ဝိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ဖြုတ်ရမည့် တရားတော်
ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း
မိုးကုတ်ဆရာတော်ဘုရား၊ မန္တလေးမြို့
ဦးချစ်ဆွေဓမ္မာရုံ၌ ဟောကြားတော်မူသော
ဝိပဿနာမလုပ်ခင်
ဒိဋ္ဌိအရင်ဖြုတ်ရမည့် တရားတော်
(၁၃-၂-၆၁)
ဒုဗ္ဗလအားနည်းတဲ့ ဝိပဿနာဖြစ်နေလို့
ဒကာ ဒကာမတွေ မှတ်စရာက ခန္ဓာနာမ်ရုပ် ဖြစ်တယ်။ ခန္ဓာငါးပါးလဲရှိတယ်။ နာမ် ရုပ်တရားဆိုတာလဲ သိပြီးသား ထားပါတော့။
အဲဒီ ခန္ဓာနာမ်ရုပ်ရဲ့ အဖြစ်အပျက်ကို နားလည်ပင် နားလည်ငြားသော်လဲ သဿတ ဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိ တခုခု ငြိနေခဲ့ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရအောင် အားထုတ်ငြားသော်လဲ ဒုဗ္ဗလ-အားနည်းတဲ့ ဝိပဿနာဖြစ်နေလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးလို့ မှတ်ထားရမယ် (မှန်ပါ့)။
ပြန်ပြောပါဦးမယ်၊ ဒီအရေးဟာ ကြီးပါတယ်လို့ ဆိုတာ မှတ်ထားကြပါ (မှန်ပါ့)၊ ခန္ဓာငါးပါး ရုပ်နာမ်တရားကို ဖြစ်မှုပျက်မှု အနိစ္စတွေ ဒုက္ခတွေ အနတ္တကျအောင်ဘဲ နားလည်တယ်ဘဲ ထားပါတော့၊ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကြောင်းတရား အကျိုးတရားတွေကို နားမလည်လို့ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ တခုခုငြိနေလို့ ရှိရင်ဖြင့် အားနည်းတဲ့ ဝိပဿနာဖြစ်၍ အားကြီးတဲ့ဝိပဿနာ မဖြစ်နိုင်သောကြောင့် မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရနိုင်လို့ မှတ်ထားရမယ် (မှန်လှပါ)။
သေသေချာချာ မှတ်ပါ၊ သုံးခေါက်ပြောပါ့မယ်၊ အားလုံး ဒကာ ဒကာမတွေ သတိထားကြပါ၊ ခန္ဓာငါးပါး ရုပ်နာမ်တရား အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တတွေ ရှုပြီးနေကြတယ် ဆိုပါတော့၊ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ခန္ဓာငါးပါး ဖြစ်ကြောင်း ချုပ်ကြောင်းကို နားမလည်တဲ့အတွက် သဿတ ဥစ္ဆေဒ ငြိနေပါတယ်။
ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက်
ထိုကဲ့သို့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် သဿတဥစ္ဆေဒ ငြိနေလျက်နဲ့ အနိစ္စ ဒုက္ခ အနတ္တတွေ အားထုတ်ခဲ့ သော် အားနည်းတဲ့ ဝိပဿနာဖြစ်တယ်လို့ မှတ်ထားပါ (မှန်ပါ့)၊ ဘာ-ဝိပဿနာဖြစ်ပါလိမ့် (အားနည်းတဲ့ ဒုဗ္ဗလ ဝိပဿနာဖြစ်ပါတယ်)။
အားနည်းတဲ့ ဒုဗ္ဗလဝိပဿနာ ဖြစ်နေတဲ့အတွက် အားကြီးတဲ့ ဗလဝိပဿနာ မဖြစ်နိုင်သောကြောင့် မဂ်ဉာဏ်-ဖိုလ်ဉာဏ် မရဘူးလို့ဆိုတဲ့ဥစ္စာ သက်သေသာဓက ဝတ္ထုနှင့်တကွ လုံလောက်အောင် ပြလိမ့်မယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်မှ သဿတဥစ္ဆေဒက စင်တယ်၊ စင်မှသာလျှင် အဖြစ်အပျက်ကို အားထုတ်လို့ရှိရင်ဖြင့် အားကြီးတဲ့ ဗလဝိပဿနာ ဖြစ်လေသောကြောင့် မဂ်ဉာဏ်-ဖိုလ်ဉာဏ်ရနိုင်တယ်လို့ မှတ်ရမယ် နော် (မှန်လှပါ ဘုရား)။
ဒီအတိုင်း ကိုယ့်ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် ခန္ဓာဖြစ်စဉ်ကြီးကိုတော့ဖြင့် မသိဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တကို အားထုတ်ငြားသော်လဲ အားနည်းတဲ့ ဝိပဿနာဖြစ်တယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ်နော် (မှန်လှပါ ဘုရား) သဘောကျကြပလား (ကျပါပြီ ဘုရား)။
အားနည်းတဲ့ ဝိပဿနာရှုနေလို့ရှိရင်ဖြင့် ကုသိုလ်တော့ ရပါရဲ့၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ် ကျေးဇူးမပြုဘူး၊ အဘယ့် ကြောင့်ဆိုသော် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိခံနေလို့-လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ခံနေလို့
ဘာ-ခံနေလို့တုံး (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ခံနေလို့ပါ ဘုရား) သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိ ခံပြီးသကာလ နေလျက်နဲ့ ဖြစ်မှုပျက်မှုတွေကို ကြိုးစားပြီးသကာလ နေကြငြားသော်လဲ အားနည်းတဲ့ ဒုဗ္ဗဝိပဿနာဖြစ်တယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
အားကြီးတဲ့ ဗလဝိပဿနာဖြစ်ပါရဲ့လား (မဖြစ်ပါဘူး)၊ အဲဒါ ဒီနေ့ သေသေချာချာ ဝတ္ထုသက်သေထုတ်ပြီး သကာလ ပြပါမယ် ဒကာဒကာမတို့ (မှန်ပါ့) ဘုရားနဲ့ ဖွားဘက်တော်ဆန္ဒဆိုတဲ့-တောထွက်တဲ့အခါ လိုက်ပို့တာ တကာသစ်တို့ ကိုမြရွှေတို့ ကြားဘူးကြပါလိမ့်မယ် နော် (မှန်လှပါ ဘုရား) မြင်းနောက်ကလိုက်ပြီး မြင်းမြီးဆွဲ မောင်ဆန်ဆိုတာ ကြားဘူးပါလိမ့်မယ် နော် (မှန်ပါ့)။
ဘုရားနဲ့လဲ ဖွားဘက်တော် တနေ့တည်းတနာရီတည်း ဆိုသလို နန်းတော်ထဲမှာ ဖွားကြတယ်ဆိုတာလဲ သိပြီးသား ပါဘဲလို့ ထားလိုက်ပါ နော် (မှန်ပါ့ ဘုရား)။
အဲ-သူဟာ ဘုရားပင့်သွားရင်း ဘုရားဆီမှာ ရဟန်းအဖြစ်နဲ့ဘဲ နေပါတယ်၊ အနိစ္စ ဒုက္ခ အနတ္တတွေ သူ ကြိုးစားတယ်၊ ကြိုးစားပင် ကြိုးစားငြားသော်လဲ နိဗ္ဗာန်ဆိုတာကို သူ မမြင်ဘူးဆိုတာ သူကိုယ်တိုင် ဖွင့်ပြောတဲ့ အဓိပ္ပါယ်တွေ ယနေ့ ဒကာဒကာမတို့ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒီအဓိပ္ပါယ်ကို ရှင်းပြီးသကာလ လာခြင်းသည် ဒကာသစ်တို့ ကိုမြရွှေတို့ အလုပ်အစီအစဉ် လွဲမှာစိုးလို့ အလုပ်အစီအစဉ်တည့်အောင်လို့ ဟောနေတယ်လို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ့ ဘုရား)။
သာမညဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက် အနိစ္စမြင်, ဒုက္ခတွေမြင်, အနတ္တမြင်ယင် ပြီးတာဘဲလို့ ခင်ဗျားတို့ မှတ်ချင်လဲ မှတ်ထားကြလိမ့်မယ် နော်(မှန်ပါ့) မဟုတ်သေးပါဘူးတဲ့၊ ဒိဋ္ဌိခွါပြီး မြင်မှ-သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိခွါပြီး မြင်မှသာ လျှင် ဒကာ ဒကာမတို့ မဂ်ဉာဏ်-ဖိုလ်ဉာဏ်ရနိုင်တယ် နော် (မှန်ပါ့ ဘုရား)။
ဘာခွါပြီးမှပါလိမ့် (သဿတ ဥစ္ဆေဒခွါပြီးမှပါ ဘုရား) သဿတဥစ္ဆေဒ အသိနဲ့ခွါပြီး ရှုမှသာလျှင် ဘာရနိုင် တုံး (မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါတယ်)။
သဿတ ဥစ္ဆေဒ မကွာဘဲနဲ့ ဒကာဒကာမတွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဖြစ်ပျက်တွေ ရှုပြီးသကာလ နေငြား သော်လဲ ဒုဗ္ဗလအားနည်းတဲ့ ဝိပဿနာသာ ဖြစ်တယ်လို့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မြင်နိုင်တဲ့ သဘောသို့ မရောက်ပါ ဘူးဆိုတာကိုလဲ ယနေ့ ရှင်းရှင်းလင်းလင်း မှတ်ထားရမယ် နော် (မှန်လှပါ ဘုရား)။
အဲဒါ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဆန္ဒသုတ်မှာ ဆန္ဒကိုယ်တိုင် မရလို့ သေသေချာချာ သူ့ခမျာမှာ ဒုက္ခရောက်လို့ အရှင်အာနန္ဒာဆီ ပြေးရတယ်ဆိုတဲ့ ဥစ္စာလဲ သက်သေသာဓက အရှင် အာနန္ဒာက ပဋိစ္စသမုပ္ဒါဒ်ကို သေသေချာချာ ပြောဟောတော့မှ ဒိဋ္ဌိကွာတော့မှ ကိစ္စပြီးပုံကို ဒကာဒကာမတွေ ယနေ့ ရှင်းရှင်းလင်းလင်းနဲ့ဘဲ၊ ဪ ဒို့အလုပ်စဉ် တည့်အောင် ဆရာ ဘုန်းကြီးကဖြင့် ကယ်တင်ယူဆောင် ပို့နေပေါ့ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
မဂ်ရခြင်း၏ အကြောင်း
အလုပ်စဉ်တည့်အောင်လို့ ပေးနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား) အေး ဒါကြောင့် ဒကာ ဒကာမတွေ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ ပေါင်းရမယ်ဆိုတဲ့ ဒီ မဂ်ရခြင်း၏ အကြောင်းဟာ
သပ္ပုရိသူပ သံသေဝေါ သောတာပတ္တိအင်္ဂံ၊ သဒ္ဓမ္မဿဝနံ သောတာပတ္တိအင်္ဂံ၊ ယောနိသောမနသိကာရော သောတာပတ္တိအင်္ဂံ၊ ဓမ္မာနုဓမ္မပ္ပဋိပတ္တိ သောတာပတ္တိအင်္ဂံ =
(၁) သူတော်ကောင်းနှင့် ပေါင်းဘက်ခြင်းကလဲ သောတာပတ္တိအင်္ဂါတပါး-
(၂) သူတော်ကောင်းတရားကို နာကြားခြင်းကလဲ သောတာပတ္တိအင်္ဂါတပါး-
(၃) သင့်လျော်စွာ နှလုံးသွင်းခြင်းကလဲ သောတာပတ္တိအင်္ဂါတပါး-
(၄) လောကုတ္တရာအားလျော်သော အကျင့်ကိုကျင့်ခြင်းကလဲ သောတာပတ္တိအင်္ဂါတပါး လို့
စတုက္က နိပါတ် အင်္ဂုတ္တိုရ်များမှာ သောတာပတ္တိမဂ်ရခြင်းအကြောင်းဟာ သူတော်ကောင်းနဲ့ ပေါင်းပြီးသကာလ လမ်းပြကောင်း ပြနိုင်မှ လမ်းကောင်းပေါ် ရောက်ပြီးသကာလ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာကိုလဲ ဒကာသစ်တို့ ကိုမြရွှေတို့ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိခွါမှု ရှေ့ထား
ကိုင်း ဒါဖြင့် ဖြစ်ပျက်-အနိစ္စ ဒုက္ခ အနတ္တ ရှုမှုနှင့် သဿတ ဥစ္ဆေဒဆိုတဲ့ ဒိဋ္ဌိနှစ်ခု ခွါမှုဟာ ဘယ်သူ့ကို ရှေ့ထားရမလဲ (ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ် ဘုရား) သဿတ ဥစ္ဆေဒ ဒိဋ္ဌိခွါမှုကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ထားရမယ်ဆိုတာ မှတ်လိုက်ကြပါ (မှန်ပါ့) မောင်ထွန်းလှိုင်ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား).
ဒါ ပါဠိတော်ရှိလို့ ရဲရဲတင်းတင်း တခါတည်း ဦးခင်မောင် ပြောရခြင်းဖြစ်တယ်ဆိုတာလဲ မှတ်ထားလိုက်တာပေါ့ နော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ကိုယ်ဟာ အလိုရှိတဲ့ အလုပ်ကို အရောက်ကြီးရောက်ချင်လို့ အမြန်ဆုံး နည်းနှင့် ရောက်ချင်လို့ ဝိပဿနာအလုပ်ကြီး လုပ်ငြားသော်လဲ အလုပ်ချင်း ရှေ့နောက် လွဲနေလို့ရှိရင်လဲ အားလုံး တရားတပွဲလုံးဘဲ ဒကာ ဒကာမတို့ ကုသိုလ်ရပြီးသကာလ လိုရာခရီး အပြီးအပိုင်မရောက်ဘဲနေမှာ စိုးရိမ်ရတယ်နော် (မှန်လှပါ) မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
အဲ ဒါကြောင့် ဒီနေ့ မနေ့ကလဲ အနုရာဓနည်း ပေးခဲ့ပါတယ်။ ယနေ့ အရှင်ဆန္ဒအတွက် သေသေချာချာ သူ မရခြင်း၏အကြောင်း သူကိုယ်တိုင် တာဝန်ခံလို့ လုံလောက်သထက် လုံလောက်အောင်လို့ ဦးခင်မောင် ဒီဝတ္ထု ထုတ်လာပြန်တယ်(မှန်ပါ့)။
အရှင်ဆန္ဒဝတ္ထု(အရှင်ဆန္နဝတ္ထု)
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဝတ္ထုကိုဘဲ စ,ကြပါစို့တဲ့ ဒကာ ဒကာမတွေ နားလည်မှုရှိအောင် ကြိုးစားပြီး သကာလလဲ မှတ်ကြပါနော် (မှန်ပါ့) ကြိုးစားမှတ်ပြီးသကာလ ကြိုးစားပြီး ဒီအလုပ်စဉ်-စဉ်ကြပါစို့ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ။
ကဲ ဒကာ ဒကာမတို့ သူ့မပြောခင် ဒိဋ္ဌိကို ကျုပ်တို့အရင်ခွါကြစို့ (မှန်ပါ့ ဘုရား) ဆန္နဝတ္ထု မပြောမီ ဦးခင်မောင်-ဘာကိုအရင်ခွါရမတုံး (ဒိဋ္ဌိအရင်ခွါရပါမယ် ဘုရား) ဒိဋ္ဌိအရင်ခွါကြစို့ ၊ သဿတရော ဥစ္ဆေဒ ရော ယနေ့ခွါပေးမယ်နော် (မှန်ပါ့ ဘုရား)။
အရှင်ဆန္နမှာ သဿတဒိဋ္ဌိ ရှိနေတဲ့အတွက် ဘုရားဖြစ်စက စပြီး ဦးခင်မောင် အားထုတ်လိုက်တာ ဘုရားပရိနိဗ္ဗာန်စံတောင် မရဘူး(မှန်လှပါ) ဘယ်လောက်ကြာသတုံးဗျာ (၄၅နှစ်ပါ ဘုရား)။
ကဲ တိုတိုပြောတော့ ၄၅-နှစ်လောက်ကြာတယ်လို့ ဆိုရင်တောင် မလွဲပါဘူး (မလွဲပါဘူး ဘုရား) သဘော ကျပလား (ကျပါပြီ)ဒါဖြင့် ဒါဘာလွဲနေတာတုံးလို့ မေးတဲ့အခါကျမှ ဒကာ ဒကာမတွေ တပွဲလုံးကဘဲ အဖြေထွက် ဘို့ပါဘဲ၊ ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုနေလို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုကြောင့်ပါ လိမ့် (ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာ ရှုနေလို့ပါ ဘုရား)။
ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုပြီးသကာလနေတော့ ဖြစ်ပျက်တွေတော့မြင်ပါရဲ့၊ ဒိဋ္ဌိအပင်းက ခံပြီးသကာလ နေတဲ့အတွက် လိုရာခရီးအပြီးတိုင်ရောက်ကဲ့လား (မရောက်ပါ ဘုရား)ကြည့်စမ်း ဦးခင်မောင်ကြီး ကြာလိုက်တာ၊ ကြာပြီးဟန်မရဖြစ်နေတယ်ဆိုတာ ပေါ်ကြပလား-(ပေါ်ပါပြီ ဘုရား)ကြာတော့ကြာတယ်၊ ဟန်ရသွားရှာရဲ့လား (မရပါဘူး ဘုရား)။
ဟန်မရဘဲ ဖြစ်ပြီးသကာလ သွားတာက ဒကာဒကာမတို့ ရှေ့နောက် လွဲနေလို့-လို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား)ဒိဋ္ဌိကို အသိနဲ့ အရင်က ကွာပြီးသကာလမှ ဝိပဿနာအားထုတ်ရမယ်လို့ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိ ခွါပြီးမှ ဝိပဿနာအားထုတ်ရပါမယ်)။
ဒိဋ္ဌိကိုအသိနဲ့အရင်ခွါပြီးမှ ဝိပဿနာကြိုးစားကြပါဆိုတာဖြင့် လေးစားစွာနဲ့ဘဲ ဒီကနေပြီး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီး တိုက်တွန်းခြင်းကိစ္စပြောပါတယ်ဆိုတဲ့ဥစ္စာ သတိထားပါနော် (မှန်လှပါ)။
ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်မှု ရှိရမယ်
ဒိဋ္ဌိ ခွါချင်တော့လဲ အလိုလိုကွာသွားမှာ မဟုတ်သောကြောင့် ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်မှု ရှိရမယ် (မှန်လှပါ) ဦးခင်မောင် ဘာ နားလည်ရမလဲ (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်) ဒကာ ဒကာမတွေ ဘာ နားလည်ရမယ် (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်)။
ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရမယ် (မှန်ပါ့) သူတပါးခန္ဓာလား မိမိခန္ဓာလား တခါရွေးဦး (မိမိခန္ဓာ ပါ ဘုရား) အဲ မိမိခန္ဓာရွေးပါ တဲ့၊ မိမိခန္ဓာ၏ ဖြစ်စဉ်ကို သိမှသာလျှင် ကိစ္စပြီးလွယ်တယ်။
ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို သုံးမျိုးဆက်ပြီးသကာလ ဒကာ ဒကာမတွေ ရှေ့ပိုင်းကနေပြီး ဆန္နဝတ္ထု မဟောမီ ဒို့-ဒိဋ္ဌိကွာပြီးမှ ဒို့ အားထုတ်မယ်ဆိုတဲ့စိတ်လဲ မွေးထားတော့ ဒိဋ္ဌိကွာနည်းနိသျည်းကိုဘဲ ရှေ့ပိုင်းက ပြပါတော့ မယ်-ဆိုတာ ဦးခင်မောင်ရေ သေသေချာချာမှတ်ပါနော်(မှန်လှပါ ဘုရား)။
အားလုံးဒကာ ဒကာမတွေ အရေးကြီး-ကြီးသလို ပြောနေတယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) အရေးကြီးတဲ့အချက်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တပည့်သား၊ ဘုရားနောက်လိုက်ပြီး ဘုန်းကြီးက ကရုဏာ ရှေ့ထားကာ ဖွင့်ဟပြောနေပါတယ်ဆိုတာ ဪ အရေးကြီးလို့ပါလားဆိုတာ မှတ်ရမယ်နော် (မှန်လှပါ)။
အဲဒီတော့ ဒကာ ဒကာမတွေက စွဲချက်တင်ရင် တင်လိုက်ပါ၊ ဘုန်းကြီးဆီ တရားနာရတာ အရေးမကြီးတဲ့နေ့ တခုမှမပါဘူးလို့လဲ ပြောချင်ပြောကြလိမ့်မယ်၊ ဦးခင်မောင် မပြောပေဘူးလား ၊ ပြောတော့ ပြောကြလိမ့် မယ် တဲ့၊ ကိုယ့်မှာလဲ အရေးမကြီးစရာအလုပ်က တခုမှမရှိသေးတော့ ဦးခင်မောင် ပြောရမှာဘဲ (မှန်လှပါ)။
ကိုယ်ကလဲ ဘာမှမသိတော့ အရေးကြီးတဲ့ အလုပ်ကယ်လို့ သိထားတာ ရှိရဲ့လား (မရှိပါဘူး- ဘုရား) မရှိသေးတော့ အလုံးစုံ မသိသေးတော့ သိစရာဟူသ၍ကို (အရေးကြီးတဲ့ အလုပ်ချည်း မှတ်ရမယ်)။
အရေးကြီးတဲ့အလုပ်ချည်း မှတ်ထားလိုက်တဲ့အခါကျတော့ အသိဆုံးမှလဲ နိဗ္ဗာန်ရောက်မှာ ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတွေ အသိတရား အရေးထားကြပါဆိုတာကိုလဲ တိုက်တွန်းရပြန်တယ် (မှန်လှပါ) အသိတရား အရေး ထားပါဆိုတာလဲ တိုက်တွန်းရတယ်နော် (မှန်လှပါ ဘုရား)။
ပရိညာသုံးပါးနဲ့ ဝေဘန်
ဘုရားက ဟောထားတာ ကြည့်ပါလား-ဉာတိပရိညာ သိမှုမရှိဘဲနဲ့ တီရဏပရိညာ ပွားမှုကို ရနိုင်ပါ့မလား (မရနိုင်ပါဘူး) တီရဏပရိညာဆိုတဲ့ ပွားမှု ဝိပဿနာ ရှုမှု-မှ မရှိဘဲနဲ့ ပဟာနပရိညာ ဆိုတဲ့ ကိလေသာပယ်တဲ့ အလုပ်မျိုးကော အထမြောက်နိုင်ပါ့မလား (မမြောက်နိုင်ပါဘူး)။
အေး ဒါတွေသိတော့ ဘုန်းကြီးပြောတာလား၊ ပရိညာသုံးပါးနဲ့ ဝေဘန်ပြီး ဘုရားဟောတာလားဆိုတာ ပေါ်လာတယ်-(မှန်လှပါ ဘုရား)ရှေးဦးစွာ သိမှု ပရိညာကို လုပ်ရမယ်၊ ပြီးတော့မှ- ဘာလုပ်ရမလဲ (ပွားမှု လုပ်ရပါ မယ်) ပွားမှု လုပ်ရလိမ့်မယ် ပြီးတော့မှ ဘာလုပ်ရမယ် (ပယ်မှု လုပ်ရမယ်) ပယ်မှုလုပ်ရမယ်ဆိုတော့ ဦးခင်မောင် သူ့အစဉ်ကလဲ ဒီအတိုင်းပါကလား (မှန်ပါ့ ဘုရား)။
ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာရယ်လို့ သုံးမျိုးရှိပြီးသကာလနေတော့ ဒကာဒကာမတို့ တရားချီး နေတာလား ခင်ဗျားတို့ အလုပ်တည့်အောင်လို့ စဉ်ပေးနေတာလား အကဲခတ်စမ်း (အလုပ်တည့်အောင်လို့ စဉ်ပေး နေတာပါ ဘုရား)။
ဟာ ဘုန်းကြီးက တရားချီးခါဘဲ ရှိသေးတယ်၊ မဟောသေးဘူးလို့ အောက်မေ့မနေနဲ့ (မှန်ပါ့) တရားချီး ခါဘဲရှိသေးတယ်၊ မဟောသေးဘူးလို့ အောက်မေ့နေရင် လွဲကြပါလိမ့်မယ် (မှန်လှပါ ဘုရား) ကိုယ့်ဉာဏ်ထဲ အစဉ် တည့်ပေးနေတယ်ဆိုတာကော သိပြီလား (သိပါပြီ ဘုရား)။
ရှေးဦးစွာ သိမှု၊ ပြီးတော့မှ ကျင့်မှု-ပယ်မှု၊ ဘယ်နှစ်ခုပါလိမ့်-(သုံးခုပါ ဘုရား)
၁-နံပါတ်က ဘာပါလိမ့် (သိမှု ပါ ဘုရား)
၂-နံပါတ်က ဘာပါလိမ့် (ပွားမှုပါ)
၃-နံပါတ်က ဘာပါလိမ့် (ပယ်မှုပါ ဘုရား)။
ဒါဟာ ဘုရားဟောတဲ့ အစီအစဉ်ဖြစ်နေတော့၊ ဪ နိဗ္ဗာန်ရောက်ချင်ရင် ဒီအစဉ်ကျော်လို့ ရကြပါ့ မလား (မရပါ ဘုရား) မရနိုင်ဘူးဆိုတာလဲ သေချာပလား (သေချာပါတယ်)။
အေး ဒါကြောင့် အစီအစဉ်အတိုင်း ဟောပြီး သကာလလာတဲ့အတွက် ဘုန်းကြီးတို့ ဒကာဒကာမတွေသည် ဪ ကျဘန်းလုပ်လို့ မဖြစ်ပါကလား အိမ်တွင် ဘုရားရှိခိုးပြီး ပုတီးစိပ်ပြီးသကာလနေတော့ ကုသိုလ်မဖြစ် ဘူးလား (ဖြစ်ပါတယ်) ဒကာဒကာမတို့ အလုပ်စဉ်က လွဲချင်လွဲနေဦးမယ်-(မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။
အဲဒီ-ဆိုနိုင်စရာ အကြောင်းတွေက ရှိနေသောကြောင့် ဪ ၁-နံပါတ်ကဘာတဲ့ (သိမှုပါ ဘုရား) ၂-နံပါတ်က-(ပွားမှုပါ)အဲ ကျင့်မှုပွားမှုပေါ့၊ ၃-နံပါတ်က (ပယ်မှုပါ ဘုရား) အဲ ဒီအစဉ်အတိုင်း သွားရမယ် မဟုတ်လား (မှန်ပါ့)သိမှုမရှိတဲ့ပုဂ္ဂိုလ်ဟာ ကျင့်မှုလွဲလိမ့်မနော် (မှန်ပါ့ ဘုရား)ကျင့်မှု လွဲလို့ရှိရင် ကိလေသာ ပယ်မှုကိစ္စသည် ဦးခင်မောင် လိုရာကိစ္စပြီးပါ့မလား (မပြီးပါဘူး)။
မပြီးနိုင်ဘဲနဲ့ ကိလေသာ မပယ်နိုင်ဘဲနဲ့ – ဒိဋ္ဌိကိလေသာ – ဝိစိကိစ္ဆာကိလေသာတွေမပယ်နိုင်ဘဲနဲ့လဲ ဘယ်သူ သောတာပန်ဖြစ်လိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမယ် (ဘယ်သူမှမဖြစ်ပါဘူး ဘုရား) ဘယ်သူမှ မဖြစ်နိုင်ဘူး ဆိုတာ အသေချာကြီး သေချာပလား (သေချာပါတယ် ဘုရား)။
အေး ဒါတွေကို ပြောရတဲ့အတွက် ဒကာဒကာမတွေကလဲ ဒီအတိုင်းဘဲ လုပ်ပါတော့မယ်ဆိုတဲ့အသိကလေး ကို ဉာဏ်ထဲမှာထားတဲ့အတွက် ဘုန်းကြီးများက ဝမ်းမြောက်ရပါတယ်ဆိုတာကိုလဲ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိခွါကြစို့
ကိုင်း ဒါဖြင့် သဿတ-ဥစ္ဆေဒ ဒိဋ္ဌိခွါကြစို့။ ခွါနည်းကိုသိအောင် လုပ်ကြစို့ရဲ့ (မှန်လှပါ) သဿတ-ဥစ္ဆေဒဒွာတော့မယ် ဒကာဒကာမတွေ (မှန်ပါ) သဿတ-ဥစ္ဆေဒ ခွါတော့မယ်ဆိုတော့ တပည့်တော်တို့မှာ ဘာဖြစ် နေလို့တုန်းလို့ ကိုမြရွှေတို့က မေးစရာကော အကြောင်းပေါ်မလာဘူးလား (ပေါ်ပါတယ် ဘုရား)။
တပည့်တော်တို့မှာ ရှိနေလို့သာ မှတ်ကြပေတော့ (မှန်လှပါ)သဘောကျပလား (ကျပါပြီ) သဿတနဲ့ ဥစ္ဆေဒကို ဆရာဘုန်းကြီးက ပဋိစ္စသမုပ္ပါဒ်ပြပြီး ခွါတော့မယ်လို့၊ ရှေ့ပိုင်းပြပါတော့မယ်လို့ ပြောတယ်နော် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဒီအဓိပ္ပါယ်ကြီး ဆရာဘုန်းကြီးက စ,ပါလိမ့်မလဲလို့ မေးရင် တပွဲလုံးဘယ့်နှယ် ဖြေကြမလဲ (ရှိနေလို့ပါ ဘုရား) ရှိနေတယ်၊ ဦးခင်မောင် ဘာတဲ့တုံး (ရှိနေလို့ပါ ဘုရား) ရှိနေလို့ တဲ့ (မှန်ပါ့) ရှိတယ် မရှိတယ် ခင်ဗျားတို့ စဉ်းစားကြည့် (မှန်ပါ့)။
သဿတရှိတဲ့ ပုဂ္ဂိုလ်
ရှိတယ်မရှိတယ် ခင်ဗျားတို့ဟာ ခင်ဗျားတို့ သေသေချာချာဝေဖန်ကြည့်၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ဟိုဘဝ ဒီဘဝရှိတယ်ဆိုတာလဲ ယုံကြည်တယ်၊ ကံ-ကံ၏ အကျိုးလဲ ယုံကြည်ပါတယ်၊ သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ ကံ-ကံ၏ အကျိုးကို ငါလုပ်-ငါလုပ်မှာဘဲဆိုတာ မယုံကြည်ဘူးလား (ယုံကြည်ပါတယ် ဘုရား)။
ကုသိုလ် ဒါနတွေလဲ သိပ်ပြုပါတယ် တဲ့၊ မဇ္ဈိမဏ္ဏာသပါဠိတော်မှာ ကုသိုလ်လဲ ပြုပါတယ်၊ ကံ-ကံ၏ အကျိုးလဲ ယုံကြည်ပါတယ် တဲ့၊ ထိုသို့ ယုံကြည်ပြီးသကာလနေငြားသော်လဲ အခု နိဗ္ဗာန်ကို သွားတော့မယ် ဆိုလို့ ရှိရင် သူမကြိုက်ဘူး (မှန်ပါ့) အခုနိဗ္ဗာန်ပို့မည့် ဆရာကောင်း သမားကောင်းနဲ့တွေ့တဲ့အခါ သူမကြိုက်ဘူး (မှန်ပါ့)။
ဒကာဒကာမတွေ သဿတရှိတဲ့ ပုဂ္ဂိုလ်ဟာ အခု နိဗ္ဗာန်ရောက်မယ်ဆိုရင် (မကြိုက်ပါဘူး) မကြိုက်ဘူးတဲ့၊ ဒါ ဘာဒိဋ္ဌိက ခံနေလို့လဲ (သဿတဒိဋ္ဌိ ခံနေလို့ပါ ဘုရား) အို ငါလုပ်ထားတာတွေ အလကားဖြစ်ကုန်ရော့ မယ်၊ ငါနတ်ပြည်သွားခံစားလိုက်ဦးမယ်၊ ဗြဟ္မာပြည်သွား ခံစားလိုက်ဦးမယ်ဆိုပြီး နိဗ္ဗာန်မသွားချင်ဘူး၊ ဘဝထဲမှာ ပုန်းအောင်းနေချင်တယ်၊ ဒါဘယ်သူ့သတ္တိထင်သလဲ (သဿတဒိဋ္ဌိ သတ္တိပါ ဘုရား)။
ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ ၊ ခင်ဗျားတို့ ရှိတယ်-မရှိတယ် ဒီက-နေ အကဲခတ်ကြပါ(မှန်ပါ့ ဘုရား) တပည့်တော်တို့မှာ သဿတဒိဋ္ဌိ ရှိနေသလား၊ ဥစ္ဆေဒဒိဋ္ဌိ ရှိနေသလားလို့ မေးတဲ့အခါကျလို့ရှိရင် ကိုယ့်ဟာကိုယ် ဝမ်းထဲမှာ ဝေဖန်ကြပါနော် (မှန်ပါ့)။
ဟိုဘဝ-ဒီဘဝ ရှိတယ်ဆိုတာလဲ သူယုံကြည်တယ်(မှန်ပါ့) ကုသိုလ်ကောင်းမှုတွေလဲ အများကြီး ပြုပါတယ်တဲ့၊ အကုသိုလ်ဆိုတာလဲ သိပ်ကြောက်ပါတယ်တဲ့၊ သဘောကျပလား (ကျပါပြီ) အကုသိုလ် မလုပ်ချင်ဘူးနော် (မှန်ပါ့) ကုသိုလ်တော့ သိပ်ပြုတာဘဲတဲ့(မှန်ပါ့)။
ဘုရားနဲ့တွေ့၊ ဘုရား၏တပည့်သားဘဲ၊ နိဗ္ဗာန်ကယ်တင်မည့်ပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါကျလို့ရှိရင်ဖြစ်တဲ့ ဘုံစဉ် စံကလေးကြိုက်တယ်၊ ဒီလိုလာတတ်တယ်(မှန်ပ့ါ)ဘယ်လို လာတတ်ပါလိမ့် (ဘုံစဉ်စံကလေး ကြိုက်ပါတယ် ဘုရား)။
ဒါဖြင့် သူ ဘုံထဲကို ပုန်းအောင်းချင်တယ်၊ နိဗ္ဗာန်ဆီမသွားချင်ဘူး(မှန်ပါ့ ဘုရား)ဘယ် ပုန်းအောင်းပါလိမ့် (ဘုံထဲ ပုန်းအောင်းပါတယ် ဘုရား) ဘုံထဲပုန်းအောင်းတော့ သူ့ကိုဘာဒိဋ္ဌိ ရှိတယ်ဆိုကြမလဲ (သဿတဒိဋ္ဌိ ရှိပါ တယ်) ကိုင်း ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့ အကဲခတ်ကြည့်တာပေါ့၊ ငါတို့ဟာ ဒိဋ္ဌိရှိသလား မရှိဘူးလား ဆိုတာ ကိုယ့်ကိုယ်-ကိုယ်အကဲခတ်ကြည့်တော့ အို နိဗ္ဗာန်မရမီ စပ်ကြားမယ် အပါယ်ငရဲကလေးလွတ်ပြီး နတ်ရွာ သုဂတိ အကြိမ်ကြိမ်ခံစားရလို့ရှိရင် တော်သေးရော့ပေါ့ဆိုတဲ့ အဓိပ္ပါယ်မျိုးကလေးဟာ တဏှာကလေးက လှမ်းတက် တယ်(မှန်လှပါ) မတက်ဘူးလား (တက်ပါတယ် ဘုရား)။
အဲဒီတော့ ဘုံဘဝထဲ သူပုန်းအောင်းချင်သေးသလား နိဗ္ဗာန်ဘဲ သွားချင်သလား မေးရင် ဘယ့်နှယ်ဖြေ မလဲ (ဘုံဘဝထဲ ပုန်းအောင်းချင်ပါတယ်) အဲဒါ ကိုယ့်ကိုယ်-ကိုယ်သာအကဲခတ်တော့ သဿတဒိဋ္ဌိရှိလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) နို့ ဘာဖြစ်လို့ပါလိမ့် (သဿတဒိဋ္ဌိရှိနေလို့ပါ ဘုရား)။
ဒါဖြင့် ဒီအထဲ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်-ကိုယ်အကဲခတ်မိကြသလား (ခတ်မိပါတယ် ဘုရား) ဘယ်လို များ ခတ်မိကြသလဲ (သဿတဒိဋ္ဌိရှိနေလို့ပါ) သဿတဒိဋ္ဌိ ရှိနေတယ်(မှန်ပါ့)။
ဘုံစဉ်စံ ကြိုက်ဘဲ
ဦးခင်မောင် ခင်ဗျားမှာ ဘာရှိသတုံး (သဿတဒိဋ္ဌိရှိပါတယ် ဘုရား) ခင်ဗျားတို့ ဒါဖြင့် ဘုံစဉ်စံ ကြိုက်ဘဲ၊ ဘုံစဉ်စံကြိုက်ဟူသ၍ ဘယ့်နှယ်ဆိုကြမယ် (သဿတဒိဋ္ဌိ ခံနေတယ်)။
ခင်ဗျားတို့ ဆုကလေး ဘာကလေး တောင်းတဲ့အခါကျတော့ ပါကြရဲ့လား (ပါ-ပါတယ် ဘုရား) ပါတယ်၊ အဲဒါဘယ်သူက အတောင်းခိုင်းတာတုံးဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)ဘယ်သူက အတောင်းခိုင်းတာ တုံး(သဿတဒိဋ္ဌိက အတောင်းခိုင်းတာပါ) သဿတဒိဋ္ဌိဆိုတာ တဏှာဘဲနော် (မှန်လှပါ)။
အဲ သဿတဒိဋ္ဌိက အတောင်းခိုင်တဲ့အခါကျလို့ရှိရင် အခုဘုရားပွင့်တောင် မလိုက်သေးဘူးဆိုတဲ့အဓိပ္ပါယ် (မှန်ပါ့) အခုအားထုတ်ပြီး ခုနစ်ရက်အတွင်း ရမယ်ဆိုတာတောင်မှ ဦးခင်မောင်ရေ နည်းနည်းတော့ ဆိုင်းချင် သေးတယ်(မှန်ပါ့)ဘာရှိနေလို့တုံး (သဿတဒိဋ္ဌိ ရှိနေလို့ပါ ဘုရား)။
ဒါဖြင့် သူဘယ်ထဲ ပုန်းအောင်း-ပုန်းအောင်းနေပါလိမ့် (ဘုံဘဝထဲ ပုန်းအောင်းနေပါတယ်) ဘုံဘဝထဲ ပုန်းအောင်းသောကြောင့် ဘုံဘဝ ပုန်းအောင်းချင်တဲ့သဘောသည် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ)။
တခါတလေကျတော့ ဦးခင်မောင်ကြီးတို့က လာတယ်၊ ကိုင်းကွာ မွေးတနေ့-သေတနေ့၊ သေတာဘဲကောင်း ပါတယ် (မှန်လှပါ ဘုရား)သေ အေးတာဘဲကွ အစရှိသည်ဖြင့် စိတ်ပျက်လက်ပျက်နဲ့ကော မပြောတတ်ဘူးလား (ပြောပါတယ်)။
ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့အသံ
အဲဒါကျတော့လဲ ဟိုဘဝ ဒီဘဝ သူမမျှော်တော့ဘူး၊ သေအေးတာဘဲဆိုတော့ ဒကာ ဒကာမတွေ ဒါက ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့အသံ(မှန်ပါ့)ဘယ်သူက ထွက်လာတာလဲ-(ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတာပါ)။
အဲ သူကျတော့လဲ ဒကာ ဒကာမတို့ ဟိုဘဝ ဒီဘဝ ရှိတယ်ဆိုတာလဲ သိပါရဲ့၊ ကံ-ကံ၏အကျိုးလဲ ယုံကြည် ပါရဲ့၊ ကုသိုလ်တော့ မပြုဘူးတဲ့၊ အကုသိုလ်ပြုတဲ့အခါ ရောရော ပြွမ်းပြွမ်း ပြုလေ့ရှိတယ်တဲ့ (မှန်ပါ့)။
ဘုရားနဲ့တွေ့တဲ့အခါကျလို့ရှိရင်လဲ သူ့အယူကို လျှင်လျှင်မြန်မြန်တော့ စွန့်တတ်တယ်တဲ့၊ သဿတလောက် မခက်ဘူးတဲ့ (မှန်ပါ့ ဘုရား)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် သဿတဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်နဲ့ ဥစ္ဆေဒဒိဋ္ဌိ ရှိတဲ့ပုဂ္ဂိုလ်ဘယ်သူက ကျွတ်လွတ်သတုံး (ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က ကျွတ်လွတ်ပါတယ် ဘုရား)ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်က သူအရမ်း ဥစ္ဆေဒဖြစ်နေတာလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့သန္တာန်၌ ဒီဒိဋ္ဌိနှစ်ခုတွင် တခုခုရှိလိမ့်မယ်နော် (မှန်ပါ့)။
အဲဒီတော့ ဒီနှစ်ခုကို ဘုန်းကြီးက ရှေ့ဖြစ်စဉ်နဲ့ ပယ်မပေးခဲ့သော် ဒကာ ဒကာမတွေ ဒီဒိဋ္ဌိဟာ ရှုသာနေတယ် ဝမ်းထဲက ခံနေလိမ့်မယ်(မှန်လှပါ) မခံပေဘူးလား (ခံပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာကို အရင်ရှင်းပေးရမှာပါလိမ့်မလဲဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)ဘာအရင် ရှင်းရမှာလဲ (သဿတနဲ့ဥစ္ဆေဒကို အရင်ရှင်းရပါမယ်)။
ဒါဖြင့် ဆန္နဝတ္ထုကို မဟောနိုင်သေးဘူး။ ဒါကို ရှင်းရဦးမယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)ဒါ ရှင်းမှသာလျှင် ခင်ဗျားတို့ ရှေ့ကိုဆက်ပြီး အလုပ်စခန်း ဟောရမှာပေါ့နော် (မှန်လှပါ)။
အဲဒီတော့ ဒါရှင်းအောင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဉာဏ်ထဲမှာနှစ်ခုစလုံး ပယ်ထုတ်ပေးမယ်ဆိုတော့ အင်မတန် ဝမ်းသာစရာကောင်းတယ် (မှန်လှပါ ဘုရား) သဿတဒဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဟာ ခင်းဗျားတို့ဝမ်းထဲမှာ တခုခုရှိတယ်နော် (မှန်ပါ့ ဘုရား)။
အဲ တခုခုရှိနေလို့ရှိရင်လဲ ဘယ်တော့မှ နိဗ္ဗာန်မရဘူး(မှန်လှပါ ဘုရား) ကိုမြရွှေ ဘာတဲ့တုံး (ဘယ် တော့မှ နိဗ္ဗာန်မရပါဘူး) သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တခုခုရှိနေခဲ့သော် ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဘယ်တော့မှ နိဗ္ဗာန်မရပါဘူး)။
ဒိဋ္ဌိဆိုတာ မဂ်တား ဖိုလ်တား
ဒိဋ္ဌိဆိုတာ မဂ်တား ဖိုလ်တားလို့ တရားတပွဲလုံး မှတ်လိုက်စမ်းပါ(မှန်ပါ့ ဘုရား) ဒိဋ္ဌိဆိုတာဘာတဲ့ (မဂ်တား ဖိုလ်တားပါ ဘုရား) မဂ်တား ဖိုလ်တားပါဘဲတဲ့၊ ဘယ်တော့မှမရနိုင်ဘူး(မှန်ပါ့) ဒါ့ကြောင့် ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ ရှိလဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး၊ ဥစ္ဆေဒဒိဋ္ဌိရှိနေရင်ကော (မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ပါဘူး)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီ ဒိဋ္ဌိနှစ်ခုဟာ ဘယ်မှာကပ်နေပါလိမ့်မလဲဆိုတာမှ မသိလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီ ကိုယ်ချိတ်ထားတဲ့ ပုတီးကလေးဟာ ဘယ်နေရာမှာ ချိတ်ထားတယ်လို့မှ မသိလို့ရှိရင် ဒီ ပုတီး ကို ယူချင်လို့သော်လည်းကောင်း၊ ကြိုး လဲချင်လို့သော်လည်းကောင်း၊ စိပ်ချင်လို့သော်လည်းကောင်း ဒကာသစ်ဖြစ်ပါ့ မလား (မဖြစ်ပါဘူး ဘုရား)။
ရှိတဲ့နေရာ မခွါတတ်လို့ပေါ့ဗျာ(မှန်ပါ့ ဘုရား)ရှင်းပလား(ရှင်းပါပြီ)ရှိတဲ့နေရာ မခွါတတ်လို့ရှိရင် ကိုယ်ကျိုးဖြင့် နည်းပေါ့လို့ အောက်မေ့ရမယ်(မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ရှိတဲ့နေရာအရင်ခွါပေးလို့ရှိရင်ဖြင့် ပဋ္ဌမအသိနဲ့ပြုတ်ရင် စူဠ သောတာပန်ဖြစ်ပါတယ်နော် (မှန်ပါ ဘုရား)အဲဒါကြောင့် လူစေ့တက်စေ့ မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက –
‘‘အနမတဂ္ဂေါ ယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ နပညာယတိ၊ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ‘‘-(နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ ၃၈၇)
လို့ သေသေချာချာ ပါဠိတော်တွေမှာ ဟောပြီးထားတဲ့အတွက် ဒကာ ဒကာမတွေ ဘယ်ဘဝက စ-လာတယ်ဆိုတာများ ဟာဖြင့် ဘုရားမဟောနိုင်ဘူးတဲ့နော် (မှန်ပါ့)။
ဘယ်နှစ်ခါ သေခဲ့ပြီလို့ကော (မဟောနိုင်ပါဘူး) ဘယ်နှစ်ခါ သူများပါးစပ်ထဲမှာ ဝိညာဏ်ပျောက်ခဲ့ရပြီ လို့ကော (မဟောနိုင်ပါဘူး ဘုရား)။
ဘယ့်နှယ်ကြောင့် မဟောနိုင်တာတုံးဆိုတော့ ဘုရားဖြစ်တဲ့နေ့က ဥပမာ-ဦးခင်မောင်အကြောင်း စ,ဟော (မှန်ပါ့) ဘုရားပရိနိဗ္ဗာန်စံသည်တိုင်အောင် နှုတ်သွက်သွက်နဲ့ ဟောငြားသော်လဲ ကုန်နိုင်စရာ အကြောင်းမရှိဘူးတဲ့ (မှန်ပါ့ ဘုရား) သူများပါးစပ်ထဲ သေခဲ့ရတဲ့ ဘဝ (အများကြီးပါ ဘုရား) ဘယ်လောက်များတယ်ဆိုတာ သဘော ကျပလား (ကျပါပြီ)။
ဒိဋ္ဌိ မပြုတ်သေးရင်
အဲဒီ အသေကြီးတွေ ဒကာဒကာမတို့ ဒီဒိဋ္ဌိ မပြုတ်သေးရင် နောက်ဒီအသေမျိုး အဆပေါင်း အရေအတွက် မရှိအောင်လာမယ် (မှန်လှပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ်မှ မရတော့ ဒကာ ဒကာမတို့ ဒီအသေပေါင်း ဘယ်လောက်လာမလဲ (မရေတွက် နိုင်ပါဘူး ဘုရား) ခင်ဗျားတို့ လူတယောက်၏ အရိုးကို ဘုန်းကြီးပြောပြပါ့မယ်။
ဘုရားတဆူနဲ့ တဆူကြားမှာ ဆိုလို့ရှိရင်ဖြင့် တဆယ့်သုံးမိုင်လောက် တက်ပါလိမ့်မယ် (မှန်ပါ့) လူတယောက် ၏ အရိုးတွေကို ပုံပုံ-ပုံပုံပြီး မဆွေးမမြေ့ဘဲနဲ့ ပုံရှိ့ရှိရင် ဘယ်လောက်တက်မယ်ထင်ကြသတုံး (တဆယ့်သုံးမိုင် လောက် တက်ပါလိမ့်မယ်) တဆယ့်သုံးမိုင်ဆိုတော့ ဒကာ ဒကာမတို့ မန္တလေးတောင်လောက်တောင် မကပေဘူး (မကပါဘူး ဘုရား)
အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရိုးရှိတဲ့ သတ္တဝါဖြစ်တုံး စုထားရင် ဒီလောက်ရှိမယ်၊ တီတို့-ပက်ကျိတို့ မျှော့တို့ဖြစ်တာ ဒါမထည့်သေးဘူးဗျ၊ အဲဒါတွေက အရည်ပျော်သွားလို့ (မှန်လှပါ ဘုရား) ထည့်လို့ ရပါ့မလား (မရပါဘူး ဘုရား)။
ဒါဖြင့် လူတယောက်၏ အရိုးဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါခင်ဗျားတို့ အရိုးကြီးပွား ရေးကို ဆုတောင်းနေကြတာနဲ့ တူလိုက်တာ၊ ဟိုဘဝ-ဒီဘဝ ဆုတောင်းနေကြတဲ့ ဒကာဒကာမများ ဘာပါလိမ့် (အရိုး ကြီးပွားရေး ဆုတောင်းနေကြတာပါ ဘုရား)။ မသေဘဲနဲ့လဲ ဟိုဘဝ-ဒီဘဝ ကူးမှာဟုတ်ကြရဲ့လား (မကူးပါ ဘူး- ဘုရား) အဲဒီတော့ သေသေနေတော့ အရိုးတွေက ထပ်မနေပေဘူးလား (ထပ်နေပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာဒကာမတို့ အရိုး ကြီးပွားရေးလဲ ကိုယ့်ဟာကိုယ်ဘဲ ကိုယ်ကမမြင်ငြားသော်လဲ ဘုရားကမြင်၊ ဆရာဘုန်းကြီးတို့က ဘုရားဟောထားလို့မြင်တော့ အရိုးကြီးပွားရေးသိမ်းကြပါတော့ (မှန်လှပါ ဘုရား) ဘယ်လိုမေတ္တာရပ်ပါလိမ့် (အရိုး ကြီးပွားရေး သိမ်းပါတော့တဲ့)။
အရိုး ကြီးပွားရေး သိမ်းကြပါတော့
အရိုး ကြီးပွားရေး သိမ်းကြပါတော့၊ အရိုး ကြီးပွားတယ်ဆိုတာက အသားကိုတော့ ကျီး-လင်းတတွေက စားသွား၊ ကျားတွေ ဘာတွေက စားသွားပါပြီ၊ အရိုးကျန်ရတဲ့ ဘဝကို ဟောပါတယ်ဆိုကတည်းက ဒကာဒကာမတို့ သူများသတ်လို့ သေလို့ အရိုးကျန်ခဲ့ရတယ်ဆိုတာလဲ ကောင်းနိုင်သေးရဲ့လား (မကောင်းနိုင်ပါဘူး- ဘုရား) ရှင်း ကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘုံဘဝဆုတောင်းရဲ့ ပုဂ္ဂိုလ်များ ဘာ-ကြီးပွားရပါလို့၏လို့ အဓိပ္ပါယ်ရောက်သလဲ (အရိုး ကြီးပွားရပါ လို့၏လို့ အဓိပ္ပါယ်ရောက်ပါတယ်) ခင်ဗျားတို့ဟာ ပါးစပ်ထဲ မထည့်ကြပါနဲ့၊ မထည့်ကြပါနဲ့ဆိုတာ သတိပေးလိုက် ပါတယ် (မှန်ပါ့)။
မသိလို့ ရှေးက ထည့်ခဲ့သော်လဲ အခု ပြင်လိုက်ရပါတယ်၊ ကိုယ့်ဘဝ တခါတည်းဝိပဿနာအလုပ်လဲ လုပ်ပါ တယ်၊ ချက်ခြင်းဘဲ ရပါရစေဆိုတာသာ ပြောင်းပစ်ပါတော့၊ အရိုး ကြီးပွားရေး ဇာတ်သိမ်းပါတော့၊ အရိုး ကြီးပွားရေး လုပ်တဲ့ ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။
အရိုးကြီးပွားရေး ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ (သဿတဒိဋ္ဌိပါ ဘုရား) မဆိုးဝါးဘူးလားနော် (ဆိုးဝါးပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကိုယ့်အကြောင်း ကိုယ်မသိတော့ ဘုရားရှေ့မှာဖြစ်စေ၊ သံဃာတော်တွေ ရှေ့မှာဖြစ်စေ ခင်ဗျားတို့က နိဗ္ဗာန်မရမီ စပ်ကြားမှာဖြင့် ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ ငှက်ဖြစ်သော်လဲ တကိုင်းတည်း၊ ဆင်ဖြစ် သော်လဲ တကျွန်းတည်း ရှုပ်လိုက်တာတွေ မပြောပါနဲ့တော့။
အဲဒါတွေကို ထည့်မနေနဲ့၊ အဲဒါတွေ ဘာတွေပါလိမ့် မတုံးဆိုတာကော သိပလား (သိပါပြီ ဘုရား) ဘာပါ လိမ့် (အရိုးကြီးပွားရေး တောင်းနေတာပါ ဘုရား)အရိုး ကြီးပွားရေး-တဲ့(မှန်ပါ့) မောင်ညွန့်ရွှေ အရိုး ကြီးပွားရေး- တဲ့ ကွာ ထည့်တောင်းတယ် (မှန်ပါ့) တော်တော်ရိုင်းတဲ့ ပါးစပ်မို့ ထည့်တာဘဲဆိုတဲ့ အဓိပ္ပါယ်ကော သဘောပါ ကြပလား (ပါ-ပါတယ် ဘုရား)။
ကိုင်း-ပြင်နိုင် ဆင်နိုင်လို့ရှိရင် ပြင်ကြဆင်ကြပါစို့ ဆိုတာကိုလဲ တိုက်တွန်းပါတယ်နော် (မှန်လှပါ ဘုရား) ဦးခင်မောင် တရားချီးနေတာလား၊ ခင်ဗျားတို့ ဖြစ်စဉ်ဟုတ်တာ ပြောနေတာလား (ဖြစ်စဉ်ပြောနေတာပါ ဘုရား) အဲ-အပြင် ခိုင်းနေတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
သဿတဥစ္ဆေဒဖြုတ်ကြစို့
ကိုင်း ဒါဖြင့် အရိုးကြီးပွားရေး ဇာတ်သိမ်းချင်ရင် သဿတဥစ္ဆေဒဖြုတ်ကြစို့ (မှန်ပါ့ ဘုရား) အရိုးကြီး ပွားရေး ဇာတ်သိမ်းချင်ရင် (သဿတ ဥစ္ဆေဒဖြုတ်) သဿတဥစ္ဆေဒကို မောင်ထွန်းလှိုင် ဖြုတ်ကြစို့ရဲ့နော် (မှန်ပါ့)။
သဿတ ဥစ္ဆေဒဟာ ဘယ်ကလာတာတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာဒကာမတို့ ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်တာက လာတယ် (မှန်ပါ့) သဿတ ဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်ကလာပါလိမ့် (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမ လည်တာက လာပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်ခန္ဓာအကြောင်းမှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် သဿတ ဥစ္ဆေဒ တစ်ခုခုဖြစ်ရတော့မယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီတော့ ဘုရားကလဲ သဿတလမ်းလဲ မလိုက်နဲ့၊ ဥစ္ဆေဒလမ်းလဲ မလိုက်နဲ့၊ အလယ်လမ်းလိုက်လို့ ငါ-ဘုရား ဖြစ်လာတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒီတော့ ဘယ်လမ်းက ဘုရားဖြစ်သလဲ (အလယ်လမ်းက ဘုရားဖြစ်ပါတယ် ဘုရား) ခင်ဗျားတို့ကလဲ အလယ်လမ်းက သွားရမှာ သဿတလမ်းလဲ မလိုက်ပါနဲ့၊ ဥစ္ဆေဒလမ်းကော (မလိုက်ပါနဲ့) ဘယ်လမ်း လိုက်ကြရမယ် (အလယ်လမ်း လိုက်ကြရပါမယ်)။
အလယ်လမ်းဆိုတာ
ဒါဖြင့် ဒကာဒကာမတို့ အလယ်လမ်းဆိုတာ သဿတလဲ ဝမ်းထဲမှာ ရှင်းမှ (မှန်ပါ့) ဥစ္ဆေဒကော (ဝမ်းထဲမှာ ရှင်းမှပါ ဘုရား) ဘယ်လမ်းလိုက်ကြမယ် (အလယ်လမ်း လိုက်ကြရပါမယ်။)
အလယ်လမ်းလိုက်ကြရမည့် အလုပ်ဟာ ခင်ဗျားတို့က သဿတလမ်းလိုက်ပြန်တော့ အရိုးကြီးပွားရေး (မှန်ပါ့) ဥစ္ဆေဒလမ်းကို လိုက်-လိုက်ပြန်တော့လဲ ငရဲကြီးပွားရေး (မှန်ပါ့ ဘုရား) ကောင်းသေးရဲ့လား (မကောင်း ပါဘူး ဘုရား)။
ဘယ်ဟာ ဘယ်လမ်းမှသာလျှင် ကျုပ်တို့ သင့်လျော်တဲ့လမ်းလို့ ဆိုလို့ရပါ့မလဲ (အလယ်လမ်းက လိုက်မှပါ ဘုရား) အလယ်လမ်းမှ လျော်တဲ့လမ်းဆိုတော့ ဘုရား ဘယ်လမ်းကဖြစ် (အလယ်လမ်းက ဖြစ်ပါတယ်) သောတာပန် ဘယ်လမ်းက ဖြစ် (အလယ်လမ်းက ဖြစ်ပါတယ်) သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဘယ်လမ်းက ဖြစ် (အလယ်လမ်း ကပါ ဘုရား)။
အဲ အလယ်လမ်းဆိုတာက ဒကာဒကာမတို့ မဂ္ဂင်ရှစ်ပါးလမ်း (မှန်ပါ့ ဘုရား) ဒီက သဿတဒိဋ္ဌိဆိုတာ က ခိုင်တယ်၊ မြဲတယ်လို့ ယူတဲ့လမ်း (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိက ပြတ်ရင်ပြီးတာပဲလို့ ယူတဲ့လမ်း (မှန်ပါ့ ဘုရား)
ဘယ်နှစ်လမ်းရှိပါလိမ့် (သုံးလမ်းရှိပါတယ် ဘုရား) သုံးလမ်း၊ ဘယ်လမ်းသာ အားကိုးစရာ မြင်ကြသလဲ (အလယ်လမ်းသာ အားကိုးစရာမြင်ပါတယ်)။
အဲ ဒါကြောင့် ဒကာဒကာမတို့ အလယ်လမ်းကိုပြတော့မယ် ဆိုလို့ရှိရင်ဖြင့် တဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို သဿတ, ဥစ္ဆေဒ, စင်တဲ့ ဉာဏ်ကလေး ဝမ်းထဲရောက်သွားတော့မှ အလယ်လမ်း ဉာဏ်ပေါ်လာတယ် (မှန်ပါ့ ဘုရား) မောင်မြ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒကာဒကာမတို့ သဿတ, ဥစ္ဆေဒဝမ်းထဲ စင်သွားတော့မှ ဝမ်းထဲမှာစင်သွားပြီ၊ သဿတလဲ မရှိတော့ဘူး၊ ဘုရားဟော ပဋိစ္စသမုပ္ပါဒ် ပြလိုက်တာ၊ ဥစ္ဆေဒလဲ မရှိတော့ဘူးဘုရားဆိုတော့မှ အလယ်လမ်းသိတဲ့ဉာဏ်ကလေး ဝမ်းထဲ ရောက်လာတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ် အဖြစ်ကိုလဲ သိ၊ ဒကာဒကာမတို့ အပျက်ကိုလဲ သိတော့မှ ဖြစ်ပျက်နှစ်ပါးလုံး သိတဲ့အခါကျတော့ မှ အလယ်လမ်းဖြစ်တဲ့ ဉာဏ်ကလေး ဦးခင်မောင် ဝမ်းထဲရောက်လာတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဆရာဘုန်းကြီးက သဿတ, ဥစ္ဆေဒ ရှင်းမပေးခဲ့လို့ရှိရင် ဒီဒကာဒကာမတွေ ကိုယ်ကျိုးနည်းပြီ (မှန် လှပါ) မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။
အလုပ်တော့ လုပ်မှာပဲ ခလုတ်ကလေးတိုက်မိပြီး အနိစ္စ အနိစ္စ ၊ လုပ်တော့လုပ်မှာပဲ (မှန်ပါ့ ဘုရား) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) လုပ်ပေမယ့် သူ့မှာ သဿတ, ဥစ္ဆေဒက ဦးဘအုန်းရေ စင်ရဲ့ လား (မစင်ပါဘူး ဘုရား)။
မစင်တော့ သူလုပ်နေတာသည် ဒုဗ္ဗလဝိပဿနာသာဖြစ်တယ်၊ ဗလဝိပဿနာဖြစ်ပါရဲ့လား (မဖြစ်ပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ကဲ ဒါဖြင့် သဿတ, ဥစ္ဆေဒ ဖြုတ်ကြပါစို့ဆိုတာ ဒကာဒကာမတွေ ဘယ်လမ်း ရောက်မယ်ထင်ကြသလဲ (အလယ်လမ်းရောက်မှာပါ)။
အလယ်လမ်းရောက်အောင် ဦးခင်မောင် နာရီဝက်သာသာ ပြောရတယ်၊ လျှာရှည်တဲ့ ဘုန်းကြီးမို့လို့ အောက်မေ့ မနေနဲ့၊ ခင်ဗျားတို့ ဖျင်းလို့ပြောတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) လျှာရှည်လို့လား၊ ခင်ဗျားတို့ဖျင်းလို့လား (ဖျင်းလို့ပါ ဘုရား)။
နောက်ကို ဘယ်တော့မှ မကဲ့ရဲ့နဲ့နော် (မှန်လှပါ)၊ ဟာ-ဘုန်းကြီးက စကားတွေအမျိုးမျိုးပဲ သိလွယ်အောင် လို့ ပြောတော့ ပြောတာပဲ၊ တရားသားကို မရောက်သေးဘူးလို့ အောက်မေ့မနေနဲ့ (မှန်ပါ့) ဒါ တရားသားပဲ၊ အလယ်လမ်းရောက်လို့ရှိရင်ဖြင့် သဿတ, ဥစ္ဆေဒ စင်ရင် အလယ်လမ်းသိတဲ့ဉာဏ် မရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား)။
အဲဒီဉာဏ် ရောက်လာကတည်းကိုက သိမှုကိစ္စ ပြီးတာပဲ၊ ကျင့်ရုံပဲကျန်တော့တယ် (မှန်ပါ့ ဘုရား)
သတ္တဝါအစ
ဒကာ ဒကာမတွေ၏အစ-သတ္တဝါအစကိုဖြင့် ဘုရားပင်ရှာမတွေ့ပါဘူးတဲ့ (မှန်ပါ့) သတ္တဝါအစကိုဖြင့် (ဘုရား ရှာ မတွေ့ပါဘူး ဘုရား) သတ္တဝါဖြစ်ကြောင်း အစကျတော့ကော (တွေ့ပါတယ် ဘုရား) အဝိဇ္ဇာနဲ့တဏှာကို သွားတွေ့ တယ် (မှန်ပါ့ ဘုရား)။
သတ္တဝါအစသာ တွေ့မယ်ဆို ဘုရားဖြစ်တဲ့နေ့က စ,ဟော ပရိနိဗ္ဗာန်သာစံတယ်၊ ဦးခင်မောင်-တယောက်၏ အစကို မတွေ့နိုင်ဘူးတဲ့၊ မကုန်နိုင်ဘူးတဲ့ (မှန်ပါ့)ဘယ်လောက်ရှည်ခဲ့တယ်ဆိုတာ သဘောကျပလား (မှန်ပ့ါ ဘုရား)။
သို့သော် ဖြစ်ကြောင်းကို ရှာလိုက်တဲ့အခါကျတော့ ဘာ-လာတွေ့သတုံး (အဝိဇ္ဇာနဲ့တဏှာ တွေ့ပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့အစ အဝိဇ္ဇာက ဆိုကြပါစို့ (မှန်ပါ့) သဘောကျပလား (မှန်လှပါ) အဝိဇ္ဇာ ပစ္စယာ ဘာလာမယ် (သင်္ခါရာပါ ဘုရား) သင်္ခါရလာမယ်၊ ဪ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်ဟာ သင်္ခါရအလုပ်-လုပ်မှာပဲ (မှန်ပါ့)။
သင်္ခါရအလုပ်
သင်္ခါရအလုပ်-ဆိုတဲ့ဥစ္စာ တခြားမဟုတ်ဘူး၊ ဒကာဒကာမတို့ ကုသိုလ်လဲလုပ်တယ် ဘုံဘဝတွေလဲ ဆုတောင်း တယ်၊ နိဗ္ဗာန်မပါဘူး (မှန်ပါ့) ကုသိုလ်တော့ လုပ်တယ်နော် ဆုတောင်းတော့ ဘုံဘဝတွေကို (ဆုတောင်းပါ တယ် ဘုရား)။
ဘုံဘဝတွေ တောင်းတာကတော့ဖြင့် တဏှာဆန္ဒလို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူး) ဒီဘက်က လုပ်တာက တော့ ကုသိုလ်ပဲနော် (မှန်ပါ့) ဘုံဘဝတွေ တောင်းတာကတော့ (တဏှာပါ ဘုရား)။
ကိုင်း ဒါဖြင့် အဝိဇ္ဇာသည် တဏှာသည် ဒကာဒကာမတို့ သိတဲ့အတိုင်းပါပဲ၊ ကုသိုလ်လဲလုပ်တယ်၊ ဘုံဘဝ လဲ ဆုတောင်းတယ်ဆိုတာ ဘယ့်နှယ်ကြောင့် တောင်းပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဪ သေသေချာချာ ဖော်တော့မှ မသိလို့တောင်းနေတာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) မသိလို့ (တောင်းနေတာ ပါ ဘုရား)။
မသိလို့ တောင်းသည်ဆိုတော့ မသိတာက အဝိဇ္ဇာ၊ ဟုတ်လား ၊ ကုသိုလ်တွေပြုပြီးသကာလ နိဗ္ဗာန်ရနိုင်ပါ လျက်သားနဲ့ ဒီသား၊ ဒီသမီး သံယောဇဉ်၊ သဿတဒိဋ္ဌိတွေ စွဲနေတာနဲ့ ဦးခင်မောင်ရေ ဆုကလေး ဘာလေး တောင်းလိုက်တယ် (မှန်လှပါ ဘုရား) မတောင်းလိုက်ဘူးလား (တောင်းလိုက်ပါတယ် ဘုရား)။
အင်း သူတို့လဲ ကျန်းမာအောင် ကိုယ်လဲ ကျန်းမာအောင် ရောက်ရာဘဝမှာလဲ ဒီသား၊ ဒီသမီးနဲ့ မခွဲရ အောင် မလာလားဗျာ (လာပါတယ် ဘုရား)။
အဲဒါ ဘယ်လိုကြောင့်ပါလိမ့်မတုံးလို့ အရင်းစစ်လိုက်တဲ့အခါကျတော့မှ အဝိဇ္ဇာပစ္စယာကြောင့် သင်္ခါရအလုပ် လုပ်တယ် (မှန်လှပါ ဘုရား) ဘယ်လိုပါလိမ့် (အဝိဇ္ဇာပစ္စယာကြောင့် သင်္ခါရအလုပ်-လုပ်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် အဝိဇ္ဇာဆိုတာ မသိတာ၊ သင်္ခါရက ပြုလုပ်တာ (မှန်ပါ့) အဝိဇ္ဇာက (မသိတာပါ ဘုရား) သင်္ခါရက (ပြုလုပ်တာပါ ဘုရား) ဦးဇံရင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဪ ဒါဖြင့် အဝိဇ္ဇာက ဘာ-မသိတာတုံး၊ သင်္ခါရက-ဘယ်လိုမသိလို့ သင်္ခါရက ဘယ်လိုမသိလို့ သင်္ခါရ လုပ်ဖြစ်ပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာဆိုတာ ဒုက္ခေ အဉာဏံ၊ ဒုက္ခ သမုဒယေ အဉာဏံ အစရှိတဲ့ သစ္စာလေးပါးမသိလို့ လုပ်ဖြစ်တာ (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ကုသိုလ်လုပ်တတ်လို့ရှိရင် နိဗ္ဗာန်ရောက်နိုင်တဲ့ ကုသိုလ်ချည်းပဲ၊ ဒကာဒကာမတို့ လုပ်တတ်လို့ရှိရင် နော် (မှန်လှပါ) သို့သော် ခင်ဗျားတို့က နိဗ္ဗာန်မရောက်ချင်တဲ့ ပုဂ္ဂိုလ်က တဲ့ ဒီသားဒီသမီးနဲ့မှ အတူတူဆိုတဲ့ ဥစ္စာသည် သွားနိုင်ဖို့ မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။
မယုံချင်လို့ရှိရင် နောက်က သေနတ်နဲ့လိုက်ပစ်၊ ကလေးနှစ်ယောက်သာ ဆွဲပြေးရင် ဒီဥစ္စာမှန်ချေရဲ့ (မှန်ပါ့) ကလေးနှစ်ယောက်သာ လက်ဆွဲပြီးပြေးမယ်ဆိုရင် ဒီလူဟာ လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်ပါ့မလား (မပြေးနိုင်ပါဘူး)။
ဘာပြုလို့တုန်း ကလေးနှစ်ယောက် လက်တွဲနေရလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်ပါ့မလား (မပြေးနိုင်ပါဘူး) ဘာဖြစ်လို့ မပြေးနိုင်တာလဲ (ကလေးနှစ်ယောက် လက်တွဲနေရလို့)။
ဒီမှာလဲ ထိုနည်းပဲ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်ပါမှဆိုရင် ခဲယဉ်းပြီ (မှန်ပါ့) မခဲယဉ်းပေဘူးလား (ခဲယဉ်းပါတယ်)။
သို့သော်လဲ ခင်ဗျားတို့ကတော့ ဒါကလေးမှ မထည့်လိုက်ရလို့ရှိရင်လဲ အမိနို့ဘိုးတောင် ကျေပုံမရဘူး ရိပ်မိ ပလား (ရိပ်မိပါပြီ) အတော်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မသိတာကြောင့် သင်္ခါရအလုပ်-မလုပ်ပေးဘူးလား (လုပ်ပါတယ် ဘုရား) အဲ-ဒါ ခင်ဗျားတို့ ကျုပ်တို့၏ အစပါပဲ (မှန်ပါ့)။
သင်္ခါရပစ္စယာ ဝိညာဏံ
ဟော သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ဟောဒါ လူဝိညာဏ်လဲ ဖြစ်နိုင်တယ်၊ နတ်ဝိညာဏ်ကော (ဖြစ်နိုင်ပါတယ်) လူခန္ဓာကော (ဖြစ်နိုင်ပါတယ်) နတ်ခန္ဓာ (ဖြစ်နိုင်ပါတယ်) ဗြဟ္မာခန္ဓာ (ဖြစ်နိုင်ပါတယ်) အဲ-နိဗ္ဗာန်တော့ မပါဘူး (မှန်ပါ့ ဘုရား) ပါသေးရဲ့လား (မပါပါဘူး)။
ဘယ့်နှယ်ကြောင့် မပါ-ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ တဲ့ မသိလို့ လုပ်ထားတော့ မသိသလို ပေါ်လာတဲ့ ခန္ဓာ၊ ဒီခန္ဓာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒီဒုက္ခသစ္စာကို ဒီသင်္ခါရနှစ်ခုက မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
သင်္ခါရနှစ်ခုက လုပ်ချင်လို့ လုပ်ရတာလား မသိတဲ့လူက ခေါင်းဆောင်နေလို့လား (မသိတဲ့လူက ခေါင်းဆောင်နေလို့ပါ ဘုရား) ဪ မသိတဲ့လူက ခေါင်းဆောင်နေတော့ လုပ်မိလုပ်ရာ လုပ်တော့ကို ဖြစ်မိဖြစ်ရာ ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖြစ်မိဖြစ်ရာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)ပေါ်ကြ ပလား (ပေါ်ပါပြီ)။
နိဗ္ဗာန်သွားနိုင်တဲ့ အလုပ်-လုပ်လိုက်လို့ရှိရင် ဒီကုသိုလ်တွေဟာ နိဗ္ဗာန်သွားနိုင်သားပဲ၊ သူသည်ကားလို့ဆိုရင် ဥပနိဿယပစ္စယော-အားကြီးသော အကြောင်းလဲ ရှိသားပဲ၊ ခင်ဗျားတို့ကိုက ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ ဒီဘုံတွေ ကြိုက်နေတဲ့ ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိလို့ ဒီခန္ဓာကြီး ပေါ်လာတာ (မှန်လှပါ ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကဲ ဒီခန္ဓာ ပေါ်လာတော့ ဒါဟာ ဒီဘဝ-ပစ္စုပ္ပန်ဘဝလို့ ဆိုကြပါစို့ (မှန်ပါ့) ယခုဘဝအစ ဒီခန္ဓာက ဟုတ်ကဲ့လား (မှန်လှပါ ဘုရား) ယခုဘဝအစ (ဒီခန္ဓာကပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် (၁)ကယ်၊ (၂)ကယ်ဟာ အတိတ်ဘဝ ထားလိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) (၁) ကယ်၊ (၂) ကယ်ဟာ (အတိတ်ဘဝပါ ဘုရား) အတိတ်ဘဝ ထားလိုက်တာပေါ့။
ဒါဖြင့် ဒီအထဲ သွားလိုက်ပါတော့ ဒကာဒကာမတို့ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန ဖဿ ဝေဒနာတွေ ထုံးစံအတိုင်း မသွားပေဘူးလား (သွားပါတယ် ဘုရား) အဲ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သဘောကျပြီနော် (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒီငါးခု ဝင်လာပြီ၊ ဒီဘက်က တဏှာ ဥပါဒါန် ကံ သုံးခုကကော ဒကာဒကာမတို့ မလာပေဘူး လား (လာပါတယ် ဘုရား) တဏှာ ဥပါဒါန် ကံ သုံးခု လာရမယ်နော် (မှန်ပါ့) ဒါက အရင်နားလည်ပြီးသားဖြစ်လို့ ဦးခင်မောင် ခပ်ပြင်းပြင်းပဲ ပြောသွားတယ် (မှန်ပါ့)။
သို့သော် သဿတ ဥစ္ဆေဒ ခွါချင်တော့ ဒကာဒကာမတို့ ဒီမှာကြည့်လိုက်တာပေါ့၊ ဒါ ဝိညာဏ် မဟုတ်လားဗျာ (မှန်ပါ့) (စက်ဝိုင်းကိုပြသည်) ဝိညာဏ်ဖြစ်နေတော့ ပုဂ္ဂိုလ် သတ္တဝါပါ-ပါရဲ့လား (မပါ-ပါဘူး ဘုရား)။
သက္ကာယ ဒိဋ္ဌိ ဖြုတ်လိုက်တာ
မပါတော့ ဪ ဝိညာဏ်ဟာ စိတ်ဘဲ၊ သူနဲ့တော့ သဟဇာတဖြစ်တာရုပ်ပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) ပုဂ္ဂိုလ် သတ္တဝါ ပါသေးလား (မပါ-ပါဘူး ဘုရား) ဒါက သက္ကာယ ဒိဋ္ဌိ ဖြုတ်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပုဂ္ဂိုလ် သတ္တဝါ မပါဘူးလို့ သိကတည်းကိုက သင်္ခါရက လုပ်လိုက်ကတည်းက ပုဂ္ဂိုလ် သတ္တဝါလုပ်တာလား၊ ခန္ဓာလုပ်တာလား (ခန္ဓာလုပ်တာပါ) ခန္ဓာဆိုတော့ နာမ်ရုပ်ပေါ့ဗျာ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီတော့ တခါစဉ်းစားလိုက်တဲ့ အခါကျတော့ ဪ ဘယ်သူ ဖန်ဆင်းတာတုံး ဒီခန္ဓာပေါ်လာတာ ဘယ်သူဖန်ဆင်းတာမှ မဟုတ်ဘူး သဘောကျပလား (ကျပါတယ် ဘုရား) သင်္ခါရပစ္စယာကြောင့် ဝိညာဏံ ပေါ်တာပဲဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား)။
ဒါ စူးစူးစိုက်စိုက်လဲ မှတ်ပါ၊ စူးစူးစိုက်စိုက်လဲ နာပါ၊ ဒီဥစ္စာ သဿတ ဥစ္ဆေဒ ဖြုတ်ရမယ်ဆိုတော့ မဂ်တား ဖိုလ်တားတာ ဖြုတ်ရမယ်ဆိုတော့ ဦးခင်မောင် သာမည ပြောလို့မရဘူးနော် (မရပါဘူး ဘုရား) သာမညပြော လို့ ကိုမြရွှေ-ရပါ့မလား (မရပါဘူး ဘုရား)။
ကိုင်း ဒါဖြင့် ဒီဝိညာဏ် ဖြစ်လာတာလဲ သင်္ခါရကြောင့် ဘာဖြစ်သတုံး (ဝိညာဏ်ဖြစ်ပါတယ် ဘုရား) ကဲ တခါ ဝိညာဏ်ချုပ်သွားတဲ့အခါကျလို့ရှိရင်လဲ နာမ်ရုပ်မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဝိညာဏ်ကလေးဟာ ဖြစ်လဲမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သင်္ခါရကြောင့် ဖြစ်ကောမဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။
နောက်-သူသည်ကားလို့ဆိုရင် နာမ်ရုပ် ကျေးဇူးပြုတော့မယ်ဆိုတော့ သူ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား) ချုပ်တယ်လို့ ထားလိုက်ပါဦးတော့၊ အဲဒီတော့ သူဟာ ဖြစ်လဲဖြစ်တယ်၊ ချုပ်လဲချုပ်တဲ့ တရားဆိုရင် ဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား)။
ဒါဖြင့် သူဟာ ခိုင်တဲ့-မြဲတဲ့တရားလား (မခိုင်မမြဲပါဘူး ဘုရား) ခိုင်တဲ့မြဲတဲ့တရား မဟုတ်ဘူးဆိုတာတော့ ခင်ဗျားတို့ဉာဏ်ထဲမှာ မသိသေးဘူးလား (သိပါတယ် ဘုရား) ဒီကနေ ဉာဏ်နဲ့ နားထောင်တာပေါ့၊ ဒီက ဉာဏ်နဲ့ နားထောင်တော့ ခိုင်မြဲတဲ့တရားလဲ မဟုတ်ဘူးလို့ ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)။
ဝိညာဏ်ဟာ ဖြစ်ပေါ်တာပဲ၊ ဖြစ်တဲ့တရားလဲ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ဝိညာဏ်ဆိုတော့ ပဝတ္တိဝိညာဏ်လဲ ဒီအတိုင်းပဲ။ ဖြစ်လဲဖြစ်တယ်၊ ချုပ်လဲချုပ်တယ်လို့ မသိဘူးလား (သိပါတယ် ဘုရား)။
အဖြစ်မြင်ရင် ဥစ္ဆေဒစင်၊ အပျက်မြင်ရင် သဿတ စင်
ဪ ဒါဖြင့် ဖြစ်လဲဖြစ်တယ်လို့ ဆိုသဖြင့် ဒကာဒကာမတို့ ဖြစ်လဲဖြစ်တယ်ဆိုတာ သိသဖြင့် စောစောစီးစီး မှတ်ထားလိုက်စမ်းပါတဲ့၊ ဥစ္ဆေဒဒိဋ္ဌိ စင်သွားပြီ (မှန်ပါ့ ဘုရား) ဖြစ်ပြီး ပျက်ကောမပျက်ဘူးလား (ပျက်ပါတယ် ဘုရား) ဖြစ်ပြီးပျက်သွားတယ်ဆိုကတည်းက ခိုင်မြဲတဲ့သဘော သဿတသဘော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် တိုတိုကလေး မှတ်ထားလိုက်စမ်းပါ။
အဖြစ်မြင်ရင် ဥစ္ဆေဒစင်ပြီ၊ သဘောကျပလား (ကျပါပြီ)။
အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။
အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ် ဘုရား)။
အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။
ပြန်ပြော ပြန်ပြော။ ဒါဟာ အရေးကြီးတယ်။
အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ် ဘုရား)။
အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။
အဲဒါ သံယုတ်ပါဠိတော်ကြီးများမှာလဲ ဒီအတိုင်းဘဲ လာတယ်ဆိုတာ မှတ်ထားလိုက်ပါတော့။
ဪ ဒါဖြင့် ဝိညာဏ်ပြီးတော့ နာမ်ရုပ်ကလေး၊ နာမ်ရုပ်ကလေး ဖြစ်မှုကို မြင်ပြန်တော့လဲ ဒကာဒကာမတို့ ဘယ့်နှယ်ဆိုမယ် (ဥစ္ဆေဒစင်ပါတယ် ဘုရား) ပျက်မှုကို မြင်လိုက်ပြန်တော့ (သဿတစင်ပါတယ် ဘုရား)။
အဲ ဖြစ်မှု မြင်လိုက်တဲ့အခါကျတော့ကိုတဲ့ ပြတ်သွားတာမဟုတ်ဘူးတဲ့၊ ဒီကအကြောင်းကြောင့် သူဖြစ်ပေါ် လာတော့ ဖြစ်မှုကို မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား) အကြောင်းဖြစ်လို့ အကျိုးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အကြောင်းရှိနေသ၍
အဲဒီ ဖြစ်မှုမြင်ကတည်းက အင်း အကြောင်းရှိနေသ၍ ကာလပတ်လုံး အကျိုးဖြစ်နေမှာပဲလို့ မသိဘူးလား (သိပါတယ် ဘုရား) ဒီလိုသိတော့ ဘယ်ဒိဋ္ဌိစင်သွားသလဲ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား) အဲ ဥစ္ဆေဒဒိဋ္ဌိ စင်တယ်၊ သေရင်ပြီးတာပဲဆိုတာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား) ဥစ္ဆေဒစင်ပုံကို ကျေနပ်ပလား (ကျေနပ် ပါပြီ)။
ကောင်းပြီ-ဒါဖြင့် ဒီအကြောင်းကလေးဟာ ဒကာဒကာမတို့ သိတဲ့အတိုင်းပဲ ဖြစ်ပြီးတော့ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား) ခိုင်ရဲ့မြဲရဲ့လား (မမြဲပါဘူး ဘုရား) မမြဲတာ မြင်သဖြင့် ဘာစင်သွားသတုံး (သဿတစင်သွားပါတယ် ဘုရား) ခိုင်မြဲတယ်ထင်တဲ့ သဿတမစင်ဘူးလား (စင်ပါတယ် ဘုရား)။
ဒါကြောင့် ဒကာဒကာမတို့ သေသေချာချာ ဒီတလုံးကို မှတ်ထားစမ်းပါ။
အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ် ဘုရား)။
အပျက်မြင်ရင် (သဿတ စင်ပါတယ် ဘုရား)။
သဿတဒိဋ္ဌိ စင်တယ်ဆိုတော့ ကိုင်း ရှင်းပါတော့မယ် ဒကာဒကာမတွေ ရှေ့နား “ဖဿပစ္စယာ ဝေဒနာ” နှစ်လုံးကိုပဲ ရှင်းပြလိုက်ရင် ဒကာဒကာမတို့ သိလောက်ပါတယ်နော် (မှန်ပါ့ ဘုရား) “ဖဿပစ္စယာ ဝေဒနာ” သိပြီနော် (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
ဒါ-ခင်ဗျားတို့သန္တာန် ခင်ဗျားတို့တွေ့တယ် ကိုင်လိုက်တယ်ဆိုတာ ဖဿ (မှန်ပါ့) နူးညံ့လိုက်တာ ကောင်းလိုက် တာဆိုတာက ဝေဒနာ၊ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဒါဖြင့် ဖဿနိရောဓာ (ဝေဒနာနိရောဓောပါ ဘုရား)။
ဒါဖြင့် ဖဿဖြစ်ရင် ဒကာဒကာမတို့ စဉ်းစားကြည့်၊ ဝေဒနာဖြစ်ရမှာပဲ (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဒီလိုသိသွားလို့ ဖဿဖြစ်လို့ ဝေဒနာဖြစ်တာပဲလို့ သိသဖြင့် ဘယ်ဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား) သဘောကျပြီနော် (မှန်ပါ့)။
ဒါဖြင့် ဖဿချုပ်လို့ ဝေဒနာကော (ချုပ်ပါတယ် ဘုရား) ဘာဒိဋ္ဌိစင်သွားသတုံး (သဿတဒိဋ္ဌိစင်ပါတယ်) ခိုင်မြဲတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ဒါကလေး နှစ်လုံးကိုဖြင့် ဒကာဒကာမတို့ မဂ်ဆိုက်ဖိုလ်ဆိုက် ဟောရမည့်တရား ဖြစ်နေသည့်အတွက် ခင်ဗျားတို့ အတွက် မုန်းချင်မုန်းပေတော့ ဒါတော့ သိအောင်ဟောရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒါမှမသိရင် ကိုမြရွှေ ဟောလို့ကိုမရဘူး၊ သဿတလဲ စင်မှာမဟုတ်ဘူး၊ ဥစ္ဆေဒလဲ စင်မှာမဟုတ်ဘူး၊ “ဖဿပစ္စယာဝေဒနာဆိုတော့” ဖဿမဖြစ်ဘဲနဲ့လဲ ဝေဒနာပေါ်နိုင်ပါ့မလား သုခဝေဒနာကော ပေါ်နိုင်ပါ့မလား မခံနိုင်အောင် ဒုက္ခဝေဒနာကော ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
မီးနဲ့ထိတာက ဖဿ(မှန်ပါ့) သဘောကျပလား (ကျပါတယ်) ဒီလက်ထဲပေါ်တာက မခံနိုင်အောင် ဖြစ်လာ တာက (ဝေဒနာပါ ဘုရား) မထိဘဲနဲ့ ဝေဒနာပေါ်ပါ့မလား (မပေါ်ပါဘူး) ထိမှ ဝေဒနာပေါ်တယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ)။
ဒါဖြင့် ဒီမီး ချုပ်သွားတဲ့အခါကျတော့ ထိတဲ့ဖဿ ချုပ်သွားတော့ ဝေဒနာကကော (ချုပ်သွားပါတယ် ဘုရား) တခါ ဒီဘက် နောက်ဆုတ်လိုက်တဲ့အခါကျတော့ မီးနဲ့မထိဘူး၊ ဖဿက ရှိသေးရဲ့လား (မရှိပါဘူး) မီးနဲ့မထိတော့ အထူးပူနေသေးသလား၊ အေးချမ်းသွားသလား (အေးချမ်းသွားပါတယ်) ဒါဖြင့် ဖဿချုပ်လို့ ဝေဒနာ ဘယ့်နှယ်ဖြစ် သွားသလဲ (ချုပ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်ဆိုတာ သိသဖြင့် ဒကာဒကာမတို့ ဘယ်ဒိဋ္ဌိစင်သတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်) ဝေဒနာချုပ်တယ်၊ အထိချုပ်သွားလို့ ရှိရင် အနာချုပ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်)။
အဲဒီလိုသိတဲ့အခါကျတော့ ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ်) ချုပ်တာမြင်တော့ သဿတဒိဋ္ဌိ စင်တယ်၊ ချုပ်တာမြင်ကတည်းက ဒကာဒကာမတို့ ခိုင်မြဲတာရှိသေးရဲ့လား (မရှိပါဘူး) သဿတဒိဋ္ဌိ မစင်ဘူးလား (စင်ပါတယ် ဘုရား)။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ် သိသဖြင့် ဘာဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်) ဪ မပြတ်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) ပြတ်သေးရဲ့လား (မပြတ်ပါဘူး ဘုရား) သေသေချာချာ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) ဒကာဒကာမတို့ ပေါ်ပလား (ပေါ်ပါပြီ)။
ဝေဒနာပစ္စယာ တဏှာ
ဒါဖြင့် “ဝေဒနာပစ္စယာ တဏှာ” တလုံးကို ခင်ဗျားတို့ ရှင်း-မရှင်း ကြည့်ရအောင်၊ ဝေဒနာဖြစ်လို့ ဘာဖြစ်တာ တုံး (တဏှာဖြစ်ပါတယ်) ဝေဒနာဖြစ်လို့-စားလို့ကောင်းလို့ ဝယ်ချင်တယ်၊ ဒကာဒကာမတို့ စားလို့ကောင်းတာက ဝေဒနာ (မှန်ပါ့) ဝယ်ချင်တာက (တဏှာပါ)။
စားလို့ကောင်းတာက (ဝေဒနာပါ)။
ဝယ်ချင်တာက (တဏှာပါ)။
စားလို့ကောင်းလို့ မဝယ်ချင်တဲ့ပုဂ္ဂိုလ်ဟာ အတော်ရှားပါလိမ့်မယ် (မှန်ပါ့ ဘုရား) မရှိလို့ အောင့်အီးနေတာသာ ရှိချင်ရှိရမယ် (မှန်ပါ့) ဦးခင်မောင်ရေ စားလို့ကောင်းတာကျတော့ (ဝယ်ချင်ပါတယ် ဘုရား) ဒါဖြင့်-
စားလို့ကောင်းတာက (ဝေဒနာပါ ဘုရား)။
ဝယ်ချင်တာက (တဏှာပါ ဘုရား)။
အချိန်များ ဆိုင်းသေးသလား (မဆိုင်းပါဘူး ဘုရား) ထမင်းပွဲ လက်ဆုံကျလို့ရှိရင် နက်ဖြန် ဒီဟင်းချက် ဦးဟေ့လို့ ပြောကတည်းကိုက-ဒီဟာ ဝယ်ဦးဟေ့လို့ ပြောကတည်းကိုက ဖဿ ပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)။
ဒါဖြင့် ကောင်းတဲ့ဝေဒနာ လာလို့ရှိရင် နောက်က ဘာလိုက်လာသတုန်း (တဏှာလိုက်ပါတယ်) ကဲ စားရတာက ဒကာဒကာမတွေ လျှာပေါ်မှာဖြစ်စေ ကိုယ်ပေါ်မှာဖြစ်စေ မကောင်းလိုက်တာဆိုတဲ့ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ ဒီဒုက္ခဝိညာဏ်ကော မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီဟာကျတော့ မဝယ်နဲ့တော့ကွာ၊ မလာဘူးလား (လာပါတယ် ဘုရား) စားလို့မကောင်းတော့ ဘာတဲ့ (မဝယ်နဲ့တော့) မဝယ်နဲ့တော့ကွာ ဆိုတော့ ဖဿပစ္စယာ ဘာတုန်း မဝယ်နဲ့တော့ပါပေါ့ကွာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဖဿပစ္စယာ (မဝယ်နဲ့တော့ကွာ)။
မဝယ်နဲ့တော့ကွာဆိုတာက သူ ဒေါသကလေးဖြစ်လာတာ (မှန်ပါ့) ဒေါမနဿဝေဒနာ ပေါ်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာဝေဒနာ ပေါ်ပါလိမ့် (ဒေါမနဿဝေဒနာ ပေါ်ပါတယ် ဘုရား) ဒါလဲ ဖဿ ပစ္စယာ ဝေဒနာပဲ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့က ကောင်းတာကလေးတစ်ခုသာ ပြုံးနေတာ (မှန်လှပါ) မကောင်းတာကျတော့ မင်းကိုက မဟန်ပါ ဘူးဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) ဒါကြီးမှ ဝယ်ချက်ရသလားကွာ၊ ငါအံ့ပါရဲ့ကွာလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဘာဝေဒနာပါလိမ့် (ဒေါမနဿဝေဒနာပါ) ဒေါမနဿ ဝေဒနာ မလာပေဘူးလား (လာပါတယ် ဘုရား) သဘောကျပလား (မှန်ပါ့)။
ဥပမာ-အကြမ်းထည်ကြီးကို ဦးခင်မောင်က ကိုင်ကြည့်တယ်၊ ဦးခင်မောင်ဘို့ဆိုပြီးသကာလ ဝယ်ခဲ့တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒီလိုဝယ်တဲ့ အခါကျလို့ရှိရင်လဲ ဦးခင်မောင်က စမ်းကြည့်လိုက်တော့ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ခပ်ကြမ်းကြမ်း မတွေ့ဘူးလား (တွေ့ပါတယ်) ဝယ်ခဲ့ဦးခိုင်းမလား၊ မင်းမို့ ဝယ်ခဲ့တယ်လို့ဆိုမလား (မင်းမို့ ဝယ်ခဲ့တယ်ဆိုပါမယ်)။
မင်းမို့ ဝယ်တယ်ဆိုတော့ သူ့အပေါ် အလိုကျသလား၊ မလိုမကျလို့လား (အလိုမကျလို့ပါ ဘုရား) ဒါဖြင့် ဖဿပစ္စယာ (ဒေါမနဿဝေဒနာပါ ဘုရား) ဒေါမနဿဝေဒနာဆိုတော့ ပေါ်တာချည့်ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်လို့ ဒီလိုသိရင် ဘယ်ဒိဋ္ဌိစင်သတုံး (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား) ဖဿ ချုပ်သွားတော့ (ဝေဒနာချုပ်ပါတယ် ဘုရား)။
ဖဿချုပ်သွားတော့ လက်ထဲကိုင်တာကလေးလဲ ဦးခင်မောင် မကိုင်တော့ပါဘူး၊ ကြမ်းမှန်းထော်မှန်းလဲ မသိ တော့ပါဘူးဆိုတော့ စိတ်က ပြေမသွားဘူးလား (ပြေသွားပါတယ် ဘုရား)။
ပြေသွားတာ ထောက်လိုက်လို့ရှိရင် ဖဿချုပ်သွားလို့ ဘာချုပ်သွားသတုန်း (ဝေဒနာချုပ်ပါတယ် ဘုရား) ဝေဒနာချုပ်သွားတယ်၊ နောက်သာ မမှားစေနဲ့တော့ကွာ လေချိုသွေးသွားပြီ အဲဒီကျတော့ မသွေးဘူးလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဝေဒနာချုပ်တဲ့အသံ မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား) နောက်ဒီလို မမှားစေနဲ့ဟေ့ သဘောပါပလား (ပါပါတယ်)။
ဒါဖြင့် ဒကာဒကာမတို့ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်လို့ သိရင် ဘယ်ဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်) ဟုတ်သားပဲ၊ အကြောင်းအကျိုး ပြတ်ကဲ့လား (ပြတ်ပါတယ် ဘုရား) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
ဝေဒနာဆိုတော့ အကြောင်းအကျိုး ဆက်နေတာကိုသိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ မစင်သေးဘူးလား (စင်ပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိဆိုတာ တခါတည်း အကြောင်းအကျိုး ဘာမှမရှိဘူး ပြတ်တာချည်းပဲလို့ ယူတာက ဘာဒိဋ္ဌိလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ခုတော့ ဖဿဖြစ်ရင် ဝေဒနာက (ဖြစ်ပါတယ် ဘုရား) သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာ ဝေဒနာ သုံးမျိုးလာမယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဖဿ မရှိလို့ရှိရင် ဝေဒနာရှိပါ့မလား (မရှိပါ ဘုရား)။
ဒါဖြင့် ဖဿဖြစ်လို့ ဝေဒနာဖြစ်တာပဲလို့ ခန္ဓာကိုယ်ထဲမှာ သိတိုင်း သိတိုင်း ဘယ်ဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒ ဒိဋ္ဌိစင်ပါတယ် ဘုရား) ဒါဟာ သိအောင်ဟောတာနော်၊ ရှုတော့ ဖြစ်ပျက်ရှုရုံပါပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်ဆိုတဲ့ စကားကို ပယ်ချနေတာ
ဪ ဒီတရား ကလေးဟာ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိ့မ်မတုန်းဆိုတဲ့ ဘယ့်နှယ်ကြောင့်ဆိုတဲ့ စကားကို ပယ်ချနေတာ (မှန်လှပါ) ဘယ့်နှယ်ကြောင့်မှ မဟုတ်ဘူး၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ် ဘုရား) ဝေဒနာချုပ်တယ်ဆိုတော့ ဘယ်ဒိဋ္ဌိ စင်သွားသတုန်း (သဿတဒိဋ္ဌိ စင်သွားပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ကို ရှုခိုင်းတဲ့ ဖြစ်ပျက်ဆိုတာ ဒိဋ္ဌိနှစ်ခုကို အစင်ခိုင်းတာ (မှန်လှပါ) အဖြစ်လဲမြင်အောင် ကြည့်၊ အပျက်လဲ (မြင်အောင်ကြည့်ရပါမယ် ဘုရား) ဘယ်ဒိဋ္ဌိ အစင်ခိုင်းတာပါလိမ့် (ဒိဋ္ဌိနှစ်ခု အစင်ခိုင်းတာပါ) သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိအစင်ခိုင်းတာပါပဲ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့မှာ ဖြစ်ပျက်မှတပါး ဒိဋ္ဌိခွါနည်း နိသျည်း ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အပျက်မြင်ရင် (သဿတဒိဋ္ဌိစင်ပါတယ်) ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဘာသာလျှင်ရှိပါလိမ့် (ဖြစ်ပျက်သာရှိပါတယ်) အဖြစ်နဲ့အပျက်သာလျှင် ရှိတယ်ဆို တာ ခင်ဗျားတို့ သိပြီးသကာလ ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး၊ ဖြစ်ပြီး ပျက်တတ်တဲ့ ဓမ္မတွေသာ အကုန်ရှိတယ်လို့ သိကတည်းကိုက အင်း ဒကာဒကာမတို့ အဖြစ်မြင်တုန်းကတော့ ဥစ္ဆေဒစင်ခဲ့ပါတယ်(မှန်ပါ့) အပျက်မြင်တော့ ခိုင်တယ် မြဲတယ်ထင်တဲ့ သဿတကော (စင်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များသည် ဒကာဒကာမတို့ အကြောင်းနှင့်တကွ သိမ်းဆည်းပြီး သိတဲ့အတွက် သဿတ ဥစ္ဆေဒ မစင်သေးဘူးလား (စင်ပါတယ် ဘုရား)။
ဒါဖြင့် စင်ပြီးမှရှုရင် အားကြီးတဲ့ ဝိပဿနာဖြစ်မယ် (မှန်လှပါ ဘုရား) ဒီလိုမစင်ဘဲနဲ့ ရှုခဲ့သော် (အား နည်းတဲ့ဝိပဿနာဖြစ်ပါတယ် ဘုရား) အားနည်းတဲ့ ဝိပဿနာဖြစ်လို့ရှိရင် ကုသိုလ်ရရုံပဲ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ဘူး (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ သန္တာန်မှာ ဖြစ်ပျက်ကိုဖြင့် ဘယ်တရားကလေးလာလာ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ် မှတ်မိကြပလား (မှတ်မိပါပြီ) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား) အကြောင်းဖြစ်လို့ (အကျိုးဖြစ်ပါတယ် ဘုရား)။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်လို့သိရင် ဘယ်ဒိဋ္ဌိစင်တုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အကြောင်းချုပ်လို့ အကျိုးချုပ်လို့သိရင် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သန္တာန် ရှုတိုင်း-ရှုတိုင်း ဪ ဖြစ်တာပဲ၊ ပျက်တာပဲ၊ ဪ ဖြစ်ပြီး ပျက်ပေမှာပဲ၊ သူ့အကြောင်းဖြစ်တော့ သူဖြစ်ပေမှာပဲ၊ သူ့အကြောင်းချုပ်တော့ သူချုပ်ပေမှာပဲလို့ဆိုတော့ ခင်ဗျားတို့ သံသယနဲ့ ရှုနေတာလား၊ ခင်ဗျားတို့ ရဲရဲတင်းတင်း ရှုတာလား (ရဲရဲတင်းတင်း ရှုတာပါ ဘုရား)။
ရဲရဲတင်းတင်းရှုရင် ဒိဋ္ဌိနှစ်ခုစင်ပြီလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) ရဲရဲတင်းတင်းရှုရင် (ဒိဋ္ဌိနှစ်ခုစင်ပါပြီ) ဒိဋ္ဌိနှစ်ခု စင်ပြီဆိုတာ သေချာပလား (သေချာပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဖြစ်သင့်လို့ဖြစ်တယ်၊ ပျက်သင့်လို့ပျက်တယ်လို့ ဒီလိုပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင် ဦးခင်မောင် မပူနဲ့တော့ ဗလဝ ဝိပဿနာဖြစ်ပြီ (မှန်လှပါ ဘုရား)။
ဗလဝ ဝိပဿနာဆိုတာ
ဗလဝ ဝိပဿနာဆိုတာ အလွန်အားကောင်းတဲ့ ဝိပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရ-ရအောင် ကျေးဇူးပြုမည့် ဝိပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် သဿတဥစ္ဆေဒသည် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး မဆက်တတ်လို့ ဒါကြောင့် ဒကာဒကာမတို့ အကြောင်းအကျိုးဖြစ်ပုံချုပ်ပုံ နားမလည်ရင် သဿတ, ဥစ္ဆေဒစင်ပါ့မလား (မစင်ပါဘူး ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ် အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်လို့ သိလို့ရှိရင်ဖြင့် ဒိဋ္ဌိနှစ်ပါးစလုံး မစင်သေးဘူးလား (စင်ပါတယ် ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ တခြားလား ခင်ဗျားတို့ ခန္ဓာကိုယ်ထဲဖြစ်တဲ့ တရားလား (ခန္ဓာကိုယ်ထဲ ဖြစ်တဲ့ တရားပါ ဘုရား) အဲ ခန္ဓာထဲဖြစ်တဲ့တရားမှာ ဝေဒနာ ပစ္စယာ တဏှာကလေး၊ တဏှာကလေးဟာ ဘယ်က လာပါလိမ့် (ဝေဒနာက လာပါတယ် ဘုရား)။
ဝေဒနာဖြစ်လို့ (တဏှာဖြစ်ပါတယ် ဘုရား)။
ဝေဒနာချုပ်လို့ (တဏှာချုပ်ပါတယ် ဘုရား)။
ဒီလိုသိထားရမယ်၊ ဪ တဏှာကလေးဟာ ဒို့သန္တာန်ပေါ်လိုက်-ချုပ်လိုက်၊ ပေါ်လိုက်-ချုပ်လိုက်၊ ဪ ပေါ်လိုက်-ချုပ်လိုက် ဖြစ်ပေမှာပဲ ဝေဒနာဖြစ်တော့လဲ သူက ဖြစ်သကိုး၊ ဝေဒနာချုပ်တော့လဲ (သူက ချုပ်ပါ တယ်)။
သူက ချုပ်သကိုးဆိုတော့ ဘယ်ဖြစ်ချုပ်မဆို အကြောင်းအကျိုးနှင့်တကွ မသိဘူးလား (သိပါတယ် ဘုရား) ထိုကဲ့သို့ သိသော် ဒိဋ္ဌိဘယ်နှစ်ပါး စင်ပါလိမ့် (နှစ်ပါးစင်ပါတယ် ဘုရား) သဿတလဲစင်တယ်၊ ဥစ္ဆေဒကော (စင်ပါတယ် ဘုရား) စင်ပြီးမှ ဖြစ်ပျက်အားထုတ်လို့ရှိရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရ-မရှိဘူးတဲ့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ရှင်ဆန္န
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ ဝတ္ထုထုတ်တော့မယ်တဲ့ ၊ ဝတ္ထုထုတ်တော့မယ်လို့ ကိုမြရွှေတို့ မှတ်ရမယ် နော် (မှန်လှပါ ဘုရား)။
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ သာဝတ္ထိပြည်၌ ရှင်ဆန္နဟာ ရှိပါတယ်တဲ့ ။ ဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါ ရှင်ဆန္နက ကျန်နေရစ်တော့ သာဝတ္ထိပြည်မှာပဲ သီတင်းသုံးနေတယ်။
အဲဒီမှာ သံဃာတွေက သူ့ကို သပိတ်မှောက်ပြီးသကာလ သံဃာတွေက သူ့ကို မပြောကြစတမ်း၊ မဆိုကြစတမ်း ဆိုပြီး ဘုရားက သူ့ကို ဗြဟ္မဒဏ်ပေးထားတဲ့အတွက် သူက ရဟန်းတွေ လိုက်ပြီးသကာလ ဦးခင်မောင်ရေ အရှင် ဘုရားတို့ တပည့်တော်ကို ဆုံးမကြပါဦး၊ ကံမြစ်ကြပါဦး၊ တရားပေးကြပါဦးဆိုပြီး သူလိုက်ပြီးသကာလ သံဃာတွေဆီ သွားပြီး တောင်းပန်နေရှာတယ်နော် (မှန်လှပါ)။
တပည့်တော်ကို ဆုံးမပါဦး၊ ကံမြစ်ပါဦး၊ တရားပေးကြပါဦး၊ တရားရှုပါရစေ (မှန်ပါ့) ဒကာဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
သူ့ကျောင်းကလေး သံကောက်နဲ့ ပိတ်ပြီးသကာလ သံဃာကြီးတွေရှိတဲ့ဆီ သွားတယ်၊ တပည့်တော်ကို ကံမြစ်ကြ ပါဦး၊ ဆုံးမကြပါဦး၊ တရားပေးကြပါဦး၊ တရားကို သိကောင်းသိနိုင်ပါတယ်ဆိုတဲ့ အကြောင်းတွေနဲ့ သူ့ကျောင်းတွေ လျှောက်ပြီး သွားတဲ့အခါကျတော့ ရဟန်းတွေက တရားဟောကြတယ်။ ငါ့ရှင် ဆန္န ရုပ်ဟာ အနိစ္စ၊ ဝေဒနာ အနိစ္စ၊ သညာအနိစ္စ၊ သင်္ခါရအနိစ္စ၊ ဝိညာဏ်အနိစ္စ၊ သဗ္ဗေသင်္ခါရာ အနိစ္စ၊ သဗ္ဗေဓမ္မာ အနတ္တကွာ ။ ဒါကို ရှုရုံပါပဲ (မှန်လှပါ)။
ဟောတဲ့တရား မမှန်ဘူးလား ဒကာဒကာမတို့ (မှန်ပါတယ် ဘုရား) ရုပ်တရား ဘယ့်နှယ်ဟောသလဲ (အနိစ္စပါ ဘုရား) ဝေဒနာတရား ဘယ့်နှယ်ဟောပါလိမ့် (အနိစ္စပါ ဘုရား) ကဲ သိမ်းကြပါစို့၊ ဝိညာဏ်တရား ဘယ့်နှယ်ဟောသလဲ (အနိစ္စပါ ဘုရား)။
အားထုတ်နေတာကြာပါပြီ
အနိစ္စချည်းပါပဲ၊ ကဲကွာ နောက်ဆုံးပိတ် နိဂုံးချုပ်လိုက်မယ် တဲ့။ သဗ္ဗေဓမ္မာ အနိစ္စပဲကွ၊ သဗ္ဗေဓမ္မာ အနတ္တပဲကွ။ ဒီလိုဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
အို သူကလဲ ဘဝင်က ခပ်မြင့်မြင့်ရယ် ဦးခင်မောင်ရ(မှန်လှပါ ဘုရား) ဒကာသစ်ရေ ဘဝင်က မြင့် တယ်နော် (မှန်ပါ့) ဒီတရားမျိုး အားထုတ်နေတာ ကြာပြီ တဲ့ (မှန်လှပါ) အံမာလေး ကြောက်စရာကြီးပါကလား။
ဒကာဒကာမတို့ ဒီတရားမျိုး အားထုတ်နေတာကြာပါပြီတဲ့၊ ဒီအနိစ္စ အနတ္တတွေ အားထုတ်နေတာ သူကြာပါပြီတဲ့ ဒကာဒကာမတို့ သူကလဲ တောင်းသေးတယ်၊ ဟောတဲ့တရားကျတော့ ဒါ အားထုတ်နေတာ ကြာပါပြီ တဲ့(မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)။
ဒီတရား သူ အားထုတ်နေတာ ကြာပါပြီ တဲ့၊ အနိစ္စတွေ အနတ္တတွေ ဒီကိုယ်တော်တွေဟောတဲ့ တရားမျိုး တော့ သူအားထုတ်နေတာ ကြာပါပြီ တဲ့။
ကြာပင်ကြာငြားသော်လဲတဲ့ အလုံးစုံ သင်္ခါရတရား ချုပ်ငြိမ်းတဲ့နိဗ္ဗာန် ဥပဓိတွေ ခန္ဓာငါးပါး ပျောက်သွားတဲ့ နိဗ္ဗာန်၊ တဏှာချုပ်တဲ့နိဗ္ဗာန်ကို တခါမှ မမြင်ဖူးဘူးတဲ့၊ သူ အနိစ္စ အနတ္တတော့ ရှုပါတယ်တဲ့ (မှန်လှပါ ဘုရား) နိဗ္ဗာန်ကို တခါမှ မမြင်ဘူးပါဘူးတဲ့ (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ဒီတရားမျိုးကိုတော့ သူရှုပါတယ် တဲ့၊ ရှုပေမယ့်လဲ သူသည် ခုနကပြောတဲ့ ဒါ သင်္ခါရတရားတွေ ပေါ့ဗျ၊ အဲဒီ သင်္ခါရတရားတွေ လုံးဝချုပ်သွားတဲ့နိဗ္ဗာန်ကို မတွေ့ဖူးဘူးတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
သင်္ခါရတရားတွေ ချုပ်တဲ့နိဗ္ဗာန် (မတွေ့ဖူးပါဘူး)။
ခန္ဓာချုပ်တဲ့နိဗ္ဗာန် (မတွေ့ဖူးပါဘူး)။
တဏှာချုပ်တဲ့နိဗ္ဗာန် (မတွေ့ဖူးပါဘူး)။
မတွေ့ဖူးဘူးတဲ့၊ သူ အနိစ္စ ဒုက္ခ အနတ္တ မရှုဘူးလား ရှုသလား (ရှုပါတယ် ဘုရား)။
ရှုလျက်သားနဲ့ သူမတွေ့ဘူးတဲ့၊ အဲဒီတော့ ဒီတရားမျိုးတော့ သူ့ဝမ်းထဲမှာ ပေါလွန်းလို့ မတတ်နိုင်ဘူး၊ နိဗ္ဗာန်မှ မမြင်တဲ့တရား (မှန်ပါ့) သူက ဒီလိုကိုလာတာ ဦးခင်မောင်-ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒကာဒကာမတွေကော သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် သူ အနိစ္စ ဒုက္ခ အနတ္တ မလုပ်လို့လား၊ လုပ်လျက်နဲ့ နိဗ္ဗာန်မမြင်တာလား (လုပ်လျက်နဲ့ နိဗ္ဗာန်မမြင် တာပါ ဘုရား) ဒါကြောင့် သူ ဘဝင်မြင့်နေတာ (မှန်လှပါ)။
အရှင်ဘုရားတို့ တရားဟောကြပါဦး၊ တပည့်တော်ကို ဆုံးမကြပါဦးဆိုတော့ အနိစ္စတွေ အနတ္တတွေ ဟောကြ တာပဲနော် (မှန်လှပါ)။
ဟောတော့ သူ့စိတ်ထဲ ဘယ့်နှယ်ထင်သလဲ ၊ အို ဒီတရားတွေကို လုပ်ကြည့်ပါတယ်တဲ့၊ လုပ်ကြည့်ပေ မယ့် သင်္ခါရတရားတို့၏ “သဗ္ဗသင်္ခါရသမထေ” ဆိုတဲ့အတိုင်း အလုံးစုံသင်္ခါရတရား ချုပ်တဲ့နိဗ္ဗာန်၊ တဏှာချုပ်တဲ့နိဗ္ဗာန်၊ တဏှာသိမ်းတဲ့နိဗ္ဗာန် မြင်ကိုမမြင်ဘူးတဲ့၊ လုပ်နေတာ ကြာလှပြီ၊ ရိပ်မိလား (ရိပ်မိပါပြီ)။
လုပ်တော့မလုပ်ဘူးလား လုပ်သလား (လုပ်ပါတယ်) ဒါဖြင့် သူ အနိစ္စ ဒုက္ခ အနတ္တ လုပ်တယ်-ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကဲ့လား (မရောက်ပါဘူး ဘုရား)။
ပေးတဲ့ပုဂ္ဂိုလ် နဲ့ ရန်ဖြစ်တယ်
အဲ မရောက်သောကြောင့် တဲ့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တရားတောင်းပြီးသကာလ ပေးတဲ့ပုဂ္ဂိုလ် နဲ့ ရန်ဖြစ်တယ်(မှန်လှပါ) ပေးတဲ့ပုဂ္ဂိုလ်နဲ့ (ရန်ဖြစ်ပါတယ် ဘုရား) ဘာဖြစ်လို့ရန်ဖြစ်တာတုန်း တဲ့(နိဗ္ဗာန်မမြင် လို့ပါ) နိဗ္ဗာန်မမြင်တာနဲ့ ရန်ဖြစ်တာ၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
သူ လုပ်တယ် တဲ့၊ ဒီကိုယ်တော်တွေ ဟောတဲ့အတိုင်း ရုပ် အနိစ္စ နာမ် အနိစ္စ ဝေဒနာ အနိစ္စ အကုန်လုပ် ပါတယ် တဲ့၊ သဗ္ဗေသင်္ခါရာအနိစ္စလဲ လုပ်ပါတယ် တဲ့၊ သဗ္ဗေဓမ္မာအနတ္တတွေလဲ လုပ်ပါတယ် တဲ့၊ လုပ်ပင် လုပ်ငြားသော်လဲ တဲ့ သင်္ခါရတရားတို့၏ ချုပ်ရာ၊ ဥပဓိတရားဆိုတဲ့ ခန္ဓာငါးပါးတို့၏ ချုပ်ရာ၊ တဏှာ၏ချုပ်ရာ နိဗ္ဗာန်ကို မြင်ကို မမြင်ဘူးတဲ့၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒီတော့ ဒီတရားမျိုးနဲ့တော့ဖြင့် သူ နိဗ္ဗာန်မမြင်တဲ့အတွက် ဒီကိုယ်တော်တွေ ဟောတာကို သူ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား) ဘာဖြစ်လို့ မကျေနပ်တယ်ဆိုတာ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါတယ်) ဘာဖြစ်လို့ မကျေနပ် ပါလိမ့် (နိဗ္ဗာန်မမြင်လို့ပါ ဘုရား)။
စင်စစ်တော့ ဟိုကိုယ်တော်တွေ ဟောတာက လွဲသလား တဲ့၊ သူပဲ နေရာမကျတာလားဆိုတာကို ပြန်အကဲ ခတ်ပါဦး (သူ နေရာမကျတာပါ ဘုရား) သူက ခုနကပြောခဲ့တဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိခွါမထားဘူး၊ မခွါဘဲနဲ့ ရှုနေလို့ မမြင်တာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
သဿတဥစ္ဆေဒမခွါဘဲ ရှုနေလို့
ဒါ သူ့ဝတ္ထုကလာတာနော် (မှန်ပါ့ ဘုရား) ဘယ်လိုကြောင့် သူ နိဗ္ဗာန်မရပါလိမ့်မတုန်း ဒကာဒကာမတို့ (သဿတဥစ္ဆေဒမခွါဘဲ ရှုနေလို့ပါ ဘုရား) သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ မကွာဘဲနဲ့ ရှုနေလို့ ဦးခင်မောင်ရေ (မှန်ပါ့)။
ဒါဖြင့် အကြောင်းဖြစ်လို့ အကျိုးဖြစ်တာလဲ သူမသိ (မှန်ပါ့) ဖြစ်ပျက်လောက်ပဲ မြင်နေတာပဲ (မှန်ပါ့) အကြောင်းချုပ်လို့ အကျိုးချုပ်တာကော (မသိပါ ဘုရား) မသိတော့ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်၊ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မတုန်းဆိုတဲ့ သဿတဥစ္ဆေဒတွေကကော မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲ သဿတ ဥစ္ဆေဒ မကွာဘဲနဲ့ ဖြစ်ပျက်တွေ ရှုနေလို့ သူဟာတဲ့ ဒကာဒကာမတို့ တစ်ထစ်ချသာ မှတ်ပါတော့ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်မမြင်ဘူး (မှန်လှပါ ဘုရား) ဘယ်သူခံနေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ် ပါတယ် ဘုရား) ဘယ်သူခံနေပါလိမ့် (သဿတနဲ့ ဥစေဒ ခံနေပါတယ် ဘုရား)။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခံနေတယ်၊ ဦးခင်မောင် ကဲ အလုပ်လွဲပြီဆိုတော့ ဘယ်လောက်များ ကြောက်စရာ ကောင်းသတုန်း (ကြောက်စရာကောင်းပါတယ် ဘုရား) ကြည့်လေ သူဟာ ဘုရားတောင် ပရိနိဗ္ဗာန် စံပြီဗျ၊ ဘုရားကို သွားပင့်ရင်း သူဟာ ရဟန်းလုပ်ခဲ့တာ မဟုတ်လား (မှန်ပါ့)။
အဲဒါ ကဲ-၄၅နှစ်၊ ၄၅-နှစ်လျော့လျော့ပဲ ထားလိုက်ပါဦးတော့ နည်းတဲ့အလုပ်ခွင်လားလို့ ဒကာဒကာမတို့ မေးရင် နည်းတဲ့လုပ်နှစ်လားလို့မေးရင် ဘယ့်နှယ်ပြောကြမယ် (မနည်းပါဘူး ဘုရား)။
သူကိုယ်တိုင်ပဲ အခုဖွင့်ပြောပါတယ်တဲ့၊ ဒီကိုယ်တော်တွေဟောတဲ့ အနိစ္စတွေ အနတ္တတွေတော့ သူ့ဝမ်းထဲမှာ ရှိနေပါတယ် တဲ့၊ အနိစ္စတရား-အနတ္တတရား သူ ရှုကြည့်တာ ဘယ်အခါမှ နိဗ္ဗာန်ကိုမတွေ့ဘူးတဲ့၊ မတွေ့တဲ့အတွက် ဒီတရားနဲ့တော့ သူနဲ့ ဘယ်လိုဟောဟော အကျိုးပေးမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့) ဒီလိုကို ယူပစ်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အလုပ်စဉ် ရှေ့နောက်လွဲနေတာ
အပြီးသတ်တော့ ဟောတဲ့ပုဂ္ဂိုလ် ညံ့တာလား၊ သူက အလုပ်စဉ် ရှေ့နောက်လွဲနေတာလား (သူက အလုပ် စဉ် ရှေ့နောက်လွဲနေတာပါ ဘုရား) ဘယ်လိုများ ရှေ့နောက် လွဲနေပါလိမ့် ဒကာဒကာမတို့ အကဲခတ်စမ်း (ဒိဋ္ဌိ အရင်မခွါဘဲ ရှုနေလို့ပါ ဘုရား)။
ဒိဋ္ဌိအရင်မခွါဘဲနဲ့ ဝိပဿနာရှုနေလို့ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လိုပါလိမ့် (ဒိဋ္ဌိအရင်မခွါဘဲနဲ့ ဝိပဿနာရှုနေလို့ပါ ဘုရား) ဒိဋ္ဌိ အရင်မခွါဘဲနဲ့ ဝိပဿနာရှုနေတော့ ဟောတဲ့ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ ဒကာဒကာမတွေလဲ ကျုပ်တို့လဲ ရှုနေတာကြာပြီ၊ နိဗ္ဗာန်လဲ တစ်ခါမှ မမြင်ဖူးသေးဘူး၊ ဟောတဲ့ပုဂ္ဂိုလ် ညံ့ပြီ၊ ဒီလိုတော့ မလုပ်ကြနဲ့ဗျာ နော်(မှန်ပါ့) အလုပ်စဉ်သာ မတည့်လို့ရှိရင် ဘယ်နည်းနှင့်မှမဖြစ်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြရမယ် (အလုပ်စဉ်တည့်အောင် လုပ်ကြရပါမယ်) အလုပ်စဉ်တည့်အောင် ဘယ်လို လုပ်မယ် (ဒိဋ္ဌိအရင်ခွါရပါမယ်) ဒိဋ္ဌိအရင်ခွါချင်တော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို သိအောင် လုပ်ရဦးမယ် (မှန်လှပါ ဘုရား)။
ခန္ဓာပဋိစ္စသမုပ္ပါဒ် သိတော့မှ အကြောင်းဖြစ်လို့ (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါ တယ်) အဲဒီလိုသိပြီးသကာလမှ ဪ ဖြစ်တယ် ပျက်တယ်ဆိုတာ အကြောင်းဖြစ်တော့လဲ သူ ဖြစ်ပေမှာပဲ၊ အကြောင်းချုပ်တော့လဲ (သူချုပ်ပေမှာပဲ)။
အဲဒီတော့ ဖြစ်ပျက်ပဲ ရှိတယ်ဆိုတာတော့ မှန်ရဲ့ ဒီအကြောင်းတွေကို မသိမ်းဆည်းဘူး (မှန်ပါ့ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) မသိမ်းဆည်းတော့ အခု အရှင်ဆန္န ဘယ့်နှယ်ဖြစ်နေသတုန်း (နိဗ္ဗာန်မမြင်ပါဘူး ဘုရား)။
မရတဲ့အပြင် ဟိုကိုယ်တော်တွေနဲ့ ဘာဖြစ်နေသတုန်း (ရန်ဖြစ်နေပါတယ်) ရန်တောင် ဖြစ်လိုက်သေးတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့လဲ ကမ္မဋ္ဌာန်းပေးတဲ့ ဆရာတွေနဲ့ ကမ္မဋ္ဌာန်းပေးတဲ့ ဘုန်းကြီးတွေနဲ့ ရန်တော့ မဖြစ်ပါနဲ့၊ သဘောကျပလား (မှန်ပါ့)။
အပေးညံ့လို့ပဲ မဖြစ်တာလား၊ ကိုယ်ဖြစ်လို့ပဲ မဖြစ်တာလားဆိုတာလဲ အကဲခတ်ပါဦး (ကိုယ်ဖျင်းလို့ မဖြစ်တာပါ ဘုရား) ဆရာက ဖျင်းလို့ ဒီအကြောင်းအကျိုး ၁-၂ လွဲနေရင်လဲ မရနိုင်ဘူး (မှန်လှပါ) ကိုယ်ကိုယ်တိုင်က ဒကာဒကာမတွေလဲ ကိုယ့်ခန္ဓာအကြောင်း ကိုယ်မသိလို့ကော (မရနိုင်ပါဘူး) မရနိုင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။
ဒိဋ္ဌိအရင်ခွါရပါမယ်
အဲဒါကြောင့် ဒကာဒကာမတို့ ဝိပဿနာမရှုမီ ဘာလုပ်ရမတုန်း (ဒိဋ္ဌိအရင်ခွါရပါမယ် ဘုရား) ဘယ်ဒိဋ္ဌိ ခွါရမှာပါလိမ့် (သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခွါရမှာပါ ဘုရား)။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခွါရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ) မခွါဘဲနဲ့ ရှုရင် အားနည်းတဲ့ ဝိပဿနာ (မှန်လှပါ) ခွါပြီးမှရှုရင် (အားကြီးတဲ့ ဝိပဿနာပါ ဘုရား)။
အားကြီးတဲ့ ဝိပဿနာဆိုတော့ အားကြီးတဲ့ ဝိပဿနာမှ မဂ်ဉာဏ်ရမယ် (မှန်လှပါ) အားနည်းတဲ့ ဝိပဿနာ သည် ကုသိုလ်သာ ရမယ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။
တရားတော့မဆုံးဘူး ဒကာဒကာမတို့ နာရီကစေ့သွားပြီ တော်ကြဦးစို့ ။
သာဓု သာဓု သာဓု