လောင်စာနဲ့မီး တွဲပုံ တရားတော်
ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း
မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့
ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
လောင်စာနဲ့မီး တွဲပုံ တရားတော်
(၁၄-၂-၆၁)
ဒကာ ဒကာမတွေ ရောဂါဝေဒနာ ရောက်တဲ့အခါများ ကျတော့ ဆရာရှာကြတယ်၊ ဆေးရှာကြတယ်ဆိုတာ ထုံးတမ်းဓမ္မတာပါဘဲ (မှန်လှပါဘုရား)။
ရောဂါရောက်တဲ့ ပုဂ္ဂိုလ်သည်ကားဆိုလို့ရှိယင်ဖြင့် ဆေးရှာကြတယ်၊ ဆရာရှာကြတယ်ဆိုတာ ထုံးတမ်း ဓမ္မတာပါဘဲ (မှန်ပါ့ဘုရား)။
အိုဘေး နာဘေး သေဘေးဆိုတဲ့ရောဂါ
ဒီမှာလဲ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို အိုဘေး နာဘေး သေဘေးဆိုတဲ့ရောဂါတွေက ရှိကြတယ် နော် (မှန်ပါ့ဘုရား)။
အိုဘေး နာဘေး သေဘေးဆိုတဲ့ ရောဂါတွေက ရှိကြတယ်၊ ဘယ်မှာ ရှိပါသတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာရှိတော့ အိုဘေး နာဘေး လွတ်ပါ့မလား (မလွတ်ပါဘူးဘုရား)။
ဒီရောဂါတွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ပြေးရင် ပြေးရာလိုက်တဲ့ရောဂါကိုး (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ရောဂါရှိတဲ့ပုဂ္ဂိုလ် ဆေးမရှာဘဲနဲ့ နေခဲ့သော် ဆရာမရှာဘဲနဲ့ နေခဲ့သော် ရောဂါယှဉ်ပြီး အရူးသော် လည်းကောင်း ဖြစ်ရမယ်၊ အ-အသော်လည်းကောင်း ဖြစ်ရမယ်ဆိုတာ ဦးခင်မောင်တို့ ဆိုထိုက်တယ် (မှန်လှပါ ဘုရား) ရောဂါယှဉ်ပြီး အရူးသော်လည်းကောင်း၊ အ-အသော်လည်းကောင်းဖြစ်ရတော့မယ်ဆိုတဲ့ဥစ္စာ ဘာမှ သံသယရှိဘို့ မလိုပါဘူး (မလိုပါဘူး ဘုရား)။
အဲဒါ ဒီနေ့ ဒကာ ဒကာမတွေမှာ ခဏခဏ တေဇောလောင်လို့ အိုတဲ့ရောဂါများ ရှိကြပါရဲ့လားလို့ စမ်းသပ် ကြည့်တော့လဲ ခန္ဓာထဲ ခပ်နွေးနွေးရှိနေတော့ “ဪ လောင်လျက်ပါလား”ဆိုတာ ပေါ်လာတယ် နော် (မှန်လှပါဘုရား)။
နောက်တခါ ဒီ့ထက်ပိုလောင်တဲ့ အခါကျတော့ ခေါင်းကိုက်တယ်, လည်နာတယ်, ရင်နာတယ်, အပူရှိန်များတယ် ဆိုပြီးသကာလ ဒကာ ဒကာမတို့ တေဇောမီး၏ စွမ်းရည်သတ္တိသည် လွှမ်းမိုးပြီးသကာလ ရောဂါတွေဖြစ်အောင် မလုပ် လား (လုပ်ပါတယ်ဘုရား) ထိုကဲ့သို့ လုပ်တာ ထောက်ပြန်တော့လဲ ဪ-ရောဂါရှိတာဘဲဆိုတာ သဘောပါကြပါ လိမ့်မယ် (ပါပါတယ်ဘုရား)။
သူ့အသားတိုးလို့ သူသေလွယ်
အဲဒီကဲ့သို့ တော်တော်ကြာကျတော့ ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဒီအတိုင်းမနေဘဲနဲ့ သေရာဌာနသို့ သွားတဲ့ အလုပ်ကြီး မလျှော့တမ်းသွားပြန်တော့လဲ ဪ ဘယ်သူမှ လာသတ်လို့သေတာမဟုတ်ဘူး၊ ခန္ဓာတွင်း ရောဂါရှိလို့ သူ့ရောဂါနဲ့ သူသေတာဘဲဆိုတဲ့ဥစ္စာ-လောကီဥပမာပြောကြပါစို့ ဆိုတော့ “ဝက်ဟာ အသားတိုးလေလေ သူ့အသားတိုးလို့ သူသေလွယ်လေလေ” ဖြစ်ရတာပါပဲ (မှန်လှပါဘုရား)။
ဝက်များ သူ့အသား အပြည့်အစုံတိုးလိုက်ရင် ဒီဝက်ဟာ သေသွားတော့တာပဲ (မှန်လှပါ) ဝက် ဘယ်သူ သတ်လို့သေပါလိမ့် သူ့အသားသတ်လို့သေပါသည် (မှန်လှပါဘုရား)။ ဒကာ ဝ ဘယ့်နှယ်ဆိုပါ့မယ် (သူ့အသားသတ်လို့ သေပါတယ်ဘုရား)။
ဪ ဘယ်သူမှလှံနဲ့မထိုး၊ ဘယ်သူမှ အဆိပ်မကျွေး၊ ဒီအတိုင်း သေရတဲ့ ဝက်တွေလဲ ရှိတယ်နော် (မှန်ပါ့) အဲဒီရှိတဲ့ ဝက်တွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သူ ယူလာတဲ့ အသားဟာ သူ့သတ်တာဘဲ (မှန်ပါ့) သူ့ထဲပါတဲ့ အသားက (သူ့ကိုသတ်တာပါဘဲ)။
ဒီမှာလဲ ဒကာ ဒကာမတို့ ကိုယ့်ထဲပါတဲ့တေဇောက ကိုယ့်ကိုသတ်လိမ့်မယ်နော် (မှန်လှပါဘုရား) သူများက သတ်မှာလား (ကိုယ့်ထဲပါတဲ့ တေဇောက ကိုယ့်သတ်မှာပါဘုရား)။
အဲဒီလို ရောဂါတွေက ဒကာ ဒကာမတို့ အိုတတ်တဲ့ရောဂါလဲ မပြတ်မစဲ၊ နာတတ်တဲ့ရောဂါလဲ ခဏခဏကြုံ၊ သေတတ်တဲ့ရောဂါကလဲ မလွတ်တမ်း တွေ့ရမယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့ရှင်းပြီးသား, လင်းပြီးသား ဖြစ်နေတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ မသေဆေး၊ မနာဆေး၊ မအိုဆေးတော့ဖြင့် ဦးခင်မောင် ရှာဖို့သင့်ပြီ (မှန်လှပါဘုရား)။
မသေဆေး, မနာဆေး, မအိုဆေး
မသေဆေး, မနာဆေး, မအိုဆေး ဒကာ ဒကာမတို့ ဘာလုပ်ဖို့သင့်ပါလိမ့် (ရှာဖို့သင့်ပါတယ်ဘုရား)။
အဲ့ဒီတော့ ဒါမရှာဘဲနဲ့ ဒကာ ဒကာမတွေက အိုတာဖြည့်တဲ့ဆေး, နာတာဖြည့်တဲ့ဆေး, သေတာဖြည့်တဲ့ဆေးတွေ ရှာနေကြပြီလို့ ဘုန်းကြီးက စွဲချက်တင်လိုက်ပြန်ပြီနော် (မှန်လှပါဘုရား)။
အိုတာ ဖြည့်တဲ့ ဆေးဆိုတော့ ဘာပါလိမ့်မတုံးဆိုတော့ လောဘချည်းထွက်သွားလို့ရှိရင် လောဘက တဏှာ ဥပါဒါန် ကံ-က ဇာတိခန္ဓာလုပ်ပြန်တော့ အိုတဲ့ဆေး ပြန်မရပေဘူးလား (ရပါတယ်ဘုရား)။
လောဘအားကြီးနေပြန်တော့လဲ ဒကာ ဒကာမတို့အိုဆေး နာဆေး ရှာနေပြန်တယ် (မှန်လှပါဘုရား) မောဟအားကြီးနေပြန်တော့လဲ ဘာတွေ ရှာနေကြသလဲ (အိုဆေး နာဆေး ရှာနေပါတယ်ဘုရား)။
အိုဆေး နာဆေး သေဆေးဘဲ ရှာနေတော့ ဪ ဒီဒကာ ဒကာမတွေ ခက်လိုက်ပါဘိတော့တယ်။ အိုတတ် နာတတ် သေတတ်တဲ့ရောဂါ မပျောက်ဘဲနဲ့ အိုဆေး နာဆေး သေဆေး ထပ်ရှာနေတယ်ဆိုတော့ ဦးခင်မောင်ရေ လွန်လွန်းသွားပြီ (မှန်လှပါဘုရား) အမိုက်လွန်သွားပြီ၊ အ-အလွန်သွားပြီ၊ အထူလွန်သွားပြီလို့ ဘုန်းကြီးများက စွဲချက် တင်လိုက်ပါတယ် (မှန်လှပါဘုရား) မတင်ထိုက်ဘူးလား (တင်ထိုက်ပါတယ်ဘုရား)။
ဒကာ ဒကာမတို့ ယခုခန္ဓာကြီးထဲမှာ အိုအောင်လုပ်နေတဲ့ တရား စင်သွားပလားလို့ မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ (မစင်သေးပါဘူဘုရား)။
နာအောင်လုပ်နေတဲ့တရား စင်သွားပလားလို့ မေးရင် (မစင်သေးပါဘူးဘုရား)။
သေအောင်လုပ်မည့်တရား စင်ပါပလားလို့ မေးရင် (မစင်သေးပါဘူးဘုရား)။
မစင်သေးခင်က ဒကာ ဒကာမတို့ အိုအောင် နာအောင် သေအောင် လုပ်တတ်တဲ့ဆေးတွေ ထပ်ပြီးသကာလ ရှာပြီး စားနေကြဦးမယ်ဆိုလို့ရှိရင် ခက်ရချီရဲ့ (မှန်လှပါ)။
အခု ဝေဒနာလဲ မပျောက်၊ နောက်-ဝေဒနာလဲရောက်၊ ဒီလိုမကျပေဘူးလား (ကျပါတယ်ဘုရား) အခု ဝေဒနာလဲ (မပျောက်ပါဘုရား) နောက်-ဝေဒနာကော (ရောက်ပါတယ်ဘုရား) ထပ်ရောက်လာမယ်ဆိုတာ မသေချာကြပေဘူးလား (သေချာပါတယ်ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့သမိတော့လဲ ဖော်ပြရတယ်ဆိုတာ ဦးခင်မောင် ပြောမှလဲ သိတယ်နော် (မှန်လှပါ) ခန္ဓာကိုယ်ကြီးထဲ အိုမှု, နာမှု, သေမှုဆိုတဲ့ တေဇောဓါတ်တွေက ဒကာ ဒကာမတွေလောင်လျက် ညှင်းဆဲ လျက် သတ်မလို့ရွယ်လျက်ဆိုတာကလဲ ငြင်းဘို့ လိုသေးသလား (မလိုပါဘူးဘုရား)။
ရောဂါရောက်ဆေးဘဲ ရှာနေတယ်
ဒီထဲကနေပြီး ဒကာ ဒကာမတို့ သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် လောဘ, ဒေါသ, မောဟတွေက ပေါ်လာကြပြန်တော့ လောဘ, ဒေါသ, မောဟတွေက ဘာထပ်ရှာပြန်တာတုံးလို့မေးရင် ဒကာဝ ဘယ့်နှယ်ဖြေပါ့မယ် (အိုဘေး နာဘေး သေဘေးဘဲ ထပ်ရှာနေပါတယ်ဘုရား) အိုတတ် နာတတ် သေတတ်တဲ့ တရားတွေ ထပ်ရှာပြန်တယ် (မှန်လှပါဘုရား)။
ဒါဖြင့် ဦးခင်မောင်က စဉ်းစား၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားလုံးက စဉ်းစားကြ၊ ရောဂါပျောက်ဆေးမရှာ ဘဲနဲ့ ရောဂါပျောက်ဆေး မရှာဘဲနဲ့ ရောဂါရောက်ဆေးဘဲ ရှာနေတယ်နော် (မှန်လှပါဘုရား) ဘယ်လိုဆိုကြမယ် (ရောဂါပျောက်ဆေး မရှာဘဲနဲ့ ရောဂါရောက်ဆေး ရှာနေပါတယ်ဘုရား)။
အင်း ဒီပုဂ္ဂိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်ရောဂါပျောက်ဆေးတော့ဖြင့် မရှာဘူး၊ ရှိတဲ့ရောဂါမသိလို့ (မှန်ပါ့) ရောဂါရောက်ဆေးတော့လဲ မသိလို့ဘဲ၊ တခါရောဂါရောက်ဆေးတွေ ထပ်ရှာနေပြန်တယ်ဆိုတော့ ဒကာသစ်တို့ ကျုပ်တို့အဖြစ်ဟာ တယ်ဆိုးပါကလား (ဆိုးပါတယ်ဘုရား)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြပါ့မယ် (အဖြစ်ဆိုးပါတယ်ဘုရား)အဖြစ် အင်မတန်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
အေး ဒါကြောင့် ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ ရောဂါပျောက်ဆေး အမှန်ပေးတော့မှာဘဲဆိုတာ ဒီဆေး ဖိသောက်ရလိမ့်မယ် (မှန်ပါ့ဘုရား)။
ကိုင်း ဒီဆေး ဖိမသောက်လို့ရှိရင် တပည့်တော်တို့ ဘာပြစ်များသင့်မှာတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ယခုရထားတဲ့ဘဝကလေးဟာ ဆုံးရှုံးတော့မယ်နော် (မှန်ပါ့ဘုရား)။
ဒိဋ္ဌိမပြုတ်လို့ရှိရင် ဂတိကမမြဲသေးဘူး
ယခုရထားတဲ့ ဘဝကလေးဟာ (ဆုံးရှုံးပါတော့မယ်ဘုရား) ဆုံးရှုံးလိမ့်မယ်ဆိုတာ ဒီဒိဋ္ဌိမပြုတ်လို့ရှိရင် ဂတိကမမြဲသေးဘူး (မှန်လှပါဘုရား)ဒိဋ္ဌိမပြုတ်ရင် (ဂတိမမြဲသေးပါဘုရား)သွားရာဂတိက (မမြဲသေးပါဘုရား)
မမြဲသေးဖြစ်နေတော့ ဒီပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင်လဲ ဒိဋ္ဌိကမပြုတ် (မှန်ပါ့ဘုရား) အနိစ္စ ဒုက္ခ အနတ္တ မမြင်ပြန်လို့ရှိရင်လဲ ဒိဋ္ဌိကမပြုတ် (မှန်ပါ့ဘုရား)။
ဤကဲ့သို့ မပြုတ်ပြီဆိုမှဖြင့် ယခု ရ-လာတဲ့ ဘဝကလေးဟာ ဒကာ ဒကာမတို့ အင်မတန်အဘိုးတန်တဲ့ ဘဝ ကလေးဟာ ဆုံးရှုံးသွားရင် ဒီနေရာ ပြန်မရောက်တော့ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်လှပါဘုရား)။
ဒါ့ကြောင့် သစ္စသံယုတ်ပါဠိတော်ကြီးများမှာ လာလိုက်တာက ဒကာ ဒကာမတို့ နွားတို့၏ ပခုံးပေါ်မှာတင်တဲ့ ထမ်းပိုးဆိုတာ မြင်ဘူးကြပါလိမ့်မယ်-(မြင်ဘူးပါတယ်ဘုရား)။
အဲဒီ ထမ်းပိုးဟာ လေးပေါက်ရှိတယ်၊ ထမ်းပိုးကြီးလျှိုတဲ့ အပေါက်ကလေးတွေက လေးပေါက်ရှိတဲ့အနက်က ထမ်းပိုးပေါက် မပြီးသေးတော့ တပေါက်တည်း ဖောက်ရသေးတယ် ထားပါတော့နော် (မှန်လှပါဘုရား)။
အဲဒီ တပေါက်တည်းဖောက်တဲ့ ထမ်းပိုးကို ဒကာ ဒကာမတို့ ဧရာဝတီကနေပြီး မျှောလိုက်တာပေါ့ဗျာ၊ ဘယ်သူမှ မဆယ်ရင် ပင်လယ်ရောက်တော့မယ် (မှန်လှပါဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ်ဘုရား)။
ပင်လယ်ထဲ ရောက်တဲ့အခါကျလို့ရှိရင်လဲ တောင်လေတိုက်ရင် မြောက်ကို သွားရမှာ ဧကန်ပဲနော် (မှန်လှ ပါ) မြောက်လေတိုက်ရင် တောင်ကိုသွားရမှာ (ဧကန်ပါပဲဘုရား) ဝဲထဲမှာ ကြုံလို့ရှိရင် မြုပ်ပြီးဘေးထွက်ပြီး ပေါ်ရမှာ ကလဲ သူ့ဝတ္တရားပေါ့ဗျာ(မှန်လှပါဘုရား)။
အဲဒီတော့ သူ့မှာ နေရာအမြဲရှိပါရဲ့လား (မရှိပါဘုရား) အင်း ဒကာ ဒကာမတို့ နေရာအမြဲမရှိဘူး၊ သူ့မှာတပေါက်ထဲ ပါတယ်နော် (မှန်လှပါဘုရား)။
လိပ်ကန်းဥပမာ
အဲဒီ သံယုတ်ပါဠိတော်ကြီးက အနှစ်တစ်ရာမှ တခါတခါပေါ်တဲ့ လိပ်ကန်းကြီးရှိတယ်ကွာတဲ့ (မှန်ပါ့) အနှစ် တစ်ရာမှ ဘာတဲ့ (တခါတခါပေါ်ပါတယ်) အနှစ်တရာမှ တခါတခါပေါ်တဲ့ လိပ်ကန်းကြီး ရှိသကွ တဲ့ ပင်လယ်ထဲမှာ နော် (မှန်ပါ့)။
ဒီ ထမ်းပိုးတုံးကြီးကလဲ ဟိုရောက် ဒီရောက်၊ အဲဒီလိပ်ကန်းကြီးကလဲ ဟိုရောက် ဒီရောက်၊ လိပ်ကန်းကြီးခေါင်း ဟာ ထမ်းပိုးပေါက်ကလေးထဲမှာ ခဏကလေး အသက်ရှူဖို့ နားဖို့ လျှိုမိဖို့ရာ အရေးဟာ ဒကာ ဒကာမတို့ဉာဏ်နဲ့ စဉ်းစားကြည့် မြင်သေးရဲ့လား (မမြင်ပါဘူးဘုရား)။
သူကလဲ အနှစ်တရာမှ တခါပေါ်တယ် (မှန်လှပါ) ထမ်းပိုးကလဲ သွားချင်ရာသွားနေတယ်(မှန်ပါ့) ဘယ့်နှယ် လုပ်ပြီး သကာလ ထမ်းပိုးပေါက်ထဲမှာ ဒကာ ဒကာမတို့ လိပ်ကန်းခေါင်း လျှိုမိဖို့အရေးဟာ ဪ မဖြစ်နိုင်ပါဘူး ဘုရားလို့ ပြောရုံပါပဲ (မှန်လှပါဘုရား) ဘယ်လိုဆုံးဖြတ်ချက် ချကြမလဲ (မဖြစ်နိုင်ပါဘူး ဘုရား) မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့ဘုရား) အဲ ဒကာ ဒကာမတို့ ယခု ရထားတဲ့ဘဝဟာ အဲဒီလိပ်ကန်း ထမ်းပိုးပေါက်လျှိုတာက ခဲယဉ်းတာ ထက် ဒကာ ဒကာမတို့ ယခု ရထားတဲ့ ခန္ဓာငါးပါး ယခုလို တရားဓမ္မ ကြားနာရတဲ့ ခန္ဓာငါးပါးဟာ ဒီထက် ရခဲသေး တယ် (မှန်လှပါဘုရား)။
ဟိုဟာက လျှိုမိမယ်ဆိုရင် လျှိုမိနိုင်သေးတယ်၊ ဒီလို လူ့ဘဝကြုံဘို့ဟာက အတော်ခဲယဉ်းတယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ရထားတဲ့ဘဝကလေးဟာ သေးသေးသိမ်သိမ်လား အလွန်ကြီးကျယ်မွန်မြတ်တဲ့ဘဝ ရထားသလားဆိုတာ အကဲခတ်စမ်းပါ (အလွန်ကြီးကျယ်တဲ့ဘဝကို ရထားပါတယ်ဘုရား).
အလွန်ကြီးကျယ် မွန်မြတ်တဲ့ဘဝကြီး ရထားတဲ့ဥစ္စာကို ဒကာ ဒကာမတို့က အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာကိုယ်ကြီး ရပြီး အိုစာ နာစာ သေစာတွေကိုပဲ နောက်တခါ အိုရာ နာရာ သေရာဖြစ်ကြောင်းတွေ လျှောက်ရှာတုန်းလို့ ရှိခဲ့သည်ရှိသော် ဒီဘဝ ကတိယိမ်းလို့ရှိရင်ဖြင့် လူ့ဘဝမရတော့ဘူး(မှန်လှပါဘုရား)။
မရလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ငရဲသွားကြပေတော့ (မှန်ပါ့ဘုရား) ငရဲက နစ်ပြီးလို့ ပြန်တက်လာ တော့လည်း လူ့ပြည်တန်းမတက်ဘဲနဲ့ တိရစ္ဆာန်ဘုံ တက်ကြပေတော့ (မှန်ပါ့ဘုရား)။
တိရစ္ဆာန်ဘုံ တက်ပြီးသကာလ တိရစ္ဆာန်ဆိုတာက ဒကာ ဒကာမတို့သိတဲ့အတိုင်း နိုင်ရာစားတွေ မဖြစ်ကြပေဘူး လား (ဖြစ်ပါတယ်ဘုရား) ကိုယ်ထူနိုင်ရင် ကိုယ်ကစားတာပဲ၊ သူက နိုင်ရင် (သူကစားတာပဲဘုရား)။
အဲဒီလို နိုင်ရာစားဘဝနဲ့ဆိုတော့ ပါဏာတိပါတကံတွေကလဲ မများဘူးလား (များပါတယ်ဘုရား) ပြန်ပြီး သကာလ ဒကာ ဒကာမတို့ နိုင်ရာစား အကုသိုလ်ကံကနေ တွန်းချလိုက်ပြန်တော့ ဦးခင်မောင် ငရဲပြန်ရောက်တယ် (မှန်လှပါဘုရား)။
ဒါဖြင့် ငရဲကပြန်တက်-တိရစ္ဆာန်၊ တိရစ္ဆာန် နိုင်ရာစားက နေပြီးသကာလ ဘဝဆုံးသွားပြန်တော့လဲ ငရဲပြန်ကျ ပြန်ဆိုတော့ ဒကာ ဒကာမတို့ ပြန်တက်ခွင့် ဘယ့်နှယ်နေကြသလဲ (မရနိုင်ပါဘူးဘုရား)။
မရနိုင်တော့ဘူးတဲ့(မှန်ပါ့) မရနိုင်တော့ဘူးဆိုတာ သေချာပလား (သေချာပါတယ်ဘုရား) အဲဒီ သစ္စ သံယုတ်ပါဠိတော်မှာ လာတဲ့အတွက် ဒကာ ဒကာမတို့ ရထားတဲ့ ဘဝကလေးက လျှောမကျဖို့ အလွန်အရေးကြီးတယ် (မှန်လှပါဘုရား) ရ-ထားတဲ့ဘဝကလေးက (လျှောမကျဖို့ အလွန်အရေးကြီးပါတယ်) လျှောမကျဖို့ အလွန်အရေးကြီးနေ ပါပြီဆိုတာ ဉာဏ်ရောက်ကြပါ (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အိုဘေး နာဘေး သေဘေးကလဲ နှိပ်စက်လို့၊ အိုဘေး နာဘေး သေဘေး နှိပ်စက်တဲ့ အလုပ်တွေ ထပ်ရှာနေကြလို့ ကတိယိမ်းသွားရင် ပြန်တက်ဖို့မရှိဘူး (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာသိအောင် လုပ်ကြပေတော့လို့ ဒါမှပဲ ဒကာ ဒကာမတို့ လူ့ဘဝကနေပြီးသကာလ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ပြီးသကာလ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးမှာ အေးချမ်းသာယာစွာ နေကြပါတော့ (မှန်ပါ့ဘုရား) ဒီဘဝက အလျှောမခံကြနဲ့တော့နော် (မှန်လှပါ ဘုရား)။
ဒီဘဝက (အလျှောမခံပါနဲ့) အလျှောမခံကြပါနဲ့ အရှုံးမခံကြပါနဲ့ဆိုတာကိုဖြင့် သစ္စသံယုတ်ပါဠိတော်မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားသည် ဖြစ်လေသောကြောင့် တလုံးမှလည်း မလွဲတဲ့စကား ဖြစ်နေတယ်ဆိုတာ ဒကာဝ မှတ်မိပလား (မှတ်မိပါပြီဘုရား)။
ဒါဖြင့် ဒီအရင်းကို အရှုံးခံကြတော့မလား ဒကာ ဒကာမတို့ (မခံပါဘူးဘုရား) အားလုံး တရားတပွဲလုံးနော် မိဘ ဆွေမျိုး ဉာတကာ မတော်ဘူးသူမည်သည် မရှိလို့ တကယ်တမ်း ပြောနေတယ်ဆိုတာ ယုံကြည်ကြပါ(မှန်လှပါဘုရား)။
ငရဲနဲ့ တိရစ္ဆာန်လှည့်ရုံပဲ
ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီတခါတိမ်းသွားလို့ ကယ်မည့် ယူမည့် မဂ်တွေ မလာတော့ပါဘူး ဆိုလို့ရှိရင် မမျှော်လင့်ကြနဲ့တော့ ငရဲနဲ့ တိရစ္ဆာန်လှည့်ရုံပဲ (မှန်လှပါဘုရား) သဘောပါပလား (ပါ-ပါပြီ)။
ဘာနဲ့ဘာ လှည့်နေမယ် (ငရဲနဲ့ တိရစ္ဆာန် လှည့်နေမယ်) ငရဲနဲ့တိရစ္ဆာန် လှည့်လည်ပြီးသကာလ နေရုံပဲ ဆိုတာဖြင့် ဦးခင်မောင် သေချာပလား (သေချာပါတယ်ဘုရား)။
ဒါကြောင့် ခင်ဗျားတို့က နောက်ဘဝဖြစ်ကြောင်းတွေကို လျှောက်ပြီးသကာလ ဒကာ ဒကာမတွေက တဏှာ ဥပါဒါန် ကံတွေ မဟုတ်တာတွေ လျှောက်ပြီးလုပ်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နောက်ဘဝသည်ကားလို့ ဆိုရင် ဆက်မလာပေဘူးလား (လာပါတယ်ဘုရား)။
ထိုကဲ့သို့ ဆက်လာတော့ ဘယ်ဘဝလားမယ်လို့ သိကြရဲ့လား (မသိပါဘုရား) မသိကြတော့ “ပါပသ္မိံ ရမတေမနော” မနော=စိတ်သည်၊ ပါပသ္မိံ=မကောင်းမှု၌သာလျှင်၊ ရမတေ=မွေ့လျော်ပျော်ပိုက်၏လို့ ဓမ္မပဒက ဆိုထား သောကြောင့် စိတ်ကလဲ မကောင်းတဲ့ကံတွေချည်း ဖြစ်နေတော့ ဦးခင်မောင် အပါယ်ငရဲဘဲရောက်ကြမယ် (မှန်ပါ့ ဘုရား)။
အပါယ်ငရဲရောက်လို့ ပြန်တက်တော့ တိရစ္ဆာန်ဘုံတဲ့၊ (မှန်လှပါဘုရား) တိရစ္ဆာန်ဘုံရောက်တော့ နောက် ဘာဖြစ်သတဲ့ (အပါယ်ငရဲ ပြန်ရောက်ပါတယ်) နိုင်ရာစားဖြစ်တဲ့အတွက် နိုင်ရာစား အကုသိုလ်ကံက ဘယ်ချလိုက် ပြန်သလဲ (အပါယ်ငရဲ ချလိုက်ပါတယ်ဘုရား)။
အပါယ်ငရဲက နှစ်စေ့လို့ တက်ပြန်တော့ ဘယ်ရောက်ပြန်သတုံး (တိရစ္ဆာန်ဘုံ ရောက်ပါတယ်) တိရစ္ဆာန်ဘုံ ရောက်တော့ ဘာအလုပ်-လုပ်ကြပါလိမ့် (နိုင်ရာစားအလုပ် လုပ်ပါတယ်ဘုရား) နိုင်ရာစားအလုပ် လုပ်ပြန်တော့ အောက်ပြန်ကျတယ်(မှန်ပါ့)။
ဒါဖြင့် ဘယ့်နှယ်ဖြစ်နေသတုံးဆိုတဲ့ မေးခွန်းသည် ဒကာ ဒကာမတို့ အလွန်အရေးကြီးနေပါပေါ့ကလားဆိုတာ ပေါ်လာပါတယ် (ပေါ်လာပါတယ်ဘုရား)။
ဘယ့်နှယ် ဖြစ်နေသတုံးဆိုတဲ့မေးခွန်း မေးတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ အင်မတန်မှ ချောမွေ့တဲ့ ဥပမာ ဟင်းချက်တဲ့ ဒန်ပေါက်ထမင်းတွေ ဘာတွေချက်တဲ့ မလိုင်သုတ်ထားတဲ့ အိုးတွေထဲမှာ အိမ်မြောင်တို့ ဘာတို့ ကျသွားမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နှုတ်ခမ်းဝ ရောက်လိုက် ပြန်ကျလိုက်ပဲ (မှန်ပါ့ဘုရား) နှုတ်ခမ်းဝရောက်လိုက် (ပြန်ကျလိုက်ပါပဲ) အောက်ကပြန်တက်လို့ နှုတ်ခမ်းဝရောက်လိုက် (ပြန်ကျလိုက်ပါပဲဘုရား)။
သစ္စာသိတဲ့မဂ် မလာသရွေ့
အဲ ဒီ ဒကာ ဒကာမတွေလဲ အခု ပြောလတ္တံ့ ဟောလတ္တံ့ဖြစ်တဲ့ သစ္စာသိတဲ့မဂ် မလာသရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ တိရစ္ဆာန်ဘုံ ရောက်လိုက် ပြန်ကျလိုက် (မှန်ပါ့) ဒီက ကတိယိမ်းသွားရင်နော် (မှန်ပါ့ဘုရား)။
အခု ဒါဖြင့် သစ္စာသိဖို့အရေးဟာ အလွန်ကြီးမလာဘူးလား (လာပါတယ်ဘုရား)။
အေး ဒါကြောင့် ဒါသိပြီးလို့ရှိရင်ဖြင့် မဂ်ဉာဏ်နဲ့ အတိအလင်း သိပြီးလို့ရှိရင်ဖြင့် ဘာမှမပူကြနဲ့တော့ (မှန်ပါ့ဘုရား) သဘောပါကြလား (ပါပါတယ်ဘုရား)။
ကိုင်း-ဒါဖြင့် သေသေချာချာသာ မှတ်ကြပေတော့ သစ္စာသိတရားကိုပဲ အစေလကဿပဝတ္ထုနှင့် သေသေချာချာ ကပ်ပြီးသကာလ ဒကာ ဒကာမတွေ ရှင်းသထက်ရှင်း လင်းသထက်လင်းအောင် ပြောပါတော့မယ်နော် (မှန်ပါ့ဘုရား)။
မမေ့ကြနဲ့ ဒကာ ဒကာမတွေ အဝိဇ္ဇာသင်္ခါရကြောင့် ဒါက အဝိဇ္ဇာ၊ ပြုပြင်တာက သင်္ခါရ (စက်ဝိုင်းကိုပြသည်) ဦးခင်မောင်ရေ မသိတာက (အဝိဇ္ဇာပါဘုရား) ပြုပြင်တာက (သင်္ခါရပါဘုရား)။
ဪ ရှေးဘဝက ကျုပ်တို့သည် သစ္စာလေးပါး မသိတာက အဝိဇ္ဇာ (မှန်လှပါ) သစ္စာလေးပါး မသိလို့ ပြုချင်သလိုပြုတာက ဘာပါလိမ့် (သင်္ခါရပါဘုရား)။
ဪ ဒါကြောင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ဆိုလိုက်တယ်၊ မသိခြင်းကြောင့် မသိသလိုပြုလုပ်တယ်၊ ပြုလုပ်ခြင်းကြောင့် ဒီဘက်က ဒကာ ဒကာမတွေ ဒီနေ့ ပဋိစ္စသမုပ္ပါဒ်က ခန္ဓာငါးပါးပေါ်လာတယ် (မှန်လှပါဘုရား)။
ဒီ ခန္ဓာငါးပါးက ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ပဋိစ္စသမုပ္ပါဒ်က ခန္ဓာငါးပါး ပေါ်လာတယ် (မှန်လှပါ ဘုရား) မသိတာက (အဝိဇ္ဇာပါဘုရား)၊ ပြုပြင်တာက (သင်္ခါရပါဘုရား) အင်း ပြုပြင်လို့ ပေါ်လာတာက (ခန္ဓာငါးပါးပါဘုရား)။
ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ
ဪ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါဘုရား) ဦးခင်မောင် ဘာသစ္စာတဲ့ဗျာ (ဒုက္ခသစ္စာပါဘုရား) ဪ ဒကာ ဒကာမတို့ အလိုလိုပေါ်တာလားလို့ ကြည့်လိုက်တဲ့အခါကျတော့ မသိတဲ့အဝိဇ္ဇာ၊ မသိလို့ပြုပြင်တဲ့ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ဘွားကနဲပေါ်လာတော့ (မှန်လှပါဘုရား) ဘာသစ္စာပါ လိမ့် (ဒုက္ခသစ္စာပါဘုရား)။
အင်း ဒုက္ခသစ္စာ ပေါ်လာတယ် ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား) မသိတာက (အဝိဇ္ဇာပါဘုရား) မသိလို့ ပြုပြင်လိုက်ပြန်တော့ (သင်္ခါရပါဘုရား) သင်္ခါရကြောင့် ယခု ဒကာ ဒကာမတွေ ဘာဖြစ်နေရ သတုံး (ခန္ဓာငါးပါး ဖြစ်နေပါတယ်) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်နေကြတယ်(မှန်ပါ့)။
ဒါကြောင့် ဒီထဲမှာ ခုနကပြောခဲ့တဲ့ ဦးခင်မောင်တို့ ဒကာဝတို့ကြည့် ဇာတိ ဇရာ မရဏ ပါနေတယ် (ပါ-ပါတယ်ဘုရား) သေမင်းတွေကော (ပါ-ပါတယ်ဘုရား) သေမင်းတွေ ဇာတိ ဇရာ မရဏ ပါနေခြင်းကြောင့် သူ့ကို ဒုက္ခသစ္စာ ဆိုလိုက်ရပါတယ် (မှန်ပါ့ဘုရား) သဘောပါကြလား (ပါ-ပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာက လွန်ခဲ့တဲ့ ၁-နံပါတ် အတိတ်ဘဝ (မှန်ပါ့) ဒါက ဘာပါလိမ့် (အတိတ်ဘဝပါ) ဪ ဒကာ ဒကာမတို့ အတိတ်က သစ္စာလေးပါးမသိခဲ့လို့ ပြုချင်သလို ပြုခဲ့ကြတဲ့အတွက် ယခုဖြင့် ကြုံချင်သလိုကြုံရတဲ့ အိုဘေး နာဘေး သေဘေးအဖြစ်နဲ့ ဒုက္ခသစ္စာကြီး ရထားတယ် (ရထားပါတယ်ဘုရား)။
ဒုက္ခသစ္စာကြီး ရထားတယ်
အိုဘေး နာဘေး သေဘေးအဖြစ်နဲ့ ဘာရတုံး (ဒုက္ခသစ္စာကြီး ရထားပါတယ်ဘုရား) ဒုက္ခသစ္စာကြီး ရတယ်၊ ဦးခင်မောင် ရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ ဒီခန္ဓာငါးပါးကြီးဟာ အိုဘေး နာဘေး သေဘေး အပြည့်အစုံ ၉၆-ပါးရောဂါ အပြည့်အစုံနဲ့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဒုက္ခသစ္စာတရားကြီးကိုယ်ပိုင် လှလှကြီးရပြီး ဒါကြီးနဲ့ အခု နေကြရတယ် (မှန်ပါ့ဘုရား) ဘာနဲ့ နေကြရတာပါလိမ့် ဒကာ ဒကာမတွေ (ဒုက္ခသစ္စာကြီးနဲ့ နေကြရပါတယ်ဘုရား)။
ဒုက္ခသစ္စာကြီးနဲ့ နေကြရတာ ဒကာဝရေ-အဝတ်မဖုံးဘဲလဲ မရဘူး (မရပါဘူးဘုရား) အဝတ်မဖုံးရင် မဖုံး သလောက် ဖောက်ပြန်တတ်တယ် (မှန်ပါ့ဘုရား) ဖုံးလွန်းရင် ဖုံးလွန်းလို့ (ဖောက်ပြန်ပါတယ်ဘုရား)။
ထမင်းမကျွေးရင် မကျွေးလို့ (ဖောက်ပြန်ပါတယ်ဘုရား) တခါကျွေးပြန်ရင်လဲ မတည့်လို့ (ဖောက်ပြန်ပါတယ် ဘုရား) ဘာသစ္စာကြီးပါလိမ့် (ဒုက္ခသစ္စာကြီးပါဘုရား) ဒါဖြင့် “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” (မှန်လှပါဘုရား)။
အဲ အဝတ်မဖုံးလဲ ဖောက်ပြန်တယ် (မှန်လှပါ) ဖုံးပြန်တော့လဲ (ဖောက်ပြန်ပါတယ်) မကျွေးပြန်တော့လဲ (ဖောက်ပြန်ပါတယ်) ကျွေးပြန်တော့လဲ (ဖောက်ပြန်ပါတယ်ဘုရား) ရေမချိုးဘဲနေပြန်တော့လဲ (ဖောက်ပြန်ပါတယ် ဘုရား) ချိုးပြန်တော့လဲ (ဖောက်ပြန်ပါတယ်ဘုရား)။
ဒါဖြင့် “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” (မှန်ပါ့ဘုရား) ဒီခန္ဓာကြီးဟာဖြင့် ဘာကြီး ရ-ထားပါလိမ့်မယ် (ဒုက္ခသစ္စာကြီး ရ-ထားပါတယ်ဘုရား)။
ဒုက္ခသစ္စာကြီး ရ-ထားတော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီဒုက္ခသစ္စာကြီးနဲ့ ကျုပ်တို့သည် အတူတကွ နေရပါလိမ့်မလဲမေးတော့ ရှေးဘဝက-မသိလို့၊ မသိတော့ ပြုချင်တာပြုခဲ့ကြတယ် (မှန်ပါ့ဘုရား)။
ပြုချင်တာပြုခဲ့ကြတာ ယခု “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီး ကျုပ်တို့ ကိုယ်ပိုင်ရနေတယ် (မှန်လှပါဘုရား) သဘောကျပလား (ကျပါပြီ)။
ဘာကြီးနဲ့ ကိုယ်ပိုင် ရ-ပါလိမ့် (ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ ကိုယ်ပိုင်ရပါတယ်)။
ဖောက်ပြန်တတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ ဒကာ ဒကာမတွေ ကိုယ်ပိုင်ကိုယ်ဆိုင်အဖြစ်နဲ့ပဲ ခွဲလို့မရ ဖြေလို့မရ ဖြုတ်လို့မရ ဆိုတာကြီးနဲ့ ကျုပ်တို့ဖြင့် ဝိပါကဝဋ်သင့်နေပြီ၊ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒုက္ခတွေနဲ့ လုံးလည်ခတ်နေပါပြီ
ဘာဝဋ် သင့်နေသလဲ (ဝိပါကဝဋ် သင့်နေပါတယ်) ဝိပါက-သဒ္ဒါက အကျိုးပေး၊ ဝဋ္ဋသဒ္ဒါက လုံးတယ် (မှန်ပါ့) အကျိုးပေး လုံးလည်ခတ်နေပြီ (မှန်ပါ့ဘုရား)။
အကျိုးပေး ဘယ့်နှယ်တုံး (လုံးလည်ခတ်နေပါတယ်ဘုရား) ဒုက္ခတွေနဲ့ လုံးလည်ခတ်နေပါပြီ တဲ့ (မှန်ပါ့ ဘုရား) ဒကာသစ် ဘာတဲ့ဗျာ (ဒုက္ခသစ္စာတွေနဲ့ လုံးလည်ခတ်နေပါပြီ)။
ဒုက္ခတွေနဲ့ လုံးလည်ခတ်နေတော့ ဝိပါက-က အကျိုး၊ ဝဋ္ဋက အလုံး၊ အကျိုးပေး လုံးလည်ခတ်ပြီး ဒုက္ခတွေ လုံးလည်ခတ်နေပါပေါ့လား ဒကာ ဒကာမတို့ (မှန်လှပါဘုရား)။
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးမှာ ကြည့်လိုက်တဲ့အခါကျတော့ (စက်ဝိုင်းပြသည်) ဟောဒီ အဝိဇ္ဇာက ကိလေသာဝဋ် (မှန်လှပါဘုရား) ဟောဒီနှစ်ခုက ကမ္မဝဋ်၊ ဟောဒါကြီးက ဝိပါကဝဋ် (မှန်ပါ့) ပေါ်လာပြီ ဒကာ ဒကာမတို့ (ပေါ်လာပြီ)။
အဝိဇ္ဇာက ဘာတဲ့ဗျာ (ကိလေသဝဋ်ပါဘုရား) သင်္ခါရကဘာတဲ့ (ကမ္မဝဋ်ပါဘုရား) ခန္ဓာငါးပါးက (ဝိပါကဝဋ်ပါဘုရား) ဪ ဒကာ ဒကာမတွေဟာ ဝဋ်ကောင်တွေပါကလား (မှန်ပါ့ဘုရား)။
ဒီဒကာ ဒကာမတွေဟာ ဒကာ ဒကာမတွေလား ဝဋ်တွေလား (ဝဋ်တွေပါဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား) ဝဋ္ဋဒုက္ခသစ္စာတွေ (မှန်ပါ့ဘုရား) ဒကာဝရေ အရ တော်သလား၊ အရ ဆိုးသလား (အရ ဆိုးပါတယ်ဘုရား)။
အရဆိုးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဇာတ်သိမ်းမှ တော်မလား ဒါမျိုး ထပ်ရပြီးမှ တော်မလားဆိုတာ အကဲခတ်ကြစမ်း (ဇာတ်သိမ်းမှတော်မှာပါဘုရား) ဇာတ်သိမ်းမှ တော်မနော် (မှန်ပါ့ဘုရား)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုဆုံးမပါလိမ့် (ဇာတ်သိမ်းမှ တော်ပါမယ်ဘုရား) ဇာတ်သိမ်းမှတော် မယ်ဆိုတာဖြင့် ကောင်းကောင်း သဘောကျပြီနော် (ကျပါပြီဘုရား)။
ကောင်းပြီ ဇာတ်သိမ်းမှ တော်မယ်ဆိုသော်ငြားလဲ ဒကာ ဒကာမတွေက ဒီခန္ဓာကြီးကို ကျွေးချင်တဲ့ ခန္ဓာကြီးခင် တဲ့ တဏှာက လာပြန်တယ် (မှန်ပါ့ဘုရား) ခန္ဓာကြီးစားချင်တယ် ဝတ်ချင်တယ် လှချင်တယ် ပချင်တယ်ဆိုတဲ့ တဏှာက မလာဘူးလား (လာပါတယ်ဘုရား)။
အဲဒါဟာ ဝိပါကဝဋ်ထဲက ကိလေသဝဋ် ထပ်ပေါက်ပွားတာ (မှန်လှပါဘုရား) ဝိပါကဝဋ်ထဲက (ကိလေသ ဝဋ် ထပ်ပေါက်ပွားတာပါ)။
ကိလေသဝဋ် ထပ်ပေါက်ပွားတာ
ဪ ဒါကြောင့် ခင်ဗျားတို့ အလုပ်အမျိုးမျိုးလုပ်ကြတာ ဘာလုပ်ကြတာပါလိမ့်မတုံး ၊ ရောင်းကြတာ ဝယ်ကြတာ လခစားလုပ်ကြတာတွေ ဘာလိုချင်လို့တုံးဆိုတော့ ခန္ဓာကြီးခင်လွန်းလို့ ကျွေးချင်မွေးချင်လို့ ငွေရှာတဲ့ တဏှာပေါ်ပေါက်တယ် (မှန်လှပါဘုရား)။
ဒါကြောင့် ဒီခန္ဓာကြီးထဲက အခု ဘာတွေများ သီးပွင့်ပေါ်ပေါက်လာပါလိမ့်မလဲ အကဲခတ်စမ်း (ကိလေသာ ဝဋ် ပေါ်ပေါက်ပါတယ်ဘုရား)။
ခက်လိုက်တာ နဂိုကကိုက ကိလေသဝဋ်ကြောင့် ဒီဝဋ်မှ မကျွတ်သေးခင်က ဝဋ်မြစ်တစ်ခု ပေါက်ပြန်ပြီဆိုတော့ ကိုယ်ကျိုးဖြင့် လှလှကြီးနည်းပြီ (နည်းပါပြီဘုရား) မနည်းသေးဘူးလား (နည်းပါတယ်ဘုရား)။
ဉာဏ်နားနဲ့ ထောင်ကြ၊ ဉာဏ်နားနဲ့ ထောင်ကြ ဒကာ ဒကာမတို့ (မှန်ပါ့ဘုရား) ဉာဏ်နားနဲ့ထောင်ကြ ကိုယ့် အဖြစ်ကဖြင့် မသိရင်မသိသလို ဆိုးဝါးနေတာဆိုတာဖြင့် ပေါ်လောက်ပါပြီ (ပေါ်ပါပြီဘုရား) မသိ-မသိသလို ဘာဖြစ်သလဲ (ဆိုးဝါးပါတယ်ဘုရား)။
ဆိုးဝါးပြီးသကာလနေတယ်၊ ကြည့်စမ်း-ဝိပါကဝဋ်ထဲက ဘာတွေများ ပေါက်ပွားနေပါလိမ့်-(ကိလေသဝဋ် ပေါက်ပွားနေပါတယ်ဘုရား)။
ခန္ဓာကြီးခင်တဲ့ တဏှာကြောင့် ခန္ဓာကြီးစွဲလမ်းတဲ့ ဥပါဒါန်ဆိုတော့ ဦးခင်မောင်တို့ ဒကာဝတို့ ကိလေသဝဋ် နှစ်ခုကို ရောက်လာပြီ (ရောက်လာပါပြီဘုရား)။
အဲဒီတော့ ကာယကံ ဝစီကံနဲ့ ရောင်းဟဲ့ဝယ်ဟဲ့ဆိုတဲ့ ကာယကံ ဝစီကံတွေ လာရမှာလား မလာရဘူးလား (လာရမှာပါဘုရား) ရော ခက်နေပြီ ခက်နေပြီ ဒကာ ဒကာမတို့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်လုပ်ပြန်ပြီ (မှန်ပါ့ဘုရား)။
ဟ ဘယ်ထဲက ပေါက်ပွားလာတာပါလိမ့်မတုံး (ကိလေသဝဋ်ထဲက ကမ္မဝဋ်ပေါက်ပွားပါတယ်ဘုရား) လုံးလည်ခတ်နေပြီ (ခတ်နေပါပြီဘုရား) ဘယ့်နှယ်ဖြစ်နေကြသတုံး (လုံးလည်ခတ်နေပါတယ်ဘုရား)။
လုံးလည်ခတ်နေပြီဆိုတာကို ဘုန်းကြီးမှ ဖော်မပြောလို့ရှိရင် ဒကာ ဒကာမတို့က အို ကျုပ်လုပ်နေတာ အကောင်းလို့ ဆိုလိမ့်မယ် (မှန်ပါ့)။
သူများလဲ ရောင်းဝယ်ဖောက်ကား စားသောက်နေကြတာပဲ၊ သူများလဲ ပြောဆိုနေကြတဲ့ ဝစီကံ၊ သွားလာနေကြ တဲ့ ကာယကံနဲ့ဘဲ သူတို့လဲ လိုချင်ရချင်လို့ သွားကြတာပဲ၊ ကျုပ်တို့လဲ လိုချင်ရချင်လို့ သွားတာပဲ၊ ဘယ်သူ့အတွက်တုန်း- အစ်ကိုကြီးတို့ ကျုပ်တို့ စားဖို့ (မှန်ပါ့ဘုရား) ဟောဒါ ကျုပ်သမီးတွေ စားဖို့၊ ဟောဒါ ကျုပ်သားတွေ လူလားမြောက် ဖို့ (မှန်ပါ့ဘုရား)။
ဒီခန္ဓာကြီးကြောင့်ပဲ ကိလေသဝဋ်လာတယ်
ဒီခန္ဓာကြီးကြောင့်ပဲ ကိလေသဝဋ် မလာဘူးလား (လာပါတယ်ဘုရား) ကိလေသဝဋ်ကြောင့် ကာယကံ ဝစီကံနဲ့ နံနက်မိုးလင်း ဆိုင်ရာဆိုင်ရာ သွားကြ လာကြမရှိဘူးလား (ရှိပါတယ်ဘုရား) ပြောကြတဲ့ ဝစီကံရော (ရှိပါတယ် ဘုရား)။
အင်း ကာယကံနဲ့ လှုပ်လှုပ်ရှားရှား ကားရှိ-ကားနဲ့သွားလို့၊ ကားမရှိရင်လဲ ခြေလျင်သွားလို့၊ ဒါတွေက ကံမြောက်တာတွေ မဟုတ်သေးဘူးလား (ဟုတ်ပါတယ်ဘုရား)။
ကဲ စုတေမနေ သေလွန်တော့ ဒကာ ဒကာမတို့ စဉ်းစားကြဦးတော့ ဝိပါကဝဋ်ဆိုတော့ ခန္ဓာငါးပါး လာပြန် တယ် (မှန်ပါ့ဘုရား) ဘာ လာပြန်သလဲ (ဝိပါကဝဋ်လာပါတယ်)။
ခက်ပြီ ခက်ပြီ ဒကာ ဒကာမတို့ ဟောဒီမှာ အတိတ်ဘဝက ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ပစ္စုပ္ပန်ဘဝမှာ ဝိပါကဝဋ်ကြီး ပေါ်နေတယ် (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဝိပါကဝဋ်က ဘာတွေ ပေါက်ပွားပြန်သလဲ စဉ်းစားစမ်း (ကိလေသဝဋ်ပေါက်ပွားတယ်ဘုရား) ကိလေသဝဋ် နဲ့ ကမ္မဝဋ် လာ-ပေါက်ပွားတယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) ကိလေသဝဋ်နဲ့ (ကမ္မဝဋ် လာ-ပေါက်ပွားပါတယ်)။
ကဲ စုတေမနေ သေလွန်တော့ တခုသောဘဝမှာ ခန္ဓာငါးပါး ရဦးမယ် (မှန်ပါ့) မရပေဘူးလား (ရပါ တယ်ဘုရား) အဲဒါက ဘာလုပ်ကြမယ် ထင်သတုံး (ဝိပါကဝဋ်ပါဘုရား)။
ဒီဝိပါကဝဋ်ကလဲ အငြိမ်နေမည့် ဝိပါကဝဋ်လား မေးပါဦး-(မနေပါဘူးဘုရား) လာလိမ့်ဦးမယ်၊ ဒီ သူ့ခန္ဓာ စီစဉ်တဲ့ တဏှာ ဥပါဒါန်ကံတွေက မလာပေဘူးလား (လာပါတယ်ဘုရား) လာရင် ဟိုဘက်မှာ ဘာဝဋ် လာဦးမယ် ထင်သတုံး(ဝိပါကဝဋ်လာပါဦးမယ်ဘုရား)။
ဂျာအေး သူ့အမေရိုက်
ကမ္မဝဋ်ပြီးတော့ ဝိပါကဝဋ်တွေ မဆက်ပေဘူးလား (ဆက်ပါတယ်ဘုရား) ကိုင်း-ဂျာအေး သူ့အမေရိုက်ပါ လို့ မှောင်မိုက်မှာတဲ့ငို ဖြစ်ကုန်ပြီ (မှန်လှပါဘုရား) ဒကာ ဒကာမတို့ ဆုံးကိုမဆုံးတော့ဘူး၊ ဆုံးပါ့မလား (မဆုံးပါ ဘူးဘုရား)။
ကိုင်း ဒါဖြင့် ဝဋ်သုံးပါး လည်ပုံဖြင့် ဒကာ ဒကာမတို့ ယနေ့ရှင်းပါပြီ (မှန်လှပါဘုရား) ဟောဒီကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဘာဖြစ်သတုံး (ဝိပါကဝဋ် ဖြစ်ပါတယ်ဘုရား) ဝိပါကဝဋ်ထဲက ဘာဝဋ်တွေ ပေါက်ပွားလာသတုံး (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပါဘုရား)။
ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားလာသောကြောင့် အနာဂတ် ဘာတွေ ရပြန်သတုံး (ဝိပါကဝဋ်တွေ ရပြန်ပါတယ်ဘုရား) အနာဂတ်ဝိပါကဝဋ်ထဲကလဲ ဘာတွေ ပေါက်ပွားမယ် ထင်သတုံး (ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား)။
ကိလေသဝဋ် ပေါက်ပွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဝိပါကဝဋ်ဟာ ခန္ဓာပြန်လှည့်မယ် (လှည့်ပါတယ် ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ်ဘုရား)။
အဲဒီတော့ ခန္ဓာပတ်နေတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့မှာ သေသေချာချာ စဉ်းစားတော့ ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တယ် (မှန်လှပါဘုရား) ဝိပါကဝဋ်ထဲက ဘာတွေ ပေါက်ပွားသတုံး (ကိလေသဝဋ် ကမ္မဝဋ်တွေ ပေါက်ပွားပါတယ် ဘုရား) အနာဂတ်ဘဝ ဘာတွေပေါ်လာ ပြန်ပါလိမ့် (ဝိပါကဝဋ်တွေ ပေါ်လာပါတယ်) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒီထဲကလဲ ထပ်ပေါ်ဦးမယ်ဆိုရင်ဖြင့် ဦးခင်မောင်ရေ ကဲ ရှင်းကြစို့ ဒုက္ခသစ္စာဖြစ်တယ် (မှန်လှပါဘုရား) ဒုက္ခသစ္စာထဲက သမုဒယသစ္စာ အညွန့်အညှောင့်တွေ ထွက်သောကြောင့် အနာဂတ် ဘာလာပြန်သတုံး (ဒုက္ခသစ္စာလာပါတယ်ဘုရား) ဒါပဲ လှည့်လာတယ် (မှန်ပါ့)။
သမုဒယ+ဒုက္ခ၊ တသံသရာလုံးပဲ
ဒါဖြင့် ဒကာသစ် သမုဒယ+ဒုက္ခ၊ သမုဒယ+ဒုက္ခ၊ တသံသရာလုံးပဲ (မှန်လှပါဘုရား) ပေါ်ပြီပေါ်ပြီ ဒကာ ဒကာမတို့ (မှန်လှပါဘုရား) တသံသရာလုံး ကျုပ်တို့ ဒီဝဋ် (၃)ပါးနဲ့ ပြောင်းလဲခံနေရပါတယ်၊ သမုဒယနဲ့ ဒုက္ခ နဲ့ ပြောင်းလဲခံနေရပါတယ်ဆိုတာဖြင့် ကောင်းကောင်းပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) တော်တော်အရေးကြီးပါ ကလား ဒကာ ဒကာမတို့ (ကြီးပါတယ်ဘုရား)။
ဒါဖြင့် စဉ်းစားကြစို့ ဒကာ ဒကာမတို့ ကျုပ်တို့သည် မဂ်ဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာ၊ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ များ အသံလဲမကြားဖူးဘူး၊ ခန္ဓာထဲလဲ မမြင်ဖူးပါဘူး(မှန်ပါ့ဘုရား) တသံသရာလုံး နေခဲ့ရတယ် (မှန်ပါ့ဘုရား) တွေ့ကြ ပလား (တွေ့ပါတယ်ဘုရား)။
မဂ္ဂသစ္စာ ဒီထဲပါရဲ့လား (မပါ-ပါဘူး) အင်း နိရောဓသစ္စာကော ကြုံခဲ့ကြရဲ့လား (မကြုံခဲ့ပါဘူး ဘုရား) ဘာနဲ့ လှည့်နေကြသလဲ (ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ လှည့်နေပါတယ်ဘုရား)။
သမုဒယသစ္စာ+ဒုက္ခသစ္စာ (မှန်ပါ့) သမုဒယသစ္စာ (ဒုက္ခသစ္စာပါ) ဒီဒုက္ခသစ္စာက ဘာတွေ ပွားဦးမလဲ (သမုဒယသစ္စာတွေ ပွားပါဦးမယ်) နောက်လာမှာက (ဒုက္ခသစ္စာပါဘုရား)။
ရှေးတုန်းက တပည့်တော်တို့ ဘာများဖြစ်ခဲ့သတုံး
ဪ ရှေးတုန်းက တပည့်တော်များ အရှင်ဘုရား အရှင်ဘုရားက ဉာဏ်ကျယ်ပါတယ်၊ မသိလို့ လျှောက်ပါ ရစေ၊ ရှေးတုန်းက တပည့်တော်တို့ ဘာများဖြစ်ခဲ့သတုံး မေးလို့ရှိရင် ပေါ်ပြီ၊ ဒါပဲဖြစ်ခဲ့တယ် (မှန်လှပါဘုရား)။
ဘာဖြစ်ခဲ့ကြသတုံး (သမုဒယနဲ့ ဒုက္ခပဲဖြစ်ခဲ့ပါတယ်ဘုရား) သမုဒယ+ဒုက္ခ(မှန်ပါ့) နောက်တခါ လာပြန် တော့ကော (သမုဒယနဲ့ ဒုက္ခပါပဲဘုရား) နောက်တခါ လာပြန်တော့ကော (သမုဒယနဲ့ ဒုက္ခပါပဲဘုရား)။
ရော ဒါဖြင့် မီးနဲ့လောင်စာ (မှန်ပါ့ဘုရား) သမုဒယက မီး (မှန်ပါ့ဘုရား) ခန္ဓာက (လောင်စာပါဘုရား) မီးနဲ့လောင်စာချည်း ဖြစ်ခဲ့တယ် (မှန်ပါ့ဘုရား) ရှင်းကြပလား (ရှင်းပါပြီဘုရား) ဘာတွေချည်းဖြစ်ခဲ့ကြပါလိမ့် (မီးနဲ့လောင်စာချည်း ဖြစ်ခဲ့ပါတယ်ဘုရား)။
မောင်မြရွှေ တယ်ဆိုးခဲ့ပါလားကွယ် (ဆိုးပါတယ်ဘုရား) ဒကာသစ် ဘယ့်နှယ်နေကြသလဲ (ဆိုးပါတယ်ဘုရား) ဘာချည်းဖြစ်ခဲ့ကြသလဲ (မီးနဲ့လောင်စာချည်း ဖြစ်ခဲ့ကြပါတယ်) မီးနဲ့လောင်စာချည်း ဖြစ်နေ တယ် (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတို့ ရှေးဘဝက တပည့်တော်တို့ဘုရား လူကောင်း နတ်ကောင်း ဗြဟ္မာကောင်းများပဲလား၊ အပြောတော့ဖြင့် ဖြစ်ချင်ဖြစ်ပါလိမ့်မယ် (မှန်ပါ့ဘုရား) အစစ်ကတော့ဖြင့် ဒကာ ဒကာမတို့ မီးနဲ့လောင်စာပဲ ဖြစ်ခဲ့ တယ်(မှန်လှပါဘုရား) ဘယ်လိုဆိုကြမယ် (မီးနဲ့လောင်စာပဲ ဖြစ်ခဲ့ပါတယ်ဘုရား) မီးနဲ့လောင်စာပဲ ဖြစ်တယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူးဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ရှေးဘဝက ခင်ဗျားတို့သန္တာန်ဖြင့် မဂ်ဉာဏ်ဆိုတဲ့တရားလဲ မပေါ်ပေါက်ခဲ့ပါဘူး၊ (မှန်ပါ့ဘုရား) နိဗ္ဗာန်ဆိုတဲ့တရားလဲ မျှော်မှန်းဖို့ရာအတွက် မမြင်ခဲ့ပါဘူး (မမြင်ခဲ့ပါဘူးဘုရား) မြင်သေးရဲ့လား (မမြင်ပါဘူး)။
သစ္စာနှစ်ပါး ကွယ်နေခဲ့ပါကလား
ဪ ခင်ဗျားတို့ သစ္စာလေးပါးရှိသည့်အနက်က သစ္စာနှစ်ပါး ကွယ်နေခဲ့ပါကလား (မှန်ပါ့ဘုရား) ဘယ်သစ္စာ ဘယ်သစ္စာကွယ်ပါလိမ့် (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ကွယ်ပါတယ်ဘုရား) အင် ဟင် ဘယ်သူနဲ့ ကိုယ်ပိုင်နေရပါလိမ့် (သမုဒယ ဒုက္ခသစ္စာနဲ့ နေခဲ့ရပါတယ်ဘုရား) သမုဒယ မီး-ဟုတ်လား၊ ဒုက္ခသစ္စာက လောင်စာ (မှန်ပါ့ဘုရား)။
ဪ ဒကာ ဒကာမတို့ လောင်စာနဲ့ မီးသာလျှင် အပြီးအပိုင်နေခဲ့ရတယ်ဆိုတာ လောင်စာနဲ့ မီးနဲ့သာ အပြီးနေခဲ့ရတယ်ဆိုတာကိုဖြင့် သေသေချာချာသာ ကြည့်ပေတော့ ဦးခင်မောင်ရေ ဒီဥစ္စာ အမှန်ဘဲလို့ ဆုံးဖြတ်ချက်ချ ပေတော့ (မှန်လှပါဘုရား)။
အမြင်အားဖြင့်လဲ ဟုတ်၏၊ ဖြစ်စဉ်အားဖြင့်လဲ (ဟုတ်ပါတယ်ဘုရား) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ် (မှန်လှပါဘုရား) ဘာရှာရ မယ် (လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရပါမယ်) ဘဝများစွာက လောင်စာနဲ့မီး တွဲလျက်ချည်းသာ နေခဲ့ရတယ် (မှန်လှပါဘုရား) ဘဝများစွာက (လောင်စာနဲ့မီး တွဲလျက်ချည်းသာ နေခဲ့ရပါတယ်ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ်
အခုအချိန်ကလေးမှာ ဘာရှာဖို့သင့်ပါလိမ့် (လောင်စာသိမ်းတာ ရှာရပါမယ်) လောင်စာသိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ် ဒကာ ဒကာမတို့ (မှန်လှပါဘုရား)။
သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်စမ်းပါ၊ အင်မတန် အရေးကြီးတယ် (မှန်ပါ့ဘုရား) တသက်နဲ့ တကိုယ် ကြားရတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ မလွယ်ဘူးနော် (မှန်လှပါဘုရား) လွယ်ပါ့မလား (မလွယ်ပါဘူး)
မလွယ်ဘူး-မလွယ်ဘူး၊ တသံသရာလုံး နေခဲ့ရတာက ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခနဲ့ နေခဲ့ရတာ (မှန်လှပါ ဘုရား) တဘဝပြောင်းပြန်တော့လဲ ဘာမပြောင်းသတုံး (သမုဒယနဲ့ ဒုက္ခမပြောင်းပါဘူး)။
သမုဒယက ချေငံလိုက်၊ ဒုက္ခခန္ဓာက ပျက်လိုက် (မှန်ပါ့ဘုရား) ရောက်ရာဘဝ ဒုက္ခခန္ဓာက-သမုဒယခန္ဓာ အသီးအပွင့်တွေသီးပြီး၊ ဒုက္ခခန္ဓာတည်းဟူသော အပင်ကြီးပေါက်လိုက် (မှန်ပါ့) ဒီလိုချည်းပဲ ဖြစ်ခဲ့တယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ ငြင်းစရာရှိသေးရဲ့လား (မရှိပါဘူးဘုရား)။
အဲဒါကြောင့် ဦးခင်မောင် မဂ္ဂနဲ့ နိရောဓကိုဖြင့် မျှော်မှန်းဘို့ရာ အခွင့်အရေးကို မကြုံခဲ့ပါကလား(မကြုံခဲ့ ပါဘူးဘုရား) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
ကိုမြရွှေ ပေါ်ပလား (ပေါ်ပါပြီ) နောက်ဘဝတွေက ကျုပ်တို့ဘာနဲ့များ နေခဲ့ရပါလိမ့် (သမုဒယနဲ့ ဒုက္ခနဲ့ နေခဲ့ရပါတယ်) သမုဒယဆိုတာက မီးဗျ (မှန်လှပါ) ခန္ဓာက (ဒုက္ခပါဘုရား)။
အင် မီးနဲ့လောင်စာနဲ့ချည်း ကျုပ်တို့တခါတည်း ဇာတ်သိမ်းခဲ့ရတယ် (မှန်ပါ့ဘုရား) မီးနဲ့လောင်စာနဲ့တွဲ နောက်ဆုံးပိတ်ပြန်ပြီးသကာလ သေလိုက်၊ နောက်တခါ မီးနဲ့လောင်စာနဲ့ တွဲ ဖြစ်ပြန်ပြီ မလာဘူးလား (လာပါ တယ်)။
ဒီလိုနဲ့ချည်း သေခဲ့ရတာဖြင့် သေခြင်းကောင်းများ ပါခဲ့ကြရဲ့လား (မပါခဲ့ပါဘူး ဘုရား) အင်း ဘာနဲ့ သေခဲ့ရသလဲ (သေခြင်းဆိုးနဲ့ သေခဲ့ရပါတယ်) အင်း နေတော့ကောဗျာ (နေခြင်းဆိုးနေခဲ့ရပါတယ်) နေတော့ နေခြင်းဆိုး၊ သေတော့ သေခြင်းဆိုး (မှန်ပါ့) နေတော့ကို (နေခြင်းဆိုး နေခဲ့ရပါတယ်) နေတော့ ကိလေသာပဲ ပေါက်ပွားနေတာကိုးဗျ (မှန်ပါ့ဘုရား)။
ကိလေသာ ပေါက်ပွားနေတော့ ခန္ဓာထဲမှာ ကိလေသာ ပေါက်ပွားနေတော့လဲ ဒီခန္ဓာထဲ လောင်နေတာပဲ (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ နေခြင်းဆိုး ဆိုတာလဲ မနာကြပါနဲ့ (မနာပါဘူးဘုရား) သေတော့လဲ ကိလေ သာမီး လောင်ပြီးသကာလ သား စိတ်မချ သမီး စိတ်မချဘဲနဲ့ ပစ္စည်းလိုသလောက် မပြည့်ဘဲနဲ့ ဖြစ်မှဖြစ်ရလေခြင်း ဆိုပြီး သေသွားတာပဲ။ ဒီ မီးလောင် သေသွားတာပဲ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ) သေတော့လဲ ဒီမီးလောင်သေတာပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ တပည့်တော် တပည့်တော်မတို့သည် ဘဝများစွာ သံသရာက ဘယ်လိုနေလို့ ဘယ်လို ထိုင်ခဲ့ရပါလိမ့်မလဲ ဘုရားလို့ မမေးပါနဲ့တော့ ဒကာ ဒကာမတွေ ပြတာနဲ့ပဲ ရှင်းနေပြီ (မှန်ပါ့ဘုရား)။
သေခြင်းဆိုးနဲ့ သေခဲ့ရတယ်
ဘယ်လိုများ နေခဲ့ရပါလိမ့် (နေခြင်းဆိုးနဲ့ နေခဲ့ကြရပြီး သေခြင်းဆိုးနဲ့ သေခဲ့ရပါတယ်ဘုရား) နေခြင်းဆိုး နဲ့နေ-သေခြင်းဆိုးနဲ့ သေခဲ့ရတယ် (မှန်ပါ့ဘုရား) သဘောကျပလား (မှန်ပါ့ ကျပါပြီ)။
နေတော့လဲ လောင်စာနဲ့မီး တွဲလျက်ပဲ (မှန်ပါ့) သေတော့လဲ မီးလောင်လို့ သေလိုက်ရတယ် (မှန်ပါ့ ဘုရား) သားစိတ်ချပြီး သေတဲ့ အမေအဖေ ရှားလိမ့်မယ် (ရှားပါတယ်ဘုရား) သမီး စိတ်ချပြီးသေတဲ့ အမေအဖေ ကော (ရှားပါတယ်ဘုရား) ပစ္စည်းရှာလို့ အားရလို့ အမွေပေးခဲ့ရတာ အားရလို့သေသွားတဲ့ အမေအဖေကော (ရှားပါတယ် ဘုရား)။
ဒါဖြင့် စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ဗျာပါရမှု ခင်မှုတန်းလန်း မင်မှုတန်းလန်း စာရင်းမချုပ် အင်းမချုပ်နဲ့ မီးလောင် သေတယ် (မှန်လှပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်မှုတန်းလန်း မင်မှုတန်းလန်းနဲ့ စာရင်းမချုပ် အင်းမချုပ် နဲ့ ဘာဖြစ်သွားပါလိမ့် (မီးလောင်သေပါတယ်ဘုရား)။
အင်း ဒကာ ဒကာမတို့ ကြောက်စရာ အကောင်းဆုံးလို့ ဒီဥစ္စာ သစ္စသံယုတ်မှာလာတာကို ပြောနေပါတယ် နော် (မှန်ပါ့ဘုရား) ကိုင်း ကိုယ့်အကြောင်း ကိုယ်သိကြပလား (သိပါတယ်ဘုရား)။
ဒါဖြင့် သစ္စာနှစ်ပါးနဲ့ လည်နေခဲ့ရတယ် (မှန်ပါ့ဘုရား) သစ္စာနှစ်ပါးက စုန်းစုန်းမြုပ်နေတယ် (မှန်ပါ့ ဘုရား) ကျုပ်တို့ဉာဏ်ထဲမှာလဲ မပေါ်လာ (မပေါ်ပါဘုရား) တွေ့လဲမတွေ့ရ(မှန်ပါ့ဘုရား)။
ဆင်းရဲသစ္စာနှစ်ပါးနဲ့သာ အချိန်ကုန်ခဲ့ရ
ဒါဖြင့် ဆင်းရဲသစ္စာနှစ်ပါးနဲ့သာ အချိန်ကုန်ခဲ့ရ၍ ချမ်းသာသစ္စာနှစ်ပါးကို မျှော်မှန်းနိုင်တဲ့ဘဝ မရခဲ့ဘူး (မရခဲ့ပါဘူးဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒီဘဝ အခု ခင်ဗျားတို့အားလုံးပဲ သံဃာတော်တွေ ဆရာတော်တွေ ပြောဆိုဟောကြားညွှန်ပြဆုံးမနေတဲ့ ကိုယ့်ကို ကယ်မည့် ယူမည့် သစ္စာနှစ်ပါးကို အရမယူလိုက်ရလို့ရှိရင်ဖြင့် ခုနက ပြောခဲ့တဲ့ မလိုင်သုတ်ထားသော ကြေးအိုး ဖင်ချွန်းထဲမှာကျတဲ့ အိမ်မြောင်တော့ ဖြစ်တော့မယ် (မှန်လှပါဘုရား)။
တက်လိုက်-အထက်ရောက်ကာနီး လျှောကျလိုက် (မှန်ပါ့) ဒီအတိုင်းမနေပေဘူးလား (နေပါတယ် ဘုရား) အဲဒါ ဒကာ ဒကာမတို့ ဘယ်တော့ အလင်းကို ရောက်ခဲ့တယ်ရှိသေးရဲ့လား (မရှိခဲ့ပါဘုရား)။
ဒီမှာ ခင်ဗျားတို့ သမုဒယသစ္စာကလဲ အမဲသစ္စာ၊ ဒုက္ခသစ္စာကလဲ ဆင်းရဲသစ္စာ (မှန်ပါ့ဘုရား) အမဲနဲ့ ဆင်းရဲ (မှန်ပါ့) ဦးခင်မောင်ရေ ဘာတဲ့တုန်း (အမဲနဲ့ ဆင်းရဲပါဘုရား)။
နောက်တစ်ခါ လာပြန်တော့ကော (အမဲနဲ့ ဆင်းရဲပါပဲ) အမဲနဲ့ဆင်းရဲပဲရှိတယ်၊ နောက်တခါ လာပြန်တော့ ကော (အမဲနဲ့ဆင်းရဲပါပဲ)။
ဪ ဒကာ ဒကာမတို့ မှောင်ထဲနေတဲ့အထဲမှာ ဆင်းရဲထဲ မျှော်နေရတာပေါ့ (မှန်ပါ့ဘုရား) မှောင်မဲနေ တဲ့အထဲမှာ (ဆင်းရဲထဲ နေရပါတယ်) ဘယ်တော့မှ မဂ်ရောင်ခြည် မသန်းပါကလား (မှန်ပါ့ဘုရား)။
ဘယ်တော့မှ မဂ်ရောင်ခြည်မသန်း၊ ဘယ်တော့မှ နိဗ္ဗာန်ဆိုတဲ့ နေကြီးကလဲ မထွက်လာပါကလား ဒကာဝ ရေ (မှန်လှပါဘုရား) အင်မတန် ခက်နေပါပေါ့ ကလား (ခက်နေပါတယ်ဘုရား)။
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးကို မပယ်နိုင်တဲ့အတွက်
အဲဒါ ဘယ်သူ့ကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီအထဲမှာ အရေးအကြီးဆုံး ပြောကြပါစို့ ဆိုတော့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးကို မပယ်နိုင်တဲ့အတွက် ဒီအဖြစ်ဆိုးကြီးနဲ့ တွေ့ကြ-ကြုံကြ-ဆုံကြရတယ်ဆိုတာ သေသေချာချာ မှတ်ပေတော့ (မှန်လှပါဘုရား)။
သဿတဒိဋ္ဌိကလဲ ဪ ငါရှိတုန်း ငါ့သား သမီးကလေးတွေ လူလားမြောက်ချင်လိုက်တာ (မှန်ပါ့) ဒါ သဿတဒိဋ္ဌိပေါ့ (မှန်လှပါ) ငါရှိတုန်း ဘာတုံး (သားသမီးကလေးတွေ လူလားမြောက်ချင်လိုက်တာ)။
ဒါမှ ငါ-အသေကောင်းမှာ၊ ငါ အသေကောင်းပြီး သကာလ ငါပဲ သုဂတိရောက်မှာဆိုတော့ ဘာဒိဋ္ဌိတွေ ဖြစ်နေသလဲ (သဿတဒိဋ္ဌိတွေ ဖြစ်နေပါတယ်)။
ဪ သဿတဒိဋ္ဌိတွေ ဖြစ်ပြီးသကာလ နေကြတော့ အင်း ဒကာ ဒကာမတို့ အခု သားတွေ-သမီးတွေ လုပ်ကိုင်ကျွေးနိုင်တာ ကိုယ့်အသေကျွေးကြသလားတဲ့၊ ဘယ်တော့ ငါသေလိမ့်မယ်၊ ငါ သူတော်ကောင်းဖြစ်အောင် မြန်မြန်အားထုတ်မှပဲလို့ ဆိုပြီးသကာလ ကျွေးကြ-မွေးကြတာလား၊ သူတို့ လူလားမြောက်ဖို့ကို စောင့်ပြီးသကာလ လုပ်ကျွေးနေတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (လူလားမြောက်ဖို့ စောင့်ပြီး လုပ်ကျွေးနေတာပါဘုရား)။
ဒါ သဿတဒိဋ္ဌိပဲဗျ (မှန်ပါ့ဘုရား) သူတို့ လူလားမြောက်ရင် ငါဘာဖြစ်ဖြစ်ဆိုတဲ့ အဓိပ္ပါယ်ကော မပါဘူး လား (ပါ-ပါတယ်ဘုရား) တယ်လဲ မှတ်ချက်က သန်ပါကလား (မှန်ပါ့ဘုရား) မှတ်ချက် သိပ်သန်တယ်။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အခုအချိန်မှာပဲ နာရီလဲနီးလာလို့ အစေလကဿပဝတ္ထုဆက်ပြီး သကာလ နိဗ္ဗာန်ဝင်တဲ့အလုပ် လုပ်ကြစို့ (မှန်လှပါဘုရား)။
နိဗ္ဗာန်ဝင်တဲ့အလုပ် လုပ်မှသာလျှင် မဂ္ဂနှင့် နိရောဓပေါ်မှာကိုး (မှန်လှပါဘုရား) နို့မဟုတ်ရင်ဖြင့် လောင်စာနဲ့မီးချည်း ဆက်နေမှာပဲ (မှန်လှပါ) သဘောကျရဲ့လား (ကျပါတယ်)။
လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ် ပြကြစို့
ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ် ပြကြစို့ (မှန်လှပါဘုရား) ဘာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့အလုပ် ပြရမှာပါဘုရား)။
ခင်ဗျားတို့ ရှေးကနေခဲ့ရတာက လောင်စာနဲ့မီး တွဲလျက်ချည်းသာ အချိန်ကုန်ခဲ့တယ် (မှန်လှပါဘုရား) ရှေးဘဝများစွာက တပည့်တော်တို့ ဘာများဖြစ်ခဲ့ပါလိမ့် (လောင်စာနဲ့မီး တွဲလျက်ချည်းသာ အချိန်ကုန်ခဲ့ပါတယ် ဘုရား)။
အင်း အခု ဘုန်းကြီးဟောမည့်တရားကို ဒကာ ဒကာမတို့ အလုပ်လုပ်လို့ရှိရင်ဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတော့မယ်(မှန်ပါ့ဘုရား) ဘယ်လိုဆိုကြပါ့မယ် (လောင်စာသိမ်း၍ မီးငြိမ်းတော့မယ်) လောင်စာသိမ်း၍ မီးငြိမ်းတော့မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်လှပါဘုရား)။
ကိုင်း ဒါဖြင့် စ,ကြစို့၊ လောင်စာသိမ်း၍ မီးငြိမ်းတာကို စ,ကြစို့ဆိုတာ အဖြစ်ဆိုးသိမှ အဖြစ်ကောင်းကို ဦးခင်မောင်-ရှာမယ်နော် (မှန်လှပါဘုရား) အဖြစ်ဆိုးမှ မသိတဲ့ပုဂ္ဂိုလ်ဟာ အဖြစ်ကောင်းကို (မရှာပါဘူး ဘုရား) မရှာနိုင်ဘူး။
ကဲ ဒါဖြင့် ဝတ္ထုကလေး နည်းနည်းစ,ကြစို့၊ ဒကာ ဒကာမတို့ မနေ့ကလဲ စ,တော့လဲ စ,တာပဲ၊ စ,တာနဲ့ အချိန်စေ့လို့ သိမ်းလိုက်ရတယ်။ ဒီနေ့တော့-တော်တော် ခရီးပေါက်ပါလိမ့်မယ် (မှန်လှပါဘုရား)။
အစေလကဿပ
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည်ထဲ ဆွမ်းခံဝင်ပါတယ် ဒကာဝရဲ့ (မှန်ပါ့ဘုရား) ဆွမ်းခံဝင်ပြီးသကာလ မြို့ထဲ-ရွာထဲမှာ ရောက်သွားပါတယ်။
အစေလကဿပဆိုတာ နိစ္စေလဆိုတဲ့အတိုင်း အဝတ်မပါဘူး (မှန်ပါ့) လူနာမည်ကတော့ ကဿပ တဲ့ (မှန်ပါ့) အဝတ်မပါတဲ့ ကဿပပေါ့ဗျာ (မှန်ပါ့ဘုရား)။
သူဟာ တိတ္ထိတို့ဘာဝ တိတ္ထိတို့၏ လမ်းစဉ်အတိုင်း သူကလဲ ဆွမ်းခံထွက်တာပဲ (မှန်ပါ့) အဝတ်မပါဘူး (မှန်ပါ့ဘုရား) ဦးခင်မောင် အဝတ်ပါရဲ့လား (မပါပါဘူးဆရား)။
သို့သော်လဲ သူတို့ကိုလဲ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ရှိတာပဲ၊ ဘာဖြစ်လို့တုန်း၊ ခြိုးခြံလွန်းလို့ ကြည်ညိုတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ့်နှယ်ကြောင့် ကြည်ညိုပါလိမ့် (ခြိုးခြံလို့ ကြည်ညိုတာပါဘုရား)။
ဪ အဝတ်မပါအောင်တော့ ခြိုးခြံတာပဲ၊ ဒကာ ဒကာမတို့ ဝမ်းထဲမှာ ဒိဋ္ဌိရှိနေတော့ ဟိရီဩတ္တပ္ပကင်း တာ ခြိုးခြံတဲ့အထဲသွင်းလိုက်တယ် (မှန်လှပါဘုရား)။
ဘယ်လောက်များ ဆိုးသွားသလဲဆိုတာ (ဆိုးပါတယ်ဘုရား) ဘုရားမပွင့်ခင်တုန်းကလေ (မှန်ပါ့) အဲ ဟိရီဩတ္တပ္ပမကင်းတာ ဘယ်ထဲသွင်းလိုက်သလဲ (ခြိုးခြံတဲ့အထဲ သွင်းလိုက်ပါတယ်ဘုရား) အေး ဒီဥစ္စာ ကိုယ့် အယူနဲ့ကိုယ် မှားနေတာတွေဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။
ပုစ္ဆာကလေးတစ်ခု မေးပါရစေ
ကိုင်း ဒါဖြင့် အစေလကဿပကလဲ အဝတ်မပါဘဲနဲ့ ဆွမ်းခံလာတဲ့အခါ ဘုရားနဲ့သွားတွေ့တယ် (မှန်ပါ့) ဘုရားနဲ့ သွားတွေ့တဲ့အခါ ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေ တဲ့။
ဟ အစေလကဿပ ရွာထဲမှာကွ၊ ငါ့မှာလဲ သင်္ကန်းရုံကြီးနဲ့ ဆွမ်းခံရင်းကွ၊ အဲဒါမေးလို့ ဘယ်တော်ပါ့ မလဲ၊ ဒီအချိန်မမေးနဲ့ဦးကွ၊ တခါ ပယ်ချလိုက်တယ်နော် (မှန်ပါ့ဘုရား)။
နောက်တပြ နှစ်ပြလောက် ဆွမ်းခံကြွမိပြန်တဲ့အခါကျတော့ အစေလကဿပ-က နောက်ကလိုက်ပြီးသကာလ ဒကာဝတို့ ဦးခင်မောင်တို့ ရှင်ကြီးဂေါတမ ပုစ္ဆာကလေးတခု မေးပါရစေ-တဲ့ (မှန်လှပါဘုရား)။
ဟ ဆွမ်းခံတုန်းကွ အစေလကဿပရ၊ မေးလို့မတော်သေးဘူးတဲ့၊ ဒကာ ဒကာမတို့ ဘယ်နှစ်ခါရှိပြီလဲ ပယ်လိုက်တာ (နှစ်ခါရှိပါပြီ ဘုရား)။
နောက် နှစ်ပြ-သုံးပြ သွားပြန်တော့လဲ သူက လိုက်လာပြန်တယ်၊ ဦးခင်မောင်ရေ (မှန်ပါ့ဘုရား)။
ဒီမယ်ဘုရား များလဲမများပါဘူး၊ မသိလဲ မသိလို့ပါ၊ ဒီပုစ္ဆာကလေး မေးပါရစေ ဆိုပြီးသကာလ တောင်းပန် တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုင်း မေးတာပေါ့ကွာ (မှန်ပါ့) သုံးခါမြောက်ကျတော့ မေးတာပေါ့ ကွာဆိုတဲ့ အမိန့်ရတယ်ဆိုကြပါစို့ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဒါလောက်တောင် ဘုရားသခင်ကိုယ်တော်မြတ် နှစ်ခါပယ်ရပါလိမ့်မလဲဆိုတော့ ဒိဋ္ဌိတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီး မေးရတာ လွယ်တယ် ပြုတယ်ဆိုပြီး အဖြေပေးလိုက်တဲ့အခါ ဦးခင်မောင် ပေါ့ပေါ့ ဆဆ ယူသွားမှာလဲ စိုးရိမ်တယ် (မှန်လှပါ)။
ဒါကြောင့်လဲ ဆိုင်းငံ့တာ တစ်မျိုး၊ တနည်းအားဖြင့်လဲ အစေလကဿပ ဉာဏ်မရင့်သေးတော့ အဖြေကို နားမလည်မှာစိုးတာနဲ့လဲ ဆိုင်းငံ့တာက တမျိုး (မှန်လှပါဘုရား) ဆိုင်းငံ့နည်းနှစ်မျိုးနော် (မှန်လှပါ)။
ပေါ့ပေါ့နဲ့ ဖြေလိုက်လို့ရှိရင်လဲ အဖြေကို အဖိုးမတန်မှာစိုးလို့ တားမြစ်ပြီး နေရခြင်းတမျိုး (မှန်ပါ့ဘုရား)။
တနည်း အစေလကဿပမှာ ဉာဏ်မရင့်သေးလို့ ဉာဏ်ရင့်အောင် ဆိုင်းငံ့ပြီးသကာလ တားမြစ်ခြင်းကလဲ တမျိုးနဲ့တားမြစ်ထားပါတယ် (မှန်ပါ့ဘုရား)။
သုံးခါမြောက်ကျတော့ ဒကာဝ ဘာတဲ့တုန်း (မေးတာပေါ့ တဲ့) မေးကွာလို့ မပြောဘူးလား (ပြောပါတယ်ဘုရား)။
မေးကွာလို့ပြောတော့ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို သူက မေးလိုက်ပါတယ်။ ဘယ်လို မေးလိုက်သလဲလို့ မေးတဲ့အခါကျတော့ (စက်ဝိုင်းကိုပြသည်)။
ဒါကြီးဟာ ဘာသစ္စာပါလိမ့်၊ ဒကာ ဒကာမတို့ ခုနက နားလည်ပြီ (ဒုက္ခသစ္စာပါဘုရား)။
ဒုက္ခသစ္စာဆိုတော့ ဒကာ ဒကာမတွေက အခု ဉာဏ်က ဘုန်းကြီးက ရှေ့ပိုင်းက ရှင်းထားတဲ့အတွက် “အဝိဇ္ဇာ ပစ္စယာ၊ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဒုက္ခသစ္စာ” (မှန်ပါ့) မကျသေးဘူးလား (ကျပါတယ်ဘုရား) ဒါဘာဘဲ တဲ့၊ အဲဒီတော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာနော် (မှန်ပါ့ဘုရား) ဝိပါကဝဋ်ကော ဟုတ်ပါသလား (ဟုတ်ပါတယ်ဘုရား) ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ခုနက ရှင်းထားပြီနော် (မှန်ပါ့ဘုရား)။
အဲဒါ စောစောက ဟောတာ ဒီအစေလကဿပ ဟောတဲ့အခါမှာ အဆင်သင့် နားလည်သွားအောင်လို့ ဒကာဝ ရှေ့ကလမ်းခင်းတာ (မှန်ပါ့ဘုရား) သေသေချာချာ နားထောင်ကြ-ဒကာ ဒကာမတို့၊ ဒီဥစ္စာကို နားကြီးကြီးနဲ့ ထောင်ပြီး ဪ ဒို့ကျွတ်တမ်းဝင်ရမှာ ဒါပါကလားဆိုတာလဲ ဆုံးဖြတ်ချက်ချပါ (မှန်လှပါဘုရား)။
ဒုက္ခကို မိမိပြုတာလား?
ကဲ-ဒါဖြင့် သွားကြပါစို့၊ အစေလကဿပ-မေးတော့ကွ-ဆိုတော့ မေးလိုက်တယ်၊ ရှင်ကြီးဂေါတမ တဲ့ ဒုက္ခကို မိမိပြုတာလားတဲ့ ၊ မေးပြီနော် (မှန်လှပါဘုရား) ဘာတဲ့တုန်း (ဒုက္ခကို မိမိပြုတာလား တဲ့)။
ဒုက္ခကို မိမိပြုတာလားဆိုတော့ ဘုရားက ပယ်လိုက်တယ် ”ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးကွာ ”တဲ့၊ ဆိုတော့ ဒကာ ဒကာမတွေ ရှင်းတယ် (မှန်ပါ့)။
ကြည့် ကိလေသာဝဋ်ကြောင့် (ကမ္မဝဋ်ဖြစ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါတယ်)။
ကြည့်စမ်း ကမ္မဝဋ်ပြုတာ (မှန်ပါ့) ကိလေသာဝဋ်ပြုတာ (မှန်ပါ့ဘုရား) သေချာပလား (သေချာပါတယ်) ဘယ်ဝဋ်ပြုတာပါလိမ့် (ကိလေသဝဋ်နဲ့ ကမ္မဝဋ် ပြုတာပါဘုရား) ကိလေသဝဋ်နဲ့ ကမ္မဝဋ်က ပြုလို့ ဒီမှာဘာတုံး ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာ (မှန်ပါ့ဘုရား) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒီဟာ မိမိလားဆိုတော့ အဝိဇ္ဇာ (မှန်ပါ့ဘုရား) ဒီဟာ မိမိလားဆိုတော့ သင်္ခါရ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါတယ်) ဒီဟာ မိမိလားဆိုတော့ (ခန္ဓာငါးပါးပါ) ခန္ဓာငါးပါး-ဒုက္ခသစ္စာတရား (မှန်ပါ့ ဘုရား) ရှင်းနေပြီ-ရှင်းနေပြီ၊ မရှင်းကြသေးဘူးလား (ရှင်းပါတယ်)။
ကိုင်း-ဒကာ ဒကာမတို့ပဲ မေးပါ့မယ်၊ ဒကာ ဒကာမတို့ ခန္ဓာက ဒါပဲ၊ ယခု တရားနာနေတဲ့ခန္ဓာ နော် (မှန်ပါ့) ခန္ဓာငါးပါးနဲ့ တရားနာနေကြတာဆိုတာ ရှင်းပလား (ရှင်းပါပြီဘုရား)။
ကဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အစေလကဿပ-က မေးလိုက်တယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါဘူးတဲ့ဘုရား)။
ဘုရားက မဟုတ်ဘူးလို့ ဖြေတယ် (မှန်ပါ့) ခင်ဗျားတို့ဒုက္ခ ခင်ဗျားတို့ပြုလို့ ရတာလား (မဟုတ်ပါဘူး ဘုရား) ဘယ်သူပြုတာပါလိမ့် (ကိလေသဝဋ် ကမ္မဝဋ်ပြုတာပါဘုရား)ကိလေသဝဋ်နဲ့ ကမ္မဝဋ်ရောပြုတယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါတယ်ဘုရား)။
ဒုက္ခကို မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူးဘုရား) ကိလေသဝဋ်ကြောင့် (ကမ္မဝဋ်ဖြစ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ်ဘုရား) ဟော သူ့အကြောင်းကြောင့် သူ့အကျိုးဖြစ်တာ (မှန်ပါ့ဘုရား) သေချာကြပလား (သေချာပါတယ်ဘုရား)။
ကောင်းပြီ ဒါဖြင့် ပထမပုစ္ဆာမှာ အစေလကဿပသာ မသိတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှင်းသွားပြီ (မှန်ပါ့ဘုရား) မရှင်းသေးဘူးလား (ရှင်းပါတယ်ဘုရား) ဒုက္ခကို မိမိပြုတာလား (မဟုတ်ပါဘူးဘုရား) ကိလေသ ဝဋ်နှင့် (ကမ္မဝဋ်တို့ ပြုတာပါဘုရား) သေချာပြီနော် (သေချာပါပြီ)။
ဒကာဝရေ သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ၊ ဒီတရားကို ဦးခင်မောင် တွင်တွင်ဟောလို့ မဖြစ်ဘူးနော် (မှန်လှပါဘုရား) ခင်ဗျားတို့ နားလည်မှုအတွက် အရေးတကြီးဆင်ပြီး ပြောရပါတယ် (မှန်လှပါ ဘုရား)။
ကိုင်း နားထောင်ကောင်းအောင် ဟောတဲ့တရားမဟုတ်ဘူး ကိုယ့်ဖြစ်စဉ်ကိုယ်သိအောင် ဟောတဲ့တရား (မှန်လှပါဘုရား) ကိုယ့်ဖြစ်စဉ်ကို ကိုယ် ဇာတ်သိမ်းချင်တဲ့ဉာဏ် ပေါ်အောင် ရအောင် ဟောတဲ့တရားလို့ မှတ်ကြပါနော် (မှန်လှပါဘုရား)။
ကိုင်း ဒါဖြင့် အစေလကဿပ-က ဆွမ်းခံရင်း မေးပါတယ် ဒကာ ဒကာမတို့ ဒုက္ခ မိမိပြုတာလား လို့ ဘုရားကိုမေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါဘူးတဲ့)။
ကဲ ယုံကြပလား (ယုံပါတယ်ဘုရား) ဒါ ဒုက္ခသစ္စာမဟုတ်လား (မှန်ပါ့ဘုရား) မိမိပြုတာ ဟုတ်ကဲ့ လား (မဟုတ်ပါဘူးဘုရား)။
အို ဒကာ ဒကာမတို့ ကိုယ်ပြုလို့ ကိုယ်ရတာ ဟုတ်ပါရဲ့လား (မဟုတ်ပါဘူးဘုရား) ဒီလိုဆိုတော့ ဒုက္ခ မိမိပြုတာလားဆိုတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က ပြုတာဆိုရင်လဲ ဟုတ်တာပဲ (မှန်ပါ့ဘုရား) ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဖြစ်တယ်ဆိုရင်ကော (ဟုတ်ပါတယ်ဘုရား)။
အဲဒီတော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးဆိုရင်ကော (ဟုတ်ပါတယ်ဘုရား) အဲဒီလိုဆိုတော့ မိမိပါသေး ရဲ့လား (မပါပါဘူးဘုရား) ဒီမှာ သဿတစင်သွားတယ် (မှန်လှပါဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး ရထားတာ ကိုယ်လုပ်လို့ ကိုယ်ရထားတာလား (မဟုတ်ပါဘူးဘုရား) ဘယ်သူပါလိမ့် (ကိလေသဝဋ် ကမ္မဝဋ်ပါဘုရား) ကိလေသဝဋ် ကမ္မဝဋ်ပြုပြင်လိုက်တဲ့အတွက် ဝိပါကဝဋ်ခန္ဓာကြီး မရလား (ရပါတယ်ဘုရား) မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူးဘုရား) ကိုမြရွှေ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်ဘုရား) ဒီဘက်က ဒကာတွေ ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်ဘုရား)။
ကိုင်း ဒါဖြင့် ၁-နံပါတ်ပုစ္ဆာ ခင်ဗျားတို့ ဉာဏ်ထဲမှာပဲ ရှင်းပါပြီ (ရှင်းပါပြီဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ဒုက္ခကို သူတပါးပြုတာလား?
ကောင်းပြီ ၂-နံပါတ်ပုစ္ဆာ မေးလိုက်ပြီ၊ အစေလကဿပ-က မေးလိုက်တယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို သူတပါးပြုတာလား လို့ မေးလိုက်တယ်။
ဘုရားက မဟုတ်ပါဘူးကွာ တဲ့ (မှန်လှပါဘုရား) ဒီဒုက္ခ သူတပါးပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူးဘုရား) သူတပါးပြုတာဆိုရင် ဟိုလူတယောက်က ပေးလို့ရသလို ဖြစ်နေမှာပေါ့ (မှန်လှပါဘုရား)။
အခုတော့ ဒီလိုဟုတ်ပါရဲ့လား (မဟုတ်ပါဘုရား) ဘယ်သူက ပြုတာပါလိမ့် (ကိလေသဝဋ် ကမ္မဝဋ်က ပြုတာပါဘုရား) ကိလေသဝဋ်နဲ့ ကမ္မဝဋ်က ပြုလိုက်တာဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။
ရှင်းလိုက်တာ-ရှင်းလိုက်တာ၊ ဦးခင်မောင်ရေ (မှန်လှပါဘုရား) ဒုက္ခကို သူတပါးပြုတာလဲ ဟုတ်ကဲ့လား (မဟုတ်ပါဘုရား) သူတပါးပြုရင် သူတပါးခံဆိုတဲ့ အဓိပ္ပါယ်မျိုး ယူသွားလို့ရှိရင်လဲ ပြုတဲ့လူက သူတပါး၊ ခံရတဲ့လူကကော (သူတပါးပါဘုရား) သူတပါးဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ်ဘုရား)။
အဲဒါကြောင့် ဒီဒကာ ဒကာမတွေတော့ဖြင့် ခုနက သဿတဒိဋ္ဌိ စင်ခဲ့တယ်၊ ယခု ဥစ္ဆေဒဒိဋ္ဌိစင်သွားပြီ (မှန်လှပါ ဘုရား)။
ပြန်မေးလိုက်ဦးမယ်၊ ဒုက္ခကို မိမိပြုတာလား (မဟုတ်ပါဘူးဘုရား) ဘယ်သူပြုတာပါလိမ့် (ကိလေသဝဋ် နဲ့ ကမ္မဝဋ်ပြုတာပါဘုရား) အဲဒီကတည်းကိုက ဒီအထဲ မိမိပါသေးရဲ့လား (မပါ-ပါဘုရား) မိမိပြုတာ မဟုတ်သောကြောင့် ဒီဥစ္စာလဲ မိမိဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား) ခန္ဓာငါးပါး-ဒုက္ခသစ္စာတရားပဲ (မှန်လှပါဘုရား) အခု တရားနာ နေကြတာ ဘယ်သူတွေပါလိမ့် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေပါ)။
ကဲ မိမိပြုလို့ မိမိရ-ထားတာ ဟုတ်ပါရဲ့လား (မဟုတ်ပါဘုရား) ငါပြုလို့ ငါရတာဆိုရင် သဿတဒိဋ္ဌိ ဖြစ်မယ် (မှန်လှပါဘုရား) အခုဒီထဲမှာ ငါပါရဲ့လား (မပါ-ပါဘူးဘုရား) အကျိုးထဲမှာကော (မပါ-ပါဘူး) အကြောင်းထဲမှာကော (မပါ-ပါဘူး) ဒါဖြင့် သဿတဒိဋ္ဌိစင်ပြီ (မှန်လှပါဘုရား)။
ဒကာ ဒကာမတို့ သဿတဒိဋ္ဌိစင်ပြီ ခင်ဗျားတို့ သေချာပြီ၊ မကြာတော့ဘူး တဲ့ အလုပ်စခန်းဝင်လို့ရှိရင် နိဗ္ဗာန်ဝင်ဖို့ ဒိဋ္ဌိစင်ပြီးမှ လုပ်လို့ရှိရင် ဦးခင်မောင် သေသေချာချာရမယ် (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ) ဒိဋ္ဌိစင်အောင် လုပ်ပေးနေတယ် (မှန်လှပါ)။
ကိုင်း ဒါဖြင့် ဒုတိယပုစ္ဆာက ရှင်ကြီးဂေါတမ ဒုက္ခကို သူတပါးပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူး)။
ကဲ ဒကာ ဒကာမတို့ မဟုတ်တာကော သေချာပလား (သေချာပါပြီ) ဘယ်သူများ ဟုတ်ရမတုံး ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ကြောင့် ပြုပြင်လိုက်တော့ ဘာဖြစ်လာသတုံး (ဝိပါကဝဋ်ဖြစ်ပါတယ်) ဝိပါကဝဋ် ဒုက္ခသစ္စာကြီး ပေါ်လာတယ် (မှန်ပါ့ဘုရား) မသေချာဘူးလား (သေချာပါတယ်ဘုရား) ဝိပါကဝဋ် ဒုက္ခသစ္စာ ကြီး လှလှကြီး ပေါ်လာတော့ ခင်ဗျားတို့ ခင်ဗျားတို့ခန္ဓာဘဲ (မှန်လှပါဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် နောက်ပုစ္ဆာကို သူတပါးပြုတာပဲလို့ ထင်လိုက်လို့ရှိရင်၊ တချို့ဘာသာမှာ ဗြဟ္မာကြီးက ဖန်ဆင်းတယ်၊ ထာဝရက ဖန်ဆင်းတယ်၊ ဒီလို ယူပစ်လိုက်ကြတာ (မှန်ပါ့ဘုရား) သူတပါးပြုတာ ယူလိုက်တယ် (မှန်လှပါဘုရား) ခန္ဓာကြီးဟာလေ (မှန်ပါ့)။
ခန္ဓာကြီး ဒုက္ခသစ္စာကြီး သူတပါးပြုတယ်လို့ ယူလိုက်တော့ ဒကာ ဒကာမတို့ ပြုသူကတခြား၊ ရသူက တခြားဆို တော့ အကြောင်းအကျိုး ဆက်သေးရဲ့လား (မဆက်ပါဘုရား) ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) အဲဒါ ဒီ ဒကာ ဒကာမတွေ မှာ ဒီ ဥစ္ဆေဒဒိဋ္ဌိကော ရှိပါရဲ့လား (မရှိပါဘူးဘုရား) သေချာပလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိ ဘယ်နှစ်ခုစင်သတုံး (နှစ်ခုစင်ပါတယ်ဘုရား) ဒုက္ခ မိမိပြုတာလားဆိုတုန်းက ဘာစင်ခဲ့သတုံး (သဿတစင်ပါတယ်ဘုရား) သူတပါးပြုတာလားဆိုတော့ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)။
သူတပါးပြုတာ မဟုတ်ပါဘူး၊ ကိလေသဝဋ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တာပါလို့ သိလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ မစင်ဘူးလား (စင်ပါတယ်ဘုရား)။
ဒုက္ခဟာ မိမိနှင့် သူတပါး နှစ်ဦးသား ရောပြီးပြုတာလား?
၃-နံပါတ်ပုစ္ဆာ မေးပြန်တယ်၊ အစေလကဿပ-က မကျေနပ်ဘူး ဒီနေရာမှာတဲ့၊ ဒါဖြင့် ဒုက္ခဟာ မိမိနှင့် သူတပါး နှစ်ဦးသား ရောပြီးပြုတာလား လို့ မေးလိုက်ပြန်တယ် ဦးခင်မောင်ရေ ဘယ်လိုမေးလိုက်ပြန်ပါလိမ့် (မိမိနှင့်သူတပါး နှစ်ဦးသားရောပြုတာလားလို့ မေးပါတယ်)။
မိမိနှင့်သူတပါး နှစ်ဦးသား ရောပြုတာလား လို့ မေးလိုက်တော့ သဿတနဲ့ ဥစ္ဆေဒရောမေးတယ် (မှန်လှပါဘုရား) ဒီလိုဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟုတ်ပါဘူးကွလို့ပဲ ဖြေလိုက်တယ် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတွေ မေးသလို ယုံသလား (မယုံပါဘူးဘုရား) မိမိဒီထဲမှာ ပါရဲ့လား (မပါ-ပါဘူး) သူတပါးကော ပါရဲ့လား (မပါ-ပါဘူး) ဒါ မိမိလဲ မဟုတ်ပါဘူး၊ သူတပါးလဲ မဟုတ်ပါဘူး၊ ကိလေသဝဋ် ကမ္မဝဋ် တွေပါ (မှန်ပါ့)။
ဒီကမ္မဝဋ်ကြောင့် ဝိပါကဝဋ်-ခန္ဓာကြီးဖြစ်တော့ မိမိလဲမဟုတ်ဘူး၊ သူတပါးလဲမဟုတ်ဘူး၊ အကြောင်းကြောင့်ဖြစ် တဲ့ အကျိုးပဲ (မှန်ပါ့ဘုရား) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပါဘုရား) အကြောင်း ကြောင့်ဖြစ်တဲ့ အကျိုးပဲဆိုတာ သေချာပလား (သေချာပါပြီ)။
ကိုင်း ဒီလိုဆိုတော့ သဿတဥစ္ဆေဒ မစင်သေးဘူးလား (စင်ပါတယ်ဘုရား) အကြောင်းအကျိုးတော့ ဦးခင်မောင် မလွဲစေနဲ့နော် (မှန်ပါ့) အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးချည်းပဲ (မှန်လှပါဘုရား) ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဘာဖြစ်ပါလိမ့် (ဝိပါကဝဋ်ဖြစ်ပါတယ်) ဝိပါကဝဋ်ဆိုတဲ့ ဒုက္ခသစ္စာကြီး မပေါ်ဘူးလား (ပေါ်ပါ တယ်ဘုရား)။
ကောင်းပြီ ဒါဖြင့် ပုစ္ဆာသုံးခုစလုံးမှာ ဒကာ ဒကာမတို့ သဿတဥစ္ဆေဒ ဉာဏ်ထဲမှာ စင်ပလား (စင်ပါပြီ) ကိုယ့်ဉာဏ်ထဲမှာ (စင်ပါပြီဘုရား)။
ဒီခန္ဓာကြီးဟာ တရားနာတဲ့ခန္ဓာကြီး (မှန်ပါ့) အင်း တရားနာတဲ့ခန္ဓာကြီး မိမိပြုတာလား (မဟုတ်ပါ ဘူး) သူတပါးပြုလိုက်တာလား (မဟုတ်ပါဘူး) အင်း ဒီအကြောင်းနှစ်ခုကြောင့် ဒီအကျိုးပေါ့ဗျာ (မှန်လှပါ) သေချာကြပလား (သေချာပါတယ်) မိမိနှင့် သူတပါး နှစ်ဦးသားပြုတာလား (မဟုတ်ပါဘူးဘုရား) ဒီအကြောင်း နှစ်ခုကြောင့် ဒီအကျိုး (မှန်ပါ့) သေချာပလား (သေချာပါပြီ)။
ဒုက္ခဆို တဲ့ခန္ဓာကြီးသည် အလိုလိုပေါ်တာလား
ဒါနဲ့ ဦးခင်မောင် ဒကာဝ လေးကြိမ်မြောက် မေးပြန်တယ် (မှန်ပါ့) ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခဆို တဲ့ခန္ဓာကြီးသည် အလိုလိုပေါ်တာလား ဒါပဲ မေးစရာရှိတယ်၊ ဒုက္ခဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ အလိုလိုပေါ်တာလားဆို တော့ ဘုရားက မဟုတ်ပါဘူးကွာတဲ့ ဒကာ ဒကာမတို့ မဟုတ်ဘူးလို့ ဖြေရတယ်၊ အဓိစ္စသမုပ္ပန္နဒိဋ္ဌိကိုးဗျ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေကော အလိုလိုပေါ်တာကော ဟုတ်ကဲ့လား-(မဟုတ်ပါဘူးဘုရား) ကိလေသဝဋ် ကြောင့် (ကမ္မဝဋ်ပေါ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ပေါ်တယ်)။
ဒါဖြင့် ဘယ်မှာ အလိုလိုဟုတ်ကဲ့လား (မဟုတ်ပါဘူး) သေသေချာချာ ရှင်းကြပါ၊ သေသေချာချာ ရှင်းကြ ပါ၊ ဒီနေရာမှာ သိပ်အရေးကြီးတယ် (မှန်လှပါဘုရား) ဒကာ ဒကာမတွေ ဒိဋ္ဌိနှစ်မျိုး စင်သွားပြီ (မှန်လှပါ)။
အဲဒီနှစ်မျိုးစင်ပြီးမှ ဘုန်းကြီးက ဝိပဿနာ ထိုးပြလိုက်လို့ ရှုတတ် မှတ်တတ်ပြီဆိုလို့ရှိရင်ဖြင့် မကြာတော့ပါဘူး တဲ့၊ ကိုယ်လိုချင်တဲ့ ကိုယ့်ပါရမီ ကိုယ့်ဉာဏ်အလိုက် ဒီဘဝမှာ စူဠသောတာပန်ဖြစ်ပြီး နောက်ဘဝမှာ မဟာသောတာ ပန်ဖြစ်နိုင်တယ် (မှန်ပါ့ဘုရား)။
ရဟန္တာမဆိတ်ပါဘူးကွ
ကိုယ့်ဉာဏ်က ထက်လာပြန်လို့ရှိရင်လဲ ဒီဘဝမှာပဲ မဟာသောတာပန်ဖြစ်နိုင်တယ် (မှန်လှပါဘုရား) ဘယ်အခါမှ အရိယာမဆိတ်သုဉ်းဘူးဆိုတာ သုဘဒ်ရဟန်းကြီး မေးလို့ ဘုရားကဖြေထားခဲ့တာ ရှိတယ်နော် (မှန်ပါ့ ဘုရား)။
ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊
အသုညော လောကော အရဟန္တေသိ အဿ- (မဟာဝဂ္ဂပါဠိ၊ ၁၂၅)
သုဘဒ္ဒ=အိုသုဘဒ္ဒ၊ ဣမေစဘိက္ခူ=ဤရဟန်းတို့သည်ကား၊ သမ္မဝိဟရေယျုံ=ကောင်းစွာကျင့်သုံး၍ နေကုန်ငြားအံ့၊ လောကော=လောကကြီးသည်၊ အရဟန္တေဟိ=ရဟန္တာတို့မှ၊ အသုညော=မဆိတ်သုဉ်းသည်၊ အဿ=ဖြစ်ရာ၏။
ဆိုပြီးသကာလ သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ်မှာ အသေအချာလာပါတယ် (မှန်ပါ့ဘုရား)။
ဘယ်အခါမှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမဆိတ်ပါဘူးကွ၊ သမ္မာပဋိပန္နဆိုတဲ့ ခုနက မဂ်အကျင့် ပဲ ကျင့်ပါ တဲ့ (မှန်ပါ့ဘုရား) ဦးခင်မောင်ရေ မဂ်ရကြောင်း အကျင့်သာကျင့်မယ်ဆိုရင် သောတာပန် သကဒါဂါမ် အနာဂါမ် ဆိတ်ကဲ့လား (မဆိတ်ပါဘူးဘုရား) ကဲဒါဖြင့် အဲဒါအသာထားလိုက်ပါဦး၊ သူ့ပုစ္ဆာကလေး မေးထားတဲ့ဥစ္စာ ဖြေကြဦးစို့ ၊ အခု လေးခုမြောက်သွားပြီ (မှန်ပါ့) ဘုရားကလဲ မဟုတ်ဘူးချည်းဖြေတယ်နော် (မှန်လှပါ) ကဲ ငါးခု မြောက်မေးလိုက်တယ်၊ ရှင်ကြီးဂေါတမ-ဒါဖြင့် ဒုက္ခမရှိဘူးလားလို့ သူက မေးလိုက်တယ်၊ ကဲ ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ်ဘုရား)။
ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား) ကိုယ့်မှာကို ကိုယ်ပိုင်ရှိနေတယ် (မှန်ပါ့ဘုရား) ကိုယ့်မှာ ကို ကိုယ်ပိုင်ရှိနေတဲ့ ဒုက္ခသစ္စာဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)။
ဒုက္ခမရှိဘူးလား?
အစေလကဿပ ငါးခုမြောက်မေးလိုက်တာက ဒုက္ခမရှိဘူးလား လို့ ဘုရားကိုမေးတော့ ဘုရားက ရှိပါတယ် ကွာ တဲ့၊ (မှန်ပါ့ဘုရား) ရှိကော-ရှိတာ သေချာကြပလား (သေချာပါတယ်ဘုရား)။
ဘုရားက ဘာဖြစ်လို့ ရှိတယ်လို့ ပြောတာပါလိမ့် (ခန္ဓာငါးပါး ဒုက္ခသစ္စာကို မြင်လို့ပါဘုရား) အဲ ခန္ဓာ ငါးပါးဟာ ဒုက္ခသစ္စာတရား “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတဲ့အတိုင်း ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာဆိုတာ မသေချာလား (သေချာပါတယ်ဘုရား) အဲ-ဒါနဲ့ပဲ အခု ငါးခုပြီးသွားပြီနော် (မှန်ပါ့) ခြောက်ခုမြောက်ကို တခါ မေးပြန်တယ်၊ ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားဆိုတော့ ရှိတယ်လို့ပြောတယ်၊ ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလားလို့ သူက ဆက်မေးပြန်တယ် (မှန်ပါ့ဘုရား)။
ဒုက္ခမသိဘူးလား?
ဒုက္ခမသိဘူးလားလို့ မေးတဲ့အခါကျတော့ ဒုက္ခ ငါ သိပါတယ်ကွ ဆိုတော့ ဘာကို လက်ညှိုးထိုးပြသလဲ (ခန္ဓာငါးပါး ပြပါတယ်) ခန္ဓာငါးပါးပဲ ပြတယ် (မှန်လှပါဘုရား) ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ) ပုစ္ဆာဘယ်နှစ်ချက်ပါလိမ့် (ခြောက်ချက်ပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာခြောက်ချက်မေးတော့ကို ဒကာ ဒကာမတို့သန္တာန်မှာ ဒိဋ္ဌိဘယ်နှစ်မျိုး စင်သတုံး (နှစ်မျိုးစင်ပါတယ်ဘုရား) ဘယ်ဟာပါလိမ့်ဗျာ (သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ) သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိစင်ပြီ (မှန်လှပါ)။
ဒါဖြင့် ဒိဋ္ဌိစင်ပြီးမှ ဝိပဿနာကြိုးစားရရင် ခရီးမပေါက်ဘဲ ရှိပါ့မလား (ပေါက်ပါတယ်ဘုရား) သဘောကျ ပလား (ကျပါပြီ) ဒိဋ္ဌိစင်ပုံကော ကျေနပ်ပလား (ကျေနပ်ပါပြီ)။
နက်ဖြန် ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတို့ အစေလကဿပ အရှုခိုင်းတော့မယ် (မှန်ပါ့ဘုရား) အရှုခိုင်းလို့ရှိရင် သူကိုယ်တိုင်ပဲ မကြာခင် ရဟန္တာဖြစ်ပါလိမ့်မယ်ဆိုတာ ဒီဝတ္ထုမှာ သေသေချာချာလာတယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ)။
ကိုင်း ဒီနေ့ နာရီစေ့ပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။