အရှိနဲ့ အသိကိုက်အောင်လုပ်နည်း
ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း
မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌
ဟောကြားတော်မူသော
အရှိနဲ့ အသိကိုက်အောင်လုပ်နည်း
စိတ္တာနုပဿနာ တရားတော်
(၇-၂-၆၁)
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အကြိမ်ပေါင်းများစွာ မှာတယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ် နော်။
သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ
သမ္ပဇာနကာရီ။ အယံ ဝေါ အမှာကံ အနုသာသနီ။
ဆိုတာ အကြိမ်ပေါင်းများစွာ မှာတယ် (မှန်ပါ့)။
ဘိက္ခဝေ=အို ငါ၏ချစ်သား တပည့်များတို့၊ သတော=ခန္ဓာကိုယ်ပေါ်၌ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနော= ပညာအဆင်ခြင်နဲ့ ဖြစ်-ပျက် ရှုလေ့ရှိသည်ဖြစ်၍၊ ဝိဟရေယျ=နေရစ်ကြပါ။
ခန္ဓာကိုယ်ကို သတိထားပြီး ပညာဉာဏ်နဲ့ ကြည့်ပြီး နေရစ်ကြပါ၊ သဘောကျပလား (ကျပါပြီ)၊ ခန္ဓာကိုယ် ဘယ်လိုထားရမယ် (သတိထားပြီး နေရမယ်)၊ သတိထားပြီး ပညာဉာဏ်နဲ့ကြည့်၍ နေရစ်ပါလို့ ဒကာ ဒကာမတို့ ဘုရားက မှာတော်မူတယ် (မှန်လှပါ ဘုရား)၊ သတိထားပြီးတော့ (ပညာနဲ့ကြည့်ပြီး နေရစ်ပါ တဲ့)၊ ခန္ဓာကိုယ်မှာ သတိထားပြီး ပညာနဲ့ ကြည့်ပြီးတော့ နေရစ်ကြပါ။
အယံ=ဤငါပြောတဲ့ သတိထားပြီး ပညာနဲ့ ကြည့်ဆိုတဲ့ သဘောသည်၊ ဝေါ-တုမှာကံ=သင်ချစ်သားတို့အား၊ အမှာကံ=ငါဘုရားတို့၏၊ အနုသာသနီ=ကြီးစွာသော အဆုံးအမကြီးပေတည်း ဆိုတဲ့ဥစ္စာ သေသေချာချာ ဟောပါ တယ်။
သတိ ထား၊ ပညာဉာဏ်နဲ့ ကြည့်ပါ
ဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ပေါ်မှာ သတိထား၊ ပညာဉာဏ်နဲ့ ကြည့်ပါလို့ ယနေ့ စလာတယ် (မှန်ပါ့)၊ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုထားရမယ် (သတိထားပြီး ပညာနဲ့ကြည့်ရမယ်)၊ သတိထားပြီး ပညာနဲ့ ကြည့်ပါ၊ မိမိတို့၏ယောကျ်ားဖြင့် ယောကျ်ားခန္ဓာကိုယ်၊ မိန်းမဖြင့် မိန်းမခန္ဓာကိုယ်ကို သတိထားပြီး ပညာနဲ့ကြည့်ပါ။
သတိထားရမယ်ဆိုတာ ဘာများဖြစ်ဦးမလဲလို့ သတိထား ဘာများဖြစ်ဦးမလဲ ဘယ်လိုများ ဖြစ်ဦးမှာပါလိမ့် မလဲလို့ ခန္ဓာကိုယ်ကို သတိထားရမယ် (မှန်ပါ့)။
နောက်-ပညာနဲ့ သတိထားရင်း မတ္တနဲ့ ပေါ်လာလို့ရှိရင်ဖြင့် ဟိုနေရာက ယား၊ ဒီနေရာက နာ၊ ဒီစိတ်ကလေး ကပေါ် ဟိုစိတ်ကလေးက ပေါ် ဆိုလို့ရှိရင် အဲဒါကို ပညာနဲ့ ကြည့် (မှန်ပါ့)။
ဒါဖြင့် သတိကို ရှေ့ထား၊ ပညာနဲ့ နောက်ကနေ ကြည့်ပါဆိုတာကို ဘုရားက သိပ်မှာတော်မူတာ သဘောကျ ပလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုလုပ်ရမှာတဲ့တုံး (သတိထားပြီး ပညာနဲ့ ကြည့်ရမှာပါ)၊ သတိထား ပြီး ပညာနဲ့ ကြည့်ပါ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သတိထားပြီးတော့ (ပညာနဲ့ ကြည့်ရပါမယ်)။
အဲ သတိထားပြီးတော့ ပညာနဲ့ ကြည့်ကြလို့ရှိရင်ဖြင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာက ပြောပါလိမ့်မယ်ဆိုတာ ဘုန်းကြီးက တာဝန်ယူပါတယ်၊ ခန္ဓာက ဘာလုပ်မယ်ထင်ကြတုံး (ပြောပါလိမ့်မယ်)၊ မပြောဘဲ နေပါ့မလား (မနေပါ ဘုရား)။
မပြောဘဲ ဘယ်နည်းနှင့်မှ မနေဘူး၊ ခန္ဓာကို သတိသာထား၊ ပညာနဲ့သာ ကြည့်လို့ရှိရင်ဖြင့် ခန္ဓာက “ကျုပ် အနိစ္စပါလို့” ပြောပါလိမ့်မယ် (မှန်ပါ့)၊ ခန္ဓာက ကျုပ် အနိစ္စပါပဲလို့ ပြောပါလိမ့်မယ် ဒကာ ဒကာမတို့ ရှင်းကြပလား (ရှင်းပါပြီ)၊ သတိထား ပညာနဲ့ကြည့်လို့ရှိရင် ခန္ဓာက ဘာပြောလိမ့်မယ် ထင်သတုံး (ကျုပ် အနိစ္စပါလို့ ပြောမယ်)။
ကျုပ်ဟာ အနိစ္စ ခန္ဓာကိုယ်ပါ
ကျုပ်ဟာ အနိစ္စ-ခန္ဓာကိုယ်ပါပဲလို့ သူက မပြောဘဲ မရှိပါဘူး ပြောပါလိမ့်မယ်လို့ တထစ်ချမှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒီတော့ ဒီရှေ့က ဒကာ ဒကာမတွေ ပြလိုက်မယ်၊ ဪ ဒါဟာ ယခုရထားတဲ့ ခန္ဓာငါးပါးလို့ မှတ် ပါနော် (မှန်ပါ့ဘုရား)၊ ယခုရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်လိုက်စမ်းပါ၊ အခု ဒီမှာပြထားတာ ဘာပါလိမ့် (ယခု ရထား တဲ့ ခန္ဓာငါးပါး)၊ ခန္ဓာငါးပါးဆိုတာ ယခု တရားနာနေတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ့)။
တခြား ခန္ဓာငါးပါးကို ဘာမှ ဉာဏ်မရောက်ပါနဲ့ ဒီခန္ဓာငါးပါးကိုသာ ဉာဏ်ရောက်ပါ (မှန်ပါ့)။
ရုပ်နဲ့ နာမ်ပဲ ရှိတယ်
ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေကို မနေ့က သိသာအောင်လို့ ဘုန်းကြီးက ပြောလိုက်တယ်၊ ဘယ်လိုပြော လိုက်သတုံးဆိုတော့ ခန္ဓာငါးပါးကို ချုံးလိုက်ကြဦးစို့ဟေ့ ဆိုတော့ ရုပ်နဲ့နာမ်ပဲရှိတယ်လို့ မပြောဘူးလား (ပြောပါ တယ်)၊ ခန္ဓာငါးပါး ချုံးလိုက်တော့ ဘာရှိသတုံး (ရုပ်နဲ့နာမ်ပဲ ရှိပါတယ်)၊ ရုပ်နဲ့နာမ်ပဲ ရှိတယ်လို့ တစ်ခါပြောလိုက် တယ်။
အနိစ္စသာ ရှိတယ်
ရုပ်နဲ့နာမ်ပေမယ့်လည်း ဒကာ ဒကာမတို့ ပြင်ပြီး ချုံးလိုက်ပါဦးလို့ဆိုတော့ ဒကာ ဒကာမတွေ မနေ့က သင် ထားတဲ့အတိုင်း ဪ ရုပ်ဟာလည်း အနိစ္စ၊ နာမ်ဟာလည်း အနိစ္စဆိုတော့ အနိစ္စသာရှိတယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲ-သတိထားပြီး ပညာနဲ့ ကြည့်ပြီဆိုမှဖြင့် ခန္ဓာက ဘာမှမပြောဘူး မောင်ထွန်းလှိုင် အနိစ္စပဲ ပြောမယ် (မှန်ပါ့ဘုရား)၊ ဦးခင်မောင် ဘာပြောမယ်ထင်တုံး (အနိစ္စပြောပါမယ် ဘုရား)။
ခန္ဓာက အနိစ္စပဲ ပြောလို့ရှိရင်ဖြင့် ကျုပ်တို့က ဪ အနိစ္စပေမယ်လို့ ပညာနဲ့ လိုက်ပေးရမယ် (မှန်ပါ့)၊ ခန္ဓာဟာ သတိထား ပညာနဲ့ ကြည့်လိုက်လို့ရှိရင်ဖြင့် အနိစ္စပဲလို့ ခန္ဓာက ပြောပါလိမ့်မနော် (မှန်ပါ့)။
အဲဒီခန္ဓာက ပြောတာကို ခန္ဓာငါးပါးက ရုပ်နဲ့နာမ်နဲ့ပဲ ထားပါတော့၊ ရုပ်နဲ့နာမ်သည်ကားလို့ဆိုရင် ချုံးလိုက် တဲ့အခါကျတော့ ဖြစ်ပျက်ပဲရှိတယ်နော် (မှန်ပါ့)၊ ရုပ်မှလည်း ဖြစ်ပြီးပျက်တာပဲ၊ နာမ်မှာကော (ဖြစ်ပြီးပျက်တာပဲ)၊ ဒါပဲရှိတယ်ဆိုတာ သဘောကျပလား (မှန်ပါ့)။
ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက စောင့်ပြီးကြည့်နေတဲ့အခါကျလို့ရှိရင် သတိကလေးနဲ့ စောင့်ထား၊ သတိ ကလေးနဲ့ စောင့်ထားတဲ့အခါကျတော့ ပညာနဲ့ ကြည့်လိုက်။
သတိနဲ့ စောင့်ကြည့်တဲ့အခါကျတော့ ခန္ဓာကြီးက ယားသလိုလို ယံသလိုလို ရွေ့ချင်သလိုလို ပြောင်းချင်သလို လို စိတ်ကလေးတွေကော မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ပေါ်ပြီးတော့ကော ဒါကလေးဟာ အမြဲခိုင်ခံ့ တည်တံ့မှာလား (မတည်တံ့ပါဘူး)၊ အမြဲခိုင်ခံ့ မတည်တံ့တော့ ဦးခင်မောင်တို့ ပျက်စီးမသွားပေဘူးလား (ပျက်စီးသွားပါတယ် ဘုရား)။
ပျက်စီးသွားတဲ့အခါကျတော့ကို သတိထားတဲ့ပုဂ္ဂိုလ်ဖြင့် ပညာနဲ့ကြည့်လို့ရှိရင် ပျက်စီးတာကို ပညာက သိပါ တယ် (မှန်လှပါ)၊ သတိမထားတဲ့ပုဂ္ဂိုလ်မှာ ခလုတ်တိုက်လို့ သွေးထွက်သွားတာတောင်မှ လမ်းမှာ သွေးထွက်သွားတာ တောင်မှ ဦးခင်မောင် အိမ်ကျမှ သိတယ် (မှန်လှပါ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတွေ-
သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ၊
သမ္ပဇာနကာရီ၊ အယံ ဝေါ အမှာကံ အနုသာသနီလို့
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆုံးမထားတဲ့အတွက် ဒကာ ဒကာမတို့သည် ဒီခန္ဓာကြီးကို သေသေချာချာ စိုက်ပြီးသကာလ ကြည့်ပါ၊ သတိထားနေပါ။
သတိထားပြီးသကာလ နေတုန်းမှာပဲ ဟိုကယား ဒီကယံ ဒီကနာ ဟိုစိတ်တွေပေါ် ဒီစိတ်တွေပေါ်၊ ပေါ်လာတာ ဟူသ၍ ပျောက်ပျက်ချည်းမှတ်။
မဂ္ဂင်ငါးပါးနဲ့ ကြည့်ပေး
အဲဒီပျက်တာကလေးကို ဒကာ ဒကာမတွေက နောက်ကမဂ်နဲ့ ကြည့်ပေးပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မဂ်နဲ့ ကြည့်ပေးလိုက်ဆိုတာ မဂ္ဂင်ငါးပါးနဲ့ ကြည့်ပေးလိုက်တာပေါ့ (မှန်ပါ့)။
ရှုတယ်လို့ဆိုလို့ရှိရင် ခင်ဗျားတို့ လောကီမဂ်ရပြီလို့ အောက်မေ့ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ရှုတယ်ဆိုရင် ပဲ (လောကီမဂ် ရပြီ)။
လောကီမဂ် ရပြီဆိုတော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ပါးပါး ရတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံးဆိုတော့ ဟောဒီသတိကလည်း စိုက်ထားလို့၊ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာက လည်း မြင်ပါတယ်၊ မြင်တော့ ဒီခန္ဓာကိုယ်ကြီးဟာ အနိစ္စရှိလို့ အနိစ္စပေါ်လာတာပဲ ဦးခင်မောင်ရေ (မှန်လှပါဘုရား)၊ ဘယ်လိုဆုံးဖြတ်ကြမယ် (အနိစ္စရှိလို့ အနိစ္စပေါ်လာတာပါ ဘုရား)။
အနိစ္စရှိလို့ အနိစ္စပေါ်လာတာ
အနိစ္စရှိလို့ အနိစ္စပေါ်လာတာကို ခင်ဗျားတို့က ယောကျ်ားပေါ်လာလိမ့်မယ်၊ မိန်းမပေါ်လာလိမ့်မယ်၊ ကလေး ပေါ်လာလိမ့်မယ်ဆိုတာလည်း ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ အနိစ္စရှိလို့ ဘာတွေများ ပေါ်လာသတုံး (အနိစ္စပေါ်လာပါတယ်)၊ အနိစ္စရှိလို့ အနိစ္စပေါ်လာတော့ ကျုပ်တို့က အနိစ္စလို့ပဲ သိဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)၊ မဂ္ဂင်ငါးပါး ဘယ်လိုသိဖို့ အရေးကြီးပါလိမ့် (အနိစ္စလို့ သိဖို့ အရေးကြီးပါတယ်)၊ အနိစ္စလို့ပဲ သိဖို့ အရေးကြီး ပါတယ်ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အနိစ္စရှိလို့ အနိစ္စသိရင်ဖြင့် ဒီက အနိစ္စ ဒီဘက်က မဂ္ဂဆိုတာ ဆုတောင်းလို့ ရတာလား မဂ္ဂင်ငါးပါးနဲ့ စောင့်ကြည့်လို့ ရတာလား (စောင့်ကြည့်လို့ ရတာပါ ဘုရား)၊
စောင့်တာက သတိ၊ ကြည့်တာက ပညာ
ဪ မဂ်ဆိုတာ ဘာပါလိမ့်မတုံး လို့ မေးတော့မှ စောင့်တာက သတိ၊ ကြည့်တာက ပညာ (မှန်ပါ့)။
စောင့်တာက (သတိပါဘုရား)။
ကြည့်တာက (ပညာပါဘုရား)။
ဒါဖြင့် စောင့်ကြည့်တဲ့အခါကျတော့ ဘာတွေ့ပါလိမ့် (အနိစ္စ တွေ့ပါတယ် ဘုရား)၊ ခြေတွေ လက်တွေ နား တွေ နှာခေါင်းတွေ တွေ့သလား တဲ့၊ မျက်လုံးမှိတ်ရှု ခြေ လက် နား နှာခေါင်း မတွေ့ဘူး၊ ဖြစ်ပျက်ပဲ တွေ့မယ် (မှန်ပါ့ ဘုရား)၊ မျက်လုံးမှိတ်ကြည့်ရမယ်နော် (မှန်ပါ့)၊ မျက်လုံးမှိတ်ကြည့်တော့ ဘာတွေတွေ့ပါ့မယ် (ဖြစ်ပျက်တွေ့ပါ မယ်)၊ ဖြစ်ပျက်ပဲ တွေ့မယ်၊ ဖြစ်ပျက်ဟာ ပါဠိလိုသုံးတော့ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ ပါဠိလိုသုံးတော့ အနိစ္စ။
အနိစ္စက အနိစ္စ၊ သိတာက မဂ္ဂ
ဒါဖြင့် ခန္ဓာသည် ဦးခင်မောင်တို့ မောင်ထွန်းလှိုင်တို့ အနိစ္စရှိ၍ အနိစ္စပြတာ (မှန်လှပါ ဘုရား)။
အနိစ္စရှိတာနဲ့ (အနိစ္စပြတာပါ ဘုရား)။
အနိစ္စရှိလို့ အနိစ္စပြတဲ့အခါကျတော့ကိုတဲ့ အနိစ္စ ကျုပ်တို့က သိပေးလိုက်လို့ရှိရင်ဖြင့် အနိစ္စက အနိစ္စ၊ သိတာ က မဂ္ဂဆိုတာ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
အနိစ္စက (အနိစ္စပါ ဘုရား)။
သိတာက (မဂ္ဂပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ တရားတစ်ပွဲလုံး ဖြေပါ၊ အကုန် နှုတ်တိုက်မှန်အောင် လုပ်ရမှာ (မှန်ပါ့)၊ နှုတ် တိုက် မှန်အောင် လုပ်ရမှာ၊ ပျင်းပျင်းရိရိ မနေနဲ့၊ ဒါမှ မလုပ်ဖြစ်တော့ အနိစ္စရှု၍ အနိစ္စမသိဘူးဆိုရင်ဖြင့် သေသွား တဲ့ပုဂ္ဂိုလ်မှာ စုံလုံးကန်း သေသွားတယ်လို့ အောက်မေ့ရမယ် (မှန်ပါ့)။
သေသွားတဲ့ပုဂ္ဂိုလ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (စုံလုံးကန်း သေသွားပါတယ်)၊ ဘာပြုလို့တုံး ကိုယ့်ရှိတာ ကိုယ်မသိဘဲနဲ့ သေသွားလို့ (မှန်ပါ့)၊ ရှင်းပြီနော် (မှန်ပါ့)၊ ကိုယ့်ရှိတာကို (ကိုယ်မသိဘဲ သေသွားလို့)။
စုံလုံးကန်း မသာပါ
ဒါဖြင့် ဒီမသာကို ဘာမသာခေါ်ကြမလဲ (စုံလုံးကန်း မသာ)၊ စုံလုံးကန်း မသာဖြစ်မှာစိုးလို့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက သတိပေးနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။
ဒါ ခပ်ကြမ်းကြမ်းပြောတယ်လို့ မအောက်မေ့လိုက်ပါနဲ့၊ ကိုယ့်အဖြစ်ဆိုးတာက ဒီထက်ကြီးတယ် အောက်မေ့ ပါ (မှန်ပါ့)၊ ကိုယ့်အဖြစ်ဆိုးတာ (ဒီထက်ကြီးပါတယ် ဘုရား)၊ ဒီထက်ကြီးတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ နားကြီးကြီးနဲ့ နာကြပါ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျက်စိနှစ်ကွင်း အလင်းရပြီး သေစေချင်လို့ ဒီတရားကို ဟောနေတယ်ဆိုတာကော ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒီအတိုင်းသာ ဦးခင်မောင် သေသွားကြမယ်၊ အနိစ္စရှိလျက် အနိစ္စမသိဘဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်မှာ စုံလုံးကန်း မသာဘဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒီမျက်လုံးက ပွင့်ဦးမှာလား
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ရှင်တုန်းက ပွင့်မသွားဘူးဆိုတော့ သေပြီး ဟိုဘက်ဘဝ ရောက်သွားပြန်တော့ ဒီမျက်လုံး က ပွင့်ဦးမှာလား (မပွင့်ပါဘူး ဘုရား)။
ဒါဖြင့် သူ သွားမိသွားရာ သွားမယ် (မှန်လှပါ)၊ မသွားပေဘူးလား (သွားပါတယ်)၊ ဒီဘဝလည်း သွားမိသွား ရာ သွားမှာပဲ (မှန်ပါ့)၊ ဟိုဘဝကော (သွားမိသွားရာ သွားမယ်)။
အဲဒီတော့ ခင်ဗျားတို့သည် မျက်လုံးမပါတဲ့ တိရစ္ဆာန်၊ တီကောင်သွား သွားသလို ဖြစ်လိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာသွား သွားသလိုဖြစ်မှာလဲ (တီကောင်သွား သွားသလိုဖြစ်ပါမယ်)၊ တီကောင်ဟာ ဟိုနားက ကြက်ကစောင့်နေတယ် ဦးခင်မောင်ရ အဲဒီပဲ တွန့်လိမ်တွန့်လိမ်နဲ့ မသွားဘူးလား (သွားပါတယ် ဘုရား)၊ သွားတော့ ဟိုက ကောက်မစားပေဘူးလား (စားပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားပါ ဒါကို၊ ဪ မျက်လုံးမပါတဲ့ သတ္တဝါများဖြစ်ရမှာ ကြောက်စရာ ကောင်းလိုက်တာ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ မျက်လုံးမပါတဲ့ သတ္တဝါဖြစ်ရမှာ (ကြောက် စရာကောင်းပါတယ်)။
အဲ ခင်ဗျားတို့လည်း အရှိကိုသိတဲ့ အသိဉာဏ်နဲ့ သေမသွားကြဘူးဆိုလို့ရှိရင်ဖြင့် နောက်ဘဝလည်း ခင်ဗျားတို့ ဇာတိဘေးကစ၍ သင့်မှာပဲ၊ မသင့်ပေဘူးလား (သင့်ပါတယ်)။
ဇရာဘေးကော (သင့်ပါတယ်)။
ဗျာဓိဘေးကော (သင့်ပါတယ်)။
မရဏဘေးကော (သင့်ပါတယ်)။
အဲဒီဘေးတွေဟာ တစ်ခါသင့်ပြီးတော့ ပြီးတော့တာပဲလား၊ နောက်ဇာတိဘေး ပြန်သင့်ဦးမှာပဲလား (သင့်ဦး မှာပါပဲ ဘုရား)၊ သင့်မှာပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဘယ့်နှယ်ကြောင့် ကျေနပ်ရပါသတုံးဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်ကို ဒီမဂ်နဲ့ မသိတဲ့အခါကျတော့ ဒီဖြစ်ပျက် ခန္ဓာကြီးကိုပဲ ခင်တဲ့တဏှာက မလာပေဘူးလား (လာပါတယ် ဘုရား)၊ ခင်တဲ့ တဏှာက လာတဲ့အခါကျတော့ တဏှာ ဥပါဒါန်ကံတွေက ဒကာ ဒကာမတွေ ငြင်းဆန်လို့ ရသေးရဲ့လား (မရပါဘူး)၊ ဒီတဏှာ ဥပါဒါန်ကံလာလို့ရှိရင် ဇာတိ ဇရာ မရဏတွေက မိုးမွှန်အောင် မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီဘဝ ဇာတိ ဇရာ မရဏ ပြီးပါလျက်သားနဲ့ ဟိုဘဝ ဇာတိ ဇရာ မရဏတွေ ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံး မေးတော့မှ ဦးခင်မောင်ရေ ဒီဘဝမှာလည်း စုံလုံးကန်း ဖြစ်သွား၊ စုံလုံးကန်းသေလို့ နောက်ဘဝလည်း စုံလုံးကန်းဖြစ်ချင်သလို ဖြစ်ရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
စုံလုံးကန်း သေသွားတော့
ဒီဘဝ ဘယ်လိုသေသွားသတုံး (စုံလုံးကန်း သေသွားပါတယ်)၊ စုံလုံးကန်း သေသွားတော့ကို တဏှာ ဥပါဒါန် ကံတွေကချည်း နိုင်သလို မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ ဖြစ်ရတဲ့အခါကျတော့ ဟိုဘက်မှာ ဘာခန္ဓာဖြစ်သွားသတုံး လို့ မေးတော့ စုံလုံးကန်းခန္ဓာ ဖြစ်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာခန္ဓာ ဖြစ်သွားသတုံး (စုံလုံးကန်း ခန္ဓာ ဖြစ်သွားပါတယ်)။
အို၊ နာဆီ ရောက်ပါတယ်
ဒါနဲ့ စုံလုံးကန်းခန္ဓာဖြစ်တော့ ဟိုဘက်မှာ အို၊ နာ၊ သေဘေးထဲ သူ မဆင်းဘူးလား (ဆင်းပါတယ်)၊ သူသွား တုန်းကလည်း အို၊ နာဆီက သွားတယ် (မှန်လှပါ ဘုရား)၊ နောက် သူရောက်တဲ့နေရာကကော (အို၊ နာဆီ ရောက် ပါတယ် ဘုရား)။
ဒါဖြင့် အို၊ နာဆီက လာပြီး အို၊ နာဆီပဲ သွားတယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်မျိုးတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သတိပညာနဲ့ အရှိကို သိမသွားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဘာပါလိမ့်မလဲ (သတိ ပညာနဲ့ အရှိကို သိမသွားတဲ့ပုဂ္ဂိုလ်ပါ)၊ သတိပညာနဲ့ အရှိကို သိမသွားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ခင်ဗျားတို့ အခု သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ စီးပွားရေး ဖြောင့်နေတာ ဘုန်းကြီးတို့ အင်မတန် ဝမ်းသာပါတယ်။
အင်မတန် ဝမ်းသာပါတယ် ဒကာ ဒကာမတွေ ကျန်းကျန်းမာမာနဲ့ ကိုယ့်စီးပွားရေးကလေးနဲ့ ကိုယ်နဲ့ ကိုယ့် သား ကိုယ့်သမီးနဲ့ နေကြထိုင်ကြတာတွေ ဪ သူတို့ ကံကောင်းတယ်ဆိုတာ ဝမ်းသာပါတယ်၊ မျက်လုံးပေါက် ပိတ်နေတာတော့ ဝမ်းနည်းတယ် (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကံကောင်းတာတော့ (ဝမ်းသာပါတယ် ဘုရား)၊ မျက်လုံးပေါက်ပိတ်နေတာတော့ (ဝမ်းနည်းပါတယ်)။
ဒေဝီဠရသေ့လို ဖြစ်နေတယ်
အဲဒီတော့ ခင်ဗျားတို့ဟာက ဒေဝီဠရသေ့ကြီးလို ဖြစ်နေတယ်၊ ဒေဝီဠရသေ့ကြီးဟာ ဘုရားအလောင်းကလေး ပြလိုက်တဲ့အခါကျတော့ ငိုလည်းငိုတယ်၊ ရယ်လည်းရယ်တယ်ဆိုသလို ကျနေပြီ၊ မကျဘူးလား (ကျပါတယ် ဘုရား)။
ခင်ဗျားတို့လည်း သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ လူ့ဘဝကြီးရနေတော့ ဘုန်းကြီးများက ဝမ်းမသာရပေဘူးလား (သာရပါတယ်)၊ မျက်လုံးပေါက် ပိတ်နေတဲ့အတွက် ဘယ့်နှယ်ဖြစ်နေသလဲ (ဝမ်းနည်းပါတယ်)။
အဲဒီတော့ ခင်ဗျားတို့က ဆရာသမားလည်း အစအဆုံး ဝမ်းသာရအောင် ကိုယ့်ကိုယ်လည်း နစ်မွမ်းမသွားရ အောင် ဆိုလို့ရှိရင်ဖြင့် လူ့ဘဝနဲ့ သာသနာတွင် ကြုံတဲ့အခါမှာ ဒီအရှိနဲ့အသိ ကိုက်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုလုပ်ရမယ် (အရှိနဲ့အသိ ကိုက်အောင် လုပ်ရပါမယ်)။
အရှိနဲ့ အသိ ကိုက်အောင် လုပ်ပါ
အရှိနဲ့အသိ ကိုက်အောင်လုပ်ပါလို့ဆိုတာကို များများတိုက်တွန်းတဲ့နေ့လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဘယ်လိုလုပ်ရမှာတုံး (အရှိနဲ့အသိ ကိုက်အောင်လုပ်ရမှာပါ)။
အရှိနဲ့အသိဆိုတဲ့ဥစ္စာ အရှိက ခန္ဓာအရှိက အနိစ္စပဲလို့ဆိုတာ သဘောကျပလား (မှန်ပါ့)၊ ခန္ဓာအရှိက (အနိစ္စ ပါ ဘုရား)၊ အနိစ္စသာ ရှိတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကျေနပ်ပါတော့ (ကျေနပ်ပါပြီ)၊ မျက်လုံးမှိတ်သာကြည့် ပေါ်လာတဲ့ တရားကလေးက ပျောက်သွားတာပဲ (မှန်ပါ့)၊ ပေါ်လာတဲ့တရား မပျောက်တဲ့နေရာကော ရှာတွေ့ရဲ့လား (မရှိပါဘူး)၊ မရှိပါဘူးဆိုတာ သေချာပလား (သေချာပါပြီ)။
အဲဒါ ခင်ဗျားတို့က ကျောပေးပြီး နေတယ် (မှန်ပါ့)၊ ခန္ဓာကတော့ ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက် ပျက်လိုက် ပါပဲ ခင်ဗျားတို့က ဆရာနည်း မမှီးတော့ ကိုယ်ကိုယ်တိုင်ကလည်း သတိပညာကလည်း မပါတော့ မြင်ကိုမမြင်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မြင်သေးရဲ့လား (မမြင်ပါဘူး)။
ကိုယ့်ခန္ဓာမှ ကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်
မမြင်တော့ ခင်ဗျားတို့သည် ကိုယ့်ခန္ဓာမှ ကိုယ်မမြင်တဲ့ပုဂ္ဂိုလ်ဟာ သူများခန္ဓာကော မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ ကိုယ့်ခန္ဓာမှ ကိုယ်မမြင်တဲ့ပုဂ္ဂိုလ် ဦးခင်မောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (မမြင်ပါဘူး)၊ သူများခန္ဓာကော (မမြင်ပါဘူး)။
သူများခန္ဓာလည်း မမြင်ဘူးတဲ့၊ မမြင်တော့ တပည့်တော်တို့မျက်လုံးဟာ ဘုရား ဘာမျက်လုံးဖြစ်နေသတုံး အို ဒကာ ဒကာမတို့ သူများပြောသံကြား ခင်ဗျားတို့ အရုပ်မြင်နေတာက သူများပြောသံကြား မြင်နေတာ။
ယောကျ်ားရှိတယ် မိန်းမရှိတယ် ကလေးရှိတယ်ဆိုပြီး သူများပါးစပ် လမ်းဆုံးပြီး မြင်နေရတာပါ၊ ကိုယ့်အမြင် နဲ့ ကိုယ့်မျက်စိမြင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။
ဒါဖြင့် သူများတို့က လမ်းခင်းလို့ မြင်တဲ့အမြင်ကိုဖြင့် သူများပြောသံ ကြားတာပါဗျာ၊ ကျုပ်တော့ မပြောတတ် ပါဘူးဆိုတာ ခင်ဗျားတို့ ပြန်သုံးမှာပဲ (မှန်လှပါ ဘုရား)၊ မသုံးပေဘူးလား (သုံးပါတယ် ဘုရား)၊ အင်မတန် မနစ်နာ ပေဘူးလား (နစ်နာပါတယ် ဘုရား)။
သူများပါးစပ် လမ်းမဆုံးပါနဲ့
အဲဒါကြောင့် ဆရာဘုန်းကြီးက ယခု ဒီ ဒကာ ဒကာမတွေ ကယ်တင်နေတယ်၊ ကိုယ့်အရှိနဲ့ ကိုယ့်အသိ ကိုက်ကြပါစေ၊ သူများပါးစပ် လမ်းမဆုံးပါနဲ့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ့်အရှိနဲ့ (ကိုယ့်အသိ ကိုက်ပါစေ)၊ ကိုယ့်အရှိနဲ့ ကိုယ့်အသိ ကိုက်ကြပါစေ၊ သူများပါးစပ် (လမ်းမဆုံးကြပါစေနဲ့)။
အဲဒီတော့ ခင်ဗျားတို့ တစ်သံသရာလုံးဟာ ယောကျ်ားဖြစ်ရပါလို၏၊ မိန်းမဖြစ်ရပါလို၏၊ ဆုတွေတောင်းနေတာ ကိုယ့်ဉာဏ်နဲ့ တောင်းတာလား သူများပါးစပ် ပြောသံကြားနဲ့ တောင်းတာလား (သူများပါးစပ် ပြောသံကြားနဲ့ တောင်းတာပါ ဘုရား)၊ ယောကျ်ားဟာ ဖြစ်ပျက် ဒုက္ခသစ္စာပါလို့ သိလို့ရှိရင် ခင်ဗျားတို့ တောင်းရမယ်၊ မိန်းမဟာ ဖြစ်ပျက်ဒုက္ခသစ္စာပါလို့ သိရင်လည်း တောင်းရမယ် (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ပါးစပ် တောင်း-တောင်းနေတဲ့ဆုတွေ ပြောနေတဲ့စကားတွေဟာ ကိုယ့်ဉာဏ်လား သူများ ပါးစပ်မှာ လမ်းဆုံးနေတာလား (သူများပါးစပ်မှာ လမ်းဆုံးနေတာပါ ဘုရား)၊ အဲဒါ တစ်သံသရာလုံးက ရှုံးခဲ့တဲ့ဥစ္စာ အရှိနဲ့အသိ မကိုက်ခဲ့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
တစ်သံသရာလုံးက ဒကာ ဒကာမတွေ ဒီအတိုင်းနေခဲ့တဲ့ဥစ္စာဟာ ဘာပါလိမ့် (အရှိနဲ့အသိ မကိုက်လို့ပါ ဘုရား)၊ အရှိနဲ့အသိ မကိုက်ခဲ့တာလို့ ဦးခင်မောင်တို့ မောင်ထွန်းလှိုင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဘဝမှာ မျက်လုံးဖွင့်ပေးတဲ့ပုဂ္ဂိုလ်လည်း ရှိပြန်၊ ဒို့ဖြင့် ဒီဘဝ မျက်လုံးကန်းအဖြစ်မှ လွတ်ပြီးသကာလ နောက်ကိုဖြင့် ချောက်တွေ ကျင်းတွေ။ ဇာတိချောက် ဇရာချောက် မရဏချောက်တွေ ကျစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် မျက်လုံးအမြင်ကလေး ဂရုစိုက်စမ်းပါဆိုတာ လေးစားစွာနဲ့ ဒကာ ဒကာမတွေကို မေတ္တလည်း ရှေ့ထား ပါတယ်။ သိလည်း အင်မတန် သိစေချင်ပါတယ်ဆိုတဲ့ စိတ်ထားနဲ့ ဟောနေတယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် တပည့်တော်တို့ အရှိနဲ့အသိ ကိုက်ဖို့ အရေးအကြီးဆုံးပေါ့ဘုရားလို့ တရားတစ်ပွဲလုံးက ဆိုနိုင်မလား (ဆိုနိုင်ပါတယ်)၊ ဘာနဲ့ ဘာကိုက်ဖို့ အရေးကြီးသလဲ (အရှိနဲ့အသိ ကိုက်ဖို့ အရေးကြီးပါတယ် ဘုရား)၊ ခန္ဓာထဲမှာ ဘာရှိသလဲ (ရုပ်နဲ့ နာမ်ပဲ ရှိပါတယ်)။
ခင်ဗျားတို့က ယောကျ်ားရယ်လို့ မသိပါနဲ့၊ မိန်းမရယ်လို့ မသိပါနဲ့၊ လင်သားရယ်လို့ မသိပါနဲ့၊ ခန္ဓာရယ်လို့ မသိပါနဲ့၊ အနိစ္စရယ်လို့ သိပါ၊ သဘောကျပလား (မှန်ပါ့)၊ ယောကျ်ားရယ်လို့ မသိပါနဲ့နော် (မှန်ပါ့)၊ မိန်းမရယ်လို့ကော (မသိပါနဲ့)၊ ဘာရယ်လို့ သိရမတုံး (အနိစ္စလို့ သိပါ)။
အနိစ္စရှိလို့ အနိစ္စသိလို့ရှိရင် သံသရာပြတ်ပါတယ်
ဒါဖြင့် အနိစ္စရှိလို့ အနိစ္စ၊ ဒါသိလို့ရှိရင် သံသရာပြတ်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အနိစ္စရှိ၍ (အနိစ္စသိရင် သံသရာပြတ်ပါတယ်)၊ သံသရာပြတ်ပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါ တယ်)။
အဲဒီတော့ ခင်ဗျားတို့ကလည်း မွေးကတည်းက အမေ-အဖေနဲ့တကွ အားလုံးက သင်ထားတာကလည်း ဟော ဒါ နင့်မောင်၊ ဟောဒါ နင့်ဖား၊ ဟောဒါ နင့်ခင်ပွန်းသည်၊ ဟောဒါက နင်ကမွေးထားတဲ့သား၊ ဟောဒါက နင်ကြီးလာ လို့ မြေးရတာလို့ သူများပြောသံကြားပဲ ဦးခင်မောင်ကြီး လမ်းဆုံးနေတယ် (မှန်လှပါ ဘုရား)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့် ခန္ဓာကိုယ်ကို အသိက မလာဘူး (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ)။
အဲ သူများပြောသံကြား လမ်းဆုံးလို့ ခင်ဗျားတို့ အခုချောက် အကြီးအကျယ် ကျနေတာကော ပေါ်ကြ ပလား (ပေါ်ပါပြီ)။
သူများပြောသံကြား လမ်းဆုံးတာနဲ့ ဥပမာ- အိမ်ကယောကျ်ားဆို မိန်းမရှိမှ မိန်းမဆို ခင်ပွန်းသည် အစောင့် အရှောက်ရှိမှဆိုတာနဲ့ အဲဒီလို ပါးစပ်နားထောင်မိလိုက်တာ ခုထက်ထိ ဒဏ်ရာပျောက်ကြပလား (မပျောက်သေးပါ ဘုရား)၊ နေ့တိုင်း ဘာနဲ့နေရသလဲ (သူများပါးစပ်ပြောနဲ့ချည်း နေရပါတယ်)။
သူများပါးစပ် လမ်းဆုံး
အဲဒါ ဘယ်သူ့ပါးစပ် လမ်းဆုံးသလဲ (သူများပါးစပ် လမ်းဆုံးပါတယ်)၊ အဲဒါ တစ်သံသရာလုံးကပဲ အိမ်ထောင် မသာယာတဲ့ ဘဝရယ်လို့ မရှိခဲ့ကြဘူးလား (မှန်ပါ့ ဘုရား)၊ တိရစ္ဆာန်ဖြစ်လည်း တိရစ္ဆာန်ဉာဏ်နဲ့ လာခဲ့ကြတာ ဘာ တွေက လမ်းဆုံးနေပါလိမ့် (သူများပါးစပ် လမ်းဆုံးနေပါတယ် ဘုရား)၊ ဒါဖြင့် အခုမျှော်ကြည့် အရှိနဲ့အသိ ကိုက်ခဲ့တဲ့ ဘဝ ပါပါရဲ့လား (မပါပါဘူး ဘုရား)၊ အခုမျှော်ကြည့်လည်း ကိုက်ခဲ့တဲ့ဘဝ မပါသောကြောင့် ခုထက်တိုင်တိုင် ကိုယ် ကျိုးနည်းတုန်းပဲ (မှန်လှပါ ဘုရား)၊ ဆိုနိုင်ကြသလား (ဆိုနိုင်ကြပါတယ်)၊ ခုထက်တိုင်တိုင် ဘာဖြစ်နေတုံး (ကိုယ်ကျိုး နည်းနေပါတယ်)၊ ခုထက်တိုင်တိုင် ကိုယ်ကျိုးနည်းနေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အရှိနဲ့အသိ ကိုက်အောင်လုပ်ပါဆိုတော့ဖြင့် ရှေ့ပိုင်းက ဝိပဿနာအလုပ်အစစ်ကို ရှုနည်းကို သင်ပေးပါ့မယ်နော် (မှန်ပါ့)။
ရှုနည်းကို သင်ပေးမယ်
ရှုနည်းကို သင်ပေးမယ်ဆိုတော့ ဒကာ ဒကာမတွေ ဒီနေ့စိတ်ကိုပြောင်းပြီ၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ်ရှုရ မယ်လို့ ဆရာဘုန်းကြီးကလည်း လမ်းခင်းခဲ့တယ်နော် (မှန်ပါ့ ဘုရား)၊ ဒီနေ့ ဘာပြမယ်ထင်ကြလဲ (စိတ္တာနုပဿနာ)၊ စိတ္တာနုပဿနာပြလိမ့်မယ် ဒကာ ဒကာမတို့၊ ဒီနေ့ ဘာပြလိမ့်မယ် ထင်သတုံး (စိတ္တာနုပဿနာ ပြပါလိမ့်မယ်)၊ စိတ္တာနုပဿနာ ပြမယ်၊ ဆရာဘုန်းကြီးက တစ်နေ့ကတော့ ဝေဒနာနုပဿနာ ပြတယ်။
အဲဒီ ဝေဒနာနုပဿနာက ဒကာ ဒကာမတို့ တဏှာစရိုက်များတဲ့ပုဂ္ဂိုလ် ဝေဒနာရှုပါ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တဏှာစရိုက်များတဲ့ပုဂ္ဂိုလ် ဘာရှုရမယ် (ဝေဒနာရှုရပါမယ် ဘုရား)။
ကောင်းပြီ ကျုပ်တို့တော့ ရတဲ့ဥစ္စာ အရေးမကြီးဘူး။ ကိုယ့်သား ကိုယ့်သမီးနဲ့ မခွဲရပြီးတာပဲ ဒါကဒိဋ္ဌိအားကြီး တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကိုယ့်ကိုယ် ပင်ပန်းမှာစိုးနေတဲ့ပုဂ္ဂိုလ် ကိုယ့်ကိုယ်ကိုယ် ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးက ကိုယ့် ကိုယ်တော့ဖြင့် အထိမခံနိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ မှတ်ထားပါ။ ကိုယ့်ကိုယ်ကိုယ် အထိမခံနိုင်ဘူးဆိုတာ က ဒိဋ္ဌိများတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် တဏှာများတဲ့ပုဂ္ဂိုလ်မှာ ဦးခင်မောင် မှတ်လိုက်စမ်း၊ ဝေဒနာနုပဿနာရှု (မှန်ပါ့)၊ ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှုရမယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒါကလေးနှစ်လုံးတော့ မှတ်ထားလိုက်စမ်းပါ၊ လောဘ အင်မတန်အားကြီးတဲ့ပုဂ္ဂိုလ်များ ဘာရှုရမယ် (ဝေဒနာနုပဿနာ ရှုရပါမယ်)။
ဝေဒနာနုပဿနာ ရှုရမယ်နော် (မှန်ပါ့)၊ ဒိဋ္ဌိအင်မတန်များတဲ့ ပုဂ္ဂိုလ်များ (စိတ္တာနုပဿနာ ရှုရမယ်)။
စိတ္တာနုပဿနာ ရှုရမယ်ဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ စိတ္တာနုပဿနာရှုဖို့ နည်းပေးမယ်ဆိုတာ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။
စိတ္တာနုပဿနာ ရှုရမယ်
ကဲ စိတ္တာနုပဿနာ ရှုရလိမ့်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လွယ်ပါတယ်၊ မျက်လုံးနဲ့ မြင်တဲ့ အခါ၊ မြင်စိတ်ပဲ၊ ဘာမြင်မြင် မြင်စိတ်ပေါ်တာသာ မှတ်ပေရော့နော် (မှန်ပါ့)။
နားနဲ့ကြားတိုင်းကြားတိုင်း ဘာစိတ်ပေါ်သတုံး (ကြားစိတ်ပေါ်ပါတယ်)။
နှာခေါင်းနဲ့ နံတိုင်းနံတိုင်း (နံစိတ်ပေါ်ပါတယ်)။
လျှာနဲ့ စားတိုင်းစားတိုင်း (စားစိတ်ပေါ်ပါတယ်)။
စားစိတ်ပေါ်တယ်ဆိုတော့ သူ့နေရာနှင့်သူပဲ ဒီနေရာပေါ် ဒီနေရာချုပ်လိမ့်မယ်လို့ မှတ်ထား (မှန်ပါ့)၊ ဒီနေရာ ပေါ်ရင် ဒီနေရာချုပ်လိမ့်မယ်လို့ မှတ်ထားလိုက်စမ်းပါ။
ကိုယ်ပေါ်ကျတော့ ဒကာ ဒကာမတို့ တစ်ခါတလေ ခံသာတဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)၊ အကြိုက် စိတ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ တစ်ခါတလေကျတော့ ကိုယ်ပေါ်မှာ မခံချင်တဲ့စိတ်ကလေး ကော (ပေါ်ပါတယ်)၊ မခံသာတဲ့စိတ်ကလေး (ပေါ်ပါတယ်)၊ “ဒုက္ခသဟဂတံ ကာယဝိညာဏံ သုခသဟဂတံ ကာယ ဝိညာဏ” ဆိုတော့ ကိုယ်ပေါ်မှာ ဧည့်သည်စိတ် ခြောက်စိတ်လို့ မှတ်လိုက်စမ်းပါ၊ ကိုယ်ပေါ်မှာ (ဧည့်သည်စိတ် ခြောက်စိတ်ပါ ဘုရား)။
ဧည့်သည်ဆိုတော့ စောစောစီးစီးမှတ်ထားပါ ဒကာ ဒကာမတို့ တစ်ခါတလေမှ ပေါ်တာ (မှန်ပါ့)။
အပြင်ဧည့်သည် ခြောက်ယောက်
ဒီခြောက်ခုဟာ ဘယ့်နှယ်တုံး (တစ်ခါတလေမှ ပေါ်ပါတယ်)၊ တစ်ခါတလေမှ ပေါ်လာသောကြောင့် သူ့ကို ဘယ့်နှယ်ဆိုမယ် (ဧည့်သည်စိတ်ပါ ဘုရား)၊ ဧည့်သည်စိတ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။
ကောင်းပြီ ဧည့်သည် ဘယ်နှစ်ယောက်ပါလိမ့် (ခြောက်ယောက်ပါ ဘုရား)၊ အဲဒါ ပြင်ဘက်မှာပေါ်တဲ့အတွက် အပြင်ဧည့်သည် ခြောက်ယောက်လို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)၊ အပြင်ဧည့်သည် (ခြောက်ယောက် ပါ ဘုရား)၊ ဒါ အလုပ်သင်နေတာနော် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာဟောနေတာပါလိမ့် (အလုပ်သင်နေတာပါ ဘုရား)၊ အလုပ်သင်နေတာတဲ့။
အလုပ်မပါရင် နိဗ္ဗာန်မရောက်ဘူးဆိုတာသိနေလို့ (မှန်ပါ့)၊ ခင်ဗျားတို့ အလုပ်မပါလို့ရှိရင် ခန္ဓာအစဉ်က ပြတ်ပါ့မလား (မပြတ်ပါဘူး ဘုရား)၊ ခန္ဓာအစဉ်မပြတ်ရင် နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ စိတ္တာနုပဿနာ စသင်တယ်၊ ပြီးတော့မှ ဝစ္ဆကို ဆက်ပြောပါမယ် (မှန် ပါ့ ဘုရား)၊ ကိုင်း အပြင်ဧည့်သည် ဘယ်နှစ်ယောက်ပါလိမ့် (ခြောက်ယောက်ပါ ဘုရား)။
မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယားစိတ်, ယံစိတ်, ကောင်းစိတ် ဒါ အပြင်ဧည့်သည် ဘယ်နှစ်ယောက် လဲ (ခြောက်ယောက်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ အပြင်ဧည့်သည်က ဧည့်သည်လို့ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒါတွေ တစ်ခါတလေမှပေါ်တဲ့ တရားတွေပါကလားလို့ မှတ်လိုက်ပါနော် (မှန်ပါ့)။
အပြင်ဧည့်သည် စောင့်ရမှာလား ဟောဒီတစ်ခုပေါ်နေရင် ကျန်တဲ့ငါးခု မပေါ်ပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တစ်ခုပဲ ရှုရမှာပဲနော် (မှန်ပါ့)၊ ဦးခင်မောင် ဘယ်နှစ်ခု ရှုရမလဲ (တစ်ခုပဲ ရှုရပါမယ် ဘုရား)။
အတွင်းဧည့်သည်
ကိုင်း ဒါဖြင့် အတွင်းဧည့်သည်ကလေး ဒကာ ဒကာမတွေ ပြောပါဦးမယ် အတွင်းဧည့်သည်က လောဘ ဒေါသ မောဟ ဒါက အတွင်းမှာပေါ်တယ်၊ ဟဒယဝတ္ထု ပေါ်မှာ ပေါ်သောကြောင့် အတွင်းဧည့်သည်လို့ မှတ်လိုက် နော် (မှန်ပါ့)။
အလောဘဆိုတာ ခင်ဗျားတို့ သိဖို့သင့်တယ်၊ အလောဘဆိုတာ ပေးချင်၊ ကမ်းချင်တဲ့ ကုသိုလ်စိတ်၊ အဒေါသ ဆိုတာ မေတ္တာထားတဲ့စိတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီတော့ ဒကာ ဒကာမတွေ အပြင်ဧည့်သည်က ခြောက်ယောက်၊ အတွင်းဧည့်သည်က ဘယ်နှစ်ယောက်ပါလိမ့် (ငါးယောက်ပါ ဘုရား)။
အင်း အတွင်းဧည့်သည်က ငါးယောက်လို့ မှတ်ထားလိုက်စမ်းပါ၊ လောဘ ဒေါသ မောဟ အလောဘ အဒေါသ ရှင်းပလား (ရှင်းပါပြီ)၊ အမောဟ မထည့်ဘူး (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် အမောဟ မထည့်သတုံး ၊ သူက ရှုရမည့်တရား ဖြစ်နေသောကြောင့် မထည့်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အမောဟ မထည့်တာက (သူ က ရှုရမည့်တရားမို့ပါ ဘုရား)၊ ရှုရမည့်တရားဖြစ်နေလို့ သူ့ကို မထည့်သေးဘူးတဲ့။
ဒါဖြင့် ဒကာ ဒကာမတွေ အပြင်ဧည့်သည်က ဘယ်နှစ်ယောက် (ခြောက်ယောက်ပါ ဘုရား)၊ အတွင်းဧည့် သည်က (ငါးယောက်ပါ ဘုရား)။
ကိုင်း ဒါဖြင့် အားလုံးပဲ မှတ်မိအောင် ဒီဥစ္စာ ဒါ ဘာစိတ်ပါလိမ့် (မြင်စိတ်ပါ)။
အားလုံးဆိုကြပါ၊ ဒါဘာတုံး (မြင်စိတ်)။
ဒီဘက်က (ကြားစိတ်)။
ဒီဘက်က (နံစိတ်)။
ဒီဘက်က (စားစိတ်)။
စားစိတ်၊ သဘောကျပလား (မှန်ပါ့)။
ဒါက ယားစိတ်၊ ယံစိတ် (မှန်ပါ့)။
ဒါက ကောင်းစိတ် (မှန်ပါ့)။
ဘယ်နှစ်မျိုးရှိပါလိမ့် (ခြောက်မျိုးပါ ဘုရား)၊ အဲဒီခြောက်ခုကို ဘယ့်နှယ်ခေါ်ကြမယ် (အပြင်ဧည့်သည်ခြောက် ယောက်ပါ)၊ အပြင်ဧည့်သည်ခြောက်ယောက် (မှန်ပါ့)၊ ရှင်းကြပလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒီခြောက်စိတ်ကို ဘယ်လိုခေါ်မယ် (အပြင်ဧည့်သည်ပါ)။
အပြင်ဧည့်သည် ခြောက်ယောက်၊ အပြင်ဘက်မှာ ပေါ်လို့၊ စာနဲ့ မသုံးပါနဲ့တဲ့ ခင်ဗျားတို့ အမြင်နဲ့ သုံး ပါတဲ့၊ စာကတော့ ဒါတွေကို အဇ္ဈတ္တိ ကာယတန ဗာဟီရာယတနလို့ သုံးပစ်လိုက်လိမ့်မယ်နော် (မှန်ပါ့)၊ စာလို မသုံး ပါနဲ့၊ ခင်ဗျားတို့နည်းနဲ့ ခင်ဗျားတို့သညာနဲ့ ခင်ဗျားတို့ ရှုရမှာ ခင်ဗျားတို့ပညာနဲ့ ခင်ဗျားတို့ ရှုရမှာ ဒါတွေဟာ အပြင်ဘက်မှာ ပေါ်တယ်။
ဒါက ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ပေါ်တာက ဒါကလေးက ဘာတုံး (လောဘ)၊ ဒီဟာကလေးက ဘာတဲ့တုံး (ဒေါသပါ ဘုရား)။
ဒီဟာက ဘာတဲ့တုံး (မောဟ)။
ဒီဟာက ဘာပါလိမ့် (အလောဘ)။
ဒီဘက်ကကော (အဒေါသ)။
အလောဘဆိုတာ ခင်ဗျားတို့ပြုတဲ့ ကုသိုလ်စိတ်၊ အဒေါသဆိုတာ ခင်ဗျားတို့ နေ့တိုင်းပို့နေတဲ့ မေတ္တာ (မှန် ပါ့)၊ ဒါကို ဘာခေါ်ပါလိမ့် ၊ အတွင်းဧည့်သည် ငါးယောက်ဆိုတာ သေချာပလား (သေချာပါပြီ)။
အိမ်သည်နှစ်ယောက်
ကောင်းပြီ အိမ်သည်နှစ်ယောက်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)၊ အိမ်သည်က ဘယ်နှစ်ယောက်ပါလိမ့် (နှစ်ယောက်ပါ ဘုရား)။
အိမ်သည်နှစ်ယောက်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြီး ပြောပါတယ်၊ လေကို ထွက်အောင် အားထုတ်တဲ့စိတ် ဟာ အမြဲတမ်းရှိတယ်၊ သူများရှိရင် ကိုယ့်လည်းရှိရမယ် (မှန်ပါ့)၊ လေဝင်အောင် ရှိုက်ယူတဲ့စိတ်ဟာ (အမြဲတမ်း ရှိပါ တယ်)၊ အမြဲတမ်းရှိသောကြောင့်တဲ့ သူတို့နှစ်ယောက်ကတဲ့ အိမ်သည်စိတ်နှစ်ခု (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီနှစ်ခုက ဘာပါလိမ့် (အိမ်သည်နှစ်ယောက်ပါ ဘုရား)။
ဒါဖြင့် အပြင်ဧည့်သည် (ခြောက်ယောက်ပါ)၊ အတွင်းဧည့်သည် (ငါးယောက်ပါ ဘုရား)၊ အိမ်သည် (နှစ်ယောက် ပါ ဘုရား)၊ ဒါကို သေသေချာချာ မှတ်ထား၊ ဒါကို သေသေချာချာ မှတ်ထားကြ ဒကာ ဒကာမတို့ ဒီနေ့သီတင်းနေ့ လည်း ဖြစ်တယ်။
အဲဒီတော့ အခုပြထားတော့ ဒကာ ဒကာမတို့ ၆ နှင့် ၅ ပေါင်းတော့ ဘယ်လောက်တုံး (တစ်ဆယ့်တစ်ပါ ဘုရား)၊ တစ်ဆယ့်တစ်ရယ် နှစ်ရယ်ပေါင်း (၁၁+၂)တော့ (တစ်ဆယ့်သုံးပါ ဘုရား)၊ တစ်ဆယ့်သုံးပဲ ခင်ဗျားတို့ ရှုရ မယ်၊ တစ်ဆယ့်သုံးကို ခုနကပြောခဲ့တဲ့ အမောဟဆိုတာနဲ့ ခင်ဗျားတို့က ဒီကနေပြီးသကာလ ရှုပေးရမယ်၊ မဂ္ဂင်ငါးပါး နဲ့ ရှုပေးရမယ် (မှန်ပါ့)၊ မဂ္ဂင်ငါးပါးဆိုတာ အမောဟ ပြဋ္ဌာန်းတယ်နော် (မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ)။
တစ်ဆယ့်သုံးကို ငါးနဲ့ လိုက်ရမယ်
ဒါဖြင့် တစ်ဆယ့်သုံးကို ငါးနဲ့ လိုက်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တစ်ဆယ့်သုံးကို (ငါးနဲ့ လိုက်ရ မယ်)။
အဲဒီတော့ ဒကာ ဒကာမတွေက အို များလိုက်တာ ဘုရား တစ်ဆယ့်သုံးပေါ်တဲ့ဥစ္စာ တပည့်တော် တို့က ငါးနဲ့လိုက်ရမယ်ဆိုတဲ့ဥစ္စာတော့ ငါးကလည်း ခင်ဗျားတို့ အားထုတ်လို့ရတာ မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဟိုက သစ္စာမြင်လိုက်လို့ရှိရင် ဒီကငါး အလိုလိုဖြစ်နေတာလို့ မှတ်စမ်းပါနော် (မှန်ပါ့)၊ ခင်ဗျားတို့က ငါးလုံးနဲ့ လိုက် ရမယ်ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် တစ်ဆယ့်သုံးရှိတယ် ဒကာ ဒကာမတို့၊ ဟောဒီက တစ်နံပါတ် စပေါ်တယ် ဆိုကြပါစို့ မြင် စိတ်ကလေး စပေါ်တယ်နော် (မှန်ပါ့)၊ မြင်စိတ်ကလေး စပေါ်ရင် မြင်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရမယ်)၊ ဖြစ်ပျက်ရှု၊ အမောဟနဲ့ ရှုရမယ် (မှန်ပါ့)၊ မြင်စိတ်ကလေး ဘာလုပ်ရမယ် (အမောဟနဲ့ ဖြစ်ပျက်ရှုရမယ်)။
ဒါဖြင့် မြင်စိတ်ကလေးက ဖြစ်ပျက် ရှုပြီးသကာလ ဖြစ်ပျက်မဂ်ဆိုတာတော့ တစ်ကြိမ် ကိုက်မသွားဘူးလား (ကိုက်သွားပါတယ် ဘုရား)။
အဲဒီတော့ ကိုက်သွားတဲ့အခါကျလို့ရှိရင် နောက် ဘယ်စိတ်မှ မပေါ်ဘူးဆိုရင် အတွင်းပြန်လှည့်ပါ (မှန်ပါ့)၊ ရှူစိတ်-ရှိုက်စိတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သူတို့နှစ်ခု ပြန်လှည့်ပေး (မှန်ပါ့)။
တစ်ခါ ဒီကြားထဲမှ ဖောက်ပြီးသကာလ ဒကာ ဒကာမတို့က ယားစိတ် ယံစိတ်ကလေး ပေါ်တယ်ဆိုတော့ ကိုယ်ပေါ်လှည့်ရှုလိုက်တာပေါ့ (မှန်ပါ့)၊ ဒီယားတဲ့နေရာ ရှုလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ယားတဲ့နေရာ မှာ ယားတဲ့စိတ်ကလေးဟာ ထိုစိတ်ကလေးဟာ ဖြစ်ပြီး ပျက်တာပဲလို့ ရှုလိုက် (မှန်ပါ့)။
ယားတာ ယံတာ မရှိတော့ဘူး ဘုရား၊ ဘယ်ရှုရမှန်း မသိဘူးဆိုရင် ဒီပြန်ကောက် (မှန်ပါ့)၊ ရှူစိတ် ရှိုက်စိတ် ကို ပြန်ကောက် (မှန်ပါ့)၊ အဲဒီတော့ အအားရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ပင့်ကူဥပမာ
ဒါ့ကြောင့် ဘုန်းကြီးတို့ဟောတဲ့ တရားစာအုပ်ထဲမှာလည်း တွေ့ပါလိမ့်မယ်၊ ပင့်ကူအိမ်ကြီးဟာ ဒကာ ဒကာမ တို့ လမ်းမှာ ခင်ဗျားတို့မြင်ဖူးတဲ့ အဝိုင်းကြီးဆိုတာ မြင်ဖူးတယ်မဟုတ်ဘူးလား (မြင်ဖူးပါတယ် ဘုရား)၊ ပင့်ကူမကြီး က အလယ်ကနေ မစောင့်ဘူးလား (စောင့်ပါတယ်)၊ ဒီမှာလည်း မဂ်က အလယ်ကနေ စောင့်တယ်၊ ဟဒယဝတ္ထုပေါ် ကနေ စောင့်တယ် (မှန်ပါ့)၊ ကြိုးနိမ့်တဲ့ဆီကို ပင့်ကူက မလိုက်ဘူးလား (လိုက်ပါတယ်)၊ ဘာပြုလို့တုံး ဟိုမှာ အကောင်မိနေလို့ (မှန်ပါ့)၊ အဲဒီအကောင်မိတဲ့ဆီ ဦးခင်မောင် ပင့်ကူက လိုက်ပြီး မစားဘူးလား (စားပါတယ်)၊ စားပြီးတော့ ပြန်ထိုင်တယ်၊ အလယ်ပြန်ထိုင်တယ်၊ မထိုင်ဘူးလား (ထိုင်ပါတယ် ဘုရား)။
ဒီမှာလည်း ထို့နည်းအတူပဲတဲ့ ခင်ဗျားတို့ ပေါ်လို့ရှိရင် ပေါ်ရာကို ဖြစ်ပျက်လို့ လိုက်ရှု (မှန်ပါ့)၊ ပြီးတော့မှ ဘယ်မှရှုစရာမရှိရင် အဲဒီအလယ်မှာဆိုတဲ့ ဟဒယဝတ္ထုထဲက လာတဲ့ ထွက်စိတ် ဝင်စိတ်ဆိုတဲ့ အလယ်ကို ပြန်ပြီးတော့ ရှု (မှန်ပါ့)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီကပေါ်လို့ရှိရင် ဒီလိုက်ပေး (မှန်ပါ့)၊ မရှိရင် ဘယ်ပြန်သွားမယ် (ထွက်စိတ် ဝင်စိတ် သွားမယ်)၊ အလယ်ပြန်သွား၊ ထွက်တဲ့စိတ်ကလေးလည်း အနိစ္စပဲ၊ ဝင်ရင် ဝင်တဲ့စိတ်ကလေးလည်း (အနိစ္စပဲ)၊ ထွက်အောင်လုပ်တဲ့ စိတ်ကလေး (အနိစ္စပဲ)၊ ဝင်အောင်လုပ်တဲ့စိတ်ကလေး (အနိစ္စပဲ)။
အင်း ရှုရင်းမတ္တနဲ့ပဲ ရပ်နေပြီးသကာလ ကိုယ်ထဲဝင်တဲ့ လောဘက ဖြတ်ခနဲ ကလေးကလေးက အော်သံ ကြားတာနဲ့ ခင်တဲ့စိတ်ကလေး ပေါ်လာတယ်ဆိုလို့ရှိရင် ဒီပေါ်တဲ့စိတ်ကိုပဲ ရှုပေးပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် မဂ္ဂင်ငါးပါး ဒီကလိုက်ပါဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်၌ ဧည့်သည်တစ်ဆယ့်တစ်ယောက် ပေါ်လို့ရှိရင်လည်း ဧည့်သည် တစ်ဆယ့်တစ်ယောက် ရှိသော်လည်းတဲ့ တစ်ခုသာပေါ်မှာဖြစ်သောကြောင့် တစ်ခုပဲလိုက်ပါ (မှန်ပါ့)။
ဧည့်သည်တွေက တစ်ခုပေါ်ပေါ်ပြီး နောက်ထပ်မလာတော့ဘူးဆိုရင် တစ်ပွဲလုံးက ဘယ်လိုလိုက်ကြမလဲ (ရှူစိတ် ရှိုက်စိတ်လိုက်)၊ အိမ်သည်လိုက် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အိမ်သည်ကတော့ ခင်ဗျားတို့ သူများ မရှိရင် (သူရှိရမယ်)၊ သူရှိရမယ်၊ သူမရှိရင် ခင်ဗျားတို့ ဗိုင်းခနဲ လဲသေမယ်၊ သဘောကျပလား (ကျပါပြီ)၊ သူတို့ နှစ်ခုသာ မရှိရင် (ဗိုင်းခနဲ လဲသေမယ်)၊ ဘာဖြစ်လို့တုံးဆိုတော့ သူတို့က သက်စောင့်လို့ ခေါ်တယ် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ရှုစရာ ဘယ်နှစ်မျိုးပါလိမ့် (တစ်ဆယ့်သုံးမျိုးပါ ဘုရား)၊ တစ်ဆယ့်သုံးကို ငါးနဲ့ လိုက်ရှုပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီဟာတွေ အပြင်ဧည့်သည်ဆိုတာလည်း ဒကာ ဒကာမတို့ တစ်ခါ တလေမှ ပေါ်လို့ (မှန်ပါ့)၊ အတွင်းငါးခုကို အတွင်းဧည့်သည်ဆိုတာကော (တစ်ခါတလေမှ ပေါ်လို့ပါ)၊ တစ်ခါတလေ မှ ပေါ်လို့ဆိုတာ သေချာပလား (သေချာပါပြီ)။
ကဲ မောင်ထွန်းလှိုင်တို့ ရှင်းပလား (ရှင်းပါပြီ)၊ ဒီတရားနှစ်ခုကတော့ သူများမရှိရင်နေ၊ အမြဲတမ်း ခန္ဓာကိုယ် စောင့်ရတယ် (မှန်ပါ့)၊ မသေအောင် စောင့်နေရတဲ့ တရားဆိုတာ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ကို ဒကာ ဒကာမတို့ ဒါပေါ်ရာကို လိုက်နေမယ်ဆိုလို့ရှိရင်ဖြင့် ဒီတစ်ခုတည်းနဲ့ ဖြစ်ပျက်လိုက်နေ တဲ့ အမောဟက မဂ်ဖြစ်သွားတယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ ကဲ ရှုတတ်ကြပလား (ရှုတတ်ပါပြီ ဘုရား)၊ ရှုစရာ ဘယ်နှစ်ခုပါလိမ့် (တစ်ဆယ့်သုံးခုပါ ဘုရား)၊ အဲ တစ်ဆယ့်သုံးခုဟာ ပေါ်တော့ ဘယ်နှစ်ခု ပေါ်သတဲ့တုံး (တစ်ခုပေါ်ပါတယ်)၊ တစ်ခုပဲပေါ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
အင်း အဲဒီတစ်ခုပဲ အဲဒီပေါ်တဲ့ဧည့်သည်တစ်ခု ပျောက်သွားရင် ဘယ်လိုလုပ်ကြမယ် (အိမ်သည်ကို လိုက်ရမယ်)၊ အိမ်သည်ကို လိုက်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
အနိစ္စနဲ့ မဂ္ဂနဲ့ချည်း တွဲနေတယ်
အဲဒီတော့ ခင်ဗျားတို့ ဒီရှုတဲ့ဉာဏ်သည် အမြဲတမ်း အနိစ္စနဲ့ မဂ္ဂနဲ့ချည်း တွဲနေတယ် မတွဲဘူးလား (တွဲပါ တယ်)၊ ဘာနဲ့ ဘာတွဲသလဲ (အနိစ္စနဲ့မဂ္ဂ တွဲပါတယ်ဘုရား)၊ အနိစ္စနဲ့မဂ္ဂ တွဲနေတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကိလေသာကြား ခိုသေးရဲ့လား (မခိုပါဘူး)၊ ကိလေသာ ကြားမခိုလို့ရှိရင်ဖြင့် နံနက်အားထုတ် ညနေ သောတာပန် တည်မဟေ့လို့ ဘုရားက ဟောလိုက်တယ်၊ သဘောကျပလား (မှန်ပါ့)၊ နံနက်အားထုတ်ရင် (ညနေ သောတာပန်တည် မယ်)။
အဲဒီတော့ ဖြစ်ပျက်-မဂ် ဖြစ်ပျက်-မဂ် ဖြစ်ပျက်-မဂ်လို့ ခင်ဗျားတို့က လိုက်နေကြမယ်ဆိုတော့ ဖြစ်ပျက်နဲ့ မဂ်ပဲရှိတော့တယ် ဒကာ ဒကာမတို့ (မှန်လှပါ)၊ ဒီ့ပြင် လောဘ ဒေါသ မောဟ သားရေး သမီးရေး စီးပွားရေး သောက ပရိဒေဝ လာသေးရဲ့လား (မလာပါဘူး)။
အဲဒီလို မလာလို့ရှိရင်ကွာ တဲ့ ညနေအားထုတ်ရင် နံနက်ရပါတယ်၊ ဒီလောက်မြန်ပါတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ညနေ အားထုတ်ရင် (နံနက်ရပါတယ်)၊ နံနက်အားထုတ်ရင် (ညနေရပါတယ်)။
အဲဒီတော့ ဒီလောက် အရ-လွယ်တဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဗောဓိရာဇကုမာရ မင်းသား ကိုလည်း သေသေချာချာ ဟောထားတာ ရှိပါတယ် (မှန်ပါ့)။
အဲဒီကဲ့သို့ရှိနေတော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မရကြပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အရှိနဲ့အသိက မကိုက်ဘူး ပေါ်ကြပလား (ပေါ်ပါပြီ)၊ အပျက်နဲ့ မဂ်နဲ့ ((မကိုက်ဘူး)။
အပျက်နဲ့ မဂ်နဲ့ မကိုက်တော့
အပျက်နဲ့ မဂ်နဲ့ မကိုက်တော့ ကိုက်တဲ့နည်းကိုလည်း ဆရာကမပေးလို့ မရတာတစ်ကြောင်း၊ ကိုယ့်ကိုယ်တိုင်က ရပြီးသားနည်းကိုလည်း ဂရုမစိုက်လို့ မရတာကတစ်မျိုး၊ ဤကဲ့သို့ အမျိုးမျိုးတွေကြောင့် ဒကာ ဒကာမတွေ နိဗ္ဗာနဲ့ ဝေးနေတယ်၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ်နဲ့ ဝေးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိုင်း ဒါဖြင့် ရှင်းသွားကြ ပလား (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒါခင်ဗျားတို့၏ ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ ဓမ္မတွေဆိုတော့ ဒါပေမဲ့လည်း ရှုလိုက်တဲ့အခါကျ တော့ မြင်စိတ်သာ ဆိုရတယ်-ဒီကနေ လိုက်ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်ရှိသေးရဲ့လား (မရှိပါဘူး)၊ ဘာတွေ့တုံး (အနိစ္စတွေ့ပါတယ်)၊ ဒါဖြင့် အနိစ္စပေါ့ဗျ၊ သူက အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား)။
ကဲ ကြားစိတ်ကလေးပေါ်လို့လိုက်ပြန်တော့ ခင်ဗျားတို့ကြားစိတ်ကလေး ချုပ်သွားပြီ၊ ချုပ်သွားတော့ ပြီးတော့မှ ဒီကနေလိုက်တဲ့အခါကျတော့ ကြားစိတ်ကို တွေ့သလားတဲ့ အနိစ္စ တွေ့သလား (အနိစ္စ တွေ့ပါတယ်)။
ဟုတ်ပြီ ဒကာ ဒကာမတို့ ရှူစိတ် တွေ့သလား အနိစ္စတွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား)၊ ရှိုက်စိတ်တွေ့ သလား အနိစ္စတွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား)။
ဒါဖြင့် အနိစ္စ၊ ပျက်သွားတာက အနိစ္စ၊ ရှုတာက မဂ္ဂ (မှန်ပါ့)၊ ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ကိလေသာ လာသေးရဲ့လား (မလာပါဘူး)၊ မလာတော့ ညနေအားထုတ်ရင် (နံနက်မဂ် ရပါတယ်)၊ နံနက်အားထုတ်ရင် (ညနေ ရပါတယ်)၊ ညနေရပါတယ် တပည့်တော်တို့မှာ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး အို ဒီဥစ္စာ လုပ်ကိုမလုပ်သေး လို့ မရတာ (မှန်ပါ့)၊ ဦးခင်မောင် ဘယ့်နှယ်ဆိုမလဲ (အလုပ်ကို မလုပ်သေးလို့ မရတာပါ ဘုရား)။
လုပ်ကို မလုပ်သေးလို့ မရတာ
လုပ်ကို မလုပ်သေးလို့ မရတာ လုပ်ကို မလုပ်သေးလို့ မရတော့ကို ဘာတွေများ ရနေသတုံး မေးတဲ့အခါကျ တော့ မြင်တယ်, လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်တယ်, ပဋိစ္စသမုပ္ပါဒ်ပဲ ပြန်ရတယ် (မှန်လှပါ)၊ ကြားတယ်, ခင် တယ်, စွဲလမ်းတယ်, အားထုတ်တယ် ဘာပြန်ရမလဲ (ပဋိစ္စသမုပ္ပါဒ်ပဲ ပြန်ရပါတယ်)။
အင်း ဒါပဲပြန်ရတော့ သံသရာချဲ့မည့် တရားချည်း ပြန်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီမွှေးတယ် မွှေးတဲ့စိတ်ကလေးပေါ်လာတော့ မွှေးတာကလေးတွေ ကြိုက်တယ်, စွဲလမ်းတယ်, အားထုတ်ပြီး ယူမယ် ဆိုတာကော (ပဋိစ္စသမုပ္ပါဒ်ပဲ ရပါတယ်)။
ကဲ ခင်ဗျားတို့က မဂ်ဘက်ကို လိုက်နေသလား ပဋိစ္စသမုပ္ပါဒ်ဘက်ကို လိုက်နေသလား (ပဋိစ္စသမုပ္ပါဒ် ဘက် လိုက်နေပါတယ်)၊ ပဋိစ္စသမုပ္ပါဒ်ဘက် လိုက်နေတော့ အားထုတ်တယ်ဆိုတာက ကမ္မဘဝ၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ ဒုက္ခသာ လှည့်ပြီး လိုက်နေတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ မဂ်နောက် လိုက် ပါရဲ့လား (မလိုက်ပါ ဘုရား)၊ ဦးခင်မောင် ဘာသစ္စာတွေသာနောက် လာနေသတုံး (ဒုက္ခသစ္စာတွေ လာနေပါတယ်)၊ ဒုက္ခသစ္စာလာကြောင်းကိုသာ ခင်ဗျားတို့ ကြိုးစားနေတယ်၊ မဂ္ဂသစ္စာလာကြောင်း ကြိုးစားရဲ့လား (မကြိုးစားပါ ဘုရား)။
ဪ ပါရမီမရှိလို့လား ဒို့ကိုက နည်းမရလို့ မလုပ်ဖြစ်လို့လားဆိုတာ ယနေ့ အကဲခတ်ကြည့်ပါ။
ပါရမီမရှိလို့လား မလုပ်လို့လား
ပါရမီမရှိလို့လား နို့မဟုတ် မလုပ်လို့လား (မလုပ်လို့ပါ ဘုရား)၊ မလုပ်လို့ပါဆိုတာ မသေချာဘူးလား (သေချာ ပါပြီ)၊ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် သနားရင်လုပ်ပါ (မှန်ပါ့)၊ ဘယ်လိုမှာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် သနားရင် လုပ် ပါ)။
ကိုယ့်ကိုယ်ကိုယ် သနားရင်ဆိုတာက ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ဖြင့် ကိုယ့်ကိုယ်ကိုယ် သနားတယ် လို့ ထင်တော့ထင်ကြမှာပဲ ယပ်တောင်ကလေး ကိုင်ကာ ကိုင်ကာနဲ့ အေးအောင်လို့ အေးအောင်လို့ (မှန်ပါ့)၊ ယပ်တောင် ကလေး ကိုင်တာ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနားလို့ကိုင်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုယ့်ကိုယ်ကိုယ် ခလုတ်မထိ ဆူးမငြိအောင် အပူဓာတ်တွေ မလာအောင် (မှန်ပါ့ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် သနားလို့ ယပ်တောင်ကိုင်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဘာဖြစ်လို့ ယပ်တောင်ကိုင်သလဲ (ကိုယ့်ကိုယ်ကိုယ် သနားလို့ပါ)၊ ခြင်များလာတော့ ခတ်ပစ်တာကော (ကိုယ့်ကိုယ်ကိုယ် သနားလို့ပါ)၊ အံမာ အတော်ကြည်ညိုကြပါက လား ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သာမည ကြည်ညိုတာလား ဂရုတစိုက် ကြည်ညိုတာလား (ဂရုတစိုက် ကြည်ညိုတာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကြည်ညိုတာဟာ ကြည်ညိုရာ မရောက်ပါဘူး (မှန်ပါ့)၊ ဒါကြောင့် ကောသလမင်းကြီး က မေးတယ် ဒကာသစ် မှတ်ထားစမ်းပါ (မှန်ပါ့)။
ကောသလမင်းကြီးက မေးတယ် လူတွေဟာ ဘုရား ကိုယ့်ကိုယ်ကိုယ်တော့ မေတ္တာပို့ပြီး ချစ်တယ်, ခင် တယ်, လုပ်ကြပါရဲ့တဲ့ သူတို့မှာတော့ လောဘ, ဒေါသ, မောဟတွေနဲ့ အချိန်ကုန်နေတယ်တဲ့ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သဘောပဲလား မချစ်တဲ့သဘောပဲလား ဦးခင်မောင် မေးတယ် (မှန်လှပါ ဘုရား)။
ဒကာကြီးတဲ့ ဒီဥစ္စာ ကိုယ့်ကိုယ်ကိုယ်ချစ်တာ မဟုတ်ဘူးတဲ့ ကိုယ့်ကိုယ်ကိုယ် အပါယ်သွားကြောင်း ကြိုးစား တာ (မှန်ပါ့)၊ သဘောပါလား (ပါပါပြီ)။
ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ရှာကြံပြီးပေးပြီ၊ တရားသောနည်းလမ်းဖြင့် ရှာကြံပြီးပေးမယ်၊ မတရား သောနည်းလမ်းနဲ့ကော (ရှာကြံပေးပါတယ်)၊ ဘာပြုလို့တုံး ကိုယ့်ကိုယ်ကိုယ်ချစ်လို့ သဘောပါလား (ပါပါတယ်)၊ ခင်ဗျားတို့ သဘောအတိုင်းဆိုတော့ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ပေါ့ဗျာ (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ် ချစ်ရာရောက်သလား
ကိုယ့်ကိုယ်ကိုယ်ချစ်လို့သာ ဆိုရတယ် ဒကာ ဒကာမတို့ ဒီချစ်တာက တဏှာ၊ သဘောကျပလား (မှန်ပါ့)၊ ကြပ်ကြပ်စွဲလမ်းတာက (ဥပါဒါန်ပါ)၊ ဒီကိုယ့်ကိုယ်အတွက် မတရားတာရော တရားတာရော အားထုတ်တာတွေက ကံလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဇာတိဘဝ မကျဘူးလား (ကျပါတယ်)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ချစ်ရာရောက်သလားတဲ့ မချစ်ရာရောက်သလား (မချစ်ရာရောက်ပါတယ်)၊ နို့ ခင်ဗျား တို့ အခုဒီလိုရောင်းဝယ်လုပ်ပြီးသကာလ နေကြတာ ကိုယ့်ကိုယ်မှ စားဖို့သောက်ဖို့ မသထာလို့ရှိရင် ဘယ်သူ့သထာ စရာ ရှိသေးသတုံး ကိုယ့်ကိုယ်အတွက်သာ လုပ်ရလိမ့်မယ်ဆိုတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
လုပ်သာလုပ်နေကြတယ်တဲ့ ချစ်လို့လုပ်တာလားတဲ့ ကောသလမင်းကြီးက ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ် တွေက ဒုစရိုက်အလုပ်တွေ လုပ်နေကြတယ်၊ အဲဒါ ကိုယ့်ကိုယ်ကိုယ် ချစ်ရာရောက်ပါသလးလို့ လျှောက်တယ်။
ဒကာကြီး ဒကာကြီးတွေးလုံး သိပ်မှန်တယ်လို့ ဘုရားကပြောတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကိုယ့် ကိုယ်ကိုယ် မချစ်လို့ လုပ်နေတာ (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်ရင် ဒီအလုပ်လုပ်နေပြီးသကာလ နောက် အပါယ်လေးပါး တံခါးပိတ်တာ ကိုယ့်ကိုယ်ကိုယ် သနားတဲ့အတွက် ဝိပဿနာအလုပ် မလုပ်ပေဘူးလား (လုပ်ပါတယ်)။
ဝိပဿနာအလုပ် လုပ်ပါ
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ဘာလုပ်ရမယ် (ဝိပဿနာအလုပ် လုပ်ရမယ်)၊ ကိုယ့်ကိုယ်ကိုယ် မချစ်ရင် ရောင်းကြဝယ်ကြပေါ့ (မှန်ပါ့)၊ ရိပ်မိပလား ကိုယ့်ကိုယ်ကိုယ်မချစ်ရင် (ရောင်းကြဝယ်ကြ)၊ ကိုယ့်ကိုယ်ကိုယ် ချစ်ရင် (ဝိပဿနာအလုပ် လုပ်ပါ)
အဲဒါ နောက်ထပ်ယူရင် ဘာပြချင်လို့လဲ အရောင်းအဝယ်ကလေး ပြချင်တယ် ကာလဒေသအလိုက် ဆိုရင် လွဲသေးသလား (မလွဲပါဘူး)။
အဲဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးက ပြောချင်တာက တခြားမဟုတ်ပါဘူး၊ ခင်ဗျားတို့ အခု အရောင်းအဝယ် ကောင်းတယ်၊ တစ်နေ့ပဲ ငါးထောင်ရတယ်၊ ခြောက်ထောင်ရတယ်၊ တစ်သောင်း-တစ်သိန်း ရတယ်၊ ရတာကို ဘုန်းကြီး များက အင်မတန် ကြည်ညိုပါတယ်၊ သာသနာတော်မှာပဲ ဆွမ်းကွမ်းလောင်းကြမယ်ဆိုတာ သိပါတယ်၊ သို့သော်လည်း ခင်ဗျားတို့ဟာက ကိုယ့်ကိုယ်ကိုယ် မသနားတာက ပါနေတယ် (မှန်ပါ့ ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကိုယ် (မသနားတာက ပါနေတယ်)၊ ရတော့ တဏှာမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ တဏှာသာဖြစ် တာလား ဥပါဒါန်ကော (ဖြစ်ပါတယ်)၊ ကာယကံ ဝစီကံနဲ့ ပြုလို့ ပြောလို့ဆိုလို့ ကံတွေကော (ဖြစ်ပါတယ်)၊ အဲဒီကံ တွေက ပြုလို့ ပြောလို့ ဆိုလို့ရတဲ့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိဆိုတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ လုပ်တာ ဒုက္ခသစ္စာရဖို့ပေါ့ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် သနားရာရောက်သေးရဲ့လား (မရောက် ပါဘူး ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် ဒုက္ခသစ္စာ ချုပ်တာကို ကြိုက်ရမယ် (မှန်လှပါ)၊ ကိုယ့်ကိုယ် ကိုယ် သနားတဲ့ ပုဂ္ဂိုလ်ဟာ (ဒုက္ခသစ္စာချုပ်တာ ကြိုက်ရပါတယ်)၊ ကိုယ့်ကိုယ်ကိုယ် မသနားတဲ့ပုဂ္ဂိုလ်က ဒုက္ခသစ္စာ ဖြစ်ကြောင်း ဆည်းပူးတယ် (မှန်လှပါ)၊ ရှင်းပြီနော် (မှန်လှပါ)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်နဲ့ မသနားတဲ့ပုဂ္ဂိုလ်ကော ကွဲရဲ့လား (ကွဲပါတယ် ဘုရား)၊ ဒါဖြင့် ရောင်းရေးဝယ်ရေးနဲ့ အချိန်ကုန်နေတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် မသနားတဲ့အလုပ် လုပ်လိုက်ဦးမကွလို့ဆိုပြီး ကြိမ်းပေတော့ ဒီဥစ္စာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဝိပဿနာလုပ်တဲ့အချိန်ကျတော့ ကိုယ့်ကိုယ်ကိုယ် သနားတဲ့အတွက် ကာကွယ်ရေးယူလိုက်ဦးမယ်ဆိုပြီး လုပ်ကြပါ (မှန်လှပါ)။
ဒိဋ္ဌိများလို့ စိတ်ကို ရှု
အဲဒါ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတော့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနားတာနဲ့ မသနားတာ ယနေ့ ရှင်းပြပါတယ်ဆိုတာကော ကျေနပ်ကြပလား (ကျေနပ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကိုယ့်ကိုယ်ကိုယ် သနားလို့ရှိရင် ဒါတွေလုပ်ပေး (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒါတွေကို စိတ်တစ်ဆယ့်သုံး ပြရပါလိမ့်မတုံးလို့ ဒကာသစ်တို့က မေးမယ်၊ ဦးခင်မောင်က မေးမယ်၊ မောင်ထွန်းလှိုင်တို့က မေးမယ်၊ စိတ်ပေါ်မှာ ဒိဋ္ဌိများလို့ စိတ်ကို ရှုခိုင်းတာ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
စိတ်ပေါ်မှာ (ဒိဋ္ဌိများလို့)၊ အဲ သောတာပတ္တိမဂ်သည် ဒိဋ္ဌိကို ပယ်ရတယ်၊ ပထမမဂ် လိုချင်ရင် စိတ္တာနုပ ဿနာက စရှုရတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပထမမဂ် လိုချင်ရင် (စိတ္တာနုပဿနာက စရှုရတယ်)၊ ဒုတိယမဂ် လိုချင်ရင် ဝေဒနာနုပဿနာရှု (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ပထမမဂ် လိုချင်ရင် (စိတ္တာနုပဿနာ ရှု)။
ဖြစ်ပျက်-မဂ်ကိုက်အောင် လုပ်ပါ
အဲဒါ ခင်ဗျားတို့ ယနေ့သိတာ အတည်ပြုပါတဲ့၊ ဟိုဟာကတော့ ဝတ္ထုနဲ့လာလို့ ဝေဒနာကို ရှေးဦးစွာ ပြရခြင်း ဖြစ်ပါတယ် (မှန်လှပါ ဘုရား)၊ သိကြားမင်းကို ဟောချင်လို့ သိကြားက ဝေဒနာနဲ့ မဂ် ဝင်သွားတယ်နော် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်-မဂ်ကိုက်အောင် လုပ်ပါ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ)၊ ဖြစ်ပျက် (မဂ်) ကိုက်အောင်လုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဘယ်မှ ရှုစရာမရှိလို့ရှိရင် ၁ လည်း ရှုစရာမရှိဘူး၊ ၂ မှာလည်း အပြင်ဧည့်သည် ခြောက်ယောက်လည်း တစ်ခုမှ မပေါ်လာ အတွင်းဧည့်သည်ပေါ်လာလို့ရှိရင်လည်း အတွင်းဧည့်သည် လိုက်ပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်ပျက်ပဲ လိုက်ပါနော် (မှန်ပါ့)၊ အဲဒီတော့ တပည့်တော်တို့ ဘယ်လိုနေမှာပါလိမ့်မလဲ ဘုရား လိုက်တော့လိုက်မယ် ဘုရား အမြင်တော့ ဘယ်လိုမြင်မှာတုံးဆိုတော့ မရှိတာ ရှုရလိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။
ဘာတွေ့မယ် (မရှိတာ တွေ့မယ်)။
အဲ မရှိတာဟာ အနိစ္စ (မှန်ပါ့)။
မရှိမှန်းသိတာက (မဂ္ဂပါ)။
မရှိတာက (အနိစ္စပါ)။
မရှိမှန်းသိတာက (မဂ္ဂပါ)။
ဦးခင်မောင် ဒါ ခဲယဉ်းသလား (မခဲယဉ်းပါဘူး ဘုရား)၊ ဘာ့ကြောင့်တုံးဆိုတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂလို့ ဆရာဘုန်းကြီးက ဘယ့်နှယ်ဟောရသတုံးလို့ မေးတော့မှ ဒကာ ဒကာမတို့ ပထမ-ဥပမာမယ် ဒီလောဘစိတ် ကလေးနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ ဟာ ဉာဏ်နဲ့ ဘုန်းကြီးက လိုက်ရမယ်ဆိုလို့ လိုက်-လိုက်တဲ့အခါကျတော့ လောဘစိတ်ကလေးနဲ့ အသက်ရှင်နေတာ ဒီအသက်ရှင်မှုကလေးဟာ ရှိသေးရဲ့လား (မရှိပါဘူး)။
ကိုယ့်အသေ ကိုယ်မြင်တယ်
မရှိတော့ ကိုယ့်အသေ ကိုယ်မြင်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာမြင်ပါလိမ့် (ကိုယ့်အသေ ကိုယ်မြင် ပါတယ်)၊ ဟောဒါက ကိုယ့်အသေ ဟောဒါက ကိုယ်မြင်တာ (မှန်ပါ့)၊ ရှုတာက ကိုယ်မြင်တာနော် (မှန်ပါ့)၊ ဘယ်သူ့ အသေ ဘယ်သူမြင်တာပါလိမ့် (ကိုယ့်အသေ ကိုယ်မြင်တာပါ ဘုရား)၊ ကိုယ့်အသေ ကိုယ်မြင်တာဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒကာ ဒကာမတွေ၏ အသက်တမ်းက လေဘာစိတ်ဖြစ်တယ်ဆိုရင် ဖြစ်နေတုန်း လောဘစိတ်နဲ့ပဲ အသက်ရှင်နေတာပဲ (မှန်ပါ့)၊ ဒေါသစိတ်ဖြစ်ရင်ကော (ဒေါသစိတ်နဲ့ပဲ အသက်ရှင်နေတာပဲ)၊ ဒါဖြင့် ဒကာ ဒကာမတွေ အသက်တမ်း ဘယ်လောက်ရှိသတုံး စိတ်တစ်ခုအသက်ပဲ ရှိတာပဲ (မှန်လှပါ)၊ သဘောကျကြ လား (ကျပါပြီ)၊ ဒကာ ဒကာမတွေ၏ အသက်တမ်း ဘယ်လောက်ရှိပါလိမ့် (စိတ်တစ်ခုပဲ ရှိပါတယ်)။
အဲ သူများကပြောတဲ့ ခုနစ်ဆယ့်ငါး ရှစ်ဆယ်တွေဆိုတာက ဒါက သက်တမ်းကို ပြောတာပါတဲ့၊ ခင်ဗျား တို့ တကယ် အသက်ရှင်တာကတော့ စိတ်တစ်ခုနဲ့ အသက်ရှင်နေတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါ ပြီ)၊ အဲဒီလို စိတ်တစ်ခုနဲ့ အသက်ရှင်တော့ ဒီစိတ်ချုပ်သွားတော့ လူတစ်ယောက် မသေသေးဘူးလား (သေပါတယ်)၊ အဲဒီအသေကို ဘာနဲ့လိုက်ရမယ် (ဉာဏ်နဲ့လိုက်ရမယ်)၊ ဉာဏ်နဲ့ မဂ်နဲ့လိုက်၊ လိုက်တဲ့အခါကျတော့ သေတာက ဘာ ခေါ်မယ် (အနိစ္စပါ)၊ အင်း သေတာက အနိစ္စ၊ မြင်တာက (မဂ္ဂပါ ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ဒါဖြင့် ဝိပဿနာဆိုတာ ဘာပါလိမ့်မလဲဆိုတော့ ကိုယ့်အသေ ကိုယ်မြင်အောင်ကြည့်တာ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်အသေကို ကိုယ်မြင်အောင် ကြည့်တာပါ ဘုရား)၊ ကိုယ့်အသေကို ကိုယ်မြင်အောင် ကြည့်တာဆိုတော့ ခင်ဗျားတို့က အောက်မေ့မယ်၊ ဒီဘုန်းကြီးပြောနေတာကတော့ နိမိတ်မရှိလိုက်တာ။
ခင်ဗျားတို့ကိုက နဂိုက နိမိတ်မပါခဲ့ဘူး (မှန်လှပါ ဘုရား)၊ မရှိတာ မပြောနဲ့တော့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ကိုက နဂိုက နိမိတ်ပါခဲ့ရဲ့လား (မပါခဲ့ပါဘူး)၊ နဂိုကကတည်းက သေလိုက်၊ ပြန်မွေးလိုက်၊ သေလိုက်၊ ပြန်မွေးလိုက်၊ စိတ်ကလေးတစ်ခု ပေါ်လာလိုက် သေသွားလိုက်၊ နောက်တစ်ခုပေါ်လာလိုက် ဘာတုံး (သေသွားလိုက်)။
သေလိုက်ဆိုတော့ ခင်ဗျားတို့ကိုက နိမိတ်ရှိခဲ့ရဲ့လား (မရှိပါဘူး ဘုရား)၊ ဒါကြောင့်တဲ့ ခင်ဗျားတို့ ဘုန်းကြီး ပြောတာကိုသာ အတည်ပြု၊ ခင်ဗျားတို့ အရပ်သုံးတွေကို အကုန်ပြည်ဖုံးချပါဆိုတာ သဘောကျပလား (ကျပါပြီ)၊ အရပ်သုံးတွေ ဘာလုပ်ရမလဲ (ပြည်ဖုံးချရမယ်)၊ ပြည်ဖုံးချ၊ တစ်လုံးမှ မမှန်ဘူး၊ တစ်လုံးမှ မမှန်ဘူးတဲ့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ နိစ္စဆိုတဲ့ နိမိတ်မရှိဘူး၊ အနိစ္စနိမိတ်တွေသာ ရှိတယ်နော် (မှန်ပါ့)။ သဘောပါကြလား (ပါပါပြီ)။
အနိစ္စနိမိတ်သာ ရှိတယ်
ခန္ဓာကိုယ်ထဲမှာ နိစ္စနိမိတ်များ ရှိရဲ့လား (မရှိပါ ဘုရား)၊ ဘာရှိတုံး (အနိစ္စနိမိတ်သာ ရှိပါတယ်)၊ ဒါဖြင့် အနိစ္စနိမိတ်တွေသာ ရှိနေတော့ ဒကာ ဒကာမတို့ နဂိုကတည်းက ကျက်သရေမင်္ဂလာရှိတယ်လို့ဆိုလို့ ရရဲ့လား (မရ ပါဘူး)၊ ဒီအနိစ္စကိုပဲ တစ်ခါ ခင်ဗျားတို့ အရပ်သုံးနဲ့ ထင်မြင်အောင်ကြည့်ဖို့ ရှင်းသထက်ရှင်းအောင် ပြောရလို့ရှိရင် အနိစ္စဟာ ဘာသစ္စာတုံးမေး (ဒုက္ခသစ္စာပါ ဘုရား)။
အင်း နဂိုက မင်္ဂလာပါရဲ့လား (မပါပါဘုရား)၊ ခင်ဗျားတို့ ဟန်လုပ်သ၍သည် သင်္ချိုင်းထဲမှာပဲဆိုတာ သဘောပါရဲ့လား (ပါပါပြီ ဘုရား)၊ ဘာမှ ဟန်လုပ်မနေနဲ့တဲ့ ဒီဥစ္စာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ကြည့်လိုက်လို့ရှိရင် ဖြင့် ကိုယ့်အသေ ကိုယ်မြင်မှာပဲ (မှန်ပါ့ ဘုရား)၊ သဘောပါကြလား (ပါပါပြီ ဘုရား)၊ ဘာမြင်ကြမယ် (ကိုယ့်အသေ ကိုယ်မြင်ကြပါမယ်)။
ကိုယ့်အသေ ကိုယ်မြင်မှာပဲဆိုတာ သေချာာကပလား (သေချာပါပြီ)၊ ကိုယ့်အသေ ဘာခေါ်မယ် (အနိစ္စပါ)။
မြင်တာက (မဂ္ဂပါ)။
ကိုယ့်အသေက (အနိစ္စပါ)။
မြင်တာက (မဂ္ဂပါ)။
မယုံလို့ရှိရင် ခင်ဗျားတို့ သေကြည့်ပါတဲ့၊ နောက်ရှူတဲ့စိတ်ကလေးပြီးတော့ ရှိုက်စိတ်မလာရင် ဘယ့်နှယ်ဆိုကြ မယ် (သေပါတယ် ဘုရား)၊ ရှိုက်တဲ့စိတ်ကလေးပြီးရင် နောက်လေပြန်ရှူတဲ့ စိတ်ကလေးမလာရင် (သေပါတယ် ဘုရား)။
တစ်စိတ်နဲ့ပဲ အသက်ရှင်တယ်
ဒါဖြင့် တစ်စိတ်နဲ့ပဲ အသက်ရှင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာနဲ့ အသက်ရှင်တယ် (တစ်စိတ် နဲ့ အသက်ရှင်ပါတယ်)၊ နို့မို့မြင်တဲ့စိတ်ကလေးနဲ့ နေတဲ့အခါကျတော့ ဘယ်သူနဲ့ အသက်ရှင်သလဲ (မြင်တဲ့စိတ်နဲ့ ရှင် ပါတယ်)၊ မြင်ပြီး သွားပြန်တော့ကော (သွားတဲ့စိတ်နဲ့ ရှင်ပါတယ်)၊ သွားစိတ်၊ လာစိတ် ခဏကလေးဖြစ်ပြီး မသေဘူး လား (သေပါတယ် ဘုရား)။
အဲဒီ အသေကလေးတွေကို ဒီက မဂ်နဲ့ လိုက်-လိုက်ပေးပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အသေကလေး တွေ ဘာလုပ်ရမယ် (မဂ်နဲ့ လိုက်ရမယ်)၊ အသေကလေးတွေ မဂ်နဲ့လိုက်တဲ့အခါကျတော့ သေတာက အနိစ္စ၊ လိုက်တာ က (မဂ္ဂပါ ဘုရား)၊ အဲဒီလိုလိုက်တဲ့အခါကျတော့မှ ဪ ဒါ ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာပါကလားဆိုတာ ဦးခင်မောင် ပြောပြီ (မှန်လှပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာအကြည့်ခိုင်းတာပါလိမ့် (ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာပါ ဘုရား)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာပါ)။ ဒီတရားထဲမှာဖြင့် ဒါအမှန်ထုတ်တဲ့စကားနော် (မှန်လှပါ ဘုရား)၊ ဘာတဲ့ ဘာစကားပါလိမ့် (အမှန်ထုတ်တဲ့စကားပါ)၊ ဝိပဿနာဆိုတာ ဘာတုံး (ကိုယ့်အသေ ကိုယ်ရှုတာ)။
ဒကာ ဒကာမတို့ စိတ်နှစ်ခုနဲ့ အသက်ရှင်သလား တစ်ခုနဲ့ အသက်ရှင်သလား (တစ်ခုနဲ့ အသက်ရှင်ပါ တယ် ဘုရား)၊ ဟော လောဘစေတသိက်ဖြစ်တယ် ဖြတ်ခနဲဆို ဖြစ်တာက ၁၊ ပျက်တာက ၂ ကိုး (မှန်ပါ့)၊ စိတ်နှင့် စေတသိက်သည် (ပျက်ပါတယ်)။
အဲဒါ နောက်ကနေပြီး ဒီကမလိုက်ရပေဘူးလား (လိုက်ရပါတယ်)၊ လိုက်တော့ ခုန လောဘတရားကလေးက သေစိတ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒေါသတရားကလေးက ပေါ်လာပြန်ရင်ကော (သေပါတယ် ဘုရား)။
ဒါတွေက သေစာရင်းမပါဘူးလား (ပါပါတယ် ဘုရား)၊ ၁ မှာဖြစ်တယ်၊ ၂ မှာကျတော့ (ပျက်ပါတယ်)၊ ၂ မှာ မသေဘူးလား (သေပါတယ်)၊ ကဲ ဒါဖြင့် အဲဒီအသေတွေကို သေတာတော့ သေပစေတော့ ဘယ်သူမှ တား လို့မရလို့ အနတ္တခန္ဓာကိုယ်ဆိုတာ သေပြီးသားကိုးဗျ အသေကို မြင်အောင်ကြည့်ပါ၊ သေတာကို သိအောင်လုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အသေက ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ အသေကို ကြည့်တာက (မဂ္ဂပါ ဘုရား)၊ အသေဆိုတာ သုဘလား၊ အသုဘလား (အသုဘပါ)၊ အသုဘက အသုဘ၊ ရှုတာက မဂ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အသေက အသုဘ၊ ရှုတာက (မဂ္ဂပါ)၊ အသေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ သေတာက ဒုက္ခ၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ ဟော ခင်ဗျားတို့အတွက် မင်္ဂလာနိမိတ်ကို မပါဘူး ဒီအထဲမှာ (မှန်ပါ့)၊ ပါသေးရဲ့လား (မပါပါဘူး ဘုရား)။
ဘာမှမပါတော့ဘူးဆိုတာကော သဘောကျကြပလား (ကျပါပြီ)၊ ကိုင်း ဒါဖြင့် ဒီအထဲ သံယောဇဉ်ဝင်သေး သလား (မဝင်ပါဘူး)၊ အခု ဘုန်းကြီးပြောတဲ့ တရားအတိုင်း မိလိန္ဒမင်းကြီးကို ဟောတဲ့အတိုင်းဟောလို့ အဲဒီဥပမာနဲ့ ဟောလိုက်တော့ ဒကာ ဒကာမတွေ ဘာမှမတွေ့ရင် အလယ်ပြန်ထိုင် (မှန်ပါ့)၊ ထွက်စိတ် ဝင်စိတ် ပြန်ထိုင် (မှန်ပါ့)၊ တပည့်တော် ရှုစရာမရှိတော့ဘူးလို့ ဒီလိုအောက်မေ့မနေနဲ့ ရှုစရာမရှိလို့ရှိရင် ဒီပြန်ထိုင် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အလယ် ပြန်ထိုင်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာ ယနေ့ သိမ်းလိုက်ပါတယ်တဲ့၊
ဝစ္ဆအကြောင်းကို ပြန်ပြောမယ်
ဝစ္ဆအကြောင်းကို ပြန်ပြောမယ်နော် (မှန်လှပါ)၊ ဒါ လုပ်တတ်ကြပလား နည်းရပလား (ရပါပြီ)၊ ကိုင်း ဝစ္ဆပြောမယ်ကြံတော့ ဒကာ ဒကာမတွေ ဒီက ခန္ဓာငါးပါးနော် (မှန်ပါ့)၊ ခန္ဓာငါးပါးဆိုတာ အနိစ္စတရား လို့ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)၊ အဲဒါကို ဒကာ ဒကာမတွေက ကိုယ့်ခန္ဓာ ကိုယ်ခင်လို့ ယပ်ကလေး ခတ် ပေးနေလို့ရှိရင်ဖြင့် တဏှာမလာဘူးလား (လာပါတယ်)၊ ယပ်ခတ်ပေးတာ ဘာဆိုကြမယ် (တဏှာပါ)။
ခင်လွန်းလို့ ယပ်ခတ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ခင်လို့ ယပ်ခတ်ပေးလို့ရှိရင် တဏှာ (လာပါ တယ်)၊ တဏှာလာလို့ရှိရင် တဏှာ (လာပါတယ်)၊ တဏှာလာလို့ရှိရင် ဥပါဒါန် (လာပါတယ်)၊ ဥပါဒါန် လာလို့ရှိရင် ကမ္မဘဝ (လာပါတယ်)၊ ကမ္မဘဝလာလို့ ရှိရင် ဇာတိ ဇရာ မရဏ (လာပါတယ် ဘုရား)၊ လွတ်နိုင်သေးရဲ့လား (မလွတ်နိုင်ပါ ဘုရား)။
မလွတ်နိုင်တော့ ဒကာ ဒကာမတို့ ဟောဒါက လူ၊ ဟောဒါက သံယောဇဉ်ရှင်းပလား (ရှင်းပါပြီ)၊ ဒီကလူ ဆိုတာက ခန္ဓာငါးပါးပေါ့ (မှန်ပါ့)၊ ဒီဘက်ကဟာက သူ့ကို အမှီပြုပြီးလာတာက ဘာတုံး (သံယောဇဉ်ပါ ဘုရား)၊ ဒါက ဒါဖြင့် လူရယ် သံယောဇဉ်ရယ် ခင်ဗျားတို့သိပြီ၊ ဒီဟာ ချိတ်ထားလိုက်ပါဦး၊
လူ့သံယောဇဉ်ကို မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက် ပါ့မလား
ကဲ ဝစ္ဆက မေးတယ် ဒကာ ဒကာမတို့ ဝစ္ဆအမည်ရှိတဲ့ပုဂ္ဂိုလ်က မေးတယ် ရှင်ကြီးဂေါတမ လူဟာ လူ့သံယောဇဉ်ကို မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက် ပါ့မလားတဲ့ ဒါလူကိုးဗျ၊ ဒါ လူ့သံယောဇဉ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါတွေဟာ ဘာပါလိမ့် (လူ့ခန္ဓာ)၊ လူ့ခန္ဓာငါးပါး (မှန်ပါ့)၊ ဒါက ဘာပါလိမ့် (လူ့သံယောဇဉ်)၊ လူ့သံယောဇဉ် တရား တဏှာ ဥပါဒါန်တွေဟာ သံယောဇဉ်တရားလို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်ပေါ့ (မှန်ပါ့)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝစ္ဆက ဘယ့်နှယ်မေးသတုံးဆိုတော့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား တဲ့ ရှင်းသွားအောင်လို့ မနေ့ကဟာ ပြန်ပြောပါတယ်၊ ဒကာ ဒကာမတွေ မေးပုံကလေး သတိထားပါ။
လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မှန်ပါ့)၊ ကဲ တရားတစ်ပွဲလုံး ပြောကြစမ်းပါ ဘာတဲ့တုံး (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား)၊ မှတ်မိပလား (မှတ်မိပါပြီ)၊ လူဟာ (လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား)၊ ကိုင်း ဒါဖြင့် မြတ်စွာဘုရားက ဖြေလိုက်တယ် မရဘူးဟေ့ ဝစ္ဆရ မရဘူးတဲ့ (မှန်ပါ့)၊ လူနဲ့ သံယောဇဉ်နဲ့ ဆက်နေရင် မရဘူးပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ လူနဲ့ (သံယောဇဉ်နဲ့ ဆက်နေရင် မရဘူး)။
မဂ္ဂင်ငါးပါး သွင်းလိုက်မယ်
ဒါဖြင့် ကျုပ်တို့ဟာက ဒကာ ဒကာမတွေ ဒီကြားထဲ မဂ္ဂင်ငါးပါး သွင်းလိုက်မယ် ဒီထဲက ခုနကပြောခဲ့တဲ့စိတ် တစ်ဆယ့်သုံးခုလည်းပါ စိတ်တွေလည်း အကုန်ပါနေတာပေါ့ (မှန်ပါ့)၊ ဒီထဲကစိတ်တွေကို ကျုပ်တို့က ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး မဂ်နဲ့ရှုနေမယ်ဆိုရင် ဒီသံယောဇဉ်လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် စွန့်လို့ရှိရင်တော့ဖြင့် ဘယ့်နှယ်ဆိုကြမယ် (မဂ်ရပါမယ် ဘုရား)၊ ရတာပေါ့ ဒကာ ဒကာမတို့ ဒီဟာ လာသေးရဲ့လား (မလာပါဘူး)။
ဒါဖြင့် ခန္ဓာနဲ့ တဏှာနဲ့ စပ်နေရင် မရဘူးပြောတာ (မှန်ပါ့ ဘုရား)၊ ခန္ဓာ တဏှာ ဥပါဒါန် ကံဆက်နေရင် (မရဘူးပြောတာပါ)၊ ခန္ဓာမြင်အောင်လို့ ဆိုလို့ရှိရင် (ရပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါ မနေ့ကကတည်းက ရှင်းအောင်ပြောပါတယ် (မှန်ပါ့)၊ မနေ့ကကတည်းက ဦးခင်မောင် ရှင်းအောင် ပြောပါတယ် ကျေနပ်ပလား (ကျေနပ် ပါပြီ)၊ အားလုံး ဒကာ ဒကာမတွေ ဒါဖြင့် ခန္ဓာနောက်က ဉာဏ်သွင်းရင် ဘယ့်နှယ်နေမလဲ (ရပါတယ် ဘုရား)။
သံယောဇဉ် လာသေးရဲ့လား (မလာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒါ ခင်ဗျားတို့ စာနဲ့ ပြော နေတာလား အပြနဲ့ပဲ ရှင်းမနေသေးဘူးလား (အပြနဲ့ပဲ ရှင်းနေပါတယ် ဘုရား)၊ စာနဲ့လည်းရှင်းနေတာပဲ အပြနဲ့လည်း ရှင်းနေတာပဲ (မှန်ပါ့)။
လူ့သံယောဇဉ်မလာဘဲနဲ့ မဂ်ဝင်ပါစေ
ဒါကြောင့် ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်ချင်ကြလို့ ကိုယ့်ခန္ဓာ သနားကြလို့ရှိရင်ဖြင့် နောက် ဒုက္ခတွေကိုလည်း တပည့်တော်တို့ လုံးလုံးမကြုံချင်ပါဘူးဆိုပါလျှင် ကိုယ့်ဟာကိုယ် ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနား ကြလို့ရှိရင်ဖြင့်တဲ့ ဒီလူ့နောက်ကနေပြီး လူ့သံယောဇဉ်မလာဘဲနဲ့ မဂ်ဝင်ပါစေ (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
လူနောက်ကနေ ဘာဝင်ရမလဲ (မဂ်ဝင်ရမယ်)၊ ဉာဏ်ဝင်ရမယ်နော်၊ ဉာဏ်နဲ့ မဂ်နဲ့ အတူတူပဲနော် (မှန်ပါ့)၊ ဦးခင်မောင် ဘာလုပ်ရမယ် (ဉာဏ်ဝင်ရပါမယ်)၊ မောင်ထွန်းလှိုင် ဘာလုပ်ရမလဲဟေ့ (ဉာဏ်ဝင်ရပါမယ်)၊ ဉာဏ်ဝင် ရမယ်နော် (မှန်ပါ့)၊ လူ့နောက်ကနေပြီး ဘာဝင်ရမယ် (ဉာဏ်ဝင်ရမယ်)၊ အဲ ဒါလူ ဖြစ်နေတာပေါ့ဗျာ၊ လူဆိုတာ သမုဒယသစ္စာပါ၊ စင်စစ်တော့ ဖြစ်ပျက်ပါပဲ (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ်)၊ အဲဒီတော့ အိမ်ပေါ်မှာနေရင်း နိဗ္ဗာန်ရောက်တာတွေ မရှိဘူးလား (ရှိပါတယ်)။
ကာဠီတို့ကျတော့ ဘုံ ၇ ဆင့်မှ တစ်ခါတည်း နိဗ္ဗာန်ရောက်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သူ အိမ်ပေါ်ကဆင်းသလား (မဆင်းပါဘူး)၊ မဆင်းဘဲနဲ့ပဲ သူမဂ်ဝင်သွားတော့ မရဘူးလား (ရပါတယ်)၊ အဲဒါကြောင့် ခင်ဗျားတို့ ဘာမှပူစရာမရှိဘူး။ လူဟာ လူ့သံယောဇဉ်ကို အလုပ်လုပ်လို့ရှိရင် စွန့်ပြီးသားလို့မှတ် (မှန် လှပါ ဘုရား)။
ရှင်းပလား (ရှင်းပါပြီ)၊ လူဟာ လူ့သံယောဇဉ် ဘယ့်နှယ်ဆိုကြမယ် (အလုပ်လုပ်လို့ရှိရင် စွန့်ပါတယ်)၊ အလုပ် လုပ်လို့ရှိရင် လုပ်တဲ့အချိန် စွန့်ပြီးသားလို့ မှတ်ပါ (မှန်ပါ့)၊ လုပ်တဲ့အချိန်မှာ (စွန့်ပြီးသားပါ)၊ စွန့်ပြီးသားလို့ သေသေ ချာချာမှတ်ပါ (မှန်လှပါ)။
အဲဒီတော့ အားငယ်စရာများ ရှိရဲ့လား (မရှိပါဘူး)၊ ဒါဖြင့် ဘုရားဖြေတာကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ လူနဲ့ သံယောဇဉ် ဆက်နေရင်တော့ (တဏှာဖြစ်ပါတယ်)။
ဝေဒနာပစ္စယာ (တဏှာပါ)။
စိတ္တပစ္စယာ (တဏှာပါ)။
ဒီလိုဆက်နေရင်တော့ မရနိုင်ဘူးကွ (မှန်လှပါ)၊ ဒီလိုဆက်နေရင်တော့ မရဘူးတဲ့၊ လူနဲ့ သံယောဇဉ်နဲ့ ဆက်နေ တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ လူနဲ့ သံယောဇဉ် (ဆက်နေရင် မရဘူး)။
ကဲ ဟောဒါက လူ့ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖြစ်ပျက်၊ သူက မဂ်လို့ဆိုတော့ ဟောဒီသံယောဇဉ်တွေ ဆက်သေးရဲ့လား (မဆက်ပါဘူး ဘုရား)၊ တဏှာ ဥပါဒါန် ကံတို့ ဆက်သေးရဲ့လား (မဆက်ပါဘူး)၊ မဆက်ရင် ရရ မယ်ကွ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီတော့ကို ဒကာ ဒကာမတို့ အားငယ်စရာများ ပါသေးရဲ့လား (မပါပါဘူး)၊ ဒါ မနေ့က တစ်လုံးကိုပဲ ပြန်ရှင်းတာ (မှန်ပါ့)၊ သဘောကျပြီနော် (ကျပါပြီ)။
လူ့သံယောဇဉ်နဲ့ မစပ်မိအောင်လုပ်ရင် ရတယ်
လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါဘူး)၊ ဒကာ ဒကာမတွေက ဘယ့်နှယ် ဖြေကြမယ် (နိဗ္ဗာန်မရောက်ပါဘူး)၊ ဒါဖြင့် တပည့်တော်တို့ ဒီအတိုင်းဆိုရင် ရောက်စရာမရှိတော့ဘူးလို့လည်း ဒုံးဒုံး ချပြီး သကာလ ဟုတ်လား ချုံးပွဲချပြီး မငိုကြပါနဲ့ (မှန်လှပါ ဘုရား)၊ လူဟာ လူ့သံယောဇဉ်နဲ့ မစပ်မိအောင်လုပ်ရင် ရတယ် (မှန်လှပါ ဘုရား)၊ သဘောပါလား (ပါပါတယ်)၊ လူဟာ လူ့သံယောဇဉ်နဲ့ မစပ်မိအောင်လုပ်ရင် (ရပါတယ် ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။
အရင်က စပ်မိလို့ ခင်ဗျားတို့ ဇာတိ ဇရာ မရဏ လာတာကိုးဗျ (မှန်ပါ့)၊ အခုတော့ စပ်မိသေးရဲ့လား (မစပ်မိပါဘူး)၊
မဂ်သည် ဒါဖြင့် “ကိလေသေ မာရေန္တော ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတော့ ဒကာ ဒကာမတို့ ဒီကိလေသာ သူ မသတ်ဘူးလား (သတ်ပါတယ်)၊ နိဗ္ဗာန်ကော မပို့ဘူးလား (ပို့ပါတယ်)၊ ခင်ဗျားတို့မှာ ဪ နေပုံထိုင်ပုံနဲ့ သား တွေ သမီးတွေ ဆွေတွေ မျိုးတွေ ခင်ပုံကြင်ပုံနဲ့ ပစ္စည်းဥစ္စာ မရရအောင် ရှာပုံတွေနဲ့ ကြည့်လိုက်လို့ရှိရင်ဖြင့် ဒီအလုပ် ကိုသာ မလုပ်တော့ဘူးဆိုလို့ရှိရင် နိဗ္ဗာန် ဘယ်တော့မှ မရတော့ဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဖြတ်တတ်တဲ့ ဉာဏ်သာဝင်လိုက်
ဒါက အလုပ်လုပ်လိုက်ပြန်တော့လည်း (ရပါတယ် ဘုရား)၊ ရမယ်ဆိုလို့ ရှေးက အနာထပိဏ်သူဌေးကြီးတို့ ရပုံ ဝိသာခါတို့ရပုံ သန္တတိ အမတ်ကြီးတို့ရပုံဟာ ဒကာ ဒကာမတို့ သံယောဇဉ်ကြားထဲကနေ ရတာချည်းပဲမှတ် (မှန် လှပါ)၊ ဒီဖြတ်တတ်တဲ့ ဉာဏ်သာဝင်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဝင်လိုက်တာလဲ (ဖြတ်တတ်တဲ့ဉာဏ်သာ ဝင်လိုက်)။
အဲဒီတော့ ခင်ဗျားတို့က ဪ-ကိုယ်ကလည်း ဂျီးထူသေးရဲ့ ဒီရေကလေးချိုးပါဆိုတော့ မချိုးချင်ဘူးဆိုရင် ဘယ်တတ်နိုင်ပါ့မလဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကိုယ်ကလည်း ဂျီးထူသေးရဲ့ ဒီရေကလေး ချိုးပါဆိုတော့ (မချိုးချင်ဘူး)၊ မချိုးချင်ဘူးဆိုတော့ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ လှစေချင်တဲ့သဘော ရေချိုးစေချင်တဲ့သဘော ရောက် သေးရဲ့လား (မရောက်ပါဘူး)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် သနားတဲ့သဘောကော (မရောက်ပါဘူး)၊ ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် သနားလို့ရှိရင် လူဟာ လူ့သံယောဇဉ်ဖြတ်တဲ့ အလုပ်လုပ်ပါ (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ လူဟာ ဘာလုပ်ရမလဲ (လူ့သံယော ဇဉ် ဖြတ်တဲ့အလုပ်လုပ်ရပါမယ်)၊
ကိုင်း ဒါဖြင့် ၁ နံပါတ်မေးခွန်းဖြင့် ဒကာ ဒကာမတွေ စိတ်ရှုလည်း လူ့သံယော ဇဉ် ပြတ်ပါတယ် (ပြတ်ပါတယ်)၊ ဝေဒနာရှုရင်ကော (ပြတ်ပါတယ် ဘုရား)၊ ရုပ်ရှုကော (ပြတ်ပါတယ် ဘုရား)။
ပြတ်တာချည်းပဲ ပဋိစ္စသမုပ္ပါဒ် ပြတ်လည်း သံယောဇဉ်ပြတ်တာပဲ (မှန်ပါ့ဘုရား)၊ ကောင်းကောင်းကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒီတရားမဆုံးဘဲ နေလိမ့်မယ် ဒကာ ဒကာမတို့ ဒုတိယမေးခွန်းကလေး ဆက် လိုက်ဦးမယ်နော် (မှန်ပါ့ ဘုရား)။
လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာ သုဂတိ ရောက်နိုင်ပါ့မလား
မေးပြန်တယ် ဘုရားကို ဝစ္ဆပုဏ္ဏားက လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာ သုဂတိ ရောက်နိုင်ပါ့မလား မေးပြန်တယ် ဆက်ပြီးတော့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်တဲ့တုံး ဒကာ ဒကာမတို့ (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား နတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား တဲ့ အဲဒါကျတော့ ဘုရားက လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ တော့ ရောက်တယ်ကွ၊ ရှင်းပလား (မှန်ပါ့ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဆုတောင်းတာ အဲဒါကျတော့လည်း နေရာကျတယ်၊ ဒီသား ဒီသမီးနဲ့ တပြုံကြီးသွားရ ပါလို၏၊ ရောက်တယ်ရောက်တယ် စိတ်သာချ၊ မရောက် မရှိပါဘူး၊ ရောက်နိုင်ပါတယ်၊ နိဗ္ဗာန်တော့ မရောက်ဘူးနော် (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်တော့ ရောက်ပါ့မလား (မရောက်ပါဘူး)။
ကိုင်း ဒါဖြင့် အခု ဝစ္ဆဟာ မဇ္ဈိမပဏ္ဏာသ ပါဠိတော်လို့ မှတ်ပါ။ ဘုရားကိုယ်တော်တိုင် ဟောတာနော် (မှန်ပါ့)၊ ဒီဝစ္ဆပရိဗိုဇ်ကလည်း ဒကာ ဒကာမတို့ ကိုယ်တိုင်ပညာရှိလို့ ဘုရားကလည်း သူ့ရှေ့တွင် ဒီအကြောင်းတွေ နောင်လာနောက်သား သိပါစေလို့ ဟောတာ (မှန်လှပါ ဘုရား)၊ သဘောပါလား (ပါပါတယ်)၊
ကဲ ဒါဖြင့် ဒုတိယ မေးခွန်းက ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်ပါ့မလားလို့ ဝစ္ဆက မေးတယ်၊ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်ပါတယ်)။
ဒါဖြင့် သံယောဇဉ်တန်းလန်းနဲ့ ဒါန သီလတွေ လုပ်ပြီးလိုက်ပါ စိတ်သာချ ခင်ဗျားတို့ သုဂတိတော့ မှီပါတယ် (မှန်လှပါ)၊ နိဗ္ဗာန်တော့ ဘုရားက တာဝန်မခံဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
သုဂတိတော့ (ရောက်ပါတယ်)။
နိဗ္ဗာန်တော့ (တာဝန်မခံပါဘူး)။
နိဗ္ဗာန်ကျတော့ တားတယ်
နိဗ္ဗာန်ကျတော့ ဘုရားက တားတယ်၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်မလားဆိုတုန်းက ဘယ့်နှယ်ဖြေခဲ့သတုံး (မရောက်ဘူးတဲ့)၊ မရောက်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။
ဒါဖြင့် အလုပ်လုပ်မှ ရောက်မယ်ဆိုတဲ့စကားဟာ နောက်ထပ် မသွင်းရပေဘူးလား (သွင်းရပါတယ်)၊ ကဲ ဒုတိယ မေးခွန်းကျတော့ ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်ပါ့မလားလို့ မေးတော့ ဘယ့်နှယ်ဖြေသလဲ (ရောက်ပါတယ်)၊ အဲဒါဖြင့် သူ့ကို ရမ်းမဆိုပါနဲ့။
ဟောဒါက ဆွမ်းကွမ်း၊ အဲဒီဆွမ်းကွမ်းကို လှူရတဲ့အတွက် တပည့်တော်တို့သည် နတ်ဘဝ သွားရပါလို၏။ ရောက်ရပါလို၏၊ လူ့ချမ်းသာ နတ်ချမ်းသာ ရရပါလို၏လို့ ခင်ဗျားတို့ ဆုတောင်းတော့ တဏှာနဲ့ပဲ တောင်းပါတဲ့၊ ရတယ်။
တဏှာသံယောဇဉ်နဲ့ပဲ တောင်းချလိုက် မရဘူးလား ရသလား (ရပါတယ်)၊ နိဗ္ဗာန်တော့ (မရပါဘူး)၊ သူက သံယောဇဉ်ဖြစ်နေလို့ မရဘူး (မှန်ပါ့)၊ သူက သံယောဇဉ်ဖြစ်နေရင် ရပါ့မလား (မရပါဘူး)၊ ရှင်းကြပလား (ရှင်းပါ ပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်အတွက်တုံး (နိဗ္ဗာန်အတွက်ပါ ဘုရား)။
သစ္စာမသိရင် နိဗ္ဗာန်မရ
အင်း ရှက်လို့ ပြောနေကြတာလား ခင်ဗျားတို့ တော်တော်ကြာ ကွယ်ရာကျတော့ တိုးတိုးပြော တစ်မျိုး ဖြစ်နေကြပါ့မယ် ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီတော့ နိဗ္ဗာန်ကြိုက်တဲ့ပုဂ္ဂိုလ်က ဒုက္ခသစ္စာမြင်လို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ နိဗ္ဗာန်မကြိုက်သေးတဲ့ပုဂ္ဂိုလ်က ဒုက္ခသစ္စာ မသိသေးလို့ဆိုတော့ သစ္စာမသိရင် နိဗ္ဗာန်မရဘူး (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
သစ္စာမသိရင် (နိဗ္ဗာန်မရပါဘူး)၊ သစ္စာသိရင် (နိဗ္ဗာန်ရပါတယ်)။
မဂ္ဂင်အလုပ်မှ သစ္စာသိတယ်
ကောင်းပြီ ဒါဖြင့် သစ္စာသိတဲ့အလုပ်က မဂ္ဂင်အလုပ်မှ သစ္စာသိတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မဂ် မပါဘဲနဲ့ ဆုတောင်းအလုပ်တွေက သစ္စာသိပါရဲ့လား (မသိပါ ဘုရား)၊ ဒါဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ် သုဂတိရောက်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သစ္စာသိတဲ့ပုဂ္ဂိုလ် (နိဗ္ဗာန်ရောက်ပါမယ်)။
သစ္စာမသိတဲ့ပုဂ္ဂိုလ် (သုဂတိ ရောက်ပါမယ်)၊ သစ္စာသိတဲ့ပုဂ္ဂိုလ် (နိဗ္ဗာန်ရောက်ပါမယ်)၊ အဲဒီတော့ ခင်ဗျားတို့ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါဖြင့် ဖြစ်ပျက်ဟူသ၍ ဘာသစ္စာလုပ်ကြမယ် (ဒုက္ခသစ္စာ ပါ ဘုရား)။
ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ)။
ဖြစ်ပျက်သိတာက (မဂ္ဂသစ္စာ)။
အဲဒါ မဂ္ဂသစ္စာ လာလို့ရှိရင် သံယောဇဉ်တွေ အကုန်သွားမှာပဲ (မှန်ပါ့)၊ မသွားပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။
အဲဒီတော့ အလုပ်လုပ်မှ သေသေချာချာ ရမယ်ဆိုတာ ပေါ်ကြပလား (မှန်ပါ့)၊ ဒါဖြင့် ဒီတရားကလေးနှစ်လုံး တည်း ဟောနိုင်တယ်၊ နောက်ကို နှစ်လုံးကျန်နေသေးတယ်နော် (မှန်ပါ့)၊ ပထမတစ်လုံးကို မှတ်ပါ လူဟာ လူ့သံယော ဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား (မရပါဘူး)၊ အလုပ်လုပ်လိုက်ပြန်တော့ (ရပါတယ်) ရတယ်၊ ဒါကိုကျေနပ်ပြီနော် (မှန်ပါ့)။
ကဲ ဒါထားပါဦး၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား (ရောက်နိုင်ပါတယ် ဘုရား)။
ရောက်နိုင်တယ်တဲ့ ခင်ဗျားတို့ ဘာလှူလှူ ဘာတန်းတန်း ဒီသားသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ ဟုတ်လား၊ ငှက်ဖြစ် သော်လည်း တစ်ကိုင်တည်း၊ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်း၊ တောင်းချင်တာတောင်း ရောက်ပါတယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)၊ သဘောပါလား (ပါပါပြီ)။
ဒါဖြင့် အဲဒါကတော့ တဏှာ ဥပါဒါန်နဲ့ လုပ်နေတော့ တဏှာ ဥပါဒါန်နယ်ထဲမှာ သူက တဏှာ ဥပါဒါန် ဆိုတာက အာသဝကိုးဗျ၊ နတ်ရွာ သုဂတိကလည်း အာသဝနယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အာသဝမို့ အာသဝနယ်ထဲ ပို့ပေးတာ
သူတို့က အာသဝမို့ အာသဝနယ်ထဲ ပို့ပေးတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သူတို့က ဘာတဲ့တုံး (အာသဝပါ ဘုရား)၊ အာသဝဖြစ်သောကြောင့် အာသဝနယ်ထဲ မပို့ပေဘူးလား (ပို့ပါတယ်)၊ အာသဝနယ်ဆိုတာ အို နာ သေ ဘေးရှိတာ အာသဝနယ်ကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် အာသဝနယ်ကိုတော့ဖြင့် အာသဝ ပို့တယ်၊ ဟုတ်လား (မှန်ပါ့)။
အာသဝေါချုပ်တဲ့ တရားကတော့ အာသဝနယ်ပို့ပါ့မလား (မပို့ပါဘူး)၊ ဒီစကားဟာ အင်မတန် အရေးကြီးတဲ့ စကား (မှန်ပါ့)။
ဒီစကားဟာ သိပ်အရေးကြီးတဲ့စကားလို့ ဒီတရားပွဲမှာ မှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ပါ့မလားဆိုတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (ရောက်ပါတယ်)၊ ရောက်တယ်၊ အာသဝနယ် မို့ အာသဝက ပို့တယ် (မှန်ပါ့)၊ အာသဝမို့ အာသဝနယ် ပို့တယ်ကွ ပြောမယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဘယ်လိုပေါ်သတုံး (အာသဝမို့ အာသဝနယ် ပို့တယ်)၊ သူတို့ တဏှာ ဥပါဒါန်တွေက ကာမာသဝ ဘဝါသဝ တွေ မဟုတ်လား (မှန်ပါ့)။
အာသဝတရားရှိနေလို့ ဘယ်နေရာ ပို့လိုက်သတုံး (အာသဝနယ် ပို့ပါတယ်)၊ အာသဝတရား ကုန်ရာ ပို့နိုင် ရဲ့လား (မပို့နိုင်ပါ ဘုရား)၊ ကဲ ဒါဖြင့် ခင်ဗျားတို့ အာသဝေါတရားကုန်ရာ ရောက်ချင်လို့ရှိရင်ဖြင့် လူဟာ လူ့ သံယောဇဉ်စွန့်တဲ့ အလုပ်လုပ်ပါ (မှန်လှပါ ဘုရား)၊ သဘောပါလား (ပါပါပြီ)။
လူဟာ (လူ့သံယောဇဉ် စွန့်တဲ့အလုပ် လုပ်ပါ)၊ လူ့သံယောဇဉ်စွန့်တဲ့အလုပ် လုပ်ပါဆိုတာတော့ ရှေးတုန်းက သဘောကျရဲ့လား (မကျပါဘူး ဘုရား)၊ ကဲ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ပါ့မလား ဆိုတော့ ဘယ့်နှယ်ဖြေလိုက်သလဲ (ရောက်ပါတယ်)၊ အဲဒီတော့ ဒီအာသဝကပဲ ပို့တယ် (မှန်ပါ့)၊ သဘောပါလား (ပါပါပြီ)၊ ဒီအာသဝသည် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ သူချယ်လှယ်နေတယ်ဆိုတာ သဘောကျကြပလား (ကျပါပြီ)။
နိဗ္ဗာန်မရောက်ရင်ပြီးရော
နိဗ္ဗာန်မရောက်ရင်ပြီးရော သုဂတိတော့ ငါရောက်အောင် ပို့မယ်ဆိုပြီး ဘုံဘဝတောင်းတတဲ့ တဏှာတွေက မပို့ဘူးလား (ပို့ပါတယ် ဘုရား)၊ ကဲ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူပို့တာကို ကျေနပ်လို့ရှိရင်ဖြင့် သူ ပို့တာသည် အာသဝနယ်ပို့သောကြောင့် ဒကာ ဒကာမတို့ လူခန္ဓာ-နတ်ခန္ဓာ-ဗြဟ္မာခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ဒုက္ခသစ္စာကို သူပို့နိုင်သဗျာ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာတော့ (မပို့နိုင်ပါဘူး)၊ သေချာပလား (သေချာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဟာကို ကျုပ်တို့သည် အခုလို အသိဉာဏ်ရှိတဲ့ဘဝ ကြောက်ဖို့ကောင်းသတုံးလို့ မေးတော့ လူဟာ လူ့သံယောဇဉ်ကို စွန့်တဲ့အလုပ်ကိုလုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ လူဟာ ဘာလုပ်ရမလဲ (လူ့သံယောဇဉ်စွန့်တဲ့ အလုပ်လုပ်ရပါမယ်)၊ စွန့်တဲ့အလုပ်ကို လုပ်လိုက်တဲ့အခါ ကျလို့ရှိရင် ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန် မရောက်ဘူးလား (ရောက်ပါတယ်)။
လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ဖို့ပဲ လုပ်ရမယ်ဆိုလို့ရှိရင် ဒုက္ခငြိမ်းတဲ့ဆီ ရောက်ပါ့မလား (မရောက်ပါဘူး)၊ မရောက်နိုင်တော့ ဒီနှစ်ခုကို ခွဲခွဲခြားခြား မှတ်ပြီးသကာလ အင်း နောက်တစ်ခုကလည်း အာသဝ၏နယ်ဖြစ်နေသောကြောင့် ဒို့ အို နာ သေ ဘေး မလွတ်သေးဘူးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိပဿနာအလုပ်ဟာဖြင့် မလုပ်မဖြစ်တဲ့ အလုပ်ပဲ လုပ်မိ အောင် လုပ်ပါလို့ ယနေ့တိုက်တွန်းတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။