10404

မာတိကာသို့

ဒိဋ္ဌိခွါမှုရှေ့ထား ဝိပဿနာရှုမှု နောက်ထားပုံ

အသံဖိုင်ခေါင်းစဉ်= ဒိဋ္ဌိခွါမှုရှေ့ထားပြီး ဝိပဿနာရှုမှု နောက်ထားရပုံ လျှာပေါက်ကို ဝိပဿနာရှုပုံ တရားတော်

စာအုပ်ထဲမှခေါင်းစဉ်=ဒိဋ္ဌိခွါမှုရှေ့ထားဝိပဿနာရှုမှု နောက်ထားပုံတရားတော်

အသံဖိုင်ရက်စွဲ= (၁၆-၂-၆၁)

စာအုပ်ထဲမှရက်စွဲ=(၁၅-၂-၆၁)

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့

ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ဒိဋ္ဌိခွါမှုရှေ့ထား

ဝိပဿနာရှုမှု နောက်ထားပုံတရားတော်

(၁၅-၂-၆၁)

”ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတော့ အာသဝေါတရားကုန်ရာ နိဗ္ဗာန် ရောက်ရပါလို၏လို့ ဒကာ ဒကာမတွေ ဘုန်းကြီးက ရှေ့ကတိုင်ပေး၊ ဒကာ ဒကာမတွေ အဆိုခိုင်းတော့ ဒကာ ဒကာမတွေက လိုက်ကြတယ်။

လိုက်ပင် လိုက်ကြငြားသော်လည်းတဲ့ကုန်အောင်လုပ်မှ ကုန်မှာပဲဆိုတာ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား) ကုန်အောင်လုပ်မှကုန်မှာပဲဆိုတာ ဘုန်းကြီးတို့ဒကာဒကာမတွေ လေးလေးစားစား မှတ်ကြပါ။

လျှာပေါက် ပဋိစ္စသမုပ္ပါဒ်

ကုန်ပုံကလေးကို ရှင်းပြပါမယ် တဲ့၊ မနေ့က နှာခေါင်းပေါက် ဟောလိုက်တော့- ဒီနေ့တော့ လျှာပေါက်ကို ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် စ-ကြည့်လိုက်တာပေါ့ (မှန်ပါ့)။

ချို ချဉ် ဖန် ငန် အရသာကလေး လျှာပေါ်တင်လိုက်ပါ၊ ချိုတတ်တာကလေး ချဉ်တတ်တာကလေး လျှာအလယ် တင်လိုက်တာပေါ့ နော် (မှန်ပါ့)။

လျှာပေါ်မှာရှိတဲ့ ရုပ်ကလေးကလဲ အရှင်ဖြစ်နေတော့ လျှာ့ပသာဒရုပ်ကလေးကလဲ အရှင်ဖြစ်နေတော့ ဒီက ချို ချဉ် ဖန် ငန်ကလေးနဲ့ တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် အချိုသိစိတ်၊ အချဉ်တင်ရင် အချဉ်သိစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဪ ဒါ ဇီဝှါညာဏ်စိတ်ကလေးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒါ လျှာစိတ်ကလေးလို့ ဒကာ ဒကာမတွေ မှတ်မိကြပြီနော် (မှတ်မိပါပြီ ဘုရား)။

လျှာနဲ့ခင်ဗျားတို့ စားသောက်မည့် အစာအာဟာရနဲ့ နှစ်ခုထိတဲ့ အခါကျလို့ ရှိယင် ဪ ဒါ ချိုတယ်၊ ဒါ ဆိမ့်တယ်၊ ဒီလိုသိတဲ့စိတ်ကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီ သိတဲ့စိတ်ကလေးတွေကို ဇိဝှါဝိညာဏ်စိတ်လို့ ခေါ်ပါသည်လို့ မှတ်ထားတာပေါ့ နော် (မှန်ပါ့) ဘာစိတ်လို့ ခေါ်ကြမယ် (ဇိဝှါဝိညာဏ်စိတ်ပါ ဘုရား) ဇဝှါဝိညာဏ်စိတ် မြန်မာလိုပြန်တော့ ဒါစားစိတ်လို့ မှတ်ထား လိုက်တာပေါ့နော် (မှန်ပါ့)။

အဲဒီတော့ “တိဏ္ဏ သင်္ဂတိ ဖဿော” ဆိုတဲ့အတိုင်း ခုနကသုံးခုကြောင့် သူ ပေါ်လာတော့ ဖဿကလေးကလဲ တွေ့ထိတဲ့ သဘောနဲ့ တွဲလျက်ပဲ သဟဇာတအဖြစ်နဲ့ ပေါ်တယ်လို့ ထားလိုက်ပါတော့နော် (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

ဝေဒနာဆိုတော့ ဪ ဒီလျှာပေါ်မှာ တွေ့လိုက်တာ၊ ဒကာ ဒကာမတွေက လျှာပေါ်မှာ ဒီအစာကလေးက တွေ့လိုက်တာ၊ ဘယ်လိုများ တွေ့သလဲ ပြောစမ်းပါအုံးဆိုတော့ အို သိပ်ကောင်းတာပဲ ဆိုတော့ ဝေဒနာက ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကောင်းတဲ့ အခါကျလို့ရှိရင်ဖြင့် ကောင်းရုံနဲ့ ဒကာ ဒကာမတွေက ရပ်နေတာ မဟုတ်တော့ပါဘူး တဲ့၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ကောင်းလို့ လိုက်တာဆိုတာ သိရင်တော့ ကောင်းတာက ဝေဒနာ၊ လိုက်တာက တဏှာ၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ဒီလိုဖြစ်သွားတော့ ဪ သူများပြောလား- ဦးခင်မောင်ရေ ကိုယ့်သန္တာန်မှာ ပေါ်တဲ့အစဉ်လား (ကိုယ့်သန္တာန်မှာ ပေါ်တဲ့အစဉ်ပါ ဘုရား)။

ပဋိစ္စသမုပ္ပန္န

ဒီ အစဉ်ကို ဒကာ ဒကာမတွေက မှတ်ထားလိုက်တာပေါ့တဲ့၊ ဪ အကြောင်းတရားကြောင့် အကျိုး တရားဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္နဆိုတာ နှစ်မျိုးမှတ်လိုက်တာပေါ့၊ ဝေဒနာက ပဋိစ္စသမုပ္ပါဒ် တဏှာက ပဋိစ္စသမုပ္ပန္န (မှန်ပါ့)။

အဲဒီတော့ ဒီ တဏှာကလေး ပေါ်လာတော့ ကောင်းလို့သဘောကျတယ်၊ ကောင်းတာက ဝေဒနာ၊ သဘောကျ တာကတဏှာ၊ နောက်စားချင်သေးတယ်လို့ စွဲလမ်းနေတာကတော့ ဘယ့်နှယ်ဆိုကြမလဲ (ဥပါဒါန်ပါ ဘုရား)။

စွဲလမ်းချင်လို့ရှိရင်ဖြင့် အလုပ်အကိုင်လုပ်မှ စားရမှာပဲ ဒီလိုကောင်းကောင်းမွန်မွန်ဆိုတော့ အလုပ်အကိုင် လုပ်တာတွေက စားချင်လို့ လုပ်တဲ့အလုပ်၊ စားဖို့ဝါးဖို့လုပ်တဲ့အလုပ်၊ ဝတ်ဖို့လုပ်တဲ့အလုပ်တွေက ကာယကံ၊ ဝစီကံနဲ့ မလုပ်ရင် ရပါ့မလား (မရပါဘူး ဘုရား)။

အဲဒီတော့ ဒကာ ဒကာတို့ ဥပါဒါနပစ္စယော- ဘယ့်နှယ်ဆိုကြပါ့မယ် (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝ ကာယကံ၊ ဝစီကံ ဖြစ်မလာဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒါ ဘာခေါ်ကြမယ် (ကမ္မဘဝပါ)။

ကမ္မဘဝဖြစ်တယ်လို့ ကံ-ဖြစ်တယ်လို့ ဆိုလိုက်လဲ ပြီးတာပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာဖြစ်တာပါလိမ့် (ကံဖြစ်တာပါ ဘုရား)။

ဪ ဒကာ ဒကာမတွေကလဲ ကံတွေချည်း လုပ်နေကြတာကိုးလို့- ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား) ကဲ နောက်ပြန်ဆုတ်ပြီး တခါပြန်ကြည့်ပါဦး- ဒကာ ဒကာမတို့။

ဘယ်သူ အုပ်ချုပ်နေသတုန်း

ဒီ ကာယကံ၊ ဝစီကံ ပေါ်မှာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဘယ်သူ အုပ်ချုပ်နေသတုန်း (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်က အုပ်ချုပ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကာယကံ ဝစီကံတွေ ဘယ်သူအုပ်ချုပ်နေသတုန်း (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်က အုပ်ချုပ်နေတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဥပါဒါန်ပေါ် ဘယ်သူက အုပ်ချုပ်နေသတုန်း (တဏှာက အုပ်ချုပ်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီတဏှာနဲ့ ဥပါဒါန်ဆိုတာ အကြီးအငယ်သာ ဘုရားက ဟောပါတယ်၊ ဒကာ ဒကာမတို့ ကံပေါ်မှာ တဏှာ ဥပါဒါန် အုပ်ချုပ်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် သည်ကံသည် ကားလို့ဆိုရင် ကံကောင်းလို့ ဆိုကြမလား ကံဆိုးလို့ ဆိုကြမလား (ကံဆိုးပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီက ကံဆိုးလို့ ဒကာ ဒကာမတွေက ဆိုနိုင်ကြပါလိမ့်မတုန်းဆိုတော့ အုပ်ချုပ်ရေးက မကောင်းလို့ နော် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်သူက မကောင်းတာပါလိမ့် (အုပ်ချုပ်ရေးကမကောင်းတာ ဘုရား) အုပ်ချုပ်ရေးက မကောင်းလို့ ဆိုတာ တဏှာဥပါဒါန်က ကံပေါ်မှာ အုပ်ချုပ်နေတယ်လို့ မောင်ထွန်းလှိုင်- မှတ်ရမယ် (မှန်ပါ့) ဘယ်သူက အုပ်ချုပ်နေသလဲ (တဏှာဥပါဒါန်က အုပ်ချုပ်နေပါတယ်) တဏှာ ဥပါဒါန်က ကံပေါ်မှာ မအုပ်ချုပ်ဘူးလား.. (အုပ်ချုပ်ပါတယ် ဘုရား)။

သူတို့ကြောင့် တဏှာ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတော့ ဪ တဏှာ ဥပါဒါန် ချယ်လှယ်သလို ခံရတဲ့ ကံပါကလားဆိုတော့ ကံကောင်းလို့ ဆိုကြမလား- ကံဆိုးလို့ ဆိုကြမလား (ကံဆိုးပါဘုးရား)။

ကံဆိုးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့မှ – ဪ ဒီကံတွေက တို့ကို အကျိုးပေးနေ တော့ ကိုယ်ကျိုးနည်းပေ့ါလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဒီကံ အကျိုးပေးရင် (ကိုယ်ကျိုးနည်းပေါ့)။

ကောင်းကျိုးပေးဖို့ အတော်ခဲယဉ်းတယ်

ကိုယ်ကျိုးနည်းပြီတဲ့ ဘာကြောင့်တုန်းဆိုတော့ ဒကာ ဒကာမတွေက အခုဟောတဲ့ ရက်ကလဲ ရ-လာတော့ အကြောင်းအကျိုးက သိလာတော့ ဒီကံတွေပေါ် အုပ်ချုပ်နေတာတွေက မကောင်းတဲ့တရားဖြစ်နေတော့ ဒီကံက ကောင်းကျိုးပေးဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား) မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

ဒီကံက မကောင်းတဲ့တရား တဏှာဥပါဒါန်က အုပ်ချုပ်ပြီးသကာလနေတော့ ဒကာ ဒကာမတွေ ဒီကံကို ကံကောင်းလို့ ဆိုကြမလား ကံဆိုးလို့ဆိုကြမလား (ကံဆိုးပါ ဘုရား)။

ဒါဖြင့် ကံဆိုးသည်ကားဆိုရင် ကမ္မဘဝပစ္စယာဇာတိလို့ ဆိုပြီးသကာလ ဇာတိတခု လာလိုက်လို့ရှိရင် ဒီဇာတိဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း အမိဝမ်းခေါင်းထဲ ရောက်တဲ့ဇာတိဖြစ်လို့ ရှိရင်လည်း ဒုက္ခသစ္စာ- ပေါက်ပွားတာဘဲ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (ဒုက္ခသစ္စာ စပေါက်ပွားပါတယ်) ဒုက္ခသစ္စာ စ-ပေါ့၊ အမိဝမ်းခေါင်းထဲ ဖြတ်ခနဲ ရောက်သွားလည်း ဒုက္ခသစ္စာ စ-ပေါက်ပွားတာပဲ ဆိုတာသေချာပလား (သေချာပါတယ် ဘုရား)။

နတ်ပြည်ဖြစ်တော့လဲ ဒါကလေးက ဘာသစ္စာဆိုမယ် (ဒုက္ခသစ္စာပါ ဘုရား) ဗြဟ္မာပြည်ဖြစ်ပြန်တော့ ကော (ဒုက္ခသစ္စာပါ ဘုရား) ဖြစ်ချင်လို့ဖြစ်ရတဲ့ ဒုက္ခသစ္စာလား ဒီ ကံစီမံသလို ခံရတာလား (ကံ စီမံသလို ခံရတာပါ ဘုရား)။

ဒီကံကလဲ သူ စီမံချင်သလို ရ-တာလား တဏှာဥပါဒါန်တို့ လက်ညှိုးညွှန်ရာ လုပ်ရတာလား – (တဏှာ ဥပါဒါန်တို့ လက်ညှိုးညွှန်ရာလုပ်ရတာပါ ဘုရား)။

ဒါသေသေချာချာမှတ်ပါ၊ တဏှာ ဥပါဒါန် လက်ညှိုးညွှန်ရာ လုပ်ရလို့ရှိရင် ဦးခင်မောင် မှတ်လိုက်စမ်း၊ တဏှာဥပါဒါန်က ဘယ်တော့မှ နိဗ္ဗာန်လက်ညှိုးမညွှန်ဘူးနော် (မှန်လှပါ ဘုရား)။

တဏှာဥပါဒါန်က နိဗ္ဗာန်ကို လက်ညှိုးမညွှန်ဘူး

တဏှာဥပါဒါန်က နိဗ္ဗာန်ကို လက်ညှိုးမညွှန်ဘူး၊ တဏှာ ဥပါဒါန်က သုံးဆယ့တစ်ဘုံထဲကိုသာ လက်ညှိုးညွှန်တာ ကိုး (မှန်လှပါ ဘုရား)။

အဲ ဒါဖြင့် ဒါတွေသိတော့ တဏှာ ဥပါဒါန် လက်ညှိုးညွှန်တာ ဟူသ၍ကိုဖြင့် ဒကာ ဒကာမတို့ ကံကလိုက်ပြီး တည်ဆောက်ပေးရတဲ့အတွက် ဒီဘက်ခန္ဓာအိမ်တွေ ပေါ်တာကတော့ဖြင့် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဒုက္ခသစ္စာ ပေါ်ရမှာဘဲ (မှန်လှပါ) တခြားပေါ်နိုင်စရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒီကံက ဒကာ ဒကာမတို့ သူလုပ်ချင်သလို လုပ်ရတာလား – တဏှာ ဥပါဒါန်က လက်ညှိုးညွှန်ခိုင်းသလို လုပ်ရတာလား (တဏှာ ဥပါဒါန်က လက်ညှိုးညွှန်ခိုင်းသလို လုပ်ရတာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီ တဏှာ ဥပါဒါန် လက်ညှိုးညွှန်သလို ကံက လုပ်ပြီးသကာလ နေရတော့ ကျုပ်တို့မှာ ဖြင့် ဇာတိဒုက္ခ ဗျာဓိဒုက္ခတွေနဲ့ ကျုပ်တို့မှာ ကြုံဖို့ပဲ၊ ဒီပြင် ဘာရှိသေးတုန်း (မရှိပါဘူး ဘုရား) ပေါ်ကြပလား- (ပေါ်ပါပြီ)။

အာသဝေါတရား

အဲဒီတော့ ဒီကနေပြီးသကာလ ဒါအာသဝ-ကာမာသဝ၊ ဒကာ ဒကာမတို့ သဘောကျပလား (မှန်လှပါ) ကာမာသဝဆိုတာ လောဘ (မှန်ပါ့) အဝိဇ္ဇလဲ ပါနေတယ် (မှန်ပါ့)။

ဒီ ကာမာသဝဆိုတာသည် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့က ဒိဋ္ဌိသဝဆိုတဲ့ ဒိဋ္ဌိကော (ပါ-ပါတယ်)။

ဘဝါသဝဆိုတဲ့ ဘုံဘဝလိုချင်တာလဲ သူပါသေးတာပဲ (ပါ-ပါတယ် ဘုရား)။

ဒီလိုဆိုတော့ သူသည် တဏှာ ဥပါဒါန်လို့သာဆိုတယ် ဒကာ ဒကာမတို့ အာသဝ ဘယ်နှစ်မျိုးပါနေသတုန်း- (သုံးမျိုးပါ-ပါတယ်)။

သူတို့ သိလို့ လိုချင်တာလား ဇာတိ မရဏကို မသိလို့ လိုချင်တာလား (မသိလို့ လိုချင်တာပါ ဘုရား) မသိလို့ လိုချင်လို့ရှိရင် သူနဲ့အဝိဇ္ဇာ တွဲနေသေးလို့ (မှန်ပါ့)။

ဒါဖြင့် ဒီဥစ္စာသည် အာသသလို့ မှတ်လိုက် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) တဏှာ ဥပါဒါန်ကို ဘာခေါ်ကြမယ်- (အာသဝခေါ်ပါတယ်) ကာမာသဝဆိုလဲ သူ၊ ဘဝါသဝဆိုလဲ သူ၊ ဒိဋ္ဌာဘဝဆိုရင်ရော (သူပါပဲ ဘုရား)။

သူ့ထဲမှာ တွဲနေတဲ့ သဟဇာတ ဖြစ်ပေါ်ဖြစ်ဘက်အဖြစ်နဲ့ မသိလို့ ဒီကံတွေလုပ်ပြီး၊ မသိလို့ ဇာတိ ဇရာ မရဏတွေ ရတာ ထောက်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ ဒီတဏှာ ဥပါဒါန်နဲ့ အဝိဇ္ဇာနဲ့ တွဲ-မတွဲ (တွဲပါတယ် ဘုရား) တွဲတော့ အဝိဇ္ဇာအာသဝက ကရော (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒီနှစ်ခုကို အာသဝေါတရား ဘယ်နှစ်ပါးလို့ ဆိုကြမလဲ (လေးပါးပါ ဘုရား)။

အာသဝေါတရားကုန်ရာသို့

ကောင်းပြီ ဒါဖြင့် ခုနက ဆရာဘုန်းကြီးက ရှေ့က တိုင်လိုက်ပါတယ် – “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” မေ = တပည့်တော်၏၊ ဣဒံပုညံ = ဤကောင်းမှုသည်၊ အာသဝက္ခခံ = အာသဝေါတရားကုန်ရာသို့ (ဝါ) နိဗ္ဗာန်သို့၊ ဝဟံ = ရွက်ဆောင်နိုင်သည်၊ ဟောတု = ဖြစ်ပါစေသတည်းဆိုတော့ သူ ကုန်ရာကို ဆောင်ပေးပါဆိုတာ (မှန်လှပါ ဘုရား)။

သူ ချယ်လှယ်တဲ့နေရာ မဆောင်ပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒီအာသဝေါတရားလေးပါး ချယ်လှယ်တဲ့ နေရာကို (မဆောင်ပါနဲ့) မဆောင်ပါနဲ့လို့ပြောတာ အာသဝေါတရားကုန်ရာကို (ဆောင်ပါ)။

ဆောင်ပါလို့ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ အခုစားလိုက်တယ်၊ စားလို့ တွေ့တယ်၊ တွေ့လို့ ကောင်းတယ်၊ ကောင်းလို့ နှစ်သက်တယ်၊ နှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ အားထုတ်တယ်၊ အားထုတ်လို့ ဒီဘက်မှာ ဇာတိ ဇရာမရဏ၊ အနာရဂတ်ဘဝ သူ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီတော့ အာသဝေါတရားဟာ ဒီဘဝကုန်မှ- ဟိုဘဝ ခန္ဓာဆက်ပျက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ) ဒီဘဝကုန်မှ (ဟိုဘဝ ခန္ဓာဆက် ပျက်ပါမယ်)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဒီလိုလုပ်ကြပေတော့လဲ၊ ဒါကလေးဟာ စားစိတ်ကလေးနော် ဖဿဆိုတာ တွဲပြီးသား ထားပါတော့၊ ဒါကလေးက အာသဝထားပါတော့။

ဖြစ်ပျက်ရှုပါ

”ဇိဝှါဝိညာဏံ အနိစ္စတော ဇာနတော ပဿတော အာသဝါ သမုဂ္ဃာတံ ဂစ္ဆန္တိ” သံယုတ်ပါဠိတော်မှာ ဟောတော်မူထားတယ်။

ဇိဝှါဝိညာဏံ = စားတဲ့လျှာပေါ်မှာ ပေါ်တဲ့စိတ်ကလေးကို၊ အနိစ္စတော = အနိစ္စအားဖြင့်၊ ဇာနတော = ရှုသောပုဂ္ဂိုလ်အား၊ ပဿတော = မြင်သောပုဂ္ဂိုလ်အား၊ အာသဝါ = အာသဝေါတရားတို့သည်၊ သမုဂ္ဃတံ = ကုန်ဆုံးခြင်းသို့၊ ဂစ္ဆန္တိ = ရောက်ကုန်၏။

ဘုရားက ဟောတော်မူလိုက်တယ်၊ ကိုင်း ဒကာ ဒကာမတွေက လျှာပေါ်မှာပေါ်တဲ့စိတ်ကလေးကို ဘုန်းကြီး က ဖြစ်ပျက်ရှုပါ ဒကာ ဒကာမတို့ ဒီဥစ္စာ အနိစ္စတရားကလေးပါ၊ ဖြစ်ပျက်ရှုပါလို့ဆိုတော့ ဒကာ ဒကာမတွေက စားရင်း မတ္တနဲ့ လျှာပေါ် ပေါ်တဲ့စိတ်ကလေးကို နောက်ကနေပြီး ဝိပဿနာမဂ်နဲ့ မဝရှုလိုက်ပေဘူးလား (ရှုပါတယ် ဘုရား)။

ကဲ စားတဲ့အခါ ရှုလိုက်ကြစမ်းပါနော် (မှန်ပါ့) စားတဲ့အခါ ဘယ်လိုလုပ်ရမယ် (ရှုပေးရမယ်)။

ရှုလိုက်စမ်းပါတဲ့၊ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ရှုတဲ့စိတ်ကလေး ဒီကြားထဲ ဝင်မလာဘူးလား (ဝင်လာပါတယ်) ခုနကလိုတောက်လျှောက်တန်းတာလား- ကြားဝင်တာလား (ကြားဝင်တာ ပါ ဘုရား)။

ကြားဝင်လာတာကို ဒကာ ဒကာမတွေ သူများပြောလား ကိုယ့်အမြင်လား စဉ်းစားပါ (ကိုယ့်အမြင်ပါ ဘုရား)။

ဒါဖြင့် ဒီဘက်မှာ ဝေဒနာအသာထား၊ တဏှာ ဥပါဒါန် အာသဝတွေ ဝေဒနာမှ မလာဘဲနဲ့ တဏှာ ဥပါဒါန် ဆိုတဲ့ အာသဝေါတရားလေးပါ လာနိုင်-မလာနိုင်ကြည့်စမ်း (မလာနိုင်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုန်း တကာသစ်တို့ ကိုမြရွှေတို့ စဉ်းစားကြည့်စမ်း (ဇိဝှါညာဏ် ဖြစ်ပျက်ရှုလို့ပါ ဘုရား) ဇိဝှါဝိညာဏ်ကို ဘာလုပ်လို့ ရတာလဲ (ဖြစ်ပျက်ရှုလို့ပါ) ခင်ဗျားတို့က အနိစ္စရှုလိုက်တယ် (မှန်လှပါ ဘုရား)။

သူ့ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ်

အနိစ္စရှုလိုက်တော့ သူ့ပဋိစ္စသမုပ္ပါဒ် ပျက်ထွက်မသွားဘူးလား (ပြတ်ထွက်သွားပါတယ်) ပျက်ထွက်မသွား ဘူးလား (ပြတ်ထွက်သွားပါတယ်) ပြတ်တာနောက်ပိုင်းက ဘာတွေများ ပြတ်သတုန်းဆိုတော့ အာသဝပြန်ပါတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) နောက်ပိုင်းက (အာသဝပြတ်ပါတယ်)။

အာသဝပြတ်သွားတော့ ဪ အာသဝေါပြတ်အောင် ‘ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတဲ့အတိုင်း ဤပုည၊ ဣဒံ မေ ပုညံ- ဆိုတာ ဒီပုည ဒီကုသိုလ်မှ အာသဝပြတ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုရှုတဲ့ ကုသိုလ်ကလည်း အာသဝ မပြတ်ဘူးလား (ပြတ်ပါတယ်) ရှုတဲ့ကုသိုလ်က (အာသဝပြတ်ပါ တယ်) ဒီထဲ အာသဝသည် သူများပြောလား၊ ခင်ဗျားတို့ ခန္ဓာထဲဖြစ်စဉ် ဖြတ်လိုက်တာလား (ခန္ဓာထဲ ဖြစ်စဉ် ဖြတ်လိုက်တာပါ ဘုရား)။

ခန္ဓာဖြစ်စဉ် ဖြတ်လိုက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ကျေကျေနပ်နပ် သဘောကျဖို့ကောင်းပါတယ် (မှန်ပါ့ ဘုရား)။

ဪ သူတို့ တို့ရေခွက်လှူလည်း “အာသဝက္ခယံ ဝဟံဟောတု” ကို ကျုပ်တို့ဖြင့် အလိုရှိပါတယ်၊ ဆွမ်းလေး တစ်စွန်း သံဃာတွေလောင်းပြန်လည်း ”ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဝတ်ခွက်ကလေးတစ်ခု ထည့်ပြန်လည်း ထို့အတူ “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတာဟာ ဪ ဒါဖြင့် အာသဝေါတရား ကုန်ရာဆိုတဲ့ဥစ္စာ တခြားလားအောက်မေ့နေတယ် ဒီဟာ ဝင်ရမှာကိုး ဆိုတာ ပေါ်လာကြပလား (ပေါ်လာကြပါပြီ)။

မဂ်ဝင်ရင် အာသဝေါ ကုန်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပပြီ) မဂ်ဝင်ရင် (အာသဝေါ ကုန်ပါတယ် ဘုရား)။

ဒါဖြင့် မဝင်တဲ့ပုဂ္ဂိုလ်ကျတော့ တန်းဖြစ်တယ် (မှန်ပါ့) မဝင်တဲ့ပုဂ္ဂိုလ်ကျတော့ (အာသဝ တန်းဖြစ်ပါတယ်)။

ကဲ ဒကာ ဒကာမတို့ စာပြောလား တဲ့၊ ဖြစ်စဉ်ထဲမှာပဲ ထပ်ထောက်ပြတာလား (ဖြစ်စဉ်ထဲမှာပဲ ထပ်ထောက်ပြတာပါ ဘုရား)။

ဖြစ်စဉ်ထဲမှာပဲ ထပ်ထောက်ပြတော့ ခင်ဗျားတို့ သွားရင်း မတ္တနဲ့ အာသဝတွေ ပေါ်နေတာတွေ ယနေ့ ထင်ရှားပလား (ထင်ရှားပါပြီ)။

ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

တဏှာဆိုတာ အာသဝ မဟုတ်လား (မှန်ပါ့ ဘုရား) တဏှာပစ္စယာ ဥပါဒါန်ကော (အာသဝပါပဲ ဘုရား) အာသဝပဲ မပြဘူးလား (ပြပါတယ်)။

ဒါဖြင့် ဒီနေရာမှာ အာသဝဘယ်နှစ်မျိုး ဝင်နေသလဲ (လေးမျိုးဝင်ပါတယ် ဘုရား) လေးမျိုးဝင်နေတယ် ဆိုတာ သဘောကျပလား (ကျပါပြီ) တိုက်ရိုက်ဝင်တာက ကာမာသဝဘဝါသဝ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်လုပ်ကြမတုန်း

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အာသဝေါတရား ကုန်အောင် ဘယ့်နှယ်လုပ်ကြမတုန်းဆိုတော့ အာသဝေါ တရားကို လာခွင့်မရအောင် အာသဝေါဖြစ်ကြောင်းတွေကို အာသဝ၏ အာရုံတွေကို ဖြတ်ပျက် ရှုရမယ် (မှန်လှပါ) မှတ်မိကြပလား (မှတ်မိပါပြီ) အာသဝ၏ အာရုံတွေကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီက-နေပြီးသကာလ ရှုပေးပါတဲ့ ၊ မတန်းမိအောင် ရှုပေးပါဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဇိဝှါဝိညာဏ်ကလေးကို ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုပေးရပါမယ်)။ ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက် အာသဝကုန်စေတဲ့ မဂ် (မှန်ပါ့ ဘုရား) ဒီဘက်က ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား) ဒီဘက်က ဘာပါလိမ့် (အာသဝကုန်စေတဲ့ မဂ်ပါ ဘုရား) ကဲ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

မလာတော့ ဒီအာသဝမှ မလာဘဲနဲ့ တဲ့ အာသဝေါတရား ကုန်ရာဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ စဉ်းစား ကြည့်တာပေါ့တဲ့၊ ဇာတိ ဇရာမဏ မရှိတဲ့ဟာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) အာသဝေါတရား ကုန်ရာပဲ (မှန်လှပါ) ဇာတိ ဇရာ မရဏ မလာရင် (အာသဝေါတရား ကုန်ရာပါပဲ)။

ဒါဖြင့် ဒီအာသဝကုန်ပေါ့ပဲ၊ အာသဝ၏ အကျိုးတွေလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) အဲ-အာသဝေါ တရားကုန်ရာဆိုတာ ဇာတိ ဇရာ မရဏ မရှိတာကို ဆိုပါတယ်တဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အာသဝေါတရားကုန်ရာဆိုတာ ဘာပါလိမ့် (ဇာတိ ဇရာ မရဏ မရှိတာပါ ဘုရား) ဇာတိ ဇရာ မရဏ မရှိတာ အာသဝေါကုန်တာဘဲ။ ဘာဖြစ်လို့ ဇာတိ ဇရာ မရဏတွေ မရှိပါလိမ့်မတုန်းလို့ဆိုတော့ ဟောဒီက အာသဝ တွေကုန်သွားလု့ိ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) တဏှာ ဥပါဒါန်ကံတွေ ဘယ့်နှယ်နေကြသတုန်း (ကုန်ပါတယ် ဘုရား)။

မဂ် ဝင်လိုက်လို့

ဘယ့်နှယ်ကြောင့် ကုန်ပါလိမ့်မတုန်းမေးတဲ့အခါကျတော့ တပည့်တော်တို့က မဂ် ဝင်လိုက်လို့ဘုရား (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီမဂ်က ဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မတုန်းမေးတော့ အာသဝေါတရား၏ အာရုံဖြစ်တဲ့ ဇိဝှါဝိညာဏ်စိတ် ဖြစ်ပျက်ရှုလို့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဒါအကြောင်းအကျိုး ဆက်ပြပါတယ်၊ တစ်မျိုးပြတော့ လည်း မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

ပြန်ပြောပါအုန်းမယ် ၊ ပြန်ပြောပါအုန်းမယ်- ဒကာ ဒကာမတို့ ဒါက တဏှာ ဥပါဒါန် ကံတွေက အာသဝတွေ ဆိုပါတော့ နော် (မှန်ပါ့ ဘုရား) အင်း ဒီဘက်က ဝေဒနာတွေ ဆိုပါတော့။

ကိုင်း ဇိဝှါဝိညာဏ် စားလို့ကောင်းတယ်၊ တွေ့ထိတယ်၊ ကောင်းတယ်အစရှိသဖြင့် အဲ-မရှုတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဇာတိ ဇရာ မရဏ လာ-မလာ (လာပါတယ် ဘုရား) ဒါသံသယ ရှိကြသေးရဲ့လား (မရှိပါဘူး ဘုရား)။

သံသယ မရှိပါဘူး ဒကာ ဒကာမတွေ ဒါ ဘုန်းကြီးရှင်းရှင်းပဲပြောပါ့မယ်၊ ခင်ဗျားတို့ ဘုရားမပွင့်လည်း ဒီအတန်းဟာ ခင်ဗျားတို့လျှာပေါ်မှာ တန်းနေတာပဲ (မှန်ပါ့ ဘုရား) ဘုရားပွင့်လည်း (တန်းပါတယ် ဘုရား)။

ဘုရားပွင့်တာ မပွင့်တာကို ဆိုလိုရင်းမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ နော်၊ ခင်ဗျားတို့ ဘုရားပေးတဲ့ နည်းကို ဘုရားပွင့်လာတဲ့အခါကျလိုရှိရင် ဘုရင်းပွင့်လည်း မရှုဘဲနေရင် ဒီ ပဋိစ္စပမုပ္ပါဒ်က ဦးခင်မောင် တန်းနေတာပဲ (မှန်ပါ့ ဘုရား)။

ဘုရားပွင့်တယ်ဆိုတာသည်ကားလို့ဆိုရင် ရှုမှပဲ ပွင့်တယ်ဆိုတာရော သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဘုရားမပွင့်ခင်တုန်းကတော့ ခင်ဗျားတို့ ဘယ့်နှယ်နေသတုန်းဆိုတော့-

ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)။

ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဇာတိ ဇရာ မရဏ ဘုရားမပွင့်ရင် ခင်ဗျားတို့ ဒီအတိုင်းသွားတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘုရားမပွင့်ရင် (ဒီအတိုင်း သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီ ဇာတိ ဇရာ မရဏ အရေအတွက် ဘယ်လောက်တုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင် ပါ ဘုရား) မရေတွက်နိုင်ဘူးဘုရားလို့ပဲ ဒကာ ဒကာမတွေ အဖြေထွက်ကြပါတော့ နော် (မှန်ပါ့)။

ဒါဖြင့် အနေပေါင်း မရေတွက်နိုင်လျှင် အသေပေါင်းရော (မရေတွက်နိုင်ပါဘူး ဘုရား) အအိုပေါင်း အနာ ပေါင်းရော (မရေတွက်နိုင်ပါဘူး ဘုရား)။

ဒါ ဘယ်သူက လုပ်သတုန်းဆိုတော့ ဒီကံက လုပ်တာ (မှန်ပါ့) ဒီကံက လုပ်ချင်လို့ လုပ်တာလား- ဆိုတော့ ဒီ အာသဝတွေက (အာသဝတွေက လုပ်တာပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီ အာသဝတွေက လုပ်လိုက်တဲ့အတွက် အာသဝ စီမံသလို ဒီကံက မလုပ်ရရှာဘူးလား (လုပ်ရရှာပါတယ်) လုပ်ရတဲ့အတွက် ဒီ ဇာတိ ဇရာ မရဏ ပေါင်း မှိုပေါက်နေတာပဲ ဆိုတော့ရော ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ ဝမ်းခေါင်းပြောင်းတဲ့ အလုပ်သာရှိတယ် နော် (မှန်ပါ့) ဝမ်းခေါင်းပြောင်း ဆိုတာသည် အကောင်းပြောင်းလား သေသေပြီးမှ ပြောင်းရတာလား (သေသေပြီးမှ ပြောင်းရပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေ သေသေပြီး ပြောင်းလိုက်၊ ပြောင်းပြီး သေလိုက်၊ သေပြီးတော့ရော (ပြောင်း လိုက်)။

ပြောင်းပြီးတော့ရော (သေလိုက်)။

သေပြီးတော့ရော (ပြောင်းလိုက်)။

အဲဒါ အကြိမ်ပေါင်း ဘယ်လောက်ရှိခဲ့သတုန်း (မရေတွက်နိုင်ပါဘူး ဘုရား) အဲဒါ မရေတွက်နိုင်တာကို ဘယ်သူ လုပ်ပါလိမ့်မတုန်းဆိုတော့ အာသာ လုပ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူလုပ်ပါလိမ့် (အာသဝလုပ်ပါတယ်)။

ခင်ဗျားတို့က အာသဝေါကုန်အောင် မလုပ်လို့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် သေသွားလိုက် ဝမ်းခေါင်းထဲ ရောက်လိုက်၊ ပြန်သေလိုက်၊ ဝမ်းခေါင်းထဲပြောင်းပြီးသွားလိုက်၊ သေလိုက်၊ မောင်ကိုရေ အသေလက်စ- သတ်သေးရဲ့လား (မသတ်ပါဘူး ဘုရား)။

အာသဝေါမကုန်လို့

အဲဒါ ဘာမကုန်လို့ပါလိမ့် (အာသဝေါမကုန်လို့ပါ ဘုရား) အာသဝ မကုန်လို့ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဒီ တဏှာ ဥပါဒါန်တည်းဟူသော အာသဝ မကုန်တော့ ကံက ကုန်သေးရဲ့လား (မကုန်ပါ ဘုရား)။

ကောင်းပြီ- ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အာသဝေါတရားကုန်အောင် ဘယ့်နှယ်လုပ်မလဲဆိုတော့ အာသဝေါတရားလုပ်ထားတဲ့ ခင်ဗျားတို့ ဇိဝှါဝိညာဏ်စိတ်၊ ဒါ အာသဝေါတရား၏ အာရုံ၊ အာသဝေါဓမ္မာလို့ အာသဝ၏ အာရုံဖြစ်တဲ့ တရားကို ခင်ဗျားတို့က ဒီက-နေပြီးသကာလ ခု ဆရာဘုန်းကြီးက နည်းပေးရ၊ ဘုရားသာသနာတော်ကြီး ရှိသေးလို့ ဘုရားနည်းက ကျန်နေရစ်သေးတော့ ဒါကလေးဖြစ်ပျက်ရှု၊ ဇိဝှါဝိညာဏ်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ရှု)။

ဖြစ်ပျက်ရှုတော့ ဘယ့်နှယ်ကြောင့် သူ့ကို ဖြစ်ပျက်ရှုခိုင်းပါလိမ့်မတုန်းလို့ မေးတော့ အာသဝေါ လုပ်ထားတဲ့ တရား၊ အရင်တုန်းက အာသဝက လုပ်ထားတဲ့တရား (မှန်ပါ့ဘရား)။

ဒီ သူလုပ်ထားတာကို ခင်ဗျားတို့က အနိစ္စစက် ဒုက္ခစက် အနတ္တစက် မြင်မှ နောက်က အာသဝကုန်မယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဒီတလုံးကို သေသေချာချာမှတ်ပါ မောင်ထွန်းလှိုင် (မှန်ပါ့) မောင်ကိုရေ သေသေချာချာမှတ်စမ်းပါကွ ဒီ တစ်လုံးကို (မှန်ပါ့ ဘုရား)။

ဒီ တစ်လုံးတည်းဟာက နဂိုက ဘယ်သူလုပ်ထားတာတုန်း၊ ဒီ ဇိဝှါဝိညာဏ် စိတ်ကလေးဟာက ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဇိဝှါဝိညာဏ်စိတ်ကလေးဟာ ခုနက ပြောခဲ့တဲ့စိတ်တွေ ရုပ်တွေဟူသ၍ဟာက အာသဝေါတရားရှိ တဲ့ ပုဂ္ဂိုလ်မှာပေါ်တာ၊ နိဗ္ဗာန်မှာ ဒါတွေရှိရဲ့လား (မရှိပါဘူး)။

ဒါဖြင့် သူ အရင်ဘဝတွေက အာသဝေါ လုပ်ထားတာဆိုတာ သိပလား (သိပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့ အရှုခံရတဲ့ တရားတွေဟာ ဘယ်သူ လုပ်ထားတာတုန်း (အာသဝ လုပ်ထားတာပါ)။

မဂ်နဲ့ ရှုပစ်လိုက်

အဲဒီ အာသဝေါတရား လုပ်ထားတဲ့ တရားကို ခင်ဗျားတို့ ယခု သာသနာတွင်း မဂ်နဲ့ ရှုပစ်လိုက် (မှန်လှပါ ဘုရား) ရှုထားတော့ အာသဝေါ လုပ်ထားတာကို ခင်ဗျားတို့က အကောင်းလို့ဆိုမလား အဆိုးလို့ဆိုကြမလား (အဆိုးပါ ဘုရား)။

အဲဒီအဆိုးကို မြင်တော့မှ ဒီအာသဝေါလုပ်ထားတဲ့ ဇိဝှါဝိညာဏ်က အနိစ္စ၊ သာသနာတွင်းတရားက (မဂ္ဂပါ ဘုရား) သာသနာတွင်းတရားက မဂ္ဂလာဖြစ်တယ် (မှန်ပါ့ ဘုရား) သာသနာတွင်းတရားက ဘာလာဖြစ်ပါလိမ့် (မဂ္ဂ လာဖြစ်ပါတယ် ဘုရား)။

မဂ် လာဖြစ်တော့ကို ဒီမဂ်ဟာ ဘယ့်နှယ်ကြောင့် ရှုခိုင်းဘာလိမ့်မတုန်းဆိုတော့ ဪ အရင်အာသဝတွေ လုပ်ထားတဲ့ ဥစ္စာ အကောင်းမှန်း သိပါစေတော့လို့ အရင်အာသဝတွေလုပ်ထားတာ အနိစ္စတွေလုပ်ထားတယ် (မှန်ပါ့)။

ဒုက္ခတွေရော (လုပ်ထားပါတယ်)။

အနတ္တတွေရော (လုပ်ထားပါတယ်)။

ရှေးဘဝ အာသဝတွေက လုပ်ထားတာ ဦးခင်မောင်ဘာတွေများ လုပ်ထားပါလိမ့် (အနိစ္စ ဒုက္ခ အနတ္တ လုပ်ထားပါတယ်) အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာတွေ လုပ်ထားတယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာတွေများ လုပ်ထားသတုန်း (ဒုက္ခတွေ လုပ်ထားပါတယ်)။

အဲဒါ သာသနာတွင်း မျက်လုံးတပ်ပြီး ကြည့်လိုက်တာပေ့ါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဘာမျက်လုံး တပ်ကြည့်မယ် (သာသနာတွင်းမျက်လုံး တပ်ကြည့်ပါမယ်)။

သာသနာတွင်းမျက်လုံး တပ်ကြည့်လိုက်တဲ့ အခါကျတော့ အာသဝေါတရား၏ ဒဏ်ချက်ကို ဦးခင်မောင် ကောင်းကောင်းသွားတွေ့တယ် (တွေ့ပါတယ် ဘုရား)။

အာသဝေါတရား လုပ်ထားတဲ့ ဒဏ်ချက်တွေ မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား) ဘာတွေ တွေ့ကြသလဲ အနိစ္စ ဒုက္ခ အသုဘ ဒုက္ခသစ္စာတွေ ဒါ သွားတွေ့တွယ် (မှန်ပါ့)။

ဒါ ရှေ့က အာသဝတွေက လုပ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူက လုပ်ထားပါလိမ့် (ရှေးက အာသဝတွေက လုပ်ထားပါတယ် ဘုရား) ရှေးအာသဝတွေက လုပ်ထားတာ၊ ဝိပဿနာဆိုတာ ဒီလို နက်နက်နဲနဲ ဒကာ ဒကာမတွေသိပြီး ရှုရမှ ပိုကောင်းတယ်နော် (မှန်ပါ့ ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ကိုယ့် ခန္ဓာကြီးကို အနိစ္စ ရှုနေရပါလိမ့်မတုန်း ဒါ ကိုယ့်ခန္ဓာကိုယ် အနိစ္စရှုခိုင်းတာ တခြားမဟုတ်ဘူးနော်၊ ရှေးက အာသဝလုပ်ထားတဲ့ တရားအချိုးမကျတာ သိပါစေတော့လို့ အရှုခိုင်းတာ (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) ရှေးက ဘယ့်နှယ် (အချိုးမကျတာ အရှုခိုင်းတာပါ ဘုရား)။

ရှေးအာသဝတွေ လုပ်သွားတာ အချိုးမကျတာ သိပါစေတော့လို့ (မှန်ပါ့ ဘုရား) ခင်ဗျားတို့အတွက် လုပ်ပေးလိုက်တာ ဖြစ်ပျက်အနိစ္စ လုပ်ပေးလိုက်တယ် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ဒုက္ခကို (လုပ်ပေးပါတယ်)

ဖြစ်ပျက်အနတ္တကို (လုပ်ပေးပါတယ်)

ဖြစ်ပြီးသေတဲ့ အသုဘကို (လုပ်ပေးပါတယ်)။

အာသဝ က လုပ်ပေးထားတယ်

အင်း ဖြစ်ခြင်း ပျက်ခြင်းဒုက္ခသစ္စာကို (လုပ်ပေးပါတယ် ဘုရား) ဒါ ဘယ်သူက လုပ်ပေးထားပါလိမ့် (အာသဝ က လုပ်ပေးထားပါတယ်) အာသဝက ရှေးက ခင်ဗျားတို့ မဖြတ်ခဲ့လို့ ဒီ အာသဝတွေက လုပ်ပေးတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) မဖြတ်ခဲ့တာနဲ့ ဘာတဲ့ (အာသဝတွေက လုပ်ထားပါတယ်)။

အဲဒီ အာသဝတွေ လုပ်ပေးထာကို ကဲ မင်း အာသဝတွေ ရှေးက ဒို့မိုက်တုန်းက ဒို့ မသိလို့ အာသဝေါတရား မကုန်လို့ ဖြစ်ပေါ်လာတဲ့ ခန္ဓာတွေကို ကိုင်း သာသနာတွင်းမျက်လုံးတပ်ပြီး ငါကြည့်လိုက်ဦးမယ်၊ ဝိပဿနာရှုဆိုတာ ဘာပါလိမ့် (သာသနာတွင်း မျက်လုံး တပ်ကြည့်တာပါ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ နဂိုတုန်းက ဒီမျက်လုံး မပါဘူးဗျ (မှန်ပါ့) ပါသေးရဲ့လား (မပါပါဘူး) သာသနာတွင်း မျက်လုံး မပါခဲ့ဘူး (မပါ ပါဘူး ဘုရား)။

ကဲ ခုသာသနာတွင်းမျက်လုံး တပ်ကြည့်လိုက်တော့ရှေးက အာသဝတွေ လုပ်ထားတာ ဒကာ ဒကာမတို့ ဘာတွေများ လုပ်ထားပါလိမ့် (အနိစ္စ ဒုက္ခ အသုဘတွေ လုပ်ထားပါတယ် ဘုရား)။

အနိစ္စ ဒုက္ခ အသုဘ ဒုက္ခသစ္စာကြီး လုပ်ထားတယ် (မှန်ပါ့) မြင်ကြပလား (မြင်ပါတယ်) ရှုကြည့်ပါ၊ ရှေးက အာသဝလုပ်ထားတာ ရှုကြည့်ပါ၊ ခင်ဗျားတို့ ကောင်းကောင်းမြင်ပါလိမ့်မယ် (မှန်ပါ့) မမြင်ပေးဘူးလား (မြင်ပါတယ်) ဘယ်လိုမြင်မယ် ထင်သတုန်း (အနိစ္စ ဒုက္ခ အနတ္တ မြင်ပါတယ်)။

အနိစ္စ ဒုက္ခ အသုဘ ဒုက္ခသစ္စာကြီး လုပ်ထားတယ် (မှန်ပါ့) မြင်ကြပလား (မြင်ပါတယ်) ရှုကြည့်ပါ၊ ရှေးက အာသဝလုပ်ထားတာ ရှုကြည့်ပါ၊ ခင်ဗျားတို့ ကောင်းကောင်းမြင်ပါလိမ့်မယ် (မှန်ပါ့) မမြင်ပေဘူးလား (မြင်ပါတယ်)။

သာသနာတွင်းမျက်လုံး

အဲဒီတော့ ဘာမျက်လုံးနဲ့ ကြည့်လိုက်တာပါလိမ့် (သာသနာတွင်းမျက်လုံးနဲ့ပါ ဘုရား) သာသနာတွင်း မျက်လုံးနဲ့၊ ဒါကြောင့် ဝိပဿနာဟာ သာသနာတွင်းမှ ပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သာသနပ ကျလို့ရှိရင် သူသာ လျှောက်တန်းသွားတယ်၊ ကြားဝင်လို့မရဘူး (မှန်ပါ့) ဝင်သေးရဲ့လား (မဝင်ပါဘူး ဘုရား)။

ဒါဖြင့် သာသနာပမှာ သည်ကားလို့ ဆိုလို့ရှိရင် ဖြစ်ချင်သလိုဖြစ်ပြီး နေကြလိမ့်မယ်ဆိုတဲ့ ဥစ္စာ ဦးခင်မောင် သေချာပလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သာသနာတွင်း မျက်လုံးကလေး တပ်ကြည့်လိုက်တော့ ဘာမြင်ပါလိမ့် (အနိစ္စ ဒုက္ခ အနတ္တ အသုဘ မြင်ပါတယ်) အနိစ္စ ဒုက္ခ အနတ္တ အသုဘ၊ ဒုက္ခသစ္စာပါ ထည့်လိုက် ဦးခင်မောင် (မှန်လှပါ ဘုရား)။

အဲဒါ ဘာမျက်လုံးနဲ့ ကြည့်လိုက်တာပါလိမ့် (သာသနာတွင်းမျက်လုံးနဲ့ ကြည့်တာပါ ဘုရား) သာသနတွင်း မျက်လုံးနဲ့ ကြည့်လိုက်တော့ သာသနာပက လုပ်ထားတာကို သာသနာတွင်း မျက်လုံးနဲ့ကြည့်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ဒီ ခင်ဗျားတို့ ဇိဝှါဝိညာဏ်စိတ်နဲ့တကွ ဖဿတွေဟာ ဘယ်တုန်းကလုပ်ထားတာပါလိမ့် (သာသနာပက လုပ်ထားတာပါ) သာသနာပက လုပ်ထားတော့ ဘာသစ္စာတွေ အခုဖြစ်သတုန်း (ဒုက္ခသစ္စာတွေဖြစ်ပါတယ် ဘုရား)။

အဲဒီ ဒုက္ခသစ္စာတွေကို သာသနာတွင်းမျက်လုံးနဲ့ ပြည်ကြည့် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ) သာသနာပ ၌ အာသဝက လုပ်ထားတဲ့ ဒုက္ခသစ္စာကို သာသနာတွင်း မျက်လုံးနဲ့ ကြည့်လိုက်တော့မှ ဦးခင်မောင်ရေ လိုချင်စရာ ရချင်စရာ ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဒီတစ်လုံးဟာ မနေ့က ဒကာ ဒကာမတို့ မဟောပါဘူးတဲ့၊ ယနေ့ ထူးထူးခြားခြား ဉာဏ်တက်အောင်လို့ တိုးပြီးသကာလ ဟောပြန်တော့ ဟောဒီ ခင်ဗျားတို့ ရထားတဲ့ခန္ဓာ- ဇိဝှါဝိညာဏ်စိတ်၊ ဇိဝှါဝိညာဏ်ဟာ ဝိညာဏက္ခခန္ဓာပဲ မဟုတ်လား (မှန်လှပါ ဘုရား)။

ဘယ်တုန်းက ခင်ဗျားတို့ သန္တာန်ဒီဟာကြီးရောက်နေပါလိမ့်မတုန်း၊ ဘယ့်နှယ်ကြောင့် ဒါကြီး ခဏခဏ ပေါ်နေပါလိမ့်မတုန်း မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (သာသနာပကလုပ်ခဲ့လို့ပါ) သာသနာတွေက အာသဝေါတရား လုပ်တာ (မှန်ပါ့) ဒီကျအောင်သွားလိုက် (မှန်လှပါ)။

ကိုမြရွှေတို့ ဦးဇံရင်တို့ ခင်ဗျားတို့ လျှာစိတ်ကလေး ပေါ်တိုင်း ပေါ်တိုင်း ဘယ်သူလုပ်ထားတာတုန်း (သာသနာပက အာသဝေါတရားလုပ်ပါတယ် ဘုရား) အာသဝေါတရားက လုပ်ထားတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီဇာတိထဲ ပါလာတာကိုးဗျ (မှန်လှပါ) မပါဘူးလား (ပါ ပါတယ်)။

ဇာတိထဲ ပါလာတာ သေချာပါတယ်တဲ့၊ အဲဒါ ခင်ဗျားတို့ ဘယ်တုန်းကလုပ်ထားလို့ ဒီ ဒုက္ခသစ္စာကြီး ခဏခဏ ပေါ်နေတာတုန်းမေးရင် ဘယ့်နှယ်ပြောမယ် (သာသနာပ အာသဝက လုပ်ထားလို့ပါ ဘုရား)။

သာသနပ အာသဝေါတရားတွေနဲ့ လုပ်ထားလို့ ဒီခန္ဓာကြီး ရနေတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။

ကဲ ဒါဖြင့် သာသနာတွင်းမျက်လုံး ဘုရားက တပ်ပေးတယ်၊ ဆရာဘုန်းကြီးက အကူအညီပေးတယ်၊ ပေးလိုက်တော့ သာသနာပ အာသဝေါက လုပ်ထားတဲ့တရားဟာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဘာသစ္စာတွေ ဖြစ်သတုန်း (ဒုက္ခသစ္စာတွေ ဖြစ်နေပါတယ်)။

ဪ ဘယ်သူ လုပ်ထားပါလိမ့်မတုန်း (သာသနာပအာသဝက လုပ်ထားပါတယ်) ဒီတခါ အာသဝ နောက်ထပ် လာရင် ခက်ရချီရဲ့ (မှန်လှပါ ဘုရား) ဒီတစ်ခါ အာသဝ နောက်ထပ်လာရင် (ခက်ရချီရဲ့) ခက်ရချီရဲ့ဆိုတာ သိပလား (သိပါတယ်) ဒီမှာ အာသဝလုပ်ထားတာကိုက ဆိုးကျိုးလား ကောင်းကျိုးလား (ဆိုးကျိုးပါ ဘုရား) ဆိုးကျိုးဆိုတာ သေချာပလား (သေချာပါပြီ)။

လျှာစိတ်ကလေးဟာ ပေါ်လိုက်ပျက်လိုက်

ခင်ဗျားတို့ အခုခန္ဓာကြီးဟာ လျှာစိတ်ကလေးဟာ ပေါ်လိုက်ပျက်လိုက် (မှန်ပါ့) လျှာစိတ်ကလေးဟာ ဘယ့်နှယ် (ပေါ်လိုက် ပျက်လိုက်ပါ ဘုရား) ပေါ်လာတော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ပျက်တာရော (ဒုက္ခသစ္စာပါ ဘုရား) အဲ သေတာပဲမဟုတ်လား (မှန်ပါ့) သေတာလည်း အသုဘမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ သာသနာပက ကိုယ်ထင်ရာ ကိုယ်လုပ်ပြီးသကာလထားတော့ ဘာသစ္စာကြီးနဲ့ အတူတူ နေရသလဲ (ဒုက္ခသစ္စာကြီးနဲ့ အတူတူနေရပါတယ်)။

ဒုက္ခသစ္စာကြီးနဲ့ အတူတူနေရတာကို ခင်ဗျားတို့အလိုတော့ဖြင့် ကိုယ့်ခန္ဓာကြီးဟာဖြင့် ကျုပ်ဟာ လူအဖိုးတန်ပဲ ရယ်လို့ အောက်မေ့ချင် အောက်မေ့နေမှာ၊ ဦးခင်မောင်တို့က ဟင် (မှန်လှပါ ဘုရား)။

လူအဖိုးတန်ကွ ဟုတ်လား၊ အဲဒီလို အောက်မေ့ပြီးသကာလ နေလို့ရှိရင်ဖြင့် ခုနက အာသဝတွေမောင်ကို သွားမလား မသွားဘူးလား (မသွားပါဘူး ဘုရား) ကိုင်း ဒါဖြင့် ဘုရားက

ဇိဝှါဝိညာဏံ အနိစ္စတော ဇာနတော ပဿတော အာသဝါ သမုဂ္ဃါတံ ဂစ္ဆန္တိ။

သံယုတ်ပါဠိတော်မှာ ဟောထားပါတယ်။

ဇိဝှါဝိညာဏံ = အာသဝလုပ်ထားတဲ့ ဇိဝှါဝိညာဏ်ကို၊ ဇာနတော = သိသောပုဂ္ဂိုလ်အား၊ ပဿတော=ရှုနိုင်သော ပုဂ္ဂိုလ်အား၊ အာသဝါ=နောက်ကအာသဝတို့သည်၊ မမုဂ္ဃါတံ=ကုန်ခြင်းသို့၊ ဂစ္ဆန္တိ = ရောက်ကုန်၏ တဲ့။

ခင်ဗျားတို့ ဖြစ်ပျက်ရှုနိုင်တဲ့ပုဂ္ဂိုလ် (နောက်အာသဝကုန်တယ်) ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကြက်မကြီးလိုပဲ

ဖြစ်ပျက်မရှုဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ အနိစ္စမရှုဘဲနဲ့ ဒုက္ခသစ္စာမပွားများခဲ့တဲ့ပုဂ္ဂိုလ်များမှာ ငါ အာသဝေါတရား ကုန်ရပါလို၏လို့ ဆုတောင်းနေရုံနဲ့ တော့ဖြင့်ကြက်မကြီးလိုပဲ ဒကာ ဒကာမတို့ ကြက်ဥကလေးတွေ ဥပြီးသကာလ ဘေးကသာ ငါ့ကြက်ဥတွေ ပေါက်ပါစေဆိုရတယ်၊ ရေပူနေပူမိလို့ ကြက်ဥတွေ ပုပ်ကုန်မယ်၊ မပေါက်ဘူး (မှန်လှပါ ဘုရား) ပေါက်သေးရဲ့လား (မပေါက်ပါဘူး) ဝတ္တု မထုတ်တော့ပါဘူးတဲ့ ဒါ ဘုရားဟောတဲ့ ဝတ္တုပါ (မှန်ပါ့)။

ဒါဖြင့် တောင်းရုံကလေး တောင်းနေလို့ မရှုလို့ရှိရင် ရပါ့မလား (မရပါဘူး) ကိုင်း ရှုရမှာက ဘယ်တရားတုန်း (အနိစ္စတရားပါ)။

အနိစ္စတရား၊ ဒီ အနိစ္စတရားက ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ သန္တာန်မှာ အခုပေါ်နေပါလိမ့်မတုန်းဆိုတာရော ရိပ်မိပလား (ရိပ်မိပါတယ်) ဘယ်လိုကြောင့်ပါလိမ့် (သာသနာပ အာသဝကြောင့်ပါ) ရှေးက မသိလို့ လုပ်ထားတဲ့ အာသဝကြောင့် ခန္ဓာဖြစ်နေတာ (မှန်ပါ့ ဘုရား)။

ဦးဇံရင်ရေ ရှေးက အာသဝေါတရားက လုပ်ထားတဲ့ တရားဆိုရင်ရော သေချာပလား (သေချာပါတယ် ဘုရား) သဘောကျပြီနော် (ကျပါပြီ)။

ဒါကလေးတွေကို ယခု သာသနာတွင်းမျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ အာသဝေါက ရုပ်လုံးလုပ်ထား တဲ့တရားဟာ အဖိုးတန်ဖြစ်လေရော့လား အရုပ်ဆိုးဖြစ်လေရော့လား ဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့ (အရုပ်ဆိုးဖြစ်ပါတယ် ဘုရား) အရုပ်ဆိုး အကျည်းတန် ဖြစ်နေတယ် ဆိုတာသေချာပလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ကိုယ်လုပ်ထားတာကြီး ကိုယ်မဟုတ်ကြောင်းကိုသိအောင်လို့ ဝိပဿနာရှုရတာပါ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ဉာဏ်အမြင်နဲ့မှ သိမှာ

ကိုယ့်အာသတွေ လုပ်ထားတာကို ကိုယ်မကောင်းကြောင်းကို ပကတိဆုတောင်းနဲ့ သိမလား (ဉာဏ်အမြင်နဲ့မှ သိမှာပါ ဘုရား) ဉာဏ်အမြင်နဲ့မှ သိမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ကဲ ဒါဖြင့် ဒီတရား ဒီဇိဝှါဝိညာဏ်စိတ်ကလေးကို ခင်ဗျားတို့ စားဆဲမတ္တမှာပဲ မျိုချလိုက်တဲ့အခါ ရှိသေးသလား (မရှိပါဘူး ဘုရား) အဲ မရှိတာ သိအောင်လုပ်ပါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

မရှိတာ ဘယ့်နှယ်ခေါ်ကြမယ် (သိအောင်လုပ်ရမယ်) အဲ မရှိတာက အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား) ကုန်တာက အာသဝ (မှန်ပါ့ ဘုရား) ကုန်တာကနောက်က အာသဝကုန်တာ (မှန်ပါ့) မကုန်ဘူးလား (ကုန်ပါတယ် ဘုရား) ကုန်တာက ဘာပါလိမ့် (အာသဝပါ ဘုရား)။

သူက အာသဝကုန်တော့ ဟောဒါက အာသဝေါတရားကုန်ရာနိဗ္ဗာန် (မှန်ပါ့) ဒီဘက်ကနိဗ္ဗာန်၊ ဒုက္ခသစ္စာ သုံးခုရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ ဇာတိ ဇရာ မရဏ ရှိသေးရဲ့လား (မရှိပါဘူး)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြအုံးစို့ ဒကာ ဒကာမတို့၊ အာသဝေါတရား ကုန်တာကို ရှင်းသထက် ရှင်းအောင်လို့ ဒီတရားက ဘယ်သူ လုပ်ထားတာတုန်း ရှေးက (အာသဝ လုပ်တာပါ)၊ အာသဝ လုပ်ထားတာ၊ အဲဒါကို သာသနာတွင်း မျက်လုံးနဲ့ကြည့်ပါ (မှန်ပါ့)။

သာသနာတွင်း မျက်လုံးဆိုတာ အခုဘုန်းကြီး ပေးနေတဲ့မျက်လုံး၊ ဘုရားဟောထားတဲ့မျက်လုံး၊ သဘောကျပ လား၊ အခုနပါဠိပေါ့ ဦးခင်မောင်ရာ (မှန်လှပါ ဘုရား)။

ဇိဝှါဝိညာဏံ (ပ) ဂစ္ဆန္တိ ဆိုတာ ဘုရားဟောတော်မူခဲ့လို့ ဘုန်းကြီးတို့က ဇိဝှါဝိညာဏ်ကို “ဇာနတော ပဿတော’ လုပ်ရမယ် ဆိုသောကြောင့် မောင်ကိုရေ ဖြစ်လည်းဖြစ်တယ် ပျက်လည်းပျက်တယ် သိရမယ်နော် (မှန်ပါ့)။

ရှုတာက မဂ္ဂသစ္စာ

ကြည့်လိုက်တဲ့အခါကျတော့ ရှေးက အာသဝ လုပ်ထားတာ ဘာသစ္စာတွေ လုပ်ထားသလဲ (ဒုက္ခသစ္စာတွေ လုပ်ထားပါတယ်) အဲ သူက ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ) ရှုတာက မဂ္ဂသစ္စာဖြစ်တယ်။

ကုန်တာကဘာတုန်း (ကုန်တာက အာသဝပါ ဘုရား)။

ရတာက (အာသဝကုန်ရာ နိဗ္ဗာန် နိဗ္ဗာန်ပါ ဘုရား)။

ဟော အာသဝေါတရားကုန်ရာ၊ ကုန်တာက အာသဝလေ (မှန်ပါ့) ကုန်ရာက နိဗ္ဗာန် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

ကုန်တာကဘာပါလိမ့် (အာသဝပါ ဘုရား)။

ကုန်ရာဌာနက (နိဗ္ဗာန်ပါ)။

ကိုင်း ဒီက ရှုလိုက်လို့ ကုန်တယ် ကုန်တယ်၊ ကုန်လို့ရတယ် (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အမလေး အာသဝေါတရား ကုန်ဖို့ရာကို ခင်ဗျားတို့ မနည်းပြောရပါလား မနည်းပြောရတယ် ဒကာ ဒကာမတွေ၊ ဒီအာသဝေါတရား ကုန်ရာ လူတိုင်းတော့ နှုတ်တက်နေတာပဲ၊ ဒီလိုက အမြင်အားဖြင့်နားမလည်တော့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ရေ သိပ်ခက်နေတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ- ယခုတော့ဖြင့်တခါ ပြန်- ရှင်းပါဦးမယ် ဒကာ ဒကာမတို့၊ ဒီဘက်က ဝေဒနာ တဏှာ ဥပါဒါန်ကံပေါ့ဗျာ နော် (မှန်ပါ့)။

ဒီဟာတွေဟာ အာသဝတွေပဲ ထားလိုက်ပါတော့တဲ့ ခုနကလည်း အာသဝပြောင်းပြီးပါပြီ၊ ဒီဘက်က အာသဝေါတရား ကုန်ရာနော် (မှန်ပါ့)၊ ဇာတိ ဇရာ မရဏ အခုဖြုတ်ပစ်လိုက်ပြီ၊ ဖြုတ်ပစ်လိုက်တော့ ဇာတိ ဇရာ မရဏ မရှိတာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား)။

အာသဝေါတရား ကုန်ရာ နိဗ္ဗာန်

နိဗ္ဗာန်ဆိုတော့ အာသဝေါတရားကုန်ရာ (မှန်လှပါ) ဒါက အာသဝေါတရား၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီဘက်က (အာသဝေါတရား ကုန်ရာ နိဗ္ဗာန်) ကုန်ရာနိဗ္ဗာန် (မှန်လှပါ)၊ ရှင်းပြီးနော် (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်ပုဂ္ဂိုလ်မျိုး ကုန်မှာတုန်းလို့မေးတော့ ဒါ ဘယ်သူ လုပ်ထားတာတုန်း (အာသဝေါတရားလုပ်ထားတာ ပါ) အာသဝေါတရား လုပ်ထားတာ၊ ခင်ဗျားတို့ စက္ခု သောတ ဃာန ဇိဝှါ ကာယ တကိုယ်လုံးပေါ့ဗျာ (မှန်လှပါ) ဘယ်သူလုပ်ထားပါလိမ့် (အာသဝေါတရားလုပ်ထားပါတယ် ဘုရား)။

အာသဝေါတရားလုပ်ထားတာကို ခင်ဗျားတို့တပ်ကြည့် (မှန်ပါ့)။ စမ်း (မကောင်းပါဘူး ဘုရား) မကောင်းဘူး ဘာသစ္စာတွေလုပ်ထားသတုန်း (ဒုက္ခသစ္စာတွေ လုပ်ထားပါတယ်)။

ဒါဖြင့် သူက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ဇိဝှါဝိညာဏ် စိတ်ဟာ ဒုက္ခသစ္စာ၊ သဟဇာတ ဖြစ်ဖော်ဖြစ် ဘက်နှင့်တကွ ဒုက္ခသစ္စာ (မှန်လှပါ) သူကဘာတုန်း (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီဒုက္ခသစ္စာကို ရှေးအာသဝက လုပ်ထားတဲ့ ဒုက္ခ သစ္စာ (မှန်လှပါ ဘုရား) ၎င်းင်းကို သာသနာတွင်း လုပ်နည်း မဂ္ဂသစ္စာနဲ့ ကြည့်လိုက်ပါတယ် (မှန်လှပါ)။

(ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီအာသဝတွေ ဘယ့်နှယ်နေသတုန်း (ကုန်သွားပါတယ် ဘုရား) ကုန်သွားတယ်။

ဒါဖြင့် အာသဝေါတရား အကြောင်းတွေကုန်တော့ အာသဝေါတရား၏ ကုန်ရာဌာနဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ ပေါ်- မပေါ် (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် လုပ်မှပေါ်မှာ (လုပ်မှပေါ်မှာပါ ဘုရား) မလုပ်ရင် (မပေါ်ပါဘူး) မလုပ်ရင် သူမကုန်ဘူး သူ မကုန်လို့ရှိရင် ဇာတိ ဇရာ မရဏ ထပ်ပေါ်မယ် (မှန်လှပါ) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဇာတိ ဇရာ မရဏ ချုပ်ရာဟာ ဘာပါလိမ့်မယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဟာ အာသဝေါတရား၏ ကုန်ရာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) နိဗ္ဗာန်ဟာ ဘယ့်နှယ်ဆိုကြမယ် (အာသဝေါတရား၏ ကုန်ရာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အာသဝေါတရား လုပ်ထားတာကို ဖြစ်ပျက်ရှုမှ သာသနာတွင်း မျက်လုံးပေါ်မယ် (မှန်လှပါ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

သာသနာပ လုပ်ထားတဲ့ ဒုက္ခသစ္စာကို သာသနာတွင်း မျက်လုံးနဲ့ ကြည့်လိုက်တော့မှ ဒုက္ခသစ္စာကိုးလို့ သိမယ် (မှန်လှပါဘုးရား) မသိဘူးလား (သိပါတယ် ဘုရား) သာသနာပ အာသဝက လုပ်ထားတာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာ ပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာကို သာသနာတွင်း မျက်လုံး ထည့်ကြည့် (မှန်လှပါ ဘုရား) ထည့်ကြည့်လိုက်တော့ ဘာ လာဖြစ်လာသတုန်း (မဂ္ဂသစ္စာ ဖြစ်ပါတယ်)။

မဂ္ဂက နိဗ္ဗာန်ရောက်ကြောင်း

မဂ္ဂသစ္စဖြစ်လာတော့ အမှန်မြင်တာကိုးဗျ၊ (မှန်လှပါ)၊ မဂ္ဂက နိဗ္ဗာန်ရောက်ကြောင်း၊ သစ္စာက မှန်တာ၊ လိုရင်းတော့ သမ္မာဒိဋ္ဌိနဲ့ ကြည့်တာပဲ (မှန်ပါ့)၊ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အမှန်မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဒါတွေက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒီအမှန်မျက်လုံးက (မဂ္ဂသစ္စာပါ ဘုရား)။

ဒီ အမှန်မျက်လုံးမြင်ကတည်းက နောက်ကမဆက်နိုင်တာတွေက ဘာတွေတုန်း (အာသဝကုန်တာပါ) အာသဝကုန်တာ၊ ကုန်ခြင်းကြောင့် ကျုပ်တို့ ရမှာကဘာတုန်း (နိဗ္ဗာန်ပါ ဘုရား) ကုန်ရာဌာန နိဗ္ဗာန်မရပေဘူးလား (ရပါတယ်)။

ဪ ဒါဖြင့်လည်း ဝိပဿနာသည် ဒကာ ဒကာမတို့ အာသဝေါကုန်ရာဖြင့် အနီးဆုံးပဲ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဝိပဿနာသည် (အာသဝေါကုန်ရာ နိဗ္ဗာန်အနီးဆုံး) အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရောက်ဖို့ ဖြင့် (အနီးဆုံးပါ ဘုရား) အနီးဆုံးပဲဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် လမ်းကွေ့သွားချင်သလား ဖြောင့်ဖြောင့် ခပ်နီးနီးနဲ့ပဲ သွားချင်သလားလို့မေးရင်ဖြင့် ဒကာ ဒကာမတွေ ကတော့လူပါးတွေဖြစ်နေတော့ အမြန်ရောက် ကြိုက်တာပါပဲ။

လာတော့ လာမှာပဲ ဦးခင်မောင်ကြီးလည်း (မှန်လှပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

သို့သော်လည်း အမြန်သာရောက်အောင် ကြိုက်တယ်သာဆိုတာပါ၊ ဒကာ ဒကာမတွေက ကွေ့ကွေ့သွားနေ တယ် (မှန်ပါ့)။

ဘာဖြစ်လို့ ကွေ့သွားနေသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သားရေး သမီးရေး စီးပွားရေးက ခြားခြားသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သားရေးသမီးရေး၊ စီးပွားရေးက (ခြားခြားထားပါတယ် ဘုရား)။

ခြားခြားထားတော့ ဒီဝိဿနာအလုပ် မဂ်ကလေးလုပ်ဖို့ရာ ကလေးက အင်း သားရေး သမီးရေး စီးပွားရေး ပြီးမှပဲ ဒါကလေး ညအိပ်ရာဝင်ကာနီးမှ နံနက်စောစောနိုးမှ ထလုပ်တော့မယ်၊ ဒီ အဓိပ္ပါယ်က မပါဘူးလား (ပါ ပါတယ် ဘုရား)။

အဲဒီတော့ သားရေး သမီးရေး၊ စီးပွားရေး တည်းဟူသော တောင်ကြီးတွေ ကွေ့ကွေ့ပြီးတော့မှ ရှုတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဟာ တိုက်ရိုက် ရှုလိုက်ပါလား မဟုတ်ဘူးဘုရား ဒီတောင်ကြီးတော့ ကွေ့ပါရစေအုံးဆိုတော့ အတော်ခက်နေတာ ဒကာ ဒကာမတို့ အဖြောင့်ရောက်မှာ သိပ်စိုးရိမ်ကြတယ်နော် (မှန်လှပါ) ဘာစိုးရိမ်ကြပါလိမ့် (အဖြောင့်ရောက်မှာ စိုးရိမ်ပါတယ်)။

အဖြောင့်ရောက်မှာကို သိပ်စိုးရိမ်တယ်၊ ကွေ့ပြီးသကာလ အမောဆိုက်ပြီးမှ ရောက်ချင်တဲ့စိတ်ဟာလည်း တော်တော်ခက်သေးတယ်ဆိုတဲ့ အဓိပ္ပါယ် မရဘူးလား (ရပါတယ် ဘုရား)။

ခွေးအိပ်မယ်ကြံတဲ့အခါ

ခွေးအိပ်မယ်ကြံတဲ့အခါကျတော့ ဦးခင်မောင် ဘယ်လိုများနေသလဲ၊ လှည့်များနေလိုက်သေးတယ်၊ အိပ်လိုက်ရင် ပြီးတော့မှာ မဟုတ်လား (မှန်ပါ့) ဘာဖြစ်လို့ လှည့်နေတုန်း ခွေးထုံးစံရှိလို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခွေးအိပ်မယ်ကြံတော့ ဘယ့်နှယ်နေသတုန်း (လှည့်နေပါတယ် ဘုရား) လှည့်နေသတုန်း (လှည့်နေပါတယ် ဘုရား) လှည့်နေတော့ သူ့မှာ ဘာထူးသေးသတုန်း (ဘာမှမထူးပါဘူး ဘုရား) မထူးဘူး အိပ်တာ နောက်ကျတာပဲ ရှိတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဦးခင်မောင် ခွေးအိပ်မယ်ကြံတော့ ဘယ့်နှယ်တဲ့ (လှည့်ပါတယ် ဘုရား) လှည့်တဲ့အတွက် အိပ်ရာခင်းတာ လာဗျ၊ ထုံးစံဘဲလား အိပ်ရာခင်းတာလား သူ့ဟာက (ထုံးစံပါ ဘုရား) ခွေးထုံးစံ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အေး ဒါဖြင့် ဒကာ ဒကာမတွေ သားရေး သမီးရေး စီးပွားရေးပြီးမှာပဲ အိုနာ သေဘေး ဒုက္ခ ငြိမ်းတဲ့ နိဗ္ဗာန် ရောက်အောင်လုပ်ပါတော့မယ်ဆိုတဲ့ဥစ္စာ ကွေ့ပြီးသကာလ သွားနေတယ်၊ အမြန်ရောက်မှာ စိုးလွန်းလို့ အိပ်မည့်ဥစ္စာ အိပ်လိုက်ရင်ပြီးတော့မယ် ကွေ့နေရသေးတယ်ဆိုတော့ ခွေးထုံးစံမစွန့်ချင်လို့ ဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါ ခင်ဗျားတို့ နာအောင် ပြောတယ်လို့တော့ မအောက်မေ့ပါနဲ့ တဲ့၊ ဖြစ်စဉ်ကိုက်တယ်လို့သာ မှတ်ပါ (မှန်ပါ ဘုရား)။ ရိပ်မိပလား (မှန်ပါ့ ဘုရား) နာအောင်ပြောတာလား ဖြစ်စဉ်ကိုက်တာလား (ဖြစ်စဉ်ကိုက်တာပါ ဘုရား)။

အေး ဘုန်းကြီးကလည်း နာအောင်မပြောတတ်ပါဘူး၊ ဖြစ်စဉ်ကိုက်သာ ပြောတာလို့ ဒီအတိုင်း မှတ်ထားရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ရှုစရာဟူသ၍ အာသဝလုပ်ထားတာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားမှာ အင်မတန် အဖိုးတန်တော့တယ်ဆိုတာ ဦးခင်မောင် သေသေချာချာ မှတ်နော် (မှန်လှပါ ဘုရား) ရှေ့ပိုင်းက ရှုစရာဟူသ၍ အာသဝလုပ်ထားတာချည်းမှတ် (မှန်လှပါ ဘုရား) ရှေ့ပိုင်းက ရှုစရာဟူသ၍ (အာသဝလုပ်ထားတာချည်းပါ ဘုရား)။

အဲ အာသဝ လုပ်ထားတဲ့အတိုင်းသာ ခင်ဗျားတို့က နေတော့မယ်ဆိုရင် အာသဝတွေပဲ ထပ်လာမှာပဲ၊ ဉာဏ်မဝင်ရင်လေ (မှန်လှပါ ဘုရား)။

အာသဝ လုပ်ထားတဲ့အတိုင်း ကျေနပ်နေမယ်ဆိုတော့ ဒကာ ဒကာမတွေက ကိုယ့်တိုက်ကိုယ့်ကားကလေးနဲ့ ကိုယ်စားလို့ ကောင်းတာကလေး ကျေနပ်နေမယ်ဆိုတော့ ဝေဒနာ တဏှာဥပါဒါန် ကံ ဇာတိ ဇရာ မရဏ။

ဒါ ကိုယ်ကျေနပ်မှုကတော့ အရင်လည်း ဒုက္ခနဲ့ နေခဲ့ရတယ် (မှန်ပါ့) နောက် ဒုက္ခဖြစ်ကြောင်းလည်း ကြိုးစားတယ် (မှန်ပါ့) ဒါကိုယ့်ဟာကိုယ် သွားနေရင်တော့ ဒီအတိုင်း သွားမှာပဲ (မှန်လှပါ ဘုရား)။

ဘုရားကလည်းမပွင့်၊ ဆရာကောင်းနဲ့ကလည်း မတွေ့တော့ဘူးဆိုရင် ဒကာ ဒကာမတို့ အာသဝလုပ်ထားတာကို နောက်ဟာက သာယာတယ်၊ မသာယာဘူးလား (သာယာပါတယ် ဘုရား) သာယာတော့ နောက်အာသဝ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

နောက်အာသဝ မဖြစ်တဲ့အခါကျတော့ နောက် ဇာတိ ဇရာ မရဏ တွေရော လာရမှာလား၊ မလာရတော့ဘူး လား၊ (လာရှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ တစ်လုံးတိုးပေးလိုက်တာ ကလေးရိပ်မိရဲ့လား (မှန်ပါ့ ဘုရား) ရှုရမည့်တရား ဟူ၍ ဘယ်သူ လုပ်ထားတာတုန်း (အာသဝလုပ်ထားတာပါ ဘုရား)။

သူဘဲ လုပ်သ၍ ဘာသစ္စာတွေ လုပ်သတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား) သူလုပ်သ၍ဟာ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဒီပြင် ဘာများလာသေးသတုန်း (မလာပါ ဘုရား)။

အဲဒါကို သာသနာတွင်းမျက်လုံး တပ်ကြည့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာတပ်ကြည့်ရမယ် (သာသနာတွင်း မျက်လုံး တပ်ကြည့်ရမယ်)။

သာသနာတွင်းမျက်လုံးနဲ့ တပ်ကြည့်တော့ ဒီ အာသဝလုပ်ထားတာ မြင်သဖြင့် ဒီ အာသဝကုန်တာကို ကျေနပ်တယ် (မှန်ပါ့) သဘောကျလား (ကျပါပြီ) ဒီ အာသဝလုပ်ထားတာ မြင်သဖြင့် နောက်အာသဝကုန်တာကို (ကျေနပ်တယ်)။

အဲဒီ ကျေကျေနပ်နပ်နဲ့ ဆုတောင်းရင် ဘုန်းကြီးက ကြိုက်ပါတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မဟုတ်ဘူး ရမ်းသာရွတ်နေတာတော့ မကြိုက်ဘူး (မှန်ပါ့)။

သို့ရာတွင် ရမ်းသာ ရွက်နေကြတာကများတယ် (မှန်ပါ့) ဣဒံ မေ ပုညံ (အာသဝက္ခယံ ဝယံ ဟောတု) နှုတ် တက်ကျနေပါကလား ခင်ဗျားတို့ဟာ ရတာ ရွတ်တာကို၊ ကျေတာပေ့ါ ရိပ်မိပလား (ရိပ်မိပါပြီ)။

ရတာရွတ်တော့ ကျေတာပေ့ါ။ ကိုယ်အာသဝတွေလုပ်ထားတာ မကောင်းမှန်း သိတော့မှ ဒီတော့မှ အာသဝ ကုန်စေချင်မှ အမှန်ရောက်ပါတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီရှေ့ပိုင်းက ခန္ဓာကြီးဟာ ဘယ်သူလုပ်ထားတာတုန်း (အာသဝလုပ်ထားတာပါ) အဲဒီ အာသဝ လုပ်ထားတာ မကောင်းမှန်းသိတဲ့ဉာဏ်လာတော့မှ ဒကာ ဒကာမတို့ နောက်အာသဝ ကုန်စေချင်တယ် (မှန်ပါ့)။

နို့မို့လို့ရှိရင် ရိုးရာတောင်းတဲ့ဆု (မှန်ပါ့) တကယ်လိုချင်လို့ တောင်းတဲ့ အဓိပ္ပါယ်ရောက်ပါရဲ့လား (မရောက်ပါ ဘူး) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တကယ်လိုချင်လို့ တောင်းပါသလားဆိုတဲ့ အခါကျတော့ ဘယ်သူဖြစ်ဖြစ် တကယ်လို ချင်မှန်းသိတော့ ပေးကြပါတယ်နော် (မှန်ပါ့)။

တကယ် မလိုချင်ဘဲနဲ့ အလကား တောင်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကျတော့ ပေးတဲ့လူကလည်း ပေးချင်မလား (မပေးချင်ပါဘူး) တောင်းတဲ့ပုဂ္ဂိုလ်ကလည်း တကယ်လိုချင်လို့တောင်းနည်း၊ ထုံးစံတောင်းနည်း နှစ်မျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ တကယ်လိုချင်လို့ တောင်းတဲ့ပုဂ္ဂိုလ်ဟာတော့ ဟောဒါတွေ ဖြစ်ပျက်မြင်ပြီး တောင်းတဲ့ပုဂ္ဂိုလ်မှ အဘိုးတန် တယ် (မှန်လှပါ ဘုရား) သေချာပလား (သေချာပါပြီ) ဒီဖြစ်ပျက်မြင်တော့ သူက ဘယ်သူကလုပ်ထားတာတုန်း အာသဝ လုပ်ထားတာပါ ဘုရား)။

ရှေးကတော့ အကောင်းထင်တယ်

အာသဝလုပ်ထားတာကို ရှေးကတော့ အကောင်းထင်တယ် အခုသာသနာတွင်း မျက်လုံးတပ်ကြည့်တော့ ဘယ့်နှယ်ဖြစ်သွားသတုန်း (မကောင်းပါဘူး ဘုရား)။

မကောင်းဖြစ်သွားတော့ကို မကောင်းဖြစ်သွားတဲ့အခါကျတော့ မကောင်းမှန်းသိတော့ သိသည်နဲ့ တပြိုင်တည်း အာသဝကုန်တာပဲ၊ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

သိရင်ဘယ့်နှယ်ဆိုကြမယ် (အာသဝ ကုန်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအာသဝေါတရားဆိုတဲ့ အကြောင်း ကုန်တော့ အာသဝေါတရား၏ ကုန်ခြင်းကြောင့်ဖြစ်သော ကျိုးဆိုတဲ့ နိဗ္ဗာန်ဟာ ကျုပ်တို့သည် မလိုချင်ပါဘူး ဆိုငြားသော်လည်း ရ ရမယ်၊ (ရ ရပါမယ် ဘုရား) မရပေဘူးလား (ရပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့အားမလျှော့နဲ့ ဝိပဿနာ ကြိုးစားလုပ်ကြပါ (မှန်လှပါ ဘုရား)။

ဒီနေ့ ဒီတစ်လုံး ပေးသေးလား ခင်ဗျားတို့ ဦးခင်မောင် လေးလေးနက်နက် မှန်မိရဲ့လား (မှတ်မိပါတယ် ဘုရား) အရှုခံဟူ၍ ဘယ်သူလုပ်ထားတာတုန်း (အာသဝလုပ်ထားပါတယ် ဘုရား)။

အဲဒီ အာသဝလုပ်ထားတာသိမှ အာသဝေါတရားကုန်ချင်တဲ့ သဘောက ခင်ဗျားတို့ဉာဏ်ထဲမှာ သက်ရောက်ပါ တယ် (မှန်လှပါ) နို့မို့ရင် (မသက်ရောက်ပါဘူး ဘုရား) နို့မို့လို့ရှိရင် မိဘရိုးရာသာ တောင်းနေတယ်လို့မှတ်ပါ။ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်မတန် အားခဲပြီး ခင်ဗျားတို့ကလည်း လာလို့ဒီက တစ်နေ့တစ်လုံးတည်း တိုးပေးတယ်ဆိုတာ ဦးခင်မောင် ဒီတစ်လုံးကလည်း သံသရာမှာ ဒုက္ခသိမ်းမည့်တစ်လုံး (မှန်ပါ့)။

တစ်လုံးတည်း တိုးပေးတယ်ဆိုပေမဲ့ ယူနိုင်အောင် ဘုန်းကြီးက တစ်နေ့တစ်လုံးလောက် တိုးပေးတာပဲ၊ အဲဒီ တလုံးလောက်တောင်မှ မိုးလင်းကျန်ချင်မှ ကျန်တာ ခင်ဗျားတို့ကလည်း ခက်လိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီတစ်လုံးပေးတာ တစ်လုံး ဖျောက်ပစ်တယ်ဆိုရင် ဘယ့်နှယ်လုပ်မလဲ ဒကာ ဒကာမတို့ များများဆိုလို့ရှိရင် လည်း လုံးဝမသိမ်းဆည်းနိုင်တဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီနေ့ဘာကို ဝိပဿနာ ရှုရမှာတုန်း မေးရင် တရားပွဲလုံး ဘယ့်နှယ်ဖြေကြမယ် (အာသဝကို ရှုရပါမယ် ဘုရား) အာသဝေါတရား လုပ်ထားတာကို ရှု (မှန်လှပါ ဘုရား) ရှေးက အာသဝေါတရားက လုပ်ထားတာကို ရှုပါ (မှန်ပါ့)။

ဘယ်သူတုန်းမေးတော့ ခန္ဓာကိုယ် တကိုယ်လုံးဟာ အာသဝက လုပ်ထားတာ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ (အာသဝက လုပ်ထားတာပါ ဘုရား) အကောင်းပါရဲ့လား (မပါ ပါဘူး)။

ပါတယ် မပါဘူး ဆိုတာတော့ တခါ ဓမ္မစကြာနဲ့ ညှိလိုက် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ” တဲ့ (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား) ဘယ်သူက လုပ်ထားတာဆိုတာ သေချာပြီ နော် (သေချာပါပြီ) အာသဝက လုပ်ထားတာ (မှန်ပါ့)။

အဲဒီတော့ ဒီ အာသဝေါတရား ကုန်ရာကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရလိုရောက်လို၏ ဆိုပြီး ဆုတောင်းနေ တာသည် ဒကာ ဒကာမတို့ ယူပစ်သလို ကုန်လို့ရရဲ့လား (မရပါဘူး) ခင်ဗျားတို့ တစ်ခါတည်းတဲ့ ယူပစ်လိုက်သလို။ ဥပမာ ကိုယ့်မျက်ဝတ်ကလေး ထွက်နေတယ်။ နှပ်ကလေးထွက်နေတယ် ယူပစ်လိုက်သလို ကုန်တာမျိုးမဟုတ်ဘူး (မှန်ပါ့) သူ့ ကုန်ကြောင်းလုပ်မှ ဘာတုန်း (ကုန်ပါတယ် ဘုရား)။

သူ့ ကုန်ကြောင်းက အာသဝေါတရား ကုန်ကြောင်းကလည်း မဂ်ပဲ ရှိတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) အာသဝေါတရား ကုန်ကြောင်းကလည်း (မဂ်ပဲ ရှိပါတယ်) သဘောပါကြပလား (ပါ ပါပြီ ဘုရား)

ကိုယ့် အညစ် အကြေး ဆိုတာ

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့် အညစ် အကြေး ဆိုတာ အာသဝေါတရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်အညစ်အကြေး ကိုယ်ရေးဆေးရတာများ ခင်ဗျားတို့ ရေနည်းနည်းနဲ့ ဆေးရတာတော်မလား ဖောဖောသီသီ ဆေးရတာတော်မလား (ဖောဖောသီသီ ဆေးရတာ တော်ပါတယ် ဘုရား)။

ဟုတ်ကဲ့လား စဉ်းစားပါအုံး။ စဉ်းစားပြော တော်တော်ကြာ မိနေလိမ့်အုံးမယ် စဉ်းစားလည်း ပြောကြပါ ဒကာ ဒကာမတို့ ဖောဖောသီသီ ဆေးပါမယ်ဆိုလို့ရှိရင် များများရှုရမှာပြောတာ သူ့ဟာ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဖောဖောသီသီ ဆေးဆိုရင် ဘာတုန်း (များများရှုရမှာပါ ဘုရား)။

အဲ အဲဒါကျတော့ မတတ်နိုင်ဘူးဆိုတော့ ရေနည်းနည်းနဲ့ ဆေးရင်တော့ ချေးကျန်မှာပါပဲ၊ (မှန်ပါ့ ဘုရား) မကျန်ပေဘူးလား (ကျန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဖောဖောသီသီ လုပ်ပါဆိုတော့ မသေခင်ကလေး လုပ်ရတာနော် (မှန်ပါ့ ဘုရား)။

ဒီဥစ္စာသေရင် ခင်ဗျားတို့ အမိဝမ်းခေါင်းထဲမှာ လူပြန်ဖြစ်တယ်ဆိုရင် ကိုးလခွဲဆိုရင် ဘုန်းကြီးတရားတွေ အကုန်မေ့တယ်၊ (မှန်ပါ့ ဘုရား) မမေ့ပေဘူးလား (မေ့ပါတယ် ဘုရား) မေ့သည်နဲ့တစ်ပြိုက်နက်တည်း အရင်ဆုံးမယ် (မှန်ပါ့)။

ငရဲရောက်သွားတော့ သွားပြီ၊ ဘာမှကို ဒါတွေမတွေးနိုင်တော့ဘူး၊ ဒကာ ဒကာမတို့ အရင်ဆုံးတာ ခန္ဓာနဲ့ ဆပ်နေရတာနဲ့ ဦးခင်မောင်အရင်ဆုံးနေတာပဲ၊ (မှန်လှပါ ဘုရား) မောင်ကိုတို့ သဘောကျပလား ဟေ့ (မှန်ပါ့ ကျပါပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ အာသဝေါတရားကို မဂ်နဲ့ ကြည့်ပါ၊ အာသဝေါတရား လုပ်ထားတဲ့အလုပ်ကို မဂ်နဲ့ ကြည့်ပါလို့ ဆိုတာတော့ ယနေ့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ကို ရိုက်ထားတဲ့ ပုဂ္ဂိုလ်ဟာ ကျောမှာအစင်းကြီး အမာရွတ်ကြီး ကျန်နေရစ်သေးတယ်။

အဲဒီ အမာရွတ်ကြီး ကျန်နေတာကို အဲဒီ အမာရွတ်ကြီးမြင်တိုင်း မြင်တိုင်း ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် ဒီပုဂ္ဂိုလ်ကို ခင်ဗျားတို့ အမြဲတမ်း စိတ်ဆိုးမှာပဲ၊ (မှန်လှပါ) မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။

ဘာဖြစ်လို့ ဆိုးရတာတုန်း ကိုယ့်ဒဏ်ရာကြီးက အမာရွတ်တွေက ကျန်နေလို့ (မှန်ပါ့ ဘုရား) မကျန်ရစ်ဘူးလား ဒကာ ဒကာမတို့ (ကျန်ရစ်ပါတယ် ဘုရား)။

ကျန်ရစ်တဲ့အခါကျတော့ ရိုက်တဲ့ပုဂ္ဂိုလ်ကို ဘယ့်နှယ်စိတ်ကူးကြမယ် (စိတ်ဆိုးပါတယ်) ဒီလူကို မြင်တိုင်း မြင်တိုင်း စိတ်ဆိုးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ခန္ဓာကိုယ် ကြပ်ကြပ်ကြည့်ပါ

ဒီမှာလဲ ခန္ဓာကိုယ် ကြပ်ကြပ်ကြည့်ပါ၊ အာသဝေါတရား ကို စိတ်ဆိုးပါလိမ့်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခန္ဓာကိုယ် ကြပ်ကြပ်ကြည့်လိုက်ရင် (အာသဝေါတရားကို စိတ်ဆိုးပါတယ်) အာသဝေါတရားကို စိတ်ဆိုးပါလိမ့် မယ်လို့ ခန္ဓာကိုယ် ကြပ်ကြပ်ကြည့်ပါဆိုတော့ ဝိပဿနာနဲ့ ကြည့် (မှန့်ပါ)။

အဲဒီတော့ ခန္ဓာကိုယ် ကြပ်ကြပ်ကြည့်လို့ ကြည့်လေ အာသဝေါတရားက ကုန်လွယ်လေပဲ (မှန်ပါ့ ဘုရား) ပေါင်းချင်သေးရဲ့လား (မပေါင်းချင်ပါဘူး ဘုရား)။

အပေါင်းချင်တဲ့သဘောသည်၊ မလိုချင်တဲ့သဘော၊ မလိုချင်တာသည် အာသဝေါတရားကုန်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့က ဒဏ်ရာကလေး ကြည့်ရမှာ ပျင်းသလား (မပျင်းပါဘူး ဘုရား) ဒါ ဘယ်သူလုပ်ထားတဲ့ ဒဏ်ရာပါလိမ့် (အာသဝလုပ်ထားတဲ့ ဒဏ်ရာပါ ဘုရား)။

အာသဝေါတရား လုပ်ထားတဲ့ ဒဏ်ရာသည် ခင်ဗျားတို့ မျက်စိမွဲတယ်၊ ခါးကိုင်းတယ်၊ နားထိုင်းတယ်၊ သားဆိုး သမီးဆိုး နှိပ်စက်ခံရတယ်၊ ရေ၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သောသူ တို့က ခင်ဗျားတို့ကို နှိပ်စက်နေတယ်။

အဲဒီ နှိပ်စက်ခံရတာ ဘယ်သူ လုပ်ထားတာတုန်း (အာသဝေါတရား လုပ်ထားတာပါ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ပြုံးပြီးတော့များ ဪ ကံမကောင်း အကြောင်းမသင့်လို့ ခံရလေခြင်းလို့ ဆိုမလား အာသဝေါတရားများ ထိအောင် ပြောကြစမ်းပါဦး (မှန်ပါ့ ဘုရား)။

ဒီကံကို မချပါနဲ့ ကံပေါ်မှာ ဘယူသူအုပ်ချုပ်နေသတုန်း (တဏှာ ဥပါဒါန် အုပ်ချုပ်နေပါတယ် ဘုရား) ဒါ အာသဝကလုပ်တာ၊ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူက လုပ်တာပါလိမ့် (အာသဝက လုပ်တာပါ ဘုရား)။

မယုံလို့ရှိရင် ခင်ဗျားတို့သွားကြည့်၊ ခင်ဗျားတို့ “အနေက ဇာတိ သံသရံ” ဘုရား အနေကဇာတင်တဲ့အခါ သံဃာတွေ ပင့်တင်ပြီး မရွတ်ကြဘူးလား (ရွတ်ပါတယ် ဘုရား)။

တဏှာ ယောက်ျား လက်သမား

ရွတ်တဲ့အခါကျတော့ ဟေ့ တဏှာယောကျ်ား လက်သမား မင်း ခန္ဓာအိမ်ဆောက်ရတော့မယ်လို့ မအောက်မေ့ နဲ့ ဆိုတော့ ကံပြောသလား တဏှာ ယောကျ်ား လက်သမားကို ပြောနေသလား (တဏှာ ယောက်ျား လက်သမားကို ပြောပါတယ် ဘုရား)။၏

ဒါ အာသဝပြောနေတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ကံပြောတာလား အာသဝ ပြောနေတာလား (အာသဝပြောနေတာပါ ဘုရား)။

အဲ ဘဝများစွာ သံသရာပတ်လုံး ခန္ဓာအိမ်တွေ ဆောက်ခဲ့တာ မင်းချည်းပဲတဲ့၊ တဏှာ ယောကျ်ား လကသမားကို (မှန်ပါ့)။

ဒီတစ်ခါ မင်း ခန္ဓာအိမ် ဆောက်ရလိမ့်မယ်လို့ မအောက်မေ့နဲ့တော့ဆိုတော့ ငါ အာသဝေါကုန်ပြီလို့ ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အာသဝေါကုန်ချင်ရင် မဂ် အလုပ်လုပ်ရလိမ့်မယ်ဆိုတာရော လေးလေးနက်နက် သဘောကျပလား (ကျပါပြီ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒီဥစ္စာ ရှေ့ပိုင်းမှာ ဒကာ ဒကာမတို့ ဒိဋ္ဌိရော ပြုတ်ပါရဲ့လား (ပြုတ်ပါတယ် ဘုရား) အာသဝေါတရား လုပ်ထားတာက ဘာသစ္စာ လုပ်ထားတာတုန်း (ဒုက္ခသစ္စာ လုပ်ထားတာပါ ဘုရား)။

အင်း ဖြစ်တာကလေးလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ပျက်တာကလေးကရော (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒိဋ္ဌိက ပြုတ်နေပြီ၊ အာသဝေါတရားက လုပ်ထားတာလို့ သိနေသဖြင့် အင်း ဖြစ်တာလည်း ဒုက္ခသစ္စာ၊ ပျက်တာလဲ ဒုက္ခသစ္စာ၊ ဒီထဲ တန်းဖြစ်လာရင် အတူတူပဲသွားမယ်ဆိုတာ မသေချာကြဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီလိုသိပြီး သဿတ ဥစ္ဆေဒတွေ ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ထဲ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါဘူး ဘုရား) မဝင်နိုင်တဲ့အချိန်ကျတော့မှ ဝိပဿနာ ရှုပါလို့ဆိုတာဟာ ဗလဝဝိပဿနာဖြစ်အောင်လို့ (မှန်ပါ့ ဘုရား)။

ဗလဝ ဝိပဿနာဖြစ်အောင်

ဘယ်လိုကြောင့်ပါလိမ့် (ဗလဝ ဝိပဿနာဖြစ်အောင်လို့) ဗလဝိပဿနာဆိုတာ တခါတည်း မဂ်ဆိုက်တဲ့ ဝိပဿနာဖြစ်အောင်လို့ (မှန်ပါ့ ဘုရား)။

ဒုဗ္ဗလ ဝိပဿနာဆိုတာ အားနည်းတဲ့ ဝိပဿနာဟာ ဒိဋ္ဌိမခွါနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အားနည်းတဲ့ ဝိပဿနာဟာ (ဒိဋ္ဌိမခွါနိုင်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ နားမလည်ဘဲနဲ့ ရှုနေလို့ရှိရင်ဖြင့် တဲ့ ဒိဋ္ဌိတန်းလန်းနဲ့ ရှုနေလို့ မဂ်မရနိုင်ဘူး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်ရှိ ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ သဿတသဘောနဲ့ ခိုင်တယ်မြဲတယ်လို့ကော ယူသေးရဲ့ လား (မယူပါဘူး ဘုရား)။

ဥစ္ဆေဒသဘောနဲ့ ပြတ်တယ်လို့ကော (မယူပါ ဘုရား) မယူဘဲနဲ့ ရှုလို့ရှိရင် ဗလဝဝိပဿနာဖြစ်မယ် (မှန်ပါ့ ဘုရား)

ကဲ ဒါဖြင့် ဆန္နကို ခင်ဗျားတို့ တလုံးတိုးပေးဦးမယ် တဲ့၊ ဆန္နသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဦးခင်မောင် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) လုပ်လျက်သားနဲ့ မောင်ကိုတို့ သူ မဂ်ရရဲ့လား (မရပါဘူး ဘုရား)။

မရဘူး၊ လုပ်လျက်သားနဲ့ မရဘူးတဲ့၊ မရတဲ့ပြင် သူ့စိတ်ထဲမှာ ဒကာဒကာမတို့ ကြောက်ခြင်း စွဲလမ်းခြင်းတွေ တောင် ပိုပိုလာသေးတယ် နော် (မှန်ပါ့ ဘုရား)။

အနတ္တလဲ ရှုလိုက်ရော သူ ဘယ့်နှယ်ဖြစ်လာသတုန်း (ကြောက်ခြင်း၊ စွဲလမ်းခြင်း ဖြစ်လာပါတယ် ဘုရား) ကြောက်ခြင်း စွဲလမ်းခြင်းတွေတောင် ပိုပိုလာသေးတယ် တဲ့။

အဲဒီတော့ သူ့စိတ်ထဲက အောက်မေ့တယ်တဲ့။ ဝိပဿနာ ရှုရတယ်ဆိုတဲ့ဥစ္စာ ကြောက်ခြင်း စွဲလမ်းခြင်းပေါ်ဖို့ မဟုတ်ဘူးတဲ့ သစ္စာလေးပါး ပေါ်ဖို့တဲ့ သူ့ဟာသူ တွေးလိုက်တယ် (မှန်လှပါ ဘုရား)။

ကြောက်ခြင်း လန့်ခြင်း ပေါ်ဖို့မဟုတ်ဘူးတဲ့။ သစ္စာလေးပါးပေါ်ဖို့တဲ့ (မှန်ပါ့ ဘုရား) အခု သူ့မှာ သစ္စာလေးပါး မပေါ်လာဘူးတဲ့ (မပေါ်လာပါဘူး ဘုရား)။

ဒကာ ဒကာမတု့ိ အရှင်ဆန္နမှာလေ (မှန်ပါ့) သူ့မှာ ဘာတွေ ပေါ်နေသတုန်း (ကြောက်ခြင်း စွဲလမ်းခြင်းတွေ ပေါ်နေပါတယ် ဘုရား) ကြောက်ခြင်း၊ လန့်ခြင်း၊ စွဲလမ်းခြင်းသာ ပေါ်နေတယ်တဲ့ (မှန်ပါ့) သစ္စာလေးပါးဆိုတဲ့ နိဗ္ဗာန်တွေ (မပေါ်ပါဘူး ဘုရား) မပေါ်ဘဲဖြစ်နေတယ်တဲ့။

အဲဒါ ဒီကတည်းက ဒီကိုယ်တော်တွေ ဟောတဲ့တရားနဲ့တော့ဖြင့် ဝိပဿနာရှုကြည့်လဲ ကြောက်လန့်တာရယ် စွဲလမ်းတာရယ် ဒါပဲပေါ်တယ်။ သစ္စာလေးပါးဆိုတဲ့ နိရောဓသစ္စာကလဲ မောင်ထွန်းလှိုင် မပေါ်လာဘူး (မှန်လှပါ ဘုရား) ဒါ အရှင်ဆန္န ညည်းတာနော် (မှန်ပါ့ ဘုရား)။

အရှင်ဆန္နဟာ ဘယ်လိုညည်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သူဟာ ဝိပဿနာရှုပါတယ်တဲ့။ ဒကာဒကာမတို့ ဝိပဿနာရှုပါတယ်တဲ့ ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး ခင်ဗျားတို့ ရှုသလိုပဲ ရှုပါတယ်တဲ့ (မှန်ပါ့)။

ဖြစ်ပျက်တွေဟာ ဖျတ်ကနဲ ဖျတ်ကနဲ ပျောက်သွားတဲ့အခါကျတော့ ဘာအားကိုးရပါမတုန်းဆိုတဲ့ ဥစ္စာလဲ ကြောက်ခြင်းဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ပြီးတော့ ဆွဲကိုင်ရာမရှိသလို ဖြစ်ဖြစ်သွားတော့ ဆွဲကိုင်ရာရှာချင်တဲ့ ဥပါဒါန်ကလဲ လာတာကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဆွဲကိုင်ရာမလို့လဲ လန့်သွားတယ်၊ ဆွဲကိုင်ရာလဲ ရှာတယ် (မှန်ပါ့)။

အဲဒီတော့ ဒီကိုယ်တော်တွေ ဟောတဲ့ ခုနက ရဟန်းတွေဟောတဲ့ “သဗ္ဗေသင်္ခါရာ အနိစ္စာ သဗ္ဗေဓမ္မာ အနတ္တာ” ဆိုတဲ့ ဥစ္စာဟာ ဒီတရားအားထုတ်လို့တော့ မဖြစ်သေးပါဘူးတဲ့။ သူစိတ်ကူးပေါ်လာတယ်၊ အရှင်ဆန္န စိတ်ကူးပေါ်လာ တယ်။

ဖြစ်ပျက်ဆုံးသွားရင် နိဗ္ဗာန်ပေါ်ဖို့

တကယ့်အရေး ဒီကိုယ်တော်တွေ ပြောတဲ့အတိုင်း ရှုလို့ရှိရင် သူတို့ဟောတဲ့တရား မှန်ခဲ့လို့ရှိရင် ဒီဖြစ်ပျက်တွေ ဆုံးသွားတယ်ဆိုလို့ရှိရင်ဖြင့် ဒီဘက်က နိဗ္ဗာန်ပေါ်ဖို့ပဲ (မှန်ပါ့ ဘုရား) သူတွေးတာလဲ လွဲရဲ့လား (မလွဲပါဘူး ဘုရား) ဖြစ်ပျက်ဆုံးသွားရင် (နိဗ္ဗာန်ပေါ်ဖို့ပါ ဘုရား)။

”ဒုက္ခဿ အန္တံ ကရိဿတိ” ကော ဒကာဒကာမတို့နော် (မှန်ပါ့)။

ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ=အဆုံးကို၊ ကရိဿတိ=မျက်မှောက်ပြုနိုင်လတ္တံ့ သစ္ဆိကိရိဿတိ=မျက်မှောက်ပြုနိုင်လတ္တံ့ ဆိုတော့ ဒုက္ခဆုံးရင် နိဗ္ဗာန်ပေါ်ရမှာကိုးဗျ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒုက္ခဆုံးရင် (နိဗ္ဗာန်ပေါ်ရမှာပါ ဘုရား)။

ဖြစ်ပျက်ဒုက္ခသာ ခင်ဗျားတို့ ဆုံးအောင်လိုက်၊ ဆုံးသွားရင် ဘာပေါ်ရမလဲ (နိဗ္ဗာန်ပေါ်ရပါမယ်) အခုတော့ အရှင်ဆန္နမှာ မပေါ်လိုက်လို့ ဖြစ်ပျက်လဲဆုံးရော အားကိုးရာမရှိဘူး၊ ဖိုကနဲ သွားတာပဲ တဲ့။

ခက်ပြီ။ ဘာမှ အားကိုးစရာမရှိတော့ဘူး၊ နိဗ္ဗာန်က ပေါ်ကိုမလာဘူး (မှန်ပါ့ ဘုရား) ဆွဲစရာ ကိုင်စရာ ပေါ်လာသေးရဲ့လား (မပေါ်လာပါဘူး ဘုရား)။

ကဲ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ရှုတော့ရှုတယ် ဖြစ်ပျက်လဲ ဆုံးသွားရော ဆုံးသွားငြားသော်လည်း သူ့စိတ် ထဲ ဘယ့်နှယ်ဖြစ်လာသတုန်း (ဖိုကနဲဖြစ်လာပါတယ်)။

ဖိုကနဲ ဟိုက်ကနဲဘဲ ဖြစ်သွားပြီးတော့ အားကိုးရာမရှိတော့ဘူးဆိုတာလဲ ပေါ်လာသေးတယ်တဲ့ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီကိုယ်တော်တွေ ဟောတဲ့တရားဟာ တဲ့ သစ္စာမပေါ်ဘူးတဲ့ သူ့စိတ်ထဲမှာ အကယ်၍ဆို သစ္စာ လေးပါး နိရောဓသစ္စာ ပေါ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။ ပေါ်ရဲ့လား (မပေါ်ပါဘူး ဘုရား)။

အဲဒီတော့ မပေါ်တော့ သူ့စိတ်ထဲ အောက်မေ့တယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။

ရှုနေတာက ကြာလှပါပြီ

ဪ ဒီကိုယ်တော်တွေ ဟောတဲ့ တရားဟာဖြင့် သူ နိဗ္ဗာန်မြင်တဲ့တရား မဟုတ်ပါဘူးတဲ့ ဒါလောက် သူ ရှုနေတာက ကြာလှပါပြီဆိုတော့ ငါ အခု သာဝတ္ထိပြည် ဇေတဝန်ကျောင်း အနားမှာပဲ နေတယ်။ ငါ၏မိတ်ဆွေ ဘယ်များ ရှိပါလိမ့်မတုန်း အို ငါလို ဖွားဘက်တော အရှင်အာနန္ဒာ ရှိသားပဲ၊ အရှင်အာနန္ဒာ ဘယ်မှာနေပါလိမ့်မတုန်းလို့ သူစုံစမ်းတော့ ကောသမ္ဗီပြည်မှာနေတယ်။

ဒါဖြင့် သူ့အိပ်ရာလိပ်ကလေး ဘာကလေးပြင်ဆင်သိမ်းပြီး သကာလ ဦးခင်မောင် ကောသမ္ဗီပြည် ပြေးတာကိုး ဗျ။ (မှန်လှပါ ဘုရား) ဘယ်သူပြေးသတုန်း (အရှင်ဆန္နပြေးပါတယ် ဘုရား) အရှင်ဆန္န ကောသမ္ဗီပြည်ရောက်အောင် ပြေးပြီ ဒကာဒကာမတို့ (မှန်ပါ့)။

ရောက်အောင်ပြေးပြီးသကာလမှ အရှင်အာနန္ဒာနဲ့ သွားတွေ့တယ်၊ အရှင်ဘုရား တပည့်တော် သာဝတ္ထိပြည်မှာ ကိုယ်တော်တွေကို တရားတောင်းတယ်၊ တရားတောင်းတော့ သူတို့က ရုပ်တရား အနိစ္စ၊ နာမ်တရားအနိစ္စ၊ ခန္ဓာတွေ အနိစ္စ၊ ခန္ဓာတွေ အနတ္တ၊ ဒါတွေဟောလို့ တပည့်တော်ကလဲ ရှုထားတာလဲ ကြာပါပြီတဲ့၊ ဒီဟာတွေ ရှုတိုင်း ရှုတိုင်းလဲ တပည့်တော်မှာဖြင့် နိဗ္ဗာန်မရတဲ့အပြင် ကြောက်လန့်မှု စွဲလမ်းမှုတွေသာ လာပါတယ်။

ရှုလိုက်လို့ရှိရင်လဲ ဘာမှ နိဗ္ဗာန်လဲ တခါတည်း မပေါ်လာဘဲဖြစ်ပြီး သကာလနေတော့ တပည့်တော်မှာ ဒီကိုယ်တော်တွေ ဟောတဲ့တရားနဲ့တော့ဖြင့် အလုပ်ခွင်မဟန်သေးဘူးဆိုပြီး အရှင်ဘုရားဘဲ အားကိုးမှုနဲ့ လာခဲ့တယ်။ ဒါ့ကြောင့် အရှင်ဘုရားက တပည့်တော်ကို သေသေချာချာ ဟောပါ။

ဟာ ငါ့ရှင် စိတ်သာချ နေရာကျပြီတဲ့ ငါ့ရှင်ဟာ အဟုတ်ကို လိုချင်နေတာကိုး၊ ရှင်အာနန္ဒာက ဝမ်းမြောက် အောင်ပြောလိုက်တယ် (မှန်ပါ့) ဝမ်းမြောက်အောင် ပြောလိုက်တယ်၊ ငါ့ရှင် အဟုတ်လိုချင်နေတာပဲတဲ့၊ ငါ့ရှင်ဟာ ရထိုက်တဲ့ ပုဂ္ဂိုလ်ကွ။

အင်မတန် နေရာကျနေတယ်၊ ရှင်အာနန္ဒာကလဲ အဲဒီအချိန်မှာ ရဟန္တာဖြစ်ပြီးသကာလ အင်မတန်မှ ကျေးဇူး များနေတဲ့ အချိန်မှာ သွားတွေ့တာနော် (မှန်ပါ့)။

အဲဒီအချိန်မှ အရှင်အာနန္ဒာက အကဲခတ်တယ်၊ ဒကာဒကာမတို့ အရှင်အာနန္ဒာက အရှင်ဆန္နကို အကဲခတ် လိုက်တယ် (မှန်ပါ့)။

ဒိဋ္ဌိမပြုတ်လို့ မရတာ

ဒီပုဂ္ဂိုလ်ဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မသုံးသပ်ဘဲ သဿတဥစ္ဆေဒခွါတဲ့အလုပ်ကို မလုပ်ဘဲနဲ့ ဝိပဿနာရှုနေလို့ ဒိဋ္ဌိမပြုတ်လို့ မရတာ (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။

ကဲ ဒကာ ဒကာမတို့ ရှင်ဆန္နဟာ ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ဖြစ်ပျက်ရှုနေတာ၊ သူဟာ ဖြစ်ပျက်တော့ မြင်ပါတယ်တဲ့၊ နို့ပေမယ့် ဘာခံနေသတုန်းလို့ မေးလိုက်ပါတယ် မောင်ကို (ဒိဋ္ဌိခံနေပါတယ် ဘုရား) သဿတပြုတ်ရဲ့လား (မပြုတ်ပါ ဘုရား) ဥစ္ဆေဒကော (မပြုတ်ပါ ဘုရား)။

မပြုတ်ဘဲနဲ့ ဖြစ်ပျက်အလုပ် ဝိပဿနာအလုပ် လုပ်နေတဲ့အတွက်တဲ့ အားနည်းတဲ့ဝိပဿနာဖြစ်နေလို့ သူ ညည်းလုံးထုတ်နေတာ၊ အပြီးသတ်တော့ သူလွဲတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဟို ကိုယ်တော်တွေ ဟောတာကတော့ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေဓမ္မာ အနတ္တာဆိုတော့ မမှန်ဘူးလားဗျာ (မှန်ပါတယ်)။

သို့သော် သူသည်ကား ဒိဋ္ဌိ ခွါပြီးသကာလ ဟိုကိုယ်တော်တွေကလဲ စောစောစီးစီးက ဒိဋ္ဌိမခွါပေးဘူးပေါ့ဗျာ၊ ခွါပေးနေလဲ သူက ဘောက်တိုက်ချင် တိုက်နေဦးမှာဗျ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

အဲဒီလို ဖြစ်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ဟိုကိုယ်တော်တွေကလဲ ဒါပဲကွ နိဗ္ဗာန်ရောက်ကြောင်းတရား ဒါပဲလို့ ဒါပဲပြောတာပဲ အနိစ္စနဲ့ အနတ္တပဲပြောတယ်၊ ဦးခင်မောင် အရှင်ဆန္နကို ဒုက္ခတောင် မဟောရဲဘူး (မှန်ပါ့ ဘုရား) နဂိုရ်က ဘောက်ခံတဲ့လူကိုးဗျ (မှန်ပါ့)။

ဒုက္ခများ ဟောလိုက်မယ်ဆိုလို့ရှိရင် သူကတောင်ပြန်ပြီး သကာလ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ အရှင်ဘုရား တို့ အနိစ္စ ဒုက္ခ အနတ္တ ရှုနေတယ်ဆိုလို့ရှိရင် အရှင်ဘုရားတို့လဲ ကိုယ့်ဒုက္ခ ကိုယ်ကြည့်နေကြတာပေါ့တောင် သူက လာချင်လာဦးမှာဗျ။

အရှင်ဘုရားတို့ ဒုက္ခတွေ မြင်တယ်ဆိုတော့ အရှင်ဘုရားတို့ ဒုက္ခရောက်တာ သိနေတာပေါ့။ ဒီအဓိပ္ပါယ်မျိုး သုံးချင်သုံးမယ်၊ အဲဒါကြောင့် အနိစ္စနဲ့ အနတ္တသာ ဟောကြတယ် (မှန်လှပါ)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို မသုံးသပ်ဘဲ

အဲဒီ အရှင်အာနန္ဒာ အကဲခတ်ပုံကလေးက လိုရင်းပါပဲ (မှန်လှပါ ဘုရား) ဘာတုန်း (အရှင်အာနန္ဒာ အကဲခတ်ပုံ ကလေးက လိုရင်းပါပဲ) ဒီကိုယ်တော်ဟာတဲ့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို မသုံးသပ်ဘဲနဲ့ သဿတဥစ္ဆေဒ မကွာဘဲ ဖြစ်နေတယ်၊ မသုံးသပ်တော့ကို တဲ့ သဿတဥစ္ဆေဒ က ကွာရဲ့လား (မကွာပါဘူး ဘုရား)။

မကွာဘဲနဲ့ သူ အနိစ္စ အနတ္တရှုနေတယ် (မှန်ပါ့ ဘုရား) သဘောကျရဲ့လား (ကျပါပြီ) မကွာဘဲနဲ့ ဘာ ရှုနေတုန်း (အနိစ္စ အနတ္တ ရှုနေပါတယ်)။

အဲဒီတော့ အားကြီးတဲ့ ဝိပဿနာလား အားနည်းတဲ့ ဝိပဿနာလား (အားနည်းတဲ့ ဝိပဿနာပါ ဘုရား) အားနည်းတဲ့ ဝိပဿနာက သဿတဥစ္ဆေဒမခွါနိုင်ပါဘူးတဲ့ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ) အားနည်းတဲ့ ဝိပဿနာက (သဿတဥစ္ဆေမခွါနိုင်ပါဘူး ဘုရား) အဲဒါကြောင့် သူ မရတာ (မှန်ပါ့)။

အဲဒီတော့ ဒိဋ္ဌိတွေက မပြုတ်ဘဲနေတော့ ဒိဋ္ဌိဆိုတာက စွဲနေတာ၊ အခုရှုလိုက်လို့ ပျောက်ထွက်သွားတယ်ဆို ဘာ အားကိုးရမတုန်းဆိုတော့ ဒိဋ္ဌိက ဝင်ဝင်လာတာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား) ကဲ ကိုမြရွှေတို့ ဦးဇံရင်တို့ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ရှေးဦးစွာ ဝိပဿနာမရှုခင် ဦးခင်မောင်တို့ မောင်ထွန်းလှိုင်တို့ ဘာလုပ်ရဦးမှာတုန်း (ဒိဋ္ဌိအရင်ခွါရပါ မယ် ဘုရား) ဒိဋ္ဌိအရင်ခွါ၊ ဒိဋ္ဌိအရင်ခွါချင်လို့ရှိရင် ခန္ဓာပဋိစ္စသမုပ္ပါဒ်အကြောင်းနဲ့ အကျိုး တန်းလိုက်ပါဦးတဲ့ (မှန်လှပါ ဘုရား) မျက်လုံးပေါက်လဲ တန်းလိုက်။

နားပေါက်ကရော (တန်းရပါမယ်)။

နှာခေါင်းပေါက်က (တန်းရပါမယ်)။

လျှာပေါက်က (တန်းရပါမယ်)။

အကုန်တန်းပြီး ဒါတွေသည်ကားလို့ ဆိုရင် ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်၊ အကြောင်းအကျိုးလဲဆက်တယ်၊ ဒါတွေ အကုန်သိထားရမယ် (မှန်လှပါ) မသိရပေဘူးလား၊ (သိရပါမယ် ဘုရား)။

အဲ ထိုကဲ့သို့ သိထားတဲ့အခါကျလို့ရှိရင်ဖြင့် ခိုင်မြဲတဲ့ သဿတကော ရှိသေးရဲ့လား (မရှိပါဘူး) အကြောင်း အကျိုးမဆက်တဲ့ ဥစ္ဆေဒကော (မရှိပါဘူး) မရှိဘူးတဲ့၊ ဖဿပစ္စယာဝေဒနာဆိုတော့ အကြောင်းအကျိုးက ဆက်မနေဘူး လား (ဆက်နေပါတယ် ဘုရား) ဖဿချုပ်တော့ ချုပ်သွားတာပဲ ဝေဒနာကို ကျေးဇူးမပြုဘူးလား (ပြုပါတယ် ဘုရား) သဘောပါကြရဲ့လား (ပါပါတယ်)။

အဲဒီတော့ အကြောင်းအကျိုးဆက်တာ သိလိုက်တဲ့အခါကျတော့ဖြင့် ဥစ္ဆေဒမလွတ်ဘူးလား (လွတ်ပါတယ် ဘုရား) ပျက်တာလဲမြင်လိုက်တော့ သဿတမလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

ကဲ ဒကာဒကာမတို့ အကြောင်းအကျိုးဆက်တာ မြင်လိုက်ရင် (ဥစ္ဆေဒလွတ်ပါတယ်) ဥစ္ဆေဒလွတ်သွားတယ် (မှန်ပါ့) ပျက်တာကလေးမြင်လိုက်ရင် (သဿတလွတ်သွားပါတယ်)။

သဿတလွတ်သွားတယ်ဆိုတော့ သဿတဥစ္ဆေဒ လွတ်ပြီးတော့မှ ဪ ဒါ ပျက်လဲပျက်တယ်၊ ဖြစ်လဲဖြစ် တယ်ဆိုတာ ခင်ဗျားတို့ မသိရပေဘူးလား (သိရပါတယ် ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် တဲ့ ဝိပဿနာရှုလိုက်လို့ရှိရင် ထိတ်သွားတာနဲ့ လန့်သွားတာနဲ့ ဘာများအားကိုးရပါမတုန်းဆိုတာ နဲ့ သစ္စာကို မပေါ်လာဘူးတဲ့ (မှန်လှပါ)။

နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို မပေါ်လာဘူးတဲ့ ဒကာဒကာမတို့ သိပ်ကြောက်စရာကောင်းတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ အရှင်အာန္ဒာက ကိုင်း ဒီပုဂ္ဂိုလ်တော့ဖြင့် ပိဋကတ်သုံးပုံထဲ မွှေရှာဦးမှပါပဲ၊ သူဟောဘို့တရား သူသာဝတ္ထိ ပြည်က ပြေးလာခဲ့ပြီး ငါ့ဆီ ကောသမ္ဗီပြည်ရောက်လာပြီ၊ ဘာများ ဟောရပါ့မတုန်းဆိုတော့ သူ ပိဋကတ်သုံးပုံကို အကုန်ဆောင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဦးခင်မောင်ရေ ပိဋကတ်သုံးပုံထဲ ရှာလိုက်တယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိ အရင်ခွါပြီးဟောမှ ရမယ်

သဿတဥစ္ဆေဒခွါပြီးဟောတဲ့ ကစ္စာယနအနွယ် ရဟန်းကို ဟောတဲ့တရားကို ဟောမှရမယ်လို့ဆိုတာ ရှင်အာနန္ဒာက အကဲခတ်မိတယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိ အရင်ခွါပြီးဟောမှ ရမယ်ဆိုတာ အရှင်အာနန္ဒာက အကဲခတ်မိတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

အဲဒီတော့ ဒကာဒကာမတို့ အရှင်အာနန္ဒာ အကဲခတ်မိတာက ဝိပဿနာရှုဖို့ကို အရင် အကဲခတ်မိသလား ဒိဋ္ဌိခွါပေးဖို့ကို အရင်အကဲခတ်မိသလား (ဒိဋ္ဌိခွါပေးဖို့ကို အရင်အကဲခတ်မိပါတယ် ဘုရား)။

အဲ ဒိဋ္ဌိ ခွါပေးဖို့ကို အရင် အကဲခတ်ပြီးသကာလ ဒိဋ္ဌိခွါတဲ့သုတ် ဟောပြီးတော့မှ ဝိပဿနာ သူ ဟောလိမ့်မယ်၊ (မှန်ပါ့) ရှင်အာနန္ဒာဟောမှ သူ ရဟန္တာဖြစ်မယ်နော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ရှင်အာနန္ဒာလဲ နက်ဖြန်မှ ဟောမှာဘဲ၊ ဒိဋ္ဌိလဲ နက်ဖြန်မှခွါမယ်။

နာရီကလဲ စေ့နေပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။