10501

မာတိကာသို့

ဘေးငါးပါးမစောင့်ဘဲ ဝိပဿနာလုပ်သင့်ကြောင်း တိုက်တွန်းခြင်းတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊၏

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌ ဟောကြားတော်မူသော

ဟောကြားတော်မူသော

ဘေးငါးပါးမစောင့်ဘဲ ဝိပဿနာလုပ်သင့်ကြောင်း တိုက်တွန်းခြင်းတရားတော်

(၂၅-၂-၆၁)

ဒကာ ဒကာမတွေ အိုဘေး၊ နာဘေး စောင့်နေကြတာနဲ့ တူလွန်းလို့ ဘုရားသခင်ကိုတော်မြတ်ကြီး အနာဂတ် ဘေးတွေကို ဟောလိုက်ပါတယ်လို့ မှတ်ယူရမယ်နော် (မှန်လှပါ ဘုရား)။

ဘေးစောင့်နေတာ

ဝိပဿနာအလုပ် အားမထုတ်မီ ရှေ့အဖို့ကာလ ဒကာ ဒကာမတွေ ဝိပဿနာများ အားမထုတ်ဘဲ နေခဲ့ကြသည် ရှိသော်။ (သို့မဟုတ်) လုံ့လစိုက်ပြီးသကာလ လုပ်ရမည့်အလုပ်ကို မလုပ်ဘဲနေခဲ့ကြသည်ရှိသော် ဒီဒကာ ဒကာမတွေ ဘာဖြစ်နေကြပါလိမ့်မလဲလို့ ဘုရားက သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘေးတွေစောင့်ပြီးသကာလ ဘေးလွတ်ချင်တဲ့ပုဂ္ဂိုလ်ဟာ ဘေးစောင့်နေတဲ့ အလုပ်နဲ့ အမြဲတမ်း လုပ်နေပါလားလို့ သဗ္ဗညုတရွှေဉာဏ်တော်ကြီးနဲ့ ‘ပဉ္စကနိပါတ် အင်္ဂုတ္ထိုရ်’ မှာ မြင်တော်မူတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သူတော်ကောင်းအလုပ် မလုပ်ဘဲနဲ့သားရေး၊ သမီးရေး စီးပွားရေးနဲ့ အချိန်ကုန် နေကြတာ သည် ဘေးစောင့်နေတာလို့ ဘုရားကမြင်တော်မူတယ်(မှန်လှပါ ဘုရား)။

သူတော်ကောင်းအလုပ် မလုပ်ဘဲနဲ့ ဒကာ ဒကာမတွေသည် သားရေး၊ သမီးရေး၊ စီးပွားရေး တဏှာ ခိုင်းတာနဲ့ အချိန်တွေကုန်ပြီး သကာလတွေ့ကြလို့ရှိယင်ဖြင့် ဒီဒကာ ဒကာမတွေ ဘာလုပ်နေကြတုံးမေးယင် ဘယ့်နှယ့်ဖြေကြပါ့ မလဲ့ (ဘေးစောင့်နေကြတာပါ ဘုရား)။

ဘေးစောင့်နေလို့မှတ်ပါ၊ ဘေးဆိုတာ စောင့်ရမှာလား ဒကာ ဒကာမတို့၊ မတွေ့ခင်ကဘဲ ကိုယ့်ကိစ္စပြီးအောင် လုပ်ထားနှင့်ရမှာလား (မတွေ့ခင်ကဘဲ ကိုယ့်ကိစ္စပြီးအောင် လုပ်ထားရမှာပါ ဘုရား)။

ကိုယ့်ကိစ္စပြီးအောင် လုပ်ထားရမှာ

မတွေ့ခင်က ကိုယ့်ကိစ္စပြီးအောင် လုပ်ထားရမှာကို ဘေးစောင့်နေတဲ့ ပုဂ္ဂိုလ်များဖြစ်ခဲ့လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမိုက်ဖြင့်ထမ်းကုန်နေကြပေါ့လို့ ဆိုရင်မလွဲဘူးပေါ့ဗျာ (မှန်ပါ့အရှင် ဘုရား)။

ဒါ့ကြောင့်ဦးခင်မောင်တို့၊ ငါဘယ်အခြေအနေတွင်နေပါလိမ့် ငါ ဘာလုပ်နေပါလိမ့် ငါလူတကာလိုပဲလား ဘေးစောင့်နေတဲ့ ပုဂ္ဂိုလ်ထဲကပဲလားလို့ ရှေ့ပိုင်းမှာ ဒကာ ဒကာမတွေ မှတ်စရာကလေ။ ဘုရားရှင်ကဟောလို့ ဝီရိယလျော့နေမှာစိုးလို့ ဘုရားကဟောရှာတယ်၊ အမြင်အတိုင်း ပြောတယ်လို့လဲမှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပဋိသန္ဓေနေကတည်းက အမိဝမ်းခေါင်းထဲက ထွက်ကတည်းကစပြီး အိုဘေးရှိရာပြေးတယ် (မှန်ပါ့)

ဒါဖြင့် ဒကာ ဒကာမတွေဒီခန္ဓာကြီးဟာ ဪ သူ့တာဝန်ဝတ္တရား ဘာများအလုပ်လုပ်လိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အိုဘေးရှိရာ အရောက်ပြေးတာဟာ ခန္ဓာ့ဝတ်တရားလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာ့ဝတ္တရား

ခန္ဓာ့ဝတ္တရားဟာ ဘယ်များ အရောက်သွားနေပါလိမ့် (အိုဘေးရှိရာ အရောက်သွားနေပါတယ် ဘုရား)၊ အိုဘေးရှိရာအရောက်သွားနေတယ် ဆိုတာဖြင့်ရှင်းကြ၊ လင်းကြလောက်ပါပြီ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီသူတော်ကောင်းအလုပ် ကိုယ်ချမ်းသာဖို့အလုပ်၊ ကိုယ်နိဗ္ဗာန်ရောက်ဖို့အလုပ်၊ ကိုယ်ဒုက္ခသိမ်း တဲ့အလုပ်ဆိုတာ ဒကာ ဒကာမတို့၊ ဆံပင်ကောင်းတုန်း၊ ဝေဒနာကင်းရှင်းတုန်းလုပ်လိုက်ရမှာသာလျှင် ခုနကပြောခဲ့ တဲ့ချမ်းသာအစစ်၊ ချမ်းသာမှန်ကို လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်နိုင်နိုင် ရနိုင်ပါတယ် (မှန်ပါ့ ဘုရား)။

အိုမှလုပ်မယ်ဆိုတော့ ဒကာသစ်တို့ ရဖို့ရာလွယ်ကြပါ့မလား (မလွယ်ပါ့ ဘုရား)၊ နို့ ခန္ဓာကိုယ်ကြီးတို့ သည်ဖြည်းဖြည်းမှ လုပ်မဟေ့ အသက်ကလေးကြီးမှပဲ၊ အခုအချိန်တော့ဖြင့် သားကိစ္စ၊ သမီးကိစ္စ၊ ဆွေမျိုးကိစ္စ၊ ကိုယ့်ခန္ဓာကိုယ်ကိစ္စတွေနဲ့ နေရဦးမှာပဲလို့ဆိုလို့ရှိရင် နည်းနည်းကလေးကြီးမှ ကြိုးစားရမယ်ဆိုတဲ့ ပုဂ္ဂိုလ်များသည် ကြိုးစားမယ်ပြောတာလား၊ အိုဘေးစောင့်တာလား (အိုဘေးစောင့်တာပါ ဘုရား)။

ဦးခင်မောင် ဘယ်စောင့်ပါလိမ့် (အိုဘေး စောင့်တာပါ ဘုရား)။ ဒကာ ဒကာမတို့၊ အင်မတန်မဆိုးရွား ဘူးလား (ဆိုးရွားပါတယ် ဘုရား)၊ နက်ဖြန် လုပ်မည့်လူတောင်မှ နက်ဖြန်ဟာ ယနေ့ထက်အိုတယ်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

နက်ဖြန်မှ လုပ်မယ်ဆိုတာတောင်မှ နက်ဖြန် ပိုအိုတာ သေသေချာချာ သိရတဲ့အတွက် အိုဘေးစောင့် တာပါပဲ (မှန်ပါ့ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကဲဒါဖြင့် စောင့်ကောင်းတာလား၊ အိုဘေးမလာခင် ကိစ္စပြီးအောင်လုပ်တာနှင့်တာ ကောင်းသလားဆိုတာလဲ ရွေးချယ်ကြပါ (မလာခင်ကိစ္စပြီးအောင်လုပ်တာကောင်းပါတယ် ဘုရား)။ ဒါက ဒကာ ဒကာမတွေ ဘုရားသခင်က ဆုံးမတာနော် (မှန်ပါ့ ဘုရား)။

ဘုရားသခင်ဆုံးမတာ မင်းတို့သည်ကား ဆိုလို့ရှိယင်ဖြင့် ဆံပင်ကောင်းတုန်း သွားကောင်းတုန်း အစာကျေ ကျက်တုန်း အားအင်ဗလရှိတုန်းကို လေးဆယ် ငါးဆယ်အတွင်း မြန်မြန်ကြီးတစ်ခါတည်း အိုဘေး, နာဘေး, သေဘေး လွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို အရယူဖို့အလုပ်ကို ဒီတစ်ခါတွင် တွေ့တော့မယ်၊ နောက်ဖြင့် အတွေ့အကြုံ မရှိရအောင် ကြိုးစားပါတော့မယ်ဆိုတဲ့ စိတ်ထားရှိကြရအောင် ဒကာ ဒကာမတွေ အိုဘေးစောင့်ပြီးသကာလ မနေဘဲနဲ့ မအိုခင် မြန်မြန်လုပ်ကြပါလို့ တိုက်တွန်းလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးက ဘယ်သွားနေလို့ ဒီလောက်ကာကွယ်နေရပါလိမ့် (အိုဘေး, နာဘေး, သွားနေ ရပါတယ် ဘုရား)၊ ပဋိသန္ဓေနေကတည်းက အမိဝမ်းခေါင်းတွင်းက ထွက်ကတည်းက သူဘယ်ပြေးနေပါလိမ့်-(အိုဘေးရှိ ရာပြေးနေပါတယ် ဘုရား)။

အိုဘေးရှိရာပြေးနေပါတယ်

အိုတဲ့ဆီအမြဲပြေးပြီးသကာလ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး ရှာပါတော့မယ်ဆိုတော့ သွားမကောင်း၊ ခါးကမကောင်း၊ အစာက ကျေကျက်မှုမရှိ၊ အားအင်ချည့်နဲ့ အဲ့ဒီအချိန်ကျမှ တကယ်လိုရင်း အလုပ်ကြီးရှာမယ်ဆိုလို့ တွေ့နိုင်ကြပါ့မလား (မတွေ့နိုင်ပါ ဘုရား)။

ဒါဖြင့် အလုပ်မလုပ်ဘဲနေတဲ့ ပုဂ္ဂိုလ်များ အနာဂတ်ဖြစ်တဲ့ဘာကလေးစောင့်နေပါလိမ့် (အိုဘေးစောင့် နေပါတယ် ဘုရား)၊ စောင့်ကောင်း မစောင့်ကောင်း သတိထားပါဦး (မစောင့်ကောင်းပါ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ စောင့်ကောင်းသလား၊ မစောင့်ကောင်းဘူးလား ဝေဖန်ကြပါဦး (မစောင့်ကောင်းပါ ဘုရား)။

မစောင့်ကောင်းလို့ရှိယင်ဖြင့် အိုဘေးမရောက်ခင်၊ သွားမကျိုးခင်၊ အင်အားဗလ မချည့်နဲ့ခင် မြန်မြန် တစ်ခါတည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို မျက်မှောက်ပြုနိုင်အောင်မရသေးတဲ့ ဓမ္မကြီး အရယူမယ်ဆိုတဲ့စိတ်နဲ့ မွေးပြီးသကာလကြိုးစားကြပါလို့၊ မင်းတို့တွေရမည့်ဘေးဟာ အိုဘေးဟာဧကန်ရှိ၊ တကယ်ရှိ ဖြစ်လို့ အိုဘေးမစောင့်ပါနဲ့၊ အခုလုပ်ပါလို့တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။

မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။ သားကလေးကြီးမှ၊ သားကလေး လူလားမြောက်မှ၊ သားကလေး ပညာစုံမှ၊ သူတို့တန်းကုန်တော့မှပဲ ကြိုးစားမယ်ဆိုတဲ့ စိတ်သာထားမယ် ဆိုလို့ရှိရင်ဖြင့် အင်း ဟင် အိုဘေးစောင့်တဲ့ အသံတွေက တယ်ထွက်လာပါကလား ဦးခင်မောင်ရေ (မှန်ပါ့)။

အိုဘေးစောင့်တော့မယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကို အနစ်နာခံတော့မယ်ဆိုတာနဲ့ ဒီနှစ်ချက်ဟာ တစ်သားတည်း မသွားဘူးလား (သွားပါတယ် ဘုရား)၊ သူက မဆိုးရွားဘူးလား။ (ဆိုးရွားပါတယ် ဘုရား)။

တဏှာလှည့်စားမှုကို ယောင်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘေးဟာ ရှောင်ရမည့်ဘေးလား (ရှောင်ရမည့်ဘေးပါ ဘုရား)။ ရှောင်ရမည့်ဘေး ကို ဒီဒကာ ဒကာမတွေ စောင့်နေပါလိမ့်မတုံး မေးလို့ရှိရင်ဖြင့် တဏှာလှည့်စားမှုကို ခင်ဗျားတို့ယောင်နေလို့ပဲ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။(တဏှာလှည့်စားမှုကို ယောင်နေလို့ပါ ဘုရား)။

တဏှာလှည့်စားမှုကို ယောင်တယ်၊ တဏှာက နင့်သားကလေး လူလားမမြောက်သေးဘူး၊ နင့်မောင်ကလေး လူလားမမြောက်သေးဘူး၊ နင်တို့ပဲလုပ်ကိုင်ကျွေးနေရသေးတာ၊ အဲဒီတော့ သူတို့အခြေကလေး ကျတော့ သူတော်ကောင်း အလုပ်ကို ကိုယ်လုပ်တာပေါ့ ဆိုတဲ့ဥစ္စာဘယ်သူက ဝင်လှည့်လိုက်တာပါလိမ့် (တဏှာက ဝင်လှည့်လိုက်တာ ပါ ဘုရား)။

ဪ ခင်ဗျားတို့က နဂိုက နဂိုက အဝိဇ္ဇာတဏှာကြောင့် ဒုက္ခရောက်နေတာ သိလျက်သားနဲ့ သူလှည့်စား တာ နောက်တစ်ခါခံပြန်တယ်ဆိုတော့ ဒကာ ဒကာမတို့ တစ်ခါမိုက်လား။ နှစ်ခါမိုက်လားဆိုတဲ့ မေးခွန်းဟာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

နှစ်ခါမိုက်ဖြစ်နေတယ်

ဘယ်လိုဖြေကြမယ် (နှစ်ခါမိုက်ပါ ဘုရား)၊ နှစ်ခါမိုက်ဖြစ်နေတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲ့တာကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတဲ့ တဏှာလှည့်စားတာမခံနိုင်ကြဘဲ ဖြစ်ပြီးသကာလ နေသောကြောင့် အချိန်တွေကုန်ပြီး အိုဘေးစောင့်နေတဲ့အလုပ်ကြီး မစောင့်ချင်ဘဲနဲ့ စောင့်နေတယ် ဆိုလို့ရှိရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား)၊ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ရိပ်မိကြပြီလား ၊ (ရိပ်မိပါပြီ ဘုရား)။

ဦးစံရင်တို့ ဘာစောင့်နေတုံးဆိုယင် (အိုဘေးစောင့်နေပါတယ် ဘုရား)၊ ဪ အိုဘေးဆိုတာ ဒကာ ဒကာမတို့တွေ ကောင်းတဲ့အလုပ်လား ဇရာပိ ဒုက္ခသစ္စာလို့ ဘုရားကဟောခဲ့လျက်သားနဲ့ ခင်ဗျားတို့က ဒါကိုစောင့်ပြီးတွေ့ချင်လို့ဆိုတော့ မိတ်ဆွေကောင်းမို့တွေ့ချင်တာလား (မိတ်ဆွေဆိုးပါ ဘုရား)။

အဲဒီတော့ မိတ်ဆွေဆိုးမှန်းမသိလို့ တွေ့ချင်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား(ရောက်ပါတယ် ဘုရား)။ အဲဒီတော့ ဇရာပိဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးနှင့်တကွ တကယ်အမြင်ကျယ်တဲ့ပုဂ္ဂိုလ်တွေ လမ်းပါကလား (မှန်ပါ့)၊ ခင်ဗျားတို့က စောင့်ပြီးအတွေယူယူကြမယ်ဆိုတော့ ကိုယ်ကျိုးမနည်းသေးဘူးလား (နည်းပါတယ် ဘုရား)

ဒီနေ့ကစပြီး သကာလ တစ်ခါတည်း အိမ်ကျတော့ ဆရာဘုန်းကြီး ဆုံးမတဲ့အတိုင်းဟုတ်လား ခုနက တဏှာကနေပြီးသကာလ သားကလေး လူလားမြောက် သမီးကလေးနေရာချထားရေး အစရှိသဖြင့် မင်းလှည့် စားတာသည် ငါ့ကိုအိုဘေး အစောင့်ခိုင်းဘာ။

ဝိပဿနာအလုပ်ကို လုပ်ပစ်ကြပါ

တော်ပြီ မင်းညာတာ မင်းလိမ်တာများလှပြီ၊ ငါ့အလုပ်ငါလုပ်တော့မယ်၊ အိုဘေး, နာဘေး ရှောင်တဲ့ အလုပ်လုပ် ပါတော့မယ်ဆိုပြီးသကာလ အတင်းဇွတ် တွန်းလှန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပစ်ပါ (မှန်ပါ့)၊ ဝိပဿနာအလုပ်ကို လုပ်ပစ်ကြပါနော် (မှန်လှပါ ဘုရား)။

စောင့်တော့စောင့်တာ ဆိုးဆိုးပါဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)၊ အိုဘေးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ဆိုးဆိုးပါ ဘုရား)၊ ဆိုးဆိုးစောင့်တာနဲ့မတူဘူးလားဗျာ (မှန်ပါ့ ဘုရား)၊ အဲ ဆိုးဆိုးဟာ စောင့်ကောင်းမစောင့်ကောင်း သတိထားကြစမ်းပါ (မစောင့်ကောင်းပါ ဘုရား)၊ မစောင့်ကောင်းပါဘူး၊ ခင်ဗျားတို့က မိတ်ဆွေမှတ်ပြီးသကာလ စောင့်နေတာ အတော်မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖော်မပြောတော့လဲမသိဘူး (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဖော်မပြောတော (မသိပါ ဘုရား)၊ ဒါ့ကြောင့်ဘုရားက ဒါအနိစ္စ ကက်ဘေးကွ၊ မင်းတို့စောင့်နေတာ (မှန်ပါ့)၊ ဘယ့်နှယ့်ဆိုကြမလဲ (အနာဂတ်ဘေးပါ ဘုရား)။

အနာဂတ်ဘေးဆိုတာ ရှောင်လွဲသွားရမှားလား။ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ တွေ့ကြုံတာ ကောင်းသလား ရှောင်လွဲရတာကောင်းပါသလား ၊ (ရှောင်လွဲရတာကောင်းပါတယ် ဘုရား)။

အဲခန္ဓာကြီးကအမြဲသွားနေတော့ အနာဂတ်ဘေးတွေ့မှ၊ အိုဘေးကြီးတွေမှ ဒကာ ဒကာမတွေက အင်း ဟင်း သူကောင်းကောင်းအလုပ်လုပ်မယ်၊ တကယ့်အဖိုးတန်တဲ့မအိုမသေ အမြဲနေတဲ့နိဗ္ဗာန်ကြီး အရယူ မယ်ဆိုတော့ ကံမွဲဉာဏ်မွဲတွေနဲ့ ကြိုးစားရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ ‘ကံမွဲဉာဏ်မွဲတွေနဲ့ကြိုးစားရလိမ့်မယ်၊ အမလေး ကံကောင်း ဉာဏ်ကောင်းတွေနဲ့တောင် အတော်ကြိုးစားယူရတာ အဝိဇ္ဇာထုက ထူလွန်းလို့(မှန်ပါ့ ဘုရား)၊ ကံမွဲ ဉာဏ်မွဲများ ကြိုးစားတော့မည်ဆိုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ သေအောင်လုပ်မရတော့ပါဘူး (မှန်ပါ့ ဘုရား)။

ဉာဏ်ကောင်းတုန်းကို အရယူကြပါ

ဒါဖြင့် ကံကောင်း ဉာဏ်ကောင်းတုန်းကို အရယူကြပါဆိုတာ တိုက်တွန်းလိုက်ပါတယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ယနေ့ဝနံပါတ် ဘာကိုမစောင့်နဲ့လို့ပြောတာပါလိမ့် (အိုဘေးကိုမစောင့်ပါနဲ့ ဘုရား)။

ကိုင်း အိုဘေးမစောင့်နဲ့ဆိုတဲ့ အိုဘေးမလာခင် မြန်မြန်ဝီရိယစိုက်ပြီး ကြိုးစားလိုက်ကြပါလို့ ဦးခင်မောင်ကြီး၊ ဦးဇံရင်တို့ကို တိုက်တွန်းတယ် (မှန်လှပါ ဘုရား)၊ ကိုမြရွှေသားတွေ သမီးတွေကြီးမှဆိုလို့ရှိရင် အိုဘေးစောင့်တာနဲ့ မတူဘူးလား။ (တူပါတယ် ဘုရား)။

စောင့်သင့်မစောင့်သင့်-(မစောင့်သင့်ပါ ဘုရား)၊ မစောင့်သင့်တာကြီး၊ စောင့်ပြီးသကာလနေလို့ရှိရင် မပေါင်းကောင်းတာကြီး ပေါင်းချင်လို့စောင့်နေတယ်၊ မတွေ့ကောင်းတာကြီး တွေ့ချင်လို့စောင့်နေတယ်ဆိုတာလောက် အသိဉာဏ်နည်းတာ ဉာဏ်မွဲတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တယ်လဲဆိုးရွားပါကလား (ဆိုးရွားပါတယ် ဘုရား)၊ အင်မတန်ဆိုးရွားတယ်ဆိုတာ သဘောပါကြပြီလား (ပေါက်ပါပြီ ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး သကာလ အိုဘေးမလာခင် ကိုယ့်အရေးသိ အောင်လုပ်ပါ (မှန်ပါ့ ဘုရား)

ဘာပါလိမ့် (အိုဘေးမလာခင် ကိုယ့်အရေးသိအောင်လုပ်ရပါမယ်)၊ အိုဘေးမလာခင်ကိုယ့်အရေးသိအောင် လုပ်လိုက်ကြပါဆိုတာကိုဖြင့် ဒကာမတွေ တွေ့ရမည့်ဘေးက သေချာနေလို့ ဘေးမလာခင် ပြီးအောင်လုပ်ထားလို့ရှိရင်ဖြင့် ဘေးတွေ့ရင်လဲ အို ဒီတစ်ခါတွေ့တော့မယ်၊ နောက်ဖြင့် လွတ်ပဟဆိုပြီး ဝမ်းမြောက်ပြီးသကာလ မနေရဘူးလား (နေရပါတယ် ဘုရား)။

အိုဘေးလဲမစောင့်ကြပါနဲ့

အဲ့ဒါကြောင့် အိုဘေးလဲမစောင့်ကြပါနဲ့ (မှန်ပါ့)၊ ရှင့်ပလား (ရှင်းပါပြီ ဘုရား)၊ အကယ်၍ အခုချိန်မှာ ဒကာ ဒကာမတွေက မလုပ်ပြန်ဘူးဆိုလိုရှိရင်ဖြင့် သူတော်ကောင်းအလုပ်ကြီး၊ အိုဘေး၊နာဘေး၊သေဘေးလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကြီး မဂ်အလုပ်ကြီးမလုပ်ကြဆိုလို့ရှိရင်လဲ တစ်ခါနာဘေးဆီလဲ ခန္ဓာကအရောက်ပြေး နေတော့ ဦးခင်မောင် တွေ့ရဦးမှာပဲ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေခန္ဓာက ဘယ်ပြေးနေသတုန်း (နာဘေးပြေးနေပါတယ် ဘုရား)၊ နာဘေးဆီပြေးနေတယ် (မှန်လှပါ ဘုရား)၊ ပြေးနေတော့ သူကလဲသူ့အလုပ်တော့သူလုပ်မှာပဲ (မှန်ပါ့)၊ ခင်ဗျားတို့က ဒီနာဘေး လွတ်ရာဖြစ်တဲ့ အလုပ်ကိုအစောကြီးက ကိုယ်ပိုင်ကိုယ်ဆိုင် ဖြစ်အောင် လုပ်ထားလို့ရှိရင် ကိစ္စပြီးကြလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် နာဘေးကိုလဲ စောင့်နေဖို့ရာ ခင်ဗျားတို့ ဝတ္တရားရှိပါရဲ့လား (မရှိပါ ဘုရား)၊ မရှိတဲ့အခါကျတော့ မောင်မြတို့ ကိုမြရွှေတို့ နာဘေးမလာခင် ကိုယ့်အလုပ်ပြီးအောင်တစ်ခါတည်း ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး အမြန်ရပြီး သကာလသွားရအောင် ကြိုးစားလိုက်ပါဆိုတာ တိုက်တွန်းရပြန်တယ် (မှန်လှပါ ဘုရား)။ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ဘာကြောင့်တုံးလို့ မေးတဲ့အခါ မတွေ့မှဖြင့်လဲ ဘုန်းကြီးက အထူးတိုက်တွန်းဖို့ မလိုပါဘူး (မှန်ပါ့)၊ သို့သော် ခန္ဓာလမ်းစဉ်က ဒီနေရာကိုအမြဲသွားနေတယ် ဆိုတာလဲ သေချာနေတယ် (သေချာပါတယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ခန္ဓာသည် ဘယ်အမြဲသွားနေပါလိမ့် (နာဘေးဆီအမြဲသွားနေပါတယ်)၊ နာဘေးရှိရာ အမြဲပြေးနေတာပဲ-မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ နာဘေးဆိုက်မှ ဪ ဘုရားကဟောထား၊ တို့ဆရာဘုန်းကြီးက ဟောထား၊ တကယ် မအို၊ မသေ အမြနေတဲ့ နိဗ္ဗာန်ရောက်ကြောင်း အလုပ်လုပ်ဖို့ရာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နာဘေးဆိုက်မှ လုပ်လို့မဖြစ်ဘူးလို့ ပြောသွားတဲ့အထဲမှာ ငါမာဘေးစောင့်နေလို့ နာဘေးတွေ့ပြီ၊ အခုအချိန်မှာ ငါသည် အရှုံးကြီး ရှုံးပေါ့ဆိုတဲ့ ညည်းလုံး တွေနဲ့သေသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ယနေ့သေ၊ ယနေ့ သာသနာ အဆုံးအမကွယ်ပါတယ် (မှန်ပါ့ ဘုရား)။

ယနေ့သေရင် (ယနေ့သာသနာအဆုံးအမ ကွယ်ပါတယ် ဘုရား)၊ ယနေ့ ဘုရားနဲ့ အိုးစားကွဲတယ် (မှန်ပါ့ ဘုရား)။ ယနေ့တရားနဲ့ကော (အိုးစားကွဲပါတယ် ဘုရား)၊ တယ်လဲနစ်နာပါသလား ဒကာ ဒကာမတို့ (နစ်နာပါတယ် ဘုရား)

ဒါဖြင့် ဒါတွေနဲ့ နစ်နာသွားတော့ ဘုရားကွယ်၊ တရားကွယ်ဆိုတဲ့ အဓိပ္ပာယ်ဆိုလို့ရှိရင် ခင်ဗျားတို့မှာဖြင့် ဆင်းရဲနဲ့သာ အမြဲပဲ တွဲစပ်နေဖို့ရှိတော့တာပေါ့ (မှန်လှပါ ဘုရား)။ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေအရင်းအခြာတွေမို့ ဒကာ ဒကာမတို့ ခင်ဗျားတို့က သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ-မျိုးကိစ္စနဲ့ဆိုတော့ ခင်ဗျားတို့ကိစ္စတွေက ဘယ်တော့မှ ပြီးမည့်ကိစ္စတွေလဲမဟုတ်ဘူး၊ အဲ့ဒီကိစ္စမပြီးတာကကိစ္စမရှိဘူး ခင်ဗျားတို့က ဒီကိစ္စလုပ်ရင်း နာဘေးကြီး စောင့်နေတာက အရုပ်ဆိုးလှတယ် (မှန်လှပါ ဘုရား)။

နာဘေးမလာခင်

ဦးခင်မောင် ပြောထိုက်, မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)၊ ဒါဖြင့် နာဘေးမလာခင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကား ဆိုလို့ရှိရင်ဖြင့်ခုနက သူတော်ကောင်းအလုပ်ကြီးကို အလျင်အမြန် လုပ်မှာဟဲ့ဆိုတဲ့စိတ်ကို မွေးလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ခေါင်းမကိုက်ခင်၊ ရင်မနာခင် လျင်မြန်စွာ လုပ်လိုက်မဟ၊ တော်တော်ကြာ ခေါင်းကိုက်ရင်၊ ရင်နာလာရင် ခက်လိမ့်မယ် ၊ ဝမ်းနာလာရင် ခက်လိမ့်မဟ၊ နောက်ကြောတက်လာရင်ခက်လိမ့်မယ်၊ သူပြန်မလာခင် မြန်မြန်ပြီးအောင်လုပ်ဟဲ့ဆိုတဲ့စိတ်ဖြင့် နေကောင်းတိုင်း၊ ကောင်းတိုင်း မြန်မြန်တွေးပြီး လုပ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)

ကိုင်း ဒါဖြင့် အိုဘေးလဲမစောင့်သင့်၊ နာဘေးလဲမစောင့်သင့် နော် (မှန်ပါ့)၊ တစ်ခါ ခန္ဓာကြီးက ဦးခင်မောင်ရေ နာပြီးသည်၏ အခြားမဲ့၌ သေတဲ့ဆီကိုလဲ သူ့ဝတ္တရားအတိုင်း အရောက်မပြေးဘူးလား (ပြေးပါတယ် ဘုရား)၊ ဪ ပြေးလို့ ဗိုင်းခနဲ လဲမှတော့ ဒကာ ဒကာမတို့ ဘယ်သူတတ်နိုင်သေးသတုံး (မတတ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားကို အခုမလုပ်ဘဲနေတဲ့ ပုဂ္ဂိုလ်များ၊ အခုဝိပဿနာအလုပ်၊ မဂ်ဉာဏ်ရအောင် လုပ်တဲ့အလုပ်ကို မလုပ်ဘဲနေတဲ့ပုဂ္ဂိုလ်များ ဪ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သေဘေးစောင့်နေပြန်ပြီ၊ ပုထုစဉ်မိုက်နှယ်ခက်လိုက်လေခြင်းဆိုပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မြင်တော်မူတယ် (မှန်လှပါ ဘုရား)

ဘာစောင့်နေတာနဲ့တူသလဲ (သေဘေးစောင့်နေတာနဲ့တူပါတယ်)၊ တယ်လဲ အရုပ်ဆိုးပါကလား ဒကာ ဒကာမတို့ စောင့်ကောင်းမစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား)။

သေဘေးစောင့်နေတာ

ခင်ဗျားတို့ ဆေးလိပ်သောက်ပြီး စကားပြောချင်တာလဲ သေဘေးစောင့်နေတာ (မှန်လှပါ ဘုရား)၊ ဖြီးလိမ်းပြီးနေတာကော (သေဘေးစောင့်နေတာပါ ဘုရား)။ အင်း ဟင် သူတော်ကောင်းအလုပ် မလုပ်ဘဲနဲ့သာ နေကြမယ်ဆိုလို့ရှိရင် ဪ သေဘေးဖြီးလိမ်းပြီးစောင်းနေတာပဲ (မှန်ပါ့ ဘုရား)။

ထမင်းကောင်းဟင်းကောင်းတွေချက်စားပြီးသကာလ သူတော်ကောင်းအလုပ် မလုပ်ဘဲနဲ့ နေပြန်တော့ ကော (သေဘေးစောင့်နေတာပါ ဘုရား)၊ ဪ-ခင်ဗျားတို့က စားရင်းလဲစောင့်၊ ဖြီးလိမ်းရင်းလဲစောင့်၊ ဆေးလိပ်သောက်ရင်းလဲစောင့် စောင့်ကောင်းတာ စောင့်ကောင်းတာလား မစောင့်ကောင်းတာလား စောင့်တာလား (မစောင့်ကောင်းတာစောင့်တာပါ ဘုရား)။

ဒကာ ဒကာမတို့ မိတ်ဆွေမဟုတ်တာ မိတ်ဆွေဖွဲ့ချင်တာဟာ တယ်အရုပ်ဆိုးသဗျာ (မှန်လှပါ ဘုရား)၊ မရဏမ္ပီ ဒုက္ခသစ္စာ ကိုး (မှန်လှပါ ဘုရား) ဒုက္ခသစ္စာဆိုတာ ပိုင်းခြားပြီးသကာလ တဲ့ နေရစ်တော့ဆိုပြီး သကာလ မဂ်နဲ့ပိုင်းခြားပြီး ထားပစ်ခဲ့ရမှာ (မှန်လှပါ ဘုရား)။

မင်းနယ်ထဲကငါထွက်သွားပြီဆိုပြီး သွားရမည့် အလုပ်ကြီး ခင်ဗျားတို့ကများ မိတ်ဆွေဖွဲ့ပြီး စောင့် နေလိုက်သေးတယ်ဆိုတော့ တယ်ဆိုးလိုက်ပါလား (ဆိုးပါတယ် ဘုရား)၊ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါသံဝေဂရအောင် ဟောတာမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အလကားနေတာဟာ အလကား နေတာမဟုတ်ပါဘူး။ ဒါတွေကို စောင့်တာပါလို့ ဖော်ပြောတာပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ) အလကားနေတာလား ခင်ဗျားတို့ကို ဒါတွေက စောင့်နေတာလား (ဒါတွေကစောင့်နေ တာပါ ဘုရား)။

အိုဘေးစောင့်လိုက်၊ နာဘေးစောင့်လိုက်၊ သေဘေးစောင့်လိုက် (မှန်ပါ့) ဘယ်နှစ်ချက်ရှိသွားပြီလဲ (သုံးချက်ရှိသွားပါပြီ)၊ ဒါတွင်မကသေးဘူးတဲ့ သူတော်ကောင်းအလုပ် လုပ်တဲ့ဥစ္စာ အခု တိုင်းနိုင်ငံမှာ အမျိုးမျိုးအဖုံဖုံ ဝါဒတွေကရှိကြတယ်နော်။

လူသင်းကွဲတဲ့ဘေးစောင့်နေတာ

အဲဒီဝါဒတွေလူတွေ သင်းကွဲသွားပြီဆိုမှဖြင့် ကိုကလဲတစ်ဖက်ဖက်မှာ ပါရမှာ ဖြစ်နေတော့သ သင်းကွဲတဲ့ အခါတစ်ယောက် တစ်ယောက မကြည့်နိုင် မရှုနိုင် သတ်ကြဟယ်ဖြတ်ကြဟယ် ဆိုမှ သူတော်ကောင်းအလုပ် လုပ်မယ်ဆိုလို့ရှိရင်လဲ ဖြစ်နိုင်ကြသေးရဲလား။ (မဖြစ်နိုင်ပါ ဘုရား)၊ ဪ ဦးခင်မောင်မစောင့်ကောင်း-စောင့်ကောင်း(မစောင့်ကောင်းပါ ဘုရား)။

ကိုယ့်အလုပ်ပြီးတာ မအေးဘူးလားဗျာ (မှန်ပါ့ ဘုရား)၊ ဘာစောင့်နေတာလဲ (ကွဲဘေးစောင့် နေတာပါ ဘုရား)၊ လူသင်းကွဲတဲ့ဘေးစောင့်နေတာပါဘုရား (မှန်ပါ့ ဘုရား) တယ်လဲဆိုးရွာလှပါကလား (ဆိုးရွားပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဆေးလိပ်သောက်နေတာ ဘုန်းကြီးမကြည်ညိုလို့မဟုတ်ပါဘူး၊ ဖြီးလိမ်းနေတာကို ခင်ဗျားတို့ အတွက် ဝမ်းမသာလို့မဟုတ်ပါဘူး၊ အလကားစောင့်နေတာက မဟုတ်တာတွေစောင့်ပြီးသကာလ ကျွတ်ရေးလွတ်ရေး မလုပ်ဘဲနဲ့ စောင့်နေလို့ဘုရားကဒီအမြင်ကြီးကို အနာဂတ်ဘေးဆိုပြီး စောရခြင်းဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီဘေးတွေဟာ တွေ့ရမည့် ဘေးလား၊ မတွေ့ရမည့်ဘေးလား (တွေ့ရမည့်ဘေးပါ ဘုရား)၊ ဟော လူသင်းကွဲပြီဆိုတော့ လူသင်းကွဲတဲ့ဘေး စတုတ္ထဘေးသင့်ပြီ၊ တော်တော်ကြာတော့ လူက သင်းကွဲတော့ သံဃာတွေကလဲကွဲရပြန်တယ် (မှန်ပါ့)၊ မကွဲပါနဲ့ဆိုလို့ရသေးရဲ့လား-(မရပါ ဘုရား)။

သံဃာတွေ သင်းကွဲတဲ့အခါ

အဲဒီသံဃာတွေ သင်းကွဲတဲ့အခါ ကျလို့ရှိရင်လဲ ဒကာ ဒကာမတွေက ဘယ်ဆရာတော်ဆီသွားပြီး တရားတောင်း မယ်ဆိုတော့ ဆရာတော်တွေကလဲ အလုပ်တွေရှုပ်၊ အမျိုးမျိုးအဖုံဖုံဖြစ်နေတော့ ကိုယ်ကလဲ ဝိတက်တွေက လူသင်းကွဲတဲ့ ဘေးကလဲသင့်ထားပြန်ဆိုတော့ ဒကာ ဒကာမတွေ ဒီကျတော့လဲ တရားထူး တရားမြတ် တရားအားထုတ်ချင်ပြန် တယ်ဆိုတော့လဲ ဖြစ်နိုင်သေးသလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့်ပြန်ပြီ၊နိဂုံးချုပ်ပါမယ်၊ ဝေဒနာနုပဿနာမဟောခင်(မှန်ပါ့)၊ ဒကာ ဒကာမတွေ နောက်မလုပ်ဘဲ နေပြန်ပြီ၊ တော်တော်ကလေးအိုနေတာတောင်မှ မလုပ်ပြန်ဘူးဆိုတော့ ဘာစောင့်ပြန်တုံး (နာဘေးစောင့်ပါတယ် ဘုရား)၊ ဪ ခင်ဗျားတို့ဟာ အစောင့်လွဲကြီး ကျနေပါကကောလား (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘယ့်နှယ့်တုန်း (အစောင့်အလွဲကြီး ကျနေပါတယ် ဘုရား)။

အစောင့်လွဲချည်း ဖြစ်နေကြပြီဆိုတော့ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)၊အဲ့တာကြောင့် ငယ်တဲ့ပုဂ္ဂိုလ်များကလဲစောင့်နေတယ်၊ ကြီတဲ့ ပုဂ္ဂိုလ်များကလဲအိုဘေးတွေစောင့် နေတယ်ဆိုတော့ စောင့်ကောင်းမစောင့် ကောင်းလဲ ကိုမြရွှေစဉ်းစားပါ-(မစောင့်ကောင်းပါ ဘုရား)။

မစောင့်ကောင်းပါဘူးဗျ-(မှန်ပါ့ ဘုရား)၊ ဒါတွေ ရှောင်ကွင်းရမည့်အလုပ်တွေ မဟုတ်ဘူးဗျာ (မှန်လှပါ ဘုရား)။ ကိုင်း ဒကာ ဒကာမတွေ နာဘေးလဲ မစောင့်ကောင်း။ သဘောကျရဲ့လား-(မှန်ပါ ဘုရား)၊ တစ်ခါ နာဘေးသင့်လာ နာဘေးသင့်လာရင် မလုပ်ဘဲနေပြန်တော့လဲ ဘာစောင့်တာပါလိမ့် (သေဘေးစောင့်တာ ပါ ဘုရား)။

ဪ ဖြစ်မူဖြစ်ရလေခင်ဗျားတို့ဥစ္စာကလဲ လွန်ကုန်ပြီ (မှန်ပါ့ ဘုရား)၊ ဆိုထိုက်, မဆိုထိုက်-(ဆိုထိုက်ပါတယ် ဘုရား)၊ ဒီကြားထဲ နာလန်ကလေးထလာတယ်ဆိုလို့ရှိရင်လဲ အရောင်းဘက်လှည့်သွား၊ အဝယ်ဘက် လှည့်သွားနဲ့ ကိုမြရွှေ ဘာဘေးစောင့်ပြန်တာတုန်း (သေဘေးစောင့်နာပါ ဘုရား)။

ရော့ ဒကာ ဒကာမတွေဟာ ခင်ဗျားတို့ဟာ မစောင့်ကောင်းတာတွေချည်း စောင့်ပြီးပြီ၊ ဒါတွေ ဘေးတွေမှန်း သိလျက်သားနဲ့ စောင့်နေတာ ခင်ဗျားတို့ဟာ အမိုက်ကတူးခြစ်နေပြီဆိုရင် ဦးခင်မောင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာမသေသေးဘဲနဲ့ လွတ်သွားပြန်တဲ့အခါကျလို့ရှိရင်ဖြင့် တစ်ခါ ဒကာ ဒကာမတွေ အင်း ဟင် နိုင်ငံရေးနဲ့ သင်းကွဲတွေကကောမလာဘူးလား (လာပါတယ် ဘုရား)။ ဒီဟာတွေပြန်လာတော့လဲ ကိုယ့်အလုပ် ကိုယ်လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)။

ကွဲဘေးသင့်နေတာကိုလဲ စောင့်နေတာ

အဲဒီ ကွဲဘေးသင့်နေတာကိုလဲ စောင့်နေတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)၊ သူတို့မလာခင် သိအောင်လုပ်ရမယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား-(ရှင်းပါပြီ)၊နောက်ကျတော့လူသင်းကွဲတဲ့ ဘေးကလဲ သင့်နိုင်သေးတယ် (သင့်နိုင်ပါတယ် ဘုရား)၊ မသင့်နိုင်ဘူးလား (သင့်နိုင်ပါတယ် ဘုရား)။

အဲ ဒကာ ဒကာမတွေလဲ ကွဲကုန်ပြီဆိုရင် ဆရာတွေကလဲကွဲကုန်ကြတာပဲဆိုတာလဲ ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)၊ အဲတာကြောင့် ဒီဘေးငါးဘေးဟာ အနာဂတ်ဘေးဆိုပြီး ဘုရားဟောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ရှင်ပြီလား (ရှင်းပါပြီ)၊ ဒါဖြင့်သူတော်ကောင်းအလုပ် မလုပ်တဲ့ပုဂ္ဂိုလ်မှာ ဘေးငါးဘေး စောင့်နေတဲ့ ပုဂ္ဂိုလ် (မှန်လှပါ)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဘေးငါးဘေးစောင့်နေတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ ဝိပဿနာအလုပ်မလုပ်ဘဲနေတဲ့ ပုဂ္ဂိုလ်များ ဘာလုပ်နေကြပါလိမ့် (ဘေးငါးဘေး စောင့်နေပါတယ် ဘုရား) ဪ ခင်ဗျားတို့ကလဲ တော်တော်ကြာ ညကျတော့ ရာဇတောဝါ-မင်းဘေး မသင့်ပါရစေနဲ့၊ စောရတောဝါခိုးသူဘေးမသင့်ပါရစေနဲ့ဆိုပြီး ညကျလုပ်ကုန်ပြီ-(မှန်လှပါ ဘုရား)။

ခန္ဓာကတော့ဘာစောင့်နေတုန်း (ဘေးငါးဘေး စောင့်နေပါတယ် ဘုရား)၊ ခန္ဓာကတော့ ဘေးစောင့် နေတယ်၊ တော်တော်ကြာလို့ရှိရင် ရွတ်ပြီး၊ သဘောကျရဲ့လား (မှန်ပါ့ ဘုရား)၊ နှစ်ဆယ့်ငါးပါးသောဘေးများဘုရား၊ ဘေးမသီရန်မခပါစေနဲ့ဘုရား ပြီးတော့ ဘာလုပ်နေသလဲ (ဘေးငါးပါးစောင့်နေပါတယ် ဘုရား)။

ရော ခင်ဗျာတို့ဟာ ဘုရားရှေ့ကျတော့ လွတ်ပါရစေတဲ့ တပည့်တော်ကိုယ်တိုင်တွေ့ပါရစေ၊ ဒီအဓိပ္ပာယ် ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။

ဘုရားဆီသွားပြီး ဆုတောင်းတဲ့အခါကျတော့၊ ဆုတောင်းပြည့်ဘုရားများ တောင်းတဲ့ အခါကျတော့ ခင်ဗျားတို့ က နှစ်ဆယ့်ငါးပါးသောဘေးတွေ ဘေးမသီရန်မခပါစေနဲ့ ဘုရာလို့ မတောင်းကြဘူးလား (ကောင်းပါတယ် ဘုရား)။

ဘေးငါးပါးစောင့်နေတယ်

ခန္ဓာကိုယ်ကတော့ဘာလုပ်နေသလဲ (ဘေးငါးပါးစောင့်နေပါတယ် ဘုရား) ရော ဘုရားလဲ မတတ်နိုင်တော့ဘူး။

ခင်ဗျားကို လင်လျှော့ရပြီ (မှန်လှပါ ဘုရား)၊ ဦးခင်မောင်ဘယ့်နှယ်ဖြစ်နေသလဲ (လက်လျှော့ပါတယ် ဘုရား)။

ဘုရားကိုလက်လျှော့ရမယ်။ဘုရားရှေ့ကျတော့ မတွေ့ပါရစေနဲ့၊ ကိုယ်ကိုယ်တိုင်ကတော့ ဘယ်ကလာပါ့မတုန်း စောင်နေတယ်-(မှန်လှပါ ဘုရား)၊ ဘယ်လောက်အကျည်းတန်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါဆေးလိပ်သောက်ပြီးသကာလနေတဲ့အခါ စဉ်စားကြ၊ ဪငါသည် ဆေးလိပ်သောက်နေတာလား၊ သူတော်ကောင်းအလုပ်မလုပ်နိုင်အောင်လို့ အိုဘေးစောင့်နေတာလားလို့ ကိုယ့်ကိုယ်ကိုမေးပစ်လိုက် (မှန်ပါ)၊ သဘာဝကျရဲ့လား (မှန်ပါ့ ဘုရား)။

အဝတ်ကလေးလဲပြီး ရေလေးချိုးပြီးသကာလ ရေချိုးတုန်းနှလုံးမသွင်းဖြစ်ဘူး၊ အဝတ်လဲတုန်းကလဲ နှလုံးမသွင်းဖြစ်ဘူး၊ ဒါနှလုံးသွင်းလိုက်တော့ ဘယ်ချိန်မဆို သတိပဋ္ဌာန်ကို ရတယိမဟုတ်လား (မှန်ပါ့ ဘုရား)

‘သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီဟောတိ’ ဆိုတော့ ဘယ်ချိန်နေနေ နှလုံးသွင်းရမှာပဲ၊ ဒီအတိုင်းရေချိုး၊ ဒီအတိုင်းအဝတ်လဲနေတာသည် မင်းဘာလုပ်နေတာတုံး မေးလိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဘေးငါးဘေးစောင့်နေတာလို့ ခန္ဓာကပြောရမယ် (မှန်ပါ့ ဘုရား)၊ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နည်းနည်းကလေးအားရင် စိတ်ထဲမှာ ဝိပဿနာမရှိတဲ့အချိန်ကျရင် ကိုယ့်ကိုယ်ကိုမေးလိုက်စမ်းပါ။ မင်းဘာလုပ်နေတာတန်း (မှန်ပါ့)၊ ဒကာ ဒကာမတွေမင်းဘာလုပ်နေတာတုန်းမေးနော် (မှန်လှပါ ဘုရား)၊မေးရင်ခန္ဓာက ဘယ်လိုအဖြေထွက်လာမလဲ (ဘေးငါးဘေးစောင့်နေပါတယ် ဘုရား)။

စောင့်ရမှာလား ရှောင်ရမှာလား

ဪ မိုက်လှချည်လားလို့ ထပ်ခါထပ်ခါမေးဦး၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ မိုက်လှချည်လားလို့ထပ်ခါထပ်ခါမေးဦး၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)၊ မိုက်လှချည်လား မင်းဟာ ဒီလိုစောင့်ရမှာလား ရှောင်ရမှာလား မေးတဲ့အခါ ရှောင်ရမယ်ဆိုတာ မသေချာဘူး လား (သေချာပါ တယ် ဘုရား)။

ဦးခင်မောင်ရေကိုယ်မိုက်ဘာ ကိုယ်သိပလား (သိပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေမစောင့်ကောင်းတာ စောင့်နေတာ်ဆိုလို့ရှိရင်ဖြင့် ခက်တယ်နော် (မှန်ပါ့)။

အင်း ဒီလိုနဲ့ အချိန်တွေကုန်နေပြန်လို့ရှိရင်လဲ မင်းဘာလုပ်နေတာတုန်း မေးလိုက်စမ်းပါဦး-(မှန်ပါ့ ဘုရား)။ ဘယ့်နှယ်ဖြေကြမလဲ (ဘေးငါးဘေးစောင့်နေပါတယ် ဘုရား)၊သားမယားဝတ္တရားနဲ့အချိန်ကုန်နေပြန်ရင်ကော (ဘေးငါးဘေးစောင့်နေပါတယ် ဘုရား)။

ရော ဦးခင်မောင် ခင်ဗျားတို့ဟာ အနေလဲမတတ် အထိုင်လဲမတတ်ဖြစ်နေပါပေါ့ကလား-(မှန်ပါ့ ဘုရား)၊ ကိုယ့်အရေးကိုပါရဲ့လား အသေချည်းစောင့်နေတာပဲလား (အသေချည်းစောင့်နေပါတယ ဘုရား)။ စောင့်ကောင်း မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား)

တော်တော်ကြာ သေပါတော့မယ်ဆိုတော့ ဆရာဝန်ကူပါဦး။ ဒီဝေဒနာကိုကျုပ်ဖြင့် ဘယ်လောက်ကုန်ကုန် ကုစမ်းပါဦး၊ လာပြန်ပြီ စောင့်လဲ နေသေးရဲ့ သူ့ဟာက ဟင် (မှန်ပါ့ ဘုရား)။

အဲဒီတော့ အသေလွတ်တရားတွေလဲ ရှိရဲ့သားနဲ့ အသေလွတ်တော့ မရှာဘူးဆိုတော့ အတော် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ဒါ့ကြောင့်ဒီနေ့ဒီချိန်မှာ အားလပ်ခွင့်ကလေးနေလိုက် ဉာဏ်နဲ့ ခန္ဓာကိုယ်ဖြစ်ပျက် အနိစ္စကို နှလုံးမသွင်းလို့ရှိရင် ဘေးငါးဘေးစောင့်နေတာလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆုံးဖျက်ချက်ချမလဲ (ဘေးငါးဘေး စောင့်နေတာပါ ဘုရား)။

ဪ ကျုပ်တို့တော့ဖြင့် ခပ်အေးအေးကလေးနေလိုက်တာပါပဲ။ အို အေးတာမဟုတ်ဘူး၊ ဆွေးနွေးနေတာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ခန္ဓာကိုယ်ကြီးကအိုဘေးစွန့်ပြီး ဆွေးနွေးနေတာ ဆိုဘာကော ငြင်းဖို့လိုသေးသလား (မလိုပါ)။

အဲဒါကြောင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ကိုယ်မိုက်တာကိုယ်တယ်သိခဲပါကလား (မှန်ပါ့ ဘုရား)၊ ဘယ်ဟာသိခဲ့ပါလိမ့် (ကိုယ်မိုက်တာကိုယ်သိခဲပါတယ် ဘုရား)။

ဟော ကိုယ်မိုက်တာကိုယ် ကိုယ်အသိခဲဆုံးပဲ ဒကာမတို့၊ ဘုရားက ဟောတယ်နော် (မှန်ပါ့ ဘုရား)၊ ပြီးတော့လဲကိုယ့်ကိုယ်ကိုဟာ အဆုံးအမ အခက်ဆုံးတဲ့ (မှန်ပါ့ ဘုရား)။

အဆုံးအမအခက်ဆုံး

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ကိုယ်ကိုယ်ကိုဟာ အဆုံးအမအခက်ဆုံးပါ ဘုရား)။

‘အတ္တာဟိ ကိရ ဒုဒ္ဒမော’ ဓမ္မပဒပါဠိတော် အတ္ထာဟိ အတတ္ထာဧဝ-မိမိကိုယ်သည်သာလျှင်၊ ဒုဒ္ဒမောကိရ- သူတစ်ပါးထက်ပိုလွန်၍ ဆုံးမခက်သည်။ ဟောတိဖြစ်၏တဲ့ (မှန်ပါ့ ဘုရား)။

အဆုံးအမအခက်ဆုံးသည် ဘယ်သူတဲ့တုံး (ကိုယ်ကိုယ်ကိုပါ ဘုရား) ကလေးကို ထုတ်ပြလိုက်ပြီး ဟင် ဆိုလိုက်ရင် ဦးခင်မောင် ငြိမ်ထွက်သွားတယ် (မှတ်ပါ့)၊ ခင်ဗျားတို့က ငြိမ်ရဲ့လား (မငြိမ်ပါ ဘုရား)၊ ဘာဖြစ်ဖြစ် လုပ်မယ်ကွ တိုးပြီးထွက်လာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူဟာ အဆုံးအမအခက်ဆုံးပါလိမ့် (ကိုယ့်ကိုယ်ကိုဟာ အဆုံးအမ အခက်ဆုံးပါ ဘုရား)။

အဲ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ အဆုံးအမဟာ ကိုယ့်ကိုယ်ကို အခက်ဆုံး (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်ပါပြီ ဘုရား)။

ခက်လို့ပေါ့ ဒကာ ဒကာမတွေ အိုဘေး မစောင့်သင့်ဘဲနဲ့ စောင့်နေတာလဲ ဘာဖြစ်ပါလိမ့် (ဆိုဆုံးမခက်လို့ပါ ဘုရား)၊ ဆုံးမခက်လို့စောင့်နေတာ (မှန်ပါ့ ဘုရား)။

နာဘေးမစောင့်သင့်ဘဲနဲ့ စောင့်နေတာကော (ဆုံးမခက်လို့ပါ ဘုရား)၊ ဆုံးမခက်လို့စောင့်နေတာဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

သေဘေးစောင့်နေတာကော (ဆုံးမခက်လို့ပါ ဘုရား)။ ဆုံးမခက်လို့စောင့်နေတာ၊ ဆုံးမသာလွယ်မယ် ဆိုရင်ဖြင့်ကဲ ဒီသေဘေးနီးပြီကွ၊မြန်မြန်လုပ်ကွာ၊ မသေတန်လဲ နေရအောင်ဆိုပြီး မြန်မြန်မလုပ်ပေးဘူးလား-(လုပ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အဆုံးအမအခက်ဆုံး ဘယ်သူပါလိမ့် (ကိုယ့်ကိုယ်ကိုပါ ဘုရား)၊ ရှင်းကြပလား (မှန်ပါ့)၊ အဲဒီတော့ ဦးခင်မောင်ရေ ဒီကရှေ့ မူပြောင်းကြဦးစို့နော် (မှန်ပါ့ ဘုရား)။

အေး ကလေးတွေတော့ဖြင့် လိမ္မာယဉ်ကျေးဖို့ မိဘဝတ္တရားတော့ပြောရမှာပဲ၊ ကိုယ့်ကို ဆုံးမဖို့ ကျန်သေးသဟဆိုပြီးတော့ကိုယ့်အရေးကိုယ်လုပ်ကြစမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကလေးတွေ လူလားမမြောက်သေး၊ မလိမ္မာသေးတော့ အပြောမတတ်၊ အဆိုမတတ်၊ အနေမတတ်၊ အထိုင်မတတ် ခက်လိုက်တာလို့ သူများအပြစ်သာ သွားမြင်တယ်၊ ကိုယ်သူတော်ကောင်းအလုပ် မလုပ်ဘဲနဲ့ ဒကာ ဒကာမ တွေက အိုဘေး၊ နာဘေး စောင့်နေတာတော့၊ ကိုယ့်အဆုံးမခက်တာတော့ ဘယ်သူမှ မသိလိုက်ဘူး (မှန်ပါ့ ဘုရား)၊ တယ်လဲဆိုးရွားပါကလား (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ကစပြီး ဒကာ ဒကာမတို့ ဘယ်သူ့ကို ဆုံးမဖို့အရေးတကြီးထားရမယ် (ကိုယ့်ကိုယ်ကိုဆုံးမ ဖို့အရေးတကြီးထားရပါမယ် ဘုရား)၊ မဆုံးမရင် ကိုယ်က ဘာစောင့်နေတာတုံး (အိုဘေးစောင့်နေပါတယ် ဘုရား)၊ ဘေးငါးဘေးစောင့်နေတယ် (မှန်ပါ့ ဘုရား)။

အိုဘေး၊ နာဘေး၊ သေဘေး၊ လူသင်းကွဲတဲ့ဘေး၊ သံဃာသင်းကွဲတဲ့ဘေး (မှန်ပါ့ ဘုရား)၊ ဒါတွေ အကုန်စောင့် တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငတ်မွတ်ခေါင်းပါးတဲ့ဘေး

အိုဘေး၊ နာဘေး၊ သေဘေး၊ တစ်နည်းအားဖြင့်လဲ ငတ်မွတ်ခေါင်းပါးတဲ့ဘေးလဲ သူစောင့်တတ်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (မှန်ပါ့)၊ ငတ်မွတ်ခေါင်းပါးတဲ့ဘေးလဲ တော်တော်ကြာ လာချင် လာပစ်လိုက်တာကို (မှန်ပါ့ ဘုရား)။

အဲဒါနဲ့ အဲဒီ ငတ်မွတ်ခေါင်းပါးတဲ့ဘေး စောင့်လိုက်၊ သံဃာသင်းကွဲတဲ့ဘေး၊ လူချင်းကွဲတဲ့ဘေး စောင့်လိုက် (မှန်ပါ ဘုရား)၊ သူက မလုပ်ဖြစ်တဲ့ဘက်စီ မသွားလား-(သွားပါတယ် ဘုရား)၊ အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ စောင့်လာတာ ဘယ်လောက်ကြာကြပလဲ (သံသရာနဲ့အမျှ ပါ ဘုရား)။ သံသရာနဲ့အမျှစောင့်လာတာ ခုချိန်ထက်ထိလဲ မလိမ္မာသေးဘူး၊ စောင့်နေတုန်းပဲဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မူပြင်ကြပါတော့

ယနေ့ကစပြီး မူပြင်ကြပါတော့ဆိုတာ ဦးထွန်းကျော်တို့ဘုန်းကြီးတို့ဒကာ ဒကာမတွေ ယဉ်ကျေးသည်ထက် ယဉ်ကျေးအောင်လို့ ဆုံးမပါတယ်ဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား)။

ဘုန်းကြီးကဆုံးမတာလား၊ ဒကာ ဒကာမများကပဲ ဒီဘေးငါးဘေးရှိတာကို မင်းတို့သူတော်ကောင်းအလုပ် မလုပ်ရင်စောင့်နေတယ်လို့ပြောတာလား (စောင့်နေတယ်လို့ပြောတာပါ ဘုရား) ရှင်းပြီနော် (မှန်လှပါ ဘုရား)

ကဲ ဒါဖြင့်ဦးခင်မောင် အလုပ်လုပ်ကြစို့ (မှန်ပါ့ ဘုရား)၊ ဒီဘေးတွေသိပြီနော် (မှန်ပါ့)၊ ဒီဘေးတွေသိတဲ့ အခါကျတော့ အလုပ်လုပ်ကြပါစို့တဲ့။

သတ္တဝါအစ အဝိဇ္ဇာ တဏှာက

သတ္တဝါအစ အဝိဇ္ဇာ တဏှာက ဆိုပြီးသကာလ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာမဖြစ်လားဗျာ (ဖြစ်ပါတယ် ဘုရား)။

ခန္ဓာဘယ်နှစ်ပါးဖြစ်ပါလိမ့်-(ငါးပါးဖြစ်ပါတယ် ဘုရား)။

ဪ ပဉ္စဝေါကာကာရဘုံဆိုတော့ ခန္ဓာငါးပါး ဖြစ်တယ်နော်။

(မှန်ပါ့)၊ ပဉ္စဝေါကာရဘုံဆိုတော့ ခန္ဓာငါးပါးကဖြစ်တယ်၊

အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့)။

လူမိုက်များကျတော့ ခန္ဓာငါးပါးနောက်ကနေပြီး အဝိဇ္ဇာသင်္ခါရလာပြန်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ လူမိုက်များကျတော့ ဘာလာပြန်သတုံး (အဝိဇ္ဇာသင်္ခါရ လာပြန်ပါတယ် ဘုရား)။

ဪ အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခသစ္စာကြီးဖြစ်တယ် (မှန်လှပါ ဘုရား)

ဒုက္ခသစ္စာခန္ဓာကြီး ဖြစ်ပြီးသကာလ တင်းမတိမ်တာနဲ့ ဒုက္ခသစ္စာခန္ဓာ ဖြစ်ကြောင်းဖြစ်တဲ့ အဝိဇ္ဇာသင်္ခါရ ပြန်အားထုတ်တယ် (မှန်ပါ့ ဘုရား)၊ မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

ထုတ်လဲ ထုတ်လိုက်တဲ့ အခါကျတော့ ဘယ်သူက ဘာရမယ်ထင်ကြတုံး (ခန္ဓာငါးပါးရပါတယ် ဘုရား)၊ ခန္ဓာငါးပါဟာ ဘာသစ္စာတရားပါလိမ့် (ဒုက္ခသစ္စာတရားပါ ဘုရား)၊

အဲဒီတော့ အဝိဇ္ဇာသင်္ခါရ ပြန်အားထုတ်လိုက်လို့ရှိရင် ခန္ဓာငါးပါး ဒုက္ခသစ္စာရတယ်ဆိုတာ မသေချာဘူး လား လွဲဦးမလားဟေ့ (မလွဲပါ ဘုရား)။

ကဲ အဝိဇ္ဇာသင်္ခါရကြောင့် ဦးခင်မောင်ဘာဖြစ်ကြပါလိမ့် (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား)၊ ခန္ဓာငါးပါးဟာဘာသစ္စာတရားပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပါ

ဪ ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားလို့ ဘုန်းကြီးက ဟောချင်လို့ ဟောရတာမဟုတ်ပါဘူး၊ ဘုရားကဟောချင်လို့ဟောရတာမဟုတ်ပါဘူး၊ သူ့အထဲမှာ ဇာတိကလာသောကြောင့် ဇာတိက တက်လာတဲ့ ခန္ဓာဖြစ်သောကြောင့် ဇာတိကလဲ ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)။

ရင့်ကျက်စရာကကော (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒီအထဲအနာတွေကပါလာလို့ ဗျာဓိကကော (ဒုက္ခသစ္စာ ဘုရား)။

ဒီအထဲ သေတတ်တဲ့ အဆိတ်တွေက ပါလာလို့ မရဏမ္ပိဒုက္ခသစ္စံ-ကလဲပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဟင် ဒုကသစ္စာကြီး ဘယ်သူတည်ထောင်လိုက်ပါလမ့် (အဝိဇ္ဇာကတည်ထောင်တာပါ ဘုရား)။

အဝိဇ္ဇာတဏှာနဲ့သင်္ခါရတွေကတည်ထောင်လိုက်တဲ့အတွက် ခန္ဓာငါးပါးရပြီးသကာလ ဒုက္ခသစ္စာ ဒုက္ခသစ္စာမှန်း မသိပြန်တော့ ဒီခန္ဓာကြီးကို မသိတဲ့အဝိဇ္ဇာက၊ ကိုယ့်ကိုယ်ကို ပြန်မသိတဲ့ အဝိဇ္ဇာက ဦးခင်မောင်ပြန်လာတယ် (လာပါတယ် ဘုရား)။

မသိတော့ခင်ပြန်လာသတဲ့ ကိုယ့်ကိုယ်ကို (မှန်လှပါ ဘုရား)။ ဘာပြန်လာပါလိမ့် (တဏှာ ပြန်လာပါတယ် ဘုရား)။ အဝိဇ္ဇာနှင့် (တဏှာပြန်လာပါတယ် ဘုရား)။

အဝိဇ္ဇာနှင့် တဏှာပြန်လာတော့ သူကတော့ဖြင့် ဒီခန္ဓာဖြစ်ကြောင်းကိုက အလျင်ခန္ဓာကြီးကို မသိတဲ့အဝိဇ္ဇာ နှင့်တွဲတဲ့ တဏှာကြောင့် နောက်ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးမောင်ထွန်းလှိုင်တို့ ဒကာမတို့ မလာရပေဘူးလား (လာရပါ တယ် ဘုရား)။

ဒီမျိုးစေ့ကြောင့် ဒီအပင်ပေါက်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမျိုးစေ့ကြောင့် ဒီအပင်ပေါက်(မှန်ပါ့)၊ မပေါက်ကြဘူးလား (ပေါက်ပါတယ် ဘုရား)၊ ဒီမျိုးစေ့ကြောင့် (ဒီအပင်ပေါက်ပါတယ် ဘုရား)။

အဝိဇ္ဇာတဏှာမျိုးစိတ်ကြောင့် ခန္ဓာဒုက္ခသစ္စာ အပင်ကြီးပေါက်လာတယ် (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ဘာပေါက်ပါလိမ့် (ခန္ဓာမျိုးစေ့အပင်ကြီးပေါက်လာတယ် ဘုရား) ၊ ခန္ဓာဒုက္ခသစ္စာအပင်ကြီး ပေါက်လာတော့ ဘာတွေများသီးလာပါလိမ့်မတုံးလို့ အကဲခတ်လိုက်တဲ့အခါကျတော့ အဝိဇ္ဇာနဲ့ တဏှာပြန်သီးတယ် – (မှန်ပါ့ ဘုရား)။

ဒါတွေက မျိုးစေ့ကျပြီး ဘာပင်တွေများ ပေါက်မှာပါလိမ့် (ခန္ဓာအပင်တွေပေါက်မှာပါ ဘုရား)။

ခန္ဓာငါးပါးဒုက္ခသစ္စာတရားပဲ ပေါက်ပွားလာတယ်ဆိုတာ မသေချာပေဘူးလား (သေချာပါတယ် ဘုရား)။

ဪ – ဒါ လူမိုက်၏လမ်းစဉ် — (မှတ်ပါ့ ဘုရား) ၊ ရိပ်မိကြပလား (မှန်ပါ ဘုရား) ၊ ဘယ်သူ၏ လမ်းစဉ်ပါလိမ့် (လူမိုက်၏ လမ်းစဉ်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ လူမိုက်၏ လမ်းစဉ်ဆိုတာသည် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စ တရားကြီး ပေါက်ပွားလာပါတယ် (မှန်ပါ့ ဘုရား) ၊ ရှင်းကြပလား (ရှင်းပါပြီး ဘုရား)။

ခန္ဓာငါးပါးထဲ သေသေချာချာကြည့် ၊ ဒုက္ခသစ္စာ သူ့ထဲမှာ ဇာတိကတော့ မစဘူးလား (စပါတယ် ဘုရား) ဇာပိတိ။

ဒုက္ခသစ္စာ သူရှိတယ်၊ ဇရာပိ ဒုက္ခသစ္စာကော (လာပါတယ် ဘုရား) ဗျာဓိပိ ဒုက္ခသစ္စကော – (ပါလာပါတယ်)၊ အနာတွေလဲ အပြည့်အစုံ ရှိတယ်၊ မရဏမ္ပိ ဒုက္ခသစ္စံ ကော – (လာပါတယ် ဘုရား)။

ဪ — အဝိဇ္ဇာ သင်္ခါရကြောင့် ဒုက္ခသစ္စာ ခန္ဓာပင်ကြီးပေါက်လာတယ်။ ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား) ဒီခန္ဓာပင်ကြီးက လူမိုက်မှာတော့ ဘာတွေများ သီးလာပါလိမ့်ဗျာ (အဝိဇ္ဇာနဲ တဏှာ သီးပါတယ်) အဝိဇ္ဇာနဲ့တဏှာသီးပြီး မြေပေါ်ကျပြန်တယ် (မှန်ပါ့ ဘုရား)။

ကျပြန်တော့ ဘာပင်တွေများ ပေါက်ဦးမယ် ထင်ကြပါလိမ့် (ဒုက္ခသစ္စာပင်တွေ ပေါက်ပါတယ် ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ ပြန်၍ပေါက်ဦးမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီဘဝ ဒီသားသမီး၏ ကျွန်ခံ ၊ ဟိုဘဝကျတော့ကော (ဟိုသားသမီး၏ ကျွန်ခံရပါမယ် ဘုရား)။

ဒီဘဝ ဒီလင်၏ ကျွန်ခံ ၊ ဟိုဘဝကျတော့ (ဟိုလင်၏ ကျွန်ခံရပါ့မယ်) ၊ ဒကာတွေမှာလဲ ဒီဘဝဒီခင်ပွန်းမ ၏ကျွန်ခံ (ဟိုဘဝ ဟိုခင်ပွန်းမ၏ ကျွန်ခံရပါမယ် ဘုရား)။

နို့ ခင်ဗျားတို့ဟာ ကျွန်ဇာတ်ချည်း ခင်းနေတယ်ဆိုရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား)၊ တော်တော် ကြာအိုဘေး နာဘေးတွေနဲ့ပဲ ဒကာ ဒကာမတွေအချိန်ကုန် ၊ တော်တော်ကြာလဲ အိုဘေး၊ နာဘေးနဲ့ အချိန်ကုန်ဆို တော့ ဒီခန္ဓာကြီးဟာ ဒုက္ခ လမ်းခွဲမှ တစ်ပါး အခြား လမ်းခွဲကို မတွေ့တော့ပါကလား (မတွေ့ပါ ဘုရား) ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

လူလိမ္မာနဲ့ လူမိုက် ဘာထူးတုံး

ကိုင်း ဒါဖြင့် လူလိမ္မာနဲ့ လူမိုက် ဘာထူးတုံးဆိုတော့ ဦးခင်မာင် ဒီကြည့်ပါတဲ့ လူလိမ္မာက အဝိဇ္ဇာတဏှာ မလာဘဲနဲ့ ဝိဇ္ဇာနဲ့ အလောဘ လာတယ်၊ လူမိုက်က ဝိဇ္ဇာလောဘ မလာဘဲနဲ့ အဝိဇ္ဇာနဲ့ တဏှာလာတယ် ရှင်းပလား (မှန်လှပါ ဘုရား)။

လူမိုက်တုန်းကတော့ ဒီနေရာ ဘာတဲ့ဗျာ (အဝိဇ္ဇာနဲ့ လောဘလာပါတယ်) ၊လူလိမ္မာကျတော့ (ဝိဇ္ဇာနဲ့ အလောဘလာပါတယ်) ၊ ဝိဇ္ဇာနဲ့အလောဘ လာတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဪ သူကျတော့ ဒီဘက်ခန္ဓာပင် ပေါက်စရာရှိသေးရဲ့လား (မရှိပါ) ၊ သားတွေ သမီးတွေ၏ ကျွန်သပေါက်ဖြစ်စရာကော – (မရှိပါ) ၊ သေချာကြပလား- (သေချာပါတယ် ဘုရား)။

ဪ ဒါဖြင့် တို့သည်ကားဆိုရင် လူလိမ္မာ ဖြစ်ချင်လို့ရှိရင် ဒီခန္ဓာကြီးက ဝိဇ္ဇာနဲ့အလောက အသီး သီး မူလာလျှင် လိုရာခရီး ပြီးတော့မယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ၊ ဘာအသီး သီးရမယ်၊ (မဂ္ဂင်သီး သီးမှုကိစ္စပြီးမှာပါ) ၊ ဒါဖြင့် ဒီအချိန်မှာ ဒီဆရာသမားတွေနဲ့ ဒီသာသနာကြုံတုန်းကို ဒီအပြောကလေး ပြောရဲတာနော် (မှန်ပါ့ဘုရား )။

နောက်ကျတော့ ကိုယ့်ဉာဏ်ထဲမှာလဲ ပေါ်မယ့်မဟုတ်ဘူးပြောပေးမည့် သာသနာကြီးကလဲ ကွယ်တော့မယ် ဆိုတာကလဲ သိပ်မဝေးကြတော့ပါဘူး (မှန်လှပါ ဘုရား) ၊ သာသနာကကျန်နေပြန်လဲ ကိုယ်က အသေစောလို့ ကွယ်ရမှာကလဲ ရှိပါသေးတယ် (မှန်လှပါ ဘုရား) ၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဖြစ်ပျက်တစ်ခုပဲရှိတော့တယ်

ကိုင်း ဒါဖြင့် လုပ်ကြပါစို့ ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီးမှာ သတိပဋ္ဌာန်လေးပါးနဲ့ ခွဲလိုက်တော့ ခန္ဓာငါးပါးပေမယ့် သတိပဋ္ဌာန်လေးပါးနဲ့ခွဲလိုက်တော့ လေးပါးပဲရှိပါတော့တယ်။ ရုပ်နာမ်နဲ့ခွဲလိုက်တော့ နှစ်ပါးပဲ ရှိတော့တယ် (မှန်ပါ ဘုရား) ၊ သေသေချာချာ ရုပ်နာမ်ကိုပဲ တစ်ခါအနိစ္စနဲ့ခွဲလိုက်တဲ့အခါကျတော့ တစ်ခုသာရှိတော့တယ် (မှန်ပါ့) အနိစ္စနဲ့ ခွဲလိုက်တော့ ဖြစ်ပျက်တစ်ခုပဲရှိတော့တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီတစ်လုံးပဲ ရှုရမှာပေါ့ (မှန်ပါ့ ဘုရား) ၊ ဘာရှုကြမယ် (ဖြစ်ပျက်တစ်လုံးပဲ ရှုရပါမယ်)၊ ဖြစ်ပျက်တစ်လုံးပဲရှုရမယ် (မှန်ပါ့ ဘုရား) ၊ ဝေဒနာရှု ဆိုတာလဲ ဖြစ်ပျက် (မှန်ပါ့ ဘုရား) ၊ စိတ်ရှုဆိုတာဟာ (ဖြစ်ပျက်ပါ ဘုရား) ၊ကဲ ဒါဖြင့် နိဂုံးချုပ်လိုက်တော့ ဒကာ ဒကာမတို့ ဒီတစ်လုံးတည်းများတော့ ခင်ဗျားတို့က ဝန်လေးစရာများရှိသေးလား (မရှိပါ ဘုရား)။

ဒီထက်လဲ ချုံးပြီးပေးစရာလဲ မရှိတော့ဘူး။ ဒါမှ မရှုလို့ရှိရင် အိမ်နေရုံရှိတော့တယ်၊ အိုဘေး၊ နာဘေး၊ သေဘေး စောင့်ရုံရှိတော့တယ် – (မှန်ပါ့ ဘုရား) ၊ ရိပ်မိပလား – (ရိပ်မိပါပြီ ) ၊ ကဲ – ဒါဖြင့် ဒကာ ဒကာမတွေ ဒီအလုပ်အရေးတကြီးလုပ်ကြစို့ရဲ့နော် (မှန်ပါ့ ဘုရား)။

ဝေဒနာရှုရာဌာန သူ့သင်္ချိုင်းရှိတဲ့ ဌာန

ကိုင်း ဒါဖြင့် ဦးခင်မောင်ရေ မနေ့က ဝေဒနာမှာ သစ္စဉာဏ်သာ ပြောခဲ့ရတယ်၊ ကိစ္စဉာဏ် မပြောခဲ့ဘူးနော် (မှန်ပါ့) ၊ မနေ့က ဝေဒနာ ဘယ်ဉာဏ် ပြောခဲ့သတုံး (သစ္စာဉာဏ်ပြောခဲ့ပါတယ်) ကိစ္စဉာဏ် မပြောခဲ့ဘူး (မှန်ပါ့) ကိုင်း- ဒကာ ဒကာမတို့ ဝေဒနာရှုရာဌာနကလေး သူ့သင်္ချိုင်းရှိတဲ့ ဌာနကလေး တစ်ခေါက်တော့ ပြောကြဦးစို့နော် (မှန်ပါ့ ဘုရား)။

မျက်လုံးထဲ မြင်တာကလေး ဟူသရွေ့ ဘာဝေဒနာလဲ (ဥပက္ခာဝေဒနာပါ ဘုရား) ၊ နားထဲကြားတာကလေး ဟူသရွေ့ (ဥပက္ခာဝေဒနာပါ ဘုရား) ၊ နှာခေါင်းထဲ နံတာ ၊ မွှေးတာကလေး ဟူသရွေ့ (ဥပေက္ခာဝေဒနာ ပါ ဘုရား)။

အဲဒါခေါ်တိုင်း ခေါ်တိုင်း ဒါ ဥပေက္ခာ ဝေဒနာကလေးဟာ သူ့နေရာ နှင့် သူ ဒီလေးခုကို ဆိုတဲ့ ဥစ္စာပေါ်တိုင်းပေါ်တိုင်း ဥပေက္ခာဝေဒနာ၏ သင်္ချိုင်းဆိုတာ ဒါကို မှတ်ရမယ် (မှတ်ပါ့ ဘုရား)။ သင်္ချိုင်းဆိုတာ ဒီနေရာမွေး ဒီနေရာသေတာ (မှန်ပါ့ ဘုရား)။

သင်္ချိုင်းဆိုတာ ဘာပါလိမ့် (ဒီနေရာမွေး ဒီနေရာသေတာပါ ဘုရား) ၊ ဒီနေရာမွေး ဒီနေရာ သေတာ သင်္ချိုင်းလို့ခေါ်ပါတယ်- နော် — (မှန်ပါ့) ၊ ကဲ – ဒါဖြင့် ဥပေက္ခာဝေဒနာလေး နေရာတော့ သိသွားပြီ – တဲ့၊ ကိုယ်ပေါ်ကျလာတော့ တစ်ခါတလေခံသာတဲ့အခါ သုခဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား) တစ်ကိုယ်လုံးမှာ သူပေါ်ချင်တဲ့နေရာ ပေါ်တယ် (မှန်ပါ့ ဘုရား)

အဲဒါ သုခဝေဒနာ၏သင်္ချိုင်းဟာ ဦးခင်မောင် ဘယ်နေရာပါလိမ့် (ကိုယ်ပေါ်မှာပေါ်ပါတယ် ဘုရား) တစ်ကိုယ်လုံးဆိုကြပါစို့ ၊ သူပေါ်ချင်တဲ့နေရာ ပေါ်လိမ့်မယ်နော် (မှန်ပါ့)၊ သုခဝေဒနာ ဘယ်နေရာက ပေါ်ပါလိမ့် (တစ်ကိုယ်လုံးမှာ ပေါ်ပါတယ် ဘုရား) ၊ အဲ ပေါ်ချင်တဲ့ နေရာ ပေါ်တယ်၊ တစ်ကိုယ်လုံးဆိုပေမယ့်လဲ ဒကာ ဒကာမတို့ ပေါ်ချင်တဲ့ နေရာကွက်ပေါ်တာနော် (မှန်ပါ့ ဘုရား) ၊ ပေါ်နိုင်တဲ့ ဌာနသာ ပြောပါတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခဝေဒနာဆိုတာလဲ ဒကာ ဒကာမတို့ တစ်ကိုယ်လုံးပဲ (မှန်ပါ့ ဘုရား) ၊ အဲဒီတော့ ဒုက္ခဝေဒနာ၏ မွေးရာဌာန သေရာဌာနဆိုတာကော သိပလား (သိပါတယ် ဘုရား) ၊ သုခဝေဒနာ၏ မွေးရာဌာန သေရာဌာနကော (သိပါတယ် ဘုရား) ၊ ကိုယ်ပေါ်မှာပေါ့ဗျာ (မှန်ပါ့) ၊ ရိပ်မိကြပြီနော် (မှန်ပါ့)။

အနိစ္စရှိတဲ့ နေရာကို အနိစ္စဉာဏ်နဲ့တည့်နေမှ

ဒါကလေးကို ကိုမြရွှေတို့ ကိုဇံရင်တို့ သူနေရာနှင့်သူ သိမှသာလျှင် သင်္ချိုင်း အသုဘရှု မှန်သလိုပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ အသုဘရှုရာကို ဉာဏ်ထဲမှာ အသုဘဖြစ်သလိုပေါ့ဗျာ (မှန်ပါ့ ဘုရား) ၊ ဒီမှာလဲ သူ့အနိစ္စရှိတဲ့ နေရာကို အနိစ္စဉာဏ်နဲ့တည့်နေမှ အနိစ္စ မိတော့မှာပေါ့- (မှန်လှပါ ဘုရား) ၊ အနိစ္စရှိတဲ့နေရာ ဉာဏ်နဲ့ မတည့်လို့ရှိရင် မိကြပါ့မလား- (မမိပါ ဘုရား)။

အဲဒါကြောင့်လဲသေရာဌာနအနိစ္စနေရာကလေးကိုလဲရှေးဦးစွာ ရှင်းလင်းပြီးပြောနေသေးတယ်ဆိုတာကိုလဲ ဦးခင်မောင် မပျင်းနဲ့၊ မှန်ရလိမ့်မယ်- (မှန်ပါ့ ဘုရား) ၊ မမှတ်သင့်ဘူးလား (မှတ်သင့်ပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ အခု ငါးနေရာ နားလည်သွားပြီ – (မှန်ပါ့) ၊ ချမ်းသာတဲ့ဝေဒနာဟာ တစ်ကိုယ်လုံးမှာ ပေါ်တယ်နော်- (မှန်ပါ့ ဘုရား) ၊ ဒုက္ခဝေဒနာ ပေါ်ပြန်ရင်ကော (တစ်ကိုယ်လုံးမှာ ပေါ်ပါတယ်)၊ အဲ ပေါ်ရာကို ကျုပ်တို့က လိုက်ရလိမ့်မယ် (မှန်ပါ့)။

ကဲ- တစ်ခါသွားလိုက်ပါဦးတဲ့၊ သောမနဿဝေဒနာဆိုတော့ ဝမ်းသာတယ်ဆိုတာ ခင်ဗျားတို့ဝမ်းထဲက သာတာ – (မှန်ပါ့)၊ အဲဒီတော့ ဟဒယဝတ္ထုပေါ်မှာ ဝမ်းသာတဲ့စိတ်ကလေးပေါ်တော့ ဪ – သောမနဿကလေးဟာ ဝမ်းသာတာကလေးဝမ်းထဲမှာဖြစ်ပြီး ဝမ်းထဲမှာ ပျက်ဖို့ပဲလို့ နေရာကလေးမှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကျုပ် ဒေါမနဿ ဖြစ်လိုက်တာ ဆိုတော့ကော မရှိဘူးလား- (ရှိပါတယ်)၊ အဲ ဒေါမနဿဝေဒနာကလဲ အတူတူပဲ ဒကာ ဒကာမတို့ ဝမ်းထဲမှာဖြစ်ပြီးတော့ (ဝမ်းထဲမှာ ပျက်ပါတယ်)၊ ဝမ်းထဲမှာပဲပျက်တယ်၊ သူတို့ကို ဖြစ်ပျက်ရှု မယ်ကြံလို့ရှိရင် ဝမ်းထဲ ဉာဏ်ကလေးလှည့်ရမယ်- (မှန်ပါ့ ဘုရား) ရှင်းကြပလား- (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဝမ်းထဲမှာလဲ ဥပေက္ခာဝေဒနာ ပေါ်တာကာလေးရှိသေးတယ်တဲ့၊ ဒကာ ဒကာမတွေအားလုံး ဒီကမ္မဿကာထားတဲ့အခါတွေကော မပါဘူးလား – (ပါ ပါတယ် ဘုရား)။

အဲ- ကမ္မဿသကာ ထားတဲ့အခါကျလို့ရှိရင် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ၊ အို ဘယ်သူသေပြန် သတဲ့။ ဪ ကံအမိ၊ ကံအဖ မတတ်နိုင်ဘူး၊ ကံစီမံသလို ခံရုံပဲ ၊ ဘယ်လိုစိတ်မူမပေါ်ဘဲနဲ့ ဒီအသံကလေးချည်း ထွက်နေလို့ရှိရင်ဖြင့် ဥပေက္ခာ စိက်ကလေးလို့ သေသေချာချာ မှတ်ထားစမ်းပါနော် (မှန်ပါ့ ဘုရား)။

ကမ္မဿကာထားနိုင်တဲ့ ဝမ်းထဲမှာပေါ်တဲ့ စိတ်ကလေးဟာ ဘာပါလိမ့််- (ဥပေက္ခာစိတ်ပါ ဘုရား) ၊ ဥပေက္ခာ ဝေဒနာ လို့မှတ်လိုက် – (မှန်ပါ့ ဘုရား) ၊ ဒါဖြင့် ဝမ်းထဲမှာ သောမနဿကောမပေါ်ဘူးလား- (ပေါ်ပါတယ် ဘုရား)။

ဒေမနဿကော (ပေါ်ပါတယ် ဘုရား)။

ဥပေက္ခာကော (ပေါ်ပါတယ် ဘုရား)။

အင်း – ဟင် – ဒါဖြင့် သောမနဿ ပေါ်ရင် ဝမ်းထဲမှာရှုရလိမ့်မယ်။ ဒေါမနဿပေါ်ရင် – (ဝမ်းထဲမှာ ရှုရပါမယ်)။

ဥပေက္ခာပေါ်ရင် (ဝမ်းထဲမှာရှုရပါမယ်) ၊ ဝမ်းထဲမှာပဲ ရှုရမယ်၊ အခုနက ပြောခဲ့တဲ့ ဝါးနေရာမှာကော (ရှုရပါမယ်)။

အဲ – ပေါ်ရာလိုက်ရမှာပေါ့ဗျာ (မှန်ပါ့ ဘုရား) ၊ ဦးခင်မောင် သုခဒုက္ခကျတော့ ဘယ်လိုက်ကြမယ် (ကိုယ်ပေါ် လိုက်ရပါ့မယ် ဘုရား)။

ဝေဒနာချုံးလိုက်တဲ့အခါကျတော့

အဲ – သိထားတော့ ဪ – ဝေဒနာ ပေါ်ရာဌာန သိပြီလို့ဆိုတော့မူ ဝေဒနာချုံးလိုက်တဲ့အခါကျတော့ ဝေဒနာသည် ပေါ်ရာဌာနသာ ပြားတယ်၊ ချုံးပြီးကာလ ဒကာ ဒကာမတွေ ဟောကြပါစို့ဆိုတော့ သောမနဿနဲ့ သုခပေါင်းလိုက်တော့ အဲဒါ သုခဝေဒနာ (မှန်ပါ့ ဘုရား)။

ဒေါမနဿနဲ့ ဒုက္ခ ပေါင်းလိုက်တဲ့အခါ ကျတော့ ဒုက္ခဝေဒနာ – (မှန်ပါ့ ဘုရား) ၊ ဥပေက္ခာတွေ ထပ်ပေါင်း လိုက်တော့ (ဥပေက္ခာဝေဒနာပါ ဘုရား) ၊ ဝေဒနာဟာ သုံးမျိုးပဲ ရှိပါတယ် (မှန်ပါ့ ဘုရား) ၊ ရှင်းပလား (ရှင်းပါပြီ) ၊ ဝေဒနာ ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ဒါဖြင့် ဒီဝေဒနာသုံးမျိုး တစ်ခုခု အမြဲရှိတယ် (မှန်ပါ့ ဘုရား) ၊ ဦးခင်မောင်ရေ တစ်ခုခုတော့ဖြင့် (အမြဲရှိပါတယ် ဘုရား) ၊ တစ်ခုခု ရှိမယ်ဆိုတော့ ဘယ်အချိန်နှင့် လက်ညှိုးထိုး ထိုးေ ဝေဒနာ ကင်းကြရဲ့လား (မကင်းပါ ဘုရား) ၊ ဘယ်အချိန် ခန္ဓာကိုယ် လက်ညှိုးထိုး, ထိုး ဝေဒနာကင်းကြပါရဲ့လား (မကင်းပါ ဘုရား)။

ဪ- ဒါဖြင့် ဒီ ဒကာ ဒကာမတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းကြရဲ့လားလို့မေးတယ် ဘယ်နှယ်ဖြေရမလဲ (မကင်းပါ ဘုရား)။

အန္တရာယ်မကင်းပါဘူး

အန္တရာယ်မကင်းပါဘူး (မှန်ပါ့ ဘုရား)။

ဝေဒနာတွေနဲ့ချည်းပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘာတွေနဲ့ နေကြရသလဲ (ဝေဒနာတွေနဲ့ နေရပါတယ် ဘုရား)။

ဝေဒနာတွေနဲ့ နေကြလို့ပေါ့ ဒကာ ဒကာမတွေ ခုစဉ်းစားကြည့်ပါလား၊ တရားနာတာ နာရီသုံးမတ်လောက် ရှိပြီပဲ ထားပါတော့ ဝေဒနာ ထတာနဲ့ ဟိုနေရာကလေး စောင်းလိုက်ရ ၊ ဒီနေရာကလေး ပြောင်းလိုက်ရ ၊ လက်ကလေး ငြိမ်ငြိမ်မနေနိုင်လို့ ဟိုဖျောက်လိုက်ရ ၊ ဒီဖျောက်လိုက်ရ ၊ ဟိုအထည် ကလေး ဆွဲခြုံလိုက်ရ ၊ ဒီအထည်ကလေး ဆွဲခွါ လိုက်ရ မလာဘူးလား (လာပါတယ် ဘုရား)။

ဟ ဒကာ ဒကာမတွေ ငြိမ်ငြိမ်နေစမ်းပါ၊ ဘာဖြစ်လို့တုံးမေးတော့ ဝေဒနာကြွလို့ဘုရား (မှန်ပါ့) ၊ ဘယ်လိုဆိုကြပါ့မလဲ (ဝေဒနာ ကြွလု့ိပါ ဘုရား) ၊ ဒါပဲ ၊ ဘယ်သူမူ ငြိမ်ငြိမ်မနေနိုင်ကြဘူး၊ ရိပ်မိပလား (မှန်ပါ့ ဘုရား) ၊ ဘာဖြစ်လို့တုံးလို့မေးတော့ (ဝေဒနာသည်တွေမို့ ပါ ဘုရား) ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာဖြစ်ကြပါလိမ့် (ဝေဒနာသည်တွေမို့ပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ အန္တရာယ်ဖြစ်လို့သာ ယပ်တောင်ကလေး ခတ်ကာခတ်ကာနဲ့နေတာ မကင်းလို့ ခတ်နေတာလား (မှန်ပါ့ ဘုရား)၊ ခတ်တော့ ဒုက္ခဝေဒနာ ရောက်နေတာနဲ့ ယပ်တောင်ခတ်ရတာ- (မှန်ပါ့ ဘုရား)၊ ကျုပ်တို့ ဒီလိုနေနိုင်တာ တော်သေးရဲ့၊ ဟ ဒီလိုမနေနိုင်လို့ ခတ်နေတာချည်း ဘယ့်နှယ်ဖြစ်နေရတာတုံး၊ ရိပ်မိကြပလား (မှန်ပါ့ ဘုရား)။

ဒီနားကနေပြီး ဟိုနားခဏ ထိုင်လိုက်ပါဦးလား၊ ကျုပ်ဟိုနား ခဏသွားလိုက်ဦးမယ်၊ လူတော့ ကျန်းမာပါတယ် ဘယ်ကျန်းမာရမတုံး ဒကာ ဒကာမတို့ ကုဋီ သွားချင်တဲ့ဝေဒနာပေါ်နေတယ် (မှန်ပါ့ ဘုရား) ၊ ကျင်ငယ် စွန့်ချင်တဲ့ဝေဒနာ (ပေါ်ပါတယ် ဘုရား) ၊ ထိုင်လိုက်ပါဦးတဲ့ ကျုပ်ကတော့ ကျန်းမာတော့ ကျန်းမာပါတယ်၊ သို့သော် မလွဲသာတာကလေး ရှိနေလို့တဲ့ (မှန်ပါ့ ဘုရား)

ဒါ ကျန်းမာတာလား မကျန်းမာတာလား ပြော – ပြောပါဦး (မကျန်းမာတာပါ ဘုရား) ၊ မကျန်းမာတာ ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ၊ ကဲဗျာ – ဒီဧည့်သည်နဲ့ပဲ တော်တော်ကြာတော့ ခေါ်ပြီး ကော်ဖီ ကလေးသောက်ကြဦးစို့ – ဆာလောင်ကုန်ကြရော့မယ်၊ အချိန်လွန်သွားပြီဆိုတော့ နေကောင်းတုန်း စားနိုင်တာနော် ဆိုပြီး နေကောင်းတုန်း ပြောလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ဟိုဝေဒနာရောက်နေတာ သူသိမှမသိဘဲ (မှန်ပါ့ ဘုရား)၊ နေကောင်းလို့ စားရတာလား- မကောင်းလို့ စားရတာလား- (မကောင်းလို့စားရတာပါ ဘုရား) ၊ သဘောကျပလား (ကျပါပြီ ဘုရား) ၊ ကောင်းလို့ စားရတာလား မကောင်းလို့ စားရတာလား (မကောင်းလို့ စားရတာပါ ဘုရား)။

မကောင်းလို့ပေါ့ ၊ ဆာတဲ့အနာ ပေါက်လာလို့ ဆာတဲ့အနာကို ကုရတဲ့အလုပ်ကြီး တစ်ခု ဒါကို နေကောင်းတုန်းစားနိုင်ကြတာ မင်း ဒါကလေးစားလိုက်စမ်းပါ များတောင်လောကွတ်ချော်လိုက်သေးတယ်- (မှန်ပါ့ ဘုရား) ၊ တကယ်ကိုခက်တဲ့ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ ဝေဒနာကင်းသတုံး

အဲဒီတော့ ဒီအထဲ ဘယ်သူ ဝေဒနာကင်းသတုံး (မကင်းပါ ဘုရား) ၊ အခု အိမ်က ဆေးကုပြီး လာခဲ့ကြရတာ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) ၊ တချို့ပြန်မှ ကုကြရမယ်နော်- (မှန်ပါ့ ဘုရား) ၊ တချို့ပြန်မှကုရမှာ ထမင်းမစားရသေးဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ) တချို့ကျတော့လဲ ကုပြီးလာခဲ့ရတယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ကြီး – ကုပြီးခဲ့ပလား – (ကုပြီးခဲ့ပါပြီ) ၊ ကုပြီးခဲ့ပြီဟုတ်လား (တင်ပါ့ ဘုရား)။

အဲဒါကြောင့် ဘယ်အခါမှ ဝေဒနာ မကင်းဘူးဆိုတာ ဒကာ ဒကာမတွေ သိကြမလား (သိကြပါပြီ) ၊ အဲဒီတော့ အဲဒီဝေဒနာကလေးတွေဟာ ဒကာ ဒကာမတွေ ဗိုင်းဗိုင်းလဲမူ ဝေဒနာဆိုတာ ခွေးသိဝက်သိဝေဒနာလို့ မှတ်လိုက်စမ်းပါ- (မှန်ပါ့ ဘုရား) ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဗိုင်းဗိုင်းလဲလာတော့လဲ ဦးခင်မောင်ခွေးလဲ အော်နေတာပဲ- (မှန်ပါ့) ၊ မအော်ဘူးလားဗျာ- (အော်ပါတယ် ဘုရား) အဲဒီကျမှ ကျုပ်ဖြင့် ဝေဒနာရောက်နေလို့ ကယ်ကြပါဦး ယူကြပါဦးဆိုတော့ ဪ – ဒါကတော့ ခက်ပါသေးတယ်။ ဝိပဿနာရှုလို့ရတဲ့ ဝေဒနာလား ၊ အနာဘေးစောင့်လို့ အနာတွေ့တာလား (အနာဘေးစောင့် လို့ အနာတွေတာပါ ဘုရား)။

အနာဘေးစောင့်လို့ အနာတွေ့တာ ဒကာ ဒကာမတွေ လိုရင်းမဟုတ်ဘူးတော် (မှန်ပါ့) ၊ အဲဒီတော့ ဉာဏ်နဲ့ ရှု့ရမည့် ဝေဒနာက ဆာရင် ဆာတဲ့နေရာ ဒေါမနဿဝေဒနာ ပေါ်တယ် (မှန်ပါ့) ၊ ဝမ်းထဲက ဟာလာပြီဆိုမှဖြင့် စိတ်ထဲ ဘယ့်နှယ်ဖြစ်လာသလဲ (ဒေါမနဿ ဖြစ်လာပါတယ်)

ထမင်းကလဲ မကျက်နိုင်သေး၊ ချက်တဲ့လူကလဲ ခပ်နှေးနှေးနဲ့ဆိုရင် ဘယ့်နှယ်များ ဖြစ်လာကြသလဲ (ဒေါမနဿ ဖြစ်လာပါတယ်) ၊ အဲဒါဘာလုပ်ရမလဲ (ဒေါမနဿ ဝေဒနာ ရှုရပါမယ်) ဒေါမနဿ ဝေဒနာကို တစ်ခါတည်း မြန်မြန် ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)။

ဒီဝေဒနာ မရှုလိုက်လို့ရှိရင် ဒေါမနဿဝေဒနာ မရှုလိုက်လို့ရှိရင် သောက ကျုပ်တော့ မစားရရင် ကျုပ်က လေနာတတ်တယ်၊ လာပြီး သောက က မလာဘူးလား (လာပါတယ် ဘုရား) ၊ သောကဟာ လာပြီဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကျုပ်ဖြင့် ငိုများငိုချင်တယ်ဆိုပြီး မျက်ရည်သုတ်ကာသုတ်ကာ လာသေးတယ်။ ပရိဒေဝ – (မှန်ပါ့) ၊ မလာဘူးလား လာသလား (လာပါတယ် ဘုရား) ၊ ဟော – သောက ပရိဒေဝ ကိုယ်ကလဲ လှဲအိပ်ချင်တဲ့ သဘောကလေး မလာဘူးလား ဒုက္ခ (လာပါတယ် ဘုရား) ၊ ဒီလိုဖြင့် ခက်ရချည်ရဲ့ဆိုတဲ့ ဒေါမနဿကော (လာပါတယ် ဘုရား)။

ဒါတွေဟာ ဒကာ ဒကာမတို့ သောက, ပရိဒေဝ, ဒုက္ခဒေါမနဿ, ဥပါယာသ ဆိုတာတွေ မလာဘူးလား (လာပါတယ် ဘုရား) ၊ အဲဒါ ဒုက္ခဝေဒနာကို ဖြစ်ပျက်မရှုလို့ ခင်ဗျားတို့အပါတယ်သွားတော့မလို့ တန်းလိုက်တာ (မှန်ပါ့ ဘုရား)။ ထမင်းစားရတာနဲ့ ထမင်းမစားရသူ အပါယ်သွားတော့မယ်- (မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပာယ် မရောက်ဘူးလား – ရောက်သလား (ရောက်ပါတယ် ဘုရား) ၊ ဒီအထဲမှာ မသိလို့ဖြစ်တဲ့ အဝိဇ္ဇာကပါပြီးသား မနေဘူးလား (နေပါတယ် ဘုရား) ၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာ – (သင်္ခါရာပါ ဘုရား) ၊ သင်္ခါရပစ္စယာ အပါယ်လေးပါး (မှန်လှပါ ဘုရား) ၊ ဒါပဲရှိတော့တယ်၊ ဒီပြင် ဘာရှိသေးသလဲ (မရှိပါ ဘုရား)။

အပါယ်သွားတာ

ဒါကြောင့် ခင်ဗျားတို့ ထမင်းမစားရတာသည် ကျုပ်ဖြင့် စိတ်များပျက်ပါပေါ့လို့ စိတ်ပျက်မနေနဲ့ အပါယ်သွားတာ (မှန်ပါ့ ဘုရား) ၊ ရိပ်မိပလား- (ရိပ်မိပါပြီ) ဒါဖြင့် ဆာလောင်လာတဲ့ ဒေါမနဿဖြစ်လာရင် ဘာလုပ်ကြမယ်- (ဖြစ်ပျက်ရှုရပါမယ်) ၊ ဝမ်းထဲရှုနော် (မှန်ပါ့) မျက်လုံးက ဆာတာမဟုတ်ဘူးဦးခင်မောင်- (မှန်ပါ့ ဘုရား) ၊ ဝမ်းထဲကဆာတာ – ဝမ်းထဲက ဒေါမနဿဖြစ်တာမို့ ဘယ်ရှုရမလဲ (ဝမ်းထဲရှုရမှာပါ)။

မရှုလို့ရှိရင်ဖြင့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရ လာမအား ၊ မလာဘူးလား (လာပါတယ် ဘုရား) ၊ သံသရာတောက်လျှော်က မသွားသေးဘူးလား – (သွားပါတယ် ဘုရား) ၊ အဲဒီတော့ ကျုပ်တို့ ထမင်းစားဆာတာ ကျုပ်ဖြင့် စိတ်များပျက်ပါပေါ့လို့ တချို့မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဦးခင်မောင် ခင်ဗျားကလဲ ပြန်လာတဲ့အခါ အိမ်ကလဲ မချက်ရသေးဘူးဆိုရင် ဘယ့်နှယ်ဖြစ်နေသလဲ (စိတ်ပျက်ဒါတယ် ဘုရား) ၊ ဒေါမနဿမဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား)။

ဖြစ်ပါအခါကျတော့ ကိုယ်က ဒေမနဿ ဖြစ်တာ ကိုယ်ဒေါမနဿ ကိုယ်မရှုမိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ပစ္စပ္ပန်မှာလဲ ခန္ဓာကိုယ်ကြီးဟာ အရုပ်တွေ အကုန်ပျက်ပြီး အရုပ်မဆိုးဘူးလား (ဆိုပါတယ် ဘုရား)။ ဒီစိတ်တွေကလဲ အပါယ်မပို့ကြဘူးလား (ပို့ပါတယ် ဘုရား)။

ဝေဒနာ မနိုင်တဲ့အတွက်

ဒါ- ဝေဒနာ မနိုင်တဲ့အတွက် (မှန်ပါ့ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ၊ ဒါဖြင့် ဆာလောင်တိုင်း ဆာလောင်တိုင်း ဘာလုပ်ရမလဲ (ဝေဒနာရှုရပါမယ် ဘုရား) ၊ သဘောကျပြီနော် (မှန်ပါ့) ၊ ဆာလောင်တိုင်း ဖြစ်ပျက်ရှုရလိမ့်မယ်ဆိုတာပေါ်ကြပလား – (မှန်ပါ့) ဆာလောင်တိုင်း ဖြစ်ပျက်ရှုရ လိမ်မယ်ဆိုတာပေါ်ကြပလား (မှန်ပါ့) ၊ ဆာလောင်တော့ ဒေါမနဿ ဝေဒနာပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။ ဆာလောင်တော့ မပျက်ခင် ဘာဖြစ်ကြသလဲ (ဒေါမနဿ ဝေဒနာ ပေါ်ပါတယ် ဘုရား)။

တစ်ခါဆာလောင်ပြီးသကာလ လာပြန်တဲ့အခါကျလို့ရှိရင်ဖြင့် ထမင်းကလေး ဆာလာတယ်၊ ကျုပ်ထမင်း ဆာလာတဲ့စိတ်ကလေးရှိလာတယ်၊ အရင်များ ထမင်းစားချင်တဲ့စိတ် မရှိဘူး ၊ ခုတော့ စားချင်တဲ့စိတ်ကလေးရှိတော့ ဝမ်းသာရသေးတယ်ဆိုတာကော မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ဒီပုဂ္ဂိုလ်ကျတော့ သောမနဿ လာပြန်တယ် (မှန်ပါ့ ဘုရား) ၊ သောမနဿ ဝမ်းထဲမလာပေဘူးလား (လာပါတယ် ဘုရား) ၊ အဲဒါဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ အကယ်၍ သောမနဿ မရှုမိလို့ရှိရင်လဲ စားရလို့ သဘောကျတယ်ဆိုတဲ့ တဏှာဥပါဒါန် – (မှန်ပါ့) ၊ အင်း – ဟင် – ကာယကံ ဝစီကံနဲ့ ထမင်းလုတ်ကြီးကြီးလွေးတာလေး (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား) ၊ လာတော့ ကမ္မပစ္စယာ (ဇာတိပါ ဘုရား)။

သွားပါပြီကောဗျာ (မှန်ပါ့ ဘုရား) ၊ ထမင်းဆာလိုက်တာအပါယ်ရောက်ကရော (မှန်ပါ့ ဘုရား) ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ထမင်းဆာလိုက်တာ ဘယ်ရောက်သွားသတုံး- (အပါယ်ရောက်သွားပါတယ်) ၊ ခုနက ထမင်းမကျက်လို့ အပါယ်တစ်ခေါက် ရောက်ခဲ့ပြီ (မှန်ပါ့)။

အခုထမင်းဆာလို့ မြိန်တာနဲ့ ဘယ်ရောက်သွားပြန်သတုံး (အပါယ်ရောက်သွားပါတယ်) ၊ ဪ ခင်ဗျားတို့ ထမင်းစားတာ သနားစရာကြီးပါလား၊ အပင်းမျိုနေတာ (မှန်ပါ့ ဘုရား) ၊ ဒီအဓိပ္ပါယ်မကျဘူးလား ကျသလား (ကျပါတယ် ဘုရား) ၊သေသေချာချာစဉ်းစားနော် ဦးခင်မာင် (မှန်ပါ့)

ဒါက သဘောပါတဲ့ တရားဆိုတော့ ဦဝ ရိပ်မိရဲ့လား – (ရိပ်မိပါတယ် ဘုရား)။ မောင်ထွန်းလှိုင် ဒီစိတ်စဉ် တန်းက လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာတွေ တန်းမသွားဘူးလား

မလွဲတော့ ဒီအတိုင်းအကျိုးပေးရမယ်။ ဒါဟာ ဒီခန္ဓာပြီး ဒီခန္ဓာ ၊ ဒီခန္ဓာပြီး ဒီ ခန္ဓာ ရမှာပဲ (မှန်ပါ့ ဘုရား) ၊ ခန္ဓာတွေ တန်းမသွားဘူးလား- (သွားပါတယ် ဘုရား) ၊ ဟောဒါက တဏှာ သင်္ခါရက္ခန္ဓာ၊ ဥပါဒါန် – သင်္ခါရက္ခန္ဓာ၊ ကံသင်္ခါရက္ခန္ဓာ ၊ ဟော – ခန္ဓာတွေ တန်းတန်းမသွားဘူးလား- (သွားပါတယ် ဘုရား)။

ဟော- ခန္ဓာတွေ တန်းပြီးသကာလ စုတေမန သေလွန်တော့ အပါယ်ခန္ဓာ မပေါ်ဘူးလား (ပေါ်ပါတယ်) ခန္ဓာ အဆက်ပြတ်သေးရဲ့လား (မပြတ်ပါ) ၊ ဒါဖြင့် ဒုက္ခတန်းသွားတယ် (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ထမင်းစားလို့ကောင်းတဲ့ သဘောကလေးဟာလဲ ဒကာ ဒကာမတို့ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်)၊ အို ကျုပ်တော့ဖြင့် မြိန်တာနဲ့ ဘေးက ပုဂ္ဂိုလ်က ဝမ်းသာတာက တစ်နျိုး ၊ စားရတဲ့ ပုဂ္ဂိုလ်က ပြုံးတာက တစ်မျိုးဆိုတော့ နှစ်ယောက်စလုံး စုံသွားမလို့ ဆုံကြတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ကလဲ ဧည့်ခံကောင်းပေါ့ဗျာ၊ ဟိုကလဲ လောကွတ်ကောင်းပေါ့ဗျာ (မှန်ပါ့)။ ဦးခင်မောင် ဒီလိုမှ မတွဲလို့ရှိရင် လောကကြီးဟာ စုံတွဲအပါယ်သွားစရာမရှိဘူး (မှန်ပါ့)။ အတော်မဆိုးဘူးလား (ဆိုးရွားပါတယ်)။

အဲဒါ ဉာဏ်နဲမှ သိတာနော် (မှန်ပါ့ ဘုရား)။ အဲဒီတော့ တစ်ယောက်တည်းစား ၊ တစ်ယောက်တည်း နေ၊ တစ်ယောက်တည်းစိတ်ကူး၊ တစ်ယောက်တည်း ကမ္မဋ္ဌာန်းရှုတာ ကောင်းတယ်ဆိုတာမပေါ်သေးဘူးလား (ပေါ်ပေါက်တယ် ဘုရား) ၊ လောကွတ်မလုပ်ရင်လဲ လောကကြီးက တော်ပါ့မလား (မတော်ပါ ဘုရား)။

မလုပ်ဘဲနေပြန်တော့လဲ မျက်နှာမကောင်းဘူး – (မှန်ပါ့)။ အဲဒီတော့ မျက်နှာမကောင်းတာနဲ့ အပါယ်ကျတာ ဘယ်ဟာကြိုက်သတုံး- (မျက်နှာမကောင်းတာ ကြိုက်ပါတယ်) ၊ ဟာမျက်နှာမကောင်းတာ ကြိုက်တယ်လို့ လာပြန်ပြီ။

တော်တော်ကြာ မျက်နှာမကောင်းလို့ရှိရင် လင်နဲမယား ရန်ဖြစ်မှာက ရှိသေးတယ်။ မင်းကိုက ဧည့်ခံ သိပ်ညံ့တာကို ဒီကျတော့လဲ လောကဘေးက သင့်နေပြန်တယ် (မှန်ပါ့)။ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

အင်မတန် ကြမ်းပါတယ်။ ဒါကြောင့် တစ်ယောက်တည်း နေ ၊ တစ်ယောက်တည်းစား၊ တစ်ယောက်တည်း ကျင့် တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုဆုံးမရတာ အကောင်းဆုံးလို့ ဘုရားက ဟောတော်မူတာ၊ ဥိးဝ ရိပ်မိလား- (ရိပ်မိပါပြီ ဘုရား)။ ကဲ အခု ထမင်းဆာတာနဲ့ပဲ စားလို့ကောင်းတော့ သာယာတာ တဏှာစွဲလမ်းတော့ ဥပါဒါန် ကာယကံ၊ ဝစီကံ နဲ့ များများလေး ယူမိတဲ့အခါကျတော့ ဦးခင်မောင် ကမ္မဘဝ (မှန်ပါ့)

စုတေမနေ သေလွန်တော့- (အပါယ်ဇာတိပါ ဘုရား)။ အပါယ်ဇာတိ မလာဘူးလား (လာပါတယ် ဘုရား) မဆိုရွားဘူးလားဗျာ (ဆိုးရွားပါတယ် ဘုရား) ၊ အဲဒါ ဝေဒနာလမ်းက သွားနေတာ (မှန်ပါ့ ဘုရား)၊ ဒါကြောင့် ဝေဒနာနောက်က တဏှာလိုက်တယ်ဆိုတဲ့ဥစ္စာ အင်မတန် သေချာပါတယ်၊ အပါယ်သွားတာနော် (မှန်ပါ့ ဘုရား)။

ကဲ – တစ်ခါ ဥပေက္ခာဝေဒနာ ပေါ်လာတဲ့အခါကျတော့ ဒကာ ဒကာမတွေ စဉ်းစားပါ၊ ဥပေက္ခာဝေဒနာ ဆိုတာက မျက်လုံးမှာ ပေါ်တယ်၊ ဥပေက္ခဝေဒနာ ဆိုတာက မျက်လုံးမှာ ပေါ်တယ်၊ မြင်တော့ မြင်လိုက်တာပဲ၊ မြင်တာကလေးကို ဥပေက္ခာဝေဒနာ ဖြစ်ပျက်မရှုမိဘူး – (မှန်ပါ့) မရှုမိတဲ့အခါကျတော့ ဥပေက္ခာဖြစ်တာ ဖြစ်ပျက် သိလိုက်သေးရဲ့လား (မသိပါ့ ဘုရား)။

ဥပေက္ခာဝေဒနာ မသိတော့

ဥပေက္ခာဝေဒနာ မသိတော့ အဝိဇ္ဇာ – (မှန်ပါ့) ဖြစ်ပျက်ကို မသိလိုက်ဘူး (မှန်ပါ့ ဘုရား)၊ ဥပေက္ခာဝေဒနာဟာ ကိုယ်ခန္ဓာ မဟုတ်လားဗျာ- (မှန်လှပါ) ၊ ကိုယ့်ဝေဒနာက္ခန္ဓ (မှန်ပါ့) ၊ အဲဒါ သိလိုက်သေးရဲ့လား (မိသလိုက်ပါ) ၊ ဒါဖြင့် ကိုယ့်အသေ ကိုယ်မသိတဲ့အခါကျတော့ သူ့ကို ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ဟော ခန္ဓာငါးပါးဆိုတဲ့ ဇာတိ, ဇရာ, မရဏ, လာထိုက်မလာထိုက် (လာထိုက်ပါတယ် ဘုရား) ၊ ဒါဖြင့် ဒီဝေဒနာသုံးပါးကို ခင်ဗျားတို့ အသုံးမချတတ်လို့ရှိရင်ဖြင့် ဒီဝေဒနာတွေသည် ခင်ဗျားတို့ကို အပါယ်ပို့တဲ့ ဝေဒနာတွေ (မှန်လှပါ) သဘောကျလား (ကျပ်ပါပြီ ဘုရား)။

ဝေဒနာနောက်ကနေပြီ မဂ္ဂင်သာလိုက်ပေး

အသုံးချတတ်တော့လဲ လွတ်လိုက်တာ ဒကာ ဒကာမတို့ ဝေဒနာနောက်ကနေပြီ မဂ္ဂင်သာလိုက်ပေး၊ ပညာသာလိုက်ပေးပါဆိုတော့ သုခသာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါတယ် ဘုရား)။

ဒုက္ခလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဥပေက္ခာလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ဆိုတော့ ဖြစ်ပျက်မဂ် – ဖြစ်ပျက်မဂ် – ဖြစ်ပျက်မဂ်ဆိုတော့ တန်းနေတယ်- (မှန်ပါ့) ၊ မတန်းဘုးလားတဲ့ (တန်းပါတယ် ဘုရား) ၊ သံသရာဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်ပါတယ်နော် (မှန်ပါ့)။

ဒါထက် ဝေဒနာနုပဿနာက ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဆဆက္ကသုတ်တို့မှာ သုခဝေနာနောက် တဏှာမသေဘဲနဲ့ နိဗ္ဗာန်ရောက်တယ်လို့ ငါ တစ်ခါမှ မဟောဘူးတဲ့ – (မှန်လှပါ ဘုရား)။

ဒုက္ခဝေဒနာနောက်က ဒေါသရှိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ နိဗ္ဗာန်မရောက်ဘူးကွ- တဲ့၊ နိဗ္ဗာန်ရောက်လိမ့်မယ်လို့လဲ ငါတစ်ခါမှ မဟောဘူး တဲ့ (မှန်ပါ့)။

ဥပေက္ခာ ဝေဒနာနောက်က ဒကာ ဒကာမတို့ အဝိဇ္ဇာ လိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ နိဗ္ဗာန် ရောက်လိမ့် မယ်လို့ ငါတစ်ခါမှ မဟောဘူးတဲ့ (မှန်ပါ့) ၊ သေချာကြပလား (သေချာပါပြီ) ၊ အင်မတန် မဆိုးရွား ဘူးလား (ဆိုးရွားပါတယ်) ၊ ဒါဖြင့် သုခဝေဒနာနောက်ထလှဲ တဏှာမလိုက်အောင်လုပ်ရလိမ့်မယ် (မှန်ပါ့) ၊ ဒုက္ခဝေဒနာနောက်က ဒေါသမလိုက်အောင် (လုပ်ရပါမယ်) ၊ ဥပေက္ခာဝေဒနာနောက်က (အဝိဇ္ဇာမလိုက်အောင် လုပ်ရပါမယ် ဘုရား)။

မဂ်လိုက်အောင်လုပ်ပါ

အဝိဇ္ဇာမောဟမလိုက်အောင် လုပ်ရမယ်- (မှန်ပါ့ ဘုရား) ဒါဖြင့် ဝေဒနာနောက်က လောဘ, ဒေါသ, မောဟ မလိုက်အောင် လုပ်ရလိမ့်မယ် (မှန်လှပါ ဘုရား) ၊ ဒါဖြင့် မဂ်လိုက်အောင်လုပ်ပါ။ မဂ္ဂင်ငါးပါးလိုက်အောင် လုပ်ကြပါ (မှန်လှပါ ဘုရား) ၊ ရှင်ကြပလား (ရှင်ပါပြီ)

ကိုင်း ဒါဖြင့် ဒီဝေဒနာမည်မျှလောက် ဆိုးတယ်ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ကို ရှင်းပါမယ်တဲ့၊ ဒကာ ဒကာမတို့ ဝေဒနာရှုဖြစ်အောင် ရှုရလိမ့်မယ်နော် (မှန်ပါ့) ၊ ရှုတဲ့နေရာတွေလဲဘုန်းကြိး ပြောပြီးပြီ၊ ခင်ဗျားတို့ မမေ့ကြနဲ့ နော်- (မှန်ပါ့)။

မေ့လို့ရှိရင် မတော်ဘူး အတော်ဆိုးရွားသွားလိမ့်မယ် (မှန်လှပါ ဘုရား) ၊ ရေထဲကငါး ကုန်းပေါ်သေတယ်- (မှန်ပါ့ ဘုရား) ၊ ဘာတဲ့ ဒကာ ဒကာမတို့ (ရေထဲကငါး ကုန်းပေါ်သေပါတယ် ဘုရား) ၊ ရေထဲကငါး ကုန်းပေါ် သေတယ် (မှန်ပါ့) ၊ ရေထဲကငါး ရေထဲ သေရင် သေတယ်နော် (မှန်ပါ့ ဘုရား)။

သောင်ကြီးထဲ မွေးတဲ့ငါး သေတော့ ဘယ်နေရာသေဖို့သင့်သလဲ (ရေထဲသေဖို့သင့်ပါတယ်)၊ မဟုတ် ဦးခင်မောင်ရဲ့၊ ရေထဲကငါး ကုန်းပေါ်သေတယ်ဆိုတော့ ဝေဒနာသတ်တာ (မှန်ပါ့ဘုရား။

ရေထဲကငါး ကုန်းပေါ်သေတယ်

ရေထဲကငါး ကုန်းပေါ်သေတယ်ဆို ဘယ်သူသတ်တာပါလိမ့်။ (ဝေဒနာသတ်တာပါ ဘုရား) ၊ မယုံရင်စဉ်းစားကြည့် ဒီက တံငါသည်က ငမျောက်ရုပ်ကလေးနဲ့ ငါးစာချထားတာ ဒီက ငါးစာကလေး ချထားတယ် ဆိုပါတော့ ဦးခင်မောင်ရယ် (မှန်ပါ့ )။

ငါးက ကူးခတ်လာပြီး သူ့မျက်လုံးကလေးနဲ့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ မျက်လုံးထဲဘာဝေဒနာပေါ် သလဲ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ် ဘုရား)။

ဟော ဥပေက္ခာဝေဒနာက ပြတယ် (မှန်ပါ့ ဘုရား) ၊ ငါးစာကိုပြတာ ဘယ်သူက ပြသလဲ (ဥပေက္ခာ ဝေဒနာက ပြပါတယ် ဘုရား)။

ဒီငါးကုန်းပေါ်သေချင်ပြီ၊ စိတ်သာချတော့ (မှန်ပါ့ ဘုရား) ၊ ဥပေက္ခာဝေဒနာသတ်တော့မယ် (မှန်ပါ့)၊ ဘယ်သူက မြင်တာပါလိမ့် – (ဥပေက္ခာဝေဒနာက မြင်တာပါ ဘုရား)။

ဥပေက္ခာဝေဒနာက မြင်တော့ကို ဥပေက္ခာ ဝေဒနာကမြင်ရုံပဲမြင်တယ်၊ စားချင်တာက ဒကာ ဒကာမတို့ သောမနဿဝေဒနာ တဏှာက စားချင်တယ် (မှန်ပါ့ ဘုရား) ၊ မစားချင်ဘူးလား (စားချင်ပါတယ် ဘုရား)

စားချင်တော့ကို ဒီငါးမျှားချိန်လေးကို သွားပြီးမမျိုမိပေဘူးလား (မျိုမိပါတယ် ဘုရား) ၊ တကတည်းမျိုတော့ ဒီတဏှာ သောမနဿဝေဒနာကြောင့် စားရရင် ကောင်းမှပဲ ဆိုတဲ့ သောမနဿဝေဒနာကြောင့် မျိုမိပါတယ် (မှန်ပါ့)။

မျိုမိတော့ ကိုပြတဲ့ ဥပေက္ခ ဝေဒနာရယ်၊ စားတဲ့ သောမနဿ ဝေဒနာရယ်တဲ့ ဒီ ငါးမျှချိတ် ၊ မျိုမိတော့ အာခေါင်ချိတ်တယ် (မှန်ပါ့ ဘုရား)

ချိတ်တဲ့အခါကျတော့ တံငါသည်က ကုန်းပေါ်ဆွဲတင်တယ် (မှန်ပါ့ ဘုရား) ၊ မတင်ပေဘူးလား- (တင်ပါတယ် ဘုရား)၊ ကုန်းပေါ်ဆွဲတင်တဲ့အခါကျလို့ရှိရင်ဖြင့် အရိုက်ခံရပြီး မသေရဘူးလား (သေရပါတယ် ဘုရား)။

အဲဒါဒုက္ခဝေဒနာ သတ်ပစ်လိုက်တာ- (မှန်ပါ့ ဘုရား) သူသန္တာန်မှာအလကား သေတာလား၊ သူ့ဒုက္ခဝေဒနာ ကြောင့် သေတာလား (ဒုက္ခဝေဒနာကြောင့် သေတာပါ ဘုရား)။

ဝေဒနာသုံးပါးဟာ လူသတ်ယောင်္ကျား

ဒါဖြင့် ဝေဒနာသုံးပါးဟာ ဒကာ ဒကာမတို့ လူသတ်ယောင်္ကျားသုံးယောက် (မှန်ပါ့ ဘုရား) ၊ ဘယ်လိုဆိုကြမယ် (လူသတ်ယောင်္ကျား သုံးယောက်ပါ ဘုရား)။

ဥပေက္ခာဝေဒနာက ပြသမား (မှန်ပါ့)။

သောမနဿ ဝေဒနာက မျိုသမား (မှန်ပါ)။

ရှင်းကြပလား (ရှင်းပါပြီ) သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

ဥပက္ခောဝေဒနာက (ပြသမားပါ ဘုရား)။

သောမနဿဝေဒနာက . (မျိုသမားပါ ဘုရား)။

ဒုက္ခဝေဒနာက (သတ်သမားပါ ဘုရား)။

ဒါဖြင့် ဝေဒနာသုံးပါးဟာ သဘောတူငါးတစ်ကောင်ကို သတ်တဲ့အထဲမှာ သူတို့သုံးယောက် ဝိုင်းသတ်တယ် (မှန်ပါ့)။

ခင်ဗျားတို့လဲ- တဲပ ဒီဝေဒနာသုံးပါးသတ်လို့ သေခဲ့ရတဲ့ ဘဝချည်းမှတ်ပါ . (မှန်ပါ့ ဘုရား) ၊ သဘောကျပလား (ကျပါပြီ) ၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ သင်္ဘောနဲ့ ဘယ်နေရာမှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုပြီး မျက်လုံးက မြင်ခဲ့တဲ့အခါကျလို့ရှိရင်ဖြင့် သင်္ဘောနဲ့သွားလို့ ဆိုလိုက်ပါစို့ (မှန်ပါ့)။

မျက်လုံးကြောင့် သွားဖြစ်တာပေါ့ ကျုပ်ဒီကုန်တွေ မြင်ခဲ့တယ်၊ သောမနဿကလဲ သွားသာသွား ဝယ်ဝယ်ချည်ချည်ဟုတ်လား (မှန်လှပါ) ၊ တောက်လျှော်ကျတော့ သင်္ဘောပျက်တယ်၊ လှေပျက်တယ်ဆိုတော့ ဒုက္ခဝေဒနာနဲ့ မသေရဘူးလား . (သေရပါတယ် ဘုရား)။

ကဲ လူတွေမှာလဲ၊ ကုန်းပေါ်နေတဲ့လူတွေ၊ ရေထဲဘာပြုလို့သေတုံး (ဝေဒနာ သုံးပါးကြောင့်ပါ) ဝေဒနာသုံးပါးကြောင့် သေရတယ်၊ သဘောကျပလား – (မှန်ပါ့) ၊ ကုန်းပေါ်နေတဲ့လူတွေ ကောင်းကင်သေရတာလဲ ဘာကြောင့်ပါလိမ့် . (ဝေဒနာသုံးပါးကြောင့်ပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ဒီဝေဒနာသုံးပါးရှိတဲ့ နေရာမှာ နေဖို့ မတော်ဘူး၊ ဒါ နိဗ္ဗာန်မဟုတ်ဘူး (မှန်လှပါ)၊ အသေလွတ်တာက သူမရှိတဲ့နေရာမှ (မှန်ပါ့ ဘုရား) ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကုန်အောင် ရှုရမယ် (မှန်ပါ့ ဘုရား) ၊ ဝေဒနာနဲ့ ကျုပ်တို့နဲ့ အိုးစား ကွဲအောင်လုပ်ရမယ် (မှန်ပါ့ ဘုရား)။

အဲဒီ အိုးစားကွဲအောင်လုပ်လို့ ဝေဒနာ ကျုပ်တို့သန္တာန်မရှိတော့ဘူးဆိုတဲ့ တစ်နေ့ကျတော့ သူနဲ့ တွဲဖက် ဖြစ်နေတဲ့ နာမက္ခန္ဓာတွေကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ၊ ရူပက္ခန္ဓာကော (မရှိပါ ဘုရား)။

အဲဒီကဲ့သို့မရှိလို့ရှိရင်ဖြင့် လူသတ်ယောင်္ကျားနဲ့ ကျုပ်တို့နဲ့ အိုးစားကွဲမယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဝေဒနာ ဆုံးအောင်လိုက်ရလိမ့်မယ်ဆိုတာကော သဘောပါကြရဲ့လား (ပါပါတယ် ဘုရား) ၊ ဆုံးအောင် လိုက်ဖို့ရာ နည်း မနက်ဖြန်မှာပေးရမယ်- (မှန်ပါ့ ဘုရား) ၊ ကိစ္စဉာဏ်နဲ့မှ ရောပေးမယ်။

ယနေ့ နာရီစေ့ပြီး တော်ကြဦးစို့။

သာဓု သာဓု သာဓု။