေဒနာကလေးက ကျုပ်ကို ခင်ဗျားတို့ကြည့် လိုက်အခါအပျက်နဲ့ တွေ့ပါလိမ့်မယ့်လို့ ပြောမသွားဘူးလား(ပြောသွားပါတယ် ဘုရား)။

အဲ-အပျက်တွေ့သွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ လက်ဖမိုးပေါ်မှာရှိတဲ့ ဒုက္ခဝေဒနာက အပျက် (မှန်ပါ့ ဘုရား)။ ဉာဏ်နဲ့ တွေ့လိုက်တာက (မဂ်ပါ ဘုရား)။

ဒီဓမ္မ နဲ့ ဒီပဋိပတ္တိနဲ့ လျော်ရမယ်

အဲ တွေ့တဲ့ဉာဏ်ကလေးက မဂ် (မှန်ပါ့ ဘုရား)၊ ရှေ့ကအပျက်ပေါ့ဗျာ-(မှန်ပါ့) ၊တွေ့တဲ့ဉာဏ် ကလေး က(မဂ်ပါ ဘုရား) ၊ အဲဒါဓမ္မာနုဓမ္မပဋိပတ္တိ (မှန်ပါ့ ဘုရား)၊ သူက ဓမ္မ၊ ဒီက ပဋိပတ္တိ (မှန်ပါ့ ဘုရား)၊ ဒီဓမ္မ နဲ့ ဒီပဋိပတ္တိနဲ့ လျော်ရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုလျော်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ရှိရင် ၄-နံပါတ် ဝိပဿနာမဂ် အောင်သောကြောင့် ဘာမှပူစရာမရှိတော့ပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ့်အရေးက ဘယ်နံပါတ်ပါလိမ့် (၄-နံပါတ်ပါ ဘုရား)၊ ၄-နံပါတ်ဟာ ဘာနဲ့ဘာ ကိုက်ရမှာပါလိမ့် (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရပါမယ် ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ်ကြီးထဲမှာတော့ ဟိုနေရာက ရွရွ ရွရွ ဒီနေရာက ရွရွ-ရွရွ၊ ဝမ်းထဲကလဲ ဟိုစိတ်ကလေး ပေါ်လာလိုက်၊ ဒီစိတ်ကလေးပေါ်လာလိုက်၊ အာရုံနဲ့တိုက်ရာတွေပေါ်ပေါ်လာပြီး ဒါကလေးတွေဉာဏ်ကလေးနဲ့ နောက်ကလိုက်-လိုက်ပြီဆိုမှဖြင့် ရှေ့က အပျက်၊ နောက်ကရှုတဲ့မဂ် (မှန်ပါ့ ဘုရား)။

ရှေ့က (အပျက်ပါ ဘုရား)။

နောက်က ရှုတာက (မဂ်ပါ ဘုရား)။

ရှေ့က ဘာပါလိမ့် (အပျက်ပါ ဘုရား)။

နောက်က ရှုတာက (မဂ်ပါ ဘုရား)။

အဲဒါကိုက်နေလို့ရှိရင် ဒီရှေ့က ဓမ္မ၊ နောက်က အနုပဋိပတ္တိ(မှန်ပါ့)၊ အနုက=လျော်တာ၊ ပဋိနိပတ္တိက= အကျင့်။ နောက်က လျော်တဲ့ အကျင့်ကို ကျင့်နေတာ (မှန်လှပါ ဘုရား)။

ရှေ့က ဓမ္မက အပျက်နော် (မှန်ပါ့ ဘုရား)၊ အပျက်ကို အပျက်မှန်းသိတော့ နောက်က လျော်တဲ့အကျင့်ဆို ရင် လွဲပါမလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ ခင်ဗျားတို့ကိုယ်ပိုင်လုပ်ရမည့် အလုပ်၊ ဒါကြောင့်ဆုတောင်း ယူရမှာကသုံးခု၊ ကိုယ်ပိုင်လုပ်ယူရမှာက(တစ်ခုပါ ဘုရား)၊ လေးခုဆိုတာသဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသာသနာကြုံ့ဖို့ ဆုတောင်းလို့ရှိရင် ရခဲ့ကြတယ်နော် (မှန်ပါ့)၊ ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံ့ဖို့ (ရခဲ့ကြပါတယ်) ထောင်တတ်တဲ့နားနဲ့ကြုံ့ဖို့ (ရခဲ့ကြပါပြီ ဘုရား)။

ဒီဟာကျတော့ အခုမရ-ရအောင် လုပ်ကြပါ (မှန်ပါ့ ဘုရား)၊ ဒီဟာကျတော့ (မရ-ရအောင် လုပ်ရမှာပါ)၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင်တော့ မရ-ရအောင်လုပ်ရမယ်-(မှန်ပါ့ ဘုရား)။

ညနေအားထုတ်ရင် မနက် မဂ်ဖိုလ်ရမယ်

ဒကာ ဒကာမတို့ ဘာလုပ်ရမှာပါလိမ့် (မရ-ရအောင်လုပ်ရမှာပါ ဘုရား)၊ ဘယ်ဟာနဲ့ဘယ်ဟာ ကိုက်အောင်လဲ (အပျက်နဲ့မဂ်နဲ့)၊ ကြားထဲမှာ ကိလေသာမခြားဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဟောဒါက အပျက်၊ နောက်က တစ်ခါတည်း ဝိပဿနာက ရှုလိုက်တဲ့အခါကျတော့ မဂ်ထဲမှာ ဒီကြားထဲ မှာပေါ့ဗျာ (မှန်ပါ့)၊ ကိလေသာက မခြားလို့ရှိရင် ညနေအားထုတ်ရင် မနက် မဂ်ဖိုလ်ရမယ်(မှန်ပါ့ ဘုရား)၊ နံနက်အားထုတ်လို့ရှိရင် ညနေရမယ် တဲ့၊ ကိလေသာကြားခြားရင်တော့ မရဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ဒီအကြောင်းတွေလဲ သိရပြန်တော့ ဪ တို့အရေးသာ ၄-နံပါတ်ပါ ကလား (မှန်ပါ့ ဘုရား)၊ ဘယ်လို ဆိုကြမယ် (တို့အရေးဟာ ၄-နံပါတ်ပါ ဘုရား)။

၄-နံပါတ် ဦးခင်မောင်ရယ် ၊ တရားတစ်ပွဲလုံးနဲ့ ရှင်းကြစမ်းပါ။ ၄-နံပါတ်ဆိုတာ ဘာနဲ့ဘာကိုက်ရမှာ တုံး (အပျက်နဲ့မဂ် ကိုက်ရမှာပါ ဘုရား)။

ကိုယ့်ခန္ဓာကြီးကတော့ သဗ္ဗေသင်္ခါရ အနိစ္စာ ဆိုတော့ ဘယ်အခါမဆို သူပျက်နေတာနဲ့ (မှန်ပါ့ ဘုရား) စိတ်ကြည့်လိုက်လဲ ပျက်မှာပဲ၊ ဝေဒနာကြည့်လိုက်ရင်လဲ ပျက်မှာပဲ ရုပ်ကြည့်လိုက်ရင်လဲ (ပျက်မှာပါပဲ ဘုရား)။

အဲဒါ ခင်ဗျားတို့ သူက ပျက်နေပေမယ့် ကိုယ်က မဂ်နဲ့မလိုက်တဲ့အတွက် မဂ်မရကြဘဲဖြစ်နေတယ်- (မှန်လှပါ ဘုရား)၊ သူကတော့ ပျက်နေတာပဲ၊ ဘယ့်နှယ်အကြောင့် ကျုပ်တို့ မဂ် မရ-ရပါလိမ့်မလဲဆိုတော့ မလိုက်မိလို့ (မှန်ပါ့ ဘုရား) (သို့မဟုတ်) မကျင့်မီလို့ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား)။

အပျက်နဲ့မဂ် ကိုက်ရမယ်

ဒါဖြင့် ဒကာ ဒကာမတွေ အရေးဟာ ဘာနဲ့ဘာ ကိုက်ရမှာပါလိမ့်(အပျက်နဲ့မဂ် ကိုက်ရပါမယ်)၊ အဲဒါဖြင့် ဒါကလေးဟာတော့ဖြင့် ဆုတောင်းယူရမှာပဲလား၊ ကိုက်အောင်ကိုယ်တိုင် အားထုတ်ယူရမှာလား (ကိုက်အောင် ကိုယ်တိုင်အားထုတ်ယူရမှာပါ ဘုရား)။

ဒကာ ဒကာမတို့ အားလုံး၊ တရားတစ်ပွဲလုံးပဲ နားလည်ကြပါ့မလား- (နားလည်ပါတယ် ဘုရား)၊ ၄-နံပါတ်က ဘာနဲ့ဘာ ကိုက်ရမှာတုံး- (အပျက်နဲ့ မဂ်နဲ့ ကိုက်ရပါမယ် ဘုရား)။

အေး အပျက်နဲ့ မဂ်နဲ့ ဒကာ ဒကာမတွေ ကိုက်အောင်လုပ်ပါနော်-(မှန်လှပါ ဘုရား)၊ ကိုက်အောင်လုပ်ရ မယ်ဆိုတော့ အချီ အချ ညီရမယ်လို့ ဆိုလိုတာပဲ (မှန်ပါ့)၊ အချီ အချ ညီရမယ်ဆိုတာက အပျက်မရှိဘဲနဲ့ ကိုက်အောင် လုပ်ရမှာလား၊ အပျက်တွေရှိလျက်နဲ့ မကိုက်လို့ ဟောနေရတာလားမေးရင် ဘယ်နှယ့်ဖြေကြမလဲ (အပျက်တွေရှိလျက်နဲ့ မကိုက်လို့ ဟောနေရတာပါ ဘုရား)။

အဲ အပျက်ကတော့ဖြင့် ဒကာ ဒကာမတို့ ထိုင်လဲပျက်တာပဲ၊ ထလဲ ပျက်တာပဲ၊ စိတ်ကူးတာလဲ ကူးတဲ့စိတ် ကလေးက ပျက်သွားတာပဲ၊ ယားရင် ယားတဲ့ နေရာ ပျက်၊ နာရင် နာတဲ့နေရာမှာကော (ပျက်တာပဲ ဘုရား)။

အဲ သူ့ဟာသူသာ ပျက်နေတယ်၊ ခင်ဗျားတို့က ပျက်ပါကလားလို့ သိလုံးနဲ့ နောက်က သွားမကိုက်ဘူး (မှန်လှပါ ဘုရား)၊ ပျက်ပါကလားဆိုတဲ့ သိလုံးနဲ့ (သွား မကိုက်ပါ ဘုရား)။

အပျက်နဲ့မဂ်နဲ့ မကိုက်တဲ့ အခါကျတော့

နောက်က သွားမကိုက်တော့ကို အပျက်နဲ့မဂ်နဲ့ မကိုက်တဲ့ အခါကျတော့ အပျက်နဲ့ ဒေါသနဲ့ယဉ်လဲ လာတတ်တယ် (မှန်ပါ့)၊ အပျက်နဲ့ သောကနဲ့ယဉ်လဲ-(လာပါတယ် ဘုရား)။

ငါ့မှာ ဖြစ်ရလေခြင်း၊ ငါ့မှာနာလေခြင်း၊ ဟော မကိုက်လို့-မကိုက်လို့-(မှန်ပါ့)၊မကိုက်တော့ ဒေါသ သောကတွေမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ မကိုက်တော့ အမှားတွေ လိုက်မလာဘူးလား (လာပါတယ် ဘုရား)။

အမှားတွေ လိုက်လာတော့ ဘုန်းကြီးတို့ထုံးစံ၊ ဒကာ ဒကာမတို့ ထုံးစံဖြစ်တဲ့ ပဋိစ္စသမုပ္ပပါဒ်ဟာ တစ်ခါတည်း သံသရာဆက်သွားတယ်-(မှန်လှပါ ဘုရား)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

အဲဒီတော့ ဘယ့်နှယ်ကြောင့် သံသရာဆက်ပါလိမ့်မတုံးလို့ မေးတဲ့အခါတော့မှ အပျက်နဲ့ မဂ်နဲ့ မကိုက်လို့ (မှန်လှပါ ဘုရား)။

အင်မတန် အဖိုးတန်တယ်နော် ဦးခင်မောင် (မှန်လှပါ ဘုရား)၊ ဒီအရေးဟာ ဒကာ ဒကာမတို့ သာမညအရေး မဟုတ်ဘူးဆိုတာကို သတိထားနားထောင်စမ်းပါ (မှန်ပါ့ ဘုရား)။

အင်မတန်အရေးကြီးတဲ့ အချက်နဲ့ ၄-နံပါတ်ဟာနော်၊ (မှန်ပါ့)၊ ၄-နံပါတ်ဟာ အင်မတန် အရေးကြီးပါတယ်၊ ကိုင်း ဒကာ ဒကာမတို့ ၄-နံပါတ်ဆိုတာ ဘာနဲ့ဘာ အချီအချညီကြရမှာပါလိမ့် (အပျက်နဲ့မဂ် ကိုက်ရမှာပါ ဘုရား)၊ အပျက်က ဒကာ ဒကာမတွေ သန္တာန်ဘယ်အချိန်ရပ်စဲပါလိမ့် (မရပ်စဲပါ ဘုရား)။

အဲ ဘယ်အချိန်မှ မရပ်စဲတော့ နောက်က မဂ်က ရပ်စဲတယ် (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြ မယ်(နောက်ကမဂ်က ရပ်စဲပါတယ် ဘုရား)။

နောက်က မဂ်က ရပ်စဲပြီးသကာလ နေတော့ မဂ်လဲ ရပ်စဲလိုက်ပါရောတဲ့၊ ပျက်တာကိုမကြိုက်တဲ့ ဒေါသ၊ ဟော လိုက်ချင်လိုက်လာတယ်(မှန်ပါ့)၊ ပျက်တာကို စိုးရိမ်တဲ့သောက (မှန်လှပါ ဘုရား)၊ မလိုက်ပေဘူးလား-(လိုက်ပါတယ် ဘုရား)၊ ငါ့မှာ ဖြစ်ရလေခြင်းဆိုတဲ့ သောကတွေကော (လိုက်ပါတယ် ဘုရား)။

ဪ ဒါ ဘာနဲ့ဘာ မကိုက်လိုက်တာပါလိမ့်မလဲဆိုတာကော ရိပ်မိကြမလား (ရိပ်မိ ပါတယ် ဘုရား)၊ အင်း ဘာနဲ့ဘာပါလိမ့် (အပျက်နဲ့မဂ်နဲ့မကိုက်တာပါ ဘုရား)။

အဲဒါ ဓမ္မာနုဓမ္မပဋိပတ္တိမဖြစ်လိုက်တာ (မှန်ပါ့)၊သိပ်ပြီး နာသွားတယ်ဆိုတာ မောင်ထွန်းလှိုင်တို့၊ ဒကာဝတို့ သေချာကြပလား (သေချာပါတယ် ဘုရား)။

ကံပေးလို့ မရဘူး၊ ဉာဏ်နောက်က လိုက်မှရမယ်

ကိုင်း ဒါဖြင့် ကျုပ်တို့အရေးသည် ၄-နံပါတ်အရေးကဖြင့် ဒကာ ဒကာမတို့ ကံပေးလို့ မရဘူး၊ ဉာဏ်နောက်က လိုက်မှရမယ် (မှန်ပါ့ ဘုရား)။

ကံပေးလို့တော့ (မရပါ ဘုရား)၊ ဉာဏ်က နောက်ကလိုက်မှ (ရပါတယ် ဘုရား)၊ အပျက်၏နောက်က မဂ်ဆိုတဲ့ ဉာဏ်လိုက်ရင်ဖြင့် (ရပါတယ် ဘုရား)၊ ရကြလိမ့်မယ်ဆိုတာ မှတ်တော့ သား၊ အိမ်နေလို့လဲ မရဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။

သေသေချာချာ ခန္ဓာကို ဉာဏ်ကလေးနဲ့ စိုက်တော့ထား၊ ခန္ဓာကို ဉာဏ်ကလေးနဲ့ စိုက်ထားတဲ့အခါ ကျရှိ့ရှိရင်ဖြင့် စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

စားချင်တဲ့ စိတ်ကလေးပေါ်လာတဲ့အခါ တစ်ခါတည်း နောက်ကနေ မဂ်နဲ့လိုက်၊ စားချင်တဲ့ စိတ်ကလေးဟာပေါ်ပြီး ပျက်ရရှာတာကိုးဗျ (မှန်ပါ့ ဘုရား)။ မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။

အင်း ဒါကလေးတွေဟာ “သရာဂံ ဝါစိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” ဆိုပြီး သကာလ သူက သရာဂစိတ်၊ သူက ပဇာနာတိနောက်က လိုက်,လိုက်ရမယ် (မှန်ပါ့ ဘုရား)။

ပဇာနာတိ လိုက်,လိုက်တော့ သရာဂစိတ်က အပျက်၊ ပဇာနာတိက မဂ် (မှန်ပါ့)၊ သူက သရာဂ စိတိက အပျက် ပဇာနာတိက (မဂ်ပါ ဘုရား)။

ဒီလိုလိုက်ပြီးသွားမယ်ဆိုပါတော့၊ တစ်ခါတည်း နောက်ဒီကြားထဲမှာ ဘဝင်တော့ ဘယ်လောက် ခြားခြား ကိလေသာတော့ မခြားစေနဲ့ (မှန်ပါ့ ဘုရား)။

တစ်ခါတလေတော့လဲ ဒေါသတွေခြားပြီးတော့မှ ဪ ခုနကဟာကလေး ပျက်သွားပြီလို့ ဆိုတော့ ဒေါသတွေ ခြားပြီးပြီ၊ လောကတွေကော (ခြားပြီးသွားပါပြီ ဘုရား)၊ မသိလိုက်တော့ မောဟတွေကော (ခြားပြီးပါပြီ ဘုရား)။

အဲဒီ ခြားပြီးလို့ရှိရင်ဖြင့် မင်းတို့ဟာကို ညနေအားထုတ် နံနက်ရလိမ့်မယ်လို့ မဟောနိုင်ဘူးကွတဲ့၊ ကိလေသာ ကြားဝင်တယ်-(ကြားဝင်ပါတယ် ဘုရား)၊ ရှင်းကြပလား-(ရှင်းပါပြီ)၊ ဘာကြားဝင်ပါလိမ့် (ကိလေသာကြားဝင်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက ကိလေသာ ကြားဝင်တာကိုတော့ မသိဘဲနဲ့ ကျုပ်ဟာလုပ်ပါတယ်၊ ခန္ဓာကိုယ်ပျက်တဲ့အထဲ ရှုပါတယ်၊ရှုပေမယ့် ကျုပ်ဖြင့် အပျက်လောက်တောင် ကောင်းကောင်းမမြင်သေးဘူး။

တစ်နည်းအားဖြင့်လဲ အပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလဲ ကျုပ်မမြင်သေးဘူး၊ ကျုပ် ဘာများ ဖြစ်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက တွေးချင်လဲ တွေးကြမယ် (မှန်လှပါ ဘုရား)။

ပါရမီများနည်းလေရော့သလားလို့ တစ်ခါတစ်လေ ပါရမီပေါ်ကော ပုံချချင်ချလိုက်လိမ့်မယ် (မှန်ပါ့ ဘုရား)၊ မချပေဘူးလား (ချပါတယ် ဘုရား)၊ အဲဒါမဟာ အလွဲတော်ကြီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိလေသာကြားခိုလို့မရတာ

ကိလေသာကြားခိုလို့မရတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)၊ အပျက်နဲ့မဂ်ကြားထဲ မှာ (ကိလေသာ ကြားခိုလို့ မရတာပါ ဘုရား)။

ဒါဖြင့် အပျက်နဲ့မဂ်နဲ့ အင်မတန်ဝေးသွားပြီ (ဝေးသွားပါပြီ)၊ မဝေးပေဘူးလား(ဝေး ပါတယ် ဘုရား)၊ ကြားထဲ ပဋိစ္စသမုပ္ပါဒ် ဝင်ခုသွားပြီ (မှန်ပါ့ ဘုရား)။

ခုသွားတဲ့အခါကျတော့ မောင်ထွန်းလှိုင်တို့၊ ဒကာဝတို့ရနိုင်ပါ့မလား(မရနိုင်ပါ ဘုရား)၊ ပေါ်ကြ ပလား(ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာနဲ့အချီအချ ကိုက်ရမယ်ဆိုတာဖြင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာနဲ့ဘာတုံး (အပျက်နဲ့မဂ်နဲ့ ကိုက်ရပါမယ်)၊ ခန္ဓာကြီးမှာတော့ ရှိတာက ဘာတွေရှိသလဲ (အပျက်တွေ ရှိပါတယ် ဘုရား)။

အဲဒီအပျက်တွေနဲ့ အခု ဘုရားပေးထားတဲ့ ဉာဏ်မဂ်နဲ့ ဪ ပျက်ပြီးပျက်တိုင်း ပျက်တိုင်း သိပြီးသကာလ ပေးနေမယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာ၏သေမှုကိုသိ၊ ခန္ဓာ၏ဒုက္ခရောက်မှုကို သိသောကြောင့် သစ္စာဉာဏ်တွေဟာ တစ်ခါတည်း စ,ပေါ်လာတယ် (မှန်လှပါ ဘုရား)။ မပေါ်ဘဲ နေနိုင်ပါ့ မလား (မနေနိုင်ပါ ဘုရား)။

အဲဒါတွေဟာ ဒကာ ဒကာမတွေတဲ့ ခန္ဓာကိုယ် စောင့်ကြည့်နေလို့ရှိရင်ဖြင့် ခန္ဓာကိုယ်က သူရှိတဲ့ သဘော သူပြောမှာပါပဲ (မှန်လှပါ ဘုရား)။

သူရှိတဲ့သဘောက သူက သဗ္ဗေသင်္ခါရာအနိစ္စာ၊ ကျုပ်ဟာ တစ်ကိုယ်လုံး အနိစ္စပါဆိုပြီး သူက ပြောနေတာတွေ ကျုပ်တို့က စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်က ဪ အနိစ္စပါကလားလို့ နောက်ကနေပြီး သိတဲ့မဂ်ကလေးနဲ့ ကိလေသာကြားမခိုဘဲနဲ့ ဆက် ဆက် ဆက် သိသွားလို့ရှိရင်ဖြစ်တဲ့ ပဏ္ဏသ ပါဠိတော်မှာ သေသေချာချာ ဟောပါတယ် ဒကာ ဒကာမတို့ ညနေအားထုတ်ရင် နံနက်ရနိုင်ပါတယ် (မှန်လှပါ ဘုရား)။

သတိပဋ္ဌာန်ပါဠိတော်မှာလဲ “ယောတိ ကောစိ ဘိက္ခဝေဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ” လို့ ဟောပါတယ်၊ ခုနစ်ရက်နဲ့တောင် ရပါတယ်ကွာတဲ့ (မှန်လှပါ ဘုရား)။

ဒီလိုဆိုတော့ ဒကာ ဒကာမတွေပါရမီ ပြည့်ပြီးသားမှာလဲ တစ်-နှစ်-သုံး ဆိုတဲ့ ပါရမီတွေကလဲ ခင်ဗျားတို့မှာ ပြည့်စုံနေပြီဖြစ်လို့ ဆိုခဲ့ပြီးတဲ့ ၁-၂-၃ က ဝန်ခံရာ ရောက်သွားပြီ (မှန်လှပါ ဘုရား) ၊ မခံသေးဘူးလား (ခံပါတယ် ဘုရား)။

အဝိဇ္ဇာတဏှာတည်းဟူသော ပြာတွေကဖုံးတယ်

အဲဒီတော့ ခင်ဗျားတို့က မီးခဲကြီးရဲပြီးသကာလ လာငြားသော်လဲပဲ အဝိဇ္ဇာတဏှာတည်းဟူသော ပြာတွေကဖုံးတယ် (မှန်ပါ့ ဘုရား)၊ မီးခဲကတော့ တွင်းထဲမှာ-ရဲရဲ့နော် (မှန်ပါ့)၊ အဝိဇ္ဇာတဏှာ တည်းဟူသော ပြာက (ဖုံးပါတယ် ဘုရား)။

အဲဒီတော့ အပျက်နဲ့ မဂ်နဲ့ ကိုက်တဲ့ ဉာဏ်ကလေးနဲ့မှုတ်ပေးမှ ဒါကလေးက ရဲထွက်လာမယ် (မှန်ပါ့ ဘုရား)။ ရဲထွက်လာလို့ရှိရင်တော့ စိတ်ချတော့ မရမရှိတော့ပါဘူး (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့်တို့ဟာက ပါရမီမပါခဲ့လို့လား ဟုတ်လား၊ မီးရဲရဲမပါခဲ့လို့လား၊ မှုတ်တတ်တဲ့ အပေါ်က မှုတ်ပေးမည့် ရဲရဲတောက်အောင် ကလေးမှုတ်ပြီးသကာလ ပေးဖို့ရာ လုံ့လ၊ဝီရိယပညာကလေး က ညံ့လို့လားလို့ မေးလိုက်လို့ရှိရင် ဒါညံ့လို့သာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီလောက်ပြောလို့ရှိရင်လဲ အကုန်လဲ အကုန်ပဲ ဒကာ ဒကာမတို့ ပါရမီတွေချမနေပါနဲ့၊ လိုတာဖြည့်ပါ(မှန်လှပါ ဘုရား)၊ ဘယ်လိုမှာပါလိမ့် (လိုတာဖြည့်ပါ ဘုရား)၊ ပါရမီတော့ဖြင့် (မချပါနဲ့ ဘုရား)။

မခိုအောင် လုပ်ရပါမယ်

၁-နံပါတ်ပြည့်စုံသလား (ပြည့်စုံပါတယ်)။ ဘယ်ပါရမီဖြစ်လို့လဲ (မှန်ပါ့ ဘုရား)။

၂- နံပါတ်ပြည့်စုံသလား (ပြည့်စုံပါတယ် ဘုရား)။

၃- နံပါတ်ကော ပြည့်စုံသလား (ပြည့်စုံပါတယ် ဘုရား)။

ဟာ ပြည့်စုံနေတော့ ၄-နံပါတ် ဘယ့်နှယ် ဖြစ်နေကြသလဲ (၄-နံပါတ်မှာ ကိလေသာ ကြားခိုနေ ပါသေးတယ်)၊ ၄-နံပါတ် ကိလေသာကြားခိုနေသေးတော့ မခိုအောင်လုပ်လိုက်လို့ရှိရင်ဖြင့် ကိစ္စ ပြီးတော့မည့်အလုပ်-(မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဘာတဲ့ (မခိုအောင် လုပ်ရပါမယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ကိလေသာ ကြားမခိုလိုက်လို့ရှိရင် ညနေအားထုတ်ရင် နံနက် (ရပါ့မယ် ဘုရား)။

ရနိုင်ပါတယ်လို့ဆိုတဲ့ဥစ္စာ ဗောဓိရာဇကုမာရ မင်းသားကို သေသေချာချာ ဟောထားတယ်၊ မဇ္ဈီမ ပဏ္ဏာသ ပါဠိတော်မှာကို သေသေချာချာရှိတယ်(မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လိုတာသာဖြည့်ပါတော့၊ ပါရမီ မချကြပါနဲ့ (မှန်ပါ့ ဘုရား)၊ ဒီစကား အင်မတန်အရေးကြီးတယ်နော်- (မှန်ပါ့ ဘုရား) လိုတာသာ (ဖြည့်ကြပါတော့) ပါရမီကိုဖြင့် (မချပါနဲ့ ဘုရား)။

ဒီဟာ တစ်ချက် လုပ်သွားလို့ရှိရင် ဒီ ပါရမီကလေးကျော်ရပါလိမ့်မယ် (မှန်ပါ့)၊ မကျော်ရ ပေဘူးလား (ကျော်ရပါမယ် ဘုရား)။

ဒါနည်းနည်းနောနော လုပ်ခဲ့ရတဲ့ အလုပ်သုံးခုလားလို့ မေးပြန်လို့ရှိရင်လဲ အလွန့်ကိုပဲ ဆင်းရဲခံပြီး တက်ခဲ့ရတာပါ (မှန်လှပါ ဘုရား)။

တရားကိုယ် ပြောကြပါစို့ဆိုတော့ များသောအားဖြင့် အားလုံးဘုန်းကြီးနှင့်တကွ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားလုံးဟာ အပါယ်က တက်လာခဲ့ရတာ များတယ်-(မှန်လှပါ ဘုရား)၊ ဘယ်က တက်လာတာ များသလဲ (အပါယ်က တက်လာတာ များပါတယ် ဘုရား)။

အမြဲနေတဲ့ အိမ်

”စတ္တာရော အပါယာ သကဂေဟသဒိတာ”ကိုး၊ ဓမ္မပဒ အဋ္ဌကထာက(မှန်ပါ့ ဘုရား)။

စတ္တာရော အပါယာ=အပါယ် လေးဘုံတို့သည်၊သကဂေဟ သဒိသာ= ဘုရားမရှိတဲ့အခါမှာ ကျုပ်တို့ အမြဲနေတဲ့ အိမ်ပဲ (မှန်လှပါ)၊ ကျုပ်တို့အကုသိုလ်တွေက အဲဒီကိုချည်ပို့ထားတယ် (မှန်လှပါ ဘုရား)။

အဲဒီတုန်းက ဒီစိတ်တွေ ပေါ်ပြီးသကာလ တက်ခဲ့တာ (မှန်ပါ့ ဘုရား)၊ ဒီနေရာ ပြန်မရောက်အောင် လို့ တစ်ခါတည်း ဘုရားနဲ့ကြုံရပါလို၏။ ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံရပါလို၏။ ဟုတ်လား ထောင်တတ်တဲ့ နားနဲ့ .. (ကြုံရပါလို၏)။

ပြည့်စုံရပါလို၏ ဆိုပြီး အဲဒီတုန်းက ဆင်းရဲလွန်းလို့ ဆည်းပူးလာခဲ့တာတွေ (မှန်လှပါ ဘုရား)၊ အဲဒီ ဆည်းပူးလာတာတွေက အခု လူ့ပြည်ပို့လိုက်တာ (မှန်ပါ့ ဘုရား)၊ ပို့လိုက်တော့ ဒီအင်္ဂါ သုံးချက်က ညီမနေဘူးလား (ညီပါတယ် ဘုရား)။

အဲဒီတော့ ဆုအရေးက ဒီအရေး၊ ကိုယ့်အရေးက ၄ (မှန်ပါ့)၊ ဆုအရေးက ၁-၂-၃၊ ကိုယ့်အရေး က (၄-ပါ ဘုရား)၊ ဆုတောင်းလို့ပြည့်တဲ့အရေးက (၁-၂-၃-ပါ ဘုရား)၊ ကိုယ့်အရေးက (၄-ပါ ဘုရား)၊ အခုဟာက ကိုယ့်အရေးဟာနေတာ (မှန်ပါ့ ဘုရား)၊ ဘယ်လို ဆုံးဖြတ်ကြမလဲ (ကိုယ့်အရေးဟာ နေတာပါ ဘုရား)။

ဟာတာကိုတော့ ဘုန်းကြီးကလဲ အပြစ်တော့မတင်သေးပါဘူးတဲ့၊ လမ်းညွှန်ကောင်းနဲ့တွေ့မှလဲ ဟာတာကို ဖြည့်တတ်တယ်-(မှန်ပါ့ ဘုရား)၊ လမ်းညွှန်ကောင်း မတွေ့ပြန်လို့ရှိရင်လဲ (ဟာတာကို မဖြည့်တတ်ပါဘူး)၊ မဖြည့်တတ်ဘူးတဲ့။

အဲဒီတော့ ဖြည့်တဲ့နေရာမှာ ယနေ့အကြီးအကျယ် စကားသုံးတာက ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို သစ္စဉာဏ် ကိစ္စဉာဏ်နဲ့ ဟောဖို့ပါပဲ-တဲ့။

သို့သော်လဲ ကိုယ်အဖိုးတန်တာကလေးကို ဒကာ ဒကာမတွေ အလွဲသုံးစားအချိန်တွေနဲ့ ဖြုန်းပြီး သကာလ ခုမှတွေ့တဲ့ သားသမီးနဲ့ ခုမှတွေ့တဲ့သားလင်ခင်ပွန်းတွေနဲ့ တစ်ခါတည်း မိန်းမောပြီးသကာလ အပါယ်တုန်းကစိတ်တွေ အကုန်ပျောက်ပြီး အရူးပေါက်နေတာကြီး ဖျောက်ပါဆိုတာ ပြောတာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီနေရာ မလာတော့ပါဘူး

အပါယ်တုန်းကစိတ်က ပြန်ပြီးသကာလ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် နောက် ဒီနေရာ မလာတော့ ပါဘူးဆိုတဲ့ စိတ်နဲ့ တက်လာကြတာ မဟုတ်လား (မှန်ပါ့ ဘုရား)။

အခု ဒီနေရာသွားမည့် အလုပ်တွေနဲ့ မျောနေပြန်တော့ ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နံပါတ် ပြင်ကြရမှာပါလိမ့် (၄-နံပါတ်ပြင်ရမှာပါ ဘုရား)၊ ၄-နံပါတ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့် (အပျက်နဲ့မဂ် ကိုက်အောင် လုပ်ရမှာပါ)၊ အပျက်နဲ့ မဂ်နဲ့ကိုက်အောင် လုပ်ရမှာ (မှန်ပါ့)။

အပျက်ဆိုတာ ခန္ဓာ၊ မဂ်ဆိုတာ ဉာဏ်-(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အပျက် ဆိုတာက-(ခန္ဓာပါ ဘုရား)၊ မဂ်ဆိုတာက-(ဉာဏ်ပါ ဘုရား)၊ ဘယ်ဟာပျက်ပျက် အပျက်နဲ့မဂ်နဲ့ ကိုယ်ရင်ပြီး ရော (မှန်လှပါ)။

အကုန်အနိစ္စနဲ့ချည်းပဲ

ရုပ်ပျက်တာတွေလဲ ရှု၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဘယ်ဟာ ရှုစရာရယ်လို့ မဟုတ်တော့ဘူး၊ ဒကာ ဒကာမတို့ သဗ္ဗေသင်္ခါရ အနိစ္စလို့ ဟောထားတော့ အကုန်အနိစ္စနဲ့ချည်းပဲ၊ အနိစ္စနဲ့ မဂ်နဲ့သာ ကိုက်ပေစေ (မှန်လှပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်လိုပါလိမ့်ဗျာ (အနိစ္စ နဲ့မဂ်နဲ့ ကိုက်ပေစေပါ ဘုရား)။

အနိစ္စနဲ့မဂ်နဲ့သာ ကိုက်ပါစေလို့ ဒကာဝ ဒါကိုယ့်အရေးအကြီးဆုံး အချက်ထားပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဆုတောင်းလို့ပြည့်တဲ့အရေးက ၁-၂-၃၊ ကိုယ်တိုင်လုပ်မှ ပြည့်မည့်အရေးက-(၄-ပါ ဘုရား)၊ ဆုတောင်းလို့ပြည့်တဲ့အရေးက (၁-၂-၃-ပါ ဘုရား)၊ ကိုယ်တိုင်ဖြည့်ရမည့်အရေးက (၄-ပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာလဲ ဒီအတိုင်းလာလို့၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒါစတုတ္ထက ဝိပဿနာ မဂ်ရပြီ၊ နောက်တစ်ခါ ဘုရားက ဘယ်လိုများ ဟောပြန်သတုံးလို့ဆိုတော့ လိစ္ဆဝီတို့ သင်တို့ ဒုလ္လဘ တရား ငါးပါးထဲမှာ တစ်ပါးကျန်သေးတယ်ကွ၊ ကတညုတ ကတဝေဒီ ဆိုတာ ကလေးဟာလဲ ဒုလ္လဘပဲ။

ကတညုတ ကတဝေဒီ ဆိုတာ

လောကမှာ ဒကာ ဒကာမတွေက ဥပမာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူတစ်ယောက်ကို တစ်သောင်းကို ထောင်ကြည့်လိုက်တယ်၊ သောင်း ကိုးထောင် ကြည့်လိုက်တဲ့အခါ ဟိုကပြန်ပြီး ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်က တော်တော်ရှားသတဲ့ (မှန်ပါ့ ဘုရား)၊ မရှားကြဘူးလား (ရှားပါတယ် ဘုရား)။

ဪ ဒီက သူ့ကို ကြည့်တုန်းကတော့ လွယ်လွယ်ကူကူ ပေးလိုက်တယ်၊ သူက ပြန်ပေးဖို့ကျတော့ လေးလေးကန့်ကန့် ဖြစ်နေတာတွေလဲ တစ်ပုံကြီးပဲ-(မှန်လှပါ)၊ မရှိကြဘူးလား-(ရှိပါတယ် ဘုရား)။

အဲဒီတော့ ကိုယ်က ကတညုတ ရှိငြားသော်လဲ သူက ကတဝေဒီဆိုတဲ့ ပြန်တုံ့ပြီးသကာလ ကိုယ့်အပေါ် ငဲ့လုံးရှိတဲ့ ပုဂ္ဂိုလ်လဲ ဦးခင်မောင် ရှားသတဲ့ (ရှားပါတယ် ဘုရား) သဘောကျပလား-(ကျပါပြီ)။

ဒီမှာလဲ ခင်ဗျားတို့လောကီမှာ ရှားသလို ဒီ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတဲ့ စတုတ္ထ ၄-နံပတ်အောင်မြင်လို့ ၅-နံပါတ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတော့မှ ဪ ဒါ ဘယ်သူ့ကြောင့် ရပါလိမ့်မတုံးဆိုပြီး တရားနဲ့ ဘုရားပူဇော်နိုင်ဖို့ အရေးဟာလဲ ကတညုတ ကတဝေဒီပါပဲ (မှန်လှပါ ဘုရား) တရားနဲ့ ဘုရားကို ပူဇော်နိုင်ဖို့ အရေးဟာ (ကတညုတ ကတဝေဒီပါ ဘုရား)။

တရားနဲ့ ပူဇော်တာ အကျေနပ်ဆုံး

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သဘောကျလိုက်ကလဲ တရားနဲ့ ပူဇော်တာ သူအကျေနပ်ဆုံး (မှန်ပါ့ ဘုရား)၊ သဘောကျပလား- (ကျပါပြီ)။

ဘာနဲ့ပူဇော်တာ အကျေနပ်ဆုံးပါလိမ့်-(တရားနဲ့ ပူဇော်တာ အကျေနပ်ဆုံးပါ)၊ ဓမ္မာနုဓမ္မပဋိပတ္တိ နဲ့ ပြန်ပြီးများ ပူဇော်လိုက်တဲ့အခါ အဲဒါလဲ ကတညုတ ကတဝေဒီ ဆိုပြီး တိဿရဟန်းကြီးများ ဟောလိုက် တဲ့ နေရာဌာနမှာ ဒကာ ဒကာမတွေ သိလောက်ပါတယ်နော် (မှန်ပါ့ ဘုရား)၊ ဘုရားက သုံးလရှိရင် ပရိနိဗ္ဗာန် စံတော့မယ်ဆိုတော့ တိဿရဟန်းကြီးက သုံးလအစကနေပြီး ဘုရားထံမှ ကမ္မဋ္ဌာန်းယူပြီး တောထဲသွား ကမ္မဋ္ဌာန်း အားထုတ်တယ်။

သွေးဝမ်းသွားနေတဲ့အချိန် ဘုရားသခင် ကိုယ်တော်မြတ်ကြီးနားမှာ ရဟန်းတွေကဖြင့် တို့တောင်ကြီး ပြိုတော့မယ်၊ လက်မောင်းကြီး ပြုတ်တော့မယ်၊ ခက်ရချည့်ရဲ့ဆိုပြီး မျက်ရည်ကြီးငယ်ကျပြီး ပြုစုနေကြတာ တစ်ပုံကြိးပေါ့ဗျာ-(မှန်လှပါ ဘုရား)။

တိဿဆိုတဲ့ ရဟန်းကြီး

အဲဒီမှာ တိဿဆိုတဲ့ ရဟန်းကြီးကို တောထဲသွားပြီး ဒီပြုစုတဲ့ ရဟန်းတွေထဲက သွားခေါ်လိုက်တယ်၊ ငါ့ရှင် လာဦး၊ တို့တောင်ကြီးပမာ ကိုးစားစရာဖြစ်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ သုံးလပြည့် ရင် ပရိနိဗ္ဗာန် စံတော့မယ်၊ ယခုလဲ ဝမ်းတောင်တွေလာနေပြီ ၊ ဟိုက လိုက်မလာဘူး (မှန်ပါ့)၊ သုံးခါသွားခေါ်တယ် ဦးခင်မောင် မလိုက်လာဘူး (မှန်လှပါ ဘုရား)။

ဒါနဲ့ ရဟန်းတွေကလဲ ဘုရားကို သွားလျှောက်တယ်၊ ‘အရှင်ဘုရား အရှင်ဘုရား၏ တပည့် တိဿမထေရ်ဟာဖြင့် အရှင်ဘုရားမှာ ဒီလောက်ဝေဒနာကြီး ပြင်းထန်ပြီး သုံးလပြည့်ရင် ပရိနိဗ္ဗာန် စံတော့မည့် အရေးဟာ သေချာပြီးသားဖြစ်တာတောင်မှ ဝေယျာဝစ္စတွေ လာမပြုဘူး၊ အတော်ဆိုးတဲ့ မထေရ်ပါဘုရား”ဆိုပြီး လျှောက်ကြတယ်။

ဒါဖြင့်ကွာ ငါ့အမိန့်နဲ့ တိဿ သွားခေါ်ချေလို့ မိန့်တော့ ဦးခင်မောင် တောထဲမှာ တရားကျင့်နေတဲ့ တိဿရဟန်းကြီးကို သွားခေါ်ရတာပေါ့ဗျာ (မှန်ပါ့)။

သွားခေါ်လို့ တိဿရဟန်းအနားရောက်တဲ့အခါ တိဿ ငါဘုရားသုံးလရှိရင် ပရိနိဗ္ဗာန်စံမည်ဆိုတာ မသိဘူးလားတဲ့၊ သိပါတယ်ဘုရားလို့ လျေှက်တယ်၊ ဒီတော့ ငါ့မှာဝေဒနာတွေ ပြင်းထန်နေတယ်ဆိုတာ သင် မသိဘူးလား၊ ဘယ့်နှယ်ကြောင့် သင် ဝေယျာဝစ္စတွေ လာပြီးမပြုသတုံးလို့ မေးတယ်။

တပည်တော်ဘုရား အရှင်ဘုရားဆီက တရားကို ယူထားပါတယ်၊ ဝိပဿနာတရား ယူထား ပါတယ်၊ ဒီတရားတွေကို အရှင်ဘုရားရှိတုန်း အထမြောက်ချင်လို့ ဒါနဲ့ ပူဇော်မယ်လို့ ကြိုးစားနေပါတယ် ဆိုတော့ သူ့ကို သာဓုသုံးကြိမ်ခေါ်ပါတယ် (မှန်ပါ့)၊ အခုနက ရဟန်းတွေကို သာဓုမခေါ်ဘူး (မှန်လှပါ ဘုရား)။

တရားနဲ့ပူဇော်တာကို ဘာတုံး (သာဓုခေါ်ပါတယ်)၊ ဝေယျာဝစ္စသမားတွေကို (သာဓုမခေါ်ပါ ဘူး)၊ ပေါ်ကြပလား-(ပေါ်ပါပြီ)၊ အဲဒါကြောင့် ခင်ဗျားတို့လဲ ဘုရားကို တကယ်ကြည်ညိုတာဖြင့် အခုကြည်ညိုတာ မမှန်သေးပါဘူး (မှန်ပါ့ ဘုရား)။

ကျုပ် ဘုရားကြည်ညိုပါရဲ့၊ ကျုပ်အိမ်လဲ လူမမာတွေများတယ်ဆိုပြီး ဒီဘုရား အိမ်ပေါ်က ပစ်ချင် ပစ်ချဦးမှာ မှာ ခင်ဗျားတို့ (မှန်ပါ့)၊ ပစ်ချနိုင်တယ်၊ မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။

ဘာသားဖြင့်နင်တို့ အိမ်နဲ့ မတည့်ဘူး

ဥပမာ-တစ်ယောက်သောပုဂ္ဂိုလ်ကပဲ ယုံကြည်လောက်ရင် ဒီဘုရားဟာ ဘာသားလဲ၊ ဟာ ဘာသားဖြင့် နင်တို့ အိမ်နဲ့ မတည့်ဘူးဖြစ်ချင်ဖြစ်ဦးမှာ၊ မဖြစ်ပေဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲ့ဒါ ဖြစ်နိုင်သေးတယ်၊ အဲဒါ တကယ်ကြည်ညိုတာမဟုတ်တော့ ခင်ဗျားတို့ ဘုရား ပြောင်းလိုက်ဦး မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဘုရားပြောတဲ့ တရားကို ခင်ဗျားတို့သန္တာန် အကုန်ရောက်ပြီးသကာလ ဘုရားကျေးဇူး၊ အကုန်သိတော့မှ ဪ ဘုရားပေးတဲ့တရားနဲ့ တို့တရားသိရတယ်၊ ဒီတရားနဲ့ပြန်ပြီး ပူဇော်တော့မယ် ဆိုမတျ တရားစစ်တရားမှန် ရောက်တော့တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား(ကျပါပြီ)၊ ဒါမှ အစလသဒ္ဓါတရားဖြစ်တယ် (မှန်ပါ့ ဘုရား)။ ပေါ်ကြပြီနော်-(ပေါ်ပါပြီ ဘုရား)။

၄-နံပါတ်အချက် သာ ပြည့်စုံအောင် လုပ်ကြပါတော့

ဒါဖြင့် ဒီ ဒုလ္လဘငါးပါးဟာ ဒကာ ဒကာမတို့ ဘယ်နှစ်ချက်လိုနေပါလိမ့် (နှစ်ချက်လိုနေပါ တယ်)၊နှစ်ချက်မှာလဲ ဟောဒီအချက်ကတော့ သူ့အလိုလိုပြီးမည့် တစ်ချက် ဖြစ်သောကြောင့် ၄-နံပါတ်အချက် သာ ပြည့်စုံအောင် လုပ်ကြပါတော့ (မှန်ပါ့ ဘုရား)၊ ဘာပြည့်စုံအောင် လုပ်ရမလဲ (၄-နံပါတ် ပြည့်စုံ အောင်လုပ်ရပါမယ် ဘုရား)။

၄-နံပါတ်အချက် ပြည့်စုံအောင် လုပ်ကြပါဆိုတော့ ၄-နံပါတ်ဆိုတာ ဘာနဲ့ဘာ ကိုက်ရအောင် လုပ်ရမှာတုံး(အပျက်နဲ့ မဂ်ကိုက်အောင်လုပ်ရမှာပါ)၊ မှတ်ထားပါ၊ မှတ်ထားပါ၊ ဝိပဿနာအလုပ်ဆိုတာ ဒီတစ်လုံးဟာ လိုရင်းပဲ (မှန်ပါ့ ဘုရား)။

ဒီဘက်က ဒကာတွေ ဝိပဿနာ အလုပ်ဆိုတာ ဘာနဲ့ဘာကိုက်ဖို့အရေးကြီးပါသလဲ (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့အရေးကြီးပါတယ်)၊ အပျက်နဲ့မဂ်နဲ့ ကိုက်ဖို့အရေးကြီးတယ်-(မှန်ပါ့ ဘုရား)၊ အပျက်နဲ့ မဂ်ကိုက်ဖို့ အရေးကြီးတယ်ဆိုတော့ အဝေးကိုက်လား၊ အနီးကိုက်လား (အနီးကိုက်ပါ ဘုရား)။

တစ်ခါတည်း ဒီကြားထဲ ကိလေသာကြားမခိုဘဲနဲ့ ကိုက်သွားရင်ဖြင့် ညနေအားထုတ်ရင်ဘာတဲ့ (နံနက်ရပါတယ်)၊ နံနက်မှစ၍ အားထုတ်ရင်(ညနေရပါတယ် ဘုရား)။

ဪ ဒါဖြင့် ကိလေသာ ကြားမခိုရင် ဦးခင်မောင် တယ်မြန်ပါကလား (မှန်လှပါ ဘုရား)၊ ဒါဖြင့်ဦးခင်မောင်၊ အားထုတ်နေတာ ခုဆရာဘုန်းကြီးနဲ့တွေ့တာလဲ ၃-၄နှစ်ရှိနေပြီ၊ ဘယ့်နှယ်များ ဖြစ်နေ သတုံးလို့မေးရင် မပြောပါနဲ့တော့ဘုရား(ကိလေသာကြားခိုလို့ပါ ဘုရား)၊ ကိလေသာကြားခိုလို့ (မှန်ပါ့)။ ဒကာ ဒကာမတွေ ရိပ်မိပလား-(မှန်ပါ့ ဘုရား)။

အဲဒီတော့ ပါရမီဆိုကြမလား၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (ကိလေသာကြားခိုလို့ပါ ဘုရား)၊ ပါရမီနဲ့ ဘာမှမဆိုင်ဘူး (မဆိုင်ပါ ဘုရား)။

ပါရမီက ၁-ပြည့်စုံရဲ့လား (ပြည့်စုံပါတယ်)၊ ၂-ပြည့်စုံရဲ့လား(ပြည့်စုံပါတယ်ဘုရား)၊ ၃-ပြည့်စုံရဲ့လား (ပြည့်စုံပါတယ် ဘုရား)။

လျော်တော်တော်ဖြစ်နေတယ်

ဟာ ပါရမီရှိသားပဲ ဒကာ ဒကာမတွေ မလိုတော့ပါဘူး (မလိုပါ ဘုရား)၊ ကိုယ်တိုင်လုပ်ရ မည့် နေရာမှာ လျော်တော်တော်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုများ လျော်နေပါလိမ့်မတုံး မေးတော့မှ (ကိလေသာ ကြားခိုနေပါတယ် ဘုရား)။

မဟုတ်ပါဘူး၊ ခင်ဗျားတို့ ကိလေသာက ဒီပြင်နေရာ ကြားခိုရင်ခိုပါ၊ ဒီနေရာတော့ မခိုပါစေနဲ့ (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီ့ပြင်နေရာ ကြားခိုတာတော့ ကိစ္စမရှိပါဘူး၊ ထမင်းစားနေတုန်းပဲ ဆေးလိပ်သောက်ချင်တယ်၊ ဪထမင်းစားနေတုန်းပဲ ဆေးလိပ်သောက်ချင်တဲ့ ကိလေသာကကြားဝင်ခိုလိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ ခိုချင်ခိုပါ၊ ကိလေသာတောထနေတဲ့အထဲမှာ ကိလေသာအပင် ပြန်ပေါက်တာ အရေးမကြီးပါ ဘူး-(မှန်ပါ့)၊ သန်းခေါင်အပြင် ညဉ့်အနက်ဘူးဆိုကြပါစို့ဗျာ- (မှန်ပါ့ ဘုရား)။

အပါယ်သွားရုံမှတစ်ပါး ဒီပြင်ဘာမှမရှိပါဘူး (မှန်ပါ့)၊ တကယ့်နေရာ အပါယ်တားဖြစ်နေတဲ့ နေရာမယ် အပါယ်သွားဖို့ရာ လုံ့လစိုက်နေတဲ့ နေရာမယ် သူက ကြားလာခိုတော့ ဦးခင်မောင်နာလိုက်တာ၊ မနာဘူလား- (နာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ကိလေသာ ရန်သူဟာ မာရ်နတ်ဆိုတာ ပေါ်ကြလား (ပေါ်ပါပြီ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့က ကိလေသာ ရန်သူကို မာရ်နတ်လို့ထင်နေတဲ့ အခါကျတော့ ဖြုန်းဆို တရားထိုင်ပြီး ဆိုမှဖြင့် ခေါင်းကိုက်သလို လည်နာသလို ရင်နာသလို ကျုပ်ကို မာရ်နတ်က ဖျက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်မာရ်နတ်က ဖျက်ရတုံး ဒကာ ဒကာမတို့၊ ခေါင်းကိုက်တယ်ဆိုခေါင်းကိုက်တဲ့ ဝေဒနာ ရှုပါလား (မုနိပါ့)၊ လည်နာရင်ကော(လည်နာတဲ့ ဝေဒနာ ရှုရပါမယ် ဘုရား)။

သူက အရှုခံလာတာကို ခင်ဗျားတို့က မာရ်နတ်ဖျက်လို့ ကျုပ်တို့တော့ဖြင့် ဒီဘဝ ပါရမီမရှိပါဘူး ဆိုပြီး နောက်ထိုင်ရင် သွားရောပေါ့ဗျာ (မှန်ပါ့)၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

အရှုခံလာတာပါ

အဲဒီလောက်ကျအောင် ခင်ဗျားတို့ကလဲ အရုပ်ဆိုးနေတော့ ဟိုကဲ အရှုခံလာတာ (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ်-(အရှုခံလာတာပါ ဘုရား)။

ခေါင်းကိုက်တာ လာတာလဲ နဂိုက ခေါင်းမကိုက်ဘူး၊ တရားထိုင်ခါနီးမှ ဟိုကစစ်စစ် ဒီကစစ်စစ် ခေါင်းကလေး နည်းနည်းကိုက်လာတော့ ဦးခင်မောင် ဒါအဖျက်လာတာလား-အရှုခံလာတာလား (အရှုခံလာတာပါ ဘုရား)။

ဦးခင်မောင်တို့စိတ်ထဲက ဘယ့်နှယ်ဖြစ်နေသလဲ-(အပျက်လာတယ်ထင်နေပါတယ်)၊ အို နဂိုက ပျင်းပျင်းနဲ့ အဖျက်နဲ့တော့ တွေ့နေပေါ့ဗျာ နောက်ထိုင်ဖို့ သေချာပြီ (မှန်ပါ့ ဘုရား)။

နောက်ထိုင်ဖို့အတော် သေချာနေပြီ၊ အဲဒါ ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးပဲ မှတ်ပါ။ အဖျက်တစ်ခုမှ မပါဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ရှုတတ်ဖို့ ဧဟိ ပဿိကော ကျုပ်ကို ရှုပါ။ ဧဟိ=လာလော့၊ ပဿ=ကျုပ် ခေါင်းကိုက် နေတဲ့ ဝေဒနာကလေးရှုပါလို့ သူကခေါ်တာ-(မှန်လှပါ ဘုရား)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)၊ သူက ဘာတုံး= ဧဟိ ပဿိကော (မှန်ပါ့ ဘုရား)။

ဧဟိပဿိကောဆိုတာ ဘာပါလိမ့် (လာပါရှုပါလို့ခေါ်တာပါ)၊ လာပါ ရှုပါ (မှန်ပါ့ ဘုရား)။

ဝေဒနာတွေက ခေါ်ပါတယ်

ဘယ်သူက ခေါ်ပါလိမ့် ဒကာ ဒကာမတို့ (ဝေဒနာတွေက ခေါ်ပါတယ်)၊ ခေါင်းကိုက်တဲ့ ဝေဒနာကလေးက ခေါ်နေတယ်-(မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့က မသွားချင်ဘူး၊ ခပ်ပျင်းပျင်းကလေးဖြစ်ပြီးသကာလ မဂ်ပေါ်မှာစိုးတာနဲ့ ခင်ဗျားတို့က အင်း ဟင် ဒီနေ့တော့ဖြင့် ကျုပ်ကံက ဒီလောက်ပဲ ထင်ပါရဲ့ အရေးကြုံလာရင် တကယ့် သူတော်ကောင်းအလုပ်-လုပ်မယ်ဆိုရင် မာရ်နတ်က ဝင်လာတယ်၊ နဂိုက ခပ်ပျင်းပျင်းနဲ့မို့ ပြေးတော့ မလို့ (မှန်ပါ့)။

ခပ်ပျင်းပျင်းနဲ့ ပြေးတော့မလို့ ဆိုတဲ့အလုပ်ကို ဖန်ဆင်းတယ် (မှန်ပါ့ ဘုရား)၊ နောက်ဆုံးပိတ် တစ်နေ့ကျလို့ရှိရင် ဆေးကလေး ဘာကလေး သောက်လိုက်ဦးမယ်၊ နက်ဖြန်မှပဲဆိုတော့ နက်ဖြန်ကနေ သန်ဘက် ရောက်တော့တာပဲ၊ ဘယ်တော့မှ မလုပ်ဖြစ်တော့ဘူး (မှန်လှပါ)၊ အင်မတန် မဆိုးရွားဘူး လား (ဆိုးရွားပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဧဟိပဿိကောကိုလဲ မမေ့ပါနဲ့-(မှန်ပါ့ ဘုရား)၊ ဘာမှမမေ့ပါနဲ့လဲ (ဧဟိ ပဿိကောကို မမေ့ပါနဲ့ ဘုရား)။

ဧဟိက ဘာတဲ့ (လာပါတဲ့)၊ ပဿီကောက (ရှုပါတဲ့)၊ ကဲ သူက ခေါ်တယ်ဗျာ (မှန်ပါ့)၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ခင်ဗျားတို့က ညကြမ်းပိုးကိုက်တဲ့အခါကျတော့ ညဉ့်မှောင်ထဲတောင် ရအောင်ဖမ်းနိုင်သေးတယ် (မှန်ပါ့ ဘုရား)။

ဧဟိပဿိကောကိုး၊ သူကလဲ ခေါ်သကိုးဗျ။ ရအောင်ဖမ်းနိုင်သေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီထိအောင် မလိုက်ဘူးဆိုတော့ အတော် ခက်နေတာ (မှန်ပါ့)၊ ဒါကို ရအောင်ဖမ်းပါလား။ ဒီအပျက်ကိုမိအောင် ဖမ်းလိုက်ပါလား (မှန်ပါ့)၊ မရဘူးလား (ရပါတယ် ဘုရား)။

အဲ ရထိုက်ရဲ့သားနဲ့မရတာ ခင်ဗျားတို့ဟာက ဪ ဧဟိပဿိကောကိုပဲ ရွတ်သာနေ တာ သဘောကျပုံမရပါဘူး-(မှန်ပါ့ ဘုရား)။

ကဲ ဒကာသစ် ဘယ့်နှယ်တုံး (သဘောကျပုံမရပါ)၊ သဘောကျပုံ မရဘူး၊ ရှင်းကြပလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုရပါမယ်

နောက်တော့ နာရင်နာတဲ့နေရာ ဘယ်လို ခင်ဗျားတို့လုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ယားရင် (ယားရင်လဲ ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ စိတ်ကလေးတွေက ပျက်ပျက်သွားရင်-(ဖြစ်ပျက်ရှုရပါမယ်)၊

ပျက်ပျက်သွားတဲ့နောက်ကို နောက်ကနေ မဂ်လိုက်ပေး (မှန်ပါ့ ဘုရား)၊ ရှုတဲ့ဉာဏ်ကလေး လိုက်-လိုက်ပေးတဲ့အခါကျတော့ ကြာတော့ကို ဒကာ ဒကာမတို့ နဂိုက အပျက်ခန္ဓာကိုယ်ကြီးမို့ တစ်ကိုယ်လုံး မှာ ဘင်္ဂဉာဏ် အပျက်ချည်းလာတော့မှာပဲ၊ ခင်ဗျားတို့က မကြည့်ရတော့ဘူး၊ အပျက်စတွေတယ်ဆိုကတည်းက ထိသွားမှာပဲ (မှန်ပါ့ ဘုရား)၊ မထိသေးဘူးလား (ထိပါတယ် ဘုရား)။

ပထမတော့ ခပ်ကျဲကျဲ လာလိမ့်မယ် (မှန်ပါ့)၊ နောက်ရှုပါများလာတော့ (ထိလာပါတယ်) အဲ ထိလာတော့ အပျက်တွေ အကုန်သိလာလို့ရှိရင်ဖြင့် အပျက်တွေ မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။

ဇာတ်သိမ်းချင် ပါပြီ

မုန်းရုံတင်မကဘူး၊ ဒကာ ဒကာမတွေ နောက်ကျတော့ ဒီအပျက်ကြီးဖြင့် အင်း-ဟင်-ဇာတ်သိမ်းချင် ပါပြီဆိုတာမလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ ဇာတ်သိမ်းချင်ပါပြီဆိုရင် ဒီအပျက်တွေဟာ အကုန်ချုပ်သွားမယ် (မှန်ပါ့ ဘုရား)။

ဒီအပျက်တွေ အကုန်ချုပ်သွားတော့ဖြင့် ဝဋ်ကျွတ်ပေါ့ဆိုတဲ့ ဉာဏ်ဟာ နောက်ကမလာဘူးလား- (လာပါတယ် ဘုရား)။

ရှေ့က ဝိပါကဝဋ် ကျွတ်သွားတယ်-(မှန်ပါ့ ဘုရား)၊ ရှေ့က ဘာကျွတ်သွာပါလိမ့်-(ဝိပါကဝဋ် ကျွတ် သွားပါတယ်)။

အဲ ဝိပါကဝဋ်ကျွတ်သွားတာ နိဗ္ဗာန်ပဲ-(မှန်လှပါ ဘုရား)၊ သဘောပါလား (ပါ-ပါပြီ ဘုရား)။

အဲဒါကြောင့် အကာဒကာမတို့ ဘယ်နံပါတ်သည် ကိုယ့်အရေးပါလိမ့် (၄-နံပါတ်ဟာ ကိုယ့်အရေး ပါ ဘုရား)။

၁-၂-၃ သည် ဆုတောင်းအရေး (မှန်ပါ့ ဘုရား)၊ ၄-သည် ကိုယ်တိုင်လုပ်ရမည့်အရေး- (မှန်ပါ့ ဘုရား)၊ ၅-သည်ကားလို့ဆိုရင် အထမြောက်တဲ့အတွက် ဒကာ ဒကာမတို့ ဘုရားမပြောင်း၊ တရား မပြောင်းတာ ဖြစ်သွားတယ်- (မှန်ပါ့ ဘုရား)။

ကတညုတ ကတဝေဒီဆိုတာနော်- (မှန်ပါ့ ဘုရား)၊ ဘုရားတရား ပြောင်းသေးရဲ့လား အဲဒီကျတော့ (မပြောင်းပါ ဘုရား)။

အခုအချိန်မှာတော့ ဒကာ ဒကာမတွေ ပြောင်းလိမ့်ဦးမယ်နော်- (မှန်ပါ့ ဘုရား)၊ ဘုရားပြောင်း တရားပြောင်းအကုန် ပြောင်းလိမ့်ဦးမယ် မမြဲသေးဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ၄-အထမြောက်အောင် လုပ်ပါဆိုတာကို လေးစားစွာနဲ့ သတိပေးလိုက် ပါတယ် (မှန်လှပါ ဘုရား) သဘောပါပလား-(ပါပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဝိပဿနာအလုပ်သက်သက်ကို ဟောကြစို့၊ ဒါက တိုက်တွန်းရင်းဟောတဲ့ ဝိပဿနာ (မှန်ပါ့ ဘုရား)။

သတ္တဝါအစ အဝိဇ္ဇာတဏှာက

သတ္တဝါအစ အဝိဇ္ဇာတဏှာက “အနမတဂ္ဂေါယံ ဘိက္ခဝေသံသာရော၊ အဝိဇ္ဇာ နီဝရဏနံ တဏှာ သံယေဇနာနံ” ဆိုတဲ့အတိုင်း အဝိဇ္ဇာနဲ့ တဏှာကြောင့် ခန္ဓာငါးပါး မဖြစ်ဘူးလား-(ဖြစ်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ အဝိဇ္ဇာနဲ့ တဏှာကြောင့် ဘာဖြစ်သတုံး-(ခန္ဓာငါးပါး ဖြစ်ပါတယ် ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ်များမှာ၊ မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်တဲ့ လူမိုက်များကျတော့ ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်နေပါ တယ်လို့ သိရဲ့လား (မသိပါ ဘုရား)။

မသိတာက အဝိဇ္ဇာ ၊ ဖြစ်ပျက်မှန်းမသိတဲ့ အခါကျတော့ သူပဲ ကျမ်းမာဖို့ ကျုပ်မေတ္တာပို့ပြီးသကာလ သူ့အားကိုးနေရတယ်ဆိုတော့ ဒိဋ္ဌိ-တဏှာ မလာဘူးလား (လာပါတယ် ဘုရား)။

လာတော့ ခန္ဓာနောက်က လူမိုက်ကျတော့ အဝိဇ္ဇာနဲ့တဏှာ ပြန်လိုက်တယ်-(မှန်ပါ့ ဘုရား)၊ အဝိဇ္ဇာ တဏှာကြောင့်လဲ ဖြစ်သေးရဲ့-(မှန်လှပါ ဘုရား)၊ သူ့နောက်ကတစ်ခါသာ ပြန်လိုက်သတုံး(အဝိဇ္ဇာ နဲ့ တဏှာ ပြန်လိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီအဝိဇ္ဇာနဲ့ တဏှာကလဲ ဒီ အဝိဇ္ဇာ တဏှာတွေနဲ့ ဒီခန္ဓာ မလုပ်ပေဘူးလား-(လုပ်ပါတယ် ဘုရား)။

အဲ လုပ်လို့ရှိရင်ဖြင့် ဒါဘယ်သူ့အလုပ်လို့ ဆိုကြမတုံး(လူမိုက်တွေအလုပ်ပါ ဘုရား)၊ ဪ လူမိုက်တွေက ဒုက္ခက လာပြီးသကာလ အဝိဇ္ဇာ တဏှာကလာပြီး အဝိဇ္ဇာ တဏှာပဲ ပြန်ပေါက်ပွားတယ်-(မှန်ပါ့)။

အဝိဇ္ဇာတဏှာကြောင့် ခန္ဓာရတယ်-(မှန်ပါ့ ဘုရား)၊ ဒီအဝိဇ္ဇာ တဏှာကြောင့် ခန္ဓာရပြီး အဝိဇ္ဇာ တဏှာနဲ့ပြန်ဖြစ်သောကြောင့် အနာဂတ်ခန္ဓာတွေ ဘယ့်နှယ် နေသတုံး (ရပါတယ် ဘုရား)။

ဪ လူမိုက်သည်ကား လို့ဆိုရင် ဟောဒီနေရာမယ် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ရမယ် (မှန်ပါ့ ဘုရား)၊

ဒီနေရာမယ် အပျက်နဲ့မဂ်နဲ့ ကိုက်ရမယ်ဆိုတာ ဒီလိုနေရာ၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

အပျက်နဲ့မဂ်နဲ့ ကိုက်ရမယ်ဆိုတာသည် ဒကာ ဒကာမတို့ သုံးနေရာနဲ့နော်-(မှန်ပါ့ ဘုရား)၊ တစ်-နှစ်-သုံး ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီအတိုင်းသွားကြတော့မလား၊ မဂ္ဂဗြဟ္မစရိယ အကျင့် ကူကြတော့ မလား-(မဂ္ဂဗြဟ္မစရိယအကျင့် ကူပါ့မယ် ဘုရား)။

ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင် အောင်လုပ်ပါ

လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်အောင်လဲ ပြောမနေနဲ့နော် ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင် အောင်လုပ်ပါ(မှန်ပါ့ ဘုရား)။

လူသာဓုခေါ် နတ်သာဓုခေါ် ဆိုတာကတော့ အမည်ကြည့်ပြီး ခေါ်ချင်ခေါ်တာ-(မှန်ပါ့ ဘုရား)၊ အဝတ်ကလေး နီနီဝတ် တဘက်ကလေးတင်ပြီးသွားရင် ဪ သာဓု သာဓု တရားနာသွားတယ် သူတို့၊ ဒါပေမယ့် သူတို့ဝမ်းထဲမှာ ကိလေသာတောထချင် ထလာတာ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီ လူသာဓုခေါ် နတ်သာဓုခေါ်ကိုတော့ ခင်ဗျားတို့ အလိုမရှိနဲ့၊ ကိုယ့်ကိုယ်ကို သာဓုခေါ်နိုင်အောင် လုပ်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လူသာဓုခေါ် နတ်သာဓုခေါ်ကို သဘောကျသလား၊ ကိုယ့်ကိုယ်ကို သာဓုခေါ်ဖို့ရာ အရေးကြီး သလား (ကိုယ့်ကိုယ်ကို သာဓုခေါ်ဖို့ရာ အရေးကြီးပါတယ် ဘုရား)။

ဪ ကိုယ့်ကိလေသာငြိမ်းလို့ နေရာကျပြီး၊ တော်တော်သေးရဲ့၊ ကိုယ့်ကိုယ်ကိုသာ သာဓုခေါ်နိုင် အောင် လုပ်စမ်းပါ-(မှန်ပါ့ ဘုရား)၊ ရှင်းပလား- (ရှင်းပါပြီ ဘုရား)။

သူများ သာဓုခေါ်ဖို့ကျတော့ ရေအိုးစင်တည်ခေါ်တယ် ခင်ဗျားတို့ကို စိတ်သာချ- (မှန်ပါ့)၊ မခေါ် ဘူးလား ခေါ်သလား (ခေါ်ပါတယ် ဘုရား)။

ရေအိုးစင်သာခေါ်တာကိုးဗျ၊ ခင်ဗျားတို့က နောက်ဘဝရေလိုအေးပြီး ပန်းလိုလန်းပါစေ ဆိုတော့ သွားရောပေါ့- (မှန်ပါ့၊ မသွားသေးဘူးလား- (သွားပါတယ် ဘုရား)။

ရေလိုအေးပြီး ပန်းလိုလန်းပါစေ ဆိုတော့ လှပါရစေ ပ-ပါရစေဆိုတဲ့ အဓိပ္ပာယ်ပြန်ရောက် တယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဘာသစ္စာ ပြန်တောင်းသလဲ (ဒုက္ခသစ္စာပြန်တောင်းပါတယ် ဘုရား)။

ဒုက္ခသစ္စာ ပြန်တောင်းတော့ကို သူကတော့ ဒုက္ခသစ္စာပြန်တောင်းနေတယ်၊ ဘေးပုဂ္ဂိုလ်က အင်း- သာဓု သာဓုဆိုတော့ အင်း ကန့်လန့်ကြီး ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ အင်မတန် ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)၊

ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ခေါ်တဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် သူ့မှာအပြစ်မရှိဘူး၊ ခံရတဲ့ပုဂ္ဂိုလ်က အတော်လွဲနေတယ် (မှန်ပါ့ ဘုရား)။ မလွှဲပါဘူးလား (လွှဲပါတယ် ဘုရား)။

ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတယ်၊ ရှင်းပလား (မှန်ပါ့ ဘုရား)။ ခန္ဓာကြီးက အခုရေအိုးစင်တည်တဲ့ ခန္ဓာကဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နောက်ရမှာကော (ဒုက္ခသစ္စာပါ ဘုရား)။

အို-ဒါဖြင့်ဒုက္ခရှာတာ ဒီနိဗ္ဗာန်ရှာလို့ရှိရင် ဘယ်လောက်ပဲရှာရှာ အင်မတန်ကောင်းတယ်-(မှန်ပါ့ ဘုရား)၊ ခုတော့ ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာနေတော့ ဒကာ ဒကာမတို့ မျက်စိလည်သွားတယ် (မှန်ပါ့ ဘုရား)၊ မလည်ဘူးလား -(လည်ပါတယ် ဘုရား)။

အဲဒီလို မလည်ကြပါနဲ့ နေ့စဉ်လှူဒါန်းပေးကမ်းပါ၊ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏လို့ ဆုတောင်းပါ၊ ဒီဒုက္ခမလာအောင်-(မှန်ပါ့ ဘုရား)၊ ရိပ်မိပလား-(ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာအလုပ်ကို လုပ်ကြပါစို့ဆိုတော့ ဒီအထဲမှာ ခန္ဓာငါးပါးရှိ တယ်နော်-(မှန်ပါ့)။ ခန္ဓာငါးပါးဟာ ချုံးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ရုပ်နာမ်ပဲ ရှိတယ် (မှန်ပါ့ ဘုရား)၊ ဒီထက်ချုံးလိုက်တဲ့အချကျတော့ ဖြစ်ပျက်ပဲရှိတော့တယ် (မှန်ပါ့ ဘုရား)၊ ဒီထက်ချုံးလိုက်တဲ့အခါ (အပျက်ပဲရှိပါ တယ် ဘုရား)။

ဝေဒနာငါးမျိုး

ဒါဖြင့် ဒီအထဲက အပျက်မီအောင် ရှုနိုင်လို့ရှိရင် ဓမ္မာနုပဿနာ သတိပဋ္ဌာန်းသွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်တော့ကိုတဲ့-မနေက ဝေဒနာမဆုံးလို့ ခန္ဓာငါးပါးထဲမှာ ဝေဒနာတစ်ပါးတည်းမဟုတ်ဘူး၊ ဝေဒနာ သည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့၊ ဖြန့်ကြည့်ရင် သုံးခုရှိမှာပဲ (မှန်ပါ့)၊ ဒီ့ထက် ဖြန့်လို့ရှိရင်လဲ ငါးခုရှိမှာပေါ့ဗျာ၊ မရှိပေဘူးလား-(ရှိပါတယ် ဘုရား)။

သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာရယ်လို့ ဝေဒနာ ဘယ်နှစ်မျိုး ရှိပါလိမ့်မယ် (ငါးမျိုး ရှိပါတယ် ဘုရား)။

အဲဒီငါးမျိုးရှိတော့ သူ့အနေနဲ့ သူလဲ ဒကာ ဒကာမတွေဟောပြီး ပြောပြီးတွေဖြစ်နေတော့ အချိန်တွေလဲ ကုန်သွားမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့ ဒီဝေဒနာတွေသည် ဘာတရားတွေတုံးဆိုတာ ရှုတတ်အောင် ဘုန်းကြီးရှင်းပြ မယ်နော် (မှန်ပါ့ ဘုရား)။

ဒီဝေဒနာတွေဟာ ဘာတရားတွေတုံးဆိုတာ ခင်ဗျားတို့ကတော့ဖြင့် ဪ သောမနဿဝေဒနာ ဆိုရင်လဲ ခင်ဗျားတို့ကပြုံးနေရရင် တယ်ကျေနပ်တာပေါ့ (မှန်လှပါ ဘုရား)။ သုခဝေဒနာဆိုလို့ ချမ်းသာလို့ရှိရင်ဖြင့် ခင်ဗျားတို့က အင်း-ဒီလိုချမ်းသာကလေးနဲ့ နေရလို့ တော်ပဲတော်သေးရဲ့ဆိုပြီး သုခပဲ ဦးခင်မောင်တို့က သဘောကျမှာပဲ-(ကျပါတယ် ဘုရား)။

သောမနဿ တစ်အိမ်လုံး ပြုံးနေတဲ့အခါများကော (သဘောကျပါတယ် ဘုရား)၊ အင်း မသိသေးတော့ သဘောကျတယ် (ကျပါတယ်)။ သိတော့ သေသေချာချာ ကြည့်ပါတဲ့ ဒကာ ဒကာမတို့ နော်။

ရာဓ ရဟန်း

ရာဓ ရဟန်းက မေးလိုက်တယ်၊ သံယုတ်ပါဠိတော်မှာ ရာဓသံယုတ်ဆိုတာရှိတယ် (မှန်ပါ့ ဘုရား)၊

“မာရော မာရောတိ ဘန္တေ ဝုစ္စတိ၊ ကိတ္တာဝတာနုခေါ ဘန္တေ မာရောတိ ဝုစ္စတိ။”(ခန္ဓဝဂ္ဂသံယုတ်ပါဠိ၊ ၁၅၄)

သူသတ်ယောကျ်ား၊ သူသတ်ယောကျ်ားဆိုတာ အရှင် ဘုရားတပည့်တော်မသိလို့ သူသတ်ယောကျာ်း ဆိုတာ အမိန့်ရှိပါအရှင်ဘုရား၊ ရာဓရဟန်းက မေးတယ် (မှန်ပါ့ ဘုရား)။

ဘုရားကဖြေလိုက်တယ်၊ ဘုရားက ဖြေပြီ၊ ဒကာ ဒကာမတို့၊ ဝေဒနာမာရော၊ ဝေဒနာ=ဝေဒနာသည်၊ မာရော=သူသတ်ယောကျ်ားကွ (မှန်ပါ့)။

ဟော့ ခင်ဗျားတို့ထဲမှာရှိတဲ့ ဝေဒနာက္ခန္ဓာဟာ ဘာပါလိမ့် (သူသတ်ယောကျ်ားပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။

ခင်ဗျားတို့မှာရှိတဲ့ဝေဒနာဟာ ဘယ်ဝေဒနာမဆို သူသတ်ယောကျ်ားချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

မယုံရင် ဘယ်မသာသည်ကားဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်မသာသွားမေးမေး ဒကာ ဒကာမတို့ ဘာဝေဒနာတုံး။ မေးရမှာ ဧကန် (မှန်ပါ့ ဘုရား)။ မမေးရဘူးလား (မေးရပါတယ် ဘုရား)။

မသာတွေကို ခင်ဗျားတို့ ပို့ဖူးပါတယ်၊ စုံပါရော့မယ် (မှန်ပါ့ ဘုရား)၊ စုံဖူးတဲ့အခါကျလို့ရှိရင် ဟိုလူလက်တို့၊ ဒီလူလက်တို့ပြီး ဒီမသာဟာ ဘာမသာတုံးဗျမေးခဲ့သော် ခင်ဗျားတို့က ယောကျ်ား-မိန်းမလို့ ထင်နေမယ်၊ စင်စစ်တော့ မဟုတ်ဘူး၊ ဝေဒနာသတ်လိုက်တဲ့မသာ (မှန်ပါ့ ဘုရား)။

ဝေဒနာသတ်လိုက်တဲ့မသာ

ယောကျ်ား မသာ၊မိန်းမ-မသာမရှိဘူး၊ ဘာပါလိမ့်မယ် (ဝေဒနာသတ်လိုက်တဲ့ မသာပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဝေဒနာ သတ်လိုက်တာတုံးလို့ ခင်ဗျားတို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ဝေဒနာဟာ သတ်နိုင်တဲ့ ဝေဒနာချည်းလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

အစာလွန်ပြီး မေ့သွားတယ်၊ စားလို့ကောင်းတာနဲ့ စားလိုက်တာ (မှန်ပါ့)၊ သုခဝေဒနာ သတ်ချလိုက်တာပဲ (မှန်ပါ့ ဘုရား)။

အစားလွန်လို့ သေသွားတယ်ဆိုတော့ သုခဝေဒနာသတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။ သဘော ကျပလား (ကျပါပြီ)၊ အစားမှားလို့ သေသွားတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စားမိစားရာ တစ်ခါတည်း ဘာမှမပါဘဲနဲ့ စားတယ်ဆိုလို့ရှိရင်ဖြင့် ဒေါမနဿနဲ့စားလိုက်တဲ့အတွက် ဒေါမနဿဝေဒနာ သတ်လိုက်တာ ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အို-မသိလို့စားလို့သေတယ်၊ မသိဘဲနဲ့ သူ့ဟာစားလိုက်တာ၊ ဒါကြောင့် သေသွားတယ်ဆိုတော့ မသိတော့ ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာ (မှန်ပါ့)။ ဥပေက္ခာဝေဒနာ သတ်ချလိုက်တာ (မှန်ပါ့ ဘုရား)၊ ဒါဖြင့်ဝေဒနာသုံးပါးလုံး ဘယ့်နှယ်ဆိုကြမလဲ (သူသတ်ယောကျ်ားပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဝေဒနာက္ခန္ဓာကြီးနဲ့ ခင်ဗျားတို့ နတ်ပြည်သွားလဲ သေပါလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဗြဟ္မာ့ပြည်သွားလဲ (သေမှာပါပဲ ဘုရား)။

ဝေဒနာတွေက ဘာတွေပါ လိမ့်

ဘာကြောင့်တုံး (ဝေဒနာကြောင့်ပါ)၊ ဝေဒနာတွေပါသွားတယ်၊ ဝေဒနာတွေက ဘာတွေပါ လိမ့် (သူသတ်ယောကျ်ားတွေပါ ဘုရား)။

ဪ ခင်ဗျားတို့ခက်ပြီ (မှန်ပါ့)၊ ဒကာ ဒကာမတွေ သေသေချာချာ တွေးပါ၊ ဒီဝေဒနာက္ခန္ဓာကြီးကလဲ နေရစ်မှာလား (မနေရစ်ပါ ဘုရား)။

နို့ ဘာလုပ်ဖို့ လိုက်ပါလိမ့် သူက-(သတ်မလို့ပါ ဘုရား)၊ သတ်မလို့လိုက်တာ-(မှန်ပါ့)၊ အမယ်လေး ဒကာ ဒကာမတို့ ‘ဝေဒနာ မာရော’ဆိုတာ ဝေဒနာ=ဝေဒနာသည်၊ မာရော=သူသတ်ယောကျ်ား တည်း (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေကလဲ ဝေဒနာသုံးပါး ဘယ်ဝေဒနာသည်ကားလို့ရှိရင် ခင်ဗျားတို့ မေတ္တာပို့နေတာ ဘာဝေဒနာတုံးမေးရင် ဘယ့်နှယ်ပြောကြမယ်၊ ပါရဲ့လား-(မပါ-ပါ)။

သုခဝေဒနာကလဲ အစားလွန်ပြီးသကာလ သတ်ဖို့ သူ့စိတ်ကူးနေတယ်-(မှန်ပါ့)၊ ဝမ်းမြောက် ဝမ်းသာနဲ့ သေစေချင်တယ်-(မှန်ပါ့)၊ ဝမ်းမြောက်ဝမ်းသာနဲ့ သတ်တာ မရှိဘူးလား-(ရှိပါတယ် ဘုရား)။

သုခဝေဒနာကလဲ ပြုံးပြုံးသတ်တာ-(မှန်ပါ့)၊ ဒုက္ခဝေဒနာကတော့ မျက်နှာထားနဲ့သတ်တာ-(မှန်ပါ့)၊ ဥပေက္ခာဝေဒနာကတော့ ဘိန်းစားများ သတ်သလိုပေါ့ဗျာ- (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ဥပေက္ခာ ဝေဒနာကတော့ဖြင့် မသိလို့ အသတ်ခံလိုက်ရတာ-(မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)၊ ဒါဖြင့် ဝေဒနာသုံးမျိုးကို ဒကာ ဒကာမတွေက ဘာတွေလို့ ဆိုကြပါမလဲ . (သူသတ်ယောကျ်ားတွေ ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေတွေ ယခု ခန္ဓာကိုယ်ထဲမှာ ဘာတွေနဲ့ နေကြပါလိမ့် (သူသတ်ယောကျ်ား တွေနဲ့ နေတာပါ ဘုရား)၊ ဝေဒနာတွေနဲ့ နေကြသပေါ့ဗျာ (မှန်ပါ့)။

သတ်ဖို့ရာ အချက်စောင့်နေကြတယ်

ဝေဒနာတွေနဲ့ နေကြတဲ့အခါကျတော့ ဒီဝေဒနာတွေက ခင်ဗျားတို့ကို ဘယ်လိုများ ကူညီစောင်မမှာ ပါလိမ့်မတုံးဆိုတော့ သတ်ဖို့ရာ အချက်စောင့်နေကြတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ်ဖို့ရာ (အချက် စောင့်နေပါတယ် ဘုရား)၊အင်း တချို့များ အစားလွန်လို့ သေသွား တော့ သုခဝေဒနာသတ်လိုက်တာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ မသိလို့ စားလို့ သေသွားတော့ ဒကာ ဒကာမတို့ ဥပေက္ခာ ဝေဒနာက မသတ်လိုက်ဘူးလား (သတ်လိုက်ပါတယ် ဘုရား)။

ဥပေက္ခာ ဝေဒနာဆိုတာ သိခဲတာကိုး (မှန်ပါ့ ဘုရား)၊ တစ်ခါတစ်လေကျတော့ ဒေါကြီး မောကြီး နဲ့ စားလိုက်သောက်လိုက်နဲ့ မှားမှန်းမသိ မှန်မှန်းမသိနဲ့ဆိုတော့ ဒေါမနဿဝေဒနာ သတ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မသာ ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)။ သုခ သတ်တဲ့မသာ(မှန်ပါ့)၊ ဒုက္ခသတ်တဲ့ မသာ-(မှန်ပါ့)၊ ဥပေက္ခာ သတ်တဲ့မသာ-(မှန်ပါ့)၊ အေး-နတ်တွေကျတော့ ပျော်လွန်တာနဲ့ သေတာ(မှန်ပါ့)၊ သုခဝေဒနာ သတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။

နတ်တွေကျတော့-(ပျော်လို့သေတာပါ)၊ ပျော်လို့ သုခဝေဒနာ သတ်ချလိုက်တာ၊ တစ်ခါတည်း အတွဲလိုက် အပြုံလိုက် အဝီစိကျတယ်-(မှန်ပါ့ ဘုရား)၊ ဘယ်လောက်ကြောက်စရာကောင်းသလဲ (မှန်ပါ့ ဘုရား)

ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (သုခဝေဒနာ သတ်တာပါ)၊ ပဉ္စမဈာန် ဗြဟ္မာတွေကျတော့ ဥပေက္ခာဝေဒနာသတ်ချတယ် (မှန်ပါ့)၊ ဥပေက္ခာဝေဒနာနဲ့ မိန်းမောပြီးသကာလ တစ်ခါတည်း ဖြစ်ပျက်တွေ ဘာတွေဆိုရင် ဘာမှနှလုံးမသွင်းဘဲနဲ့ နောက်ကျတော့ ဗြဟ္မာပြည်ကနေဆင်းပြီးသကာလ ဝက်စားကျင်း တောင် ရောက်တယ်-(မှန်ပါ့ ဘုရား)၊ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်း ပါတယ် ဘုရား)၊ ဥပေက္ခာဝေဒနာ သတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။

အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါရဲ့လား

ဒကာ ဒကာမတို့ ဒါဖြင့် ခင်ဗျားတို့မှာကော အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါရဲ့လား-(မကင်းပါ ဘုရား)-ဘယ်သူနဲ့အတူတူနေရသလဲ- (ဝေဒနာနဲ့ အတူတူနေရပါတယ် ဘုရား)။

သေပါလိမ့်ဦးမယ် (မှန်ပါ့)၊ ခင်ဗျားတို့ အကုန်သေလိမ့်ဦးမယ်၊ အကုန်သေလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ခြောက်ဟောနေတာလား၊ အမှန်လား(အမှန်ပါ ဘုရား)၊ အမှန်ပဲတဲ့ ဒကာ ဒကာတို့ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာတွေ ကျုပ်တို့က သတ်ရင်သူတို့သေလိမ့်မယ် (မှန်ပါ့ ဘုရား)။

သူတို့က သတ်ခဲ့တဲ့ဘဝကဖြင့် ကျုပ်တို့ မရေမတွက်နိုင်တော့ဘူး-(မှန်ပါ့ ဘုရား)၊ ရေတွက်နိုင်ကြရဲ့ လား-(မရေတွက်နိုင်ပါ)၊ ဒါကြောင့် ဝေဒနာဟာ ရာဓ သူသတ်ယောကျ်ားကွ၊ သူသတ်ယောကျ်ားကွ လို့ သေသေချာချာ ဟောတယ်-(မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဟာ သူ့ကို ကိုယ်က ဉာဏ်နဲ့သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် သူက သတ်မယ်- (မှန်ပါ့ ဘုရား)။

ကဲ မြွေပွေးကိုင်မိလျက် ကြုံနေကြပြီ-(မှန်ပါ့ ဘုရား)၊ မြွေပွေးဆုပ်မိလျက်ဆိုတဲ့ အဓိပ္ပာယ် မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)၊ သူ့ကို သတ်ရင်သတ်ပါ ဒကာ ဒကာမတို့နော်-(မှန်ပါ)၊ ကိုယ်ကနိုင်အောင် သတ်ရင်သတ် မသတ်ရင် ဘာလုပ်မယ်-(သူက သတ်ပါလိမ့်မယ် ဘုရား)။

ဒကာ ဒကာမတို့၊ ဒီသင်္ချိုင်းဘော်တို့၊ ရွာဟိုင်းသင်္ချိုင်း တို့သွားကြည့်၊ ဆင်ဖြူကန်သင်္ချိုင်းတို့ သွားကြည့်၊ အမျိုးမျိုးသော သင်္ချိုင်းတွေ သွားကြည့်တာပေါ့ဗျာ (မှန်ပါ့)၊ ဘယ်သူသတ်တာတွေတုံး၊ ဒီလောက်များ တဲ့လူတွေ တစ်မြို့လုံးဟာ (မှန်လှပါ ဘုရား)။

ဘယ်သူက သတ်ပါလိမ့်-(ဝေဒနာက သတ်တာပါ ဘုရား)။ ရော-ဒကာ ဒကာမတို့၊ အဲဒီမှာ နေ့တိုင်း လိုလိုပဲ အသုဘ သွားကြတာတွေ ဦးခင်မောင် ဘယ်သင်္ချိုင်းဖြင့် ဒီနေ့မရှိဘူးလို့ မရှိပါဘူး(မရှိပါ ဘုရား)။

ဒါတွေဟာ ဘယ်သူ သတ်လိုက်တာပါလိမ့် (ဝေဒနာသတ်တာပါ ဘုရား)။ ဝေဒနာက သတ်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မယုံရင်သွားမေး ဦးခင်မောင်၊ ဘာဝေဒနာတုံး အစားမှားလို့ရင်လဲ (ဖြစ်ရပါမယ်)။ မသိလို့ဖြစ်သွား ရင်လဲ ဖြစ်ရလိမ့်မယ်(မှန်ပါ့)။ ဝေဒနာသုံးပါး လှည့်သတ်တယ်ဆိုတာ မသေချာဘူး လား (သေချာပါ တယ် ဘုရား)။

ဝေဒနာသည် သူသတ်ယောကျ်ား

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေ ဝေဒနာဟာဖြင့် ‘ဝေဒနာမာရော’ဆိုတာ သဘောကျလား (ကျပါပြီ)၊ ရာဓ ဝေဒနာ= ဝေဒနာသည်၊မာရော=သူသတ်ယောကျ်ားတည်းကွ-လို့ ဟောတယ်။

သင်က သတ်ရင်သတ်၊ မသတ်ရင် သူက သတ်လိမ့်မယ် (မှန်ပါ့ ဘုရား)။ ရှင်းပလား(ရှင်းပါ ပြီ)၊ ဒါကြောင့် နိဗ္ဗာန်မှကျတော့ ဝေဒနာက္ခန္ဓာတွေရှိသေးရဲ့လား-(မရှိပါ ဘုရား)။

ဒါကြောင့် နိဗ္ဗာန်သည် အမတ နိဗ္ဗာန်၊မသေရာ နိဗ္ဗာန်ဆိုတာ သူမရှိလို့ (မှန်ပါ့ ဘုရား)။ သူရှိရင် သတ်ဦးမှာ (မှန်ပါ့ ဘုရား)။ ရိပ်မိပလား-(ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေက ငွေရှာကြ ငွေရှာကြ၊ အမျိုးမျိုး အိမ်၊ တိုက်၊ ကားရှာကြ၊ ဘာဖြစ်ချင်လို့ တုံးမေးလို့ရှိရင် ဝေဒနာရှာနာပါဘုရား(မှန်ပါ ဘုရား)။

ဘာရှာကြတာတုံး(ဝေဒနာရှာတာပါ ဘုရား)၊ သူတို့ရှိတော့ ဝမ်းသာရတယ် (မှန်ပါ့)။ ဝမ်းသာတဲ့ ဝေဒနာ သတ်အောင်လို့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ အခု နေ့တိုင်းလိုက်ရှာနေကြတာ ဘာရှာကြတာတုံး (ဝေဒနာရှာတာပါ ဘုရား)၊ ဪ သူသတ်ယောကျ်ား ရှာနေကြတာ(မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပာယ်တော့ မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ဒီလောက်ဖြစ်အောင် ကျုပ်တို့မှာလဲ မသိဘဲ ဖြစ်နေတာ ပေါ်လာကြပလား (ပေါ်ပါပြီ)။ ရှင်းကြပလား (ရှင်းပါပြီ)။ ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ်က သတ်ရလိမ့်မယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နာရီက စေ့သွားပြီ၊ သတ်နည်းမနက်ဖြန်မှ ပြောကြစို့။

သာဓု သာဓု သာဓု။